Thursday, 29 May 2014

အောင်ဆန်း (၁) ( ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုရေးပြီး ဒေါက်တာအောင်ခင် မြန်မာပြန်သည်)

အောင်ဆန်း (၁) ( ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုရေးပြီး ဒေါက်တာအောင်ခင် မြန်မာပြန်သည်)

May 29, 2014 at 2:02pm



  အောင်ဆန်း
  အောင်ဆန်းစုကြည်
  မြန်မာပြန် - ဒေါက်တာအောင်ခင်

    ( ဒေါက်တာအောင်ခင်တည်းဖြတ်သော  ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှလွတ်ကင်းေ ရးနှင့်အခြားစာတမ်းများ စာအုပ်မှထုတ်နုတ်ဖော်ပြပါသည်)

ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့်” ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘ၀လုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေ အထောက်အထားများကို ကျမ စတင်စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများ ထံမှ သိရှိရသောအချက်အလက်များအပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရ ရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဥာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ သြဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာ ကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်းရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။

* * * * * *
အောင်ဆန်းကို မြန်မာနိုင်ငံ အညာဒေသရှိ နတ်မောက်မြို့ကလေး၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ဖွားမြင်ပါသည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုန်းစေပြီး မြန်မာတနိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း (၃၀) အကြာတွင် ဖြစ်ပါသည်။ နတ်မောက်နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။

ထို့ကြောင့် ထက်မြက်သွက် လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်း ဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ “ကုလားတို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင် ဆန်းမိသားစုနှင့် နယ်သူနယ်သားများ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။ညီအကိုမောင်နှမ (၆) ဦး (ကလေးဘ၀ကပင် ကွယ်လွန်ကြသူများအပါအ၀င်ဆိုလျှင် မွေးချင်း - ၉ ဦး) အနက် အထွေးဆုံးဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစားကြူး၍ လုံး ၀နှစ်လိုဖွယ်မဟုတ်သော ကလေးတဦးဖြစ်ပါသည်။ စကားပြောလည်း နောက်ကျလှသဖြင့် မိသားစုက ‘စွန့်အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်းကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသားဖြောင့် မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာတတ်ခြင်း စသော ချစ်စဖွယ်စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့ အား ငယ်စဉ်က ကောင်းစွာသိခဲ့သူများနှင့် သူ့မိသားစုဝင်များက ကောက်ချက်ချကြပါသည်။အောင်ဆန်းမိသားစုမှာ ဥာဏ်ရည်ကောင်းပြီး ပညာဖက်တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်းရထား ပါသည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင် ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။

စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဟု ဆိုရမည် ဖြစ်သော ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အလိုလိုက်ထားခဲ့၏။သို့ဖြင့် (၈) နှစ်သားအရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အကိုဖြစ် သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ၀င်သောအခါ၌ ဘုန်းကြီးကျောင်းနေ သံဃာတို့ဘ၀ကို သဘောကျ၍ ပေလား၊ ရှင်လောင်းများစီးသည့် ကကြိုးတန်ဆာ ဆင်ရင်ထားသော မြင်းဖြူလေးကို သဘောကျ၍လားမသိ၊ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာပါတော့သည်။ လိမ္မာပါးနပ်သော အမေက အခွင့်ကောင်း ကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြလိုက်ပါသည်။ကျောင်းစတက်သည်ဆိုသည်နှင့် အောင်ဆန်းသည် ထူးချွန်သော ကျောင်းသားတဦးဖြစ်ကြောင်း ပေါ်လွင်လာ ပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ်ထိပ်တန်းက ရှိနေခဲ့ပါသည်။ အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။ လောကုတ္တရာပညာသာ မက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။ထိုအချိန်က အထက်တန်းပညာသင်ကြားရာ၌ လိုအပ်ချက်တခုဖြစ်သော အင်္ဂလိပ်စာကို အကိုကြီးများက သင် ထားပြီးဖြစ်သည့်အတိုင်း အောင်ဆန်းကလည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ဖြင့် အောင်ဆန်းလည်း ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါသည်။ သား ထွေးလေးကို အိမ်မှ ခွဲခွာမသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်းတက်ခွင့်ရရန် အောင်ဆန်း အစာ ငတ်ခံဆန္ဒပြပွဲလေးတခုကို ဆင်နွှဲခဲ့ရပါသေးသည်။ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတဦးအဖြစ် အလုပ်လုပ်နေသော အကိုကြီး ဦးဘ၀င်း၏ ထိန်းကျောင်းစောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘ၀င်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်း ကမ်းရှိရှိ၊ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။

ညီဖြစ်သူကလည်း ပညာရေးဖက်တွင် အားကောင်းကြောင်း ဆက်လက်ပြသကာ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်းစာမေးပွဲတွင် ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ကြေး ဆုကို ရရှိခဲ့၏။အမျိုးသားကျောင်းများမှာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင်သူများကယူဆခဲ့ပါသည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်တို့အား သူတို့ ၏ ကိုလိုနီလက်အောက်ခံ ဘ၀အခြေအနေကို နိုင်ငံရေးအသိတရားအရ ခံစားနားလည်စေပြီး၊ ထိုဘ၀မှ လွတ် မြောက်လိုစိတ်များ အသည်းနှလုံးအတွင်းမှ ဖြစ်ပေါ်လာရန် ကျိုချက်ပေးလိုက်သော နေရာများသဖွယ်ဖြစ်ပါ သည်။မိမိ၏နိုင်ငံကို လူမျိုးခြားတို့အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသောဆန္ဒသည် ရေနံ ချောင်းအမျိုးသားကျောင်း မတက်မီကာလကပင် အောင်ဆန်း၏ စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရပါသည်။ က လေးဘ၀က ဗြိတိသျှတို့အား ပုန်ကန်မောင်းထုတ်ရန် နည်းအမျိုးမျိုးကို ကြံစည်စဉ်းစားခဲ့ပုံ၊ တခါတရံ ပြဒါးရှင် လုံးကဲ့သို့သော တန်ခိုးသိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကိုရယူရန် စိတ်ကူးယဉ် ခဲ့ပုံအကြောင်းကို သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးတွင် ရေးသားထားပါသည်။အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ်ဝင် စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။

သူ၏ ဟောပုံပြောပုံမှာ အားတက်စရာမဟုတ်သော် လည်း ကိုင်တွယ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထားခြင်း၊ ယုံကြည်ချက် အပြည့်အ၀ရှိခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့၏။ကျောင်းဂျာနယ် စာတည်းအဖြစ်လည်းဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်းများတွင် ပါဝင်သော် လည်း တယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံထောင့်မကျိုးခြင်းတို့ကြောင့် အောင် ဆန်းကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်များက မြင်ကြပါသည်။ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ်ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပ ညာဆက်သင်ရန် ရောက်သွားပါသည်။အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်း ကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလကပင်ဖြစ်ပါသည်။ တောင်သူလယ်သမားများ ခံစားနေရသော အတိဒုက္ခများမှ ပေါ်ပေါက်လာရသော ပုန်ကန်မှုကို ဗြိတိသျအစိုးရက ရှင်ဘုရင်ဖြစ်လိုသော အယူသည်းသူတယောက် ဦးဆောင်သည့် တောသူတောင်သား ပုန်ကန်မှုမျှသာဖြစ်သည်ဟု သေးသိမ်စေရန် နှိမ်၍ဖော်ပြခဲ့ပါသည်။ သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲခဲ့သူ မများပြား သော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင် ဂရုဏာထားကြပါသည်။ ဆရာစံကို စွဲဆောင်နိုင်စွမ်းရှိသူတဦးအ ဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန်တို့ကို များစွာသနားကြင်နာခဲ့ ကြ၏။ဗြိတိသျှအုပ်ချုပ်မှု အစောပိုင်းကာလတွင် ကျင့်သုံးသော ငြိမ်ဝပ်အေးချမ်းရေးလမ်းစဉ်မှာ အတော်အတန် အောင်မြင်မှုရှိခဲ့သော်လည်း လူမျိုးခြားကြီးစိုးမှုကို မြန်မာများက ကျေနပ်စွာ လက်ခံခြင်းမရှိပါ။ ကိုလိုနီအစိုးရ ပိုမိုခိုင်မြဲလာသည်နှင့် အုပ်ချုပ်သူလူမျိုးခြားတို့၏ ပလွှားမောက်မာသော အမူအကျင့်များနှင့် တိုင်းပြည်အတွက် စစ်မှန်သောကောင်းကျိုးကိစ္စရပ်တို့ကို လျစ်လျူရှုမှုများသည် တိုင်းသူပြည်သားတို့၏ မနှစ်သက် မကျေနပ်စိတ် များကို ဆွပေးသကဲ့သို့ ဖြစ်လာပါသည်။ပထမဦးစွာပေါ်ထွန်းခဲ့သော အမျိုးသားရေးရာ အဖွဲ့အစည်းများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု တည်တံ့ခိုင်မြဲရန်နှင့် သန့်ရှင်းစင်ကြယ်ရန်ကိုသာ ဆောင်ရွက်ကြသည်။

သို့သော် ခေတ်ပညာတတ် မြန်မာလူ ငယ်အရေအတွက် များပြားလာသည်နှင့်အမျှ နိုင်ငံရေးရည်မှန်းချက်များပါ ပေါ်ပေါက်လာပါသည်။ ၁၉၀၆ ခုနှစ် တွင် တည်ထောင်သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(၀ိုင်အမ်ဘီအေ)သည် နိုင်ငံရေးရာများကို စတင် ကိုင်တွယ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သပိတ်ကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။အမျိုးသားလှုပ်ရှားမှု အရှိန်အဟုန်ရလာသောအခါ ‘၀ိုင်အမ်ဘီအေ’ သည် ၁၉၂၀ ခုနှစ်၌ ‘ဂျီစီဘီအေ’ အသွင် သို့ ကူးပြောင်းသွားပါသည်။ ပထမဦးဆုံး ပေါ်ပေါက်လာသော အမျိုးသားမဟာမိတ်အဖွဲ့ဟု ခေါ်နိုင်ပါသည်။ မြန်မာ့အမျိုးသားရေးရာလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည်သွင်းပေးလိုက်သော ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်သည်။ ဆရာတော်၏ စိတ်အားထက်သန်သော လွတ်လပ်ရေးတောင်းဆိုမှုတို့ကြောင့် နိုင်ငံတ၀ှမ်းတွင် မျိုး ချစ်စိတ်ဓာတ်ပြင်းပြစွာ တက်ကြွလာပါသည်။ သို့သော်လည်း စုပေါင်းညီညာသော လွတ်လပ်ရေးလှုပ်ရှားမှု ပေါ်ပေါက်စေမည့် အင်အားများမှာ နိုင်ငံရေးအကွဲအပြားများကြောင့် လွင့်စင်သွားရ၏။၁၉၂၂ ခုနှစ်တွင် (၂၁) ဦးပါတီသည် ဂျီစီဘီအေမှ ခွဲထွက်သွားပြီးနောက်တွင် ထပ်မံကွဲကြပြန်သဖြင့် ၁၉၂၀ ခု နှစ်များ ကုန်ဆုံးခါနီးတွင် အဖွဲ့အစည်း (၃) ဖွဲ့ ဖြစ်သွားပါတော့သည်။
၁၉၃၀ ခုနှစ်များ၏ အစပိုင်းကာလတွင်မူ ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲထားသင့်၊ မထားသင့် ဟူသော “ခွဲရေး-တွဲရေး” ကိစ္စအပေါ် မြန်မာနိုင်ငံရေးသမားများ စိတ်ဝင်စားစွာ အငြင်းပွားကြသည်ကို တွေ့ရပါသည်။ထိုနိုင်ငံရေးသမားများအနက် အချို့မှာ ဆရာစံသူပုန်တို့အား ဗြိတိသျှအစိုးရက ခုံရုံးတင်စစ်ဆေးရာ၌ သူပုန် များဘက်မှ ခုခံကာကွယ်ပေးခဲ့သဖြင့် ထင်ပေါ်ကျော်ကြားလာသူများဖြစ်ပါသည်။

တချိန်တည်းမှာပင် ငြိမ်၍ ခေါင်းငုံ့ခံသည့်ကာလမှာလည်း ဆုံးခန်းသို့ ဦးတည်လာကာ ထိုးနှက်တိုက်ခိုက်ခြင်း သဘောဆောင်သော နည်းဗျူဟာများသုံးစွဲရန် တွန့်ဆုတ်လိမ့်မည်မဟုတ်သော အမျိုးသားရေးစိတ်ဓာတ်ရှိသည့် မျိုးဆက်သစ်များ လည်း နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရောက်ရှိလာပါသည်။အသက် (၁၈) နှစ်အရွယ် အောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားကလေးပင်ဖြစ်ပါသည်။ မိမိတို့ကိုယ်မိမိတို့ လူ့မလိုင်ဟု အထင်ရောက်နေကြပြီး ကြော့ရှင်းဝံ့ကြွားစွာ ၀တ်ဆင်နေထိုင်ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အသိုင်းအ၀ိုင်းတွင် မျက်နှာထားရှုသိုးသိုးနှင့် အ၀တ်အစား ပိုသီပတ်သီဝတ်ဆင်သော အောင်ဆန်းသည် အံမ၀င်ဂွင်မကျ ဖြစ်နေ၏။ ထို့အပြင် သူ့ထက်သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက် ပြောင်မှုကိုလည်း ဂရုမစိုက်ကြောင်း စောစီးစွာပေါ်လွင်စေခဲ့၏။အောင်ဆန်း တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတရပ် ကျင်းပပါ သည်။ ထိုစကားရည်လုပွဲအပြီး၌ အောင်ဆန်းသည် ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင်သွင်း သော “ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်”ဟူသည့် အဆိုကို ထောက်ခံလိုက်ပါသည်။

ဤသည်မှာ မိသား စုသွေးစည်းရေး သဘောဆောင်သည့် အပြုအမူမဟုတ်ပါ။ ယုံကြည်ချက်အရ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါ သည်။အောင်ဆန်း အင်္ဂလိပ်စကားပြောရာတွင် အသံထွက် အမှားမှားအယွင်းယွင်း ကို့ယို့ကားရား ချောမွေ့ပြေပြစ် ခြင်း မရှိသောကြောင့် သူ့စကားများမှာ နားမလည်နိုင်သလောက်ပင်ဖြစ်၏။ ပရိသတ်က ပြောင်လှောင်သရော် အော်ဟစ်ကြသဖြင့် အကိုဖြစ်သူ အတော်ပင်အနေရခက်သွား၏။ အောင်ဆန်းကမူ ကြောက်ရွံ့၍ အသံပျောက် သွားခြင်းမရှိ။
ကဲ့ရဲ့သံများ၊ မြန်မာစကားနှင့်သာပြောရန် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်သံများကို လျစ်လျူရှုကာ အဆင့်အတန်းမမီသော သူ့အင်္ဂလိပ်စကားကို ပါဠိအသုံးအနှုန်းများဖြင့် ဖြည့်စွက်၍ သူပြောလိုရာအားလုံးကို ပြီးဆုံးအောင် ဆက်လက်ပြောဆိုသွားပါသည်။ထိုပထမစကားရည်လုပွဲ အဖြစ်အပျက်သည် နောင်အတွက် အစဉ်အလာတရပ် ချမှတ်ပေးလိုက်သကဲ့သို့ ဖြစ် သွားပါသည်။ ပရိသတ်က ကဲ့ရဲ့ရှုတ်ချနေသည့်ကြားကပင် သူပြောလိုရာကို အင်္ဂလိပ်စကားနှင့်ပြောခြင်း၊ သုန် သုန်မှုန်မှုန် နေတတ်ခြင်းတို့ကြောင့် သူသည် အူကြောင်ကြောင်နိုင်သော အရူးတယောက်ဟူ၍ပင် နာမည်ရခဲ့ ၏။သို့သော် အောင်ဆန်းသည် အဝေဖန်ခံရမည်ကို ကြောက်ရွံ့ပြီး သူလုပ်ကိုင်ရန် ဆုံးဖြတ်ထားသောကိစ္စများကို မလုပ်ဘဲနေမည့် လူမျိုးမဟုတ်ပါ။ ခေတ်ပြိုင်ကမ္ဘာတွင် အင်္ဂလိပ်စကား အရေးပါပုံကို သိရှိနားလည်သဖြင့် အင်္ဂ လိပ်စကားကို ပိုင်ပိုင်နိုင်နိုင်သုံးစွဲနိုင်ရန် သူ ကြိုးစား၏။

အင်္ဂလိပ်စာအုပ်များကို သဲကြီးမဲကြီးဖတ်ခြင်း၊ အခြား သူများ ပြောပုံဆိုပုံကို နားထောင်လေ့လာခြင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သူ မိတ်ဆွေရင်း တဦးထံမှ အကူအညီယူခြင်း စသည်တို့ဖြင့် ဘုန်းကြီးကျောင်းထွက် အညာသားတဦးအတွက် ထူးခြားလောက် သော အင်္ဂလိပ်စကားကျင်လည်မှုကို သူရရှိလာ၏။ထိုပထမစကားရည်လုပွဲတွင် အောင်ဆန်း ထောက်ခံခဲ့သောအဆိုမှာ သူ၏ ရေရှည်ယုံကြည်ချက်တရပ်အား ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ကို သတိမူသင့်ပါသည်။ ထိုယုံကြည်ချက်မှာ သံဃာတော်များ နိုင်ငံရေးတွင် ၀င် ရောက်လုပ်ကိုင်ခြင်း မပြုသင့်ကြောင်းပင်ဖြစ်ပါသည်။

မကွယ်လွန်မီ တနှစ်ကျော်ခန့်က ပြောကြားခဲ့သော ရွှေ တိဂုံစေတီတော် အလယ်ပစ္စယံညီလာခံမိန့်ခွန်း၌ “ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏”ဟု ပြောခဲ့၏။ ရဟန်သံဃာများအား “အရှင်ဘုရားတို့က သာသ နာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ – ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည် -- ဤကဲ့သို့ဆောင်ရွက်မှုသည် သာသနာ ဖက်ကသာကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ၊ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာရောက်ပါသည်ဘုရား” စသဖြင့် လျှောက်ထားခဲ့ပါသည်။

အများက နိုင်ငံသတ္တ၀ါ ပကတိအဖြစ်ဖြင့်မြင်ကြသော အောင်ဆန်းမှာ စင်စစ်တွင် ဘာသာရေး၌ လေးနက်စွာ တသက်လုံး စိတ်ဝင်စားသူပင် ဖြစ်ပါသည်။ ရေနံချောင်း၌ ကျောင်းတက်နေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ၀မ်းနည်းကြေကွဲကာ ရဟန်းဘောင်ဝင်ရန်ပင် စိတ်ကူးခဲ့ပါသည်။ တက္ကသိုလ်ရောက်စအချိန်ကလည်း အီတလီ လူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးလောကနန္ဒကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော်နှင့် အတူလိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ အခွင့်တောင်းဖူး၏။ အခွင့်ကား မရခဲ့ပေ။ သို့သော် လော ကုတ္တရာကိစ္စများကို အောင်ဆန်း ဆက်လက်၍ ဂရုတစိုက်အလေးထားပါသည်။နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ပြီးနောက်ပိုင်း၌ပင် သူနှင့် အရင်းနှီးဆုံး မိတ်ဆွေတဦးအား သူ၏ “သစ္စာတ ရားနှင့် လုံးဝအပြစ်ကင်းစင်မှု ရှာပုံတော်ဘ၀ခရီး” အကြောင်းနှင့် ကာယကံ၊ ၀စီကံ၊ မနောကံအရ ရိုးဖြောင့်နိုင် ရန် သတိပြုကြိုးပမ်းနေကြောင်းတို့ကို စာရေး၍ ရှင်းပြဖူးပါသည်။ ခေတ်လူငယ် စိတ်ပိုင်းဆိုင်ရာ အသိတရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ လောကဒဏ်လှိုင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန်နိုင်စွမ်းမရှိပါက ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ်ဗလ မွဲပြာကျသောအဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူ ပန်မိကြောင်း စသဖြင့်လည်း ရေးသားထားပါသည်။

ကျောင်းသားနိုင်ငံရေးနှင့် သခင်များ
 
 ကိုအောင်ဆန်း ကျောင်းသားနိုင်ငံရေးတွင် ပါဝင်မှုမှာ အစ၌ ခပ်ဖြေးဖြေး မှန်မှန်သာဖြစ်သော်လည်း ၁၉၃၅ ခုနှစ်နောက်ပိုင်း၌ အရှိန်အဟုန် မြင့်မားလာ၏။ ထိုအချိန်တွင် သူသည် ကိုနု၊ ကိုလှဖေ (နောင် ဗိုလ်လင်္ကျာ)၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ်ကဲ့သို့သော ပုဂ္ဂိုလ်များနှင့်အတူ စတင်လုပ်ကိုင်နေပြီး မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် ထင်ရှားလာမည့် ထိုလူငယ်များနှင့် အောင်ဆန်းတို့ လက်တွဲကာ ကျောင်းသားများ အတော်ပင် ဂရုပြုရမည့် နိုင်ငံရေးအင်အားစုတစုဖြစ်လာအောင် စည်းရုံးပါသည်။ကိုအောင်ဆန်းတို့လူစုသည် အာဏာပိုင်အလိုတော်ရိများ လွှမ်းမိုးထားသော တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ထိုးထွင်းဝင်ရောက်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် စတင်လှုပ်ရှား၏။ ပထမတွင် အောင်မြင်မှုသိပ်မရှိခဲ့ပေ။ ၎င်းးတို့အ ထဲမှ ကိုကျော်ငြိမ်းနှင့် ကိုသိန်းဖေတို့သာ သမဂ္ဂအမှုဆောင်များအဖြစ် အရွေးချယ်ခံရသည်။ သို့သော် နောက် ပိုင်းတွင် ထက်သန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် ဇွဲလုံ့လတို့၏ အကျိုးအမြတ်များ ထွန်းကားလာ၏။ တက္က သိုလ်ကျောင်းသားများ၏ စိတ်နေစိတ်ထားလည်း ပြောင်းလာ၏။ လှုပ်ရှားတက်ကြွသော ပြည်ချစ်စိတ်လွှမ်းမိုး လာ၏။ ၁၉၃၅-၃၆ စာသင်နှစ်အတွင်း ကျောင်းသားသမဂ္ဂအမှုဆောင် ရွေးကောက်ပွဲတွင် အဓိကနေရာအား လုံး အမျိုးသားရေးစိတ်ဓာတ် ထက်သန်သောလူငယ်များက ရရှိသွားကြ၏။

ကိုအောင်ဆန်းသည် အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် အရွေးခံရပြီး သမဂ္ဂမဂ္ဂဇင်း၏ အယ်ဒီတာလည်း ဖြစ်လာပါသည်။သမဂ္ဂမဂ္ဂဇင်း “အိုးဝေ”တွင် “ငရဲခွေးကြီး လွတ်နေပြီ”ဟူသော ဆောင်းပါးကို ထည့်သွင်းခဲ့ခြင်းသည် ကျယ် ပြန့်စွာထိရောက်မှုရှိခဲ့သည့် ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်ကို သွယ်ဝိုက်သောနည်းဖြင့် လှုံ့ဆော် ပေးခြင်းပင် ဖြစ်ပါသည်။ ဤဆောင်းပါးသည် တက္ကသိုလ်အရာရှိတဦးအား ပုတ်ခတ်တိုက်ခိုက် ရေးသားထား ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ယူဆကာ ဆောင်းပါးရှင်အမည်ကို ဖော်ထုတ်ရန် အယ်ဒီတာ ကိုအောင် ဆန်းအား တောင်းဆိုလာတော့၏။ကိုအောင်ဆန်းကလည်း ယင်းကဲ့သို့ဖော်ထုတ်ခြင်းသည် သတင်းစာဆရာကျင့်ဝတ်နှင့် ကိုက်ညီမည်မဟုတ်ဟု ဆိုကာ ငြင်းဆန်လိုက်၏။ အာဏာပိုင်များက ယခုကဲ့သို့ ငြင်းဆန်မှုကို အခွင့်ကောင်းယူပြီး ကိုအောင်ဆန်းအား ကျောင်းမှထုတ်ပယ်လိုက်တော့၏။ မကြာသေးမီကပင် ကိုနုသည်လည်း ကျောင်းအုပ်ကြီးအား ပစ်ပစ်ခါခါ ဝေ ဖန်မှုဖြင့် ကျောင်းထုတ်ခံခဲ့ရသောကြောင့် ကျောင်းသားများထဲတွင် မကျေနပ်မှု၊ ဒေါသထွက်မှု ပို၍များပြားလာ လေသည်။ သို့ဖြင့် သပိတ်မှောက်ရန် ဆုံးဖြတ်ကြပါတော့သည်။တက္ကသိုလ်စာမေးပွဲများစစ်ချိန် ဖြစ်လေရာ ဤဆုံးဖြတ်ချက်မှာ အထူးလေးနက်သည့် ကိစ္စတရပ်ဖြစ်ပါသည်။ သပိတ်သတင်းမှာ ချက်ချင်းပင် ဟိုလေးတကျော်ဖြစ်သွားလေသည်။ သတင်းစာများနှင့်တကွ တနိုင်ငံလုံးက သပိတ်မှောက်ကျောင်းသားများကို ကြင်နာစွာ ထောက်ခံကြပါသည်။

