Friday, 7 September 2012

ထူးအိမ်သင်၏ ပုံတူကောက်ကြောင်း - နိုင်ဇော် - အပိုင်း၂ (credit to mmcyber)

အခန်း (၃) ရေခံ မြေခံ ကောင်းသောအခါ

(၁)
ဘဲဥကလေး သုံးနှစ်သားအရွယ်။

မော်လမြိုင်မှ ဘကြီးဇနီး (အကြီးသီ)က ပုသိမ်မြို့သို့ အလည်အပတ်ရောက်လာသည်။ အတိသဉ္စနာဂရ၊ ကုသိမရဠ၊ ပုသိမရဠ၊ နာဂ၀ုလ္လ၊ မင်းသားကျွန်းခေါ် ကော့သမိန် အစရှိသည့်အမည်အမျိုးမျိုး ခေါ်တွင်သည့် ပုသိမ်ဒေသမှာ လည်စရာ ဖူးစရာ ဘုရားတွေက စုံလင်လှသည်။

"မုဠောအစ ပုသိမ်က"ဟု ပြောစမှတ် ပြုကြသည့် အတိုင်း အတွင်းမုဠော ငါးဆူ၊ အပြင်မုဠောလေးဆူ စုစုပေါင်း မုဠော ကိုးဆူရှိလေသည်။ ထိုမုဠောကိုးဆူကို မဇ္စိုမဒေသ၊ ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းကြီးက သာသနာ သက္ကရာဇ် ၂၃၉ ခုနှစ်တွင် ပထမဆုံးစ၍ တည်ထားသည်။ ကောဇာသက္ကရာဇ် ၄၅၇ ခုနှစ်တွင် ဒုတိယမြောက် မွမ်းမံပြုပြင်သော ဒါယကာမှာ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းဖြစ်၏ ။ ကောဇာသက္ကရာဇ် ၆၂၅ ခုနှစ်တွင် တတိယ မွမ်းမံသူမှာ ပုသိမ် ၃၂ မြို့ကို အစိုးရသော သမုဒ္ဒယောသမင်းနှင့် ဥမ္မာဒန္တီမိဖုရားတို့ ဖြစ်ကြသည်။ ထို့နောက်ပိုင်းတွင် မင်း၊ မြို့စား၊ မြို့ဝန်တို့သာမက ရဟန်းရှင်လူ ပြည်သူအများ ၀ိုင်းဝန်းပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။

မုဠော ကိုးဆူအနက် အတွင်းငါးဆူမှာ ရွှေအာဏာ၊ ထူပါရုံ၊ ရွှေမုဠော ဘွဲ့တော် သုံးမည်ရ ဘုရားကြီး၊ တကောင်းဘုရားခေါ် မင်္ဂလာစေတီတော်၊ မဟာဗောဓိ စေတီတော်၊ ဆုတောင်းပြည့်ခေါ် သုမင်္ဂလာစေတီတော်နှင့် ကျိုက်ပိမြို့ဟောင်း သုမနစေတီတော်များ ဖြစ်ကြသည်။ အပြင် မုဠော လေးဆူမှာ ကွင်းချောင်းမှ သုမနစေတီတော် ဒါးကချောင်း လက်ယာဘက်ကမ်းမှ ရွှေမြင်တင်ခေါ် သီရိဝဏ္ဏ စေတီတော်၊ ကျောက်ချောင်းကြီးအ၀င် ကမ်းနဖူးမှာ ခိပ္ပဿ စေတီတော်၊ ငါးသိုင်းချောင်း တစ်ဖက်မှ ဖိုးတော်ဘုရားကြီးခေါ် အကျော်ဇေယျပဿထ စေတီတော်တို့ ဖြစ်ကြ၏ ။

(၂)
ဘွဲ့သုံးမည်ရ ရွှေမုဠော ဘုရားကြီးကား ပုသိမ်မြို့သို့ ရောက်လာသူတိုင်း မပျက်မကွက် ၀င်ရောက်ဖူးမြော်ရစမြဲ ဖြစ်သည်။

မော်လမြိုင်မှ ဧည့်သည်တွေနှင့် ရောက်သွားကြသည့်နေ့က တိုက်တိုက်ဆိုင်ဆိုင် ဘုရားရင်ပြင်တော်ပေါ်မှာ လွန်စွာစည်ကားလှသည်။ ပန်းရထားပျံ စက်သီးနှင့် ဆွဲတင်ပြီး စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်လျက် ရှိသည်။ ဆိုင်းဝိုင်းကြီးက ဟီးထလျက် ခြိမ့်ခြိမ့်သဲသဲ သွေးထဲမှ မြောက်ကြွလာအောင် တီးမှုတ်ပေးလျက် ရှိသည်။

ဘကြီး ဇနီးက ကောက်ကာငင်ကာ-
"ဟဲ့ …ဘဲဥကလေး သွားကစမ်း" ဟုဆိုသည်။

သုံးနှစ်သား ကလေးကလည်း ဘာဆိုဘာ အကြောက်အလန့်မျှမရှိ။ ဂီတသံကြောင့်လည်း စိတ်တွေ မြူးကြွနေပုံရသည်။ ဆိုင်းဝိုင်းကြီး ရှေ့သို့ ရဲရဲတင်းတင်း တက်သွားပြီး ၀ံ့ဝံ့စားစား ကပြသည်။

ဖြူဖြူဖွေးဖွေး ၀၀ကစ်ကစ်နှင့် ချစ်စရာကောင်းလှသည့် ကလေးလေးက အရွယ်နှင့်မလိုက်အောင် အချိုးကျန ကပြလိုက်သောအခါ ဘုရားလာကြသူတွေအားလုံး ရင်သပ်ရှုမော အံ့သြချီးမွမ်းခဲ့ရလေတော့သည်။

(၃)
ဘဲဥကလေးသည် ကျောင်းစနေတော့ ပုသိမ်မြို့ ဥမ္မာဒန္တီလမ်းရှိ အမှတ်၂၀ အခြေခံပညာ မူလတန်းကျောင်းမှာ ဖြစ်သည်။

ပြည်တော်သာအိမ်ရာနှင့် တစ်ကွေ့လေးပဲ ခြား၍ ဘာမှအလှမ်းမဝေးကွာ။ အစဦးတစ်ရက်မှာ ဦးထွန်းမြင့်နှင့် ဒေါ်မြရင်တို့ လင်မယားနှစ်ယောက်ကျောင်းအုပ်ဆရာကြီး ဦးအုန်းကြည်ထံ ကိုယ်တိုင်သွားအပ်နှံသည်။ ၀န်ထမ်းများဖြစ်၍ အမြဲလာမကြည့်နိုင်ပါ။ စောင့်ရှောက်ထားပေးပါဟု မေတ္တာရပ်ခံရသည်။

ထိုစဉ်က ကျော်မြင့်လွင်ကလေးသည် ငါးနှစ်ပြည့်ရန် နှစ်လလိုသေးသည်။ ကျောင်းဆရာကြီးလက်ထဲ အပ်နှံပြီး နောက်နေ့တွေက စ၍ အိမ်နီးနားချင်း ၀န်ထမ်းသားသမီးများအချင်းချင်း အကြီးအငယ် ဖေးမပြီး ကျောင်းတက် ဆင်းကြသည်မို့ သူ့ဘာသာအဆင်ပြေကာ နေတော့သည်။

(၄)
ကျော်မြင့်လွင်လေးသည် ကျောင်းစာမညံ့။
သီချင်းကတော့ ငယ်စဉ်လေးကတည်းက ပါရမီ ဗီဇအစွမ်းအစပြခဲ့သည်။ သုံး-လေးနှစ်သား အရွယ်လောက်ကပင် သန်းထွန်းလေး၏ "မမေ့သောအညာ" "မမပုသိမ်သူ" "မန်းကေသီ" တွေ အစအဆုံး အလွတ်ဆိုနိုင်နေပြီ။

အိမ်မှာက ယိုးဒယားဘက်မှ ၀င်လာသော One Band ရေဒီယိုလေး တစ်လုံးရှိရာ ရေဒီယို နားထောင်ရမည်ဆိုလျှင် သူဘယ်သောအခါမျှ မငြီးငွေ့။ ၀င်းဦး သီချင်းတွေလည်း သူ သိပ်နှစ်သက်သည်။ တောသားကြီး ခင်မောင်ရင်ဆိုလျှင်လည်း အသည်းစွဲ။ သန်းထွန်းလေးက သူကောင်းစွာ စွဲလန်းကျင်လည်သည့် နယ်ပယ်ထဲမှာ ရှိနေသည်။

ကျောင်းကျန်းမာရေးဆေးခန်းသို့ ချီပိုးခေါ်သွားလျှင် ဟိုက ဆရာဝန်၊ ဆရာမ ၀န်ထမ်းများက

"ဘဲဥကလေး သီချင်းတစ်ပုဒ်လောက် ဆိုပြပါဦး" ဆိုလျှင် အကျအနပင်
"မွေးဌာနီ--
အညာရပ်ဆီသို့
ရော်ရည်မျှော်မှန်း
စိတ်ဝယ်တမ်းတ
မှန်းဆကာရည်
တမ်းတပါသည်"
အစချီပြီး စိတ်ပါလက်ပါ ဆိုတတ်သည်။

"လှည်းလမ်းကြောင်း တစ်လျှောက် ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်ကာ မြင်ယောင်သေးတော့သည်။ အညာဌာနီ.. တစ်ခါလာမည်..ကျွန်တော့်အတွက်တော့ မေ့မရပါလေပြီ.."

အားလုံးပင် လက်ခုပ်တီးပေးမိကြသည်။ လက်ခုပ်သံစည်းဝါးထဲမှာ ကလေးငယ် သီဆိုသည့် သီချင်းအချို့က လွမ်းစရာ။

"ကျုံးတော်မယ်..ရွှေကြာတင့်တယ်..ခုချိန်ဝယ်..ဗေဒါဝံ့ထည်..နန်းတော်မြို့ရိုးကြီးနဲ့ ရင်တားပစ္စင်စုံညီ… တောင်ပြင်တံခါးဝကို..ကျွန်တော်တွေးကာ..ငေးမိသည်.."


ကလေးလေးပင် ဖြစ်လင့်ကစား အသံအဖြတ်အတောက် အဆွဲအငင် အရှိုက်အသွင်း အားလုံးမှန်ကန်နေသောကြောင့် အားလုံးအံ့သြရသည်။

လေအတိုက်မှာ ကြွေလိုက်သည့် လက်ပံပွင့်တွေ လေယဉ်ပမာတ၀ဲဝဲ လွင့်ရတာ။ ရိုးတံကြဲကြဲနေပူထဲတွင် ရွှေခြေကျင်းနှင့် တစ်မျိုးလေး လှကြသော ရွှေညာသူ ညိုပြာချောတို့ စက်ဘီးလေးများ ကိုယ်စီ စီးသွားကြတာ အတွေးမှာ တကယ်မြင်ယောင်လာစေသည်။

ကြားသူတိုင်း ထိရှ ခံစား နှစ်သက် ချီးမွမ်းကြသည်။

"မမ ပုသိမ်သူ" ဆိုလျှင်လည်း …

"ဂီတကိုလည်း ချစ်လေသူ မမပုသိမ်သူ ။ ကျန်းမာရေးလည်း လိုက်စားသူ မမပုသိမ်သူ ။ ရွှေမုဠောဘုရားမှာ လပြည့်လကွယ် နံနက်တိုင်း မေမြို့ပန်းကပ်လှူ … ကျွန်တော့်မမ … မမ ပုသိမ်သူ။ ပုသိမ်ထီးလေးနဲ့ ရုံးသွားရုံးပြန် ယဉ်တယ်တမူ … ပုသိမ်ထိပ်ထား အလှဘွဲ့ကိုလည်းယူ" ဟု ပီပီပြင်ပြင်ဆိုပြတတ်သည်။

"သိကျွမ်းရတာ အမြဲဂုဏ်ယူပါတယ်…. မမ ပုသိမ်သူ" ဟု ဆိုလိုက်လျှင်ဖြင့် အားလုံး ရယ်မောရွှင်ပြ သဘောကျကြလေတော့သည်။

(၅)
အမေဒေါ်မြရင်က ပွဲအလွန်ကြိုက်သူမို့ ကျော်မြင့်လွင်လေး အပါအ၀င် ကလေးတွေ အားလုံး ပွဲကြိုက်ကြသည်။ တစ်ခါတစ်လေလည်း တစ်ညလုံးစာ ဖျာဝယ်ကြည့်ကြသည်။ များသောအားဖြင့်တော့ တစ်ဝက်ကျမှ ဖြတ်ပြီး ၀င်ကြည့်ကြသည်။ ထိုအချိန်ကျလျှင် ပွဲတစ်ဝက်ပဲကျန်သည်။ မိုးလင်းအထိ မကြည့်နိုင်သူ ပရိသတ် အချို့တ၀က်တို့ အိမ်ပြန်ကြပြီ ဖြစ်၍ ရုံပွင့်နေပြီ။

အဖေက ကလေးတွေကို စက်ဘီးနှင့် တစ်တွဲပြီး တစ်တွဲပို့ပေးသည်။

ကျော်မြင့်လွင် ကလေးကတော့ အဆို အက အငို အပြောတွေနှင့် ခမ်းနားမြိုင်ဆိုင်စွာ တင်ဆက်သည့် နောက်ပိုင်းဇာတ်ထုပ်ကြီးတွေကို သိပ်ကြိုက်သည်။ ပွဲသိမ်း၍ မိုးလင်းလုနီး ဝေလီဝေလင်းမှာ မျက်လုံးတွေ ဖန်စပ်ပြီး သားအမိတစ်တွေ ပြန်လာကြစဉ်လမ်းတွင် ဇာတ်ထဲက စာသားအပိုင်းအစတွေကို ကျော်မြင့်လွင်ကလေးက သံနေသံထားနှင့် ရွတ်ဆိုပြတတ်သည်။

(၆)
အတန်းထဲမှာ ဘယ်တုန်းကမှ မညံ့ခဲ့သော ကျော်မြင့်လွင်ကလေးသည် ဒုတိယတန်းကျတော့ ဘာကြောင့်မှန်းမသိ။ အမှတ်တွေ နည်းသွားသည်။

ရီပို့ကတ်ကို စစ်ကြည့်သောအခါ လစဉ်စစ် စာမေးပွဲတွေမှာ အမှတ်တွေထိုးကျပြီး ပထမအစမ်းစစ်၊ ဒုတိယ အစမ်းစစ်တွေ၌ အမှတ်တွေက ကောင်းနေကြပြန်သည်။ သို့ဖြစ်၍ အဖေက-

"ဘယ်လိုဖြစ်တာလဲ။ ဘာကြောင့်လဲ "ဟု အကျိုးအကြောင်း မေးမြန်းကြည့်သည်။

ထိုအခါကျမှ မျက်စိ အဝေးမှုန်နေတာ ပေါ်ပေါက်လာတော့သည်။

လစဉ်စစ် စာမေးပွဲတွေမှာ မေးခွန်းကို အတန်းတွင်းကျောက်သင်ပုန်းပေါ်တွင် ရေးပေးထား၍ ထိုင်ခုံနေရာမှ လှမ်းမမြင်ရ။ ထထ သွားကြည့်၊ ပြန်ပြန် လာပြီး ဖြေရသည်။ အချိန်က မမီ။

သင်္ချာဆိုလျှင် ကျကို ကျနေတော့သည်။

ပထမ၊ ဒုတိယ အစမ်းတွေကျတော့ မေးခွန်းကို လှိမ့်ပြီး တစ်ယောက်ချင်းကို တစ်ရွက်စီ ဝေငှပေးကာ စစ်ဆေးသောကြောင့် ကောင်းကောင်း မြင်ရသည်။ ထိုအခါ အမှတ်တွေလည်း ထိပ်ဆုံးမှာပဲ ရှိတော့သည်။

(၇)
မျက်စိ မှုန်သည့် ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းဖို့က ထိုအချိန်အခါက ပုသိမ်မြို့မှာ မျက်မှန် လုပ်မရသေး။ သို့ဖြင့် ရန်ကုန်သို့ အကူးတကန့် ခေါ်လာရသည်။

ပန်းဆိုးတန်း ကုန်တိုက်မှာ မျက်စိ စစ်ဆေးသည်။ စစ်ကြည့်လိုက်တော့ ပါဝါက လေးရာ နီးနေပြီ။ စစ်ပေးသည့် ပုဂ္ဂိုလ်က “ကလေးကိုဒီလောက်အထိ ကြာအောင် ပစ်ထားရကောင်းလား” ဆိုပြီး ဆူပူ အပြစ်တင်သေးသည်။

မျက်မှန် ရဖို့ကတော့ဖြင့် နောက်ထပ် ခြောက်လ နီးပါး ထပ်မံ စောင့်စားရသေးသည်။ ထိုအချိန်မှ စ၍ ကျော်မြင့်လွင်ကလေးလည်း မှန်ထူထူနှင့် ကူကြည့်ရသည့် ဘ၀သို့ ကျရောက်ခဲ့ရတော့သည်။ သွားလေရာရာ ကလေးတွေ ကြားထဲမှာ မျက်မှန်ထူ တ၀င်းဝင်းမို့ ထင်းခနဲ သိသာနေတော့သည်။

(၈)
တတိယတန်း ရောက်သောအခါ ကျောင်းမှာ ပုံပြော ပြိုင်ပွဲ ကျင်းပသည်။ အတန်းပိုင် ဆရာမကလည်း အတန်းထဲမှာ ပုံပြင် ထပြောနေကျ ကျော်မြင့်လွင်လေးကို ပုံပြော ပြိုင်ဖို့ ရွေးချယ် လိုက်လေသည်။

အိမ်ပြန် လာပြီး ထိုအကြောင်းကို ပြောပြတော့ အဖေနှင့် အမေကလည်း သဘောကျသည်။ ဦးထွန်းမြင့်က စိတ်ကူးတစ်ခု ရ၍ "ကြွက်ကလေးက သေးပေမယ့် ခြင်္သေကို ကယ်တင်သော" ပုံပြင် တစ်ပုဒ်လုံးကို နဘေလေးတွေ၊ ကာရန်လေးတွေနှင့် စပ်ဟပ်ပြီး အစအဆုံး ပြန်ရေးပေးသည်။

ကျော်မြင့်လွင်လေးက အဆိုပါ အဖွဲ့အနွဲ့ကို စိတ်ပါလက်ပါ သေသေချာချာ လေ့ကျင့်သည်။ ပုံပြင် ပြိုင်ပွဲတွင် သူ ပြောသည့် အသံက အသံနေ အသံထား အဖိအဖော့ အဆွဲအငင် မှန်ကန်သည်။ စိတ်ဝင်စားအောင် ဆွဲဆောင် သွားနိုင်သည်။ ပုံပြင် ဖွဲ့စည်း ထားပုံကလည်း ကာရန်နဘေလေးတွေ ဖြစ်၍ ကြားနေကျ အတိုင်း မဟုတ်ဘဲ အဆန်းတကြယ် ဖြစ်နေသည်။

ဤသို့ဖြင့် ပထမဆု ရရှိခဲ့လေသည်။

(၉)
လေးတန်း စာမေးပွဲ အောင်မြင် ပြီးတော့ အမက ၂၀ မှ အထက ၃ သို့ ပြောင်းသည်။ အထက ၃ ကလည်း ပြည်တော်သာနှင့် ဘာမျှ သိပ်မဝေး။ တစ်ရက်ပဲ ကျောင်းသွား အပ်ပြီး နောက်ပိုင်းမှာ လိုက်ပို့စရာ မလိုတော့ချေ။

ကျော်မြင့်လွင်လေးသည် ရန်မဖြစ်တတ်။ စာတော့ ဖတ်သည်။ သတင်းစာတွေ့ သတင်းစာ ဖတ်သည်။ အိမ်မှာ အဖေ ဖတ်သမျှ မဂ္ဂဇင်း လိုက်ဖတ်၊ ၀တ္ထု လိုက်ဖတ်သည်။ အိမ်မှာက ပုဂံစာအုပ်တိုက်ထုတ် ဆရာ မြသန်းတင့်၏ စစ်နှင့် ငြိမ်းချမ်းရေးလို ဂန္တ၀င်စာအုပ်တွေ ရှိသည်။ အင်္ဂလိပ် ဂျာနယ်များ ဖြစ်သော ညူးစ်ဝိခ်၊ တိုင်းမ်စ်၊ ရီးဒါးဒိုက်ဂျက်စ် စာအုပ်တွေ ရှိသည်။ စာအုပ်နှင့် ပတ်သက်လျှင် ဘာစာအုပ်ပဲ ဖတ် ဘာစာအုပ် မဖတ်နှင့် ဆိုသည့် ကန့်သတ်ထားချက် မရှိချေ။

သူ့ကို ကျူရှင် မထား။ High School Grammer စာအုပ်ကို ညက်ညက်ကြေအောင် Cover to Cover အဖေ ကိုယ်တိုင် သင်ပေးထားခဲ့သည်။ ဤသို့ဖြင့် တော်တော် ကောင်းသည့် အခြေခံများကို ရရှိ သွားခဲ့သည်။

(၁၀)
၁၉၇၅ ခုနှစ်။ ကျော်မြင့်လွင်လေး ၁၂ နှစ်သား အရွယ်။

ပုသိမ်မြို့တွင် ထူးထူးခြားခြား ကြုံရသည်။ ရှေးဦးစွာ မေလ ၃ ရက် စနေနေ့တွင် သုံးရက် တိုင်တိုင် ပင်လယ်ငှက်ကြီးများ အုပ်လိုက်အုပ်လိုက် ပျံဝင် လာကြသည်။ ဧရာမ ပင်လယ်ငါးကြီး နှစ်ကောင်ကလည်း ပုသိမ်မြစ်ထဲ အထိ ၀င်လာသည်။ ရွှေမုဋ္ဌော ဘုရား ရင်ပြင်တော်ပေါ်အထိ ရောက်အောင် လိပ်တွေ၊ လိပ်တွေ အစုအဝေးလိုက် တက်လာကြပြန်သည်။ ပင်လယ်ရေပြာများကလည်း ပုသိမ်ဆိပ်ကမ်းတစ်လျှောက် ပြာနှမ်းစွာ ရောက်ရှိ ဖြစ်ပေါ်နေခဲ့သည်။

မကြုံစဖူးမို့ ကျော်မြင့်လွင်လေးတို့ တစ်မိသားစုလုံး အပါအ၀င် ပုသိမ် မြို့သူမြို့သားများ အံ့အားတွေ သင့်ပြီး အဆန်းတကြယ် အထူးအဆန်း သွားကြည့်ရသည်။

(၁၁)
မေလ ၇ ရက် ဗုဒ္ဓဟူးနေ့မှာတော့ ပုသိမ်မြို့တွင် စံတင်လောက်အောင် မကြုံစဖူး ထူးကဲလှသည့် လေမုန်တိုင်းကြီး ကျရောက်ခဲ့သည်။ ထိုစဉ်က လေတိုက်နှုန်းမှာ တစ်နာရီ မိုင်တစ်ရာ (အချို့ အဆိုအရ မိုင် ၁၂၀) နှုန်းမျှ ရှိသည်။

ကျော်မြင့်လွင်လေးက မုန်တိုင်းကို ကြောက်ရကောင်းမှန်း မသိ။ တရွှီရွှီ တ၀ီဝီ မြည်နေသည့် လေတိုက်သံကိုပင် ကြမ်းတမ်းစူးရှသော ဂီတသံစဉ် တစ်ခုလို သဘောထားသလား မပြောတက်။ သစ်ပင် ပြိုလဲကျသံ၊ အမိုး လန်ထွက်သံ၊ လေထဲက အသံ၊ မြေပြင်က အသံများကို တွေးတွေးဆဆ နားစွင့်နေခဲ့သည်။

ထိုစဉ်က ထူးထူးခြားခြား ပဲပြုတ်သည် အဒေါ်ကြီး တစ်ယောက်က မနက် မိုးလင်းတိုင်း ဈေးရောင်း မပျက်ခဲ့။ ကျော်မြင့်လွင်လေးကလည်း တစ်နေရာရာ သွားစရာ ရှိလျှင် အလန့်အကြောက် မရှိ။ မိုးထဲလေထဲ သွားပေး လာပေးသည်။ ပဲပြုတ်သည် အဒေါ်ကြီး အသံ ကြားရချိန် အိမ်ပြင်ထွက် ဈေးဝယ်ဖို့ ကျော်မြင့်လွင်ပဲ ဆင်းသွားတတ်သည်။

ခြောက်နှစ်သား ကျော်မြင့်လွင်၊ပုသိမ် ဗဟို ဓါတ်ပုံတိုက်

ကျော်မြင့်လွင်နှင့် ညီမလေး မိမိုး

ကျိုက္ခမီဘုရား

မိသားစု သိုက်သိုက်ဝန်းဝန်း

ညီအစ်ကို မောင်နှမတွေ ဗုံကလေးများ တန်းစီထားသည့်ပမာ
                                                                                            
                                                အခန်း (၄)
                                  မွေ့လျော်ရင်း ရုန်းကန် အားပြိုင်ခြင်း

(၁)
ကျော်မြင့်လွင်လေး ခုနှစ်တန်း အောင်သည့်နှစ်။

နွေရာသီ ကျောင်းပိတ်ရက်တွင် ဘင်ခရာ တီးဝိုင်းရှိ၍ မိဘတွေက ထည့်ပေးထားလိုက်သည်။ တီးဝိုင်းကို ဦးဆောင် ဖွဲ့စည်းသူ ဦးကျောက်စိမ်းသည် ယခင်တရုတ်တီးဝိုင်းတွင်
်တီးမှုတ် လာခဲ့သူဖြစ်၍ ဂီတကို အခြေခံကျကျ ကောင်းစွာ တတ်ကျွမ်းသည်။ နုတ်စ်များနှင့် စနစ်တကျ သင်ပြပေးနိုင်သည်။

ကျော်မြင့်လွင်လေးက ဘင်ခရာဝိုင်းမှာ ပလွေ မှုတ်သည်။ သူ့ကို ကြည့်ရတာ သိပ်ကို စိတ်ပါလက်ပါ ရှိလှသည်။ ထူးထူးခြားခြား မြူးကြွနေခဲ့သည်။ သင်တန်းက သင်ယူလာသမျှ အိမ်မှာ ပြန်လာပြီး အားရပါးရ တီးမှုတ်ပြတတ်သည်။ သင်တန်းက ဒရမ်တီးလည်း သင်ပေးသည်။

ရေဒီယိုမှ မြန်မာ့အသံ အင်္ဂလိပ်ပိုင်း၏ နောက်ဆုံး အစီအစဉ် ဖြစ်သော Local talent အစီအစဉ်မှာ ပုလဲ၊ နွဲ့ယဉ်ဝင်း၊ ညိုညိုရိမ်၊ ဘိုဘိုဟန် တို့ကို စွဲစွဲ မြဲမြဲ နားထောင်တတ်လာသည်။

(၂)
ဆရာ ဦးကျောက်စိမ်းက ပါရမီ ဓာတ်ခံ ရှိသော ကျော်မြင့်လွင်လေးကို ချက်ချင်း မျက်စိ ကျခဲ့သည်။ ကျော်မြင့်လွင်လေးဘက်ကလည်း လိုလိုချင်ချင် ရှိနေ၍ သူ့ကို ဂီတပညာတွေ များစွာ သင်ပေးခဲ့သည်။

ငပုတော ဘက်မှာ ဘင်ခရာတီးဝိုင်း ဖွဲ့ဖို့ သင်တန်း သွားပေးရသော အခါမှာတော့ ကျော်မြင့်လွင်က ဆရာ့ လက်ထောက်ဖြစ်နေပြီ။ အချို့ သင်ခန်းစာတွေဆို ဆရာက မသင်ပြ။ သူ့ကိုပဲ ပြသ ပေးစေခဲ့သည်။

(၃)
ကျော်မြင့်လွင်(ဘဲဥ) နှင့် ညီမလေး မိုးတို့ အကြီး နှစ်ယောက် တစတစ အရွယ် ရောက်လာသည်နှင့် အမျှ အငယ်လေးတွေကို သူတို့ပဲ တာဝန်ယူ ထိန်းပေးကြသည်။

အဖေ၊ အမေတို့က မနက် အလုပ်ဆီ ထွက်သွား။ ညနေ အလုပ်ဆင်းအပြီး သမ ဆေးခန်း ၀င်ထိုင်၊ ည ၇ နာရီလောက်မှ အိမ်ပြန် ရောက်လာတတ်သည်။ ညီအစ်ကို မောင်နှမတွေ တစ်ယောက်ကို တစ်ယောက် ဆင့်ကဲ ဆင့်ကဲ ထိန်းပေးထားကြသည့်အတွက်ကြောင့် အဆင်ပြေရလေသည်။

ပြည်တော်သာ ရပ်ကွက်ကလည်း ၀န်ထမ်း မိသားစုတွေချည်းသာ။ အားလုံး ကိုယ့်နည်းနှင်နှင် ဘ၀တူတွေ ဖြစ်၍ စည်းလုံးကြသည်။ သို့ဖြင့် အရပ်ကို ဆွေမျိုးလို သဘောထားပြီး အပ်နှံ ထားရသည်။ သူ့အိမ် ကိုယ်ကြည့်၊ ကိုယ့်အိမ် သူကြည့်နှင့် ၀ိုင်းကြ ၀န်းကြစမြဲ ဖြစ်သည်။

(၄)
ကျော်မြင့်လွင် ကိုးတန်း အတက်မှာ ရှင်ပြုဖြစ်သည်။

ထိုစဉ်က ဦးထွန်းမြင့်၏ ဘကြီးလည်း ပုသိမ်မှာ တာဝန်ကျနေသည်။ ဘကြီး၏ ခယ်မများ ဖြစ်ကြသော ဒေါ်ခင်စိန်၊ ဒေါ်မြခင်တို့မှာ အပျိုကြီးများ ဖြစ်ကြ၏။ ဤအဒေါ်တွေက ကျော်မြင့်လွင်ကို လွန်စွာ ချစ်ကြသည်။

တစ်နေ့တော့ -

"ဘဲဥကို ရှင်လောင်း ဒကာအနေနဲ့ ငါတို့ပဲတာဝန်ယူပြီး သင်္ကန်း စည်းပေးချင်တယ်။ မင်းတို့က မိဘတွေ။ ဘယ်တော့ ထပ်ပြုပေးပေးရတယ်။ ဒီတစ်ခေါက်တော့ ငါတို့ပဲ ကမကထ လုပ်ပါရစေ" ဟု ဆိုရှာကြသည်။

ဤသို့ဖြင့် ဒီဇင်ဘာကျောင်းပိတ်ရက်တွင် ပုသိမ်မြို့ ကုန်သည်လမ်း မရမ်းကျောင်းတွင် ကိုရင် ၀တ်ဖြစ်ခဲ့၏။ အခြား ဒုလ္လဘ ရဟန်း နှစ်ပါးလည်း အဖော် ပါသည်။

ကျောင်းက မိုးကုတ် ၀ိပဿနာ အခြေခံသော ကျောင်းဖြစ်သည်။ အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း ကျေးဇူးတော်ရှင် အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး၏ လမ်းစဉ် အတိုင်း လိုက်နာသည်။ သို့ဖြစ်၍ ကျော်မြင့်လွင် ရှင်ပြုပြီးနောက် တစ်ဆက်တည်းပင် တရားစခန်း ဆယ်ရက် ၀င်ရသည်။.

တရားစခန်းတွင် ပဋိစ္စသမုပ္ပာဒ် လည်ပုံ၊ ဖြတ်ပုံကို ကျေညက်အောင် သင်ကြား ပြသပေး၍ ကျော်မြင့်လွင်လေးမှာ အခြေခံကောင်းတွေ ရရှိလာခဲ့သည်။ ဗုဒ္ဓတရားတော်၏ အကြောင်းအကျိုး ဆက်စပ် ဆင်ခြင်ရပုံ သဘော အနှစ်သာရကို အတော်လေး သိမြင်သွားခဲ့သည်။

(၅)
ဆယ်ရက် ပြည့်၍ လူထွက်လာခဲ့ရသော်လည်း တရား ဓမ္မ၏ အရသာကို သူ မမေ့။

"အဖေတို့၊ အမေတို့၊ ကျွန်တော်တို့ အားလုံးက သံသရာ ခရီးသည် ရေမျောလာတာနဲ့ တူတယ်။ ကျွန်တော်တို့ မျောလာတဲ့ သံသရာမြစ်နားမှာ အမြစ်က ရေလှိုက်စားထားလို့ မခိုင်ဘဲနဲ့ အရွက်တွေ အကိုင်းတွေက ရေဘက်ကို ကိုင်းပြီး ယိုင်နေတဲ့ ခန္ဓာငါးပါး သစ်ပင် ရှိတယ်" ဆိုသော စကားမျိုးတွေ ပြောတတ်လာခဲ့သည်။

"သံသရာ ခရီးသည်ကလည်း မျောလာခဲ့တာ အတော် ကြာပြီ။ မျောလာတဲ့ ပုဂ္ဂိုလ်က အားကိုးရာ ရှာမှာပဲ။ ရှာတဲ့ အခါကျတော့ ဖျတ်ဆို ခန္ဓာငါးပါးထဲက ရူပက္ခန္ဓာ ဆိုတဲ့ကမ်းနား သစ်ပင်ကို ဆွဲလိုက်တယ်။ ဆွဲတဲ့ လူကလည်း တအားကုန် အပေါ်တက်ချင်လို့ တဏှာ၊ ဥပါဒါန်နဲ့ တအားဆွဲ။ ဟိုဘက်ကလည်း အမြစ် မရှိတော့ သစ်ပင်ရော မြေစိုင်ပါ ဆွဲတဲ့သူအပေါ် ပြုတ်မကျဘူးလား"ဟု သူမေးတတ်လာသည်။

အိမ်က လူတွေ စိတ်မျက်စိထဲ ကွင်းကွင်းကွက်ကွက် ပေါ်လာအောင် သူ ရှင်းပြနိုင်သည်။
တစ်ဆက်တည်း -

"အဲဒီလို ပြုတ်ကျတဲ့ အခါကျတော့ နဂိုက အမျောသမားအပေါ်မှာ သစ်ပင်ကြီး တစ်ခုလုံးနဲ့ မြေစိုင်တွေပါ ပိကျလာတော့ မြုပ်သွားဖို့ပဲ ရှိတော့တာပေါ့၊ သံသရာ မြစ်ကြီးထဲမှာ အမျောသမား ဆိုတာက အပေါ်ပိုင်း ဟိုဘ၀၊ ဒီဘ၀တွေ ပြောင်းလဲကျင်လည်ရတာ၊ အမြုပ်သမား ဆိုတာကတော့ အပါယ်လေးဘုံကို သွားရတာ၊ အမြုပ်သမားဘ၀က တစ်ခါ ရုန်းကန် တက်လာပြန်တော့ အမျောသမား အဖြစ် ရောက်ရပြန်တာပဲ၊ ကဲ၊ အဖေတို့၊ အမေတို့ စဉ်းစားကြည့်။ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ၊ ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့ သောင်ကမ်းကို ရှာပြီး တက်နိုင်မှပဲ မျောလိုက်၊ မြုပ်လိုက် ဘ၀ကနေ လွတ်နိုင်တော့မှာပေါ့" ဟု တရားချသည်။

ရှင်လူထွက်စ ကျော်မြင့်လွင်သည် အဖေနှင့် အမေကို တရားစခန်းဝင်ဖို့ချည်းပဲ တစ်ချိန်လုံး တိုက်တွန်းသည်။

(၆)
အဖေနှင့်အမေကတော့ တရားဓမ္မဘက်ခြေဦး မလှည့်ဖြစ်။ မလှည့်နိုင်အားသေး။

ကိုယ့်အလုပ်ထဲမှာပဲ ကိုယ်ပျော်နေကြသည်။ ကျောင်းကျန်းမာရေအလုပ်ကလည်း သူတို့လိုပင်ကိုသဘာဝ အေးအေးလူလူများနှင့်ကိုက်သည်။

အားရက်ဆို ပုသိမ်မြို့အနီးဝန်းကျင်က ကျေးရွာတစ်ရွာရွာဘက်သို့ ထွက်ပြီး ကျောင်းကျန်းမာရေး ဆရာဝန်အဖွဲ့နှင့် ဆေးသွားကုပေးကြသည်။ ထိုအခါကျလျှင် သွားဆရာဝန်ကလည်း ပါတတ်သည်။ ရွာဘုန်းတော်ကြီးကျောင်းဇရပ်တစ်ဆောင်မှာ အခြေချပြီး ကျန်းမာရေးပညာပေး ဟောပြောဆေးကုပေးကြသည်။

နှုတ်ခမ်းကွဲကလေးတွေ၊ မွေးရာပါ နှလုံးဝေဒနာရှင်ကလေးလေးတွေ ရန်ကုန်အထိ သွားရောက်ပြီး ဆေးကုသမှုခံယူနိုင်အောင် စီစဉ်ပေးရသည်။

တစ်ခါတစ်လေကျတော့ အချို့သောကလေးငယ်များခမျာ ညစ်ပတ်ပေတူးနေသော အင်္ကျီကိုပင်လဲစရာ မရှိတာနှင့် ကြုံရသည်။ ထိုအခါ ပုသိမ်ဈေးထဲက အင်္ကျီ ၀ယ်လာပေးရသည်။ အဲသလိုအလုပ်ထဲမှာ ပျော်နေမိကြသည်။

တစ်ဘက်မှာက သားသမီးတွေအရေး၊ စားဝတ်နေရေး။ ဘ၀ထဲမှာ မွေ့လျော်စွာ ရုန်းကန်နေကြသည်ဆိုတော့ သားက တရားစခန်းဝင်ဖို့ပြောလည်း ကိုယ့်မှာ အချိန်မပေးနိုင်သလို ဖြစ်ခဲ့ရလေသည်။

(၇)
ထိုကာလတွင် လူငယ်တွေအကြားမှာ ဂီတာအကြီးအကျယ်ခေတ်စားနေပြီ။

ကျော်မြင့်လွင်က ဂီတာလိုချင်သော်လည်း အိမ်ကိုမ၀ယ်ခိုင်းရဲ။ တစ်ခါမှလည်း ဖွင့်မပြော။ ကျော်မြင့်လွင်က ကျောင်းဘင်ခရာတီးဝိုင်းမှာကတည်းက ဂီတ
အခြေခံနုတ်စ်များအထိ ပိုင်နိုင်တတ်ကျွမ်းထားသူမို့ ဂီတာတီးဖို့ ဘာအခက်အခဲမျှမရှိ။ သူငယ်ချင်းတွေ ဒေါင်ဒေါင်ဒင်ဒင်တီးခတ်သီဆိုနေတာကို သူ့အနေနှင့် အလိုက်သင့်ပင် တီးခတ်သီဆိုနိုင်ခဲ့သည်။

သို့သော် ကိုယ်ပိုင်မရှိတော့ လက်ဆုပ်လက်ကိုင်မရ။

(၈)
ကိုးတန်းစာမေးပွဲပြီးသောအခါ ရန်ကုန်မြို့သို့ အလည်အပတ်သွားခဲ့သည်။ ဦးထွန်းမြင့် အစ်မ ဒေါ်ညွန့်ညွန့်၏ ခင်ပွန်းက ရန်ကုန်မီးရထား (STI)အချက်ပြနှင့် ကြေးနန်း အင်စပက်တာ။

အဆိုပါ ဦးလေးနှင့် အဒေါ်တို့အိမ်ကို ကျော်မြင့်လွင်သွားဖြစ်တော့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကိုအောင်မျိုးဆန်းဆီမှာ ဂီတာတစ်လုံးရှိနေသည်။ ကျောင်းပိတ်ရက်လည်း ကျောင်းပိတ်ရက်မို့ သူတို့ညီအစ်ကိုနှစ်ယောက် ဂီတာလွတ်လွတ်လပ်လပ်တီးခွင့် ရရှိခဲ့ကြသည်။

ဂီတာပေါ်မှာ သူအရူးအမူးဖြစ်နေတာကို ကြည့်ပြီး ပုသိမ်ပြန်မည်ဆိုတော့ ထိုဂီတာအဟောင်းအနွမ်းလေးကို သူနှင့်အတူ ထည့်ပေးလိုက်ကြသည်။

(၉)

ကျော်မြင့်လွင် ဆယ်တန်းအတက်နှင့်ဂီတာ။

တွေ့ကြပါချေပြီ။

ဂီတာတစ်လုံးနှင့် သူငယ်ချင်းအပေါင်းအသင်းတွေနှင့်။ တရုန်းရုန်းဖြစ်စပြုလာသည်။ ထိုအခါ သူ့တုန်းက ဂီတ၀ါသနာပါလှပါသည်ဆိုသော ဖခင်ဦးထွန်းမြင့်ပင် လက်မခံနိုင်။

ကျော်မြင့်လွင်က သားကြီး သြရသလည်းဖြစ်သည်။ စာတော်ပြီးသား၊ ထူးချွန်ပြီးသားဖြစ်သည်။ သားကို ဆရာဝန်၊အင်ဂျင်နီယာပဲ ဖြစ်စေချင်သည်။ အထူးသဖြင့်ကတော့ ကိုယ်တွေက ကျန်းမာရေးဝန်ထမ်းများပီပီ သားကိုဆရာဝန်ပို၍ ဖြစ်စေချင်သည်။ သူ့မှာက ဖြစ်ထွန်းနိုင်လောက်သည့် အရည်အချင်းမျိုးရှိထားသည်ဟုလည်း ယုံကြည်သည်။

ယခုလို ဂီတာတစ်လုံးနှင့် ထွေးလုံးရစ်ပတ်လုပ်နေလို့ကတော့ ဘာဆိုဘာမျှဖြစ်လာလိမ့်မည် မဟုတ်။ လမ်းလွဲသွားဖို့ပဲ ရှိသည်ဟု ဦးထွန်းမြင့်ယူဆသည်။

(၁၀)
သားကိုမျက်ခြည်မပြတ် ကြည့်နေရင်း ကြည့်နေရင်း မျက်စိနောက်နေခဲ့ရာ။ တစ်နေ့မှာတော့ဖြင့် ဦးထွန်းမြင့်က သူ့စိတ်ကို သူဆက်ပြီး မထိန်းနိုင်တော့ချေ။ ကျော်မြင့်လွင်ကိုခေါ်သည်။ သတိဆွဲလက်ပိုက်ရပ်ခိုင်းလိုက်သည်။

"ကဲ၊ ရှင်းရှင်းပဲ ငါမေးမယ်ကွာ၊ ဒီဂီတာအလုပ်နဲ့ မင်းတစ်ဘ၀လုံး ထမင်းစားမှာလား၊ တခြား ဆရာဝန်၊ အင်ဂျင်နီယာ အလုပ်မျိုးတွေနဲ့ ထမင်းစားမှာလား" ဟု ဆိုင်းမဆင့် ဗုံမပါ မေးလိုက်သည်။

ဦးထွန်းမြင့်မေးပုံက အတော်လေးတော့ နိုင့်ထက်စီးနင်းဖြစ်နေသည်။ သို့သော် အဖေက အဖေ။ သားက သားဖြစ်သည်။ သူက အဖေဖြစ်နေ၍ အဖေတစ်ယောက်၏ သားကြီး သြရသအပေါ်မှာ ထားရှိသော မျှော်လင့်ချက်နှင့်ဇောတို့မှာ လောကတံထွာသမာရိုးကျ ဤထုံးစံလမ်းကြောင်းပဲရှိသည်။ သားတစ်ယောက်ကို ဝေးလံခက်ခဲပြီး ကွေ့ကောက်သလောက် သေချာရေရာခြင်း မရှိသည့်လမ်းကြောင်းအတိုင်း သူတွန်းမပို့နိုင်။

"ပြောကွာ၊ ပြော။ ဒီဂီတာအလုပ်နဲ့ မင်းနဲ့ဖြစ်မလား။ မဖြစ်ဘူးလား။ မင်းအခုချက်ခြင်းစဉ်းစားပြီးတော့ ပြော၊ မဖြစ်ဘူးဆိုရင်တော့ စာပဲကြိုးစားရမယ်"

