Wednesday, 9 January 2013

တောကျီးကန်း ဝတ္ထုတိုများ - နေဝင်းမြင့် (အပိုင်း-၁)

အမေနှင့် ဓာတ်ပုံများ


                                                    (၁)

ဧရာဝတီမြစ်ထဲက လှမ်းကြည့်လျှင်ပင် မတ်စောက်မြင့်မားသော မြစ်ကမ်းပါးတွေကို တွေ့နေရလေသည်။ ရွှေညိုရောင် မြစ်ကမ်းပါးသည် ဧရာဝတီကို မြင့်မားသောအရပ်မှ ငုံ့ကြည့်နေသည်။ စိမ်းကြည်သော ဧရာဝတီရေဦးသည် မြစ်ကမ်းပါးဆီသို့ ဦးတည်တိုးဝင်၍ ကွေ့ကာတိမ်းကာ အဝေးဆီသို့ ဆက်လက်စီးဝင်သည်။ မြစ်ကမ်းပါး၏ သက်ရင့်ကျောက် မြေလွှာသည် အထစ်ထစ် အရစ်ရစ်ထကာ လွှသွားတွေပါသော မုန့်လှီးဓားဖြင့် ပျော့တွဲနေသော မုန့်တုံးကို လှီးဖြတ်ထားသလို ခုံးခုံးရုံးရုံး လှပနေသည်။ မြစ်ရေသည် ကမ်းပါးယံအောက်ခြေကို ထိစပ်နေခြင်းမရှိ။ မြစ်ကမ်းနှင့် ကမ်းပါးအောက်ခြေကြားမှာ လူသွားစရာ သဲကြမ်းလမ်းကလေးရှိသည်။ သည်လမ်းက မြစ်နားတန်းရွာကလေးတွေဆီ သွားလို့ရသည်။ သံကိုင်းဘက်မှ ခုတ်မောင်းလာသော မော်တော်သည် မြစ်ကွေ့ကျောက်ကမ်းပါးမြင့်မြင့်ကို တွေ့ရလျှင်ပင် ရေနံချောင်း ရောက်တော့မည်ကို သိနိုင်သည်။ သို့မဟုတ် ညောင်လှဆိပ်ကမ်း ရောက်တော့မည်ကို သိနိုင်သည်။ ကမ်းပါးမြင့်မြင့်ကြီးတွေနှင့် ယှဉ်ကာ မော်တော်သည် စက်ရှိန်သတ်ရင်း ဝင်လာတတ်သည့်အခါတိုင်း အမေ့မွေးရပ်မြေနှင့် စပ်လျဉ်း၍ ခံစားမှုသည် တိုးထိလာရမြဲ။ ရေစပ်စပ် သဲပြင်ပေါ်သို့ ထိုးချထားသော ကုန်းပေါင်ကတစ်ဆင့် ညောင်လှဆိပ်ကမ်းကို ခြေချမိသည့်အခါတိုင်း သည်ဒေသ သည်ပတ်ဝန်းကျင်၏ ရနံ့တွေက တိုးဝင်လာတတ်သည်သာ။ ညောင်လှဆိပ်ကမ်းမှာ ရေနံချောင်းမြို့တွင်းသို့ သွားဖို့ မြင်းလှည်းတွေ ရှိသည်။ မော်တော်ကားတွေ ရှိသည်။

ညောင်လှမှ ရေနံချောင်းသို့ သွားရာလမ်းသည် တောင်ကုန်း၊ ချိုင့်ဝှမ်း၊ ရေနံစင်၊ ရွှေရောင်မြက်ခင်းများ၊ နီညိုရောင် ကျောက်စရစ်မြေ၊ အဝေးမှ ရေနံမျှော်စင်များ၊ ငွေရောင်သံကန်များ၊ ဝါးကပ်မိုးအိမ်ကလေးများဖြင့် လှပနေတတ်သည်။ ကျွန်တော်က ဈေးသက်သာသော မော်တော်ကားကို စီးလေ့မရှိ။ ခရီးသည်တွေ၊ ကုန်တွေ ညပ်သပ်နေတတ်ကာ ဘာမှခံစားလို့မရ။ တစ်ခါတလေမှ ရောက်ရသော သည်ရေ သည်မြေ၏ အလှတွေကို အနည်းငယ် လျော့ပါးသက်သာသော ငွေကြေးဖြင့် မလဲချင်။ မြင်းလှည်းကို တစ်ယောက်တည်းငှားကာ သွားလေ့ရှိသည်။ အဆင်းတွေမှာ တရွေ့ရွေ့ ထိန်းဆင်းရသော၊ အတက်တွေမှာတော့ တမော့မော့ ရုန်းတက်ရသော သည်ဒေသ၏ ပထဝီဝင်ကို အပြည့်အဝ ခံစားချင်လို့ ဖြစ်သည်။ ကားလမ်းနှင့် ယှဉ်ကာ ဧရာဝတီသည် တစ်ခါတစ်ခါ ဖွေးခနဲ ပေါ်လာတတ်သည်။ အဆင်းကွေ့တွေမှာ မြင်းလှည်း (မြင်းရထားဟု ခေါ်ကြပါသည်။) ဘီးထဲကို မြင်းရိုက်ကြိမ် ကလန့်သံ တောက် … တောက် … တောက် … တောက်သည် သည်ဒေသ၏ ဂီတဖြစ်သည်။

အမေ့ကို သည်ဒေသမှာ မွေးသည်။ နှစ်ပေါင်းများစွာ သည်ဒေသမှာ နေထိုင်ခဲ့သည်။ အမေက သူမ၏ ငယ်ဘဝတွေကို ပြန်ပြောတိုင်း သည်ဒေသ၏ ရေ၊ မြေ၊ လေ၊ အိမ်ခြေတွေအကြောင်း ပါတတ်သည်သာ။ ဧရာဝတီ၊ ဘီအိုစီ အလုပ်သမားတန်းလျား၊ ရေနံစင်နှင့် ပိုက်လိုင်းများ၊ ထနောင်းနှင့် တမာတန်းတွေအကြောင်း ပြော၍မဝနိုင်။ တစ်နှစ်မှတစ်ခါ၊ နှစ်နှစ်မှတစ်ခါ ကျဲကျဲပါးပါး ရောက်ဖြစ်သော သည်နေရာကို မြင်းလှည်းဖြင့် ဖြတ်သန်းရတိုင်း အမေ့ကို သတိရပါသည်။ အမေ့ကို သတိရတိုင်း အမေပြခဲ့ဖူးသော ဓာတ်ပုံများကိုလည်း သတိရပါသည်။ အထူးသဖြင့်မူ … ။

* * *
 
(၂)

အမေ့အကြောင်းက သိပ်များများစားစား (ထူးထူးခြားခြား) ပြောစရာ မရှိလှပါ။ အမေသည် သာမန်ဆင်းရဲသော မိသားစုတစ်ခုထဲမှ မွေးဖွားလာသူသာ ဖြစ်သည်။ အနေသည် သစ်တောအုပ်ထဲက သာမန် သစ်ရွက်တစ်ရွက်သာ ဖြစ်ပါသည်။ သစ်ရွက်တစ်ရွက်ဆိုပေမယ့် အညာနွေထဲမှာ ရဲရဲပီပီရှိတတ်သော ‘ထနောင်းရွက်’ ကလေးနှင့် နှိုင်းရမည်ထင်သည်။ အမေ့ကို ညောင်လှမှာ မွေးသည်။ နောက်တော့ နှစ်ပေါင်းများစွာ ကြာသောအခါ အဖေ့အလုပ်ရှိရာ ရန်ကုန်ကို ပြောင်းလာရသည်။ အမေ့ဘဝခရီးက ဒါပဲဖြစ်သည်။ အမေသည် စကားသိပ်ပြောလှသူ မဟုတ်။ အဖေနှင့်ကမူ လုံးဝပြောင်းပြန် အချိုးကျသည်။ အမေ၏ ညိုညက်သော အသားအရေ၊ ဝိုင်းစက်ပြူးကျယ်သော မျက်လုံးတစ်စုံ၊ သနားကြင်နာတတ်သော စိတ်ဓာတ်နှင့် မျက်ရည်လွယ်ခြင်းများကို အမေ့အမွေအဖြစ် ကျွန်တော် ရရှိပါသည်။ ကျွန်တော်အပါအဝင် မောင်နှမငါးယောက်ထဲမှာ အမေ ကျွန်တော့်ကို အချစ်ဆုံးဖြစ်သည် (ဟု ထင်ပါသည်) အစ်ကို၊ အစ်မတွေ အသိုက်ခွဲသွားကြပြီ။

“မင်းအမေနဲ့ ပေါင်းရသင်းရတာ ဟန်မကျပါဘူးကွာ၊ စကားက တယ်နည်းတာပဲ ကပ်စေးနှဲလိုက်တာလည်း လွန်ရော၊ မင်းအမေသေရင် ဥစ္စာစောင့်ဖြစ်မှာကွ၊ လည်ပင်းမှာ သော့ကြီး ဆွဲဆွဲထားတာ ကြည့်ပါလား”

အဖေ မကြာခဏ ပြောတတ်သည်။ အမေ့အင်္ကျီ ရင်ဘတ်တွင် တိုက်ချိတ်အကြီးကြီး တစ်ချောင်းနှင့် တွယ်ချိတ်ထားတတ်သော ‘သော့’ တစ်ချောင်းကို ရည်ညွှန်း၍ အဖေက စတတ်ခြင်းဖြစ်သည်။ ကျွန်တော် မှတ်မိသည့် အရွယ်ကတည်းက အမေ့ရင်ဘတ်ကသော့ တစ်နေ့ တစ်ရက်မှ ဖြုတ်ထားတာ မတွေ့ရဘူးချေ။ အဖေက သုံးသလောက် ဖြုန်းသလောက် အမေက နှမြောတတ်သည်။ အဖေငယ်ငယ်က ဖဲရိုက်သည်။ အရက်ကလေးဘာလေးလည်း သောက်ချင်သည်။ အမေ အမှတ်တရပြောပြသော အဖြစ်အပျက်တစ်ခုကို ကျွန်တော် သတိရနေတတ်သည်။ ထိုနေ့က အဖေ ဖဲရှုံးလာသည်။ အရက်တွေလည်း မူးလာသည်။ အမေဆွဲထားသော ဆွဲကြိုးနှင့် လက်ကောက်ကို တောင်းသည်။ အမေက မပေး။ မပေးတော့ အဖေက ရိုက်သည်။ ဆွဲကြိုးနှင့် လက်ကောက်မပေးတော့ အမေ့သေတ္တာကို ရန်ရှာလာသည်။ အမေ့ရင်ဘတ်က ချိတ်ဖြင့် တွယ်ထားသော သော့ကို ထိချင်လာသည်။ အမေက သူ့သော့ကို အထိမခံ။ ဆွဲကြိုးကို ချွတ်မနေတော့ဘဲ ဆွဲဖြတ်လိုက်သည်။ လက်ကောက်ကို ချွတ်သည်။ အဖေ့လက်ထဲကို ထည့်ပေးလိုက်သည်။ ထိုအခါကျမှ အဖေ ငြိမ်သက်သွားသည်။ နှမြောတွန့်တိုတတ်သော အမေက ရွှေတွေကို ရက်ရက်ရောရော ပေးတော့ အဖေကပင် အံ့သြသွားသည်။ ထိုနေ့က အဖေ ရွှေတွေ ဖဲရှုံးပစ်သည်။ အဖေ ထွက်သွားတော့မှ အမေငိုသည် … တဲ့။

“အမေက ရွှေတွေဘာဖြစ်လို့ ပေးလိုက်တာလဲဗျ”

ထိုစဉ်က ကျွန်တော့ကို မမွေးသေးသော်လည်း အမေပြောပြတော့ ကျွန်တော်က နှမြောတသစွာ အမေ့ကို အပြစ်တင်နေခြင်းဖြစ်သည်။

“အဲဒါတွေက သူရှာထားတဲ့ ပစ္စည်းတွေပဲဟာ၊ သူ ယူသွားခွင့်ရှိတာပဲ”

“နောက်လည်း အဲသလိုလုပ်တာပဲလား အမေ”

“ဟင့်အင်း … နင့်အဖေ အဲဒီတစ်ခါပဲ လုပ်တာပါ၊ စိတ်ထိခိုက်သွားသလား မသိပါဘူးဟယ်၊ နောက်တော့ ဖဲမရိုက်တော့ပါဘူး”

အမေက ကျွန်တော့်ကို ‘နင်’ ဟု သုံးတတ်ပါသည်။ အမေက စိတ်ကူးရသည့်အခါ ငယ်ဘဝတွေကို ပြောပြတတ်သည်။ အဖေကတော့ အမေ့ကို စိတ်လိုလက်ရ စတတ်သည်။ ထိုအခါမျိုးတွင် အမေက ပြုံးသည်ဆိုရုံကလေး ပြုံးကာ အဖေ့ကို ငေးကြည့်နေတတ်သည်။ ဤသို့ဖြင့် အဖေနှင့် အမေတို့ ချစ်ခရီးသည် နှစ်ပေါင်းများစွာ တင်းရစ်ခိုင်မြဲခဲ့သည်။

“မင်းအမေက ညောင်လှသူကွ၊ ညောင်လှဘီအိုစီမှာ မွေးတာ၊ အဖေက ရေနံတွင်း တစ်တွင်းမှာ စက်ဆရာပေါ့၊ ညနေဘက် အလုပ်အားတဲ့ အချိန်ကလေးဆို အဖေက ညောင်လှကို စက်ဘီးကလေးနဲ့ လာရတာ၊ မင်းအမေတို့နေတဲ့ ညောင်လှဘီအိုစီတန်းလျားက မြို့နဲ့ တော်တော်လှမ်းသား၊ အဖေကသာ ပိုးရတာပါကွာ၊ မင်းအမေက ဘဝင်က ခပ်မြင့်မြင့်ရယ်”

“အဖေက မယ်ဒလင်လေးနဲ့ သွားသွားကြူရတာ၊ ဟိုသီချင်းဟာကွာ … ဘာတဲ့ ‘ဂုဏ်မြင့်သူဟာ တကယ်မေတ္တာစစ်နဲ့၊ ချစ်ရဲ့သားနဲ့၊ ငြင်းပယ်တော်မူ အားတယ်၊ အဟုတ်မေတ္တာစစ်နဲ့ ချစ်ရဲ့သားနဲ့ ငြင်းပယ်တော်မူအားတယ်၊ အထင်တော်လွဲလို့ရယ် ချစ်တဲ့သူရယ် မခွဲနိုင်ရှာရက်တယ်’ အဲဒီသီချင်းကို ဘီအိုစီညောင်ပင်အောက်ကနေ ဆိုတာ၊ မင်းအမေက လှည့်တောင်မကြည့်ဘူးကွ”

အဖေက အသံနေအသံထားတွေနဲ့ ဆိုပြတော့ အမေက မျက်လုံးတွေ မှေးစင်းနေအောင် ရယ်မောနေတတ်သည်။ အမေက မာနကြီးကြောင်း၊ နောင်တော့ အဖေ့ကို ရိုးသားမှန်းသိ၍ လူကြီးတွေက ပေးစားခဲ့ကြောင်း၊ အမေက မိဘစကားကို နားထောင်ကာ အဖေနှင့် လက်ထပ်ခဲ့ကြောင်းများကို အဖေက စီကာစဉ်ကာ ပြောတတ်သည်။

အခုတော့ အမေလည်း ခုနစ်ဆယ်ကျော်ပြီ။ အဖေက အမေ့ထက် နှစ်နှစ်ကြီးသည်။ သားသမီးတွေက အိမ်ခွဲသွားကြပြီ။ အငယ်ဆုံးဖြစ်သော ကျွန်တော်သာ အိမ်မှာကျန်ရစ်နေသည်။ နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း မပြောင်းလဲတာ တစ်ခုရှိသည်။ အမေ့ရင်ဘတ်မှာ တိုက်ချိတ်ကြီးနှင့် တွယ်ချိတ်ထားသော သော့တစ်ချောင်း။

* * *
 
(၃)

ထိုနေ့က အိမ်မှာ အမေနှင့် ကျွန်တော် နှစ်ယောက်ပဲရှိသည်။ ပြီးတော့ ထိုနေ့က မှတ်မှတ်ရရ အိမ်ရှေ့က ပိတောက်ပင်တွေ ပိတောက်တွေ ပွင့်နေသည်။ မိုး၏ ရှေ့ပြေးရနံ့တချို့ ဝေ့ဝဲနေသော နွေနှောင်း၏ ရက်တစ်ရက် ဖြစ်လေသည်။ အမေက ပြတင်းဝက ပိတောက်ရှုခင်းတွေကို ကြည့်နေသည်။ ပြီးတော့မှ တစ်ခါမှ မဆိုဘူးသည့် စကားတွေကို အမေဆိုသည်။

“ဂျပန်တွေကို တော်လှန်တာ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲ သား”

“နှစ်ပေါင်း လေးဆယ်ကျော်ပြီ အမေ”

“နှစ်ပေါင်း လေးဆယ်တောင် ကျော်သွားပြီလား”

ထို့နောက် အမေ စကားပြတ်သွားသည်။ အမေက သူ့အခန်းထဲကို ဝင်သွားသည်။ ပြီးတော့ ရင်ဘတ်ကသော့ကိုဖြုတ်ကာ အမေ အပျိုဘဝကတည်းက ပါလာသော သံမဏိ သေတ္တာကြီးကို ဖွင့်သည်။ အဝတ်အစားတွေအောက်က ကျောက်ကာသေတ္တာ အနက်ကလေးတစ်လုံး ထုတ်သည်။ ကျောက်ကာသေတ္တာကလေးကို ဖွင့်လိုက်တော့ အထဲမှာ ငွေဖလားလေးတွေ၊ ငွေကွမ်းဘူး၊ ငွေထုံးဘူးကလေးတွေ၊ နောက် အမေငယ်ငယ်တုန်းက ဇာပန်းထိုးသည့် ဇာထိုးအပ်တွေ၊ ပန်းထိုးအပ်တွေလည်း ပါသည်။ ရောင်စုံချည်လုံးကလေးတွေ ငွေဒင်္ဂါးကလေးတွေ၊ ကြေးနီပြားညိုညိုကလေးတွေ၊ နောက် ဂျပန်ငွေစက္ကူတချို့။

သည်ကျောက်ကာ သေတ္တာအနက်ကလေးကို ကျွန်တော် တစ်ခါမှ မမြင်ဘူးချေ။ အဖေပင် မြင်ဖူးလိမ့်မည် မထင်။ သေတ္တာကလေးက အလျား ရှစ်လက်မ၊ အနံ ငါးလက်မလောက် ရှိသည်။ သေတ္တာထဲက ပစ္စည်းကလေးတွေကို အမေ တယုတယထုတ်သည်။ သေတ္တာကလေးထဲမှာ ခင်းထားသော စက္ကူကလေးကို ဖယ်လိုက်တော့ ဓာတ်ပုံဟောင်းကလေး သုံးပုံ ထွက်လာသည်။ အမေက တစ်ပုံ အရင်ပြသည်။ အမျိုးသမီးတစ်ယောက်၏ပုံ ဖြစ်သည်။ ဆယ်နှစ်အရွယ် မိန်းကလေးတစ်ယောက်နှင့် ယှဉ်ကာ မတ်တတ်ရပ်နေသည်။ နောက်မှာ တန်းလျားခန်းတွေ။

“ရပ်နေတာ နင့်အဘွားပေါ့၊ အမေ့အမေက ဒေါ်သော့တဲ့၊ အသား ဖြူဖြူကလေးနဲ့ သိပ်လှတာ သားရဲ့”

“ရပ်နေတဲ့ကောင်မလေးက ဘယ်သူလဲ”

“အဲဒါ အမေလေ၊ အမေ ကိုးနှစ်သမီးတုန်းက အမေ့အမေနဲ့ ရိုက်ထားတာ”

ဓာတ်ပုံထဲက သားအမိနှစ်ယောက်လုံး ဓာတ်ပုံအရိုက်ခံနေသည်နှင့် မတူ။ ကင်မရာကို အထူးအဆန်းလို ကြည့်နေကြပုံမျိုး ဖြစ်သည်။

“နောက်ကတန်းလျားက ညောင်လှက အမေတို့နေခဲ့တဲ့ ဘီအိုစီတန်းလျား၊ အမေ ငယ်ငယ်ကတည်းက နေခဲ့တာ”

အမေက နောက်တစ်ပုံ လှမ်းပေးသည်။ မိန်းမပျိုတစ်ယောက် ဖြစ်သည်။ ဆံတောက်သိမ်းစ လှပသော မိန်းမပျိုတစ်ယောက် ဖြစ်သည်။ မေးစေ့ကို လက်ထောက်ထားသည်။ အင်္ကျီလက်တွေက ပွယောင်းယောင်း။ နောက်ခံပန်းချီကားက ဧည့်ခန်းတစ်ခန်း၏ပုံ ဖြစ်သည်။ မိန်းမပျိုက ပြုံးနေသော်လည်း အသက်မပါလှချေ။

“အဲဒါ အမေ့သူငယ်ချင်း မြစိန်၊ အမေ့ရဲ့ အချစ်ဆုံးသူငယ်ချင်း၊ ရန်လည်းအဖြစ်ဆုံး သူငယ်ချင်းပေါ့၊ အမေ့အနွံအတာလည်း သိပ်ခံရှာတယ်၊ ဒီဓာတ်ပုံက အမေနဲ့သူ တစ်နေ့တည်းရိုက်တာ၊ ရေနံချောင်းကို သွားရိုက်တာလေ၊ အဖေ မသိအောင်ရိုက်တာ၊ အပြန်မိုးချုပ်လို့ အဖေ့အရိုက် ခံရသေးတယ်”

အမေက စိတ်ပါလက်ပါ ပြောနေခြင်းဖြစ်သည်။ ဝမ်းပန်းတသာ ရှိနေပုံလည်းရသည်။ တစ်ဆက်တည်းမှာပင် ဝမ်းပန်းတနည်း ရှိနေပုံလည်း ရသည်။ အခန်းတွင်းမှာ ပိတောက်ရနံ့တွေ ရှိနေသည်။ လေသည် မိုးငွေ့တွေကို သယ်ဆောင်စပြုလာပြီ။

“ဟောဒီပုံကိုကြည့်စမ်း သား”

အမျိုးသားတစ်ယောက်ပုံ ဖြစ်သည်။ ဓာတ်ပုံအနားတွေ ဖွာလန်နေသည်။ ဓာတ်ပုံထောင့်မှာ ဆေးသားတွေ ကွာကျနေပြီ။

ချောမောသည်ဟု မဆိုသာသော်လည်း ညိုလဲ့သော မျက်ဝန်းနှင့် နှုတ်ခမ်းများက ပြတ်သားကြည်လင်ဟန် ရှိသည်။

“ဒါက ဘယ်သူလဲ အမေ”

“နောက်ဘက်မှာကြည့်”

ဓာတ်ပုံနောက်မှာ စာတန်းကလေးတစ်ကြောင်း။ မင်ရောင်က နှစ်ပေါင်းများစွာကို ဖြတ်သန်းခဲ့သည့် မင်ရောင်။

‘အသက်နှင့် ထပ်တူထပ်မျှ ချစ်ရပါသော မြသို့’
၁၃၊ ၃၊ ၁၉၄၅

ကျွန်တော် အမေ့မျက်နှာကို နားမလည်နိုင်သလို ကြည့်နေမိသည်။ အမေက ပြုံးသည်ဆိုရုံကလေး ပြုံးနေသည်။

“အဲဒါ အမေ့ငယ်ရည်းစားပေါ့၊ ကိုဘအေး တဲ့၊ ဂျပန်တော်လှန်ရေးထဲကို ပါသွားတာ၊ ပြန်မလာတော့ဘူး”

“ဘယ်လိုပြန်မလာတာလဲ အမေ”

“သူတို့ သူငယ်ချင်းသုံးယောက် ထွက်သွားကြတာပဲ၊ ကိုဘအေး ရယ်၊ ကိုကံမောင် ရယ်၊ ကိုပိုက်တင် ရယ်၊ ကိုပိုက်တင်ကတော့ စစ်ကြီးပြီးတော့ ရန်ကုန်ရောက်သွားတယ် ဆိုလား၊ ကိုကံမောင်ကတော့ ရွာကို ပြန်ရောက်လာတယ်၊ ဒါပေမယ့် ဦးနှောက်ပျက်စီးပြီး ရောက်လာတာ၊ ဘာမှ မပြောနိုင်တော့ဘူး၊ ကိုဘအေးကတော့ သရက်မှာ ဆိုလား၊ ပျဉ်းမနား ဆိုလား ကျဆုံးသွားတယ်တဲ့”

“ဒီဓာတ်ပုံက အမေ့ကို သူ မသွားခင်က ပေးခဲ့တာလား”

“အေး … ဟုတ်တယ်၊ သူ မသွားခင်က ကြိုပေးခဲ့တာ၊ အခုန အမေ့သူငယ်ချင်း မြစိန်နဲ့အတူသွားရိုက်တဲ့ အမေ့ဓာတ်ပုံကိုလည်း သူ ယူသွားတယ်၊ တော်လှန်ရေးက သူ ပြန်မလာတော့ဘူးဆိုရင် သူ့ဓာတ်ပုံကို တစ်သက်လုံး သိမ်းထားလိုက်ပါတော့တဲ့၊ အမေ့ဓာတ်ပုံကတော့ စစ်မြေပြင်မှာပဲ ကျနေခဲ့ပြီ တူပါရဲ့”

“ထွက်သွားတဲ့နေ့က အမေနဲ့မတွေ့ဘူးလား”

“တွေ့တာပေါ့၊ မြစိန်ပဲ အမေ့ကို လာခေါ်တာ၊ ညောင်လှမြစ်ဆိပ်က ကမ်းပါးထိပ်ကို အမေရောက်သွားတော့ သူတို့သုံးယောက်ပါတဲ့ လှေကလေးက မြစ်ဆိပ်ကနေ ထွက်နေပြီ၊ လှေပေါင်းမိုးထဲက လက်ပြသွားရှာတယ်၊ အမေက ကမ်းပါးထိပ်က သူတို့လှေကလေး အဝေးမှာ ပျောက်သွားတဲ့အထိ အမေ ကမ်းပါးထိပ်မှာ ရပ်နေမိတယ်၊ အဲဒါ နောက်ဆုံး မြင်လိုက်ရတာပါပဲ”

“ဒီဓာတ်ပုံကို အဖေက ဘာပြောလဲဟင်”

“ဟင့်အင်း … ဒီဓာတ်ပုံအကြောင်း နင့်အဖေ မသိဘူး၊ အမေ တစ်ခါမှ မပြခဲ့ဘူး”

အမေက ကျောက်ကာသေတ္တာလေးထဲကို ပစ္စည်းတွေ ပြန်ထည့်သည်။ ဓာတ်ပုံဟောင်းကလေးတွေကို တယုတယ ပြန်ထည့်သည်။
ပိတောက်ရနံ့သည် လေထဲတွင် ဝေ့ဝဲနေသည်။

* * *

(၄)

အမေဆုံးသွားတာ ကြာခဲ့ပြီ။ မိုးရက်တစ်ရက်မှာ ဆုံးခဲ့ခြင်းဖြစ်သည်။ နှစ်လည်ရက် တစ်ရက်မှာတော့ အမေ့ကို ရည်စူး၍ ဆွမ်းကျွေးချင်သည်ဟု အဖေပြောသည်။ ရပ်ဝေးက သားသမီးတွေကိုလည်း မှာသည်။ အမေ ကျန်ရစ်ခဲ့သော ထဘီအင်္ကျီ တချို့ကိုလည်း နွမ်းပါးသူတွေကို ပေး ပေးဖို့ အဖေ စီစဉ်သည်။ ထိုနေ့က အမေ့သေတ္တာကို နှစ်ပေါင်း လေးဆယ်လောက်အတွင်း ပထမဆုံးအကြိမ် အဖေဖွင့်သည်။ ဤသို့ဖြင့် နောက်ဆုံးတော့ အမေ့ ကျောက်ကာသ္တောကလေးကိုလည်း ဖွင့်ဖြစ်သွားကာ ဓာတ်ပုံဟောင်းတွေကို အဖေ တွေ့သွားခဲ့သည်။

ကျွန်တော်က အဖေ့ကို အကဲခတ်နေမိသည်။ အဖေက ဓာတ်ပုံတွေကို တစ်ပုံချင်းကြည့်သည်။ ဓာတ်ပုံနောက်က စာကိုဖတ်သည်။ နောက်တော့ ပြုံးလေသည်။

“ဒါ ဘယ်သူလဲကွ”

“အမေ့ ငယ်ရည်းစားလို့ ပြောတာပဲ”

“ဟေ … မင်း ဘယ်သူပြောလဲ”

“အမေ ပြောခဲ့ဖူးတာပဲ”

အဖေက ဘာမှမပြောတော့ဘဲ ဓာတ်ပုံကလေးတွေကို ကျောက်ကာသေတ္တာထဲသို့ ပြန်ထည့်သည်။ ပြီးတော့ သေတ္တာထဲ ပြန်ထည့်သည်။ အတော်ကြီးကြာမှ စကားစပြောသည်။

“မင်းကွာ သိရက်သားနဲ့၊ မင်းအမေ မြေချတဲ့နေ့က ပြောဖို့ကောင်းတယ်”

“ဘာကိုလဲ အဖေ”

“သြော် … ဓာတ်ပုံတွေလေကွာ၊ မင်းအမေ မြေမြှုပ်တဲ့နေ့က သည်ဓာတ်ပုံကလေးတွေ သူနဲ့အတူ ထည့်ပေးလိုက်ရင် သူ သိပ်ဝမ်းသာရှာမှာ”

အဖေက အလေးအနက် ပြောနေခြင်းဖြစ်သည်။ အပြင်ဘက်မှာတော့ မိုးတွေညိုရီနေသည်။ ကျွန်တော်က အမေ့ရင်ဘတ်က သော့ကလေး၊ စစ်မြေပြင်မှာ ကျန်ရစ်ခဲ့သော အမေ့ရဲ့ဓာတ်ပုံကလေး၊ ပြီးတော့ မျက်ရည်လွယ်တတ်သော အမေ့မျက်ဝန်းများကို လွမ်းနေမိလေသည်။


(အိပ်မက်ဖူး၊ ၁၉၉၀ ခု၊ ဇန်နဝါရီလ၊ အမှတ်-၇)

* * * * *
 
ဗုဒ္ဓဟူးသမီး



(၁)

မလုံးတင် ကားကြီးဂိတ်ကိုရောက်တော့ နေတော်တော်မြင့်နေပြီ။ ခါတိုင်းတော့ သည့်ထက်စောတယ်။ သူ့အလုပ်ကလည်း တကယ်တော့ နောက်ကျလို့ မကောင်းဘူး။ ကနေ့တော့ ဘာရယ်မဟုတ်ဘူး။ ဟိုဟာလေးလုပ် ဒီဟာလေးလုပ်ရင်းနဲ့ကို နောက်ကျသွားတာ။ ပြီးတော့ သူ့အိမ်လေးရှိတဲ့ မြို့သစ်ကနေ အဲဒီကားကြီးဂိတ်ကို သွားဖို့က ဘတ်စ်ကား တစ်ထောက်စီးရသေးတာ။ အဲဒီဘတ်စ်ကားကလည်း လိပ်ကမှမြန်ဦးမယ်။ လူဆိုတာကလည်း အမြဲတမ်း ကျပ်ညပ်နေတတ်တယ်။ ဟိုနားထောက် ဒီနားထောက်ကလည်း တစ်မျိုး၊ မှတ်တိုင်ရယ်လို့တောင် မဟုတ်တော့ဘူး။ လမ်းမှာ တားသမျှ ရပ်ပေးတောကလည်း လူပေါက်စေ့။ တစ်ခါတလေများ လူသာ ဆင်းပြေးလိုက်ချင်သေးတယ်ဆိုတဲ့ ကားမျိုး။ အဲဒီမနက်က ရှစ်နာရီမခွဲတခွဲလောက်မှ ကားကြီးဂိတ်ကိုရောက်တယ်။ မလုံးတင် ရင်တွေ တအားခုန်နေတယ်။ ခါတိုင်း ဒီနေရာကို ခုနစ်နာရီခွဲဆို ရောက်နေကျ။ ဒီနေ့ တစ်နာရီခွဲလုံးလုံးကို နောက်ကျနေပြီ။ ထင်တဲ့အတိုင်းပဲ ကားတွေကလည်း နေပူကြီးထဲမှာ တန်းစီထားလိုက်တာ အတောင့်။

ရှစ်နာရီခွဲဆိုပေမယ့် နေကတော့ တော်တော့်ကို နေပူနေပြီ။ အရင်က ဒီနေရာလေးမှာ ကုက္ကိုပင်ကြီးတွေရှိတော့ တော်သေးတယ်။ အခုတော့ လမ်းချဲ့လို့ဆိုလား ကုက္ကိုပင်ကြိးတွေ မရှိတော့ဘူး။ သစ်ပင်တွေ မရှိကြတာလည်းကြာပြီ။ မြန်ဆန်လိုက်တာ မပြောနဲ့တော့။ မနေ့တစ်နေ့ကပဲ ရှိသေးတယ်။ မြေစာပင်ကလေး တစ်ပင်ကို မြေပွပွထဲက ဆွဲနှုတ်လိုက်သလို မြန်တာ။ မလုံးတင် ရောက်သွားသွားချင်းပဲ ထိပ်ဆုံးက ဘတ်စ်ကားပေါ်ကို နောက်ပေါက်ကနေ တက်လိုက်တယ်။ နေရာတော့ မရှိတော့ဘူး။ နောက်နား ခပ်ကျကျမှာ မတ်တတ်ရပ်ရင်းက လူတွေကို အကဲခတ်တယ်။ ဝတ်စုံတွေနဲ့ ရုံးသူရုံးသားတွေက များနေတယ်။ တခြားခရီးသည်တွေလည်း ပါတာပါပဲ။ သူ့လိုပဲ မတ်တတ်ရပ်နေသူတွေကလည်း အလယ်အူကြောင်းမှာ နှစ်ထပ်လောက် ဖြစ်နေတယ်။

“ကိုင်း … သောက်ကြဦးမလား၊ ရေခဲရေအေးအေးလေး ငါးမူးတည်းပါ”

