Wednesday 27 November 2013

လမ်းဖြတ်ကူးသော နှလုံးသား - မင်းလူ

 
လမ်းဖြတ်ကူးသော နှလုံးသား



သူ့ကိုမွေးပြီး နာရီပိုင်းလောက်အကြာတွင် သူ့အမေ ဆုံးသည်။ သူ့အဖေနောက်ကို လိုက်သွားခြင်းဖြစ်၏။

သူ့အမေသည် သေဆုံးခါနီးဆဲဆဲတွင် သူ့သားကလေးအား “မောင်စု”ဟု ခေါ်ပါလေဟု မှာကြားခဲ့သည်။





မည်သို့ပင်ဖြစ်စေ မောင်စုသည် ယခုအခါ ရေခဲရေရောင်းနေ၏။ ဆူးလေဘုရားအနီး ရသာမုန့်တိုက် (ယခင်ရှားမီး)နှင့် မျက်နှာချင်းဆိုင်၊ မဟာဗန္ဓုလလမ်းဘေး အမှတ် ၁၊ ၃၊ ၁၃၊ ၁၄ ဘတ်စ်ကားမှတ်တိုင်များ တစ်ဝိုက်သည် သူ့ရေခဲရေ ဖြန့်ဖြူးရာဌာန ဖြစ်သည်။

ခွေးခြေတစ်ခုပေါ်တွင် သံပုံးဝိုင်းရှိသည်။ သံပုံးဝိုင်းပေါ်တွင် ရေခွက်တင်ရန် သံဆန်ခါရှိသည်။ သံဆန်ခါနှင့် ဆက်လျက် သံတိုင်ကလေးတွင် ရေစစ်သုံးခု အဆင့်ဆင့်ရှိသည်။ အပေါ်ဆုံးရေစစ်ထဲတွင် ရေခဲတုံး အသေးတစ်တုံးရှိသည်။ သံဆန်ခါပေါ်တွင် ရေခဲတုံးကို စွပ်ကျယ်စဖြင့် ဖုံးအုပ်ထားသည်။

ရေခဲကို စွပ်ကျယ်စဖြင့် အုပ်ထားလျှင် ကြာရှည်ခံကြောင်း မောင်စု အတွေ့အကြုံအရ သိသည်။ သိပ္ပံပညာအရမူ စွပ်ကျယ်စသည် အပူကာပစ္စည်း ဖြစ်သည်။ ၎င်းသည် အပြင်ကအပူဓာတ် ရေခဲဆီသို့ အလွယ်တကူမရောက်အောင် ထိန်းထားပေးသည်။

သို့ရာတွင် သိပ္ပံပညာကို မောင်စု မသိချေ။ စိတ်လည်း မဝင်စားချေ။ သူစိတ်ဝင်စားသည်မှာ ပုံးထဲကရေများ တဖြည်းဖြည်းလျော့လာ၊ သူ့ပိုက်ဆံခွက်ထဲမှာ ငွေစအကြွေများ တဖြည်းဖြည်းများလာဖို့သာ ဖြစ်လေသည်။

လောကကြီးတွင် အစစ်အမှန်တရားဟူသည် ရှိသလော၊ ရှိလျှင် မည်ကဲ့သို့သော အရာပေနည်းဟု တွေးခေါ်ရှင်တို့ ကြံဆခဲ့ကြသည်။ အစစ်အမှန်တရားသည် အာပေါဓာတ် ဖြစ်သည်ဟူ၍လည်းကောင်း၊ အနန္တဝိညာဉ်တော် ဖြစ်သည်ဟူ၍လည်းကောင်း၊ အရာဝတ္ထုတို့၏ ဆန့်ကျင်ပေါင်းစည်းခြင်း ဖြစ်သည်ဟူ၍လည်းကောင်း အမျိုးမျိုး တွေးဆခဲ့ကြသည်။

မောင်စုအဖို့မူ အစစ်အမှန်တရားသည် ရေခဲတုံးနှင့် ရေခဲရေပင် ဖြစ်သည်။ ရေခဲတုံးသည် သူ့ဘဝ၊ ရေခဲရေဖြင့် လူအများကို ငြိမ်းအေးစေမည်။





