Thursday 18 April 2013

ကတ်ကြေးတစ်လက်နှင့် ကောင်းကင်တစ်ထည် - တာရာမင်းဝေ အပိုင်း-၁

 
 
နိဒါန်း




[က]

ဆိတ်သိုး(ခေါ်)ထွန်းမြင့်သည် လက်ဖက်ရည်ကြိုက်သူ ဖြစ်၏။ လက်ဖက်ရည်စွဲနေသူဟု ပြောလျှင် ပိုမှန်မည်။ ထားပါတော့…။ ထိုအချက်တွေက အရေးမကြီးပါ။ ယခု ထွန်းမြင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲမှာ လက်ဖက်ရည်ကျဆိမ့်ကို မှာယူသောက်သုံးနေသည်။ နာမည်ကြီးလက်ဖက်ရည်ဆိုင် ဖြစ်၏။ တစ်ငုံသောက်ကြည့်ရုံနှင့် လျှာကြောထဲမှာ စိမ့်သွားသည်။
ဆိုင်က ဝိုင်းတိုင်းမှာ လူပြည့်နေသည်။ စကားသံတွေ ဆူညံပွက်လှိုက်နေ၏။ မထင်မှတ်သော ဝေဒနာတစ်ရပ်ကို ဆိတ်သိုး(ခေါ်)ထွန်းမြင့် အရေးပေါ် ခံစားလိုက်ရသည်။ ဝမ်းသွားချင်လာခြင်း ဖြစ်၏။ မခံနိုင်လောက်အောင်ကို ဗိုက်က ရစ်ပြီးနာလာသည်။ မည်သို့မျှ မထိန်းချုပ်နိုင်တော့သဖြင့်…
“ဟေ့…၊ ရွှတ်…ရွှတ်”
စားပွဲထိုးကို လှမ်းခေါ်သည်။ မည်သည့်စားပွဲထိုးကမှ သူခေါ်သည်ကို မကြား၊ စိတ်မရှည်နိုင်သည့်အဆုံး ကောင်တာဆီ သူ ထသွားလိုက်သည်။ ငွေကိုင်နေသည့် ဆိုင်ရှင်ဖြစ်ဟန်တူသူကို…
“ကျွန်တော် အိမ်သာတက်ချင်လာလို့၊ ကူညီပါ”
ထိုလူက ဆိတ်သိုး(ခေါ်)ထွန်းမြင့်ကို တစ်ချက်မော့ကြည့်ပြီး စားပွဲထိုးများကို ဘဲလ်တီးခေါ်လိုက်သည်။
“ဟေ့…တစ်ယောက်လာစမ်း၊ အိမ်သာလိုက်ပြပေးလိုက်၊ တို့အစ်ကို ကျင်ကြီးစွန့်မလို့တဲ့”
“ဟာ…”
အားလုံးက ဝိုင်းကြည့်ကြသဖြင့် ဆိတ်သိုး(ခေါ်)ထွန်းမြင့် ရှက်သွားသည်။ သို့သော်လည်း ထိုခံစားချက်ကလေးကို အမှုမထားအား။ စားပွဲထိုးလေးခေါ်သွားရာ အိမ်သာဆီသို့ ကပျာကယာ လိုက်သွားရသည်။ စားပွဲထိုးလေးက အိမ်သာကို လက်ညှိုးထိုးညွှန်ပြပြီး ထွက်သွားသည်။ ဆိတ်သိုး(ခေါ်)ထွန်းမြင့် ဝမ်းသာအားရဖြင့် အိမ်သာဆီ ပြေးသွားသည်။ (ပြောရတာလည်း မကောင်းချေ)
သို့သော်…
“ဟာကွာ…”
အိမ်သာထဲမှာ လူရှိနေသည်။ သူ အတော်အခံရခက်သွား၏။ ဗိုက်ကိုနှိပ်ရင်း အိမ်သာရှေ့မှာ စောင့်နေရသည်။ ငါးမိနစ်ခန့် ကြာသည်အထိ အိမ်သာထဲမှ လူက ထွက်မလာချေ။ သည်းမခံနိုင်သည့်အဆုံး…
“ဒေါက်…ဒေါက်…ဒေါက်”
အိမ်သာတံခါးကို ခေါက်ကာ…
“အထဲက ပုဂ္ဂိုလ်…ကိစ္စပြီးရင် ထွက်ပါတော့ဗျာ။ ဒီမှာ နောက်ကလူ မအောင့်နိုင်တော့ဘူး”
ထိုအခါကျမှ အိမ်သာထဲမှ ရေဆွဲချသံ ကြားရ၏။ ဆိတ်သိုး(ခေါ်)ထွန်းမြင့် အတော်နားဝင်ချိုသွားလေသည်။ (ပြောရတာလည်း မကောင်းချေ) ဂျက်ဖွင့်သံ ကြားရ၏။ တံခါး ပွင့်သွား၏။
“ဟင်…”
အိမ်သာထဲမှ ထွက်လာသူလည်း မရှိချေ။ အိမ်သာကတော့ ဟောင်းလောင်းဖြစ်သွားပြီ။ ထွက်သွားသော ခြေသံကိုလည်း ကြားရသည်။ သို့သော် ထိုနေရာမှာ ဆိတ်သိုး(ခေါ်)ထွန်းမြင့်မှလွဲ၍ အခြားမည်သူမှလည်း မရှိချေ။ အိမ်သာမှာ (ထိုလူ) ဆွဲချသွားသောရေသံက တဝေါဝေါ ကြားနေရဆဲ။ ဆိတ်သိုး(ခေါ်)ထွန်းမြင့် ကြက်သီးတဖြန်းဖြန်းထပြီး…
“အား…”
အစာဟောင်းများက သူ့ကို စွန့်ခွာခွင့် ရလိုက်ပါသည်။ သို့သော် အိမ်သာထဲမှာတော့ မဟုတ်ချေ။

