Wednesday, 26 June 2013

“မနုသီဟ ဖင်နှစ်ခွ” - စိုးမင်း

“မနုသီဟ ဖင်နှစ်ခွ”

by Soe Min (Notes) on Monday, June 17, 2013 at 3:15am
 
 
          ရွှေတိဂုံဘုရားပေါ်ရောက်တဲ့အခါ ကလေးတွေနဲ့ နိုင်ငံခြားသားတွေ စိတ်ဝင်စားတတ်တာက ဂြိုလ်တိုင်တွေ အနောက်နားဆီက မနုသီဟရုပ်ထုကြီးတွေပါ။ ရှေ့ဘက်က ဦးခေါင်းက လူမျက်နှာ မကိုဋ်ဆောင်းထားပြီး နတ်ရုပ်ကြီးနဲ့မခြား ရှိပေမယ့် ခြင်္သေ့ထိုင်ထိုင်ထားတဲ့ ကိုယ်လုံးကြီးတွေက စောင်းတန်းအဆင်း မုခ်ဦးဆီက ခြင်္သေ့ရုပ်ကြီးတွေနဲ့ ထပ်တူပါပဲ။ ထူးဆန်းတာက ကျောကုန်းလောက်ကနေ ဖင်က ဟိုဘက်တစ်ခြမ်း သည်ဘက်တစ်ခြမ်း နှစ်ခွဖြာသွားတာဆိုတော့ စေတီတော်ရဲ့ အုတ်ဘိနပ် ပလ္လင်ထောင့်မှာ အံဝင်ခွင်ကျ တင့်တင့်တယ်တယ်လေး ရှိနေတာပေါ့။ နံမယ်ကိုက မနုဿ + သီဟ၊ လူ နဲ့ ခြင်္သေ့ စပ်ထားတဲ့ သတ္တ၀ါ လို့ဆိုသော်ငြားလည်း စင်္ကာပူက ရေသူခြင်္သေ့ (Merlion) ကြီးလို စိတ်ကူးယဉ် တီထွင်ထားသော ဒဏ္ဍာရီသတ္တ၀ါမျိုး (Mythical Animal) မဟုတ်ပဲနဲ့ ဗုဒ္ဓဘာသာကျမ်းဂန်လာ တံခိုးပြာဋိဟာဖန်ဆင်းမှုတစ်ခု (Miraculous Creation) ဖြစ်ပါတယ်။ ဗုဒ္ဓ၀င်စာပေတွေထဲမှာ တကယ်ရှိတယ်လို့ ဆိုတဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခိုက်၊ ဘီလူး၊ ကိန္နရီ စတဲ့ သတ္တ၀ါတွေလို သတ္တ၀ါမျိုးနွယ်စုတစ်ခုအဖြစ် အများအပြားရှိခဲ့တာလည်း မဟုတ်ပါဘူး။ “တစ်ကောင်တည်းပဲ။ ခြင်္သေ့လည်း ပါတယ်။ ဒါပေမယ့် ဖင်နှစ်ခွ။” လို့ ပြောရမှာ ဖြစ်ပါတယ်။

          မနုသီဟကြီး ဖြစ်လာပုံ သမိုင်းကြောင်းကတော့ ကိုယ်ကြားဖူးတာတင် မူကွဲနှစ်မျိုး ဖြစ်နေပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားတဲ့အခါ ဘုရားကလွဲရင် ဘယ်သူ့မှ မကြောက်တဲ့ မာရ်နတ်မင်းကြီးက ငုတ်တုတ်ကြီး ကျန်နေရစ်ခဲ့ပါတယ်။ အဲ့ဒီမာရ်နတ်ကြီးက နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ဘုရားတောင် စစ်ခင်းပြီး ပလ္လင်လုလာခဲ့တဲ့ ပထမဦးဆုံးအောင်ခြင်းကြီးပါ။ သူက နတ်ဆိုပေမယ့် နတ်ပြည်ခြောက်ထပ်ကို ပိုင်စိုးတယ်ဆိုတဲ့ နတ်တို့သနင်း သိကြားမင်းရဲ့ သြဇာအောက်မှာ မရှိပါဘူး။ (တို့ဆီက သမ္မတကြီး နဲ့ စာဖတ်နေသူကြီး လို နေမှာပေါ့နော်) သူနေတဲ့ ပရနိမ္မိတ ၀ဿဝတီနတ်ပြည်ဆိုတာ နတ်ပြည်ခြောက်ထပ်မှာ အမြင့်ဆုံးဖြစ်ပြီး နံမယ်ကို ပါဠိအနက်ပြန်လိုက်ရင် ကာမဂုဏ်မှန်သမျှကို အလိုရှိတိုင်း ခံစားနိုင်သော နတ်ပြည် လို့ အဓိပ္ပါယ်ထွက်တယ်။ သူ့ထက်မြင့်သွားတဲ့ ဗြဟ္မာ့ဘုံတွေမှာ ကာမဂုဏ်တွေ မရှိတော့ဘူး။ ဈာန်အဟုန်နဲ့သာ နေကြတာ။ ကိုယ်တို့လို ကာမဘုံသား ဆုံလည်နွားတွေ အတွက်တော့ မာရ်နတ်မင်းကြီးရဲ့ တိုင်းပြည်ဆိုတာ ၃၁ဘုံမှာ ဇိမ်အရှိဆုံး စည်းစိမ်အခံစားနိုင်ဆုံး အရပ်လို့ဆိုရင် မမှားဘူး။

               အဲ့လောက်စည်းစိမ်ခံစားနေနိုင်တဲ့အရပ်မှာ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတာဝန်တွေကို ဘာဖြစ်လို့ အချိန်ကုန် အလုပ်ရှုပ်ခံပြီး လုပ်နေရမှာတုန်း။ ဟိုးအောက် ဒုတိယထပ်မှာနေတဲ့ ကိုမာဃကို သိကြားမင်းခန့်ပြီး “အရှုပ်ထုပ်မှန်သမျှ မင်းဘာမင်း ရှင်းတော့ ငါ့ဆီ လာလာ မရှုပ်စေနဲ့။” ဆို အာဏာကုန် လွှဲပေးလိုက်ဟန် တူပါတယ်။ လူ့ပြည်မှာ ဘုရားပွင့်တော့မယ်ဆိုပြီး ဗုဒ္ဓကောလာဟလထွက်တော့ မာရ်နတ်ကြီးက သူ့ကို အာဏာသိမ်းမယ်မှတ်လို့ ၀န်တိုမစ္ဆေရိယစိတ်တွေဖြစ်ပြီး ပြင်းပြစွာ ပူလောင်လာပါသတဲ့။ ဒါကြောင့် အစောကြီးကတည်းက တောထွက်မယ်ကြံတော့လည်း အတန်တန်တား၊ ဒုက္ကရစရိယာကျင့်တော်မူတော့လည်း ချစ်သမီးချောကလေးတွေနဲ့ မြှူဆွယ်ဖြားယောင်း၊ နောက်ဆုံးတော့ အပရာဇိတပလ္လင်တော်ကြီး ပေါ်လာတော့ မနေနိုင်တော့ဘူး။ တပ်ထောင်တာ ဗိုလ်ထုနဲ့ လူစုပြီး အဲလေ နတ်စုပြီးကို စစ်ခင်းတိုက်ခိုက်လေတော့သတဲ့။

