Monday, 10 September 2012

ထူးအိမ်သင်၏ ပုံတူကောက်ကြောင်း - နိုင်ဇော် - နောက်ဆုံး အပိုင်း (credit to mmcyber)

အခန်း (၁၉) ရိုးရာဂီတနှင့် ခေတ်ပုံစံ
ငြိမ်းချမ်းရေးနှင့် စိမ်းလန်းရေး

(၁)
ထူးအိမ်သင်က သူ့အပေါ်လွှမ်းမိုးခဲ့သည့် နိုင်ငံတကာ ဂီတ အနုပညာရှင်များနှင့် ပတ်သက်ပြီး "ကမ္ဘာ့ ဂီတသမားတွေထဲက ကျွန်တော် စွဲစွဲလန်းလန်း ကြိုက်ခဲ့ဖူးတဲ့ အဖွဲ့တွေ အတော်များများ ရှိပါတယ်။ ဥပမာ Carpenters တို့လို၊ ဘီးဂျီးစ်တို့လို၊ Eagles,Deep Purple အများကြီး ရှိခဲ့တယ်။ အဲ့ဒီ အထဲမှာမှ ကျွန်တော့်ကို သိသိသာသာ လွှမ်းမိုး လာခဲ့တဲ့ အဖွဲ့က ဖရက်ဒီ မာကျူရီ၊ လူဝီအမ်စထရောင်းနဲ့ ဘီးဂျီးစ်၊ အဲဒီ သုံးဖွဲ့ကတော့ ကျွန်တော့် အပေါ် အလွှမ်းမိုးနိုင်ခဲ့ဆုံးပေါ့’ ဟု ပြောခဲ့ဖူးသည်။

မြန်မာနိုင်ငံမှ တေးရေးစာဆိုများနှင့် ပတ်သက်ပြီး "ကျွန်တော် ကြိုက်တဲ့သူတွေ တေးရေးသူ Own Composition ရေးတဲ့ သူတွေ ထဲမှာ အတော်များများ ရှိတယ်။ ဆရာ စိုင်းခမ်းလိတ်၊ ကိုနေ၀င်း အတော်များများကို ရှိခဲ့ပါတယ်။ ကျွန်တော် အားကျခဲ့တဲ့အထိ ဖြစ်ခဲ့တာ ဆိုရင်တော့ တေးရေး ပညာရှင် ဆရာ မြို့မငြိမ်းပါ" ဟု ဆိုသည်။

ဆရာ မြို့မငြိမ်းကို သူ အားကျသည်အထိ သူ့အပေါ် လွှမ်းမိုးခဲ့သလို ဆရာ မြို့မငြိမ်း၏ ဂီတနှင့် ရေစက်ဆုံခွင့် သူ ရရှိခဲ့သည်။

(၂)
မန္တလေး မြို့မ စိန်ရတုပွဲကြီး ကျင်းပရာ နန်းရှေ့ရပ်၊ ၆၆လမ်း ပေါ်ရှိ အမျိုးသား ကဇာတ်ရုံ ထဲတွင် ရုံပြည့်ရုံလျှံ အားပေးနေကြသည့် ပရိသတ်အတွက် အထူး ဧည့်သည်တော်အဖြစ် လာရောက် ဖျော်ဖြေမည့် အနုပညာရှင် တစ်ယောက်ကို မျှော်လင့် စောင့်စားလျက် ရှိနေကြသည်။

အချိန်တန်သဖြင့် စင်ပေါ် ရောက်လာသောအခါ မျက်မှန်ထူကြီး အောက်က ထူးအိမ်သင်၏ မျက်လုံးများက ကြည်လင် တောက်ပပြီး တဖိတ်ဖိတ် လက်နေပါတော့သည်။
သီချင်း၏ အရှေ့ပိုင်းမှာ မယ်လိုဒီက ချက်ချင်း မ၀င်။
"ကျုပ်တို့ . . . ကရ၀ိတ်သည် မြူးဇစ် . . . တီးရပါတော့မယ် ခင်ဗျာ . . စေတနာ၊ စိတ်ကောင်းနဲ့ ဖြစ်ခြင်းကြောင့် ခွင့်ပေးကြစေလိုပါတယ် . . ."

