Showing posts with label ဝတ္ထုရှည်. Show all posts
Showing posts with label ဝတ္ထုရှည်. Show all posts

Saturday, 30 May 2015

သေမင်းနိုင်ငံမှာသုံးတဲ့ ပိုက်ဆံ - မင်းခိုက်စိုးစန်

နိဒါန်း




   ‘ထပ်တူကျအမှား’ ဆိုတဲ့ သဘောတရားအကြောင်း နည်းနည်းပြောပြချင်ပါတယ်။
   အဲဒါ…ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ဘူး။ ခင်ဗျားလည်း ကြုံဖူးတယ်။ ကျွန်တော်လည်း ကြုံဖူးတယ်။ လူတော်တော်များများလည်း စိတ်ထဲမှာ (အမှတ်တမဲ့လိုလို) ခံစားဖူးလိမ့်မယ်။
   ကိုယ်နဲ့မှ တည့်တည့်တိုးတတ်တဲ့ ကတ်သီးကတ်သတ် လွဲချော်မှုတွေလေ…။
   ဥပမာဆိုကြပါစို့…

   ‘ညှပ်ထားမိတဲ့ဆံပင်ပုံစံကို မကြိုက်ကာမှ ဒီတစ်လအဖို့ ဆံပင်ပြန်ရှည်တာက နှေးကွေးလွန်းနေတယ်’
   ‘သီချင်းစီဒီခွေမှာ ခြစ်ရာပါလို့ ထစ်နေပြီဆိုရင် အဲဒီနေရာဟာ ကိုယ်အကြိုက်ဆုံး သီချင်းစာသားနေရာ ဖြစ်နေပါလေရော’
   ‘အိမ်အပြင်ဘက်ကနေ တံခါးဖွင့်ဖို့ သော့တွဲကို စမ်းနေတဲ့အချိန်ဆို အိမ်ထဲက တယ်လီဖုန်းက ‘တတီတီ…’ မြည်ပြီ။ ကမန်းကတန်း တံခါးဖွင့်ပြီး ဖုန်းကိုလည်း ပြေးကိုင်လိုက်ရော ဟိုဘက်က ဆက်နေတဲ့သူက ဖုန်းကို ချသွားရော’
   ‘ဘယ်သူနဲ့မှ မတွေ့ချင်လို့ ပုန်းလျှိုးကွယ်လျှိုးသွားတဲ့အခါတိုင်း အသိမိတ်ဆွေ တစ်ယောက်မဟုတ် တစ်ယောက်နဲ့ အမြဲဆုံတယ်…’
   အဲဒါမျိုးတွေပါပဲ…။အဲဒီလို အဖြစ်အပျက်မျိုးတွေကို စာရေးဆရာ အာသာဘလော့ခ်ျ (Arthur Bloch) က ထပ်တူကျအမှားလို့ နာမည်ပေးထားတာပါ။
   ကျွန်တော်နဲ့ သူငယ်ချင်းတစ်စုကတော့ ပေါက်ကရလေးဆယ်တွေကို အမြဲတမ်း ရှာရှာဖွေဖွေ လုပ်ကြလွန်းလို့လား မသိဘူး၊ သူများတွေထက်ပိုပြီး ထပ်တူကျအမှားတွေနဲ့ ကြုံရသလိုပဲ။
   ကြုံခဲ့သမျှ ရှာရှာဖွေဖွေ ကိုးရိုးကားရားတွေထဲမှာ အမှတ်တရအဖြစ်ဆုံးကတော့ တစ်ထောင့်ကိုးရာရှစ်ဆယ့်ခြောက်၊ ရှစ်ဆယ့်ခုနစ်လောက်တုန်းက ရပ်ကွက်လေးတစ်ခုထဲမှာ ကျွန်တော်တို့သူငယ်ချင်းတွေ စုပြီး အိမ်ငှားနေခဲ့ကြတုန်းက အဖြစ်အပျက်တွေပါပဲ။
   ရန်ကုန်မြို့နဲ့ မိုင်နှစ်ဆယ်သာသာလောက်ပဲ ဝေးတဲ့ တောမကျ၊ မြို့မကျ လက်လုပ်လက်စား ရပ်ကွက်လေးတစ်ခုပါ။
   အဲဒီရပ်ကွက်လေးထဲမှာနေတဲ့ လူတွေက ရယ်ရတယ်။ ချစ်စရာကောင်းတယ်။ ထပ်တူကျအမှား တစ်ခုမဟုတ်တစ်ခုနဲ့ ရှင်သန်နေကြတယ်။
   အဲဒီရပ်ကွက်လေးထဲမှာ ဖြစ်ပျက်နေတဲ့ ‘ထပ်တူကျအလွဲ’ တွေကိုသာ တန်းစီပြီး ရေးပြရမယ်ဆိုရင် အာသာဘလော့ခ်ျရဲ့ ‘မာဖီ၏နိယာမ’ ဆိုတဲ့ စာအုပ်မျိုး သုံးလေးအုပ်လောက်ရမယ် ထင်ပါရဲ့။
   ‘မာဖီ၏နိယာမ’ စာအုပ်ထဲမှာပါတဲ့ အလွဲတွေကို နည်းနည်းထပ်ပြီး ပြောပြရဦးမယ်။ ကြည့်လေ…
   ‘တစ်နေ့လုံး ဇယ်ဆက်သလို အလုပ်လုပ်နေရာက တစ်ကြိမ်လေးပဲ နားဖို့ ထိုင်မိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ကို (တစ်နေ့လုံးမှ တစ်ခါပဲလာစစ်တဲ့) ကိုယ့်အထက်လူကြီးနဲ့ တည့်တည့်တိုးပါလေရော’
   ‘ပစ္စည်းအသစ်တစ်ခု ဝယ်ပြီးပြီဆိုတာနဲ့ ပျောက်နေတဲ့ ပုံစံတူပစ္စည်းကို ချက်ချင်းပဲ ပြန်ရှာတွေ့ရတတ်တယ်’
   ‘သင့်လက်နှစ်ဖက်မှာ စက်ဆီတွေ အညစ်အကြေးတွေ ပေကျံနေတဲ့ အချိန်နဲ့ ကွက်တိပဲ၊ သင့်နှာခေါင်းဟာ ယားယံပြီး ကုတ်ချင်လာတတ်တယ်’
   ‘ရုပ်ရှင်ရုံထဲရောက်လို့ သင်လက်မှတ်ဝယ်ထားတဲ့ ထိုင်ခုံနေရာမှာ ထိုင်ချလိုက်ပြီဆိုရင် သင့်ရှေ့တည့်တည့်က ခုံမှာ အရပ်ရှည်တဲ့ လူတစ်ယောက်အမြဲ နေရာယူထားလေ့ရှိတယ်’
   ‘ဒီနေ့ စာမကျက်လာမိပါဘူးဆိုမှ အတန်းထဲမှာ စာမေးဖို့ ဆရာမရဲ့ မျက်စိကျခြင်းကို ခံရသူက ကိုယ်ပဲဖြစ်နေတတ်တယ်’
   ‘ဆီးစစ်ဖို့အတွက် ဆီးနမူနာ အတောင်းခံရတဲ့သူက ခုနကလေးတင် ဆီးသွားထားပြီးကာစ လူ ဖြစ်နေတတ်တယ်’
   ‘လူနှစ်ယောက် အတူတူထိုင်နေကြတဲ့အထဲမှာမှ ခြင်က ကိုယ့်တစ်ယောက်တည်းကိုပဲ ရွေးပြီး ကိုက်တယ်’
   ‘သွေးသွင်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုရင် အဲဒီသွေးဟာ အမြဲတမ်းရှားပါးနေတယ်’
   ‘ဖုန်းနံပါတ်မှားလှည့်မိတဲ့အခါတိုင်း ဖုန်းလိုင်း မအားတာနဲ့ ဘယ်တော့မှ မကြုံဘူး’

   သြော်…ကျွန်တော် စွဲစွဲမြဲမြဲမှတ်မိနေတဲ့ ထပ်တူကျ အလွဲတစ်ခု ရှိပါသေးတယ်။
   အဲဒါက ဘာလဲဆိုတော့…

   ‘စာရွက်စာတမ်းတစ်ခုခုကို သတ်သတ်မှတ်မှတ် ဖိုင်တွဲထားလိုက်ရင် အဲဒါကို နောက်တစ်ကြိမ် သုံးစရာကိစ္စ ဘယ်တော့မှ မပေါ်ဘူး။ ဖိုင်မတွဲဘဲ အမှတ်တမဲ့ထားမိတဲ့ စာရွက်စာတမ်းဆိုရင်တော့ တစ်ချိန်ချိန်မှာ အရေးတကြီးပြန်ရှာဖို့ လိုအပ်လာလိမ့်မယ်။ ဒါပေမဲ့ အဲဒီစာရွက်ကို ဘယ်နားထားမိမှန်း သိတော့မှာမဟုတ်ဘူး’…တဲ့။

အဲဒီရပ်ကွက်ကလေးဟာ ၂၀ ရာစုနှောင်းပိုင်းရဲ့ စာရွက်စာတမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။
အဲဒါကို ဖိုင်တွဲပြီးသိမ်းဖို့ မသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြသူတွေကတော့ ကျွန်တော်တို့အုပ်စုပါပဲ။


အခန်း (၁)




   ‘ကျွန်တော်တို့အုပ်စု’ လို့ ဆိုတဲ့အထဲမှာ…
   ကျွန်တော်ပါတယ်…၊
   ပန်းချီဆရာပေါက်စတစ်ယောက် ပါတယ်။ (အခုတော့ မဂ္ဂဇင်းတွေမှာ သရုပ်ဖော်ပုံတွေဆွဲနေတဲ့ ‘ခေတ်ဘုန်းမို’ ပေါ့)
   နောက်…ဂစ်တာ တဒေါင်ဒေါင် တဒင်ဒင်တီးပြီး သီချင်းရေးဖို့ ကြိုးစားနေတဲ့ မြန်မာစာဆရာ အလောင်းအလျာလေးတစ်ယောက် ပါတယ်။ (သူကတော့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကာလမှာ အင်မတန်နာမည်ကြီးတဲ့ ကျုရှင်ဆရာ ဦးဆင့်သူ ဖြစ်လာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေစဉ်မှာပဲ ကွယ်လွန်ဆုံးပါးသွားခဲ့တယ်။ သူ့တစ်သက်တာလုံးမှာ ‘ပစ်တိုင်းထောင်လေးပုတိုတို..’ ဆိုတဲ့ သားချော့သီချင်းလေးတစ်ပုဒ်ကိုပဲ အပြီးသတ် ရေးဖွဲ့သွားခဲ့လေရဲ့)
   ကျွန်တော်တို့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ဖို့ ရန်ကုန်မြို့နဲ့ နီးနီးနားနားမှာနေမှ ဖြစ်မယ်လေ။ အဲ…ပြီးတော့ အိမ်လခလည်း ဈေးသက်သာဦးမှ ဖြစ်မှာ။
   အိမ်တစ်လုံးတည်းကို အခန်းကန့်ထားပြီး ငှားစားတဲ့နေရာမျိုးမှာလည်း နေလို့ ဘယ်ဖြစ်မှာလဲ။ ကျွန်တော်တို့က နေ့ရောညပါ အချိန်မရွေး ဒေါင်ဒေါင်ဒင်ဒင် ဝူးဝူးဝါးဝါးနဲ့…။
   နောက်ပြီး ကျွန်တော်တို့အုပ်စုက ဘာမှန်းမသိတဲ့ ရုတ်ရုတ်သဲသဲကိစ္စတွေ မျက်စိနောက်စရာကောင်းတဲ့ ကိစ္စတွေကို တစ်ခုမဟုတ်တစ်ခု ကြံဖန်ပြီး လုပ်နေကြတာကိုး။
   ဒါကြောင့်…တောမကျ မြို့မကျ ဟောဒီရပ်ကွက်လေးထဲမှာ ပျဉ်ထောင်အိမ်ယိုင်နဲ့နဲ့လေးတစ်လုံးကို ငှားပြီး လာနေကြတာပေါ့။
   ကျွန်တော်တို့အုပ်စုထဲမှာ အနုပညာအလုပ်နဲ့လည်း ဘာမှမပတ်သက်၊ အနုပညာကို ဝါသနာလည်းမပါတဲ့ အလုပ်မရှိ အကိုင်မရှိ အူကြောင်ကြောင်ငနဲတစ်ယောက်လည်း ပါသေးတယ်။
   သူ့နာမည်က ဖိုးစော…တဲ့။

   ဖိုးစောရဲ့ ပါရမီဓာတ်ခံကလည်း တစ်မျိုးပဲ။ ဘယ်လူစုလူဝေးထဲကို မဆို ဒီကောင့်ကိုသာ ထည့်ပေးလိုက်။
   ရှုပ်ရှုပ်ယှက်ယှက်တစ်ခုခုတော့ ဖြစ်ပြီးသားပဲ။
   လူစုလူဝေးနဲ့လည်း ဖြစ်တယ်။ နှစ်ယောက်ချင်း သုံးယောက်ချင်းလည်း ဖြစ်တယ်။
   သူ့တစ်ယောက်တည်းနေရင်တောင် သူ့အတွေးနဲ့သူ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်နေတတ်တဲ့ကောင်။
   ဖိုးစောရဲ့ အတွေးအခေါ်တွေကလည်း အံ့မခန်းပဲ။ နက်နဲတဲ့ နေရာမှာ လက်ဖျားခါလောက်တယ်။
  
   တစ်ခါက ကျွန်တော့်ကို လာမေးတာပဲကြည့်…။
   ဖိုးစောက…
   “ကျော်စိုးရေ…”
   “ဟေ…ဘာဖြစ်ရပြန်ပြီလဲ ဖိုးစော”
   “ငါ…တစ်ခုစဉ်းစားနေတာကွ၊ မြတ်စွာဘုရားရဲ့ သွေးအမျိုးအစားဟာ A လား၊ B လား၊ AB လား ဒါမှမဟုတ် O သွေးလားဆိုတာ”
   ကဲ…သူ့အတွေးအခေါ်က။
   ကျွန်တော်က…
   “ဟာ…ဖိုးစောရာ၊ မင်းမို့လို့ ကြံကြီးစည်ရာကွာ၊ မြတ်စွာဘုရားပွင့်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်တုန်းက သွေးအုပ်စုခွဲတဲ့ ပညာမှ မပေါ်သေးတဲ့ဥစ္စာ…”
   ဖိုးစောက စိတ်ပျက်သလို ‘ကျွတ်’ ခနဲ စုတ်သပ်လိုက်ပြီး ခေါင်းကုတ်လိုက် ဖင်ကုတ်လိုက်လုပ်ရင်း…
   “မဟုတ်ဘူးလေကွာ၊ ငါ စဉ်းစားနေတာက မြတ်စွာဘုရားဆိုတာ အင်မတန် ထူးခြားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးမဟုတ်လား။ အဲဒီလို ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေဟာ လူသာမန်တွေရဲ့ ကိုယ်ထဲကသွေးတွေနဲ့ အမျိုးအစားချင်း တူနိုင်သလားဆိုတာကို ငါ စဉ်းစားနေတာကွ။ အေးလေ…ဒါတွေ မင်းဘယ်နားလည်နိုင်ပါ့မလဲ ကျော်စိုးရာ၊ လောကီလောကုတ္တရာ ပြည့်စုံတဲ့ ပညာရှိကြီးတွေကို ရှာပြီးမေးရဦးတော့မှာပဲ”
   ကျွန်တော်ကတော့ လောကီလောကုတ္တရာ မပြည့်စုံတဲ့ ငတုံးကြီးဖြစ်သွားတာပေါ့ဗျာ။ ကိုယ့်ဘာသာကိုယ် နေရင်းထိုင်ရင်းကြီးကို ငုတ်တုတ် ညံ့သွားတော့တာ။ ကျွန်တော့်ဘဝနှယ် ဆိုးလိုက်ပုံ။
   ဖိုးစောကတော့ ကော့လန်ကော့လန်နဲ့ လစ်သွားလေရဲ့။

တစ်ခါကကျတော့ ကိုဆင့်သူကို သွားပြီးမေးတာ။ (အဲဒီတုန်းက ကိုဆင့်သူက မြန်မာစာဌာနမှာ ကျူတာဖြစ်နေပြီလား၊ မဖြစ်သေးဘူးလားတောင် မမှတ်မိတော့ဘူး)
   ဖိုးစောက မေးစေ့က မုတ်ဆိတ်မွေး ကျိုးတိုးကျဲတဲကို ပွတ်ရင်း…
   “ဗျို့…ကိုဆင့်”
   အိမ်နံရံကို မှီရင်း ခြေဆင်းပြီး ဂစ်တာလက်ကွက် စမ်းနေတဲ့ ကိုဆင့်သူက မျက်ခုံးတွေပင့်သွားတယ်။
   “ဟင်…ဘာလဲဟင်၊ ဖိုးစော…ဘာလဲ”
   ကိုဆင့်သူကလည်း ဖိုးစောရဲ့ စူးရှထက်မြက်တဲ့ အတွေးအခေါ်တွေကို ခပ်လန့်လန့်ပဲ။
   ဖိုးစောက ( သုံးပင်နှစ်ခန်း အိမ်ခန်းကျဉ်းကျဉ်းလေးရဲ့) ခနော်နီ ခနော်နဲ့ ကြမ်းပြင်ပေါ်မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း…
   “ကိုဆင့်တို့ မြန်မာစာမှာ ဝါကျဆုံးတဲ့အခါ (သည်)…တို့၊ (၏)…တို့ ထည့်ရတယ်မဟုတ်လား။ ဟိုဗျာ…ဥပမာပြောရရင် ‘သူကျောင်းသို့သွားသည်’၊ ‘သူ အိပ်မက်မက်နေ၏’…စသဖြင့်ပေါ့ဗျာ”
   “အင်း…ဟုတ်…ဟုတ်တယ်လေ ဖိုးစောရဲ့၊ ဘာဖြစ်လို့လဲ”
   “အဲဒီ (သည်)နဲ့…(၏)နဲ့ အဓိပ္ပာယ်ချင်း ဘာကွာသလဲ…ကိုဆင့်”
   ဒီမေးခွန်းကြောင့် ကိုဆင့်သူ မျက်လုံးတွေ ပြာလတွတ် ပြာလတွတ် ဖြစ်သွားတယ်။ တော်တော်လေးတော့ ခွကျနေပြီ။
   ကိုဆင့်သူက အကျပ်အတည်းဖြစ်ရင် သူလုပ်နေကျ အမူအရာအတိုင်း နှုတ်ခမ်းထူထူလေးတွေကို ထော်ပြီး၊ စူပြီး မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်၊ အသံလေး အ,တီး အ,ထစ်နဲ့…
   “ဟဲ…ဟဲ…ဟို…သိပ်…မကွာပါဘူး ဖိုးစောရဲ့”
   ဖိုးစောက မျက်မှောင်ကြုတ်လိုက်လေရဲ့။ ပြီးတော့…
   “အဓိပ္ပာယ်ချင်းတူရင် ဘာလို့ အလုပ်ရှုပ်ခံပြီး စကားလုံးနှစ်လုံးတောင် ထားနေရသေးလဲဗျာ၊ တစ်လုံးကို ဖြုတ်ပစ်လိုက်ပါလား၊ ကျက်ရ မှတ်ရတာ သက်သာသွားတာပေါ့”
   “ဟေ…”
   ကိုဆင့်သူ မျက်လုံးပြူးသွားတယ်။ ဖိုးစောကတော့ ခပ်တည်တည်ပဲ ဆက်ပြီး…
   “ဟုတ်တယ်…ကျွန်တော်က နောင်လာမယ့် လူငယ်ကျောင်းသားလေးတွေအတွက် စေတနာနဲ့ အကြံပေးနေတာနော်၊ ကိုဆင့် မြန်မာစာပါမောက္ခဖြစ်တဲ့အခါကျရင် (၏) ဖြုတ်ပစ်လိုက်ဗျာ။ ကောက်ကောက်လိမ်လိမ်နဲ့ အကြည့်ရဆိုးတယ်။ ဖြုတ်ပစ်…သိလား”
   “ငါ့…ငါ့မှာ အဲ့လောက် အာဏာမရှိဘူးထင်ပါတယ်ကွာ”
   ကိုဆင့်သူကတော့ သူ့ဘဝကိုသူ အားငယ်လို့ပဲလား မသိဘူး၊ မဝံ့မရဲဖြေရှာတယ်။
   ဒါပေမဲ့…ဖိုးစောကတော့ မာရေကျောရေပဲ။
   “ဟာဗျာ…ဘာ အာဏာရှိစရာလိုလို့လဲ၊ မြန်မာစာကို တီထွင်ခဲ့တဲ့လူတွေကလည်း သူလိုကိုယ်လို လူတွေပဲဥစ္စာ။ သူတို့လုပ်ပုံကိုင်ပုံ နေရာမကျရင် ကိုယ်က ပြင်ရဲရမှာပေါ့”
   အဲသည်လို ‘ဟောက်’ သေးတာဗျ။
   အမယ်…။ သူ့ခံယူချက်နဲ့သူကတော့ ဟုတ်သလိုလို အရှိသား။ ကိုဆင့်သူကတော့ ဂစ်တာကိုတောင် ဆက်မတီးနိုင်တော့ဘူး။ မျက်လုံးကလေး ပေကလတ် ပေကလတ်လုပ်ပြီး ဖိုးစောကိုပဲ ငေးကြည့်နေရတယ်။ ဒါပဲ တတ်နိုင်တော့တယ် မဟုတ်လားဗျာ။

