Tuesday, 20 November 2012

သြော်...ဒါနဲ့စကားမစပ် (ဝတ္ထုတိုများ) - သုမောင် (အပိုင်း-၄)

ကျွန်တော့်ရဲ့ ပထမဦးဆုံး ကက်ဆက်ခွေ ပန်းတွေနဲ့ဝေ

ကျွန်တော်ဟာ သြော်… ဒါနဲ့စကားမစပ်ဆိုတဲ့ အနုပညာနဲ့ဆိုင်တဲ့ ကိုယ်တွေ့စီးရီးလေးကို ပြောပေးခဲ့တာ ခြောက်ကြိမ်မြောက်ပါပြီ။ အဲဒီတော့ ကျွန်တော့် စကားပြောလေးတွေကို ပြန်ပြီးနားထောင်တဲ့အခါကျတော့ ပျော့ကွက်၊ ဟာကွက် ချို့ယွင်းချက်တစ်ချို့ တွေ့ရပါတယ်။ ပြောကြကြေးဆိုရင်တော့ ဒါဟာ လုပ်ငန်းတစ်ခုကို စတင်ခါစမှာ ဖြစ်တတ်၊ ပျက်တတ်တဲ့ လူ့သဘာဝလို့ ပြောလို့ရပါတယ်။

တစ်ခုရှိတာက ကျွန်တော်က စိတ်နုသူပါ။ အလုပ်တစ်ခုလုပ်ရင် သုတ်သုတ်သုတ်သုတ်နဲ့ လုပ်တတ်တဲ့ သဘာဝရှိတယ်။ စိတ်လှုပ်ရှား လွယ်တယ်ပေါ့လေ။ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် လုပ်တတ်တဲ့သဘော ဖြစ်နိုင်ပါတယ်။ အလောသုံးဆယ်ပေါ့လေ။

ဒါနဲ့ စကားမစပ်ပြောရရင် ‘အလောသုံးဆယ်’ ဆိုတဲ့ ဝေါဟာရစကားကို ပြောပါရစေ။ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အထူးသဖြင့် လူကြီးတွေပြောကြတယ်၊ ‘အလောသုံးဆယ်၊ အလောသုံးဆယ်’ နဲ့ပြောကြတယ်။ ပျာယာခတ်တာပေါ့၊ ပျာယာခတ်ပြီး လုပ်တတ်ကိုင်တတ်တဲ့ သဘောကိုပြောကြတာ။ ဒါပေမဲ့ တစ်ချိန်တုန်းက ပညာရှင်တစ်ယောက်က ကျွန်တော့်ကို အမှတ်မထင်ပြောတာလေး ဗဟုသုတအဖြစ် ပြန်ပြောချင်ပါတယ်။ ဟုတ် မဟုတ်ကတော့ သောတရှင်တို့အနေနဲ့ စဉ်းစားကြပေါ့ဗျာ။

လူတစ်ယောက်ဟာ ကွယ်လွန်ခါနီးမှာ ဇောငါးတန် ပြန်တတ်တယ်တဲ့။ သေခါနီး ဇောပြန်တယ်လို့ ပြောကြတာပေါ့လေ။ ပထမဦးဆုံးဇောနဲ့ နောက်ဆုံး နံပါတ်ငါးဇောက နည်းနည်းညင်သာတယ်တဲ့။ အလယ်ကောင် သုံးဇောက ဖျပ်ဖျပ်လူးခံရတယ်တဲ့။ အဲဒါကြောင့် အလယ်သုံးဇောကို အလောသုံးဆယ်လို့ ရှေးလူကြီးတွေက ခေါ်တာတဲ့။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ ဒါက စကားမစပ်ပြောတာ။

အဲဒီတော့ ကျွန်တော်က အလောသုံးဆယ်လုပ်တတ်တဲ့ သဘာဝရှိတဲ့အတွက်ကြောင့် စောစောကပြောသလို အစပိုင်းပြောကြားချက်တွေမှာ နည်းနည်း စိတ်လှုပ်ရှားတဲ့အတွက်ကြောင့် အပြောအဆိုတွေ သွက်သွားတာလည်း ပါကောင်းပါပါလိမ့်မယ်။ ဘယ်လိုဖြစ်သလဲဆိုရင် အနုပညာပိုင်းဆိုင်ရာကို ပြောနေရင်းနဲ့ အဲဒီမှာပဲ ရုပ်ရှင်ကနေ ဂီတရောက်လိုရောက်၊ ဂီတကနေ စာပေရောက်လိုရောက်၊ စာပေမှာပဲ ဘာသာပြန်ကနေ ဝတ္တုရောက်လိုရောက်၊ ရောက်ရောက်သွားတာလေးတွေအတွက် ကျွန်တော်က တောင်းပန်ပါတယ်။ နောက်ပိုင်းတော့ အကြောင်းအရာကို ခွဲပြောသွားပါတယ်။ ခွဲတာတောင်မှ အခုစစချင်း ကျွန်တော် ဂီတကို ဇောင်းပေးပြောလာတာကို တွေ့ကြရမှာပါ။

အဲသလို ဂီတအကြောင်းတွေကို ဇောင်းပေးပြောလာရင်းကပဲ တစ်ခါတစ်လေကျတော့ ကျွန်တော် ကိုယ့်အကြောင်းကိုယ် ပြောတာတွေ များသွားတတ်တယ်။ တစ်ခါတလေကျတော့လည်း ပညာရပ်ဆိုင်ရာ အကြောင်းတွေကို ပြောတာတွေ များသွားတတ်တယ်။

သို့သော်လည်း ကျွန်တော်သတိထားပါတယ်။ ကျွန်တော့်အကြောင်း ကျွန်တော်ပြောနေပေမယ့်လို့ အဲဒီအထဲမှာပဲ ပညာရပ်ဆိုင်ရာ အကြောင်းတွေပြောနေရင်း ကျွန်တော့်ကိုယ်တွေ့အကြောင်းတွေဘက် တိမ်းသွားတတ်တာတွေရှိပါတယ်။ ဒါတွေဟာ အထူးသဖြင့် ဒီကနေ့ လူငယ်တွေအတွက် ယူတတ်ရင် ရလိမ့်မယ်လို့ ကျွန်တော် ရိုးသားစွာ ပြောလိုပါတယ်။

ကောင်းပါပြီ၊ ပြီးခဲ့တဲ့အပတ်က ကျွန်တော်ရဲ့စကားတွေ ပြန်ဆက်ရရင် ကျွန်တော်ဟာ 'လယ်တောကအပြန်' ဆိုတဲ့ သီချင်းလေးနဲ့၊ မြန်မာအသံကောင်းမှုနဲ့၊ ကျွန်တော့်အစ်ကိုရဲ့ကောင်းမှုနဲ့ မြန်မာသံဂီတလောကထဲကို စတင်ခြေချခွင့်ရခဲ့တယ်။ ကောင်းပါပြီ၊ အဲဒီအချိန်က မြန်မာ့အသံကို သောတရှင်တွေက အားကိုးနေရသလို တစ်ပြိုင်နက်တည်းမှာလည်း ကက်ဆက်တွေကလည်း ပေါ်နေပါပြီ။ ဓာတ်ပြားခေတ်ကလည်း ကုန်သွားပါပြီ။ အဲဒီတော့ ကက်ဆက်ကိုပဲ အားကိုးရပါတယ်။ ခုခေတ်လို စီဒီခွေတွေကလည်း မပေါ်သေးဘူးပေါ့လေ။

ကက်ဆက်ကို အားကိုးရတယ်ဆိုတာလည်း ကျွန်တော်တို့ဟာ ကက်ဆက်လိုင်းကို ဝင်နိုင်ဖို့ဆိုတာလည်း အရေးကြီးတာတွေ ရှိပါတယ်။ ဘယ်ပုံဘယ်နည်း ဝင်ရမလဲဆိုတာကို ကျွန်တော်က မသိဘူးဗျ။ အဲဒီခေတ်က မြန်မာသံတွေထက် နည်းနည်းလေးရှေ့ရောက်ပြီး ခေတ်စားနေတာက အနောက်တိုင်းဂီတ စတီရီယိုတေးဆိုတဲ့ တေးသီချင်းတွေ ခေတ်စားနေတာပါ။

ကျွန်တော်လည်း ဘာမို့လို့လဲ၊ လူငယ်ပဲ။ အဲဒီဘက်ကို စိတ်သန်တာပေါ့လေ။ သို့သော် ကံတရားက ကျွန်တော့်ကို မြန်မာသံဘက်ဆီပဲ ပို့လိုက်တာကိုး။ ပို့လိုက်တာမှ စစချင်းကို အဲဒီ 'လယ်တောကအပြန်' ဆိုတဲ့ ခြေဆင်း သဖြန်ပေါ့လေ။ ခွန်းထောက်ကလေးနဲ့စပြီးတော့ မြိုင်ထနဲ့ အဆုံးသတ်တဲ့သီချင်းနဲ့ ပေါက်သွားတာပေါ့နော်။ ပရိသတ်ကလည်း မြန်မာသံဘက် လိုက်နားထောင်တဲ့အချိန်ဖြစ်လာတော့ ကျွန်တော် မြန်မာသံနဲ့ ပေါက်ပြီး ကံတရားက အဲဒီလိုဖြစ်သွားတာ။

ဒီ့အပြင်မှာ ကက်ဆက်ဘက်ကို လိုင်းပြောင်းဖို့ဖြစ်လာပုံက ဒီလိုဗျ။ ဒီနေရာမှာလည်း ကျေးဇူးတရားကို ဖော်ထုတ်ရမယ့် သဘောရှိပါတယ်။ တစ်နေ့မှာ ကျွန်တော်က အဖေနဲ့နှစ်ယောက်သား မော်တော်ကား ပြင်နေတာ၊ စုတ်ပြတ်ပေရေလို့ပေါ့ဗျာ။ အဲဒီအချိန်မှာ တယ်လီဖုန်းလာတယ် ဆိုတော့ သွားကိုင်တာ။ ဒီကနေ့ ဂန္တဝင်အဆိုတော်ကြီးလို့ ပြောနေကြတဲ့ ဦးမင်းနောင်၊ အစ်ကိုကြီးကိုမင်းနောင်ဆီက ဖြစ်နေတယ်။ သူက ဘာပြောသလဲဆိုတော့ -

"ဟေ့ ဗလကြီးရေ၊ ကိုကို့အိမ်ကို လာခဲ့စမ်းပါဦး" တဲ့။

ကိုကိုဆိုတာ တခြားမဟုတ်ပါဘူး။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဂီတလုလင်ဦးကိုကိုပေါ့။ ကျွန်တော်လည်း မငြင်းပါဘူး၊ ချက်ချင်းပဲ ပေပေရေရေနဲ့ ကိုကို့အိမ်သွားလိုက်တယ်။ ဟိုရောက်သွားတော့ တီးဝိုင်းအစုံအလင်နဲ့ တွေ့ရပါတယ်။

'ကဲ၊ ရော့ကွာ' တဲ့၊ 'သီချင်းလေး ချပေးမယ်' ဆိုပြီး စာရွက်ထိုးပေးတယ်။ မြိုင်ထလေး ချပေးမယ်တဲ့၊ ကျွန်တော်ကလည်း ဆိုမယ်ပေါ့။ ဂီတလုလင်ဦးကိုကိုတို့၊ ကိုမင်းနောင်တို့ကို စတိတ်ရှိုးတွေမှာ တွေ့ဖူးနေတော့ သိပါတယ်။ အဲဒီမှာရှိတဲ့ စောင်းတီးတဲ့ အဘိုးအိုကြီးတစ်ယောက်ကိုတော့ ကျွန်တော်မသိပါဘူး။ သို့သော်လည်း ကျွန်တော်က ဒီမြိုင်ထ စသဖြင့်ကို နားယဉ်နေတာပေါ့လေ။ နားယဉ်နေတယ်ဆိုပေမယ့်လည်း စကားမစပ် ပြောရလို့ရှိရင် ကျွန်တော့်ကို လက်ထပ်သင်ပေးထားတဲ့ဆရာ မရှိပါဘူး။ ကျွန်တော်ကလည်း တကူးတက သင်ယူထားတာ မရှိပါဘူး။ ရိုးရိုးသားသာ ဝန်ခံတာပါ။

အဲ... ကျွန်တော့်မှာ ငယ်စဉ်တောင်ကျေးကတည်းက ကျေးဇူးရှိခဲ့တာက အဖေရယ်၊ အမေရယ်၊ အဖေ့ရဲ့အစ်မ ကြီးတော်ကြီးရယ်။ အဓိကက အဖေနဲ့ကြီးတော်၊ နားအင်မတန် လေးတာဗျ။ ဂျပန့်ခေတ် ဗုံးတွေချတော့ အဲဒီဒဏ်တွေပေါ့လေ။

ကြီးတော်ကြီး နားအင်မတန်လေးတော့ သူတို့ခေတ်က ရေဒီယိုကြီး နားထောင်ရင် Volume အဆုံးတင်ထားတာ။ အိမ်ထဲတင်မက တစ်ခြံလုံး ကြားရအောင် အကျယ်ကြီးနားထောင်ရတယ်။ အဲဒီတော့ သူတို့ခေတ်ကလွှင့်တဲ့ သီချင်းကြီးတွေ၊ ခေတ်ဟောင်းသီချင်း၊ မြိုင်ထ စသည်ဖြင့်ပေါ့ အဲဒီခေတ်ကပေါ်တဲ့ မြန်မာသံသီချင်းတွေက နားမဆံ့အောင်ကြားရတော့ ကျွန်တော့်အဖို့ အလိုလိုနားလေ့ကျင့်ပြီးသားဖြစ်တာပေါ့။ အမေကလည်း မဟာဂီတဦးပြုံးချိုကျောင်းထွက်ဆိုတော့ ကျွန်တော်တို့အိပ်ရာဝင်ချိန်မှာ ချော့သိပ်တဲ့ 'လူကလေးရဲ့အိပ်ချိန်တန် ဗျိုင်းရှေ့ကပျံ' အဲဒါတွေ ဆိုပြီးသိပ်တာ မဟုတ်ဘူးဗျ။
'အို... မဝေးဘု ရောက်လုပါပြီ၊ မြနောင်ညီ သာကီနေသို့ထွန်း' ဆိုတဲ့ သီချင်းကြီးနဲ့ ချော့သိပ်တာဗျ။ အဲဒီတော့လည်း ကျွန်တော့်နားရည်က ဝနေတာပေါ့။ စောစောကပြောတဲ့ မြိုင်ထဆိုတော့လည်း ဆိုကြည့်တဲ့အခါ ဖြစ်သွားပြီး တစ်ခေါက်တည်းနဲ့ ဝင်သွားတာပေါ့ဗျာ။ အံ့သြစရာ ကောင်းတာပေါ့။ ဒီ ဂီတပညာရှင်ကြီးတွေ ဦးကိုကိုတို့ရှေ့မှာ တစ်ခါတည်းနဲ့ ဝင်သွားတဲ့အခါ ချီးကျူးကြတာပေါ့ဗျာ။

အဲဒီမှာ စောစောကပြောတဲ့ စောင်းကောက်ကြီးတီးနေတဲ့ အဘိုးကြီး မှန်ခန်းထဲကလည်း ထွက်လာရော၊ အဲ စကားမစပ်ပြောရဦးမယ်။ ကျွန်တော်နဲ့ တွဲဖက်သီဆိုတာက အလွန်ဝါရင့်တဲ့ အေဝမ်းတင်တင်လှဆိုတဲ့ အစ်မကြီးဗျ။ ကျွန်တော် ကံကောင်းချက်ကတော့ ဂီတလုလင်ဦးကိုကိုတို့၊ အေဝမ်းတင်တင်လှတို့နဲ့ တွဲအလုပ်လုပ်ရတယ်။ ပြီးတော့ စတူဒီယိုမှန်ခန်းထဲ ထွက်လာရော စောင်းကောက်တီးတဲ့ အဘိုးကြီးက -

"ဟေ့ကောင်လေး လာစမ်းပါဦးကွ"

ဆိုပြီး ခပ်ငေါက်ငေါက်ကလေး ခေါ်တယ်ဗျ။ ကျွန်တော်က သူ့ရှေ့မှာ ယို့ယို့ကလေး သွားရပ်တယ်။ အင်္ကျီတွေလည်း ပေပေရေရေနဲ့ပေါ့။

"မင်းခုနက မှန်ခန်းထဲသီချင်းဆိုနေရင်း ဖင်တပုတ်ပုတ်လုပ်နေတာ၊ ဘာလုပ်တာတုံးကွ" တဲ့။

ကျွန်တော်က မဖြေရဲဘူး။ အမှန်ကတော့ဗျာ ဘာရယ် မဟုတ်ဘူး။ သာမန်လူတွေလည်း သီချင်းဆိုရင် ဖင်ပုတ်ခေါင်းပုတ် လုပ်ကြတာပါလေ။ စည်းလိုက်တယ် ခေါ်သလား ဘာလားတော့ မသိဘူး။ အဲဒီလိုပဲ ပုတ်တာပေါ့ဗျာ။ အဲဒီတော့ -

"နောက် မှတ်ထားကွ၊ စည်းဝါးလိုက်ချင်ရင် င့ါခြေထောက်ကို ကြည့်စမ်း" တဲ့။

သူက ခပ်ငေါက်ငေါက် ဟောက်တာဗျ။ အဲ... နောက်တော့မှ သိရတယ်။ အဲဒီဝိုင်းကို ဦးဆောင်တီးနေတဲ့ စောင်းကောက်ဆရာကြီးဟာ အလင်္ကာကျော်စွာ ဆရာကြီးစောင်းဦးဘသန်းပေါ့ဗျာ။ ဟော ဘယ်လောက် ကံကောင်းသလဲဗျာ။ ဒုတိယဆိုရတဲ့ မြိုင်ထမှာ အလင်္ကာကျော်စွာ ဆရာကြီးစောင်းဦးဘသန်းနဲ့ တွေ့ရတာဗျာ။ အဲဒီသီချင်းလေးက ဘာဖြစ်သလဲဆိုောတ့ စောစောကပြောတဲ့ အစ်ကိုကြီးကိုမင်းနောင်၊ ဦးမောင်မောင်ကြီး၊ ဒေါ်တင်တင်မြ၊ ဒေါ်ထားတို့နဲ့ တွဲပြီး၊ ကြားညှပ်ပြီး စုံတွဲတေးတစ်ပုဒ်အနေနဲ့ ကက်ဆက်ထဲ ပါသွားတာ။ ဒီတော့ ကျွန်တော့်အသံ ကက်ဆက်ပေါ် ရောက်ရော။

ရောက်လည်းရောက်ရော အဲဒီအချိန်က မြန်မာသံတေးထုတ်လုပ်ရေးမှာ ခေတ်စားနေတဲ့ ဟင်္သာတေးသံသွင်းက ကျွန်တော့်ကို လက်စွဲဖြစ်သွားပါတယ်။ လက်စွဲဖြစ်သွားပေမယ့် အဲဒီတေးသံသွင်းက တစ်ယောက်တည်းတော့ မသုံးဘူးဗျ။ နာမည်ကြီးတဲ့ အဆိုတော်ကြီးတွေနဲ့ တွဲပြီး တစ်ပုဒ်တလေကြားညှပ်လို့ ကျွန်တော့်ကို ခေါ်သုံးပါတယ်။ အဲဒီလိုကနေ ကျွန်တော့်အသံလေးလည်း နည်းနည်းပါးပါး လူတွေနားယဉ်လာရော၊ ဟော ဟင်္သာတေးသံသွင်းက ကျွန်တော့်ကို တစ်ကိုယ်တော်ထုတ်မယ်ဖြစ်ပါလေရောဗျာ။

ဖြစ်တော့ ကျွန်တော်က အဲဒီအချိန်မှာ အရေးဆိုပါတယ်။ ကျွန်တော့်ကို မြန်မာသံခေတ်ဟောင်း စသဖြင့်လည်းလုပ်ပါ။ အခုဆိုရင် ခေတ်ပေါ်ဂန္တဝင် ခေါ်တာပေါ့နော်။ ခေတ်ပေါ်ဆန်ဆန် မြန်မာသံလေးလည်း လုပ်ပေးပါ ဆိုတော့ သူတို့ကလည်း ခွင့်ပြုပါတယ်။ အဲဒါနဲ့ ပထမဦးဆုံး ကက်ဆက်ခွေ 'ပန်းတွေနဲ့ဝေ' ဆိုတာ ဖြစ်ပေါ်လာတာပါပဲ။ အဲဒီ အခွေကိုတော့ စန္ဒရားတင်ဝင်းလှိုင်နဲ့ ကျွန်တော် လုပ်ခွင့်ရခဲ့ပါတယ်။ ကျွန်တော် ကံကောင်းပါတယ်။ အဲဒီအချိန်က စန္ဒရားဦးချစ်ဆွေ၊ ဦးလှထွတ်၊ အေဝမ်းဦးစိုးမြင့်တို့၊ စန္ဒရားဦးငွေစိုးတို့ စသဖြင့် တွဲခွင့်ရခဲ့ပါတယ်။ ဒီဆရာတွေက မြန်မာသံသမားတွေဖြစ်လို့မို့ ကျွန်တော် မြန်မာသံလမ်းကြောင်းမှာ လျှောက်ဖို့ ကံတရားက ဖန်တီးပေးတာပါ။

အဲဒီတော့ ပြောချင်တာက ကျွန်တော်ဟာ မြန်မာသံလောကကို ကံတရားနဲ့ အလိုလိုရောက်လာတာဖြစ်သလို ကျွန်တော်ဟာ အလိုလိုနေရင်းကပဲ မြန်မာသံကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်လာခဲ့ရတာပါ။ ကျွန်တော်ဟာ မြန်မာမှ မြန်မာဆိုပြီးတော့ မျိုးချစ်မျက်ကန်းတစ်ယောက် မဟုတ်ခဲ့ပါဘူး။ အဲသလိုပြောတဲ့အတွက်ကြောင့်လည်း ရိုးရာယဉ်ကျေးမှုကို အစဉ်တစိုက်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို စော်ကားတာ မဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းအလျောက် မြန်မာသံကို ကမ္ဘာက အသိအမှတ်ပြုအောင် လုပ်သင့်တယ်ဆိုတဲ့ အယူအဆကို လက်ခံတဲ့အကြောင်း ပြောချင်တာပါ။
 ဒီဟာတွေကို ရှေ့လျှောက်ပြောရင်းနဲ့လည်း ပညာရပ်ဆိုင်ရာကိစ္စတွေကို ယှဉ်တွဲ ပြောပြသွားမှာပါ။ ဆိုကြပါစို့ဗျာ၊ ဖြစ်ချင်းဖြစ်ရင် ကျွန်တော်ဟာ ခေတ်မီ၊ ခေတ်ပေါ်လိုင်းဘက်ကို ရောက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် ဥပမာလေးတစ်ခု ပြောပြပါမယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် ဥပမာလေးတစ်ခု ပြောပြပါမယ်။ ကျွန်တော်ငယ်စဉ်က တက်ခဲ့ရတဲ့ကျောင်း၊ ပညာဆည်းပူးရတဲ့ကျောင်းဟာ စိန့်ပေါလ်ကျောင်း ခရစ်ယာန်မစ်ရှင်ကျောင်းမှာပါ။ အရင်တုန်းက ပုဂ္ဂလိကကျောင်းပါ။ အဲဒီကျောင်းတက်ရင် ဘိုနာမည်မှည့်ရပါတယ်။ ဒါပေမဲ့ ကျွန်တော် မမှည့်ခဲ့ပါဘူး။ ကျွန်တော်တို့အဖေက ဝဏ္ဏ၊ ဗလ စတဲ့မြန်မာနာမည်တွေပဲ မှည့်ပေးခဲ့ပါတယ်။

အဲဒီကျောင်းမှာက သူငယ်တန်းကစပြီး အထက်တန်းအထိ ကောင်းကင်ဘုံက ဘုရားသခင်ကို ချီးကျူးတဲ့ ဓမ္မတေးတွေကို မိုးလင်းကစပြီး ဆိုကြရပါတယ်။ ညနေကျောင်းဆင်း ဆိုရတယ်။ အင်္ဂလိပ်လို ပီပီသသ ဆိုရပါတယ်။ အဲဒီအပြင်ကို ဂီတသင်တန်းအချိန်ဆိုပြီးတော့ သီးသန့်ရှိပါတယ်။ အဲဒီမှာလည်း ခရစ်ယာန်ဘုန်းတော်ကြီးတွေက စန္ဒယားတီးပြီး ‘ဒို ရေ မီ ဖာ ဆို လာ တီ ဒို’ စတဲ့ အခြေခံကစပြီး အနောက်တိုင်း တေးဂီတကို သင်ယူရတယ်၊ ဆိုရပါတယ်။

ဟော၊ အဲသလောက် အနောက်တိုင်းတေးဂီတကို အခြေခံကစပြီး သင်ယူရတဲ့ကျောင်းမှာ ကျွန်တော့်လို အသံအခြေခံကောင်းတဲ့ လူငယ်လေးတစ်ယောက်ဟာ ဖြစ်ချင်းဖြစ်ရင် အနောက်တိုင်းသြဇာလွှမ်းမိုးတဲ့ ခေတ်ပေါ်၊ ခေတ်မီ တေးသံရှင်တစ်ယောက်ပဲ မဖြစ်သင့်ဘူးလားခင်ဗျာ။ ဒီ့အပြင်ကို အံ့သြစရာကောင်းတာက ကျွန်တော်နဲ့ တစ်တန်းတည်း၊ တစ်ခန်းတည်း၊ တစ်ခုံကျော်လောက်မှာ ထိုင်တဲ့သူငယ်ချင်းတွေက ဘယ်သူတွေလဲဆိုတော့ ဒီကနေ့ စတီရီယိုဖခင်ကြီးတွေ၊ ဦးလေးတွေလို့ ပြောလို့ရတဲ့ ပလေးဘွိုင်သန်းနိုင်၊ တက္ကသိုလ်အေးမောင်တို့။ အဲ သူတို့က တစ်ခန်းတည်း၊ အတန်းဖော် သူငယ်ချင်းတွေဗျ။

ငယ်ငယ်တုန်းက သူတို့ကျောင်းနာမည်တွေက ကိုသန်းနိုင်က ဟားဘတ်ဘဖြူ၊ ကိုအေးမောင်က ရယ်ဂျီဘဦးတဲ့။ သူတို့က အဲဒီတုန်းကတည်းက ကျောင်းကို ဂစ်တာခိုးယူလာပြီးတော့ အတန်းထဲမှာ တီးကြဆိုကြတယ်ဗျာ။ သူတို့က အဲဒီတုန်းကတည်းက ဂီတကို ဝါသနာပါတာ။ ကျွန်တော်က အဲဒီတုန်းက ဘောလုံးဝါသနာပါတာ။ ဆိုတော့ကာ အသိုက်အဝန်း ပတ်ဝန်းကျင်ကလည်း အနောက်တိုင်း ဘိုသံလွှမ်းမိုးတဲ့ ပတ်ဝန်းကျင်၊ ဖြစ်ချင်းဖြစ်ရင် အဲဒီဘက်မှာ ဖြစ်ရမှာပေါ့။

