Friday, 16 August 2013

အဆင်မပြေတဲ့ နေ့ (သစ္စာနီ)

အဆင်မပြေတဲ့ နေ့ (သစ္စာနီ)
အဲဒီနေ့က... 
ကျွန်တော့်ကောင်မလေး စိတ်ကောက်နေတယ် 
ဟစ်တလာက စစ်ကြေငြာခဲ့တယ် 
ပန်းသီးတစ်လုံး မြေပေါ် ကြွေကျခဲ့တယ် 
(အဲဒါကို နယူတန်က မြင်လိုက်တယ်) 
နောက်ဆုံးတော့… 
အားလုံး အဆင်ပြေသွားတာပါပဲ။ 

အဲဒီနေ့က… 
ကလီယိုပတ်ထရာကို မြွေကိုက်ခဲ့တယ် 
မိုးလေဝသက ထစ်ချုန်းရွာမယ်တဲ့ 
(ကျွန်တော့်မှာ ထီးမပါခဲ့ဘူး) 
အပိုလို(၁၁) လဲ ပျက်ကျခဲ့တယ်။ 
နောက်ဆုံးတော့... 
အားလုံး အဆင်ပြေသွားတာပါပဲ။ 


အဲဒီနေ့က... 
လှိုင်းပုတ်သံကြောင့် ဗျိုင်းလန့်ပျံခဲ့တယ် 
ပွန်ပီမြို့ကြီး ချော်ရည်ဖုံးခဲ့တယ် 
ကျွန်တော် ဝယ်ခဲ့တဲ့ ဖိနပ်က သူနဲ့ မတော်ဘူး 
(အိပ်မက်ရဲ့ ခြေထောက်က တော်တော်ကြီးနေခဲ့တယ်)
နာက်ဆုံးတော့… 
အားလုံး အဆင်ပြေသွားတာပါပဲ။ 

အဲဒီနေ့က… 
ပဋာစာရီ၊ ဘီလ်ဂိတ်၊ ဆိုကရေးတီး 
စပါးတားကတ်၊ ဂေါ်ဂင် 
ကံစမ်းမဲမပေါက်တဲ့ ဘုရားသခင် 
အဆင်မပြေခဲ့ဘူး။ 

အဲဒီနေ့က…
ကျာက်ဆူးကြိုးပြတ်သွားတဲ့တိမ် 
အိမ်ပြန်သွားတဲ့ ဆဲလ်မွန်ငါးတွေ 
ဆောင်းကို မမီလိုက်တဲ့ နှင်း အဆင်မပြေခဲ့ဘူး။ 

အဲဒီနေ့က… 
ကမ္ဘာကြီးဟာ စောင်းနေခဲ့တယ်။ ။ 

သစ္စာနီ 

အော်ပီကျယ် - ကာတွန်း

အော်ပီကျယ်ရဲ့ ကာတွန်းတချို့
 

ကြွက်မျှားခြင်း (မင်းလူ)

ကြွက်မျှားခြင်း (မင်းလူ)
လူတွေက လယ်ယာစိုက်ပျိုးရေး လုပ်တတ်လာသည်။ ကြွက်တွေက စိုက်ပျိုးခင်းတွေကို ဝင်ရောက် စားသောက် ဖျက်ဆီးသည်။ ထိုအခါမှစ၍ လူနှင့်ကြွက်တို့ ကမ္ဘာ့ရန်ဖြစ်ခဲ့ကြဟန် တူပါသည်။ နောက်တော့ လူတွေ အစုလိုက်အပြုံလိုက် သေစေနိုင်သော ပလိပ်ရောဂါပိုးကို သယ်ဆောင်လာနိုင်ကြောင်း သိရသောအခါ ကြွက်တွေကို ပိုမိုမုန်းတီးလာတော့သည်။

ဒီလိုနဲ့ ကြွက်တွေကို သတ်ဖြတ်ဖို့ နည်းလမ်းမျိုးစုံ ရှာဖွေလာကြသည်။ ကြွက်ထောင်ချောက်တွေ တီထွင်သည်။ ကြွက်သတ်ဆေးတွေ စမ်းသပ်ဖော်ထုတ်သည်။ သို့ရာတွင် သမိုင်းတစ်လျှောက်မှာ ကြွက်တွေကို အောင်မြင်စွာ နှိမ်နင်းနိုင်ခြင်း မရှိခဲ့။ လူသားမျိုးနွယ်တစ်ခုလုံး သေကြေပျက်စီးစေနိုင်သော အဏုမြူဗုံးကို တီထွင်နိုင်ခဲ့သော်လည်း ကြွက်တွေကို မျိုးတုံးသွားစေသော လက်နက်ကိုတော့ မပြုလုပ်နိုင်ခဲ့။

လူတွေဖန်တီးခဲ့သမျှထဲမှာ အသုံးအဝင်ဆုံး၊ အစွမ်းအထက်ဆုံးဆိုသော ကွန်ပျူတာတွေတောင် ကြွက်တွေကို အပြီးတိုင်သုတ်သင်နိုင်မည့် ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲတွေ မရေးဆွဲနိုင်သေး။ ဒါတင်မက ကြွက်တွေရဲ့ အကူအညီကိုတောင် ရယူနေရသေးသည်။ ကွန်ပျူတာလုပ်ဆောင်ချက်တွေကို လမ်းညွှန်စေခိုင်းနိုင်တဲ့ ကိရိယာလေးကို ‘မောက်စ်’ လို့ခေါ်တယ် မဟုတ်လား။


ကြွက်တွေကိုချစ်တတ်တဲ့လူရယ်လို့ တော်တော်ရှားပါလိမ့်မည်။ ‘မစ်ကီမောက်စ်’ ရဲ့ဖခင်ကြီး ကာတွန်းဝိဇ္ဇာ ဝေါဒစ္စနေလို လူမျိုးလောက်သာရှိလိမ့်မည်။

သူသည်လည်း ကြွက်တွေကို ကာတွန်းထဲမှာသာ နှစ်သက်သဘောကျနိုင်သည်။ တကယ့် လက်တွေ့မှာတော့ ဘယ်လိုမှ မနှစ်မြို့နိုင်။ ကြွက်တွေက ကောင်းကျိုးပေးတာဆိုလို့ မရှိသလောက်ပင်ဖြစ်၏။ ဆိုးကျိုးတွေကတော့ အများကြီးပဲ။

ရောဂါပိုးတွေ သယ်ဆောင်လာသည်။ အစားအသောက်တွေ ခိုးယူသည်။ ကြမ်းခင်းတွေ၊ နံရံတွေကို ဖောက်ထွင်းသည်။ အဝတ်အစားတွေကို ဖျက်ဆီးသည်။ ဝါယာကြိုးတွေကို ကိုက်ဖြတ်သည်။

သူက ကြွက်တွေကို မနှစ်မြို့သော်လည်း ရန်သူလိုမုန်းတီးနေတာမျိုးတော့ မဟုတ်သေး။ သတ်ဖြတ် နှိမ်နင်းဖို့ထက် ကာကွယ်ဟန့်တားဖို့ကိုသာ ဦးစားပေးစဉ်းစားသည်။

မဂ္ဂဇင်းတွေမှာပါတတ်သော သိမှတ်စရာ၊ အတိုအထွာကဏ္ဍထဲက ကြွက်လာရာလမ်းမှာ၊ ကြွက်ခိုအောင်းတတ်တဲ့ နေရာတွေမှာ ပူစီနံရွက်တွေ ချထား၊ ရှိန်းခိုဖျော်ပြီး ပက်ထား။ ဆိုးတော့ မဆိုးလှ။ ဒီအနံ့တွေကို ကြွက်က ကြောက်ပုံရသည်။ မလာတော့။ တစ်ခုရှိပြန်တာက ဒီအနံ့တွေရှိတဲ့နေရာကိုသာ မလာတာ၊ တခြားလမ်းကြောင်းပြောင်းပြီး လှည့်လာပြန်၏။ ပြီးတော့ ဒီအနံ့က သိပ်အကြာကြီးခံတာတော့ မဟုတ်။ အနံ့ပြယ်သွားတာနဲ့ ကြွက်တွေ ပြန်ရောက်လာပြန်ရော။

ပူစီနံက အမြဲတမ်းဝယ်လို့ရတာ မဟုတ်။ ရှိန်းခိုဆိုတာလည်း ပရဆေးဆိုင်တွေက အနည်းဆုံး ငါးဆယ်ဖိုးဝယ်မှ ရောင်းတာ။ အနံ့လည်းဆိုးတော့ သိပ်အများကြီးလုပ်လို့ မရ။

တကယ်တော့ သဘာဝနည်းနဲ့နှိမ်နင်းတာ အကောင်းဆုံးပဲဟု အကြံပေးတဲ့လူလည်းရှိ၏။ သဘာဝတရားအရ တောကောင်နှင့် သားကောင်ဟူ၍ ရှိ၏။ စားမယ့်သတ္တဝါနဲ့ အစားခံရမယ့်သတ္တဝါဖြစ်၏။သဘာဝတရား၏ ချိန်ကိုက်ပေးမှုအရ အစားခံရမည့်သတ္တဝါများသည် မျိုးမတုံးရအောင် သားပေါက်နှုန်း မြင့်မားပေးရသည်။ စစ်တုရင်ကစားရာမှာ နယ်ရုပ်တွေ များများထည့်ထားပေးရသလိုမျိုးပေါ့။

ကြွက်တို့သည် အစားခံသားကောင်များဖြစ်ကြ၏။ သိမ်းငှက်၊ မြွေ၊ ကြောင်တို့က ကြွက်တွေကို စားကြသည်။ ထို့ကြောင့် ကြွက်ရန်ကို နှိမ်နင်းချင်လျှင် ကြောင်မွေးရမည်။ မွေးရင်လည်း ကြောင်မကို မွေး။ အမကမှ ကြွက်ခုတ်တာဟု ဆိုသည်။

ထို့ကြောင့် ကြောင်မလေးတစ်ကောင် မွေးထားလိုက်သည်။ တကယ့်ကို အားကိုးရပါပေသည်။ ကြောင်မလေးက တစ်နေ့ကို ကြွက် နှစ်ကောင်၊ သုံးကောင်လောက် ခုတ်ပစ်သည်။ ကြွက်တွေ အတော်ပါးသွားသည်။

သို့ရာတွင် ပြဿနာတစ်ခု တက်လာသည်။ ကြောင်မဆိုတော့ သားပေါက်လာခြင်းပင်ဖြစ်၏။ သူ့ ကလေးတွေကို သင်ပေးဖို့ ကြွက် ပိုခုတ်တတ်လာတာတော့ မှန်သည်။ အရင်လို ကုန်အောင်မစားပစ်တော့ဘဲ ကြောင်လေးတွေရှေ့ ချပေးထားခဲ့တာက ခက်သည်။

ကြောင်လေးတွေက ဆော့ကစားပြီးထားရစ်ခဲ့သော ကြွက်သေကိုကောက်ပြီး လွှင့်ပစ်ရတာက အလုပ်တစ်ခုပိုလာသည်။ တစ်ခါတစ်လေ ကြွက်သေကို ချောင်ကြိုချောင်ကြားထိဆွဲသွားပြီးမှ ထားခဲ့တတ်သည်။ ပုပ်စော်နံလာတော့မှ လိုက်ရှာရတာက ဒုက္ခ။

ကြောင်လေးတွေက စည်းမရှိ၊ ကမ်းမရှိ။ တွေ့ကရာနေရာမှာ ချေးပါ သေးပေါက်လုပ်ကြသည်။ သူကလည်း ကြောင်ချေးနံ့၊ သေးနံ့ကို လုံးဝ မခံနိုင်။ တစ်ခါတလေ သူ့စာရေးစားပွဲအောက်မှာ လာပါထားလျှင် ခေါင်းတွေကိုက်လာပြီး စာမရေးနိုင်တော့။

ကြောင်လေးတွေနည်းနည်းကြီးတော့ အဆော့သန်လာသည်။ ပြေးရင်းလွှားရင်း ဓာတ်ဘူးကို တိုက်ချသည်။ ဖန်ခွက်တွေ ကျကွဲကုန်သည်။ အဝတ်အဟောင်းတောင်းကို ဆွဲလှဲပြီး အဝတ်အစားတွေကို ကုတ်ခြစ်ကိုက်ဆွဲသည်။ သူက ကြောင်ကို ချစ်လို့မွေးခြင်းမဟုတ်။ ကြွက်ရန်ကြောက်လို့သာဖြစ်၏။ ကြောင်တွေရဲ့ဒဏ်ကို မခံနိုင်။

ဒီကြားထဲ ကြောင်မကိုလာရစ်သော ကြောင်ထီးကြီးတွေရဲ့အော်သံကလည်း စိတ်ပျက်စရာ။ တစ်ခါတစ်ရံ အိမ်ခေါင်မိုးပေါ်မှာ ဝုန်းဒိုင်းကြဲနေသဖြင့် အိပ်ရေးပျက်ရပြန်သည်။

ကြောင်မကလည်း သားပေါက်နှုန်း ကောင်းနေပြန်သည်။ ပထမမွေးသော ကြောင်လေးတွေ အရွယ်ရောက်စမှာပင် နောက်တစ်ဗိုက်ဖြစ်လာ၏။ အရင်မွေးခဲ့တဲ့ကြောင်လေးတွေထဲမှာလည်း အမတွေ ပါနေသေးသည်။ ဒါတွေက အကောင်ထပ်ပေါက်ဦးမည်။ ကြာလျှင်ခက်မည်။ ထို့ကြောင့် ကြောင်ခရေဇီ တစ်ယောက်နဲ့တွေ့တုန်းမှာ ကြောင်တွေ တစ်ပြုံကြီး ပေးပစ်လိုက်ရ၏။ ခြေစောင့်လက်စောင့်ဆိုပြီး ကြောင်ထီးလေးတစ်ကောင်သာ ချန်ထားလိုက်သည်။

ကြောင်ထီးတွေက ကြွက်သိပ်ခုတ်လေ့ မရှိ။ ဘာပဲဖြစ်ဖြစ် ကြောင်ရှိနေတယ်ဆိုလျှင် ကြွက်တွေ သိပ်သောင်းကျန်းရဲမှာမဟုတ်ဟု မျှော်လင့်ရသည်။

ကြောင်ထီးလေးသည် ဆိုးတော့ မဆိုးရှာပါ။ ကြွက်တွေကို ချောင်းသည်။ ခုတ်ဖို့ ကြိုးစားသည်။ သို့ရာတွင် တစ်ခါမှ မအောင်မြင်။ ကြွက်တစ်ကောင်မှ မဖမ်းမိ။

တော်မ်နှင့် ဂျယ်ရီဆိုသော ကာတွန်းဇာတ်လမ်းထဲကလိုပင်ဖြစ်၏။ ကြောင်သည် ကြွက်ကို ဘယ်တော့မှ မိအောင်မဖမ်းနိုင်။ ထို့ကြောင့် အိမ်ကကြောင်ထီးကိုလည်း တော်မ် (Tom)ဟု နာမည်ပေးထားလိုက်သည်။

တစ်ခါတော့ တော်မ်သည် ကြွက်တစ်ကောင်ကို ထူးဆန်းစွာကိုက်ချီလာတာ တွေ့ရ၏။ ပြီးတော့ သူ့ရှေ့မှာချထားရင်း ‘ညောင်’ ဟု တစ်ချက်အော်ပြီး ထွက်သွားသည်။ ဘဝမှာ ပထမဆုံးဖမ်းမိသောကြွက်ကို ဂုဏ်ယူဝင့်ကြွားစွာ လာပြခြင်းဖြစ်၏။

တယ်ဟုတ်ပါလားဟု သူ တွေးသည်။ ပြီးမှ တစ်စုံတစ်ခုကို သတိပြုမိ၏။ ကြွက်သေမှာ ခေါင်းပါမလာတော့။ ပြီးတော့ ကြွက်က တောင့်တင်းနေပြီ။ သေသေချာချာကြည့်လိုက်တော့ ပုရွက်ဆိတ်တွေ တက်နေတာတောင် တွေ့ရ၏။

လက်စသတ်တော့ သူ့ဘာသာ ကြွက်ကို သူပဲခုတ်ခဲ့သလိုလိုလုပ်ပြီး လာပြခြင်းဖြစ်၏။ စားကောင်း သောက်ကောင်းအောင် လုပ်ပြတာလေ။ ဘာပဲဖြစ်ဖြစ် ကြောင်ရဲ့အငွေ့အသက်ကြောင့် ကြွက်တွေ အတင့်မရဲနိုင်ခြင်းကိုပဲ ကျေနပ်လောက်စရာဟု ဖြေရသည်။

တော်မ်သည် ကြွက်ခုတ်ဖို့ အချည်းနှီးကြိုးစားလိုက်၊ စားလိုက်၊ အိပ်လိုက်နှင့် အကောင်ကြီးလာသည်။ ထိုအခါ ကြွက်ထက် ကြောင်အချင်းချင်းကို ပို၍စိတ်ဝင်စားလာသည်။ တစ်နေကုန် ဇိမ်နဲ့အိပ်၊ တစ်ညလုံးလျှောက်လည်ပြီး ကြောင်မလေးတွေ လိုက်ရှာသည်။ နောက်တော့ အလည်လွန်သွားသလား၊ ကြောင်မလှလှလေးတစ်ကောင်နဲ့တွေ့ပြီး အိမ်ကို မေ့သွားသလား၊ အဖမ်းပဲခံလိုက်ရသလား မသိ။ ပြန်မလာတော့ဘဲ အစပျောက်သွားသည်။

ကြောင်မရှိတော့ဘူးဆိုတာနဲ့ ကြွက်တွေ ပြန်လည်ထကြွသောင်းကျန်းလာသည်။ စားစရာမှန်သမျှ လုံလုံခြုံခြုံမထားနိုင်လျှင် ချီသွားတတ်သည်။ ဆန်အိုးအဖုံးကို အလေးနှင့်ဖိမထားလျှင် ဖွင့်ပြီးဝင်စားသည်။ ဆပ်ပြာတုံးတောင် ချမ်းသာမပေး။

ညဆိုလျှင် တကျွီကျွီအော်ပြီး တစ်အိမ်လုံး မွှေနှောက်တတ်သည်။ မီးတွေမှိတ်လိုက်တဲ့အခါ မြူးထူးပျော်ရွှင်ပြီး လိုက်တမ်းပြေးတမ်း ကစားကြသည်။ လူတွေအိပ်တဲ့အခါ သူတို့ဘိုးဘွားပိုင်အိမ်လိုသဘောထားပြီး မင်းမူနေကြသည်။ တစ်ခါတစ်လေများ အပျော်လွန်ပြီး အိပ်ရာထဲတောင် လမ်းမှားဝင်လာတတ်၏။

အဆိုးဆုံးကတော့ စာအုပ်တွေကို ဖျက်ဆီးပစ်ခြင်းပင်ဖြစ်၏။ သူ လက်ဆောင်ရထားတဲ့စာအုပ်တွေ၊ အမြတ်တနိုး သိမ်းထားတဲ့စာအုပ်တွေကို မွစာကြဲအောင် ကိုက်ဖြတ်ထားတာတွေ့ရသောအခါ ကြွက်နှိမ်နင်းရေးကို ပြန်လုပ်မှဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

အသိတစ်ယောက်က ကြွက်သတ်ဆေးဝယ်သုံးဖို့ အကြံပေးသည်။ သူ မလုပ်ရဲ။ လမ်းဘေးမှာ ရောင်းနေသော ကြွက်သတ်ဆေးတွေက စနစ်တကျ ဖော်စပ်ထုတ်လုပ်ထားခြင်းမဟုတ်။ အဆိပ်တွေကို အစာနှင့်လူးထားခြင်းသာ ဖြစ်သည်။ ကြွက်ကိုသေစေနိုင်လျှင် လူကိုလည်း အန္တရာယ်ဖြစ်နိုင်၏။ ကိုယ်စားမယ့် အစားအစာထဲ၊ သောက်ရေထဲ မတော်တဆ ရောနှောပါသွားလျှင် ခက်မည်။

ပြီးတော့လည်း ကြွက်တွေကိုသတ်ပစ်ဖို့ထက် ဟန့်တားဖို့သာ ပိုပြီးစိတ်ဝင်စားသည်။ ထို့ကြောင့် လှောင်အိမ် ထောင်ချောက်တစ်ခု ဝယ်လိုက်၏။