တိုးတိတ်သော်လည်း ကြည်လင် ပြတ်သားသည့် စကားသံက ဂါထာ တစ်ပုဒ် ရွတ်ဖတ်သလို၊ ကဗျာ တစ်ပုဒ်ကို ဆိုညည်းလိုက်သလို သူ့နှုတ်မှ ပေါ်ထွက်လာခဲ့သည်။ ပရိသတ်က သူ၏ စကားသံထဲမှာ နစ်မျောနေစဉ်တုန်းမှာပင် ဂျက်ဇ်ဂီတ တီးကွက်က မြိုင်မြိုင်ကြီး ထွက်ပေါ် လာတော့သည်။
"ကျုပ်တို့ကရိတ်ဝိတ်သည်မြူးဇစ်တီးရပါတော့မယ်ခင်ဗျာ . . . စေတနာစိတ်ကောင်းနဲ့ ဖြစ်ခြင်းကြောင့် . . . ခွင့်ပေးကြစေလို . . . သောတနာ ချိုစေ၊ တံတျာတေးရှင် . . . ထုံထုံထုံ . . . ထုံဒရပ် . . . ထုံဒရပ်ထုံ . . . မာပါစေ သာပါစေ . . . သောတရှင်တွေ . . . စိန်တွေဝင်၊ ရွှေတွေဝင် ရာကျော် သက်ကောင်းရှည်"

(၃)
မန္တလေး မြို့မ စိန်ရတုပွဲကြီးတွင် ဆရာ မြို့မငြိမ်း၏ "ကရ၀ိတ်သည် မြူးဇစ်" အမည် ရှိသော သီချင်းကို ထူးအိမ်သင် ဆိုပေးခဲ့သည်။
ဆရာ မြို့မငြိမ်းသည် မြို့မ အဖွဲ့မှ အနားယူပြီးသည့် နောက်ပိုင်း "ကရ၀ိတ်သည် မြူးဇစ်" ဆိုသော တီးဝိုင်းလေး တစ်ဝိုင်း ထူထောင်ခဲ့ရာ အဆိုပါ တီးဝိုင်း အမည်နှင့် ရေးဖွဲ့ ထားခဲ့သည့် ရှားရှားပါးပါး သီချင်း ဖြစ်သည်။ မြို့မ ဧည့်ခံ တေးစီးရီး သွင်းခဲ့ကြသည့် ၁၉၉၀ ပြည့်နှစ်များ၏ အစောပိုင်း ကာလတွင် ထူးအိမ်သင်ကို အဆိုပါ သီချင်း ဆိုပေးဖို့ ကမ်းလှမ်း၍ ထူးအိမ်သင်က သဘောတူ လက်ခံ သီဆို အသံသွင်း ပေးခဲ့သည်။

"သီချင်းထဲမှာ ရိုးရာ တေးသွားတွေကို သင်္ကေတ သဘောမျိုး ရွတ်တဲ့၊ အသုံးပြုတဲ့ တျာတို့ တေတို့ တျောတို့။ အဲဒါတွေလည်း ပါတာဆိုတော့ ကျွန်တော်ဆိုတာ ဌာန်ကရိုဏ်း မကျမှာစိုးလို့ ဆရာကြီးတွေ အရင် ဆိုပြပြီးမှ ကျွန်တော် ဆိုရတာပါ။ မြို့မ စိန်ရတုကျတော့လည်း ကျွန်တော့်ကို အဲဒီ သီချင်း ဆိုပေးပါလို့ ဆရာ ဦးရွှန်းမြိုင်တို့က တိုက်တွန်းကြလို့ ဆိုဖြစ်တာပါ" ဟု သူ ပြောပြခဲ့သည်။