ဤကဲ့သို့ အများထောက်ခံမှုကို ရယူနိုင် ခြင်း၊ လေးစားလောက်အောင် စီမံကွပ်ကဲနိုင်ခြင်း၊ စည်းကမ်းရှိခြင်း စသည်တို့ကြောင့် ကျောင်းသားများ၏ လုပ်ရည်ကိုင်ရည်နှင့် ကျောင်းသားအင်အား၏ တန်ခိုးအာနိသင်ကို လူကြီးပိုင်း နိုင်ငံရေးသမားများ အသိအ မှတ်ပြုလာကြရသည်။ အစိုးရအနေဖြင့်လည်း သပိတ်မှောက်သူများ၏ မကျေနပ်ချက်များကို လေးနက်စွာ မ စဉ်းစား၍ မဖြစ်တော့ပါ။ နောက်ဆုံး၌ နိုင်လူမင်းထက်ပြုတတ်သော ကျောင်းအုပ်ကြီးမှာ အငြိမ်းစားယူလိုက်ရ ၏။ တက္ကသိုလ်အက်ဥပဒေတွင် ကျောင်းသားများထည့်သွင်းလိုသော ပြင်ဆင်ချက်များကို လေ့လာရန် ကော်မ တီတရပ်ကိုလည်း ဖွဲ့စည်းလိုက်ရပြီး အရေးမပါလှသော တောင်းဆိုချက်များကိုမူ လိုက်လျောလိုက်လေသည်။လူငယ်အမျိုးသားရေးဝါဒီများ၏ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသည့် မှတ်တိုင်တတိုင်ဖြစ်သော ၁၉၃၆ ခုနှစ်သပိတ်ကြောင့် ကိုအောင်ဆန်းသည်လည်း ကျောင်းသားခေါင်းဆောင်တဦးအဖြစ် လူသိများလာ ပါသည်။ သူ့ဂုဏ်သိက္ခာလည်း အရှိန်မှန်မှန်မြင့်မားလာပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် သပိတ် မှောက်ပြီးနောက် တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့၏ အမှုဆောင်အဖွဲ့များ တွင်လည်း တဆင့်ထက်တဆင့် ပိုမိုအရေးပါသော အမှုဆောင်နေရာများတွင် တာဝန်ထမ်းဆောင်ရ၏။၁၉၃၈ ခုနှစ်တွင် သမဂ္ဂနှစ်ရပ်စလုံး၏ ဥက္ကဋ္ဌဖြစ်လာပါသည်။ ထိုအချိန်၌ ကိုအောင်ဆန်း တက္ကသိုလ်မှ ၀ိဇ္စာဘွဲ့ ရပြီး၍ ဥပဒေ၀ိဇ္စာတန်းတွင် တက်ရောက်နေ၏။ ထိုကဲ့သို့ ဥပဒေတန်းဆက်တက်နေခြင်းမှာ တက္ကသိုလ်တွင် ဆက်လက်နေထိုင်လှုပ်ရှားနိုင်ခွင့်ရရှိရန်ဟူသော အကြောင်းလည်း ပါဝင်ပါသည်။ ဖြောင့်မတ်တည်ကြည်ခြင်း၊ ဇွဲလုံ့လကြီးခြင်း၊ အလုပ်လုပ်နိုင်စွမ်းရှိခြင်း စသည်တို့ကြောင့် ကိုအောင်ဆန်းအနေဖြင့် လေးစားခြင်းခံရသော် လည်း အခြားကျောင်းသားခေါင်းဆောင်များကဲ့သို့ ယဉ်ကျေးသိမ်မွေ့၍ ဆက်ဆံရေးပြေပြစ်ခြင်းမရှိသော လူ့ဂွ စာတဦးပင် ဖြစ်ပါသည်။သုန်သုန်မှုန်မှုန်နေတတ်ခြင်း၊ မသပ်ရပ်ခြင်း၊ စိတ်မပါလျှင် သူတပါး အနေရကြပ်လောက်အောင် တုံဏှိဘာဝေ နေတတ်ခြင်း၊ စိတ်ပါပြန်တော့လည်း သူတပါး မခံနိုင်လောက်အောင် စကားဖောင်ဖွဲ့ခြင်းနှင့် အခြားထောင့်မ ကျိုးသော အမူအကျင့်တို့ကြောင့် ကိုအောင်ဆန်း မကြာခဏ အဝေဖန်ခံရပါသည်။ သူကိုယ်တိုင်လည်း “ရံဖန် ရံခါ လူ့ယဉ်ကျေးများနှင့် အသားမကျခဲ့ချေ၊ မျက်စေ့နောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူ့ယဉ်ကျေးများ နှင့် ငါ လူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိလာသည်” ဟု ရေးသားခဲ့ဖူး၏။ သို့သော် လူရိုင်းများကို အောင် ဆန်းမြင်ပုံမှာ စိတ်ကူးယဉ်ဆန်၏။ ရိုးဖြောင့်တည်ကြည်၊ ကျန်းမာသန်စွမ်းပြီး၊ လွတ်လပ်ချမ်းသာစွာ နေထိုင်သူ များဟု သူက အမွှန်းတင်ထားခြင်းပင်ဖြစ်ပါသည်။၁၉၃၈ ခုနှစ်တွင် ကိုအောင်ဆန်းသည် ၁၉၃၀ ခုနှစ်တွင် ဒို့ဗမာအစည်း အရုံးထဲသို့ ၀င်ရောက်လှုပ်ရှားနိုင်ရန် တက္ကသိုလ်မှ ထွက်လိုက်ပါသည်။ ထိုအစည်းအရုံးသည် အမျိုးသားရေး စိတ်ဓာတ်ပြင်းပြ၍ နုပျိုတက်ကြွသည့် အခြေခံလက္ခဏာရှိပြီး အစည်းအရုံးခေါင်းဆောင်များသည် သက်ကြီး နိုင်ငံရေးသမားများနှင့်မတူ တမူထူးခြားကြပါသည်။

မျိုးချစ်အရေးတော်ပုံ၌ ဘ၀ကိုမြှုပ်နှံရန် အာသီသပြင်းထန် နေသော ခေတ်သစ်ပညာတတ်လူငယ်များက ထိုသက်ကြီးနိုင်ငံရေးသမားများသည် ရဲသင့်သည်လောက်မရဲ၊ မြန်မာဆန်သင့်သည်လောက်မဆန်၊ အခြေခံမှ ပြောင်းလွဲမှုများလုပ်ရန် ဆန္ဒရှိသင့်သည်လောက်မရှိ၊ ငယ်ရွယ် သင့်သလောက်လည်း မငယ်ရွယ်ဟု ယူဆကြပါသည်။ဒို့ဗမာအစည်းအရုံးဝင်များကို လူတိုင်းက ကြိက်ကြသည်တော့မဟုတ်ပါ။ အချို့က သူတို့ကို ကလေကချေ ပြ ဿနာရှာနေသော လူမိုက်လူဆိုးလေးများဟူ၍ အထင်သေးပြီး၊ အမည်ရှေ့တွင် ‘သခင်’တပ်၍ ခေါ်ဝေါ်ခြင်းကို ကြီးကျယ်သည်၊ မလုပ်သင့်မလုပ်ထိုက်ဟု ဝေဖန်ကြပါသည်။ ဗြိတိသျှအုပ်ချုပ်ရေးသမားများကို လက်အောက် ခံဖြစ်နေသော ဗမာတို့က ‘သခင်’ ဟု ခေါ်လေ့ခေါ်ထရှိရာ၊ ဗမာများသည် ကျွန်မျိုးမဟုတ် ကိုယ့်ကိုကိုယ် အုပ်စိုးနိုင်သည့် မွေးရာပါအခွင့်အရေးရှိသူများဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ရဲရဲတင်းတင်း ဖေါ်ပြသည့်အနေ နှင့် အစည်းအရုံးဝင်များက ‘သခင်’ ဘွဲ့ကို သုံးစွဲခြင်း ဖြစ်ပါသည်။အတွင်းသဘောထား မတိုက်ဆိုင်မှုများကြောင့် ဒို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသွားပါသည်။ သခင်အများစုပါ ၀င်သည့် အပိုင်းကို ခေါင်းဆောင်သူမှာ မြန်မာ့စာပေနှင့် နိုင်ငံရေးလောကတွင် အထင်ကရပုဂ္ဂိုလ်ကြီးဖြစ်ပြီး မူလက အစည်းအရုံး၏ နာယကဖြစ်သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖြစ်ပါသည်။ ကိုအောင်ဆန်းလည်း သခင်ကိုယ်တော်မှိုင်း ဦးဆောင်သည့် ဒို့ဗမာအစည်းအရုံးဝင်တဦး ဖြစ်လာပါသည်။ ‘မှိုင်းသခင်’ များအနက် ကိုနု၊ ကိုလှဖေနှင့် ကိုသိန်းဖေတို့အပြင် ကျောင်းသားခေါင်းဆောင်များ မဟုတ်ခဲ့သော်လည်း မြန်မာ့နိုင်ငံရေး တွင် ထင်ရှားအရေးပါလာမည့် သခင်သန်းထွန်းနှင့် သခင်စိုးတို့လည်းပါဝင်ပါသည်။ မကြာမီ သခင်အောင်ဆန်း သည် ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖြစ်လာပြီးနောက် အစည်းအရုံး၏ ကြေညာစာတမ်းကို စီ ရင်ရေးသားခဲ့ပါသည်။   

 ၁၉၃၈-၁၉၃၉ ခုနှစ်များတွင် ‘၁၃၀၀ ပြည့် အရေးတော်ပုံ’ ဟု အမည်တွင်မည့် အရေးအခင်းများ ဖြစ်ပေါ်ခဲ့ပါ သည်။ ရေနံမြေအလုပ်သမားများ ချီတက်ပွဲ၊ တောင်သူလယ်သမားများ ချီတက်ပွဲ၊ ရဲ၏ နံပါတ်တုတ်ဒဏ်ဖြင့် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသော ကျောင်းသားဆန္ဒပြပွဲ၊ ထိုဖြစ်ရပ်ကြောင့် ပေါ်ပေါက်ရသော နိုင်ငံအ၀ှမ်း ကျောင်းသားသပိတ်များ၊ ဗမာတို့နှင့် အိန္ဒိယအနွယ် မူဆလင်များအကြား ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အလုပ် သမားများသပိတ်၊ ရဲ၏ လက်ချက်ဖြင့် အာဇာနည် (၁၇) ဦး ကျဆုံးခဲ့သော မန္တလေးဆန္ဒပြပွဲ၊ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျသွားခြင်း စသည်တို့ တသီတတန်းကြီး ဖြစ်ပေါ်ခဲ့ပါသည်။ဤအရေးအခင်းများကြောင့် နိုင်ငံအတွင်း မကြုံစဖူး မငြိမ်မသက် ဆူဆူပွက်ပွက်ဖြစ်လာပြီး အမျိုးသားရေးလှုပ် ရှားမှုများ အရှိန်အဟုန်ပြင်းထန်လာသည်။ သို့သော် ဤမျှစိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များ အကြားကပင် မြန်မာ့ နိုင်ငံရေး၏ ကပ်ကြီးနှစ်ပါးဖြစ်သော ဂိုဏ်းဂဏ၀ါဒနှင့် မနာလိုမုန်းတီးရေးဝါဒတို့၏ ဆိုးဝါးသော အရှိန်သြဇာများ လွှမ်းမိုးလာ၏။ အုပ်စုတအုပ်စု၊ လူတဦးချင်းတို့အနေနှင့် မိမိတို့သာလျှင် အထိ ရောက်ဆုံး၊ မျိုးချစ်စိတ်အထက်သန်ဆုံး၊ အတော်ဆုံးဟူ၍ ဂုဏ်တု၊ ဂုဏ်ပြိုင်လုပ်လိုသော စိတ်ရူး များဝင်ကာ အပြန်အလှန် စွပ်စွဲပုတ်ခတ်မှုများ၊ ခါးသီးမှုများ ပျံ့နှံ့လာလေသည်။ဂိုဏ်းဂဏစိတ်နှင့် မနာလိုဝန်တိုစိတ်များမှ ကင်းရှင်းသည်ဟု အများက သတ်မှတ်ထားသော လူနည်းစုလေး တွင် သခင်အောင်ဆန်း ပါဝင်၏။

သူသည် လက်ဝဲ၀ါဒများဘက်သို့ယိမ်း၍ ၁၉၃၉ ခုနှစ်တွင် ပေါ်ပေါက်လာ သော အချို့က မာ့က်ဆ်ဝါဒ လေ့လာရေးအုပ်စုဟူ၍လည်းကောင်း၊ အချို့က ပထမဦးဆုံး မြန်မာကွန်မြူနစ်က လပ်စည်းဟူ၍လည်းကောင်း ခေါ်ဝေါ်သည့်အုပ်စုကို တည်ထောင်ခဲ့သူတဦးဖြစ်ပြီး၊ ထိုအုပ်စု၏ အထွေထွေအ တွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့၏။ သို့သော် သခင်အောင်ဆန်းသည် ကွန်မြူနစ်ဝါဒကိုသော်လည်း ကောင်း၊ အခြားတင်းကြပ်သော ၀ါဒများကိုသော်လည်းကောင်း၊ မဆင်မခြင် အစွန်းရောက်အမြင်ဖြင့် ယုံကြည် လက်ခံခြင်းမရှိခဲ့ပါ။ ကျယ်ဝန်းထွေပြားသော ဆိုရှယ်လစ်သီအိုရီ အယူအဆအမျိုးမျိုးအနက် သူ့အားဆွဲဆောင် နိုင်သော သဘောတရားများ အတော်အတန်ရှိခဲ့ပါသည်။ သို့သော် သူ၏ အဓိကရည်မှန်းချက်မှာ သူ့တိုင်းပြည် အတွက် လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ်ရေး စွမ်းဆောင်ပေးနိုင်မည့် အတွေးအခေါ်များ၊ နည်းဗျူဟာများ ကို လေ့လာသုံးစွဲရန်သာဖြစ်ပါသည်။၁၉၃၉ ခုနှစ် ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ်မီး စတင်လောင်ကျွမ်းပြီး များမကြာမီ ‘ကိုလိုနီဝါဒအခက်၊ လွတ်လပ်ရေးအချက်’ ဟုမြင်ကာ ‘ထွက်ရပ်ဂိုဏ်းကြီး’ တည်ထောင်နိုင်ရန် သခင်အောင်ဆန်း ကူညီပေးခဲ့ပါ သည်။

ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီ၊ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသားများနှင့် ပုဂ္ဂလိကနိုင်ငံရေးသ မားများ စုပေါင်းဖွဲ့စည်းလိုက်သော ထို ‘ထွက်ရပ်ဂိုဏ်းကြီး’ သည် သခင်အောင်ဆန်း၏ တီထွင်မှုဖြစ်သည်ဟု သခင်နုက သတ်မှတ်ခဲ့၏။ ‘ထွက်ရပ်ဂိုဏ်းကြီး’ ၏ ပြည်သူလူထုကို တိုက်တွန်းဆော်သြချက်မှာ စစ်ပြီးသည်နှင့် လွတ်လပ်ရေးပေးရန်သဘောတူသော ကတိရမှသာလျှင် ဗြိတိသျစစ်ရေးကြိုးပမ်းချက်များကို ကူညီပံ့ပိုးရမည်။ ဗြိတိသျှအစိုးရအနေနှင့် ထိုကဲ့သို့ကတိကြေညာချက်မပြုပါက စစ်ရေးကြိုးပမ်းချက်များကို အင်တိုက်အားတိုက် ဆန့်ကျင်ရမည်။ တုံ့ပြန်သည့်အနေနှင့် ဗြိတိသျှအစိုးရသည် အမျိုးသားရေးလှုပ်ရှားနေသူအများအပြားကို ဖမ်း ဆီးလိုက်ပါသည်။ ၁၉၄၀ ခုနှစ် ကုန်ဆုံးချိန်၌ သခင်ခေါင်းဆောင် အမြောက်အမြားနှင့် ဒေါက်တာဘမော်တို့မှာ ထောင်ထဲရောက်နေကြပေပြီ။ သခင်အောင်ဆန်းကို ဖမ်းဆီးရန် ၀ရန်းအမိန့်ထုတ်ခဲ့သော်လည်း အချိန်မီသတိ ပေးချက်ရသဖြင့် သူသည် ခြေရာဖျောက်ကာ တိမ်းရှောင်သွားနိုင်ခဲ့သည်။



အောင်ဆန်း ၃ အားဆက်လက်ဖတ်ရှုရန်
Kyaw Naing
29/1/2014





Friday, 29 November 2013

“ဇာတိနွယ်” - စိုးမင်း

                      

 

“ဇာတိနွယ်”

November 29, 2013 at 1:07am
           သမီးလေး သူငယ်တန်းတက်ကတည်းက သူ့အဖေဟာ လွယ်အိပ်တစ်လုံးနဲ့ ရွာစဉ်လည်နေရတဲ့အတွက် ဧည့်သွားဧည့်လာ၊ ဘာလိုချင်လဲ၊ ဘယ်သွားချင်လဲလောက်သာ အနိုင်နိုင် အလိုလိုက်နေရတာမို့ သမီးကို သူ့အသက်သူ့အရွယ်အလျောက် သိသင့်သိထိုက်တဲ့ မြန်မာမှု မြန်မာ့ဓလေ့တွေနဲ့ ယဉ်ပါးအောင် သွန်သင်ရတာ တော်တော်တော့ ခက်ခဲပါတယ်။ သူကျင်လည်ရာပတ်ဝန်းကျင်မှာ အဲဒီမြန်မာစရိုက်ကလေးတွေက တဖြေးဖြေး ပျောက်ကုန်တာကိုး။ မြိုင်မြိုင်ဆိုင်ဆိုင် တန်ဆောင်တိုင် ပွဲဈေးတန်းကြီးခေါ်သွားတာတောင်မှ သူစားတတ်တဲ့ မုန့်ပဲသွားရည်စာ တစ်ခုတလေ ရှာမရဘူး။ ကစားစရာ တစုံတရာ လိုချင်စရာ မရှိဘူး။ သူ့ကို မုန့်ကျွေးချင်ရင် Chewy Junior တို့၊ B & B Bakery တို့လိုဆိုင်မျိုး၊ ဒါမှမဟုတ် အနည်းဆုံးတော့ ပီဇာ၊ ဆူရှီ၊ ဒင်းဆမ်း၊ ဘာဂါရတဲ့ဆိုင်မှပဲ ဖြစ်လိမ့်မယ်။ မြန်မာအဖေအမေကမွေးပြီး မြန်မာပြည်မှာကြီးပြင်းလာတဲ့ သမီးလေးဟာ ဘယ်လိုဖြစ်လို့ နိုင်ငံခြားသူတစ်ယောက်လို မြန်မာအစားအသောက်တွေနဲ့ စိမ်းနေမှန်းမသိပါဘူး။
 
              မုန့်ဟင်းခါး၊ ခေါက်ဆွဲမစားတတ်ပဲ ယမ်ယမ်ခေါက်ဆွဲပြုတ် ကြာဆံပြုတ်လောက်ပဲ စားစရာထင်တယ်။ အကြော်စုံ ပူပူနွေးနွေး အချဉ်ရည်မွှေးမွှေးနဲ့ တို့မစားတတ်ပဲ တန်ပူရာကို တိုမားတိုးကက်ချပ်နဲ့ စားချင်တယ်။ မုန့်လေပွေ နဲ့ ကောက်ညှင်းကျည်တောက်အစား ရေညှိထမင်းလိပ်တို့ ဗူးနဲ့လာတဲ့ အာလူးကြော် အလိန်အလိန်တွေပဲ စားတတ်တယ်။ ဈေးထဲက၀ယ်တဲ့ မုန့်ပဲသွားရည်စာ ဘယ်ဟာကိုမှ မစားတတ်ပဲ ရှော့ပင်မောကြီးတွေပေါ်က ဆိုင်တွေ ကန္နားတွေကပဲ ကောင်းတယ်လို့ထင်တော့တယ်။ တစ်ခုခုတော့ မှားနေပြီ။ ကလေးကမှားတာ မဟုတ်ဘူး။ ကလေးကို မြန်မာ့ပတ်ဝန်းကျင်နဲ့ ရင်းနှီးခွင့်မပေးတဲ့ ကိုယ်က မှားနေတာ။ အလိုလိုက်ချင်ဇောနဲ့ နှမြောတွန့်တိုခြင်းကင်းစွာ ကောင်းမယ်ထင်ရာ၊ နံမည်ကြီး ခေတ်စားရာ၊ ကြေးရည်တတ်တို့ ပလွှားရာ နေရာထိုင်ခင်း အစားအသောက်တို့ကို ရင်းနှီးကျွမ်းဝင်စေတဲ့အခါ အခုနောက်ဆုံး သတိထားမိလိုက်တာက အဲသည်ဟာတွေ အကုန်လုံး မြန်မာအငွေ့အသက် တစက်ကလေးမှ မပါပါလား လို့ သိလိုက်ရတယ်။ နောက်ဆုံးတော့ ကိုယ့်ကလေးဟာ မြန်မာစာ မစားတတ်တဲ့ဘ၀ကိုရောက်တယ်။ ဒီအချိန်ရောက်မှတော့ စားကြည့်ပါ သမီးရယ်။ ဘယ်လိုကောင်းတာ။ ဘယ်သို့ဘယ်ချမ်းသာ။ စိတ်ပါအောင်ပြောသော်လည်းပဲ သူစားနေကျ မဟုတ်လို့ လက်ဖျားနဲ့တောင် မတို့တော့ဘူး။ ကလေးဆိုတော့ မုန့်ကိုပဲ မက်သေးတာပေါ့။ အရွယ်ရောက်လာလို့ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ပါ ဝေးကွာစိမ်းကားသွားမယ်ဆိုရင် ခက်ရချည်ရဲ့နော်။
 
                ဒီလိုတော့ ဖြစ်သေးပါဘူးလေ။ အခု သူ့အဖေ ရန်ကုန်ရောက်ပြီး သူ့အနားမှာနေရတုန်း အားရင်အားသလို မြန်မာမှု ကျူရှင် ပေးတဲ့အနေနဲ့ ဖေဖေပုံပြောမယ် အလုပ်လုပ်နေရတယ်။ အတော်ပါပဲ။ ရန်ကုန်ကားလမ်းတွေကလည်း ပိတ်ပါဘိသနဲ့။ ညနေဘက် သူ့ကျူရှင် ကြိုရင်ပို့ရင် အနည်းဆုံး အသွားတစ်နာရီ အပြန်တစ်နာရီစာလောက် လက်ချာရိုက်လို့ရတယ်။ စပ်မိစပ်ရာကလေးတွေကတဆင့် “သမီးရေ။ အဖေတို့ငယ်ငယ်တုန်းကတော့ဖြင့် ဘယ်လိုကွဲ့။” “ဟိုးရှေးရှေးတုန်းကတော့ သည်လို မဟုတ်ဘူးကွဲ့။”  နဲ့ ကိုယ်ပြောချင်တာလေးတွေကို သူစိတ်ဝင်စားအောင် သိုင်းဝိုင်းရှင်းပြတယ်။ တခါတခါတော့လည်း သူ့ပြောချင်တာလေးတွေ ဖေ့စ်ဘုတ်ပေါ် မှတ်စုရေးတင်ပြီး သမီးအကြောင်း ရေးထားတယ် ဖတ်ကြည့် လို့ ပြရတယ်။ ဒါမှ သူ့အတင်း ဘာတွေတုပ်ထားပလဲ မသိဘူးဆိုပြီး ဖတ်ချင်လာမှာလေ။
 
           ကာတွန်းကလေးတွေ ပုံပြင်ကလေးတွေကဆင့် အပြင်စာကလေးတွေဖတ်ဖို့ တာစူလာတဲ့သမီးလေးကို ကိုယ်ငယ်ငယ်တုန်းကလိုပဲ မြန်မာအငွေ့အသက်ကလေးတွေနဲ့ ပြန်လည်နွေးထွေးလာစေဖို့ တစ်နည်းတစ်ဖုံ ထပ်ကြိုးစားကြည့်မိပါတယ်။ အဲဒါကတော့ ဆရာကြီး မင်းသုဝဏ်တို့ ဆရာမကြီး ဒေါ်နုယဉ်တို့ရဲ့ ကလေးစာပေကလေးတွေ ရှာဖွေ မိတ်ဆက်ပေးရတာပါပဲ။ တကယ်တော့ အဲဒါတွေက သူ့အရွယ်နဲ့ဆိုရင် တော်တော် နောက်ကျနေပြီ။ ဆွမ်းအုပ်နီနီ အမေရွက်တဲ့ အရွယ်မှ မဟုတ်တော့တာ။ ဒါပေမယ့် ခရာဆူးခြုံဟိုအထဲက မျှော့နက်မည်းကြီးဆိုတာကို သူမမြင်ဖူးဘူး။ အုန်းလက်နွားလေးဆိုတာလည်း  ဘယ်လိုဟာလည်း သူမသိဘူး။ သူ့ပတ်ဝန်းကျင်မှာ ခရာဆူး ဆူးလေဆူးတွေမှမရှိတာ။ ယိုယီးလေး မောင်ပန်းမွှေး လို့ ပြောလိုက်ရင် ယိုယီးလေးဆိုတာ ဘာပြောမှန်း သူမသိဘူး။ သူကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်မှာ အဲဒါတွေ မရှိတော့ဘူး။ ဒီတော့ သူမရောက်ဖူးတဲ့ ပတ်ဝန်းကျင်က သူမမြင်ဖူးတဲ့အရာတွေကို သူ့အဖေက အရုပ်ရေးပြသလို ဖွဲ့ကာနွဲ့ကာ ရှင်းပြရတယ်။
 
             မုန့်ဆီကြော်ကလေး မြင်ရင်တောင် “အဲဒီမုန့်က သမီးမစားပေမယ့် မြန်မာမုန့်ထဲမှာ ကောင်းလွန်းလို့ နတ်တွေတောင် တန်းတန်းစွဲတဲ့မုန့်။ ၀ါဝင်ဝါထွက် အဲဒီမုန့်မပါရင် နတ်တွေက စိတ်ဆိုးကြလို့ အဖြူတမျိုး အနီတမျိုးလုပ်ပြီး မပျက်မကွက် ကန်တော့ရတယ်။ မမနှဲလို့ခေါ်တဲ့ ကလေးနတ်ကလေးဆို မုန့်ဆီကြော် သိပ်ကြိုက်တာ။ မြန်မာနတ်ထဲမှာ ကလေးနတ်တွေလည်း ရှိတယ်။ နတ်သူငယ်လို့ခေါ်တယ်။ နဲဗားလန်းက ပီတာပင်တို့လိုပေါ့။ မမနှဲရဲ့ နံမယ်က ရှင်နှဲမိလို့ခေါ်တယ်။ သမီးဖွားဖွားအိမ်မှာ ဆွဲထားတဲ့နတ်အုန်းသီးကြီးက သူ့ဦးရီးတော်တာပေါ့။ အဲဒီအုန်းသီးကြီးကို ညဘက်ကျ ဘာဖြစ်လို့ လိုက်ကာအနီကြီး ဆွဲဆွဲပိတ်သလဲ သိလား။ ….” အဲသလိုမျိုး တောင်စဉ်ရေမရ စကားစရှာပြီး ကျပန်းစကားပြောပွဲလုပ်ရတယ်။ ဒါတွေက အရင်တုန်းက မြန်မာတွေ အယူသည်းကြတာလို့ ရှင်းပြပေမယ့်လည်း သည်အကြောင်းတွေ မသိရင် မြန်မာမှုနယ်ပယ်မှာ နားလည်နိုင်ဖို့ခက်တာတွေမို့ စကားစပ်တုန်း ကြားဖူးနားဝတော့ ရှိစေရတယ်။ နို့မို့ဆို သမီးလည်း ဂျပန်ကကလေးတွေလို ဟောလိုးဝင်းနဲ့ ဗယ်လင်တိုင်းပဲ သိပြီး ကိုယ့်ရိုးရာကိုယ် ဘာမှန်းမသိမှာစိုးလို့။
 