ပန်းချီဆရာကတော့ ရှင်းတယ်။
   ဖိုးစော ပြဿနာသယ်လာပြီဆိုရင် ဆဲလွှတ်တဲ့အခါ လွှတ်၊ ပါးစပ်ထဲ တွေ့ကရာပြောရင်ပြော၊ ဒါမှမဟုတ်ရင် သူ့ထက်ဦးအောင် ဦးနှောက်စားစရာတစ်ခုခုနဲ့ ကျပ်လွှတ်လိုက်တာပဲ။
   အိမ်ပေါ်မှာ နေရာက ကျယ်ကျယ်မရှိတော့ ပန်းချီဆွဲမယ်ဆိုရင် ခြံထောင့်က သရက်ပင်အောက်က ရေချိုးဖို့ တိုင်ကီပိုင်းတွေချထားတဲ့ နေရာမှာ သွားပြီးဆွဲရတယ်။
   ဖိုးစောကလည်း တကူးတကကို အဲဒီနားအထိ သွားပြီးရှုပ်တာ။
   “ဒီမှာ ကိုဘုန်းမို၊ ကျွန်တော် စဉ်းစားထားမိတာလေးတစ်ခု ရှိလို့ဗျ”
   ပန်းချီဆရာက သူ့ဟာနဲ့သူ ဆွဲလက်စဖြစ်နေတော့ ဖိုးစောကို အံကြိတ်ပြီး မျက်စောင်းထိုးကြည့်တယ်။ ဖိုးစောကတော့ စကားစမိပြီဆိုတာနဲ့ အရှိန်ရသွားပြီ။
   “ဒီလိုလေဗျာ…ကျွန်တော်က ဗုဒ္ဓဘာသာနဲ့ ရဟန်းဝတ်တယ်ဆိုပါစို့၊ ရဟန်းဝတ်နဲ့ ပါရာဇိကကံကျရင် ငရဲကြီးရောမဟုတ်လား၊ အဲဒီလိုဖြစ်ပြီဆိုတာနဲ့ ကျွန်တော်က အမြန်လူဝတ်လဲ၊ ခရစ်ယာန်ဘာသာထဲကို ပြောင်းသွားပြီး ဘုရားကျောင်းမှန်မှန်တက်နေရင် ယေရှုခရစ်တော်က ကျွန်တော့်ကို ကယ်မှာလားဟင်”
   ပြန်ဖြေတဲ့စကားသံကိုတော့ မကြားရဘူး။ စုတ်တံကို ခွက်ထဲ ဆောင့်ကြီးအောင့်ကြီး ပစ်ထည့်လိုက်ပြီး အလုံးလိုက် အခဲလိုက် တစ်တစ်ခွခွ ဆဲရေးလိုက်တဲ့ ပန်းချီဆရာရဲ့ ရေရွတ်သံကိုပဲ ကြားရတယ်။
   အဲဒါပဲ…။
   တစ်ခါတစ်ခါ…ပန်းချီဆရာက သူ့ပါးစပ်ထဲတွေ့ရာထင်သလို ရမ်းသန်းပြောလိုက်တော့လည်း ကိစ္စပြီးသွားတာပဲ။ တစ်ခါတလေကျပြန်တော့လည်း ပန်းချီဆရာက ဖိုးစောထက်ဦးအောင် ကျပ်တတ်တယ်။
   ပန်းချီဆရာက သူ့စုတ်တံတွေ၊ ဆေးခွက်တွေ၊ တာပင်တိုင်ဘူးတွေ၊ ဓာတ်ဆီ ရေနံဆီပုလင်းတွေနဲ့ အလုပ်ရှုပ်နေတုန်း သူ့အနားက ဖိုးစော ဖြတ်လျှောက်သွားတာမြင်တော့…
   “ဟေ့ကောင်…ဖိုးစော၊ လာပါဦးကွ”
   “ဘာလုပ်မလို့တုံး”
   ဖိုးစော ပြန်လှည့်လာတော့ ပန်းချီဆရာက လက်ထဲက ရေနံဆီပုလင်းကို ထောင်ပြပြီး…
   “ဒီထဲက အရည်က ဘာတုံးကွ၊ မင်းသိလား”
   ဖိုးစောက ပုလင်းဝကို အနံ့ခံကြည့်ပြီး…
   “ရေနံဆီလေဗျာ”
   ပန်းချီဆရာက ခပ်တည်တည်နဲ့ ခေါင်းတစ်ချက် ညိတ်ပြီး…
   “အေး…ရေနံဆီဆိုတာ ဘယ်ကဖြစ်လာတဲ့အရည်လဲကွ၊ အဲဒါ မင်းသိလား”
   အဲဒီမေးခွန်းကြောင့် ဖိုးစော ငိုင်ခနဲဖြစ်သွားတယ်။ သူ့အတွက်တော့ မဟာ့ မဟာ အခက်အခဲကြီးတစ်ခုပဲ။ ဒါကို ဘယ်လိုကျော်လွှားမလဲ။
   ပြီးတော့ သူ့ရဲ့ကြီးကျယ်ခမ်းနားလှတဲ့ ဗဟုသုတဟင်းလေးအိုးကြီးကို စိန်ခေါ်မှတ်ကျောက်တင်မယ့် စပယ်ရှယ်မေးခွန်းတော်ကြီး ဖြစ်နေပြီ။
   ကိုင်း…စဉ်းစားစမ်း။
   ရေနံဆီဆိုတာ ဘယ်ကရတဲ့ ဥစ္စာလဲ…။
   တွင်းထွက်သယံဇာတလား၊ ဓာတုဗေဒပစ္စည်းလား၊ စက်ရုံက ထုတ်တာလား…။
   ငနဲသား ခေါင်းတွေထူပူလာသည်။ အဖြေက မရဘူး။ မသိမသာ အံကိုကြိတ်ထားရင်း လည်ပင်းကြီးလိမ်ပြီး စောင်းကန်းစောင်းကန်းလုပ်နေတယ်။
   အတော်ကြာတော့မှ…
   “နေဦးဗျာ…ဒီအဖြေကို ကျွန်တော်ခေါင်းအေးအေးနဲ့ စဉ်းစားလိုက်ဦးမယ်။ တစ်ရက်နှစ်ရက်တော့ စောင့်”
   “အေးပါကွာ…အေးပါ”
   ပန်းချီဆရာက ပြုံးစိစိနဲ့ ပြန်ပြောလိုက်တယ်။






   အဲဒီအကြောင်းတွေက နောက်မှ ပန်းချီဆရာပြန်ပြောလို့ သိရတာပါ။ ကျွန်တော် သတိထားမိတာက ဖိုးစော အိမ်တွင်းအောင်းပြီး တစ်ခုခုကို အပြင်းအထန် စဉ်းစားခန်းဝင်နေတာ အတော်ကြာပြီဆိုတာကိုပဲ…။
   အဲဒီလို မဟုတ်ကဟုတ်က တစ်ခုခုကို တွေးလုံးထုတ်နေပြီဆိုရင် ဖိုးစောပုံစံက သိသာတယ်။ နံရံကို ကျောမှီ၊ ဒူးခေါင်းနှစ်လုံးကိုထောင်၊ ပြီးရင် အဲဒီထောင်ထားတဲ့ ဒူးခေါင်းနှစ်လုံးကို လက်နှစ်ဖက်နဲ့ ပိုက်ပြီး ခေါင်းကြီးမော့တော့မော့တော့ လုပ်နေပါလေရော။
   အဲဒီပုံစံအတိုင်း သူ့ကို လေး ငါး ခြောက်ရက် မြင်နေရတော့ ကျွန်တော်က…
   “ကိုဆင့်ရေ…ခုတလော ကျွန်တော်တို့ကောင်ကြီး ငြိမ်ချက်သားကောင်းနေပါလား”
   “ဟုတ်တယ်ဗျ…ဒီတစ်ချီတော့ တကယ့်ကို နက်နက်နဲနဲ စဉ်းစားနေပုံပဲ။ လေး ငါးရက်တောင် မကတော့ဘူး”
   ကျွန်တော်နဲ့ ကိုဆင့်သူတို့ နှစ်ယောက်သား ကျိတ်ကျိတ် ကျိတ်ကျိတ်ပြောနေတုန်း ပန်းချီဆရာက လေသံတိုးတိုးနဲ့ ဝင်ပြီး…
   “ကျွန်တော်သူ့ကို ငြိမ်ဆေးပေးထားတာပါဗျာ”
   “ဟင်…ဘယ်လို ငြိမ်ဆေးပေးထားတာလဲ”
   “ရေနံဆီကို ဘယ်ကရသလဲဆိုတာ စဉ်းစားခိုင်းထားတာပါဗျာ”
   လို့ ဆိုပြီး ပန်းချီဆရာက သူ ကျပ်ထားတဲ့ကိစ္စကို အစအဆုံး တစ်လုံးမကျန် ပြန်ပြောပြတော့တာပဲ။
   ကျွန်တော်တို့လည်း ရယ်ရအခက် မဲ့ရအခက်နဲ့ဗျာ။

   အဲ…နောက်နေ့နေ့လည်ခင်းလည်းကျရော…
   “ဝုန်း…”
   ဖိုးစောဟာ နံရံကိုမှီနေရာက ဝုန်းခနဲ ခုန်ထလိုက်ပြီးတော့…
   “သိပြီ…သိပြီ၊ ကျွန်တော် သိပြီဗျ”
   အသံပြဲကြီးနဲ့ စွတ်အော်နေတော့ ကျွန်တော်တို့သုံးယောက်စလုံးက…
   “ဟ…ဟ…ဘာဖြစ်တာတုံး”
   “ဘာသိတာလဲကွ၊ မင်းဟာက…”
   “အလန့်တကြားကွာ၊ ဘာမို့လို့လဲဟ”
   အသက်တောင်မရှူအားဘူးဗျာ၊ ဝိုင်းမေးလိုက်ရတာ။ ငနဲသားကတော့ ပြုံးဖြီးဖြီးကြီးလုပ်ရင်း…
   “ရေနံဆီကို ဘယ်ကရလဲဆိုတာ ကျွန်တော်သိပြီဗျ။ တကယ်တော့ ရေနံဆီဆိုတာ ရေနံကနေ ဖြစ်လာတာကိုး…ဟင်း…ဟင်း…ဟင်း…”
   သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေတဲ့ မျက်လုံးတွေကလည်း အရောင်တလက်လက်နဲ့ဗျာ၊ ခင်ဗျားတို့ မြင်စေချင်တယ်။ ကျွန်တော်နဲ့ ကိုဆင့်သူကလည်း သူ့ကို ကျောသပ် ရင်သပ်လုပ်ပြီး ဝိုင်းချီးကျူးကြတယ်။
   “တော်ပါပေတယ်ကွာ” တို့၊ “မင်းမို့လို့ စဉ်းစားနိုင်တာ” တို့ ပြောပြောပြီးတော့လေ။
   “မင်းမို့လို့ ဒီအဖြေကို ခုနှစ်ရက်တည်းနဲ့ စဉ်းစားလို့ရတာ။ ငါသာဆို တစ်လလောက် စဉ်းစားရင်တောင် ရမှာ မဟုတ်ဘူး”
   ကိုဆင့်သူ ပြောလိုက်တဲ့ ဒီတစ်ခွန်းကတော့ ‘ပင့်’ တာ နည်းနည်းလက်လွန်သွားတယ်ဗျ။ ဖိုးစော ရိပ်မိသွားပုံပဲ။
   ဒီကောင် မာန်တက်နေတာ နည်းနည်းအရှိန်တန့်သွားတယ်။
   ပန်းချီဆရာကတော့ ခပ်ပြုံးပြုံးနဲ့…
   “ဟုတ်ပါပြီကွာ၊ ရေနံဆီဆိုတာ ရေနံကဖြစ်တာ ထားပါတော့၊ ဒါဖြင့် ဓာတ်ဆီကကော ဘယ်ကနေဖြစ်တာလဲကွ”
   နောက်ထပ်မေးခွန်းတစ်ခုနဲ့ ထောင်ချောက်ဆင်လိုက်တော့ ဖိုးစော ဆိုတဲ့ မဟာပညာရှိကလည်း တည့်တည့်ပဲဝင်ချလာတယ်။
   “ဟား…သဘောတရားချင်း အတူတူပဲလေဗျာ၊ ရေနံဆီဟာ ရေနံကဖြစ်လာတာဆိုတော့ ဓာတ်ဆီဆိုတာ ‘ဓာတ်’က ဖြစ်တာပဲပေါ့ဗျ”
   ကြည့်စမ်း။ အပိုင်ပဲဆိုပြီး ပြောချလိုက်တာ။
   အဲသည်လို တော်ပုံ၊ ထက်မြက်ပုံတွေကိုပဲ ကျွန်တော်တို့မှာ လက်ဖျားတခါခါ ဖြစ်နေရတာကလားဗျာ။
   ပန်းချီဆရာကတော့ ခေါင်းကို တဖြည်းဖြည်းချင်းယမ်းခါပြီး…
   “မှားတယ်ကွ”
   “ဟင်…ဘာဖြစ်လို့လဲ”
   ဖိုးစောက ပြုးတူးပြဲတဲနဲ့မေးတော့ ပန်းချီဆရာက သူ့မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်ပြီး…
   “မင်း မသေမချင်းမှတ်ထား၊ ‘ဓာတ်ဆီ’ဆိုတာ ‘ဓာတ်စံ’ကနေ ဖြစ်တာကွ”
   “သြော်…”
   ဖိုးစောမျက်လုံးတွေ အရောင် မှုန်မှိုင်းပြီး ဝမ်းနည်းရိပ်သမ်းသွားတယ်။ ‘ဓာတ်ဆီ’ နဲ့ ‘ဓာတ်စံ’ ဆိုတဲ့ လူရွှင်တော် လက်ဟောင်းကြီးနှစ်ယောက်ရဲ့ နာမည်ကို ကြားဖူးထားရဲ့သားနဲ့…
   “ဒီဓာတ်သဘောနှစ်ခု ဆက်စပ်တဲ့သဘာဝကို ဘာလို့များ ငါ မစဉ်းစားမိပါလိမ့်”
   လို့ သူ့ကိုယ်သူ မချင့်မရဲ ဖြစ်နေတဲ့ပုံပဲ။
   မယုံမရှိနဲ့ဗျ။ ပန်းချီဆရာ ပေါက်ကရပြောလိုက်တာကို ဒီကောင် တကယ် အဟုတ်မှတ်သွားတာ။
   ညကျတော့ သူ့သံသေတ္တာအဟောင်းလေးထဲမှာ သိမ်းထားတဲ့ လက်တစ်ဝါးလောက် မှတ်စုစာအုပ်လေးထုတ်ပြီး အသေအချာ ရေးမှတ်နေလေရဲ့။
   “ရေနံဆီကို ရေနံမှ ထုတ်ယူရရှိသည်၊
   ဓာတ်ဆီကို ဓာတ်စံမှ ထုတ်ယူရရှိသည်”
   …တဲ့ဗျာ။ ကဲ…ပြီးရော။
   သူ့မှတ်စုစာအုပ်လေးထဲမှာ အဲဒီလို ပေါက်တက်ကရတွေ အများကြီးပဲဗျ။ စုံနေအောင်ရေးထားတာ။
  
သူမရှိတဲ့အခိုက် ကျွန်တော်တို့သုံးယောက်သား ပျင်းပျင်းရှိပြီဆိုရင် သော့ပျက်နေတဲ့ သံသေတ္တာထဲမှာ သူဝှက်ထားတဲ့ အဲဒီမှတ်စုစာအုပ်လေးကို ရှာရှာဖွေဖွေ ခိုးဖတ်ပြီး တခွိခွိကျိတ်ရယ်ရသေးတာ။
အဲဒီစာအုပ်ထဲမှာ ကြံကြီးစည်ရာ ဖုန်းနံပါတ်တွေကိုလည်း (ဘယ်သူကပေးလို့ ဘယ်လိုရလာသလဲတော့ မပြောတတ်ဘူး) ရေးထားမှတ်ထားသေးတယ်ဗျ။
မှတ်မှတ်ရရ တစ်ခုဆိုရင်…
“သခင်ကိုယ်တော်မှိုင်းရဲ့ဦးလေး” ဖုန်းနံပါတ်…တဲ့ဗျာ။

ကဲ…စဉ်းစားကြည့်စမ်းပါဦး။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းတောင်မှ အသက်အရွယ်အိုမင်းပြီး ကွယ်လွန်သွားတာတောင် ကြာပဲကြာလှပြီဥစ္စာ။
သခင်ကိုယ်တော်မှိုင်းရဲ့ဦးလေးဆိုတာ သက်ရှိထင်ရှား ရှိနိုင်ပါတော့မလား။ အဲဒီဖုန်းနံပါတ် မှန်တယ်ပဲထားပါဦးတော့။ ဆက်လိုက်ရင် ဟိုက ဖုန်းလာကိုင်မှာမို့လို့လား။
ကြံကြံဖန်ဖန်ဗျာ။ အဲဒီလိုဖုန်းနံပါတ်တွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးမှတ်ထားသလဲ မပြောတတ်ဘူး။

တကယ်ပြောတာ။
ဖိုးစောဆိုတဲ့ကောင်က ရေရေလည်လည် ‘ဟား’ ရတယ်။

အခန်း(၂)

ကျွန်တော်တို့ ဒီရပ်ကွက်ထဲကို ပြောင်းလာပြီးပြီးချင်း ဖိုးစော သွားပြီး ပတ်ပတ်သက်သက် စလုပ်တာကတော့ ခေါင်းရင်းအိမ်က ‘အန်တီလှ’ ဆိုတဲ့ ဘွားတော်ကြီးပဲ။
ဘွားတော်ကြီးကဗျာ…အသက်ခြောက်ဆယ်ကျော်နေပါပြီ။ ခေါင်းတစ်ခုလုံးမှာလည်း ဆံပင်တွေ ဖြူလို့ ဖွေးလို့…။
ဒါပေမဲ့ အဲဒီဖြူကြောင်ကျားနေတဲ့ ဆံပင်တွေကို (အဲဒီတုန်းက ခေတ်စားတဲ့) ဒိုင်ယာနာ ကေလို့ခေါ်တဲ့ ပုံစံ ဆံပင်တိုကုပ်ဝဲလေးညှပ်ပြီး ပုံသွင်းထားတာဗျား။ စဉ်းစားသာကြည့်တော့။ ဘယ်လောက်တောင် လူရိုသေ ရှင်ရိုသေ မဖြစ်လိုက်တဲ့ ပုံဆိုးပန်းဆိုးကြီးလည်းဆိုတာ။
ပြီးတော့လည်း စကားပြောလိုက်ရင် သူ့ကိုယ်သူ ‘အလှကလေ’၊ ‘အလှ ပြောချင်တာက…’၊ ‘အလှအတွက်ဆိုရင်’ နဲ့ တစ်ချိန်လုံး ‘အလှ’ ချည်းပဲ လုပ်နေတာ။ သူ့ကိုယ်သူ ဆယ့်ခြောက်နှစ်သမီးကလေး ကျနေတာပဲ။
ကျွန်တော်တို့ကလည်း နားကြားပြင်ကတ်တာတစ်မျိုး၊ ရယ်ချင်တာတစ်မျိုးနဲ့ တော်တော်ကို အောင့်အည်းသည်းခံပြီး စကားပြောရတယ်။
ပန်းချီဆရာကတော့ စိတ်ပေါက်ပေါက်ရှိလာရင် ဘွားတော်ကြီး သူ့ကိုယ်သူ ‘အလှကလေ… အလှကလေ’ လုပ်လာပြီဆိုတာနဲ့ ရုပ်ရှင်မင်းသားဝင်းဦးရဲ့ သီချင်းစာသားတစ်ပိုဒ်ကို အော်အော်ဆိုပြီး ထ,ကတော့တာပဲ။
ကြားဖူးကြမှာပါ…။
“တကယ် မမောပန်းစေရန်ကိုကွယ် ပြော…ပြောပြမယ်…ကိုယ့်ဌာနေဝန်းကျင်မှာကွယ်…တကယ်ကို ‘အလှ’ ရှိတယ်”
ဆိုတဲ့ သီချင်းလေ။
တကယ်ပဲဗျာ။ စိတ်ကုန်တယ်။
ကိုယ်နဲ့မှ တည့်တည့်ကြီးတိုးတဲ့ ‘ထပ်တူကျအလွဲ’ ဆိုတာ အဲဒါမျိုးပေါ့။
ပြီးတော့ ဘွားတော်ကြီးက ဘာကြွားသလဲမမေးနဲ့။ ကြွားပြီးဟေ့ ဆိုရင်လည်း ‘အလုံးကြီး’ တွေချည်း ရွေးလွှတ်တာဗျ။
ပြောပြရဦးမယ်။ ကျွန်တော်တို့ပြောင်းလာခါစက ဗြုန်းဆို မပြောမဆို အိမ်ပေါ်တက်လာပြီး…
“မင်းတို့က ခေတ်ပညာတတ်တွေဆိုတော့ သိချင်တာလေးတစ်ခုရှိလို့ မေးရဦးမယ်၊ ဟိုလေ…အလှတို့အိမ်မှာသုံးနေတဲ့ ထမင်းပေါင်းအိုးက ပေါ်ဆန်းမွှေးတစ်မျိုးပဲ ထည့်ချက်လို့ရတာလား၊ ဧည့်မထတို့ ဘာတို့ရော ချက်လို့ရသလား…လို့၊ အဲဒါ လိုက်ကြည့်ပေးပါဦးကွယ်”
အဲဒါအကောင်းပြောတာမဟုတ်ဘူးဗျ။ သူ့အိမ်မှာ Rice Cooker လို့ခေါ်တဲ့ ခေတ်မီ ထမင်းပေါင်းအိုးစက်ရှိတယ်ဆိုတဲ့ အကြောင်းရယ်၊ သူဟာ ပေါ်ဆန်းမွှေးဆိုတဲ့ ဆန်အကောင်းကိုမှ အမြဲချက်စားနေသူ ဖြစ်တဲ့အကြောင်းရယ်…ကို အလုံးကြီး နှစ်လုံး တစ်ပြိုင်တည်း ပစ်ထည့်လိုက်တာ။
အဲဒီတုန်းက ၁၉၈၆-၁၉၈၇ ခုနှစ်ဆိုတော့ လူအများစုက သမဝါယမဆိုင်က ပေးတဲ့ ‘ဧည့်မထ’ တို့၊ ‘ငစိန်’ တို့ဆိုတဲ့ ဆန်ကြမ်းတွေပဲ စားနေရတာကိုး။
ပြီးတော့ Rice Cooker လို့ခေါ်တဲ့ ထမင်းပေါင်းအိုး ကိုလည်း ဒီလိုရပ်ကွက်ကလေးမှာ တော်ရုံတန်ရုံ ဝယ်နိုင် သုံးနိုင်ကြသေးတာ မဟုတ်ဘူးလေ။
အန်တီလှရဲ့သမီးအငယ်မက သင်္ဘောသားနဲ့ညားပြီး ရန်ကုန်က တာမွေမှာ နေတယ်ဆိုလား။ သမီး အကြီးမကတော့ အပျိုကြီးပါပဲ။ အသက်(၄၀) လောက်ရှိမယ်။ စက်ချုပ်ပြီး သူ့အမေကို ရှာဖွေကျွေးမွေးနေတာပေါ့။
ရန်ကုန်မှာနေတဲ့ သမက် သင်္ဘောသားက တစ်ခါတလေ ပို့ပို့ပေးတော့ အန်တီလှခမျာ ခေတ်ပေါ် နိုင်ငံခြားပစ္စည်းတွေ အသုံးအဆောင်တွေ ရ ရလာတတ်တယ်။ ဒါကိုပဲ ကြွားလို့မဆုံးဘူးဖြစ်နေတာ။
တစ်ခါကလည်း နေ့လည်နေ့ခင်းကြီး ကျွန်တော်နဲ့ ပန်းချီဆရာက ရန်ကုန်က မဂ္ဂဇင်းတိုက်တွေဆီသွားပြီး ပြန်လာကြတာ။ စာမူခတွေ ဘာတွေလည်း ရမလာခဲ့တော့ ကားမှတ်တိုင်ကနေ ရပ်ကွက်ထဲကို ဆိုက်ကားတောင် ငှားမစီးနိုင်ပါဘူး။ ခြေလျင်ပဲ သုတ်ရတော့တာပေါ့။
လမ်းထဲချိုးဝင်ပြီး အန်တီလှ အိမ်ရှေ့လည်းဖြတ်လျှောက် မိရော…
“ဟယ်…မင်းတို့နှယ်ကွယ် နေပူကြီးထဲ လမ်းလျှောက်ပြန်လာရသလား။ ပင်ပန်းမှာပေါ့ကွယ်။ လာ…လာ…အလှတို့ အိမ်မှာ ဝင်နားလိုက်ဦး”
ဟင်…သူနဲ့ ကျွန်တော်တို့နဲ့က ခြေရင်းခေါင်းရင်း ကပ်နေတဲ့ ဥစ္စာ။ နောက်ထပ် ခြေလှမ်း လေးငါးလှမ်း သွားလိုက်ရင် ကိုယ့်အိမ်ကိုယ် ပြန်ရောက်ပြီပဲဟာကို။ ဘာကိစ္စ သူ့အိမ်မှာ ခရီးတစ်ထောက်နားနေရဦးမှာလဲ။
ကျွန်တော်တို့က…
“နေပါစေ…အန်တီလှရယ်”
လို့ ပြောလည်း မရဘူး။ ဇွတ်ပဲ။ သူ့အိမ်မှာမှ ခဏတစ်ဖြုတ်ဝင်ပြီး မနားလိုက်ရင် ကျွန်တော်တို့ဟာ ချက်ချင်းလက်ငင်းကို နေပူဒဏ်သင့်ပြီး တုံးခနဲ လဲသေတော့မလောက်ကို ပြောပြီး အတင်းခေါ်တာ။
အဲ…အားနားပါးနာနဲ့ပဲ ဆိုပါတော့…။
ကျွန်တော်တို့နှစ်ယောက်သား သူ့အိမ်ရှေ့ခန်းကြမ်းပြင်ပေါ် ဝင်ထိုင်မိလိုက်ကြတယ်ဆိုရင်ပဲ အန်တီလှတစ်ယောက် စပြီး ဗွေဆိုးဖောက်တော့တာပဲ။
“မင်းတို့ နေပူထဲကလာတာဆိုတော့ ရေငတ်မှာပဲနော်၊ ရေအေးအေးလေးများ မသောက်ချင်ကြဘူးလား”
အင်း…လုပ်တော့ လုပ်လာပြန်ပဟ။
ကျွန်တော်တို့စိတ်ထဲက ကျိတ်ရေရွတ်ရင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြတယ်။
ပန်းချီဆရာက တစ်ခုခုကို ဘုမပြောမိအောင် အသက်အောင့်ပြီး ပါးကြီးနှစ်ဖက်ကို ဖောင်းထားတယ်ဗျ။ တော်တော်ချုပ်တည်းထားတာ။
ကျွန်တော်တို့ဆီက ဘာစကားမှ ထွက်မလာတော့ အန်တီလှကပဲ မအောင့်နိုင် မအည်းနိုင်ဖြစ်လာပြီး…
“အို…ဟုတ်ပါတယ်လေ၊ နေပူထဲကလာတာဆိုတော့ ရေခဲရေအေးအေးလေးသောက်မှကို ဖြစ်တော့မယ်။ အလှတို့အိမ်မှာ ရေခဲရေအဆင်သင့်ရတယ်ကွဲ့၊ သမီးရေ မိသက်… ရေခဲရေနှစ်ခွက် ယူခဲ့ပါဦးကွယ်”
သေချာတယ်။ အန်တီလှအိမ်မှာ ရေခဲသေတ္တာရောက်နေပြီ။ ပန်းချီဆရာက မျက်လုံးပြူး မျက်ဆံပြူးနဲ့…
“နေပါစေ…နေပါစေ…အန်တီလှရယ်၊ မသောက်တော့ပါဘူး။ ဟိုကောင် ဖိုးစောကိုသာ ခေါ်တိုက်လိုက်ပါ၊ ဒီကောင်က ရေခဲရေ အရမ်းကြိုက်တာ အန်တီလှရဲ့၊ အဟုတ်…တကယ်…ဘုရားစူးရစေရဲ့”
“ဟင်…ဟုတ်လား…ဒါဆို မောင်ဖိုးစောကို ခေါ်တိုက်ဦးမှပဲ။ ဟင်း…ဟင်း…မနေ့ကပဲ ရန်ကုန်မှာနေတဲ့ သမက်က ရေခဲသေတ္တာတစ်လုံး ပို့လိုက်တယ်လေ။ အင်း…ကရင်က တော်ရှာပါတယ်ကွယ်”
အန်တီလှက သူ့သမတ်ကို ‘ကရင်’လို့ခေါ်တတ်တယ်။ ကရင်လူမျိုးမို့လို့လား၊ ငယ်နာမည် ကရင် မို့လို့လားတော့ ကျွန်တော်တို့မသိဘူး။
အန်တီလှရဲ့ သမက်ချီးမွမ်းခန်း မဟာအကြွားတော်ပုံ အစမှာတင် ကျွန်တော်တို့နှစ်ယောက် ကသောကမျော ထပြန်တယ်။ ဒါတောင်မလွတ်ဘူး။
နောက်ကနေ လှမ်းအော်ပြောလိုက်တဲ့ အန်တီလှရဲ့ စကားသံကို ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်။
“မင်းတို့လည်း ကန်စွန်းရွက်တို့၊ ချဉ်ပေါင်ရွက်တို့ ဝယ်လာရင် ဒီအိမ်က ရေခဲသေတ္တာထဲမှာ လာထည့်ထားလို့ရတယ်…သိလား၊ အားမနာနဲ့နော်”
ခံလိုက်ရပုံများဗျာ။
‘ဟုတ်ကဲ့’ လို့တောင် ပြန်မပြောနိုင်တော့ဘူး။