မောင်စုသည် ပိန်၏။ မည်း၏။ ဆံပင်ရှည်၏။ ဆံပင်ညှပ်ရန် ပိုက်ဆံမရှိသောကြောင့် ဖြစ်လေသည်။ သူ့အင်္ကျီမှာ အဖာရာ၊ အထေးရာတွေ ရှိ၏။ ထွင်ထားခြင်း မဟုတ်ပါချေ။ ပေါက်ပြဲနေသောကြောင့် ဖာထားခြင်း ဖြစ်လေသည်။

မောင်စုအကြောင်းပြောလျှင် မတူးအကြောင်း ပါရမည်။ မတူးမှာ ခါးမရှိချေ။ ဝမ်းဗိုက် နည်းနည်းစူ၏။ သို့ရာတွင် ဝတော့မဝ။ သူ့ဆံထုံးသည် တမာသီးထက်တော့ ကြီး၏။ မာလကာသီးလောက်တော့ ရှိမည်။ ကျစ်ဆံမြီး ကျစ်ထားသောအခါ ပြားနှစ်ဆယ်တန် အီကြာကွေးနှင့် တူလေသည်။ သူ့အသား ညိုညစ်၏။ သူ့သွားများသည် မညီညာချေ။ သွားမတိုက်သောကြောင့် သူ့သွားအရင်းပိုင်းများသည် အဝါရောင် ဖြစ်နေ၏။ မောင်စုကမူ ပုလဲလုံးကလေးများကို ရွှေကွပ်ထားသည်ဟု ထင်မိလေသည်။

မတူးသည် ကိတ်မုန့်ကို မစားဖူးချေ။ သို့ရာတွင် သူ ကိတ်မုန့်ရောင်းသည်။ အရင်ကတော့ ရသာမုန့်တိုက် ရှေ့တည့်တည့်မှာ ရောင်းသည်။ ရသာမုန့်တိုက်ရှေ့တွင် ဈေးမရောင်းရ ကြေညာလိုက်သောအခါ ရသာမုန့်တိုက်ရှေ့တွင် မရောင်းတော့ချေ။ ရသာမုန့်တိုက်ဘေးသို့ ရွှေ့ရောင်း၏။ ကျူလီယာဗလီ၏ ဆင်ဝင်အောက်မှာ။

မောင်စု၏ဆိုင်နှင့် မတူး၏ဆိုင်တို့၏ ကြားတွင် မဟာဗန္ဓုလရှိ၏။ မဟာဗန္ဓုလလမ်းလို့ ဆိုလိုသည်။ မောင်စုသည် ငါးပြားကအစ နှမြောတတ်သည်။ ပိုက်ဆံငါးပြားဆိုတော့ ခုခေတ်မှာ ဘာမှသုံးလို့မရဘူးဟု အချို့က ပြောကြသည်။ မောင်စုအမြင်မှာ သုံးတတ်လျှင် သုံး၍ရသည်။

တစ်ခွက်လျှင် တစ်ဆယ့်ငါးပြားတိတိတန်သော မောင်စု၏ ရေခဲရေကို မတူးသည် တစ်နေ့သုံးခွက်လောက် အလကားသောက်သည်။ သူရောင်းသော ကိတ်မုန့်ကိုမူ မောင်စုအား တစ်ခါမျှ မကျွေးဖူးချေ။ သို့ရာတွင် မောင်စု ကျေနပ်သည်။

မတူးသည် မောင်စုထက် သုံးနှစ်ခန့်ငယ်သည်။ သို့ရာတွင် မောင်စုကို “နင်” နှင့် “ငါ” နှင့် ပြောသည်။ ယင်းကိုလည်း မောင်စု ကျေနပ်သည်။

အကြောင်းမှာ မောင်စုသည် မတူးကို ချစ်နေသောကြောင့် ဖြစ်သည်။





မောင်စုသည် မတူးနှင့် မည်သို့မည်ပုံ စတင်သိကျွမ်းခဲ့ရကြောင်းကို မမှတ်မိတော့ချေ။ အကြောင်းမှာ သူသည် ဒိုင်ယာရီ မရေးတတ်သောကြောင့် ဖြစ်လေသည်။ သူ့အလိုလို သိသွားကြသည်ဟု ထင်သည်။