              သရဲချင်းအတူတူတောင်မှ ပါးစောင်မှာ သွေးစက်လက်နဲ့ အစွယ်ထွက်နေတဲ့ အင်္ဂလိပ်သွေးစုတ်ကောင်၊ လက်ညှိုးကလေး ရှေ့တန်းလန်းထိုးပြီး ခုန်ဆွခုန်ဆွသွားတဲ့ တရုတ်သရဲ၊ ဆံပင်ဖားလျားနဲ့ ခေါင်မိုးထုတ်တန်းက ဇောက်ထိုးဆင်းလာတဲ့ ယိုးဒယားသရဲတို့ဟာ ကိုယ့်မြန်မာပုံပြင်တွေထဲက သရဲသဘက်တွေနဲ့ မတူကြောင်း ပြချင်လို့ ကိုကိုလေးရဲ့ မှော်ဆရာ့မှတ်တမ်းတွေ ရှာပြီး ပေးဖတ်ရတယ်။ ကြောက်ရတဲ့အရသာချင်းတူရင်တောင် ကိုယ့်သရဲကိုယ်ကြောက်ရတာက စေးစေးပိုင်ပိုင်ရှိတယ်လို့ သိစေချင်လို့။ အဆုံးသတ်မှာတော့ တကယ်ရှိရှိ မရှိရှိ၊ တစ္ဆေတို့ သရဲတို့ဆိုတာ ကြောက်စရာ မဟုတ်ဘူး။ မေတ္တာပို့စရာသာဖြစ်တယ်လို့ ရှင်းပြရတယ်။ သရဲကြောက်တယ်ဆိုတာ ခံစားမှုရသတစ်မျိုး လို့ သမီး လက်ခံနိုင်ဖို့ ခက်ပါတယ်။ စာပေရဲ့ ရသကိုးပါးအကြောင်းမှ မသင်ရသေးတာကိုး။ လျှာကအရသာတောင်မှပဲ သူက အချဉ်၊ အခါး နဲ့ အစပ်ကို အရသာရယ်လို့ လက်မခံနိုင်သေးဘူး ဖြစ်နေတယ် မဟုတ်လား။
 
          ကိုယ့်သမီးတိုးရစ်စ်မကြီးကို sight seeing ကြည့်စရာ ပုဂံ နဲ့ ပဲခူးကိုတော့ ရောက်အောင် ခေါ်သွားပြီး မြန်မာရာဇ၀င်အူပေါက်ကို ပတ်ချာနှောက်နေအောင် ဟိုရောက်သည်ရောက် ဇာတ်စုံခင်းပြခဲ့ပြီး ဖတ်စရာမှတ်စရာ အတိုအစလေးတွေ ရှာပေးခဲ့တာလည်း မြန်မာ့သမိုင်းထဲကို အလည်ခေါ်တာပေါ့လေ။ ရွှေတိဂုံဘုရားတက်ရင်တောင် သူ့ကို ဧည့်သည်ရှင်းသလို ရှင်းရှင်းပြနေရတာ ပြန်တွေးကြည့်မှ ကိုယ်မွေးထားတဲ့သမီးဟာ ဘယ်လောက်မြန်မာမှုနဲ့ အလှမ်းကွာသလဲ သတိထားမိတယ်။ လူဆိုတာ ကိုယ်နဲ့ပတ်သက်တော့မှ နီးစပ်တယ်ထင်ကြတာမို့ သူကန်တော့တဲ့တန်ဆောင်းကလေးတွေ နေရာကလေးတွေဆို အဖေငယ်ငယ်က ဘုရားရောက်တိုင်း ဒီနေရာလေးတွေမှာ ပုတီးစိတ်ဖူးတယ်။ ဘတ်စကားလေးနဲ့လာတော့ ဘယ်ကနေစီးရင် ဘယ်နေရာရောက်တာ။ အရင်တုန်းက ဒီနေရာမှာ ကြာပွတ်ကိုင်ထားတဲ့ ကုလားရုပ်ကြီးတွေ ရှိတယ်။ “ရွှေတိဂုံ ရွှေတိဂုံဘုရားကိုလ ကျားတက်တာ ငါးရက်ကြာ” ဆိုတဲ့ ဦးပေါစံကြီး စည်းတစ်ခြမ်းတင်တဲ့ သီချင်းလေးဆိုပြ။ အရင်တုန်းက ရန်ကုန်မှာ ကျားတွေဆင်တွေ ရှိတယ်လေ။ ကျားတောရတို့၊ ကျားကွက်သစ်တို့ဆိုတဲ့ ရပ်ကွက်တွေ အကြောင်းပြောပြ။ အသက်ကြီးလာလို့ ငယ်ငယ်ကအကြောင်းတွေ ချေးခြောက်ရေနှူး ပြောတတ်တဲ့အကျင့်ရလာတာလို့ ထင်ပေမယ့်လည်း ကိုယ့်အဖေ ကိုယ့်အဖွားတွေ အဲသလိုမျိုး ပြောပြခဲ့လို့ ကိုယ်လည်း မသိမမှီလိုက်တဲ့ ကိုယ့်ရေကိုယ့်မြေအကြောင်းတွေကို ကြားဖူးနားဝဖြစ်လာတာ။ သမီးကိုလည်း ပြောအပ်တယ် လို့ ထင်မိတယ်။  
 
               ဒီဟာတွေကို ဘာဖြစ်လို့ သမီးလေး သိစေချင်ရသလဲဆိုတော့ လူတွေမှာ ကိုယ့်အရပ်ကိုယ့်ဇာတိအပေါ်မှာ ခင်မင်တွယ်တာတဲ့စိတ် ဇာတိနွယ်ဆိုတာ ရှိတယ်။ အဲဒီစိတ်က ကိုယ်ဟာ ဘာလဲ။ ဘယ်အမျိုးအနွယ်က လာသလဲဆိုတဲ့ သိမှတ်ခံစားမှုတစ်ခု (Identity) ကိုပေးသလို၊ အဲသည်အရပ်ဒေသအပေါ်မှာ ခင်မင်တွယ်တာမှု (Attachment) ဆိုတာကိုလည်း ပေးတယ်။ အဲသည်အရပ် အဲသည်ဒေသမှာ ကိုယ့်အိမ်ကိုယ့်ယာလို ခံစားရတဲ့ စိတ်လုံခြုံမှု (Sense of Security) ကိုလည်း ပေးတယ်။ ဘူတန်မှာနေတုန်းက ကိုယ်နေတဲ့တစ်ရပ်တစ်ရွာလုံးမှာ မြန်မာလိုပြောဖို့ တစ်ယောက်တစ်လေတောင် ရှာမရတဲ့အခါ နားထဲမှာ မြန်မာသီချင်းသံကလေးတွေ နေ့ရောညပါ ကြားယောင်ဆိုညည်းနေမိလို့ အာရုံထင်မှားတဲ့ရောဂါလက္ခဏာ(Hallucination)များ ပေါ်နေပြီလားလို့ အောင့်မေ့မိတယ်။ မြန်မာတစ်ယောက်အနေနဲ့ မြန်မာလိုပြောပြီး မြန်မာစာစားရတာ ဘာနဲ့မှမတူအောင် အရသာရှိမှန်း နိုင်ငံခြားရောက်နေတဲ့ မြန်မာတိုင်း သိကြတယ်။ ကိုယ့်သမီးကျမှ အဲသလို မခံစားတတ်တော့ပဲ မြန်မာပြည်ကို မေ့သွားမှာ စိုးတာပေါ့။
 
              နိုင်ငံတကာနဲ့ ယှဉ်လာတဲ့အခါမှာ သူများဆီက သင်စရာ၊ တတ်စရာ၊ အတုခိုးရာတွေ အများကြီးရှိတယ်။ အဲဒါတွေနောက် ကောက်ကောက်ပါအောင် လိုက်သွားမိတဲ့အခါ ကိုယ့်ဆီကနဂိုအခံရှိတဲ့ မူရင်းယဉ်ကျေးမှုကလေးတွေက ကြာလေမှိန်လေ ပျောက်ကွယ်သွားတတ်တယ်။ ဒါကြောင့် သူများဟာတွေ မနှီးနှောခင် ကိုယ့်ယဉ်ကျေးမှု အခြေခံကလေးတွေကို ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ ရင်းနှီးစေချင်တယ်လေ။ ကိုယ့်ကိုယ်ကိုယ် မြန်မာလို့မှ မခံစားတတ်ဘူးဆိုရင် မြန်မာပြည်ကြီးကို ဘယ်လိုချစ်မလဲ။ တိုင်းပြည်အစုတ်အပြတ်ကြီးလို့ပဲ မြင်မှာပေါ့။ ရုပ်ဝတ္ထုချင်း ယှဉ်ရင် ဘယ်နိုင်ငံနဲ့ယှဉ်ယှဉ် ယှဉ်လို့မှ မရတော့ပဲကိုး။ ဒါဖြင့် စိတ်နေစိတ်ထားချင်း ယှဉ်မလား။ သေသော်မှတည့် သြော်ကောင်း၏ ပါဗျာ။ ဘယ်အရာနဲ့မှ မယှဉ်ပါနဲ့။ “တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ။” ဆိုတဲ့ စိတ်ကလေးတစ်ခုနဲ့သာ မျက်လုံးစုံမှိတ်ပြီး ချစ်လိုက်ပါ။ အဲသလိုချစ်မြတ်နိုးလာစေဖို့ ကိုယ့်မြန်မာစာ မြန်မာမှုနဲ့ မစိမ်းအောင် ယဉ်ပါးအောင် နွေးထွေးအောင် မိတ်ဆက်ပေးတာပေါ့။ အဆုံးသတ်တစ်နေ့မှာ ဘာကိုမှ မမှတ်မိဘူးဆိုရင်တောင် “ငါ့အဖေ သိပ်ချစ်တဲ့ သူ့တိုင်းပြည်ပေါ့။” လို့ မှတ်မိနေရင် တော်ပါပြီ။
 
          မျိုးနွယ်ဇာတိဆိုတာ ချစ်ရုံကလေး တွယ်တာရုံကလေးနဲ့လည်း မပြီးသေးပါဘူး။ နောက်တဆင့်တက်ရင် ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ ပါသေးတယ်။ အဲသလို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ဟိန္ဒူတွေလို အမျိုးဇာတ်ကို မပျက်အောင် စောင့်ထိန်းတာသက်သက်၊ သကျသာကီဝင်တွေလို သူများသွေးအနှောမခံပဲ ကိုယ့်သွေးသားချင်း လှည့်ပတ် လက်ဆက်ရုံသက်သက်ကတော့ အနှစ်သာရ မပါပါဘူး။ တကယ်တမ်းဆက်ခံသင့်တဲ့အထဲမှာ မျိုးရိုးဂုဏ်ဆိုတာပါသေးတယ်။ တီဗီထဲမှာ ကြားကြားနေရတဲ့ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးဆိုတာကြီး နားကြားပြင်းကပ်တာနဲ့ ကိုယ့်ဆွေဂုဏ်မျိုးဂုဏ်ကို မထိန်းသိမ်းတတ်ပဲ နေမှာစိုးတယ်။ “အလိုလေး။ ဘ၀င်တွေလွှတ်မြင့်နေပြီ။ ဒင်းတို့က ဘယ်အမျိုးဘယ်အနွယ်က ဆင်းသက်လာလို့ပါလိမ့်။” လို့ မဲ့ချင်ရွဲ့ချင်ကုန်ကြရော့မယ်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဆီက အစဉ်မပျက် ထီးရိုးနန်းဆက်ကလာလည်း ကိုယ်ကတော့ ဂုဏ်ရှိတယ် မထင်ပေါင်။ ရွှေမျိုး စိန်မျိုး၊ နေမျိုး လမျိုး၊ ဟိုးဟိုးကျော် ထိပ်ထိပ်ကြဲ လျှမ်းလျှမ်းတောက် ဂုဏ်သိမ်သတင်းနဲ့နေတာမို့လည်း ဦးခိုက်ရိုကျိုး လက်စုံမိုးမနေနိုင်ပေါင်။
 
            ဘာမှမဟုတ်တဲ့ ကိုယ့်မျိုးရိုးစဉ်ဆက်ကိုတော့ ဘယ်သူတွေ မလေးစားလေးစား ကိုယ့်ဘာသာ တလေးတစားနေနိုင်အောင် ကြိုးစားတယ်။ ကိုယ့်မျိုးရိုးက မြန်မာ၊ ဒါကြောင့် မြန်မာမှု မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို အလေးထားတယ်။ အမျိုးဂုဏ်နဲ့ပတ်သက်လာရင် ကိုယ်တို့ဆရာကြီးမင်းသုဝဏ်လည်း သူ့အမျိုးသူ ဂုဏ်ယူပါသတဲ့။ သူ့နှမ ဒေါ်နုယဉ်ကမွေးတဲ့ သူ့တူကလေးကို ဘယ်လိုပြောသလဲဆိုတော့ “ငါတို့ဆွေတွေမျိုးတွေထဲမှာ ဆင်းရဲချင် ဆင်းရဲမယ်။ ချမ်းသာချင် ချမ်းသာမယ်။ လိမ်တာ ကောက်တာ နံမည်ပျက်တာတော့ တစ်ယောက်မှ မပါဘူး။” တဲ့။ သေသေချာချာတွေးကြည့်ရင် ကြက်သီးတောင်ထတယ်။ အဲသလိုမျိုး ပြောနိုင်ဖို့ ဆွေစဉ်မျိုးဆက် ဘယ်လောက်တောင် စောင့်ထိန်းခဲ့ရမလဲ။ သူများကြားတာမကြားတာ ယုံတာ မယုံတာကို အလေးမထားပါဘူး။ အဲသည်စကားက ကိုယ့်လိပ်ပြာကိုယ် ရဲရဲကြီးပြောဖို့ဆိုတာ လွယ်သလား။  ကိုယ်လည်းပဲ ကိုယ့်သမီးလေးကို ပြန်ပြောတဲ့အခါ “ဖေတို့ ဆွေတွေမျိုးတွေထဲမှာ ဆင်းရဲချင်ဆင်းရဲမယ်။ ချမ်းသာချင် ချမ်းသာမယ်။ လိမ်တာကောက်တာ နံမည်ပျက်တာတော့ တစ်ယောက်မှ မပါဘူး။” လို့ အားရပါးရ ပြောချင်လိုက်တာ။ စိန်ရွှေငွေ၊ အိမ်ခြံကားတွေထက် အဲသလိုပြောနိုင်တဲ့ ဂုဏ်၊ အဲသလိုပြောရတဲ့အရသာကို သမီးလေး ခံစားနှစ်ခြိုက်နိုင်ပြီဆိုရင်တော့ သူ့အဖေပေးချင်တဲ့ မျိုးရိုးဂုဏ် အမွေအနှစ်ကို ရသွားတယ် လို့ ပြောရမှာပဲ။ အရပ်ထဲမှာတော့ သွားပြောလို့ ဘယ်ရမလဲ။ အရူးမျိုးလို့ အပြောခံရမှာပေါ့။ ရူးနေတဲ့သူ့အဖေက သူ့သမီးလေးကိုလည်း ရူးစေချင်နေတာ ဖြစ်ပါလိမ့်မယ်။ ဒါမျိုးဟာ အရူးချင်းချင်းပဲ နားလည်နိုင်တာ မဟုတ်လား။
 
credit to Saya Soe Min (ဆရာစိုးမင်းဖေ့ဘွတ်မှ ကူးယူဖေါ်ပြပါသည်)

Wednesday, 27 November 2013

ရွှေဝါရောင် ဥပုသ်နေ့ - မင်းလူ

 
ရွှေဝါရောင် ဥပုသ်နေ့



ဆီဈေးကျခြင်းသည် ကျွန်တော့်အတွက် သိပ်မကောင်းလှချေ။ ရှင်းပါမည်။ ကျွန်တော်၏ အိပ်ခန်းသည် မီးဖိုချောင်နှင့် ကပ်လျက်ရှိ၍ မနေသော်လည်း မည်သို့မည်ပုံ ဆက်သွယ်နေမှန်းမသိ။ မီးဖိုချောင်မှ တစ်စုံတစ်ခု ကြော်လှော်လိုက်သည်နှင့် ညှော်နံ့သည် ကျွန်တော့်အခန်းထဲသို့ တန်းခနဲ ရောက်ရှိလာလေတော့သည်။

အရင်ကဆိုလျှင် ဆီဈေးကြီးသောကြောင့် ကျွန်တော်တို့အိမ်တွင် ကြော်လှော်ခြင်းကို သိပ်မပြုနိုင်။ မေမေပြောလေ့ရှိသော “လုံးချက်” ခေါ် ဆီနည်းနည်းဖြင့်ချက်သည့် ဟင်းများဖြင့်သာ ပြီးခဲ့ရသည်။ ယခုအခါတွင်မူ မေမေသည် “ဆီဈေးတွေကျပဟဲ့” ဟုဆိုလျှင် နံနက်တိုင်း ဝမ်းမြောက်ဝမ်းသာ ကြော်၍သာ နေတော့သည်။ ကျွန်တော့်မှာလည်း နံနက်တိုင်း ညှော်၍သာ နေတော့သည်။

ယနေ့နံနက်တွင်လည်း ညှော်နံ့သည် ကျွန်တော့်ကောင်မလေးက “ကိုကို ထတော့လေ” ဟု လာပြောနေသကဲ့သို့ ကျွန်တော့်ကို လာနှိုးနေလေသည်။ နာရီကိုကြည့်လိုက်ရာ ခုနစ်နာရီပဲ ရှိပါသေးသည်။





“မေမေရယ်၊ အစောကြီးရှိသေးတယ်၊ ညှော်က ကြော်နေပြီလား”

“ဒီနေ့ ဈေးမသွားဘူးလေ၊ မနေ့က ညနေကတည်းက တောသည်တွေဆီက အမဲသားဝယ်ထားတယ်၊ မင်းပဲ အမဲသားကိုမျှင်ပြီး ငရုတ်သီးနဲ့ကြော်တာ စားချင်တယ်ဆို”

မေမေက ဒယ်အိုးထဲသို့ အချိုမှုန့်ကို ချိန်ဆ၍ထည့်ရင်း ပြန်ပြောသည်။ ကျွန်တော်ကလည်း အစကတည်းက မေမေ့ကို အပြစ်ဆိုရန် ရည်ရွယ်၍ ပြောခဲ့ခြင်း မဟုတ်သောကြောင့် ဘာမျှပြန်မပြောတော့ဘဲ မျက်နှာသစ်ရန် ထွက်လာခဲ့သည်။

မျက်နှာသုတ်ပြီး၍ အိမ်ရှေ့ခန်းသို့ ထွက်လိုက်သောအခါ စားပွဲပေါ်တွင် လက်ဖက်ရည်ပန်းကန်ကို အဆင်သင့်မြင်လိုက်ရမှ ကျေနပ်တတ်ကြောင်းကို မေမေသည် မပြောဘဲနှင့် သိ၍နေလေသည်။ ထို့ကြောင့်ပင် မေမေသည် “အမေ” ဖြစ်နေခြင်း ဖြစ်ပါလိမ့်မည်။
“ဟဲ့.. နည်းနည်း မြည်းကြည့်စမ်း၊ ဘယ်လိုနေသလဲလို့”
မေမေက အသားကြော် နည်းနည်းထည့်ထားသော အကြမ်းပန်းကန်လုံးကလေးကို ရှေ့မှာလာချ၏။ အဖတ်တစ်ဖတ်ကို ယူ၍မြည်းနေတုန်း မေမေက ကျွန်တော့်ကို စိုက်ကြည့်နေလေသည်။
“ဆံပင်က ရှည်လှပြီကွယ်၊ သွားညှပ်လိုက်ပါလား”
အိပ်ရာမှ နိုးနိုးချင်း ခေါင်းမဖြီးမိသောကြောင့် ဖွာဆန်ကြဲနေသော ဆံပင်များကိုကြည့်၍ မေမေက ပြောလိုက်ခြင်းဖြစ်သည်။ အမှန်အားဖြင့်လည်း လူကြီးတွေက ရှည်လှပြီဟု ထင်ပြီး လူငယ်တွေက မရှည်သေးပါဘူးဟု ထင်၍ ကျွန်တော့်ကောင်မလေးက အနေတော်ပဲဟု ထင်မည့် အခြေအနေမှာ ရှိမည်။
“ပိုက်ဆံမရှိတော့ဘူး မေမေရဲ့၊ မနေ့ညက သူငယ်ချင်းတွေကို ရုပ်ရှင်ပြလိုက်ရလို့ ကုန်ပြီ”
“မေမေ ပေးပါ့မယ်”
အဝတ်အစားလဲ၊ မေမေပေးသော ပိုက်ဆံနှစ်ကျပ်ကိုယူ၍ ထွက်လာခဲ့သည်။





ကျွန်တော် ဆံပင်ညှပ်ရန် ထွက်လာခဲ့ခြင်း မဟုတ်ပါ။ လက်ရှိ ကျွန်တော့်ဆံပင်၏ အခြေအနေလောက်ဖြင့် ကျွန်တော် မညှပ်ချင်သေး။ အမှန်အတိုင်း ဝန်ခံရလျှင် ဆံပင်ရှည်ရခြင်းကို ကျွန်တော်ကြိုက်သည်။ ဆံပင်ရှည်လှခြင်း၏ အရသာကို နားလည်အောင်ပြောရန် ခက်လှသည်။ နောက်ဖက်က ဆံပင်သည် အင်္ကျီကော်လာ တစ်ဝက်လောက်အထိ ဖုံးအုပ်၍မနေလျှင် ကိုယ့်ကိုယ်ကို ပုံမကျပန်းမကျဟု ထင်သည်။ ဘေးကဆံပင်သည် နားရွက်၏ အဖျားများကို တစွန်းတစ ဖုံးအုပ်၍မနေလျှင် ကိုယ့်ကိုယ်ကို မလုံခြုံဟု ထင်သည်။ ကျောကုန်းတစ်ဝက်လောက်အထိ ဖုံးအုပ်လောက်အောင် ရှည်လျားသော ဆံပင်ကိုမူ ကျွန်တော်လည်း မကြိုက်။ ထို့အတူ ကုပ်သားပြောင်၍ နားကွင်းကျယ်သော ဆံပင်တိုနန့်နန့်ကိုလည်း မကြိုက်ကြောင်း ဝန်ခံပါ၏။

အမှန်အားဖြင့် ယခု ထွက်လာခဲ့ခြင်းမှာ ကျွန်တော်၏ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ဖြစ်လေသည်။ အချစ်ကိစ္စ။ ကျွန်တော်၏ ကောင်မလေးဖြစ်သော မိစံက ကျွန်တော့်ကို ချိန်းထားသည်။ ဈေးထဲမှာ။ ဤမျှလောက် လူရှုပ်သော ဈေးထဲမှာ ချိန်းသောကြောင့် ခပ်ကြောင်ကြောင်အတွဲပဲဟု မထင်ကြပါနှင့်။ ကျွန်တော်တို့မှာ ချိန်းစရာနေရာ သည်တစ်နေရာသာ ရှိသောကြောင့်ပါ။





ကျောင်းမှာတုန်းကဆိုလျှင် နေ့တိုင်း တွေ့နိုင်သည်။ တက္ကသိုလ်စာမေးပွဲတွေ စစ်ပြီး၍ ကျောင်းပိတ်လိုက်သောအခါ ကျွန်တော်တို့နှစ်ယောက် နီးလျက်နှင့် ဝေးကြရလေသည်။

မိစံ၏ မိဘများက ကျွန်တော့်အပေါ် သိပ်ကြည်ဖြူပုံမရဟု ဆိုလေသည်။ ဘာကြောင့်မှန်းတော့ မသိ။ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်စစ်ကြည့်သောအခါ အပြစ် တစ်စုံတစ်ရာမရှိဟု ထင်မိသည်။

မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်တို့နှစ်ယောက်သည် ချိန်းတွေ့ရန် အခွင့်အလမ်း မသာကြ။ သူ့ကို အလွန်အမင်း လွမ်းဆွတ်လာသောအခါ သူ မနက်ဈေးအလာကို သွားစောင့်ရသည်။ ထိုအခါ တွေ့ကြလေသတည်းဟု ထင်လျှင် မှားပေလိမ့်မည်။

သူဈေးလာလျှင် သူ့အစ်မတစ်ယောက်ကတော့ ပါမြဲဖြစ်သည်။ ကျွန်တော်က ဆိုက်ကားဂိတ်အနီးရှိ အနှေးယာဉ်လုပ်သားများ၏ ကောင်းမှုဖြစ်သော တဲကလေးထဲမှာ ထိုင်စောင့်သည်။ သူတို့ ညီအစ်မနှစ်ယောက် တဲရှေ့က ဖြတ်သွားသောအခါ သူ့အစ်မ မမြင်အောင် ပြုံးပြသည်။ ကျွန်တော်ကလည်း အတန်ငယ် ပြန်ပြုံးပြပါသည်။

သူတို့ ဈေးဝယ်ပြီး၍ ပြန်ထွက်လာသောအခါတွင်လည်း အပြန်အလှန် ပြုံးတုံ့လှယ်ကြပြီးလျှင် တစ်နေ့တာအတွက် ဇာတ်ထုတ် ပြတ်လေသတည်း။ သူ့အစ်မသည် ကျွန်တော့်ကို သေသေချာချာ မမြင်ဖူးသောကြောင့် မမှတ်မိခြင်း အတွက်ပင် ကျေးဇူးတင်ရဦးမည်။

သည်နေ့တွင် တော်တော် ထူးခြား၏။ သူသည် မနေ့က ကျွန်တော့်သူငယ်ချင်း မြင့်သောင်း၏ အဒေါ်ဆိုင်မှာ ဂေါ်ရခါးသီးဝယ်ရင်း စာတိုကလေးတစ်စောင် ပေးခဲ့သည်။ မြင့်သောင်းက ကျွန်တော့်ဆီ ယူလာသောကြောင့် ဖတ်ကြည့်လိုက်ရာ သည်နေ့ သူဈေးအလာတွင် လာတွေ့ရန်၊ ပြောစရာရှိသည်၊ တစ်ယောက်တည်း လာခဲ့မည် ဟူ၍။





အမှတ်တစ်ဆယ့်သုံး ဘတ်စ်ကားမှတ်တိုင်သည် ဈေးရှေ့မှာ မရှိ။ ဈေးလွန်ပြီးမှ ကားရပ်သည်။ ဈေးရှေ့တွင် လူရှုပ်သောကြောင့် ကားအရှိန်နှေးသွားသောအခါ ကျွန်တော် နောက်ပေါက်မှ ခုန်ချလိုက်လေ၏။
“လုပ်လိုက်လေ၊ အကြော်နဲ့ နှစ်ပွဲ”
ကတ္တရာလမ်းနှင့် ခြေထောက် အထိတွင် အသံတစ်သံကိုကြား၍ လှမ်းကြည့်လိုက်ရာ ချစ်ဝင်း ဖြစ်နေလေသည်။
“ဟေ့ကောင်.. မင်းသေသွားလို့ ငါတို့ မုန့်ဟင်းခါး အကြော်နဲ့ နှစ်ပွဲ စားနေရဦးမယ်”
“ချစ်ဝင်း.. သူလာသွားပြီလား”
“ဘယ်သူလဲ၊ မောင်လွင်လား၊ အိမ်သာတက်နေတယ်”
“မင်းကလဲကွာ၊ သိရက်သားနဲ့”
“မိစံ မလာသေးဘူးကွ၊ ဝဋ်ရှိသရွေ့တော့ စောင့်လိုက်ဦးပေါ့၊ ငါ လစ်တော့မယ်၊ အဘိုးကြီး ခိုင်းထားလို့၊ သြော်.... ချစ်ဒုက္ခ..ချစ်ဒုက္ခ”
ချစ်ဝင်းသည် ကျွန်တော့်ကိုလှောင်ပြီး ထွက်သွားလျှင် ကျွန်တော်လည်း ဆိုက်ကားတဲထဲ ဝင်ထိုင်နေလိုက်သည်။

