Wednesday, 27 November 2013

မငိုတတ်ခင် ငိုကြည့်ချင်တယ် - မင်းလူ

 
မငိုတတ်ခင် ငိုကြည့်ချင်တယ်

ကျောင်းတက်ခေါင်းလောင်း ထိုးလေ၏။

ကျောင်းသားများ ကျောင်းခန်းထဲသို့ ဝင်သည်။ ကိုယ့်ခုံနေရာမှာ ဝင်ထိုင်ကြသည်။ မထူးဆန်းပါ။ သို့ရာတွင် ကျွန်တော့်စိတ်များသည် လှုပ်ရှားနေသည်။ ကျောင်းစဖွင့်သောနေ့။

ခုနစ်တန်းအောင်ပြီးနောက် အခြေခံပညာ အလယ်တန်းခေါ် ရှစ်တန်းသို့ တက်ရောက်ရသောနေ့ ဖြစ်သည်။ အတန်းသစ်၊ ခုံနေရာသစ်၊ သင်ခန်းစာအသစ်များကို တွေ့ကြုံရတော့မည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေခြင်း ဖြစ်ကောင်းဖြစ်ပါမည်။

သို့တည်းမဟုတ်။
အတန်းပိုင်ဆရာမအသစ်နှင့် ကြုံတွေ့ရမည် ဖြစ်သောကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါမည်။ ကျောင်းသား ကျောင်းသူတို့သည် ဆရာ၊ ဆရာမ အသစ်အများဆိုလျှင် စိတ်ဝင်စားတတ်ကြသည် မဟုတ်ပါလား။ အခြားသူများလည်း ကျွန်တော့်လိုပင် ရှိကြလိမ့်မည် ထင်သည်။

ဆရာမသည် ယခုနှစ်မှ ကျွန်တော်တို့ကျောင်းသို့ ပြောင်းလာခြင်း ဖြစ်ပါသည်။ သူ ပထမဆုံး ပိုင်ရသော အတန်းသည် ကျွန်တော်တို့ ရှစ်တန်း (က) ဖြစ်သည်။ ဆရာမသည် ဒေါ်ချစ်ချစ်မူဟု သိထားရပါသည်။ အင်္ဂလိပ်စာ သင်မည်။

အတန်းသားအားလုံးသည် ဆရာမဝင်လာမည့် တံခါးဝဆီသို့သာ ငေးကြည့်နေကြပါသည်။

ဖိနပ်သံကို အရင်ကြားရလိမ့်မည်ဟု မျှော်လင့်နေသော်လည်း ဆရာမသည် တိတ်ဆိတ်စွာ ဝင်ရောက်လာလေသည်။ ပိတ်နေသော တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သောအခါ “ကျွိ” ခနဲ မြည်သွားသည်။

ဆရာမသည် စားပွဲရှိရာသို့ ဣနြေ္ဒရစွာ လျှောက်သွားသည်။ ကျောင်းသားများ “ဝုန်း” ခနဲ ထလိုက်သောကြောင့် ကျွန်တော် လန့်သွားလေ၏။
“မင်္ဂလာပါ ဆရာမ”
“ဂွဒ် အာဖတာနွန်း ကလပ်စ်”

ဆရာမအသံသည် သာယာပါသည်။ ပြီးတော့ ဆရာမသည် လှပါသည်။ အို.. မှားသွားလို့၊ ဆရာမကို လှတယ်လို့ မပြောကောင်းဟု ထင်ပါသည်။

ဆရာမသည် ကျက်သရေရှိပါသည်။

ဆရာမသည် တစ်တန်းလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
“မင်းတို့အတန်းထဲက ခုနစ်တန်းမှာ အင်္ဂလိပ်စာ ဂုဏ်ထူးရတဲ့လူ မတ်တတ်ရပ်စမ်း”