လှောင်အိမ်ထောင်ချောက် နှစ်မျိုးရှိ၏။ ပထမတစ်မျိုးက ကြွက်ကို အစာချိတ်ထားသောသံချိတ်ကို ဆွဲလိုက်လျှင် ခလုတ်ပြုတ်ပြီး စပရိန်ဖြင့်ဆွဲထားသောတံခါးက ဂျိုင်းခနဲပိတ်သွားတာမျိုးဖြစ်၏။

ဒုတိယတစ်မျိုးကတော့ တံခါးအရှင်တပ်ထားခြင်းဖြစ်၏။ ပထမတစ်မျိုးက အိပ်ပျော်နေတုန်း ဂျိုင်းခနဲမြည်လျှင် အိမ်သားတွေလန့်နိုးပြီး အိပ်ရေးပျက်နိုင်သည်။ ထို့ကြောင့် ဒုတိယတစ်မျိုးကိုသာ ဝယ်လိုက်သည်။ ကြွက်မိလျှင် ဝေးရာမှာသွားလွှတ်မည်ဟု စိတ်ကူးထားသည်။

လှောင်အိမ်ကို သံဆန်ခါဖြင့် ပြုလုပ်ထားသည်။ တံခါးက အရှင်ဖြစ်၏။ လှောင်အိမ်ထဲမှာ ချိတ်ထားသော အစာကိုမြင်လျှင် သို့မဟုတ် အနံ့ရလျှင် ကြွက်က ဝင်ပေါက်ကိုရှာမည်။ တံခါးကို တွေ့မည်။ တိုးဝင်ကြည့်မည်။ တံခါးက အရှင်ဆိုတော့ ပွင့်သွားမည်။ လှောင်အိမ်ထဲကို ကြွက်ရောက်သွားပြီဆိုမှ အပြင်ဘက်မှာတပ်ထားသော ဝိတ်တုံး၏ အလေးချိန်ကြောင့် တံခါးက အလိုအလျောက် ပြန်ပိတ်သွားမည်။ တံခါးတပ်ထားပုံကလည်း အပြင်ကသာ တွန်းဝင်နိုင်ပြီး အတွင်းကနေ ပြန်ထိုးထွက်လို့မရအောင် လုပ်ထားသည်။ ရိုးရိုးလေးနဲ့ ထိရောက်အသုံးဝင်သော မက်ကင်နစ်ဇင်ဖြစ်၏။

သို့ရာတွင် အိုင်တီခေတ်မှာဖြစ်လာသော ကြွက်တွေက ဒီနည်းပညာလောက်ကို ပျင်းတောင် ပျင်းသေးသည်။ လှောင်အိမ်ထဲမှာမိနေသောအခါ နှစ်ဆယ်ရာစုတုန်းက ကြွက်တွေလို တံခါးကို နှုတ်သီးဖြင့် အတင်းတွန်းထိုးနေတာမျိုး မဟုတ်တော့။ လက်နဲ့အသာလေးဆွဲဟပြီး လျှောခနဲပြန်တိုးထွက်သွားလေတော့သည်။ ဒီလိုနဲ့ အစာတွေသာ ပျောက်ပျောက်သွားသည်။ ကြွက်တစ်ကောင်မှ မမိ။ တစ်ပတ်လောက်ကြာတော့ ပြဿနာတစ်ခုဖြစ်သည်။ ကြွက်တွေက ဘုရားစင်က ဓာတ်ကြိုးကို ကိုက်ဖြတ်ထားသည်။ အပေါ်ယံအခွံကို ကိုက်သွားသဖြင့် အထဲက ကြေးကြိုးတွေ ပေါ်နေသည်။ သောက်တော်ရေက ကြေးကြိုးတွေပေါ် ဖိတ်ကျစိုရွှဲနေသည်။ ဘုရားမီးဖွင့်လိုက်သောအခါ ဖြောင်းခနဲ ရှော့ခ်ဖြစ်ပြီး တစ်အိမ်လုံး မှောင်ကျသွားသည်။

ဒီအတိုင်းထားလို့ မဖြစ်တော့။ လူကိုပါ အန္တရာယ်ဖြစ်လာနိုင်သည်။ အပြတ်ရှင်းမှ ဖြစ်တော့မည်။ ဒီတစ်ခါတော့ ညှပ်ထောင်ချောက်ကို ဝယ်သည်။ ဒီအမျိုးအစားကတော့ ရှင်းသည်။ အစာတင်ထားသော ခလုတ်ပေါ် ကြွက်က နင်းလိုက်တာနဲ့ မောင်းပြုတ်ပြီး ကြွက်ကို ဂျိုင်းခနဲညပ်ပြီး ကိစ္စတုံးအောင် စီရင်လိမ့်မည်။ တစ်ခါတည်း ပွဲသိမ်းပဲ။

အရေးအကြီးဆုံးက ကြွက်ကိုမျှားခေါ်ဖို့ အစာပဲဖြစ်၏။ ဘာကိုသုံးရင် ကောင်းမလဲ။ ဟုတ်ပြီ။ ငါးခြောက်ဆိုရင် အသင့်တော်ဆုံးပဲ။ အနံ့ပြင်းတော့ ကြွက်က အလွယ်တကူသိရှိပြီး အမြန်ဆုံး ရောက်လာနိုင်သည်။

ကြောင်အိမ်ကိုဖွင့်ပြီး ရှာကြည့်သောအခါ ကံအားလျော်စွာပင် သူ့မိန်းမက မနက်ချက်ဖို့ အဆင်သင့်တုံးထားသော ငါးခြောက်တုံးကလေးတွေကို တွေ့ရ၏။ အညံ့စားမို့လို့လား မသိ၊ အနံ့က ပိုတောင်ပြင်းသေးသည်။ သူသည် ကြွက်မျှားစာအဖြစ် အသုံးပြုဖို့သင့်လျော်မည့် ငါးခြောက်တစ်တုံးကို ရွေးချယ်နေသည်။ ပြီးတော့မှ ကိုယ့်အဖြစ်ကို သတိပြုမိသွားပြီး သရော်တော်တော် ပြုံးလိုက်သည်။ သူသည် အသေးဆုံးနှင့် အရိုးအများဆုံးငါးခြောက်တုံးကို ရှာဖွေ ရွေးချယ်နေမိသောကြောင့်ပင်ဖြစ်၏။

မင်းလူ 
စရဏမဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၀၄

ဖိုးမောင်လာပြီ - မင်းသုဝဏ်

ဖိုးမောင် လာပြီ



မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၍
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုတ်ကျား ကျယ်လောင်၊ ဆီးကြိုဟောင်သော်
‘ဖိုးမောင်လာပြီ’ ဆိုကြသည်။


ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ၊ အသံမှာကား
‘ညခါ ငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ’။


ဖိုးမောင်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင် အုပ်ဆောင်း၊ ဝဲ တက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။


တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ
တယောက်တည်းပင်၊ ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။


ဆောင်းတည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်က အော်၊ တောက်တဲ့ ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင် လာချိန်ပါတကား။


သို့ဖြစ်သော်ငြား၊ ခါတပါးသို့
တံခါးဝင်လို၊ သူ မဆိုဘဲ
‘မောင်းကို ထုပါ၊ လူ စုပါဟေ့၊
ရွာကို ဘေးမှ၊ ကာကွယ်ကြလော့၊
ဓားပြ ငါ့အား၊ ဖမ်း၍ထား’ ဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်း ဒိန်းသံ၊ ရွာလုံးညံသည်
ချောင်းယံ ပဲ့တင်ထပ်သတည်း။


ဖိုးမောင့်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်။

ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
‘ဖိုးမောင်လာပြီ’ ဆိုဆဲပင်။

(မင်းသုဝဏ်)

Wednesday, 26 June 2013

“မနုသီဟ ဖင်နှစ်ခွ” - စိုးမင်း

“မနုသီဟ ဖင်နှစ်ခွ”

by Soe Min (Notes) on Monday, June 17, 2013 at 3:15am
 
 
          ရွှေတိဂုံဘုရားပေါ်ရောက်တဲ့အခါ ကလေးတွေနဲ့ နိုင်ငံခြားသားတွေ စိတ်ဝင်စားတတ်တာက ဂြိုလ်တိုင်တွေ အနောက်နားဆီက မနုသီဟရုပ်ထုကြီးတွေပါ။ ရှေ့ဘက်က ဦးခေါင်းက လူမျက်နှာ မကိုဋ်ဆောင်းထားပြီး နတ်ရုပ်ကြီးနဲ့မခြား ရှိပေမယ့် ခြင်္သေ့ထိုင်ထိုင်ထားတဲ့ ကိုယ်လုံးကြီးတွေက စောင်းတန်းအဆင်း မုခ်ဦးဆီက ခြင်္သေ့ရုပ်ကြီးတွေနဲ့ ထပ်တူပါပဲ။ ထူးဆန်းတာက ကျောကုန်းလောက်ကနေ ဖင်က ဟိုဘက်တစ်ခြမ်း သည်ဘက်တစ်ခြမ်း နှစ်ခွဖြာသွားတာဆိုတော့ စေတီတော်ရဲ့ အုတ်ဘိနပ် ပလ္လင်ထောင့်မှာ အံဝင်ခွင်ကျ တင့်တင့်တယ်တယ်လေး ရှိနေတာပေါ့။ နံမယ်ကိုက မနုဿ + သီဟ၊ လူ နဲ့ ခြင်္သေ့ စပ်ထားတဲ့ သတ္တ၀ါ လို့ဆိုသော်ငြားလည်း စင်္ကာပူက ရေသူခြင်္သေ့ (Merlion) ကြီးလို စိတ်ကူးယဉ် တီထွင်ထားသော ဒဏ္ဍာရီသတ္တ၀ါမျိုး (Mythical Animal) မဟုတ်ပဲနဲ့ ဗုဒ္ဓဘာသာကျမ်းဂန်လာ တံခိုးပြာဋိဟာဖန်ဆင်းမှုတစ်ခု (Miraculous Creation) ဖြစ်ပါတယ်။ ဗုဒ္ဓ၀င်စာပေတွေထဲမှာ တကယ်ရှိတယ်လို့ ဆိုတဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခိုက်၊ ဘီလူး၊ ကိန္နရီ စတဲ့ သတ္တ၀ါတွေလို သတ္တ၀ါမျိုးနွယ်စုတစ်ခုအဖြစ် အများအပြားရှိခဲ့တာလည်း မဟုတ်ပါဘူး။ “တစ်ကောင်တည်းပဲ။ ခြင်္သေ့လည်း ပါတယ်။ ဒါပေမယ့် ဖင်နှစ်ခွ။” လို့ ပြောရမှာ ဖြစ်ပါတယ်။

          မနုသီဟကြီး ဖြစ်လာပုံ သမိုင်းကြောင်းကတော့ ကိုယ်ကြားဖူးတာတင် မူကွဲနှစ်မျိုး ဖြစ်နေပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားတဲ့အခါ ဘုရားကလွဲရင် ဘယ်သူ့မှ မကြောက်တဲ့ မာရ်နတ်မင်းကြီးက ငုတ်တုတ်ကြီး ကျန်နေရစ်ခဲ့ပါတယ်။ အဲ့ဒီမာရ်နတ်ကြီးက နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ဘုရားတောင် စစ်ခင်းပြီး ပလ္လင်လုလာခဲ့တဲ့ ပထမဦးဆုံးအောင်ခြင်းကြီးပါ။ သူက နတ်ဆိုပေမယ့် နတ်ပြည်ခြောက်ထပ်ကို ပိုင်စိုးတယ်ဆိုတဲ့ နတ်တို့သနင်း သိကြားမင်းရဲ့ သြဇာအောက်မှာ မရှိပါဘူး။ (တို့ဆီက သမ္မတကြီး နဲ့ စာဖတ်နေသူကြီး လို နေမှာပေါ့နော်) သူနေတဲ့ ပရနိမ္မိတ ၀ဿဝတီနတ်ပြည်ဆိုတာ နတ်ပြည်ခြောက်ထပ်မှာ အမြင့်ဆုံးဖြစ်ပြီး နံမယ်ကို ပါဠိအနက်ပြန်လိုက်ရင် ကာမဂုဏ်မှန်သမျှကို အလိုရှိတိုင်း ခံစားနိုင်သော နတ်ပြည် လို့ အဓိပ္ပါယ်ထွက်တယ်။ သူ့ထက်မြင့်သွားတဲ့ ဗြဟ္မာ့ဘုံတွေမှာ ကာမဂုဏ်တွေ မရှိတော့ဘူး။ ဈာန်အဟုန်နဲ့သာ နေကြတာ။ ကိုယ်တို့လို ကာမဘုံသား ဆုံလည်နွားတွေ အတွက်တော့ မာရ်နတ်မင်းကြီးရဲ့ တိုင်းပြည်ဆိုတာ ၃၁ဘုံမှာ ဇိမ်အရှိဆုံး စည်းစိမ်အခံစားနိုင်ဆုံး အရပ်လို့ဆိုရင် မမှားဘူး။

               အဲ့လောက်စည်းစိမ်ခံစားနေနိုင်တဲ့အရပ်မှာ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတာဝန်တွေကို ဘာဖြစ်လို့ အချိန်ကုန် အလုပ်ရှုပ်ခံပြီး လုပ်နေရမှာတုန်း။ ဟိုးအောက် ဒုတိယထပ်မှာနေတဲ့ ကိုမာဃကို သိကြားမင်းခန့်ပြီး “အရှုပ်ထုပ်မှန်သမျှ မင်းဘာမင်း ရှင်းတော့ ငါ့ဆီ လာလာ မရှုပ်စေနဲ့။” ဆို အာဏာကုန် လွှဲပေးလိုက်ဟန် တူပါတယ်။ လူ့ပြည်မှာ ဘုရားပွင့်တော့မယ်ဆိုပြီး ဗုဒ္ဓကောလာဟလထွက်တော့ မာရ်နတ်ကြီးက သူ့ကို အာဏာသိမ်းမယ်မှတ်လို့ ၀န်တိုမစ္ဆေရိယစိတ်တွေဖြစ်ပြီး ပြင်းပြစွာ ပူလောင်လာပါသတဲ့။ ဒါကြောင့် အစောကြီးကတည်းက တောထွက်မယ်ကြံတော့လည်း အတန်တန်တား၊ ဒုက္ကရစရိယာကျင့်တော်မူတော့လည်း ချစ်သမီးချောကလေးတွေနဲ့ မြှူဆွယ်ဖြားယောင်း၊ နောက်ဆုံးတော့ အပရာဇိတပလ္လင်တော်ကြီး ပေါ်လာတော့ မနေနိုင်တော့ဘူး။ တပ်ထောင်တာ ဗိုလ်ထုနဲ့ လူစုပြီး အဲလေ နတ်စုပြီးကို စစ်ခင်းတိုက်ခိုက်လေတော့သတဲ့။

               အဲသလောက်ဆိုးတဲ့ မာရ်နတ်မင်းကြီးမို့လို့ ကြုံတောင့်ကြုံခဲ ဘုရားပွင့်တော်မူတဲ့ အခိုက်မှာ ပက်ပင်းကြီးဆုံပါသော်လည်း မဂ်စော်ဖိုလ်စော်မနံ၊ သောတာပန်လောက်မှ မတည်နိုင်၊ အချည်းနှီး ဖြစ်ရရှာလေတယ်။ ဘုရားရှင်ကို ပရိနိဗ္ဗာန် ပြုတော်မူပါတော့လို့ အကြိမ်ကြိမ် လျှောက်ထား တောင်းပန်တာလည်း ဒင်းပဲ။ ဘုရားရှင် မရှိတော့တဲ့ နောက်မှာတော့ ဒင်းရန်ကို နှိမ်နှင်းမယ့်သူလည်း မရှိတော့ဘူး။ သာသနာတော်ကို နှောက်ယျက်ဖျက်ဆီးမယ့်ကြံရင်ဖြင့် ခက်ရချေရဲ့လို့ ရဟန္တာမထေရ်မြတ်ကြီးတွေက ပူပူပင်ပင် ဆင်ခြင်ကြည့်တဲ့အခါ နောင်နှစ်ပေါင်း ၂၃၀ လောက်ကြာရင် မဇ္ဇိမအရပ်မှာ သီရိဓမ္မာသောကမင်းကြီး ( King Asoka) ရှစ်သောင်းလေးထောင် အလှူတော်ကြီးပေးတဲ့အခါ လာရောက်နှောက်ယှက်ဦးလတ္တံ့ လို့ မြင်တော်မူသတဲ့။ ဘယ်သူကများ နှိမ်နှင်းတားဆီးနိုင်မှာပါလိမ့်လို့ ဆင်ခြင်ကြည့်တဲ့အခါ တောင်သမုဒ္ဒရာ ရေပြင်အလယ်မှာ ကြေးပြဿဒ်နဲ့ သီတင်းသုံးတော်မူသော ရှင်ဥပဂုတ္တ ရဟန္တာ မထေရ်ကို မြင်တော်မူတယ်။ သည်ကိုယ်တော်က သံဃာ့ကိစ္စများမှာ မပါမ၀င် သူ့ဘာသူ တစ်သီးပုဂ္ဂလစံမြန်းနေတာမို့ ပ၀ါရနာ မပြုတဲ့အတွက် ဒဏ်ထားပြီး မာရ်နတ်ကို နှိမ်နှင်းဖို့ တာဝန်ပေးယူရပါသတဲ့။ ရှင်ဥပဂုတ္တမထေရ် မာရ်နတ်မင်းကို နှိမ်နှင်းတဲ့အခါ သတ္တ၀ါတွေ အမျိုးမျိုး ဖန်ဆင်းတိုက်ခိုက်ကြပြီး နောက်ဆုံးမှာ မထေရ်ကြီးက မနုသီဟအသွင် ဖန်ဆင်းလိုက်တော့မှ မာရ်နတ်မင်းလည်း အဘားအဘားအော်လို့ ကြောက်လန့်ခြင်းကြီးစွာနဲ့ အရှုံးပေးလိုက်ရသတဲ့။ ဒါကြောင့် ဘုရားခြေရင်းမှာ မနုသီဟအရုပ်တွေထားတယ်ဆိုတာ တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အလှူမှာ မာရ်နတ်မင်း လာမဖျက်ဆီးနိုင်အောင် သူကြောက်တဲ့ အရုပ်ကြီးတွေ ထုပြီး ထားတာလား မသိပါဘူး။

               နောက်တစ်မျိုး ပြောကြပြန်တာကတော့ အာသောကမင်းကြီးက ကိုးတိုင်းကိုးဌာန သာသနာပြုဖို့စေလွှတ်လိုက်တဲ့ အရှင် သောန နဲ့ အရှင်ဥတ္တရ ရဟန္တာမထေရ်နှစ်ပါးဟာ သုဝဏ္ဏဘူမိတိုင်းကို ရောက်လာတော့ တိုင်းသူပြည်သားများကို အရပ်နီးပါးက ဘီလူးသူရဲများ လာရောက်ဖမ်းစားလို့ ထိတ်ထိတ်လန့်လန့် ရှိနေရှာကြသတဲ့။ ဒါနဲ့ပဲ ကိုယ်တော်နှစ်ပါး ပူးပေါင်းလို့ သတ္တ၀ါကြီးတစ်ကောင် ဖန်ဆင်းပြတဲ့အခါ ဘီလူးတွေ ကြောက်လန့်ထွက်ပြေးပြီး တိုင်းပြည်သာယာသွားသတဲ့။ ရဟန်းနှစ်ပါးက တရုတ်နဂါးပူးကသလို ဖန်ဆင်းကြလို့လား မသိပါဘူး။ နောက်ဘက်က ဖင်ပိုင်းမှာ နှစ်ခွဖြစ်နေတယ် မဟုတ်ဘူးလား။ ဒါလည်းပဲ ယုတ္တိနဲ့ မလွတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေထဲမှာ မနုသီဟအရုပ်ဆိုတာ ကိုယ်တို့ မြန်မာတွေဆီမှာပဲ ရှိတာလေ။ သုဝဏ္ဏဘူမိဆိုလို့ လေဆိပ်ကြီးရှိတဲ့ အိမ်နီးချင်းတွေဆီပဲ သွားမမှတ်နဲ့ဦး။ အဲဒါ သူတို့လည်း ကိုယ့်ဆီက ကူးချထားတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြေပုံကို အခုမြေပုံနဲ့ Google Map ပေါ်ရှာရင်တော့ ရွာလည်သွားမှာ။ ဘယ်လိုပဲဖြစ်ဖြစ် မနုသီဟ ဖင်နှစ်ခွဆိုတဲ့ အရုပ်ကြီးတွေဟာ ကိုယ်တို့ မြန်မာပိုင် မြန်မာ့မူပါလို့ ရေစစ္စတြီ လုပ်လိုက်ကြပါစို့။ သူ့ရဲ့အစွမ်းကတော့ အမြင်မှာ လှပတင့်တယ်သော်ငြား အင်မတန် ကြောက်မက်ဖွယ်ကောင်းတယ် လို့ ဆိုရမှာပေါ့နော်။ ဘီလူးတွေ မာရ်နတ်တွေတောင် လန့်ပြေးကြရတယ် မဟုတ်ဘူးလား။