ရေနွေးအိုးကြီးကြီးထဲကို ရေခဲရေထည့်ပြီးတော့ ကားပေါ်ကို လူတစ်ယောက် တက်လာတယ်။ ရေနွေးအိုးနှုတ်သီးမှာ ပလတ်စတစ်ရေခွက် သုံးလေးခွက်လည်း ချိတ်ထားတယ်။ ဘယ်သူမှလည်း မသောက်ပါဘူး။ ရေခဲရေသည်က တိုးရင်းဝှေ့ရင်း သူ့အနားကို ရောက်လာတယ်။ ရေခဲရေသည်က သူ့ကိုမတွေ့အောင် တစ်ဖက်ကိုလှည့်ဖို့ ကြိုးစားနေတုန်းမှာပဲ သူ့ကိုပြုံးပြီး နှုတ်ဆက်နေပြီ။ သည်တော့မှ သူလည်း တင်းတိတ်တွေနဲ့ မည်းချိတ်နေတဲ့ သူ့မျက်နှာပေါ်က နှုတ်ဆက်ပြုံးကလေး ပြုံးရင်းက မေးကလေးကို ဆတ်ပြလိုက်တယ်။ ရေခဲရေသည်ကလည်း သည်အမူအရာရဲ့ အဓိပ္ပာယ်ကို မေးလိုက်တာပဲဆိုတာ သိတဲ့ပုံနဲ့ …

“ခင်ဗျား နောက်ကျလို့ ပြောနေတယ်” လို့ တစ်ခွန်းပဲပြောပြီး ဆင်းသွားတယ်။ အဲသည်စကားကြားတော့ မလုံးတင် ရင်တွေခုန်လာပြန်ရော။ တချို့ကလည်း လူကျပ်နေပေမယ့် အလျင်လိုတယ်နဲ့ တူပါရဲ့။ သည်ကားပေါ်ကိုပဲ မဆံ့ရင်ကာ အတင်းတက်တယ်။ တချို့ကတော့ နောက်ကားထွက်မှာကို စောင့်နေကြတယ်။ ကားတွေက ငါးမိနစ်တစ်စီး ပုံမှန်ထွက်နေကျကိုး။ ရုံးချိန်ကလည်း ရုံးချိန်ဆိုတော့ နောက်ကဘတ်စ်ကားတွေပေါ်က ထိုင်ခုံတွေ လူပြည့်နေတာတောင် ပလက်ဖောင်းပေါ်မှာ လူတွေ အပြည့်ရှိနေသေးတယ်။

“အိပ်ချင်ပြေလေး အမူးအမော်ကောင်းတယ်၊ အာခံတွင်းမှာရှင်းတယ်၊ အိပ်ချင်မှာ ပြေတယ်၊ ဆီး၊ လိမ္မော်၊ နာနတ်၊ စတော်ဘယ်ရီ၊ ဒူးရင်း အရသာငါးမျိုးနဲ့ ပြုလုပ်ထားတဲ့ မွှေးမွှေးလေးတော်ဖီ၊ နှစ်ခုကိုမှ တစ်ကျပ်”

ကားက မထွက်နိုင်သေးဘူး။ ခရာသံလည်း မကြားရသေးဘူး။ ငါးမိနစ်လည်း ကျော်လောက်ပါပြီ။ ခရာမှုတ်ဖို့နေနေသာ ဂိတ်မှူးနဲ့ဒရိုင်ဘာ စကားများနေတယ်နဲ့ တူပါရဲ့။ အသံတွေ ကားပေါ်က ကြားနေရတယ်။ အဲသည်တုန်းမှာပဲ ကောင်လေးတစ်ယောက် ကားပေါ်တက်လာတယ်။ ကောင်လေးဆိုပေမယ့် သုံးဆယ်လောက်ရှိရော့မယ်။ လက်ထဲမှာလည်း စာရွက်တွေနဲ့ …

“ကိုင်း … တစ်နည်းအားဖြင့် ခရီးသွားကြမယ့် ကျွန်တော့်အစ်ကို၊ အစ်မများ၊ ကျွန်တော့်မိဘများ ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက်၊ ကိုယ်အနှောင့်အယှက် ဖြစ်ကြတယ်ဆိုရင် တောင်းပန်ပါတယ်ဗျာ၊ အချိန်လည်း သိပ်မရဘူး၊ ကားကလည်း ထွက်တော့မယ်၊ တခြားမဟုတ်ပါဘူး၊ နက္ခတ်ဗေဒ သိပ္ပံနည်းကျ ဗေဒဝိဇ္ဇာဆရာကြီး ဦးကြည်ရဲ့ ဒီနှစ် တပေါင်း တန်ခူး တစ်လစာ ဟောစာတမ်းတွေပါ၊ များများလည်း မပါပါဘူး၊ ကိုယ့်မွေးရက်ကလေးကိုသာ အမိန့်ရှိပါ၊ ကျွန်တော် နေရာအရောက် လာပို့ပါ့မယ်၊ ဟောစာတမ်းတစ်စောင်မှ တစ်ကျပ်၊ ဟုတ်ကဲ့ … ဒီနှစ်သင်္ကြန်က တန်ခူးလထဲမှာ မကျဘူးတဲ့၊ ကဆုန်လထဲမှာ ကျသတဲ့၊ ဒီနှစ်မှာ အင်္ဂါနဲ့ စနေသားသမီးများကို အသေသာ ကပ်ထားကြတော့ … တစ်ကျပ်ဆိုလို့ မမှန်ဘူးထင်ရင် ကျွန်တော့်မိဘများ ပိုက်ဆံတစ်ပြားမှ ပေးမသွားနဲ့၊ နမူနာ စာရွက်တောင်း၊ ထိပ်ဆုံးသုံးကြောင်းကို ဖတ်ကြည့်၊ မှန်ကန်တယ်၊ တိုက်ဆိုင်တယ်ဆိုမှ ဝယ်ကြည့်၊ တနင်္ဂနွေသားတွေက သူတစ်ပါးအမြင်နဲ့ မတူဘဲ ဆန့်ကျင်ပြောဆိုတတ်လို့ အမှတ်အတေးများ ခံရတတ်သတဲ့၊ တနင်္လာသားများကတော့ စီးပွားရေး မကောင်းတတ်သေးပေမယ့် သင်တန်းများတော့ တက်ရကိန်းရှိသတဲ့၊ ဗုဒ္ဓဟူးသားသမီးများ အတွက်ကတော့ ၄၊ ၁၊ ၇ စတဲ့ ဂဏန်းနဲ့သာထီထိုး၊ ထီဆုကြီးများတောင် ပေါက်ကိန်းရှိတဲ့အချိန်လို့ ဟောစာတမ်းမှာ အတိအလင်း ဟောထားပါတယ်၊ မိမိရဲ့ လူမှုရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး”

မလုံးတင် မျက်လုံးတွေက ဟိုဟိုသည်သည် ကြည့်နေရာက ဟောစာတမ်းရောင်းတဲ့ ကောင်လေးဆီကို ရောက်သွားတယ်။ ကားပေါ်မှာ လူကများနေတော့ ကောင်လေးကို ရုတ်တရက် မမြင်ရဘူး။ ကောင်လေးကလည်း စာရွက်ထပ်ကို ခေါက်ချိုးကိုင်ထားရင်းက ပြောနေတာ။

“ကိုင်း … အလိုရှိတဲ့ ကျွန်တော့်မိဘများ တိုက်ဆိုင်ရင် လှမ်းသာခေါ်လိုက်၊ တစ်စောင်မှ တစ်ကျပ်ထဲ၊ နိုင်ငံကျော် ဗေဒဝိဇ္ဇာဆရာကြည်ရဲ့ ဟောစာတမ်း၊ ဒီတစ်လစာထဲ ငွေတစ်ကျပ်ဆိုတာ ကွမ်းစား၊ ဆေးလိပ်သောက် ကျပျောက်သလောက်ပဲရှိတယ်၊ ယတြာကောင်းတော့ မင်းလောင်းကျေသတဲ့၊ မိမိရဲ့ကံကြမ္မာ ဂြိုဟ်စီးဂြိုဟ်နင်း၊ ဘေးအန္တရာယ် ကြိုတင်သိရှိနိုင်တဲ့အပြင် ယတြာထူးများလည်း ပါတယ်”

မလုံးတင်က လူတွေကြားမှာ ရှေ့ကို နည်းနည်းတိုးထွက်လိုက်တယ်။ စုတ်ပြတ်ညစ်သယောင်းနေတဲ့ သူ့ကို အဝတ်အစား သစ်လွင်တောက်ပနေကြတဲ့ ကားစီးသူတချို့က မနှစ်မြို့သလို ကြည့်နေတာကို သူသိသားပဲ။ ရေမချိုး မိုးမချိုး သူ့ကိုယ်က နံစော်နေတာလည်း သူ့ဟာသူ သိတယ်။ အမြီးတိုနေတဲ့ ရာဘာဖိနပ်မှာ ချည်ထားတဲ့ သံကြိုးအစတွေက သူများခြေထောက်တွေကို ထိုးမိလို့ ကားပေါ်ရောက်တိုင်း အပြောခံရတာကလည်း ခဏခဏဆိုတော့ ဖိနပ်ကိုလည်း သတိထားရသေးတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ နောက်နားကနေ ရှေ့ကိုတိုးနိုင်သလောက် တိုးတယ်။

“ဗုဒ္ဓဟူးသမီး … ဗုဒ္ဓဟူးသမီး”

“ဟောစာတမ်းတစ်စောင်ပေးပါ”

ရုတ်တရက် အော်လိုက်တဲ့ သူ့အသံကြောင့် သူ့ကို လူတွေက ဝိုင်းကြည့်ကြတယ်။ မလုံးတင်ကတော့ ဒါကို ဂရုမစိုက်ပါဘူး။ သူ့လက်ထဲက ကျပ်တန် နွမ်းနွမ်းကလေးကို လှမ်းပေးရင်းက ဟောစာတမ်းကောင်လေး လှမ်းပေးမယ့် ဟောစာတမ်းတစ်ရွက်ကို လက်ကမ်းလိုက်တယ်။

“ကိုင်း … ဟောဒီက အဒေါ်ကြီးကလည်း ဗုဒ္ဓဟူးသမီးအတွက် ဟောစာတမ်းတစ်စောင်တဲ့၊ ဟုတ်ကဲ့ လာပါပြီ၊ မွေးနေ့မွေးနံကိုပြော၊ ကြာသပတွေး ဟုတ်ကဲ့၊ ဟောဒီကလည်း ကြာသပတေး တစ်စောင်တဲ့၊ ကြာသပတေး သားသမီးများကလည်း ဒီလထဲမှာ ဘဝခြေလှမ်းသစ်တွေ စရလိမ့်မတဲ့၊ ဆီ၊ ဆန်၊ ဆေး အင်္ဂါနံ အရောင်းအဝယ်များ ကောင်းနိုင်သတဲ့ခင်ဗျာ၊ စနေ၊ ဟုတ်ကဲ့ ရမယ်၊ နိုင်ငံကျော်ဗေဒဝိဇ္ဇာ ဆရာကြည်ရဲ့ ဟောစာတမ်းတွေ၊ မမှန်ရင် ငွေတစ်ကျပ်ကိုမပေးနဲ့၊ ကျွန်တော် ဒီဘတ်စ်ကားဂိတ်မှာ ရောင်းလာတာ လေးလကျော်ပြီ၊ မမှန်ရင် သြော် … ဟုတ်ကဲ့၊ စနေပဲနော်၊ စနေသားသမီးများကတော့ ကောင်းလွန်းလို့တောင် ယတြာချေရမယ့်လ၊ မိတ်သစ်ဆွေသစ်များက ကြည့်ရှုလိမ့်မယ်။ ငွေရေးကြေးရေး မလိုချင်ပါဘူး ဆိုတာတောင် အိမ်ဝအထုပ်နဲ့ ရောက်လာမယ့် အချိန်တဲ့ခင်ဗျား”

မလုံးတင်ကတော့ သူ့လက်ထဲ ရောက်လာတဲ့ ဗုဒ္ဓဟူးသားသမီးအတွက် ဟောထားတဲ့ ဟောစာတမ်း စာရွက်ကြမ်းကြမ်းကို လှမ်းယူရင်း နောက်ကို ဆုတ်ဆုတ်လာတယ်။ အပေါက်ဝများကို တိုးထွက်လာပြီး အဝနားမှာ ရပ်ရင်းက ဟောစာတမ်းကို ဖတ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် လူကကျပ်နေလို့ ဘယ်လိုမှ ဖတ်လို့မရဘူး။ အဲသည်တုန်းမှာပဲ ကားထွက်ခရာတုပ်သံ ရှည်ရှည်ကြီးက ဆောင့်ဆောင့်အောင့်အေင့် ထွက်လာတယ်။

***
 
(၂)

သည်နေ့တော့ ကားကြီးဂိတ်ကို မလုံးတင် အစောကြီး ရောက်နေပြန်ရော။ နေစရာ နားစရာမရှိလို့ ဂိတ်မှူးရဲ့ သစ်သားတဲကလေးဘေးမှာ ဝင်ထိုင်တယ်။ အဲသည်နေရာက အရိပ်ကလေးရှိတာကိုး။

စောစောထွက်လာလို့ ဘာမှလည်း မစားရသေးဘူး။ သူ့လက်ထဲ ပိုက်ဆံလေးနှစ်ကျပ်ပဲ ကျန်တယ်။ တစ်ကျပ်က သူပြန်ရင် လမ်းစရိတ်လုပ်ဖို့။ ကျန်တဲ့တစ်ကျပ်နဲ့ သူ ဘာဝယ်စားရင် ရမလဲလို့ လိုက်ရှာတယ်။ ခက်တာက ဒီနေရာမှာ တစ်ကျပ်တန်မုန့်ရယ်လို့ ရောင်းတဲ့ဆိုင်ကို မရှိတာ။ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင် စတဲ့ ဆိုင်တွေတော့ရှိတယ်။ သည်ဆိုင်တွေကလည်း သိတဲ့အတိုင်း ဘာစားစား အနည်းဆုံး ပိုက်ဆံငါးကျပ်တော့ပါမှ မဟုတ်လား။ ခါတိုင်းတော့ ထမင်းကြမ်းမစားဖြစ်ရင်တောင် သူ့အိမ်ကအထွက် လမ်းထိပ်မှာရောင်းတဲ့ ကောက်ညှင်းထုပ်ကလေး တစ်ထုပ်လောက်တော့ စားခဲ့တာချည်းပဲ။ ကနေ့မစားဖြစ်ဘူး။ ရင်ထဲက တော်တော့်ကို ဆာလာတယ်။ နည်းနည်းစောသေးလို့လား မသိဘူး။ ကားကလည်း နှစ်စီးလားပဲ ရှိသေးတယ်။ ကားဂိတ် သစ်သားအိမ်ကလေးရဲ့ အရိပ်မှာထိုင်ရင်းက ဟိုဟိုသည်သည်ကြည့်တယ်။ ခါတိုင်း ကားကြီးတွေပေါ်မှာ တက်ရောင်းတဲ့ ဂွေးချိုသီး တုတ်ထိုးသည်၊ ဆီးတော်ဖီသည်၊ ရေခဲရေသည်တွေတောင် မလာသေးဘူး။ ဘာပဲဖြစ်ဖြစ် တော်ဖီပြားလေးနှစ်ပြားကို တစ်ကျပ်နဲ့ ဝယ်စားမယ်လို့ သူ စိတ်ကူးတယ်။ ဒါပေမယ့် ဘာသည်မှ မရောက်သေးတာ။ သူ နာရီဝက်လောက် ဆက်ထိုင်နေတယ်။ အဲသည်တုန်းမှာပဲ သူ့ဘေးကို လူတစ်ယောက် ရောက်လာတယ်။ ကျပ်တန်နွမ်းနွမ်းလေးတွေ နှစ်ထပ် သူ့ကို ရုတ်တရက် လှမ်းပေးတယ်။ သူက အလိုက်သင့်ယူလိုက်ရင်း ကျပ်တန်တွေကို ထည့်တယ်။ ခါတိုင်းလိုပါပဲ၊ ကျပ်တန် အရွက်နှစ်ဆယ်ပါပဲ။

“ညနေကျ ကျွန်တော့်ကိုစောင့်ဦး၊ ပြောစရာရှိလို့”

“အေး … အေး … ”

ဒါပဲ။ ပြောသွားတဲ့စကားက ဒါပါပဲ။ ဒါပေမယ့် သူ့ရင်တွေ တုန်လိုက်တာ၊ ဘာပါလိမ့်။

ခါတိုင်း တစ်ခါမှ ဒီလိုမပြောဖူးဘူး။ မနက်ဘက် ဒီလိုပဲ ငွေနှစ်ဆယ်၊ တစ်ခါတစ်ခါ သုံးဆယ်လောက် ပေးထားပြီးရင် ထွက်သွားတာပဲ။ ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာ သူ သိပြီးသားပဲ။ ဘာတွေပြောရမလဲ ဆိုတာလည်း သူ သိနေသားပဲ။ အထူးအဆန်းလုပ်လို့။ ညနေကျ စောင့်ဦးတဲ့၊ ဘာပါလိမ့်။ သူ့ခေါင်းထဲ အဲဒီအတွေးတွေ ခဏနေတော့ မရှိတော့ပြန်ဘူး။ လောလောဆယ် မုန့်ကလေးတစ်ဖဲ့စားရဖို့ပဲ အာသီသပြင်းနေတယ်။ သူ့လက်ထဲမှာ အဲသည်လူပေးသွားတဲ့ ကျပ်တန်အနွမ်းကလေး ရွက်နှစ်ဆယ် ရှိနေပေမယ့် သူ့ပိုက်ဆံမဟုတ်ဘူး။ ဒါပေမယ့် လက်လှည့်ကလေး ခဏတစ်ဖြုတ် သုံးမယ်ဆိုရင်တော့ သုံးနိုင်ပါတယ်။ အဲဒါလည်း သူပဲ ဆပ်ရမှာပဲ၊ သူ့ပိုက်ဆံထဲက ကုန်မှာပဲ။

မနီးမဝေး ဆိုင်တန်းတွေဆီ မုန့်ဟင်းခါးဟင်းရည်သည် ကလေးရောက်လာတော့ သူ ထလိုက်တယ်။ အကြော်မပါရင် သုံးကျပ်၊ တစ်ပွဲတလေတော့ စားပစ်လိုက်မယ်လို့ သူစိတ်ကူးတယ်။ ဒါဆို ညနေကျ သူအိမ်ပြန်ရင် ခုနစ်ကျပ်ပဲရတော့မယ်။ ကားခကတော့ သူ့မှာ သပ်သပ်ချန်ထားတဲ့ တစ်ကျပ်ရှိသေးတယ်။ မုန့်ဟင်းခါးတစ်ပွဲစားဖို့ သူ့စိတ်တွေ လွန်ဆွဲနေတယ်။ ဒါပေမယ့် သူ မစားဖြစ်တော့ဘူး။ ရပ်ထားတဲ့ ရှေ့ကားပေါ်မှာ လူတွေပြည့်နေပြီ။ သူ့စိတ်ကို သူချိုးနှိမ်ရင်းက တံတွေးကို မျိုချလိုက်တယ်။ ခဏနေတော့ ဆီးတော်ဖီသည် ရောက်လာတယ်။ သူ အရမ်းဝမ်းသာသွားတယ်။ တစ်ကျပ်ဖိုး သုံးခုရအောင်တောင်းပြီး ကမန်းကတန်း ဝါးပစ်လိုက်တယ်။ ကားဂိတ်ရေအိုးစင်က ရေတစ်ခွက်ကို နှုတ်ခမ်းဘေးက ရေတွေစီးကျသွားတဲ့အထိ သောက်တယ်။ ဝမ်းထဲမှာ နည်းနည်းတော့ ငြိမ်သွားတာအမှန်ပဲ။ နောက် ခဏနေတော့ ထုံးစံအတိုင်းပဲ ဘတ်စ်ကားနောက်ပေါက်က တိုးတက်လိုက်တယ်။

“ကျွန်တော့်မိဘများ ခရီးသွားရင်း လမ်းသွားရင်း မိမိကံကြမ္မာကို မိမိဆန်းစစ်နိုင်ဖို့ နိုင်ငံကျော် ဗေဒဝိဇ္ဇာ ဆရာကြည်ရဲ့ ဟောစာတမ်းတွေကို ရောင်းချပေးပါတယ်၊ ဟောစာတမ်းတစ်စောင်မှ တစ်ကျပ်ပါ၊ မိမိရဲ့ မွေးနေ့မွေးနံလေးတွေကို ပြောရင် နေရာအရောက် ကျွန်တော်လာပို့ပါ့မယ်၊ သောကြာသမီးများအတွက်ကတော့ ဒီလထဲမှာ အကောင်းအဆိုး ရောထွေးနေဦးမတဲ့၊ ထင်တာတွေဖြစ်မလာလို့ စိတ်မောလူမော ဖြစ်နေရမှာတဲ့၊ ဗုဒ္ဓဟူးသားသမီးတွေကတော့ အလုပ်အကိုင် အပြောင်းအရွှေ့ မြင်သတဲ့၊ ထိခိုက်ရှနာတွေလည်း ရှိသတဲ့၊ နိုင်ငံကျော် ဆရာကြည်ရဲ့ ဟောစာတမ်းတွေ၊ မမှန်ရင် တစ်ပြားမှမပေးနဲ့”

မလုံးတင်က ဟောစာတမ်းရောင်းတဲ့ ကောင်လေးကိုပဲ လိုက်ကြည့်နေတယ်။ ခဏနေတော့ သူ့ချွေးခံထဲကို လက်နှိုက်လိုက်တယ်။ ကျပ်တန်အထပ်တွေထဲက တစ်ရွက်ကိုပွတ်ပြီး နှိုက်ယူရင်းက လက်တွေကို တဆဆ လုပ်နေတယ်။ ကောင်လေးက တဖြည်းဖြည်းနဲ့ ကားအူကြောင်းဘက်ကို ရောက်လာတယ်။

“ဗုဒ္ဓဟူးသမီး တစ်စောင်ပေးပါဟဲ့ ကောင်လေး”

“ပြီးခဲ့တဲ့အပတ်က နင့်စာရွက်ဝယ်ပြီး ထီထိုးတာ ခုနစ်ရာဆု ပေါက်တယ် ကောင်လေးရဲ့၊ တစ်ရွက်ပေးပါဦး”

ဟောစာတမ်း ကောင်လေးတောင် ရုတ်တရက် ကြောင်သွားတယ်။ ကားပေါ်က လူတွေကလည်း ကိုယ့်စိတ်နဲ့ကိုယ်၊ ကိုယ့်စကားနဲ့ကိုယ် ရှိနေရင်းက မလုံးတင်စကားကြောင့် ခဏလေး တိတ်သွားတယ်။

“ကိုင်း … ဟောဒီမှာခင်ဗျား၊ ဗုဒ္ဓဟူးသမီးက တစ်စောင်အားပေးပါပြီ၊ ပြီးခဲ့တဲ့အပတ်က အစိုးရ အောင်ဘာလေသိန်းဆုကိုလည်း ကျွန်တော့်ဟောစာတမ်းမှာပါတဲ့ နံပါတ်နဲ့ တိုက်ထိုးတာ ခုနစ်ရာဆု ပေါက်သတဲ့ခင်ဗျာ၊ ကိုင်း … ရော့ … ဒေါ်ကြီး၊ ဗုဒ္ဓဟူးသမီးအတွက် ဒီလဟောစာတမ်းမှာလည်း နံပါတ်တွေပါတယ်၊ ဗုဒ္ဓဟူးက ၄၊ ၁၊ ၇ နဲ့ စတဲ့ ဂဏန်းတွေ ဒီလအကျိုးပေးမတဲ့၊ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော်တို့ကလည်း ဝမ်းသာပါတယ်၊ ကိုင်း … ထီတွေလည်း ပေါက်ကုန်ပြီခင်ဗျ၊ သောကြာနံ ဟုတ်လား၊ ဟုတ်ကဲ့ လာပါပြီ၊ ကဲ … သောကြာတစ်စောင်တဲ့၊ ခင်ဗျာ … စနေ ဟုတ်ကဲ့၊ စနေသားသမီးများကလည်း ရပ်ဝေးက မိတ်ဆွေများရဲ့ အထောက်အပံ့ရမယ်တဲ့၊ အကျိုးပေးဂဏန်းတွေလည်း ပါတယ်ဗျာ၊ သိချင်ရင်တော့ တစ်ကျပ်တည်းပါ”

မလုံးတင်က ဟောစာတမ်း စာရွက်ကလေးကိုကိုင်ရင်း ဘတ်စ်ကားနောက်ပေါက်ကို မယောင်မလည် တိုးတိုးသွားတယ်။ ဂိတ်တဲထဲက ခရာတုပ်ပြီးလို့ ဝူးခနဲ ကားစက်နှိုးတော့မှ ကားပေါ်က မသိမသာ တိုးဆင်းလိုက်တယ်။

ဒီကားနောက်က လူပြည့်နေတဲ့ ဘတ်စ်ကားရဲ့ နောက်ပေါက်ကို ကားစီးခရီးသည် တစ်ယောက်လို သူ အတင်း တိုးတက်လိုက်ပြန်ရော။ သိပ်မကြာခင်မှာပဲ ကားရှေ့ပေါက်က ဟောစာတမ်းကောင်လေး တက်လာတာကို သူကြည့်နေတယ်။ ကောင်လေး တက်လာတော့မှ ချွေးခံအင်္ကျီစထဲက ကျပ်တန်လေးတစ်ချပ်ကို အသာနှိုက်ယူလိုက်တယ်။ ရှေ့နားကို မသိမသာ တိုးတိုးသွားလိုက်တယ်။ ပေရေနေတဲ့ သူ့ကို လူတွေက နှာခေါင်းရှုံ့ရင်း ဖယ်ပေးကြတယ်။ မတိုးလို့ကလည်း မဖြစ်ဘူးလေ။

“ဗုဒ္ဓဟူးသမီး တစ်စောင်ပေးပါ”

လို့ ပြောရင်း ဟောစာတမ်းတစ်စောင် ဝယ်ရဦးမှာကိုး။ ဒါ သူ့ အလုပ်ကိုး။

* * *
 
(၃)

မီးတွေတောင်ထွန်းပြီ။ ကက်ဆက်သံတွေက ညံတုန်း။ ဘတ်စ်ကားတွေလည်း ကျဲသွားပြီ။ ရန်ကုန်ဘက်ကိုထွက်မယ့် ဘတ်စ်ကားဆိုတာ မရှိသလောက်ပဲ။ ဆာလိုက်တာလည်း မပြောနဲ့တော့၊ အူတွေတောင် လိမ်နေပြီထင်ပါရဲ့။

သူ မြို့သစ်ကို ပြန်ရဦးမှာ။ မြို့သစ်ကားတွေကလည်း ပုရွက်တွင်း တစ်တွင်းကို လူတွေ ခဲခဲလှုပ်နေတတ်တာ။ သူ ပြန်လို့မဖြစ်သေးဘူး။ ချိန်းထားတဲ့ လက်ဖက်ရည်ဆိုင်ကလေး ရှိရာကို သူ သွားတယ်။ ထင်တဲ့အတိုင်းပဲ။

လူကျဲကျဲ လက်ဖက်ရည်ဆိုင်ကလေးရဲ့ ထောင့်တစ်ထောင့်မှာ သူ့ကိုစောင့်နေတဲ့ ဟောစာတမ်းကောင်လေးကို တွေ့တယ်။ ဘေးနားမှာလည်း မိန်းမငယ်တစ်ယောက်။ နှုတ်ခမ်းနီတွေရဲလို့။ ‘နေပါဦး၊ ဒီကောင်မကို ငါသိပါတယ်’ လို့ မလုံးတင် စဉ်းစားတယ်၊ စဉ်းစားလို့မရဘူး။ ပြည်တည်တည်မျက်နှာနဲ့ ကောင်လေးရဲ့ လက်တွေကို ဆုပ်ချေနေတယ်။ ဆေးဆိုးထားတဲ့ လက်သည်းချွန်ချွန်တွေနဲ့ ကောင်လေးရဲ့ လက်ဖဝါးတွေကို ကုတ်ခြစ်ပေးနေတယ်။ တစ်ခါတစ်ခါ ကောင်လေးရဲ့ လက်မောင်းတွေကို ထုလားထုရဲ့။

“ဟော … ဒေါ်ကြီး လာ၊ လက်ဖက်ရည်သောက်မလား”

“အေး … သောက်ချင်တယ်၊ နင် ငါ့ကို ခေါ်ထားလို့သာ၊ နို့ဆိုရင် ငါပြန်ပြီ၊ မြို့သစ်ကားက ကျပ်တယ်ဟ၊ နောက်ရက်မှ ပေါင်းရှင်းလည်း ရတာပဲဟာ”

“သြော် … ဟုတ်တယ်၊ ဒီလိုဗျာ၊ ပြောရမှာ အားတော့နာတယ်၊ ဒီကကျွန်တော့ညီမ တောကရောက်လာတော့ ဒေါ်ကြီး လုပ်ရမယ့် အလုပ်တွေ မနက်ဖြန်ကစပြီး သူလုပ်လိမ့်မယ်၊ ဒေါ်ကြီး မနက်ဖြန်ကစပြီး မလာနဲ့တော့ ဆိုတာ ပြောမလို့”

မလုံးတင် ဘယ်လိုမှမထင်ထားတဲ့ စကားတွေ။ သူ ဒီအလုပ်ကလေးကို လွန်ခဲ့တဲ့ လေးလလောက်ကတည်းက ရထားတာ။ ဘာမှမဟုတ်ပါဘူး။ ဟောစာတမ်းကောင်လေးက ဘတ်စ်ကားရှေ့က ဟောစာတမ်း တက်ရောင်းရင် သူ့အလုပ်က လူကြားသူကြားက ဟောစာတမ်းတစ်စောင် စဝယ်ရုံပဲ။ ရန်ကုန်သားတွေဆိုတာက အခက်သားပဲ။ လူတစ်ယောက်က စဝယ်မှ လိုက်ဝယ်တတ်တာ မဟုတ်လား။ သူ့အလုပ်က ‘ဗုဒ္ဓဟူးသမီး တစ်စောင် ပေးပါဟယ်’ လို့ ပြောပြီးဝယ်ရုံပဲ။ ကောင်လေးက ဟောစာတမ်းဝယ်ဖို့ နှစ်ဆယ်မျိုး၊ သုံးဆယ်မျိုး သူ့ကို မနက်မနက် ထုတ်ပေးထားတတ်တယ်။ ညနေဘက် အလုပ်သိမ်းရင် သူ့ကို နေ့တွက်တစ်ဆယ်ပေးတယ်။ ပထမတော့ သူ့အလုပ် သူ နားမလည်ဘူး။ ဘာဖြစ်လို့ ဒီလိုလုပ်မှန်းလည်း မသိဘူး။ နောက်မှ ကောင်လေးက ရှင်းပြတယ်။ ဒါက ‘ဒလန်’ လုပ်ရတာတဲ့။ ‘ဒလန်’ ဆိုတာ ဘာမှန်းလည်း သူ မသိဘူး။ နောက်တော့လည်း လုပ်ပျော်တယ်ထင်လို့ လုပ်ရင်းက ဘတ်စ်ကားဂိတ်မှာပဲ နေကုန်နေခမ်း အချိန်ကုန်ရတော့တယ်။ တစ်နေ့လုပ်ခ တစ်ဆယ်ထဲက ဘတ်စ်ကားခ နှစ်ကျပ်နုတ်ပြီးရင် ကျန်တဲ့ရှစ်ကျပ်ကို ဘာမှမစားမသောက်ဘဲ အိမ်ပြန်ရင် ယူသွားနိုင်တာ လေးလတောင် ရှိနေပြီပဲ။ ဘာပဲဖြစ်ဖြစ် ကောင်လေးပဲ ကျေးဇူးတင်နေရသေးတယ်။ အူအလိမ်ခံပြီး နေ့လယ်ဘက် မုန့်လေးပဲလေး ဝယ်စား၊ ရေအဝသောက်ပြီး ပိုတဲ့ပိုက်ဆံလေး သူရနေတာကိုပဲ သူကျေနပ်တယ်။ အခုတော့ ဒီ ‘ဒလန်’ ဆိုတဲ့ အလုပ်ကလေးတောင် လုပ်တဲ့လူပေါ်လာပြန်ပြီ မဟုတ်လား။ ရောက်လာတဲ့ လက်ဖက်ရည်ခွက်ကိုတောင် မသောက်နိုင်တော့ဘူး။ သူ့ရင်ထဲမှာ ဆို့နေတယ်။ တစ်နေကုန် ဘတ်စ်ကားဂိတ်က နေပူကြီးထဲမှာ ကားတစ်စီးပြီးတစ်စီး တက်လိုက်ဆင်းလိုက် လုပ်ရတာထက်တောင် ပူလောင်နေသေးတယ်။

“မိုးကလည်းကျတော့မယ် ဒေါ်ကြီးရဲ့၊ အလုပ်ကလည်း ပြောင်းချင်ပြီ၊ နောက် ဟောဒီက ညီမရောက်လာတော့ ဒေါ်ကြီးလုပ်တဲ့ အလုပ်ကလေး သူလုပ်ချင်လို့တဲ့၊ အဲဒါ … ”

“နင် စဉ်းစားပါဦးဟယ်၊ ငါ့မှာက ဒီအလုပ်ကလေး … ”

“တခြားအလုပ်ပဲ ရှာလုပ်ပါဗျာ၊ ရော့ … ဒီကနေ့အတွက် တစ်ဆယ်၊ ခင်ဗျားလည်း သိပါတယ်၊ ကျွန်တော်လည်း သိပ်ကျန်လှတာ မဟုတ်ဘူး”

မလုံးတင် လက်ဖက်ရည်တောင် မသောက်တော့ပါဘူး။ စားပွဲက ထတယ်။ သူ့ဖိနပ်ဟောင်းကလေးကို စွပ်တယ်။ ပိုက်ဆံတစ်ဆယ်ကို တင်းတင်းဆုပ်ရင်းက ခဏကလေး ရပ်နေလိုက်တယ်။ တစ်ခုခု ပြောချင်ပေမယ့် ဘာပြောရမှန်းလည်း မသိဘူး။

“လက်ဖက်ရည် သောက်သွားဦးလေဗျာ၊ မှာပြီးမှ”

“မသောက်တော့ပါဘူး”