မနက်ဆိုလျှင် မောင်စုက မတူးကို ဝင်ခေါ်သည်။ အတူတူလာကြသည်။ နေ့လည်မှာ မတူးက မောင်စု၏ ရေခဲရေကို တောင်းသောက်သည်။ ညနေ အတူတူ ပြန်ကြသည်။ မောင်စုက မတူး၏အိမ်ကို လိုက်ပို့သည်။ တခြား ထူးထူးခြားခြား မရှိ။

နှစ်ခုတော့ ရှိသည်။





“မတူး၊ ငါ ပိုက်ဆံတစ်ကျပ်ကြီး ကောက်ရတယ်ဆရာ၊ နင်ဘာစားချင်လဲ၊ ငါဝယ်ကျွေးမယ်”
“ငါလား၊ လဟာပြင်ဈေးက ခေါက်ဆွဲပြုတ်ကြော်လည်း စားချင်တယ်၊ ပြီးတော့ ဖာလူဒါလည်း သောက်ချင်တယ်၊ ပြီးတော့....”
“ဟာ၊ အဲဒီလောက်ကြီးတော့ ငါ ဘယ်တတ်နိုင်ပါ့မလဲ၊ ကောက်ရတာက တစ်ကျပ်တည်းရယ်”
“နင်က ဘာစားချင်လဲဆိုလို့ ငါစားချင်တာ ပြောရတာပဲ၊ ဒီလိုလုပ်လေ၊ နင်ရော ငါရော စားလို့ရအောင် မုန့်ဟင်းခါးတစ်ကျပ်ဖိုး သွားဝယ်ပြီး နှစ်ယောက်တူတူစားမယ်”





“မောင်စု၊ နင်ဘာစားမလဲ၊ ငါကျွေးမယ်”
“အာလူး၊ နင်ဘယ်တုန်းက ငါ့ဝယ်ကျွေးဖူးလို့လဲ”
“တကယ်ပြောတာပါဟ၊ ဒီနေ့ ငါ့မွေးနေ့လေ”
“အံမယ်၊ နင်က နင့်မွေးနေ့ကို သိလို့လား”
“သိတာပေါ့ဟ၊ စက်တင်ဘာ ၃ ရက်နေ့တဲ့၊ ဒီနေ့ပဲ ငါ့အဒေါ်က ပြောလိုက်တာ၊ နင်ကော နင့်မွေးနေ့ကို သိလား”
“ဟင့်အင်း မသိဘူး”
“အဲဒါ ထားစမ်းပါဦး၊ နင် ဘာစားချင်လဲ”
“ဒံပေါက်ထမင်း”
“ဟယ်၊ အဲဒါတော့ ငါလည်း မတတ်နိုင်ဘူး”
“ဒီလိုလုပ်လေ၊ နင်ရော ငါရော စားလို့ရအောင် မုန့်ဟင်းခါးတစ်ကျပ်ဖိုး သွားဝယ်ပြီး အတူတူ စားကြတာပေါ့”





မောင်စုသည် မတူးကို ချစ်နေသည်။ သို့ရာတွင် သူမပြောရဲချေ။ ပြောဖို့ ကြိုးစားခဲ့သည်မှာလည်း အကြိမ်ကြိမ်။ ဒီနေ့တော့ တကယ်ပြောတော့မည်ဟု ဆုံးဖြတ်သွားခဲ့သော်လည်း မတူးကို တွေ့လိုက်သည်နှင့် သူ ဆွံ့အသွားရသည်။ သူများတကာတွေ ဝင်ဦးသွားမည်ကိုလည်း စိုးရိမ်သည်။

“မတူးနော်၊ သကြားလုံးရောင်းတဲ့ကောင်တွေနဲ့ သိပ်အရောမဝင်နဲ့၊ သူတို့က ခြေသလုံးအိမ်တိုင်တွေ”
ထို့ထက်ပို၍ မပြောရဲ။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်ဟူ၍ သူ့စိတ်ကို သူဖြေသည်။