ဆရာ မြို့မငြိမ်းကို လွန်စွာ လေးစားသော ထူးအိမ်သင်က ဆရာ့ လက်ရာ ရှားရှားပါးပါးကိုမှ သီဆိုခွင့် ရလိုက်သည် ဖြစ်ရာ ထူးခြားသော ဆုံစည်းမှုဟု ဆိုရပေလိမ့်မည်။
"ဒီသီချင်းက ဆရာငြိမ်းရဲ့ ဟန်အတိုင်းပေါ့။ Jazz ဆိုပေမယ့် အရမ်းကြီးကို ဘိုဆန်တဲ့ Jazz ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ရိုးရာပုံစံ မပျက်တဲ့ ရိုးရာနဲ့ Jazzနဲ့ ရောထားတဲ့ ပုံစံမျိုးပါ" ဟု ထူးအိမ်သင်က ပြောပြသည်။

(၄)
ထူးအိမ်သင်သည် ရှေးခေတ် ရှေးအခါ ရွှေငွေ ကျောက်မျက် ရတနာတွေ ဖိတ်ဖိတ် လက်သည့် နန်းတွင်းထဲက ဘုန်းတော်ဘွဲ့ ဂန္တ၀င် သီချင်းကြီး၊ သီချင်းခံများထက် လူတွေ ကြားထဲက ရိုးရာ အစဉ်အလာ ကျေးလက် သီချင်းများကို ပိုမို စိတ်ဝင်စားခဲ့သူ ဖြစ်သည်။

ဆရာ မြို့မငြိမ်းကဲ့သို့ပင် မြန်မာ့ရိုးရာ ဂီတနှင့် ခေတ်ပုံစံ ပေါင်းစပ် ထားသည့် တေးသီချင်းမျိုးတွေ ရေးဖွဲ့ဖို့ ရည်ရွယ် ထားပြီး ကြိတ်ပြီး ကြံစည်နေခဲ့သည်။
သို့သော်-
"ကျွန်တော် တစ်ယောက်တည်း လုပ်လို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူးဗျ။ ကျွန်တော် သိတယ်။ ကျွန်တော် အကူအညီတွေ အများကြီး လိုတယ်" ဟု သူပြောခဲ့သည်။

(၅)
ထူးအိမ်သင်က စိတ်လိုလက်ရ ရှိလျှင် မြန်မာ့ရိုးရာ ၀ါးပုလွေကို မှုတ်နေတတ်သည်။ သူ နောက်ဆုံး သွင်းမည့် အယ်လဘမ်ထဲက သီချင်းများတွင် လူသုံးနည်းသည့် တိုင်းရင်းသားတို့၏ သဘာဝ တူရိယာများကို အဓိက သူ သုံးချင်ခဲ့ပုံ ရသည်။ နိုင်ငံရပ်ခြား ဖြစ်စေ၊ ဒေသတစ်ခုခု ဖြစ်စေ သွားဖြစ်ပြီး ပြန်လာလျှင် ပုလွေ အမျိုးမျိုး၊ ဟာမိုနီကာ၊ ဗုံကလေးများ၊ ယူကလီလီလို ဂစ်တာ သေးသေးလေးများ ၀ယ်လာပြီး တီးလိုက်၊ မှုတ်လိုက်၊ လေ့ကျင့်လိုက် လုပ်နေတတ်သည်။