အဲဒီလိုမျိုး…ကြွားပြီဆိုရင် ‘အလုံးကြီး’ တွေပဲ လွှတ်တတ်လွန်းလို့ အန်တီလှကို ရပ်ကွက်ထဲကလူတွေက…
“မော်ရီယာမင်း”
လို့ နာမည်ပြောင်ပေးထားကြတယ်။
သိတယ်မဟုတ်လား။ မော်ရီယာမင်း ဆိုတဲ့ အားဆေးက အကြောထဲသွင်းရတာလေ။
အကြောဆေးသွင်း၊ ဒရစ်ပုလင်းချိတ်တာကို ရပ်ထဲရွာထဲမှာက ‘အလုံးကြီး’ ချိတ်တယ်လို့ ခေါ်တာကိုး။

အန်တီလှကို ရပ်ကွက်ထဲကလူတွေ မေးငေါ့မယ်ဆိုရင်လည်း ငေါ့စရာပေါ့ဗျာ။ အန်တီလှက ဟိုကိစ္စဝင်ဖွ၊ ဒီကိစ္စဝင်ဖွနဲ့ ရှုပ်တာကိုး။
သူများကို တမင်ဒုက္ခပေးတာတော့မဟုတ်ဘူး။ အဲဒီလို ယုတ်မာတဲ့ ညစ်ပတ်တဲ့စိတ်တော့ အန်တီလှမှာမရှိတာ သေချာတယ်။
ဒါပေမဲ့ ခက်နေတာက…
လူကြားသူကြားထဲမှာ အထူအပါး နားမလည်တာ။ ပြောချင်ရာ စွတ်ပြော၊ လုပ်ချင်တာ စွတ်လုပ်တာ။
တလွဲလုပ်တဲ့နေရာမှာတော့ တကယ့်ကို ရွပ်ရွပ်ချွံချွံဗျ။
ကျွန်တော်တို့ ဒီကိုပြောင်းလာခါစတုန်းက ပန်းချီဆရာက အလှမွေးငါးကန် ခပ်သေးသေးတစ်ခု သယ်လာပြီး ‘ဖလားဝါးဟွန်း’ ငါးလေးတစ်ကောင် ထည့်မွေးထားတယ်။ သူ့ကြည့်ပြီး ပန်းချီဆွဲချင်လို့ ထင်ပါရဲ့။
ဒါပေမဲ့ မကြာပါဘူး။ မီးက ခဏခဏပျက်တော့ အောက်စီဂျင်မရတာနဲ့ ငါးလေး သေသွားရှာတယ်။
အဲဒီနေ့ကလည်း တစ်နေ့လယ်ခင်းလုံး ကျွန်တော်တို့က အပြင် သွားနေကြတာ။ ညနေပြန်ရောက်ပြီး ငါးလေးကို အစာကျွေးမယ်လုပ်တော့မှ ကန်ထဲမှာ ပေါလောလေးမျောပြီး သေနေတာကို တွေ့ရတာပဲ။
ပန်းချီဆရာဆိုတာ စုတ်တသပ်သပ်နဲ့ သူ့ကိုယ်သူ အပြစ်တင်လို့ကို မဆုံးဘူး။ ကျွန်တော်တို့လည်း တော်တော်ကြီးကို စိတ်မကောင်းဖြစ်တာပါ။
ဒါမျိုး ကြုံဖူးကြတဲ့သူတိုင်း ကျွန်တော်တို့ကို ကိုယ်ချင်းစာတတ်မှာပါဗျာ။
ကျွန်တော်တို့တွေအားလုံး ငိုင်နေကြတဲ့အချိန်မှာ အန်တီလှ တစ်ယောက် ကော့ပက်ကော့ပက်နဲ့ အိမ်ပေါ်တတ်လာတယ်။ မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြတဲ့ ကျွန်တော်တို့ကို ကြည့်ပြီး…
“ဘာဖြစ်နေကြတာတုံးဟဲ့”
ကျွန်တော်က ကန်ထဲက ငါးအသေကောင်လေးကို ပိုက်နဲ့ခပ်ဆယ်လိုက်ပြီး…
“ရွှေငါးလေးသေသွားလို့ အန်တီလှရဲ့”
“ဟယ်…ဖြစ်မှဖြစ်ရလေဟယ်”
ပိုက်ထဲမှာပါလာတဲ့ ရွှေငါးအသေလေးကိုကြည့်ပြီး အန်တီလှ တော်တော်စိတ်ထိခိုက်သွားပုံပဲ။ သူက…
“သနားစရာကောင်းလိုက်တာနော်။ သူ့ခမျာ ကံဆိုးရှာတယ်ကွယ်”
ဒါ…အန်တီလှ တကယ်သနားလို့ တကယ်ကြေကွဲလို့ ပြောတာ။ ဟုတ်တယ်၊ ကျွန်တော်သိတယ်။ ဒါပေမဲ့ ချက်ချင်းပဲ သူဆက်ပြောတဲ့ စကားကိုကြည့်ဦး။
“ဒီကောင်လေးကို ချက်စားရင် ဘယ်လိုအရသာရှိမလဲ မသိဘူးနော်”
ကျွန်တော်တို့အားလုံး စိတ်ထဲမှာ ဖုသွားတယ်။ ကြည့်စမ်း…အကြံပက်စက်လိုက်ပုံ။
ကျွန်တော်က…
“ဟာ…အန်တီလှကလည်း ခုနကပဲ သနားစရာလေး ဘာလေး ပြောနေပြီးတော့ ချက်စားဖို့ စိတ်ကူးရက်သေးတယ်ဗျာ”
“ဟဲ့…ဘာဆိုင်လို့လဲ၊ သနားတာက သနားတာ သတ်သတ်၊ သူ့အရသာကို သိချင်တာက သတ်သတ်ပဲ ဥစ္စာ။ ဈေးထဲမှာ ဝယ်စားရတဲ့ ငါးတွေနဲ့ ဘာများကွာသလဲ သိချင်လို့ပါဟယ်”
အဲသည်လိုပြောပြီး ကျွန်တော့်မျက်နှာကို တစ်ချက်လှမ်း အကဲခတ်တယ်။ ပြီးတော့ မျက်စတစ်ချက်ပစ်ပြီး…
“ကဲ…ဘယ်နှယ့်တုန်း”…တဲ့။
သူ့ရဲ့ ‘ဘယ်နှယ့်တုန်း’ ဆိုတာကြီးက ချက်စားကြရအောင် အထာနဲ့ ညှိလိုက်တာမှန်း ကျွန်တော်ရိပ်မိတာပေါ့။ ဒါနဲ့…
“တော်ပါ…အန်တီလှရယ်”
ဆိုပြီး မနည်းချော့မော့လွှတ်လိုက်ရတယ်ဗျာ။

Wednesday, 8 May 2013

ဇီတာ - အရိုး (အပိုင်း-၅) နောက်ဆုံးအပိုင်းလေးပါ


"ဟိတ် ကောင်မလေး ဘာတွေငေးနေလဲ၊ ရေကန်ဘေးမှာ နေပူကပူနဲ့၊ မတ်တတ်ကြီး"

"နာနားကို သတိရလို့ ကိုကို"

"လာပါ၊ ထီးအောက် သွားထိုင်ရအောင်၊ ကဲ ပြော ဘာဖြစ်လဲ"

"ဒီတစ်ရက်နှစ်ရက် မေနိုး နာနားကို အရမ်းသတိရနေတယ် ကိုကို၊ ဘယ်လိုဖြစ်မှန်း မသိဘူး၊ အိပ်မက်လည်း ခဏ ခဏမက်တယ်"

"ဘယ်လိုဖြစ်လို့လဲ မေနိုး၊ contact ရှိနေတာပဲ မဟုတ်လား၊ video call မရဘူးလား၊ နာနား နေမကောင်းလို့လား"

"နေကောင်းပါတယ်ကိုကို၊ contact လည်း မပြတ်ပါဘူး၊ နာနားက first semester ဖြေနေတယ်၊ သူ့အပြောပေါ့၊ အဲဒါပြီးရင် သူက ဒီကို အရမ်းလာချင်နေတာ"

"ဟင် သူ လာမယ့် အချိန်ကျ အန်ကယ်ဂျော့ရှ်တို့က ပြန်ပြီဥစ္စာ"

"မဟုတ်ဘူး ကိုကို၊ အဓိကက ကိုကိုတို့နဲ့ သူက အရမ်းတွေ့ချင်နေတာ၊ သူ သူက ..."

"ဘာဖြစ်လဲ နာနားက ဘာပြောလို့လဲ"

"မနက်က ဖုန်းထဲမှာ မေနိုးကို ပြောတယ် ကိုကို၊ ဒီ ဒီက မေနိုးတို့ကို သူ မြင် မြင်နေရတာ ခဏခဏပဲတဲ့ ကိုကို၊ မေနိုးတို့ ပတ်ဝန်းကျင်ကို သူ သိနေတယ်၊ currently နော် ကိုကို"

"ဟင်"

"သူ မေနိုးတို့ကို သိပ်တွေ့ချင်နေတယ်"

Name

Unlike the other Greek letters, this letter did not take its name fromthe Phoenician letter from which it was derived,it was given a new name on the pattern of beta,eta and theta.

The word zeta is the ancestor of zed(UK) or zee(US), the name of the Latin letter Z.In other languages (eg.ltalian and icelandic),the name zeta is used to refer to the Roman letter Z as well as the Greek letter.


"ဟ အာ ... လန့်တောင်သွားတယ်၊ ဇော်ဝါး မင်း ဘယ်တုန်းက ရောက်နေတာတုံး"

"ဟား ဟား မင်းလန့်သွားအောင် ငါ ဒီနားကပ် ရပ်နေတာဟ၊ ခုနကလေးတင်ရောက်တာ"

"ထူးထူးဆန်းဆန်း ဘာလာလုပ်တာတုံး"

"ငါ့ကိစ္စလည်း မဟုတ်ဘူး၊ မင်းကိစ္စလည်း မဟုတ်ဘူး"

"ဟေ့ကောင် ဘာလဲ၊ ရှင်းရှင်း ပြောစမ်း"

"ရှင်းရှင်းပြောရရင် Mr.Zeta နဲ့ Mrs. Cristine တို့ရဲ့ ကိစ္စကွ"

"ဘာဖြစ်တယ်"

"ရဲသင် ဒီနေ့ ဘာနေ့လဲ"

"လေးရက်နေ့လေ"

"လာမယ့် ဆယ့်သုံးရက်နေ့ မင်း အားအောင်လုပ်ထားကွာ၊ ငါ မျက်ရှုကိုလည်း ပြောထားပြီးပြီ"

"ဆယ့်သုံးရက်နေ့၊ ဆယ့်သုံးရက်နေ့ဆိုတော့ ဟ ... မင်းဟာ thirteen friday ကြီး ဘာကိစ္စရှိလို့လဲ"

"မင်း မေ့သွားပြီလား၊ မင်းက လူကြီးမှတ်နေတဲ့ ငါ့ဆရာမ ခရစ္စတင်း လေကွာ၊ အဲဒါ ရန်ကုန်ရောက်နေတယ်၊ မင်းရဲ့ ဇီတာပရောဂျက်ကြီးနဲ့ ပေးတွေ့မလို့"

"ဟိုက်"



The letter Z represents the voiced alveolar fricative /z/ in Modern Greek.

The Sound represented by zeta in Classical Greek is disputed.See Ancient Greek phonology and Pronunciation of Ancient Greek in teaching.

......................................................................
....................................... ...............................
....................................... ...............................


"နင် ငါ လန့်ပြီး တမင်သက်သက် အရှက်ကွဲအောင် ..."

"ဖုတ်ထီးကောင်"

"လာ မိန်းမ သွားမယ်၊ ရော့ ချိုကြီး ငါ့ကားမောင်းခဲ့ဟ"

"ပုဏ္ဏား ... မင်းကို ပုဏ္ဏား ဆိုတဲ့နာမည် ဘယ်သူစခေါ်တာလဲ"

"ရော့ နင့်ပုတီး၊ ရစ်လုံးက ...."

"နေဦးအဖေ၊ ဘာမှမမြင်တော့ဘူး ဆိုတော့ ..."

"ရဲသင်ရံ"

"ပုဏ္ဏား နင် နင်ဟာ သစ္စာဖောက်"

"ဇီတာလေကွာ၊ ဇက် အီး တီ အေ ဇီတာ"

"ပုဏ္ဏား မင်းက ဆင်လား"

"တစ်ခုခုနဲ့ ဖျက်လို့ရလား ကိုကို"

မှန်ထဲတွင် ပေါ်နေသောပုံရိပ်မှာ ...

"ကိုကို မေနိုးကို ချစ်လား"

"ပုဏ္ဏားရေ"

"ဟဲ လွှတ်စမ်း၊ ဆိုင်က ကောင်မလေးတွေ ..."

"အိုး ဘယ်အချိန်တုန်းကတည်းက ...."

"ပုဏ္ဏား ငါ့လက်မောင်းကို လာကိုင်တာနဲ့ ငါ ပြန်သိတာ"

"ဘာလို့ အဲလောက်လန့်နေတာလဲ မေနိုးရဲ့၊ မမ မှတ်မိသလောက်"

"တချို့လူတွေနဲ့ တချို့ကိစ္စတွေကို သူသိနေတယ်"

"ငါ ကြောက်လာရင်ရော"


Numeral
Zeta has the numerical value 7 rather than 6 because the letter digamma (also called 'stigma' as a Greek numeral) was originally in the sixth position in the alphabet.


အဆုံးသတ်ခြင်း တစ်ခုခုဆီကို ရောက်ကိုရောက်လိမ့်မည်ဟူသော အကြောင်းအရာတစ်ခုကို သူ သိထားခဲ့ပြီသည်မှာ ကြာခဲ့ပြီဖြစ်၏။ သို့သော် သူ ဘယ်သူ့ကိုမှ မပြောပြခဲ့ပါ။ ပြောပြရန်မလိုဟု သူ ယူဆသောကြောင့် ဖြစ်လေသည်။

မည်သည့်ကိစ္စမျိုးတွင်မှ ဆိတ်ကွယ်ရာဟူသည် မရှိကြောင်း သူ ရာနှုန်းပြည့် ယုံကြည်ထားပါသည်။ နံရံများတွင် နားတွေရှိပါ၏။ ထို့အတူ ဝတ္တုပစ္စည်းများ အားလုံးတွင်လည်း နားတွေရှိနိုင်ကြောင်း သူ တစ်စွန်းတစ်စ ရှာဖွေမိခဲ့ပြီပါပြီ။

လူတစ်ယောက်၏ လျှို့ဝှက်ချက်ဟူသည် ဤကမ္ဘာတွင် ဘယ်တုန်းကမျှ မရှိခဲ့ပါ။ အဘယ်ကြောင့်ဟူမူ လူကိုယ်တိုင်သည် မည်သည်ကိုမျှ ကြာကြာ လျှို့ဝှက်ထားနိုင်စွမ်း မရှိသောကြောင့် ဖြစ်ပါ၏။ အခြားသော တစ်ဖက်ကဆိုရလျှင် လူသည် တစ်စုံတစ်ရာကို လျှို့ဝှက်နိုင်စွမ်းမရှိလောက်အောင် ချည့်နဲ့လှသော သတ္တဝါဖြစ်နေသောကြောင့် ဖြစ်ကြောင်း သူ တစ်စွန်းတစ်စ သိရှိခွင့်ရခဲ့သောကြောင့် ဖြစ်ပါ၏။

"ဘာလဲ" ဟူသောကိစ္စကို သူ သတိထားခဲ့မိပါ၏။ ထို့နောက် "ဘာကြောင့်လဲ" ဟူသောကိစ္စကို သူ အစဉ်မပြတ် လိုက်ခဲ့မိပြန်ပါ၏။ တစ်စွန်းတစ်စပါ။ တစ်စွန်းတစ်စ သက်သက်ပါ။ သူ တို့ထိမိခဲ့ပါသည်။ သူသည် ထိုအဝန်းအဝိုင်းထဲက မဟုတ်ပါ။ ထို့အပြင် ထိုအဝန်းအဝိုင်းကို သိရှိရုံသာ သိရှိခွင့်ရ၍ ဝင်ရောက် ပတ်သက်နိုင်လောက်အောင် အင်အားကောင်းသူ တစ်ယောက် မဟုတ်ခဲ့ပါ။ ဤသည်ကို သူ သိရှိလိုက်ပြီးချိန်တွင် သူသည် လောကကို မဲ့ပြုံး ပြုံးပြနိုင်လောက်ရုံကလေးသာ တတ်နိုင်ခဲ့လေ၏။ သူသည် "လူ" သက်သက်လောကတွင် "တော်" သောသူတစ်ယောက်ဖြစ်ကြောင်း လူသက်သက်လောကမှ လူတိုင်းက ချွင်းချက်မရှိထောက်ခံပါလိမ့်မည်။ သို့သော် ....

လူသက်သက်မဟုတ်သော လောကတွင် သူသည် ဘာမှမဟုတ်သော သာမညောင်ည အသေးအဖွဲသာ ဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့ပါ၏။ ကမ္ဘာပေါ်တွင် ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းထားခြင်း မရှိသော ကိစ္စရပ်တစ်ခုကို သူ လိုက်စားခဲ့၏။ ထိုကိစ္စရပ်သည် သူ့ကို ညှို့ယူသွားခဲ့လေသည်။ မသိခြင်းပေါင်းများစွာကို သူ ကြုံတွေ့ရ၏။ အကြိမ်ကြိမ် မေးမြန်းခဲ့၏။ သူသည် ဘာနည်း။ နောက်ဆုံး သူသည် ဘာမှမဟုတ်သော "သူ" သက်သက်သာဖြစ်ကြောင်း တွေ့ရ၏။ လောကသည် ဆန်းကြယ်လှလေစွ။ တစ်နေရာထဲတွင်ပင် လောကသုံးလေးမျိုး ရောထွေးနေ၏။ သို့သော် တစ်ခုကိုတစ်ခု မမြင်ရ။ မကြားရ။ ပတ်သက်မှုတွေကတော့ တစ်ခါတစ်ရံ လိုအပ်စွာ ကြုံတတ်ကြရ၏။

ပတ်သက်ခြင်းများ ဖြစ်ဖွား ကြုံကြိုက်သောအခါများတွင်လည်း ဤပတ်သက်ခြင်းများသည် ကောင်းခြင်းဖြစ်စေ ဆိုးခြင်းဖြစ်စေ သတ်မှတ်၍ မရ။ ပတ်သက်မိခြင်းများသည် ပတ်သက်မိခြင်းများ သက်သက်သာ ဖြစ်၏။ ရှုထောင့်တစ်နေရာအဖို့ ကောင်းခြင်းလည်း ဖြစ်မည်၊ ဆိုးခြင်းလည်း ဖြစ်နိုင်၏။ ဖြစ်နေခြင်းများသည် ဖြစ်နေခြင်းများသာ ဖြစ်၏။ ယခုအချိန်တွင် သူ၏ စိတ်များ ငြိမ်သက်နေလေသည်။

ကောင်းကင်ထက်မှ လရောင်သည် ရေကူးကန်ပတ်လည်တွင် ထွန်း၍ထားသော မီးတိုင်ရှည်များ၏ အလင်းရောင်ကို ကျော်လွှားထိုးဖောက်ဝင်ရောက်လာနိုင်စွမ်း မရှိခဲ့ပါ။ သူသည် အိမ်တံစက်မြိတ်နားရှိ ကုန်းမြင့်မြက်ခင်း တစ်နေရာပေါ်မှနေ၍ ရေကူးကန်ကို လှမ်းကြည့်နေမိလေသည်။ အချိန်မှာ ည ဆယ်နာရီခန့် ရှိပေပြီ။ သူ့ဘေး မြေပြင်ပေါ်တွင် ဖောက်ပြီးခါစ ဝိုင်အနီတစ်ပုလင်း ရှိ၏။ သူ့ရှေ့တွင်တော့ ငှဲ့ထားပြီး ဝိုင်တစ်ခွက် ရှိလေသည်။

သူ့စိတ်များမှာ ဟာလာဟင်းလင်း ဖြစ်လျက်။ ဝိုင်ခွက်ကို ရုတ်တရက် တစ်ရှိန်ထိုး မော့သောက်ပစ်လိုက်ကာ ပြန်ချထားလိုက်၏။ အခုတော့ ခွက်ထဲတွင် ဘာမှမရှိတော့။ လွန်ခဲ့သော အခိုက်အတန့် ခဏက ထိုခွက်သည် ဝိုင်အနီများ ထည့်ထားသော ဝိုင်ခွက်တစ်ခ်ွက ဖြစ်ခဲ့၏။ အခုတော့ ဗလာဟင်းလင်း။ ဤခွက်အတွင်း အဖြူရောင်နွားနို့အချို့ ရှိလာခဲ့လျှင် ဤခွက်သည် နို့ခွက်ဖြစ်လာနိုင်မလား။ သို့မဟုတ် လက်ဖက်ရည်များ ကော်ဖီများဖြစ်စေ အရောင်အမျိုးမျိုးရှိသော အအေးများဖြစ်စေ၊ ပယင်းရောင် မူးယစ်ရီဝေတတ်စေသော အရည်များဖြစ်စေ၊ အမျိုးမျိုး ပြောင်းထည့်ကြည့်ပါက ဤခွက်သည် လက်ဖက်ရည် ကော်ဖီခွက်၊ အအေးခွက်၊ အရက်ခွက် ဖြစ်သွားနိုင်မည်လား။ သူ တစ်ချက် ပြုံးလိုက်မိ၏။

