Friday, 23 December 2011

တံစိုးလက်ဆောင်

တံစိုးလက်ဆောင်

ယနေ့ကမ္ဘာကြီးရဲ့ တိုင်းနိုင်ငံအသီးသီးကို ဆန်းစစ်ကြည့်ရင် လာဘ်စားမှုကင်းတဲ့ အစိုးရဆိုတာ လက်ချိုးရေလို့ရပါတယ်။ တံစိုးလက်ဆောင်ကင်းတဲ့ နိုင်ငံတော့ မရှိဘူးပေါ့။ ဖွံ့ဖြိုးပြီးအဆင့်ရောက်နေတဲ့ တောင်ကိုရီးယား၊ တိုင်ဝမ် စတဲ့ နိုင်ငံတွေမှာဆို လာဘ်စားမှုတွေကြောင့် သမ္မတတွေ သတ်သေတာ၊ ထောင်ကျတာတွေအထိ ဟိုးလေးတကျော်ဖြစ်ခဲ့ကြပါတယ်။ လောဘကြီးလွန်း လို့လည်း ဖြစ်မှာပါလေ။ ဒီအဆင့်တွေက တံစိုးလက်ဆောင် လောက်နဲ့လည်း အဆင်ပြေနိုင်ပါရဲ့နော်။ ဖွံ့ဖြိုးမှုနည်းတဲ့ တိုင်းပြည် တွေမှာ အခြေခံလူတန်းစားရဲ့ဝင်ငွေဟာ သူ့တစ်ကိုယ်စာ သုံးစွဲနိုင်တဲ့ပမာဏလောက်ပဲ ရှိကြပါတယ်။ ၀င်ငွေနဲ့ သုံးစွဲငွေအချိုးလည်း မြင့်မားပါတယ်။

မြင့်သန်းကျော်
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)
အရှေ့တောင်အာရှမှာ အဆင်ပြေတဲ့ အဆင့်ရောက်နေတဲ့ စင်ကာပူမှာ အနိမ့် ဆုံးအဆင့်လစာဟာ မြန်မာလုပ်သား တွေအတွက် အခြေအနေရ စင်ကာပူ ဒေါ်လာ ၄၀၀ နဲ့ ၇၀၀ အတွင်း ဖြစ်ပါတယ်။ နေ့စားလုပ်ခကတော့ ၂၅ ဒေါ်လာ ဖြစ်ပါတယ်။ သူတို့နိုင်ငံသား တွေရဲ့ လုပ်ခထက် သုံးပုံတစ်ပုံ နည်းပါ သေးတယ်။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ ဖန်တီးထားတဲ့ အခြေအနေအရ တစ်နေ့ စင်ကာပူ ၁၀ ဒေါ်လာဆို လောက်တယ်။ ၀မ်း၀၀စားရတော့ သုံးပုံနှစ်ပုံလောက် ခေါင်းပုံဖြတ်ထားခဲ့ရသည့်တိုင် မြန်မာတွေ လုပ်ပျော်တယ်ပေါ့။
သူတို့နိုင်ငံသားတွေရဲ့ အနိမ့်ဆုံးက တော့ ၁,၅၀၀ နဲ့ ၂,၀၀၀ အတွင်း ဖြစ်ပါတယ်။ သူတို့ရဲ့ဝင်ငွေနဲ့ သုံးစွဲမှု (Consumption) အချိုးလေး ချကြည့်ရ အောင်ပါ။
စင်ကာပူနိုင်ငံသားတွေ မိသားစုဟာ သုံးယောက်ထက်မပိုတာ များပါတယ်။ စားစရိတ်က သုံးယောက် ဒေါ်လာ ၉၀၀ လောက်နဲ့ အထွေထွေ စရိတ်က ၃၀၀ လောက် ရှိမယ်။
ဒီတော့ မိသားစုတွေ လူတန်းစေ့ နေနိုင်ကြတယ်။
ဒါကြောင့် သူတို့ဟာ လာဘ်ပေးလာဘ် ယူမှု တိုက်ဖျက်တဲ့ စင်ကာပူနိုင်ငံရဲ့ လူနေမှုစနစ်အောက်မှာ အခက်အခဲမရှိ နေလို့ရပါတယ်။
Ratio Income to Consumption က မျှတတော့ လာဘ် ပေးလာဘ်ယူမှုကို အတတ်နိုင်ဆုံး လျော့ ကျစေခဲ့ပါတယ်။ လင်မယား နှစ်ယောက် စလုံး အလုပ်လုပ်ရင် အိမ်ဖော်ခ ၃၀၀။ စားစရိတ် ၁၅၀ ပိုကုန်မယ်။ အဆင်ပြေ တုန်းပါ။ ဒါက အနိမ့်ဆုံးအဆင့်ကိုသာ တွက်ပြတာပါ။ စင်ကာပူနိုင်ငံဟာ ဘာအရင်းအမြစ် မှ မရှိပါဘူး။ တစ်ကမ္ဘာလုံးက ပညာတတ် တွေနဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် တံခါးဖွင့်ထားတယ်။
သူ့နိုင်ငံက တက္ကသိုလ်တွေရဲ့ အရည်အသွေးကို မြင့်အောင် မြှင့်တင်တယ်။ နိုင်ငံရပ်ခြားက သူ့နိုင်ငံမှာလာသင်တဲ့ ပညာသင်တွေကို အရည်အချင်းအလိုက် ထောက်ပံ့ကြေး ပေးတယ်။
ပြီးရင် သူ့နိုင်ငံထူထောင် ရေးတွေမှာ ၀င်ရောက်လုပ်ကိုင်နိုင် အောင်၊ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးတယ်။ နိုင်ငံသားခံယူခွင့်အထိ အခွင့် အရေးပေးတယ်။ စင်ကာပူမှာ စင်ကာပူ နိုင်ငံသား မြန်မာတွေ အများကြီးရှိပါ တယ်။ စံနမူနာယူထိုက်တဲ့ နိုင်ငံ တစ်နိုင်ငံပါ။
ကဲ ကျွန်တော်တို့နိုင်ငံအလှည့်။
လက်ရှိအနိမ့်ဆုံးလစာက ကျပ် ၅၀,၀၀၀ မပြည့်ပါ၊ သာသာထိုးထိုး ၅၀,၀၀၀ လို့ ထားကြရအောင်။ ထမင်းက တစ်ခါပြင် ၅၀၀၊ ချက်စားရင် ဒါထက်ပိုကုန်ပါတယ်။ ကဲပါလေ အ၀စားလို့ ပြောကြည့်ပါ။ တစ်လ နပ် ၆၀။ သုံးသောင်းကုန်ပြီ။
လမ်းစရိတ်က တစ်နေ့ ၂၀၀ ထား (တကယ်တော့ မရပါ)။ အလုပ်ဆင်းရက် ၂၂ ရက်၊ ၄,၄၀၀။
ဆင်ခြေဖုံးဒေသ ရေဖိုး စည်တစ်ဝက် ၅၀၊ ရက် ၃၀ မှာ ၁,၅၀၀။
မီးမရှိ မီးပျက် ဖယောင်းတိုင်ဖိုး (မီတာခဆိုပါစို့) ၂,၀၀၀ (ဒါထက်များပါမယ်)။
သာရေးနာရေး အလုပ်အကိုင်သစ်ရရှိရေး၊ ဖုန်းဆက်ခ တစ်ခါဆက် ၅၀၊ တစ်လ ပျမ်းမျှ ၁,၀၀၀ (တစ်ရက် တစ်ခါဆက်၊ ရက် ၂၀ လောက်များ အာတွေ့တွေ့ပြောလိုက်မိရင် တစ်သောင်းပါ၊ ဒါကိုဖယ်ပါ)၊
မနက်မိုးလင်းစာ ချွေချွေတာတာ တစ်မနက် ၅၀ (စမူဆာ ဒါမှမဟုတ် ဘိန်းမုန့်နဲ့ရေ) တစ်လလုံး ၁,၅၀၀ ပေါင်းလိုက်ရင် ၄၀,၀၀၀ ကျော်ရှိပြီ။
ဒါတွေက အနိမ့်ဆုံး စရိတ် အဆင့်နဲ့ တွက်ထားတာပါ။ အဲ မေ့နေလို့ အ၀တ်အစားနဲ့ နေဖို့နေရာ အတွက် တန်ဖိုးထည့်ပေါင်းရရင် ဘယ်လိုစဉ်းစားကြံစည်ရမှာပါလဲ။
ဒါက တစ်ကိုယ်ရေ တစ်ကာယအတွက်ပါ။
မိသားစုရှိရင်တော့ ဘ၀ခရီးကြမ်းကို ရုန်းရပါပြီ။
မိဘကျေးဇူးဆပ်ဖို့ဆိုတာလည်း မမျှော်မှန်းနိုင်ပါ။
မြန်မာလုပ်သားတွေအတွက် လျှပ်စစ် မီတာခ၊ ရေခ၊ လမ်းစရိတ်၊ ဆေးဝါးကုသ စရိတ်တွေဟာ ရလာတဲ့လစာငွေနဲ့ စာရင် တန်ဖိုးကြီးလွန်းနေပါတယ်။
ဒီတော့ ခဏမှေးလုပ်ပြီး အခြေခံလေးရရင် နိုင်ငံခြားမှာ အလုပ်လုပ်တော့ မြန်မာ ပြည်ထဲမှာ ကျွမ်းကျင်လုပ်သားတွေ ပြတ်လပ်လာ ပါတယ်။
အသက်မွေးဝမ်းကျောင်းတက္ကသိုလ်က ကျောင်းဆင်းတွေကလည်း အထက်တန်းကျောင်း အဆင့်သာသာလောက်သာဖြစ်လို့ တိုင်းပြည်တည်ဆောက် ထူထောင်ရေးတွေမှာ ပညာသည်တွေအပိုင်း ခါးပြတ် ခဲ့ပါပြီ။
ပညာတတ်တွေဘက်က ကြည့်ရင် မြန်မာပြည်ထဲမှာ ကျပ်ကျပ်တည်း တည်းနေမယ့်အစား မျက်နှာငယ်ရင် ငယ်၊ နိုင်ငံခြားမှာပဲ အလုပ်သွားလုပ်မယ့် ဆိုတဲ့အတွေး ရှိလာကြပါတယ်။
လက်ရှိ အစိုးရ၀န်ထမ်းငယ်တွေအဖြစ် မတတ်သာလို့ လုပ်နေရသူတွေများဟာ ၀န်ထမ်းဆိုတဲ့ အကာအကွယ်နဲ့ ၀မ်းစာရေး လုံးပန်းနေရကြတာပါ။
ဒီအချိန်မှာ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးဆိုတာ အတော်ဖြေရှင်းရခက်နေမှာပါ။
မြန်မာနိုင်ငံရဲ့ အသားကျနေပြီဖြစ်တဲ့ လက်ဖက်ရည်ဖိုးဆိုတာလေး ချပေးလိုက်ရင် မလူးသာ မငြင်းသာတဲ့ ၀န်ထမ်းလေးတွေခင်ဗျာ ပေးတဲ့ငွေလေးကို သူ့ စားပွဲထဲ အံဆွဲထဲ အသာလေး လျှောသွင်းလိုက်ရုံကလွဲလို့ အခြား ဘာကိုမှ တွေး မကြောက်အားတော့ပါ။
ကိုယ့်ဝမ်းနာ ကိုယ်သာသိတယ်၊ အိမ်အပြန် ဆန်ဝယ်သွားရမယ်လေ။ ဆီဖိုး ဈေးဖိုးလေးလည်း လာပါစေဦးဗျာနဲ့ မျှော်သူမောပြီ ဆိုတဲ့ ဘ၀မျိုးက ဘယ်တော့လွတ်မှာပါလိမ့်လို့လည်း မတွေးသာသေးတဲ့ ၀န်ထမ်းငယ်တွေဘ၀ လက်ရှိဖြစ်နေစဉ်မှာ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးဆိုတာ နားထဲမှာ မကြားရဲပါ၊ သီချင်းစာသား လိုပါ။
လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ရည်မှန်းချက်ထက် ကောင်းတာက Clean Government ဆိုထားတဲ့ သန့် ရှင်းသော အစိုးရဖြစ် ရေးက အကောင်း ဆုံးဖြစ်ပါတယ်။
လုပ်လို့အဖြစ်နိုင်ဆုံးနဲ့ အလွယ်ဆုံးပါ။ Clean Government ဆိုတဲ့ သန့်ရှင်းသော အစိုးရကို ပြည်သူကလုပ်လို့မရပါ။
အစိုးရအဖွဲ့ကိုယ်တိုင် သမာဓိရှိရှိ သိက္ခာရှိရှိ၊ အရှက်အကြောက်တရား သိသိနဲ့ လူသားဆန်စွာ အကောင် အထည်ဖော်မှ ရတာပါ။
လူသားချင်း စာနာထောက်ထား ညှာတာမှုလည်း လိုပါသေးတယ်။
မိမိအစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းထဲက လူတွေပဲ အစိုးရနဲ့ ပတ်သက်တဲ့ အသီးအပွင့်တွေ ခံစားနေကြတယ်ဆိုရင် ဒါဟာ Clean Government မဖြစ်နိုင်သေးလို့ပါ။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့သူတစ်ယောက်က ပြောခဲ့ဖူးတယ်။ ရန်ကုန်ကနေ ဘန်ကောက် ရောက်တော့ ရန်ကုန်ကို အမှိုက်ပုံလို့ မြင်တယ်။
စင်ကာပူနဲ့ ဥရောပနိုင်ငံတွေ ရောက်တော့ ဘန်ကောက်ကို အမှိုက်ပုံလို့ မြင်တယ်။
ဂျပန်နိုင်ငံကိုရောက်တော့ စင်ကာပူကို အမှိုက်ပုံလို့ မြင်ပြန်ရောတဲ့။
နောက်ဆက်ပြောတာက ဒီနေ့အထိ ရန်ကုန်မြို့တော်ဟာ အဲဒီအမွေအနှစ်ကို ထိန်းသိမ်းနိုင်ဆဲပါတဲ့ ခင်ဗျာ။
ကျွန်တော်တို့တိုင်းပြည်ဟာ နှစ် ၅၀ လောက်မှာ အုပ်စိုးမှုစနစ်ကို အားပြုခဲ့တော့ အရှေ့တောင်အာရှနိုင်ငံတွေ အတွင်းမှာတင် ဖွံ့ဖြိုးမှု တွေ နောက်ကျခဲ့ပြီး အာဆီယံအဖွဲ့ဥက္ကဋ္ဌရာထူးနဲ့တောင် မတန်သလိုပြောခံနေရတာတော့ ရင်နာစရာကောင်းလှပါတယ်။
ဘာလို့ မရထိုက်ရမှာလဲ၊ အဖွဲ့နိုင်ငံ အချင်းချင်း အဆင့်လျှော့ချထားသလို ဖြစ်နေတာပေါ့။
ကျွန်တော်တို့အစိုးရကလည်း နိုင်ငံတကာကျင့်သုံးတဲ့ မူဝါဒတွေကို နားလည်ရပါမယ်။
ကိုယ့်မူဟာ အများ နားမလည်နိုင်တာမျိုးဖြစ်နေရင် ဒါဟာ တစ်ယူသန်ဝါဒဆန်နေပါလိမ့်မယ်။
လက်ရှိအခြေအနေမှာ Clean Government ဖြစ်အောင် တည်ဆောက် ရင်း မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်လုပ်သားတွေနဲ့ ပညာတတ်တွေ၊ မြန်မာပြည် လာလုပ်နိုင်တဲ့ စက်မှုလုပ်ငန်းတွေ ပေါ်ထွက်လာရေးအတွက် နည်းပညာ မြင့်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖြစ် ပေါ်ရေး ရည်မှန်းချက်ကို အရေးတကြီး ချမှတ်သင့်ပါပြီ။
အဲဒီအတွက်လည်း ထိုက်သင့်တဲ့ မက်လုံးတွေနဲ့ အခွန်အတုတ် သက်သာခွင့်တွေ ဖော်ဆောင်ပေးရပါမယ်။
ပြည်တွင်းအားနဲ့ ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ကျွန်တော်တို့ရဲ့ လူအရင်းအမြစ်နဲ့ နည်းပညာတွေ နောက်ကျကျန်ခဲ့တဲ့ အရှိတရားကို နားလည်လက်ခံကြရ ပါမယ်။
ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတောင် သူ့စနစ်ရဲ့ ရန်သူလို သဘောထားတဲ့ အရင်းရှင်တွေ သူ့နိုင်ငံထဲလာပြီး ရင်းနှီးမြှုပ်နှံအောင် ကြံဆောင်နိုင်သေးတာ၊ ကျွန်တော်တို့လည်း လုပ်နိုင်ရမှာပေါ့။
Clean Government လည်းဖြစ်၊ ကမ္ဘာမှာ ပြန့်နေတဲ့ ပညာတတ်တွေနဲ့ ကျွမ်းကျင်လုပ်သားတွေ မြန်မာပြည် ပြန်လာ အလုပ်လုပ် နိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာရင် အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ လျော့ပါးလာပါလိမ့်မယ်။

သူရယ် ကျနော်ရယ် ဗိုလ်အောင်ကျော်ရယ်

ခေါင်းစဉ်မြင်လို့ လန့်မသွားနဲ့ ကျနော့် အသက်က အခုမှ ၄၀ ကျော်ရယ်သာ၊ လျှောက်ခဲ့တဲ့ လမ်းတွေက ကြမ်းလှတယ်၊ တောသားမှ တော်သားစစ်စစ်၊ ကား မီးရထား ဆိုတာကို ၁၉၇၄ မှ စမြင်ဖူးတာ၊ လေယာဉ်ပျံကိုတော့ ဓာတ်ပုံထဲမှာပဲ တွေ့ခဲ့ဖူးတယ်၊ မျက်စိနဲ့ သေချာမြင်ပြီး ကိုင်ကြည့်ဖူးတာက ၁၉၉၆ ခုနှစ်မှ၊ ဒါဆို ကျနော်နဲ့ ဗိုလ်အောင်ကျော်နဲ့ ဘာမှ မပတ်သက်ဘူး ဆိုတာ ရှင်းလောက်ပြီနော်၊ ခပ်တည်တည်နဲ့ ညာရင် မြေမျိုမှာကြောက်လို့ စိတ်ရင်းအတိုင်း အကုန်ပြောပြနေတာ။

ကျနော့် ငယ်နာမည်က သူပုန်၊ အစိုးရကျောင်းတက်မှ မောင်မောင်ဌေး ဖြစ်တာ၊ လေးတန်းအောင်တော့ အစ်ကို အကြီးက မြင့်ဦးဆိုတော့ မင်းက မြင့်ဌေးပေါ့ကွာဆိုလို့ မြင့်ဌေးလိုက်တာ၊ နာမည်ပြောင်းခ တစ်ပြားမှ မပေးရဘူး၊ ခပ်တည်တည်ပဲ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ရနေလိုက်တာများ ကျနော့်တို့ တောရွာလေးမှာနော်။

ကျနော်က အနုပညာကိုချစ်တယ်။ တောမှကြီးပြီး ဟော်လိုဂစ်တာကို ချစ်ခဲ့တဲ့ကောင်၊ ကျတော် ဂစ်တာ စတီးတော့ ပလေးဘွိုင်းသန်းနိုင် (ဦးသန်းနိုင်) က အကျော်ဒေးယျ အဆိုတော်၊ ကျနော်က ဟင်္သာတမြို့နဲ့ ၇ မိုင်ကွာတဲ့ ဒူးယားရွာလေးက လမ်းသူရဲခေါင်း သံလုံး ဆီမှာ ဂျင်ဂျပ် ဂျင်ဂျပ် ဆိုပြီး ဒီကီးကို မပီတပီ တီးနေတဲ့ကောင်၊ တရွာလုံးမှာ ဂစ်တာက တစ်လုံးရယ်၊ ၅ မီးနစ် တီးခွင့်ရဖို့ မနက်ထဲက တပည့်ခံ တန်းစီခဲ့ဖူးပါတယ်။ နောက်မှ သိရတာက ကျနော်တင်တဲ့ ဆရာဆိုတာလဲ ဂျင်ဂျပ်ကလွဲပြီး တခြားဘာမှမတတ်တဲ့ တက်ယောင်ကား တော်ရိလျှော်ရိ တေလေကြမ်းပိုး သူများသတ်လို့ သေတဲ့ (သေချင်းဆိုး) တကယ့် လမ်းသရဲခေတ်က ဆရာပါ၊ ကိုယ့် သင်ဆရာရဲ့ ဂုဏ်တွေကို အမှန်အတိုင်းဖော်လို့ ငရဲကျမယ်ဆို အဲဒီငရဲကို ကျနော် သွားသင့် မသွားသင့် မဲခွဲဆုံးချက် ရယူချင်တယ်၊ အများက ထောက်ခံလိုက်ရင်တော့ ကျနော် အမှန်တရားရဲ့ ပြည်သူ့ လွှတ်တော်ထဲကို ဘယ်တော့မှ ပြန်မလာပါဘူး။ (အရွေးကောက်ခံ အမတ်လိုလို ဘာလိုလို လုပ်ချလိုက်ပြန်ပြီ)

ကိုသန်းနိုင်ရဲ့ လမ်းဆက်လျှောက်မယ်  သီချင်းကို ကျနော် တီးတတ်စက၊ တနေ့လုံး ဒီသီချင်းတစ်ပုဒ်ပဲ တီးနေခဲ့ ဆိုနေခဲ့ဖူးပါတယ်၊ ဒီလိုနဲ့ တန်းဆောင်တိုင် ရပ်ကွပ် စင်မြင့်ပေါ် ကျနော် တတ်ခွင့်ရခဲ့တယ်။ ရပ်ကွက် စတိတ်ရှိုး စင်မြင့်ထက်မှာ မျက်လုံးကို မှိတ် အနုပညာဝိညာဉ်ပူးကပ် ပြီး 'ငါ့ကိုမုန်းတာ ဘယ်သူတွေလဲ'လို့ အသံကုန် ကုန်းအော်ခဲ့ဖူးတယ်။ အဲသလိုအော်ပြီး မျက်လုံးပြန်ဖွင့်ကြည့်တော့ ကျနော့် အဘိုးက နွားရိုက်တဲ့ ကျိန်လုံးကို ကိုင်ပြီး စင်ထောင့်ကနေ ကျနော့် ကို အားပေးနေတာ တွေ့လိုက်တယ်၊ သူ့နှုတ်ကလဲ မင်းကို မုန်းနေတာ တစ်ရပ်ကွက်လုံးကွဆိုပြီး အော်ဟစ် အားပေးနေတယ်။ ကလေးဘဝကတည်းက ပရိသတ်ကို တန်ဘိုးထားတဲ့ ကျနော်က အဲဒီ နွားရိုက်ကျိန်ကို ဆန့်ကျင်ပြီး သီချင်းကို အစအဆုံး ပြီးအောင်ဆိုခဲ့သလို သီချင်းဆုံးတာနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာလို့ပြောပြီး စင်ပေါ်က ဝုန်းကနဲ့ ခုန်ချ ထွက်ပြေးခဲ့ဖူးတယ်။