တကယ်တော့ ထူးအိမ်သင်သည် နည်းပညာ တိုးတက်မှုအရ ပြောင်းလဲ ထွန်းကားလာသည့် Computer Programming Music အပေါ် လေ့လာ လိုက်စားကြခြင်းကို နှစ်သက် အားပေးသူ ဖြစ်သည်။ သူ၏ "မြို့ပြ လရောင် တမ်းချင်း" အယ်လဘမ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော Computer Programming Music ဖန်တီးမှု လက်ရာ တစ်ရပ်ဟုပင် ဆိုရမည် ဖြစ်သည်။ Computer Programming Music ကို ထိုသို့ ခုံမင် မြတ်နိုးစွာ စမ်းသပ် ဖန်တီးခဲ့သူ ဖြစ်သော်လည်း နောက်ပိုင်းတွင် Computer Programming Music အပေါ်တွင်သာ အားလုံးလိုလို အားကိုးအားထား ပြုလာကြတာ တွေ့ရသောအခါ သူ့အတွက် စဉ်းစားစရာ ဖြစ်လာခဲ့သည်။

တူရိယာ အသံ အားလုံးကို ကွန်ပျူတာထဲတွင် ဖန်တီး လာကြသောအခါ တူရိယာ အစစ်များ၊ တူရိယာ အစစ် တီးခတ်သူနှင့် တီးခတ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်ကြောင်း သူ တွေးမိပြီး ပူပန်သောက ဖြစ်လာသည်။ သို့ဖြင့် သူ နောက်ထပ် စီစဉ်မည့် အယ်လဘမ်ထဲက သီချင်းများတွင် လူသုံးနည်းသည့် တူရိယာ အချို့ကို ထည့်သွင်း ဖန်တီးဖို့ သူ ဆုံးဖြတ်ခဲ့သည်။

ဂီတလောက၏ လက်ရှိ ပတ်ဝန်းကျင်၊ လက်ရှိ ပရိသတ် အကြိုက် လိုက်ကာ အလုပ်ဖြစ်နေ၊ ငွေရနေသော အလွယ်လမ်း လိုက်ဖို့ သူ စိတ်မကူး။ လက်ရှိ ခေတ်စားနေသည့် အရာများကို အလိုက်သင့် လက်ခံပြီး အောင်မြင်မှုရဖို့ထက် အစဉ်အလာ ရှိခဲ့သော အရာများ တိမ်ကော ပျောက်ကွယ်သွားမည့် အရေးကို သူ တွေးပူခဲ့သည်။ အများစုက လျစ်လျူရှုလိုက်သဖြင့် ဆုံးရှုံး သွားနိုင်သော ဂီတ၏ အစဉ်အလာ၊ တိမ်ကော ပျောက်ကွယ် သွားနိုင်သည့် ရှားပါး တူရိယာများအတွက် သူ တစ်ခုခု ဖြည့်ဆည်း ပေးဖို့ စဉ်းစားခဲ့သည်။ ထိုသို့ ကြိုးစားရတာက သူ့အတွက် ပိုပြီး ပင်ပန်းသည်။ သို့သော် ဂီတအပေါ် စစ်မှန်စွာ မြတ်နိုးသူပီပီ ပင်ပန်းသည်ဟု သူ မထင်။

ထူးအိမ်သင်က အဆိုတော် တစ်ယောက် အနေနှင့် ပိုက်ဆံ ရလွယ်သော စတိတ်ရှိုး တက်ဆိုဖို့ ဆိုလျှင် အမြဲလိုလို ငြင်းဆန်နေတတ်သည်။ သို့သော် စင်နောက် စင်အောက်မှ မထင်မရှားနှင့် ဗုံကလေး ၀င် တီးပေးလိုက်၊ ပုလွေကလေး ၀င် မှုတ်ပေးလိုက်နှင့် အဖြည့်ခံ ဆောင်ရွက် ပေးချင်သူ ဖြစ်သည်။

