Wednesday 27 November 2013

နေဝင်သွားတော့ လထွက်သည် - မင်းလူ

 
နေဝင်သွားတော့ လထွက်သည်



မမ၏ မျက်နှာသည် လေငြိမ်သောအခါတွင် အင်းလျားကန်ရေပြင်၌ ပေါ်ထွန်းနေသော လပြည့်ဝန်းကြီးနှင့် တူပါသည်။

သစ်သစ်၏ မျက်နှာသည် လှိုင်းကြက်ထသော အင်းလျားကန်ရေမျက်နှာပြင်ကို တဖျတ်ဖျတ်ထိခတ်သော နေရောင်ခြည်နှင့် တူပါသည်။





ချစ်သူနှစ်ယောက် ထားဖူးကြပါလိမ့်မည်။ နှစ်ယောက်စလုံးက တစ်ချိန်တည်း တစ်ပြိုင်တည်း ချိန်းဆိုထားသောအခါ မည်သူ့ထံသို့ သွားရမည် မသိသောအဖြစ်ကိုလည်း ကြုံဖူးကြပါလိမ့်မည်။

ဇွန်လ ၂၀ရက်၊ စနေနေ့ ဖြစ်ပါသည်။ မမက အရေးကြီးသောကိစ္စ ပြောစရာရှိ၍ လာခဲ့ရန် ချိန်းထားပါသည်။ မွန်းတည့် ဆယ့်နှစ်နာရီတိတိအချိန်တွင် မမတို့ ရုံးရှေ့က ကြိမ်ခြင်းတောင်းလေးတွေရောင်းသော တဲကလေးရှေ့က စောင့်ရန်။

သစ်သစ်က မွန်းတည့် ဆယ့်နှစ်နာရီတိတိတွင် အဆောင်သို့ လာခဲ့ရန် ချိန်းထားပါသည်။ ဒီနေ့ သစ်သစ် ကျောင်းမတက်သောကြောင့် သစ်သစ်ရှိရာ အင်ကြင်းဆောင်သို့ သွားရမည်။ ကျွန်တော်သည် တက္ကသိုလ်ကျောင်းဝင်းထဲက ကိုအောင်ရင် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေပါသည်။ ဆယ့်တစ်နာရီ ဆယ့်ငါးမိနစ် ဖြစ်ပါသည်။





မမ၏ အချစ်ကိုရရန် တစ်နှစ်တစ်လနှင့် နှစ်ရက်တိတိ ကြိုးစားခဲ့ရပါသည်။ မမ၏ အချစ်ကိုရရန် မူယာမာယာများ သုံးခဲ့ရပါသည်။ မမကမှ ပြန်မချစ်ရင် စာမေးပွဲ မဖြေတော့ဘူး ဆိုတော့မှပင် ချစ်ပါသည်။ မမသည် ကျွန်တော်နှင့် ချစ်ခါစက ကျွန်တော့်ကို “သူ” ဟု ခေါ်ပါသည်။ သုံးနှစ်လောက်ကြာတော့မှ “မောင်” ဟု ခေါ်ပါသည်။ “မောင်” ဟု ခေါ်ရတိုင်းလည်း မမ ရှက်နေတတ်ပါသည်။

သစ်သစ်၏ အချစ်ကိုရရန် ခြောက်ရက်ခန့် ကြိုးစားရပါသည်။ အမှန်မှာ ငါးရက် ဖြစ်ပါသည်။ တနင်္ဂနွေတစ်ရက် ခံသွားသောကြောင့် ခြောက်ရက် ဖြစ်သွားပါသည်။

သစ်သစ်သည် ကျွန်တော်နှင့် မချစ်ခင်က “ယူ” ဟု ခေါ်ပါသည်။ ကျွန်တော်နှင့် စချစ်သည့်နေ့မှစ၍ “ကိုကို” ဟု ခေါ်ပါသည်။