[ခ]
ညနေခင်းက သာယာပါသည်။ လမ်းပေါ်မှာ လူသူရှင်းလင်းနေသည်။ စုစုမင်းတစ်ယောက် သူ့ထုံးစံအတိုင်း တစ်ကိုယ်တည်း လမ်းလျှောက်လာသည်။ လမ်းလျှောက်နေရင်းနှင့်ပဲ ထူးခြားမှု တစ်စုံတစ်ရာကို သူမ သတိထားမိသည်။ သူမအနောက်မှ တစ်ယောက်ယောက် လိုက်လာခြင်းဖြစ်သည်။ ခြေသံကို ကြားနေရသည်။
သည်လမ်းမှာ သူခိုးတွေ၊ ခါးပိုက်နှိုက်တွေတော့ မရှိ။ သူမကို ရည်းစားစကားပြောရန် လိုက်လာသော လူငယ်တစ်ယောက်ယောက် ဖြစ်လိမ့်မည်။ လှည့်မကြည့်မိရန် စိတ်ကို ချုပ်ထိန်းထားလိုက်သည်။
“ကန်မလေးနော်…၊ အားကြီးလှတယ်၊ မာမူနော်…၊ ချိမိတယ်”
“မြတ်စွာဘုရား” ဟု စိတ်ထဲမှ ရေရွတ်မိသည်။ ဘယ်က ကုလားကြီးက ရည်းစားစကားလိုက်ပြောသည် မသိ။ “ချစ်မိတယ်” လည်း မဟုတ်။ “ချိမိတယ်” တဲ့။
“ကန်မလေးနော်…၊ မာမူကြီးကို ပြန်ချိရင် နွားနို့ အများကြီး သောက်ရမယ်၊ ပလာတာနော်…၊ စားရမယ်”
လာ…လာချည်သေး။ စုစုမင်း ရှက်လည်းရှက်၊ ဒေါသလည်းထွက်လာသည်။ ခြေလှမ်းကို အရှိန်မြင့်ပြီး သွက်သွက်လှမ်းလိုက်သည်။ သို့သော်လည်း နောက်မှ ကုလားကြီးက ထပ်ချပ်ပါလာဆဲ။
“ကန်မလေးရဲ့အချိကို ရဖို့နော်…၊ မာမူ… မီးနင်းပြမယ်”
“ရှင် ကျွန်မကို…”
စုစုမင်း ချာခနဲလှည့်ပြီး ရန်တွေ့ရန် ပြင်ခြင်းဖြစ်၏။ သို့သော် စကားကပင် ရှေ့မဆက်ဘဲ ရပ်သွားသည်။ သူမ၏ အနောက်မှာ မည်သူ့ကိုမှ မတွေ့ရသောကြောင့် ဖြစ်သည်။ သူမ ကြောင်အမ်းအမ်းဖြစ် သွားသည်။ အခုပဲ သူမနောက်မှာ ရှိနေသူက ခုပဲ ဘယ်ရောက်သွားသည်မသိ။ ခပ်လှမ်းလှမ်းမှာတော့ ထိပ်ပြောင်ပြောင် လူကြီးတစ်ယောက်ကို တွေ့ရသည်။ သို့သော် ထိုလူကြီးတော့ မဖြစ်နိုင်။ ထိုလူကြီးကပင်လျှင် သူမ ဖြစ်နေပုံကို အံ့သြသလို လှမ်းကြည့်နေသည်။
စုစုမင်း ဇဝေဇဝါနှင့် လမ်းဆက်လျှောက်လိုက်သည်။
“ကန်မလေးရယ်…၊ လက်ချမားရဲ့ ရင်ထဲကို လှုပ်ခါစေပါတယ်”
လာပြန်ပြီ။ ဘေးဘီဝဲယာကို လှည့်ကြည့်သည်။ မည်သူ့ကိုမှ မတွေ့။ စုစုမင်း အနည်းငယ် တုန်လှုပ်လာသည်။ နောက်မှ ထိပ်ပြောင်ကြီးမီလာသည်ကို စောင့်ပြီး…
“ဦး…၊ သမီး ဦးနဲ့အတူ လိုက်ခဲ့ပါရစေ”
“အေး…၊ ဦးလည်း လှမ်းကြည့်နေတာ၊ သမီးတစ်ယောက်တည်း ဘာဖြစ်နေတာလဲ”
“အသံ…အသံကြားနေရတယ်”
“ဟေ…ဘာသံလဲ”
“ဟိုလေ…ကျွန်မကိုပြောတဲ့ စကားသံ၊ လူလည်းမမြင်ရဘဲ အသံပဲ ကြားနေရတယ်”
ထိပ်ပြောင်ကြီးက သူမကို မသင်္ကာသလို စေ့စေ့ကြည့်သဖြင့်…
“ကျွန်မ အရူးမဟုတ်ပါဘူး ဦးရယ်…၊ အကောင်းကြီးပါ၊ ခုလည်း ကျွန်မ တကယ်ပြောတာပါ”
ထိပ်ပြောကြီးက အနီးအပါးကို လှည့်ပတ်ကြည့်ပြီး…
“ဘယ်သူမှ မရှိပါဘူး သမီးရဲ့”
ထိုစဉ်မှာပဲ…
“ကန်ကလေးနော်၊ မမြင်ဘဲ မပြောနဲ့၊ မာမူ စိတ်ဆိုးတယ်”
ထိပ်ပြောင်ကြီး မျက်လုံးပြူးသွားသည်။ စုစုမင်းက ဆွေ့ဆွေ့ခုန်လျက်…
“အဲဒီ့အသံပဲ…အဲဒီ့အသံပဲ၊ သမီးပြောတာ အဲဒါ…”
ထိပ်ပြောင်ကြီးက လက်ထဲမှ ဖိုင်တွဲကြီးကို ဝှေ့ရမ်းရင်း…
“ဟေ့…ဘယ်သူလဲကွ”
“ငါပဲကွ”
“ဘယ်ကလဲကွ”
“ကာလကတ္တားကကွ”
စုစုမင်း ဒူးတဆတ်ဆတ်တုန်မိရင်းက…
“ဦး…လုပ်ပါဦး၊ ဦး…ဟင်…ဦး…ဦး…”
ထိပ်ပြောင်ကြီးက သတိလစ် မေ့မျောပြီး သူမအပေါ် လဲပြိုကျလာသဖြင့် သူမ အနိုင်နိုင် တွန်းထားရလေသည်။
[ဂ]
မောင်မောင်ညွန့်ဝင်းအဖို့ ယခုကဲ့သို့ ယမင်းသူနှင့် တစ်ဝိုင်းတည်း ထိုင်ပြီး စကားပြောရခြင်းသည် ကြည်နူးခြင်းအတိ ပြီးရလေသည်။ သို့သော် တစ်ကိုယ်လုံး ယားယားလာခြင်းက ခက်သည်။
“ယမင်းလို ကောင်းခြင်းငါးဖြာပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်အဖို့…၊ အား…ဟာ…”
ဂုတ်ပိုးတစ်လျှောက်မှာ တရွရွနှင့် ယားယံခံစားရသည်။ မနေသာသဖြင့် လက်နှင့်ပြန်သပ်လိုက်တော့ ကြက်မွှေးတစ်ချောင်းကို တွေ့ရသည်။ သူ့ကို စူးစူးကြည့်နေသော ယမင်းသူကို ရယ်ပြရင်း…
“ဘယ်က ကြက်မွှေးလည်း မသိပါဘူး ယမင်းရယ်၊ လူတစ်ကိုယ်လုံးကို ယားနေတာပဲ”
ကြက်မွှေးကို စားပွဲပေါ်ချပြ၍ သက်သေပြုရင်း စကားဆက်ပြောရသည်။
“ခုခေတ်မှာ အရမ်းရှားပြီး အရမ်းတန်ဖိုးရှိ…၊ အဟီး…အဟီး…အဟင့်…”
ယမင်းသူက မျက်မှောင်ကြုတ်ကာ မေးသည်။
“ဘာဖြစ်နေတာလဲ”
“ယားလို့”
“ယားရပြန်ပြီ”
မောင်မောင်ညွန့်ဝင်းက နောက်ဘက်ကို လက်နှင့် ပြန်သပ်ရင်း…
“ဟာ…ကြက်မွှေးပဲကိုး”
“ရှင် ဘာတွေလုပ်ထားလို့လဲ၊ ကြက်ခြံထဲ ဝင်လာလား”
“တောက်တီးတောက်တဲ့ ယမင်းရယ်၊ ရေမိုးချိုးပြီး ယမင်းဆီတန်းထွက်လာတာ”
မောင်မောင်ညွန့်ဝင်းက ထိုကြက်မွှေးကို စားပွဲပေါ်သို့ သက်သေပစ္စည်းအဖြစ် ထပ်အချ၊ သူ့ဘာသာ မျက်လုံးပြူးသွားကာ ယမင်းသူကို မေးသည်။
“ခုနက ချထားတဲ့ ကြက်မွှေးကော…”
“အခု ရှင့်လက်ထဲကဟာ ခုနက ကြက်မွှေးပဲလေ”
“ဟင်…၊ ခုနက ကြက်မွှေးကပဲ ပြန်ခုန်တက်ပြီး…၊ ဟို…”
မောင်မောင်ညွန့်ဝင်း ဘာထပ်ပြောရမှန်း မသိတော့။ ယမင်းသူကလည်း အတော်စိတ်ညစ်နေပြီ။ ထိုစဉ်မှာပဲ မောင်မောင်ညွန့်ဝင်းက မရိုးမရွဖြစ်လာပြီး…
“ဟား…ဟား…ဟီးဟီး…ဟိုးဟိုး…”
တစ်ကိုယ်လုံး ထိုးထိုးထွန့်ထွန့် ဖြစ်လာသည်။ ဘေးဝိုင်းတွေက ဝိုင်းကြည့်နေသဖြင့် ယမင်းသူ ရှက်လာသည်။
“တစ်ယောက်ယောက်က ကလိလာထိုး…၊ ဟားဟား…ဟီးဟီး…ဟိုးဟိုး…နေသလိုပဲ၊ ဟားဟား…”
ယမင်းသူ ထိုင်ရာမှ ဆတ်ခနဲထကာ…
“ရှင့်မှာ ဝက်ရူးပြန်ရောဂါရှိမှန်း ခုမှပဲ သိတော့တယ်”
“အိုး…၊ မဟုတ်…ဟီးဟီး…ဘူးလေ၊ ယမင်း…၊ ဟား…ယမင်း…ဟိုးဟိုး”
ယမင်းသူကို သူ တား၍ မရလိုက်ပါ။ ချာခနဲ လှည့်ထွက်သွားပါတော့သည်။ ထွန့်ထွန့်လူးနေသော မောင်မောင်ညွန့်ဝင်းက ခြေကားယား၊ လက်ကားယားဖြင့် ကျန်ရစ်ခဲ့သည်။
“ယမင်းလို…ဟားဟား…မိန်းကလေးတစ်ယောက်ကို အဟိ…ကိုညွန့်ဝင်းကလေ…ဟိုးဟိုး”
 