               အဲသလောက်ဆိုးတဲ့ မာရ်နတ်မင်းကြီးမို့လို့ ကြုံတောင့်ကြုံခဲ ဘုရားပွင့်တော်မူတဲ့ အခိုက်မှာ ပက်ပင်းကြီးဆုံပါသော်လည်း မဂ်စော်ဖိုလ်စော်မနံ၊ သောတာပန်လောက်မှ မတည်နိုင်၊ အချည်းနှီး ဖြစ်ရရှာလေတယ်။ ဘုရားရှင်ကို ပရိနိဗ္ဗာန် ပြုတော်မူပါတော့လို့ အကြိမ်ကြိမ် လျှောက်ထား တောင်းပန်တာလည်း ဒင်းပဲ။ ဘုရားရှင် မရှိတော့တဲ့ နောက်မှာတော့ ဒင်းရန်ကို နှိမ်နှင်းမယ့်သူလည်း မရှိတော့ဘူး။ သာသနာတော်ကို နှောက်ယျက်ဖျက်ဆီးမယ့်ကြံရင်ဖြင့် ခက်ရချေရဲ့လို့ ရဟန္တာမထေရ်မြတ်ကြီးတွေက ပူပူပင်ပင် ဆင်ခြင်ကြည့်တဲ့အခါ နောင်နှစ်ပေါင်း ၂၃၀ လောက်ကြာရင် မဇ္ဇိမအရပ်မှာ သီရိဓမ္မာသောကမင်းကြီး ( King Asoka) ရှစ်သောင်းလေးထောင် အလှူတော်ကြီးပေးတဲ့အခါ လာရောက်နှောက်ယှက်ဦးလတ္တံ့ လို့ မြင်တော်မူသတဲ့။ ဘယ်သူကများ နှိမ်နှင်းတားဆီးနိုင်မှာပါလိမ့်လို့ ဆင်ခြင်ကြည့်တဲ့အခါ တောင်သမုဒ္ဒရာ ရေပြင်အလယ်မှာ ကြေးပြဿဒ်နဲ့ သီတင်းသုံးတော်မူသော ရှင်ဥပဂုတ္တ ရဟန္တာ မထေရ်ကို မြင်တော်မူတယ်။ သည်ကိုယ်တော်က သံဃာ့ကိစ္စများမှာ မပါမ၀င် သူ့ဘာသူ တစ်သီးပုဂ္ဂလစံမြန်းနေတာမို့ ပ၀ါရနာ မပြုတဲ့အတွက် ဒဏ်ထားပြီး မာရ်နတ်ကို နှိမ်နှင်းဖို့ တာဝန်ပေးယူရပါသတဲ့။ ရှင်ဥပဂုတ္တမထေရ် မာရ်နတ်မင်းကို နှိမ်နှင်းတဲ့အခါ သတ္တ၀ါတွေ အမျိုးမျိုး ဖန်ဆင်းတိုက်ခိုက်ကြပြီး နောက်ဆုံးမှာ မထေရ်ကြီးက မနုသီဟအသွင် ဖန်ဆင်းလိုက်တော့မှ မာရ်နတ်မင်းလည်း အဘားအဘားအော်လို့ ကြောက်လန့်ခြင်းကြီးစွာနဲ့ အရှုံးပေးလိုက်ရသတဲ့။ ဒါကြောင့် ဘုရားခြေရင်းမှာ မနုသီဟအရုပ်တွေထားတယ်ဆိုတာ တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အလှူမှာ မာရ်နတ်မင်း လာမဖျက်ဆီးနိုင်အောင် သူကြောက်တဲ့ အရုပ်ကြီးတွေ ထုပြီး ထားတာလား မသိပါဘူး။

               နောက်တစ်မျိုး ပြောကြပြန်တာကတော့ အာသောကမင်းကြီးက ကိုးတိုင်းကိုးဌာန သာသနာပြုဖို့စေလွှတ်လိုက်တဲ့ အရှင် သောန နဲ့ အရှင်ဥတ္တရ ရဟန္တာမထေရ်နှစ်ပါးဟာ သုဝဏ္ဏဘူမိတိုင်းကို ရောက်လာတော့ တိုင်းသူပြည်သားများကို အရပ်နီးပါးက ဘီလူးသူရဲများ လာရောက်ဖမ်းစားလို့ ထိတ်ထိတ်လန့်လန့် ရှိနေရှာကြသတဲ့။ ဒါနဲ့ပဲ ကိုယ်တော်နှစ်ပါး ပူးပေါင်းလို့ သတ္တ၀ါကြီးတစ်ကောင် ဖန်ဆင်းပြတဲ့အခါ ဘီလူးတွေ ကြောက်လန့်ထွက်ပြေးပြီး တိုင်းပြည်သာယာသွားသတဲ့။ ရဟန်းနှစ်ပါးက တရုတ်နဂါးပူးကသလို ဖန်ဆင်းကြလို့လား မသိပါဘူး။ နောက်ဘက်က ဖင်ပိုင်းမှာ နှစ်ခွဖြစ်နေတယ် မဟုတ်ဘူးလား။ ဒါလည်းပဲ ယုတ္တိနဲ့ မလွတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေထဲမှာ မနုသီဟအရုပ်ဆိုတာ ကိုယ်တို့ မြန်မာတွေဆီမှာပဲ ရှိတာလေ။ သုဝဏ္ဏဘူမိဆိုလို့ လေဆိပ်ကြီးရှိတဲ့ အိမ်နီးချင်းတွေဆီပဲ သွားမမှတ်နဲ့ဦး။ အဲဒါ သူတို့လည်း ကိုယ့်ဆီက ကူးချထားတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြေပုံကို အခုမြေပုံနဲ့ Google Map ပေါ်ရှာရင်တော့ ရွာလည်သွားမှာ။ ဘယ်လိုပဲဖြစ်ဖြစ် မနုသီဟ ဖင်နှစ်ခွဆိုတဲ့ အရုပ်ကြီးတွေဟာ ကိုယ်တို့ မြန်မာပိုင် မြန်မာ့မူပါလို့ ရေစစ္စတြီ လုပ်လိုက်ကြပါစို့။ သူ့ရဲ့အစွမ်းကတော့ အမြင်မှာ လှပတင့်တယ်သော်ငြား အင်မတန် ကြောက်မက်ဖွယ်ကောင်းတယ် လို့ ဆိုရမှာပေါ့နော်။ ဘီလူးတွေ မာရ်နတ်တွေတောင် လန့်ပြေးကြရတယ် မဟုတ်ဘူးလား။

              ဟုတ်ပေလိမ့်မယ်။ ဟုတ်ပေလိမ့်မယ်။ မောင်စံဖားကလေးလည်း သည်ကနေ့ခေတ်ရောက်ကာမှ မနုသီဟ ဖင်နှစ်ခွနဲ့ သတ္တ၀ါတွေ တွေ့တွေ့နေရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ သူတို့ကို ဘယ်သူတွေက ကြောက်ကြလန့်ကြသလဲတော့ မပြောတတ်ပါဘူး။ ကိုယ်ကတော့ သူတို့ဖင်နှစ်ခွကြီးတွေ မြင်လိုက်တိုင်း တယ်ကြောက်စရာကောင်းပေသကိုး လို့ ထိတ်လန့်မိတယ်။ ကောသလ္လမင်းအိပ်မက် ၁၆ ချက်ထဲက ဦးခေါင်းနှစ်လုံးပါတဲ့ မြင်းကြီးတွေထက် ပိုဆိုးတော့တယ်။ အဲ့ဒါက နောင်သောအခါဝယ် တရားလိုဘက်မှရော၊ တရားခံဘက်မှပါ နှစ်ဘက်စလုံးကို ခွတုပ်ဖြတ်အုပ်လုပ်တတ်သော တရားသူကြီးများ ပေါ်လာလတ္တံ့ လို့ဆိုတာ မဟုတ်လား။ ဒါမျိုးကတော့ ရိုး ဟိုး ဟိုး ဟိုး နေပါပြီမောင်။ စာမဖွဲ့ပါဘူး။ အမေရိကန်က တရားစီရင်ရေးမဏ္ဍိုင်တောင် ချိန်ခွင်ရုပ်ကလေးနဲ့ ပြတာ မဟုတ်ဘူးလား။ တို့ဆီက တရားသူကြီးများလည်းပဲ နှစ်ဘက်စလုံးကို ချိန်ခွင်ထဲထည့်ချိန်၊ သာတဲ့ဘက်ကို အနိုင်ပေးမှာပေါ့။ ၀င်းဦးသီချင်းလေးတောင် ရှိသေးတယ်လေ။ “ဖျားစူးကျိန်မယ်။ ကျမ်းစူးကျိန်မယ်။ ချိန်ဆကာပင် တွေးလို့ အရေးယူပါတော့ကွယ်။” တဲ့။ (အမှန်တရား အချက်အလက်တွေကို ချိန်တာပါနော်။) အခုဟာကတော့ ဖင်နှစ်ခွဆိုတော့ နှစ်ဘက်ခွစားတာမဟုတ်ရင် ဘာလုပ်တာလဲ လို့ လိုက်မတွေးနဲ့ဦး။ ဟိုဘက်သည်ဘက် လှေနံနှစ်ဘက်နင်းထားတဲ့သူတွေကို ပြောတာ။