(၁၁)
ကျော်မြင့်ခမျာ ခက်ဖွယ်ဖြင့် ကြုံရရှာပြီ။ အခြေအနေက သမင်ဆယ်လှမ်း၊ ကျားတစ်လှမ်းအနေအထား။ ထိုအချိန်မှာ ကျော်မြင့်လွင်က အသက် ၁၅ နှစ်အရွယ်။ တကယ့်ကလေးသာသာ လူလားမြောက်ဖို့ အားယူစအချိန်။ သူ့မှာပြောစရာ စကားတွေ ရှိတော့ရှိသည်။ သို့သော် မပြောပြတတ်။ ပြီးတော့ ပြောလည်းမပြောရဲ။ အဖေပြောနေတာလည်း မှန်သည်ဆိုတာ သူသိသည်။ သို့ပေမယ့် အခြားတစ်ဘက်မှာလည်း စဉ်းစားစရာ ရှိရမည်။

အဖေကဖြေဖို့ ဖိအားပေးလွန်းလာသောအခါမှာတော့ အားမတန်မာန်လျှော့ပြီး -

"ကျွန်တော်စာပဲ ကြိုးစားပါတော့မယ်" ဟု သဘောတူလိုက်သည်။ အဖေက -

"အေး၊ ဟုတ်ပြီ၊ မင်းစကား မင်း ကတိတည်ပါစေ၊ ဂီတာကိုတော့ အခုအချိန်ကစပြီး ယတိပြတ်အဆက်ဖြတ် ထားလိုက်တော့" ဟုဆိုသည်။

နောက်မှ ကိုယ်လိုချင်တာဖြစ်ချင်တာ တစ်ဘက်သတ်ကြီး ကတိစကားရပြီးပြီဆိုတော့ အောင်နိုင်သူပီပီ လေသံအတန်ငယ်လျှော့၍ -

"မင်းကွာ၊ လောလောဆယ် ဂီတာကို ခဏအသာထားပြီး စာပဲကြိုးစားလိုက်စမ်းပါ၊ ဂီတအနုပညာကတော့ကွာ အဖေလည်း ၀ါသနာပါတာပဲ။ ဒါပေမယ့် အလုပ်တွေ၊ အကိုင်တွေနဲ့ အခြေတကျဖြစ်ပြီဆိုတဲ့အခါကျရင် မင်းကြိုက်သလောက် လိုက်စားစမ်းပါ" ဟုဆိုလေသည်။

(၁၂)
ထိုနေ့ ထိုရက်မှစ၍ အိမ်မှာ ကျော်မြင့်လွင် ဂီတာမတီးရတော့ပြီ။

အနည်းဆုံး အဖေအိမ်မှာ ရှိနေစဉ် ဂီတာမတီးရ။

(၁၃)
အဖေ့ကိုကြောက်၍ ဘာမျှပြန်ပြီး နှုတ်လှန်ထိုးမပြောခဲ့သလို တကယ်လည်း ပီဘိလူငယ်ကျော်မြင့်လွင် ကလေး၏ စိတ်ထဲမှာ ဂီတမှ ဂီတဟူသော အစွဲအလမ်းမျိုး မရှိသေး။ ဂီတာကို သူခုံမင်တာမှန်သည်။ သို့သော် သူလည်း သူ့ဥာဏ်အထွာနှင့် သူစဉ်းစားတတ်သည်။

ဂီတအလုပ်ချည်းသက်သက် တစ်လက်တည်းကိုင်ပြီး သွားရလျှင် ဘ၀မှာ မည်မျှ ကြမ်းတမ်းပင်ပန်း ဆင်းရဲနိုင်သည်၊ ဘယ်လောက်မရေမရော ဖြစ်နိုင်သည်ကို သူသိသည်။ အမေနှင့် နှစ်ယောက်တည်း အေးအေးဆေးဆေး တွေ့တော့ -

"သားသိပါတယ် အမေရာ။ အဖေ့ကို ပြောပြနေရင် ထပ်ရှည်နေမှာ စိုးလို့ပါ။ သားကလည်း ဒီဂီတာ တစ်ခုတည်းနဲ့တော့ အသက်မွေးဝမ်းကျောင်း မလုပ်ပါဘူး"ဟု ဆိုသည်။

(၁၄)
အမေနှင့် သားကတော့ ဘာမဆို ထိုးသွင်းနားလည် ဝေမျှနိုင်ကြသည်။

အဖေမရှိချိန်။ လွတ်လွတ်လပ်လပ် ကာလကလေး တစ်ခုမှာ ကျော်မြင့်လွင်က -

"အမေ သီချင်းလေး ဘာလေး မဆိုတတ်ဘူးလား၊ သားက ဂီတာတီးပေးချင်တာ" ဟု ဆိုသည်၊ သားကပြောလွန်းတော့ Local Talent အစီအစဉ်မှ လာနေကျ London Bridge, River of No Return သီချင်းတွေ အမေဆိုပြသည်။

အမေက သီချင်းဆို၊ သားက ဂီတာတီး။ တကယ်ပဲ ပျော်စရာဖြစ်ခဲ့သည်။ သီချင်းဆုံးတော့ ကျော်မြင့်လွင်က အားရပါးရ -

"အမေက သီချင်းဆို ကောင်းတာပဲ။ လျှိုထားတာကိုး" ဟုမှတ်ချက်ချသည်။

(၁၅)
စာကလည်း တအားဖတ်သည်။ ကျော်မြင့်လွင်ကို ကြည့်လိုက်လျှင် မျက်မှန်ထူထူနှင့် စာအုပ်တစ်တွဲနှင့် အမြဲတွေ့ရမည်။ အိမ်ကစာဖတ်တာနှင့် ပက်သက်ပြီး လုံးဝမကန့်သတ်။ ဖတ်ချင်တာဖတ်၍ ရသောကြောင့် အိမ်မှာ ရှိရှိသမျှ စာအုပ်အားလုံး သိမ်းကျုံးဖတ်သည်။ ရရာကနေ ငှားရမ်းရှာဖွေပြီးတော့လည်း ဖတ်ရှုသည်။

ဂီတာကတော့ အိမ်မှာချုပ်ချယ်ထား၍ အပြင်မှာပဲ သွားတီးလေတော့သည်။ သူငယ်နှပ်စား ကလေးငယ်လေးလည်း မဟုတ်၍ အိမ်ထဲမှာ လှောင်ပိတ်ထားဖို့ဆိုတာ မဖြစ်နိုင်။ ဂီတာကို သူငယ်ချင်းအိမ်မှာ သွားထားပြီးတီးသည်။

မိဘတွေက သူဘယ်မှာ ဂီတာတီးမှန်း၊ သူဘယ်လောက်တတ်နေမှန်း၊ ဘယ်လောက်တော်နေမှန်း မသိကြ။ ဒါပေမယ့် ပုသိမ်ကတော့ အရင်သိသွားသည်။

(၁၆)
ပုသိမ်မြို့သည် ဂီတအနုပညာမှာ အစဉ်အလာရှိသော မြို့ဖြစ်၏ ။

စနစ်တကျဖွဲ့စည်းထားသော တီးဝိုင်းတွေ ရှိသည်။ Skeleton ဆိုသော ဂီတတီးဝိုင်းသည် ပုသိမ်မြို့၏ အစောဆုံးသော ဂီတတီးဝိုင်းများတွင် တစ်ခုအပါအ၀င်ဖြစ်ခဲ့၏ ။ Skeleton ၀ိုင်းမှ ကိုသြသည် နိုင်ငံကျော် E.Machine အဖွဲ့တွင် ရစ်သမ်ဂီတာ တီးခတ်ခဲ့ပြီး ယခုအခါ "ခိုင်မာ ဂီတာ" ထုတ်လုပ်နေသူဖြစ်ပါသည်။

မင်္ဂလာပွဲ၊ ဧည့်ခံပွဲတွေမှာ လိုက်လံဖျော်ဖြေပေးကြသော တီးဝိုင်းများအနက် တရုတ်လူမျိုးများဦးစီးကြသည့် ငုဝါ၊ ဖြူနီညိုပြာ၊ ရှမ်းရိုးမ တီးဝိုင်းများမှာ အသက်မွေးဝမ်းကျောင်း အဆင့်ရှိသည်။ အရှေ့တိုင်း နုတ်စ် ၀မ်း၊ တူး၊ သရီး၊ ဖိုးများနှင့် စည်းကမ်းတကျ တီးခတ်နိုင်ကြသည်။

ငုဝါ၊ ဖြူနီညိုပြာ၊ ရှမ်းရိုးမ ၀ိုင်းကြီးတွေက အပြိုင်အဆိုင် ဖြစ်ကြသလို ကရင်တိုင်းရင်းသားရပ်ကွက်ထဲက မဟူရာ အစရှိသော တီးဝိုင်းများလည်း ရှိကြသေးသည်။

(၁၇)
စနေနေ့ညနေခင်းတွေဆိုလျှင် ပုသိမ်ပန်းခြံထဲတွင် စင်တင်တီးဝိုင်းတွေက ဖျော်ဖြေပေးတတ်ကြသည်။

"ငုဝါ" ကိုတော့ဖြင့် ပုသိမ်မြို့၏ ထိုအချိန်က အကောင်းဆုံးတီးဝိုင်း တစ်ဝိုင်းအဖြစ် သတ်မှတ်နိုင်သည်။ ငုဝါ၏ တီးဝိုင်း ထောင်သူလည်းဖြစ်၊ လိဒ် ဂီတာသမားလည်းဖြစ်သူ ကိုတင်ယုသည် တီးဝိုင်းတစ်ခုလုံး၏ အချက်အချာဖြစ်ခဲ့၏ ။ သူကိုယ်တိုင် တော်တော်လေးကို အတီးအခတ်ကောင်းခဲ့သည်။

ကိုတင်ယုတို့သည် ပုသိမ်ဘူတာရုံထဲမှာလည်း စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားသည်။ ပုသိမ်ဘူတာရုံဆိုတာက ကျော်မြင့်လွင်တို့ နေသောပြည်တော်သာရိပ်သာ တိုက်တန်းများနှင့် ဘာမျှ မလှမ်းမကွာ။ လက်တစ်ကမ်းမျှသာ။

များမကြာမီသော ကာလအတွင်းမှာ လူငယ်လေး ကျော်မြင့်လွင်၏ လက်စလက်နနှင့် အဆိုပါရမီတို့ကို ကိုတင်ယု ကောင်းစွာ အကဲခတ်မိသွားခဲ့သည်။ ဤသို့ဖြင့် ပုသိမ်ပန်းခြံ၏ စနေညနေ "ငုဝါ" ဖျော်ဖြေပွဲများတွင် ကျော်မြင့်လွင်တစ်ယောက် စင်မြင့်ပေါ်သို့ ရောက်ရှိလာတော့သည်။

(၁၈)
ကျော်မြင့်လွင်ကို ကိုတင်ယုက မြေတောင်မြှောက်ပေးပြီး ပုသိမ်မြို့၏ နံပတ်တစ် တီးဝိုင်း "ငုဝါ" က စင်တင်ပေးလာသောအခါ "ဖြူနီညိုပြာ" ကလည်း သူတို့ တီးဝိုင်း၏ အလှည့်ကျ ညနေတွေမှာ လာပြီး သီဆိုပေးဖို့ ကျော်မြင့်လွင်ကို ဖိတ်ခေါ်သည်။

ကျော်မြင့်လွင်အနေနှင့် ငြင်းပယ်စရာ အကြောင်းမရှိ။ သူ့ကိုယ်ထဲကို ဂီတပိုးက တိုး၍ တိုး၍ စွဲကပ်ဝင်ရောက်လာခဲ့ပြီ။ သူ့အသက်ကဖြင့် ၁၅ နှစ်၊ ၁၆ နှစ်အရွယ်။

(၁၉)
ပုသိမ်ပန်းခြံ စနေညနေ ဂီတပွဲတွေမှာ ကျော်မြင့်လွင်အဆိုများခဲ့တာက ထိုခေတ်အခါအလျောက် ခေတ်စားခဲ့သော ကိုင်ဇာသီချင်းတွေဖြစ်သည်။

သူ၏ ပထမဆုံးစင်မြင့်ဖျော်ဖြေမှု အတွေ့အကြုံမှာ ၁၉၈၀ပြည့်နှစ်က ပုသိမ်မြို့ ကမ်းနားလမ်းတွင် ဘိုတင်ယုတို့ ငုဝါတေးဂီတနှင့် ကိုင်ဇာ၏ "အကောင်းဆုံးက ဂီတာတီးနေမယ်" သီချင်းကို သီဆိုခဲ့ဖြင်းဖြစ်သည်။

(၂၀)
သီချင်းသာဆိုရတာ အဖေ့ကို ပေါ်ပေါ်ထင်ထင် အသိမခံရဲ။ ခိုးကြောင်ခိုးဝှက်နှင့်သာ ဆိုရသည်။ သို့သော် ပုသိမ်ဆိုတာ တကယ်တမ်းတော့ ဘာမျှ ကျယ်ဝန်းလှသည်မဟုတ်။ တစ်ဆင့်စကား၊ တစ်ဆင့်နားနှင့် ကျော်မြင့်လွင် သီချင်းဆိုတာ ကောင်းလှကြောင်း အဖေအပါအ၀င် တစ်အိမ်သားလုံး သိထားနေနှင့်ခဲ့ကြပြီ။

ဦးထွန်းမြင့်က ကိုယ့်သားသီချင်းသီဆိုဖျော်ဖြေတာကို နားလည်းနားထောင်ချင်သည်။ ပေါ်တင်ကြီး သွားအားပေးလျှင် တစ်ဖက်က တားမြစ်ပိတ်ပင်ထားသော ရှေ့စကားနှင့် နောက်လုပ်ပုံတို့ မညီညွတ်သလို ဖြစ်ရတော့မည်။ ဂီတဘက်ကို မြှောက်ပေးလိုက်သလို ဖြစ်ခဲ့လျှင် ပညာရေး၏ စည်းဘောင် ကာလနား ပျက်သွား ရလိမ့်မည်။

သို့ဖြစ်၍ လူမသိအောင် သွားနားထောင်ကြသည်။

တွေးကြည့်လျှင် ရယ်စရာပင်ကောင်းနေသည်။ ကျော်မြင့်လွင်ကလည်း အိမ်ကသိမှာစိုး၍ တိတ်တခိုးဆိုရသည်။ အိမ်ကလည်း ကျော်မြင့်လွင် သိမှာစိုး၍ မှောင်ရိပ်ခို၊ လူလုံးဖျောက်ပြီး နားထောင်ခဲ့ကြသည့်ဖြစ်ပုံမှာ အဆန်းပင်။

(၂၁)
ဆယ်တန်းစာမေးပွဲကိုတော့ ဘာအခက်အခဲမျှ မကြုံရဘဲ လွတ်လွတ်ကျွတ်ကျွတ်ပင် အောင်သွားသည်။ သို့သော် တစ်ဖက်တွင် တီးဝိုင်းနှင့် တေးသီချင်း ဂီတတွေနှင့် ယှက်နွှယ်နေ၍ အမှတ်ကဖြင့် ဘယ်လိုမျှ မကောင်းနိုင်။

မိဘတွေက ကျန်းမာရေးဝန်ထမ်း အသိုင်းအ၀ိုင်းဖြစ်၍ သားကိုဆရာဝန်တော့ ဖြစ်စေချင်ကြသည်။ ဆယ်တန်း အမှတ်နည်းတာက မကျေနပ်ချင်စရာ။ ဘယ်လိုပဲဖြစ်ဖြစ် ပုသိမ်ဒေသကောလိပ်ကျောင်းသားဘ၀တွင် ဇီဝဗေဒဘာသာတွဲ ယူဖြစ်ခဲ့သည်။

သို့သော် ကျော်မြင့်လွင်စိတ်က အနုပညာဘက်ကိုသာ ပိုပြီး တိမ်းညွှတ်နေသည်။ ကောလိပ်ကျောင်းသားဘ၀သည် ဆယ်တန်းလိုမျိုး ပညာရေးဘက်တွင် လတ်တလော အနီးကပ် ဦးတည်ရည်မှန်း ထားစရာလည်း မလို။ ဖတ်ချင်သည့် စာအုပ်တွေ ဖတ်သည်။ ကဗျာတို ကဗျာစတွေ စမ်းသပ်ရေးဖွဲ့သည်။ ဂီတာကတော့ အရူးအမူးပင်ဖြစ်တော့သည်။

(၂၂)
ဘိုတင်ယုတို့ "ငုဝါ" လို စင်မြင့်ပွဲတွေ အပြင်ကြုံလေရာမှာ ဂီတာတီးသည်။ သူငယ်ချင်းအိမ်၊ လယ်ကွင်း၊ ကောက်ရိုးပုံ၊ ထောင်ကွင်းထဲက သစ်ပင်အောက်၊ အစရှိသဖြင့် နေရာ အမျိုးမျိုးပြောင်းရွှေ့ပြီး တေးသီချင်း ဂီတထဲမှာ မွေ့လျော်နေတော့သည်။

ကျော်မြင့်လွင်ထံတွင် ဂီတနှင့် ပက်သက်၍ လက်ဦးဆရာများ ဖြစ်ကြသော ပုသိမ်အနောက်မြို့နယ်၊ လမ်းစဉ်လူငယ် ဘင်ခရာတပ်ဖွဲ့မှ ဆရာဦးကျောက်စိမ်းနှင့် ဆရာ ဦးစန်းတင့်တို့ ခင်းပေးခဲ့သည့် အခြေခံကောင်းတွေ ရှိခဲ့သည်။ သို့ဖြစ်၍ ဂီတကို အပေါ်ယံ ၀ါသနာပါရုံမဟုတ်။ နုတ်စ်နှင့် စနစ်တကျတီးတတ်အောင် နက်နက်ရှိုင်းရှိုင်း လိုက်စားခဲ့သည်။

ငုဝါမှ ဘိုတင်ယုသည် နုတ်စ်ကျွမ်းကျင်သူဖြစ်၍ သူ့ထံမှ ပညာတွေကို အသင်၊ အမြင်၊ အကြားနည်းမျိုးစုံနှင့် ရအောင်ယူခဲ့သည်။

သီချင်းလေးတွေလည်း စပ်းသပ်ရေးဖွဲ့ကြည့်ခဲ့သည်။ ထုံးစံအတိုင်း ရှိပြီးသား သံစဉ်ပေါ်မှာ စာသားထည့်ရသော ကော်ပီပုံစံကို အရင်ဆုံးလုပ်ကြည့်သည်။ သူပထမဆုံး ရေးဖွဲ့ခဲ့သော ကော်ပီသီချင်းမှာ ABBA / Hastamanana သီချင်းအလိုက်ဖြစ်သော "ကန္တာရ နှလုံးသား" ။

၁၉၇၉ ခုနှစ် (အသက် ၁၆ နှစ်) တွင်ရေးခဲ့သည်။

(၂၃)
ဂီတနှင့် အနုပညာဘက်ကိုချည်းပဲ စိတ်ကတိမ်းညွတ်နေသောအခါ ၁၉၇၉ - ၈၀ ခုနှစ် ဒေသကောလိပ် ပထမနှစ် စာမေးပွဲမှာ ကျရှုံးသွားခဲ့တာ အဆန်းဟူ၍ မဆိုသာတော့ပါ။

၁၅နှစ်သား ကိုရင် ကေသ၀၊ ပုသိမ် ရွှေမုဌောဘုရား
၁၉၇၇ ခုနှစ် ဒီဇင်ဘာ ၃၁

                                                         အခန်း(၅)                                            ရေစုန် အမျော ရေဆန် အတက်

(၁)
၁၉၈၁ ခုနှစ်။

ဦးထွန်းမြင့်နှင့် ဒေါ်မြရင်တို့ တိုင်ပင်ခဲ့ကြသည်။ သူတို့၏ နှစ်ဖက် မိဘတွေက အသက်ကြီးကြပြီ။ ပုသိမ်- မော်လမြိုင် ကူးချည်သန်းချည် သွားလာရတာ မလွယ်ကု။ မော်လမြိုင်မှာသာ ဆိုလျှင် အနီးကပ် ကြည့်ရှုစောင့်ရှောက် ပေးနိုင်လိမ့်မည်။ သို့ဖြင့် မော်လမြိုင်သို့ ပြောင်းရွှေ့ရန် လျှောက်လွှာတင်လိုက်ကြတော့သည်။

ပထမဆုံး ပြောင်းရွှေ့ခွင့် ရသွားတာက ဦးထွန်းမြင့်။ ဒေါ်မြရင်အတွက်ကျတော့ မော်လမြိုင် ကျောင်းကျန်းမာရေးမှာ နေရာလပ် မရှိ။ ဆေးဘက်ကိုတော့လည်း ယခုအချိန်ကျမှ ပြန်မ၀င်ချင်။ တစ်ဖက်တွင် ကလေးတွေက ရှိသေးသည်။ လုပ်သက်ကလည်း ၂၄ နှစ်ပင် ရှိပြီ။ သို့ဖြင့် အစာအိမ် ရောဂါကို အကြောင်းပြပြီး Invalid ပင်စင် ယူလိုက်သည်။

သည်လိုနှင့် တစ်မိသားစုလုံး မော်လမြိုင်သို့ အသိုက်အမြုံ ပြောင်းဖြစ်သွားတော့သည်။

(၂)
မိဘနှင့် ညီအစ်ကို မောင်နှမတွေ အားလုံး မော်လမြိုင်သို့ ရောက်သွားကြပြီ ဖြစ်သော်လည်း ကျော်မြင့်လွင် ပုသိမ်မြေနှင့် ရေစက် မကုန်သေးချေ။

ပြောင်းရွှေ့ချိန်က နိုဝင်ဘာလ ဖြစ်၍ ကျော်မြင့်လွင်၏ ကျောင်းချိန်နှင့် ကန့်လန့် ဖြစ်နေသည်။ သို့ဖြင့် စာသင်နှစ် တစ်နှစ် ပြီးအောင်နေဖို့ ပုသိမ်မှာ ထားခဲ့ရတော့သည်။

အဆောင်မှာနေ။ ပိုက်ဆံ ပို့ပေးမည်။ သည်ကြားထဲ အရေးပေါ်အသုံးလိုလျှင် သူ့ကို ပဉ္စင်းတက်ပေးမည့် အဒေါ်ကြီးများ ရှိသည်။ လိုချင်တာရှိလျှင် သွားယူ သုံးထားဖို့ မှာခဲ့ရသည်။

ဤသို့ဖြင့် အိမ်အမိုး အရိပ်အောက်မှ လွတ်မြောက်သွားပြီး မိမိဘာသာ ဆုံးဖြတ် လှုပ်ရှားရမည့် အဆောင်သို့ ရောက်ရှိသွားတော့သည်။

သူ ပထမဆုံး နေထိုင်ခဲ့တာ “သီတာဦး” အဆောင်။

(၃)
မိဘများ၏ အုပ်ထိန်းမှုအောက်က လုံးလုံးလျားလျား လွတ်မြောက် သွားသောအခါ သူ နေချင်သလို လွတ်လွတ်လပ်လပ် နေဖြစ်သွားသည်။ တစ်လစာအတွက် ပေးထားသည့် ပိုက်ဆံကို တစ်ရက်တည်းနှင့်လည်း သုံးချင် သုံးပစ်သည်။

အဆောင်နေ လူငယ်ချင်းချင်း အပေါင်းအသင်း ပေါင်းစုံတွေနှင့် အသာက်အစားလေးက ပါလာသည်။ အချိန်တိုတို အတွင်းမှာပင် သူ အသောက်အစားဖက်တာ ကျောင်းပရိဝုဏ်ထဲရှိ လူတွေအားလုံး သိကုန်ကြသည်။

အပေါင်းအသင်းများနှင့် ဂီတာ တီးနေရလျှင် ပြီးရော။ ကျောင်းတက်ရက်က မမှန်။ သူစိတ်ပါသော အတန်းတွေပဲ ရွေးတတ်သည်။ ရေလည်း ချိုးချင်မှ ချိုးသည်။ ဆံပင် ခွေကောက်ကောက်တွေကလည်း တွန့်လိပ် ရှည်လျား လာခဲ့သည်။

ဤအကြောင်းတွေကို ပထမတော့ မော်လမြိုင်ရှိ မိဘများ မသိကြ။ နောက်တော့ ပုသိမ်မှ အဒေါ်ကြီးတွေက စာရေးပြီး တိုင်တောကြသည်။

“ဘဲဥလေးကို မင်းတို့သည်အတိုင်း ပစ်ထားတော့မလား၊ ပြန်ခေါ်မယ်ဆိုလည်း ခပ်မြန်မြန်ခေါ်လိုက်တော့၊ ကြာရင် နစ်သွားလိမ့်မယ်၊ ဟိုတစ်နေ့က အိမ်လာတာ ညှဉ်းသိုးသိုးနဲ့။ ဆံပင်တွေလည်း အရှည်ကြီး” ဟု လှမ်းပြီး သတိပေးကြသည်။

(၄)
သည်အတိုင်း စခန်း ဆက်သွား၍ မဖြစ်တာ သူတို့ သဘောပေါက်ကြသည်။ မော်လမြိုင်ကို ရောက်ကာစ။ ချက်ခြင်းလည်း လာမခေါ်နိုင်။ ကျောင်း စာသင်နှစ် တစ်နှစ် မပြီးခင် ခေါ်လို့လည်းမဖြစ်။ သို့ဖြင့် စာရေးပြီး ဆုံးမရသည်။ ခေတ္တ ခဏ ဖြစ်စေ ပြန်လာဖို့ ခရီးစရိတ် ပို့ပြီး လှမ်းခေါ်ရသည်။

သို့သော် ကျော်မြင့်လွင်က ပုသိမ်မြေမှာ လွတ်လွတ်လပ်လပ် အတောင်ပံ ဖြန့်၍ ပျံသန်းနေခဲ့ပြီ။
ထိုအရသာကို သူသိသွားခဲ့ပြီ။
မိဘတွေဆီ ပြန်လိုက်မသွား။

ပိုက်ဆံ မပို့ဘဲထားလျှင် လက်ထဲ ငွေပြတ်ပါက အကျပ်အတည်းကြုံပြီး ပြန်လာမှာပဲ ဆိုတာလည်း မရ။ အခက်အခဲ ကြားမှ ဖြစ်သလို ကြံဖန်ပြီး နေသည်။ သူငယ်ချင်းတွေနှင့် ရှိ အတူတူ၊ မရှိ မတူတူ အပြားလိုက် ချထားသည်။ သူ့လက်ထဲမှာ ဖေါသီခဲ့စဉ် အတွန့်အဆုတ် မရှိ။ ကျွေးမွေးခဲ့သည့် သူ့စိတ် ဓါတ်ကိုသိသော သူငယ်ချင်းများက သူ့ကိုကြည်ဖြူကြသည်။ လုံးဝ ပြတ်လပ်ပြီဆိုလျှင် ငှက်ပျော်သီး စား၊ ရေသောက်ပြီး ဗိုက်မှောက်နေတတ်သည်။

အဆောင်လည်း အတည်တကျ မရှိ။ သီတာဦး အဆောင်မှ နီလာမြိုင်အဆောင် နံဘေးရှိ ခေတ္တရာ အဆောင်သို့ ရောက်သွားသည်။ အဲသည့်နောက်တော့ သူငယ်ချင်းများ ရှိရာ တစ်ဆောင်ပြီး တစ်ဆောင် ရွှေ့ပြောင်းနေတော့သည်။

သည်လိုနှင့် ပထမနှစ် စာမေးပွဲ ထပ်ကျပြီး External ကျောင်းသား ဖြစ်သွားခဲ့တော့သည်။

အဲသလို ကြုံရသည့်တိုင် ကျော်မြင့်လွင်က မော်လမြိုင်သို့ လိုက်မသွား။ ပုသိမ်မှာပဲ တုံးပေကတ်သတ် နေခဲ့သည်။

(၅)
ဂီတာ တီးလိုက်၊ သီချင်း ရေးလိုက်၊ ကဗျာတွေ၊ စာတွေ သီဖွဲ့လိုက်နှင့် သူ့ဘာသာ တည်ဆောက်နေသည်။ ထိုအချိန်မှာ သူဖြစ်နေပုံ ကိုအပေါ်ယံကြော ကြည့်၍ ဆုံးဖြတ် မရနိုင်။ သူ၏ အတွင်းထဲမှာက အလျှံတညီးညီး အရှိန်အဟုန် ပြင်းစွာ တောက်လောင်လျက် ရှိသည်။

သီချင်းတွေကို မရေးရလျှင်မနေနိုင်လောက်အောင် ရေးဖွဲ့ချင်သည့် စိတ်ပြင်းပြနေခဲ့သည်။ သူ့အနီးအနားမှာ သီချင်းဆိုမည့် လူလည်းမရှိ။ သူ့သီချင်း သူဆိုဖို့ပဲ ရှိသည်။ သူ့သီချင်း သူပြန်ဆိုဖို့ ဆိုတာကလည်း ရက်ကောဒင်းတို့ ဘာတို့အထိ ဘာရည်ရွယ်ချက်မျှ မရှိ။ သူ့ဘာသာ ဆာလောင်မွတ်သိပ်နေခြင်း ပြေပျောက်ဖို့သာ ဖြစ်သည်။ သူ့မှာ ရှိသော ဂီတဗေဒ အသိပညာသည် ပြည့်စုံ လုံလောက်ပြီဟု ဘယ်လိုမျှ မပြောနိုင်။ သို့သော်လည်း သူ့မှာ လူငယ် တစ်ယောက်၏ အင်အား ကြီးမားလှသော စိတ်ဇောမာန် တွန်းအား ရှိသည်။ ထိုတွန်းအားက သီချင်းကောင်းလေးတွေ ဖြစ်အောင်ရေးချင်နေခဲ့သည်။

ထိုစိတ်ဓာတ် ခွန်အားနှင့်ပင် သီချင်းတွေကို သူ ရေးဖြစ်ခဲ့သည်။

(၆)
ကျော်မြင့်လွင် သီချင်းစ ရေးတော့ ကော်ပီသီချင်းလေးတွေပဲ ဖြစ်သည်။ ပင်ကိုရေး သီချင်းများ ဖွဲ့သီနိုင်ရန် အတွက် တေးသွား ဖွဲ့စည်းမှု၊ အဆိုပါ တေးသွားများ အပေါ်တွင် မိတ်ဖက်သံများ တည်ဆောက်မှု၊ ဂီတ ဖန်တီး စီစဉ်ခန့်ခွဲမှု၊ တီးမှုတ် သီဆိုမှု အတတ်ပညာ နည်းစနစ်များ လိုအပ်သည်။ ထိုအရာများအတွက် ကျော်မြင့်လွင် သင်ယူခဲ့ရသော ကျောင်းနှင့် သင်တန်း မရှိခဲ့။

နိုင်ငံခြား တေးသွားများ၊ သီချင်းများကို သူလိုက်ပြီး တီးခဲ့၊ ဆိုခဲ့သည်။ ကော်ပီသီချင်းများ အပါအ၀င် နိုင်ငံခြား သီချင်းများကို ဤကဲ့သို့ သီဆို တီးခတ်ခြင်းသည် သူ့အတွက် ဂီတပညာ သင်ယူ လေ့လာမှု ဖြစ်လာသည်။ ဂီတကျောင်း တတ်ရောက် သင်ကြားမှု ဖြစ်လာသည်။

နိုင်ငံခြား သီချင်းများ၊ ကော်ပီ သီချင်းများ တီးခတ် သီဆိုကြရင်း အတွေ့အကြုံတွေ သူ ရလာသည်။ နည်းစနစ်တွေ ရလာသည်။ ဂီတ အသိပညာနှင့် သီအိုရီများ ရမှန်း မသိ ရလာခဲ့သည်။ ထိုအခြင်းအရာ အားလုံးကို အသုံးပြုပြီး ကိုယ်ပိုင်သံစဉ် သီချင်း ဘက်သို့ ကူးပြောင်း ရေးဖွဲ့နိုင်သည်အထိ တဖြည်းဖြည်းချင်း သူ အားကောင်း လာခဲ့သည်။

(၇)
သူ ပထမဆုံး ရေးဖွဲ့ဖြစ်ခဲ့သော ကိုယ်ပိုင်သံစဉ် သီချင်းက “ ဝေးသွားတဲ့အခါ ”။
“ဝေးသွားတဲ့အခါ…မင်းအနားမှာ….
မောင့်ရဲ့ချစ်လိပ်ပြာ…ဟိုသည်ပျံဝဲလို့နေချင်တာ။
ကြင်နာသူမေ့ရင်ထဲမှာ နားခိုခွင့်ပြုပါ။
ဟိုတုန်းက…တို့များ ရဲ့ချိုမျက်ဝန်းလွှာ၊
နွေအိမ်မက်များထဲမှာ တွေ့ကြမယ်နော်
သီးခြား ကမ္ဘာ တစ်ခုမှာ


လူငယ်တစ်ယောက်၏ အတွေးပီပီ စာသားလေးတွေက သန့်ရှင်း လတ်ဆတ်နေသည်။ သံစဉ်က ချစ်စရာ ကောင်းပြီး ဆန်းကြယ်သည်။ ထူးဆန်းသော အားကောင်းမှု တစ်ရပ်လည်း ထိုသီချင်းထဲမှာ ကိန်းဝပ်နေခဲ့သည်။

“ ဝေးသွားတဲ့အခါ ” ကို ရေးဖြစ်ခဲ့တာ ၁၉၈၂ ခုနှစ်။ သူ၏ အသက် ၁၉ နှစ်။
“ ဝေးသွားတဲ့အခါ၊ နှလုံးသားမှာအမြဲတမ်း သတိရနော်၊ ကြင်နာခဲ့ဖူးတဲ့ အချိန်အခါများ ပြန်လည်ကာ ရယူဖို့ရာ မဖြစ်နိုင်တော့တဲ့အခါ ရင်ထဲမှာ ပြန်တမ်းတ မြင်ယောင်လိုက်ပါ ”
ရင်ခုန်သံနွေးထွေးစွာ…
မှေးစက်မပျော်တဲ့ မေ့စက်ရာထက်မှာ။


(၈)
ကဗျာ ရေးသောအခါမှာတော့ သူ့ကလောင်အမည်ကို သူ့ဘာသာ “ ချစ်မှူးကျော် ” ဟု ပေးထားသည်။ ပထ၀ီဌာနမှ လက်ထောက်ကထိက ဦးဝင်း၏ ညီ၊ ဦးမြင့်စိန်နှင့်က သူတို့ လူငယ်တွေ ရင်းနှီးနေကြသည်။ ကျော့်မြင့်လွင်၏ ကလောင်အမည်ကို ကြားတော့ ဦးမြင့်စိန်က-

“ မင်းကွာ၊ တစ်ချိန်လုံးဒီလောက် သောက်နေတာ။ ချစ်မှူးကျော် လုပ်မနေစမ်းပါနဲ့၊ သျှပ်မှူးကျော်ပဲ ထားလိုက် ”
ဟု ဆိုသည်။

သို့ဖြင့် သူ၏ ကလောင်အမည်က တကယ်ပဲ သျှပ်မှူးကျော်ဟု ခေါ်တွင် သွားတော့သည်။

ပုသိမ် ဒေသကောလိပ် ပရိဝုဏ်ထဲမှာ သျှပ်မှူးကျော်၊ ကိုကျော့မှူး၊ အရိုင်းဖြူ (ကိုတင်အောင်) တို့၏ မြကဗျာစာအုပ်ကလေး ထွက်ပေါ် လာခဲ့ဖူးသည်။ စာကူးစက် မင်ရနံကလေး သင်းပျံ့နေသော ထိုကဗျာစာအုပ်သည် ကောလိပ်ကျောင်းသား လူငယ်တို့၏ ရင်ခုန်သံပဲ ဖြစ်ခဲ့သည်။

ပုသိမ်ဒေသ ကောလိပ်နှစ်လည် မဂဇင်းထဲမှာလည်း “ သျှပ်မှူးကျော် ” အမည်နှင့် စာတွေ၊ ကဗျာတွေ ရေးခဲ့သည်။

ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သူတွေက သူ့ကို “ ဘဲဥ ” ဟု ခေါ်တတ်ကြသည်။ ယခုတော့ ကောလိပ်ဝန်းကျင်မှာ သူ့ကို ခင်မင်သူတွေက “ ကိုသျှပ်” ဟုသာ ခေါ်ပြောကြလေသည်။

(၉)
သူ့ကို ခင်မင်သူတွေလည်း ပေါများသည်။ သူသည် သူခိုင်ခိုင်မာမာ သိထားသော အကြောင်းအရာ၊ သူ စွဲစွဲမြဲမြဲ ယုံကြည်ထားသည်တို့နှင့် ပတ်သက်လာလျှင် အလျှော့ မပေးတတ်။ ငြင်းခုံစရာ ရှိလျှင် ပြင်းပြင်းထန်ထန်ပင် ငြင်းတတ်ခုံတတ်သည်။

ထဲထဲဝင်ဝင် ရင်းနှီး ခင်မင် သွားပြီဆိုလျှင် သူ့ ၀သီက စကားပြောလျှင် ပွင့်လင်းလွတ်လပ် ပြောတတ်သည်။ အကြောင်း မသိလျှင် အပေါ်စီးက ငေါက်ငမ်း ပြောဆိုလေသလား ထင်ရသည်။ တကယ်တမ်း သူ၏ စိတ်ရင်း အမှန်ကို သိသူတွေက ထိုအပေါ်ယံ ကိစ္စများကို အပြစ် မမြင်။ အပေါင်းအသင်းတွေ အပေါ်မှာ သူဘယ်လောက် သံယောဇဉ် ထားတတ်ကြောင်း၊ အနစ်နာ ခံတတ်ကြောင်းတွေ သိကြသည်။

သူ ကံကောင်းတာက သူ့ကို နားလည်သူ အပေါင်းအသင်းများ မရှားပါးခဲ့ခြင်း ဖြစ်သည်။

(၁၀)
ကျောင်းပရ၀ုဏ်ထဲမှာ ကဗျာလိုလို၊ စာလိုလိုနှင့် နေရာတကာ ပလွှားပလွှား နေခဲ့သူမဟုတ်။ မထင်မရှား မသိမသာဘဲ ဖြတ်သန်းဖို့ ကြိုးစားခဲ့သူ ဖြစ်သည်။ သို့သော် သူတို့၏ “ မြ ” ကဗျာ စာအုပ်လေးကတော့ဖြင့် ပုသိမ် ဒေသကောလိပ် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့သည်။
“ အခါတစ်ပါး၌
သူမ၏ လက်ဝယ်….ထက် “ မြ ”သော မြှားတစ်စင်း တည်၏။
သို့သော် လေး မရှိ။
ထိုရော အခါ
ငါ၏ လက်ဝယ်….ချို “ မြ ” သော စောင်းတစ်အိုး တည်၏။
သို့သော်ကြိုး မရှိ”


(၁၁)
သူ၏ “ မနှင်းဖြူ ” နှင့် “ စင်သီယာ ” ကဗျာတွေ အကြာင်းကိုလည်း ပုသိမ်ဒေသကောလိပ်မှာ လူပြောများခဲ့သည်။

“ ငါ့ ကဗျာ ဘယ်မှာလဲ၊ မရဲတရဲ မေးခွန်း၊ တိုးတိတ်လွန်းမှာ သိတယ်။ နယ်မချဲ့ပါနဲ့ ဝေဒနာ၊ ငါ မနေတတ်ဘူး၊ အရူးတစ်ယောက်ရဲ့လွမ်းချင်းကို မင်းဘာကြောင့် နားထောင်ချင်တာလဲ၊ အသည်းမှာ စွဲတဲ့ မြားချက်ဟာ လူမသိဘဲ အသက်သေစေတယ်။ နွေမှာ ဖြစ်တဲ့ မိုးတိမ်ဟာ မုတ်သုံ မလာခင် အိပ်စက်ရဦးမယ်။ မင်းရဲ့ နောက်ဆုံး ရယ်မောသံမှာ ငါ သေခဲ့ပြီ စင်သီယာ၊ ငါ့ကဗျာ ဘယ်မှာလဲ။”

“ စင်သီယာ၊ ငါ မပြောတော့ဘူး၊ မင်းဦးနှောက် နွံအိုင်တောမှာ ဘောဂဗေဒ ဇယားချပ်တွေ၊ မျက်တောင်ခတ်တဲ့ ကိန်းဂဏန်းတွေ၊ “ ငွေ…ငွေ ” …ငွေ (မင်းတို့) ဆိုနေကျ သီချင်းတစ်စမို့ ငါ အလွတ် ရနေပြီ၊ ဒီ အမှိုက်ပုံထဲ ငါ့ကို မဆွဲနဲ့ စင်သီယာ၊ ငါ မလာနိုင်ဘူး၊ စူးစူးဝါးဝါး အော်ဟစ်၊ ချွေးမိုးအောက် နစ်ပါစေ၊ မင်းပြုံးနေ စင်သီယာ၊ ငါ မပြောတတ်ဘူး”

(၁၂)
ဤသို့ဖြင့် ပုသိမ်ဒေသကောလိပ် ပရ၀ုဏ်တစ်ခွင်တွင် ကျော်မြင့်လွင်ကို သျှပ်မှူးကျော် အမည်ကို အစွဲပြုပြီး သျှပ် သို့မဟုတ် ကိုသျှပ် ဟုသာခေါ်ကြတော့သည်။ ငယ်ငယ်ကတည်းက ခေါ်လာခဲ့ကြသော ဘဲဥ အမည်ကိုပင် သျှပ်က လွှမ်းမိုးသွားခဲ့သည်။

“ မြ ” ကဗျာစာအုပ် အတွက်နှင့် ကိုအောင်မင်း၊ ကိုတင်အောင် (အရိုင်းဖြူ) ကိုကျော့မှူး (သံယောဇဉ် သမားလေး မောင်ဖိုးကျော်) တို့ ဘာမဟုတ်ဘဲ ဗျာများခဲ့ရသေးသည်။ သျှပ်မှူးကျော်လည်း သူ၏ ကဗျာ များစွာတို့ကို အဆောင် ရေအိမ်ထဲသို့ အတွန့်အဆုတ် မရှိ အပြေးအလွှား ပစ်ချခဲ့ရသည်။

(၁၃)
ကျော်မြင့်လွင် ခေါ်၊ ဘဲဥ ခေါ် ကိုသျှပ်သည် ပုသိမ်ကောလိပ်တွင် အလွန် ဟောဟောဒိုင်းဒိုင်း ပွင့်လင်းသူ ဖြစ်သည်။ သို့သော် သူ့မှာ တော်တန်ရုံ ခင်မင်သူများပင် မသိခဲ့ကြသေးသော အမည် တစ်ခုကလည်း ရှိနေခဲ့သေးသည်။

(၁၄)
"ရှုမ၀ ရုပ်စုံမဂ္ဂဇင်း" ဆိုတာ ထိုခေတ်ထိုအခါက ဟိတ်ကြီးလှသည်။ စာပေသြဇာ လွန်စွာ ကြီးမားသော ရှားရှားပါးပါး မဂ္ဂဇင်း သုံးလေးစောင်ထဲမှာ တစ်စောင် အပါအ၀င် ရပ်တည်နေခဲ့သည်။ အယ်ဒီတာတွေက ဆရာ မောင်ဆွေတင့်၊ ဆရာ မောင်မြင့်မြတ်နှင့် ဆရာ ကျော်စိန်မင်းတို့ ဖြစ်ကြလေသည်။

"ရှုမ၀ ရုပ်စုံမဂ္ဂဇင်း" ကို ကဗျာ၊ ၀တ္ထုတွေ ပို့ခဲ့သည်။ "ရှုမ၀" အတွက် သူ၏ ကလောင်အမည်က "လင်းထက်"။

ရှုမ၀ရုပ်စုံလို အထင်ကရ မဂ္ဂဇင်းကြီးမှာ ကဗျာ၊ ၀တ္ထုတွေ ပါခဲ့သော်လည်း ထိုကိစ္စကို ပုသိမ် ဒေသကောလိပ်ဝန်းကျင်မှာ သိသူ အလွန် နည်းခဲ့သည်။