နဂိုကတည်းက ပုံစံ အဆင်းသဏ္ဌာန်အရ ဝိုင်သာထည့်ရန် ပြုလုပ်ထားသော ခွက်လွတ်တစ်လုံးအတွက် ဘာထည့်ထားထား ဝိုင်ခွက်ထဲတွင် တစ်စုံတစ်ရာ ထည့်ထားခြင်းသာ ဖြစ်ပါ၏။ ဝိုင်ခွက်အဖို့ မည်မျှ လွတ်နေစေကာမူ ရေနွေးကြမ်းခွက်တစ်ခွက် ဖြစ်လာမည် မဟုတ်ပါ။ သူ ခွက်ထဲသို့ ဝိုင်နီများသာ ထပ်မံ ဖြည့်တင်းထားလိုက်၏။ ရုတ်တရက် သင်းပျံ့သော ရနံ့တစ်ခု သူ ရလိုက်လေသည်။

"ပုဏ္ဏား"

တိုးတိတ်ညင်သာသော ခေါ်သံတစ်ခုနှင့်အတူ နွေးထွေးသော လက်တစ်ဖက်က သူ့ပခုံးကို ထိကိုင်လာ၏။ သူ လှည့်ကြည့်မိသောအခါ ဘာတစ်ခုမှ မွမ်းမံခြယ်သထားခြင်း မရှိသော လှပတည်ငြိမ်သည့် မျက်နှာလေးတစ်ခု။ သူ ရေကန်ဘက်ဆီသို့ မျက်နှာပြန်လွှဲလိုက်ချိန်တွင် သူ့ဘေး၌ ညင်သာစွာ ဝင်ထိုင်လေသည်။ စကားဆက်မဆိုဖြစ်ကြ။ လသည် သူ့ခရီး သူနှင်၍ နေလေ၏။ လေညင်းအချို့ တိုက်ခတ်လာပြီးချိန်၌

"ပုဏ္ဏား နင် တစ်ခုခု သိထားတယ် မဟုတ်လား"

ဖြေသံ ဆွံ့အလျက်။ မေးသံသာဆက်၍ တိုးညင်းထွက်ပေါ်လာခဲ့၏။

"ပုဏ္ဏား ... နင် ငါ့ကို သိသလို ငါ နင့်ကို သိတယ်လေ၊ ဘာဖြစ်လို့ ဖုံးကွယ်ထားချင်နေတာလဲ၊ နင် ငါ့ကို မယုံဘူးလား ပုဏ္ဏား၊ နင် ဘာဖြစ်နေတာလဲ"

အမေးများသာ လှုပ်ရှားဆူပွက်ခဲ့လေသည်။ သူကမူ ရေကန်ဘက်သို့သာ ငေးလျက်။ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်၍ ရေကန်မျက်နှာပြင်မှာ ငြိမ်သက်နေလေသည်။ ထို့အတူ သူ့မျက်နှာသည်လည်း ငြိမ်သက်လျက်။ ရုတ်တရက် သူမသည် သူ့ရှေ့မှ ဝိုင်ခွက်ကိုယူကာ တစ်ရှိန်ထိုး မော့ချလိုက်၏။ သူ လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။

"မျက်ရှု ... နင် ဘာလုပ်တာလဲ"

ယခုအချိန်တွင်တော့ မေးသူက သူ ပြန်ဖြစ်နေခဲ့လေ၏။ အလန့်တကြားလည်း လှည့်ကြည့်လိုက်မိ၏။ သူကို ပြန်လည် ရင်ဆိုင်နေသော မျက်ဝန်းနက်နက် ကြည်ကြည်လေးများက တည်တည်ငြိမ်ငြိမ်။ မျက်နှာလေးက မခိုးမခန့် ပြုံးလျက်။

"ဘာလဲ နင်လုပ်ခါနီး အလုပ်တစ်ခုကို ငါ လုပ်လိုက်လို့ မဟုတ်လား၊ နင့်စိတ်ထဲမှာ ဒီခွက်ကို ကောက်ကိုင်လိုက်ဖို့ ဆုံးဖြတ်လိုက်ခဲ့တယ် မဟုတ်လား"

သူ သက်ပြင်းတစ်ချက် ချမိ၏။

"တချို့တွေက jumper လို့ ခေါ်ကြတယ်၊ တချို့ကတော့ connector တဲ့၊ တချို့ကျပြန်တော့ existance တည်ရှိနေခြင်းသက်သက်လို့ အဓိပ္ပာယ် ဖွင့်ချင်ကြတယ်၊ သဘောကတော့ဟာ နင် နားလည်လွယ်အောင် လူအနေနဲ့ ပြောရရင် မောင်ဖြူနဲ့ မောင်မဲဟာ အချိန်ကာလတစ်ခု တိုင်တဲ့အခါ သူတို့ချင်း ပတ်သက်ကြရပြီး တစ်စုံတစ်ရာ ဖြစ်ပွားလိမ့်မယ်ဆိုတာ သူတို့ သိကြတယ်၊ ဒါပေမဲ့ သူတို့ချင်း တိုက်ရိုက်ပတ်သက်လို့ မရဘူးဆိုတာလည်း သိကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့ကို မိတ်ဆက်ပေးမယ့် ကြားခံ မီဒီယာတစ်ယောက် လိုတာကိုး၊ အဲဒီတစ်ယောက်ကို မောင်နီလို့ပဲ ထားပေါ့ဟာ၊ မောင်နီဟာ မောင်ဖြူနဲ့ရော မောင်မဲနဲ့ပါ ကာလအတော်ကြာ တောက်လျှောက် သိလာခဲ့တယ်၊ မောင်ဖြူနဲ့ မောင်မဲဟာ သူတို့ချင်းသိဖို့ မောင်နီတစ်ယောက်ထဲကြောင့်သာ ဖြစ်နိုင်လိမ့်မယ်ဆိုတာ ရိပ်မိပေမဲ့ မောင်နီကတော့ မသိဘူး၊  ဝေဝါးနေတယ်၊ မောင်ဖြူကို မောင်စိမ်းနဲ့ပဲ ပတ်သက်ခွင့် ပေးရမလို၊ မောင်ညိုနဲ့ပဲ ပတ်သက်ပေးရမလို ဖြစ်နေတယ်၊ ဒါပေမဲ့ အရာအားလုံးဟာ စနစ်တကျ ဖြစ်နေခဲ့တာဆိုတော့ နောက်ဆုံး မောင်နီဟာ မောင်ဖြူနဲ့ မောင်မဲကို ဆက်ပေးလိုက်မိတယ်၊ အဲဒီအချိန်ကစပြီး သူ့တာဝန် အခန်းကဏ္ဍဟာ ပြီးဆုံးသွားပြီ၊ မောင်နီ ဖြစ်လာခဲ့ရတာက မောင်ဖြူနဲ့မောင်မဲကို ဆက်သွယ်ပေးဖို့လေ၊ မောင်နီဟာ connector ပဲ၊ မောင်မဲနဲ့ မောင်ဖြူ ဆက်သွယ်မိဖို့အတွက် တည်ရှိနေရတဲ့ existance သက်သက်ပဲ၊ ဒါက ရိုးရှင်းတဲ့ အဖြစ်အပျက် တစ်ခုထဲအတွက်ကို ပြောတာနော်၊ တကယ်လို့ မောင်နီဟာ မောင်ဖြူနဲ့မောင်မဲကို ဆက်ပေးဖို့အတွက်ရော၊ မောင်ပြာနဲ့ မောင်စိမ်းကို ဆက်ပေးဖို့အတွက်ရော၊ မောင်စိမ်းနဲ့ မောင်မဲကို ဆက်ပေးဖို့အတွက်ရော လိုအပ်တယ် ဆိုရင်တော့ မောင်နီဟာ မောင်မဲနဲ့ မောင်ဖြူ တွေ့ကြုံ ဆက်သွယ်မိပြီးရုံနဲ့ သူဟာ မပြီးဆုံးသွားသေးဘူး၊ ကျန်တဲ့ မောင်ပြာနဲ့ မောင်စိမ်း ဆက်ပေးဖို့၊ မောင်စိမ်းနဲ့ မောင်မဲ ဆက်ပေးဖို့ သူဆက်ရှိနေရလိမ့်မယ်၊ အဲဒီ အခြေအနေမျိုးကျတော့ မောင်နီဟာ အရေးပါတဲ့ connector ဖြစ်လာရော၊ ဖြစ်သင့်တဲ့ ဖြစ်ရမယ့် connection တွေ အားလုံး ဖြစ်သွားဖို့ မောင်နီဟာ object တွေ matter တွေဖြစ်တဲ့ မောင်မဲ၊ မောင်ဖြူ၊ မောင်စိမ်း၊ မောင်ပြာတို့ ရှိနေကြတဲ့ place တွေဆီကို အမြန်လိုရင် အမြန်၊ အနှေးလိုရင် အနှေး သူ့ကိုယ်သူ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပြေးလွှားဆက်သွယ်နေရတယ်၊ အဲဒီလို ပြေးလွှားချိတ်ဆက်မိနေရခြင်းတွေကို လူသာမန် ဦးနှောက် အသိဉာဏ်လောက်နဲ့ မရဘူး၊ ဒါကြောင့် ထူးဆန်းတာတွေ ဖြစ်လာတယ်၊ အဲဒီလို connector မျိုးတွေကို jumper လို့ ခေါ်တယ်၊ အခု နင် ဒီကနေ ရေကန်ထဲကို ရောက်အောင်သွားဖို့ မြက်ခင်းပေါ်က တစ်ဆင့် လျှောက်သွားပြီးမှ ရောက်မှာ မဟုတ်လား၊ နင်ကတော့ ရေကန်ဆီ ရောက်သွားဖို့ပဲသိတော့ "မြက်ခင်းပေါ်မှတစ်ဆင့်" ဆိုတဲ့ကိစ္စကို မေ့ကောင်းမေ့သွားလိမ့်မယ်၊ တကယ်တော့ ဒီနေရာကနေ နင်ဟာ "မြက်ခင်းမှတစ်ဆင့်" သာ ရေကန်ဆီ ရောက်နိုင်တာ၊ နင်က တန်ခိုးရှင်မို့လို့ ပျံသွားနိုင်ရင်တောင် "လေထဲမှတစ်ဆင့်" သာ ရေကန်ဆီ ရောက်မှာလေ၊ via သီအိုရီလို့ အကြမ်းဖျင်း ငါပေးထားတယ်၊ ဘယ်လောက်နင်စွမ်းစွမ်း ဒီနေရာကနေ ဖြုတ်ခနဲ ပျောက်သွားပြီး ရေကန်ထဲမှာ ဖြုတ်ခနဲ ပေါ်လာခဲ့ရင်တောင် "ဤနေရာမှ ဖြုတ်ခနဲ ပျောက်သွားခြင်း" မှတစ်ဆင့် ရေကန်ထဲတွင် ပြန်ပေါ်လာခြင်းပဲ ဖြစ်တယ်၊ လောကမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက် ဖြစ်ပျက်ခြင်းတိုင်းမှာ "မှတစ်ဆင့်"ဆိုတာ ရှိတယ်။ conncetor လား၊ jumper လားပဲ ကွာလိမ့်မယ်။ ခုနကအတိုင်း ပြောရရင် မြက်ခင်းဟာ အငြိမ်သက်သက် ဖြစ်တဲ့အတွက် connector လို အကြမ်း ပြောလို့ရတယ်၊ လေကျတော့ အဲလို မဟုတ်ဘူးလေ၊ နင်အဖြစ်အပျက်မှာလည်း သူပါရသလို သူက အခြားအဖြစ်အပျက်တွေအတွက် ဆက်တိုက်သွားရဦးမှာ၊ အဲဒီ existance တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေအတွက် ငါ့ပရောဂျက်ကို ဇီတာလို့ ပေးခဲ့တာ"

သူမ နားလည်နိုင်ရဲ့လား။ သူကတော့ ဝိုင်တစ်ခွက် ထပ်ငှဲ့ကာ မော့ချလိုက်မိ၏။ တစ်ခါတစ်ရံကျ အသိတစ်ခုကို ရှင်းပြဖို့အတွက် မြောက်မြားလှစွာသော စကားလုံးများ လိုအပ်နေခြင်းကို သူ စိတ်ပျက်မိ၏။ ပတ်ဝန်းကျင်သည် အေးချမ်းစွာ တိတ်ဆိတ်နေလေသည်။ ဝိုင်တစ်ခွက် ထပ်ငှဲ့ကာ ရှေ့တွင် ချထားမိ၏။ တိုးတိုးသဲ့သဲ့ သက်ပြင်းချသံလေး တစ်ခုကို သူ ကြားလိုက်ရ၏။ သူ ဆက်ပြောမိ၏။

"နှစ်မျိုးနှစ်စားပဲ ရှိတယ် မျက်ရှု၊ object ဒါမှမဟုတ် matter တွေနဲ့ connection တွေ ... တစ်ခါတလေမှာ object တွေ matter တွေရဲ့ relationship ဟာ သိပ်အားကောင်းခဲ့ရင် သူတို့ရဲ့ connection တစ်ခု ဖြစ်ပေါ်တဲ့အချိန်မှာ ကြားခံ jumper တွေဟာ မှေးမှိန်ပျောက်ကွယ် သွားကြရလေ့ရှိတယ်၊ တစ်ခါတလေမှာ ကျတော့လည်း ....."

သူ စကားမဆက်ဖြစ်ပါ။ နူးညံ့နွေးထွေးသော လက်ချောင်းလေးနှစ်ချောင်းက သူ့နှုတ်ခမ်းများအား လာရောက် ဟန့်တားလိုက်သောကြောင့် ဖြစ်လေသည်။ သူ လှည့်ကြည့်မိတော့ စိုလဲနေသော မျက်ဝန်းလေးတစ်စုံ ကို ရင်ဆိုင်ရ၏။

"ပုဏ္ဏား"

သူ တစ်ချက်ပြုံးမိ၏။ မျက်ဝန်းလေးတစ်စုံမှ ပြန်ခွာကာ သူ အဝေးမှ အမှောင်ရိပ်များထဲ သူ ငေးကြည့်နေမိပြန်၏။

"နင်ငါ့ကို ဘာလို့ အဲဒီနာမည် ပေးခဲ့တယ်ဆိုတာ နင်နဲ့ငါနဲ့ နှစ်ယောက်ထဲပဲ သေချာသိခဲ့ကြတာပါ၊ နင် ငါ့ကို သေချာမသိခင်ကတည်းက ငါ နင့်ကို သေချာသိခဲ့ပြီးပါပြီ"

စောဒကတက်ချင်သလို အမူအရာလေးနှင့် နှုတ်ခမ်းလေးနှစ်လွှာ ပွင့်လာလေသည်။ သူ လက်ကာပြရင်း ဆက်ပြောဖြစ်၏။

"မဟုတ်ဘူး၊ အခု ငါတို့နေနေတဲ့ လောကနဲ့ ဘာမှမဆိုင်ဘူး၊ ငါက ငါ သိတန်သလောက် သိထားတဲ့ world ဘက်က ပြောနေတာ၊ ဟုတ်တယ် ငါဟာ လူတွေ အနေနဲ့ သာမန်ကြည့်ရင်တော့ နင့်ထက် powerful ဖြစ်တဲ့လူတစ်ယောက်ပါ၊ ဒါပေမဲ့ ...."

ခေတ္တ တိတ်ဆိတ်သွားပြန်၏။ တိတ်ဆိတ်သော ညအတွင်း ပိုးပုရစ်စီသံသဲ့သဲ့များကြားမှ သူ့လေသံ အေးအေးမှန်မှန် ပြန်ထွက်ပေါ်လာလေသည်။

"အခြားသော ဖြစ်စဉ် တစ်ခုမှာတော့ ငါဟာ object နဲ့ matter မဟုတ်ဘူး၊ ငါဟာ အင်အား အတန်အသင့်ပဲ ရှိတဲ့ jumper တစ်ယောက်ပဲ ဖြစ်တယ်၊ ငါဟာ ကြားခံပဲဖြစ်တယ်၊ အင်အားကောင်းတဲ့ နင်တို့ နာနားတို့ ဇော်ဝါး တို့တွေဟာ ငါကတစ်ဆင့် စီစဉ်ထားခဲ့တဲ့အတိုင်း ဖြတ်သန်းဖြစ်ပျက် သွားကြလိမ့်မယ်၊ ကြားခံတွေဟာ ဘက်လိုက်ခွင်မရှိဘူး၊ ဒါပေမဲ့ ငါက....."

တစ်ချက် လှည့်ကြည့်မိ၏။ မျက်ရည်တို့ဖြင့် စိုလဲနေသော မျက်နက်ဝန်းတစ်စုံကို သူ ရင်ဆိုင်ရလေသည်။

"ငါ နင့်ကို သနားတယ် မျက်ရှု၊ ဒီကိစ္စတွေကို ငါ အဆုံသတ်ခွင့်ပေးလိုက်တော့မယ်၊ နောက်တစ်ခုက အကြောင်းပေါင်းစုံတွေ တိုက်ဆိုင်ချိန် ရောက်လာပြီ၊ ခရစ္စတင်းဟာ အရမ်းအားကောင်းတဲ့ ဖြစ်စဉ် matter တစ်ခု ဖြစ်တယ်၊ နင်တို့ object တွေဟာ ငါကတစ်ဆင့် ခရစ္စတင်းကြောင့် တစ်စုံတစ်ရာ ဖြစ်ပျက်သွားလိမ့်မယ်၊ မနက်ဖြန်ကျရင် ငါတို့ အဲဒီကိစ္စတွေကို သိကြရတော့မယ်၊ အဲဒါတွေ ပြီးသွားရင် နင်တို့အားလုံး အေးချမ်းသွားကြတော့မှာပါ၊ နားမလည်နိုင်တဲ့ အဖြစ်အပျက်တွေ ကိစ္စတွေ ဘဝက ပျောက်ကွယ်သွားလိမ့်မယ်"

"နင်ကရော"

သူတိတ်ဆိတ်သွားခဲ့လေသည်။ ကောင်းကင်ကို မော့ကြည့်မိ၏။ အမှောင်ပြင်အကျယ်ကြီးထဲတွင် တစ်စနှစ်စ သေးကွေးလှစွာသော အလင်းစက်မှိတ်တုတ်လေး အချို့ကို ဖျော့တော့စွာ မြင်ရလေသည်။ သူ နှစ်ခြိုက်စွာ ပြုံးလိုက်၏။ အပြုံးနှင်အတူ သေသေချာချာ လှည့်ကြည့်ကာ ဖြေဖြစ်၏။

"ငါ မသိဘူး မျက်ရှု"

"ဖြန်း"
ပါးပြင်တစ်ဖက် ပူခနဲ ဖြစ်သွားသည်နှင့်အမျှ သူ အလွန်အမင်း အံ့အားသင့်သွား၏။ သူမသည် သူ့ကို အမှန်တကယ် ရိုက်ပစ်လိုက်ခဲ့သလား ဆိုသည်ကို သူ မယုံသလို ငေးကြည့်မိသောအခါ မျက်ရည်များ ပြည့်နေသော နာကျည်းမှုအပြည့်နှင့် မျက်နက်ဝန်းတစ်စုံ။ လှပသော နှုတ်ခမ်းတစ်စုံမှ တဆတ်ဆတ်တုန်ရင်း

"ရဲသင်ရံ"

သူ ပြန်မထူးဖြစ်ပါ။ သူ မထင်မှတ်ထားသည်များ ဆက်တိုက်ဖြစ်ပွားသွားခဲ့လေသည်။

သူမသည် သူ့ရှေ့မှ ဝိုင်ခွက်ကိုယူကာ တစ်ငုံ ငုံလိုက်၏။ ထို့နောက် သူ့နှုတ်ခမ်းတွင် နူးညံ့ပူနွေးသော အထိအတွေ့နှင့်အတူ အေးစက်သော ဝိုင်များက သူ့နှုတ်ခမ်းမှ တစ်ဆင့် လည်ချောင်းထဲသို့။ သူ့မျက်လုံးများကို မှိတ်ထားမိလိုက်လေသည်။ စက္ကန့် အနည်းငယ်မျှ သူ့စိတ်များ လွင့်ထွက်သွား၏။
"ပုဏ္ဏား"

တိုးညင်းလွန်းသော အနီးကပ် ခေါ်သံလေးတစ်ခုတွင် သူ သတိပြန်ဝင်လာခဲ့၏။ သူမသည် သူ့ရင်ခွင်တွင် မျက်နှာဝှက်လျက်။ ရှိုက်သံတစ်ဝက်ဖြင့် ...

"မပေးနိုင်ဘူး ပုဏ္ဏား၊ ငါ နင့်ကို ဘာအကြောင်းပြချက်မျိုးနဲ့မှ ဘယ်ကိုမှ မပေးနိုင်ဘူး၊ နင့်ကို ငါပိုင်တယ် ပုဏ္ဏား၊ နင့် နင့်ကို ငါပဲပိုင်တယ်၊ နင့်ကို ငါ ငါ အရမ်း ....."
သူ သက်ပြင်းချလိုက်မိခဲ့လေသလား။ တသိမ့်သိမ့် တုန်ခါနေသော ခန္ဓာကိုယ်လေးကို သူ အလိုက်သင့် ဖက်ထားမိလေသည်။ ရှိုက်သံတစ်ဝက်နှင့် ညည်းတွားသံလေးများက တိုးတိုးညင်းညင်း။

"ဘာလို့လဲ၊ ဘာလို့ ငါတို့မှာမှ လာဖြစ်ရတာလဲ၊ နင် နင် ... ဘာလို့ ငါ့ကို အားလုံး မပြောခဲ့တာလဲ၊ နင် ဘာလို့ ဒါကို ရွေးချယ်ခဲ့တာလဲ၊ ငါ ငါတို့ ထွက်သွားကြမယ်လေဟာ၊ နင် နင်ဘာမှ မလုပ်ပါနဲ့တော့၊ ငါ နေ နိုင်ပါတယ်၊ ငါ ငါ ခံနိုင်ရည်ရှိပါတယ်ဟာ ပုဏ္ဏား နင် နင် ...."
"မနက်ဖြန်ကျရင် အားလုံး ပြီးသွားပါလိမ့်မယ်ဟာ၊ ငါ မလုပ်ရင် နင်က ဒီဘဝအတွက် အသက်အန္တရယ်ရှိတဲ့ အခြေအနေအနားထိ ရောက်လာပြီလေ"

သူ့စိတ်ထဲမှသာ ရေရွက်ဖြစ်ခဲ့သော စကားများသာ ဖြစ်လေသည်။


စိမ်းဖန့်ဖန့် အလင်းရောင်လေးတစ်ခု ရသည်ဆိုရုံမျှသာရှိသော အခန်းတစ်ခုထဲတွင်။

လူသားလေးဦးသည် စားပွဲဝိုင်းတစ်ခုတွင် ဝိုင်းကာ ထိုင်လျက်။ စားပွဲပေါ်တွင် လက်များကို မှောက်ကာ တင်ထားရင်း လက်ချောင်းချင်း ထိဆက်ထားကြ၏။ အခန်းထဲတွင် အေးစိမ့် တိတ်ဆိတ်လွန်းနေ၏။

အလွန်တရာ စူးရှတောက်ပလွန်းသော မျက်လုံးများနှင့် အသက်သုံးဆယ်ကျော် အမျိုးသမီးသည် သူ့ရှေ့တည့်တည့်တွင် ခပ်မတ်မတ်ထိုင်နေသော လူငယ်ကို စိုက်ကြည့်လိုက်၏။ လူငယ်မှ လက်သန်းထိပ် ကလေးချင်း စားပွဲပေါ်တွင် ထိဆက်ထားသော သူ့ညာဘက်မှ လှပချောမောသည့် ကောင်မလေးတစ်ယောက်ကို တစ်ချက် လှည့်ကြည့်၏။ ကော်ငမလေးက ပြန်မကြည့်။ မျက်စိရှေ့တည့်တည့်တွင် ထိုင်နေသော မေးရိုးကားကားနှင့် လူငယ်ကိုသာ တည့်တည့် ကြည့်နေ၏။ မေရိုးကားကားနှင့် လူငယ်မှ သူ့ညာဘက်တွင် ထိုင်သော လူငယ်နှင့် သူ့ဘယ်ဘက်တွင် ထိုင်နေသော အမျိုးသမီးကို တစ်လှည့်စီကြည့်ကာ ခေါင်းညိတ်သည် ဆိုရုံလေး ညိတ်ပြလိုက်လေသည်။ ထိုနောက် သူတို့အားလုံး မျက်လုံးများကို မှိတ်လိုက် ကြလေသည်။ အခန်းသည် ပို၍ အေးစက်တိတ်ဆိတ်ကာ မည်းမှောင်သွားသလိုလို။

ပုံရိပ်များ။

မြင်ကွင်းများ။

နေရာများ။

အဖြစ်အပျက်များ။

အာရုံထဲတွင် အဆက်မပြတ် ပေါ်လာ၏။ အမျိုးသမီးရှေ့တည့်တည့်မှ လူငယ်မှာ တစ်ချက် လှုပ်ရှားသွား၏။ သို့သော် ခဏ အတွင်းမှာပင် ပြန်လည် ငြိမ်သက်သွားလေသည်။

သူသည် အလွန် လျင်မြန်သော အရှိန်အဟုတ်ဖြင့် ခရီးတစ်ခုကို သွားနေသလို ခံစားနေရ၏။

လူများ၊ နေရာများ၊ အဖြစ်အပျက်များ။

ကြီးမားသော ဖိစီးမှုတစ်ခုကို တဖြည်းဖြည်း ခံစားလာရ၏။

ကလေးငယ် တစ်ယောက်။

သူ့ကို လက်ပြ ဟန့်တားနေ၏။

ထိုနောက် သူ မသိသော တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော လူတစ်ယောက်။

သူ့ကို စိန်းစိန်း စိုက်ကြည့်နေပြန်၏။

ဖိစီးမှုမှာ သူ့အပေါ် အလွန် ကြီးမားလာနေပြီ။

ပုံရိပ်များ။

မြင်ကွင်းများ။

နေရာများ။

အဖြစ်အပျက် ဆက်စပ်ပတ်သက်မှုများ။

ရုတ်တရက် သူ ဟာခနဲ့ ခံစားလိုက်ရ၏။

တစ်စုံတစ်ရာကို သဘောပေါက် သိရှိသွားသလို။

ဖိစိးမှုမှာလည်း အလွန့်အလွန် ကြီးမားနေခဲ့ပြီ။

ဖျတ်ခနဲ ....