ဒါပေမယ့် ကံတရားက ကျွန်တော့်ကို ဒီဘက်ပို့လိုက်တာ၊ မြန်မာသံသမား ဖြစ်သွားတာ။ တချို့က ပြောကြတယ်၊ မြန်မာသံတွေ ကျဆုံးသွားပြီတဲ့၊ ကျွန်တော် အားမငယ်ပါဘူး။ အားငယ်စရာလည်း အကြောင်းမရှိပါဘူး။ ကျွန်တော်ဆက်ပြောပြမယ့်အထဲမှာ မြန်မာသံဟာ အားငယ်စရာ မဟုတ်ဘူးဆိုတာကို ပြောမှာမို့လို့ပါ။ ချက်ကျလက်ကျ ယုတ္တိတန်တန် ပြောပြမှာပါ။ ယေဘုယျပြောရရင်တော့ ဟုတ်ပါတယ်၊ မြန်မာသံဟာ ကျဆုံးနေတာပါလို့ ပြောလို့ရပါတယ်။ ဒါက ဒီနေ့မီဒီယာခေါ်တဲ့ ဂျာနယ်၊ ရုပ်ရှင်၊ တီဗွီ စတဲ့ ပိတ်ကားတွေ၊ မှန်သားပြင်တွေအပေါ်ကြည့်ပြီး ဆုံးဖြတ်ကြတာပါ။

တကယ်တမ်း တောတောင်ကျေးလက်တောရွာ ရောက်တဲ့အခါကျရင်တော့ မြန်မာသံအခိုင်အမာရှိသေးတယ်ဆိုတာကို တွေ့ကြရမှာပါ။ ဒါကိုလည်း ကျွန်တော်တိတိကျကျ ကိုယ်တွေ့နဲ့ယှဉ်ပြီးတော့ အချက်အလက်တွေနဲ့ ပြောပြမှာပါ။ ဥပမာတစ်ခုပေါ့လေ၊ ကျွန်တော် စကားမစပ်ပြောပါရစေ။ ဆိုပါစို့၊ မြန်မာသံဆိုတာ အင်မတန်ကျယ်ပြန့်ပါတယ်။ ဟိုး… သီချင်းကြီး နတ်ချင်းကနေစပြီးတော့ ဒီနေ့ ကိုသန်းလှိုင်၊ ဒေါ်တင်တင်မြ၊ စန္ဒရားချစ်ဆွေ စသဖြင့်၊ ဦးမင်းနောင်၊ အဲဒီအလယ် ခု ရာဇာဝင်းတင့်၊ စိုးစန္ဒာထွန်း၊ အနိုင် စသဖြင့် ကျယ်ပြန့်ပါတယ်။

ဟိုးခေတ်ဟောင်းကတည်းက ဒီကနေ့ နောက်ပေါ် မြန်မာသံတွေအထိ ပြောကြကြေးဆိုရင် အင်မတန် ကျယ်ပြန့်ပါတယ်။ အဲဒီအထဲက တစ်ခုပဲ ယူပြောကြပါစို့၊ သင်္ကြန်သီချင်းပေါ့လေ။ သင်္ကြန်ကျရင် သင်္ကြန်သီချင်းဟာ သေချာပေါက် ပါကိုပါလာရမယ်။ မြနန္ဒာတို့၊ တူးပို့တူးပို့တို့၊ မြူမှောင်ဝေကင်း၊ ရေကင်းသံ စသဖြင့် မဆိုမဖြစ်ပါ။

ဒါကလည်း ကျွန်တော့်ကိုယ်တွေ့ အများကြီးမို့ ပြောရဲတာပါ။ ဥပမာတစ်ခု ကျွန်တော်ပြောပြပါမယ်။ ဟိုး ဘိုးစဉ်ဘောင်ဆက်ကနေ ဒီကနေ့ထိ မင်္ဂလာဆောင်တဲ့အခါကျရင် မင်္ဂလာပွဲမှာ ‘အောင်ဇေယျတု ငွေခရုငယ် သင်္ခါ’၊ ပြီးတော့ ‘အခါတော်’ ဒီကနေလွဲပြီးတော့ တခြားအစားထိုးလို့ မရပါဘူး။ ဒါဟာ အလွန်တိကျတဲ့ သက်သေသက္ကာယပါ။

သင်္ကြန်ချိန်ဆိုလည်း ဒီအတိုင်းပါပဲ။ တခြားသီချင်းတွေနဲ့ အစားထိုးမရတဲ့ သင်္ကြန်သီချင်းတွေဟာ သက်သေတွေပါပဲ။ ကျွန်တော် မန္တလေးသင်္ကြန်မှာ ၁၄ နှစ်တိတိ ငွေငန်းနဲ့တွဲပြီး သီချင်းတွေဆိုခဲ့ပါတယ်။ မန္တလေးသင်္ကြန်နဲ့ မြို့မငွေငန်းနဲ့ကလည်း ခွဲမရပါဘူး။ ကျွန်တော်ဟာ မြို့မငွေငန်းနဲ့ မန္တလေးဗဟိုမဏ္ဍပ်မှာ ရှေ့ဆုံးက အဖွင့်သီချင်းဆိုခဲ့ရပါတယ်။ ဆိုတဲ့အခါတိုင်း ‘မြူမှောင်ဝေကင်း’ နဲ့ ဖွင့်ပါတယ်။ ကျွန်တော်က မြနန္ဒာနဲ့ မဖွင့်ပါဘူး။ ရိုးနေလို့ပါ၊ မြူမှောင်ဝေကင်းက မြနန္ဒာလောက် မသွက်ပေမယ့်လည်း လေးလေးအေးအေးနဲ့ ရင်ထဲနှလုံးသားထဲထိ ရေကင်းသံ တဂျိမ်းဂျိမ်းနဲ့ ဝင်တိုးတဲ့အတွက်ကြောင့် ကျက်သရေအလွန်ရှိတယ်။ ကြက်သီမွေးညင်း ထရတယ်။ ကလို့လည်း ငြိမ့်ညောင်းတယ်လို့ ထင်လို့ပါ။

အဲဒီ ကျွန်တော့်အတွေ့အကြုံအရလည်း ငွေငန်းပေါ်ကနေ မျက်စိတစ်ဆုံးမြင်နေရတဲ့ ဖွေးဖွေးလှုပ်နေတဲ့ ပရိသတ်ကြီးရဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းအကဟာ မြင်ရတာ အလွန်စိတ်ချမ်းသာစရာကောင်းပါတယ်။ ၁၄ နှစ် ဆက်တိုက် ဖျော်ဖြေခဲ့တာ ကျွန်တော်။

ကျွန်တော့်လိုပဲ မှတ်တိုင်ထူခဲ့သူက ဘယ်သူလဲဆိုတော့ အရှိန်အဝါအလွန်ကြီးတဲ့၊ ကျွန်တော့်ထက်လည်း အလွန် ချောမောပြီးတော့ ကိုယ်ရောင်ကိုယ်ဝါ အလွန်တောက်ပတဲ့ ရုပ်ရှင်မင်းသားကြီး ဝင်းဦးပါ။ သူက ၁၀ နှစ်လုံးလုံး ငွေငန်းနဲ့အတူ မန္တလေးသင်္ကြန်မှာ ဖျော်ဖြေခဲ့တာပါ။ ကျွန်တော် သိရသလောက် အဲဒီ ၁၀ နှစ်နောက်ပိုင်းမှာ မင်းသားကြီး ဝင်းဦးလည်း ငွေငန်းနဲ့ ခွာပြီးတော့ မန္တလေးသင်္ကြန်ကို မရောက်တော့ဘူးလို့ ကြားပါတယ်။

ကျွန်တော်ကတော့ ကံတရားပဲဗျ၊ ကိုယ့်ကိုယ်ကိုယ် ပညာရှင်လို့လည်း မသတ်မှတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိပ်နှိမ်ချတာလည်း မဟုတ်ပါဘူး။ ကျွန်တော်က ပါရမီရှင်လို့ ပြောလို့ရပါတယ်။ ပါရမီရှင်ဆိုလို့ မြတ်စွာဘုရားရဲ့ ပါရမီ ၁၀ ပါးကို အမှီပြုပြီးတော့ ကိုယ့်ကိုယ်ကိုယ် စန်းတင်တယ်လို့လည်း မထင်ကြစေလိုပါဘူး။ ကျွန်တော်ပြောချင်တဲ့ ပါရမီဆိုတာကလေ၊ ကျွန်တော့်အမေပြောသလိုပေါ့လေ၊ သားကတဲ့ ပြီးခဲ့တဲ့ ဘဝဘဝက သူတော်ကောင်းတွေကို ကြေးစည်၊ ခေါင်းလောင်း လှူဖူးလို့လား မသိပါဘူးကွယ်၊ ဒီဘဝမှာ အသံကောင်းတာလို့ ပြောသလိုပါပဲ။ အဲသလိုဖြစ်ရင်လည်း ဖြစ်နိုင်ကောင်းရဲ့၊ ဒါ့အပြင် ငယ်ငယ်တုန်းက ဒီလိုပဲ အသံနဲ့ ပတ်သက်တဲ့ ဒါနလေးတွေ ပြုဖူးလို့သော်လည်းကောင်း အရွယ်ရောက်လာတဲ့အခါ နားထောင်ခဲ့ရတဲ့ သီချင်းတွေကြောင့်လည်း ဖြစ်နိုင်ကောင်းရဲ့။ ဒီသဘောတွေကြောင့် ကျွန်တော် အသံနဲ့လုပ်စားလို့ရခဲ့တာလို့ သတ်မှတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ပဲ သတ်မှတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတာလည်း မဟုတ်ပါဘူး။ နှိမ်ချတာလည်း မဟုတ်ပါဘူး။

ကျွန်တော့်ဘဝမှာ မြန်မာအသံ အဆိုတော်ဖြစ်တာလည်း မတော်တဆ ခရီးသွား ဟန်လွှဲဖြစ်ခဲ့တာ၊ ကက်ဆက်အဆိုတော် ဖြစ်တော့လည်း ထွက်ဖြစ်တာလည်း ဒီလိုပဲ ကြုံရင်းဆုံရင်း ဖြစ်သွားတာ။ ရုပ်ရှင်မင်းသားဖြစ်တာလည်း မတော်တဆ ဖြစ်ခဲ့တာပါ။ ရုပ်ရှင်အကြောင်းရောက်ရင် ရုပ်ရှင်မင်းသား ဖြစ်ခဲ့ပုံလေးတွေ ပြောပါဦးမယ်။ ဒါဟာလည်း ချိုးနှိမ်ပြီးပြောတာ မဟုတ်ပါဘူး။ လောကမှာ ဒီလိုပဲ တိုက်ဆိုင်မှုတွေ ရှိတတ်တယ်ဆိုတဲ့ အကြောင်း ပြောတာပါ။ အဲဒီတော့ မန္တလေးသင်္ကြန်နဲ့ တိုက်ဆိုင်တာလည်း ဒီလိုပဲ မတော်တဆပါပဲ။ ကျွန်တော်က မန္တလေးကို ရုပ်ရှင် ရိုက်ရအောင် သွားခဲ့တာပါ။

ရုပ်ရှင်ရိုက်တော့ သင်္ကြန်နားနီးရက်၊ ရုပ်ရှင်ရိုက်ပြီးတော့ နားတဲ့အချိန်မှာ ဖြစ်ချင်တော့ မန္တလေးမြို့မအသင်းက ကျွန်တော့်အသံကို ကြိုက်လို့ဆိုပြီး ကျွန်တော့်အပေါ် သံယောဇဉ်ဖြစ်တာ။ ဖြစ်တော့ သင်္ကြန်နားကပ်တဲ့အချိန်မှာ ကျွန်တော်နဲ့ သွားဆုံကြတယ်။ စားရင်းသောက်ရင်း စကားစမြည်ပြောရင်း -

“အေး ကိုသုမောင်ရေ၊ ဗိုသုရေ… ငွေငန်းရပ်နေတာကြာပြီ၊ ဒီနှစ်တော့ ပြန်ထွက်မယ်လို့ စိတ်ကူးတယ်။ ခင်ဗျားကြီး ဝင်ဆိုပါလားဗျ” တဲ့။

ကျွန်တော်ကလည်း -

“ကောင်းသားပဲဗျာ”

ဆိုပြီး လွှတ်ခနဲ ပြောလိုက်တာ။ သဘောကတော့ဗျာ၊ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ခုချိန်မှာတော့ မရှက်တော့ပါဘူး။ မူးမူးရူးရူးနဲ့ စွတ်ပြောလိုက်တာဗျ။ သူတို့ကလည်း ခေါင်းညိတ်ပြီးတော့ ငွေငန်းဆင်ထားတဲ့ မဏ္ဍပ်ကားကြီးနဲ့ လာခေါ်ပါလေရောဗျာ။

အဲဒီမယ် ဘာရယ်မဟုတ်ဘဲနဲ့ တက်ဆိုရင်းကနေ မြန်မာသံ မြူမှောင်ဝေကင်းကို စွဲပြီးတော့၊ မန္တလေးသင်္ကြန်ပရိသတ်ကိုစွဲပြီး၊ အထူးသဖြင့်ကတော့ ကိုဝင်းဦးလက်ထက်က ရွှေခြေကျင်းကြီးတွေ၊ ရွှေဆွဲကြိုးကြီးတွေ၊ ရွှေလက်ကောက်ကြီးတွေ တဝင်းဝင်းနဲ့၊ စံပယ်ပန်းတွေ၊ သဇင်ပန်းတွေ ဝေနေအောင်ပန်တဲ့ အသက် ၄၀ ကျော်၊ ၅၀ အဘွားကြီးတွေက ကျွန်တော်ဆိုနေတဲ့အခါမှာ ကိုဝင်းဦးကို စွဲသလိုမျိုး မြန်မာသံပီပီသသဆိုတဲ့ ‘မောင်သုမောင်’ ဆိုတဲ့ ကောင်လေးကို ချစ်နိုးနားနဲ့ ချစ်စနိုးနဲ့ ဒီငွေငန်းကြီးကို ပတ်ပတ်ပြီး ကကြတာ။ အဲဒါကို အသည်းခိုက်ပြီးတော့ နောက်နှစ်လည်း မန္တလေးကိုသွား၊ နောက်နှစ်လည်း မန္တလေးသင်္ကြန်ကျရင် မနေနိုင်တဲ့ ကျွန်တော် ၁၄ နှစ်တိတိ တိုင်ခဲ့ရတာဗျာ။

အဲဒါ မန္တလေးသင်္ကြန်နဲ့၊ သုမောင်တို့ ထပ်တူထပ်မျှ ချစ်ခဲ့ကြတဲ့အကြောင်းပါ။ တစ်နည်းပြောရရင် သင်္ကြန်ရယ်၊ မြန်မာသံရယ်၊ မြန်မာပရိသတ်ရယ် ထပ်တူထပ်မျှ အံဝင်ခွင်ကျသဘောကို ပြောချင်တာပါ။ အဲဒီနောက်မှာတော့ တစ်ခါတစ်ရံ ကိုရန်အောင်လေး သွားတတ်တယ်လို့လည်း ကြားပါတယ်။ ပြီးတော့ ကျွန်တော့်အသံနဲ့ ထပ်တူထပ်မျှလို့ ယေဘုယျအားဖြင့် ပိရိသတ်က ဆုံးဖြတ်တဲ့ ကျွန်တော့်သားလေး ဖိုးသောကြာကလည်း အခုဆိုရင် လေးငါးနှစ်ရှိပါပြီ၊ မန္တလေးသင်္ကြန်နဲ့တွဲတာ။ ကျွန်တော်ကလည်း ဘယ်လိုခေါ်မလဲဗျာ။ မန္တလေးသင်္ကြန်က ဒီမှာလို မဟုတ်ဘူးဗျ။ ငွေငန်းနဲ့ လှည့်ပြီဆိုရင် လေးငါးညကို ညနေငါးနာရီလောက်ကနေ နောက်နေ့ ကိုးနာရီ ၁၀ နာရီလောက်အထိ ငွေငန်းယာဉ်ကြီးပေါ်မှာ မတ်တပ်ရပ်ရတာ ဆိုတော့ကာ အသက်အရွယ်အရ မဟန်နိုင်တော့ဘူး။ အိပ်ရေးပျက်လည်း မခံနိုင်၊ အသံလည်း ကုန်လာ၊ မောလာဆိုတော့ သားကို တစ်လှည့် အလှည့်ပေးရတာပေါ့လေ။ ဒါလည်း ကိုယ့်သားကိုယ် မြှောက်ပေးတာ မဟုတ်ပါဘူး။ အသံကတူတော့ အညာပရိသတ်၊ အထူးသဖြင့် မန္တလေးပရိသတ်ပေါ့။ ဒီသုမောင်ကြီးရဲ့ အသံကို အစွဲအလမ်းကြီးကြတယ်။

ဝင်းဦးအသံကိုစွဲတော့ သုမောင်ကြီးကိုစွဲတယ်။ သန်းမြတ်စိုးကိုစွဲတော့ သုမောင်ကိုစွဲတယ်။ ဇော်ဝမ်းကိုစွတြော့ သုမောင်ကိုစွဲတယ်။ သုမောင်ကို စွဲတော့ ရန်အောင်ကိုစွဲတယ်။ ရန်အောင်ကိုစွဲတော့ ဖိုးသောကြာကိုစွဲတယ် စသဖြင့် သံယောဇဉ်လေးတွေကြောင့် ငယ်ဂုဏ်လေးရှိတဲ့ ဖိုးသောကြာကို သူတို့သံယောဇဉ်ဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့က လက်တွဲလေး ဖြုတ်ပေးလိုက်တာ။ ဒါပါပဲ။ ခုတော့လည်း ဖိုးသောကြာနဲ့ မန္တလေးငွေငန်းနဲ့ တွဲမိသွားတော့ ဝမ်းသာတာပေါ့။ ကိုယ့်သားမို့လို့ ကိုယ်ပြောတာဆိုရင်လည်း ခံရမှာပေါ့။ ဘာပဲဖြစ်ဖြစ် စေတနာအရင်းခံကတော့ မြန်မာသံလေး လက်လွှဲခွင့်ရတာပါ။

အဲ… စောစောကစကား ပြန်ဆက်ကြပါစို့၊ မြန်မာသံနဲ့ မြန်မာသံပရိသတ်ကိစ္စ။ ကျွန်တော်ပြောတဲ့ စကားမစပ်ကိစ္စမှာ မြန်မာသံကိစ္စကို ကျွန်တော့်ဆီ ပရိသတ်နှစ်မျိုးနှစ်စား တုံ့ပြန်ဝေဖန်အကြံပြုတဲ့ အကြောင်းအရာ နှစ်မျိုးပေါ်လာတယ်။ သဘောပြောရရင် လူတန်းစားနှစ်ရပ် ပေါ်လာတယ်။ တစ်မျိုးက ပညာရှင် ပညာတတ်လူတန်းစား၊ နောက်တစ်မျိုးက သာမန်လူတန်းစား။ ဒီလို နှစ်မျိုးနှစ်စား တွေ့ရပါတယ်။ သုမောင်ကြီးက ပြောလိုက်တဲ့အခါကျတော့ ပညာတတ်နဲ့ ပညာမဲ့ ခွဲတယ်လို့ မထင်လိုက်ပါနဲ့။ ကျွန်တော် ဆက်ပြောရင်းနဲ့ နားရှင်းသွားမှာပါ။ ဘယ်လိုလဲဆိုတော့ လူ့သဘာဝမှာ ဦးနှောက်နဲ့ ခံစားတာရယ်၊ နှလုံးသားနဲ့ ခံစားတာရယ်ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။

တစ်ခါတစ်ရံ ဦးနှောက်အသုံးချတဲ့သူက နှလုံးသားနဲ့ ခံစားတတ်ပြီးတော့ တစ်ခါတစ်ရံမှာ နှလုံးသားနဲ့ ခံစားတဲ့လူက ဦးနှောက်နဲ့ အသုံးချတတ်တယ်ဆိုတဲ့ ကပြောင်းကပြန် လူ့သဘာဝလေးကို ပြောချင်လို့။ သဘောကတော့ ဦးနှောက် သိပ်ငြီးငွေ့လာရင် နှလုံးသားနဲ့ လှည့်ခံစားတယ်၊ နှလုံးသား သိပ်ပြီးတော့ ငြီးငွေ့လာရင် ဦးနှောက်နဲ့လှည့်ပြီး ခံစားတယ်ဆိုတဲ့ သဘာဝတရားလေးကို ပြောချင်တာပါ။ အဲဒါက ဘယ်မှာသွားတွေ့ရသလဲ ဆိုရင် စောစောကပြောတဲ့ ကျွန်တော့်ရဲ့ စကားမစပ် မြန်မာသံစီးရီးကို နားထောင်တဲ့ပရိသတ်ရဲ့ တုံ့ပြန်မှု Respond အပေါ်မှာ သွားတွေ့ရတယ်။

ဒီစကားမစပ်စီးရီးလေးကို မန္တလေးအက်ဖ်အမ်ကနေ မကြာမကြာလွှင့်ပေးတဲ့အခါကျတော့ ပရိသတ်များလာတာတွေ့ရတယ်။ တယ်လီဖုန်း၊ စာ၊ လူကိုယ်တိုင်၊ လက်ဖက်ရည်ဆိုင်မှာ၊ မြို့ထဲသွားရင်းလာရင်း အမှတ်တမဲ့ ဆုံကြတဲ့အခါမှာ ဒီအကြောင်းလေးတွေကို ပြောကြဆိုကြပါတယ်။ ပြောတဲ့အထဲမှာ စောစောကပြောသလို ပညာရှင်၊ ပညာတတ်အပိုင်းပါသလို သာမန်လက်လုပ်လက်စား ပုဂ္ဂိုလ်များလည်း ပါကြပါတယ်။

အဲဒီမယ် ထူးဆန်းတာက သာမန် လက်လုပ်လက်စားခံစားသူ သက်သက်လို့ ကျွန်တော် သတ်မှတ်မိတဲ့ ပရိသတ်က ဘယ်လိုတုံ့ပြန်သလဲဆိုတော့ ‘ဟာ၊ ဆရာသုမောင်ကြီး ပြောသွားတဲ့အထဲမှာ ဘယ်နေရာလေးကဖြင့် အနုပညာက ဘယ်လို၊ ရသကဖြင့်ဘယ်လို၊ အသံနေအသံထားကဖြင့် ဘယ်လို၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာက ဘယ်လို’ ဟောဗျာ၊ အဲသလို ပညာရပ်ဆိုင်ရာတွေကို သူတို့က တုံ့ပြန်လာကြသဗျာ။

ဟောဗျာ ပညာရှင်၊ ပညာတတ်လို့ ကျွန်တော် တွက်ဆထားတဲ့ အနုပညာရှင်ကြီးတွေ၊ အတတ်ပညာရှင်ကြီးတွေ၊ ဆိုပါစို့ဗျာ တက္ကသိုလ်က ပါမောက္ခကြီးတွေ၊ ကထိကကြီးတွေ၊ ဂီတပညာရှင်၊ အနုပညာရှင်ကြီးတွေဆီက တုံ့ပြန်မှုကကျတော့ ဘာလဲ သိလားဗျာ။ ဥပမာဆိုပါစို့ဗျာ။ တစ်လောက ပညာရှင်ကြီးတစ်ယောက် ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ ‘လယ်တောကအပြန်’ ဆိုတဲ့ ကျွန်တော့်ရဲ့ Original သီချင်းလေးကို ကြားရတာတဲ့ ခံစားရလွန်းလို့ မျက်ရည်ကျပြီး ငိုမိပါတယ်တဲ့ဗျား။ အဲဒါက ပညာရှင်ကြီး။ ဟော… သူကကျတော့ ပညာ စကားမပြောဘဲ ငိုရပါတယ်တဲ့ဗျာ။ ဟော တစ်ယောက်ကကျတော့လည်း ဒီလိုပဲ ပညာရှင်ပါပဲ။ ကျွန်တော့်အသံလေး အနိမ့်အမြင့်နဲ့ ပြောတာကြားရတော့ ကျွန်တော့်ရုပ်ကို မြင်မိပါတယ်တဲ့ဗျား။ ခံစားရပါတယ်တဲ့ဗျား။ ခံစားရပါသတဲ့။ ပညာစကား လုံးဝမပါဘူး။ ဟော… ပညာရှင် ပညာတတ်က နှလုံးသားနဲ့ ခံစားနေပြန်ရော။

ပရိသတ်ကို ကိုယ့်စိတ်ကူးအထင်နဲ့ ရမ်းသန်းမှန်းဆလို့ မရဘူးဆိုတဲ့သဘောကို သွားတွေ့တာ၊ စကားမစပ် ကျွန်တော် ပြောပါရစေဦး၊ အမှတ်တရလေးပါ။

နိုင်ငံတကာ စာပေပညာရှင်တွေ ထကကြတဲ့ မြနန္ဒာ

သြော်… ဒါနဲ့စကားမစပ်ဆိုတဲ့ အနုပညာနဲ့ဆိုင်တဲ့ ကိုယ်တွေ့စီးရီးလေးကို ပြောလာတာ အခုဆိုရင် လေးငါးခြောက်ကြိမ်လောက်ရှိပါပြီ။ မန္တလေးအက်ဖ်အမ်က ဒီစကားပြောစီးရီးလေး လွှင့်လာလိုက်တာ ပရိသတ်များလာတာကို တွေ့လာရပါတယ်။ ဒါဟာ ကိုယ်တွေ့ပါ။ မကြာခဏ ဖုန်းနဲ့လှမ်းဆက်ပြီး၊ စာနဲ့၊ လူကိုယ်တိုင်၊ လက်ဖက်ရည်ဆိုင်မှာ၊ မြို့ထဲသွားရင်းလာရင်း အမှတ်တမဲ့ အဲသလို ဆုံကြတဲ့အခါမှာ ဒီမန္တလေးအက်ဖ်အမ်က အကြောင်းလေးတွေကို ပြောဖြစ်ဆိုဖြစ်ကြပါတယ်။

ပြောဖြစ်ကြတဲ့အခါ ပြီးခဲ့တဲ့အပတ်က ပြောခဲ့သလို ပညာရှင်၊ ပညာတတ် အသိုက်အဝန်းပါသလို သာမန်လက်လုပ်လက်စား ပုဂ္ဂိုလ်များလည်း ပါပါတယ်။ အဲဒီမယ် ထူးဆန်းတာက သာမန်လက်လုပ်လက်စား ခံစားသူသက်သက်လို့ ကျွန်တော် သတ်မှတ်မိတဲ့ ပရိသတ်က ပညာရပ်ပိုင်းဆိုင်ရာကို ထောက်ပြီး ဝေဖန်သွားနိုင်ကြတယ်ဗျ။

