Tuesday 20 November 2012

သြော်... ဒါနဲ့စကားမစပ် - သုမောင် (အပိုင်း-၅)

မြန်မာ့ဂန္ထဝင်အနုပညာ အဆင့်မြှင့်ဖို့ လိုပြီဗျာ

သြော်… ဒါနဲ့စကားမစပ်၊ ပြီးခဲ့တဲ့အပတ်တွေက ပရိသတ်နဲ့ အနုပညာရှင် အပြန်အလှန် ကျေးဇူးပြုတဲ့သဘော၊ အဆက်အစပ်သဘောလေးတွေ ပြောခဲ့ဖူးပါတယ်။ ဥပမာပြယုဂ်အနေနဲ့ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ကိုဝင်းဦးနဲ့ သူ့ပရိသတ်အကြောင်း ပြောဖူးပါတယ်။
ကိုဝင်းဦးက ရွှံ့ဗွက်ထဲဆင်းပြီးတော့ တီးလုံးမပါဘဲနဲ့ သီချင်းဆိုပြတယ်။ ပရိသတ်က သဘောကျတယ်။ နောက်တစ်ခါ ဂန္တဝင်အဆိုတော်ကြီး ကိုသိန်းတန်က သီချင်းမဆိုနိုင်တဲ့အခါကျတော့ စင်ပေါ်မျက်နှာထွက်ပြတာ ပရိသတ်က သဘောကျတယ်။ ကျေနပ်ကြတယ်။ သုမောင်ကြီး အရက်တွေမူး၊ ဖုန်တွေနဲ့လူးနေတဲ့အခါမှာလည်း တောသူမကြီးက ‘ဒါ တို့ သုမောင်ကြီး မဟုတ်ဘူး’ ဆိုပြီး မယုံခဲ့ဘူး စသဖြင့် ဥပမာတွေနဲ့ ကျွန်တော် ပြောခဲ့ပါတယ်။
ဒီနေရာမှာ သတိထားရမှာက ဘာလဲဆိုရင် အဲဒီ ပရိသတ်အကုန်လုံးဟာ တောသူတောင်သားတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ သတိထားရမှာပါ။ ပရိသတ်တွေသည် တောသူတောင်သားတွေ ဖြစ်နေတယ်။ မြို့သူမြို့သားတွေ မဟုတ်ဘူးဆိုတာ သတိထားရမယ်။
ဘာကြောင့် ဒါကို ကျွန်တော်အထူးပြုရသလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ပရိသတ်နှစ်မျိုးကွဲနေပါတယ်။ မြို့သူမြို့သားပရိသတ်နဲ့ တောသူတောင်သားပရိသတ် နှစ်မျိုးကွဲနေတယ်။ ဒါကို အထူးသဖြင့် ဘယ်မှာ သွားတွေ့ရသလဲဆိုတော့၊ သီချင်းဂီတမှာထက် ရုပ်ရှင်၊ ဗီဒီယိုမှာ သွားတွေ့ရတယ်။ အထူးသဖြင့် ဗီဒီယိုမှာဆိုရင် တရားဝင်လိုဖြစ်နေတယ်။ ဗီဒီယိုဖြန့်ချီရေးတွေမှာဆိုရင်နော်၊ စာကိုချိတ်ထားတာဗျ။ နယ်ကြိုက် မြို့ကြိုက်၊ နယ်ဇတ်ကား မြို့ဇာတ်ကားဆိုပြီးတော့ ဒီလိုကို ချိတ်ထားတာ။
မင်းသား မင်းသမီးဆိုရင် နယ်ကြိုက်မင်းသား မင်းသမီး၊ မြို့ကြိုက် မင်းသား မင်းသမီး အဲသလို စာချိတ်ပြီးတော့ ခွဲထားတာဗျ။ ဒါက တစ်ပိုင်းပေါ့၊ ပြောချင်တာက ကျွန်တော်တို့နိုင်ငံမှာက နယ်ကြိုက်အနုပညာနဲ့ မြို့ကြိုက်အနုပညာ ဒါကို ပြောချင်တာပါ။ ဒီအတွက် ကြားထဲကနေ ကျွန်တော် သပ်လျှိုနေတာ မဟုတ်သလို လက်လျှိုနေတာလည်း မဟုတ်ဘူးဗျ။ ဒါက လူ့သဘာဝပါ။

ဒါပေမဲ့ ထူးဆန်းတာလေး ပြောပြပါဦးမယ်။ ကျွန်တော်တို့နိုင်ငံမှာ မြန်မာသံ၊ မြန်မာမှုကို ကျွန်တော်က ကျမ်းကြီးကျမ်းခိုင်တွေနဲ့ မပြောချင်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်တွေ့လေးတွေနဲ့ ပြောချင်တာ၊ ကျွန်တော့် ကိုယ်တွေ့အရပြောရရင် မြန်မာသံ မြန်မာမှုစသဖြင့် ဂန္ထဝင်ပေါ့။ အဲဒါကို ကျေးလက်တောရွာတွေက ပိုပြီးတော့ ကြိုက်ကြတာ သွားတွေ့ရတယ်။ မြို့ပေါ်က ခေတ်ပေါ်ကို ပိုပြီးကြိုက်ကြတာ သွားတွေ့ရတယ်။ ဒါ ယေဘုယျ ပြောကြည့်တာပါ။ ကျွန်တော် ဝါးလုံးရှည်နဲ့ သိမ်းယမ်းတာ မဟုတ်ပါဘူး။ မြို့ပေါ်ကလည်း ကျေးလက်တေး၊ ဂန္ထဝင်တေးတွေကို ကြိုက်တာလည်း ရှိပါတယ်။ တောမှာလည်း ဟစ်ဟော့ပ် စသဖြင့် ခေတ်ပေါ်တေးတွေ ကြိုက်တာလည်း ရှိပါတယ်။

သို့သော်လည်း ယေဘုယျပြောမယ်ဆိုရင် ကျေးလက်က မြန်မာသံ မြန်မာမှုကို ပိုကြိုက်တတ်တာ၊ မြို့ပေါ်က ခေတ်ပေါ်တေး ပိုကြိုက်တတ်တာကို တွေ့ရပါတယ်။ ဒါဖြင့်ရင် ကျွန်တော်က ဥပမာလေးတစ်ခု ပြချင်ပါတယ်။ ကျွန်တော် ပြောဖူးပါတယ်၊ ကျွန်တော့် ကိုယ်တွေ့ပေါ့လေ။ ကျွန်တော် အမေရိကန်မှာ စာပေအလုပ်ရုံဆွေးနွေးပွဲ သွားတက်တုန်းကပေါ့ဗျာ။ အဲဒီပွဲမှာ နားနေတဲ့အချိန်ပဲ ဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင် သွားထိုင်တဲ့ အခါပဲဖြစ်ဖြစ်၊ ပျင်းတော့ ကျွန်တော် ဆိုပါစို့ဗျာ၊ ထိမ်ဝှက်နေစရာလည်း မလိုပါဘူး။ ဘီယာဆိုင်သွားထိုင်တဲ့အခါပေါ့ဗျာ။ ကျွန်တော့်အနီးကပ်မှာ ကောင်မလေးတစ်ယောက် ရှိတယ်ဗျ။ ဂျင်နီဖာသန်းမ်တဲ့။ အမေရိကန်မ ငယ်ငယ်ချောချောလေးပေါ့။

ကျွန်တော်က အဲဒီအချိန်က အသက် ၅၀ လောက်၊ ကောင်မလေးက ၂၅ နှစ်လောက်ရှိရော့မယ်။ ချောချောလေး ပြောရတာက ဒီလိုဗျ။ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားသားတွေရောက်တဲ့အခါကျတော့ မြန်မာမိန်းကလေးတွေက အကုန်ချောနေတာကိုးဗျ။ ဒီသဘောဖြစ်ပါလိမ့်မယ်။ ကျွန်တော်လည်း အမေရိက ရောက်တော့ အမေရိကန်မတွေ အကုန်ချောနေတာ ဖြစ်မှာပေါ့။ ဒီတော့ ဒီကောင်မလေးလည်း ကျွန်တော့်မျက်စိထဲ ချောနေတာပေါ့။ ကျွန်တော် ပြစ်မှားတာ မဟုတ်ပါဘူး၊ ကိုယ့်သမီးလောက်ကလေး ရှိတာပါ။

အဲဒီကောင်မလေးက ကျွန်တော့်ကိုပြောတယ်။ သူ ကျွန်တော့်ကို ခေါ်တာက ‘မောင်’ တဲ့၊ မောင်ဆိုတာကလည်း ဒီလိုဗျ၊ တစ်မျိုးမထင်နဲ့။ ကျွန်တော့်နာမည်က သုမောင်ဆိုတော့ သူတို့အမေရိကန်စတိုင်လ်ပေါ့ဗျာ။ အဖျားဆွတ်ပြီး ‘မောင်’ လို့ခေါ်တာ။

“မောင် ပျင်းလို့လား” တဲ့။
“ဟုတ်တယ်၊ ပျင်းတယ်” ပေါ့။
“ဘယ်သွားချင်လဲ၊ လိုက်ပို့မယ်” တဲ့။
“အေးကွာ၊ ရုပ်ရှင်လေးဘာလေး သွားကြည့်တာပေါ့လို့၊ စတိတ်ရှိုးလေးဘာလေး သွားတာပေါ့” လို့၊
ဒီတော့ သူလေးက -

“မောင့်မှာ အပိုသုံး ဘယ်လောက်ရှိလို့လဲ” တဲ့။

ဒါအရေးကြီးတယ်။ အပိုသုံးဆိုတာ ကျွန်တော်တို့ အဲဒီသွားတုန်းက စားစရိတ်၊ သွားစရိတ်၊ နေစရိတ် အကုန်လုံး အပြည့်အစုံပေးထားတဲ့အပြင် အပိုသုံးဆိုပြီးတော့ ကျွန်တော့်ကို ဒေါ်လာ ၄၀ ပေးပါတယ်။ တစ်နေ့ကို ဒေါ်လာ ၄၀ ပေးတယ်။ ဒေါ်လာ ၄၀ ဆိုတာကလည်း ဒေါ်လာငွေ ၄၀ တော့ မဟုတ်ဘူးဗျ။ ဒေါ်လာ ၄၀ နဲ့ ညီမျှတဲ့ Gift Cheque ဆိုလား ဘာလား မေ့သွားပြီ။ ဒေါ်လာ ၄၀ တန် ဘောက်ချာတစ်ရွက်ပေးတယ်။ ၄၀ တန်ချက်လက်မှတ်သဘောဆိုပေမယ့် ဒေါ်လာ ၄၀ ထက် များတယ်ဗျ။ သူက လျှော့ဈေးနဲ့ဝယ်လို့ရတယ်ဆိုတော့ ၄၀ စွန်းစွန်းဖိုး သုံးခွင့်ရှိတာပေါ့လေ။ ကဲ… ထားပါတော့ဗျာ။

ဒီကောင်မလေးက ရုပ်ရှင်တို့၊ စတိတ်ရှိုးတို့သွားကြည့်ရင် နှစ်ဒေါ်လာ၊ သုံးဒေါ်လာပါပဲတဲ့။ အရေးကြီးပြီနော်၊ ကျွန်တော်ပြောချင်တဲ့စကား ရောက်တော့မယ်။ ရုပ်ရှင်ကြည့်တာ၊စတိတ်ရှိုးကြည့်တာက နှစ်ဒေါ်လာ၊ သုံးဒေါ်လာပဲကျမယ်၊ အဲဒီသွားရင်လည်း ဝတ်ချင်တာ ဝတ်သွားလို့ရတယ်တဲ့။ အရေးကြီးတာ ရောက်ပါတော့မယ်၊ စတိရှိုးသွားရင်လည်း အရက် သောက်သွားလို့ရတယ်။ ဝင်ကလို့လည်း ရတယ်တဲ့။ တစ်ခုတော့ ရှိပါတယ်တဲ့၊ အဲဒီ တစ်နေ့ တစ်နေ့ရတဲ့ ဒေါ်လာ ၄၀ ကို လေးငါးရက်လောက် စုထားလိုက်တဲ့။ ဒေါ်လာ ၂၀၀-၃၀၀ လောက်ရမယ်တဲ့။ မောင်တို့ ကျွန်မတို့ နယူးယောက်ကို ရောက်တဲ့အခါကျရင် ဘရော့ဒ်ဝေး ပြဇတ်ရုံကို သွားကြည့်ရမယ်တဲ့။

အဲဒီကျရင် ပြဇတ်၊ သို့မဟုတ် သြော်ခက်စထရာ၊ သံစုံတီးဝိုင်းပေါ့နော်၊ ဂန္ထဝင်တီးဝိုင်း၊ ဂန္ထဝင်ပြဇတ်၊ ရှိတ်စပီးယားပြဇတ်ပေါ့လေ၊ ဒေါ်လာ ၂၀၀ လောက် ပေးရမယ်တဲ့။ အဲဒီကျရင် မောင့်မှာ ကုတ်အင်္ကျီ၊ နက်ကတိုင်၊ ဘောင်းဘီ ကောင်းကောင်းပါရဲ့လား၊ အဝတ်အစား ကောင်းကောင်းဝတ်ရမယ်။ အနည်းဆုံး တက္ကစီစီးသွားရမယ်။ ဘွတ်ကင်ယူရမယ်တဲ့။

အဲသလို ဝတ်စားပြီးသွားမှ ပြဇတ်တစ်ပွဲကြည့်ရမယ်။ အဲဒီအတွက် ဒေါ်လာ ၂၀၀ ပေးရမယ်။ ဟိုထဲရောက်ရင် မောင် အရက်မသောက်ရဘူး၊ ဘီယာမသောက်ရဘူး။ ကျွန်မနဲ့ စကားမပြောရဘူး၊ အော်ကျယ်ဟစ်ကျယ် မလုပ်ရဘူး။ သေသေချာချာ ဇိမ်ခံပြီးတော့ စတိုင်လ်နဲ့ ကြည့်ရမယ်တဲ့။

ကြည့်နော်၊ သူတို့နိုင်ငံမှာ တန်ဖိုးထားကြပုံက စဉ်းစားကြည့်ကြပါဗျာ။ စတိတ်ရှိုးနဲ့ ရုပ်ရှင်ကို နှစ်ဒေါ်လာ သုံးဒေါ်လာနဲ့ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး သောက်စားခုန်ပေါက်ကဆိုပြီး ကြည့်လို့ရတယ်။ ဂန္ထဝင်ဂီတနဲ့ ပြဇတ်ကိုတော့ ဒေါ်လာ ၂၀၀၊ ၃၀၀ ပေးရတယ်။ ဘွတ်ကင် ယူရတယ်၊ သပ်သပ်ရပ်ရပ် ဝတ်စားသွားရတယ်။ အရက်သောက် မသွားရဘူး။ ငြိမ်ငြိမ်ဆိတ်ဆိတ်လေး ထိုင်ကြည့်ရတယ်။ အဲဒါက ကျွန်တော့်ကိုယ်တွေ့၊ အမေရိကားမှာ ပြဇတ်ဆိုတဲ့ ဂန္တဝင်အနုပညာကို တန်ဖိုးထားပုံပါ။

ကျွန်တော်တို့ မြန်မာပြည်မှာကတော့ကာ ကြည့်စမ်းဗျာ၊ စတိတ်ရှိုးပွဲလက်မှတ်ကို သောင်းဂဏန်းချီပြီး ပေးရတယ်။ ကျွန်တော် အပြစ်တင်တာ မဟုတ်ဘူးနော်။ ဟိုတယ်ကြီးတွေမှာ လုပ်တဲ့ပွဲမှာ သောင်းဂဏန်းချီပေးရတယ်။ မော်တော်ကား အကောင်းစားကြီးတွေနဲ့ သွားကြည့်တယ်ဗျ။

ဟော… ကျွန်တော်တို့ မြန်မာ့ဆိုင်းဝိုင်း၊ ဂန္ထဝင်ဇတ်သဘင်ကြီးတွေကျတော့ ဖျာခင်းပြီး ခေါင်းပေါင်းပေါင်း ထိုင်ကြည့်ရတယ်ဗျ။ ရွှေတွေချထားတဲ့ ဆိုင်းဝိုင်းကြီးတွေဟာ မြေကြီးပေါ်မှာဗျ။ စတိတ်ပေါ်မှာ မဟုတ်ဘူးဗျ။ အဲဒါ ဘယ့်နှယ်ဖြစ်တာတုံး။ တစ်ခါတစ်လေများ ဗလာပွဲတဲ့ဗျား၊ အလကား ဝင်ကြည့်ဖို့ ရုံဖွင့်ပေးတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲသလိုဖြစ်ပြီး သူတို့အနောက်နိုင်ငံမှာ ဂန္ထဝင်အနုပညာက ဘာကြောင့်ဈေးမြင့်နေတာလဲ၊ ဒါကို ကျွန်တော်တို့ စဉ်းစားဖို့လိုတယ်။

အခုလတ်တလောလေးမှာတော့ နည်းနည်း အသက်ရှူချောင်တာက ဆို က ရေး တီး စသဖြင့်လုပ်ပေးတဲ့အတွက်ကြောင့် ပြီးတော့ ရုပ်သေးအထိပေါ့လေ၊ စင်ပေါ်ရောက်လာတယ်။ တကယ့် ခမ်းနားတဲ့ အမျိုးသားဇတ်ရုံကြီးနေရာတွေမှာ လုပ်ပေးတာတော့ ကျေးဇူးတင်ရမယ့်ကိစ္စပေါ့လေ။ ဒီလိုပဲ တတ်နိုင်တဲ့ သူဌေးကြီး၊ ကုမ္ပဏီကြီးတွေက စပွန်ဆာလုပ်ပေးပြီးတော့ ဒီကနေ့ခေတ်စားနေတဲ့ စတိတ်ရှိုးတွေလိုပဲ မြန်မာ့ ဇတ်သဘင်၊ မြန်မာ့ ဆိုင်းဝိုင်း စသဖြင့်ကို စင်တင်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒီနေရာမှာ ပရိသတ်ကို ကျွန်တော်တို့က ဆွဲခေါ်ရမယ်။ ကျွန်တော်တို့ ဇတ်သဘင်ပညာရှင်၊ မြန်မာသံပညာရှင်အနေနဲ့ကလည်း တာဝန်ရှိတယ်ဗျ။ ပရိသတ်ကို အပြစ်တင်လို့မရဘူး၊ ပရိသတ်ကို ဆွဲခေါ်ရမှာပါ။ ခေတ်ရေစီးကြောင်းဆိုတော့ ဒီဘက်ကို ပြန်ပါအောင် ဆွဲခေါ်ရမယ်လို့ ကျွန်တော် ပြောချင်တာပါ။

အနောက်နိုင်ငံနဲ့ အရှေ့နိုင်ငံကွာတာ၊ နောက်ပြီးတော့ စကားမစပ် ကြားဖြတ်ပြောရဦးမယ်ဗျ။ အဲဒီပွဲမှာပဲ ကျွန်တော် ဝတ္တုတို စာတမ်းဖတ်ဖြစ်ပါတယ်။ ဖမ်းမလီဆားဂါး၊ မိသားစုပုံပြင်၊ မိသားစုဇာတ်လမ်းပေါ့၊ အဲဒီ စာတမ်းဖတ်ပါတယ်။ စာတမ်းဖတ်ပြီးတော့ မေးစရာရှိတာ မေးကြပါဆိုတော့ ကျွန်တော့်ကို သီချင်းဆိုပြပါဆိုပြီး ဝိုင်းတောင်းဆိုကြတယ်။ ကျွန်တော် အရင်အပတ်က ပြောဖူးပါတယ်။

ပထမ ကျွန်တော် ဘာဆိုပြသလဲဆိုတော့ တစ်ခေတ်က နာမည်ကြီးတဲ့ သီချင်းလေး၊ အဆိုတော် ဒေါရစ်ဒေးရဲ့ သီချင်းလေး၊ ရိုးလည်းရိုးတယ်။ သူတို့ဆီမှာလည်း ခေတ်စားခဲ့တဲ့ သီချင်းအေးအေးပေါ့။ ကျွန်တော် ဒီသီချင်းကို အင်္ဂလိပ်လို ဆိုပြတဲ့အခါ အင်တာနေရှင်နယ် စာရေးဆရာတွေရဲ့ပွဲဆိုတော့ အင်္ဂလိပ်သီချင်းပဲ ဆိုတာပေါ့။ လူတိုင်းနားလည်အောင် ဆိုပြရတာပါ။ ပြီးတော့ ဒေါရစ်ဒေးက အမျိုးသမီးအဆိုတော်ဆိုတော့ ကျွန်တော်က မိန်းမအနေနဲ့ ဆိုပြရတာပေါ့လေ။ ကိစ္စမရှိပါဘူး၊ သီချင်းအဓိပ္ပာယ်လေးက ကောင်းနေတာကိုး။