အရာအားလုံးနှင့် လွင့်စင်ပြတ်တောက်သွားသလို ...


အလင်းပြင်

အဖြူရောင် အလင်းပြင်

သူဘာကိုမှ မသိတော့ပါ။


ကျမ်းတကာတို့၏ အပြင်ဘက်ထွက်ကာ ငါ ဆိုသည်

ဤမည်သောနေရာတွင် ထိုကြမ္မာသည် ရှိအံ့

ထိုကြမ္မာသည် ငါ၏အရာဖြစ်လျှင် ငါလာမည်

ငါသည်

နတ်ဘုရားတို့ ရေတွက်အပ်သော

ဆဋ္ဌမနေရာ

သတ္တမတန်ဖိုး

Zeta ဖြစ်သည် ...


"သူဟာ တို့ခန့်မှန်းထားတဲ့ အတိုင်းအတာထက် ပိုတတ်နိုင်ခဲ့တယ် ဇော်ဝါး"

"ဒါပေမဲ့ ခရစ္စတင်း ... သူ ..."

"မဟုတ်ဘူး သူ ခရီးထွက်သွားတာ"

"သူ ပြန်လာမယ် မဟုတ်လား ခရစ္စတင်း"

"အချိန်ကာလ တစ်ခု လိုအပ်လိမ့်မယ် မျက်ရှုလရောင်"

"ခရစ္စတင်း"

"............"

"တို့ကို သူနဲ့ လက်ထပ်ပေးပါ"

"မျက်ရှု ... နင်"

"မပြောနဲ့ ဇော်ဝါး၊ သူ ငါ့အတွက် ဘာတွေလုပ်ပေးသွားခဲ့တယ် ဆိုတာ နင်သိပြီးသားပါ၊ ငါ့ကို ကူညီပါ"

"..........."


"ဟုတ်ပါတယ်၊ Coma လို့ သတ်မှတ်ကြတာ မမှားပါဘူး၊ ဒါပေမဲ့ ကျွန်တော်စိတ်ထဲမှာတော့ Coma မဟုတ်ဘူးလို့ပဲ ယူဆတယ်"

"ဒါဆို ဘယ်လိုလုပ်ရမလဲ ဒေါက်တာ"

"မဟုတ်သေးဘူး ဦးဘုန်းရံ၊ အရမ်းလောလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး၊ ကျွန်တော်တို့ အချိန်ယူပြီ အဖြေရှာကြရလိမ့်မယ်"

"ဟင်း..."

"စိတ်အေးအေးထားပါ ဦးဘုန်းရံ၊ ကုထုံးတွေ မှားခဲ့လိုရှိရင် ခင်ဗျားသားအတွက် ပိုထိခိုက်သွားမှာစိုးလို့ ကျွန်တော်တို့ အချိန်ယူ စောင့်ကြည့်နေကြတာပါ"

"ဆရာ့ တစ်ဦးထဲအမြင်နဲ့ ဘယ်လိုယူဆသလဲ ဆရာ"

"ကျွန်တော့် အမြင်ကတော့"

"ပြောပါဆရာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ၊ ဒီမှာရှိနေတဲ့ လူအားလုံးဟာ သူ့မိသားစုဝင်တွေပါပဲ"

"ဟုတ်ပါတယ် ဆရာ၊ ကျွန်တော်တို့တွေ အားလုံးဟာ သူ့အတွက် ညီအစ်ကို မောင်နှမတွေပါပဲ"

"ကျွန်တော့်အမြင်ကတော့ သူဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာဗျ"

"ဗျာ ဒီလောက် အကြာကြီး"

"အဲဒါက ထူးဆန်းတာပေါ့"


"ဘာတွေဖြစ်ပျက်သွားတယ်ဆိုတာ အခုအချိန်ထိ ငါ တွေးလို့ကို မရဘူး၊ လောကကြီးမှာ ဒါမျိုးကိစ္စတွေ ရှိသလား"

"သိပ်မတွေးနဲ့ ချိုကြီး၊ ဇော်ဝါးရော ဟိုအမျိုးသမီးရော ငါတို့ နားလည်နိုင်သလောက် အကြိမ်ကြိမ် ငါတို့ မေးခဲ့တိုင်း သေချာရှင်းပြခဲ့တာပဲ၊ ငါတို့မှ နားမလည်တာ"

"မဟုတ်သေးဘူး တင်မောင်ရာ၊ ငါ ခဏခဏ အစကနေ အဆုံးတွေး တွေးကြည့်တယ်၊ ဘာမှန်းမသိလို့ကို မကျေနပ်တာ"

"သိပ်မတွေးနဲ့ ရူးသွားမယ်၊ ဟိုမှာ မေနိုးတို့ ထွက်လာပြီဟ၊ လာ လာ သွားမယ်"


"နာနား ... ဒါ အန်ကယ်ရဲသင်လေ"

"ဘာလုပ်နေတာလဲ"

"အိပ်နေတာ နာနားရဲ့"

"တီတီမျက်ရှုက မနှိုးဘူးလား မမမေနိုး"

"............."

"နာနား နှိုးကြည့်မယ်လေ"

"............"

"တီတီမျက်ရှု ... နာနားကို ကိုင်ထား၊ ဟင့်အင်း မမက နာနားကို မကိုင်ထားရဘူးလေ"

"ဟဲ့ ဟဲ့"

"အန်ကယ်"

"......."

"အန် ကယ် ရဲ သင်"

"အိုး"

မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားသလို။

"သူ ကြားတယ် တီတီမျက်ရှု၊ မမ နာနားခေါ်တာ သူ ကြားတယ်"

"အန်ကယ် ... အန်ကယ် ရဲသင် ... နာနားလေ"



နှစ်နှစ်ခန့် ကြာသောအခါ









ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ညဦးပိုင်းသည် လွန်စွာ အေးချမ်းလှ၍ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေပေသည်။

ကုန်းတော် တစ်နေရာ၌ သန့်သန့်ပြန့်ပြန့် လူတစ်ယောက်သည် ခေါင်းလောင်းကြီးတစ်လုံးကို ကျောပေးကာ အေးအေးဆေးဆေး ထိုက်လျက် ဟိုသည် ကြည့်နေလေ၏။ ထိုခဏ၌

"ဒေါင် ... ဟောင် ... ဟောင်"

နောက်နားကပ်လျက်မှ ကျယ်စွာသော ခေါင်းလောင်းသံကြီး ရုတ်တရက် ပေါ်၍လာလေရာ ထိုသူသည် ခေါင်းမွေးများ ထောင်ထမတတ် အကြီးအကျယ် လန့်သွားကာ မတ်တတ် ထရပ်မိလေ၏။ ဒေါသလည်း လွန်စွာ ထွက်သွားသဖြင့် ခေါင်းလောင်းထိုးသိုကု ကြည့်ရာ

"ဟင်"

မြင့်မားသော အရပ်အမောင်းနှင့် ဥစ္စာစောင့်တမျှ လှပသော ကောင်မလေးတစ်ယောက်။ ကောင်မလေးမှာလည်း ထိုသူကို မြင်သော် မှတ်မိသွားပုံရ၏။

"သြော်"

ထိုခဏ၌ ခပ်ဖိုင့်ဖိုင့်လူငယ်တစ်ယောက် သူတို့နား ရောက်လာကာ ထိုလူကို မြင်သော်

"ဟာ ... ဟို ... ကိုဘယ်သူ မဟုတ်လား"

"သန်းနိုင်လေ"

"ဟာ ဟုတ်တယ် ကိုသန်းနိုင်၊ ခေါင်းလောင်းထိုးမလို့လား၊ မျက်ရှု ပေး ပေး နင့်လက်ထဲက တုတ်တံပေး"

"ဟဲ့ ဟဲ့ ချိုကြီး"

"ရော့ ကိုသန်းနိုင် တွေ့ရတာဝမ်းသာတယ်ဗျာ၊ ထိုး ထိုး၊ အားရပါးရသာထိုး"

ကိုသန်းနိုင်ဆိုသူမှာ ခေါင်းလောင်းထိုးတံကြီး ကိုင်ကာ ကြောင်လျက်သား ကျန်ခဲ့လေသည်။

ဥစ္စာစောင့်တမျှ လှပသော အရပ်မြင့်မြင့် ကောင်မလေးမှာ တစ်နေရာတွင်ရပ်ကာ သူတို့ကို ပြုံး၍ကြည့်နေသော ခပ်ဖြောင့်ဖြောင့် ကောင်လေးတစ်ယောက်နှင့် ပိန်ရှည်ရှည် ကောင်လေးတစ်ယောက်ဆီသို့ ထွက်သွားပြီဖြစ်၏။ ခပ်ဖိုင့်ဖိုင့် ကောင်လေးမှာလည်း ခပ်သုတ်သုတ် လိုက်သွားလေသည်။

လေးယောက်သား ရယ်ကာမောကာ ပြောဆိုနေကြစဉ် ခပ်ချောချော သွက်သွက်လက်လက် ကောင်မလေးတစ်ယောက် ထပ်ရောက်လာကာ ငါးယောက်သား စကား အလုအယက် ပြောဆိုကြရင်း အေးချမ်းစွာ ထွက်သွားကြလေသည်။

ကိုသန်းနိုင်ဆိုသူကား ခေါင်းလောင်းထိုးတံကြီး ကိုင်ကာ ထိုငါးယောက်ကို ငေးမော၍ ကျန်နေဆဲ။

ဥစ္စာစောင့်မလေးမှာ ခပ်ဖြောင့်ဖြောင့်ကောင်လေး လက်ကို လှမ်းတွဲလိုက်သည်ကိုသာ နောက်ဆုံး မြင်လိုက်ရလေသည်။

စိတ်ချမ်းသာကြပါစေ
အရိုး



ပြီးပါပြီ
 
 
 
 
 
 
 

ဇီတာ - အရိုး (အပိုင်း-၄)

လယ်ကွင်းတွေ။

သူတို့ထိုင်နေကြသော အဝေးပြေးကားလမ်းမဘေးတစ်ခုမှ မြင်နေရသော မျက်စိတဆုံး အစိမ်းရောင်လယ်ကွင်းတွေ။

လယ်ကွင်းတွေကို ပြချင်တာ မဟုတ်ဘူးတဲ့။

ရှင်သန်အောင် ကြိုးစားထွန်ယက်ရခြင်း။

ရှင်သန်လာခြင်း။

ကြီးထွား ရင့်မှည့်လာခြင်း။

တဖန် ပြန်လည် ရိတ်သိမ်းခြင်း။

ကြိုးစား ထွန်ယက်ရပြန်ခြင်း။

ရှင်သန်အောင် စိုက်ပျိုးပြန်ခြင်း။

နင် ဘာပြောချင်တာလဲ။ သံသရာလား။

ငါ ပြောချင်တာက ဘာကို အကြိမ်ကြိမ် မမောနိုင်မပန်းနိုင် မပြီးနိုင် မစီးနိုင် စိုက်ပျိုးလိုက် ရိတ်သိမ်းလိုက် လုပ်နေတာလဲ။ ဘာကြောင့်လဲ။

လိုအပ်လို့ပေါ့ဟ။ နင်ကလည်း။

လိုအပ်တယ်ဆိုတာ ဘယ်နေရာမှာလဲ။

အကျိုးရှိဖို့အတွက် အသုံးချရမယ့် နေရာမှာပေါ့။

ဟုတ်ပြီ။ အကျိုးရှိဖို့ အသုံးချရမယ့် နေရာပေါင်း များစွာအတွက် ဒီနေရာတွေ ရှိနေတာပေါ့။ အဲဒီလိုလား။

ငါ သိပ်မသိဘူးဟ။

လယ်သမားက တစ်နေရာက လာမယ်။ ကျွဲနွားတွေက တစ်နေရာက လာမယ်။ မျိုးစေ့က တစ်နေရာက လာမယ်။ ရေက တစ်နေရာက လာမယ်။ ရာသီဥတုက တစ်နေရာက လာမယ်။ ကံကြမ္မာက တစ်နေရာက လာမယ်။ Dimention တွေထဲက ပုံဖျက်ထွက်လာမယ့် ကြီးထွားရှင်သန်မှုက တစ်နေရာက လာမယ်။ လှုပ်ရှားမှုတွေက တစ်နေရာက လာမယ်။ ဒီနေရာမှာ အားလုံး လာဆုံကြတော့ ဖြစ်ပျက်မှုတစ်ခု ဖြစ်ပွားတယ်။

နေဦး နေဦး။ နင်ပြောတာတွေက ရုပ်ပိုင်းမှာ မြင်သာမြင်ရပေမဲ့ ကံကြမ္မာနဲ့ ရာသီဥတုက တစ်နေရာက လာတာတို့၊ Dimention တွေထဲက ပုံဖျက်ထွက်လာတဲ့ ကြီးထွားရှင်သန်မှုက တစ်နေရာက လာတာတို့ဆိုတာ ငါ သိပ်မရှင်းဘူး။

ဒီနေရာက အစက ဘာရှိလဲ။

ဘာမှမရှိဘူးလေဟာ။

ဘာမှမရှိတာတော့ မဟုတ်ဘူးလေဟာ။ မြေကြီးတော့ ရှိသေးတယ် မဟုတ်ဘူးလား။

အဲဒါ နင် ကတ်သက်ပြောတာပဲ။ ဘာမှန်းလဲ မသိဘူး။ ကဲ ... ဒီနေရာမှာ မြေကြီးပါမရှိသေးဘူး ဆိုရင်ရော။

ငါ ပြောချင်တာ အဲဒါလိုရင်းပဲ။ အာကာသ စကြဝဠာမှာရှိတဲ့ Space တစ်ခုရဲ့ ဖြစ်လာခြင်းနဲ့ ပြီးသွားခြင်းကို ပြောချင်တာ။ Space တစ်ခုမှာ ဒြပ်တစ်ခု ဖြစ်လာတယ်။ နင်ပြောသလို မြေကြီးပေါ့ဟာ။ အဲဒီမြေကြီးမှာ ငါပြောတဲ့ ခုနကဟာတွေ လာဆုံကြရတယ်။ စပါးရခြင်းဆိုတဲ့ Result တစ်ခု အသစ် ထွက်သွားတယ်။ မြေကြီး ဖြစ်လာခြင်းနဲ့ Result စပါးထွက်သွားခြင်းဆိုတဲ့ ကြားထဲမှာ အချိန် time တစ်ခုပါ အလိုအလျောက် တိုင်းတာလို့ရအောင် ရှိလာတယ်။

နင်က ကော့စ်အန်အဖက်ရဲ့ ဖို့ဒိုင်မင်းရှင်းကို လာပြောနေတာပဲ။

မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။ ငါ ပြောချင်တာက ရလဒ်တစ်ခု အသစ်ထွက်ပေါ်လာဖို့အတွက် စကြဝဠာမှာ နေရာတစ်ခု လိုတယ်။ ရလဒ် အသစ်ထွက်လာဖို့အတွက် လိုအပ်တဲ့ ပါဝင်ကိစ္စတွေက အဲဒီနေရာမှာ လာစုရတယ်။ အဲလို ရလဒ်သစ်တစ်ခု ထွက်မလာသေးခင် လိုအပ်တဲ့ပါဝင်ကိစ္စတွေ လာ လာစုနေစဉ်မှာ သူတို့အတွက် ဘယ်လောက် ကြာတယ်ဆိုတဲ့ အချိန်ကာလအလျားဟာ အလိုအလျောက် ရှိလာတယ်။ ဒါပေမဲ့ နေရာနဲ့ အချိန် ရှိလာပြီဆိုတာနဲ့ ရလဒ်က unique ဖြစ်သွားတယ်။ ဒါဆို ဒါပေါ်မယ်၊ ဟိုဟာဆို ဟိုဟာပေါ်မယ်ပေါ့ကွာ။ ဒါဆိုဒါ ဟိုဟာဆိုဟိုဟာက သဘာဝ ဖြစ်လာမယ်။ သမားရိုးကျပေါ့။ သမားရိုးကျ မဟုတ်တော့ရင် normal မဟုတ်တော့ရင် စကြဝဠာနိယာမအရ အများစု majority က လက်မခံတော့ဘူး။ ဒါပေမဲ့ အများစု နိယာမဟာ၊ သူတို့မသိနိုင်တဲ့ သာမန်သမားရိုးကျ မဟုတ်တဲ့ ဖြစ်ပျက်မှုတွေဟာ သူတို့နဲ့ ဟန်ချက်ညီစွာ Equilibriam point တစ်ခုမှာ ရှိနေတယ်။ Blance ညီနေတယ် ဆိုတဲ့ဟာပဲ။ ကမ္ဘာပေါ်မှာ လူတတ်စွမ်းသိရှိနိုင်သမျှ အတတ်ပညာ အသိပညာတွေ အားလုံးဟာ အဲဒီ point က စဉ်ထွက်လာတဲ့ ကိစ္စအသေးအမွှားလေးတွေပဲ။

နင် ဘာပြောချင်တာလဲ။

လူက လွန်သောကိစ္စတွေကို ပြောချင်တာ။

မဖြစ်နိုင်ဘူး။

ငါတို့ ဖြစ်နေကြတယ်လေ။
နင်ရယ်၊ ငါရယ်၊ ငါ့အဖေ တွေ့ခဲ့ဖူးတဲ့ ဘုရားပေါ်ကလူ၊ မေနိုးနဲ့ သူ့မောင်လေး၊ ဇော်ဝါးနဲ့ သူ့ဆရာမ၊ တင်မောင်၊ ချိုကြီး ပြီးတော့ ငါတို့နဲ့ ပတ်သတ်နေတဲ့ နေရာတွေ။ နေရာတွေမှာ အဖြစ်အပျက်တွေ ခေတ်အဆက်ဆက် ဖြစ်ပျက်ခဲ့ဖူးတဲ့ အတွက် အဲဒီအဖြစ်အပျက်တွေရဲ့ အားနဲ့ နေရာတွေဟာ ဆွဲငင်မှုရှိတယ်ဆိုတာ၊ တစ်နည်းအားဖြင့် အသက်ရှိနိုင်တယ်ဆိုတာ သံသယဖြစ်စရာ ရှိတယ်။ နင် တစ်ခု စဉ်းစားကြည့်စမ်းဟာ။ ငါတို့ အားလုံးဟာ ဘာလို့ စနစ်တကျ လာပတ်သက်နေကြတာလဲ။ ပြီးတော့ ငါတို့ မသိတဲ့ကိစ္စတွေ လာ လာဖြစ်နေကြတာလဲ။ ဒါဟာ ဘာလဲ။

အဖြေမရှိပါ။
လယ်ကွင်းများကို ဖြတ်သန်းတိုက်ခတ်လာသော လေသည် သူတို့နှစ်ယောက်ကိုပါ တသုန်သုန် ဖြတ်သန်း တိုက်ခတ်လျက် ရှိ၏။

ဒီလေတွေ ဘယ်ကရောက်လာတာလဲ နင် သိလား။ အဲဒီအနံ့တွေ ဘယ်ကပါလာလဲရော နင်သိလား။ လယ်ကွင်းတွေက အနံ့တွေလေ။ ငါတို့ မြို့ပြမှာ မရနိုင်တဲ့ ရေနံ့ ရွှံ့နံ စပါးနံ့တွေလေ။

မျက်ရှု မဖြေနိုင်ပြန်ပါ။ တစ်စုံတစ်ရာကို ရိပ်မိသလိုက်သလို သူ့ကို အားကိုးတကြီး လှည့်ကြည့်မိ၏။

စကြဝဠာမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး။ စနစ်တကျ ပြဋ္ဌာန်းထားမှုပဲ ရှိတယ်။

မယုံကြည်ပါ။ သို့သော် ချေပရန် စကားကင်းလျက်။

အခု ငါတို့နှစ်ယောက် လာထိုင်မိတဲ့နေရာမှာ ငါတို့ ဒီအချိန်ဒီနေရာမှာ ဒီလိုလာထိုင်ဖို့ တိုက်ဆိုင်မှုလို့ နင်တို့ယူဆတဲ့ ကိစ္စတစ်ခုအတွက် မြေကြီးက နဂိုထဲက စီစဉ်ဖြစ်ပေါ်ခဲ့တယ်။ ငါတို့ထိုင်ဖို့အတွက် မြက်တွေဟာ နဂိုကတည်းက ကြိုပေါက်နေခဲ့တာ။ ငါတို့ထိုင်တာနဲ့ တိုက်ဖို့ လေဟာ စောင့်နေခဲ့ပြီးသား။ ငါတို့ကြည်စရာ လယ်ကွင်းတွေ ကြိုခင်းပေးခဲ့ပြီးသား။ ငါတို့ရမယ့် ရနံ့တွေ ကြိုစီစဉ်ထားပြီးသား။ အရာအားလုံးဟာ အစီအစဉ်တကျ ရှိပြီးသား။

Butterfly Effect!