မြို့သစ် ကားဂိတ်ဘက်ကို ထွက်လာခဲ့တယ်။ မြို့သစ်ကိုသွားမယ့် ကားပေါ်မှာ လူတွေဆိုတာ တရွရွနဲ့ မွစာတက်လို့။ နောက်ကားကို စောင့်ဖို့ဆိုတာကလည်း ထူးမှာမဟုတ်ဘူး မဟုတ်လား။ လူပြည့်နေတဲ့ ဘတ်စ်ကားတွေအပေါ်ကို နေ့စဉ်နဲ့အမျှ တက်နေကျဆိုတော့ သူ့အဖို့ သိပ်တော့ ထူးပြီး ကျပ်တယ်မဟုတ်တော့ပါဘူး။ အိမ်မှာလည်း ကလေးတွေက မျှော်လှရော့မယ်။

“ဗုဒ္ဓဟူးသားသမီးတွေအတွက်ကတော့ အလုပ်အကိုင် အပြောင်းအရွှေ့ ရှိသကဲ့သို့ ထိခိုက်ရှနာတွေလည်း မြင်သတဲ့”

နေ့လည်က ကောင်လေးပြောသွားတဲ့ ဟောစာတမ်းက စာသားတွေက သူ့ကို တမင်များ ရည်ရွယ်ပြီး ပြောတာလားလို့လည်း သူ စဉ်းစားနေမိပါသေးတယ်။

“ကိုင်း … ကားခလေး အဒေါ်ကြီး”

“ဗုဒ္ဓဟူးသမီး၊ အဲ … မြို့သစ်ကွေ့ကို”

သူ့လက်ထဲက ကျပ်တန်နွမ်းကလေးကို ထုတ်ပေးတုန်းမှာပဲ ကားစက်က ဝူးခနဲနှိုးတယ်။ ဘာပဲဖြစ်ဖြစ် မနက်ကားကြီးဂိတ်ကို မလုံးတင် လာစရာမလိုတော့ဘူး။


(ဝါနီပြာပန်းချီမဂ္ဂဇင်း၊ အမှတ်-၃၊ ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ)
 
* * * * *
 
မောင်းပုတီးကလေး


(၁)

သန်းခေါင်ကြက်တွေ တွန်တော့လည်း အမေသန်းရင် မအိပ်နိုင်သေး။ အပြင်မှာ လမင်းကြီး ထိန်ထိန်လင်းနေသည်။ သက်ကယ်ပျစ် ကျိုးကျဲကြားက လရောင်တွေ ယိုစီးနေသဖြင့် အိမ်ကလေးထဲမှာ လင်းလက်နေသည်။ အမေသန်းရင်က မှိန်းနေရာမှ ကျုံးထလိုက်သည်။ ခြေသလုံးတွေ တောင့်တင်းနေလေသည်။ တစ်နေ့လုံး မောင်းထောင်းထားရသဖြင့် ညာဘက်ခြေသလုံးက ထင်းချောင်းတစ်ချောင်းလို တင်းမာနေသည်။ ဆံပင်ကြမ်းတွေကို ဝါးဘီးကလေးနှင့် ပတ်ရစ်လိုက်သည်။ အိမ်ရှေ့ကွပ်ပျစ်ကလေးဆီ ထသွားလိုက်သည်။ လရောင်အောက်မှာ အရာအားလုံး ငြိမ်သက်နေသည်။ ငယ်ငယ်တုန်းကတော့ လရောင်အောက်မှာ သည်အချိန် ဘယ်အိပ်လိမ့်ဦးမလဲ။ အခုတော့ ရွာလယ်က ခွေးအူသံ သဲ့သဲ့မှတစ်ပါး ဘာကိုမှမကြားရ။ ငယ်ငယ်တုန်းက ဘဝတွေကို စိတ်ရောက်သွားပြန်သည်။ တိုးစိန်၊ သန်းရင်၊ ခင်မေ၊ သည်သုံးယောက်ဆိုလျှင် ရွာကတစ်တွဲတည်း မြင်သည်။ ကောက်စိုက်၊ ပဲနုတ်၊ ကောက်သင်းကောက်၊ မောင်းထောင်း။ တိုးစိန်က စလေကျွန်းချောင်းဘက်က လက်သမားတစ်ယောက်နှင့် အိမ်ထောင်ကျသွားကတည်းက ရွာကို ပြန်မလာတော့။ ခင်မေကတော့ ရွာထဲမှာရှိသည်။

အခုတော့ ခေါ်ခင်မေ။ အင်း … လယ်ပိုင်ရှင် ဒေါ်ခင်မေ၊ ကျောင်းအစ်မ ဒေါ်ခင်မေပေါ့လေ။ ရွယ်လယ်က ခင်မေတို့ တိုက်ခံအိမ်ကြီးမှာ ပဲစက်ရှိသည်။ မောင်းဆုံရှိသည်။ စပါးကျီ၊ ပဲကျီတွေရှိသည်။ ခင်မေ ပဲခင်းတွေ ပဲဆွတ်ချိန်ဆိုလျှင် သူတို့သားအမိ လိုက်နေကျ။ ခင်မေ လယ်တွေမှာ ကောက်သင်းကောက်နေကျ။ ငယ်ငယ်က ခင်မေနှင့် မောင်းထောင်းဘက်ဆိုသော်လည်း အခု အလုပ်ရှင်နှင့် အလုပ်သမား။ ဒါပေမယ့် ခင်မေက ဘဝမမေ့ဟု ဆိုရမည်။

သူတို့သားအမိကို ကြည့်သည်။ ခိုင်းစရာရှိလျှင် သူတို့၊ ပေးစရာရှိလျှင် သူတို့။ အခုလည်း သူ့မောင်းစင်မှာ သားအမိတစ်တွေ မောင်းထောင်းနေရသည်။ အိမ်ကကိုရင် ပိုးထိဆုံးတော့ ခင်မေဆီက ချေးရငှားရသေးသည်။ အခုတော့ သားအမိသုံးယောက် ရရစားစား၊ ဝါးဝါးမျိုမျို ကောက်စိုက်ချိန်စိုက်၊ ထင်းသယ်ချိန်သယ်၊ မောင်းထောင်းချိန်ထောင်း၊ ကြိတ်ထိုးချိန်ထိုး။ သူငယ်ချင်းသုံးယောက်ထဲမှာ သူတစ်ယောက်တည်း ကြီးတောင့်ကြီးမား မောင်းထောင်း ကြိတ်ထိုးနေရတုန်း ဖြစ်သည်။ မောင်းတိုင်က မောင်းပုတီးကလေးကို ကိုင်ရတွယ်ရတုန်း၊ ပုတီးပတ်တွေ မှတ်ရတုန်း။

လရောင်ကြည်ကြည်ထဲမှာ ရေမဲ့ ရေအိုးဟောင်းသုံးလုံးနှင့် မီးကပ် မီးချိတ်၊ ဝါးလုံးငေါင်းစင်းစင်းကို ငေးကြည့်နေမိပြန်သည်။ နွေကုန်တော့မည်။ မိုးကျတော့မည်။ သက်ကယ် မမိုးရသေး။ သည်နှစ် ကြိတ်ထိုးခထဲက ဖဲ့စုလာတာ နည်းနည်းပါးပါးတော့ ရနေပြီ။ လိုတာ ခင်မေ့ဆီ ချေးရလိမ့်မည်ထင်သည်။ ခင်မေ့ကျေးဇူးတွေကို သတိရနေရင်းက ငယ်ဘဝတွေကို စိတ်ရောက်သွားပြန်သည်။ သည်လို လရောင်ညတွေမှာ ဖန်ခုန်တမ်း၊ တွတ်ထိုးတမ်း၊ စကားထာဝှက်တမ်း၊ ဘိုင်စကုတ်အကြောင်း ပြောတမ်း။

လရောင်တလင်း ကွင်းပြင်ထဲမှာ ညဥ့်နက်သန်းခေါင်တိုင်အောင် သူရယ်၊ တိုးစိန်ရယ်၊ ခင်မေရယ်။

အဲသည်တုန်းက …

* * *
(၂)

ခါတိုင်း မနက်သုံးနာရီ သန်းရင် နိုးနေကျ။ ကနေ့ မိုးလင်းသွားသည်။ သိပ်တော့ နောက်မကျသေး။ လရောင် ရှိနေသေးသည်။ ခင်မေနှင့် တိုးစိန်ကို သွားခေါ်ရဦးမည်။ သူတို့က လာခေါ်ရတယ်လို့ တစ်ခါမှ မရှိခဲ့။ သန်းရင် တဘက်ကြမ်းကိုခြုံကာ ထွက်လာခဲ့သည်။ တစ်ယောက်က ရေတွင်းကုန်းမှာ၊ တစ်ယောက်က အနောက်ရိသာနားမှာ။ တိုးစိန်တို့ အိမ်စုကလေးတွေမှာ မီးရောင်မမြင်ရသေး။

“တိုးစိန်ရေ … တိုးစိန်”

“ဝူး … ”

“သေတုန်းပဲလား ကောင်မ၊ မိုးလင်းသွားပြီဟဲ့”

“အေး … အေး … သွားနှင့်ပါလား သန်းရင်ရေ”

“ဟင့်အင်း … မြန်မြန်လုပ်၊ ဒီကပဲစောင့်မယ်”

လမ်းပေါ်မှာ ဘယ်သူမှမရှိသေး။ လေးနာရီခွဲလောက်ရှိပြီ။ ခဏကြာတော့ တိုးစိန် ထွက်လာသည်။ ခင်မေကို သွားမခေါ်တော့ဘဲ နှစ်ယောက်သား မောင်းစင်ကို လာခဲ့ကြသည်။ သူတို့ မောင်းစင်ရှိရာ အိမ်ကြီးရောက်တော့ ခြံတံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။ အိမ်ကြီးဘေးမှ ပန်းကာ နောက်ဖေးကွက်လပ်ကျယ်ကို ဆက်လျှောက်လာကြသည်။ အိမ်ကြီးရှင်တွေ မနိုးကြသေး။ မောင်းစင်ထားရာ တမာရိပ်မှာ မှောင်မည်းနေသည်။ တိုးစိန်က ရေနံဆီမီးတိုင်ကို မီးတို့လိုက်သည်။ ထိုစဉ်မှာပင် သူတို့ကိုယ်ပေါ်သို့ ကျောက်စရစ်ခဲတွေ ဖျောခနဲ ကျလာသည်။

“အမေ့ … ”

“ဟား … ဟား … ဟား … ဟား … ”

ခင်မေ … ။ လရောင်ရိပ်မကျသည့် ပန်းချုံထဲက သရဲခြောက်ပြနေခြင်း ဖြစ်သည်။

“ညည်း မကြောက်ဘူးလား ခင်မေရယ်”

“ကြောက်ပေါင်”

မီးတိုင်ခွက်အလင်းရောင်နှင့် စပါးအိတ်တွေကို သွားမသည်။ တိုးစိန်က မောင်းစင်ဘေးမှာ ဂုန်နီအိတ်တွေ စီခင်းလိုက်သည်။ လုံးတီး၊ ဖွဲကြမ်း၊ ဆန်ကွဲ၊ စပါးခွံတွေ သပ်သပ်စီခုတ်ချဖို့ နေရာခွဲထားလိုက်သည်။ သန်းရင်က မနေ့က ကြိတ်ထိုးပြီးသား လုံးတီးနှစ်ပြည်သားလောက်ကို မောင်းခွက်ထဲ ချင်ထည့်လိုက်သည်။ မီးတိုင်ခွက် အလင်းရောင်ကြောင့် ခင်မေနှင့် တိုးစိန်တို့ အရိပ်တွေက ရှည်မျောနေသည်။ မောင်းတုံးပေါ် တင်ထားသော ခြေထောက်တွေက အသင့်။ တိုးစိန်က မောင်းတိုင်စွပ်ထားသည့် ပုတီးကုံးကလေးကို ချွတ်ယူလိုက်သည်။

“ကိုင်း … နင်း”

“ကျွီ … ”

“ဂျုံး … ”

“ကျွီ … ”

“ဂျုံး … ”

နောင်းနင်းတုံးက ဖိနင်းလိုက်သည့်အခါ ကျွီခနဲ ကျွီခနဲ မြည်သည်။ မောင်းတုံးက မောင်းခွက်ထဲကျသည့်အခါ ဂျုံးခနဲ မြည်သည်။ မောင်းတုံးကျသည်နှင့် ဆန်မဖြစ်တဖြစ် လုံးတီးတွေ ဖွားခနဲ ဖွားခနဲ မောင်းခွက်နှုတ်ခမ်းပေါ်ကို စင်ထွက်လာတတ်သည်။ ထိုအခါ သန်းရင်က ယက်ချရသည်။ မောင်းအကြွမှာ ယက်ချ၊ မောင်းကျလျှင် ဖယ်၊ နရီကိုက် စည်းကိုက်၊ မှားလို့မရ။ ငိုင်နေလို့မရ။

“ကောင်မ ခြောက်ပတ်နော်”

ပုတီးခြောက်ပတ်ကို ဆိုလိုခြင်းဖြစ်သည်။ မောင်းကျည်ပွေ့က မောင်းခွက်ထဲ ဂျုံးခနဲ တစ်ချက်ကျလျှင် မောင်းနင်းသူက ပုတီးတစ်လုံးကို ဆွဲချရသည်။ ဤသို့ဖြင့် မောင်းနင်းရင်းက ပုတီးစိပ်နေရသည်။ ပုတီး (၁၀၈)လုံးပြည့်လျှင် တစ်ပတ်။ တစ်နည်းအားဖြင့် (၁၀၈)ခါ နင်းပြီးပြီဆိုသည့် သဘောဖြစ်သည်။ မောင်းတုံးနှင့် ဆန်စေ့ တစ်ရာ့ရှစ်ခါ ထိတွေ့ပြီးပြီဆိုသည့် သဘောဖြစ်သည်။

ဤသို့လျှင် ပုတီးငါးပတ်ပြည့်လျှင် ဆန်ဖြူသည့်မောင်း၊ ပုတီးဆယ်ပတ်မှ ဆန်ဖြူသည့်မောင်းရယ်လို့ ရှိလာသည်။ အခု သူတို့မောင်းက မလှအုန်းမောင်း။ ခြောက်ပတ်မောင်း။ သူတို့မှာ နာရီမရှိ။ မှောင်ထဲတွင် ဆန်ဖြူ မဖြူ သေသေချာချာ သိနိုင်သည်မဟုတ်။ သည်တော့ ပုတီးပတ်နှင့် မောင်းထောင်းရသည်။ ပုတီးပတ်နှင့် ဆန်ဖြူချိန်ကို ကွက်တိချိန်ပြီးသား ဖြစ်သည်။

တချို့ ပုတီးပတ်များသည် မောင်းတွေကို နင်းသားတွေ မသွားချင်။ ပုတီးပတ်နည်းသည့် မောင်းမှာတော့ ‘နင်းသား’ တွေ စိတ်ချမ်းသာသည်။ သတ်မှတ်သည့် ပုတီးပတ်ပြည့်လျှင် ဆန်ချောပြီ။ ထိုအခါ ပြာရ ခပ်ရ တီးရသည်။ ဆန်ဖြူသပ်သပ်၊ ဖွဲသပ်သပ်၊ စပါးခွံသပ်သပ်။ ထို့ကြောင့် ထိုအရပ်က မောင်းစင်တွေမှာ မောင်းပုတီးကလေးတွေ ချိတ်ထားလေ့ရှိသည်။

“ကျွီ … ”

“ဂျုံး … ”

“ကျွီ … ”

“ဂျုံး … ”

ရောင်နီကလေး သွေးလာတော့မှ မီးတိုင်ခွက်ကို မှုတ်လိုက်သည်။ မနက်ခင်းကလေးမှာပေမယ့် ချွေးဥလေးတွေ သီးထနေလေသည်။

“ကောင်မ မငိုင်နဲ့နော်၊ လက်ပါသွားလို့ လင်မရဘဲနေဦးမယ်”

“လင်မရတော့ ကောင်းတာပေါ့အေ”

“ဘယ်ကောင်းပါ့မလဲအေရဲ့ … ဟီး … ဟီး … ”

“ကောင်မနော် အပျိုးပါးစပ်”

နှစ်တင်းကျသွားပြီ။ ကြိတ်ထိုးပြီး ပြာပြီး တီးပြီး ဆန်ဖြူတစ်တင်းကျကို နှစ်ကျပ် ရသည်။ တစ်နေကုန်ဆိုလျှင် ဆယ်တင်းလောက် ပြီးတတ်သည်။ တစ်ခါတစ်ခါ မောင်းပျက်လျှင်တော့ သုံးလေးတင်း။ တော်ရုံတန်ရုံ ကြိတ်ပျက်လျှင်၊ မောင်းပျက်လျှင် သူတို့ပြင်တတ်နေပြီ။ ထစ်ခနဲဆို မောင်းရှင်ကို သွားပြောလို့ကမဖြစ်။ ပြင်တတ်မှ။ ခုနစ်နှစ်သမီး၊ ရှစ်နှစ်သမီးက ထောင်းတဲ့မောင်း၊ ထိုးတဲ့ကြိတ်။ သူတို့ နားလည်နေကြပြီ။ ယောက်ျားလေးတစ်ယောက်လို ကျင်လည်နေကြပြီ။

“လင်ဆိုလို့ ညည်း ဟိုကောင်နဲ့ တွေ့သလား၊ တောင်ဖျားက ကောင်လေ”

“တွေ့သားပဲ ဈေးထဲမှာ၊ ငါလေ အူတွေယားတာ အရမ်းပဲ”

“ဟင်း … ဟင်း … မကြိုက်တဲ့လူကိုးအေ့၊ အူယားမှာပေါ့”

“ကြိုက်တဲ့လူဆို တို့တောင် သိရမှာမဟုတ်ဘူး”

“ဒါပေါ့၊ ညည်းလိုပေါ့”

“ညည်းအကောင်ကကော ပွဲတော်ရက်က ညည်းနဲ့တွေ့တာလေ”

အဲဒါပေါ့၊ အဖေနဲ့မိလို့ အရိုက်ခံရသေးတယ်”

“ကောင်းတယ်၊ ညည်းအကောင်က ခပ်ရဲရဲထဲကပါအေ”

“ရဲတာတော့ မပြောနဲ့”

“ပြောပါဦးဟယ်၊ ဘာတွေလုပ်တုန်း”

“အို … ညည်းကလည်း”

“ဟွန်း … ညည်းက ကောင်းခန်းဆိုဖြတ်ပြီ၊ ပွဲတော်ကွင်းထဲတုန်းက ပြတဲ့ ဘိုင်စကုတ်ကျနေတာပဲ”

“ညည်း ရည်းစားထားကြည့်ပေါ့ဟဲ့”

“ပြောပါဟယ်”

မိုးလင်းပြီ။ ရောင်နီနှင့်အတူ ထင်းလှည်းအီသံတွေ လမ်းပေါ်မှာ ဆူညံနေလေသည်။ သင်္ဘောမန်ကျည်းသီး နီကွေးကွေးတွေက ညက မှက်စားထားသဖြင့် မြေမှာ ပြန့်ကျဲနေလေသည်။ တိုးစိန်တို့ စကားကောင်းနေဆဲ။ တစ်ရွာလုံးက သတင်းတွေ၊ ဇာတ်ပွဲတွေ၊ ဘိုင်စကုတ်တွေ … ။

“တိုးစိန် ပုတီးဘယ်နှစ်ပတ်ရှိပတုံး”

“ဟောတော့ … ပုတီးပတ်တွေ မေ့ကုန်ပြီ”

“ညည်းက လုပ်ပြီဟယ်၊ ပုတီးကိုင်ထားပြီး စကားများနေတာကိုး”

“နေဦး၊ သုံးပတ်လား၊ လေးပတ်လား အဲ … ”

သန်းရင်က ဆန်တွေကို ဆုပ်ယူလိုက်ကာ ကြည့်သည်။

“ဖြူပြီဟဲ့၊ ခြောက်ပတ်တောင် ကျော်ပြီပေါ့၊ ညည်းနှယ်အေ … ”

တိုးစိန်က သူ့လက်ထဲက စိပ်ပုတီးကို ကိုင်ရင်းကရယ်သည်။

“တစ်ခါတလေလည်း မှားမှာပေါ့ဟယ်၊ စိပ်ပုတီးပေမယ့် မောင်းစင်ရောက်တော့ မောင်းပုတီး ဖြစ်နေတာကိုးအေရဲ့၊ အင်းလေ … တို့က ပုတီးကိုင်ထားပေမယ့် ပြောကြတာက ပေါက်ကရကိုး … နော့ … ။

* * *
 
(၃)

“အမေ … အမေ ထတော့၊ သွားရအောင်”

ညက လသာထဲမှာ ငယ်ဘဝတွေကို စဉ်းစားရင်း ညဥ့်တော်တော်နက်တဲ့အထိ ထိုင်နေမိသဖြင့် မျက်လုံးတွေ ဖန်စပ်နေသည်။ မထချင်သေး။ ထင်းချောင်းတွေလို မာကျောတင်းတောင့်နေသော ခြေထောက်တွေက မလှုပ်ချင်သေး။ ဒါပေမယ့် ညတုန်းက တတမ်းတတ သတိရနေမိခဲ့သော ငယ်ဘဝတွေမှ မဟုတ်တော့ဘဲလေ။ သူတောင် အပျိုးကြီးဖားဖား သမီးနှစ်ယောက်ရဲ့အမေ ဖြစ်နေမှပဲ။

တိုးစိန်ကလည်း ရှိသေးရင် ဘွားတိုးစိန် ဖြစ်နေရောပေါ့။ ခင်မေကလည်း ဒေါ်ခင်မေဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ငယ်ဘဝတွေက ကျန်ရစ်ခဲ့ပြီ။ မထချင်လို့မရတော့။ မျက်လုံးတွေ ဇွတ်ကိုဖွင့်ကာ ရေကပြင်မှာ မျက်နှာဆင်းသစ်သည်။ ပြောင်းဖူးဖက် နှစ်လိပ်နှင့် မီးခွက်ကိုကိုင်ရင်း သမီးနှစ်ယောက်နှင့်အတူ ထွက်လာခဲ့သည်။ မိုးကလင်းဖို့ တော်တော်လိုသေးသည်။ ဝါကြန့်ကြန့် လရောင်ကြည်ကြည်ကလေး ရှိနေသေးသည်။ သူငယ်ချင်း မခင်မေတို့ တိုက်ခံအိမ်ကြီး ရွာလယ်မှာဆိုတော့ တော်တော်သွားရသည်။ ခြံဝင်းကြီးက ကျုယ်သည်။ ပဲဂိုဒေါင်၊ ပဲစက်၊ စပါးကျီ၊ ကောက်ရိုးစင်တွေကို ဖြတ်လျှောက်ကာ မောင်းစင်ရှိရာ ခြံနောက်ဘက်ကို ဝင်လာတော့ မခင်မေတို့ပင် မနိုးကြသေး။

မနေ့က သားအမိတွေ ထားခဲ့သော ကြိတ်ထိုးပြီးသား လုံးတီးတွေကို မောင်းခွက်ထဲထည့်သည်။ သမီးငယ်က ဂုန်နီအိတ်တွေ ဖြန့်ခင်းသည်။ အကြီးမက မီးတိုင်ခွက်ကလေးကို ထွန်းသည်။ အငယ်မနှင့် အမေသန်းရင်က မောင်းတုံးပေါ် ခြေတင်လိုက်သည်။ မောင်းစင်လက်ကိုင်တန်းမှာ ချိတ်ထားသော မောင်းပုတီးကို အမေသန်းရင် လှမ်းဖြုတ်သည်။

“ပေးပါ အမေရယ်၊ အမေ ပုတီးပတ်မှားကမှားနဲ့”

အမေသန်းရင်က သမီးငယ်စကားကြောင့် ရင်တွေ သိမ့်ခနဲ ခုန်သွားသည်။ သူကလည်း သူပါပဲလေ။ ပုတီးပတ်တွေ မကြာခဏ မှားတတ်သည်။ ပုတီးပတ်တွေမှားပြီး ကျော်သွားရင် ဆန်လည်းနာတယ်။ အချိန်လည်းကုန်တယ်။ လူလည်း ပင်ပန်းတယ်။ တစ်ခါတစ်ခါ သတိထားနေရင်းက ပုတီးပတ်တွေမှားသည်။ စိတ်တွေက ပျံ့လွင့်နေတတ်သည်ကိုး။ ညတုန်းကတောင် သူတို့အပျိုတုန်းက မောင်းထောင်းရင်း ပုတီးပတ်တွေမှားတာ သတိရနေခဲ့သေးသည်ပဲ။

“မမှားအောင်စိပ်ပါ့မယ် သမီးရယ်”

အမေသန်းရင်က ပထမဆုံးပုတီးလုံးကို လက်မနှင့်ပွတ်ရင်း နင်းရမည့် အချိန်ကလေးကို အသက်အောင့်ရင်း စောင့်နေလိုက်သည်။

“နင်းတော့”

“ကျွီ … ”

“ဂျုံး … ”

“ကျွီ … ”

“ဂျုံး … ”

မောင်းခွက်ထဲ မောင်းတုံးကျတိုင်း ပုတီးလုံးကလေးတွေ စိပ်စိပ်ချသည်။ အမေသန်းရင်က မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ ပုတီးလုံးကလေးတွေကို စိတ်ချတိုင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ နှုတ်ခမ်းတွေ လှုပ်လှုပ်နေအောင်ရွတ်ရင်း လက္ခဏာရေးသုံးပါးကို ရှုမှတ်သည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ မောင်းခွက်ထဲ မောင်းတုံးကျသံကို သူ မကြားရတော့။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ပဲ သူကြားနေသည်။

သူ့ဘဝမှာ ဂုဏ်တော်ပုတီးစိပ်ဖို့ အချိန်မရခဲ့။ တစ်ခါတစ်ရံ ကြုံကြိုက်လို့ တရားလေးနာရ၊ ဆွမ်းကလေး လောင်းရတာကလွဲလျှင် ဘဝကူးကောင်းဖို့ ဘာမှမလုပ်နိုင်ခဲ့။ ဘာပဲဖြစ်ဖြစ် ဂုဏ်တော်ပုတီး မဟုတ်သည့်တိုင် ရသမျှအချိန်ကလေးမှာ လက်မနှင့် လက်ညှိုးကြားမှာ ပုတီးလုံးကလေးတွေ ရှိနေတုန်းမှာ သူ့စိတ်တွေ ရှင်သန်နေဖို့ပဲလိုသည်။ လက္ခဏာရေးသုံးပါးကို ရှုမှတ်နေဖို့ပဲလိုသည်။ သူ့နားထဲမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေပဲ လှိုင်းထနေသည်။ စိတ်ကို သည်အပေါ်မှာပဲ တည့်တည့်ကလေး တည်နေအောင် ချုပ်ဖမ်းထားဖို့ ကြိုးစားသည်။

“အမေ ပိုက်ဆံရှင်းရင် ဒေါ်ပုကြီးကို ဆန်ဖိုးပေးဦးမှ အမေရေ၊ မနေ့က တောင်းတယ်တော့”

ပိတ်ထားသော မျက်လုံးတွေ ပွင့်သွားရပြန်သည်။ စိတ်တွေ ကသောင်းကနင်း လွင့်စင်သွားပြန်သည်။ မပုကြီးကို ပေးစရာရှိသည်ပဲ။ ကနေ့ မခင်မေဆီက ပိုက်ဆံနည်းနည်းတော့ တောင်းရလိမ့်ဦးမည်။

ထိုစဉ်မှာပင် ဒေါ်ခင်မေတို့ တိုက်ခံအိမ်ကြီးပေါ်က ကြေးစည်ရိုက်သံ လွင်လွင်ကလေးကို ကြားရသည်။ ဖွင့်ထားသော ဘုရားခန်းပြတင်းဝဆီက အမွှေးတိုင်ရနံ့က နံနက်ခင်း လေပြည်ထဲမှာ ဝေ့ဝဲနေသည်။ အမေသန်းရင်က ပြတင်းဝကို လှမ်းကြည့်သည်။ နံနက်အရုဏ်မှာ ဂုဏ်တော်ပုတီးကို ကိုင်ရင်း သူတို့သားအမိကို ငုံ့ကြည့်နေသော သူ့သူငယ်ချင်း မခင်မေကို အမေသန်းရင် လှမ်းမြင်နေရသည်။

“မခင်မေ ကျေးဇူးရှင်ကြီး ကျန်းမာလို့ ချမ်းသာပါစေတော်”

အမေသန်းရင်က နှုတ်မှ တတွတ်တွတ်ရွတ်ရင်း မေတ္တာပို့သည်။ အငယ်မက သူ့ကို မျက်စောင်းထိုးရင်း သူ့လက်ထဲက မောင်းပုတီးကလေးကို ဖျတ်ခနဲ ဆွဲလုတာကို ခံရတော့မှ အမေသန်းရင် အယောင်ယောင်အမှားမှား မောင်းနင်းတုံးကို ရပ်ထားလိုက်သည်။

“ဒါ ဂုဏ်တော်ပုတီး မဟုတ်ဘူး အမေရဲ့၊ မောင်းပုတီး၊ မေတ္တာတွေချည်း ပို့မနေနဲ့ဦး၊ ပုတီးပတ်တွေ မှားကုန်ပြီ၊ အမေကလေ … ”

မျက်တောင်မွေးတွေ ကျွတ်နေသည့် အမေသန်းရင် မျက်ခမ်းစပ် မျက်လုံးအိမ်ကလေးထဲက မျက်ရည်ပေါက်တွေ ကျနေဆဲမှာပင် ကြေးစည်ရိုက်သံတစ်ချက် လွင့်မျော ရောက်ရှိလာပြန်သည်။


(အကောက်ခွန် နှစ်လည်မဂ္ဂဇင်း၊ ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ)

* * * * *
credit to mmcyber (ငွေဇင်ယော်)

Friday, 4 January 2013

အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ဖတ်ရန်......

“မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့” (ကျေးဇူးပြုပြီး ဒီစာကို ဆုံးအောင် အချိန်ပေးဖတ်စေချင်ပါတယ်။ ဘ၀ တစ်ခုကို ကယ်တင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။)
လူတော်တော်များများဟာ စာဖတ်ပျင်းကြပါတယ်။ မြန်မာလိုရေးထားတာတောင်မှ စာပိုဒ်ရှည်ရင် အများစုက မဖတ်ချင်ကြပါဘူး။ ဒီစာထဲက အကြောင်းအရာတွေက ကျွန်တော်ကိုယ်တိုင်ရေးတာမဟုတ်ပါဘူး။ မူရင်းက English လိုရေးထားတာပါ။ အဲ့ဒီမှာလည်း အရှည်ကြီးရေးထားပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် စစ ကြည့်မိတုန်းက ဖတ်ရမှာပျင်းပါတယ်။ ဒါပေမယ့် facebook ပေါ်က တစ်ချို့မုဒိမ်းကျင့်ခံရတဲ့ သတင်းတွေဖတ်ပြီးတဲ့နောက်မှာ စိတ်မကောင်းဖြစ်နေတဲ့အချိန်နဲ့ ဒီစာကို ပြန်တွေ့တဲ့အချိန်နဲ့ တိုက်ဆိုင်သွားလို့ စိတ်ရှည်ရှည်ထားပြီးဖတ်ဖြစ်ခဲ့တာပါ။ တကယ်အသုံးဝင်တဲ့နည်းလမ်းတွေ အများကြီးပါပါတယ်။ တစ်ချို့ဟာတွေကတော့ ကျွန်တော့်အနေနဲ့ မလွယ်ကူဘူးထင်ရပေမယ့် မူရင်းစာရေးသူ ဆီက ကျွန်တော်ခွင့်မတောင်းပဲ ဘာသာပြန်တာဖြစ်တဲ့အတွက် သူ့အာဘော်အတိုင်း တက်စွမ်းသမျှ ပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ကျွန်တော် စေတနာရှေ့ထားပြီး ကိုယ်ချင်းစာစိတ် တစ်ခုတည်းနဲ့ ဘာသာပြန်ထားတာပါ။ ကျွန်တော် အင်္ဂလိပ်စာ မကျွမ်းကျင်ပါဘူး။ ဒါကြောင့် အလွဲအမှားတွေ အများကြီးပါနိုင်ပါတယ်။ ခွင့်လွှတ်သည်းခံပြီး ဆုံးအောင်ဖတ်ဖို့တော့ တိုက်တွန်းပါရစေ။

မူရင်း အင်္ဂလိပ်လိုရေးသားသောနေရာအားဖတ်ရန်

အကြမ်းဖက်သမား အများစုဟာ သူတို့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် နည်းလမ်းအချို့ကို အသုံးပြုကြပါတယ်။ လူတော်တော်များများက ဒီလို အရေးအန္တရာယ်နဲ့ ကြုံရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်ဆိုတာကို ရုတ်တရက်မဆုံးဖြတ်တတ်ကြပါဘူး။ ကျွန်တော်တို့ အကုန်လုံး ဒီစာကိုဖတ်သင့်ပါတယ်။ အထူးသဖြင် မိန်းကလေး တွေ ပိုလို့သာ ဖတ်ထားသင့်ပါတယ်။
ဒီစာထဲမှာ အခုလို အန္တရာယ် အချိန်မှာ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ အချက်အလက်ကောင်းတွေ ရေးပေးထားတာပါ။ “မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့” မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှုဖြစ်စေနိုင်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည်ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်…

(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊ ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။

(၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစားအလွယ်တကူ ချွတ်ပစ်လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ်အစားတွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။

(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေကြပါတယ်။ အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့မလွယ်ပါဘူး၊ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့အတွက် မုဒိမ်းကောင်တွေအတွက် လွယ်ကူပါတယ်။

(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့နံပါတ်တစ်နေရာကတော့ ကုန်တိုက်တွေ ရဲ့ကားပါကင်ပါပဲ။ ( မှတ်ချက် ။ ။ ဒါကတော့ သူတို့နိုင်ငံတွေအတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။ )

(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။

(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး နားနေခန်းတွေပါ။

(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံစိတ်ချရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။

(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင်သမျှတိုက်ခိုက်နေခဲ့မယ်ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ/စိတ်ကုန်အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။ သင်ရုန်းကန်တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှုမရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိုင်ပါတယ်။ဒါကတော့ မုဒိမ်းးကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။

(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။

(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ်ဆိုတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့သဘောပါပဲ။ အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ထင်သလောက်လွယ်ကူမှုမရှိတဲ့အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။

မှတ်ထားသင့်သော အချက်အလက်များ..