မမကို ချစ်ခွင့်ရပြီး လေးလကြာမှ မမ၏ လိုင်စင်ဓာတ်ပုံတစ်ပုံကို ရပါသည်။ ခြောက်လကြာမှ နှစ်ယောက်ချင်းတွေ့ခွင့် ပေးပါသည်။

တစ်လလျှင် တစ်ကြိမ်ခန့်။ သို့ရာတွင် လွန်ခဲ့သော သုံးလခန့်မှစ၍ မမသည် တစ်လတစ်ကြိမ် တွေ့ခွင့်ကို အကန့်အသတ်မရှိ ရပ်စဲလိုက်ပါသည်။

နောက်ဆုံးတွေ့ကြသောနေ့က မမကို ကျွန်တော်က အတင်းနမ်းမိသောကြောင့် ဖြစ်ပါသည်။

သစ်သစ်သည် ကျွန်တော့်ကို ချစ်ပြီး နောက်တစ်နေ့တွင် သူ၏ ဓာတ်ပုံအယ်လ်ဘမ်ကို လက်ဆောင်ပေးပါသည်။ လေးလခန့်အတွင်း သစ်သစ်နှင့်ကျွန်တော် ငါးဆယ့်နှစ်ခါတိတိ တွေ့ခဲ့ပါသည်။ သစ်သစ်သည် အဆောင်ကို ပြန်ခါနီးတိုင်း ကျွန်တော့်ကို သတိပေးတတ်ပါသည်။
“ကိုကို၊ ဒီနေ့ သစ်သစ်ကို မနမ်းရသေးဘူး”





မမသည် ကျွန်တော် ဆေးလိပ်သောက်သည်ကို မကြိုက်ပါ။
“လူကလေးက ငယ်ငယ်လေး၊ မျက်နှာက ရင့်နေလိမ့်မယ်၊ ပြီးတော့ ဆေးလိပ်သောက်ရင် အဆုတ်မှာ ကင်ဆာဖြစ်မယ်၊ အင်္ကျီမီးပေါက်မယ်၊ ပိုက်ဆံကုန်မယ်၊ ပါးစပ်က ဆေးလိပ်နံ့ နံမယ်”

သစ်သစ်သည် ကျွန်တော် ဆေးပေါ့လိပ်သောက်သည်ကို မကြိုက်ပါ။
“ဆေးပေါ့လိပ်ဆိုတာ စာရေးဆရာတွေ သောက်တာ၊ ကိုကိုက သူဌေးသားပဲ၊ စီးကရက်သောက်မှပေါ့၊ ဖီလ်တာနဲ့ ပြောတာနော်၊ ပြီးတော့ ဆေးပေါ့လိပ်နဲ့ ကိုကို့ ဂက်စ်လိုက်တာနဲ့ မလိုက်ပါဘူးနော်”





ဆန်းပြားသော ပုံစံများ၊ ကြောင်ကျားသော အဆင်များဖြင့် ချုပ်ထားသော အဝတ်အစားများ ဝတ်လျှင် မမ မကြိုက်ပါ။

ဘောင်းဘီဝတ်ခြင်းကို မမ တားမြစ်သည်။ မမထံသို့ တိုက်ပုံအင်္ကျီမပါဘဲ သွားလျှင် အဆူခံရတတ်ပါသည်။

သစ်သစ်သည် ကော်လာမပါသော လည်ပြတ်အင်္ကျီများ ဝတ်သည်ကို မကြိုက်ပါ။
“ခုခေတ်က ကျော်ဟိန်းခေတ်လေ ကိုကိုရဲ့၊ မောင်ဘတင့်ခေတ် မဟုတ်တော့ဘူး”