အဓိပ္ပာယ်လေးက ရှင်းပါတယ်။ ကျွန်မက အမေ့ကို မေးတယ်၊ ကြီးလာရင် ချောမှာလား၊ ပိုက်ဆံရှိမှာလားပေါ့လေ။ အမေကပြောတယ်၊ သမီးရယ် လောကကြီး ဖြစ်ချင်တာ ဖြစ်တာပဲပေါ့တဲ့။ နောက်တစ်ပိုဒ်ကျတော့ သူ့ချစ်သူကို မေတယ်တဲ့၊ ကျွန်မတို့နှစ်ယောက် ဘဝခရီးဟာ ရှေ့လျှောက်သာယာမလားပေါ့။ သူ့ချစ်သူက ပြောတယ်တဲ့၊ လောကကြီး ဖြစ်ချင်တာဖြစ်မှာပေါ့ အချစ်ရယ်တဲ့။ အဲ… နောက်ဆုံးအပိုဒ်ကျတော့ သူ့သားသမီးတွေက သူ့ကို မေးတယ်တဲ့၊ အမေ သားတို့ သမီးတို့က ချောမှာလား၊ ပိုက်ဆံရှိမှာလားဆိုတော့ ကျွန်မက ပြောလိုက်တယ်။ လောကကြီး သူဖြစ်ချင်တာ ဖြစ်မှာပဲပေါ့။ အဲဒါလေးကို ကျွန်တော်က အင်္ဂလိပ်လို ဆိုပြတယ်။

ပြောချင်တာက အဲဒီသီချင်း ဆိုပြတာကို အင်တာနေရှင်နယ် စာရေးဆရာတွေက သိပ်ခံတွင်းမတွေ့ကြဘူး။ မတွေ့တဲ့အပြင် အီတာလျံ စာရေးဆရာမက ကျွန်တော့်ကို ဖမ်းထောက်သေးတယ်ဗျ။

“ရှင်က ဘာလဲ၊ လောကကြီး သူဖြစ်ချင်ရာဖြစ်တယ်ဆိုတာကို ရှင်က ကြိုက်လို့လား” တဲ့။

ကျွန်တော်ကလည်း ပြန်ပြောလိုက်တယ်။
“ဟုတ်တယ် ကြိုက်တယ်” လို့။
သူတို့က လောကကြီး ဖြစ်ချင်ရာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို မကြိုက်ဘူးဗျ။ ကျွန်တော့်ကို ဖမ်းထောက်တာ၊
“ရှင်က ဘာလို့ ကြိုက်တာလဲ” တဲ့။
“အေး… ကြိုက်တယ်၊ ငါက ဗုဒ္ဓဘာသာမို့လို့” လို့။ ကျွန်တော်ကလည်း ပြန်ဆော်ထည့်လိုက်တာပဲ။ ကြက်ခေါင်းဆိတ်မခံဘူးလေ၊ စာရေးဆရာချင်းကိုဗျ။

အဲဒီတော့မှ စောစောကပြောသလို ‘ချိုပြုံးရွှင်သော နှမပျိုငယ်’ ဆိုပြီး မြန်မာသံ သင်္ကြန်ဒိုးကို ကောက်ဆိုလိုက်တဲ့အခါကျတော့မှ ဟော ဂါဝန်ကြီးနဲ့ အဲဒီ အီတာလျံစာရေးဆရာမက ထကရောဗျ။ ဆိုလိုတာက ဒီ နိုင်ငံတကာ စာရေးဆရာတွေက ကျွန်တော်တို့ရဲ့ ရိုးရာ မြန်မာသံ မြန်မာမှုကို ကြားချင်၊ သိချင်နေကြတာ။ ကျွန်တော်က လက်ခုပ်လေးတီးပြီး သင်္ကြန်ဒိုးသီချင်းလေးကို ဆိုတဲ့အခါကျတော့မှ ဘောင်းဘီတွေ၊ ဂါဝန်တွေ တကားကားနဲ့ လက်ခုပ်တီးပြီးတော့ ကကြတယ်။ သူတို့ဟာ နိုင်ငံတကာ စာရေးဆရာတွေ ဖြစ်ပေမယ်လို့ ရိုးရာမြတ်နိုးတယ်ဆိုတာ ဒါကို ပြောချင်တာပါ။
ကျွန်တော်တို့နိုင်ငံမှာကျတော့ ရိုးရာကို ပြန်ဖော်ထုတ်ဖို့ ဘာကြောင့် တုံနှေးနေကြသလဲဆိုတာကို ထောက်ပြတာပါ။ ဒါစကားမစပ်ပြောပြတာပါ၊ စောစောကစကားပြန်ဆက်ရလို့ရှိရင် မြို့ပရိသတ်က အနုပညာသည်ကို ကြိုက်ရုံကြိုက်တာ၊ တော်ပရိသတ်က အနုပညာရော အနုပညာသည်ကိုပါ ချစ်တာ။ အဲဒါလေးက ကြိုက်တာနဲ့ ချစ်တာနဲ့ နည်းနည်းကွာတယ်လို့ ထင်တယ်ဗျ။ ကြိုက်တယ်ဆိုတာက ပိုက်ဆံပေးတဲ့အလုပ်၊ ပိုက်ဆံပေးတယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။ ချစ်တယ်ဆိုတာကတော့ ပိုက်ဆံတော့ မပေးဘူး၊ ဒါပေမဲ့ ထမင်းကျွေးတယ်ဗျ။ အဲဒါကျတော့ များများမရပေမယ့် ကြာကြာစားရတယ်။ ဒါကြောင့် ကျွန်တော် ဥပမာပေးတဲ့နေရာမှာ တောပရိသတ်ကို ဥပမာပေးရတာပါ။

စကားမစပ် ထပ်ပြောလိုက်ဦးမယ်ဗျနော်၊ ရုပ်ရှင်အကြောင်းပါ။ တစ်ချိန်တုန်းက ကျွန်တော်တို့ ရုပ်ရှင်နယ်မှာ မင်းသားကြီးတစ်ယောက် ပေါ်ဖူးတယ်ဗျ။ လူကြီးတွေ ကောင်းကောင်းမှတ်မိမှာပါ။ ရွှေဘပေါ့။ တင်ညွန့်၊ ရွှေဘ တကယ်ချတဲ့ ဗီဇဆိုတဲ့ ဇတ်ကား။ အဲသလို ကာရန်နဘေနဲ့ ကြော်ငြာရတဲ့ဇတ်ကား။ ရွှေဘက တကယ်ချတာ၊ လက်သီးနဲ့ထိုး ဆိုရင် တကယ်ထိုးတာ။ ခုခေတ်လို ကင်မရာထရိတ် လှည့်စားချက်တွေ မပါဘဲနဲ့ တကယ်ချတာဗျ။ ခခေတ်လို သိုင်းကွက်တွေ ဘာတွေ အကွက်ဆင်ပြီးတော့လည်း မလုပ်ဘူး။ တကယ် လက်သီးနဲ့ထိုးဆိုရင် ကွဲပြဲအောင် ထိုးရတာ။ လူကြမ်းတွေနဲ့ ငါးယောက်တစ်ယောက်၊ ဆယ်ယောက် တစ်ယောက် ချရတဲ့အခါ ပထမပိုင်းတော့ ရွှေဘက ရှုံးတယ် ပေါ့ဗျာ။
အဲသလို ရှုံးပြီဆိုရင် တောသူတောင်သားပရိသတ်က ရုပ်ရှင်ပြတဲ့ ပိတ်ကားကို ခဲနဲ့ပေါက်တာ။ ရွှေဘရှုံးလို့။ သူတို့ချစ်တာကိုးဗျ။ ကျွန်တော် ပြောပြမှာပါ၊ ဘာကြောင့်ချစ်တယ်ဆိုတာ။ ဆိုတော့ ပိတ်ကားကို ခဲနဲ့ ပေါက်တော့ ရုံကိုမီးဖွင့်ပြီး အပေါ်က အော်လန်နဲ့ အော်ရတယ်။ ‘ရွှေဘ ခဏရှုံးတာပါ၊ ဇာတ်သိမ်းရင် ပြန်နိုင်ပါ့မယ်’ အဲသလိုအော်မှ ကျေနပ်တယ်။ တကယ်လည်း ဇတ်သိမ်းခါနီးတော့ ရွှေဘပြန်ချလို့ နိုင်ရော၊ အဲဒီအခါမှာ ‘ဒါမှ တို့ရွှေဘကွ’ လို့ ပရိသတ်က ကျေနပ်ကြတယ်။ ဒါလည်း ကြားဖူးနားဝ ရှိခဲ့တာပါ။

ကျွန်တော် ကြုံဖူးတာကတော့ တစ်ခါသားမှာ နယ်မှာရုပ်ရှင်သွားပြတော့ ကျွန်တော်ငယ်ငယ်တုန်းက ရုပ်ရှင်အော်ပရေတာခေါ်တဲ့ ဖလင်ပုံး စောင့်ရှောက်တဲ့သူပေါ့၊ လုပ်ဖူးတယ်ဗျ။ သွားပြတော့ ကျွန်တော်တို့က ဒီဘက်ရုံမှာပြနေတုန်း ဟိုဘက်ရုံမှာ ရွှေဘကားပြနေတယ်။ ကျွန်တော်လည်း ရွှေဘကြိုက်တော့ သွားကြည့်တယ်။ ကြည့်ရတာက ခုံတန်းကလေးတွေ ထိုးထားတာဗျ။
ကျွန်တော့်ဘေးမှာက တောသားကြီးတစ်ယောက်၊ ဒူးပေါ် ပေါင်ပေါ်နဲ့ ထိုင်နေလို့၊ တကယ့်ကိုယ်တွေ့ပါ။ ရွှေဘကားမှာ မင်းသမီးက ကြည်ကြည်ဌေးထင်ပါရဲ့။ သူကြီးသမီး ကြည်ကြည်ဌေးကိုကြိုက်၊ အဲဒီတော့ သူကြီးက ဘယ်သူနဲ့ သဘောတူသလဲဆိုတော့ လူကြမ်းခေါင်းဆောင် သူဌေးသားတစ်ယောက်နဲ့ သဘောတူတယ်ပေါ့လေ၊ အဲသလိုဇာတ်လမ်းမျိုးပေါ့။

အဲဒီအချိန်မှာ ပြကွက်က ကြည်ကြည်ဌေးက ပြတင်းပေါက်ကနေ သီချင်းလေးဆိုပြီး ကြည့်နေတယ်။ ရွှေဘက ထင်းခွဲနေတယ်။ အဲဒီအခါမှာ ရွှေဘရဲ့နောက်ကျောကနေ လူကြမ်းသူဌေးသားက တုတ်နဲ့လာတယ်။ တစ်လှမ်းချင်းလာပြီး ရွှေဘကို နောက်ကနေ ရိုက်မလို့ပေါ့လေ။ အဲဒီ အခန်းပြတဲ့အချိန်မှာ ကျွန်တော့်ဘေးက တောသားကြီးက တိုးတိုးလေး အော်တယ်။
“ကိုရွှေဘ၊ နောက်က လာနေပြီ” တဲ့။
ဟိုမှာက ရုပ်ရှင်ပြနေတာ၊ သူက မခံနိုင်ဘူး။ ရွှေဘကို နောက်ကနေ အလစ်တွယ်မှာ ကြောက်လို့။ ဟိုကလည်း တစ်လှမ်းချင်း တိုးလာတယ်။
“လာနေပြီ၊ လာနေပြီ၊ လာနေပြီ”
တဖြည်းဖြည်း အသံက ကျယ်လာတယ်။
သူက အားမရနိုင်တော့ဘဲ ကျွန်တော့်ကို တံတောင်နဲ့ တွတ်တယ်။
“ကိုရွှေဘ လာနေပြီ၊ လာနေပြီ”
ဆိုပြီး နောက်ဆုံး ဟိုကရွှေဘကို တုတ်နဲ့လည်းရွယ်ရော ‘ကိုရွှေဘ’လို့ တအားကုန်းအော်ပြီး၊ ကျွန်တော့်ကို တွန်းလည်းတွန်း၊ ‘ကိုရွှေဘ’လို့ တအားထအော်ပါလေရော။
အော်တဲ့အချိန်မှာ ရုပ်ရှင်ထဲမှာလည်း ရွှေဘက ဒါရိုက်တာ သင်ထားတဲ့အတိုင်းပေါ့လေ။ ဖျတ်ခနဲ နောက်လှည့်ကြည့်ပြီး ရွယ်တဲ့လက်ကိုဖမ်း၊ ခွပ်ခနဲထိုးလိုက်တာပေါ့။ အဲဒီတော့ လူကြမ်းလည်း လဲသွားတာပေါ့။ အဲဒီအချိန်ကျမှ ဘေးကတောသားကြီးက ကျွန်တော့် ပေါင်ကို ကိုင်ပြီး သက်ပြင်းချတယ်။
“ဟင်း၊ ကျုပ် အော်လို့ပေါ့ဗျာ၊ မအော်ရင် ကိုရွှေဘ သေပြီ” တဲ့။
ဟော၊ ကြည့်ပါဗျာ၊ ဒါဟာ ရုပ်ရှင်ဗျ။ ရွှေဘနိုင်မယ်ဆိုတာလည်း သိတယ်၊ ဒါဟာ ရုပ်ရှင်လှည့်စားမှုဆိုတာလည်း သိတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ တကယ်လို့ထင်တာ။ အနုပညာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ ရွှေဘ ဘယ်နေရာက သရုပ်ဆောင်သလဲဆို တောသား၊ နင်းပြား၊ သူရင်းငှားနေရာက သရုပ်ဆောင်တယ်။ ကျွန်တော့်ဘေးက တုန်လှုပ်ချောက်ချားပြီး ထအော်တဲ့တောသားကြီးက တောသားသူရင်းငှားကြီးတစ်ယောက်။
သူ ဘာကြောင့် ရွှေဘကို အဲသလို စိုးရိမ်တကြီးနဲ့ ထအော်ရသလဲဆိုရင် သူ့ဘဝနဲ့ ထပ်တူထပ်မျှဖြစ်နေလို့။ သူလည်းပဲ အပြင်မှာ သူရင်းငှားကြီးဘဝနဲ့ သူဌေးသမီးကို ကြိုက်နေသလားမှ မသိတာ၊ သူ ခံစားနေရတာနဲ့ ထပ်တူထပ်မျှဖြစ်နေလို့လားမှ မသိဘဲဗျာ။ ဆိုတော့ကာ သူ့ကိုယ်စား ဘယ်သူက လုပ်ပေးသလဲဆိုတော့ ရုပ်ရှင်ထဲက ရွှေဘက လုပ်ပေးတာကိုး။ အဲဒီတော့ သူ ရွှေဘကို ကြိုက်တာပေါ့။
သူ့ကိုယ်စားလုပ်ပေးလို့ ကြိုက်တာ။ ကျွန်တော် စကားမစပ် တစ်ခု ထပ်ပြောလိုက်မယ်။ တောသူတောင်သားတွေ ဗီဒီယိုကြည့်တယ်။ ဒီနေ့ဆို သီဟတင်စိုးပေါ့နော်။ သီဟတင်စိုးက မဟုတ်တာကိုခံချတယ်။ ဒါကြောင့် သီဟတင်စိုးကို သဘောကျတာ၊ ချစ်ကြတာ။ နောက်တစ်ခါရှိသေးတယ်။ မင်းသား မင်းသမီးကွဲတာကို မကြိုက်ကြတာ။ တောသူတောင်သားတွေက ကွဲတာကို မကြိုက်ကြဘူး။ ညားရမှ၊ ပေါင်းရမှ ကြိုက်ကြတာ။
စောစောကပြောတဲ့ ကျေးလက်အဆိုတော်ကြီး တွံတေးသိန်းတန်၊ ‘ကန်ပတ်လည်ခရေရိပ် ရွာထိပ်ကကျောင်းတော်သာနံဘေး’ ဒါကို မြို့က ဘယ်ကြိုက်မလဲ၊ ကန်ပတ်လည်မှ မသိဘဲ၊ ခရေရိပ်မှ မသိဘဲ။ တောသူတောင်သားတွေက သိတာပေါ့။ သိတော့ တွံတေးသိန်းတန်ကို ကြိုက်တာပေါ့၊ သူတို့ဘဝနဲ့ယှဉ်ပြီး ကြိုက်တာပေါ့။
စောစောကစကား ပြန်ဆက်ရရင် ရွှေဘကိုကြိုက်တယ်၊ ရွှေဘက ငါးယောက်တစ်ယောက်၊ ဆယ်ယောက်တစ်ယောက်ထိုးတာ ရွှေဘနိုင်တယ်ဆိုတာကို ကျွန်တော့်သူငယ်ချင်း မြို့သားတွေက ယုတ္တိမရှိဘူးတဲ့။ ဒီကောင်တွေ တော်တော်ညံ့တဲ့ ကောင်တွေဗျ။ အခုပြန်တွေ့တော့လေ၊ သူတို့မိသားစုတွေ ဘာကြည့်နေသလဲ သိလား၊ ရွှေဘနဲ့ ငါးယောက်တစ်ယောက်ထိုးတာ ယုတ္တိမရှိဘူးပြောတဲ့ သူငယ်ချင်းအကောင်တွေ စာရေးဆရာတွေပါ။ သူတို့အိမ်သွားတော့ သူတို့မိသားစုတွေ တရုတ်သိုင်းကား ထိုင်ကြည့်နေတယ်။ အယောက် ၁၀၀ နဲ့ တစ်ယောက်သတ်တာ မင်းသားနိုင်တဲ့ကား၊ အဲဒီကား ထိုင်ကြည့်နေကြတယ်။ အဲဒီအယောက် ၁၀၀ လုံးကို သတ်ပစ်တဲ့ တရုတ်သိုင်းသမားက လက်တစ်ဖက်မရှိဘူး။ အဲဒီကားကျတော့ ယုတ္တိရှိတယ်တဲ့။ ဟော ဒီကောင်တွေ ဘယ်လိုလုပ် စာရေးနေကြသလဲမသိဘူး။
ကျွန်တော် ယုတ္တိရှိတာကို ပြောပြပါမယ်။ ရွှေဘဟာ ဘယ်သူလဲဆိုတော့ တောင်သူလယ်သမား၊ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့လူဗျ။ တောင်သူလယ်သမား၊ အလုပ်သမားဆိုတာ ကျွန်တော်တို့နိုင်ငံ လူဦးရေသန်း ၅၀ ကျော်ရဲ့ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုနေတာဗျ။ ပြောကြကြေးဆိုရင် အဲဒီ ၈၀ ရာခိုင်နှုန်းသော လူတွေအားလုံးအမှုန့်ကြိတ်ပြီး ရွှေဘ တစ်ယောက်အဖြစ် ပြန်ပြီး ပုံသွင်းထားတယ်လို့ ပြောလို့ရတယ်။ ဒီတော့ကာ ဒီလူတစ်ယောက်က လူ ၁၀ ယောက်ကိုနိုင်တာ ဘာဆန်းသလဲဗျ။ ဒါ ကျွန်တော် ယုတ္တိဗေဒနည်းနဲ့ ပြောတာပါ။ ဒါက စကားမစပ် ဥပမာ ပေးတာပါ။
ပြောချင်တာက တောသူတောင်သား လယ်သမား၊ အလုပ်သမား အများစုဟာ မြန်မာသံကို ကြိုက်တယ်ဆိုတာ အဓိပ္ပာယ်ရှိတယ်ဆိုတဲ့ အကြောင်းကို ပြောချင်တာပါ။ ထိုနည်းတူ ကျွန်တော်တို့ မြို့သူမြို့သားတွေကပဲ အနောက်နိုင်ငံက သူတို့ရဲ့ ရိုးရာ၊ ဂန္ထဝင်တေးတွေ၊ သူတို့ရဲ့ country song လို့ခေါ်တဲ့ ကျေးလက်တေးတွေကို ကြိုက်ကြပါတယ်။ သူတို့ဆီမှာ ဂန္ထဝင်တေးတွေကို ဂရမ်မီဆုပေးတဲ့အခါမှာ တော်တော့်ကို ဂရုစိုက်ပြီးတော့ အရေးတယူပြုပြီးတော့ ပေးကြတာပါ။
စောစောက ကျွန်တော်ပြောသလို ရှိတ်စပီးယားပြဇတ်လို ဂန္ထဝင်တွေကို တော်တော်ကို အလေးထားပြီးမှ သွားကြည့်ရတာပါ။ အနောက်နိုင်ငံတွေရောက်ရင် ပြတိုက်တွေဝင်ကြည့်ဖို့ဆိုတာ တော်တော့်ကို တန်းစီရတယ်။ သူတို့ဆီက ရုပ်ရှင်တွေဟာ အချိန်မရွေး ၀င်ကြည့်လို့ရတယ်။ ပတ်လည်ပြနေတာကိုး၊ ရုပ်ရှင်ကားတစ်ကား သွားကြည့်ရင် တစ်ဝက်က၀င်ကြည့်၊ ပြီးရင် ရုံထဲက မထွက်နဲ့ဦး၊ အစကနေ ကိုယ်ရောက်တဲ့နေရာအထိ ဆက်ကြည့်၊ ရတယ်။ ရှိတ်စပီးယား ပြဇာတ်ကျတော့ ဘွတ်ကင် ကြိုလုပ်ရတယ်။ အချိန်မှန်ပြတယ်၊ တစ်ပွဲဆို တစ်ပွဲပဲပြတာ။ အဲဒီလို ဂန္ထဝင်အနုပညာကို တန်ဖိုးထားတာ။
ကျွန်တော်တို့ဆီမှာလည်း အဲသလိုဖြစ်ဖို့ကောင်းပြီ။ ဒါလေး ကျွန်တော်က စကားမစပ်ပြောတာပါ။ ကောင်းပါပြီ၊ ကျွန်တော်က မြန်မာသံဆိုလို့၊ မြန်မာသံသမားမို့လို့ မြန်မာသံကိုချစ်တဲ့ တောသူတောင်သား၊ တောမှတော ဒီလို အဆင့်အတန်းခွဲပြောတာ မဟုတ်ပါဘူး။ မြို့နဲ့နယ်ကို ခွဲခြားတာ မဟုတ်ပါဘူး။
ခုနကပဲ ကျွန်တော် မြန်မာ့အသံကိုလာတော့ ရင်ဂိုကြီးနဲ့တွေ့တယ်။ ရင်ဂိုနဲ့ကျွန်တော်ဟာ အသက်အရွယ် အရရော၊ ၀ါအရပါ ကွာတယ်။ ကျွန်တော့် ညီလေး၊ တူလေးလောက်ရှိတာ။ ဟိုးတစ်လောက ကျွန်တော် စင်ကာပူရောက်တော့ ရင်ဂို့သမီးလေးက ၁၄-၅-၆ နှစ်လောက်ရှိရော့မယ်။ သမီးလေးက ဟိုမှာကျောင်းနေတာ၊ သူ့ပုံလေးနဲ့ ဟိုမှာထုတ်တဲ့မဂ္ဂဇင်းထွက်တယ်။ အဲဒီ မဂ္ဂဇင်းအယ်ဒီတာက ကျွန်တော့်ဆီ စာမူလာတောင်းတယ်။ ကျွန်တော်လည်း စင်ကာပူရောက်တုန်း စာမူရေးပေးလိုက်တယ်။ အဲဒီမဂ္ဂဇင်းမှာ အဖုံးဖော်ပြခံရတဲ့ ရင်ဂို့သမီးလေးပေါ့။
အဲဒီတော့ ရင်ဂိုတောင်မှ ဒီကနေ့ခေတ် ဟော့တ်ပေါ့လေ၊ ရင်ဂိုတောင် ဟော့တ်ဖြစ်နေရင် သူ့သမီးလည်း ဘယ်လောက်ခေတ်မီလိုက်မလဲ စဉ်းစားနိုင်တာပေါ့။ သူ့မျက်နှာဖုံးပုံလေးကလည်း ဂါဝန်လေးနဲ့ ဟော့ရှော့ပေါ့နော်။ အဲဒီကလေးရဲ့ ပုံနဲ့ မျက်နှဖုံးရှင်ရဲ့ ဘိုင်အိုဂရပ်ဖီ အကျဉ်လေးပါတယ်။ ဒီအဘိုးကြီး သုမောင်ကလည်း ဖတ်ကြည့်လိုက်တယ်ဗျား။ စင်ကာပူ ရောက်ပြီး ပညာသင်ကြားနေတယ်ပေါ့ဗျာ။
စင်ကာပူဆိုတာ အာရှတိုက်ရဲ့ အမေရိကန်၊ အလွန်ကို ခေတ်မီ တိုးတက်တဲ့နိုင်ငံလေ။ ရင်ဂိုရဲ့ သမီးလေး စင်ကာပူမှာ ကျောင်းတက်နေတဲ့ကလေး၊ ခေတ်မီတဲ့ကောင်မလေး၊ ဟော သူ့ ဘိုင်အိုဂရပ်ဖီမှာ ရေးထားတာ တွေ့ရတယ်။ အကြိုက်ဆုံး စာရေးဆရာ - သုမောင် တဲ့ဗျား။
ကြည့်နော်၊ ကျွန်တော်ကြွားတာမဟုတ်ဘူး။ ဂုဏ်ယူတာပါ။ ဒီအဘိုးကြီး၊ မြန်မာသံ ဆိုတဲ့အဆိုတော်ကြီး၊ ရသစာပေတွေရေးတဲ့ စာရေးဆရာ အဘိုးကြီးကို ဘယ်သူက ကြိုက်နေတာလဲ၊ ဟော ခေတ်ပေါ် အဆိုတော် ပေါ့ပ်၊ ရော့ခ်အဆိုတော် ရင်ဂိုရဲ့ သမီး သူ့ထက်ခေတ်မီတဲ့ ကောင်မလေးက စာရေးဆရာထဲမှာ အကြိုက်ဆုံးက သုမောင်၊ အဘိုးကြီး၊ စာရေးဆရာ ရိုးရိုးကြီးကို ကြိုက်တယ်တဲ့ဗျာ။
ခေတ်ဆိုတာ ဒီလိုပါပဲ၊ ကျွန်တော်က ရမ်းသမ်းပြီး မြို့မကြိုက်ဘူး၊ ခေတ်ပေါ်မကြိုက်ဘူးပြောတာ မဟုတ်ပါဘူး။ ဒီနေ့ ခေတ်ဆိုတာက ဂလိုဘယ်လိုက်ဇေးရှင်းခေတ် ဖြစ်နေတာ။ အကုန်လုံး ဆက်နွှယ်ပြီး ချိတ်ဆက်နေတာ။
ကဲ... ဒီတစ်ပတ် ဒီမျှနဲ့ နားလိုက်ကြရအောင်ဗျာ။
စိတ်နာတယ်ဆိုတာ ကြိုးစားဖို့ တွန်းအားဖြစ်စေရမယ်