              ဟုတ်ပေလိမ့်မယ်။ ဟုတ်ပေလိမ့်မယ်။ မောင်စံဖားကလေးလည်း သည်ကနေ့ခေတ်ရောက်ကာမှ မနုသီဟ ဖင်နှစ်ခွနဲ့ သတ္တ၀ါတွေ တွေ့တွေ့နေရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ သူတို့ကို ဘယ်သူတွေက ကြောက်ကြလန့်ကြသလဲတော့ မပြောတတ်ပါဘူး။ ကိုယ်ကတော့ သူတို့ဖင်နှစ်ခွကြီးတွေ မြင်လိုက်တိုင်း တယ်ကြောက်စရာကောင်းပေသကိုး လို့ ထိတ်လန့်မိတယ်။ ကောသလ္လမင်းအိပ်မက် ၁၆ ချက်ထဲက ဦးခေါင်းနှစ်လုံးပါတဲ့ မြင်းကြီးတွေထက် ပိုဆိုးတော့တယ်။ အဲ့ဒါက နောင်သောအခါဝယ် တရားလိုဘက်မှရော၊ တရားခံဘက်မှပါ နှစ်ဘက်စလုံးကို ခွတုပ်ဖြတ်အုပ်လုပ်တတ်သော တရားသူကြီးများ ပေါ်လာလတ္တံ့ လို့ဆိုတာ မဟုတ်လား။ ဒါမျိုးကတော့ ရိုး ဟိုး ဟိုး ဟိုး နေပါပြီမောင်။ စာမဖွဲ့ပါဘူး။ အမေရိကန်က တရားစီရင်ရေးမဏ္ဍိုင်တောင် ချိန်ခွင်ရုပ်ကလေးနဲ့ ပြတာ မဟုတ်ဘူးလား။ တို့ဆီက တရားသူကြီးများလည်းပဲ နှစ်ဘက်စလုံးကို ချိန်ခွင်ထဲထည့်ချိန်၊ သာတဲ့ဘက်ကို အနိုင်ပေးမှာပေါ့။ ၀င်းဦးသီချင်းလေးတောင် ရှိသေးတယ်လေ။ “ဖျားစူးကျိန်မယ်။ ကျမ်းစူးကျိန်မယ်။ ချိန်ဆကာပင် တွေးလို့ အရေးယူပါတော့ကွယ်။” တဲ့။ (အမှန်တရား အချက်အလက်တွေကို ချိန်တာပါနော်။) အခုဟာကတော့ ဖင်နှစ်ခွဆိုတော့ နှစ်ဘက်ခွစားတာမဟုတ်ရင် ဘာလုပ်တာလဲ လို့ လိုက်မတွေးနဲ့ဦး။ ဟိုဘက်သည်ဘက် လှေနံနှစ်ဘက်နင်းထားတဲ့သူတွေကို ပြောတာ။

             မကြာသေးခင်က တို့မေကြီးအနီးနားမှာနေတဲ့ အတွင်းစည်းထဲက လူငယ်ခြေတက်လေးတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိပါတယ်။ (ဘယ်သူဘယ်ဝါလို့ မတွေးရဘူးနော်။ သူလိုလူစားအများကြီးပေမယ့် မဟုတ်တဲ့သူတွေ အထင်ခံရရင် သနားပါတယ်။) သူ့ခမျာ အင်မတန် အလုပ်များရှာတာပါ။ ပါတီတာဝန် တိုင်းပြည်တာဝန်တွေအပြင် အဘတို့က ပေးအပ်သောတာဝန်များပါ မနားမနေ လုပ်ဆောင်နေရရှာတာဆိုတော့  စကားတောင် မနည်းလုလုပြီး ပြောနေရရှာတယ်။ ပြောရင်းပြောရင်းနဲ့ သူကသာ အရှိန်တွေရလာတယ်။ ကိုယ့်မှာဖြင့် ပါးစပ်ကြီးအဟောင်းသား ဖြစ်လာရော။ သူဝတ်ထားတာက ပင်နီပါ။ ဒါပေသိ သူ့ပါးစပ်ကထွက်သမျှ အဘက ဘယ်လို၊ ဗိုလ်ချုပ်က ဘယ့်နှယ်။ တစ်ခွန်းမှ မလွတ်ဘူး။ အစိမ်းရောင်စကားတွေချည့် ပြောသွားတယ်။ ဗိုလ်ချုပ်ခိုင်းထားလို့ မနေ့ကတင် ဘယ်နိုင်ငံက ပြန်လာတယ်။ ဟိုတစ်ခါလည်း ဘယ်နိုင်ငံသွားရသေးတယ်။ မြန်မာပြည်ကြီးတော့ အများကြီး နောက်ကျကျန်ခဲ့ပါပြီ။ သူများတစ်လှမ်းလှမ်းရင် ကိုယ်က လေးငါးဆယ်လှမ်း လှမ်းနိုင်မှာ တော်ကာကျမယ် ဆိုလား။ ပြောရင်းပြောရင်းနဲ့ ထတောင်ပြေးတော့မယ့်ပုံပဲ။ ကိုယ်က အမေ နေကောင်းလား။ ဘာတွေလုပ်နေသလဲ မေးချင်တာတောင် စကားဘယ့်နှယ် စရမှန်းမသိဘူး။ နောက်ဆုံးတော့ အတင်းကြီး စကားလမ်းကြောင်းလွှဲပြီး ပင်နီချော နဲ့ ယောထမီ ဇာတ်ကြောင်းခင်းတော့ ပိုလို့တောင် အံ့သြစရာတွေ ကြားခဲ့ရတယ်။ တို့မေက သူ့ဘာသူသာ တစ်ကိုယ်တည်းရုန်းနေတာ။ ပါတီမှာ သူကလွဲရင် လောက်လောက်လားလား ဘယ်သူမှ မရှိဘူးတဲ့။ သူ့အသက်ကလည်း ငယ်တော့တာ မဟုတ်တော့ သူမရှိရင် ပါတီလည်း တာ့တာပဲတဲ့။ ဖျားဖျား။ ပြောရက်လိုက်တာ။ ကြားမိတဲ့ကိုယ်တောင် မနုသီဟမြင်ရတဲ့ မာရ်နတ်မင်းလိုပဲ ကြက်သီးမွေးညင်းထအောင် ကြောက်မိတယ်။ အဲ့လိုလူ အနားခေါ်ထားရတဲ့ တို့အမေတော့ ဒုက္ခနဲ့ လှလှနဲ့ တွေ့ရချေသေးရဲ့။

             တကယ်တော့ နိုင်ငံရေးဆိုတာ မိတ်ဆွေမရှိ၊ ရန်သူမရှိ၊ တိုင်းပြည်အတွက်ဆိုရင် ဘယ်သူနဲ့မဆို အတူတကွ လက်တွဲအလုပ်လုပ်နိုင်ရမယ်။ အမေ့ကို ချစ်တဲ့သူဟာ အဘနဲ့တော့ ကဏ္ဍကောစဖြစ်နေရမယ် လို့ မဆိုလိုပါဘူး။ တည့်လေကောင်းလေပေါ့။ ဒါပေမယ့် ကိုယ်က ဘယ်လှေပေါ်မှာ စီးနေတာလဲတော့ မေ့သွားဖို့ မသင့်ပါဘူး။ သူ့ဟာက လှေနံနှစ်ဘက်နင်းထားရုံတင် မဟုတ်ဘူး။ သည်ဘက်လှေ နစ်မယ်ကြံရင် ကန်ပစ်ခဲ့ပြီး ဟိုဘက်ကို ကူးလိုက်ဖို့ အသင့်ပြင်ထားတယ်။ သစ္စာရှိသလား လို့ မေးရင် သစ်စာတင်မက၊ ရေပေါ်စာ ရော လွှစာပါ ရှိပြီးသား လို့ ပြောမယ်ထင်တယ်။ ခေတ်ကပြောင်းလာတဲ့အတွက် သူတို့ကိုလည်း အပြစ်ဆိုစရာတော့ မရှိဘူးပေါ့။ ဘုရင်ကို သစ္စာခံရတဲ့ခေတ် မဟုတ်ဘူးလေ။ ပလ္လင်ကိုပဲ သစ္စာခံရတာ မဟုတ်ဘူးလား။ (ဒါကြောင့် မာရ်နတ်ကြီးက ပလ္လင်ကို လာလုတာ ဖြစ်မယ်။) လောလောဆယ်မှာ တို့မေမေက ထီးလိုမင်းလိုပဲ ရှိသေးတယ်။ ဥကင်ဘုံမြင့် မရောက်သေးဘူး။ ဒါကြောင့် အမတ်ဒိန်လို့ တံခါးတစ်ခြမ်းပဲ ဖွင့်ထားပေးတာ နေပါလိမ့်မယ်။

           သည်မှာဘက်ကမ်းကမှ ရွှေကိုင်းတဘက် ကျွန်းသန်လျက်ကို လှမ်းကြွတော်မူဖို့ ခြေလှမ်းပြင်ထားတာ မဟုတ်ပါဘူး။ ဟိုမှာဘက်ကမ်းကလည်း ကြက်ယက်ဘုန်းခေါင် နန်းနတ်တောင်ဆီကို ချီတော်မူဖို့ ဖ၀ါးစကြာတော် ကားယားကြီးခွထားတဲ့သူတွေ ရှိပါသေးတယ်။ ဘေးချင်းများ ယှဉ်ထိုင်မိလိုက်ရင် ခင်မာလာမင်းများ မျက်စပစ်ပြပြီး ဂျာနယ်ထဲ ဓါတ်ပုံနဲ့တကွ ပါသွားဖို့ လောဆော်နေသူတွေ အများကြီးပဲ။ ဟိုတုန်းက မုန်းလှပါချည်ရဲ့ဆို နံမယ်တောင် မကြားချင်ဘူး လုပ်နေတာလည်း သူတို့ပဲ။ ခုကျမှ “ကျုပ်နှမများရယ် ဖိတ်ကြားချင်ပါတယ် တစ်ခါ” ဆို “ကြားစကားများ မယုံနဲ့ ဘေးဖယ်ထား” လုပ်တာလည်း သူတို့ပဲ။ တတ်နိုင်ချက်ကတော့ ကိုးလောက်တောင် မက။ ကျုပ်တို့ဘဘ ဖင်နှစ်ခွ။ “ဘယ်ကစွမ်းအားရှင်တွေလဲ။ ကြားဖူးပေါင်ကွယ်။ စွပ်စွပ်စွဲစွဲ။ အဲဒါ ကျုပ် မဟုတ်ဘူး။ ဟိုကောင်လေ။ ဟိုကောင်။ ဘယ်ရောက်သွားပတုန်း၊ အဲ့ကောင်။ ငါနော်။ တွေ့များတွေ့လို့ကတော့ အဲ့ကောင် သေပြီသာမှတ်။” စသည် စသည်ဖြင့် ကြည့်ရကြားရတဲ့သူတွေ မျက်စိတွေကိုလည်လို့။ ၀င်းဦး ရှစ်ကိုယ်ခွဲကား ရိုက်နေသလိုပဲ။ ဇာတ်ကောင်စရိုက်တွေကဖြင့် ဆေးစက်ကျရာ အရုပ်ထင်တယ်။ မျက်ခွက်ကြီးကသာ အကုန်ချွတ်စွပ် ဖြစ်နေတာ။

             သူတို့လိုမျိုး ဟိုဘက်တိုးလိုက် သည်ဘက်တိုးလိုက်၊ တိုးရင်းနဲ့ ကလိုက်၊ ကရင်းနဲ့တိုးလိုက် လုပ်နေတဲ့သူတွေဟာ သူတို့ကိုယ်သူတို့တော့ တော်တော်ကို နိုင်ငံရေးပါးဝနေတဲ့သူတွေ လို့ ထင်ပါလိမ့်မယ်။ အမှန်မှာတော့ အဲဒါ လုံးဝ နိုင်ငံရေးပါး မ၀လို့ လုပ်နေတဲ့အလုပ်ဗျ။ ဘ၀ဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပဲ။ ဘယ်သူမှ အထက်မှာ အမြဲ မနေနိုင်ဘူး။ ကိုယ်အပေါ်ရောက်နေတုန်း ဖိထောင်းထားရင် ကိုယ်အောက်ပြန်ရောက်တဲ့ အလှည့်ကျရင်လည်း မသက်သာဘူး။ တက်သမျှလူ ဘုရားထူးလို့ အထက်မှာချည့်ပဲ ထိုင်နေနိုင်တဲ့သူဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဝေးဝေးသွား မကြည့်ပါနဲ့။ ကိုယ့်မျက်စိအောက်မှာတင် ပလ္လင်ပေါ်က ဆင်းဆင်းသွားရသူတွေ အများကြီး ရှိလာပြီ။ အရေးရယ် အကြောင်းရယ်ကျတော့ တရားနဲ့မဖြေရင် ကုလားနဲ့သေရတော့မယ်။ (မော်ကျူရီမှာ အပ္ပနားပဲ ရှိသဗျ။)

             ပန်းချစ်သူ ဘဘကြီးနဲ့ အင်တာဗျူးတစ်ခု ဖတ်လိုက်ရပါတယ်။ သူ့ရင်ထဲကလာတဲ့စကား ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ (တော်နေကြာ လော်ဘီလုပ်တယ် ဖြစ်နေမစိုးလို့) စာမျက်နှာပေါ် ဖတ်လိုက်ရတာတော့ဖြင့် သံဝေဂကြီးစွာ ရမိတယ်။ “တကယ်တော့ဗျာ။ ကျွန်တော်တို့ ထောက်လှမ်းရေးတွေဆိုတာ ဘယ်ခေတ်ကမှ ဇာတ်သိမ်းကောင်းခဲ့တာ မဟုတ်ပါဘူး။” တဲ့။ အင်း။ ဟုတ်ပါ့မလား မောင်ကာဠုရဲ့လို့ ပြန်စဉ်းစားကြည့်မိပါတယ်။ ကိုယ်တို့ဆီမယ်လည်း အဲသည်က လာတာ တစ်ယောက် ရှိခဲ့တယ်လေ။ ကြမ်းသလား မမေးနဲ့။ ရုံထဲမှာ ဘွဲ့လွန်ဆရာဝန်တစ်ယောက်ကို လေးဘက်ထောက်ပြီး လျှောက်ခိုင်းခဲ့တယ်။ ဇာတ်သိမ်းခန်းနီးတော့ သူဘာတွေဖြစ်လာသလဲ မပြောချင်တော့ပါဘူး။ သိတဲ့သူသာ မေးကြည့်ပါတော့။ မျက်မှန်တင်ဦးဆိုတဲ့ ဘဘကြီးလက်ထက်ကို ကိုယ်ကောင်းကောင်းမမှီလိုက်သော်လည်းပဲ အဆုံးသတ် မကောင်းတဲ့အထဲ သူလည်း ပါသတဲ့။ လက်ရှိအချိန်တုန်းက သူတို့လောက် ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတာလည်း မရှိသလို လက်မဲ့အချိန်ရောက်တော့ သူတို့လောက် သနားစရာကောင်းတာလည်း မရှိဘူး။ (ဆင်းရဲချမ်းသာကိစ္စ ဆင်ပိန်ကျွဲကို ဆိုလိုတာ မဟုတ်ပါ) အသောကံ၊ ၀ိရဇံ၊ ခေမံ အစရှိတဲ့ ငြိမ်းအေးချမ်းသာခြင်းတွေ ပိန်းကြာဖက်ရေမတင်သလို ကွယ်ပျောက်သွားပြီး နောင်တ၊ သောက၊ ဗျာပါဒ၊ (ဒေါသလည်း ကုန်ဦးမယ် မဟုတ်ပါ) အစရှိသော ကိလေသာလောင်မီးတွေ တငြီးငြီး တောက်လောင်နေရတာပေါ့။

           သည်လိုအချိန်မျိုးမှာ အာဏာပြန်ရရာရကြောင်း မကောင်းသဖြင့်တွေ ပြန်လည်ကြံစည်ဖို့ဆိုတာ စဉ်းစားဆင်ခြင်ဥာဏ်ရှိတဲ့သူအဖို့ ဘယ်တော့မှ ပြန်မကျိုးစားတော့မှာ အသေအချာပါပဲ။ ငရဲပန်းကို ရွှေပန်းမှတ်လို့ ပန်ခဲ့ပြီးပြီ။ ခေါင်းမှာလည်း သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေ အပြည့်။ နောက်တစ်ကြိမ်ပြန်မိုက်ဦးမလား လို့ မေးမှမေးတတ်ပလေ။ ခုပဲ အသက်ခုနှစ်ဆယ်နားကပ်နေမှ ဘယ်နှစ်နှစ်နန်းစံဖို့ ငရဲယူနေရဦးမှာလဲ။ မိုက်ချင်းမိုက်ရင် အဲသည် ဘာမှန်းမသိ ညာမှန်းမသိ မနုသီဟကလေးတွေသာ တွင်းတူးပြီး မိုက်ဖို့ ရှိပေလိမ့်မယ်။ ပညာရှိဦးပေါ်ဦးသေတော့ လက်ဖ၀ါးနှစ်ဘက် အခေါင်းအပြင်ထုတ်ခဲ့ လို့ မှာတာဟာ ကျန်ရစ်သူ မနုသီဟလေးများ သင်ခန်းစာယူနိုင်ဖို့အတွက် လို့ အခုမှပဲ သဘောပေါက်မိပါတယ်။ ဘာမှ ပါမသွားဘူး အမောင်တို့ အမိတို့ရဲ့။ ချန်ထားခဲ့တာတွေတော့ အများကြီးပဲ။ စည်းစိမ်ဥစ္စာလား။ သူ့သားတောင် ချမ်းသာတယ် မကြားမိဘူး။ သူ့မျိုးရိုးအဆက်အနွယ် ဘယ်သူဘယ်ဝါ လို့လည်း မကြားဖူးတော့ဘူး။ နံမယ် ဂုဏ်သတင်းဆိုရင်တော့ ခုထက်ထိ ကျန်သေးတယ်လေ။ ကိုယ်ယုံကြည်တဲ့ဘက်က ခိုင်မြဲစွာ ရပ်တည်ပါ။ သူများကို သစ္စာခံချင်ခံ မခံချင်နေ။ ကိုယ့်ကိုယ်ကိုယ်တော့ သစ္စာမဖောက်ပါနဲ့။ ဖင်ဆိုတာ နှစ်ခွရှိရင် အိမ်သာတက်ရလည်း ခက်လိမ့်မယ်။ အိမ်ထောင်ပြုရလည်း ခက်လိမ့်မယ်။ ကြောက်ချာကြီး။ ကြောက်ချာကြီး။

ဆရာစိုးမင်း facebook မှကူးယူဖေါ်ပြပါတယ်

“စောင့်လေမျိုးနွယ် ကိုယ်နားလည်သလောက်” - စိုးမင်း

“စောင့်လေမျိုးနွယ် ကိုယ်နားလည်သလောက်”
by Soe Min (Notes) on Wednesday, June 26, 2013 at 3:44am
 
 
          “နေအရုဏ် ရောင်နီကျင်း ကွင်းတစ်ဘက်ကနော် လင်းကြက်ကအော်သရှင့်။ ကျုပ်တို့ရွာထိပ်တခေါ်လေးဆီက အဝေးကျောင်းပေါ် ရှေးခေါင်းလောင်းသံဆော် တဒေါက်ဒေါက်ပါ့နော် ခေါက်ခေါက်ကြသော် ရွာဘက် အိမ်ဘက် ကုလားတက် ခေါက်သံမော်” တဲ့။