[ဃ]
စာရေးဆရာတစ်ယောက်၏
ကဗျာတစ်ပုဒ်အမည်အတိုင်း ပြောရမည်ဆိုလျှင်


“ဘာတွေ ဖြစ်ကုန်ကြပြီလဲ”

   “ဘာတွေ ဖြစ်ကုန်ကြပြီလဲ”

      “ဘာတွေ ဖြစ်ကုန်ကြပြီလဲ”
 
 
[၁]


“နေပါဦး လူလူရဲ့။ မင်းက ဘာရည်ရွယ်ချက်နဲ့ ငါ့ကို ဒီကဗျာထုတ်ပြရတာလဲ”
ကိုဂျပန်ကြီးက သူ့ကို နားမလည်သလိုကြည့်ပြီး မေးသည်။
“ခင်ဗျား အရင်တုန်းက ဒီကဗျာကို ဖတ်ဖူးသလား”
ကိုဂျပန်ကြီး တွေဝေသွား၏။ သည်လူနှင့် သည်လူကြားမှာပင်လျှင် ဟိတ်ဟန်ထုတ်ပြီး…
“အေး…ဖတ်တော့ ဖတ်ဖူးသလိုပဲ၊ ဒါပေမဲ့ ကောင်းကောင်းမမှတ်မိပါဘူး၊ နေပါဦး…မင်းက ဘာလုပ်မလို့လဲ၊ ငါ့ကို လက်ဖက်ရည်တိုက်ပြီး ဒီကဗျာ ပြတာလား၊ ဒီကဗျာပြပြီး လက်ဖက်ရည်တိုက်တာလား”
ကိုဂျပန်ကြီး၏ အမေးစကားကြောင့် သူ့မျက်လုံးပြူးသွားသည်။
“ဗျာ…၊ ခင်ဗျားကို ကျွန်တော်က လက်ဖက်ရည်တိုက်မယ်လို့များ ပြောမိလို့လား”
“ဘာ…ကွ”
“ဟုတ်တယ်လေ…၊ ခင်ဗျားပါးစပ်နဲ့ ခင်ဗျားသောက်ပြီး ခင်ဗျားလျှာနဲ့ ခင်ဗျားအရသာခံတဲ့ကိစ္စကို ကျွန်တော်က ကြားကနေ ပိုက်ဆံဝင်ပေးရမှာလား၊ ခင်ဗျားရဲ့သာယာမှုကို…”
“ဟေ့ကောင်…တော်တော်၊ ဒီလက်ဖက်ရည်ဆိုင်ကို မင်းခေါ်လို့သာ ငါလိုက်လာတာ၊ မင်းပဲ ငါ့ကို ကိုဂျပန်ကြီး ဘာသောက်မလဲလို့ မေးသေးတယ်”
“ကျွန်တော်မေးမိတာ ဘာများ အမှားပါသွားလို့လဲ၊ ခင်ဗျားနာမည်က ကိုဂျပန်ကြီးပဲဟာ…”
“ဟေ့ကောင် ငါ့နာမည်က မျိုးကြည်ကွ”
“ဟုတ်ပါတယ်…၊ ဒါပေမဲ့ အရပ်ထဲကတော့ ဂျပန်ကြီးလို့ပဲ ခေါ်ကြတယ်လေ”
“အဲဒါ ဘာဖြစ်လဲ”
“ကျွန်တော်က ကိုဂျပန်ကြီးလို့ခေါ်တာ ဘာမှားသလဲ”
“ဘာသောက်မလဲလို့ မင်းမေးတယ်လေ”
“ဟုတ်တယ်လေ…၊ ခင်ဗျားသောက်မှာလား မသောက်ဘူးလားမှ ကျွန်တော် မသိဘဲ”
“ကျဆိမ့်သောက်မယ်လို့ ငါပြောတယ်လေ”
“ပိုက်ဆံမပါရင်လည်း မသောက်ပါနဲ့လားဗျာ…၊ ခု ခင်ဗျားက အတည်ပေါက်ကြီးနဲ့ သောက်ချလိုက်တယ်”
“ဘာ…”
“သူများလက်ဖက်ရည်ဆိုင်မှာ အလကားသောက်ချင်လို့ ရမလားဗျ”
“မင်း…မင်း တိုက်မလိုလိုနဲ့”
“မပြောမိပါလား”
“မင်း…မင်း…ဒါ…လူပါးဝတာပဲ”
“ကိစ္စမရှိပါဘူးလေ…ထားလိုက်ပါ၊ ကျွန်တော်က သဘောထားကြီးပါတယ်၊ ခင်ဗျားရဲ့ လက်ဖက်ရည်ဖိုးကို ကျွန်တော် ရှင်းပေးပါ့မယ်၊ အေး…ခင်ဗျားက ကျွန်တော့်ကို ပြန်အလိုက်သိတတ်ရမယ်”
သူက ရှက်သလိုလို အမူအယာဖြင့် ရိုက်ချင်စရာကောင်းအောင် ပြုံးပြလိုက်ရင်း…
“အဟီး…”
“ဟေ့ကောင်…ပြောမှာပြောကွာ”
“ခင်ဗျား…ကျွန်တော့်ကို နည်းနည်းရှင်းပြစမ်းပါ”
“ဘာကိုလဲ”
“မိန်းမတွေအကြောင်း…”
ကိုဂျပန်ကြီးက သက်ပျင်းကျဆိမ့်ကြီးကို မှုတ်ထုတ်ရင်း…
“ဒါများကွာ…”
“အင်း…လုပ်စမ်းပါဗျာ”
“ဒီလို…ကွ”
ကိုဂျပန်ကြီးက ကိုယ်နေဟန်ထားကို ပြင်ထိုင်သည်။ စောစောကလို အကျပ်ရိုက်နေသော အနေအထားမျိုးမဟုတ်ဘဲ ဆရာကြီးအသွင် ဖြစ်သွားပြီး တအိအိ ခေါင်းလောင်းတီးလေတော့သည်။
“မင်းလည်း သိတန်သလောက်တော့ သိမှာပေါ့”
“ဟုတ်ကဲ့”
“ငါက မင်းရဲ့အသိကို ချဲ့ပေးမယ်”
“ဟုတ်ကဲ့”
ကိုယ်က ‘ကား’ ပေးရမလို ဖြစ်သွား၏။
ကိုဂျပန်ကြီးက အိမ်ထောင်အဆက်ဆက် ကွဲခဲ့သူဖြစ်သည်။ ယခုမိန်းမက ငါးယောက်မြောက်။ ခြောက်ယောက်မြောက်၊ ခုနှစ်ယောက်မြောက်တွေလည်း လာဦးမည့် အလားအလာ တွေ့ထားရသည်။ (လူတိုင်းမှာ အလားအလာရှိလေသည်)
“မိန်းမတွေမှာ အမှတ်တံဆိပ် ရှိတယ်ကွ”
“ဆိုပါဦး”
“ရှစ်မျိုးတောင် ရှိတယ်”
“အင်း…ကျွန်တော် မသိဘူး”
“တစ်…ကိုယ်လုံးကိုယ်ပေါက်”
“အင်း…”
“နှစ်…ရုပ်ရည်”
“အင်း…”
“သုံး…အနံ့အသက်”
“လိုက်မရှူကြည့်မိပါဘူးဗျာ။ ဘဲဥပုပ်နံ့ နံမယ် ထင်တာပဲ”
“လေး…ဗွေလက္ခဏာ”
“အဲဒါက ဘာတုန်းဗျ”
“ဗွေကောင်း၊ ဗွေဆိုး အဲဒါမျိုးပေါ့ကွာ”
“သိပ်နားမလည်သလိုပဲ။ ထားပါတော့…ဆက်ပြောပါဦး”
“ငါး…သနားတတ်တဲ့စိတ်ဓာတ်”
“ကောင်းသားပဲ။ ကျားသနားတော့ နွားချမ်းသာတာပေါ့ဗျာ”
“ခြောက်…ပြောသံဆိုသံ”
“အင်း…ဖန်ခွက်ကျကွဲသံကိုချည်း ကြားယောင်နေမိတယ်”
“ခုနှစ်…သွားဟန်လာဟန်”
“အင်း…ဒန်းကြီးလွှဲနေသလို ဖြစ်မှာပေါ့နော်”
“ရှစ်…အဆင်းအရောင်”
“ပြော…ဟုတ်ပြီ”
“မိန်းကလေးတစ်ယောက်ကို လေ့လာရင် အဲဒီ့အချက်တွေကို မေ့ထားလို့ မရဘူး”
“ဒါပေါ့ဗျ။ ဒါပေမဲ့ နေပါဦး။ မရှင်းဘူး”
“ဘာလဲ”
“ဒါတွေက မိန်းမမှာမှ မဟုတ်ပါဘူးဗျာ…၊ ယောက်ျားမှာလည်း ဒီအတိုင်းပါပဲ”
“ဟေ့ကောင် ငါက ကျမ်းဂန်ထဲမှာပါတဲ့အတိုင်း ပြောတာကွ”