(၆)
ကိုယ်ပိုင် သံစဉ် သီချင်းနှင့် ကော်ပီတေးများ အပေါ် အယူအဆ အမျိုးမျိုး ကွဲလွဲတတ်ကြရာ ထူးအိမ်သင်၏ အမြင်က ရှင်းသည်။
"ကိုယ်ပိုင် သံစဉ်တဲ့။ ဟုတ်ပါပြီ။ အဲဒီ ဝေါဟာရ အတိုင်းပဲ ထားလိုက်ပါတော့။ အဲဒီ ကိုယ်ပိုင် သံစဉ် သီချင်းရော၊ ကော်ပီ သီချင်းရော အမျိုးအစား နှစ်ခုစလုံးဟာ ရှိသင့် ရှိအပ်လို့ ဒါမှမဟုတ် တောင်းဆိုနေကြလို့၊ လိုအပ်နေလို့ ရှိနေရတယ်လို့ ယူဆပါတယ်။ သို့သော် နောက်ဆုံးမှာတော့ ကိုယ်ပိုင် သံစဉ်လို့ ခေါ်ကြတဲ့ Own Composition တွေဟာ အားကောင်း လာပြီး ပင်မ ရေစီးကြောင်း ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ကော်ပီ သီချင်းတွေကို ဘာကြောင့်ပဲဖြစ်ဖြစ် ရှုတ်ချစရာ အထင် သေးစရာ မရှိဘူး" ဟု ဆိုသည်။

ဆက်လက်ပြီး အကျိုးအကြောင်း ညီညွတ်စွာ ခြေခြေမြစ်မြစ် သူ ရှင်းပြခဲ့သည်။
"အခြေခံ အကြောင်းကတော့ ကျွန်တော်တို့အတွက် ဂီတပညာ သင်ယူစရာ ကျောင်းတွေ မရှိခြင်းပါဘဲ။ ပင်ကိုရေး သီချင်းများ ဖွဲ့သီနိုင်ဖို့အတွက် တေးသွား ဖွဲ့စည်းမှု၊ အဲဒီ တေးသွားတွေ အပေါ်မှာ မိတ်ဖက်သံများ တည်ဆောက်မှု၊ ဂီတ ဖန်တီး စီစဉ်ခန့်ခွဲမှု၊ တီးမှုတ် သီဆိုမှု အတတ်ပညာ၊ ခေတ်မီတဲ့ နည်းစနစ်တွေ လိုတယ်။ အဲဒါတွေကို ဘယ်မှာ သွားသင်ယူရမလဲ။ ကျွန်တော်တို့မှာ ကျောင်း မရှိဘူး" ဟု ဆိုသည်။

"ကောင်းပြီ။ နိုင်ငံခြား တေးသွားတွေ၊ သီချင်းတွေကို ကျွန်တော်တို့ လိုက်ပြီး တီးကြတယ်။ ဆိုကြတယ်။ ဒီလိုနဲ့ ကော်ပီ သီချင်းများ သီဆို တီးခတ်ခြင်းဟာ ကျွန်တော်တို့အတွက် ဂီတပညာ သင်ယူ လေ့လာမှု ဒါမှမဟုတ် ဂီတကျောင်း တက်ရောက် သင်ကြားမှု ဖြစ်လာတယ်။ ခင်ဗျားတို့ နားထောင် နေရတဲ့ ကော်ပီ သီချင်းတွေဟာ ကျွန်တော်တို့ရဲ့ ဂီတပညာ စစ်ဆေးမှု၊ စာမေးပွဲ အဖြေလွှာတွေပါပဲ။ ဒါတွေသာ မရှိခဲ့ရင် ကျွန်တော်တို့ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို ဘယ်နည်းနဲ့မှ ဖန်တီး လာနိုင်ခဲ့စရာ မမြင်ပါဘူး။ ကော်ပီ သီချင်းများ တီးခတ် သီဆိုကြရင်းနဲ့ ကျွန်တော်တို့ အတွေ့အကြုံတွေ ရလိုက်တယ်။ နည်းစနစ်တွေ ရလိုက်တယ်။ ဂီတ အသိပညာနဲ့ သီအိုရီတွေ ရလိုက်တယ်။ အဲဒါတွေ အားလုံးကို အသုံးပြုပြီး ကိုယ်ပိုင် သံစဉ် သီချင်းတွေကို ပိုမို အားကောင်း လာအောင် ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တယ်" ဟု သူ ရှင်းပြခဲ့သည်။