          အညာမှာ ရွာမှာဆိုရင်တော့ မနက်လင်းအားကြီး မျက်စိနှစ်လုံးပွင့်တယ်ဆိုတာနဲ့ အရင်ဆုံး ကြားရတဲ့အသံဟာ ဘုန်းကြီးကျောင်းက ကုလားတက်ခေါက်သံ။ အရင်ဆုံး လုပ်ရတဲ့အလုပ်က ဆွမ်းချက်ဖို့။ အဖွားတို့ဆိုရင်တော့ မျက်နှာသစ်၊ သနပ်ခါးလိမ်းပြီးတာနဲ့ ဘုရားရှိခိုး အမျှအတမ်းဝေဖို့ပါပဲ။ ပြီးတာနဲ့ ဈေးသွားတဲ့သူကသွား၊ ပရိတ်ခွေကလေးဖွင့်ပြီး အိမ်မှာ တံမြက်စည်းလှဲတဲ့သူကလှဲ။ နေ့တစ်နေ့ရဲ့ အစကို ကျက်သရေ မင်္ဂလာရှိရှိနဲ့ စကြသတဲ့။ ညအိပ်ယာဝင်တော့လည်းပဲ ခြေလက်ဆေး၊ ဘုရားရှိခိုးပြီးမှ ခေါင်းအုံးနဲ့ခေါင်းနဲ့ထိရင် လက်ကလေးချိုးကာချိုးကာ ဂုဏ်တော်ကိုးပါး၊ ၂၄ ပစ္စည်း တတ်သရွေ့မှတ်သရွေ့ ပုတီးဝတ်ကလေးဖြည့်ပြီးမှ အိပ်ပျော်ကြရတာဟာ ကိုယ့်လူကြီးမိဘများက သွန်သင်လေ့ကျင့်ပေးထားတဲ့ အလေ့အထပါပဲ။ ဘယ်အရွယ်ကတည်းက စသင်ထားသလဲ မသိပါဘူး။ မှတ်မိလောက်တဲ့ အချိန်မှာ အားလုံး အသားသေနေပြီ။ အဖွားနဲ့အမေဟာ သူတို့မိဘဘက်က မိဆိုင်ဖဆိုင် ရိုးရာနတ်ကိုးတဲ့ အလုပ်ကို ၀ါဝင်ဝါထွက် ၀တ်မပျက် လုပ်ပေမယ့် ကိုယ်တွေကျတော့ ရတနာသုံးပါးကလွဲရင် နတ်ကိုးကွယ်တာ၊ ဘိုးတော်ဝိဇ္ဇာ ကိုးကွယ်တာကို အကျင့်မလုပ်ဘူး။ သရဏဂုံကို ညစ်နွမ်းစေတယ် လို့ အမြဲပြောတယ်။ အိမ်မှာဆိုရင် နတ်အုန်းလည်း မရှိဘူး။ ဦးရှင်ကြီးလည်း မတင်ဘူး။ ရွှေဘုန်းပွင့်ဘုရားမှာ လုပ်တဲ့ တရားပွဲတွေကို မပျက်မကွက် နာလေ့ရှိသလို စူပါဟိုက်ကထွက်တဲ့ တရားခွေတွေကိုလည်း အိမ်မှာ မကြာခဏ ဖွင့်ပြီးနာလေ့ရှိတယ်။ ဒါကြောင့် ကိုယ်တို့ဟာ စာလာရယ် ဥပစာလာရယ် သီသုပစာလာရယ်ဆိုတဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးရဲ့ နှမတွေကို နံမယ်နဲ့တကွ အလွတ်ရတယ်။ ကျန်တာတွေဆိုရင်တော့ ပြောမနေနဲ့။ အိမ်မှာ စကားပြောတဲ့အခါမှာလည်း ဘယ်အခါမဆို ပုံတိုပတ်စ ဇာတ်နိပတ်များနဲ့ သိုင်းကာဝိုင်းကာ ပြောလေ့ရှိတယ်။

           ဒါပေမယ့် သူတို့လူကြီးတွေ သေလို့သာသွားရော နင်ဘယ်ဘာသာကို မပြောင်းနဲ့။ ဘာသာခြားနဲ့ မယူနဲ့ တစ်ခွန်းတစ်လေတောင် မှာကြား မသွားဖူးပါဘူး။ စောင့်လေမျိုးနွယ်ဆိုတဲ့ ကိစ္စဟာ ကိုယ်တို့အမျိုးတွေထဲမှာ စကားထဲထည့်ပြောစရာ မလိုသလောက်ကို ရှိတယ်။ အဖေ့ဘက် အမေ့ဘက် ဘယ်အမျိုးထဲရှာကြည့်ကြည့် တရုတ်၊ ကုလား၊ ဘာသာခြားဆိုတာ မူးလို့တောင် ရှူစရာ မရှိဘူး။ သိမှီမေးမြန်းထားလို့ရတဲ့ ဆွေစဉ်ခုနစ်ဆက် မတိုင်ခင်ကတည်းက နှောလာရင်တော့ ဘယ်တတ်နိုင်မလဲ။ လူသားမျိုးနွယ်ဆိုတာ သည်လိုပဲ ရောနှောစီးဆင်းတဲ့အခါလည်း ရှိမှာပဲ။ မရောရဘူး မနှောရဘူးလို့ အတင်းကြီး တားမြစ်ပိတ်ပင်ထားလို့ မဟုတ်ပါဘူး။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အယူဝါဒချင်း မျိုးမတူ ဇာတ်ခြားတဲ့အခါ ကိုယ်နဲ့ အတူတူလို မခံစားရလို့၊ ကိုယ်တွေနားလည်တဲ့စကားနဲ့ပဲ ပြောရရင် အထုံရေစက် အတူမပါခဲ့လို့ ဖူးစာဆုံတဲ့ အထိတော့ မရောက်ခဲ့တာ ထင်ပါတယ်။ (နောက်ကျမှ မော်နီကာဘလူးချီးတို့၊ နာအိုမီကင်းဘဲလ်တို့က အတင်းလာယူခိုင်းရင်တော့ ဒုက္ခပါပဲ။)

             သူငယ်ချင်း အပေါင်းအသင်းထဲမှာတော့ လည်ပင်းဖက်ပြီး ရင်းရင်းနှီးနှီးပေါင်းနေတဲ့ ဘာသာမတူ လူမျိုးမတူတဲ့သူတွေ တော်တော်များများ အရှိသားပဲ။ သူတို့တွေနဲ့လိုက်ပြီး ဘုရားကျောင်းလည်း တက်ဖူးတယ်။ စမိုင်လည်း စားဖူးတယ်။ အိမ်ကလူကြီးတွေ အနေနဲ့ အဲသည်ကိစ္စများ ခေါင်းထဲထည့်စိတ်ပူစရာကို မလိုခဲ့ဘူး။ ဘုရားရှေ့ ကားဖြတ်မောင်းသွားရင်တောင် အလိုလို လက်အုပ်ချီပြီးသား အကျင့်ပါနေမှပဲဟာ။ သူများတွေ မဟုတ်တရုတ် ကလော်တုတ်နေသလို “မင့်နှမတွေ ကုလားနဲ့ညားကုန်မှာပေါ့” တို့ ဘာတို့လည်း ကိုယ့်ဘက်ကတော့ အပူမရှာမိပါဘူး။ သူတို့လည်း သူတို့အသက်နဲ့သူတို့ အိမ်ကဓလေ့စရိုက်တွေ အရိုးစွဲနေကြပြီပဲ။ ဘုရား တရား သံဃာ မပါတဲ့ နေ့စဉ်ဘ၀ကို ဘယ်လိုမှ မဖြတ်သန်းနိုင်တော့ဘူး။ အခုတော့ ကိုယ်လည်း သမီးတစ်ကောင် နွားတစ်ထောင်ကို လုံအောင် အမြဲ စောင့်နိုင်ခဲတဲ့ အဖေတစ်ယောက် ဖြစ်လာပြီဆိုတော့ ကိုယ့်သမီးကလေးကိုယ် သွန်သင်ဆုံးမတဲ့နေရာမှာ မလုပ်နဲ့။ မသွားနဲ့။ မခေါ်နဲ့။ မပြောနဲ့။ ဆိုတဲ့ တားမြစ်ပိတ်ပင်မှုတွေအစား ကိုယ့်ရိုးရာ ကိုယ့်စရိုက် ဓလေ့ဘာဝကို ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြတ်နိုးတတ်သွားအောင် အားကြိုးမာန်တက် သင်ရပြရဦးတော့မှာပါပဲ။

             ကလေးဘ၀မှာ ပထမဦးဆုံး အကြောက်တရားက အမှောင်ပေါ့။ အိပ်ယာဝင်တဲ့အခါ လူကြီးတွေက မီးတွေ ပိတ်လိုက်လို့ မှောင်သွားတဲ့အခါ မကြောက်အောင် အိပ်ယာထဲမှာ ဘုရားစာလေးတွေဆိုလို့ လက်ချိုးပုတီးကလေး စိတ်ရင်း အိပ်ပျော်သွားရတော့ စိတ်အေးအေးချမ်းချမ်းလည်း ရှိခဲ့တယ်။ သရဲ တစ္ဆေ ဘီလူး သဘက်တွေဆိုတာ ကိုယ်ရွတ်ဖတ်နေတဲ့ ဘုရားနှုက္ခပတ်တော်တွေကို ကြောက်တယ်ဆိုတော့ ယိုးဒယား သရဲကားတွေထဲကလို ဘုန်းကြီးကျောင်းပြေးစရာ မလိုဘူး။ ငါ့လာခြောက်လို့ကတော့ လက်ညှိုးငေါက်ငေါက်ထိုးပြီး ရွတ်ပလိုက်မယ် ဆို သတ္တိတွေ ရှိသွားတယ်။ နောက်တော့ သေခြင်းတရားအကြောင်း သိလာတဲ့အခါ ကြက်သီးဖြန်းဖြန်းထအောင် ကြောက်လွန်းလို့ အမေ့ဆီသွားပြီး “အမေရေ အညာကို ထွက်ပြေးကြရအောင်” လို့ဆိုတော့ အမေတွေအဖွားတွေက သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့ လက်နက်ကလေး ပေးတယ်။ ၀င်လေထွက်လေကိုမှတ် တဲ့။ အဲဒီအရွယ်တုန်းကတော့ တော်တော် ကြောက်တာပါ။ ရုပ်ရှင်ထဲမှာ တစ်ယောက်ယောက် သေတဲ့အခန်းပါရင်ကို မကြည့်ရဲဘူး။ လူဆိုတာ သေပြီးရင် သရဲဖြစ်သွားရော လို့ ထင်တာကိုး။

              ဒါပေမယ့် ကိုယ့်အိမ်က ပထမဦးဆုံး နာရေးပေါ်တဲ့အခါမှာ မကြောက်တော့ဘူး။ သေသွားတာက ကိုယ့်အဖေလေ။ ရက်လည်တဲ့မနက်မှာ သူလာနှုတ်ဆက်မှာပဲ ဆိုပြီး အိပ်တောင် မအိပ်နိုင်ဘူး မျှော်မိတယ်။ အဖွားဆုံးတော့လည်းမျှော်တာပဲ။ သူကလာတော့ လာပါတယ်။ ကိုယ့်ဆီမဟုတ်ဘူး။ သူလှူထားတဲ့ ဘုန်းကြီးကျောင်းပေါ်သွား၊ ဘုရားကန်တော့ပြီး ပြန်ဆင်းသွားတယ်တဲ့။ ကျောင်းပေါ်က ကိုရင်လေးက ဆင်းပြေးသွားတယ်။ ဆရာတော်ကြီးကတော့ စကားလှမ်းမေးတာ ပြန်မဖြေဘူးတဲ့။ စိတ်ထဲတော်တော် မကောင်းတာက အဖွားက ငါ့ကိုချစ်တယ်လည်းဆိုသေးရဲ့ ငါ့ဆီလည်း မလာပါလား လို့ ၀မ်းနည်းမိတယ်။ တခါတခါ အိပ်မက်ထဲမှာတွေ့လို့ စကားလေးဘာလေးပြောရရင်  ပျော်လိုက်တာ။ ပြန်နိုးလာရင်တောင် အတင်းပြန်အိပ်တယ်။ အခန်းဆက်များ မက်လို့ရမလား လို့။ နိုင်ငံခြားရောက်နေတုန်း VZO နဲ့ chat ရသလိုပေါ့ကွယ်။ သေပြီးသားလူနဲ့ဆိုတာ အိပ်မက်ကမ္ဘာမှာပဲ ပြန်တွေ့ကြရတာ မဟုတ်လား။ ငယ်ငယ်တုန်းက အသစ်ဖျက်မဆောက်ရသေးတဲ့ အိမ်ကြီးကိုလည်း ပြန်ရောက်သွားလို့ရတယ်။ နေရာဟောင်းလေးတွေကလည်း အကုန် အရင်အတိုင်းပဲလေ။ အပြင်မှာသာ ဘာမှမကျန်တော့တာ။

               ဒီလိုနဲ့ ကိုယ်ကိုယ်တိုင်လည်း ဇာတိကစခဲ့တာ ဇရာ၊ ဗျာဓိ၊ မရဏတွေ လာတော့မယ်။ ဒါပေမယ့် ငယ်ငယ်ကလိုတော့ သိပ်မကြောက်တော့ဘူး။ ဟိုဘက်ကမ်းမှာ ပြန်တွေ့ချင်တဲ့လူတွေ အများကြီးပဲလေ။ အဲဒီလူတွေနဲ့ ပြန်တွေ့ဖို့ဆိုတာ တူမျှသောသဒ္ဒါ၊ တူမျှသောကုသိုလ်၊ တူမျှသောသရဏဂုံတို့ ရှိမှ ဖြစ်မှာ မဟုတ်လား။ ဒါကြောင့်မို့ ကိုယ့်ဘ၀မှာ ဗုဒ္ဓဘာသာဆိုတာ မွေးသည်ကနေ သေသည်အထိ အကြားမလပ်အောင် သက်ဝင်စိုးမိုးနေတယ်။ သူများဟာ မှန်တယ်။ ကိုယ့်ဟာမှ မှန်တယ် ဘယ်သူနဲ့မှ အငြင်းမပွားလိုဘူး။ မှားမှားမှန်မှန် တယူသန်နေပြီးသား။ သူတို့လည်း သူတို့အယူနဲ့သူတို့ပဲ။ လောက်ကိုင်တုန်းကဆို သူတို့ဘိုးဘွားတွေလည်း သေဖို့ပြင်ဆင်ရင်ဆိုင်ထားကြတာပဲ။ မြေကွက် တစ်စုံ၊ အုတ်ဂူအစုံ နဲ့ အိပ်ယာဘေး အခေါင်းထားအိပ်တယ်။ သေပြီးနောက်မှာ မမေ့မလျော့ ကန်တော့ ကျွေးမွေးဖို့ နောက်မျိုးဆက် သတ်သတ်မှတ်မှတ် ချန်ရစ်တယ်။ အဲဒါ သူတို့အယူပဲဟာ မှားတယ် မှန်တယ်။ သမ္မာ၊ မိစ္ဆာ သတ်မှတ်နေစရာ မလိုပါဘူး။ ကိုယ်လည်း အဲဒီနေရာမှာ မွေးဖွားကြီးပျင်းရင် အဲဒီအယူပဲ ယူမှာ။

              ဘာသာရေးကို အိမ်ကထက်ပိုပြီး သက်ဝင်ယုံကြည်လာအောင် ပံ့ပိုးပေးသူတွေကတော့ ဘုန်းဘုန်းတွေပါပဲ။ ကလေးဘ၀ကတည်းက ဘုန်းကြီးကျောင်း ဆွမ်းပို့တဲ့အလုပ်ကို မပျက်မကွက် အလုပ်ခိုင်းခဲ့တယ်။ ရွာကျောင်းမှာ သူငယ်တန်း တက်တုန်းကဆို ဆွမ်းခံတောင် လိုက်ရတယ်။ အဒေါ်တွေက သူ့တူလေး ဆွမ်းတော်ဗျို့ အော်ရင် ဘယ်တော့မှ ကန်တော့ဆွမ်းပါဘုရား မရှိဘူး။ မြန်မာမိဘများထုံးစံ သားရှင်ပြုဖို့ဆိုတာ ကျားကုတ်ကျားခဲ စုဆောင်းရည်သန်ကြပြန်တော့ ရွာမှာပြန်ရှင်ပြုတဲ့အခါ နွေကျောင်းပိတ်ကတည်းက ဘုန်းကြီးကျောင်းလွှတ်ပြီး သင်္ကန်းတောင်း၊ ကမ္မဌာန်းတောင်း၊ ဆံချတော့ရွတ်စရာ၊ ပစ္စည်းလေးပါး သုံးဆောင်တော့ ရွတ်စရာ၊ သီလယူ၊ သီလပေး၊ ရေဒဏ်၊ သဲဒဏ် အကုန် သင်အံလေ့ကျက်ထားရတယ်။ သဒ္ဒါ သင်္ဂြိုလ်၊ ပါဠိပါဋ္ဌ်သား နားမဝေးအောင် သင်ပြပေးတယ်။ နောင်အခါတွေကျတော့ ကိုရင်ဝတ်နဲ့ ရိပ်သာဝင်ပြီး တရားထိုင်ကျင့်ရအောင် ကြိုးစားရတယ်။ မအေဆိုတာ ရှင်လောင်းအမေ ဖြစ်ပြီးတော့လည်း ပဉ္ဇင်းအမ ဖြစ်ချင်သေးတာပဲ။ ဒီလိုနဲ့ သာသနာ့ဘောင်ဆိုတာ ဒုလ္လဘဘ၀နဲ့ ၀င်ချည်ထွက်ချည် ကျင်လည်ခဲ့ဖူးတယ်။ တရားထူးတရားမြတ်တော့ မရသေးတာ အမှန်ပါ။ ဒါပေမယ့် တရားကင်းကွာတဲ့ ဘ၀တော့ မရောက်သေးဘူး။ တရားလက်လွတ် ငှက်တောင်ကျွတ်လည်း မဖြစ်တော့ဘူး။ စိတ်မှာထင်လာတဲ့ ကိလေသာ အညစ်အကြေးတွေကို Beaty Spa သွားပြီး ချေးချွတ်သန့်စင်သလို စိတ်တည်ငြိမ်အောင် လုပ်ပေးရာဌာန၊ စိတ်၏ချမ်းသာခြင်းကို ရှာဖွေရာဌာန လို့တော့ မြင်လာတယ်။ လောကဓံနဲ့ ဘ၀ရဲ့ဒုက္ခတွေကို မခံစားနိုင်တော့ရင် စိတ်သစ်လူသစ် ပြန်လည်မွေးဖွားဖို့ ခဏလောက် ထွက်ထွက်ပြေးသွားတဲ့ အေးရိပ်ဆာယာပေါ့။

              အလုပ်တဘက်နဲ့မို့ အခါအားလျော်စွာမှ ရိပ်သာဝင်နိုင်တဲ့အခါ တစ်ခါထက်တစ်ခါ သမာဓိအားတွေ ကောင်းလာပါတယ် လို့ မဆိုနိုင်ပေမယ့် ဘယ်အခါမဆို လောင်လာတဲ့ မီးတွေကို ရေနဲ့သတ်လိုက်သလိုတော့ အေးအေးသွားတာ အမှန်ပဲ။ နောက်ကြောင်းမအေးတဲ့ မျောက်လောင်းကလေးမို့ ခွင့်စေ့ကာနီးရင် ပြန်ပြေးဖို့တာစူရပေမယ့် စိတ်ထဲမှာ ငယ်ငယ်ကတည်းက  ကိုရင်ဝတ်၊ ပဉ္ဇင်းတက်၊ တရားထိုင်နဲ့ သာသနာ့ဘောင်မှာ ပျော်နိုင်ခဲ့ရင် ငါ့ဘ၀ဟာ အခုလက်ရှိထက် အများကြီး ငြိမ်းအေးမှာ အမှန်ပဲ လို့ တောင့်တမိတယ်။ လူ့ဘ၀မှာ အဆုံးမရှိတဲ့ လိုချင်တပ်မက်မှုတွေနောက်ကို မသေမချင်း လိုက်နေကြရတယ်။ ရဟန်းဘ၀မှာ ပရိက္ခရာ ရှစ်ပါး၊ ပစ္စည်းလေးပါး ပြည့်စုံရင် ဘာမှ မလိုတော့ဘူး။ သာသနာ့ဘောင်မှာ လောင်နေတဲ့မီးတွေ တဟုန်းဟုန်း တောက်နေတာလည်း မသိ မဟုတ်။ သိပါတယ်။ တရုတ်လို ဘုန်းကြီးကို ဘယ်လိုခေါ်တယ် မှတ်သလဲ။ ကျောင်းလောင် တဲ့။ ဘုန်းကြီးအမှုက ရွာပတ်ရင် ရှင်းမရတော့ဘူး။ ဒါပေသိ ကိုယ်ဆိုရင်တော့ တို့ဘုရားသာသနာကြီးကို လောင်မြိုက်တဲ့မီးတွေပါဟ ဆိုတာမျိုးထက် ကိုယ့်အတွင်းထဲမှာ လောင်မြိုက်နေတဲ့ ကိလေသာမီးတွေကို အရင်သတ်မှာပဲ။  အရာရာကို စွန့်လွှတ်ထားခဲ့လို့ နိက္ခမပါရမီပါဆိုနေမှ မြို့ကျောင်းမစွဲ တောကျောင်းစွဲနေစရာလည်း အကြောင်းမရှိဘူး။ ငါ၊ သူတပါး၊ ယောင်္ကျား၊ မိန်းမ၊ ပုဂ္ဂိုလ် သတ္တ၀ါ မစွဲရပါဘူး လို့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားတာမို့ သူလည်းပဲ “ငါဘုရား၏ သာသနာ” လို့ တမ်းတမ်းစွဲ စွဲနေမှာ မဟုတ်ပါဘူး။