ထို့ကြောင့် သစ်သစ်သည် ကျွန်တော့်ကို ဘောင်းဘီဝတ်ခိုင်းသည်။

“ဘောင်းဘီချုပ်ရင် ဖလဲချုပ်နော်၊ ပြီးတော့ကျတော့ အီလပ်စတစ်နဲ့ မချုပ်နဲ့၊ တောင့်တောင့်ကြီး ဖြစ်နေလိမ့်မယ်၊ တက်ထရက်စ်ပလိန်းနဲ့ချုပ်၊ သိလား”





မမသည် ကျွန်တော်၏ ရှည်လျားသော ဆံပင်ကို မနှစ်သက်ပါ။
“မောင့်ဆံပင်ကြီးကလည်း စုတ်ဖွားဖွား ညှင်းသိုးသိုးနဲ့၊ နောက်တစ်ခါ ဒီလို ဆံပင်ကြီးနဲ့ဆိုရင် မမဆီ မလာနဲ့”

မမထံသို့ သွားလျှင် ဆံပင် နားရွက်မဖုံးစေရ။ ကော်လာအောက်သို့ ဆံပင် မရောက်စေရ။

သစ်သစ်သည် ဆံပင်အတိုထားသူများကို ရှုတ်ချတတ်လေသည်။
“ဆံပင်အတိုနဲ့ဆို ကြည့်ရတာ သိပ်အောက်တာပဲ၊ အေးမြင့်ကို ကြည့်ပါလား၊ ဆံပင်က တိုနံ့နံ့၊ ကုပ်သားကြီးက ပြောင်ပြောင်၊ တိုက်ဂေါပုံကြီး၊ ကိုကို့ပုံကတော့ မိပါတယ်၊ ကိုကို့ဆံပင် ခွေခွေကောက်ကောက်ကလေးတွေက ကုပ်သားပေါ်ဝဲကျနေတာ သိပ်မိုက်တာ”





မမသည် ဆန်းသစ်တီထွင်သော စကားလုံးများကို နားမလည်ပါ။
“ဟိုနေ့က မမတို့ရုံးကို ဖုန်းဆက်တုန်းကလေ၊ ဖုန်းလာကိုင်တဲ့ လူကြီးက ဘယ်သူလဲ၊ ဘယ်ကလဲနဲ့ တကယ် ဒတ်စ်ပဲ”
“ဘာလဲမောင်ရဲ့၊ ဒတ်စ်ဆိုတာ”
“ဒတ်စ်ဆိုတာ အမှိုက်လို့ပြောတာ၊ ရှုပ်တယ်လို့ ပြောတာပေါ့”
“မောင်တို့ လမ်းသရဲစကားတွေ မမ နားမလည်ဘူး၊ ဘာတွေမှန်းလည်း မသိဘူး”

စကားအသစ်အဆန်း တီထွင်မှုတွင် သစ်သစ်ကို ကျွန်တော် လိုက်လို့မမီပါ။
“ကိုကို၊ ကိုမဲလုံးက ကိုကို့ကို လိုက်ရှာနေတယ်”
“ဘယ်က ကိုမဲလုံးလဲ”
“ခါလာကြီးရဲ့သား ကိုမဲလုံးလေ”
“ဘယ်က ခါလာကြီးလဲ၊ ကိုကို မသိပါလား”
“ကိုကိုကလည်း၊ တုံးလိုက်တာ”
“ပြောစမ်းပါဦး သစ်သစ်ရဲ့၊ ဘယ်သူတွေလဲ”
“ဘယ်သူတွေမှ မဟုတ်ဘူး၊ တကယ်လည်း မရှိဘူး၊ ကိုကို့ကို အကြောင်ရိုက်တာ၊ ကိုမဲလုံးက လိုက်ရှာနေတယ်ဆိုရင် တွေ့ပြီင်္းပြီလို့ ပြောရတယ်၊ ဟင်း ဘယ်ကလဲ၊ ဘာညာလုပ်နေရင် ကိုကို အကြောင်မိပြီဆိုပြီး ဝိုင်းဟားခံရမှာပေါ့”
“ကိုကိုတော့ တစ်ကွက် နောက်ကျသွားပြီကွာ”