ဟော… ကြည့်ဗျာ၊ ပညာရှင်၊ ပညာတတ်ကြီးတွေလို့ ကျွန်တော် သတ်မှတ်ထားတဲ့ အသိုက်အဝန်းကတော့ တက္ကသိုလ်အသိုက်အဝန်းက ပေါ့ဗျာ။ ဘယ်လိုတုံ့ပြန်ကြသလဲဆိုရင် ပညာသား မဆန်ဘူး။ ပညာစကား လုံးဝမပါဘူး၊ ပညာရှင်၊ ပညာတတ်က နှလုံးသားနဲ့ ခံစားနေပြန်ပါရောလား။

ပရိသတ်ကို ကိုယ့်စိတ်ကူးအထင်နဲ့ ရမ်းသန်းမှန်းဆလို့ တွက်ဆလို့ မရဘူးဆိုတာ သွားတွေ့ရပါတယ်။ စကားမစပ်လို့ ပြောပါရစေဦး၊ ၂၀၀၁ ခုနှစ်က ကျွန်တော် အမေရိကန်နိုင်ငံကို ရောက်သွားပါတယ်။ နိုင်ငံတကာ စာရေးဆရာများ စာပေအလုပ်ရုံဆွေးနွေးပွဲဖိတ်လို့ ကျွန်တော် မြန်မာစာရေးဆရာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ စာရေးဆရာမ မြနှောင်းညိုပါ ပါတယ်။

ဆိုတော့ကာ ကျွန်တော်တို့ပြန်ခါနီးမှာ ထုံးစံအတိုင်း စာတမ်းဖတ်ခွင့်ရပါတယ်။ ကျွန်တော်က ဘာစာတမ်းဖတ်ရသလဲဆိုတော့ ရှားရှားပါးပါးပေါ့နော်၊ ဒါကလည်း ပညာရှင်တွေရဲ့ အဆိအမိန့်ပါ။ ဖိတ်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ မှတ်ချက်ပါ။ Family Saga လို့ ခေါ်တယ်ဗျ။ မိသားစု အကြောင်းကို ဝတ္တုပုံစံရေးတဲ့ စာပေအမျိုးအစား။ ကျွန်တော်က အဲဒါမျိုး အရေးများတဲ့အတွက်ကြောင့် အဲဒါမျိုးစာတမ်းကို ဖတ်ရတယ်ဗျ။ ရှားရှားပါးပါး စာပေအမျိုးအစားပေါ့နော်။ ဝိဝါဒလည်း ကျွန်တော်တို့နိုင်ငံမှာ ကွဲပြားနေပါတယ်။

အဲဒီ ဖမ်မလီဆားဂါးဆိုတဲ့ ‘ဖြစ်ကြောင်းကုန်စင် မိသားစုပုံပြင်’ ခေါ်မှာပေါ့၊ ကျွန်တော်က စာတမ်းဖတ်ပါတယ်။ ထုံးစံအတိုင်း နိုင်ငံပေါင်း ၂၈ နိုင်ငံက စာရေးဆရာပေါင်းစုံ နားထောင်တာပေါ့လေ။ ကျွန်တော်က စာတမ်းထဲမှာ ပညာရပ်ဆိုင်ရာတွေနဲ့ ထည့်သွင်းဖတ်ကြားတာပေါ့။ ပြီးတဲ့အခါ နိုင်ငံတကာ စာရေးဆရာတွေက သဘောကျကြတယ်ပေါ့နော်။ လက်ခုပ်တီး သြဘာပေးကြတာပေါ့လေ။ ထုံစံအတိုင်းပေါ့ဗျာ။ ကျွန်တော်လည်း ထုံးစံအတိုင်း Any Question ဆိုပြီး မေးစရာရှိပါသလားပေါ့လေ။ အဲဒီအချိန်မှာ အံ့သြစရာ ထူးထူးဆန်းဆန်း ဘာတုံ့ပြန်လာသလဲ ဆိုတော့ နိုင်ငံတကာက ခေါင်းခေါက်ရွေးလိုက်တဲ့ စာပေပညာရှင်တွေနော်။ တစ်ပြိုင်နက်တည်း ထွက်လာတဲ့အသံက မြန်မာသီချင်းတစ်ပုဒ်လောက် ဆိုပြပါတဲ့။ ဟောဗျာ ကြည့်စမ်းပါဦး၊ နိုင်ငံတကာ စာပေပညာရှင်တွေရဲ့ တုံ့ပြန်မှု၊ ရုတ်တရက်တော့ ကျွန်တော် အံ့သြသွားတယ်။

‘ဟား… စာပေပညာရှင်တွေက ဘယ့်နှယ် ငါ့သီချင်းဆိုခိုင်းနေရတာတုံး’ ဆိုပြီး ပေါက်တတ်ကရတွေ ခိုင်းနေတယ်ပေါ့။ ဘယ်ဟုတ်ပါ့မလဲ၊ သေသေချာချာစဉ်းစားကြည့်တော့ သူတို့ဦးနှောက်တွေ ပူနေပြီလေ။ နဂိုကတည်းက သူတို့ကိုယ်တိုင် စာပေပညာရှင်တွေဆိုတော့ စာတွေလည်း တောက်လျှောက်ရေးလား၊ ဒီပွဲမှာလည်း အချင်းချင်း ကိုယ်စီကိုယ်စီ စာအကြောင်းပေအကြောင်းတွေ၊ ဝတ္တုတို-ဝတ္တုရှည် သဘောတရားတွေ ပြောလာ၊ ဆိုလာခဲ့ကြတာ တစ်ယောက်တစ်လှည့်စီ ပြောဆိုခဲ့ကြပြီးတာ၊ ကဗျာ၊ ဆောင်းပါးအကြောင်း ပြောကြဆိုကြ လုပ်လာခဲ့ကြရတာဆိုတော့ သူတို့ ငြီးငွေ့နေပြီပေါ့။

ဒီတော့ ဦးနှောက်က ငြီးငွေ့နေပြီ၊ သူတို့နှလုံးသားနဲ့ သီချင်းနားထောင်ချင်မှာပေါ့။ ဒီကြားထဲ မြန်မာပြည်မှာ အဆိုအလွန်ကောင်း၊ အသံအလွန်ကောင်းပါတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ကိုယ်ရေးမှတ်တမ်းလည်း သူတို့က ဖတ်ထားပြီးပြီဆိုတော့၊ အဲဒီတော့ ကျွန်တော့်သီချင်း၊ အထူးသဖြင့် မြန်မာသီချင်း နားထောင်ချင်မှာပေါ့။
အဲဒီတော့ ကျွန်တော်ကလည်း ထုံးစံအတိုင်း မြန်မာသီချင်းပေမယ်လို့ အင်တာနေရှင်နယ်လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးက နားထောင်ခံစားနိုင်တဲ့ 'မြနန္ဒာ ရေညိုညိုရိပ်ကာသန်းတဲ့' ဆိုတဲ့၊ ပြောရဦးမယ်။ နေညိုညိုမဟုတ်ဘူးနော်၊ ရေညိုညိုရိပ်ကာသန်းတဲ့ ဖြစ်ရပါမယ်။ အဲဒီ မြနန္ဒာကို ကျွန်တော်ဆိုပါတယ်။ ကျွန်တော်ဆိုတော့ သူတို့က အဆင်သင့်ပဲဗျာ၊ တိုင်ပင်မထားပါဘူး။ သူတို့ကလည်း လက်ခုပ်တီး၊ သူတို့လက်ခုပ်တီးတော့ ကျွန်တော်ကလည်း ပါးစပ် အငြိမ်မနေနိုင်ဘူး။ အနားမှာရှိတဲ့ မြနှောင်းညိုကို -

"ကဲ... မညို၊ ဒီတိုင်းတော့ မစည်ကားဘူး၊ ခင်ဗျား ထကပေတော့ဗျာ"

ဆိုပြီးတော့၊ မညိုကလည်း ဂါဂယာကြီးနဲ့ ထကရတော့တာပေါ့။ အီတလီကဗျာဆရာမကြီး တစ်ယောက်က ဂါဝန်ကြီးနဲ့ ထကပါလေရောဗျာ၊ ဟော စည်စည်ကားကားနဲ့ ပွဲသိမ်းသွားပါလေရေဗျာ။

ဒါဟာ ဂီတကြောင့် စည်စည်ကားကားဖြစ်သွားတယ်။ ဆူဝေနေတဲ့ ဦးနှောက်တွေလည်း ငြိမ်သက်အေးမြသွားတယ်။ နှလုံးသားတွေ ပြန်ပြီးနိုးကြားလာတယ်။ ပြောချင်တာက ဂီတကြောင့်၊ အထူးသဖြင့် မြန်မာ့ ဂီတကြောင့်၊ ကမ္ဘာကခံစားနိုင်တဲ့ ဆရာမြို့မငြိမ်းရဲ့သင်္ကြန်သီချင်းကြောင့် ကမ္ဘာ့စာပေသမားတွေ သွေးဆူကုန်တယ်၊ လှုပ်ရှားကုန်တယ်၊ ခံစားနိုင်တယ် ဆိုတာပါပဲ။ ဒါလည်း ဘာပဲဖြစ်ဖြစ် ပရိသတ်နေရာကို ရောက်သွားတဲ့ စာပေပညာရှင်တွေအကြောင်းပေါ့ဗျာ။

ပြောလက်စ စကားနဲ့ တစ်ဆက်တည်းပဲ မြန်မာဂီတရဲ့ ပရိသတ်တွေအဖြစ် ကမ္ဘာ့စာပေပညာရှင်တွေ ဖြစ်ကုန်ကြတယ်ပေါ့ဗျာ။ တစ်ဆက်တည်းမှာပဲ စကားမစပ် ထပ်ပြီးပြောလိုက်ပါရစေ။ ကျွန်တော့်ကိုယ်တွေ့၊ တကယ့်ကို ကိုယ်တွေ့ပါဗျာ။ တစ်ချိန်သောအခါက မြင်းခြံဘက်ကနေ ကျွန်တော့်ကို အလှူတစ်ခုမှာဆိုဖို့ ငှားပါတယ်။ ငှားတော့ ကျွန်တော်ကလည်း သွားမယ်ပေါ့၊ အဲဒီတော့ အလှူရှင်ဘက်က သူ့ရဲ့ဒတ်ဆန်း (Datsum) ကား အသစ်လေးတစ်စင်း၊ Pick-up ကားလေးတွေပေါ်စ၊ အမိုး မတပ်ရသေးဘူး။ ကျွန်တော့်အတွက်ဆိုပြီး ထားခဲ့ပါတယ်။ အဲဒီကားလေးနဲ့လာခဲ့။ ဒရိုင်ဘာရယ်၊ ကျွန်တော့်အဖော်ရယ်၊ ကျွန်တော်ရယ် သွားမယ်ဆိုပြီး စီစဉ်ကြတယ်။

ဒါနဲ့ ဒရိုင်ဘာနဲ့ ကျွန်တော့်အဖော်ကို ကားရှေ့ခန်းမှာထိုင်ခိုင်း၊ ကျွန်တော်က နောက်ခန်းမှာ အိပ်ရာတွေခင်း၊ ခြင်ထောင်အဆင်သင့်ထား၊ စားစရာ သောက်စရာတွေ အစုံအလင်နဲ့ပေါ့လေ။ ပြောရရင်တော့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်ဗျာ၊ မရှက်တော့ပါဘူး။ အရက်ပုလင်းလည်းပါတာ ပေါ့ဗျာ။ ဒါက ပြောမယ့်အထဲမှာ အရေးကြီးလို့ပါ။ အဲဒီကားနောက်ခန်းမှာ သောက်လိုက်စားလိုက်၊ အိပ်လိုက်နဲ့ မြင်းခြံခရီးထွက်ခဲ့တာပေါ့။ ညမှာ ထွက်ခဲ့ပါတယ်။

ထုံးစံအတိုင်း အညာခရီးဆိုတော့ ဖုန်တသောသောပေါ့။ အမိုးအကာလည်းမပါတော့ လေတိုက်လိုက်၊ ဖုန်တွေလူးလိုက်၊ သောက်လိုက် အိပ်လိုက်ပေါ့။ မနက်ဝေလီဝေလင်းရောက်တဲ့အချိန်ကျတော့ တောလမ်းတစ်နေရာရောက်တယ်။ ရောက်တဲ့အခါမှာ ကျွန်တော့်တစ်ကိုယ်လုံးဟာ စား၊ သောက်၊ အိပ်ထားတဲ့အတွက်ကြောင့် ဖုန်အလိမ်းလိမ်းနဲ့ ညစ်ပတ်၊ ပေတူးနေတာပေါ့ဗျာ။ ဆံပင်တွေကလည်း ဖွာလန်ကြဲ၊ မုတ်ဆိတ် နှုတ်ခမ်းမွေးကလည်း မရိတ်မသင်ရတဲ့အခါကျတော့ ကြည့်မကောင်း ရှုမပျော်ပေါ့။

အဲဒီလို သွားနေရာကနေပြီးတော့ မိုးလင်းဝေလီဝေလင်းအချိန်ရောက်ပြီပေါ့ဗျာ။ မော်တော်ကားကိုလည်း ရေလဲပေးတဲ့အချိန် ခဏရပ်တယ်။ ရပ်တော့ ကျွန်တော် အိပ်လက်စနဲ့ ဆက်ပြီးမှေးနေတာပေါ့။ ဒါပေမဲ့ မျက်လုံးမှိတ်ထားပေမယ့် အပြင်က အသံတွေကတော့ ကြားနေရပါတယ်။ အဲဒီအချိန်မှာ တောသူမိန်းမကြီးတစ်ယောက်ရယ်၊ ကျွန်တော့်ဒရိုင်ဘာရယ် စကားပြောနေတဲ့အသံကို ကြားရတယ်။ အငြင်းအခုံအလုပ်နေတာပါ။ အဲဒီမှာ မိန်းမကြီးက -

"မဟုတ်ပါဘူးတော်၊ ဒါ တို့ သုမောင်ကြီး မဟုတ်ပါဘူးတော်"
တဲ့။ ကျွန်တော့်ဒရိုင်ဘာက -

"ဟုတ်ပါတယ်ဗျာ၊ ဟုတ်ပါတယ်ဗျာ"
ဆိုပြီး အထပ်ထပ်အခါအခါ ငြင်းပြောပြောနေတယ်။

သေချာပါတယ်၊ ကျွန်တော့်ဒရိုင်ဘာက ဒီမိန်းမကြီးကို သွားကြွားပုံရတယ်။ ဒါ သုမောင် ဆိုပြီးတော့ပေါ့၊ ဒီ မိန်းမကြီးကလည်း လူမမြင်ဖူးဘူး။ အသံပဲကြားဖူးတယ်ဆိုပေမယ့် ဒီလောက် စုတ်ပြတ်သတ်နံစော်နေတဲ့ ကားနောက်က သတ္တ၀ါကို သူတို့ချစ်တဲ့သုမောင်အဖြစ် မယုံကြည်နိုင်ဘူး ထင်တယ်။ ဒါကြောင့် အငြင်းအခုံဖြစ်နေတာကိုး။

အဲဒီတော့ ကျွန်တော်လည်း မသိမသာဘဲ ဆက်မှေးပြီးတော့ နေလိုက်ပါတယ်။ အဲသလိုနေရင်းကနေ ကားရေလဲပြီးတဲ့အခါ စောစောကပြောတဲ့ တောသူမ အဘွားကြီးရဲ့ အဆုံးသတ်စကားကို ကျွန်တော်ကြားလိုက်ရပါတယ်။ အဲဒါက ဘာလဲဆိုတော့ -

“ ဟေ့မောင်ရင်… ဟောဒီ ကောင်ကလေးသာ တို့သုမောင်အစစ်ဆိုရင် ငါတို့အိမ်မှာ ခြောက်ရက်တိတိ ထမင်းတင်ကျွေးထားမယ်”တဲ့။

ဒီစကားလေးက ကျွန်တော့်နားထဲမှာ ဒီကနေ့အထိ မထွက်တော့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ကားလေး ထွက်လာပြီးတဲ့အခါ ကျွန်တော် ခေါင်းထောင်ကြည့်လိုက်တော့ ကားလေးကို မလုံမလဲ၊ မယုံမရဲ၊ မျက်လုံးလေးကို လက်နဲ့ကာပြီးကြည့်နေတဲ့ အဲဒီတောသူမကြီးကို မျက်စိတဆုံး ကျွန်တော်မြင်နေရပါတယ်။ ကျွန်တော်စဉ်းစားမရတာကတော့ ကျွန်တော့်ရဲ့ ပရိသတ် အရင်းအချာဖြစ်တဲ့၊ မြန်မာသံအလွန်မြတ်နိုးတဲ့ ကျွန်တော့်သီချင်းတွေကလည်း တောထဲတောင်ထဲ အလှူမင်္ဂလာဆောင် ဖွင့်ကြမယ် ထင်ပါတယ်ဗျာ၊ ကျွန်တော် ကြည့်လိုက်တဲ့အခါမှာ တောသူမကြီးရဲ့ဘေးမှာ တစ်ဖက်ယပ်တဲလို့ ပြောလို့တောင်မရတဲ့ အမိုးနဲ့အကာ နှစ်ဖက်လောက်သာရှိတဲ့ ဝါးစင်လေး၊ ဓနိလေးနဲ့ တဲအဖြစ်သာသာလုပ်ထားတဲ့ တဲလေး သုံးလေး ငါးလုံးလောက်ပဲ ရှိတဲ့ ကားရေလဲတဲ့ စခန်းရွာလေး။ အဲဒါလေးကို မြင်နေရတယ်ဗျာ။

ဒီနေရာလေးမှာနေတဲ့ ဒီတောသူမကြီးက ‘တို့သုမောင်အစစ်သာဆိုရင် ခြောက်ရက်လုံးလုံး ထမင်းတင်ကျွေးထားမယ်’ ဆိုတဲ့စကားကို ဒီနေ့အထိ ကြားယောင်နေသလို ကျွန်တော့်အဖို့ ဒီကနေ့အထိ နားမလည်နိုင်အောင် ဖြစ်နေရပါတယ်။ ခြောက်ရက်ဆိုတာ ဘာသဘောလဲ၊ ခြောက်လလည်းမဟုတ်၊ ခြောက်နှစ်လည်းမဟုတ်၊ တစ်သက်လုံးလည်း မဟုတ်နော်။ ကျွန်တော် စဉ်းစားကြည့်တယ်။ သူတို့ ဒီတဲလေးတွေမှာ ခြောက်ရက်ပဲ နေခွင့်ရှိသလား၊ ခြောက်ရက်ပြည့်ရင် တခြားနေရာပြောင်းပြီး ဒီလိုပဲ တဲထိုးနေကြရတဲ့ တကယ့်အခြေခံ ဆင်းရဲသား လူတန်းစားတွေလားပေါ့။

အဲဒီပရိသတ်ဟာ မြန်မာသံပရိသတ်၊ အလှူခံမဏ္ဍပ်ကဖွင့်တဲ့ ကျွန်တော့်သီချင်းတွေကို နားထောင်တဲ့ ပရိသတ်ဆိုတာတော့ သေချာတယ်။ ဒါကြောင့် ကျွန်တော့်စကားကို ပြန်ကောက်ရမယ်ဆိုရင် ဒီနေ့အထိ ကျွန်တော်ဟာ မြန်မာသံကို ချစ်နေတာ၊ မြန်မာသံကို စွဲလမ်းနေတာ၊ မြန်မာသံသီချင်းတွေကို ဆိုနေတာ၊ မြန်မာသံသီချင်းကို ဆိုမယ့်တီးမယ့် နောက်တက်လာတဲ့ လူငယ်ဂီတပညာရှင်တွေကို လက်ကမ်း ကြိုဆိုနေတာ၊ လက်တွဲကူညီနေတာ အဓိပ္ပာယ်မဲ့မဟုတ်ဘူးဆိုတာကို ပြောရင်းနဲ့ ဒီအပတ်ကိုလည်း ဒီမျှနဲ့ ခေတ္တနားပါဦးမယ်။

အားလုံး ကျန်းမာချမ်းသာကြပါစေ။

credit to mmyaber (DuDu)

မိခင်လောင်း ဆောင်ရန်နှင့် ရှောင်ရန်

နိုဝင်ဘာလထုတ် ကျန်းမာရေး မဂ္ဂဇင်းမှ

မိခင်လောင်း ဆောင်ရန်နှင့် ရှောင်ရန်

မိခင်လောင်းတစ်ဦး မသိမဖြစ် သိထားသင့်တဲ့ အခြေခံအချက်တွေ ရှိပါတယ်။ အဲဒါတွေကို သိထားလိုက်နာနိုင်ပါမှ မိခင်ရော ရင်သွေးငယ်ပါ ကျန်းမာပြီး အကျိုးများမှာပါ။ တချို့အချက်တွေကတော့ လူတွေအတော်များများ သိထားပေမယ့် တစ်ချို့တစ်ဝက်ကိုတော့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်ပါတယ်။ ဥပမာ-ကိုယ်ဝန်ဆောင်စဉ်မှာ သံဓာတ်အားဆေး ပုံမှန် သောက်ရမယ်ဆိုတာမျိုးကို သိကြပေမယ့် ဖောလစ်အက်ဆစ်ကိုလည်း လုံလောက်အောင် ဖြည့်စွက်သောက်သုံးရမယ် ဆိုတာကိုတော့ သိသ...
ူနည်းပါတယ်။ ဓာတ်မှန်ရိုက်ရန်ထွက်လာတဲ့ ဓာတ်ရောင်ခြည်က ရင်သွေးငယ်ကို အန္တရာယ် ရှိစေတယ်ဆိုပြီး သတိထားကြပေမယ့် မိုက်ခရိုဝေ့(မ်) မီးဖိုကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်တယ်ဆိုတာကို သတိမပြုမိကြပါဘူး။
ဒီဆောင်းပါးထဲမှာ ကိုယ်ဝန်လွယ်ထားရစဉ် ကာလတစ်လျှောက် ရှောင်သင့်တာတွေ၊ လုပ်သင့်တာတွေကို အစီ အစဉ်တကျ ပြုစုပေးထားပါတယ်။

ဆောင်သင့်သည်များ
၁။ ပုံမှန်ကျန်းမာရေးစစ်ဆေးရန်
ကိုယ်ဝန်လွယ်ထားရစဉ် အခက်အခဲ ပြဿနာများ ရှောင်ရှားနိုင်ရန် အကောင်းမွန်ဆုံးနှင့် အလွယ်ကူဆုံး နည်းလမ်း ကတော့ ဆရာဝန် (သို့) သားဖွားဆရာမနဲ့ မှန်မှန်ပြပြီး စစ်ဆေးစောင့်ရှောက်မှု ခံယူဖို့ပါပဲ။

၂။ ဖောလစ်အက်ဆစ် ပုံမှန်သောက်ရန်
ဖောလစ်အက်ဆစ်ဆိုတဲ့ ၀ါညစ်ညစ်ဆေးလုံးလေးတွေကို ကိုယ်ဝန်ဆောင်စဉ်မှာ မဖြစ်မနေ သောက်ရပါမယ်။ ကလေးငယ်ရဲ့ ကျောရိုးမကြီး ကောင်းမွန်စွာ အပြည့်အ၀ ဖြစ်လာဖို့အတွက်ပါ။ “Spina bifida”လို့ခေါ်တဲ့ “ကျောရိုးမကြီး ကောင်းကောင်း မဖြစ်ပေါ်တဲ့ရောဂါ”ဟာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။ ကလေးငယ်ရဲ့ ကျောဘက်က အာရုံ ကြောမကြီးနဲ့ အခြားအာရုံကြောတွေကို ဖုံးကာပေးတဲ့ ကျောရိုးမကြီးက တစ်နေရာရာမှာ ချို့ယွင်းနေတဲ့အတွက် အာရုံ ကြောတွေ အတိုင်းသားပေါ်နေတော့တာပါ။ ဖောလစ်အက်ဆစ် လုံလောက်စွာ သောက်ထားမယ်ဆိုရင် Spina bifida ဖြစ်နိုင်ချေကို သိသိသာသာ လျော့ချပေးပါတယ်။
ကိုယ်ဝန်ဆောင်တော့မယ်လို့ စိတ်ကူးပြီး အကာအကွယ်၊ အတားအဆီးတွေ ဖယ်ပစ်လိုက်ချိန်တည်းက ဖောလစ် အက်ဆစ်ကို စ,သောက်ပေးပါ။ ကိုယ်ဝန်မရှိခင် တစ်လအလိုလောက်တည်းက ကြိုသောက်တာကတော့ အကောင်းဆုံးပါပဲ။ ကိုယ်ဝန်ဆောင်နေစဉ် တောက်လျှောက်မှာလည်း ဆက်သောက်ပေးရပါမယ်။ နေ့စဉ် လိုအပ်တဲ့ ပမာဏကတော့ 800 µg (0.8 mg)မို့လို့ BPI ဖောလစ်အက်ဆစ်ဆိုရင် တစ်နေ့ကို နှစ်လုံး သောက်ပေးရပါမယ်။
ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းရော၊ ရင်သွေးငယ်ပါ ဗီတာမင်ဓာတ် အမြောက်အမြား ရဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်အားဆေး အမြောက်အမြားရှိတဲ့ အနက်မှ ယုံကြည်စိတ်ချရပြီး ကိုယ်ဝန်အတွက် အဓိကလိုအပ်တဲ့ ဗီတာမင် တွေပါတဲ့ အားဆေးကို ရွေးချယ်သောက်သုံးပါ။

၃။ ဂျိုက်သိုးရောဂါကာကွယ်ရန်
ဆေးလောကအခေါ် Rubella (၀ါ) German measles ဟူသော ဂျိုက်သိုးရောဂါဟာ သိပ်ကို အန္တရာယ်ကြီးပါတယ်။ ကိုယ်ဝန်ဆောင်ထားစဉ် ဂျိုက်သိုးရောဂါဖြစ်ပွားရင် ငွေ့ငွေ့ဖျားခြင်း၊ ခေါင်းကိုက်၊ နှာစေးပြီး ခန္ဓာကိုယ်ပေါ်မှာ အနီပြင် ပေါ်ခြင်းစတဲ့ တုပ်ကွေးဆန်ဆန် လက္ခဏာတွေ ပေါ်လာပါတယ်။ ပြီးရင် သူ့အလိုအလျောက် ပြန်ပျောက်သွားတဲ့အတွက် မိခင်လောင်းတွေဟာ ပေါ့ပေါ့ဆဆပဲ နေလိုက်ပြီးမှ မမျှော်လင့်ဘဲ ရင်သွေးလေးဆီကို အဲဒီဂျိုက်သိုးပိုးက ကူးစက်သွားတဲ့ အခါ မွေးရာပါနားမကြားခြင်း၊ မွေးရာပါ နှလုံးရောဂါ၊ ဉာဏ်ရည်နိမ့်ခြင်းနဲ့ မွေးရာပါ အတွင်းတိမ်စတဲ့ ရင်နင့်ဖွယ် အဖြစ်တွေ ဖြစ်လာတတ်တာပါ။ ကံမကောင်းရင် ပျက်ကျတာအထိ ဖြစ်နိုင်ပါတယ်။ ဒီလိုအဖြစ်ဆိုးကို ရှောင်ရှားနိုင်တဲ့ နည်းလမ်း ကတော့ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးထားဖို့ပါ။