မိစံသည် ကျွန်တော့်ကို အဘယ်ကြောင့် ချိန်းသနည်း။ ပြောစရာဆိုသည်မှာ အဘယ်နည်း။ သူ့မိဘက အခြား လူတစ်ယောက်နှင့် လက်ထပ်ရန် အတင်းအကျပ် စီစဉ်သောကြောင့်ပင်.. ခုပင် ကျွန်တော်နှင့် ခိုးရာလိုက်တော့မည် ဆိုလျှင် ဘယ်လိုလုပ်မည်နည်း။ ခိုးပြီဆိုလျှင် ဘယ်သူ့အိမ် ခေါ်သွားရမည်နည်း။ အစ်ကိုကြီးငြိမ်းကျော်၊ မြင့်သောင်း၊ ခင်မော်၊ သန်းသန်းဦး၊ အေးမြင့်တို့ ဘကြီးရှိရာ သိမ်ကျောင်းရွာ။

“ဆံတော်ရှင် ကျိုက္ကဆံစေတီတော်မြတ် မုခ်ဦးဆောက်လုပ်ရန်အတွက် အလှူခံနေပါသည် ခင်ဗျား”
ဈေးအလယ်ပေါက်အနီးတွင် မဏ္ဍပ်ထိုး၍ အလှူခံနေသော နေရာမှ အသံချဲ့စက်သံ ထွက်လာသည်။ မဏ္ဍပ်ရှေ့တွင်လည်း ဆောက်လုပ်မည့် မုခ်ဦးပုံစံကို ဆိုင်းဘုတ်အကြီးကြီးဖြင့် ဆွဲပြထား၏။
သြော်.... ဒီနေ့ ဥပုသ်နေ့ပေကိုး၊
အသံချဲ့စက်မှ သီချင်းသံ ထွက်ပေါ်လာပြန်သည်။
“အလှူ့ဒကာ အလှူ့ဒကာ သီရိဓမ္မာ အာသောကရာဇာ”

မဏ္ဍပ်ဆီသို့ ငေးကြည့်နေမိသောကြောင့် မိစံကိုစောင့်ကြည့်ရန် ခေတ္တမျှ မေ့သွား၏။ အပြင်ဈေးတန်းဆီသို့ မျက်လုံးကို ကစားလိုက်ရပြန်သည်။ ဈေးသွားဈေးပြန်တို့ ရှုပ်ထွေးနေသော နေရာမို့ မျက်စိညောင်းလှသည်။ သို့ရာတွင် လူအုပ်ကြားထဲ၌ ပလတ်စတစ် ခြင်းတောင်းအနီကလေးကို ဆွဲထားသော လက်မောင်း ဖြူဖြူတုတ်တုတ်ကလေးကို တွေ့လိုက်ရသဖြင့် ဆတ်ခနဲ ထလိုက်သည်။ လက်မောင်းကလေးကို မြင်ရသည်ဖြစ်စေ သူဖြစ်မှန်း ကျွန်တော် သိနိုင်သည်။





ချက်ချင်းလိုက်သွားလျှင် ကောင်းမလား။ ပြန်ထွက်လာအောင် စောင့်ရမလား။ သူ့အစ်ကိုတွေ မောင်တွေကများ တစ်နေရာရာက စောင့်ကြည့်နေမလား။ စိတ်ထဲ၌ ဒွိဟဖြစ်နေ၏။ ခုပဲ လိုက်သွားပါတော့မည်ဟု တွေးပြီး လမ်းကို ဖြတ်ကူးလိုက်သည်။

ဈေးအပေါက်ဝတွင် နှင်းဆီပန်းတွေ ရောင်းနေသည်ကို တွေ့ရသောကြောင့် အဖြူတစ်ပွင့် ဝယ်လိုက်သည်။ ပြားသုံးဆယ်။ ဈေးထဲရောက်သောအခါ သူ့ကို ဘယ်မှာ သွားရှာရမှန်းမသိ ဖြစ်နေပြန်သည်။ ဈေးထဲမှာ ပန်းအဖြူပွင့်တစ်ပွင့် ကိုင်၍ ယောင်တိယောင်တ ဖြစ်နေသော ကျွန်တော်သည် လူရယ်စရာ ဖြစ်ချင်ဖြစ်နေလိမ့်မည်။

သူသည် မုန့်ဟင်းခါးကြိုက်၏။ ထို့ကြောင့် မုန့်ဟင်းခါးဆိုင်ဘက် သွားကြည့်မည်ဟု ထွက်လာခဲ့သည်။ မုန့်ဟင်းခါးဆိုင်တွင် လူတွေ အုံနေကြသည်။ ထိုင်နေသူများထဲမှာများ ရှိနေမလားဆိုပြီး ဆိုင်နားသို့ မယောင်မလည် ကပ်သွားမိသည်။

“ဟဲ့.. မုန့်ဟင်းခါး စားမလို့လား၊ လူရှုပ်နေရင် ငါ့ဆိုင်ပေါ်မှာ ထိုင်စားပါလား”
မြင်င့်သောင်းတို့အဒေါ်၏ ဆိုင်သည် မုန့်ဟင်းခါးဆိုင်နှင့် ကပ်လျက်ရှိမှန်း ကျွန်တော် သတိမရခဲ့။ အဒေါ်သည် ကျွန်တော့်လက်ထဲမှ ပန်းပွင့်ကို မြင်သွားပြီးလျှင်..
“အမယ်.. ပန်းတွေ ဘာတွေနဲ့ပါလား၊ ငါ့တူက”
“ဟိုဥစ္စာ.. မေမေ့ဖို့ပါ ဒေါ်ဒေါ်ရဲ့”
“အလိုတော်၊ မင်းအမေကြီးက ဒီအရွယ်ကြီးကျမှ ပန်းပန်သတဲ့လား၊ ယုတ္တိရှိအောင်လည်း လှိမ့်စမ်းပါဦးကွယ်”
ကျွန်တော် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး “သွားမယ် ဒေါ်ဒေါ်” ဟု အမြန်နှုတ်ဆက် ထွက်လာခဲ့၏။

ငါးတန်းထဲသို့ ဝင်လိုက်သောအခါတွင်မှ သူ့ကို တွေ့ရလေသည်။ မိစံသည် ငါးသလောက်ရောင်းသော အဒေါ်ကြီးနှင့် တစ်စုံတစ်ခု ပြောနေသည်။ ကျွန်တော် အနားရောက်သွားသောအခါ ငါးသည်၏ အသံကို ကြားရသည်။
“လတ်ပါတယ်၊ ကဝက်ကင်းဟဲ့ ကလေးမရဲ့၊ ရေခဲရိုက် မဟုတ်ဘူး”
အခြား ဝယ်သူတစ်ယောက် ရောက်လာသောကြောင့် စကားစ ပြတ်သွားသည်။ မိစံသည် ကျွန်တော့်ကို မြင်သောအခါ ပြုံးပြလေသည်။
“ရှာလိုက်ရတာဟာ”
“တို့လည်း လျှောက်ကြည့်နေတာပဲ၊ ဈေးထဲမှာက ဒီလိုပဲ၊ လာနေကျမဟုတ်ရင် ရှာရတာ မလွယ်ဘူး”
“ကဲ.. ပြောစရာရှိတယ်ဆို ပြောလေ”
သူ့လက်ထဲသို့ နှင်းဆီပန်းကို ထည့်ပေးရင်းက မေးလိုက်သည်။ သူသည် ပန်းပွင့်ကလေးကို ချဉ်ပေါင်ရွက်အစည်းများကြားသို့ ထိုးထည့်လိုက်ပြီးမှ ဘာစိတ်ကူးပေါက်သွားသည်မသိ။ ခေါင်းမှာပင် ပန်လိုက်သည်။
“ဒီနေ့ မနက်စာထမင်း အိမ်မှာလာစားဖို့ ပြောမလို့”
“ဟာ.. ဖြစ်ပါ့မလား၊ မိစံတို့အိမ်က..”
“ဖြစ်လို့ ပြောနေတာပေါ့၊ ပြီးတော့ အဖေနဲ့ အမေကလည်း သူ့ကို တွေ့ချင်လို့တဲ့”
“ဘာ.. အဖေနဲ့ အမေက”
“ဟုတ်တယ်လေ၊ သူနဲ့ စကားပြောကြည့်ချင်လို့တဲ့၊ နည်းနည်းပါးပါး မေးမှာပေါ့၊ အဆင်ပြေမှာပါလေ”
“ဒါဆို ကောင်းတာပေါ့”
“အင်း.... ဒါပေမယ့် လာမယ်ဆိုရင် ဆံပင်တော့ ညှပ်ခဲ့နော်၊ အဖေက ဆံပင်ရှည်တာ မကြိုက်ဘူး၊ တို့ကတော့ ကြိုက်ပါတယ်၊ အဖေတို့နဲ့က ပထမဆုံးအကြိမ် တွေ့မှာဆိုတော့”
“အင်းပါ.. ခု ဒီကအပြန် ဝင်ညှပ်လိုက်မယ်လေ”

“ဟဲ့ ကလေးမ၊ အကောင်လိုက် ချိန်ရမှာလား၊ ခုတ်သား ချိန်မှာလား”
ငါးသည်ကြီးက စကားကိုဖြတ်၍ မေး၏။ ဟုတ်သားပဲ။ ကျွန်တော်တို့က သူ့ဆိုင်ရှေ့မှာ ရပ်နေကြပေသကိုး။
“ဟင့်အင်း.. မချိန်နဲ့တော့ အဒေါ်၊ မယူတော့ဘူး”
မိစံသည် ခြင်းတောင်းကို ကောက်ကိုင်၏။ သူ့ခြင်းတောင်းကို ယူ၍ဆွဲခဲ့လျှင် ကောင်းမလားဟု တွေးမိသည်။ သို့ရာတွင် မယူဖြစ်။

“ဘယ်လိုဖြစ်တာလဲ မိစံရဲ့၊ သေသေချာချာ မေးပြီးမှ ဘာလို့ မဝယ်ရတာလဲ”
“ဒီနေ့မနက် သူ ထမင်းလာစားမယ် မဟုတ်လား၊ သူက ငါးသလောက်ကို ညှီလို့ မကြိုက်ဘူး၊ ဒါကြောင့် မဝယ်တာ၊ ငါးခူပဲ ဝယ်တော့မယ်”
“အို.. အလိုက်သိတတ်လှချည်လား၊ ဒါကြောင့် ကိုယ်က မိစံကို....”
“တကတည်းတော်၊ ဈေးထဲမှာများ ရုပ်ရှင်ရိုက်နေတာ ကျနေတာပဲ၊ အလွမ်းသယ်နေလိုက်တာ၊ ခေတ်ကာလ သားသမီးတွေများ”
သူ့ငါးသလောက်ကို မဝယ်သောကြောင့် မကျေမနပ် ဖြစ်ကျန်ခဲ့သော ငါးသည်အဒေါ်ကြီး၏ အသံကျယ်လောင်လောင်ကို ကြားလိုက်ရသဖြင့် စကားကို ရှေ့မဆက်ဝံ့တော့ချေ။





မိစံကို ဘတ်စ်ကားပေါ်သို့ တင်ပေးလိုက်ပြီးနောက် ဆံပင်ညှပ်ဆိုင်ဘက်သို့ လျှောက်လာခဲ့သည်။ ကျွန်တော်သည် အူမြူး၍ နေလေသည်။ အိမ်မှာသာဆိုလျှင် သီချင်း အော်ဆိုမိလိမ့်မည်။ လမ်းလျှောက်ရင်း အသိတစ်ယောက်ယောက်များ တွေ့မလားဟု ဟိုဒီကြည့်မိသည်။ တွေ့လျှင် ပြုံးပြချင်သောကြောင့် ဖြစ်သည်။ ရပ်နေသော ကုလားမကြီးတစ်ယောက်ဘေးမှ ဖြတ်သွားစဉ် သူက ကွမ်းတံတွေး လှမ်းထွေးလိုက်သည်။ ကျွန်တော့်ခြေထောက်တွင် ကွမ်းတံတွေးအနည်းငယ် ပေကျံသွား၏။ သို့ရာတွင် ကိစ္စမရှိပါဘူး ဟူသောသဘောဖြင့် ကျွန်တော် ပြုံးပြလိုက်သည်။ ကုလားမကြီးကား ဘာမျှမသိလိုက်ဘဲ သူ့ကုလားကြီးကိုသာ စကားတွေ ပြောနေသည်။

လျှောက်လာရင်း ဈေးအလယ်ပေါက်ကို ဖြတ်မိသောအချိန်တွင် အသံချဲ့စက်သံကို ကြားရပြန်သည်။
“ဆံတော်ရှင် ကျိုက္ကဆံစေတီတော်မြတ်ကြီး မုခ်ဦးဆောက်လုပ်ရန် အလှူခံနေပါသည် ခင်ဗျား”

ထိုအသံကို ကြားရသောအခါ ကျွန်တော့်တွင် လှူချင်တန်းချင်စိတ်များ ပေါက်လာလေသည်။ အိတ်ထဲတွင် ပိုက်ဆံ တစ်ကျပ်ပြားခြောက်ဆယ်သာ ရှိသည်။ ဆံပင်ညှပ်ခ တစ်ကျပ်ခွဲ၊ ကားခဆယ်ပြား၊ အတိပဲ။ မလှူတော့ပါဘူးဟု စိတ်ကိုလျှော့၍ ဆက်လျှောက်ခဲ့သည်။ လေးငါးလှမ်းမျှ လှမ်းလိုက်စဉ်တွင်..
“ဆိုက်ကားဆရာ ကိုလင်းဦးက လုပ်အားခငွေ တစ်ကျပ်တိတိကို လှူဒါန်းပါသည်ခင်ဗျား၊ ထိုသို့ လှူရသော အကျိုးအားကြောင့်.... ....”

ကျွန်တော့်ခြေလှမ်းသည် တုံ့ခနဲ ရပ်သွား၏။ ချာခနဲလှည့်လိုက်သည်။ အလှူခံမဏ္ဍပ် နဖူးစည်းမှ ဗုဒ္ဓမြတ်စွာဘုရား၏ ပုံတော်သည် ကျွန်တော့်ကို “ဧဟိ ဧဟိ” ခေါ်နေသည်ဟု ထင်ပါသည်။ မဏ္ဍပ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ အလှူငွေလက်ခံရန် အလှည့်ကျနေသော ဦးလေးကြီးကို ငွေတစ်ကျပ်ပေးလိုက်သည်။ ပြန်လှည့်ထွက်မည် အပြုတွင်....

“ဟေ့ သူငယ်၊ နေပါဦးကွ၊ မင်းနာမည် ပြောသွားပါဦး၊ တော်ကြာ သိကြားမင်းက အလှူရှင်နာမည် မသိဘဲနေဦးမယ်”
ထိုဦးလေးကြီးကား ပျော်ပျော်နေတတ်သူ ဖြစ်ဟန်တူလေသည်။
“နေပါစေ ဦးလေးရယ်၊ နာမည်တွေ ဘာတွေ ထည့်မနေပါနဲ့တော့၊ ကျွန်တော့်ဘာသာ သိရင် ပြီးတာပါပဲ”
ကျွန်တော် လှည့်ထွက်လာခဲ့သည်။ ထိုအချိန်မှာပင် စောစောက ဦးလေးကြီး၏ ဆုတောင်းသံကို အသံချဲ့စက်မှ ကြားလိုက်ရလေသတည်း။

“ဆံပင်ရှည်ရှည်နဲ့ သူငယ်ကလေးက အလှူတော်ငွေ တစ်ကျပ်တိတိ လှူဒါန်းပါသည် ခင်ဗျား၊ ဤသို့ လှူဒါန်းရသော အကျိုးကြောင့် ပေးမကုန် လှူမခန်း ပဒုမ္မာရွှေကြာပန်းကဲ့သို့ လန်းဆန်းပါစေသော်”

ထိုနေ့နံနက်ခင်းသည် ကောင်းသော နံနက်ခင်းမဟုတ်ဟု မည်သူ ပြောဝံ့ပါသနည်း။


(ငွေတာရီ၊ ဇန်နဝါရီ၊ ၁၉၇၉)

မငိုတတ်ခင် ငိုကြည့်ချင်တယ် - မင်းလူ

 
မငိုတတ်ခင် ငိုကြည့်ချင်တယ်

ကျောင်းတက်ခေါင်းလောင်း ထိုးလေ၏။

ကျောင်းသားများ ကျောင်းခန်းထဲသို့ ဝင်သည်။ ကိုယ့်ခုံနေရာမှာ ဝင်ထိုင်ကြသည်။ မထူးဆန်းပါ။ သို့ရာတွင် ကျွန်တော့်စိတ်များသည် လှုပ်ရှားနေသည်။ ကျောင်းစဖွင့်သောနေ့။

ခုနစ်တန်းအောင်ပြီးနောက် အခြေခံပညာ အလယ်တန်းခေါ် ရှစ်တန်းသို့ တက်ရောက်ရသောနေ့ ဖြစ်သည်။ အတန်းသစ်၊ ခုံနေရာသစ်၊ သင်ခန်းစာအသစ်များကို တွေ့ကြုံရတော့မည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေခြင်း ဖြစ်ကောင်းဖြစ်ပါမည်။

သို့တည်းမဟုတ်။
အတန်းပိုင်ဆရာမအသစ်နှင့် ကြုံတွေ့ရမည် ဖြစ်သောကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါမည်။ ကျောင်းသား ကျောင်းသူတို့သည် ဆရာ၊ ဆရာမ အသစ်အများဆိုလျှင် စိတ်ဝင်စားတတ်ကြသည် မဟုတ်ပါလား။ အခြားသူများလည်း ကျွန်တော့်လိုပင် ရှိကြလိမ့်မည် ထင်သည်။

ဆရာမသည် ယခုနှစ်မှ ကျွန်တော်တို့ကျောင်းသို့ ပြောင်းလာခြင်း ဖြစ်ပါသည်။ သူ ပထမဆုံး ပိုင်ရသော အတန်းသည် ကျွန်တော်တို့ ရှစ်တန်း (က) ဖြစ်သည်။ ဆရာမသည် ဒေါ်ချစ်ချစ်မူဟု သိထားရပါသည်။ အင်္ဂလိပ်စာ သင်မည်။

အတန်းသားအားလုံးသည် ဆရာမဝင်လာမည့် တံခါးဝဆီသို့သာ ငေးကြည့်နေကြပါသည်။

ဖိနပ်သံကို အရင်ကြားရလိမ့်မည်ဟု မျှော်လင့်နေသော်လည်း ဆရာမသည် တိတ်ဆိတ်စွာ ဝင်ရောက်လာလေသည်။ ပိတ်နေသော တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သောအခါ “ကျွိ” ခနဲ မြည်သွားသည်။

ဆရာမသည် စားပွဲရှိရာသို့ ဣနြေ္ဒရစွာ လျှောက်သွားသည်။ ကျောင်းသားများ “ဝုန်း” ခနဲ ထလိုက်သောကြောင့် ကျွန်တော် လန့်သွားလေ၏။
“မင်္ဂလာပါ ဆရာမ”
“ဂွဒ် အာဖတာနွန်း ကလပ်စ်”

ဆရာမအသံသည် သာယာပါသည်။ ပြီးတော့ ဆရာမသည် လှပါသည်။ အို.. မှားသွားလို့၊ ဆရာမကို လှတယ်လို့ မပြောကောင်းဟု ထင်ပါသည်။

ဆရာမသည် ကျက်သရေရှိပါသည်။

ဆရာမသည် တစ်တန်းလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
“မင်းတို့အတန်းထဲက ခုနစ်တန်းမှာ အင်္ဂလိပ်စာ ဂုဏ်ထူးရတဲ့လူ မတ်တတ်ရပ်စမ်း”

ကျောင်းသားကျောင်းသူ ခုနစ်ယောက်ခန့် ထရပ်ကြသည်။ ကျွန်တော် မရပ်ပါ။ အတန်းသားများက ကျွန်တော့်ကို ဝိုင်းကြည့်ကြ၏။ ဆရာမ ရိပ်မိသွားပြီး
“ဒီအတန်းမှာ အင်္ဂလိပ်စာ ဘယ်သူ အတော်ဆုံးလဲ”
“ညီညီ”
“ခု ရပ်နေတဲ့အထဲမှာ ညီညီ ပါသလား”
ရပ်နေသူများ ခေါင်းခါ၏။
“ညီညီ ရှိသလား၊ မတ်တတ်ရပ်စမ်း”
ကျွန်တော် ရပ်လိုက်သည်။ ဆရာမသည် ကျွန်တော့်ကို စေ့စေ့ကြည့်သည်။ ကျွန်တော် ခေါင်းကိုငုံ့ထားလိုက်၏။
“တီချာ့ဆီမှာ ခုနစ်တန်းတုန်းက အင်္ဂလိပ်စာ ဂုဏ်ထူးထွက်တဲ့ လူတွေစာရင်းရှိတယ်၊ မင်းပါတယ် မဟုတ်လား၊ ဘာဖြစ်လို့ မတ်တတ်မရပ်တာလဲ”
ကျွန်တော် မဖြေပါ။
“ပြောလေကွယ်၊ ခုလို မတ်တတ်ရပ်ခိုင်းတော့ တရားခံတွေလို သဘောထားပြီး ရပ်ခိုင်းတာ မဟုတ်ဘူး။ အပြစ်ရှိတဲ့လူသာ လူပုံအလယ်မှာ ရပ်ရမှာ ရှက်ကြတာ၊ အချီးကျူးခံဖို့ မတ်တတ်ရပ်တာ ဂုဏ်ယူဖို့တောင် ကောင်းပါတယ်ကွယ်”
ကျွန်တော်က အင်္ဂလိပ်စာ ဘာလို့ တော်ရတာလဲ။ ခုလို လူတွေကြားမှာ မတ်တတ်ရပ်ပြီး ကြွားချင်လို့ အင်္ဂလိပ်စာ ကြိုးစားတာ မဟုတ်ဘူးဆိုတာ ဆရာမ မသိဘူးလား။

နောက်တစ်နေ့မှာပင် ကျွန်တော် ကျောင်းနောက်ကျလေသည်။ အခန်းဝမှာ ရပ်လိုက်သောအခါ ဆရာမသည် ကျောက်သင်ပုန်းမှာ တစ်စုံတစ်ခု ရေးခြစ်နေသည်ကို တွေ့ရ၏။
“ဝင်ခွင့်ပြုပါ ဆရာမ”
ဆရာမသည် ကျွန်တော့်ဘက်သို့ ဆတ်ခနဲ လှည့်ကြည့်၏။
“တီချာ ဘာပြောထားသလဲ ညီညီ”
သြော်.... ဟုတ်သားပဲ၊ ဆရာမက အတန်းထဲမှာ အင်္ဂလိပ်လို အတတ်နိုင်ဆုံး ပြောရမည်ဟု မှာထားသည် မဟုတ်ပါလား။ “ပလိစ် အိတ်စကျူးမီ” လို့ ပြောရမှာပေါ့။
“ဝင်ခွင့်ပြုပါ ဆရာမ”
ကျွန်တော့် အကျင့်ပဲလေ။ ကျွန်တော် မလုပ်ချင်သော အလုပ်တစ်ခုကို ဘယ်သူက ဘယ်လိုပြောပြော မလုပ်ချင်တာ ကျွန်တော့်အကျင့်ပဲ။
“ပြောစမ်း ညီညီ၊ အင်္ဂလိပ်လို ပြောလေ”
“ကျွန်တော် မြန်မာလူမျိုးပဲ ဆရာမ၊ မြန်မာလိုပဲ ပြောနိုင်ပါမယ် ခင်ဗျာ”
ဆရာမ ဒေါသဖြစ်လေပြီ။
“ဒီမှာ ညီညီ၊ မြန်မာလူမျိုးပေမယ့် အင်္ဂလိပ်စာသင်ချိန်မှာ အင်္ဂလိပ်လိုပဲ ပြောရမယ်၊ အင်္ဂလိပ်လို မပြောရင် အတန်းထဲကို ဝင်ခွင့်မပြုနိုင်ဘူး”
“ဒါဆိုရင် ကျွန်တော် ပြန်ပါတော့မယ် ခင်ဗျာ”

အတန်းပြင်သို့ ပြန်ထွက်လိုက်သည်။ ပြန်ရန် ခြေလှမ်းပြင်လိုက်စဉ်မှာပင် ဆရာမအသံကို ကြားရသည်။
“ဟေ့.. ဟေ့ နေဦး”
ထိုအသံသည် ကျွန်တော့်ခြေလှမ်းများကို တုန့်ခနဲ ရပ်တန့်သွားစေသည်။ နောက်သို့ ပြန်မကြည့်ဘဲ ရပ်နေမိသည်။ ဆရာမ၏ မျက်နှာသည် ဒေါသဖြစ်ခြင်း၊ မကျေနပ်ခြင်းတို့ဖြင့် ရောပြွမ်းနေလိမ့်မည်ဟု ထင်ပါသည်။
“ညီညီ”
လှည့်ကြည့်လိုက်လျှင် ကောင်းမလား၊ ရှေ့ကိုဆက်သွားရင် ကောင်းမလား၊ ကျွန်တော် ပေ၍ ရပ်နေလိုက်သည်။
“ညီညီ၊ ကမ်း ဟီးယား”
ဆရာမ၏ အမိန့်၊ ခြေထောက်တို့သည် နောက်သို့ ဆတ်ခနဲ လှည့်ပြီးသား ဖြစ်သွားလေသည်။ ဆရာမကို လှမ်းကြည့်၏။

အို.. ဆရာမ၏ မျက်နှာမှာ တင်းမာမှုသည် အရိပ်အယောင်မျှပင် မရှိပါကလား၊ ဆရာမဆီသို့ လျှောက်သွားရသည်။
“မင်းကို ရိုက်ရလိမ့်မယ်၊ လက်ဖြန့်စမ်း”
“ခင်ဗျာ”
ဆရာမလက်ထဲမှာ ပလတ်စတစ်ပေတံ တစ်ချောင်း။
“လက်ဖြန့်လို့ ဆိုနေ”
ဖြန့်လိုက်ရလေသည်။ ဆရာမ ရိုက်၏။ ဖြည်းဖြည်းလေးပါ။ ဆရာကြီး၏ ထားဝယ်ကြိမ်လုံးဒဏ်ကိုပင် မျက်နှာတစ်ချက်မပျက်ဘဲ ခံလာခဲ့တာပဲ၊ ဒီလောက်တော့ အပျော့ပေါ့ ဖြစ်သင့်သည်။