ကျောင်းသားကျောင်းသူ ခုနစ်ယောက်ခန့် ထရပ်ကြသည်။ ကျွန်တော် မရပ်ပါ။ အတန်းသားများက ကျွန်တော့်ကို ဝိုင်းကြည့်ကြ၏။ ဆရာမ ရိပ်မိသွားပြီး
“ဒီအတန်းမှာ အင်္ဂလိပ်စာ ဘယ်သူ အတော်ဆုံးလဲ”
“ညီညီ”
“ခု ရပ်နေတဲ့အထဲမှာ ညီညီ ပါသလား”
ရပ်နေသူများ ခေါင်းခါ၏။
“ညီညီ ရှိသလား၊ မတ်တတ်ရပ်စမ်း”
ကျွန်တော် ရပ်လိုက်သည်။ ဆရာမသည် ကျွန်တော့်ကို စေ့စေ့ကြည့်သည်။ ကျွန်တော် ခေါင်းကိုငုံ့ထားလိုက်၏။
“တီချာ့ဆီမှာ ခုနစ်တန်းတုန်းက အင်္ဂလိပ်စာ ဂုဏ်ထူးထွက်တဲ့ လူတွေစာရင်းရှိတယ်၊ မင်းပါတယ် မဟုတ်လား၊ ဘာဖြစ်လို့ မတ်တတ်မရပ်တာလဲ”
ကျွန်တော် မဖြေပါ။
“ပြောလေကွယ်၊ ခုလို မတ်တတ်ရပ်ခိုင်းတော့ တရားခံတွေလို သဘောထားပြီး ရပ်ခိုင်းတာ မဟုတ်ဘူး။ အပြစ်ရှိတဲ့လူသာ လူပုံအလယ်မှာ ရပ်ရမှာ ရှက်ကြတာ၊ အချီးကျူးခံဖို့ မတ်တတ်ရပ်တာ ဂုဏ်ယူဖို့တောင် ကောင်းပါတယ်ကွယ်”
ကျွန်တော်က အင်္ဂလိပ်စာ ဘာလို့ တော်ရတာလဲ။ ခုလို လူတွေကြားမှာ မတ်တတ်ရပ်ပြီး ကြွားချင်လို့ အင်္ဂလိပ်စာ ကြိုးစားတာ မဟုတ်ဘူးဆိုတာ ဆရာမ မသိဘူးလား။

နောက်တစ်နေ့မှာပင် ကျွန်တော် ကျောင်းနောက်ကျလေသည်။ အခန်းဝမှာ ရပ်လိုက်သောအခါ ဆရာမသည် ကျောက်သင်ပုန်းမှာ တစ်စုံတစ်ခု ရေးခြစ်နေသည်ကို တွေ့ရ၏။
“ဝင်ခွင့်ပြုပါ ဆရာမ”
ဆရာမသည် ကျွန်တော့်ဘက်သို့ ဆတ်ခနဲ လှည့်ကြည့်၏။
“တီချာ ဘာပြောထားသလဲ ညီညီ”
သြော်.... ဟုတ်သားပဲ၊ ဆရာမက အတန်းထဲမှာ အင်္ဂလိပ်လို အတတ်နိုင်ဆုံး ပြောရမည်ဟု မှာထားသည် မဟုတ်ပါလား။ “ပလိစ် အိတ်စကျူးမီ” လို့ ပြောရမှာပေါ့။
“ဝင်ခွင့်ပြုပါ ဆရာမ”
ကျွန်တော့် အကျင့်ပဲလေ။ ကျွန်တော် မလုပ်ချင်သော အလုပ်တစ်ခုကို ဘယ်သူက ဘယ်လိုပြောပြော မလုပ်ချင်တာ ကျွန်တော့်အကျင့်ပဲ။
“ပြောစမ်း ညီညီ၊ အင်္ဂလိပ်လို ပြောလေ”
“ကျွန်တော် မြန်မာလူမျိုးပဲ ဆရာမ၊ မြန်မာလိုပဲ ပြောနိုင်ပါမယ် ခင်ဗျာ”
ဆရာမ ဒေါသဖြစ်လေပြီ။
“ဒီမှာ ညီညီ၊ မြန်မာလူမျိုးပေမယ့် အင်္ဂလိပ်စာသင်ချိန်မှာ အင်္ဂလိပ်လိုပဲ ပြောရမယ်၊ အင်္ဂလိပ်လို မပြောရင် အတန်းထဲကို ဝင်ခွင့်မပြုနိုင်ဘူး”
“ဒါဆိုရင် ကျွန်တော် ပြန်ပါတော့မယ် ခင်ဗျာ”