ထိတ်လန့်စွာ သူ အော်မိသည်။ သို့သော် သူကမူ ပြုံးရယ်၏။

ကမ္ဘာတစ်ဖက်ခြမ်းက လိပ်ပြာလေးတစ်ကောင် တောင်ပံတစ်ချက် ခတ်လိုက်ခြင်းဟာ နောက်ကမ္ဘာခြမ်းတစ်ခုက လေမုန်တိုင်းတစ်ခုနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ အယူအဆလား။ မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်။ ဒါဆို နင် အခု လက်ခုပ်လေးတစ်ချက်လောက် ခပ်ဖြည်းဖြည်း တီးကြည့်ပါလား။ တစ်နေရာမှာ ပြင်းထန်တဲ့ ငလျင်ကြီး တစ်ခုခု လှုပ်သွားမလားလို့။ ကြာသမတေးဂြိုလ်ကြီးပေါ်မှာပဲ ဖြစ်ဖြစ်ပေါ့။ ဆက်စပ်ပတ်သက်မှုတွေပါ။ ဒီလိုသာဆို ငါတို့ ဘာမှမလုပ်ရဲတော့ဘဲ နေမှာပေါ့။ ငါ ပြောချင်တာက အဲဒီလို ဆက်စပ်ပတ်သက်မှုတွေ ပျက်တဲ့ဖြစ်စဉ်ကို ပြောချင်တာ။ ဇီတာ ဆိုတာ အဲဒီ သင်္ကေတပဲ။ ဖြစ်စဉ်အားလုံးမှာ အခြေခံဆက်သွယ်ပေးမှု တစ်ခုရှိတယ်။ အဲဒီဆက်သွယ်ပေးမှုဟာ သင့်တင့်တဲ့ အချိန်မတန်ဘဲ ပျောက်ပျက်သွားခဲ့ရင် အဲဒီဖြစ်စဉ်ဟာ အချိန်မတန်ဘဲ ကတိမ်းကပါးဖြစ်သွားပြီး အခြားဖြစ်စဉ်ကို ဝင်ရောက်ပတ်သက်မှုတွေ ဖြစ်လာတတ်တယ်။ အဲဒီ ဖြစ်စဉ်ကို လေ့လာလိုက်စားပြီး ပြောင်းလဲပေးဖို့အတွက် ဇီတာသီအိုရီ လိုတယ်။


ဘာလို့ မြို့ပြင်လယ်ကွင်းဘေးမှာ အရာအားလုံး လေးနက်နေပါသနည်း။


နင်သိထားသမျှ ငါ့ကို အကုန်ပြောပြမှ ဖြစ်မယ်ဟ။ နင် ခံစားမိသမျှ နင် စိတ်ထဲ တွေးမိသမျှတွေပေါ့။ ငါကလည်း နင့်ကို အားလုံးပြောပြဖို့ ခေါ်လာတာ။

ငါ ဘာမှမသိဘူး။ တစ်ခါတစ်လေ ငါ ကြောက်တယ်။ ဘာကိုမှန်းလဲ မသိဘူး။

ငါလည်း ဘာမှတော့ သိပ်မသိပါဘူး။ ဒါပေမယ့် ငါတို့ထက်ပိုသိတဲ့ လူတစ်ယောက် ရောက်လာလိမ့်မယ်လို့ ငါ ထင်နေတယ်။ သူနဲ့ တွေ့ပြီးရင် ငါတို့ တစ်ခုခု ဖြစ်ကြလိမ့်မယ်လို့လည်း ငါ ထင်နေတယ်။ ငါ နင့်ကို အကုန်ပြောပြထားမှ ဖြစ်မယ်လို့လည်း ငါ့စိတ်ထဲ ဘာကြောင့်မှန်းမသိ အသိပေးခံရသလို ဖြစ်နေတယ်။ စိတ်ရှည်ရှည် နားထောင်ပေးဟာ။

ဒီလိုဟ ...............
.........................
.........................
........................။

များပြားလှပါ၏။ ကျယ်ဝန်းလှပါ၏။ တစ်စုံတစ်ရာကို ပိုပြီးသိလာသလို ခံစားလာရသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ရာမှပို၍ ဝေးကွာသွားသလိုလည်း ခံစားနေရ၏။ ထူးဆန်းမှုပေါင်းများစွာ၊ တိုက်ဆိုင်မှုပေါင်းများစွာ၊ များပြားလှသော လေ့လာတွေ့ရှိ မှတ်တမ်းတင်ထားမှုများ။ ဤကိစ္စများတွင် သူ မည်မျှ အာရုံစူးစိုက်ထားခဲ့လေသလဲ။ သူက ဘာလဲ။ မိမိကရော ဘာလဲ။ အခြားသူတွေကရော ...။ အတွေးတွေ အတွေးတွေ။


'နေဝင်တော့မယ်ဟ၊ ပြန်ကြရင်ကောင်းမယ်'


ကာလကြာမြင့်စွာ တိတ်ဆိတ်သွားခဲ့ကြပြီးနောက် ကိုယ့်အတွေးနှင့် ကိုယ်စီ မည်မျှ မျောလွင့်သွားခဲ့ကြသနည်း။ သူ့စကားသံကြားမှ သတိဝင်လာ၏။ အိုး ... ဘယ်အချိန်တုန်းကတည်းက အတူယှဉ်ထိုင်ရင်းမှ သူ့ပခုံးပေါ် ခေါင်းမှီထားခဲ့လေသနည်း။

ထိုနေ့တစ်နေ့က မျက်ရှုလရောင်တစ်ယောက် မသိနားမလည်မှုများနှင့်အတူ ရှက်ခြင်းများစွာဖြင့် ကုန်လွန်လိုက်ရလေသည်။


လူတွေဟာ

သိပ်သေးကွေးပါတယ်

သိပ်အားနည်းပါတယ်

မသိနားမလည်တာတွေလည်း

သိပ်ပြီးများလွန်းတယ်

နေရာယူနိုင်မှု

သိပ်ကျဉ်းတယ်

အချိန်ရရှိမှုလည်း

သိပ်နည်းနေပြန်ရော

လူတွေဟာ

သူ့အစွမ်းအစတွေ ဘယ်လောက်ရှိမှန်း

သူတို့ကိုယ်သူတို့ မသိနိုင်ခင်မှာ

ပြီးဆုံးအောင်

မရှာဖွေရသေးခင်မှာ

သေဆုံးသွားတတ်မြဲ

စကြဝဠာထဲ

လူဆိုတာ သိပ်သေးဖွဲလွန်းတယ်။

ဘယ်သူက ထအကြံရ၍ ဘယ်သူက လိုက်မြှောက်လိုက်ကြသည်မသိ။ ဘယ်သူမှလည်း အားကြတာမဟုတ်ပါဘဲနှင့် ချောင်းသာနှစ်ညအိပ်သွားရန် စီစဉ်ဖြစ်ကြလေ၏။

သေချာတာကတော့ မြို့ပြကြီး၏ နိစ္စဓူဝများကို ငြီးငွေ့နေကြတာနှင့်လည်း အားလုံး လာတိုက်ဆိုင်နေကြပုံရ၏။ ဘယ်မှမှ မငြင်းကြ။ ရုတ်တရက် ကြား ကြားခြင်းကတော့ အားလုံးတစ်ခါခါ ဖြစ်ကြသေး၏။ မအားပါဘူးဆိုမှ ဘယ်သူက ဒီကိစ္စထရှည်တာတုံးဟု တစ်ယောက်ကို တစ်ယောက် လွဲချကြသေး၏။ အမှန်တော့ အားလုံး စိတ်ပါကြသည်သာ ဖြစ်၏။ ခရီးသွားချင်နေကြသည်မှာတော့ အားလုံးအတူတူ။ နောက်ဆုံး ဇော်ဝါး ကနေဒါမှ ပြန်ရောက်လာခြင်းကို လွှဲချလိုက်ကြ၏။ သင်း ပြန်ရောက် လာပြီး ဆတ်ဆော့သဖြင့်သာ အားလုံးမအားသည့်ကြားမှ အားနာပါးနာ သွားကြရပုံမျိုး ဖမ်းကြ၏။ ဘယ်သူမှ မနေခဲ့ကြခြင်းကိုက ဘယ်လောက် လျှောက်ပြောနေနေ သူငယ်ချင်းများစု၍ ခရီးထွက်ချင်နေကြသည်က ထင်ရှား၏။ ဇော်ဝါးကလည်း ထိုသည်ကို သိ၏။ သူပင် တရားခံအဖြစ် ခံလိုက်လေသည်။ ဟိုလူ့ ဖုန်းဆက်လိုက်၊ ဒီလူ့ ဖုန်းဆက်လိုက်နှင့်ပင် လိုက်စီစဉ်နေလိုက်သေး၏။ အမှန်တော့ သူ စီစဉ်စရာ အထွေအထူး လိုလှသည်မဟုတ်။ tour လုပ်ငန်းလုပ်နေသော ရဲသင်ရံနှင့် တပည့်တပန်း ပေါများလှသော တင်မောင် ပါလာသည်နှင့်ပင် အဆင်အတော်ပြေနေပြီ ဖြစ်၏။ ဇော်ဝါး တာဝန်ကား မင်း လုပ်လို့ အလုပ်တွေပျက်တယ် ဟူသော သိပ်မညည်းချင်းဘဲ ညည်းကြသည့်ဒဏ် ခံရုံသာ ရှိ၏။

ရဲသင်ရံ၊ မေနိုးနှင့် ချိုကြီးတို့မှ နေရေးထိုင်ရေး၊ စားရေးသောက်ရေး အကုန်စီစဉ်ကြ၏။ သူတို့လုပ်နေကျကိုး။ တင်မောင်မှ တစ်ယောက်တစ်ပေါက် ယူသွားချင်ကြသော ပစ္စည်းပစ္စယများ အားလုံးကို lite truck တစ်စီးပေါ် စုတင်ကာ သူ့တပည့်နှစ်ယောက်နှင့် အရင်လွှတ်လိုက်၏။ သူ ဝယ်သိမ်းထားသည့် banana boat တွေရော၊ မီးပုံပွဲလုပ်ဖို့ ပစ္စည်း ပစ္စယတွေရော၊ ခွင့်ပြုလျှင်လွှတ်ရန် မီးရှုးမီးပန်းတွေရော၊ စက်ဘီးတွေရော၊ နောက်ဆုံး စွန်လွှတ်ရန် ပစ္စည်းများမှအစ ငါးမျှားတံနှင့် ဗာဟီရ စုံစီနဖာ အားလုံးပါ၏။ သူတို့အားလုံးကတော့ တင်မောင်၏ ပူပူနွေးနွေး အရှုံးပေါ်ထားသော super custom ကြီးနှင့် လစ်ရန် ကြံကြ၏။ ဒရိုင်ဘာ မခေါ်။ တင်မောင်မှ သူ့ကားသူ ကိုယ်တိုင်မောင်းမည် အဆိုတင်သွင်း၏။ သူစိမ်းလူမပါဘဲ သူတို့ချည်းသွားရမှာ ပိုအကြိုက်တွေ့သဖြင့် ကန့်ကွက်မဲမရှိ အားလုံး ထောက်ခံကြလေ၏။

မျက်ရှုလရောင်ကို သွားဝိုင်းခေါ်ကြ၏။ ပထမ အင်တင်တင် ဖြစ်နေသေးသော်လည်း မိန်းကလေးအဖော် မေနိုးပါသည်က တစ်ကြောင်း၊ တစ်သက်လုံးပေါင်းသင်းလာသည့် အကောင်တွေနှင့် သွားရမှာ ဖြစ်သည်က တစ်ကြောင်း၊ နောက်ဆုံး သူ ကိုယ်တိုင်လည်း မြို့ပြကြီးကို ခေတ္တ ရှောင်ရှားနေလိုသည်က တစ်ကြောင်းတို့ကြောင့် ပါလာလေတော့၏။ အန်ကယ်ဖရက်ဒီကြီးက သူပါလိုက်မည် လုပ်နေသေးသဖြင့် အမျိုးမျိုး ရှောင်ကွင်းနေကြသေး၏။ နောက်ဆုံး စကားတတ်လှသော ဇော်ဝါး ဘာသွားပြောလိုက်သည် မသိ။ သူမလိုက်တော့ဘဲ သူ့တူမကိုသာ စိတ်ချလက်ချ ထည့်လိုက်လေတော့မှ သက်ပြင်းချကြရကုန်၏။

ရဲသင်ရံ၊ မေနိုးနှင့် တင်မောင်တို့ ပူးပေါင်း၍ မနက်အစောကြီး အတင်းလိုက်နှိုး၏။ ဇော်ဝါးက ခရီးအမျိုးမျိုး သွားနေကျ လူစားဖြစ်၍ အဆင်သင့် တွေ့၏။ ခေါ်တင်သွားကြပြီး ချိုကြီးဆီ သွား၏။ အီးအီးအဲအဲ အပျင်းကြီးနေကာ တမင်ပေ၍မထဘဲ နေ နေသဖြင့် အတင်းနှိုးကာခေါ်လာရ၏။ အိမ်ချင်းကပ်လျက် ဖြစ်သော်လည်း ရဲသင်ရံမှ မျက်ရှုလရောင်အား မိန်းကလေးမို့ ပြင်ပြင်ဆင်ဆင် အချိန်ပိုရအောင် နောက်ဆုံးမှ တစ်ခါပြန်လာဝင်ခေါ်၏။ သို့သော် မျက်ရှုလရောင်မှာ အဆင်သင့်စောင့်နေသည်ကို တွေ့ကြရ၏။ အားလုံးစုံ၍ ရန်ကုန်က စထွက်တော့ မနက်လေးနာရီခွဲပြီ။ ထိုသို့ဖြင့် ...

"ဟေ့ကောင်  တင်မောင်၊ မင်း ကိုယ့်လားကိုယ်စီး ခန္တီးရောက်ရောက်လုပ်ဖို့ မစဉ်းစားနဲ့၊ ဖြည်းဖြည်းမောင်း၊ မင်းအကြောင်း ငါသိတယ်၊ မြို့ပြင်ထွက်တာနဲ့ သောက်ရမ်းလုပ်မယ့်ကောင်"

"ချိုကြီး ငါ ဘယ်လောက်မောင်းနေလို့လဲ၊ ရှစ်ဆယ်တောင် မရှိဘူး၊ နေစမ်းပါဦး၊ ခါတိုင်း ခရီးသွားရင် လူတိုင်းပြောတယ်၊ မင်းဟာ နောက်ခန်းတစ်ချောင်ချောင်မှာ ပြိတ္တာကြီး အရက်မူးနေသလို သေအောင်အိပ်ပြီး လိုက်နေကျဆိုကွ၊ အခု ဘာကိစ္စ ခေါင်းခန်းမှာ ငါ့ဘေးလာထိုင်ပြီး ပြူးတူးပြဲတဲ ဖြစ်နေတာတုံး"

"မင်း မောင်းတာ စိတ်မချလို့ကွ"

"အောင်မာ၊ ဝပ်ရှော့ပိုင်ရှင်မောင်းတာကိုများ၊ မင်းက ကားအကြောင်း ဘယ်လောက်သိလို့လဲ"

"ဟေ့ကောင်တွေ နားညည်းတယ်ကွာ၊ ဒီမှာ အားလုံး ပြန်မှိန်းနေကြတာကို"

"ဘယ်သူကမှ ဘာမှမပြောတာကို မင်းက ဘာကိစ္စ လာဟောင်နေရတာတုံး"

"ဟ မင်းတို့နှစ်ကောင်ဟာ ကားစထွက်ကတည်းက အယ်လ်တန်ဂျွန်ဟာ ယောက်ျားကြီးပါ အခြောက်ကြီးပါနဲ့ ငြင်းခဲ့ကြပြီးပြီ၊ အခုလည်း နောက်တစ်မျိုး ထပ်ငြင်းကြဖို့ လုပ်နေကြပြန်ပြီ၊ နားညည်းတယ်ကွ၊ သည်းမခံနိုင်တော့ဘူး"

"ဇော်ဝါး ... မင်း လူတကာနဲ့ ခရီးသွားရင် သည်းခံခဲ့တာတွေ ငါတို့နဲ့ကျ အကြွေးလာဆပ်နေတာလား"

"မင်းတို့ဟာကလည်းကွာ"

"မဟုတ်ဘူး ရဲသင်၊ ငါပြောပြမယ်၊ မင်းတော့ ဘယ်လို အလုပ်တွဲလုပ်နေတယ် မသိဘူး၊ ဒီအကောင်ဟာ ငယ်ငယ်ကတည်းက သိပ်ပစိပစပ်များတဲ့ကောင်၊ ခုနက ကြည့်ပါလား၊ တင်မောင်က အယ်လ်တန်ဂျွန် ဘာကြီးဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူးဆိုပြီး ပြီးသွားတာတောင် ဒီကောင်က မပြီးဘူး၊ မင်း သေချာမသိဘဲ လာငြင်းတာ ဘာညာနဲ့ ဆက်ချင်သေးတယ်၊ ချိုကြီးက မိန်းမပါးစပ်နဲ့ကောင်"

"ဇော်ဝါး နင်နော် ငါတို့ကို မစော်ကားနဲ့"

"ဟ မျက်ရှု၊ နင် အိပ်နေတာ မဟုတ်ဘူးလား"

"အိပ်လို့ရမလားဟဲ နင်တို့ ဒီလောက်ဆူညံနေတာ"

"နေပါစေ မပြောနဲ့ ဇော်ဝါး၊ ဒီအခြောက်မကြီး ငါ့လာငြင်းနေတာ ကောင်းတာ"

"တင်မောင် မင်း စော်ကားလှချည်လား၊ ဟေ့ကောင်တွေ မင်းတို့ တွေ့တယ်နော်၊ ဘယ်သူအရင် ရန်စလဲဆိုတာ၊ ငါ့ကို ကြည့်စမ်း တင်မောင် ဘယ်နေရာ ခြောက်နေတဲ့ရုပ် ပေါက်နေသလဲ"

"မင်း သောက်ရုပ်ကြီးများကွာ၊ ပိုက်ဆံရမယ်ဆိုတောင် မကြည့်ဘူး၊ အခု ငါ ကားမောင်းနေတာ ပိုတောင် မကြည့်သေး၊ မင်းက ရုပ်ကခြောက်တာ မဟုတ်ဘူး၊ စိတ်က တိတ်တိတ်ပုန်း ခြောက်နေတာ၊ ဒါကြောင့် မင်း အယ်လ်တန်ဂျွန်က အခြောက်ကြီးပါလို့ အတင်း သက်သေထူချင်နေတာ"

"ဟာကွာ အစက ပြန်စကြပြန်ပြီ၊ ငါ ပြောတယ် ဇော်ဝါး ... မင်း သွားပြန်မစပါနဲပဆို"

"မဟုတ်ဘူး ရဲသင် ... ငါက ခရီးသွားရင် အိပ်တတ်တဲ့ကောင်ကွ၊ ဒီကောင်တွေ အလကားနေရင်း အဓိပ္ပာယ်မရှိတာ အော်ကြီးဟစ်ကျယ် ငြင်းနေလို့ဟ"

"နင်တို့ကလည်းဟာ ငါ့ဘေးက မေနိုးပဲ ကောင်းတယ်၊ နင်တို့ ဒီလောက်ဆူနေတာတောင် အိပ်ပျော်သွားပြီ"

"နင် မကျေနပ်ရင် နင်လည်း အိပ်လေ"

"အိပ်မရလို့ပေါ့ဟဲ့၊ နင်တို့ အသံပြဲကြီးတွေနဲ့ ဒီလောက် အော်ဟစ်ငြင်းခုန်နေကြတာ၊ အစက ရှေ့ဆုံးက နှစ်ကောင်ထဲ ငြင်းနေတုန်းက ငါမှေးမှေး မှေးမှေး ဖြစ်သွားသေးတယ်၊ အခု နင်တို့ပါ ထပ်ပါလာလို့ ငါ ပြန်နိုးလာတာ"

"နေ နေ ... မင်းတို့အားလုံး အေးအေးသာနေ၊ ဒီအခြောက်မကြီးကိုသာ ငါနဲ့ ပေးငြင်းလိုက်"

"ဟေ့ကောင် မင်း လုပ်လာပြန်ပလား"

"တင်မောင်ရာ ... ဒီလောက်စကားများတဲ့ကောင်ကို သွားမစစမ်းပါနဲ့၊ မပြီးနိုင်မစီးနိုင် ရှိလွန်းလို့"

"မင်း မသိဘူး ရဲသင်၊ ဒီကောင် ငါ့လာငြင်းနေသရွေ့ ငါမောင်းရတာ အိပ်မငိုက်ဘူးလေကွာ၊ ကက်ဆက်တွေ ဒီဗီဒီတွေတောင် ဖွင့်စရာမလိုဘူး ဟား ဟား"

"သေနာကျက ငါ့ပါ အိပ်မရအောင် လာလုပ်နေတာကိုး"

"မင်းဘာလို့ ငါ့ဘေး လာထိုင်လဲ"

"တော်ပြီ ဟေ့ကောင် ... ငါအိပ်ပြီ"

"နေစမ်းပါဦး ချိုကြီးရာ၊ ငါ သတိရတာ နောက်တစ်ခု မင်းနဲ့ ဆွေးနွေးမလို့၊ အိုဘားမားက နဂိုတုန်းက လူဖြူတဲ့ကွ၊ သူ နိုင်ချေရှိလာတော့မှ အမေရိကန်သမိုင်းမှာ လူမည်းပထမဆုံးသမ္မတ ဖြစ်တယ်ဆိုတာ မှတ်တမ်းတင်နိုင်အောင် ပလတ်စတစ်ဆာဂျရီတွေ ဘာတွေ လျှောက်လုပ်ခဲ့တာကွ"

"ဟ အာ ... တင်မောင် မင်း လုပ်ပြီကွာ"

"အေးလေ၊ အမေရိကန်သမိုင်းကို သမ္မတထက် သူပိုသိတယ်လို့ ယူဆနေတဲ့ကောင်ကိုမှ"

"တင်မောင် ... နင်ဟာလေ"

"ဘာလဲ မျက်ရှု ... နင်က မဖြစ်နိုင်ဘူးတွေ ဘာတွေ ပြောမလို့လား၊ ဒါဆို နင်ပြော၊ ဟစ်တလာ ဘယ်မှာသေသွားသလဲ ကဲ"

"အား ... အားလုံး ခဏနေဦး"

"အေး ပြော ချိုကြီး"

"တင်မောင် ... မင်း လိုကောင်မျိုးသာ သမိုင်းဆရာဖြစ်ရင် နောင်လာနောက်သားတွေအတွက် အတော် ရင်လေးစရာကောင်းတယ်၊ လူဖြူကို လူမည်းလုပ်လို့ ရမလားကွ"

"မိုက်ကယ်ဂျက်ဆင်က မည်းရာက ဖြူမသွားလို့ မင်းကြီးတော်ကြီးလို ညိုတိုတိုကြီး ဖြစ်နေလို့လား"

"ဒီမှာဟေ့ကောင် ... အိုဘားမားဆိုတာက မြို့တော်ဝန်လား ဘာလားက စပြီး ..."

"လုပ်ကြပြန်ပြီကွာ"

မည်သို့ဆိုစေ မိုးလည်းလင်းလာပြီ ဖြစ်၍ မေနိုးမှလွဲပြီး အိပ်မရကြတော့။ ကားလေးမှာ တရိပ်ရိပ်ပြေးဆဲ ...။

ကီလိုတစ်ရာနီးပါး တင်မောင် ထုံးစံအတိုင်း နင်းနေပြီဖြစ်သည်ကို ချိုကြီး မေ့သွားပြီ။ အိုဘားမား ဖြူခြင်းမည်းခြင်းကိစ္စကို ငြင်းခုံလေ၏။ ကျန်သည့်သူများကလည်း အိပ်မရတော့သည့် အတူတူ အရေမရ အဖတ်မရ စဉ်းစားမိသမျှ လျှောက်ဝင်ငြင်းကြ၏။ ကားလေးထဲတွင် ဆူညံနေလေတော့၏။ မေနိုးကတော့ လေယာဉ် ဘယ်လောက်ဆူဆူ ဘာဖြစ်ဖြစ်တောင်မမှုဘဲ အိပ်ရေးမပျက်ခဲ့သူဖြစ်ရာ သူတို့လောက်တော့ မမှု၊ အားရပါးရ အိပ်ကာ ပါလာ၏။ ချိုကြီးမှလည်း တစ်ယောက်နှင့်အများ ဖြစ်နေသည်ကို အလျှော့မပေးဘဲ အိုဘားမားကို သူ့ယောက္ခမအလား ကာကွယ်လေ၏။ ထိုသို့ဖြင့် ....