သြော်... ဒါနဲ့ စကားမစပ် ပြောရရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက ပလေးဘွိုင်းအရမ်းခေတ်စားတဲ့အချိန်၊ ပလေးဘွိုင်းရုံသွင်းတဲ့ ဒီကနေ့ အားလုံးသိကြတဲ့ ရွှေအမြုတေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ကိုဝင်းငြိမ်းက သံယောဇဉ်နဲ့ ပလေးဘွိုင်းအဖွဲ့ထဲ ထည့်ဆိုခိုင်းတယ်။
ကျွန်တော်က မြန်မာသံ အလွန် ပီသတဲ့အကောင်၊ ကျွန်တော့်အသံကို ကြိုက်လို့ဆိုပြီး ပလေးဘွိုင်းအဖွဲ့ထဲ ထည့်ဆိုခိုင်းတော့ အတော် ကိုးလိုးကန့်လန့် ဖြစ်ရော။
ကျွန်တော်က ပန်းတွေနဲ့ဝေတို့ ဘာတို့ဆို၊ အောက်က ဆဲတာပေါ့ဗျ။ ခုခေတ်လို မယဉ်ကျေးဘူးဗျ။ ကျွန်တော်တို့ခေတ် ပရိသတ်နော်။ ကိုသန်းနိုင်တို့ ဆိုတော့ လက်ခုပ်တွေတီး၊ ၀မ်းစမိုးဆိုပြီး အားတွေပေးကြတာပေါ့။ ကိုသန်းနိုင်က ကျွန်တော့်သူငယ်ချင်းပါ။ ကျွန်တော်ဆိုတော့ 'ဟေ့ကောင် တောသား၊ ဆင်းသွား' ဆဲဆိုပြီး ပြောင်းဖူးနဲ့ပေါက်၊ ဟာ ခံရတယ်ဗျာ။ ပလေးဘွိုင်းကြားထဲမှာ သုမောင်ငုတ်တုတ်။ အဲဒီတော့ သုမောင်ပဲဗျ။ ဘယ်ရမလဲ၊ သူတို့က အင်္ဂလိပ်သီချင်းသံစဉ်ကို မြန်မာ စာသားထည့်ပြီးတော့ ဟော့တာ၊ ဒီကောင်ကလည်း ဘာရမလဲ၊ အဲဒီတုန်းက တွမ်ဂျုံးစ် ဆိုတာ အဟော့ဆုံးဗျ၊ တွမ်ဂျုံးစ်ရဲ့ အဟော့ဆုံးသီချင်းကို အင်္ဂလိပ်လို ဆိုပြတာပေါ့။
ကျုပ်က ဆိုတော့ဗျာ၊ အောက်ကပရိသတ်က အဲဒီတော့မှ လက်ခုပ်တွေတီးပြီး 'ဒါမှကွ၊ ထပ်ဆိုပါဦး၊ ၀မ်းစမိုး' ဆိုပြီးလုပ်တော့ ကျုပ်က မဆိုဘူးကွဆိုပြီး အင်္ကျီချွတ်ပြီး စင်ပေါ်က ဆင်းတာဗျ။ ငယ်တာကိုး၊ ငယ်တော့ မိုက်တာပေါ့။
အသက် ၂၂ နှစ်ဆိုတော့ မိုက်ပြီး အင်္ကျီချွတ် လွှင့်ပစ်ပြီး အရက်ကလေးကလည်း မူးနေတာကိုး။ မကောင်းပါဘူးနော်၊ ပရိသတ်ကို စော်ကားရာ ရောက်တာပေါ့နော်။ ကိုယ့်ကို ချီးကျူးတဲ့အခါကျတော့လည်း ကိုးလိုးကန့်လန့်လုပ်တာ၊ ဒါဟာ ပရိသတ်နဲ့ ရန်ဖြစ်တယ် ဆိုတာ မကောင်းတဲ့ကိစ္စလို့ ပြောပြတာ။
ခုခေတ်ပရိသတ်များ ကောင်းလိုက်တာ၊ မြန်မာသံကို မကြိုက်သော်လည်းပဲ လက်ခုပ်တီးတယ်။ ဘိုသံမကြိုက်တဲ့ လူကြီးတွေကလည်း သည်းညည်းခံနားထောင်ပေးတယ်။ ဒါ ဒီနေ့ပရိသတ်ပေါ့။ ဘာပဲဖြစ်ဖြစ်၊ အနုပညာသည်နဲ့ပရိသတ် ဆိုတာကတော့ အစေးကပ်ဖို့ အရေးကြီးပါတယ်။ အဲဒီနေရာမှာ ကြိုးစားမှု အရေးကြီးတယ်။ ပြီးတော့ ဥာဏ်ထုတ်ရတယ်။ ဘယ်လိုမှ ပြေးမလွတ်တာက ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာမှာလည်း ရှိတယ်၊ ကံ။ ခရစ်ယာန်၊ ဟိန္ဒူ၊ မူဆလင် စသဖြင့် ရှိပါတယ်။ သူတို့ကတော့ ကံ မဟုတ်ဘူးပေါ့၊ ဘုရားသခင်ရဲ့ အလိုတော်ကျပေါ့။
အဲဒီ ကံဆိုတာဟာ အရေးကြီးပါတယ်။ ကျွန်တော့်ဘ၀မှာ မတော်တဆဆိုသလို မြန်မာသံအဆိုတော်ဖြစ်လာတယ်။ ဒီနေရာမှာ စကားမစပ် ပြောပါရစေဦး၊ ကျွန်တော် အခုအပတ်အပါအ၀င် ပြောလာတာ တနင်္ဂနွေ အပတ်ပေါင်း ၁၀ ပတ်လောက် ရှိပြီထင်ပါတယ်။ ကျွန်တော် တစ်ပတ် နှစ်ပတ်လောက်ပဲ ကျွန်တော့်သီချင်းဟောင်းလေးတွေ ဖွင့်ပြခဲ့ပါတယ်။ ဒီအပတ်မှာတော့ ကျွန်တော့် သီချင်းလေးတွေ တိုစိတိုစိ တိုနံ့တိုနံ့ ဖွင့်ပြပါမယ်။ ဒါကိုလည်း ပြောရင်းဆိုရင်းနဲ့ အကျိုးသင့်အကြောင့်သင့် ဖွင့်ပြပါမယ်။
ကျွန်တော်က မြန်မာသံပီပီသသနဲ့ ခေတ်ဟောင်းတွေ၊ သီချင်းကြီး သီချင်းခံတွေနဲ့ အဆိုတော်ဖြစ်လာရတဲ့သူဆိုတော့၊ သို့သော်လည်း အဆိုတော်ဖြစ်တော့ အသက်က ၂၂ နှစ်၊ ၂၂ နှစ်ဆိုတဲ့အရွယ်ဟာ လူငယ်လေးပေါ့။ လောကကြီးမှာ လူးလွန့်စ တက်ကြွစအရွယ်၊ အဲဒီအချိန်အခါမှာ ပေါ်ပေါက်လာတဲ့သီချင်းတွေက စတီရီယိုခေတ်ဦး၊ အနောက်တိုင်းတေးကို မြန်မာမှုပြုတဲ့ ခေတ်ဦးကာလ။ ဆိုတော့ ကျွန်တော်လည်း ဘာသားနဲ့ထုတာမို့လို့လဲ၊ ခေတ်ပေါ်တေးတွေ ဆိုချင်တာပါ။ ဒါပေမဲ့ ကိုယ့်ကံတရားက မြန်မာသံ မြန်မာမှု စစ်စစ်ကြီးတွေ ဖြစ်နေတဲ့အခါကျတော့ ဒီလိုပဲ အပူကပ်ရတာပေါ့။
ဘိုသံလေးတွေ ဆိုချင်တယ်ဆိုပြီး အပူကပ်တော့ ဒီတစ်ယောက်သွားပြော 'မင်းနဲ့မလိုက်ပါဘူးကွာ၊ မင်းက မြန်မာသံစစ်စစ်ပါ' ဆိုပြီး ပြောကြတယ်။ ဟော ဟိုတစ်ယောက်သွားပြောလည်း 'မင်းနဲ့မလိုက်ပါဘူး၊ မင်းက မြန်မာသံ စစ်စစ်ပါ' ဆိုပြီး ပြောကြတယ်။ ကျွန်တော့်မှာ အားကိုးရှာရတယ်။ ရှာတော့ အနီးစပ်ဆုံး ကျွန်တော့်အစ်ကို မောင်ဝဏ္ဏကို သွားတွေ့တယ်။
အဲဒီတုန်းက သူ ဘာရုပ်ရှင်ရိုက်နေသလဲဆိုတော့ 'ပန်းတွေနဲ့ဝေ' ရိုက်နေတဲ့အချိန်။ ပန်းတွေနဲ့ဝေကားမှာ ဘာပါသလဲဆိုတော့ Slow Go Go သံစဉ်နဲ့ သီချင်းတစ်ပုဒ်ပါတယ်။ အဲဒီသီချင်းကို စန္ဒရားလှထွတ်က သူကိုယ်တိုင် ဇာတ်ကားအဖွင့် သီချင်း အလေးကြီးကို တီးဆိုပေးတယ်။ ကျွန်တော်က ပန်းတွေနဲ့ဝေ ကားမှာ ဘာလုပ်ပေးရသလဲဆိုရင် ရှုတင်မန်နေဂျာပေါ့။ တောက်တိုမည်ရ အောက်ခြေသိမ်း လုပ်ပေးရတယ်။
ရှုတင်မန်နေဂျာဆိုတော အကုန်လုပ်ရပေမယ့် ကိုယ့်ကိုယ်ကိုယ် ကိုယ့်အသံလည်း ကိုယ်သိတယ်။ ငါဝင်ဆိုချင်လိုက်တာဆိုပြီး စိတ်ထဲက ဖြစ်တယ်။ ရှုတင်မန်နေဂျာက တီးဝိုင်းကြိုတာရော၊ သီချင်းတိုက်တာရော၊ သီချင်းအသံသွင်းတာရော အကုန်ဘေးက ရှိနေရတယ်။ ဘေးကနေ လိုက်ဆိုကြည့်တော့ သိတယ်။ ငါဆိုရင်တော့ ရမှာပဲဆိုပြီး ဖြစ်နေတာပေါ့ဗျာ။ နားထောင်ပြီး လိုက်ဆိုကြည့်တော့လည်း ဟုတ်နေတယ်။ ကောင်းနေတယ်။ စန္ဒရားလှထွတ်ထက် ငါအသံကောင်းမှန်း သိနေတာပဲ။ ကြွားပြောတာ မဟုတ်ပါဘူး၊ တကယ်ပြောတာပါ။ ငါဝင်ဆိုရင် ကောင်းမှာပဲပေါ့။ စန္ဒရားလှထွတ်ကို ပြောလည်းမပြောရဲ၊ သူက ကိုယ့်ဆရာ၊ 'မင်္ဂလာဦးမှာ' ဆိုတဲ့ သီချင်းက သူလုပ်ပေးတာ။ ဒီတော့ မောင်ဝဏ္ဏကို သွားပြောတာပေါ့။
"မင်းကွာ အသာနေစမ်းပါ"
ဆိုတော့ နေဆို နေရတာပေါ့။
အဲဒီတော့ ပန်းတွေနဲ့ဝေ Opening အဖွင့်မှာ Slow Go Go နဲ့ အလေး လုပ်တယ်။ လုပ်တော့ မပြီးသေးဘူး။ Another Version နဲ့ အမြန်အပိုဒ်လေး Go Go အမြန်နဲ့ လုပ်သေးတယ်။ အမြန်ကို အဆိုတော် ဇော်မင်းလေးကို ဆိုခိုင်းတယ်။ ဆိုခိုင်းတော့ ဇော်မင်းလေးဆိုရော။
"ဟင်း... ငါ ဆိုချင်လိုက်တာ၊ ငါ့သူငယ်ချင်းတောင် ဖြစ်သေးတာ"
ဒါနဲ့ မောင်ဝဏ္ဏကို သွားပြောပြန်ရော။
"ကိုကို ငါဆိုချင်လိုက်တာ"
"မင်း အသာနေစမ်းပါကွာ"
နေဆိုတော့ နေလိုက်ရပြန်ရော။
နောက်တစ်မျိုး၊ အဲဒီကားထဲက မင်းသား ကိုညွန့်ဝင်း၊ ကိုညွန့်ဝင်းကလည်း Cha Cha နဲ့ဆိုပြန်ရော၊ အဲဒါလည်း 'ဟင်း... ငါဆိုချင်လိုက်တာ' ဆိုပြီး 'ကိုကို ငါဆိုချင်တယ်' သွားပြော၊ 'ဟေ့ကောင် မင်းပါးစပ်ပိတ်ထားစမ်း' ဆို ပိတ်ထားရပြန်ရော။ ကြည့်နော်။ ကျွန်တော့်ကို ကံတရားက ဖယ်ပစ်တာ။ အစ်ကိုရင်းကကိုက ကျွန်တော့်ကို အထင်မကြီးဘူး။
အစ်ကိုလှထွတ်ကိုလည်း သွားမပြောရဲ၊ သူက နဂိုကတည်းက မျက်နှာက ရှုံ့ရတဲ့အထဲ ရှုတည်တည်ကြီးနဲ့ကြည့်တော့ မပြောရဲတော့ဘူး။ ဟော ကံတရားပဲနော်၊ ကံတရားက မြန်မာသံကို ၀င်မဆိုရပြန်ဘူး။ ရှုတင်မန်နေဂျာလုပ်တဲ့ကောင်ကို ကံတရားက ဘေးဖယ်ထားတယ်။ ကံတရားနော်၊ ကံတရားက ဘေးဖယ်လိုက်တော့၊ ဘာဖြစ်သလဲ ဆိုရင် စိတ်နာဖို့ ဖြစ်လာရော။
စိတ်နာတယ်ဆိုတာ ကြိုးစားဖို့ ဖြစ်လာတယ်နော်။ ကြိုးစားဖို့ဆိုရာမှာ နံပါတ်တစ် ဘာဖြစ်ရမလဲဆိုရင် စိတ်နာဖို့ အရင်ဖြစ်ရမယ်။ ဒါက ဒီနေ့ လူငယ်တွေအတွက် အရေးကြီးတဲ့အချက်ကို ပြောတာ။ စိတ်နာတဲ့အတွက် ကြိုးစားဖို့ ဖြစ်လာတယ်နော်။ အနာလေး၊ ဆူးလေး ပါလာတယ်။ ဒါဟာ နောင်တစ်ချိန် ပန်းတွေနဲ့ဝေ ကျွန်တော်ဆိုဖို့ ဖြစ်လာတာပါ။
စိတ်နာသွားတဲ့အခါကျတော့ 'မှတ်ထားတယ်၊ တစ်နေ့ ငါဆိုရမယ်'၊ ဒါက ရယ်စရာမောစရာအဖြစ်ပြောတာပါ။ တကယ်တော့လည်း ကျွန်တော့်အစ်ကိုက အဲသလို ပစ်ပစ်ခါခါ ပေယျာလကန်ကြီး ဘယ်ပြောပါ့မလဲ။ ကျွန်တော့်ကို အချိုသတ်ပြီးတော့ နည်းနည်းလေး ဘေးဖယ်တာပေါ့လေ။
ပြီးတော့ သူ့မှာလည်း ပန်းတွေနဲ့ဝေ ဇတ်ကားမှာ ကျွန်တော့်ကို သီချင်းဆိုခိုင်းဖို့ တခြားအစီအစဉ်တွေ ရှိပုံရပါတယ်။ သူဆိုခိုင်းတဲ့ အဲဒီ ပုဂ္ဂိုလ်သုံးယောက်ကလည်း တကယ့်သမ္ဘာရှိတဲ့ အဆိုတော်တွေပဲလေ။ သီချင်းဆိုတဲ့အခါမှာလည်း သူ့ဟာနဲ့သူ တကယ်ကောင်းကြပါတယ်။ ကျွန်တော့်မှာက တစ်ဖက်သတ် ဘ၀င်မြင့်နေတာပေါ့လေ။ ငါဆိုရင် ပိုကောင်းမှာပဲဆိုတဲ့ ထင်တစ်လုံးနဲ့ပေါ့လေ။ လူငယ်ကိုး၊ ငါဆိုရင် ဖြစ်မှာပဲလို့ ဖြစ်နေတာပေါ့လေ။ လူငယ်တစ်ယောက်အနေနဲ့ ကြိုးစားကြည့်ချင်တဲ့ သဘောလည်း ပါတာပေါ့လေ။ အဲဒါလေး ကျွန်တော် ပြောချင်တာပါ။
အဲဒီအချိန်မှာ ကံတရားကပဲ နောက်ထပ် ဘာဖြစ်လာသလဲဆိုတော့ ကျွန်တော် ဆိုချင်တယ်၊ ဆိုချင်တယ် ခဏခဏပြောတဲ့အခါ သူတို့ ကျွန်တော့်ကို ကရုဏာ သက်လာကြတယ်။ အစ်ကိုလှထွတ်နဲ့ အစ်ကို ၀ဏ္ဏက -