အတန်းပြင်သို့ ပြန်ထွက်လိုက်သည်။ ပြန်ရန် ခြေလှမ်းပြင်လိုက်စဉ်မှာပင် ဆရာမအသံကို ကြားရသည်။
“ဟေ့.. ဟေ့ နေဦး”
ထိုအသံသည် ကျွန်တော့်ခြေလှမ်းများကို တုန့်ခနဲ ရပ်တန့်သွားစေသည်။ နောက်သို့ ပြန်မကြည့်ဘဲ ရပ်နေမိသည်။ ဆရာမ၏ မျက်နှာသည် ဒေါသဖြစ်ခြင်း၊ မကျေနပ်ခြင်းတို့ဖြင့် ရောပြွမ်းနေလိမ့်မည်ဟု ထင်ပါသည်။
“ညီညီ”
လှည့်ကြည့်လိုက်လျှင် ကောင်းမလား၊ ရှေ့ကိုဆက်သွားရင် ကောင်းမလား၊ ကျွန်တော် ပေ၍ ရပ်နေလိုက်သည်။
“ညီညီ၊ ကမ်း ဟီးယား”
ဆရာမ၏ အမိန့်၊ ခြေထောက်တို့သည် နောက်သို့ ဆတ်ခနဲ လှည့်ပြီးသား ဖြစ်သွားလေသည်။ ဆရာမကို လှမ်းကြည့်၏။

အို.. ဆရာမ၏ မျက်နှာမှာ တင်းမာမှုသည် အရိပ်အယောင်မျှပင် မရှိပါကလား၊ ဆရာမဆီသို့ လျှောက်သွားရသည်။
“မင်းကို ရိုက်ရလိမ့်မယ်၊ လက်ဖြန့်စမ်း”
“ခင်ဗျာ”
ဆရာမလက်ထဲမှာ ပလတ်စတစ်ပေတံ တစ်ချောင်း။
“လက်ဖြန့်လို့ ဆိုနေ”
ဖြန့်လိုက်ရလေသည်။ ဆရာမ ရိုက်၏။ ဖြည်းဖြည်းလေးပါ။ ဆရာကြီး၏ ထားဝယ်ကြိမ်လုံးဒဏ်ကိုပင် မျက်နှာတစ်ချက်မပျက်ဘဲ ခံလာခဲ့တာပဲ၊ ဒီလောက်တော့ အပျော့ပေါ့ ဖြစ်သင့်သည်။

သို့ရာတွင် အဘယ်ကြောင့် နာသနည်း။




မေမေ့ကို ခေါင်းကိုက်တယ်လို့ ပြောပြီး ကျောင်းမတက်ဘဲ သုံးရက်လောက် နေလိုက်သည်။ ဟုတ်တယ်၊ ကျွန်တော် စိတ်ဆိုးနေလို့။ အို.. ဆရာမကို စိတ်မဆိုးကောင်းပါဘူးလေ၊ စိတ်ကောက်တာပါ။

ကျွန်တော် ကျောင်းပြန်တက်သောနေ့တွင် စာကူးနေစဉ် ကျွန်တော့်အနားသို့ ဆရာမ လာရပ်သည်။
“ညီညီ ဘာလို့ ကျောင်းမတက်တာလဲ”
“ခွင့်စာထဲမှာ ရေးထားပါတယ်”
“နေမကောင်းလို့ဆို၊ နေသာမကောင်းတယ်၊ ညီညီတို့က အဝမပျက်ဘူးဟေ့”

ဆရာမကိုယ်မှ သနပ်ခါးနံ့သည် ဝေ့ခနဲ ရောက်ရှိလာသည်။ ထိုသနပ်ခါးနံ့သည် ကျွန်တော့်ကို ပြုံးလာအောင် တိုက်တွန်းသည်။ သို့ရာတွင် မပြုံးမိအောင် အားကိုတင်းသည်။ ကျွန်တော် စိတ်ကောက်နေကြောင်း ဆရာမ သိအောင်လို့။

