Saturday, 8 September 2012

ထူးအိမ်သင်၏ ပုံတူကောက်ကြောင်း - နိုင်ဇော် - အပိုင်း၃ (credit to mmcyber)

အခန်း(၈) သီချင်း ဂီတသည်သာ ကွန်းခိုရာ
(၁)
Shore of Peace တီးဝိုင်းလေး ပုသိမ်ကောလိပ်မြေမှာ ပေါ်ပေါက်လာခဲ့ချိန်၌ ကိုသျှပ်သည်လည်း မြင့်မိုးအောင်တို့အိမ်မှ ဘိုကနောင် ကရင်တိုင်းရင်းသား ရပ်ကွက်ရှိ အောင်ကျော်ဦးတို့ အိမ်သို့ အသိုက်ပြောင်းရွှေ့သွားခဲ့ပြီ။

မြင့်မိုးအောင်တို့ အိမ်မှာ တစ်လခွဲလောက်ကြာခဲ့သည်။ ကိုသျှပ်တစ်ယောက် ဆွဲအားများရာ အောင်ကျော်ဦးတို့ အိမ်သို့ ပျော်ပျော်ကြီး ချီတက်သွားခဲ့သောအခါ မြင့်မိုးအောင်၏ မိဘများက အတော်လေးစိတ်မကောင်း ဖြစ်ကြသည်။ သူ့ကို သံယောဇဉ်တွယ်ခဲ့ကြသလို သူ့စားဝတ်နေရေးအတွက် တွေးပြီးပူပန်ခဲ့ကြသည်။

တကယ်ဆို မြင့်မိုးအောင်တို့အိမ်မှာက စားသောက်နေထိုင် အစစအရာရာ အားလုံးအဆင်ပြေသည်။ အောင်ကျော်ဦးတို့ အိမ်မှာ မိသားစုက မစုံလင်။ အထူးသဖြင့် အောင်ကျော်ဦးတို့ မိခင် ဒေါ်မာစီဆုံးထားတာက တစ်နှစ်ခန့်သာ ရှိဦးမည်။ စားရေးသောက်ရေး အစီအစဉ်များ ဘယ်လိုမျှ ထောင့်မစေ့နိုင်။

သို့သော် ကိုသျှပ်က ဒါတွေကိုထည့်မတွက်။ သူသည် ဘယ်တုန်းကမှ အိပ်ချိန် စားချိန်မှန်သူမဟုတ်။ အိပ်ဖို့ စားဖို့ နေရာလည်း အတိအကျမထား။ သီချင်းများ ရှိရာ၊ ဂီတအလုပ်ရှိရာကိုသာ အမြဲတမ်းလှည့်လည်သွားလာနေသည်။ သီချင်းနှင့် ဂီတတို့၏ ခေါ်ဆောင်ရာဆီသို့သာ ရမ္မက်ဆန္ဒ ပြင်းပြစွာ လိုက်ပါနေချင်သည်။ သီချင်းဂီတသာလျှင် ကိုသျှပ်၏ အိမ်အစစ်ဖြစ်ကြောင်း ပထမဆုံးအကြိမ် မြင့်မိုးအောင် သိနားလည်သွားခဲ့သည်။

(၂)
ကိုသျှပ်သည် ငုဝါ၊ ဖြူနီညိုပြာလို တီးဝိုင်းကြီးတွေမှာ ၀င်ရောက်ပြီး ဆိုခဲ့၊ တီးခဲ့ဖူးသည်။ သို့သော် ယခုတစ်ကြိမ်က သူ့အတွက်မတူ။ Shore of Peace က ကျောင်းတွင်း အပျော်တမ်း တီးဝိုင်းသေးသေးကလေး တစ်ခုဆိုသော်လည်း သူ၏ ကိုယ်ပိုင်၊ သူ၏ စေစားရာဖြစ်သည်။

Shore of Peace မှာ သူက ခေါင်းဆောင်ဖြစ်သည်။ သူ့စိတ်တိုင်းကျ ဂီတကို စီမံခန့်ခွဲရသည်။
သို့ဖြစ်၍ သူရင်ခုန်ခဲ့တာ မဆန်းဟု ဆိုရမည်။

(၃)
သူ ရောက်သွားသည့် အောင်ကျော်ဦးတို့ အိမ်က တကယ်ပဲ အနှောင်အဖွဲ့ကင်းသည်။ စိတ်လွတ်ကိုယ်လွတ် နေချင်သော ကိုသျှပ်အတွက် ကွက်တိကျသွားသည်။

အိမ်အောက်ထပ်မှာက အောင်ကျော်ဦး၏ ဖခင် ဦးသိမ်းတင်နေသည်။ သူတို့ ယောကျာ်းလေးတစ်သိုက် အပေါ်ထပ်မှာ စုပြီး ဂီတာတီး၊ သီချင်းတိုက် လွတ်လပ်နေကြသည်။ ထိုအခါ အရက်သောက်လည်း တားမြစ်ဆုံးမ ထိန်းကွပ်ပေးမည့်သူမရှိ။ ပြတင်း အပြင်ဘက် သွပ်မိုးပေါ်တွင် အရက်ပုလင်းလွတ်တွေက တန်းစီနေကြတော့သည်။ ခွေးသား (ဟောင်ကောင်)ဟင်းချက် စားတာမျိုးတွေ လုပ်ချင်ရာ လုပ်ကြသည်။ တစ်ခါက ငုံးဟင်းနှင့်အရက် မြည်းကြရာ အဆိပ်တောက်၍လား မသိ။ တုံးခနဲ ကိုသျှပ် လဲဖူးသည်။ ကံကောင်း ထောက်မစွာ ပြန်ကောင်းလာခဲ့သည်။

နဂိုကတည်းက ရေချိုးပျင်းသူ ကိုသျှပ်အတွက်တော့ဖြင့် ရေမိုးချိုးဖို့ တိုက်တွန်းမည့်သူလည်း မရှိတော့ပြီ။ မှတ်မှတ်ရရ အောင်ကျော်ဦးတို့ အိမ်မှာ တစ်လလောက် နေသွားစဉ် ကာလတစ်လျှောက်လုံး ရေတစ်ခါပဲ ချိုးသွားခဲ့သည်။

(၄)
အနေအထိုင်မှာ ဖြစ်ကတတ်ဆန်းနေချင်သလို နေခဲ့သော်လည်း ကိုသျှပ်သည် ဦးတည်ရာ ရည်ရွယ်ချက်တော့ မကင်းမဲ့။

ကိုအောင်ကျော်ဦးတို့အိမ်မှာ အခြေပြုပြီး လိဒ်သမား အောင်အောင်၊ ရစ်သမ် သာထူး၊ ရေချမ်းတို့ကို ကိုသျှပ် စနစ်တကျမောင်းခဲ့သည်။

လိဒ် အောင်အောင်ကား ခေသူမဟုတ်။ ပုသိမ်မြို့နယ် ဘင်ခရာ တီးဝိုင်းတွင်လည်း နည်းပြဆရာလုပ်ခဲ့သည်။ အောင်အောင့်လက်ထဲမှာ ဘင်ခရာနည်းပြသင်တန်း၌ ဆရာတွေအတွက် ပြဠာန်းသော "မျက်စိအကြား နားအမြင်" စာအုပ်ကို ကိုသျှပ်တွေ့သွားသည်။

ရွာစား စိန်ဝေလျှံ၏ သားဦးဟန်ဝင်း ရေးသားပြုစုထားခဲ့သည့် အဆိုပါ စာအုပ်ကြောင့် ကိုသျှပ်၏ မျက်လုံးများ ပွင့်ကျယ်သွားခဲ့သည် ဆိုရမည်။ စာအုပ်ကို လက်က မချနိုင်အောင် ကိုးကွယ်ထားခဲ့သည်။ သူ့အပေါ်မှာ ကြီးစွာသော သြဇာလွှမ်းမိုးမှု ရှိသွားခဲ့သည့် စာအုပ်ဖြစ်လေသည်။

(၅)
"မျက်စိ အကြား၊ နား အမြင်" စာအုပ်ထဲက ပဲပင်ပေါက်ကလေးများသဖွယ် နိုင်ငံတကာ Pukka နုတ်စ်တွေကို ကိုသျှပ်ဖတ်နိုင်သည်။

မနက်မိုးလင်းချိန်မှ ညမိုးချုပ် အိပ်ချိန်အထိ စာအုပ်ထဲက နုတ်စ်တွေ၊ စကေးလ်တွေအတိုင်း တစ်သဝေမတိမ်း ရအောင် တစ်ဖွဲ့လုံးကို ကောင်းကောင်းမောင်းတော့သည်။ ဂီတာ တစ်လက်ချင်း တီးခတ်ရာမှ အထက်အောက် လက်ခတ်ဆွဲပုံ Up and down stroke တွေကအစ သေသေချာချာ အသေးစိတ် သင်ပြပေးခဲ့သည်။

ထိုအချိန်မှာ သူတို့ တစ်ဖွဲ့လုံး ကိုသျှပ်ကို မော်ကြည့်ဝံ့သူ မရှိခဲ့ကြချေ။ တစ်ဖွဲ့လုံးအပေါ် သူ၏ သြဇာညောင်းသည်။ ကိုသျှပ်ကို သူတို့လေးစား ခန့်ညားကြသည်။ ကိုသျှပ်သည် သူတို့၏ သူရဲကောင်း။ သူတို့၏ နေရာသစ်ရှာပေးသူ။ ဦးဆောင်သူ ဖြစ်၍ လာခဲ့သည်။

ကိုသျှပ်ကား အချင်းချင်းကြားမှာ ဆဲဖို့ ဝေးစွ။ စကားပင်အပိုမပြော။ စည်းကမ်းရှိသည်။ အရက်သောက်လည်း ဘယ်လောက်သောက်သောက် မူးသည်မထင်ရ။ အကြောင်းမှာ ရေချိန်တက်ချိန်၌ စကားတွေ ဖောင်လာတာမျိုး၊ ရစ်တာမျိုး မရှိ။ အရက်သောက်ရင်း ဂီတာ တီးကြတိုင်း အားလုံးမှောက်ကုန်ကြသည့်တိုင် သူကတော့ တစ်ယောက်တည်း။ မျက်မှန်ထူထူအောက်မှ တောက်ပသော မျက်လုံးများနှင့် နုတ်စ်စာရွက်တွေ တစ်ရွက်ချင်းလှန်၊ ဂီတာဆက်တီးပြီး ကျန်နေခဲ့စမြဲ။

(၆)
ဒူပေနာပေခံနိုင်တာတော့ တကယ် အောချရလောက်သည်။

အိပ်တော့လည်း ဖြစ်သလို။ ခေါင်းအုံးမရှိလည်း အုတ်နီခဲကို သတင်းစာပတ်ပြီး အိပ်နိုင်သည်။ မနက်ကျလျှင်ဖြင့် နေမြင့်သည့်တိုင် မနိုးတတ်။

"ကိုသျှပ် … ကိုသျှပ် … ထ … ထ" ဆိုလျှင် အင်းအဲနှင့် "င့ါမျက်လုံးတွေကော ……….." ဟု အောက်ချထားသော မျက်မှန်ကို မေးရင်းစမ်းသည်။

ပြီးလျှင် နံနက်စာကို မတောင့်တ။ မနက်ခင်း ပတ်လောက်တော့ အရင်တစ်ခွက် တစ်ဖလား နည်းနည်းလေး သောက်လိုက်သေးသည်။

ပြီးသည်နှင့် "ဟေ့ကောင် ပထန်။ မနေ့ဟာ ပြန်တီးစမ်း" ဆိုပြီး စကေးများ ပြန်မောင်းတော့သည်။ ပွဲတစ်ပွဲဆိုပြီး ပြန်လာလည်း သူတို့အဖွဲ့သားတွေ မနားရ။ နုတ်စ်တွေ အတိုင်းဆက်ပြီး လေ့ကျင့်သည်။

"သီချင်းက အဓိကမဟုတ်ဘူး။ တကယ့်အခြေခံက နုတ်စ်ပဲ။ ဂီတပညာတတ်မှပဲ သီချင်းကို လုပ်သင့်တယ်" ဟု ကိုသျှပ်အလေးအနက်ထားပြောတတ်သည်။

(၇)
ထိုအချိန်မှာ ကိုသျှပ်စကားနည်းခြင်း၏ အကြောင်းရင်းတွင် အာရုံစူးစိုက်စရာ ဂီတရှိနေ၍ဖြစ်သည်။ သူ့စိတ်က တီးဖို့ စဉ်ထားသမျှ သီချင်းများအတွက် ကော့ဒ်ရှာမည်။ နုတ်စ် ထုတ်မည်။ အရိန့်ခ်ျ လုပ်မည်။ ဂီတကိုပဲ စူးနစ်ထားခဲ့သည်။ သီချင်းအတွက် နုတ်စ်ရေးရာတွင် နိုင်ငံတကာနုတ်စ်နှင့်သာရေးသည်။ ဘယ်သူ့ကိုမျှ အယုံအကြည်မရှိ။ တစ်ယောက်တည်းဒိုင်ခံ တာဝန်ယူခဲ့သည်။

ကိုသျှပ်က ဂီတပိုင်းနှင့်ပက်သက်ပြီး အားလုံး စီမံခန့်ခွဲခဲ့စဉ် မြင့်သန်းက သူတို့ Shore of Peace တီးဝိုင်း၏ မန်နေဂျာ။ ကျောင်းက စီစဉ်ထားရှိပြီး သူတို့ကို အပ်လာသမျှ ဖဲဝဲလ်၊ ၀ဲလ်ကမ်း၊ ဒင်နာပွဲတွေကို အကုန်လက်ခံစီစဉ်သည်။ အောင်ကျော်ဦးက တီးဝိုင်းပစ္စည်းကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးခဲ့လေသည်။

မေဂျာတီးဝိုင်း၏ တာဝန်ခံ ဆရာမက ဒေါ်စန်းစန်းကြူ။

ဆရာမ၏ အကျင့်က စကားပြောရင်း မထိတ်သာ မလန့်သာ တစ်ခုခုဆိုလျှင် သူ့ရင်ညွန့်ကို လက်ကလေးနှင့် ထောက်ပြီး "အမလေးရှင်၊ အမလေးဟယ်" လုပ်တတ်သည်။ တပည့်တွေအပေါ် နားလည်သလောက် သူတို့ တီးဝိုင်းအဖွဲ့ကိုလည်း သည်းခံခဲ့သူဖြစ်သည်။

(၈)
ကျောင်းပွဲ တစ်ခုခုရှိ၍ သီချင်းဆိုမည့်ကျောင်းသူ ကျောင်းသားများကို အသံစစ်ပြီဆိုလျှင် ဆရာမ ဒေါ်စန်းစန်းကြူနှင့် ကိုသျှပ်တို့ အတူတူ ထိုင်ရွေးရသည်။

ဆရာမက ကိုသျှပ်ကိုပဲ အဆုံးအဖြတ်တာဝန်ပေးသည်။ စင်ပေါ်တက်ခွင့်ရဖို့ မရဖို့က ကိုသျှပ်၏ အဆုံးအဖြတ်သာလျှင် အဓိကဖြစ်သည်။ အစမ်းဆိုပြပြီးလျှင် ဆရာမက -

"သျှပ်ရေ ၊ ဘယ်လိုလဲ ၊ ကြိုက်လား" ဟုလှမ်းမေးသည်။

သူက မျက်မှန်ထူထူလေးကို အပေါ်သို့ အသာတွန်းတင်ပြီး တစ်ချက်မော့ကြည့်လိုက်လျှင်ပြီးပြီ။

ကျောင်းသူတွေက ထိုအချိန်မှာ ခေတ်စားနေသော ဖြူသီသီချင်းတွေပဲ ရွေးဆိုကြတာများသည်။ တစ်ယောက်လာလည်း -
"လွမ်းငွေ့ဝေေ၀၊ ချစ်သူခင်သူ တစ်ဦးမှာ ရုပ်သွင်မူရာ ခံ့ညားနေ"

နောက်တစ်ယောက်လာလည်း "လွမ်းငွေ့ဝေေ၀၊ ချစ်သူခင်သူ တစ်ဦးမှာ …" ဖြစ်နေကြ၍ ကိုသျှပ်က "ဆရာမ၊ ပထမနှစ်ကနေ ဖိုင်နယ်အထိဆိုမယ့် ကျောင်းသူအားလုံး ဒီသီချင်း တစ်ပုဒ်နဲ့ စင်ပေါ်တစ်ပြုံတည်း တင်ပေးလိုက်ရင် ကောင်းမယ်။ ဒီသီချင်းတစ်ပုဒ်ကိုပဲ သူတို့ဝိုင်းဆိုကြ။ ကျွန်တော်တို့လည်း တစ်ခါတည်းတီးပေးရတာပေါ့" ဟု မှတ်ချက်ချ၍ ဆရာမလန့်ပြီး "အမလေးဟယ်" ဖြစ်ရသည်။

သာထူးက ထိုအကြောင်း..မသိ။ ကိုသျှပ် စိတ်တိုင်းကျမည့် ကီးနှင့် နုတ်စ်ဝင်အောင် ယောကျာ်းလေးတွေကို တစ်ဖက်လှည့်နှင့် ကြိုတင်စီစဉ်၊ဇာတ်တိုက်ပေးပြီးမှ ကိုသျှပ်တို့ အသံစစ်ဆေးရာဆီသို့ ပို့ပို့ပေးသည်။

တစ်ယောက်လာလည်း "မိန်းကလေး။ လာပါကွာ၊ ဒီကောင်မလေး၊ နင်ဒီလို ငိုမနေပါနဲ့"
နောက်တစ်ယောက်လည်း "လာပါကွာ၊ ဒီကောင်မလေး"
သို့ဖြင့် ကိုသျှပ်၏ လေအေးအေးနှင့် ဆူပူကြိမ်းမောင်းတာ ခံကြရပြန်သည်။

(၉)
တကယ်တော့ ဇူလိုင်၊ သြဂုတ်၏ ဟိုမှာဘက်တွင် စာမေးပွဲက လက်တစ်ကမ်းမျှသာ ဝေးတော့သည်။ အောင်ကျော်ဦးတို့ တီးဝိုင်းသမား တစ်သိုက်ကား တစ်နှစ်လုံးလည်း အတန်းတက်မမှန်။ စာတွေက ခေါင်းထဲမှာ ကောင်းကောင်းမရှိ။ ဆရာ၊ ဆရာမတွေက စာမတတ်၍ ဆူ။ သို့သော် သူတို့ စိတ်မပူ။ သူတို့ စိတ်ကူးအာရုံအထဲမှာ တစ်ခုပဲရှိသည်။ အားသွန်ခွန်စိုက် လုပ်နေကြတာ ရည်ရွယ်ချက် တစ်ခုပဲရှိမည်။ သူတို့၏ အိပ်မက်က တီးဝိုင်းလေး တစ်ဝိုင်းသာဖြစ်သည်။ စနစ်တကျ၊ လှလှပပ၊ သပ်သပ်ရပ်ရပ် တီးခတ်နေသော တီးဝိုင်းလေး။

သူတို့အထဲမှာမှ ကိုသျှပ်က အန္တရာယ်အများဆုံး။ အပြင်ဖြေ External ကျောင်းသား။ စာမေးပွဲနှစ်ခါ ကျထားပြီးသားဖြစ်၍ နောက်ထပ်တစ်ခါများ စာမေးပွဲမအောင်လျှင် ကောလိပ်ပရိဝုဏ်ကို အပြီးအပိုင် စွန့်ခွာရတော့မည်။ သို့သော် သူ့ခေါင်းထဲမှာ စာမေးပွဲမရှိ။ ဌာနက ခဏထုတ်ပေးထားသော only ကက်ဆက်အစုတ်ကလေးတစ်လုံး၊ ဂီတာတစ်လက်တို့ကို ပွေ့ပိုက်လျက် ကြွက်နီတို့အိမ်၊ သာထူးတို့ အဆောင်၊ ဦးမြင့်တို့ လှမိုးတို့ အဆောင်တွေမှာ ကြုံသလို လိုက်နေနေရင်း သီချင်းဂီတနှင့်သာ လုံးလုံးလျားလျား မွေ့လျော်နေတတ်သည်။

(၁၀)
ကိုသျှပ်က မနက်မိုးလင်းသည်နှင့် သီချင်းနားထောင်၊ နုတ်စ်ထုတ်။

သူ့ရည်ရွယ်ချက်က ကိုယ်ပိုင်တီးဝိုင်းလေး တစ်ခုဖြစ်ဖြစ်မြောက်မြောက် ပေါ်လာစေချင်သည်။ ဒါကိုပဲ တစ်ချိန်လုံး စိတ်ကူးအိပ်မက်မက်နေခဲ့သည်။

"၁၉၈၇ ခုနှစ်ကျရင် ငါတို့ Band တစ်ခု ပီပီပြင်ပြင်ဖြစ်ရမယ်။ အဲဒီနှစ်ကျ ရွှေတိဂုံဘုရားတပေါင်းပွဲတော်မှာ ငါတို့ တက်တီးနိုင်ဖို့ လုပ်ကြမယ်" ဟု ကိုသျှပ်က သူ့ရည်မှန်းချက်ကို ဖွင့်ဟ ကြွေးကြော်နှိုးဆော်ထားခဲ့သည်။

ထိုအချိန်မှာ နိုင်ငံသိအဆိုတော် မောင်ဂဠုန်က ဟင်္သာတမှ လာတက်သော ပုသိမ်ကောလိပ်ကျောင်းသား။ LPJ တီးဝိုငးနှင့် အခွေထွက်ထားပြီးပြီ။ မောင်ဂဠုန်တို့ ဟင်္သာတသားတွေ၏ တီးဝိုင်းက မဉ္ဇူဆောင်မှာ တီးကြသည်။ Shore of Peace က ယုဇနဟောလ် ဒင်နာမှာ တီးကြမည်။ သူတို့ ကျောင်းတွင်းဝိုင်းလေးတွေက လူငယ်ပီပီ အပြိုင်အဆိုင်။

"မင်းတို့ မှတ်ထား။ အနုပညာမှာ များများကြီး လေ့ကျင့်ထားဖို့ လိုတယ်။ ချွေးထွက်များမှ သေးထွက် နည်းမယ်" ဟု ကိုသျှပ်က ပြောတတ်သည်။

"ဟာဗျာ၊ ကိုသျှပ်ကလည်း တောက်တီးတောက်တဲ့။ ချွေးထွက် များမှ သွေးထွက် နည်းမယ်ပဲ ကြားဖူးပါတယ်" ဟု ဆိုလျှင် -

"မင်းတို့ နားမလည်သေးဘူး။ ဘာပဲပြောပြော အပြိုင်အဆိုင်ကတော့ ရှိတာပဲ။ သူတို့က စင်အောက်မှာ လာကြည့်ရင်း ဝေဖန်ကြမှာပဲ။ ငါတို့ အသားကျအောင် လေ့ကျင့် ထားတော့ စင်ပေါ်ကျရင် ငြိမ်နေမယ်။ ထူးပြီး စိတ်တုန်လှုပ်စရာ မရှိဘူး။ တစ်မျိုး ပြောရင် ကြောက်သေး ပါစရာ မရှိတော့ဘူး။ အဲဒါကြောင့် ချွေးထွက် များရင် သေးထွက်နည်းမယ် ပြောတာ၊ သဘောပေါက်လား" ဟု ဆိုသည်။

နောက်ပိုင်းတော့ သူတို့တစ်တွေ မောင်ဂဠုန်နှင့်လည်း ခင်မင် သွားကြသည်။ LPJ နှင့် မတီးရသေးသော သီချင်းသစ်လေးတွေ သူတို့ အဖွဲ့ကို တီးပေးဖို့ပင် လာပြောသည်။

(၁၁)
ထိုစဉ်တုန်းက ကိုသျှပ်သည် သီချင်းစီးရီး ထုတ်ဖို့ စိတ်ကူး စိတ်သန်း ရှိသည်ဟူ၍ တစ်ကြိမ် တစ်ခါမျှ မပြောခဲ့စဖူး။ သီချင်းတွေတော့ သူ ရေးသည်။ သူ၏ အပြင်းပြဆုံး အာသီသက လက်ငှားဖို့သာ ဖြစ်သည်။ တီးဝိုင်း၏ ဂီတပိုင်းကို အကောင်းဆုံး အရိန့်ခ်ျ လုပ်ဖို့သာ ဖြစ်သည်။

"မသပ်မရပ်တာတွေ လုပ်ဖို့အတွက် သပ်သပ်ရပ်ရပ် ကြိုတင် ပြင်ဆင် ထားရတယ်" ဟု ကိုသျှပ် အစဉ်တစိုက် ပြောခဲ့တာကို အောင်ကျော်ဦးတို့တစ်တွေ လက်ခံခဲ့ရသည်။

(၁၂)
ကိုသျှပ်၏ စိတ်ကူးအိပ်မက် ရည်မှန်းချက်က ရောင်းတမ်း တီးဝိုင်း၊ အငှားလိုက် တီးဝိုင်း ဆိုသော်လည်း "ငုဝါ"၊ "ဖြူနီညိုပြာ" တို့လို ပုသိမ်ဒေသန္တရ တီးဝိုင်း အဆင့် မဟုတ်။ နိုင်ငံအနှံ့ လက်သင့်ခံနိုင်သည့် တီးဝိုင်းကြီးမျိုး ဖြစ်သည်။

အသက် ၁၉-၂၀ အရွယ် လူငယ်လေး ကိုသျှပ်၏ စိတ်က ဘုံဖျား ရောက်နေသော်လည်း သူတို့ လူတွေကတော့ ချုံကြားမှာပဲ ရှိသေးသည်။ လူ၊ ပစ္စည်း၊ အတတ်ပညာ အစစအရာရာ ချို့တဲ့နေသေးသည်။

"ငုဝါ"၊ "ဖြူနီညိုပြာ" တို့လို ရောင်းတမ်း တီးဝိုင်းကြီးတွေမှာ သူတို့ကိုယ်ပိုင် တူရိယာ၊ စက်ပစ္စည်းတွေ ကိုယ်စီကိုယ်င အစုံအလင် ရှိကြသော်လည်း ကိုသျှပ်တို့လို ကျောင်းတွင်း အပျော်တမ်း တီးဝိုင်း လေးတွေမှာတော့ဖြင့် စက်နှင့် ပစ္စည်း အားလုံး ငှားရမ်းပြီး တီးခတ်ရသည်။

ထိုအချိန်တုန်းက ပုသိမ်မြို့မှာ တီးဝိုင်းစက်တွေ ငှားရမ်းသော ဌာန တစ်ခု ရှိသည်။ ဦးမြသွင် စက်နှင့် ဦးကြီးမြင့် စက် ဖြစ်၏။

ဒီတစ်ခါ ဦးမြသွင်နှင့် အဆင်မပြေ ဦးကြီးမြင့်။ နောက်တစ်ခါ ဦးကြီးမြင့်နှင့် ထစ်ငေါ့ခဲ့သော် ဦးမြသွင်။ ပြောင်းပြောင်းပြီး ငှားကြသည်။ နေရာ ပြောင်း၍သာ ငှားရသည်။ ဦးကြီးမြင့်နှင့် ဦးမြသွင်တို့ နေရာတွေက ဘေးချင်း ကပ်ရက်သား။ ပိုင်ရှင်တွေကတော့ ဘယ်လို နေကြမည်။ မသိ။ သူတို့တစ်တွေကတော့ ရူးချင် ယောင်ဆောင်ပြီး မျက်နှာပြောင်တိုက် ကိုယ် ငှားချင်ရာဘက် ၀င်ငှားတတ်ကြသည်။ မျက်လုံးချင်း တည့်တည့် ဆုံမိကြတော့လည်း ပြုံးဖြဲဖြဲ လုပ်နေလိုက်ကြသည်သာ။

(၁၃)
ထိုနှစ် ဖဲဝဲလ်ပွဲတွင် ဦးမြသွင်၏ စက်များကို ငှားဖို့ ပစ္စည်း တာဝန်ခံ အောင်ကျော်ဦး ဆုံးဖြတ်လိုက်သည်။ ကိုသျှပ်ကတော့ ချက်ဆို နားခွက်က မီးတောက်ပြီးသား။ "ဒီကရင်၊ ဦးမြသွင်စက် ဘာလို့ ငှားလဲ ဆိုတာ ငါ သိတယ်" ဟု ဆိုသည်။

အောင်ကျော်ဦး (ကြွက်နီ) ကတော့ ထိုစကားကို မကြားချင် ဟန်ဆောင်ပြီး မျက်လုံးကလေး ပေကလပ် ပေကလပ် လုပ်နေလိုက်သည်။ ဦးမြသွင်၏ ဂီတာတွေက သိပ်ကြီး မကောင်းလှ။ ရမ်ဆက်ကတော့ ကောင်းသည်။ အောင်ကျော်ဦးက ဒရမ်မာဆိုတော့ ဒရမ်ဆက် ပိုကောင်းသည့်ဘက် အသာလေး ပါအောင် ယက်လိုက်ခြင်း ဖြစ်သည်။ ဒါတင်မက သည်တစ်ချီမှာတော့ ဒရမ်ဆက် ကောင်းကောင်းတစ်စုံ မြောင်းမြကနေ ရအောင် ဆွဲပေးမည်ဟု ဦးမြသွင်က အောင်ကျော်ဦးအား တိုးတိုးတိတ်တိတ် လက်တို့ သတင်း ပေးထားပြီးနေပြီ။ အဲသည်တော့ ဦးမြသွင်တို့ စက်ကို ငှားဖို့ ကြွက်နီ ဆုံးဖြတ်လိုက်တာ ဘာမျှ မဆန်း။

ဦးမြသွင် အသစ် ၀ယ်လိုက်သော Revert စက်က အဆိုအတွက်ကော၊ ဂီတာတွေအတွက်ပါ အသုံးတည့်တာကလည်း အကြောင်းပြချက်ကောင်း တစ်ခု ဖြစ်နေတော့သည်။

(၁၄)
ဘာပဲပြောပြော ဦးမြသွင်၏ ဂီတာတွေက ပြဿနာ ရှိသည်။ အဖွဲ့သားတွေ စိတ်တိုင်းမကျလျှင် ပူညံပွက်ညံ ဖြစ်လာနိုင်သည်။ စောဒကတွေ တက်ကြတော့မည်။ အောင်ကျော်ဦး (ကြွက်နီ) ဥာဏ်တွေ ထုတ်ရပြီ။ အဆက်အသွယ် အပေါင်းအသင်းတွေကို လှည့်ပတ် စဉ်းစားသည်။ ဟုတ်ပြီ။ လိဒ်ဂီတာကို မျိုးအောင်ဆီက ဆွဲလိုက်မည်။ မျိုးအောင်က ပုသိမ်နှင့် ၁၆ မိုင်ခန့် ဝေးသော ကန်ကြီးထောင့်မှာ နေသည့် သူဌေး။ ဂီတာ အတီး ကျင့်ချင်၍ ကိုယ်ပိုင် ဆောလစ် ဂီတာ တစ်လက် ၀ယ်ထားသူ။ သူ့ဂီတာက စင်ကာပူလုပ် ဂစ်ဘဆင်ပုံ အသစ်ကျပ်ချွတ်။ ဟုတ်ပြီ။ ပထန်အတွက် ရအောင် ဆွဲပေးမည်။

ကိုသျှပ်အတွက် ဘေ့စ်ဂီတာပဲ ကျန်သည်။ စဉ်းစား၊ စဉ်းစားစမ်း။ ဘယ်က ရမလဲ။ ဘေ့စ်ဂီတာ ကောင်းကောင်း တစ်လက် ဘယ်က ရမလဲ။ ဟုတ်ပြီ။ စောဆင်မြူရယ် (စမ်းမြယ်) မှာ ကိုယ်ပိုင် ဘေ့စ်ဂီတာ တစ်လက် ရှိသည်ပဲ။ ပေါ်ပြူလာ ဦးမန်းချစ်ရွှေ၏ လက်ထွက်။ Pick up နှင့် ကြိုးတွေက Fender။

ပုသိမ်မြို့ပေါ်မှာတော့ဖြင့် အကောင်းဆုံးသော ဘေ့စ်ဂီတာဟုပင် ဆိုရမည်။ ကိုသျှပ် လက်နှင့် စမ်းမြယ်၏ ဘေ့စ် ဂီတာ။ မတွေ့တွေ့အောင် စက်ပစ္စည်း တာဝန်ခံ အောင်ကျော်ဦး စီစဉ်ရတော့မည်။

(၁၅)
ပွဲ နီးကပ်လာသည့် တစ်နေ့မှာ ဌာနမှူးက တီးဝိုင်းတာဝန်ခံ ဆရာမဒေါ်စန်းစန်းကြူ အပါအ၀င် သူတို့ အဖွဲ့ကို ခေါ်တွေ့သည်။

"ကဲ ဆရာတို့ မေဂျာ ဖဲဝဲလ်အတွက် မင်းတို့ တီးဝိုင်းက ကုန်ကျမယ့် စက်ငှားခကို တင်ပြကြ။ ဆရာတို့ ဌာနက ခွင့်ပြုနိုင်တဲ့ ပိုက်ဆံနဲ့ လောက်သလား ကြည့်ရမယ်" ဟု ဆိုသည်။

အပြင် ရောက်တော့ ဆရာမ မေးရပြီ။
"ဟေ့. . . သျှပ်၊ မင်းအတွက် ဘေ့စ်ဂီတာ သပ်သပ်ငှားပေးဖို့ ကြွက်နီကို ပြောထားတယ်ဆို၊ အဲဒါ ဘယ်လောက် ကျမလဲ"

"ဒီကောင် ပြောတာ သုံးရာလောက် ကျမယ်တဲ့၊ ဆရာမ"
"အမလေး . . .သျှပ်ရယ်"
ဆရာမက သူ့ရင်ဘတ် သူလက်နှင့် ထောက်နေရပြီ။ ထိုခေတ် ထိုအခါက ကျပ်သုံးရာ ဆိုတာ မနည်းမနောကြီး။
"ဟယ် . . . သျှပ်ရယ်၊ ဦးမြသွင် ဂီတာနဲ့ပဲ တီးလို့ကော မရဘူးလား"
"ရတော့ ရပါတယ် ဆရာမ။ ကျွန်တော်တို့က ပိုကောင်းချင်လို့ ဂီတာ ကောင်းကောင်းနဲ့ စီစဉ် ရတာပါ"

ကိုသျှပ်က လေအေးအေးနှင့် ပြောသည်။ သို့သော် တစ်စက်မျှ လျှော့မည့်ပုံ မရှိသဖြင့် ဆရာမက အောင်ကျော်ဦးဘက် လှည့်လာသည်။
"မောင်ကြွက်နီ၊ ဆရာမ ပြောမယ်၊ ဂီတာဖိုးကို နည်းနည်း လျှော့ရင် ကောင်းမယ် "
ဟုတ်ကဲ့။ အောင်ကျော်ဦးကလည်း အစွမ်းကုန် ညှိနှိုင်းပေးဖို့ ဆုံးဖြတ် ပြီးပါပြီ။ ဌာနက ခွင့်ပြုနိုင်သော ငွေပမာဏလည်း အကန့်အသတ် ရှိနေသည်။ ကိုသျှပ်ကလည်း ဒီဂီတာ မှ ဒီဂီတာ။ မရလျှင် လုံးဝ မဖြစ်သည့် အချိုး။

အောင်ကျော်ဦးကတော့ ဗျာများပြီ။
ဘာပဲဖြစ်ဖြစ် စမ်းမြယ်ဆီသို့ အပြေးသွားကာ ရင်ဘတ်စည်တီး အမျိုးမျိုး လှည့်ပတ်ဖွဲ့နွဲ့ ပြောရဦးတော့မည်။ တစ်ကြိမ်နှင့် မရလျှင် အကြိမ်ကြိမ် သွားမည်။ တွေ့တိုင်း အပူကပ်ပြီး ပြောမည်။နောက်တော့မှာ အသနား လွန်သွားပြီး အလကားပဲ ဖြစ်ဖြစ် မရရအောင် တောင်းပန်ရတော့မည်။

(၁၆)
နောက်ဆုံးတော့ စမ်းမြယ်နှင့် ညှိနှိုင်းပြောဆို အဆင်ပြေ သွားသည်။
အဲသည်လို သဘောတူညီမှုရထားပြီးသော်ငြားလည်း တစ်ဘက်မှ ကိုသျှပ်က တပူပူတစာစာ။ အင်မတန်စကားနည်းခဲ့ရာမှ ယခုတော့ဖြင့် ဘေ့စ်ဂီတာအတွက် စကားလုံးတွေ သွန်ချသည်။

တကယ်ဆိုမျိုးအောင်၏ လိဒ်ဂီတာလည်း ပွဲနေ့ကျမှပဲယူရမည်။ ဒရမ်ဆက်လည်း ထိုနေ့မနက်ကျမှ မြောင်းမြက ရောက်လာမည်ဖြစ်သည်။ ဒီကြားထဲမှာ ရီဟာဇယ်ကိုတော့ ရှိတာတွေနဲ့ပဲထိန်းပြီး တီးထားရမည်။ သို့သော် ကိုသျှပ်က တားမနိုင်၊ ဆီးမရ။ စက်တွေပြင်ဆင်ပြီး သီချင်းစတိုက်မည်အပြုမှာ ဂြိုလ်ကျပြီ။

"ဟေ့ကောင် ကြွက်။ မင်းပြောထားတဲ့ စမ်းမြယ် ဂီတာကော"
"ပွဲနေ့ကျ ရမယ်လေဗျာ"
"ဟာကွာ၊ မဟုတ်သေးဘူးလေ။ ငါအခုကတည်းက အဲဒီဂီတာနဲ့ တီးကြည့်ထားချင်တာကွ။ ဒါမှ သူ့ဂီတာရဲ့ အထာကို သိရမှာပေါ့"
ထိုသို့ ဂျီတိုက်တော့သည်။
"ကိုသျှပ်"

အောင်ကျော်ဦးက မေတ္တာရပ်ခံဖို့ ကြိုးစားသည်။ ချစ်ရိုသေရသော ကိုသျှပ်ကို သူလွန်ဆန်ဖို့ အခက်တွေ့နေဆဲ။ ဆရာမ ဒေါ်စန်းစန်းကြူကလည်း ၀င့်တဲ့၍ -
"အေးလေ၊ မောင်ကြွက်နီရယ်။သျှပ်ပြောတာဟုတ်တာပဲ။ မင်းပဲ ယူပေးမယ်ဆို"

ထိုအချိန်မှာတော့ အောင်ကျော်ဦး ဘာမျှမတတ်နိုင်တော့ပြီ။ အားလုံးကို လက်မြှောက်အရှုံးပေးရပြီ။ ရေချမ်းကို လက်တို့ပြီး နှစ်ယောက်သား စက်ဘီးနှင့် ထပြေးရတော့သည်။

(၁၇)
စမ်းမြယ်ကို မတွေ့တွေ့အောင်ရှာ။ မရရအောင် ရှင်းပြ တောင်းပန်ပြောဆိုလိုက်တော့ ဘေ့စ်ဂီတာရလာသည်။
ဝါဆို ၀ါခေါင်ကာလ။ မိုးက စိတ်မချရ။ အပွန်းအရှလည်း ခံ၍မဖြစ်။ သို့ဖြစ်၍ ဘေ့စ်ဂီတာကြီးကို ကရင်ပုဆိုး တစ်ထည်နှင့်ပက်ပြီး သယ်လာခဲ့ရတော့သည်။
"ရော့ ဗျာ၊ ကိုသျှပ်"

ဘေ့စ်ဂီတာကို လက်ထဲအပ်လိုက်သောအခါကျမှ တီးဝိုင်းတိုက်ဖို့ကိစ္စ၊ ဘာဆိုဘာမျှ မလုပ်သေးဘဲ ငုတ်တုတ်ကလေး ထိုင်စောင့်နေခဲ့သည့် ကိုသျှပ်က သူ၏ မျက်မှန်ထူထူလေးကို တစ်ချက်ပင့်ကာ -
"ဆရာမ၊ ကျွန်တော်တို့ စလို့ရပါပြီ" ဟု လုပ်တော့သည်။

(၁၈)
ဇူလိုင်လ၏ နေ့တစ်နေ့။
ဓာတုဗေဒဌာန၊ မေဂျာဖဲဝဲလ်အတွက် တစ်နေကုန်သီချင်းတိုက်အပြီး။ သူတို့သူငယ်ချင်းတစ်စု ဦးပြုံး(မိုးပြာ)ဆိုင်တွင် စကားဝိုင်းဖွဲ့ပြောဆိုနေကြရာမှ အောင်ကျော်ဦး (ကြွက်နီ)က -

"သာထူးရေ၊ တို့ဒီည Serenade လုပ်ရအောင်ကွာ" ဟု မသိမသာ စကားစလိုက်သည်။
"ခွေးသား၊ သီတဂူမှာ ဆိုချင်တာ မဟုတ်လား"

အကြောင်းသိ သာထူးက အတပ်ပြောလိုက်သည်။ သီတဂူသည် အဆောင်မရသောနယ်က ကျောင်းသူတွေကို လက်ခံပေးထားသည့် အပြင်ဆောင်ကလေး။ အောင်ကျော်ဦး စိတ်ဝင်စားသော ကောလိပ်ကျောင်းသူကလေးက သီတဂူဆောင်မှာနေသည်။

"အေးပါကွာ၊ ညနေကတည်းက မင်းနေရာဦးထားပေး"
အောင်ကျော်ဦးက ဘာဆိုဘာမျှ မသိသလိုမျိုး မျက်တောင်ကလေး တစ်ချက်နှစ်ချက် ပုတ်ခတ် ပုတ်ခတ်နှင့် နေရာဦးထားဖို့ ပြောရင်း အတည်ပြုပေးလိုက်သည်။
ထိုစဉ်တုန်းက ကိုသျှပ်သည် သီတဂူဆောင်နံဘေးနားက သီတာဦးဆောင်မှာ တစ်လှည့်။ ခေတ္တရာဆောင်မှာ တစ်လှည့်။ သူ့မိတ်ဆွေ အပေါင်းအသင်းများနှင့် ကြုံသလို နေနေခဲ့သည်။ ကိုသျှပ်က -

"ဟေ့ကောင် ကရင်။ မင်းရယ်။ ပထန်ရယ်။ ရေချမ်းရယ် လာမယ်ပေါ့"
"ဟုတ်တယ်၊ ကိုသျှပ်။ မြင့်သန်းက ပုန်းညက်မြိုင်မှာ တင်နေတာ"ဟု အောင်ကျော်ဦးက အားတက်သရော ဖြေလိုက်သည်။ ကိုသျှပ်ပါလာလျှင်တော့ ပွဲမြိုင်ပြီဖြစ်သည်။
"အေး ဟုတ်ပြီလေ။ ပထန်၊ မင်းနုတ်စ်တွေ အားလုံးယူခဲ့။ ဘုတ်ထောင်ဖို့ ကတ်ပါယူခဲ့။ ဖယောင်းတိုင်လည်း မမေ့စေနဲ့"