မမနှင့် နှစ်ယောက်တည်း သွားကြသောအခါ ကျွန်တော် ရှောင်ရှားသောနေရာများမှာ တက္ကသိုလ်ကျောင်းဝင်း၊ အင်းလျားကန်၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်း၊ ဗိုလ်ချုပ်ပန်းခြံ၊ လူရှင်းသောနေရာမှန်သမျှ ဖြစ်ပါသည်။

အမြဲတမ်းသွားနေကျ နေရာမှာ ရွှေတိဂုံဘုရား ဖြစ်ပါသည်။ အများအားဖြင့် ကြေးဆင်းတုတော်ကြီးတွေ ရှိနေသောနေရာ ဖြစ်ပါသည်။ ဘုရားပေါ်ရောက်လျှင် မမသည် ဘုရားအကြာကြီး ရှိခိုးတတ်ပါသည်။

သစ်သစ်နှင့် လျှောက်လည်ကြသောအခါ ဘုရားပေါ်သို့ မတက်ဖြစ်ကြပါ။ သစ်သစ်သည် ဗိုလ်ချုပ်ဈေးနှင့် ရုပ်ရှင်ရုံကလွဲ၍ လူရှုပ်သော နေရာမျိုးကို မကြိုက်ပါ။
“လူတွေ မြင်နိုင်မယ့်နေရာမှာ ထိုင်ချင်ပါဘူး ကိုကိုရယ်၊ ပေါ်တင်ကြီးဆိုတော့ မကောင်းဘူးလေ၊ သိတယ်မဟုတ်လား”



၁၀

မမသည် စိတ်ဘယ်တော့မှ မကောက်တတ်ပါ။ သို့ရာတွင် ဆရာ သိပ်လုပ်တတ်ပါသည်။ ဘယ်လိုနေ၊ ဘာလုပ်၊ ဘာတွေဆင်ခြင်၊ ဘာညာကွိကွ။ မမသည် ကျွန်တော့်ကို အလိုမလိုက်ပါ။

ကျွန်တော်လိုချင်သော အခွင့်အရေးများကို မပေးပါ။ ထိုအခါ ကျွန်တော် စိတ်ကောက်ပါသည်။ နောက်တော့ မနေနိုင်လို့ မမကို ပြန်ခေါ်ပါသည်။

သစ်သစ်သည် တစ်နေ့လျှင် အနည်းဆုံးတစ်ခါ စိတ်ကောက်ပါသည်။ နာရီပိုင်းအတွင်း စိတ်ပြန်ပြေသွားတတ်ပါသည်။ သစ်သစ်သည် တစ်လလျှင် အခါသုံးဆယ် သို့မဟုတ် သုံးဆယ့်တစ်ခါ စိတ်ကောက်တတ်ပါသည်။ တစ်လလုံးနေလို့မှ သစ်သစ် နှစ်ဆယ့်ရှစ်ခါပဲ စိတ်ကောက်သည့် လလည်း ရှိပါသည်။ ဖေဖော်ဝါရီလ ဖြစ်၏။



၁၁

အခန်းနံပါတ် AB 3 ထဲက ကျောင်းသားများ ဆူညံစွာ ထွက်လာကြပါသည်။ ဆယ့်တစ်နာရီ ငါးဆယ်မိနစ် ရှိပါပြီ။ ကျွန်တော်သည် ကားပေါ်တက်၍ မောင်းထွက်ခဲ့ပါသည်။ စီးပွားရေးတက္ကသိုလ်ရှေ့က လမ်းနှင့် ပြည်လမ်းဆုံရာတွင် ကားကိုရပ်ပါသည်။ ခုချိန်အထိ ကျွန်တော်သည် ဘယ်ကိုသွားရမှန်း မသိသေးပါ။ ညာဘက်သို့ချိုးလျှင် သစ်သစ်ရှိရာ အင်ကြင်းဆောင်သို့၊ ဘယ်ဘက်သို့ချိုးလျှင် မမတို့ရုံးသို့။