“ခင်ဗျား ကျမ်းနဲ့ကိုင်ပေါက်တာကိုး…။ ထားပါတော့။ ဆက်ပြောပါဦး”
“မင်းက အဲဒီလို ဆင်ခြေတက်နေရင် ငါက ဘယ်လိုပြောမလဲ”
“ဆင်ခြေတက်လို့ မရမယ့်ဟာကို ပြောပေါ့ဗျာ”
“အေး…ပြောမယ်။ တွေ့ကြသေးတာပေါ့”
ကိုဂျပန်ကြီးက ရေနွေးတစ်ခွက်ကို အရင်မှုတ်သောက်သည်။ ပြီးမှ သူ့ကိုပါ မှုတ်သောက်တော့သည်။
“ယောက်ျားမှာ ဒွါရဆယ်ပေါက်ရှိတယ်။ မိန်းမမှာက ဆယ့်သုံးပေါက်တောင် ရှိတယ်ကွ”
“အဲ…အဲဒါတွေ ကျွန်တော် မသိဘူး”
“အမတသာဂရဘေသဇ္ဇကျမ်းကြီးအလိုပေါ့ကွာ…”
“ပြောမှာသာ ပြောပါဗျာ”
“ယောက်ျားတွေမှာက နှာခေါင်းနှစ်ပေါက်၊ နားနှစ်ပေါက်၊ မျက်စိနှစ်ပေါက်၊ ပါးစပ်ပေါက်၊ ကျင်ငယ်ပေါက်၊ ကျင်ကြီးပေါက်၊ ငယ်ထိပ်ပေါက် ဆိုပြီး ဒွါရဆယ်ပေါက် ရှိတယ်”
“ငယ်ထိပ်က မပေါက်ပါဘူးဗျာ”
“ဟေ့ကောင်…မင်းကို ငါ ကျမ်းနာမည် အရင်ရွတ်ပြထားတယ်နော်”
“ဟုတ်ပါပြီ…ထားပါတော့။ မိန်းမက ဘယ်လိုလုပ် သုံးပေါက်ပိုသွားတာလဲ”
“သူတို့က နို့သားမြတ်နှစ်ပေါက်နဲ့ သားအိမ်ပေါက် ပိုသွားတယ်”
“သြော်…ဒီလိုကိုး။ ဒါနဲ့ နေပါဦး”
သူ့ ‘နေပါဦး’ ကို ကိုဂျပန်ကြီးက အတော်ကြောက်နေပုံရသည်။ တွန့်ခနဲ ဖြစ်သွားပြီး…
“ဘာပြောဦးမလို့လဲ”
“မဟုတ်ဘူး…။ ကျွန်တော်သိချင်တာ အဲ့ဒါမျိုးတွေ မဟုတ်ဘူး”
“ဘယ်လိုမျိုးလဲ”
“မိန်းကလေးတစ်ယောက်ကို ဘယ်လို ရည်းစားစကားပြောရမယ်၊ ဘာညာ၊ သမီးရည်းစားဘဝမှာ ဘယ်လို၊ အိမ်ထောင်ကျရင် ဘယ်လို…။ အဲဒါမျိုးဗျာ”
“သြော်…အဲ့ဒီလိုလား
“ဟုတ်တယ်…။ ကျမ်းဂန်ထဲကစကားတွေ မလိုဘူးဗျာ။ ကိုယ်တွေ့လေးတွေ”
“မင်းလို စာကြမ်းပိုးက ရည်းစားထားချင်ပြီပေါ့”
“စာကြမ်းပိုးမှာလည်း အသည်းနဲ့ပဲဗျ”
“ဟဲ…ဟဲ…။ ဒါဖြင့်လည်း ပြောပြရတာပေါ့ကွာ”
ကိုဂျပန်ကြီးက လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး အကြာကြီး ရယ်သေးသည်။ ပြီးမှ…
“ငါမင်းကို မြှောက်ပေးတာတော့ မဟုတ်ဘူးကွ”
“ဟုတ်ပါတယ်…။ ပြောပါ”
“မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောဖို့အတွက် ပထမဦးဆုံးအချက်အနေနဲ့ အရှက်မရှိဖို့ လိုတယ်ကွ။ မှတ်ထား”
“ဟာဗျာ…ခင်ဗျားဟာကလည်း”
“တကယ်ပြောတာကွ။ ရှက်ကြောက်နေရင် မရဘူး၊ မိန်းကလေးက မင်းကို ပြန်ပညာပြသွားလိမ့်မယ်”
သူ စိတ်မသက်မသာ ဖြစ်သွားသည်။
“ကဲ…ထားပါတော့။ ကျန်တဲ့အချက်တွေကို ဆက်ပြောပါဦး”
“တစ်ယောက်တည်းကိုပဲ စွဲမချစ်ရဘူးကွ။ အပြိုင်လေး ထားပေးထားရတယ်”
“ဘယ်လို…ဘယ်လို”
“ဒီမိန်းကလေးတစ်ယောက်ကိုပဲ အစွဲလန်းလန်း၊ ပုံအောမချစ်ရဘူးကွ။ တခြား မိန်းကလေးတစ်ယောက်ကိုလည်း အရံသဘော စဉ်းစားထားရတယ်။ အဲ့ဒါမှ ခံသာတာ”
“လှေနံနှစ်ဖက် နင်းသလိုချည်း ဖြစ်နေမှာပေါ့ဗျ”
“အမြော်အမြင်ရှိတယ်လို့ ခေါ်တယ်ကွ။ တစ်ယောက်တည်းကိုပဲ နင့်နေအောင် ချစ်ပါတယ်ဆိုရင်တော့ မင်းအသည်းကွဲဖို့သာ ပြင်ပေတော့။ အဲ့ဒါမျိုး ဖူးစာကဆုံခဲတယ်။ မိန်းမတွေကိုလည်း သိပ်အထင်မကြီးနဲ့ကွ”
ကိုဂျပန်ကြီး အိမ်ထောင်ငါးဆက်ဖြစ်ရသည့်အကြောင်းကို သူ သဘောပေါက်သလို ရှိလာသည်။ သူ့လမ်းစဉ်ကိုတော့ ကိုယ် မလိုက်ချင်ပါ။ ဆက်မေးချင်စိတ်လည်း မရှိတော့။ ထို့ကြောင့်…
“အေးဗျာ…။ ခင်ဗျားပြောတာတွေကို ကျွန်တော် စဉ်းစားဦးမယ်”
“တခြားအချက်တွေ ရှိသေးတယ်။ မင်းပြတဲ့ ခုနက ကဗျာထဲမှာလည်း…”
“နေပါဦး။ ဒီအချက်တွေကိုပဲ စဉ်းစားပါရစေဦး”
“သြော်…လူလူ၊ လူလူ…”
“ဘာလဲဗျ”
“ဒီလိုကျတော့လည်း မင်းက ငါ့စကားတွေကို အလေးအနက်ထားသားပဲ”
မျိုးကြည်ဆိုသော ကိုဂျပန်ကြီးက ပြုံးပြုံးကြီး လုပ်နေပြန်သည်။ “ခေတ်လူ” ဆိုသော သူလို မောင်မြန်မာလေးကတော့ သိပ်မပြုံးနိုင်ပါ။
“ကဲ…ပိုက်ဆံရှင်းမယ်ဟေ့”
“ဟ…သွားတော့မလားကွ”
“သွားတော့မယ်ဗျာ၊ ကိစ္စလေးတွေ ရှိသေးတယ်”
“အစကပြောတော့ အားပါတယ်ဆိုကွ”
“အားပြီးပြီလေ…။ အခု မအားတော့တာ”
“အေးလေ…ဒါဖြင့်လည်း လစ်ကြတာပေါ့။ မင်းကို တစ်ချက်တော့ ထပ်မှာလိုက်ဦးမယ်”
“ဘာလဲ”
“ကိုယ်ကြိုက်နေတဲ့ မိန်းကလေးက ကိုယ့်ကို အထင်ကြီးအောင် နေတတ်ရတယ်ကွ။ အဲဒါဆိုရင် တစ်ဝက်အောင်မြင်ပြီ”
“ဟုတ်ပါပြီဗျာ…ဟုတ်ပါပြီ။ ကဲ…လာ သွားကြရအောင်”
ကိုဂျပန်ကြီးက လမ်းမှာလည်း ဆက်ပြောရန် တကဲကဲဟန်ပြင်သည်။ သူက မသိချင်ယောင်ဆောင်ပြီး တစ်စုံတစ်ရာကို အလေးအနက် စဉ်းစားဟန် ပြုနေလိုက်သဖြင့် သက်သာသွားသည်။
 