(၁၉)
ဤသို့ဖြင့် သူတို့တစ်တွေ ညချမ်းချိန်ခါ တေးသံသာဖို့ သီတဂူဆောင်ကို တပျော်တပါးကြီး ချီတက်ခဲ့ကြသည်။

သူတို့ရောက်သွားတော့ သာထူးရောက်နှင့်နေပြီ။ သီတဂူဆောင်ရှေ့နားလေးမှာ ဖျာစုတ်တစ်ချပ်နှင့် နေရာဦးထားပြီးခဲ့ပြီ။ သူတို့အုပ်စုထဲက တစ်လုံးတည်းသာ ဂစ်တာအသစ်ဖြစ်သည့် "ဂစ်တာ မြို့တော်"နှင့် သီချင်းဟဲနေပြီ။

"ထာဝစဉ်သာ …ချစ်တဲ့သူရဲ့အနားမှာနေလိုက်ချင်…။လည်တိုင်မှာ….၀တ်ဆင်လာတဲ့ဆွဲကြိုးလေး…ဖြစ်ချင်….။ ချစ်တဲ့သူ…မင်းကြည်ဖြူရင်…ပြောပြမယ်နားဆင်….။ မင်းရင်ထဲအသည်းထဲက …နှလုံးသားလေး…ဖြစ်ချင်…"
"သံသာသာတေးလေးတွေကို …မင်းနားဆင်ရင်အမြဲပင်…ကော်ရစ်ဒါခန်းမ….အလယ်က ပြတင်းပေါက်လေး…ဖြစ်ချင်။ ချစ်တဲ့သူ … မင်းကြည်ဖြူရင် …ပြောပြပါမယ်…နားဆင်။ မင်းငုံထားတဲ့ (…)လေး…ဖြစ်ချင်…"


ထိုနေရာအရောက်မှာ သကြားလုံးလေးဟု ဆိုရမည့်အစား ချေးတုံးလေးဟု သာထူးက ဆိုထည့်လိုက်ရာ သီတဂူ တစ်ဆောင်လုံးဝါးခနဲ ပွဲကျသွားတော့သည်။

(၂၀)
ထိုအချိန်မှာပင် ကိုသျှပ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။
"ဟေ့ကောင် သာထူး။ အဲဒီသီချင်းပြန်ဆိုမယ်"
သာထူးက ရုတ်တရက် ဘာပြောရမှန်းမသိ။ ကြောင်အမ်းအမ်းဖြစ်သွားရသည်။
"ဗျာ … ကိုသျှပ်"
"အေး…ဟုတ်တယ်။ ပြန်ဆိုကြမယ်။ မင်းက soprano ဆို။ ကရင်က tenor နဲ့ ငါက Alto ဆိုမယ်။ ပထန် မင်းက Bass နော်။ အေး … ဒီက နုတ်စ်တွေအတိုင်း မလွဲစေနဲ့" ဆိုပြီး ဆိုရမည့် နုတ်စ်များကို ချပေးလိုက်ပါတော့သည်။

(၂၁)
ဟာမိုနီတွေ စီစဉ်နေဆဲ ကြားကာလမှာ အတန်ကြာမျှ အသံတိတ်နေသောကြောင့် သီတဂူတစ်ဆောင်လုံးက ကျောင်းသူတွေ နားတစွင့်စွင့်။ ပြတင်းပေါက်က ပြူတစ်ပြူတစ်။ ဘာတွေများဖြစ်နေကြသလဲဟု စူးစမ်းစပ်စုကြသည်။

ကိုသျှပ်ကတော့ ဘာဆိုဘာမျှ ဂရုမစိုက်။ သီတဂူဆောင်ကို ယခုညမှာ သူလာတာက သီချင်းဆိုဖို့မဟုတ်။ ပထန်ကို နေ့လည်း နေ့အလျောက်၊ ညလည်း ညအလိုက်၊ ဂီတာ ဆက်သင်ပေးပြီး တစ်ဖွဲ့လုံးကို မောင်းဖို့သာဖြစ်သည်။

တကယ်တော့ဖြင့် သူတို့အဖွဲ့သားတွေ တစ်နေကုန် တစ်နေခန်း သီချင်းတိုက်ခဲ့ပြီးပြီ။ သီချင်းတိုက်တာမှ ရိုးရိုးမဟုတ်။ ကိုသျှပ်က အတိအကျမရလျှင် လက်သင့်မခံသူပီပီ နုတ်စ်တွေ အတိုင်း အတူတူအောင် တီးခဲ့ရသည်။

သို့သော် ကိုသျှပ်နှင့်ကဖြင့် ယခုလို မိန်းကလေးအဆောင်ရှေ့မှာ ညချမ်းချိန်ခါ တေးသံသာဖို့ကိုပင် လွတ်လပ်ခွင့်မရ။
"ကိုင်း …. ပြန်စမယ်"
ကိုသျှပ်၏ အမိန့်သံအောက်မှာ လေးယောက်သံပြိုင်တီးဝိုင်းစတော့သည်။ ဟာမိုနီအသံလေးသံကို နုတ်စ်အတိုင်း ထပ်တူမကျမချင်း ပြန်ဆိုရသည်။

"ချစ်တဲ့သူ မင်း…ကြည်ဖြူရင် ပြောပြပါမယ်၊ နားဆင်"

(၂၂)
သာထူး သီချင်းဆိုပြီးသွားသောအခါ

"ဟေ့ကောင် မြင့်သန်း။ ကိုင်ဇာ ဟိုသီချင်း ဆိုစမ်း" ဟု လုပ်ပြန်သည်။

သီချင်းက တေးရေးစာဆို စောဘွဲ့မှူးရေးဖွဲ့သည့် "အိမ်အပြန် ကျောင်းအဆင်းမှာ သီချင်းလေး..ဆို"
Banana Boats song ဖြစ်သည်။ ထိုသီချင်း အဆိုပိုဒ်ကိုလည်း ဟာမိုနီ မကျမချင်း အကြိမ်ကြိမ် ဆိုစေပြန်သည်။

"ကရင် မင်းက ငါ့အသံဘက် လာမရောနဲ့ကွ။ ဟိုကောင် ပထန်၊ မင်းက ဘေ့စ်ဆိုရမှာ။ တန်နာသံ မပါစေနဲ့။ ကဲဟုတ်ပြီ။ တစ်ခေါက်ပြန်စကြမယ်"

(၂၃)
ဆိုရလျှင် ယခုလို ကွိုင်ယာ Choir ဆိုတာ အောင်ကျော်ဦးအတွက် ဘာမျှမထူးဆန်း။ သူ၏ မိခင် ဒေါ်မာစီက ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။ ငယ်စဉ်ကလေးဘ၀ကတည်းက ဘုရားရှိခိုးကျောင်း ဓမ္မတေးသီချင်း သီဆိုရာမှာ နားယဉ်ပါးပြီးသား။ အထိအတွေ့ရှိပြီးသား။

ထို့အပြင် သူကိုယ်တိုင်က ဘိုကနောင်ရပ်ကွက်သား။ ကရင် တိုင်းရင်းသားတွေနှင့်ချည်း ဖွဲ့စည်းထားခဲ့သည့် "မဟူရာ" အပျော်တမ်းတီးဝိုင်းမှာ ဒရမ်တီးခတ်နေသူ။ သူတို့ "မဟူရာ" အတွက် ဟာမိုနီက အခက်အခဲမရှိ။ အထူးအဆန်းမဟုတ်။ အမိုး၊ ဒေါ်ချယ်ရီ၊ မနိုး၊ ကိုပိုက်၊ ကိုဖရယ်ဒီ၊ ပိုးပိုး၊ အားကိုးတို့က ဟာမိုနီ လိုက်ပေးနေကျ။

ထို့သို့ လက်ပွန်းတသီး နီးစပ်နေသော်လည်း ဟာမိုနီ ဘာသာရပ်ကို သူမတတ်ကျွမ်း။ သီးခြားလေ့လာလိုက်စား ထားရကောင်းမှန်း သတိမပြုမိ။
ဒီညတော့ဖြင့် သူခံရပြီ။
မွန် ဗမာကပြား ကိုသျှပ်က ဟာမိုနီမှာ သူ့ဆရာ လုပ်နေခဲ့ချေပြီ။ သည်လိုနှင့် ကိုသျှပ်တစ်ယောက် ဟာမိုနီကို ကျကျနန ဆည်းပူးနေပြီဆိုတာကိုလည်း သိလိုက်ရသည်။ အောင်ကျော်ဦးစိတ်ထဲ နည်းနည်း မခံချင်သော်လည်း မနာလိုရုံမှအပ ဘာမျှမတတ်နိုင်။

(၂၄)
သီတဂူ အဆောင်သူတွေလည်း ထိုညတုန်းက အကြီးအကျယ် သည်းခံနားဆင်ခဲ့ရသည်။ အမျိုးသမီးအဆောင်ရှေ့ကို ကောင်လေးတစ်သိုက်လာပြီး ဂီတာတွေနှင့် တေးချင်းဖွဲ့ဆိုကြမှာကို တိတ်တခိုး အသာလေး နားအရသာ ခံချင်ကြတာ။ အခုတော့ဖြင့် လုပ်လိုက်ပုံက တစ်ခြားစီ။ ၀ါဆိုဖယောင်းတိုင်တွေ ထွန်းပြီး နုတ်စ်စတင်းတွေ ထောင်ကာ နုတ်စ်မကိုက် ကိုက်အောင်အကြိမ်ကြိမ် အထပ်ထပ် သီချင်းတိုက်နေကြသည့် အဖွဲ့နှင့်မှ လာတိုးရချေသည်။

ကိုသျှပ် အစီအစဉ်ဖြင့် သီချင်းလေ့ကျင့်နေကြရင်း ကြားဖြတ်ထဲမှာ ရေချမ်းတို့၊ ပထန်ကြီးတို့က ဆိုလိုသီချင်းလေးတွေ တစ်ပုဒ်စီလောက် ၀င်ဖျော်ဖြေပေးလိုက်၍သာ တော်တော့သည်။ ဘာပဲဖြစ်ဖြစ် အဆောင်နေ သူငယ်ချင်း မိန်းကလေးတွေ အတွက်က အတင်းအဖျင်းပြောစရာ၊ မချင့်မရဲနှင့် ရယ်စရာဖြစ်ကြသလို အံ့သြဘနန်း ဖြစ်ကြသည်။ ပြောစမှတ်ကြီး တွင်ကျန်ရစ်ခဲ့သည်။

အချို့ကတော့ဖြင့် စားစရာလေးတွေ ခိုးပေးပို့ရင်း အားပေးကြပါသေးသည်။

(၂၅)
သီတဂူအဆောင်ရှေ့မှာ သူတို့၏ ဆင်ဖိုနီဝိုင်းလေး ခေတ္တအားလပ်ချိန် ပေးထားသော အခိုက်အတန့် တစ်ချက်မှာ အောင်ကျော်ဦးက ကိုသျှပ် အနီးနားအသာကပ်ပြီး -

"ကိုသျှပ်၊ ယုဇနဆောင် ဒင်နာကျရင် အဖွင့်ကို အဆောင်သူတွေရဲ့ ကွိုင်ယာနဲ့ ဖွင့်ချင်တယ်လို့ ဆရာမ ဒေါ်နော်မာအေးက ပြောနေတယ်။ ဟို… ရေဒီယို သီချင်းတစ်ပုဒ် ရှိတယ်လေ။ သာယာသော ညနေခင်းချိန်ခါ… သာယာသောညနေခင်းချိန်မှာ …. ညှင်းလေပြေ ဆော့မြူကာ …။ အဲဒီမယ်လိုဒီကို အဆောင်နဲ့ လိုက်မယ့် စာသားသွင်းပေးပါတဲ့"

ကိုသျှပ်အတန်ငယ် တွေသွားသည်။ နည်းနည်းစဉ်းစားပြီး ခဏနေတော့မှ -

"အဲဒီလိုတော့ ရှိပြီးသားကြီး အပေါ်မှာ ငါမရေးချင်ဘူးကွာ။ ရေးမယ်ဆိုလည်း အသစ်တစ်ပုဒ်ရေးပေးမယ်" ဟုဆိုသည်။ အောင်ကျော်ဦး ထခုန်ချင်မတတ် ၀မ်းသာသွားသည်။ သူလိုချင်တာကလည်း ဒါပဲလေ။

(၂၆)
ထိုညက သူတို့၏ သီတဂူဆောင် ညချမ်းချိန်ခါ တေးသံသာဝိုင်းကို သိမ်းအပြီး အားလုံး လူစုခွဲ၍ အသီးသီး အသကပြန်ကုန်ကြပြီ။

ကိုသျှပ်၊ အောင်ကျော်ဦးနှင့် သာထူးတို့ သုံးယောက်သာ သီဟဆောင်လမ်းကွေ့က ကံ့ကော်တောအုပ်ထဲမှာ ထိုင်ရင်း ကျန်နေခဲ့ကြသည်။ တစ္ဆေခြောက်သည်ဟု နာမည်ကြီးလှသော ကံ့ကော်တောအုပ်။

သာထူးက မဟန်နိုင်တော့သည့်အဆုံး ခင်းထားသည့် ဖျာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ အောင်ကျော်ဦးနှင့် ကိုသျှပ်တို့သာ ညကိုအဖော်ပြုရင်း ကျန်ရစ်ကြတော့သည်။

"ကိုသျှပ်"
အောင်ကျော်ဦးက ထိုသို့ စကားအစ။ တစ်ခုခု ပူဆာတော့မည်ဆိုတာကြိုတင် သိနှင့်နေသလိုမျိုး ကိုသျှပ်က ငဲ့စောင်းကြည့်သည်။

"ကျွန်တော့်ကို “Dust in the wind” တီးတာလေး သင်ပေးပါလားဗျာ"ဟု မရဲတရဲ ဆိုမိသည်။
"မင်းက ဒရမ်သမားပဲကွ"
"မဟုတ်ဘူးဗျာ။ အဲဒီသီချင်းကို ကျွန်တော် ဆိုတတ်ချင်တယ်။ ကျော်ဟိန်း ဆိုထားတာလည်း ရှိတယ်လေ။ အမေ့ရင်မှာ ကြီးပြင်းခဲ့ဖို့ သားလေးတစ်ယောက်ကို ဖန်ဆင်းထား…"

ထိုစာသားကို ရွတ်ပြရင်း အောင်ကျော်ဦး၏ အသံက မသိမသာလေး တုန်ရီလှုပ်ခါသွားခဲ့သည်။

(၂၇)
ကိုသျှပ်က အောင်ကျော်ဦး၏ စိတ်ကို ချက်ချင်းဖတ်၍ ရသွားသည်။ ခံစားချက်ချင်း ကူးစက်ကြည့်၍ ရခဲ့သည်။

အောင်ကျော်ဦးမှာ အမေဆုံးထားတာ တစ်နှစ်ပင်မပြည့်သေး။ သူကိုယ်တိုင်ကကော။ အမေ့ရင်ခွင်က ရေခြားမြေခြား မော်လမြိုင်မှာ။ သူကသာ ခြေကန်ပြီး ခေါင်းမာစွာနှင့် ပုသိမ်မှာ ကျန်နေခဲ့တာ။ အမေဝေးသည့် သားတစ်ယောက်ပါပဲ။

"အေး၊ ငါပြပေးမယ်"
ထိုသို့လှိုက်လှိုက်လှဲလှဲဆိုပြီး ဆရာစား မထား။ မခြွင်းမချန် ကော့ဒ်ကွန်စထရပ်ရှင်းဆိုတာ ဘယ်လို၊ Tonic, Major 3rd, Perfect 5th အစရှိသဖြင့် စနစ်တကျ ပီပီပြင်ပြင် သင်ပေးခဲ့သည်။

ထိုတစ်ည၏ သင်ခန်းစာနှင့်ပင် အောင်ကျော်ဦးလည်း “Dust in the wind” သီချင်းကို ယနေ့အထိ အလွတ်တီးတတ်သွားခဲ့ပါတော့သည်။

(၂၈)
၁၉၈၃ ခုနှစ်။ ဇူလိုင်လ ၂၇ရက်။
ယုဇနဟောလ် ဒင်နာ။ ကန်သာယာခန်းမကြီးထဲမှာ သူတို့ တီးဝိုင်းက စင်မြင့်ပေါ်တွင် အဆင်သင့်ဖြစ်နေကြပြီ။ အဖွင့်တီးလုံး သွေးပူလည်း တီးပြ ပြီးကြပြီ။ ငြိမ်သက်နေသည့် တဒင်္ဂအပြီးတွင် အဆောင်ကျောင်သူများ ကိုယ်စား စတုတ္တနှစ်ကျောင်းသူ၊ အစ်မကြီး မမြတ်မွန်(နောင် ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်) က အခမ်းအနားမှူးအဖြစ်နှင့်-

"ကျွန်မတို့ ယုဇနဆောင်ရဲ့ နှုတ်ဆက်ညစာစားပွဲမှာ တက်ရောက်ချီးမြှင့်ကြတဲ့ ဆရာကြီး၊ ဆရာမကြီးများနှင့်တကွ ဖိတ်ကြားထားတဲ့ အထူးဧသည့်သည်တော်ကြီးများ သူငယ်ချင်းများကို ယုဇနအဆောင်သူလေးများက နှုတ်ဆက်သီချင်းနဲ့ ပထမဆုံးစတင်သီဆို ဖွင့်လှစ်ပါ့မယ်ရှင်။ အဲဒီ "နှုတ်ဆက်ပါတယ်" ဆိုတဲ့ သီချင်းလေးကို Shore of Peace တီးဝိုင်းမှာ ဘေ့စ်ဂစ်တာ တီးပြီး၊ အရိန်းခ်ျမင့် လုပ်ပေးတဲ့ ဒုတိယနှစ် သိပ္ပံဇီဝကျောင်းသား သျှပ်မှူးကျော်က ရေးဖွဲ့ပေးထားတာ ဖြစ်ပါတယ်ရှင်" ဟု ကြေညာပေးလိုက်သည်။

(၂၉)
အစွမ်းကုန် ဖြီးလိမ်းခြယ်သထားသော ယုဇနအဆောင်သူလေးများ စင်ပေါ်မှာ စီစီရီရီနေရာယူခဲ့ကြပြီ။ မီးရောင်အောက်မှာ အားလုံးပဲ လှပနေကြသည်။ ဂီတနှင့်အတူ ချိုလွင်နုပျိုသော အသံလေးများနှင့် -
"နှုတ်ဆက်ပါတယ် မိတ်ဆွေတို့ …ခေါင်းလောင်းသံလည်း …တိတ်ပြီမို့။
နှုတ်ဆက်ပါတယ် ချစ်ဆွေတို့… ယုဇနရင်ခွင်ချစ်တဲ့သူတွေမို့။
ကန်ရေပြာလည်း မျက်ရည်စို့…။ မာစေသာစေတောင်းဆုချွေပါစို့"
ဟု စတင်လိုက်ကြသည်။
"ပြန်ဆုံနိုင်ဖို့ရာ ရင်မှာတောင်းဆုပြုလျက်သာ။
ရေကြည်ချမ်းမြကြည်လင်လန်းစေဖို့ရာ…
နောင်တစ်ချိန်ပြန်တွေ့ရင်ခေါ်ပါပြောဦး …နှုတ်ဆက်ဦးမလား။
ပျော်ရွှင်စရာအချိန်တွေကို…ကိုယ်မမေ့ပါ"

အဆိုပါ ဇူလိုင် အနှောင်းပိုင်း ညတုန်းက မိုးတွေသည်းလှသည်။
သြော်….။
"ပျော်ရွှင်စရာ အချိန်တွေကို ကိုယ်မမေ့ပါ"
ပုသိမ်ကောလိပ်၊ ယုဇနအဆောင်နှင့် ပက်သက်ခဲ့သည့် ထိုသီချင်းသည် ယခုအချိန်ထိ ကောင်းနေဆဲ။ ယခုအချိန်ထိ သက်ဆိုင်သူတို့ ရင်ထဲမှာ ရှိနေဆဲ။ တေးဂီတနှင့် ထုံမွှန်းထားခဲ့သည့် မမေ့နိုင်စရာ ကောလိပ်ညတစ်ည၏ သီချင်းတစ်ပုဒ်။

(၃၀)
တီးဝိုင်းစင်ပေါ် စတက်ချိန်မှာ အဖွင့်မိတ်ဆက် သွေးပူ သဘောမျိုး တီးခတ်ဖို့အတွက် Instrumental တစ်ပုဒ်လည်း ကိုသျှပ် လုပ်ထားခဲ့သည်။ အဆိုပါ Roman Guitar တီးလုံးကို ယခုအချိန်ထိ ပုသိမ်မြို့မှာ တီးနေကြဆဲ ဖြစ်သည်။ ဒါကို မတီးလိုက်ရလျှင် ၀ိုင်းက လမိုင်းမကပ်ဟု ယူဆကြသည်။




အခန်း(၉) ရေမျောကမ်းတင် ခြေဦးတည့်ရာ

(၁)
၁၉၈၃ ခုနှစ်အကုန်။

စာမေးပွဲလည်း ဖြေပြီးပြီ။ အမေ့ရင်ခွင်နှင့်ဝေးနေခဲ့တာလည်း အတော်ကြာသွားပြီ။ သို့ဖြင့်နောက်ဆုံးတော့ မော်လမြိုင်ကို လိုက်သွားဖို့ ကိုသျှပ်ဆုံးဖြတ်လိုက်သည်။
ပုသိမ်မြေမှာ ကုတ်ကတ်ဖက်တွယ်ပြီး ကိုသျှပ်သောင်တင်နေခဲ့တာ။ အခုတော့ အချိန်တန်ပြီ။ အမေ့အိမ်သို့ သူပြန်သွားတော့မည်။

ဂီတအပေါင်းအသင်း သူငယ်ချင်းတွေအားလုံးကတော့ ကိုသျှပ်ကို မသွားစေချင်။ ကိုသျှပ်ထွက်ခွာသွားလျှင် သူတို့မှာ အစားထိုး၍ မရနိုင်သော ကွက်လပ်ကြီး တစ်ခုကျန်ရစ်လိမ့်မည်ဆိုတာ သိကြသည်။ သို့သော် တားမြစ်၍လည်း မဖြစ်စကောင်းသောအရာ။

မော်လမြိုင်အိမ်ပြန်ခရီးမှာ အောင်ကျော်ဦး (ကြွက်နီ)လိုက်ပါသွားသေးသည်။ သူတို့နှစ်ယောက်၏ သံယောဇဉ်အနှောင်အဖွဲ့က ကြီးမားလှချေသည်။ အောင်ကျော်ဦးကို ကိုသျှပ်က ညီအရင်းတစ်ယောက်လိုချစ်သည်။ အောင်ကျော်ဦးကို သူအမြဲထိန်းသိမ်းပေးခဲ့သည်။

"ကြွက်နီဟာ အင်မတန်အတဲ့ နုံတဲ့ကောင်။ ဒီကောင်နဲ့ ဆက်ဆံဖူးတဲ့လူတိုင်း သူ့အကြောင်းသိတယ်။ မင်းလည်း သိတာပဲ။ သူနုံလို့ အလို့သာ မင်းတို့ လှည့်တိုင်း ခံခဲ့ရတာပဲ" ဟု သူငယ်ချင်းတစ်ယောက်ကို ကိုသျှပ်ပြောဖူးသည်။

(၂)
ပုသိမ်ကို အောင်ကျော်ဦးပြန်မည်ဆိုတော့ ကိုသျှပ်ကစိတ်မချ။ ချစ်ခင်လှစွာ ကတိတွေအမျိုးမျိုးတောင်းသည်။ တီးဝိုင်းကို ဖျက်မပစ်ဖို့။ နုတ်စ်နှင့် ဂီတာတီးတာ
မှန်မှန်လေ့ကျင့်ကြဖို့ အထပ်ထပ်အခါခါမှာသည်။

"ဟေ့ကောင် ကရင်။ ပုသိမ်ပြန်ရောက်ရင် မင်းလည်းစာရေး။ ဟိုကောင်တွေကိုလည်း ရေးခိုင်း။ ငါလည်းဒီကနေ စာရေးမယ်။ သီချင်းအသစ်တွေ ရေးဖြစ်ရင်လည်း လှမ်းပို့ပေးလိုက်မယ်" ဟုဆိုသည်။

"ပုသိမ်ကို ငါလာခဲ့ဦးမှာပါကွာ" ဆိုသော စကားသံမှာတော့ဖြင့် တုန်ခါ လှိုက်မောနေခဲ့သည်။

(၃)
အချိန်တန်၍ အောင်ကျော်ဦး ပုသိမ်ပြန်သွားသောအခါ ကိုသျှပ်တစ်ယောက် မော်လမြိုင်မှာ ငေါင်တောင်တောင်နှင့် ကျန်ရစ်ခဲ့ရချေတော့သည်။

အောင်ကျော်ဦးကို ကိုသျှပ်သံယောဇဉ်တွယ်ခဲ့သလို ကိုသျှပ်တို့ တစ်အိမ်လုံးကလည်း မိသားစုအရင်းအချာ တစ်ယောက်သဖွယ်ချစ်ခင်ခဲ့ကြသည်။ ကိုသျှပ်၏ ညီငယ်တွေနှင့်ဆိုလျှင်လည်း တစ်သားတည်းကျအောင်ပင် လုံးထွေးနေခဲ့ကြသည်။

ယခုတော့ဖြင့် အောင်ကျော်ဦးလည်း ငြိမ်းချမ်းရေးကမ်းခြေ Shore of Peace တီးဝိုင်းလေးရှိရာ ပုသိမ်မြေသို့ ပြန်သွားခဲ့ချေပြီ။ အောင်အောင်၊ ရေချမ်း၊ သာထူး၊ သူတို့ ဂီတညီအစ်ကိုတွေနှင့် ကိုသျှပ် ဘယ်အချိန် ဘယ်အခါ ပြန်ဆုံနိုင်မည် ဆိုတာ ဘာမျှမရေရာ။

မော်လမြိုင်မှာ မိသားစုနှင့်အတူတူ နေသာ နေနေရသော်လည်း ကိုသျှပ်စိတ်ထဲမှာ အာသာမပြေ။ ဟာတာတာကြီး ဖြစ်နေသည်။

(၄)
မော်လမြိုင်ကို သူပြန်ရောက်လာသည့်အတွက် ၀မ်းအသာဆုံးကတော့ အမေပဲဖြစ်လိမ့်မည်။ အဖေလည်း စိတ်ထဲ ပျော်ရွှင်ကျေနပ်လိမ့်မည်သာဖြစ်သည်။ ယခင်တုန်းက ပုသိမ်မှာ စာမေးပွဲကျ၊ အိမ်ကို ချက်ချင်းပြန်မလာ၊ သောင်မတင် ရေမကျ ဖြစ်နေခဲ့တာတွေအတွက် အဖေ စိတ်ဆိုးခဲ့ဖူးသော်လည်း ယခု ဘာဆိုဘာမျှ မပြော။ သားကြီးတစ်ယောက် အိမ်ပေါ် ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာသည့် အချက် တစ်ခုတည်း အတွက်နှင့်ပင် အဖေ ကျေနပ်နေပုံ ရသည်။

ပုသိမ်မြို့မှ မော်လမြိုင် ဒီဂရီကောလိပ်သို့ Marine Biology အဏ္ဏ၀ါ ဇီဝဗေဒ မေဂျာ လာတက်ကြသည့် ကိုကျင်အောင်၊ ကိုအောင်သူတို့က ကျောင်းပိတ်ရက်တွေ ကျလျှင် ကိုသျှပ်တို့ အိမ်သို့ လာလာလည်ကြသည်။ ထိုအခါမျိုးကျလျှင် ပုသိမ်ကို အလွမ်း ပြေရသည်လား၊ ပုသိမ်ကို အလွမ်း ပိုရသည်လား ဆိုသည်ကိုပင် ခွဲခြား ပြောပြ မတတ်နိုင်တော့ပြီ။

သူ့စိတ်တွေက ပုသိမ်မှာပဲ သူငယ်ချင်းတွေဆီမှာပဲ ကျန်နေသည့်နှယ်။

(၅)
မော်လမြိုင်မှာ မပျော်ပိုက်သလို နေဖြစ်တာလည်း ရက်ပိုင်း၊ လပိုင်း စွန်းရုံလေးပဲ ကြာလိုက်သည်။
ထိုအတောအတွင်းမှာ အမေ့ လုပ်သက် ၂၄ နှစ်စာအတွက် လုပ်သက် ပင်စင် ထုတ်ယူဖို့ ရန်ကုန် သွားစရာ ကိစ္စ ပေါ်ပေါက်လာသည်။ ကိုသျှပ်က အမေ့ကို အဖော် ပြုပေးဖို့ ရန်ကုန်သို့ လိုက်လာခဲ့သည်။ အဖေ့ ဦးကြီး၏ ရန်ကင်း အိမ်မှာ သားအမိ နှစ်ယောက် တည်းခို။ အမေ့ ပင်စင်ကိစ္စအတွက် ရုံးတွေသွား။ စာရွက်စာတမ်းတွေ ဆောင်ရွက်။

တစ်ဘက်မှာ ရန်ကုန်ရောက် ပုသိမ်သားတွေဆီ ကိုသျှပ် သွားသွား လည်သည်။ တည်းအိမ်သို့ ပန်းချီ ကိုအောင်မင်းက ကိုသျှပ်နှင့် လိုက်လိုက်လာသည်။

တစ်ပတ် ဆယ်ရက်ခန့် အကြာတွင် အမေ့ ပင်စင် ကိစ္စ၀ိစ္စတွေလည်း လက်စသတ်ပြီ။ မော်လမြိုင် ပြန်ရတော့မည်။ ကိုသျှပ် ရန်ကုန်မှာ အဖော်သစ်တွေ တွေ့တော့ အိမ်ကို ပြန်မလိုက်ချင်။ အစကတည်းက လမ်းတရှာတည်း ရှာနေခဲ့သည်။

သို့ဖြင့် ပြန်ခါနီးမှာ အမေ့ကို ကပ်၍
"အမေရယ်၊ သား သူငယ်ချင်းတွေနဲ့ ဒီမှာ ခဏ နေခဲ့ဦးမယ်" ဟု အသာ ချွဲကာ ပူဆာသည်။
"အဖေ . . .ပြောနေဦးမယ်" ဆိုလည်း မရ။
"အမေပဲ ကြည့်ရှင်းပြလိုက်ပါ" ဟု ဆိုသည်။

ဤသားကြီးက ပူဆာပြီးဆို အမေ အလို မလိုက်ဘဲ မနေနိုင်။ အမေသည် အမေပဲလေ။ သည်လိုနှင့် မော်လမြိုင်ကို အမေ တစ်ယောက်တည်း ပြန်လာခဲ့ရသည်။

(၆)
ကိုယ့်မှာ ရှိထားသမျှ အခံနှင့် ရန်ကုန်ဆိုသော ထုကို ၀င်တိုးဖို့ ဆိုတာ နယ်မှ လူငယ် တစ်ယောက် အနေနှင့် ရင်ခုန်စရာ ကောင်းလှသည်။

ကျော်မြင့်လွင်မှာက ဂီတနှင့် စာပေ အနုပညာ ပါရမီအပြင် ကြံ့ခိုင်သော စိတ်ဓာတ်တော့ ရှိသည်။ သို့သော် သူ့ အသက်အရွယ်နှင့် အတွေ့အကြုံတွေက အတန်အသင့် နုငယ်သေးသည် ဆိုရမည်။ သူ့ လက်ချောင်းများမှာ အားမပြည့်သေး၍ တံခါးတွေကို သူမဖွင့်နိုင်။ ရေခင်းမြေခင်း အခွင့်သာသည့် အခြေအနေမျိုးကို သူ မဖန်တီးနိုင်။

စံရိပ်ငြိမ် အဆောင်ဘက်မှာကလည်း လူဟောင်းတွေ တစ်ယောက်မျှ မရှိကြတော့သည့်အတွက် အလွမ်း မပြေချင် စရာ။ တစ်ခေါက်တော့ သူ လျှောက်သွား ကြည့်ခဲ့သေးသည်။ အားလုံးက မျက်နှာစိမ်းတွေ။ ဤနေရာနှင့် တစ်ချိန် တစ်ခါတုန်းက ရင်းနှီး ကျွမ်းဝင် နေထိုင်ခဲ့ဖူးသည် ဆိုတာပင် မယုံချင်စရာ။ ပန်းပွင့်တွေ မြေပေါ်မှာ ဖွေးဖွေး လှုပ်အောင် ကြွေကျနေသည့် တရုတ် စကားပင်ကြီးသည်ပင် တစ်ချိန် တစ်ခါတုန်းက ပန်းကြွေတွေ ကောက်ခဲ့ဖူးသော သူ့ကို မမှတ်မိချင်ယောင်ဆောင် နေခဲ့သည်။

ရန်ကုန်က သူ့ကို လက်ကမ်း မကြိုဆို။ ကျောချစရာ တစ်နေရာ မဖြစ်ဖြစ်အောင် လုပ်၍ ရသော်လည်း သိုင်းဝိုင်းစရာ မရှိ။ သိုဖြင့် ခြေဦးတည့်ရာ သူ ထွက်လာခဲ့သည်။

(၇)
ပြည်မြို့ အရှေ့ဘက် ၀က်ထီးကန် ဒေသ။
စံရိပ်ငြိမ် ၆ လမ်း အဆောင်တုန်းက အစ်ကိုကြီး တစ်ယောက်သဖွယ် သူ ခင်တွယ်ခဲ့ဖူးသော ကိုသီဟန်သွင်က ၀က်ထီးကန်သို့ သိုက်မြုံ ပြောင်း၍ တွဲဖက် ကျောင်းဆရာ သွားလုပ်နေသည်။ သည်လိုနှင့် သူ့အပေါ် နွေးထွေးသော ကိုသီဟန်သွင် ဆီမှာ ယာယီ ကွန်းခို ဖြစ်ခဲ့သည်။

ဘာပဲပြောပြော ၀က်ထီးကန်မှာ သူ့ အမောတွေ ခေတ္တ ဖြေခွင့် ရခဲ့သည်။
သူ့မှာ လူငယ်တစ်ယောက်၏ အလျံတညီးညီး ဖြစ်ပြီး မပြည့်ဝနိုင်သော လိုအင်ဆန္ဒ ကွက်လပ်တွေက တင်းကြမ်း ထနေသည်။ ဒီအချိန်မှာ သူ ဖြစ်ချင်တာတွေက ရိုးရိုးစင်းစင်း နည်းနည်းကျဉ်းကျဉ်းလေးပဲ ဖြစ်စေ၊ မြင့်မား များပြားလွန်းသည် ဖြစ်စေ၊ သူ လုပ်နိုင်စွမ်းကတော့ သိပ်ကို နည်းလွန်းနေသည်။ အဘက်ဘက်မှ တုပ်နှောင် ထားခြင်း ခံရသလိုမျိုး ဖြစ်နေသည့် အပေါ် အပြစ် တင်စရာက သူ့ကိုယ်သူပဲမြင်သည်။ အဲသလို ဖြစ်နေတာကို သူ့ဘာသာပဲ အာသာ မပြေနိုင် ဖြစ်ရပြန်သည်။

တွဲဖက် ကျောင်းဆရာ ကိုသီဟန်သွင်က ကျောင်းသို့ စာသင်ဖို့ ထွက်သွားချိန်များတွင် သူက အိမ်ရှိ တပည့်အကူလေး တစ်ယောက်နှင့်အတူ ချက်ပြုတ်ပြီး ကျန်နေရစ်ခဲ့သည်။ စံရိပ်ငြိမ် ၆ လမ်း မှာတုန်းကလည်း အစ်ကိုကြီးတွေ အသီးသီး ထွက်သွားကြလျှင် သူတစ်ယောက်တည်း ချက်ပြုတ်ဖို့ ကျန်ရစ် နေတတ်သည်။ တစ်ခါတလေ ညစာ ဟင်းအတွက် ချက်စရာ မရှိလျှင် အဆောင်ရှေ့မှ တရုတ်စကားပွင့်တွေ ကောက်ပြီး စကားပွင့်ပြုတ်သုပ် တစ်ခွက်ကိုတော့ သူ ဖန်တီးတတ်သည် မှန်သော်လည်း အခုကျတော့ အခြေအနေက မတူ။

ရှေ့ကို လှမ်းမျှော်လိုက်လျှင် မှိန်မှိန်ရေးရေး မှုန်ပျပျလေးပဲ မြင်နေရပုံမှာ ဘာဆိုဘာမျှ မခန့်မှန်းနိုင်စရာ။ ဆောင်းနားသော ၀င်ရိုးစွန်း ၀က်ဝံ၊ နွေတွင်းခိုသော ဖား၊ ဂူအောင်း ကျင့်နေသည့် သိုင်းသမား အဖြစ် စိတ်ဖြေသိမ့်စရာ မရှိ။

(၈)
တီးခတ်စရာ ဂီတာ တစ်လက် ရှာဖို့။ သူ ရေးစပ်ထားသော သီချင်းတွေ အကြောင်း ပြောဆိုဖို့ ဤနေရာမှာ မဖြစ်။ သူများတွေ ဂီတာ တီးနေကြတာ တွေ့လျှင် သူ့ သွေးထဲမှာ မချိုမြိန်။ သူ့စိတ်ထဲမှာခံစားရသမျှ အရှိအတိုင်း ပြောလိုက်ရလျှင်လည်း ရှိစုမဲ့စု အမြစ်တွေပဲ ပြတ်ထွက်ကုန်လိမ့်မည်။ ပုသိမ် ကောလိပ်မြေက ငြိမ်းချမ်းသော ကမ်းခြေပေါ်ရှိ အောင်ကျော်ဦး၊ အောင်အောင်၊ ရေချမ်း၊ သာထူးတို့ကိုတော့ လွန်လွန်မင်မင်ကိုပဲ လွမ်းဆွတ် တမ်းတမိသည်။ သို့သော်လည်း သူတို့ကို လွမ်းလေလေ၊ ဂီတာကို ကောက်မကိုင်ချင်လေလေဟုပင် ဆိုရမလား မသိ။

(၉)
ဂီတနှင့် သူ့အကြားမှာ သံယောဇဉ်တော့ မပြတ်။
ထိုရစ်ပတ် နှောင်ဖွဲ့မှုမှာ ဘာကြားခံ တူရိယာပစ္စည်းမျှ မလို။

(၁၀)
ကိုသီဟန်သွင် နေ့ခင်း ကျောင်းသွားချိန်၌ အားလပ်တိုင်း ဗလာစာအုပ် တစ်အုပ်နှင့် ကျော်မြင့်လွင် သီချင်း ရေးသည်။
ညတိုင်း စာသင် ပြီးချိန်များတွင် အားနေသော ကျောက်သင်ပုန်း အပေါ်၌ ဂီတသင်္ကေတတွေ ချရေးသည်။
ဤနည်းဖြင့် သူရေးထားသော သီချင်းတွေကို သူ့ဘာသာ မျက်စိဖြင့် ကြားခွင့် ရ၍ နားဖြင့် မြင်ခွင့် ရလာသည်။

ဒို-ရေ-မီ-ဖာကို သူ့စိတ်တိုင်းကျ အော်ဟစ် ရွတ်ဆိုနေ၍ ရသည်။ ဤလေ့ကျင့်ခန်းများ လုပ်ဖြစ်လေလေ၊ သူ၏ ဂီတကြွက်သားများ သန်မာလာလေလေ ဖြစ်သည်။ အသံထွက်ပြီး ဂီတာတီးနေတာ မဟုတ်၍ အခြား သူများနှင့် ညှိနှိုင်းစရာ မလို။ သီချင်း ဆိုနေတာ မဟုတ်၍ သူတစ်ပါး၏ ဝေဖန်ခြင်းကို မခံရ။

သူကစားနေတာက အဆင့်မြင့် ဂီတသင်္ကေတများ ဖြစ်၍ တော်တန်ရုံ ဘယ်သူမျှ နားမလည်။ သူ လုပ်နေသမျှ အရူးတစ်ယောက်လိုသာ ထင်ကြလိမ့်မည်။ ဤသို့ဖြင့် သူ့ကိုယ်ပိုင် လွတ်လပ်သော အကန့်လေး တစ်ခုကို ကိုယ့်ဘာသာ တည်ဆောက်ထား လိုက်နိုင်ခဲ့သည်။

တစ်ခါတစ်လေ ညကြီး တအား နက်ရှိုင်းသွားသည်အထိ ဂီတသင်္ကေတတို့၏ စိတ်ကူး အသံများထဲမှာ စူးစူးနစ်နစ် အာရုံ ၀င်စားပြီး သူတစ်ယောက်တည်း ရွတ်ဖတ်သရဇ္ဈယ်ရင်း အချိန်ကုန်မှန်း မသိ ကုန်သွားတတ်သည်။ သူ့ဘာသာ ခြေကုန် လက်ပန်းကျပြီး အပျော်မော မောနေတတ်သည်။ မိုးလင်းကာနီးကျမှ ကစား၍ ၀သည့် ကလေးလေး တစ်ယောက်လို နှစ်ခြိုက် အိပ်မောကျ သွားတတ်သည်။

(၁၁)
ပွဲတော်ကာလ၊ စတိတ်ရှိုးချိန်နှင့် ကြုံလျှင်တော့ဖြင့် ကိုသီဟန်သွင်နှင့် အတူ သူ အဖော် လိုက်သွားပြီး နားထောင်ဖြစ်သည်။ သို့သော် သာမန် နားဆင်သူ ပရိသတ် တစ်ယောက်နှင့်သာ ဖြစ်သည်။

ပုသိမ်တုန်းက စတိတ်ရှိုး စင်မြင့်တွေပေါ်မှာ သူ အသက် ငယ်ငယ်အရွယ်နှင့်ပင် တီးခတ် သီဆို ဖျော်ဖြေခဲ့ဖူးတာတွေ၊ ပုသိမ် ကောလိပ်မြေမှာ တီးဝိုင်းကလေးတစ်ခုကို သူကိုယ်ပိုင် ဦးစီး ဦးဆောင် ဖွဲ့စည်းခဲ့ဖူးတာတွေ ဘယ်သူ့မျှမပြောပြ၍ ဘယ်သူမျှလည်း မသိကြ။