ကျနော့် အနုပညာလမ်းကြောင်း အစက ဒီလိုလာတာ။ ဒါက ကျနော် လာခဲ့တဲ့ လမ်း၊ ကျနော့် ဘဝနောက်ကြောင်းကို ဖျက်ကနဲ ထိုးပြလိုက်တဲ့ အကွက်တကွက်ရယ်ပါ။ ဇာတ်နာချင်ရတော့ ကျနော်ကို မွေးတဲ့နေ့မှာ အစိုးရတပ်နဲ့ ကျနော့် အမျိုးတွေ တိုက်ပွဲဖြစ်တယ်။ အမေ့ဝမ်းထဲက ထွက်ထွက်ချင်း ယမ်းငွေ့ ဖုန်မှုန့်တွေကြောင့် ကျနော့် မျက်လုံး နှစ်လုံးစလုံး ကွယ်သွားတယ်။ အဘိုးအဘွား အမိအဘ ကြင်နာ သနားမှုကြောင့် ကျနော့်မျက်လုံးတွေ ပြန်မြင်ခွင့်ရတယ်။ ဒါပေမယ့် တစ်လုံးက ကွယ်လု တစ်လုံးက မှုန်ဝါးဝါး၊ ငယ်ငယ် ကလေးဘဝကတည်းက မျက်မှန်ထူထူ တပ်တဲ့ကောင်မို့ ပုလင်းဖင်လို့ နာမည်တွင်ခဲ့ဖူးတယ်။ ကဲ ဇာတ်က ရှည်နေတော့မယ်။ ကျနော့် ဇာတ်ကြောင်းအစကို ဒီနေရာမှာ ရပ်ပြီး အနုပညာဝါသနာပါတဲ့ ကျနော့်ကိုယ် ကျနော် တောရွာလေးမှာ လွယ်အိတ်လွယ် မျက်မှန်ထူထူ တပ်ပြီး လယ်ကန်သင်းပေါ် လမ်းလျှောက်နေရင်း  ရန်ကုန် ဘူတာကြီးကို အရုပ်တွေထပ်ပြီး ကိုယ့်ကိုယ်ကိုယ် ရန်ကုန်ကို ပို့လိုက်မယ်။ (ရန်ကုန်ကို ရောက်စေသတည်း)

၁၉၈၁ ရန်ကုန် ဗိုလ်အောင်ကျော်လမ်း မှာ ကျနော် သူ့ကို စတွေ့တယ်။ သူဆိုတာ တခြားလူ မဟုတ်ပါဘူး။ ကျနော့် မိန်းမ ဒေါ်ဘေဘီကို ပြောတာပါ။ ဘေဘီက ၁၆ နှစ် ကျနော်က ၁၆နှစ်နဲ့ ၄ လ။ ကျနော်တို့ နှစ်ယောက်စလုံးက ကျနော့် အစ်မ အိမ်မှာ အလုပ်လုပ်ကြတယ်။ ရန်ကုန် သိမ်ကြီး ဈေးထဲကို အသင့်ရောင်းဖို့ ပုဆိုးတွေကို ခေါက် ကော်တင်တဲ့ အလုပ်လုပ်တာပါ။

အလုပ်ပြီးလို့ သူအိမ်ပြန်တိုင်း ကျနော်က လိုက်ပို့တယ်။ စကားမရှိ စကားရှာတယ်။ ကဗျာလှလှ စာလှလှ တွေ ရွတ်ပြ ပြောပြတယ်။ သူက ကျနော့်ကို မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ ကြည့်ပြီး နားထောင်တတ်တယ်။ သေချာတာက သူ့ကို ကျနော် စိတ်ဝင်စားတယ်။ ချစ်တယ်။ ဒါပေမယ့် ဖွင့်မပြောရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူက မိန်းမ အစစ်မဟုတ်တဲ့ မိန်းကလေးတယောက် ဖြစ်နေလို့ပါ။ သူ့ကိုယ်သူ ကျနော်က ခင်ဗျားက စကား ပြောလေ့ရှိတယ်။ လွယ်အိတ်ထဲမှာ ဓားတစ်ချောင် အသင့်ဆောင်ထားတတ်တယ်။ ရန်ဖြစ်လိုက်ရင် သူလက်က သွက်တယ်။ ရန်ဖြစ်ဖို့ ကိုယ်က ဟန်ပြင်တုန်း သူလက်က ဖြောင်းကနဲဆို ရိုက်ပြီးနေပြီ၊ ကဲ စဉ်းစားကြည့် အဲသလို မိန်းကလေး တစ်ယောက်ကို ကျနော်က ဘယ်လို I Love You လုပ်ရဲမတုန်း။

ကဲ နောက်ဆုံးတော့ မိန်းမက မိန်းမပါပဲလို့ပါ ပြောရမှာပဲ။ ရုပ်ရှင်ထဲက အတိုင်း သူ ချော်လဲတယ်။ ခြေထောက်နာတယ်။ ကြင်နာတတ်တဲ့ ကျနော်က (မိန်းကလေးဆို ကြင်နာပြလွန်းလို့ မကြာခဏ အဝေဖန်ခံရဖူးတယ်) သူ့ခြေထောက်ကို ဆေးလိမ်းပေးခဲ့တယ်။ ဒီမှာပဲ သူနဲ့ ကျနော် ရင်ခုန်ခဲ့ကြတယ်။ I Love You မပြောလိုက်ရဘဲ ချစ်သူဘဝ ရောက်သွားခဲ့တယ်။

ဟုတ်ကဲ့ ကျနော်တို့ နှစ်ယောက် ချစ်သူဘဝရောက်သွားတဲ့ အဓိက ကျေးဇူးရှင်က ဗိုလ်အောင်ကျော်ပါ။ သိတယ်နော် ကျောင်းသားခေါင်းဆောင်ကြီး ဗိုလ်အောင်ကျော် ပါ။ သူ့ကို ကျနော် သိပ်ကျေးဇူးတင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗိုလ်နေဝင်းက ကျောင်းသားခေါင်းဆောင်တွေဆို မုန်းတာကို။ ဒီတော့ ကျနော်က ချစ်တာပေါ့။ ဘာဆိုင်လို့လဲလို့တော့ မမေးလိုက်နဲ့ ကျတော် ရှင်းပြမယ်။ ဒီလိုပါခင်ဗျာ----

မဆလ ပါတီ လက်ထက်မှာ တိုင်းပြည်စီးပွားရေက ကျတယ်။ ဒီတော့ ရန်ကုန်မှာ အပေါက်တွေက များလာတယ်။ တမျိုးမထင်နဲ့ဦး။ များတယ်ဆိုတဲ့ အပေါက်က လမ်းတွေ မခင်းနိုင်တော့တာကို ပြောတာပါ၊ ရန်ကုန် ပလက်ဖောင်းတွေ ပြန်မပြင်နိုင်တော့တာကို ပြောတာပါ။ ဒီတော့ လမ်းတကာ့ လမ်းထဲမှာ ဗိုလ်နေဝင်း အမုန်းဆုံးက ဗိုလ်ချုပ်လမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းပါ။  ဒီပုဂ္ဂိုလ်ကြီးတွေ နာမည်နဲ့ ပေးထားတဲ့ လမ်းဆို မပြုပြင်တဲ့ အပြင် ပျက်ချင်သလောက် ပျက်ဆိုပြီး ပေယျာလကန် ကို ထားခဲ့တာ။

ကျနော်နေခဲ့တဲ့ ဗိုလ်အောင်ကျော်လမ်းဆို အပေါက်ပေါင်း ရာချီရှိမယ်ထင်တယ်။ မိုးရွာလိုက်ပြီဆိုတာနဲ့  လမ်းပေါ်ရေလျံ။ ဒီတော့ လမ်းလျှောက်တဲ့ သူတွေက လမ်းပေါ်ကို မျက်မမြင်လို ဟိုစမ်းသည်စမ်းလျှောက်ရင်း ချော်လဲတဲ့ လူဆိုတာ နည်းမှတ်လား။ ဒီအထဲမှာ ကျနော့် မိန်းမ ဒေါ်ဘေဘီလည်းပါသပေါ့။

ကျနော်ကတော့ မကောင်းတာတွေကိုလည်း အကောင်းမြင်တတ်တဲ့သူဆိုတော့ ကျောင်းသာခေါင်းဆောင် ဗိုလ်အောင်ကျော်ကို မုန်းတဲ့ ဗိုလ်နေဝင်းကို ကျေးဇူးတင်နေပါတယ်။

ဒီနေ့ဆို ကျနော်နဲ့ ဒေါ်ဘေဘီ အိမ်ထောင်ကျတာ ၂၁ နှစ် ပြည့်ပါပြီ။ ကျနော့် ဘဝမှာတော့ သူရယ် ကျနော်ရယ် ဗိုလ်အောင်ကျော်ရယ် ဇာတ်လမ်းလေးက ရှင်သန်ဆဲပါပဲ။ ကျတော်ကတော့ ဗိုလ်နေဝင်းမုန်းတဲ့ ဗိုလ်အောင်ကျော်ကို ချစ်နေဆဲပါပဲ။

အိမ်ထောင်သက် ၂၁ နှစ် + ရီးစာသက် ၁၁ နှစ် = ၃၂ နှစ် ပြည့် အမှတ်တရ

ကိုဂျေ

“ဟင်.. အဲလိုကြီးလား”

“ဟင်.. အဲလိုကြီးလား” ကျွန်တော် အံ့ဩတကြီးမေးလိုက်တာကို မအံ့ဩတဲ့ပုံစံနဲ့ ကျွန်တော့ မိတ်ဆွေ စာရေးဆရာက မျက်လုံး တစ်ချက်လှန် ကြည့်တယ် ကိုယ့်လူရေ။ သူ့ပုံစံက ကျွန်တော် ဒီလိုမေးလာမယ် ဆိုတာ သိပြီးသားဆိုတဲ့ ပုံမျိုးပေါ့။


“ကိုယ်လည်း အိပ်မက်များလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆိတ်ကြည့်ရတယ်။ ဒါပေမယ့် အိပ်မက်မဟုတ်ဘူး၊ တကယ်ကွ”  အင်း.. ဒီလိုဆို ခက်ချေပေါ့။


အရင်က ကြားဖူးဖတ်ဖူးတဲ့ စကားငှားသုံးရရင် 'ကြားရ ကြားရ နားဝမှာမသက်သာပါ့လား' လို့ပဲဆိုရမလား၊ 'တော်ရှာပါတယ် အေ့ တော်ရေ့' လို့ပဲပြောရကောင်းမလား။ ကိုယ့်လူလည်း စဉ်းစားကြည့်နိုင်အောင် ပြောပြရရင် ဇာတ်လမ်းလေးက ဒီလို..ဒီလို။


စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့လေးတစ်မြို့ ဖြစ်ပြီး ကားနဲ့ဆိုရင် ခက်ခက်ခဲခဲ ခရီးနှင်ရတဲ့ ကလေးမြို့ဆီကို စာရေးဆရာ ဇော်ခိုင်ဦးနဲ့ အခြား စာရေးဆရာ တစ်ဦး၊ စာရေးဆရာမ တစ်ဦးတို့ စာပေဟောပြောပွဲ ဖိတ်လို့ ရောက်သွားကြပါသတဲ့။


ပွဲက ကလေးမြို့က ကားအသင်း တစ်သင်းရဲ့ ကထိန်အောင်ပွဲအဖြစ် အောင်ရတနာကျောင်းတိုက်မှာ ကျင်းပခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ သုံးရက် နေ့ကပေါ့။


အဲဒီမှာ ဟောပြောပွဲည မရောက်ခင် နေ့ခင်းပိုင်းမှာ လက်ဖက်ရည်ဆာလာတဲ့ စာရေးဆရာအပေါင်းဟာ မြို့ခံတစ်ယောက်နဲ့အတူ မြို့ထဲက လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆီကို ထွက်ခဲ့ကြပါရော။


မြို့ထဲက စည်ကားတဲ့ လက်ဖက်ရည်ဆိုင်ဆိုတော့ လူတွေကလည်း စုစုခဲခဲ စည်စည်ကားကားပေါ့လေ။


စာရေး ဆရာတို့လည်း ၀င်ထိုင်ကြတာပေါ့။ ဒီမှာပဲ စာရေးဆရာတို့ ထိုင်ထိုင်ချင်း ဆိုင်ရှင်အမျိုးသမီးက ကောင်တာကနေ ကိုယ်တိုင် ကိုယ်ကျ ထလာပြီး စာရေးဆရာတို့ အုပ်စုထဲက စာရေးဆရာမကို ထောင့်ချိုးအကွယ်လေးကို ပြောင်းထိုင်ဖို့ လာပြောပါသတဲ့။
အလို၊ ကလေးမြို့က လက်ဖက်ရည်ဆိုင်များဟာ ကက်စတန်မာ စိတ်ကြိုက် ထိုင်ချင်တိုင်း ထိုင်လို့ မရလေရော့သလား။
လက်ဖက်ရည်သောက်သူတွေ များလွန်းလို့ ၀ိုင်းမှာ လူထပ်ဖြည့်ချင်တာကြောင့်များလား။ ဒါမှမဟုတ် တနယ် တရပ်ကလာရတဲ့ စာရေးဆရာမမှန်း သိပြီး လေသင့်ရာထိုင်မိရင် လေစိမ်းမိမှာ စိုးရိမ်လို့ ဂရုတစိုက်ပြုမူလေရော့ သလား။
ဒီမှာပဲ စာရေးဆရာ ဇော်ခိုင်ဦးက ဆက်ပြောပြတော့ ကျွန်တော်လည်း 'ဟင်.. အဲလိုကြီးလား' လို့ မေးမိတာပါပဲ။


“အဲဒီဆိုင်မှာ ထိုင်နေတဲ့သူတွေက အနည်းဆုံး အယောက် ၄၀ လောက်ရှိတယ်။ တီဗီတစ်လုံးနဲ့ ဇာတ်ကားပြနေတာကို ၀ိုင်းကြည့် နေကြတာ။ အစပိုင်းတော့ ကိုယ်လည်း ရိုးရိုးဇာတ်ကားပဲ ထင်နေတာပေါ့။ နောက်မှ ညစ်ညမ်းဇာတ်ကားမှန်း သိရတာ” တဲ့။


ဪ.. ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအဖြစ် အသွင်ကူးပြောင်းရာမှာ လွတ်လပ်ခေတ်မီစွာ ပါဝင်နေကြလေရော့သလား။
မြို့လယ်ကောင်မှာ ဟင်းလင်း ဖွင့်ထားပြီး ယောက်ျားမိန်းမ၊ အများသူငါ ဥဒဟို ၀င်ထွက်သွားလာနေကြတဲ့ နေ့ခင်းကြောင်တောင် မွန်းလွဲ ၂ နာရီ အချိန်လောက်ကြီးမှာ ဒွေးနှစ်ဖော်ဟ၀ှာပြုနေတာကို ပြတဲ့သူ ကပြ၊ လက်ဖက်ရည်သောက်ရင်း အားပေးနေသူတွေ ကလည်း အားရ ပါးရပါပဲတဲ့။


မျက်နှာတွေ ရှိန်းဖိန်းတက်လာလို့ စာရေးဆရာတို့ လူသိုက် ထပြန် ပြေးရပါပေါ့။
ဘာကြောင့်လဲ။
ဘာကြောင့် ဒီလို ရဲရဲ တင်းတင်း လုပ်ရဲတာလဲ။
ဘာကြောင့် ဒီလို ရဲရဲ တင်းတင်း လုပ်ခွင့်ရနေတာလဲ။
သူတို့ကို တားမယ့်သူတွေကရော။


မဟုတ်မမှန်တာ လုပ်ဖို့အရှက် အကြောက်ကြီးပါတယ်ဆိုတဲ့ မြန်မာ လူမျိုးတွေကြားမှာ ဒီလိုလူတွေ ဘယ်လောက်များနေပြီလဲ။


“တော်တော်ကို မျက်နှာပူစရာ၊ ရှက်စရာ ကိစ္စပါပဲ။ ကောင်တာထိုင်တဲ့ ဆိုင်ရှင် အမျိုးသမီးမျက်နှာကလည်း အပြောင်းအလဲမရှိ ပုံမှန်ပဲ။ ကျွန်တော်တို့နဲ့ ပါလာတဲ့ မြို့ခံကို မေးကြည့်တော့ 'ဟုတ်တယ် အစ်ကိုရေ၊ ဒီလို ဇာတ်ကားတွေပြမှ ဆိုင်တွေက လူစည်လို့ ပြရတာ' တဲ့။


ကျွန်တော် ဒီလို အဖြစ်အပျက် ကြုံရတာကို တော်တော်အံ့ဩမိတယ်။ ကူးစက်ရောဂါမျိုး ဖြစ်တယ်ဆိုတာက တားမြစ်လို့ ရဦးမယ်၊ အခုလို မြန်မာ့လူ့ အဖွဲ့အစည်းရဲ့ ကုတင်ခြေရင်းကို အလွယ်တကူရောက်လာတဲ့ မဖွယ်မရာ ဇာတ်ကားတွေကို အများသူငါ လာထိုင်ကြတဲ့ လက်ဖက်ရည်ဆိုင်မှာ စီးပွားရေးကြောင့် ဖွင့်ပြထားရပါတယ် ဆိုတာမျိုးက တွေးကြည့်ရင် တော်တော်ကြောက်စရာ
ကောင်းနေပါတယ်” လို့ ရွှေအမြုတေ စာပေဆုရထားတဲ့ ဆရာ ဇော်ခိုင်ဦးက စိတ်မသက်မသာနဲ့ ပြောပါရဲ့။


ကလေးမြို့ဟာ ကားလမ်းက သွားရခက်ပေမယ့် လေဆိပ်ရှိတဲ့ မြို့ကြီး တစ်မြို့ပါ။ မြို့အရှေ့ပိုင်းမှာ မြန်မာ လူမျိုးတွေ နေထိုင်မှုများပြီး လက်ဖက်ရည်ဆိုင် အများအပြား ရှိကြောင်း၊ အဓိက လမ်းမတွေနဲ့ တစ်လမ်း၊ နှစ်လမ်းသာ ကွာဝေးတဲ့ အတွင်းပိုင်း လမ်းတွေထဲက လက်ဖက်ရည်ဆိုင် အချို့မှာလည်း အဲဒီလိုဇာတ်ကားတွေ ပြတယ်လို့ မြို့ခံက ပြောကြောင်း စာရေးဆရာကပြောပါတယ်။


အင်း၊ ခေတ်..ခေတ်။ တားမရ ဆီး မရ၊ မှန်းမရ ဆမရ၊ သူဖြစ်ချင်သလို ဖြစ်နေပါပေါ့လား။
လူမှုကွန်ရက် အင်တာနက်မှာ ဟိုလိုဒီလို ဇာတ်လမ်းတွေ ပြန့်သွားတဲ့ ဟို မင်းသမီးလေးက နာမည် မကျဘဲ ဟုန်းဟုန်းထသွားပါတယ်။
ဒီလထုတ် မဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြထားတဲ့ ပွဲတက်လာတဲ့ အဆိုတော် သရုပ်ဆောင်မလေးတစ်ယောက် ၀တ်စားထားပုံက အပေါ်က ဇာပ၀ါပါး၊ အောက်ကရင်စည်းလေးနဲ့ ဗိုက်သားက ထင်ထင်ရှားရှား။
လမ်းပေါ်ထွက်လိုက်ရင်၊ စာစောင် မဂ္ဂဇင်းတွေထဲ ကြည့်လိုက်ရင် ကလေးမလေးတွေဝတ်တဲ့ ဘောင်းဘီကလေးတွေက အပြိုင်အဆိုင် တိုတိုလိုက်လာသလားလို့။


ဒီလိုပြောနေလို့ ကျွန်တော်ကရော ဒါတွေ မြင်ရ ရှု့ရတာ မကြိုက်ဘူးလားတဲ့။
ဟုတ်ကဲ့၊ ဒီလိုမေးလာခဲ့ရင် ကျွန်တော်ဟာလည်း သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် ဖွဲ့စည်းထားတဲ့ ယောက်ျားသား တစ်ယောက်ပါ လို့ပဲ ပြောပါရစေတော့ခင်ဗျ။
ဒါပေမယ့်၊ ဒါပေမယ့်ပေါ့လေ..။


နိုင်ငံအရေး၊ အမျိုးသားရေး လှုပ်ရှားမှုတွေကို တက်ကြွစွာလုပ်သူတွေက လုပ်နေချိန်မှာ တစ်ဖက်မှာ စီးပွားရေးကြောင့်ဆိုပြီး အရှက်တရားကို ခွာကာ မဟုတ်မဟပ်တွေကို လူမြင်ကွင်းရှေ့ ပြောင်ပြောင်တင်းတင်း လုပ်ဝံ့သူတွေကို တွေ့ရတဲ့အခါ၊ ယဉ်ကျေးမှုကို ထိန်းဖို့ဆိုပြီး တစ်ဖက်မှာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲမျိုး ၀င်သူတွေက ၀င်နေချိန် မှာ တစ်ဖက်မှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး မောင်နဲ့ နှမ၊ သားနဲ့အမိ မကြည့် မမြင်ဝံ့တာတွေကို လူမြင်ကွင်းမှာ အုပ်စုလိုက် ၀ိုင်းကြည့် နေတာမျိုးကို ကြားရတဲ့အခါ.. ကြောက်မိ၊ အံ့ဩမိ တာတော့ အမှန်ပါပဲ။


အံ့ဩလို့မှ မဆုံးသေးဘူး၊ ကလေးမြို့က မိတ်ဆွေတစ်ယောက်နဲ့ အင်တာနက်မှာ တွေ့မိပါတယ်။


သူကလည်း ဂျာနယ် စာမျက်နှာတွေပေါ်မှာ တွေ့တွေ့နေရတဲ့ မီဒီယာသမားတစ်ယောက်မို့ ကလေးမြို့က လက်ဖက်ရည်ဆိုင် အကြောင်း ထပ်မေးမိတော့...