(၇)
သီချင်းတစ်ပုဒ် ဖန်တီးခြင်းအပေါ် ဖျော်ဖြေရေးသက်သက်လား၊ နားဆင်သူတွေအတွက် အကျိုးပြုသည့် အကြောင်းအချက် တစ်ခုခု ပါသင့်သလား ဆိုသည့် အယူအဆ အပေါ် ထူးအိမ်သင်က သူ၏ အမြင်ကို ပွင့်လင်းစွာ ပြောဆိုခဲ့သည်။
"သီချင်းတစ်ပုဒ်ကို သီးခြား အပို တာဝန် ယူရမယ်လို့ ပြဌာန်းစရာ အကြောင်း မရှိပါဘူး။ သီချင်း တစ်ပုဒ်ရဲ့ မူလတာဝန်ဟာ လူတွေရဲ့ ခံစားမှု အာရုံကို တစ်စုံတစ်ခုသော အကြောင်းခြင်းအရာ အပေါ်မှာ ညွှတ်နူးစေဖို့သာ ဖြစ်တယ်။ အဲဒီမှာ သီချင်းကို ဖန်တီးသူရဲ့ စေတနာနဲ့ ပေးလိုတဲ့ အကြောင်းအရာ အပေါ် မူတည်ပြီး တာဝန် တစ်ခုခုကို ယူပြီးသား ဖြစ်နေပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ အနုပညာဖန်တီးမှု တစ်ခုဟာ အနုပညာ မြောက်နေဖို့ပါပဲ။ အဲဒါမှပဲ ဒီသီချင်းကို နားထောင်ရင်း ခင်ဗျားတို့ ကျွန်တော်တို့ ရင်ခုန်နိုင်ပါလိမ့်မယ်" ဟု ဆိုသည်။

သို့ဖြင့် အနုပညာကိုသာ အရာရာထက် သူက တန်ဖိုးထားကြောင်း ထင်ရှားစေခဲ့သည်။
အနုပညာ ဖန်တီးရှင်၏ စေတနာ အရေးကြီးပုံကိုလည်း သူ အလေးထားခဲ့သည်။
ဖန်တီးသူ အနုပညာရှင်နှင့် သူ၏ ဖန်တီးမှု လက်ရာတို့ ဆက်စပ်နေပုံနှင့် ပတ်သက်၍ "အခြေခံအားဖြင့် ဖန်တီးသူဟာ ရိုးသားမှု ရှိဖို့ လိုအပ်တယ်။ သီချင်းကို ဖန်တီးစဉ်မှာ သူကိုယ်တိုင် ရင်ခုန်နေမှ ဒီသီချင်းကို ခံစားတဲ့ အခြားသူတွေလည်း ရင်ခုန်မှာပေါ့။ ဒီလိုမှ မဟုတ်ဘဲ ကိုယ်တိုင် ရင်မခုန်ဘဲနဲ့ တာဝန် တစ်ခုခု ယူဖို့ ဇွတ်အတင်းကြီး ကြိုးစားရင် သီချင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။ အသံ အနိမ့်အမြင့်ထားပြီး ရွတ်ဆိုရတဲ့ ၀ါဒဖြန့် ကြော်ငြာစာတန်းတွေ၊ ပြည်သူ့နီတိနဲ့ ဆေးကြော်ငြာတွေပဲ ထွက်လာလိမ့်မယ်။ အဲဒါတွေကို သီချင်းလို့ ဘယ်တုန်းကမှ ကျွန်တော် မယူဆခဲ့ဘူး" ဟု ဆိုပါသည်။