လူတိုင်းမှာ ကိုယ့်အတ္တ၊ ကိုယ့်မာန ကိုယ်စီနဲ့ပဲ ဖြစ်သည်။ သို့သော် ကျော်မြင့်လွင်က သူ့အတ္တမာနကို အချိန်အခါနှင့် နေရာ မှားယွင်းစွာ ဖော်ထုတ်ပြမည့် လူစားမျိုး မဟုတ်ချေ။ သူ့အကြာင်းကို သူ ပွင့်ပွင့်လင်းလင်း အိတ်သွန်ဖာမှောက် မပြောပြရုံသာမက ဖျော်ဖြေနေကြသည့် စတိတ်ရှိုးတို့၏ သီချင်း ဂီတနှင့် တီးဝိုင်း အကြောင်း အကောင်းအဆိုး ဘာမျှဝေဖန် မှတ်ချက်ချခြင်း မရှိ။ တိတ်တိတ်ကလေးကြည့်ပြီး တိတ်တိတ်ကလေး ပြန်လာတတ်သည်။ ပြောစရာဆို တစ်ခြား စကားပဲ ဆိုမည်။ ဂီတနှင့် ပတ်သက်လျှင် အစွမ်းကုန်အောင် နှုတ်ပိတ် ရေငုံနေခဲ့သည်။

(၁၂)
ရေမျောကမ်းတင် သစ်ကိုင်းသစ်ခက် တစ်ခုသဖွယ် ၀က်ထီးကန်မှာ သောင်တင်နေခဲ့တာ အချိန် အတော်ကြာသွားသည်။ သို့သော် ဤနေရာတွင် သူ့အတွက် အမြစ်တွယ်စရာ မရှိတာ သူ သိသည်။ အချိန် အကန့်အသတ်မဲ့ နေသွားဖို့ ဆိုတာ မဖြစ်နိုင်။ ကာလ အတိုင်းအတာ တစ်ခု ကျော်လွန် သွားသောအခါမှတော့ နှုတ်ဆက် ခွဲခွာဖို့ ဆုံ့းဖြတ်ရသည်။

ကိုသီဟန်သွင်၏ အရိပ်ကလေးကို ကျောခိုင်းပြီး သူထွက်ခွာ လာခဲ့ပြန်ပြီ။ သည်တစ်ခါ သူဦးတည် သွားတာက ပုသိမ်။

(၁၃)
ပုသိမ်ကို မရောက် ရောက်အောင် ပြန်သွားဖို့ သူ့ ကိုယ်ထဲက သွေးတောင်း နေခဲ့ရခြင်း အကြောင်းအရင်း တစ်ရပ်မှာ ပုသိမ်ကောလိပ်၏ စတိတ်ရှိုး ရာသီ တစ်ဖန် ပြန်လည် ကျရောက်လာသောကြောင့် ဖြစ်သည်။

ဤအချိန် ဤအခါ ရောက်လာလျှင် သူ့စိတ်က အပေါက် တစ်ပေါက်ကို ထိုးထွင်း သိနေပြီ။ မနှစ်တုန်းကဆိုလျှင် သူတို့တစ်တွေ၏ " ငြိမ်းချမ်းကမ်းခြေ " Shore of Peace အဖွဲ့ဝိုင်းက ပုသိမ်ကောလိပ်မှ ဂီတ လှုပ်ရှားမှု စင်မြင့် အားလုံးလိုလိုကို အပိုင် သိမ်းပိုက်ခဲ့သည်ပဲ။ ဒီနှစ် ဒီချိန် ရောက်ပြီိဆို သူတို့ အဖွဲ့သားတွေ တီးဝိုင်း တိုက်နေကြတော့မည်။ သူ ရောက်လာမှာကိုလည်း မျှော်လင့်နေကြလိမ့်မည် ဆိုတာ သူတပ်အပ် ပြောနိုင်သည်။

(၁၄)
တကယ်လည်း Shore of Peace အဖွဲ့သားများသည် ပုသိမ်ကောလိပ် အခန်း ၁၀၇ မှာသီချင်းကျင့် နေခဲ့ကြသည်။
Shore of Peace မှာ ကိုသျှပ် ထွက်သွားကတည်းက လူအများကြီး လျော့သွားခဲ့ သည်။
ကိုသျှပ်က " မင်းတို့ ကြိုက်တဲ့လူ ရှိရင် ခေါ်တီး " ဟု မှာထားခဲ့သည်။

ထိုအချိန်မှာ ကိုတူးက (၀င်းမြင့်ဦး) က ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ်မေဂျာနှင့် ကျောင်းပြီး၍ ပုသိမ် ပြန်ရောက်နေသည်။ ကိုတူးနှင့် ကိုသျှပ်က အကြောင်းသိတွေ။ ဘိုတင်ယုတို့ ငုဝါ တီးဝိုင်းမှာကတည်းက အတူ တွဲလာခဲ့ဖူးသည်။ နောက်ပိုင်း နှင်းဆီဖြူမှာ တီးသည်။ နုတ်စ်နှင့် ကလပ်စီကယ် ဂီတာ ကျွမ်းကျင်သည်။ အောင်ကျော်ဦးတို့ တစ်တွေ ကိုတူးကို မေတ္တာရပ်ခံပြီး သူတို့အဖွဲ့ကို အားပြန်ဖြည့် ထားခဲ့ကြသည်။

ပုသိမ် သင်္ဘော ဆိုက်သည်နှင့် "ကိုသျှပ် ပါလာတယ်ဟေ့ " ဆိုသော သတင်းက လျှပ်စစ်စီးကြောင်း တစ်ခုသဖွယ် ဖျတ်ကနဲ အပြေးအလွှား ရောက်လာသည်။ သူတို့ တစ်ဖွဲ့လုံး ထခုန်မိမတတ် ၀မ်းသာအားရ ဖြစ်ကုန်ကြတော့သည်။

ကိုသျှပ်ကလည်း ဟိုဟိုဒီဒီ လမ်းများမနေ။ သူတို့သီချင်းလေ့ကျင့်နေသည့် ၁၀၇ အခန်းသို့ တန်းဆင်းချလာသည်။ ကိုသျှပ်ကို တွေ့တော့ သူတို့အားလုံး အူလှိုက်သည်းလှိုက် ပြေးဖက်ကြိုဆိုခဲ့ကြသည်။ ခွဲခွာချိန် ကြာမြင့်လှသည့် ချစ်သောညီအစ်ကိုများ ပြန်ဆုံကြသည့်နှယ်။ တကယ့်ကို ဆူဆူညံညံ။

(၁၅)
"ကိုသျှပ်ကို မျှော်နေတာဗျ၊ ကိုသျှပ်က ပုသိမ်ကို ပြန်လာဖို့တော့ သတိရသားပဲ" ဟု အောင်ကျော်ဦး (ကြွက်နီ) ကစကားနာထိုးသည်။
" ငါ့အိတ်ကပ်ထဲမှာ ဆယ့်ရှစ်ကျပ်ရှိရင် ပုသိမ်ကို ပြန်လာလို့ရတယ်ကွ၊ ငါက အိတ်ကပ်ထဲမှာ ဆယ့်ရှစ်ကျပ် ပြည့်ဖို့ စောင့်နေတာ" ဟုဆိုသည်။

ဂီတာကိုင်ထားသော ကိုတူးကိုလည်း အားနာရကောင်းမှန်းမသိ။ ပြောမနာ ဆိုမနာ အပေါင်းအသင်းတွေပီပီ စိတ်ထဲရှိသည့်အတိုင်း -
" ခဏဖယ်ပေးကွာ၊ ငါဝင်တီးလိုက်ဦးမယ်" ဆိုပြီး မဆိုင်းမတွ ၀င်တီးသည်။ ကိုတူးကလည်း စိတ်မကွက်၊ သူ့အပေါ် ဘဲဥဘယ်လို သဘောထားတာ သူသိသည်။

(၁၆)
ကိုသျှပ်ရောက်လာသည်နှင့် Shore of Peace အဖွဲ့၏ နဂိုပုံမှန် အနေအထားများ အားလုံးပြောင်းလဲသွားပြီး အရှိန်သွက်လက်မြန်ဆန်လာခဲ့သည်။ ထုံးစံအတိုင်း ကိုသျှပ်၏ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်လေးတွေလည်း ပြန်ပေါ်လာကြသည်။ ကိုင်ဇာ၏ "အိမ်အပြန်ကျောင်းအဆင်းမှာ သီချင်းလေးဆို" ကို ဟာမိုနီခွဲပြီး -

"ကရင်၊ မင်းက Alton၊ ပထန်က ဘေ့စ်၊ ငါ tenor ဆိုမယ်၊ ဟုတ်ပြီလား" လုပ်သည်။

ကိုသျှပ်အကျင့်အတိုင်း ဟာမိုနီအ၀င်အထွက် မမှန်မချင်း ဤသီချင်းတစ်ပုဒ်ကိုပဲ ထပ်ကာတလဲလဲ အကျော့ကျော့အပြန်ပြန် လေ့ကျင့်နေ၍ အချိန်ကုန်လှပြီ။ သီချင်းဆိုမည့် ကျောင်းသူတွေက ဆူဆောင့်စ ပြုလာကြသည်။ သို့သော် ကိုသျှပ်ကို ဘယ်သူမျှ မပြောရဲ။

နောက်ဆုံးတော့ ဆရာမ ဒေါ်စန်းစန်းကြူရောက်လာပြီး သူ့ရင်ဘတ်သူ လက်ညှိုးနှင့်ထောက်ကာ -
"အောင်မယ်လေး …. ဟဲ့၊ သျှပ်ရယ်၊ တခြားသီချင်းတွေလည်း အများကြီး တိုက်စရာရှိသေးတယ်။ ရှေ့မဆက်သေးဘူးလား" ဟုပြောယူရသည်။

ဒါတောင်မှ ကိုသျှပ်ကဖြင့် "ခဏလေးပါ ဆရာမ၊ ကျွန်တော်တို့ဒီတစ်ပုဒ်ပုစံ ၀င်သွားချင်လို့ပါ"
ဆိုပြီး သူ့စိတ်တိုင်းကျ မရရအောင် အဖွဲ့သားတွေကို တွန်းတိုက်လိုက်သေးသည်။

(၁၇)
သူငယ်ချင်း အပေါင်းအသင်းတွေနှင့် ပြန်ဆုံရပြီး ဂီတနှင့် ဆုံတွေ့ရ၍ ကိုသျှပ်သည် ရေထိပန်းသဖွယ် လန်းဆန်းလာသည်။

တစ်နေကုန် သီချင်းတိုက်သည်။ မိုးလင်းပေါက်ဆိုင်များဖြစ်သော ရွှေလသာ၊ ကျော်ကြားတို့မှာ အဖွဲ့တွေနှင့် ထိုင်သည်။ ပုသိမ်မြေကို နင်းရတာ ခိုင်ခိုင်မြဲမြဲ ရဲရဲတင်းတင်းရှိလှသည်။ ဘယ်နေရာနှင့်မျှ မတူ။

ညဘက်ကြီး ဆိုင်မှာ ထိုင်နေရင်းက ၁၀နာရီခန့်ရှိပြီ။ ကိုသျှပ် ရုတ်တရက်ထသည်။

အောင်ကျော်ဦးက "ကိုသျှပ် ဘယ်သွားမလို့လဲ" ဟု မေးရာ -
"ကိုတူးဆီ သွားမလို့ကွ၊ သီချင်းတစ်ပုဒ် အရိန်းခ်ျမင့် လုပ်စရာရှိတာ သူ့ကို အပ်ချင်လို့"

ရာသီက အအေးမိချင်စရာစိမ့်နေသည်။ ကိုသျှပ်လက်ထဲမှာ ကိုတူးအတွက် ချွဲသလိပ်ပျော်ဆေးနှင့် အိပ်ချင်ပြေ ရှူးရှဲထုပ်ပါသည်။

အောင်ကျော်ဦးက စိတ်ထဲမှာ မကြည်လင်။ သီချင်း အရိန်းခ်ျမင့်များ၊ ကိုယ့်ဘာသာ ကိုယ်လုပ်လည်း ရရက်သားနှင့်။ ကိုတူးထံ အလုပ်ရှုပ်ခံ သွားသည်ဟု ယူဆသည်။ သို့သော် ကိုသျှပ်၏စိတ်နှင့် ဆုံးဖြတ်ချက် အကြောင်းသိထားပြီး ဖြစ်၍ ညည်းညည်းညူညူ တဖျစ်တောက်တောက်နှင့်ပင်လိုက်သွားခဲ့သည်။

ပုသိမ်ကမ်းနားကွင်းတန်းအိမ် ရောက်သွားတော့ ကိုတူးမအိပ်သေး။

ကိုသျှပ်က "ငါ့ကိုဒီသီချင်းလေး အရိန်းခ်ျမင့် လုပ်ပေးစမ်းပါကွာ" ဟုဆိုတော့ ကိုတူးက သူ့အမူအရာအတိုင်း သူ့ကိုပဲ ပြောမနေသလို အေးအေးလူလူ ဆေးလိပ်ကလေး တဖွာဖွာနှင့် -
"အေး၊ အေး၊ ထားခဲ့လေ ဘဲဥ" ဟုဆိုသည်။

"ဒီမှာ နွေ
နွေရောက်ပြီလေ
ပင်အိုထိပ်ဖျားမှာ
ဥသြငှက်ကလေး
ကြင်နာသူရှာ
သူငိုကြွေး"
ဆိုသည့် "အဆုံးမဲ့နွေ" သီချင်း အရိန်းခ်ျမင့်ကို ကိုတူး လုပ်ပေးခဲ့သည်။

ထိုသီချင်းကို နောက်တော့ အောင်ရင် သီဆိုခဲ့သည်။
"အိပ်ပျော်နေချိန်လည်း၊ ကိုယ့်စိတ်ထဲမှာ၊ မှုန်ရီပြာဝေ၊ မင်းအကြောင်းတွေများ မြင်ယောင်နေဆဲ၊ လွမ်းတဲ့ည" ဆိုသည့် ရင်မှာ ပြာသောည သီချင်းကိုလည်း စာသားရေးပြီး ကိုတူးနှင့် တိုင်ပင်သည်။ ထိုသီချင်း၏ Chorus အပိုဒ်ကို ကိုတူးပဲ မယ်လိုဒီ ရှာပေးခဲ့သည်။

ထိုသီချင်းကို နောင်သောအခါ "ပြာသော ည" အမည်နှင့် ပင်းက သီဆိုခဲ့လေသည်။

(၁၈)
ကိုသျှပ်သည် ပုသိမ် ပြန်ရောက်တုန်း ရောက်ခိုက် ကျောင်းထဲမှာတင် အားမရ။
အောင်ကျော်ဦးတို့ ဘိုကနောင် ကရင် ရပ်ကွက်ဝိုင်း ဖြစ်သော "မဟူရာ" ဖျော်ဖြေပွဲမှာလည်း ကြုံ၍ ၀င်နွှဲသည်။ ကမ်းနားလမ်း နံဘေးမှာ စတိတ်ရှိုး ရှိစဉ် တစ်ကြိမ်တွင် -

"ကြွက်နီ၊ မင်းနဲ့ ငါဒရမ် တစ်ယောက် တစ်ခြမ်း တီးမယ်" ဆိုပြီး ကတ်ကတ်သတ်သတ်နှင့် မဖြစ်ဖြစ်အောင်ကိုပဲ လုပ်ခဲ့သေးသည်။ ဒစ္စကို ဒန်စာ ပါကပ်ရှင်းကို သူ တီးသည်။
အောင်ကျော်ဦးနှင့် နှစ်ယောက် တွဲပြီး သီချင်းလည်း ဆိုခဲ့သေးသည်။

စောဘွဲ့မှူး၏ "အဆောင် သူရဲ" သီချင်းကို "ကြွက်နီ မင်းက ဆိုပရာနို၊ ငါက တန်နာ ဆိုမယ်" ဆိုပြီး ဟာမိုနီခွဲကာ-

"မာလာဆောင်နဲ့
ပတ်သက်လို့
ပုံပြင်လေး တစ်ပုဒ်
ကြားဖူးတယ်၊
ဒီပုံပြင်ထဲက
ဇာတ်လိုက်ကြီး
ဘယ်သူလဲလို့
မမေးပါနဲ့" ဟု ယောကျာ်း စုံတွဲ သီချင်း စလိုက်ကတည်းက ပရိသတ်ထဲမှ ဝေါခနဲ အသံ ကြားရသည်။

သူတို့ နှစ်ယောက်ကတော့ ဂရုမစိုက်ဘဲ "ထမင်းမှစားရဲ့လား၊ ရေတစ်ခွက်မှသောက်ရဲ့လား၊ ဘာကိုမှလည်း စိတ်မ၀င်စား၊ အဆောင်ရှေ့မှာ ကျင့်တဲ့တရား" ဟု ဆက်ဆိုကြရာ ပရိသတ်က ကောင်းကောင်းကြီး သြဘာပေးကြသည်။

ဘာပဲဖြစ်ဖြစ် "မနက် မနက်ကြည့်ကြည့်ပါ၊ နေ့ခင်းဘက်ကြည့်ကြည့်ပါ၊ ညညကြည့်ကြည့်ပါ တွေ့လိမ့်မယ်၊အမြဲတမ်း ရှိလိမ့်မယ်" ဆိုပြီး မဆုံး ဆုံးအောင် အားပါးတရ ကြဲဖြစ်ခဲ့ကြလေသည်။

                                                    အခန်း (၁၀)                                             သိုက်မြုံ ရင်ခွင် ရှိရာဆီ

(၁)
လောက မိုးကောင်းကင်ထဲမှာ နေရာအနှံ့ပျံသန်းချင်ရာ ပျံသန်း သွားလာခဲ့သော ငှက်ကလေး တစ်ကောင်။ အချိန်တန် အတောင်ပံ ညောင်းတော့ သိုက်မြုံ ရှိရာဆီသို့ တစ်ဖန် ပျံ၍ နားရသည်။

ကျော်မြင့်လွင်လည်း မော်လမြိုင်က မိဘရင်ခွင်ထဲသို့ တိုးဝင် ရောက်ရှိလာခဲ့ပြန်သည်။ မိသားစု အသိုင်းအ၀ိုင်းကတော့ အစဉ်သဖြင့် နွေးထွေး လုံခြုံသည်။ သူ ပြန်လာပြီဆိုသည်နှင့် အိမ်မှာ အားလုံး ပြီးပြည့်စုံ သွားသလိုမျိုး ပိုက်ပွေ့ကမ်းလင့် ကြိုဆိုလိုက်ကြသည်။ အမေက အထူး ဆိုဖွယ်ရာ မရှိ။ ၀မ်းသာအယ်လဲ။ အဖေနှင့် သူ၏ ဆက်ဆံရေးမှာလည်း ထင်သလောက် မဆိုး နားလည်မှု ရရှိပြီး အဆင်ပြေနေသည်။

ကျော်မြင့်လွင် ကျွမ်းကျွမ်းကျင်ကျင် ဂီတာ တီးနေတာ တွေ့ရကြားရသည့်အတွက် ရပ်ကွက်ထဲမှ လူငယ်လေးတွေ စုဝေး လာကြသည်။ သူကလည်း ပညာ လိုချင်သူဆိုလျှင် သေသေချာချာ သင်ပြပေးသည်။

သူ့တွင်လုပ်စရာမည်မည်ရရ ဘာမျှ မရှိ။ ပျင်း၍ ဂီတာချည်းသာ တီးတီးနေတာ တွေ့ရသဖြင့် တစ်နေ့မှာ အဖေက-
"မင်းဂီတာ တီးချင်တယ် ဆိုရင် ငါ့တပည့်တွေ တီးဝိုင်း ထောင်ထားတာ ရှိတယ်၊ မင်း ၀င်တီး ကြည့်ပါလား" ဟု ဆိုသည်။

ကျော်မြင့်လွင်က အဖေ့ စကား ကြားတော့ သူ့နားကိုပင် သူ မယုံချင်။

(၂)
အဖေတို့ မော်လမြိုင် ကျောင်းကျန်းမာရေး ဌာနတွင် ကိုစိုးညွန့်က ကုသမှုအကူ (Clinical Attendant) ဖြစ်သည်။

ကိုစိုးညွှန့်နှင့် ကိုဂျီကေတို့ ညီအစ်ကိုက The Excellent ဆိုပြီး တီးဝိုင်း တစ်ဝိုင်း ထောင်ထားသည်။ ကိုစိုးညွှန့်တို့ အမှတ် (၁) အ.ထ.က မှ ဓာတ်ခွဲလက်ထောက် ဖြစ်၍ အမှတ် (၁) အ.ထ.က ကျောင်းဝင်းထဲတွင် နေအိမ် ရရှိထားသည်။ ထိုအိမ်မှာပဲ သူတို့ တီးဝိုင်း လေ့ကျင့်လေ့ ရှိသည်။ လောလောဆယ် သူတို့မှာ ဂီတာသမား တစ်ယောက် လိုအပ်နေသည်ဟု ဆိုသည်။

ကျော်မြင့်လွင်က တီးဝိုင်းထဲ ၀င်ဖို့ သဘောတူလိုက်၍ အဖေက သူ့ တပည့်များအား "ငါ့သားကြီး ဂီတာ တီးတတ်တာ ရှိတယ်၊ မင်းတို့ ၀ိုင်းမှာ စမ်းသုံးကြည့်ပါလား" ဟု ပြောပြ အပ်နှံသည်။

သည်လိုနှင့် ကိုစိုးညွှန့်တို့ အိမ်ရောက် လာကြပြီ။
ကျော်မြင့်လွင်က ဂီတာ တီးပြရသည်။
ပလေးဘွိုင် သန်းနိုင်၏ "ဆု" ဆိုသော သီချင်းကို ဆိုလို တီးဆို ပြလိုက်သည်နှင့်ပင် ကိစ္စ ပြီးပြတ်လေတော့သည်။ The Excellent မှာ လူလိုနေသလို ဘာမျှ လုပ်စရာ မရှိသော ကျော်မြင့်လွင် အတွက်လည်း အာသာ ပြေသွားသည့် အတွက် ရေကန်အသင့်၊ ကြာအသင့်ပင် နှစ်ဦးနှစ်ဘက် အဆင်ပြေ သွားခဲ့ကြသည်။

မော်လမြိုင်မှာ ဂီတ မျိုးစေ့ မြေပေါ် ကျပြီး သစ်ပင် တစ်ပင် ဖြစ်ထွန်းပေဦးမည်။

(၃)
အသစ် ပြန်လည် ဖွဲ့စည်းသော Excellent မှာ ကိုဂျီကေ လိဒ်ဂီတာ၊ ကိုစိုးညွှန့် ရစ်သမ်ဂီတာ၊ ကိုဂုလု ဘေ့စ်ဂီတာနှင့် ကျော်မြင့်လွင် ဒရမ် တီးကြသည်။
ကိုဂျီကေက သီချင်းလည်း ရေးသည်။ သူ ရေးဖွဲ့သော "မျက်ရည်" သီချင်းကို နောင်သောအခါ ကိုဗလ သီဆိုခဲ့သည်။

(၄)
ကျော်မြင့်လွင်၏ မော်လမြိုင် ပထမဆုံး စင်မြင့်ပွဲမှာ အမှတ် (၅) တံတားရှေ့ ရွှေတောင်ရပ် ဆွမ်းကြီးလောင်းပွဲ ဖြစ်သည်။
The Excellent က အနောက်တိုင်း ၀တ်စုံ အပြည့်အစုံနှင့် တီးဝိုင်း ထွက်သည်။ ထိုညမှာ ကျော်မြင့်လွင်က L-O-V-E love နှင့် Give Me Your Heart အင်္ဂလိပ် သီချင်း နှစ်ပုဒ် သီဆိုခဲ့သည်။

The Excellent အဖွဲ့တွင် ကျော်မြင့်လွင် တီးခတ်နေဆဲ အချိန်။
တစ်ခါတော့ သူတို့အဖွဲ့ မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အသံလွှင့် အစီအစဉ် Local talent ကဏ္ဍတွင် အသံ သွားသွင်းကြသည်။ ကိုဂျီကေနှင့် ကိုစိုးညွှန့်တို့ ညီအစ်ကိုက သီချင်း ဆိုကြသည်။ မြန်မာ့အသံမှ ထုတ်လွှင့် ပေးခဲ့သော The Excellent ၏ ထိုအစီအစဉ်တွင် မှတ်မှတ်ရရ Devil Woman သီချင်း ပါဝင်ခဲ့သည်။

(၅)
The Excellent မှာ အချိန်အတန်ကြာ တီးခတ်နေခဲ့ပြီးသည့် နောက်ပိုင်းတွင် သူတို့ တီးဝိုင်းမှာ အပြောင်းအလဲ အချို့ ဖြစ်သွားခဲ့သည်။
အဓိက အကြောင်း အရင်း အခြေခံက မော်လမြိုင် မြို့လယ်နှင့် ယမင်း ပုံနှိပ်တိုက်များမှ ကိုညီညီ၊ ကိုဇော်ဇော်တို့က စတင်ခဲ့သည် ဆိုရမည်။ သူ့တို့ဆီမှာ တီးဝိုင်း တိုက်ကြ၊ သီချင်း ဆိုကြရင်း ကျော်မြင့်လွင်ကို သူတို့ မျက်စိကျ လာကြသည်။

သည်လိုနှင့် ကျော်မြင့်လွင်ကို မဏ္ဍိုင် ထား၍ တီးဝိုင်းသစ် တစ်ခု ဖွဲ့ဖို့ ဖြစ်လာသည်။
The Excellent မှာ ကိုဂျီကေတို့ ကျန်ရစ်ခဲ့ပြီး မော်လမြိုင်မှာ Sharp အမည် ရှိသည့် တီးဝိုင်းသစ် တစ်ဝိုင်း ပေါ်ပေါက် လာခဲ့လေတော့သည်။
Sharp မှာ ကျော်မြင့်လွင်က လိဒ်ဂီတာ တီးသည်။ ပဲခူးသား ကိုနိုင်ဝင်းက ဘေ့စ်။
ညနေတိုင်း အိမ်ရှေ့မှာ ဂီတာ သင်ပေးနေကျ ရပ်ကွက်ထဲမှ သူ့ လက်ရင်း တပည့် စိုးငယ်ကို စိတ်ချ ရလောက်ပြီး ဖြစ်၍ ရစ်သမ်ဂီတာ ခေါ်တီးခိုင်းသည်။

(၆)
The Excellent မှာတုန်းက ကျော်မြင့်လွင်သည် ဧည့်သည်ဝိုင်းသား တစ်ယောက်သဖွယ် စီစဉ်သမျှ အတိအကျ နာခံကာ အပိုစကား ဘာတစ်ခွန်းမျှ ၀င်မပြောခဲ့။
Sharp တီးဝိုင်းမှာကျတော့ သူ့လက်သူ့ခြေ။ သူ့စကားသာ သူ့အာဏာ တည်သည်။ သို့ဖြစ်၍ ပြောစရာ၊ ဆိုစရာ ရှိလျှင် ဘယ်သူ့ကိုမျှ အားမနာ။ သူက သီချင်း တီးရာ ဆိုရာမှာ ကောင်းဖို့သာ ပဓါန ထားသူ ဖြစ်သည်။ မျက်နှာကို ကြည့်မည် မဟုတ်ချေ။ ထို့ကြောင့် ပြောစရာရှိ ပြော၊ ဆူပူစရာ ရှိလျှင် ဆူပူသည်။ သီချင်း သီဆိုသည့် မိန်းကလေး၊ ယောကျာ်းလေး မရှောင်။ အကြီးအငယ် အရွယ်မရွေး။ မှားလျှင် ဆူပူ ပြောဆို ခံရသည်။

ပုသိမ်မှာတုန်းကလိုပင် သီချင်း တစ်ပုဒ်ချင်းကို အပင်ပန်းခံ နုတ်စ် ခွဲ၊ တီးဝိုင်းသမား တစ်ယောက်လျှင် တစ်ရွက် ပေးပြီး စနစ်တကျ မောင်းသည်။
ဤသို့ဖြင့် Sharp တီးဝိုင်းသစ်မှာ အချို့အတွက် ကျော်မြင့်လွင်နှင့် နည်းနည်းလေးတော့ ထောင့်မတည့်သလို ဖြစ်ရသည်။ သူက သိပ်ကို တိကျလွန်း အားကြီးသည်။ အတီးသမား တီးတာ မဟုတ်လျှင် အတီး မှားပြန်ပြီ။ အဆိုသမားဆိုတာ မဟုတ်လျှင် အဆို မှားပြန်ပြီနှင့် ဘာဆိုဘာမျှ သည်းမခံ။ ကီးမကိုက်လျှင် မကိုက်၊ တိုင်ပင် မှားလျှင် အမှား။

တစ်ချိန်လုံးလိုလို မောင်းမဲနေ၍ "တော်ရိရော်ရိနှင့်လည်း ဖြစ်နိုင်တာပဲ" ဟု သဘောထားသူတွေ အားလုံး ဒုက္ခရောက်ကြသည်။ ဒါပေမဲ့ သူ့ဘက်က သီအိုရီ အခြေခံမှအစ ခိုင်မာနေ၍ ဘယ်သူမျှ သူ့ကို မလှန်နိုင်။ တီးဝိုင်း ပိုင်ရှင်အထိ တက်ပြီး ပြောဆိုကြသော်လည်း မဖြေရှင်းနိုင်။ ကျော်မြင့်လွင်က ခိုင်လွန်းနေသည်။ သူ့ကို ယိုင်သွားစေဖို့ ဆိုလျှင် တော်တန်ရုံ မဖြစ်နိုင်။

သို့ဖြင့် စဉ်းစားရင်း စဉ်းစားရင်း နောက်ဆုံးတော့ ကိုဝင်းဦးကို ပြေးပြီး သတိရလိုက်ကြတော့သည်။

(၇)
ကိုဝင်းဦးက ပဲခူးသား။ ပဲခူး ဒေသကောလိပ်မှ မော်လမြိုင် ဒီဂရီကောလိပ်သို့ သင်္ချာ မေဂျာ အဓိကဖြင့် ကျောင်းလာတက်ခဲ့သူ။
ပဲခူးမှာတုန်းက အသက်ငယ်ငယ်နှင့်ပင် "နုငယ်" တေးဂီတ၀ိုင်း ဦးထွေးမောင်မောင် (အဲလက်စ်ဖခင်)၊ ဦးဝင်းမောင်မောင်တို့က ဂီတာ သင်ပေးခဲ့သည်။ ၁၈ နှစ်သားတွင် ပဲခူး Paradise တီးဝိုင်း၌ တီးခဲ့ပြီး မော်လမြိုင် ရောက်တော့ ဖက်တန်း ရွက်စိမ်း တီးဝိုင်းမှာ တီးခတ်ခဲ့သည်။

ကိုဝင်းဦးက ဂီတမှာ ခြေခြေမြစ်မြစ် ခိုင်ခိုင်မာမာ ရှိသူဖြစ်၍ ကျော်မြင့်လွင်ကို ချိုးဖို့၊ ဟန့်ဖို့ ဆိုလျှင် သူမှပဲ တတ်နိုင်လိမ့်မည် ဆိုပြီး ပဲခူးအထိ လိုက်သွားကာ ဇာတ်ကြောင်းစုံ ခင်းပြ၍ ခေါ်ချလာကြသည်။
ကိုဝင်းဦးလည်း Sharp မှာ ဘေ့စ်ဂီတာ တီးဖို့ ဆိုပြီး မော်လမြိုင်သို့ ရောက်ရှိ လာခဲ့လေသည်။

(၈)
ဝင်းဦးနှင့် ကျော်မြင့်လွင်တို့ တွေ့ကြပြီ။
သီချင်းတိုက်ရင်း တစ်ယောက် အရိပ် တစ်ယောက် အကဲ ခတ်၍ နေကြသည်။ သီချင်း နားချိန်ကျတော့ တီးဝိုင်း တိုက်နေသည့် ယမင်း ပုံနှိပ်တိုက် အပြင်ဘက် နန်းတော် ရုပ်ရှင်ရုံ ရှေ့က မြက်ခင်းကလေးမှာ နှစ်ယောက်သား ထိုင်ပြီး ဟော်လို ဂီတာ တစ်လုံးစီနှင့် ရောက်တတ်ရာရာ ဟိုသီချင်း သည်သီချင်းကလေးတွေ တီးနေရင်း စကားစမြည်း ပြောနေလိုက်သည်။

တီးဝိုင်း တိုက်စဉ်ကပင် တစ်ယောက် အစွမ်း တစ်ယောက် သိသင့်သလောက် သိမြင်ခွင့်ရခဲ့ကြပြီ။ စကားတွေ ပြောရင်းဆိုရင်း တစ်ခဏချင်းအတွင်း တစ်ယောက် ဗီဇ တစ်ယောက် သိသွားကြ၍ ချက်ချင်း တည့်သွားကြသည်။

အတန်ငယ် ရေချိန် မှန်လာသောအခါ ကျော်မြင့်လွင်က-
"ကိုဝင်းဦး၊ ကျွန်တော့်မှာ သီချင်းလေးတွေ ရေးထားတာ ရှိတယ်ဗျ" ဟု ပွင့်အန်ကျလာသည်။ "ဆိုမယ့်သူ ရှိရင် ရောင်းချင်တာ" ဟုလည်း ဆိုသည်။

ကိုဝင်းဦးက ရက်ကောဒင်း လောကနှင့် မစိမ်း။ ၁၉၇၉-၈၀ တုန်းက ပဲခူးမှ သူငယ်ချင်း သုံးယောက် စုပြီး "လွမ်းတဲ့ လမ်း" အမည်နှင့် လင်းစတူဒီယို၌ အသံ သွင်းခဲ့ဖူးသည်။ Paradise တီးဝိုင်းမှာ ဦးတင်ဦးသောင်း ဖြည့်ထားသည့် သူတို့ အခွေ သွင်းခဲ့ချိန်မှာ ခိုင်ထူး၊ ရီဇော်တို့၏ "တေးမြုံငှက်" စီးရီး ထွက်ချိန်နှင့် မရှေးမနှောင်း။ သို့သော် "လွမ်းတဲ့လမ်း" သည် အခွေအဖြစ် ပီပီပြင်ပြင် မထွက်လိုက်။ လမ်းခုလတ်မှာပဲ နစ်မြုပ် သွားခဲ့ရသည်။

ဘာပဲဖြစ်ဖြစ် ထိုအတွေ့အကြုံထဲမှ သင်ကြား ရရှိလိုက်သမျှတွေက အဖိုးတန်လှသည်ဟုသာ ကိုဝင်ဦး မှတ်ယူထားသည်။ ဂီတ မှော်ရုံတောကို တိုးဝင်ဖို့ ဆိုတာ ပါရမီ အခြေခံနှင့် မလုံလောက်။ စန်း နက္ခတ်တွေ အစုံအလင် ယှဉ်ရမည်။ သို့မှသာ ထွန်းလင်း တောက်ပ လိုရာ ရောက်ရမည်။ ပါရမီနှင့် စန်းဆိုတာ ကြိုတင်မြင်နိုင်သည် မဟုတ်။ ကျော်မြင့်လွင်မှာလည်း ရှိနေနိုင်သည်သာ။

ထို့ကြောင့် ကျော်မြင့်လွင် ရေးထားသည်ဆိုသော သီချင်းတွေကို မကြားဖူးသေးသော်လည်း- "မင်းသီချင်းတွေ ကြိုက်တဲ့လူတွေ့ရင် ရောင်းလို့ ရမှာပေါ့ကွာ" ဟု ကိုဝင်းဦးက အားပေး လိုက်သည်။
ကျော်မြင့်လွင်က ဂီတာကို အသာ တီးခတ်ရင်း-

"နှုတ်ဆက်လိုက်ဖို့အားတင်းထားရင်းပါး ပြင်ပေါ်မှာမျက်ရည်တွေဟာ အချိန်နာရီတွေပေါ်ကို ကျော်လွန်ရေလိုဖြတ်ပြီး စီးဆင်းနေဆဲ ချစ်သူရေ . . "
ဟု ဆိုပြသည်။
"နာရီပေါ်မှ မျက်ရည်စက်များ" သီချင်းကို နားထောင်ရင်း နားထောင်ရင်း ကျော်မြင့်လွင်၏ ပါရမီ၊ ကျော်မြင့်လွင်၏ အရည်အချင်းကို ကိုဝင်းဦး တန်းသိ သွားသည်။ ကိုယ်ပိုင်သံစဉ် လောကမှာ သူ့ သီချင်း ပုံစံက လုံးဝကြီးကို အသစ်အဆန်း ဖြစ်နေသည်။ သီးခြား ခွဲထွက်ထား၍ လမ်းကြောင်း မတူ။

အံ့အားသင့်ပြီး-
"ဟ၊ မင်းသီချင်းကောင်းလှ ချည်လား" ဟု မှတ်ချက်ချမိသည်။
"ဟကောင်၊ မင်း ဖြစ်တယ်။ မဖြစ်စရာ ဘာမှ မရှိဘူး။ အခွင့်ကြုံဖို့ပဲ လိုမှာ။ အဲသည့်အခါကျရင် သူ့ အလိုလို ဖြစ်သွားမှာပဲ" ဟု သူ့စိတ်ထဲက ပေါ်လာသည့် အရင်းခံအတိုင်းပဲ အားပါးတရ ပြောမိသည်။

(၉)
"မင်း ရေးထားတဲ့ သီချင်းတွေ ဘယ်နှပုဒ် ရှိသေးလဲ" ဆိုပြီး မေးကြည့်လိုက်တော့ ပို၍ပင် အံ့အားသင့်စရာ။ လယ်ဂျာစာအုပ်နှင့် နှစ်အုပ်။ အပုဒ် (၈၀) ခန့် ရှိကြောင်း ကိုဝင်းဦး သိလိုက်ရသည်။

ထိုအချိန်ကတည်းက နာရီပေါ်မှ မျက်ရည်စက်များ၊ မှော်ဆရာ အိပ်မက်၊ သက်ငြိမ် အစရှိသည့် အခွေများတွင် ပါဝင်မည့် သီချင်း အတော်များများကို ရေးသား ပြီးနေပြီ။ သို့သော် ထိုအချိန်ကတုန်းက ကျော်မြင့်လွင်၏ စိတ်ဆန္ဒမှာ အဆိုတော် လုပ်ဖို့ မဟုတ်။ သီချင်းလေးတွေ ရေးဖွဲ့ပြီး သူ့ သီချင်းတွေကို သီဆိုမည့်သူ ရှာတွေ့ဖို့သာ ဖြစ်သည်။ သီချင်း ဆိုမည့် အဆိုတော်ကို သူ ရောင်းမည်။ လူတွေ ကြားထဲ သူ့သီချင်းလေးတွေ ပျံ့နှံ့သွားလျှင် ကျေနပ်ပြီး ဆိုတာမျိုးသာ ဖြစ်သည်။

(၁၀)
ညတွင်းချင်းပင် သူတို့ နှစ်ယောက် အကြားမှာ ဘာအကာအကွယ်မျှ မရှိတော့ဘဲ ပွင့်လင်း ရင်းနှီး သွားကြသည်။ ညီရင်းအစ်ကိုတမျှ ဖြစ်သွားကြသည်။
ကျော်မြင့်လွင်ကို ချိုးပေး လှန်ပေးဖို့ ဆိုပြီး ကိုဝင်းဦးကို ပဲခူးအထိ တကူးတကန့် ပြေးခေါ် ခဲ့ကြသည်။ ယခုတော့ဖြင့် သူတို့ နှစ်ယောက်က ပလဲနံပ သင့်သွားခဲ့ကြပြီ။ ဘယ်သူတွေ ဘာများ တတ်နိုင်ကြဦးတော့မည်လဲ။

ကျော်မြင့်လွင်မှာ ပုသိမ်ကတည်းက သျှပ်ကလေး အမည် တွင်ပြီးသား။
ယခု မော်လမြိုင် တီးဝိုင်းကလည်း Sharp။
ဤသို့ဖြင့် ကိုဝင်းဦးက သျှပ်ကြီး ဖြစ်လာသည်။

Sharpတီးဝိုင်းမှ သျှပ်ကြီး၊ သျှပ်ကလေးတို့ နှစ်ယောက် သွားလေရာမှာ တတွဲတွဲ။ စင်ပေါ်မှာလည်း အပေးအယူမျှမျှ။ ကိုဝင်းဦးက ကျော်မြင့်လွင်တို့ အိမ်အထိ လိုက်လာပြီး တစ်ခါတလေ အိမ်မှာပဲ အိပ်တတ်သည်။

(၁၁)
မှောင်ခိုခေတ်လည်း မှောင်ခိုခေတ်မို့ လမ်းကြောင်းပေါ်မှာ ရှိသည့် မော်လမြိုင်မြို့က အရောင်းအ၀ယ်နှင့် စီးပွားရေး ကောင်းသည်။ အလှူအတန်း ပေါများ၍ တီးဝိုင်းတွေလည်း ဦးစားပေးခြင်း ခံရသည်။ အထူးသဖြင့် မော်လမြိုင်၏ ဆွမ်းကြီးလောင်းပွဲတွေက ထူးခြားသည်။ တော်သလင်းလဆန်းမှစပြီး မော်လမြိုင် ဖက်တန်း၊
ဒိုင်းဝန်းကွင်း၊ မောင်ငန် အစရှိသဖြင့် တစ်ရပ်ကွက်မှ ပြောင်းကာပြောင်းကာ မော်လမြိုင်-ရေး အထွက် ဘူတာရုံ ဈေးချိုရပ်ကွက်အထိ နှစ်ရက်စီ လုပ်သွားသည်။

ဤဆွမ်းကြီးလောင်းပွဲတွေက တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် အပြိုင်အဆိုင်။ တတ်နိုင်လျှင် တတ်နိုင်သလို ထည့်ဝင်ကြပြီး စည်စည်ကားကား ဖြစ်အောင် စီမံကြ၍ တီးဝိုင်းက အမြဲ ပါသည်။ အချို့ရပ်ကွက်ဆိုလျှင် ဇတ်သဘင် အဖွဲ့ကြီးတွေ အထိ ထည့်သွင်း တတ်ကြသည်။

သို့ဖြစ်၍ မော်လမြိုင်မှာ တီးဝိုင်း အလုပ်က ရာသီချိန်ကျလျှင် တစ်လမှာ ဆယ်ပွဲလောက်ပင် ဖြစ်နေတော့သည်။ မင်္ဂလာဆောင်နှင့် အလှူအတန်းတွေကလည်း ငှားရမ်း တတ်ကြသေးသည်။
မောရ၀တီပန်းခြံမှာ တီးဝိုင်းတွေ အလှည့်ကျ ဖျော်ဖြေကြသလို တီးဝိုင်းတွေကလည်း အပြိုင်းအရိုင်း ပေါများသည်။ သီဆို တီးခတ်သူ များပြား၍ တီးဝိုင်း အပြောင်းအလဲလည်း များသည်။ တီးဝိုင်း တစ်ခုပြိုကွဲလျှင် တီးဝိုင်းအသစ် တစ်ခု ချက်ခြင်း ပေါ်လာသည်။