[၂]


ခေတ်လူက စိတ်ပညာအဓိက ကျောင်းသားဖြစ်သည်။ ကျောင်းပညာတွင် အလွန်ထူးချွန်သည်။ မိဘများက ကားဝယ်ရောင်းအလုပ်ကို လုပ်ကြသည်။ တစ်ဦးတည်းသော သားကိုလည်း ဖူးဖူးမှုတ် အလိုလိုက်ထားကြသည်။
အဖေလုပ်သူ ဦးမြင့်စိုးမောင်က သားဖြစ်သူကို ‘ခေတ်လူငယ်’ ဟု နာမည်လှလှလေး ပေးထားခြင်းဖြစ်သည်။ သို့သော် သူက အရွယ်ရောက်လာချိန်မှာပဲ နောက်က ‘ငယ်’ ကို ဖြုတ်ပစ်လိုက်သည်။ ကြီးလာလျှင် ‘ခေတ်လူကြီး’ ဖြစ်သွားမည်ကိုး။ မသင့်တော်တော့ဟု သူ ယူဆသည်။ သူ့အမည်ကို သူ့ဘာသာ ‘ခေတ်လူ’ ဟု ပြန်ပြင်သည်။ မိဘတွေကလည်း ဘာမှ မပြော။
သူ့ လက်ရှိပြဿနာက ရည်းစားထားချင်နေခြင်းဖြစ်သည်။ တစ်လျှောက်လုံးမှာ သူက ကျောင်းစာကိုသာ အာရုံစိုက် ကြိုးစားခဲ့သဖြင့် ထိုဘက်ပိုင်းမှာ လစ်ဟာခဲ့သည်။ တဖြည်းဖြည်းနှင့် ရည်းစားကိုယ်စီတွဲနေသော သူငယ်ချင်းများကို အားကျလာသည်။ သူ့ဆန္ဒကို သူငယ်ချင်းများထံ ဖွင့်ပြောလိုက်လျှင် အားလုံးက တက်ညီလက်ညီ ဝိုင်းကူညီခြင်းအားဖြင့် ကောင်မလေးတစ်ယောက်ယောက်နှင့် ရည်းစားဖြစ်နိုင်ပါသည်။
သူ့ရုပ်ရည်၊ သူ့အရွယ်၊ သူ့ပညာအရည်အသွေး၊ သူ့နောက်ခံအနေအထားတို့အရ မိန်းကလေးတစ်ယောက်က လက်ခံနိုင်သော အနေအထား ရှိပါသည်။ အနည်းဆုံးတော့ ‘အမဲရိုးက ဟင်းအိုးမှ အားမနာ’ ဟူသော အပြောမျိုးကို ခံစားရကိန်း မရှိနိုင်။ သူလည်း မီးဖိုပေါ်တက်ရစရာမရှိ။ သို့သော် သူ့အားနည်းချက်က အရှက်အကြောက် ကြီးလွန်းလှခြင်း ဖြစ်သည်။ ထို့အတွက်ပင် သူငယ်ချင်းများနှင့်လည်း တိုင်ပင်ခြင်း မပြုမိ။
သူ့ဘာသာ ကြိတ်ခံစားရင်း သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်နေမိသည်။ လွယ်လွယ်လေးနှင့် ခက်နေသည်ကိုး။ ဖတ်ဖူးသောနိုင်ငံခြားဟာသတိုတစ်ပုဒ်လို ဖြစ်နေသည်။
“လူတစ်ယောက် သေနတ်ပစ်ခံရတယ်။
သူ့ဘေးမှာ သွေးစွန်းနေတဲ့ဓားတစ်လက် တွေ့တယ်။
ဒါနဲ့တောင် ကြိုးဆွဲချသေတာလို့ ပြောကြတယ်။
အမှန်တော့ အဲ့ဒီလူ အဆိပ်သောက်သေသွားတာဖြစ်မယ်”
သူ့မှာလည်း ထိုလူသတ်မှုကဲ့သို့ ရှင်းရှင်းလေးနှင့် ရှုပ်နေခြင်းဖြစ်တော့သည်။
သူ တန်းတန်းစွဲကြိုက်နေသည့် မိန်းကလေးရှိသည်လားဆိုတော့လည်း မရှိချေ။ လောလောဆယ်မှာ ကောင်မလေးတစ်ယောက်ယောက်နှင့် ရည်းစား ဖြစ်လိုခြင်းပဲ သိသည်။ လျှောက်လည်မည်၊ စိတ်ကောက်ကြမည်၊ လက်ဆောင်ဝယ်ပေးကြမည်၊ တစ်နယ်စီဝေးလျှင် သတိရကြမည်။ အဲ့သလိုဟာမျိုးလေးတွေ ဖြစ်ချင်သည်။
ယခု သူက ဖူးဖူးကို ပစ်မှတ်အဖြစ် ထားထားသည်။
ဖူးဖူးတို့က သူတို့ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်ဖွင့်ထားသည်။ မီးပြတ်ပြီး အင်ဗာတာလည်း အားကုန်နေလျှင် ဖယောင်းတိုင် သွားဝယ်တတ်သည်မှလွဲ၍ ထိုဆိုင်သို့ သူ အရောက်အပေါက် မရှိပါ။
ထို့ကြောင့် ဖူးဖူးနှင့်လည်း မရင်းနှီးပါ။ မင်္ဂလာဆောင်တစ်ခုမှာဆိုလျှင် စကားအတုံ့အတင်ပင် ဖြစ်ဖူး၏။
ရပ်ကွက်ထဲက မင်္ဂလာဆောင်တစ်ခုဖြစ်၏။ သူက ထိုသို့သောပွဲမျိုးတွေကို သွားလေ့မရှိ။ သို့သော် အိမ်ကလူကြီးတွေ မအားသဖြင့် သူကပဲ ဝတ်ကောင်းစားလှဝတ်ပြီး လူကြီးလုပ်ကာ သွားရ၏။ ဖူးဖူးတို့၏ နံဘေးကပ်လျက်ဝိုင်းမှာ နေရာရသည်။
ဖူးဖူးက သူ့ဝိုင်းမှာရှိနေသည့် တစ်သျှုးဘူး အပိုတစ်ခုကို လှမ်းတောင်းသည်။
“ဟိုလူကြီး၊ ဟိုလူကြီး”
ပထမတော့ သူ့ကို ခေါ်နေခြင်းဖြစ်မှန်းပင် မသိချေ။ နောက်မှ လှည့်ကြည့်မိတော့…
“ဟိုလူကြီး၊ ဟိုလူကြီး”
“ဘာလဲ…။ ဟိုလူမကြီး”
“ဘာ…ရှင့်။ ရှင် ဘာပြောတယ်”
“ခင်ဗျားကကော ကျွန်တော့်ကို ဘယ်လိုခေါ်တယ်”
“ဟိုလူကြီးလို့ ခေါ်တာလေ”
“ကျွန်တော်ကလည်း ခင်ဗျားကို ဟိုလူမကြီးလို့ ပြန်ခေါ်တာလေ”
“ရှင်က လူကြီးမဟုတ်လို့လား”
“ခင်ဗျားကကော လူမကြီး မဟုတ်လို့လား”
“တော်ပြီ…။ ရှင်နဲ့ စကားမပြောတော့ဘူး”
“မပြော…နေပေါ့”
ဖူးဖူးက တခြားဝိုင်းမှ တစ်သျှုးဘူးကို သူမဘာသာ ထယူသည်။ မျက်နှာသာမက ကိုယ်လုံးကိုယ်ပေါက်ပါ ကြည့်ကောင်းသော ကောင်မလေးဖြစ်မှန်း ထိုအခါကျမှ သူ သတိထားမိသည်။ ပြုံးစိစိဖြစ်သွားသော သူ့မျက်နှာကို ကြည့်ပြီး ဖူးဖူးက မျက်စောင်းထိုးသွားသေး၏။ သူ့ရင်ထဲမှာ ယားကျိကျိဖြစ်သွားသည်။
အချစ်ဆိုတာ အဲဒါမျိုးလား မသိဘူးဟူသော အတွေးနှင့် သူ ဖူးဖူးကို ရည်းစားထားရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။
သူက မြို့ထဲမှာ ပြင်သစ်စကားပြောသင်တန်း တက်နေသည်။ တစ်နေ့… ထိုသင်တန်းသို့အသွား ဖူးဖူးနှင့် တစ်ခါထပ်ဆုံသည်။ ပြင်သစ်စကားပြောသင်တန်းမှ သူငယ်ချင်းအချို့က သူ့ကို အအေးဆိုင်ထဲမှ လှမ်းခေါ်ချိန်ဖြစ်၏။
“လူလူ…။ ဟေ့ကောင် လူလူ”