(၈)
ထူးအိမ်သင်က သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုးထား မြတ်နိုး လေးစားသည်။
သဘာဝ ပတ်ဝန်းကျင်သည် အနုပညာရှင်တို့၏ စိတ်နှလုံးကို တစ်နည်းနည်းနှင့် ဖမ်းယူစမြဲ ဖြစ်သည်။ ငှက်တစ်ကောင်၊ သစ်ပင်တစ်ပင်၊ ပန်းတစ်ပွင့် အပေါ် အာရုံ ၀င်စားခဲ့ခြင်း မရှိဖူးသော တေးရေး ဂီတစာဆို၊ ပန်းချီဆရာ၊ စာရေးဆရာဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိနိုင်။

သာမန် လူသားတို့သည်ပင် ညို့မှိုင်းသော ခဲသားရောင် မိုးသား တိမ်တိုက်ကြီးများအကြား လျှပ်စီးများပြက်လက် သွားသည်ကို မြင်တွေ့သည်နှင့် မှင်တက်မိရစမြဲ။ အနုပညာရှင် မဟုတ်သူများပင် နက်ရှိုင်းသည့် သစ်တောအတွင်း မျောက်အုပ်ကြီး၏ ကြေကွဲဖွယ် ဟစ်ကြွေး အော်မြည်သံကို ကြားရသည်နှင့် နှလုံးသွေး ရပ်မတတ် အံ့အားသင့် သွားရစမြဲ။ အပြောကျယ် လှသည့် ပင်လယ် သမုဒ္ဒရာကြီးကို လှမ်းကြည့်မိသောအခါ ဟိုးရှေးရှေး ပဝေသဏီ ပင်လယ်ထဲမှ စတင်ခဲ့ရသည့် အသက်ဗီဇ ဇီဝဓာတ်ကို မသိစိတ်ဖြင့် အောက်မေ့တမ်းတ လွမ်းဆွတ် ခံစားရစမြဲ။

ထူးအိမ်သင်ကတော့ "ကမ္ဘာမြေစိမ်းလန်းပါစေ၊ နှလုံးသားတွေ ဆုတောင်းနေ။ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ၊ အားလုံးကတောင်းဆိုနေ" ဟု ရေးဖွဲ့လိုက်သည်။
"ကမ္ဘာမြေ ငြိမ်းချမ်းပါစေ . . . ပန်းပွင့်တွေ ဆုတောင်းနေ
ကမ္ဘာမြေ စိမ်းလန်းပါစေ . . . ကျေးငှက်တို့တေးဆိုနေ
ကမ္ဘာမြေ စိမ်းလန်းပါစေ . . . နှလုံးသားတွေ ဆုတောင်းနေ
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ . . . အားလုံးက တောင်းဆိုနေ…"

တေးရေး ထူးအိမ်သင်၏ လက်ရာ "ငြိမ်းချမ်းပါစေ" သီချင်းကို ထူးအိမ်သင်၊ အောင်ရင်၊ ဘိုဘို၊ ညီပုလေး၊ ဖိုးဖန်တို့ ၀ိုင်းဖွဲ့ သီဆိုခဲ့ကြသည်။
"ကမ္ဘာမြေ ငြိမ်းချမ်းပါစေ ပန်းပွင့်တွေဆုတောင်းနေ . . .
ကမ္ဘာမြေ စိမ်းလန်းပါစေ ကျေးငှက် တို့တေးဆိုနေ . . ."

ကမ္ဘာမြေစိမ်းလန်းရေး ဆုတောင်းက တကယ်ပဲ ပြည့်ဝဖို့ လိုအပ်နေသည်။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာမြေ၏ အဓိက ဂေဟစနစ် (Ecosystems) များ ဖြစ်ကြသော ကမ်းစပ်နှင့် ပင်လယ်၊ သစ်တော၊ ရေချို၊ မြက်ခင်းဒေသနှင့် စိုက်ပျိုးခင်းများ ငါးမျိုးစလုံးမှာ အကြီးအကျယ် ယိုယွင်းနေကြောင်း တွေ့ရှိရသည်။