(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါးအကွေ့နေရာမျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ်ဆိုပါဆို့ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ ထို့နောက် သူ့ကို မေးခွန်းတစ်ခုတစ်လေလောက်မေးပါ(စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်းရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။ အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင်အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူးသွားပြီ၊ ဒုတိယအချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိုင်ပါတယ်။

(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင်ထားလိုက်မယ်ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန်ပြောဆိုပါ။ မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့မိန်းကလေးတွေဆိုရင် ဆက်မကြိုးစားချင်တော့ပါဘူး။ ထားခဲ့လိုက်ပါတယ်။ သူတို့ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။

(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး ( spray တစ်ခုခုပေါ့ ) ပါခဲ့မယ်ဆိုရင် အဲ့ဒါကိုလက်မှာကိုင်ထားပြီး “ငါ့မှာ ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )

(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက် တိုက်ခိုက်လို့မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ ထိရောက်အောင်လုပ်နိုင်ပါသေးတယ်။ အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီးမလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။
သွေးထွက်အောင်အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီးတယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။

(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့ လူတစ်ယောက်အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပိုထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာစမ်းစစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊ အချိန်ကြန့်ကြာအောင် မလုပ်တဲ့မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။

(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ကျရောက်လာပြီဆိုရင်တော့ သူ့လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိုင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်းကလည်း အားသိပ်မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပီး အော်လိုက်ရပါသေးတယ်။

(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့/အမူအယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေးမနေပါနဲ့၊ သတိကြီးကြီးထားနေပါ။အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက်လွန်နေတယ်လို့မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်စုံတစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။




နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…
သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့လူတွေဆီကို ဆက်လက်မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -

(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။

(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ်ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကို သွားကောက်မှာပါ။အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက်ကိုသာ ပြေးပါ။

(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီအပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေက မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။

(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခု ကိုခဏဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။ အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာဝင်ထိုင်ပြီး သင့်ခေါင်းကိုသေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။

(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေဖြစ်ပါတယ် ..
(က) ကားထဲမ၀င်ခင် ကားထဲမှာ တစ်ယောက်ယောက်ပုန်းနေနိုင်တယ်ဆိုတဲ့စိတ်ဖြင့် ကားဘေးပတ်ပတ်လည်နဲ့ ခရီးသည်ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့်ချောင်းကြည့်ပါ။ ( တက္ကဆီ ငှားစီးမယ်ဆိုလည်း ထိုနည်း၎င်း သတိထားကြည့်ပါ။ )
(ခ) တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်.. သင်္ကာမကင်းဖြစ်ရတယ် ဆိုရင်တော့ အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှတဆင့်သာ သင့်ကားထဲသို့ဝင်ပါ။ ( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာ ရပ်ထားမယ်ဆိုရင် ခရီးသည်ထိုင်တဲ့ဘက်မှဝင်ပါ။) ဒုစရိုက်ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ကားထဲကို ဆွဲခေါ်ပြီး တံခါးပိတ်တတ်ကြပါတယ်။ သတိထားနိုင်ဖို့ပါ။
(ဂ) သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။ အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ထိုင်နေတယ်ဆိုရင်တော့ ကားထဲမ၀င်ပါနဲ့ဦး။ သင်လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင်သွားပါ။ ရဲတစ်ယောက်ယောက်၊ ဒါမှမဟုတ် အစောင့်တစ်ယောက်ယောက်ကို ခေါ်ပြီးမှပြန်လာပါ။ ဒါတွေဟာ အပိုအလုပ်တွေမဟုတ်ပါဘူး။ စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သွားတာထက်စာ ရင် အများကြီးပိုကောင်းပါတယ်။ သူများအပေါ် သံသယလွန်ကဲမှု / အယုံအကြည်နည်းမှုဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက်စာရင် အများကြီး အကျိုးရှိပါတယ်။

(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကိုအမြဲ အသုံးပြုပါ။ လှေခါးအကွေ့တွေဟာ တစ်ယောက်ထဲ သွားဖို့အတွက် မသင့်တော်ပါဘူး။ ဒုစရိုက်မှုတွေအတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။

(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။ ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။ ( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်ပါတယ်။ )

(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျောတဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။ သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကားထဲရောက်သွားရင်တော့ သင့်ကို သူအတင်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့အကြံပေးပါရစေ။

ဒီစာကို ဖြစ်နိုင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို share ပေးစေချင်ပါတယ်။ဒီစာက ဘ၀ တစ်ခုကို ကယ်တင်စောင့်ရှောက်နိုင်မယ်ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခုက တစ်ခြားဖရောင်းတိုင်တစ်ခုကို မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွားနိုင်ပါဘူး။ ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲရေးထားတယ်ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေအတွက်လည်း စေတနာရှေ့ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။ ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခုဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက်စာရင် ပိုကောင်းပါတယ်။


တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။
credit to Illumination Lack (FB)

Thursday, 3 January 2013

လက်ဖက်ရည်ကြိုက်တဲ့ရောဂါ - တင်မောင်သန်း

လက်ဖက်ရည်ကြိုက်တဲ့ရောဂါ
 
 
တင်မောင်သန်း ( ရှုမဝ ၁၉၈၅ စက်တင်ဘာ)

ကျွန်တော်ဟာ ရုံးဝန်ထမ်း တစ်ယောက်ပါ။ ဝန်ထမ်းတွေ ပြန်ဖွဲ့စည်းလိုက်တော့ ကျွန်တော် ပင်စင်ရလိုက်ပါတယ်။ အသက် ခြောက်ဆယ်ပြည့်လို့ ပင်စင် ယူရတာမျိုး မဟုတ်ပါဘူး။ ကျွန်တော့် အသက်က လေးဆယ်ကျော်ရုံလေးပဲ ရှိသေးတာပါ။ ဒါ့ကြောင့်လဲ ကျွန်တော်ဟာ ဘုရားရိပ် တရားရိပ်ကိုလဲ ပြေးမကပ်ချင် ၊ ဘာလုပ်ရမှန်း မသိပဲနဲ့ မနေတတ် ၊ မထိုင်တတ် ဖြစ်ရပါတော့တယ်။ တကယ်တော့ ကျွန်တော်ဟာ ရုံးဘဝနဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အသားကျ ရိုးစွဲ နေခဲ့သူ တစ်ယောက်ပါ။ ဖိုင်တွဲတွေကို ကျွန်တော် ချစ်ခင်နေပါပြီ။ လူရှုပ်တဲ့ အခါမျိုးမှာ အင်မတန် အလုပ်များတဲ့ ဟန်နဲ့ ဟိုသွားသလို၊ သည်သွားသလို လုပ်နေရတာမျိုးကိုလည်း သာယာ နေတတ်ပါပြီ။ ကိုယ့်စားပွဲရှေ့ကို လူတစ်ယောက်ယောက် လာရပ်လို့ကတော့ ချက်ချင်းမော့မကြည့်ပဲ၊ စာရွက်တွေ လှန်လှော ရှာဖွေနေသလိုလို၊ အရေးကြီးတဲ့ စာတစ်စောင်စောင် ရေးနေရသလိုလို လုပ်နေရတာမျိုးကိုလဲ ကျွန်တော် အရသာ တွေ့နေပါပြီ။

“ဗျာ .... ခင်ဗျား ကိစ္စ .. ကျွန်တော် တင်ပြထားပါတယ်။ မလွယ်ဘူးဗျာ .. အဆင့်ဆင့်ကို ဖြတ်သန်းရတယ်။ ကောင်းပြီလေ .. ကျွန်တော် ကြည့်လုပ်ပေးရမလား ..” စတဲ့ စကားတွေကို ပြောဆိုရတာကလဲ ရိုးစင်းနေပါပြီ။ ခုတော့ ကျွန်တော့်အတွက် ဘာမှ မရှိတော့ပါဘူး။ ဖိုင်တွဲတွေလဲ မရှိတော့ဘူး။ စာရွက် စာတမ်း တွေလဲ မရှိတော့ဘူး။ မျက်နှာသေလေးတွေနဲ့ပဲ ဖြစ်ဖြစ်၊ စကားရော ဖောရောပဲ ဖြစ်ဖြစ် ကျွန်တော့်ကို လာတွေ့တဲ့ လူတွေလဲ မရှိတော့ပါဘူး။ ရုံးတက်ချိန်နား နီးလာလို့ကတော့ ကျွန်တော့်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ထိုင်ရကောင်းနိုးနိုး၊ ထရကောင်းနိုးနိုး ဖြစ်ရတော့တာပဲ။ သည်လို အခါမျိုးမှာ အင်မတန် အရသာခံတတ်တဲ့ ကျွန်တော့်လျှာဟာ ချိုမြမြ အဖန် ရသလေးကို အလိုက်ကန်းဆိုးမသိ တောင်းဆို တတ်တာကတော့ဖြင့် ကျွန်တော် ရင်ဆိုင်ရ အခက်ခဲဆုံး အကျပ်အတည်း တစ်ခုပါပဲ။

ကျွန်တော့်မိန်းမကို လှမ်းကြည့်လိုက်ပါတယ်။ ကျွန်တော့် အကြည့်ထဲမှာ အမျှော် အခေါ်လေးတွေ ရှိမှာပါ။ ဒါပေမယ့် မိန်းမကတော့ ကျွန်တာ့်ကို ရှိတယ်လို့မှ အောက်မေ့ရဲ့လား မသိပါဘူး။ ရုံးသွားဖို့ အိမ်ထဲက စက်ဘီးကို ဆွဲထုတ်နေပါတယ်။ “မိန်းမ”လို့ ကျွန်တော် ခေါ်လိုက်ပါတယ်။ မိန်းမက လှည့်ကြည့်တယ်။

“ဘာလဲ”

ကျွန်တော် မကြိုက်ဘူး။ သူကြည့်ပုံ ကျွန်တော် မကြိုက်ဘူး။ သူမေးပုံ မကြိုက်ဘူး။ ကျွန်တော်ဟာ အလုပ်မရှိတဲ့သူ၊ အိမ်ကိုငွေကြေးအားဖြင့် ထောက်ပံ့မှု မပေးနိုင်တဲ့သူလို့ ခံစားလိုက်ရ သလိုပါပဲ။ ဒါကြောင့် “မင်း ငါ့ကို လက်ဖက်ရည်ဖိုး နှစ်ကျပ်လောက်တော့ ပေးခဲ့ဖို့ ကောင်းတယ်” ဆိုတဲ့စကားလဲ ကျွန်တော့်နှုတ်က ပြောမထွက်တော့ပါဘူး။ ကျွန်တော် ပြန်ပြောမနေတော့ပဲ သည်အတိုင်း နေလိုက်ပါတယ်။ မိန်းမကတော့ စက်ဘီးခြေနင်းပေါ် သူ့ဘယ်ခြေထောက်ကို တင်လိုက်ပြီး “ရှင် အဝတ်တွေ လျှော်ထားလိုက်ဦး”လို့ အမိန့်ပေး ထွက်သွားပါတော့တယ်။

ကျွန်တော် နားလည်လိုက်တယ်။ ကျွန်တော် တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ကျွန်တော့်ရဲ့ တန်ဖိုးဟာ တဖြည်းဖြည်း နိမ့်ဆင်းနေပြီ ဆိုတာကို ပြလိုက်တာပဲ။ ဒီအတွက် မိန်းမကို အောင့်သက်သက် ခံစားရပေမယ့် အပြစ် လုံးလုံးလျားလျား ပုံမချလိုပါဘူး။ သူလဲ လူတစ်ယောက်ပဲ။ လူဆိုတာ အခြားသူတစ်ယောက်ရဲ့ အရေးပါမှုကို တော်တော် သိခဲတာကလား။ လူမြောက်မြားစွာနဲ့ ဆက်ဆံဖူးခဲ့ပြီမို့ ၊ ဒီအချက်ကို ကောင်းကောင်း နားလည်ပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ အခန်းကဏ္ဍကို ပြသတတ်ဖို့ပါပဲ။

ကျွန်တော် ကုလားထိုင်မှာ ထိုင်တယ်။ လက်ကို ပိုက်တယ်။ ခြေထောက်တွေကို ချိတ်တယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွေ့အကြုံတွေကို ပြန်လည် သုံးသပ်တယ်။ ဒီအချိန်မှာပဲ ရေဆာလာတယ်။ ရေ ထသောက်တယ်။ ပြန်ထိုင်တယ်။ စဉ်းစားပြန်တယ်။ ဒါပေမယ့် ခဏလောက်နေတော့ ကျွန်တော့် အာခေါင်ထဲမှာ ခြောက်သလိုလို ဖြစ်လာပြန်ရော။ တစ်စုံတစ်ရာဟာ ကျွန်တာ့်လျှာပေါ်မှာ တရွရွ ပြေးနေပြန်တယ်။ ကျွန်တော် ရေသောက်ပြန်တယ်။ ဒါပေမယ့် အဲဒီအရာဟာ ပျောက်မသွားဘူး။ လျှာရင်းကနေ လျှာဖျား၊ လျှာဖျားကနေ လျှာရင်း ပြေးနေတယ်။ ပြီးတော့ ကျွန်တော့်လျှာဟာ ဟင်းလင်းပြင်ထဲက အာကာသ သူရဲကောင်း တစ်ယောက် ပေါလော မျောနေသလို ဖြစ်ပြန်တယ်။ ဆုပ်ကိုင်ရာမဲ့၊ အကွယ်အကာမဲ့ ဟာနေတယ်။ နောက်.. အဲ့ဒီအရာဟာ တဖြည်းဖြည်း ကြီးထွားလာနေတယ်။

ကျွန်တော် သိလိုက်ပါပြီ။ ဒိအရာဟာ ရေတစ်ပေါက်ကို တောင်းဆိုနေတာ မဟုတ်ဘူး။ လက်ဖက်ရည် တစ်ခွက်ကို တောင်းဆိုနေတာပဲ။ ရှပ်အင်္ကျီ အိတ်ထောင်ကို ကျွန်တော် စမ်းလိုက်မိတယ်။ ကျွန်တော့်စိတ်ဓာတ်ဟာ အမှုန်အမွှားမျှ သေးငယ်သွားပြန်ပါတယ်။ ကျွန်တော့် ကိုယ်ခန္ဓာဟာ ကုလားထိုင်ပေါ်မှာ ဒီအတိုင်း ငူငူကြီး ထိုင်နေမိလျက် ဖြစ်နေပြန်တယ်။ မျက်လုံးတွေကလည်း မှုန်ရီလို့ နေမှာပါပဲ။ ငေးမိငေးရာ ငေးလို့ နေမှာပါပဲ။ ကျွန်တော် စိတ်ဓာတ်ကျလာတယ်။

ဒါကိုသိတဲ့ ကျွန်တော်ဟာ ဒီအဖြစ်က ရုန်းထွက်နိုင်ဖို့ ကြိုးစားပါတယ်။ လက်ဖက်ရည် တစ်ခွက် သောက်နိုင်ရမယ်လို့ ဆုံးဖြတ်ပြန်ပါတယ်။ ကော်နဲ့ ကပ်ထားသလား အောင့်မေ့ရတဲ့ အိတ်ကပ်က ကျွန်တော့်လက်ကို ရုပ်လိုက်တယ်။ ကုလားထိုင်က ထတယ်။ အံဆွဲတွေ ဖွင့်တယ်။ အိပ်ရာလိပ်တွေ သွားလှန်တယ်။ သေတ္တာထဲက အင်္ကျီတွေ သွားဖွတယ်။ တစ်ပြားမှ မတွေ့ဘူး။ ကျွန်တော်ဟာ အရူးတစ်ယောက်လိုပါပဲ။ ခွေးခြေပေါ်တက်ပြီး ဘုရားစင်ပေါ်မှာတောင် ရှာဖွေမိပါတယ်။ မတွေ့ဘူး။

ကုလားထိုင်ပေါ် ကျွန်တော် ပြန်ထိုင်ပြန်တယ်။ အိတ်ကပ်ကို စမ်းလိုက်၊ လျှာကို သပ်လိုက်နဲ့။ နှိုးဆွနေတဲ့ အာရုံနဲ့ ရန်ဖြစ်ရင်း ကျွန်တော် စဉ်းစားကြည့်တယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို လက်ဖက်ရည် တစ်ခွက်တော့ သောက်သင့်ပါတယ်။ ဒီလို ဖြစ်အောင်လဲ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာကိုး။ ဒါကြောင့် တစ်မနက်ခင်းလေးနဲ့ ဒီအာရုံကို ငြင်းပယ်ပစ်ဖို့ မသင့်လျော်ဘူး။ လုပ်လဲ မလုပ်ထိုက်ဘူးလို့ ကျွန်တော် ထင်လာတယ်။ ဟုတ်တယ် .. ။ စဉ်းစားလေ ပိုခိုင်မာလာလေပဲ။

ကျွန်တော် အိမ်က ထွက်လာခဲ့တယ်။ ကျွန်တော့်စိတ်ကူးကတော့ ဒီကိစ္စကို နောင်မှ မိန်းမနဲ့ ညှိနှိုင်းဖို့ပဲ။ ခုတော့ လက်ဖက်ရည် တစ်ခွက် သောက်ရမှ ဖြစ်လိမ့်မယ်။ နောက်ဆုံး ဆိုင်ရှင်ကို နောက်နေ့မှ ရှင်းမယ်ဗျာလို့ ပြောရုံပါပဲ။ ဒါပေမယ့် ဒီလို ပြောရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဆိုင်မှာ ကျွန်တော့်ကို လက်ဖက်ရည် တစ်ခွက် တိုက်မယ့်လူ တစ်ယောက်ယောက်တော့ ရှိနေမှာပါပဲ။ လမ်းလျှောက်ရင်း မျှော်လင့်မှုဟာ ယုံကြည်မှု တစ်ခုအဖြစ် ပြောင်းလဲလာပါတော့တယ်။ ကျွန်တော် စိတ်တက်ကြွလာပြန်တယ်။ ခြေလှမ်းတွေ သွက်လာပြန်ပါတယ်။ ကျွန်တော့် ဦးခေါင်းဟာလဲ မတ်လာပြန်ပါတယ်။ ဆိုင်ထဲ ဝင်ဝင်ချင်းပဲ “လက်ဖက်ရည် တစ်ခွက်ဟေ့”လို့ စိတ်ချလက်ချ မှာပစ်လိုက်ပါတယ်။

လက်ဖက်ရည်တစ်ငုံကို အရသာခံ မျှင်းသောက်ပြီးတော့မှ ဆိုင်ထဲကို ကျွန်တော် ဝေ့ဝဲကြည့်လိုက်မိတယ်။ ကျွန်တော့် မျက်နှာသိ တစ်ယောက်မှ မရှိဘူး။ ထပ်ကြည့်တယ်။ သေသေချာချာ ရှာတယ်။ ကျွန်တော် ပူပန်လာမိတော့တယ်။ လက်က အိတ်ကပ်ကို မသိမသာ ရောက်သွားပြန်တယ်။ ကျွန်တော် စိတ်ဓာတ် ကျစ ပြုလာတယ်။ လက်ဖက်ရည်ကို ဆက်မသောက်နိုင်ပဲ ဆိုင်ပေါက်ဝကို ငေးနေမိလျက် ဖြစ်နေပြန်ပါတယ်။ အသိအကျွမ်း တစ်ယောက်ယောက်များ ဝင်လာမလားပေါ့။ ဒီအခါမှာတော့ ရုံးမှာ နေခဲ့ရတဲ့ ဘဝကို လွမ်းသလိုလိုပါပဲ။ အင်း ... အရင် တုန်းကတော့များ .... ဆိုတဲ့ အတိတ်က ဖိစီးလာပြန်ပါတယ်။

ကျွန်တော် စိတ်ပျက်သွားပါတယ်။ ဒါပေမယ့် ကံကောင်း ထောက်မစွာပဲ အသိတစ်ခုက ခေါင်းထဲ ဝင်လာလေရဲ့။ တခြား မဟုတ်ပါဘူး။ ကျွန်တော့်ကို လက်ဖက်ရည်ဆိုင် ခေါ်ခဲ့ဖူးသူတွေဟာ ကျွန်တော်နဲ့ အရင်က သိကျွမ်းဖူးသူတွေ မဟုတ်ဖူးဆိုတဲ့ အချက်ပါပဲ။ အခွင့်အရေးတစ်ခု ပေါ်လာရင် သူ့ဘာသာ ဖြစ်သွားတတ်စမြဲပါ။

ဟုတ်တယ် ... အခွင့်အရေးပေါ်လာခိုက် လုပ်တတ်ဖို့ပဲ လိုတယ်။ ကျွန်တော် တွေးလို့မှ မဆုံးသေးဘူး။ အခွင့်အရေး တစ်ခုဟာ ကျွန်တော့်ရှေ့ ဗြုန်းကနဲ ပေါ်လာတာ ကျွန်တော် တွေ့လိုက်ရပါတယ်။ ဒါကလဲ ကျွန်တော် မြင်တတ်လို့ပါ။ သာမန်လူဆိုရင် မြင်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ ဒီအတွေးနဲ့ ကျွန်တော်ဟာ ပိုလို့ ကျေနပ် ဝမ်းသာသွားပြန်ပါတယ်။

ဒီလိုပါ။ ကျွန်တော့်ရှေ့ကလူဟာ ဒူးယားတစ်လိပ်ကို နှုတ်ခမ်းမှာတင်ပြီး “မီးခြစ်”လို့ လှမ်းတောင်းလိုက်ပါတယ်။ ဆိုင်ရှင်လည်း မီးခြစ်ရှာသလိုလို လုပ်ပြီးမှ “ဘယ်ရောက်သွားလဲ မသိဘူး” လို့ ပြန်ပြောပါတယ်။

ကျွန်တော် အိတ်ထဲက မီးခြစ်ကို ထုတ်တယ်။ အဖုံးကို လှပ်တယ်။ ဘီးကို လက်မနဲ့ ဖိခြစ်ပေးလိုက်တယ်။ တောက်လာတဲ့ မီးစကို သူ့ရှေ့ ကျွန်တော် ထိုးပေးလိုက်တယ်။ ဖွာရှိုက်လိုက်တဲ့ စီးကရက်ငွေ့တွေ လွင့်ပြန့်သွားပါတယ်။ မီးခြစ်ကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ရင်း ...... “ခင်ဗျား .. ကျွန်တော်နဲ့ တွေ့တာ သိပ်ကံကောင်းတယ်” ဒီစကားကို ဣနြေ္ဒရရ ပြောလိုက်နိုင်တာ တွေ့ရတော့ ကျွန်တော့်ကိုယ် ကျွန်တော် အံ့သြသွားပါသေးတယ်။ ဒီစကားမျိုးကို ကျွန်တော် မပြောရတာ ကြာပါပြီ။ ခု .. ကျွန်တော့်နှုတ်က ချောချောမွတ်မွတ် ထွက်လာတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လဲ ပိုလို့ ယုံကြည်လာပါတယ်။ အလုပ်လုပ်နေရသလို ကျွန်တော် ပြန်ခံစား ရပြန်ပါတယ်။ ဒါပေမယ့် ရှေ့ကလူကို အကဲခတ်ကြည့်လိုက်တော့ ဒီလောက်နဲ့ မလုံလောက်သေးဘူး။ ဒါ့ထက် ပိုတိကျဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ ဒါကြောင့် ကျွန်တော် ဆက်ပြောတယ်။
“ကျွန်တော်နဲ့တွေ့တာ ခင်ဗျား အတွက် သိပ်အဆင်ပြေသွားတယ်”
ရှေ့ကလူဟာ စီးကရက်ကို ဆက်လက် မဖွာနိုင်လောက်အောင် ကျွန်တော့်ကို အံ့သြတကြီး ကြည့်လိုက်တယ်။ အလို ... ဘယ်လိုများ အဆင်ပြေတာပါလိမ့်လို့ တွေးနေပုံပါပဲ။ ဒါဟာ ကျွန်တော့်အတွက် ကောင်းတဲ့ လက္ခဏာ တစ်ရပ်ပါ။

ကျွန်တော် သူ့ကို ရှင်းပြမှ ဖြစ်တော့မယ်။ လူတချို့ဟာ ကိစ္စဝိစ္စတွေကို လွယ်လွယ်ကူကူ ဆောင်ရွက် နိုင်တယ်လို့ချည်း အောက်မေ့တတ်ကြတယ်။ တကယ်က ဒီလို မဟုတ်ဘူး။ ဘယ်ကိစ္စမဆို ခက်ခဲတာချည်းပဲ။ ကြည့် ... ကျွန်တော် မီးခြစ် ခြစ်ပေးလိုက်တဲ့ ကိစ္စ ။

“ကျွန်တော့်ဆီမှာ မီးခြစ်ရှိနေတာ ခင်ဗျား အတွက် တော်တော် အဆင်ပြေသွားတယ်။ ဒါပေမယ့် ဒါကလည်း လွယ်တာ မဟုတ်ဘူး။ ပထမ .. ကျွန်တော့်မှာ မီးခြစ်ရှိနေရမယ်။ ဒါပေမယ့် မီးခြစ်ချည်းပဲ ရှိလို့က မီးတောက် ဖြစ်မလာနိုင်ဘူး။ ဒုတိယ မီးခြစ်ကျောက် ရှိနေရမယ်။ တတိယ ဓာတ်ဆီ ရှိနေရမယ်။ ဒီ တတိယ အဆင့်က နည်းနည်း ရှုပ်ထွေးတယ်။ ဘာလို့လဲ ဆိုတော့ ဓာတ်ဆီ ထည့်နိုင်အောင် အိမ်မှာ ဓာတ်ဆီပုလင်း ရှိနေဖို့ လိုအပ်လို့ပဲ။ ယာဉ်မောင်းသူတွေနဲ့ မခင်မင်ရင် ခင်ဗျား ဓာတ်ဆီတောင်းထားနိုင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ် ဝယ်နိုင်လောက်အောင် ပိုက်ဆံ မရှိရင်လည်း ခင်ဗျားမှာ ဓာတ်ဆီရှိနေမှာ မဟုတ်ဘူး။ စတုတ္ထ ခင်ဗျား နှုတ်ဖျားပေါ်ကို စီးကရက် တင်လိုက်ချိန်မှာ မီးခြစ် ရှိတဲ့လူနဲ့ ကြုံနေဖို့လည်း လိုအပ်နေသေးတယ်။ ဒါဟာလည်း တော်တော် ဖြစ်ခဲတဲ့ အဖြစ်ပဲ”

နည်းနည်း မောပန်းသွားပြီး ကျွန်တော် လက်ဖက်ရည်တစ်ငုံ သောက်လိုက်တယ်။ စကားစကို ဖြတ်ထားလို့ မဖြစ်ဖူး။ အဓိကကျတဲ့ အပိုင်းကို ကျွန်တော် မပြောရသေးဘူး။

“ခင်ဗျား သိတဲ့အတိုင်းပဲ၊ မီးခြစ် ခြစ်တဲ့ ကိစ္စမှာ အဆင့်ဆင့် ပါဝင်နေတယ်။ ဒီအဆင့်ဆင့်ကို ဖြတ်သန်းရာမှာ တစ်ခါတည်းနဲ့ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အင်မတန့် အင်မတန် ခက်ခဲပါတယ်။ ဒီလို ခက်ခဲတဲ့ ကိစ္စကို ကျွန်တော် ဆောင်ရွက် ပေးနိုင်တယ်ဆိုတာ ခင်ဗျား မြင်တဲ့အတိုင်းပါပဲ။ ပြီး .. ခင်ဗျား စဉ်းစားကြည့်စမ်းပါဦး၊ တကယ်လို့ ကျွန်တော့်မှာသာ မီးခြစ် မရှိဘူးဆိုရင် ဆိုင်ရှင်ရဲ့ စကားကြောင့် ခင်ဗျားစိတ်ထဲမှာ ကသိကအောက် ဖြစ်သွားမယ်။ ဆေးလိပ်ခဲပြီးခါမှ ထိုင်ခုံက ခင်ဗျား ထရပြန်ဦးမယ်။ နောက် .. ဆေးလိပ်သောက်နေတဲ့ လူဆီကို ခင်ဗျား ထသွား။ ကိုယ်ကို နည်းနည်း ကိုင်းညွတ်လိုက်ပြီး သူ့ရဲ့ စကားဝိုင်းကို နှောင့်ယှက်လိုက်မိလို့ အားနာတဲ့ဟန်နဲ့ ကျွန်တော့်ကို မီးတစ်တို့လောက် ခင်ဗျာလို့ ပြောရဦးမယ်။ ကဲ ... ခင်ဗျား ဖြတ်သန်းရမယ့် အဆင့်ဆင့်တွေ ဘယ်လောက် များလိုက်သလဲ။ ခင်ဗျား ဘယ်လောက် အလုပ်ရှုပ် ၊ အချိန်ကုန်လိုက်မလဲ”

ကျွန်တော် စကားကို ရပ်လိုက်တယ်။ သူ့ကို အကဲခတ်ကြည့်လိုက်တယ်။ သူဟာ ကျွန်တော် မီးခြစ် ခြစ်ပေးတဲ့ အတွက် ကျေးဇူး မတင်တောင်မှ၊ ကိစ္စတစ်ခုကို ခွဲခြမ်း စိတ်ဖြာ ကြည့်မြင်နိုင်တဲ့ “အမြင်ပေါက်မှု” အတွက် ကျွန်တော့်ကို လေးစား သွားသင့်တယ်။ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီအတွက် ကျွန်တော့်ကို လက်ဖက်ရည် တစ်ခွက် တိုက်သွားသင့်တယ်။

ဒါပေမယ့် ကျွန်တော် မျှော်လင့်သလို ဖြစ်မလာပါဘူး။ သူက ကျွန်တော့်ကို မျက်မှောင်ကြုတ် ကြည့်ပါတယ်။ ဘယ်လို ကောင်ပါလိမ့်ဆိုတဲ့ အကြည့်မျိုး။ လွယ်နေတာကို မခက် ခက်အောင် လုပ်နေတဲ့ကောင် ဆိုတဲ့ အကြည့်မျိုး။ နောက် .. ပိုက်ဆံထုတ်တယ်။ ဆိုင်ရှင်ရဲ့ စားပွဲပေါ်ရောက်သွားတဲ့ ပိုက်ဆံတွေကို ကျွန်တော် လိုက်ကြည့်မိတယ်။ တစ်ကျပ်နဲ့ ခြောက်ဆယ့်ငါးပြား။ ကျွန်တော့်အတွက် မပါဘူး။

စိတ်ပျက် လက်ပျက်နဲ့ သူ့နောက်ကျောကို ကျွန်တော် လှမ်းကြည့်နေလိုက် မိပါတော့တယ်။ တော်တော် ထူတဲ့လူ။ ဘယ်လိုမှ ကြီးပွားလမ်း မမြင်တဲ့သူ။ ကိစ္စမြားမြောင် လူတို့ဘောင်မှာ ယောင်တောင် ယောင်န အတော်ခွကျဦးမယ့်လူ။ တောင်ပြေး မြောက်ပြေးနဲ့ အလုပ်မပြီးပဲ ဆွေးမြေ့သွားမယ့်လူ။
 
ခက်တယ် ..... လူတွေဟာ ခက်တယ်။ ကျေးဇူးတရားကို နားမလည်ကြဘူးလို့ စိတ်ထဲက ညည်းညူရင်း ကျွန်တော် အိမ်ပြန်လာခဲ့တယ်။ အဝတ်လျှော်တယ် ၊ တံမြက်စည်း လှည်းတယ်။ အလုပ်ပြီးသွားတော့ ကျွန်တော် လက်ဖက်ရည် သောက်ချင်လာပြန်တယ်။ မိန်းမထားတတ်တဲ့ နေရာတွေကို ကျွန်တော် ရှာပြန်တယ်။ မတွေ့ဘူး။ မိန်းမကို ကျွန်တော် စိတ်တိုလာမိတယ်။ ဒီမိန်းမကိုတော့ ကျွန်တော်ပြောမှ ဖြစ်မယ်လို့လဲ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်တော့်မှာတော့ အိမ်အလုပ်တွေ တကုန်းကုန်းလုပ်ရလို့။ ကနေ့ အဝတ်လျှော်ရတာကိုက မနည်းဘူး။ သိပ်ခက်တယ်။ ပြောတော့တာ အဝတ်လျှော်တယ်တဲ့။ တကယ်တော့ မဟုတ်ဘူး။ မလျှော်ဖွတ်ခင် အဝတ်တွေကို ရေစိမ်ထားရသေးတယ်။ ပထမ ပလပ်စတစ် ဇလုံကြီးထဲကို ရေခပ်ထည့်ရသေးတယ်။ ဒုတိယ အဝတ်ဟောင်းတွေကို စုစည်းရတယ်။ တတိယ အဝတ်တွေကို ရေထဲ နှစ်ရတယ်။ စတုတ္ထ ချေးနူးသွားအောင် ခဏထိုင်စောင့်ရတယ်။ ပဉ္စမ အင်္ကျီတစ်ထည်ချင်း ဆယ်ရတယ်။ ဆဋ္ဌမ ဆပ်ပြာမကုန်အောင်၊ တိုက်လို့လည်း ဖြစ်အောင် ရေကို နည်းနည်း ညှစ်လိုက်ရတယ်။ ဒီနေရာမှာ ချိန်ဆမှု လိုတယ်။ သတ္တမ ဆပ်ပြာကို ဖော့ဖော့ တိုက်ရတယ်။ အဋ္ဌမ အင်္ကျီကို ဖွပ်ရတယ်။ နဝမ ရေလျှော်ရပြန်တယ်။ ဒဿမ အဝတ်လှမ်းရပါတယ်။ မီးခြစ် ခြစ်ပေးတာထက်တောင် ပိုခက်ခဲ ရှုပ်ထွေးပါတယ်။ ပို အချိန်ကုန်ပါတယ်။

ကျွန်တော် စဉ်းစားခဲ့တဲ့ အတိုင်း မိန်းမပြန်လာတော့ ပြောပြပါတယ်။ ကျွန်တော် သူ့ကို ရှင်းပြရာမှာ “အဆင့်ဆင့်”ဆိုတဲ့ စကားလုံး “ခက်တယ်”ဆိုတဲ့ စကားလုံး၊ “စောင့်ရတယ်”ဆိုတဲ့ စကားလုံး၊ “မလွယ်ဘူး”ဆိုတဲ့ စကားလုံး၊ အဲဒါတွေကို အလျဉ်းသင့်သလို ကုလားဖန်ထိုး ပြောပါတယ်။

“ရှင် ဘာတွေ ပြောနေတာလဲ”
“ငါ လုပ်ခဲ့ရတာ ဘယ်လောက်ရှုပ်ထွေးတယ် ဆိုတာ မင်းသိအောင်လို့ပါ”