၎။ ကီးဂဲလ် (Kegel) လေ့ကျင့်ခန်းလုပ်ရန်
မွေးလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေ ပျော့နေရင် မွေးတဲ့အခါ ပိုပြီးနာကျင်တတ်သလို မွေးချိန်က လိုတာထက် ကြာသွားတတ်ပါတယ်။ သဘာဝအလျောက် ကလေးမွေးဖွားပြီးရင်လည်း ကြွက်သားတွေက အားပျော့သွားတတ်လို့ နောက်တစ်ခါ မွေးတဲ့အခါ သက်သောင့်သက်သာမရှိဘဲ ဖြစ်တတ်ပါတယ်။ မွေးလမ်းကြောင်းကြွက်သားတွေ အားကောင်းပြီး မွေးတဲ့အခါ လိုက်လျောညီထွေဖြစ်စေဖို့အတွက် Kegel လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက အတန်ငယ် တော့ ရယ်စရာကောင်းပေမယ့် စမ်းကြည့်ပါ။ သေချာပေါက် အကျိုးထူးပါတယ်။ ဆီးသွားနေရင်း မပြီးခင် ရုတ်တရက် အောင့်လိုက်တယ်လို့ စိတ်ထဲမှာ သဘောထားပြီး ကြွက်သားတွေကို ကျုံ့လိုက်ပါ။ လေမလည်အောင် အောင့်ထားတယ်လို့ သဘောထားပြီး ကျုံ့လို့လည်း ရပါတယ်။ အဲဒီလိုမျိုး မွေးလမ်းကြောင်းက ကြွက်သားတွေ ကျုံ့သွားစေတာ Kegel လေ့ကျင့်ခန်းပါပဲ။ လေ့ကျင့်ခန်း လုပ်နေစဉ် ခြေထောက်၊ တင်ပါးနဲ့ ဗိုက်ကအသားတွေ မလှုပ်အောင် ကြိုးစားပါ။
တစ်ခါကျုံ့ထားရင် ငါးစက္ကန့်နဲ့ ဆယ်ခါ ကျုံ့ပေးပါ။ နာရီအတိအကျ မဟုတ်ဘဲ စိတ်ထဲကနေ တစ်ကနေ ငါးအထိ ဖြည်းဖြည်းချင်း ရွတ်ပေးရင်လည်း ငါးစက္ကန့်နဲ့ တူပါတယ်။ အဲဒီလိုမျိုး တစ်နေ့ကို ၅ကြိမ်တိတိ လုပ်ပေးပါ။

၅။ အိမ်တွင်းတွင် လွယ်ကူစွာ စိုက်နိုင်သော အပင်များစိုက်ရန်
တိုက်ခန်း၊ ကွန်ဒိုတွေနဲ့ အနေများလာတဲ့ ယနေ့ခေတ် လူနေမှုဘ၀မှာ အပင်စိုက်တဲ့ အလေ့အထပါ ရှားပါးလာပြီး ကော်ဇောနဲ့ အိမ်သန့်စင်ဆေးရည် အမျိုးမျိုးမှာပါတဲ့ ဓာတုပစ္စည်းအမျိုးမျိုးရဲ့ အန္တရာယ်ပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရပါတယ်။ ကိုယ်ဝန်လွယ်ထားရစဉ် ပိုပြီး နုနယ်နေတဲ့ မိခင်လောင်းဟာ ဒီဒဏ်တွေကို ပိုပြီး ခံရတတ်တာကြောင့် တတ်နိုင်သလောက် ကာကွယ်နိုင်ဖို့ အိမ်တွင်းမှာပဲ လွယ်လင့်တကူ စိုက်လို့ရတဲ့ အပင်လေးတွေ စိုက်ပေးထားပါ။ ဥပမာ-ဂမုန်းပင်ဆိုရင် အိမ်သုတ်ဆေးတွေမှာ ပါတတ်တဲ့ formaldehyde ကို ဓာတ်ပြယ်စေတဲ့ သတ်္တိရှိပါတယ်။

၆။ အကောင်းမြင်စိတ်မွေးရန်
အကောင်းမြင်တတ်တဲ့စိတ်ဆိုတာ လူတိုင်းမှာ ရှိနေသင့်တဲ့ စိတ်ထားပါ။ ကိုယ်ဝန်လွယ်ထားရစဉ်မှာတော့ မကောင်းတဲ့ စိတ်ထားတွေ၊ အတွေးတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို မတွေးဘဲ လူ့လောကထဲကို အသစ်ချပ်ချွတ် ရောက်ရှိလာမယ့် ချစ်စရာကလေးလေးအကြောင်းကိုပဲ တတ်အားသရွေ့ တွေးနေပေးပါ။ အဲဒါကို မိခင်နဲ့ကလေး စိတ်ချင်း ဆက်သွယ်ခြင်း (Prenatal Bonding)လို့ ခေါ်ပါတယ်။

၇။ ဆရာဝန်ကို လက်ရှိခံစားရသော အနေအထားနှင့် မိသားစုရာဇ၀င်ကို မခြွင်းမချန် ပြောပြရန်
တကယ်လို့ မိခင်လောင်းမှာ အရင်က ကြီးကြီးမားမား ခံစားရဖူးတဲ့ ရောဂါရှိခဲ့ရင် (သို့) နာတာရှည်ဝေဒနာရှိခဲ့ရင် (သို့) မိသားစုထဲမှာ မွေးဖွားခြင်းဆိုင်ရာ ပြဿနာတွေ ရှိခဲ့ဖူးရင် ဆရာဝန်ကို သေသေချာချာ ပြောပြပေးပါမှ ဘယ်လို သင့်လျော်အောင် စီစဉ်ရမယ်ဆိုတာ ဆရာဝန်က ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ အတက်ရောဂါနဲ့ ရေယုန်အပါအ၀င် အခြားသော လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဆိုရင် ပိုဂရုစိုက်ပြီး တိုင်ပင် အသိပေးသင့်ပါတယ်။

၈။ ပရိုတင်းဓာတ်နဲ့ ဆီကို ပြည့်ဝစွာ စားသောက်ပေးပါ။
ပုံမှန်အားဖြင့် ဆီတွေ၊ ကိုလက်စရောတွေဟာ ရှောင်ရမယ့်အရာတွေလို့ ခေါင်းထဲမှာ စွဲနေပါလိမ့်မယ်။ ဈေးဝယ်တိုင်းလည်း အဆီမပါ နွားနို့၊ အဆီလွတ်အသားတွေကို ရှာဝယ်မိပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ကာလမှာတော့ အဆီဓာတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ကေတွေကို စုပ်ယူနိုင်ဖို့ရာ ခန္ဓာကိုယ်မှာ အဆီရှိမှ ဖြစ်မှာမို့လို့ပါ။ ပြီးတော့ ရင်သွေး ငယ်လေးရဲ့ ဦးနှောက်ကြီးထွားဖွံ့ဖြိုးလာဖို့ရာလည်း အဆီကို လိုအပ်ပါတယ်။ စားအုန်းဆီကိုရှောင်ပြီး ပဲပိစပ်ဆီ၊ ဟင်းသီး ဟင်းရွက်ဆီ၊ သံလွင်ဆီကို ရွေးချယ်ပါ။
ထပ်ပြောချင်တာက ပရိုတင်းဆိုတဲ့ အသားဓာတ်ပါ။ ပဲ၊ ဥနဲ့ အသားတွေမှာ ပရိုတင်းဓာတ်ပါပါတယ်။ အသားဆိုရင် အနည်းဆုံး တစ်နေ့ကို (၅)ကျပ်သား စားပေးပါမှ ကလေးငယ်လေး ကြီးပြင်းလာဖို့ မရှိမဖြစ် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ထောက်ပံ့ပေးစွမ်းနိုင်မှာပါ။ ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေမှာဖြစ်နိုင်တဲ့ သွေးပေါင်ချိန်တက်လာပြီး ဆီးထဲမှာ ပရိုတင်း တွေ ဆုံးရှုံးကုန်တဲ့ Pre-eclampsia ရောဂါကိုလည်း အတန်သင့် ကာကွယ်နိုင်ပါတယ်။

ရှောင်သင့်သည်များ
၁။ ဆေးလိပ်မသောက်ရန်နှင့် ဆေးလိပ်သောက်သူများအနားတွင် မနေရန်
ဆေးလိပ်သောက်ခြင်းသည် မိခင်နှင့်ကလေး နှစ်ဦးလုံးကို ထိခိုက်စေနိုင်သော လူသိများသည့် အန္တရာယ် တစ်ခု ဖြစ်သော်လည်း ရာပေါင်းများစွာသော ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ဆေးလိပ်သောက်နေဆဲပင် ဖြစ်သည်။ ကိုယ်တိုင် ဆေးလိပ်မသောက်လျှင်သော်မှ ဆေးလိပ်သောက်တတ်သူ ခင်ပွန်းသည်၊ မိသားစုဝင်တို့နှင့် နီးနီးကပ်ကပ် နေရ ခြင်း၊ လုပ်ငန်းခွင်တွင် ဆေးလိပ်သောက်တတ်သော လုပ်ဖော်ကိုင်ဖက်နှင့် တွဲဖက်တာဝန်ယူရခြင်းတို့သည်လည်း ရင်သွေး ငယ်အတွက် အန္တရာယ်ကြီးပေသည်။ မိခင်လောင်း ရှူရှိုက်မိသော ဆေးလိပ်ငွေ့များကြောင့် လမစေ့ဘဲ မွေးဖွားခြင်း၊ လစေ့သော်လည်း ပေါင်မပြည့်သော ကလေးမွေးခြင်း၊ သားပျက်သားလျောဖြစ်ခြင်းတို့အပြင် မွေးကင်းစ ကလေးငယ်လေး သေဆုံးသည်အထိ ဖြစ်နိုင်ပေသည်။

၂။ အရက်မသောက်ပါနှင့်။ အယ်လ်ကိုဟောပါသော အချိုရည်များ မသောက်ပါနှင့်။
ယနေ့ခေတ်တွင် အမျိုးသမီးငယ် အများစုသည် အရက်ဟု မဆိုသာစေကာမူ အယ်လ်ကိုဟောပါဝင်သည့် ကော့တေးလ်၊ ၀ိုင်၊ အချိုရည်တို့ကို သောက်သုံးနှုန်း အလွန်မြင့်မားလာသည်။ အယ်လ်ကိုဟောသည် ရင်သွေးငယ်ပေါ်တွင် ကောင်းကျိုးဟူ၍ တစ်ခုမျှမပေးဘဲ သောက်သည့်ပမာဏနှင့် အကြိမ်ရေများလေလေ ဆိုးကျိုးကိုသာ ပေးလေလေဖြစ်သည်။ ဆေးပညာ အခေါ်အရ “Foetal Alcohol Syndrome (FAS)၊ မြန်မာလို “အရက်ကြောင့်ဖြစ်ရသော ရင်သွေးငယ်၏ ဝေဒနာ”ဟု အဓိပ္ပာယ်ရသည့် ဆိုးဝါးလွန်းလှသော ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျစေခြင်း၊ ခန္ဓာကိုယ်သေးကွေးခြင်း၊ မျက်နှာ ပုံပျက်ပန်းပျက်ဖြစ်ခြင်း၊ ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းများ ပုံမမှန်ဖြစ်ခြင်းတို့ကို ခံစားရစေသည်။

၃။ တားမြစ်ထားသော ဆေးများ၊ စိတ်ကြွဆေးများကို မသုံးစွဲရန်
ယနေ့ခေတ် လူမှုနယ်ပယ်တွင် စိတ်ဖိစီးမှု သက်သာစေရန်၊ ခဏတာ ပျော်ရွှင်စေရန်၊ အသဲကွဲ ဝေဒနာကုစားရန် စသဖြင့် မရေရာသော အကြောင်းပြချက် အမျိုးမျိုးဖြင့် တားမြစ်ဆေးများ၊ စိတ်ကြွဆေးများကို သုံးစွဲမှု တွင်ကျယ်လာသည်။ မိခင်လောင်းဘ၀တွင် ထိုဆေးများကို အသုံးပြုပါက ပေါင်မပြည့်သော ရင်သွေးငယ် မွေးဖွားနိုင်ချေ မြင့်တက်လာမည်ဖြစ်ပြီး မွေးဖွားလာသောအခတွင်လည်း ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းချက်များနှင့် ရုပ်ပိုင်းဆိုင်ရာအရ အာခေါင်ကွဲခြင်း၊ မျက်လုံးစောင်းခြင်းနှင့် မျက်နှာပုံပျက်ခြင်းတို့ ဖြစ်စေနိုင်သည်။ ထို့ပြင် မိခင်လောင်း သုံးစွဲလိုက်သောဆေးများသည် အချင်း တိုင်ကိုဖြတ်၍ ရင်သွေးငယ်ဆီသို့ ရောက်သွားသဖြင့် ရင်သွေးငယ်မှာလည်း ဆေးသမားဖြစ်ရလေသည်။ မွေးဖွားပြီးသော အခါတွင် ထိုဆေးများ၏ အာနိသင်ကြောင့် ဆေးသမား ဆေးဖြတ်သကဲ့သို့ပင် အအိပ်အနေနည်းသော ကလေးငယ်ဖြစ်ခြင်း၊ နို့တိုက်ရခက်ခဲခြင်း၊ အငိုသန်ခြင်း၊ တက်ခြင်းတို့ကို ခံစားရစေသည်။

၎။ မည်သည့်ဆေးဝါးကိုမျှ ဆရာဝန်က မညွှန်ကြားဘဲ မိမိသဘောနှင့် မိမိ မသောက်သုံးပါနှင့်။
ဆေးဆိုင်များတွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်ပြီး ဆရာဝန်ညွှန်ကြားချက်မလိုသည့် “over the counter”ဟု ခေါ်သော OTC ဆေးဝါးများသည် သာမန်အချိန်များတွင် လုံခြုံစိတ်ချရသော်လည်း ကိုယ်ဝန်လွယ်ထားရချိန်တွင်မူ ရင်သွေး ငယ်၏ ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်နိုင်သည်။ ထို့ကြောင့် ရင်သွေးငယ်စ,ယူမည်ဟု စတင်ဆုံးဖြတ်သည့်အချိန်မှစ၍ မည်သည့် ဆေးဝါးကိုမျှ မိမိသဘောနှင့် မသောက်ဘဲ ဆရာဝန်ကို ဦးစွာတိုင်ပင်ရပေမည်။ အထူးသဖြင့် ကိုယ်ဝန် ပထမဆုံး နှစ်လတာသည် ရင်သွေးငယ်လေး၏ နှလုံး၊ အဆုတ်နှင့် ဦးနှောက်များ ဖြစ်ပေါ်ဖွံ့ဖြိုးလာသည့် အချိန်ဖြစ်သောကြောင့် ထိုအချိန်များတွင် ပို၍သတိထားရမည်။

၅။ ဗီတာမင်အေ ဖြည့်စွက်ထားသည့် အစားအစာများ၊ ဆေးများကို ရှောင်ရန်
တန်ရုံသင့်ရုံစားလျှင် ဆေးဖြစ်သော်လည်း လွန်ကြူးပါက ဘေးကြုံတတ်သကဲ့သို့ပင် ကိုယ်ဝန်လွယ်ထားရစဉ်တွင် ဗီတာမင်အေကို ပုံမှန်ပမာဏထက် (၄)ဆပို၍ စားသုံးမိပါက ရင်သွေးငယ်အား ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်။ ကိုယ်ဝန်ကာလ ပထမဆုံး သုံးလသည် အနုနယ်ဆုံးနှင့် အထိခိုက်လွယ်ဆုံး ဖြစ်သည်။ ထိုကာလတွင် ဗီတာမင်အေကို ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များဖြစ်သည့် အာခေါင်ကွဲခြင်း၊ မျက်လုံးပုံပျက်ခြင်းတို့အပြင် ဆီးလမ်းကြောင်းအနေအထား ပုံမှန်မဟုတ်ခြင်းနှင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အားနည်းချက်များ၊ နှလုံးပုံမှန်မဟုတ်ခြင်းများ ဖြစ်ပေါ်စေသည်။ အမျိုးသမီးများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ၀က်ခြံအား ကုသရာတွင် ဗီတာမင်အေ ထည့်သွင်းကုသလေ့ရှိသောကြောင့် မိခင်လောင်းအနေဖြင့် ကိုယ်ဝန်လွယ်ထားစဉ် ၀က်ခြံဖြစ်၍ ကုသလိုပါက ဆရာဝန်ကို မိမိ ကိုယ်ဝန်ဆောင်ထားကြောင်း ပြောပြအသိပေးရမည်။ သို့မှသာ ဆရာဝန်က ဗီတာမင်အေ ပေးသင့်၊ မပေးသင့် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ တစ်နေ့တာလုံး အတွက် သင့်တော်သည့် ဗီတာမင်အေ ပမာဏမှာ ၂၇၀၀ IU ဖြစ်ပြီး ကိုယ်ဝန်လွယ်ထား ရစဉ် ၈၀၀၀ IU ထက်ပို၍ စားသုံးမိပါက အန္တရာယ်ရှိသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်အားဆေးများတွင် ဗီတာမင်အေကို ၅၀၀၀ မှ ၈၀၀၀ IU အထိ သာ ထည့်သွင်းခွင့်ပြုထားပြီး အခြားအားဆေးများတွင်မူ ၁၀၀၀၀ IU အထိသာ ခွင့်ပြုထားသည်။

၆။ ဓာတ်မှန်ရိုက်ခြင်းကို တတ်အားသရွေ့ ရှောင်ရန်
အများသိထားသကဲ့သို့ပင် ဓာတ်မှန်ရိုက်ခြင်း နည်းပညာသည် ဆေးလောကအတွက် အကျိုးရှိသည့် အံ့မခန်း နည်းပညာဖြစ်သလိုပင် ဓာတ်ရောင်ခြည်၏ ဘေးထွက်ဆိုးကျိုး ကြီးမားလှသည်။ ထို့ကြောင့် ကိုယ်ဝန်သက်နုစဉ် အခြား သော ရောဂါအခြေအနေ တစ်ခုခုကြောင့် ဓာတ်မှန်ရိုက်ရန် အရေးကြုံလာပါက ဆရာဝန်ကို မိမိ၌ ကိုယ်ဝန်ရှိနေကြောင်း အသိပေးပြောပြရမည်။ သို့မှသာ ဓာတ်မှန် အရေးပေါ်ရိုက်ရန် မလိုအပ်သေးပါက မွေးဖွားပြီးသည့် အချိန်အထိ ရွှေ့ဆိုင်းနိုင်မည်ဖြစ်သလို မဖြစ်မနေရိုက်ရန် လိုအပ်ပါကလည်း ၀မ်းဗိုက်ကို အကာအကွယ် ဖုံးအုပ်၍ အမြန်ဆုံးရိုက်ပေးမည် ဖြစ်သည်။

၇။ မီးဖိုချောင်ဝင်ပါက မိုက်ခရိုဝေ့ဖြင့် မချက်ရန်
အချို့သော စစ်တမ်းများက ကိုယ်ဝန်ဆောင်စဉ် မိုက်ခရိုဝေ့ သုံးစွဲခြင်း၏ အကျိုးအမြတ်ကို သက်သေ မပြနိုင်သော် လည်း အချို့လေ့လာဆန်းစစ်ချက်များအရမူ မိခင်လောင်းဘ၀တွင် မိုက်ခရိုဝေ့မီးဖို သုံးစွဲမှုများပြားခြင်းသည် ရင်သွေးငယ် လေး၏ ကြီးပြင်းမှုကို ထိခိုက်စေသည်ဟု ထောက်ပြထားသည်။ ထို့ကြောင့် ကိုယ်ဝန်လွယ်ထားရစဉ် ကာလအတွင်းဝယ် မိုက်ခရိုဝေ့မီးဖိုကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

၈။ ပိုးသတ်ဆေး အမျိုးစုံကို ရှောင်ကြဉ်ရန်
ပိုးသတ်ဆေးဟုဆိုရာဝယ် အိမ်တွင်းပိုးမွှား အကောင်ပလောင်များဖြစ်သော ပုရွတ်ဆိတ်၊ ခြင်၊ ယင်၊ ပိုးဟပ်တို့ကို နှိမ်နင်းသည့် ဖျန်းဆေးအသွင် ပိုးသတ်ဆေး၊ ကြွက်ကပ်ကော်၊ အိမ်မွေးခွေးလေး၊ ကြောင်လေးများ၏ သန်းကိုသတ်သည့် ဆေး စသည်တို့မှအစ၊ အလှစိုက်ပန်းအိုးငယ်များ၊ အပင်များရှိ အရွက်များအား အလှဖျက်သည့် ရွက်စားပိုး သုတ်သင်ဆေး များ အလယ်၊ ဟင်းသီးဟင်းရွက်များ အသီးအနှံများကို ပိုးမွှားအန္တရာယ်ကင်းအောင် သုံးစွဲရသော ပိုးသတ်ဆေး အဆုံး အမျိုးစုံ ပါဝင်လေသည်။ ထိုပိုးသတ်ဆေးများတွင် ပါဝင်သည့် ဓာတုဗေဒပစ္စည်းအမျိုးအစား၊ ထိတွေ့ချိန်၊ ပါဝင်သည့် ပြင်းအားနှင့် ရင်သွေးငယ်လေး၏ သက်တမ်းအနုအရင့်ပေါ် မူတည်၍ မတူညီသော ဆိုးကျိုးအမျိုးမျိုးကို ပေးနိုင်သည်။ ထို့ကြောင့် မိခင်လောင်းဘ၀တွင် ထိုပိုးသတ်ဆေး ပေါင်းစုံကို ရှောင်ရှားခြင်းသည် အကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံး ဖြစ်သည်။

၉။ မိခင်လောင်း၏ ခန္ဓာကိုယ်အပူချိန် မတက်အောင် သတိထားရန်
မိခင်လောင်း၏ ခန္ဓာကိုယ်အပူချိန် ၁၀၂ဒီဂရီ ဖာရင်ဟိုက်ထက် တက်လာပါက တဖြည်းဖြည်း ကြီးထွားနေသော ရင်သွေးငယ်လေးကို ထိခိုက်စေနိုင်သည်။ ဖျားနာခြင်း တစ်မျိုးတည်းကြောင့်သာ ခန္ဓာကိုယ်အပူချိန် တက်နိုင်သည်မဟုတ်ဘဲ လေ့ကျင့်ခန်း ပြင်းထန်စွာလုပ်ခြင်း၊ နေကြဲကြဲတောက် ပူနေချိန်တွင် အဆောင်းအကာမပါဘဲ အပြင်ထွက်ခြင်း၊ ရေနွေးစိမ်၍ ရေချိုးခြင်းတို့သည်လည်း ခန္ဓာကိုယ်အပူချိန်ကို တက်စေနိုင်သည့်အတွက် ရှောင်ကြဉ်ရပေမည်။

၁၀။ ကြောင်အညစ်အကြေးများ မကိုင်တွယ်ရန်၊ သေချာမကျက်သော အသားများအား ရှောင်ရန်
အဘယ့်ကြောင့်ဆိုသော် ကြောင်အညစ်အကြေးများနှင့် မကျက်သော အသားများတွင် toxoplasma ဟုခေါ်သော ရောဂါပိုးတစ်မျိုး ရှိနိုင်သောကြောင့်ဖြစ်သည်။ ထိုပိုးကြောင့် ရင်သွေးငယ်များတွင် toxoplasmosis ဟုခေါ်သော မွေးရာပါရောဂါဆိုးကို ခံစားရစေသည်။ ထိုရောဂါဆိုးကြောင့် ရင်သွေးငယ်လေး၏ ဦးနှောက်၊ မျက်နှာနှင့် အာရုံကြောများကို ထိခိုက်စေသည်။
ကျန်းမာသန်စွမ်းသော သားသမီးလေးများ ရရှိနိုင်စေရန်နှင့် မိခင်လောင်းများပါ အန္တရာယ်ကင်းစေရန် ဤဆောင်းပါး လေးက အထောက်အကူပြုနိုင်စေရန် မျှော်လင့်ပါသည်။
ဒေါက်တာကေခိုင်မောင် (ဆေး-၁)

ပထမဆုံးနှစ် မျှော်တလင့်လင့်

ပထမဆုံးနှစ် မျှော်တလင့်လင့်
သင့်ရဲ့မွေးကင်းစ ဘေဘီလေးကို ပြုစုစောင့်ရှောက်ရတာ၊ ဝေယျာဝေစ္စတွေ လုပ်ပေးရတာ ပင်ပန်းကောင်း ပင်ပန်းနိုင်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်တွေ တနင့်တပိုးနဲ့မို့ မောရကောင်းမှန်း မသိဘဲ ဖြစ်နေပါလိမ့်မယ်။ ကဲ ...ဒီတော့ ကလေးလေးတစ်ယောက်ရဲ့ ပထမဆုံးတစ်နှစ်ကာလမှာ မိဘတွေ မျှော်လင့်စောင့်စားနေရတဲ့ တိုးတက်မှုလေးတွေ၊ အမူ အယာလေးတွေအကြောင်း လေ့လာကြည့်လိုက်ရအောင်။

ပြုံးတော့မှာလား!
နှစ်လလောက်န...
ီးပါး ဆက်တိုက်အိပ်ရေးပျက်ရတဲ့ညတွေ၊ ဂျီကျနေတဲ့ ကလေးကို တစ်နာရီလောက်နီးပါး ချော့မြူချီပိုးခဲ့ရတဲ့ အချိန်တွေ လွန်မြောက်တဲ့အခါ သင့်ရင်သွေးလေး ငိုတာကို မရိုးနိုင်အောင် ခဏခဏ တွေ့ဖူးနေမှာပါ။ ပြီးတော့ ဖျတ်ခနဲ ပြုံးပြသလို ဖြစ်သွားတတ်တာကို တွေ့လိုက်မိပေမဲ့ သေချာကြည့်ပြန်တော့လည်း မဟုတ်ပြန်ဘူး။ အခုအချိန်ကတော့ တကယ်ပြုံးပြတတ်တဲ့ အသက်အရွယ်ပါ။ အသက် (၂)လသား အရွယ်မှာ ကလေးက သင့်ကိုမြင်ရင် ပြုံးပြတတ်နေပါပြီ။ သင့်အသံကြားရင် သင့်မျက်နှာကိုတွေ့ရရင် ကလေးက မပြုံးဘဲ တောင့်မခံနိုင်ပါဘူး။