(၁၂)
မော်လမြိုင်မှာ ဟိုးအရင်ကတည်းက ကောက်ပဲသီးနှံ ၀န်ထမ်းများနှင့် စုဖွဲ့ ထားကြသော S-A-M-B တီးဝိုင်း ရှိသည်။ စည်ပင်မှ ကိုကြည်ချွန်းတို့ကလည်း စည်ပင်ဝိုင်း။ ကိုဇော်ဝင့်တို့ တီးဝိုင်းက စတား။ ဗိုလ်လှဖေ အိမ်မှ မောင်မောင်တို့က ကွန်ပျူတာ ကွန်ထရိုး။ နောက်ပြီး ပန်းနုရောင်ဆိုတာ ရှိသည်။ The Excellent တီးဝိုင်းက Sharp ခွဲထွက် လာသလို ရွက်စိမ်းက နောက်တော့ ရွက်သစ် ဖြစ်လာသည်။

ဂျက်မြသောင်းတို့က စက်တွေပါ ကိုယ်ပိုင် ထောင်းထား၍ မော်လမြိုင်မှာ အကြီးဆုံး တီးဝိုင်းဟုပင် ဆိုရမည်။ သူတို့ ၇၄၇ တီးဝိုင်းက နောက်တော့ "ရွှေ" အဖြစ် အမည် ပြောင်းသည်။

The King, LPJ, Playboys, New Wave, The Aces, Success အစရှိသည့် ၀ိုင်းကြီးတွေ ရန်ကုန်မှဆင်းလာတတ်သလို အပျော်တမ်းဝိုင်း သေးသေးလေးတွေကလည်း ရပ်ကွက်ထဲမှာ များစွား ရှိနေကြပြန်သေးသည်။

(၁၃)
ဂျက်မြသောင်းက နော်လီဇာနှင့် တွဲပြီး အခွေ တစ်ခွေ ထွက်ထားဖူးပြီးပြီ။ မော်လမြိုင်မှာ အသံ အားကောင်းသူအဖြစ် နာမည်ကြီးနေပြီ။ သူတို့ကိုယ်ပိုင် "ရွှေ" တီးဝိုင်းမှာ ပင်တိုင် သီဆို ဖျော်ဖြေသလို ယမင်းနှင့် မြို့လယ်ပုံနှိပ်တိုက်များက ကိုညီညီ၊ ကိုဇော်ဇော်တို့နှင့်လည်း ရင်းနှီးသည့်အတွက် Sharp ပွဲတွေမှာလည်း သီချင်းလာ ဆိုတတ်သည်။

ကိုညီညီတို့ အိမ်မှာပဲ " ဒါ Sharp မှာ လိဒ်တီးမယ့် ကျော်မြင့်လွင် " ဟု ဂျက်မြသောင်းနှင့် မိတ်ဆက် ပေးခဲ့သည်။

ကျော်မြင့်လွင်က ပလေးဘွိုင်း သန်းနိုင်၏ " ဆု " သီချင်းကို အင်ထရို၊ ဆိုလို၊ အစအဆုံး သေသေချာချာ ကျွမ်းကျင် ပိရိစွာ တီးပြလိုက်ရာ၊ သီချင်းမဆုံးခင်မှာပင် ဂျက်မြသောင်းလည်း ပက်လက် ကုလားထိုင်မှ ထလာသည်။ သီချင်းဆုံးတော့ လက်ချင်း ဆုပ်ကိုင်မိကြသည်။ ထိုအချိန်မှစ၍ သူတို့ နှစ်ယောက် သိပ်ခင်သွားခဲ့ကြလေသည်။

(၁၄)
Sharp အဖွဲ့မှာ ကိုဝင်းဦးနှင့် ကျော်မြင့်လွင်၊ သျှပ်ကြီး၊ သျှပ်ကလေးတို့က လိဒ်နှင့် ဘေ့စ်ခွတီးကြရာ ဂျက်မြသောင်းက ၀ိုင်းကူပြီး သီချင်းလာဆိုလျှင် သူကိုယ်တိုင်ပဲ ဒရမ် ၀င်တီးသည်။ မော်လမြိုင် ပရိတ်သတ်က ဂျက်မြသောင်းကို ကိုယ့် နယ်ထွက် အဆိုတော်အဖြစ် တစ်ခဲနက်ကြီး အားပေးတတ်ကြသည်။

ဂျက်မြသောင်းက သီချင်းတွေလည်း သူ့ဘာသာ ရေးထားသည်။ သူ ရေးထားသမျှ ကျော်မြင့်လွင်ကို ပြလေ့ ရှိသည်။ တစ်ကြိမ်မှာ ရန်ကုန်မှ The Rays တီးဝိုင်း မော်လမြိုင်သို့ လာရောက် ဖျော်ဖြေဖို့ စီစဉ်ထားဆဲ။ ကန်ထရိုက်တာက မြို့ခံ အဆိုတော်အဖြစ် ဂျက်မြသောင်းကို တက်ပြီး သီဆိုပေးစေချင်သည်။ ဂျက်မြသောင်းက ပလေးဘွိုင်းသန်းနိုင်၏ " အချစ်လှေ " ဆိုမည်။ နောက်ပြီးတော့ သူကိုယ်တိုင် ရေးထားသော " ဟုတ်တယ် ဟုတ် " သီချင်းလည်း ဆိုချင်သည်။

ဂျက်မြသောင်း၏ အသံအနေအထား၊ အဆိုအားအရ ရန်ကုန်တီးဝိုင်းမှာ ၀င်ဆိုဖို့အတွက် ဘာမျှ အခက်အခဲ မရှိ။ သို့သော် ရန်ကုန်တီးဝိုင်းမှာ သီချင်းအသစ် ဆိုဖို့ကျတော့ နုတ်စ်နှင့် အရိန်းခ်ျမင့် လုပ်ထားဖို့ လိုသည်။ ကျော်မြင့်လွင်က အဆိုင်းမတွပင်-
" နေဦး၊ စင်ပေါ် တီးလို့ ရအောင် ကျွန်တော် လုပ်ပေးမယ် " ဆိုပြီး ရမ်တွေ၊ဘေ့စ်တွေအတွက် နုတ်စ်နှင့် အရိန်းခ်ျမင့် သေသေချာချာ လုပ်ပေးလိုက်သည်။ The Rays နှင့် တီးတော့ ဂျက်မြသောင်း၏ ထိုသီချင်းက မော်လမြိုင်တွင် အကြီးအကျယ်ပေါက်သွားသည်။

နောက်ပိုင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာ ရောက်အောင် ပျံနှံ့သွားခဲ့ပြန်သည်။

(၁၅)
ကျော်မြင့်လွင်က သူ ရေးထားသော သီချင်းတွေ ကိုဝင်းဦး တစ်ယာက်ကိုပဲ ပြခဲ့သည်။ အခြားသူတွေကို ပြလေ့မရှိ။
စတိတ်ရှိုးတွေကျလျှင် သူ အဆိုများတာက ဆလိုင်းသွှအောင်၏ မြိုင်နန်းစံ၊ ဝေးလွင့်ခြင်းရဲ့ နောက်ဆုံး ခြေရာတွေ အစရှိသည့် သီချင်းများဖြစ်သည်။ တစ်ခါတစ်လေကျတော့
သူ့ ကိုယ်ပိုင် သီချင်းလေးတွေကို ကြားညှပ်ပြီး ထည့်ဆိုတတ်သည်။

မော်လမြိုင်ဒီဂရီကောလိပ် ကျောင်းထဲမှာ ကိုဝင်းဦး၏ သူငယ်ချင်း ပဲခူးသားတွေ ရှိကြသည်။ ပုသိမ်မှာ ကျောင်းလာတတ်သော ကျော်မြင့်လွင်၏ အသိတွေလည်း ရှိသည်။ သို့ဖြစ်၍ တီးဝိုင်းနားချိန် ကြားရက်များကျလျှင် ပရ၀ုဏ်ထဲက အဆောင်တွေမှာ ညပိုင်း သီချင်း သွားဆို တီးတတ်သည်။ ထိုအခါမျိုးတွင် စိတ်ကူကြုံလျှင် သူ့ကိုယ်ပိုင် သီချင်းတွေထည့်ဆိုသည်။

" သူ ပန်ထားတဲ့ပန်းနီနီ…..နေရာခဏ လဲချင်သည်၊ ကြင်နာသူလေး လှဖို့အစွမ်းကုန် ကြိုးစားမည်။ ရင်မှာ ဒီလောက်ချစ်ပါသည်။ သူပျော်တာ အမြဲတွေ့ချင်သည်။ သူ့အရိပ်အဖြစ် အမြဲရှိနေတတ်ပြီ။ ကျောင်းသွား ကျောင်းပြန် အချိန်မှန် အမြဲစောင့်ကြည့်သည်။ သူ့မျက်ဝန်းနှင့်ဆုံရင် ရင်ခုန်သည်။ သူ့အပြုံးလေးများ မြင်ရင် အပျော်လွန်ပြီး အိပ်မရတော့ပြီ၊ သိပ်ချစ်တဲ့…အကြောင်းကို ကဗျာတွေ….ရေးမည် "

(တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်)
" အိမ်မက်လေးထဲ လာမှာလားကွယ်၊ လာနိုင်ပါတယ်၊ ပြန်လည်ထွက်မသွားနဲ့၊ ဒီရင်မှာ အမြဲတမ်း နေပါတော့ကွယ်၊ ဒီရင်ဟာ မင်းအတွက် အလုံခြုံဆုံးပဲ၊ အိုး……အချစ်ရေ….နိုးနိုး…၊ မုန်းမသွားနဲ့…နိုးနိုး၊ ခွင့်မပြုနိုင်ဘူး၊ ကိုယ်မငိုချင်လို့ပါ။ ကိုယ် မငိုချင်ဘူးကွယ် "
(ခွင့်မပြု)

ထိုသီချင်းတွေ အားလုံး မော်လမြိုင် ပရ၀ုဏ် အဆောင်ညများ၌ အကြိမ်ကြိမ် ပွဲတောင်းခံခဲ့ ရသည်။
ပဲခူးသား သူငယ်ချင်းတွေက အသံ သွင်းထားချင်သည် ဆို၍ ကက်ဆက်နှင့် သွင်းပေးထားခဲ့တာ တစ်ခွေစာပင် ရှိခဲ့သည်။ အချို့သီချင်းတွေက ယခုအချိန်အထိ ဘယ်သူမျှကို ပြန်မဆိုဖြစ်ကြသေး။ ကက်ဆက်ခွေ အဟောင်းလေးတွေထဲမှာ အိပ်စက်ဆဲပင် ရှိနေကြဦးမည်။

(၁၆)
တစ်ဖက်တွင် အပျော်သဘော သီချင်း ဆိုတီးတာ ဖြစ်သလို တစ်ဖက်ကလည်း သီချင်းတွေ ရောင်းဖို့ ဖြစ်နိုင်မလား ကြိုးစားကြည့်သည်။ နှစ်သက် သဘောကျ၍ ၀ယ်ချင်သူလည်း ပေါ်လာသည်။

Sharp လို တီးဝိုင်းကြီးမှာ တီးနေရင်းကပင် အံအားသင့်စရာ ကျော်မြင့်လွင်သည် သူ့ကိုယ်ပိုင် တီးဝိုင်းလေး တစ်ခုလောက် သီးသန့် လုပ်ဖို့ စိတ်ကူးအိမ်မက် မက်နေဆဲ ဖြစ်သည်။
ရပ်ကွက်ထJမှ လူငယ်များ ဖြစ်ကြသည့် စိုးငယ်၊ စိုးနိုင်၊ အ၀င်း၊ ယဉ်သိန်း၊ ကျော်ဆွေ စသည်တို့နှင့် ဂီတကို အကြောင်းပြုကာ ရင်းနှီး ခင်မင်နေခဲ့သည်။ ညစဉ် ညတိုင်း အိမ်ရှေ့မှာ ဂီတာ သင်ပေးနေကျ လူငယ်တွေထဲမှာ စိုးငယ်ကို ရစ်သမ်၊ စိုးနိုင်ကို ဘေ့စ်၊ ညီငယ် အောင်အောင်ကို ဒရမ် တီးနိုင်အောင် သင်ကြား လေ့ကျင့် ပေးခဲ့သည်။

တစ်ခါကျတော့ မောင်ငံ ရပ်ကွက်၊ သုံးထပ်တိုက် ဆွမ်းကြီးလောင်းပွဲမှာ အရေးပေါ် တီးဝိုင်း လိုသည်ဆို ၍ Rainbow Colour Eyes အမည်ဖြင့် တီးဝိုင်းလေး တစ်ဝိုင်း ကောက်ကာငင်ကာ ဖွဲ့လိုက်ကြသည်။
ဆွမ်းကြီးလောင်းပွဲအတွက် ပန်းနုရောင်ကိုငှားထားသည်။ သို့သော် ပန်းနုရောင်က အချိန်ပြည့် မတီးပေးနိုင်။ အခြား ရပ်ကွက် ပွဲတစ်ပွဲနှင့် တိုက်ဆိုင်နေခဲ့သည်။ သို့ဖြစ်၍ ပန်းနုရောင်နှင့် ပွဲစ။ Rainbow Colour Eyes က ကြားဖြတ်။ ပြီးမှ ပန်းနုရောင် နှင့် ပြန်သိမ်းဖို့ စီစဉ်ကြသည်။

(၁၇)
Rainbow Colour Eyes ၀ိုင်းကလေးမှာ လိဒ်ဂီတာသမား သံချောင်း ဆိုတာက ကျော်မြင့်လွင်ပဲ ဖြစ်သည်။
ဘေ့စ် စိုးနိုင်၊ ရစ်သမ် စိုးငယ်နှင့် ဒရမ် အောင်အောင် (အောင်မျိုးဟိန်း) တို့ တီးကြမည်။

ကျော်မြင့်လွင်၏ ညီငယ် အောင်အောင့်ကို ကြွက်နီ (အောင်ကျော်ဦး) က ပုသိမ်မှ လာလည်စဉ် ဒရမ်တီး သင်ပေးထားခဲ့သည်။ ကိုလေး (ကျော်မြင့်လွင်) ကလည်း သင်ပေးသည်။ ဂီတာဆိုတာ ကိုယ်ပိုင် ရှိကြသော်လည်း ဒရမ်ဆက်က အိမ်မှာ မရှိနိုင်။ အဲသည်တော့ အောင်အောင် ဒရမ်တီး ကျင့်တာ အိမ်မှ အိုးဖုံး၊ ခေါင်းအုံး ဘာမျှမကျန်။ ညနေတိုင်း အိမ်မှာ ဂီတာဝိုင်းဖွဲ့တီးကြလျှင် ခုံစားပွဲနှင့်သာ တီးရသည်။

Rainbow Colour Eyes တီးဝိုင်းကလေး အောင်မြင်စွာ ထွက်နိုင်ဖို့အတွက် ကန်သုံးကန်က အိမ်တစ်အိမ်၏ ကားဂိုထောင်ထဲမှာ သွားကျင့်ကြသည်။ ပုသိမ်မှာတုန်းကတုန်းကလိုပင် သီချင်း တစ်ပုဒ်ချင်း နုတ်စ်ထုတ်၊ ဟာမိုနီခွဲ အရိန်းခ်ျမင့် လုပ်ပြီး လေ့ကျင့်ပေးသည်။ သီချင်းများကို ကျော်မြင့်လွင် စိတ်ကြိုက် အရိန်းခ်ျမင့် ပြောင်းသည်။

ကျော်မြင့်လွင်နှင့် တီးဝိုင်း လေ့ကျင့်ရတာ မလွယ်။ အားလုံးက သူ့ လက်ရင်း တပည့်။ သူ့ ညီငယ် အရွယ်တွေမို့ အားမလို အားမရနှင့် အရမ်း ဆူပူသည်။
ကြွက်နီ (အောင်ကျော်ဦး) ပင် မော်လမြိုင် လာစဉ် ကျော်မြင့်လွင် ဆူပူကြိမ်းမောင်း ဆဲဆိုတာ တွေ့တော့ "မင်းအစ်ကိုကွာ၊ ပုသိမ်မှာတုန်းက စကားတစ်လုံးတောင် မထွက်ခဲ့တာ အခုနဲ့တော့ တခြားစီပဲ " ဟု ဆိုသည်။

(၁၈)
ညပိုင်းကျလျှင် တီးဝိုင်းက ထွက်ရတော့မည်။ တကယ် စက်တွေ ယူလာပြီ။ အောင်အောင်က ဒရမ်ဆက် ပေါ်မှာ နှစ်ခါပဲ ထိုင်ပြီး တီးဖူးသေးသည်။ ဒါလည်း ကိုလေး (ကျော်မြင့်လွင်) တို့ Sharp တီးဝိုင်း တိုက်စဉ် ထမင်းစားချိန် ခဏနားခိုက် ၀င်တီးကြည့်ထား ခိုင်း၍ တီးဖူးခဲ့ခြင်း ဖြစ်သည်။

ယခု တီးဝိုင်း ပစ္စည်းတွေ ဆင်၊ နဖူးတွေ့ဒူးတွေ့ဒရမ်ဆက်ပေါ် ရောက်ပြီ။ သူတို့ လူငယ်တွေ အားလုံး လျှပ်စစ်ဂီတာ၊ စက်တွေ အပြည့်အစုံနှင့် ပထမဆုံး ထိတွေ့ခြင်း ဖြစ်၍ ပျော်လည်း ပျော်၊ စိတ်လည်း လှုပ်ရှားစရာ။

ကိုလေး (ကျော်မြင့်လွင်) က Santanna အဖွဲ့၏ သီချင်း တစ်ပုဒ် ဆိုမည်။
ထိုသီချင်းက အရမ်းခက်သည့် သီချင်း။ အရင်ကတည်းကတော့ စားပွဲခုံနှင့် အောင်အောင် ကျင့်ထားပြီးသား။ သို့သော် အခုဟာက ဒရမ်ဆက် ပေါ်မှာ ထိုင်ရတာ။ ဖင်ထိုင်ခုံနှင့်ပင် နေသား မကျသေး။ လက်ခြေ မထားတတ်သေး။

ကိုလေး (ကျော်မြင့်လွင်) က-
" မင်း ဘိရလား " ဟု မေးသည်။
"ဟုတ်ကဲ့ " ဆိုတော့ တီး။
တီး၍ မရ။
ဆဲသည်။
မရလေ ဆဲလေ။ ဆဲလေ မရလေ။

သည်လိုနှင့် လုံးလည်ပတ်ချာ ရိုက်တော့သည်။ ပြန်ပြန်တီးတာ အကြိမ် နှစ်ဆယ်လောက် အထိ ဖြစ်သွားသည်။ ဒရမ်ဘိက မမှန်သေး။ အောင်အောင်ကား ချွေးတွေထွက်၊ ဒူးတုန်၊ ငိုလည်း ငိုချင်။ လူကလည်း ရှစ်တန်းကျောင်းသား ဘ၀ပဲ ရှိသေးသည်။

နောက်ဆုံးတော့ ကိုလေး (ကျော်မြင့်လွင်)က-
"ကဲ….ငါတို့ လက်ဖက်ရည်ဆိုင် သွားမယ်၊ မင်းဒီကနေ တီးထား၊ ငါတို့ ဟိုက နားထောင်နေမယ်၊ မှန်ပြီဆို လှမ်းရပ်ခိုင်းလိုက်မယ် " ဆိုပြီး ထွက်သွားသည်။

(၁၉)

အောင်အောင်က တီးဖို့ အဖေါ်မရှိ။ ရပ်လည်းမရပ်ရဲ။ တစ်ယောက်တည်း တီးပြီး ကျန်နေခဲ့သည်။ အတော်ကြာအောင် တီးနေပြီးမှ စိတ်ကလွတ်လပ်သွားသည်။ အဖေါ်မရှိဆိုတာထက် ဖိစီးမှု မရှိတော့ခြင်း ဖြစ်သည်။ ကိုယ့်ဈာန်နှင့် ကိုယ်ဝင်စားပြီး တီးနေခဲ့ရာခဏနေတော့ လက်ဖက်ရည်ဆိုင်က လူတစ်ယောက် ရောက်လာသည်။

မှန်ပြီးလား၊ မမှန်သေး။ သူစားဖို့စမူဆာ နှစ်ခု ပေးခိုင်း လိုက်၍ လာပေးခြင်းသာ ဖြစ်သည်။ သို့သော် အောင်အောင့်ခမျာ စမူဆာကိုပင် ယူမစားရဲ။ ဆက်၍သာ တီးနေခဲ့ရသည်။

ကိုလေး (ကျော်မြင့်လွင်) ပြန်လာတော့ ဆက်ဆူ ဆက်ဆဲ ခံရသည်။ သို့သော် များစွာ တိုးတက် နီးစပ်သွားခဲ့ပြီ။ မှန်ကန် တည့်မတ် လာအောင် နည်းလမ်းလည်း ပြပေးသည်။ သင်ပြသည့်ကြားမှ မရလျှင်တော့ ဆဲဆူခံရတော့သည်။ စိုးနိုင်၊ စိုးငယ်တို့ ဂီတာသမားတွေ၏ မျက်နှာလည်း သွေးတစ်စက်မျှ မရှိကြတော့ပြီ။ ဒရမ် အလှည့် ပြီးလျှင် သူတို့ အလှည့် ရောက်တော့မည်။

တကယ်ပဲ သူတို့လည်းစရော ဆူဆဲခံရတော့သည်။ နေ့တစ်ဝက်လောက်က ကျော်မြင့်လွင် ဆူဆဲတာနှင့်ပင် ကုန်ဆုံး သွားခဲ့သည်။ သို့သော် နေ့လည်ပိုင်းကျ တဖြည်းဖြည်းချင်း လက်မှန် သွားသည်။

ဤသို့ဖြင့် ညပိုင်း တီးဝိုင်း ဖျော်ဖြေပွဲမှာ အထစ်အငေါ့ မရှိ အဆင်ပြေသွားခဲ့ရလေသည်။
တစ်ခါတစ်လေကျတော့ အပြင်းအထန် လေ့ကျင့် မောင်းနှင်လိုက်မှ အတွင်းအားတွေ ထွက်လာတတ်တာ သူတို့ တစ်ဖွဲ့လုံး သိလိုက်ရလေသည်။

(၂၀)
ကျော်မြင့်လွင်တို့ ၀ိုင်းကလေးမှာ မိန်းကလေး အဆိုရှင် မရှိသေး။
ညီမ ခင်မိုးရီကို "မိုး၊ နင်သီချင်းဆိုပါလား " ဟု ဆိုသည်။ ခင်မိုးရီက ဘာသီချင်းမျှ မဆိုခဲ့ဖူး။ သို့သော် " နင် ဆိုမယ်ဆို ဖြစ်တယ်။ " လုပ်သေးသည်။ သို့သော် တကယ်တမ်းကျ မဆိုဖြစ်။

တီးဝိုင်း အဖွဲ့သားတွေကို ကျော်မြင့်လွင်က ဆူဆဲတာ ကရုဏာဒေါသနှင့်မှန်း သူတို့ နားလည်ကြသည်။ သူတို့လေးတွေ တူရိယာ စက်ပစ္စည်း အစုံအလင်နှင့် အထိအတွေ့ နည်းတာကိုလည်း ကျော်မြင့်လွင် သိသည်။

" မဖြစ်သေးပါဘူးကွာ၊ စက်အစုံနဲ့ ကျင့်ထားမှ ဖြစ်မှာပါ " ဆိုပြီး တစ်လ တစ်ခါလောက်တော့ ပိုက်ဆံ စု၍ တီးဝိုင်း ရှိရှိ၊ မရှိရှိ ပစ္စည်း ငှားပြီး ကျင့်ကြသည်။
ဤသို့ဖြင့် ကျော်မြင့်လွင်၏ Rainbow Colour Eyes ရပ်ကွက် တီးဝိုင်းကလေး အောင်မြင်စွာဖြင့် မွေးဖွား လာခဲ့တော့သည်။

(၂၁)
သက်တမ်း နှစ်နှစ်ခန့် ကြာအောင် အဆို၊ အတီးတွေ လေ့ကျင့်ခဲ့ကြသည့် အဆိုပါ တီးဝိုင်းကလေးသည် နောက်ပိုင်းကျတော့ " ပန်းသီး " ဟု အမည်ပြောင်း ဖြစ်သည်။
သူတို့ တီးဝိုင်းကလေးက စင်ပေါ်တက် ဖျော်ဖြေတာထက် ကျင့်တာ၊ တိုက်တာ သိပ်များသည်။ " ပန်းသီး " ကို သူတို့ ရပ်ကွက်ထဲတင်မက အခြား ရပ်ကွက်တွေကလည်း လာငှားကြသည်။ တစ်ခေါက်ဆိုလျှင် မုဒုံအထိကို သွားတီးရသေးသည်။ တီးဝိုင်း သက်တမ်း အတန် ရလာသောအခါ တီးဝိုင်းမှာ ကိုယ်ပိုင် သီချင်းလေး တစ်ပုဒ် ရှိသင့်သည် ဟု ၀ိုင်တော်သားတွေက ပူဆာကြသည်။

ထိုအခါ ကျော်မြင့်လွင်က-
" လာပြီ၊
ဂီတာ လွယ်ကာ တီးပါ၊
လာပြီ၊ လာပြီ၊ လာပြီ၊
ပန်းသီး တီးဝိုင်းလေး
လာပြီ "
ဆိုသည့် ရော့ခ်အန်ရိုးလ်ပုံစံ သီချင်းလေး တစ်ပုဒ် ရေးဖွဲ့ ပေးခဲ့သည်။

(၂၂)
ကျော်မြင့်လွင်သည် " ပန်းသီး" နှင့် Sharp မှာ တီးနေသလို မော်လမြိုင်မြို့ထဲက အခြားသော အပေါင်းအသင်းများ၏ တီးဝိုင်းတွေမှာလည်း လိုလျှင်လိုသလို လိဒ်၊ ဘေ့စ်၊ ဒရမ်များ သွားရောက်ကူညီ တီးပေးလေ့ရှိသည်။
Sharp တီးဝိုင်း၏ သျှပ်ကြီး၊ သျှပ်ကလေးအဖြစ် ၀င်းဦးနှင့် ကျော်မြင့်လွင် တတွဲတွဲဖြစ်ကြသလို ဂျက်မြသောင်းနှင့်လည်း ကျော်မြင့်လွင် တွဲမိသည်။
ဂျက်မြသောင်းက ညနေ ညနေဆို နေ့တိုင်း နီးပါး ကျော်မြင့်လွင်ဆီ လာဖြစ်သည်။ ဂျက်မြသောင်းက သီချင်းကြမ်းလေးတွေ ယူလာသဖြင့် နှစ်ယောက် ပေါင်းပြီး အချောကိုင်ကြသည်။ ပြီးတော့ သူတို့ နှစ်ယောက် တီးဝိုင်းစုံ သွားပြီး ဂျက်မြသောင်းက သီချင်း ဆို၊ ကျော်မြင့်လွင်က ဒရမ် တီးလေ့ ရှိသည်။

(၂၃)
တစ်ခါကျတော့ ဂျက်မြသောင်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ တစ်ခု ဘားအံဘက်မှာ ရုံပွဲလုပ်ဖို့ စီစဉ်ကြသည်။ ရန်ကုန်က စောဘွဲ့မှူးကို ခေါ်ပြီး လိဒ်ဂီတာ တီးခိုင်းမည်။ ၀င်းဦးက စက္ကင်းလိဒ်။ ကျော်မြင့်လွင်က ဘေ့စ်တီးဖို့ စဉ်းစား ထားကြသည်။ သို့သော် ထိုပွဲရုံမှာ အကြောင်း မညီညွှတ်၍ မလုပ်ဖြစ်ခဲ့ချေ။

စောဘွဲ့မှူးကတော့ မော်လမြိုင် အီဘန်နီဇာ ဘုရားရှိခိုးကျောင်းမှာ ဓမ္မသီချင်းများ တီးဖို့ ရောက်လာသည်။ သူတို့ တလေးတစား သွားတွေ့ကြသည်။ စောဘွဲ့မှူးက ဟိတ်ဟန် အပို အပေါ်ယံ ဟန်ပန် အမူအရာ မရှိ။ ဖော်ဖော်ရွေရွေ ခင်ခင်မင်မင်။
ကျော်မြင့်လွင်က သူသိချင်သမျှ ဂီတအကြောင်းတွေ မေးသည်။ သီအိုရီပိုင်းတွေ၊ တက်ခနိတွေ အကြောင်း။ စောဘွဲ့မှူးကလည်း သူသိသမျှ စိတ်ရှည်လက်ရှည် ရှင်းပြသည်။ အော်ခက်စထရေးရှင်း လုပ်ပုံတွေကအစ အသေးစိတ် မေးတော့ စောဘွဲ့မှူးက ကျော်မြင့်လွင်ကို သိပ်သဘောကျ သွားသည်။

သူနှင့်အတူ သုံးနှစ် လိုက်နေဖို့ ခေါ်သည်။ သူ သိသမျှ တတ်သမျှ ဂီတာပညာ အားလုံး ကျော်မြင့်လွင်ကို ပုံအောပြီး သင်ပေးမည်ဟု ဆိုလေသည်။ ကျော်မြင့်လွင်က မလိုက်ဖြစ်သော်လည်း စောဘွဲ့မှူး ရင်ထဲက တကယ့်ကိုလှိုက်လှိုက်လှဲလှဲ ပြောခြင်း ဖြစ်ကြောင်း နားလည်နေခဲ့သည်။
ဆက်ရန်....

Friday, 7 September 2012

ထူးအိမ်သင်၏ ပုံတူကောက်ကြောင်း - နိုင်ဇော် - အပိုင်း၂ (credit to mmcyber)

အခန်း (၃) ရေခံ မြေခံ ကောင်းသောအခါ

(၁)
ဘဲဥကလေး သုံးနှစ်သားအရွယ်။

မော်လမြိုင်မှ ဘကြီးဇနီး (အကြီးသီ)က ပုသိမ်မြို့သို့ အလည်အပတ်ရောက်လာသည်။ အတိသဉ္စနာဂရ၊ ကုသိမရဠ၊ ပုသိမရဠ၊ နာဂ၀ုလ္လ၊ မင်းသားကျွန်းခေါ် ကော့သမိန် အစရှိသည့်အမည်အမျိုးမျိုး ခေါ်တွင်သည့် ပုသိမ်ဒေသမှာ လည်စရာ ဖူးစရာ ဘုရားတွေက စုံလင်လှသည်။

"မုဠောအစ ပုသိမ်က"ဟု ပြောစမှတ် ပြုကြသည့် အတိုင်း အတွင်းမုဠော ငါးဆူ၊ အပြင်မုဠောလေးဆူ စုစုပေါင်း မုဠော ကိုးဆူရှိလေသည်။ ထိုမုဠောကိုးဆူကို မဇ္စိုမဒေသ၊ ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းကြီးက သာသနာ သက္ကရာဇ် ၂၃၉ ခုနှစ်တွင် ပထမဆုံးစ၍ တည်ထားသည်။ ကောဇာသက္ကရာဇ် ၄၅၇ ခုနှစ်တွင် ဒုတိယမြောက် မွမ်းမံပြုပြင်သော ဒါယကာမှာ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းဖြစ်၏ ။ ကောဇာသက္ကရာဇ် ၆၂၅ ခုနှစ်တွင် တတိယ မွမ်းမံသူမှာ ပုသိမ် ၃၂ မြို့ကို အစိုးရသော သမုဒ္ဒယောသမင်းနှင့် ဥမ္မာဒန္တီမိဖုရားတို့ ဖြစ်ကြသည်။ ထို့နောက်ပိုင်းတွင် မင်း၊ မြို့စား၊ မြို့ဝန်တို့သာမက ရဟန်းရှင်လူ ပြည်သူအများ ၀ိုင်းဝန်းပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။

မုဠော ကိုးဆူအနက် အတွင်းငါးဆူမှာ ရွှေအာဏာ၊ ထူပါရုံ၊ ရွှေမုဠော ဘွဲ့တော် သုံးမည်ရ ဘုရားကြီး၊ တကောင်းဘုရားခေါ် မင်္ဂလာစေတီတော်၊ မဟာဗောဓိ စေတီတော်၊ ဆုတောင်းပြည့်ခေါ် သုမင်္ဂလာစေတီတော်နှင့် ကျိုက်ပိမြို့ဟောင်း သုမနစေတီတော်များ ဖြစ်ကြသည်။ အပြင် မုဠော လေးဆူမှာ ကွင်းချောင်းမှ သုမနစေတီတော် ဒါးကချောင်း လက်ယာဘက်ကမ်းမှ ရွှေမြင်တင်ခေါ် သီရိဝဏ္ဏ စေတီတော်၊ ကျောက်ချောင်းကြီးအ၀င် ကမ်းနဖူးမှာ ခိပ္ပဿ စေတီတော်၊ ငါးသိုင်းချောင်း တစ်ဖက်မှ ဖိုးတော်ဘုရားကြီးခေါ် အကျော်ဇေယျပဿထ စေတီတော်တို့ ဖြစ်ကြ၏ ။

(၂)
ဘွဲ့သုံးမည်ရ ရွှေမုဠော ဘုရားကြီးကား ပုသိမ်မြို့သို့ ရောက်လာသူတိုင်း မပျက်မကွက် ၀င်ရောက်ဖူးမြော်ရစမြဲ ဖြစ်သည်။

မော်လမြိုင်မှ ဧည့်သည်တွေနှင့် ရောက်သွားကြသည့်နေ့က တိုက်တိုက်ဆိုင်ဆိုင် ဘုရားရင်ပြင်တော်ပေါ်မှာ လွန်စွာစည်ကားလှသည်။ ပန်းရထားပျံ စက်သီးနှင့် ဆွဲတင်ပြီး စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်လျက် ရှိသည်။ ဆိုင်းဝိုင်းကြီးက ဟီးထလျက် ခြိမ့်ခြိမ့်သဲသဲ သွေးထဲမှ မြောက်ကြွလာအောင် တီးမှုတ်ပေးလျက် ရှိသည်။

ဘကြီး ဇနီးက ကောက်ကာငင်ကာ-
"ဟဲ့ …ဘဲဥကလေး သွားကစမ်း" ဟုဆိုသည်။

သုံးနှစ်သား ကလေးကလည်း ဘာဆိုဘာ အကြောက်အလန့်မျှမရှိ။ ဂီတသံကြောင့်လည်း စိတ်တွေ မြူးကြွနေပုံရသည်။ ဆိုင်းဝိုင်းကြီး ရှေ့သို့ ရဲရဲတင်းတင်း တက်သွားပြီး ၀ံ့ဝံ့စားစား ကပြသည်။

ဖြူဖြူဖွေးဖွေး ၀၀ကစ်ကစ်နှင့် ချစ်စရာကောင်းလှသည့် ကလေးလေးက အရွယ်နှင့်မလိုက်အောင် အချိုးကျန ကပြလိုက်သောအခါ ဘုရားလာကြသူတွေအားလုံး ရင်သပ်ရှုမော အံ့သြချီးမွမ်းခဲ့ရလေတော့သည်။

(၃)
ဘဲဥကလေးသည် ကျောင်းစနေတော့ ပုသိမ်မြို့ ဥမ္မာဒန္တီလမ်းရှိ အမှတ်၂၀ အခြေခံပညာ မူလတန်းကျောင်းမှာ ဖြစ်သည်။

ပြည်တော်သာအိမ်ရာနှင့် တစ်ကွေ့လေးပဲ ခြား၍ ဘာမှအလှမ်းမဝေးကွာ။ အစဦးတစ်ရက်မှာ ဦးထွန်းမြင့်နှင့် ဒေါ်မြရင်တို့ လင်မယားနှစ်ယောက်ကျောင်းအုပ်ဆရာကြီး ဦးအုန်းကြည်ထံ ကိုယ်တိုင်သွားအပ်နှံသည်။ ၀န်ထမ်းများဖြစ်၍ အမြဲလာမကြည့်နိုင်ပါ။ စောင့်ရှောက်ထားပေးပါဟု မေတ္တာရပ်ခံရသည်။

ထိုစဉ်က ကျော်မြင့်လွင်ကလေးသည် ငါးနှစ်ပြည့်ရန် နှစ်လလိုသေးသည်။ ကျောင်းဆရာကြီးလက်ထဲ အပ်နှံပြီး နောက်နေ့တွေက စ၍ အိမ်နီးနားချင်း ၀န်ထမ်းသားသမီးများအချင်းချင်း အကြီးအငယ် ဖေးမပြီး ကျောင်းတက် ဆင်းကြသည်မို့ သူ့ဘာသာအဆင်ပြေကာ နေတော့သည်။

(၄)
ကျော်မြင့်လွင်လေးသည် ကျောင်းစာမညံ့။
သီချင်းကတော့ ငယ်စဉ်လေးကတည်းက ပါရမီ ဗီဇအစွမ်းအစပြခဲ့သည်။ သုံး-လေးနှစ်သား အရွယ်လောက်ကပင် သန်းထွန်းလေး၏ "မမေ့သောအညာ" "မမပုသိမ်သူ" "မန်းကေသီ" တွေ အစအဆုံး အလွတ်ဆိုနိုင်နေပြီ။

အိမ်မှာက ယိုးဒယားဘက်မှ ၀င်လာသော One Band ရေဒီယိုလေး တစ်လုံးရှိရာ ရေဒီယို နားထောင်ရမည်ဆိုလျှင် သူဘယ်သောအခါမျှ မငြီးငွေ့။ ၀င်းဦး သီချင်းတွေလည်း သူ သိပ်နှစ်သက်သည်။ တောသားကြီး ခင်မောင်ရင်ဆိုလျှင်လည်း အသည်းစွဲ။ သန်းထွန်းလေးက သူကောင်းစွာ စွဲလန်းကျင်လည်သည့် နယ်ပယ်ထဲမှာ ရှိနေသည်။

ကျောင်းကျန်းမာရေးဆေးခန်းသို့ ချီပိုးခေါ်သွားလျှင် ဟိုက ဆရာဝန်၊ ဆရာမ ၀န်ထမ်းများက

"ဘဲဥကလေး သီချင်းတစ်ပုဒ်လောက် ဆိုပြပါဦး" ဆိုလျှင် အကျအနပင်
"မွေးဌာနီ--
အညာရပ်ဆီသို့
ရော်ရည်မျှော်မှန်း
စိတ်ဝယ်တမ်းတ
မှန်းဆကာရည်
တမ်းတပါသည်"
အစချီပြီး စိတ်ပါလက်ပါ ဆိုတတ်သည်။

"လှည်းလမ်းကြောင်း တစ်လျှောက် ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်ကာ မြင်ယောင်သေးတော့သည်။ အညာဌာနီ.. တစ်ခါလာမည်..ကျွန်တော့်အတွက်တော့ မေ့မရပါလေပြီ.."

အားလုံးပင် လက်ခုပ်တီးပေးမိကြသည်။ လက်ခုပ်သံစည်းဝါးထဲမှာ ကလေးငယ် သီဆိုသည့် သီချင်းအချို့က လွမ်းစရာ။

"ကျုံးတော်မယ်..ရွှေကြာတင့်တယ်..ခုချိန်ဝယ်..ဗေဒါဝံ့ထည်..နန်းတော်မြို့ရိုးကြီးနဲ့ ရင်တားပစ္စင်စုံညီ… တောင်ပြင်တံခါးဝကို..ကျွန်တော်တွေးကာ..ငေးမိသည်.."