မိန်းမဟာ အိပ်နေရာက ဝုန်းကနဲ ထထိုင်ပြီး ၊ ကျွန်တော့်ကို အော်ပါတော့တယ်။
“ဘာ ရှုပ်ထွေးရမှာလဲ၊ ဘာ မလွယ်ရမှာလဲ။ ဘာ စောင့်နေရတာလဲ။ ဘာ ခက်ရမှာလဲ။ ဘာ အဆင့်ဆင့်လဲ။ မဟုတ်တရုတ်တွေ လာပြောမနေနဲ့”

ကျွန်တော် ရှင်းပြဖို့ ထပ်ကြိုးစားပါသေးတယ်။ မိန်းမက လက်မခံဘူး။ နောက်ဆုံးတော့ မထူးပါဘူးလေ ဆိုပြီး ကျွန်တော် လိုချင်တဲ့ ပိုက်ဆံကို ပြောင်ပြောင် ဖွင့်ပြောလိုက်ဖို့ စဉ်းစားပါသေးတယ်။ ဒါပေမယ့် ကျွန်တော် မပြောဖြစ်ဘူး။ သူလည်း အလုပ်လုပ်နေသူပဲ။ နားလည်သင့်တယ်။ ပြီး .. မိန်းမနဲ့ ကျွန်တော် ဆိုတာ ဖွင့်ပြောရမယ့် လူတွေ မဟုတ်ဘူး။ ဗြောင် ဖွင့်ပြောရတယ်ဆိုတာ သိက္ခာကျတယ်။ လူဆိုတာ မာနနဲ့ ။ သိက္ခာနဲ့။

ကျွန်တော် လာလုပ်သင့်ပါသလဲ။ ရှင်းပါတယ်။ သူခိုင်းသမျှ ကျွန်တော် ပစ်ထားလိုက်ရုံပါပဲ။ ကျွန်တော် ဘာမှ မလုပ်တော့ဘူး။ ဒီတော့မိန်းမကလဲ ကျွန်တော့်ကို လေသံမာမာနဲ့ ပုတ်ခတ်လာတယ်။ အသုံးမကျတဲ့သူ။ ကြောင်တောင် အချောင်နှိုက်ချင်တဲ့ သူ။ ဒီလို ပြောဆိုလာတော့ ကျွန်တော့် ရင်ထဲမှာ နာတယ်။ ဒါပေမယ့် ကျွန်တော်ကလဲ မာနကြီးတယ်။ မိသားစု ရဲ့ တာဝန်ဝတ္တရားတွေကို သိလျက်နဲ့ သည်အတိုင်းပဲ နေလိုက်တယ်။ ကျွန်တော် နေနိုင်ပါတယ်။ ကျွန်တော် နေတတ်ပြီလေ။

ဒီလိုနဲ့ ကျွန်တော်တို့ စကားမပြောကြတော့ဘူး။ တစ်မိုးအောက် အတူနေကြတဲ့ သူစိမ်းတွေ ဖြစ်သွားကြတယ်။ အိမ်ကလည်း ထိန်းသိမ်းမယ့်သူ မရှိတော့ ဖရိုဖရဲ ဖြစ်လာတယ်။ ဖြစ်ပလေစေပေါ့။ ဘာ ဖြစ်လဲ။ ကျွန်တော်က ယောက်ျား၊ သူက မိန်းမ။ မနေတတ် မထိုင်တတ်ဖြစ်ရင် သူဖြစ်လိမ့်မပေါ့။ နောက်ဆုံး ကျွန်တော်လိုချင်တာ သူပေးလာရမှာပဲ။ ဒီအခါ သာသာထိုးထိုးလေး ဖြစ်တောင် သူပေးရဦးမယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပဲ။ ကျွန်တော့်ရဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွေ့အကြုံက ဒီလိုပဲ ပြဋ္ဌာန်းပေးထားတာပဲ။ တစ်နေ့မှာ သူက စလာရလိမ့်မယ်။

တကယ်ပဲ တစ်နေ့တော့ သူ ကျွန်တော့်ကို စကားစပြောလာတယ်။
“ရှင် ဘယ်လောက် မာနကြီးသလဲ”
“မင်းထက် ဆယ်ပြန်ကြီးတယ်”
“ရှင် တကယ် ပြောနေတာလား”
“ကလေးစကား မဟုတ်ဘူး”
“ဒီလိုဆို လိုက်ခဲ့”

ကျွန်တော် လိုက်သွားတယ်။ စားပွဲတစ်လုံးမှာ လူကြီး လေးယောက် ထိုင်နေကြတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ ဝင်ထိုင်လိုက်ကြတယ်။
“ကလေးစကား မဟုတ်ဘူးနော်”
“အေး”
လူကြီးတွေ ရှေ့မှာ ဆိုတော့ ကျွန်တော့်အသံကို ပိုမာ ပစ်လိုက်တယ်။
“ရော့ ...... ဒီမှာ လက်မှတ်ထိုး”

ကျွန်တော်ကြည့်လိုက်တယ်။ ကွာရှင်းပြတ်စဲခြင်း တဲ့။ ဘယ်လို ဖြစ်သွားတယ် မသိပါဘူး။ ကျွန်တော့်တစ်ကိုယ်လုံး ပူထူသွားတယ်။ ဘောလ် ပွိုင့်ကိုလိုက်ရှာ သလိုလိုနဲ့ ကျွန်တော် မနည်းကြီး ဣနြေ္ဒ ထိန်းထားရတယ်။ “စဉ်းစားပါဦး”လို့ တစ်ယောက်က ပြောတယ်။ “လင်နဲ့ မယားဆိုတာ .... ” အစချီပြီး အရှည်ကြီး ရှင်းပြနေပြန်တယ်။ မိန်းမ မျက်နှာကို မသိမသာ ကျွန်တော် ခိုးကြည့်လိုက်တယ်။ စဉ်းစားပါဦး ဆိုတဲ့ အကြည့်နဲ့။ ဒါပေမယ့် သူ့မျက်နှာထားက ခပ်တင်းတင်း။ ကျွန်တော်လည်း ခေါင်းကို ချက်ချင်း မော့ပစ်လိုက်တယ်။ လူကြီးတွေ ရှေ့မှာ သိက္ခာ ကျခံလို့ မဖြစ်ဘူး။ ကျွန်တော် လက်မှတ် ထိုးပေးလိုက်တယ်။

နှစ်ယောက်တည်း အိမ်ပြန်လာကြတော့မှ ကျွန်တော် စကားစလိုက်ပါတယ်။
“မင်း တကယ်လုပ်နေတာလား”
“ကလေး ကစားတာ မဟုတ်ဘူး”
“မင်း ဘယ်သူနဲ့ ဘယ်သွားနေမှာလဲ”
“နောက် ယောက်ျားနဲ့ ..”
“ဘာကွ”

ကျွန်တော် အော်ကြီးဟစ်ကျယ် ပြန်မေးလိုက်မိတယ်။ ကျွန်တော့် ခြေဖဝါးအောက်က မြေကြီးဟာ ငလျင်လှိုင်းတွေ ဖြစ်သွား သလိုပဲ။ ကျွန်တော့် နှလုံးသားဟာလဲ တုန်ခါလို့။ ဘယ့်နှယ် ... ယောက်ျားကြီး တစ်ယောက်လုံး အသက်ရှင်လျက် ငုတ်တုတ် ရှိနေတာကို နောက်ယောက်ျား ယူမလို့တဲ့။ ကျွန်တော့်မာနနဲ့ သိက္ခာကို အနက်ရှိုင်းဆုံး ပွန်းရှခြင်းပါပဲ။

ဒါပေမယ့် သူကတော့ အေးအေး ဆေးဆေး ။ သေတ္တာထဲ အဝတ်အစားတွေ ထည့်လို့၊ မတုန်မလှုပ်နဲ့။ ကျွန်တော် အခံရ ခက်လာတယ်။
“မင်း မသွားရဘူး”
ကျွန်တော် အော်ပြောလိုက်ပြန်တယ်။ သူ ကျွန်တော့်ဘက် လှည့်ကြည့်တယ်။ မမျှော်လင့်တဲ့ စကားတစ်ခွန်း ကြားလိုက်ရသလို။ မယုံကြည်နိုင်သလို။
“ခုမှတော့ မဖြစ်နိုင်တော့ပါဘူး”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ”
“လူကြီး မိဘတွေကို ဖွင့်ပြောပြီး ... သူအားလုံး စီစဉ်ထားပြီးပြီ”
“ဘာတွေ ပြီး......ပြီး ... မင်း ငါနဲ့ပဲ ပေါင်းရမယ်”

“ဒါဆိုရင် ကျွန်မတို့ လုပ်ရမှာ သိပ်ရှုပ်ထွေး သွားလိမ့်မယ်။ ပထမ .... သူနားပေါက်အောင် ပြောရလိမ့်ဦးမယ်။ ဒါက မလွယ်လှတဲ့ ကိစ္စပဲ။ ဒုတိယ .. လူကြီးမိဘတွေကို တောင်းပန်ဖို့က ခက်ခဲတယ်။ တတိယ ... သူ ဘယ်လို တုန့်ပြန်လာမလဲ ဆိုတာကို မမှန်းဆနိုင်ဘူး။ စတုတ္ထ ... ရှင်နဲ့ ကျွန်မ ပြန်လက်ထပ်ရဦးမယ်။ အဆင့်တွေ ဘယ်လောက် များလိုက်သလဲ”

ကျွန်တော် မိန်းမကို အံ့သြတကြီးနဲ့ ကြည့်လိုက်မိပါတယ်။ ရှုပ်ထွေး၊ ခက်ခဲ၊ မလွယ်လှ၊ မမှန်းဆနိုင်၊ အဆင့်ဆင့် ။ အလို .... ။ ကျွန်တော့်လက်ဟာ အိတ်ကပ်ကို အလိုအလျောက် စမ်းမိလျက် ဖြစ်သွားပါတယ်။

“ဒီ အဆင့်တွေဟာ အဆင့်ကြီးတွေပဲ ရှိသေးတယ်။ အဆင့်ကြီး တစ်ခုမှာ အဆင့်လေးတွေ ရှိသေးတယ် ဆိုတာ ရှင်သဘောပေါက်မှာပါ”
မြတ်စွာဘုရား .......။ အဆင့်ကြီးတဲ့။ အဆင့်လေးတဲ့။ ကျွန်တော် အသက်ရှူလို့ မဝတော့ဘူး။

“ဥပမာ သူနားပေါက်အောင် ပြောရမယ့် အဆင့်ကြီးကိုပဲ ကြည့်။ ပထမ .. သူနဲ့ အင်မတန်ရင်းနှီးတဲ့ ၊ ဒါမှမဟုတ် သူ့အပေါ်မှာ သြဇာရှိတဲ့ လူတစ်ယောက်ကို ရှာရမယ်။ ဒုတိယ .. အဲဒီလူကို အကျိုးအကြောင်း ရှင်းပြရမယ်။ ဒီလူက လက်ခံဦးမှ။ လက်ခံတယ် ထားလိုက်ဦး။ တတိယ .. ဒီလူအနေနဲ့ သူ့ဆီ အဝင်ချောအောင် စီစဉ်ပေးရဦးမယ်။ စတုတ္ထ ... ဒီကိစ္စမျိုးက ဝုန်ဒိုင်း ပြောလို့ မဖြစ်တော့ ဒီလူကလဲ တစ်လုံးစ .. နှစ်လုံးစနဲ့ စရမှာပဲ။ ပဉ္စမ ... ”

ကျွန်တော် သူ့ကို ဆက်မပြောဖို့ လက်ပြတားလိုက်မိပါတော့တယ်။

“ရှင် သဘောပေါက်သွားပြီ မဟုတ်လား။ ရှင် တွေ့ဖူးသမျှထက် အဆင့်တွေ ပိုများပြား၊ ရှုပ်ထွေး၊ ခက်ခဲတယ်ဆိုတာ မြင်သာပါတယ်”

ကျွန်တော့်မှာ ဘာစကားမျှ ပြန်မပြောနိုင်တော့ပါဘူး။ သူပြောတဲ့ အဆင့်ကြီးတွေကိုလည်း မငြင်းနိုင်ပါဘူး။ ဒီတော့ စရိတ်စက က... ။ ကျွန်တော် သိပ်စိတ်အား ငယ်သွားတယ်။

မိန်းမကတော့ သေတ္တာကို ပိတ်လိုက်တယ်။ မျက်စချီတယ်။ သရော်ပြုံး တစ်ချက်ပြုံးတယ်။ ထွက်သွားတယ်။

ကျွန်တော်သာ အိမ်ပေါက်ဝမှာ တစ်ယောက်တည်း ကျန်ခဲ့ပါတော့တယ်။ ပါးစပ်က အဟောင်းသားနဲ့။ ကြံရာမရနဲ့။ မတ်တတ်ရပ်လျက်။ လက်က အိတ်ကပ်ပေါ်မှာ တင်လျက်။

ရှာဖွေစုဆောင်းမိသလောက်လေးပါ

ဘဝ၏ မင်္ဂလာနှင့် ဆုံးမစကား
Life’s highest blessings and administertion
မကောင်းမှုကို ပယ်ဖျောက်တက်သောကြောင့် “ မင်္ဂလာ” ဟုခေါ်သည်

ဗုဒ္ဓသြဝါဒ

သဗ္ဗပါပဿ အကရဏံ ၊ ကုသလဿ ဥပသမ္ဗဒါ
သစိတ္တ ပရိယောဒပနံ ၊ ဧတံဗုဒ္ဓါန သာသနံ

The administertion of Buddha (ဓမ္မပဒ ၊ ၄၁)

Not to do all avid, to do good, to purify one’s mind, this is the teaching of the Buddha.
မကောင်းမှုများ၊ ရှောင်ရှားဖယ်ခွာ၊ ကုသိုလ်တရားပြုငြားမကွာ၊ စိတ်ဓါတ်သန့်ရှင်း ပြစ်ကင်းစရာ မြတ်ဗုဒ္ဓ ဟောကြား ဒေသနာ။

The instructions of Buddha

ဗုဒ္ဓ၏ ညွှန်ကြားချက်များ
1. Dhama always exists every where,
ဓမ္မသည် နေရာတိုင်းတွင် အမြဲရှိသည်။

2. Be not unminindful of merironious deeds.
အပ္ပမဒေါစ ဓမ္မသု-ကုသိုလ် (၁၀)ပါး နေ့စဉ်ပွား ကြိုးစားမမေ့ရာ

3. Be need and humble.
နိဝါတောစ - မာနမတရားထောင်လွှား စိတ်ထားနှိပ့်ချပါ။

4. Be odedient.
သောဝစဿတာစ - ကောင်းရာညွှန်ကြားဆုံးမပြားမှတ်သားနာလွယ်ပါ။

5. Discuss Dhama at leisure time.
ကာလေန ဓမ္မဿ ကစ္ဆာစ - အားလပ်ချိန်ပေး တရားရေး ဆွေးနွေးမေးမြန်းပါ။

6. Have a firm mind in the midst of success of failure.
ဖုဌဿလောက ဓမ္မေဟိ - လောကဓံတရား တွေ့ကြုံငြား စိတ်ထားတည်ကြည်ပါ။

7. Discem the four noble truths.
အရိယာသစ္စာ ဒဿနဉ္စ - သစ္စာလေးပါး မဂ်ဉာဏ်ပွား ပိုင်းခြားမြရေမှာ။

8. The gift of the Dhamma exceeds all gifts.
တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။

9. Every man is the architect of the his own forture.
လူတိုင်းဟာ မိမိကံတရားရဲ့ ဗုသုကာပါပဲ။

Social Discipline - လူမှုစည်းကမ်း

Without honesty is no real growth.
ရိုးသားမှုမရှိရင် စစ်မှန်တဲ့ ကြီးပွားမှု တိုးတက်မှုမရှိဘူး။

Whthout honesty there is no freedon.
ရိုးသားမှုမရှိရင် စစ်မှန်တဲ့လွတ်လပ်မှုမရှိဘူး။

Without honesty there is no hope.
လွတ်လပ်မှုမရှိရင် ဘာမျှော်လင့်ချက်မှ မရှိဘူး။

Without honesty nothing is real.
ရိုးသားမှုမရှိရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး။

For giveness is power.
ခွင့်လွှတ်ခြင်းဟာ စွမ်းအားဆိုတာဖြစ်တယ်။

Do hat what your duty is, to do is your duty.
ကိုယ်လုပ်ရမှာကိုသာ လုပ်ပါ။ အကျိုးအမြတ်ကို အမျှော်လင့်ရာ။

Soft words win hard hearts.
နူးညံ့သောစကားလုံးသည် မာကျောသော နှလုံးသားများကို အောင်မြင်နိုင်သည်။

Peace is the most profitable of things.
ငြိမ်းချမ်းရေးသည် အရာအားလုံးအနက် အကျိုးအရှိဆုံး အရာဖြစ်သည်။

I’ ll got, ill spent.
မတရားရတဲ့ငွေ ကြာကြာမနေ
အရေးပါလို့ အရာရောက်တာလား
အရာရောက်လို့ အရေးပါတာလား
အခွံကိုကောင်းစွာ မခွာတက်လျှင်
အနှစ်အသားကို စားရန်ဝေးသေးသည်။
အရှိကို အရှိအတိုင်းမြင်အောင်လုပ်ပါ။
အပြောမှန်တာဟာ အလုပ်မှန်ကို လမ်းခင်းပေးတယ်
အလုပ်မှန်တာဟာ အသက်မွေးမှုမှန်ကို ထောက်ကူပေးတယ်။
အသက်မွေးမှုမှန်တာဟာ အားထုန်မှုမှန်ကိုဖြစ်စေတယ်
အားထုတ်မှုမှန်တာဟာ သှတိမှန်ကိုဖြစ်စေတယ်
သတိမှန်တာဟာ တည်ကြည်မှု သမာဓိမှန်ကို ဖြစ်စေတယ်
သမာဓိမှန်ဟာ ကိုယ်ပိုင်သိတဲ့ အသိဉာဏ်အမြင်မှန်ကို ရစေတယ်။
အံသြဘွယ်ကောင်းတဲ့ အကြောင်းအကျိုးကွင်းဆက်ဟာ ဗုဒ္ဓဘာသာမှာဘဲ တွေ့ရတယ်။
ပေးဆပ်မှုမရှိဘဲ ရသည့်ပအရာသည် ယဉ်ကျေးမှုဘဲ ကောက်ကျစ်၍ စားမလောက် ဖြောင့်သော် စားမကုန်
မျက်စိကန်းခြင်းထက် အသိဉာဏ်ကန်းခြင်းက ပိုကြောက်စရာကောင်း၏။
ကုန်ရှုံးတစ်ခေါက်၊ လင်ကုန်ရှုံးတော့ တစ်သက်]
ဆရာကုန်ရှုံးလျှင် တစ်သံသရာလုံးမှောက်။
ပညာရှိမထွန်းကား၊ လူကြွား လူမိုက်ပေါ်ထင်
အမြော်အမြင်ရှိက တိမ်မြုပ်၊ အဟုတ်မမှန်
ပြောသူက ရှေ့သွား၊ တရားမသိ သူတော်ယောင်
လင်ကြောင်တောင်နှင့် မျက်နှာချိုသွေး၊ တံစိုးပေးလျှင်
တရားသာ ၊ ဘုရားဒကာလည်း ဘုံဆိုင်ကြွ၊
ကျောင်းအစ်မလည်း အရောင်ခြယ်
သားအောင်သွယ်လို့ ရှင်ပြု၊ ဥစ္စာစုတဲ့ ကျောင်းကြီးရှင်
တကယ့်ကာလ အမဲ့ကာလ သည်ဘဝ သည်ကိုယ်စံ
နောက်ကာလမှ ဟို ကိုယ်ခံမည်ဟု
ရောက်ချင်ရာရောက်စေတော့ ၊ မကြောက်ဘူး ဧကန်
ခါးစည်းခံ၍ ခံမည်ဟု လမ်းမှန်ကိုမလိုက်
လမ်းမသမာကြိုက်ကြသည် လူမိုက်ဆရာတင်
ပညာရှင် မဆည်းကပ်၊ လူဗာလ လူအန္ဓသာ
တဖိတ်ဖိတ်
တရားသဘော ဘယ်လိုဟောလည်း
လိပ်ကျောကြောင်ကော် ပြောင်ချော်ချော်နှင့်
ပျော်တစ်ပြုံးပြုံး မော်မဆုံးဘဲ
နှလုံးမယှဉ် ဉာဏ်မယှဉ်တည်း။

(မန်လည် ဆရာတော်)



သူတော်နှုတ်

ခံတွင်းနှုတ်ပွတ် ၊ မမြက်သည်သာ
မြတ်ပါပြီ ၊ မီးနှင့်လောမီး၊ ဂေါသီစန္ဒကူး
ထူးပိအေးပူ ၊ ပူတို့အစေ ၊ မြစ်ရေညာဆန်
သတ္တ ဗ္ဘန်က ၊ ယုဂန်မြင်းမိုရ်
ကွဲပြိုခြအက် ၊ တိုက်စက္ကဝါ ၊ မြေကမ္ဘာလည်
လန့်ကာတက်အောက် ၊ ပြန်မှောက်စေမှု
အလူမယုတ် ၊ သူတော်နှုတ်ကား
မဖြုတ်သစ္စာ စောင့်တည်ရာ၏။

အရိပ်တရား

ကိုယ်ပြု ကာယကံ ၊ ကိုယ့်ဆီပြန် အမှန်ကြုံရမြဲ
ကိုယ်ပြုဝစီကံ ၊ ကိုယ့်ဆီပြန် အမှန်ကြုံရမြဲ
ကိုယ်ပြုမနောကံ ၊ ကိုယ့်ဆီပြန် အမှန်ကြုံရမြဲ
မရှိတာထက် အသိတာခက် ၊ မသိတာထက် မကျင့်တာခက်
မကျင့်တာထက် ၊ မယုံတာခက်
လောကကြီးပွားရေး ပညာဟာ အဓိကအားပဲ
အပျော်အပါးများတဲ့ မြို့ ၊ ရွာ ၊ နိုင်ငံဟာ ဆင်းရဲစမြဲပဲ။
(အမရပူရ အဟာဂန္ဓာရုံဆရာတော်)


ဆုံးမစာ

မပေးဘဲ မလိုလင့်၊ မမြိန်ဘဲ မစားလင့်
မမှည့်ဘဲ မဆွတ်လင့်
တိတ်တိတ်နေသော် ထောင်တန်၏
လူလိုက နတ်လိုကာ လူကြိုက်ကာ နတ်ကြိုက်ကာ
မပေါ့မလေး မနှေးမလျှင် ရွှေချိန်ခွင်သို့
မတင်မလျှော့ လှေဖောင်ဖော့သို့ အလျှော့ပညာ
တံငါလုလင် မျှားကြိုးငင်သို့ ပညာရှိမှ ခွင်သိသည်
ကျေးဇူးသိတက် စကားတက်မှ စည်းစိမ်တည်သည်။
(ကန်တော်မင် ကျောင်းဆရာတော်)


အမြဲစု

ရူပလက္ခဏာ ကိုယ်ခန္ဓာ များစွာဖောက်လှ မတည်မြဲ
လောကီဥစ္စာ ရတနာကို များစွာသိမ်းဆည်းနေမမြဲ
ပုထုဇဉ်လူ မောဟလူ မယူစွပ်စွဲ မှတ်မမြဲ
သစ်ကိုင်းခတ်ပြိုင် ကမ်းမနိုင် ပြိုယိုင်ရေထဲ တည်မမြဲ။
(တောင်ဖီလာဆရာတော် ရှင်ဥပါလိ)
သြဝါဒ ကထာ

ကာမဂုဏ်ကြောင့်လည်း မရူးနှင့်
ဥစ္စာကြောင့်လည်း မမြူးနှင့်
ကံကိုချည်းလည်း မယိုးနှင့်
ဉာဏ်ကိုချည်းလည်း မကိုးနှင့်
ပညာရှိသူကို ကိုးကွယ် ပညာမဲ့သူကို ပယ်
အရွယ်အဆင်းလှပခြင်းဖြင့် ပညာနှင့်ကင်းသူ လူမဆန်
အရောင်အဆင်း လှပခြင်းဖြင့် အနံ့ကင်းသော ပန်းကိုလူမပန်
သတိဝိရိယရှိသူ ဥစ္စာရှိမည်မကြောက်
စွမ်းအင်ရှိသူ ရန်သူလာမည်ကိုမထောက်
ပညာရှိသူ မေးမြန်းလာမည်ကိုမကြောက်
အစွမ်းသတ္တိရှိသူ လေးစွာဝန်ကိုမထောက်။

ဖယောင်းဆရာဝန် - ဒဂုန်ရွှေမျှား

ဖယောင်းဆရာဝန
 



၁၉၂၉ ခုနှစ်၌ ကျွန်တော်သည် အိုင်အေအတန်းကို အောင်မြင်ပြီးနောက် ကျောင်းမှ ထွက်ခဲ့ပြီးလျှင် အလုပ်အကိုင်ရှာဖွေလျက်ရှိလေ၏။ ထိုအချိန်သည်ကား မြန်မာပြည်တွင် ငွေရေးကြေးရေးအလုပ်အကိုင်မှစ၍ ကျပ်တည်းခက်ခဲယဉ်းစပြုလာပြီဖြစ်၍ အလုပ်အကိုင်တို့မှာ ရှာာဖွေ၍မရနိုင်လောက်အောင်ပင် ရှားပါးလျက်ရှိရကား၊ ကျွန်တော်၏ ကြိုးပမ်းခြင်းများမှာ အချည်းအနှီးဖြစ်ရတော့မလောက်ရှိ၏။ ကျွန်တော့မှာ ရုပ်ရည်များစွာမချောမောလှသော်လည်း သနားကမားရှိသောမျက်နှာရှိသည့်ပြင် ကိုယ်လုံးကိုယ်ပေါက်လည်း ကျနပြေပြစ်ခြင်းရှိသဖြင့် အချို့မိတ်ဆွေများက ရုပ်ရှင်ကုမ္ပဏီတစ်ခုခုဝင်ပြီးလျှင် ဇာတ်လိုက်မင်းသားလုပ်ရန် အကြံပေး၏။ ဤအ ကြံမှာ မကောင်းဟု မဆိုနိုင်ချေ။ သို့သော် အလုပ်အကိုင်မရှိဘဲ လှည့်ပတ်၍နေခြင်းထက် အအဘယ်ကြောင့်ဆိုသော် အလုပ်တစ်ခုခုကိုလုပ်၍နေခြင်းမှာ မြတ်၏။ ရုပ်ရှင်ဇာတ်လိုက်များမှာ တည်ကြည်ရိုးခြောင့်စွာ မိမိအရည်အချင်းဖြင့်အသက်မွေးကြသူများဖြစ်ကြ၍ သူတစ်ပါး၏ လက်အောက်၌ မိမိ၏ အရည်အချင်းဖြင့်အသက်မွေးကြသူများဖြစ်ကြ၍ သူတစ်ပါး၏ လက်အောက်၌ မိမိ၏အရည်အချင်းကို ကန်ထရိုက်နှင့်ရောင်းစားကြသော လခစားများထက်ပင် လွတ်လပ်ချောင်ချိစွာ ရှိကြ၏။

ဤကဲ့သို့ အလုပ်အကိုင်ရှာဖွေရင်း အချိန်သည် တဖြည်းဖြည်း ကုန်လွန်၍လာခဲ့ရာတစ်နေ့သော နံနက်ခင်း၌ ရန်ကုန်ဂေဇက်သတင်းစာကြော်ငြာပိုင်းတွင် အောက်ပါအတိုင်း ထူးဆန်းသောကြော်ငြာတစ်ခုကို တွေ့ရှိရပါသည်။

ရုပ်ရည်ချောမောပြေပြစ်သော မြန်မာလူမျိုး လူငယ်တစ်ယောက် အလိုရှိသည်။ အသက်မှာ ၂၅ နှစ်ထက်မကြီးရ၊ ၂၀ ထက်မငယ်ရ။ အင်္ဂလိပ်စာကို အတော်အတန်တတ်မြောက် ပြီးလျှင် ရိုးသားဖြောင့်မတ်၍ သွက်လက်ရမည်။ လှောက်ထားလိုသူတို့သည် မိမိတို့ပုံပါ ပူးတွဲ၍ သတင်းစာတိုက်မှတစ်ဆင့် “ဆရာဝန်” ဟု လိပ်တပ်ပြီးလျှင် စာဖြင့်(လူကိုယ်တိုင်မလာရ)လျှောက်ထားရမည်။ အလုပ်မရသောသူများထံသို့ စာပြန်ကြားလိမ့်မည်မဟုတ်။

အထက်ပါကြော်ငြာကို တွေ့လျှင်တွေ့ချင်း ကျွန်တော်သည် ပို့စကတ်အရွယ်ရိုက်၍ထားသော ကျွန်တော်၏ဓာတ်ပုံကိုပါထည့်ပြီးလျှင် သတင်းစာတွင်ပါသော လိပ်စာအတိုင်းလျှောက်ထားလိုက်လေ၏။ ၎င်းနောက် ကျွန်တော့မှာ အလုပ်များလျှောက်သောအခါ မည်သည့်အခါမျှ ပြန်စာမရခဲ့ဖူးသည်ဖြစ်၍ ခါတိုင်းကဲ့သို့ အမှတ်မဲ့ပင် နေထိုင်ခဲ့လျက် ဤအကြောင်းကိုမေ့လျော့လုမတတ်ရှိစဉ် စာတိုက်မှစာတစ်စောင်ကို ရရှိလေသည်။ ထိုစာမှာ အထက်ပါကြော်ငြာကို ထည့်သွင်းသူ ဒေါက်တာရိုင်းနိုးဆိုသူထံမှ စာဖြစ်၍ ကျွန်တော့အား လူကိုယ်တိုင်ကြည့်ရူတွေ့မြင်လိုသည်ဖြစ်၍ စာရသည့်နေ့ညနေခင်း၌ လာရောက်စေလိုကြောင်း ပါရှိလေသည်။ ၎င်း၏ နေရပ်လိပ်စာမှာ မြို့ပတ်လမ်းရှိ ခြံကြီးတစ်ခြံဖြစ်၍ ကျွန်တော်လည်း ထိုနေ့ညနေ၌ သွားရောက်ရန် သန္နိဋ္ဌာန်ချလိုက်လေ၏။

ညနေ ၄ နာရီထိုးသောအခါ အဝတ်အစားကို ကောင်းမွန်ကျနစွာ ဝတ်စားပြီးနောက်တက္ကစီတစ်စီးဖြင့် စာတွင်ပါသော လိပ်စာအတိုင်း သွားရောက်ခဲ့လေရာ စာတွင်ပါသောခြံကြီးသို့ရောက်သောအခါ ခြံဝ၌ အခွင့်မရှိ မဝင်ရဟူသောစာမှတစ်ပါး အခြားဆိုင်းဘုတ်ဟူ၍ မတွေ့ရမမြင်ရချေ။ ခြံကြီးမှာ အနီးအနားရှိ အခြားသောခြံများထက် ကျယ်ဝန်း၍ ခြံ၏နောက်ပိုင်း၌ကားနွယ်ပင်များတက်၍နေသော တိုက်အိုကြီးတစ်လုံးကို တွေ့မြင်ရ၏။ ကျွန်တော်လည်း မော်တော်ကားကို အခပေး၍ လွှတ်လိုက်ပြီးနောက် လမ်းအတိုင်း ဝင်၍သွားလေ၏။ တိုက်ဝသို့ရောက်သည့်တိုင်အောင် လူစလူနဟူ၍ မတွေ့ရသဖြင့် အနည်းငယ် စိတ်ပျက်၍လာပြီးလျှင် ဝရန်တာအောက်၌ရပ်ကာ ချောင်းဟန့်လိုက်ရာ ကျွန်တော်၏လက်ဝဲဘက်ရှိ အခန်းတစ်ခုထဲမှ အင်္ဂလိပ်ဘာသာဖြင့် “ဝင်ခဲ့လေ”ဟု လူတ်ယောက်ပြောလိုက်သောအသံကို ကြားရသဖြင့် စေ့၍ထားသော တံခါးရွက်တစ်ခုကို တွန်းပြီးလျှင် အတွင်းသို့ဝင်သွားပြန်လေ၏။

အခန်းအတွင်း၌ကား အသက် ၅၀ ကျော်ခန့်ရှိ အင်္ဂလိပ်လူမျိုးတစ်ယောက်ကို။ ရွှေကိုင်းမျက်မှန်အတွင်းမှ သိန်းငှက်၏မျက်လုံးနှင့်တူသော စူးရှသောမျက်လုံးများဖြင့် ကျွန်တော့အားကုလားထိုင်တစ်လုံးကို လက်ညှိုးညွှန်ပြလျက် ပြုံးရွှင်နှုတ်ဆက်သောမျက်နှာဖြင့် “ထိုင်ပါ၊ ထိုင်ပါ ကျုပ်ခင်ဗျားကို မျှော်နေတာပဲ၊ မောင်သိန်းရွှေဆိုတာ ခင်ဗျားပဲမဟုတ်လား”