လှည့်ကြည့်လိုက်တော့ သီဟရယ်၊ ကျားကြီးရယ်၊ ဆိတ်သိုးရယ်၊ ဆင်ပေါက်ရယ်၊ သီဟမှလွဲ၍ ကျန်သူများက နာမည်ပြောင်တွေ ဖြစ်၏။ လှမ်းခေါ်နေသဖြင့် ဝင်သွားရသည်။ စကားအကောင်းပြောပြီး ဝင်သွားသည်တော့မဟုတ်။
“မင်းတို့ဆီလာရတာ တိရစ္ဆာန်ရုံထဲ ဝင်လာရသလိုပဲ”
ဟုတ်လည်း ဟုတ်သည်လေ။ သူတို့နာမည်တွေက ခြင်္သေ့ရယ်၊ ကျားရယ်၊ ဆိတ်ရယ်၊ ဆင်ရယ်၊ သူတို့ဝိုင်းမှာ ဝင်ထိုင်ရမှာ လူဆိုလို့ သူတစ်ယောက်တည်းရှိသည်။ ခေတ်လူကိုး…။
သူတို့က လူကို လှမ်းသာခေါ်သည်။ သူတို့ဝိုင်းမှာက ထိုင်ခုံအလွတ် မရှိ။ ဆိုင်ကလည်း လူကျနေသည်။ မျက်လုံးဝေ့ပတ်ရှာကြည့်တော့ ကောင်မလေးတစ်ယောက်တည်း ထိုင်နေသောဝိုင်းမှာ ထိုင်ခုံတစ်လုံး အားနေသည်။ ထိုဝိုင်းဆီ လျှောက်သွားလိုက်ပြီး အနားရောက်မှ တန့်ခနဲဖြစ်မိ၏။ (ကောင်မလေး၏ မျက်လုံးများက သူ့ကို လှမ်းတွန်းလိုက်ပြီး…)
ထိုကောင်မလေးက ဖူးဖူးဖြစ်နေလေသည်။
သို့သော် မထူးတော့ပြီ။ သူ့ဘာသာ ဖူးဖူးဖြစ်ဖြစ်၊ ပွင့်ပွင့်ဖြစ်ဖြစ် ကုန်ကုန်ပြောရလျှင် မပွင့်တစ်ပွင့်ပဲဖြစ်ဖြစ် လျှောက်လက်စခြေလှမ်းကို ဆက်လျှောက်ရတော့၏။ အနားရောက်သွားတော့ ဖူးဖူးက သူ့ကို မော့ကြည့်သည်။ သူက မရယ်မပြုံးမျက်နှာနှင့်…
“ဒီထိုင်ခုံ အားသလား မသိဘူး”
ဖူးဖူးက မချိုမချဉ်ဖြင့်…
“ယူသွားမလို့ဆိုရင် အားပါတယ်”
သူမအနားမှာ ဝင်ထိုင်ဖို့ဆိုလျှင် မအားဘူးဟူသော သဘော။ သူ ရယ်ချင်သွားသည်။ မျက်လုံးတစ်ချက်လှန်ကြည့်ပြီး မခိုးမခန့် အမူအယာနှင့် ထိုင်ခုံကို ဆွဲယူလာခဲ့သည်။
ဝိုင်းသို့ရောက်တော့ သူငယ်ချင်းများက လေးထောင်စားပွဲမှာပဲ ‘ဝိုင်း’ ပြောကြသည်။
“အဲဒီကောင်မလေး မဆိုးဘူးကွနော်”
“ဟုတ်လား”
“ဘာအူကြောင်ကြောင် လုပ်နေတာလဲ။ ဒီလောက်တောင် မင်း မကြည့်တတ်ဘူးလား”
“ငါ့မျက်စိထဲမှာတော့ သိပ်မထူးခြားပါဘူး”
“ဘာဖြစ်လို့လဲ”
“ငါတို့ရပ်ကွက်ထဲက ကောင်မလေးကွ”
“ဟာ…ဒါဆို ငါတို့နဲ့ မိတ်ဆက်ပေးလေကွာ”
“ငါနဲ့တောင် မရင်းနှီးဘူး”
“ဟင်…။ ရင်းနှီးအောင် လုပ်လေကွာ။ မင်းဟာကလည်း ခုတော့ မင်းလည်း အကျိုးမရှိ သူများလည်း အကျိုးမရှိ။ ဘာလဲကွ”
ဖူးဖူးအတွက်နှင့် သူ ထိုသို့လည်း အပြောအဆို ခံခဲ့ရဖူးသည်။ ဖူးဖူးကို သူ မကျေနပ်။ ထို့ကြောင့် ရည်းစားမှုပြုခြင်းအားဖြင့် ဖူးဖူးကို ဒဏ်ခတ်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ပထမဦးဆုံး သူ့လှုပ်ရှားမှုက ဒေါ်အေးစိန်ကို ချဉ်းကပ်ခြင်းဖြစ်သည်။
ဒေါ်အေးစိန်က သူနှင့်တစ်လမ်းတည်းနေသူ၊ တစ်ခုလပ်အဘွားအို၊ ဖူးဖူးတို့ကုန်စုံဆိုင်ကို ကူညီလုပ်ကိုင်ပေးနေသူ၊ ပစ္စည်းဝယ်သည့်နေရာမှာရော၊ ဆိုင်တင်ရောင်းချသည့် နေရာမှာပါ ဖူးဖူးတို့မိသားစုက အားကိုးယုံကြည်ရသည့် အလုပ်သမား၊ ဖူးဖူးအနားမှာ အမြဲရှိတတ်သည်။ ဖူးဖူးဈေးသွားလျှင်လည်း ဒေါ်အေးစိန် ပါတတ်သည်။ တစ်ခါတစ်ခါ ဖူးဖူးနှင့် ဒေါ်အေးစိန်တို့ ဆိုင်ထဲမှာ စကားတွတ်ထိုးနေကြတာ ဈေးဝယ်လာသူကို မမြင်ကြ။
တစ်ညနေမှာ ဒေါ်အေးစိန်ကို အအေးဆိုင်ထဲခေါ်၍ ထောပတ်သီးဖျော်ရည်တိုက်ရင်း ဟိုဟိုသည်သည် စကားသွားရသည်။ အောင်သွယ်တော် လုပ်ခိုင်းရန်တော့ မဟုတ်ချေ။
“ခေတ်က မတူတော့ဘူး ဒေါ်အေးစိန်ရဲ့”
“နင်က ဘာကို ပြောချင်တာလဲ”
“ဒေါ်အေးစိန်တို့တုန်းက လူပျိုက အပျိုကို ဘယ်လိုရည်းစားစကားပြောလဲ”
“ဟဲ့…။ တို့ငယ်ငယ်တုန်းကတော့ စာပေးတာတို့၊ အောင်သွယ်တော်နဲ့ စကားပြောတာတို့ပဲ များတယ်ဟဲ့။ အပျိုလူပျို ဒဲ့ဒိုးကြီး ရည်းစားစကားလိုက်ပြောတာ သိပ်မရှိဘူး”
“အခုတော့ စကားလိုက်ပြောကြတာက များတယ်ဗျ၊ အုံ့ပုန်းခေတ်လည်း သိပ်မရှိတော့ဘူး”
“အေး…။ ငါလည်း တွေ့ပါတယ်”
“မိန်းကလေးက ဆက်ဆံရေး တတ်ဖို့ လိုတယ်ဗျ”
“ဘာသဘောလဲ။ နင်ပြောတာကို ငါ မရှင်းဘူး”
“ကိုယ့်ကို လူပျိုစကားလိုက်ပြောတဲ့ ကောင်လေးကို ဝူးဝူးဝါးဝါး ပြန်လုပ်တာမကောင်းဘူးဗျ။ တကယ်ဆို တစ်ဖက်သားက ကိုယ့်ကို ချစ်မြတ်နိုးလို့၊ တန်ဖိုးထားလို့ လာကမ်းလှမ်းတဲ့ကိစ္စပဲ။ ကိုယ်က ဂုဏ်တောင်ယူရဦးမယ်”
“အင်း…။ ငါတို့ခေတ်တုန်းကတော့ အဲဒီလို ဂုဏ်မယူခဲ့ရပါဘူးဟယ်”
“ကိုယ် ဝူးဝူးဝါးဝါးပြန်လုပ်လို့ သူ အရှက်ကွဲသွားရင် သူလည်းမကောင်းဘူး၊ ကိုယ်လည်း မကောင်းဘူးလေ၊ မဟုတ်ဘူးလား”
“အင်း…အေးပေါ့၊ ဟုတ်တာပေါ့”
“တကယ်ဆို လက်ခံတာ၊ ငြင်းပယ်တာက သူ့အပိုင်းပဲ။ ဒါပေမဲ့ တုံ့ပြန်မှုအပိုင်းမှာ ယဉ်ကျေးရမှာပေါ့။ ပညာသားပါရမှာပေါ့။ ကိုယ်ကလည်း မိကောင်းဖခင် သားသမီးပဲဟာ”
“အေး…ဟုတ်တာပေါ့”
“တစ်ဖက်သားကလည်း အငြင်းပယ်ခံရရင်တောင် ကျေကျေနပ်နပ်ရှိမယ်။ သူ့ကို အထင်ကြီးလေးစားပြီး စွန့်လွှတ်လိုက်ရတယ်။ ဒါဆိုရင် ဘယ်လောက်ကောင်းသလဲ”