ကလေးလေးပင် ဖြစ်လင့်ကစား အသံအဖြတ်အတောက် အဆွဲအငင် အရှိုက်အသွင်း အားလုံးမှန်ကန်နေသောကြောင့် အားလုံးအံ့သြရသည်။

လေအတိုက်မှာ ကြွေလိုက်သည့် လက်ပံပွင့်တွေ လေယဉ်ပမာတ၀ဲဝဲ လွင့်ရတာ။ ရိုးတံကြဲကြဲနေပူထဲတွင် ရွှေခြေကျင်းနှင့် တစ်မျိုးလေး လှကြသော ရွှေညာသူ ညိုပြာချောတို့ စက်ဘီးလေးများ ကိုယ်စီ စီးသွားကြတာ အတွေးမှာ တကယ်မြင်ယောင်လာစေသည်။

ကြားသူတိုင်း ထိရှ ခံစား နှစ်သက် ချီးမွမ်းကြသည်။

"မမ ပုသိမ်သူ" ဆိုလျှင်လည်း …

"ဂီတကိုလည်း ချစ်လေသူ မမပုသိမ်သူ ။ ကျန်းမာရေးလည်း လိုက်စားသူ မမပုသိမ်သူ ။ ရွှေမုဠောဘုရားမှာ လပြည့်လကွယ် နံနက်တိုင်း မေမြို့ပန်းကပ်လှူ … ကျွန်တော့်မမ … မမ ပုသိမ်သူ။ ပုသိမ်ထီးလေးနဲ့ ရုံးသွားရုံးပြန် ယဉ်တယ်တမူ … ပုသိမ်ထိပ်ထား အလှဘွဲ့ကိုလည်းယူ" ဟု ပီပီပြင်ပြင်ဆိုပြတတ်သည်။

"သိကျွမ်းရတာ အမြဲဂုဏ်ယူပါတယ်…. မမ ပုသိမ်သူ" ဟု ဆိုလိုက်လျှင်ဖြင့် အားလုံး ရယ်မောရွှင်ပြ သဘောကျကြလေတော့သည်။

(၅)
အမေဒေါ်မြရင်က ပွဲအလွန်ကြိုက်သူမို့ ကျော်မြင့်လွင်လေး အပါအ၀င် ကလေးတွေ အားလုံး ပွဲကြိုက်ကြသည်။ တစ်ခါတစ်လေလည်း တစ်ညလုံးစာ ဖျာဝယ်ကြည့်ကြသည်။ များသောအားဖြင့်တော့ တစ်ဝက်ကျမှ ဖြတ်ပြီး ၀င်ကြည့်ကြသည်။ ထိုအချိန်ကျလျှင် ပွဲတစ်ဝက်ပဲကျန်သည်။ မိုးလင်းအထိ မကြည့်နိုင်သူ ပရိသတ် အချို့တ၀က်တို့ အိမ်ပြန်ကြပြီ ဖြစ်၍ ရုံပွင့်နေပြီ။

အဖေက ကလေးတွေကို စက်ဘီးနှင့် တစ်တွဲပြီး တစ်တွဲပို့ပေးသည်။

ကျော်မြင့်လွင် ကလေးကတော့ အဆို အက အငို အပြောတွေနှင့် ခမ်းနားမြိုင်ဆိုင်စွာ တင်ဆက်သည့် နောက်ပိုင်းဇာတ်ထုပ်ကြီးတွေကို သိပ်ကြိုက်သည်။ ပွဲသိမ်း၍ မိုးလင်းလုနီး ဝေလီဝေလင်းမှာ မျက်လုံးတွေ ဖန်စပ်ပြီး သားအမိတစ်တွေ ပြန်လာကြစဉ်လမ်းတွင် ဇာတ်ထဲက စာသားအပိုင်းအစတွေကို ကျော်မြင့်လွင်ကလေးက သံနေသံထားနှင့် ရွတ်ဆိုပြတတ်သည်။

(၆)
အတန်းထဲမှာ ဘယ်တုန်းကမှ မညံ့ခဲ့သော ကျော်မြင့်လွင်ကလေးသည် ဒုတိယတန်းကျတော့ ဘာကြောင့်မှန်းမသိ။ အမှတ်တွေ နည်းသွားသည်။

ရီပို့ကတ်ကို စစ်ကြည့်သောအခါ လစဉ်စစ် စာမေးပွဲတွေမှာ အမှတ်တွေထိုးကျပြီး ပထမအစမ်းစစ်၊ ဒုတိယ အစမ်းစစ်တွေ၌ အမှတ်တွေက ကောင်းနေကြပြန်သည်။ သို့ဖြစ်၍ အဖေက-

"ဘယ်လိုဖြစ်တာလဲ။ ဘာကြောင့်လဲ "ဟု အကျိုးအကြောင်း မေးမြန်းကြည့်သည်။

ထိုအခါကျမှ မျက်စိ အဝေးမှုန်နေတာ ပေါ်ပေါက်လာတော့သည်။

လစဉ်စစ် စာမေးပွဲတွေမှာ မေးခွန်းကို အတန်းတွင်းကျောက်သင်ပုန်းပေါ်တွင် ရေးပေးထား၍ ထိုင်ခုံနေရာမှ လှမ်းမမြင်ရ။ ထထ သွားကြည့်၊ ပြန်ပြန် လာပြီး ဖြေရသည်။ အချိန်က မမီ။

သင်္ချာဆိုလျှင် ကျကို ကျနေတော့သည်။

ပထမ၊ ဒုတိယ အစမ်းတွေကျတော့ မေးခွန်းကို လှိမ့်ပြီး တစ်ယောက်ချင်းကို တစ်ရွက်စီ ဝေငှပေးကာ စစ်ဆေးသောကြောင့် ကောင်းကောင်း မြင်ရသည်။ ထိုအခါ အမှတ်တွေလည်း ထိပ်ဆုံးမှာပဲ ရှိတော့သည်။

(၇)
မျက်စိ မှုန်သည့် ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းဖို့က ထိုအချိန်အခါက ပုသိမ်မြို့မှာ မျက်မှန် လုပ်မရသေး။ သို့ဖြင့် ရန်ကုန်သို့ အကူးတကန့် ခေါ်လာရသည်။

ပန်းဆိုးတန်း ကုန်တိုက်မှာ မျက်စိ စစ်ဆေးသည်။ စစ်ကြည့်လိုက်တော့ ပါဝါက လေးရာ နီးနေပြီ။ စစ်ပေးသည့် ပုဂ္ဂိုလ်က “ကလေးကိုဒီလောက်အထိ ကြာအောင် ပစ်ထားရကောင်းလား” ဆိုပြီး ဆူပူ အပြစ်တင်သေးသည်။

မျက်မှန် ရဖို့ကတော့ဖြင့် နောက်ထပ် ခြောက်လ နီးပါး ထပ်မံ စောင့်စားရသေးသည်။ ထိုအချိန်မှ စ၍ ကျော်မြင့်လွင်ကလေးလည်း မှန်ထူထူနှင့် ကူကြည့်ရသည့် ဘ၀သို့ ကျရောက်ခဲ့ရတော့သည်။ သွားလေရာရာ ကလေးတွေ ကြားထဲမှာ မျက်မှန်ထူ တ၀င်းဝင်းမို့ ထင်းခနဲ သိသာနေတော့သည်။

(၈)
တတိယတန်း ရောက်သောအခါ ကျောင်းမှာ ပုံပြော ပြိုင်ပွဲ ကျင်းပသည်။ အတန်းပိုင် ဆရာမကလည်း အတန်းထဲမှာ ပုံပြင် ထပြောနေကျ ကျော်မြင့်လွင်လေးကို ပုံပြော ပြိုင်ဖို့ ရွေးချယ် လိုက်လေသည်။

အိမ်ပြန် လာပြီး ထိုအကြောင်းကို ပြောပြတော့ အဖေနှင့် အမေကလည်း သဘောကျသည်။ ဦးထွန်းမြင့်က စိတ်ကူးတစ်ခု ရ၍ "ကြွက်ကလေးက သေးပေမယ့် ခြင်္သေကို ကယ်တင်သော" ပုံပြင် တစ်ပုဒ်လုံးကို နဘေလေးတွေ၊ ကာရန်လေးတွေနှင့် စပ်ဟပ်ပြီး အစအဆုံး ပြန်ရေးပေးသည်။

ကျော်မြင့်လွင်လေးက အဆိုပါ အဖွဲ့အနွဲ့ကို စိတ်ပါလက်ပါ သေသေချာချာ လေ့ကျင့်သည်။ ပုံပြင် ပြိုင်ပွဲတွင် သူ ပြောသည့် အသံက အသံနေ အသံထား အဖိအဖော့ အဆွဲအငင် မှန်ကန်သည်။ စိတ်ဝင်စားအောင် ဆွဲဆောင် သွားနိုင်သည်။ ပုံပြင် ဖွဲ့စည်း ထားပုံကလည်း ကာရန်နဘေလေးတွေ ဖြစ်၍ ကြားနေကျ အတိုင်း မဟုတ်ဘဲ အဆန်းတကြယ် ဖြစ်နေသည်။

ဤသို့ဖြင့် ပထမဆု ရရှိခဲ့လေသည်။

(၉)
လေးတန်း စာမေးပွဲ အောင်မြင် ပြီးတော့ အမက ၂၀ မှ အထက ၃ သို့ ပြောင်းသည်။ အထက ၃ ကလည်း ပြည်တော်သာနှင့် ဘာမျှ သိပ်မဝေး။ တစ်ရက်ပဲ ကျောင်းသွား အပ်ပြီး နောက်ပိုင်းမှာ လိုက်ပို့စရာ မလိုတော့ချေ။

ကျော်မြင့်လွင်လေးသည် ရန်မဖြစ်တတ်။ စာတော့ ဖတ်သည်။ သတင်းစာတွေ့ သတင်းစာ ဖတ်သည်။ အိမ်မှာ အဖေ ဖတ်သမျှ မဂ္ဂဇင်း လိုက်ဖတ်၊ ၀တ္ထု လိုက်ဖတ်သည်။ အိမ်မှာက ပုဂံစာအုပ်တိုက်ထုတ် ဆရာ မြသန်းတင့်၏ စစ်နှင့် ငြိမ်းချမ်းရေးလို ဂန္တ၀င်စာအုပ်တွေ ရှိသည်။ အင်္ဂလိပ် ဂျာနယ်များ ဖြစ်သော ညူးစ်ဝိခ်၊ တိုင်းမ်စ်၊ ရီးဒါးဒိုက်ဂျက်စ် စာအုပ်တွေ ရှိသည်။ စာအုပ်နှင့် ပတ်သက်လျှင် ဘာစာအုပ်ပဲ ဖတ် ဘာစာအုပ် မဖတ်နှင့် ဆိုသည့် ကန့်သတ်ထားချက် မရှိချေ။

သူ့ကို ကျူရှင် မထား။ High School Grammer စာအုပ်ကို ညက်ညက်ကြေအောင် Cover to Cover အဖေ ကိုယ်တိုင် သင်ပေးထားခဲ့သည်။ ဤသို့ဖြင့် တော်တော် ကောင်းသည့် အခြေခံများကို ရရှိ သွားခဲ့သည်။

(၁၀)
၁၉၇၅ ခုနှစ်။ ကျော်မြင့်လွင်လေး ၁၂ နှစ်သား အရွယ်။

ပုသိမ်မြို့တွင် ထူးထူးခြားခြား ကြုံရသည်။ ရှေးဦးစွာ မေလ ၃ ရက် စနေနေ့တွင် သုံးရက် တိုင်တိုင် ပင်လယ်ငှက်ကြီးများ အုပ်လိုက်အုပ်လိုက် ပျံဝင် လာကြသည်။ ဧရာမ ပင်လယ်ငါးကြီး နှစ်ကောင်ကလည်း ပုသိမ်မြစ်ထဲ အထိ ၀င်လာသည်။ ရွှေမုဋ္ဌော ဘုရား ရင်ပြင်တော်ပေါ်အထိ ရောက်အောင် လိပ်တွေ၊ လိပ်တွေ အစုအဝေးလိုက် တက်လာကြပြန်သည်။ ပင်လယ်ရေပြာများကလည်း ပုသိမ်ဆိပ်ကမ်းတစ်လျှောက် ပြာနှမ်းစွာ ရောက်ရှိ ဖြစ်ပေါ်နေခဲ့သည်။

မကြုံစဖူးမို့ ကျော်မြင့်လွင်လေးတို့ တစ်မိသားစုလုံး အပါအ၀င် ပုသိမ် မြို့သူမြို့သားများ အံ့အားတွေ သင့်ပြီး အဆန်းတကြယ် အထူးအဆန်း သွားကြည့်ရသည်။

(၁၁)
မေလ ၇ ရက် ဗုဒ္ဓဟူးနေ့မှာတော့ ပုသိမ်မြို့တွင် စံတင်လောက်အောင် မကြုံစဖူး ထူးကဲလှသည့် လေမုန်တိုင်းကြီး ကျရောက်ခဲ့သည်။ ထိုစဉ်က လေတိုက်နှုန်းမှာ တစ်နာရီ မိုင်တစ်ရာ (အချို့ အဆိုအရ မိုင် ၁၂၀) နှုန်းမျှ ရှိသည်။

ကျော်မြင့်လွင်လေးက မုန်တိုင်းကို ကြောက်ရကောင်းမှန်း မသိ။ တရွှီရွှီ တ၀ီဝီ မြည်နေသည့် လေတိုက်သံကိုပင် ကြမ်းတမ်းစူးရှသော ဂီတသံစဉ် တစ်ခုလို သဘောထားသလား မပြောတက်။ သစ်ပင် ပြိုလဲကျသံ၊ အမိုး လန်ထွက်သံ၊ လေထဲက အသံ၊ မြေပြင်က အသံများကို တွေးတွေးဆဆ နားစွင့်နေခဲ့သည်။

ထိုစဉ်က ထူးထူးခြားခြား ပဲပြုတ်သည် အဒေါ်ကြီး တစ်ယောက်က မနက် မိုးလင်းတိုင်း ဈေးရောင်း မပျက်ခဲ့။ ကျော်မြင့်လွင်လေးကလည်း တစ်နေရာရာ သွားစရာ ရှိလျှင် အလန့်အကြောက် မရှိ။ မိုးထဲလေထဲ သွားပေး လာပေးသည်။ ပဲပြုတ်သည် အဒေါ်ကြီး အသံ ကြားရချိန် အိမ်ပြင်ထွက် ဈေးဝယ်ဖို့ ကျော်မြင့်လွင်ပဲ ဆင်းသွားတတ်သည်။

ခြောက်နှစ်သား ကျော်မြင့်လွင်၊ပုသိမ် ဗဟို ဓါတ်ပုံတိုက်

ကျော်မြင့်လွင်နှင့် ညီမလေး မိမိုး

ကျိုက္ခမီဘုရား

မိသားစု သိုက်သိုက်ဝန်းဝန်း

ညီအစ်ကို မောင်နှမတွေ ဗုံကလေးများ တန်းစီထားသည့်ပမာ
                                                                                            
                                                အခန်း (၄)
                                  မွေ့လျော်ရင်း ရုန်းကန် အားပြိုင်ခြင်း

(၁)
ကျော်မြင့်လွင်လေး ခုနှစ်တန်း အောင်သည့်နှစ်။

နွေရာသီ ကျောင်းပိတ်ရက်တွင် ဘင်ခရာ တီးဝိုင်းရှိ၍ မိဘတွေက ထည့်ပေးထားလိုက်သည်။ တီးဝိုင်းကို ဦးဆောင် ဖွဲ့စည်းသူ ဦးကျောက်စိမ်းသည် ယခင်တရုတ်တီးဝိုင်းတွင်
်တီးမှုတ် လာခဲ့သူဖြစ်၍ ဂီတကို အခြေခံကျကျ ကောင်းစွာ တတ်ကျွမ်းသည်။ နုတ်စ်များနှင့် စနစ်တကျ သင်ပြပေးနိုင်သည်။

ကျော်မြင့်လွင်လေးက ဘင်ခရာဝိုင်းမှာ ပလွေ မှုတ်သည်။ သူ့ကို ကြည့်ရတာ သိပ်ကို စိတ်ပါလက်ပါ ရှိလှသည်။ ထူးထူးခြားခြား မြူးကြွနေခဲ့သည်။ သင်တန်းက သင်ယူလာသမျှ အိမ်မှာ ပြန်လာပြီး အားရပါးရ တီးမှုတ်ပြတတ်သည်။ သင်တန်းက ဒရမ်တီးလည်း သင်ပေးသည်။

ရေဒီယိုမှ မြန်မာ့အသံ အင်္ဂလိပ်ပိုင်း၏ နောက်ဆုံး အစီအစဉ် ဖြစ်သော Local talent အစီအစဉ်မှာ ပုလဲ၊ နွဲ့ယဉ်ဝင်း၊ ညိုညိုရိမ်၊ ဘိုဘိုဟန် တို့ကို စွဲစွဲ မြဲမြဲ နားထောင်တတ်လာသည်။

(၂)
ဆရာ ဦးကျောက်စိမ်းက ပါရမီ ဓာတ်ခံ ရှိသော ကျော်မြင့်လွင်လေးကို ချက်ချင်း မျက်စိ ကျခဲ့သည်။ ကျော်မြင့်လွင်လေးဘက်ကလည်း လိုလိုချင်ချင် ရှိနေ၍ သူ့ကို ဂီတပညာတွေ များစွာ သင်ပေးခဲ့သည်။

ငပုတော ဘက်မှာ ဘင်ခရာတီးဝိုင်း ဖွဲ့ဖို့ သင်တန်း သွားပေးရသော အခါမှာတော့ ကျော်မြင့်လွင်က ဆရာ့ လက်ထောက်ဖြစ်နေပြီ။ အချို့ သင်ခန်းစာတွေဆို ဆရာက မသင်ပြ။ သူ့ကိုပဲ ပြသ ပေးစေခဲ့သည်။

(၃)
ကျော်မြင့်လွင်(ဘဲဥ) နှင့် ညီမလေး မိုးတို့ အကြီး နှစ်ယောက် တစတစ အရွယ် ရောက်လာသည်နှင့် အမျှ အငယ်လေးတွေကို သူတို့ပဲ တာဝန်ယူ ထိန်းပေးကြသည်။

အဖေ၊ အမေတို့က မနက် အလုပ်ဆီ ထွက်သွား။ ညနေ အလုပ်ဆင်းအပြီး သမ ဆေးခန်း ၀င်ထိုင်၊ ည ၇ နာရီလောက်မှ အိမ်ပြန် ရောက်လာတတ်သည်။ ညီအစ်ကို မောင်နှမတွေ တစ်ယောက်ကို တစ်ယောက် ဆင့်ကဲ ဆင့်ကဲ ထိန်းပေးထားကြသည့်အတွက်ကြောင့် အဆင်ပြေရလေသည်။

ပြည်တော်သာ ရပ်ကွက်ကလည်း ၀န်ထမ်း မိသားစုတွေချည်းသာ။ အားလုံး ကိုယ့်နည်းနှင်နှင် ဘ၀တူတွေ ဖြစ်၍ စည်းလုံးကြသည်။ သို့ဖြင့် အရပ်ကို ဆွေမျိုးလို သဘောထားပြီး အပ်နှံ ထားရသည်။ သူ့အိမ် ကိုယ်ကြည့်၊ ကိုယ့်အိမ် သူကြည့်နှင့် ၀ိုင်းကြ ၀န်းကြစမြဲ ဖြစ်သည်။

(၄)
ကျော်မြင့်လွင် ကိုးတန်း အတက်မှာ ရှင်ပြုဖြစ်သည်။

ထိုစဉ်က ဦးထွန်းမြင့်၏ ဘကြီးလည်း ပုသိမ်မှာ တာဝန်ကျနေသည်။ ဘကြီး၏ ခယ်မများ ဖြစ်ကြသော ဒေါ်ခင်စိန်၊ ဒေါ်မြခင်တို့မှာ အပျိုကြီးများ ဖြစ်ကြ၏။ ဤအဒေါ်တွေက ကျော်မြင့်လွင်ကို လွန်စွာ ချစ်ကြသည်။

တစ်နေ့တော့ -

"ဘဲဥကို ရှင်လောင်း ဒကာအနေနဲ့ ငါတို့ပဲတာဝန်ယူပြီး သင်္ကန်း စည်းပေးချင်တယ်။ မင်းတို့က မိဘတွေ။ ဘယ်တော့ ထပ်ပြုပေးပေးရတယ်။ ဒီတစ်ခေါက်တော့ ငါတို့ပဲ ကမကထ လုပ်ပါရစေ" ဟု ဆိုရှာကြသည်။

ဤသို့ဖြင့် ဒီဇင်ဘာကျောင်းပိတ်ရက်တွင် ပုသိမ်မြို့ ကုန်သည်လမ်း မရမ်းကျောင်းတွင် ကိုရင် ၀တ်ဖြစ်ခဲ့၏။ အခြား ဒုလ္လဘ ရဟန်း နှစ်ပါးလည်း အဖော် ပါသည်။

ကျောင်းက မိုးကုတ် ၀ိပဿနာ အခြေခံသော ကျောင်းဖြစ်သည်။ အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း ကျေးဇူးတော်ရှင် အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး၏ လမ်းစဉ် အတိုင်း လိုက်နာသည်။ သို့ဖြစ်၍ ကျော်မြင့်လွင် ရှင်ပြုပြီးနောက် တစ်ဆက်တည်းပင် တရားစခန်း ဆယ်ရက် ၀င်ရသည်။.

တရားစခန်းတွင် ပဋိစ္စသမုပ္ပာဒ် လည်ပုံ၊ ဖြတ်ပုံကို ကျေညက်အောင် သင်ကြား ပြသပေး၍ ကျော်မြင့်လွင်လေးမှာ အခြေခံကောင်းတွေ ရရှိလာခဲ့သည်။ ဗုဒ္ဓတရားတော်၏ အကြောင်းအကျိုး ဆက်စပ် ဆင်ခြင်ရပုံ သဘော အနှစ်သာရကို အတော်လေး သိမြင်သွားခဲ့သည်။

(၅)
ဆယ်ရက် ပြည့်၍ လူထွက်လာခဲ့ရသော်လည်း တရား ဓမ္မ၏ အရသာကို သူ မမေ့။

"အဖေတို့၊ အမေတို့၊ ကျွန်တော်တို့ အားလုံးက သံသရာ ခရီးသည် ရေမျောလာတာနဲ့ တူတယ်။ ကျွန်တော်တို့ မျောလာတဲ့ သံသရာမြစ်နားမှာ အမြစ်က ရေလှိုက်စားထားလို့ မခိုင်ဘဲနဲ့ အရွက်တွေ အကိုင်းတွေက ရေဘက်ကို ကိုင်းပြီး ယိုင်နေတဲ့ ခန္ဓာငါးပါး သစ်ပင် ရှိတယ်" ဆိုသော စကားမျိုးတွေ ပြောတတ်လာခဲ့သည်။

"သံသရာ ခရီးသည်ကလည်း မျောလာခဲ့တာ အတော် ကြာပြီ။ မျောလာတဲ့ ပုဂ္ဂိုလ်က အားကိုးရာ ရှာမှာပဲ။ ရှာတဲ့ အခါကျတော့ ဖျတ်ဆို ခန္ဓာငါးပါးထဲက ရူပက္ခန္ဓာ ဆိုတဲ့ကမ်းနား သစ်ပင်ကို ဆွဲလိုက်တယ်။ ဆွဲတဲ့ လူကလည်း တအားကုန် အပေါ်တက်ချင်လို့ တဏှာ၊ ဥပါဒါန်နဲ့ တအားဆွဲ။ ဟိုဘက်ကလည်း အမြစ် မရှိတော့ သစ်ပင်ရော မြေစိုင်ပါ ဆွဲတဲ့သူအပေါ် ပြုတ်မကျဘူးလား"ဟု သူမေးတတ်လာသည်။

အိမ်က လူတွေ စိတ်မျက်စိထဲ ကွင်းကွင်းကွက်ကွက် ပေါ်လာအောင် သူ ရှင်းပြနိုင်သည်။
တစ်ဆက်တည်း -

"အဲဒီလို ပြုတ်ကျတဲ့ အခါကျတော့ နဂိုက အမျောသမားအပေါ်မှာ သစ်ပင်ကြီး တစ်ခုလုံးနဲ့ မြေစိုင်တွေပါ ပိကျလာတော့ မြုပ်သွားဖို့ပဲ ရှိတော့တာပေါ့၊ သံသရာ မြစ်ကြီးထဲမှာ အမျောသမား ဆိုတာက အပေါ်ပိုင်း ဟိုဘ၀၊ ဒီဘ၀တွေ ပြောင်းလဲကျင်လည်ရတာ၊ အမြုပ်သမား ဆိုတာကတော့ အပါယ်လေးဘုံကို သွားရတာ၊ အမြုပ်သမားဘ၀က တစ်ခါ ရုန်းကန် တက်လာပြန်တော့ အမျောသမား အဖြစ် ရောက်ရပြန်တာပဲ၊ ကဲ၊ အဖေတို့၊ အမေတို့ စဉ်းစားကြည့်။ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ၊ ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့ သောင်ကမ်းကို ရှာပြီး တက်နိုင်မှပဲ မျောလိုက်၊ မြုပ်လိုက် ဘ၀ကနေ လွတ်နိုင်တော့မှာပေါ့" ဟု တရားချသည်။

ရှင်လူထွက်စ ကျော်မြင့်လွင်သည် အဖေနှင့် အမေကို တရားစခန်းဝင်ဖို့ချည်းပဲ တစ်ချိန်လုံး တိုက်တွန်းသည်။

(၆)
အဖေနှင့်အမေကတော့ တရားဓမ္မဘက်ခြေဦး မလှည့်ဖြစ်။ မလှည့်နိုင်အားသေး။

ကိုယ့်အလုပ်ထဲမှာပဲ ကိုယ်ပျော်နေကြသည်။ ကျောင်းကျန်းမာရေအလုပ်ကလည်း သူတို့လိုပင်ကိုသဘာဝ အေးအေးလူလူများနှင့်ကိုက်သည်။

အားရက်ဆို ပုသိမ်မြို့အနီးဝန်းကျင်က ကျေးရွာတစ်ရွာရွာဘက်သို့ ထွက်ပြီး ကျောင်းကျန်းမာရေး ဆရာဝန်အဖွဲ့နှင့် ဆေးသွားကုပေးကြသည်။ ထိုအခါကျလျှင် သွားဆရာဝန်ကလည်း ပါတတ်သည်။ ရွာဘုန်းတော်ကြီးကျောင်းဇရပ်တစ်ဆောင်မှာ အခြေချပြီး ကျန်းမာရေးပညာပေး ဟောပြောဆေးကုပေးကြသည်။

နှုတ်ခမ်းကွဲကလေးတွေ၊ မွေးရာပါ နှလုံးဝေဒနာရှင်ကလေးလေးတွေ ရန်ကုန်အထိ သွားရောက်ပြီး ဆေးကုသမှုခံယူနိုင်အောင် စီစဉ်ပေးရသည်။

တစ်ခါတစ်လေကျတော့ အချို့သောကလေးငယ်များခမျာ ညစ်ပတ်ပေတူးနေသော အင်္ကျီကိုပင်လဲစရာ မရှိတာနှင့် ကြုံရသည်။ ထိုအခါ ပုသိမ်ဈေးထဲက အင်္ကျီ ၀ယ်လာပေးရသည်။ အဲသလိုအလုပ်ထဲမှာ ပျော်နေမိကြသည်။

တစ်ဘက်မှာက သားသမီးတွေအရေး၊ စားဝတ်နေရေး။ ဘ၀ထဲမှာ မွေ့လျော်စွာ ရုန်းကန်နေကြသည်ဆိုတော့ သားက တရားစခန်းဝင်ဖို့ပြောလည်း ကိုယ့်မှာ အချိန်မပေးနိုင်သလို ဖြစ်ခဲ့ရလေသည်။

(၇)
ထိုကာလတွင် လူငယ်တွေအကြားမှာ ဂီတာအကြီးအကျယ်ခေတ်စားနေပြီ။

ကျော်မြင့်လွင်က ဂီတာလိုချင်သော်လည်း အိမ်ကိုမ၀ယ်ခိုင်းရဲ။ တစ်ခါမှလည်း ဖွင့်မပြော။ ကျော်မြင့်လွင်က ကျောင်းဘင်ခရာတီးဝိုင်းမှာကတည်းက ဂီတ
အခြေခံနုတ်စ်များအထိ ပိုင်နိုင်တတ်ကျွမ်းထားသူမို့ ဂီတာတီးဖို့ ဘာအခက်အခဲမျှမရှိ။ သူငယ်ချင်းတွေ ဒေါင်ဒေါင်ဒင်ဒင်တီးခတ်သီဆိုနေတာကို သူ့အနေနှင့် အလိုက်သင့်ပင် တီးခတ်သီဆိုနိုင်ခဲ့သည်။

သို့သော် ကိုယ်ပိုင်မရှိတော့ လက်ဆုပ်လက်ကိုင်မရ။

(၈)
ကိုးတန်းစာမေးပွဲပြီးသောအခါ ရန်ကုန်မြို့သို့ အလည်အပတ်သွားခဲ့သည်။ ဦးထွန်းမြင့် အစ်မ ဒေါ်ညွန့်ညွန့်၏ ခင်ပွန်းက ရန်ကုန်မီးရထား (STI)အချက်ပြနှင့် ကြေးနန်း အင်စပက်တာ။

အဆိုပါ ဦးလေးနှင့် အဒေါ်တို့အိမ်ကို ကျော်မြင့်လွင်သွားဖြစ်တော့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကိုအောင်မျိုးဆန်းဆီမှာ ဂီတာတစ်လုံးရှိနေသည်။ ကျောင်းပိတ်ရက်လည်း ကျောင်းပိတ်ရက်မို့ သူတို့ညီအစ်ကိုနှစ်ယောက် ဂီတာလွတ်လွတ်လပ်လပ်တီးခွင့် ရရှိခဲ့ကြသည်။

ဂီတာပေါ်မှာ သူအရူးအမူးဖြစ်နေတာကို ကြည့်ပြီး ပုသိမ်ပြန်မည်ဆိုတော့ ထိုဂီတာအဟောင်းအနွမ်းလေးကို သူနှင့်အတူ ထည့်ပေးလိုက်ကြသည်။

(၉)

ကျော်မြင့်လွင် ဆယ်တန်းအတက်နှင့်ဂီတာ။

တွေ့ကြပါချေပြီ။

ဂီတာတစ်လုံးနှင့် သူငယ်ချင်းအပေါင်းအသင်းတွေနှင့်။ တရုန်းရုန်းဖြစ်စပြုလာသည်။ ထိုအခါ သူ့တုန်းက ဂီတ၀ါသနာပါလှပါသည်ဆိုသော ဖခင်ဦးထွန်းမြင့်ပင် လက်မခံနိုင်။

ကျော်မြင့်လွင်က သားကြီး သြရသလည်းဖြစ်သည်။ စာတော်ပြီးသား၊ ထူးချွန်ပြီးသားဖြစ်သည်။ သားကို ဆရာဝန်၊အင်ဂျင်နီယာပဲ ဖြစ်စေချင်သည်။ အထူးသဖြင့်ကတော့ ကိုယ်တွေက ကျန်းမာရေးဝန်ထမ်းများပီပီ သားကိုဆရာဝန်ပို၍ ဖြစ်စေချင်သည်။ သူ့မှာက ဖြစ်ထွန်းနိုင်လောက်သည့် အရည်အချင်းမျိုးရှိထားသည်ဟုလည်း ယုံကြည်သည်။

ယခုလို ဂီတာတစ်လုံးနှင့် ထွေးလုံးရစ်ပတ်လုပ်နေလို့ကတော့ ဘာဆိုဘာမျှဖြစ်လာလိမ့်မည် မဟုတ်။ လမ်းလွဲသွားဖို့ပဲ ရှိသည်ဟု ဦးထွန်းမြင့်ယူဆသည်။

(၁၀)
သားကိုမျက်ခြည်မပြတ် ကြည့်နေရင်း ကြည့်နေရင်း မျက်စိနောက်နေခဲ့ရာ။ တစ်နေ့မှာတော့ဖြင့် ဦးထွန်းမြင့်က သူ့စိတ်ကို သူဆက်ပြီး မထိန်းနိုင်တော့ချေ။ ကျော်မြင့်လွင်ကိုခေါ်သည်။ သတိဆွဲလက်ပိုက်ရပ်ခိုင်းလိုက်သည်။

"ကဲ၊ ရှင်းရှင်းပဲ ငါမေးမယ်ကွာ၊ ဒီဂီတာအလုပ်နဲ့ မင်းတစ်ဘ၀လုံး ထမင်းစားမှာလား၊ တခြား ဆရာဝန်၊ အင်ဂျင်နီယာ အလုပ်မျိုးတွေနဲ့ ထမင်းစားမှာလား" ဟု ဆိုင်းမဆင့် ဗုံမပါ မေးလိုက်သည်။

ဦးထွန်းမြင့်မေးပုံက အတော်လေးတော့ နိုင့်ထက်စီးနင်းဖြစ်နေသည်။ သို့သော် အဖေက အဖေ။ သားက သားဖြစ်သည်။ သူက အဖေဖြစ်နေ၍ အဖေတစ်ယောက်၏ သားကြီး သြရသအပေါ်မှာ ထားရှိသော မျှော်လင့်ချက်နှင့်ဇောတို့မှာ လောကတံထွာသမာရိုးကျ ဤထုံးစံလမ်းကြောင်းပဲရှိသည်။ သားတစ်ယောက်ကို ဝေးလံခက်ခဲပြီး ကွေ့ကောက်သလောက် သေချာရေရာခြင်း မရှိသည့်လမ်းကြောင်းအတိုင်း သူတွန်းမပို့နိုင်။

"ပြောကွာ၊ ပြော။ ဒီဂီတာအလုပ်နဲ့ မင်းနဲ့ဖြစ်မလား။ မဖြစ်ဘူးလား။ မင်းအခုချက်ခြင်းစဉ်းစားပြီးတော့ ပြော၊ မဖြစ်ဘူးဆိုရင်တော့ စာပဲကြိုးစားရမယ်"

(၁၁)
ကျော်မြင့်ခမျာ ခက်ဖွယ်ဖြင့် ကြုံရရှာပြီ။ အခြေအနေက သမင်ဆယ်လှမ်း၊ ကျားတစ်လှမ်းအနေအထား။ ထိုအချိန်မှာ ကျော်မြင့်လွင်က အသက် ၁၅ နှစ်အရွယ်။ တကယ့်ကလေးသာသာ လူလားမြောက်ဖို့ အားယူစအချိန်။ သူ့မှာပြောစရာ စကားတွေ ရှိတော့ရှိသည်။ သို့သော် မပြောပြတတ်။ ပြီးတော့ ပြောလည်းမပြောရဲ။ အဖေပြောနေတာလည်း မှန်သည်ဆိုတာ သူသိသည်။ သို့ပေမယ့် အခြားတစ်ဘက်မှာလည်း စဉ်းစားစရာ ရှိရမည်။

အဖေကဖြေဖို့ ဖိအားပေးလွန်းလာသောအခါမှာတော့ အားမတန်မာန်လျှော့ပြီး -

"ကျွန်တော်စာပဲ ကြိုးစားပါတော့မယ်" ဟု သဘောတူလိုက်သည်။ အဖေက -

"အေး၊ ဟုတ်ပြီ၊ မင်းစကား မင်း ကတိတည်ပါစေ၊ ဂီတာကိုတော့ အခုအချိန်ကစပြီး ယတိပြတ်အဆက်ဖြတ် ထားလိုက်တော့" ဟုဆိုသည်။

နောက်မှ ကိုယ်လိုချင်တာဖြစ်ချင်တာ တစ်ဘက်သတ်ကြီး ကတိစကားရပြီးပြီဆိုတော့ အောင်နိုင်သူပီပီ လေသံအတန်ငယ်လျှော့၍ -

"မင်းကွာ၊ လောလောဆယ် ဂီတာကို ခဏအသာထားပြီး စာပဲကြိုးစားလိုက်စမ်းပါ၊ ဂီတအနုပညာကတော့ကွာ အဖေလည်း ၀ါသနာပါတာပဲ။ ဒါပေမယ့် အလုပ်တွေ၊ အကိုင်တွေနဲ့ အခြေတကျဖြစ်ပြီဆိုတဲ့အခါကျရင် မင်းကြိုက်သလောက် လိုက်စားစမ်းပါ" ဟုဆိုလေသည်။

(၁၂)
ထိုနေ့ ထိုရက်မှစ၍ အိမ်မှာ ကျော်မြင့်လွင် ဂီတာမတီးရတော့ပြီ။

အနည်းဆုံး အဖေအိမ်မှာ ရှိနေစဉ် ဂီတာမတီးရ။

(၁၃)
အဖေ့ကိုကြောက်၍ ဘာမျှပြန်ပြီး နှုတ်လှန်ထိုးမပြောခဲ့သလို တကယ်လည်း ပီဘိလူငယ်ကျော်မြင့်လွင် ကလေး၏ စိတ်ထဲမှာ ဂီတမှ ဂီတဟူသော အစွဲအလမ်းမျိုး မရှိသေး။ ဂီတာကို သူခုံမင်တာမှန်သည်။ သို့သော် သူလည်း သူ့ဥာဏ်အထွာနှင့် သူစဉ်းစားတတ်သည်။

ဂီတအလုပ်ချည်းသက်သက် တစ်လက်တည်းကိုင်ပြီး သွားရလျှင် ဘ၀မှာ မည်မျှ ကြမ်းတမ်းပင်ပန်း ဆင်းရဲနိုင်သည်၊ ဘယ်လောက်မရေမရော ဖြစ်နိုင်သည်ကို သူသိသည်။ အမေနှင့် နှစ်ယောက်တည်း အေးအေးဆေးဆေး တွေ့တော့ -

"သားသိပါတယ် အမေရာ။ အဖေ့ကို ပြောပြနေရင် ထပ်ရှည်နေမှာ စိုးလို့ပါ။ သားကလည်း ဒီဂီတာ တစ်ခုတည်းနဲ့တော့ အသက်မွေးဝမ်းကျောင်း မလုပ်ပါဘူး"ဟု ဆိုသည်။

(၁၄)
အမေနှင့် သားကတော့ ဘာမဆို ထိုးသွင်းနားလည် ဝေမျှနိုင်ကြသည်။

အဖေမရှိချိန်။ လွတ်လွတ်လပ်လပ် ကာလကလေး တစ်ခုမှာ ကျော်မြင့်လွင်က -

"အမေ သီချင်းလေး ဘာလေး မဆိုတတ်ဘူးလား၊ သားက ဂီတာတီးပေးချင်တာ" ဟု ဆိုသည်၊ သားကပြောလွန်းတော့ Local Talent အစီအစဉ်မှ လာနေကျ London Bridge, River of No Return သီချင်းတွေ အမေဆိုပြသည်။

အမေက သီချင်းဆို၊ သားက ဂီတာတီး။ တကယ်ပဲ ပျော်စရာဖြစ်ခဲ့သည်။ သီချင်းဆုံးတော့ ကျော်မြင့်လွင်က အားရပါးရ -

"အမေက သီချင်းဆို ကောင်းတာပဲ။ လျှိုထားတာကိုး" ဟုမှတ်ချက်ချသည်။

(၁၅)
စာကလည်း တအားဖတ်သည်။ ကျော်မြင့်လွင်ကို ကြည့်လိုက်လျှင် မျက်မှန်ထူထူနှင့် စာအုပ်တစ်တွဲနှင့် အမြဲတွေ့ရမည်။ အိမ်ကစာဖတ်တာနှင့် ပက်သက်ပြီး လုံးဝမကန့်သတ်။ ဖတ်ချင်တာဖတ်၍ ရသောကြောင့် အိမ်မှာ ရှိရှိသမျှ စာအုပ်အားလုံး သိမ်းကျုံးဖတ်သည်။ ရရာကနေ ငှားရမ်းရှာဖွေပြီးတော့လည်း ဖတ်ရှုသည်။

ဂီတာကတော့ အိမ်မှာချုပ်ချယ်ထား၍ အပြင်မှာပဲ သွားတီးလေတော့သည်။ သူငယ်နှပ်စား ကလေးငယ်လေးလည်း မဟုတ်၍ အိမ်ထဲမှာ လှောင်ပိတ်ထားဖို့ဆိုတာ မဖြစ်နိုင်။ ဂီတာကို သူငယ်ချင်းအိမ်မှာ သွားထားပြီးတီးသည်။

မိဘတွေက သူဘယ်မှာ ဂီတာတီးမှန်း၊ သူဘယ်လောက်တတ်နေမှန်း၊ ဘယ်လောက်တော်နေမှန်း မသိကြ။ ဒါပေမယ့် ပုသိမ်ကတော့ အရင်သိသွားသည်။

(၁၆)
ပုသိမ်မြို့သည် ဂီတအနုပညာမှာ အစဉ်အလာရှိသော မြို့ဖြစ်၏ ။

စနစ်တကျဖွဲ့စည်းထားသော တီးဝိုင်းတွေ ရှိသည်။ Skeleton ဆိုသော ဂီတတီးဝိုင်းသည် ပုသိမ်မြို့၏ အစောဆုံးသော ဂီတတီးဝိုင်းများတွင် တစ်ခုအပါအ၀င်ဖြစ်ခဲ့၏ ။ Skeleton ၀ိုင်းမှ ကိုသြသည် နိုင်ငံကျော် E.Machine အဖွဲ့တွင် ရစ်သမ်ဂီတာ တီးခတ်ခဲ့ပြီး ယခုအခါ "ခိုင်မာ ဂီတာ" ထုတ်လုပ်နေသူဖြစ်ပါသည်။

မင်္ဂလာပွဲ၊ ဧည့်ခံပွဲတွေမှာ လိုက်လံဖျော်ဖြေပေးကြသော တီးဝိုင်းများအနက် တရုတ်လူမျိုးများဦးစီးကြသည့် ငုဝါ၊ ဖြူနီညိုပြာ၊ ရှမ်းရိုးမ တီးဝိုင်းများမှာ အသက်မွေးဝမ်းကျောင်း အဆင့်ရှိသည်။ အရှေ့တိုင်း နုတ်စ် ၀မ်း၊ တူး၊ သရီး၊ ဖိုးများနှင့် စည်းကမ်းတကျ တီးခတ်နိုင်ကြသည်။

ငုဝါ၊ ဖြူနီညိုပြာ၊ ရှမ်းရိုးမ ၀ိုင်းကြီးတွေက အပြိုင်အဆိုင် ဖြစ်ကြသလို ကရင်တိုင်းရင်းသားရပ်ကွက်ထဲက မဟူရာ အစရှိသော တီးဝိုင်းများလည်း ရှိကြသေးသည်။

(၁၇)
စနေနေ့ညနေခင်းတွေဆိုလျှင် ပုသိမ်ပန်းခြံထဲတွင် စင်တင်တီးဝိုင်းတွေက ဖျော်ဖြေပေးတတ်ကြသည်။

"ငုဝါ" ကိုတော့ဖြင့် ပုသိမ်မြို့၏ ထိုအချိန်က အကောင်းဆုံးတီးဝိုင်း တစ်ဝိုင်းအဖြစ် သတ်မှတ်နိုင်သည်။ ငုဝါ၏ တီးဝိုင်း ထောင်သူလည်းဖြစ်၊ လိဒ် ဂီတာသမားလည်းဖြစ်သူ ကိုတင်ယုသည် တီးဝိုင်းတစ်ခုလုံး၏ အချက်အချာဖြစ်ခဲ့၏ ။ သူကိုယ်တိုင် တော်တော်လေးကို အတီးအခတ်ကောင်းခဲ့သည်။

ကိုတင်ယုတို့သည် ပုသိမ်ဘူတာရုံထဲမှာလည်း စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားသည်။ ပုသိမ်ဘူတာရုံဆိုတာက ကျော်မြင့်လွင်တို့ နေသောပြည်တော်သာရိပ်သာ တိုက်တန်းများနှင့် ဘာမျှ မလှမ်းမကွာ။ လက်တစ်ကမ်းမျှသာ။

များမကြာမီသော ကာလအတွင်းမှာ လူငယ်လေး ကျော်မြင့်လွင်၏ လက်စလက်နနှင့် အဆိုပါရမီတို့ကို ကိုတင်ယု ကောင်းစွာ အကဲခတ်မိသွားခဲ့သည်။ ဤသို့ဖြင့် ပုသိမ်ပန်းခြံ၏ စနေညနေ "ငုဝါ" ဖျော်ဖြေပွဲများတွင် ကျော်မြင့်လွင်တစ်ယောက် စင်မြင့်ပေါ်သို့ ရောက်ရှိလာတော့သည်။

(၁၈)
ကျော်မြင့်လွင်ကို ကိုတင်ယုက မြေတောင်မြှောက်ပေးပြီး ပုသိမ်မြို့၏ နံပတ်တစ် တီးဝိုင်း "ငုဝါ" က စင်တင်ပေးလာသောအခါ "ဖြူနီညိုပြာ" ကလည်း သူတို့ တီးဝိုင်း၏ အလှည့်ကျ ညနေတွေမှာ လာပြီး သီဆိုပေးဖို့ ကျော်မြင့်လွင်ကို ဖိတ်ခေါ်သည်။

ကျော်မြင့်လွင်အနေနှင့် ငြင်းပယ်စရာ အကြောင်းမရှိ။ သူ့ကိုယ်ထဲကို ဂီတပိုးက တိုး၍ တိုး၍ စွဲကပ်ဝင်ရောက်လာခဲ့ပြီ။ သူ့အသက်ကဖြင့် ၁၅ နှစ်၊ ၁၆ နှစ်အရွယ်။

(၁၉)
ပုသိမ်ပန်းခြံ စနေညနေ ဂီတပွဲတွေမှာ ကျော်မြင့်လွင်အဆိုများခဲ့တာက ထိုခေတ်အခါအလျောက် ခေတ်စားခဲ့သော ကိုင်ဇာသီချင်းတွေဖြစ်သည်။