             မကြာသေးခင်က တို့မေကြီးအနီးနားမှာနေတဲ့ အတွင်းစည်းထဲက လူငယ်ခြေတက်လေးတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိပါတယ်။ (ဘယ်သူဘယ်ဝါလို့ မတွေးရဘူးနော်။ သူလိုလူစားအများကြီးပေမယ့် မဟုတ်တဲ့သူတွေ အထင်ခံရရင် သနားပါတယ်။) သူ့ခမျာ အင်မတန် အလုပ်များရှာတာပါ။ ပါတီတာဝန် တိုင်းပြည်တာဝန်တွေအပြင် အဘတို့က ပေးအပ်သောတာဝန်များပါ မနားမနေ လုပ်ဆောင်နေရရှာတာဆိုတော့  စကားတောင် မနည်းလုလုပြီး ပြောနေရရှာတယ်။ ပြောရင်းပြောရင်းနဲ့ သူကသာ အရှိန်တွေရလာတယ်။ ကိုယ့်မှာဖြင့် ပါးစပ်ကြီးအဟောင်းသား ဖြစ်လာရော။ သူဝတ်ထားတာက ပင်နီပါ။ ဒါပေသိ သူ့ပါးစပ်ကထွက်သမျှ အဘက ဘယ်လို၊ ဗိုလ်ချုပ်က ဘယ့်နှယ်။ တစ်ခွန်းမှ မလွတ်ဘူး။ အစိမ်းရောင်စကားတွေချည့် ပြောသွားတယ်။ ဗိုလ်ချုပ်ခိုင်းထားလို့ မနေ့ကတင် ဘယ်နိုင်ငံက ပြန်လာတယ်။ ဟိုတစ်ခါလည်း ဘယ်နိုင်ငံသွားရသေးတယ်။ မြန်မာပြည်ကြီးတော့ အများကြီး နောက်ကျကျန်ခဲ့ပါပြီ။ သူများတစ်လှမ်းလှမ်းရင် ကိုယ်က လေးငါးဆယ်လှမ်း လှမ်းနိုင်မှာ တော်ကာကျမယ် ဆိုလား။ ပြောရင်းပြောရင်းနဲ့ ထတောင်ပြေးတော့မယ့်ပုံပဲ။ ကိုယ်က အမေ နေကောင်းလား။ ဘာတွေလုပ်နေသလဲ မေးချင်တာတောင် စကားဘယ့်နှယ် စရမှန်းမသိဘူး။ နောက်ဆုံးတော့ အတင်းကြီး စကားလမ်းကြောင်းလွှဲပြီး ပင်နီချော နဲ့ ယောထမီ ဇာတ်ကြောင်းခင်းတော့ ပိုလို့တောင် အံ့သြစရာတွေ ကြားခဲ့ရတယ်။ တို့မေက သူ့ဘာသူသာ တစ်ကိုယ်တည်းရုန်းနေတာ။ ပါတီမှာ သူကလွဲရင် လောက်လောက်လားလား ဘယ်သူမှ မရှိဘူးတဲ့။ သူ့အသက်ကလည်း ငယ်တော့တာ မဟုတ်တော့ သူမရှိရင် ပါတီလည်း တာ့တာပဲတဲ့။ ဖျားဖျား။ ပြောရက်လိုက်တာ။ ကြားမိတဲ့ကိုယ်တောင် မနုသီဟမြင်ရတဲ့ မာရ်နတ်မင်းလိုပဲ ကြက်သီးမွေးညင်းထအောင် ကြောက်မိတယ်။ အဲ့လိုလူ အနားခေါ်ထားရတဲ့ တို့အမေတော့ ဒုက္ခနဲ့ လှလှနဲ့ တွေ့ရချေသေးရဲ့။

             တကယ်တော့ နိုင်ငံရေးဆိုတာ မိတ်ဆွေမရှိ၊ ရန်သူမရှိ၊ တိုင်းပြည်အတွက်ဆိုရင် ဘယ်သူနဲ့မဆို အတူတကွ လက်တွဲအလုပ်လုပ်နိုင်ရမယ်။ အမေ့ကို ချစ်တဲ့သူဟာ အဘနဲ့တော့ ကဏ္ဍကောစဖြစ်နေရမယ် လို့ မဆိုလိုပါဘူး။ တည့်လေကောင်းလေပေါ့။ ဒါပေမယ့် ကိုယ်က ဘယ်လှေပေါ်မှာ စီးနေတာလဲတော့ မေ့သွားဖို့ မသင့်ပါဘူး။ သူ့ဟာက လှေနံနှစ်ဘက်နင်းထားရုံတင် မဟုတ်ဘူး။ သည်ဘက်လှေ နစ်မယ်ကြံရင် ကန်ပစ်ခဲ့ပြီး ဟိုဘက်ကို ကူးလိုက်ဖို့ အသင့်ပြင်ထားတယ်။ သစ္စာရှိသလား လို့ မေးရင် သစ်စာတင်မက၊ ရေပေါ်စာ ရော လွှစာပါ ရှိပြီးသား လို့ ပြောမယ်ထင်တယ်။ ခေတ်ကပြောင်းလာတဲ့အတွက် သူတို့ကိုလည်း အပြစ်ဆိုစရာတော့ မရှိဘူးပေါ့။ ဘုရင်ကို သစ္စာခံရတဲ့ခေတ် မဟုတ်ဘူးလေ။ ပလ္လင်ကိုပဲ သစ္စာခံရတာ မဟုတ်ဘူးလား။ (ဒါကြောင့် မာရ်နတ်ကြီးက ပလ္လင်ကို လာလုတာ ဖြစ်မယ်။) လောလောဆယ်မှာ တို့မေမေက ထီးလိုမင်းလိုပဲ ရှိသေးတယ်။ ဥကင်ဘုံမြင့် မရောက်သေးဘူး။ ဒါကြောင့် အမတ်ဒိန်လို့ တံခါးတစ်ခြမ်းပဲ ဖွင့်ထားပေးတာ နေပါလိမ့်မယ်။

           သည်မှာဘက်ကမ်းကမှ ရွှေကိုင်းတဘက် ကျွန်းသန်လျက်ကို လှမ်းကြွတော်မူဖို့ ခြေလှမ်းပြင်ထားတာ မဟုတ်ပါဘူး။ ဟိုမှာဘက်ကမ်းကလည်း ကြက်ယက်ဘုန်းခေါင် နန်းနတ်တောင်ဆီကို ချီတော်မူဖို့ ဖ၀ါးစကြာတော် ကားယားကြီးခွထားတဲ့သူတွေ ရှိပါသေးတယ်။ ဘေးချင်းများ ယှဉ်ထိုင်မိလိုက်ရင် ခင်မာလာမင်းများ မျက်စပစ်ပြပြီး ဂျာနယ်ထဲ ဓါတ်ပုံနဲ့တကွ ပါသွားဖို့ လောဆော်နေသူတွေ အများကြီးပဲ။ ဟိုတုန်းက မုန်းလှပါချည်ရဲ့ဆို နံမယ်တောင် မကြားချင်ဘူး လုပ်နေတာလည်း သူတို့ပဲ။ ခုကျမှ “ကျုပ်နှမများရယ် ဖိတ်ကြားချင်ပါတယ် တစ်ခါ” ဆို “ကြားစကားများ မယုံနဲ့ ဘေးဖယ်ထား” လုပ်တာလည်း သူတို့ပဲ။ တတ်နိုင်ချက်ကတော့ ကိုးလောက်တောင် မက။ ကျုပ်တို့ဘဘ ဖင်နှစ်ခွ။ “ဘယ်ကစွမ်းအားရှင်တွေလဲ။ ကြားဖူးပေါင်ကွယ်။ စွပ်စွပ်စွဲစွဲ။ အဲဒါ ကျုပ် မဟုတ်ဘူး။ ဟိုကောင်လေ။ ဟိုကောင်။ ဘယ်ရောက်သွားပတုန်း၊ အဲ့ကောင်။ ငါနော်။ တွေ့များတွေ့လို့ကတော့ အဲ့ကောင် သေပြီသာမှတ်။” စသည် စသည်ဖြင့် ကြည့်ရကြားရတဲ့သူတွေ မျက်စိတွေကိုလည်လို့။ ၀င်းဦး ရှစ်ကိုယ်ခွဲကား ရိုက်နေသလိုပဲ။ ဇာတ်ကောင်စရိုက်တွေကဖြင့် ဆေးစက်ကျရာ အရုပ်ထင်တယ်။ မျက်ခွက်ကြီးကသာ အကုန်ချွတ်စွပ် ဖြစ်နေတာ။