သို့ရာတွင် အချိန်နှင့် ရေခဲတုံးသည် လူကိုမစောင့်ချေ။





နက်ဖြန်ဆိုလျှင် မတူး တောပြန်ရတော့မည်။ တောကသူ့အမေ အသည်းအသန် ဖြစ်နေသောကြောင့် ဖြစ်သည်။ သူ့အမေ ပြန်နေကောင်းလာသည်အထိ တောမှာနေရမည်။ သူ့အမေ နေကောင်းပြီင်္းသော်လည်း ပြန်လာချင်မှ ပြန်လာရတော့မည်။

မောင်စုသည် သည်နေ့တော့ သူပြောချင်နေသော စကားကလေးကို ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ မတူး ဆိုင်မထွက်သောကြောင့် မတူးအိမ်သို့ လာခဲ့သည်။ သူ့ရင်ထဲက စကားကလေးကို ဖွင့်ပြောလိုက်တော့သည်။

“ဟိုရောက်ရင် ငါ့ဆီစာရေးနော်”
မတူးက ခေါင်းခါသည်။

“ဘာဖြစ်လို့လဲဟယ်”
“မရေးချင်ပါဘူး”
“ရေးပါဟယ်၊ ဘာဖြစ်လို့လဲ”
“ငါမှ စာမတတ်ဘဲ”
“နင် စာမတတ်ဘူး ဟုတ်လား”
“အေး နင်ကော”
“ငါလည်း မတတ်ဘူး”

စာထည့်ပါလို့သာ ပြောရသည်။ မောင်စုထံသို့ စာထည့်ရန် လိပ်စာမရှိချေ။ မောင်စုနေသော နေရာသည် အိမ်နံပါတ်မရှိ။ လမ်းနံပါတ်မရှိ။ ရပ်ကွက်အမည်မရှိ။ အမှန်တော့ မောင်စုမှာ အိမ်ခြေရာခြေပင် အတည်တကျ မရှိပါ။ “ရန်ကုန်မြို့ မောင်စုကိုပေးပါ” ဆိုလျှင် မောင်စုထံ မည်သို့ရောက်ပါမည်နည်း။





ရန်ကုန်တွင် မတူးမရှိတော့သည့်နောက် ရသာမုန့်တိုက်သည် မောင်စုအတွက် အဓိပ္ပာယ်မရှိတော့။ မတူး၏နေရာတွင် ယခု ကုလားမကြီးတစ်ယောက် ရောက်နေသည်။ ထိုကုလားမကြီးကို မြင်တိုင်း မတူးကို သတိရသည်။

ကိတ်မုန့်ကိုမြင်တိုင်းလည်း သတိရသည်။ ယခုအခါ ရေခဲရေကို အလကားသောက်မည့်သူ မရှိတော့။

သို့ရာတွင် သူဝမ်းမသာ။

မတူးအကြောင်းကို သူသိချင်နေသည်။ မတူး နေထိုင်ကောင်းပါရဲ့လား။ တောမှာ ပျော်ပါ့မလား။ မတူးသည် သူ့ကို သတိရနေမလား။ မတူးကို သူချစ်နေကြာင်း ဖွင့်မပြောလိုက်ရ။ အကယ်၍ မတူးပြန်လာခဲ့လျှင် သူဖွင့်ပြောတော့မည်။

ထိုအခါ မတူးသည် သူ့ကို....

“ဟဲ့ မောင်စု”
“အင် အင်၊ ဘာလဲဗျ”
သူ့အတွေးကို နှောင့်ယှက်သော စီးကရက်သည် မိန်းမကြီးကို ဟောက်လိုက်သည်။
“နင် မတူးအကြောင်း သိပြီးပြီလား”
“ဘာလဲ၊ ဘာကိုလဲ”
“ဒီနေ့ သူ့အဒေါ်နဲ့တွေ့လို့ ပြောလိုက်တယ်၊ မတူးကို သူတို့ရွာက ကုန်စုံဆိုင်ပိုင်ရှင် တရုတ်နဲ့ ပေးစားမလို့တဲ့”
“ဘာပြောတယ်”
“အဲဒီတရုတ်က အသက်လေးဆယ်လောက် ရှိပြီတဲ့၊ မုဆိုးဖိုတဲ့၊ ကလေးက လေးယောက်နဲ့”