သူ၏ ပထမဆုံးစင်မြင့်ဖျော်ဖြေမှု အတွေ့အကြုံမှာ ၁၉၈၀ပြည့်နှစ်က ပုသိမ်မြို့ ကမ်းနားလမ်းတွင် ဘိုတင်ယုတို့ ငုဝါတေးဂီတနှင့် ကိုင်ဇာ၏ "အကောင်းဆုံးက ဂီတာတီးနေမယ်" သီချင်းကို သီဆိုခဲ့ဖြင်းဖြစ်သည်။

(၂၀)
သီချင်းသာဆိုရတာ အဖေ့ကို ပေါ်ပေါ်ထင်ထင် အသိမခံရဲ။ ခိုးကြောင်ခိုးဝှက်နှင့်သာ ဆိုရသည်။ သို့သော် ပုသိမ်ဆိုတာ တကယ်တမ်းတော့ ဘာမျှ ကျယ်ဝန်းလှသည်မဟုတ်။ တစ်ဆင့်စကား၊ တစ်ဆင့်နားနှင့် ကျော်မြင့်လွင် သီချင်းဆိုတာ ကောင်းလှကြောင်း အဖေအပါအ၀င် တစ်အိမ်သားလုံး သိထားနေနှင့်ခဲ့ကြပြီ။

ဦးထွန်းမြင့်က ကိုယ့်သားသီချင်းသီဆိုဖျော်ဖြေတာကို နားလည်းနားထောင်ချင်သည်။ ပေါ်တင်ကြီး သွားအားပေးလျှင် တစ်ဖက်က တားမြစ်ပိတ်ပင်ထားသော ရှေ့စကားနှင့် နောက်လုပ်ပုံတို့ မညီညွတ်သလို ဖြစ်ရတော့မည်။ ဂီတဘက်ကို မြှောက်ပေးလိုက်သလို ဖြစ်ခဲ့လျှင် ပညာရေး၏ စည်းဘောင် ကာလနား ပျက်သွား ရလိမ့်မည်။

သို့ဖြစ်၍ လူမသိအောင် သွားနားထောင်ကြသည်။

တွေးကြည့်လျှင် ရယ်စရာပင်ကောင်းနေသည်။ ကျော်မြင့်လွင်ကလည်း အိမ်ကသိမှာစိုး၍ တိတ်တခိုးဆိုရသည်။ အိမ်ကလည်း ကျော်မြင့်လွင် သိမှာစိုး၍ မှောင်ရိပ်ခို၊ လူလုံးဖျောက်ပြီး နားထောင်ခဲ့ကြသည့်ဖြစ်ပုံမှာ အဆန်းပင်။

(၂၁)
ဆယ်တန်းစာမေးပွဲကိုတော့ ဘာအခက်အခဲမျှ မကြုံရဘဲ လွတ်လွတ်ကျွတ်ကျွတ်ပင် အောင်သွားသည်။ သို့သော် တစ်ဖက်တွင် တီးဝိုင်းနှင့် တေးသီချင်း ဂီတတွေနှင့် ယှက်နွှယ်နေ၍ အမှတ်ကဖြင့် ဘယ်လိုမျှ မကောင်းနိုင်။

မိဘတွေက ကျန်းမာရေးဝန်ထမ်း အသိုင်းအ၀ိုင်းဖြစ်၍ သားကိုဆရာဝန်တော့ ဖြစ်စေချင်ကြသည်။ ဆယ်တန်း အမှတ်နည်းတာက မကျေနပ်ချင်စရာ။ ဘယ်လိုပဲဖြစ်ဖြစ် ပုသိမ်ဒေသကောလိပ်ကျောင်းသားဘ၀တွင် ဇီဝဗေဒဘာသာတွဲ ယူဖြစ်ခဲ့သည်။

သို့သော် ကျော်မြင့်လွင်စိတ်က အနုပညာဘက်ကိုသာ ပိုပြီး တိမ်းညွှတ်နေသည်။ ကောလိပ်ကျောင်းသားဘ၀သည် ဆယ်တန်းလိုမျိုး ပညာရေးဘက်တွင် လတ်တလော အနီးကပ် ဦးတည်ရည်မှန်း ထားစရာလည်း မလို။ ဖတ်ချင်သည့် စာအုပ်တွေ ဖတ်သည်။ ကဗျာတို ကဗျာစတွေ စမ်းသပ်ရေးဖွဲ့သည်။ ဂီတာကတော့ အရူးအမူးပင်ဖြစ်တော့သည်။

(၂၂)
ဘိုတင်ယုတို့ "ငုဝါ" လို စင်မြင့်ပွဲတွေ အပြင်ကြုံလေရာမှာ ဂီတာတီးသည်။ သူငယ်ချင်းအိမ်၊ လယ်ကွင်း၊ ကောက်ရိုးပုံ၊ ထောင်ကွင်းထဲက သစ်ပင်အောက်၊ အစရှိသဖြင့် နေရာ အမျိုးမျိုးပြောင်းရွှေ့ပြီး တေးသီချင်း ဂီတထဲမှာ မွေ့လျော်နေတော့သည်။

ကျော်မြင့်လွင်ထံတွင် ဂီတနှင့် ပက်သက်၍ လက်ဦးဆရာများ ဖြစ်ကြသော ပုသိမ်အနောက်မြို့နယ်၊ လမ်းစဉ်လူငယ် ဘင်ခရာတပ်ဖွဲ့မှ ဆရာဦးကျောက်စိမ်းနှင့် ဆရာ ဦးစန်းတင့်တို့ ခင်းပေးခဲ့သည့် အခြေခံကောင်းတွေ ရှိခဲ့သည်။ သို့ဖြစ်၍ ဂီတကို အပေါ်ယံ ၀ါသနာပါရုံမဟုတ်။ နုတ်စ်နှင့် စနစ်တကျတီးတတ်အောင် နက်နက်ရှိုင်းရှိုင်း လိုက်စားခဲ့သည်။

ငုဝါမှ ဘိုတင်ယုသည် နုတ်စ်ကျွမ်းကျင်သူဖြစ်၍ သူ့ထံမှ ပညာတွေကို အသင်၊ အမြင်၊ အကြားနည်းမျိုးစုံနှင့် ရအောင်ယူခဲ့သည်။

သီချင်းလေးတွေလည်း စပ်းသပ်ရေးဖွဲ့ကြည့်ခဲ့သည်။ ထုံးစံအတိုင်း ရှိပြီးသား သံစဉ်ပေါ်မှာ စာသားထည့်ရသော ကော်ပီပုံစံကို အရင်ဆုံးလုပ်ကြည့်သည်။ သူပထမဆုံး ရေးဖွဲ့ခဲ့သော ကော်ပီသီချင်းမှာ ABBA / Hastamanana သီချင်းအလိုက်ဖြစ်သော "ကန္တာရ နှလုံးသား" ။

၁၉၇၉ ခုနှစ် (အသက် ၁၆ နှစ်) တွင်ရေးခဲ့သည်။

(၂၃)
ဂီတနှင့် အနုပညာဘက်ကိုချည်းပဲ စိတ်ကတိမ်းညွတ်နေသောအခါ ၁၉၇၉ - ၈၀ ခုနှစ် ဒေသကောလိပ် ပထမနှစ် စာမေးပွဲမှာ ကျရှုံးသွားခဲ့တာ အဆန်းဟူ၍ မဆိုသာတော့ပါ။

၁၅နှစ်သား ကိုရင် ကေသ၀၊ ပုသိမ် ရွှေမုဌောဘုရား
၁၉၇၇ ခုနှစ် ဒီဇင်ဘာ ၃၁

                                                         အခန်း(၅)                                            ရေစုန် အမျော ရေဆန် အတက်

(၁)
၁၉၈၁ ခုနှစ်။

ဦးထွန်းမြင့်နှင့် ဒေါ်မြရင်တို့ တိုင်ပင်ခဲ့ကြသည်။ သူတို့၏ နှစ်ဖက် မိဘတွေက အသက်ကြီးကြပြီ။ ပုသိမ်- မော်လမြိုင် ကူးချည်သန်းချည် သွားလာရတာ မလွယ်ကု။ မော်လမြိုင်မှာသာ ဆိုလျှင် အနီးကပ် ကြည့်ရှုစောင့်ရှောက် ပေးနိုင်လိမ့်မည်။ သို့ဖြင့် မော်လမြိုင်သို့ ပြောင်းရွှေ့ရန် လျှောက်လွှာတင်လိုက်ကြတော့သည်။

ပထမဆုံး ပြောင်းရွှေ့ခွင့် ရသွားတာက ဦးထွန်းမြင့်။ ဒေါ်မြရင်အတွက်ကျတော့ မော်လမြိုင် ကျောင်းကျန်းမာရေးမှာ နေရာလပ် မရှိ။ ဆေးဘက်ကိုတော့လည်း ယခုအချိန်ကျမှ ပြန်မ၀င်ချင်။ တစ်ဖက်တွင် ကလေးတွေက ရှိသေးသည်။ လုပ်သက်ကလည်း ၂၄ နှစ်ပင် ရှိပြီ။ သို့ဖြင့် အစာအိမ် ရောဂါကို အကြောင်းပြပြီး Invalid ပင်စင် ယူလိုက်သည်။

သည်လိုနှင့် တစ်မိသားစုလုံး မော်လမြိုင်သို့ အသိုက်အမြုံ ပြောင်းဖြစ်သွားတော့သည်။

(၂)
မိဘနှင့် ညီအစ်ကို မောင်နှမတွေ အားလုံး မော်လမြိုင်သို့ ရောက်သွားကြပြီ ဖြစ်သော်လည်း ကျော်မြင့်လွင် ပုသိမ်မြေနှင့် ရေစက် မကုန်သေးချေ။

ပြောင်းရွှေ့ချိန်က နိုဝင်ဘာလ ဖြစ်၍ ကျော်မြင့်လွင်၏ ကျောင်းချိန်နှင့် ကန့်လန့် ဖြစ်နေသည်။ သို့ဖြင့် စာသင်နှစ် တစ်နှစ် ပြီးအောင်နေဖို့ ပုသိမ်မှာ ထားခဲ့ရတော့သည်။

အဆောင်မှာနေ။ ပိုက်ဆံ ပို့ပေးမည်။ သည်ကြားထဲ အရေးပေါ်အသုံးလိုလျှင် သူ့ကို ပဉ္စင်းတက်ပေးမည့် အဒေါ်ကြီးများ ရှိသည်။ လိုချင်တာရှိလျှင် သွားယူ သုံးထားဖို့ မှာခဲ့ရသည်။

ဤသို့ဖြင့် အိမ်အမိုး အရိပ်အောက်မှ လွတ်မြောက်သွားပြီး မိမိဘာသာ ဆုံးဖြတ် လှုပ်ရှားရမည့် အဆောင်သို့ ရောက်ရှိသွားတော့သည်။

သူ ပထမဆုံး နေထိုင်ခဲ့တာ “သီတာဦး” အဆောင်။

(၃)
မိဘများ၏ အုပ်ထိန်းမှုအောက်က လုံးလုံးလျားလျား လွတ်မြောက် သွားသောအခါ သူ နေချင်သလို လွတ်လွတ်လပ်လပ် နေဖြစ်သွားသည်။ တစ်လစာအတွက် ပေးထားသည့် ပိုက်ဆံကို တစ်ရက်တည်းနှင့်လည်း သုံးချင် သုံးပစ်သည်။

အဆောင်နေ လူငယ်ချင်းချင်း အပေါင်းအသင်း ပေါင်းစုံတွေနှင့် အသာက်အစားလေးက ပါလာသည်။ အချိန်တိုတို အတွင်းမှာပင် သူ အသောက်အစားဖက်တာ ကျောင်းပရိဝုဏ်ထဲရှိ လူတွေအားလုံး သိကုန်ကြသည်။

အပေါင်းအသင်းများနှင့် ဂီတာ တီးနေရလျှင် ပြီးရော။ ကျောင်းတက်ရက်က မမှန်။ သူစိတ်ပါသော အတန်းတွေပဲ ရွေးတတ်သည်။ ရေလည်း ချိုးချင်မှ ချိုးသည်။ ဆံပင် ခွေကောက်ကောက်တွေကလည်း တွန့်လိပ် ရှည်လျား လာခဲ့သည်။

ဤအကြောင်းတွေကို ပထမတော့ မော်လမြိုင်ရှိ မိဘများ မသိကြ။ နောက်တော့ ပုသိမ်မှ အဒေါ်ကြီးတွေက စာရေးပြီး တိုင်တောကြသည်။

“ဘဲဥလေးကို မင်းတို့သည်အတိုင်း ပစ်ထားတော့မလား၊ ပြန်ခေါ်မယ်ဆိုလည်း ခပ်မြန်မြန်ခေါ်လိုက်တော့၊ ကြာရင် နစ်သွားလိမ့်မယ်၊ ဟိုတစ်နေ့က အိမ်လာတာ ညှဉ်းသိုးသိုးနဲ့။ ဆံပင်တွေလည်း အရှည်ကြီး” ဟု လှမ်းပြီး သတိပေးကြသည်။

(၄)
သည်အတိုင်း စခန်း ဆက်သွား၍ မဖြစ်တာ သူတို့ သဘောပေါက်ကြသည်။ မော်လမြိုင်ကို ရောက်ကာစ။ ချက်ခြင်းလည်း လာမခေါ်နိုင်။ ကျောင်း စာသင်နှစ် တစ်နှစ် မပြီးခင် ခေါ်လို့လည်းမဖြစ်။ သို့ဖြင့် စာရေးပြီး ဆုံးမရသည်။ ခေတ္တ ခဏ ဖြစ်စေ ပြန်လာဖို့ ခရီးစရိတ် ပို့ပြီး လှမ်းခေါ်ရသည်။

သို့သော် ကျော်မြင့်လွင်က ပုသိမ်မြေမှာ လွတ်လွတ်လပ်လပ် အတောင်ပံ ဖြန့်၍ ပျံသန်းနေခဲ့ပြီ။
ထိုအရသာကို သူသိသွားခဲ့ပြီ။
မိဘတွေဆီ ပြန်လိုက်မသွား။

ပိုက်ဆံ မပို့ဘဲထားလျှင် လက်ထဲ ငွေပြတ်ပါက အကျပ်အတည်းကြုံပြီး ပြန်လာမှာပဲ ဆိုတာလည်း မရ။ အခက်အခဲ ကြားမှ ဖြစ်သလို ကြံဖန်ပြီး နေသည်။ သူငယ်ချင်းတွေနှင့် ရှိ အတူတူ၊ မရှိ မတူတူ အပြားလိုက် ချထားသည်။ သူ့လက်ထဲမှာ ဖေါသီခဲ့စဉ် အတွန့်အဆုတ် မရှိ။ ကျွေးမွေးခဲ့သည့် သူ့စိတ် ဓါတ်ကိုသိသော သူငယ်ချင်းများက သူ့ကိုကြည်ဖြူကြသည်။ လုံးဝ ပြတ်လပ်ပြီဆိုလျှင် ငှက်ပျော်သီး စား၊ ရေသောက်ပြီး ဗိုက်မှောက်နေတတ်သည်။

အဆောင်လည်း အတည်တကျ မရှိ။ သီတာဦး အဆောင်မှ နီလာမြိုင်အဆောင် နံဘေးရှိ ခေတ္တရာ အဆောင်သို့ ရောက်သွားသည်။ အဲသည့်နောက်တော့ သူငယ်ချင်းများ ရှိရာ တစ်ဆောင်ပြီး တစ်ဆောင် ရွှေ့ပြောင်းနေတော့သည်။

သည်လိုနှင့် ပထမနှစ် စာမေးပွဲ ထပ်ကျပြီး External ကျောင်းသား ဖြစ်သွားခဲ့တော့သည်။

အဲသလို ကြုံရသည့်တိုင် ကျော်မြင့်လွင်က မော်လမြိုင်သို့ လိုက်မသွား။ ပုသိမ်မှာပဲ တုံးပေကတ်သတ် နေခဲ့သည်။

(၅)
ဂီတာ တီးလိုက်၊ သီချင်း ရေးလိုက်၊ ကဗျာတွေ၊ စာတွေ သီဖွဲ့လိုက်နှင့် သူ့ဘာသာ တည်ဆောက်နေသည်။ ထိုအချိန်မှာ သူဖြစ်နေပုံ ကိုအပေါ်ယံကြော ကြည့်၍ ဆုံးဖြတ် မရနိုင်။ သူ၏ အတွင်းထဲမှာက အလျှံတညီးညီး အရှိန်အဟုန် ပြင်းစွာ တောက်လောင်လျက် ရှိသည်။

သီချင်းတွေကို မရေးရလျှင်မနေနိုင်လောက်အောင် ရေးဖွဲ့ချင်သည့် စိတ်ပြင်းပြနေခဲ့သည်။ သူ့အနီးအနားမှာ သီချင်းဆိုမည့် လူလည်းမရှိ။ သူ့သီချင်း သူဆိုဖို့ပဲ ရှိသည်။ သူ့သီချင်း သူပြန်ဆိုဖို့ ဆိုတာကလည်း ရက်ကောဒင်းတို့ ဘာတို့အထိ ဘာရည်ရွယ်ချက်မျှ မရှိ။ သူ့ဘာသာ ဆာလောင်မွတ်သိပ်နေခြင်း ပြေပျောက်ဖို့သာ ဖြစ်သည်။ သူ့မှာ ရှိသော ဂီတဗေဒ အသိပညာသည် ပြည့်စုံ လုံလောက်ပြီဟု ဘယ်လိုမျှ မပြောနိုင်။ သို့သော်လည်း သူ့မှာ လူငယ် တစ်ယောက်၏ အင်အား ကြီးမားလှသော စိတ်ဇောမာန် တွန်းအား ရှိသည်။ ထိုတွန်းအားက သီချင်းကောင်းလေးတွေ ဖြစ်အောင်ရေးချင်နေခဲ့သည်။

ထိုစိတ်ဓာတ် ခွန်အားနှင့်ပင် သီချင်းတွေကို သူ ရေးဖြစ်ခဲ့သည်။

(၆)
ကျော်မြင့်လွင် သီချင်းစ ရေးတော့ ကော်ပီသီချင်းလေးတွေပဲ ဖြစ်သည်။ ပင်ကိုရေး သီချင်းများ ဖွဲ့သီနိုင်ရန် အတွက် တေးသွား ဖွဲ့စည်းမှု၊ အဆိုပါ တေးသွားများ အပေါ်တွင် မိတ်ဖက်သံများ တည်ဆောက်မှု၊ ဂီတ ဖန်တီး စီစဉ်ခန့်ခွဲမှု၊ တီးမှုတ် သီဆိုမှု အတတ်ပညာ နည်းစနစ်များ လိုအပ်သည်။ ထိုအရာများအတွက် ကျော်မြင့်လွင် သင်ယူခဲ့ရသော ကျောင်းနှင့် သင်တန်း မရှိခဲ့။

နိုင်ငံခြား တေးသွားများ၊ သီချင်းများကို သူလိုက်ပြီး တီးခဲ့၊ ဆိုခဲ့သည်။ ကော်ပီသီချင်းများ အပါအ၀င် နိုင်ငံခြား သီချင်းများကို ဤကဲ့သို့ သီဆို တီးခတ်ခြင်းသည် သူ့အတွက် ဂီတပညာ သင်ယူ လေ့လာမှု ဖြစ်လာသည်။ ဂီတကျောင်း တတ်ရောက် သင်ကြားမှု ဖြစ်လာသည်။

နိုင်ငံခြား သီချင်းများ၊ ကော်ပီ သီချင်းများ တီးခတ် သီဆိုကြရင်း အတွေ့အကြုံတွေ သူ ရလာသည်။ နည်းစနစ်တွေ ရလာသည်။ ဂီတ အသိပညာနှင့် သီအိုရီများ ရမှန်း မသိ ရလာခဲ့သည်။ ထိုအခြင်းအရာ အားလုံးကို အသုံးပြုပြီး ကိုယ်ပိုင်သံစဉ် သီချင်း ဘက်သို့ ကူးပြောင်း ရေးဖွဲ့နိုင်သည်အထိ တဖြည်းဖြည်းချင်း သူ အားကောင်း လာခဲ့သည်။

(၇)
သူ ပထမဆုံး ရေးဖွဲ့ဖြစ်ခဲ့သော ကိုယ်ပိုင်သံစဉ် သီချင်းက “ ဝေးသွားတဲ့အခါ ”။
“ဝေးသွားတဲ့အခါ…မင်းအနားမှာ….
မောင့်ရဲ့ချစ်လိပ်ပြာ…ဟိုသည်ပျံဝဲလို့နေချင်တာ။
ကြင်နာသူမေ့ရင်ထဲမှာ နားခိုခွင့်ပြုပါ။
ဟိုတုန်းက…တို့များ ရဲ့ချိုမျက်ဝန်းလွှာ၊
နွေအိမ်မက်များထဲမှာ တွေ့ကြမယ်နော်
သီးခြား ကမ္ဘာ တစ်ခုမှာ


လူငယ်တစ်ယောက်၏ အတွေးပီပီ စာသားလေးတွေက သန့်ရှင်း လတ်ဆတ်နေသည်။ သံစဉ်က ချစ်စရာ ကောင်းပြီး ဆန်းကြယ်သည်။ ထူးဆန်းသော အားကောင်းမှု တစ်ရပ်လည်း ထိုသီချင်းထဲမှာ ကိန်းဝပ်နေခဲ့သည်။

“ ဝေးသွားတဲ့အခါ ” ကို ရေးဖြစ်ခဲ့တာ ၁၉၈၂ ခုနှစ်။ သူ၏ အသက် ၁၉ နှစ်။
“ ဝေးသွားတဲ့အခါ၊ နှလုံးသားမှာအမြဲတမ်း သတိရနော်၊ ကြင်နာခဲ့ဖူးတဲ့ အချိန်အခါများ ပြန်လည်ကာ ရယူဖို့ရာ မဖြစ်နိုင်တော့တဲ့အခါ ရင်ထဲမှာ ပြန်တမ်းတ မြင်ယောင်လိုက်ပါ ”
ရင်ခုန်သံနွေးထွေးစွာ…
မှေးစက်မပျော်တဲ့ မေ့စက်ရာထက်မှာ။


(၈)
ကဗျာ ရေးသောအခါမှာတော့ သူ့ကလောင်အမည်ကို သူ့ဘာသာ “ ချစ်မှူးကျော် ” ဟု ပေးထားသည်။ ပထ၀ီဌာနမှ လက်ထောက်ကထိက ဦးဝင်း၏ ညီ၊ ဦးမြင့်စိန်နှင့်က သူတို့ လူငယ်တွေ ရင်းနှီးနေကြသည်။ ကျော့်မြင့်လွင်၏ ကလောင်အမည်ကို ကြားတော့ ဦးမြင့်စိန်က-

“ မင်းကွာ၊ တစ်ချိန်လုံးဒီလောက် သောက်နေတာ။ ချစ်မှူးကျော် လုပ်မနေစမ်းပါနဲ့၊ သျှပ်မှူးကျော်ပဲ ထားလိုက် ”
ဟု ဆိုသည်။

သို့ဖြင့် သူ၏ ကလောင်အမည်က တကယ်ပဲ သျှပ်မှူးကျော်ဟု ခေါ်တွင် သွားတော့သည်။

ပုသိမ် ဒေသကောလိပ် ပရိဝုဏ်ထဲမှာ သျှပ်မှူးကျော်၊ ကိုကျော့မှူး၊ အရိုင်းဖြူ (ကိုတင်အောင်) တို့၏ မြကဗျာစာအုပ်ကလေး ထွက်ပေါ် လာခဲ့ဖူးသည်။ စာကူးစက် မင်ရနံကလေး သင်းပျံ့နေသော ထိုကဗျာစာအုပ်သည် ကောလိပ်ကျောင်းသား လူငယ်တို့၏ ရင်ခုန်သံပဲ ဖြစ်ခဲ့သည်။

ပုသိမ်ဒေသ ကောလိပ်နှစ်လည် မဂဇင်းထဲမှာလည်း “ သျှပ်မှူးကျော် ” အမည်နှင့် စာတွေ၊ ကဗျာတွေ ရေးခဲ့သည်။

ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သူတွေက သူ့ကို “ ဘဲဥ ” ဟု ခေါ်တတ်ကြသည်။ ယခုတော့ ကောလိပ်ဝန်းကျင်မှာ သူ့ကို ခင်မင်သူတွေက “ ကိုသျှပ်” ဟုသာ ခေါ်ပြောကြလေသည်။

(၉)
သူ့ကို ခင်မင်သူတွေလည်း ပေါများသည်။ သူသည် သူခိုင်ခိုင်မာမာ သိထားသော အကြောင်းအရာ၊ သူ စွဲစွဲမြဲမြဲ ယုံကြည်ထားသည်တို့နှင့် ပတ်သက်လာလျှင် အလျှော့ မပေးတတ်။ ငြင်းခုံစရာ ရှိလျှင် ပြင်းပြင်းထန်ထန်ပင် ငြင်းတတ်ခုံတတ်သည်။

ထဲထဲဝင်ဝင် ရင်းနှီး ခင်မင် သွားပြီဆိုလျှင် သူ့ ၀သီက စကားပြောလျှင် ပွင့်လင်းလွတ်လပ် ပြောတတ်သည်။ အကြောင်း မသိလျှင် အပေါ်စီးက ငေါက်ငမ်း ပြောဆိုလေသလား ထင်ရသည်။ တကယ်တမ်း သူ၏ စိတ်ရင်း အမှန်ကို သိသူတွေက ထိုအပေါ်ယံ ကိစ္စများကို အပြစ် မမြင်။ အပေါင်းအသင်းတွေ အပေါ်မှာ သူဘယ်လောက် သံယောဇဉ် ထားတတ်ကြောင်း၊ အနစ်နာ ခံတတ်ကြောင်းတွေ သိကြသည်။

သူ ကံကောင်းတာက သူ့ကို နားလည်သူ အပေါင်းအသင်းများ မရှားပါးခဲ့ခြင်း ဖြစ်သည်။

(၁၀)
ကျောင်းပရ၀ုဏ်ထဲမှာ ကဗျာလိုလို၊ စာလိုလိုနှင့် နေရာတကာ ပလွှားပလွှား နေခဲ့သူမဟုတ်။ မထင်မရှား မသိမသာဘဲ ဖြတ်သန်းဖို့ ကြိုးစားခဲ့သူ ဖြစ်သည်။ သို့သော် သူတို့၏ “ မြ ” ကဗျာ စာအုပ်လေးကတော့ဖြင့် ပုသိမ် ဒေသကောလိပ် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့သည်။
“ အခါတစ်ပါး၌
သူမ၏ လက်ဝယ်….ထက် “ မြ ”သော မြှားတစ်စင်း တည်၏။
သို့သော် လေး မရှိ။
ထိုရော အခါ
ငါ၏ လက်ဝယ်….ချို “ မြ ” သော စောင်းတစ်အိုး တည်၏။
သို့သော်ကြိုး မရှိ”


(၁၁)
သူ၏ “ မနှင်းဖြူ ” နှင့် “ စင်သီယာ ” ကဗျာတွေ အကြာင်းကိုလည်း ပုသိမ်ဒေသကောလိပ်မှာ လူပြောများခဲ့သည်။

“ ငါ့ ကဗျာ ဘယ်မှာလဲ၊ မရဲတရဲ မေးခွန်း၊ တိုးတိတ်လွန်းမှာ သိတယ်။ နယ်မချဲ့ပါနဲ့ ဝေဒနာ၊ ငါ မနေတတ်ဘူး၊ အရူးတစ်ယောက်ရဲ့လွမ်းချင်းကို မင်းဘာကြောင့် နားထောင်ချင်တာလဲ၊ အသည်းမှာ စွဲတဲ့ မြားချက်ဟာ လူမသိဘဲ အသက်သေစေတယ်။ နွေမှာ ဖြစ်တဲ့ မိုးတိမ်ဟာ မုတ်သုံ မလာခင် အိပ်စက်ရဦးမယ်။ မင်းရဲ့ နောက်ဆုံး ရယ်မောသံမှာ ငါ သေခဲ့ပြီ စင်သီယာ၊ ငါ့ကဗျာ ဘယ်မှာလဲ။”

“ စင်သီယာ၊ ငါ မပြောတော့ဘူး၊ မင်းဦးနှောက် နွံအိုင်တောမှာ ဘောဂဗေဒ ဇယားချပ်တွေ၊ မျက်တောင်ခတ်တဲ့ ကိန်းဂဏန်းတွေ၊ “ ငွေ…ငွေ ” …ငွေ (မင်းတို့) ဆိုနေကျ သီချင်းတစ်စမို့ ငါ အလွတ် ရနေပြီ၊ ဒီ အမှိုက်ပုံထဲ ငါ့ကို မဆွဲနဲ့ စင်သီယာ၊ ငါ မလာနိုင်ဘူး၊ စူးစူးဝါးဝါး အော်ဟစ်၊ ချွေးမိုးအောက် နစ်ပါစေ၊ မင်းပြုံးနေ စင်သီယာ၊ ငါ မပြောတတ်ဘူး”

(၁၂)
ဤသို့ဖြင့် ပုသိမ်ဒေသကောလိပ် ပရ၀ုဏ်တစ်ခွင်တွင် ကျော်မြင့်လွင်ကို သျှပ်မှူးကျော် အမည်ကို အစွဲပြုပြီး သျှပ် သို့မဟုတ် ကိုသျှပ် ဟုသာခေါ်ကြတော့သည်။ ငယ်ငယ်ကတည်းက ခေါ်လာခဲ့ကြသော ဘဲဥ အမည်ကိုပင် သျှပ်က လွှမ်းမိုးသွားခဲ့သည်။

“ မြ ” ကဗျာစာအုပ် အတွက်နှင့် ကိုအောင်မင်း၊ ကိုတင်အောင် (အရိုင်းဖြူ) ကိုကျော့မှူး (သံယောဇဉ် သမားလေး မောင်ဖိုးကျော်) တို့ ဘာမဟုတ်ဘဲ ဗျာများခဲ့ရသေးသည်။ သျှပ်မှူးကျော်လည်း သူ၏ ကဗျာ များစွာတို့ကို အဆောင် ရေအိမ်ထဲသို့ အတွန့်အဆုတ် မရှိ အပြေးအလွှား ပစ်ချခဲ့ရသည်။

(၁၃)
ကျော်မြင့်လွင် ခေါ်၊ ဘဲဥ ခေါ် ကိုသျှပ်သည် ပုသိမ်ကောလိပ်တွင် အလွန် ဟောဟောဒိုင်းဒိုင်း ပွင့်လင်းသူ ဖြစ်သည်။ သို့သော် သူ့မှာ တော်တန်ရုံ ခင်မင်သူများပင် မသိခဲ့ကြသေးသော အမည် တစ်ခုကလည်း ရှိနေခဲ့သေးသည်။

(၁၄)
"ရှုမ၀ ရုပ်စုံမဂ္ဂဇင်း" ဆိုတာ ထိုခေတ်ထိုအခါက ဟိတ်ကြီးလှသည်။ စာပေသြဇာ လွန်စွာ ကြီးမားသော ရှားရှားပါးပါး မဂ္ဂဇင်း သုံးလေးစောင်ထဲမှာ တစ်စောင် အပါအ၀င် ရပ်တည်နေခဲ့သည်။ အယ်ဒီတာတွေက ဆရာ မောင်ဆွေတင့်၊ ဆရာ မောင်မြင့်မြတ်နှင့် ဆရာ ကျော်စိန်မင်းတို့ ဖြစ်ကြလေသည်။

"ရှုမ၀ ရုပ်စုံမဂ္ဂဇင်း" ကို ကဗျာ၊ ၀တ္ထုတွေ ပို့ခဲ့သည်။ "ရှုမ၀" အတွက် သူ၏ ကလောင်အမည်က "လင်းထက်"။

ရှုမ၀ရုပ်စုံလို အထင်ကရ မဂ္ဂဇင်းကြီးမှာ ကဗျာ၊ ၀တ္ထုတွေ ပါခဲ့သော်လည်း ထိုကိစ္စကို ပုသိမ် ဒေသကောလိပ်ဝန်းကျင်မှာ သိသူ အလွန် နည်းခဲ့သည်။

ကျော်မြင့်လွင်ကို ပုသိမ် ဒေသကောလိပ်တွင် လင်းထက် အမည်နှင့် ခေါ်သူ ထိုအချိန်က မရှိခဲ့ချေ။ သူသည် လိုအပ်လာသောအခါ အကန့်ခွဲခြား ဖုံးဖိ သိုဝှက် ထားတတ်သူ ဖြစ်သည်။ မလိုအပ်လျှင် နှုတ်က ဖွင့်ဟ မနေချင်။

(၁၅)
လူက ထင်ထင်ရှားရှား မနေပြခဲ့သော်လည်း သူ၏ လူငယ် နှလုံးသား တစ်ခုလုံးမှာ အနုပညာ မီးတွေက အလျှံတညီးညီး စွဲကပ် တောက်လောင်နေခဲ့တာတော့ သေချာသည်။
"အမေ……….သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ ကဗျာ…ကဗျာ…ကဗျာ…
သက်သာရာ ရမလား လို့ပါ
(ဒီတစ်ခါတော့ဖြင့်) ၀မ်းရေစပ်ရင်လည်း
နည်းနည်း ခွင့်လွှတ်ပါ အမေ
သားတော့ မီးလောင်နေပြီ။"


နားလည်ရ ခက်ခဲသော သူ၏ ခံစားချက် အချို့ကို အမေ့ထံတိုင်တည်ဟန်ဖြင့် တစ်စွန်းတစ်စ ဖွင့်အန် ထုတ်ပြလိုက်သည့် ကဗျာ ဖြစ်လေသည်။

                                                       အခန်း (၆)                                                   စံရိပ်ငြိမ် ၆ လမ်း

(၁)
ပုသိမ် ဒေသကောလိပ် External ကျောင်းသား ဘ၀တွင် ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်၊ ၆ လမ်းရှိ ဒေါ်ကြည်ကြည်ဝင်း၏ အဆောင်သို့ သူ ရောက်ရှိ သွားခဲ့သည်။ စံရိပ်ငြိမ်၊ ၆ လမ်းမှာ သူ ကွန်းခိုခဲ့သော အဆိုပါ ကာလသည်လည်း ထူးခြားလျှက် ရှိနေပြန်သည်။

အဆောင်သာ ဆိုရသော်လည်း သစ်သား အိမ်ကလေး တစ်လုံးသာ။

အိမ်မျက်နှာစာမှာ နှစ်တစ်လက်မ သစ်သားတန်းတွေ ခပ်ကျဲကျဲ ရိုက်ကာ ထား၍ အထဲကို လှမ်းမြင်နေရသည်။ အပေါ်ထပ်မှာ အိမ်ပိုင်ရှင်နေပြီး အောက်ထပ်မှာ သူတို့ အဆောင်သားတွေ နေကြသည်။

အဆောင် အရှေ့ရှိ တရုတ်စံကားပင်ကြီးကတော့ဖြင့် ဖြူဆွတ်သော အပွင့်တွေနှင့် ဖွေးဖွေးလှုပ်၍ နေတော့သည်။ မြေပြင်ပေါ်မှာ ပန်းကြွေတွေကလည်း ပြန့်ကြဲလျက်။

(၂)
ကိုယ့်အိမ်မှာတုန်းက ကိုသျှပ်သည် အကြီးဆုံး ဖြစ်၍ သူ့မှာ ညီငယ်၊ ညီမငယ်တွေလည်း ရှိခဲ့သည်။ သူ့ထက် ကြီးသော အစ်ကို၊ အစ်မတွေကို လိုချင်သော်လည်း မရသာခဲ့။ ပုသိမ်မှာ တွဲခဲ့သော အပေါင်းအသင်းတွေ အားလုံး သူနှင့် အရွယ် တူချင် တူ၊ မတူလျှင် သူ့ထက် အသက် ငယ်ရွယ်ခဲ့ကြသည်။

ယခုတော့ သူ့ထက် အသက်ကြီး၊ ၀ါကြီးသူတွေကို တစ်သိုက် တစ်မြုံကြီး တွေ့ရပြီ။ အစ်ကို ငတ်မွတ် တောင့်တသော သူ့အတွက် ခင်မင် တွယ်တာစရာပဲ ဖြစ်ခဲ့သည်။

ထိုအချိန်တုန်းက စံရိပ်ငြိမ် ၆ လမ်း အဆောင်ကလေးမှာ နေထိုင်ကြသူတွေ အချင်းချင်းကလည်း "အရင်းအနှီးဆုံး နှလုံးသားများ" အဖြစ် တည်ဆောက်ထားခဲ့ကြသည်။ သူတို့တစ်တွေသည် သွေးသားအရ ညီအစ်ကို မတော်စပ်ခဲ့ကြလင့်ကစား ဘ၀နှင့် ခံယူချက်တွေမှာ ညီအစ်ကိုများပမာ ဖြစ်ခဲ့ကြဖူးသည်။

(၃)
ကျော်မြင့်လွင်က ထိုအဖွဲ့ထဲက အချို့ကို ပုသိမ်မှာကတည်းက သိထား ကျွမ်းထားပြီး ဖြစ်သော်လည်း အချို့ကိုတော့ အခုမှ မိတ်ဆက် ရသည်။ မည်သို့ဆိုစေ အားလုံး နှင့် ဝေးလှမ်း ခြားနားခြင်း မရှိ။ သူစိမ်း မဆန်။

"သူ့ နာမည်က ကျော်မြင့်လွင်တဲ့။ သျှပ်မှူးကျော် နာမည်နဲ့ ကဗျာတွေ ရေးတယ်။ ဟောဒီက အရိုင်းဖြူတို့နဲ့ တွဲပြီး ကဗျာစာအုပ်လည်း ထွက်ဖူးတယ်။ ပညာ အရည်အချင်းကတော့ ဘိုင်အို အတွဲနဲ့ ပထမနှစ် နှစ်ခါ ကျပြီး အိတ်စတာနယ် ဖြစ်နေပြီ" ဟု သူ၏ ဂုဏ်ပုဒ်တွေကို ဖော်ပေးကြသည်။

သူ့ကို ကြည့်လာကြသည့် အကြည့်တွေထဲမှာ အထင်သေးသော အငွေ့အသက် ဘာတစ်ခုမျှ မပါ။ မေတ္တာ ဓာတ်ဖြင့် နွေးထွေး၍သာ နေကြသည်။ လမ်းပျောက်နေသော သူ့ကို လမ်းကူ ရှာပေးဖို့၊ တိမ်းစောင်းနေသော သူ့ကို ပြန်ပြီး တည့်မတ် ပေးကြဖို့သာ စိတ်ကူးကြပုံ ပေါ်သည်။ လှိုက်လှဲစွာပင် လက်ကမ်းပြီး သူ့ကို ကြိုဆိုခဲ့ကြသည်။

အနက်ရောင် လေးထောင့် မျက်မှန်ကိုင်းထဲမှ သူ၏ မျက်လုံးတွေကတော့ဖြင့် တောက်ပနေကြသည်။ ဘာတွေဝေ တွန့်ဆုတ်မှုမျှ မရှိ။ သူ လုပ်ချင်ရာ တစ်ခုတည်းကိုသာ ခေါင်းထဲ ထည့်ထားပုံ ရသည်။ ပြတ်သားစွာ ဆုံးဖြတ်ထားပြီး ရှေ့ကို တည့်တည့်ကြီး ဆက်သွားမည့် အသွင် သဏ္ဍာန်က ထင်ရှားလျက် ရှိတော့သည်။

(၄)
စံရိပ်ငြိမ် ၆ လမ်း၊ ဒေါ်ကြည်ကြည်ဝင်း အဆောင်သား အများစုက ဧရာဝတီတိုင်းသားတွေ။ ရန်ကုန်မြေမှာ တစ်ကိုင်းတည်း လာပြီး နားနေမိကြခြင်း ဖြစ်သည်။ ကျော်မြင့်လွင် အပါအ၀င် သူတို့ အားလုံး ခုနှစ်ယောက်။

ပုသိမ်သား ပန်းချီဆရာ ကိုနေမျိုးဇော်က ကဗျာ ရေးလျှင် မင်းညိုစင် အမည်ဖြင့် ရေးသည်။ ကျော်မြင့်လွင်ထက် အသက် ဆယ်နှစ်လောက် ပိုကြီးသော ကိုနေမျိုးဇော်က သူ့ကို ညီငယ် တစ်ယောက်၊ လက်တွဲဖော် အပေါင်းအသင်း တစ်ယောက်လို နွေးထွေးခဲ့သည်။

လူပုံ ပိန်နွဲ့နွဲ့၊ စကားပြောလျှင် နူးညံ့ ချိုသာသော ကိုနေမျိုးဇော်က ပရိယာယ် မာယာ မကြွယ်ဝ။ ပျော့ပျောင်း နူးညံ့ပုံ ရသော်လည်း ဆုံးဖြတ်မိလျှင် နောက်မဆုတ်မည့် လူစားမျိုး ဖြစ်သည်။ သူက လွယ်လွယ်နှင့် ပြောင်းတတ် ပြင်တတ်သူမျိုး ဟုတ်ဟန် မတူ။ အခြေအနေနှင့် ရာသီဥတုကိုပင် ထည့်တွက်မည့်သူမျိုး မဟုတ်ချေ။

ထိုအချိန်မှာ ကိုနေမျိုးဇော်က ရှုမ၀ရုပ်စုံမဂ္ဂဇင်းတွင် ကဗျာသရုပ်ဖော်ပုံများ လစဉ် ရေးဆွဲလျက် ရှိပြီး မိုးဝေမဂ္ဂဇင်းနှင့်လည်း အဆက်အသွယ် ရှိသည်။ သူတို့ အဖွဲ့ထဲမှာ စာပေ အနုပညာလောကနှင့် အနီးစပ်ဆုံး လူဟု ဆိုရမည်။

ကိုနေမျိုးဇော်၏ ငယ်သူငယ်ချင်း ဖြစ်သူ ကိုမောင်မောင် (ကဗျာဆရာ အရိုင်းဖြူ) နှင့် ကျော်မြင့်လွင်တို့က ပုသိမ်၊ ပြည်တော်သာ တစ်ရပ်ကွက်တည်း သားတွေ။ ကဗျာစာအုပ်လည်း အတူတူ ထွက်ဖူးသည်။

ကိုသီဟန်သွင်က ပုသိမ်ကောလိပ် ကျောင်းသားဘ၀ နှစ်လည်မဂ္ဂဇင်းမှာ ကိုနေမျိုးဇော်နှင့်အတူတူ လက်စွမ်းပြခဲ့ဖူးသည်။ ဘွဲ့ရပြီး ရန်ကုန်မှာ ခြေတစ်နေရာ ချဖို့ ကြိုးစားရင်း ကဗျာတွေ၊ ၀တ္ထုတွေ ရေးဖွဲ့သည်။