အချိန်ကုန်သောအခါ ဆရာမက ကျွန်တော့်ကို ဆရာမ အပန်းဖြေစခန်းထဲသို့ ခေါ်သွားလေသည်။
“ညီညီ တီချာ့ကို စိတ်ဆိုးနေတယ် မဟုတ်လား”
စိတ်ဆိုးတာ မဟုတ်ဘူး၊ စိတ်ကောက်တာပါဟု ဖြေလိုက်ချင်သည်။ သို့ရာတွင် ခေါင်းကိုခါလိုက်၏။
“မင်း သိပ်ညာတာပဲ၊ စိတ်ဆိုးနေပါတယ်၊ ကိုယ့်ဆရာမကို စိတ်မဆိုးကောင်းဘူးလေ၊ တီချာ မင်းကို ဆုံးမတာပဲ၊ မင်းက သိပ်ပေကပ်ကပ်နိုင်တာကိုး၊ ပြီးတော့ မင်း သေသေချာချာ စဉ်းစားကြည့်၊ အင်္ဂလိပ်စာအချိန်မှာ အင်္ဂလိပ်လို ပြောခိုင်းတာက မင်းတို့ တိုးတက်အောင်လို့၊ အင်္ဂလိပ်စာဟာ ကမ္ဘာသုံး မဟုတ်လား၊ တကယ်တော့ ကိုယ့်တပည့်ကို ဘယ်ဆရာမက ရိုက်ချင်ပါ့မလဲကွယ်”
ကျွန်တော် ဝမ်းနည်းသွားပြန်သည်။
ဆရာမက ပြုံးပါသည်။
“ဆရာမက စိတ်မဆိုးပါဘူးကွယ်၊ ငါ့တပည့်ကို အမြဲတမ်း ခွင့်လွှတ်တယ်၊ အိုင် အော်လ်ဝေစ့် ဖော်ဂစ်ယူ”

ကျွန်တော် ပြုံးလိုက်သည်။ ဟုတ်တယ်.. စိတ်ကောက်ပြေသွားလို့လေ။ ဆရာမသည် ကျွန်တော့်ကို စကားအကြာကြီး ပြောရသောကြောင့် မောသွားဟန်တူသည်။ သူ့နဖူး၌ စို့နေသော ချွေးစများကို လက်ကိုင်ပုဝါကလေးဖြင့် တို့နေ၏။ ကျွန်တော် ရေတစ်ခွက် သွားခပ်ပေးပြီး ဆရာမကို ပေးလိုက်ပါသည်။
“သိုင်းခယူ ညီညီ”
“ပလိစ် အိတ်စကျူးမီ တီချာ”
ကျွန်တော် လှည့်ထွက်လာခဲ့သည်။ ဆရာမသည် ကျေနပ်စွာပြုံးရင်း ကျန်ခဲ့ပါသည်။




အချိန်ကြာလာသည်နှင့်အမျှ စေတနာကို နားလည်လာကြသည်။ ကျွန်တော် နားအလည်ဆုံး။

ကျွန်တော်ကား မကြာခဏ ကျောင်းပျက်တတ်လေသတည်း။ တိုက်ဖွိုက်ရောဂါ အခံရှိသောကြောင့် မကြာခဏဖျား၏။ တစ်လလျှင် အနည်းဆုံး တစ်ရက်နှစ်ရက်တော့ ပျက်တတ်သည်။

ကျွန်တော် ကျောင်းပြန်တက်သောနေ့တွင် ဆရာမသည် “ညီညီ နေပြန်ကောင်းသွားပြီလား” ဟု မေးတတ်စမြဲ။ ထိုအခါမျိုးတွင် ဆရာမကို စိတ်ကောက်ပြီး ကျောင်းမတက်ဘဲ နေခဲ့သောနေ့များကို ပြန်သတိရ၏။

ကျောင်းပျက်ရက်များက နောက်ကျခဲ့သော စာများကို မုန့်စားဆင်းချိန်၊ ကျောင်းအပြီးဆင်းချိန်များတွင် ဆရာမက ပြန်သင်ပေးလေသည်။ ကျွန်တော်တစ်ယောက်တည်းကို မဟုတ်ပါ။ ကျောင်းပျက်သူ အားလုံး။ သို့ရာတွင် ကျွန်တော် ကျောင်းအပျက်တတ်ဆုံးဖြစ်၍ များစွာသောအခါတို့တွင် ဆရာမနှင့် ကျွန်တော် နှစ်ယောက်တည်း။

ခါတိုင်းက မုန့်စားလွှတ်ပြီဆိုလျှင် အုန်းနို့ခေါက်ဆွဲဆိုင်သို့ ပြေးတတ်သော ကျွန်တော်။ ကျောင်းလွှတ်ပြီဆိုလျှင် ထမင်းဆာလွန်း၍ အိမ်သို့ သုတ်ခြေတင်တတ်သော ကျွန်တော်။ ခု ဆရာမနှင့် စာသင်နေရသော အချိန်တွင် အုန်းနို့ခေါက်ဆွဲကိုလည်း သတိမရ။ ထမင်းလည်း မဆာ။ တကယ့်ကို ထမင်းမဆာ။ စာသင်နေရသည်ကိုပင် ဝမ်းသာကြည်နူးနေမိသည်။ ဘာကြောင့်မှန်းတော့ ကျွန်တော်မသိ၊ ကျောင်းပျက်ရက်များက နောက်ကျခဲ့သော စာများကို ပြန်သင်ခွင့်ရသောကြောင့် ဝမ်းသာကြည်နူးခြင်းသာ ဖြစ်ပါစေ။