“အေး…နင်ပြောတာ ဟုတ်တယ်”
“ကိုယ်အပျိုဖြစ်ကတည်းက လူပျိုတွေက လိုက်စကားပြောနိုင်တယ်ဆိုတာ သိထားရမယ် မဟုတ်လား”
“ဒါပေါ့ဟဲ့”
“ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လိုက်စကားပြောခွင့်ဆိုတာကလည်း သဘာဝကပေးထားတဲ့ အနေအထားတစ်ရပ် မဟုတ်လား”
“အေး…ဟုတ်ပါတယ်၊ ဒါနဲ့ နင်က အဲဒါတွေ ငါ့ကို ဘာလို့ လာပြောနေတာလဲ”
“အဲ…”
ဒေါ်အေးစိန်၏ လျှပ်တပြက်မေးခွန်းကြောင့် သူ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ချက်ချင်းမှာ ဘာမှပင် ပြန်မဖြေနိုင်။ ပြီးမှ ‘ဒေါ်အေးစိန်ကို ကျွန်တော်က ရည်းစားစကား လိုက်ပြောချင်လို့’ ဟု မတုံ့ပြန်ဖြစ်ဘဲ…
“ဒီလိုလေ…ဒေါ်အေးစိန်ရဲ့”
“ဆိုပါဦး”
“ကျွန်တော်နဲ့ ဒေါ်အေးစိန်ဆိုရင် အသက်အရွယ် ကွာတယ်။ ဖြတ်သန်းလာရတဲ့ ခေတ်ချင်း ကွာတယ်။ ဒါပေမဲ့ အခု ကျွန်တော်ပြောတဲ့ လူငယ်ယဉ်ကျေးမှုကို ဒေါ်အေးစိန် လက်ခံတယ် မဟုတ်လား”
“အေးလေ…။ လက်ခံပါတယ်ဆို”
“ပြီး…ဒေါ်အေးစိန်အနားမှာက ခုခေတ်အပျိုလေးတွေ ဝိုင်းနေတတ်တယ်။ သူတို့ကို ပြန်ပြောပြထားလို့ ရအောင်ပါ။ ဒေါ်အေးစိန် သင်ကြားပေးထားသင့်တာပေါ့”
ဒေါ်အေးစိန်တစ်ယောက် ထိုစကားကို သဘောတွေ့ မနောခွေ့သွားပုံရသည်။ တခွိခွိရယ်လျက်…
“ဟယ်…အခု အရင်လောက် မဟုတ်တော့ပါဘူးဟယ်။ ဖူးဖူးကိုပဲ အချိန်ပေးနေရတယ်”
“အဲဒါဆိုလည်း ဖူးဖူးကိုပဲ ပြောဆိုသင်ပြထားပေါ့ ဒေါ်အေးစိန်ရယ်။ သူ့သူငယ်ချင်းတွေကို သူ ပြန်ပြောပြမှာပေါ့”
“အေး…။ သူ့ကိုပဲ ပြောပြရတော့မှာပေါ့”
လိုချင်တာကလည်း ဒါပဲဖြစ်သည်။ သူ ကျေနပ်ဝမ်းမြောက်လျက်…
“ဒေါ်အေးစိန် လက်ဖက်သုပ် စားဦးမလား”
“ဖျော်ရည်သောက်ပြီးမှတော့ မစားတော့ပါဘူးဟယ်”
“ဒါဖြင့် ကျွန်တော်တို့ လစ်ကြရအောင်”
“အေး…။ ငါလည်း ဖူးဖူးတို့ဆိုင် ဝင်ရဦးမယ်”
“ဖူးဖူးနဲ့ ကျွန်တော်နဲ့တော့ မသိဘူးဗျ”
“နင့်ကို သူ သိပါတယ်”
“ဒေါ်အေးစိန်ကို ပြောလို့လား”
“အေး…”
သူ စိတ်လှုပ်ရှားသွားသည်။
“ဘယ်လိုပြောသလဲ”
“နင့်ကို မီးပြတ်နေတဲ့လူ…တဲ့”
“ဘာရယ်…”
“နင်က မီးပြတ်ရင် ဖယောင်းတိုင် လာလာဝယ်တတ်တယ်တဲ့။ အဲဒါကြောင့် မီးပြတ်နေတဲ့လူလို့ ခေါ်တာ”
“ဒီကောင်မလေး မော်ဒန်ကဗျာတွေ အတော်ဖတ်တယ်ထင်တယ်”
“ဘာကဗျာ…”
“ထားပါ..။ ဒါတွေကို ဒေါ်အေးစိန် မသိပါဘူး။ သြော်…မေ့လို့ရော့ရော့ ဒီစာရွက်ယူထား။ ဖတ်ကြည့်”
“ဘာလဲ”
“မိန်းကလေးတစ်ယောက် ဘယ်လိုယောက်ျားမျိုးကို ရွေးချယ်သင့်တယ်ဆိုတာ ရှေးကျမ်းထဲက ပို့ချချက်”
ပါဠိလိုတွေ ပါဝင်နေ၍ နှုတ်တိုက်ချပေးလျှင် ဒေါ်အေးစိန် မှတ်မိမည်မဟုတ်။ သူ့ဘာသာသူပင် မမှတ်မိ။ ကိုဂျပန်ကြီးလိုလည်း ဒါတွေအလွတ်ကျက်မထားနိုင်။ ဒေါ်အေးစိန်နှင့် လူချင်းကွဲပြီး အောင်မြင်သူတစ်ယောက်ပမာ တက်ကြွသော ခြေလှမ်းများနှင့် အိမ်သို့ သူ ပြန်လာခဲ့၏။ ရွေးချယ်သင့်သော ပါဠိယောက်ျားထဲတွင် သူ ပါဝင်နေသည်ကိုး။
ဤသို့ စကားသွင်းပြီးမှတော့ အရှက်အကြောက်ကြီးလှသော သူ့အတွက် ဖူးဖူးကို ရည်းစားစကား လိုက်ပြောရဲစရာဖြစ်လာပြီ။ ချက်ချင်းတော့ မပြောသေး။ ပေါ်တင်ကြီးဖြစ်သွားမည်။ တစ်ဆယ့်ငါးရက်၊ ရက်နှစ်ဆယ် အောင့်အီးပြီး စောင့်လိုက်ဦးမယ်။ ထို့နောက်မှာတော့ စကားလိုက်ပြောတော့မည်။ တွေးလိုက်တိုင်း ရင်ခုန်နေမိသည်။
ဘာရယ်မဟုတ်သော်လည်း ထိုရက်ပိုင်းထဲမှာ ဖူးဖူးနှင့် မတွေ့အောင်ပင် ရှောင်နေလိုက်သေးသည်။ နှစ်ပတ်မြောက်သောနေ့တွင် မမျှော်လင့်ဘဲ ဒေါ်အေးစိန်နှင့် လမ်းထပ်မှာ ပြန်ဆုံ၏။ ဒေါ်အေးစိန်က သူ့ကို ဝမ်းသာအားရ လှမ်းခေါ်၏။
“ဟဲ့…လူလူ”
“ပြောလေ…ဒေါ်အေးစိန်”
“နင်ပြောပြတာတွေ ငါ ဖူးဖူးကို ပြန်ပြောပြလိုက်တယ်ဟဲ့”
ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားသည်။
“အဲဒီတော့…”
“သူ လက်ခံတယ်လေ”
“ကောင်းတာပေါ့”
“အခု သူ ရည်းစားရသွားပြီလေ”
“ဗျာ…”
“အရင်ကတည်းက သူ့ကို ရည်းစားစကားလိုက်ပြောနေကျ ကောင်လေးတစ်ယောက် ရှိတယ်။ သူက ဝူးဝူးဝါးဝါး ပြန်လုပ်နေတာ။ နင်ပြောတာတွေကို ငါ ပြန်ပြောပြလိုက်တော့ သူ စိတ်ပြောင်းသွားတယ်။ နင် ရေးပေးလိုက်တဲ့ ပါဠိအမျိုးအစားတွေထဲမှာလည်း ကောင်လေးက ရွေးသင့်တဲ့အထဲမှာ ပါနေတယ်လေ။ အဲဒါနဲ့ သူတို့ ကြိုက်သွားကြပြီ”
“ဘယ်…ဘယ်ကကောင်နဲ့များလဲဗျာ။ တကယ်ကြိုက်ကြတာ ဟုတ်…ဟုတ်ရဲ့လား”
“ဟုတ်ပါတယ်ဟဲ့။ ဟိုဘက်လမ်းထဲက အောင်သန်းကြွယ်ဆိုတဲ့ ကောင်လေးနဲ့လေဟယ်။ သူတို့စုံတွဲ အဆင်ပြေသွားလို့ ငါ့ကို မုန့်ဖိုးတောင်ပေးကြသေးတယ်။ ဟိုတစ်လောက နင် ငါ့ကို ထောပတ်သီးဖျော်ရည်တိုက်ထားတယ် မဟုတ်လား။ အခု ငါ ပြန်တိုက်မယ်။ အပြန်အလှန်ပေါ့”
သြော်…ကျေပါတယ် မအေးစိန်ရယ်။