သို့ရာတွင် အဘယ်ကြောင့် နာသနည်း။




မေမေ့ကို ခေါင်းကိုက်တယ်လို့ ပြောပြီး ကျောင်းမတက်ဘဲ သုံးရက်လောက် နေလိုက်သည်။ ဟုတ်တယ်၊ ကျွန်တော် စိတ်ဆိုးနေလို့။ အို.. ဆရာမကို စိတ်မဆိုးကောင်းပါဘူးလေ၊ စိတ်ကောက်တာပါ။

ကျွန်တော် ကျောင်းပြန်တက်သောနေ့တွင် စာကူးနေစဉ် ကျွန်တော့်အနားသို့ ဆရာမ လာရပ်သည်။
“ညီညီ ဘာလို့ ကျောင်းမတက်တာလဲ”
“ခွင့်စာထဲမှာ ရေးထားပါတယ်”
“နေမကောင်းလို့ဆို၊ နေသာမကောင်းတယ်၊ ညီညီတို့က အဝမပျက်ဘူးဟေ့”

ဆရာမကိုယ်မှ သနပ်ခါးနံ့သည် ဝေ့ခနဲ ရောက်ရှိလာသည်။ ထိုသနပ်ခါးနံ့သည် ကျွန်တော့်ကို ပြုံးလာအောင် တိုက်တွန်းသည်။ သို့ရာတွင် မပြုံးမိအောင် အားကိုတင်းသည်။ ကျွန်တော် စိတ်ကောက်နေကြောင်း ဆရာမ သိအောင်လို့။

အချိန်ကုန်သောအခါ ဆရာမက ကျွန်တော့်ကို ဆရာမ အပန်းဖြေစခန်းထဲသို့ ခေါ်သွားလေသည်။
“ညီညီ တီချာ့ကို စိတ်ဆိုးနေတယ် မဟုတ်လား”
စိတ်ဆိုးတာ မဟုတ်ဘူး၊ စိတ်ကောက်တာပါဟု ဖြေလိုက်ချင်သည်။ သို့ရာတွင် ခေါင်းကိုခါလိုက်၏။
“မင်း သိပ်ညာတာပဲ၊ စိတ်ဆိုးနေပါတယ်၊ ကိုယ့်ဆရာမကို စိတ်မဆိုးကောင်းဘူးလေ၊ တီချာ မင်းကို ဆုံးမတာပဲ၊ မင်းက သိပ်ပေကပ်ကပ်နိုင်တာကိုး၊ ပြီးတော့ မင်း သေသေချာချာ စဉ်းစားကြည့်၊ အင်္ဂလိပ်စာအချိန်မှာ အင်္ဂလိပ်လို ပြောခိုင်းတာက မင်းတို့ တိုးတက်အောင်လို့၊ အင်္ဂလိပ်စာဟာ ကမ္ဘာသုံး မဟုတ်လား၊ တကယ်တော့ ကိုယ့်တပည့်ကို ဘယ်ဆရာမက ရိုက်ချင်ပါ့မလဲကွယ်”
ကျွန်တော် ဝမ်းနည်းသွားပြန်သည်။
ဆရာမက ပြုံးပါသည်။
“ဆရာမက စိတ်မဆိုးပါဘူးကွယ်၊ ငါ့တပည့်ကို အမြဲတမ်း ခွင့်လွှတ်တယ်၊ အိုင် အော်လ်ဝေစ့် ဖော်ဂစ်ယူ”

ကျွန်တော် ပြုံးလိုက်သည်။ ဟုတ်တယ်.. စိတ်ကောက်ပြေသွားလို့လေ။ ဆရာမသည် ကျွန်တော့်ကို စကားအကြာကြီး ပြောရသောကြောင့် မောသွားဟန်တူသည်။ သူ့နဖူး၌ စို့နေသော ချွေးစများကို လက်ကိုင်ပုဝါကလေးဖြင့် တို့နေ၏။ ကျွန်တော် ရေတစ်ခွက် သွားခပ်ပေးပြီး ဆရာမကို ပေးလိုက်ပါသည်။
“သိုင်းခယူ ညီညီ”
“ပလိစ် အိတ်စကျူးမီ တီချာ”
ကျွန်တော် လှည့်ထွက်လာခဲ့သည်။ ဆရာမသည် ကျေနပ်စွာပြုံးရင်း ကျန်ခဲ့ပါသည်။




အချိန်ကြာလာသည်နှင့်အမျှ စေတနာကို နားလည်လာကြသည်။ ကျွန်တော် နားအလည်ဆုံး။

ကျွန်တော်ကား မကြာခဏ ကျောင်းပျက်တတ်လေသတည်း။ တိုက်ဖွိုက်ရောဂါ အခံရှိသောကြောင့် မကြာခဏဖျား၏။ တစ်လလျှင် အနည်းဆုံး တစ်ရက်နှစ်ရက်တော့ ပျက်တတ်သည်။

ကျွန်တော် ကျောင်းပြန်တက်သောနေ့တွင် ဆရာမသည် “ညီညီ နေပြန်ကောင်းသွားပြီလား” ဟု မေးတတ်စမြဲ။ ထိုအခါမျိုးတွင် ဆရာမကို စိတ်ကောက်ပြီး ကျောင်းမတက်ဘဲ နေခဲ့သောနေ့များကို ပြန်သတိရ၏။

ကျောင်းပျက်ရက်များက နောက်ကျခဲ့သော စာများကို မုန့်စားဆင်းချိန်၊ ကျောင်းအပြီးဆင်းချိန်များတွင် ဆရာမက ပြန်သင်ပေးလေသည်။ ကျွန်တော်တစ်ယောက်တည်းကို မဟုတ်ပါ။ ကျောင်းပျက်သူ အားလုံး။ သို့ရာတွင် ကျွန်တော် ကျောင်းအပျက်တတ်ဆုံးဖြစ်၍ များစွာသောအခါတို့တွင် ဆရာမနှင့် ကျွန်တော် နှစ်ယောက်တည်း။

ခါတိုင်းက မုန့်စားလွှတ်ပြီဆိုလျှင် အုန်းနို့ခေါက်ဆွဲဆိုင်သို့ ပြေးတတ်သော ကျွန်တော်။ ကျောင်းလွှတ်ပြီဆိုလျှင် ထမင်းဆာလွန်း၍ အိမ်သို့ သုတ်ခြေတင်တတ်သော ကျွန်တော်။ ခု ဆရာမနှင့် စာသင်နေရသော အချိန်တွင် အုန်းနို့ခေါက်ဆွဲကိုလည်း သတိမရ။ ထမင်းလည်း မဆာ။ တကယ့်ကို ထမင်းမဆာ။ စာသင်နေရသည်ကိုပင် ဝမ်းသာကြည်နူးနေမိသည်။ ဘာကြောင့်မှန်းတော့ ကျွန်တော်မသိ၊ ကျောင်းပျက်ရက်များက နောက်ကျခဲ့သော စာများကို ပြန်သင်ခွင့်ရသောကြောင့် ဝမ်းသာကြည်နူးခြင်းသာ ဖြစ်ပါစေ။

ကျွန်တော်က ကျောင်းအပျက်များသလောက် ဆရာမက ကျောင်းမပျက်ခဲ့။ နေမကောင်းဖြစ်နေသည့်တိုင် အနွေးထည်ကိုဝတ်၍ ကျောင်းသို့လာသည်။ ထိုနေ့မျိုးတွင် မုန့်စားလွှတ်ချိန်၌ ဆရာမသည် အပန်းဖြေအခန်းထဲ၌ မှိန်းနေတတ်သည်။ နေမကောင်းလျက် စာသင်ရသောကြောင့် မောနေတတ်သည်။ ထိုအခါ ကော်ဖီပူပူတစ်ခွက် ဝယ်ပေးရန်မှာ ကျွန်တော့်တာဝန်။

အို.. နေမကောင်းတဲ့အခါမှ မဟုတ်ပါဘူးလေ။ နေ့စဉ်လိုလိုပဲ မုန့်စားလွှတ်ချိန်မှာ ဆရာမအတွက် စားစရာတစ်ခုခုတော့ ဝယ်ပေးနေကျပါ။

တစ်ခါက မုန့်စားကျောင်း ပြန်တက်ခါနီးကျမှ ဆရာမက ပုစွန်ခွက်ကြော်သုပ် ဝယ်ခိုင်းသည်။ မုန့်စားတန်းသို့ ကျွန်တော် ပြေးလေသည်။ ကျောင်းတက်ခါနီးပြီ မဟုတ်လား။ မြန်မြန်သွားပို့မှ။ ကျောင်းပြန်တက်လျှင် ဆရာမ စားတော့မည်မဟုတ်။ ဆရာမက ကျောင်းချိန်လေးစားသည်။ ဝယ်ပြီးတော့ ဆရာမများအခန်းသို့ အမြန် ပြန်ပြေးရသည်။ ထောင့်ချိုးတစ်ခုကို အကွေ့လိုက်မှာပင် တစ်ဘက်မှလာသော ကျောင်းသားတစ်ယောက်နှင့် ဝင်တိုက်မိ၏။ ပုစွန်ခွက်ကြော်ပန်းကန်သည် “ချလွမ်” ခနဲ ကျသွားလေသည်။ ထိုကျောင်းသားကို ကျွန်တော် ဆွဲထိုးပစ်လိုက်သည်။

ထိုကိစ္စအတွက် ဆရာကြီးရှေ့သို့ ရောက်ရပြန်သည်။ ဆရာမလည်း အနားမှာရှိသည်။ ဆရာကြီးက ဘာကြောင့်ထိုးရသလဲဟု မေး၏။ ကျွန်တော် မဖြေပါ။ ဆရာကြီး ဒေါသထွက်လာပြီး ကျွန်တော့်ကို ရိုက်လေသည်။

ထိုနေ့က ဆရာကြီး၏ ရုံးခန်းထဲမှ အပြုံးမပျက် ပြန်ထွက်လာခဲ့သည်။




ပထမအစမ်း စာမေးပွဲတုန်းက အင်္ဂလိပ်စာ ရှစ်ဆယ့်လေးမှတ် ရသည်။ တစ်ကျောင်းလုံးမှာ အများဆုံးပဲဟု ဆရာမက ပြော၏။

ဆရာမက တစ်ခြားအလုပ်များ လုပ်နေရလျှင် အတန်းကို ကျွန်တော်ကပင် တာဝန်ယူရသည်။ သင်ပြီးခဲ့သော သင်ခန်းစာများမှ သူတို့ နားမလည်သည်ကို ပြန်ရှင်းပြသည်။ ဆရာမက ကျွန်တော့်ကို အရေးပေးပါသည်။ စာတော်သောကလေးကို ဆရာမက အရေးပေးသည်မှာ မဆန်းပါ။ သို့ရာတွင် သူငယ်ချင်းများကမူ ကျွန်တော့်ကို နောက်ပြောင်ကြလေသည်။
“မင်းဆရာမက သိပ်လှတာပဲကွ နော်”
“ဟေ့ကောင်တွေ.. ဆရာမကို လှတယ်လို့ မပြောကောင်းဘူး၊ ကျက်သရေရှိတယ်လို့ ပြောရတယ်”
သူတို့သည် ဆရာမအကြောင်းကို ပြောကြသောအခါ “မင်းဆရာမ၊ မင်းဆရာမ” ဟူ၍ ကျွန်တော့်ကို ပြောတတ်ကြပါသည်။
“ငါ့ဆရာမဆိုတော့ မင်းတို့ဆရာမကော မဟုတ်ဘူးလား”
“မဟုတ်ဘူး”
“ဆရာမဟာ ငါတို့အားလုံးရဲ့ ဆရာမပါကွာ၊ ငါတစ်ယောက်တည်းရဲ့ ဆရာမ မဟုတ်ပါဘူး၊ မင်းဆရာမ ဆိုတာကို မပြောကြပါနဲ့”
တစ်ခါတစ်ရံ၌ မပြောပါနဲ့ဆိုသော စကားသည် ပြောစေချင်၍ဖြစ်ကြောင်း သိကြပါလိမ့်မည်။ ဘာကြောင့် ပြောစေချင်ကြောင်းကိုကား ကျွန်တော်မသိ။

တစ်ခါတုန်းက မုန့်စားလွှတ်ချိန်တွင် ဆရာများ အပန်းဖြေခန်းသို့ ဝင်သွားမိသည်။ ဆရာမအတွက် မုန့်ဝယ်ပေးရန်ဖြစ်ကြောင်း ပြောဖို့မလိုပါ။

ဆရာမများ၏ ရယ်သံကို အခန်းဝမှပင် ကြားနေရသည်။ ကျွန်တော်ဝင်သွားသောအခါ ဆရာမသည် တစ်ခြား ဆရာမတစ်ယောက်၏ လက်ထဲမှ ကတ်ပြားဖြူဖြူကလေးကို ယူ၍ စားပွဲပေါ်မှာ မှောက်တင်ထားလိုက်သည်။ ဓာတ်ပုံတစ်ပုံ ဖြစ်ဟန်တူပါသည်။ ကျွန်တော့်ကို မြင်သောအခါ ဆရာမသည် ရယ်မောနေရာမှ မျက်နှာပိုးသတ်လိုက်သည်။ သို့ရာတွင် ဆရာမ၏ မျက်နှာ၌ အပြုံးရိပ်များ ထင်နေဆဲ။
“တီချာ့ဖို့ သံပုရာရည်တစ်ခွက်သာ ဝယ်ပေးတော့ ညီညီ”
ကျွန်တော် ထွက်သွားမည် ပြင်သည်။
“ညီညီ.. နေဦး”
ဆရာမဒေါ်မြတ်ကြွယ်က လှမ်းတားသည်။
“မူမူ.. ညီညီ့ကို ပြလိုက်ပါဦး”
“အို.... မမကြွယ်ကလဲ”

အစဉ်တည်ငြိမ်နေသော ဆရာမ၏ မျက်နှာသည် ယခုအခါ ဘာဖြစ်နေပါသနည်း။ ဆရာမဒေါ်မြတ်ကြွယ်က ဓာတ်ပုံကို ယူသည်။ ဆရာမက လက်ကို ဆွဲထားသည်။ ဒေါ်မြတ်ကြွယ်က ရုန်းလိုက်သည်။
“ညီညီ.. ဒီပုံကိုကြည့်စမ်း၊ မချောဘူးလား”
ဓာတ်ပုံထဲမှာ ဘွဲ့ဝတ်စုံနှင့် အမျိုးသားတစ်ယောက်။ ဆရာမထက် အသက်ပိုကြီးပုံရသည်။ ကျွန်တော်က ဓာတ်ပုံကိုတစ်လှည့် ဆရာမကိုတစ်လှည့် ကြည့်မိသည်။ ဆရာမမျက်နှာ၌ ရှက်ပြုံးကို ပထမဆုံးအကြိမ် မြင်ဖူးလိုက်သည်။
“ဟဲ့ ပြောလေ၊ မချောဘူးလား”
“ဟုတ်.. ဟုတ်ကဲ့”

သံပရာရည်ကို ဆရာမအကြိုက် ချဉ်ချဉ်ကလေးဖြစ်အောင် လုပ်ပေးရန်ပြောဖို့ အဘယ်ကြောင့် မေ့သွားရပါသနည်း။




“ပြောလေ ညီညီ”
ကျွန်တော် ဆတ်ခနဲ တုန်သွား၏။ ဟုတ်သားပဲ၊ ကျွန်တော် အတွေးလွန်သွားပါသည်။ ခုအခါမှ ဆရာမနှင့် ကျွန်တော်သည် ဆရာများအခန်းထဲမှာ မနေ့က ကျွန်တော် ကျောင်းပျက်ခဲ့သဖြင့် ဆရာမက ပြန်သင်ပေးနေခြင်း ဖြစ်ပါသည်။
“ပြောလေကွာ ညီညီ၊ ဒီဆင်းတင့်စ်မှာ ရပို့တက်စပိခ်ျက ဘယ်ဟာလဲ”
“ဟို.. ကျွန်တော်”
သက်ပြင်းကို ချလိုက်၏။
“ညီညီ.. ဘာဖြစ်နေတာလဲ၊ စာထဲမှာလည်း စိတ်မဝင်စားဘူးလား၊ နေမကောင်းဘူးလားဟင်”
“ကျွန်တော်.... ကျွန်တော် ဖျားနေလို့ပါ တီချာ”

ထိုနေ့က ကျွန်တော် ဖျား၍မနေပါ။




တစ်တန်းလုံးက ငြိမ်သက်၍နေကြသည်။ ဆရာမလည်း သူ့စားပွဲမှာ ငြိမ်သက်စွာ ထိုင်နေ၏။ တစ်စုံတစ်ခုကို ပြောရန် အားယူနေဟန် တူသည်။ နှုတ်မှ လွယ်ကူစွာ ဖွင့်ဟမပြောနိုင်သော စကားသည် ဝမ်းမြောက်ဖွယ်သတင်း မဟုတ်ကြောင်း ပြောဖို့ရန်ပင် မလိုပါ။
“ကွယ်.... နက်ဖြန်ကျရင် မင်းတို့အတွက် ဆရာမ အသစ်တစ်ယောက် လာလိမ့်မယ်”
စကားလုံးကို နားခံသာအောင် အတတ်နိုင်ဆုံး ရွေးချယ်၍ ပြောသည်။ ဆရာမ၏ အသံသည် စာသင်နေသကဲ့သို့ တက်ကြွမှုမရှိ။

ဆရာမ၏ မျက်နှာသည်လည်း ဟို ကျောင်းဖွင့်စ ကျွန်တော့်ကို ရိုက်တုန်းကမျက်နှာမျိုး ဖြစ်နေပါသည်။ ခုမှပင် ကျွန်တော်သိရသည်။ ဆရာမသည် ကျွန်တော့်ကို ရိုက်ခဲ့စဉ်က ဝမ်းနည်းနေကြောင်းကို၊ ဆရာမရယ်.. ငါ အလုပ်ထွက်တော့မယ်၊ ဒီကျောင်းကို မနက်ဖြန်ကစပြီး မလာတော့ဘူးလို့ ပြောလိုက်ပါတော့လား ခင်ဗျာ။
“တီချာ မှာချင်တာက မင်းတို့အရွယ်ဟာ ပညာရေးကို ဦးစားပေးရမယ်၊ တစ်ခြား ဘာကိုမှ စိတ်မဝင်စားရဘူး၊ ခုအချိန်မှာ စာမေးပွဲက သိပ်နီးကပ်လာပြီ၊ ပြီးတော့....”

ဆရာမသည် ကျွန်တော့်ကို စောင်း၍ပြောနေခြင်း မဟုတ်ပါ။ တည့်တည့်ကြီးကြည့်၍ ပြောနေခြင်း ဖြစ်ပါလိမ့်မည်။ ရင်ထဲက တလှပ်လှပ် ဖြစ်နေသည်။ နေမကောင်းသောကြောင့် မောနေခြင်း မဟုတ်ပါ။

ခေါင်းကို ငုံ့ထားလိုက်သည်။ အပြစ်ရှိသူတို့သည် ခေါင်းငုံ့နေကြကြောင်း ကြားဖူးပါသည်။ ကျွန်တော့်မှာ အပြစ်တစ်ခုခု ရှိနေပါသလား.... မသိပါ။ ရင်ထဲ၌ မရှင်းလင်းပါ။ ဆရာမကို မကြည့်ရဲသည်တော့ အမှန်။
“ဂွတ် အီးဗီးနင်း တီချာ”

ထိုအသံကြားမှပင် ပျာပျာသလဲ ထကြည့်မိသည်။ ဆရာမသည် အခန်းအပြင်သို့ပင် ရောက်နေပါပြီ။ နောက်ကျောဖက်ကိုသာ မြင်ရတော့သည်။ အတန်းဘက်ကို အလွမ်းပြေ တစ်ချက်လောက် ပြန်လှည့်ကြည့်လိုက်ပါတော့လား ဆရာမရယ်။




ဆရာမများ အပန်းဖြေအခန်းသို့ ဝင်၍ရှာသည်။ ဆရာမကို မတွေ့ရ။ ဆရာမတစ်ယောက်က ပြောလေသည်။
“မင်းဆရာမ ရုံးခန်းထဲမှာ ရှိလိမ့်မယ်”
လာပြန်ပြီ မင်းဆရာမ။ ဆရာမဟာ ကျွန်တော့်ဆရာမ မဟုတ်တော့ဘူးဆိုတာ မသိကြဘူးလား။

ဆရာကြီးရုံးခန်းဆီသို့ သွားရပြန်သည်။ တစ်ခြားကျောင်းသားတွေ အတန်းထဲမှာ စာသင်နေချိန်တွင် စင်္ကြံပေါ်၌ ပျာယာခတ်နေသော ကျွန်တော့်ကို ဘယ်လိုထင်ကြမည်နည်း။

ရုံးခန်းထဲမှာ ဆရာမတစ်ယောက်တည်း။

ဆရာကြီးထံမှ အလုပ်ထွက်ခွင့်စာကို စောင့်နေပါသလား ဆရာမ။
“တီချာ”
ဆတ်ခနဲ လှည့်ကြည့်သည်။
“ညီညီ”
ဟုတ်ကဲ့ ဆရာမရဲ့ တပည့်လေ၊ မမှတ်မိတော့ဘူးလား။ စကားတွေ ရင်နှင့်အပြည့်ပါ။ ပြော၍မထွက်။

အမှန်အားဖြင့်မူ ကျွန်တော့်ရင်ထဲက စကားတို့ကိုပင် ကျွန်တော် သေချာစွာမသိ။
“ကျွန်တော့်ကို ခွင့်လွှတ်ပါ တီချာ”
ဒီစကားကို ဘာကြောင့်ပြောမိမှန်းလည်း သေချာစွာ မသိပြန်ပါ။
“ကျွန်တော့်ကို ရိုက်ပါ တီချာ”
“အို.. ဘာဖြစ်လို့ ရိုက်ရမှာလဲကွယ်၊ ညီညီဟာ လူဆိုးမှ မဟုတ်ဘဲ၊ မင်းမှာ ဘာအပြစ်မှ မရှိပါဘူး သားရယ်”

အို.... သားတဲ့.... သားတဲ့၊ ရင်ထဲက လှိုက်ခနဲ ဝမ်းနည်းသွားသည်။ အနန္တဂိုဏ်းဝင် ဆရာမပေတကား။ ဆရာမသည် ကျွန်တော့်ဆံပင်များကို ပွတ်သပ်ပေးရင်း တတွတ်တွတ် ဆုပေးနေပါသည်။ ကျွန်တော့်မျက်နှာကို မမြင်ရသော်လည်း တသိမ့်သိမ့်လှုပ်ခါနေသော ကိုယ်ကလေးကြောင့် ကျွန်တော်ငိုနေကြောင်း ဆရာမ သိသွားလေသည်။
“အို.. ဘာဖြစ်လို့ ငိုနေတာလဲ ကလေးရယ်၊ ရော့ရော့.... မျက်ရည်တွေသုတ်လိုက်”
ဆရာမသည် ကျွန်တော့်မေးစေ့ကိုဆွဲ၍ မျက်နှာကို မော့စေသည်။ မျက်ရည်များကို သူ့လက်ကိုက်ပုဝါကလေးဖြင့် တယုတယ သုတ်ပေး၏။

ကျောင်းရှေ့က သရက်ပင်ပျိုကလေးသည် ဒီနှစ်အထိ အသီးမသီးချေ။

လွန်ခဲ့သော သုံးနှစ်ခန့်က ကွယ်လွန်သွားခဲ့သော ကျွန်တော့်မမကို အလွန်သတိရပါသည်။


(မြန်အောင် အထက၊ ငွေရတု၊ စက်တင်ဘာ၊ ၁၉၇၈)

အရောင်ပြောင်းသွားသော နှလုံးသား - မင်းလူ

 
အရောင်ပြောင်းသွားသော နှလုံးသား



အဓိပတိလမ်းပေါ်မှနေ၍ သစ်ပုပ်ပင်ကြီးကို လှမ်းကြည့်မိသည်။

သစ်ပုပ်ပင်ကြီး၏ အရွက်မရှိသော အကိုင်းများမှာ ဖဲကြိုးဝါကလေးတွေ ချည်ထားသည်။ လေတွင် တလူလူလွင့်လျက်ပါ။
“အို”
မိကျော်သည် ကျွန်တော့်ကို ပြန်ချစ်ကြောင်း အသိပေးလိုက်ခြင်းပင် ဖြစ်ပါသည်။

ကျွန်တော့်ကိုချစ်လျှင် သစ်ပုပ်ပင်ကြီးမှာ ဖဲကြိုးဝါကလေးတွေ ချည်ထားပါဟု ကျွန်တော် မှာထားခဲ့ပါသည် မဟုတ်လား။

သစ်ပုပ်ပင်ကြီးနားကို လျှောက်သွားသည်။ သစ်ပုပ်ပင်ကြီးတွင်သာ မဟုတ်ပါ။ အပင်ခြေရင်းက စက္ကူပန်းပင်ခြုံတွင်ပါ ဖဲကြိုးဝါကလေးတွေ ချည်ထားပါသည်။ ခပ်လှမ်းလှမ်းက မြက်ခင်းပေါ်မှာ ဖဲကြိုးဝါတစ်စ။

ထိုဖဲကြိုးဝါစကလေးကို ကျွန်တော် ကောက်ကိုင်ကြည့်သည်။ ဖဲကြိုးဝါ မဟုတ်တော့ဘဲ ထဘီအထက်ဆင်စကြီး ဖြစ်နေလေသည်။

သစ်ပုပ်ပင်ပေါ်သို့ အလန့်တကြား မော့ကြည့်မိသည်။ အကိုင်းများမှာ ဖဲကြိုးဝါတွေ မရှိတော့ပါ။ အပင်ခွဆုံက သစ်ခေါက်ဘုလုံးကြီးမှာသာ အထက်ဆင်စ အနက်ကြီး ချည်ထားသည်ကို တွေ့ရလေသည်။





ကျွန်တော် လန့်နိုးလာသောအခါ ချစ်ဝင်းကို သူ့စားပွဲမှာ ထိုင်နေသည်ကို တွေ့ရသည်။ သူသည် မီးသေနေသော ငွေစံပယ် ဆေးပေါ့လိပ်ကြီးကို ကိုင်လျက် သူ့ရှေ့ကနံရံရှိ ဂျပန်မပုံ ပြက္ခဒိန်ကို ငေးကြည့်နေသည်။ အေးမြင့်၏ အိပ်ရာဆီမှ လူးလှိမ့်သံကို ကြားရသည်။
“ဟင်း”
အေးမြင့်၏ သက်ပြင်းချသံ။

သူတို့နှစ်ယောက်စလုံးသည် နှလုံးသားနှင့် ပတ်သက်၍ ကျဆုံးနေကြသူနှစ်ယောက် ဖြစ်ပါသည်။ ချစ်ဝင်းသည် ချိုချိုကို စာလိုက်ပေးသည်။ ချိုချိုက “လုပ်မနေပါနဲ့” ဟု ပြောလွှတ်လိုက်သည်။ အေးမြင့်သည် ခင်မြင့်ကြည်ကို စကားလိုက်ပြောသည်။ ခင်မြင့်ကြည်က “ဖိနပ်ပဲရမယ်” ဟု ပြောလွှတ်လိုက်လေသည်။ ထို့ကြောင့် သူတို့ ဆွေးနေကြခြင်း ဖြစ်ပါသည်။

ကျွန်တော်ကဖြင့် မဆွေးသေးပါ။ မဆွေးသေးပါဟု ဆိုသောကြောင့် မကြာမီ ဆွေးလိမ့်မည်ဟု မယူဆစေလိုပါ။ လွန်ခဲ့သော နှစ်ရက်ကပင် ကျွန်တော်သည် မိကျော်ကို အောင်မြင်စွာ စာပေးခဲ့ပါသည်။ မိကျော် ကျောင်းကအပြန် ဘတ်စ်ကားပေါ်မှာ ပေးလိုက်ခြင်း ဖြစ်ပါသည်။ ဘတ်စ်ကားပေါ်မှာ ဖြစ်သောကြောင့် မိကျော် ငြင်းလို့မရပါ။ ယူသွားရပါသည်။ ဘယ်လောက်များ ပိုင်လိုက်လှပါသလဲ။ ဟိုနှစ်ကောင်နှင့် တခြားစီပါ။

သူတို့ကို ကျွန်တော့်အိပ်မက်အကြောင်း ပြောပြပါသည်။
“မင်းအိပ်မက်က နိမိတ်မကောင်းဘူးကွ”
ချစ်ဝင်းနှင့် အေးမြင့်က ဝေဖန်ပါသည်။ အမှန်တော့ သူတို့ပြောသလို မဟုတ်နိုင်ပါ။ သူတို့သည် ကျွန်တော် စာပေးဖြစ်သည်ကို မနာလိုဖြစ်နေကြခြင်းပါ။ သူခိုးသေဖော်ညှိ အမြီးပြတ်သော မြေခွေးလိုဖြစ်ပါသည်။ ကျွန်တော်သည် မိကျော်ကိုပေးလိုက်သော စာထဲမှာ ရေးသားထားသည်ကလည်း သိပ်မိလိုက်လှပါသည်။ ကြည့်ပါလေ။

နှင်းဆီပန်းကလေးတွေ ဖျားတဲ့အခါ
နေမင်းက ဆေးကုပေးတယ်
ကြယ်ကလေးတွေ ဖျားတဲ့အခါ
လမင်းက ဆေးကုပေးတယ်
ကိုယ့်နှလုံးသား ဖျားတဲ့အခါ
မိကျော်က ဆေးကုပေးပါနော်

ဟေ့.... ဟေ့၊ ဒီလိုစာမျိုးကို ဖတ်ရတဲ့အခါ ဘယ်မိန်းကလေးကများ ကျွန်တော့်ကို မချစ်ဘဲ နေနိုင်လိမ့်မှာတဲ့လဲ။





“သူ့ကို တို့ သူငယ်ချင်းလိုပဲ ခင်ချင်တယ်”
မိကျော်ခေါ် ခင်စန်းကျော်၏ အဖြေ။ ကျွန်တော် ဘာပြန်ပြောရမည်မှန်း မသိပါ။ ကျွန်တော့်စိတ်ကူးထဲမှာတုန်းက တစ်မျိုးပါ။ ပုဂံလမ်းထိပ်ကနေပြီး မိကျော်ကို စောင့်မည်၊ မိကျော် ၁၆ ကားပေါ်က ဆင်းလာသောအခါ ကျွန်တော့်စာကိစ္စကို မေးမည်။ ထိုအခါ မိကျော်သည် ရှက်သဖြင့် ခေါင်းငုံ့ထားလိမ့်မည်။ ကျွန်တော်က အတင်းမေးသောအခါတွင်မှ....