“ဟုတ်တယ်ဗျ။ အခုနောက်ပိုင်းတော့ အဲဒီဘက် သိပ်မရောက်ဖြစ်တော့ဘူး။ အဲဒီနားမှာ ဆိုင်နှစ်ဆိုင်က အပြိုင်ဖြစ်နေတာ၊ တခြား ဆိုင်တွေက သူတို့လောက် မဆိုးဘူး။ တစ်ဆိုင်နဲ့ တစ်ဆိုင်က ဓာတ်မီးတိုင် (၅) တိုင် လောက်ပဲဝေးတာ။ ကျွန်တော်တို့မြို့ ဖြစ်နေတော့၊ ဒီအကြောင်းကြီးကလည်း မရေးမကောင်းဖြစ်နေတာ” လို့ ပြောပါတယ်။


အဲဒီ ဆိုင်မှာ သမီးအပျိုနှစ်ယောက်ရှိပြီး တစ်ယောက်ကဘွဲ့ရလို့ သိလိုက်ရတော့ ကျွန်တော့မှာ 'ဟင်..အဲလိုကြီးလား' ဖြစ်သွားရ ပြန်ပေါ့။ အခုနောက်ပိုင်းတွေ့ရတဲ့ မှုခင်းသတင်းတွေထဲမှာ မုဒိမ်းမှုတွေကို အရင်ကထက် အတွေ့ရများလာသလားလို့။


မယုံကြည်နိုင်စရာ အဆန်းတွေလည်း ပါရဲ့၊ နိုင်ငံရပ်ခြားက သတင်းတွေဆို ပိုဆိုးပါတယ်။
တစ်နေ့က မော်ဒန်သတင်း ဂျာနယ်ထဲမှာ ဖတ်လိုက်ရတာ၊ ဒီနိုင်ငံမှာ တစ်နှစ် မပြည့်သေးတဲ့ ကာလအတွင်း ကလေးသူငယ် အမှုပေါင်း (ကလေးငယ် တွေသာဖြစ်ပြီး တခြားမပါသေးပါဘူး) ၄၄၀ ကျော်မှာ ၇၀ ကျော်က ကလေးငယ် တွေကို အဓမ္မကျင့်စော်ကားမှုတွေ ဖြစ်ကြောင်း တွေ့လိုက်ရပါတယ်။


ကျွန်တော်လေ.. အမျိုးသားရေးနဲ့ ဆိုင်တဲ့ ဒီလိုလူမှုရေး ယဉ်ကျေးမှု နယ်ပယ်သာ မကပါဘူး၊ မြန်မာတွေနဲ့ ပတ်သက်ပြီး ဘယ်နယ်ပယ် မှာပဲဖြစ် ဖြစ် 'ဟင်..အဲလိုကြီးလား' လို့ ထပ်ရေရွတ်ဖြစ်မှာကို ကြောက်မိပါရဲ့ ကိုယ့်လူရာ။

လန်းစေသော်
Myanmar News Now

သခင်အုန်းမြင့် နှင့် အင်းစိန်ထောင်မှ နေ့ရက်များ

အဘဦးအုန်းမြင့်
ကျနော် အဘဦးအုန်းမြင့် ကို စတွေ့တာက အင်းစိန်ထောင် အမှတ်(၃)ဆောင် အခန်း(၃)ထဲမှာပါ။ ကျနော်က ဘာမှမသိတော့ အဘဦးအုန်းမြင့်ကို ဆံပင်ဖြူဖြူနှင့် ပိန်ပိန်ပါးပါး အမြဲပြုံးနေတဲ့ အဖိုးတယောက်ကို သခင်အုန်းမြင့် ဒါမှမဟုတ် တိုးတက်ရေးအုန်းမြင့် ဆိုတာသိရလို့ အရမ်းဝမ်းသာ သွားသလို အရမ်းလည်း စိတ်မကောင်း ဖြစ်သွားမိတယ။် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူ ဖြစ်သည့်အပြင် ရှစ်လေးလုံး အရေးတော်ပုံနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ ထဲထဲဝင်ဝင် ပါတ်သက်သူ အဘတယောက်ကို ထောင်ထဲမှာ တွေ့ရလို့ပါ။ တကယ်ဆို နိုင်ငံကျေးဇူးရှင် စာရင်းဝင်ဖြစ်တဲ့ အဘကို နိုင်ငံဂုဏ်ထူးဆောင်အဖြစ် အိမ်ဦးခန်းမှာတင်ထားရမှာကို စစ်အစိုးရ၏ဖခင်ကြီး ဦးနေ၀င်းရဲ့ နိုင်ငံရေး အမုန်းအညှိုးအတေးများကို န၀တ(ယခုနအဖ) စစ်အစိုးရတွေက ဆက်ပြီး အကြောင်းအမျိုးမျိုးနှင့် အပြစ်ရှာပြီး ထိန်းသိမ်းတဲ့ အတွက် အဘကို ကျနော်အင်းစိန်ထောင်မှာတွေ့ရတာပါ။ ကျနော်(၃)ဆောင်ရောက်တာ ၁၉၉၁ ဒီဇင်ဘာလမှာ ဖြစ်တယ်။ အဲသည့်အချိန်မှာ (၃)ဆောင်ရဲ့ အခြေအနေက  နိုင်ငံရေးမှုများကို (၃)ဆောင်ကနေ ထောင်ပြောင်းလိုက်တဲ့ အတွက် (ကျနော်သိသလောက်  လူရှင်သချိုင်း ဝတ္ထုကိုရေးတဲ့ ကိုနေလင်းတို့ ထောင်ပြောင်းပါ သွားခါစအချိန်ပေါ့) အဆောင်မှာ နိုင်ငံရေးသမား အင်အားနည်း နေတဲ့အချိန်၊ အဲသည့်(၃)ဆောင်ကို ထောင်မှူးဦးသိန်းမြင့်က အုပ်ချုပ်ပြီး သူ့လက်ရုံး တန်းစီး သရဲကြီးလိုခေါ်တဲ့ ကြေးစားလူသတ်သမားက ထောင်ကျဆောင် အမှတ်(၃)ဆောင်တွင် နိုင်ငံရေးသမားများ ကို မင်းမူဖိနှိပ်ထားတဲ့ အချိန်ဖြစ်သည်။

အဘမှာ အလွန်လေးစားစရာ အချက်က သမိုင်းက သူကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အချက်အလတ်တွေကို သေသေချာချာ ပြန်ပြောပြနိုင်တာရယ် ကျနော်တို့လို လူငယ်တွေကို အဘက လေးလေးစားစားနှင့် လူရာသွင်း ဆက်ဆံတာရယ်ပါ။ အဘက သူလို့ ခေတ်ကြီးတွေကို ဖြတ်သန်းပြီး နိုင်ငံရေး တိုက်ပွဲပေါင်း များစွာကို ဖြတ်သန်းခဲ့သူ ဖြစ်ပါလျှက်နှင့် လူငယ်တွေကို "ကို" တပ်ခေါ်ပြီး တတန်းထဲထား ဆက်ဆံသည်။ အင်းစိန် ထောင်ကျဆောင် အမှတ်(၃)ဆောင်မှ လူငယ်များ အတွက် စာကြည့်တိုက်ကြီး တခုလို မကုန်ခန်းနိုင်သော နိုင်ငံရေးဗဟုတုတနှင့် အတွေ့အကြုံများသော အဘသည် ကျနော်တို့ကို နိုင်ငံရေးတိုက်ပွဲများအကြောင်း ပြောပြသည်။ နေ့လည်အချိန်တွေမှာ အဘဦးအုန်းမြင့်က အခြေအနေကြည့်ပြီး ကျနော်တို့ထဲက မှတ်မိလွယ်ပြီး သေသေချာချာ ပြန်ပြောနိုင်သော နှစ်ယောက်ကို နေ့လည်ပိုင်းမှာ သူကလမ်းလျှောက်နေရင်း နှင့် လွတ်လပ်ရေးသမိုင်းထဲက ကျနော်တို့ ကျောင်းစာမှာ မသင်ရသော သမိုင်းအလှည့်ပြောင်း အခန်းတွေကို သူကိုယ်တိုင်ပြောပြတယ်။ လမ်းလျှောက်မြန်တဲ့ အဘကို အမှီလိုက်ပြီး ကျနော်တို့ထဲက အလှည့်ကျတဲ့ နှစ်ယောက်က နားထောင်တယ်။ နဂါးလေး( ကိုဝင်းသူရကြွယ် ) ဒါမှမဟုတ် အလှည့်ကျသူ တယောက်ယောက် စင်္ကြန်ထိပ်နေထိုင်ပြီး ဖိနပ်တဖက်ကိုင်ကာ ယင်ကောင် ခြောင်းနေသလို လုပ်တက်တယ်။ စည်းကမ်းထိန်းတို့ ဒါမှမဟုတ် အပ်(ထောင်သတင်းပေး) တယောက်ယောက် လာရင် ဖိနပ်နှင့် ဖုန်းကနဲရိုတ်ပြီး အသံပေးလိုက်ရင် ကျနော်တို့ စကားလွဲလိုက်ပြီ အဘထောင်ဝင်စာ အကြောင်း၊ အဘမိသားစုအကြောင်း ဒါမှမဟုတ် ရှောက်သီးသုတ်ကို ဘယ်လိုသုတ်စားလဲ ဆိုတာမျိုးတွေ ပြောင်းပြောလိုက်ပြီ။ အဲဒီလူက ကျနော်တို့ လမ်းလျှောက်တဲ့နားက ကျော်သွားရင် ဆက်ပြောရင် ပြောမပြောရင် ကျနော်တို့ နှင့်အဘ လမ်းခွဲလိုက်တယ်။ ပြီးရင် နားထောင်ထားတဲ့ ကျနော်တို့ နှစ်ယောက်က အခြားလူငယ်တွေကို ပြန်ဆက်ပြောပြတယ် ဒီနည်းနှင့် ကျနော်တို့ရဲ့ နိုင်ငံရေးအသိတွေနှင့် စိတ်ဓါတ်ရေးရာ တက်ကြွနေအောင် အဘစွမ်းဆောင်ပါတယ်။ အဘက တနေ့တနေ့ သောက်လိုက်ရတဲ့ ဆေးတွေ လက်တခုပ်လောက်ရှိတယ် အဓိက အကြောဆေးလိုဟာမျိုးနှင့် ဗိုက်တာမင်တွေ များတယ်။ အဘမှာကျနော် အရမ်းသဘောကျတာ အလွန်ကောင်းသော မှတ်ဥာဏ်ပါ။ လွတ်လပ်ရေးအတွက် စည်းရုံးရေးဆင်းတဲ့ ဟောပြောပွဲတွေ အကြောင်းကိုပြန်ပြောပြနိုင်တယ်။ ကိုကိုးကျွန်း မှာ ကိုယ့်အခေါင်း ကိုယ်ရိုတ်ပြီးဘေးမှာထားကာ တိုက်ပွဲဝင်တဲ့ ကျွန်းဖျက်သိမ်းရေးတိုက်ပွဲအကြောင်း၊ ဦးနု၏ မီးဇာတဖက် ရေမှုက်တဖက် လုပ်ရပ်ဖြစ်သော ဗုဒ္ဓဂါယကနေ ဗောဓိပင်ပင့်လာတဲ့ သဘောင်္ကြီးတွေ အကြောင်း၊ ရန်ကုန်ထောင်အကြောင်း၊ ထောင်ဥပဒေအကြောင်း၊ ထောင်တွင်းက ဖဆပလအစိုးရလက်ထက် ထောင်တွင်း ၀က်သားပုတ် တိုက်ပွဲအကြောင်းစဖြင့် အဘပြန်ပြောပြချက်တွေဟာ ကျနော်တို့အတွက် အတွေ့အကြုံတေ၊ွ သုံးသပ်ချက်တွေကို မကုန်နိုင်မခန်းနိုင်အောင် ရလိုက်ပါတယ်။ အဘဦးအုန်းမြင့်ဆီက ရတဲ့ သင်ခန်းစာတွေနှင့် ကျနော်တို့လူငယ်တွေ သုံးဆောင်မှာ တောင်ယာ ကိုယ်ပိုင်ရအောင် တိုက်လိုက်နိုင်ပါတယ်။ ကျနော်တို့ဘက်က ဘာမှမပေးဆပ်လိုက်ရဘဲ ရေလောင်းခြင်းကို ပညာပြလိုက်တာက တန်းစည်းသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် ကျနော်တို့ နိုင်ငံရေးမှုတွေကို ကိုယ်ပိုင်တောင်ယာ လုပ်ခွင့်ပေးလိုက်ပါတယ်။ တန်းစည်းသရဲကြီးကို  ၀င်းမောင်ဂျပုလေးက ပေါက်တူးနှင့် ခုတ်သတ်လိုက်ပြီးနောက် ထောင်မှူးသိန်းမြင့် အပြောင်းခံရတဲ့ အချိန်နောက်မှာ ကျနော်တိုအဆောင်က အပြစ်ဒဏ်အဖြင့် သတ်မှတ်ခံပါတယ် အသားပုံစံတွေလဲ သေးသွားတယ် ရေချိုးလဲခွက်ရေ လျော့သွားတယ်။ အဲဒီအခါမှ အဘက "နိုင်ငံရေးသမားဆိုတာ ပြည်သူအတွက် တိုက်ပွဲဝင်ပြီး ထောင်ကျရတာ ထောင်ကျလာတော့လဲ ထောင်ထဲမှာ အခြားရာဇ၀တ်မှုတွေ မလုပ်နိုင်တဲ့ အကျဉ်းထောင် အာဏာပိုင်နှင့် အကျဉ်းသားအကြား တိုက်ပွဲဝင်ရဲရမယ် အမှန်တရားအတွက် ရပ်တည်ရဲရမယ်" လို့ပြောဘူးပါတယ်။ ဒီတော့တိုက်ပွဲဝင်ဖို့ ကျနော်တို့တတွေ တိုင်ပင်တဲ့အခါမှာ  ရင်းမယ့်လူတယောက် ထွက်ဖို့ကို တိုင်ပင်တဲ့အခါမှာ ထိုအချိန်က ကျနော်တို့ အဆောင်မှာ တက်ကြွတဲ့ နိုင်ငံရေးသမား လူငယ်များဖြစ်တဲ့ ကိုမိုးမြင့်(မဆလဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့်(မွန်ကြီး)၊  ကိုဗညား၊ ကိုစည်သူဝင်း(သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင်(ပြည်)၊ ကိုခင်အောင်(ပြည်) မျောက်ညို(စမ်းချောင်း) ပဲပေါ(ခေါ်) ကိုမျိုးထွန်း၊ ဂျွန်ကလင်း တို့နှင့် လူကြီးတွေဖြစ်သော ကိုသီဟ(ပြည်)၊ ကိုအေးကြည်(မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ(အရေးတော်ပုံပါတီ) ၊ ကိုညီမွှေးတို့ စနစ်တကျတိုင်ပြင်ပြီး တာဝန်ခံတင်ပြမယ့် လူကိုရွေးတော့ သူလုပ်မယ်ငါလုပ်မယ် ဖြစ်နေလို့ မဲနှိုက်ရတဲ့အထိ ကျနော်တို့တတွေတက်ကြွတာ ကံကောင်းစွာနှင့် ကျနော်မဲပေါက်ပါတယ်။ ထောင်ဥပဒေတွေကို အလွတ် ကျတ်မှတ်ပြီး ထောင်ပိုင်ဦးအုန်းဖေ ထံကနေပြီး အသားပုံစံ စနစ်တကျပေးဖို့ ကျနော်အချက်အလက်နှင့် တင်ပြလိုက်နိုင်တယ်။ ထောင်မှူးဦးလှ စိတ်ညစ်သွားရပါတယ်။ ကျနော်တို့အဆောင်တခုလုံး အသားပုံစံ ပြည့်ပြည့်၀၀ရကြပါတယ်။ နောက်တော့ ထောင်ပိုင်ဦးအုန်းဖေနှင့် သီးခြားတွေ့ခွင့်ရအောင်တောင်းပြီး ရမ်းကားမိုက်ရိုင်းတဲ့ အမှတ်(၄)ခန်း အခန်းလူကြီးဂျွန်ကို ထောင်ဥပဒေနှင့် စနစ်တကျ တင်ပြလိုက်တဲ့အတွက် ထောင်ပိုင်ကိုယ်တိုင် ဖြုတ်ပြီးစစ်ခွေးတိုက်ထဲ ထည့်လိုက်ရပါတယ်။ အဘက အရမ်းကိုစနစ်တကျ စကားပြောနိုင်သလို အတွေ့အကြုံကလည်းရင့်ကျက်၊ မျိုးချစ်စိတ်ကလည်း ပြင်းထန်ပါတယ် ကျနော်တို့လူငယ်တွေ အဘကို အရမ်းတန်ဘိုးထားပါတယ်။ ထောင်ဥပဒေဆိုတာ အင်မတန်မှ တရားမမျှတဘူး ပိုဆိုးတာက နိုင်ငံရေးအကျဉ်းသားဆိုရင် ထောင်ပိုင်နှင့် တင်ပြခွင့်ရတဲ့ ကြာသပတေးနေ့ ထောင်ပိုင်လှည့်လယ် စစ်ဆေးတဲ့အချိန်မှာ တင်ပြခွင့်ရဖို့ကို အဆင့်ဆင့် တင်ပြရပါတယ် အဲဒီလိုအဆင့်ဆင့် တွေကို ကျနော်တို့တင်ပြတဲ့အခါမှာ အဘဦးအုန်းမြင့်ပြောတဲ့ ထောင်တွင်းတိုက်ပွဲတွေက အတွေ့ကြုံတွေက ကျနော်တို့ကို အမှားအယွင်းမရှိအောင် ပံ့ပိုး သင်ကြားပေးထားသလို ဖြစ်နေသည့် အတွက် ကျနော် တင်ပြချက်တွေက ပြည်စုံပြီး ကိုယ့်ဖက်ကို အပြစ်ရှာမရအောင်ကို ဖြစ်နေအောင်ကို အဘဦးအုန်းမြင့်၏ အတွေ့အကြုံများက သင်ကြားပေး ထားသလိုဖြစ်နေတယ်။ အဘက အဲဒီအချိန်က အသက် (ရ၄) နှစ်ကျော်ပြီပေါ့ ဒါပေမယ့် ကျနော်တို့ကို တက်ကြွနေအောင် ရန်သူလက်ထဲမှာ အကျဉ်းကျနေတာကို နိုင်ငံရေး သင်တန်းတခု ရောက်နေသလိုမျိုး၊ တိုက်ပွဲကို တိုက်ရဲအောင်၊ တိုက်ပွဲမြင်နိုင်အောင် စနစ်တကျသင်ကြားပေးနိုင်သည်။ အဘက အင်မတန်မှ အဖိုးမဖြတ်နိုင်တဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေကို ကိုယ်တိုင် ပါဝင်ခဲ့တာတွေ ကိုလည်း မနေ့တနေ့ကို အဖြစ်ပျက်တွေလို ကျနော်တို့ကို ပြောပြနိုင်တယ် ဆွေးနွေးတယ်။။ ကျနော်တို့သုံးဆောင်မှ တက်ကြွ(၁၆)ဦးကို အဆောင်ပြောင်းမယ်လို့ သတင်းထွက်လာတဲ့ အခါမှာ အဘက ကျနော်ကို အပြင်ရောက်လာရင် လာတွေ့ဖို့ကို အဆောင် အနောက်ဖက်ခြမ်း သရက်ပင်ကြီးအောက်မှာ နှစ်ယောက်ထဲ ပြောခဲ့ပါသည်။ နောက်တော့ ကျနော်တို့ သတင်းရထားသလို အဆောင်ပြောင်းတာ မဟုတ်ဘဲ ကျနော်တို့ကို စစ်ခွေးတိုက်ထဲထည့်ပြီး ရိုတ်နှက်တာပြီး တိုက်ပိတ်ထားပြီး နောက် အဆောင်တွေ ခွဲပို့လိုက်လို့ ကျနော်က အမှတ်(၅)ဆောင် ရောက်သွားပြီး အဘနှင့်ကွဲသွားတော့ပါတယ်။

၁၉၉၇ ဖေဖေါ်ဝါရီလမှာ ကျနော်ထောင်က လွတ်တယ် ကျနော်ကို အဘကပြောထားတဲ့အတိုင်း တကယ်ကို ဆက်သွယ်လာတာ ကျနော်လိပ်စာကို ၁၉၉၂ ခုနှစ်ထောင်ထဲမှာ ရေးကြီးသုတ်ပြာ ပြောရတာကို အဘမှတ်သားထားနိုင်တယ် အဘလူလွတ်ပြီး ကျနော်ကို ဆက်သွယ်တယ်။ ကျနော်ကြုံတွေ့နေရတဲ့ အခက်ခဲတွေကို အဘကကျနော်မပြောပဲ အကုန်နီးပါးသိတယ်။ ကျနော်ကို လမ်းတွေပြပေးတယ် အဝေးကနေပါ အဘကျနော် အနားမလာနိုင်ပါဘူး အဲဒီတချက်ကဘဲ အလွန်ဝမ်းနည်းစရာပါ ကျနော်အပြင် ထွက်လာတဲ့ အထိ အဘပြောတဲ့ အချက်တွေကို ကျနော်အသုံးချရပါတယ် အင်မတန်မှ ရင့်ကျတ်တဲ့ နိုင်ငံရေးအတွေ့ကြုံနှင့် အတွေးခေါ်တွေ အဘမှာရှိတယ်။ကျနော်အဘဦးအုန်းမြင့်ကို သခင်အုန်းမြင့်အဖြစ် လွတ်လပ်ရေးကြိုးပမ်းကာလနှင့် လွတ်လပ်ရေးပြီးကာလ တိုက်ပွဲတွေနှင့်ပုံမဖေါ်ပါဘူး ကျနော်သိခဲ့မြင်ခဲ့တဲ့ အဘဦးအုန်းမြင့်ဘ၀နှင့် ပုံဖေါ်လိုက်ပါတယ်။ အဘရဲ့ တာဝန်ကျေပွန်မှုတွေကို ကျနော်လဲ ရေးနိုင်မယ်မထင်ပါဘူး။