ကျော်မြင့်လွင်ကို ပုသိမ် ဒေသကောလိပ်တွင် လင်းထက် အမည်နှင့် ခေါ်သူ ထိုအချိန်က မရှိခဲ့ချေ။ သူသည် လိုအပ်လာသောအခါ အကန့်ခွဲခြား ဖုံးဖိ သိုဝှက် ထားတတ်သူ ဖြစ်သည်။ မလိုအပ်လျှင် နှုတ်က ဖွင့်ဟ မနေချင်။

(၁၅)
လူက ထင်ထင်ရှားရှား မနေပြခဲ့သော်လည်း သူ၏ လူငယ် နှလုံးသား တစ်ခုလုံးမှာ အနုပညာ မီးတွေက အလျှံတညီးညီး စွဲကပ် တောက်လောင်နေခဲ့တာတော့ သေချာသည်။
"အမေ……….သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ ကဗျာ…ကဗျာ…ကဗျာ…
သက်သာရာ ရမလား လို့ပါ
(ဒီတစ်ခါတော့ဖြင့်) ၀မ်းရေစပ်ရင်လည်း
နည်းနည်း ခွင့်လွှတ်ပါ အမေ
သားတော့ မီးလောင်နေပြီ။"


နားလည်ရ ခက်ခဲသော သူ၏ ခံစားချက် အချို့ကို အမေ့ထံတိုင်တည်ဟန်ဖြင့် တစ်စွန်းတစ်စ ဖွင့်အန် ထုတ်ပြလိုက်သည့် ကဗျာ ဖြစ်လေသည်။

                                                       အခန်း (၆)                                                   စံရိပ်ငြိမ် ၆ လမ်း

(၁)
ပုသိမ် ဒေသကောလိပ် External ကျောင်းသား ဘ၀တွင် ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်၊ ၆ လမ်းရှိ ဒေါ်ကြည်ကြည်ဝင်း၏ အဆောင်သို့ သူ ရောက်ရှိ သွားခဲ့သည်။ စံရိပ်ငြိမ်၊ ၆ လမ်းမှာ သူ ကွန်းခိုခဲ့သော အဆိုပါ ကာလသည်လည်း ထူးခြားလျှက် ရှိနေပြန်သည်။

အဆောင်သာ ဆိုရသော်လည်း သစ်သား အိမ်ကလေး တစ်လုံးသာ။

အိမ်မျက်နှာစာမှာ နှစ်တစ်လက်မ သစ်သားတန်းတွေ ခပ်ကျဲကျဲ ရိုက်ကာ ထား၍ အထဲကို လှမ်းမြင်နေရသည်။ အပေါ်ထပ်မှာ အိမ်ပိုင်ရှင်နေပြီး အောက်ထပ်မှာ သူတို့ အဆောင်သားတွေ နေကြသည်။

အဆောင် အရှေ့ရှိ တရုတ်စံကားပင်ကြီးကတော့ဖြင့် ဖြူဆွတ်သော အပွင့်တွေနှင့် ဖွေးဖွေးလှုပ်၍ နေတော့သည်။ မြေပြင်ပေါ်မှာ ပန်းကြွေတွေကလည်း ပြန့်ကြဲလျက်။

(၂)
ကိုယ့်အိမ်မှာတုန်းက ကိုသျှပ်သည် အကြီးဆုံး ဖြစ်၍ သူ့မှာ ညီငယ်၊ ညီမငယ်တွေလည်း ရှိခဲ့သည်။ သူ့ထက် ကြီးသော အစ်ကို၊ အစ်မတွေကို လိုချင်သော်လည်း မရသာခဲ့။ ပုသိမ်မှာ တွဲခဲ့သော အပေါင်းအသင်းတွေ အားလုံး သူနှင့် အရွယ် တူချင် တူ၊ မတူလျှင် သူ့ထက် အသက် ငယ်ရွယ်ခဲ့ကြသည်။

ယခုတော့ သူ့ထက် အသက်ကြီး၊ ၀ါကြီးသူတွေကို တစ်သိုက် တစ်မြုံကြီး တွေ့ရပြီ။ အစ်ကို ငတ်မွတ် တောင့်တသော သူ့အတွက် ခင်မင် တွယ်တာစရာပဲ ဖြစ်ခဲ့သည်။

ထိုအချိန်တုန်းက စံရိပ်ငြိမ် ၆ လမ်း အဆောင်ကလေးမှာ နေထိုင်ကြသူတွေ အချင်းချင်းကလည်း "အရင်းအနှီးဆုံး နှလုံးသားများ" အဖြစ် တည်ဆောက်ထားခဲ့ကြသည်။ သူတို့တစ်တွေသည် သွေးသားအရ ညီအစ်ကို မတော်စပ်ခဲ့ကြလင့်ကစား ဘ၀နှင့် ခံယူချက်တွေမှာ ညီအစ်ကိုများပမာ ဖြစ်ခဲ့ကြဖူးသည်။

(၃)
ကျော်မြင့်လွင်က ထိုအဖွဲ့ထဲက အချို့ကို ပုသိမ်မှာကတည်းက သိထား ကျွမ်းထားပြီး ဖြစ်သော်လည်း အချို့ကိုတော့ အခုမှ မိတ်ဆက် ရသည်။ မည်သို့ဆိုစေ အားလုံး နှင့် ဝေးလှမ်း ခြားနားခြင်း မရှိ။ သူစိမ်း မဆန်။

"သူ့ နာမည်က ကျော်မြင့်လွင်တဲ့။ သျှပ်မှူးကျော် နာမည်နဲ့ ကဗျာတွေ ရေးတယ်။ ဟောဒီက အရိုင်းဖြူတို့နဲ့ တွဲပြီး ကဗျာစာအုပ်လည်း ထွက်ဖူးတယ်။ ပညာ အရည်အချင်းကတော့ ဘိုင်အို အတွဲနဲ့ ပထမနှစ် နှစ်ခါ ကျပြီး အိတ်စတာနယ် ဖြစ်နေပြီ" ဟု သူ၏ ဂုဏ်ပုဒ်တွေကို ဖော်ပေးကြသည်။

သူ့ကို ကြည့်လာကြသည့် အကြည့်တွေထဲမှာ အထင်သေးသော အငွေ့အသက် ဘာတစ်ခုမျှ မပါ။ မေတ္တာ ဓာတ်ဖြင့် နွေးထွေး၍သာ နေကြသည်။ လမ်းပျောက်နေသော သူ့ကို လမ်းကူ ရှာပေးဖို့၊ တိမ်းစောင်းနေသော သူ့ကို ပြန်ပြီး တည့်မတ် ပေးကြဖို့သာ စိတ်ကူးကြပုံ ပေါ်သည်။ လှိုက်လှဲစွာပင် လက်ကမ်းပြီး သူ့ကို ကြိုဆိုခဲ့ကြသည်။

အနက်ရောင် လေးထောင့် မျက်မှန်ကိုင်းထဲမှ သူ၏ မျက်လုံးတွေကတော့ဖြင့် တောက်ပနေကြသည်။ ဘာတွေဝေ တွန့်ဆုတ်မှုမျှ မရှိ။ သူ လုပ်ချင်ရာ တစ်ခုတည်းကိုသာ ခေါင်းထဲ ထည့်ထားပုံ ရသည်။ ပြတ်သားစွာ ဆုံးဖြတ်ထားပြီး ရှေ့ကို တည့်တည့်ကြီး ဆက်သွားမည့် အသွင် သဏ္ဍာန်က ထင်ရှားလျက် ရှိတော့သည်။

(၄)
စံရိပ်ငြိမ် ၆ လမ်း၊ ဒေါ်ကြည်ကြည်ဝင်း အဆောင်သား အများစုက ဧရာဝတီတိုင်းသားတွေ။ ရန်ကုန်မြေမှာ တစ်ကိုင်းတည်း လာပြီး နားနေမိကြခြင်း ဖြစ်သည်။ ကျော်မြင့်လွင် အပါအ၀င် သူတို့ အားလုံး ခုနှစ်ယောက်။

ပုသိမ်သား ပန်းချီဆရာ ကိုနေမျိုးဇော်က ကဗျာ ရေးလျှင် မင်းညိုစင် အမည်ဖြင့် ရေးသည်။ ကျော်မြင့်လွင်ထက် အသက် ဆယ်နှစ်လောက် ပိုကြီးသော ကိုနေမျိုးဇော်က သူ့ကို ညီငယ် တစ်ယောက်၊ လက်တွဲဖော် အပေါင်းအသင်း တစ်ယောက်လို နွေးထွေးခဲ့သည်။

လူပုံ ပိန်နွဲ့နွဲ့၊ စကားပြောလျှင် နူးညံ့ ချိုသာသော ကိုနေမျိုးဇော်က ပရိယာယ် မာယာ မကြွယ်ဝ။ ပျော့ပျောင်း နူးညံ့ပုံ ရသော်လည်း ဆုံးဖြတ်မိလျှင် နောက်မဆုတ်မည့် လူစားမျိုး ဖြစ်သည်။ သူက လွယ်လွယ်နှင့် ပြောင်းတတ် ပြင်တတ်သူမျိုး ဟုတ်ဟန် မတူ။ အခြေအနေနှင့် ရာသီဥတုကိုပင် ထည့်တွက်မည့်သူမျိုး မဟုတ်ချေ။

ထိုအချိန်မှာ ကိုနေမျိုးဇော်က ရှုမ၀ရုပ်စုံမဂ္ဂဇင်းတွင် ကဗျာသရုပ်ဖော်ပုံများ လစဉ် ရေးဆွဲလျက် ရှိပြီး မိုးဝေမဂ္ဂဇင်းနှင့်လည်း အဆက်အသွယ် ရှိသည်။ သူတို့ အဖွဲ့ထဲမှာ စာပေ အနုပညာလောကနှင့် အနီးစပ်ဆုံး လူဟု ဆိုရမည်။

ကိုနေမျိုးဇော်၏ ငယ်သူငယ်ချင်း ဖြစ်သူ ကိုမောင်မောင် (ကဗျာဆရာ အရိုင်းဖြူ) နှင့် ကျော်မြင့်လွင်တို့က ပုသိမ်၊ ပြည်တော်သာ တစ်ရပ်ကွက်တည်း သားတွေ။ ကဗျာစာအုပ်လည်း အတူတူ ထွက်ဖူးသည်။

ကိုသီဟန်သွင်က ပုသိမ်ကောလိပ် ကျောင်းသားဘ၀ နှစ်လည်မဂ္ဂဇင်းမှာ ကိုနေမျိုးဇော်နှင့်အတူတူ လက်စွမ်းပြခဲ့ဖူးသည်။ ဘွဲ့ရပြီး ရန်ကုန်မှာ ခြေတစ်နေရာ ချဖို့ ကြိုးစားရင်း ကဗျာတွေ၊ ၀တ္ထုတွေ ရေးဖွဲ့သည်။

ဝတ္ထုတိုတွေရေးသော မောင်သုန်ကို သူတို့အချင်းချင်းက ငှက်ဆိုးဟု ခေါ်ကြသည်။ သူတို့နောင်တစ်ချိန်မှာတော့ဖြင့် "အဖေ ခေသူမဟုတ်နှင့် အခြားဝတ္ထုများ" စာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိသွားခဲ့သည်။

နောက်တစ်ယောက်က ပုသိမ်ကောလိပ်တွင် အနန္တလှိုင်အမည်နှင့် ကဗျာတွေ ရေးခဲ့သော ကိုသန်းဝင်း။ သူသည် ၀ိဇ္ဇာဘွဲ့ကို မြန်မာစာအဓိကနှင့် အထူးအောင်ခဲ့သော်လည်း မဟာဝိဇ္ဇာတန်းတက်ဖို့ ဝေးသွားခဲ့ရသည့် ကဗျာဆရာ အောင်ဝေးပင်ဖြစ်သည်။

ကိုအောင်ဝေးက မြောင်းမြသား။ ကိုအောင်ဝေးနှင့် ကျော်မြင့်လွင် (လင်းထက်) တို့၏ ပထမဆုံးကဗျာတွေက ရှုမ၀ရုပ်စုံမဂ္ဂဇင်း (၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ) တွင် အတူတူ ပါခဲ့ကြ၍ ကဗျာဆရာသက်တမ်း အတူတူဟု ဆိုရမည်။ အသက်အရွယ်ချင်း ကွာခြားသော်လည်း သူတို့နှစ်ယောက်၏ သံယောဇဉ်ကလည်း ကြီးမားသည်။

ထို့အပြင် ပြည်မြို့မှကိုခင်မောင်လွင်လည်းရှိသည်။ သူလည်း စာသမားပင်ဖြစ်သည်။

ဤသို့ဖြင့် အခန်းမှာအမြဲနေထိုင်သူ ခုနှစ်ယောက်။ ကြုံလျှင် ကြုံသလို လာရောက်တည်းခို ၀င်အိပ်သွားကြသော သူငယ်ချင်းအပေါင်းအသင်းကဖြင့် မနည်းလှပြီ။

(၅)
ကျော်မြင့်လွင်က အခန်းမှာအသက်လည်း အငယ်ဆုံး။ လူကောင်လည်း အသေးဆုံးဖြစ်၍ သူ၏ ကဗျာဆရာနာမည်မှ ရှေ့ဆုံးအလုံးကိုယူကာ "သျှပ်ကလေး" ဟုခေါ်ကြလေသည်။

(၆)
သူတို့အခန်းကို ရောက်ရောက်လာကြသူတွေထဲမှာ ရန်ကုန်စက်မှုတက္ကသိုလ်မှ ချည်မျှင်(textile) ကျောင်းသား ကိုထွန်းဝေ (နောင်တွင် မန္တလေးအရက်ချက်စက်ရုံ) အကြောင်းကိုလည်း ထည့်ပြောမှ ပြည့်စုံမည်။ ကိုထွန်းဝေလည်း ပုသိမ်ကောလိပ်တက်ခဲ့သူဖြစ်သည်။

ထူးခြားတာက သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး မကွယ်လွန်မီ သူ့ကိုလျှို့ဝှက်သိုင်းပညာ အတော်များများ သင်ကြားပေးထားခဲ့၍ ဆရာဖြစ် အဆင့်အထိ တက်ကျွမ်းထားသူဖြစ်နေသည်။

သူရောက်လာလျှင် စံရိပ်ငြိမ် ၆လမ်း အဆောင်သားတွေက ရတတ်သမျှ သိုင်းအကွက်တွေ သင်ယူကြသည်။ အမြဲတမ်း စူးနစ်လေ့ကျင့်ကြသည် မဟုတ်၍ သူတို့နင်းသော သိုင်းကွက်များမှာ ကိုရိုကားရားဖြစ်၍နေတော့သည်။ ပုံမကျ ပန်းမကျသိုင်းကစားခဲ့သူတွေထဲမှာ သျှပ်ကလေးလည်း ပါခဲ့သည်သာ။

ကိုထွန်းဝေကလည်း သူတို့ဆီက အနုပညာဓာတ်တွေ ကူးစက်ပြီး မယ်ဒလင်တစ်လက်နှင့် သီချင်းဆိုဖို့ ကြိုးစားနေတတ်ပြန်သည်။ သူ့လက်သံကလည်း အဆင်တော့ မပြေလှ။

(၇)
သူတို့ အဆောင်တည်ရှိရာလမ်းနှင့် မျဉ်းပြိုင်လမ်းထဲမှာ အိမ်ကျောချင်းကပ် ဓားလွယ်ခုတ်အနေအထားတွင် ကဗျာဆရာမ မအိနေထိုင်သည်။ ဆရာမ မအိက ဟင်္သာတသူ။

ကိုနေမျိုးဇော်နှင့် သူ့ထက် အသက်သုံးနှစ်ခန့်ကြီးသည့် ဆရာမ မအိတို့သည် မောင်နှမရင်းချာ မောင်လေးငယ်နှင့် အစ်မကြီးသဖွယ်။ ရဲဘော်ရဲဘက်လိုလည်း ခင်မင်ကြသည်။

ဆရာမ မအိသည် ရှုမ၀ရုပ်စုံမဂ္ဂဇင်းတွင် လစဉ်ပင်တိုင်ကဗျာ၊ ၀တ္ထုတိုတွေ ပါနေသူ။ အယ်ဒီတာချုပ် ဆရာမောင်ဆွေတင့်နှင့် တာဝန်ခံ အယ်ဒီတာ ဆရာမောင်မြင့်မြတ်တို့က မဂ္ဂဇင်းတိုက်မှာ ပညာယူဖို့ ဖိတ်ခေါ်ခဲ့ကြသည်။

ဤသို့ဖြင့် ထိုအခိုက်အတန့်တွင် ဆရာမ မအိသည် ရှုမ၀မဂ္ဂဇင်းတိုက်သို့ အရောက်အပေါက်မှန်မှန်ရှိခဲ့သည်။ ကိုနေမျိုးဇော်ကလည်း ကဗျာ၊ ၀တ္ထု၊ သရုပ်ဖော်ပုံတွေအတွက်
အလုပ်လာယူ၊ ပြန်လာအပ်။ မဂ္ဂဇင်းတိုက်မှာ ကြုံကြိုက်တိုင်း ဘတ်စ်ကားစီးပြီး သူတို့အတူတူပြန်လာဖြစ်ကြတာများသည်။

(၈)
ကျော်မြင့်လွင်နှင့် ဆရာမ မအိ၏ ညီမအငယ်ဆုံးလေးတို့က ပုသိမ်ကောလိပ်အတူတူတက်ဘက်တွေ ဖြစ်နေကြပြန်သည်။

"မအိက ညီမလေးနဲ့ တူတယ်နော်" ဟု ကျော်မြင့်လွင်က ဆိုသောအခါ မအိရင်ထဲ လှုပ်ရှားသွားသည်။

"တော်တော် တူသလား" ဟု ကသောကမျောပင် မေးမိသည်။

"အင်း နည်းနည်းမဟုတ်ဘူး။ တော်တော့်ကိုဆင်တာ" ဟု ကျော်မြင့်လွင်က အလေးအနက်ထားပြီး မှတ်ချက်ချသည်။

ဆရာမ မအိကတော့ သူ့ညီမလေးနှင့် ရုပ်ချင်းဆင်တူသည်ဟု ပြောသံကြားရတိုင်း စိတ်ထဲမှာလွန်စွာ ကြည်နူးမိစမြဲ။ သို့ဖြစ်၍ ကျော်မြင့်လွင်၏ မှတ်ချက်မှာ ကျေနပ်သွားခဲ့သည်။

ဆရာမ မအိက ကိုယ့်ထက်အသက်အများကြီး ကြီးသော ကဗျာရေးဖော်အစ်မကြီးကို ကလောင်နာမည် အတိုင်းပဲ "မအိ" ဟုခေါ်သော လင်းထက်ကိုလည်း အပြစ်မမြင်။ ဒါကိုက ရိုးသားဖြူစင်ပွင့်လင်းသလောက် ခိုင်မြဲသော မေတ္တာဓာတ်၏ ပြယုဂ်တစ်ရပ်ဟုပင် ဆိုနိုင်စကောင်းသည်ထင်မိသည်။

(၉)
စံရိပ်ငြိမ် ၆ လမ်းက သူတို့အခန်းမှာ စည်းကမ်းကတော့ အလွန်တင်းကျပ်သည်။ အရက်မသောက်ရ၊ ဖဲမရိုက်ရ၍ အခြားကိစ္စကား စကားထဲပင် ထည့်ပြောမရတော့ပြီ။

သူတို့အထဲမှာ ငွေကို ဖောဖောသီသီသုံးနိုင်သည့်သူ တစ်ယောက်မျှ မရှိ။ ဘိုင်ကျနေကြတာပဲ များသည်။ သို့သော် သူတို့တစ်တွေ စိတ်ကူးယဉ်လိုက်ကြလျှင် စာပေ၊ ကဗျာ၊ အနုပညာနှင့် ပက်သက်ပြီး မြင့်မြင့်မားမားတွေချည်းသာ။ ဖြစ်နိုင်လျှင် မဂ္ဂဇင်းတစ်စောင်ထုတ်ဖို့ကလည်း အမြဲပါသည်။

လူငယ်တွေပီပီ ကမ္ဘာကြီးကို အကောင်းဘက်ပြောင်းလဲပစ်ဖို့ ရိုးသားလှသည့်အိပ်မက်များကို သူတို့မက်ခဲ့ကြသည်။

(၁၀)
ကဗျာဖွဲ့သူ ဖွဲ့၊ ၀တ္ထုရေးသူ ရေး၊ စာဖတ်သူ ဖတ်ပြီး ညအိပ်လေ့မရှိကြသည့် သူတို့အခန်းကို "ဇီးကွက် တိုင်းပြည်" ဟုလည်း ခေါ်ကြသည်။

ကဗျာဆရာ ကိုအောင်ဝေးက ကဗျာမရေးခင် သူ၏ ကဗျာစာသားတွေကို အသံထွက်ပြီး ရွတ်နေတတ်သည်။

ကိုနေမျိုးဇော်၏ စားပွဲမှာ ပန်းချီဆေးတွေ၊ စုတ်တံ၊ ကလောင်၊ မင်အိုး၊ ပန်းချီစာရွက်တွေနှင့် ပြည့်ကျပ်နေသည်။ ပန်းချီရုပ်ပုံပေါ်တွင် တင်ထားသော ဆေးသားထူထူကို ဓားပါးကလေးနှင့် တရှဲရှဲ ခြစ်ထုတ်နေသည့် အသံကိုကြားရမည်။ မိုးလင်းသည်အထိ သူအလုပ်လုပ်ပြီးလျှင် ကရင်သင်တိုင်း အနီးဝတ်ကာ ခင်ဝမ်း၏ "ဘယ်တော့များလဲ…နှင်းရယ်" သီချင်းကို ဂီတာတစ်လက်နှင့်တိုးဖွဖွကလေး ညည်းညူနေတတ်သည်။

ကိုခင်မောင်လွင်ကလည်း ဆေးလိပ်ကိုခဲပြီး ၀တ္ထုတိုတွေ ဖိရေးသည်။ စက်မှုတက္ကသိုလ်မှ သိုင်းဆရာ ကိုထွန်းဝေ ရောက်လာလျှင်တော့ဖြင့် ကိုခင်မောင်လွင်ရေးထားသော ၀တ္ထုတိုတွေကို ယူဖတ်ပြီး "ကျွန်ုပ်၏ ချစ်သူသည်ကား ထိုလူကြီး၏ ရင်ခွင်တွင် မှေးစက်နေပေတော့သည်" ဆိုသောဝါကျကို ပြန်၍ ရွတ်ပြတတ်သည်။

(၁၁)
ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာ ဖြစ်ဖို့ စိတ်ကူးအိပ်မက်များနှင့် ထုံမွှမ်းထားကြသည့် ထိုအခန်းတွင် ကျော်မြင့်လွင်၏ သီချင်းဂီတ ကိစ္စမှာ အတန်ငယ် မှေးမှိန်လျက်ရှိသယောင် ထင်ရသည်။

အစ်ကိုကြီးတွေကလည်း လမ်းတစ်ဝက်မှာ ယောင်ချာချာနှင့် ခရီးမရောက်နိုင်သေးဟု သူတို့ယူဆသော သျှပ်ကလေးကို "ကျောင်းပြီးမှ လုပ်ချင်တာ လုပ်" အယူအဆဖြင့် ၀ိုင်းဆုံးမကြသည်။ အနုပညာထက် ကျောင်းစာဘက်မှာ ပိုအားသန်ဖို့ လမ်းပြခဲ့ကြ၊ လက်တွဲခေါ်ကြသည်။

ရန်ကုန်တက္ကသိုလ်ထဲတွင် ပုသိမ်ကောလိပ်မှ ပြောင်းရွှေ့လာကြသော ဆရာများစွာရှိကြရာ အစ်ကိုကြီးတွေနှင့် ထိုဆရာတွေက ရင်းနှီးကြသည်။ သူ့ကိုကျောင်းထဲခေါ်သွားပြီး ဇီဝဗေဒဘာသာတွဲနှင့် သက်ဆိုင်သောဆရာများနှင့် တွေ့ပေး၊ မိတ်ဆက်ပေးကြသည်။ စာတွေမေးဖို့ ဆရာများထံ လွှတ်သည်။ အခန်းမှာ နေချင်တိုင်း နေမရ။ စာကျက်ရသည်။

နောက်ပိုင်းဆိုလျှင် အစ်ကိုကြီးတွေက ညနေခင်း လက်ဖက်ရည်ဆိုင်ထိုင်ရာသို့ပင် သူ့ကိုမခေါ်။ သူ့အတွက် ပါဆယ်ဆွဲပေးပြီး စာကိုသာ ကျက်စေကြသည်။ ကျော်မြင့်လွင်ကလည်း အစ်ကိုကြီးတွေကိုချစ်သည့် စိတ်ကြောင့် တတ်နိုင်သမျှ လိုက်လုပ်ခဲ့တာ မဆန်းကြယ်ဟု ဆိုနိုင်သလို အံ့သြစရာဟုပင် ဆိုချင်လည်း ဆိုနိုင်သည်။

(၁၂)
အစ်ကိုကြီးတွေ၏ စေတနာက သူ့အပေါ်ကြီးမားလှသော်လည်း သူ့ရင်ထဲရှိ အလျှံတညီးညီး မီးလျှံကို သူတို့ အပြည့်အ၀မမြင်နိုင်ကြ။ ဒါလည်း အဆန်းတော့ မဟုတ်။ သူကိုယ်တိုင်ပင် ထိုမီးလျှံ၏ အတိုင်းအဆကို သူမသိ။

အစ်ကိုကြီးတွေ အသီးသီး အသက အသက အပြင်ထွက်သွားကြပြီး သူတစ်ယောက်တည်းကျန်ရစ်တော့မှ သူ့ကိုယ်ပိုင် စိတ်ကူးများကို လွတ်လပ်စွာ သွန်ချသည်။ ရှိစုမဲ့စုနှင့် ဂီတာလေးတစ်လုံးဝယ်ထားတာက သူ၏အဖော်မွန် ဖြစ်သည်။ အဆိုပါ သူ၏ တိတ်တခိုးအဖော်ဂီတာလေးနှင့် သူ့အကြားရှိ ကြီးမားအားကောင်းလှသော အဆက်အသွယ်ရစ်ပတ် နှောင်ဖွဲ့မှုကို အခန်းထဲရှိ ဘယ်သူမျှ အတိအကျမသိကြ။

သူက အငယ်ဆုံးဖြစ်နေတာလည်း တစ်ကြောင်းဖြစ်သည်။ သို့ဖြစ်၍ သူသိထားသမျှ ဂီတကို ထုတ်ဖော်မပြချင်။ နောက်တစ်ခုက သူသည် လူအုပ်ထူထူထဲမှာ ဓားတ၀င့်ဝင့် မလုပ်တတ်သူ။ အချိန်ရသမျှ ဓားကိုထက်မြအောင် သွေးထားပြီး မလိုအပ်ချိန်တွင် ဓားအိမ်ထဲမှ လုံးဝ ဆွဲမထုတ်တတ်သူလည်းဖြစ်သည်။

(၁၃)
စံရိပ်ငြိမ် ၆ လမ်း၊ အဆောင်ခန်းလေးမှာ သူက သူများတွေလို ကဗျာရေး လိုက်ရေးသည်။ ၀တ္ထုရေး လိုက်ရေးသည်။

စာတွေ ကဗျာတွေ ရေးဖို့ဆိုလျှင် ကျောင်မြင့်လွင်သည် နေရာမရွေး သီးခြား အချိန်အခါမရွေး သူ့စိတ်ထဲမှာ ရင့်မှည့်ပြီးဆိုလျှင် တစ်ခါတည်းထိုင်ပြီး အပြီးလက်စဖြတ်တတ်သည်။

သမိုင်းဝင်ကင်တင်းရှိ ဦးတင်အောင်၏ "ရွှေကြယ်ကဖီး" ကို ကိုခင်မောင်လွင်တို့ အမိုးပြန်မိုးပေးကြသော ညတုန်းက သူတို့စံရိပ်ငြိမ်အဆောင် ၀ိုင်းတော်သားတွေလည်း လိုက်ပြီး ၀ိုင်းကူကြသည်။ ကျော်မြင့်လွင်သည် တတ်အားသရွေ့ လုပ်ပေးပြီးနောက် အချိန်ရသခိုက်ကလေးတွင် ဆိုင်ထဲမှ အပြင်ထုတ်ထားသော ခုံတစ်လုံးပေါ် ကုန်းပြီး စာရေးနေခဲ့သည်။

ကိုသီဟန်သွင်က "ဘာတွေရေးနေတာလဲကွ" ဟုမေးရာ မျက်မှန်ကို တစ်ချက်ပင့်မော့ကြည့်ပြီး ရှုမ၀ကို ပို့ဖို့ ၀တ္ထုရေးနေသည်ဟု ခပ်အေးအေးပင်ပြန်ဖြေသည်။

ရှုမ၀မှာ ၀တ္ထုပါဖို့ဆိုသည်မှာ အတော်ပင် မလွယ်သောကိစ္စ။ သည်ကောင်လေး။ သူမို့ စဉ်းစားရဲသည်ဟုတွေးပြီး ကိုသီဟန်သွင် ပြုံးမိလိုက်သေး၏။သို့သော် ဘာမျှ မကြာလိုက်။ ကျော်မြင့်လွင်၏ "လင်းထက်" ကလောင်အမည်နှင့် "မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍" ဆိုသော ၀တ္ထုတိုက ရှုမ၀ချစ်ကိုယ်တွေ့ ကဏ္ဍ၌ ပါလာသည်။

ထိုအခါကျမှ ကိုသီဟန်သွင်လည်း "သျှပ်ကလေးကို လျှော့တွက်၍မရ" ဟူ၍ သူ့ခြေစလက်စကို အသိအမှတ် ပြုလိုက်ရတော့သည်။
"လင်းထက် ၏ မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍"

(က)
၁၉၈၂ ခုနှစ်၊ ဇူလိုင်လထုတ် ရှုမ၀ရုပ်စုံမဂ္ဂဇင်းတွင် ပါရှိခဲ့သော သူ၏ ၀တ္ထုတိုကလေးမှာ ဂုဏ်အဆင့်အတန်းချင်း မတူညီ၍ ကွေကွင်းသွားကြရသော ချစ်သူနှစ်ဦး၏ ဘာမျှ မဆန်းပြားသည့် သမားရိုးကျ အချစ်အလွမ်ဇာတ်လမ်းကလေး တစ်ပုဒ်ဟု အလွယ်တကူ မှတ်ချက်ချမိချင်လည်း ချမိနိုင်သည်။ သို့သော် သိုင်းဝိုင်းဆက်စပ်နေသော အခြေအနေ၊ အချက်အလက်များစွာ ရှိသေးသည်။

ထိုဝတ္ထုတိုကလေးကို ရေးဖွဲ့ခဲ့စဉ်တုန်းက ကျော်မြင့်လွင်၏ အသက်အရွယ်မှာအတော်ငယ်သေးသည်။ ၁၉ နှစ်ပြည့်သည့် အချိန်နှင့် သွားတိုက်ဆိုင်သည်။ သူ့မှာရှိထားသော အတွေ့အကြုံ၊ ကျွမ်းကျင်မှုအရင်းအမြစ်များကို ထည့်၍ စဉ်းစား တွက်ဆလိုက်လျှင် မြင်ကွင်းက များစွာ ကျယ်ဝန်းသွားပေလိမ့်မည်။

ပြီးတော့ ၁၉၈၂ ခုနှစ်။ ထိုအချိန် ထိုကာလတုန်းက ရှုမ၀မှာ အတွင်းကဗျာလေး တစ်ပုဒ်လောက် ဖော်ပြခံရဖူးလျှင်ပင် စာပေဂုဏ်ကြီးမားလှပြီဟူ၍ တသသ ဂုဏ်ယူခဲ့ကြသော အချိန်ဖြစ်သည်။ ရှုမ၀၏ "ချစ်ကိုယ်တွေ့ ကဏ္ဍ" မှာလည်း လူသစ်တန်းတို့အတွက် စာပေအနုပညာ သြဇာအဟိတ်မြင့်မားလှသည်။ ထိုကဏ္ဍမှာ ၀တ္ထုတိုလေး တစ်ပုဒ်ပါဖို့အရေး မနည်းမနော ကြိုးစားကြရသည်။

ရှုမ၀စင်မြင့်ပေါ်သို့ တက်လှမ်းကြသော စာရေးဆရာ အများစုသည် ဤလမ်းကြောင်းမှပင် အားထုတ်ခဲ့ရသည်။ ထိုစဉ်က အယ်ဒီတာအဖွဲ့၏ တင်းကြပ်သော စည်းမျဉ်းဘောင် အကန့်အသတ်ကို ထည့်စဉ်းစားမှ ပြည့်စုံမည်ဖြစ်သည်။

(ခ)
ဤ၀တ္ထုတိုလေး တစ်ပုဒ်ထဲမှာပင် သူ၏ ပါရမီ၊ သူ၏ ဖြစ်နိုင်ခြေ အလားအလာများစွာတို့ကို မြင်တွေ့နိုင်သည်။ သူက စာရေးဆရာ မလုပ်ခဲ့၍သာ စာရေးဆရာ ဖြစ်မလာခဲ့တာ။ သူ၏ ဖန်တီးနိုင်စွမ်းအား မည်မျှ ကြီးမားသွားနိုင်သည်ကို ဤလက်ရာလေးထဲမှ တစေ့တစောင်း အကဲခတ်ကြည့်နိုင်ပါသည်။

(ဂ)
ဝတ္ထုကို သူကအငြိမ့်ခန်းဖြင့်မစ။ လှုပ်၍ ဖွင့်လိုက်သည်။ အကြောင်းမှာ ဤအဖွင့်ခန်းတွင် ချစ်သူမိန်းကလေးက ယောကျာ်းလေးကို ပါးရိုက်လိုက်၍ဖြစ်၏။ သို့သော် ထိုပဋိပက္ခ အခြင်းအရာသည် နာကြည်းမှု အမျက်ဒေါသထက် မချင့်မရဲနှင့်ဝမ်းနည်းစရာပို၍ ကောင်းနေသည်။

(လင်းထက်၏ "မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်"ဖြစ်၍ ၀တ္ထုတိုမှ ကောက်နုတ်ချက်များ)

မောင့်ထံမှ သည်သို့သော စကားမျိုး ကြားရလိမ့်မည်ဟု မြတ်စု မထင်မိခဲ့။

"မောင် မတတ်နိုင်ဘူး မြတ်စုရယ်၊ အနစ်နာခံတာ၊ စွန့်လွှတ်တာလို့လည်း မပြောချင်ဘူး၊ မောင့်ဘ၀ကို မြတ်စု နားလည်သားပဲ၊ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင်…"

"အို . . . မောင်၊ မြတ်စု . . . မြတ်စု . . ."

မောင် မြတ်စုကို မချစ်ဘူးဟု ပြောလိုက်ချင်သည်။ မရ။ မြတ်စုနှုတ်တို့ ဆွံ့ချေသည်။ မျက်ရည်များသည် ပါးပြင်သို့ စီးကျလာသည်။

မောင် မြတ်စုကို ဥပေက္ခာပြုလွန်းသည်။ မောင်ပြဿနာကို ရှောင်ဖယ်သည်။ မောင်ကိုယ်လွတ်ရုန်းသည်။ မြတ်စု စိတ်၌ မောင့်ကို စွဲချက်ပေါင်းများစွာ တင်၏ ။ မောင့်ကို မြတ်စု စိတ်နာသည်။ စိတ်မှ နာကြည်းမှုသည် လက်သို့ရောက်၏ ။ မြတ်စု မောင့်ပါးကို ပြင်းထန်စွာ ရိုက်သည်။

"မောင်…ရယ်"

မောင့်ကို ရိုက်မိသည့်အတွက် မြတ်စု ရုတ်ချည်း နောင်တရသည်။

မောင့်မျက်နှာကို မျက်ရည်များကြားမှ ရီဝေစွာ တွေ့ရသည်။ မြတ်စု မောင့်လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ နာကြည်းမှုများ နေရာတွင် ကြေကွဲမှုများဝင်လာ၏ ။ မြတ်စုတစ်ချက်ရှိုက်သည်။

"မြတ်….. မြတ်စု မှားသွားတယ် မောင်၊ မောင့်ကို မြတ်စု တောင်းပန်ပါတယ်"

"မလိုပါဘူးကွယ်၊ တောင်းပန်ရမှာက မောင်ပါ၊ မောင့်မှာသာ အပြစ်ရှိတာ"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မြတ်စုကိုက ကံဆိုးတာ"

(ဃ)
အဖွင့်ကားချပ်ကို စိတ်လှုပ်ရှားစရာ ကောင်းအောင် ထိုသို့ ဖွင့်ပေးလိုက်ပြီးမှ မြတ်စုနှင့် မောင်တို့ တွေ့ဆုံခဲ့ကြပုံဆီသို့ နောက်ကြောင်းပြန် (Flashback) သွားသည်။ ဘ၀ချင်း ဆန့်ကျင်ဘက်လို ဖြစ်နေကြသောအလှ ဘုရင်မလေး မြတ်စုနှင့် အနုပညာသမား မောင်တို့ကို စာဖတ်သူနှင့် ကနဦး စတင် မိတ်ဆက် ပေးခဲ့သည်။

မြတ်စုနှင့် မောင်သည် ပုသိမ် ဒေသကောလိပ်တွင် တွေ့ခဲ့ကြ၏။ သည်တုန်းက မြတ်စုသည် ပထမနှစ် ကျောင်းသူ၊ မောင်သည် ဒုတိယနှစ် ကျောင်းသား ဖြစ်၏။ မောင်က အဖြူရောင် ကော်လံကတုံး ရှပ်အင်္ကျီနှင့် ပုဆိုး ဖရိုဖရဲနှင့် ရှမ်းလွယ်အိတ် အစုတ်နှင့် မသေမသပ် ရှိသည်။ မောင့်ကို တွေ့ရတိုင်း ဖွာလန်ကျဲနေသော ဆံပင်၊ အိပ်ရေးမ၀သော မျက်လုံး၊ တည်သော မျက်နှာနှင့် ဖြစ်သည်။ ကျောင်း၌သာ တွေ့ရသည်။ မောင် အတန်းတက်သည် ဟူ၍ မရှိ။

သင်္ချာမိသားစု မောင်မယ်သစ်လွင် ကြိုဆိုပွဲနေ့က မြတ်စုနှင့် မောင် သိကျွမ်းရသည်။ သည်ပွဲတွင် မြတ်စုသည် အလှဘုရင်မ သရဖူကို လက်ခံရသည်။ အခမ်းအနား အပြီး၌ မြတ်စု ရင်းနှီးသော ဆရာ ဦးသန်းထွန်းက မြတ်စုနှင့် မောင့်ကို မိတ်ဆက် ပေးသည်။

"မြတ်စု…ဒါ ဒုတိယနှစ်က မောင်ညီညီ၊ အနုပညာအသင်းရဲ့ တွဲဖက် အတွင်းရေးမှူးပေါ့"

(င)
အဲသည်နောက်မှာတော့ မြင်ကွင်းကို အနီးကပ် ဆွဲယူလာသည်။ မောင်နှင့် မြတ်စုတို့ အကြောင်း အသေးစိတ် ပုံဖော် ဖွဲ့နွဲ့ပြခဲ့သည်။ သူတို့ နှစ်ယောက် အကြားရှိ ခြားနား ဝေးကွာလှသော အတိုင်းအတာကို ဆန့်ထုတ် ပြလိုက်သည်။ ဤသို့ဖြင့် ၀တ္ထုကလေးမှာ ဇာတ်ရှိန် ရလာပြီး မချင့်မရဲ ဖြစ်စရာ ကောင်းလာသည်။

အများက မောင့်ကို ဆက်ဆံရေး မပြေပြစ်သူ၊ စကားပြော ဘုကျသူ အဖြစ် မြင်ကြ၏။ မြတ်စုကမူ သည်သို့မဟုတ်။ မောင်သည် စကားပြော ရိုးသား ပွင့်လင်းသူဟု ထင်သည်။ မောင်နှင့် ရင်းနှီးကျွမ်းဝင်ပြီး နောက်ပိုင်း ကာလများ၌ မောင့်အပေါ် ကရုဏာ သက်မိသည်။

မောင်သည် မြစ်ဝကျွန်းပေါ် မြို့ငယ်ကလေးတစ်မြို့မှ ဖြစ်၏။ မောင့် ဖေဖေသည် မကျန်းမာ၍ အငြိမ်းစား ယူထားသော အစိုးရ အမှုထမ်းတစ်ဦး ဖြစ်သည်။ သူ၏ အငြိမ်းစား လစာငွေသည် လေးယောက်သော မိသားစုအတွက် မည်သို့မျှ မပြည့်စုံနိုင်ချေ။ မောင့်မေမေသည် အိမ်စရိတ် ဖြည့်ရန် ဈေးဗန်း ခေါင်းရွက်ရ၏။ မောင့်ညီငယ်သည် အထက်တန်းကျောင်းသား ဖြစ်သည်။ မောင် ဆယ်တန်း အောင်သည့် နှစ်က အိမ်၏ စီးပွားရေး အခြေအနေအရ ကျောင်းဆက် မတက်နိုင်ခဲ့ပေ။ မောင်သည် တောက်တိုမည်ရ အလုပ်ကြမ်းများကို လုပ်၍ အိမ်စရိတ် ဖြည့်ရင်း ငွေစုသည်။ သည်လိုနှင့် နောက်တစ်နှစ်မှာ မောင် ကျောင်းဆက်တက်နိုင်ခဲ့သည်။

"အိမ်မှာ ကျန်ခဲ့တဲ့ မိသားစု ပင်ပင်ပန်းပန်း ရှာဖွေနေချိန်မှာ ကျွန်တော်က ဒီမှာလာပြီး စိတ်ချမ်းသာ နေနိုင်မလား၊ မိသားစုရဲ့ ဒုက္ခတွေကို ခဏဖြစ်ဖြစ် မေ့အောင် ကြိုးစားနေတာဟာ လူ မဟုတ်ဘူး မြတ်စု။ ဒါဟာ မေ့ထားနိုင်စရာ ကိစ္စမှ မဟုတ်တာ"

မြတ်စုဘ၀က သည်သို့မဟုတ်။ မြတ်စုဖေဖေက ဌာနဆိုင်ရာ အကြီးအကဲတစ်ဦး ဖြစ်ပြီး ပုသိမ်ကောလိပ်နှင့် အတော်အတန် ဝေးသော ကန်သုံးဆင့် အရာရှိရိပ်သာတွင် ၀င်းနှင့် ခြံနှင့် တိုက်နှင့် ကားနှင့် နေရသည်။ ဖေဖေ့ဘက်မှ ရာထူး အရှိန်အ၀ါနှင့် မေမေ့ဘက်မှ စည်းစိမ်ဥစ္စာ ပေါင်းစည်းမှုသည် တစ်ဦးတည်းသောသမီး မြတ်စုအတွက် တောင့်တတိုင်း ပြည့်စေသည်။

အနားမှ လူများကို ကျော်၍ မောင့်ကို ဘာကြောင့် စိတ်ဝင်စားခဲ့ရသည့်အကြောင်း တစ်ခါတစ်ခါ စဉ်းစားမိသော် ဘာမျှ မပြတ်သားဘဲနှင့် မြတ်စု ရင်ခုန်ခဲ့ဘူးသည်။ မောင်နှင့် မြတ်စု တတွဲတွဲ ဖြစ်လာသောအခါ သူငယ်ချင်းများက တိုးတိုးတိတ်တိတ် စကြ၊ နောက်ကြသည်။ မြတ်စု မည်သို့ ပြန်ပြောရမည် မသိ။ မောင် နေနိုင်လွန်းသည်။

(စ)
ဤအခန်းကတော့ "လင်းထက်" ၏ လက်စွမ်းပြဟုပင် ဆိုရမည်။ သူ၏ အရေးအဖွဲ့မှာ မာယာ ပရိယာယ် ပါသည်။ နည်းဗျူဟာ မြောက်သည်။ ရုတ်တရက် မထင်မှတ်ဘဲနှင့် လှည့်ကွက်ထဲ ရောက်သွားနိုင်။ ထောင်ချောက် မိသွားနိုင်လောက်အောင် ဆင်ပြီး ရေးတတ်သည်။