နောက်က ကားတစ်စီးက ဟွန်းတီးနေပါသည်။ ထိုကားသည် ညာဘက်သို့ကွေ့ရန် အချက်ပြမီးကို ဖွင့်ချည်မှိတ်ချည် ပြုလုပ်နေပါသည်။ ကျွန်တော်သည် ကားကို ဘယ်ဘက်သို့ ကွေ့ချလိုက်ပါသည်။



၁၂

မမသည် ဗိုလ်ချုပ်ပန်းခြံသို့ သွားချင်သည်ဟု ထူးထူးခြားခြား ပြောပါသည်။ ဗိုလ်ချုပ်ပန်းခြံထဲက ကျောက်ခုံကြီးတစ်ခုံမှာ ကျွန်တော်တို့ ထိုင်ကြပါသည်။
“မောင့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိတယ်”
မမ၏ မျက်နှာသည် ထူးခြားစွာ တည်ငြိမ်နေပါသည်။ အနည်းငယ် တင်းမာသယောင် ရှိပါသည်။ သို့ရာတွင် ကျွန်တော် မမကို မကြောက်ပါ။
“မောင် ဘွဲ့ရပြီးရင် ဘာလုပ်မလဲ”
ကျွန်တော် မဖြေတတ်ပါ။ ဘွဲ့ရပြီးလျှင် ဘာလုပ်ကြမလဲ။ ဘာလုပ်ကြမလဲ။ မမသည် ကျွန်တော့်အဖြေကို စောင့်နေပါသည်။
“မမ”
“ဟင်”
“ဘာလုပ်ကြမလဲ”
“မောင်က သိပ်ခက်ပါလား၊ မောင် ဘယ်နှစ်နှစ်ရှိပြီလဲ”
“အသက်နှစ်ဆယ်”
“ဒါကို ပြောတာမဟုတ်ဘူး၊ တက္ကသိုလ်မှာ ဘယ်နှစ်နှစ်ရှီပြီလဲလို့ မေးတာ”
“တတိယနှစ်”
“မမနဲ့ မောင်နဲ့ ချစ်ခဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲ”
“လေးနှစ်နဲ့ တစ်လနဲ့၊ အင်း နှစ်ဆယ်ရက်နေ့ဆိုတော့....”
“ထားပါတော့ လေးနှစ်၊ လေးနှစ်အတွင်းမှာ မောင် လေးလေးနက်နက် လုပ်ခဲ့တဲ့အလုပ် ဘယ်နှစ်ခုရှိခဲ့သလဲ”
ဘယ်နှစ်ခုရှိသလဲ။ ကျွန်တော် မဖြေတတ်ပါ။ မမ ဘာကို ဆိုလိုချင်သနည်း။ မမကြီးများသည် သူတို့ပြောချင်သော စကားများကို သူတို့ကိုယ်တိုင် မပြောဘဲ မောင်လေးများကို အဘယ့်ကြောင့် ဖြေခိုင်းရပါသနည်း။
“ဘယ်နှစ်ခု ရှိပါသလဲ”
မမကို ကျွန်တော် ပြန်မေးပါသည်။ မမက ဖြေပါသည်။
“တစ်ခုမှ မရှိဘူး၊ မောင်ဟာ မမနဲ့ လျှောက်လည်ဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ မမဆီက အခွင့်အရေးတွေ အမျိုးမျိုးတောင်းဖို့၊ မမကို စိတ်ကောက်ဖို့၊ ပြီးတော့....”