              ရိပ်သာမှာ ရေစက်ရှိလို့ ခင်မင်ရင်းနှီးသွားတဲ့ ဦးပဉ္ဇင်းလေးကျောင်းမှာ ဒုလ္လဘ ၀တ်ဖြစ်တဲ့အခါမှာတော့ သာသနာ့ဘောင်က သံဃာအစစ်တွေရဲ့ ၀တ္တရားတွေ၊ ၀ဋ်တရားတွေကို ပိုသိလာရပါတယ်။ သံဃာဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် မွေးသည်မှသည် သေသည်အထိ အရေးဆို ပြေးပြေးပင့်စရာ မရှိရင် အနေလည်း မဖြောင့်သလို အသေလည်း မဖြောင့်ဘူး။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အလှူရယ်အတန်းရယ် ပြုတဲ့အခါမှသာ “ကောင်းမှုကုသိုလ်တို့ကို စိုက်ပျိုးရန် လယ်ယာမြေကောင်းသဖွယ် ဖြစ်သော” ဆိုပြီး ပလာမပါ ကံစမ်းမဲကြီးလို ပင့်ရတာ မဟုတ်ဘူး။ ရပ်ရေးရွာရေး၊ သာရေးနာရေး။ အကုန်လုံး အမှူးထား တိုင်တည်ရတယ်။ သာသနာပနိုင်ငံတွေမှာရှိတဲ့ ဗုဒ္ဓဘာသာကျောင်းတော်ကြီးတွေမှာဆို သီတင်းသုံးမယ့် သံဃာ မရှိလို့ ခက်ခက်ခဲခဲ တောင်းတောင်းပန်ပန် ပင့်လျှောက်ပူဇော်ကြရတယ်။ သံဃာမရှိရင် ၀ါဆို ကထိန်လည်း ဘယ်ရှိပါ့မလဲ။ တစ်နှစ်ပတ်လုံး ဘုရားဝေး တရားဝေးနဲ့နေရတာ ဆွမ်းကပ်၊ သင်္ကန်းကပ်၊ သီလယူစရာမှ မရှိရင် သေရင်တောင် ဘယ်လို အမျှဝေကြမတုန်း။ စေတနာ့ဝန်ထမ်းအလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ်၊ ဘုန်းကြီးရဟန်းမှ မလှူရမတန်းရရင် မြန်မာလူမျိုးတွေရဲ့စိတ်ဟာ ကုသိုလ်ပါတယ် လို့တောင် မထင်ဘူး။ ဒါကြောင့် တို့ဘ၀မှာ သံဃာဆိုတာ မရှိလို့ မဖြစ်ပါဘူး။

               ဒါပေမယ့် အခုတလောမှာတော့ ကိုးကွယ်ရာ သံဃာကို အတုအယောင်လုပ် အသုံးချနေသူတွေကြောင့် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာ ညစ်နွမ်းရလေတယ် လို့ ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး စိတ်ဝမ်းမသာ ရှိကြရလေတယ်။ သင်္ကန်းတွေကို မျက်လှည့်ပြသလို လျှပ်တပြက် လူဝတ်လဲပြတဲ့ ဗီဒီယိုတွေ၊ ခုတ်ထစ်သတ်ဖြတ်ပြနေတာတွေ လူမြင်သူမြင် ဖြစ်ကုန်တယ်။ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ အကြမ်းဖက်တဲ့ မျက်နှာဆိုပြီး ဘုန်းကြီးပုံတွေ တင်လာကြတယ်။ သူများနိုင်ငံက လူတွေ မြင်ရင် ကိုယ်တို့ ဗုဒ္ဓဘာသာကို အထင်သေးအမြင်သေး ဖြစ်ကုန်မှာပေါ့ ဆိုပြီး ယမ်းပုံမီးကျ ဒေါသူပုန်ထနေသူတွေလည်း ရှိတယ်။ ကိုယ့်အဖို့ကတော့ ယုံကြည်မှု။ သဒ္ဓါတရား ဆိုတာ သူများက မြင်တဲ့ အမြင် လို့ မခံယူပါဘူး။ သူများတွေ အထင်ကြီးသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ သူတို့လည်း သူတို့ဘာသာပဲ သူတို့ ကိုးကွယ်ကြမှာ။ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် ပြန်အထင်သေးပြီး သဒ္ဓါတရားတွေ ကုန်ခမ်းသွားမှာပဲ စိုးရတာ။ ကိုယ်တို့ဗုဒ္ဓဘာသာဆိုတာက ယုံကြည်သူတွေကပဲ ပံ့ပိုးထောက်ပံ့တာ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဆီကမှ အခွန်ဆက်ကြေး ပူဇော်ပသနေတာ မဟုတ်ဘူး။ ကိုယ့်ဘုန်းကြီးကိုယ် အတုလား အစစ်လား သံသယပွားပြီး ကြည်ညိုသဒ္ဓါမပွားနိုင်တော့ရင် ရေဝေးတဲ့ကြာလို့ ဖြစ်ကုန်လိမ့်မယ်။

                သံဃာအတုအယောင် မရှိဘူး လို့ မဆိုလိုဘူးနော်။ ရှိတာမှ အများကြီးကို ရှိတယ်။ ဒါပေမယ့် အဲဒါတွေကို ဘယ်လိုသဘောထားကြမလဲဆိုတာကို ဟိုးအရင်တစ်ခါ “သင်္ကန်းဂုဏ်ရည်” ရေးတုန်းက တစ်ခါ ပြောပြီးပြီ။ သည်တစ်ခါတော့ မနုသီဟဇာတ်လမ်းကို ထပ်ဆက်ပေးမယ်။ ရှစ်သောင်းလေးထောင် အလှူပွဲကြီးမှာ မာရ်နတ်မင်းကို နှိမ်နှင်းလိုက်နိုင်တဲ့ ရဟန္တာမထေရ်မြတ်ကြီးဟာ မှတ်လောက်သားလောက်အောင်ဆိုပြီး မာရ်နတ်မင်းရဲ့လည်မှာ ခွေးသေကောင်ပုပ်ကြီး ဆွဲပေးလိုက်သတဲ့။ သူအဓိဋ္ဌာန်နဲ့ ဆွဲပေးလိုက်တာမို့ ဘယ်သူကမှ ပြန်ဖြုတ်မပေးရဲပဲ မာရ်နတ်ခမျာ အလှူမပြီးမချင်း ခွေးသေကောင်ပုပ်ကြီးတစ်ကောင်နဲ့ ဒုက္ခကြီးစွာရောက်ပြီး မာန်စွယ်ကျိုးသွားသတဲ့။ နောက်ဆုံးတော့ ရဟန္တာမထေရ်ကြီးထံမှာ ရှိခိုးဦးတင် တောင်းပန်ပြီး ပြန်ဖြုတ်ခိုင်းတဲ့အခါမှာ မထေရ်ကြီးလည်း မာရ်နတ်မင်းကို အနူးအညွတ်တောင်းပန်ပြီး အကူအညီတစ်ခုတောင်းသတဲ့။ သူက မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်မမှီလိုက်တာမို့ မှီလိုက်တဲ့ မာရ်နတ်မင်းကို ဘုရားအသွင် ဖန်ဆင်းပြပါ လို့ တောင်းပန်သတဲ့။ မာရ်နတ်မင်းက ကတိတစ်ခုပေးရင် ဖန်ဆင်းပြမယ် ဆိုတာကတော့ “သူ့ကို လုံးဝ မကန်တော့ရဘူး။” ဆိုတဲ့ ကတိပါ။ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်က ကန်တော့လိုက်ရင် ပုထုဇဉ်ဖြစ်တဲ့ မာရ်နတ်ကြီး ဂျွမ်းပစ်သွားမှာကိုး။ သေသေချာချာ ကတိပေးပြီးမှ သေသေချာချာ ဖန်ဆင်းအပြမှာ ဟိုကလည်း သေသေချာချာကြီးကို ကန်တော့လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ “သင့်အား ကန်တော့ခြင်း မဟုတ်၊ ဂေါတမဘုရားရှင်အား ရည်မှန်းဖူးမျှော် ကန်တော့ခြင်း ဖြစ်ပါသတည်း” ဟူလို။ ဆိုလိုချင်တာက ရဟန္တာပုဂ္ဂိုလ်ရင့်မကြီးတောင်မှ ဘုရားရှင်ကို ရည်မှန်းပြီး မာရ်နတ်ကို ဦးချနိုင်သေးရင် ကိုယ်တွေ ပုထုဇဉ်အချင်းချင်းမှာ ရဟန်းယောင်တွေကို ရဟန်းစစ်အမှတ်နဲ့ ကိုးကွယ်မိငြားလည်း သဒ္ဒါတရား မချို့တဲ့ရင် ကုသိုလ်မရစရာ အကြောင်းမရှိဘူးဗျ။ သံဃိကဒါန သံဃာကို ရည်မှန်းလှူဒါန်းတာကိုး။ အတုအစစ်ကိစ္စက အဲသည်ကာယကံရှင်နဲ့သာ သက်ဆိုင်ပေလိမ့်မယ်။

             တစ်ခုပဲ ရှိတယ်။ အဲသည် ရဟန်းယောင်တွေက ရှင်ဒေ၀ဒတ်လို ဘုရားရှင်ရဲ့ အဆုံးအမနဲ့ ဖီလာဆန့်ကျင်တဲ့ အကုသိုလ်ဒုစရိုက်အမှုများကို တိုက်တွန်းကျူးလွန်ခိုင်းလို့ စိတ်လိုက်မာန်ပါ ရှိခဲ့မယ် ဆိုရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲဗျို့။ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်အမျိုးဘာသာ သာသနာကို ကိုယ်ကိုယ်တိုင် စောင့်ရှောက်ချင်ကြတယ်ဆိုရင် တစ်ဆယ့်ခြောက် ခေါဘဏီတပ်ကြီးလည်း မလိုပါဘူး။ ဘူတာဝါဟန ယန္တရားတွေ မရှိလည်း ရပါတယ်။ ခိုင်မာသော သဒ္ဓါတရားနဲ့၊ ခိုင်မြဲသော ယုံကြည်မှုပဲ လိုပါလိမ့်မယ်။ အဲဒါ မယိမ်းယိုင်သရွေ့ ဘယ်သူကမှ လာနှဲ့လို့ မရပါဘူး။ ချင့်ယုံကြပေါ့။ အထူးသဖြင့်တော့ အင်တာနက်ပေါ်မှာ သူများယောင်တိုင်း လိုက်ဟောင်တာ ကိုက်တာမျိုး မလုပ်နဲ့ပေါ့ဗျာ။ ကြားဖူးဘူးလား။ မာရ်နတ်မင်းမှာ လက်ရုံးတစ်ထောင် ရှိသည် တဲ့။ အကောင့်ပုန်းတွေ အများကြီးနေမှာ။ စေတနာရှင်တစ်ဦးတို့၊ ဆရာဝန်တစ်ဦးတို့၊ ဒီမိုဘာညာ၊ မျိုးချစ်ဘာညာ၊ ပေးချင်ရာ နံမယ်ပေးပြီး တင်ချင်ရာ ပုံတွေ တင်ထားလို့ရတယ်။ အခုဖတ်နေတဲ့စာတောင် တစုံတယောက်က အကောင့်ထဲဟက်ပြီး လာရေးသွားတော့ ဘယ့်နှယ်လုပ်မလဲ။ အစစ်နဲ့တူအောင် မရေးတတ်ဘူးထင်လို့လား။ ငိ ငိ ငိ တို့၊ ခွိ ခွိ ခွိ တို့။ ဒချိ ဒချိ တို့ပါ အကုန် တုထားလို့ရတယ် ဘာမှတ်သလဲ။ အဟက် အဟက်။

credit to ဆရာစိုးမင်း

Thursday, 23 May 2013

တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး....




တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး....

အမေရိကန် Seattle က နာမည်ကြီး ဘုရားကျောင်းတစ်ခုမှာ လူအများ
လေးစားကြည်ညိုတဲ့ Dell Taylorဆိုတဲ့ ဖာသာတစ်ဦးရှိတယ်။ တစ်နေ့မှာ
ဘုရားကျောင်းက ကျောင်းသားတွေကို ဖာသာက ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

ပုံပြင်က တစ်ခုသောဆောင်းရာသီမှာ မုဆိုးတစ်ဦးက အမဲလိုက်ခွေးနဲ့
တောလိုက်ထွက်ခဲ့တယ်။ တောအုပ်တစ်နေရာမှာ ယုန်တစ်ကောင်ကိုတွေ့တာနဲ့ မုဆိုးက
သေနတ်နဲ့ပစ်လိုက်တာ ပေါင်ကိုမှန်သွားပေမယ့် ယုန်ထွက်ပြေးသွားခဲ့တယ်။
အမဲလိုက်ခွေးက ဒဏ်ရာရတဲ့ယုန်ကို လိုက်ခဲ့ပေမယ့် မမိခဲ့ဘူး။ ဒါကိုမုဆိုးက
ခွေးကို အသုံးမကျတဲ့ခွေး၊ ဒဏ်ရာရတဲ့ ယုန်ကိုတောင်
အမီမလိုက်နိုင်တဲ့ခွေးဆိုပြီး အပြစ်တင်ခဲ့တယ်။

သခင်ရဲ့ အပြစ်စကားကို ကြားတော့ ခွေးက တတ်နိုင်သလောက်ကြိုးစားခဲ့တာတောင်
အပြစ်တင်ခံရတယ်ဆိုပြီး စိတ်မကောင်းခဲ့ဘူး။

သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့တဲ့ ယုန်ကို အပေါင်းဖော်တွေ တွေ့တော့ တအံ့တသြ
ဝိုင်းမေးကြတယ်။

"ဒဏ်ရာရနေတာတောင် ဒီလောက်ဒေါသကြီးတဲ့ ခွေးလက်ထဲကနေ ဘယ်လို လွတ်ခဲ့သလဲ?"

"ခွေးက တတ်နိုင်သလောက် ပြေးတယ်။ ကျွန်တော်က အစွမ်းကုန်အားသုံးပြီး
ပြေးခဲ့တယ်။ ကျွန်တော့်ကို သူမမိခဲ့လို့ အဆူအဆဲပဲ ခံရမယ်။ တကယ်လို့
ကျွန်တော်သာ အားကုန်မပြေးခဲ့ရင် အသက်တောင် ရှင်နိုင်တော့မှာမဟုတ်ဘူး"

ပုံပြောပြီးတာနဲ့ ဖာသာ Taylor က အတန်းအားလုံးကို Matthew Bible
ကျမ်းစာထဲက အခန်း ၅ မှ ၇ ထိ အလွတ်ဆိုနိုင်သူကို Seattle က Space Needle
မှာ ညစာစားပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်။

Matthew Bible ကျမ်းစာရဲ့ အခန်း ၅ ကနေ အခန်း ၇ထိက စာလုံးပေါင်း
သောင်းဂဏန်းထိရှိပြီး ရွတ်ဆိုရတာလည်း အင်မတန်ခက်ပါတယ်။ ကျမ်းစာတွေကို
အလွတ်ရဖို့ဆိုတာ အလွန်ခက်ခဲပေမယ့် ငွေကုန်ကြေးကျမလိုဘဲ တက်ရောက်ခွင့်ရတဲ့
ညစာစားပွဲကို လူတိုင်းတက်ရောက်ချင်ခဲ့ကြတယ်။ ဒါပေမယ့် လူတော်တော်များများ
နောက်ဆုတ် လက်လွတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ရက်မကြာခင်မှာ (၁၁)နှစ်အရွယ်ရှိတဲ့ သင်တန်းသားတစ်ဦးက
ဖာသာရှေ့မှာ ရင်ကော့ပြီး ကျမ်းစာအားလုံးကို တစ်လုံးမကျန် အမှားအယွင်းမရှိ
အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်။ အရွယ်ရောက်သူတောင် အလွတ်ဆိုဖို့ ခက်ခဲတဲ့စာကို
ကလေးငယ်တစ်ယောက် ဆိုနိုင်ခဲ့တဲ့အတွက် ဖာသာအရမ်း အံ့သြခဲ့မိတယ်။ လူငယ်ရဲ့
မှတ်ဥာဏ်ကောင်းတဲ့ ဦးနှောက်ကို ချီးကျူးမိတဲ့အပြင် ကလေးငယ်ကို ဖာသာ
တအံ့တသြမေးခဲ့တယ်။

"ဒီလောက်ရှည်တဲ့ စာတွေကို ဘယ်လိုအလွတ်ဆိုနိုင်ခဲ့သလဲ?"

"ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"လို့ လူငယ်က မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။

နောင်(၁၆)နှစ်မှာ အဲဒီကလေးငယ်ဟာ ကမ္ဘာကျော် Softwareကုမ္ပဏီပိုင်ရှင်တစ်ဦး
ဖြစ်လာခဲ့တယ်။ အဲဒီကလေးငယ်က Bill Gates ပဲဖြစ်ပါတယ်။

လူတိုင်းမှာ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ စွမ်းအား(Potential)တွေ ရှိကြတယ်။
စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ဦးဟာ သူ့ရဲ့ဖြစ်နိုင်၊
လုပ်နိုင်တဲ့စွမ်းအင်ကို ၂ ကနေ ၈ အထိပဲ အသုံးပြုကြတယ်။ အက်ဒီဆင်လို
သိပ္ပံပညာရှင်တစ်ဦးတောင် ၁၂ထိပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ လူတစ်ဦးရဲ့
လုပ်နိုင်တဲ့စွမ်းအင်က ၅ဝထိအသုံးပြုခဲ့ရင် အဲဒီလူဟာ
ဖတ်စာအုပ်အအုပ်(၄ဝဝ)ကို အလွတ်ဆိုနိုင်သလို တက္ကသိုလ်ပေါင်းများစွာကိုလည်း
တက်ရောက်နိုင်ပါတယ်။ နောက်ပြီး ဘာသာစကား (၂ဝ)မျိုးလောက်
တတ်နိုင်ပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့စွမ်းအင်(၉ဝ)က အိပ်မောကျနေတဲ့
အနေအထားမှာ ရှိနေပါတယ်။ သူတစ်ပါးထက် ထူးချွန်ချင်တယ်၊ ဖောက်ထွက်ချင်တယ်၊
ထီထွင်ချင်တယ်ဆိုရင် တတ်နိုင်သလောက်နဲ့ မလုံလောက်သေးပါဘူး။
အစွမ်းကုန်ကြိုးစားဖို့လည်း လိုပါသေးတယ်။

Tuesday, 14 May 2013

ဖိနပ်တိုက်ခဲ့တဲ့ ဆင်းရဲသား ကောင်လေးဟာ ဘယ်သူလဲ...???

ဖိနပ်တိုက်ခဲ့တဲ့ ဆင်းရဲသား ကောင်လေးဟာ ဘယ်သူလဲ...???




၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို မွေးဖွားခဲ့ပါတယ်..။ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား အရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်..။ ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အ၀တ်အထည် လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရပါဘူး..။ ကျောင်းစ တက်စ အရွယ်မှာ ကောင်လေးဟာ ကျောင်းအားလပ်ချိန်တိုင်းအဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့ပါတယ်..။အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင် သူတို့အငတ်ခံနေကြရပါတယ်...။

ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ်... တစ်ညမှာ ပင်းမင်းဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက် ပါတယ်...။ ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်..။ ကောင်လေး ၃ယောက်ရဲ့ တောင့်တနေတဲ့ မျက်ဝန်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်...။ နောက်ဆုံးတော့ သူဌေးက အကြွေစေ့ ၂ စေ့ ကိုထုတ်ပြီး “ဖိနပ်တိုက်ခ ၂ ကျပ်ပေးမယ်... ဘယ်သူဖိနပ်တိုက်ပေးမလဲ...” ဆိုပြီးမေးပါတယ်...။ ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက် ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်ဝန်းတွေဟာ အရောင်တွေလင်းလက် သွားတော့တာပေါ့....။ တစ်ယောက်က “ကျနော်တိုက်ပါရစေ.. မနက်ကတည်းက အစာမစားရသေးပါဘူး...၊ စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်....” ဆိုပြီး ပြောလေရာ... နောက်တစ်ယောက်ကလည်း “ကျနော်တို့အိမ်မှာ အစာပြတ်နေတာ ၃ ရက်ရှိသွားပါပြီ...၊ အမေကလည်း နေမကောင်းဘူး..၊ အိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ..၊ ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျနော်အရိုက်ခံရတော့မယ်...” ဆိုပြီးပြောရှာပါတယ်...။ ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်..ပြီးတော့.... “တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ် ကျနော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ် ပေးလိုက်ပါ့မယ်...” လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက် အံ့အားသင့်သွားကြပါတယ်...။ “သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ..၊ သူတို့တကယ်ဆာနေကြတာပါ...၊ ကျနော်ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်..၊ သူဌေးဖိနပ်ကို ကျနော်တိုက်ပါရစေ...၊ သူဌေးကျေနပ်စေရပါ့မယ်....” ကောင်လေးရဲ့စကားကြောင့် သူဌေးခံစားသွားရတယ်...။ ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကိုပေးလိုက်တယ်..။ ကောင်လေးက ဘာမှမပြောဘဲ သူ့အဖော် နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်...

ရက်အနည်းငယ်အကြာမှာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာ သူ့ပင်းမင်းဆိုင်မှာ အလုပ်ဝင်စေပါတယ်...။ ညစာထမင်းပါကျွေးခဲ့တယ်..။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်...။ ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့ အခွင့်အရေးဆိုတာကောင်လေးသိတယ်...။ ဒါကြောင့် နောင်တွေမှာလည်း အခက်အခဲရှိသူတိုင်းကို သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်...။ နောက်တော့ ကောင်လေး ဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့ပါတယ်...။ အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်...။ အသက် ၂၁ နှစ်အရွယ်မှာ အလုပ်သမား အသင်းထဲ သူဝင်ခဲ့တယ်...။ အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်...။ ၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ “ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး တစ်နေ့ကိုထမင်းသုံးနပ် မှန်မှန်စားစေရမယ်...” ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်...။ ပြည်သူအများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်...။ အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်...။ ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ်ပြန်လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ သူပြောခဲ့တဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တယ်...။ တစ်နိုင်ငံလုံမှာရှိတဲ့ ၉၃% ကလေးငယ်တွေနဲ့ ၈၃% အရွယ်ရောက်ပြီးသူတွေကို တစ်န့သုံးနပ်မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ “မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘ၀ကနေ အမေရိကတိုက်ရဲ့ ခြင်္သေ့” အဖြစ် တကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်...။

သူကတော့ တခြားလူမဟုတ်ပါဘူး...။ ၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်...။

ဒါကြောင့် ဘယ်လိုဘ၀ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေ... ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဇွဲမလျှော့ပါနဲ့...။ လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာ ရှိနေပြီးသားပါ...။ အဲ့ဒီပန်းတိုင်ကိုရောက်အောင် သွားဖို့ကြိုးစားရမှာကသာ မိမိတာဝန်ဖြစ်ပါတယ်....။

(လင်းညှို့သွေး ရေးသော “ကြိုး”စာအုပ်မှ ထုတ်နုတ်ပြီး စိတ်ဓါတ်ခွန်အားဖြစ်လိုဖြစ်ငြား ရည်ရွယ်၍ ဝေမျှပေးလိုက်ပါသည်...,,ခင်မင်စွာဖြင့်...,,နေမျိုး)

ဖခင်တစ်ဦးရဲ့ အသိပေးချက် ၁၈ချက် - ကလေးအဖေတွေဖတ်ဖို့ပါ

ဖခင်တစ်ဦးရဲ့ အသိပေးချက် ၁၈ချက်





ကလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း

(၁) သင့်မှာရှိတဲ့အိပ်မက်တော်တော်များများကို သင်အကောင်အထည်ဖော်ဖြစ်ချင်မှ ဖော်ဖြစ်ခဲ့မယ်။ သင့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖြစ်မြောက်ဖို့ ကလေးကိုအစားထိုး မခိုင်းစေပါနဲ့။ ဒါဟာ သင့်စိတ်ကူးအိပ်မက်ပါ... ကလေးရဲ့စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။

(၂) ကလေးနဲ့စကားပြောတဲ့အခါ ထိုင်ချပြီးမှ ပြောပါ။

(၃) ကလေးတွေ ဆော့ကစားတဲ့အခါ သူတို့အချင်းချင်းကြားက ပြဿနာ/အခက်အခဲကို သူတို့ကိုယ်တိုင် ဖြေရှင်းပါစေ။



(၄) ကလေးနဲ့ စိတ်ရှည်လက်ရှည်ဆော့ကစားပါ။သူ့ရဲ့ကစားနည်းက ဘယ်လောက်ပဲ ပျင်းရိငြီးငွေ့စရာကောင်းနေနေပေါ့။

(၅) ပုံပြင်စာအုပ်တစ်အုပ်ကို ကလေးတစ်လှည့်၊ သင်တစ်လှည့်အတူ ဖတ်ရှုပါ။

(၆) လစဉ်လတိုင်း ကလေးနဲ့အတူ စာအုပ်ဆိုင်တစ်ခါပတ်ပါ။ တစ်ခါပတ်ရင် နှစ်နာရီအထက်ကြာပါစေ။

(၇) ကြိုးစားအားထုတ်မှုရှိမှ ဒါမှမဟုတ် မျှော်လင့်စောင့်စားတာမျိုးရှိမှ ဂုဏ်ပြုချီးမြှင့်တာလုပ်ပါ။ ဒါမှ တန်ဖိုးထားမြတ်နိုးတတ်မှုကို သူသင်ယူနိုင်လိမ့်မယ်။

(၈) ချီးကျူးတဲ့အပြင် အပြစ်ပေးတာမျိုးလည်း ရှိရတယ်။ မှတ်ထားရမှာက အပြစ်ပေးတယ်ဆိုတာ တုတ်၊ လက် ပါရမယ့် အပြစ်ပေးမျိုးမဟုတ်ပါ။

(၉) ငိုယိုဂျီကျတဲ့အခါ၊ မစားချင်၊ မလုပ်ချင်တာကို ငိုယိုငြင်းဆန်တဲ့အခါ အပေးအယူလုပ်ညှိတာမျိုး မလုပ်မိစေနဲ့။

(၁ဝ) ကလေးကြီးပြင်းလေး ချွတ်ယွင်းချက်တွေကို သင်တွေ့လေ.... ဒီလိုအချိန်မျိုးမှာ သူ့ကိုမွေးဖွားကာစအကြည့်မျိုးနဲ့ သူ့ကိုနှစ်သက်ဖို့ မမေ့ပါနဲ့။ များများအားပေးပါ၊ "နင် တုံးလှချည်လား! တခြားလူတောင်တတ်တယ်.. နင် ဘာလို့မတတ်ရတာလဲ"ဆိုတဲ့စကားမျိုးကို ဘယ်တော့မှ မပြောပါနဲ့။

(၁၁) ကွန်ပြူတာကစားမှာကို မကြောက်ပါနဲ့။ တီဗီစွဲတဲ့ကလေးတွေ ကွန်ပြူတာစွဲတဲ့ကလေးထက်များတယ်။ ကလေးကို တီဗီအနားက ခွာပါစေ။ ခေတ်နဲ့အညီ စီးမျောပါစေ။ လမ်းညွှန်သင်ပြသူလုပ်ပါ၊ တားမြစ်သူမဖြစ်ပါစေနဲ့။

(၁၂) မူလတန်းကစ ကလေးကို အိမ်မှုကိစ္စတွေ ခွဲဝေလုပ်ခိုင်းပါ။ ၃နှစ်အရွယ်ကစ လုပ်ခိုင်းနိုင်ပါတယ်။ ဥပမာ- ကစားစရာအရုပ်တွေ သိမ်းဆည်းတာ၊ သုတ်သင်တာ

(၁၃) စစချင်းမှာ ကလေးတွေရဲ့ ရမှတ် ရလဒ်ကို သိပ်အလေးမထားပါနဲ့။ သူ ကျောင်းနေပျော်မပျော်ဆိုတာကို ဦးစားပေး ဂရုစိုက်ပါ။

(၁၄) ဟိုသင်တန်း၊ ဒီကျူရှင်တွေနဲ့ ကလေးရဲ့နေ့စဉ်ဘဝကို သင်တန်း၊ ကျူရှင်တွေကြားမှာပဲ မနစ်ထားစေပါနဲ့။ ကလေးဘဝ၊ ကလေးသဘာဝ လွတ်လွတ်လပ်လပ်၊ ကျန်းကျန်းမာမာ၊ ကောင်းမွန်တဲ့အကျင့်တွေနဲ့ ရှင်သန်ကြီးပြင်းပါစေ။

(၁၅) စစ်တုရင်ကစားတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ သီချင်းဆိုတာ ဒါတွေဟာ လူတိုင်းနှစ်သက်တဲ့ ကစားနည်းတွေပါ။ ကလေးကို အချိန်စောပြီးသင်ပေးလို့ရပါတယ်။

(၁၆) ဘဝတစ်သက်တာအသုံးဝင်မယ့် စိတ်ဝင်စားဖွယ်အရာကို သင်ပေးပါ။ ဥပမာ- ပန်းချီ၊ ဂီတ၊ စာပေ၊ လက်မှုပညာ... ကျောင်းတက်၊ အတန်းတက်၊ ကျူရှင်တက်ဆိုတာချည်းပဲ မခိုင်းစေပါနဲ့။

(၁၇) လူအများနဲ့ကစားနိုင်တဲ့ ကစားနည်းမှာ ပါဝင်ပါစေ။ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘောလုံး၊ ပင်ပေါင်..ငယ်ရွယ်စဉ်ကတည်းကကျန်းမာရေးလိုက်စားတဲ့အကျင့်ရှိပါစေ။

(၁၈) ကလေးကိုချစ်ရင် ကလေးရဲ့ ဖေဖေ(မေမေ)ကိုလည်း ချစ်ပါ။ သူ့ ဘိုးဘိုး၊ ဘွားဘွားတွေကိုလည်းချစ်ပါ။ ဒါမှ နောက်တစ်ချိန်မှာ သူ့မိသားစုနဲ့ သူ့ကလေးကိုချစ်တတ်ဖို့ သူ သင်ယူ၊ မှတ်သားပါလိမ့်မယ်။

မောင်မောင်ချေ(ဓညဝတီ)

Wednesday, 8 May 2013

ဇီတာ - အရိုး (အပိုင်း-၅) နောက်ဆုံးအပိုင်းလေးပါ


"ဟိတ် ကောင်မလေး ဘာတွေငေးနေလဲ၊ ရေကန်ဘေးမှာ နေပူကပူနဲ့၊ မတ်တတ်ကြီး"

"နာနားကို သတိရလို့ ကိုကို"

"လာပါ၊ ထီးအောက် သွားထိုင်ရအောင်၊ ကဲ ပြော ဘာဖြစ်လဲ"

"ဒီတစ်ရက်နှစ်ရက် မေနိုး နာနားကို အရမ်းသတိရနေတယ် ကိုကို၊ ဘယ်လိုဖြစ်မှန်း မသိဘူး၊ အိပ်မက်လည်း ခဏ ခဏမက်တယ်"

"ဘယ်လိုဖြစ်လို့လဲ မေနိုး၊ contact ရှိနေတာပဲ မဟုတ်လား၊ video call မရဘူးလား၊ နာနား နေမကောင်းလို့လား"

"နေကောင်းပါတယ်ကိုကို၊ contact လည်း မပြတ်ပါဘူး၊ နာနားက first semester ဖြေနေတယ်၊ သူ့အပြောပေါ့၊ အဲဒါပြီးရင် သူက ဒီကို အရမ်းလာချင်နေတာ"

"ဟင် သူ လာမယ့် အချိန်ကျ အန်ကယ်ဂျော့ရှ်တို့က ပြန်ပြီဥစ္စာ"

"မဟုတ်ဘူး ကိုကို၊ အဓိကက ကိုကိုတို့နဲ့ သူက အရမ်းတွေ့ချင်နေတာ၊ သူ သူက ..."

"ဘာဖြစ်လဲ နာနားက ဘာပြောလို့လဲ"

"မနက်က ဖုန်းထဲမှာ မေနိုးကို ပြောတယ် ကိုကို၊ ဒီ ဒီက မေနိုးတို့ကို သူ မြင် မြင်နေရတာ ခဏခဏပဲတဲ့ ကိုကို၊ မေနိုးတို့ ပတ်ဝန်းကျင်ကို သူ သိနေတယ်၊ currently နော် ကိုကို"

"ဟင်"

"သူ မေနိုးတို့ကို သိပ်တွေ့ချင်နေတယ်"

Name

Unlike the other Greek letters, this letter did not take its name fromthe Phoenician letter from which it was derived,it was given a new name on the pattern of beta,eta and theta.

The word zeta is the ancestor of zed(UK) or zee(US), the name of the Latin letter Z.In other languages (eg.ltalian and icelandic),the name zeta is used to refer to the Roman letter Z as well as the Greek letter.


"ဟ အာ ... လန့်တောင်သွားတယ်၊ ဇော်ဝါး မင်း ဘယ်တုန်းက ရောက်နေတာတုံး"

"ဟား ဟား မင်းလန့်သွားအောင် ငါ ဒီနားကပ် ရပ်နေတာဟ၊ ခုနကလေးတင်ရောက်တာ"

"ထူးထူးဆန်းဆန်း ဘာလာလုပ်တာတုံး"

"ငါ့ကိစ္စလည်း မဟုတ်ဘူး၊ မင်းကိစ္စလည်း မဟုတ်ဘူး"

"ဟေ့ကောင် ဘာလဲ၊ ရှင်းရှင်း ပြောစမ်း"

"ရှင်းရှင်းပြောရရင် Mr.Zeta နဲ့ Mrs. Cristine တို့ရဲ့ ကိစ္စကွ"

"ဘာဖြစ်တယ်"

"ရဲသင် ဒီနေ့ ဘာနေ့လဲ"

"လေးရက်နေ့လေ"

"လာမယ့် ဆယ့်သုံးရက်နေ့ မင်း အားအောင်လုပ်ထားကွာ၊ ငါ မျက်ရှုကိုလည်း ပြောထားပြီးပြီ"

"ဆယ့်သုံးရက်နေ့၊ ဆယ့်သုံးရက်နေ့ဆိုတော့ ဟ ... မင်းဟာ thirteen friday ကြီး ဘာကိစ္စရှိလို့လဲ"

"မင်း မေ့သွားပြီလား၊ မင်းက လူကြီးမှတ်နေတဲ့ ငါ့ဆရာမ ခရစ္စတင်း လေကွာ၊ အဲဒါ ရန်ကုန်ရောက်နေတယ်၊ မင်းရဲ့ ဇီတာပရောဂျက်ကြီးနဲ့ ပေးတွေ့မလို့"

"ဟိုက်"



The letter Z represents the voiced alveolar fricative /z/ in Modern Greek.

The Sound represented by zeta in Classical Greek is disputed.See Ancient Greek phonology and Pronunciation of Ancient Greek in teaching.

......................................................................
....................................... ...............................
....................................... ...............................


"နင် ငါ လန့်ပြီး တမင်သက်သက် အရှက်ကွဲအောင် ..."

"ဖုတ်ထီးကောင်"

"လာ မိန်းမ သွားမယ်၊ ရော့ ချိုကြီး ငါ့ကားမောင်းခဲ့ဟ"

"ပုဏ္ဏား ... မင်းကို ပုဏ္ဏား ဆိုတဲ့နာမည် ဘယ်သူစခေါ်တာလဲ"

"ရော့ နင့်ပုတီး၊ ရစ်လုံးက ...."

"နေဦးအဖေ၊ ဘာမှမမြင်တော့ဘူး ဆိုတော့ ..."

"ရဲသင်ရံ"

"ပုဏ္ဏား နင် နင်ဟာ သစ္စာဖောက်"

"ဇီတာလေကွာ၊ ဇက် အီး တီ အေ ဇီတာ"

"ပုဏ္ဏား မင်းက ဆင်လား"

"တစ်ခုခုနဲ့ ဖျက်လို့ရလား ကိုကို"

မှန်ထဲတွင် ပေါ်နေသောပုံရိပ်မှာ ...

"ကိုကို မေနိုးကို ချစ်လား"

"ပုဏ္ဏားရေ"

"ဟဲ လွှတ်စမ်း၊ ဆိုင်က ကောင်မလေးတွေ ..."

"အိုး ဘယ်အချိန်တုန်းကတည်းက ...."

"ပုဏ္ဏား ငါ့လက်မောင်းကို လာကိုင်တာနဲ့ ငါ ပြန်သိတာ"

"ဘာလို့ အဲလောက်လန့်နေတာလဲ မေနိုးရဲ့၊ မမ မှတ်မိသလောက်"

"တချို့လူတွေနဲ့ တချို့ကိစ္စတွေကို သူသိနေတယ်"

"ငါ ကြောက်လာရင်ရော"


Numeral
Zeta has the numerical value 7 rather than 6 because the letter digamma (also called 'stigma' as a Greek numeral) was originally in the sixth position in the alphabet.


အဆုံးသတ်ခြင်း တစ်ခုခုဆီကို ရောက်ကိုရောက်လိမ့်မည်ဟူသော အကြောင်းအရာတစ်ခုကို သူ သိထားခဲ့ပြီသည်မှာ ကြာခဲ့ပြီဖြစ်၏။ သို့သော် သူ ဘယ်သူ့ကိုမှ မပြောပြခဲ့ပါ။ ပြောပြရန်မလိုဟု သူ ယူဆသောကြောင့် ဖြစ်လေသည်။

မည်သည့်ကိစ္စမျိုးတွင်မှ ဆိတ်ကွယ်ရာဟူသည် မရှိကြောင်း သူ ရာနှုန်းပြည့် ယုံကြည်ထားပါသည်။ နံရံများတွင် နားတွေရှိပါ၏။ ထို့အတူ ဝတ္တုပစ္စည်းများ အားလုံးတွင်လည်း နားတွေရှိနိုင်ကြောင်း သူ တစ်စွန်းတစ်စ ရှာဖွေမိခဲ့ပြီပါပြီ။

လူတစ်ယောက်၏ လျှို့ဝှက်ချက်ဟူသည် ဤကမ္ဘာတွင် ဘယ်တုန်းကမျှ မရှိခဲ့ပါ။ အဘယ်ကြောင့်ဟူမူ လူကိုယ်တိုင်သည် မည်သည်ကိုမျှ ကြာကြာ လျှို့ဝှက်ထားနိုင်စွမ်း မရှိသောကြောင့် ဖြစ်ပါ၏။ အခြားသော တစ်ဖက်ကဆိုရလျှင် လူသည် တစ်စုံတစ်ရာကို လျှို့ဝှက်နိုင်စွမ်းမရှိလောက်အောင် ချည့်နဲ့လှသော သတ္တဝါဖြစ်နေသောကြောင့် ဖြစ်ကြောင်း သူ တစ်စွန်းတစ်စ သိရှိခွင့်ရခဲ့သောကြောင့် ဖြစ်ပါ၏။

"ဘာလဲ" ဟူသောကိစ္စကို သူ သတိထားခဲ့မိပါ၏။ ထို့နောက် "ဘာကြောင့်လဲ" ဟူသောကိစ္စကို သူ အစဉ်မပြတ် လိုက်ခဲ့မိပြန်ပါ၏။ တစ်စွန်းတစ်စပါ။ တစ်စွန်းတစ်စ သက်သက်ပါ။ သူ တို့ထိမိခဲ့ပါသည်။ သူသည် ထိုအဝန်းအဝိုင်းထဲက မဟုတ်ပါ။ ထို့အပြင် ထိုအဝန်းအဝိုင်းကို သိရှိရုံသာ သိရှိခွင့်ရ၍ ဝင်ရောက် ပတ်သက်နိုင်လောက်အောင် အင်အားကောင်းသူ တစ်ယောက် မဟုတ်ခဲ့ပါ။ ဤသည်ကို သူ သိရှိလိုက်ပြီးချိန်တွင် သူသည် လောကကို မဲ့ပြုံး ပြုံးပြနိုင်လောက်ရုံကလေးသာ တတ်နိုင်ခဲ့လေ၏။ သူသည် "လူ" သက်သက်လောကတွင် "တော်" သောသူတစ်ယောက်ဖြစ်ကြောင်း လူသက်သက်လောကမှ လူတိုင်းက ချွင်းချက်မရှိထောက်ခံပါလိမ့်မည်။ သို့သော် ....