ဖတ်ကြည့်ပြီး အကဲဖြတ်နိုင်ဖို့ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ကျောင်း အနုပညာ အသင်းမှ ပဒေသာကပွဲ တစ်ခု ပြုလုပ်သည်။ မြတ်စု အပျိုတော်အကကို တာဝန် ယူရသည်။ မြတ်စု စင်မြင့်ပေါ်၌ ကနေသည်ကို မောင် ခန်းမအ၀မှ ကြည့်နေခဲ့၏။ နတ်ဒိုးသံက တက်ကြွဖွယ်ရာ ဆူညံနေသည်။ ရင်၌ စည်းထားသော ပုဝါနှင့် ဦးခေါင်းထက်မှ ရှာပန်းနီစတို့သည် စူးရဲ တောက်ပနေ၏။ သီချင်းသံက "ကိုကြီးကျော်ရေ၊ ကိုကြီးကျော်ရေ…" ဆိုသောအခါ ကျောင်းသားများ၏ "ဝေး" အသံက ဟိန်းထွက် လာသည်။ မြတ်စု မျက်နှာသည် လှပစွာ ပြုံးနေခဲ့၏။ မောင်အခန်းအ၀မှ လှည့်ထွက် သွားသည်။

မြတ်စု ဘာရယ်မသိ ပျော်မိသည်။ ကပွဲ ပြီးတော့ မြတ်စု မောင့်ကို လိုက်ရှာသည်။

"စင်ပေါ်မှာ မြတ်စု ဘာဖြစ်လို့ အရမ်း ပြုံးရတာလဲ"
"သြော်. . . ဒါလား၊ စင်ပေါ်မှာ ကတဲ့သူက မဲ့နေလို့ ဖြစ်မလား"
"အောက်က လူတွေ အော်ဟစ်နေတာကျတော့ရော"
"အိုး. . . ဒါ ပရိသတ်ပဲလေ"
မောင့် ခြေလှမ်း တုံ့ခနဲ ရပ်၏။ မြတ်စုပါ အလိုအလျောက် ရပ်မိသည်။ မောင် တစ်စုံတစ်ခု ပြောချင်ဟန် ရှိသည်။ ကဗွီးညိုများ လေတိုးသံကို တရီးရီး ကြားနေရ၏။
"မြတ်စုကို ကျွန်တော် ချစ်တယ်"

(ဆ)
လင်းထက် ရေးဖွဲ့ပြခဲ့သော မောင်နှင့် မြတ်စုတို၏ ချစ်သူဘ၀မှာ ရင်ခုန်စရာထက် လှိုက်မောစရာကောင်းသည်ဟုသာ ဆိုရမည်။

မောင်သည် ချစ်သူများဖြစ်ခဲ့ကြသည့်တိုင် မြတ်စုကို မယုယတတ်။ သူများချစ်သူများကဲ့သို့ ချစ်ခွန်းမဖွဲ့တတ်။

တစ်ခါတစ်ရံ၌ ကန်သုံးဆင့်၏ ညနေခင်းများကို မောင်နှင့်အတူ လမ်းလျှောက်ရင်း ခံစားခဲ့ကြဖူး၏ ။ ကဗွီးညိုများ လေချွန်သံ၊ ယူကလစ်ပင်တန်း၏ သင်းပျံ့သော ရနံ့မြေနီလမ်းနှင့် ကန်လယ်တံတားဖြူတို့သည် မြတ်စုအတွက် ရင်ခုန်ပျော်ရွှင်စရာများ ဖြစ်ခဲ့ဖူးလေသည်။ ထိုအချိန်ကလေးများတွင် မောင့်အရယ်အပြုံးကို ရှားပါးစွာ မြင်ရတတ်၏။ မောင့်ကျန်းမာရေးမှာလည်း အားရလောက်အောင်မကောင်း။ မောင်ရယ်၊ မျက်တွင်းတွေ ကျလိုက်တာ။ ညဥ့်နက်အောင် ကဗျာတွေ မရေးနဲ့နော်။ ဆေးလိပ်သောက်တာလည်း လျှော့ဦး။ အတန်းလည်း တက်ပါကွယ်။ စာတွေ မလိုက်နိုင်ပဲ နေဦးမယ်။ မောင့်စာအုပ်တွေလည်း အလွတ်ချည်းပဲ။ မြတ်စု ကူးပေးမယ်ဟု ပြောလျှင် မောင်သည် ကျိုးနွံစွာ နားထောင်တတ်သည်။

တစ်ခါတစ်ရံ၌မူ မောင်နှင့်အတူ ကင်တင်းရှိ ဦးပြုံးလက်ဖက်ရည်ဆိုင်သို့ လိုက်ထိုင်ခဲ့ဖူးသည်။ ထိုဆိုင်၌ မောင့်သူငယ်ချင်းများ အမြဲလိုရှိသည်။ သူတို့သည် အကြောင်းအရာပေါင်း များစွာကိုပြောဆိုတတ်ကြ၏။ သူတို့စကားဝိုင်းတွင် ဆာရီယယ်လစ်ဇင်း၊ ရိုမန်တစ်ဇင်း၊ အိပ်ဇစ်စတဲင်ရှယ်လစ်ဇင်းစသော "ဇင်း"ပေါင်းများစွာကိုလည်း ကြားရတတ်ပါသည်။ မြတ်စုက မောင်တို့ အုပ်စုကို လက်ဖက်ရည်တိုက်သူဖြစ်၏။ မောင့်သူငယ်ချင်းများက "မမြတ်စုပါမှ ကျွန်တော်တို့ လက်ဖက်ရည် သောက်ရတာ၊ မဟုတ်ရင် ရေနွေးကြမ်းပဲ သောက်ရတယ်"ဟု ရယ်လျက်ပြော၏။ မောင်က ပြုံးနေတတ်သည်။ သူတို့၏ ကဗျာများသည် အချစ်ကို မဖွဲ့။ ဘ၀ကိုသာ ဖွဲ့၏ ။ မောင်က -

"ဘ၀ထဲမှာသာ အချစ်ရှိတာ၊ အချစ်ထဲမှာ ဘ၀မရှိဘူး မြတ်စုရဲ့"ဟုဆိုတတ်သည်။

(ဇ)
အဲ့သည်နောက်တော့ အေးချမ်းစွာရှိခဲ့သော ရက်စွဲများ ကုန်ဆုံးသွားမည့်အချိန်သည် မမျှော်လင့်စွာပင် ရောက်ရှိလာခဲ့၏ ။

မြတ်စုနှင့် မောင့်အကြောင်းကို အိမ်က သိသွားခဲ့သည်။ မြတ်စုကလည်း မောင့်ဘ၀အကြောင်းကို အမှန်အတိုင်းဖွင့်ပြောပြသည်။ မြတ်စု ဖေဖေနှင့် မေမေသည် လုံးဝသဘောမတူ။ မောင့်ကိုအဆက်ဖြတ်ရန် ခါးသီးစွာဆို၏။ မြတ်စု မနာခံချေ။

သို့သော် သိပ်မကြာ။ ဖေဖေကိုယ်တိုင် ကားနှင့် ကျောင်းသို့လိုက်လာသည်။ သည်မှာ မြတ်စုနှင့် မောင့်ကို မတူမတန်ပြော၏။ မောင်ကား ခွန်းတုံ့မလှန်။ အံကြိတ်၍ စူးရဲစွာ ကြည့်လျက်နေ၏။ ကားကို တစ်ရှိန်တိုး မောင်းထွက်လိုက်ချိန်၌ မောင့်ထံမှ တောက်ခေါက်သံကို မသဲမကွဲ ကြားခဲ့ရသည်။

(စ်)
ခွဲခွာခြင်း ခံလိုက်ရသော ချစ်သူနှစ်ဦး၏ အကြား၌ အခက်အခဲ အတားအဆီးများ ပို၍ ပို၍ ကြီးမားလာသည်ကို "လင်းထက်" က ညင်ညင်သာသာနှင့် သပ်သပ်ရပ်ရပ် ရေးဖွဲ့ပြပြန်သည်။

မောင်နှင့်ဆက်သွယ်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားသည်။ မရချေ။ အခြေအနေသည် အကျပ်အတည်း၌ ရှိသည်။ မြတ်စုအား ဖေဖေ့မိတ်ဆွေ အရာရှိကြီး တစ်ဦး၏သား ကိုသန်းဆွေနှင့် လက်ထပ်ပေးရန် စီစဉ်သည်။ ကိုသန်းဆွေသည် စက်မှုတက္ကသိုလ်မှ ဘွဲ့ရပြီး ဆည်မြောင်းဦးစီးဌာနမှ အရာရှိငယ် တစ်ဦးဖြစ်လေသည်။ မြတ်စု အကျောက်အကန် ငြင်းသည်။ မိဘများကား အားလုံးကို ချည်ပြီးတုပ်ပြီး ဖြစ်နေတော့၏။ မြတ်စုကို ကျောင်းတက်ခွင့်ပင် မပေးတော့ချေ။ သည်အကြောင်းကိုမူ သူငယ်ချင်းများမှတဆင့် မောင့်ထံရောက်စေသည်။ မောင့်ထံမှမူ အတုံ့အပြန်မရှိ။ မောင် မည်သည့်အကြောင်းကြောင့် သည်မျှ နေစိမ့်သနည်း။

မင်္ဂလာရက်သည် လျင်မြန်စွာ နီးကပ်လာ၏ ။

(ည)
အဲ့သည်နောက်တော့ မြတ်စု၏ စွန့်စားခန်းဖြစ်သည်။ ထိုစွန့်စားခန်း၏ ရလဒ်က သမားရိုးကျဆန်သည်ဟု ဆိုနိုင်သည့်တိုင် ရိုးစင်းလွန်း၍ပင် တစ်မျိုးဆန်းပြားနေခဲ့သည်။

"ခဏနေရင် မြတ်စု ထွက်လာတာအိမ်ကလူတွေ သိကုန်လိမ့်မယ်။ မြတ်စု …. မြတ်စုတို့ ပြေးကြရအောင်"

မောင့်မျက်နှာပေါ်တွင် ဖတ်ရှုမရနိုင်သော အရိပ်များ အားပြိုင်နေကြသည်။ မောင်သည် နှုတ်ခမ်းကို တင်းတင်းစေ့၏။

"အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါလားကွယ်၊ မြတ်စု အိမ်ကိုပြန်ပါတော့၊ မောင်ဘာမှ မတတ်နိုင်ဘူး မြတ်စုရယ်"

မောင့်ထံမှ သည်သို့သော စကားမျိုး ကြားရလိမ့်မည်ဟု မြတ်စုမထင်ခဲ့မိ။

(ဋ)
ဤအခန်းကတော့ နိဂုံးဖြစ်သည်။ တစ်နည်းအားဖြင့် နိဒါန်းကို အစအခန်းကိုပင် ပြန်ပြီး ကောက်၍ ဆက်ရေးထားခြင်းလည်းဖြစ်သည်။ ဤသို့ဖြင့် ဇာတ်လမ်းကို အတတ်ပညာပါပါ ပြီးပြည့်စုံစွာ ဖွဲ့နွဲ့အဆုံးသတ်လိုက်သည်။

မြတ်စုရင်၌ တင်းကျပ်မောလိုက်လွန်းသည်။ မောင်လည်း ထို့အတူအမျှ ရှိကောင်းရှိလိမ့်မည်။ မြတ်စု တစ်ချက်ရှိုက်ပြီး ထိုင်ရာမှထ၏ ။ မောင့်ကိုတစ်ဘ၀လုံးအတွက် ကြည့်သည်။ တစ်ဘ၀လုံးအတွက်။

စက်ဘီးကို တအားနင်း၍ မောင့်ရှေ့မှ ပြေးထွက်ခဲ့သည်။ မျှော်လင့်ချက်ကား နွေ၌ဖြစ်သော မိုးတိမ်ကဲ့သို့ လေနှင်ရာ မျောလွင့်သွားခဲ့ပြီ။ အိပ်မက်ဆိုးတစ်ခုသာ ဖြစ်လိုက်ပါတော့ဟု ရိုးစင်းစွာ ဆုတောင်းမိသည်။ အိပ်မက်လည်း မဟုတ်ပြန်ချေ။

(၁၄)
၁၉၈၂ ခုနှစ် ဒီဇင်ဘာလထုတ် ရှုမ၀မဂ္ဂဇင်းတွင် "လင်းထက်" ၏ ကဗျာတစ်ပုဒ်ကို ပုံနှိပ်ဖော်ပြပေးခဲ့ပြန်သည်။
"စံပယ်ဖြူအိပ်မက်"
လှိုင်းခတ်သံဂီတ …ချိုမြမပီပြင်၊
သည်ရင်ကြယ်ပြာ၊ လပြာ၊ ကောင်းကင်ပြာ
ရောင်လွှာမြူးပြက်၊ လျှပ်လက်သလို အို … လှလိုက်တာ။
သဲသောင်ခုံလား၊ ရေစွယ်လားလေ ခြေသံဖွဖွ၊ ကြားနေရ
မွှေးမြသန့်စင်၊ အာရုံမြင်ရနံ့သင်းပျံ့နေဆဲ၊ ရင်ထဲမှာ
စကားတိုးတိုး၊ မြူခိုးဝေ စံပယ်ရေ … စံပယ်ဖြူ
ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ
သည်းသည်းလှုပ်လှုပ်၊ ငှက်တစ်အုပ်
ရုပ်ခြည်းပျံပြေး၊ ဟိုး အဝေးကို။
သည်အိပ်မက်မှ မောင်နိုးထလည်း
တမ်းတတပ်မက် ရုန်းမထွက်ချင် သက်ဦးမြတ်မွန်
ရွာလွန်ရွက်တိုက် ပြေးလိုက်ရှာဖွေ …
စံပယ်ရေ … စံပယ်ဖြူ ဘယ်သူများလဲ၊
ဘယ်မှာလဲကွယ် ရင်ထဲမေးမိဆဲပါမေ။


(၁၅)
ရှုမ၀မှာ ၀တ္ထု၊ ကဗျာတွေပါ၍ ရှုမ၀ ပန်းချီဆရာ ကိုနေမျိုးဇော်၊ ရှုမ၀ ကဗျာဆရာမ မအိတို့နှင့် သွေးသားရင်းချာပမာ ပို၍ နီးကပ်လာခဲ့သလို သူ၏ အင်္ဂလိပ်စာဝါသနာကြောင့် စံရိပ်ငြိမ် ၆ လမ်း အဆောင်သားထဲမှ အစ်ကိုကြီး ကိုသီဟန်သွင်နှင့် ပို၍ ရင်းနှီးသွားခဲ့သည်။

ကျော်မြင့်လွင်မှာ အဖေ့အမွေဖြစ်သော J-C Nestfield Grammer စာအုပ် တစ်အုပ်နှင့် ရေဒီယိုလေးတစ်လုံး အတူတူပါလာသည်။ လုပ်စရာမရှိလျှင် အဆိုပါ Nestfield Grammer ကိုပင် အသံထွက်၍ ဖတ်ဖတ်နေတတ်သည်ဟု ကိုသီဟန်သွင်က ဆိုသည်။

စံရိပ်ငြိမ် ၆ လမ်း အဆောင်ကလေးမှာ အင်္ဂလိပ်သတင်းစာယူ၍ နံနက်ခင်း သတင်းစာလာလျှင် ခေါင်းကြီးပိုင်း သတင်းများ၊ အရေးကြီးသော သတင်းများကို ဖြတ်၊ မသိသော အင်္ဂလိပ် စကားလုံးများကို အဘိဓာန်၌ရှာ၍ ကျက်သည်။ ရေဒီယိုလာသောအခါ အင်္ဂလိပ်ဘာသာအစီအစဉ်တွင် ထိုသတင်းများကိုပြန်နားထောင်သည်။ သည်လို ရေဒီယိုနှင့် အင်္ဂလိပ်စာ သင်တန်းကျောင်း တစ်ခုသဖွယ် တက်နေကြရင်း ကိုသီဟန်သွင်နှင့် သျှပ်ကလေး ကျော်မြင့်လွင်တို့ ပိုတွဲမိကြသည်။

(၁၆)
စံရိပ်ငြိမ်နှင့် ဘာမျှအလှမ်းမဝေးသော ရန်ကုန်တက္ကသိုလ်ထဲသို့လည်း မကြာခဏ သူတို့အတူ ရောက်ကြသည်။ နာမည်ကျော် ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြသည်။

ကျောင်းထဲတွင် သတ္တဗေဒဌာနမှ ဆရာ ဦးတင်သန်းကိုတော့ဖြင့် အင်္ဂလိပ်စာ လေ့လာလိုက်စားမှုနှင့် ပက်သက်၍ သူတို့အားကျလေးစားခဲ့ကြသည်။ ဆရာဦးတင်သန်း၏ လမ်းညွှန်မှုနှင့်ပင် ဆိပ်ကမ်းသာလမ်းမှ မစ္စက် ပါလမာဘကျော်ထံသို့ သူတို့နှစ်ယောက် ရောက်ရှိသွားကြသည်။

မစ္စက် ပါလမာဘကျော်သည် ဗြိတိန်နိုင်ငံသား၊ အိုင်ယာလန် အမျိုးသမီးကြီးဖြစ်၏။ သူဖွင့်ထားသော သင်တန်းတွင် အင်္ဂလိပ်လိုပဲပြောသည်။ မြန်မာလို လုံးဝမပြော၍ အင်္ဂလိပ်စာ ပိုပြီး တိုးတက်လိမ့်မည်ဟု ဦးတင်သန်းက လမ်းညွှန်လိုက်သည်။ ထိုသင်တန်းမှာ သူတို့နှစ်ယောက် အချိန်အတန်ကြာအထိ တက်ခဲ့ကြသည်။ ဆရာမကြီးက သူတို့နှစ်ယောက်ကို ဘိုနာမည်များလည်း ကိုယ်စီမှည့်ခေါ်ပေးခဲ့သည်။ ကိုသီဟန်သွင်က ရော့ဒ်နီ (Rodney)၊ ကျော်မြင့်လွင်က စတီဖင်ဆင် (Stephenson)။

(၁၇)
ထိုအတောအတွင်း ကျော်မြင့်လွင် ရှိစုမဲ့စု ၀ယ်ထားသော ဂီတာလေး အခိုးခံလိုက်ရသည်။

ထိုနေ့က အခန်းမှာ ထုံးစံအတိုင်း သူတစ်ယောက်တည်း ကရင် သင်တိုင်းရှည်ကြီး ၀တ်ပြီးအိပ်၍ ကျန်ခဲ့သည်။ များသောအားဖြင့် သူအိပ်လျှင် ဂီတာကို ပွေ့ဖက်အိပ်နေကျ။ တိုက်ဆိုင်ချင်တော့ ဂီတာကတစ်ခြား၊ လူတစ်ခြား ဖြစ်နေခဲ့ပုံရသည်။ အခန်းတံခါးကလည်း ခါတိုင်းလိုပင် ပွင့်လျက်သား။

ဘယ်လောက်အထိ အိပ်မောကျသွားသည်မသိ။ သူငယ်ချင်းတစ်ယောက်ရောက်လာသည့်အတွက် သူထလိုက်ရတော့မှ ဂီတာမရှိတော့တာ သိရသည်။

အခန်းထဲရှိ စာအုပ်တွေ၊ အင်္ကျီအ၀တ်အစားတွေ ဘာတစ်ခုမျှမပျောက်။ အခန်းဖော် အစ်ကိုကြီးတွေ ပြန်ရောက်လာကြသည့်အခါ ဂီတာပျောက်၍ မှိုင်တွေချနေသည့် သူ့ကို-

"မင်းက အအိပ်ကြီးတာကိုးကွ၊ သူခိုးက ဂီတာယူမသွားခင် သီချင်းတစ်ပုဒ်တောင်မှ ထိုင်တီးပြသွားသေးလား မသိဘူး" ဟုဝိုင်း၍ သြဘာပေးကြလေသည်။ သို့သော် သူစိတ်အရမ်းထိခိုက်မှန်းလည်း သိကြသဖြင့် နှစ်သိမ့် ပေးကြပြန်သည်။

(၁၈)
ရန်ကုန် ရက်စွဲများက ရွေ့လျားသွားသည်။ အဆောင်ရှေ့ တရုတ်စံကားပင်ကြီးမှ အပွင့်တွေက ဖွေးဖွေးလှုပ်အောင် ပွင့်ဝေပြီး အညှာညောင်းသောအခါ တစ်ပင်လုံး ကြွေကျကုန်သည်။ ထိုအတောအတွင်းမှာ သင်းကွဲငှက်များသဖွယ် အသိုက်အမြုံတွေလည်း ရွေ့ပြောင်းသွားကြလေသည်။

ပထမဆုံးအဖြစ် ဆရာမ မအိက ရေမြေတောတောင် ခြားနားရာ ဟိုးအဝေးကြီးဆီသို့ မရပ်မနားထွက်ခွာ သွားခဲ့သည်။ သူယုံကြည်ရာ လမ်းကို သူလျှောက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်သည်။ ထိုလမ်းသည် ကြမ်းတမ်းလိမ့်မည်ဆိုတာ သိသိနှင့်ပင် ထွက်သွားခဲ့သည်။

"တောင်ပေါ်ပွင့်တဲ့ မေ့ရဲ့ နှင်းဆီ သင်းရီထုံမွှေး ရနံ့အေးမြဲ နီရဲပွင့်ဖတ် ချစ်မြတ်နိုးတတ် ရင်ခုန်တတ် … သူ။ ကမူချိုင့်ဝှမ်း၊ တောင်စဉ်တောင်တန်း ဖြတ်သန်းရဲရင့် အပွင့်ဝေငှ မျိုးစေ့ချသူ"

နောက်တော့ ကိုနေမျိုးဇော်လည်း တောင်ပေါ်လမ်းအတိုင်း လိုက်ပါသွားခဲ့ပြန်သည်။ ဂန္ဓာရီမဟာမြိုင် ကျင့်စဉ်ကို ကျင့်ကြံဖြတ်သန်းဖို့ သူဆုံးဖြတ်ခဲ့သည်။

သူအိပ်ပျော်နေတုန်းမှာမှ ကိုနေမျိုးဇော်က တိတ်တိတ်ကလေး ထွက်သွားခဲ့ရက်သည်။ နှုတ်ဆက်စကားပင် မဆိုခဲ့။ ပြက္ခဒိန်နောက်ကျောတစ်နေရာမှာ "ညီလေးရေ၊ ကိုယ်သွားပြီ" ဆိုသည့် စာသားလေးပဲ ချန်ထားရစ်ခဲ့သည်။ ထိုစာရွက်ကလေးကိုပင် တမြတ်တနိုး သူသိမ်းထားခဲ့သည်။

နောက်ထပ် ရက်အတန်ကြာတော့ မန္တလေးက လူကြုံဆိုလား၊ ဘယ်လို ရောက်လာမှန်းမသိ။ သူမရှိတုန်း အဆောင်ခန်းက သူ့ခုတင်မှာ စာတစ်စောင်လာထားသွားသည်။ ကိုနေမျိုးဇော်၏ လက်ရေးလှလှလေးနှင့် -

"ညီလေးရေ" အစချီပြီး ဆုံးမစကားလေးတွေ ရေးပို့ထားတာ ဖတ်ရပြန်သည်။

(၁၉)
သူ့စိတ်ထဲမှာ အခုမှပဲ အရမ်းကို ထိခိုက်သွားသည်။ သွေးတစိမ့်စိမ့်ယိုစီးကျသလိုမျိုး နာကျင်လာခဲ့သည်။ ခိုင်မြဲသည့် သံယောဇဉ်ကြိုးတွေက အနေဝေးသွားသည့်အခါ ဆွဲဆန့်ထွက်ပြီး ဖျစ်ညှစ်ဆုပ်ကိုင်သည်။ ဘယ်အခါကျမှ ပြန်တွေ့ကြမှာလဲ။ ဘယ်တော့လဲ။ ဘာမှ သေချာခြင်းမရှိတော့ပြီ။

များမကြာမီ ကိုသီဟန်သွင်လည်း ပြည်မြို့အရှေ့ဘက် ၀က်ထီးကန်တွင် တွဲဖက်ကျောင်းဆရာ သွားလုပ်တော့မည် ဆိုသည်။

ဒါဆို သူလည်း စံရိပ်ငြိမ်မှာ မနေပျော်တော့ပြီ။

ဒဏ်ရာရ ငှက်တစ်ကောင်ပမာ အသိုက်ရှိရာ ပုသိမ်သို့ ရင်ခွင်ပြန်လည် ပြောင်းရွှေ့လာခဲ့သည်။



ပုသိမ်ကန်တော်ကြီး

အခန်း(၇) အပေါင်းအသင်းများနှင့် ငြိမ်းချမ်းရေးကမ်းခြေမှာ
(၁)

ပုသိမ်ဒေသကောလိပ် ပတ်ဝန်းကျင်သို့ ပြန်ရောက်လာသော ကျော်မြင့်လွင်မှာ စာပေ၊ ကဗျာ အသိုင်းအ၀ိုင်းအပြင် ဂီတအပေါင်းအသင်းတွေလည်း ရှိသေးသည်။

တော်တန်ရုံအထင်ကြီး မလေးစားတတ်သူ သူ့အတွက် ရှားရှားပါးပါး အထင်ကြီး လေးစားသော ဂီတအပေါင်းအသင်း တစ်ဦးက ၀င်းမြင့်ဦး (ကိုတူး) ဖြစ်သည်။ ကိုတူးက ပုသိမ်ကမ်းနား၊ ကွင်းတန်းမှာ နေသည်။ ကိုတူး ဖခင် ဦးမြသောင်းက ကျောင်းဆရာ။

ကိုတူးသည် အငြိမ်သမားဖြစ်၍ စကားများများမပြော။ သူ့စိတ်ထဲမှာ ဘာမဆို စဉ်းစားတွက်ချက်ကြည့်ပြီး စိတ်ပါမှ လုပ်တတ်သူဟု ဆိုကြသည်။ "ငုဝါ" တီးဝိုင်း ဘိုတင်ယုဆီမှာ ဂီတာတီးကြ၊ ဂီတာပညာ ဆည်းပူးကြကတည်းက ကိုသျှပ်နှင့် အတူတူ။ ထိုစဉ်က ပုသိမ်တွင် ပတ်ကားနုတ်စ်နှင့် တီးတတ်သူ သုံးလေးယောက်သာ ရှိခဲ့ကြရာ ငုဝါ ဘိုတင်ယု၊ ကိုတူးနှင့် ကိုသျှပ်တို့ အပါအ၀င်ဖြစ်ကြသည်။

"ဘိုတင်ယုဆီက နုတ်စ်တွေ ငါတို့ သွားခိုးရတာ" ဟု ကိုတူးနှင့် ကိုသျှပ်တို့ပြောဖူးသည်။

ကိုတူးက စာလည်းတအားတော်သည်။ နောက်တော့ ပုသိမ်ဒေသကောလိပ်မှ ရန်ကုန်တက္ကသိုလ်ရောက်သွားပြီး အင်္ဂလိပ်စာမေဂျာတက်ခဲ့သည်။ တကယ်ဆို သူ့အမှတ်က အတော်လေးကောင်းသည်။ အခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုခုတက်မယ်ဆိုလျှင် တက်၍ ဖြစ်နိုင်သည်။ သို့သော်အင်္ဂလိပ်စာကိုပဲ လိုက်စားလို၍ အင်္ဂလိပ်စာမေဂျာ တက်ခဲ့ခြင်းဖြစ်သည်။

(၂)
နောက်ထပ် ဂီတသူငယ်ချင်းတစ်ယောက်က လှမျိုးစု (ပေါက်ပေါက်)ဖြစ်သည်။ ပေါက်ပေါက် ဖခင်က ပုသိမ်တိုင်းကောင်စီမှ ဖြစ်သည်။ ပြည်တော်သာ ၀န်ထမ်းအိမ်တွေ နားမှာဖြစ်၍ ကိုသျှပ် ညီမ မိမိုးတို့ တစ်တွေနှင့်လည်း ခင်ကြသည်။ ရင်းနှီးသူတွေက သူ့ကို မိပေါက်ဟု ခေါ်ကြလေသည်။ ငယ်စဉ်က သွေးအားနည်းရောဂါ ရှိ၍ ဖြူဖတ်ဖြူရော်လေး ဖြစ်သည်။ သို့သော် သီချင်းဆိုတာ အသံသိပ်ကောင်းသည်။ ပုသိမ် တီးဝိုင်းများ ဖြစ်ကြသည့် ငုဝါ၊ ဖြူနီညီုပြာတို့မှာ သီချင်းဆိုနေကျ။

တစ်ကြိမ်မှာတော့ ပြည်ထောင်စု အလံတော် ပုသိမ်မြို့ကိုရောက်ရှိလာစဉ် မြို့က ပွဲလမ်းသဘင်တွေနှင့် ကြိုဆိုသည်။ ရန်ကုန်မှ Success တီးဝိုငးလည်း ပါလာခဲ့သည်။

Success ၏ အဆိုပါ စင်တင်ဖျော်ဖြေပွဲမှာ မိပေါက်သီချင်း တက်ဆိုသည်။ တကယ့်အခမ်းအနားပွဲကြီးမှာ အထင်ကရ တီးဝိုင်းနှင့် မြို့ခံထဲက တက်ဆိုနိုင်ဆိုတာ နည်းသည့် စိန်ခေါ်မှုမဟုတ်။ ပါရမီ မရင့်ဘဲ စဉ်းစားဖို့ မဖြစ်နိုင်။ သို့သော် မိပေါက်ကတော့ သပ်သပ်ရပ်ရပ်ပင် တင်ဆက်သွားနိုင်ခဲ့သည်။

(၃)
ပြည်တော်သာ ၀န်ထမ်းအသိုင်းအ၀ိုင်းတွင် နေထိုင်ခဲ့စဉ်ကတည်းက ခင်မင်နေခဲ့ပြီး ဒေသကောလိပ်မှာ ဆက်လက် သိကျွမ်းရင်းနှီးဖြစ်ခဲ့သူ တစ်ဦးက မြင့်သန်းဖြစ်သည်။ မြင့်သန်းသည်လည်း ဂီတ၀ါသနာကြီးမားသူ။ နောင်သောအခါ ဇင်မှူးသန့် အမည်ဖြင့် "ဆံပင်ရှည်ရှည် ကောင်လေး" တေးစီးရီးကိုပင် ထုတ်ဖြစ်ခဲ့သည်။

မြင့်သန်းလိုက်ပြီး မိတ်ဆက်ပေးသည့် အတွက်ပင် ကိုသျှပ်၏ သီချင်းဂီတအပေါင်းအသင်း အသိုင်းအ၀ိုင်းမှာ ပို၍ ကျယ်ဝန်းလာသည်။ ထိုအပေါင်းအသင်းအသစ်များထဲမှ အချို့သည် သူ၏ တစ်ဘ၀လုံးအတွက် အရေးပါ အရာရောက်လာမည့် လက်တွဲဖော်မိတ်ဆွေရောင်းရင်းများ ဖြစ်ကြတော့သည်။

(၄)
ကဗျာဆရာ၊ တေးရေးစာဆို မြင့်မိုးအောင်နှင့် စတင်တွေ့ဆုံခင်မင်ခဲ့ကြသည်မှာ မြင့်သန်းကြောင့်ဖြစ်သည်။ ထိုစဉ်တုန်း အချိန်။ မြင့်မိုးအောင်က ပုသိမ်ဒေသကောလိပ်သို့ စရောက်သည့် ပထမနှစ်။ မြင့်သန်းက ကိုသျှပ်နှင့် မိတ်ဆက်ပေးခဲ့သည်။

ထိုနေ့က ကိုသျှပ်သည် ကျောင်းလှေကားမှာ ငုတ်တုတ်ထိုင်ပြီး စာအုပ်တစ်အုပ် ဖတ်နေခဲ့သည်။ တကယ်တော့ ဆံပင်ရှည် တွန့်ကွေးကွေး၊ တောက်ပပြီး အရည်လဲ့နေသော မျက်လုံးများနှင့် မျက်မှန်ထူထူကတော့ သူ၏ သင်္ကေတဟု ဆိုရမည်။ သူ့ဆီမှာ ဖတ်စရာ စာအုပ်က အမြဲတမ်းပါသည်။ သူ့လွယ်အိတ်ထဲမှာ ကျောင်းစာအုပ်တွေအပြင် "ဘ၀အဓိပ္ပါယ်နှင့် ဘ၀သစ္စာ"လို အတွေးအခေါ်စာအုပ်တွေ၊ "ထင်းရှူးပင်ရိပ်" လို စာပေ ကဗျာစာအုပ်တွေ ရောက်နေတတ်သည်။ သူသည် စာအုပ်နှင့် မျက်စိခွာလေ့မရှိ။

မြင့်သန်းက ဖြူဖြူရှည်ရှည်၊ ပိန်ပိန်နွဲ့နွဲ့နှင့် လေတိုးလျှင် ပြိုလဲကျလေမလား ထင်မှားရသည့် မြင့်မိုးအောင်ကို အသာခေါ်ယူလာပြီး ကိုသျှပ်နှင့် မိတ်ဆက်ပေးခဲ့သည်။ မြင့်မိုးအောင်၏ အိမ်နာမည်က ဖြူဖွေး။

"ကိုဘဲဥ၊ ဒါဖြူဖွေးပါ"

ဘဲဥနှင့်ဖြူဖွေး တွေ့တွေ့ချင်းပင် ခင်မင်သွားကြသည်။ သူတို့နှစ်ယောက် သီချင်းအကြောင်းတွေ ပြောဖြစ်သည်။ ထိုစဉ်က မြင့်မိုးအောင်က ဂီတာတီးကာစ။ ဂီတ၏ မိုးကောင်းကင်ကို အားစမ်းဆဲအချိန်။

(၅)
ထိုအချိန်မှာ ကိုသျှပ်သည် ပုသိမ်ဒေသကောလိပ်၏ ပြင်ပဆောင် သီတာဦးမှာနေသည်ဆိုသော်လည်း အတည်တကျ မဟုတ်ပြန်။ သူငယ်ချင်းတွေဆီ ကပ်နေကပ်စား၊ ဂီတာတီးလိုက်၊ သီချင်းဆိုလိုက်သာ။ မော်လမြိုင်မှ မိဘများက လဆန်းရက် ငွေပို့လာသောအခါ နှမြောတွန့်တိုခြင်းမရှိ။ သူငယ်ချင်းတွေနှင့် တစ်ရက်တည်းမှာ ကုန်အောင်သုံးပစ်တတ်သည်။

အဆောင်မှာ တီးစရာ၊ ဆိုစရာမရှိပါက အနုပညာအကြောင်း ပြောဆိုကြသော ကျောင်းလက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ ကိုသျှပ်ရောက်နေတတ်သည်။ သို့မဟုတ်လျှင် ပြည်တော်သာတိုက်က သူငယ်ချင်း တစ်ယောက်ယောက်၏ အခန်းတွင် ကက်ဆက် အဟောင်းလေးထဲ သူ တီးခတ်သမျှ အသံတွေ သွင်းကြည့်နေလိမ့်မည်။

နောက်တော့ မြင့်မိုးအောင်တို့ အိမ် အပေါ်ထပ်သို့ သူ ရောက်ရှိ လာသည်။

(၆)
မြင့်မိုးအောင်တို့ အိမ်မှာ သူ့ အကျင့်အတိုင်း ရေမချိုး၊ ထမင်း မစားတမ်း ဂီတာ တီးသည်။ အင်္ဂလိပ် သီချင်း အသစ်တွေ နားထောင်၊ ကော့ဒ် ရှာ၊ နုတ်စ်ထုတ် လုပ်သည်။ သူက ဂီတနှင့် မွေ့လျော်နေချိန်မှာ မြင့်မိုးအောင်ကတော့ ပန်းချီ ဆွဲနေလေ့ရှိသည်။

မြင့်မိုးအောင်တို့ အိမ်ကလည်း သူ့ကို ချစ်ကြသည်။ အစစအရာရာ လိုလေးသေး မရှိ။ စောင့်ရှောက်သည်။ ဂရုစိုက်သည်။

"သား၊ ဖြူဖွေးရေ၊ မင်းသူငယ်ချင်း ဘဲဥကို ရေချိုး ခိုင်းလိုက်ပါဦးကွာ၊ ထမင်း စားရအောင်လို့"ဟု မြင့်မိုးအောင်၏ ဖခင် ပြောလျှင်တော့ဖြင့် သူက အပျင်းကြော ဆွဲနေပြီး။

"ဟာကွာ၊ မင်း အဖေကလည်း ရေမချိုးရင်ဘဲ ထမင်း မစားရတော့ဘူးလား မသိပါဘူး" ဟု ကျိတ်ပြီး အတွန့် တက်တတ်သည်။

(၇)
၁၉၈၃ ခုနှစ်၊ ဇူလိုင်လ။
ပုသိမ်မြို့၊ ဘိုကနောင် ကရင်တိုင်းရင်းသား ရပ်ကွက်။
အောင်ကျော်ဦး (ကြွက်နီ) တို့ အိမ်မှာ အောင်ကျော်ဦးနှင့် သျှပ်တို့ စတင် သိကျွမ်းခဲ့ကြသည်။
မြင့်သန်း (ဇင်မှူးသန့်) ကပင် ကိုသျှပ်ကို ခေါ်လာခဲ့ပြီး -

"ကိုသျှပ်၊ ဒါ. . .ကြွက်နီ" ဟု မိတ်ဆက် ပေးခဲ့သဖြင့် သူတို့နှစ်ယောက် လက်ချင်း ယှက်ခဲ့ကြသည်။

"ကိုဦး၊ သူက ဦးလေးကြီး (ကိုဆန်းထူး) ပေါ့" ဟုဆက်ပြီး သူတို့ ပြည်တော်သာ တစ်သိုက်ကို အောင်ကျော်ဦးနှင့် ဆုံစည်းစေခဲ့သည်။

အောင်ကျော်ဦးက ကျောင်းမှာ သူတို့ မေဂျာက လုပ်မည့် ဖဲဝဲလ်ပွဲတွင် တီးကြခတ်ကြရန် မြင့်သန်းနှင့်အတူ လုံးပမ်းနေသည့် အချိန်။ ဒေသကောလိပ် ပထမနှစ် ကျောင်းသားတွေပီပီ ဖဲဝဲလ်မှာ လက်စွမ်းပြ တီးချင်ခတ်ချင်နေခဲ့ကြသည်။

ထိုအချိန်မှာ ပထမနှစ် အိတ်စတာနယ် ကျောင်းသား ကိုသျှပ်ကို မြင့်သန်းက ခေါ်ချလာခဲ့ခြင်း ဖြစ်သည်။

တကယ်တော့ အောင်ကျော်ဦးက "မောနင်းစတား" လို တီးဝိုင်း သေးသေးလေးမှာ တီးခဲ့စဉ် သျှပ်က "ငုဝါ" မှာ တီးနေခဲ့သည်။ သိုဖြစ်၍ သူတို့ချင်း အဆက်အစပ် မရှိခဲ့ကြ။ မျက်နှာချင်း မရင်းနှီး။

ယခု လောလောဆယ် အောင်ကျော်ဦးနှင့် မြင့်သန်းတို့က "မဟူရာ" ဆိုသည့် ရောင်းတမ်း တီးဝိုင်းထဲမှ ဖြစ်သည်။ ကရင်တိုင်းရင်းသား တီးဝိုင်း ဖြစ်၍ ထုံးစံအတိုင်း ဘိုကနောင် ရပ်ကွက်တွင် အခြေပြုထားသည်။ ဘိုကနောင်သားတွေက နုတ်စ် မတတ်ကြ။ သို့သော် ဂီတာကိုတော့ လူတိုင်းလောက် နီးနီး တီးကြသည်။

(၈)
အောင်ကျော်ဦး (ကြွက်နီ) က ဂီတာတော့ မတီးတတ်။ တီးဝိုင်းမှာ ဒရမ် တီးသည်။ ယခုတော့ ကိုသျှပ်က သူတို့နှင့်အတူ ဘေ့စ် တီးမည်ဟု ဆိုသည်။

ဘေ့စ်ဂီတာနှင့် ဒရမ္မာ။
ကိုသျှပ်နှင့် ကြွက်နီ။

အခုမှလည်း စ၍ တွေ့ဖူးကြသည်။ သို့ဖြစ်၍ အဆိုပါ အတွဲအစပ်၏ ကျောရိုးတိုင်သည် ခိုင်ပါမည်လား။ သဟဇာတ ဖြစ်ပါမည်လားဟု အောင်ကျော်ဦးက သံသယ ၀င်ခဲ့သည်။ သူတို့ချင်းလည်း တစ်ခါမျှ တွဲမတီးဖူးကြသေး။ ငယ်ရွယ်သူတို့၏ ထုံးစံ။ ကိုယ်က လွဲ၍ ဖြစ်စေ၊ ကိုယ်နှင့် တွဲဖူးသူ အထာသိတွေက လွဲ၍ ဖြစ်စေ ပြင်ပလူကို အထင်မကြီး။ အကျော မခံချင်။

နှစ်ယောက် လက်ဆွဲနှုတ်ဆက်အပြီးတွင် မြွေမြွေချင်း ခြေမြင်နိုင်ရန်အတွက် ခြေရာလက်ရာကောက်ကြရတော့မည်။

"ကဲ … ကိုသျှပ်၊ ကျွန်တော်သီချင်းတစ်ပုဒ်ဆိုမယ်ဗျာ၊ တီးပေးပါလား"

ထိုသို့ စကားစလိုက်သည်။
"လုပ်လေ ခင်ဗျား ဘာဆိုမှာလဲ"
“How deep is your love”

(၉)
Bee Gees အဖွဲ့၏ ဤသီချင်းမှာ အောင်ကျော်ဦး၏ အသည်းစွဲ။

သို့သော် ယခင်က အောင်ကျော်ဦး ဆိုခွင့်မရခဲ့။ အကြောင်းမှာ သီချင်း၏ ဂီတာကော့ဒ်တွေ ခက်ခဲလှ၍ သူတို့ တီးဝိုင်းသားတွေက ထိုကော့ဒ်များကို ဘယ်သူမျှ တီးခတ်မပေးနိုင်။

ယခု ကိုသျှပ်ကို အနှီသီချင်းအား ဆိုချင်ပါသည်၊ တီးပေးပါဟု ကမ်းလှမ်းလိုက်သည်။ တကယ်တော့ ကိုသျှပ်အတွက် ဆင်ပေးလိုက်သော ထောင်ချောက်ကြီးတစ်ခုဖြစ်သည်။ သူဘာဆက်လုပ်မလဲ၊ သူဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မည်။

ကိုသျှပ်ကဖြင့် အေးအေးဆေးဆေးပင် -
"ကိုဦး မင်းဘေ့စ်တီး ငါရစ်သမ်တီးမယ်" ဟု ပြောရင်းဆိုရင်း ထိုသီချင်းကို ကောက်တီးလိုက်တော့သည်။

(၁၀)
ဤရွေ့ ဤမျှ ခက်ခဲလှသော ကော့ဒ်များကို ပိုင်ပိုင်နိုင်နိုင်ကြီး တီးနိုင်နေသည့် ကိုသျှပ်၏လက်စွမ်းကို တွေ့ရသောအခါ အောင်ကျော်ဦး ချက်ချင်းကြိုက်သွားရသည်။ သူတို့အဖွဲ့မှာ ဘေ့စ်လာတီးပေးတော့မည့်အတွက်လည်း အားတက်သွားခဲ့သည်။

အောင်ကျော်ဦး သီချင်းကို ဆက်ဆိုသည်။

အလယ်သံပြိုင်အပိုဒ်တွင် တစ်ချက်ဖမ်းစရာအကွက်ရှိသေးသည်။ ထိုနေရာတွင် အင်မတန်ရှုပ်ထွေးသော ဟာမိုနီအပိုင်းတွေက ဆီးကြိုနေကြသည်။ အောင်ကျော်ဦး သီချင်းဆိုလာခဲ့တာ သံပြိုင်အပိုဒ်သို့ ရောက်ပြီ။ ထိုအခါ အဆင်သင့်စောင့်နေသော ကိုသျှပ်က ယနေ့ယခုမှ သိရသော အောင်ကျော်ဦးအတွက် ဟာမိုနီကို အသာလေးနှင့် ချောနေအောင်ပင် လိုက်ပေးသွားခဲ့ပါတော့သည်။

(၁၁)
အောင်ကျော်ဦး (ကြွက်နီ) အနေနှင့် “ How deep is your love” သီချင်းကို ယခုလို စိတ်တိုင်းကျ သီဆိုလိုက်ရသောအခါ စိတ်ထဲမှာ ဘယ်လောက်အထိ နက်ရှိုင်းစွာ ခံစားလိုက်ရသည်ဆိုတာ ပြောမပြတတ်တော့လောက်အောင်ဖြစ်ခဲ့ရသည်။ ယခုလို တီးနိုင် ခတ်နိုင်သည့် ပုဂ္ဂိုလ်တစ်ယောက်နှင့် တွဲရတော့မည်ဆိုတာ အတိုင်းထက်အလွန် ၀မ်းသာမိသလို တစ်ဖက်ကလည်း မခံချင်စိတ်ကလေးကတော့ဖြင့် ပေါ်မိသည်။

ငယ်ရွယ်သူပီပီ မာနကလည်း များသေးသည်လေ။

ဘာပဲပြောပြော ကိုသျှပ်သည် Bee Gees ကို သေသေချာချာကြိုက်ထားပြီး နုတ်စ်ကိုလည်း တကယ်ပိုင်နိုင်သူ ဆိုတာကတော့ သေချာသွားခဲ့သည်။ သည်လိုနှင့် ဖဲဝဲလ်အတွက် သီချင်းတိုက်နေကြရင်း -
"ကိုသျှပ် ဘာသီချင်းဆိုမလဲ" ဟု မေးကြည့်။ ကိုသျှပ်က -
"ဝေးသွားတဲ့အခါ … နှလုံးသားမှာ အမြဲတမ်း သတိရနော် …
ကြင်နာခဲ့ဖူးတဲ့အချိန်အခါများ ပြန်လည်ကာရယူဖို့ရာ …
မဖြစ်နိုင်တော့တဲ့အခါ
…"ဟုဆိုပြသည်။

(၁၂)
သီချင်းက အသစ်။

တစ်ခါမျှ မကြားဖူး၍ နားထဲမှ ရုတ်တရက် လက်သင့်ခံလိုက်ဖို့ အဆင်သင့် မဖြစ်သေး။ ကိုသျှပ်၏ လက်ရာ ကိုယ်ပိုင်သံစဉ်ဖြစ်သည်ဆို၍ သူ သီချင်းရေးတတ်မှန်းကိုတော့ သိလိုက်ရသည်။

ကိုသျှပ်က ကြွက်နီဘ၀င်မကျမှန်း ချက်ချင်းရိပ်စားမိ၍

"အချိန်အကုန်ခံပြီး ပြောမနေနဲ့၊ မနေချင်ရင်လည်း သွားနိုင်တယ်၊ ဒီလိုဆို နှုတ်ဆက်လိုက်ပါပြီ"

ပလေးဘွိုင်အဖွဲ့နှင့် သီဆိုခဲ့သော ရီတာစိုးဝင်း၏ သီချင်းကို တစ်ဆက်တည်း ဆိုပြလိုက်သည်။ ကြွက်နီ အံ့အားသင့်သွားသည်။ ကိုသျှပ်ဆိုတာ တအားကို ကောင်း၊ အိနေအောင် ကောင်းနေသည်။ ကိုသျှပ်မှာ အဆိုပါရမီ အတိမ်အနက် ဘယ်လောက်ထိ ရှိတာကို တစ်ထိုင်တည်းနှင့် ထင်းကနဲ လင်းကနဲ သိခွင့်ရလိုက်သည်။

(၁၃)
ကိုသျှပ်၏ ကိုယ်ပိုင်သံစဉ် "ဝေးသွားတဲ့အခါ" သီချင်းကို ကြားကြားချင်း နားမယဉ်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ အောင်ကျော်ဦး၏ အနှစ်သက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်လာသည်။ အောင်ကျော်ဦးတို့ အနေနှင့် သူတို့တီးဝိုင်း၏ ပထမဆုံးကိုယ်ပိုင်သီချင်းအဖြစ် တီးခွင့်ရခဲ့သည်မှာလည်း "ဝေးသွားတဲ့အခါ" ပဲဖြစ်သည်။

"သြော် … လွန်ခဲ့ပြီ … ဝေးသွားမှ .. ပြန်တွေးကာ
နှမြောတသ … လွမ်းနေပါသော်လည်း … မတတ်သာ။
ယောကျာ်းတို့ရဲ့ … မာန
သူမိန်းကလေးတို့ … သဘာဝ
ရင်ထဲက ပန်းတစ်ပွင့် … သော့ခတ်လုံခြုံသွား ..
ခုတော့ … ဝေးခဲ့ပြီလေ …။ ခုတော့ … ဝေးခဲ့ပြီမေ၊
ခုတော့ … ဝေးကြပြီ … တို့နှစ်ဦးသား …."