ဝတ္ထုတိုတွေရေးသော မောင်သုန်ကို သူတို့အချင်းချင်းက ငှက်ဆိုးဟု ခေါ်ကြသည်။ သူတို့နောင်တစ်ချိန်မှာတော့ဖြင့် "အဖေ ခေသူမဟုတ်နှင့် အခြားဝတ္ထုများ" စာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိသွားခဲ့သည်။

နောက်တစ်ယောက်က ပုသိမ်ကောလိပ်တွင် အနန္တလှိုင်အမည်နှင့် ကဗျာတွေ ရေးခဲ့သော ကိုသန်းဝင်း။ သူသည် ၀ိဇ္ဇာဘွဲ့ကို မြန်မာစာအဓိကနှင့် အထူးအောင်ခဲ့သော်လည်း မဟာဝိဇ္ဇာတန်းတက်ဖို့ ဝေးသွားခဲ့ရသည့် ကဗျာဆရာ အောင်ဝေးပင်ဖြစ်သည်။

ကိုအောင်ဝေးက မြောင်းမြသား။ ကိုအောင်ဝေးနှင့် ကျော်မြင့်လွင် (လင်းထက်) တို့၏ ပထမဆုံးကဗျာတွေက ရှုမ၀ရုပ်စုံမဂ္ဂဇင်း (၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ) တွင် အတူတူ ပါခဲ့ကြ၍ ကဗျာဆရာသက်တမ်း အတူတူဟု ဆိုရမည်။ အသက်အရွယ်ချင်း ကွာခြားသော်လည်း သူတို့နှစ်ယောက်၏ သံယောဇဉ်ကလည်း ကြီးမားသည်။

ထို့အပြင် ပြည်မြို့မှကိုခင်မောင်လွင်လည်းရှိသည်။ သူလည်း စာသမားပင်ဖြစ်သည်။

ဤသို့ဖြင့် အခန်းမှာအမြဲနေထိုင်သူ ခုနှစ်ယောက်။ ကြုံလျှင် ကြုံသလို လာရောက်တည်းခို ၀င်အိပ်သွားကြသော သူငယ်ချင်းအပေါင်းအသင်းကဖြင့် မနည်းလှပြီ။

(၅)
ကျော်မြင့်လွင်က အခန်းမှာအသက်လည်း အငယ်ဆုံး။ လူကောင်လည်း အသေးဆုံးဖြစ်၍ သူ၏ ကဗျာဆရာနာမည်မှ ရှေ့ဆုံးအလုံးကိုယူကာ "သျှပ်ကလေး" ဟုခေါ်ကြလေသည်။

(၆)
သူတို့အခန်းကို ရောက်ရောက်လာကြသူတွေထဲမှာ ရန်ကုန်စက်မှုတက္ကသိုလ်မှ ချည်မျှင်(textile) ကျောင်းသား ကိုထွန်းဝေ (နောင်တွင် မန္တလေးအရက်ချက်စက်ရုံ) အကြောင်းကိုလည်း ထည့်ပြောမှ ပြည့်စုံမည်။ ကိုထွန်းဝေလည်း ပုသိမ်ကောလိပ်တက်ခဲ့သူဖြစ်သည်။

ထူးခြားတာက သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး မကွယ်လွန်မီ သူ့ကိုလျှို့ဝှက်သိုင်းပညာ အတော်များများ သင်ကြားပေးထားခဲ့၍ ဆရာဖြစ် အဆင့်အထိ တက်ကျွမ်းထားသူဖြစ်နေသည်။

သူရောက်လာလျှင် စံရိပ်ငြိမ် ၆လမ်း အဆောင်သားတွေက ရတတ်သမျှ သိုင်းအကွက်တွေ သင်ယူကြသည်။ အမြဲတမ်း စူးနစ်လေ့ကျင့်ကြသည် မဟုတ်၍ သူတို့နင်းသော သိုင်းကွက်များမှာ ကိုရိုကားရားဖြစ်၍နေတော့သည်။ ပုံမကျ ပန်းမကျသိုင်းကစားခဲ့သူတွေထဲမှာ သျှပ်ကလေးလည်း ပါခဲ့သည်သာ။

ကိုထွန်းဝေကလည်း သူတို့ဆီက အနုပညာဓာတ်တွေ ကူးစက်ပြီး မယ်ဒလင်တစ်လက်နှင့် သီချင်းဆိုဖို့ ကြိုးစားနေတတ်ပြန်သည်။ သူ့လက်သံကလည်း အဆင်တော့ မပြေလှ။

(၇)
သူတို့ အဆောင်တည်ရှိရာလမ်းနှင့် မျဉ်းပြိုင်လမ်းထဲမှာ အိမ်ကျောချင်းကပ် ဓားလွယ်ခုတ်အနေအထားတွင် ကဗျာဆရာမ မအိနေထိုင်သည်။ ဆရာမ မအိက ဟင်္သာတသူ။

ကိုနေမျိုးဇော်နှင့် သူ့ထက် အသက်သုံးနှစ်ခန့်ကြီးသည့် ဆရာမ မအိတို့သည် မောင်နှမရင်းချာ မောင်လေးငယ်နှင့် အစ်မကြီးသဖွယ်။ ရဲဘော်ရဲဘက်လိုလည်း ခင်မင်ကြသည်။

ဆရာမ မအိသည် ရှုမ၀ရုပ်စုံမဂ္ဂဇင်းတွင် လစဉ်ပင်တိုင်ကဗျာ၊ ၀တ္ထုတိုတွေ ပါနေသူ။ အယ်ဒီတာချုပ် ဆရာမောင်ဆွေတင့်နှင့် တာဝန်ခံ အယ်ဒီတာ ဆရာမောင်မြင့်မြတ်တို့က မဂ္ဂဇင်းတိုက်မှာ ပညာယူဖို့ ဖိတ်ခေါ်ခဲ့ကြသည်။

ဤသို့ဖြင့် ထိုအခိုက်အတန့်တွင် ဆရာမ မအိသည် ရှုမ၀မဂ္ဂဇင်းတိုက်သို့ အရောက်အပေါက်မှန်မှန်ရှိခဲ့သည်။ ကိုနေမျိုးဇော်ကလည်း ကဗျာ၊ ၀တ္ထု၊ သရုပ်ဖော်ပုံတွေအတွက်
အလုပ်လာယူ၊ ပြန်လာအပ်။ မဂ္ဂဇင်းတိုက်မှာ ကြုံကြိုက်တိုင်း ဘတ်စ်ကားစီးပြီး သူတို့အတူတူပြန်လာဖြစ်ကြတာများသည်။

(၈)
ကျော်မြင့်လွင်နှင့် ဆရာမ မအိ၏ ညီမအငယ်ဆုံးလေးတို့က ပုသိမ်ကောလိပ်အတူတူတက်ဘက်တွေ ဖြစ်နေကြပြန်သည်။

"မအိက ညီမလေးနဲ့ တူတယ်နော်" ဟု ကျော်မြင့်လွင်က ဆိုသောအခါ မအိရင်ထဲ လှုပ်ရှားသွားသည်။

"တော်တော် တူသလား" ဟု ကသောကမျောပင် မေးမိသည်။

"အင်း နည်းနည်းမဟုတ်ဘူး။ တော်တော့်ကိုဆင်တာ" ဟု ကျော်မြင့်လွင်က အလေးအနက်ထားပြီး မှတ်ချက်ချသည်။

ဆရာမ မအိကတော့ သူ့ညီမလေးနှင့် ရုပ်ချင်းဆင်တူသည်ဟု ပြောသံကြားရတိုင်း စိတ်ထဲမှာလွန်စွာ ကြည်နူးမိစမြဲ။ သို့ဖြစ်၍ ကျော်မြင့်လွင်၏ မှတ်ချက်မှာ ကျေနပ်သွားခဲ့သည်။

ဆရာမ မအိက ကိုယ့်ထက်အသက်အများကြီး ကြီးသော ကဗျာရေးဖော်အစ်မကြီးကို ကလောင်နာမည် အတိုင်းပဲ "မအိ" ဟုခေါ်သော လင်းထက်ကိုလည်း အပြစ်မမြင်။ ဒါကိုက ရိုးသားဖြူစင်ပွင့်လင်းသလောက် ခိုင်မြဲသော မေတ္တာဓာတ်၏ ပြယုဂ်တစ်ရပ်ဟုပင် ဆိုနိုင်စကောင်းသည်ထင်မိသည်။

(၉)
စံရိပ်ငြိမ် ၆ လမ်းက သူတို့အခန်းမှာ စည်းကမ်းကတော့ အလွန်တင်းကျပ်သည်။ အရက်မသောက်ရ၊ ဖဲမရိုက်ရ၍ အခြားကိစ္စကား စကားထဲပင် ထည့်ပြောမရတော့ပြီ။

သူတို့အထဲမှာ ငွေကို ဖောဖောသီသီသုံးနိုင်သည့်သူ တစ်ယောက်မျှ မရှိ။ ဘိုင်ကျနေကြတာပဲ များသည်။ သို့သော် သူတို့တစ်တွေ စိတ်ကူးယဉ်လိုက်ကြလျှင် စာပေ၊ ကဗျာ၊ အနုပညာနှင့် ပက်သက်ပြီး မြင့်မြင့်မားမားတွေချည်းသာ။ ဖြစ်နိုင်လျှင် မဂ္ဂဇင်းတစ်စောင်ထုတ်ဖို့ကလည်း အမြဲပါသည်။

လူငယ်တွေပီပီ ကမ္ဘာကြီးကို အကောင်းဘက်ပြောင်းလဲပစ်ဖို့ ရိုးသားလှသည့်အိပ်မက်များကို သူတို့မက်ခဲ့ကြသည်။

(၁၀)
ကဗျာဖွဲ့သူ ဖွဲ့၊ ၀တ္ထုရေးသူ ရေး၊ စာဖတ်သူ ဖတ်ပြီး ညအိပ်လေ့မရှိကြသည့် သူတို့အခန်းကို "ဇီးကွက် တိုင်းပြည်" ဟုလည်း ခေါ်ကြသည်။

ကဗျာဆရာ ကိုအောင်ဝေးက ကဗျာမရေးခင် သူ၏ ကဗျာစာသားတွေကို အသံထွက်ပြီး ရွတ်နေတတ်သည်။

ကိုနေမျိုးဇော်၏ စားပွဲမှာ ပန်းချီဆေးတွေ၊ စုတ်တံ၊ ကလောင်၊ မင်အိုး၊ ပန်းချီစာရွက်တွေနှင့် ပြည့်ကျပ်နေသည်။ ပန်းချီရုပ်ပုံပေါ်တွင် တင်ထားသော ဆေးသားထူထူကို ဓားပါးကလေးနှင့် တရှဲရှဲ ခြစ်ထုတ်နေသည့် အသံကိုကြားရမည်။ မိုးလင်းသည်အထိ သူအလုပ်လုပ်ပြီးလျှင် ကရင်သင်တိုင်း အနီးဝတ်ကာ ခင်ဝမ်း၏ "ဘယ်တော့များလဲ…နှင်းရယ်" သီချင်းကို ဂီတာတစ်လက်နှင့်တိုးဖွဖွကလေး ညည်းညူနေတတ်သည်။

ကိုခင်မောင်လွင်ကလည်း ဆေးလိပ်ကိုခဲပြီး ၀တ္ထုတိုတွေ ဖိရေးသည်။ စက်မှုတက္ကသိုလ်မှ သိုင်းဆရာ ကိုထွန်းဝေ ရောက်လာလျှင်တော့ဖြင့် ကိုခင်မောင်လွင်ရေးထားသော ၀တ္ထုတိုတွေကို ယူဖတ်ပြီး "ကျွန်ုပ်၏ ချစ်သူသည်ကား ထိုလူကြီး၏ ရင်ခွင်တွင် မှေးစက်နေပေတော့သည်" ဆိုသောဝါကျကို ပြန်၍ ရွတ်ပြတတ်သည်။

(၁၁)
ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာ ဖြစ်ဖို့ စိတ်ကူးအိပ်မက်များနှင့် ထုံမွှမ်းထားကြသည့် ထိုအခန်းတွင် ကျော်မြင့်လွင်၏ သီချင်းဂီတ ကိစ္စမှာ အတန်ငယ် မှေးမှိန်လျက်ရှိသယောင် ထင်ရသည်။

အစ်ကိုကြီးတွေကလည်း လမ်းတစ်ဝက်မှာ ယောင်ချာချာနှင့် ခရီးမရောက်နိုင်သေးဟု သူတို့ယူဆသော သျှပ်ကလေးကို "ကျောင်းပြီးမှ လုပ်ချင်တာ လုပ်" အယူအဆဖြင့် ၀ိုင်းဆုံးမကြသည်။ အနုပညာထက် ကျောင်းစာဘက်မှာ ပိုအားသန်ဖို့ လမ်းပြခဲ့ကြ၊ လက်တွဲခေါ်ကြသည်။

ရန်ကုန်တက္ကသိုလ်ထဲတွင် ပုသိမ်ကောလိပ်မှ ပြောင်းရွှေ့လာကြသော ဆရာများစွာရှိကြရာ အစ်ကိုကြီးတွေနှင့် ထိုဆရာတွေက ရင်းနှီးကြသည်။ သူ့ကိုကျောင်းထဲခေါ်သွားပြီး ဇီဝဗေဒဘာသာတွဲနှင့် သက်ဆိုင်သောဆရာများနှင့် တွေ့ပေး၊ မိတ်ဆက်ပေးကြသည်။ စာတွေမေးဖို့ ဆရာများထံ လွှတ်သည်။ အခန်းမှာ နေချင်တိုင်း နေမရ။ စာကျက်ရသည်။

နောက်ပိုင်းဆိုလျှင် အစ်ကိုကြီးတွေက ညနေခင်း လက်ဖက်ရည်ဆိုင်ထိုင်ရာသို့ပင် သူ့ကိုမခေါ်။ သူ့အတွက် ပါဆယ်ဆွဲပေးပြီး စာကိုသာ ကျက်စေကြသည်။ ကျော်မြင့်လွင်ကလည်း အစ်ကိုကြီးတွေကိုချစ်သည့် စိတ်ကြောင့် တတ်နိုင်သမျှ လိုက်လုပ်ခဲ့တာ မဆန်းကြယ်ဟု ဆိုနိုင်သလို အံ့သြစရာဟုပင် ဆိုချင်လည်း ဆိုနိုင်သည်။

(၁၂)
အစ်ကိုကြီးတွေ၏ စေတနာက သူ့အပေါ်ကြီးမားလှသော်လည်း သူ့ရင်ထဲရှိ အလျှံတညီးညီး မီးလျှံကို သူတို့ အပြည့်အ၀မမြင်နိုင်ကြ။ ဒါလည်း အဆန်းတော့ မဟုတ်။ သူကိုယ်တိုင်ပင် ထိုမီးလျှံ၏ အတိုင်းအဆကို သူမသိ။

အစ်ကိုကြီးတွေ အသီးသီး အသက အသက အပြင်ထွက်သွားကြပြီး သူတစ်ယောက်တည်းကျန်ရစ်တော့မှ သူ့ကိုယ်ပိုင် စိတ်ကူးများကို လွတ်လပ်စွာ သွန်ချသည်။ ရှိစုမဲ့စုနှင့် ဂီတာလေးတစ်လုံးဝယ်ထားတာက သူ၏အဖော်မွန် ဖြစ်သည်။ အဆိုပါ သူ၏ တိတ်တခိုးအဖော်ဂီတာလေးနှင့် သူ့အကြားရှိ ကြီးမားအားကောင်းလှသော အဆက်အသွယ်ရစ်ပတ် နှောင်ဖွဲ့မှုကို အခန်းထဲရှိ ဘယ်သူမျှ အတိအကျမသိကြ။

သူက အငယ်ဆုံးဖြစ်နေတာလည်း တစ်ကြောင်းဖြစ်သည်။ သို့ဖြစ်၍ သူသိထားသမျှ ဂီတကို ထုတ်ဖော်မပြချင်။ နောက်တစ်ခုက သူသည် လူအုပ်ထူထူထဲမှာ ဓားတ၀င့်ဝင့် မလုပ်တတ်သူ။ အချိန်ရသမျှ ဓားကိုထက်မြအောင် သွေးထားပြီး မလိုအပ်ချိန်တွင် ဓားအိမ်ထဲမှ လုံးဝ ဆွဲမထုတ်တတ်သူလည်းဖြစ်သည်။

(၁၃)
စံရိပ်ငြိမ် ၆ လမ်း၊ အဆောင်ခန်းလေးမှာ သူက သူများတွေလို ကဗျာရေး လိုက်ရေးသည်။ ၀တ္ထုရေး လိုက်ရေးသည်။

စာတွေ ကဗျာတွေ ရေးဖို့ဆိုလျှင် ကျောင်မြင့်လွင်သည် နေရာမရွေး သီးခြား အချိန်အခါမရွေး သူ့စိတ်ထဲမှာ ရင့်မှည့်ပြီးဆိုလျှင် တစ်ခါတည်းထိုင်ပြီး အပြီးလက်စဖြတ်တတ်သည်။

သမိုင်းဝင်ကင်တင်းရှိ ဦးတင်အောင်၏ "ရွှေကြယ်ကဖီး" ကို ကိုခင်မောင်လွင်တို့ အမိုးပြန်မိုးပေးကြသော ညတုန်းက သူတို့စံရိပ်ငြိမ်အဆောင် ၀ိုင်းတော်သားတွေလည်း လိုက်ပြီး ၀ိုင်းကူကြသည်။ ကျော်မြင့်လွင်သည် တတ်အားသရွေ့ လုပ်ပေးပြီးနောက် အချိန်ရသခိုက်ကလေးတွင် ဆိုင်ထဲမှ အပြင်ထုတ်ထားသော ခုံတစ်လုံးပေါ် ကုန်းပြီး စာရေးနေခဲ့သည်။

ကိုသီဟန်သွင်က "ဘာတွေရေးနေတာလဲကွ" ဟုမေးရာ မျက်မှန်ကို တစ်ချက်ပင့်မော့ကြည့်ပြီး ရှုမ၀ကို ပို့ဖို့ ၀တ္ထုရေးနေသည်ဟု ခပ်အေးအေးပင်ပြန်ဖြေသည်။

ရှုမ၀မှာ ၀တ္ထုပါဖို့ဆိုသည်မှာ အတော်ပင် မလွယ်သောကိစ္စ။ သည်ကောင်လေး။ သူမို့ စဉ်းစားရဲသည်ဟုတွေးပြီး ကိုသီဟန်သွင် ပြုံးမိလိုက်သေး၏။သို့သော် ဘာမျှ မကြာလိုက်။ ကျော်မြင့်လွင်၏ "လင်းထက်" ကလောင်အမည်နှင့် "မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍" ဆိုသော ၀တ္ထုတိုက ရှုမ၀ချစ်ကိုယ်တွေ့ ကဏ္ဍ၌ ပါလာသည်။

ထိုအခါကျမှ ကိုသီဟန်သွင်လည်း "သျှပ်ကလေးကို လျှော့တွက်၍မရ" ဟူ၍ သူ့ခြေစလက်စကို အသိအမှတ် ပြုလိုက်ရတော့သည်။
"လင်းထက် ၏ မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍"

(က)
၁၉၈၂ ခုနှစ်၊ ဇူလိုင်လထုတ် ရှုမ၀ရုပ်စုံမဂ္ဂဇင်းတွင် ပါရှိခဲ့သော သူ၏ ၀တ္ထုတိုကလေးမှာ ဂုဏ်အဆင့်အတန်းချင်း မတူညီ၍ ကွေကွင်းသွားကြရသော ချစ်သူနှစ်ဦး၏ ဘာမျှ မဆန်းပြားသည့် သမားရိုးကျ အချစ်အလွမ်ဇာတ်လမ်းကလေး တစ်ပုဒ်ဟု အလွယ်တကူ မှတ်ချက်ချမိချင်လည်း ချမိနိုင်သည်။ သို့သော် သိုင်းဝိုင်းဆက်စပ်နေသော အခြေအနေ၊ အချက်အလက်များစွာ ရှိသေးသည်။

ထိုဝတ္ထုတိုကလေးကို ရေးဖွဲ့ခဲ့စဉ်တုန်းက ကျော်မြင့်လွင်၏ အသက်အရွယ်မှာအတော်ငယ်သေးသည်။ ၁၉ နှစ်ပြည့်သည့် အချိန်နှင့် သွားတိုက်ဆိုင်သည်။ သူ့မှာရှိထားသော အတွေ့အကြုံ၊ ကျွမ်းကျင်မှုအရင်းအမြစ်များကို ထည့်၍ စဉ်းစား တွက်ဆလိုက်လျှင် မြင်ကွင်းက များစွာ ကျယ်ဝန်းသွားပေလိမ့်မည်။

ပြီးတော့ ၁၉၈၂ ခုနှစ်။ ထိုအချိန် ထိုကာလတုန်းက ရှုမ၀မှာ အတွင်းကဗျာလေး တစ်ပုဒ်လောက် ဖော်ပြခံရဖူးလျှင်ပင် စာပေဂုဏ်ကြီးမားလှပြီဟူ၍ တသသ ဂုဏ်ယူခဲ့ကြသော အချိန်ဖြစ်သည်။ ရှုမ၀၏ "ချစ်ကိုယ်တွေ့ ကဏ္ဍ" မှာလည်း လူသစ်တန်းတို့အတွက် စာပေအနုပညာ သြဇာအဟိတ်မြင့်မားလှသည်။ ထိုကဏ္ဍမှာ ၀တ္ထုတိုလေး တစ်ပုဒ်ပါဖို့အရေး မနည်းမနော ကြိုးစားကြရသည်။

ရှုမ၀စင်မြင့်ပေါ်သို့ တက်လှမ်းကြသော စာရေးဆရာ အများစုသည် ဤလမ်းကြောင်းမှပင် အားထုတ်ခဲ့ရသည်။ ထိုစဉ်က အယ်ဒီတာအဖွဲ့၏ တင်းကြပ်သော စည်းမျဉ်းဘောင် အကန့်အသတ်ကို ထည့်စဉ်းစားမှ ပြည့်စုံမည်ဖြစ်သည်။

(ခ)
ဤ၀တ္ထုတိုလေး တစ်ပုဒ်ထဲမှာပင် သူ၏ ပါရမီ၊ သူ၏ ဖြစ်နိုင်ခြေ အလားအလာများစွာတို့ကို မြင်တွေ့နိုင်သည်။ သူက စာရေးဆရာ မလုပ်ခဲ့၍သာ စာရေးဆရာ ဖြစ်မလာခဲ့တာ။ သူ၏ ဖန်တီးနိုင်စွမ်းအား မည်မျှ ကြီးမားသွားနိုင်သည်ကို ဤလက်ရာလေးထဲမှ တစေ့တစောင်း အကဲခတ်ကြည့်နိုင်ပါသည်။

(ဂ)
ဝတ္ထုကို သူကအငြိမ့်ခန်းဖြင့်မစ။ လှုပ်၍ ဖွင့်လိုက်သည်။ အကြောင်းမှာ ဤအဖွင့်ခန်းတွင် ချစ်သူမိန်းကလေးက ယောကျာ်းလေးကို ပါးရိုက်လိုက်၍ဖြစ်၏။ သို့သော် ထိုပဋိပက္ခ အခြင်းအရာသည် နာကြည်းမှု အမျက်ဒေါသထက် မချင့်မရဲနှင့်ဝမ်းနည်းစရာပို၍ ကောင်းနေသည်။

(လင်းထက်၏ "မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်"ဖြစ်၍ ၀တ္ထုတိုမှ ကောက်နုတ်ချက်များ)

မောင့်ထံမှ သည်သို့သော စကားမျိုး ကြားရလိမ့်မည်ဟု မြတ်စု မထင်မိခဲ့။

"မောင် မတတ်နိုင်ဘူး မြတ်စုရယ်၊ အနစ်နာခံတာ၊ စွန့်လွှတ်တာလို့လည်း မပြောချင်ဘူး၊ မောင့်ဘ၀ကို မြတ်စု နားလည်သားပဲ၊ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင်…"

"အို . . . မောင်၊ မြတ်စု . . . မြတ်စု . . ."

မောင် မြတ်စုကို မချစ်ဘူးဟု ပြောလိုက်ချင်သည်။ မရ။ မြတ်စုနှုတ်တို့ ဆွံ့ချေသည်။ မျက်ရည်များသည် ပါးပြင်သို့ စီးကျလာသည်။

မောင် မြတ်စုကို ဥပေက္ခာပြုလွန်းသည်။ မောင်ပြဿနာကို ရှောင်ဖယ်သည်။ မောင်ကိုယ်လွတ်ရုန်းသည်။ မြတ်စု စိတ်၌ မောင့်ကို စွဲချက်ပေါင်းများစွာ တင်၏ ။ မောင့်ကို မြတ်စု စိတ်နာသည်။ စိတ်မှ နာကြည်းမှုသည် လက်သို့ရောက်၏ ။ မြတ်စု မောင့်ပါးကို ပြင်းထန်စွာ ရိုက်သည်။

"မောင်…ရယ်"

မောင့်ကို ရိုက်မိသည့်အတွက် မြတ်စု ရုတ်ချည်း နောင်တရသည်။

မောင့်မျက်နှာကို မျက်ရည်များကြားမှ ရီဝေစွာ တွေ့ရသည်။ မြတ်စု မောင့်လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ နာကြည်းမှုများ နေရာတွင် ကြေကွဲမှုများဝင်လာ၏ ။ မြတ်စုတစ်ချက်ရှိုက်သည်။

"မြတ်….. မြတ်စု မှားသွားတယ် မောင်၊ မောင့်ကို မြတ်စု တောင်းပန်ပါတယ်"

"မလိုပါဘူးကွယ်၊ တောင်းပန်ရမှာက မောင်ပါ၊ မောင့်မှာသာ အပြစ်ရှိတာ"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မြတ်စုကိုက ကံဆိုးတာ"

(ဃ)
အဖွင့်ကားချပ်ကို စိတ်လှုပ်ရှားစရာ ကောင်းအောင် ထိုသို့ ဖွင့်ပေးလိုက်ပြီးမှ မြတ်စုနှင့် မောင်တို့ တွေ့ဆုံခဲ့ကြပုံဆီသို့ နောက်ကြောင်းပြန် (Flashback) သွားသည်။ ဘ၀ချင်း ဆန့်ကျင်ဘက်လို ဖြစ်နေကြသောအလှ ဘုရင်မလေး မြတ်စုနှင့် အနုပညာသမား မောင်တို့ကို စာဖတ်သူနှင့် ကနဦး စတင် မိတ်ဆက် ပေးခဲ့သည်။

မြတ်စုနှင့် မောင်သည် ပုသိမ် ဒေသကောလိပ်တွင် တွေ့ခဲ့ကြ၏။ သည်တုန်းက မြတ်စုသည် ပထမနှစ် ကျောင်းသူ၊ မောင်သည် ဒုတိယနှစ် ကျောင်းသား ဖြစ်၏။ မောင်က အဖြူရောင် ကော်လံကတုံး ရှပ်အင်္ကျီနှင့် ပုဆိုး ဖရိုဖရဲနှင့် ရှမ်းလွယ်အိတ် အစုတ်နှင့် မသေမသပ် ရှိသည်။ မောင့်ကို တွေ့ရတိုင်း ဖွာလန်ကျဲနေသော ဆံပင်၊ အိပ်ရေးမ၀သော မျက်လုံး၊ တည်သော မျက်နှာနှင့် ဖြစ်သည်။ ကျောင်း၌သာ တွေ့ရသည်။ မောင် အတန်းတက်သည် ဟူ၍ မရှိ။

သင်္ချာမိသားစု မောင်မယ်သစ်လွင် ကြိုဆိုပွဲနေ့က မြတ်စုနှင့် မောင် သိကျွမ်းရသည်။ သည်ပွဲတွင် မြတ်စုသည် အလှဘုရင်မ သရဖူကို လက်ခံရသည်။ အခမ်းအနား အပြီး၌ မြတ်စု ရင်းနှီးသော ဆရာ ဦးသန်းထွန်းက မြတ်စုနှင့် မောင့်ကို မိတ်ဆက် ပေးသည်။

"မြတ်စု…ဒါ ဒုတိယနှစ်က မောင်ညီညီ၊ အနုပညာအသင်းရဲ့ တွဲဖက် အတွင်းရေးမှူးပေါ့"

(င)
အဲသည်နောက်မှာတော့ မြင်ကွင်းကို အနီးကပ် ဆွဲယူလာသည်။ မောင်နှင့် မြတ်စုတို့ အကြောင်း အသေးစိတ် ပုံဖော် ဖွဲ့နွဲ့ပြခဲ့သည်။ သူတို့ နှစ်ယောက် အကြားရှိ ခြားနား ဝေးကွာလှသော အတိုင်းအတာကို ဆန့်ထုတ် ပြလိုက်သည်။ ဤသို့ဖြင့် ၀တ္ထုကလေးမှာ ဇာတ်ရှိန် ရလာပြီး မချင့်မရဲ ဖြစ်စရာ ကောင်းလာသည်။

အများက မောင့်ကို ဆက်ဆံရေး မပြေပြစ်သူ၊ စကားပြော ဘုကျသူ အဖြစ် မြင်ကြ၏။ မြတ်စုကမူ သည်သို့မဟုတ်။ မောင်သည် စကားပြော ရိုးသား ပွင့်လင်းသူဟု ထင်သည်။ မောင်နှင့် ရင်းနှီးကျွမ်းဝင်ပြီး နောက်ပိုင်း ကာလများ၌ မောင့်အပေါ် ကရုဏာ သက်မိသည်။

မောင်သည် မြစ်ဝကျွန်းပေါ် မြို့ငယ်ကလေးတစ်မြို့မှ ဖြစ်၏။ မောင့် ဖေဖေသည် မကျန်းမာ၍ အငြိမ်းစား ယူထားသော အစိုးရ အမှုထမ်းတစ်ဦး ဖြစ်သည်။ သူ၏ အငြိမ်းစား လစာငွေသည် လေးယောက်သော မိသားစုအတွက် မည်သို့မျှ မပြည့်စုံနိုင်ချေ။ မောင့်မေမေသည် အိမ်စရိတ် ဖြည့်ရန် ဈေးဗန်း ခေါင်းရွက်ရ၏။ မောင့်ညီငယ်သည် အထက်တန်းကျောင်းသား ဖြစ်သည်။ မောင် ဆယ်တန်း အောင်သည့် နှစ်က အိမ်၏ စီးပွားရေး အခြေအနေအရ ကျောင်းဆက် မတက်နိုင်ခဲ့ပေ။ မောင်သည် တောက်တိုမည်ရ အလုပ်ကြမ်းများကို လုပ်၍ အိမ်စရိတ် ဖြည့်ရင်း ငွေစုသည်။ သည်လိုနှင့် နောက်တစ်နှစ်မှာ မောင် ကျောင်းဆက်တက်နိုင်ခဲ့သည်။

"အိမ်မှာ ကျန်ခဲ့တဲ့ မိသားစု ပင်ပင်ပန်းပန်း ရှာဖွေနေချိန်မှာ ကျွန်တော်က ဒီမှာလာပြီး စိတ်ချမ်းသာ နေနိုင်မလား၊ မိသားစုရဲ့ ဒုက္ခတွေကို ခဏဖြစ်ဖြစ် မေ့အောင် ကြိုးစားနေတာဟာ လူ မဟုတ်ဘူး မြတ်စု။ ဒါဟာ မေ့ထားနိုင်စရာ ကိစ္စမှ မဟုတ်တာ"

မြတ်စုဘ၀က သည်သို့မဟုတ်။ မြတ်စုဖေဖေက ဌာနဆိုင်ရာ အကြီးအကဲတစ်ဦး ဖြစ်ပြီး ပုသိမ်ကောလိပ်နှင့် အတော်အတန် ဝေးသော ကန်သုံးဆင့် အရာရှိရိပ်သာတွင် ၀င်းနှင့် ခြံနှင့် တိုက်နှင့် ကားနှင့် နေရသည်။ ဖေဖေ့ဘက်မှ ရာထူး အရှိန်အ၀ါနှင့် မေမေ့ဘက်မှ စည်းစိမ်ဥစ္စာ ပေါင်းစည်းမှုသည် တစ်ဦးတည်းသောသမီး မြတ်စုအတွက် တောင့်တတိုင်း ပြည့်စေသည်။

အနားမှ လူများကို ကျော်၍ မောင့်ကို ဘာကြောင့် စိတ်ဝင်စားခဲ့ရသည့်အကြောင်း တစ်ခါတစ်ခါ စဉ်းစားမိသော် ဘာမျှ မပြတ်သားဘဲနှင့် မြတ်စု ရင်ခုန်ခဲ့ဘူးသည်။ မောင်နှင့် မြတ်စု တတွဲတွဲ ဖြစ်လာသောအခါ သူငယ်ချင်းများက တိုးတိုးတိတ်တိတ် စကြ၊ နောက်ကြသည်။ မြတ်စု မည်သို့ ပြန်ပြောရမည် မသိ။ မောင် နေနိုင်လွန်းသည်။

(စ)
ဤအခန်းကတော့ "လင်းထက်" ၏ လက်စွမ်းပြဟုပင် ဆိုရမည်။ သူ၏ အရေးအဖွဲ့မှာ မာယာ ပရိယာယ် ပါသည်။ နည်းဗျူဟာ မြောက်သည်။ ရုတ်တရက် မထင်မှတ်ဘဲနှင့် လှည့်ကွက်ထဲ ရောက်သွားနိုင်။ ထောင်ချောက် မိသွားနိုင်လောက်အောင် ဆင်ပြီး ရေးတတ်သည်။

ဖတ်ကြည့်ပြီး အကဲဖြတ်နိုင်ဖို့ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ကျောင်း အနုပညာ အသင်းမှ ပဒေသာကပွဲ တစ်ခု ပြုလုပ်သည်။ မြတ်စု အပျိုတော်အကကို တာဝန် ယူရသည်။ မြတ်စု စင်မြင့်ပေါ်၌ ကနေသည်ကို မောင် ခန်းမအ၀မှ ကြည့်နေခဲ့၏။ နတ်ဒိုးသံက တက်ကြွဖွယ်ရာ ဆူညံနေသည်။ ရင်၌ စည်းထားသော ပုဝါနှင့် ဦးခေါင်းထက်မှ ရှာပန်းနီစတို့သည် စူးရဲ တောက်ပနေ၏။ သီချင်းသံက "ကိုကြီးကျော်ရေ၊ ကိုကြီးကျော်ရေ…" ဆိုသောအခါ ကျောင်းသားများ၏ "ဝေး" အသံက ဟိန်းထွက် လာသည်။ မြတ်စု မျက်နှာသည် လှပစွာ ပြုံးနေခဲ့၏။ မောင်အခန်းအ၀မှ လှည့်ထွက် သွားသည်။

မြတ်စု ဘာရယ်မသိ ပျော်မိသည်။ ကပွဲ ပြီးတော့ မြတ်စု မောင့်ကို လိုက်ရှာသည်။

"စင်ပေါ်မှာ မြတ်စု ဘာဖြစ်လို့ အရမ်း ပြုံးရတာလဲ"
"သြော်. . . ဒါလား၊ စင်ပေါ်မှာ ကတဲ့သူက မဲ့နေလို့ ဖြစ်မလား"
"အောက်က လူတွေ အော်ဟစ်နေတာကျတော့ရော"
"အိုး. . . ဒါ ပရိသတ်ပဲလေ"
မောင့် ခြေလှမ်း တုံ့ခနဲ ရပ်၏။ မြတ်စုပါ အလိုအလျောက် ရပ်မိသည်။ မောင် တစ်စုံတစ်ခု ပြောချင်ဟန် ရှိသည်။ ကဗွီးညိုများ လေတိုးသံကို တရီးရီး ကြားနေရ၏။
"မြတ်စုကို ကျွန်တော် ချစ်တယ်"

(ဆ)
လင်းထက် ရေးဖွဲ့ပြခဲ့သော မောင်နှင့် မြတ်စုတို၏ ချစ်သူဘ၀မှာ ရင်ခုန်စရာထက် လှိုက်မောစရာကောင်းသည်ဟုသာ ဆိုရမည်။

မောင်သည် ချစ်သူများဖြစ်ခဲ့ကြသည့်တိုင် မြတ်စုကို မယုယတတ်။ သူများချစ်သူများကဲ့သို့ ချစ်ခွန်းမဖွဲ့တတ်။

တစ်ခါတစ်ရံ၌ ကန်သုံးဆင့်၏ ညနေခင်းများကို မောင်နှင့်အတူ လမ်းလျှောက်ရင်း ခံစားခဲ့ကြဖူး၏ ။ ကဗွီးညိုများ လေချွန်သံ၊ ယူကလစ်ပင်တန်း၏ သင်းပျံ့သော ရနံ့မြေနီလမ်းနှင့် ကန်လယ်တံတားဖြူတို့သည် မြတ်စုအတွက် ရင်ခုန်ပျော်ရွှင်စရာများ ဖြစ်ခဲ့ဖူးလေသည်။ ထိုအချိန်ကလေးများတွင် မောင့်အရယ်အပြုံးကို ရှားပါးစွာ မြင်ရတတ်၏။ မောင့်ကျန်းမာရေးမှာလည်း အားရလောက်အောင်မကောင်း။ မောင်ရယ်၊ မျက်တွင်းတွေ ကျလိုက်တာ။ ညဥ့်နက်အောင် ကဗျာတွေ မရေးနဲ့နော်။ ဆေးလိပ်သောက်တာလည်း လျှော့ဦး။ အတန်းလည်း တက်ပါကွယ်။ စာတွေ မလိုက်နိုင်ပဲ နေဦးမယ်။ မောင့်စာအုပ်တွေလည်း အလွတ်ချည်းပဲ။ မြတ်စု ကူးပေးမယ်ဟု ပြောလျှင် မောင်သည် ကျိုးနွံစွာ နားထောင်တတ်သည်။

တစ်ခါတစ်ရံ၌မူ မောင်နှင့်အတူ ကင်တင်းရှိ ဦးပြုံးလက်ဖက်ရည်ဆိုင်သို့ လိုက်ထိုင်ခဲ့ဖူးသည်။ ထိုဆိုင်၌ မောင့်သူငယ်ချင်းများ အမြဲလိုရှိသည်။ သူတို့သည် အကြောင်းအရာပေါင်း များစွာကိုပြောဆိုတတ်ကြ၏။ သူတို့စကားဝိုင်းတွင် ဆာရီယယ်လစ်ဇင်း၊ ရိုမန်တစ်ဇင်း၊ အိပ်ဇစ်စတဲင်ရှယ်လစ်ဇင်းစသော "ဇင်း"ပေါင်းများစွာကိုလည်း ကြားရတတ်ပါသည်။ မြတ်စုက မောင်တို့ အုပ်စုကို လက်ဖက်ရည်တိုက်သူဖြစ်၏။ မောင့်သူငယ်ချင်းများက "မမြတ်စုပါမှ ကျွန်တော်တို့ လက်ဖက်ရည် သောက်ရတာ၊ မဟုတ်ရင် ရေနွေးကြမ်းပဲ သောက်ရတယ်"ဟု ရယ်လျက်ပြော၏။ မောင်က ပြုံးနေတတ်သည်။ သူတို့၏ ကဗျာများသည် အချစ်ကို မဖွဲ့။ ဘ၀ကိုသာ ဖွဲ့၏ ။ မောင်က -

"ဘ၀ထဲမှာသာ အချစ်ရှိတာ၊ အချစ်ထဲမှာ ဘ၀မရှိဘူး မြတ်စုရဲ့"ဟုဆိုတတ်သည်။

(ဇ)
အဲ့သည်နောက်တော့ အေးချမ်းစွာရှိခဲ့သော ရက်စွဲများ ကုန်ဆုံးသွားမည့်အချိန်သည် မမျှော်လင့်စွာပင် ရောက်ရှိလာခဲ့၏ ။

မြတ်စုနှင့် မောင့်အကြောင်းကို အိမ်က သိသွားခဲ့သည်။ မြတ်စုကလည်း မောင့်ဘ၀အကြောင်းကို အမှန်အတိုင်းဖွင့်ပြောပြသည်။ မြတ်စု ဖေဖေနှင့် မေမေသည် လုံးဝသဘောမတူ။ မောင့်ကိုအဆက်ဖြတ်ရန် ခါးသီးစွာဆို၏။ မြတ်စု မနာခံချေ။

သို့သော် သိပ်မကြာ။ ဖေဖေကိုယ်တိုင် ကားနှင့် ကျောင်းသို့လိုက်လာသည်။ သည်မှာ မြတ်စုနှင့် မောင့်ကို မတူမတန်ပြော၏။ မောင်ကား ခွန်းတုံ့မလှန်။ အံကြိတ်၍ စူးရဲစွာ ကြည့်လျက်နေ၏။ ကားကို တစ်ရှိန်တိုး မောင်းထွက်လိုက်ချိန်၌ မောင့်ထံမှ တောက်ခေါက်သံကို မသဲမကွဲ ကြားခဲ့ရသည်။

(စ်)
ခွဲခွာခြင်း ခံလိုက်ရသော ချစ်သူနှစ်ဦး၏ အကြား၌ အခက်အခဲ အတားအဆီးများ ပို၍ ပို၍ ကြီးမားလာသည်ကို "လင်းထက်" က ညင်ညင်သာသာနှင့် သပ်သပ်ရပ်ရပ် ရေးဖွဲ့ပြပြန်သည်။

မောင်နှင့်ဆက်သွယ်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားသည်။ မရချေ။ အခြေအနေသည် အကျပ်အတည်း၌ ရှိသည်။ မြတ်စုအား ဖေဖေ့မိတ်ဆွေ အရာရှိကြီး တစ်ဦး၏သား ကိုသန်းဆွေနှင့် လက်ထပ်ပေးရန် စီစဉ်သည်။ ကိုသန်းဆွေသည် စက်မှုတက္ကသိုလ်မှ ဘွဲ့ရပြီး ဆည်မြောင်းဦးစီးဌာနမှ အရာရှိငယ် တစ်ဦးဖြစ်လေသည်။ မြတ်စု အကျောက်အကန် ငြင်းသည်။ မိဘများကား အားလုံးကို ချည်ပြီးတုပ်ပြီး ဖြစ်နေတော့၏။ မြတ်စုကို ကျောင်းတက်ခွင့်ပင် မပေးတော့ချေ။ သည်အကြောင်းကိုမူ သူငယ်ချင်းများမှတဆင့် မောင့်ထံရောက်စေသည်။ မောင့်ထံမှမူ အတုံ့အပြန်မရှိ။ မောင် မည်သည့်အကြောင်းကြောင့် သည်မျှ နေစိမ့်သနည်း။