မောင်စုလက်ထဲတွင် ကိုင်ထားသော ရေခဲတုံးကြီးသည် ပလက်ဖောင်းပေါ်သို့ လွတ်ကျသွားသည်။ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။

သူသည် ပလက်ဖောင်းပေါ်သို့ ဒူးထောက်ကျသွားသည်။ ရေခဲတုံးအစကလေး တစ်တုံးကို ယောင်ယမ်းကောက်ကိုင်မိသည်။ ရေခဲတုံးကလေးသည် ပူလွန်းသဖြင့် ပြန်ပစ်ချလိုက်မိသည်။ ရေခဲတုံးသည် သူ့ဘဝ။

မောင်ထော်လေးလမ်းထဲက ကျူလီယာဗလီဆီမှ အသုဘမော်တော်ယာဉ် ထွက်လာသည်။



၁၀

ရေခဲရေသည် အလွန်အေးစက်နေ၏။ သူ့ရင်သည် ခြစ်ခြစ်တောက် ပူနေသည်။ ရေခဲပုံးတွင် ရေစက်ကလေးတွေ ကပ်နေကြသည်။ မောင်စု၏မျက်နှာတွင် ချွေးစက်တွေ ကပ်နေကြသည်။

“ငြိမ်းချမ်းရေး ရေခဲရေ၊ ငြိမ်းချမ်းရေး ရေခဲရေ” ဟု အရင်က သူ တက်ကြွစွာအော်ခဲ့သည်။ ခုတော့ဖြင့် မအော်နိုင်၊ ငူငူငိုင်ငိုင်ကြီး တိတ်ဆိတ်စွာ ရပ်နေသည်။

သူ့စိတ်သည် မွန်းတည့်နေသော နေလုံးကြီးဆီသို့ ရောက်နေသည်။

ညနေကျတော့ ဆူးလေဘုရားပေါ် သူရောက်သည်။ အရင်က ဆူးလေဘုရားပေါ် ရောက်ဖူးပါသည်။ သို့ရာတွင် တစ်ခါမျှ ရှိမခိုးခဲ့ဖူးချေ။ ကြေးဆင်းတုတော်တစ်ဆူ ရှေ့တွင် ထိုင်သည်။ လက်အုပ်ချီသည်။ ဆုတောင်းသည်။
“မတူးကို တပည့်တော် တကယ်ချစ်ပါတယ်ဘုရား၊ မတူး ရန်ကုန်ပြန်လာအောင် လုပ်ပေးပါဘုရား၊ တရုတ်ကြီးကို သေအောင်လုပ်လိုက်ပါဘုရား”
ကြေးဆင်းတုတော်ကြီး၏ အပြုံးမျက်နှာတော်သည် သူ့ကို အားတက်စေသည်။ သူ နေ့တိုင်းဆုတောင်းသည်။



၁၁

“ဟဲ့ မောင်စု၊ မတူး ပြန်လာပြီတဲ့”
“ဘာ မတူးပြန်လာပြီ ဟုတ်လား၊ မတူး ပြန်လာပြီ ဟုတ်လား”
သူ့လက်ထဲက ရေခဲတုံးကြီးသည် ပလက်ဖောင်းပေါ်သို့ လွတ်ကျသွားသည်။ သို့ရာတွင် ဖွဲပုံပေါ်သို့ ကျသွားသောကြောင့် မကွဲချေ။ ကျူလီယာဗလီ ဆေးအသစ်သုတ်ထားသးည်။

မတူးအိမ်သို့ သူပြေးလေသည်။ မတူးကိုတွေ့တော့ သူ ဘာပြောရမှန်းမသိ။ မတူးက သူ့ကို ငေးကြည့်နေသည်။ မတူး မျက်ရည်ဝဲနေသည်။ မျက်ရည်ဝဲတိုင်း ဝမ်းနည်းသည်ဟု မဆိုနိုင်ပေ။
“မတူး၊ မတူး၊ နင်ပြန်လာပြီနော်”
“အေး”
မောင်စုသည် သူအပြောချင်ဆုံး စကားကလေးကို ပြောလိုက်လေသည်။
“ဟိုတရုတ်ကြီးကော သေပြီလားဟင်”
မတူးသည် ရှက်၍ ခေါင်းငုံ့သွားသည်။ ပြီးတော့ ပြောပြသည်။ သူ့အမေက အသည်းအသန်အဖြစ်ဘဲ ညာခေါ်ကြောင်း၊ တရုတ်ကြီးနှင့် အတင်းပေးစားသောကြောင့် ထွက်ပြေးလာကြောင်း။
“နင့်အမေ လိုက်လာရင်ကော”
“မလာနိုင်သေးပါဘူး၊ ဒီကိုလာဖို့ အမေ့မှာ ပိုက်ဆံရှိမှာ မဟုတ်ဘူး၊ လိုက်လာရင်လည်း ငါ ပြန်မလိုက်တော့ဘူး”