ကျနော်အဘနှင့် ပတ်သက်ပြီးပြီး ကျနော်တို့အင်အားစုတွေ အတွင်းမှာ မကောင်းတဲ့အချက်လေး တခုကို မြင်မိပါတယ်။ အဘက ကွန်မြူနစ်စနစ် အားကောင်းတဲ့အချိန်မှာ ပေါက်ဖွားလာတဲ့ နိုင်ငံရေးမျိုးချစ် တဦးဖြစ်တာကြောင့်  အဘကို စီ(ကွန်မြူနစ်)တယောက် အဖြစ်နှင့် အဘကို အပြည့်အ၀ လုပ်ပိုင်ခွင့် မပေးကြပါဘူး ဒါပေမယ့် သခင်အုန်းမြင့်က သမိုင်းတောက်ပြောင်ပါတယ် ရန်သူကို တာဝန်ကြေပွန်စွာ သေတဲ့အချိန်ထိ တိုက်ပွဲဝင်သွားတယ် ဒူးမထောက်ဘူး ရန်သူနှင့်မပေါင်းဘူး မျိုးဆက်သစ်တွေကို လမ်းတွေဖွင့်ပေးသွားတယ် ပခုံးထမ်းတင် ပေးသွားတယ်။ အဘကောင်းရာသုဂတိလားမှာပါ ကျနော်ဆုတောင်းဖို့မလိုပါဘူး ဘာလို့လဲဆိုတော့ အဘရဲ့တိုင်းပြည်အပေါ်မှာ တာဝန်ကြေပွန်မှု အနစ်နာခံမှု ဖြူစင်မှုတွေက အဘကို ကောင်းရာသုဂတိကို ခေါ်ဆောင်သွားမှာပါ။

ရဲမင်းထွန်း

Beyond--- လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် မှာပါဝင်ယှဉ်ပြိုင်မဲ့ ရုပ်/သံဇာတ်လမ်း

Beyond--- လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် မှာပါဝင်ယှဉ်ပြိုင်မဲ့ ရုပ်/သံဇာတ်လမ်း

Thursday, 22 December 2011

ဆီအိုးကြီးကို ဖြည့်တဲ့လက်များ သို့မဟုတ် အညာ တောင်သူတို့ ဘဝ

l4371
ဆီထွက်သီးနှံဖြစ်သော မြေပဲ နှင့်နှမ်းကို အဓိကစိုက်ပျိုးသောကြောင့် မကွေးတိုင်းဒေသကြီးကို မြန်မာနိုင်ငံ ၏ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်လေ့ ရှိကြပါသည်။ ထိုတင်စားခေါ်ဝေါ်မှု ကန့်လန့်ကာကို လှပ်ကြည့်လိုက်သော အခါ မြေပဲနှင့်နှမ်းသာမက ကြက်သွန်၊ အာလူးတို့ကိုပါ စိုက်ပျိုးလေ့ရှိကြသော အညာတောင်သူတို့၏ဘ၀ သို့မဟုတ် ဆီအိုးကြီးကိုဖြည့်ဆည်း ပေးနေသော လက်ချောင်းများ၏ လှုပ်ရှားရုန်းကန်ရမှုများကို တွေ့မြင်လာ ရသည်။
‘မိုးရွာမရှောင် နေပူထဲ ထွန်ယက်ကာ ပဲစိုက်ကြပျိုးကြတယ်’ ဟူသော သီချင်းစာသားကဲ့သို့ အညာ တောင်သူတို့၏ဘ၀မှာ နွေအခါ၊ နေ ပူပူအချိန်တွင်ပင် အနားနေရလေ့မရှိ ဘဲ မိုးဦးကျသည်နှင့် အဆင်သင့် စိုက်ပျိုးနိုင်ရန် နွေထယ်ရေးပြုပြင်ရခြင်း၊ နွားချေး၊ ဆိတ်ချေးချခြင်း၊ ထယ် တုံး၊ ထွန်သွားခုတ်ထွင်ခြင်းများဖြင့် အလုပ်နှင့်လက်ဇယ်ဆက်သလိုရှိနေ တတ်သည်။ ထိုသို့ စိုက်ပျိုးရေး အတွက် အလုပ်မပြတ်သည့်ကြားမှပင် သောက်ရေချိုးရေ အတွက် ရေခပ်၊ ရေစည်တိုက်ခြင်း၊ နွားစာအတွက် မြက်ခြောက်၊ ကောက်ရိုးစင်းရခြင်း များကလည်း ဆိုင်းထား၍မရ။
နွေလကုန်၍ မိုးဦးကျသည်နှင့် နွေအခါက ပြုပြင်ထားသော ထယ်ရေးပေါ်တွင်သီးနှံပက်ကြဲနိုင်ရန် မိုးထယ်ရေးကို ထပ်မံပြင်ဆင်ကြရသည်။ ရာသီပေါ်ချိန်တွင် ပဲဈေး၊ နှမ်းဈေး အေးလေ့ရှိပြီး မိုးဦးကျ၍စိုက်ပျိုးချိန် ရောက်သည်နှင့် မျိုးစေ့မျိုးဆံဖိုးကြီး မြင့်တတ်သည်မှာလည်း အညာတောင်သူတို့ ကြုံတွေ့ရမြဲ ဓမ္မတာပင်ဖြစ်သည်။ ယခုနှစ်မိုးဦးကျအချိန်က မျိုးပဲဆံ တစ်ဆင်းလျှင် ကျပ်သုံးသောင်းကျော်  ဈေးရှိခဲ့ပြီး ယခုပဲပေါ်ချိန်တွင် မြေပဲအတောင့်တစ်တင်းလျှင် ကျပ် ၇၀၀၀ ၀န်းကျင်သာ ဈေးရှိသည်။ မြေပဲတောင့်တစ်တင်းလျှင် အဆံသုံးပြည်ခွဲခန့် ထွက်လေ့ရှိသည်။

ဘယ်အချိန်တွင်ရွာ၍ ဘယ်အချိန်တွင် ခွာမည်မှန်း မတွက်ချက်နိုင်သော မိုးကိုမျှော်၍စိုက်ပျိုးကြရသော အညာတောင်သူတို့၏ ဘ၀ကိုမြင်တွေ့ရသည်မှာ ၀မ်းရေးကို သဘာဝတရား နှင့် လောင်းကြေး ထပ်ထားသောကစား ပွဲတစ်ခုအား ကြည့်ရှုနေရသည့်ပမာ
‘တစ်မိုးကောင်းတစ်ချောင်းစီး’ ဟူသော ရှေးလူကြီးသူမများ၏ဆိုရိုး စကားမှာမိုးတွင်းအခါ ရာသီဥတုမျှတ ခဲ့ပါက ပဲ၊ နှမ်းကဲ့သို့ယာထွက်သီး နှံများထွက်နှုန်း ကောင်းမွန်တတ်၍ နွေအခါ ရာသီဥတု မဖောက်ပြန်ပါက ချောင်းနှင့်မြေနုကျွန်းများတွင် စိုက်ပျိုး ရသော ကြက်သွန်၊ အာလူးကဲ့သို့ ကိုင်းသီးနှံများထွက်အား ကောင်းမွန် တတ်သည်ဟု အဓိပ္ပာယ်ရသည်။ သို့ သော် ကမ္ဘာနှင့်အ၀န်း ရင်ဆိုင်နေရသော ရာသီဥတုဖောက်ပြန်ခြင်းများ က အညာတောင်သူတွေပဲလေဟူ၍ ကွက်ချန်မထားခဲ့ပါ။
ယခင်နှစ် ကြက်သွန်စိုက်ရာသီ က အချိန်အခါမဲ့ ရွာသွန်းခဲ့သော မိုးများကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်အဓိက စိုက်ပျိုးသောယော ချောင်း၊ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းနေချောင်းများတွင်ကြက်သွန် စိုက်ခင်းများမိုးထိ၍ထွက်အားလျော့ ကျခဲ့သည်။ ကြက်သွန်ထွက်အားမ ကောင်းခဲ့သည့်အပြင် ကြက်သွန်ဈေး တစ်နှစ်ပတ်လုံးအေးနေခဲ့ခြင်းကလည်း ကြက်သွန်မှပေါ်သောငွေဖြင့် ပဲ၊ နှမ်း စိုက်ရန်တာဆူထားခဲ့သော တောင်သူများအတွက် တာထွက်မကောင်း ဖြစ်ခဲ့ရသည်။
l4371a ထိုသို့ တာထွက်မကောင်းခဲ့ရခြင်းက ပဲပေါ်ပေး၊ နှမ်းပေါ်ပေးဟူ သော ပဲ၊ နှမ်းပေါ်သည်နှင့် ရာသီပေါ်ဈေး၏ တစ်ဝက်ခန့်ဖြင့် ဈေးဖြတ်လေ့ ရှိသော ငွေကြိုပေးစနစ်ကိုခွန်အား တိုးလာစေခဲ့ပြန်သည်။ မိုးသံတညံ ညံနှင့် သူများတကာ ထွန်ယက်စိုက်ပျိုးနေချိန်တွင် ကိုယ့်ယာကွက်ကို ဗလာကျင်းမထားရက်နိုင်သော တောင် သူများက အမြတ်ကြီးစားသည်ဟု လည်း သဘောမထား၊ အတိုးများသည်ဟုလည်း ခေါင်းထဲမ၀င်နိုင်တော့ သည်မှာ အပြစ်ဟုလည်းမဆိုသာ။
မြေပဲနှင့်နှမ်းမှာ မိုးတွင်းတွင်သာ စိုက်ပျိုးရလေ့ရှိသော်လည်း မိုးကို အစဉ်သဖြင့် လိုအပ်သည့် အလေ့မရှိကြပါ။ နှမ်းများမှာ အပင်ပေါက်စ အရွယ်တွင်မိုးများလျှင်အပင်နာတတ် သည့်အလေ့ရှိပြီး အပင်ဖြစ်၍ အပွင့်မြိုင်ချိန်တွင် မိုးများလျှင်လည်း သီးလုံးမထည့်နိုင်ဘဲ ဖိုကုန်တတ်ပြန်သည်။ ယခုနှစ်တွင် မုတ်သုန်အားကောင်း၍ မိုးများခဲ့သောကြောင့် ရေနံချောင်းမြို့နယ်၊ ချောက်မြို့နယ်တို့ တွင် နှမ်းထွက်နှုန်း လျော့ကျခဲ့သည်။ သို့သော် မိုးဦးမကျမီက ကြိုကြဲအဖြစ် ကြဲလေ့ရှိသော တောင်တွင်းကြီးမြို့နယ်၊ နတ်မောက်မြို့နယ်နှင့် မကွေးမြို့နယ်များတွင် တစ်ဧကလျှင်နှမ်း တင်း ၃၀ခန့်အထိ ထွက်အားကောင်း  ခဲ့သည်။ ၀ယ်လိုအား၊ ရောင်းလိုအား သဘောအရ နှမ်းထွက်အားကောင်း၍ ရောင်းလိုအား များသောကြောင့် နှမ်းဝယ်လက် အီနေခဲ့ရသည်မှာလည်း စီးပွားရေးလောက၏ အစဉ်အလာတစ်ခု အဖြစ်သာ။
ဘယ်အချိန်တွင်ရွာ၍ ဘယ်အချိန်တွင် ခွာမည်မှန်း မတွက်ချက်နိုင်သော မိုးကိုမျှော်၍စိုက်ပျိုးကြရသော အညာတောင်သူတို့၏ ဘ၀ကိုမြင်တွေ့ရသည်မှာ ၀မ်းရေးကို သဘာဝတရား နှင့် လောင်းကြေး ထပ်ထားသောကစား ပွဲတစ်ခုအား ကြည့်ရှုနေရသည့်ပမာ။ မိုးဦးနှမ်းထွက်နှုန်း လျော့စေခဲ့သော မိုးများမှုက ပင်ပြန့်မြေပဲများအတွက် အလားအလာ ကောင်းစေလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း မိုးနှောင်း ကာလတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်ကြောင့် ရွာသွန်းခဲ့သော မိုးများက အပင်အတွက်သာ ခွန်အားတိုးစေခဲ့သည်။ မြေကြီးအတွင်း တိုးဝင်နေသော အမြစ်များမှာ ဥ ဥလေ့ရှိသော မြေပဲများအဖို့ မြေပေါ်အပင်၏အကိုင်းအခက်များတွင်သာ အားကုန်၍ ဥမဆင်းနိုင် ရှိခဲ့ရပြန်သည်။ လုပ်သက်ရင့်သော တောင်သူအချို့က ဥမဆင်းနိုင်သည်မှာ အပွင့်မြိုင်ချိန်တွင် မိုးမိခံရခဲ့ခြင်းကြောင့်ဟု သုံးသပ်ကြသည်။ မိုးဦးကျလျှင် ကျချင်းကြဲခဲ့သော မြေ ပဲခင်းများမှာ ဥဆင်းပြီးချိန်မှ မိုးများခဲ့သောကြောင့် ထွက်နှုန်းသင့်ခဲ့သော်လည်း နောက်ကျ၍ကြဲခဲ့ရသော မြေပဲခင်းများမှာ ထွက်နှုန်း လျော့ခဲ့ရပြန်သည်။ နှစ်စဉ်ပုံမှန်ထွက်နှုန်းမှာ မြေပဲဆံတစ်တင်းကြဲလျှင် အတောင့်တင်း ၃၀ ၀န်းကျင်ရှိသော်လည်း ယခုနှစ်တွင် ရေနံချောင်းမြို့နယ်၊ ချောက်မြို့နယ်တို့၌ ၁၀ တင်း ၀န်းကျင်ထွက်သည်အထိ ရှိခဲ့ပြီး အချို့ အခင်းများတွင် ငါးတင်းဝန်းကျင် အထိ လျော့ကျခဲ့သည်။
ကာလပေါက်ဈေးများအရ ခိုင်းဖြစ်ရုံနွားတစ်ရှဉ်းလျှင် ကျပ်လေးသိန်း၊ လှည်းတစ်စီးလျှင် ကျပ်ငါးသိန်း၊ မြေပဲဆံတစ်တင်းကြဲနိုင်သော မြေတစ်ကွက်စာလျှင်အနည်းဆုံး ကျပ် ဆယ်သိန်းနှင့်အခြားထွန်တုံး၊ ထယ်သွားဖိုးများအပါ အမာခံရင်းနှီးမြှုပ်နှံမှုအတွက်ပင် တောင်သူမိသားစု တစ်စုလျှင် ကျပ်သိန်းတစ်ရာဝန်းကျင်  ရှိသည်။ ထိုအမာခံ ရင်းနှီးမြှုပ်နှံမှုများ အပြင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာဖိုး၊ လုပ်သားခ၊ မျိုးဆံဖိုး အပါအ၀င် မြေပဲဆံတစ်တင်းကြဲရန်အတွက် အရင်းအနှီးမှာ ကျပ်တစ်သိန်းအထက်တွင် ရှိသည်။ ထိုကျပ်တစ်သိန်းကျော် ရင်းနှီးမြှုပ်နှံထားရသော မြေပဲဆံတစ်တင်းကြဲမှ မြေပဲတောင့်တစ်တင်းလျှင် ကျပ် ၇၀၀၀ ကျော်သာ ရာသီပေါ်ဈေးရှိသော ယခုနှစ်မျိုးတွင် ပဲထွက်နှုန်းမှာ အဆံ တစ်တင်းကြဲလျှင် အတောင့်ဆယ်တင်းသာရရှိခဲ့သော တောင်သူများ ၏ဘ၀မှာ . . .။
သို့သော် အညာတောင်သူတို့မှာ နွေလကုန်၍ မိုးနံ့သင်းသည်နှင့် ထွန်တုံးကိုယ်စီဖြင့် ပဲ၊ နှင်းစိုက်ခင်းများသို့ ဆင်းကြဦးမည်သာ။ နှမ်းများ ဖွေး၍ချောင်းရေဝေးချိန်တွင် ရေပုံး ဆိုင်းထမ်းကိုယ်စီဖြင့်ကြက်သွန်၊ အာလူးစိုက်ခင်းများကို မြေသြဇာကျွေး နေရဦးမည်သာ။ နေ့စဉ် ထမင်းစား တိုင်း ဆီနံ့မသင်း၊ ကြက်သွန်ကင်း သောဟင်းဖြင့် မစားတတ်သော ကျွန်တော့်အဖို့ အညာမြေမှဆီအိုးကြီး ကိုဖြည့်ဆည်းပေးနေသော လက်များ အစဉ်သဖြင့် ခွန်အားပြည့် တင်းနေနိုင်ရန် အညာတောင်သူတို့၏ ဘ၀ရုန်းကန်ရခြင်းမှ asကင်းဝေးနိုင်ရန် သာ ဆုတောင်းနေမိပါသည်။
Eleven Media Group

အညှာအတာကင်းသော အုပ်ချုပ်သူ

နိုင်ငံက စီးပွားရေးကျဆင်းနေပြီး အငတ်ဘေးအန္တရာယ်ရှိနေပေမယ့်လည်း ကင်ဂျုံအီလ်ကတော့ မြောက်ကိုရီးယားအစိုးရကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နိုင်ငံရေးကျွမ်းကျင်သူ အုပ်ချုပ်ရေးသမားတစ်ဦး ဖြစ်ပါတယ်။
အသက် ၆၉ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ ကင်ဂျုံအီလ်ဟာ ၀ါဒဖြန့်ချိရေး၊ နိုင်ငံရေးအကျဉ်းစခန်း၊ အဖေ့ဆီက အမွေ ဆက်ခံထားတဲ့ ပုံရိပ်ကိုးကွယ်မှုတွေကိုအသုံးပြုပြီး အာဏာကို သက်တမ်းရှည်အောင် ထိန်းထားနိုင်ခဲ့တဲ့ အညှာအတာကင်းသော အုပ်ချုပ်ရေးသမား တစ်ဦးဖြစ်ပါတယ်။ ၁၉၉၀ ပြည့် အစောပိုင်းနှစ်များက ဆိုဗီယက်ရဲ့ အကူအညီတွေ ခြောက်ခမ်းသွားပြီး အခြေအနေတွေ မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ မြောက်ကိုရီးယားရဲ့ ဗဟိုဦးစီး စီးပွားရေးပြိုလဲတော့မယ်လို့ ခန့်မှန်းချက်တွေကိုတောင် အာခံနိုင်ခဲ့သူပါ။ သူအုပ်ချုပ်နေဆဲ ၁၉၉၀ ပြည့်လွန်နှစ်လယ်များကနေ နှောင်းပိုင်းထိ လူတစ်သန်းလောက် သေခဲ့တဲ့ အငတ်ဘေး ကြုံခဲ့ရပေမယ့် ကင်ဂျုံအီလ်ဟာ ၂၀၀၆ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၀၉ ခုနှစ်မေလမှာ နျူက လီးယားစမ်းသပ်ဖို့အတွက် ရင်းမြစ်တွေ ရရှိနေဆဲပါ။
နျူကလီးယားနဲ့ ဒုံးကျည် စီမံကိန်းတွေကြောင့် ပိတ်ဆို့မှုတွေ ပြင်းထန်လာပေမယ့်လည်း ကင်ဂျုံအီလ်ကတော့ အာဏာလွှဲပြောင်း ဆက်ခံရေးကို အရှိန်မြှင့် ဆောင်ရွက်ခဲ့ပါတယ်။  ၂၀၀၈ ခုနှစ် သြဂုတ်လမှာ လေဖြတ်ခဲ့တဲ့ ကင်ဂျုံအီလ်ဟာ ကျောက်ကပ်ပျက်စီးနေတာကို ခံစားနေရတယ်လို့လည်း အချို့သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လေဖြတ်ထားပြီးတဲ့နောက်ပိုင်း အကျိုးဆက်တွေကြောင့် ကင်ဂျုံအီလ်ရဲ့ ဆုံးဖြတ်ချက်ချမှုတွေဟာ အမှားတွေများလာ တယ်လို့လည်း လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအီလ်က အငယ်ဆုံးသားဖြစ်တဲ့ ကင်ဂျုံအွန်ကို ဆက်ခံသူအဖြစ် အာဏာလွှဲပြောင်းပေးဖို့ အရှိန်မြှင့် ကြိုးပမ်းခဲ့တာကို သူတို့က ထောက်ပြခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် မတ်လတုန်းက တောင်ကိုရီးယားစစ်သင်္ဘော Cheonan ကို တော်ပီဒိုနဲ့ တိုက်ခိုက်ခဲ့တာကိုလည်း သူတို့က ထောက်ပြပါတယ်။  အမျိုးသားကာကွယ်ရေး ကော်မရှင် ဒုဥက္ကဋ္ဌအဖြစ် ကင်ဂျုံအွန်ကို ခန့်အပ် ပြီးတဲ့နောက် နှစ်လအကြာမှာ အဲဒီ အဖြစ်အပျက်ဖြစ်ခဲ့တာပါ။
စစ်သင်္ဘောတိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ လက်တုံ့ပြန်ပိတ်ဆို့အရေးယူမှုတွေက ပိုပြင်းထန်လာပါတယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ မြောက်ကိုရီးယားက ယုံပြောင်နယ်စပ်ကျွန်းအနီးကို ဗုံးကြဲခဲ့တာကြောင့် တောင်ကိုရီးယား မရိန်းတပ်သားနှစ်ဦးနဲ့ အရပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။