             သူတို့လိုမျိုး ဟိုဘက်တိုးလိုက် သည်ဘက်တိုးလိုက်၊ တိုးရင်းနဲ့ ကလိုက်၊ ကရင်းနဲ့တိုးလိုက် လုပ်နေတဲ့သူတွေဟာ သူတို့ကိုယ်သူတို့တော့ တော်တော်ကို နိုင်ငံရေးပါးဝနေတဲ့သူတွေ လို့ ထင်ပါလိမ့်မယ်။ အမှန်မှာတော့ အဲဒါ လုံးဝ နိုင်ငံရေးပါး မ၀လို့ လုပ်နေတဲ့အလုပ်ဗျ။ ဘ၀ဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပဲ။ ဘယ်သူမှ အထက်မှာ အမြဲ မနေနိုင်ဘူး။ ကိုယ်အပေါ်ရောက်နေတုန်း ဖိထောင်းထားရင် ကိုယ်အောက်ပြန်ရောက်တဲ့ အလှည့်ကျရင်လည်း မသက်သာဘူး။ တက်သမျှလူ ဘုရားထူးလို့ အထက်မှာချည့်ပဲ ထိုင်နေနိုင်တဲ့သူဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဝေးဝေးသွား မကြည့်ပါနဲ့။ ကိုယ့်မျက်စိအောက်မှာတင် ပလ္လင်ပေါ်က ဆင်းဆင်းသွားရသူတွေ အများကြီး ရှိလာပြီ။ အရေးရယ် အကြောင်းရယ်ကျတော့ တရားနဲ့မဖြေရင် ကုလားနဲ့သေရတော့မယ်။ (မော်ကျူရီမှာ အပ္ပနားပဲ ရှိသဗျ။)

             ပန်းချစ်သူ ဘဘကြီးနဲ့ အင်တာဗျူးတစ်ခု ဖတ်လိုက်ရပါတယ်။ သူ့ရင်ထဲကလာတဲ့စကား ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ (တော်နေကြာ လော်ဘီလုပ်တယ် ဖြစ်နေမစိုးလို့) စာမျက်နှာပေါ် ဖတ်လိုက်ရတာတော့ဖြင့် သံဝေဂကြီးစွာ ရမိတယ်။ “တကယ်တော့ဗျာ။ ကျွန်တော်တို့ ထောက်လှမ်းရေးတွေဆိုတာ ဘယ်ခေတ်ကမှ ဇာတ်သိမ်းကောင်းခဲ့တာ မဟုတ်ပါဘူး။” တဲ့။ အင်း။ ဟုတ်ပါ့မလား မောင်ကာဠုရဲ့လို့ ပြန်စဉ်းစားကြည့်မိပါတယ်။ ကိုယ်တို့ဆီမယ်လည်း အဲသည်က လာတာ တစ်ယောက် ရှိခဲ့တယ်လေ။ ကြမ်းသလား မမေးနဲ့။ ရုံထဲမှာ ဘွဲ့လွန်ဆရာဝန်တစ်ယောက်ကို လေးဘက်ထောက်ပြီး လျှောက်ခိုင်းခဲ့တယ်။ ဇာတ်သိမ်းခန်းနီးတော့ သူဘာတွေဖြစ်လာသလဲ မပြောချင်တော့ပါဘူး။ သိတဲ့သူသာ မေးကြည့်ပါတော့။ မျက်မှန်တင်ဦးဆိုတဲ့ ဘဘကြီးလက်ထက်ကို ကိုယ်ကောင်းကောင်းမမှီလိုက်သော်လည်းပဲ အဆုံးသတ် မကောင်းတဲ့အထဲ သူလည်း ပါသတဲ့။ လက်ရှိအချိန်တုန်းက သူတို့လောက် ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတာလည်း မရှိသလို လက်မဲ့အချိန်ရောက်တော့ သူတို့လောက် သနားစရာကောင်းတာလည်း မရှိဘူး။ (ဆင်းရဲချမ်းသာကိစ္စ ဆင်ပိန်ကျွဲကို ဆိုလိုတာ မဟုတ်ပါ) အသောကံ၊ ၀ိရဇံ၊ ခေမံ အစရှိတဲ့ ငြိမ်းအေးချမ်းသာခြင်းတွေ ပိန်းကြာဖက်ရေမတင်သလို ကွယ်ပျောက်သွားပြီး နောင်တ၊ သောက၊ ဗျာပါဒ၊ (ဒေါသလည်း ကုန်ဦးမယ် မဟုတ်ပါ) အစရှိသော ကိလေသာလောင်မီးတွေ တငြီးငြီး တောက်လောင်နေရတာပေါ့။

           သည်လိုအချိန်မျိုးမှာ အာဏာပြန်ရရာရကြောင်း မကောင်းသဖြင့်တွေ ပြန်လည်ကြံစည်ဖို့ဆိုတာ စဉ်းစားဆင်ခြင်ဥာဏ်ရှိတဲ့သူအဖို့ ဘယ်တော့မှ ပြန်မကျိုးစားတော့မှာ အသေအချာပါပဲ။ ငရဲပန်းကို ရွှေပန်းမှတ်လို့ ပန်ခဲ့ပြီးပြီ။ ခေါင်းမှာလည်း သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေ အပြည့်။ နောက်တစ်ကြိမ်ပြန်မိုက်ဦးမလား လို့ မေးမှမေးတတ်ပလေ။ ခုပဲ အသက်ခုနှစ်ဆယ်နားကပ်နေမှ ဘယ်နှစ်နှစ်နန်းစံဖို့ ငရဲယူနေရဦးမှာလဲ။ မိုက်ချင်းမိုက်ရင် အဲသည် ဘာမှန်းမသိ ညာမှန်းမသိ မနုသီဟကလေးတွေသာ တွင်းတူးပြီး မိုက်ဖို့ ရှိပေလိမ့်မယ်။ ပညာရှိဦးပေါ်ဦးသေတော့ လက်ဖ၀ါးနှစ်ဘက် အခေါင်းအပြင်ထုတ်ခဲ့ လို့ မှာတာဟာ ကျန်ရစ်သူ မနုသီဟလေးများ သင်ခန်းစာယူနိုင်ဖို့အတွက် လို့ အခုမှပဲ သဘောပေါက်မိပါတယ်။ ဘာမှ ပါမသွားဘူး အမောင်တို့ အမိတို့ရဲ့။ ချန်ထားခဲ့တာတွေတော့ အများကြီးပဲ။ စည်းစိမ်ဥစ္စာလား။ သူ့သားတောင် ချမ်းသာတယ် မကြားမိဘူး။ သူ့မျိုးရိုးအဆက်အနွယ် ဘယ်သူဘယ်ဝါ လို့လည်း မကြားဖူးတော့ဘူး။ နံမယ် ဂုဏ်သတင်းဆိုရင်တော့ ခုထက်ထိ ကျန်သေးတယ်လေ။ ကိုယ်ယုံကြည်တဲ့ဘက်က ခိုင်မြဲစွာ ရပ်တည်ပါ။ သူများကို သစ္စာခံချင်ခံ မခံချင်နေ။ ကိုယ့်ကိုယ်ကိုယ်တော့ သစ္စာမဖောက်ပါနဲ့။ ဖင်ဆိုတာ နှစ်ခွရှိရင် အိမ်သာတက်ရလည်း ခက်လိမ့်မယ်။ အိမ်ထောင်ပြုရလည်း ခက်လိမ့်မယ်။ ကြောက်ချာကြီး။ ကြောက်ချာကြီး။

ဆရာစိုးမင်း facebook မှကူးယူဖေါ်ပြပါတယ်

“စောင့်လေမျိုးနွယ် ကိုယ်နားလည်သလောက်” - စိုးမင်း

“စောင့်လေမျိုးနွယ် ကိုယ်နားလည်သလောက်”
by Soe Min (Notes) on Wednesday, June 26, 2013 at 3:44am
 
 
          “နေအရုဏ် ရောင်နီကျင်း ကွင်းတစ်ဘက်ကနော် လင်းကြက်ကအော်သရှင့်။ ကျုပ်တို့ရွာထိပ်တခေါ်လေးဆီက အဝေးကျောင်းပေါ် ရှေးခေါင်းလောင်းသံဆော် တဒေါက်ဒေါက်ပါ့နော် ခေါက်ခေါက်ကြသော် ရွာဘက် အိမ်ဘက် ကုလားတက် ခေါက်သံမော်” တဲ့။