“ဟုတ်ပါတယ်ခင်ဗျာ”
“ဝမ်းသာပါတယ်၊ ဝမ်းသာပါတယ်။ လူကိုမြင်ရတော့ ဓာတ်ပုံထဲမှာထက်တောင် အချိုးအစားကျပါသေးကလား”
“သည်လောက်လည်း ဟုတ်မယ်မထင်ပါဘူးခင်ဗျာ”
“ဟုတ်ပါတယ်၊ ကျုပ်ကမြှောက်ပြီး မပြောတတ်ပါဘူး”
“နေပါဦး ခင်ဗျားလုပ်မယ့်အလုပ်က ရပ်ရှင်ဇာတ်လိုက်အလုပ်မို့လား”
“ဘယ်ကလာဟုတ်ရမှာလဲ။ ကျုပ်က ဆရာဝန်ပဲ”
“သြော် … ဟုတ်ပေသားပဲ။ နေပါဦး ခင်ဗျားအလုပ်ကို တဆိတ်အမိန့်ရှိပါဦး”
“ပြောပါ့မယ်၊ ပြောပါ့မယ်၊ ဖြေးဖြေးပေါ့ဗျာ၊ ဆေးလိပ်များသောက်ပါဦး၊ အလုပ်ကတော့ခပ်အေးအေးနဲ့ ခပ်နွဲ့နွဲ့အလုပ်ပါပဲ”
“ပြောပါဦးခင်ဗျာ”
“ခင်ဗျားလူပျိုလား၊ မိန်းမနဲ့လား”
“လူပျို”
“ဟန်ကျလိုက်လေဗျာ၊ ဒါဖြင့် လူပျိုစကားပြောဖို့၊ မိန်းမတစ်ယောက်ကို စိတ်ပြောင်းသွားအောင် ချော့မော့ဖို့၊ ခင်ဗျားဘက်ကိုပါအောင်လုပ်ဖို့တော့ ကောင်းကောင်းကြီးတတ်မှာပေါ့”
“တတ်ပါတယ်”
“ရိုးသားဖြောင့်မတ်ရမယ်၊ ကျုပ်ပြောတဲ့စကားကိုလည်း နားထောင်ရမည်၊ သစ္စာလည်းရှိရယ်။ သည်ဟာက ဒုတိယအချက်ပဲ”
“ကောင်းပါပြီခင်ဗျာ၊ ခင်ဗျားပေးတဲ့သစ္စကို လုံခြုံအောင် စောင့်ထိန်းပါ့မယ်”
“ဟုတ်ပြီ ဟုတ်ပြီ။ သြော် … ဒါနဲ့ လခအကြောင်းကိုတောင် မပြောရသေးဘူး။ မေ့နေလိုက်တာ၊ အစိုးရဘက်မှာဖြစ်စေ၊ သူဌေးဘက်မှာဖြစ်စေ ခင်ဗျားအလုပ်လုပ်မယ်ဆိုရင် အခုနေမှာဘယ်လောက်ရပါ့မလဲ”
“၁၀၀ - ၉၀ လောက်တော့ ရနိုင်လိမ့်မယ်ထင်ပါတယ်”
“ထွတ် … ခင်ဗျားပညာအရည်အချင်းနဲ့ ခင်ဗျားရုပ်ရည်နဲ့ သည်လောက်များရရင် ဘာလုပ်ဖို့လဲ မောင်သိန်းရွှေ”
“ပိုပြီးပေးရင်လည်း ကျေးဇူးပါပဲခင်ဗျာ”
“ကျုပ်က တစ်လကို ၃၀၀ ပေးမယ်”
“ကောင်းပါပြီခင်ဗျာ ကျေးဇူးတင်ပါတယ်။ အလုပ်က ဘာလုပ်ရမယ်ဆိုတာ သေသေချာချာအမိန့်ရှိပါဦးခင်ဗျာ”
“အခု ပြောပါပြီကော မောင်သိမ်းရွှေ။ ကျုပ်ခိုင်းစေတဲ့အတိုင်း သစ္စာကတိနဲ့လုပ်ရုံပါပဲ။ ပင်ပန်းတဲ့အလုပ်လည်းမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်းလည်း လုပ်ဖို့မလိုပါဘူး”
“ဘယ်ကမိန်းကလေးတွေကို ကျွန်တော်က နှူးရမှာလဲခင်ဗျ”
“သည်ဟာ မောင်သိန်းရွှေ အလုပ်မဟုတ်ပါဘူး။ ကျုပ်က အမိန့်ပေးမယ်ပေါ့။ သို့သော်တစ်ခုတော့သတိထားရမယ်နော်။ ကျုပ်ပြောတဲ့စကားကို တစ်သဝေမတိမ်းအောင် နားထောင်ရမယ်ကြားလား”
“သည်ဟာကတော့ ခင်ဗျားလခကိုယူပြီး ခင်ဗျားစကားကို ကျွန်တော်နားထောင်ရပေမှာပေါ့”
“ကောင်းပြီ ကောင်းပြီ ဒီအချက်ပဲ ကျုပ်လိုချင်တယ်”

၎င်းနောက် ဆရာဝန်ရိုင်းနိုးသည် စားပွဲခုံအံဆွဲထဲမှ ငွေစက္ကူ ၁၀၀ တန် တစ်ချပ်ကိုထုတ်ပြီးနောက် “ရော့ မောင်သိန်းရွှေ ဒီမှာငွေ ၁၀၀ မင်းဝယ်ချင်ခြမ်းချင်တာ ဝယ်ခြမ်းပြီးနက်ဖြန်ကစ အလုပ်ဝင်တာပေါ့လေ”

“ကောင်းပါပြီ ခင်ဗျားကျေးဇူးပါပဲ”
“ပြီးတော့ တစ်ခုလည်းရှိသေးတယ်နော်”
“ဘာလဲခင်ဗျာ”
“အခု ခင်ဗှားကျုပ်လခစားဖြစ်ပြီ”
“မှန်ပါတယ်”
“ခင်ဗျား ဒီမှာအလုပ်လုပ်တဲ့အကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိမပေးစေချင်ဘူး”
“မပေးပါဘူးခင်ဗျာ”
“ကိုင်း … နက်ဖြန်ကစပြီး အလုပ်ဝင်ပေတော့။ မနက် ၁၀ နာရီလောက်ရောက်ရင်တော်ရောပေါ့ဗျာ”

၎င်းနောက်ကျွန်တော်လည်း ငွေ ၁၀၀ ကိုယူပြီးလျှင် ဒေါက်တာရိုင်းနိုးအား နှုတ်ဆက်၍ အိမ်သို့ပြန်ခဲ့လေ၏။

ထိုည၌ ကျွန်တော်မှာ အိပ်၍မပျော်ချေ။ ဤမျှလောက် အလုပ်အကိုင်ရှားပါးလှသည့်ခေတ်ကြီး၌ တစ်လှင် ၃၀၀ မျှရမည့်အလုပ်မှာ လွယ်ကူသောအလုပ်မဟုတ်ချေ။ သို့သော်ဆရာဝန်ဒေါက်တာ ရိုင်းနိုးပြောလိုက်သည့်အတိုင်း မိန်းကလေးများကို မိမိဘက်သို့ မပါပအောင်နှူးရမည်ဆိုသော အလုပ်သည်ကား ဆန်းကြယ်လှချေ၏။ မည်သည့်ကိစ္စအတွက် မည်သည့်မိန်းကလေးများကို မည်ကဲ့သို့ နှူးနှပ်ရမည်အကြောင်းကိုကား စဉ်းစား၍မရနိုင်အောင်ပင် ရှိခဲ့လေ၏။ ၎င်းပြင် စဉ်းစားရန်အချက်မှာလည်း ၎င်းထံ အလုပ်လုပ်သည့်အကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိမပေးဘဲ လျှို့ဝှက်သည်ဖြစ်စေ၊ မလျှို့ဝှက်သည်ဖြစ်စေ၊ ထူးဆန်းသည်ဖြစ်စေ၊ မထူးဆန်းသည်ဖြစ်စေ ဤမျှသော သက်သက်သာသာနှင့် တစ်လလျှင် ၃၀၀ စီရုံမျှမက လျှို့ဝှက်စွာဆောင်ရွက်ရသော အလုပ်ဖြစ်စေကာမူ လခပေးသူ၏စကားကို တစ်သဝေမတိမ်းနားထောင်၍ အလုပ်ကို ရိုသေစွာလုပ်တော့မည်ဟု စိတ်ကို ပိုင်းဖြတ်လိုက်လေ၏။

သို့ဖြစ်၍ နောက်တစ်နေ့နံနက် ၁၀ နာရီအချိန်ခန့်လောက်တွင် ကျွန်တော်သည်မြို့ပတ်လမ်းရှိ ဒေါက်တာရိုင်းနိုးနေထိုင်ရာခြံကြီးသို့ မြင်းရထားတစ်စီးဖြင့် ဆိုက်ရောက်ခဲ့လေ၏။ အိမ်ဝသို့ရောက်လေလျှင် ဒေါက်တာရိုင်းနိုးသည် ကျွန်တော့အားကြိုဆိုလျက် “ဟလို … မောင်သိန်းရွှေရောက်လာပြီလား။ လာ … လာ ဒီဟာက မောင်သိန်းရွှေအလုပ်ခန်းပဲ၊ ဒီစားပွဲပေါ်မှာထိုင်ပေတော့။ စာအုပ်တွေလည်း ဗီရိုနဲ့အပြည်ပဲ၊ ကြည့်ချင်တာရှိရင် ယူသာကြည့်ပေတော့ မောင်သိန်းရွှေ”ဟု ရယ်မောပြောဆိုကာ ၎င်း၏လိုက်ဘေရီအခန်းနှင့်တကွ အခြားအခန်းများကိုပါ လိုက်လံပြသလျက်ရှိလေ၏။

၎င်း၏ စာအုပ်များထားသော လိုက်ဘေရီအခန်းမှာ ၁၀ ပေပတ်လည်ခန့်မျှ ကျယ်ဝန်းလျက်စာအုပ်ဘီရိုကြီး ၃-၄ လုံးခန်းမျှ ရှိလေရာ ထိုအတွင်း၌ကား စာအုပ်တို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ ကျွန်တော်ထိုင်သော ကုလားထိုင်နှင့် မျက်နှာချင်းဆိုင်အခန်းတစ်ခန်းမှာ ဆရာဝန်ကြီးထမင်းစားခန်းဖြစ်ဟန် လက္ခဏာရှိ၍ ပန်းကန်အနည်းငယ်တင်ထားသော စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးကိုခန်းဆီးအကြားမှ မြင်ရ၏။ ကျွန်တော်၏ လက်ဝဲဘက်၌ကား ဖန်ဘူးဖန်ခွက်များတင်သောစင်နှစ်ခုရှိသည့် အခန်းတစ်ခန်းရှိသည်ဖြစ်ရာ အခန်း၏အလယ်တွင် အလုပ်စားပွဲတစ်ခုနှင့်ဖုံမွေ့ရာကြီးများ တင်၍ထားသော ကုလားထိုင်တစ်လုံးကို မြင်ရသဖြင့် ဆရာဝန်ကြီး၏အလုပ်ခန်းဖြစ်ဟန် လက္ခဏာရှိ၏။ ကျွန်တော်နေသောအခန်းနှင့် အနီရောင်ခန်းဆီးတစ်ခုခြား၍ထား၏။ ကျွန်တော်၏ လက်ယာဘက်၌မူ အမြင့် ၆ ပေ၊ အကျယ် ၃ ပေခန့်မျှရှိသော တံခါးတစ်ခုရှိလေရာ ထိုတံခါးမှာ သော့ခလောက်ကြီးတစ်ခုဖြင့် လုံခြုံစွာ ခတ်၍ထား၏။

ကျွန်တော်လည်း စာအုပ်ဗီရိုတစ်ခုမှ စာတစ်အုပ်ကို ဆွဲ၍ကြည့်ရာ ထိုစာအုပ်မှာအီတလီနိုင်ငံမှ ကျောက်ဖြူကို အရုပ်ထုလုပ်သော ပန်းပုပညာစာအုပ်ဖြစ်၍ ကျွန်တော်လည်းရုပ်ပုံများကို လှန်လှော၍ ကြည့်ရှုလျက်ရှိလေ၏။ အခန်းအတွင်း၌ကား အိမ်ထောင်မှုပရိဘောဂဟူ၍ များစွာမရှိချေ။ ကျွန်တော်ထိုင်သော ကုလားထိုင်အပြင် အခြားကုလားထိုင် တစ်လုံးသာရှိ၏။ အခန်းနံရံ၌မူ အရုပ်ကား နှစ်ကားသုံးကားမျှ ဆွဲချိတ်ထားလေရာ ၎င်းကားများမှာ လူ၏ကိုယ်ခန္ဓာအစိတ်အပိုင်း လှပပုံကိုပြ၍ထားသောကားများ ဖြစ်လေသည်။ သော့ခတ်၍ တံခါးပေါက်ဝတစ်ဖက်တစ်ချက်တို့၌ လေးပေခန့်ရှိခုံများပေါ်တွင် ကျောက်ဖြူကိုထုလုပ်၍ထားသော ဦးခေါင်းပုံနှစ်ပုံရှိ၏။ တစ်ပုံမှာ ရောမလူမျိုးေ၇ှးစစ်သားဟောင်း၏ပုံဖြစ်၍ အခြားတစ်ပုံမှာ ဂရိလူမျိုးများကိုးကွယ်သော နတ်ရုပ်၏ ဦးခေါင်းပုံဖြစ်လေသည်။ ဆရာဝန်ကြီးသည် ကျောက်ရုပ်ထုခြင်းနှင့်တကွ ပန်းချီပန်းပုပညာကို ဝါသနာပါဟန် လက္ခဏာရှိ၏။

တစ်နာရီခန့်မျှ ကြာလတ်သော် ဒေါက်တာရိုင်းနိုးသည် ကျွန်တော်၏ အလုပ်ခန်းသို့ဝင်လာ၍ ကုလားထိုင်တစ်လုံးတွင် ထိုင်ပြီးနောက် “အလုပ်ကတော့ သည်လောက်အရေးကြီးတာမဟုတ်ပါဘူး မောင်သိန်းရွှေ၊ သို့သော် တစ်ခါတစ်ရံမှာ အင်မတန်စိတ်ညစ်ညူးပြီး ဒုက္ခရောက်နေတဲ့ မိန်းကလေးများကို ယောကျာ်းတို့မယာနဲ့ ဖျောင်းဖျချော့မော့ပြီး နှူးနှပ်ရမယ့်အလုပ်ကလေးများ ပေါ်လာကောင်း လာလိမ့်မယ်။ ဒီဟာပါပဲ မောင်သိန်းရွှေ”

“ချော့မော့ဖြားယောင်းပြီး ကျွန်တော်က ဘာလုပ်ရမှာလဲ”
“စိတ်ညစ်ညူးနေတဲ့လူတစ်ယောက်ဟာ ပြုံးရွှင်တဲ့မျက်နှာမူအရာ ပြောင်းသွားရင်ခင်ဗျား တာဝန်ကုန်တာပဲ”
“ကျွန်တော် နားမလည်နိုင်သေးပါဘူး ဆရာကြီး”
“ဟား … ဟား … ဟား … အခုတော့ ဘယ်မှာနားလည်ဦးမလဲ မောင်သိန်းရွှေ၊ နောင်ခါလက်တွေ့အလုပ်လုပ်ပြီးလာတဲ့အခါကျတော့ နားလည်လိမ့်မပေါ့။ ကိုင်း … ကိုင်း ဟိုဗီရိုထဲကစာအုပ်တွေသာကြည့်ပြီး နေပေတော့၊ ဟိုဘက်ထောင့်က မှန်ဗီရိုထဲမှာ မိန်းမများအမူအရာနဲ့ပတ်သက်တဲ့ စိတ်ပညာစာအုပ်တွေရှိတယ်။ တစ်အုပ်ပြီးတစ်အုပ်သာ အပျင်းပြေဖတ်နေပေတော့။ သြော် … တစ်ခုတော့ရှိတယ် မောင်သိန်းရွှေရယ်။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကိုတော့ မေးလားမြန်းလားစုံစမ်းလား မလုပ်ပါနဲ့နော်”
“ကောင်းပါပြီခင်ဗျာ”
၎င်းနောက်ညနေ အလုပ်ဆင်းခဲ့၍ အိမ်သို့ပြန်ရောက်သောအခါ ကျွန်တော်လည်း အထက်ပါအဖြစ်အပျက်များကို အမျိုးမျိုးအဖုံဖုံ စဉ်းစားလျက်ရှိလေရာ ငါသည် ရူးသောဆရာဝန်ကြီးထံအလုပ်လုပ်မိချေပြီဟု အောက်မေ့မိ၏။ ကျွန်တော်လုပ်ရမည့်အလုပ်မှာလည်း စိတ်ညစ်ညူး၍နေသော မိန်းမတစ်ယောက်ကို ကြည်လင်ရွှင်ပြသောအမူအရာသို့ ပြောင်း၍သွားအောင်ပြုလုပ်ရမည်ဆိုသော အလုပ်ဖြစ်၍ အမှန်အားဖြင့် ရယ်စရာကောင်းလှ၏။ ထူးဆန်းလည်း ထူးဆန်းလှ၏။ သို့သော် ဤမျှလောက်သော အလုပ်ကလေးကိုလုပ်ရန် ကျွန်တော့အား တစ်လလျှင် ၃၀၀ မျှပေး၍ ငှားရမ်းထားခြင်းမှာ သာ၍ပင် ထူးဆန်းအံသြဖွယ်ကောင်းလှ၏။ သို့သော် ဤမျှလောက်ငွေကြေးရှားပါးသော ခေတ်ကြီး၌ တစ်နေ့လျှင် ငွေ ၁၀ မျှ စီခြင်းသည် ရယ်ဖွယ်ရာအကြောင်းမဟုတ်ပေ။

သို့ဖြစ်၍ ကျွန်တော်သည် နံနက်တိုင်း နေ့စဉ်အလုပ်ကို မှန်မှန်သွားခဲ့၍ ညနေ ၄ နာရီလောက်တွင် အိမ်သို့ပြန်ခဲ့၏။ ဒေါက်တာရိုင်းနိုးသည် ကျွန်တော့အား တစ်ခါတစ်ရံငွေထုတ်ရန် ခိုင်းခြင်း၊ ငွေသွင်းရန်ခိုင်းဖြင်း၊ စာတိုက်မှ ပါဆယ်ထုပ်များကို ရွေးယူရန်ခိုင်းခြင်း၊ သင်္ဘောတန်ဆာနှင့် နိုင်ငံခြားမှလာသော ကုန်ထုပ်ကြီးများကို ရွေးယူရန် စေလွှတ်ခြင်းများမှတစ်ပါးအခြားထူးခြားသောအချက်များကို မတွေ့ရချေ။ ဆရာဝန်ကြီးသည် လုပ်ကိစ္စမှတစ်ပါး ကျွန်တော့အားစကားအပိုဟူ၍ တစ်ခွန်းမျှမပြော။ အလုပ်ခန်းထဲမှလည်းမထွက်ဘဲရှိလေရာ ကျွန်တော့်မှာလည်းအားလပ်သောအချိန်များ၌ ၎င်း၏ စာအုပ်များကိုဖတ်၍ အချိန်ကိုကုန်လွန်ရလေ၏။ ၎င်းသည်လူပျိုကြီးဖြစ်၍ မျိုးရိုးဇာတိမှာ ဂျာမနီလူမျိုးဖြစ်ပြီးလျှင် ဤမြန်မာနိုင်ငံသို့လာရောက်နေထိုင်ခဲ့ခြင်းမှာ အရှေ့နိုင်ငံသားများ၏ လှပခြင်းကို စုံစမ်းရှာဖွေရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော့်အားတစ်ခါပြောဖူး၍ သိရ၏။ အိမ်၌ အစေခံမရှိ။ နံနက်နှင့်ညနေတိုင်း မာရာစီကုလားတစ်ယောက်လာ၍ အမှိုက်သရိုက်များကို လှည်းပြီးလျှင် မှန်ဗီရိုနှင့် စာအုပ်များကို ပွတ်တိုက်ရှင်းလင်း၏။ နံနက်စာကို ဟိုတယ်တစ်ခုမှ လာ၍ပို့သဖြင့် ထမင်းစားခန်း၌စား၏။ ညစာကိုကား မည်သည့်နေရာ၌ စားသည်ဟူ၍ မသိရ။ ကျွန်တော်၏အလုပ်မှာလည်း ထူးခြားသည်ဟူ၍ မရှိလှသေးချေ။

အလုပ်ဝင်ပြီးသည့်နောက် ၁၀ ရက်ခန့်မျှရှိလတ်သော် ကျွန်တော်လည်း ညနေအလုပ်မှအပြန်တွင် ခပ်ညောင်းညောင်းရှိသည်နှင့် မြင်းရထားမစီးဘဲ ခြေကျင်လျှောက်ခဲ့လေ၏။ ခြံနှစ်ခြံမျှကျော်လွန်မိသောအခါ ဗိုလ်ကပြားမလေးတစ်ယောက်သည် ကျွန်တော်လာသောလမ်းနှင့်မျက်နှာချင်းဆိုင်အရပ်မှ စက်ဘီးစီး၍လာပြီးလျှင် အနီးသို့ရောက်သောအခါ စက်ဘီးပေါ်မှဆင်း၍ ကျွန်တော့်အား ပြုံးရွှင်သောမျက်နှာနှင့် နှုတ်ဆက်ပြီးနောက် “ဒီလမ်းမှာနေတဲ့ ဆရာဝန်ကြီး ဒေါက်တာရိုင်းနိုးကို သိပါသလားရှင်”ဟု မေးရာ ကျွန်တော်လည်း ဆရာဝန်ကြီးပြောဖူးသည်ကို ရုတ်တရက် အမှတ်ရလျက်။

“ဟင် … မသိပါကလား”
“ဟိုဘက်က ဝါးရုံပင်ကလေးတွေနဲ့ခြံကြီးဟာ သူ့ခြံပဲလို့ ကြားဖူးလို့ပါရှင်”
“ကျုပ်က ဒီအရပ်ကမှမဟုတ်ဘဲ။ ဒီလမ်းကဗိုလ်အိမ်တွေ ဘယ်သိမလဲဗျာ”
“မသိရင်လည်းပြီးရောပေါ့ရှင်၊ ကျေးဇူးတင်ပါတယ်”

၎င်းနောက် ကျွန်တော်လည်း နေအိမ်သို့ပြန်ခဲ့ရာ သွန်မဆင်လမ်းထောင့်သို့ ရောက်လေလျှင် ကောင်းမွန်စွာဝတ်စားထားသောလူတစ်ယောက်သည် ကျွန်တော့်နောက်မနီးမဝေးမှလိုက်လာပြီးလျှင် ကျွန်တော့ကိုမှီသည်နှင့်တစ်ပြိုင်နက် …

“မိတ်ဆွေ ဒေါက်တာရိုင်းနိုးဆီမှာ အလုပ်လုပ်တယ်မဟုတ်လား”
“မဟုတ်ပါဘူးဗျာ။ ဘယ်ကဒေါက်တာရိုင်းနိုးလဲ”
“မြို့ပတ်လမ်းကလေ”
“ကျွန်တော်မသိပါကလား၊ လူမှားလို့ဖြစ်ပါလိမ့်မယ်ဗျာ” ဟုပြောဆိုပြီးနောက် ထိုသူထွက်သွားလေလျှင် ကျွန်တော်လည်း အိမ်ဘက်သို့လှည့်၍ ပြန်ခဲ့လေ၏။

ထိုည၌ ကျွန်တော်သည် ညနေခင်းတွင် တွေ့ရသောသူများအကြောင်းကိုလည်းကောင်း၊ ကျွန်တော်၏ ထူးဆန်းသော အလုပ်ကိုလည်းကောင်း၊ ကျွန်တော့်အား စေခိုင်းသူ “ဒေါက်တာရိုင်းနိုး” ၏အကြောင်းကိုလည်းကောင်း၊ စဉ်းစားလျက်ရှိလေ၏။ စိတ်ညစ်ညူး၍ မျက်နှာမကြည်မသာဖြစ်နေသော မိန်းကလေးတစ်ယောက်ကို မျက်နှာပြောင်း၍လာအောင် ပြုလုပ်ရမည့်အလုပ်အတွက် ၃၀၀ မျှပေး၍ ငှားရမ်းခြင်းမှာ အံ့သြဖွယ်ကောင်းလှပေ၏။ မည်ကဲ့သို့အလုပ်မျိုးပေနည်း။ မည်သည့်ကိစ္စတွင် မည်သို့မည်ပုံ ဆောင်ရွက်ရပေအံ့နည်း စသည်ဖြင့်အလုပ်နှင့်တ်သက်၍ ရောက်တက်ရာရာ စဉ်းစားလျက်ရှိလေရာ နံနက်လင်းအားကြီးအချိန်မှ အိပ်ပျော်၍သွားပါကြောင်း။

နောက် တစ်နေ့သည်ကား ကျွန်တော်သည် ဒေါက်တာရိုင်းနိုးစေခိုင်းသော အလုပ်ကို လက်တွေ့လုပ်ကိုင်ရသောနေ့ပေတည်း။ထိုနေ့ကို ကျွန်တော်သည် အသက် ၁၀၀ ပင်နေရစေကာမူ မေ့နိုင်တော့မည်မဟုတ်ချေ။ ကျွန်တော်သည် နံနက်စာစားသောက်ပြီးနောက် ၁၀ နာရီခွဲအချိန်လောက်တွင် ဆရာဝန်ကြီးရိုင်းနိုး၏ နေအိမ်သို့ရောက်ရှိခဲ့ရာ ဆရာကြီးမှာ ခါတိုင်းနေ့နှင့်မတူ မျက်နှာကိုခပ်တင်းတင်းထားလျက် သုန်သုန်မှုန်မှုန်ရှိနေသည်ကို တွေ့ရ၏။ ကျွန်တော်လည်း အလုပ်စားပွဲတွင်ထိုင်ပြီးလျှင် ထိုနေ့ထုတ် ရန်ကုန်ဂေဇက်သတင်းစာကို ဖတ်လျက်ရှိစဉ် ဒေါက်တာရိုင်းနိုးသည် သူ၏အလုပ်ခန်းသို့ ကျွန်တော့်ကိုခေါ်ပြီးနောက် “မောင်သိန်းရွှေဟာ ကျုပ်ထင်မြင်တဲ့အတိုင်း လူတစ်ယောက် အင်မတန်စိတ်ပူပန်လို့ ရှုံ့မဲ့နေတဲ့မျက်နှာ ရှိတဲ့အခါမှာ စိတ်ပျော်ရွှင်အောင် အမျိုးမျိုးချော့မော့ပြီး ကြည်လင်တဲ့မျက်နှာအဖြစ် ပြောင်းလာအောင် လုပ်နိုင်ရဲ့ မလုပ်နိုင်ဘူးဆိုတာ ဒီကနေ့တော့ လက်တွေ့စမ်းသပ်ပြီး ကြည့်ရတော့မှာပဲ” ဟု ပြောလေရာ ကျွန်တော်လည်း မည်သည့်အတွက်ကြောင့်မသိ ကြက်သီးမွေးညင်းများ ထမိပါသည်။ ၎င်းနောက် ဆရာဝန်ကြီးသည် စူးရှသောမျက်လုံးများဖြင့် ကျွန်တော့အား စိုက်၍ကြည့်လျက် …

“ဘယ့်နှယ်လဲ မောင်သိန်းရွှေ၊ ခင်ဗျားတော်တော်သတ္တိကောင်းရဲ့လား”
“ကြောက်တော့ မကြောက်တတ်ပါဘူး”
“မောင်သိန်းရွှေကို အလုပ်ဝင်ကာစက ကျုပ်ပြောပြတဲ့အတိုင်း ပထမအရေးကြီးဆုံးအချက်က သစ္စာရှိရမယ်။ နှုတ်လုံရမယ်။ လျှို့ဝှက်ရမယ်။ ကျုပ်ပြောတဲ့စကားကို တစ်သဝေမတိမ်းအောင်လိုက်နာရမယ်။ သည်ဟာတွေဟာ အရေးအကြီးဆုံးပဲ”
“ကျွန်တော်အစကတည်းက ဝန်ခံပြိးပါပြီ ဆရာဝန်ကြီး”
“ဟုတ်ပါပြီလေ၊ အခုသတိပေးတာပါ။ ကျုပ်လည်းခင်ဗျားကို စမ်းသပ်သင့်သလောက် စမ်းသပ်ပြီးပါပြီ၊ နေပါဦး၊ မနေ့ညနေတုန်းက ကျုပ်အိမ်ကအပြန်မှာ မေဗွီလာဆိုတဲ့ခြံကြီးရှေ့မှာ ဗိုလ်မကလေးတစ်ယောက် မတွေ့ဘူးလား”
“တွေ့ပါတယ်ခင်ဗျာ”

“သွန်မဆင်လမ်းထောင့်ကျတော့ကော မြန်မာလူမျိုးတစ်ယောက်က ကျုပ်နာမည်ကို မေးတယ်ဟုတ်စ”
“မေးတယ်ခင်ဗျ”
“ဒီလူတွေဟာ ကျုပ်လွှတ်ထားတဲ့ သူလျှိုတွေချည်းပဲ မောင်သိန်းရွှေ နားလည်လား၊ သစ္စာဖောက်မယ်တော့မကြံနဲ့နော်”
“ယုံကြည်ပါခင်ဗျာ”
“ကောင်းပြီ၊ ကောင်းပြီ၊ ခင်ဗျားကတိတည်တဲ့အကြောင်းကို ကျုပ်လည်းသိတန်သလောက် သိပါပြီ။ ကိုင်း … ကိုင်း … အချိန်လည်းနီးပြီ၊ ခင်ဗျားလုပ်ရမယ့်အလုပ်ကို ကျုပ်ပြောမယ်နားထောင်နော်”
“ဟုတ်ကဲ့ခင်ဗျာ”
“ကိုင်း ဒါဖြင့်လာ။ ကျုပ်နောက်လိုက်ခဲ့ပေတော့”

ဆရာဝန်ကြီးသည် စာအုပ်များထားသော စာကြည့်ခန်းသို့ ထွက်ခဲ့ပြီးနောက် အခန်းအတွင်းရှိ တံခါးများနှင့် အားလုံး ပြတင်းပေါက်များကို ကျွန်တော့်အား ပိတ်စေ၏။ ဤကဲ့သို့ လုံခြုံလေလျှင် အိတ်ထဲမှ သော့တစ်ချောင်းကိုယူကာ ကျွန်တော်ရောက်သည့်နေ့မှစ၍ မည်သည့်အခါမျှ မဖွင့်ခဲ့ဖူးသော တံခါးရှေ့တွင် မတ်တတ်ရပ်လျက် “ကိုင်း… မောင်သိန်းရွှေ၊ ဒီလျှို့ဝှက်တဲ့တံခါ့း်လိုက်တဲ့အခါမှာ ရုပ်ရည်ချောမောတဲ့ သူငယ်မကလေး တစ်ယောက်ကို တွေ့လိမ့်မယ်။ ဒီသူငယ်မကလေးဟာ အင်မတန်ပူဆွေးဒုက္ခရောက်ပြီး ငိုယိုနေတာကို တွေ့ရလိမ့်မယ် ကြားလား”

“ဟုတ်ကဲ့ ခင်ဗျာ”
“ဒီအခါမှာ ခင်ဗျားက ဒီလိုဒုက္ခရောက်နေတာကို မကြည့်ရက်နိုင်တဲ့အကြောင်း၊ ရန်သူ့လက်ထဲမှ ချက်ချင်းပင်ကယ်ဆယ်မည့်အကြောင်း၊ ခင်ဗျားကိုအားကိုးဖို့အကြောင်းတွေကို ယောက်ျားတို့မာယာကို အသုံးပြုနိုင်သမျှပြုပြီး လှည့်ပတ်ဖျားယောင်းပေတော့၊ စိတ်ညစ်ညူးပူဆွေးဒုက္ခရောက်နေတဲ့ သူ့မျက်နှာဟာ ပြုံးပြုံးရွှင်ရွှင်ဖြစ်လာပါလိမ့်မယ်၊ သို့သော် တစ်ခုတော့ရှိတယ်ဗျနော်။ သူက သနားအောင်ဘယ်လောက်ပြောပြော အဟုတ်ကယ်ဆယ်ဖို့အလုပ်ကိုတော့ ဘယ်နည်းနဲ့မှ ခင်ဗျားမကြံစည်ရဘူး”
“သူက ဘယ်မှာရှိတာလဲ ဆရာဝန်ကြီး”
“သူ့ကိုလှောင်ချိုမ့်ကြီးတစ်ခုထဲမှာ ထည့်ပြီးထားတာ တွေ့လိမ့်မယ်”
“ဘာပြုလို့ သည်လိုထည့်ထားရတာလဲခင်ဗျာ”
“သြော်… မောင်သိန်းရွှေဟာ တယ်ခတ်တာပဲ။ ကိုယ်နဲ့မဆိုင်တဲ့မေးခွန်းတွေကို မမေးဖို့ရာကျုပ်အစက သတိပေးထားတယ်မဟုတ်လား၊ သတိကောင်းကောင်းထားမှပေါ့ မောင်သိန်းရွှေ”
“သြော်… အဟုတ်သားပဲ၊ ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ”
“ကောင်းပြီ၊ ကောင်းပြီ ရှိစေ”
“ပြီးတော့ ဘာလုပ်မလဲ ဆရာဝန်ကြီး”
“ပြီးတော့ ဘာလုပ်ရမလဲ ဆရာဝန်ကြီး”
“ပြီးတော့ ဘာလုပ်ရမယ်ဆိုတာ ခင်ဗျားအလုပ်မဟုတ်ပါဘူး၊ ကျုပ်အလုပ်ပါ”
“သြော်… တစ်ခုတော့ရှိတယ်”
“ဘာလဲခင်ဗျ”
“လှောင်ချိုမ့်ကြီးရှေ့ (၄) ပေလောက်ကွာတဲ့နေရာမှာ သမံသလင်းပေါ်မှာ ဆေးရောင်အနီသုတ်ထားတဲ့ မျည်းကြောင်းတစ်ကြောင်း တွေ့လိမ့်မယ်၊ သူငယ်မလေးမျက်နှာဟာ ပြုံးရွှင်လာသည်နဲ့တစ်ပြိုင်နက် ခင်ဗျားဟာ မျဉ်းကြောင်းအပြင်ဘက်ကို ဝေးနိုင်သလောက်ဝေးအောင် ထွက်ပြီးသွားရမယ် နားလည်ပြီလား”
“နားလည်ပါပြီ ဆရာဝန်ကြီးခင်ဗျာ”
“နားလည်ရင် ကျုပ်ပြောတာ သေသေချာချာပြန်ပြောစမ်းပါဦး”
“ဒီအခန်းကိုဖွင့်လိုက်တဲ့အခါမှာ ရုပ်ရည်ချောမောတဲ့ သူငယ်မကလေးတစ်ယောက် လှောင်ချိုမ့်ထဲမှာပိတ်ပြီးထားတာ တွေ့လိမ့်မယ်၊ တွေ့တဲ့အခါမှာ သူဟာ အင်မတန်ကြောက်ရွံ့တုန်လှုပ်ပြီးနေတာ တွေ့ရလိမ့်မယ်။ ဒီတော့ကာ ယောက်ျားတို့မာယာသုံးပြီး သူမရယ်အောင်၊ သူမပြုံ ပြုံးအောင် မြှူရမယ်။ သည်လိုမြှူလို့ သူ့မျက်နှာပြောင်းသည်နှင့်တစ်ပြိုင်နက် ဆေးနီရောင်သုတ်ထားတဲ့ မျဉ်းကြောင်းအပြင်ဘက်ကို မြန်နိုင်သမျှမြန်အောင် ထွက်သွားရမယ်။ ဘယ်လောက်ပဲသူက သနားအောင်ပြောစေကာမူ ကျွန်တော်က တကယ်မကယ်ဆယ်ရဘူး။ ကိုင်း… ဒါပဲမဟုတ်လားခင်ဗျာ။ ဘာလိုသေးသလဲ”
“အောရိုက်… ကျွန်ုပ်သဘောကျပြီ မောင်သိန်းရွှေ။ သည်လို မောင်သိန်းရွှေထွက်သွားပြီးတဲ့နောက်ကို အင်မတန်ထူးဆန်းတာတစ်ခုကို မြင်ရလိမ့်မယ်။ ဒီအခါမှာ ဘာမှမကြောက်နဲ့နော်။ စိတ်ထဲမှာဘာမှမတုန်လှုပ်စေနဲ့။ ပြီးတော့ ဒီအဖြစ်အပျက်ကိုစိတ်ထဲမှာမထားဘဲ တစ်ခါတည်း မေ့ပစ်လိုက်ရမယ်။ မောင်သိန်းရွှေ နားလည်ရဲ့လား”
“နားလည်ပါပြီခင်ဗျာ”