"သြော်... ဒီကောင်လေး သနားပါတယ်၊ ဒါပေမဲ့ ဒီပန်းတွေနဲ့ဝေ သီချင်းကို ခေတ်ပေါ် မြန်မာသီချင်းကို ဆိုချင်ရှာတယ်၊ ငါတို့က သူ့ကို ဆိုခိုင်းလို့ မဖြစ်ဘူး၊ ဒီတော့ တို့ ဘာလုပ်ရင်ကောင်းမလဲ"
ဆိုပြီး တိုင်ပင်ပုံရတယ်။ ကြည့်နော်၊ ကံတရား၊ ကံတရား။ ဒီဘက်မှာ ဘာဖြစ်သလဲဆိုရင် ပန်းတွေနဲ့ဝေ မဆိုရလို့ အမှတ်အတေးထားပြီး စိတ်နာလိုက်တယ်။ ဟိုဘက်က ကံတရားက ဘာဖြစ်လာသလဲဆိုတော့ ကိုညွန့်ဝင်းကြီး ချစ်သူနဲ့ကွဲသွားလို့ အဲဒီနေရာမှာ အလွမ်းသီချင်းလေးထည့်ရင် ကောင်းမှာပဲ။
"တို့ ခေတ်ဟောင်းသီချင်းကြီးတစ်ပုဒ် ရှိတယ်ဟေ့၊ ချစ်မိုးကြီးလေ၊ ချစ်မိုးကြီး ရှိတယ်ဟေ့၊ အဲဒီ ချစ်မိုးကြီးကတော့ ဗလကြီးဆိုတဲ့ သုမောင်နဲ့ မြန်မာသံစစ်စစ် လိုက်တယ်ဟေ့၊ ချစ်မိုးကြီးသီချင်း ထည့်ကြည့်လိုက်ရင် မကောင်းဘူးလား"
"ဟာ... ကောင်းတယ်ဗျ"
"ဒီကောင့် ဆိုခိုင်းလိုက်စမ်း"
ကြည့်စမ်းနော်၊ ဖြစ်ချင်တော့ ကံတရားအလှည့်အပြောင်းလေး။ ကြည့်နော်၊ ကျွန်တော် ချစ်မိုးကြီးကို ဆိုခွင့်ရလိုက်တယ်။ အဲဒီချစ်မိုးကြီးဟာ ပန်းတွေနဲ့ဝေ ဇာတ်ကားထဲမှာ သုံးမျိုးသုံးဦး ဆိုထားတဲ့ ပန်းတွေနဲ့ဝေ သီချင်းထက် ပိုပြီးလူကြိုက်များသွားတယ်။ ကျွန်တော်ငယ်ငယ်တုန်းက ဆိုခဲ့တဲ့ ချစ်မိုးကြီးလေ၊ နားထောင်ကြည့်ပါဦး။
ညို... ယောင်... မှိုင်း... မိုး... မိုးတိမ်ယံကဆိုင်း...
ဆိုင်းရက်လေပြီ
သက်ထား... ဘယ်သောအခါများ... ချစ်ပွားရပါမည်...
မည်... မည်
ချစ်မေတ္တာ သာစေကြောင်း... ဆုတောင်းပေးတဲ့ တာရှည်ခဲ့ပြီ
စကြ၀ဠာ ကွာစေငြား... ငြား... စိတ်မှာသာပင်...
လိပ်ပြာထဲက စွဲမိသည်
မတတ်သာ ခပ်ခွာခွာနေဦးလို့
မုန်းလို့တော့ မဟုတ်ဘူး...
အသည်းဘ၀င်မှာ အတည် မခွဲချင်ပါသည်...
ထာဝစဉ်မခွဲတမ်း မေ့ကိုရည်...
နေ့စဉ်ခင်မင်စွဲလမ်းသည်...
မြစန္ဒာ မြူနှင်းမှုန်တွေဆိုင်းလို့ရယ်...
နှစ်ယောက်ချင်းလည်း သဘောတူညီ
ချစ်တင်းလည်း နှောခဲ့သည်
ပြောပေမယ်လို့... သူကတော့ ရိုးမယ်မထင်ပါသည်
ချစ်ပင်ချစ်မိုး... ချစ်လက်စ ပျိုးခဲ့ကြသည်
သြော်... ပြောပေမယ်လို့... သူကတော့ ရိုးမယ်မထင်ပါသည်

ချစ်မိုးကြီး ရွာသွန်းလို့ရည်... သဲသဲမဲမဲ... သူ့ကိုမခွဲပါသည်
(သဉ္ဇာဗွေလီ... လူခြေတိတ်တောင် အိပ်လို့မရပေါင်...
ရောင်ခြည်ထွန်းကာ လင်းချိန်တန်ခဲ့... ပြီ)
အရိပ်ကို အရောင်ထင်သည်... လူချင်းတွေ့သလို
ပြောခဲ့ပါရစေ... မေ့လို့မရနိုင်ပါပြီ... ဖျောက်လို့မရနိုင်ပါသည်...
မျက်စိထဲမှာ ၀ဲကာပေါ်လာသည်...
ကြာလေမမေ့နိုင်တော့သည်... နေ့စဉ်ပဲ လွမ်းမိသည်...
အသည်းထဲက စွဲကာရည်... ခင့်ကိုရည်ညွှန်းထားခဲ့သည်...
အဲ... စောစောကပြောတဲ့ဆူး။ အမှတ်အတေးဖြစ်လာပြီဆိုရင် ကျွန်တော် ပြီးခဲ့တဲ့အပတ်က ပြောခဲ့ဖူးသလို အစ်ကိုကြီးကိုမင်းနောင်က မြန်မာ့အလှအပတို့စုဝေးရာ ဟင်္သာတေးသံသွင်းကနေ တိပ်ခွေသွင်းဖို့ ကျွန်တော့်ကို မျက်စိကျသွားတဲ့အခါ -
"ကဲ... ကိုသုမောင် တစ်ကိုယ်တော်ခွေ ထုတ်မယ်၊ ကြိုက်တဲ့သီချင်းတွေ ရွေးပါ"
ဆိုပြီး ကံတရား အလှည့်အပြောင်း ဖြစ်လာတဲ့အခါကျတော့၊ ကျွန်တော့်အတွက် ကြိုက်တာရွေးပါဆိုပြီး ပုံချလိုက်တဲ့အခါကျတော့ ကျွန်တော့်အတွက် တိန်တိန်ကိုမြည်တာပေါ့။
ရတယ်၊ မြန်မာ့အလှအပတွေ စုဝေးရာ ဟင်္သာဆိုတော့ မြန်မာသံတွေ ရွေးလိုက်တယ်။ ချစ်မိုးကြီးကလည်း ပြန်ပါတယ်၊ ခေတ်ဟောင်း တွေလည်း ပြန်ပါတယ်။ ရွေးလိုက်ပြီးတဲ့အပြင်ကို စောစောကပြောတဲ့ နာကြည်းချက်လက်နက်ကို ထုတ်သုံးလာတယ်။ အဲဒီအခွေအတွက် ခေါင်းစဉ်ယူရတော့မယ်ဆိုတော့ -
"ကဲ၊ ဦးဟန်သိန်းရေ၊ ဟင်္သာတေးသံသွင်းပိုင်ရှင်လေ။ ခေါင်းစဉ်ယူလိုက်တော့၊
"ဟာ ကိုသုမောင် ဘာခေါင်းစဉ်လဲ"
ဆိုတော့ -
"ပန်းတွေနဲ့ဝေဗျာ"
"ကောင်းတယ်ဗျာ၊ တီးဝိုင်းခေါင်းဆောင် ဘယ်သူ့သုံးမလဲ"
ဆိုတော့ -
"စန္ဒရားတင်ဝင်းလှိုင် သုံးမယ်ဗျာ"
ပန်းတွေနဲ့ဝေကို စန္ဒရားတင်ဝင်းလှိုင်နဲ့ ခေတ်ပေါ်မြန်မာသံအနေနဲ့ ကျွန်တော်ကောက်ဆိုလိုက်တာဟာ ကျွန်တော့်ရဲ့ ပထမဆုံးစီးရီး အောင်မြင်တော့တာပါပဲ။ အဲဒါဟာ ကံအလှည့်အပြောင်းနဲ့ ကျွန်တော့်ရဲ့ နာကြည်းချက်၊ ကြိုးစားမှုကို ဖြစ်ပေါ်စေတဲ့ နာကြည်းချက်ရယ်၊ အမှတ်အတေးထားပြီး ကောက်လုပ်လိုက်တဲ့ ဥာဏ်၊ ကံရယ်၊ ဥာဏ်ရယ်၊ ၀ီရိယရယ်ပေါင်းပြီး လုပ်လိုက်တာ ဖြစ်သွားပါတယ်။
ကဲ... ကျွန်တော် ၂၂ နှစ် ၂၃ နှစ်သားက ဆိုခဲ့တဲ့ 'ပန်းတွေနဲ့ဝေ' ကို နားဆင်ကြည့်ပါဦးခင်ဗျာ။
ပန်းတွေနဲ့ဝေ... ကိုယ့်ချစ်ဦးခေါင်းမှာ ပန်းကလေးတွေဝေ... ပန်းတွေနဲ့ဝေ... ကိုယ့်အချစ်ပန်းလေးတွေ တယုတယပန်နေ... တွေ့မြင်ရလို့ အမောပြေ... ချစ်လို့လားမေရေ...
နှင်းဆီကလေးတွေ... အဆင်းနီတွေး သင်းကြည်မွှေးပျံ့ကာနေ... ချစ်သူလည်းလေ... ပန်းလိုပဲလန်းလို့ အမြဲရှိပါစေ... တစ်နေ့ မမြင်ရရင် အမောမပြေ... ချစ်သ၀ဏ်တေးတွေစေ...
သူရယ်ကိုယ်ရယ်... လေ မပြောဘဲနဲ့ အသည်းချင်းသိလို့နေ... ပန်းချစ်တဲ့သူရေ... လှမ်းလင့်လို့ကြိုနေ... ဘယ်အခါ ဘယ်ကမ္ဘာမှာများ အသည်းချင်း နှင်းလို့ချစ်ရမလေ... အို... ပြောပါ ချစ်သူရေ...