အသ္ပ ယောက်ျား       ။       ။    ပစ္စည်းတပ်မက်၏။ လိမ်ညာတတ်၏။ သစ္စာမဲ့၏။ အရှက်အကြောက်မရှိ။

ပြဿဘ ယောက်ျား    ။       ။    အပျော်အပါးမက်၏။ ငြူစူစောင်းမြောင်းတတ်၏။ မေထုံအမှုတွင် လွန်ကဲတတ်၏။

မြီဂ ယောက်ျား         ။       ။    သည်းခံ၏။ သနားတတ်၏။ ရိုသေထိုက်သူကို ရိုသေ၏။ ပညာကို လိုလား၏။ ကောင်းသောစကားကို ဆို၏။

အဿဂ ယောက်ျား    ။       ။    အသားအရည် နူးညံ့၏။ လက်ချောင်း၊ ခြေချောင်းရှည်သွယ်၏။ ရင်ဘတ်ကျယ်၏။ သနားတတ်၏။ သီလရှိ၏။


ဒေါ်အေးစိန်ကို ရေးပေးလိုက်သော ရှေးဟောင်းကျမ်းဂန်လာ ယောက်ျားလေးမျိုးကို မှတ်မိသလောက် ပြန်တွေးကြည့်နေမိ၏။ ရင်ထဲမှာ တနုံ့နုံ့ဖြစ်နေမိသည်။ လုပ်ရက်လိုက်တာ ဒေါ်အေးစိန်ရယ်…။ မဟုတ်သေးပါဘူး။ လုပ်ရက်လိုက်တာ ဖူးဖူးရယ်…။ ဗိုင်းတာမ။
အောင်သန်းကြွယ်ဆိုသော ကောင်ကိုလည်း မကျေနပ်။ အောင်သန်းဖြင့်လည်း အောင်သန်း၊ သန်းကြွယ်ဆိုလည်း သန်းကြွယ်ပေါ့။ ခုတော့ နာမည်ကိုက အောင်သန်းကြွယ်…တဲ့။ လူပါးဝသည်။
ဘယ်သူကမှ မသိသော်လည်း သူ့ဘာသာသိသော ဝေဒနာအတွက် နှစ်ပတ်ခန့် အိမ်ထဲအောင်းနေမိသည်။ သြော်…အကြောင်းတစ်ခုလည်း ရှိသေးသည်။ ရပ်ကွက်ထဲမှာက သတင်းတစ်ခု ဖြစ်နေသည်။ ရှက်စရာ။
သူက ဒေါ်အေးစိန်ကို စာပေးသည်တဲ့လေ။

No comments:

Post a Comment