“ပြီးတော့ကျတော့ ဘုရားရှိခိုးဖို့”
“မမကို မငေါ့နဲ့၊ ခုချိန်မှာ မမနဲ့ မောင်တို့အတွက် ရှေ့ပြေးစီမံကိန်းဆိုတာ ရှိသင့်လာပြီ မောင်”
“ရှေ့ပြေးစီမံကိန်း ဟုတ်လား၊ အဲဒါက ဘာတွေလဲ”
“မမ မေးမယ်၊ မမနဲ့ မောင်နဲ့ ရှေ့ရေးသာယာဖို့ ဘာတွေလိုသလဲ”
“မမနဲ့ မောင်နဲ့ သစ္စာရှိရှိ ချစ်ဖို့”
“မဟုတ်ပါဘူး”
“မော်တော်ကား လိုတယ်”
“မဟုတ်ဘူး”
“ဟိုဒင်း၊ နေဖို့ အိမ်လိုတယ်”
“မဟုတ်ဘူး၊ လိုတာတွေက အများကြီး”
“ဟုတ်တယ်၊ ဟုတ်တယ်၊ အများကြီး၊ ပိုက်ဆံတွေ အများကြီးလိုတယ်၊ မောင့်ဖေဖေက သူဌေးပဲ”
“မဟုတ်ဘူး၊ တစ်ခုမှ မဟုတ်ဘူး”
“ဒါဖြင့် ဘာလဲ”
“ဒါကို မောင် သိပြီးသား ဖြစ်ရမယ်”
ဟော.... မောင် သိပြီးသားတဲ့၊ ဘာကို သိမှာလဲ၊ မမကြီးများသည် အဘယ်ကြောင့် ဝေ့လည်ချောင်ပတ် လုပ်တတ်ရပါသနည်း။
“မောင့်မှာ ဘာအရည်အချင်းတွေ ရှိသလဲ”
“မောင့်မှာ ဟို.. ကားမောင်းတတ်တယ်၊ ကြက်တောင် အရိုက်ကောင်းတယ်၊ ပြီးတော့ လက်ရေးလှတယ်၊ ပြီးတော့....”
“မောင့်မှာ ဘာအရည်အချင်းမှ မရှိဘူး”
“ဘာပြောတယ် မမ၊ မောင်က အားကိုးလောက်တဲ့လူ မဟုတ်ဘူးပေါ့၊ မောင့်မှာ ဦးဆောင်နိုင်တဲ့ အရည်အချင်း မရှိဘူးပေါ့၊ မောင်က ယောက်ျားကောင်းတစ်ယောက် မဟုတ်ဘူးပေါ့”
“ဟုတ်တယ်”
“ဘုရားပေါ်ကို သွားရအောင် မမ”
“ဟင့်အင်း.. မသွားချင်တော့ဘူး၊ ဘုရားဆိုတာ ရေစက်ဆုံနိုင်တဲ့ လူတွေမှ သွားရတာ”
“ဘာ.... မမ ဘာကို ဆိုလိုတာလဲ”
“မမမှာ စဉ်းစားနေတဲ့အပိုင်းကနေ ဆုံးဖြတ်ရမယ့်အပိုင်း ရောက်လာပြီ”
“မောင်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ဖို့လား”
“ဟုတ်တယ်၊ မောင်နဲ့ မမ လမ်းခွဲကြဖို့ပဲ ရှိတော့တယ်”
“မမ မောင်နဲ့ ခွဲနိုင်လို့လား”
“ခွဲနိုင်အောင် ကြိုးစားရမှာပေါ့၊ တကယ်တော့ ကိုယ့်လမ်းကိုယ် သွားကြရမှာပါ၊ ခံတော့ ခံစားရမှာပေါ့၊ အလွန်ဆုံး တစ်နှစ်ပါပဲလေ၊ ကြာတော့လည်း မေ့သွားကြမှာပါ”