အဲသလိုပါပဲ။ ကံအလှည့်အပြောင်းကလေး အရေးကြီးပုံကို ကျွန်တော် ဆက်ပြောပါရစေဦး။ တစ်ခါတစ်လေကျတော့လေ လောကကြီးက ထူးဆန်းတယ်ဗျ။ တချို့သီချင်းတွေ သူများ ဆိုပြီးသားဖြစ်ပေမယ့်လို့ ကိုယ်ဆိုတဲ့အခါကျတော့ ထပေါက်တာတွေရှိတယ်။
ဆိုပါစို့၊ ဒီနေ့ မင်္ဂလာဆောင်တွေမှာ သူမပါရင်မပြီးတဲ့ အဆိုတော်၊ အားလုံးသိပါတယ် ရီရီသန့်။ ဒီနေ့ တစ်နိုင်ငံလုံး ဟုန်းဟုန်းတောက်သွားတဲ့သီချင်း၊ ရီရီသန့်လို့ ဖြစ်သွားစေတဲ့ သီချင်း 'ဇေယျာကမ်းအလှပန်းချီ' သီချင်း။ စန္ဒရားလှထွတ်ရဲ့ သီချင်းပါပဲ။ ရီရီသန့်ဆိုတာ အပြင်မှာ အလွန်တော်တာဗျ။ သူအညာမှာနေတုန်းက စောင်းကောက်တီးတာ၊ အတီးရော အဆိုပါရတာ။
အားလုံးသိပါတယ်၊ သူ ဆိုတဲ့ မင်္ဂလာအခါတော်ပေးအခမ်းအနားတွေ ရောက်ဖူးတဲ့ပုဂ္ဂိုလ်တွေ ပိုသိပါတယ်။ သူကိုယ်တိုင် စောင်းကောက် ကိုယ်တိုင်တီးဆိုပြီး အခါတော်ပေးတာ၊ သူတစ်ယောက်ပဲ ရှိပါတယ်။ အမျိုးသမီး အဆိုတော်တွေထဲမှာ အလွန်တော်တဲ့ မိန်းမ၊ သူတော်တာက တစ်ပိုင်းဗျ။ နာမည်ကြီးဖို့ကျတော့ သိပ်ခက်တာဗျ။ ဒီဇေယျာကမ်းအလှပန်းချီတစ်ပုဒ်တည်းနဲ့ကို ဟုန်းဟုန်းတောက်သွားတာ။ သို့သော် အဲဒါ သူ့သီချင်းမဟုတ်ဘူးဗျ၊ မဟုတ်ဘူး။
ကျွန်တော့်အစ်ကို ဒါရိုက်တာမောင်ဝဏ္ဏပဲ အကယ်ဒမီရသွားတဲ့ ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း ဆိုတဲ့ဇာတ်ကားမှာ ရုပ်ရှင်မင်းသမီးမြတ်မွန်အတွက် နောက်ခံ playback ဆိုတဲ့ သီချင်းဗျ။ ဒီသီချင်းကို ဆိုတဲ့သူက သူ့ထက် အဲဒီအချိန်က နာမည်ကြီးတဲ့ မြန်မာသံအဆိုတော်ကြီးတစ်ယောက်ရဲ့ သီချင်းဗျ။ ဒီသီချင်းကိုပဲ ရုပ်ရှင်နောက်ခံတေးအဖြစ် ဆိုတာဗျ။ ဒါပေမဲ့ မပေါက်ဘူးဗျ။ ကြည့်နော်၊ ကံတရားက။
အဲဒီသီချင်းကိုပဲ အကိုလှထွတ်က ယူပြီးတော့ မြန်မာ့အသံမှာ ဓာတ်ပြားအဖြစ် ရီရီသန့်ကို ပွဲထုတ်လိုက်တဲ့အခါကျတော့၊ ဟောဗျ တစ်နိုင်ငံလုံး ဟုန်းဟုန်းတောက်ပြီး အဆိုတော်ရီရီသန့်ဆိုပြီး စောစောက မူရင်းအဆိုတော်လောက်ကို ပြိုင်တူနာမည်ကြီးသွားတာဗျ။ ဒီသီချင်းကိုလည်း ဗဟုသုတမှတ်ထားပြီး နားထောင်ကြည့်ကြပါဦးခင်ဗျာ။
(ရေဇလာနဒီ... သေလာမဟီ... ဇေယျာပြည်... စစ်ကိုင်း... တောင်၊ တစ်ခွင်လုံး ပတ်ရံလီ၊ ပုထိုးဘုရားစေတီ... ဘိုးဘွားအမွေဆီ၊ အကျိုးပွားစေရည်... တည်ထား နှစ်များကြာရှည်... တစ်မျှော်တစ်ခေါ်သာပဲ ရှုလို့ မဆုံးတော့ပြီ)
ဆောင်းတွင်းပန်း... ပွင့်လန်းဝေစည်... တင့်ဆန်းနေသည်... မကြွေစေချင်ပါသည်... အိုလေး လှပုံထူးပါလို့... သင်းပျံ့ ဆင်းရနံ့ကြည်... တောင်လုံးမြိုင်လုံး ကြိုင်မဆုံးဝေဆာသည်... ဧရာဝတီ... ဖွေကာလီ... ရစ်သားလို့သာ စီးဆင်းသည်... စစ်ကိုင်းတောင်တော်မဟီ...
သဘာဝအလှအပတွေနဲ့... ကြည်နူး... မဆုံးပါပြီ...
ဘယ်ဝယ်ဆီ... တမ်းတကာ မှန်းဆကာ... လွမ်းရပါမည်...
ဘယ်ဝယ်ဘယ်ဝယ်ဆီ... တမ်းတကာ... မှန်းဆကာ လွမ်းရပါ့မည်...
အို မသိနိုင်ဘူးအတည်... ငှက်အသွင်... တောင်ပံဖြန့်ချီ...
အထက်တစ်ခွင်... တောင်ကမ်းပါးယံအနှံ့ဆီ...
အိုလေးလေး မျှော်မဆုံး... သေလာဘွေမဟီ၊
အိုလေးလေးမျှော်မဆုံး... ဧ... ဧရာဝတီ...
နေခြည်... အနွေး... ထုံးဖြူဖြူ... ဖွေး... ဖွေး... ပါတဲ့
စစ်ကိုင်းတောင်... ဇေယျာ... ကမ်း... အလှ... ပန်းချီ
(အတီးပိုဒ်...)
ဒီလိုပဲ၊ ကျွန်တော့်ဘ၀မှာလည်း ရှိဖူးပါတယ်။
ဒီနေ့မင်္ဂလာဆောင်တွေနဲ့ ပတ်သက်လို့လည်း စကားမစပ်ပြောရရင် ဒီနေ့ ကျွန်တော့်သား ဖိုးသောကြာလည်း လိုက်ဆိုတယ်။ အကယ်ဒမီ ခြောက်ထပ်ကွမ်း ရန်အောင်လေးဆိုရင်လည်း တွေ့တိုင်း အစ်ကိုကြီး ကျွန်တော်ဆိုမယ်နော်၊ ကျွန်တော် ဆိုမယ်နော်နဲ့ ဒီမင်္ဂလာဆောင်တေးကို။ ရာဇာဝင်းတင့်လည်း တွေ့တိုင်း အစ်ကို ကျွန်တော်ဆိုပါရစေ။ တခြားမဟုတ်ပါဘူး၊ 'မင်္ဂလာဦးမှာ' ဆိုတဲ့သီချင်းပါ။ ဟိုလူတောင်း၊ ဒီလူတောင်းနဲ့၊ ဒီနေ့ တောရွာတွေမှာလည်း အော်လန်နဲ့ ဖွင့်ကြတုန်း၊ မင်္ဂလာဆောင်တွေရောက်ရင်လည်း ကျွန်တော့်ကို အဲဒီသီချင်းလေး ဂုဏ်ပြုပါဦးဆိုပြီး သီချင်းတောင်းနေကြတုန်း၊ အဲဒီ 'မင်္ဂလာဦးမှာ' သီချင်း၊ အဲဒါလည်း ကျွန်တော့်သီချင်း မဟုတ်ဘူးဗျ။ အဲဒါ ရုပ်ရှင်နောက်ခံတေးအဖြစ် ဇော်မင်းလေး ဆိုထားတာဗျ။ အဲဒါကိုပဲ စန္ဒရားကိုလှထွတ်က စာသားလေး နည်းနည်းပြောင်းပြီးတော့ ကျွန်တော့်ကို ဆိုခိုင်းတာ။ တစ်လုံး၊ နှစ်လုံးပြောင်းပြီး ဆိုခိုင်းလိုက်တာ သုမောင်သီချင်း ဖြစ်သွားရော။
အဲဒါ ကံတရား၊ ကံတရား ပြောတာပါ။ အဲဒါကြောင့် ကံတရားဟာလည်း အနုပညာလောကမှာ အလွန်အရေးကြီးတယ်လို့။ ကဲ ကဲ ပြောတာတွေများနေတော့ အဲဒီသီချင်းလေးလည်း ပြန် နားထောင်ကြည့်ပါဦး။
မင်္ဂလာဦးမှာ... အခါတော်ကျူးပါလို့... ရွှေဖူးစာ၊ ဂဟေစုံလာ... လက်ကိုတွဲကာ တစ်သက်ကို မခွဲပါ... ချစ်မ၀နိုင်ဘူး... ချစ်ဦးသက်လျာ... မောင်မယ်တူနှစ်ဖြာ အကြောင်းကံ ဆုံလာ... ချစ်ခရီး... အစမှာ...
(လပြည့်ဝန်း ရွှန်းလဲ့ကာ ခင့်မျက်နှာလေးပါ... နေရောင်ခြည်လိုဝင်းဝါ မောင့်မျက်နှာပါ... မြခြယ်စိန်မွှန်း တင့်လွန်းဝင့်ထွန်း ရွှန်းဝေဖြာ... မင်္ဂလာဦးမှသာ ရွှေရတု... စိန်ရတုတိုင်မှာ...)
မေတ္တာစုံတဲ့ပွဲ... လှိုက်လှဲ ၀မ်းသာ... ကောင်းချီးတွေပေးကာ... တေးကဗျာ... ကျွေးကာ... အယဉ်အလှဖူး... မင်္ဂလာဦးမှာ... ရွှင်ပျမြူးစွာ... မောင်မယ်တူနှစ်ဖြာ... ရွှေလက်တွဲ နှစ်ပေါင်းတစ်ရာ ရှည်ကြာ...။
ကဲ နောက်တစ်ပုဒ်၊ ဒီတစ်ပုဒ်ကတော့ ပိုပြီးအရေးကြီးလာပါတယ်။ သီချင်းကြီးပေါ့နော်၊ ကြိုးသီချင်း၊ စိန်ခြယ်ဖြာရောင်လင်း။ ဒီသီချင်းကတော့ ကံရော၊ ဥာဏ်ရော၊ ၀ီရိယရောပါတဲ့အပြင် ဒေါသပါ ပါတယ်ဗျာ။ ဒီဟာလေးတော့ သေသေချာချာလေး နားထောင်ပေးစေချင်တယ်။ စိန်ခြယ်ဖြာရောင်လင်းဆိုတဲ့ ကြိုးဆိုလို့ သိပ်ပြီးတော့လည်း အလေးကြီးမထင်နဲ့ဗျ။ ဒီလိုဗျ၊ တစ်ခါသားမှာ ကျွန်တော့်ဆီကို မြန်မာ့ရုပ်မြင်သံကြားကနေ အဆက်အသွယ် လုပ်တယ်။ သီချင်းကြီးတစ်ပုဒ် ရိုက်ချင်ပါတယ်၊ ကိုသုမောင် ကူညီပေးပါတဲ့။ အေးအေး ကောင်းပြီပေါ့၊ ရိုက်ပေးမယ်ပေါ့ဗျာ။ သီချင်းကြီးကိုတော့ ကိုသုမောင်ပဲ ရွေးပါတဲ့၊ ကြိုက်ရာ ရွေးပါတဲ့။
ကျွန်တော်က ကျွန်တော့်အဖေ ဦးသာဓု အလွန်ကြိုက်တဲ့ သူပျင်းလို့ရှိရင် ဒီအဘိုးကြီးက သူ့သွားကျိုးလေး လေထွက်ပြီးတော့ ညည်းတဲ့သီချင်း 'တိမ်နီတိမ်ပြာ မိလ္လာမြဆိုင်း ညို့ညို့ မှိုင်းတချို့... ၀ိုင်းလို့... တိမ်ပြာ' ဆိုတဲ့သီချင်း။
ကျွန်တော် ငယ်ငယ်တုန်းကဗျာ၊ လသားအရွယ်လေး မအိပ်လို့တဲ့ အဲဒီသီချင်းလေး ဆိုပြရတယ်တဲ့။ သူ့သွားကျိုးလေထွက်သံနဲ့ ညည်းနေရှာတဲ့ သီချင်း။ ကျွန်တော့်အမေက ပြောတယ်။
"ကိုဖေသန်းရယ်၊ ရှင့်မလဲ ဒီ ကလေး လသားလေး ဒီသီချင်းနဲ့ သိပ်ရသလား" တဲ့၊ ပြောတယ်။
ဒါ အမှတ်တရပါ၊ အဖေကြိုက်တဲ့သီချင်း၊ အဖေ ဦးသာဓုကြိုက်တဲ့သီချင်း၊ အဖေ မသေခင် အဖေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒါလေးကို ဆိုပေးမယ်ဆိုပြီး စီစဉ်လိုက်တယ်။ ဒီတော့ ကြိုးသီချင်းကို ကျွန်တော်က ရိုးရိုးဆိုင်းနဲ့ မဆိုချင်ဘူး။ ဆန်းသစ်ချင်တော့ ဆိုင်းဝိုင်းအပြင် ခေတ်ပေါ် စန္ဒရားနဲ့ပါ တွဲပြီး လုပ်ချင်တာ။ ဒီနေရာမှာ စကားမစပ် ပြောချင်သေးတယ်။
လူတွေက မြန်မာသံလို့ပြောရင် စန္ဒရားနဲ့မှ မြန်မာသံထင်ကြတာ။ စန္ဒရားက မြန်မာတူရိယာမဟုတ်ပါဘူး။ အနောက်တိုင်း စစ်စစ်ဗျ။ ကျွန်တော်က ဒီဘက်ကဆိုင်းနဲ့၊ ဟိုဘက်က စန္ဒရားနဲ့ အပြိုင်တွဲလုပ်ချင်တာ။ အဲဒီတုန်းက စန္ဒရားဘုရင်က ဘယ်သူလဲဆိုတော့ ဂီတလုလင်ဦးကိုကိုဗျ။ ဒီဘက်က ဆိုင်းဘုရင်က ဘယ်သူလဲဆိုတော့ စိန်ဗိုလ်တင့်၊ အဲဒီ နှစ်ယောက်နဲ့ယှဉ်ပြီးတော့ ကျွန်တော်က လုပ်ချင်တာ။
ကျွန်တော်က သိသိကြီးနဲ့ သွားပြောတယ်။ အရေးကြီးပြီနော်၊ ကျွန်တော်ပြောချင်တဲ့ ဒေါသ၊ ဂီတမှာ ဒေါသလည်း ပါသင့်တယ်ဆိုတာ ကျွန်တော် ပြောချင်တာပါ။ ပထမ ဂီတလုလင်ဦးကိုကိုဆီ သွားတယ်၊ ကျွန်တော်တို့က ချစ်စနိုးနဲ့ ကိုကိုလို့ခေါ်တယ်။
"ကိုကို၊ စိန်ခြယ်ဖြာရောင်လင်း လုပ်ချင်တယ်၊ တီးပေးပါ"
ဆိုတော့ -
"အေး... ကောင်းတယ်ကွ၊ ဒီသီချင်း ကောင်းတယ်ကွ၊ တီးပေးမယ်ကွ" တဲ့။
"တစ်ခုတော့ရှိတယ်ကိုကို၊ တစ်ပိုဒ်ကို ကိုကိုနဲ့ကျွန်တော် ဆိုတီးလုပ်မယ်၊ နောက်တစ်ပိုဒ်ကို အစ်ကိုတင့်နဲ့..."
"ဟေ့ကောင်၊ ဟေ့ကောင် အစ်ကိုတင့်ဆိုတာ ဘယ်သူလဲကွ"
"ရွာစားစိန်ဗိုလ်တင့်"
"ဟေ့ကောင် တော်ပြီကွာ၊ တော်ပြီကွာ၊ ဒီကောင့်အကြောင်း ငါ့လာမပြောနဲ့"
ဟား... သိတယ်၊ ကျွန်တော်ကသိတယ်၊ သိသိကြီးနဲ့ သွားတာ။ အဲဒီအချိန်တုန်းက သူတို့ နှစ်ယောက် ရန်ဖြစ်ထားတာ၊ ကျွန်တော်က သိသိကြီးနဲ့ သွားရန်တိုက်ပေးတာ။
ရန်တိုက်ပေးမှ၊ အပူနဲ့အအေးတိုက်ပေးမှ ဒေါသေပေါက်ကွဲတော့မှာကိုး။ ဒေါသပေါက်ကွဲတော့မှ ဒီသီချင်းက ဆူတော့မှာကိုး။ ဒီ သီချင်းကြီးက အအေးကြီးဗျ။ အေးပြီးသားကို ထပ်အေးနေရင် ဘယ်ကောင်းတော့မလဲ၊ ပူမှ ပွဲဆူမှ လူငယ်ကြိုက်မှာကိုးဗျ။ သီချင်းကြီးကို လူငယ်တွေကြိုက်အောင် ပွဲဆူအောင် ကျွန်တော်က လုပ်မှာကိုး။ ဥာဏ်ကူရတာပေါ့။ ကံ၊ ဥာဏ်၊ ၀ီရိယနဲ့ ဒေါသပါအောင် လုပ်ရတာပေါ့။ ဆိုတော့ကာ ဒီနှစ်ယောက်ကို ကျွန်တော်က တိုက်ပေးတာ၊ ဥာဏ်ကူရတာပေါ့။ နောက်ဆုံးပိတ် ရှိခိုးဦးတင် ခြေထောက်ဖက်ပြီး -
"ကိုကို၊ ကျွန်တော့်မျက်နှာနဲ့ လုပ်ပါဗျာ"
လို့ ရှိခိုးဦးတင် တောင်းပန်ရတာပေါ့။
"အေးကွာ မင်းမျက်နှာကြောင့် လုပ်ပေးတာ၊ ဒီကောင့်ကြောင့်ဆိုရင် ငါမတီးဘူးကွ" တဲ့။
အခုတော့လည်း နှစ်ယောက်စလုံး သေသွားကြပြီဆိုတော့ ဒီစကား ပြောရဲတာပါ။ ဒီတော့ ဂီတလုလင်ဦးကိုကိုနဲ့ အဆင်ပြေသွားရော။
အဆင်ပြေသွားတော့ ကျွန်တော် စိန်ဗိုလ်တင့်ဆီ သွားတယ်။
"အစ်ကို၊ အစ်ကိုတင့်၊ ကျွန်တော် စိန်ခြယ်ဖြာရောင်လင်း ပြန်ဆိုမလို့။ တီဗွီရိုက်မှာ၊ အစ်ကို တီးပေးနော်"
ဆိုတော့ -
"အေး... ကောင်းတာပေါ့ကွ ဗလကြီးရ။ တီးပေးမှာပေါ့၊ ပထမပိုဒ်ရော ဒုတိယပိုဒ်ပါ တီးပေးမှာပေါ့။ ငါ အပီတီးမှာကွ" တဲ့။
"အစ်ကို ဒုတိယပိုဒ်ပဲ တီးပေးပါ"
"ပထမပိုဒ်က ဘယ်သူတီးမှာလဲ"
"ပထမပိုဒ်က ကိုကို တီးမှာ"
"ဘယ်က ကိုကိုလဲကွ"
"ကိုကိုလေ၊ ဂီတလုလင် မောင်ကိုကိုပေါ့"
"ဟေ... ဒီကောင်နဲ့ဆို ငါ မတီးဘူးကွ"
ဟဲဟဲ သိတယ်၊ ကျွန်တော်က သိတယ်၊ သူတို့နှစ်ယောက် မတည့်ဘူးဆိုတာ သိတယ်။ သူတို့နှစ်ယောက်က ခင်ကြပါတယ်။ သူတို့ နှစ်ယောက် ရန်ဖြစ်ထားတယ်ဆိုတာ သိတယ်။ ပြဿနာတစ်ခုကြောင့် ရန်ဖြစ်ထားကြတာ။ သူနဲ့ဆိုရင် မတီးဘူးတဲ့။
"မလုပ်ပါနဲ့ အစ်ကိုရာ၊ ကျွန်တော့်မျက်နှာနဲ့ တီးပေးပါ"
ခြေထောက်ဖက်ပြီး တောင်းပန်ရတာပေါ့။ နောက်ဆုံးတော့လည်း မင်းမျက်နှာနဲ့ တီးပေးပါမယ်ဆိုပြီး ရပါလေရော။ တီးမယ်ဆိုတော့ ရုပ်မြင်သံကြားမှာ အရုပ်တွေပါ ပါမှာနော်။ နှစ်ယောက်စလုံးပုံတွေပါမှာ။ ကဲ ကင်မရာနှစ်လုံးနဲ့ ရိုက်ဖို့ ကျွန်တော့်အစ်ကို မောင်ဝဏ္ဏကိုပါခေါ်လာပြီး ကင်မရာတွေချိန်၊ ချိန်ပြီးတော့ စိန်ခြယ်ဖြာရောင်လင်းကို ကျွန်တော်က အလယ်က မတ်တပ်ရပ်ဆိုပါတယ်။
သီချင်းကြီးဆိုတာ ထုံးစံ ထိုင်ဆိုရတာပါ။ ကျွန်တော်က လူကြီးကို တက်ပြောတယ်။ ကျွန်တော် မတ်တတ်ရပ်ဆိုပါရစေဆိုတော့ 'ဆိုစေဗျာ' ပေါ့ဗျာ၊ ကျွန်တော်လုပ်ချင်တာက ဒီဘက်ကတီးနေတဲ့အခါ အဲဒီဘက် လမ်းလျှောက်ချင်တယ်။ ဟိုဘက်ကတီးနေရင်လည်း ကျွန်တော် လမ်းလျှောက်သွားတယ်။ သီချင်းကြီး အေးနေတာကို လှုပ်ချင်တာ။ ဒေါသ သင့်ချင်လို့။ ဒီတော့ ကျွန်တော်စီစဉ်တဲ့အတိုင်းဖြစ်တယ်။ ကင်မရာတွေက လှုပ်တယ်၊ ကျွန်တော် စီစဉ်တဲ့အတိုင်း ဘာဖြစ်လာသလဲဆိုတော့ ဒေါသ။ နှစ်ယောက်ပြိုင်ကြတာ။
စန္ဒရားလက်သံကလည်း လိုအပ်တာထက် ပိုကြမ်းတယ်။ တီးနေတဲ့အချိန်မှာ ဂီတလုလင်ဦးကိုကိုဟာ လက်ကွက်ကို မကြည့်တော့ဘဲ ဦးကိုကိုမျက်စောင်းက စိန်ဗိုလ်တင့်ကို ထိုးတယ်။ စိန်ဗိုလ်တင့်ဟာလည်း တီးနေတဲ့အချိန်မှာ ပတ်လုံးကို မကြည့်တော့ဘဲ ဦးကိုကိုကိုကြည့်ပြီး မျက်စောင်းထိုးတယ်။ လက်သံကလည်း ပြောင်သလားမမေးနဲ့၊ ဟိုက စန္ဒရားလက်သံကလည်း တူထုသလို ဆော်တော့တာ။
ဒီနေရာမှာ အရေးကြီးတာက ကျွန်တော် ပြောချင်တာက ဆရာစိန်ဗိုလ်တင့်တို့၊ ဆရာ ဦးကိုကိုတို့ဆိုတာက သူတို့ဂီတနယ်မှာတော့ ဘုရင်တစ်ဆူစီပါပဲ။ သို့သော် သူတို့တွေဟာ လူသားတွေပါ။ အဲဒီတော့ တစ်ခါတလေ ၀မ်းနည်းမယ်၊ တစ်ခါတလေ ၀မ်းသာမယ်၊ တစ်ခါတလေ ဒေါသဖြစ် ပေါက်ကွဲမှာပဲလေ။ အဲသလို လူသားဆန်ဆန် သူတို့ဘာသာ သူတို့ ပေါက်ကွဲနေတဲ့အချိန်မှာ ကျွန်တော်က အကူအညီသွားတောင်းမိတာ၊ တိုက်ဆိုင်မှုဖြစ်တာ ဆိုတော့ ဒီတီးကြမှုတ်ကြတဲ့အခါမှာ သူတို့ရဲ့ အပြင်ပန်း ဗဟိဒ္ဓသဏ္ဌာန်မှာက နည်းနည်းဒေါသစိတ် ပါဝင်မှာဖြစ်ပေမယ့်လို့၊ သူတို့ရဲ့ အတွင်းသန္တာန်ဖြစ်တဲ့ အနုပညာတို့၊ နှလုံးသားထဲမှာကျတော့ တစ်ယောက်နဲ့တစ်ယောက် ဖက်လဲတကင်း ချစ်နေကြတာဗျ။ အနုပညာစိတ်နဲ့ မသိစိတ်က ချစ်နေကြတာပေါ့။ ဆန့်ကျင်ဘက်တွေ လှလှပပ ပေါင်းစည်းမိတာပေါ့။ Harmony with contract ပေါ့လေ။
အဲသလိုဖြစ်သွားတာကို ကျွန်တော်က လူလည်ကျပြီး အမိအရ ဖမ်းဆုပ်လိုက်တဲ့အခါမှာ ဒီ စိန်ခြယ်ဖြာရောင်လင်းဟာ လှပကြွရွလာပါတယ်။ ကဲ... စိန်ခြယ်ဖြာရောင်လင်းကို နားသောတ ဆင်ကြည့်ကြပါဦးဗျာ။
(စိန်ခြယ် ဖြာရောင်လင်း... ဒေါင်းမင်းဂေါယာ... ယွန်းလုလု ပျော်စံရာ...)
(တိမ်နီ... တိမ်ပြာ... မိလ္လာမြဆိုင်း... မှိုင်းတချို့ ၀ိုင်းလို့ရွှေဝါ...)
(စိတ်ထဲ မှတ်စွဲသည်... မိုးထက်မိုးအာကာ...)
(စုံမခြား... ဂဠုန်နဂါး... စုံများလှရုပ်ကောင် မှန်စွာ သေချာဖွေရှာ မှန်းထင်ကြည့်... လွမ်းချင်သည့်စိတ်က ၀ိပလ္လာ...)
ဒီ့ထက်ပိုပြီးတော့ ထူးခြားလာတဲ့ အကျိုးအမြတ်က ဘာလဲဆိုတော့ ကျွန်တော့်သားလေးဖိုးသောကြာကို ပွဲဦးထွက်ရုပ်ရှင်အဖြစ် ဆိုကရေးတီးအတွက် နိုင်ငံတော်အစိုးရက ကျွန်တော့်ကို ကားတစ်ကား ရိုက်ပေးပါဆိုတော့၊ ကျွန်တော် အဲဒီကားကို စိန်ခြယ်ဖြာရောင်လင်းသီချင်းနာမည်နဲ့ပဲ ကျွန်တော် ဇတ်လမ်းတစ်ပုဒ် ရိုက်ပေးတဲ့အခါမှာ မျက်နှာသစ်ကလေးဖြစ်တဲ့ ဖိုးသောကြာဟာ သူ့မှာ အသံကလေးကလည်းရှိတော့ အဆိုတော်လေးအဖြစ် ရိုက်ကူးပါတယ်။
ဒီနေရာမှာလည်း စားမစပ်ပြောရရင် တစ်နေ့မှာ ဘာဖြစ်လာသလဲဆိုတော့ ဖိုးသောကြာက အဆိုတော်မဖြစ်သေးဘူးခင်ဗျ။ ဒီမှာလည်း ကံတရားလေးက ပါလာတာပါ။ သားက ကျွန်တော်နဲ့ အသံချွတ်စွပ်တူတယ်။ တစ်နေ့မှာ မောင်ရာမက ကျွန်တော်နဲ့ မေဆွိကို အသံသွင်းဖို့ဆိုပြီး ကျွန်တော့်ဆီကို ဖုန်းဆက်လာပါတယ်။ အခုတော့ မောင်ရာမလည်း သေသွားရှာပါပြီ။ တယ်လီဖုန်းထဲမှာ လူတွေရဲ့ပင်ကိုသံ၊ အဆိုတော်တွေရဲ့ အသံက မိုက်ကရိုဖုန်းထဲကလိုပဲ အသံထွက်ပါတယ်။ ဆိုတော့ သားက ဖုန်းကိုင်တယ်။
"အမိန့်ရှိပါ ခင်ဗျာ"
ဆိုပြီးဖြေတော့ ရာမက ကျွန်တော် ဖုန်းကိုင်တယ်ထင်ပြီးတော့ -
"အစ်ကိုလား" တဲ့။
"မဟုတ်ပါဘူး၊ သားပါခင်ဗျ"
"အစ်ကို၊ မေဆွိနဲ့ သီချင်း သွင်းစရာရှိတယ်"
"မဟုတ်ဘူခင်ဗျ၊ သားပါခင်ဗျ၊ သားပါခင်ဗျ"
ဆိုပြီး အဖေ့ကို ခေါ်ပေးမယ်ဆိုပြီး ကျွန်တော်က -
"အေး၊ ညီလေး၊ ဘာလဲ"
ဆိုတော့ -
"သားလားတဲ့၊ အဖေ့ကို ခေါ်ပေးပါ"
ဆိုပြီး ပြောင်းပြန်တွေဖြစ်ကုန်တယ်။
အဲဒီ မတော်တဆမှုလေးက ဘာဖြစ်သွားသလဲဆိုတော့ ရာမက -
"အစ်ကို သားပါခေါ်ခဲ့ပါ၊ သားအသံက အစ်ကိုနဲ့တူနေတေယ်၊ သားပါခေါ်ခဲ့ပါ" တဲ့။
"ကဲကွာ၊ သား ခဏလိုက်ခဲ့စမ်းကွာ၊ ကားမောင်စမ်း"
ဆိုပြီးခေါ်သွားတယ်။ ဟိုရောက်တဲ့အခါကျတော့ ရာမက အစ်ကို သီချင်းလေးတစ်ပုဒ် 'ခင်စရာ မင်စရာ ရူပါရုံချောသူသက်လျာ' ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို အစမ်းဆ ဆိုခိုင်းမယ်ဆိုပြီး -
"ကဲ သားရယ်၊ ခဏ ၀င်စမ်းကြည့်စမ်းကွာ"
ဆိုပြီး ဆိုခိုင်းတယ်။ ကလေးကလည်း ဘာရယ် မဟုတ်ဘူး၊ အဖေဆိုနေတဲ့သီချင်း ကြားရဖန်များပြီး နားစွဲနေတော့ ဆိုလို့ ဖြစ်သွားတာပေါ့။ အဲဒီတစ်ပုဒ်ကို ရာမက အသံသွင်းပြီး ယူထားလိုက်တယ်။
အဲဒါနဲ့ ဒီကောင်ကလည်း ဘာရယ်မဟုတ်ဘဲ အဖေ့စီးရီးထဲမှာ ပါသွားရင်းနဲ့ သီချင်းဆိုဖြစ်သွားတာ။ ဆိုတော့ ခုနပြောတဲ့ စိန်ခြယ်ဖြာရောင်လင်း ရိုက်ဖြစ်တဲ့အခါကျတော့ ရှေ့ပိုင်းမှာ အဲဒီသီချင်းနဲ့ ဖိုးသောကြာ သီချင်းဆိုတဲ့ အခန်းရိုက်လိုက်တာ။ ရိုက်လိုက်တော့ ပရိသတ်ကလည်း ဖိုးသောကြာ သီချင်းဆိုတတ်တယ်ဆိုတာလေး သိသွားတယ်၊ ပေါ်သွားတယ်။ နောက်ပိုင်း ဇာတ်သိမ်းမှာ စောစောကပြောတဲ့ စိန်ဗိုလ်တင့်ရယ်၊ မောင်ကိုကိုရယ်၊ ကျွန်တော်ရယ် ဆိုထားတဲ့ ဇာတ်သိမ်းကို ထည့်ပြလိုက်တယ်။ ထည့်ပြလိုက်တော့ ခက်တာက မင်းသားက ဖိုးသောကြာ၊ စောစောက မြန်မာ့ရုပ်မြင်သံကြားမျာ ရိုက်ထားတာက သုမောင်၊ စိန်ဗိုလ်တင့်၊ မောင်ကိုကိုရယ်ဖြစ်နေတယ်။
ဖြစ်နေတော့ ကျွန်တော်က ရုပ်ရှင်ပညာနဲ့ ကျွန်တော့်အရုပ်တွေကို ဖြတ်ထုတ်ရတာပေါ့။ ကျွန်တော့်အရုပ်တွေကို ဖြတ်ထုတ်ပြီးတော့ ကျွန်တော့်အရုပ်တွေနေရာမှာ ဖိုးသောကြာရဲ့မိန်းမ၊ ဗိုက်ကြီးသည် ကလေးမွေးတော့မယ့်အခန်းတွေ၊ အရုပ်တွေကို ကျွန်တော်သီချင်းဆိုတဲ့နေရာတွေမှာ ထည့်လိုက်တာ။ စိန်ဗိုလ်တင့် မျက်နှာကြီး စူပုပ်ပြီး တီးနေတာရယ်၊ မောင်ကိုကို မျက်နှာကြီး စူပုပ်ပြီး တီးနေတာရယ်၊ ကျွန်တော့်အသံရယ်၊ ကောင်မလေး လူးလိမ့်ပြီး ကလေးမွေးနေတာရယ် ခုခုပြီးပြတော့ အဲဒီမှာ ဒီဒေါသတွေနဲ့ ကျွန်တော့်အသံ ပျောက်ပြီး ဖိုးသောကြာအသံပဲ ထင်ပြီး ပရိသတ်က ကြိုက်ကြတာပေါ့။ ဒေါသကြောင့် ဒီကားပေါက်ပြီးတော့ ဟော ဖိုးသောကြာ မင်းသားဖြစ်သွားတယ်။ ဒါဟာ အသံရယ်၊ ရုပ်ရယ်၊ ဒေါသရယ်၊ ကံရယ်၊ ဥာဏ်ရယ်၊ ၀ီရိယရယ် ပေါင်းလိုက်လို့ ဘာမဟုတ်တဲ့ ကောင်လေးတစ်ယောက် အနုပညာလောကမှာ ထွန်းတောက်လာတာပါ။
ကဲ ဒီတစ်ပတ် ဒီမျှနဲ့ နားလိုက်ကြရအောင်ဗျာ။