လေဖြတ်ထားပြီးတဲ့ နောက်ပိုင်းအကျိုးဆက်တွေကြောင့် ကင်ဂျုံအီလ်ရဲ့ ဆုံးဖြတ်ချက်ချမှုတွေဟာ အမှားတွေများလာတယ်လို့လည်း လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအီလ်က အငယ်ဆုံးသားဖြစ်တဲ့ ကင်ဂျုံအွန်ကို ဆက်ခံသူအဖြစ် အာဏာလွှဲပြောင်းပေးဖို့ အရှိန်မြှင့်ကြိုးပမ်းခဲ့တာကို သူတို့က ထောက်ပြခဲ့ပါတယ် ...
၁၉၅၀-၅၃ ကိုရီးယားကျွန်း ဆွယ်စစ်ပွဲနောက်ပိုင်း အရပ်ဘက် နေရာတစ်ခုကို ပထမဆုံးအကြိမ် တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ ကင်ဂျုံအွန်က သြဇာကြီးတဲ့ စစ်အင်အားနဲ့ ယုံကြည်စိတ်ချရမှုတည်ဆောက်ဖို့ ကြိုးပမ်းနေ ချိန်မှာ ပြုံယမ်းဆီက အန္တရာယ်တွေရှိလာနိုင်တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က သတိပေးထားခဲ့ပါတယ်။ ကင်ဂျုံအီလ်ဟာ ဖခင်ဖြစ်သူကင်အီဆွန်းဆီက အာဏာအမွေရရှိခဲ့သူပါ။  ကင်ဂျုံအီလ်ကို ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရှေး ဟောင်း ကိုရီးယားတို့မွေးဖွားရာ နေရာ၊ တရုတ်နဲ့နယ်စပ် ပေကတူတောင်မှာ မွေးဖွားခဲ့တယ်လို့ တရားဝင်မှတ်တမ်းတွေက ဆိုပါတယ်။ ဒါပေမဲ့ သူ့ကို တကယ်မွေးဖွားခဲ့တာကတော့ ကိုရီးယားကျွန်းဆွယ်ကို ကိုလိုနီပြုထားတဲ့ဂျပန်တွေကို ဖခင်ဖြစ်သူ တိုက်ပွဲဝင်နေတုန်း ရုရှား ပြောက်ကျားစခန်းတစ်ခုမှာပါလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ၁၉၄၁ ခုနှစ်မှာ မွေးတယ်လို့လည်း ဆိုကြပါတယ်။
၁၉၆၄ ခုနှစ်မှာ တက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက် အာဏာရလုပ်သားပါတီမှာ နိုင်ငံရေးရာထူး အဆင့်ဆင့် ရယူခဲ့ပါတယ်။ ၁၉၈၀ မှာ အာ ဏာဆက်ခံရမယ့်သူအဖြစ် တရားဝင် ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်များ ထိ ဖခင်ဖြစ်သူက သူ့အတွက် အချိန်သိပ်မပေးနိုင်ဘူးလို့ ကောလာဟလ ထွက်ခဲ့ပါတယ်။ အဲဒီတုန်းက ညီဖြစ်သူ ကင်ပြုံအီလ်က ဆက်ခံဖို့ သေချာနေချိန်ပါ။
၁၉၇၅ မှာ ကင်ဂျုံအီလ် သြဇာ စတက်လာပါတယ်။ ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ယဉ်ကျေးမှုရေးရာမှာ အကြီးအကဲ ဖြစ်လာပါတယ်။၁၉၈၀ မှာ ကင်ကို ''လေးစားရသော ခေါင်းဆောင်ကြီး'' (Dear Leader) အဖြစ် တရားဝင် ခန့်အပ်ခဲ့ပါတယ်။၁၉၉၄ ခုနှစ်မှာ ကင်အီဆွန်း သေဆုံးပြီးတဲ့နောက် ကင်က အာဏာအမွေကို ဆက်ခံခဲ့ပါတယ်။
ကင်ဂျုံအီလ်ဆီ ရောက်ဖူးတဲ့သူတွေ၊ သူ့ဆီက ထွက်ပြေးလာတဲ့သူတွေကတော့ ကင်ဂျုံအီလ်ဟာ ကော့ညက်လေးသောက်ပြီး Playboy မဂ္ဂဇင်းဖတ်တဲ့သူလို့ ပုံဖော်ပြောကြပါတယ်။ သူက နိုင်ငံခြားရုပ်ရှင်တွေကြိုက်ပြီး ညစားကောင်းကောင်းနဲ့ အမျိုးသမီးတွေကိုလည်း နှစ်သက်တဲ့သူပါ။ ဟောလိဝုဒ်ရုပ်ရှင်အခွေ ၂၀၀၀၀ လောက် စုထားတယ်လို့ သူကပြောပါတယ်။  ၁၉၇၈ ခုနှစ်က တောင်ကိုရီးယား ရုပ်ရှင်ဒါရိုက်တာတစ်ဦးနဲ့ သူ့ရဲ့ ရည်စားကို ပြန်ပေးဆွဲ ဖို့ ကင်ဂျုံအီလ်က ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်က တောင်ကိုရီးယား ၁၇ ဦး သေဆုံးစေခဲ့တဲ့ မြန်မာနိုင်ငံမှာ ဗုံးဖောက်ခွဲလုပ်ကြံမှုကို စီစဉ်ခဲ့ရာ မှာ ကင်ဂျုံအီလ်ပါတယ်လို့ ဆိုပါတယ်။  အာဏာတရားဝင်ရယူပြီးတဲ့ နောက်ပိုင်းမှာ ကင်ဂျုံအီလ်ဟာ ပြင်ပကမ္ဘာနဲ့ တဖြည်းဖြည်း ထိတွေ့ဆက်ဆံလာခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဇွန်လမှာ တောင်ကိုရီးယား သမ္မတကင်ဒေးဂျုံနဲ့ ပြုံယမ်းမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီနှစ်နှောင်းပိုင်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်ဟာ ပြုံယမ်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အမေရိကန်နဲ့ နျူကလီးယား လက်နက် ဖျက်သိမ်းရေး သဘောတူညီချက် ပျက်ပြားပြီးတဲ့နောက်ပိုင်း အနောက်နဲ့ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။  ၂၀၀၉ ခုနှစ်မှာ မြောက်ကိုရီးယားက နျူကလီး ယားလက်နက်ဖျက်သိမ်းရေး ခြောက်နိုင်ငံဆွေးနွေးပွဲ ကိုကျောခိုင်းခဲ့ပြီး နျူလက်နက် အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ပြောခဲ့သူပါ။
Ref: AFP, Telegraph
 Written by အောင်မျိုးသူ   (EMG)

၂၀၁၂ ခုနှစ်မှ စတင်၍ အိမ်သုံးမီတာ တစ်ယူနစ် ၃၅ ကျပ်နှင့် စီးပွားရေးသုံး မီတာတစ်ယူနစ် ၇၅ ကျပ်သာ ကောက်ခံရန် သတ်မှတ်ထား

လာမယ့် ၂၀၁၂ ခုနှစ်မှ စတင်ကာ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ကျပ် ၅၀ ကောက်ခံဖို့နဲ့ စီးပွားရေး လုပ်ငန်းသုံး ပါဝါ မီတာတွေမှာ မီတာ တစ် ယူနစ်လျှင် ကျပ် ၁၀၀ ကောက်ခံဖို့ လျာထားသတ်မှတ် ခဲ့ပေမယ့် ယခု အခါမှာတော့ အိမ်သုံးမီတာ တစ်ယူ နစ် လျှင် ၃၅ ကျပ်နဲ့ ပါဝါမီတာ တစ်ယူနစ်လျှင် ၇၅ ကျပ်သာ ကောက်ခံဖို့ သတ်မှတ်လိုက် ပြီ ဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါသည်။

ယခုလက်ရှိ မီတာခတွေဟာ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၂၅ ကျပ်နဲ့ စီးပွားရေး လုပ်ငန်း မီတာ တစ်ယူနစ်ကို ကျပ် ၅၀ နှုန်းကောက်ခံ လျက် ရှိတာ ဖြစ်ပါသည်။ ယခုပြောင်းလဲ သတ်မှတ်မယ့် မီတာခ တွေကတော့ လာမယ့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁  ရက်နေ့မှ စတင်ကာ ကောက်ခံ သွားမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ မှစတင်ပြီး အဆိုပါ နှုန်းထားနဲ့ လျှပ်စစ်မီတာ ခများ ပေးဆောင်ရမှာ ဖြစ်ပါသည်။ လျှပ်စစ် မီတာခများ ယခုလို အနည်းငယ် တိုးမြင့်ကောက်ခံ ရခြင်းမှာ ယခင်က အိမ်သုံး တစ်ယူနစ်လျင် ၂၅ ကျပ် ၊ စီးပွားရေး လုပ်ငန်းမီတာ တစ်ယူနစ်လျှင် ကျပ် ၅၀ေ ကာက်ခံစဉ်က အစိုးရ အနေနဲ့ တစ်နှစ်လျှင် ကျပ်ငွေ ၂၅၀ ဘီလီယံခန့် အရှုံးပေါ် နေတဲ့အတွက် ရငွေ ၊ သုံးငွေကာ မိစေဖို့  အနည်းငယ် မြင့် တက် ကောက်ခံတာ ဖြစ်တယ်လို့ သိရပါသည်။


credit to MRTV4

တစ်ချိန်က မိမိတို့ မိသားစုမှာ အလွန်ပင် ဆင်းရဲခဲ့ဟု ဂျက်ကီချန်းပြော

ဘေဂျင်း။         ။ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သူ အာရှတိုက်သား ဂျက်ကီချန်းမှာ လွန်ခဲ့သည့် စနေနေ့က ဘေဂျင်းရှိ ရန်ပုံငွေ အလှုပွဲ တစ်ခုတွင် ပြောကြားခဲ့ရာ၌ ၎င်းအနေဖြင့် ယခုလို  မရှိဆင်းရဲသား များအား ပေးကမ်း စွန့်ကြဲခြင်း အလုပ်ကို အလွန်ပင် စိတ်ပါဝင်စား ရှိကြောင်းနှင့်  အတိတ်ကာလ ကလည်း ယင်းသို့ ဖြစ်ခဲ့ ဖူးသဖြင့် ယခုလို စိတ်ဝင်စားရခြင်း ဖြစ်သည်ဟုလည်း ပြောကြားသွား ခဲ့သည်။

များစွာသော လူများမှာ မိမိအနေဖြင့် ပေးကမ်း လှုဒါန်းမှု များ ပြုလုပ်တိုင်း အဘယ်ကြောင့် လုပ်ရသနည်းဟု မေးမြန်းခဲ့ကြောင်း ၊ ယခုလို ပြုလုပ်ရခြင်းမှာ မိမိငယ်စဉ်က မိမိတို့ မိသားစုမှာ အလွန်ဆင်းရဲ ခဲ့ကြောင်း မိမိ၏ ဖခင်မှာ မိမိအား ရောင်းစား ရတော့မည့် အခြေအနေသို့ ရောက်အောင်ပင် ဆင်းရဲခဲ့ကြောင်း ပြောကြားသွား ခဲ့သည်။ သို့ရာတွင် ကံကောင်းအကြောင်း လှစွာပင် မိမိ နေထိုင်ခဲ့သည့် ပတ်ဝန်းကျင်တွင် လှုဒါန်းမှုကို စိတ်ဝင်စားသူများ ရှိနေခဲ့သဖြင့် ယနေ့လို ဘဝမျိုးကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း ထို့ကြောင့် မိမိအနေဖြင့် လူ့အဖွဲ့အစည်းသို့ ပြန်လည် ပေးဆပ်ရမည် ဖြစ်ကြောင်းလည်း ဂျက်ကီချန်းမှ ပြောကြားသွား ခဲ့သည်။  အသက် ၅၇ နှစ် အရွယ်ရှိပြီ ဖြစ်သည့် ဂျက်ကီမှာ လွန်ခဲ့သည့် စနေနေ့က ၎င်း၏ တန်ဖိုးကြီး ကုလားထိုင် တစ်ခုကို လေလံတင်ပြီးလှုဒါန်းခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ခုံမှာ ယွမ်ငွေ လေးသန်း ရရှိခဲ့ကြောင်းလည်း သိရသည်။
credit to mrtv4

၇ယ်ရွှင်ဖွယ်

သြော်... ဒီလိုကိုး
အမေရိကန် တက်ဆပ်စ် (Taxas) ပြည်နယ်မှ နွားခြံပိုင်ရှင်တစ်ယောက်သည် သြစတေးလျ နိုင်ငံသို့ အလည်သွားပြီး ခရီးနားသည့် အချိန်တွင် ဘီယာဆိုင်တစ်ဆိုင်သို့ ဝင်ပြီး ဘီယာသောက်အနားယူရင်း သူ၏နွားခြံ ကြီးမားကြောင်းကို ကြွားဝါပြောဆိုနေလေသည်။
"ကျနော့်  ခြံကလေ ဘယ်လောက်တောင်ကြီးသလဲဆိုတော့  မြင်းနဲ့ သွားရင်တောင် ဟိုဘက်ခြံစည်းရိုးကို ရောက်ဘို့ သုံးရက်လောက်စီးရတယ်ဗျ.."
နားကြားပြင်းကပ်လာသော ဒေသခံအဘိုးအိုမှ..
"အေး ငါ့ မှာလဲ အဲလို မြင်းတစ်ကောင်ရှိဘူးတယ်ကွယ့် ...
 အဲလို ပျင်းလို့  ပစ်သတ်ပလိုက်တယ် ကွယ်.."

သိုးမွှေးခြေအိပ်
တနေ့တွင် စိတ်ရောဂါကု ဆရာဝန်တယောက်ထံ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသော လူ တယောက် ၀င်လာပြီး
“ ဆရာ ကျနော်က နိုင်လွန်ခြေအိပ်နဲ့ စာလိုက်ရင် သိုးမွှေးခြေအိပ်ကို ပိုကြိုက်တယ် ပြောမိတာနဲ့ လူတွေက ကျနော့ကို ရူးတယ် ဆိုပြီး ဆရာ့ဆီ လွှတ်လိုက်လို့ပါ”
“ ဒါကတော့ ဗျာ ကျနော်လဲ သိုးမွှေးခြေအိပ် ပိုကြိုက်တာဘဲ လူတကိုယ် အကြိုက် တမျိုးစီပေါ့”
“ မှန်လိုက်လေ ဆရာရယ် . . . ဆရာနဲ့ ကျနော် အကြိုက်ချင်းတူနေတာပေါ့ . .  . ဒါနဲ့ ဆရာက ဘယ်လို ကြိုက်တာလဲ ? ကျနော်ကတော့ သိုးမွှေးခြေအိပ်ကို ထောပတ်လေး ခပ်ပါးပါး သုတ်ပြီး စားရတာ ကြိုက်တယ်”

မြန်မာနိုင်ငံမှာပြုလုပ်တဲ့ Miss Universe Final round ဖြစ်ပါတယ်၊
နောက်ဆုံးဇကာတင်ရွေးထားတဲ့(၃)ယောက်ဖြစ်တဲ့

Miss USA, Miss Malaysia and Miss Myanmar တို့ကို မေးခွန်း(၃)ခု စီမေးမယ့်အစီအစဉ် ပဲဖြစ်ပါတယ်

တင်ဆက်သူ ။ ။ ပထမမေးခွန်းကတော့ အင်္ဂလိပ်အက္ခရာ "L" နဲ့စတဲ့ လျှပ်စစ်ပစ္စည်းတစ်မျိုးရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်

Miss USA။ ။ Lamp

Miss Malaysia။ ။ Light bulb

Miss Myanmar။ ။ LAY DIO

ဒိုင်လူကြီး ။ ။ အိုး..နိုး.. Radio က letter "L" နဲ့မစဘူးလေ

တင်ဆက်သူ။ ။ ဒုတိယမေးခွန်းကတော့ letter "L" နဲ့စတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်

Miss USA ။ ။ Lion

Miss Malaysia ။ ။ Leopard

Miss Myanmar ။ ။ LABBIT

ဒိုင်လူကြီး ။ ။ အိုး..နိုး.. Rabbit က letter "L" နဲ့မစဘူးလေကွယ်

တင်ဆက်သူ ။ ။ အခုမေးမဲ့ နောက်ဆုံးမေးခွန်းကတော့ letter "L"နဲ့စတဲ့ အသီးတစ်မျိုးရဲ့ အမည်ကိုပြောရမှာဖြစ်ပါတယ်

Miss USA ။ ။ Lemon

Miss Malaysia။ ။ Lychee

Miss Myanmar, (ယုံကြည်မှုအပြည်နှင့်ပြောလိုက်သည်) : LAIN MAW

ဒိုင်လူကြီး ။ ။ ( အိုး.မိုင်ဂေါ့ )

ဒိုင်လူကြီးတွေနဲ့အကဲဖြတ်အဖွဲတွေဟာ Miss Myanmar ကို

အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်သင့်သလားဆိုတဲ့မေးခွန်းကို

အပြန်အလှန်တိုင်ပင်နေကြပြီး၊မြန်မာနိုင်ငံမှာကျင်းပခြင်းဖြစ်နေတာကတစ်ကြောင်း၊

Miss Myanmar လေးအားလည်း အရှက်တကွဲ အကျိုးနည်းမဖြစ်စေချင်သည်ကတစ်ကြောင်း ၊

Miss Myanmar လေးမှာ letter "L" နှင့်ပတ်သက်ပြီး ပြသနာများစွာရင်ဆိုင်နေရသည်ကတစကြောင်းတို့ကြောင့် ၊

နောက်ထပ်အခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်ကြသည်။

တင်ဆက်သူ ။ ။ OK, အခုနောက်ဆုံးမေးခွန်းကတော့ လူမှာ letter "L" နဲ့စတဲ့ လူခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုရဲ့အမည်ကိုပြောပြပါ။

Miss USA ။ ။ Lung (လက်ခုပ်သံများ)

Miss Malaysia ။ ။ Liver (ပိုများသောလက်ခုပ်သံများ)

Miss Myanmar ။ ။    LA U            :2 :2 :2

သင့်မှာဘယ်လိုအကျင့်စရိုက်ရှိလည်း

၂၀၀၅၊ နိုဝင်ဘာ၊ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ၀င်းကိုကို
တင်ပြတာ ဖြစ်ပါတယ်။

ကျနော့်အနေနဲ့က ဗေဒင်ဆို စိတ်ချမ်းသာအောင် ဟောတဲ့ ဗေဒင်ပဲ ယုံပါတယ်။
ဒါမျိုးလေးတွေလည်း ဘာပဲ ပြောပြော အပျင်းပြေ အနေနဲ့ သဘောကျပါတယ်။
ဒီဟာလေးကို ကျနော့် မွေးနေ့နဲ့ စမ်းကြည့်တာ မှန်သလိုလို ဖြစ်နေလို့
အားလုံးကိုလည်း share လုပ်လိုက်တာပါ။

ဖူးငုံ ဆယ်ကျော်သက် စာဖတ်ပရိတ်သတ်များ အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ
ဗေဒင်ဟောပြောမှု ပုံစံများကို တင်ဆက်ပေးနေရာ၊ ဒီလမှာတော့ မွေးနေ့အလိုက်
တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ
တင်ပြပေးလိုက်ပါတယ်။

ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်

၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ
ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်
ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကို
စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့်
ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။
ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို
ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့်
အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့်
ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။
ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင်
ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနျင့်သာ
ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား
နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ
သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း
ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး
လူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော်
သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက
စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က
စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်
ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို
ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။
အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်
နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။
လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ်
ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏
ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ
ဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။
စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့်
ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။

၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်
ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။
ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး
လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို
လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည်
အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင်
တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ
အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား
ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့်
ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။
အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ
တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို
သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို
မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန်
ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။
ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။
လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့
ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု
မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ
နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်
အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏
ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်
ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က
ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ်
သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်
ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင်
ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး
ဖြစ်သည်။

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး
ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ
ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့်
အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်
ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း
မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး
ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ
ဖြစ်သည်။

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ
ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော
နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း
ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး
ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို
လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို
စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏
နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို
တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။

ဂူးဂဲကဟု ဟန်ဆောင်ပြီး အီးမေးပတ်စ်ဝဒ်များကို ခိုးဖို့ ကြံစည်နေပြန်ပြီ

ဂူးဂဲကဟု ဟန်ဆောင်ပြီး အီးမေးပတ်စ်ဝဒ်များကို ခိုးဖို့ ကြံစည်နေပြန်ပြီ
လောကဓာတ်ခန်း သာဂိ၊ စက်တင်ဘာ ၄၊ ၂၀၁၁
အောက်ဖော်ပြပါစာများ သင့်ဂျီးမေးအကောင်သို့ ၀င်လာပါက စာပြန်ခြင်း၊ သင့် အီးမေးအမည်၊ ပတ်စ်ဝဒ် စသည်တို့ကို ထုတ်ဖော်စာပြန်ခြင်းတို့ မလုပ်ရန်။ လုပ်မိပါက သင့်အီးမေးကို မသမာသူ ဟက်ကာတို့က ဖောက်ထွင်းခိုးယူရန်ကြိုးပမ်းမှုဖြစ်ကြောင်း သို့ဖြစ်၍ အမြန်ဆုံး အီးမေးပတ်စ်ဝဒ်ကို ပြောင်းပစ်ရန်။ နီးစပ်ရာ မိတ်ဆွေများကို လက်တို့သတိပေးထားရန် သတင်းပေးပို့အပ်ပါတယ်။
အထူးသဖြင့် မြန်မာပြည်တွင်းက မိတ်ဆွေများက ထိုသို့အီးမေးမျိုးကို စိုးရိမ်စိတ်လွန်ကဲပြီး စာပြန်ခြင်း၊ အင်တာနက်ကဖေးများက အကူပေးသူများကို တဆင့်အကူအညီတောင်းပြီး စာပြန်ခိုင်းခြင်းတို့ လုပ်ကြလေ့ရှိသဖြင့် အီးမေးများ အခိုးခံရသည့်အကြိမ် ပိုများတာကို တွေ့နေရပါတယ်။
လုပ်ကြံထားသော လိမ်စာကို အောက်မှာ ကြည့်ပါ။
“From: Gmail < google.notifier@inbox.lvThis e-mail address is being protected from spam bots, you need JavaScript enabled to view it >
Date: Thu, 01 Sep 2011 04:19:48 -0700
Subject: Your Account
To: accounts@google.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it
Dear Valued Member,
We make every effort to ensure that we provide the Ultimate Security
required for maximum protection of all our Email Account from unwanted
Users and spy wares. We do not want you to loose access to your
Account since your login information are no longer valid on our
database system. We need to confirm your profile details below for
verification purpose and to confirm that you own this account to avoid
Denial of Service.
Username:
Current Password :
Date of Birth:
State/Country :
Please answer each question as thoroughly and accurately as possible,
Your detailed answers will help us ensure that only you get access to
your account. In an effort to protect your privacy and keep your
information secure, if we detect unusual activity on the account, we
may disable it.
Thank you for using our email service !