နောက်တော့ ကိုသျှပ်၏ "အခါလွန်တဲ့ မိုး" ကို တီးခွင့်ရခဲ့ကြသည်။

"နှုတ်ဆက်မျက်ရည်လေးများ …၊
အားလုံးမသိအောင်သိမ်းထား … ၊
အခါလွန်တဲ့မိုးမို့ … အငြိုးနဲ့ … ရွာ …၊
အကြင်နာစကားတွေ … အမြဲတမ်းပဲ … အိပ်မက်မှာ …
တစ်ရေးနိုးတဲ့ … ညတွေဆို … ပြန်အိပ်…မရပါ။
သူရောပဲ ကိုယ့်လိုများ … ယောင်ယမ်းတမ်းတနေမလား ..၊
ကိုယ်တွေးရင်း …တွေးရင်း ၀မ်းနည်းနေသလိုပါ
…"

(၁၄)
ပြီးပြီ။

ဤသီချင်း နှစ်ပုဒ်တည်းနှင့်ပင် ဇာတ်လမ်းပြီးပြတ်ပြီ။ အောင်ကျော်ဦးတို့မှာ တစ်သက်လုံးသူများ သီချင်းတွေချည်းပဲ တီးလာခဲ့ရသည်။ အခုလို ကိုယ့်တီးဝိုင်းထဲက ကိုယ့်ကိုယ်ပိုင်သီချင်းနှင့် ကိုယ်ဆိုတော့ စိတ်ကလည်း လန်းလာကြသည်။

(၁၅)
သူတို့ တီးဝိုင်းလေးကို အောင်ကျော်ဦးက ကိုသျှပ်အား အကြောင်းပြု၍ Shore of Peace ဟု အမည်ပေးခဲ့သည်။

အောင်ကျော်ဌေး (ပထန်ကြီး) က လိဒ်ဂီတာ၊ တင်မျိုးလွင် (သာထူး)က ရစ်သမ်၊ ကိုသျှပ်က ဘေ့စ်၊ အောင်ကျော်ဦး ကြွက်နီက ဒရမ်တီးသည်။ မြင့်သန်း (ကိုမာ)က မန်နေဂျာ။ ထို့အပြင် ဇော်ဇော်အောင်(ဇာဂရ)၊ မင်းဦး (ရေချမ်း) တို့နှင့်လည်း ပေါင်းဖက်ဖြစ်သွားခဲ့သည်။

ကိုသျှပ်က တီးဝိုင်းတစ်ခုလုံးကို စနစ်တကျ Arrange လုပ်ပေးသည်။ တကယ်စင်ပေါ်တက်တော့လည်း အားလုံးက သူမောင်းထားသည့်အတိုင်း ညီနေကြသည်။

တက္ကသိုလ်အေးမောင်၏ "လေမှာ ပျံတဲ့ ငှက်တွေလို ကိုယ်တစ်ယောက် ပျံလာတယ်"

ဤသို့ဖြင့် သူတို့၏ Physics မေဂျာ တီးဝိုင်းက တစ်ကျောင်းလုံးကို သိမ်းပိုက်လိုက်ကြတော့သည်။

ဆက်ရန်.........

(ထူးအိမ်သင် ပုံတူ ကောက်ကြောင်း)နိုင်ဇော် - credit to mmcyber

အမေ ဒေါ်မြရင်၏ ရင်ထဲက ပဲ့တင်သံ

မိဘဆိုတာ သားသမီးတိုင်းကို ချစ်ကြတာချည်းပါပဲ။ ချစ်တဲ့ ပုံသဏ္ဍာန်သာ ကွာပါလိမ့်မယ်။ သားသားကိုလည်း အမေ တစ်ယောက်အနေနဲ့ သူ့ဘ၀မှာ အရမ်း လုပ်ချင်တဲ့ ဒီအနုပညာ အလုပ်ကို လုပ်နိုင်ဖို့ အစွမ်းကုန် ဖြည့်ဆည်း ပေးခဲ့ပါတယ်။

သူ ငယ်ငယ်ကလေးကတည်းက ၀ါသနာ ပါမှန်း အမေသိတယ်။ မိဘကတော့ ပညာတတ်ကြီး ဖြစ်စေချင်တာပေါ့နော်။ ဒါပေမယ့် သူက မိဘ မသိအောင် ဂီတပညာကို လေ့လာတယ်။ သူ ခဏခဏ ပြောတာက “အဖေတို့ အမေတို့သာ ကျွန်တော့်ကို အစောကြီးကတည်းက ဂီတပညာ သင်ယူခွင့် ပေးခဲ့ရင် သိပ်ကောင်းမှာပဲ” တဲ့။ သားသားရဲ့ ပထမဆုံး “နာရီပေါ်မှ မျက်ရည်စက်များ” ထွက်ပြီး အောင်မြင်တော့ အမေ တစ်ယောက် အနေနဲ့ ၀မ်းသာတာပေါ့။

မြန်မာပြည်က သားတွေ အားလုံး၊ နိုင်ငံတကာက သားတွေ အားလုံးလည်း သူတို့ ဖြစ်ချင်တာတွေ ဖြစ်အောင် ကြိုးစားပါ။ မိဘကို ရိုသေပါ။ စောင့်ရှောက်ပါလို့ အမေ ပြောချင်တယ်။

သားသား ဘ၀မှာ သူ မဖြစ်ချင်ခဲ့တဲ့ လူယုတ်မာ တစ်ယောက်တော့ မဖြစ်ခဲ့ဘူးလို့ ယုံကြည်ပါတယ်။ လူ့လောကကနေ စောစောစီးစီး ထွက်ခွာ သွားရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အခု အချိန်အထိ သတိရနေတုန်းပါပဲလေ။

သားသားကို ချစ်ကြတာတွေ၊ သားသားရဲ့ အနုပညာကို ချစ်ကြတာတွေ တွေ့ရတော့ အမေ တစ်ယောက် အနေနဲ့ ကြည်နူး ဂုဏ်ယူမိပါတယ်။ ဆရာ နိုင်ဇော်ရဲ့ သားသား အကြောင်း စာအုပ် ထွက်လာတော့ ၀မ်းသာပါတယ်။ အမှတ်တရ သိမ်းထားစရာ တစ်ခု ရှိလာပြန်တာပေါ့။

အမေ ဒေါ်မြရင်
၆၉၊ သီတာလမ်း၊ တာမွေ၊ ရန်ကုန်


ဇနီး သွယ်သွယ်ထွေး ၏ အမှတ်တရ

ကိုလေးက သူများနဲ့ မတူဘဲ ထူးခြားတဲ့ လူတစ်ယောက်ပါ။

ကိုလေး အကြောင်း ပြောရမယ်ဆို ပြောစရာတွေ များလွန်းလို့ ဘယ်နားက စပြောရမှန်း မသိတော့ဘူး။

ကိုလေးကို သတိတရ တမ်းတနေတာတွေကို ပြောပြဖို့လည်း မလုံလောက်ဘူး။

သမီးငယ် မိကွန်ထော ၏ စကား

သမီးက ဖေဖေနဲ့ ကြာကြာ မနေလိုက်ရပေမယ့် ဖေဖေ့သမီး ဖြစ်ခွင့်ရလိုက်တာကို ကျေနပ်ပါတယ်။ ဖေဖေက ပိုက်ဆံအတွက် သီချင်းတွေ ရေးခဲ့ဆိုခဲ့တာ မဟုတ်ဘူး ဆိုတာ သမီး သိတယ်။
ဆရာ ဦးအောင်စိုး ၏ အလွမ်း မှာတမ်း
My Sentiments
It Gives me much pleasure
To mention briefly about
My great friend, the late
KYAW MYINT LWIN a.k.a
HTOO EIN THIN, in respect of his
attainments in his musical career,
During his lifetime.

Candidly, I immortalize him as
“The Most Unforgettable Musician Friend
That I’ve Ever Met” and liken him as
“A Candle with an Eternal Flame
On the Altar of my heart of hearts”.

I remain with inconsolable regrets
Until my dying day.

Sdf OUNGTSOE
a.k.a
(THI-THA-OUNG)
Mawlamyine,
Dated the 6th May 2012
နိုင်ဇော်၏ ဥယျောဇဉ်
ပုံတူ ကောက်ကြောင်း ရေးဆွဲရတာကို ကျွန်တော် နှစ်ခြိုက်သည်။

ပုံတူကောက်ကြောင်းသည် ပုံတူ ပန်းချီကား မဟုတ်။ ဓါတ်ပုံလို အပြည့်အ၀ ထင်ဟပ်ပြီး ပုံတူကူးပြနိုင်ခြင်း မရှိ။ ကောက်ကြောင်း အချို့ကိုသာ ရေးသည်။ သည်လိုနှင့် ဟန်ပန် အမူအရာ အချို့ ပေါ်လွင် လာရုံမျှ ရှိလိမ့်မည်။ ̒ကိုငှက်̓ နှင့် ကျွန်တော် ၁၉၉၀ ပြည့်နှစ်များ၏ အစောပိုင်း ကာလတွင် စတင် တွေ့ခဲ့ကြသည်။ ပုသိမ်သားတွေ ရန်ကုန်သို့ အလုံးအရင်း ရောက်ရှိလာချိန်မှာ ပိုပြီးရင်းနှီးသွားကြသည်။ ̒ကိုငှက်̓ နှင့် ကျွန်တော် သူ၏ ပုံတူကောက်ကြောင်း ရေးဖို့အတွက်အကြိမ်ကြိမ် တိုင်ပင်ခဲ့ကြသည်။ သို့ပါသော်လည်း နှစ်ယောက်စလုံး အလုပ်တွေ ကိုယ်စီ ရှိနေခဲ့ကြတာက တိုက်ဆိုင်နေခဲ့သည်။သည်လိုနှင့် ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့ကလေးတွင် တစ်နှစ်တာမျှ ကျွန်တော်သွားရောက် နေထိုင်ခဲ့ရစဉ် ကိုငှက်က အဝေးကို ပျံသန်း သွားခဲ့ပါတော့သည်။

ယခုတော့ ပြည်သူချစ်သော အနုပညာရှင် ထူးအိမ်သင်ချန်ထားခဲ့သည့် လက်စလက်န အမှတ်တရ အပိုင်းအစများကို ကောက်ကြောင်းကလေးများ ရေးလိုက်ခြင်းဖြစ်ပါသည်။

ကိုငှက်၏ မိဘနှစ်ပါး ဦးထွန်းမြင့် ၊ ဒေါ်မြရင်တို့က သူ၏ ပုံရိပ်များကို ဖေါ်ပေးခဲ့ကြသည်။ ညီမ မိမိုးနှင့် ညီများ၊ သူ၏ ဇနီး မိသွယ်နှင့် သမီးလေး မိကွန်ထောတို့က ဖြည့်စွက်ပေးကြသည်။ ကွက်လပ်များစွာအတွက် မျဉ်းကြောင်းရေးဆွဲဖို့ သူ့မှာ ချစ်ခင်သော မိတ်ဆွေတွေပေါများခဲ့သည်။

ကလောမြို့ကလေးတွင် ကျွန်တော်ရှိနေခဲ့စဉ် အောင်ပန်းမြို့သို့ သွားရောက်ပြီး ‘ချစ်ဗဟိုရ်’ စင်တင် ဂီတ၀ိုင်းမှ ပင်တိုင်ဂီတမှူး ကိုဝင်းဦးနှင့် နာရီများစွာ စကားပြောဖြစ်ခဲ့ကြသည်။ ပျောက်ဆုံးနေသည့် အဖိုးတန် ဟင်းလင်းပြင် အချို့ကို ဆရာသီဟန်သွင်နှင့် ကိုအောင်ကျော်ဦး (ဆရာ ကြွက်နီ) တို့က မှတ်တမ်းများ တင်ပေးထားခဲ့ကြသည်။ ရှားပါးဓာတ်ပုံများကို ထူးအိမ်သင်မိသားစု၊ ကိုအောင်ကျော်ဦးနှင့် ဗိုလ်မှူးမြင့်အောင်တို့က ရှာဖွေပေးခဲ့သည်။
နှင်းဆီလှိုင်း ကိုဇော်သစ်၊ တေးရေး ကိုမြင့်မိုးအောင်၊ ကိုရွှေဂျော်ဂျော်၊ ကိုမောင်မောင်ဇော်လတ်၊ စာရေးဆရာ ကိုငြိမ်းအေးအိမ်၊ ဆရာမ မအိနှင့် တေးရေးဆရာ ကိုဘနှင့် ထူးအိမ်သင်ကို အင်တာဗျူးခဲ့သူများ၊ ငယ်စဉ်ဘ၀မှသည် ကွယ်လွန်ချိန်အထိ သူ၏ ဓါတ်ပုံတွေကို ရိုက်ကူးခဲ့သူများက သူ၏ ပုံတူအောင်မြင်စွာ ဖြစ်မြောက်လာအောင် ရှုထောင့် များစွာမှ ဖြည့်စွက်ရေးဆွဲပေးခဲ့ကြပါသည်။ ကွက်လပ်များစွာ လှပစွာ ကျန်နေဦးမည် ဖြစ်သကဲ့သို့ ကွက်လပ်အချို့ကို လှပစွာပင် ချန်ရစ်ထားခဲ့ပါသည်။

ထူးအိမ်သင်ကို ချစ်သူများအတွက် "ချစ်ခြင်းအားဖြင့်" ပုံတူကောက်ကြောင်း လက်ဆောင်ကလေး ပေးလိုက်ပါသည်။

နိုင်ဇော်
၂၀၁၂ မေလ ၂၃


သမီးလေး မိကွန်ထောရဲ့ ဖေဖေ

အမေ ဒေါ်မြရင်ရဲ့ ဘဲဥ

ချစ်ဇနီး မိသွယ်ရဲ့ကိုလေး

ပေါင်းကူးတံတားပေါ်က မိသားစု

ကြည်နူးစရာ မိသားစု

နိဒါန်း သို့မဟုတ် အလင်းငှက်
ငါဟာ
အတ္တမဲ့ အလင်းတစ်ခုဖြစ်ချင်တယ်။
ပိုင်ဆိုင်တာတွေ စွန့်ပစ်ခဲ့။
ရေလို စီးဆင်းသွားချင်လည်း…။

(အစိမ်းရောင် တံခါးများ။ ရေး/ ဆို ထူးအိမ်သင်)

ထူးအိမ်သင် အမည်ရှိသော ငှက်သည် ဂီတ မိုးကောင်းကင်၏ အဝေးဆုံး၊ အမြင့်ဆုံး တစ်နေရာ အထိ မရောက် ရောက်အောင် ပျံသန်းခဲ့ဖူးသူ ဖြစ်သည်။

သူ၏ အမည်ရင်းက ကျော်မြင့်လွင်။

သို့သော် သူ့ကို ချစ်ခင်သူများက ဘဲဥ ဟုခေါ်သူ ခေါ်။ ကိုငှက်၊ ကိုသျှပ် ခေါ်သူ ခေါ်ကြသည်။ သူသည် သျှပ်မှူးကျော် အမည်နှင့် ကဗျာတွေ ရေးခဲ့သလို လင်းထက် အမည်နှင့် ၀တ္ထုတိုတွေ။ ကဗျာ လင်္ကာတွေ ဖွဲ့ဆိုခဲ့သည်။

သူသည် ရိုးရာဂီတကို ချစ်မြတ်နိုးစွာ လေ့လာခဲ့သလို တခြားသော ဆန်းကြယ်သည့် နယ်ပယ်ပေါင်း များစွာ တို့ကို ၀င်ရောက် စူးစမ်းခဲ့ဖူးသူ ဖြစ်သည်။

ကမ္ဘာလောက စိမ်းလန်းရေး အပေါ် သူ အလေးအနက် ထားခဲ့သည်။

ချစ်ခြင်းမေတ္တာနှင့် ဥာဏ်ပညာကိုလည်း သူ ယုံကြည်ခဲ့သည်။

ထူးအိမ်သင် ဆိုသော အမည်သည် တေးရေး၊ အဆိုတော် ဟူသည့်ဂုဏ်ပုဒ်လောက်မျှနှင့် မပြည့်စုံ။

သူသည် လင်္ကာ စာဆို ကဗျာဆရာ ဖြစ်သည်။
သူသည် တကယ့် ဂီတ အနုပညာရှင် တစ်ဦးလည်း ဖြစ်သည်။
သူက အမေ ချစ်သော သားတစ်ဦး ဖြစ်သလို အလွန်ချစ်တတ်သည့် ဖခင်လည်း ဖြစ်သည်။

ထူးအိမ်သင် အမည် တပ်ထားသော ကြယ်တစ်ပွင့်သည် ၂၀၀၄ ခုနှစ်၏ မိုးသည်းသော ရာသီ တစ်နေ့မှာ ရုတ်တရက် ကြွေလွင့် သွားခဲ့သည်။

သို့ပါသော်လည်း သူ၏ ၀ိညာဉ် အလင်းငှက်က အနုပညာ လေဟာပြင်ထဲတွင် အချိန် ကာလ၏ နှောင်ကြိုး ကင်းမဲ့ လွတ်လပ်စွာဖြင့် ပျံသန်းဆဲ။

အခန်း(၁) မော်လမြိုင်သား နှင့် ဇာသပြင်သူတို့၏ ပုသိမ်ဖူးစာ
(၁)
၂၀၀၄ ခုနှစ်၊ မိုးသည်းသော နေ့တစ်နေ့တွင် အဝေး တစ်နေရာသို့ထွက်ခွာ သွားခဲ့သည့် ထူးအိမ်သင်သည် ၁၉၆၃ ခုနှစ်၊ မိုးသည်းသော နေ့တစ်နေ့မှာပင် မွေးဖွား ရောက်ရှိ လာခဲ့သည်။

ပုသိမ်မြို့သည် သူ၏ မွေးဇာတိ။
ဖခင်က ဦးထွန်းမြင့်၊ မိခင်က ဒေါ်မြရင်။
ဧရာဝတီတိုင်းမှာ ထူးအိမ်သင် မွေးဖွားခဲ့သော်လည်း သူ၏ အရင်းအမြစ်က မွန်ပြည်နယ်။
အကြောင်းမှာ ဖခင်က မော်လမြိုင်သား။ မိခင်က ဇာသပြင်ရွာသူ ဖြစ်၍ပင်။
တည်နေရာအားဖြင့် ဘာမျှ အလှမ်းမဝေးသော မော်လမြိုင် ဇာတိသားနှင့် ဇာသပြင် ဇာတိသူတို့က ကြံကြံဖန်ဖန် ရွာလည်ပြီး ပုသိမ်မှာ သွားရောက် ဖူးစာ ဆုံခဲ့ကြလေသည်။

(၂)
ထူးအိမ်သင်၏ ဖခင်ဘက်မှ အဘိုး အဘွားတွေက မော်လမြိုင်မြို့ ၊ မောင်ငံရပ်နေ မီးရထားရုံပိုင် ဦးတိုးဖေနှင့် ဒေါ်ပုတို့ဖြစ်သည်။

ကလေးတွေ အရွယ် ကောင်းကောင်း မရောက်ခင်မှာ ဦးတိုးဖေ ဆုံးသွားခဲ့၍ အမေပုက သားသမီး လေးယောက်ကို ဆေးလိပ်ခုံ ထောင်၊ အထည် ရောင်းပြီး လူလားမြောက်အောင် ပျိုးထောင်ပေးခဲ့သည်။ သားကြီး ကိုတင်ဦးက တပ်မတော် အရာရှိ ဖြစ်လာပြီး ဗိုလ်မှူး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ သမီး ဒေါ်ညွန့်က အိမ်ထောင်ကျပြီး မီးရထား အသိုင်းအ၀ိုင်း ထဲမှာ။ တတိယမြောက်က ဦးထွန်းမြင့် (ထူးအိမ်သင်၏ ဖခင်)။ အငယ်ဆုံး ဒေါ်လှဝင်းက ကုန်သွယ်/ လယ်ယာ။

(၃)
ထူးအိမ်သင်၏ ဖခင် ဦးထွန်းမြင့်ကလေးသည် ငယ်စဉ်က မော်လမြိုင်မြို့ မော်လမိန်း ဂျပ်ဆင်ကျောင်းမှ စတုတ္ထတန်း အောင်မြင်ပြီးနောက် ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်းသို့ ပြောင်းသည်။

၁၉၅၃ ခုနှစ်တွင် မက်ထရစ် အောင်ခဲ့ရာ မှတ်မှတ်ရရ ထိုနှစ်တွင် မော်လမြိုင်၌ ဥပစာကောလိပ် ဖွင့်ခဲ့သည်။ သို့သော် ကျောင်းဖွင့်မည့် အချိန်နှင့် တိုက်ဆိုင်လျက် တိုက်ဖွိုက် ရောဂါဒဏ် အလူးအလဲ ခံလိုက်ရရှာသည်။ သို့ဖြစ်၍ ကျောင်းမတက် ဖြစ်လိုက်။ စာသင်နှစ် နောက်ကျသွား၍ ရန်ကုန် တက်ပြီး အလုပ် ၀င်လုပ်သည်။

ထိုအချိန် ကာလမှာ ဆယ်တန်း အောင်သူများ အလွန် ရှားပါးသော ခေတ်ဖြစ်၍ ရန်ကုန် Housing Board ရုံးတွင် စာရေး အလုပ်ကို လွယ်လွင့်တကူပင် ရခဲ့သည်။ ခြောက်လခန့် အလုပ် လုပ်ပြီး ကော်လိပ်ကျောင်းဖွင့်ချိန်နီးမှ မော်လမြိုင် ပြန်လာသည်။

တစ်ဖက်မှာ အချိန်ပိုင်း ကျောင်းဆရာ လုပ်ရင်း ကောလိပ် တက်လေသည်။ ဥပစာ အပိုင်း (က) ကိုတော့ တစ်နှစ်တည်းနှင့် နှစ်ချင်းပေါက် အောင်မြင်သည်။ အင်တာ (ဘီ) ကျတော့ သင်္ချာတွဲ သွားယူမိသဖြင့် အဆင်မပြေ။ စာမေးပွဲ မအောင် ဖြစ်ရလေသည်။

ထွက်ပေါက် ရလိုရညား အလုပ် လျှောက်ရာ တရုတ်လှ ကျေးရွာတွင် အလယ်တန်း ကျောင်းအုပ်ရာထူး ရရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ခန့်၊ ထိုစဉ် ကာလ တရုတ်လှသည် ယခုလိုဖွံ့ဖြိုး စည်ကားသည် မဟုတ်သေး။ အလွန် ခေါင်လှသည်။ တောရိပ်တောင်ရိပ် မှိုင်းအုံ့ဆိုင်း မှုန်မှိုင်း၍နေသည်။ ညအချိန်မှာ တောကြီးမျက်မည်း၏ ချောက်ချားစရာ ပိုးကောင်၊ မွှားကောင် အသံများကြောင့် အိပ်မပျော်နိုင်။ ဦးထွန်းမြင့်လေးသည် အသက်က နှစ်ဆယ်ကျော်။ ငိုချင်သလို၊ ရယ်ချင်သလို ခံစားနေရသည်။

သို့ဖြင့် တစ်ညတည်း အိပ်ပြီး မနက် မိုးလင်းသောအခါ "အိမ်ကို ခဏသွားပြီး အ၀တ်အစားတွေ ယူဦးမယ်" ဆိုကာ အပြီး ပြန်ပြေးလေတော့သည်။

(၄)
ကျောင်းထွက် ပြီး၍ ရန်ကုန် ပြန်တက်လာသည်။

အဖေ့ မိတ်ဆွေ ဦးဖေတင်က ယူဘီအေတွင် ကော်မရှင် မန်နေဂျာ။ သူ့ထံ သွားဝင်တွေ့ရာ ချက်ချင်းလက်ငင်းပဲ အလုပ် ရသည်။ ကုန်စည်စာရေး (Freight Clerk) ဘ၀မှာ ယူနီဖောင်း အဖြူ နှစ်စုံ၊ ပခုံးထောက် အဖြူကနှစ်စုံ။ ပိကက်ဦးထုပ်၊ နက်ကတိုင် နှစ်စင်း၊ ပခုံးထောက် အဖြူတစ်လိုင်းထုတ်ပေးသည်။

စမတ်ကတော့ ကျသည်။ ရှေ့ဆက် လုပ်သွားလျှင် များမကြာမီ လေယာဉ်မောင် ( Flight Assistant) ဖြစ်ပြီင်္း နောင်ရေး မျှော်တွေးစရာက ဖြောင့်ဖြူးလျက် ရှိသည်။ သို့သော် ထိုအလုပ် လုပ်နေရင်း ခြောက်လခန့် အကြာတွင် စိတ်က ပြောင်းသွားပြန်သည်။

လူဝင်မှု ကြီးကြပ်ရေးဌာနတွင် (Assistant immigration officer) ရာထူးပေါ်လာသောကြောင့် သွားလျှောက်သည်တွင် ချက်ချင်းပဲ ရပြန်သည်။ ပခုံးပေါ်မှာ နှစ်ပွင့်နှင့် အင်မီဂရေးရှင်း အရာရှိ။ အသက်က အစိတ် အရွယ်မို့ ဌာနတစ်ခုလုံးမှာ အသက်အငယ်ဆုံး။ တက်လမ်း ကောင်း၍ အေးအေးဆေးဆေး နေလို့ ရချေပြီ။

(၅)
လွဲချင်တော့လည်း ကြံဖန်၍ပင် လွဲရသည်။

လူကလည်း ရိုးစင်း၍ သိပ်မစဉ်းစားတတ်။ ဌာနဆိုင်ရာ လုပ်ငန်းများ၏ လုပ်ထုံးလုပ်နည်း ဥပဒေတွေ နားမလည်။ ယူဘီအေက အလုပ် ထွက်လာခဲ့စဉ် ဘယ်သူ့ကိုမျှ အသိမပေးခဲ့။ သူတို့ ယူနီဖောင်းတွေ ယူထားရတာ လိပ်ပြာမသန့်။ သွားပြန်အပ်မှ ကောင်းမည် ဆိုပြီး ပြန်သွားပေးသည်။

ဟိုက "အခု ဘာလုပ်နေလဲ " မေးတော့ တကယ်ဆို "ကျောင်းပြန်တက်နေတယ်" ဆိုလည်း ပြီးပြီ။ ရိုးသားစွာပင် အင်မီဂရေးရှင်းမှာ အလုပ်ဝင်လုပ်နေတာကို အမှန်အတိုင်း ပြောလိုက်မိသည်။ ဌာနတစ်ခုမှ တစ်ခုသို့ ကူးပြောင်း အလုပ် လုပ်ရာတွင် သက်ဆိုင်ရာ၏ ခွင့်ပြုချက် လမ်းကြောင်းအတိုင်း သွားရတာကို နားမလည်။

သို့ဖြင့် ယူဘီအေကလည်း လုပ်ထုံးအတိုင်း အင်မီဂရေးရှင်းကို စာလှမ်းရေးပြီး အသိပေးသည်။ အင်မီဂရေးရှင်း မင်းကြီးလည်း ကိုထွန်းမြင့်ကို အလုပ်မှ ရပ်စဲလိုက်ရတော့၏

(၆)
ထိုစဉ်က ၁၉၅၉-၆၀ ပြည့်နှစ်။ ပါလီမန် ရွေးကောက်ပွဲကာလ။

လူက စိတ်ညစ်ညစ်နှင့် ကေအယ်လ်အမ်၊ ဘီအိုအေစီ နိုင်ငံခြား လေကြောင်းလိုင်းတွေ တစ်ခုပြီးတစ်ခု အလုပ် လိုက်တောင်းကြည့်သည်။ သူတို့က ရုံးများ ပြောင်းရွေ့သွားတော့မည့် ကာလဖြစ်၍ ဘယ်ကမျှ အလုပ်မပေးနိုင်။ အတော်လေးကို စိတ်လေချင်စရာ ကောင်းနေချိန်။

သူငယ်ချင်း တစ်ယောက်က "အလုပ် တစ်ခုတော့ ရှိတယ်။ ကာလသားရောဂါ တိုက်ဖျက်ရေးမှာတဲ့ကွ။ လစာကတော့ အထက်တန်း စာရေး လစာပဲ။ လုပ်ချင်ရင်တော့ ကျန်းမာရေးဌာန သွား" ဟု လမ်းညွှန်လိုက်သည်။

ဟိုရောက်သွာတော့ စာရေးက " ဟာ အတော်ပဲ။ အချိန်တောင် နည်းနေပြီ။ ဒေါက်တာ ဘရူးဝါးက ခရီး သွားစရာ ရှိနေတာ "ဆိုပြီး အင်္ဂလိပ် လက်နှိပ်စက်နှင့် စာတစ်စောင် ခပ်မြန်မြန် ရိုက်ပေးသည်။ ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဘရူးဝါးထံ စာကို ၀င်ပြရာ စာကို သေချာဖတ်။ စိတ်ရှည်လက်ရှည် မေးမြန်း ကြည့်ပြီး…

" မင်းကွာ။ ကောလိပ် ပညာတတ်ပဲ။ အခု လျှောက်ထားတာက ကာလသားရောဂါ စုံစမ်းရေး (Investingator) ဘက်ဆိုတော့ ဟိုအိမ်၊ဒီအိမ် မကောင်းတဲ့ နေရာတွေလည်း သွားရမှာ။ မသင့်တော်ပါဘူး။ မင်း ဓာတ်ခွဲခန်း တက်ကနီရှင် လုပ်ပါလား "ဟု ဆိုသည်။

" တောင်ကြီးနဲ့ ပုသိမ်မှာ နေရာတွေ လစ်လပ်တယ်ကွ။ ငါလည်း အခုပဲ ပုသိမ်ရုံးကို သွားစစ်ဆေးမှာ။ အဲဒီ နှစ်နေရာထဲက မင်းသွားချင်တဲ့ဆီ ရွေး။ ငါ ခန့်ပေးလိုက်မယ် "ဟု ဆိုသည်။

ဦးထွန်းမြင့်ကတော့ နယ်ရပ်ဝေးကို မသွားချင်။ ရန်ကုန်မှာပဲ နေချင်သည်။ ဒေါက်တာ ဘရူးဝါးက အလုပ်ရလည်း နယ်ကို ချက်ချင်း သွားရမည်ဟု ဆိုသည်။

ဦးထွန်းမြင့်လည်း လစာ ယူပြီး သုံးလလောက်တော့ နေကြည့်မည်။ နောက်တော့ ထွက်တန်ထွက်မည် စိတ်ကူးလိုက်သည်။ "ပုသိမ်ဘက်ကို ငါမရောက်ဖူးသေးဘူး။ သူငယ်ချင်းတွေလည်း ရှိတာပဲ။ ရောက်ဖူးအောင် အလည် သွားကြည့်ဦးမယ် " ဟု သူ့စိတ်က ဖြစ်လာသည်နှင့် ပုသိမ်ကို ဆန္ဒပြုလိုက်သည်။

သည်လိုနှင့် စတူးဝပ်လမ်း (ယခု မော်ကွန်းတိုက်လမ်း) ရှိ Pasteur Institute သို့ ရောက်သွားသည်။

ဒေါက်တာ အာဟတ်၏ အစီအစဉ်ဖြင့် ကာလသားရောဂါ သွေးရည်ကြည် စမ်းသပ်မှု (Serological tests) များဖြစ်သော VDRL test နှင့် Kahn test များကို သင်ယူရလေသည်။ သုံးလပြည့် သင်တန်းအပြီး ပုသိမ် ရောက်တော့ သူ ပျော်သွားသည်။

ဇာသပြင်သူ မိမြရင်နှင့် ဖူးစာဆုံဖို့ ကြိုတင် သွားပြီး စောင့်စားနေသလိုမျိုးလည်း ဖြစ်ခဲ့သည်။

(၇)
မော်လမြိုင်နှင့် ဇာသပြင်ဆိုတာ တည်နေရာချင်းက လက်တစ်ကမ်းစာ။

ဂျိုင်းမြစ်နှင့် သံလွင်မြစ် ဆုံရာမှာ ဟိုဘက်ကမ်းက ဘီလူးကျွန်း မော်လမြိုင်။ သည်ဘက်က ဇာသပြင် ဖြစ်သည်။ အင်္ဂလိပ်ခေတ်ကတည်းက မော်လမြိုင်မှ နေ့စဉ် သင်္ဘော ပြေးဆွဲသည်။ ဘီလူးကျွန်း တစ်လိုင်း၊ ဇာသပြင် တစ်လိုင်း ဖြစ်နေလေသည်။

ဇာသပြင်သည် အင်္ဂလိပ်ခေတ်တုန်းက တိုက်နယ် မကျသေးသည့် ရွာကြီးတစ်ရွာ ဖြစ်ခဲ့သည်။ ဇာသပြင်ချောင်းကြီး အပေါ်မှာခွပြီး တည်ထား၍ အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်း ကွဲနေသည်။ ဗမာ၊ မွန်တွေ ရောနှော နေကြသည်။

အရှေ့ဘက်ကမ်းမှာ ဗမာစုဖြစ်၍ လှေစပ်၊ အိုးဖုတ်၊ လယ်ယာ လုပ်ကြသည်။ ဇာသပြင် လက်ရိုက်အိုးတွေက နာမည်ကျော်။ အိုးရွှံ့မြေကို ဇာသပြင်ချောင်းဖျားမှ ရပြီး သဲကို ကော့လဖူရွာမှ ရသည်။ လူ အသုံးများသည့် စဉ့်မကိုင်သော အဖြူထည်အိုးများ ဖြစ်ကြ၏။ ထိုခေတ်အခါက သတ္တုအိုးတွေ မတွင်ကျယ်။ ထမင်းချက်၊ ဟင်းချက်လည်း မြေအိုးတွေပဲ သုံးစွဲသည်။ ပန်းကန်၊ အင်တုံ၊ ငရုတ်ဆုံမှသည် ဘုရား ညောင်ရေအိုး၊ ကလေး ကစားစရာတွေအထိ အိုးလုပ်ငန်းမှ ထွက်ရှိသည်။

အနက်ဘက်ကမ်းမှာ မွန်စုဖြစ်၍ ကလယ်လူမျိုး နည်းနည်း ရှိသည်။ လယ်စိုက်ကြသည့်အပြင် တံငါလုပ်ငန်းကတော့ ငါးပုစွန်တွေ ဖမ်း၊ မော်လမြိုင်အထိ တင်ပို့ကြသည်။ ထိုစဉ်က စက်လှေငယ်များ မရှိသေး။ ရေပြင်ကျယ် ရေလမ်းအတိုင်း ခတ်လှေတွေနဲ့ပဲ သွားကြသည်။ ဇာသပြင် အနောက်ပိုင်းသည် ဟိုမှာဘက်တွင် ကော့ကျိုက်ရွာနှင့် နီးကပ်စွာ သွားဆက်နေလေသည်။

ဇာသပြင် အရှ့ရွာနှင့် အနောက်ရွာကို တံတားကြီး တစ်စင်းက ပေါင်းကူးပေးထားသည်။ မွန်ရယ်၊ ဗမာရယ် ဆိုသော်လည်း ရုပ်ရည် လက္ခာဏာအရ ခွဲခြား၍ မရ။ အားလုံး အတူတူ ရောနှောနေကြသည်။ ဘာသာရေးလည်း ကိုင်းရှိုင်းကြသည်။

အရှေ့ဘက်ကမ်းတွင် ကျောင်းကြီးကျောင်းနှင့် ကွင်းကျောင်းတို့ကား ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေ။ အနောက်ဘက် ကမ်းမှာလည်း ရှေးကျောင်းကြီး သုံးကျောင်း ရှိသည်။ ဘုန်းကြီးကျောင်းငယ်တွေကတော့ ပေါများလှချေသည်။
(၈)
ထူးအိမ်သင်၏ မိခင်ဘက်မှ အဘိုး ဦးမောင်ကား ဇာသပြင် အနောက်ဘက်ကမ်း၊ ချောင်းဝမှာနေထိုင်ခဲ့သော မွန်လူမျိုးဖြစ်သည်။ စပါး စိုက်ပျိုးသည်။

(၉)
ထိုခေတ်ကာလ ဇာသပြင်ရွာကြီးမှာ တော်သလင်းလဆိုလလျှင် မိုးရုပ်သိမ်းစပြု၍ လှိုင်းလေငြိမ်သက်ပြီ။ မြစ်ယံ သင်ဖျူးခင်းသည့် ထိုအချိန်မျိုးမှာ လှေပြိုင်ပွဲတွေ ကျင်းပစမြဲဖြစ်တော့၏ ။ ဆိုင်းတွေ၊ ဗုံတွေ၊ မောင်းတွေကို လှေပေါ်တင်ပြီး အပြိုင်အဆိုင် အားပေးကြသောကြောင့် စည်စည်ကားကားနှင့် ပျော်စရာလည်း ကောင်းလှသည်။

မွန်တိုင်းရင်းသားတို့ ဓလေ့ထုံးစံ ၀ါလသီတင်းကျွတ် ပ၀ါရဏာပွဲ ကျင်းပ၍ သိမ်မှ ထွက်ဆင်းလာသည့် ဘုန်းတော်ကြီးများ၏ ခြေအစုံကို အမွှေးနံ့သာရည်ဖြင့် ဆေးကြောပေးပြီး ကြွရာလမ်းကို အ၀တ်ခင်းလျက် လှူဖွယ်များ လောင်းလှူကြသည်။ နေထိုင် မကောင်းသည့် အမျိုးသားများက မိမိကိုယ်ပေါ်မှ နင်း၍ကြွသွားစေပြီး အမျိုးသမီးများ မကျန်းမာပါက သံဃာတော်များ ကြွရာလမ်းနံဘေးတွင် ရေအိုး ရေမှုတ် ချထားပေး၍ ခေါင်းမှစတိသဘော လောင်းချပေးသွားကြသည်။ ဤသို့ဖြင့် ရောဂါဘယများပျောက်ကင်း စေသည်ဟု ယုံကြည်ကြသည်။

သီတင်းကျွတ်လတွင် ကောက်ဦးပေါ်၍ ကောက်ဦးဆွမ်းလောင်းပွဲကို သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့တွင် ကျင်းပသည်။ ချောင်းဆုံဘက် ဘီလူးကျွန်း ၆၄ ရွာထဲမှပင် ဇာသပြင်အထိ ကူးလာပြီး ဆင်နွှဲကြလေသည်။

မိုးလင်းစ ဝေလီဝေလင်းမှာ သံဃာတော်များ ရွာလမ်းတစ်လျှောက် ရာနှင့် ချီ၍ စီတန်းကြွမြန်း လာကြစဉ် အိမ်ရှေ့တွေမှာ ကိုယ်စီထွက် ခုံတွေခင်းပြီး နံနက်ဆွမ်းတွေ လောင်းလှူကြသည်။ ထိုအချိန်မှာ မော်လမြိုင်မှ ပွဲဇာတ်တွေ ငှားထား၍ ခြိမ့်ခြိမ့်သဲသဲ ရှိလှတော့၏။

ကထိန် ၊ တန်ဆောင်တိုင်ကျပြန်လျှင် ချောင်းဆုံ၊ ဘီလူးကျွန်း၊ မုရစ်ကြီး၊ မုရစ်ကလေး ရွာများဘက်မှ ဇာသပြင် အဆက်ဆွေမျိုးတွေက လှေများပေါ်တွင် ကိုယ့်ပဒေသာပင် ကိုယ်တင်လာပြီး ဇာသပြင်၌ ကထိန်လာခင်းကြသည်။ ဆိုင်း၊ ဗုံတွေ လှေပေါ်တင်တီးလာကြသောကြောင့် အထူးပင် ပျော်စရာကောင်းလှချေသည်။