ဆရာဝန်ကြီးသည် အခန်းတံခါးကိုဖွင့်လိုက်ရာ အတွင်း၌ အောက်ထပ်သို့ဆင်းသော လှေကားကလေးတစ်ခုကို တွေ့ရသဖြင့် ကျွန်တော်တို့လည်း အောက်ထပ်သို့ဆင်းခဲ့ရာ ပေ ၅၀ခန့်မျှ ရှည်လျားသော အခန်းကြီးတစ်ခုကို ရောက်လာလေ၏။ ၎င်းအခန်းကြီးမှာ မြေတိုက်၌ရှိသော်လည်း ထိန်လင်းစွာထွန်းညှိထားသော ဓာတ်မီးရောင်ဖြင့် လင်းလျက်ရှိ၏။ အခန်း၏ နံဘေးတစ်ဖက်တစ်ချက်တွင် လှပသောကျောက်လုံးကြီးများပေါ်တွင် အလှတင်၍ထားသော လူနှင့်တစ်သဝေမတိမ်းအောင် တူညီလှသော အရုပ်ကြီးမှာ အံဖွယ်လိလိရှိ၏။ ထိုအရုပ်ကြီးများမှာ ဖြူဆွတ်သောအရောင်အဆင်းရှိ၍ ကျောက်ဖြူနှင့်ပုံသဏ္ဌန်တူတော်လည်း အနီးသို့ကပ်၍ကြည့်သောအခါ ဖယောင်းဖြစ်ကြောင်းကို တွေ့ရှိရလေ၏။ အရုပ်ငါးရုပ်ရှိသည့်အနက် အရုပ်တစ်ရုပ်မှာ မြန်မာယောက်ျားတစ်ယောက်၏ ပုံဖြစ်ပြီးလျှင် ကျန်လေးရုပ်မှာ မိန်းကလေးများဖြစ်လေသည်။ ကျောက်ရုပ် သစ်သားရုပ် စသည်တို့မှာ လူနှင့်တူအောင်ထုလျှင် လူရုပ်၊ တိရစ္ဆာန်နှင့်တူအောင် ထုလျှင် တိရစ္ဆာန်ရုပ် စသည်ဖြင့် တူသည်ဟုဆိုရသော်လည်း ယခုတွေ့ရသောအရုပ်များမှာမူ လူပကတိကို ဖယောင်းနှင့် သုတ်လိမ်း၍ထားဘိသကဲ့သို့ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများသာမဟုတ် နှုတ်ခမ်းများ၊ ပါးစပ်များ၊ မျက်လုံးအိမ်များပင်လျှင် အသက်ရှင်လျက်၇ှိသော လူပကတိနှင့် ချွတ်၍ စွပ်ထားဘိသကဲ့သို့ တူလှချေ၏။

အခန်းကြီး၏ အစွန်ဆုံးကား လက်ယာဘက်၌ ရေကန်နှင့်တူသော လေးထောင့်ပုံသဏ္ဌာန်ရှိ တွင်းကြီးတစ်ခုရှိလေရာ ၎င်းအတွင်းမှ တရှုးရှုးတရှဲရှဲမြည်သောအသံဖြင့် အငွေ့တထောင်းထောင်းထွက်လျက်ရှိ၏။ လက်ဝဲဘက်၌ (၄)ပေပတ်လည်ခန့်ရှိ ကျောက်စားပွဲခုံကြီးတစ်ခုရှိ၏။ ထိုကျောက်စားပွဲကြီးပေါ်၌ သံတိုင်များကာရံ၍ထားသော သံလှောင်ချိုမ့်ကြီးနှင့်တူသည့် အရာတစ်ခုသည် ဖြစ်၍ အဝတ်ကန့်လန့်ကာတစ်ခုဖြင့် ကာထား၏။ အခန်း၏လက်ယာဘက်ရှိ အတွင်းနံဘေးတစ်လျှောက်၌ကား လူတစ်ယောက်ဝင်သာရုံအခန်းကလေးများနှင့် စက်ကိရိယာတန်ဆာပလာများဖြင့် ပြည့်နှက်လျက်ရှိသော ကန်ကြီးနှင့် ကျောက်စားပွဲပေါ်ရှိ လှောင်ချိုမ့်ကြီးမှာအထက်မှနေ၍ ပြည့်နှက်လျက်ရှိသော ကန်ကြီးနှင့် ကျောက်စားပွဲပေါ်ရှိ လှောင်ချိုမ့်ကြီးမှာ အထက်မှနေ၍ ဖန်ပြွန်ချောင်းကြီးများဖြင့် ဆက်သွယ်လျက်ရှိသည်ဖြစ်ရာ ကျွန်တော်လည်းဤထူးဆန်းသော အရာဝတ္ထုများကို တွေ့မြင်ရသောအခါ တစ်ခဏမျှ အံ့အားသင့်ကာကြက်သေ သေချက်ရှိလေ၏။ ဆရာဝန်ကြီးသည် ကျွန်တော်၏ပခုံးကို ခပ်ဆတ်ဆတ်ပုတ်လျက် “ကိုင်း… မောင်သိန်းရွှေ ခင်ဗျား ဝတ္တရားအတိုင်းသာ ဆောင်ရွက်ပေတော့ တော်တော်ကြာသည်ထက်ထူးဆန်းတာ မြင်ရလိမ့်မယ်”ဟု ရယ်မောပြောဆိုပြီးနောက် နံဘေးအခန်းကလေးတစ်ခုအတွင်းသို့ ဝင်သွားပြီးလျှင် အတွင်းမှနေ၍ တံခါးကို ပိတ်လိုက်လေ၏။

အခန်းကြီးအတွင်း၌ တစ်ယောက်တည်းသာ ကျန်ရှိရစ်သောအခါ ကျွန်တော်လည်းမျက်နှာ မူရာရှေ့တည့်တည့်သို့ ကြည့်၍နေမိလေ၏။ ထိုခဏ၌ သံလှောင်ချိုမ့်ကြီးကို ရှေ့မှဖုံး၍ထားသော အဝတ်ကန့်လန့်ကာသည် လက်ဝဲဘက်သို့ တဖြည်းဖြည်း စု၍သွားလေရာ ကျွန်တော်လည်းလှောင်ချိုမ့်ကြီးအတွင်းတွင် ထူးဆန်းလှသော အရာတစ်ခုကို တွေ့မြင်ရလေ၏။ လှောင်ချိုမ့်ကြီး၏အလယ်လောက်တွင် သံတိုင်ကြီးတစ်တိုင် ရှိလေရာ ထိုသံတိုင်၌ အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးတစ်ယောက်မှာ ကြိုးတစ်ချောင်းဖြင့် တုပ်နှောင်၍ထားလေရာ သတိမရဘိသကဲ့သို့ရှိ၏။ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော်ရှိလျက် မျက်လုံးများကို မှိတ်၍ထားလေရာ သတိမရဘိသကဲ့သို့ရှိ၏။ ကျွန်တော်၏ စိတ်မှာ သနားခြင်း၊ ကြောက်ရွံ့ခြင်း၊ အံ့သြခြင်း စသည်တို့ဖြင့် ရောပြွမ်းလျက်ရှိသည်ဖြစ်ရာ လူစင်စင်ပင် ဖြစ်သော်လည်း ဟီရိသြတပ္ပတရား ကင်းမဲ့လေအောင်တိရစ္ဆာန်ကဲ့သို့ နှိပ်စက်ခြင်းကို ခံ၍နေရရှာသော မိန်းကလေးတစ်ယောက်အား အဘယ်မှာမသနားဘဲ နေနိုင်ပါအံ့နည်း။

ကျွန်တော်သည် မည်သို့မျှမလုပ်နိုင်မီ အခန်းတွင်းမှ စက်လည်သံတစ်ခု ကြားရပြီးနောက်သူငယ်မကလေးအား တုပ်နှောင်ထားသော ကြိုးများသည်နောက်မှနေ၍ လူများဖြေ၍ပေးဘိသကဲ့သို့ အလိုအလျောက် အောက်သို့ လျှောကျ၍သွားလေရာ ငှက်ပျောပင်ကို အရင်းမှဖြတ်၍ချလိုက်ဘိသကဲ့သို့ ပျော့ခွေ၍ကျသွားလေ၏။ ထိုခဏ၌ လှောင်ချိုမ့်ပေါ်မှ ရေပန်းများသည်တဖွားဖွား ကျ၍လာလေရာ သတိမေ့နေသော မိန်းကလေးသည် မျက်လုံးများကိုပွတ်သပ်ကာထိုင်လေ၏။ ကျွန်တော်လည်း ထူးဆန်းသောအဖြစ်အပျက်များကို ငေးစိုက်ကာကြည့်၍နေမိလေ၏။ သူငယ်မကလေးသည် ကျွန်တော့်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ရှက်လှသည်ဖြစ်၍ မျက်နှာကိုလက်ဝါးဖြင့်အုပ်ကာ ပြင်းစွာငိုကြွေးရှာလေသည်။ ထိုအခါ အပေါ်မှကျ၍နေသော ရေပန်းသည်တဖြည်းဖြည်း ရပ်၍သွားပြီဖြစ်၍ သူငယ်မကလေးသည် မတ်တတ်ရပ်လိုက်ရာ ကျွန်တော်၏စိတ်အာရုံမှာ အံ့သြခြင်းမှ သနားခြင်းသို့၊ သနားခြင်းမှ တပ်မက်ခြင်းသို့ပြောင်း၍သွားလေ၏။ မြန်မာမိန်းမပျိုလေးများမှာ လှပယဉ်ကျေးသည်ဆိုရာ၌ အများအားဖြင့် မျက်နှာကလေးတစ်ခုလောက်သာ ကြာမူပါလျက် မျက်လုံးကလေး၏ လှပခြင်းတို့ကိုသာ အဓိကအချက်ကြီးများဟူ၍ မှတ်ယူလေ့ရှိကြသော်လည်း အနောက်နိုင်ငံသားများ၏ မျက်စိ၌ကား မျက်နှာပင် များစွာမလှပသော်လည်း ကိုယ်လုံးကိုယ်ပေါက်မှစ၍ အရိုးအဆစ်အချိတ်အဆက်တို့၏ လှပခြင်း၊ ညီညွတ်ခြင်း၊ ပြေပြစ်ခြင်းတို့ကိုသာ သာ၍အရေးကြီးသော အချက်များဟူ၍ မျက်နှာလေးတစ်ကွက်လောက်သာလှပသူများထက် အဝတ်အစားမပါ ဗလာကိုယ်ထီး စင်းလုံးချော ချောမွေ့ပြေပြစ်သူများကသာ၍ရှားပါး၏။ လှပယဉ်ကျေးသည်ဆိုသော မိန်းကလေးပေါင်း ထောင်သောင်းမက ကျွန်တော်တွေ့မြင်ဖူး၏။ သို့သော် အမှန်အားဖြင့် ၎င်းတို့မှာ ဖြူဖွေးမွှေးကြိုင်သော သနပ်ခါးပေါင်ဒါအရှိန်ဖြင့်လည်းကောင်း၊ တဝင်းဝင်းတောက်ပလျက်ရှိသော စိတ်၊ရွှေ စသော လက်ဝတ်လက်စားတို့၏ အရှိန်ဖြင့်လည်းကောင်း၊ ပြောင်လတ်သော ပိုးဖဲကတ္တီပါတို့ကြောင့်လည်းကောင်း လှပချောမောသည်ဟု အပေါ်ရံ၌သာ မှတ်ထင်ရန်ရှိ၏။ ယခုသူငယ်မကလေးမှာမူ တမင်သက်သက် မလှလှအောင်ပြေပြစ်စွာထုလုပ်၍ထားအပ်သော ကျောက်ဖြူရုပ်ကလေးကဲ့သို့ လှသည်။ ရင်ကလေးမှာမည်ကဲ့သို့လှသည်၊ တင်ကလေးမှာ မည်ကဲ့သို့လှသည်ဟူ၍ တစ်ခုစီခွဲခြား၍ မချီးမွမ်းတတ်ပါ။ လှပသောရုပ်အဆင်းနှင့် ပြေပြစ်၍ အချိုးအစားကျလှသော ကိုယ်လုံးကိုယ်ပေါက်တို့မှာ စုပေါင်းနေသည်ဖြစ်၍ ဤကဲ့သို့ အဆီးအတားမရှိ ပကတိပုံသဏ္ဌာန်ကို မြင်ရခဲ့ပါမူ ကျွန်တော့်ကို မဆိုထားဘိဈာန်ရသော ရသေ့များပင် ဈာန်လျှော၍ကျလိမ့်မည်ဟု ထင်မိပါ၏။

သူငယ်မကလေးသည် မျက်နှာကို လျက်ဝါးဖြင့်အုပ်၍ ငိုရာမှ “အကိုကြီး ကျွန်မကိုဒီလိုပဲကြည့်နေတော့မှာလား အစ်ကိုကြီးရယ်၊ မကယ်နိုင်တော့ဘူးလား”
“မကယ်ဘဲနေပါ့မလား သူငယ်မရယ် နေပါဦး မင်းက…”
“နေပါဦးလုပ်မနေပါနဲ့ အစ်ကိုကြီးရယ်၊ ဒီအကောင်အရူးကြီးလက်ထဲက လွတ်အောင်မြန်မြန်…”
“သြော်… ဒါနဲ့ပြောရဦးမယ်၊ မင့်ကိုအခုလိုတွေ့ရတာလေ အစ်ကိုကြီးစိတ်ထဲမှာဘယ်လိုဖြစ်သွားမှန်းတောင် မသိဘူး။ မျက်နှာကလေးကလည်းလှ ကိုယ်လုံးကိုယ်ပေါက်ကလေးကလည်းအဆက်ကျ”
“အို… အစ်ကိုကြီးကလည်းအရေးထဲမှာ”

သူငယ်မကလေးသည် ဤကဲ့သို့ပြောဆိုကာ မျက်နှာကိုခပ်ပြုံးပြုံးလုပ်ကာ ရှက်ကြောက်သည့်အမူအရာဖြင့် တစ်ခါတစ်ရံ လက်ကလေးနှစ်ဖက်ကို အောက်သို့ယှက်လျက် တစ်ခါတစ်ရံလည်းရင်သားများကို ဖုံးကွယ်လျက်ရှိနေလေ၏။ ထိုခဏ၌ လှောင်ချိုင့်ပေါ်မှ အငွေ့တထောင်းထောင်းထွက်လျက်ရှိသော ဖြူသောအရောင်ရှိသော အရည်များသည် ရေတံခွန်များစီးဆင်း၍လာဘိသကဲ့သို့ တစ်ဟုန်တည်းကျ၍လာလေရာ ကျွန်တော်သည်လည်း ဆရာဝန်ကြီးပြောသည့်စကားကိုအမှတ်ရသဖြင့် ဆေးနီသုတ်၍ထားသော မျဉ်းကြောင်းနောက်သို့ လျင်မြန်စွာခုန်၍ဆုတ်လိုက်ရလေသည်။ ထိုကျ၍လာသော အပူရည်များသည် သူငယ်မကလေး၏ ကိုယ်ပေါ်သို့ လျင်မြန်စွာကျဆင်းလေရာ ကျွန်တော်လည်း မကြည့်ဝံ့သည်ဖြစ်၍ မျက်လုံးများကိုမှိတ်၍ ထားလိုက်ရလေ၏။ သတိရ၍ မျက်စိကိုဖွင့်သည်နှင့်တစ်ပြိုင်နက် ကျွန်တော့်အားငိုယိုတောင်းပန်၍နေရှာသော သူငယ်မကလေးသည် ကျောက်ရုပ်ကဲ့သို့ မတုန်မလှုပ်ဘဲရှိနေသည်ဖြစ်၍ ကျွန်တော်လည်း မိမိ၏မျက်စိများကိုပင် မယုံနိုင်ဘဲ တစ်ဖန် ပွတ်သပ်၍ကြည့်ပြန်ရာ ကျွန်တော်၏မျက်စိအောက်၌ပင် ဖရောင်းရုပ်ကြီး ဖြစ်၍သွားသည်ကို တွေ့မြင်ရလေ၏။ စကားတပြောပြောနှင့် ကျွန်တော့်အား ငိုယိုတောင်းပန်ရှာလျက် အချိုးအစားပြေပြစ်ကျနလှသော မိန်းမပျိုကလေးတစ်ယောက်မှာ လူစင်စစ်မှဖယောင်းရုပ်ဖြစ်၍သွားခြင်းမှာ ပြော၍မယုံနိုင်လောက်အောင်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှချေ၏တကား။

လူတို့မည်သည် မိမိတို့မျက်မှောက်တွင် အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းသော အရာများကိုလည်းကောင်း၊ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော အရာများကိုလည်းကောင်း တွေ့မြင်ကြရသောအခါ နှလုံးကိုများစွာ ထိခိုက်လျက် အချို့မှာ ရူးသွပ်၍ပင်သွားတတ်ကြသည့်အတိုင်း ကမ္ဘာတစ်ခုလုံးသည် ကျွန်တော်၏မျက်စိအောက်၌ ချာချာလည်၍သွားဘိသကဲ့သို့မှတ်ထင်မိလေ၏။ ဤကဲ့သို့ ကျွန်တော်၏စိတ်များ များသွာချောက်ချားပြီးလျင် ရူးသွပ်၍သွားလုမတတ်ရှိစဉ် တစ်စုံတစ်ယောက်သောသူသည် နောက်မှနေ၍ ကျွန်တော်၏ပခုံးကို ပုတ်လိုက်သည်နှင့်ဖျတ်ခနဲ သတိရသွားလေ၏။ ထိုသူကား အခြားသူမဟုတ် ဆရာဝန်ကြီးပင် ဖြစ်လေသည်။ ဖျတ်ခနဲ သတိရသွားလေ၏။ ထိုသူကား အခြားသူမဟုတ် ဆရာဝန်ကြီးပင် ဖြစ်လေသည်။

“ဘယ့်နှယ်လဲ မောင်သိန်းရွှေ၊ ထူးဆန်းတာတွေ မြင်ရပြီမဟုတ်လား”
“အင်း… ခင်ဗျားတယ်တော်တယ်ပေါ့လေ။ ဒီလိုချည်းလူတွေသတ်ပြီး အရုပ်လုပ်နေတာဘာလဲ၊ ရူးတာလား၊ ခင်ဗျားအတတ်ဟာ ဘာအတတ်လဲ၊ ဘာအသုံးကျသလဲ ဟင်…”
“အသုံးကျပြီလားမောင်သိန်းရွှေ၊ ဒီဖယောင်းရုပ်ကြီးတွေလုပ်ပြီး ကျုပ်တို့နိုင်ငံက ပြတိုက်ကြီးကိုသွင်းဖို့ ကမ္ဘာကိုကျုပ်လှည့်ခဲ့တာပဲ မောင်ရဲ့။ မောင်တို့နိုင်ငံဟာ နောက်ဆုံးပါပဲ။ ဘယ်နှယ်လဲ မောင်သိန်းရွှေ ကိုယ့်အလုပ်ဝတ္တရားကို ကိုယ်အမှတ်ရမှပေါ့။ ကျုပ်လစာဖြစ်ရင် ကျုပ်ပြောတဲ့စကားကို နားထောင်ရမယ်မဟုတ်လား”
“နင်ပြောတဲ့စကား ငါဘာလို့နားထောင်ရမှာလဲ၊ တို့အမျိုးကို ဒီလိုစော်ကားတဲ့အကောင်၊ နင့်ကို ကြာကြာမထားဘူး ပုလိပ်သွားပြောမယ်”

“ကိုင်း… ပြောချေ၊ နင့်ပုလိပ်”ဟု ပြောဆိုကာ ဆရာဝန်သည် ဘောင်းဘီအိတ်ထဲသို့တစ်စုံတစ်ရာ နှိုက်ယူရန် လက်နှိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်တော်သည်လည်း ကားသည်သမင်ကို အုပ်ဘိသကဲ့သို့ ၎င်း၏လည်မျိုကို တစ်ဟုန်တည်းခုန်၍အုပ်လေ၏။ မြန်မာလူမျိုးများမှာ အသက် ၅၀ ကျော်ခန့်ရှိလျှင် မိမိကိုယ်ကို အိုမင်းလှပြီဟူ၍မှတ်ထင်လျက်ဘဲ စိတ်အား၊ ကိုယ်အားတို့ကို လျှော့တတ်ကြသော်လည်း အနောက်နိုင်ငံသားများမှာမူ ကိုယ်လက် ကျန်းမာရေးကို လိုက်စားကြသူများဖြစ်ကြသည့်အတိုင်း လူငယ်များလောက်နီးပါး သန်းစွမ်းကြလေသည်။ ကျွန်တော်သည် ဒေါက်တာရိုင်းနိုး၏ လည်မျိုကို ညာဘက်လက်ဖြင့်ဖျစ်ညှစ်လျက် ကျွန်တော်၏ လက်ဝဲဘက်လက်ကမူ ၎င်း၏သေနတ်ကိုင်သော ညာဘက်လက်၏ လက်ကောက်ဝတ်ကို အတင်းဆုပ်ကိုင်လျက်ရှိလေ၏။ ကျွန်တော်သည် ကျောင်းနေစဉ်က လက်ဝှေ့ထိုးခြင်းသာမက နပန်းလုံးခြင်း၌လည်း ဝါသနာပါသူတစ်ယောက်ဖြစ်သဖြင့် ၎င်း၏ ညာဘက်လက်သည် ခြောက်လုံးပြူးသေနတ်ကို ထုတ်ယူရန် အခွင့်မရဘဲရှိနေလေ၏။ ထိုအခါ ကျွန်တော်တို့နှစ်ယောက်စလုံးပင် ကြမ်းပြင်ပေါ်၌လိမ့်လျက် သူတစ်ပြန်ငါတစ်ပြန်ရှိနေကြလေရာ ကျိုက်ကျိုက်ဆူသော ဖယောင်းရည်များပြည့်လျက်ရှိသည့် ကန်ကြီးမှာ ကျွန်တော်တို့ ထွေးလုံး၍နေသောနေရာနှင့် ၅ ပေ ၆ ပေခန့်မျှသာ ကွာရှိလေတော့၏။ ဒေါက်တာရိုင်းနိုးသည် ခြောက်လုံးပြူးသေနတ်ကိုထုတ်ယူရန်သာ အပြင်းအထန် ကြိုးစားလျက်ရှိသည်ဖြစ်ရာ ကျွန်တော့်မှာ မြန်မာလူမျိုးဖြစ်သဖြင့် မြန်မာလူမျိုးများသည်အကျပ်အတည်းနှင့် ခဲခဲယဉ်ယဉ် ပက်ပင်းပါ တွေ့ရသောအခါ အခြားလူမျိုးများထက် နက်နဲသိမ်မွေ့သည့်အကြံကို ထုတ်တတ်ကြောင်း အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးက ပြောဖူးသည့်အတိုင်း ကျွန်တော်၏ဦးနှောက်ထဲသို့ အကြံတစ်ခုသည်တိုးဝင်၍လာလေ၏။ ထိုအကြံသည်ကား အခြားမဟုတ် ဒေါက်တာရိုင်းနိုးအား တဖြည်းဖြည်း ကိုယ်လုံးချင်းလှိမ့်ပြီးလျှင် ဖယောင်းများကိုကျို၍ထားသော ကန်ကြီးအနီးသို့ ယူ၍သွားပြီးလျှင် ၎င်းအား လျင်မြန်စွာ တွန်းချလိုက်နိုင်ပါက ကျွန်တော်မှာ အသက်ဘေးမှ ချမ်းသာရာ ရမည့်အကြောင်း စဉ်းစားမိ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏ လက်ဝဲဘက်လက်မှ အားကို အနည်းငယ်ကလေးမျှ လျှော့၍ပေးလိုက်ပါမူ ၎င်း၏ ခြောက်လုံးပြူးသေနတ်မှ ကျည်ဆန်သည် ကျွန်တော်၏ ဦးနှောက်ထဲသို့ ဖောက်ထွင်း၍ဝင်သွားမည်ကာား လွဲမည်မဟုတ်ပေ။

သို့ဖြစ်၍ ကျွန်တော်သည် ကြမ်းပြင်ပေါ်သို့ ကျောနှင့်ကပ်လိုက်ပြီးလျှင် ၎င်းအား အထက်စီးပေး၍ ကန်ဘက်သို့ တဖြည်းဖြည်းချင်းဆွဲ၍ယူခဲ့ရာ နောက်ဆုံး၌ ကျွန်တော်တို့သည် ကန်ပေါင်နှင့် ၂ ပေ ၃ ပေမျှသာကွာဝေးသောနေရာသို့ ရောက်ခဲ့လေ၏။ ထိုအခါ ဆရာဝန်ကြီးသည် ကျွန်တော်၏အကြံအစည်ကို ရိပ်မိသည့်လက္ခဏာနှင့် ယခင်ကထက်တိုး၍ အားအင်ထုတ်လျက်ရှိလေရာ ကျွန်တော်ကလည်း ၎င်းအား ကန်နှင့်နီးနိုင်သမျှနီးအောင် ဆွဲငင်တွန်းထိုးလျက်ရှိလေ၏။ ငယ်ရွယ်သော တက်လူများနှင့် အသက်အရွယ်ကြီးရင့်သူတို့မှာ အားအင်တူမျှသော်လည်း ရေရှည်ခံနိုင်အောင် ကြိုးစားနိုင်သော ဇွဲ၌ကား ကွာခြား၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ကြမ်းပြင်ကို ခြေဖြင့်ကန်ကျောက်ကာ ၎င်း၏ကိုယ်လုံးကို ကျွန်တော်၏ ပခုံးဖြင့် တဖြည်းဖြည်း တရွေ့ရွေ့တွန်းလျက်ရှိလေရာ (၅) မိနစ်ခန့်မျှ အကြိတ်အနယ်တွန်းမိကြလေလျှင် ဆရာဝန်ကြီးမှာ ကန်ဘောင်နှင့် ၁ ပေခန့်မျှသာ ဝေးသောနေရာသို့ ရောက်ရှိကြလေ၏။ ထိုအခါ ၎င်းမှာ သေရအံ့သောဘေးနှင့် နီးကပ်သည်ထက် နီးကပ်လာကြောင်းကို သိရသည်။ အားအင်များကို ယခင်ကထက် နှစ်ဆမျှထုတ်လျက် သေနတ်ကို အားမကိုးတော့ဘဲ ကျွန်တော့်အား ခေါင်းနှင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ကျောက်ခြင်း၊ တွေ့ကရာနေရာတွင် ကုတ်ဖဲ့ခြင်း စသည်ဖြင့် ပြုလုပ်ပြန်ရာ ကျွန်တော်လည်းမိမိ၏ခွန်အားကို ယခင်ကထက် အားထုတ်ပြီးနောက် ခြေကန်၍ တွန်းပြန်၏။ ဆရာဝန်ကြီးမှာ ထိုအခါ၌ ပါးစပ်မှ အမြှုပ်တစိစိထွက်အောင် ကြိုးပမ်းလျက် ၎င်း၏မျက်နှာမှာလည်း မင်နီဖြင့်ပတ်၍ထားဘိသကဲ့သို့ နီမြန်းလျက်ရှိလေ၏။ ကန်ကြီး၏အတွင်းမှလည်း ဖယောင်းရည်များသည်တရှူးရှူးတရှဲရှဲမြည်ကာ ဆူပွက်လျက်ရှိသည်ဖြစ်ရာ နောက်ဆုံး၌ ဆရာဝန်ကြီးမှာ ကျွန်တော်၏အကြံအထမြောက်တော့မည့်အကြောင်းကို သိရကား ကပိုင်းကျွိုန်တော်၏ခါးလည်နှင့် အောက်ပိုင်းကို ၎င်း၏ခြေများဖြင့် မြွေသည်သားကောင်ကိုရစ်ပတ်ဘိသကဲ့သို့ ရစ်ပတ်လျက်ရှိလေ၏။ ၎င်း၏အကြံမှာ ကျွန်တော့်ကိုပါ ကန်ထဲသို့ ဆွဲ၍ချရန် ကြံစည်ခြင်းဖြစ်လေသည်။

ထိုအခါ၌ကား ကျွန်တော်တို့မှာ ကန်ပေါင်နှင့် တစ်ပေ-တစ်ပေခွဲခန့်မျှသာ ကွာတော့သည်ဖြစ်ရာ ကန်အတွင်းမှ ဖယောင်းငွေ့များမှာ ကျွန်တော်၏ မျက်နှာကိုပင် ဟပ်လျက်ရှိလေ၏။ ကျွန်တော်လည်း ၎င်း၏ခြေထောက်များကို လျင်မြန်စွာ ဖြေချလိုက်ပြီးလျှင် လူတို့မည်သည်အသက်ချင်းလဲလှယ်ရသည့်အရေးနှင့် တွေ့ကြုံရသည့်အခါ အားအင်များသည် ယခင်ကထက်ဆထက်ထမ်းပိုး ထွက်၍လာတတ်သည့်အတိုင်း ရိုးတွင်းခြင်ဆီထဲမှ ကိုက်ခဲ၍လာသည့်တိုင်အောင် အားအင်ရှိသမျှကို ဖျစ်ညှစ်ထုတ်ပြီးနောက် ကိုယ်လုံးချင်းလွတ်သည်နှင့်တစ်ပြိုင်နက် ဖယောင်းကန်ထဲသို့ တွန်းချလိုက်လေ၏။ လူများအား ဖယောင်းရည်ဖြင့်သတ်သော ဆရာဝန်ကြီးမှာ၎င်းကြံစည်ပြုလုပ်သော ဖယောင်းကန်ကြီးအတွင်း၌ပင် ၎င်း၏အသက်ကို ဆုံးရှူံးရရှာလေပြီ။ ကျွန်တော်၏ ပြုလုပ်ခြင်းမှာ လျှပ်စစ်ကဲ့သို့လျင်မြန်လှ၍ ကျွန်တော်ကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင်ရှိလေသည်။

ဖယောင်းကန်ကြီးမှာ လူကောင်ကျသွားသည်နှင့်တစ်ပြိုင်နက် တရှူးရှူးမြည်သောအသံကြီးများသည် ယခင်ကထက် တိုး၍ကျယ်လောင်လာပြီးလျှင် မီးခိုးလုံးကြီးများသည် မီးတောက်များနှင့်အတူ အထက်မျက်နှာကြက်သို့ တိုင်အောင် ထိုးတက်၍လာပြီးနောက် မျက်နှာကြက်ကို မီးစွဲလေ၏။ ကျွန်တော်လည်း ပါးစပ်ကိုဟကာ ကြက်သေသေလျက်ရှိရာမှ “မီးလောင်ကုန်ပါပြီ ဗျို့”ဟု ဟစ်အော်ကာ အိမ်အပြင်ဘက်သို့ရောက်အောင် ထွက်ပြေးလေ၏။ အိမ်အပြင်ဘက်သို့ ရောက်သောအခါ ကျွန်တော်မှာ ထိုနေ့အဖို့၌ အလွန်ကြောက်မက်ဖွယ်ကောင်းသော အခြင်းအရာများကိုတစ်ခုပြီးလျှင်တစ်ခု ဆက်လက်တွေ့မြင်ရသည်ကတစ်ကြောင်း၊ ဆရာဝန်အရူးကြီးနှင့် အသေအရှင်လုပြီးလျှင် အပြင်းအထန်သတ်ပုတ်ခဲ့ရသဖြင့် တစ်ကြောင်း၊ အလွန်ပြင်းထန်ဆိုးဝါးလှသော အငွေ့အသက်များကို ရှူရှိုက်မိသဖြင့်တစ်ကြောင်း ဦးခေါင်းသည် တဖြည်းဖြည်း လေးလံ၍လာပြီးလျှင်လမ်းပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် မတ်တတ်မှ လဲကျသွားလေသည်။

ဆေးရုံတွင် ကောင်းမွန်စွာ သတိရလာပြီးနောက် ကျွန်တော်ပြန်၍ပြောပြသော အဖြစ်အပျက်များကို အစိုးရများပင်လျှင် ပထမ၌ မယုံကြည်ခဲ့ချေ။ သို့သော် အင်းစိန်ရွာမခြံထဲမှ ခြံလုပ်စားသူအဘိုးကြီးတစ်ယောက်၏ သမီး မနန်းခင်ဆိုသော မိန်းကလေးတစ်ယောက်သည် ခြံထဲမှပျောက်ခြင်းမလှ ပျောက်၍သွားသည်ဟူသော ဌာနတွင် တိုင်တန်းချက်နှင့်တကွ ထိုသူငယ်မကလေး၏ ပုံသဏ္ဌာန်မှာ ကျွန်တော်တွေ့ခဲ့ရသော သူငယ်မကလေးနှင့် တစ်သဝေမတိမ်းအောင်တူညီခဲ့ရကား ရာဇဝတ်မင်းကြီးပင်လျှင် ကျွန်တော်၏အဖြစ်အပျက်ကို အံ့သြလေသည်။ ထိုမျှမက လူစင်စစ်ကိုပင် ကျောက်အဖြစ်သို့ ပြောင်းလဲ၍သွားအောင် ဓာတ်ဆေးရည်တစ်မျိုးဖြင့် ကျိုချက်နိုင်ကြောင်း ၎င်းအား (ဂျာမန်ပရောဖက်ဆား) ဆရာကြီးတစ်ယောက်က ပြောပြဖူးကြောင်းဖြင့်ဝန်ခံလေသည်။ ဒေါက်တာရိုင်းနိုးနေသော တိုက်အိမ်ကြီးမှာ ပြာကျ၍သွားပြီဖြစ်ရာ မီးမလောင်ဘဲကျန်ရစ်သော စက်ကိရိယာအချို့နှင့်တစ်ကွ ကျောက်ရုပ်ကြီး ၃-၄ ခုနှင့် ကျောက်စားပွဲကြီးများကိုသာ တွေ့ရှိရလေ၏။