အိမ့်ဆည်းလည်းလေးတွေ!
ကလေးငိုသံကြားရတိုင်း သင့်အသည်းနှလုံးကို ဆုပ်ဆွဲထားသလို စိတ်မချမ်းမြေ့ ဖြစ်နေရမှာပါ။ ဘေဘီလေး (၄)လသား အရွယ်မှာတော့ သင့်တစ်ဘ၀လုံး ကြားဖူးခဲ့သမျှ အသံတွေထဲမှာ အချိုမြိန်ဆုံးလို့တောင် ထင်မိစေတဲ့ တခြား အသံတစ်သံကို သင်ကြားရပါလိမ့်မယ်။ သင့်ကလေးရဲ့ ရယ်သံလေးပါ။ သူ့ကို ရယ်အောင်လုပ်ဖို့ကလည်း လွယ်ကူပါတယ်။ မျက်နှာပြောင်မျိုးစုံ လုပ်ပြတာ၊ ကလိထိုးတာ၊ မျက်နှာပေါ်ကို လက်ဝါးအုပ်ပြီး တူတူရေ၀ါးဆိုပြီး လက်ဝါးပြန်ဖယ်ပြတာ စတဲ့ အမူအယာမျိုးစုံက ကလေးလေးကို တခစ်ခစ် ရယ်မောစေပါတယ်။

တစ်ညလုံးအိပ်ပျော်နေရင် ကောင်းမှာပဲ!
တခြားမွေးကင်းစ ကလေးတွေလိုမဟုတ်ဘဲ သင့်ကလေးက တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုပါ။ အခုမှ ပူပူနွေးနွေးမိဘဖြစ်လာရတဲ့ ဖေဖေ၊ မေမေ အသစ်စက်စက်တွေကတော့ ကလေးကို တစ်ညလုံး နို့ဆာလိုက်၊ ရှုးပေါက်လိုက်၊ ငိုလိုက်လုပ်နေမယ့်အစား ငြိမ်ငြိမ်လေး အိပ်ပျော်နေရင် ကောင်းမှာပဲလို့ တွေးမိပါ လိမ့်မယ်။ ဒါပေမယ့် ကလေးတစ်ယောက်ဟာ အသက် (၄)လလောက် ရောက်တဲ့အထိ တစ်ညလုံးအိပ်မနေပါဘူး။ အဲဒီလို အိပ်မနေတာကလည်း သူဟာ ကျန်းမာသန်စွမ်းတဲ့ ပုံမှန်ကလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို ပြနေတာပါ။ အသက် (၄)လကနေ (၆)လအရွယ်လောက် ရောက်ရင်တော့ ကလေးတော်တော်များများဟာ တစ်ညလုံးနီးပါး အိပ်ပျော်နိုင်စွမ်း ရှိ လာပါတယ်။

ထိုင်တော့မှာလား!
အသက် (၅)လ၊ (၆)လ အရွယ်မှာတော့ သင့်ကလေးဟာ ၀မ်းလျားမှောက်နေနေရတဲ့အစား ကမ္ဘာကြီးကို အမြင်သစ်နဲ့ ရှုမြင်ဖို့အတွက် ထိုင်နိုင်အောင် စ,ကြိုးစားလာပါတယ်။ ဒီအရွယ်မှာ ကလေးအများစုဟာ အမှီအခိုကင်းကင်းနဲ့ မထိုင်နိုင်သေးဘဲ လက်နှစ်ဖက်ကို ကြမ်းပေါ်ထောက်လို့ အားပြုပြီး ဒါမှမဟုတ် ခေါင်းအုံးတွေ၊ ပရိဘောဂတွေဆီကို ကိုယ်ကို ကိုင်းလို့ အားပြုပြီး ထိုင်နိုင်ကြပါတယ်။ အသက် (၇)လသားကနေ (၉)လသား အတွင်းမှာတော့ ဘာကိုမှ အားမပြုဘဲ သူ့ဘာသာသူ ထိုင်တတ်လာပါတယ်။

လေးဘက်ထောက်တဲ့အရွယ်!
သင့်ကလေးကို ကိုယ်ဝန်စရှိတာနဲ့ သင့်ကိုယ်သင် တဖြည်းဖြည်း ၀ိတ်တက်လာတယ်လို့ ထင်နေမိရင်တော့ အခုဝိတ်စကျဖို့အတွက် အချိန်ကောင်းရောက်ပါပြီ။ (၈) လသားအရွယ်လောက် ရောက်တာနဲ့ ရုတ်တရက်ဆိုသလို တစ်အိမ်လုံး လှည့်ပတ်သွားနေတဲ့ သင့်ကလေးနောက်ကို လိုက်ရတာ လေ့ကျင့်ခန်းလုပ်သလိုပဲ အကျိုးရှိမှာပါ။ (၉) လသား အရွယ်ရောက်ရင် ကလေးအများစုဟာ သူတို့ရဲ့ ခြေကော လက်ကောသုံးပြီး လေးဖက်ထောက်လို့ လျှောက်သွား ကြပါတယ်။ တချို့ကလေးတွေကတော့ လုံးဝလေးဖက်မထောက်ဘဲ ၀မ်းလျားမှောက်ပြီး၊ ကိုယ်ကိုတွန့်လိမ်ပြီး တွားသွား တတ်ကြပါတယ်။ လေးဖက်ထောက်သွားတဲ့အဆင့်ဟာ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ အဓိကကျတဲ့ အစိတ် အပိုင်းတော့ မဟုတ်ပါဘူး။ အဲဒီအစား ထိုင်ရင်းနဲ့ ဖင်ရွှေ့ပြီး သွားတာမျိုးနဲ့လည်း ကလေးဟာ ဖွံ့ဖြိုးမှုဖြစ်စဉ်ရဲ့ နောက် တစ်ဆင့်ကိုရောက်ဖို့ အားထုတ်တတ်ပါတယ်။

တာ့တာ!
ကလေးတစ်ယောက် တာ့တာပြတဲ့ အမူအယာဟာ အလွန်ချစ်စရာကောင်းရုံတင်မကဘဲ သူတို့တတ်မြောက်တဲ့ ဘာသာစကားနဲ့ သင့်ကို ဆက်သွယ်တာပါ။ (၉) လသားအရွယ် ကလေးတော်တော်များများဟာ အသံတွေနဲ့ ကိုယ်ဟန် အမူအယာတွေ စတင်ချိတ်ဆက်နိုင်လာပါမယ်။ သူတို့နားလည်ထားတာက တာ့တာဆိုတဲ့ အသံကြားရင် လက်ကို ဝှေ့ရမ်းပြရမယ်ဆိုတာပါ။

တွေ့တာအကုန်စားတဲ့ အရွယ်!
အသက် (၆) လသားအရွယ် ဖြည့်စွက်စာ စကျွေးခဲ့တုန်းကတော့ ကလေးက ဇွန်းနဲ့ကျွေးတာကို လက်သင့်ခံခဲ့ ပေမယ့် အခုအချိန်မှာတော့ ဇွန်းကိုမကြိုက်တော့ဘဲ ကိုယ့်ဘာသာကိုယ် စားဖို့ အသင့်ဖြစ်နေပါတယ်။ (၉) လကနေ (၁) နှစ် အတွင်းမှာ ကလေးတွေက သူတို့လက်ချောင်းလေးတွေနဲ့ လက်တွေကို ကောင်းကောင်းထိန်းပြီး အသုံးပြုတတ်လာပါတယ်။ အဲဒီတော့ အစာကျွေးရင် လက်နဲ့ကောက်ကိုင်ပြီး ပါးစပ်ထဲ ထည့်တော့တာပါပဲ။ မကောင်းတာ တစ်ခုကတော့ ကလေးတွေ က ဒီအရွယ်မှာ မြင်မြင်သမျှ အရာအားလုံးကို စူးစမ်းကြည့်ချင်စိတ် အပြည့်အ၀ရှိနေတဲ့အတွက် စားစရာရယ်မှမဟုတ်ဘဲ တွေ့သမျှ လက်လှမ်းမီသမျှ အကုန်လုံး ပါးစပ်ထဲ ကောက်ထည့်ပစ်လိုက်တတ်ပါတယ်။ ဒါကြောင့်မို့ ကလေးတွေ (၉)လ ကျော်လာပြီဆိုရင် ကလေးရဲ့ ပတ်ဝန်းကျင်၊ သူလက်လှမ်းမီသမျှ နေရာတွေမှာ ဆေးတွေ၊ အန္တရာယ်ရှိနိုင်တဲ့အရာတွေ ဘာမှ မထားဘဲ သိမ်းဆည်းထားဖို့၊ လုံခြုံမှုရှိနေအောင် လုပ်ဖို့က မိဘတွေရဲ့ တာဝန်ဖြစ်လာပါတယ်။

မတ်တပ်ရပ်လို့ လမ်းမှာပျော်!
အသက် (၁) နှစ်သားအရွယ်မှာ ကလေးအများစုဟာ အမှီအတွယ်မပါဘဲ ခဏပဲဖြစ်ဖြစ် မတ်တပ်ရပ်ကြည့်နိုင်လာ ပါတယ်။ မတ်တပ်ရပ်ပြီးတဲ့အခါ ခုံတွေ၊ စားပွဲတွေ၊ တခြားပရိဘောဂတွေကိုကိုင်ပြီး ခြေလှမ်းတွေ စလှမ်းကြည့်ပါတယ်။ ဘာကိုမှ မကိုင်မပြုဘဲ လွတ်လွတ်ကျွတ်ကျွတ် မလျှောက်နိုင်သေးခင်စပ်ကြားမှာ ကလေးတွေဟာ သူတို့ရဲ့ အချိန် တော်တော်များများကို အဲဒီလို ခြေလှမ်းလေးတွေ စလှမ်းကြည့်တာနဲ့ အချိန်ဖြုန်းကြပါတယ်။

လမ်းစလျှောက်မယ်!
ဒီအချိန်ကိုတော့ သင့်ကလေးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်တစ်လျှောက်လုံးမှာ သရဖူအဆင့်လို့ ဆိုနိုင်ပါတယ်။ ကလေးက သူလုပ်နိုင်သမျှကို အစွမ်းကုန် လုပ်ပြလိုက်တာပါပဲ။ ဒါပေမယ့်... ကလေးတိုင်းကိုတော့ သူတို့ရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာ လမ်းစလျှောက်မယ်လို့ မျှော်လင့်မထားပါနဲ့။ ပုံမှန်အားဖြင့် အသက် (၉) လကနေ တစ်နှစ်ခွဲအတွင်းမှာ လမ်းစလျှောက် တတ်ပါတယ်။ ကလေးအများစု ပထမဆုံး လမ်းစလျှောက်တဲ့ အရွယ်ကတော့ အကြမ်းဖျင်း အသက် (၁၃) လ အရွယ်မှာပါ။

ဖေဖေ ...မေမေ!
သင့်ကလေး ဘာပဲရေရွတ်နေပါစေ၊ သင့်နားထဲမှာ ဖေဖေ... မေမေလို့ပဲ ကြားနေပါလိမ့်မယ်။ အဲဒါ သင့်ကလေး တစ်နှစ်ပြည့်သွားပြီးတဲ့အခါ ဖြစ်လာမှာပါ။ ဒီအချိန်မှာ ကလေးတွေဟာ အနည်းဆုံး စကားလုံးတစ်လုံးကို ပြောနိုင်လာပြီး တခြားသူတွေပြောတာကိုလည်း အတုခိုးဖို့ ကြိုးစားလာပါတယ်။ မကြာခင် အချိန်မှာတော့ သင့်ရင်နှစ်သည်းချာလေး သူ့စိတ်ထဲမှာ ဘာတွေ ရှိနေတယ်ဆိုတာကို သင့်ကိုပြောပြနိုင်လာတော့မှာပါ။
Credit to Dr.သုခ

Sunday, 21 October 2012

ဝဇီကိုင် - ကုသ

ဝဇီကိုင်

အခါကား လွန်ခဲ့သော နွေဥတု ကျောင်းပိတ်ချိန်။ နေ့ကား စနေနေ့တည်း။ နေမင်းက အလွန်ပူ၊ ညည်းညူရဘနန်း စိတ်ဝမ်းမချမ်းသာစရာတည်း။ ကျွန်တော်၏ ရွာအနီး မန်းကျည်းပင်ရွာနေ မိတ်ဆွေဆယ်အိမ်ခေါင်း မောင်ဖိုးဘသည် ကျွန်တော့်ထံသို့ အရေးတကြီး ရောက်လာခဲ့လေ၏။ လာရခြင်းအကြောင်းမှာကား အခြားမဟုတ်၊ ဘောလုံးပွဲတွင် “ဝဇီကိုင်” လုပ်ရန် ပြောကြားလိုသောကြောင့်တည်း။ (“ဝဇီကိုင်” ဆိုသည်မှာ မန်းကျည်းပင်ရွာသုံးစကား။ ဝီစီခေါ် ပီပီကို ကိုင်မှုတ်ကာ ဘောလုံးပွဲတွင် ဒိုင်ပြုလုပ်သူပင်တည်း။ ဤကားအမှာ)

မကြာမီ ကျွန်တော်သည် ကျောင်းတွင်ဝတ်လေ့ရှိသော ဘောလုံးကန်အင်္ကျီကျား၊ ခြေအိတ်ကျားနှင့် ဘောင်းဘီကိုဝတ်ပြီးသော် လှေလှော်အသင်းကုတ်အကျစိမ်းကို အပေါ်ရုံ၍ အရန်သင့် စောင့်လျက်ရှိသော လှည်းပေါ်သို့ တက်ခဲ့လေ၏။ ဖိုးဘသည် ဂီယာနံပါတ်တစ်င်္တီည်းဟူသော တံဖျာကို ကိုင်၍ဝင့်ရာ နွားတို့ သည် ရုန်းစပြုလေ၏။ ထို့နောက် ကြိမ်တံဖျာနှင့်ခပ်ဆတ်ဆတ်ရိုက်၍ငေါက်ရာ လှည်းသည် အလွန်လျင်မြန်လေ၏။ ဤကား ဂီယာနံပါတ် နှစ်နှင့် သုံးတည်း။ လှည်းသွားစဉ် ဖိုးဘက “ဟဲ့၊ ဝိုင်းကြီး၊ ဘာနှေးကန်နေရတာလဲ၊ နန်းတော်သူလိုလုပ်မနေနဲ့၊ အခုထိသွားမယ်။ အောင်မယ်၊ ဟိုဘက်က နွားကြားကြီးကကော၊ ဘာဟန်လုပ်နေရတာလဲ၊ လမ်းဘေးက နွားဖြူမကလေးကို မြင်လို့လား။ ဒီလိုတော့မလုပ်နဲ့။ ကြိုက်ရင်ကြိုက်တယ်ပြော၊ အခုဝယ်ပြီး အိမ်ခေါ်သွားပေးမယ်” ဟု ဆိုကာ တံဖျာကို အထက်မြှောက်၍ အချက်ကျကျငေါက်ရာတွင် အလိုက်သိသောနွားတို့သည် ခြေကုန်သုတ်ကြလေ၏။ ရန်ကုန်မြို့တွင် မော်တော်ကားမှထွက်လေ့ရှိသော ဓာတ်ဆီခိုးနံ့ကို ရှူရှိုက်နေကျဖြစ်ပေမဲ့ ထိုစဉ်အခါဝယ် နွားချေးနံ့ဖြင့်သာ တင်းတိမ်ရလေတော့၏။ တောရွာတွင် အဘယ်မှာလျှင် ဓာတ်ဆီနံ့ရအံ့နည်း။ သူ့အလိုက်အထိုက်နှင့်သာ ကျေနပ်ကြရသည်သာတည်း။

မကြာမီ ဂေါဏမော်တော်ကားသည် ရပ်တန့်သဖြင့် မေးကြည့်ရာ မန်းကျည်းပင်ရွာသို့ ရောက်ပြီဖြစ်ကြောင်း သိရ၏။ တက္ကသိုလ်ကျောင်းမှ ဝဇီကိုင်ရောက်မည်ဟု ကြားသိရ၍ဘယ်လိုအကောင်စားမျိုးလဲဟု သိရှိရန် လာ၍စောင့်နေကြသည်မှာ မနည်းလှပေ။ တက္ကသိုလ်ကဆို၍ မင်းသားဖြစ်မည်ဟု အထင်ရှိနေကြသေးသော လူအချို့တို့မှာ မျက်လွှာကို အောက်ချ၍ မနီးမဝေးမှ ဒူးတုပ်ကာ ခစားနေကြ၏။ ထိုစဉ်မှာပင် ရွာသူကြီးနှင့် ကျေးရွာလူကြီး လေးဦးတို့သည် အနီးသို့ချဉ်းကာ “အရှင်၊ ဒီကိုကြွပါ။ အရန်သင့်ပွဲတော်များ ပြင်ဆင်ထားနှင့်ပါတယ်” ဟုမရဲတရဲကြည့်ကာ နားတော်လျှောက်ကြလေ၏။ ကျွန်တော်သည်ကား မျက်နှာထားခပ်တည်တည်နှင့် ဂေါဏယာဉ်ပေါ်မှ ဆင်းသက်ခဲ့တော့၏။

ထမင်းပွဲမှာ အရန်သင့်ရှိနှင့်နေပြီ။ ငါးခြောက်နှင့် ခရမ်းသီးဟင်း၊ သစ်တိုသီးအိုးစိမ်၊ ကန်စွန်းရွက်ကြော်၊ ငါးသေတ္တာနှင့် ဘူးသီးဟင်းချိုတို့သည် မင်းသားပွဲတော်တည်ရန် ငံ့လင့်၍နေကြဘီ။ ရာဇကုမာရလည်း ရာဇိနြေ္ဒမှ မငဲ့ကွက်နိုင်တော့ဘဲ ခပ်ဆာဆာနှင့် အတွင်သား ဟပ်ရာ ဗိုက်ကားမှတော်တော့၏။ မကြာမကြာ နန်းတော်သူထက် မသာသော်လည်း နန်းတော်သူထက်နုပျိုသော အဆင်းအရွယ်နှင့် ပြည့်စုံသည့် မန်းကျည်းပင်သူကလေးများကို စောင့်ငဲ့ကြည့်ရှုမိ၏။ ပွဲတော်တည်၍ ဝပြီ။ ဗိုက်ကားပြီဖြစ်၍ ဘောလုံးကွင်းသို့သွားရန်သာ လိုတော့သည်။ သူ့ဆန်စား ရဲမှဖြစ်တော့မည်။
ရန်ကုန်မြို့၊ မြင်းပြိုင်ကွင်းမှ ဝင်းသန်း၊ ဝင်းစိန်တို့ထက်ပင် နာမည်မကျော်ကြားသော်လည်း မန်းကျည်းပင်ရွာတွင် အကောင်းဆုံးပင်ဟု သမုတ်ခြင်းကိုခံရသော ကွတ်နီနာမ အသလိမ္မာသည် ရောက်နှင့်နေပြီ။ မင်းသားလည်း လေးလံသော ခန္ဓာကိုယ်ကို အနိုင်နိုင်ပင့်ထူကာ အသဓိုရ်ပေါ်သို့ တက်ပြီးလျှင် နောက်လိုက်နောက်ပါတို့ဖြင့်ထွက်ရာ နေ့လယ် ၁၂ နာရီခန့်တွင် ဘောလုံးကွင်းသို့ ရောက်ချေ၏။ နေကလည်း ပူပြင်းပါဘိ။

ဘယ်ကသတင်းကြားမှန်းမသိ။ ဘောလုံးကွင်းတွင် လာရောက်စောင့်ဆိုင်းနေကြသူတို့မှာ ၅ဝဝ ခန့်လောက်ရှိ၏။ လူပျို၊ အပျို၊လူအိုနှင့် သားသည်အမေတို့မှာ အများပင်ဖြစ်၏။ ဘောလုံးကွင်းမှာ ဘီအေအေကလိုမဟုတ်။ ထူးဆန်းသဖြင့် မှတ်သားဖွယ်ကောင်းလှ၏။ အလျားနှင့်အနံမှာ ထပ်တူဖြစ်ရကား လေးထောင့်ပုံသဏ္ဍာန်ရှိ၏။ သို့သော် အထူးကျဉ်းလေသည်။ မျဉ်းကြောင်းဟူ၍ မရှိ။ ဘေးနှစ်ဖက်တို့တွင် ရိုးငယ်နှစ်ခုသာရှိလေတော့သည်။ ဘောလုံးရိုးထဲသို့ကျမှသာ ယူ၍မြှောက်ရလေသည်။ ကြုံမှကြုံတွေ့ရတတ်သည်တကား။

မကြာမီ ဘောလုံးကစားသူများ ရောက်ပြီဖြစ်၍ ဝီစီမှုတ်ရန်သာလိုတော့သည်။ ဝီစီဘယ်မှာနည်း။ သို့သော် ဝီစီအစား ဝါးကုလားတက်ငယ်နှင့်ခေါက်ရန် တုတ်တိုတစ်ချောင်းကို လာရောက်ပေးအပ်လေ၏။ တစ်ဖက်အသင်းမှာ အင်္ကျီဗလာ။ ကျန်တစ်ဖက်မှာကား နတ္ထိ။ သို့ရှိဘိလည်း တစ်ဖက်အသင်းက ထုံးကိုအရည်ဖျော်၍ ကိုယ်တွင်သုတ်ထားဘိ၏။ ဤကား ချွေတာရေးအစစ်တည်း။ မြို့သားများကဲ့သို့ အင်္ကျီ၊ ဖိနပ်၊ ခြေအိတ်ဝယ်ရ၍ စရိတ်ငွေမကုန်ကျချေ။

ထိုစဉ်မှာပင်လျှင် အပေါက်စောင့်၊ ၂ တန်းလူ၊ ၃တန်းလူ၊ ၅ တန်းလူ၊ လက်ဘော်၊ ရမ်းကား၊ ရှေ့လွန်၊ ပိန္နဲသီးစသော စကားထူးစကားဆန်းများကို ကြားရ၍ မေးကြည့်ရာ “၅ တန်းလူ”မှာ ဖောဝါဒ်၊ “အပေါက်စောင့်”မှာ ဂိုးသမား၊ “၂ တန်းလ”ူမှာ ဖူးလ်ဘက်၊ “၃ တန်းလူ”မှာ ဟပ်ဘက်၊ “လက်ဘော်”မှာ သိသာပြီ။ “ရမ်းကား”မှာ ဖောင်းလ်၊ “ရှေ့လွန်”မှာ အောက်ဆိုက်၊ “ပိန္နဲသီး”မှာ ပီနယ်လတီတို့နှင့် ညီကြောင်းကို အံ့သြဝမ်းမြောက်စွာသိရ၏။ အံ့သြခြင်းမှာကား သင့်လျော်စွာ ဘာသာပြန်ဆိုနိုင် သောကြောင့်ဖြစ်၏။ ဝမ်းမြောက်ခြင်း၌ နိုင်ငံခြားစကား အခေါ်အဝေါ်တို့ကို မြန်မာစာသက်သက်ဖြင့် မှန်ကန်ကျနစွာ ပြန်ဆိုနိုင်ကြောင်းကို ထင်ရှားသိသာသောကြောင့်တည်း။ ဘောလုံးကွင်းနံဘေး နှစ်ဖက်နှစ်ချက်တွင် ရိုးငယ်ကလေးရှိနေရာ “ကော်နာ” ကန်၍မရသဖြင့် ယင်းစကားကို မည်သို့ခေါ်ကြောင်း မသိရ။ သို့သော် ထောင့်ကန် ဟူသော စကားသည် အလွန်သင့်လျော်ပေမည်။ ပိန္နဲသီးမှာကား ပီနယ်လတီပင်တည်း။ ဂိုးအနီးတွင် ရမ်းကားသည်ဖြစ်စေ၊ ဘောလုံးကို လက်ဖြင့် ကိုင်သည်ဖြစ်စေ ဝဇီကိုင်က ပိန္နဲသီး ၁၈ လုံးအကွာနေရာမှ ဂိုးပေါက်သို့သွင်းရန် အခွင့်ပေးနိုင်လေသည်။ ဤကား မန်းကျည်းပင်သားတို့ ဥပဒေတည်း။ ပီနယ်လတီကို ဂိုးနီးကန် ဟု ခေါ်ဆိုက သင့်ပေမည်။ ဤကား ကျွန်တော့်ထင်မြင်ချက်တည်း။ သင့်လျော်ရာကို ကြံဆကြပါကုန်။

လောင်းစားသောပွဲ ဖြစ်ရကား ငွေသံတချွင်ချွင်ကြားရ၏။ နေမွန်းတည့်ချိန်ပင်ဖြစ်သော်လည်း ကြည့်ရှုသူတွေ ပမာနမပြုကြ၊ ရွှေလသာဝါဝင်းစဉ် ဖျာခင်း၍ထိုင်သလို ထင်မှတ်ကြသလားမသိ။ အချိန်ကျပြီဖြစ်၍ ကုလားတက်ကိုခေါက်ရာ ဘောလုံးကန်သူတွေ ထွက်လာကြ၏။ ပရိသတ်ထဲမှ “ဝါးရင်းတုတ်ကွဲ့နော်”၊ “ဓညင်းကျား”၊ “ခွေးဘီလူး”၊ “ရှားနှစ်”၊ “သံချောင်း”၊ “ပုဏက”၊“ကျော်ဟိုး”၊ “အယ်ဒီပိုလို”၊ “တောက်တဲ့”၊ “ဗန္ဒုလ”၊ “မြွေနဂါး”၊ “ဂဠုန်” စသော ခေါ်သံ အော်သံတို့ကို ကြားသိရမှ ဘောလုံးကန်သမားများ၏ နာမည်ရင်းကို မခေါ်၊ နာမည်သစ်မှည့်၍ ခေါ်ကြောင်း သိရ၍ အလွန်အမင်း ရယ်ချင်၏။