(၁၀)
တော်သလင်းလ လှေပြိုင်ပွဲတွေက တကော့ခမိုင်း ခေါ်တွင်သည့် ဘီလူးကျွန်းဘက်မှာလည်း ရှိသည်။

တစ်ခါတော့ အဖော်ကောင်း၍ ချောင်းဆုံလှေပြိုင်ပွဲသို့ ဦးမောင်ရောက်သွားခဲ့သည်။ ထိုအခါ ဘီလူးကျွန်း၊ မုရစ်ကလေးရွာသူ မိအုန်းစိန်နှင့် သိကျွမ်းခွင့်ရလိုက်သည်။

တစ်ချိန်တစ်ခါတုန်းကတော့ ဘီလူးကျွန်းမှာ နေခဲ့ကြသည့် စမောင်ခေါ် စမင်းလူမျိုးတို့သည် ဆံပင်ကောက်၊ အသားမည်း၊ ရေကူးသန် ၊ ခက်ထန် ကြမ်းကြုတ်ပြီး ဘီလူးနှင့် တူသည်ဟု အဆိုရှိကြ၏ ။ အရှင်သောဏထေရ်နှင့် ဥတ္တရထေရ်တို့ သုဝဏ္ဏဘုမ္မိသို့ ကြွလာတော့မှ ရန်ပြုတတ်သည့် အဆိုပါ ရေသူရဲ ဘီလူးများကို နှင်ထုတ်ခဲ့ရသည် ဟုလည်း ဆိုလေ့ရှိကြသည်။

ယခုတွေ့ဆုံရသည့် ဘီလူးကျွန်းသူလေး မိအုန်းစိန်ကဖြင့် ရှင်းသန့်၍ နေတော့သည်။ ဦးမောင်နှင့်ဆိုလျှင် အသက် နှစ်ဆယ် အစိတ်ခန့်ပင် ကွာနေသည်။ အိမ်မှုကိစ္စ နိုင်နင်းလှပြီး မိန်းမ ပီသသည်ဟု နာမည်သတင်းကြီးသော မိအုန်းစိန်ကလေးကို မြင်မြင်ချင်းပင် ဦးမောင် မေတ္တာသက်ဝင် သွားခဲ့သည်။ သို့ဖြင့် ထုံးတမ်းနှင့်အညီ လူကြီးစုံရာနှင့် သွားရောက် တောင်းရမ်းလက်ထပ်ယူခဲ့သည်။ မိအုန်းစိန်လည်း သျှောင်နောက် ဆံထုံးပါ ဇာသပြင်ရွာသို့ ရောက်လာခဲ့လေသည်။

(၁၁)
ဦးမောင်နှင့် ဒေါ်အုန်းစိန်တို့မှာ သားသမီးငါးယောက် ထွန်းကားခဲ့သည်။ အကြီးဆုံးက ဦးမြတ်ထွန်း ၊ ဒုတိယ မိမြတင် ၊ တတိယ မိမြရင် (ထူးအိမ်သင်၏ မိခင်) ၊ အဲ့သည်နောက် ဦးထွေးမြင့် ၊ အငယ်ဆုံးက မိစိန်ရင်ဖြစ်သည်။

(၁၂)
ဗြိတိသျှခေတ်တုန်းက ရဲစခန်းခွဲကလေး တစ်ခုသာရှိသော်ငြားလည်း အေးချမ်းလုံခြုံခဲ့သည့် ဇာသပြင်သည် စစ်ရိပ် စစ်ငွေ့သမ်းလာသည်နှင့်အမျှ မတည်မငြိမ် လှုပ်ခတ်စ ပြုလာသည်။ ဂျပန်စစ်ကြောင်းဝင်လာချိန် အင်္ဂလိပ်တပ်များက ဇာသပြင်လမ်းအတိုင်း ဆုတ်ခွာကြသည်။ ကြောင်နက် တံဆိပ် အိန္ဒိယ အင်ဂျင်နီယာတပ်များက မြစ်ချောင်းတွေ တွေ့လျှင် တံတားတွေ ချက်ချင်းထိုးပြီး စနစ်တကျဆုတ်ခွာသွားကြ၏။

ဂျပန်စစ်ကြောင်းကြီးတစ်ကြောင်းက ဇာသပြင်ကို ဖြတ်ပြီးမှ မော်လမြိုင်သို့ ရောက်နှင့်နေ၍ ပူးပေါင်းမိကြလေသည်။ မော်လမြိုင်မြို့သူ မြို့သားများကား ဘီလူးကျွန်းမှတစ်ဆင့် ဇာသပြင်အထိ စစ်ပြေးလာကြသည်။ လူတစ်ကိုယ် တစ်နိုင်စာသာ သယ်နိုင်၍ ပစ္စည်းတွေကို သည်အတိုင်း ထားပစ်ခဲ့ကြသည်။ မပြေးလို့ကလည်းမဖြစ်။ စစ်ဦးဘီလူးဆိုသည့်အတိုင်း ဂျပန်တပ်တွေ ဆက်ဆံပုံက ကြမ်းလှရမ်းလှသည်။ တစ်ဘက်မှာ တောမီးလောင်၍ တောကြောင်လက်ခမောင်း ခတ်သည့်နှယ် ဖောက်ထွင်းလုယက် နိုင့်ထက်စီးနင်းမှုတွေ ကြုံရသည်။

ဗုံတွေကလည်း မော်လမြိုင်ကို ကြဲလှပြီ။ ညဘက်ဆို မော်လမြိုင်မြို့ အထက်က ကောင်းကင်ယံတွင် ဂျပန် တိုက်လေယာဉ်များနှင့် ဗြိတိသျှ တိုက်လေယာဉ်များ စီးချင်းထိုးကြတာကို ဇာသပြင်ဘက်မှပင် လှမ်း၍ မြင်ရသည်။ အောက်မှလှမ်းပစ်သော မီးပွင့်တွေ။ အပေါ်မှ ဗုံးကြဲချတာတွေ။ ငိုက်စိုက်ထိုးကျသွားသည့် လေယာဉ်ပျံတွေ။ မီးတောက်များကြောင့် မိုးကောင်းကင်က သွေးရောင် နီမြန်းတောက်ပနေသလို မီးခိုးများဖြင့် မှိုင်းညို့မှောင်မည်း နေတော့သည်။

(၁၃)
ဇာသပြင်မှာ ဂျပန်တပ်ကြီး စခန်းချပြီး ဌာနချုပ် လာဖွင့်သည်။ ဇာသပြင်ဘုရားနား ကပ်ရက် ဂျပန် ကျည်ဆန် စက်ရုံကြီး တစ်ခုကို သွပ်မိုးတွေနှင့် အခိုင်အခန့် တည်ဆောက်သည်။ ထိုအခါ အင်္ဂလိပ်ကလည်း ဇာသပြင်ကို ဗုံးတွေ တရစပ်ကြဲချတော့သည်။

ဘပ်ဖလိုခေါ် ကျွဲညီနောင် လေယာဉ်ပျံနှစ်စင်းက အဆိုးဆုံး။ အသံမပေး ဘာမပေးနှင့် ရုတ်တရက် ဆိုသလို ရောက်လာပြီး သေမင်းကိုမှ လက်ဆောင်သဖွယ် လာပေးသည်။ ဇာသပြင်ရွာ အလည်ကောင်တည့်တည့် မီးလောင်ဗုံးကြီးတွေ လာကျသည်။ ရွာသူရွာသားတွေ ခမျာကတော့ဖြင့် မြေစာမြက်ပင်များသဖွယ် အတိဒုက္ခ ရောက်ရရှာတော့သည်။

(၁၄)
ဦးမောင် ၊ ဒေါ်အုန်းစိန်တို့မှာ သားသမီးငါးယောက်ကလည်း ငယ်ကြသေးသည်။ ဇာသပြင်မှာ ကျီးလန့်စာစား မလုံခြုံ။ သို့ဖြင့် ဒေါ်အုန်းစိန်တို့ အမေ့ရွာ ဘီလူးကျွန်း တောင်ပိုင်း မုရစ်ကလေးသို့ ရွှေ့လာကြလေသည်။

စစ်ကြီး ပြီးဆုံးသွားတော့လည်း သူတို့မိသားစု ဇာသပြင်ကို မပြန်ဖြစ်တော့ပြီ။ မုရစ်ကလေးမှာလည်း လယ်တွေ မြေတွေ ရှိနေ၍ အခြေကျသွားသည်။ မိမြရင်တို့ မောင်နှမတစ်တွေ မုရစ်ကလေး ရွာကျောင်းမှာပဲ ပညာသင်ကြသည်။ ရွာကျောင်းက မူလတန်းမှ အလယ်တန်း တစ်ဖန် အထက်တန်းကျောင်း အဖြစ် တဖြည်းဖြည်း တိုးမြင့်သွား၍ စာသင်ရတာ အဆင်ပြေသွားသည်။

ဦးမောင်ခမျာ အစကတည်းက သိပ်မကျန်းမာ။ သမီး မိမြရင် ဒုတိယတန်း ရောက်သောနှစ်မှာ နေထိုင်မကောင်းဖြစ်ပြီး ဆုံးပါးရှာသည်။ ငယ်ငယ်နှင့် အဖေဆုံးပါးရတော့ စိတ်ထဲမှာဖြင့် အတော်လေးကို ထိခိုက်ခံစားရသည်။

(၁၅)
၁၉၅၄ ခုနှစ်။

မိမြင်ရင် အသက် ၁၈နှစ်တွင် ဆယ်တန်းရောက်သည်။ အမေ့ကိုလည်း ငဲ့ညှာချင်။ အပြင်လောကကို ကိုယ့်ဘာဘာထွက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်လည်း ရပ်ကြည့်ချင်သည် ။ သူနာပြုသင်တန်း လျှောက်လွှာတွေ ခေါ်နေတာ တွေ့၍ တင်လိုက်သည်။

မန္တလေးဆိုတာ တန်ခိုးကြီး ဘုရားတွေ ၊ ကျုံးမြို့ရိုးတွေ နန်းတော်တွေ တည်ရှိသော ရှေးမြို့တော်ကြီးဖြစ်သည်။ ရှေးအစဉ်အလာ၏ ခံ့ထည်မှု အရှိန်အ၀ါ ကြီးမားလှသည်။ ရောက်ဖူးချင်စရာ ကောင်းလှသည်ဟု မိမြင်ရင်စိတ်ထဲ တွေးမိသည်။

ဝေးလံသော်လည်း မန္တလေးသင်တန်းကိုပဲ တမင်တကာ ရွေး၍ လျှောက်လိုက်သည်။ ဤသို့ဖြင့် မွန်ပြည်နယ်မှ သူနာပြုသင်တန်းသူလေး မိမြရင်သည် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ရတော့သည်။

ဖွေးဖွေးဖြူစွတ်သော အင်္ကျီနှင့် ထဘီအနီရဲရဲကို မိမြရင် မြတ်နိုးလှသည်။ ထိုအချိန်က ဆေးရုံအုပ်ကြီးမှာ ပန်ချာပီ လူမျိုး ဒေါက်တာ ဂယန်းဆင်းဖြစ်၏။ မေထရွန်ကြီးက ကရင်တိုင်းရင်းသူ ဒေါ်သင်းလှိုင်။ အလွန်စည်းစနစ်ကျပြီး ထက်မြက်သည်။ သင်တန်းသူတွေကို အစစအရာရာ သွန်သင်ညွှန်ပြ ပေးခဲ့သည်။

အားလပ်ချိန်မှာ မန္တလေးရွှေမြို့တော်ကြီးတွင် လည်ပတ်လေ့လာစရာတွေ မကုန်နိုင်အောင် ပေါများသည်။ ကျုံးပတ်လည် ၀န်းရံထားသည့် နန်းမြို့တော်ကြီးက ဆေးရုံကြီးနှင့် ဘာမှ အလှမ်းမဝေးချေ ။ မန္တလေးတောင်၊ ကျောက်တော်ကြီး၊ ရွှေကြီးမြင့်၊ မဟာမြတ်မုနိ အစရှိသဖြင့် ဖူးရမည့် ဘုရားတွေက စုံလှသည်။ ဈေးချိုမှာ ဈေးထွက်ဝယ်ရတာလည်း ပျော်စရာ ။ ဈေးချိုသူတွေ ထိုခေတ်တုန်းက ရွှေခြင်ကျင်းတွေ ၀တ်တတ်ကြသေးသည်။

သင်တန်းအစီအစဉ်ဖြင့် ပြင်ဦးလွင်သို့လည်း မကြာခဏ သွားရောက် လည်ပတ်ခဲ့ရသည်။

၁၉၅၄ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ သုံးနှစ်တိုင် ရွှေမန်းမြေမှာ သူနာပြုပညာတွေ အပတ်တကုတ် ဆည်းပူးလေ့လာခဲ့လေသည်။

(၁၆)
သင်တန်းပြီးဆုံးသည့် ၁၉၅၈ ခုနှစ်တွင် ရေနံချောင်း ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်၌ တာဝန်ထမ်းခဲ့ရ၏ ။ ၁၉၅၉-၆၀ ခုနှစ်ကျတော့ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနခွဲသို့ ပြောင်းရွှေ့ရပြန်သည်။ ၁၉၆၀-၆၁ ခုနှစ်တွင် ၀မ်းဆွဲဆရာမ လက်မှတ်အတွက် ပညာပြည့်စုံအောင် ဒပ်ဖရင် အမျိုးသမီး ဆေးရုံကြီးတွင် သင်တန်းခြောက်လ တက်ရောက်ဆည်းပူးခဲ့ရသည်။

အဲ့သည်နောက်မှာတော့ ပုသိမ်မြို့ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနသို့ ရွှေ့ပြောင်းလာခဲ့ရသည်။ ဤသို့ဖြင့် ပုသိမ်တွင် ရောက်နှင့်နေသည့် မော်လမြိုင်သား ဦးထွန်းမြင့် ဆုံစည်းဖို့ အကြောင်းဖန်လာခဲ့တော့သည်။

(၁၇)

နှစ်ယောက်စလုံး ဌာနကလည်း အတူတူ။ ကိုယ့်လစာနှင့်ကိုယ်။ နောက်ဆံငင်စရာ ဘာမျှမရှိ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ကြသည်။ ဦးထွန်းမြင့်၏ မိခင် ဒေါ်ပုကလည်း ပုသိမ်မှာ လိုက်နေချိန်။ ဒေါ်မြရင် မိခင် ဒေါ်အုန်းစိန်ကလည်း ရောက်နေသည်။ မိခင်ချင်း ခင်မင်ရင်းနှီးသွားကြသောအခါ လူငယ်တွေ၏ အရေးကိစ္စမှာ ဘာအခက်အခဲမျှ မရှိတော့ပြီ။

ထိုအချိန်တွင် ဦးထွန်းမြင့်က တူတော်စပ်သူ ကိုအေးကျော် ရရှိထားသည့် ပုသိမ်ပြည်တော်သာတိုက်ခန်းမှာ နေထိုင်လျက်ရှိသည်။ ထိုအိမ်မှာပဲ မင်္ဂလာဧည့်ခံပွဲပြုလုပ်ခဲ့သည်။ ရုံးမှာ လက်မှတ်မထိုး။ မင်္ဂလာလည်း မဆောင် ။ ပုသိမ် စက်ရှင်တရားသူကြီး ဦးချမ်းလွင်က ဦးထွန်းမြင့်၏ ဆရာသမားအရင်း။

"ဟေ့-မောင်ထွန်းမြင့်။ ငါတို့ ဗုဒ္ဓဘာသာ မိရိုးဖလာ ထုံးစံမှာ လက်မှတ် ထိုးတယ် ဆိုတာ မရှိဘူးကွ။ ပုဆိုးတန်းတင် အကြင် လင်မယားပဲ ရှိတယ်။ အရှေ့ ခုနစ်အိမ်၊ အနောက် ခုနစ်အိမ်က အသိအမှတ် ပြုရင် လင်မယားအဖြစ် အရာရောက်တယ်။ ဘာမှ အပိုတွေ မလုပ်နဲ့။ အရေးကြီးတာက တစ်သက်လုံး မြတ်မြတ်နိုးနိုး ပေါင်းသင်းဖို့ကွ။ လက်မှတ် ထိုးဖို့တော့ ငါ့ဆီ မလာခဲ့နဲ့။ ကြားလား။ ငါ ဘာမှ လုပ်မပေးဘူး" ဟု ဆိုသည်။

သို့ဖြင့် သီတင်းကျွတ်သည်နှင့် အိမ်ထောင်ပစ္စည်းတွေ ပြေးဝယ်။ ပြည်တော်သာ တိုက်ခန်းရှေ့မှာပဲ မီးသီး၊ မီးကြိုးတွေ ကိုယ့်ဘာသာ ဆင်။

ဖိတ်စာ ရိုက်တော့ ပုံနှိပ်တိုက်က- "အစောင် ငါးဆယ်တည်း မှာတာ တစ်ခါမှ မကြားဖူးဘူး။ နှစ်ရာလောက်တော့ ရိုက်သွားပါလား" ဟုဆိုသည်။

"ဟာဗျာ၊ ပုသိမ်မှာ အသိ မိတ်ဆွေတွေလည်း မများပါဘူး၊ ပိုနေမှာပေါ့" ဟု ပြန်ပြောမိသည်။ တကယ်တမ်းကျတော့ ဆေးရုံ အသိုင်းအ၀ိုင်းနှင့် ဖိတ်စာ နှစ်ရာပင် မလောက်ငချေ။

ဦးထွန်းမြင့်၏ ကျောင်းနေဖက် သူငယ်ချင်း ဗိုလ်မှူး မောင်မောင်လွင်က ပုသိမ်မှာ တာဝန်ကျ၍ ထိုခေတ်က ပေါ်ကာစ တိပ်ရီကော်ဒါ ၀ယ်ထားတာ မကြာသေး။ သူ ကိုယ်တိုင် သယ်ယူ လာပြီး ၀မ်းသာအားရ သီချင်းတွေ ဖွင့်ပေးသည်။ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးထွန်းရှိန်နှင့် လက်ထောက် ဆရာဝန် ဒေါက်တာ ရွှေဝါ၊ စစ္စတာ မီရီယံတို့ လာပြီး ချီးမြှင့်ခဲ့ကြသည်။

သီတင်းကျွတ်စ၊ မိုးကာလလည်း လုံးလုံး မလွတ်မြောက်သေး၍ မိုးမင်းက ဗြုန်းဗြုန်းဗြင်းဗြင်း ကျီစယ်လိုက်သေးသည်။ သို့သော် မိုးပြေး ခဏမျှ ဖြစ်၍ ဧည့်ခံပွဲမှာ စည်စည်ကားကားနှင့် ပျော်စရာလေးပင် ထမြောက် အောင်မြင်ခဲ့တော့သည်။

(၁၈)
လက်ထက်ပြီး၍ များမကြာခင် ပြည်တော်သာတိုက်ခန်းက ကိုအေးကျော်တို့ အခန်းနားမှာ တစ်ခန်း အားသွားသည်။

တစ်ရက်သောအခါ ရုံးတွင် ခရိုင်ဆရာဝန်ကြီး ရောက်ရှိနေစဉ် အခန့်သင့်၍ ဦးထွန်းမြင့်က အိုးအိမ် အင်ဂျင်နီယာထံသို့ ဖုန်းလှမ်းဆက်သည်။ ဖုန်းဝင်သွားသောအခါ "ကျေးဇူးပြုပြီး ခဏ ကိုင်ထားပါ ခင်ဗျာ" ဟု ဆိုကာ ဆရာဝန်ကြီး လက်ထဲ ဖုန်းထိုးထည့်ပေးပြီး "ဆရာ ကျွန်တော့်အတွက် ပြည်တော်သာ တိုက်ခန်းလေး ပြောပေးပါဦး" ဟု အပူကပ်ရသည်။

ဆရာဝန်ကြီးက တစ်ဖက်နှင့် ပြောဆိုရင်း "ဟေ့ မောင်ထွန်းမြင့်၊ ဟိုက မေးနေတယ်။ အားနေတာ အခန်းနံပါတ် ဘယ်လောက်လဲတဲ့" ဟု လှမ်းမေးသည်။

အားလပ်နေတာ နံပါတ် (၇)။

ဤသို့ဖြင့် သူတို့ ဇနီးမောင်နှံ နေစရာ အခန်း ရရှိ သွားခဲ့ကြလေသည်။

မော်လမြိုင်သား ဦးထွန်းမြင့်၊လူပျိုဘဝ

ဇာသပြင်သူ မိမြရင်၊ သူနာပြု သင်တန်းသူ၊ မန္တလေး တောင်ပေါ်တွင်

မော်လမြိုင်သားနှင့် ဇာသပြင်သူတို့ ဖူးစာ

ပုသိမ်ပြည်တော်သာတိုက်ခန်း
အခန်း (၂)
ကလေးလေးအတွက် ဂီတကျောင်း

(၁)
ထူးအိမ်သင် ဖြစ်လာမည့် သားဦး၊ သားကြီး ကျော်မြင့်လွင်ကို ၁၉၆၃ ခုနှစ်။ ဇူလိုင်လ ၁ ရက် နေ့မှာ ဖွားမြင်ခဲ့သည်။ သားဦးပင် ဖြစ်သော်ငြားလည်း အခက်အခဲ တစ်စုံတစ်ရာ မရှိ။ ချောမွေ့ လွယ်ကူသည်။ မှတ်မှတ်ရရ ထိုနေ့က “ပေးဒေး” ဖြစ်သည်။ ၀န်ထမ်း သားသမီး လခထုတ်ရက်မှာ မွေးတာကတော့ တကယ့်ကို သတိရစရာ ဖြစ်သည်။

မီးဖွားပြီး ခြောက်လခန့် အကြာတွင် မိခင် ဒေါ်မြရင်က မော်လမြိုင်သို့ ပြောင်းရသည်။ ဦးထွန်းမြင့်ကလည်း ရာထူး တစ်ဆင့်တက်ဖို့ ရန်ကုန် Pasteur Institute ရှိ ဒေါက်တာ အာဟတ်ထံတွင် အထွေထွေ ဓါတ်ခွဲ ကျွမ်းကျင်သင်တန်း သွားတက်နေရသည်။

(၂)
မော်လမြိုင်က အမျိုးတွေကတော့ ဖြူစင်ဖွေးဥ ၀တုတ်တစ်နေသည့် သားယောကျာ်းလေးကို အားလုံး ၀ိုင်းချစ်ကြသည်။ မြင်သူတိုင်းက-

"ဟယ် ဘဲဥကလေးလိုပဲ။ ဘဲဥကလေးလိုပဲ" ဟု ပြောတတ်ကြ၍ ဘဲဥ အမည်တွင်တော့သည်။

"ဟယ် စိမ်းစားဥကြီးလိုပဲ" ဟု ပြောသူတွေလည်း ရှိခဲ့ကြသည်။ သို့သော် ကံကောင်း ထောက်မစွာပင်။ စိမ်းစားဥ ဆိုသည့် အမည်မတွင်ခဲ့ချေ။

(၃)
အမေ ဒေါ်မြရင်၏ အဘိုးက ဘီလူးကျွန်း မုရစ်ကလေးရွာမှ ဘုန်းတော်ကြီး ဖြစ်သည်။ ဗေဒင် အတွက်အချက် ကျွမ်းကျင်သည်။ မွန်တို့၏ ရှေးရိုးစဉ်လာ ဓလေ့များ၊ မွန်တိုင်းရင်းသား လူ့အဖွဲ့အစည်းများ အတွင်းရှိ လူမှုကိစ္စ အားလုံးနှင့် ဆိုင်သော အကြောင်းအရာများ၊ ရှောင်ရန်၊ ဆောင်ရန် အချက်များ လမ်းညွှန်ချက်များနှင့် ဂြိုလ်နက္ခတ် သွားလာပုံ၊ ဗေဒတွက်နည်းစုံများ ပါဝင်သည့် လောကသိဒ္ဓိကျမ်းနှင့် လောက သမုတ္တိကျမ်းများကို ပိုင်နိုင်သူ ဖြစ်သည်။

ဆရာတော်က ကလေး၏ ဇာတာကို ခွင်ချ တွက်ချက် ကြည့်ပြီး-

"အိမ်း၊ ဒီကလေးကဖြင့် သာမည ကလေးတော့ မဟုတ်ဘူးဟေ့။ လျှမ်းလျှမ်းကြီးကို တောက်ဦးမယ့် ကလေး။ ပဒေသာပင်ကြီးလိုပဲ ဝေဆာ သီးပွင့်ဦးမှာ၊ ဘုန်းကြီးကတော့ တပ်အပ် ပြောလိုက်ပြီ" ဟု အားရပါးရ မိန့်သည်။

တစ်ဆက်တည်းမှာပင် ဆရာတော်က မွန်အမည် "ပေါဆောမ်" ဟူ၍ မှည့်ခေါ်ပေးခဲ့သည်။ အဓိပ္ပာယ်က "ငွေသီးပွင့်သည့် ပဒေသာပင်" ဟူ၏။

"စကြာဝတေးမင်းကဲ့သို့ တန်ခိုးကြီးပါစေ။ မိဘကို ရိုသေသည့် သားထူးသားမြတ် အဖြစ် ရရှိစေ" အစချီသည့် ဂါထာရွတ်ဆိုပြီး သိဒ္ဓိများလည်း တင်ပေးခဲ့သည်။

(၄)
အဖေ ဦးထွန်းမြင့်ကတော့ ရန်ကုန်မှာ သင်တန်းတက် ပြီးသွားသောအခါ ပုသိမ်ကိုပဲ ပြန်ရောက်သည်။ ဇနီးနှင့် ကလေးငယ်က မော်လမြိုင်မှာ ရောက်နေခဲ့သည်။

ဤသို့ဖြင့် မဖြစ်ချေသေး ဆိုပြီး ရန်ကုန် ရုံးချုပ်မှာ ကူးစက်ဌာန (Epidemic) ကိုင်သော ဒေါက်တာ ဦးကိုကိုထံ သွားရသည်။ ဆရာဝန်ကြီးက ဆင်နားရွက် တံခါးမှာ ရစ်သီရစ်သီ လုပ်နေသော ဦးထွန်းမြင့်ကို လှမ်းတွေ့၍ "၀င်လာခဲ့ဟေ့။ ဘာကိစ္စလဲ" ဟု ဆိုသည်။

"ဒီလိုပါ ဆရာ-ကျွန်တော့်အလုပ်က ပုသိမ်မှာ။ မိန်းမနဲ့ ကလေးငယ်လေးက မော်လမြိုင် ရောက်နေကြပါတယ်" ဟု ဆိုရုံရှိသေး-

"အေး၊ ဟုတ်ပြီ ဟုတ်ပြီ။ ငါ သိပြီ။ အဆင်ပြေအောင် ငါ လုပ်ပေးလိုက်မယ်။ ရုံးအုပ်ကြီးဆီမှာ လိုတဲ့ အချက်အလက်တွေ ရေးထားပေးခဲ့။ ဘာမှ စိတ်ပူမနေနဲ့။ စိတ်ချသွားတော့"ဟု ဆိုသည်။

တစ်လတာကာလ အတွင်းမှာပင် ဒေါ်မြရင် ပုသိမ်မြို့သို့ ပြောင်းရွှေ့အမိန့် ပြန်ထွက်လာ၍ မိသားစု ပြန်ဆုံစည်းရတော့သည်။ ဘာဆိုဘာမျှ အပို ဂါရ၀ မလိုအပ်ခဲ့။ ခယ၀ပ်တွား မလုပ်ခဲ့ရ။ ရုံးကိစ္စ၊ ရုံးအလုပ်၊ သူ့စည်းသူ့ကမ်း သူ့နည်းလမ်းဖြင့် သူ့အလိုလိုသာ ပြီးမြောက်ခဲ့ရသည်။ ကျေးဇူးကြီးမားလှသည် ဆိုရမည်။

(၅)
သည်ကြားထဲမှာ သွားဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း သင်တန်းတစ်ခု နယူးဇီလန်နိုင်ငံမှာ သွားတက်ဖို့ဆိုပြီး ပေါ်လာ၍ လျှောက်ကြည့်လိုက်သေးသည်။ သို့သော် ရန်ကုန်မြို့မှာတင် သွားဘက်ဆိုင်ရာ ဆေးကောလိပ် ဖွင့်လှစ်ဖြစ်သွားသည့်အတွက် အဆိုပါ အစီအစဉ် တစ်ခုလုံး ပျက်သွားခဲ့သည်ဟု ဆိုသည်။

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ တက်လာပြီးသည့် နောက်ပိုင်း တစ်ချိန်က ၀န်ထမ်းစည်းမျဉ်း စည်းကမ်းနှင့် အနည်းအကျဉ်း ငြိစွန်းခဲ့သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ကြေညာချက် တစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ဤသို့ဖြင့် နဂိုမူလ လူဝင်မှုကြီးကြပ်ရေးဌာနသို့ အရာရှိ အဖြစ် ပြန်သွားလိုက ပြန်သွားနိုင်သည့် အခွင့်အလမ်း ရရှိလာခဲ့လေသည်။

သို့ပါသော်လည်း ပြန်စဉ်းစားတော့ ကျန်းမာရေး ၀န်ထမ်းလောက ပတ်ဝန်းကျင်မှာ နေသားတကျ ဖြစ်နေပြီ။ အိမ်ထောင်ရက်သား ကျပြီး ရင်သွေး ရတနာပင် ထွန်းကားနေခဲ့ပြီ။ ဟိုမှာဆို အစစအရာရာ အားလုံး အသစ်က ပြန်စရဦးမည်။ သို့ဖြစ်၍ ပြန်မသွားဖြစ်တော့ချေ။

(၆)
ပုသိမ်မြို့တွင် ကျောင်းကျန်းမာရေးဌာန ဖွဲ့စည်း ထားရှိ၍ ကျောင်းကျန်းမာရေး အရာရှိ ရာထူးကလည်း လစ်လပ်နေသည်။ စာရေးကြီး လစာ ၂၀၀ ကျပ်နှင့် ရှားပါးစရိတ်နှင့်မို့ မဆိုးဟု ဆိုရမည်။ သို့ဖြင့် ဦးထွန်းမြင့်လည်း ကာလသားရောဂါ တိုက်ဖျက်ရေးမှ ကျောင်းကျန်းမာရေးသို့ ဌာနပြောင်း လျှောက်ထားခဲ့ရာ ရရှိသွားသည်။

ဒေါ်မြရင်လည်း များမကြာမီ ကျောင်းကျန်းမာရေးဌာနသို့ ပြောင်းရွှေ့ခွင့် ရပြန်သောကြောင့် လင်မယား နှစ်ယောက် တစ်ဌာနတည်း အတူတူ ဖြစ်သွားကြလေသည်။

ကျောင်းကျန်းမာရေးဌာန အလုပ်က စာသင်ကျောင်းများရှိ ကလေးတွေ၏ ကျန်းမာရေးကို လိုက်လံ စစ်ဆေး စောင့်ရှောက် ပေးရသောကြောင့် ပျော်စရာလည်း ကောင်းသည်။ စာသင်ကျောင်းတွေ အနှံ့သွား ကျန်းမာရေး ဆိုင်ရာ ဟောပြော၊ ကာကွယ်ဆေးချိန် ကာကွယ်ဆေးတွေ ထိုးနှံ ပေးရသည်။ ကလေးများ တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် ပညာပေး ရှင်းပြရသည်။

တစ်ကိုယ်လုံး ၀ဲတွေ ပေါက်နေသော ကလေးမျိုးနှင့် တွေ့ရလျှင် အ၀တ်တွေ ချွတ်၊ စုတ်တံကြီး တစ်ချောင်းနှင့် တစ်ကိုယ်လုံး အနှံ့ဝဲဆေးတွေ သုတ်သိမ်းပေးတာမျိုး လုပ်ပေးရသည်။

(၇)
ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးက ဒေါက်တာ ကျော်စိန်၊ ခွဲစိတ်ဆရာဝန်က ဒေါက်တာ မြတ်သူရတို့ ရှိကြသည်။ ပုသိမ် ကျောင်းကျန်းမာရေးဌာနမှာ တာဝန်ခံ ဆရာဝန်က ဒေါက်တာ ဒေါ်ခင်မော်ဦး။ နောက်ပြီးတော့ သွားဆရာဝန် တစ်ဦးလည်း ရှိသေးသည်။

ပုသိမ်မြို့က နယ်မြေကျယ်ဝန်းသောကြောင့် ကျောင်းကျန်းမာရေးအတွက် အဖွဲ့နှစ်ဖွဲ့ပင် ခွဲထားခဲ့ရသည်။

အလုပ် လုပ်ရကိုင်ရတာ ပျော်စရာ ကောင်းသည်။ လင်မယားနှစ်ယောက် ၀င်ငွေ ဖြစ်၍ စားဝတ်နေရေးကလည်း ဘာဆိုဘာမျှ ပူပင် ကြောင့်ကြစရာ မလို။ သားသမီးတွေ တစ်ယောက်ပြီး တစ်ယောက် တိုးပွား လာကြ၍ မိသားစုထဲမှာ သိုက်သိုက်ဝန်းဝန်း စည်စည်ပင်ပင် ဖြစ်လာသည်။

သားကြီး ကျော်မြင့်လွင်ကို ၁၉၆၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သမီးကြီး ခင်မိုးရီကို ၁၉၆၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှာ မွေးဖွားသည်။ သူ့နောက်က ဒုတိယသား မောင်ဥာဏ်စိုး၊ ၁၉၆၇ ခုနှစ် နိုဝင်ဘာ ၂၀။ အဲသည့်နောက် နွယ်နီခင် ၁၉၆၉ ဧပြီ ၁၇၊ အောင်မျိုးဟိန်း ၁၉၇၀ ပြည့်နှစ် မတ် ၁၅ နှင့် မင်းဆုမွန် ၁၉၇၂ ခုနှစ် သြဂုတ် ၁ တို့ ထွန်းကား လာကြသည်။

သူတို့ အားလုံး အပြိုင်းအရိုင်းပင် ကြီးပြင်း လာခဲ့ကြပြီး မိသားစု အစုအဝေးကို အားဖြည့် ပေးခဲ့ကြလေသည်။

အိမ်မှာက သားသမီးတွေသာ မဟုတ်။ အပေါင်းအသင်းတွေလည်း များ၍ စည်ကားသည်။ အထူးသဖြင့် ဂီတအနုပညာ အပေါင်းအသင်းတွေ ဖြစ်ကြလေသည်။
(၈)
ဦးထွန်းမြင့်သည် ငယ်စဉ်ကပင် ကဗျာ လင်္ကာ အနုပညာ ၀ါသနာ ပါခဲ့သည်။ မော်လမြိုင်မြို့ ရှင်မဟာဗုဒ္ဓဃောသကျောင်းမှာ နေစဉ် သူ၏ ဆရာ ဦးဘသန်းက စာရေးဆရာ ဖြစ်သည်။ တေးထပ်၊ သံချို၊ ရတု၊ မေတ္တာစာ၊ ကဗျာလင်္ကာရေးဖွဲ့ နည်းတွေ၊ ကာရန်နှင့် ဒေါသ၊ စပ်ထုံးမျိုးစုံ အားလုံး အကုန် သင်ကြား ပေးခဲ့သည်။

မော်လမြိုင် ကောလိပ်ကျောင်းမှာ တက်နေစဉ် ရှင်မဟာဗုဒ္ဓဃောသ ဗုဒ္ဓဘာသာ သာသနာပြု အထက်တန်းကျောင်းကြီးတွင် အချိန်ပိုင်း ဆရာ ပြန်ဝင်လုပ်နေခဲ့သည် ဖြစ်၍ တစ်ခါတော့ ကျောင်း Concert ကပွဲ လုပ်ဖို့ ကြုံကြိုက် လာခဲ့သည်။ ကျောင်းအုပ်ဆရာကြီးကလည်း စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ဖြစ်စေချင်သည်။

ဦးထွန်းမြင့်နှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း လူငယ်ဆရာတွေ ၀ိုင်းဝန်း တိုင်ပင် ကြည့်ကြသည်။ ထိုအချိန်တွင် ဦးထွန်းမြင့်က ဥမ္မာဒန္တီပျို့ကို ဖတ်ထားမိသော အချိန်။ သူငယ်ချင်းတွေက ပြဇာတ် တစ်ပုဒ်လောက် တင်လျှင် ကောင်းမည်ဟု အဆိုပြုကြသည်။ ထိုအခါ ဦးထွန်းမြင့်မှာ ဖျတ်ခနဲ စိတ်ကူး ပေါ်လာသည်။ သို့ဖြင့် သူငယ်ချင်းများကို "ပြဇာတ် ငါရေးပေးမယ်" ဟု တာဝန်ခံလိုက်လေတော့သည်။

(၉)
ူကျောင်း Concert ပွဲဆိုသည်မှာ ပဒေသာယိမ်းအမျိုးမျိုး၊ အက အဖုံဖုံနှင့် စုံလင်အောင်တင်ဆက်ရမြဲဖြစ်သည်။ ဦးထွန်းမြင့်နှင့် သူငယ်ချင်း လူငယ်ကျောင်းဆရာတစ်စုက ထိုအစီအစဉ်အားလုံးကို ပြဇာတ်တစ်ပုဒ်နှင့် အဆင်ပြေအောင် ဆောင်ရွက်မည်ဆိုသောအခါ ကျောင်းအုပ်ဆရာကြီးက "မင်းတို့ပြဇာတ်က ပိုက်ဆံဘယ်လောက် ကုန်မလဲ" ဟုမေးသည်။

သူတို့က ငွေနှစ်ထောင်ခန့် ကုန်ကျမည်ဟု တွက်ချက် တင်ပြကြသည်။ ထိုခေတ်က ငွေနှစ်ထောင်ဆိုသည်မှာ နည်းနည်းနောနော မဟုတ်။ သို့သော် ဆရာကြီးက အဘက်ဘက်မှ စဉ်းစားပြီး ခွင့်ပြုပေးသည်။

သူတို့ကလည်း အစွမ်းကုန် ကြိုးစားကြသည်။ သူငယ်ချင်းတစ်ယောက်က သိဝိမင်းကြီးလုပ်သည်။ ဥမ္မဒန္တီနှင့် ပုဏ္ဏားများ တွေ့ဆုံခန်းမှာက ဟာသအကွက်တွေ ပါဝင်ပြီးသားဖြစ်သည်။ နက္ခတ်ပွဲသဘင်မှာ သိဝိမင်းကြီး တိုင်းခန်းလှည့်လည်လာစဉ် တိုင်းသူပြည်သားတွေက သူတို့တတ်ကျွမ်းသမျှ အနုပညာ အဆိုအကအတီး အမှုတ်တွေနှင့် ဖျော်ဖြေပေးရမည်ဟု အမိန့်တော် ထုတ်ပြန်ထားစေသည်။ ဤနည်းအားဖြင့် မြားနတ်မောင်ယိမ်း၊ စန္ဒကန္နရီယိမ်း ၊ ဒိုးပတ်ဝိုင်း ၊ ဟာဝေယံ(ဟိုနိုလူလူ)ယိမ်း အစီအစဉ်တွေကို ပြဇာတ်ထဲမှာပဲ အဆင်ပြေပြေနှင့် ဖျော်ဖြေစေခဲ့သည်။

ဦးထွန်းမြင့်၏လက်ရာ ထိုပြဇာတ်သည် ကျောင်းကပွဲမှာ အထူးအောင်မြင်ခဲ့ဖူးသည်။

(၁၀)
ပုသိမ်မြို့ ပြည်တော်သာဝန်ထမ်း ရပ်ကွက်ထဲမှာ ကျတော့လည်း ဦးထွန်းမြင့်က စာရေးဆရာပဲဖြစ်ရပြန်သည်။ လှုပ်ရှားမှုတစ်ခုခုဆို သူ့ကိုပဲလာပြီး အပူကပ်သည်။ သူကလည်း သြဘာစာမှအစ သံချပ်အထိ ရေးချွတ်ပေးတတ်သည်။ ရပ်ကွက်ပွဲမှာ လူလိုလျှင် သူကိုယ်တိုင်ပင် လူပြက်လုပ်ပေးသည်။

ဦးထွန်းမြင့်သည် သီချင်းကြီး၊ သီချင်းခံမှသည် ကာလပေါ်တေးဂီတအထိ လွန်စွာဝါသနာပါသည်။ ဂီတ တူရိယာကိုတော့ ဟုတ်တိပတ်တိဘာတစ်ခုမျှ မတီးတတ်။ မမှုတ်တတ်။ သို့သော် စိတ်အာရုံ အထူးဝင်စားသည်။ ဤသို့ဖြင့် ပုသိမ်မြို့မှ ဂီတအုပ်စုတစ်စုက အိမ်မှာပဲ လာပြီးစက်ကျနေတော့သည်။

ရုံးပိတ်ရက်များဆိုလျှင် ဒေါ်မြရင်က အစားအသောက်တွေ စီစဉ်ပေးသည်။ အိမ်မှာပဲ စုဝေးပြီး တီးကြ ၊ မှုတ်ကြသည့်အတွက် ဂီတသံနှင့် စီစီညံညံအမြဲဖြစ်တော့သည်။

(၁၁)
ပုသိမ်အုပ်စုမှာ ကိုကျော်ခင်က ဟာဝေယံဂီတာအလွန် အတီးအခတ်ကောင်းသည်။

ဦးထွန်းမြင့်က ကိုကျော်ခင်ကို ဆရာတင်ပြီး သင်ယူသည်။ သို့သော် မတတ်မြောက်။ ဒုံမင်း ၊ ပတ္တလား ၊ မယ်ဒလင် တူရိယာတွေလည်း ကိုယ်ပိုင်ဝယ်ပြီးတော့ကို သင်ကြားလေ့ကျင့်သည်။ ပတ္တလားဆိုလျှင် ဟင်္သာတအထိ သွားဝယ်သည်။ ထိန်တောမိုးညိုမှ ဆရာကြီး တစ်ယောက်ထံတွင် ပတ္တလားကောင်းကောင်းတစ်လုံးရှိသည် ဆို၍ အရောက်သွားခဲ့သည်။

ဟိုကျတော့ ရန်ကုန်မှဆရာကြီး ဒေါက်တာဦးဘသန်းက အသံညှိပေးဖို့ ပို့ထားသည်ဆိုသော ပတ္တလား တစ်လုံးကိုလည်း တွေ့ရသည်။ အသံအနေအထား သိပ်ကောင်းသည်။

"ကြိုက်လျှင်ယူသာသွားပါ" ဆို၍ ၀ယ်ချလာခဲ့သည်။

အိမ်မှာ တစ်လငါးဆယ်ကျပ်ပေး၍ ဆရာခေါ်ပြီး သင်ဖို့ကြိုးစားသည်။ သို့သော် ဖြစ်မြောက်မလာ။ နောက်ဆုံးတော့ လက်လျှော့လိုက်သည်။ ပတ္တလားလည်း ရေတပ်ဗိုလ်မှူး တစ်ဦးထံသို့ လက်ပြောင်းရောက်သွား ခဲ့တော့သည်။

(၁၂)
တူရိယာနှင့် အဆင်မပြေသော ဦးထွန်းမြင့်သည် သီချင်းဆိုဖို့လည်း အားသန်သည်။ သို့သော အဆိုဘက်မှာလည်း အသံမတည်နိုင်ပြန်။ အပေါင်းအသင်းတွေ ၀ိုင်းဝန်းမြှောက်ပေးကြ၍ မင်္ဂလာဆောင်မှာ သီဆိုကြည့်တော့လည်း အရှက်ကွဲတာပဲ အဖတ်တင်သည်။ ဤသို့ဖြင့် နောက်ဆုံးမှာတော့ သီချင်း အတီးအဆို အားလုံးကို စိတ်ဖြတ်လိုက်သည်။

သို့သော် တီးဝိုင်းထဲကဖြင့် မထွက်။ ကျရာနေရာမှာ စည်းဝါး လိုက်တီးပေးပြီး ကျေနပ်နှစ်သိမ့်ဖြစ်တော့သည်။