ကျွန်တော်က ကျောင်းအပျက်များသလောက် ဆရာမက ကျောင်းမပျက်ခဲ့။ နေမကောင်းဖြစ်နေသည့်တိုင် အနွေးထည်ကိုဝတ်၍ ကျောင်းသို့လာသည်။ ထိုနေ့မျိုးတွင် မုန့်စားလွှတ်ချိန်၌ ဆရာမသည် အပန်းဖြေအခန်းထဲ၌ မှိန်းနေတတ်သည်။ နေမကောင်းလျက် စာသင်ရသောကြောင့် မောနေတတ်သည်။ ထိုအခါ ကော်ဖီပူပူတစ်ခွက် ဝယ်ပေးရန်မှာ ကျွန်တော့်တာဝန်။

အို.. နေမကောင်းတဲ့အခါမှ မဟုတ်ပါဘူးလေ။ နေ့စဉ်လိုလိုပဲ မုန့်စားလွှတ်ချိန်မှာ ဆရာမအတွက် စားစရာတစ်ခုခုတော့ ဝယ်ပေးနေကျပါ။

တစ်ခါက မုန့်စားကျောင်း ပြန်တက်ခါနီးကျမှ ဆရာမက ပုစွန်ခွက်ကြော်သုပ် ဝယ်ခိုင်းသည်။ မုန့်စားတန်းသို့ ကျွန်တော် ပြေးလေသည်။ ကျောင်းတက်ခါနီးပြီ မဟုတ်လား။ မြန်မြန်သွားပို့မှ။ ကျောင်းပြန်တက်လျှင် ဆရာမ စားတော့မည်မဟုတ်။ ဆရာမက ကျောင်းချိန်လေးစားသည်။ ဝယ်ပြီးတော့ ဆရာမများအခန်းသို့ အမြန် ပြန်ပြေးရသည်။ ထောင့်ချိုးတစ်ခုကို အကွေ့လိုက်မှာပင် တစ်ဘက်မှလာသော ကျောင်းသားတစ်ယောက်နှင့် ဝင်တိုက်မိ၏။ ပုစွန်ခွက်ကြော်ပန်းကန်သည် “ချလွမ်” ခနဲ ကျသွားလေသည်။ ထိုကျောင်းသားကို ကျွန်တော် ဆွဲထိုးပစ်လိုက်သည်။

ထိုကိစ္စအတွက် ဆရာကြီးရှေ့သို့ ရောက်ရပြန်သည်။ ဆရာမလည်း အနားမှာရှိသည်။ ဆရာကြီးက ဘာကြောင့်ထိုးရသလဲဟု မေး၏။ ကျွန်တော် မဖြေပါ။ ဆရာကြီး ဒေါသထွက်လာပြီး ကျွန်တော့်ကို ရိုက်လေသည်။

ထိုနေ့က ဆရာကြီး၏ ရုံးခန်းထဲမှ အပြုံးမပျက် ပြန်ထွက်လာခဲ့သည်။




ပထမအစမ်း စာမေးပွဲတုန်းက အင်္ဂလိပ်စာ ရှစ်ဆယ့်လေးမှတ် ရသည်။ တစ်ကျောင်းလုံးမှာ အများဆုံးပဲဟု ဆရာမက ပြော၏။