ခုတော့ဖြင့် ဒီလိုမဟုတ်ပါ။ မိကျော်သည် ဘတ်စ်ကားပေါ်မှဆင်းပြီး ကျွန်တော့်ကိုတွေ့လျှင် ရှက်ကြောက်ခြင်း အလျဉ်းကင်းသော မျက်နှာဖြင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။ အမှန်တော့လည်း သူ ကျွန်တော့်ကို ကြောက်ရန် မလိုပါ။ ကျွန်တော်တို့သည် ဆယ်တန်းမှာတုန်းက တစ်တန်းတည်း နေလာခဲ့ကြပါသည် မဟုတ်လား။ သို့ရာတွင် ကျွန်တော်ကတော့ သူ့ကို ကြောက်နေပါသည်။ ကျွန်တော်၏ စိတ်ကူးထဲက စကားများသည် မရှိတော့ပြီ၊ တုန်ယင်ထစ်ငေါ့သော စကားများသည်သာ။
“တို့ကို.. တို့ကို စိတ်ဆိုးသွား....”
“စိတ်တော့ ဆိုးချင်တယ်၊ ဒါပေမယ့် မဆိုးတော့ပါဘူး”
“ဒါဖြင့်ရင် ဟိုဥစ္စာ”
“နောက်တစ်ခါတော့ ဒီလိုထပ်လုပ်ရင်တော့ စိတ်ဆိုးမိလိမ့်မယ် ထင်တယ်”





“နင့်အခြေအနေက သိပ်အဆိုးကြိး မဟုတ်သေးပါဘူးဟယ်”
ခင်အေးသန်းက ပြောလေသည်။

ရန်ကုန်တက္ကသိုလ်၏ ပန်းချီခန်းမသည် ကျွန်တော်တို့ စတည်းချရာ နေရာဖြစ်သည်။ အတန်းမရှိသောအချိန်၊ အတန်းပြီးသောအချိန် သို့မဟုတ် အတန်းလစ်နေသော အချိန်များတွင် ကျွန်တော်တို့သည် ပန်းချီခန်းမမှာ ထိုင်ကြသည်။
“ဆက်လုပ်စမ်းပါကွာ၊ ဖြစ်ပါတယ်၊ ငါ့တုန်းကဆိုရင် မင်းထက်တောင် အခြေအနေ ဆိုးသေးတယ်၊ နောက်တော့လည်း ဖြစ်သွားတာပါပဲ”
ဘာဘာကျော်သည် ကျွန်တော့်ကို အားပေးသလိုလိုနှင့် ကြွားပြန်သည်။ ကြွားလည်း ကြွားစရာပါ။ ခုဆိုလျှင် သူ့ကောင်မလေးသည် သူ့ကို ထမင်းဘူးထဲက ထမင်းကိုလည်း ကျွေးသည်။ ပိုက်ဆံကိုလည်း ချေးသည်။ (မှတ်ချက်၊ ဘယ်တော့မှ ပြန်မဆပ်ပါ) ကျွန်တော်တို့ပင်လျှင် သူ့ထမင်းဘူးကို ကပ်စားရသေးသည်။ သူ့ကောင်မလေးချေးသော ပိုက်ဆံဖြင့် လက်ဖက်ရည် ကပ်သောက်သည်။

တကယ်တော့မူ ကျွန်တော်သည် နာမည်ကြီးထမင်းငတ် ဖြစ်ပါသည်။ ဒီစကားကလေးသည် ကျွန်တော်တို့ ပန်းချီခန်းမအတွက် အဓိပ္ပာယ်များစွာ ရှိပါသည်။

“အကြင်သူတစ်ယောက်သည် မိန်းကလေးတစ်ယောက်၏ အချစ်ကို ရသည်ဖြစ်အံ့၊ ထိုသူသည် ထိုမိန်းကလေး၏ ထမင်းဘူးကိုပါ ရတော့သည်သာ”

သူတို့သည် ထိုရရှိလာသော ထမင်းဘူးကို တစ်ယောက်တည်း ဘယ်တော့မှ မစားတတ်၊ ပန်းချီခန်းမသို့ မရရအောင် ယူလာတတ်သည်။ သူငယ်ချင်းတွေကို ခွဲဝေကျွေးတတ်သည်။ ပန်းချီခန်းက လူများသည် ဆင်းရဲမွဲတေနေကြသူများ မဟုတ်ကြပါ။ သို့ရာတွင် ငွေတော့ဖြင့် အမြဲ ပြတ်လပ်နေတတ်ကြသည်။ ထို့ကြောင့်ပင် တစ်ယောက်ယောက်က မိန်းကလေးတစ်ယောက်ကို လိုက်တော့မည်ဆိုလျှင် အားရဝမ်းသာ ကူညီတတ်သည်။ ပန်းချီခန်းအတွက် ထမင်းဘူးတစ်ဘူး၊ ပိုက်ဆံချေးမည့် မိန်းကလေးတစ်ယောက် တိုးလာမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။

ခုအချိန်မှာဖြင့် ကျွန်တော်သည် “နာမည်ကြီး ထမင်းငတ်” ဖြစ်ပါသည်။ ကျွန်တော်သည် မိကျော်၏ ထမင်းဘူးထဲမှ ထမင်းတစ်ဇွန်းကိုမျှပင် မစားဖူးသေးပါ မဟုတ်လား။ သို့ရာတွင် စိတ်ဓာတ်ဖြင့် မကျလိုက်လှသေးပါ။





“မိကျော်”
“ဘာလဲ”
“တို့.... တို့ ပြောစရာတစ်ခုရှိလို့”
“ရိုးရိုးသားသား သူငယ်ချင်းလိုပြောမယ် ဆိုရင်တော့ ပြောပါ၊ ဆန်းဆန်းပြားပြား ဆိုရင်တော့ နားမထောင်ချင်ဘူး”
“အဲ.... အေးလေ၊ သူငယ်ချင်းလိုပဲ ပြောပါ့မယ်”
“ပြောလေ.... ဘာလဲ”
“ဟို.... ဟိုဥစ္စာ၊ ထမင်းဘူး ပါလာလား”
“ဒီမှာလေ၊ မတွေ့ဘူးလား”
“ဘာဟင်းလဲ”
“ငါးရံ့ခြောက်ဟင်းနဲ့ ပဲသီးကြော်”
“သြော် ဟုတ်လား၊ ဒါဖြင့် သွားတော့မယ်နော်”





“သိပ်ညံ့တဲ့ကောင်ပဲကွာ၊ မိကျော်က မပြောနဲ့ဆိုပေမယ့် အတင်း မရမက ပြောပေါ့ကွ”
“ဟာ.... ငါကြောက်တယ်ကွ၊ မိကျော်က သိပ်စိတ်ကြီးတာနော်၊ အပြတ်ကောလိုက်ရင် ဒုက္ခ”
“ညံ့ပါပေ့ကွာ၊ မင်းနာမည်ကို ဥာဏ်ကိုကိုလို့ မှည့်ဖို့မကောင်းဘူး၊ ညံ့ကိုကိုလို့ မှည့်ဖို့ကောင်းတယ်”
“အံမာ.... မင်းတို့ကတော့ အဖြစ်ရှိလို့လား၊ လုပ်မနေပါနဲ့လို့ အပြောခံရတဲ့ကောင်နဲ့၊ ဖိနပ်ပဲရမယ်ဆိုတဲ့ ကောင်တွေကများ”
“ဟ.... ငါတို့က ဒီလို အပြောခံရပေမယ့် ဆက်လက်ကြိုးစားလျက်ပဲ၊ တစ်နေ့ကျတော့ မင်းတွေ့ရမှာပေါ့ကွာ”





“မိကျော်”
“ဘာလဲ”
“တို့ ပြောစရာ တစ်ခုရှိလို့”
“သူငယ်ချင်းလို ပြောမှာလား”
“မဟုတ်ဘူး”
“ဒါဖြင့် မပြောပါနဲ့”
“ပြောရမယ် မိကျော်၊ ပြောရမယ်၊ တို့ရင်ထဲမှာ....”
“ဒီမှာ ဥာဏ်ကိုကို၊ တို့ကို နောက်တစ်ခါ ဒီစကားမျိုး လုံးဝ ထပ်မပြောပါနဲ့၊ ပြောခဲ့လို့ရှိရင်တော့ သူငယ်ချင်းအဖြစ်ကပါ ရပ်စဲလိုက်ရလိမ့်မယ်၊ ဒါပါပဲ”





အရောင်ပြောင်းသွားသော နှလုံးသား

လစ်တမတ်အပြာ
အက်ဆစ်မှာ ထည့်
ပကတိ နီသွားစေသည်။
လစ်တမတ်အနီ
ဗေ့စ်ရည်မှာ ထည့်
ပကတိ ပြာသွားစေသည်။
ပန်းနုရောင် နှလုံးသား
ဘာဂုဏ်များ မြောက်လို့
အစိမ်းရောင်သို့ ပြောင်းသွားတာလည်းကွယ်။

ကျွန်တော်၏ အဆွေးကဗျာများသည် ပန်းချီခန်းမ၏ နံရံကပ်စာစောင်တွင် ပါဝင်လာခဲ့သည်။ ဓာတုဗေဒကျောင်းသူလေး မိကျော်ကို ရည်ရွယ်စပ်ထားသော ဓာတုဗေဒဆိုင်ရာ ကဗျာများ။ ကျွန်တော် ဆွေးနေကြောင်းကို ပန်းချီခန်းတစ်ခန်းလုံးက သိကြပါသည်။ အို.... သူတို့တင် မဟုတ်ပါ။ ကိုအောင်ရင် လက်ဖက်ရည်ဆိုင်က တင်ဝင်းတို့၊ ဖြူဝင်းတို့လည်း သိသည်။ အအေးဆိုင်က အမေကြည်လည်း သိပါသည်။





ထိုအတောအတွင်းမှာပင် ချစ်ဝင်းနှင့် အေးမြင့်တို့၏ အချစ်ကိစ္စများ ပြေလည်သွားကြပါသည်။

ချစ်ဝင်းသည် သူ့ကိုမှ ပြန်မချစ်ရင် ကျောင်းမတက်တော့ဘူး၊ အင်းလျားကန်ထဲ ခုန်ချမည်ဟု ဆိုသောကြောင့် သနားပြီး ချစ်သွားသည်ဟု ဆို၏။ အေးမြင့်ကမူ သူ့ခေါင်းတုံးဆံထောက် ဆံပင်ကို နည်းနည်းပိုရှည်ပေးပါမည် ဟူသော ကတိဖြင့် ခင်ကြည်မြင့်၏ အချစ်ကို ရသွားပါသည်။

သူတို့သည် အဝတ်အစားအသစ်များ ချုပ်ကြပါသည်။ တစ်နေ့လျှင် ရေသုံးခါလောက် ချိုးပါသည်။ ချစ်ဝင်းဆိုလျှင် ပေါင်ဒါဘူးတစ်ဘူးပင် ဝယ်လိုက်ပါသည်။ သူတို့၏ အကြောင်းများကို ကျွန်တော့်အား ပြန်ပြောကြပါသည်။
“ခင်ကြည်မြင့် လက်ကလေးက နုနုလေးကွ”
“ဟင်.. မင်းက ခုမှ လက်ကိုင်တဲ့အဆင့်လားကွ”
“ဟေ့ကောင်၊ လက်မကိုင်လို့ ခြေထောက်ကို ကိုင်ရမှာလား”
“သြော်.. အေးမြင့် အေးမြင့်၊ ဆံပင်တိုသလောက် တုံးလှသေးပါလားကွာ၊ နှုတ်ခမ်းက ဘာလုပ်ဖို့ထားတာလဲ”
“ထမင်းစားဖို့ပေါ့ကွ”
သြော်.... သူတို့မှာဖြင့် ပျော်နိုင်ကြပါပေသည်။ ကျွန်တော့်မှာတော့ဖြင့် ..။

ချစ်ဝင်းနှင့် အေးမြင့်သည် ကျွန်တော့်ကို အားမရကြပါ။
“ဥာဏ်ကြီး၊ ဆက်လုပ်ပါကွာ၊ မင်းကလည်း ပျော့ညံ့လိုက်တာ”
“တော်ပါပြီကွာ၊ ငါ့အဖြစ်နဲ့ငါ ရှိပါစေတော့”
သို့ရာတွင် ကျွန်တော်သည် စာတစ်စောင်ကို ရေးလေသည်။



၁၀

မိကျော်
နောက်ဆုံးအကြိမ် နှောင့်ယှက်တယ်လို့ သဘောထားလိုက်ပါတော့။ ဒီတစ်ခါမှ တို့လိုချင်တဲ့ အဖြေကို မရရင် နောက်ကို ဘယ်တော့မှ မနှောင့်ယှက်တော့ပါ။ မိကျော်ပြောသလို သူငယ်ချင်းအဖြစ်ကပါ ရာသက်ပန် ရပ်စဲချင် ရပ်စဲလိုက်ပါ။ သန်းခေါင်ထက်တော့ ညဥ့်မနက်နိုင်တော့ပါ။ နက်ဖြန် မိကျော်တို့ အတန်းပြီးချိန်မှာ တို့ လာစောင့်နေမယ်။ တို့ကို ချစ်တယ်ဆိုရင် အင်္ကျီအဖြူရောင် ဝတ်ခဲ့ပါ။ အဖြူရောင်ကို ကြိုဆိုနေပါ့မယ်။

ဥာဏ်

P.S. မိကျော် မကြိုက်ဘူးဆိုလို့ တို့ ဆေးလိပ်ဖြတ်လိုက်ပါပြီ။



၁၁

အခန်းအမှတ် S.17 ရှေ့က စင်္ကြအုတ်ခုံပေါ်မှာ ထိုင်စောင့်နေသည်။ S.17 သည် ဝင်ပေါက်တစ်ခုတည်းသာရှိသော သီရေတာခေါ် အခန်းကြီးဖြစ်သည်။ တစ်ပေါက်တည်းသော ဝင်ပေါက်ကို ပိတ်ထားသဖြင့် အထဲကို မမြင်ရ။ ဆရာ၏ စာသင်သံသာ ထွက်လာသည်။

စက္ကန့်တို့သည် ပြေးလွှားနေကြသည်။ တစ်နာရီခွဲ၊ အတန်းပြီးသင့်ပါပြီ၊ ဆရာသည် သင်လို့ကောင်းတုန်း။
“အစ်ကို ဒူးယားသောက်မလား”
စီးကရက်သည် ကုလားကလေး ရောက်လာသည်။ ဝယ်မည်ပြုပြီးမှ မိကျော်ကို ကတိပေးထားတာ သတိရသဖြင့် မဝယ်ဖြစ်တော့။ ကုလားကလေးသည် အင်္ကျီအဖြူ ဝတ်ထားသည်။
“မင်း ဘာဖြစ်လို့ အင်္ကျီအဖြူ ဝတ်တာလဲ”
“ကျွန်တော့်မှာ ဒီအင်္ကျီတစ်ထည်ပဲ ရှိတာ၊ ဒါပဲ ဝတ်ရမှာပေါ့ဗျာ”

တစ်နာရီ မိနစ်လေးဆယ်၊ တံခါးပွင့်လာသည်။ ဆရာ ထွက်လာသည်။ ဆရာသည် တိုက်ပုံအင်္ကျီအနက်ကို ဝတ်ထားသည်။ အထဲက ရွပ္အက်ႌမွာ အျဖဴ။

အခန်းထဲက ကျောင်းသားကျောင်းသူများ ထွက်လာကြသည်။ ကျွန်တော် မကြည့်ရဲသဖြင့် ခေါင်းငုံ့ထားရသည်။ ကျွန်တော့်ရှေ့က လူတွေ ဖြတ်သွားကြသည်။ ခြေသံများနှင့် ကျွန်တော့်ရင်ခုန်သံသည် အတူတူ။

နှစ်လက်မ ဒေါက်မြင့်ဖိနပ် အနီကလေးကို စီးထားသည်မှာ မိကျော်၏ ခြေထောက်ကလေး။ မျက်စိကို အပေါ်သို့ တဖြည်းဖြည်း တက်ကြည့်သည်။ ထဘီ အနီရောင်။ အင်္ကျီကို ကြည့်သည်။
ဟင်.... အနီ.. အနီ။
ရက်စက်လှစွာသော အနီ။

ငွေသွင်းဌာနကို ဘယ်လိုဖြတ်ခဲ့သနည်း။ သစ်ပုပ်ပင်ကြိးကို ဘယ်လို ကွေ့ရှောင်ခဲ့သနည်း။ ဝိဇ္ဇာခန်းမကို ဘယ်လို ဖြတ်ခဲ့သနည်း။ ပန်းချီခန်းမကို ဘယ်လို ရောက်ခဲ့သနည်း။



၁၂

စောင့်နေကြသူများက မေးသည်။
“ဘယ်လိုလဲဟေ့”
“အနီတဲ့ကွာ”
ကျွန်တော်သည် စားပွဲပေါ်မှာ မျက်နှာအပ်ထားလိုက်သည်။
“ဘယ်လိုဖြစ်တာလဲဆိုတာ ပြောပါဦးဟယ်”
ယဉ်ယဉ်ထွေး၏ အသံကို ကြားရသည်။ ကျွန်တော် ခေါင်းခါလိုက်သည်။
အစ်မကြီး မျိုးမြင့်ခင်က ပြောပြန်သည်။
“ဒီလောက်လည်း ဖြစ်မနေပါနဲ့ဟယ်”
“အစ်မကြီးမှာ ခံစားတတ်တဲ့ နှလုံးသား မရှိပါဘူးဗျာ”

ပန်းချီဆွဲရာတွင် ပုံစံ စံပြအဖြစ်ထားသော အရိုးခေါင်းကြီးကို ငေးကြည့်နေမိသည်။ ဒီမှာ ခင်ဗျားကော လူ့ဘဝတုန်းက အသည်းကွဲဖူးသလား။ ကျုပ်လည်း တစ်နေ့နေ့ ခင်ဗျားလို ဖြစ်မှာပဲ။ အဲဒီအခါကျရင်..
“ဟေ့.. ဟိုမှာကြည့်စမ်း”
ချစ်ဝင်း၏ အလန့်တကြားအော်သံကြောင့် ခေါင်းထောင်ကြည့်မိသည်။
ချစ်ဝင်း ညွှန်ပြရာမှာ....
အို.... အဖြူရောင်၊ ချစ်လှစွာသော.. အဖြူရောင်။

မိကျော်သည် လက်မောင်းရင်းနားက ဖောင်းဖောင်းကလေး ဖြစ်နေသော အင်္ကျီအဇြူကလေးကို ဝတ်၍ လာနေပါသည်။ ကျွန်တော် သူ့ဆီ ထ၍ပြေးသည်။



၁၃

အခန်း A.5 နားက စွယ်တော်ပင်အောက်က ခုံတန်းကလေးမှာ ထိုင်ကြသည်။ ဘာက စပြောရမှန်း မသိ။
“မိကျော်.... အဖြူရောင်၊ တို့ကို ချစ်.. ချစ်လို့”
စကားတို့သည် ကျွန်တော့်လက်ရေးများလိုပင် မညီမညာ ထွက်လာသည်။ မိကျော် ရှက်လို့ ခေါင်းငုံ့သွားသည်။
“ခုနတုန်းက အင်္ကျီအနီ ဘာဖြစ်လို့ ဝတ်တာလဲ”
“အိမ်ကထွက်လာတုန်းက နည်းနည်းချမ်းတာနဲ့ အပေါ်က ထပ်ဝတ်လာတာ”
“တို့နဲ့ တွေ့တဲ့အချိန်မှာတော့ အင်္ကျီအနီကြီးကို ချွတ်ထားဖို့ ကောင်းပါတယ်ဟာ”
“တို့လေ.... တို့.. ရှက်လို့”

ဘာဆက်ပြောရမှန်း မသိတတ်ပြန်။ ချွေးပြန်လာသည်။ ချွေးသုတ်မည်ဟု လွယ်အိတ်ထဲက လက်ကိုင်ပုဝါကို ထုတ်သည်။ ဟော.. ဘယ်အချိန်က လက်ကိုင်ပုဝါကြားထဲ ညပ်နေမှန်း မသိရသော ခပေါင်းစီးကရက် တစ်လိပ်သည် လက်ကိုင်ပုဝါနှင့်အတူ ခုန်ထွက်လာပြီး ကျွန်တော့်ပေါင်ပေါ် လာတင်နေသည်။ မိကျော်က မိသွားပါသည်။
“ဟင်.. ဟင် ဒါကဘာလဲ”
“ခပေါင်း”
“ဒါတော့ သိတာပေါ့၊ ဒါ ဘယ်သူသောက်တာလဲ”
“တင်.. တင်ဝင်း သောက်တာ၊ အဲ.. မဟုတ်ပါဘူး၊ နန္ဒသောက်တာ”
“နန္ဒ ခပေါင်း ဘယ်တော့မှ မသောက်ဘူး၊ ဒူးယားမှသောက်တာ တို့သိတယ်၊ ဟင်း.. ဆေးလိပ်ဖြတ်ပြီလေး ဘာလေးနဲ့ တို့ကို သက်သက်ညာတာပေါ့လေ”
“မ..မဟုတ်ရပါဘူးဟာ၊ နောက်ကို တကယ် မသောက်တော့ပါဘူး”

ကျွန်တော်သည် အယောင်ယောင်အမှားမှား ဖြစ်ပြီး စီးကရက်ကို လွှင့်ပစ်ရန် နောက်သို့ လှည့်ကြည့်မိသည်။ စင်္ကြအုတ်ခုံအောက်သို့ ခေါင်းနှစ်လုံး ရိပ်ခနဲ ဝင်ပုန်းလိုက်သည်ကို တွေ့ရသည်။ မောင်စံရှားနှင့် ကင်းကောင်ကြီးတို့ လာချောင်းနေကြကြောင်း ကျွန်တော် သိလိုက်ပါသည်။

သူတို့ကို ကြွားလိုက်ရဦးမည်။ မိကျော်၏ ထမင်းဘူးထဲက ထမင်းကို အားရပါးရ စားပြလိုက်မည်။ ဒီနှစ်ကောင် သွားရည်ယိုကျသွားအောင်။

မိကျော်၏ ထမင်းဘူးကို ဖွင့်လိုက်သည်။ အထဲမှာ ထမင်းတစ်ဝက်လောက်သာ ကျန်တော့သည်။ ဟင်း လုံးဝမရှိ။ မိကျော်က ခစ်ခနဲ ရယ်သည်။
“နက်ဖြန်ကျရင် တို့ ထမင်းပိုထည့်ခဲ့မယ်”

မည်သို့ပင်ဖြစ်ပါစေ၊ ထိုနေ့မှစ၍ ပန်းချီခန်းမအတွက် ထမင်းဘူးတစ်ဘူး တိုးလာခြင်းသည် “ဝမ်းမြောက်ဖွယ်သတင်း”ပင် ဖြစ်ပါသည်။ ကောင်းချီးသြဘာ ပေးကြပါကုန်။

(ရန်ကုန်တက္ကသိုလ် ပန်းချီမိသားစုသို့ အမှတ်တရ)

(ရုပ်ရှင်ပဒေသာ၊ ဖေဖော်ဝါရီ၊ ၁၉၇၈)

လမ်းဖြတ်ကူးသော နှလုံးသား - မင်းလူ

 
လမ်းဖြတ်ကူးသော နှလုံးသား



သူ့ကိုမွေးပြီး နာရီပိုင်းလောက်အကြာတွင် သူ့အမေ ဆုံးသည်။ သူ့အဖေနောက်ကို လိုက်သွားခြင်းဖြစ်၏။