ဦးထွန်းမြင့်တို့ အပျော်တမ်းဂီတအုပ်စုသည် ရပ်ထဲရွာထဲ အလှူမင်္ဂလာဆောင်ပွဲတွေမှာ လိုက်လံတီးမှုတ် ပေးကြသည်။ နွမ်းပါးသည့် ရပ်ကွက်ထဲမှလာပြီး အကူအညီတောင်းလည်း ဈေးမကိုင်။ ဘယ်လောက် အိမ်စုတ်စုတ် လိုအပ်လျှင် ကိုယ့်စရိတ်နှင့် ကိုယ်ပင် သွားရောက်ပြီး ဖျော်ဖြေပေးကြသည်။ တစ်ခါတစ်လေ အိမ်ကပြင်မှာတင် သူတို့ တီးဝိုင်းအဖွဲ့သားတွေ စုပြုံတိုးဝှေ့နေရာယူပြီး ဂီတနှင့် တင်ဆက်ပေးခဲ့ကြလေသည်။

(၁၃)
အိမ်မှာ အမြဲလိုလို စုဝေးတီးမှုတ်သီဆိုနေကြသောကြောင့် ကလေးတွေက ဂီတနှင့်အလိုလို ရင်းနှီးယဉ်ပါး သွားကြသည်။

လူကြီးတွေက ကဖို့ တိုက်တွန်းစေခိုင်းလျှင် ထူးအိမ်သင် ဖြစ်လာမည့် ဘဲဥလေးက မတွန့်မဆုတ် စိတ်ပါလက်ပါ အမြဲကတတ်သည်။ နောက်တော့ ညီမလေး မိုး(ခင်မိုးရီ) ၊ ညီ မောင်ဥာဏ်(ဥာဏ်စိုး) လေးတို့ တစ်တွေလည်း ကလေးတို့ဘာဝ ဂီတနှင့် အတူ ကခုန်ပျော်မွေ့ခဲ့ကြသည်။

(၁၄)
အိမ်မှာက အတီးအမှုတ်တွေသာမက လူစုမိပြီဆို ဂီတအကြောင်းတွေ ပြောကြဆိုကြ ဆွေးနွေးကြ။ တစ်ခါတစ်လေ ငြင်းခုံတတ်ကြသည်။ ဂီတနှင့် ပက်သက်သမျှ ကလေးဘ၀မှာကတည်းက အားလုံးနားရည်ဝနေသည်။

ဂီတအကြောင်းအရာက အမျိုးအစား စုံလင်သည်။

"မြ၀တီမင်းကြီး ဦးစနဲ့ ယိုးဒယား ဇာတ်မင်းသမီး နှင်းနုတို့က ယိုးဒယား အတီးအကတွေနဲ့ စပ်လျဉ်းပြီး အတော်လေးကို ခင်မင်ရင်းနှီးခဲ့တာ။ အတီးအကတွေ လေ့ကျင့်ရင်း တစ်ညတော့ နှင်းနုတို့အိမ်မှာ ညဥ့်နက်သွားပုံ ရသည်။ အဲ့ဒီမှာ ဦးစက "အင်မတု၊ နှင်းနု ရွှေ့နှစ်ကဲ့ ၊ စိမ်းလေပစ်အား။ သည်ညဥ့်ကြိးလယ် ဘယ့်နှယ့် ပြန်ပါရမယ် ၊ ကင်းရန်ကများ" ဆိုပြီး အိမ်မပြန်နိုင်တော့ဘူး၊ သည်မှာတော့ အိပ်လိုက်ပါတော့မယ်ဆိုတာမျိုး ရိသဲ့သဲ့ ရေးခဲ့သေးတာကိုး ဆိုတာမျိုး ရယ်စရာလေးတွေ ကြားရမည်။

တစ်ခါတစ်လေကျတော့လည်း မြန်မာ့ဂီတကိုပင် သမိုင်းကြောင်းကြီးနှင့် ချီပြီး-

"ခင်ဗျားတို့ သိတဲ့အတိုင်း ဟိုးတစ်ချိန်တစ်ခါ ယဉ်ကျေးမှုအရာမှာ အင်မတန်မြင့်မားခဲ့ကြတဲ့ ပျူလူမျိုးတွေ လက်ထက်ကတည်းက
မြန်မာ့ဂီတကောင်းကောင်းထွန်းကားနေပြီဗျ။ တရုတ်ပြည်ကို ချစ်ကြည်ရေး သွားခဲ့တဲ့ သရေခေတ္တရာက ယဉ်ကျေးမှု အဖွဲ့မှာ သီချင်း ၁၂မျိုးနဲ့ သီဆိုတီးမှုတ် ကပြခဲ့ကြတယ်လို့ အတိအကျဆိုထားလို့ သိရတယ်။ ပျူလူမျိုးတွေနဲ့ ခေတ်ပြိုင် ၅ရာစုနောက်ပိုင်း ဖွံ့ဖြိုးခဲ့တဲ့ သုဝဏ္ဏဘုမ္မိ မွန်ဒေသမှာလည်း အဆိုအက အတီးအမှုတ်တွေ ထွန်းကားခဲ့တဲ့အကြောင်း မွန်ရှေးလက်ရာ စဥ့်ကွင်းတွေက တဆင့်သိရတယ်။ ဒါပေမယ့် ဘယ်လို သီချင်းမျိုးတွေ ဖြစ်တယ်ဆိုတာကိုတော့ မသိရတော့ဘူးပေါ့ဗျာ။ အနော်ရထာမင်းလက်ထက်ကျတော့ ပျူ ၊ မွန် ၊ မြန်မာ ယဉ်ကျေးမှုတွေ အချင်းချင်း ရောစပ်သွားခဲ့ကြတာကြောင့် ပိုပြီး တိုးတက် ၊ အဆင့်အတန်းအင်မတန် မြင့်လာခဲ့တာပေါ့" ဆိုသည့် စကားမျိုးတွေ ခမ်းခမ်းနားနားကြားရမည်။

(၁၅)
"ဘုရင်တွေလက်ထက် အဆက်ဆက် ဂီတဆိုတာ ထီးသုံးနန်းသုံး ပညာမို့ သီချင်းတွေကလည်း ဘုန်းတော်ဘွဲ့တွေပဲ များခဲ့တာပါ။ တောဘွဲ့ ၊ တောင်ဘွဲ့ ၊ မြို့ဘွဲ့ ၊ မောင်ဘွဲ့ တွေမှာတောင် ထီးသုံးနန်းသုံး စကားလုံးတွေ စပ်ဆိုကြပြီး ဘုရင့် ရွှေဘုန်းတော်ကိုတော့ မသိမသာလေး ထည့်ထည့်ပြီးချီးကျူးကြတာပဲ" ဟု တစ်ယောက်က ဆိုလျှင်-

"ဟာ..ဒီလိုချည်းတော့လည်း မဟုတ်ပါဘူး။ အဆို၊ အက၊ ဂီတဆိုတာတွေက ရွှေနန်းတော်အပေါ်မှာတင် စည်ပင်နေတာမဟုတ်ပါဘူး။ ရပ်ထဲရွာထဲမှာလည်း ကိုယ့်ဓလေ့ထုံးစံ မိရိုးဖလာ အလုပ်အကိုင်တွေ လုပ်ရင်းကိုင်ရင်း ဆိုကြ ၊ တီးကြသေးတာပါဗျာ။ ဒါကြောင့်လည်း အဲချင်းတွေ ၊ အိုင်ချင်းတွေ ၊ ဗုံကြီးသံတွေ ၊ မောင်းထောင်းသံတွေ ပေါ်ခဲ့တာပေါ့" ဟု တစ်ယောက်က ၀င်ထောက်ပြ ပေးတတ်သည်။

တစ်ခါတစ်လေကျတော့လည်း စကားပွဲက ထိုမျှနှင့် အရှိန်မစဲ။ သီချင်းကြီးမူတွေကို ဂီတမေဒနီ ၊ မဟာဂီတသစ်၊ မဟာဂီတပေါင်းချုပ် ၊ ဂီတ၀ိသောဒနီကျမ်းများဖြင့် ဆုပ်ကိုင်ပြီး အကျောက်အကန်ငြင်းကြ ခုံကြသည်။

(၁၆)
တစ်ခါတစ်လေကျတော့လည်း ဂီတနှင့် ပက်သက်၍ လွမ်းမောစရာလေးများ ကြားရတတ်သည်။

"ရွှေနန်းရှင် သီပေါမင်း အဝေးရောက် သွားပြီးတဲ့နောက် အမေ ဒေါ်စောမြအေးကြည်တို့ အဆို၊ အက၊ ဂီတ အနုပညာရှင်တွေ သီပေါ စော်ဘွားကြီးရဲ့ ဟော်နန်းပေါ်မှာ ဆိုခဲ့၊ တီးခဲ့၊ ကခဲ့ကြတာပေါ့ဗျာ။ အဲသလိုနဲ့ ရှေးအစဉ်အလာတွေ ကြိုးစားပြီး ထိန်းခဲ့ရတာ" အစချီပြီး အလွန်စိတ်ဝင်စားစရာ၊ ရင်ခုန်စရာ ဇာတ်လမ်း ဇာတ်ကွက်တွေဆီသို့ ရောက်ရှိသွားတတ်သည်။

"ထူးမခြားနား ပတ်သီချင်းကြီးကို မြ၀တီမင်းကြီး ရေးဖြစ်ပုံလေး ပြောစမ်းပါဦးဗျာ" ဟု ပွဲတောင်းလာလျှင်တော့ -

"အဲ့ဒါ ဘကြီးတော်ဘုရားလက်ထက်။ အင်းဝမှာ စံနေတုန်း။ တစ်ညကျတော့ ညဥ့်ပိုင်း ညီလာခံ တက်နေတဲ့ အချိန်မှာ စွယ်တော်ဘုရားကြီးက ရောင်ခြည်တော် လွှတ်သတဲ့ဗျာ။ ဒါနဲ့ အဲ့ဒီအဖြစ်အပျက်အကြောင်းအရာကို အမတ်ကြီး မဟာဓမ္မသင်္ကြံနဲ့ တိုင်ပင်ပြီး ရေးသားဆက်သွင်းစေ" ဆိုတဲ့ အမိန့်ကြောင့် နောက်တစ်နေ့နံနက် ညီလာခံမှာ မြ၀တီမင်းကြီးက အချိန်မီရေးသားဆက်သွင်းရတယ်လို့ ဆိုကြတာပဲဗျာ ဟု ကြားရလိမ့်မည်။

"ဗရင်ဂျီ၊ ဘုန်းတော်ဘွဲ့လည်း မြ၀တီမင်းကြီး ရေးခဲ့သေးတယ်နော်"

"အေးဗျ။ အဲ့ဒါက တစ်ခါကျတော့ အင်္ဂလိပ်ကိုယ်စားလှယ် မေဂျာ ဗာနေးဟာ ရွှေနန်းတော်ကြီးကို ၀င်ပြီး ဘကြီးတော်ဘုရား ရှေ့တော်မှာ ရာမဇာတ်တော်ကြီးကို ကြည့်သတဲ့။ အဲ့ဒီမှာ ဦးစရေးတဲ့ ဘုန်းတော်ဘွဲ့ တစ်ပုဒ်ကို ကြားရတဲ့အခါ ဦးစဟာ ဗရင်ဂျီ ဓမ္မသီချင်းသံ တစ်ခုခုကိုအတုယူပြီး ဒီဘုန်းတော်ဘွဲ့ကိုရေးခဲ့ပုံရတယ်လို့ ဗာနေးက မှတ်တမ်းတင်ခဲ့တာပါ" ဟု ဆိုတာကြားရသည်။

(၁၇)
တစ်ခါတစ်လေ ပြောဆိုကြတာတွေကျတော့ တကယ့်အလေးအနက် ထားရမည့် မြန်မာ့ဂီတသဘောတရားပိုင်း တွေဖြစ်သည်။

"မြန်မာသီချင်း တစ်ပုဒ်ဆိုမယ်၊ တီးမယ်ဆိုရင် နရီနဲ့ သံစဉ်တော့ သိထားဖို့ လိုတာပေါ့ဗျာ။ နရီက အချိန်ကိုပြောတာ။ ဆိုလိုက်တဲ့အသံ၊ တီးလိုက်တဲ့ အသံကို ရသပိုပြီး ပေါ်လာအောင် ပိုင်းဖြတ်ပေးတဲ့ စည်းန၀ါးပဲပေါ့။ သံစဉ်ဆိုတာကျတော့ ဆိုတဲ့သီချင်းနဲ့ တီးတဲ့တူရိယာ အသံတွေကို နားထောင်ကြတဲ့အခါ ငြိမ့်ညောင်းသာယာစေဖို့ ပညာရှင်တွေက စီစဉ်ထားကြတဲ့ မိတ်ဖက်အသံတွေကို ပြောတာ။ သီချင်းတေးသွား တီးလုံးပုံစံ အမျိုးအစားများလာတာနဲ့ အမျှ စည်းဝါးသံစဉ်ကလည်း များလာလေတော့ တီးကြ၊ ဆိုကြမယ့် တညီတညွတ်တည်း လိုက်နာကြဖို့ စည်း၊ ဒုန်း၊ သံစဉ်ဆိုတဲ့ စနစ်မူတွေဖြစ်လာရတာပဲ။ သီချင်းတစ်ပုဒ်တီးကြ၊ ဆိုကြမယ်ဆိုရင် အဆိုနယ်၊ အတီးနယ်၊ အမှုတ်နယ်ဆိုပြီး ရှိကြလို့ ဆိုင်ရာတာဝန်ကို ကျေပွန်ပြီးသူများ နယ်ထဲကို ကိုယ်ကသွားပြီး မနှောင့်ယှက်မိစေရအောင် စည်းဝါးသံစဉ်ကို နားလည်ထားရတာဗျ" ဆိုသည့် စည်းကမ်းပိုင်းတွေ။

"မြန်မာဂီတမှာ အတီးအမှုတ်က အဆိုရဲ့ အခြံအရံ အဖေးအမသက်သက်မဟုတ်ဘူးလေ။ သဘောတူ ဖက်တွဲထားရတာ။ ဆိုတဲ့လူက တီးကွက်နဲ့ စည်းဝါးအ၀င်အထွက်ကို စောင့်ပြီး ခွင်ကျအောင်ဆိုရတယ်။ တီးတဲ့လူကလည်း ဆိုကွက်နဲ့ စည်းဝါးအ၀င်အထွက်ကို စောင့်ပြီး ခွင်ကျအောင် တီးရတယ်။ ခွင်ကျအောင် ဆိုနေ၊ တီးနေသမျှတော့ ခွင်ထဲမှာ ဆိုတဲ့သူကလည်း ကွန့်ချင်တိုင်းကွန့်၊ တီးတဲ့သူလည်း ကွန့်ချင်တိုင်းကွန့်နိုင်တာမျိုးပါ" ဆိုသည့် မှတ်လောက်၊ သားလောက်စကားတွေ။

"အဆိုကောင်းဆိုတဲ့ သဘောက အသံရဲ့အားတစ်ခုတည်း မဟုတ်သေးဘူး။ လေယူလေသိမ်း အဆွဲအငင်၊ မေးဝဲမေးရိုက်တွေပါ ကျွမ်းကျင်ဖို့ လိုသေးတာကလားဗျ" ဆိုသည့် အဖိုးတန်စကားတွေ။

(၁၈)
ထူးအိမ်သင်ဖြစ်လာမည့် ဘဲဥကလေးသည် လူမှန်းသိတတ်စကတည်းက ထိုပတ်ဝန်းကျင်မျိုးနှင့် ကောင်းကောင်းကြီးထိတွေ့ဆုံစည်းခွင့် ရရှိခဲ့လေသည်။

တစ်နှစ်ပြည့် ဘဲဥ

ဦးထွန်းမြင့် ဒေါ်မြရင်နှင့် ဘဲဥလေး

၂နှစ်သား ဘဲဥ

သုံးနှစ်ပြည့်၊ ပုသိမ် ဒုံးပျံ ဓါတ်ပုံတိုက်

လေးနှစ်သား ဖိုးသူတော်။
အဖေနှင့် မော်လမြိုင် အလည်လိုက်သွားစဉ် အစ်ကို ၀မ်းကွဲ(ကိုဆန်းနှင့်ကိုသွင်) ရှင်ပြုရာတွင် ကိုရင် ၀တ်ချင်သည်ဟု ပူဆာရာ ငယ်သေးသည့်အတွက် ဖိုးသူတော် ၀တ်ပေးရသည်။

Thursday, 30 August 2012

ပညာလိုပါသလား

ပညာလိုပါသလား

Written by ဒေါက်တာခင်မောင်ညို



ကိုဘသစ်တစ်ယောက် ရွာပြန်သွားတော့ ၀မ်းသာစရာတွေ မြင်တွေ့ရသလို စိတ်မကောင်းစရာတွေလည်း အများကြီးပါပဲ။ ရွာထဲမှာသွပ်မိုး ပျဉ်ထောင်တွေ များလာသည်။ သို့သော် စာကြည့်တိုက်ကတော့ ဖတ်သူ အင်မတန်နည်းသည်။ ရွာထဲ အလုပ်လုပ်နေသော အရွယ်ပေါ့လေ။ လူငယ်လူရွယ်တွေ အင်မတန်နည်းသည်။

''ကျောင်းသွားတဲ့ကလေးတွေတော့ အများကြီးပါပဲလား''

''လူငယ်တွေ ဘယ်ရောက်သွားကြလဲ'' မောင်ဘသစ် မေးခွန်းတွေ ထုတ်နေမိသည်။ ''သူတို့တစ်ဖက်နိုင်ငံ သွားအလုပ်လုပ်ကြတယ်''

''အင်း''

''ဒီလိုဖြစ် နေကြတာတော့ ကြာပြီပဲ''

''အင်း''

ရွာက ရော်ဘာခြစ်သူတွေ ဆေးလိပ်လိပ်သူတွေ မလေးရှားသွားကြသည်။ ငါးလှေလိုက်သူတွေနဲ့ ခြံစိုက်သူတွေက ထိုင်းကိုသွားကြသတဲ့။ အလုပ်သွားလုပ်သူတွေရဲ့ အလုပ်တွေက အမျိုးမျိုးဆိုပေမယ့် တူညီတာကတော့ အားလုံးဟာ အောက်ခြေအလုပ်တွေကိုသာ လုပ်ရသည်။

3D ဟုခေါ်သည့် Danger, Dirty Esifh Difficult ဖြစ်သည့် အလုပ်တွေကိုသာ လုပ်ရသည်။ သူတို့ရသော လုပ်ခဟာလည်း အနှိမ်ခံ လုပ်ခပါ။ တရားမ၀င် လုပ်ရတာတွေ များသည်။ ပြန်ရောက်သူတွေကို ကိုဘသစ်မေးကြည့်တယ်။

''ခင်ဗျားတို့ ဟိုကစကားကိုတတ်လား ''

''ထမင်းစားရေသောက်တော့ တတ်တယ်''

''လူရာဝင်အောင်တော့ မတတ်ဘူးဆိုပါတော့''

''တတ်စရာ ဘာလိုလဲဗျာ၊ ကျုပ်တို့က မြန်မာတွေနဲ့ပဲနေကြတာ''

''ဒါဆိုစာတော့ ဝေလာဝေးပေါ့''

''စာတော့မတတ်ဘူး''

စကားမတတ်၊ စာမတတ်၊ အရည်အသွေး(Skill) မရှိတော့လည်း သူခိုင်းတာကို လုပ်ရသည်ပဲပေါ့။ သူတို့အောက်ခြေအလုပ်များကို လုပ်ပြီးရသည့်ငွေကို မိဘတွေဆီ ပို့ကြသည်။ သူတို့သားသမီးတွေကို အဘိုးအဘွားများနှင့် အပ်ထားလေ့ရှိကြပြီး မြန်မာပြည်မှာပင် ကျောင်းထားကြသည်။

''ရတဲ့ငွေတွေနဲ့ ၀ါးတဲတွေကနေ သွပ်မိုးပျဉ်ထောင်ကို ဆောက်လာနိုင်တာပေါ့ဗျာ'' သူကြီး နိုင်ငွေစိုးက ကိုဘသစ်သူငယ်ချင်း ဖြစ်သည်။ နိုင်ငွေစိုးကသူ့ကို ထမင်းစားဖိတ်ကျွေးပါသည်။
တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ်ဖက်နိုင်ငံက စာတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။

''ချမ်းသာ လာသူတွေရှိသလို ရောဂါဖိစီးပြန်လာလို့ ဆေးကုရတာတွေလည်း ရှိတယ်ကွ''

''ဟုတ်ကဲ့''

''မမာဘူး''

''လူပဲဗျာ''

'' အနာတွေပေါက်ပြီး သေတယ်''

''ဒါတွေဟာ AIDS လို့ခေါ်တဲ့ လေးလုံးရောဂါတွေပေါ့။ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အားလုံးကတော့ မသိချင်ယောင် ဆောင်နေကြတယ်'' ကိုဘသစ်စိတ် မကောင်းဖြစ်သွားတယ်။ ဒီရောဂါက ကမ္ဘာ့ကပ်နာပဲ။
''မောင်ညိုလည်း နေမကောင်းဘူး၊ မင်းသွားကြည့်လိုက်ပါဦး'' မောင်ဘသစ်၏ သူငယ်ချင်းမောင်ညို ဘာကြောင့်နေမကောင်း ဖြစ်တာလဲ။

''ဒီကောင်ဘယ်သွား သေးလဲ''

''တောင်အရှေ့ဖက်ကို သွားတယ်''

''ထိုင်းကိုလား''

''အင်း တောင်အရှေ့ဖက်ကို သွားတယ်။ သူ့သားနှစ်ယောက်လည်း နေသိပ်မကောင်းဘူးတဲ့။ ကိုဘသစ်လည်း 'ဒုက္ခပါပဲ'ဟု ညည်းတွားကာ သူငယ်ချင်းအိမ် လိုက်သွားသည်။
'မင်း လေးလုံး ရောဂါရလာတာလား' မောင်ညို ခေါင်းခါသည်။

''ငါတို့က အဲဒီရောဂါကင်းတယ်၊ ဒါပေမဲ့ အလုပ်ပိတာကွ''

''ဘယ်လို ပိတာလဲ''

''တို့ခြံရှင်က တို့သောက်ဖို့ ရေတွေ ကိုဇလုံကြီးနဲ့ ဖျော်ဖျော်ထားပေးတယ်၊ အားဆေး၊ အမောခံတယ်တဲ့။ ငါတို့လည်း သောက်တာပေါ့၊ သူပြောတဲ့အတိုင်း အမောခံနိုင်တယ်။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်နိုင်တယ်''

''တယ်ဟုတ်ပါလား၊ ဘာအားဆေးလဲ''

''နောက်မှသိတယ်၊ အားဆေး မဟုတ်ဘူးတဲ့၊ အဲဒါမူးယစ်ဆေးဝါး၊ အက်ဖာတမင်း''

''ဟေ'' သူတို့ကို မက်တာအက် ဖာတမင်း မူးယစ်ဆေးတွေ တိုက်ပြီး ခိုင်းတာကိုး။

'' မြန်မာတွေပဲ သောက်တာလား''

'' ထိုင်းတွေတော့ မသောက်တာများတယ်ကွ၊ တို့လည်း နောက်မှသိတယ်။ သိတော့ ကျန်းမာ ရေးအတော်ချို့ယွင်းနေပြီ''

'' ဒါနဲ့ ပြန်ခဲ့တာလား ''

'' ဟုတ်တယ်ကွ၊ ငါးလှေတွေနဲ့ လိုက်သွားတဲ့လူတွေဆိုရင် မူးယစ်ဆေးတွေစွဲပြီး၊ နောက်ဆုံးလှေပေါ်ကနေ ကန်ချခံရတယ်''

'' ကမ်းမှာလား''

''ပင်လယ်ထဲကို'' ကြောက်စရာကောင်းလှပါသည်။ ပင်လယ်ဆိုသည်မှာ ဥပဒေစိုးမိုးသည့်ဒေသ မဟုတ်ပါ။ ဘယ်လိုသက်တွေ အထောက်ထားတွေမှ မရှိဘဲ။

''ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးဆေးဆေးလုပ်စားပြီး ပြန်လာသူတွေတော့ရှိတယ်''

''ဟုတ်လား''

''ရှိတော့ရှိတယ် ရှားတယ်''

ဆင်းရဲတဲ့ဒဏ်လား၊ ချမ်းသာလိုတဲ့ လောဘကြောင့်လား။ ကိုဘသစ် စဉ်စားသည်။ လူတွေကတော့ စွန့်စားကြသည်။ No Man is an island တဲ့။ ဘယ်သူမှ ကျွန်း မဟုတ်ဘူး။ ဘယ်သူမှ ငုတ်တုတ်မခံ ပါဘူး။ စပါးစိုက်သည်။ တောင်သူ လုပ်သည်။ လောက်လောက်ငင မရှိကြပါ။ ပထမ ဖဆပလ အစိုးရ လက်ထက်က SAMB ဆိုသော အဖွဲ့က ကိုဘသစ်တို့ဆီက စပါးဝယ်သည်။ ထိုအချိန်ကလည်း ဈေးနှိမ် ၀ယ်သည်။ နောက်တော့ မဆလ လက်ထက်။ စပါးတွေကို ၀မ်းစာချန် ကျန်တာအကုန်အစိုးရကို ရောင်း ရသည်။ သတ်မှတ်ဈေး။ သတ်မှတ် ထားသော ပမာဏကိုရောင်းရသည်။ တကယ်လို့ မရောင်းနိုင်ရင် ဖမ်းချုပ်သည်။ (အချုပ်တွင် ထမင်းတော့မကျွေးပါ။ အိမ်က ထမင်းပို့ရသည်။) နောက်ဆုံး တာဝန်ကျေအောင် ၀ယ်သွင်းရသည်။

အ၀ယ်ဒိုင်များက ကတ္တားခိုး၊ အလေးခိုးသည်။ စိုထိုင်းဆများသည်ဟု ဈေးလျော့ပြန်သည်။ လယ်သမားတွေ ဖွတ်သထက် ညစ်တော့သည်။ ထို့ကြောင့် အများစုသည် လယ်မလုပ်တော့။ ကိုဘသစ်တို့လည်း ဒီပုတ်ထဲက ဒီပဲမဟုတ်ပါလား။ ဖခင်ကြီး၏ လယ် ၆၄ ဧကကို စွန့်ကာ မြို့တက်သည်။ လခစား လုပ်သည်။ လယ်တွေကို အစိုးရက တဖြည်းဖြည်း သိမ်းသွားသည်။ အချို့လယ်မလုပ် ယာမလုပ် ရရာလုပ်။ အရက်သမားဖြစ်ကာ သေသွားသော ကိုဘသစ်သူငယ်ချင်းတွေ အများကြီးပါပဲ။ ခုတော့ သူငယ်ချင်းများ၏ သားသမီးတွေပေါ့။ သူတို့ကတော့ တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ် ဖက်နိုင်ငံက စာတွေ စကားတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။ ကိုဘသစ် ဘာလုပ်ရမလဲ။ ခုလွှတ်တော်အသစ်ကိုပဲ တင်ပြရမှာလား။ သူတို့က ကျွန်စော်နံတဲ့သူလို့ ပြောမှာလား။ ဒါမှမဟုတ် ငုတ်တုတ်လေးပဲ နင်းပြားအဖြစ် နေကြမှာလား။ ပွင့်လာတဲ့အစိုးရကို ပွင့်ပွင့်လင်းလင်းမေးလိုတဲ့ ကိုဘ သစ် မပွင့်နိုင်သေးပါလား။
@EMG

မာစီဒီးနဲ့ စဥ့်ကူးမင်း

မာစီဒီးနဲ့ စဥ့်ကူးမင်း


ကျွန်တော်၏ ဇာတာတွင် ယာဉ်၊ ရထား ကံအကျိုးပေးပုံရပါတယ်။ မွေးကတည်းက မော်တော်ကားနဲ့ ပြတ်လပ်ခဲ့တာ မရှိခဲ့ပါဘူး။ ခုထိတိုင်ပါပဲ။ အရင်ကတော့ အဖေ့ရဲ့ ကားတွေ စီးရတာပါ။ စာရေးဆရာဖြစ်ပြီး လုံးချင်းတွေရေးနိုင်တော့ သင့်နိုးရာရာ ကားတစ်စီး ၀ယ်စီးနိုင်ခဲ့ရာက ကျွန်တော့်မှာ မော်တော်ကားတစ်စီးတော့ အမြဲရှိနေတတ်တော့တာပါပဲ။ စီးပွားတက်ရင် ကားကောင်းကောင်းလေး စီးလိုက်၊ စီးပွားပျက်ရင် ကားညံ့ညံ့လေး စီးလိုက်နဲ့ပေါ့။ ပြောချင်တာက အဲဒီကား ထည်လဲတွေထဲမှာ တစ်ကြိမ်တော့ဖြစ့် “မာစီဒီး” ပါဝင်ခဲ့ပါတယ်။ မာစီဒီးဆိုပေမယ့် “ဟစ်တလာ” စီးခဲ့တဲ့ ရှေးဟောင်း“မာစီဒီး”ပါ။ ဘာပဲဖြစ်ဖြစ် “မာစီဒီး” တစ်ကြိမ်တော့ စီးဖူးတယ် ပြောရပါလိမ့်မယ်။ ဒါကို အကျယ်ချဲ့ပြောနေရတာက “မာစီဒီး” နဲ့ ပတ်သတ်လို့ လူကြားသူကြား အမေးခံရတာ နှစ်ကြိမ်ရှိခဲ့ဖူးလို့ပါ။ တစ်ကြိမ်က တေးသံသွင်းတစ်ခုက စားသောက်ဆိုင်မှာ ဖြစ်ပါတယ်။ အဲဒီညက စားနေသောက်နေကြတုန်း တေးသံသွင်း ပိုင်ရှင်နဲ့ ဂျာမဏီနိုင်ငံသားတစ်ယောက် ကျွန်တော်တို့ဝိုင်းမှာ ၀င်ထိုင်ရင်း ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ်။ ဒီအခါ ဂျာမဏီသားက - “မင်းမှာ မာစီဒီး ဘယ်နှစ်စီးရှိသလဲ” လို့မေးပါတယ်။ သူနဲ့ ကျွန်တော့် မိတ်ဆက်ပေးတုန်းက စာရေးဆရာ၊ အဆိုကျော်၊ ရုပ်ရှင်မင်သားဆိုပြီး မိတ်ဆက်ပေးတာကိုး။ အဲဒီတုန်းက ကျွန်တော့်မာစီဒီးက “ဃ” အက္ခရာတွေပယ်လို့ ပါသွားပါပြီ။ ဒါကြောင့် “တစ်ခါတော့ရှိဖူးတယ်” ပြောတော့ သူအံ့သြသွားပါတယ်။ သူတို့ဆီမှာဆိုရင် ကျွန်တော့်လို ဘက်စုံ အနုပညာသည်ဟာ မာစီဒီး (၆) စီး ရှိသတဲ့။ အမယ်မယ်သုံးဆိုပါစို့။ နောက်တစ်ခါ အမေးခံရတာက အမေရိကားရောက်တုန်းကပါ။ နိုင်ငံတကာ စာပေဆွေးနွေးပွဲတက်တော့ နိုင်ငံစုံ စာရေးဆရာတွေနဲ့ တွေ့ကြရာမှာ အလုပ်သဘော စားကြသောက်ကြရင်း ကိုယ်ရေးကိုယ်တာတွေ ရောက်သွားပါတယ်။ ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုသိနေကြတော့ ဂျာမဏီစာရေးဆရာကပဲ မေးပါလေရော။ “မင်းမှာ မာစီဒီး ဘယ်နှစီးရှိသလဲ” တဲ့။ ဒီနေရာမှာ မာစီဒီးကိုပဲ ဂုဏ်ပြုမေးကြတာက မာစီဒီးဟာ ဂျာမဏီလုပ်ကားဖြစ်နေတာ တစ်ကြောင်းကြောင့်ဖြစ်ပါလိမ့်မယ်။ အဲဒီတုန်းကတော့ “ငါ့မှာက ဆန်နီပစ်ကပ် ပဲသုံးတယ်၊ မာစီဒီးက မွန်းကျပ်တယ်၊ ဆန်နီပစ်ကပ်က လွတ်လပ်တယ်လေ” ဆိုပြီး ဆတ်ဆတ်ထိမခံ ရယ်ပွဲဖွဲ့ခဲ့ရပါတယ်။ ဒါလေးတွေ ပြောနေရတာက လူ့သဘာဝမှာ ဂုဏ်တုဂုဏ်ပြိုင် ပြောကြရင် မော်တော်ကား ကောင်းကောင်းဟာ မပါမဖြစ်ပါဝင်တဲ့ သဘောမို့ပါ။ ပြီးတော့ လူတစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမှုကို တိုင်းတာရင်လည်း မော်တော်ကား ကောင်းကောင်းဟာ ပါရစမြဲမဟုတ်လား။ တကယ်တော့ ကျွန်တော်ဟာ လိမ္မာရေးခြားရှိခဲ့ရင် (စုစုဆောင်းဆောင်းနဲ့ နေခဲ့ရင်) ခုလောက်ဆို မာစီဒီးတစ်စီးတော့ စီးနိုင်ကောင်းပါတယ်။ ဆိုလိုတာက - စာရေးဆရာ အဆိုကျော်မင်းသားတစ်ယောက်အနေနဲ့ သူ့တန်းနဲ့သူတော့ဖြင့် နေနိုင်ထိုင်နိုင်ရှိနေပါ့မယ်။ သို့သော် တကယ်တမ်းမတော့ ကျွန်တော့်ဘ၀မှာ သာမန်အဆင့် လောက်ပဲရှိခဲ့ပါတယ်။ အဆိုကျော်မင်းသား တန်းမ၀င်ခဲ့ပါဘူး။ နာမည်ရ စာရေးဆရာတစ်ယောက်လောက်ပဲ နေနိုင်ထိုင်နိုင်ခဲ့ပါတယ်။ ဒီအတွက် ကိုယ့်ကိုယ်ကို ဖြေသိမ့်နိုင်တာတော့ရှိပါရဲ့။ ကျွန်တော်က လောဘမကြီးတတ်လို့ပါ။ ရသမျှနဲ့ တင်းတိမ်ရောင့်ရဲခဲ့တယ်လို့ ဆိုရမှာပေါ့။ အထူးသဖြင့် ဇနီးသည် အေးဘုံနဲ့ သားသမီးတွေကလည်း ပါရမီဖြည့်နိုင်ကြလို့ပါ။ သူတို့လည်း ရိုးရိုးသားသား ပေးနိုင်ကမ်းနိုင်ရုံနဲ့ ကျေနပ်နေခဲ့နိုင်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ အတွင်းစိတ်ထဲမှာတော့ ထိုက်သင့်တဲ့အကျိုးခံစားချင်ကြမှာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း စီးမယ်ဆို မာစီဒီး၊ နေမယ်ဆို ရွှေတောင်ကြားလောက်တော့ လိုချင်ခဲ့ပါတယ်။ စောစောကပြောသလို ရောင့်ရဲနေတတ် လို့သာပါ။ ကောင်းပါပြီ။ အဲသလိုမျိုး ကျွန်တော်ဘာကြောင့် မနေနိုင်ခဲ့ပါသလဲ။ ရှင်းပါတယ်။ “အရက်”ဟာ အဓိကတရားခံပါပဲ။ “အရက်” သောက်ပစ်လို့ ငွေကြေးဥစ္စာဓနတွေ ကုန်ရတယ်လို့ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ထုတ်လုပ်သူ၊ ထုတ်ဝေသူတွေကသာ တိုက်ကြပြုကြတာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘယ်စေတနာပါပါ့မလဲ။ သုမောင်နဲ့ လုပ်စားနေရတုန်းမို့ မသဒ္ဓါရေစာတိုက်ကြတာပါ။ သို့မဟုတ် ဖားကြပြုကြတာပါ။ တကယ်တမ်း သုမောင်တစ်ယောက် အီလည်လည်ဖြစ်လာတဲ့အခါကျတော့ ပုလင်းထောင်ပေးဖို့ နေနေသာသာ မသိ ချင်ယောင်ဆောင်လာကြပါတယ်။ ဟော သုမောင်လည်း ကျပါလေရော ဝေးဝေးက ရှောင်ကြတော့တာပဲ။ အပြစ်တော့ မတင်ပါဘူး။ လူဆိုတာ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာ မဟုတ်လား။ အနုပညာသည်က ကိုယ်နဲ့ ဦးနှောက်ကို ရင်းပြီးဖန်တီးတယ်။ သူတို့က ငွေကိုရင်းပြီး ပွားစီးတယ်။ ဘယ်မှာ အပြစ်ရှိလို့လဲ။ ပြောချင်တာက အဲသလို အရက်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရာကနေ ကိုယ့်လူတန်းစေ့နဲ့ကိုယ် မနေနိုင်တာကိုပါ။ တချို့အနုပညာသည်တွေ ဖြစ်ဖူးကြားဖူးကြမှာပေါ့။ အောင်မြင်တဲ့အချိန်မှာ စုဆောင်းတယ်။ စီးပွားရေးသမားနဲ့ သင့်တင့်အောင်ပေါင်းတယ်။ နည်းနည်း အီလည်လည်ဖြစ်လာတော့ ဒုတိယတန်းစားနေရာက ၀င်ပြီး ဖန်တီးတယ်။ ကျဆုံးချိန်ရောက်တော့ ဖရံအပို့နေရာတွေမှာ ၀င်လုပ်တယ်။ အိုမင်းမစွမ်းရှိတဲ့အခါမှာ စုဆောင်းတာလေးနဲ့ လူတန်းစေ့နေနိုင်တယ်။ တကယ်တော့ အားကျစရာကောင်းတဲ့ ဘ၀မျိုးပဲမဟုတ်ပါလား။ ကျွန်တော့်မှာက အကျင့်စရိုက်နောက်တစ်မျိုး ရှိပြန်ပါတယ်။ ကိုယ်ရောက်တဲ့နေရာမှာ မနေတတ်တာပါပဲ။ ပင်ကိုအားဖြင့် ရိုးရိုးသားသား ပြုမူနေထိုင်တတ်တာပါသလို ငယ်စဉ်က လက်ဝဲယိမ်းပြီး အတင်းကြီးကာရော အခြေခံကျခဲ့တာပါ။ တကယ်တော့ မင်းသားအဆိုကျော်ဆိုတာ သူ့နေရာလေးနဲ့သူ နေရမှာပါ။ ကျွန်တော်က မင်းသားလို မနေဘဲ အဲဒီခေတ်က စာရေးဆရာတွေလို နေတယ်။ လူတိုင်းနဲ့ (အထူးသဖြင့် အောက်ခြေလူတန်းစားနဲ့) ပရောပရီနေတယ်။ ဖြစ်ကတတ်ဆန်းနေတယ်။ အရက်သောက်တာတောင် အရက်ဖြူကို လမ်းဘေးဆိုင် ထိုင်သောက်တယ်။ အဲဒီလို ချီးမွမ်းကြတော့ ကျေနပ်တယ်။ နှာခေါင်းရှုံ့တဲ့သူတွေကို ခုခံတယ်။ ပြောကြကြေးဆိုရင် ရုပ်ရည်ချို့တဲ့တဲ့ ကျွန်တော်ဟာ အရွဲ့တိုက်ပြီး မိတ်ကပ်မလိမ်းဘဲ ရုပ်ရှင်ရိုက်တယ်။ တကယ်တော့ မိတ်ကပ်ဆိုတာ လှပဖို့ထက် ပြုပြင်ဖို့ဆိုတာကို မသိခဲ့ဘူး။ သီချင်းဆိုပွဲတွေမှာ ဖြစ်ကတတ်ဆန်း အ၀တ်နဲ့ ပွဲတတ်တယ်။ ပရိသတ်ကို စော်ကားရာကျတယ်ဆိုတာ မစဉ်းစားဘူး။ ကျွန်တော့်ဖခင်က ပြောဖူးတယ်။ “သား ပရိသတ်ဆိုတာ ကိုယ့်ကို ပိုက်ဆံပေးပြီးကြည့်တာ သူတို့ စိတ်ချမ်းသာအောင် သပ်သပ်ရပ်ရပ် လှလှပပလေး ဖြစ်အောင်နေရတယ်” တဲ့။ ဒါကိုလည်း ကျွန်တော် နားမထောင်ခဲ့ဘူး။ လုပ်ချင်ရာလုပ်တယ်။ အရက်ဝင်တော့ ပိုဆိုးတော့တာပေါ့။ ဒါလောက်ဆို ကျွန်တော့် သဘာဝနဲ့ ကျွန်တော့်ဘ၀ကို သိလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် အေးဘုံရဲ့ စီးတဲ့ရေ ဆယ်တဲ့ ကန်သင်းကြောင့် ခုလို တန်းစေ့လေး နေနိုင်ခဲ့တာပါ။ ပင်ကိုရိုးရိုးသားသား စိတ်ကလေးကြောင့်လည်း လက်ရှိဘ၀ကို ရောင့်ရဲနိုင်ခဲ့တာပါ။ ကောင်းပါပြီ။ ကျွန်တော့်ရဲ့ ယခု စာစု ခေါင်းစီးကိစ္စ။ “မာစီဒီးနဲ့ စဥ့်ကူးမင်း” တဲ့။ “မာစီဒီး” ကတော့ ဟုတ်ပါပြီ။ လူနေမှုဘ၀ တစ်ခုရဲ့ ပြယုဂ်။ စဥ့်ကူးမင်း ဘယ့်နှယ့်ကြောင့်ပါလာရပါသလဲ။မတန်တရာနှိုင်းတယ်ပဲဆိုဆို ကျွန်တော့်အဖြစ်က စဥ့်ကူးမင်းနဲ့ သွားတူနေလို့ပါ။ ဒါကို ဆရာကြီး မြကေတုရဲ့ “နန်းမူနန်းရာ စာပေါင်းချုပ်” စာအုပ် ပြန်ဖတ်ရင်း သတိထားမိတာပါ။ ၁၁၃၈ခုနှစ်မှာ “အ၀” ကို စဥ့်ကူးမင်း စိုးစံပါတယ်။ စဥ့်ကူးမင်းဟာ ဆန်းကျယ်တဲ့ ဓလေ့ရှိသူဖြစ်ပါတယ်။ သူဟာ ဆင်းရဲသား ဘ၀က လာသူမို့ ဆင်းရဲသားများကို အလေးထား စောင့်ရှောက်ပါတယ်။ ဆင်းရဲသားတွေကို တန်းတူပေါင်းတယ်။ ရှင်ဘုရင်လို မနေဘူး။ ဒါကြောင့် ဆင်းရဲသားများက စဥ့်ကူးမင်းကို ချစ်ကြတယ်။ အရွယ်ကလည်း (၂၀) ကျော်ဆိုတော့ လုပ်ရဲကိုင်ရဲ သတ္တိရှိတယ်။ တိုင်းပြည်တွင်းမှာ အခွန်တော်ငွေ မကောက်ခံရ အမိန့်ထုတ်တယ်။ လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားခွင့်ပေးတယ်။ လူမျိုးဘာသာမရွေး တိုင်းပြည်တွင်း ၀င်ထွက်ခွင့်ပေးတယ်။ သန်းခေါင်စာရင်း (လူဦးရေ စာရင်း)ကို ပယ်ဖျက်တယ်။ သူဟာ ဆင်းရဲသားဘ၀ကလာတာမို့ ဆင်းရဲသားလိုပဲ ကျင့်ကြံတယ်။ ရှေးရှေးဘုရင်တွေဟာ ဇိမ်ခံနေကြတာပဲလို့ သူက ယူဆတယ်။ နန်းတော်သစ်ဆောက်ဖို့ မူးမတ်တွေက အကြံပေးကြတာကို လက်မခံဘူး။ ဆင်းရဲသားတွေ ပင်ပန်းမယ်။ အလုပ်ရှုပ်တယ်။ ပြည်သူ့ဘဏ္ဍာတွေ လျော့ပါးမယ်လို့ ဆိုပါတယ်။ ကုန်ကုန်ပြောကြကြေး ၀တ်လဲတော် အသစ်တောင် မချုပ်လုပ်ဘူး။ အဲ သံဃာတွေအတွက်တော့ ကျောင်းဇရပ်တွေ ဆောက်လုပ်လှူဒါန်းတယ်။ အလှူအတန်းရက်ရောရုံမကဘူး လက်ဖွာတယ်လို့တောင် အဆိုရှိပါတယ်။ သာသနာရေးကို အလွန်အလေးထားတဲ့ မင်းပါပဲ။ ခုထိ ရှိနေတဲ့ ရွှေတိဂုံဘုရားပေါ်က “ပြည်တော်ပြန် ခေါင်းလောင်းကြီး”ဟာ စဥ့်ကူးမင်းရဲ့ ကုသိုလ်ပါ။ စဥ့်ကူးမင်း ခေါင်းလောင်းလို့တောင် ခေါ်ပါတယ်။ ဒါကြောင့် စဥ့်ကူးမင်းလက်ထက်မှာ တိုင်းပြည်သာယာဝပြောချမ်းသာပါတယ်။ ဒါပေမဲ့ ကျဆုံးချိန်တန်လာတော့လည်း ဘာတတ်နိုင်မှာလဲ။ ဖြစ်ပုံကလည်း ကြည့်ဦး “အရက်”ကိစ္စပါပဲ။ စောစောကပြောသလို လူဝင်လူထွက်စာရင်းဇယားမရှိ တိုင်းပြည်ကို တံခါး ဖွင့်ထားတော့ နိုင်ငံခြားသားတွေ ကုန်သွယ်ဖု့ အ၀င်အထွက်များလာတယ်။ အဲဒီမှာ လက်ဆောင်ပဏ္ဏာတွေ ဆက်ကြတယ်။ အဲဒီထဲမှာ နိုင်ငံခြားဖြစ် အရက်တွေပါတယ်။ ဒါတွေ မြည်းစမ်းရင်း နောက်ပိုင်း အရက်စွဲလာရာမှ တစ်တိုင်းပြည်လုံး အရက်ဆိုင်တွေ မှိုလိုပေါက်အောင် စည်ကားလုပ်စားကြတော့တဲ့အဆင့်ထိ ခွင့်ပြုခဲ့ပါတယ်။ ဘိုးစဉ်ဘောင်ဆက် “အမဲမပေါ်ရ” အမိန့်ကိုဖျက်ပြီး အမဲပေါ်စေတယ်။ သူကိုယ်တိုင်လည်း အရက်နဲ့ အမဲကို စွဲနေခဲ့ပါပြီ။ နောက်ပိုင်း ဘယ်လောက်ထိ အရက်ကြောင်သွားသလဲဆိုတာ ဥပမာပြုလောက်ပါတယ်။ နန်းတော်မှာ ပွဲလမ်းသဘင်တွေ အမြဲလိုလို ကျင်းပဆက်သွင်းကြရတယ်။ အဲဒီမှာ ဇာတ်သမားတွေဟာ ရရာအ၀တ်နဲ့ တက်ကကြရတာကို သူ မနှစ်မြို့ဘူး။ ဒီတော့ ဘာလုပ်သလဲ။ ပွဲထဲက ရှင်ဘုရင် အ၀တ်အစားညှိုးနေရင် သူဝတ်တဲ့ ၀တ်လဲတော် ငှားရမ်းပြီး ကစေတယ်။ ၀န်ကြီး၊ မှူးကြီး၊ မတ်ကြီးတွေရဲ့ ဗောင်းတော်တွေ ၀တ်လုံတော်တွေကြည့်မကောင်းရင် ၀န်ကြီး၊ မှူးကြီး၊ မတ်ကြီး အစစ်တွေရဲ့ ပစ္စည်းတွေ ငှားရမ်းစေပြီးကစေတယ်။ ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် နောက်ပိုင်းမှာ ဘီလူးခေါင်း မျောက်ခေါင်းစတဲ့ မျက်နှာဖုံးခေါင်းစွပ်တွေကို ကိုယ်တော်တိုင်စွပ်ပြီး ပွဲဝင်ကတဲ့အထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဆင်းရဲသားတွေရဲ့ ဘ၀ကို စာနာလွန်းလို့ မကြာခဏဆိုသလို ဆင်းရဲသားယောင်ဆောင်ပြီး မြို့ပြင်ထွက်လေ့ရှိတယ်။ တစ်ခါတော့ အဲသလိုနန်းပြင်ထွက်သွားလိုက်တာ အကြံဆိုးရှိတဲ့ ဖေါင်းကားစားမောင်မောင်ဆိုသူက စဥ့်ကူးမင်း ယောင်ဆောင်ပြီး မြို့ထဲဝင် ထီးနန်းသိမ်းပိုက်လိုက်တော့ ခံရတော့တာပါပဲ။ မြို့တံခါးကိုလည်း အ၀င်အထွက် သိပ်မစစ်ဆေးခဲ့ဘူးကိုး၊ ဒီလိုနဲ့ စဥ့်ကူးမင်း နန်းကျပါတယ်။ တော်သေးတာက ဖေါင်းကားစား မောင်မောင်ဟာ ခုနှစ်ရက်သာ နန်းစံလိုက်ရပြီး ဘိုးတော်ဘုရားက ပြန်လည် နန်းသိမ်းလိုက်လို့သာပေါ့။ ကိုင်း ဒါလောက်ဆို ကျွန်တော့် စာစုခေါင်းစီး ဘာကြောင့် “မာစီဒီးနဲ့ စဥ့်ကူးမင်း” ဖြစ်ရသလဲဆိုတာ ရှင်းလောက်ပါပြီ။ လူဆိုတာ ရိုးသားရပါမယ်။ ရိုးသားတယ်ဆိုရာမှာ သာမန်ပြည်သူလိုပဲနေရမယ် မဆိုပါဘူး။ ဘုရင် ဘရင်အလျောက်၊ အမှူး အမတ်အမှူးအမတ် အလျောက်၊ ပြည်သူ ပြည်သူအလျောက် ရိုးသားစွာ နေရမယ်လို့ပြောတာပါ။ ချမ်းသာချင်ဟန်ဆောင်တာ မရိုးသားသလို ဆင်းရဲချင်ဟန်ဆောင် တာလည်း မရိုးသားပါဘူး။ ဒါဟာ တစ်နည်းနည်းနဲ့ ဟန်လုပ်နေကြတာပါပဲ။ (တစ်ခုတော့ ရှိတယ်။ ဆင်းရဲသားတွေအပေါ် ကရုဏာထားတဲ့ စဥ့်ကူးမင်းရဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။)
သုမောင်ဟဒယမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၀၈ခု။
credit to mmcyber
မနေ့က ဖိုးထောင်