လူသက်သက်မဟုတ်သော လောကတွင် သူသည် ဘာမှမဟုတ်သော သာမညောင်ည အသေးအဖွဲသာ ဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့ပါ၏။ ကမ္ဘာပေါ်တွင် ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းထားခြင်း မရှိသော ကိစ္စရပ်တစ်ခုကို သူ လိုက်စားခဲ့၏။ ထိုကိစ္စရပ်သည် သူ့ကို ညှို့ယူသွားခဲ့လေသည်။ မသိခြင်းပေါင်းများစွာကို သူ ကြုံတွေ့ရ၏။ အကြိမ်ကြိမ် မေးမြန်းခဲ့၏။ သူသည် ဘာနည်း။ နောက်ဆုံး သူသည် ဘာမှမဟုတ်သော "သူ" သက်သက်သာဖြစ်ကြောင်း တွေ့ရ၏။ လောကသည် ဆန်းကြယ်လှလေစွ။ တစ်နေရာထဲတွင်ပင် လောကသုံးလေးမျိုး ရောထွေးနေ၏။ သို့သော် တစ်ခုကိုတစ်ခု မမြင်ရ။ မကြားရ။ ပတ်သက်မှုတွေကတော့ တစ်ခါတစ်ရံ လိုအပ်စွာ ကြုံတတ်ကြရ၏။

ပတ်သက်ခြင်းများ ဖြစ်ဖွား ကြုံကြိုက်သောအခါများတွင်လည်း ဤပတ်သက်ခြင်းများသည် ကောင်းခြင်းဖြစ်စေ ဆိုးခြင်းဖြစ်စေ သတ်မှတ်၍ မရ။ ပတ်သက်မိခြင်းများသည် ပတ်သက်မိခြင်းများ သက်သက်သာ ဖြစ်၏။ ရှုထောင့်တစ်နေရာအဖို့ ကောင်းခြင်းလည်း ဖြစ်မည်၊ ဆိုးခြင်းလည်း ဖြစ်နိုင်၏။ ဖြစ်နေခြင်းများသည် ဖြစ်နေခြင်းများသာ ဖြစ်၏။ ယခုအချိန်တွင် သူ၏ စိတ်များ ငြိမ်သက်နေလေသည်။

ကောင်းကင်ထက်မှ လရောင်သည် ရေကူးကန်ပတ်လည်တွင် ထွန်း၍ထားသော မီးတိုင်ရှည်များ၏ အလင်းရောင်ကို ကျော်လွှားထိုးဖောက်ဝင်ရောက်လာနိုင်စွမ်း မရှိခဲ့ပါ။ သူသည် အိမ်တံစက်မြိတ်နားရှိ ကုန်းမြင့်မြက်ခင်း တစ်နေရာပေါ်မှနေ၍ ရေကူးကန်ကို လှမ်းကြည့်နေမိလေသည်။ အချိန်မှာ ည ဆယ်နာရီခန့် ရှိပေပြီ။ သူ့ဘေး မြေပြင်ပေါ်တွင် ဖောက်ပြီးခါစ ဝိုင်အနီတစ်ပုလင်း ရှိ၏။ သူ့ရှေ့တွင်တော့ ငှဲ့ထားပြီး ဝိုင်တစ်ခွက် ရှိလေသည်။

သူ့စိတ်များမှာ ဟာလာဟင်းလင်း ဖြစ်လျက်။ ဝိုင်ခွက်ကို ရုတ်တရက် တစ်ရှိန်ထိုး မော့သောက်ပစ်လိုက်ကာ ပြန်ချထားလိုက်၏။ အခုတော့ ခွက်ထဲတွင် ဘာမှမရှိတော့။ လွန်ခဲ့သော အခိုက်အတန့် ခဏက ထိုခွက်သည် ဝိုင်အနီများ ထည့်ထားသော ဝိုင်ခွက်တစ်ခ်ွက ဖြစ်ခဲ့၏။ အခုတော့ ဗလာဟင်းလင်း။ ဤခွက်အတွင်း အဖြူရောင်နွားနို့အချို့ ရှိလာခဲ့လျှင် ဤခွက်သည် နို့ခွက်ဖြစ်လာနိုင်မလား။ သို့မဟုတ် လက်ဖက်ရည်များ ကော်ဖီများဖြစ်စေ အရောင်အမျိုးမျိုးရှိသော အအေးများဖြစ်စေ၊ ပယင်းရောင် မူးယစ်ရီဝေတတ်စေသော အရည်များဖြစ်စေ၊ အမျိုးမျိုး ပြောင်းထည့်ကြည့်ပါက ဤခွက်သည် လက်ဖက်ရည် ကော်ဖီခွက်၊ အအေးခွက်၊ အရက်ခွက် ဖြစ်သွားနိုင်မည်လား။ သူ တစ်ချက် ပြုံးလိုက်မိ၏။

နဂိုကတည်းက ပုံစံ အဆင်းသဏ္ဌာန်အရ ဝိုင်သာထည့်ရန် ပြုလုပ်ထားသော ခွက်လွတ်တစ်လုံးအတွက် ဘာထည့်ထားထား ဝိုင်ခွက်ထဲတွင် တစ်စုံတစ်ရာ ထည့်ထားခြင်းသာ ဖြစ်ပါ၏။ ဝိုင်ခွက်အဖို့ မည်မျှ လွတ်နေစေကာမူ ရေနွေးကြမ်းခွက်တစ်ခွက် ဖြစ်လာမည် မဟုတ်ပါ။ သူ ခွက်ထဲသို့ ဝိုင်နီများသာ ထပ်မံ ဖြည့်တင်းထားလိုက်၏။ ရုတ်တရက် သင်းပျံ့သော ရနံ့တစ်ခု သူ ရလိုက်လေသည်။

"ပုဏ္ဏား"

တိုးတိတ်ညင်သာသော ခေါ်သံတစ်ခုနှင့်အတူ နွေးထွေးသော လက်တစ်ဖက်က သူ့ပခုံးကို ထိကိုင်လာ၏။ သူ လှည့်ကြည့်မိသောအခါ ဘာတစ်ခုမှ မွမ်းမံခြယ်သထားခြင်း မရှိသော လှပတည်ငြိမ်သည့် မျက်နှာလေးတစ်ခု။ သူ ရေကန်ဘက်ဆီသို့ မျက်နှာပြန်လွှဲလိုက်ချိန်တွင် သူ့ဘေး၌ ညင်သာစွာ ဝင်ထိုင်လေသည်။ စကားဆက်မဆိုဖြစ်ကြ။ လသည် သူ့ခရီး သူနှင်၍ နေလေ၏။ လေညင်းအချို့ တိုက်ခတ်လာပြီးချိန်၌

"ပုဏ္ဏား နင် တစ်ခုခု သိထားတယ် မဟုတ်လား"

ဖြေသံ ဆွံ့အလျက်။ မေးသံသာဆက်၍ တိုးညင်းထွက်ပေါ်လာခဲ့၏။

"ပုဏ္ဏား ... နင် ငါ့ကို သိသလို ငါ နင့်ကို သိတယ်လေ၊ ဘာဖြစ်လို့ ဖုံးကွယ်ထားချင်နေတာလဲ၊ နင် ငါ့ကို မယုံဘူးလား ပုဏ္ဏား၊ နင် ဘာဖြစ်နေတာလဲ"

အမေးများသာ လှုပ်ရှားဆူပွက်ခဲ့လေသည်။ သူကမူ ရေကန်ဘက်သို့သာ ငေးလျက်။ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်၍ ရေကန်မျက်နှာပြင်မှာ ငြိမ်သက်နေလေသည်။ ထို့အတူ သူ့မျက်နှာသည်လည်း ငြိမ်သက်လျက်။ ရုတ်တရက် သူမသည် သူ့ရှေ့မှ ဝိုင်ခွက်ကိုယူကာ တစ်ရှိန်ထိုး မော့ချလိုက်၏။ သူ လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။

"မျက်ရှု ... နင် ဘာလုပ်တာလဲ"

ယခုအချိန်တွင်တော့ မေးသူက သူ ပြန်ဖြစ်နေခဲ့လေ၏။ အလန့်တကြားလည်း လှည့်ကြည့်လိုက်မိ၏။ သူကို ပြန်လည် ရင်ဆိုင်နေသော မျက်ဝန်းနက်နက် ကြည်ကြည်လေးများက တည်တည်ငြိမ်ငြိမ်။ မျက်နှာလေးက မခိုးမခန့် ပြုံးလျက်။

"ဘာလဲ နင်လုပ်ခါနီး အလုပ်တစ်ခုကို ငါ လုပ်လိုက်လို့ မဟုတ်လား၊ နင့်စိတ်ထဲမှာ ဒီခွက်ကို ကောက်ကိုင်လိုက်ဖို့ ဆုံးဖြတ်လိုက်ခဲ့တယ် မဟုတ်လား"

သူ သက်ပြင်းတစ်ချက် ချမိ၏။

"တချို့တွေက jumper လို့ ခေါ်ကြတယ်၊ တချို့ကတော့ connector တဲ့၊ တချို့ကျပြန်တော့ existance တည်ရှိနေခြင်းသက်သက်လို့ အဓိပ္ပာယ် ဖွင့်ချင်ကြတယ်၊ သဘောကတော့ဟာ နင် နားလည်လွယ်အောင် လူအနေနဲ့ ပြောရရင် မောင်ဖြူနဲ့ မောင်မဲဟာ အချိန်ကာလတစ်ခု တိုင်တဲ့အခါ သူတို့ချင်း ပတ်သက်ကြရပြီး တစ်စုံတစ်ရာ ဖြစ်ပွားလိမ့်မယ်ဆိုတာ သူတို့ သိကြတယ်၊ ဒါပေမဲ့ သူတို့ချင်း တိုက်ရိုက်ပတ်သက်လို့ မရဘူးဆိုတာလည်း သိကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့ကို မိတ်ဆက်ပေးမယ့် ကြားခံ မီဒီယာတစ်ယောက် လိုတာကိုး၊ အဲဒီတစ်ယောက်ကို မောင်နီလို့ပဲ ထားပေါ့ဟာ၊ မောင်နီဟာ မောင်ဖြူနဲ့ရော မောင်မဲနဲ့ပါ ကာလအတော်ကြာ တောက်လျှောက် သိလာခဲ့တယ်၊ မောင်ဖြူနဲ့ မောင်မဲဟာ သူတို့ချင်းသိဖို့ မောင်နီတစ်ယောက်ထဲကြောင့်သာ ဖြစ်နိုင်လိမ့်မယ်ဆိုတာ ရိပ်မိပေမဲ့ မောင်နီကတော့ မသိဘူး၊  ဝေဝါးနေတယ်၊ မောင်ဖြူကို မောင်စိမ်းနဲ့ပဲ ပတ်သက်ခွင့် ပေးရမလို၊ မောင်ညိုနဲ့ပဲ ပတ်သက်ပေးရမလို ဖြစ်နေတယ်၊ ဒါပေမဲ့ အရာအားလုံးဟာ စနစ်တကျ ဖြစ်နေခဲ့တာဆိုတော့ နောက်ဆုံး မောင်နီဟာ မောင်ဖြူနဲ့ မောင်မဲကို ဆက်ပေးလိုက်မိတယ်၊ အဲဒီအချိန်ကစပြီး သူ့တာဝန် အခန်းကဏ္ဍဟာ ပြီးဆုံးသွားပြီ၊ မောင်နီ ဖြစ်လာခဲ့ရတာက မောင်ဖြူနဲ့မောင်မဲကို ဆက်သွယ်ပေးဖို့လေ၊ မောင်နီဟာ connector ပဲ၊ မောင်မဲနဲ့ မောင်ဖြူ ဆက်သွယ်မိဖို့အတွက် တည်ရှိနေရတဲ့ existance သက်သက်ပဲ၊ ဒါက ရိုးရှင်းတဲ့ အဖြစ်အပျက် တစ်ခုထဲအတွက်ကို ပြောတာနော်၊ တကယ်လို့ မောင်နီဟာ မောင်ဖြူနဲ့မောင်မဲကို ဆက်ပေးဖို့အတွက်ရော၊ မောင်ပြာနဲ့ မောင်စိမ်းကို ဆက်ပေးဖို့အတွက်ရော၊ မောင်စိမ်းနဲ့ မောင်မဲကို ဆက်ပေးဖို့အတွက်ရော လိုအပ်တယ် ဆိုရင်တော့ မောင်နီဟာ မောင်မဲနဲ့ မောင်ဖြူ တွေ့ကြုံ ဆက်သွယ်မိပြီးရုံနဲ့ သူဟာ မပြီးဆုံးသွားသေးဘူး၊ ကျန်တဲ့ မောင်ပြာနဲ့ မောင်စိမ်း ဆက်ပေးဖို့၊ မောင်စိမ်းနဲ့ မောင်မဲ ဆက်ပေးဖို့ သူဆက်ရှိနေရလိမ့်မယ်၊ အဲဒီ အခြေအနေမျိုးကျတော့ မောင်နီဟာ အရေးပါတဲ့ connector ဖြစ်လာရော၊ ဖြစ်သင့်တဲ့ ဖြစ်ရမယ့် connection တွေ အားလုံး ဖြစ်သွားဖို့ မောင်နီဟာ object တွေ matter တွေဖြစ်တဲ့ မောင်မဲ၊ မောင်ဖြူ၊ မောင်စိမ်း၊ မောင်ပြာတို့ ရှိနေကြတဲ့ place တွေဆီကို အမြန်လိုရင် အမြန်၊ အနှေးလိုရင် အနှေး သူ့ကိုယ်သူ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပြေးလွှားဆက်သွယ်နေရတယ်၊ အဲဒီလို ပြေးလွှားချိတ်ဆက်မိနေရခြင်းတွေကို လူသာမန် ဦးနှောက် အသိဉာဏ်လောက်နဲ့ မရဘူး၊ ဒါကြောင့် ထူးဆန်းတာတွေ ဖြစ်လာတယ်၊ အဲဒီလို connector မျိုးတွေကို jumper လို့ ခေါ်တယ်၊ အခု နင် ဒီကနေ ရေကန်ထဲကို ရောက်အောင်သွားဖို့ မြက်ခင်းပေါ်က တစ်ဆင့် လျှောက်သွားပြီးမှ ရောက်မှာ မဟုတ်လား၊ နင်ကတော့ ရေကန်ဆီ ရောက်သွားဖို့ပဲသိတော့ "မြက်ခင်းပေါ်မှတစ်ဆင့်" ဆိုတဲ့ကိစ္စကို မေ့ကောင်းမေ့သွားလိမ့်မယ်၊ တကယ်တော့ ဒီနေရာကနေ နင်ဟာ "မြက်ခင်းမှတစ်ဆင့်" သာ ရေကန်ဆီ ရောက်နိုင်တာ၊ နင်က တန်ခိုးရှင်မို့လို့ ပျံသွားနိုင်ရင်တောင် "လေထဲမှတစ်ဆင့်" သာ ရေကန်ဆီ ရောက်မှာလေ၊ via သီအိုရီလို့ အကြမ်းဖျင်း ငါပေးထားတယ်၊ ဘယ်လောက်နင်စွမ်းစွမ်း ဒီနေရာကနေ ဖြုတ်ခနဲ ပျောက်သွားပြီး ရေကန်ထဲမှာ ဖြုတ်ခနဲ ပေါ်လာခဲ့ရင်တောင် "ဤနေရာမှ ဖြုတ်ခနဲ ပျောက်သွားခြင်း" မှတစ်ဆင့် ရေကန်ထဲတွင် ပြန်ပေါ်လာခြင်းပဲ ဖြစ်တယ်၊ လောကမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက် ဖြစ်ပျက်ခြင်းတိုင်းမှာ "မှတစ်ဆင့်"ဆိုတာ ရှိတယ်။ conncetor လား၊ jumper လားပဲ ကွာလိမ့်မယ်။ ခုနကအတိုင်း ပြောရရင် မြက်ခင်းဟာ အငြိမ်သက်သက် ဖြစ်တဲ့အတွက် connector လို အကြမ်း ပြောလို့ရတယ်၊ လေကျတော့ အဲလို မဟုတ်ဘူးလေ၊ နင်အဖြစ်အပျက်မှာလည်း သူပါရသလို သူက အခြားအဖြစ်အပျက်တွေအတွက် ဆက်တိုက်သွားရဦးမှာ၊ အဲဒီ existance တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေအတွက် ငါ့ပရောဂျက်ကို ဇီတာလို့ ပေးခဲ့တာ"

သူမ နားလည်နိုင်ရဲ့လား။ သူကတော့ ဝိုင်တစ်ခွက် ထပ်ငှဲ့ကာ မော့ချလိုက်မိ၏။ တစ်ခါတစ်ရံကျ အသိတစ်ခုကို ရှင်းပြဖို့အတွက် မြောက်မြားလှစွာသော စကားလုံးများ လိုအပ်နေခြင်းကို သူ စိတ်ပျက်မိ၏။ ပတ်ဝန်းကျင်သည် အေးချမ်းစွာ တိတ်ဆိတ်နေလေသည်။ ဝိုင်တစ်ခွက် ထပ်ငှဲ့ကာ ရှေ့တွင် ချထားမိ၏။ တိုးတိုးသဲ့သဲ့ သက်ပြင်းချသံလေး တစ်ခုကို သူ ကြားလိုက်ရ၏။ သူ ဆက်ပြောမိ၏။

"နှစ်မျိုးနှစ်စားပဲ ရှိတယ် မျက်ရှု၊ object ဒါမှမဟုတ် matter တွေနဲ့ connection တွေ ... တစ်ခါတလေမှာ object တွေ matter တွေရဲ့ relationship ဟာ သိပ်အားကောင်းခဲ့ရင် သူတို့ရဲ့ connection တစ်ခု ဖြစ်ပေါ်တဲ့အချိန်မှာ ကြားခံ jumper တွေဟာ မှေးမှိန်ပျောက်ကွယ် သွားကြရလေ့ရှိတယ်၊ တစ်ခါတလေမှာ ကျတော့လည်း ....."

သူ စကားမဆက်ဖြစ်ပါ။ နူးညံ့နွေးထွေးသော လက်ချောင်းလေးနှစ်ချောင်းက သူ့နှုတ်ခမ်းများအား လာရောက် ဟန့်တားလိုက်သောကြောင့် ဖြစ်လေသည်။ သူ လှည့်ကြည့်မိတော့ စိုလဲနေသော မျက်ဝန်းလေးတစ်စုံ ကို ရင်ဆိုင်ရ၏။

"ပုဏ္ဏား"

သူ တစ်ချက်ပြုံးမိ၏။ မျက်ဝန်းလေးတစ်စုံမှ ပြန်ခွာကာ သူ အဝေးမှ အမှောင်ရိပ်များထဲ သူ ငေးကြည့်နေမိပြန်၏။

"နင်ငါ့ကို ဘာလို့ အဲဒီနာမည် ပေးခဲ့တယ်ဆိုတာ နင်နဲ့ငါနဲ့ နှစ်ယောက်ထဲပဲ သေချာသိခဲ့ကြတာပါ၊ နင် ငါ့ကို သေချာမသိခင်ကတည်းက ငါ နင့်ကို သေချာသိခဲ့ပြီးပါပြီ"

စောဒကတက်ချင်သလို အမူအရာလေးနှင့် နှုတ်ခမ်းလေးနှစ်လွှာ ပွင့်လာလေသည်။ သူ လက်ကာပြရင်း ဆက်ပြောဖြစ်၏။

"မဟုတ်ဘူး၊ အခု ငါတို့နေနေတဲ့ လောကနဲ့ ဘာမှမဆိုင်ဘူး၊ ငါက ငါ သိတန်သလောက် သိထားတဲ့ world ဘက်က ပြောနေတာ၊ ဟုတ်တယ် ငါဟာ လူတွေ အနေနဲ့ သာမန်ကြည့်ရင်တော့ နင့်ထက် powerful ဖြစ်တဲ့လူတစ်ယောက်ပါ၊ ဒါပေမဲ့ ...."