ဆရာမက တစ်ခြားအလုပ်များ လုပ်နေရလျှင် အတန်းကို ကျွန်တော်ကပင် တာဝန်ယူရသည်။ သင်ပြီးခဲ့သော သင်ခန်းစာများမှ သူတို့ နားမလည်သည်ကို ပြန်ရှင်းပြသည်။ ဆရာမက ကျွန်တော့်ကို အရေးပေးပါသည်။ စာတော်သောကလေးကို ဆရာမက အရေးပေးသည်မှာ မဆန်းပါ။ သို့ရာတွင် သူငယ်ချင်းများကမူ ကျွန်တော့်ကို နောက်ပြောင်ကြလေသည်။
“မင်းဆရာမက သိပ်လှတာပဲကွ နော်”
“ဟေ့ကောင်တွေ.. ဆရာမကို လှတယ်လို့ မပြောကောင်းဘူး၊ ကျက်သရေရှိတယ်လို့ ပြောရတယ်”
သူတို့သည် ဆရာမအကြောင်းကို ပြောကြသောအခါ “မင်းဆရာမ၊ မင်းဆရာမ” ဟူ၍ ကျွန်တော့်ကို ပြောတတ်ကြပါသည်။
“ငါ့ဆရာမဆိုတော့ မင်းတို့ဆရာမကော မဟုတ်ဘူးလား”
“မဟုတ်ဘူး”
“ဆရာမဟာ ငါတို့အားလုံးရဲ့ ဆရာမပါကွာ၊ ငါတစ်ယောက်တည်းရဲ့ ဆရာမ မဟုတ်ပါဘူး၊ မင်းဆရာမ ဆိုတာကို မပြောကြပါနဲ့”
တစ်ခါတစ်ရံ၌ မပြောပါနဲ့ဆိုသော စကားသည် ပြောစေချင်၍ဖြစ်ကြောင်း သိကြပါလိမ့်မည်။ ဘာကြောင့် ပြောစေချင်ကြောင်းကိုကား ကျွန်တော်မသိ။

တစ်ခါတုန်းက မုန့်စားလွှတ်ချိန်တွင် ဆရာများ အပန်းဖြေခန်းသို့ ဝင်သွားမိသည်။ ဆရာမအတွက် မုန့်ဝယ်ပေးရန်ဖြစ်ကြောင်း ပြောဖို့မလိုပါ။

ဆရာမများ၏ ရယ်သံကို အခန်းဝမှပင် ကြားနေရသည်။ ကျွန်တော်ဝင်သွားသောအခါ ဆရာမသည် တစ်ခြား ဆရာမတစ်ယောက်၏ လက်ထဲမှ ကတ်ပြားဖြူဖြူကလေးကို ယူ၍ စားပွဲပေါ်မှာ မှောက်တင်ထားလိုက်သည်။ ဓာတ်ပုံတစ်ပုံ ဖြစ်ဟန်တူပါသည်။ ကျွန်တော့်ကို မြင်သောအခါ ဆရာမသည် ရယ်မောနေရာမှ မျက်နှာပိုးသတ်လိုက်သည်။ သို့ရာတွင် ဆရာမ၏ မျက်နှာ၌ အပြုံးရိပ်များ ထင်နေဆဲ။
“တီချာ့ဖို့ သံပုရာရည်တစ်ခွက်သာ ဝယ်ပေးတော့ ညီညီ”
ကျွန်တော် ထွက်သွားမည် ပြင်သည်။
“ညီညီ.. နေဦး”
ဆရာမဒေါ်မြတ်ကြွယ်က လှမ်းတားသည်။
“မူမူ.. ညီညီ့ကို ပြလိုက်ပါဦး”
“အို.... မမကြွယ်ကလဲ”

အစဉ်တည်ငြိမ်နေသော ဆရာမ၏ မျက်နှာသည် ယခုအခါ ဘာဖြစ်နေပါသနည်း။ ဆရာမဒေါ်မြတ်ကြွယ်က ဓာတ်ပုံကို ယူသည်။ ဆရာမက လက်ကို ဆွဲထားသည်။ ဒေါ်မြတ်ကြွယ်က ရုန်းလိုက်သည်။
“ညီညီ.. ဒီပုံကိုကြည့်စမ်း၊ မချောဘူးလား”
ဓာတ်ပုံထဲမှာ ဘွဲ့ဝတ်စုံနှင့် အမျိုးသားတစ်ယောက်။ ဆရာမထက် အသက်ပိုကြီးပုံရသည်။ ကျွန်တော်က ဓာတ်ပုံကိုတစ်လှည့် ဆရာမကိုတစ်လှည့် ကြည့်မိသည်။ ဆရာမမျက်နှာ၌ ရှက်ပြုံးကို ပထမဆုံးအကြိမ် မြင်ဖူးလိုက်သည်။
“ဟဲ့ ပြောလေ၊ မချောဘူးလား”
“ဟုတ်.. ဟုတ်ကဲ့”

သံပရာရည်ကို ဆရာမအကြိုက် ချဉ်ချဉ်ကလေးဖြစ်အောင် လုပ်ပေးရန်ပြောဖို့ အဘယ်ကြောင့် မေ့သွားရပါသနည်း။