ကျွန်တော်၏စိတ်မှာ အပြင်းအထန်တုန်လှုပ်လျက်ရှိသေးသည်ဖြစ်၍ ဆရာဝန်ကြီးများ၏ညွန်ကြားချက်အရ ဆေးရုံတွင် တစ်လကျော်မျှ ဆေးဝါးကုသခြင်းခံခဲ့ရလေသည်။
credit to mmcyber

ဒဂုန်ရွှေမျှား
[၁၉၃၅]

နယ်ပိုင်မင်း - သိပ္ပံမောင်ဝ

နယ်ပိုင်မင်း
 


ဆယ်ပေပတ်လည် အခန်းကလေးအတွင်း စိတ်ရှုပ်၍နေရသူကား နယ်ပိုင်မင်း မောင်လူအေး ဖြစ်၏။ ယင်း ဆယ်ပေပတ်လည်အခန်းကလေးကား နယ်ပိုင်မင်း၏ ရုံးခန်းဖြစ်လေ၏။ ထိုအခန်းနှင့် မျက်နှာချင်းဆိုင်အခန်းကား နယ်ပိုင်မင်း၏ တရားခွင်ဖြစ်၏။ ဘေးချင်းကပ်လျက်နေသောအခန်းကား နယ်ပိုင်စာရေးများ၏ အလုပ်ခွင်။ ကျောချင်းကပ်အခန်းကား ရာဘတ်တရားသူကြီးဦးဘသော်၏ အခန်းတည်း။ အောက်ထပ်တွင်ကား တရားခံများချုပ်ထားရာအခန်း၊ ဘီလစ်၏အခန်း၊ ရှေ့နေများနေရာအခန်းများ ရှိလေသည်။ ဤမျှနှင့် နယ်ပိုင်ရုံးတော်၏ ပုံပန်းပေါ်လောက်ပြီ။

မောင်လူအေးသည် မိမိရုံးခန်းအတွင်း အလုပ်ရှုပ်၊ စိတ်ရှုပ်နေခိုက်တွင် ရာဘတ်သူကြီး ဦးဘသော်က သက်သေများအား ငေါက်ငန်းနေသောအသံကို အတိုင်းသားကြားရ၏။ “မောင်မင်း စိတ်ထဲမှာ ဈေးထင်သလား။ မောင်မင်းဖြေတာက တစ်မျိုး။ ငါဘာကိုရေးရမလဲ၊ ရုံးတော်ကို မောင်မင်း သက်သေလိမ်ပြီး ထွက်မယ်မကြံနဲ့၊ အခုထောင်ကျသွားမယ်” စသောအသံများသည် ထရံနှစ်ဖက်ကို ထိုးဖောက်ပြီး သကာလ မောင်လူအေး၏ နားတွင်းသို့ စူးဝင်၍သွားတော့၏။

အခြားဘက်အခန်းတွင်ကား နယ်ပိုင်စာရေးကြီး ဦးဘတိုးက အခွန်လာသွင်းသူများ နောက်ကျသောကြောင့် ဆူပွက်လျက်ရှိနေ၏။ “ခင်ဗျား တို့ကို ချိန်းထားတာ လေးငါးရက်ရှိပြီ။ အခုမှလာလို့ ကျုပ်ဘာလုပ်တတ်မှာတုံး။ ဒဏ်ငွေသာပေးပေတော့၊ ခင်ဗျားတို့ဘိုးအေ နယ်ပိုင်က တောင်းပန်လို့ရမှာ မဟုတ်ဘူး” စသော အသံများသည်လည်း မောင်လူအေး၏ ရှုပ်နေသော နားအတွင်းသို့ ချဉ်းနင်းဝင်ရောက်လျက်နေ၏။

ဒုတိယစာရေး ဖန်ကတုံးမောင်ဖျန်စိန်ကား မိမိရှေ့စားပွဲပေါ်တွင် တင်ထားသော စာရင်းစာအုပ်တွေ၊ အမှုတွဲတွေ တစ်ပုံကြီးနှင့် အလုပ်ရှုပ်လျက်နေ၏။ ဤမျှ အလုပ်ရှုပ်နေစေကာမူ ဆေးလိပ်ကိုကား လက်မှမချ။ စီးကရက်တစ်လိပ်ပြီးတစ်လိပ် ဖွာလျက်နေ၏။ တတိယစာရေး ဘကွန်းကား ဘာအလုပ်ရှုပ်နေမှန်းမသိ။ အခန်းထဲတွင် ဟိုလျှောက်သည်လျှောက်နှင့် နေ၏။

ရုံးပြာတာဖြစ်ကြကုန်သော ပန်ဒစ်နှင့် မဟာရန်တို့ကား နယ်ပိုင်အခန်းထဲသို့ အမှုတွဲတွေ၊ စာရွက်တွေယူကာ ဝင်လာ၊ အခန်းထဲမှ ယူစရာရှိတာတွေကို ယူသွားကာနှင့် အလုပ်များနေရှာကြကုန်၏။ ခုဝင်ခုထွက်နှင့် ခြေညောင်းစရာ။ နယ်ပိုင်စားပွဲပေါ်တွင်ကား စာရွက်တွေ၊ အမှုတွဲတွေနှင့် ရှုပ်နေလိုက်သည်မှာ အပ်ချစရာပင် နေရာလပ်မရှိ၊ စားပွဲပေါ်တွင်မျှမကသေး၊ အနီးရှိ ကုလားထိုင်တွေပေါ်တွင်လည်း အလွတ်မရှိ။ ဗီရိုပေါ်တွင်လည်း အလွတ်မရှိ။ ကြမ်းပြင်ပေါ်တွင်လည်း အလွတ်မရှိ။ များလိုက်တဲ့ ဖြစ်ခြင်း။ မောင်လူအေး ယင်းတို့ကိုမြင်လျှင်စိတ်အပင်ပန်းကြီးပင်ပန်းလျက် နေတော့၏။

ဤသို့ စိတ်ပင်ပန်းစွာနှင့် အလုပ်တွေကိုကြည့်နေစဉ် အပြင်ဘက်မှ ပြာတာ မောင်ဖိုးရွှေသည် အသံဝါကြီးဖြင့်ကျယ်လောင်စွာ “လျှောက်လွှာ၊ လျှောက်လွှာ၊ နယ်ပိုင်မင်း လျှောက်လွှာ” ဟူ၍ သုံးကြိမ်တိုင်တိုင် အော်လိုက်ပေ၏။ သူ၏အသံကြီးကို ကြားလိုက်သည်နှင့်တစ်ပြိုက်နက် တစ်ရုံးလုံး တိတ်ဆိတ်၍ သွားလေတော့၏။ ယင်းအသံဝါကြီးမှာ ပဲ့တင်ထပ်၍သွား၏။ ကိုက်တစ်ရာအတွင်းမှာပင် ကြားရ၏။ တကယ့်အသံကြီး ဖြစ်ပေသည်။

ပြာတာမောင်ဖိုးရွှေ၏ “လျှောက်လွှာ” ဆိုသော ပဲ့တင်သံကြီးမှမဆဲမီ အင်္ကျီညစ်ညစ်၊ လုံချည်ညစ်ညစ်၊ ဆံပင်စုတ်ဖွားနှင့် လျှောက်လွှာတစ်စောင်ကိုကိုင်ကာ အခန်းတွင်းသို့ မိန်းမတစ်ယောက် ဝင်၍လာ၏။ အသူနည်း။ မဘုမ ဖြစ်ပါသည်။ အဘယ့်ကြောင့်လာပါသနည်း။ မနေ့က မရွှေသောင်း၏ ခွေးနက်ကြီးက မိမိအားကိုက်သောကြောင့် တရားစွဲရန်ဖြစ်ပါသည်။ ကိုက်တတ်သောခွေးကိုမွေးထားပြီး အဘယ်ကြောင့်ကောင်းစွာ မထိန်းထားပါသနည်း။ ဤအမှုကား လူကြီးရုံးနှင့် သင့်တော်၏။ လူကြီးရုံးသို့ လွှဲလိုက်လေ၏။

ယင်းမဘုမမှ ထွက်သွားမည်မလုပ်သေး၊ ခေါင်းပေါင်းစထောင်ထောင်၊ မျက်မှန်ပြောင်နှင့် လူတစ်ယောက် လျှောက်လွှာလေးကိုင်ကာ ဝင်လာပြန်ပါ၏။ လူကြီးလူကျယ်တစ်ယောက်နှင့် တူလေသည်။ အဘယ်ကြောင့်လာပါသနည်း။ အင်္ဂလာသူကြီးနှင့်ပတ်သက်၍ လျှောက်ထားရန် ဖြစ်ပါသည်။ အင်္ဂလာသူကြီးသည် မိမိအား မတရားဒဏ်ရိုက်လိုက်သဖြင့် ယင်းသူကြီးအား စစ်ဆေးပြီး အပြစ်ပေးရန် လျှောက်ထားခြင်းဖြစ်လေသည်။ မောင်လူအေးလည်း မိမိ၏ နေ့စဉ်မှတ်တမ်းစာအုပ်ကို ဖွင့်၍ ကြည့်သည်။ ရက်ချိန်းတွေပြည့်နေပြီဖြစ်သောကြောင့် ဆိုင်ရာမြို့ပိုင်ထံ စစ်ဆေးရန် ပို့လိုက်၏။

ထိုလူထွက်သွားသည်နှင့် တပြိုက်နက် ဝင်၍လာသူကား တရုတ်အစန်ဖြစ်၏။ တစ်နေ့က အင်းမရွာတွင် အလုပ်မရှိ လူမိုက်ဘွဲ့ရ ငဖိုးညန်က အလကားသက်သက် နေ့လည်ကြောင်တောင်တွင် လမ်းလျှောက်နေခိုက် ပါးနားရိုက်သဖြင့် နာကျင်စေမှုဖြင့် တရားစွဲရန်ဖြစ်၏။ ယင်းအမှုကား ဒုတိယမြို့ပိုင်ကလေးနှင့် သင့်လျှော်လေသည်။ ယင်းအား လွဲပေးလိုက်၏။

အောင်မယ်၊ ဗျင်းစွဲသူကြီးဖိုးရွှေအုပ်ပါကား။ ဘာကိစ္စပါလိမ့်။ လျှောက်လွှာကြီးကို ဆုပ်ထားလိုက်သည်မှာ ကြေမွ၍ပင်နေပေပြီ။ နောက်နားကလည်း လူလေးငါးယောက်။ ရွာကော်မတီ ဖိုးလှ၊ ဘသောင်း၊ ဦးကုလားတို့ပါကလား။ အကြောင်းများထူးလာကြသလား။ အင်း၊ လူဆိုးဖိုးမောင် ရွာထဲတွင် သောင်းကျန်းနေသောကြောင့် တစ်ရာ့တစ်ဆယ်လုပ်ရန် လျှောက်ထားကြပေသကိုး။ လျှောက်တာကတော့ ကောင်းပါရဲ့။ သည်အကောင်တကယ်ပဲဆိုးသလား သူကြီးမင်းရဲ့၊ ဆိုးမှလည်း လုပ်ကြပါ၊ မတော်တဆ လူကောင်းဖြစ်နေပါ့မယ်။ ယင်းတို့အားလုံးကို စစ်ဆေး၏။ ပြီးလျှင် ဖိုးမောင်ကိုဖမ်းရန် ဝရန်းထုတ်ပေးလိုက်လေသည်။ သူကြီးလည်း ပြုံလျက် ထွက်သွား၏။ ငါလိုသူကြီးကို ဘယ်လိုကောင်မှတ်သလဲဟု ကြိမ်းဝါးသွားပုံရလေသည်။
ထို့နောက် ဝင်လာကြသူတို့ကား ဆယ့်ငါးယောက်ခန့်ရှိလေသည်။ အသက်ခပ်ကြီးကြီးလည်း ပါ၏။ အသက်ခပ်ငယ်ငယ်လည်း ပါ၏။ အဝတ်အစားပြောင်ပြောင်နှင့်လည်း ပါ၏။ အဝတ်အစား ညစ်ထေးစွာနှင့် ယောကျာ်းက အများသား။ မိန်းမက သုံးလေးယောက်။ ကလေး သုံးလေးယောက်လည်း ယင်းတို့၏ မိဘများနှင့် ပါလာ၏။ ဘုမသိ ဘမသိ။ ကြောက်ရမှန်းမသိ လန့်ရမှန်းမသိ၊ မျက်လုံးကလေးများ ကြောင်တောင်တောင်နှင့် နယ်ပိုင်မောင်လူအေးအား ကြည့်နေကြကုန်၏။ ယင်းလူစုတွင် ခေါင်းဆောင်ဟု ထင်မှတ်ရသော အသက်ငါးဆယ်ခန့်လူ၏ လက်ထဲတွင် လျှောက်လွှာတစ်စောင်ပါ၏။ ထိုလျှောက်လွှာကား အခြားမဟုတ်။ မကြာမီက ဓားပြတို့ကို မခုခံသောကြောင့် အစိုးရမင်းက ဒဏ်ရိုက်ထားသည်ကို ချမ်းသာပေးရန်ဖြစ်၏။ အဘယ်ချမ်းသာပေးနိုင်မတုံး။ အထက်အစိုးရမင်းကြီးက ဒဏ်ရိုက်က်သည်ကို မိမိက အဘယ်မှာလျှင် ချမ်းသာခွင့်ပေးနိုင်ပါအံ့နည်း။ ကျေနပ်အောင်ပြော၍ လွှတ်လိုက်ရ၏။ ထိုလူဆယ့်လေးငါးယောက်တို့မှာလည်း မကျေနပ်။ စိတ်ပျက်လက်ပျက်နှင့်ပင် ထွက်၍သွားကြတော့၏။

ယင်းတို့လူသိုက် ထွက်သွားပြီးနောက် လျှောက်လွှာကိုင်၍ဝင်လာသူ မရှိ။ ရှင်း၍သွားပေပြီ။ သက်မကြီးကိုချကာ နာရီမော်၍ကြည့်၏။ တော်တော်အချိန်နှောင်းသွားပေပြီ။ စားပွဲပေါ်တွင် ပုံနေသော အလုပ်တို့ကို လုပ်ရတော့အံ့။ ဝမ်းမြောက်စွာ စီးကရက်တစ်လိပ်ကို မီးညှိ၍ဖွာ၏။ ပြီးမှမပြီးသေးမီ ပြာတာ မောင်ဖိုးရွှေဝင်လာပြီးလျှင် လေးထောင့်စာရွက်ကလေးတစ်ခုကို ပေး၏။ ဝိဇ္ဖာဘွဲ့ရ မောင်စံသိန်း ဝင်၍လာ၏။ ဝိဇ္ဖာတို့ဘာဝ ခံ့ခံ့ငြားငြားပေပင်။ ဝန်ထောက်စာမေးပွဲ ဝင်လိုသောကြောင့် အကျင့်စာရိတကောင်းကြောင်း လက်မှတ်တောင်ရန်ဖြစ်၏။ ယင်းဝိဇ္ဖာကလေးနှင့် တစ်ခါနှစ်ခါတွေ့ကြုံဖူး၏။ လက်မှတ်ကို ရေးပေးလိုက်လေသည်။ မပြန်သေး။ ကျေးဇူးတင်ကြောင်း ပြောနေသေး၏။ အောင်မလေးဟဲ့နော်၊ ရရင်တော်ရောပေါ့၊ စကားရှည်နေရသေး၊ ငါ့အလုပ်တွေ ကြည့်ပါပေတော့လား။ အလုပ်တွေများနေသောကြောင့် စကားရှည်ရှည် မပြောနိုင်၍ ဝမ်းနည်းကြောင်း ပြော၍ လွှတ်လိုက်ရ၏။

ထွက်သွားလေပြီ။ အလုပ်လုပ်ရတော့အံ့။ အဘယ်မှာလုပ်ရဦးမည်နည်း။ ရာဇဝတ်ဝန်ထောက် ပေါက်လာပြန်ပြီ။ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်လုပ်ရန် လာရောက်တိုင်ပင်ခြင်းဖြစ်လေသည်။ စီးကရက်သောက်ရန်ပေးပြီး တော်တော်ကြာအောင် ဆွေးနွေးရ၏။ မောင်လူအေးကား များစွာ စိတ်မပါလှ။ မိမိရှေ့တွင်ပုံနေသော အလုပ်များဘယ်သို့ကုန်အောင် လုပ်ရမည်နည်းဟူ၍သာ စိတ်ကူးထုတ်လျှက်နေ၏။

ရာဇဝတ်ဝန်ထောက်မင်းနှင့် စကားပြော၍မျှမပြီးသေး၊ ပြာတာပန်ဒစ်ဝင်လာ၍ ကြေးနန်းစာတစ်စောင်ကိုပေး၏။ ဖွင့်၍ဖတ်လိုက်ရာ ဧရာဝတီမြစ်ရေ တိုးသဖြင့် အစိုးရတာများ ပြိုမှာကို စိုးရိမ်ရသောကြောင့် ချက်ချင်းသွား၍ စီမံရန်ဖြစ်လေသည်။ အဘယ်သို့လုပ်ရအံ့နည်း။ ခက်တော့တာပဲ၊ မနက်ဖြန်လည်း အမှုတွေချိန်းထား၏။ ယနေ့လည်း အမှုတွေစစ်ရန် ရှိသေးသည်။ အလုပ်များရတဲ့အထဲ ဒါတွေက လာရှုပ်ပြန်ပြီ။ တာခေါင်းတို့၊ တာဗိုလ်တို့၊ တာဝန်ထောက်တို့၊ တာအရေးပိုင်တို့ ရှိပါလျက် မိမိတို့ကို ဘာမဆိုင်ညာမဆိုင် အလုပ်များပြီးသားသူတို့ကို အဘယ်ကြောင့် အလုပ်ပေးရပြန်ပါသနည်း။ မနက်ဖြန်ကို သွားရန် စီမံရ၏။ ချိန်းထားသော အမှုများကို ပြန်၍ ရက်ရွှေ့ရပြန်၏။ ဤသို့အလုပ်ရှုပ်နေသည်ကိုမြင်လျှင် ရာဇဝတ်ဝန်ထောက်မင်းလည်း အားနာလာသဖြင့် နှုတ်ဆက်ကာ ထွက်၍သွားတော့၏။

ဤကိစ္စတော့ဖြင့် ပြီးသွားပြီ။ ရှေ့တွင်ပုံနေသော အလုပ်များကို စ၍လုပ်ရတော့အံ့။ အမှုတွဲတစ်ခုကိုဖွင့်၏။ ကလောင်ကို ကိုင်၏။ စာတစ်လုံးနှစ်လုံးကို ရေး၏။ ရေး၍မျှမပြီးသေး မြို့  ပိုင်မင်း ပေါက်၍လာလေသည်။ လက်ထဲတွင် အမှုတွဲတွေ တစ်ပုံကြီးနှင့်။ ဘာကြောင့် လာပါလိမ့်။ လူခွန်၊ မြေခွန်၊ ကိုင်းခွန်၊ ဂရန်စသော အခွန်တော်အမျိုးမျိုးအတွက် တိုင်ပင်ရန်လာခြင်းဖြစ်လေသည်။ အတော်ကြာအောင် နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ အကြံထုတ် ဥာဏ်ထုတ်နေကြ၏။ အကြံရခက်သဖြင့် ခေါင်းကိုက်လုမတတ်။

ဤသို့ ခေါင်းရှုပ်နေကသည့်အတွင်း ကြေးနန်းတစ်စောင် ရောက်လာပြန်၏။ လန့်၍ သွားလေသည်။ ဖောက်၍ဖတ်လိုက်ရာ စစ်ကွင်းသူကြီးအား ဓားပြများသတ်သွားကြောင်း ချက်ချင်း လိုက်သွားရန်ပါလေသည်။ “ချက်ချင်း” ဆိုသောစကားသည် ခက်လှပေ၏။ အမိန့်ပေးသောသူ၌ကား လွယ်ကူ၏။ လိုက်နာရသောသူအဖို့ကား မည်မျှခက်နေရပါသနည်း။ ယခုချက်ချင်းထွက်သွားပါက ယနေ့ချိန်းထားသော အမှုတွေ၊ ရှေ့တွင်ပုံနေသော အမှုတွဲတွေကို မည်သို့လုပ်ရပါအံ့နည်း။ မနက်ဖြန်ဆိုလျှင် အစိုးရတာအတွက် သွားရဦးမည်။ ယင်းနှစ်မျိုးစလုံးအရေးကြီး၏။ အဘယ်သို့လုပ်အံ့နည်း။ မနက်ဖြန် ဓားပြမှုဖြစ်ရာသို့သွားလျှင် ကောင်းလေရဲ့။ အကယ်၍ တာကျိုးသွားက မခက်ပေလော။ ဤသို့တွေးတောရင်း အချိန်ကုန်ခဲ့၏။ မြို့ပိုင်မင်းလည်း အကြံမပေးတတ်။ အလိုက်သိစွာ နှုတ်ဆက်၍ထွက်သွားခဲ့ဘိ၏။ ဓားပြရှိရာသို့ နောက်တစ်နေ့မှ သွားမည်ဟု ဆုံးဖြတ်လိုက်လေသည်။ နာရီကို ကြည့်လိုက်ရာ နှစ်ချက်ထိုးနေပြီ။ ဘာအလုပ်မျှ မပြီးသေး။ သည်တစ်ခါ အသေအချာလုပ်တော့မည်ဟူသော မျက်နှာထားနှင့် ကလောင်ကို တင်းတင်းကြီးကိုင်၏။ ကလောင်လက်ထဲသို့ ရောက်၍မျှ မကြာသေးမီ ခေါင်းပေါင်းစ တထောင်ထောင်နှင့် လူနှစ်ယောက် အကြောင်းမကြားဘာမကြား ရှေ့သို့ရောက်၍လာကြ၏။ ကုလားထိုင်တွင် ဆွဲ၍ထိုင်ကြ၏။ ဆေးတံကြီးများကိုက်လို့။ ဘယ်သူတွေပါလိမ့်။ တော်တော်ရဲတဲ့ သူတွေပါကလား။ လက်ထဲမှာလည်း စာအုပ်ကြီးတွေနဲ့ပါကလား။ ဖြတ်ပိုင်းစာအုပ်တွေလည်းပါရဲ့။ ထီလက်မှတ်ရောင်းသူတွေလော။ အလှူခံတွေလော။ အောင်မလေးဟဲ့ လူတွေ၊ အလုပ်များတုန်းမှ ရောက်လာကြတယ်။ ကိုင်း၊ ကိုင်း ဘာကိစ္စလာကြပါလိမ့်။ ကြို့ပင်ကောက် မိဘမဲ့ကျောင်းအတွက် အလှူခံပုဂ္ဂိုလ်မျာပေတည်း။ သြော် တော်တော်အားကြပါပေရဲ့နော်။ စကားနည်းလိုသဖြင့် ချက်ချင်းပင် ငွေနှစ်ကျပ် အိတ်ထဲမှထုတ်၍ပေးလိုက်၏။ ပြန်ကြပါတော့။ အောင်မယ်လေးဟဲ့ မောင်မင်းကြီးသားတွေ။ ဘယ်ပြန်ကြဦးမလဲ။ နှစ်ကျပ်ဟာ နည်းပြန်သတဲ့။ အနည်းဆုံး ၁ဝ လောက်ထည့်ဖို့ ကောင်းတယ်ဆိုကိုး။ သူတို့ကတော့ အားနေကြတဲ့လူတွေ။ တရားကျအောင်ပြောနိုင်ကြမပေါ့။ သည်မှာ မအားတဲ့လူမှာတော့ အခက်ကြီးခက်နေပြီ။ ဘယ်လိုပြောလို့မှ မရ။ တောက်တဲ့ကပ် ကပ်နေတော့တာပဲ။ နောက်ဆုံး၌အားမနာပါးမနာနိုင်တော့ပဲ နှစ်ကျပ်ယူချင်ယူ၊ မယူချင်နေ ဟူ၍ခပ်ဆတ်ဆတ်လေးပြောတော့မှ ငွေနှစ်ကျပ်ကို စားပွဲပေါ်မှ ကောက်ယူသွားကြလေတော့သတည်း။ ဖြတ်ပိုင်းကိုပေးရန်ကိုလည်း သတိမရကြ။

အင်း၊ အေးပြီ။ အလုပ် လုပ်ရတော့မလား အောက်မေ့ပါ။ အပြင်ဘက်က ဆူညံဆူညံနဲ့ ဖြစ်နေကြတာ ဘယ်သူတွေပါလိမ့်။ အစိုးရမြေသိမ်းလို့ လျှော်ကြေးလာယူကြသူများဖြစ်လေသည်။ ငွေမရသေးလို့ စုရုံးစုရုံးနှင့်။ ညနေ လေးနာရီ သင်္ဘောမမှီလျှင် ခက်မည်စိုးသောကြောင့် စုရုံးစုရုံးနှင့် ဆူညံနေသူများ ဖြစ်နေကြလေးသည်။ ချက်ချင်း ငွေတိုက်တွင် ငွေသွားထုတ်စေ၍ အလှည့်ကျ မိမိတို့ ရထိုက်သော ငွေများကို ဝေပေး၏။ လျှော့နေ၍ပြန်ပြောသူကပြော။ ပိုသွား၍ပြန်ပေးသူကပေး။ ငွေ အ နေသဖြင့် ပြန်လဲသူကလဲ။ မနည်းပင် အချိန်ကုန်၍သွာလေတော့သည်။ ထိုအထဲ လျှော်ကြေးပေးတာ နည်းသည်ဟု ကျိန်ဆဲသွားသူတွေကလည်း ရှိသေး။ အောင်မယ်လေးဟဲ့ ဒုက္ခ။ ငွေတွေပေးနေသည်နှင့် သုံးနာရီခွဲ၍သွား၏။

လုပ်စရာတွေလည်း အများကြီးရှိသေး။ ဘယ်ဟာကို စ၍ကိုင်ရမည်မသိတော့ပြီ။ ဝမ်းထဲတွင် ဟာတာတာဖြစ်၏။ ဆေးလိပ်တစ်လိပ်ကို ညှိမည်အလုပ်တွင် အင်္ဂလိပ်ယောင်ယောာင်၊ ကုလားယောင်ယောင် အမောင်ဘောင်းဘီဝတ်တစ်ယောက် ပေါက်၍ လာပြန်၏။ မောင်လူအေးကား ဟစ်၍သာ ငိုလိုက်ချင်တော့သည်။ စလိုက်သည်နှင့် တစ်ပြိုင်နက် မောင်လူအေး စကားမပြောရ။ ယင်းကပြောလိုက်သည်မှာ မောင်လူအေး ငေး၍သာ နေရ၏။ အသူနည်း။ အသက်အာမခံတိုက်က နယ်လှည့်ကိုယ်စားလှယ်ဖြစ်လေသည်။ ပြောလိုက်သည့်စကားက အတောမသတ်ပြီ။ သူ၏ကုမ်ပဏီကောင်းကြောင်း၊ ယင်းကုမ်ပဏီတွင် အသက်ပေါင်ထားလျှင် အဘိုးများစွာရမည့်အကြောင်းတို့ကို စိတ်ပါလောက်အောင် ပြောရှာ၏။ မောင်လူအေးနားထဲသို့ တစ်ခုမှမဝင်။ အပြင်သို့သာ ထွက်တော့၏။ နောက်ဆုံး၌ “အသက်မပေါင်ဘူး” ဟူ၍တစ်ခွန်းတည်းသာ ပြောပြီး မိမိလုပ်လိုသော အလုပ်ကိုသာ ကောက်၍လုပ်တော့၏။ ထိုသူလည်း အံ့အားသင့်စွာ ထိုင်နေ၏။ နောက်မှ ထွက်သွားလေတော့သည်။

လေးနာရီခွဲပြီ။ ဘာအလုပ်ကိုမှ ဟုတ်ဟုတ်မလုပ်ရသေး။ စိတ်ပျက်မိ၏။ စိတ်တိုမိ၏။ စိတ်ကောက်မိ၏။ ဤသို့နေခိုက် ကျယ်လောင်စွာသော သီချင်းသံကို တရားခွင်အခန်းထဲဆီမှ ကြားလိုက်ရ၏။ စိတ်ပေါက်ပေါက်နှင့် ထွက်ကြည့်လိုက်ရာ ဘကြီးသာ ပုလိပ်နှစ်ယောက်အကြားတွင် လက်ထိပ်နှင့် ရပ်နေသည်ကို မြင်ရ၏။ သည်တော့မှ အရူးမောင်အောင်လှ၏ အမှုကို ချိန်းထားကြောင်း သတိရတော့၏။

အချိန်လည်းနှောင်းပြီ။ ဤအမှုကိုပင် ပြီးအောင် စီရင်မည်ဟု အမှုတွဲကိုယူကာ တရားခွင်ပေါ်တက်၏။ ရှေးဦးစွာ ရူးမရူး စုံစမ်းရန်ဖြစ်၏။ အောက်ပါအတိုင်း မေးခွန်းများကို ထုတ်၏။ အောက်ပါအတိုင်း အဖြေများကို ရလေသည်။

မေး။ ။ မောင်မင်းဘယ်သူလဲ။

ဖြေ။ ။ တန်ဆောင်မုန်းလ မီးထွန်းပွဲ အလွန်စည်ကားမှာပဲနော်။

မေး။ ။ မဟုတ်ဘူး၊ မောင်မင်းအမည်ကိုမေးတယ်။

ဖြေ။ ။ ဟုတ်ကဲ့၊ ပန်းမြိုင်လယ် အိုလေ သာနယ်ဘွေ။ မျှော်လေတိုင်း။

မေး။ ။ မောင်မင်း ဘယ်သူ့သားလဲ။

ဖြေ။ ။ မိဘနှစ်ပါးရဲ့သားပေါ့။ ဘာလဲ ကိုသုကျိတ်မြင်တော့လိုက်လိုက်။

မေး။ ။ ဟုတ်ပြီ။ မောင်မင်းအဖေ ဘယ်သူလဲ။

ဖြေ။ ။ အဖေပေါ့ဗျာ၊ မေးနေရသေးသလား၊ အိုလေ တောမြိုင်စွန်းက။

မေး။ ။ မောင်မင်းအဖေ နာမည်ဘာလဲ။

ဖြေ။ ။ ဦးအောင်ဇေယျပေါ့ဗျ၊ ဘာမှတ်လို့မေးတာတုန်း၊ ကျုပ်စိတ်ဆိုးလာပြီ။
ကောင်းကောင်းသီချင်းမဆိုရဘူး။ (ပုလိပ်များက ဟန့်တားရ၏။)

မေး။ ။ မောင်မင်းအဖေက ဦးအောင်ဇေယျဆိုရင် မောင်မင်းအမေနာမည် ဘာခေါ်သလဲ။

ဖြေ။ ။ အောင်မယ် လာသေးရဲ့။ သိလိုရင် ပြောမပေါ့။ လှိုင်ထိပ်ခေါင်တင် မဟုတ်လားဗျ။
ကျုပ်အမေက စုံဆယ်ဖြာ ပန်ထွာဦးတင်။

မေး။ ။ ဟေ့ နေပါဦး။ မင်းဘယ်မှာနေသလဲ။

ဖြေ။ ။ အခုအခါ ရေသိပ်ကြီးတယ်လို့ ဆိုကြတယ်။

မေး။ ။ မောင်မင်းဘာဖြစ်လို့ ဒီရောက်လာသလဲ။

ဖြေ။ ။ ခင်ဗျားဘာလုပ်စားသလဲ။ ဟိုမေး ဒီမေးနဲ့။ ကြာကြာတော့ စိတ်မရှည်နိုင်တော့ဘူး။

မေး။ ။ မောင်မင်းနားမှာ ရပ်နေကြတာ ဘယ်သူတွေလဲ။

ဖြေ။ ။ တစ်ချက်တော့ ကျဲလိုက်ချင်သေးတယ်ကွဲ့။ တို့အမေ မသေခင်က မှာသွားတယ်။

မေး။ ။ မောင်မင်း အသက်ဘယ်လောက်ရှိပြီလဲ။

ဖြေ။ ။ မင်းနဲ့ ဘာဆိုင်သလဲ။ ငါနေတဲ့အိမ်ဟာ ငါ့အိမ်ပေါ့။ ဘယ်သူဆိုင်သေးသလဲ။

မေး။ ။ ကောင်းပြီ။ မောင်မင်းအိမ်ပါပဲ။ မောင်မင်း ဆွေမျိုးသားချင်းမရှိဘူးလား။

ဖြေ။ ။ ကျုပ်တို့ငယ်ငယ်က တယ်ပျော်စရာကောင်းတယ်ဗျာ။ ဟား.ဟား...ဟား...ဟား။(ပုလိပ်များက တားရ၏။)

မေး။ ။ မောင်မင်းတို့ ငယ်ငယ်က ပျော်တာ ထားလိုက်ပါဦး။ မောင်မင်းကို ဘယ်သူအုပ်ထိန်းသလဲ။

ဖြေ။ ။ ဒီအင်္ကျီသုံးမတ်ပေးရတယ်။ ငထူးတို့၊ မင်းတို့ ဝတ်နိုင်မှာ မဟုတ်ပါဘူးကွယ်။ အို ဖော်ကွာဝေးသူမို့။

ခြောက်နာရီလည်း ထိုးတော့မည်။ တစ်ရုံးလုံးလည်း မှောင်နေပြီ။ လူသံသူသံလည်း မကြားရ။
မိမိနှင့် အရူးအောင်လှတို့သာ ကျန်တော့သည်။ ဤအရူးမှုနှင့်ပင် အဆုံးသတ်ရတော့မည်။ အလုပ်တွေလည်း တောင်ပုံရာပုံ။ အဘယ်နည်းနှင့် ပြီးအောင် လုပ်မတုံး။ အရူးအောင်လှနှင့် အလုပ်ချင်းလဲလိုက်ချင်သော ဆန္ဒများများကြီး ပေါ်ပေါက်လာပြီးလျှင် တရားခွင်မှ ဆင်းခဲ့၏။ တောင်ပုံရာပုံသော အလုပ်တို့ကို အိမ်သို့ယူလာရန် မှားထားပြီး ရုံးဆင်းလာခဲ့သတည်း။


သိပ္ပံမောင်ဝ
[၁၉၃၂]