မောင်စု သိပ်ဝမ်းသာသွားသည်။ ပြီးတော့ သူ့ခံစားချက်ကို ထုတ်ပြောလိုက်ပြန်သည်။
“နင်သွားနေတုန်းက ငါသိပ်လွမ်းတာပဲ”
“ငါလည်း ဒီလိုပဲ”
“ငါလေ၊ ငါလေ နှင်းတွေကျတာမြင်ရင် နင့်ကို သိပ်သတိရတာပဲ”
“ငါလည်း ဖုန်တွေထတာမြင်ရင် နင့်ကို သိပ်သတိရတာပဲ”



၁၂

အချိန်နှင့်ရေခဲတုံးသည် လူကိုမစောင့်ကြောင်း မောင်စု ကောင်းကောင်းသိခဲ့ပြီ။ ထို့ကြောင့် မတူးဆိုင်စထွက်သောနေ့မှာပင် သူ့အချစ်ကို ဖွင့်ဟလိုက်လေသည်။
“မတူး၊ ငါ ခုနပြောတာ ဘယ်လိုလဲ”
“ဘာကိုလဲ”
“နင်ကငါ့ကို ပြန်ပြီး ဟိုဒင်းမပြုနိုင်ဘူးလား”
မတူးက ခေါင်းငုံ့ထားသည်။ သူ့လက်သည်းထဲက ချေးများကို တုတ်ချောင်းကလေးဖြင့် ထိုးထုတ်နေသည်။
“ပြောပါဟာ”
“ငါ မပြောချင်ဘူးဟာ”
“ဘာဖြစ်လို့လဲဟင်”
“နေမကောင်းလို့”
“ဟင် ဟုတ်လား၊ အေဘီစီဒီ သောက်မလား၊ ငါပြေးဝယ်လိုက်မယ်လေ”
“နေပါစေ၊ အေဘီစီဒီက ရင်တုန်တယ်ဟ၊ ခုနက ဆရာမောင်ဆေးနီမှုန့် ဝယ်သောက်ထားတယ်”
“နင် နေကောင်းပျောက်ရင် ပြောမှာမဟုတ်လား”
မတူးက ခေါင်းညိတ်သည်။
“နင် ဘယ်တော့ နေကောင်းပျောက်မှာလဲ”
“နက်ဖြန်”



၁၃

နက်ဖြန် သို့မဟုတ် ယနေ့၊ တန်ဆောင်မုန်းလပြည့်နေ့။

မောင်စုသည် သူ့ရေခဲပုံးကို ဌက်ပျောသီးရောင်းသော လှဝင်းကို အပ်ပစ်သည်။ လှဝင်းသည် ယုံကြည်ရသူ မဟုတ်။ သူ့ကိုအပ်ခဲ့လျှင် ရေခဲရေလည်း သုံးလေးခွက် ခိုးသောက်တတ်သည်။ ရောင်းရသည့်ငွေကိုလည်း ဖြောင်တတ်သည်။

ဒီနေ့တော့ ရေခဲရေတစ်ပုံးကုန်အောင် သောက်ပစ်လည်း သူမမှုပါ။

မနက်တုန်းက သူရေချိုးနေမိသောကြောင့် အချိန်လင့်သွားသည်။ သူဝင်ခေါ်သောအခါ မတူးမရှိတော့ချေ။ ခုမှပင် သွားရတော့သည်။