“ပြောလေ ညီညီ”
ကျွန်တော် ဆတ်ခနဲ တုန်သွား၏။ ဟုတ်သားပဲ၊ ကျွန်တော် အတွေးလွန်သွားပါသည်။ ခုအခါမှ ဆရာမနှင့် ကျွန်တော်သည် ဆရာများအခန်းထဲမှာ မနေ့က ကျွန်တော် ကျောင်းပျက်ခဲ့သဖြင့် ဆရာမက ပြန်သင်ပေးနေခြင်း ဖြစ်ပါသည်။
“ပြောလေကွာ ညီညီ၊ ဒီဆင်းတင့်စ်မှာ ရပို့တက်စပိခ်ျက ဘယ်ဟာလဲ”
“ဟို.. ကျွန်တော်”
သက်ပြင်းကို ချလိုက်၏။
“ညီညီ.. ဘာဖြစ်နေတာလဲ၊ စာထဲမှာလည်း စိတ်မဝင်စားဘူးလား၊ နေမကောင်းဘူးလားဟင်”
“ကျွန်တော်.... ကျွန်တော် ဖျားနေလို့ပါ တီချာ”

ထိုနေ့က ကျွန်တော် ဖျား၍မနေပါ။




တစ်တန်းလုံးက ငြိမ်သက်၍နေကြသည်။ ဆရာမလည်း သူ့စားပွဲမှာ ငြိမ်သက်စွာ ထိုင်နေ၏။ တစ်စုံတစ်ခုကို ပြောရန် အားယူနေဟန် တူသည်။ နှုတ်မှ လွယ်ကူစွာ ဖွင့်ဟမပြောနိုင်သော စကားသည် ဝမ်းမြောက်ဖွယ်သတင်း မဟုတ်ကြောင်း ပြောဖို့ရန်ပင် မလိုပါ။
“ကွယ်.... နက်ဖြန်ကျရင် မင်းတို့အတွက် ဆရာမ အသစ်တစ်ယောက် လာလိမ့်မယ်”
စကားလုံးကို နားခံသာအောင် အတတ်နိုင်ဆုံး ရွေးချယ်၍ ပြောသည်။ ဆရာမ၏ အသံသည် စာသင်နေသကဲ့သို့ တက်ကြွမှုမရှိ။

ဆရာမ၏ မျက်နှာသည်လည်း ဟို ကျောင်းဖွင့်စ ကျွန်တော့်ကို ရိုက်တုန်းကမျက်နှာမျိုး ဖြစ်နေပါသည်။ ခုမှပင် ကျွန်တော်သိရသည်။ ဆရာမသည် ကျွန်တော့်ကို ရိုက်ခဲ့စဉ်က ဝမ်းနည်းနေကြောင်းကို၊ ဆရာမရယ်.. ငါ အလုပ်ထွက်တော့မယ်၊ ဒီကျောင်းကို မနက်ဖြန်ကစပြီး မလာတော့ဘူးလို့ ပြောလိုက်ပါတော့လား ခင်ဗျာ။
“တီချာ မှာချင်တာက မင်းတို့အရွယ်ဟာ ပညာရေးကို ဦးစားပေးရမယ်၊ တစ်ခြား ဘာကိုမှ စိတ်မဝင်စားရဘူး၊ ခုအချိန်မှာ စာမေးပွဲက သိပ်နီးကပ်လာပြီ၊ ပြီးတော့....”

ဆရာမသည် ကျွန်တော့်ကို စောင်း၍ပြောနေခြင်း မဟုတ်ပါ။ တည့်တည့်ကြီးကြည့်၍ ပြောနေခြင်း ဖြစ်ပါလိမ့်မည်။ ရင်ထဲက တလှပ်လှပ် ဖြစ်နေသည်။ နေမကောင်းသောကြောင့် မောနေခြင်း မဟုတ်ပါ။

ခေါင်းကို ငုံ့ထားလိုက်သည်။ အပြစ်ရှိသူတို့သည် ခေါင်းငုံ့နေကြကြောင်း ကြားဖူးပါသည်။ ကျွန်တော့်မှာ အပြစ်တစ်ခုခု ရှိနေပါသလား.... မသိပါ။ ရင်ထဲ၌ မရှင်းလင်းပါ။ ဆရာမကို မကြည့်ရဲသည်တော့ အမှန်။
“ဂွတ် အီးဗီးနင်း တီချာ”