"ကိုက် ၄၄၀ အပြေးပြိုင်ပွဲတစ်ခုတွင် အပြေးသမားသည် ပထမကိုက် ၂၂၀ကို သူ၏သက်လုံဖြင့် ပြေး၍ နောက်ဆုံးကိုက် ၂၂၀ကိုမူ သူ၏သတ္တိ၊ ဇွဲလုံ့လတို့ဖြင့်သာ ပြေးခဲ့လေသည်။ အပြေးပြိုင်ပွဲ၏ နောက်ဆုံးတစ်ဝက်သည် အနိုင်အရှုံးကို ဆုံးဖြတ်ပေးသည်။"ဦးလှဒင်ဘာသာပြန် ဟားဗဒ်ကာဆင်၏ကြီးပွားရေးလမ်းညွှန်အမှတ် (၁)
"ငါသည် ငါ၏အဖော်ဖြစ်သည်။-ငါ၏လမ်းစဖြစ်သည်။ ငါ၏ခိုကိုးရာဖြစ်သည်။ ငါ၏အဖော်ကောင်းဖြစ်သည်။ ငါ့ထက်ငါ့ကို ဘယ်သူမှ မကယ်နိုင်"(ပီမိုးနင်း)
"မနေ့ကငါနှင့် ယနေ့ငါ အမြဲယှဉ်ပြိုင်၍ မနေ့ကငါထက် ယနေ့ငါ သာ၍ထူးချွန်တိုးတက်အောင် ကြိုးစားရမည်။"(ဆိုင်းဆရာကြီး စိန်ဗေဒါ)
"ခရီးရှည်ကြီး၏အစသည် ပထမခြေလှမ်းပင်ဖြစ်သည်"(ကွန်ဖြူးရှပ်စ်)မနေ့ကဖိုးထောင်၏ဘဝသည် ဆူးပြွမ်းသည့် ကန္တာရ၊ မုန်တိုင်းထန်သည့် လမိုက်ည၊ မီးလျှံကြားက သစ်တစ်ပင်ပမာ ကြမ်းတမ်းခက်ထန်ခဲ့သည်။ သူ ဆယ်နှစ်သား(ပဉ္စမတန်း)တွင် ဖခင်ရှေ့နေကြီးသည် ဦးနှောက်သွေးကြောပြတ်ရင်း သေဆုံးခဲ့ရသည်။ တစ်နှစ်ခန့်အကြာတွင် သူ့အမေသည် နောက်အိမ်ထောင်ပြုရင်း သူ့ကို စွန့်ခွါသွားခဲ့သည်။ သူသည် မျက်စိသူငယ် နားသူငယ်ဖြင့် မုဆိုးမ ဘွားအေ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် သူ့ဘဝကို ဆက်လက်လျှောက်လှမ်းခဲ့ရသည်။
မိခင်၏အစ်ကို၊ အစ်မများ၏ မိသားစုများနှင့် အိမ်ကျဉ်းကျဉ်းလေးတွင် နေထိုင်ခဲ့ရစဉ် သူသည် အားလုံး၏ ခိုင်းဖတ်ဖြစ်ခဲ့သည်။ သူ့ဘက်က မားမားမတ်မတ်ရပ်မည့်သူမှာ အဘွားသာရှိသည်။ ကျန်မိသားစုများက သူ့အမေအပေါ် မကျေနပ်စိတ်ဖြင့် သူ့အပေါ်အညှိုးသိုစွာ ဘဝကံကြမ္မာ၏ မညှာမတာမှုက သူ့ဘက်သို့ ချိန်ခွင်ညှာသာခဲ့လေသည်။ သူစားရသည်က အားလုံး၏အကြွင်းအကျန်၊ သူ့အတွက် သီးသန့်မရှိ။ ကျန်တာကိုစားရသည့်ဘဝ၊ အဘွားက မည်မျှရပ်တည်သည်ဆိုစေ၊ အဘွားသည်လည်း သည်သားသမီးတို့အပေါ် မှီခိုစားသောက်ရသူမို့ အခါခပ်သိမ်း သူ့စားရေးသောက်ရေးကို ဖြေရှင်းမပေးနိုင်ခဲ့။
သူသည် အလိုက်သိစွာဖြင့် မိမိကိုယ်ကို မိမိဆုံးမချိုးနှိမ်ရင်းမပြေလည်မှု၊ မမျှတမှု၊ မလှပမှု၊ ဘဝ၏ခါးသီးမှုများကို ရင်စည်းအံကြိတ်ရင်းခံခဲ့သည်။ သူ့ကို ပညာပေးနေသည်ဆိုသော အသိလေးဖြင့် သူချစ်ခင်မြတ်နိုးစွာ တန်ဖိုးထားသည့် ပညာအမွေကို ကြိုးစားရယူခဲ့သည်။ သူအိမ်ကထွက်ပြေးရန်စဉ်းစားမိသော်လည်း ပညာရေးနှင့် အိုးစားကွဲမည်ကို ကြောက်ရွံ့ထိတ်လန့်မိသဖြင့် ထိုအတွေးကို ကျောခိုင်းခဲ့သည်။
သူသည် အဖေ့သားပီသစွာ ပညာကို လိုလားခဲ့သည်။ ပညာတတ်မှ ဘဝအဆင့်မြင့်မားမည်ဖြစ်ကြောင်း၊ အဖေရှိစဉ်က မကြာခဏဆုံးမခဲ့သည်ကို သူမမေ့။ "ယောက်ျားကောင်းဆိုတာ ကိုယ့်ဘဝကို ကိုယ်ထူထောင်နိုင်ရမယ်၊ ကိုယ့်ဘဝကို ကိုယ်ထူထောင်နိုင်ဖို့ ပညာကိုကြိုးစားပါသား" ဟု တဖွဖွပြောခဲ့သည့်အဖေ၏ အဖိုးတန်စကားများက ရင်ထဲတွင်စွဲလို့နေသည်။ ထို့ကြောင့် သူသည် ထမင်းကြမ်းခဲကိုဆားဖြူးစားရသည့်တိုင် မျက်ရည်ပေါက်ပေါက်ကျရင်းမှာပင် အဖေ့စကားများကို မြေဝယ်မကျ နားထောင် ခဲ့သည်။ အဆိုးထဲက အကောင်းကိုသာ တွေးခဲ့သည်။ သည်အိမ်၊ သည်မိသားစုများသည် သူနှင့် သူစိမ်းတစ်ရံဆံမဟုတ်၊ သွေးရင်းသားရင်းများ ဖြစ်ကြသည်။ သူ့ကံတရားအရ ကံစီမံသလိုဖြစ်လာရခြင်းတွင် သူတတ်နိုင်သလောက် သည်းခံမည်ဟု အပြုသဘောတွေးရင်း ပညာကိုဖိ၍ ကြိုးစားခဲ့သည်။
တစ်နှစ်တစ်တန်း ထူးချွန်စွာ အောင်မြင်မှုများသည် သူ့ဘဝအတွက် အပေါင်းလက္ခဏာစွမ်းအားများဖြစ်ခဲ့ရသည်။ ပညာထူးချွန်သောသူ့ကို တော်တန်ရုံအထင်မသေးဝံ့တော့။ တောက်မည့်မီးခဲတရဲရဲကို အကဲကြည့်ရင်း အောက်ခြေသိမ်းအလုပ်တွေကို လုပ်ခိုင်းစမြဲ။ အိမ်သားတွေချိုးဖို့ တိုင်ကီငါးလုံးစာကို တစ်နေ့နှစ်ကြိမ် ရေဖြည့်ရစမြဲ။ သူတို့အိမ်နှင့် ဆယ်အိမ်စာအကွာရှိ ရေဘုံဘိုင်တွင် ရေခပ်ရင်း ရေစည်တွန်းခဲ့ရသည့်ဘဝ၊ နေပူမိုးရွာမရှောင် သူလုပ်ရစမြဲ။သူ့အဒေါ်၏သား၊ သူနှင့် ညီအစ်ကိုဝမ်းကွဲတော်သူသည် သူနှင့် ဝိုင်းကူညီရန်ဝေးစွ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားရင်း သူငယ်ချင်းများဖြင့် အချိန်ဖြုန်းနေသူ။ ရှစ်တန်းလောက်တွင် စီးကရက်သောက်သည်မှအစ ကိုးတန်းအရောက်တွင် ဘိန်းဖြူစွဲခဲ့သည်။ သူနှင့်သက်တူရွယ်တူ ညီအစ်ကိုမို့ အရှေ့နှင့်အနောက်၊ ဆီနှင့်ရေ၊ နံ့သာဆီနှင့် နောက်ချေးပမာ နှိုင်းယှဉ်စရာဖြစ်ရင်း ပတ်ဝန်းကျင်ကမေးငေါ့လာသည့်အခါ သူ့ကောင်းသတင်းအတွက် ဝမ်းသာဖို့ထက်၊ သားဆိုးအတွက် ခံပြင်းသည့်အဒေါ်ဖြစ်သူ၏ ရန်ရှာခြင်းဒုက္ခကို သူခံစားခဲ့ရလေသည်။ အဒေါ်၏သားအပေါ် မျက်ကန်းချစ်နှင့် သူ့အပေါ်မတရားကျမှုကြောင့် အဒေါ်နှင့် ဦးလေးတို့ အကြီးအကျယ် ရန်ဖြစ်ခဲ့ရဖူးသည်။ အဒေါ်၏ ယောက်ျားက မခံသာသည့်အဆုံး ဝင်ပါရလေသည်။
" ဟေ့ ဖိုးထောင် …. နင်ကအလိမ္မာကြီးတာက အကြောင်းမဟုတ်ဘူး၊ နင်နဲ့နှိုင်းပြီးငါ့သားကို ပတ်ဝန်းကျင်ကပြောတာ ငါမခံနိုင်ဘူး"
"ကျွန်တော် ဘာလုပ်မိလို့လဲ …အဒေါ်""နင်က လူ့ရှေ့ကျတော့ မခုတ်တတ်တဲ့ကြောင်လိုလုပ်ပြီး လူသနားအောင်နေပြ၊ နင် အရပ်ထဲမှာ ငါ့သားကို ဘိန်းဖြူစွဲနေတယ်လို့ လိုက်ပြောတယ် မဟုတ်လား၊ ငါ့သားကို သိက္ခာချတာ … နင်သိပ်မိုက်ရိုင်းတာ"
"ကျွန်တော်…. အဒေါ့်သားအောင်စိုးအကြောင်း ဘယ်သူ့ငိုမှ ဘာမှ မပြောပါလား …အဒေါ်"
"နင်ဟာအရိပ်နေနေ အခက်ချိုးချိုးကောင်၊ နင် ခုလိုကျောင်းနေနိုင်အောင် ငါတို့ငွေနဲ့ ထားထားတာဆိုတာ မသိဘူးလား"
"အောင်စိုးက ဘိန်းဖြူသမား၊ ဆေးသမားတွေနဲ့ပေါင်းနေတာ၊ ပတ်ဝန်းကျင်က အမြင်ပဲ၊ ကျွန်တော်လည်း ဘာမှမပြောရပါ့လား"
"အောင်မယ်၊ နင်ကလား၊ ငါ့သားအပေါင်းအသင်းတွေကိုများ ဆေးသမား ဘိန်းဖြူသမားတဲ့၊ ပိုက်ဆံချမ်းသာတဲ့ လူကုံထံ သားသမီးတွေချည်းဘဲ၊ နင့်အလိုအဖေမရှိ၊ အမေက နောက်လင်ယူတဲ့ မျက်နှာမွဲကောင်ကို ဘယ်သူက အပေါင်းအသင်းလုပ်ချင်မှာလဲ"
"အဒေါ်. .. စကားကိုကြည့်ပြောပါ၊ ကျွန်တော့်အမေဟာ အဒေါ်ညီမပါ၊ ကျွန်တော်ကလည်း အဒေါ့်တူအရင်းပါ"
"နင်က မကျေနပ်တော့ ဘာလုပ်ချင်လဲ၊ လုပ်စမ်း….ကျေးဇူးကန်းတဲ့ကောင်၊ ခွေးလိုကိုက်တဲ့ကောင်၊ အလကားကောင်"
"ဟေ့ … မိခိုင်၊ နင့်စကားတွေ လွန်ပြီ"
"အစ်ကိုမပါနဲ့၊ ဒီကောင်က လူကြီးတွေရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးနဲ့၊ ကျွန်မတို့ကိုကျေးဇူးမထောက်၊ ကျွန်မတို့ကပဲ သူ့ကို မတရားခိုင်းစေ အနိုင်ကျင့်နေသလို ပတ်ဝန်းကျင်မှာ သတင်းလွင့်နေတာ … ကျွန်မအကုန်သိတယ်"
"နင် …. တော်တော့"
"မတော်နိုင်ဘူး … သူက လူလိမ္မာ၊ လူတော်ကြီးပုံစံနဲ့ အသားယူပြီးမာန်တက်နေတာ .. အစ်ကိုဘာမှမသိဘူး၊ ကျွန်မသားက ရိုးရိုးအအ…ရှင့်"
"ဟေ့ … မိခိုင်၊ အစ်ကိုမောင့်စကားကို နားထောင်စမ်း၊ နင့်သားကို နင်ရအောင်ဆုံးမ၊ နင်အလိုလိုက်လွန်းလို့၊ နင်ဖုံးဖိလို့ တချို့ကိစ္စတွေ ငါဖအေတောင် ဘာမှသိရတာမဟုတ်ဘူး၊ ဖိုးထောင်ကို မဲမနေနဲ့"
အဒေါ့်ယောက်ျားဝင်ပြောလိုက်မှ အဒေါ်ကငြိမ်သွားသည်။ ဦးလေးမောင်က ဖိုးထောင်ကို ချော့မော့နှစ်သိမ့်သည်။ ထိုနေ့က အဘွားက ဥပုသ်စောင့်ရန် ရိပ်သာသွားနေ၍ ရန်ပွဲအကြောင်းကို မသိလိုက်။ ဖိုးထောင် ထိုညက တစ်ညလုံးအိပ်မပျော်ခဲ့။ အဒေါ်၏ရင့်သီးသည့်စကားများကို ပြန်လည်ကြားယောင်ရင်း စိတ်ထိခိုက်ခဲ့ရသည်။ လူဆိုးနှင့် လူကောင်း၊ အမိုးတစ်ခုထဲအောက်၊ ကြမ်းတစ်ပြေးတည်းတွင် အတူရှိနေသမျှ ပတ်ဝန်းကျင်၏နှိုင်းယှဉ်ခံထားမှုများကလည်း သူ့ကိုသာ အလေးပေးနေမည်။ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေသည့် သူနှင့်စိုးအောင်တို့၏ ကောင်းသတင်း ဆိုးသတင်းများသည် စိုးအောင် ကိုးတန်းကျသောအခါ အခြေအနေ ပိုဆိုးလာတော့သည်။ဆယ်တန်းသည် သူ့ဘဝ၏ တက်လမ်းဆုတ်လမ်းကို အတိအကျ အဖြေပေးတော့မည်။ သူ သတိကြီးစွာထားရင်း ရည်မှန်းချက်ကို အပျက်မခံဘဲ အရှိန်မြှင့်၍ ကြိုးစားခဲ့သည်။ သူ့တွင် အတွင်းရန်အပြင်ရန် ဝိုင်းဝိုင်းလည်နေသည်။ သူစာကျက်လျှင် အဒေါ်က မကြည်ဖြူ။ ရန်ရှာသည်။ ရန်လုပ်သည်။ ဦးလေးမောင်ကလည်း အလုပ်ဖြင့် နယ်သို့သွားရသည့်ကာလ။ သူ့မိန်းမနှင့် သမီးနှစ်ယောက်ကျန်ခဲ့သည်။ ဦးလေးမောင်မိန်းမက သဘောမဆိုးသော်လည်း အပြင်ဗာဟီရကိစ္စတွေကို မနားတမ်းခိုင်းတတ်သည်။
သည်ကြားထဲ စိုးအောင်က တစ်မှောင့်။ စာမေးပွဲကျ၍ ပို၍ ပျက်စီးလာသည်။ သူ့ကိုရိသည်။ အမေကသွေးထိုးထား၍ စိုးအောင်က သူ့အပေါ်အမြင်မကြည်။ သူ့အပေါင်းအသင်းတွေက ဖိုးထောင်ကိုရန်စသည်။ စိုးအောင်တို့အုပ်စု ပိုမိုပျက်စီးလာရာတွင် ရပ်ကွက်ထဲတွင် လူဆိုးစာရင်းဝင်သည့်နေ့ စိုးအောင်တို့အုပ်စုက ချောင်းရိုက်ခြင်းကို သူခံခဲ့ရပြီး ဆေးရုံတွင် နှစ်ပတ်နေခဲ့ရသည်။ ထိုကိစ္စတွင် သူက လွန်သလိုလိုဖြင့် အဒေါ်က သူ့ကိုနာမည်ဖျက်ဖို့ ကြိုးစားခဲ့သော်လည်း သူတော်ကောင်းနတ်ကောင်းမရင်း အမှုမှန်ကို လူတိုင်းသိခဲ့ကြရသည်။ သူက မုန်းစကို တိုစေလိုသောသဘောဖြင့် သူ့ကိုရိုက်သူများအား ခွင့်လွှတ်ခဲ့သော်လည်း ကိုယ်ပြုသောကံ ကိုယ့်ဆီပြန်သဘောဖြင့် ဘိန်းဖြူမှုဖြင့် အဖမ်းခံခဲ့ရကြသည်။ စိုးအောင်တို့ သားအမိ အကြီးအကျယ်တုန်လှုပ်ကြောက်ရွံ့ရင်း သူတို့၏မကောင်းစိတ်များကို အရှိန်သတ်ခဲ့သည်။
သူဆေးရုံတွင်ရှိစဉ် သူ့ဘဝအတွက် အကောင်းဆုံးကို သူတွေးခဲ့ ရွေးခဲ့သည်။ သူဘွဲ့ရမှဖြစ်မည်ဟု ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချခဲ့သည်။ သူ့ကျောင်းမှ ဆရာ/ဆရာမများ၊ သူငယ်ချင်းများ၊ ပြီးတော့ သူ့အဘွား အားလုံး၏ စေတနာမေတ္တာဖြင့် သူ့ကျန်းမာရေးကို ပြန်လည်တည်ဆောက်ခဲ့ရသည်။ သူ့အတန်းပိုင် ဆရာဦးမျိုးက သူ့ကိုလက်ကမ်းကြိုဆိုခဲ့သည်။
"စာမေးပွဲနီးရင် ဆရာ့အိမ်မှာစာလာကျက်၊ ဆရာ စာလည်းသင်ပေးမယ်၊ ငါ့တပည့်က အိမ်တွင်းရေးတွေကို သေသေချာချာမှ ဖွင့်မပြောခဲ့ဘဲကိုး၊ ဆရာတတ်နိုင်သလောက် ကူညီမယ်ကွာ၊ ဘာမှ အားမနာနဲ့"
"ဟုတ်ကဲ့ပါဆရာ … ဆရာ့ကျေးဇူး ကြီးလှပါတယ်"
ဆရာသည် သူ့အတွက် အရိပ်ကောင်းပီသခဲ့သည်။ သူ့အတွက် အင်အားတစ်ရပ်ဖြစ်ခဲ့သည်။ သူဆေးရုံမှဆင်းတော့ ဦးလေးမောင် နယ်ကပြန်ရောက်လာသည်။ သူ့သတင်းကိုကြားပြီး စိတ်မကောင်းဖြစ်ခဲ့သည်။ သူ့ကို အပြစ်တင်သည်။
"မင်းကလည်းမင်းပဲ … ညဥ့်နက်သန်းခေါင်မှ အိမ်ပြန်ရတယ်လို့"
"သူငယ်ချင်းအိမ်မှာ စာသွားကျက်တာပါဦးလေး.."
" အဒေါ်က ဆယ့်တစ်နာရီဆို မီးပိတ်ပစ်တာဦးလေးရဲ့၊ ရေနံဆီမီးခွက်နဲ့ ကျက်မယ်ဆိုတော့လည်း မီးလောင်မယ်၊ အန္တရာယ်ရှိတယ်ဆိုပြီး ကျက်ခွင့်မပေးဘူး၊ နေ့ဘက်ကျတော့လည်း ကျောင်းတစ်ဖက်နဲပ အိမ်အလုပ်တွေ အကုန်လုပ်ပေးရသေးတာ"
"အေးလေ … ဘာပဲဖြစ်ဖြစ်ပေါ့ကွာ၊ အန္တရာယ်ကင်းအောင်လည်းနေ … စာမေးပွဲအောင်ဖို့လည်း ကြိုးစားပေါ့"
"ဟုတ်ကဲ့ပါ … ဦးလေး"
သူစာမေးပွဲဖြေဖို့တစ်လလောက်အလို အအိပ်ပျက်အစားပျက်အလုပ်က ပင်ပန်းရင်းဖျားခဲ့သည်။ အဘွားက သူ့ကို ငွေငါးရာပေးရင်း ဆေးခန်းသို့ လွှတ်သည်။ နှစ်ရက်ဆက်သွားရသဖြင့် ငွေတစ်ထောင်ကုန်သည်။ ဆရာဝန်ကိုတောင်းပန်ရင်း အကြွေးတင်ခဲ့သည့် ငွေငါးရာကို တစ်ပတ်အတွင်းပြန်ရှာပေးပါမည်ဟု ပြောခဲ့ရသည်။ အဖျားကြောင့် စာမကျက်နိုင်ခဲ့ခြင်းကို စိတ်မကောင်းဖြစ်ရခြင်းထက် အကြွေးငါးရာက သူ့ခေါင်းပေါ်တွင် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့သည်။ သူ့ခေါင်းကို အလုပ်ပေးရင်း အဖျားပျောက်၍ နေကောင်းသည့်နေ့တွင် ဈေးနားကဆန်ဆိုင်သို့ပြေးရင်း ဆန်အိတ်အတင်အချအလုပ်ကို ကြားပေါက်အနေဖြင့်ခိုင်းရန် သူ့အကျိုးအကြောင်းကို ပြောပြရသည်။ ဆိုင်ရှင်က သိပ်လက်မခံချင်။ သူ့အလုပ်သမားနှင့်သူ ပြည့်နေပြီဟု ငြင်းသည်။
သူ့အဖြစ်ကို သနားအောင်ပြောရတော့သည်။ သူ့အတွက် ငွေငါးရာသည် ငါးသောင်းငါးသိန်းပမာ ဝန်လေးလွန်းလှသည်။ သို့ဖြင့် သူ ဆန်အိတ်အတင်အချနှစ်ရက်လုပ်ပေးရသည်။ ငွေလေးရာရသည်နှင့် ဆေးခန်းသို့ပြေးရင်း အကြွေးငါးရာမှ လေးရာကို ပြေးဆပ်ရသည်။ ဆရာဝန်က သူ့အဖြစ်ကိုကြားသည့်အခါ တစ်ရာကိုလျော့ပေးလိုက်သဖြင့် သူ့မှာ သိန်းထီပေါက်သလို ဝမ်းသာခဲ့ရသည်။
"ဘဝဆိုတာ…ပန်းမွှေ့ရာရွှေကောဇောမဟုတ်ပါ့လား၊ ပန်းမွှေ့ရာရွှေကောဇောဖြစ်အောင် ငါဘွဲ့ရမှဖြစ်မယ်။ ဆယ်တန်းအောင် အောင် ငါအသေအလဲကြိုးစားမယ်" ဟု ဖိုးထောင်ခေါင်းထဲတွင် သံမှိုနှက်သလို စွဲခဲ့လေသည်။"ဖိုးထောင် .. မင်းနတ်စည်းစိမ် မခံချင်ဘူးလား"
စိုးအောင်က သူ့ကိုအရောလာဝင်သည်။ သူ့လက်ထဲမှ စီးကရက်ကိုကြည့်ရင်း စီးကရက်ထဲတွင် ဘာတွေပါသည်ကို ဖိုးထောင်ကောင်းစွာ သိသည်။
"နတ်စည်းစိမ်ဆိုတာ ငါတို့လူမျိုးတွေနဲ့ မထိုက်တန်ပါဘူး"
"ဟား … ဟား.. ဖိုထောင်က အပြောကောင်းကွာ"
သူစာကျက်နေရာသို့ လာနှောင့်ယှက်နေခြင်းဖြစ်သည်။ သူက အလိုက်အထိုက်ပြောရင်း အကဲကြည့်နေရသည်။
"တစ်ဖွာလောက် ရှိုက်ကြည့်ပါ့လား ဘရားသား"
"ဟာ…နေပါစေကွာ"
"မင်း … အရသာမသိသေးလို့ပါ၊ သိရင်သိပ်ကြိုက်သွားမှာ"
"ဆေးလိပ်ဆိုတာ မူးယစ်ဆေးဝါးရဲ့အစပဲကွ"
"ခင်ဗျား…ဘုန်းကြီးဝတ်ဖို့ပဲ ကောင်းတယ်"
သူပြုံးရင်းသည်းခံလိုက်သည်။ စိုးအောင်က သူ့နားကထွက်သွားပြီး ကက်ဆက်ကို အကျယ်ကြီးဖွင့်လိုက်တော့သည်။ ဒုက္ခရပ်တိုင်းတွင် အောင်မြင်မှု မျိုးစေ့တစ်စေ့ ပါတတ်သည်ဆိုသည့် သူဆည်းပူးဖတ်ရှုသည့် စာအုပ်တစ်အုပ်မှ စာကြောင်းလေးကို သတိရရင်း သူ့အလုပ် သူဆက်လုပ်သည်။ ဆရာမျိုးကိုသတိရပြီး နောက်ရက်ကို ဆရာမျိုးအိမ် သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ သည်အတိုင်းဆို မလွယ်။ သူ့တွင် အနှောင့်အယှက်တွေကများလွန်းသည်။ စိုးအောင်သူငယ်ချင်းတွေက သူရေခပ်သည့်အခ်ါတွင် မကြားတကြား လှောင်ပြောင်ကြပြန်သည်။
"ရေသည်မောင်မောင် ရွှေချသလိုပြောင်လိမ့်မယ်…ပလို့ဂျိ"
" ရေသည်မောင်မောင် အိုနာစစ်လို ပြောက်လိမ့်မယ် …ဟား..ဟား..ဟား.."
သူ့ဒေါသကို မျိုသိပ်နိုင်ခဲ့ပြီ၊ ဘဝပေးအသိက သူ့စိတ်ကို ရင့်ကျက်ခိုင်ခန့်စေခဲ့ပြီ။ သူတစ်ပါးကို နှောင့်ယှက်ဖို့ လှောင်ပြောင်ဖို့က သူတို့အလုပ်၊ သည်းခံခြင်းပါရမီကို တည်ဆောက်ဖို့က သူ့အလုပ်။ သူမကြားဟန်ပြုပြီး ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့သည်။ သို့ဖြင့် သူသည် စာမေးပွဲအောင်ရန် တစ်စိတ်တည်းဖြင့် အဘွားထံခွင့်ပန်ရင်း ညစာစားပြီးသည်နှင့် ဆရာ့အိမ်သို့ ထွက်ခွာခဲ့သည်။ မျက်စောင်းခဲရင်း ကျန်ခဲ့မည့်အဒေါ်နှင့် နတ်စည်းစိမ်ခံစားရင်းကျန်ခဲ့မည့် စိုးအောင်တို့ကို ကျောခိုင်းခဲ့သည်နှင့် သူ့အတွက် အကုသိုလ်အမှောင်မိုက်နှင့် ကင်းကွာသွားသလို ခံစားလိုက်ရလေတော့သည်။သူဆယ်တန်းကို ဂုဏ်ထူးသုံးခုဖြင့် အောင်မြင်ခဲ့လေသည်။ သူ့ဘဝရေဆန်လမ်းအတွက် အားမာန်များကိုစုစည်းရင်း တက်ကျိုးလျှင် လက်ထိုးလှော်မည်ဆိုသည့် သံမဏိစိတ်ဓာတ်ဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ ဆက်လက်လျှောက်လှမ်းခဲ့သည်။ ဇနကထုံး နှလုံးမူခဲ့သည်။ "ယောက်ျားတံခွန် လူရည်ချွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း မလွတ်စတမ်း ရမြဲလမ်း" ဟု ပညာရှိစကားမွန်ကို နှလုံးစွဲပိုက်ရင်း သူ့ခရီးသူနှင်ခဲ့သည်။
သူ ဝင်ခွင့်ရသည့်စက်မှုတက္ကသိုလ်မတက်မီ ဆိုက်ကားနင်းရင်းငွေစုခဲ့သည်။ စာစောင်တွေ သတင်းစာတွေကို လက်ပွေ့ ရောင်းခဲ့သည်။ သူ တက္ကသိုလ်တက်ရင်း ထိုအလုပ်များကိုမစွန့်။ စတိုင်ပင်ထောက်ပံ့ငွေ တစ်လ ၇၅ကျပ်ဖြင့် ခြိုးခြံချွေတာရင်း ပညာယူရင်း ဘဝအမောကိုဖြေခဲ့သည်။ ဆရာသမားတို့၏ ကျေးဇူးကိုသူမမေ့။ အတွင်းရန်များကြီးမားသည့် အဘွား၏ အိမ်ကလေးမှာပင် ဆင်းရဲပင်ပန်းစွာ၊ သည်းခံ ခြိုးခြံစွာနေရင်း ဘဝကို ရဲရင့်စွာရင်ဆိုင်ခဲ့သည်။ ရေလှည်းတွန်းရသည့် အလုပ်ကိုလည်း မပျက်ခဲ့ရ။ သူထမင်းငတ်ခြင်းထက် ပညာငတ်မှာကိုသာ ကြောက်ရွံ့ရင်း ပညာကို အမိအရ ဖက်တွယ်လာခဲ့သည်။
စိုးအောင်လည်း စာမေးပွဲကျ၍ ကျောင်းထွက်ရသည်။ သူ့အဖေရုံးတွင် အလုပ်ဝင်ရင်း မကြာမီ မိန်းမယူသည်။ မိန်းကလေးကလည်း ဆယ်တန်းမအောင်။ သူတို့အိမ်တွင် လူဦးရေတစ်ယောက်တိုးလာသလို ပြဿနာကပါ စလာပြန်သည်။ စိုးအောင်၏ ခွေးမြီးကောက် ကျည်တောက်စွပ်သည့် ဇာတ်လမ်းတွင် စိုးအောင်တစ်ယောက် အပေါင်းအသင်းဟောင်းများနှင့် တွဲရင်း ဘိန်းဖြူသံသရာပြန်လည်ပြန်သည်။
စိုးအောင်မိန်းမသည် သူ့ယောက်ျားကိုစိတ်ပျက်ရင်း ဖိုးထောင်ကိုလေးစားကြည်ညိုလာခြင်းသည် ပြဿနာ၏ အစပင်ဖြစ်သည်။ သူ့ဘက်က အနေမှန်သော်လည်း မိန်းကလေးကမနေတတ်၊ လွန်ကဲသောဂရုစိုက်မှုများဖြင့် သူ့ကို ချဉ်းကပ်စွဲဆောင်လာသည့်အခါတွင် သူသည် အပြင်ဆောင်တွင် ငှားရမ်းနေထိုင်ရန် ဆုံးဖြတ်ခဲ့လေသည်။ သူ့ရည်မှန်းချက်ကို သည်အခြေအနေရောက်ခါမှ အပျက်အစီးအတိမ်းအပါးမခံနိုင်။ သို့ဖြင့် သူသည် အဘွားနှင့် ဦးလေးကို ခွင့်ပန်ရင်း အပြင်ဆောင်သို့ ရောက်ခဲ့တော့သည်။
သူသည် ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြင့် ပညာရေးခရီးကိုနှင်ခဲ့ရသည်။ သူငယ်ချင်းကောင်းတို့၏ ကူညီစောင့်ရှောက်မှုများဖြင့် ကျားကန်ရင်း သူ့ခရီးကို ဆက်လှမ်းရသည်။
စတုတ္ထနှစ်တွင် သူ့ဘဝထဲသို့ တစ်တန်းတည်း တစ်နှစ်တည်းမှ သူငယ်ချင်း "ဝေ" သည် အချစ်တစ္ဆေခြောက်ရင်းရောက်လာခဲ့ပြန်သည်။ ဝေ့အလှက အေးချမ်းသည်။ မာနကင်းသည်။ စိတ်သဘောပြည့်ဝသည်။ သူသည် အချစ်ပဒိုင်းသီးကိုစားရင်း အရူးအမူးဖြစ်ခဲ့သည်။ သူတို့ချစ်သက်တမ်းတစ်နှစ်ခန့်တွင် ဝေ့မိဘများက သူ့အကြောင်းကိုစုံစမ်းသိရှိပြီး လမ်းဖြတ်ခိုင်းခဲ့သည်။ ဝေကလည်း မိဘ အသိုက်အဝန်းကို မလွန်ဆန်ရဲသူ၊ ချစ်သတ္တိနည်းသူမို့ ဖိုးထောင်ကိုစိမ်းကားပြတ်တောက်စွာ လမ်းခွဲခဲ့သည်။ သည့်အတွက် သူသည် ဘဝပျက်မတတ် ခံစားခဲ့ရသည်။ တစ်သက်တာ တစ်ယောက် အချစ်မျိုးဖြင့် ချစ်ခဲ့သည်မို့ တဝေဝေဖြင့် အချစ်ရူးကြီးဖြစ်ခဲ့ရသေးသည်။ အရက်သမားကြီးမဖြစ်ခဲ့သည့်အတွက် သူ့ကိုယ်သူ ကျေးဇူးတင်မိသေးသည်။
စာဖန်သန်သော သူ့အဖေပြောပြခဲ့ဖူးသည့် ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မဝတ္ထုကို ပြန်သတိရမိသည်။ မောင်ရင်မောင် ထောင်ထဲမှ အဖဦးပေါ်လာ၏ ရုပ်အလောင်းနေရာတွင် အစားဝင်ရင်း မကြောက်နဲ့ဟူသော ဖခင်စကားကို နှလုံးစွဲပိုက်ကာ အသက်ဘေး၊ အကျဉ်းဘေးမှ လွတ်မြောက်ခဲ့ပုံ၊ မောင်ရင်မောင်သည် ရုပ်ဖျက်ပြီး မိခင် မဖားဥတဲတွင် သားအမိတွေ့ဆုံရာ မောင်မြတ်သာ မမယ်မတို့ မင်္ဂလာဆောင်မှ လွင့်ပျံလာသည့် ဆိုင်းသံတွေကြားရခိုက် အသည်းကွဲမတတ်ခံစားရင်း အမေ မဖားဥကို လုပ်ကျွေးပြုစုဖို့ အသိတရားဝင်ခဲ့ပုံတို့သည် သူအကြိုက်ဆုံးအခန်းများ၊ အဖေ့ပြောစကားဖြင့် ဝတ္ထုကိုနားထောင်ခဲ့သလို သူကိုယ်တိုင်လည်း ဖတ်ရှုခဲ့ရသည့်ဝတ္ထု၊ သူပြန်သတိရရင်း သူ့နှလုံးသားပြဿနာကို သူကိုယ်တိုင် ကုစားခဲ့သည်။
ဆင်ပြောင်ကြီး အမြီးကျမှ အတစ်မခံနိုင်တော့။ သူဘွဲ့ရဖို့ သူ အနှစ်နှစ်အလလ ဒုက္ခများစွာဖြင့် နပန်းလုံးရင်း လျှောက်လှမ်းခဲ့ရသည့် သူ့ရည်မှန်းချက်ပန်းတိုင် အဝေးမခံနိုင်တော့ပေ။ ဆရာကြီး ပီမိုးနင်း၏ အဆုံးအမစကားဖြင့် သူ့ကိုယ်သူ ပြန်လည်ကုစားထိန်းမတ်ရင်း ဝေ ဆိုသော မိန်းကလေးကို သူမေ့ပစ်ခဲ့သည်။ တရွေ့ရွေ့ကုန်ဆုံးနေသည့် အချိန် တဖြည်းဖြည်း နီးကပ်လာသည့် စာမေးပွဲ၊ တသသ မျှော်မှန်းခဲ့ရသည့် ပန်းတိုင် အားလုံးသည် သူ့ကိုအသည်းကွဲအဆွေးသမားကြီးလုပ်နေဖို့ ခွင့်မပေးတော့ပေ။
သို့ဖြင့် သူသည် ဘဝ၏အမှန်တရားသို့ ဦးတည်ရင်း ပစ္စုပ္ပန်တည့်တည့်ကို သူ့အတွက် အကျိုးရှိအောင် ကြိုးစားအားထုတ်ခဲ့လေသည်။ သူကြိုးစားခဲ့သည့်အချိန်များသည် ရွှေပမာတန်ဖိုးရှိရင်း သူ့အတွက် လှပသော အနာဂတ်ကို ဖန်ဆင်းပေးခဲ့လေသည်။
သူသည် တက္ကသိုလ်မရောက်မီ ရှေ့ပိုင်းတွင် သက်လုံကောင်းစွာဖြင့် ပန်းတိုင်ရှိရာသို့ပြေးခဲ့သည်။ သူ တက္ကသိုလ်ရောက်သည်မှ ပန်းတိုင်သို့ သူ၏ သတ္တိ၊ ဇွဲ၊ လုံ့လတို့ဖြင့် ဆက်လက်ပြေးခဲ့သည်။
ယနေ့ ဖိုးထောင်ခေါ် အင်ဂျင်နီယာကြီး ဦးနေမင်းလျှံသည် ဘဝကိုအောင်ပွဲခံရင်း မနေ့က ဖိုးထောင်၏ဘဝကို တစ်သက်တာ ထာဝရ မမေ့ရင်တွင် ကမ္ပည်းတင်ရင်း အမှတ်ထင်ထင် ရှိနေပေတော့သည်။
credit to mmcyber