သူ့အမေသည် သေဆုံးခါနီးဆဲဆဲတွင် သူ့သားကလေးအား “မောင်စု”ဟု ခေါ်ပါလေဟု မှာကြားခဲ့သည်။





မည်သို့ပင်ဖြစ်စေ မောင်စုသည် ယခုအခါ ရေခဲရေရောင်းနေ၏။ ဆူးလေဘုရားအနီး ရသာမုန့်တိုက် (ယခင်ရှားမီး)နှင့် မျက်နှာချင်းဆိုင်၊ မဟာဗန္ဓုလလမ်းဘေး အမှတ် ၁၊ ၃၊ ၁၃၊ ၁၄ ဘတ်စ်ကားမှတ်တိုင်များ တစ်ဝိုက်သည် သူ့ရေခဲရေ ဖြန့်ဖြူးရာဌာန ဖြစ်သည်။

ခွေးခြေတစ်ခုပေါ်တွင် သံပုံးဝိုင်းရှိသည်။ သံပုံးဝိုင်းပေါ်တွင် ရေခွက်တင်ရန် သံဆန်ခါရှိသည်။ သံဆန်ခါနှင့် ဆက်လျက် သံတိုင်ကလေးတွင် ရေစစ်သုံးခု အဆင့်ဆင့်ရှိသည်။ အပေါ်ဆုံးရေစစ်ထဲတွင် ရေခဲတုံး အသေးတစ်တုံးရှိသည်။ သံဆန်ခါပေါ်တွင် ရေခဲတုံးကို စွပ်ကျယ်စဖြင့် ဖုံးအုပ်ထားသည်။

ရေခဲကို စွပ်ကျယ်စဖြင့် အုပ်ထားလျှင် ကြာရှည်ခံကြောင်း မောင်စု အတွေ့အကြုံအရ သိသည်။ သိပ္ပံပညာအရမူ စွပ်ကျယ်စသည် အပူကာပစ္စည်း ဖြစ်သည်။ ၎င်းသည် အပြင်ကအပူဓာတ် ရေခဲဆီသို့ အလွယ်တကူမရောက်အောင် ထိန်းထားပေးသည်။

သို့ရာတွင် သိပ္ပံပညာကို မောင်စု မသိချေ။ စိတ်လည်း မဝင်စားချေ။ သူစိတ်ဝင်စားသည်မှာ ပုံးထဲကရေများ တဖြည်းဖြည်းလျော့လာ၊ သူ့ပိုက်ဆံခွက်ထဲမှာ ငွေစအကြွေများ တဖြည်းဖြည်းများလာဖို့သာ ဖြစ်လေသည်။

လောကကြီးတွင် အစစ်အမှန်တရားဟူသည် ရှိသလော၊ ရှိလျှင် မည်ကဲ့သို့သော အရာပေနည်းဟု တွေးခေါ်ရှင်တို့ ကြံဆခဲ့ကြသည်။ အစစ်အမှန်တရားသည် အာပေါဓာတ် ဖြစ်သည်ဟူ၍လည်းကောင်း၊ အနန္တဝိညာဉ်တော် ဖြစ်သည်ဟူ၍လည်းကောင်း၊ အရာဝတ္ထုတို့၏ ဆန့်ကျင်ပေါင်းစည်းခြင်း ဖြစ်သည်ဟူ၍လည်းကောင်း အမျိုးမျိုး တွေးဆခဲ့ကြသည်။

မောင်စုအဖို့မူ အစစ်အမှန်တရားသည် ရေခဲတုံးနှင့် ရေခဲရေပင် ဖြစ်သည်။ ရေခဲတုံးသည် သူ့ဘဝ၊ ရေခဲရေဖြင့် လူအများကို ငြိမ်းအေးစေမည်။





မောင်စုသည် ပိန်၏။ မည်း၏။ ဆံပင်ရှည်၏။ ဆံပင်ညှပ်ရန် ပိုက်ဆံမရှိသောကြောင့် ဖြစ်လေသည်။ သူ့အင်္ကျီမှာ အဖာရာ၊ အထေးရာတွေ ရှိ၏။ ထွင်ထားခြင်း မဟုတ်ပါချေ။ ပေါက်ပြဲနေသောကြောင့် ဖာထားခြင်း ဖြစ်လေသည်။

မောင်စုအကြောင်းပြောလျှင် မတူးအကြောင်း ပါရမည်။ မတူးမှာ ခါးမရှိချေ။ ဝမ်းဗိုက် နည်းနည်းစူ၏။ သို့ရာတွင် ဝတော့မဝ။ သူ့ဆံထုံးသည် တမာသီးထက်တော့ ကြီး၏။ မာလကာသီးလောက်တော့ ရှိမည်။ ကျစ်ဆံမြီး ကျစ်ထားသောအခါ ပြားနှစ်ဆယ်တန် အီကြာကွေးနှင့် တူလေသည်။ သူ့အသား ညိုညစ်၏။ သူ့သွားများသည် မညီညာချေ။ သွားမတိုက်သောကြောင့် သူ့သွားအရင်းပိုင်းများသည် အဝါရောင် ဖြစ်နေ၏။ မောင်စုကမူ ပုလဲလုံးကလေးများကို ရွှေကွပ်ထားသည်ဟု ထင်မိလေသည်။

မတူးသည် ကိတ်မုန့်ကို မစားဖူးချေ။ သို့ရာတွင် သူ ကိတ်မုန့်ရောင်းသည်။ အရင်ကတော့ ရသာမုန့်တိုက် ရှေ့တည့်တည့်မှာ ရောင်းသည်။ ရသာမုန့်တိုက်ရှေ့တွင် ဈေးမရောင်းရ ကြေညာလိုက်သောအခါ ရသာမုန့်တိုက်ရှေ့တွင် မရောင်းတော့ချေ။ ရသာမုန့်တိုက်ဘေးသို့ ရွှေ့ရောင်း၏။ ကျူလီယာဗလီ၏ ဆင်ဝင်အောက်မှာ။

မောင်စု၏ဆိုင်နှင့် မတူး၏ဆိုင်တို့၏ ကြားတွင် မဟာဗန္ဓုလရှိ၏။ မဟာဗန္ဓုလလမ်းလို့ ဆိုလိုသည်။ မောင်စုသည် ငါးပြားကအစ နှမြောတတ်သည်။ ပိုက်ဆံငါးပြားဆိုတော့ ခုခေတ်မှာ ဘာမှသုံးလို့မရဘူးဟု အချို့က ပြောကြသည်။ မောင်စုအမြင်မှာ သုံးတတ်လျှင် သုံး၍ရသည်။

တစ်ခွက်လျှင် တစ်ဆယ့်ငါးပြားတိတိတန်သော မောင်စု၏ ရေခဲရေကို မတူးသည် တစ်နေ့သုံးခွက်လောက် အလကားသောက်သည်။ သူရောင်းသော ကိတ်မုန့်ကိုမူ မောင်စုအား တစ်ခါမျှ မကျွေးဖူးချေ။ သို့ရာတွင် မောင်စု ကျေနပ်သည်။

မတူးသည် မောင်စုထက် သုံးနှစ်ခန့်ငယ်သည်။ သို့ရာတွင် မောင်စုကို “နင်” နှင့် “ငါ” နှင့် ပြောသည်။ ယင်းကိုလည်း မောင်စု ကျေနပ်သည်။

အကြောင်းမှာ မောင်စုသည် မတူးကို ချစ်နေသောကြောင့် ဖြစ်သည်။





မောင်စုသည် မတူးနှင့် မည်သို့မည်ပုံ စတင်သိကျွမ်းခဲ့ရကြောင်းကို မမှတ်မိတော့ချေ။ အကြောင်းမှာ သူသည် ဒိုင်ယာရီ မရေးတတ်သောကြောင့် ဖြစ်လေသည်။ သူ့အလိုလို သိသွားကြသည်ဟု ထင်သည်။

မနက်ဆိုလျှင် မောင်စုက မတူးကို ဝင်ခေါ်သည်။ အတူတူလာကြသည်။ နေ့လည်မှာ မတူးက မောင်စု၏ ရေခဲရေကို တောင်းသောက်သည်။ ညနေ အတူတူ ပြန်ကြသည်။ မောင်စုက မတူး၏အိမ်ကို လိုက်ပို့သည်။ တခြား ထူးထူးခြားခြား မရှိ။

နှစ်ခုတော့ ရှိသည်။





“မတူး၊ ငါ ပိုက်ဆံတစ်ကျပ်ကြီး ကောက်ရတယ်ဆရာ၊ နင်ဘာစားချင်လဲ၊ ငါဝယ်ကျွေးမယ်”
“ငါလား၊ လဟာပြင်ဈေးက ခေါက်ဆွဲပြုတ်ကြော်လည်း စားချင်တယ်၊ ပြီးတော့ ဖာလူဒါလည်း သောက်ချင်တယ်၊ ပြီးတော့....”
“ဟာ၊ အဲဒီလောက်ကြီးတော့ ငါ ဘယ်တတ်နိုင်ပါ့မလဲ၊ ကောက်ရတာက တစ်ကျပ်တည်းရယ်”
“နင်က ဘာစားချင်လဲဆိုလို့ ငါစားချင်တာ ပြောရတာပဲ၊ ဒီလိုလုပ်လေ၊ နင်ရော ငါရော စားလို့ရအောင် မုန့်ဟင်းခါးတစ်ကျပ်ဖိုး သွားဝယ်ပြီး နှစ်ယောက်တူတူစားမယ်”





“မောင်စု၊ နင်ဘာစားမလဲ၊ ငါကျွေးမယ်”
“အာလူး၊ နင်ဘယ်တုန်းက ငါ့ဝယ်ကျွေးဖူးလို့လဲ”
“တကယ်ပြောတာပါဟ၊ ဒီနေ့ ငါ့မွေးနေ့လေ”
“အံမယ်၊ နင်က နင့်မွေးနေ့ကို သိလို့လား”
“သိတာပေါ့ဟ၊ စက်တင်ဘာ ၃ ရက်နေ့တဲ့၊ ဒီနေ့ပဲ ငါ့အဒေါ်က ပြောလိုက်တာ၊ နင်ကော နင့်မွေးနေ့ကို သိလား”
“ဟင့်အင်း မသိဘူး”
“အဲဒါ ထားစမ်းပါဦး၊ နင် ဘာစားချင်လဲ”
“ဒံပေါက်ထမင်း”
“ဟယ်၊ အဲဒါတော့ ငါလည်း မတတ်နိုင်ဘူး”
“ဒီလိုလုပ်လေ၊ နင်ရော ငါရော စားလို့ရအောင် မုန့်ဟင်းခါးတစ်ကျပ်ဖိုး သွားဝယ်ပြီး အတူတူ စားကြတာပေါ့”





မောင်စုသည် မတူးကို ချစ်နေသည်။ သို့ရာတွင် သူမပြောရဲချေ။ ပြောဖို့ ကြိုးစားခဲ့သည်မှာလည်း အကြိမ်ကြိမ်။ ဒီနေ့တော့ တကယ်ပြောတော့မည်ဟု ဆုံးဖြတ်သွားခဲ့သော်လည်း မတူးကို တွေ့လိုက်သည်နှင့် သူ ဆွံ့အသွားရသည်။ သူများတကာတွေ ဝင်ဦးသွားမည်ကိုလည်း စိုးရိမ်သည်။

“မတူးနော်၊ သကြားလုံးရောင်းတဲ့ကောင်တွေနဲ့ သိပ်အရောမဝင်နဲ့၊ သူတို့က ခြေသလုံးအိမ်တိုင်တွေ”
ထို့ထက်ပို၍ မပြောရဲ။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်ဟူ၍ သူ့စိတ်ကို သူဖြေသည်။

သို့ရာတွင် အချိန်နှင့် ရေခဲတုံးသည် လူကိုမစောင့်ချေ။





နက်ဖြန်ဆိုလျှင် မတူး တောပြန်ရတော့မည်။ တောကသူ့အမေ အသည်းအသန် ဖြစ်နေသောကြောင့် ဖြစ်သည်။ သူ့အမေ ပြန်နေကောင်းလာသည်အထိ တောမှာနေရမည်။ သူ့အမေ နေကောင်းပြီင်္းသော်လည်း ပြန်လာချင်မှ ပြန်လာရတော့မည်။

မောင်စုသည် သည်နေ့တော့ သူပြောချင်နေသော စကားကလေးကို ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ မတူး ဆိုင်မထွက်သောကြောင့် မတူးအိမ်သို့ လာခဲ့သည်။ သူ့ရင်ထဲက စကားကလေးကို ဖွင့်ပြောလိုက်တော့သည်။

“ဟိုရောက်ရင် ငါ့ဆီစာရေးနော်”
မတူးက ခေါင်းခါသည်။

“ဘာဖြစ်လို့လဲဟယ်”
“မရေးချင်ပါဘူး”
“ရေးပါဟယ်၊ ဘာဖြစ်လို့လဲ”
“ငါမှ စာမတတ်ဘဲ”
“နင် စာမတတ်ဘူး ဟုတ်လား”
“အေး နင်ကော”
“ငါလည်း မတတ်ဘူး”

စာထည့်ပါလို့သာ ပြောရသည်။ မောင်စုထံသို့ စာထည့်ရန် လိပ်စာမရှိချေ။ မောင်စုနေသော နေရာသည် အိမ်နံပါတ်မရှိ။ လမ်းနံပါတ်မရှိ။ ရပ်ကွက်အမည်မရှိ။ အမှန်တော့ မောင်စုမှာ အိမ်ခြေရာခြေပင် အတည်တကျ မရှိပါ။ “ရန်ကုန်မြို့ မောင်စုကိုပေးပါ” ဆိုလျှင် မောင်စုထံ မည်သို့ရောက်ပါမည်နည်း။





ရန်ကုန်တွင် မတူးမရှိတော့သည့်နောက် ရသာမုန့်တိုက်သည် မောင်စုအတွက် အဓိပ္ပာယ်မရှိတော့။ မတူး၏နေရာတွင် ယခု ကုလားမကြီးတစ်ယောက် ရောက်နေသည်။ ထိုကုလားမကြီးကို မြင်တိုင်း မတူးကို သတိရသည်။

ကိတ်မုန့်ကိုမြင်တိုင်းလည်း သတိရသည်။ ယခုအခါ ရေခဲရေကို အလကားသောက်မည့်သူ မရှိတော့။

သို့ရာတွင် သူဝမ်းမသာ။

မတူးအကြောင်းကို သူသိချင်နေသည်။ မတူး နေထိုင်ကောင်းပါရဲ့လား။ တောမှာ ပျော်ပါ့မလား။ မတူးသည် သူ့ကို သတိရနေမလား။ မတူးကို သူချစ်နေကြာင်း ဖွင့်မပြောလိုက်ရ။ အကယ်၍ မတူးပြန်လာခဲ့လျှင် သူဖွင့်ပြောတော့မည်။

ထိုအခါ မတူးသည် သူ့ကို....

“ဟဲ့ မောင်စု”
“အင် အင်၊ ဘာလဲဗျ”
သူ့အတွေးကို နှောင့်ယှက်သော စီးကရက်သည် မိန်းမကြီးကို ဟောက်လိုက်သည်။
“နင် မတူးအကြောင်း သိပြီးပြီလား”
“ဘာလဲ၊ ဘာကိုလဲ”
“ဒီနေ့ သူ့အဒေါ်နဲ့တွေ့လို့ ပြောလိုက်တယ်၊ မတူးကို သူတို့ရွာက ကုန်စုံဆိုင်ပိုင်ရှင် တရုတ်နဲ့ ပေးစားမလို့တဲ့”
“ဘာပြောတယ်”
“အဲဒီတရုတ်က အသက်လေးဆယ်လောက် ရှိပြီတဲ့၊ မုဆိုးဖိုတဲ့၊ ကလေးက လေးယောက်နဲ့”

မောင်စုလက်ထဲတွင် ကိုင်ထားသော ရေခဲတုံးကြီးသည် ပလက်ဖောင်းပေါ်သို့ လွတ်ကျသွားသည်။ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။

သူသည် ပလက်ဖောင်းပေါ်သို့ ဒူးထောက်ကျသွားသည်။ ရေခဲတုံးအစကလေး တစ်တုံးကို ယောင်ယမ်းကောက်ကိုင်မိသည်။ ရေခဲတုံးကလေးသည် ပူလွန်းသဖြင့် ပြန်ပစ်ချလိုက်မိသည်။ ရေခဲတုံးသည် သူ့ဘဝ။

မောင်ထော်လေးလမ်းထဲက ကျူလီယာဗလီဆီမှ အသုဘမော်တော်ယာဉ် ထွက်လာသည်။



၁၀

ရေခဲရေသည် အလွန်အေးစက်နေ၏။ သူ့ရင်သည် ခြစ်ခြစ်တောက် ပူနေသည်။ ရေခဲပုံးတွင် ရေစက်ကလေးတွေ ကပ်နေကြသည်။ မောင်စု၏မျက်နှာတွင် ချွေးစက်တွေ ကပ်နေကြသည်။

“ငြိမ်းချမ်းရေး ရေခဲရေ၊ ငြိမ်းချမ်းရေး ရေခဲရေ” ဟု အရင်က သူ တက်ကြွစွာအော်ခဲ့သည်။ ခုတော့ဖြင့် မအော်နိုင်၊ ငူငူငိုင်ငိုင်ကြီး တိတ်ဆိတ်စွာ ရပ်နေသည်။

သူ့စိတ်သည် မွန်းတည့်နေသော နေလုံးကြီးဆီသို့ ရောက်နေသည်။

ညနေကျတော့ ဆူးလေဘုရားပေါ် သူရောက်သည်။ အရင်က ဆူးလေဘုရားပေါ် ရောက်ဖူးပါသည်။ သို့ရာတွင် တစ်ခါမျှ ရှိမခိုးခဲ့ဖူးချေ။ ကြေးဆင်းတုတော်တစ်ဆူ ရှေ့တွင် ထိုင်သည်။ လက်အုပ်ချီသည်။ ဆုတောင်းသည်။
“မတူးကို တပည့်တော် တကယ်ချစ်ပါတယ်ဘုရား၊ မတူး ရန်ကုန်ပြန်လာအောင် လုပ်ပေးပါဘုရား၊ တရုတ်ကြီးကို သေအောင်လုပ်လိုက်ပါဘုရား”
ကြေးဆင်းတုတော်ကြီး၏ အပြုံးမျက်နှာတော်သည် သူ့ကို အားတက်စေသည်။ သူ နေ့တိုင်းဆုတောင်းသည်။



၁၁

“ဟဲ့ မောင်စု၊ မတူး ပြန်လာပြီတဲ့”
“ဘာ မတူးပြန်လာပြီ ဟုတ်လား၊ မတူး ပြန်လာပြီ ဟုတ်လား”
သူ့လက်ထဲက ရေခဲတုံးကြီးသည် ပလက်ဖောင်းပေါ်သို့ လွတ်ကျသွားသည်။ သို့ရာတွင် ဖွဲပုံပေါ်သို့ ကျသွားသောကြောင့် မကွဲချေ။ ကျူလီယာဗလီ ဆေးအသစ်သုတ်ထားသးည်။

မတူးအိမ်သို့ သူပြေးလေသည်။ မတူးကိုတွေ့တော့ သူ ဘာပြောရမှန်းမသိ။ မတူးက သူ့ကို ငေးကြည့်နေသည်။ မတူး မျက်ရည်ဝဲနေသည်။ မျက်ရည်ဝဲတိုင်း ဝမ်းနည်းသည်ဟု မဆိုနိုင်ပေ။
“မတူး၊ မတူး၊ နင်ပြန်လာပြီနော်”
“အေး”
မောင်စုသည် သူအပြောချင်ဆုံး စကားကလေးကို ပြောလိုက်လေသည်။
“ဟိုတရုတ်ကြီးကော သေပြီလားဟင်”
မတူးသည် ရှက်၍ ခေါင်းငုံ့သွားသည်။ ပြီးတော့ ပြောပြသည်။ သူ့အမေက အသည်းအသန်အဖြစ်ဘဲ ညာခေါ်ကြောင်း၊ တရုတ်ကြီးနှင့် အတင်းပေးစားသောကြောင့် ထွက်ပြေးလာကြောင်း။
“နင့်အမေ လိုက်လာရင်ကော”
“မလာနိုင်သေးပါဘူး၊ ဒီကိုလာဖို့ အမေ့မှာ ပိုက်ဆံရှိမှာ မဟုတ်ဘူး၊ လိုက်လာရင်လည်း ငါ ပြန်မလိုက်တော့ဘူး”

မောင်စု သိပ်ဝမ်းသာသွားသည်။ ပြီးတော့ သူ့ခံစားချက်ကို ထုတ်ပြောလိုက်ပြန်သည်။
“နင်သွားနေတုန်းက ငါသိပ်လွမ်းတာပဲ”
“ငါလည်း ဒီလိုပဲ”
“ငါလေ၊ ငါလေ နှင်းတွေကျတာမြင်ရင် နင့်ကို သိပ်သတိရတာပဲ”
“ငါလည်း ဖုန်တွေထတာမြင်ရင် နင့်ကို သိပ်သတိရတာပဲ”



၁၂

အချိန်နှင့်ရေခဲတုံးသည် လူကိုမစောင့်ကြောင်း မောင်စု ကောင်းကောင်းသိခဲ့ပြီ။ ထို့ကြောင့် မတူးဆိုင်စထွက်သောနေ့မှာပင် သူ့အချစ်ကို ဖွင့်ဟလိုက်လေသည်။
“မတူး၊ ငါ ခုနပြောတာ ဘယ်လိုလဲ”
“ဘာကိုလဲ”
“နင်ကငါ့ကို ပြန်ပြီး ဟိုဒင်းမပြုနိုင်ဘူးလား”
မတူးက ခေါင်းငုံ့ထားသည်။ သူ့လက်သည်းထဲက ချေးများကို တုတ်ချောင်းကလေးဖြင့် ထိုးထုတ်နေသည်။
“ပြောပါဟာ”
“ငါ မပြောချင်ဘူးဟာ”
“ဘာဖြစ်လို့လဲဟင်”
“နေမကောင်းလို့”
“ဟင် ဟုတ်လား၊ အေဘီစီဒီ သောက်မလား၊ ငါပြေးဝယ်လိုက်မယ်လေ”
“နေပါစေ၊ အေဘီစီဒီက ရင်တုန်တယ်ဟ၊ ခုနက ဆရာမောင်ဆေးနီမှုန့် ဝယ်သောက်ထားတယ်”
“နင် နေကောင်းပျောက်ရင် ပြောမှာမဟုတ်လား”
မတူးက ခေါင်းညိတ်သည်။
“နင် ဘယ်တော့ နေကောင်းပျောက်မှာလဲ”
“နက်ဖြန်”



၁၃

နက်ဖြန် သို့မဟုတ် ယနေ့၊ တန်ဆောင်မုန်းလပြည့်နေ့။

မောင်စုသည် သူ့ရေခဲပုံးကို ဌက်ပျောသီးရောင်းသော လှဝင်းကို အပ်ပစ်သည်။ လှဝင်းသည် ယုံကြည်ရသူ မဟုတ်။ သူ့ကိုအပ်ခဲ့လျှင် ရေခဲရေလည်း သုံးလေးခွက် ခိုးသောက်တတ်သည်။ ရောင်းရသည့်ငွေကိုလည်း ဖြောင်တတ်သည်။

ဒီနေ့တော့ ရေခဲရေတစ်ပုံးကုန်အောင် သောက်ပစ်လည်း သူမမှုပါ။

မနက်တုန်းက သူရေချိုးနေမိသောကြောင့် အချိန်လင့်သွားသည်။ သူဝင်ခေါ်သောအခါ မတူးမရှိတော့ချေ။ ခုမှပင် သွားရတော့သည်။

မတူးက “ငါလည်း နင့်ကို ဟိုဒင်းပြုပါတယ်” ဟု ပြောလေသည်။

မောင်စုသည် ပလက်ဖောင်းပေါ်တွင် ဒူးထောက်ထိုင်ချ၍ ဆူးလေဘုရားကြီးကို ပုဆိန်ပေါက် ကန်တော့လေတော့သတည်း။

ထိုနေ့က တစ်နေ့လုံး မတူးအနားမှာ သူနေသည်။ ပျော်သည်။ ပျော်သည်။

ညနေကျတော့ သူ့ရေခဲရေပုံးကို သွားပြန်ယူသည်။ လှဝင်းက ခွက်သုံးဆယ်ပဲ ရောင်းရတယ်ဆိုပြီး ငွေလေးကျပ်ခွဲ ပေးသည်။ လှဝင်းညာမှန်း သူသိလေသည်။

သို့ရာတွင် ကိစ္စမရှိ။



၁၄

တန်ဆောင်မုန်းလပြည့်နေ့၏ ညနေခင်း။ တိမ်တောက်နေသည်။ အကျည်းတန်သူတိုင်း လှသောအချိန်ဟု ဆိုကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လည်း လှနေကြလေသည်။

မတူး၏မျက်နှာတွင် ပေါင်ဒါတွေ ဖွေးနေသည်။ မောင်စု၏မျက်နှာမှာလည်း ပေါင်ဒါတွေ ဖွေးနေသည်။ သူတို့သည် သူတို့အဖို့ အသစ်လွင်ဆုံးသော အဝတ်အစားများကို ဝတ်ထားကြသည်။

နေ့လည်ကပင် သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ ပထမဆုံး အချစ်နေ့အဖြစ် လျှောက်လည်ကြသည်။ တန်ဆောင်တိုင်ပွဲတော်သည် စည်ကားလှစွာ၏။ ကားအသစ်ကလေးများသည် လူအသစ်များကို တင်ဆောင်၍ ပြေးလွှားနေကြ၏။

ရပ်ထားသော ကားအသစ်ကလေးများကိုတွေ့လျှင် သူတို့ ပွတ်သပ်ကြည့်ကြ၏။ သူတို့နှစ်ယောက်စလုံး ရင်ခုန်နေကြသည်။ သို့ရာတွင် သူတို့ အေပီစီ သောက်မထားကြချေ။

“မတူး၊ တို့နှစ်ယောက် စပြီး ဟိုဒင်းပြုကြတဲ့နေ့ကို အမှတ်တရဖြစ်အောင် တစ်ခုခုလုပ်ရအောင်”
“ဘာလုပ်မလဲ”
“မသိဘူး၊ နင်ကော ဘာလုပ်ချင်လဲ”
“သိဘူး”

မောင်စု ခဏမျှ စဉ်းစားသည်။ သူ့နားထဲတွင် “ဒီဒီ” ဆိုသောအသံကို ကြားရသည်။
“ဟုတ်ပြီ၊ ငါ့လက်မှာ ဆေးမင်ထိုးမယ်”
“နင် နာမှာပေါ့”
“မနာပါဘူးဟာ၊ ယောက်ျားပဲ”