          အညာမှာ ရွာမှာဆိုရင်တော့ မနက်လင်းအားကြီး မျက်စိနှစ်လုံးပွင့်တယ်ဆိုတာနဲ့ အရင်ဆုံး ကြားရတဲ့အသံဟာ ဘုန်းကြီးကျောင်းက ကုလားတက်ခေါက်သံ။ အရင်ဆုံး လုပ်ရတဲ့အလုပ်က ဆွမ်းချက်ဖို့။ အဖွားတို့ဆိုရင်တော့ မျက်နှာသစ်၊ သနပ်ခါးလိမ်းပြီးတာနဲ့ ဘုရားရှိခိုး အမျှအတမ်းဝေဖို့ပါပဲ။ ပြီးတာနဲ့ ဈေးသွားတဲ့သူကသွား၊ ပရိတ်ခွေကလေးဖွင့်ပြီး အိမ်မှာ တံမြက်စည်းလှဲတဲ့သူကလှဲ။ နေ့တစ်နေ့ရဲ့ အစကို ကျက်သရေ မင်္ဂလာရှိရှိနဲ့ စကြသတဲ့။ ညအိပ်ယာဝင်တော့လည်းပဲ ခြေလက်ဆေး၊ ဘုရားရှိခိုးပြီးမှ ခေါင်းအုံးနဲ့ခေါင်းနဲ့ထိရင် လက်ကလေးချိုးကာချိုးကာ ဂုဏ်တော်ကိုးပါး၊ ၂၄ ပစ္စည်း တတ်သရွေ့မှတ်သရွေ့ ပုတီးဝတ်ကလေးဖြည့်ပြီးမှ အိပ်ပျော်ကြရတာဟာ ကိုယ့်လူကြီးမိဘများက သွန်သင်လေ့ကျင့်ပေးထားတဲ့ အလေ့အထပါပဲ။ ဘယ်အရွယ်ကတည်းက စသင်ထားသလဲ မသိပါဘူး။ မှတ်မိလောက်တဲ့ အချိန်မှာ အားလုံး အသားသေနေပြီ။ အဖွားနဲ့အမေဟာ သူတို့မိဘဘက်က မိဆိုင်ဖဆိုင် ရိုးရာနတ်ကိုးတဲ့ အလုပ်ကို ၀ါဝင်ဝါထွက် ၀တ်မပျက် လုပ်ပေမယ့် ကိုယ်တွေကျတော့ ရတနာသုံးပါးကလွဲရင် နတ်ကိုးကွယ်တာ၊ ဘိုးတော်ဝိဇ္ဇာ ကိုးကွယ်တာကို အကျင့်မလုပ်ဘူး။ သရဏဂုံကို ညစ်နွမ်းစေတယ် လို့ အမြဲပြောတယ်။ အိမ်မှာဆိုရင် နတ်အုန်းလည်း မရှိဘူး။ ဦးရှင်ကြီးလည်း မတင်ဘူး။ ရွှေဘုန်းပွင့်ဘုရားမှာ လုပ်တဲ့ တရားပွဲတွေကို မပျက်မကွက် နာလေ့ရှိသလို စူပါဟိုက်ကထွက်တဲ့ တရားခွေတွေကိုလည်း အိမ်မှာ မကြာခဏ ဖွင့်ပြီးနာလေ့ရှိတယ်။ ဒါကြောင့် ကိုယ်တို့ဟာ စာလာရယ် ဥပစာလာရယ် သီသုပစာလာရယ်ဆိုတဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးရဲ့ နှမတွေကို နံမယ်နဲ့တကွ အလွတ်ရတယ်။ ကျန်တာတွေဆိုရင်တော့ ပြောမနေနဲ့။ အိမ်မှာ စကားပြောတဲ့အခါမှာလည်း ဘယ်အခါမဆို ပုံတိုပတ်စ ဇာတ်နိပတ်များနဲ့ သိုင်းကာဝိုင်းကာ ပြောလေ့ရှိတယ်။

           ဒါပေမယ့် သူတို့လူကြီးတွေ သေလို့သာသွားရော နင်ဘယ်ဘာသာကို မပြောင်းနဲ့။ ဘာသာခြားနဲ့ မယူနဲ့ တစ်ခွန်းတစ်လေတောင် မှာကြား မသွားဖူးပါဘူး။ စောင့်လေမျိုးနွယ်ဆိုတဲ့ ကိစ္စဟာ ကိုယ်တို့အမျိုးတွေထဲမှာ စကားထဲထည့်ပြောစရာ မလိုသလောက်ကို ရှိတယ်။ အဖေ့ဘက် အမေ့ဘက် ဘယ်အမျိုးထဲရှာကြည့်ကြည့် တရုတ်၊ ကုလား၊ ဘာသာခြားဆိုတာ မူးလို့တောင် ရှူစရာ မရှိဘူး။ သိမှီမေးမြန်းထားလို့ရတဲ့ ဆွေစဉ်ခုနစ်ဆက် မတိုင်ခင်ကတည်းက နှောလာရင်တော့ ဘယ်တတ်နိုင်မလဲ။ လူသားမျိုးနွယ်ဆိုတာ သည်လိုပဲ ရောနှောစီးဆင်းတဲ့အခါလည်း ရှိမှာပဲ။ မရောရဘူး မနှောရဘူးလို့ အတင်းကြီး တားမြစ်ပိတ်ပင်ထားလို့ မဟုတ်ပါဘူး။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အယူဝါဒချင်း မျိုးမတူ ဇာတ်ခြားတဲ့အခါ ကိုယ်နဲ့ အတူတူလို မခံစားရလို့၊ ကိုယ်တွေနားလည်တဲ့စကားနဲ့ပဲ ပြောရရင် အထုံရေစက် အတူမပါခဲ့လို့ ဖူးစာဆုံတဲ့ အထိတော့ မရောက်ခဲ့တာ ထင်ပါတယ်။ (နောက်ကျမှ မော်နီကာဘလူးချီးတို့၊ နာအိုမီကင်းဘဲလ်တို့က အတင်းလာယူခိုင်းရင်တော့ ဒုက္ခပါပဲ။)

             သူငယ်ချင်း အပေါင်းအသင်းထဲမှာတော့ လည်ပင်းဖက်ပြီး ရင်းရင်းနှီးနှီးပေါင်းနေတဲ့ ဘာသာမတူ လူမျိုးမတူတဲ့သူတွေ တော်တော်များများ အရှိသားပဲ။ သူတို့တွေနဲ့လိုက်ပြီး ဘုရားကျောင်းလည်း တက်ဖူးတယ်။ စမိုင်လည်း စားဖူးတယ်။ အိမ်ကလူကြီးတွေ အနေနဲ့ အဲသည်ကိစ္စများ ခေါင်းထဲထည့်စိတ်ပူစရာကို မလိုခဲ့ဘူး။ ဘုရားရှေ့ ကားဖြတ်မောင်းသွားရင်တောင် အလိုလို လက်အုပ်ချီပြီးသား အကျင့်ပါနေမှပဲဟာ။ သူများတွေ မဟုတ်တရုတ် ကလော်တုတ်နေသလို “မင့်နှမတွေ ကုလားနဲ့ညားကုန်မှာပေါ့” တို့ ဘာတို့လည်း ကိုယ့်ဘက်ကတော့ အပူမရှာမိပါဘူး။ သူတို့လည်း သူတို့အသက်နဲ့သူတို့ အိမ်ကဓလေ့စရိုက်တွေ အရိုးစွဲနေကြပြီပဲ။ ဘုရား တရား သံဃာ မပါတဲ့ နေ့စဉ်ဘ၀ကို ဘယ်လိုမှ မဖြတ်သန်းနိုင်တော့ဘူး။ အခုတော့ ကိုယ်လည်း သမီးတစ်ကောင် နွားတစ်ထောင်ကို လုံအောင် အမြဲ စောင့်နိုင်ခဲတဲ့ အဖေတစ်ယောက် ဖြစ်လာပြီဆိုတော့ ကိုယ့်သမီးကလေးကိုယ် သွန်သင်ဆုံးမတဲ့နေရာမှာ မလုပ်နဲ့။ မသွားနဲ့။ မခေါ်နဲ့။ မပြောနဲ့။ ဆိုတဲ့ တားမြစ်ပိတ်ပင်မှုတွေအစား ကိုယ့်ရိုးရာ ကိုယ့်စရိုက် ဓလေ့ဘာဝကို ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြတ်နိုးတတ်သွားအောင် အားကြိုးမာန်တက် သင်ရပြရဦးတော့မှာပါပဲ။