ထိုအသံကြားမှပင် ပျာပျာသလဲ ထကြည့်မိသည်။ ဆရာမသည် အခန်းအပြင်သို့ပင် ရောက်နေပါပြီ။ နောက်ကျောဖက်ကိုသာ မြင်ရတော့သည်။ အတန်းဘက်ကို အလွမ်းပြေ တစ်ချက်လောက် ပြန်လှည့်ကြည့်လိုက်ပါတော့လား ဆရာမရယ်။




ဆရာမများ အပန်းဖြေအခန်းသို့ ဝင်၍ရှာသည်။ ဆရာမကို မတွေ့ရ။ ဆရာမတစ်ယောက်က ပြောလေသည်။
“မင်းဆရာမ ရုံးခန်းထဲမှာ ရှိလိမ့်မယ်”
လာပြန်ပြီ မင်းဆရာမ။ ဆရာမဟာ ကျွန်တော့်ဆရာမ မဟုတ်တော့ဘူးဆိုတာ မသိကြဘူးလား။

ဆရာကြီးရုံးခန်းဆီသို့ သွားရပြန်သည်။ တစ်ခြားကျောင်းသားတွေ အတန်းထဲမှာ စာသင်နေချိန်တွင် စင်္ကြံပေါ်၌ ပျာယာခတ်နေသော ကျွန်တော့်ကို ဘယ်လိုထင်ကြမည်နည်း။

ရုံးခန်းထဲမှာ ဆရာမတစ်ယောက်တည်း။

ဆရာကြီးထံမှ အလုပ်ထွက်ခွင့်စာကို စောင့်နေပါသလား ဆရာမ။
“တီချာ”
ဆတ်ခနဲ လှည့်ကြည့်သည်။
“ညီညီ”
ဟုတ်ကဲ့ ဆရာမရဲ့ တပည့်လေ၊ မမှတ်မိတော့ဘူးလား။ စကားတွေ ရင်နှင့်အပြည့်ပါ။ ပြော၍မထွက်။

အမှန်အားဖြင့်မူ ကျွန်တော့်ရင်ထဲက စကားတို့ကိုပင် ကျွန်တော် သေချာစွာမသိ။
“ကျွန်တော့်ကို ခွင့်လွှတ်ပါ တီချာ”
ဒီစကားကို ဘာကြောင့်ပြောမိမှန်းလည်း သေချာစွာ မသိပြန်ပါ။
“ကျွန်တော့်ကို ရိုက်ပါ တီချာ”
“အို.. ဘာဖြစ်လို့ ရိုက်ရမှာလဲကွယ်၊ ညီညီဟာ လူဆိုးမှ မဟုတ်ဘဲ၊ မင်းမှာ ဘာအပြစ်မှ မရှိပါဘူး သားရယ်”

အို.... သားတဲ့.... သားတဲ့၊ ရင်ထဲက လှိုက်ခနဲ ဝမ်းနည်းသွားသည်။ အနန္တဂိုဏ်းဝင် ဆရာမပေတကား။ ဆရာမသည် ကျွန်တော့်ဆံပင်များကို ပွတ်သပ်ပေးရင်း တတွတ်တွတ် ဆုပေးနေပါသည်။ ကျွန်တော့်မျက်နှာကို မမြင်ရသော်လည်း တသိမ့်သိမ့်လှုပ်ခါနေသော ကိုယ်ကလေးကြောင့် ကျွန်တော်ငိုနေကြောင်း ဆရာမ သိသွားလေသည်။
“အို.. ဘာဖြစ်လို့ ငိုနေတာလဲ ကလေးရယ်၊ ရော့ရော့.... မျက်ရည်တွေသုတ်လိုက်”
ဆရာမသည် ကျွန်တော့်မေးစေ့ကိုဆွဲ၍ မျက်နှာကို မော့စေသည်။ မျက်ရည်များကို သူ့လက်ကိုက်ပုဝါကလေးဖြင့် တယုတယ သုတ်ပေး၏။

ကျောင်းရှေ့က သရက်ပင်ပျိုကလေးသည် ဒီနှစ်အထိ အသီးမသီးချေ။

လွန်ခဲ့သော သုံးနှစ်ခန့်က ကွယ်လွန်သွားခဲ့သော ကျွန်တော့်မမကို အလွန်သတိရပါသည်။


(မြန်အောင် အထက၊ ငွေရတု၊ စက်တင်ဘာ၊ ၁၉၇၈)

No comments:

Post a Comment