ခေတ္တ တိတ်ဆိတ်သွားပြန်၏။ တိတ်ဆိတ်သော ညအတွင်း ပိုးပုရစ်စီသံသဲ့သဲ့များကြားမှ သူ့လေသံ အေးအေးမှန်မှန် ပြန်ထွက်ပေါ်လာလေသည်။

"အခြားသော ဖြစ်စဉ် တစ်ခုမှာတော့ ငါဟာ object နဲ့ matter မဟုတ်ဘူး၊ ငါဟာ အင်အား အတန်အသင့်ပဲ ရှိတဲ့ jumper တစ်ယောက်ပဲ ဖြစ်တယ်၊ ငါဟာ ကြားခံပဲဖြစ်တယ်၊ အင်အားကောင်းတဲ့ နင်တို့ နာနားတို့ ဇော်ဝါး တို့တွေဟာ ငါကတစ်ဆင့် စီစဉ်ထားခဲ့တဲ့အတိုင်း ဖြတ်သန်းဖြစ်ပျက် သွားကြလိမ့်မယ်၊ ကြားခံတွေဟာ ဘက်လိုက်ခွင်မရှိဘူး၊ ဒါပေမဲ့ ငါက....."

တစ်ချက် လှည့်ကြည့်မိ၏။ မျက်ရည်တို့ဖြင့် စိုလဲနေသော မျက်နက်ဝန်းတစ်စုံကို သူ ရင်ဆိုင်ရလေသည်။

"ငါ နင့်ကို သနားတယ် မျက်ရှု၊ ဒီကိစ္စတွေကို ငါ အဆုံသတ်ခွင့်ပေးလိုက်တော့မယ်၊ နောက်တစ်ခုက အကြောင်းပေါင်းစုံတွေ တိုက်ဆိုင်ချိန် ရောက်လာပြီ၊ ခရစ္စတင်းဟာ အရမ်းအားကောင်းတဲ့ ဖြစ်စဉ် matter တစ်ခု ဖြစ်တယ်၊ နင်တို့ object တွေဟာ ငါကတစ်ဆင့် ခရစ္စတင်းကြောင့် တစ်စုံတစ်ရာ ဖြစ်ပျက်သွားလိမ့်မယ်၊ မနက်ဖြန်ကျရင် ငါတို့ အဲဒီကိစ္စတွေကို သိကြရတော့မယ်၊ အဲဒါတွေ ပြီးသွားရင် နင်တို့အားလုံး အေးချမ်းသွားကြတော့မှာပါ၊ နားမလည်နိုင်တဲ့ အဖြစ်အပျက်တွေ ကိစ္စတွေ ဘဝက ပျောက်ကွယ်သွားလိမ့်မယ်"

"နင်ကရော"

သူတိတ်ဆိတ်သွားခဲ့လေသည်။ ကောင်းကင်ကို မော့ကြည့်မိ၏။ အမှောင်ပြင်အကျယ်ကြီးထဲတွင် တစ်စနှစ်စ သေးကွေးလှစွာသော အလင်းစက်မှိတ်တုတ်လေး အချို့ကို ဖျော့တော့စွာ မြင်ရလေသည်။ သူ နှစ်ခြိုက်စွာ ပြုံးလိုက်၏။ အပြုံးနှင်အတူ သေသေချာချာ လှည့်ကြည့်ကာ ဖြေဖြစ်၏။

"ငါ မသိဘူး မျက်ရှု"

"ဖြန်း"
ပါးပြင်တစ်ဖက် ပူခနဲ ဖြစ်သွားသည်နှင့်အမျှ သူ အလွန်အမင်း အံ့အားသင့်သွား၏။ သူမသည် သူ့ကို အမှန်တကယ် ရိုက်ပစ်လိုက်ခဲ့သလား ဆိုသည်ကို သူ မယုံသလို ငေးကြည့်မိသောအခါ မျက်ရည်များ ပြည့်နေသော နာကျည်းမှုအပြည့်နှင့် မျက်နက်ဝန်းတစ်စုံ။ လှပသော နှုတ်ခမ်းတစ်စုံမှ တဆတ်ဆတ်တုန်ရင်း

"ရဲသင်ရံ"

သူ ပြန်မထူးဖြစ်ပါ။ သူ မထင်မှတ်ထားသည်များ ဆက်တိုက်ဖြစ်ပွားသွားခဲ့လေသည်။

သူမသည် သူ့ရှေ့မှ ဝိုင်ခွက်ကိုယူကာ တစ်ငုံ ငုံလိုက်၏။ ထို့နောက် သူ့နှုတ်ခမ်းတွင် နူးညံ့ပူနွေးသော အထိအတွေ့နှင့်အတူ အေးစက်သော ဝိုင်များက သူ့နှုတ်ခမ်းမှ တစ်ဆင့် လည်ချောင်းထဲသို့။ သူ့မျက်လုံးများကို မှိတ်ထားမိလိုက်လေသည်။ စက္ကန့် အနည်းငယ်မျှ သူ့စိတ်များ လွင့်ထွက်သွား၏။
"ပုဏ္ဏား"

တိုးညင်းလွန်းသော အနီးကပ် ခေါ်သံလေးတစ်ခုတွင် သူ သတိပြန်ဝင်လာခဲ့၏။ သူမသည် သူ့ရင်ခွင်တွင် မျက်နှာဝှက်လျက်။ ရှိုက်သံတစ်ဝက်ဖြင့် ...

"မပေးနိုင်ဘူး ပုဏ္ဏား၊ ငါ နင့်ကို ဘာအကြောင်းပြချက်မျိုးနဲ့မှ ဘယ်ကိုမှ မပေးနိုင်ဘူး၊ နင့်ကို ငါပိုင်တယ် ပုဏ္ဏား၊ နင့် နင့်ကို ငါပဲပိုင်တယ်၊ နင့်ကို ငါ ငါ အရမ်း ....."
သူ သက်ပြင်းချလိုက်မိခဲ့လေသလား။ တသိမ့်သိမ့် တုန်ခါနေသော ခန္ဓာကိုယ်လေးကို သူ အလိုက်သင့် ဖက်ထားမိလေသည်။ ရှိုက်သံတစ်ဝက်နှင့် ညည်းတွားသံလေးများက တိုးတိုးညင်းညင်း။

"ဘာလို့လဲ၊ ဘာလို့ ငါတို့မှာမှ လာဖြစ်ရတာလဲ၊ နင် နင် ... ဘာလို့ ငါ့ကို အားလုံး မပြောခဲ့တာလဲ၊ နင် ဘာလို့ ဒါကို ရွေးချယ်ခဲ့တာလဲ၊ ငါ ငါတို့ ထွက်သွားကြမယ်လေဟာ၊ နင် နင်ဘာမှ မလုပ်ပါနဲ့တော့၊ ငါ နေ နိုင်ပါတယ်၊ ငါ ငါ ခံနိုင်ရည်ရှိပါတယ်ဟာ ပုဏ္ဏား နင် နင် ...."
"မနက်ဖြန်ကျရင် အားလုံး ပြီးသွားပါလိမ့်မယ်ဟာ၊ ငါ မလုပ်ရင် နင်က ဒီဘဝအတွက် အသက်အန္တရယ်ရှိတဲ့ အခြေအနေအနားထိ ရောက်လာပြီလေ"

သူ့စိတ်ထဲမှသာ ရေရွက်ဖြစ်ခဲ့သော စကားများသာ ဖြစ်လေသည်။


စိမ်းဖန့်ဖန့် အလင်းရောင်လေးတစ်ခု ရသည်ဆိုရုံမျှသာရှိသော အခန်းတစ်ခုထဲတွင်။

လူသားလေးဦးသည် စားပွဲဝိုင်းတစ်ခုတွင် ဝိုင်းကာ ထိုင်လျက်။ စားပွဲပေါ်တွင် လက်များကို မှောက်ကာ တင်ထားရင်း လက်ချောင်းချင်း ထိဆက်ထားကြ၏။ အခန်းထဲတွင် အေးစိမ့် တိတ်ဆိတ်လွန်းနေ၏။

အလွန်တရာ စူးရှတောက်ပလွန်းသော မျက်လုံးများနှင့် အသက်သုံးဆယ်ကျော် အမျိုးသမီးသည် သူ့ရှေ့တည့်တည့်တွင် ခပ်မတ်မတ်ထိုင်နေသော လူငယ်ကို စိုက်ကြည့်လိုက်၏။ လူငယ်မှ လက်သန်းထိပ် ကလေးချင်း စားပွဲပေါ်တွင် ထိဆက်ထားသော သူ့ညာဘက်မှ လှပချောမောသည့် ကောင်မလေးတစ်ယောက်ကို တစ်ချက် လှည့်ကြည့်၏။ ကော်ငမလေးက ပြန်မကြည့်။ မျက်စိရှေ့တည့်တည့်တွင် ထိုင်နေသော မေးရိုးကားကားနှင့် လူငယ်ကိုသာ တည့်တည့် ကြည့်နေ၏။ မေရိုးကားကားနှင့် လူငယ်မှ သူ့ညာဘက်တွင် ထိုင်သော လူငယ်နှင့် သူ့ဘယ်ဘက်တွင် ထိုင်နေသော အမျိုးသမီးကို တစ်လှည့်စီကြည့်ကာ ခေါင်းညိတ်သည် ဆိုရုံလေး ညိတ်ပြလိုက်လေသည်။ ထိုနောက် သူတို့အားလုံး မျက်လုံးများကို မှိတ်လိုက် ကြလေသည်။ အခန်းသည် ပို၍ အေးစက်တိတ်ဆိတ်ကာ မည်းမှောင်သွားသလိုလို။

ပုံရိပ်များ။

မြင်ကွင်းများ။

နေရာများ။

အဖြစ်အပျက်များ။

အာရုံထဲတွင် အဆက်မပြတ် ပေါ်လာ၏။ အမျိုးသမီးရှေ့တည့်တည့်မှ လူငယ်မှာ တစ်ချက် လှုပ်ရှားသွား၏။ သို့သော် ခဏ အတွင်းမှာပင် ပြန်လည် ငြိမ်သက်သွားလေသည်။

သူသည် အလွန် လျင်မြန်သော အရှိန်အဟုတ်ဖြင့် ခရီးတစ်ခုကို သွားနေသလို ခံစားနေရ၏။

လူများ၊ နေရာများ၊ အဖြစ်အပျက်များ။

ကြီးမားသော ဖိစီးမှုတစ်ခုကို တဖြည်းဖြည်း ခံစားလာရ၏။

ကလေးငယ် တစ်ယောက်။

သူ့ကို လက်ပြ ဟန့်တားနေ၏။

ထိုနောက် သူ မသိသော တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော လူတစ်ယောက်။

သူ့ကို စိန်းစိန်း စိုက်ကြည့်နေပြန်၏။

ဖိစီးမှုမှာ သူ့အပေါ် အလွန် ကြီးမားလာနေပြီ။

ပုံရိပ်များ။

မြင်ကွင်းများ။

နေရာများ။

အဖြစ်အပျက် ဆက်စပ်ပတ်သက်မှုများ။

ရုတ်တရက် သူ ဟာခနဲ့ ခံစားလိုက်ရ၏။

တစ်စုံတစ်ရာကို သဘောပေါက် သိရှိသွားသလို။

ဖိစိးမှုမှာလည်း အလွန့်အလွန် ကြီးမားနေခဲ့ပြီ။

ဖျတ်ခနဲ ....

အရာအားလုံးနှင့် လွင့်စင်ပြတ်တောက်သွားသလို ...


အလင်းပြင်

အဖြူရောင် အလင်းပြင်

သူဘာကိုမှ မသိတော့ပါ။


ကျမ်းတကာတို့၏ အပြင်ဘက်ထွက်ကာ ငါ ဆိုသည်

ဤမည်သောနေရာတွင် ထိုကြမ္မာသည် ရှိအံ့

ထိုကြမ္မာသည် ငါ၏အရာဖြစ်လျှင် ငါလာမည်

ငါသည်

နတ်ဘုရားတို့ ရေတွက်အပ်သော

ဆဋ္ဌမနေရာ

သတ္တမတန်ဖိုး

Zeta ဖြစ်သည် ...


"သူဟာ တို့ခန့်မှန်းထားတဲ့ အတိုင်းအတာထက် ပိုတတ်နိုင်ခဲ့တယ် ဇော်ဝါး"

"ဒါပေမဲ့ ခရစ္စတင်း ... သူ ..."

"မဟုတ်ဘူး သူ ခရီးထွက်သွားတာ"

"သူ ပြန်လာမယ် မဟုတ်လား ခရစ္စတင်း"

"အချိန်ကာလ တစ်ခု လိုအပ်လိမ့်မယ် မျက်ရှုလရောင်"

"ခရစ္စတင်း"

"............"

"တို့ကို သူနဲ့ လက်ထပ်ပေးပါ"

"မျက်ရှု ... နင်"

"မပြောနဲ့ ဇော်ဝါး၊ သူ ငါ့အတွက် ဘာတွေလုပ်ပေးသွားခဲ့တယ် ဆိုတာ နင်သိပြီးသားပါ၊ ငါ့ကို ကူညီပါ"

"..........."


"ဟုတ်ပါတယ်၊ Coma လို့ သတ်မှတ်ကြတာ မမှားပါဘူး၊ ဒါပေမဲ့ ကျွန်တော်စိတ်ထဲမှာတော့ Coma မဟုတ်ဘူးလို့ပဲ ယူဆတယ်"

"ဒါဆို ဘယ်လိုလုပ်ရမလဲ ဒေါက်တာ"

"မဟုတ်သေးဘူး ဦးဘုန်းရံ၊ အရမ်းလောလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး၊ ကျွန်တော်တို့ အချိန်ယူပြီ အဖြေရှာကြရလိမ့်မယ်"

"ဟင်း..."

"စိတ်အေးအေးထားပါ ဦးဘုန်းရံ၊ ကုထုံးတွေ မှားခဲ့လိုရှိရင် ခင်ဗျားသားအတွက် ပိုထိခိုက်သွားမှာစိုးလို့ ကျွန်တော်တို့ အချိန်ယူ စောင့်ကြည့်နေကြတာပါ"

"ဆရာ့ တစ်ဦးထဲအမြင်နဲ့ ဘယ်လိုယူဆသလဲ ဆရာ"

"ကျွန်တော့် အမြင်ကတော့"

"ပြောပါဆရာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ၊ ဒီမှာရှိနေတဲ့ လူအားလုံးဟာ သူ့မိသားစုဝင်တွေပါပဲ"

"ဟုတ်ပါတယ် ဆရာ၊ ကျွန်တော်တို့တွေ အားလုံးဟာ သူ့အတွက် ညီအစ်ကို မောင်နှမတွေပါပဲ"

"ကျွန်တော့်အမြင်ကတော့ သူဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာဗျ"

"ဗျာ ဒီလောက် အကြာကြီး"

"အဲဒါက ထူးဆန်းတာပေါ့"


"ဘာတွေဖြစ်ပျက်သွားတယ်ဆိုတာ အခုအချိန်ထိ ငါ တွေးလို့ကို မရဘူး၊ လောကကြီးမှာ ဒါမျိုးကိစ္စတွေ ရှိသလား"

"သိပ်မတွေးနဲ့ ချိုကြီး၊ ဇော်ဝါးရော ဟိုအမျိုးသမီးရော ငါတို့ နားလည်နိုင်သလောက် အကြိမ်ကြိမ် ငါတို့ မေးခဲ့တိုင်း သေချာရှင်းပြခဲ့တာပဲ၊ ငါတို့မှ နားမလည်တာ"

"မဟုတ်သေးဘူး တင်မောင်ရာ၊ ငါ ခဏခဏ အစကနေ အဆုံးတွေး တွေးကြည့်တယ်၊ ဘာမှန်းမသိလို့ကို မကျေနပ်တာ"

"သိပ်မတွေးနဲ့ ရူးသွားမယ်၊ ဟိုမှာ မေနိုးတို့ ထွက်လာပြီဟ၊ လာ လာ သွားမယ်"


"နာနား ... ဒါ အန်ကယ်ရဲသင်လေ"

"ဘာလုပ်နေတာလဲ"

"အိပ်နေတာ နာနားရဲ့"

"တီတီမျက်ရှုက မနှိုးဘူးလား မမမေနိုး"

"............."

"နာနား နှိုးကြည့်မယ်လေ"

"............"

"တီတီမျက်ရှု ... နာနားကို ကိုင်ထား၊ ဟင့်အင်း မမက နာနားကို မကိုင်ထားရဘူးလေ"

"ဟဲ့ ဟဲ့"

"အန်ကယ်"

"......."

"အန် ကယ် ရဲ သင်"

"အိုး"

မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားသလို။

"သူ ကြားတယ် တီတီမျက်ရှု၊ မမ နာနားခေါ်တာ သူ ကြားတယ်"

"အန်ကယ် ... အန်ကယ် ရဲသင် ... နာနားလေ"



နှစ်နှစ်ခန့် ကြာသောအခါ









ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ညဦးပိုင်းသည် လွန်စွာ အေးချမ်းလှ၍ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေပေသည်။

ကုန်းတော် တစ်နေရာ၌ သန့်သန့်ပြန့်ပြန့် လူတစ်ယောက်သည် ခေါင်းလောင်းကြီးတစ်လုံးကို ကျောပေးကာ အေးအေးဆေးဆေး ထိုက်လျက် ဟိုသည် ကြည့်နေလေ၏။ ထိုခဏ၌

"ဒေါင် ... ဟောင် ... ဟောင်"

နောက်နားကပ်လျက်မှ ကျယ်စွာသော ခေါင်းလောင်းသံကြီး ရုတ်တရက် ပေါ်၍လာလေရာ ထိုသူသည် ခေါင်းမွေးများ ထောင်ထမတတ် အကြီးအကျယ် လန့်သွားကာ မတ်တတ် ထရပ်မိလေ၏။ ဒေါသလည်း လွန်စွာ ထွက်သွားသဖြင့် ခေါင်းလောင်းထိုးသိုကု ကြည့်ရာ

"ဟင်"

မြင့်မားသော အရပ်အမောင်းနှင့် ဥစ္စာစောင့်တမျှ လှပသော ကောင်မလေးတစ်ယောက်။ ကောင်မလေးမှာလည်း ထိုသူကို မြင်သော် မှတ်မိသွားပုံရ၏။

"သြော်"

ထိုခဏ၌ ခပ်ဖိုင့်ဖိုင့်လူငယ်တစ်ယောက် သူတို့နား ရောက်လာကာ ထိုလူကို မြင်သော်

"ဟာ ... ဟို ... ကိုဘယ်သူ မဟုတ်လား"

"သန်းနိုင်လေ"

"ဟာ ဟုတ်တယ် ကိုသန်းနိုင်၊ ခေါင်းလောင်းထိုးမလို့လား၊ မျက်ရှု ပေး ပေး နင့်လက်ထဲက တုတ်တံပေး"

"ဟဲ့ ဟဲ့ ချိုကြီး"

"ရော့ ကိုသန်းနိုင် တွေ့ရတာဝမ်းသာတယ်ဗျာ၊ ထိုး ထိုး၊ အားရပါးရသာထိုး"

ကိုသန်းနိုင်ဆိုသူမှာ ခေါင်းလောင်းထိုးတံကြီး ကိုင်ကာ ကြောင်လျက်သား ကျန်ခဲ့လေသည်။

ဥစ္စာစောင့်တမျှ လှပသော အရပ်မြင့်မြင့် ကောင်မလေးမှာ တစ်နေရာတွင်ရပ်ကာ သူတို့ကို ပြုံး၍ကြည့်နေသော ခပ်ဖြောင့်ဖြောင့် ကောင်လေးတစ်ယောက်နှင့် ပိန်ရှည်ရှည် ကောင်လေးတစ်ယောက်ဆီသို့ ထွက်သွားပြီဖြစ်၏။ ခပ်ဖိုင့်ဖိုင့် ကောင်လေးမှာလည်း ခပ်သုတ်သုတ် လိုက်သွားလေသည်။

လေးယောက်သား ရယ်ကာမောကာ ပြောဆိုနေကြစဉ် ခပ်ချောချော သွက်သွက်လက်လက် ကောင်မလေးတစ်ယောက် ထပ်ရောက်လာကာ ငါးယောက်သား စကား အလုအယက် ပြောဆိုကြရင်း အေးချမ်းစွာ ထွက်သွားကြလေသည်။

ကိုသန်းနိုင်ဆိုသူကား ခေါင်းလောင်းထိုးတံကြီး ကိုင်ကာ ထိုငါးယောက်ကို ငေးမော၍ ကျန်နေဆဲ။

ဥစ္စာစောင့်မလေးမှာ ခပ်ဖြောင့်ဖြောင့်ကောင်လေး လက်ကို လှမ်းတွဲလိုက်သည်ကိုသာ နောက်ဆုံး မြင်လိုက်ရလေသည်။

စိတ်ချမ်းသာကြပါစေ
အရိုး



ပြီးပါပြီ