ဆေးမင်ကြောင်ထိုးသည့် အဘိုးကြီးနားကို သွားကြသည်။
“မြွေရုပ်ထိုးမယ်”
“ဟယ်.... ကြောက်စရာ”
“အသည်းပုံ မြားစိုက်”
“နိမိတ်မကောင်းဘူး”
“ရှုပ်ပါတယ်ဟာ၊ စာတန်းပဲထိုးတော့မယ်”

သူတို့နှစ်ယောက်ကို အဘိုးကြီးက စိတ်မရှည်တော့။
“ကဲ.. ကဲ၊ ပြောကွာ၊ ဘာစာထိုးမှာလဲ”

မောင်စုသည် သူနှင့်မတူးတို့ စချစ်ကြတဲ့နေ့ အထိမ်းအမှတ်အဖြစ် သူ့လက်တွင် ဆေးမင်ဖြင့်ထိုးမည်ဖြစ်သော စာတန်းကလေးကို ပြောလိုက်လေသည်။
“သတ္တိခဲ”


(ငွေတာရီ၊ ဇွန်၊ ၁၉၇၇)

နေဝင်သွားတော့ လထွက်သည် - မင်းလူ

 
နေဝင်သွားတော့ လထွက်သည်



မမ၏ မျက်နှာသည် လေငြိမ်သောအခါတွင် အင်းလျားကန်ရေပြင်၌ ပေါ်ထွန်းနေသော လပြည့်ဝန်းကြီးနှင့် တူပါသည်။

သစ်သစ်၏ မျက်နှာသည် လှိုင်းကြက်ထသော အင်းလျားကန်ရေမျက်နှာပြင်ကို တဖျတ်ဖျတ်ထိခတ်သော နေရောင်ခြည်နှင့် တူပါသည်။





ချစ်သူနှစ်ယောက် ထားဖူးကြပါလိမ့်မည်။ နှစ်ယောက်စလုံးက တစ်ချိန်တည်း တစ်ပြိုင်တည်း ချိန်းဆိုထားသောအခါ မည်သူ့ထံသို့ သွားရမည် မသိသောအဖြစ်ကိုလည်း ကြုံဖူးကြပါလိမ့်မည်။

ဇွန်လ ၂၀ရက်၊ စနေနေ့ ဖြစ်ပါသည်။ မမက အရေးကြီးသောကိစ္စ ပြောစရာရှိ၍ လာခဲ့ရန် ချိန်းထားပါသည်။ မွန်းတည့် ဆယ့်နှစ်နာရီတိတိအချိန်တွင် မမတို့ ရုံးရှေ့က ကြိမ်ခြင်းတောင်းလေးတွေရောင်းသော တဲကလေးရှေ့က စောင့်ရန်။

သစ်သစ်က မွန်းတည့် ဆယ့်နှစ်နာရီတိတိတွင် အဆောင်သို့ လာခဲ့ရန် ချိန်းထားပါသည်။ ဒီနေ့ သစ်သစ် ကျောင်းမတက်သောကြောင့် သစ်သစ်ရှိရာ အင်ကြင်းဆောင်သို့ သွားရမည်။ ကျွန်တော်သည် တက္ကသိုလ်ကျောင်းဝင်းထဲက ကိုအောင်ရင် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေပါသည်။ ဆယ့်တစ်နာရီ ဆယ့်ငါးမိနစ် ဖြစ်ပါသည်။





မမ၏ အချစ်ကိုရရန် တစ်နှစ်တစ်လနှင့် နှစ်ရက်တိတိ ကြိုးစားခဲ့ရပါသည်။ မမ၏ အချစ်ကိုရရန် မူယာမာယာများ သုံးခဲ့ရပါသည်။ မမကမှ ပြန်မချစ်ရင် စာမေးပွဲ မဖြေတော့ဘူး ဆိုတော့မှပင် ချစ်ပါသည်။ မမသည် ကျွန်တော်နှင့် ချစ်ခါစက ကျွန်တော့်ကို “သူ” ဟု ခေါ်ပါသည်။ သုံးနှစ်လောက်ကြာတော့မှ “မောင်” ဟု ခေါ်ပါသည်။ “မောင်” ဟု ခေါ်ရတိုင်းလည်း မမ ရှက်နေတတ်ပါသည်။

သစ်သစ်၏ အချစ်ကိုရရန် ခြောက်ရက်ခန့် ကြိုးစားရပါသည်။ အမှန်မှာ ငါးရက် ဖြစ်ပါသည်။ တနင်္ဂနွေတစ်ရက် ခံသွားသောကြောင့် ခြောက်ရက် ဖြစ်သွားပါသည်။

သစ်သစ်သည် ကျွန်တော်နှင့် မချစ်ခင်က “ယူ” ဟု ခေါ်ပါသည်။ ကျွန်တော်နှင့် စချစ်သည့်နေ့မှစ၍ “ကိုကို” ဟု ခေါ်ပါသည်။





မမကို ချစ်ခွင့်ရပြီး လေးလကြာမှ မမ၏ လိုင်စင်ဓာတ်ပုံတစ်ပုံကို ရပါသည်။ ခြောက်လကြာမှ နှစ်ယောက်ချင်းတွေ့ခွင့် ပေးပါသည်။

တစ်လလျှင် တစ်ကြိမ်ခန့်။ သို့ရာတွင် လွန်ခဲ့သော သုံးလခန့်မှစ၍ မမသည် တစ်လတစ်ကြိမ် တွေ့ခွင့်ကို အကန့်အသတ်မရှိ ရပ်စဲလိုက်ပါသည်။

နောက်ဆုံးတွေ့ကြသောနေ့က မမကို ကျွန်တော်က အတင်းနမ်းမိသောကြောင့် ဖြစ်ပါသည်။

သစ်သစ်သည် ကျွန်တော့်ကို ချစ်ပြီး နောက်တစ်နေ့တွင် သူ၏ ဓာတ်ပုံအယ်လ်ဘမ်ကို လက်ဆောင်ပေးပါသည်။ လေးလခန့်အတွင်း သစ်သစ်နှင့်ကျွန်တော် ငါးဆယ့်နှစ်ခါတိတိ တွေ့ခဲ့ပါသည်။ သစ်သစ်သည် အဆောင်ကို ပြန်ခါနီးတိုင်း ကျွန်တော့်ကို သတိပေးတတ်ပါသည်။
“ကိုကို၊ ဒီနေ့ သစ်သစ်ကို မနမ်းရသေးဘူး”





မမသည် ကျွန်တော် ဆေးလိပ်သောက်သည်ကို မကြိုက်ပါ။
“လူကလေးက ငယ်ငယ်လေး၊ မျက်နှာက ရင့်နေလိမ့်မယ်၊ ပြီးတော့ ဆေးလိပ်သောက်ရင် အဆုတ်မှာ ကင်ဆာဖြစ်မယ်၊ အင်္ကျီမီးပေါက်မယ်၊ ပိုက်ဆံကုန်မယ်၊ ပါးစပ်က ဆေးလိပ်နံ့ နံမယ်”

သစ်သစ်သည် ကျွန်တော် ဆေးပေါ့လိပ်သောက်သည်ကို မကြိုက်ပါ။
“ဆေးပေါ့လိပ်ဆိုတာ စာရေးဆရာတွေ သောက်တာ၊ ကိုကိုက သူဌေးသားပဲ၊ စီးကရက်သောက်မှပေါ့၊ ဖီလ်တာနဲ့ ပြောတာနော်၊ ပြီးတော့ ဆေးပေါ့လိပ်နဲ့ ကိုကို့ ဂက်စ်လိုက်တာနဲ့ မလိုက်ပါဘူးနော်”





ဆန်းပြားသော ပုံစံများ၊ ကြောင်ကျားသော အဆင်များဖြင့် ချုပ်ထားသော အဝတ်အစားများ ဝတ်လျှင် မမ မကြိုက်ပါ။

ဘောင်းဘီဝတ်ခြင်းကို မမ တားမြစ်သည်။ မမထံသို့ တိုက်ပုံအင်္ကျီမပါဘဲ သွားလျှင် အဆူခံရတတ်ပါသည်။

သစ်သစ်သည် ကော်လာမပါသော လည်ပြတ်အင်္ကျီများ ဝတ်သည်ကို မကြိုက်ပါ။
“ခုခေတ်က ကျော်ဟိန်းခေတ်လေ ကိုကိုရဲ့၊ မောင်ဘတင့်ခေတ် မဟုတ်တော့ဘူး”

ထို့ကြောင့် သစ်သစ်သည် ကျွန်တော့်ကို ဘောင်းဘီဝတ်ခိုင်းသည်။

“ဘောင်းဘီချုပ်ရင် ဖလဲချုပ်နော်၊ ပြီးတော့ကျတော့ အီလပ်စတစ်နဲ့ မချုပ်နဲ့၊ တောင့်တောင့်ကြီး ဖြစ်နေလိမ့်မယ်၊ တက်ထရက်စ်ပလိန်းနဲ့ချုပ်၊ သိလား”





မမသည် ကျွန်တော်၏ ရှည်လျားသော ဆံပင်ကို မနှစ်သက်ပါ။
“မောင့်ဆံပင်ကြီးကလည်း စုတ်ဖွားဖွား ညှင်းသိုးသိုးနဲ့၊ နောက်တစ်ခါ ဒီလို ဆံပင်ကြီးနဲ့ဆိုရင် မမဆီ မလာနဲ့”

မမထံသို့ သွားလျှင် ဆံပင် နားရွက်မဖုံးစေရ။ ကော်လာအောက်သို့ ဆံပင် မရောက်စေရ။

သစ်သစ်သည် ဆံပင်အတိုထားသူများကို ရှုတ်ချတတ်လေသည်။
“ဆံပင်အတိုနဲ့ဆို ကြည့်ရတာ သိပ်အောက်တာပဲ၊ အေးမြင့်ကို ကြည့်ပါလား၊ ဆံပင်က တိုနံ့နံ့၊ ကုပ်သားကြီးက ပြောင်ပြောင်၊ တိုက်ဂေါပုံကြီး၊ ကိုကို့ပုံကတော့ မိပါတယ်၊ ကိုကို့ဆံပင် ခွေခွေကောက်ကောက်ကလေးတွေက ကုပ်သားပေါ်ဝဲကျနေတာ သိပ်မိုက်တာ”





မမသည် ဆန်းသစ်တီထွင်သော စကားလုံးများကို နားမလည်ပါ။
“ဟိုနေ့က မမတို့ရုံးကို ဖုန်းဆက်တုန်းကလေ၊ ဖုန်းလာကိုင်တဲ့ လူကြီးက ဘယ်သူလဲ၊ ဘယ်ကလဲနဲ့ တကယ် ဒတ်စ်ပဲ”
“ဘာလဲမောင်ရဲ့၊ ဒတ်စ်ဆိုတာ”
“ဒတ်စ်ဆိုတာ အမှိုက်လို့ပြောတာ၊ ရှုပ်တယ်လို့ ပြောတာပေါ့”
“မောင်တို့ လမ်းသရဲစကားတွေ မမ နားမလည်ဘူး၊ ဘာတွေမှန်းလည်း မသိဘူး”

စကားအသစ်အဆန်း တီထွင်မှုတွင် သစ်သစ်ကို ကျွန်တော် လိုက်လို့မမီပါ။
“ကိုကို၊ ကိုမဲလုံးက ကိုကို့ကို လိုက်ရှာနေတယ်”
“ဘယ်က ကိုမဲလုံးလဲ”
“ခါလာကြီးရဲ့သား ကိုမဲလုံးလေ”
“ဘယ်က ခါလာကြီးလဲ၊ ကိုကို မသိပါလား”
“ကိုကိုကလည်း၊ တုံးလိုက်တာ”
“ပြောစမ်းပါဦး သစ်သစ်ရဲ့၊ ဘယ်သူတွေလဲ”
“ဘယ်သူတွေမှ မဟုတ်ဘူး၊ တကယ်လည်း မရှိဘူး၊ ကိုကို့ကို အကြောင်ရိုက်တာ၊ ကိုမဲလုံးက လိုက်ရှာနေတယ်ဆိုရင် တွေ့ပြီင်္းပြီလို့ ပြောရတယ်၊ ဟင်း ဘယ်ကလဲ၊ ဘာညာလုပ်နေရင် ကိုကို အကြောင်မိပြီဆိုပြီး ဝိုင်းဟားခံရမှာပေါ့”
“ကိုကိုတော့ တစ်ကွက် နောက်ကျသွားပြီကွာ”





မမနှင့် နှစ်ယောက်တည်း သွားကြသောအခါ ကျွန်တော် ရှောင်ရှားသောနေရာများမှာ တက္ကသိုလ်ကျောင်းဝင်း၊ အင်းလျားကန်၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်း၊ ဗိုလ်ချုပ်ပန်းခြံ၊ လူရှင်းသောနေရာမှန်သမျှ ဖြစ်ပါသည်။

အမြဲတမ်းသွားနေကျ နေရာမှာ ရွှေတိဂုံဘုရား ဖြစ်ပါသည်။ အများအားဖြင့် ကြေးဆင်းတုတော်ကြီးတွေ ရှိနေသောနေရာ ဖြစ်ပါသည်။ ဘုရားပေါ်ရောက်လျှင် မမသည် ဘုရားအကြာကြီး ရှိခိုးတတ်ပါသည်။

သစ်သစ်နှင့် လျှောက်လည်ကြသောအခါ ဘုရားပေါ်သို့ မတက်ဖြစ်ကြပါ။ သစ်သစ်သည် ဗိုလ်ချုပ်ဈေးနှင့် ရုပ်ရှင်ရုံကလွဲ၍ လူရှုပ်သော နေရာမျိုးကို မကြိုက်ပါ။
“လူတွေ မြင်နိုင်မယ့်နေရာမှာ ထိုင်ချင်ပါဘူး ကိုကိုရယ်၊ ပေါ်တင်ကြီးဆိုတော့ မကောင်းဘူးလေ၊ သိတယ်မဟုတ်လား”



၁၀

မမသည် စိတ်ဘယ်တော့မှ မကောက်တတ်ပါ။ သို့ရာတွင် ဆရာ သိပ်လုပ်တတ်ပါသည်။ ဘယ်လိုနေ၊ ဘာလုပ်၊ ဘာတွေဆင်ခြင်၊ ဘာညာကွိကွ။ မမသည် ကျွန်တော့်ကို အလိုမလိုက်ပါ။

ကျွန်တော်လိုချင်သော အခွင့်အရေးများကို မပေးပါ။ ထိုအခါ ကျွန်တော် စိတ်ကောက်ပါသည်။ နောက်တော့ မနေနိုင်လို့ မမကို ပြန်ခေါ်ပါသည်။

သစ်သစ်သည် တစ်နေ့လျှင် အနည်းဆုံးတစ်ခါ စိတ်ကောက်ပါသည်။ နာရီပိုင်းအတွင်း စိတ်ပြန်ပြေသွားတတ်ပါသည်။ သစ်သစ်သည် တစ်လလျှင် အခါသုံးဆယ် သို့မဟုတ် သုံးဆယ့်တစ်ခါ စိတ်ကောက်တတ်ပါသည်။ တစ်လလုံးနေလို့မှ သစ်သစ် နှစ်ဆယ့်ရှစ်ခါပဲ စိတ်ကောက်သည့် လလည်း ရှိပါသည်။ ဖေဖော်ဝါရီလ ဖြစ်၏။



၁၁

အခန်းနံပါတ် AB 3 ထဲက ကျောင်းသားများ ဆူညံစွာ ထွက်လာကြပါသည်။ ဆယ့်တစ်နာရီ ငါးဆယ်မိနစ် ရှိပါပြီ။ ကျွန်တော်သည် ကားပေါ်တက်၍ မောင်းထွက်ခဲ့ပါသည်။ စီးပွားရေးတက္ကသိုလ်ရှေ့က လမ်းနှင့် ပြည်လမ်းဆုံရာတွင် ကားကိုရပ်ပါသည်။ ခုချိန်အထိ ကျွန်တော်သည် ဘယ်ကိုသွားရမှန်း မသိသေးပါ။ ညာဘက်သို့ချိုးလျှင် သစ်သစ်ရှိရာ အင်ကြင်းဆောင်သို့၊ ဘယ်ဘက်သို့ချိုးလျှင် မမတို့ရုံးသို့။

နောက်က ကားတစ်စီးက ဟွန်းတီးနေပါသည်။ ထိုကားသည် ညာဘက်သို့ကွေ့ရန် အချက်ပြမီးကို ဖွင့်ချည်မှိတ်ချည် ပြုလုပ်နေပါသည်။ ကျွန်တော်သည် ကားကို ဘယ်ဘက်သို့ ကွေ့ချလိုက်ပါသည်။



၁၂

မမသည် ဗိုလ်ချုပ်ပန်းခြံသို့ သွားချင်သည်ဟု ထူးထူးခြားခြား ပြောပါသည်။ ဗိုလ်ချုပ်ပန်းခြံထဲက ကျောက်ခုံကြီးတစ်ခုံမှာ ကျွန်တော်တို့ ထိုင်ကြပါသည်။
“မောင့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိတယ်”
မမ၏ မျက်နှာသည် ထူးခြားစွာ တည်ငြိမ်နေပါသည်။ အနည်းငယ် တင်းမာသယောင် ရှိပါသည်။ သို့ရာတွင် ကျွန်တော် မမကို မကြောက်ပါ။
“မောင် ဘွဲ့ရပြီးရင် ဘာလုပ်မလဲ”
ကျွန်တော် မဖြေတတ်ပါ။ ဘွဲ့ရပြီးလျှင် ဘာလုပ်ကြမလဲ။ ဘာလုပ်ကြမလဲ။ မမသည် ကျွန်တော့်အဖြေကို စောင့်နေပါသည်။
“မမ”
“ဟင်”
“ဘာလုပ်ကြမလဲ”
“မောင်က သိပ်ခက်ပါလား၊ မောင် ဘယ်နှစ်နှစ်ရှိပြီလဲ”
“အသက်နှစ်ဆယ်”
“ဒါကို ပြောတာမဟုတ်ဘူး၊ တက္ကသိုလ်မှာ ဘယ်နှစ်နှစ်ရှီပြီလဲလို့ မေးတာ”
“တတိယနှစ်”
“မမနဲ့ မောင်နဲ့ ချစ်ခဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲ”
“လေးနှစ်နဲ့ တစ်လနဲ့၊ အင်း နှစ်ဆယ်ရက်နေ့ဆိုတော့....”
“ထားပါတော့ လေးနှစ်၊ လေးနှစ်အတွင်းမှာ မောင် လေးလေးနက်နက် လုပ်ခဲ့တဲ့အလုပ် ဘယ်နှစ်ခုရှိခဲ့သလဲ”
ဘယ်နှစ်ခုရှိသလဲ။ ကျွန်တော် မဖြေတတ်ပါ။ မမ ဘာကို ဆိုလိုချင်သနည်း။ မမကြီးများသည် သူတို့ပြောချင်သော စကားများကို သူတို့ကိုယ်တိုင် မပြောဘဲ မောင်လေးများကို အဘယ့်ကြောင့် ဖြေခိုင်းရပါသနည်း။
“ဘယ်နှစ်ခု ရှိပါသလဲ”
မမကို ကျွန်တော် ပြန်မေးပါသည်။ မမက ဖြေပါသည်။
“တစ်ခုမှ မရှိဘူး၊ မောင်ဟာ မမနဲ့ လျှောက်လည်ဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ မမဆီက အခွင့်အရေးတွေ အမျိုးမျိုးတောင်းဖို့၊ မမကို စိတ်ကောက်ဖို့၊ ပြီးတော့....”
“ပြီးတော့ကျတော့ ဘုရားရှိခိုးဖို့”
“မမကို မငေါ့နဲ့၊ ခုချိန်မှာ မမနဲ့ မောင်တို့အတွက် ရှေ့ပြေးစီမံကိန်းဆိုတာ ရှိသင့်လာပြီ မောင်”
“ရှေ့ပြေးစီမံကိန်း ဟုတ်လား၊ အဲဒါက ဘာတွေလဲ”
“မမ မေးမယ်၊ မမနဲ့ မောင်နဲ့ ရှေ့ရေးသာယာဖို့ ဘာတွေလိုသလဲ”
“မမနဲ့ မောင်နဲ့ သစ္စာရှိရှိ ချစ်ဖို့”
“မဟုတ်ပါဘူး”
“မော်တော်ကား လိုတယ်”
“မဟုတ်ဘူး”
“ဟိုဒင်း၊ နေဖို့ အိမ်လိုတယ်”
“မဟုတ်ဘူး၊ လိုတာတွေက အများကြီး”
“ဟုတ်တယ်၊ ဟုတ်တယ်၊ အများကြီး၊ ပိုက်ဆံတွေ အများကြီးလိုတယ်၊ မောင့်ဖေဖေက သူဌေးပဲ”
“မဟုတ်ဘူး၊ တစ်ခုမှ မဟုတ်ဘူး”
“ဒါဖြင့် ဘာလဲ”
“ဒါကို မောင် သိပြီးသား ဖြစ်ရမယ်”
ဟော.... မောင် သိပြီးသားတဲ့၊ ဘာကို သိမှာလဲ၊ မမကြီးများသည် အဘယ်ကြောင့် ဝေ့လည်ချောင်ပတ် လုပ်တတ်ရပါသနည်း။
“မောင့်မှာ ဘာအရည်အချင်းတွေ ရှိသလဲ”
“မောင့်မှာ ဟို.. ကားမောင်းတတ်တယ်၊ ကြက်တောင် အရိုက်ကောင်းတယ်၊ ပြီးတော့ လက်ရေးလှတယ်၊ ပြီးတော့....”
“မောင့်မှာ ဘာအရည်အချင်းမှ မရှိဘူး”
“ဘာပြောတယ် မမ၊ မောင်က အားကိုးလောက်တဲ့လူ မဟုတ်ဘူးပေါ့၊ မောင့်မှာ ဦးဆောင်နိုင်တဲ့ အရည်အချင်း မရှိဘူးပေါ့၊ မောင်က ယောက်ျားကောင်းတစ်ယောက် မဟုတ်ဘူးပေါ့”
“ဟုတ်တယ်”
“ဘုရားပေါ်ကို သွားရအောင် မမ”
“ဟင့်အင်း.. မသွားချင်တော့ဘူး၊ ဘုရားဆိုတာ ရေစက်ဆုံနိုင်တဲ့ လူတွေမှ သွားရတာ”
“ဘာ.... မမ ဘာကို ဆိုလိုတာလဲ”
“မမမှာ စဉ်းစားနေတဲ့အပိုင်းကနေ ဆုံးဖြတ်ရမယ့်အပိုင်း ရောက်လာပြီ”
“မောင်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ဖို့လား”
“ဟုတ်တယ်၊ မောင်နဲ့ မမ လမ်းခွဲကြဖို့ပဲ ရှိတော့တယ်”
“မမ မောင်နဲ့ ခွဲနိုင်လို့လား”
“ခွဲနိုင်အောင် ကြိုးစားရမှာပေါ့၊ တကယ်တော့ ကိုယ့်လမ်းကိုယ် သွားကြရမှာပါ၊ ခံတော့ ခံစားရမှာပေါ့၊ အလွန်ဆုံး တစ်နှစ်ပါပဲလေ၊ ကြာတော့လည်း မေ့သွားကြမှာပါ”

နေမင်းကြီးသည် ငိုတတ်ပါသလား။ မမ၏ မျက်နှာကို ကြည့်ရသည်မှာ မွန်းတည့်နေသော နေမင်းကြီးကို ကြည့်ရသည်နှင့် တူပါသည်။

“ကောင်းလှပါပြီ ဒေါ်မမရီ၊ ကျွန်တော်ကလည်း ကျွန်တော့်လမ်း ကျွန်တော် သွားရမှာပါပဲ၊ ဒါပေမယ့် ကျွန်တော့်လမ်းက မော်တော်ကားနဲ့ သွားရမှာ၊ ကျွန်တော့်ကို ခွင့်ပြုပါဦးခင်ဗျာ”

နေမင်းကြီးသည် အဘယ်ကြောင့် တည်ငြိမ်စွာ ဟန်ဆောင်တတ်ပါသနည်း။



၁၃

အင်ကြင်းဆောင်ကို ရောက်သောအခါ တစ်နာရီနှင့် ငါးမိနစ် ရှိပါပြီ။

အဆောင်စောင့် ဦးလေးသိန်းအား သစ်သစ်ကို ခေါ်ပေးဖို့ ပြောပါသည်။
“ခဏနေဦးကွာ၊ ငါသွားခေါ်ပေးမယ်၊ ခုနတော့ ဧည့်ခန်းထဲမှာ မင်းကိုစောင့်နေတာ တွေ့တယ်”
ဦးလေးသိန်း ထွက်သွားပါသည်။ ဦးလေးသိန်း ပြန်လာသည်။
“မရှိဘူးလို့ ပြောခိုင်းလိုက်တယ်”
“ဦးလေးသိန်း၊ ကျွန်တော်က သိပ်အရေးကြီးတဲ့ကိစ္စ ပြောစရာရှိလို့ လို့”
သစ်သစ် ဆင်းလာပါသည်။ နှုတ်ခမ်းကို စူထားပါသည်။ ကျွန်တော့်ကို ကြည့်လည်းမကြည့်၊ စကားလည်း မပြောဘဲ ကားပေါ်တက်ထိုင်ပါသည်။
“ကိုကို နည်းနည်း နောက်ကျသွားတယ်ကွာ”
သစ်သစ်က ဘာမျှမပြောပါ။ နှုတ်ခမ်းကို ပို၍စူလိုက်ပါသည်။
“အရေးကြီးတဲ့ကိစ္စရှိရင်ပြော”
“တခြားမဟုတ်ပါဘူး၊ သစ်သစ်ကို ကိုကို ရုပ်ရှင်ပြမလို့၊ ချာလီလေ”
သစ်သစ်က ခစ်ခနဲ ရယ်ပါသည်။ လမင်းကြီးရယ်သည်ကို တွေ့ဖူးကြပါလိမ့်မည်။
“သစ်သစ် ကိုကို့ကို စိတ်ဆိုးနေတုန်းပဲလား”
“အစကတော့ စိတ်ဆိုးတယ်၊ ကိုကို့မျက်နှာကို မြင်လိုက်တော့ စိတ်မဆိုးတော့ဘူး”
လမင်းကြီးသည် ဟန်မဆောင်တတ်ပါ။ ကျွန်တော်သည် ကျွန်တော် မဖြေတတ်ခဲ့သော မေးခွန်းကို သစ်သစ်အား မေးကြည့်ပါသည်။
“သစ်သစ် ကိုကိုတို့ ဘွဲ့ရပြီးရင် ဘာလုပ်ကြမှာလဲ”
“ဘွဲ့ရပြီးရင် လက်ထပ်ကြမှာပေါ့ ကိုကိုရဲ့”

အို.... ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ ကျွန်တော်တို့ ဘွဲ့ရပြီးရင် လက်ထပ်ကြရလိမ့်မှာပေါ့။    ။


(ရုပ်ရှင်ပဒေသာ၊ နိုဝင်ဘာ၊ ၁၉၇၆)