ပန်းတနော် ရောက်လာကြလေသော် တင်မောင်မှ ဆူညံငြင်းခုံနေကြသော စကားဝိုင်းကို အတင်းအော်ဖြတ်ကာ ခဏနားကြမလားဟု မေး၏။ ကိုယ်မမောင်းရတိုင်း ယာဉ်မောင်းကို နှိပ်စက်လိုကြသည့်အလျောက် မရပ်နဲ့ မရပ်နဲ့ တစ်ခါတည်းရောက်အောင် ဆက်မောင်းဟု တညီတညွတ်တည်း ဝိုင်းအော်ကြ၏။ ထိုအသံကြောင့် မေနိုးပြန်၍ နိုးလာကာ တင်မောင့်ထံမှ ဒရိုင်ဘာတာဝန်ကို သူ မောင်းကြည့်ချင်သည်ဟုဆိုကာ အတင်းလုယူ၏။ တင်မောင်မှာ ဝမ်းသာအားရ တာဝန်လွှဲပေးကာ အားလုံး ဟားနေသည့်ကြားမှ ကားကို မေနိုးလက် အပ်ကာ ရဲသင်ရံနှင့် ဇော်ဝါးကြား အတင်းဝင်အိပ်လေ၏။ ကားမောင်းကျွမ်းကျင်သလောက် ကားမောင်းကြမ်းသော မေနိုးမှာ အသေမောင်းလေ၏။ ရှေ့ခန်းမှ ချိုကြီးမှာ ဘယ်သူ့ကိုမျှ မငြင်းအားတော့ဘဲ မျက်လုံးကြီးပြူးကာ ခါးပတ်တွေဘာတွေ ကောက်ပတ်၍ ဖြည်းဖြည်းဟဲ ဖြည်းဖြည်းဟဲ့ နှင့် လိုက်လေ၏။ နောက်ခန်းထဲမှ လူများကာ တင်မောင်ကို ဝိုင်းဝန်း၍ အတင်းထုရိုက် နှိုးကြသော်လည်း တင်မောင်မှာ ပေခံကာ မရရအောင် အိပ်လေရန် ကြံလေ၏။ ထိုသို့ဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်လာကြရင်း ဥတိုချောင်းကူးတံတားအထိ ရောက်လာကြလေသည်။ ထိုအခါ ရဲသန်ရံမှာ ရုတ်တရက် သတိရ၍

"ဟေ့ကောင် ချိုကြီး ချိုကြီး"

"ဘာလဲဟ ... ဟဲ ဟဲ့ မေနိုး ဆိုင်ကယ် ဆိုင်ကယ်"

"လွတ်ပါတယ် ကိုချိုကြီးရဲ့"

"ချိုကြီး ငါတို့ ကိုအေးဝင်းကျော်ဆီ ခဏဝင်မယ်ဆို၊ မင်းပဲ ပေးစရာတစ်ခု ယူလာတယ်ဆို၊ အခု ဥတိုတောင် ရောက်နေပြီ"

"ဟ အေး ... ဒီကောင်မလေးကို ကားကြည့်ပေးနေတာနဲ့ မေ့သွားပြီဟ၊ ပုသိမ်မှာတုန်းက ငါ ပြောမလို့၊ အဝိုင်းကို သောက်ရမ်းကွေ့ချတာနဲ့ ငါ မေ့သွားတာဟ"

"မေနိုးမှ မသိတာ၊ ကိုကို့တို့က မေနိုးမှ မပြောထားတာကိုး"

"ဘယ်သူတုံးဟဲ့ ချိုကြီး"

"အာ မျက်ရှုကလည်း ... ဟိုတစ်ခါ နင်ပြောဖူးတဲ့ ကိုအေးဝင်းကျော်လေ"

"ဟင်"

တစ်မျိုးဖြစ်သွားသော မျက်ရှုကို ရဲသင်ရံ လှည့်ကြည့်လိုက်ပြီးနောက်

"ထားလိုက်ပါတော့ကွာ၊ အပြန်မှ ဝင်ရင်ဝင်တော့ပေါ့၊ ဒီတောင်ရောက်နေပြီ ဥစ္စာ၊ မေနိုး ရတယ်၊ ဆက်မောင်း ဆက်မောင်းလိုက်တော့"

အရှိန်လျှော့ထားသော မေနိုးမှာ တံတားကို ဖြတ်ပြီးနောက် အရှိန်ပြန်တင်လေ၏။ ချိုကြီးမှာ လန့်သွားပြီး

"ဟဲ ဖြည်းဖြည်းဟဲ့ ဖြည်းဖြည်း"

"အဲဒီ အခြောက်မကြီးဟာ သေတစ်နေ့ မွေးတစ်နေ့ အေးအေးစီးလိုက်လာတာ မဟုတ်ဘူး"

တင်မောင်က မကြားတကြား ပြောသော်လည်း အားလုံးကြားအောင် နဂိုကတည်းက ကျယ်ကျယ်ပြောခြင်း ဖြစ်၍ အားလုံးကြားကာ ဝါးခနဲ ဖြစ်ကြ၏။ ချိုကြီးမှ တင်မောင်အား ထောပနာလေသည်။

"ခွေးသား"

ထိုသို့ဖြင့် ....


ပင်လယ်ပြင်ကျယ်ကြီးကို တွေ့သော် အားလုံးပျော်သွားကြလေသည်။ ဆယ်ကျော်သက် အရွယ်များသို့ ပြန်ရောက်သွားသလို အားလုံး ပြန်ခံစားကြရ၏။ ကားမှ ဟိုတယ်ထဲ မရောက်သေး။ ဘာမှန်းမသိ တစ်ယောက်နှင့်တစ်ယောက် လက်ဝါးချင်း ရိုက်ကြ၏။ ဟိုတယ်ထဲသို့ ဝေါခနဲ ကားဝင်ရပ်လိုက်သော် တင်မောင် ကြိုလွှတ်ထားသော ချာတိတ်နှစ်ယောက်မှ အဆင်သင့် စောင်နေကြ၏။ အခြားသူများ မပြောနှင့်။ မေနိုးသည်ပင် ကားရပ်လိုက်ပြီသည်နှင့် တံခါးဖွင့်သင်းကာ တံခါးပင် ပြန်မပိတ်တော့ဘဲ ပင်လယ်ထဲ ဆင်းပြေးသွားကြသူများနောက် ပြေးလိုက်လေ၏။

အဝတ်လဲဖို့ ဘယ်သူမှ မစဉ်းစား။ ရေထဲ ဆင်းပြေးကြ၏။ တင်မောင်နှင့် ချိုကြီးမှ ဇော်ဝါးကို ရေထဲနှစ်ရန် ကြံကြ၏။ နဂိုကတည်းက သူတို့ထက် ရေကူးပိုကျင်လည်၍ သူတို့ထက် အတွေ့အကြုံပိုများသော ဇော်ဝါးမှာ နစ်ချင်ယောင်ဆောင်ကာ ရေငုပ်ပြီး ချိုကြီးခြေထောက်ကို ဆွဲလေ၏။ ရဲသင်ရံပါ ရောက်လာကာ ဇော်ဝါးကို ကူညီ၍ ချိုကြီးကို ပြန်နှစ်လေ၏။ တင်မောင်ကပါ ချိုကြီးကို သစ္စာဖောက်လေသော် သုံးယောက်တစ်ယောက် ဖြစ်၍ ချိုကြီး အနှစ်ခံရကာ ဝူးဝူးဝါးဝါး ဖြစ်လေ၏။ ချိုကြီး ပြန်ပေါ်လာလျှင် မျက်ရှုနှင့်မေနိုးမှာ သဲများဖြင့် ဝိုင်းပေါက်ကြ၏။ လွတ်လပ်စွာ ကလေးများ ပြန်ဖြစ်သွားကြလေပြီ။ ပင်လယ်သည် (သို့မဟုတ်) သဘာဝတရားသည် လူတို့အား အရောင် အစွန်းအထင်း မရှိသော အဖြူရောင်သတ္တဝါများအဖြစ် နဂိုအခြေအနေသို့ ပြန်ရောက်သွားစေခဲ့လေသည်။ ချောင်းသာသို့ သူတို့ ရောက်သွားကြသည်က နေ့ခင်းကြီး။ ချောမောလှပသည့် ကောင်မလေးနှစ်ယောက်နှင့် ကောင်လေး လေးယောက်တို့ ဝုန်းဒိုင်းကြဲ ရေထဲပြေးဆင်းသွားကြပြီး သောင်းကျန်းနေကြသည်ကို မြင်သူများ အံသြကြလေ၏။ ထိုအထဲတွင် ကြိုတင်ဘွတ်ကင် လုပ်ထားသော ဟိုတယ်ကြီးမှ ဝန်ထမ်းများနှင့် တင်မောင့်တပည့်လေး နှစ်ယောက်လည်း ပါ၏။ သူတို့သိထားသည်က ခပ်ငယ်ငယ် ပညာတတ်လုပ်ငန်းရှင်လေးတွေ ရောက်လာကြမည်ဟု။ အခု တွေ့ရသည်က ဆယ်တန်းအောင်ပြီးခါစ ကလေးလေးတွေလို။ သဘာဝရင်ခွင်တွင် လူသားသည် ကလေးလေးတွေမျှသာ ဖြစ်သည် ဟူသော အတွေးအခေါ်မျိုး သူတို့ မတွေးမိ။ ထိုသို့ဖြင့် ....

မေနိုးနှင့် မျက်ရှုလရောင်က တစ်ခန်း နေ၏။ ရဲသင်ရံတို့ လေးယောက်ကား တစ်ခန်းထဲတွင် လုံးထွေးနေကြ၏။ ဟိုတယ်မှာလည်း ရဲသင်ရံတို့နှင့် မကင်းရာမကင်းကြောင်း ဖြစ်လေရာ လိုတာပြည့်စုံအောင် စီစဉ်ပေးကြ၏။ အားလု့း တစ်ရေးတစ်မော အိပ်ကြပြီး ခြောက်နာရီခန့်လောက်တွင် ပြန်နိုးလာကြလေသည်။ တစ်ခန်းကို တစ်ခန်း ဖုန်းဆက်မေးကြပြီး ပင်လယ်ထဲ မဆင်းကြတော့ဘဲ ဟိုတယ်မှ ရေကူးကန်ထဲတွင်သာ ဆင်းဆော့ကြရန် ဆုံးဖြတ်ပြီး ရေကန်ဘေး ဆုံကြလေ၏။

ချိုကြီးမှာ နေ့လယ်က တစ်ခါ ပယ်ပယ်နယ်နယ် ခံထားလိုက်ရပြီး၍ ရေကူးကန်ထဲ မဆင်းတော့ဘူးဟု အကြောက်အကန် ငြင်းဆန်၏။ ဘယ်သူမှ ဘယ်လိုမှ ပြောမရ။ နောက်ဆုံး တင်မောင်မှ ချိုကြီးမဆင်းလျှင် သူလည်း မဆင်းတော့ဘဲ ကန်ဘေးတွင် ထိုင်ကာ တစ်ခါတလေအဖြစ် အပျင်းပြေ ဘီယာသောက်ကြရန် ကြံစည်ကြ၏။

ထိုသို့ဖြင့် လေးယောက်က ရေကန်ထဲ ရောက်သွားပြီး နှစ်ကောင်က ကန်ပေါင်တွင်ထိုင်ပြီး ဘီယာတစ်လုံးသာမှာကာ ဆေးသောက်သလို ရှုံမဲ့သောက်ကြရင်း အမြည်းပေါင်းများစွာ တစ်မျိုးပြီးတစ်မျိုး မှာကာ ခွစားကြလေ၏။ ဇော်ဝါးမှာ လူစုံနှင့် ပေါင်းသင်းနေသူဖြစ်၍ အနည်းငယ် သောက်တတ်သည့်အလျောက် ရေထဲဆော့လိုက် ဟိုကောင်တွေခွက်များမှ တစ်ငုံစီ ငုံကာ အမြည်းနှိုက်စားပြီး ပြန်ဆင်းဆော့လိုက် လုပ်နေ၏။ ခဏကြာသော် ရဲသင်ရံ အကြံနှင့် တစ်ဖက်ကို နှစ်ယောက်စီခွဲကာ ကန်တစ်ဖက် တစ်ချက်စီတွင် နေစေလျက် ကန်လယ်တည့်တည့်ကို တင်မောင်တို့မှ ကျောက်စရစ်ခဲလေး တစ်ခဲ ပစ်ချပေးစေပြီး ရေပြိုင်ငုပ်၍ ရှာကြရန် လုပ်ကြလေ၏။ ရဲသင်ရံနှင့် ဇော်ဝါးမှာ မတိမ်းမယိမ်း ဖြစ်သော်လည်း မေနိုးမှာ မျက်ရှုထက် ရေငုပ်ပိုကျင်လည်လေရာ နှစ်ပွဲမျှ ကစားပြီးသော် ရဲသင်ရံတို့ချည်း ရှုံး၍နေ၏။ ထိုသို့ဖြင့် တတိယပွဲ စ၏။ ရဲသင်ရံတို့က ကန်၏ ရေနက်သည့်ဘက်ခြမ်းတွင် ကျလေသည်။ တင်မောင်မှ ကျောက်ခဲချပေးလိုက်ရာ အလုအယက် ငုပ်လိုက် အသက်တက်ရှုလိုက်နှင့် ရှိကြလေ၏။ ထိုစဉ် မျက်ရှုစိတ်ထဲ တစ်မျိုး ဖြစ်လာ၏။ သူတို့လေးယောက် ကစားနေကြသည်ကို တစ်စုံတစ်ယောက်သည် တစ်နေရာရာမှ ကြည့်နေ သလိုလို ထင်လာ၏။ ထိုအထင်မှာ တဖြည်းဖြည်း သေချာလာလေသည်။ ရေပေါ်ပြန်တက်ကာ ရေကူးကန် ပတ်ပတ်လည်ကို ကြည့်၏။ တင်မောင်နှင့် ချိုကြီးမှလွဲ၍ ဘယ်သူမှမရှိ။ ရေကူးကန်ထဲတွင်လည်း သူတို့ လေးယောက်သာ ရှိ၏။ မျက်ရှု ဇဝေဇဝါ ဖြစ်သွား၏။ သူ ခံစားနေရသည်ကတော့ သေချာလွန်းနေသည်။ သေချာပေါက် တစ်စုံတစ်ယောက် ရှိနေသည်။ သူတို့ကို ကြည့်နေသည်။

ဒါဆိုရင် ....

မျက်ရှု ရေအောက်သို့ ငုပ်ဆင်းလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင် ရံသင်ရံတို့ သုံးယောက်လုံး အသက်တက်ရှုနေချိန်ဖြစ်၍ ရေအောက်မှ သူတို့ခြေထောက်တွေသာ မြင်နေရ၏။ မျက်ရှု ကန်အောက်ခြေ ကြမ်းနားအထိ ထပ်ငုပ်ကာ ရေအောက်တွင် လှည့်ပတ်ကြည့်မိ၏။ ရေကန်အောက်တွင် မီးလုံးများ ထွန်းထားသဖြင့် ကောင်းကောင်း မြင်နေရ၏။ သို့သော် ရေကူးကန်၏ ရေနက်ပိုင်း ထောင့်တစ်ခုတွင်ရှိသော မီးလုံးတစ်လုံးမှာ မီးလုံး အားနည်းနေသလိုလို တစ်စုံတစ်ရာနှင့် ကွယ်နေသလိုလို ဖြစ်နေကြောင်း မျက်ရှု သတိထားမိလိုက်သဖြင့် ထိုနေရာသို့ ငုပ်ရင်း ကူးသွားလိုက်၏။ သွားနေရင်းမှ စိတ်ထဲမှ ခံစားမှုသည် ပို၍ သေချာလာသလို ကျောရိုးထဲစိမ့်ခနဲ ဖြစ်သွားကာ မျက်ရှု ရေအောက်တွင် ကြက်သီးထသွား၏။ ထိုနေရာနှင့် တဖြည်းဖြည်း နီးလာပြီ။

"ဟင်"

အသွင်သဏ္ဌာန်တစ်ခု။ မျက်ရှုမှာ ထိုသဏ္ဌာန်ကိုသာ မျက်ခြေမပြတ် စိုက်ကြည့်နေမိတော့၏။ ကြောက်ရွံ့ခြင်း မဖြစ်သလို စိတ်ထဲတွင် ဘာမှ မခံစားရတော့။ ဘာခံစားချက်မှ မရှိတော့။ အရာအားလုံး ဟာလာဟင်းလင်း။ မျက်ရှု အဆုတ်ထဲမှ လေကျန်များ တဖြည်းဖြည်း ထွက်၍သွားနေသည်ကိုပင် သတိမရတော့။

ပြန်ငုပ်လာကြသော သုံးယောက်အနက်မှ မျက်ရှုကို ဇော်ဝါးက ဦးစွာဖြင်၍ ရဲသင်ရံကို လက်ညှိုးထိုးပြလေရာ သုံးယောက်လုံး မြင်သွားကြလေသည်။ သုံးယောက်လုံး ထိတ်လန့်သွားကြလေ၏။ သူတို့ မြင်ရသည်ကား ....

သူတို့ကို ကျောပေးလျက် ရေကန်ထောင့်တစ်နေရာတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ လက်နှစ်ဖက်ဘေးချ၍ ရေအောက်ကြမ်းပြင်ပေါ်တွင် မတ်တတ်ကလေးရပ်ကာ ငြိမ်သက်စွာ တစ်နေရာကို စိုက်ကြည့်နေသော မျက်ရှုလရောင်။ ဆံနွယ်များက ရေအောက်တွင် ပျံဝဲလျက်။ နှာခေါင်းမှ လေပလုံစီလေးများ တက်လျက်။

ပထမဆုံး သတိဝင်လာသူမှာ ရဲသင်ရံ။ ငါးတစ်ကောင်လို မျက်ရှုလရောင် ရှိရာသို့ လျှောခနဲ ရောက်သွား၏။ ချက်ချင်း ကပ်လိုက်လာသူက ရေသူမလေးတစ်ယောက်လို ကျင်လည်လှသည့် မေနိုး။ ဇော်ဝါးမှာ တွေဝေ အံ့သြနေ၍ နောက်ကျလေ၏။ အရာအားလုံး လျင်မြန်စွာ ဖြစ်ပျက်သွားလေသည်။

ရဲသင်ရံမှ မျက်ရှုလက်မောင်း တစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ ရေပေါ်ကူး၍ တက်လိုက်ချိန်မှာပင် မေနိုးမှာ ရေအောက်ကြမ်းပြင်နားထိ ကပ်ငုပ်သွားပြီး မျက်ရှုပေါင်နှစ်ဖက်ကို မြဲမြံစွာ ဖက်လိုက်ကာ ကြမ်းပြင်ကို စုံကန်၍ ကြမ်းကန်အားနှင့်အတူတူ သူပါ လျှောခနဲ တက်လိုက်သွား၏။ နောက်ဆုံးရောက်လာသော ဇော်ဝါးက မေနိုး ခြေဖဝါးနှစ်ဖက်ကို ထပ်၍ အားနှင့် ပင့်တင်ပေးလိုက်လေသည်။

ရေမျက်နှာပြင်ပေါ်သို့ သုံးယောက်လုံး ဘွားခနဲ ပေါ်လာကြ၏။ ထိုအချိန်တွင် မျက်ရှုလရောင်မှာ သတိဝင်လာနေပြီဖြစ်၍ အနီးဆုံး ကန်ပေါင်ဘက်သို့ ခတ်သွားကာ ကန်ပေါင်ကို တွယ်ထားလိုက်လေသည်။ ဇော်ဝါးမှာ မျက်ရှုဘေးမှ ချက်ချင်း ဘွားခနဲ ပေါ်လာ၏။ ရေအောက်မှ ကပ်လိုက် လာသည်ကိုး။ ရဲသင်ရံနှင့် မေနိုး ရောက်လာချိန်တွင်တော့ လေးယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြ၍ တိုင်ပင်ထားကြသည့်အလား ကန်ပေါင်ပေါ်သို့ ပြိုင်တူတက်လိုက်ကြကာ အခန်းများရှိရာသို့ ပြန်သွားကြလေတော့၏။ ဤသည်ကို ကန်ပေါင်တစ်ဖက်တွင် ငြင်းခုံစကားများနေကြသော တင်မောင်တို့နှစ်ယောက်ပင် မသိလိုက်။

ထိုသို့ဖြင် ....


ညကိုးနာရီခန့် ရှိပြီ။ ကမ်းခြေတွင် ဘယ်သူမှ သိပ်မရှိတော့။ သူတို့ ခြောက်ယောက်မှာ တင်မောင့် တပည့်လေးနှစ်ဦး ဖိုပေးထားသော မီးပုံကိုဝိုင်းကာ သဲပေါ်တွင်ပင် ခြေပစ်လက်ပစ် ထိုင်နေကြသည်။ အားလုံး အတွေးကိုယ်စီနှင့် မီးပုံကိုသာ စိုက်ကြည့်နေကြ၏။ ပင်လယ်ဘက်မှ လေတဟူးဟူး တိုက်ခတ်နေလေသည်။ လှိုင်းသံများက တဝုန်းဝုန်းနှင့်။ ဇော်ဝါးမှ သစ်ကိုင်းခြောက်လေးတစ်ခုကို မီးပုံထဲ ပစ်ထည့်လိုက်ရင်းမှ

"ငါတော့ တော်တော့်ကို အံ့သြနေတာ၊ လူတစ်ယောက်ဟာ ရေအောက်မှ အဲလိုပုံစံနဲ့ နေလို့ကိုမရဘူး ထင်တယ်၊ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးဘူး၊ မင်းတို့ သိပါတယ်၊ ရွယ်တူချင်းအတူတူ ငါက မင်းတို့ထက် နေရာစုံမှာ လူစုံ ပိုပေါင်းလာတာ၊ ရေကျွမ်းတဲ့လူတွေ အများကြီး ငါတွေ့ဖူးတယ်၊ ဒါပေမဲ့ ရေအောက်မှာ အဲလိုနေပြနိုင်တဲ့လူ တစ်ခါမှ မမြင်ဖူးဘူး၊ အဲဒါကြောင့် ငါ ကြောင်နေပြီး နည်းနည်း နောက်ကျသွားတာ၊ တည့်တည့်မတ်မတ်ကြီးကွာ ငါ့နှယ်"

"ကိုဇော်ဝါးကလည်း ကိုဇော်ဝါး မမြင်လိုက်လို့၊ မေနိုးက ကိုကို့ကို အံ့သြသွားတာ၊ မမကိုလည်း မြင်ရော သူ့ကိုယ်သူ ဘယ်လိုလုပ်လိုက်လဲ မသိဘူး၊ လက်နှစ်ချောင်းကို ပေါင်မှာကပ် ခြေထောက်နှစ်ချောင်း စိပြီး တစ်ချက်သာသာလေးပဲ တွန်းလိုက်ရုံနဲ့ လျှောခနဲ မမဆီ ချက်ချင်းထွက်သွားတာ အရမ်းမြန်တာပဲ၊ အမှန်မှာ ကိုကိုတို့ နှစ်ယောက်လုံးက နောက်ကျရမှာ၊ မေနိုးက မမကို မြင်လိုက်တာနဲ့ တစ်ခုခုပဲဆိုတာ ချက်ချင်းသိပြီး ချက်ချင်း စကူးနေပြီ၊ ကိုကိုတို့က ကြောင်နေသေးတာ၊ ဒါပေမဲ့ မမဆီကျ ကိုကိုက အရင်ရောက်သွားတယ်၊ လျှောခနဲပဲ"

"အဲဒါ ငါးရှဥ့်ကူးဖြစ်မှာပေါ့"

"ချိုကြီး ... အကောင်းပြေနေတာကို မင်းက တစ်မျိုး"

"ငါ အကောင်းပြောနေတာဟ၊ မင်းက ငါတို့ထဲမှာ ရေအကျွမ်းဆုံးပါ တင်မောင်ရာ၊ တပ်ထဲမှာတောင် လူကယ်တဲ့နည်းတွေဘာတွေ သွားသင်ထားတဲ့ကောင် မဟုတ်လား၊ ငါးရှဥ့်ကူးလည်း ရှိချင်ရှိမှာပေါ့"