နေမင်းကြီးသည် ငိုတတ်ပါသလား။ မမ၏ မျက်နှာကို ကြည့်ရသည်မှာ မွန်းတည့်နေသော နေမင်းကြီးကို ကြည့်ရသည်နှင့် တူပါသည်။

“ကောင်းလှပါပြီ ဒေါ်မမရီ၊ ကျွန်တော်ကလည်း ကျွန်တော့်လမ်း ကျွန်တော် သွားရမှာပါပဲ၊ ဒါပေမယ့် ကျွန်တော့်လမ်းက မော်တော်ကားနဲ့ သွားရမှာ၊ ကျွန်တော့်ကို ခွင့်ပြုပါဦးခင်ဗျာ”

နေမင်းကြီးသည် အဘယ်ကြောင့် တည်ငြိမ်စွာ ဟန်ဆောင်တတ်ပါသနည်း။



၁၃

အင်ကြင်းဆောင်ကို ရောက်သောအခါ တစ်နာရီနှင့် ငါးမိနစ် ရှိပါပြီ။

အဆောင်စောင့် ဦးလေးသိန်းအား သစ်သစ်ကို ခေါ်ပေးဖို့ ပြောပါသည်။
“ခဏနေဦးကွာ၊ ငါသွားခေါ်ပေးမယ်၊ ခုနတော့ ဧည့်ခန်းထဲမှာ မင်းကိုစောင့်နေတာ တွေ့တယ်”
ဦးလေးသိန်း ထွက်သွားပါသည်။ ဦးလေးသိန်း ပြန်လာသည်။
“မရှိဘူးလို့ ပြောခိုင်းလိုက်တယ်”
“ဦးလေးသိန်း၊ ကျွန်တော်က သိပ်အရေးကြီးတဲ့ကိစ္စ ပြောစရာရှိလို့ လို့”
သစ်သစ် ဆင်းလာပါသည်။ နှုတ်ခမ်းကို စူထားပါသည်။ ကျွန်တော့်ကို ကြည့်လည်းမကြည့်၊ စကားလည်း မပြောဘဲ ကားပေါ်တက်ထိုင်ပါသည်။
“ကိုကို နည်းနည်း နောက်ကျသွားတယ်ကွာ”
သစ်သစ်က ဘာမျှမပြောပါ။ နှုတ်ခမ်းကို ပို၍စူလိုက်ပါသည်။
“အရေးကြီးတဲ့ကိစ္စရှိရင်ပြော”
“တခြားမဟုတ်ပါဘူး၊ သစ်သစ်ကို ကိုကို ရုပ်ရှင်ပြမလို့၊ ချာလီလေ”
သစ်သစ်က ခစ်ခနဲ ရယ်ပါသည်။ လမင်းကြီးရယ်သည်ကို တွေ့ဖူးကြပါလိမ့်မည်။
“သစ်သစ် ကိုကို့ကို စိတ်ဆိုးနေတုန်းပဲလား”
“အစကတော့ စိတ်ဆိုးတယ်၊ ကိုကို့မျက်နှာကို မြင်လိုက်တော့ စိတ်မဆိုးတော့ဘူး”
လမင်းကြီးသည် ဟန်မဆောင်တတ်ပါ။ ကျွန်တော်သည် ကျွန်တော် မဖြေတတ်ခဲ့သော မေးခွန်းကို သစ်သစ်အား မေးကြည့်ပါသည်။
“သစ်သစ် ကိုကိုတို့ ဘွဲ့ရပြီးရင် ဘာလုပ်ကြမှာလဲ”
“ဘွဲ့ရပြီးရင် လက်ထပ်ကြမှာပေါ့ ကိုကိုရဲ့”

အို.... ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ ကျွန်တော်တို့ ဘွဲ့ရပြီးရင် လက်ထပ်ကြရလိမ့်မှာပေါ့။    ။


(ရုပ်ရှင်ပဒေသာ၊ နိုဝင်ဘာ၊ ၁၉၇၆)

No comments:

Post a Comment