             ကလေးဘ၀မှာ ပထမဦးဆုံး အကြောက်တရားက အမှောင်ပေါ့။ အိပ်ယာဝင်တဲ့အခါ လူကြီးတွေက မီးတွေ ပိတ်လိုက်လို့ မှောင်သွားတဲ့အခါ မကြောက်အောင် အိပ်ယာထဲမှာ ဘုရားစာလေးတွေဆိုလို့ လက်ချိုးပုတီးကလေး စိတ်ရင်း အိပ်ပျော်သွားရတော့ စိတ်အေးအေးချမ်းချမ်းလည်း ရှိခဲ့တယ်။ သရဲ တစ္ဆေ ဘီလူး သဘက်တွေဆိုတာ ကိုယ်ရွတ်ဖတ်နေတဲ့ ဘုရားနှုက္ခပတ်တော်တွေကို ကြောက်တယ်ဆိုတော့ ယိုးဒယား သရဲကားတွေထဲကလို ဘုန်းကြီးကျောင်းပြေးစရာ မလိုဘူး။ ငါ့လာခြောက်လို့ကတော့ လက်ညှိုးငေါက်ငေါက်ထိုးပြီး ရွတ်ပလိုက်မယ် ဆို သတ္တိတွေ ရှိသွားတယ်။ နောက်တော့ သေခြင်းတရားအကြောင်း သိလာတဲ့အခါ ကြက်သီးဖြန်းဖြန်းထအောင် ကြောက်လွန်းလို့ အမေ့ဆီသွားပြီး “အမေရေ အညာကို ထွက်ပြေးကြရအောင်” လို့ဆိုတော့ အမေတွေအဖွားတွေက သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့ လက်နက်ကလေး ပေးတယ်။ ၀င်လေထွက်လေကိုမှတ် တဲ့။ အဲဒီအရွယ်တုန်းကတော့ တော်တော် ကြောက်တာပါ။ ရုပ်ရှင်ထဲမှာ တစ်ယောက်ယောက် သေတဲ့အခန်းပါရင်ကို မကြည့်ရဲဘူး။ လူဆိုတာ သေပြီးရင် သရဲဖြစ်သွားရော လို့ ထင်တာကိုး။

              ဒါပေမယ့် ကိုယ့်အိမ်က ပထမဦးဆုံး နာရေးပေါ်တဲ့အခါမှာ မကြောက်တော့ဘူး။ သေသွားတာက ကိုယ့်အဖေလေ။ ရက်လည်တဲ့မနက်မှာ သူလာနှုတ်ဆက်မှာပဲ ဆိုပြီး အိပ်တောင် မအိပ်နိုင်ဘူး မျှော်မိတယ်။ အဖွားဆုံးတော့လည်းမျှော်တာပဲ။ သူကလာတော့ လာပါတယ်။ ကိုယ့်ဆီမဟုတ်ဘူး။ သူလှူထားတဲ့ ဘုန်းကြီးကျောင်းပေါ်သွား၊ ဘုရားကန်တော့ပြီး ပြန်ဆင်းသွားတယ်တဲ့။ ကျောင်းပေါ်က ကိုရင်လေးက ဆင်းပြေးသွားတယ်။ ဆရာတော်ကြီးကတော့ စကားလှမ်းမေးတာ ပြန်မဖြေဘူးတဲ့။ စိတ်ထဲတော်တော် မကောင်းတာက အဖွားက ငါ့ကိုချစ်တယ်လည်းဆိုသေးရဲ့ ငါ့ဆီလည်း မလာပါလား လို့ ၀မ်းနည်းမိတယ်။ တခါတခါ အိပ်မက်ထဲမှာတွေ့လို့ စကားလေးဘာလေးပြောရရင်  ပျော်လိုက်တာ။ ပြန်နိုးလာရင်တောင် အတင်းပြန်အိပ်တယ်။ အခန်းဆက်များ မက်လို့ရမလား လို့။ နိုင်ငံခြားရောက်နေတုန်း VZO နဲ့ chat ရသလိုပေါ့ကွယ်။ သေပြီးသားလူနဲ့ဆိုတာ အိပ်မက်ကမ္ဘာမှာပဲ ပြန်တွေ့ကြရတာ မဟုတ်လား။ ငယ်ငယ်တုန်းက အသစ်ဖျက်မဆောက်ရသေးတဲ့ အိမ်ကြီးကိုလည်း ပြန်ရောက်သွားလို့ရတယ်။ နေရာဟောင်းလေးတွေကလည်း အကုန် အရင်အတိုင်းပဲလေ။ အပြင်မှာသာ ဘာမှမကျန်တော့တာ။

               ဒီလိုနဲ့ ကိုယ်ကိုယ်တိုင်လည်း ဇာတိကစခဲ့တာ ဇရာ၊ ဗျာဓိ၊ မရဏတွေ လာတော့မယ်။ ဒါပေမယ့် ငယ်ငယ်ကလိုတော့ သိပ်မကြောက်တော့ဘူး။ ဟိုဘက်ကမ်းမှာ ပြန်တွေ့ချင်တဲ့လူတွေ အများကြီးပဲလေ။ အဲဒီလူတွေနဲ့ ပြန်တွေ့ဖို့ဆိုတာ တူမျှသောသဒ္ဒါ၊ တူမျှသောကုသိုလ်၊ တူမျှသောသရဏဂုံတို့ ရှိမှ ဖြစ်မှာ မဟုတ်လား။ ဒါကြောင့်မို့ ကိုယ့်ဘ၀မှာ ဗုဒ္ဓဘာသာဆိုတာ မွေးသည်ကနေ သေသည်အထိ အကြားမလပ်အောင် သက်ဝင်စိုးမိုးနေတယ်။ သူများဟာ မှန်တယ်။ ကိုယ့်ဟာမှ မှန်တယ် ဘယ်သူနဲ့မှ အငြင်းမပွားလိုဘူး။ မှားမှားမှန်မှန် တယူသန်နေပြီးသား။ သူတို့လည်း သူတို့အယူနဲ့သူတို့ပဲ။ လောက်ကိုင်တုန်းကဆို သူတို့ဘိုးဘွားတွေလည်း သေဖို့ပြင်ဆင်ရင်ဆိုင်ထားကြတာပဲ။ မြေကွက် တစ်စုံ၊ အုတ်ဂူအစုံ နဲ့ အိပ်ယာဘေး အခေါင်းထားအိပ်တယ်။ သေပြီးနောက်မှာ မမေ့မလျော့ ကန်တော့ ကျွေးမွေးဖို့ နောက်မျိုးဆက် သတ်သတ်မှတ်မှတ် ချန်ရစ်တယ်။ အဲဒါ သူတို့အယူပဲဟာ မှားတယ် မှန်တယ်။ သမ္မာ၊ မိစ္ဆာ သတ်မှတ်နေစရာ မလိုပါဘူး။ ကိုယ်လည်း အဲဒီနေရာမှာ မွေးဖွားကြီးပျင်းရင် အဲဒီအယူပဲ ယူမှာ။