ရွှေမန်းတင်မောင်က သူ့ပရိသတ်ကို ထိုင်ကန်တော့တယ်

သြော်... ဒါနဲ့စကားမစပ်၊ အင်း... ပြီးခဲ့တဲ့အပတ်က အနုပညာနဲ့ ပရိသတ်ဆက်ဆံရေးအကြောင်း ပြောခဲ့ပါတယ်။ အဲဒီမှာ ဘာပါသွားလဲဆိုတော့ မြန်မာ့ဇာတ်သဘင်ကို အစဉ်အဆက် ဘယ်လိုခေါ်ခဲ့ကြသလဲဆိုတော့ အမြင့်သဘင်လို့ ခေါ်ခဲ့ကြတယ်။ အမြင့်သဘင်လို့ခေါ်ပြီးတော့မှ ဘယ်ဘ၀ ရောက်နေသလဲဆိုရင် မြေကြီးပေါ် ဖျာခင်းပြီး ထိုင်ကြည့်ကြရတဲ့ အနိမ့်သဘင်ဘ၀ ရောက်လာတဲ့ စိတ်မကောင်းစရာအကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ခုနောက်ပိုင်း ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေ လုပ်ပေးတဲ့အတွက်ကြောင့် တော်တော်လေး ပြန်မြင့်လာတယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ သမ္မတရုပ်ရှင်တို့လို အအေးခန်းရုပ်ရှင်ရုံတွေမှာ ကပြစေချင်တယ်။ ပြန်ပြီးတော့ မြှင့်တင်စေချင်တယ်။ ဒါဟာလည်း စပွန်ဆာလုပ်နိုင်တဲ့သူတွေ၊ ပွဲသွင်းပေးနိုင်တဲ့သူတွေလုပ်ရင် ဖြစ်နိုင်တဲ့ကိစ္စပါ။
လူငယ်တွေကလည်း ဇာတ်သဘင်ကို မကြည့်ချင်ကြတာ မဟုတ်ပါဘူး၊ ကြည့်ကြပါတယ်။ ဆိုပါစို့ ခုနောက်ပေါ်တဲ့ ဇာတ်မင်းသားလေး ဖိုးချစ်ဆိုရင် မိန်းကလေးတွေ၊ ယောက်ျားလေးတွေ အသည်းစွဲပဲ။ အဲဒီတော့ သူတို့လေးတွေနဲ့ ဆွယ်ပြီးတော့ မြန်မာ့ဇာတ်သဘင်ကို ပြန်ဖော်ထုတ်မယ်ဆိုရင် ရနိုင်တာပဲ။ ကျွန်တော်ပြောချင်တာကလည်း ဇာတ်သဘင်မှာ ကဟန်၊ ဆိုဟန်၊ ကဇာတ်၊ နောင်ပိုင်းဇာတ် စသဖြင့် ဇာတ်သဘင်မှာ သမ္ဘာရင့်တဲ့ ပုဂ္ဂိုလ်တွေက ပြောကြဆိုကြပါတယ်။
ကျွန်တော် မြင်တာလေး ပြောချင်ပါတယ်။ ကျွန်တော်ပြောနေတဲ့ အတိုင်းပေါ့လေ။ ပရိသတ်နဲ့ အနုပညာသည် ဆက်ဆံရေး။ အဲဒီမယ် ကိုယ်တွေ့လေးတစ်ခု ပြောပါ့မယ်။ ကိုယ်တွေ့ဆိုတာက အလွန်နီးစပ်တဲ့ ကြားဖူးနားဝလေးတစ်ခုပါ။ အားလုံးသိပြီးသား ကြားဖူးနားဝ ရှိပြီးသား ကိစ္စပါ။
အလွန်နာမည်ကြီးတဲ့ ဇာတ်မင်းသားကြီးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ရွှေမန်းတင်မောင်ပါ။ လူတိုင်း သိပါတယ်။ စကားပြောကောင်းတဲ့ နေရာမှာ ကောင်းလွန်းလို့ တင်စားပြီးတောင် အပြောခံရပါတယ်။ အပြောကတော့ ရွှေမန်းတင်မောင်ပဲဟေ့ ဆိုပြီး ဒီနေ့ထိ ပြောနေကြတုန်းပါပဲ။ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ပါ။ ဒီနေရာမှာလည်း ဗဟုသုတလေးတစ်ခုပြောရဦးမယ်။ ဇာတ်သဘင်လောက၊ ဇာတ်မင်းသားလောကမှာ မြန်မာပြည်မှာ အလင်္ကာကျော်စွာဘွဲ့ကိုရတာ သူတစ်ယောက်ပဲရှိတယ်။ ဒီနေ့လူငယ်တွေ မျက်စိထဲမြင်အောင်၊ နားထဲကြားအောင် ပြောရမယ်ဆိုရင် အကယ်ဒမီခုနစ်ထပ်ကွမ်း မင်းသားကြီးညွန့်ဝင်းရဲ့ဖခင်၊ ဇာတ်မင်းသား ကိုဆန်းဝင်းရဲ့ဖခင်ပါ။ ပြောချင်တာက ဦးတင်မောင်ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်ကလေးပါ။ ဒီလိုပြောလို့ ဦးတင်မောင်နဲ့ ကျွန်တော်နဲ့ နီးစပ်သလားဆိုတော့ မနီးစပ်ပါဘူး။ ကျွန်တော့်အဖေနဲ့မှ မိတ်ဆွေသူငယ်ချင်းတွေပါ။ ဘယ်လိုပတ်သက်သလဲဆိုတော့ ဦးတင်မောင်ရဲ့ တွဲဖက်မင်းသမီး ဒေါ်အောင်သန်းတင်နဲ့ ပတ်သက်လို့ သိရတာပါ။
ဒေါ်အောင်သန်းတင်ဟာ ကျွန်တော့်မိခင်ကြီးနဲ့ ညီအစ်မနှစ်ဝမ်းကွဲ သွားတော်ပါတယ်။ ဒီတော့ အဲဒီလိုပတ်သက်ခဲ့ရတာပါ။ ဇာတ်သဘင်မှာ ဇာတ်မင်းသားတစ်လက် ပေါ်လာပြီဆိုရင် တွဲဖက်မင်းသမီးက ပါလာရတာကိုး။ ဆိုပါစို့ဗျာ၊ မင်းသားကြီးဝင်းဦး ပေါ်တုန်းကဆို ၀င်းဦး၊ ၀ါဝါ၀င်းရွှေပေါ့။ ညွန့်ဝင်း၊ ခင်သန်းနုပေါ့လေ၊ ဇော်ဝမ်း၊ တင်တင်ညိုပေါ့လေ။ ကျွန်တော်ပေါ်တုန်းကလည်း သုမောင်၊ ခင်သီတာထွန်းပေါ့။ ဒီနေ့ ဆိုရင်လည်း လွင်မိုးဆိုရင် စိုးမြတ်သူဇာပေါ့၊ နေတိုးကျတော့လည်း အိန္ဒြာကျော်ဇင်ပေါ့လေ။ အဲသလို တွဲဖက်ပေါ်လာရတာကိုး။
အဲဒီတစ်ချိန်ကလည်း ရွှေမန်းတင်မောင်ဆိုတာနဲ့ မင်းသမီး အောင်သန်းတင်ဆိုပြီးတော့ ပေါ်တယ်။ ဆိုတော့ကာ ဒေါ်အောင်သန်းတင်က ကျွန်တော့်အမေနဲ့ညီအစ်မ၀မ်းကွဲတော်တော့ အိမ်လာလည်တဲ့အခါ သူ့အစ်မ ကျွန်တော့်အမေကို ဒီအကြောင်းလေး ပြောပြတယ်။ ကျွန်တော့်အမေက တစ်ဆင့် ကျွန်တော့်ပြန်ပြောလို့ သိရတာပါ။ အဲဒါက သူတို့ညီအစ်မချင်း တိုးတိုးဖော်ပြောတဲ့ သာမန်စကား၊ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ပရိသတ်နဲ့ အနုပညာသည်ဆက်ဆံရေးမှာ အလွန်အရေးကြီးတဲ့ အကြောင်းအရာဖြစ်သွားတယ်။ ကျွန်တော်က ဗဟုသုတအဖြစ် ဒီနေ့လူငယ် အနုပညာရှင်တွေကိုရော၊ ပရိသတ်တွေကိုပါ ပြန်ပြောပြပါမယ်။
ကျွန်တော်တို့အနုပညာလောကမှာ၊ အထူးသဖြင့် Stage ဇာတ်စင် အနုပညာလောကမှာ အားလုံး သေသေချာချာပြန်ပြီးတော့ သတိထားကြည့်ပါ။ ကန်တော့တာ၊ တရားဝင် ကန်တော့တာနော်။ ပုဏ္ဏားကွယ်ကြားက လက်အုပ်ကလေးချီပြီး ကန်တော့ရတာ မဟုတ်ဘူး။ ဒီလို တရားဝင် ကန်တော့တာ ဇာတ်သဘင်တစ်ခုမှာပဲ ရှိတယ်။ ရုပ်ရှင်မှာလည်း ပရိသတ်ကို တရားဝင် ကန်တော့တာမရှိဘူး၊ စတိတ်ရှိုးမှာလည်း မရှိဘူး၊ ဘယ်မှာမှ မရှိဘူး။ သေသေချာချာ စဉ်းစားကြည့်ပါ၊ ဇာတ်သဘင် တစ်ခုတည်းမှာပဲ ရှိတာပါနော်။
မင်းသားနဲ့မင်းသမီး လက်အုပ်ကလေးချီပြီး ပရိသတ်ကို ကန်တော့ရတယ်။ ဒီလို ကန်တော့ပန်းဆင်တာကို မင်းသား၊ မင်းသမီးတွေ အကုန်လုံး လုပ်ကြရပါတယ်။ အလွန်ချစ်စရာကောင်းတဲ့ ဓလေ့ပါ။
အဲ... ကြားဖြတ်လို့ ပြောပါရစေဦး၊ စကားမစပ်ပေါ့လေ။ ကျွန်တော် စတိတ်ရှိုးတွေ ဘာတွေသွားဆိုရင်လည်း ကျွန်တော်တို့ မြန်မာသံသမားတွေကလည်း လက်အုပ်လေးချီပြီး ပရိသတ်ကို ကန်တော့ပါတယ်။ သီချင်းမဆိုခင် ကန်တော့တယ်။ ဆိုပြီးတော့လည်း ကန်တော့ပါတယ်။ ဒီနည်းတူပဲ ခေတ်ပေါ်လူငယ်တွေလည်း လက်အုပ်ကလေးတွေချီပြီး ကန်တော့ကြပါတယ်။