ဝါးကုလားတက် တစ်ချက်ခေါက်သည်တွင် ရွှေဖရုံသီးနှင့် အသွင်တူသော နှစ်ကျပ်ရှစ်ပဲတန် ဘာဘူချုပ် ဘောလုံးသည် ထိုမှဤမှ လူးလားတုံ့ပြန်၍ နေလေ၏။ ဘောလုံးကန်စဉ် အချို့မှာ ချွေးများထွက်၍ ထုံးသုတ်ရပြန်လေ၏။ မကြာမကြာလည်း ဘောလုံးနှင့် လူနှစ်ယောက်သုံးယောက် ရိုးထဲသို့ ကျလေဘိ၏။ ဤအခါတွင် ရယ်သံကြီးကို ကြားလိုက်ရ၏။ မကြာမီ “တောက်တဲ့”သည် “မြွေနဂါး” ယူလာသော ဘောလုံးကို ပြေး၍ဖျက်ရာ ပျက်လေသဖြင့် ပရိသတ်ထဲမှ “တောက်တဲ့ကွဲ့နော်” ဟူသော ချီးမွမ်းသံသည် ဟိန်းသွားလေ၏။ မကြာခဏလည်း ကျွန်တော့်အား လက်ညှိုးထိုးကာ “ဆရာကြီးနဲ့ မြင်းကျား၊ မတရားမလုပ်ပါနဲ့။ ကာမေသု မုတ်စား ဆာလားကံထိုက်ပါ့မယ့်” ဟု အော်သူတွေက မရှား။ “သံခရာဘေးကို ကြောက်ပါနော်” ဟု ဟစ်သူတွေက အဖုံဖုံ။ အလုံးစုံ တစ်ခဲနက်သော အသံဆိုးကြီးတို့သည် အထက်မိုးသို့ ပျံ့နှံ့၍ သွားလေတော့၏။
ထိုအတွင်းဝယ် “မြွေနဂါး” ဘောလုံးယူလာရာ “ပေါက်စိန်ပေါက်” သည် ရုတ်တရက်ပြေး၍ ညို့သကျည်းကိုကန်သဖြင့် “မြွေနဂါး” လဲလေ၏။ ပရိသတ်ထဲမှ “ရမ်းကား” ဟူသော အသံကိုကြားလိုက်ရကား “ရမ်းကား”ကို “မြွေနဂါး”ဘက်သို့ ပေးလိုက်ရန် ကုလားတက်ခေါက်မှ အသံတိတ်လေတော့၏။ ကြည့်သူတွေထဲမှ “ဟေ့၊ရှားနှစ်၊ ပုဏက။ ဘာလုပ်နေသလဲ၊ ချပါတော့လား၊ ဆော်လေ၊ တို့ဆီမှာ ဓားမြောင်ပါတယ်။ မကြောက်နဲ့၊ ဘာခံနေသလဲ” စသည်ဖြင့် အော်စပြုလာလေ၏။ ဘောလုံးကစားသူတို့မှာလည်း တဖြည်းဖြည်းကြမ်းစပြုလာလေ၏။ ကုလားတက်ကို ခဏခဏခေါက်ရလွန်း၍ တုတ်မှာ ကျိုးလုမတတ် ဖြစ်ခဲ့၏။ “ပေါက်စိန်ပေါက်”၊ “ကျော်ဟိုး”၊ “ခွေးဘီလူး”တို့သည် အထူးကြမ်းတမ်းကလေပြီ။ “ဝါးရင်းတုတ်”နှင့် “ဂဠုန်”တို့သည်လည်း ဘယ်သူ့ကိုမှ လူမထင်တော့ချေ။ ထိုစဉ်မှာပင် ကုလားတက်ခေါက်ရန် တုတ်မှာ ကျိုးသွားလေပြီဖြစ်၍ ကျန်တစ်ပိုင်းနှင့်သာ အနိုင်နိုင်ခေါက်နေရချေသည်။ ထိုခဏ၌ပင်လျှင် “ခွေးဘီလူး” ဘောလုံးယူသွားသည်မှာ အခြားဘက် ဂိုးပေါက်သို့ ရောက်လုနီး၏။ သွင်းမည်အပြုတွင် “အယ်ဒီပိုလို”ပြေး၍ လက်သီးဖြင့်ထိုးရာ “ခွေးဘီးလူး” နှာခေါင်းသွေးထွက်လေ၏။ ပရိသတ်ထဲမှ “ပိန္နဲသီး” ဟူသော တစ်ခဲနက်သော အသံကြီးကို ကြားလိုက်ရ၏။ ထိုစဉ်အခါ ကျွန်တော့်ထံ၌ တုတ်မရှိတော့။ ဘယ်မှာချထားသည် မသိရ။ ကုလားတက်လည်း မခေါက်နိုင်တော့ချေ။ “ဝဇီကိုင် မတရားဘူး” ဟုကြိမ်းမောင်းသံကြီးကို ကြားရဘိ၏။ ခက်ချေပြီ။ မည်သို့ ကြံရအံ့နည်းဟု အောက်မေ့မိ၏။

တစ်ပြိုင်နက်ပင်လျှင် ထိုနှစ်ဖက်သော လူစုတို့သည် တုတ်ကိုင်သူကိုင်၊ လက်သီးဆုပ်သူဆုပ်၍ ရိုက်နှက်ထိုးကြိတ်ကာ ရန်ပွဲကြီးစလေ၏။ ပရိသတ်ထဲမှ အများ ဝင်ရောက်ရိုက်နှက်ကြလေ၏။ “မြွေနဂါး”မှာ ထိပ်ပြဲသွားလေ၏။ “ဓညင်းကျား”မှာ နှာခေါင်းသွေးထွက်ဘိ၏။ “အယ်ဒီပိုလို”ကား အတွင်သာ ထိုးနေတော့၏။ “တောက်တဲ့”မှာ သွားတစ်ချောင်းကျွတ်သွားလေ၏။ ထိုအခြင်းအရာကို မြင်ရသော ကျွန်တော်သည် အခက်အခဲကြုံရပြီဖြစ်၍ အလျင်အမြန် ဘောလုံးကွင်းမှ ထွက်ခဲ့ပြီးသော ကွတ်နီအသဓိုရ်ပေါ်သို့ လွှားကာတက်လေ၏။ လျင်မြန်ခြင်းဖြင့် အတွင်သာနှင်ရာ နေအိမ်သို့ ညနေတွင် ရောက်လေ၏။ သို့မှ စိတ်အေးသွားတော့သည်။ အပူလုံးကြီး ကျသွားပြီတကား။ ။

ကုသ
[၁၉၃၁]

credit to mmcyber

ဘကြီးအောင်ညာတယ် - မင်းသုဝဏ်

“အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသွေးမို့မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့ ဝါး” ဟု အားရပါးရ ဆူညံစွာအော်ဟစ်ပြေးလွှားလာကြသော ကလေးတစ်စုသည်ကား လည်ပေါ်ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။ ၄င်းတို့၏ ကျောဘက် တင်းချလယ်တစ်ကွက်လောက် အကွာတွင်ချည်လုံချည်ကို ပျာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက် ခေါင်းငိုက်စိုက်နှင့်တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် “ဧဝံ မေသုတံ ဧကံ သမယံ”ဟု တတွတ်တွတ်ရွတ်လျက်ရှိ၏။ ဆေးတစ်အိုးကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ၏ ကနားဖျင်းတဲ၌ ကျောင်းသားသူငယ်ချင်းများ ဝိုင်းအုံနေသည်ကို တွေ့ရလေ၏။ မိမိသည်လည်းအကြောင်းကို သိလိုသောကြောင့် ပြေးသွားတိုးဝင်ကြည့်ရှုလေ၏။

ဦးအောင်ချာသည် ဆင်စွယ်မင်းသမီးရုပ်ကလေးတစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နှောင်းဖြူဖွေးချစ်စရာကလေးဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဘိုးစ၊ ဘိုးလှ တို့တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသားကြည့်လျက်ပင်ရှိသေး၏။

“ဘကြီးအောင်၊ ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲ ဟင်” ဟု မျက်စိကလေး ပေကလပ်လုပ်၍ မေးလေ၏။ ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တိုစမ်းနေသော ဦးအောင်ချာက “ငါ့တူလိုချင်လို့လား၊ ငွေတစ်ကျပ်ယူခဲ့ရင် ဘကြီးပေးမယ်သိလား”ဟု အမှတ်မဲ့ ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်းခေါင်းကုတ်လျက် “ငွေတစ်ကျပ်ဆိုတာ ဘယ်နှစ်ပြားလဲ ဘကြီးအောင်ရဲ့”ဟု မေးပြန်လေ၏။ ပန်းပုဆရာကြီးလည်း ဆေးလိပ်ကိုချ၍ လက်ဝါးနှစ်ဖက်ကိုထောင်ပြလျက် “ဆယ်ပြား၊ ဆယ်ပြား ခြောက်ခါ။ နောက်ပြီးတော့ လေးပြားထည့်။ ပေါင်း ခြောက်ဆယ်နဲ့လေးပြား။ အဲသလောက်ကိုတစ်ကျပ်ခေါ်တယ်၊ ကြားလား”ဟု ကလေးသူငယ်များကို ချစ်ခင်သောဝါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန်လက်ဟန်နှင့် ရှင်းလင်းပြောပြလေ၏။ “ခြောက်ဆယ့်လေးပြားပေးရင် ကျွန်တော် ဒီအရုပ်ကလေးကို တစ်ကယ်ပဲရမလား။ နောက်တော့မညာနဲ့နော် ဘကြီးအောင်” ဟု ပြောရင်း သျှောင်ဆံမြိတ်လေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ၏။

မောင်ချစ်သည် နေ့လည်ချိန် ကျောင်းတွင် မုန့်ဝယ်စားဖို့ရန် မိခင်ပေးလိုက်သော တစ်ပြား တစ်ပြားသော အသပြာကို မသုံးရက်၊ မစွဲရက်ဘဲ အင်္ကျီ သင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှရလေ၏။ တစ်ထွာမျှကျယ်သော မိမိဝမ်းခေါင်းသမုဒ္ဒရာအတါကမူကကား နေ့ဆွမ်းစား ကုလားတက်အခေါက်တွင် ဘုန်းတော်ကြီးဦးခေမာဝေသော ငှက်ပျောသီးတစ်လုံးနှင့် ကျေနပ်ဖူလုံလျက်ရှိလေ၏။

ဆင်စွယ်ရုပ်ကလေးသည် တစ်နေ့တစ်ခြား သားနားကျော့ရှင်း၍လာ၏။ သွားကလေးများပေါ်လုမတတ်ရှိအောင် ပြုံးလိုက်ရန် ဟန်ပြင်နေသောအသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ်မျက်လုံးတွင်းမှမထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးမှာ လှလာလေ၊ လိုချင်စိတ်ပွားလာလေ ဖြစ်ရကား တစ်နေ့မှ တစ်ပြားတစ်ပြား စုရသည်ကို အလွန်ဖင့်နှေးကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံရလိုလွန်း၍ ဥပုသ်နေ့များကိုပင် စာသင်ရက်ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တစ်ပေါက်တစ်လမ်း ဘယ်နည်းနှင့် ပိုက်ဆံရအောင်ကြိုးစားရပါမည်နည်းဟု ကြံစည်မိပြန်၏။

ထိုစဉ်အခါက ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံအလွန်ရှား၏။ မောင်ချစ်သည် အစ်ကိုကြီးကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစင်မှယူ၍ ညည့်နက်သန်းခေါင်မရှောင် မှိုင်းတလူလူထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်ထက်သော ဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားကြီးဖိုးတေက အနိုင်ကျင့်၍ မပေးဘဲထားသော အကြွေးတစ်ပြားအတွက် တွေးမိတိုင်းဆွေးမိ၏။

တစ်ဆယ့်နှစ်ပြားမျှရလာသောအခါ အင်္ကျီသင်ပုန်းခေါင်းမှာ မဆံ့တော့ပြီဖြစ်၍နှစ်ဖက်ပိတ် ကြသောင်းဝါးဆစ်တစ်ဆစ်တွင် ထိပ်ကအပေါက်ဖောက်ကာ ဝေလာခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန်း စသော တံဆိပ်အမျိုးမျိုး ခတ်နှိပ်သည့် ကြေးပြား ၁၂ ပြားတိတိကို သွင်းလှောင် သိုမှီးထားလေ၏။ နှစ်ဆန်းတစ်ရက်နေ့ကဒွေးလေးညို ချစ်စနိုး၍ပေးသည့် သူငယ်ဖော်မောင်ထွေးက အလိုက်နှစ်ပြားပေး၍ ပိုက်ဆံချင်းလဲစဉ်က မလဲရက်ဘဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့်ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးတိုက်အတွင်းသို့ သွတ်သွင်းလိုက်လေ၏။ ကြေးပြားအရေအတွက်ကိုလည်း ဝါးကြောတွင် စူးဖြင့်ခြစ်၍မှတ်ထားလေ၏။ “ပဲဟင်းချက်တဲ့နေ့က တစ်ပြား၊ ဘကြီးထူး ကျွဲပျောက်တဲ့နေ့ကတစ်ပြား” စသည်ဖြင့်လက်ချောင်းကလေးများကိုချိုးကာချိုးကာ ပိုက်ဆံစာရင်းတွက်ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရရင်ကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်မှာ ဝှက်ရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဘူးနေရာ ကျတ်ပြောင်းရသည်မှာလည်း အမောပင်ဖြစ်၏။ အရုပ်ကလေးကိုရလျှင်ထည့်ထားဖို့ရန် ထန်းရွက်ဖာချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင်မွမ်းမံရသည်မှာလည်း မအားပင်ဖြစ်လေ၏။

ဈေးသည် ဒေါ်ခါဥ၏ တောင်းနီထဲ၌ အငွေ့ထောင်းထောင်းနှင့် ကောက်ဦးငချိပ်ပေါင်းကိုမြင်ရသောအခါ သွားရည်ယိုမိ၏။ သို့ပါသော်လည်း ဝယ်မှရသောသရေစာတို့ကို သပိတ်မှောက်လေ၏။ သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘဝ အများနည်းတူကစားလိုပါသော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေအဟောင်းကြီးကို ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တစ်ယောက်ထီးတည်း ကျေနပ်တင်းတိမ်ရလေတော့၏။ သို့ဖြင့် တစ်ပြားတိုးလျှင် တစ်မျိုးဝမ်းသာလျှက် စုဆောင်းလာခဲ့ရာ ပိုက်ဆံ ၃၆ ပြား ပိုက်မိသော နေ့သို့ရောက်လေသတည်း။
ညနေ ၄ နာရီ ကျောင်းလွှတ်ခေါင်းလောင်းသံသည် မောင်ချစ်၏ နှစ်လုံးသွေးကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုးဆုံးခါနီး “အာမ” ဟု ဆိုမိလျှင်ပင် “ဘန္တေ” ကို မစောင့်နိုင်ဘဲ ထ၍ပြေးလေရာ အဆောင့်ကိုရင်ကြီးတစ်ပါးက အလျင်လိုရကောင်းမလားဟူ၍ ထိပ်ကို ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ။ လမ်းတွင် ခလုတ်တိုက်၍ ခြေမကွဲသွားသောလလည်းနာရမှန်းမသိ။ ဦးအောင်ချာ့ ကနားဖျင်းနားရောက်သောအခါ အတွင်းသို့ ဝင်သွားလေ၏။ ဖော့ဦးထုပ်ကိုဆာင်း ဘောင်းဘီအပြာဝတ်လျက် ကွပ်ပျစ်ထက်တွင် အခန့်သားထိုင်ရင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်ရှုနေသော လူကြီးတစ်ယောက်ကိုမြင်မှသာ ကိုယ်ရှိန်သတ်၍ ပြောနေကြသောစကားကို ကြားမိလေတော့၏။

“ဘယ့်နှယ့်လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့အဖိုးနဲ့ပဲ ပေးလိုက်မယ်မဟုတ်လား။ ခင်များတို့အရပ်မှာ ဒီအရုပ်ကလေးနဲ့တန်တဲ့အိမ် တစ်အိမ်မှမရှိပါဘူး။ ဝယ်နိုင်မယ့်လူလည်း ရှိမှာမဟုတ်ပါဘူး”

“မှန်ပါ။ ဝန်ထောက်မင်းဖို့ဆိုရင်တော့ အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမဲ့ အချောသတ် အမွှမ်းတင်ဖို့ လေးငါးရက်လောက်ဆိုင်းစေချင်ပါတယ်။ ပြီးရင်ပြီးချင်း ဝန်ထောက်မင်းတို့ဆီကို လာပြီးပို့ပေးပါ့မယ်”

ထိုမျှ ကြားရလျှင်ပင် မောင်ချစ်၏ အသည်းနှလုံး အူသိမ်အူမတို့သည် ကြွေကျမတတ်ဖြစ်လေ၏။ အရုပ်ကလေးကို အတင်းလု၍ ပြေးလိုသောစိတ် ပေါ်လာသော်လည်း ဝန်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင် ရင်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ဝံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံးပြူးသေနတ်သည်လည်း မောင်ချစ်၏အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင်လေ၏။ ဝဲလာသောမျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဘက်သို့ကျောင်ခိုင်းနေသော ဆင်စွယ်ဒေဝီကလေးကို နောက်ဆုံးကြည့်ကြည့်လျက် ထွက်လာလေ၏။ လမ်းကြားငယ်တစ်ခုအတွင်းမှ “ဟိုကောင်ကလေး ညိုတိုတို တို့ကိုကြိုက်လို့ငို၊ နင်ငိုပေမယ့်အလကား၊ တို့အမေက မပေးစား”ဟု ထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအားနှလုံးပွားဖွယ်ပင်ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား ဓါးပါးနှင့်မွှန်းလိုက်လေတော့သတည်း။

၁၅ ရက်မျှကြာသောအခါ ခေါင်းထက်တွင် တဘက်ကိုယ်စီတင်ထားသော မိန်းမကြီတစ်စုနှင့် ယောကျာ်းကြီးတစ်ယောက်တို့ မောင်ချစ်တို့၏ ခြောက်သွေ့သောခြံကလေးအတွင်းသို့ဝင်သွားသည်ကို မြင်ရပါသည်။ အိမ်ရှေ့ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည်စက်လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မိန်းမတစ်ဦးသည် ယောက်ျားကြီး၏ ခြေအစုံကိုပြေးဖက်လျက် “အမလေး ကိုရင်အောင်ရဲ့၊ မောင်ချစ်ဖြစ်ပုံတေါကို မြင်ဝံ့သေးရဲ့လားရှင်။ မောင်ချစ်ရေ၊ အမေ့သားကြီးရဲ့ အမေလိုက်ခဲ့မယ်ကွဲ့နော်။ ဟီး ဟီး” ဟု ဟစ်အော်ပြောဆိုငိုကြွေးမြည်တမ်းလေ၏။ ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက်ထိုင်နေသော မောင်ချစ်ဖခင်အား “ဘယ့်နှယ်ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့။ ကိုရင်လည်း မြို့တက်သွားတာဆယ့်လေးငါးရက်ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခုပြန်ရောက်ရောက်ချင်းပဲအိမ်မှာ ထိုင်တောင်မထိုင်ခဲ့ဘဲ ပြေးလာတာပဲကွဲ့”ဟု ပြောလေ၏။ “ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး၊ တမှိုင်မှိုင် တတွေတွေနဲ့ ထမင်းမစား၊ ဟင်းမစား။ တစ်ခါတလေ သူ့အမေကျွေးလို့ဆန်ပြုတ်ကလေး တစ်ဇွန်းလောက်ဝင်သွားပေမဲ့ ချက်ချင်းအန်ပစ်လိုက်တာပဲ၊ ပယောဂဆိုလို့ ဆရာသြခေါ်ပြပါလည်း ဘာမှမထူးခြားပါဘူး။ မနေ့ညကတော့ သူ့အမေကိုခေါ်ပြီး သူစုထားတဲ့ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော်ကိုလှူလိုက်ပါလို့မှာပြီးတော့ ကိုရင်အောင်ကိုမေးတာပဲ။ မြို့သွားတယ်လို့ပြောတော့ အတန်ကြာကြာ ဘာမျှမပြောဘဲ မောနေပြီး “ဘကြီးအောင် ညာတယ်” လို့ မပီတပီပြောရင်း အသက်ပျောက်သွားတာပဲ” ဟု ပြော၍ လုံချည်စဖြင့် မျက်ရည်သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းအရင်းကို ရိပ်မိသောအခါ မျက်နှာညှိုးငယ်၍သွားလေတော့သတည်း။

ယခုအခါတွင်ကား ရွာကလေးအနောက်ဘက် နွားစားကျက်အနီး ထိမ်ပင်ကြီးတောင်ယွန်းရှိ သင်္ချိုင်းကုန်းထက်တွင် ထီးထီးသောအုတ်ဂူကလေးတစ်ခုကို တွေ့နိုင်ပါသည်။ “အချစ်ဂူ” ဟူ၍လည်းကောင်း၊ “မောင်ချစ်ဂူ” ဟူ၍ လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကိုအမှန်ဟူ၍ မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နှာလိုဏ်ပေါက်ခေါင်းလေးထဲတွင် ကျွဲကျောင်းသား၊ နွားကျောင်းသားတို့၏လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော အရုပ်ကလေးတစ်စုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝအင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍မရသော ဆင်းရဲ” ဟု စာတန်းထိုးထားပါသည်။ ကျွန်တော်၏ ဘိုးအေအား မေးမြန်းကြည့်ရာ သုံးနှစ်လောက်က ပျံလွန်တော်မူသွားသော တောထွက်ကြီး ဦးဣန္ဒ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာသိရပါသတည်း။ ။

မင်းသုဝဏ်
[၁၉၃၁]
credit to mmcyber

Friday, 19 October 2012

သြော်...ဒါနဲ့စကားမစပ် (ဝတ္ထုတိုများ) - သုမောင် (အပိုင်း-၃)

မြန်မာသံသီချင်းတွေနဲ့ ကျွန်တော့်ရဲ့ကံ

သြော်... ဒါနဲ့ စကားမစပ်၊ ပြီးခဲ့တဲ့အပတ်က ကျွန်တော် ကော်ပီသီချင်းတွေအကြောင်း ပြောခဲ့တယ်။ ကော်ပီဆိုတာ အများနားလည်ထားကြသလို အနောက်တိုင်းတေးဂီတကို မြန်မာစာသားထည့်ပြီးတော့ ဆိုကြတီးကြတာကိုတင် ပြောတာမဟုတ်ပါဘူး။ အဲဒီလို အနောက်တိုင်းတေးသံကို မြန်မာစာသားထည့်ဆိုတာကို ကျွန်တော့်ဘက်က ကန့်ကွက်စရာမရှိပါဘူး။ ဒါ အစဉ်အလာ၊ ဟိုးရှေးတုန်းကတည်းက ရှိခဲ့တဲ့ ကိစ္စပါ။

ကျွန်တော်ပြောချင်တာက မြန်မာသီချင်း၊ မြန်မာသံကိုပဲ ပြန်ပြီးတော့ အချင်းချင်း ကော်ပီလုပ်တာလေးတွေ ပြောချင်တာပါ။

ဒါနဲ့ စကားမစပ် ပြောရဦးမယ်၊ ပြီးခဲ့တဲ့အပတ်က ကျွန်တော် ပြောခဲ့တယ်။

'လယ်တောကအပြန်၊ ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး...' ဆိုတဲ့ -

ဆရာကြီးမင်းသုဝဏ်ရဲ့ 'နှင်းဆီပွင့်' ကဗျာ အဲဒီခြေဆင်းလေးနဲ့ 'ပန်းဦးပန်မယ့်သူ' ဆိုတဲ့သီချင်းကို ကျွန်တော်ဆိုလိုက်တာ မြန်မာ့အသံကနေလွှင့်ထုတ်ပြီး ကျွန်တော်ဓာတ်ပြားရခဲ့တယ်။ တစ်နိုင်ငံလုံး အောင်မြင် ကျော်ကြားသွားတယ်ပေါ့လေ။ အဲဒီ သီချင်းလေးနဲ့ပဲ ကျွန်တော် အဆိုတော်ဘ၀ကို ရောက်ခဲ့တာပါ။

ဆိုတော့ လူ့သဘာဝက ဘာဖြစ်သလဲဆိုရင် တစ်ခုခုအောင်မြင်ကျော်ကြားပြီဆိုရင် အဲဒီ အောင်မြင်ကျော်ကြားတဲ့နောက် လိုက်တတ်တယ်။ အဲဒီခေတ်က တိပ်ခွေခေတ်။

ကျွန်တော့်ဆီကို တိပ်ခွေထုပ်လုပ်သူတွေ ပြုံချလာတယ်။ ပြုံချလာတော့ သူတို့က ဘယ်လိုသီချင်းမျိုးတွေ ရွေးသလဲဆိုရင် စောစောက ပြောတဲ့ လယ်တောကအပြန် ဆိုတဲ့ ကဗျာလေးတွေကို ခွန်းထောက်သံထည့်ပြီး ထိပ်က ခြေဆင်းလေး၊ ပြီးမှ ဆိုင်းနဲ့ဝိုင်းနဲ့ဆိုတဲ့ပြုတဲ့ သီချင်းတွေကို ပြန်ဆိုပေးဖို့ ထုတ်လုပ်သူတွေ ရောက်ချလာတယ်။

အဲဒီမယ် ကျွန်တော်ကံကောင်းတာက အဲဒီခေတ် အဲဒီအချိန်တုန်းက မြန်မာသံကို နားထောင်အားပေးတဲ့ ပရိသတ် များတယ်။ ပြီးတော့ ကျွန်တော်က ဘယ်သူတွေနဲ့ တွဲမိသလဲဆိုတော့ အလင်္ကာကျော်စွာ ဆရာကြီး စောင်းဦးဘသန်းတို့၊ ရွာစားစိန်ဗိုလ်တင့်တို့၊ ဂီတလုလင်ဦးကိုကိုတို့နဲ့ တွဲနေတဲ့အချိန်ဆိုတော့ သူတို့ဆီက မြန်မာသံလေးတွေ ရတယ်။ ဥပမာ တစ်ခုပေးရရင် ရှေးခေတ်အမည်မသိစာဆိုတွေရဲ့ စာချိုးတွေ၊ ကဗျာတွေကို သီချင်းရဲ့ထိပ်မှာ ထည့်ကြတယ်။

ကျွန်တော် မှတ်မှတ်ရရ ဆရာကြီး စောင်းဦးဘသန်းချပေးတဲ့ သီချင်းတစ်ပုဒ် ကျွန်တော်ရတယ်။ အဲဒါက ရှေးခေတ်အမည်မသိ စာဆိုတစ်ဦးရဲ့ ကဗျာလေး 'မမလေး မောင်ကခိုးမယ်လို့ လူဆိုးတွေနဲ့ မောင်တိုင်ပင်၊ အရှေ့ဆို ညောင်ပင်ကြီးမှာ မြင်းကိုယ်စီပြင်၊ လထွက်ကလေးကိုတဲ့ မြင်းပေါ်တင်၊ လ၀င်ရင် မန်းတောင်အရောက် မြင်းငေါက်လို့နှင်' ဒါလေးက ရှင်းရှင်းလေးပါ။