              ဘာသာရေးကို အိမ်ကထက်ပိုပြီး သက်ဝင်ယုံကြည်လာအောင် ပံ့ပိုးပေးသူတွေကတော့ ဘုန်းဘုန်းတွေပါပဲ။ ကလေးဘ၀ကတည်းက ဘုန်းကြီးကျောင်း ဆွမ်းပို့တဲ့အလုပ်ကို မပျက်မကွက် အလုပ်ခိုင်းခဲ့တယ်။ ရွာကျောင်းမှာ သူငယ်တန်း တက်တုန်းကဆို ဆွမ်းခံတောင် လိုက်ရတယ်။ အဒေါ်တွေက သူ့တူလေး ဆွမ်းတော်ဗျို့ အော်ရင် ဘယ်တော့မှ ကန်တော့ဆွမ်းပါဘုရား မရှိဘူး။ မြန်မာမိဘများထုံးစံ သားရှင်ပြုဖို့ဆိုတာ ကျားကုတ်ကျားခဲ စုဆောင်းရည်သန်ကြပြန်တော့ ရွာမှာပြန်ရှင်ပြုတဲ့အခါ နွေကျောင်းပိတ်ကတည်းက ဘုန်းကြီးကျောင်းလွှတ်ပြီး သင်္ကန်းတောင်း၊ ကမ္မဌာန်းတောင်း၊ ဆံချတော့ရွတ်စရာ၊ ပစ္စည်းလေးပါး သုံးဆောင်တော့ ရွတ်စရာ၊ သီလယူ၊ သီလပေး၊ ရေဒဏ်၊ သဲဒဏ် အကုန် သင်အံလေ့ကျက်ထားရတယ်။ သဒ္ဒါ သင်္ဂြိုလ်၊ ပါဠိပါဋ္ဌ်သား နားမဝေးအောင် သင်ပြပေးတယ်။ နောင်အခါတွေကျတော့ ကိုရင်ဝတ်နဲ့ ရိပ်သာဝင်ပြီး တရားထိုင်ကျင့်ရအောင် ကြိုးစားရတယ်။ မအေဆိုတာ ရှင်လောင်းအမေ ဖြစ်ပြီးတော့လည်း ပဉ္ဇင်းအမ ဖြစ်ချင်သေးတာပဲ။ ဒီလိုနဲ့ သာသနာ့ဘောင်ဆိုတာ ဒုလ္လဘဘ၀နဲ့ ၀င်ချည်ထွက်ချည် ကျင်လည်ခဲ့ဖူးတယ်။ တရားထူးတရားမြတ်တော့ မရသေးတာ အမှန်ပါ။ ဒါပေမယ့် တရားကင်းကွာတဲ့ ဘ၀တော့ မရောက်သေးဘူး။ တရားလက်လွတ် ငှက်တောင်ကျွတ်လည်း မဖြစ်တော့ဘူး။ စိတ်မှာထင်လာတဲ့ ကိလေသာ အညစ်အကြေးတွေကို Beaty Spa သွားပြီး ချေးချွတ်သန့်စင်သလို စိတ်တည်ငြိမ်အောင် လုပ်ပေးရာဌာန၊ စိတ်၏ချမ်းသာခြင်းကို ရှာဖွေရာဌာန လို့တော့ မြင်လာတယ်။ လောကဓံနဲ့ ဘ၀ရဲ့ဒုက္ခတွေကို မခံစားနိုင်တော့ရင် စိတ်သစ်လူသစ် ပြန်လည်မွေးဖွားဖို့ ခဏလောက် ထွက်ထွက်ပြေးသွားတဲ့ အေးရိပ်ဆာယာပေါ့။

              အလုပ်တဘက်နဲ့မို့ အခါအားလျော်စွာမှ ရိပ်သာဝင်နိုင်တဲ့အခါ တစ်ခါထက်တစ်ခါ သမာဓိအားတွေ ကောင်းလာပါတယ် လို့ မဆိုနိုင်ပေမယ့် ဘယ်အခါမဆို လောင်လာတဲ့ မီးတွေကို ရေနဲ့သတ်လိုက်သလိုတော့ အေးအေးသွားတာ အမှန်ပဲ။ နောက်ကြောင်းမအေးတဲ့ မျောက်လောင်းကလေးမို့ ခွင့်စေ့ကာနီးရင် ပြန်ပြေးဖို့တာစူရပေမယ့် စိတ်ထဲမှာ ငယ်ငယ်ကတည်းက  ကိုရင်ဝတ်၊ ပဉ္ဇင်းတက်၊ တရားထိုင်နဲ့ သာသနာ့ဘောင်မှာ ပျော်နိုင်ခဲ့ရင် ငါ့ဘ၀ဟာ အခုလက်ရှိထက် အများကြီး ငြိမ်းအေးမှာ အမှန်ပဲ လို့ တောင့်တမိတယ်။ လူ့ဘ၀မှာ အဆုံးမရှိတဲ့ လိုချင်တပ်မက်မှုတွေနောက်ကို မသေမချင်း လိုက်နေကြရတယ်။ ရဟန်းဘ၀မှာ ပရိက္ခရာ ရှစ်ပါး၊ ပစ္စည်းလေးပါး ပြည့်စုံရင် ဘာမှ မလိုတော့ဘူး။ သာသနာ့ဘောင်မှာ လောင်နေတဲ့မီးတွေ တဟုန်းဟုန်း တောက်နေတာလည်း မသိ မဟုတ်။ သိပါတယ်။ တရုတ်လို ဘုန်းကြီးကို ဘယ်လိုခေါ်တယ် မှတ်သလဲ။ ကျောင်းလောင် တဲ့။ ဘုန်းကြီးအမှုက ရွာပတ်ရင် ရှင်းမရတော့ဘူး။ ဒါပေသိ ကိုယ်ဆိုရင်တော့ တို့ဘုရားသာသနာကြီးကို လောင်မြိုက်တဲ့မီးတွေပါဟ ဆိုတာမျိုးထက် ကိုယ့်အတွင်းထဲမှာ လောင်မြိုက်နေတဲ့ ကိလေသာမီးတွေကို အရင်သတ်မှာပဲ။  အရာရာကို စွန့်လွှတ်ထားခဲ့လို့ နိက္ခမပါရမီပါဆိုနေမှ မြို့ကျောင်းမစွဲ တောကျောင်းစွဲနေစရာလည်း အကြောင်းမရှိဘူး။ ငါ၊ သူတပါး၊ ယောင်္ကျား၊ မိန်းမ၊ ပုဂ္ဂိုလ် သတ္တ၀ါ မစွဲရပါဘူး လို့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားတာမို့ သူလည်းပဲ “ငါဘုရား၏ သာသနာ” လို့ တမ်းတမ်းစွဲ စွဲနေမှာ မဟုတ်ပါဘူး။

              ရိပ်သာမှာ ရေစက်ရှိလို့ ခင်မင်ရင်းနှီးသွားတဲ့ ဦးပဉ္ဇင်းလေးကျောင်းမှာ ဒုလ္လဘ ၀တ်ဖြစ်တဲ့အခါမှာတော့ သာသနာ့ဘောင်က သံဃာအစစ်တွေရဲ့ ၀တ္တရားတွေ၊ ၀ဋ်တရားတွေကို ပိုသိလာရပါတယ်။ သံဃာဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် မွေးသည်မှသည် သေသည်အထိ အရေးဆို ပြေးပြေးပင့်စရာ မရှိရင် အနေလည်း မဖြောင့်သလို အသေလည်း မဖြောင့်ဘူး။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အလှူရယ်အတန်းရယ် ပြုတဲ့အခါမှသာ “ကောင်းမှုကုသိုလ်တို့ကို စိုက်ပျိုးရန် လယ်ယာမြေကောင်းသဖွယ် ဖြစ်သော” ဆိုပြီး ပလာမပါ ကံစမ်းမဲကြီးလို ပင့်ရတာ မဟုတ်ဘူး။ ရပ်ရေးရွာရေး၊ သာရေးနာရေး။ အကုန်လုံး အမှူးထား တိုင်တည်ရတယ်။ သာသနာပနိုင်ငံတွေမှာရှိတဲ့ ဗုဒ္ဓဘာသာကျောင်းတော်ကြီးတွေမှာဆို သီတင်းသုံးမယ့် သံဃာ မရှိလို့ ခက်ခက်ခဲခဲ တောင်းတောင်းပန်ပန် ပင့်လျှောက်ပူဇော်ကြရတယ်။ သံဃာမရှိရင် ၀ါဆို ကထိန်လည်း ဘယ်ရှိပါ့မလဲ။ တစ်နှစ်ပတ်လုံး ဘုရားဝေး တရားဝေးနဲ့နေရတာ ဆွမ်းကပ်၊ သင်္ကန်းကပ်၊ သီလယူစရာမှ မရှိရင် သေရင်တောင် ဘယ်လို အမျှဝေကြမတုန်း။ စေတနာ့ဝန်ထမ်းအလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ်၊ ဘုန်းကြီးရဟန်းမှ မလှူရမတန်းရရင် မြန်မာလူမျိုးတွေရဲ့စိတ်ဟာ ကုသိုလ်ပါတယ် လို့တောင် မထင်ဘူး။ ဒါကြောင့် တို့ဘ၀မှာ သံဃာဆိုတာ မရှိလို့ မဖြစ်ပါဘူး။