အဲ... ထူးဆန်းတာက ဒီနေ့လူငယ်တွေဆိုတဲ့ ခေတ်ပေါ်ဟစ်ဟော့၊ ပေါ့ခ်သမားလေးတွေ စတိတ်ရှိုးကို ကျွန်တော်စင်ဘေးက သွားကြည့်မိတယ်ဗျ။ အဲဒီမှာ ရယ်ရမလို၊ အံ့သြရမလိုလိုနဲ့။ ဘာလဲဆိုတော့ သူတို့ စင်ပေါ်မတက်ခင် သူတို့ဝတ်စားထားတာတွေ၊ အထူးသဖြင့် မိန်းကလေးတွေ ဂျင်းပင်အတိုလေးတွေ ၀တ်ချင်ဝတ်မယ်၊ ဂါဝန်အကွဲတွေ ၀တ်ချင်ဝတ်မယ်၊ နားသန်သီးတွေ၊ ပေါက်တတ်ကရ ဆွဲကြိုးတွေနဲ့၊ ဆံပင်က အရောင်တွေဆိုးပေါ့လေ စသဖြင့် ခေတ်အလိုက် ၀တ်စားဆင်ယင်ထားပေမယ်လို့ စင်ပေါ်မတက်ခင် လက်အုပ်ကလေးတွေချီပြီး အနန္တောအနန္တငါးပါးအပါအ၀င် ဆိုင်ရာပိုင်ရာ အရှင်ကြီး၊ အရှင်ကလေးတွေ ရှိခိုးကြတာဗျား။ ကျွန်တော်ပြောပြောနေသလိုပဲ Harmony with contract ဆန့်ကျင်ဘက်တွေ ပေါင်းစည်းတာလားမသိဘူးဗျာ၊ သူတို့ဝတ်စားထားတာနဲ့ သူတို့ရှိခိုးနေတဲ့ ပုံစံတွေကြည့်ပြီး ပီတိလည်းဖြစ်၊ ရယ်လည်း ရယ်ချင်မိတယ်ဗျား။
ဘာပဲဖြစ်ဖြစ် ၀တ်တာစားတာက တစ်ပိုင်း၊ ရင်ထဲမှာ ရိုးရာယဉ်ကျေးမှုရှိတယ်ဆိုတာက တစ်ပိုင်းပေါ့လေ။ ကဲ... ထားပါတော့လေ၊ ရွှေမန်းတင်မောင်က ဘာလုပ်သလဲဆိုရင် ကျွန်တော်ခေါ်လိုက်တယ်နော်၊ သူ့နာမည်မှာ ဦးမတပ်ဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်က သူ့ပရိသတ်ကိုး။ ကျွန်တော်လည်းလေ မော်တော်ကားလေးနဲ့ သွားတဲ့အခါကျရင် လမ်းမှာ ကလေးတွေက 'ဟေ့... ဟိုမှာ သုမောင်ကြီး၊ သုမောင်ကြီး' ဆိုရင် သိပ်သဘောကျတာဗျ။ အနုပညာသည်ဆိုတော့လေ၊ ကျွန်တော့်အဖေ ဦးသာဓုကြီးဆိုရင် ပုဇွန်တောင်ကြက်တန်းဘက် ကားပစ္စည်းတွေ သွားဝယ်ရင် ကုလားတွေက ဟေ့... ဟိုမှာ သာဓုကြီး၊ သာဓုကြီးဆိုရင် သူ သဘောကျတာဗျ။ တစ်ခါတစ်လေကျ ကုလားလေးတွေကို သူက စီးကရက် တိုက်သေးတာ။ စီးကရက်လျှောက်ဝေပြီး သူ့ကို သာဓု ခေါ်ခိုင်းတာ။ အနုပညာသည်ဆိုတာ သူတို့နာမည်ရင်း ခေါ်စေချင်တာပေါ့။ သဘောကျတာပေါ့။
ဒါကြောင့် ကျွန်တော်က ရွှေမန်းတင်မောင်လို့ ခေါ်တာပါ။ တစ်နေ့ကျတော့ ဦးတင်မောင်တို့ ဇာတ်ကတဲ့အချိန်မှာ သူက စာဖတ်နေတယ်တဲ့။ ဒေါ်အောင်သန်းတင် ပြောပြပုံအရဆို ဇာတ်ဆရာရွှေမန်းတင်မောင်က နေ့လယ်နေ့ခင်း အိပ်ခဲတယ်တဲ့။ ဒါကို ဒီနေ့ ဇာတ်မင်းသား၊ ဇာတ်ဆရာလေးတွေ သတိထားဖို့ ကောင်းတယ်။
ရွှေမန်းတင်မောင် ဘာကြောင့်အပြောကောင်းသလဲဆိုရင် သူက နေ့လယ်နေ့ခင်းမှာ သူများဇာတ်ဆရာတွေလို မအိပ်ဘူးတဲ့။ အားရင် ဘာလုပ်သလဲဆိုရင် ဦးပုညတို့ ဘာတို့ စာတွေကို အလွတ်ကျက်တာတဲ့။ ဒါကြောင့်လည်း အပြောကောင်းတာကိုးဗျ။ အပြောမှာရွှေမန်းတင်မောင်လို့ ဆိုစမှတ်ဖြစ်ခဲ့တာကိုး။
အားရင် ပုဏ္ဏားကွယ်ကြားမှာ ပက်လက်ကုလားထိုင်လေးနဲ့ သူစာကျက်နေတယ်တဲ့။ ကျန်တဲ့ ဇာတ်သူဇာတ်သားတွေက အိပ်နေကြတာပေါ့လေ။ အညာမှာတဲ့၊ အညာဆိုတော့ အပေါ်က နေကလည်းပူ၊ အောက်မြေကြီးကလည်းပူနဲ့ အဲသလိုနေရတဲ့အချိန်မှာ ဇာတ်ရုံအပြင်ဘက်မှာ ဘာတွေ့သလဲဆိုတော့ လှည်းတပ်ကြီးတွေနဲ့ အညာသူ အညာသား ကျေးလက်တောရွာကလူတွေ လာကြတာ၊ ညကို ရွှေမန်းတင်မောင်ဇာတ် ကြည့်မဟဲ့ဆိုပြီး လှည်းတွေနဲ့ တက်လာကြတာ။
လှည်းတပ်ကြီး စခန်းချတော့ ကလေးတွေ၊ ခွေးတွေ၊ ကြောင်တွေနဲ့ ချက်ပြုတ်စားသောက်ပြီး ညကျရင် ရွှေမန်းတင်မောင်ကြည့်ဖို့ နေပူကျဲတဲကြီးထဲမှာ လာစောင့်နေကြတာ။ ဒါကို သူ ကြည့်ပြီးတော့ စိတ်မကောင်းဖြစ်သွားတယ်။ 'ငါ့ကိုကြည့်ဖို့ သူတို့တွေ ဒီလောက်နေပူကျဲတဲကြီးမှာ အပင်ပန်းခံပြီး စောင့်နေကြရရှာတယ်' ဒီအနုပညာသည် ရွှေမန်းတင်မောင်က စိတ်ထဲမှာ ကရုဏာသက်သွားတယ်။
ကရုဏာသက်မိတဲ့ တစ်ပြိုင်တည်းမှာ 'ငါ့ရဲ့ကျေးဇူးရှင်တွေ၊ ထမင်းရှင်တွေ' ဆိုပြီး မေတ္တာဖြစ်လာတယ်။ ကရုဏာကနေ မေတ္တာဖြစ်လာတယ်။
ဒီအချိန်မှာ ဂါရ၀တရား၊ နိဝါတတရား အလိုလို ပေါ်လာတယ်။ ကျွန်တော် စောစောကပြောသလို ည ပွဲထွက်တဲ့အချိန်မှာ လက်အုပ်လေးချီပြီး ကန်တော့တာကတစ်မျိုး၊ အခု သူ မြင်လိုက်ရတဲ့ လှည်းတပ်ကြီးနဲ့ ချီလာပြီး နေပူကျဲကျဲ အပင်ပန်းခံစောင့်နေရတဲ့ မြင်ကွင်းက တစ်မျိုး၊ တစ်မျိုးဖြစ်လာတယ်။ ဂါရ၀တရား ပေါက်ပွားလာတယ်။ အဲဒီတော့ ကျွန်တော့်အဒေါ် ဒေါ်အောင်သန်းတင်က ရွှေမန်းတင်မောင် ဘာလုပ်သလဲ ဆိုတာ ဆက်ပြောပြတယ်။
"ဟေ့ သန်းတင်ရေ၊ ထစမ်း ထစမ်း"
ဆိုပြီး လာနှိုးတယ်။ ဒေါ်အောင်သန်းတင်ကလည်း လူးလဲထတာပေါ့။
"ဘာများလဲ ဇာတ်ဆရာရယ်"
ဆိုတော့ -
"လာစမ်း၊ လာစမ်း"
ဆိုပြီး သူကလည်း ပက်လက်ကုလားထိုင်ပေါ်က ဆင်း၊ နှစ်ယောက်သား ဇာတ်စင်အောက် အခင်းလေးပေါ် ပုဆစ်တုပ်ထိုင်ပြီး တကယ်ပဲ မိဘဆရာသမားတွေကို ကန်တော့သလို စောစောက မြင်ရတဲ့ လှည်းတပ်ကြီး ချီလာတဲ့ တောသူတောင်သားတွေကို တကယ် ကန်တော့တာဗျား။
တကယ့်ကို ဦးငါးကြိမ်ချပြီး နှစ်ယောက်တည်း ကန်တော့ကြတာတဲ့။ ဒီကိစ္စကို ဇာတ်သူ ဇာတ်သားတွေ မသိလိုက်ကြဘူး။ ဒေါ်အောင်သန်းတင် တစ်ယောက်ပဲ သိတယ်။ အဲဒါကို ကျွန်တော့်အမေကို ပြန်ပြောပြတာ။ အဲဒါကို စာရေးဆရာဖြစ်တဲ့ ကျွန်တော်က သိလိုက်တော့ ၀တ္တုလေးတစ်ပုဒ် ပြန်ရေးတယ်။ 'အဖေကြီးတီးတဲ့ ရွှေကြေးစည်' တဲ့။ အဖေကြီးတီးတဲ့ ရွှေကြေးစည်ဆိုတာ တခြားမဟုတ်ပါဘူး။ ရွှေမန်းတင်မောင်ဆိုဆိုနေတဲ့ အော်ပရာထဲကလား၊ ပြဇာတ်ထဲကလားတော့ မသိတော့ဘူး၊ 'အဖေကြီးတီးတဲ့ ရွှေကြေးစည်... ရွှေကြေးစည်' ဆိုတဲ့ သီချင်းစာသားလေးယူပြီး ပြန်ရေးလိုက်တာပါ။
အနုပညာသည်ဆိုတာ ပရိသတ်ကို လေးစားရုံတင် မကပဲ ရွှေမန်းတင်မောင်ဆိုရင် သူ့ပရိသတ်ကို ထိုင်တောင် ကန်တော့တာဆိုပြီး ရေးတယ်၊ ရေးမယ် စိတ်ကူးတယ်ပေါ့လေ။ ပြီးတော့ ကျွန်တော်က စာပေဟောပြောပွဲတွေမှာ အဲဒီအကြောင်းလေးကို ပြောပြောပြတယ်။ ရွှေမန်းတင်မောင်ကြီးကတော့ဖြင့် သူ့ထမင်းရှင် ပရိသတ်ကို ဒီလိုပဲ ထိုင်တောင် ကန်တော့ပါတယ်လို့ စာပေဟောပြောပွဲတွေမှာ ထည့်ပြောတယ်။
ဒါကို ဘယ်သူက ကြားသွားသလဲဆိုတော့ ဒီနေ့ အကယ်ဒမီခုနစ်ဆုရှင် ညွန့်ဝင်း၊ ကျွန်တော်တို့ထက် အများကြီးကြီးပါတယ်။ ကျွန်တော် ဟောပြောပွဲတွေ ပြောနေတုန်းကတော့ သူက စူပါစတားပေါ့။ ဒီနေ့ ကိုလွင်မိုးတို့အရွယ်ပေါ့လေ။ ဦးညွန့်ဝင်းက ကြားသွားပြီး သူက ပီတိဖြစ်သွားတာပေါ့။ ကျွန်တော်က သူ့အဖေအကြောင်း တိုင်းသိပြည်သိ ပြောတော့ သူကျေနပ်တာပေါ့။
တစ်နေ့မှာ သူက ကျွန်တော့်ကို ဘာပြောသလဲဆို -
"ဗိုလ်သုရေ၊ ညီလေးရေ" တဲ့၊
သူက ကျွန်တော့်ကို ဗိုလ်သုလို့ပဲခေါ်တယ်။
"အဖေ့ အကြောင်း မင်း ဒီလိုပဲ ပြောတယ်ဆို" တဲ့။
"ဟုတ်တယ်၊ ပြောပါတယ်"
"အေးကွာ၊ ၀မ်းသာတယ်ကွာ" တဲ့။
"ခင်ဗျားကို ကျွန်တော်က အဲဒါနဲ့ ပတ်သက်ပြီး ပြောစရာ အဆက်ရှိသေးတယ်ကွ"
"ပြောစမ်းပါဦး အစ်ကိုကြီးရေ"
"ဒီလိုဗျာ၊ ကျွန်တော် စူပါစတားဘ၀၊ သွားလေရာနေရာမှာ အ၀င်းရေ၊ အညွန့်ရေဆိုပြီး ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ဘ၀မှာတုန်းက ဒီနေ့ နေတိုးတို့အရွယ်ပေါ့ဗျာ။ တစ်နေ့တော့ ရုပ်ရှင်ကားသွားရိုက်တာ၊ ဟိုးတောထဲတောင်ထဲ လူသူ မနီးတဲ့နေရာမှာ သွားရိုက်ရတယ်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ် စတဲ့မြို့ပေါ်တွေမှာ ညွန့်ဝင်းနောက် ကောင်မလေးတွေ ကောက်ကောက်လိုက်တာတော့ ထားလိုက်ပေါ့ဗျာ။ အဲဒီ ချောင်ထဲရောက်တဲ့အခါကျတော့လည်း ညွန့်ဝင်းအသံကြား လိုက်လာကြည့်ကြတာပဲ၊ ဒီတော့ ကျွန်တော်က ဘ၀င်မြင့်တာပေါ့။ ဟား ငါဒီလောက်နာမည်ကြီးလှချည်လားဆိုပြီး မာနကြီးတာပေါ့၊ မာနလေးတက်မိတာပေါ့၊ အနုမာနပေါ့လေ။
တစ်နေရာရောက်တော့ တောသူတောင်သားတွေ လာကြည့်ကြတဲ့ကြားမှာ အသက် ၈၀ ကျော် အဘွားကြီးတစ်ယောက်၊ မမြင်မစမ်းနဲ့ လူတွေကြားထဲကနေ မျက်လုံးလေးကို လက်နဲ့ကွယ်ပြီး ညွန့်ဝင်းကို ခပ်လှမ်းလှမ်းကနေ ကြည့်နေတယ်ဗျာ။
ဒီတော့ ပိုပြီး ဘ၀င်မြင့်သွားမိတာပေါ့၊ ဒီလိုနဲ့ ထိုင်နေရာကနေ ဆတ်ခနဲထလိုက်ပြီး အဘွားအိုအနား လျှောက်သွားတယ်၊ အဘွားအိုကြီးလက်ကလေးကို ကိုင်ပြီး 'အမေကြီး၊ ကျွန်တော် မင်းသားညွန့်ဝင်းပါ' ပေါ့ဆိုပြီး သွားနှုတ်ဆက်ပါတယ်။ အဘွားအိုကြီးက မမြင်မကမ်း မျက်လုံးလေးကို လက်ဖ၀ါးလေးနဲ့ကွယ်ပြီးတော့ ညွန့်ဝင်းရဲ့မျက်နှာလေးကို ကြည့်တယ်။ ပါးလေးကို သူ့ရဲ့ အရေတွန့်နေတဲ့လက်လေးနဲ့ ကိုင်ကြည့်တယ်ဗျ။ မမြင်မစမ်းနဲ့ပေါ့ဗျာ။ အဲဒီမှာ စကားလေး တစ်ခွန်းပြောပါတယ်။ 'ကိုတင်မောင့်သားမို့ လာကြည့်တာပါကွယ်' တဲ့ဗျာ"
ဦးညွန့်ဝင်း ပြောပြတာပါ။ အဲဒီမှာ ဒီကစာရေးဆရာက ၀တ္တုလေးတစ်ပုဒ်ရပါတယ်။ 'အဖေကြီးတီးတဲ့ ရွှေကြေးစည်'။ ဒီ အသက် ၈၀ ကျော် အဘွားအိုကြီးက ဘာကြောင့် ညွန့်ဝင်းကို လာကြည့်တာလဲဆိုရင် ရွှေမန်းတင်မောင်သားမို့လို့ လာကြည့်တာဗျာ။ ဘာကြောင့် ကိုတင်မောင့်သားကို ချစ်ရသလဲ၊ ပါးလေးကိုင်ကြည့်ရသလဲဆိုတော့ စောစောက ကျွန်တော် ပြောခဲ့တဲ့ ရွှေမန်းတင်မောင်က တောသူတောင်သားတွေကို တကယ် ထိုင်ကန်တော့ခဲ့လို့၊ အဲဒီ မေတ္တာတရား၊ ကရုဏာ၊ ဂါရ၀တွေက ဘယ်အထိ အရှိန်လာပြီး ရိုက်ခတ်သလဲဆိုရင် သားအထိ၊ ဒီကနေ့ မြေးတွေအထိ လာရိုက်ခတ်ပါတယ်။
အဲဒါလေးကို ကျွန်တော်က 'အဖေကြီးတီးတဲ့ ရွှေကြေးစည်' ဆိုတဲ့ ၀တ္တုလေးတစ်ပုဒ်ကို ၁၉၇၆ ခုနှစ်က ငွေတာရီမဂ္ဂဇင်းမှာ ရေးလိုက်တယ်။ ဆိုတော့ကာ ဒီမေတ္တာတရားဂယက်ကလည်း ဘယ်လောက်အထိ ရိုက်ခတ်သလဲဆိုရင် တိုယိုတာဖောင်ဒေးရှင်းက ၁၉၇၈ မှာ ဒီဝတ္တုလေးကို နိုင်ငံခြားဘာသာ ခြောက်ဘာသာနဲ့ ဘာသာပြန်ထုတ်ဝေပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘာမှ အကျိုးမခံစားလိုက်ရပါဘူး။ ကော်ပီရိုက် (copy right) အနုပညာနဲ့ ပတ်သက်လို့ ခံစားခွင့် မရှိပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အဲဒီတုန်းက ဘာသာပြန်စာအုပ်တွေ ထုတ်နေတာပါပဲ။ ဟာရိုးရော်ဘင်တို့ ဘာတို့ပေါ့၊ ဟာရိုးရော်ဘင်ကြီးလည်း ဘာမှမရပါဘူး။ ဒီက ကျွန်တော်တို့ဆီက ဘာသာပြန်ချင်တိုင်း ပြန်နေတာပဲ။ ကျွန်တော့် ၀တ္တုလေး ဘာသာပြန်တော့လည်း ကျွန်တော် ဘာမှ မရပါဘူး။ အဲဒီတုန်းက တီဗီလေး တစ်လုံးပို့တယ်လို့တော့ ကြားတာပဲ။ ၁၉၇၈ ခုနှစ်ဆိုတော့ ကျွန်တော်တို့ဆီမှာ တီဗီမပေးသေးတော့ ကျွန်တော်လည်း မရပါဘူး။ သို့သော်လည်း ကျွန်တော့်ဝတ္တုလေး နိုင်ငံခြားဘာသာ ခြောက်ဘာသာပြန်တယ်ဆိုတော့ ၀မ်းသာတာပေါ့။ အဲဒီတုန်းက ကျွန်တော် အသက် ၂၀ ကျော်ဆိုတော့ မြန်မာစာရေးဆရာ တစ်ယောက်အနေနဲ့ ပီတိဖြစ်တာပေါ့။
သို့သော်လည်း ဒီနေ့ပြောချင်တာက ဒီဝတ္တုလေးကို နိုင်ငံခြားဘာသာ ခြောက်ဘာသာ ဘာကြောင့်ပြန်ရသလဲဆိုတော့ ကျွန်တော်တို့ လူမျိုးရဲ့ အနုပညာရှင်တစ်ယောက်က သူ့ရဲ့ပရိသတ်ကို ကျေးဇူးဆပ်တဲ့နေရာမှာ ဗုဒ္ဓဘာသာအလိုအရ ရှိခိုးကန်တော့ပြီး ကျေးဇူးဆပ်တယ်ဆိုတဲ့ ယဉ်ကျေးမှုကို အနောက်နိုင်ငံကမ္ဘာက အသိအမှတ်ပြုတယ်ဆိုတာ အရေးကြီးတာပါ။
ပြောချင်တာက ကျွန်တော်တို့နိုင်ငံက ၀တ္တုတွေ၊ ရုပ်ရှင်တွေကို တခြားနိုင်ငံတွေ အင်တာနေရှင်နယ်က အထင်ကြီးအောင် ဘောင်းဘီတွေဝတ်ပြ၊ သေနတ်တွေပစ်ပြ လုပ်နေစရာမလိုဘူးဗျ။ လေယာဉ်ပျံတွေ ဗုံးခွဲပြ၊ အဲဒီ ရုပ်ရှင်ကားကို အနောက်နိုင်ငံတွေက မယူဘူးဗျ။
ကျွန်တော်တို့ ဘုန်းကြီးတွေ၊ မိဘတွေကို ကန်တော့ပြ၊ ရိုသေပြ အဲဒီလို ရုပ်ရှင်ကားတွေကို နိုင်ငံခြားက ကြိုက်တယ်ဗျ။ အနောက်က အရှေ့ကိုကြိုက်တယ်။ အရှေ့က အနောက်ကို ကြိုက်တယ်။ ကျွန်တော်တို့က အနောက်နိုင်ငံက ၀တ္တုတွေ၊ ရုပ်ရှင်တွေကြိုက်တယ်ဆိုတာ ကိုယ့်မှာ မရှိလို့ကြိုက်တာ။ ကျွန်တော်တို့မှာ ရှိတာကိုလည်း သူတို့က ကြိုက်ကြတာဗျ။ အဲဒါလေးကို မှတ်ထားကြပါဗျာ။
ဒီကနေ့ ကိုရီးယားကားတွေ တစ်ကမ္ဘာလုံးကို လွှမ်းခြုံတယ်ဆိုတာ တခြား မဟုတ်ပါဘူး။ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှုလေးတွေကို ဖော်ကျူးလို့ အနောက်တိုင်းက ကိုရီးယားကားတွေကို ကြိုက်ကြတာဗျ။ ကိုရီးယားကားတွေမှာ သတိထားကြည့်ကြပါ။ ရည်းစားနဲ့ ချိန်းတွေ့တယ်၊ မိန်းကလေးတွေလည်း အရက်သောက်တာပဲဗျ။ သူတို့ပြန်လာရင်လေ အိမ်ဝကနေ အဖေ၊ အမေကို နှုတ်ဆက်တယ်။ 'ပြန်လာပါပြီ' ဆိုပြီး နှုတ်ဆက်တယ်။ အိမ်ထဲမှာ မိဘတွေရှိနေရင် တိတ်တိတ်ကလေး ယို့ယို့ကလေး ခါးလေးကိုင်းပြီး ကိုယ့်အိပ်ခန်းထဲ ကိုယ်ဝင်တယ်ခင်ဗျ။ အဲဒါ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှု၊ ဒါကို အနောက်တိုင်းက ကြိုက်တယ်။
ကျွန်တော် ဥပမာလေးတစ်ခု ပြောပြမယ်၊ ကျွန်တော် အမေရိကားရောက်တုန်းက နောက်ဆုံးနှစ်တက္ကသိုလ်ကျောင်းသားလေး၊ ဝတ္တု စာပေဗေဒ တက်နေတဲ့ ကျောင်းသားလေး ဂျင်မ်တဲ့။ သူက ကျွန်တော့် အနားအမြဲကပ်နေတဲ့ကောင်လေး၊ ကျွန်တော့်ကို မေးခွန်းတွေ ထုတ်ပြီးနေတဲ့ကျောင်းသားလေး။ တစ်နေ့တော့ ကျွန်တော်တို့ ရုပ်ရှင်အကြောင်း၊ စာပေအကြောင်းတွေ ပြောဖြစ်ကြတာပေါ့။ ကျွန်တော်က ပြောတယ်။
"ဂျင်မ်၊ မင်းတို့ အမေရိကန်ကားတွေ ငါကြည့်ရတာ F တို့ P တို့သုံးတာတွေ၊ ဆဲတာတွေပေါ့၊ မကြိုက်ဘူး" လို့။
"ဟာ... မဟုတ်ပါဘူးဗျာ၊ အမေရိကန်ကားစစ်စစ်တွေမှာ အဲဒါတွေ မပါပါဘူး" တဲ့။
စကားမစပ် ပြောရဦးမယ်။ သူ့နာမည်က ဂျင်မ် (Jim)၊ ကျွန်တော်က သူ့ကို ဂျင် (Jin) လို့ပဲခေါ်တယ်။ ဘာလို့ဆိုတော့ ကျွန်တော်က အရက် သောက်တတ်တာကိုး။ အဲတော့ သူ့ကို ဂျင်လို့ခေါ်တာ၊ ရယ်စရာ ပြောတာပါ။
အဲဒီတော့ မင်းက ဘာကြိုက်သလဲဆိုတော့ သူက ကိုရီးယား ကြိုက်တယ်၊ တရုတ်ကား ကြိုက်တယ်တဲ့။ ဘာကြောင့်လဲကွ ဂျင်ရလို့ဆိုတော့ ကိုရီးယားကားတွေမှာ မိဘကို ​သိပ်ရိုသေတာပဲ၊ အဲဒါကြောင့် ကြိုက်တာတဲ့။ ကျွန်တော့်အဖေနဲ့ အမေဆိုရင် မိုင် ၂၀၀၀၊ ၃၀၀၀ လောက်ဝေးနေတယ်။ ကျွန်တော်က ဒီ အိုင်အိုဝါတက္ကသိုလ်မှာ ကျောင်းလာတက်နေရတာတဲ့။ မိဘတွေနဲ့ သိပ်ဝေးတာတဲ့၊ မိဘမေတ္တာဆိုတာ ကျွန်တော်မသိဘူးတဲ့ အမေရိကန်လေးက ပြောတာ။
ကြည့်နော်၊ ဒီအမေရိကန်ကောင်လေးက မိဘမေတ္တာကားတွေ ကြိုက်တယ်၊ နောက်တစ်ခါ တရုတ်ကားတွေ ကြိုက်တယ်။ သိုင်းကားတွေ ကြိုက်တယ်။
"မင်းကွာ တရုတ်သိုင်းကားတွေ ဘာလို့ ကြိုက်တာလဲ၊ တစ်ယောက်နဲ့တစ်ရာချနေ သတ်နေတာ ဘာအဓိပ္ပာယ်ရှိသလဲ"
ဆိုတော့ -
"အဲဒါတွေ ကျွန်တော်ကြိုက်တာမဟုတ်ဘူး၊ တရုတ်ဧကရာဇ်မင်းကြီးက သူ့မယ်တော်အခန်းထဲဝင်ရင် ဒူးထောက်တယ်ဗျ" တဲ့။
ကြည့်စမ်းနော်၊ အမေရိကန်လေးပြောတဲ့စကား၊ ကျွန်တော်တို့ မြန်မာတွေ အတုယူဖို့ကောင်းတယ်။
ကျွန်တော်တို့တစ်တွေ အင်တာနေရှင်နယ်ကိုမီဖို့ ရုပ်ရှင်တွေ ရိုက်ကြတယ်၊ ဝတ္တုတွေ ရေးကြတယ်၊ သီချင်းတွေ စပ်ကြတယ်ဆိုရင် သိပ်ပြီး ခက်ခက်ခဲခဲ မစဉ်းစားကြပါနဲ့၊ ကိုယ့်ယဉ်ကျေးမှုရိုးရာကို ပီပီပြင်ပြင် လုပ်ပါ။ အဲဒါ ကမ္ဘာကျော်လိမ့်မယ်။ ကျွန်တော် စောစောက ပြောပြီးပြီ။ ရွှေမန်းတင်မောင် သူ့ပရိသတ်ကို ထိုင်ကန်တော့တယ်ဆိုတဲ့ ဝတ္တုတိုလေးရေးလိုက်တာ နိုင်ငံခြားဘာသာ ခြောက်ဘာသာကို ပြန်ရတယ်။ အဲဒီတုန်းက ကျွန်တော့်အသက် ၂၃ နှစ်ပဲရှိသေးတာဗျ။ အဲဒါ ကြွားတာမဟုတ်ဘူး၊ ဂုဏ်ယူတာ။ ဒါ ဒီကနေ့ခေတ် လူငယ်တွေ ဗဟုသုတရအောင် ပြောပြတာ။
နောက်တစ်ခု ရှိသေးတယ်။ အဲဒီနှစ်ပိုင်းမှာပဲ ကျွန်တော်ရေးတဲ့ ဝတ္တု 'ကွာရှင်းပြတ်စဲပြီးစီးခြင်း' စကားမစပ် ပြောပြလိုက်ဦးမယ်ဗျ၊ ထားလိုက်ပါတော့၊ ကြွားလိုက်ဦးမယ်ဗျ။ ကျွန်တော်တို့ခြံထဲမှာ 'သာဓုခြံ' ဆိုပြီး စတူဒီယိုကြီးဆောက်တော့ တဲတွေထိုးပြီး ဆင်းရဲတဲ့ အလုပ်သမားတွေ၊ ဆင်းရဲတဲ့ သူ့ဘက်ကအမျိုးတွေ၊ ကျွန်တော့်အမေဘက်က ဆွေမျိုးတွေ ထားတယ်ဗျ။ ကြည့်ရှု့စောင့်ရှောက်ပြီး အလုပ်ပေးထားတယ်။
တစ်ပြိုင်နက်တည်းမှာ အဖေက ဘာလုပ်သလဲဆိုတော့ အဲဒီတဲတွေကို ရွာအဖြစ်သုံးပြီး ရုပ်ရှင်ရိုက်တယ်။ ထားပါတော့၊ အရှေ့ဘက်တဲနဲ့ အနောက်ဘက်တဲနေတဲ့ သားနဲ့သမီးနဲ့ညား၊ ကလေးတွေမွေး၊ ဘုစုခရုတွေပေါ့။ သာဓုခြံထဲမှာ ရွာကြီးလိုဖြစ်နေတာပေါ့။ ကျွန်တော်တို့က ဒီဘက်အခြမ်းမှာ နေရတာပေါ့။ အဲ သာဓုခြံမှာ ရန်မဖြစ်ရင် မိုးမလင်းဘူး၊ နေမဝင်ဘူး။ ဒီလိုဖြစ်နေတာ၊ ဆင်းရဲသား အလုပ်သမားတွေကိုးဗျ။ နောင်ဂျိန်က နေ့တိုင်းချ။
ဆိုတော့ကာ ခြံထဲက အဖေ့အလုပ်သမားတစ်ယောက် ရှိတယ်။ သူက မီးထိုးသမား၊ မီးထိုးမှန်ပြ အအောက်ခြေအလုပ်သမားပေါ့။ အဲဒီလူနဲ့ အဖေ့ဆွေမျိုးထဲက မိန်းကလေးတစ်ယောက်နဲ့ ညားပြီး လင်မယားနှစ်ယောက် ရှိတယ်။ သုံးနှစ်သမီးလေးတစ်ယောက်လည်းရှိတယ်။ ညနေကျရင် ဒီပုဂ္ဂိုလ်ကမူးပြီး ပြန်လာတယ်။ မူးပြီးပြန်လာတော့ ဆူဆဲ၊ လင်မယား ထသတ်ကြပေါ့။ ကွာမယ်ရှင်းမယ်နဲ့ ကျွန်တော်တို့က သွားဆွဲ၊ ဦးလေး ရန်မဖြစ်ကြပါနဲ့ပေါ့။