ရည်းစားကို ခိုးမယ်၊ လူဆိုးတွေဆိုတာ သူငယ်ချင်းတွေပေါ့။ ထန်းရည်သောက်ဖော်သောက်ဖက်တွေပေါ့။ ရွာအရှေ့ ညောင်ပင်ကြီးရဲ့အောက်မှာ မြင်းတွေပြင်ထားမယ်။ လထွက်တဲ့အချိန်ကလေးမှာ ချစ်သူကို စွေ့ခနဲ မြင်းပေါ်တင်ပြီး ခိုးပြေးမယ်။ လ၀င်ရင် မန်းတောင်ရောက်အောင် မန္တလေးမြို့ကိုရောက်အောင် မြင်းငေါက်လို့နှင်မယ်။ ဒီကဗျာလေးက ရိုးရိုးသားသားတွေးရင် မိန်းမခိုးတဲ့ ကဗျာလေးပါ။

သို့သော် ကျွန်တော်တို့ စဉ်းစားဖို့လိုတာက အဲဒီကဗျာလေးပေါ်တဲ့ အချိန်တုန်းက နန်းတွင်းအရေးတော်ပုံဆိုတဲ့ ကနောင်မင်းသားကြီးကို လုပ်ကြံဖို့ အစီအစဉ်စတဲ့အချိန်နဲ့ သွားတိုက်ဆိုင်နေတယ်။ ဆိုတော့ ဒီကဗျာလေးဟာ တဘောင်စနည်း ဖြစ်နိုင်တယ်လို့လည်း ပြောနိုင်တယ်။

ရိုးရိုး မိန်းမခိုးတဲ့ကဗျာဖြစ်နိုင်သလို မမလေးဆိုတာက ရာဇပလ္လင်ကိုယူဖို့ ပြောတာလည်း ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ မမလေးကို မောင်က ခိုးမယ် ဆိုတာက ထီးနန်းကို လုမယ်လို့ဆိုတာ ဖြစ်နိုင်တယ်။ လူဆိုးတွေနဲ့ မောင်တိုင်ပင်ဆိုတာ သူပုန်သူကန်တွေနဲ့ တိုင်ပင်တာ၊ မောင် ဆိုတာက မြင်ကွန်း၊ မြင်းခုံတိုင်မင်းသားတွေကို ပြောပုံရတယ်။ အရှေ့ဆိုညောင်ပင်ကြီးမှာ မြင်းကိုယ်စီပြင်ဆိုတာက နန်းရှေ့မှာ ညောင်ပင်ကြီး တစ်ပင်ရှိတယ်။ အဲဒီညောင်ပင်ကြီးအောက်မှာ ညညဆို သိုင်းလေ့ကျင့်ကြတယ်တဲ့။ မြန်မာ့ရိုးရာသိုင်းပေါ့။

ဒါကိုကြည့်ပြန်တော့လည်း ဒီကဗျာလေးဟာ နိုင်ငံရေးပါနေသလို တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ်၊ ဒါက စကားမစပ်ပြောတာ။ ဘာပဲဖြစ်ဖြစ် ဒီကဗျာလေးကို ဆရာကြီးစောင်းဦးဘသန်းက အသံလေးထည့်ဆိုခိုင်းတဲ့အခါကျတော့ ဘယ်လိုဖြစ်သွားသလဲဆိုရင် -

'မမလေး မောင်ကခိုးမယ်လို့... လူဆိုးတွေနဲ့ မောင်တိုင်... ပင် အရှေ့ဆို ညောင်ပင်ကြီး... မှာ မြင်း... ကိုယ်စီပြင်... လထွက်ကလေးကိုတဲ့ မြင်းပေါ်တင်... လဝင်ရင် မန်းတောင်ရောက်အောင်... လဝင်ရင်ကွယ် မန်းတောင်ရောက်အောင်... မြင်း... မြင်း... မြင်းငေါက်လို့နှင်'

ဆိုပြီးတော့ ကျွန်တော်က ခြေဆင်းလေး ဆိုလိုက်တယ်။ ဆိုလိုက်တဲ့အခါကျတော့ ဆရာကြီးဦးဘသန်းက 'ဆက်ဆို' တဲ့၊ ဆိုပြီးတော့ ကဗျာလေးတစ်ပုဒ်၊ ရှေးကဗျာလေးတစ်ပုဒ်ကို ချပေးတယ်။ ကျွန်တော်က ဘယ်လိုဆိုရမလဲဆိုတော့ 'ဆက်သာဆိုကွာ' တဲ့။ မဟုတ်ဘူး ဘဘရယ်၊ ကျွန်တော်က အသံလေးဘာလေး ပေးပါဆိုတော့။ မဟုတ်ဘူးကွာ ဆိုသာဆို၊ မင်းဆိုရင် အလိုလိုဖြစ်သွားမယ်။ ငါက ဒီက တီးတာလေးလုပ်ပေးမယ်၊ ဆိုသာဆိုကွာတဲ့။ ကျွန်တော်က အဆိုတော်အသစ်လေးဆိုတော့ မဖြစ်မှာ စိုးရိမ်တယ်။ ဘဘက ဆိုခိုင်းတယ်။ ကျွန်တော်က တကယ်ဆိုလိုက်တော့ ပါးစပ်ကနေ နောက်ကဗျာတစ်ပုဒ် သီချင်းအဖြစ် အလိုလို ထွက်ကျလာတယ်။ အဲဒါကို ဒီကနေ့ စောင်းဆရာဦးအောင်သန်းနဲ့ ပြန်ဆိုပြမယ်။

ဆိုမပြခင် ကဗျာလေးကို ရွတ်ပြမယ်။
လုံမလေးကို သူ့အမေရိုက်ပါလို့
လာလာလေ လိုက်ခဲ့ပါတော့ မောင်တို့ရွာ...
ရိုးမြင့် သီခေါင်၊ ပုံတောင်ဟီးတယ်လေ...
ကြီးဧရာရွာ ဖီလာဟီးပါလို့ တောင်ကြီးတွေကာ
မောင်တို့ရွာမှာလ ပဇာပေါ၊
ပင် ပင်နီချောရယ်နဲ့ ယောထဘီ
ကြိမ်အင်္ကျီမှာ ကြွေတွေစီလို့
ဝတ်ဆင်ရန် ပေါတယ်လေး
ယောသူတို့ ရွာ...

ကဲ... ကောင်းပါပြီ၊ အခုလို ဆိုပြလိုက်တော့ သောတရှင်ပရိသတ်၊ အထူးသဖြင့် လူကြီးပရိသတ် ချက်ချင်းသဘောပေါက်တယ်။ ဒါဟာ ဘောလယ်သီချင်းထဲက အလိုက်ပါပဲနော်... ဘောလယ်ကို ကော်ပီယူထားတာ ပေါ်လွင်နေပါတယ်။ ဘောလယ်ဆိုတာ စောစောကပြောတဲ့ ကနောင်မင်းသားကြီး လုပ်ကြံမခံရခင်အချိန်မှာ သူ့ရဲ့မိဖုရား လှိုင်ထိပ်ခေါင်တင်က စတင်စပ်ဆိုတဲ့ တေးသံတေးသွားပါပဲ။ လှိုင်ထိပ်ခေါင်တင် စတင်ခဲ့တဲ့ တေးသွားပါပဲ။

အဲ... ရယ်စရာပြောရရင် ပညာရှင်တစ်ချို့က ပြောတယ်။ ကနောင်မင်းသားကြီးက မိဖုရားတွေ များတယ်တဲ့၊ လျှောက်လျှောက်ပြီး လည်နေတာတဲ့။ အဲဒါကြောင့် ဘောလယ်ဆိုပြီး ပေါ်လာတာတဲ့။ ပညာရှင်တစ်ချို့က ရယ်စရာအဖြစ်ပြောကြတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ဒီဘောလယ်လေးကိုပဲ ကျွန်တော်က 'လုံမလေးကို သူ့အမေရိုက်ပါလို့' ကဗျာစာသားထည့်လိုက်ပြီး ဆိုတဲ့အခါကျတော့ သီချင်းဖြစ်လာတာပါ။

ဒါကြောင့်လည်း ကျွန်တော့ပါးစပ်က အလိုလိုထွက်ကျလာတာပါ။ အလိုလို ထွက်ကျလာဖို့ဆိုတာကလည်း ကျွန်တော့်နားထဲမှာ ဘောလယ်ကို စွဲနေလို့ပါပဲ။ အဲဒီတော့ ဘောလယ်ကို ကော်ပီလုပ်ချလိုက်တာလို့ပဲ ယူဆလို့ရတယ်။ ဆိုတော့ ကနောင်မင်းသားကြီးဟာ စောစောကပြောသလို မိုဖုရားတွေများတော့ သူ့မိဖုရားခေါင်ကြီးဖြစ်တဲ့ လှိုင်ထိပ်ခေါင်တင်ဆီ အရောက်အပေါက်နည်းတယ်။ အဲဒီတော့ လှိုင်ထိပ်ခေါင်တင်က မျှော်တယ်။ သူ့ယောက်ျား တော်တော်နဲ့ ပေါ်မလာတော့ မျှော်တာပေါ့။

စိန်ခြူးကြာညောင်၊ စိန်ခြူးကြာညောင်ဆိုတာ သလွန်တော်ပေါ့၊ သလွန်တော်ပေါ်မှာ နေပြီး ပြတင်းပေါက်ကငေးကြည့်တော့ လရောင်ကလည်း လင်းနေတယ်။ မှန်ရွှေကူပြတင်းက မယ်ခုမျှော်၊ သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး။ သုံးချက်စည်တော် မနက်မိုးလင်းအထိ သုံးနာရီ ထိုးလုနီးတဲ့ထိ သူမျှော်နေပါတယ်လို့ ဘောလယ်သီချင်းကို စပ်ပါတယ်။

ကျွန်တော် အခု စောင်းဦးအောင်သန်းနဲ့ တွဲဖက်ပြီး ခုနကလို သီဆိုပြပါမယ်။

စိန်းခြူးရယ်တဲ့ ကြာညောင်၊ လရောင်တွေ လင်းပါလို့၊
မှန်ရွှေကူ ပြင်တင်းရယ်က၊ မယ်ခုမျှော်
သုံးချက်... သုံးချက်စည်တော်... သုံးချက်... သုံးချက်စည်တော်
ရိုက်ဆော်ညှင်းတယ်လေး... လေး.. လင်းပြန်လုတော်...

ဟော... ကြည့်နော်၊ ဘောလယ်ကို စိန်ခြူးကြာညောင်က စပါတယ်။ ကျွန်တော်က ဒီဘက်ခေတ်မှာ လုံမလေးကို သူ့အမေရိုက်ပါလို့ ဆိုပြီး ကော်ပီလုပ်တယ်။ အဲဒီမှာပဲ ကျွန်တော်တို့ စပေသမားတွေဆိုတာက ဒီအတိုင်း နေလို့မရဘူး။ လေ့လာရတယ်။ အဲဒီ လှိုင်ထိပ်ခေါင်တင်ခေတ်မှာပဲ ဘောလယ်အသံကိုပဲ စသားပြောင်းပြီး ကော်ပီလုပ်တာကို သွားတွေ့ရတယ်။ တခြားမဟုတ်ပါဘူး။ သူ့ယောက်ျား ကနောင်မင်းသားကြီး ကိုယ်တိုင်က ကော်ပီလုပ်တာ။

အဲဒီ စိန်ခြူးကြာညောင်ဆိုတဲ့ ဘောလယ်ရေးသားပြီး သူလွန်းနေရကြောင်း၊ သူမျှော်နေရကြောင်း၊ ရှင်ကတော့ လျှောက်လည်နေတယ်ဆိုတဲ့အကြောင်း စိန်းခြူးကြာညောင်တေးသွားနဲ့ လှိုင်ထိပ်ခေါင်တင်က ဆက်သွင်းတဲ့အခါကျတော့ ပထမ ကနောင်မင်းသားကြီးက ဒေါသဖြစ်တယ်။ ဒီလောက် နိုင်ငံရေးရှုပ်ထွေးနေတာ၊ စစ်ရေးရှုပ်ထွေးနေတာ၊ ငါအလုပ်များနေတာကိုများ တခြားမိဖုရားအဆောင်တွေဆီ လျှောက်လည်နေတယ်ဆိုပြီး ပြောရကောင်းလားဆိုပြီး ဒေါသဖြစ်တယ်၊ ဓားဆွဲတယ်။ ကနောင်မင်းသားကြီးရဲ့ အလေ့အကျင့်က တစ်ခုခုဖြစ်ရင် ဓားဆွဲလေ့ရှိတယ်။

'တောက်၊ ငါ ငါးပိုင်း ပိုင်းပစ်လိုက်ရ' ဆိုပြီး အမြဲတမ်း ငေါက်တတ်တယ်။ ဆိုတော့ကာ သူ့မိန်းမက သူ့ဆီမလာနိုင်ဘူးဆိုတော့ ဘောလယ်နဲ့ အပြစ်ဖို့တာကို ဒေါသထွက်ပြီး ဒီမိန်းမ ငါးပိုင်းပိုင်းလိုက်ရ ဆိုပြီး ဓားဆွဲတယ်။ ဒီတော့ ဘေးက တားကြတာပေါ့။ ပြီးတော့ သေသေချာချာ နားထောင်ပါဦးလို့ ဆိုကြတယ်။

ဒီတော့မှ သေသေချာချာ နားထောင်ပြီး 'သြော်... ဟုတ်ပေသားပဲ၊ ငါ့မိန်းမတစ်ယောက်တည်း ငါ့ကို မျှော်နေရှာတာပဲ၊ သနားပါတယ်လေ' သူကပြန်ပြီးတော့ အဲဒီဘောလယ်အလိုက်နဲ့ပဲ ချော့လိုက်တယ်။ ချော့တော့ လက်သုံးတော်ဓားကို ယောင်မှားပြီး ကိုင်မိတာပါတဲ့။ နိုင်ချင်လိုလို့၊ အနိုင်လိုချင်လို့ မဟုတ်ပါဘူး။ 'နှုတ်အာရဲတယ်လို့ အပြစ်တင်၊ မချစ်ပြင်ပြင်၊ ချစ်ရင်ကျိုး၊ ငြိုးမာန်ဖွဲ့ဆင်' ဆိုပြီး စောစောက ဘောလယ်အလိုက် အသံအတိုင်း ပြန်ပြီးချော့တာပေါ့လေ။

ဒါလေးကို စောစောကအတိုင်း စောင်းဦးအောင်သန်းနဲ့ ကျွန်တော် ဆိုပြပါဦးမယ်။ သောတရှင်များ နားဆင်ကြည့်ကြပါဦးဗျာ။

လက်သုံးတော် ဓားကိုလ... ယောင်မှားကာကိုင်
လက်သုံးတော် ဓားကိုလ... ယောင်မှားကာကိုင်
ယောင်မှားကာကိုင်
လက်သုံးတော် ဓားကိုလ... ယောင်မှားကာကိုင်
နိုင်ချင်လိုလို့ ဟုတ်ပါဘဲ... နှုတ်အာရဲလို့ အပြစ်တင်
မချစ် မချစ်ပြင်ပြင်... မချစ်ပြင်ပြင်
ချစ်ရင်ကျိုးလေး... လေး... ညှိုးမာန်ဖွဲ့ဆင်...

ဆိုတော့ ကျွန်တော်တို့ ဒီတိုင်းနေလို့မရဘူးဗျ။ ကော်ပီဟာ စိန်းခြူးကြာညောင် လက်သုံးတော်ဓားနဲ့ ကော်ပီလုပ်တယ်။ ပြီးတော့ ကျွန်တော်တို့ မြန်မာသံကို အဆင့်ဆင့်ကော်ပီလုပ်လာလိုက်ကြတာ ကျွန်တော့်ခေတ်မှာ အလွမ်းသီချင်းတော်တော်များများဟာ ဘောလယ်ကိုသုံးပြီး သီဆိုလာကြတာ သွားတွေ့ရတယ်။

ဥပမာ- အနီးစပ်ဆုံးပြရရင် ဒီကနေ့ထိ နာမည်ကြီးနေတဲ့ အဆိုတော်ကိုမြကြီးရဲ့ 'မိုး' သီချင်း။ ဒီနေ့ သက်လတ်ပိုင်း၊ သက်ကြီးပိုင်း အနားယူတဲ့အခါ ကာရာအိုကေ သွားဆိုကြတဲ့အခါ ဒီ မိုးသီချင်းကိုပဲ ပြန်ဆိုနေကြတယ်။ ကျွန်တော်လည်း ဆိုခဲ့ဖူးတာပါပဲ။

'ဝသန်ခါမီ လရာသီ ပြာရီရစ်ဝိုင်း မှိုင်းလဲ့လဲ့၊ သိုင်းနွဲ့နွဲ့၊ ဆိုင်းဖွဲ့လို့ဟန်ချီ၊ မင်းလွင်ဆီ ညိုရောင်မှောင်ခိုး၊ မိုးလခါမီ ဖျိုးဖျိုးလျလျ စွေတော့သည်၊ ဂျိုးဂျိမ့်သံမာန်တင်းကာပ အသူရာ သိကြားမင်းနှယ် စစ်ခင်းကာ ပြိုင်ကြသည်' ဘာညာပေါ့ဗျာ။ ဆိုတဲ့အခါမှာ အမှတ်မထင်ဘဲ စောစောကပြောတဲ့ စိန်ခြူးကြာညောင်၊ လက်သုံးတော်ဓား၊ ပြီးတော့ ကျွန်တော်ဆိုခဲ့တဲ့ လုံမလေးကို သူ့အမေရိုက် ဆိုတဲ့ ဘောလယ်တေးသွားအလိုက်ကို အဲဒီမိုးသီချင်းထဲမှာ သွားတွေ့ရတယ်။

ဒါကြောင့် မြန်မာသံကိုပဲ မြန်မာတွေကော်ပီလုပ်တဲ့ အစဉ်အလာဟာ ဒီကနေ့ထိ ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်မပြုလို့ မရဘူး။ ဥပမာ မိုးသီချင်းထဲက ဘောလယ်အပိုဒ်ကို ကျွန်တော် ဦးအောင်သန်းနဲ့ တွဲဖက်ပြီးတော့ ပြန်ဆိုပြပါ့မယ်။

လိုက်တော်မူ သင့်ပါရဲ့... အခွင့်ကိုမျှော်...
လိုက်တော်မူ သင့်ပါရဲ့ အခွင့်ကိုမျှော်... မျှော်... မျှော်... မျှော်
လိုက်တော်မူ သင့်ပါရဲ့ အခွင့်ကိုမျှော်
မသင့်တော်သလိုပါ့ တစ်မေခင်လွဲ
မသင့်တော် မသင့်တော် မသင့်တော်သလိုပါ့ တစ်မေခင်လွဲ...
ရွှေရင်ထဲမှာဖြင့်... ကွဲလုပြီ၊ စွဲသူ့မျက်ရည်... စွဲသူရဲ့မျက်ရည်
ရက်ရှည်ရှည်ဆွေးတယ်လေး... လေး... သွေးကဲ့သို့နီ...

အဲဒီတော့ မြန်မာသံသီချင်းတွေကိုပဲ မြန်မာတွေ ကော်ပီလုပ်တာဟာ အစဉ်အလာ ဖြစ်နေပါပြီ။ ဒီတော့ နိုင်ငံခြားတေးသံကို မြန်မာစာသားထည့်ပြီး ကော်ပီလုပ်တာဟာ အပြစ်မရှိဘူးလို့ ကျွန်တော်တော့ ယေဘုယျ ယူဆပါတယ်။

ယေဘုယျဆိုတာက မြန်မာသံမှာ စည်း-ဝါး၊ နရီစသဖြင့် ရှိပါတယ်။ အဲဒါကို အတိအကျလိုက်နာပြီး ကော်ပီလုပ်မှ ကော်ပီလုပ်ရာ ရောက်ပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့အပတ်က ဆိုပြခဲ့ပါတယ်။ ဇော်ဝင်းထွဋ်ရဲ့အဘိုး ရွှေတိုင်ညွန့်ကိုယ်တိုင် ကော်ပီလုပ်တာ ကျွန်တော် ဆိုပြခဲ့ဖူးပါတယ်။

'အိုက်တင်တွေ များပါဘိတယ်၊ ရိုးရိုးနဲ့ မတူပါတယ်၊ ပျိုကြည်အောင် မြင်ရင်တကယ်၊ သူ့မျက်လုံးက လည်'

'ရတနာပုံ မန်းရွှေမြို့သူ၊ သဘောကောင်းလို့ စေတနာဖြူ၊ ဘာစီတီနာမည်ယူ၊ ကျောင်းကြီးကောလိပ်သူ'

'ကြည်ညိုဖွယ် ကောင်းပါဘိကွယ်၊ မိုးညှင်းက ဆရာတော်ရယ်၊ ဒေသနာသေချာအောင် ဟောပြောဆုံးမတယ်' ဒါ ကော်ပီပဲ။

ဒါပေမဲ့ ဒီကနေ့ခေတ်လူငယ်တွေ အနောက်တိုင်းတေးကို ကော်ပီလုပ်တဲ့နေရာမှာ သံစဉ်ဝင်အောင်မဟုတ်ဘဲနဲ့ ဂရုသုံဆိုတဲ့ သံရှည်ဆွဲရမယ့်နေရာမှာ သံရှည်မဆွဲဘဲ၊ လဟုသံဆိုတဲ့ သံပြတ်နဲ့ 'ဟေ့' ဆိုတဲ့နေရာမှာ 'ဟေး' ဆိုပြီး သံရှည်ဆွဲနေတာမျိုး နည်းနည်းလွဲနေတာလေးတွေကလွဲရင် အများအားဖြင့် ကော်ပီသီချင်းတွေက ကောင်းကြပါတယ်။ နည်းနည်းလွဲတာလေးတွေကို ဂီတပညာရှင်များက ထိန်းကျောင်းပေးဖို့ ကျွန်တော်က ဒီနေရာကနေ အဆိုပြုချင်ပါတယ်။ အနောက်တိုင်းတေးကို ကော်ပီလုပ်တာဟာ မမှားပါဘူး၊ ဒါဟာ အင်တာနေရှင်နယ်ခေါ်တဲ့ ကမ္ဘာ့တေးကို မြန်မာမှုပြုတာကိုး။

အဲဒီတော့ စကားမစပ် တစ်ခုသတိရတယ်။ အားလုံးသိထားတဲ့ တစ်နိုင်ငံလုံး ကလေးတွေကအစ သိထားတဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ ကျောင်းတက်ကျောင်းဆင်းတိုင်းဆိုရတဲ့ တစ်နိုင်ငံလုံးဆိုရတဲ့ 'ကမ္ဘာမကြေ' သီချင်း။ ကမ္ဘာမကြေသီချင်းက တကယ်တော့ ကော်ပီဗျ။ အော်ရီဂျင်နယ် သီချင်းမဟုတ်ဘူး။

တစ်ချိန်တုန်းက နယ်ချဲ့ခေတ်မှာ ကျွန်တော်တို့ရဲ့ အဘိုးအဘွား အဖေအမေတွေ 'သခင်' ဆိုတာ ဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့ကို နယ်ချဲ့က ကျွန်အဖြစ်နဲ့ အုပ်ချုပ်တဲ့အခါကျတော့ ကျွန်တော်တို့က ကျွန် မဟုတ်ဘူး။ သခင်ပဲဟေ့ဆိုပြီး 'သခင်မျိုးဟေ့ တို့ဗမာ' ဆိုပြီး သခင်အသင်းတွေ ထူထောင်ကြတဲ့အချိန်တုန်းက သီချင်းတစ်ပုဒ်ပေါ်လာတယ်။ 'အရှေ့က နေဝန်းထွက်သည့် ပမာ'၊ ဆရာသိန်းဖေမြင့်လည်း ဝတ္တုခေါင်းစဉ်တပ်ပြီး ရေးပါတယ်။ တို့ဗမာသီချင်း ပေါ်ထွန်းလာတယ်။ ဝိုင်အမ်ဘီသခင်တင်က ရေးတာပါ။ အစအဆုံးတော့ ကျွန်တော် ဆိုမပြတော့ပါဘူး။ သီချင်းက ရှည်ပါတယ်။
အဲဒီမှာ ဘာပါသလဲဆိုတော့ -
တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
စိတ်တူညီမျှ ဝါဒတူညီတဲ့မြေ တို့ပြည် တို့မြေ
ဗမာပြည်ဝန်းအကုန် တို့အိမ်မှတ်ပါ၊ တို့ရာမှတ်ပါ
အဲဒါ တို့ဗမာ...
ကမ္ဘာမကြေ ဗမာတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ဒါတို့ပြည် ဒါတို့မြေ ဒါ ငါတို့ပြည်
ဒါတို့ပြည် ဒါတို့မြေ ဒါ ငါတို့ပြည်...
တို့ဗမာ တို့ဗမာ ပြည်ကို တိုင်းရင်းသားအကုန်အစင်
တို့ပြည်လို့မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာသခင်...