"သိခြင်း၂ခု"

မြန်မာနိုင်ငံကို စေတီဘုရားများပေါများတဲ့နိုင်ငံ လို့တင်စားခေါ်ဝေါ်လေ့ရှိကြသလို၊ တချို့ကလည်း (ရွှေတိဂုံ စေတီတော်ရဲ့ တောက်ပထည်ဝါမှုကိုအကြောင်းပြု၍ဟုထင်ပါသည်)ရွှေနိုင်ငံဟုတင်စားကြတတ်ပါတယ်။ နိုင်ငံ ခြားရောက် မြန်မာများကလည်း မြန်မာအချင်းချင်းကို ရွှေတွေလို့တင်စားပြောဆိုတတ်ကြပါတယ်။ ကိုယ့် နိုင်ငံကို မြင့်မြတ်သူတွေ၊ ယဉ်ကျေးသူတွေနေတဲ့နိုင်ငံ၊ တန်ဖိုးရှိသူတွေနေတဲ့ တန်ဖိုးရှိတဲ့နိုင်ငံလို့ ကမ္ဘာကို သိ စေချင်တာ မြန်မာနိုင်ငံသားတိုင်းရဲ့ဆန္ဒပါ။ မြန်မာကိုကမ္ဘာ အထင်မကြီးခြင်နေပါ။ အထင်သေးအမြင်သေးခံရ မှာကိုတော့ မြန်မာနိုင်ငံသားဘယ်သူကမှ မလိုလားကြပါဘူး။ ၂၇ နှစ်ကြာ တံခါးပိတ်ကာလကြီး ပြိုပျက်ခဲ့ပြီးတဲ့ နောက် ကမ္ဘာ့ပြည်သူအတော်များများ မြန်မာဆိုတာကိုပြန်လည် သိလာကြပါတယ်။ ကြာလေ ပို၍သိလာလေပါ။ သို့သော်…အရင်ကသိခြင်း နဲ့ အခုသိခြင်းက တော့ကွာခြားသွား ပါတယ်။
တချိန်တုန်းကတော့ (လွတ်လပ်ရေးမတိုင်ခင်နဲ့ လွတ်လပ်ရေးရပြီးစက)အထူးသဖြင့် အိမ်နားနီးချင်း နိုင်ငံတွေက မြန်မာကိုအထင်ကြီးလေးစားတယ်။ လီကွမ်ယု လိုပုဂိုလ်မျိုး ငယ်တုန်းက မြန်မာကို အားကျခဲ့ဖူးတယ်လို့ဆို တယ်။ ထိုင်းလူမျိုးတော်တော်များများကလည်း မြန်မာနိုင်ငံကို အထင်ကြီး အားကျခဲ့တယ် ဆိုတာကြားဖူးခဲ့ ပါတယ်။ တိုင်းပြည်ကလည်းချမ်းသာ၊ ပညာရေးကလည်း အဆင့်မြှင့်၊ လူတွေကလည်း လောကနီတိတရားကို အလေးထားလိုက်နာတာကြတာကြောင့် ကိုယ်ကျင့်သိက္ခာတွေ ကောင်းကြတယ်၊ ရိုးသားကြတယ်၊ ဖေါ်ရွေတတ် ကြတယ်၊ သီးခံခွင့်လွှတ်တတ်ကြတယ်၊ စိတ်ထားရေးရာ မှာမြင့်မြတ်တယ်။ ထိုထိုသော အချက်များကြောင့် သိ သိသမျှသော ရပ်ဝေးရပ်နီးနိုင်ငံ ကလူတွေအားကျ အထင်ကြီးကြတာအဆန်းတော့မဟုတ်ပါဘူး။
အခုအချိန်မှာတော့ ကံမကောင်းအကြောင်းမလှလို့ တိုင်းပြည်ကအာဏာရှင်လက်အောက်ကျရောက်ပြီး ပြည်သူ တွေဆင်းရဲတွင်းနက်ခဲ့ရတယ်။ တိုင်းပြည်ပတ်ပတ်လည်မှာ ဒုက္ခသည်စခန်းတွေနဲ့ တန်းစီနေခဲ့ ရတယ်။ တိုင်း ပြည်ဆင်းရဲတာကတပိုင်း ထားပါတော့၊ အူမမတောင့်လို့ သီလမစောင့်နိုင်တာ ဆိုတာ ကြီးကလည်းအကျင့် တ ရပ်လိုဖြစ်လာပြီး ကြာတော့စိတ်ဓါတ်ရေးရာ ကျန်းမာရေးကလည်းယိုယွင်း၊ အတွေးအခေါ်ရေးရာ ဖွံ့ဖြိုးမှုအား ကလည်းကျဆင်း၊ ကောင်းသောအတုကိုယူနိုင် တဲ့အမြင်အားကလည်း နည်းသထက်နည်းဖြစ်ခဲ့ရပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးပုတ်တယ် ဆိုရင်တော့ ကြားကောင်းပါသေးရဲ့။ အခုဟာက အကောင် ကြီးကြီး တလှေလုံးနီးပါးပုတ်ကုန် ပြီလို့ဆိုရမလိုပါ။ ဆိုတော့ သိသိသမျှသော ရပ်ဝေးရပ်နီးနိုင်ငံ ကလူအတော် များများက မြန်မာဆို နှခေါင်းရှုံ့ အထင်သေးလာတယ်၊ ဒါဟာလည်း အဆန်းတော့မဟုတ်ပါဘူး။
အိမ်တွင်းမှာ စည်းကမ်းမဲ့တာက နည်းနည်းခံသာသေးတယ်၊ အပြင်မှာ ဖိုးသင်းမျောက်လုပ်ပြတာက သူ တကာ အထင်သေးစရာဖြစ်သလို ရှက်စရာလည်းကောင်းလှပါတယ်။ မနှစ်တုံးက ရုရှားမှာ တက္ကသိုလ်ဘွဲ့လွန် သင် တန်း(အဆင့်မြှင့်ပညာရေးသင်တန်း) တက်နေကြတဲ့မြန်မာကျောင်းသားတွေ အဆောင်စည်းကမ်းမလိုက်နာလို့ ပိုးမွှားနဲ့ ရောဂါဘယ အန္တရာယ်ပါစိုးရိမ်လာရတဲ့အတွက် အဆောင်ကထွက်ပေးကြရမယ်၊ မထွက်ပေးရင် တရား စွဲမယ်ဆိုတဲ့ အကြောင်း မြန်မာသံရုံးကိုသက်ဆိုင်ရာတက္ကသိုလ်က အကြောင်းကြားခဲ့ရတယ်လို့ဆိုတယ်။
ဒီနှစ် စင်္ကာပူနိုင်ငံ Pennisula Palza,မှာ Indoor မှာ လုပ်တဲ့ သင်္ကြန်မှာလည်းကြည့်ဦး။ စီစဉ်သူက ရေမ ပက်စေရပါဘူးဆိုတဲ့ အာမခံချက်နဲ့ ပွဲစီစဉ်ပေးတယ်လို့ဆိုတယ်။ သို့သော်လည်း မရဘူး ပက်တာပါဘဲတဲ့။ အီလက်ထရောနစ်စက်များ ပျက်စီးသွားနိုင်ကြောင်း၊ ရေမပက်ရန်အာမခံထားရကြောင်း မေတ္တာရပ်ခံနေတဲ့ကြား က အမူးလွန်နေသူများက ရေပက်ကြတယ်လို့ဆိုတယ်၊ ရဲက သုံးလေးယောက်လောက်ကို ဖမ်းပြလိုက်တော့မှ ရေပက်တာငြိမ်သွားတယ်လို့ဆိုတယ်။ ဒါတောင်မှ အမူးလွန်သူများ ဆက်ကနေကြတာကြောင့် ပွဲထိန်းရခက် လို့ ပွဲသိမ်းစောလိုက်ရပါတယ်တဲ့။ ပွဲသိမ်းပြီးတာတောင်မှ တီးဝိုင်းမပါကသူများ ဆက်ကနေကြပါသတဲ့။ ပွဲပြီး တော့ ပွဲကျင်းပရာနေရာ တဝိုက်မှာ ကွမ်းထွေးတွေ၊ အံဖတ်တွေ၊ အမှိုက်သရိုက်တွေ ပြည့်ကျန်ရစ်ခဲ့ပါ၏..တဲ့။ နောက်နှစ်ဒီနေရာမှာ ပွဲလုပ်ခွင့်ရဖို့ မသေချာတော့ဘူးလို့လည်းဆိုပါတယ်။ နိုင်ငံခြားမှာလုပ်တဲ့ သင်္ကြန်ပွဲကို အများအားဖြင့် Myanmar Traditional Thagyan Festival လို့ နဖူးစည်းတတ်လေ့ရှိကြပါတယ်။ ဖိတ်ထား တဲ့ဧည့်သည်တော်များ၊ ဖြတ်သွားဖြတ်လာ မြန်မာမဟုတ်သူ ပွဲကြည့်ပရိသတ်များ၊ ပလာဇာစောင့်လုံ ခြုံရေးများ၊ ပလာဇာတွင်ဈေးရောင်းကြသည့်မြန်မာမဟုတ်သူများက “အော်….. မြန်မာရိုးရာဆိုတာ.. အလွန်အကျွံမူးရတဲ့၊ သူတပါးပစ္စည်းပျက်စီးမှာကို အလေးမထားတဲ့၊ စည်းကမ်းမဲ့တဲ့ ရိုးရာပွဲပါလား” လို့ မှတ်ယူသွား ကြရင်ဖြင့် ရှက် စရာ ကောင်းပါလား၊ တိုင်းပြည်ရောလူမျိုးဂုဏ်ကိုပါထိခိုက်စေတာပါကလား လို့များမတွေးမိရော့ကြလေသလား မသိပါ။
ဒီနှစ်ဇူလိုင်လက ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံး ခြေစစ်ပွဲ၊ အိုမန်နဲ့ ကန်တဲ့ပွဲကိုလည်းကြည့်ဦး။ ပထမဆင့် အိုမန်မှာကန်တုန်းက ၂ ဂိုးနဲ့ရှုံး ခဲ့တာကို ကိုယ့်နိုင်ငံမှာ ကစားရမဲ့ပွဲစဉ်ကျရင် ၁၃ယောက်မြောက် ကစားသမားနဲ့ အနိုင်ယူမယ်လို့ဆိုတယ်။ အနိုင်ယူလိုစိတ်ရှိတာကကောင်းပါတယ်။ ဒါပေမဲ့ အနိုင်ယူဖို့ စိတ်စောကာ ပရိသတ် များအောင် ရိုးရိုးတန်းပွဲကြည့်စင်တွေကိုအခမဲ့ဝင်ခွင့်ပေးခဲ့လေတော့ ပြဿနာတက်သွားရပါတော့တယ်။ ပရိ သတ်တွေကမူးနေသူတွေများတယ်လို့ဆိုတယ်။
ကိုယ်ရှုံးတာနဲ့ဘဲစည်းကမ်းမဲ့စွာ ကွင်းထဲကို အရာပေါင်းစုံနဲ့ ပစ် ထည့်ကြပါတယ်။ ယုတ်စွအဆုံး ကိုယ်တုံးလုံးချွတ်ပြီး အော်ဆဲတဲ့သူတွေကလည်း ရှိပါသေးတယ်တဲ့။ အိုမန်လို အသင်းကိုနိုင်မှာမဟုတ်ဘူး ဆိုတာကြိုတွက် ထားတဲ့သူတွေ ကလည်းတွက်ထား ပြီးသားဖြစ်တယ်။ မနိုင်တော့ လည်းဘာမှတော့မဖြစ်ပါဘူး၊ ကစားတယ်ဆိုကတည်းက အနိုင်အရှုံးဆိုတာရှိမှာဘဲ။ ကိုယ့်အသင်းကိုအနိုင်ရ စေခြင်တာက သဘာဝကျပါတယ်။ အားကစား ပြိုင်ပွဲဝင်တယ်ဆိုကတည်းက နိုင်ပြချင်လို့ဝင်တာဘဲ၊ ဒါပေမဲ့ မနိုင်ရင်နိုင်ရာနဲ့ချကွာ ဆိုတာကတော့ စိတ်ဓါတ်ညံ့ဖျင်း လွန်းရာကျပါတယ်။ အခုတော့ကြည့် မြန်မာဘောလုံး အသင်းဟာ ၂၀၁၈ ခုနှစ်မှာကျင်းပမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့်တောင် ပိတ်ပင်ခံလိုက်ရတယ်လို့ဆိုတယ်။ အခု လိုဖြစ်တော့ကာ နှစ် ၅၀ ကျော်အတွင်း ကမ္ဘာဖလား ခြေစစ်ပွဲလေးကို ပထမဆုံးအကြိမ် ဝင်ခွင့်ရပါမှအဝင်ဆိုးနဲ့ သမိုင်းတွင်ခဲ့ပါတော့မယ်။ တတိုင်းပြည်လုံး၊ တမျိုးသားလုံးအတွက် သိက္ခာကျစေတဲ့အဖြစ်ပါဘဲ။ မြန်မာတွေ စိတ်ဓါတ် ဒီလောက်တောင်ဘဲ အောက်တန်းကျ ကြောင်းကမ္ဘာကို သိစေလိုက်သလိုဖြစ်တယ်။
တဖက်မှာလည်းကြည့်ဦး။ မကောင်းသတင်းဘက်မှာ မြန်မာနိုင်ငံက ထိပ်ပိုင်းကနေရာယူ ထားပါသေးတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှာလည်းလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကတည်းက ရှိနေတုန်း ပါဘဲ၊ လူ့အခွင့်အ ရေး အချိုးဖေါက်ဆုံးနိုင်ငံစာရင်းမှာလည်းပါတာဘဲ၊ ဘာသာရေးခွဲခြားဖိနှိပ်မှု အများဆုံးစာရင်း မှာလည်းပါတာ ဘဲ၊ သတင်းလွတ်လပ်မှု မရှိဆုံးစာရင်းမှာလည်းပါတာဘဲ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု အများဆုံးစာရင်း မှာ လည်းထိပ်ကဘဲ၊ ကလေးစစ်သားအသုံးပြုမှုစာရင်းမှာလည်းပါတာဘဲ၊ ချစားမှု အများဆုံးနိုင်ငံများ စာရင်းမှာ လည်းပါတာဘဲ။
အရင်က မြန်မာကို သိကြပုံနဲ့ အခုသိကြပုံက ဒီလိုကွာခြားသွားတာပါ။ ဒီလိုပြောလို့ မကောင်းဘဲ မြင်နေ တယ် လို့မထင်ဘဲ၊ ပြင်စေခြင်လို့ စေတနာနဲ့ပြောတာလို့ လှည့်မြင်စေလိုပါတယ်။
ပျက်ရင်အစဉ်ပြင်ရင်ခဏပါ။ မကျန်းမမာဖြစ်နေတဲ့စိတ်ဓါတ်ကိုပြင်ပစ်လိုက်သင့်ပါပြီ။ အထူးသဖြင့်တော့ စိတ်ပိုင်းချို့ယွင်းရခြင်းဟာ အတ္တစိတ်တွေကြောင့်ဖြစ်တယ်။ အာဏာကိုလက်မလွတ်ချင်တာ၊ ရာသက်ပန် ခေါင်းဆောင်ဖြစ်ချင်တာ အတ္တစိတ်ကြောင့်ပါ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး အမြတ်ထုတ်ခြင်း ဟာလဲအတ္တစိတ်ကြောင့်ပါ။ ဒီမိုကရေဒီတော့လိုချင်တယ် ဒီမိုကရေစီကိုမကျင့်သုံးချင်တာလဲ အတ္တကြောင့်ပါဘဲ၊ ကိုယ်ကတော့ လူ့အခွင့်အရေးအပြည့်အဝဆိုတာလိုချင်တယ်၊ သူများကိုတော့ အခြေခံလူ့အခွင့်အရေးတောင် မပေးခြင်တာလည်း အတ္တစိတ်ကြောင့်ဘဲ၊ အဖွဲ့အစည်းတွေအမျိုးမျိုးကွဲပြီး မညီမညွတ်ဖြစ်နေတာလည်း အတ္တ ကြောင့်ပါဘဲ၊ ဝဋ်လိုက်တတ်တယ်ဆိုတာသိလျှက် ဝဋ်လိုက်နေတာကို ဝဋ်လိုက်နေမှန်းမသိတာဟာလည်း အတ္တ စိတ်လွန်ကဲနေတာကြောင့်ပါဘဲ။ အတ္တစိတ်ဟာ အလင်းရောင်ကိုမမြင်နိုင်ပါဘူး။
ပညာတွေဘယ်လောက် ဘဲ တတ်နေပါစေ၊ စာတွေ ဘယ်လောက်ဘဲဖတ်နိုင်နေပါစေ၊ အတ္တစိတ်ဖုံးလွမ်းနေရင် အမှန်ကိုမမြင်နိုင်ပါဘူး၊ စည်းကမ်းကိုလည်းမသိပါဘူး၊ ဥပဒေလည်းမလိုက်နာဘူး၊ တရားမျှတမှုကိုမမြင်နိုင်ဘူး။ အတ္တစိတ်ဟာ ဘုရား ကို လည်းလိမ်တယ်၊ တရားကိုလည်းလိမ်ပါတယ်၊ သူတပါးကိုလည်းလိမ်တယ်၊ ကိုယ့်ကိုကိုယ်လည်းလိမ်ပါ တယ်။ အတ္တစိတ်ဟာ ဒီလိုသိမ်ဖျင်းတဲ့စိတ်ပါ။
သိမ်ဖျင်းတဲ့စိတ်ကြောင့် တိုင်းပြည်က ဆင်းရဲသွားရတာလား၊ ဆင်းရဲမွဲတေတာကြောင့် စိတ်ဓါတ်သိမ်ဖျင်းလာ တာလား။ ဆိုရရင်တော့ အာဏာရှင် ဦးနေဝင်းနဲ့ ဦးနေဝင်းကို ဝန်းရံမြှောက်ပေးနေသူတွေရဲ့ သိမ်ဖျင်းတဲ့ စိတ်ကြောင့် တိုင်းပြည် ဆင်းရဲသွားရတာဖြစ်တယ်လို့ဆိုလို့ရနိုင်ပါတယ်။ အုပ်ချုပ်တဲ့သူများ စိတ်ဓါတ်သိမ် ဖျင်းတော့ကာ၊ အုပ်ချုပ်ခံ၊ အဖိနှိပ်ခံ၊ ဆင်းရဲဒဏ်ခံပြည်သူများကလည်း စိတ်ဓါတ်ပျက်ပြားလာရတယ်ဆိုရမှာပါ။ ဒီ စိတ်ဓါတ်ပျက်ပြားလာမှုကြီးက ကိုယ့်နိုင်ငံရဲ့ဂုဏ် သိက္ခာကြီးကို ဆွဲချသွားနေတာဖြစ်တယ်။
ကမ္ဘာမှာ မြန်မာကွဟေ့… ဆိုပြီး တချိန်တုန်းကလို ဂုဏ်သိက္ခာကြီးပြီး နိုင်ငံတကာက အထင်ကြီး လေးစားရတဲ့ အဆင့်မျိုးပြန်ရအောင်လုပ်ဖို့ ယနေ့ ခေါင်းဆောင်များ( နိုင်ငံရေးပါတီအသီးသီး၏ခေါင်းဆောင် များ၊ နယ်စပ်ရှိ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်နက်မကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ မြှောက် များလှစွာသော ကျောင်းသားခေါင်းများ၊ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းအမျိုးမျိုး၊ အဖွဲ့အသီးသီး၏ခေါင်းဆောင် များ၊ အမျိုးသမီးအဖွဲ့များ၏ ခေါင်းဆောင်များ)မှာ တာဝန်အရှိဆုံးပါ။ ဒါဟာ တိုင်းပြည်ဂုဏ်၊ ပြည်သူတရပ်လုံး ရဲ့ဂုဏ် ကိုပြန်လည် မြှင့်တင်ဖို့ ဒီလိုပျက်ပြားနေတဲ့ စိတ်ဓါတ်ကို ပြင် သွားကြ ရန် ခေါင်းဆောင်များက ဦးဆောင်မှုပေး၊ လမ်းညွန် စံပြ လုပ်ဆောင်သွားကြရန် အချိန်တန် ပြီဖြစ်ပါကြောင်း စေတနာရင်းဖြင့်နိုးဆော် တင်ပြအပ်ပါတယ်။
ဝင်းမောင် (ဟဲဟိုးသား)
၁ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်

မြန်မာလူမျိုးနှင့် အကျင့်ဆိုး - ရွှေဥဒေါင်း

မြန်မာလူမျိုးနှင့် အကျင့်ဆိုး
(မြန်မာကို မြန်မာက ရှုတ်ချထိုက်သလော)
ရွှေဥဒေါင်း
သြဂုတ် ၁၆၊ ၂၀၁၁
“ဗမာလုပ်လိုကမှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှမကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင်လုပ်နိုင်တာမရှိပါဘူး” အစရှိသော နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချစကားများသည် မကြာခဏဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။ ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့လက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလအပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံးသုံးနှုန်းပြောဆိုကြသည်ဟု ဆိုရပေမည်။

ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ ထိုစကားကို သုံးနှုန်းပြောဆိုနေကြသော သူများသည် တရုတ်လူများ လည်းမဟုတ်။ ကုလားလူမျိုးများလည်းမဟုတ်။ တရုတ်နှင့် ကုလားကပြားများလည်းမဟုတ်။ မြန်မာစစ်စစ်ဆိုသော လူများ၏ပါးစပ်မှ ထွက်လာလေ့ရှိသည်အတွက်ကြောင့် သာ၍ ၀မ်းနည်းဖို့ကောင်းလှ၏။ အချို့သောသူတို့သည် ထို စကားမျိုးကို သုံးနှုန်းကြသောအခါတွင် ၀မ်းနည်းသောလေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရ သာရှိဟန်လက္ခဏာနှင့် လေးလေးနက်နက်ပက်ပက်စက်စက် ချိုးဖဲ့ပြောဆိုရက်သည်ကိုတွေ့ရပကား မြန်မာအစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။ တရုတ်လူးမျိုးက မြန်မာအားထိုမျှလောက် ချိုးချိုးဖဲ့ဖဲ့ပြော ဆိုခြင်းကို ကြားရဖူးသည်မရှိ။ ပြောလျှင်လည်း မြန်မာက ခံမည်မဟုတ်။ ကုလားလူးမျိုးက ဤမျှအထိ ရှုတ်ချခြင်းကို ကြားရဖူးသည်မရှိ။ ကြားရလျှင်လည်းမြန်မာက ခံမည်မဟုတ်။ အင်္ဂလိပ်က ပြောလျှင် ခံနိုင်ကြမည်မဟုတ်။ ရှုတ်ချပြောဆိုနေကြသူများကား မြန်မာများပင်ဖြစ်၏။ တရုတ်သည် တရုတ်လူမျိုးအားလည်းကောင်း၊ ကုလားသည် ကုလားလူမျိုးအားလည်းကောင် ထိုကဲ့သို့ လူမျိုးလိုက်ချီ၍ ရွတ်ချပြောဆိုခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရဖူးချေ။ မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် ‘မှိုးချိုးမျှစ်ချိုး’ တစ်တစ်ခွခွ လူမျိုးလိုက်ချီ၍ သိမ်းကျုံးရှုတ်ချပြောဆိုနေကြ သည်ဖြစ်ရာ ထိုကဲ့သို့ ရှုတ်ချပြောဆိုနေကြခြင်း၏ အကြောင်းရင်းမှာကား မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် အထင်အမြင်သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။ မိမိလူမျိုးကို မိမိတို့က ဤမျှလောက် အထင်အမြင်သေးသိမ် စုတ်ပဲ့နေကြပါလျှင် အခြားလူမျိုးတို့က အဘယ်မှာ ဆိုဖွယ်ရာရှိပါတော့အံ့နည်း။
မြန်မာလူမျိုးသည် ထို့ကဲ့သို့ ပက်ပက်စက်စက် ရှုတ်ချကဲ့ရဲ့ခြင်းခံထိုက်လောက်အောင် အကယ်ပင် ယုတ်ညံ့ သိမ်ဖျင်း သော လူမျိုးဖြစ်လေသလောဟု ရှေးဦးစွာဆန်းစ်ဖို့လိုပေ၏။ လူအသီးသီးဖြစ်စေ ဤနယ်သား၊ ထိုနယ်သား၊ ဤပြည် သား၊ ထိုပြည်သား၊ ဤတိုက်သား၊ ထိုတိုက်သား၊ ရှေ့တိုင်းသား၊ အနောက်တိုင်းသား စသည်ဖြင့် အစုလိုက်အုပ်လိုက် ပေါင်းစည်း၍ဖြစ်စေ၊ အကောင်းအဆိုးဟူ၍ ပိုင်းခြားစစ်ထုတ်လိုက်သောအခါ ကောင်းသောအရည်အချင်းတွေချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိ။ ဆိုးယူတ်သော အရည်အချိုးတွေ ချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိနိုင်ကြောင်းကို ဦးခေါင်းပါသူဟူ သမျှ ၀န်ခံပေလိမ့်မည်။

● ပျင်းရိခြင်းနှင့် သတ္တ၀ါသဘော
ယင်းသို့ဖြစ်လျှင် မြန်မာလူမျိုးသည် အခြားလူမျိုးနည်းတူ ကောင်းမြတ်သော အခြင်းအရာနှင့် ညံ့ဖျင်းသော အခြင်းအရာတို့ ရောစပ်စုပေါင်းလျက်ရှိသည်ဟု ဆိုရပေမည်။ အပြစ်အနာဆာကို ရှေးဦးစွာဖော်ပြရမည်ဆိုသော် လူမျိုးကွဲများက အပြစ်ဆိုတတ်ကြ၍ ကျွန်ုပ်တို့ကိုယ်တိုင် မငြင်းမကွယ်နိုင်သော ဖြောင့်ချက်ပေးကြရမည့်အချက်တစ်ခု သည်ကား ပျင်းရိခြင်းပင်ဖြစ်ပေ၏။ မြန်မာလူမျိုးသည် ကုလားနှင့်ဖြစ်စေ၊ တရုတ်နှင့်ဖြစ်စေ နှိုင်းစာလိုက်သော် ချောင်ချောင်လည်လည်လုပ်၍ ချောင်ချောင်နေထိုင်လိုသော စိတ်သဘောမျိုးရှိတတ်ကြောင်းကို ၀န်ခံကြရပေမည်။ ၎င်းစိတ်သဘောကိုပင် ပျင်းရိသည်ဟူ၍ ခေါ်ဆိုကြ၏။ ခေါ်ဆိုလျှင်လည်း ခေါ်ဆိုထိုက်ပါပေ၏။ သို့သော် ပျင်းရိခြင်း၊ လုံ့လ၀ီရိယရှိခြင်းစသော အခြင်းအရာတို့မည်သည် အကြောင်းနှင့် အကျိုးဖန်းတီးစီမံလျက်ရှိသော ဤလောကကြီး၌ မူလရင်းအကြောင်းများရှိကြရမည်သာဖြစ်၏။ သတ္တ၀ါဟူသမျှတို့၏ နဂိုသဘောရင်းမှာ တတ်နိုင်သမျှ အနည်းဆုံး အလုပ်လုပ်၍ အများဆုံး စည်းစိမ်သုခ ခံစားလိုကြမြဲ ဓမ္မတာဖြစ်၏။ တတ်နိုင်ခဲ့လျှင် အလုပ်နှင့် ပတ်သက်၍ လက်တစ်ဖက် မြှောက်ခါမျှနှင့်ပင် ၀တ်မှု၊ စားမှု၊ နေမှု၊ ထိုင်မှုနှင့်တကွ စည်းစမ်ခံထားမှုအတွက်ပါ လုံလောက်စွာ ရလိုကြသည်သာဖြစ်၍ လက်တစ်ဖက်မြှောက်ကာမျှနှင့် လိုသလောက်ရခဲ့လျှင် လက်နှစ်ဖက်မြှောက်လိုသော သတ္တ၀ါ၍မရှိချေ။

● မြန်မာလူမျိုးအပြစ်လော
ကျွန်ုပ်တို့မြန်မာပြည်သည် အင်္ဂလိပ်တို့မ၀င်ရောက်ဖူးသေးမီတစ်ခါက အလွန်တရာဆူဖြိုးချောင်ချိခဲ့သော တိုင်း ပြည်ဖြစ်သည်တစ်ကြောင်း၊ ၃၀ ၄၀ ပေးရသော ဘွတ်ဖိနပ်မျိုး၊ သက္ကလပ်အင်္ကျံမျိုး၊ တစ်နပ်စာအတွက် လေးငါးကျပ် တန်းသော အစားအစာမျိုး အစရှိသည်တို့ မရှိခဲ့ဖူးသည်တစ်ကြောင်းကြောင့် လူတစ်ယောက် အလုပ်လုပ်လိုက်လျှင် တစ်အိမ်ထောင်လုံးအတွက် စားဖို့၊ ၀တ်ဖို့၊ နေထိုင်ဖို့ လုံလောက်စွာ ရရှိခဲ့ကား ကျန်သော အိမ်သူအိမ်သားများသည် ၀တ်ကာ၊ စားကာ၊ သနပ်ခါးလိမ်းကာ၊ ခြင်းလုံးခတ်ကာဖြင့် ချောင်ချိသက်သာစွာ နေထိုင်နိုင်ကြ၏။ မော်တော်ကားစီးမှုအတွက်သူတစ်ပါးနှင့် ဂုဏ်ပြိုင်အားကျရန်လည်းမရှိ၊ သုံးထပ်တိုက်ကြီး တည်ဆောက်ခြင်းအားဖြင့် သူတစ်ပါးထက်သာအောင်ကြွားဝါလိုသော စိတ်ဆန္ဒမျိုးလည်းမရှိ၊ အလွန်စုတ်ပြတ်လွယ်၍ ပါးလွှာလှသောပဒုမ္မာ အင်္ကျံပါးမျိုးကို ၀တ်ဆင်လိုခြင်းလည်းမရှိ။ သောက်ရှူလိုခြင်းလည်းမရှိ။ ခပ်ချောင်ချောင်အလုပ်လုပ်၍ ခပ်ချောင် ချောင်နေထိုင်စားသောက်လာခဲ့ကြသော လူမျိုးဖြစ်ခဲ့၏။ ထို့ကဲ့သို့ ၀မ်းစာအတွက်လည်းကောင်း၊ အားအတွက်လည်းကောင်၊ နေမှု ထိုင်မှုတွက်လည်းကောင်း လှုပ်ကာ လှက်ကာနှင့် လုံလောက်စွာရရှိခဲ့ကြသော လူမျိုးတစ်မျိုးသည် လွယ်လွယ်နှင့် တင်းတိမ်ရောင့်ရဲ၍ ပင်ပန်းကြီးစွာအားထုတ်လုပ်ကိုင်ရန် ပျင်းရိခြင်းရှိကြသည်မှာ အံ့သြဖွယ်ရာမဟုတ်။ သတ္တ၀ါတို့၏ ဓမ္မတာသဘောအတိုင်းမျှသာ ဖြစ်ချေ၏။ ထိုမျှလောက် အသက်မွေးချောင်ချိ လာခဲ့သော လူမျိုးသည် လျှာထွက်မတတ် အလုပ်လုပ်နိုင်မှ ၀မ်းခါး မ၀တ၀ မလှတလှ ရရှိနိုင်ကြသည့် ကုလားပြည်မှ ကုလားလူမျိုး၊ တရုတ်လူမျိုးများနှင့် စံထိုးနှိုင်းယှဉ်ခြင်းခံရသည့်အခါ ပျင်းရိသည်၊ ပေါ့လျော့သည်ဟူ၍ စွပ်စွဲခြင်းခံကြရ ခြင်းမှာ အံ့ဖွယ်ရာမဟုတ်လှချေ။ အမှန်စင်စစ်သော်ကား မြန်မာသည် ပျင်းနိုင်သောအခြေရရှိခဲ့ဖူး၍ ပျင်းရိခြင်း၌ အ ကျင့်ပါနေသေးခြင်းမျှသာ ဖြစ်ပေ၏။ မည်သည့်လူမျိုးပင်ဖြစ်စေ မြန်မာကဲ့သို့ ခေတ်ကောင်း ခေတ်အေးမျိုးမီခဲ့ဖူးလျှင် မြန်မာနှင့် အလားတူစွာပျင်းရိကြမည်သာ ဖြစ်ချေ၏။ ပျင်းရိခြင်းကို အပြစ်တစ်ခုလုပ်၍ ပြောမည်ဆိုလျှင် ထိုအပြစ် သည် မြန်မာလူမျိုး၏အပြစ်မဟုတ်။ ၀မ်းစာရှာရန် ချောင်ချိခဲ့ဖူးသည့် မြန်မာပြည်၏အပြစ်ဟူ၍သာ ဆိုရန်ရှိပေ၏။

● အနှစ်တစ်ရာနှင့် တစ်နှစ်
ထို့ပြင် ကျွန်ုပ်တို့ကို နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှ အုပ်စိုးသွားသည့် အဂ်လိပ်တို့ကလည်း မြန်မာများအား ပျင်းရိသည်ဟု စွပ်စွဲပြောဆိုသွားကြာသော်လည်း ၎င်းတို့ကိုယ်တိုင် ချွေးလုံး ချွေးပေါက်ကျအောင် ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင် သွားကြသည်မှုရှိချေ။ ပန်ကာအောက်တွင် ကလောင်တံနှင့် လက်မှတ်ရေးထိုးရသော အလုပ်မျှလောက်နှင့် နင့် လောက်အောင် လခကြီးများယူလျက် ကာမဂုဏ်စည်းစိမ်းအမျိုးမျိုး ခံစားစံစားသွားကြခြင်း အားဖြင့် နမှုနာပြသွားကြ သည်ကိုသာလျှင် တွေ့မြင်လိုက်ကြရ၏။ ၎င်းတို့၏အနေအထိုင်ကို တွေ့မြင်ရခြင်းအားဖြင့် မြန်မာတို့၌ စည်းစိမ်ခံမှု အတွက် သွားရည်ကျရသော စိတ်မျိုးသာဖြစ်ပေါ်ကြ၍ ပင်ပန်းကြီးစွာအလုပ်လုပ်လိုသော စိတ်သဘောမျိုးမူကား အ လျှင်းပင်မဖြစ်ပေါ်နိုင်ခဲ့ချေ။ သို့ရာတွင် ယခုအခါ နိပ္ပန်တို့ရောက်လာကြရာတွင်မူကား “စစ်ဗိုလ်ကြီးတွေတောင် အလုပ် ကြမ်းလုပ်ကြသည်။ လူကြီးတွေတောင် လူငယ်တွေနှင့်အတူ အလုပ်လုပ်ကြသည်” ဟူသောစကားများသည် အရပ်ထဲ တွင် တစ်နေ့တခြားပြောဆိုစ ပြုလာကြပြီးဖြစ်ရကား ပင်ပန်းကြီးစွာအလုပ်လုပ်မှုနှင့် ပတ်၍ အင်္ဂလူမျိုးတို့က နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှနှင့် သင်ပြရန်မတတ်နိုင် သင်ခန်းစာကို နိပ္ပန်တို့က တစ်နှစ်ခန့် အတွင်းသင်ပြနိုင်သည်ဟု ဆိုရပေ မည်။

● ဂျာမနီပြည်၏စနစ်
ဤနေရာ၌ ဂျာမနီပြည်တွင်း ဟစ်တလာအသုံးပြုလျက်ရှိသော စနစ်ကိုဆိုရာအစိုးရတို့က မြန်မာပြည်တွင် အမြန်ဆုံး နည်းယူအသုံးပြုကြလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။ ဂျာမနီပြည်၌ သူဌေးသားဖြစ်စေ၊ အမတ်ကြီး၏သာ ဖြစ်စေ၊ အရာရှိကြီး၏သာဖြစ်စေ လူလားမြောက်သောအချိန်အရွယ်တွင် အခြားသော လူဆင်းရဲများ၏သားများနှင့် အတူလမ်း ဖောက်ခြင်း၊ ကောက်ပဲသီးနှံစိုက်မျိုးခြင်းစသော ကူလီအလုပ်ကြမ်းမျိုးကို ၁၀ လတိုင်တိုင် လုပ်ကိုင်ဆောင် ရွက်ကြရ လေသည်။ သူဌေးသားနှင့် ထင်းခွေသမားသားတို့သည်လည်းကောင်း၊ အရာရှိသားများနှင့် ကူလီ၏သားသည်လည်း ကောင်း တစ်ခန်းတည်းအတူနေ၊ အတူအိပ်၊ အတူစားကြရလျက် လယ်ပြင်ထဲတွင် အင်္ကျံကိုတုံးလုံးချွတ် ကာ ပခုံးချင်း ယှဉ်လျက် ရက်ပေါင်း ၃၀၀ ကာပတ်လုံးတန်းတူညီတူ အလုပ်လုပ်ကြရလေသည်။ အိမ်မှ ထမင်းပို့ရခြင်း၊ အိပ်ရာလိပ် ပို့ရခြင်းမရှိစေရ။ တစ်တန်းတည်းစား၍ တစ်တန်းတည်းအိပ်ကြရလေသည်။ အင်္ဂလိပ်တို့ကိုအားကျခြင်းအားဖြင့် အလုပ်ကြမ်းကို ကြောက်ရွံ့၊ ဟန်ကြီးပန်ကြီး လုပ်ချင်တတ်လှသော ကျွန်ုပ်တို့ မြန်မာလူမျိုးလူငယ်များအတွက် ၎င်းစ နစ်ထက်ကောင်းမွန်သော စနစ်တစ်ခုကို ကျွန်ုပ်တို့စဉ်းစားစိတ်ကူး၍မရနိုင်အောင် ရှိချေတော့၏။ ထိုကဲ့သို့လေ့ကျင့် ပေးရလျှင် ပျင်းရိသည်ဟူသော စွပ်စွဲချက်သည်လည်း ပပျောက်သွားတန်ရာချေသည်။
● စွပ်စွဲချက်များ
မြန်မာလူမျိုးကို စွပ်စွဲသော အချက်များအနက် ပျင်းရိခြင်းကို ထုတ်နုတ်လိုက်သည်ရှိသော ကောင်ကျစ်စဉ်းလဲခြင်း၊ မညီညွတ်ခြင်း၊ မရိုးဖြောင့်တတ်ခြင်း စသည့်အခြင်းအရာများ ကြားရဖူးတတ်၏။ မညီညွတ်ခြင်းဆိုသော အခြင်းအရာ မှာ အိမ်ရှင်ဖြစ်သောမြန်မာများကို ဧည့်သည်ဖြစ်သောကုလားများ၊ တရုတ်များနှင့်နှိုင်းစာလိုက်လျှင် အနည်းငယ် အောက်ကျနောက်ကျ ရှိနေသကဲ့သို့ မှတ်ထင်ရန်ရှိပေလိမ့်မည်။ သို့သေ် တစ်မြို့တစ်ရွာသည်းတို့ မည်သည် အခြား သောမြို့တစ်ရွာ၌ ဆုံစည်းကြသည့်အခါ တစ်ယောက်နှင့်တစ်ယောက် သည်းခံဆက်ဆံတတ်သည်ဖြစ်၍ ညီညွတ် သောဘောသည် ဓမ္မတာအလျောက် ပေါ်ပေါက်ရမြဲဖြစ်လေသည်။ ကျွန်ုပ်တို့ မြန်မာများသည်လည်း ကုလားပြည်၊ အင်္ဂလိပ်ပြည်၊ ဂျန်ပန်ပြည် စသည်တို့၌ တွေ့ဆုံကြသည့်အခါ အလွန်ညီညွတ်ကြည်ဟု ကြားရဖူးသောကြောင့် မြန်မာ လူမျိုးတို့ရဲ့ မညီညွတ်သောသဘောသည် သွေးထဲတွင် ပါဝင်နေသည်ဟု မဆိုစကောင်းပေ။
ကောက်ကျစ်စဉ်းလဲခြင်း၊ မရိုးဖြောင့်ခြင်းစသော စွပ်စွဲချက်တို့မှာ အိန္ဒိယတိုင်းသားများနှင့် ရောနှောဆက်ဆံခြင်း အလွန်းနည်းပါးသော သူတို့၏စွပ်စွဲချက်လောက်သာဖြစ်ချေ၏။ လူမျိုးတကာနှင့် ဆက်ဆံဖူးသူတို့ကမူကား မြန် မာလူ မျိုးကို ထုတ်နုတ်ရွေးချယ်၍ ကောက်ကျစ်စဉ်းလဲသော လူမျိုးဟုထုတ်ဖော်စွပ်စွဲခြင်းပြုကြမည်မဟုတ်ချေ။ စင်စစ်သော် ကား လောက၌ ရိုးဖြောင့်သော လူမျိုးဟူ၍ ချီးမွန်းရန်လည်းကောင်း၊ ကောက်ကျစ်သောလူမျိုးဟူ၍လည်းကောင်း လူ မျိုးသီးခြားရှိနိုင်မည်မဟုတ်ပေရာ လူတစ်မျိုးနှင်တစ်မျိုး ပိန်မသာ လိန်မသာ မျှာလောက်သာ ရှိနေကြပေလိမ့်မည်။ ရိုး ဖြောင့်ခြင်း၊ ကောက်ကျစ်ခြင်းဆိုသော အခြင်းအရာမှာ လူမျိုးပေါ်၌မတည်ဘဲ လူတို့၏အခြေအနေအပေါ်၌ တည်နေ တတ်သည်ဖြစ်ပေရာ လူဆင်းရဲဟူ၍ အလွန်နည်းပါးလှသော ပါရမီလူမျိုးများအနက်တွင် သူခိုးဓားပြဟူ၍ အလွန်နည်း ပါးခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ကြပေသည်။
● ထူးခြားသောမြန်မာ့ဂုဏ်
မြန်မာလူမျိုး၏ ညံ့ဖျင်းသည်ဟူ၍ စွပ်စွဲခြင်းခံရသော အခြင်းအရာများကို ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်ရာ ယခုအခါ၌ မြန်မာတို့၏ကောင်းမြတ်သော ဂုဏ်အခြင်းအရာများအကြောင်းကို ဖော်ထုတ်ရေးသားရပေဦးအံ့။ သင်ကြား၍ တတ် မြောက်လွယ်ခြင်းအရာဌာန၌ မြန်မာလူမျိုးသည် ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးနှင့်မဆို ယှဉ်ပြိုင်နိုင်လောက်ပေရာ ‘ပါး ရည်နပ်ရည်’ ရှိခြင်း၊ အတိုအတွာဘက်၌ ဉာဏ်သွားခြင်းစသော အရာဌာနမျိုးတွင်မူကား မြန်မာသည်ကမမ္ဘာတွင် အ လွန်ကျွမ်းကျင်လိမ္မာသော ဗိုလ်ကပြားကလေးများက အချို့နေရာတွင် မြန်မာဉာဏ်ကို (ညစ်ပတ်ခြင်းမဟုတ်) အသုံး ပြုခြင်းအားဖြင့် အင်္ဂလိပ်များကိုနိုင်ရသည်ဟု ၀န်ခံပြောဆိုသည်ကိုကြားရဖူး၏။ စင်စစ်မှာ အသေးအဖွဲနှင့် ပတ်သက် သည့်ဖြတ်ထိုးဉာဏ်ပေါ်သောအခြင်းအရာမျိုးမှာ ကမ္ဘာပေါ်တွင် မျိုးလိုက် ရိုးလိုက်ချီ၍ မြန်မာတစ်မျိုးတည်း၌သာ ရှိ သည်ဟူ၍ ကျွန်ုပ်တို့ဆိုချင်၏။ အလွန်းနည်းပါးနပ်သော အခြားလူမျိုးတစ်ယောက်တလေ၌ ၎င်းဉာဏ်မျိုးတွေ့ရတတ် သည်မှန်သော်လည်း လူမျိုးလိုက်ခြံ၍ အနည်းနှင့်အများရှိတတ် လူမျိုးလိုက်ခြုံ၍ အနည်းနှင့်အများရှိတတ်သည် ကား မြန်မာတစ်မျိုးတည်းသာရှိ၏။ အခြားလူမျိုးပါးလျှင် မြန်မာအိပ်နေသလောက်ရှိသသည်ဟု ဆိုချင်၏။ ဤကား မြန်မာ လူမျိုး၏ ထူးကဲသောအချက်ပေတည်း။ ဤအခြင်းအရာကို ၀န်မခံလိုသောမြန်မာလူမျိုးတစ်ယောက်ရှိခဲ့လျှင် ထိုသူ၌ ထိုအရည်အချင်းမျိုး ချို့ငဲ့သောကြောင့်သာ ဖြစ်ရမည်ဟု ကျွန်ုပ်တို့ဆိုလို၏။