ကျွန်တော့်အမေကလည်း ဆင်းလာပြီး သားတို့ရယ်၊ ရန်မဖြစ်ကြပါနဲ့ဆိုတော့ မရဘူး ကွာမယ်။ မိန်းမကလည်း ဒီကောင်နဲ့ မပေါင်းနိုင်ဘူး၊ ကွာမယ်နဲ့ ဖြစ်သာ ဖြစ်တာ၊ မနက်ကျတော့လည်း ဒီလင်မယား ပြီးတော့လည်း ပြီးသွားတာပါပဲနော်။

ဒီလိုနဲ့ နေ့စဉ်နဲ့အမျှဖြစ်နေတာ၊ တစ်ရက်ကျတော့ အကြီးအကျယ် ထဖြစ်ကြတယ်။ လက်ပါ ပါလာတယ်၊ ကွာမယ် ရှင်းမယ်ဖြစ်တယ်။ ကျွန်တော်တို့၊ အမေတို့ တားလို့မရတော့ဘူး။ ဖြစ်တဲ့အခါကျတော့ ရပ်ကွက်ရုံးရောက်တာပေါ့။ ရပ်ကွက်လူကြီးလည်း တားတာပေါ့၊ မကွာကြနဲ့ပေါ့။ မရဘူး၊ တကယ်ကွာမယ်ဆိုတော့ ကဲ တားလို့မရတဲ့အဆုံး ကွာချင်လည်းကွာ၊ ဒါပေမဲ့ လင်ခန်းမယားခန်းပြတ်ပြီဆိုရင် ပစ္စည်းခန်းပါ ခွဲရတော့မယ်ဆိုပြီး အဲဒီတော့ မင်းက ဘာယူသွားမလဲ၊ နင်ကကော ဘာယူသွားမလဲ ရပ်ကွက်လူကြီးက မေးရတာပေါ့။ အဲဒီတော့ ယောက်ျားလုပ်တဲ့သူက အရက်ကလည်း မူးနေတော့ သူ့သဘော၊ နင့်သဘော နင်ကြိုက်တာယူ။ မမြပေါ့လေ ထားပါတော့။ မမြသဘောပေါ့။

ဆိုတော့ ဆင်းရဲသား လင်မယား မဟုတ်လား၊ အိုးခွက် ပန်းကန်လေး၊ ဘုရားစင်လေး၊ ပက်လက်ကုလားထိုင်လေး ဒါပဲရှိတာကိုး။ ဆိုတော့ကာ မိန်းမလုပ်တဲ့သူက ဘုရားစင်က သူ့အမေဘုရာစင် ယူသွားမယ်၊ ယူကွာ။ ပက်လက်ကုလားထိုင်၊ ယူကွာ။ အိုးခွက်ပန်းကန်၊ ယူကွာ။ နောက်ဆုံး နောက်ဖေးက အင်တုံကအစ ယူသွားပေါ့လေ။ အရက်က မူးနေတာကိုး၊ ရှိတဲ့အစုတ်ပုတ် အကုန်ယူမယ်ဆိုတော့ ယူကွာ ဆိုပြီး ပေးလိုက်တယ်။ နောက်ဆုံးကျတော့မှ သမီးလေးလက်ကို ယောက်ျားလုပ်သူက ဖတ်ခနဲဆွဲလိုက်ပြီး သမီးအထိ တောင်းတော့မယ်ဆိုတာ ဒီလူသိတယ်။ အမူးလည်း နည်းနည်းပြေသွားတယ်။ မျက်နှာလည်း နည်းနည်း တည်သွားတယ်။ သိပြီ၊ သမီးကို တောင်းတော့မယ်ဆိုတာ၊ ဒါကျတော့ ချက်ချင်းယူကွာလို့ မရတော့ဘူး။

ထင်တဲ့အတိုင်းပဲ မယ်မြက သမီးကို တောင်းပါတော့တယ်။ နည်းနည်းစဉ်းစားတယ်၊ ခပ်ကြာကြာလေး စဉ်းစားတယ်။ မတတ်နိုင်တော့ဘူး၊ ဒီမိန်းမကို မပေါင်းတော့ဘူးဆိုမှတော့ ယူကွာဆိုပြီး မိန်းမမျက်နှာ တစ်ချက်ကြည့်လိုက်တယ်။ သမီးမျက်နှာကိုလည်း တစ်ချက်ကြည့်လိုက်ပြီး ယူကွာဆိုပြီး ဒေါသဖြစ်ဖြစ်နဲ့ ပေးလိုက်ပါတယ်။ အရက်ရှိန်ကလေးကလည်း နည်းနည်းကျန်သေးတယ်ဆိုတော့လေ၊ ဒေါသဖြစ်ဖြစ်နဲ့ မိန်းမကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒီယောက်ျားက နောက်ဆုံး ဘာပြောလိုက်သလဲဆိုတော့ -

"ကောင်းပြီ၊ မင်း တစ်အိမ်လုံးလည်း ယူပြီးသွားပြီ၊ ငါ့သမီးကိုလည်း ယူသွားပြီ၊ မင်း ငါ့ဆီက နောက်ထပ် ဘာလိုချင်သေးလဲ၊ ဘာလိုသေးလဲ၊ တောင်းကွာ" လို့ ပြောတယ်။

အဲဒီအချိန်မှာ မိန်းမက မျက်ရည်လည်ရွဲနဲ့ ထပ်တောင်းတယ်။ ဘာတောင်းသလဲဆိုတော့ -

"ရှင့်ကိုလည်း လိုချင်သေးတယ်" တဲ့။
ပွဲက ပြီးသွားပြီ၊ ပွဲသိမ်းသွားပြီ။
ရပ်ကွက်လူကြီးတွေရော၊ ကျွန်တော့်အမေရော၊ ကျွန်တော်ရော ရင်ထဲကအလုံးကြီးတွေ ကျသွားပြီးတော့ အဲ... သူတို့လင်မယား နှစ်ယောက်လည်း ကလေးပါလက်ဆွဲပြီး အိမ်ပြန်သွားကြလေသတည်း ပေါ့နော်။ ဒါလေးကို ဝတ္တုရေးတယ်။

ရုတ်တရက်ကြည့်တော့ ဟာသလို့ ထင်ရပေမယ့် မဟုတ်ဘူးဗျ။ သေသေချာချာ စဉ်းစားကြည့်တော့ မြန်မာမိန်းမတွေရဲ့ သဘာဝ၊ မြန်မာမိန်းမတွေရဲ့ ယောက်ျားအားကိုးတဲ့စိတ်၊ သူ့ယောက်ျားကလွဲရင် ဘာမှအဖိုးမတန်ဘူးဆိုတဲ့ သဘာဝတရားက မြန်မာမိန်းမတွေမှာသာ ရှိတတ်ပါတယ်။

ဒါဟာ ဘိုမတွေမှာ မရှိဘူးနော်၊ ကျွန်တော်တို့ မြန်မာမိန်းမတွေမှာသာ ရှိတတ်တဲ့ စိတ်ဓာတ်မျိုးပါ။ ဒါလေး ကျွန်တော် ဝတ္တုရေးလိုက်တော့လည်း တိုယိုတာဖောင်ဒေးရှင်းက ခြောက်ဘာသာပြန်ဖို့ ဝယ်သွားတာပဲဗျ။ အဲဒါလည်း ၁၉၇၈-၇၉ ကပါပဲ။ ပေးသလားဆိုတော့ မပေးဘူး။
မြန်မာ့ရုပ်မြင်သံကြားက ကျွန်တော့်ကို ဝတ္တုလေးတစ်ပုဒ် ရုပ်ရှင်ရိုက်ပေးပါဆိုတာနဲ့ ထွန်းထွန်းဝင်းနဲ့ မို့မို့မြင့်အောင်၊ မို့မို့မြင့်အောင်တူမလေးနဲ့ ၁၀ မိနစ်လောက် အဲဒီ ခုနကပြောတဲ့ 'ရှင့်ပါ လိုချင်တယ်' ဆိုတဲ့ ဇာတ်လမ်းတိုလေး ရိုက်ပေးလိုက်တယ်။ ရိုက်ပေးလိုက်တော့ ဘာအကြောင်းကြောင့်လည်းတော့မသိဘူး။ သူတို့ မလွှင့်ဖြစ်ဘူး။
ဒီလိုနဲ့နေရော၊ ပြီးခဲ့တဲ့တစ်နှစ်က အမေရိကန်သံရုံးကနေ short's short ဆိုတဲ့ အစီအစဉ် ကျွန်တော့်ကို ရုပ်ရှင်ခေါ်ပြတယ်။ ရုပ်ရှင်ရိုက်ချက်အတိုတွေပေါ့ဗျာ။ အတိုဆုံးရိုက်ချက်များပေါ့နော်။ ကမ္ဘာကျော် ဇာတ်လမ်းတိုတွေပေါ့။

ကျွန်တော် သွားကြည့်တော့ အဲဒီမယ် ပြန်ကြားရေးဌာနက အမေရိကန်ကောင်မလေးကို ကျွန်တော်နဲ့ အတူသွားတဲ့ပုဂ္ဂိုလ်က ကျွန်တော်နဲ့ မိတ်ဆက်ပေးတယ်။ သူကလည်း လျှာရှည်ပြီးတော့ ကျွန်တော့်ဂုဏ်ပုဒ် တွေကိုပြောတယ်။ စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ ဆိုပြီးတော့ မိတ်ဆက်တော့ ဟိုအမေရိကန်မကလည်း အထင်ကြီးသွားပြီး အဲဒါဖြင့်ရင် short's short တွေ မရိုက်ဘူးလားတဲ့။

ကျွန်တော်ကလည်း သူတို့က တိုက်တဲ့အရက်ကလေးက သောက်မိတော့ အာရွှင်နေတာ။ အဲဒီတော့ အေး... ရိုက်တယ်ပေါ့၊ ပြောမိရော။ ဒါဆို ရှိလားတဲ့၊ အေး... ရှိတယ်ဆိုပြီး စောစောကပြောတဲ့ အခွေလေးက အိမ်မှာ သိမ်းထားတာကိုး။ ရုပ်မြင်သံကြားကလည်း မလွှင့်ဖြစ်တော့ ကျွန်တ်ာသိမ်းထားလိုက်တာပေါ့။ ရှိရင်ပြပါဆိုတော့ ငါလာပို့ပေးမယ်၊ အိမ်မှာရှိတယ် ဆိုတော့ မနက်ဖြန်ဆက်ဆက် လာပေးစေလိုပါတယ်တဲ့။ သူက သန်ဘက်ခါ ကျရင် ဆန်ဖရန်စစ္စကိုပြန်မှာတဲ့။
ဒါနဲ့ အိမ်ပြန်ရောက်တော့မှ 'အဲ... သောက်ပလုတ်တုတ်၊ ငါတော့ ပြဿနာတက်ပြီ' ဆိုပြီး ဖြစ်ရော။ ဘာကြောင့်လဲ၊ သူက ကျွန်တော့်အခွေကို သူက အမေရိကားယူသွားမှာ၊ အမေရိကန်ဆိုတဲ့နိုင်ငံက ရုပ်ရှင်မှာ ကမ္ဘာ့နံပတ်တစ်၊ ကျွန်တော်ရိုက်ထားတဲ့ ရိုက်ချက်က ကင်မရာ အစုတ်ပုတ်နဲ့ ရိုက်ထားရတာ။ ကျွန်တော့်ရဲ့ နံပါတ်တစ်ပြဿနာက ကင်မရာ၊ ကျွန်တော်ရဲ့ ဒါရိုက်တာပညာကို ကျွန်တော်ယုံတယ်။ ကျွန်တော့်ကားကို ကျွန်တော် ယုံကြည်တယ်၊ ဇာတ်လမ်းကို ယုံကြည်တယ်။ ကျွန်တော်မယုံတာက ကင်မရာကို မယုံဘူး။
စောစောက လင်မယားနှစ်ယောက် ရန်ဖြစ်ထားတဲ့ အခန်းကို ကျွန်တော်က တစ်ချက်တည်းရိုက်ထားတာ။ အိမ်အပြင်က ပက်လက်ကုလားထိုင်မှာ ထွန်းထွန်းဝင်း၊ အိမ်ထဲမှာက မို့မို့မြင့်အောင်၊ အဲဒါကို နံရံခွပြီး အပြင်အတွင်း pin to pin တစ်ချက်တည်းရိုက်ထားတော့ အပြင်ရိုက်တဲ့အချိန်မှာ ကောင်းကင်အရောင်တွေက ပြာနေတယ်။ အတွင်းမှာ မီးထိုးထားတော့ ဝါနေတယ်။ အဲဒီတော့ ထွန်းထွန်းဝင်းကိုရိုက်တဲ့အချိန် ပြာနေတယ်။ မို့မို့မြင့်အောင်ကို ပင်ဆွဲပြီး ရိုက်တဲ့အချိန် ဝါနေတယ်။ တစ်ကတ်ချင်းဆိုလည်း ပြင်လို့ရတယ်။ တစ်ဆက်တည်း ရိုက်ထားတော့ ဝါလိုက် ပြာလိုက်ဖြစ်နေတော့ ကျွန်တော် ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်။ ကဲ အဲဒီပြဿနာ ဘယ်လိုရှင်းမလဲ။ အခုနားထောင်နေတဲ့ ပရိသတ်ထဲမှာ ရုပ်ရှင်ပညာသည်ပါနိုင်တာမို့ ဘယ်လိုရှင်းမလဲ၊ စဉ်းစားကြပါဦး။
မနက်ကျရင် ကျွန်တော်က ဒီအမေရိကန်မလေးဆီပေးရတော့မှာ၊ အမေရိကန်ရောက်ရင် သူ ကြည့်တော့မှာ။ အရှက်တွေ ကွဲတော့မယ်။ အဲဒါ ဘယ်လိုလုပ်ကြမလဲ။

ကျွန်တော် စကားမစပ် ပြောလိုက်မယ်။ ဒီကနေ့ ရုပ်ရှင်ပညာသည်တွေကို လူကြီးတွေက တွေ့ကြတယ်။ ဘာလုပ်ပေးရမလဲ၊ ဘာကူညီပေးရမလဲ မေးတယ်။ စက်တွေ ပေးကြပါ၊ စက်ကောင်းကောင်းတွေ ပေးကြပါနဲ့ ပြောကြတယ်။ အရေးကြီးတာလေး ပြောချင်တာပါ၊ စက်ထက် လူပိုအရေးကြီးတာလေး ပြောချင်လို့ဗျို့၊ ရှင်းပြီလား။
ကျွန်တော် ဘာလုပ်မလဲ၊ တစ်ဖက်က ဝါနေတယ်၊ တစ်ဖက်က ပြာနေတယ်။ တစ်ကတ်ချင်းဆိုလည်း ဝါနေတာကို ပြာပစ်လိုက်လို့ရတယ်။ အခု တစ်ကတ်တည်းမှာကို တစ်ခြမ်းက ဝါနေတယ်၊ တစ်ခြမ်းကပြာနေတယ်။ ကျွန်တော် တစ်ညလုံး ထိုင်စဉ်းစားတယ်။

ည နှစ်ချက်ထိုးအချိန်မှာ ကျွန်တော် အကြံလေးရပြီး အဲဒီအခွေလေးယူ၊ ကားကို မာရသွန်မောင်းပြီး ၃၆ လမ်းဆီ ပြေးတော့တာ။ အဲဒီလမ်းထဲက ကားဆက်တဲ့ အခန်းတံခါး သွားခေါက်။ ကလေးတွေကို ထခိုင်း၊ ငါ့လုပ်ကြပါဦး၊ ကူညီကြပါဦးဆိုပြီး ကွန်ပျူတာဖွင့်၊ အခွေကိုထိုး၊ ဟိုဘက်ကွန်ပျူတာနဲ့ တစ်ခွေထည့် ပြန်ကူး၊ ကာလာကို အဖြူအမည်း ဖြစ်အောင် ပြန်ကူးလိုက်တာပေါ့။ အခွေတွေပြန်ယူ၊ ကားအိမ်ပြန်မောင်းလာ၊ ပြီးတော့ ပြန်အိပ်ပေါ့။
မနက်ရောက်တော့ အမေရိကန်မလေးကို အဖြူအမည်းအခွေ ပေးလိုက်တယ်။ ပြီးပြီပေါ့၊ ချက်ချင်း ဖုန်းဆက်တယ်ဗျာ၊ ယူက ကလပ်စစ်တွေကြိုက်တယ်နော်တဲ့။ အမလေးဗျာ၊ ချီးကျူးတောင် ခံရသေး။ ကလပ်စစ်ဆိုတာ ဂန္ထဝင်ဗျ။ ဘာဖြစ်လို့တုံးဟ ဆိုတော့၊ ရှင်က အဖြူနဲ့အမည်း ရိုက်ထားတာကိုးတဲ့။ အဲဒါ ဂန္ထဝင်ပေါ့တဲ့၊ ဟောဗျာ... ဒီကကောင်က အဝါတွေ အပြာတွေ များနေလို့ အဖြူအမည်း လုပ်ပစ်လိုက်တာ၊ ဟော ဂန္ထဝင်တဲ့။ ချီးကျူးတောင် ခံရသေး။ ကဲ... အဲဒါ စက်နဲ့ဆိုင်သလား၊ လူနဲ့ ဆိုင်သလား။ ကျုပ်က ကြွားနေတာ မဟုတ်ဘူးဗျာ၊ ဦးနှောက် သုံးတာကို ပြောနေတာပါ။ အဲဒီမှာလည်း မြန်မာအမျိုးသမီးတွေရဲ့ သဘာဝ ယဉ်ကျေးမှုကို ပြလိုက်တာပါ။

ကဲ... ဒီအပတ်အဖို့တော့ ကျွန်တော် ဒီဟာလေးနဲ့ပဲ နိဂုံးချုပ် လိုက်ပါတယ်။

သြော်... ဒါနဲ့စကားမစပ် ဒုတိယပိုင်း
မကြာမီ ဆက်လက် ထွက်လာပါမည်...
credit to mmcyber

သြော်...ဒါနဲ့စကားမစပ် (ဝတ္ထုတိုများ) - သုမောင် (အပိုင်း-၅)