သခင်မျိုးဟေ့ တို့ဗမာ၊ သခင်မျိုးဟေ့ တို့ဗမာ၊ သခင်မျိုးဟေ့ တို့ဗမာဆိုပြီးတော့ နယ်ချဲ့ကို အဲဒီသီချင်းနဲ့ ဆန့်ကျင်အုံကြွ တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်း လွတ်လပ်ရေးရလာတဲ့အခါကျတော့ နိုင်ငံတော်သီချင်းဆိုပြီးတော့ ရွေးတဲ့အခါမှာ စောစောကပြောတဲ့အပိုဒ်ကို ယူပြီးတော့ ကမ္ဘာမကြေဆိုတဲ့သီချင်း ဖြစ်ပေါ်လာတာပါလို့ ပြောရင်းနဲ့ ဒီတစ်ပတ် နိဂုံးချုပ်ပါတယ်။

----------X--------X----------

တောသူတောင်သားတွေရဲ့ အသည်းပန်းဦး

သြော်… ဒါနဲ့စကားမစပ်၊ အင်း… စကားမစပ်ပြောရလို့ရှိရင် ပြီးခဲ့တဲ့အပတ်က ကော်ပီသီချင်းတွေအကြောင်း ကျွန်တော် လက်လှမ်းမီသလောက် ပြောခဲ့ပါတယ်။ အထူးသဖြင့် မြန်မာသံသီချင်းတွေကို မြန်မာကော်ပီလုပ်တဲ့အကြောင်း ပြောခဲ့တာပါ။

ဒီ သုမောင်ဆိုတဲ့ လူကြီးကလည်း မြန်မာသံသီချင်းတွေနဲ့ အောင်မြင်ခဲ့တာဆိုတော့ မြန်မာသံကို အားပြုပြီးတော့ ပြောချင်ပါတယ်။ ဒီနေ့ခေတ် ခေတ်ရေစီးကြောင်းအလိုက် ခေတ်ပေါ်သီချင်းတွေပေါ်တာကို အပြစ်မမြင်ပါဘူး။ ခေတ်ရေစီးကြောင်းအတိုင်း ဒီအတိုင်းမျောပါကြရတယ်ဆိုတာတော့ နိယာမတရားလို ဖြစ်နေပါပြီ။ သို့သော်လည်းပေါ့လေ၊ လူသုံးနည်းလာတဲ့ မြန်မာသံ၊ မြန်မာစာသားတွေကို ကျွန်တော်တို့လို တာဝန်ရှိတဲ့သူတွေကမှ ပြန်မဖော်လို့ရှိရင် တိမ်မြုပ်သွားမှာ စိုးရတယ်လို့ ယူဆတဲ့အတွက် ကျွန်တော်က မြန်မာသံကို အဓိကထားပြောရတာပါ။

တကယ်တမ်း ပြောမယ့်သာပြောရတာ၊ မြန်မာသံဟာ ဒီနေ့ထိ မတိမ်ကောသေးပါဘူး။ ဒါကို ဘယ်နေရာတွေမှာ တွေ့ရသလဲဆိုတော့ အထူးအားဖြင့် ဆိုပါစို့၊ မင်္ဂလာဆောင် ကျွန်တော်တို့ မြန်မာအမျိုးသား အမျိုးသမီးတွေ မင်္ဂလာဆောင်တဲ့အခါ၊ မင်္ဂလာပွဲတွေကို ဟိုတယ်ကြီးတွေမှာ ကျင်းပကြတဲ့အခါ၊ အရင်တုန်းက ဘုန်းကြီးကျောင်းတွေမှာ ကျင်းပတယ်၊ ခုနောက်ပိုင်း ဟိုတယ်ကြီးတွေမှာ ကျင်းပလာကြတယ်။ တီးဝိုင်းတွေငှားပြီး ဆိုကြ ပြုကြတယ်။ သတိထားမိတာက ကျွန်တော်ကိုယ်တိုင် မင်္ဂလာဆောင်တွေ ဆိုဖူးတော့ လက်မလည်အောင် ဆိုခဲ့ရတဲ့ သုမောင်ကြီးပါ။

ဒီကနေ့ ဒီအချိန်အခါမှာ မင်္ဂလာဆောင်အဆိုတွေ ကျဲပါးသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ်ပေါ်အနောက်တိုင်းတေးတွေက မင်္ဂလာဆောင်တွေကို လွှမ်းမိုးလာလို့ပါပဲ။ ဒါဟာလည်း အပြစ်ပြောစရာ မဟုတ်ပါဘူး။ ခေတ်အလျောက်ဖြစ်တာပါ၊ သို့သော်လည်း သေချာတာ တစ်ခုကတော့ မင်္ဂလာဆောင်ပြီဆိုတဲ့အခါမှာ သတို့သားနဲ့ သတို့သမီး မင်္ဂလာခန်းမထဲ ကြွချီတဲ့အချိန်မှာတော့ ‘အောင်ဇေယျတု၊ ငွေခရုငယ်သင်္ခါ ဘွန်းဘိသိက်ဖြာ၊ ပုံတောင်မြင့် ထွန်းသက်ရာဝယ်၊ တိမ်စဉ်သာသည့်၊ စန္ဒာမင်းလို ဆင်းရူပဝင်း… အခါတော်’ ဆိုတဲ့ အခါတော်သီချင်းနဲ့ ပွဲထုတ်ရတာ။ ဒီနေ့အထိ အစဉ်အလာလည်းဖြစ်၊ ပြောင်းလို့လည်း မရတဲ့ဥစ္စာ၊ ဒါဟာ မြန်မာသံကို အခိုင်အမာစွဲလမ်းနေတယ်ဆိုတဲ့ ဓလေ့ပါပဲ။

ဒီ့အပြင် နည်းနည်းချဲ့ပြောရလို့ရှိရင် ကျွန်တော်နေတာက သင်္ဃန်းကျွန်း၊ သုဝဏ္ဏ အားကစားကွင်းနား။ ခုဆိုရင် မြို့လည်ကောင်လောက် ဖြစ်နေပါပြီ။ သို့သော်လည်း အခုလို ဆောင်းအဝင် ဝါကျွတ်၊ တန်ဆောင်တိုင် စသဖြင့် ပွဲလမ်းသဘင်တွေ လုပ်တဲ့အခါမှာ ဘုန်းကြီးကျောင်းတွေက တေးသံတွေ ဖွင့်ကြတယ်။ အရပ်တီးဝိုင်းတွေ လုပ်ကြတဲ့အခါမှာလည်း မြန်မာသံတွေ တီးကြဆိုကြတယ်။ ဥပမာ-အနီးစပ်ဆုံးပြောရရင် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဂန္တဝင်အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့သီချင်းတွေဟာ ကျွန်တော်တို့ သင်္ဃန်းကျွန်းလောက်အထိ မပျောက်ပြယ်သေးပါဘူး။ ဒါနဲ့ ပတ်သက်လို့လည်း တစ်ချိန်တုန်းမှာ ဦးသိန်းတန်က စာတစ်ပုဒ် ရေးဖူးပါတယ်။

သူ့စာထဲမှာ ပြောချင်တဲ့ အကြောင်းအရာအဓကက စကားနဲ့ပြောရရင် ‘ဟေ့… လှည်းနဲ့လှေမပျောက်သရွေ့ ငါ့သီချင်းတွေ မပျောက်စေရဘူးကွ’ တဲ့။ သူက အဲသလို ကြုံးဝါးခဲ့တ။ အမှန်ပါပဲ၊ ဒီနေ့ ကျေးလက် တောရွာတွေမှာဆိုရင် တွံတေးသိန်းတန်ရဲ့သီချင်းတွေဟာ အခုထက်ထိ ပျံ့လွင့်နေဆဲပါပဲ။ သူကွယ်လွန်သွားပေမယ့် သူ့သီချင်းတွေဟာ လောက်စပီကာလို့ခေါ်တဲ့ အသံချဲ့စက်ကနေ လွှင့်ထုတ်နေကြတာ ကြားနေရဆဲပါ။

ဒါနဲ့ပတ်သက်လို့ ကျွန်တော့်အတွေ့အကြုံလေးတစ်ခု ပြောပြမယ်။ ဦးသိန်းတန်နဲ့အတူ ကျေးလက်တစ်ခုမှာ သူ့ပွဲတစ်ပွဲ သွားဖျော်ဖြေတာ ကျွန်တော် တစ်ခါ လိုက်သွားဖူးတယ်။ အဆိုအနေနဲ့မဟုတ်ဘဲ တခြား ကိစ္စနဲ့ပါ။ ကျွန်တော်က ဦးသိန်းတန်အဆိုကို လေ့လာဖို့လည်း ပါတာပေါ့။ ပထမပိုင်း ဆိုတုန်းကတော့ ဖြောင့်လို့ပဲ။ ဆိုလိုက်ရင်း၊ လက်ခုပ်တီး လိုက်ရင်းပေါ့။ ဦးသိန်းတန်ကလည်း ဆိုတယ်။ ၁၄-၅ ပုဒ်ပေါ့၊ ဆိုနိုင်တယ်။ တစ်ပုဒ်ပြီးတိုင်း လက်ခုပ်ဝိုင်းတီးလိုက်ကြနဲ့ တောသူတောင်သားတွေက သူ့ကို သဘောကျကြတယ်။

ပွဲဒုတိယပိုင်းမှာ ဦးသိန်းတန်က ကျန်းမာရေးချို့တဲ့သွားတယ်။ ဒီတော့ ပက်လက်ကုလားထိုင်ကလေးမှာ ခေါင်းငိုက်စိုက်နဲ့ မှိန်းနေရတယ်။ ဒုတိယပိုင်း သူ့အလှည့် ပြန်ရောက်တဲ့အခါကျတော့ ကြေညာတဲ့သူကလည်း ကြေညာလိုက်တာပေါ့။ ကိုသိန်းတန် ဖျော်ဖြေရမယ့်အလှည့်ကျပါပြီပေါ့။ အဲ… ပြောရဦးမယ်၊ တောကနော်၊ ဦးသိန်းတန်လို့မခေါ်ဘူး၊ တွံတေးသိန်းတန်လို့လည်းမခေါ်ဘူး၊ ကိုသိန်းတန်လို့ တကယ့်ကို ရင်းရင်းနှီးနှီး မြတ်မြတ်နိုးနိုး ခေါ်တာ။ ‘ဆက်လက်ပြီးတော့ ကိုသိန်းတန်က ဖျော်ဖြေပါ့မယ်’လို့ ကြေညာလိုက်တော့ ကိုသိန်းတန်က ထွက်မလာနိုင်ဘူး။ ဘယ်ထွက်လာနိုင်မလဲ၊ ကျန်းမာရေးကြောင့် စင်ထောင့်ဘေးက ပက်လက်ကုလားထိုင်မှာ ခေါက်ချိုး ဖြစ်နေတာကိုး။

ပရိသတ်က ‘ကိုသိန်းတန် ထွက်ပါတော့၊ ထွက်ပါတော့ဗျို့’ လို့ အော်တာပေါ့။ ဒီမှာလည်း ဆွဲထူလို့မရ၊ ဆိုဖို့ဆိုတာ ဝေးရော။ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တဲ့ အခြေအနေရောက်သွားတယ်။ အဲဒီအချိန်မှာ အောက်က ပရိသတ်ကလည်း ဆူတာပဲ။ ‘ကိုသိန်းတန် ထွက်ပါဗျို့၊ ထွက်ပြပါ’ ပေါ့။ ဒီတော့ ကြေညာသူလည်း ‘သြော်၊ ကိုသိန်းတန်တစ်ယောက် ကျန်းမာရေးအခြေအနေကြောင့် မဆိုနိုင်တော့ပါဘူး’ ဆိုပြီး တောင်းပန်ရတာပေါ့။ ‘မဆိုနိုင်ရင်လည်း လူထွက်ပြပါဗျို့’ ဆိုပြီး တားမရ ဆီးမရ အောက်ကနေအော်တယ်ဗျာ။

နောက်ဆုံးကျတော့ မတတ်သာတဲ့အဆုံး ဦးသိန်းတန်ကို သူ့တပည့်နှစ်ယောက်က တစ်ယောက်တစ်ဖက်စီ ပခုံးကို တွဲပြီး ယိုင်တိယိုင်ထိုးနဲ့ အဆိုတော်ကြီးကိုသိန်းတန်ကို စင်ရှေ့ ထုတ်ပြရတယ်။ ပြီးတော့ မိုက်ကရိုဖုန်းရှေ့ရပ်ပြီး ‘ကျွန်တော် တော်သူ တောင်သားတွေကိုချစ်တဲ့ အဆိုတော် တွံတေးသိန်းတန်ပါဗျာ’ ဆိုပြီး အသံ ဗလုံးဗထွေးနဲ့ပြောပြီး ဇာတ်စင်နောက်ဘေးကို ပြန်တွဲခေါ်သွားရတာပါ။

အဲဒီအချိန်မှာ ပရိသတ်က အံ့သြစရာကောင်းတာဗျာ။ အဲဒီလိုဖြစ်တဲ့ အဖြစ်အပျက်ကို အမှားကြီးတစ်ခုရယ်လို့ အပြစ်ယူတာ၊ ဗွေယူတာ မရှိဘဲနဲ့ ‘ဒါမှ တို့ကိုသိန်းတန်ဟေ့’ ဆိုပြီး လက်ခုပ်လက်ဝါးတီးပြီးတော့ အားပေးတာ တွေ့ရတယ်။ ဒါဟာ တောသူတောင်သားတွေကိုချစ်တဲ့ ကိုသိန်းတန်ကို ပမာပြုပြီးတော့ မြန်မာသံအကြောင်းပြောတာ။ မြန်မာသံနဲ့ပတ်သက်လို့ ပြောရရင် ကျွန်တော့်အရင် တစ်ခေတ်စောတဲ့ အဆိုတော်၊ စာရေးဆရာ၊ ရုပ်ရှင်မင်းသားပါပဲ၊ ကိုဝင်းဦး အကြောင်းလေးလည်း ထည့်ပြောဖို့ သင့်ပါတယ်။

သူဟာ ခေတ်ပေါ်သီချင်းတွေဆိုခဲ့တယ်ဆိုပေမယ့်လို့ မြန်မာသံတွေကို အဓိကထားပြီး၊ မြန်မာသံတွေကို ဖော်ထုတ်ပြီး အထူးသဖြင့် မြို့မငြိမ်းရဲ့သီချင်းတွေကို ဖော်ထုတ်ခဲ့တဲ့ တကယ့်မြန်မာသံ ဂီတပညာရှင်ကြီး တစ်ယောက်ပါ။ သူကလည်း မြန်မာသံကို ချစ်သလို မြန်မာတောသူတောင်သားတွေကိုလည်း ချစ်ပါတယ်။ မြန်မာတောသူတောင်သားတွေက မြန်မာသံကို ကြိုက်သလို ကိုဝင်းဦးကိုလည်း ကြိုက်ကြပါတယ်။

တစ်ခုရှိတာက ကိုဝင်းဦးနဲ့ ကိုသိန်းတန် ကွာသွားတာက မြို့နေလူတန်းစားက ကိုသိန်းတန်ကို ဒီလောက်ခံတွင်းမတွေ့ကြပေမယ့် တောနေလူတန်းစားက ကိုသိန်းတန်ကို ခံတွင်းတွေ့တယ်။ ကြိုက်ကြတယ်။ ကိုဝင်းဦးကျတော့ မြို့ရော တောပါကြိုက်ကြတယ်။ မြို့ကတော့ ခေတ်ပေါ်သီချင်းတွေနဲ့ကြိုက်တာ။ မမမိုးစတဲ့သီချင်းတွေနဲ့ ကြိုက်ကြတာ။ တောကတော့ စောစောကပြောတဲ့ မြို့မငြိမ်းသီချင်းတွေ၊ မြန်မာသံစစ်စစ်တွေကို ဆိုခဲ့ပြုခဲ့လို့ ကြိုက်တာ။

သူနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော့်မှာ အတွေ့အကြုံလေးတစ်ခုရှိပါတယ်။ တစ်ခါတုန်းက ပြည်နယ်မြို့တော်တစ်ခုကို ပြည်နယ်ပွဲတစ်ခုကို သွားပါတယ်။ အဲဒီခေတ်က တံတားတွေဘာတွေ ခုခေတ်လောက် မပေါသေးပါဘူး။ တစ်ဖက်ကမ်းကို မော်တော်နဲ့ကူးရပါတယ်။ ကူးတဲ့အခါ ဟိုဘက်ကမ်းရောက်၊ မြို့တော်မှာ ည ကျွန်တော်တို့ ဖျော်ဖြေရပါတယ်။ ကိုဝင်းဦးကတော့ အဓိကပေါ့လေ။ ကျွန်တော်ကတော့ အဆွယ်အပွားပေါ့။ ကျွန်တော်က အဆိုတော်ဖြစ်စလေးပဲ ရှိသေးတာ။

အဲဒီမှာ ကိုဝင်းဦး၊ ကိုဝင်းဦးဆိုပြီး ကြိုက်ကြတာပေါ့လေ။ ပြီးတော့ မနက်မိုးလင်းတော့ ကျွန်တော်တို့ပြန်ကြရတာပေါ့။ ထုံးစံအတိုင်း စင်ကနေ လမ်းလျှောက်ပြန်၊ ကမ်းနားရောက်တဲ့အခါကျတော့ အဆင်သင့်စောင့်နေတဲ့ မော်တော်ဘုတ်ပေါ် တက်ကြရတယ်။ တက်တဲ့အခါကျတော့ ကျွန်တော်ရယ်၊ ကိုဝင်းဦးရယ်၊ နောက် တခြားအဆိုတော်တွေရယ်၊ မော်တော်ဦးက လက်ရန်းမှာ မတ်တတ်ရပ်ပြီး ကျွန်တော်တို့ညကဆိုခဲ့တဲ့မြို့လေးကို ကြည့်နေကြတယ်။

ကြည့်နေတဲ့အချိန်မှာ ရုတ်တရက် လူအုပ်ကြီးက အဲဒီ ကမ်းနားက ဗွက်တောထဲကို ပြုံဆင်းလာတယ်။ ကြည့်လိုက်တော့ တောသူတောင်သားတွေ၊ အဲဒီတောသူတောင်သားတွေက လက်ပြ၊ ကျွန်တော်တို့ကလည်း လက်ပြ။ အဓိကက ကိုဝင်းဦးပါ။

‘ကိုဝင်းဦး၊ ကိုဝင်းဦး’ ဆိုပြီးတော့ တဘက်ပေါင်းထားတဲ့သူတွေ၊ ထဘီရင်ရှားထားတဲ့ မိန်းမတွေ အော်ကြ၊ နှုတ်ဆက်ကြတဲ့အခါကျတော့ ကိုဝင်းဦးက လက်ကလေးပြပြီး ပြန်နှုတ်ဆက်တယ်။

ကျွန်တော် မှတ်မှတ်ရရ အဲဒီအချိန်က ကိုဝင်းဦးဟာ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူ၊ ဖိနပ်အဖြူလေးနဲ့ လှလှပပ ကြော့ကြော့မော့မော့ ဝတ်စားထားတာ။ အဲသလို အပြန်အလှန် လက်ပြနှုတ်ဆက်နေရင်းကနေပြီးတော့ အဲဒီထဲက ခေါင်းဆောင်လို့ထင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်က လှမ်းအော်တယ်။ ဘယ်လိုအော်သလဲဆိုတော့ -

“ကိုဝင်းဦးရေ၊ ညတုန်းကပွဲ ကျုပ်တို့ရွာကနေတစ်ဆင့် လာကြရတာ မမီလိုက်ကြပါဘူး။ အဲဒီတော့ ဖြစ်နိုင်ရင် သင်္ဘောပေါ်ကနေ သီချင်းလေး တစ်ပုဒ်လောက် အော်ပြီး ဆိုပြပေးပါ” လို့ တောင်းဆိုတယ်။

ကျွန်တော့်စိတ်ထဲမှာလေ လှိုက်ခနဲဖြစ်သွားတယ်။ သြော်၊ တောသူတောင်သားတွေ မြန်မာသံ အနုပညာသည်တွေကို ချစ်ကြတာနော်။ ဒါကြောင့်မို့လည်း ဒီဗွက်တောထဲထိ ဆင်းလာပြီး သင်္ဘောနားကပ်ပြီးတော့ သီချင်းဆိုပြပါဆိုပြီး တောင်းဆိုတာ။ အဲဒီအချိန်မှာ ကျွန်တော် ကိုဝင်းဦးကို ဖျတ်ခနဲကြည့်လိုက်တော့ သူဟာ မင်းသားတွေအားလုံးထဲမှာ အလှအပ အလွန်ကြိုက်တဲ့၊ အဝတ်အစားကိုလည်း ကော့ပျံနေအောင်ဝတ်တဲ့ မင်းသား၊ ခေါင်းဆိုလည်း ကြော့နေအောင် ဖြီးထားတဲ့ မင်းသား။ အဲဒီအချိန်မှာ ကိုဝင်းဦး ဘာလုပ်မလဲ၊ သင်္ဘောပေါ်ကပဲ သီချင်းတစ်ပုဒ်ဆိုပြမလားဆိုပြီး ကျွန်တော်က ဂရုစိုက်လိုက်တဲ့အချိန်မှာ ဖျတ်ခနဲဆိုပြီး ကျွန်တော်တို့ တစ်တွေကို လမ်းတောင်းတယ်။ ခဏဖယ်ကြပါဗျာဆိုပြီး ကျွန်တော်တို့က ဖယ်ပေးလိုက်တယ်။

စောစောကပြောတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူနဲ့ ကိုဝင်းဦးဟာ ဆတ် ဆတ်ဆိုပြီး သင်္ဘောပေါ်ကဆင်း၊ ဗွက်တောထဲကို လမ်းလျှောက်ဝင်သွားပြီး ပရိသတ်ကြားထဲ ရောက်ရှိသွားပါတယ်။ အဲဒီအခါ ပရိသတ်က သူ့ကို အုံခဲပြီး ဝိုင်းဝန်းနှုတ်ဆက်ကြတယ်။ သူကလည်း ပြန်နှုတ်ဆက်တယ်။ အဲဒီအချိန်မှာ တောသူတောင်သားတွေနင်းထားတဲ့ ဗွက်တွေရော သူနင်းထားတဲ့ဗွက်တွေပါ သူ့ရဲ့ဝတ်စုံအဖြူမှာ ပေစွန်းနေတယ်။ အဲဒီအချိန်မှာ ကိုဝင်းဦးက လက်ခုပ်ကလေးတီးပြီးတော့ ‘မှုံရွှေရည်၊ ခိုင်မာလာနှင်းဆီ’ ဆိုတဲ့ သူ့ရဲ့ Master piece ၊ သူ့ရဲ့ အဓိကအကျဆုံး သီချင်း၊ မှုံရွှေရည်သီချင်းကို လက်ခုပ်တီးဆိုပြတယ်။ ဆိုပြတဲ့အချိန်မှာ တောသူတောင်သားတွေ၊ အမျိုးသမီးတွေကလည်း လက်ခုပ်တွေဝိုင်းတီးပြီးတော့ ကကြတယ်။ ကိုဝင်းဦးကို ဝိုင်းပတ်ချာလည် ဆိုကြကကြတယ်။

အဲဒီအချိန်က ကိုဝင်းဦးကို ကျွန်တော် ကနေ့အချိန်အထိ ဘယ်တော့မှ မမေ့တော့ပါဘူး။ အဲဒီတုန်းက ကျွန်တော် မျက်ရည်တောင် လည်ပါတယ်။ ဒါဟာ မြန်မာသံကို မြန်မာလူမျိုးတွေ အားပေးကြပုံ၊ ဒီနေ့အထိလည်း အားပေးကြတုန်းဆိုတာကို ကျွန်တော် ပမာပြုချင်တာပါ။ ကဲ… ကျွန်တော့် ကိုယ်ရေးကိုယ်တာလေး ပြောပါရစေ၊ ကျွန်တော့်ဆိုရင်လည်း ဒီအဘိုးကြီး အသက် ၅၇ နှစ်ရောက်တဲ့အထိ နယ်ပရိသတ်တွေ လက်ခံနေတုန်းပါ။ ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ မြန်မာသံဆိုနေလို့ပါ။ အဲဒီ မြန်မာသံဆိုပေးတဲ့၊ ဆိုနေတဲ့ ကျေးဇူးဟာ ဘယ်လောက်အထိ ထိရောက်သလဲဆိုရင် ကျွန်တော့်သား ဒီနေ့ လူငယ်လေးဖြစ်တဲ့ ‘ဖိုးသောကြာ’ အသံနဲ့ ဆိုပေါက်လေး ရပြီဆိုတဲ့အခါကျတော့ သူများတွေ ဆိုချင်စိတ်နည်းတဲ့ မြန်မာသံကို ဒီကလေးက ဒိုင်ခံဆိုရှာပါတယ်။

အဲဒီအတွက် ကျေးဇူးတရား ဘာရသလဲဆိုရင် ဟော ဒီကနေ့ နယ်အထိ၊ အထူးသဖြင့် ကျေးလက်ပေါ့။ မြို့ဆိုရင်လည်း မန္တလေးတို့၊ မကွေးတို့၊ မုံရွာတို့၊ မြင်းခြံ။ မိတ္ထီလာတို့ဆိုရင် ခုလို ရာသီတွေရောက်တဲ့အခါမှာ ဖိုးသောကြာကို ခေါ်ပါတယ်။ အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ ဆိုခိုင်းပါတယ်။ မြန်မာသံကို ဂုဏ်ပြုကြပါတယ်။ ငွေကြေးတွေလည်း ပေးကြပါတယ်။ ထောက်ပံ့ကြပါတယ်။

ဒါဟာ မြန်မာသံကို ဒီနေ့လူငယ်လေးက လက်ဆင့်ကမ်း သယ်ဆောင်ထားတဲ့ အကျိုးကျေးဇူးတွေပါပဲ။ ကဲ စကားမစပ် ထပ်ပြောလိုက်ပါဦးမယ်။ ကော်ပီနဲ့ပတ်သက်လို့ပါပဲ။ ဥပမာတစ်ခု၊ မြန်မာသံကော်ပီကို ကျွန်တော်က ဒီဟာပြောတဲ့အခါ စောစောကပြောခဲ့တယ်။ ဦးသိန်းတန်နဲ့ ပမာပြုရတယ်။ ဦးသိန်းတန်ကို နယ်ပရိသတ် လက်ခဲ့တဲ့ကိစ္စလည်း ပတ်သက်နေပါတယ်။ ကျွန်တော်လည်း ဆိုခဲ့ပါတယ်။

ဟိုးရှေးရှေးတုန်းက ပြည်လှဖေဆိုခဲ့တဲ့ ‘ဆွတ်ချူရန် ခက်ပါရဲ့၊ မျက်ပါနဲ့ သက်လယ်ရယ်၊ အုံ့ပုန်းမောင့် မျက်နှာငယ်မှာ’ ဘာညာပေါ့လေ။ အဲဒီတေးထပ်ကို ကော်ပီလုပ်ပြီးတော့ ကိုသိန်းတန်က ‘တူနှစ်ဖြာ ရွှေဂဟေဆက်လို့’ ဆိုပြီးတော့ ဒီသံစဉ်ကိုပဲယူပြီး ဆိုလိုက်တဲ့အခါကျတော့ တစ်နိုင်ငံလုံး ဟုန်းဟုန်းတောက် ဖြစ်သွားတယ်။ တစ်နိုင်ငံလုံးက မင်္ဂလာဆောင်တိုင်းမှာ မဖြစ်မနေ ဖွင့်ကိုဖွင့်ရတဲ့ သီချင်းတစ်ပုဒ် ဖြစ်ကိုဖြစ်သွားတယ်။ ဒါကို ကျွန်တော်က စောင်းဦးအောင်သန်းနဲ့တွဲဖက်ပြီး နှစ်ပုဒ် ယှဉ်ဆိုပြပါမယ်။

အဲဒီ နှစ်ပုဒ်ကို ဆိုပြပြီးတော့ ဒီအပတ် စကားမစပ်ကိုလည်း နိဂုံး အဆုံးသတ်လိုက်ပါတယ်။

‘ဆွတ်ချူရန် ခက်ပါရဲ့၊ မျက်ပါနဲ့ သက်လယ်ရယ်၊ အုံ့ပုန်းမောင့် မျက်နှာငယ်မှာ အကွက်မလယ်နိုင်သေး၊ ရွှေငုံးမင်း အမြီးမျှော်သလို၊ ရွှေငုံးမင်း အမြီးမျှော်သလို၊ ခရီးတော် နီးရက်နဲ့ဝေး… ဝေး… ဝေး’

‘တူနှစ်ဖြာ ရွှေဂဟေဆက်လို့၊ သွေမပျက်တဲ့မေတ္တာ….၊ ရေစက်ရဲ့ ရှေးအခါ၊ မနှေးခါခါ ဟစ်ကြွေး၊ ချစ်ရေးခု သမုဒယနွယ်လာ၊ သြော် ချစ်ရေး ခု…. သမုဒယနွယ်လာ…၊ ယခုဘဝတကယ် ဘယ်မမုန်းတော့လေး… လေး… လေး’