● မြန်မာနှင့် ဒါနမှု
ထို့ပြင် ပေးကမ်းစွန့်ကြဲခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့မြန်မာလူမျိုး၌ ထူးကဲသောအချက်ကို မကြားသေးမီက ကျွန်ုပ်တို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်မှာ စိတ်နှလုံးကို အလွန်ထိခိုက်သဖြင့် တစ်သက်ပတ်လုံး မမေ့နိုင်အောင်ရှိတော့၏။ ရန် ကုန်မြို့ကို နိပ္ပန်လေယာဉ်ပျံများက ရှေးဦးစွာဗုံးများကြဲချစဉ် မြို့သူမြို့သားများသည် မီးသင်္ဘော၊ မီးရထား စသည် တို့ဖြင့် အမြို့မြို့အရွာရွာတို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၏။ ထိုစဉ်အခါ အရပ်ရပ်သောဆိပ်ကမ်း၊ အရပ်ရပ်သော ဘူ တာရုံစသည်တို့မှ မြို့သူမြို့သားများသည် အမျိုးမျိုးသော စားဖွယ်သောက်ဖွယ်တို့ဖြင့် ရန်ကုန်မြို့မှ ‘ဗုံးပြေး’ ဒုက္ခိတ များအား ပေးဝေလှူဒါန်းကြရာ လမ်းတစ်လျှောက်လုံး စား၍မကုန်နိုင်၊ သောက်၍မကုန်နိုင်အောင် ရှိနေတော့၏။ တတ် နိုင်သူများက ထောပတ်ထမင်း၊ ဒံပေါက်ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်းစသည်တို့ဖြင့် အထုတ်လိုက် ရက် ရောစွာပေးဝေကြရာ မကြွယ်ဝသူအလှူရှင်များကလည်း သရေစာ၊ ဆေးလိပ်၊ ကွမ်းထုပ်၊ လက်ဖက်ထုပ် စသည်တို့ဖြင့် တတ်အားသမျှ ဝေငှပေးကမ်းကြ၏။ တစ်ခုသောဘူတာရုံတွင် အဘိုးကြီးတစ်ယောက်နှင့် အမယ်ကြီးတစ်ယောက် သည် မိမိတို့၏အခင်းမှ လတ်လတ်ဆတ်ဆတ် နှုတ်ယူလာခဲ့ဟန်လက္ခဏာရှိသ့် ပဲစားဥတွဲများ ကို လက်နှစ်ဖက်တွင် မနိုင့်တနိုင်ဆွဲလျက် ကျွန်ုတို့အနီးသို့ ချဉ်းကပ်ကာ…
“လမ်းစားဖို့ ယူသွားစမ်းပါမောင်ရယ်၊ သူများလို လိမ္မော်သီး မတတ်နိုင်ပေမယ့် ကျုပ်တို့ကိုယ်တိုင် စိုက်တဲ့ ပဲစားဥက လေးကို စားစေချင်လွန်းလို့ နှုတ်ပြီးယူခဲ့ရ၊ စားကြစမ်းပါမောင်ရယ်” ဟုပြောကာ အတွဲလိုက် ထည့်ပေးလိုက်ကြလေရာ ကျွန်ုပ်မှာ အဘိုးကြီးလင်မယား၏ သဒ္ဓါကြည်ဖြူရှိသော စိတ်စေတနာကို ဆင်ခြင်အောက်မေ့သဖြင့် မျက်ရည်များ လည်လာမိ၏။

ကျွန်ုပ်တို့၏မီးရထားတွဲပေါ်၌ တရုတ်၊ ကုလားစသည့် အခြားလူမျိုးများလည်ပါရှိလေရာ ကျွန်ုပ်က “ခင်ဗျားတို့ တိုင်း ပြည်မှာ ဒီလိုသဒ္ဓါကြည်ဖြူနဲ့ ရက်ရက်ရောရောပေးလား ကမ်းလား လုပ်ကြတာကို မြင်ဖူးကြုံဖူးရဲ့လား” ဟု မေးလိုက် သဖြင့် ၎င်းတို့က မမြင်ဖူး၊ မကြုံဖူးကြောင်းနှင့် ၀န်ခံထွက်ဆိုကြ၏။ ထိုအခါ၌ကား ကျွန်ုပ်သည် မြန်မာဖြစ်ရခြင်းတည်း ဟူသောအဖြစ်ကို အလွန်တရာဝမ်းမြောက် ဂုဏ်ရောက်လျက် “ဟောဒါမှ ဗမာကွ” ဟု ဟစ်အော်မကြွေးကြော်သော် လည်း ကျွန်ုပ်၏မျက်နှာထားသည် ထိုအကြောင်းကို ဖော်ထုတ်ပြသနေဟန် လက္ခဏာရှိရကား အနီးတွင် လိုက်ပါ လာကြသော တရုတ်နှင့်ကုလားခရီးသည်များက “တော်ပါပေတယ်ဗျာ။ ခင်ဗျားတို့ဗမာတွေ အာကြီးစိတ်ကောင်း တယ်။ အားကြီးကူညီတယ်” ဟု ကျွန်ုပ်အား ဖော်ထုတ်ဝန်ခံသွားကြရ၏။

“ရွှေဗမာတို့လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ” ဟု ရှုတ်ချရွတ်ဆိုလေ့ရှိသော မြန်မာများအား ဤအချက်ကို အထပ်ထပ် နှလုံးသွင်းစေလို၏။
● မြန်မာကို မြန်မာရှုတ်ချထိုက်သလော
မြန်မာလူမျိုး၌ ညံ့ဖျင်းသောအချက်များရှိခြင်း၊ ကောင်းမြတ်သောအချက်များရှိခြင်းကို အပထား၍ မြန်မာလူမျိုး အကြောင်းကို မြန်မာအချင်းချင်းက မြိန်ရေရှက်ရေ ကဲ့ရဲ့ရှုတ်ချထိုက်သလောဟု စဉ်းစားဆင်ခြင်စေလိုသေး၏။ ကျွန်ုပ်တို့သည် ‘အမိမြန်မာပြည်’ ဟူသောစကားကို တိုင်းရေးပြည်မှုနှင့်ပတ်သက်သော နေရာတိုင်းသုံးနှုန်းကြသော စကားမျှသာဖြစ်ပေရာ အမိမြန်မာပြည်ကို ချစ်ခင်ခြင်းဆိုသည်မှာ မိမိတို့၏မြန်မာပြည်နှင့် မြန်မာလူမျိုးကို ချစ်ခင်ခြင်း မျှသာဖြစ်၏။ သို့ဖြစ်ရကား မြန်မာအမျိုးသားသည်ပင်လျှင် မြန်မာတို့၏ မိခင်ဖြစ်ချေ၏။ မြန်မာအမျိုးသားတို့၏ အ ကြောင်းကို ရှုတ်ချပြောဆိုခြင်းသည် အမိမြန်မာပြည်အကြောင်းကို ရှုတ်ချပြောဆိုရာရောက်၏။ အကြင်သူတစ် ယောက်၏ မိခင်သည် အကျင့်စာရိတ္တ မကောင်းသဖြင့် လင်ငယ်နေငြားအံ့။ ထိုသူသည် မိခင်လင်ငယ်နေသောအဖြစ် ကို မြိန်ရေ ရှက်ရေနှင့် ထုတ်ဖော်ကြေညာခြင်းပြုချေမည်လော။ မိခင်မကောင်းသောအဖြစ်ကို လူသူလေးပါးတို့ရှေ့၌ အခါအခွင့်သင့်တိုင်းဖော်ထုတ်စွပ်စွဲခြင်းပြုချေမည်လော။ စင်စစ်သော်ကား မိမိလူမျိုး၏ မကောင်းသောအဖြစ်၊ ညံ့ဖျင်းသိမ်ငယ်သောအဖြစ်တို့ကို ဖော်ထုတ်ရှုတ်ချသော မြန်မာအမျိုးသားသည် မိမိ၏မွေးသမိခင်ကြောင်းကို ပရိသတ်ဗိုလ်ထုအလယ်တွင် ဖော်ထုတ်ရှုတ်ချသောသူနှင့် ခြားနားခြင်းမရှိချေ။ ဤအခြင်းအရာနှင့်နှိုင်းစာသော် ‘ကိုယ့်ပေါင်ကိုယ်လှန်ထောင်း’ ခြင်းတည်းဟူသော ဥပမာသည် အလွန်ပျော့နေသေး၏။ မွေးသမိခင်အကြောင်းကို မြိန်ဖွယ်ရှက်ဖွယ် အားရပါးရ ရှုတ်ချကဲ့ရဲ့ခြင်းကဲ့သို့ မိုက်မဲသောအပြုအမူသည် ရှိမည်မဟုတ်ချေ။

ထိုပြင် မြန်မာလူမျိုး၏ အကျင့်စာရိတ္တကို မြန်မာကိုယ်တိုင်က ကဲ့ရဲ့ရှုတ်ချခြင်းသည် အဘယ်မျှလောက် အကျိုးဆုတ်ယုတ်ပျက်ပြားသည်ဟု စဉ်းစားဆင်ခြင်မိကြဟန်မတူချေ။ မြန်မိာု မြန်မာက ကဲ့ရဲ့ရှုတ်ချခြင်းသည် ယခုအခါတွင် အလွန်ခေတ်စားလျက်ရှိရကား တစ်ဦးကစ၍ ပြောလိုက်လျှင် အနီးရှိလူများက ၀ိုင်းဝန်းထောက်ခံလိုက် ကြသည်သာ များနေတော့၏။ မြန်မာကို ကဲ့ရဲ့ရှုတ်ချပြောဆိုသံ ဆယ်ကြိမ်ကြားသည့်အနက်တွင် တစ်ကြိမ်တလေမှာ မျှ တစ်ဦးတစ်ယောက်သောသူက ခုခံချေပပြောဆိုခြင်းကိုမျှ မကြားဖူးချေ။ ကုလားနှင့်တရုတ်တို့ကို ကဲ့ရဲ့ရှုတ်ချသံ ဆယ်ကြိမ်ကြားရသည့်အခါ ၎င်းတို့ဘကမှ ခုခံပြောဆိုသူ မြန်မာတစ်ယောက်တလေမျှဖြစ်စေ ပေါ်ထွက်တတ်ပေရာ မြန်မာကို မြန်မာက ရှုတ်ချကဲ့ရဲ့ရာတါင်မှ ခုခံချေပလိုသူ မြန်မာတစ်ယောက်တလေမျှ ထွက်ပြူဖော်မရခြင်းမှာ ၀မ်း နည်းဖို့ကောင်းလှ၏။
● ကာကွယ်ရန်နည်းလမ်း
သို့သော် ဤကိစ္စမှာ ၀မ်းနည်းနေရုံမျှမပြီး။ မြနမာ၏အကျိုးကို ထိခိုက်လျက်ရှိသောကြောင့် ခုခံကာကွယ်ရန် နည်းလမ်းရှာကြံကြရပေမည်။ ထိခိုက်ပုံကား မြန်မာကို မြန်မာက အထင်အမြင်သေးသိမ်နေခဲ့လျှင် မြန်မာအချင်းချင်း ဖက်စပ်လုပ်ကိုင်ကြရမည့် လုပ်ငန်ကြီးများ၊ အစုစပ်ကုမ္ပဏီအလုပ်ကြီးများ စသည်တို့ကို မြန်မာများသည် ဘယ်သော အခါတွင် စတင်လုပ်ကိုင်နိုင်ရန်ရှိအံ့နည်း။ မည်သူမဆို အလုပ်ကြီးတစ်ခုကို လုပ်ကိုင်သည့်အခါ ငါသည် ဤအလုပ်ကို ထမြောက်အောင် စွမ်းဆောင်နိုင်သော အရည်အချင်းရှိသည်ဟု ယုံကြည်စိတ်ချနိုင်သော စိတ်သဘောမျိုးရှိထားဖို့ အ ရေးကြီးကြောင်းကို လူတိုင်းပင်နားလည်ရကြမည်ဖြစ်၏။ လူမျိုးကိုမီ၍ လုပ်ကိုင်ရသော အလုပ်မျိုးတွင်လည်းကောင်း၊ ၎င်းစိတ်သဘောမျိုးရှိဖို့ အလားတူအရေးကြီး၏။ စင်စစ်မှာ သာလွန်၍ပင်အရေးကြီး၏။ တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ် ချနိုင်သော စိတ်သဘောမျိုး မဖြစ်ပေါ်နေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့မြန်မာလူမျိုးသည် မည်ကဲ့သို့သော အုပ်ချုပ် ရေးစနစ်မျိုးကိုရရှိသည်ဖြစ်စေ အလုပ်ကြီးအကိုင်ကြီးများ ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်မည်မဟုတ်ချေ။ အလုပ်ကြီး အကိုင်ကြီးများကိုဖြစ်အောင် မစွမ်းဆောင်နိုင်သေးသမျှကာလပတ်လုံး စီးပွားရေးဘက်တွင် ချို့ငဲ့၍ လူမျိုးကွဲများ အောက်မှာ အစဉ်မမြဲကြရမည် ဧကန်မလွှဲပေတည်း။

ယခုအခါ နိပ္ပန်ကို ရောက်လာခဲ့ကြသည့် ထိုက်တန်သော အုပ်ချုပ်ရေးမျိုး ပေးအပ်တော့မည်ဆိုရာ ကျွန်ုပ်တို့မြန်မာလူမျိုးများအဖို့ အလုပ်ကြီးအကိုင်ကြီးများ စတင်တည်ထောင်ရန် အခွင့်အလမ်းများသည် အတိုင်းမသိ အောင်ပေါ်ပေါက်ပေတော့မည်။ ထိုအခါတွင် မြန်မာကို မြန်မာက အထင်အမြင်သေးခဲ့လျှင် အလုပ်လုပ်ရန်ပင် ဖြစ်နိုင်မည်မဟုတ်သောကြောင့် မိမိလူမျိုးကို မိမိအထင်သေးအမြင်သေးသော စိတ်သဘောထားမျိုးကို ယခုမှစ၍ ပယ်ဖျောက်ရန် ကြိုးစားကြရပေလိမ့်မည်။ ကျွန်ုပ်တို့ ဆိုလိုရင်ကား မေးသမိခင်၏ မကောင်းသောအချက်တစ်ခုကို သိထားသောသားသည် ထိုအချက်ကို ပယ်ဖျောက်ရန် ခဲယဉ်းမည်မှန်သော်လည်း မိမိကိုယ်တိုင် ထိုအကြောင်းကို ထုတ်ဖော်ကြေညာခြင်းမှ ရှောင်းကြဉ်ခြင်း၊ သူတစ်ပါးတို့ပြောကြသည်ကို နှိပ်ကွပ်ဖုံးအုပ်ခြင်းစသည်ဖြင့် အရုပ်ဆိုး သည်ထက် မဆိုးရလေအောင် ကာကွယ်စောင့်ရှောက်နိုင်သော နည်းလမ်းရှိသေး၏။

မြန်မာတို့ ညံ့ဖျင်းသည်ဆိုသောအချက်များမှ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တပ်အပ်သေချာစွပ်စွဲနိုင်သည်လည်းမဟုတ်။ ၎င်းတို့နှင့် ခုနှိမ်လောက်စေရန် စင်စစ်ကောင်းမြတ်သော အချက်များသည် ဒုနှင့်ဒေးရှိနေသေးသည်ဖြစ်ပေရကား ကျွန်ုပ်တို့သည် မိခင်၏အရှက်ကို ကာကွယ်သည့်အလားကဲ့သို့ ကျွန်ုပ်တို့လူမျိုးကိ ကျွန်ုပ်တို့ကိုယ်တိုင် ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို ဆိုခြင်းမှ ရှေးဦးစွာ ရှောင်ကြဉ်အပ်ပေ၏။ ဒုတိယအချက်၌ ထိုကဲ့သို့ ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို သူတစ်ပါးတို့ဆိုသည်ကို ကြားရသောအခါ အကျိုးအကြာင်းကို နည်းသင့်လမ်းသင့် ဖော်ပြ၍ တောင်းပန်တားမြစ်အပ်ပေ၏။ ဤစာကို ဖတ်ရှုရသော မိတ်ဆွေအပေါင်းတို့သည် အထက်ဖော်ပြာပါ အခြင်းအရာများကို ကျေနပ်နှစ်ခြိုက်သဖြင့် အထက်ပါနည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်ပါတော့မည်ဟု သန္နိဌာန်ချထားကြပါမူ ကျွန်ုပ်တို့ရေးသားသတိပေးရကျိုးနပ်သည်ဟု သဘောထား၍ လူမျိုးကို အညွန့်တုံးအောင် ပြုလုပ်ရာရောက်သည့် အလေ့အကျင့်ဆိုးကြီးတစ်ခုသည်လည်း ကွယ်ပျောက်ရန် အခြေခံသွားပြီဟူ၍ ယုံကြည်မျှော်လင့်မိပေတော့သတည်း။

စာရေးဆရာ၊ (၁၃၀၅)

အသုံးဝင်တဲ့ Windows 7 PSR

Windows 7 ရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ Program Steps Recorder (PSR) အကြောင်းကို ဒီတစ်ပတ် အိုင်တီဗဟုသုအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာအသုံးပြုသူ အများစုဟာ ကွန်ပျူတာမှာ အမှားအယွင်း တစ်ခုခု ဖြစ်ပြီဆိုရင် ဘယ်လိုဖြစ်နေတယ်ဆိုတာ ပြုပြင်သူတွေကို အသေးစိတ် ပြန်မပြောတတ်ကြပါ။
ဒီ အချက်ကို အလွယ်တကူ ဖြစ်စေဖို့ Windows7 ရဲ့ PSR က ဖြေရှင်းပေးနိုင်ပါတယ်။ PSR က Windows 7 ရဲ့ User Interface ထဲမှာ ရှာကြည့်ရင် မတွေ့နိုင်ပါ။ ဒါကြောင့် Windows 7 ရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ PSR က ၀င်းဒိုးမှာ မိမိဖွင့်ပြီး အသုံးပြုတဲ့ ပရိုဂရမ်တွေရဲ့ Screen Shot တွေကို အဆင့်လိုက် သိမ်းထားပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကွန်ပျူတာမှာ ပရိုဂရမ်တွေ အသုံးပြုရင်း ဖြစ်လာတဲ့ အမှားအယွင်းပြစ်ချက်တွေကို မှတ်တမ်းရယူနိုင်ပါတယ်။ ဒါပေမယ့် Keyboard က ရိုက်သမျှ စာလုံးတွေကိုတော့ သိမ်းထားပေးမှာ မဟုတ်ပါ။ အသုံးပြုနည်းက Windows 7 ရဲ့ Start Menu ထဲက Program Search Box မှာ psr လို့ ရိုက်ထည့်လိုက်ပါ။
Search Result List ထဲမှာ psr ကို တွေ့ပါလိမ့်မယ်။ နှိပ်ပြီးဖွင့်ပါ။ Program Steps Recorder ၀င်းဒိုး ပေါ်လာပါလိမ့်မယ်။ Start Record ကိုနှိပ်ပြီး အသုံးပြုနိုင်ပါတယ်။ ပြီးရင် Stop Record ကိုနှိပ်ပါ။ Record လုပ်ထားတာတွေကိုသိမ်းဖို့ Save Dialoge Box ပေါ်လာပါလိမ့်မယ်။
ကိုယ်သိမ်းလိုတဲ့ ဖိုင်အမည်ရိုက်ထည့်ပြီး Save ကို နှိပ်ပါ။
Zip ဖိုင်အနေနဲ့ Save လုပ်သွားပါလိမ့်မယ်။
ဒါဆိုရင် ဖြစ်ပေါ်လာတဲ့ Error တွေကို မှတ်တမ်း တင်နိုင်ပါလိမ့်မယ်။
မှတ်တမ်းတင်ထားတဲ့ Zip ဖိုင်ကို ကွန်ပျူတာကျွမ်းကျင်သူကိုပြသပြီး လိုအပ်တဲ့ အကူအညီတွေကို တောင်းနိုင်ပါကြောင်း ယခု တစ်ပတ် အိုင်တီဗဟုသုတကဏ္ဍကနေ ဖော်ပြပေးလိုက်ပါတယ်။

DEADLOCK

DEADLOCK
Boss said to secretary: For a week we will go abroad, so make the arrangements.
Secretary makes call to Husband: For a week my boss and I will be going abroad, you look after yourself.
Husband makes call to secret lover: My wife is going abroad for a week, so let's spend the week together.
Secret lover makes call to small boy whom she is giving private tution: I have work for a week, so you need not come for class.
Small boy makes call to his grandfather: Grandpa, for a week I don't have class 'coz my teacher is busy. Let's spend the week together.
Grandpa (the boss;) makes call to his secretary: This week I am spending my time with my grandson. We cannot attend that meeting.
Secretary makes call to her husband: This week my boss has some work, we cancelled our trip.
Husband makes call to secret lover: We cannot spend this week together, my wife has cancelled her trip.
Secret lover makes call to small boy whom she is giving private tution: This week we will have class as usual.
Small boy makes call to his grandfather: Grandpa, my teacher said this week I have to attend class. Sorry I can't give you company.
Grandpa makes call to his secretary: Don't worry, this week we will attend that meeting, so make arrangements.
HOW IS IT ? ... this is called DEADLOCK.

“ဒါဘယ်သူ့ကားလဲ သိလား”

မှန်များအားစတစ်ကာ အနက် အပြည့်ကပ်ထားသော ကားတစ်စီး အား မော်တော်ပီကယ်လေး က တားလိုက်သည်။
ရွှီ..
ကားမှန်လေး မှာ အသာလေး ကျသွားပြီး.. အမျိုးသမီးကြီး တဦး မျက်နှာ ပေါ်လာပြီး စကားသံပါ ထွက်လာသည်။
အမျိုးသမီး - “ဘာဖြစ်လို့ လဲ ကွယ်...”
မော်တော်ပီကယ် - “ကား မှန်စတစ်ကာ အနက်တွေကပ်ခွင့် မရှိပါဘူး”
အမျိုးသမီး - “ဒါဘယ်သူ့ကားလဲ သိလား”
မော်တော်ပီကယ်လေးမှာ ရုတ်တရက် လန့်သွားပြီး..
ဟာ တောင်းပန်ပါတယ် အမ ခင်ဗျား သွားပါသွားပါ...။
မှန်လေးမှာ အသာပြန် တက် သွားပြီး ၊ ကားလေးမှာ မောင်းထွက်သွားသည်..။ ထိုအခါ ကားနောက်ခန်းမှ ကလေးလေးမှာ သူ၏ မိခင်ကို မေးလိုက်သည်.။
ကလေး - “မေမေ ဒါဘယ်သူ့ကား လဲဟင်...”
အမျိုးသမီး - “သမီးတို့ ဖေဖေ ၀ယ်ထားတဲ့ သမီးတို့မေမေတို့ကားပေါ့ သမီးရယ်”