မတူးက “ငါလည်း နင့်ကို ဟိုဒင်းပြုပါတယ်” ဟု ပြောလေသည်။

မောင်စုသည် ပလက်ဖောင်းပေါ်တွင် ဒူးထောက်ထိုင်ချ၍ ဆူးလေဘုရားကြီးကို ပုဆိန်ပေါက် ကန်တော့လေတော့သတည်း။

ထိုနေ့က တစ်နေ့လုံး မတူးအနားမှာ သူနေသည်။ ပျော်သည်။ ပျော်သည်။

ညနေကျတော့ သူ့ရေခဲရေပုံးကို သွားပြန်ယူသည်။ လှဝင်းက ခွက်သုံးဆယ်ပဲ ရောင်းရတယ်ဆိုပြီး ငွေလေးကျပ်ခွဲ ပေးသည်။ လှဝင်းညာမှန်း သူသိလေသည်။

သို့ရာတွင် ကိစ္စမရှိ။



၁၄

တန်ဆောင်မုန်းလပြည့်နေ့၏ ညနေခင်း။ တိမ်တောက်နေသည်။ အကျည်းတန်သူတိုင်း လှသောအချိန်ဟု ဆိုကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လည်း လှနေကြလေသည်။

မတူး၏မျက်နှာတွင် ပေါင်ဒါတွေ ဖွေးနေသည်။ မောင်စု၏မျက်နှာမှာလည်း ပေါင်ဒါတွေ ဖွေးနေသည်။ သူတို့သည် သူတို့အဖို့ အသစ်လွင်ဆုံးသော အဝတ်အစားများကို ဝတ်ထားကြသည်။

နေ့လည်ကပင် သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ ပထမဆုံး အချစ်နေ့အဖြစ် လျှောက်လည်ကြသည်။ တန်ဆောင်တိုင်ပွဲတော်သည် စည်ကားလှစွာ၏။ ကားအသစ်ကလေးများသည် လူအသစ်များကို တင်ဆောင်၍ ပြေးလွှားနေကြ၏။

ရပ်ထားသော ကားအသစ်ကလေးများကိုတွေ့လျှင် သူတို့ ပွတ်သပ်ကြည့်ကြ၏။ သူတို့နှစ်ယောက်စလုံး ရင်ခုန်နေကြသည်။ သို့ရာတွင် သူတို့ အေပီစီ သောက်မထားကြချေ။

“မတူး၊ တို့နှစ်ယောက် စပြီး ဟိုဒင်းပြုကြတဲ့နေ့ကို အမှတ်တရဖြစ်အောင် တစ်ခုခုလုပ်ရအောင်”
“ဘာလုပ်မလဲ”
“မသိဘူး၊ နင်ကော ဘာလုပ်ချင်လဲ”
“သိဘူး”

မောင်စု ခဏမျှ စဉ်းစားသည်။ သူ့နားထဲတွင် “ဒီဒီ” ဆိုသောအသံကို ကြားရသည်။
“ဟုတ်ပြီ၊ ငါ့လက်မှာ ဆေးမင်ထိုးမယ်”
“နင် နာမှာပေါ့”
“မနာပါဘူးဟာ၊ ယောက်ျားပဲ”

ဆေးမင်ကြောင်ထိုးသည့် အဘိုးကြီးနားကို သွားကြသည်။
“မြွေရုပ်ထိုးမယ်”
“ဟယ်.... ကြောက်စရာ”
“အသည်းပုံ မြားစိုက်”
“နိမိတ်မကောင်းဘူး”
“ရှုပ်ပါတယ်ဟာ၊ စာတန်းပဲထိုးတော့မယ်”

သူတို့နှစ်ယောက်ကို အဘိုးကြီးက စိတ်မရှည်တော့။
“ကဲ.. ကဲ၊ ပြောကွာ၊ ဘာစာထိုးမှာလဲ”

မောင်စုသည် သူနှင့်မတူးတို့ စချစ်ကြတဲ့နေ့ အထိမ်းအမှတ်အဖြစ် သူ့လက်တွင် ဆေးမင်ဖြင့်ထိုးမည်ဖြစ်သော စာတန်းကလေးကို ပြောလိုက်လေသည်။
“သတ္တိခဲ”


(ငွေတာရီ၊ ဇွန်၊ ၁၉၇၇)

No comments:

Post a Comment