မင်္ဂလာရက်သည် လျင်မြန်စွာ နီးကပ်လာ၏ ။

(ည)
အဲ့သည်နောက်တော့ မြတ်စု၏ စွန့်စားခန်းဖြစ်သည်။ ထိုစွန့်စားခန်း၏ ရလဒ်က သမားရိုးကျဆန်သည်ဟု ဆိုနိုင်သည့်တိုင် ရိုးစင်းလွန်း၍ပင် တစ်မျိုးဆန်းပြားနေခဲ့သည်။

"ခဏနေရင် မြတ်စု ထွက်လာတာအိမ်ကလူတွေ သိကုန်လိမ့်မယ်။ မြတ်စု …. မြတ်စုတို့ ပြေးကြရအောင်"

မောင့်မျက်နှာပေါ်တွင် ဖတ်ရှုမရနိုင်သော အရိပ်များ အားပြိုင်နေကြသည်။ မောင်သည် နှုတ်ခမ်းကို တင်းတင်းစေ့၏။

"အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါလားကွယ်၊ မြတ်စု အိမ်ကိုပြန်ပါတော့၊ မောင်ဘာမှ မတတ်နိုင်ဘူး မြတ်စုရယ်"

မောင့်ထံမှ သည်သို့သော စကားမျိုး ကြားရလိမ့်မည်ဟု မြတ်စုမထင်ခဲ့မိ။

(ဋ)
ဤအခန်းကတော့ နိဂုံးဖြစ်သည်။ တစ်နည်းအားဖြင့် နိဒါန်းကို အစအခန်းကိုပင် ပြန်ပြီး ကောက်၍ ဆက်ရေးထားခြင်းလည်းဖြစ်သည်။ ဤသို့ဖြင့် ဇာတ်လမ်းကို အတတ်ပညာပါပါ ပြီးပြည့်စုံစွာ ဖွဲ့နွဲ့အဆုံးသတ်လိုက်သည်။

မြတ်စုရင်၌ တင်းကျပ်မောလိုက်လွန်းသည်။ မောင်လည်း ထို့အတူအမျှ ရှိကောင်းရှိလိမ့်မည်။ မြတ်စု တစ်ချက်ရှိုက်ပြီး ထိုင်ရာမှထ၏ ။ မောင့်ကိုတစ်ဘ၀လုံးအတွက် ကြည့်သည်။ တစ်ဘ၀လုံးအတွက်။

စက်ဘီးကို တအားနင်း၍ မောင့်ရှေ့မှ ပြေးထွက်ခဲ့သည်။ မျှော်လင့်ချက်ကား နွေ၌ဖြစ်သော မိုးတိမ်ကဲ့သို့ လေနှင်ရာ မျောလွင့်သွားခဲ့ပြီ။ အိပ်မက်ဆိုးတစ်ခုသာ ဖြစ်လိုက်ပါတော့ဟု ရိုးစင်းစွာ ဆုတောင်းမိသည်။ အိပ်မက်လည်း မဟုတ်ပြန်ချေ။

(၁၄)
၁၉၈၂ ခုနှစ် ဒီဇင်ဘာလထုတ် ရှုမ၀မဂ္ဂဇင်းတွင် "လင်းထက်" ၏ ကဗျာတစ်ပုဒ်ကို ပုံနှိပ်ဖော်ပြပေးခဲ့ပြန်သည်။
"စံပယ်ဖြူအိပ်မက်"
လှိုင်းခတ်သံဂီတ …ချိုမြမပီပြင်၊
သည်ရင်ကြယ်ပြာ၊ လပြာ၊ ကောင်းကင်ပြာ
ရောင်လွှာမြူးပြက်၊ လျှပ်လက်သလို အို … လှလိုက်တာ။
သဲသောင်ခုံလား၊ ရေစွယ်လားလေ ခြေသံဖွဖွ၊ ကြားနေရ
မွှေးမြသန့်စင်၊ အာရုံမြင်ရနံ့သင်းပျံ့နေဆဲ၊ ရင်ထဲမှာ
စကားတိုးတိုး၊ မြူခိုးဝေ စံပယ်ရေ … စံပယ်ဖြူ
ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ
သည်းသည်းလှုပ်လှုပ်၊ ငှက်တစ်အုပ်
ရုပ်ခြည်းပျံပြေး၊ ဟိုး အဝေးကို။
သည်အိပ်မက်မှ မောင်နိုးထလည်း
တမ်းတတပ်မက် ရုန်းမထွက်ချင် သက်ဦးမြတ်မွန်
ရွာလွန်ရွက်တိုက် ပြေးလိုက်ရှာဖွေ …
စံပယ်ရေ … စံပယ်ဖြူ ဘယ်သူများလဲ၊
ဘယ်မှာလဲကွယ် ရင်ထဲမေးမိဆဲပါမေ။


(၁၅)
ရှုမ၀မှာ ၀တ္ထု၊ ကဗျာတွေပါ၍ ရှုမ၀ ပန်းချီဆရာ ကိုနေမျိုးဇော်၊ ရှုမ၀ ကဗျာဆရာမ မအိတို့နှင့် သွေးသားရင်းချာပမာ ပို၍ နီးကပ်လာခဲ့သလို သူ၏ အင်္ဂလိပ်စာဝါသနာကြောင့် စံရိပ်ငြိမ် ၆ လမ်း အဆောင်သားထဲမှ အစ်ကိုကြီး ကိုသီဟန်သွင်နှင့် ပို၍ ရင်းနှီးသွားခဲ့သည်။

ကျော်မြင့်လွင်မှာ အဖေ့အမွေဖြစ်သော J-C Nestfield Grammer စာအုပ် တစ်အုပ်နှင့် ရေဒီယိုလေးတစ်လုံး အတူတူပါလာသည်။ လုပ်စရာမရှိလျှင် အဆိုပါ Nestfield Grammer ကိုပင် အသံထွက်၍ ဖတ်ဖတ်နေတတ်သည်ဟု ကိုသီဟန်သွင်က ဆိုသည်။

စံရိပ်ငြိမ် ၆ လမ်း အဆောင်ကလေးမှာ အင်္ဂလိပ်သတင်းစာယူ၍ နံနက်ခင်း သတင်းစာလာလျှင် ခေါင်းကြီးပိုင်း သတင်းများ၊ အရေးကြီးသော သတင်းများကို ဖြတ်၊ မသိသော အင်္ဂလိပ် စကားလုံးများကို အဘိဓာန်၌ရှာ၍ ကျက်သည်။ ရေဒီယိုလာသောအခါ အင်္ဂလိပ်ဘာသာအစီအစဉ်တွင် ထိုသတင်းများကိုပြန်နားထောင်သည်။ သည်လို ရေဒီယိုနှင့် အင်္ဂလိပ်စာ သင်တန်းကျောင်း တစ်ခုသဖွယ် တက်နေကြရင်း ကိုသီဟန်သွင်နှင့် သျှပ်ကလေး ကျော်မြင့်လွင်တို့ ပိုတွဲမိကြသည်။

(၁၆)
စံရိပ်ငြိမ်နှင့် ဘာမျှအလှမ်းမဝေးသော ရန်ကုန်တက္ကသိုလ်ထဲသို့လည်း မကြာခဏ သူတို့အတူ ရောက်ကြသည်။ နာမည်ကျော် ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြသည်။

ကျောင်းထဲတွင် သတ္တဗေဒဌာနမှ ဆရာ ဦးတင်သန်းကိုတော့ဖြင့် အင်္ဂလိပ်စာ လေ့လာလိုက်စားမှုနှင့် ပက်သက်၍ သူတို့အားကျလေးစားခဲ့ကြသည်။ ဆရာဦးတင်သန်း၏ လမ်းညွှန်မှုနှင့်ပင် ဆိပ်ကမ်းသာလမ်းမှ မစ္စက် ပါလမာဘကျော်ထံသို့ သူတို့နှစ်ယောက် ရောက်ရှိသွားကြသည်။

မစ္စက် ပါလမာဘကျော်သည် ဗြိတိန်နိုင်ငံသား၊ အိုင်ယာလန် အမျိုးသမီးကြီးဖြစ်၏။ သူဖွင့်ထားသော သင်တန်းတွင် အင်္ဂလိပ်လိုပဲပြောသည်။ မြန်မာလို လုံးဝမပြော၍ အင်္ဂလိပ်စာ ပိုပြီး တိုးတက်လိမ့်မည်ဟု ဦးတင်သန်းက လမ်းညွှန်လိုက်သည်။ ထိုသင်တန်းမှာ သူတို့နှစ်ယောက် အချိန်အတန်ကြာအထိ တက်ခဲ့ကြသည်။ ဆရာမကြီးက သူတို့နှစ်ယောက်ကို ဘိုနာမည်များလည်း ကိုယ်စီမှည့်ခေါ်ပေးခဲ့သည်။ ကိုသီဟန်သွင်က ရော့ဒ်နီ (Rodney)၊ ကျော်မြင့်လွင်က စတီဖင်ဆင် (Stephenson)။

(၁၇)
ထိုအတောအတွင်း ကျော်မြင့်လွင် ရှိစုမဲ့စု ၀ယ်ထားသော ဂီတာလေး အခိုးခံလိုက်ရသည်။

ထိုနေ့က အခန်းမှာ ထုံးစံအတိုင်း သူတစ်ယောက်တည်း ကရင် သင်တိုင်းရှည်ကြီး ၀တ်ပြီးအိပ်၍ ကျန်ခဲ့သည်။ များသောအားဖြင့် သူအိပ်လျှင် ဂီတာကို ပွေ့ဖက်အိပ်နေကျ။ တိုက်ဆိုင်ချင်တော့ ဂီတာကတစ်ခြား၊ လူတစ်ခြား ဖြစ်နေခဲ့ပုံရသည်။ အခန်းတံခါးကလည်း ခါတိုင်းလိုပင် ပွင့်လျက်သား။

ဘယ်လောက်အထိ အိပ်မောကျသွားသည်မသိ။ သူငယ်ချင်းတစ်ယောက်ရောက်လာသည့်အတွက် သူထလိုက်ရတော့မှ ဂီတာမရှိတော့တာ သိရသည်။

အခန်းထဲရှိ စာအုပ်တွေ၊ အင်္ကျီအ၀တ်အစားတွေ ဘာတစ်ခုမျှမပျောက်။ အခန်းဖော် အစ်ကိုကြီးတွေ ပြန်ရောက်လာကြသည့်အခါ ဂီတာပျောက်၍ မှိုင်တွေချနေသည့် သူ့ကို-

"မင်းက အအိပ်ကြီးတာကိုးကွ၊ သူခိုးက ဂီတာယူမသွားခင် သီချင်းတစ်ပုဒ်တောင်မှ ထိုင်တီးပြသွားသေးလား မသိဘူး" ဟုဝိုင်း၍ သြဘာပေးကြလေသည်။ သို့သော် သူစိတ်အရမ်းထိခိုက်မှန်းလည်း သိကြသဖြင့် နှစ်သိမ့် ပေးကြပြန်သည်။

(၁၈)
ရန်ကုန် ရက်စွဲများက ရွေ့လျားသွားသည်။ အဆောင်ရှေ့ တရုတ်စံကားပင်ကြီးမှ အပွင့်တွေက ဖွေးဖွေးလှုပ်အောင် ပွင့်ဝေပြီး အညှာညောင်းသောအခါ တစ်ပင်လုံး ကြွေကျကုန်သည်။ ထိုအတောအတွင်းမှာ သင်းကွဲငှက်များသဖွယ် အသိုက်အမြုံတွေလည်း ရွေ့ပြောင်းသွားကြလေသည်။

ပထမဆုံးအဖြစ် ဆရာမ မအိက ရေမြေတောတောင် ခြားနားရာ ဟိုးအဝေးကြီးဆီသို့ မရပ်မနားထွက်ခွာ သွားခဲ့သည်။ သူယုံကြည်ရာ လမ်းကို သူလျှောက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်သည်။ ထိုလမ်းသည် ကြမ်းတမ်းလိမ့်မည်ဆိုတာ သိသိနှင့်ပင် ထွက်သွားခဲ့သည်။

"တောင်ပေါ်ပွင့်တဲ့ မေ့ရဲ့ နှင်းဆီ သင်းရီထုံမွှေး ရနံ့အေးမြဲ နီရဲပွင့်ဖတ် ချစ်မြတ်နိုးတတ် ရင်ခုန်တတ် … သူ။ ကမူချိုင့်ဝှမ်း၊ တောင်စဉ်တောင်တန်း ဖြတ်သန်းရဲရင့် အပွင့်ဝေငှ မျိုးစေ့ချသူ"

နောက်တော့ ကိုနေမျိုးဇော်လည်း တောင်ပေါ်လမ်းအတိုင်း လိုက်ပါသွားခဲ့ပြန်သည်။ ဂန္ဓာရီမဟာမြိုင် ကျင့်စဉ်ကို ကျင့်ကြံဖြတ်သန်းဖို့ သူဆုံးဖြတ်ခဲ့သည်။

သူအိပ်ပျော်နေတုန်းမှာမှ ကိုနေမျိုးဇော်က တိတ်တိတ်ကလေး ထွက်သွားခဲ့ရက်သည်။ နှုတ်ဆက်စကားပင် မဆိုခဲ့။ ပြက္ခဒိန်နောက်ကျောတစ်နေရာမှာ "ညီလေးရေ၊ ကိုယ်သွားပြီ" ဆိုသည့် စာသားလေးပဲ ချန်ထားရစ်ခဲ့သည်။ ထိုစာရွက်ကလေးကိုပင် တမြတ်တနိုး သူသိမ်းထားခဲ့သည်။

နောက်ထပ် ရက်အတန်ကြာတော့ မန္တလေးက လူကြုံဆိုလား၊ ဘယ်လို ရောက်လာမှန်းမသိ။ သူမရှိတုန်း အဆောင်ခန်းက သူ့ခုတင်မှာ စာတစ်စောင်လာထားသွားသည်။ ကိုနေမျိုးဇော်၏ လက်ရေးလှလှလေးနှင့် -

"ညီလေးရေ" အစချီပြီး ဆုံးမစကားလေးတွေ ရေးပို့ထားတာ ဖတ်ရပြန်သည်။

(၁၉)
သူ့စိတ်ထဲမှာ အခုမှပဲ အရမ်းကို ထိခိုက်သွားသည်။ သွေးတစိမ့်စိမ့်ယိုစီးကျသလိုမျိုး နာကျင်လာခဲ့သည်။ ခိုင်မြဲသည့် သံယောဇဉ်ကြိုးတွေက အနေဝေးသွားသည့်အခါ ဆွဲဆန့်ထွက်ပြီး ဖျစ်ညှစ်ဆုပ်ကိုင်သည်။ ဘယ်အခါကျမှ ပြန်တွေ့ကြမှာလဲ။ ဘယ်တော့လဲ။ ဘာမှ သေချာခြင်းမရှိတော့ပြီ။

များမကြာမီ ကိုသီဟန်သွင်လည်း ပြည်မြို့အရှေ့ဘက် ၀က်ထီးကန်တွင် တွဲဖက်ကျောင်းဆရာ သွားလုပ်တော့မည် ဆိုသည်။

ဒါဆို သူလည်း စံရိပ်ငြိမ်မှာ မနေပျော်တော့ပြီ။

ဒဏ်ရာရ ငှက်တစ်ကောင်ပမာ အသိုက်ရှိရာ ပုသိမ်သို့ ရင်ခွင်ပြန်လည် ပြောင်းရွှေ့လာခဲ့သည်။



ပုသိမ်ကန်တော်ကြီး

အခန်း(၇) အပေါင်းအသင်းများနှင့် ငြိမ်းချမ်းရေးကမ်းခြေမှာ
(၁)

ပုသိမ်ဒေသကောလိပ် ပတ်ဝန်းကျင်သို့ ပြန်ရောက်လာသော ကျော်မြင့်လွင်မှာ စာပေ၊ ကဗျာ အသိုင်းအ၀ိုင်းအပြင် ဂီတအပေါင်းအသင်းတွေလည်း ရှိသေးသည်။

တော်တန်ရုံအထင်ကြီး မလေးစားတတ်သူ သူ့အတွက် ရှားရှားပါးပါး အထင်ကြီး လေးစားသော ဂီတအပေါင်းအသင်း တစ်ဦးက ၀င်းမြင့်ဦး (ကိုတူး) ဖြစ်သည်။ ကိုတူးက ပုသိမ်ကမ်းနား၊ ကွင်းတန်းမှာ နေသည်။ ကိုတူး ဖခင် ဦးမြသောင်းက ကျောင်းဆရာ။

ကိုတူးသည် အငြိမ်သမားဖြစ်၍ စကားများများမပြော။ သူ့စိတ်ထဲမှာ ဘာမဆို စဉ်းစားတွက်ချက်ကြည့်ပြီး စိတ်ပါမှ လုပ်တတ်သူဟု ဆိုကြသည်။ "ငုဝါ" တီးဝိုင်း ဘိုတင်ယုဆီမှာ ဂီတာတီးကြ၊ ဂီတာပညာ ဆည်းပူးကြကတည်းက ကိုသျှပ်နှင့် အတူတူ။ ထိုစဉ်က ပုသိမ်တွင် ပတ်ကားနုတ်စ်နှင့် တီးတတ်သူ သုံးလေးယောက်သာ ရှိခဲ့ကြရာ ငုဝါ ဘိုတင်ယု၊ ကိုတူးနှင့် ကိုသျှပ်တို့ အပါအ၀င်ဖြစ်ကြသည်။

"ဘိုတင်ယုဆီက နုတ်စ်တွေ ငါတို့ သွားခိုးရတာ" ဟု ကိုတူးနှင့် ကိုသျှပ်တို့ပြောဖူးသည်။

ကိုတူးက စာလည်းတအားတော်သည်။ နောက်တော့ ပုသိမ်ဒေသကောလိပ်မှ ရန်ကုန်တက္ကသိုလ်ရောက်သွားပြီး အင်္ဂလိပ်စာမေဂျာတက်ခဲ့သည်။ တကယ်ဆို သူ့အမှတ်က အတော်လေးကောင်းသည်။ အခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုခုတက်မယ်ဆိုလျှင် တက်၍ ဖြစ်နိုင်သည်။ သို့သော်အင်္ဂလိပ်စာကိုပဲ လိုက်စားလို၍ အင်္ဂလိပ်စာမေဂျာ တက်ခဲ့ခြင်းဖြစ်သည်။

(၂)
နောက်ထပ် ဂီတသူငယ်ချင်းတစ်ယောက်က လှမျိုးစု (ပေါက်ပေါက်)ဖြစ်သည်။ ပေါက်ပေါက် ဖခင်က ပုသိမ်တိုင်းကောင်စီမှ ဖြစ်သည်။ ပြည်တော်သာ ၀န်ထမ်းအိမ်တွေ နားမှာဖြစ်၍ ကိုသျှပ် ညီမ မိမိုးတို့ တစ်တွေနှင့်လည်း ခင်ကြသည်။ ရင်းနှီးသူတွေက သူ့ကို မိပေါက်ဟု ခေါ်ကြလေသည်။ ငယ်စဉ်က သွေးအားနည်းရောဂါ ရှိ၍ ဖြူဖတ်ဖြူရော်လေး ဖြစ်သည်။ သို့သော် သီချင်းဆိုတာ အသံသိပ်ကောင်းသည်။ ပုသိမ် တီးဝိုင်းများ ဖြစ်ကြသည့် ငုဝါ၊ ဖြူနီညီုပြာတို့မှာ သီချင်းဆိုနေကျ။

တစ်ကြိမ်မှာတော့ ပြည်ထောင်စု အလံတော် ပုသိမ်မြို့ကိုရောက်ရှိလာစဉ် မြို့က ပွဲလမ်းသဘင်တွေနှင့် ကြိုဆိုသည်။ ရန်ကုန်မှ Success တီးဝိုငးလည်း ပါလာခဲ့သည်။

Success ၏ အဆိုပါ စင်တင်ဖျော်ဖြေပွဲမှာ မိပေါက်သီချင်း တက်ဆိုသည်။ တကယ့်အခမ်းအနားပွဲကြီးမှာ အထင်ကရ တီးဝိုင်းနှင့် မြို့ခံထဲက တက်ဆိုနိုင်ဆိုတာ နည်းသည့် စိန်ခေါ်မှုမဟုတ်။ ပါရမီ မရင့်ဘဲ စဉ်းစားဖို့ မဖြစ်နိုင်။ သို့သော် မိပေါက်ကတော့ သပ်သပ်ရပ်ရပ်ပင် တင်ဆက်သွားနိုင်ခဲ့သည်။

(၃)
ပြည်တော်သာ ၀န်ထမ်းအသိုင်းအ၀ိုင်းတွင် နေထိုင်ခဲ့စဉ်ကတည်းက ခင်မင်နေခဲ့ပြီး ဒေသကောလိပ်မှာ ဆက်လက် သိကျွမ်းရင်းနှီးဖြစ်ခဲ့သူ တစ်ဦးက မြင့်သန်းဖြစ်သည်။ မြင့်သန်းသည်လည်း ဂီတ၀ါသနာကြီးမားသူ။ နောင်သောအခါ ဇင်မှူးသန့် အမည်ဖြင့် "ဆံပင်ရှည်ရှည် ကောင်လေး" တေးစီးရီးကိုပင် ထုတ်ဖြစ်ခဲ့သည်။

မြင့်သန်းလိုက်ပြီး မိတ်ဆက်ပေးသည့် အတွက်ပင် ကိုသျှပ်၏ သီချင်းဂီတအပေါင်းအသင်း အသိုင်းအ၀ိုင်းမှာ ပို၍ ကျယ်ဝန်းလာသည်။ ထိုအပေါင်းအသင်းအသစ်များထဲမှ အချို့သည် သူ၏ တစ်ဘ၀လုံးအတွက် အရေးပါ အရာရောက်လာမည့် လက်တွဲဖော်မိတ်ဆွေရောင်းရင်းများ ဖြစ်ကြတော့သည်။

(၄)
ကဗျာဆရာ၊ တေးရေးစာဆို မြင့်မိုးအောင်နှင့် စတင်တွေ့ဆုံခင်မင်ခဲ့ကြသည်မှာ မြင့်သန်းကြောင့်ဖြစ်သည်။ ထိုစဉ်တုန်း အချိန်။ မြင့်မိုးအောင်က ပုသိမ်ဒေသကောလိပ်သို့ စရောက်သည့် ပထမနှစ်။ မြင့်သန်းက ကိုသျှပ်နှင့် မိတ်ဆက်ပေးခဲ့သည်။

ထိုနေ့က ကိုသျှပ်သည် ကျောင်းလှေကားမှာ ငုတ်တုတ်ထိုင်ပြီး စာအုပ်တစ်အုပ် ဖတ်နေခဲ့သည်။ တကယ်တော့ ဆံပင်ရှည် တွန့်ကွေးကွေး၊ တောက်ပပြီး အရည်လဲ့နေသော မျက်လုံးများနှင့် မျက်မှန်ထူထူကတော့ သူ၏ သင်္ကေတဟု ဆိုရမည်။ သူ့ဆီမှာ ဖတ်စရာ စာအုပ်က အမြဲတမ်းပါသည်။ သူ့လွယ်အိတ်ထဲမှာ ကျောင်းစာအုပ်တွေအပြင် "ဘ၀အဓိပ္ပါယ်နှင့် ဘ၀သစ္စာ"လို အတွေးအခေါ်စာအုပ်တွေ၊ "ထင်းရှူးပင်ရိပ်" လို စာပေ ကဗျာစာအုပ်တွေ ရောက်နေတတ်သည်။ သူသည် စာအုပ်နှင့် မျက်စိခွာလေ့မရှိ။

မြင့်သန်းက ဖြူဖြူရှည်ရှည်၊ ပိန်ပိန်နွဲ့နွဲ့နှင့် လေတိုးလျှင် ပြိုလဲကျလေမလား ထင်မှားရသည့် မြင့်မိုးအောင်ကို အသာခေါ်ယူလာပြီး ကိုသျှပ်နှင့် မိတ်ဆက်ပေးခဲ့သည်။ မြင့်မိုးအောင်၏ အိမ်နာမည်က ဖြူဖွေး။

"ကိုဘဲဥ၊ ဒါဖြူဖွေးပါ"

ဘဲဥနှင့်ဖြူဖွေး တွေ့တွေ့ချင်းပင် ခင်မင်သွားကြသည်။ သူတို့နှစ်ယောက် သီချင်းအကြောင်းတွေ ပြောဖြစ်သည်။ ထိုစဉ်က မြင့်မိုးအောင်က ဂီတာတီးကာစ။ ဂီတ၏ မိုးကောင်းကင်ကို အားစမ်းဆဲအချိန်။

(၅)
ထိုအချိန်မှာ ကိုသျှပ်သည် ပုသိမ်ဒေသကောလိပ်၏ ပြင်ပဆောင် သီတာဦးမှာနေသည်ဆိုသော်လည်း အတည်တကျ မဟုတ်ပြန်။ သူငယ်ချင်းတွေဆီ ကပ်နေကပ်စား၊ ဂီတာတီးလိုက်၊ သီချင်းဆိုလိုက်သာ။ မော်လမြိုင်မှ မိဘများက လဆန်းရက် ငွေပို့လာသောအခါ နှမြောတွန့်တိုခြင်းမရှိ။ သူငယ်ချင်းတွေနှင့် တစ်ရက်တည်းမှာ ကုန်အောင်သုံးပစ်တတ်သည်။

အဆောင်မှာ တီးစရာ၊ ဆိုစရာမရှိပါက အနုပညာအကြောင်း ပြောဆိုကြသော ကျောင်းလက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ ကိုသျှပ်ရောက်နေတတ်သည်။ သို့မဟုတ်လျှင် ပြည်တော်သာတိုက်က သူငယ်ချင်း တစ်ယောက်ယောက်၏ အခန်းတွင် ကက်ဆက် အဟောင်းလေးထဲ သူ တီးခတ်သမျှ အသံတွေ သွင်းကြည့်နေလိမ့်မည်။

နောက်တော့ မြင့်မိုးအောင်တို့ အိမ် အပေါ်ထပ်သို့ သူ ရောက်ရှိ လာသည်။

(၆)
မြင့်မိုးအောင်တို့ အိမ်မှာ သူ့ အကျင့်အတိုင်း ရေမချိုး၊ ထမင်း မစားတမ်း ဂီတာ တီးသည်။ အင်္ဂလိပ် သီချင်း အသစ်တွေ နားထောင်၊ ကော့ဒ် ရှာ၊ နုတ်စ်ထုတ် လုပ်သည်။ သူက ဂီတနှင့် မွေ့လျော်နေချိန်မှာ မြင့်မိုးအောင်ကတော့ ပန်းချီ ဆွဲနေလေ့ရှိသည်။

မြင့်မိုးအောင်တို့ အိမ်ကလည်း သူ့ကို ချစ်ကြသည်။ အစစအရာရာ လိုလေးသေး မရှိ။ စောင့်ရှောက်သည်။ ဂရုစိုက်သည်။

"သား၊ ဖြူဖွေးရေ၊ မင်းသူငယ်ချင်း ဘဲဥကို ရေချိုး ခိုင်းလိုက်ပါဦးကွာ၊ ထမင်း စားရအောင်လို့"ဟု မြင့်မိုးအောင်၏ ဖခင် ပြောလျှင်တော့ဖြင့် သူက အပျင်းကြော ဆွဲနေပြီး။

"ဟာကွာ၊ မင်း အဖေကလည်း ရေမချိုးရင်ဘဲ ထမင်း မစားရတော့ဘူးလား မသိပါဘူး" ဟု ကျိတ်ပြီး အတွန့် တက်တတ်သည်။

(၇)
၁၉၈၃ ခုနှစ်၊ ဇူလိုင်လ။
ပုသိမ်မြို့၊ ဘိုကနောင် ကရင်တိုင်းရင်းသား ရပ်ကွက်။
အောင်ကျော်ဦး (ကြွက်နီ) တို့ အိမ်မှာ အောင်ကျော်ဦးနှင့် သျှပ်တို့ စတင် သိကျွမ်းခဲ့ကြသည်။
မြင့်သန်း (ဇင်မှူးသန့်) ကပင် ကိုသျှပ်ကို ခေါ်လာခဲ့ပြီး -

"ကိုသျှပ်၊ ဒါ. . .ကြွက်နီ" ဟု မိတ်ဆက် ပေးခဲ့သဖြင့် သူတို့နှစ်ယောက် လက်ချင်း ယှက်ခဲ့ကြသည်။

"ကိုဦး၊ သူက ဦးလေးကြီး (ကိုဆန်းထူး) ပေါ့" ဟုဆက်ပြီး သူတို့ ပြည်တော်သာ တစ်သိုက်ကို အောင်ကျော်ဦးနှင့် ဆုံစည်းစေခဲ့သည်။

အောင်ကျော်ဦးက ကျောင်းမှာ သူတို့ မေဂျာက လုပ်မည့် ဖဲဝဲလ်ပွဲတွင် တီးကြခတ်ကြရန် မြင့်သန်းနှင့်အတူ လုံးပမ်းနေသည့် အချိန်။ ဒေသကောလိပ် ပထမနှစ် ကျောင်းသားတွေပီပီ ဖဲဝဲလ်မှာ လက်စွမ်းပြ တီးချင်ခတ်ချင်နေခဲ့ကြသည်။

ထိုအချိန်မှာ ပထမနှစ် အိတ်စတာနယ် ကျောင်းသား ကိုသျှပ်ကို မြင့်သန်းက ခေါ်ချလာခဲ့ခြင်း ဖြစ်သည်။

တကယ်တော့ အောင်ကျော်ဦးက "မောနင်းစတား" လို တီးဝိုင်း သေးသေးလေးမှာ တီးခဲ့စဉ် သျှပ်က "ငုဝါ" မှာ တီးနေခဲ့သည်။ သိုဖြစ်၍ သူတို့ချင်း အဆက်အစပ် မရှိခဲ့ကြ။ မျက်နှာချင်း မရင်းနှီး။

ယခု လောလောဆယ် အောင်ကျော်ဦးနှင့် မြင့်သန်းတို့က "မဟူရာ" ဆိုသည့် ရောင်းတမ်း တီးဝိုင်းထဲမှ ဖြစ်သည်။ ကရင်တိုင်းရင်းသား တီးဝိုင်း ဖြစ်၍ ထုံးစံအတိုင်း ဘိုကနောင် ရပ်ကွက်တွင် အခြေပြုထားသည်။ ဘိုကနောင်သားတွေက နုတ်စ် မတတ်ကြ။ သို့သော် ဂီတာကိုတော့ လူတိုင်းလောက် နီးနီး တီးကြသည်။

(၈)
အောင်ကျော်ဦး (ကြွက်နီ) က ဂီတာတော့ မတီးတတ်။ တီးဝိုင်းမှာ ဒရမ် တီးသည်။ ယခုတော့ ကိုသျှပ်က သူတို့နှင့်အတူ ဘေ့စ် တီးမည်ဟု ဆိုသည်။

ဘေ့စ်ဂီတာနှင့် ဒရမ္မာ။
ကိုသျှပ်နှင့် ကြွက်နီ။

အခုမှလည်း စ၍ တွေ့ဖူးကြသည်။ သို့ဖြစ်၍ အဆိုပါ အတွဲအစပ်၏ ကျောရိုးတိုင်သည် ခိုင်ပါမည်လား။ သဟဇာတ ဖြစ်ပါမည်လားဟု အောင်ကျော်ဦးက သံသယ ၀င်ခဲ့သည်။ သူတို့ချင်းလည်း တစ်ခါမျှ တွဲမတီးဖူးကြသေး။ ငယ်ရွယ်သူတို့၏ ထုံးစံ။ ကိုယ်က လွဲ၍ ဖြစ်စေ၊ ကိုယ်နှင့် တွဲဖူးသူ အထာသိတွေက လွဲ၍ ဖြစ်စေ ပြင်ပလူကို အထင်မကြီး။ အကျော မခံချင်။

နှစ်ယောက် လက်ဆွဲနှုတ်ဆက်အပြီးတွင် မြွေမြွေချင်း ခြေမြင်နိုင်ရန်အတွက် ခြေရာလက်ရာကောက်ကြရတော့မည်။

"ကဲ … ကိုသျှပ်၊ ကျွန်တော်သီချင်းတစ်ပုဒ်ဆိုမယ်ဗျာ၊ တီးပေးပါလား"

ထိုသို့ စကားစလိုက်သည်။
"လုပ်လေ ခင်ဗျား ဘာဆိုမှာလဲ"
“How deep is your love”

(၉)
Bee Gees အဖွဲ့၏ ဤသီချင်းမှာ အောင်ကျော်ဦး၏ အသည်းစွဲ။

သို့သော် ယခင်က အောင်ကျော်ဦး ဆိုခွင့်မရခဲ့။ အကြောင်းမှာ သီချင်း၏ ဂီတာကော့ဒ်တွေ ခက်ခဲလှ၍ သူတို့ တီးဝိုင်းသားတွေက ထိုကော့ဒ်များကို ဘယ်သူမျှ တီးခတ်မပေးနိုင်။

ယခု ကိုသျှပ်ကို အနှီသီချင်းအား ဆိုချင်ပါသည်၊ တီးပေးပါဟု ကမ်းလှမ်းလိုက်သည်။ တကယ်တော့ ကိုသျှပ်အတွက် ဆင်ပေးလိုက်သော ထောင်ချောက်ကြီးတစ်ခုဖြစ်သည်။ သူဘာဆက်လုပ်မလဲ၊ သူဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မည်။

ကိုသျှပ်ကဖြင့် အေးအေးဆေးဆေးပင် -
"ကိုဦး မင်းဘေ့စ်တီး ငါရစ်သမ်တီးမယ်" ဟု ပြောရင်းဆိုရင်း ထိုသီချင်းကို ကောက်တီးလိုက်တော့သည်။

(၁၀)
ဤရွေ့ ဤမျှ ခက်ခဲလှသော ကော့ဒ်များကို ပိုင်ပိုင်နိုင်နိုင်ကြီး တီးနိုင်နေသည့် ကိုသျှပ်၏လက်စွမ်းကို တွေ့ရသောအခါ အောင်ကျော်ဦး ချက်ချင်းကြိုက်သွားရသည်။ သူတို့အဖွဲ့မှာ ဘေ့စ်လာတီးပေးတော့မည့်အတွက်လည်း အားတက်သွားခဲ့သည်။

အောင်ကျော်ဦး သီချင်းကို ဆက်ဆိုသည်။

အလယ်သံပြိုင်အပိုဒ်တွင် တစ်ချက်ဖမ်းစရာအကွက်ရှိသေးသည်။ ထိုနေရာတွင် အင်မတန်ရှုပ်ထွေးသော ဟာမိုနီအပိုင်းတွေက ဆီးကြိုနေကြသည်။ အောင်ကျော်ဦး သီချင်းဆိုလာခဲ့တာ သံပြိုင်အပိုဒ်သို့ ရောက်ပြီ။ ထိုအခါ အဆင်သင့်စောင့်နေသော ကိုသျှပ်က ယနေ့ယခုမှ သိရသော အောင်ကျော်ဦးအတွက် ဟာမိုနီကို အသာလေးနှင့် ချောနေအောင်ပင် လိုက်ပေးသွားခဲ့ပါတော့သည်။

(၁၁)
အောင်ကျော်ဦး (ကြွက်နီ) အနေနှင့် “ How deep is your love” သီချင်းကို ယခုလို စိတ်တိုင်းကျ သီဆိုလိုက်ရသောအခါ စိတ်ထဲမှာ ဘယ်လောက်အထိ နက်ရှိုင်းစွာ ခံစားလိုက်ရသည်ဆိုတာ ပြောမပြတတ်တော့လောက်အောင်ဖြစ်ခဲ့ရသည်။ ယခုလို တီးနိုင် ခတ်နိုင်သည့် ပုဂ္ဂိုလ်တစ်ယောက်နှင့် တွဲရတော့မည်ဆိုတာ အတိုင်းထက်အလွန် ၀မ်းသာမိသလို တစ်ဖက်ကလည်း မခံချင်စိတ်ကလေးကတော့ဖြင့် ပေါ်မိသည်။

ငယ်ရွယ်သူပီပီ မာနကလည်း များသေးသည်လေ။

ဘာပဲပြောပြော ကိုသျှပ်သည် Bee Gees ကို သေသေချာချာကြိုက်ထားပြီး နုတ်စ်ကိုလည်း တကယ်ပိုင်နိုင်သူ ဆိုတာကတော့ သေချာသွားခဲ့သည်။ သည်လိုနှင့် ဖဲဝဲလ်အတွက် သီချင်းတိုက်နေကြရင်း -
"ကိုသျှပ် ဘာသီချင်းဆိုမလဲ" ဟု မေးကြည့်။ ကိုသျှပ်က -
"ဝေးသွားတဲ့အခါ … နှလုံးသားမှာ အမြဲတမ်း သတိရနော် …
ကြင်နာခဲ့ဖူးတဲ့အချိန်အခါများ ပြန်လည်ကာရယူဖို့ရာ …
မဖြစ်နိုင်တော့တဲ့အခါ
…"ဟုဆိုပြသည်။

(၁၂)
သီချင်းက အသစ်။

တစ်ခါမျှ မကြားဖူး၍ နားထဲမှ ရုတ်တရက် လက်သင့်ခံလိုက်ဖို့ အဆင်သင့် မဖြစ်သေး။ ကိုသျှပ်၏ လက်ရာ ကိုယ်ပိုင်သံစဉ်ဖြစ်သည်ဆို၍ သူ သီချင်းရေးတတ်မှန်းကိုတော့ သိလိုက်ရသည်။

ကိုသျှပ်က ကြွက်နီဘ၀င်မကျမှန်း ချက်ချင်းရိပ်စားမိ၍

"အချိန်အကုန်ခံပြီး ပြောမနေနဲ့၊ မနေချင်ရင်လည်း သွားနိုင်တယ်၊ ဒီလိုဆို နှုတ်ဆက်လိုက်ပါပြီ"

ပလေးဘွိုင်အဖွဲ့နှင့် သီဆိုခဲ့သော ရီတာစိုးဝင်း၏ သီချင်းကို တစ်ဆက်တည်း ဆိုပြလိုက်သည်။ ကြွက်နီ အံ့အားသင့်သွားသည်။ ကိုသျှပ်ဆိုတာ တအားကို ကောင်း၊ အိနေအောင် ကောင်းနေသည်။ ကိုသျှပ်မှာ အဆိုပါရမီ အတိမ်အနက် ဘယ်လောက်ထိ ရှိတာကို တစ်ထိုင်တည်းနှင့် ထင်းကနဲ လင်းကနဲ သိခွင့်ရလိုက်သည်။

(၁၃)
ကိုသျှပ်၏ ကိုယ်ပိုင်သံစဉ် "ဝေးသွားတဲ့အခါ" သီချင်းကို ကြားကြားချင်း နားမယဉ်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ အောင်ကျော်ဦး၏ အနှစ်သက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်လာသည်။ အောင်ကျော်ဦးတို့ အနေနှင့် သူတို့တီးဝိုင်း၏ ပထမဆုံးကိုယ်ပိုင်သီချင်းအဖြစ် တီးခွင့်ရခဲ့သည်မှာလည်း "ဝေးသွားတဲ့အခါ" ပဲဖြစ်သည်။

"သြော် … လွန်ခဲ့ပြီ … ဝေးသွားမှ .. ပြန်တွေးကာ
နှမြောတသ … လွမ်းနေပါသော်လည်း … မတတ်သာ။
ယောကျာ်းတို့ရဲ့ … မာန
သူမိန်းကလေးတို့ … သဘာဝ
ရင်ထဲက ပန်းတစ်ပွင့် … သော့ခတ်လုံခြုံသွား ..
ခုတော့ … ဝေးခဲ့ပြီလေ …။ ခုတော့ … ဝေးခဲ့ပြီမေ၊
ခုတော့ … ဝေးကြပြီ … တို့နှစ်ဦးသား …."


နောက်တော့ ကိုသျှပ်၏ "အခါလွန်တဲ့ မိုး" ကို တီးခွင့်ရခဲ့ကြသည်။

"နှုတ်ဆက်မျက်ရည်လေးများ …၊
အားလုံးမသိအောင်သိမ်းထား … ၊
အခါလွန်တဲ့မိုးမို့ … အငြိုးနဲ့ … ရွာ …၊
အကြင်နာစကားတွေ … အမြဲတမ်းပဲ … အိပ်မက်မှာ …
တစ်ရေးနိုးတဲ့ … ညတွေဆို … ပြန်အိပ်…မရပါ။
သူရောပဲ ကိုယ့်လိုများ … ယောင်ယမ်းတမ်းတနေမလား ..၊
ကိုယ်တွေးရင်း …တွေးရင်း ၀မ်းနည်းနေသလိုပါ
…"

(၁၄)
ပြီးပြီ။

ဤသီချင်း နှစ်ပုဒ်တည်းနှင့်ပင် ဇာတ်လမ်းပြီးပြတ်ပြီ။ အောင်ကျော်ဦးတို့မှာ တစ်သက်လုံးသူများ သီချင်းတွေချည်းပဲ တီးလာခဲ့ရသည်။ အခုလို ကိုယ့်တီးဝိုင်းထဲက ကိုယ့်ကိုယ်ပိုင်သီချင်းနှင့် ကိုယ်ဆိုတော့ စိတ်ကလည်း လန်းလာကြသည်။

(၁၅)
သူတို့ တီးဝိုင်းလေးကို အောင်ကျော်ဦးက ကိုသျှပ်အား အကြောင်းပြု၍ Shore of Peace ဟု အမည်ပေးခဲ့သည်။

အောင်ကျော်ဌေး (ပထန်ကြီး) က လိဒ်ဂီတာ၊ တင်မျိုးလွင် (သာထူး)က ရစ်သမ်၊ ကိုသျှပ်က ဘေ့စ်၊ အောင်ကျော်ဦး ကြွက်နီက ဒရမ်တီးသည်။ မြင့်သန်း (ကိုမာ)က မန်နေဂျာ။ ထို့အပြင် ဇော်ဇော်အောင်(ဇာဂရ)၊ မင်းဦး (ရေချမ်း) တို့နှင့်လည်း ပေါင်းဖက်ဖြစ်သွားခဲ့သည်။

ကိုသျှပ်က တီးဝိုင်းတစ်ခုလုံးကို စနစ်တကျ Arrange လုပ်ပေးသည်။ တကယ်စင်ပေါ်တက်တော့လည်း အားလုံးက သူမောင်းထားသည့်အတိုင်း ညီနေကြသည်။

တက္ကသိုလ်အေးမောင်၏ "လေမှာ ပျံတဲ့ ငှက်တွေလို ကိုယ်တစ်ယောက် ပျံလာတယ်"

ဤသို့ဖြင့် သူတို့၏ Physics မေဂျာ တီးဝိုင်းက တစ်ကျောင်းလုံးကို သိမ်းပိုက်လိုက်ကြတော့သည်။

ဆက်ရန်.........