"ကြံကြံဖန်ဖန်ဟယ် ချိုကြီးရယ်"

လက်မောင်းလေးတစ်ဖက်ကို ပွတ်ရင်း မျက်ရှုက ဝင်ပြော၏။ ရဲသင်မှ မျက်ရှုကို လှမ်းကြည့်ရင်း

"နင့်လက်က တော်တော် နာနေလား"

"နာတာပေါ့ဟဲ၊ နင့်အားကြီးနဲ့ အတင်းညှစ်ပြီး ဆောင့်ဆွဲခေါ်သွားတာကို"

ဇော်ဝါးမှ ဝင်ပြော၏။

"နေပါဦးကွ မေနိုးပြောတာ ဟုတ်တယ်၊ ငါတို့ရှိနေတဲ့ နေရာနဲ့ မျက်ရှုရှိနေတဲ့နေရာ ပြောမယ်ဆို ကန်သုံးပုံတစ်ပုံ နီးပါးလောက်တောင် ရှိချင်ရှိမှာ၊ မင်းက ရွှတ်ခနဲ ချက်ချင်းရောက်သွားတာ ဘယ်လိုဖြစ်တာလဲ ရဲသင်"

"ငါလည်း မသိဘူးလေ၊ ကိုယ်ထဲက တစ်ခုခု ဆောင့်တွန်းလိုက်သလိုမျိုးပဲ"

ချိုကြီးမှ မျက်ရှုကို လှမ်းမေး၏။

"နင် လုံးလုံး ရေမမွမ်းဘူးလား"

"မမွမ်းဘူးဟ၊ ဘာမှကို မဖြစ်တာ၊ အဲဒီတုန်းက ငါ ခံစားရတာက ဟာလာဟင်းလင်းကြီးဟ၊ အေးချမ်းနေတာ"

"တော်တော် ထူးဆန်းတယ်၊ နင် ဘယ်တော့မှ ပြန်သိလဲ"

"ပုဏ္ဏား ငါ့လက်မောင်း လာကိုင်တာနဲ့ ငါ ပြန်သိတာ"

မေနိုးမှ ဝင်ပြော၏။

"ကိုဇော်ဝါးကြီးက အကျင့်ကိုမကောင်းဘူး၊ မေနိုးကို တွန်းတင်တုန်းက ခြေဖဝါးကို ကလိထိုးလွှတ်လိုက်သေးတယ်"

"ဘုရားစူးရစေရဲ့ လက်မနဲ့ မတော်တဆ ကုတ်မိတာပါဆို နင်ကလည်း ဒါပဲပြဿနာရှာနေ"

"မင်းတို့ ပြန်ပြောပုံအရဆို တော်တော် သေသေသပ်သပ်နဲ့ စနစ်တကျ ရှိမှာကွ၊ ငါ မမြင်လိုက်ရတာ နာတာပဲ"

"လုပ်မနေနဲ့ တင်မောင်၊ မင်း ရှိနေလည်း အံ့သြလွန်းလို့ ငါ့လိုကြောင်ပြီး ကျန်ခဲ့မှာပဲ၊ နေစမ်းပါဦး မေနိုး ... ညည်း ငါ အခုမှ သတိရတယ်၊ ညည်း ကြမ်းအထိ ငုပ်ဆင်းသွားပြီး မျက်ရှုခြေထောက်ကို ဖက်ပြီး ကန်တက်သွားတာ တော်တော် ကြည့်လို့ ကောင်းတယ်၊ ညည်း ဘယ်လိုလုပ် စိတ်ကူးရလဲ"

"ကိုဇော်ဝါးကလည်း ... မေနိုးတို့ကျောင်းမှာ ရေပေါ်ပန်းဖွားကတဲ့ training ရှိတယ်လေ၊ ဒီလိုပဲ တစ်ယောက်ကိုတစ်ယောက် မြှောက် မြှောက်တင် တင်ပေးနေရတာ အကျင့်တောင်ပါလို့ ရိုးနေပြီ၊ လူညီလို့ သုံးလေးယောက် ဆင့်လိုက်ရင် ရေပေါ်လွတ်ပြီး အမြင့်ကြီးတောင် ပစ်ပေးနိုင်သေးတယ်"

"ဘာလို့ ခြေကျင်းဝတ်တို့ ခြေသလုံးတိုပက မဖက်ဘဲ ပေါင်ကဖက်ပြီး ကန်တက်တာလဲ"

"ခြေသလုံးကဖက်ပြီး ကန်ပေးရင် ဒူးခေါင်းနှစ်ဖက်ကို စိတ်မချရဘူးလေ အစ်ကိုရဲ့၊ ရေထဲမှာက ဒူးတွေ ရေဖိအားနဲ့ ကွေးသွားတတ်တယ်၊ ကွေးသွားရင် တွန်းတင်တဲ့အရှိန် လျော့သွားရော၊ မြန်မြန်ထိုးတက်မသွားတော့ဘူးလေ၊ ခြေကျင်းဝတ်ဆို ပိုဆိုးတာပေါ့၊ ခါးကတော့ သေချာတယ်လေ၊ အဲဒါကြောင့် ပေါင်ကဖက်ပြီး ကန်တက်တာ"

"ညည်းကတော့ အတတ်ကို စုံပါတယ်ဟာ"

မျက်ရှုမှ ဝင်ပြော၏။

"ဘာပဲဖြစ်ဖြစ်ဟာ ငါကတော့ နင်တို့အားလုံးကို အရမ်း ကျေးဇူးတင်ပါတယ်၊ နင်တို့နဲ့ နေ နေရရင် ငါ ငါ့မိသားစုနဲ့ နေ နေရသလို အရမ်း လုံခြုံတယ်လို့ ခံစားရတယ်"

တင်မောင်မှ ဝင်ပြော၏။

"ငါတို့က နင့်မိသားစုပဲလေဟာ၊ ငါက အဘိုး၊ ဟိုကောင် ရဲသင်ရံနဲ့ ဇော်ဝါးက ငါ့သားတွေ၊ နင်က ဇော်ဝါးသမီး၊ မေနိုးက ရဲသင်သမီး"

"ဒါဆို ချိုကြီးကရော"

"ချိုကြီးက ငါ့မြစ်လုပ်ရင်လုပ်၊ မလုပ်ရင် ငါ့မိန်းမ အဘွားကြီးကွာ၊ အငြင်းသန်တဲ့ ပစိပစပ်များတဲ့ စပ်စုတဲ့ အဘွားကြီး၊ အဘွားကြီးမှ အခြောက်အဘွားကြီး"

"မိုက်ရိုင်းလှချည်လား"

ဝါးခနဲ ရယ်ဖြစ်ကြလေ၏။ ရယ်နေကြရင်းမှ မေနိုးက ရုတ်တရက် သတိရကာ

"နေဦး နေဦး တစ်ခုမေ့နေတယ်၊ မမက မယ်မယ်ရရ မမြင်ရဘူးဆိုပေမဲ့ မမ မြင်ရတာတော့ အခုပြောပြ၊ ထမင်းစားတုန်း မေးတုန်းက ညမှ အေးအေးဆေးဆေး သေချာပြောပြမယ်ဆို"

"ဟ အေး ဟုတ်တယ်"

"အေး အေး မျက်ရှု လုပ်စမ်းပါဦး၊ နင် ဘာတွေကြည့်နေတာလဲ"

မျက်ရှုမှ

"ဒီလိုဟ"

ကစားနေကြရာမှ သူ စခံစားလာရပုံမှစ၍ သဏ္ဌာန်တစ်ခုနား ရောက်သွားသည်အထိ အသေးစိတ် ပြောပြလေ၏။ အားလုံး စိတ်ဝင်တစား နားထောင်ကြလေ၏။ ဝိုင်း၍လည်း စကားထောက်ပေးကြ၏။

"အနားရောက်တော့"

"အနားရောက်တော့ ငါ မြင်ရတာက ပြတင်းပေါက်လေးတစ်ခုလိုလို၊ ဘာလိုလိုဟ၊ သိပ်မသဲကွဲဘူး၊ ပြတင်းပေါက်မှာ Dream Catcher လေးလိုလို ဘာလိုလိုလေး လှုပ်နေတဲ့ ဝိုးတိုးဝါးတားဟာလေး တစ်ခုလည်းရှိတယ် ထင်တယ်ဟ"

"ဟင် ... နောက် နောက်တော့ရော မမ"

"နောက်တော့ မြင်ရသလိုလိုရှိတာက မမက ပြတင်းပေါက် အထဲကနေ အပြင်ကို မြင်ရသလိုမျိုး မဟုတ်ဘူး မေနိုးရဲ့၊ ပြတင်းပေါက် အပြင်ကနေ အိမ်ထဲကို မြင်ရသလိုမျိုး၊ ချာတိတ်လေးတစ်ယောက်လိုလို မေနိုးရဲ့၊ မျက်နှာလေးတော့ မသဲကွဲဘူး၊ မျက်လုံးနဲ့ ဆံပင်လေးတော့ သဲကွဲတယ်၊ ဆံပင်နက်နက် အုပ်အုပ်စင်းစင်းလေးတွေနဲ့ မျက်လုံးညိုညိုလေးတွေ မမကို ကြည့်နေသလို၊ သူက ပြတင်းပေါက်လေးကနေပြီး မေးလေးနှစ်ဖက်ထောက်ပြီး ငေးနေသလိုလို"

"ဘုရားရေ ..."

"ဘာလို့ အဲလောက်လန့်နေတာလဲ မေနိုးရဲ့၊ မမ မှတ်မိသလောက် သူ ဝတ်ထားတဲ့ ဆွယ်တာလေးက ..."

"အပြာရင့်ရောင် သိုးမွေးလက်ရှည်လေး၊ လည်ပင်းကို ခေါက်ထားတဲ့ turtle neck လေး မဟုတ်လား၊ မျက်နှာလေးက ပြုံးပြီး ကဗျာတွေ ရွတ်နေတာလေ၊ တစ်ခါတစ်ခါ မမီမကမ်းလေးနဲ့ ပြတင်းပေါက်အပေါ်မှာ ချိတ်ထားတဲ့ Dream Catcher လေးကို လှမ်းလှမ်းပုတ်ပြီး ဆော့သေးတယ်"

"ဟင် မေနိုး .... ဘယ်လိုလုပ်သိလဲ"

နှစ်ယောက်လုံး ထိတ်လန့်စွာ မတ်တတ်ထရပ်လိုက်ကြသဖြင့် အားလုံး ပြူးတူးပြဲတဲ ထရပ်ကြလေသည်။

"ဘာ ဘာတွေလဲ"

မျက်ရှုနှင့်မေနိုးမှာ အံ့သြလွန်းစွာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေ၏။

"ဘယ်လိုလုပ်သိလဲ မေနိုး၊ ဟင် ... ဘယ်လိုလုပ်သိလဲဟင်၊ မမထက်ပိုအသေးစိတ် ဘာလို့ သိနေတာလဲ"

မေနိုး ပြန်မဖြေ။ ရဲသင်ရံဘက်ကိုသာ လှည့်၍

"ကိုကို"

ရဲသင်ရံမှ မေနိုးကို စူးစိုက်စွာ တစ်ချက်ကြည့်ပြီး မျက်ရှုဘက် လှည့်ကာ

"မျက်ရှု ... အဲဒါ နာနားပဲ၊ အဲဒါ မေနိုးမောင်လေးပဲ၊ မေနိုး ပြောပြဖူးလို့ သူ အဲဒီ ပြတင်းပေါက်လေးမှာ ထိုင်နေတတ်တာရယ်၊ ဆွယ်တာလေးက သူ သိပ်ကြိုက်တဲ့ ဆွယ်တာလေးဆိုတာရယ်"

"Dream Catcher လေးက ချာတိတ် subject တစ်ခုမှာ A+ ရတုန်းက မေနိုး ဝယ်ပြီး ချိတ်ပေးထားတာဆိုတာရယ်"

အားလုံး ဇော်ဝါးကို လှည့်ကြည့်မိကြ၏။ အံ့အားသင့်လွန်းစွာ။ မေနိုးမှာ အံ့သြလွန်းသဖြင့် ဘာသံမှမထွက်တော့။ မျက်ရှုမှာလည်း

"ဇော်ဝါး ... နင် ... "

ဇော်ဝါး သက်ပြင်းတစ်ခုကို မှုတ်ထုတ်ကာ ခြေပစ်လက်ပစ် ပြန်ထိုင်ချလိုက်ရင်း

"ရဲသင် ရန်ကုန်ပြန်ရောက်ရင်တော့ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး တစ်ခုခု သေချာစီစဉ်မှ ဖြစ်တော့မယ် ထင်တယ်"

အားလုံး ငြိမ်သက်စွာ ပြန်ထိုင်ကြ၍ အတွေးကိုယ်စီနှင့် တိတ်ဆိတ်သွားကြလေတော့၏။ အတော်ကြီးကြာမှ ချိုကြီးက ဘယ်သူ့ကိုမှ မကြည့်ဘဲ မီးစွယ်ကျိုးစဖြစ်နေပြီ ဖြစ်သော မီးပုံကိုကြည့်ရင်း

"ဘာပဲဖြစ်ဖြစ် နောက်နေ့တွေမှာတော့ ငါတို့ ရေဆော့ရင်း အားလုံး တူတူဆော့မယ်၊ ငါတို့ကို တင်မောင့်ချာတိတ်နှစ်ယောက်ကို အမြဲ စောင့်ကြည့်ခိုင်းထားရမယ်၊ အမြဲတမ်း တစ်ယောက်ကို တစ်ယောက် သတိထားနေရမယ်၊ တစ်ယောက်ထဲ ဖောက်ပြီး ဘာမှ လုပ်ခွင့်သွားခွင့် မရှိဘူး၊ နင်တို့ မိန်းကလေးနှစ်ယောက်အခန်းကို ငါ သတိရတိုင်း ဖုန်းဆက်ပြီး check လုပ်မယ်၊ အချိန် တော်တော်များများတော့ အားလုံးတူတူ ရှိနေအောင် ကြိုးစားပြီး တတ်နိုင်သလောက် ခရီးထွက်လာတုန်းလေး ပျော်ပျော်နေကြမယ်၊ အဲဒါ အခု ငါ ထုတ်လိုက်တဲ့ စည်းကမ်းပဲ၊ ငါတို့က တခြားလူတွေလို မဟုတ်ဘူး၊ စည်းကမ်းဖောက်ဖျက်ရင် ဘာတွေမှန်း မသိတာတွေ လျှောက်ဖြစ်ကုန်လိမ့်မယ်၊ ငါ ပြောတာ ဘယ်လိုသဘောရလဲ"

အားလုံး ချိုကြီးကို ကြည့်မိကြ၏။ ချိုကြီးကတော့ ဘယ်သူ့ကိုမှ မကြည့်။ စေ့စေ့ပိတ်ထားသော နှုတ်ခမ်းများနှင့် စူးစူးစိုက်စိုက် ကြည့်နေလေသည်။ ပြီးမှ တဖြည်းဖြည်း မော့လာကာ လူတိုင်းကို သေချာကြည့်ရင်း

"ဘာတွေဖြစ်နေတယ်ဆိုတာ ငါ မသိဘူး၊ ငါ သိတာက အခု ဒီမှာ ရှိနေတဲ့ ငါတို့အားလုံး တတ်နိုင်သလောက် ဘာမှ တစ်စုံတစ်ရာ ထိခိုက်မှု မဖြစ်အောင် ငါ တတ်နိုင်သလောက် ကာကွယ်သွားမယ် ဒါပဲ"

အားလုံး မျက်နှာအရောင်များ ပြောင်းသွားကြ၏။ ကပ်၍ထိုင်နေသော ရဲသင်ရံမှ ချိုကြီးပခုံးကို လေးလေးစားစားပုတ်၍

"မင်း တော်တယ် ချိုကြီး၊ အဲဒါ မင်းအစစ်ပဲ၊ မင်းကို သူငယ်ချင်းတော်ရတာ ငါ ဝမ်းသာပါတယ်၊ မင်း စည်းကမ်းတွေကို ငါတို့ တသွေမတိမ်း လိုက်နာမှာပါ၊ စိတ်ချပါ၊ မင်းဘယ်လောက် ငါတို့ကို ချစ်တယ်ဆိုတာ ငါတို့ သိပါတယ်"

ဇော်ဝါးမှ

"သိပ်ကောင်းတယ် ချိုကြီး၊ မင်းပြောတာ ဟုတ်တယ်၊ ငါတို့ နေသင့်တဲ့ အရပ်မှာနေပြီး လုပ်သင့်တာကို စနစ်တကျ လုပ်ကြတာပေါ့ကွာ"

ငြိမ်သွားကြပြန်၏။ ရုတ်တရက် တင်မောင်မှ ထ၍

"ဒီလိုကျပြန်တော့လည်း ငါ့မိန်းမ အခြောက်အဘွားကြီးက သတ္တိတွေရှိနေပြန်ရော၊ တော်နေပြန်ရောဟ"

"ခွေးမသားက တစ်မျိုး"

တင်မောင်မှာ ပြောပြီးသည်နှင့် သောင်ပြင်တစ်လျှောက် ထပြေးလေရာ ချိုကြီးထလိုက်သဖြင့် အားလုံး ပြေးကြလွှားကြ ဖြစ်ကြရင်း ဆူညံနေကြပြန်လေတော့၏။

ပြဿနာကို ပျော်ရွှင်စွာ တည့်တည့် ရင်ဆိုင်ဖြေရှင်းတတ်ကြခြင်းသည် လူငယ်များ၏ ထက်မြက်သော အလေ့အထတစ်ခုပေပဲလား။ ပင်လယ်ကြီးကတော့ လှိုင်းများ တဝုန်းဝုန်းနှင့် အားပေးနေသယောင်။

ထိုသို့ဖြင့် ....


နောက်ရက်များတွင်တော့ ထူးခြားမှုမရှိ။ ပျော်၍သာ နေကြလေသည်။ ချိုကြီးစည်းကမ်းအတိုင်း နေကြ၏။ အန္တရယ် တစ်စုံတစ်ရာ မတွေ့ကြ။ တင်မောင်မှာ banana boat ကြီး ယူလာသော်ငြား ဆွဲပေးမည့် မော်တော်မရှိသဖြင့် ဘာမှလုပ်မရ ဖြစ်လေ၏။ သို့သော် ဘယ်သူကမှ အပြစ်မပြောကြ။ ဘဝတွင် ခဏတာ ရရှိတာ အချိန်လေးများကို စိတ်ချမ်းသာစွာ ဖြတ်သန်းသွားကြရန် သူတို့ ဆုံးဖြတ်ထားခဲ့ကြပြီ ဖြစ်လေသည်။
ကုန်းမြေနှင့် ရေပြင်၏ အစပ်တွင် သူတို့ ပျော်ရွှင်နေကြလေသည်။

တစ်နည်းအားဖြင့် ကုန်းနှင့်ရေ၏ အစပ်တွင် သူတို့ ပျော်ရွှင်နေခဲ့ကြပါသည်။

တစ်နည်းအားဖြင့် နယ်နိမိတ်နှစ်ခု၏ အစပ်တွင် သူတို့ ပျော်ရွှင်နေခဲ့ဖူးကြပါသည်။


ထိုသို့ဖြင့် ...

သူတို့တွင် မျှော်လင့်ခြင်းများ ရှိနေခဲ့ကြလေသည်။

ထိုသို့ဖြင့် ...

သူတို့တွင် အချင်းချင်း စိတ်ချယုံကြည်မှုများ ရှိခဲ့ကြ၏။

ထိုသို့ဖြင့် ...

သူတို့တွင် မသိနားမလည်ခြင်းများ ရှိခဲ့ကြ၏။

ထိုသို့ဖြင့် ...

ပြင်ဆင်ထားခဲ့ပြီးလေသော စိတ်ဓါတ်များလည်း ရှိနှင့်ခဲ့ကြ၏။

ထိုသို့ဖြင့် ...


ဘယ်အညှိုးတွေကြောင့်

မိုးတွေ ခေါင်နေခဲ့တာလဲ

ဒီနေရာဟာ

ကမ္ဘာမြေရဲ့ အဖွင့်အပိတ် မြက်ခင်း

ရှင်းရှင်းလင်းလင်း

ထင်းထင်းမြင်သာ

လာ

ဒီနေရာမှာ

မြေပြင်အမြင့် ခြောက်လက်မနေရာကတောင်

မိုးတွေရွာချချင် ရွာချခွင့်ရှိတယ်




"ဟိုကောင်တွေနဲ့ တွေ့သေးလား တင်မောင်"

"မတွေ့ဘူး၊ ပြန်ရောက်ပြီးကတည်းက အရင်ဆုံးပြန်တွေ့တာ မင်းပဲ အခြောက်မကြီးရဲ့၊ ဖုန်းတော့ ရတယ်"

"ဟေ့ကောင် စကားကို ကောင်းကောင်း ပြောစမ်း၊ ငါက စိတ်ပူလို့ မေးတာ၊ မဟုတ်မဟတ်တွေ ထပ်ဖြစ်မှာ စိုးလို့"

"မင်း ဖုန်းတွေရနေတာပဲ မဟုတ်လား"

"အေး"

"ဒါဆိုလည်း ပြီးတာပဲလေကွာ၊ ပြော မင်းကား ဘာလုပ်မှာလဲ"

"ရေးဆေးမယ်၊ အောက်ပိုင်းဆီဖြန်းမယ်၊ အလိုင်းမင်းချိန်မယ်၊ အောက်ပိုင်းစစ်မယ်"

"အနည်းဆုံး ငါးသောင်းပဲ ဟေ့ကောင်"

"တင်မောင် မင်း အချင်းချင်းတောင် လောဘကြီးလှချည်လား"

"ငါ လောဘကြီးတာ မဟုတ်ဘူး၊ မင်းကိုယ်ကြီးနဲ့ မညှာမတာ တက်ထိုက်ပြီး ကျွဲခိုင်းနွားခိုင်း ခိုင်းထားတဲ့ မင်းကားက မစ္စည်းဖိုးတင် အဲလောက်ကျမှာ၊ ငါ မြင်ရုံနဲ့ သိတယ်"

"အောင်မာ"



"ပန်းတစ်စည်းလောက် ခင်ဗျာ"

"ဟုတ် ဘယ်ထဲက ... ဟဲ့ အံမာ ဇော်ဝါး သရဲလာခြောက်တာလား"

"ဟဲ ဟဲ မဟုတ်ဘူးဟ"

"ဘာလဲ ငါ့ကို မုန့်လာဝယ်ကျွေးတာလား"

"ကျွေးဆိုလည်း ကျွေးရတာပေါ့ဟာ၊ မျက်ရှု ငါ နင့်ကို စကားပြောစရာ ရှိလို့ဟ"

"အမယ် ထူးထူးဆန်းဆန်း ဘာလဲ ဇော်ဝါး နင် ငါ့ကို ရည်းစားစကား လာပြောတာလား ဟား ဟား"

"ငါကတော့ နင့်ကို တစ်သက်လုံး ရည်းစားစကား ပြောမှာ မဟုတ်ဘူး၊ တခြားတစ်ယောက် ပြောလိမ့်မယ်၊ ငါ ပြောချင်တာက နင်တို့ဖြစ်ဖြစ်နေတဲ့ ကိစ္စနဲ့ ဆိုင်လို့"

"ဟင်"

"အေး၊ ငါ ဟိုကောင်တွေကိုတော့ ပြောသင့်သလောက် ပြောပြပြီးပြီ၊ ဒီလိုဟ ငါ့မှာ ဆရာမတစ်ယောက် ရှိတယ်ဟ၊ သူက နင်တို့ ကိစ္စတွေကို ဖြေရှင်းကောင်း ဖြေရှင်းပေးနိုင်လိမ့်မယ်၊ အဲဒါဟာ သူက ...."

"နေ ... နေဦး ဇော်ဝါး"

"ဘာလဲဟ"

"ငါတို့ အေးအေးဆေးဆေး တစ်နေရာရာ သွားပြောကြရင် ကောင်းမယ် ထင်တယ်"

"ပိုကောင်းတာပေါ့ သူငယ်ချင်း"