               ဒါပေမယ့် အခုတလောမှာတော့ ကိုးကွယ်ရာ သံဃာကို အတုအယောင်လုပ် အသုံးချနေသူတွေကြောင့် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာ ညစ်နွမ်းရလေတယ် လို့ ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး စိတ်ဝမ်းမသာ ရှိကြရလေတယ်။ သင်္ကန်းတွေကို မျက်လှည့်ပြသလို လျှပ်တပြက် လူဝတ်လဲပြတဲ့ ဗီဒီယိုတွေ၊ ခုတ်ထစ်သတ်ဖြတ်ပြနေတာတွေ လူမြင်သူမြင် ဖြစ်ကုန်တယ်။ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ အကြမ်းဖက်တဲ့ မျက်နှာဆိုပြီး ဘုန်းကြီးပုံတွေ တင်လာကြတယ်။ သူများနိုင်ငံက လူတွေ မြင်ရင် ကိုယ်တို့ ဗုဒ္ဓဘာသာကို အထင်သေးအမြင်သေး ဖြစ်ကုန်မှာပေါ့ ဆိုပြီး ယမ်းပုံမီးကျ ဒေါသူပုန်ထနေသူတွေလည်း ရှိတယ်။ ကိုယ့်အဖို့ကတော့ ယုံကြည်မှု။ သဒ္ဓါတရား ဆိုတာ သူများက မြင်တဲ့ အမြင် လို့ မခံယူပါဘူး။ သူများတွေ အထင်ကြီးသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ သူတို့လည်း သူတို့ဘာသာပဲ သူတို့ ကိုးကွယ်ကြမှာ။ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် ပြန်အထင်သေးပြီး သဒ္ဓါတရားတွေ ကုန်ခမ်းသွားမှာပဲ စိုးရတာ။ ကိုယ်တို့ဗုဒ္ဓဘာသာဆိုတာက ယုံကြည်သူတွေကပဲ ပံ့ပိုးထောက်ပံ့တာ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဆီကမှ အခွန်ဆက်ကြေး ပူဇော်ပသနေတာ မဟုတ်ဘူး။ ကိုယ့်ဘုန်းကြီးကိုယ် အတုလား အစစ်လား သံသယပွားပြီး ကြည်ညိုသဒ္ဓါမပွားနိုင်တော့ရင် ရေဝေးတဲ့ကြာလို့ ဖြစ်ကုန်လိမ့်မယ်။

                သံဃာအတုအယောင် မရှိဘူး လို့ မဆိုလိုဘူးနော်။ ရှိတာမှ အများကြီးကို ရှိတယ်။ ဒါပေမယ့် အဲဒါတွေကို ဘယ်လိုသဘောထားကြမလဲဆိုတာကို ဟိုးအရင်တစ်ခါ “သင်္ကန်းဂုဏ်ရည်” ရေးတုန်းက တစ်ခါ ပြောပြီးပြီ။ သည်တစ်ခါတော့ မနုသီဟဇာတ်လမ်းကို ထပ်ဆက်ပေးမယ်။ ရှစ်သောင်းလေးထောင် အလှူပွဲကြီးမှာ မာရ်နတ်မင်းကို နှိမ်နှင်းလိုက်နိုင်တဲ့ ရဟန္တာမထေရ်မြတ်ကြီးဟာ မှတ်လောက်သားလောက်အောင်ဆိုပြီး မာရ်နတ်မင်းရဲ့လည်မှာ ခွေးသေကောင်ပုပ်ကြီး ဆွဲပေးလိုက်သတဲ့။ သူအဓိဋ္ဌာန်နဲ့ ဆွဲပေးလိုက်တာမို့ ဘယ်သူကမှ ပြန်ဖြုတ်မပေးရဲပဲ မာရ်နတ်ခမျာ အလှူမပြီးမချင်း ခွေးသေကောင်ပုပ်ကြီးတစ်ကောင်နဲ့ ဒုက္ခကြီးစွာရောက်ပြီး မာန်စွယ်ကျိုးသွားသတဲ့။ နောက်ဆုံးတော့ ရဟန္တာမထေရ်ကြီးထံမှာ ရှိခိုးဦးတင် တောင်းပန်ပြီး ပြန်ဖြုတ်ခိုင်းတဲ့အခါမှာ မထေရ်ကြီးလည်း မာရ်နတ်မင်းကို အနူးအညွတ်တောင်းပန်ပြီး အကူအညီတစ်ခုတောင်းသတဲ့။ သူက မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်မမှီလိုက်တာမို့ မှီလိုက်တဲ့ မာရ်နတ်မင်းကို ဘုရားအသွင် ဖန်ဆင်းပြပါ လို့ တောင်းပန်သတဲ့။ မာရ်နတ်မင်းက ကတိတစ်ခုပေးရင် ဖန်ဆင်းပြမယ် ဆိုတာကတော့ “သူ့ကို လုံးဝ မကန်တော့ရဘူး။” ဆိုတဲ့ ကတိပါ။ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်က ကန်တော့လိုက်ရင် ပုထုဇဉ်ဖြစ်တဲ့ မာရ်နတ်ကြီး ဂျွမ်းပစ်သွားမှာကိုး။ သေသေချာချာ ကတိပေးပြီးမှ သေသေချာချာ ဖန်ဆင်းအပြမှာ ဟိုကလည်း သေသေချာချာကြီးကို ကန်တော့လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ “သင့်အား ကန်တော့ခြင်း မဟုတ်၊ ဂေါတမဘုရားရှင်အား ရည်မှန်းဖူးမျှော် ကန်တော့ခြင်း ဖြစ်ပါသတည်း” ဟူလို။ ဆိုလိုချင်တာက ရဟန္တာပုဂ္ဂိုလ်ရင့်မကြီးတောင်မှ ဘုရားရှင်ကို ရည်မှန်းပြီး မာရ်နတ်ကို ဦးချနိုင်သေးရင် ကိုယ်တွေ ပုထုဇဉ်အချင်းချင်းမှာ ရဟန်းယောင်တွေကို ရဟန်းစစ်အမှတ်နဲ့ ကိုးကွယ်မိငြားလည်း သဒ္ဒါတရား မချို့တဲ့ရင် ကုသိုလ်မရစရာ အကြောင်းမရှိဘူးဗျ။ သံဃိကဒါန သံဃာကို ရည်မှန်းလှူဒါန်းတာကိုး။ အတုအစစ်ကိစ္စက အဲသည်ကာယကံရှင်နဲ့သာ သက်ဆိုင်ပေလိမ့်မယ်။

             တစ်ခုပဲ ရှိတယ်။ အဲသည် ရဟန်းယောင်တွေက ရှင်ဒေ၀ဒတ်လို ဘုရားရှင်ရဲ့ အဆုံးအမနဲ့ ဖီလာဆန့်ကျင်တဲ့ အကုသိုလ်ဒုစရိုက်အမှုများကို တိုက်တွန်းကျူးလွန်ခိုင်းလို့ စိတ်လိုက်မာန်ပါ ရှိခဲ့မယ် ဆိုရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲဗျို့။ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်အမျိုးဘာသာ သာသနာကို ကိုယ်ကိုယ်တိုင် စောင့်ရှောက်ချင်ကြတယ်ဆိုရင် တစ်ဆယ့်ခြောက် ခေါဘဏီတပ်ကြီးလည်း မလိုပါဘူး။ ဘူတာဝါဟန ယန္တရားတွေ မရှိလည်း ရပါတယ်။ ခိုင်မာသော သဒ္ဓါတရားနဲ့၊ ခိုင်မြဲသော ယုံကြည်မှုပဲ လိုပါလိမ့်မယ်။ အဲဒါ မယိမ်းယိုင်သရွေ့ ဘယ်သူကမှ လာနှဲ့လို့ မရပါဘူး။ ချင့်ယုံကြပေါ့။ အထူးသဖြင့်တော့ အင်တာနက်ပေါ်မှာ သူများယောင်တိုင်း လိုက်ဟောင်တာ ကိုက်တာမျိုး မလုပ်နဲ့ပေါ့ဗျာ။ ကြားဖူးဘူးလား။ မာရ်နတ်မင်းမှာ လက်ရုံးတစ်ထောင် ရှိသည် တဲ့။ အကောင့်ပုန်းတွေ အများကြီးနေမှာ။ စေတနာရှင်တစ်ဦးတို့၊ ဆရာဝန်တစ်ဦးတို့၊ ဒီမိုဘာညာ၊ မျိုးချစ်ဘာညာ၊ ပေးချင်ရာ နံမယ်ပေးပြီး တင်ချင်ရာ ပုံတွေ တင်ထားလို့ရတယ်။ အခုဖတ်နေတဲ့စာတောင် တစုံတယောက်က အကောင့်ထဲဟက်ပြီး လာရေးသွားတော့ ဘယ့်နှယ်လုပ်မလဲ။ အစစ်နဲ့တူအောင် မရေးတတ်ဘူးထင်လို့လား။ ငိ ငိ ငိ တို့၊ ခွိ ခွိ ခွိ တို့။ ဒချိ ဒချိ တို့ပါ အကုန် တုထားလို့ရတယ် ဘာမှတ်သလဲ။ အဟက် အဟက်။

credit to ဆရာစိုးမင်း