ထူးအိမ်သင်ကတော့ "ဟေး လာ . . . မိတ်ဆွေတို့ရေ။ လောကကြီး ပျော်ပါစေ၊ တို့ချစ်တဲ့ ကမ္ဘာကြီး အသက်ရှည်ပါစေ . . ." ဟု ရေးဖွဲ့ သီဆိုခဲ့သည်။
ရှင်သန် တည်တံ့ဖို့ ဆိုလျှင် သဘာဝကို လက်ရှိ သဘောတရားနှင့် ဆက်ဆံ၍ မရ။ နှစ်နှစ်ကာကာ ချစ်မြတ်နိုးဖို့ လိုအပ်သည်။ မျက်မှောက်ခေတ် လူသားတို့၏ ဘိုးဘေးများ ဖြစ်ကြသော ရှေးလူတို့သည် နေ့စဉ် သက်ရှင်မှုအတွက် သဘာဝ အပေါ် မှီခိုနေရခြင်းကို ကောင်းစွာ သိမြင်ခဲ့ကြသည်။ နေ၊ မြေ၊ လေ၊ ရေ၊ သစ်ပင် အစ ရှိသည်တို့၏ ကျေးဇူးတော်ကို နားလည်သည်။ သို့ဖြစ်၍လည်း သစ်ပင်၊ တိရစ္ဆာန် တို့ကို အလေးအမြတ် ထားသည်။ ရိုရိုသေသေ ဆက်ဆံခဲ့ကြသည်။

ယနေ့ခေတ်မှာ အဆိုပါ ရိုသေ လေးစားမှုမျိုး ပြန်၍ လိုအပ် လာခဲ့ပြီ။
မျက်မှောက်ခေတ် လူသားတို့နှင့် သဘာဝ ပတ်ဝန်းကျင် အကြား စိတ်လှုပ်ရှားစွာ မပေါင်းစည်းနိုင်သရွေ့ သဘာဝ ပတ်ဝန်းကျင်နှင့် သက်ရှိ မျိုးစိတ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်မည် မဟုတ်ချေ။ သဘာဝကို မြတ်နိုး ကိုးကွယ်မှ လူ့မျိုးဆက်တို့ အနာဂတ် ရှိလိမ့်မည် ဆိုတာ ထူးအိမ်သင် နားလည်ခဲ့သည်။
"ကမ္ဘာမြေ စိမ်းလန်းပါစေ . . . နှလုံးသားတွေဆုတောင်းနေ"

(၈)
ထူးအိမ်သင်က ရုပ်ရှင် အနုပညာကိုလည်း စိတ်ဝင်စားသည်။
ရုပ်ရှင် အခွေများ ကြည့်ပြီးလျှင် မြင့်မိုးအောင်နှင့် ဆွေးနွေးတတ်သည်။ သူက ဗညားဒလ၏ ရာဇဓိရာဇ် အရေးတော်ပုံကျမ်းထဲမှ ဇာတ်လမ်းတွေ ကောက်နုတ်ပြီး ရုပ်ရှင် ဇာတ်ကားကြီး တခမ်းတနား ရိုက်ကူးချင်သူ ဖြစ်သည်။

"အကြင်အနာ အိပ်မက်" ဗီစီဒီ ရိုက်ကူးသောအခါ ဒါရိုက်တာက ပုသိမ်မှ သူ့ သူငယ်ချင်း လူမင်းခေါင် ဖြစ်သည်။ ထူးအိမ်သင်၏ သီချင်း လေးပုဒ် ပါသည်။ အမေ့အိမ်၊ အကြင်နာ အိပ်မက်၊ သက်ငြိမ် နှင့် စိမ်းရက်လေအား လေးပုဒ်စလုံးကို သူ့စိတ်ကြိုက် ဇာတ်ညွှန်းရေး၊ ကတ်ခွဲပြီး သေသေချာချာ တိုင်ပင် ရိုက်ကူးခဲ့သည်။
သူ ရောင်းလိုက် ပြီးသား သူများတွေ ရိုက်ကူး ထားကြသော ဗီစီဒီဆိုလျှင် များသောအားဖြင့် ပြန်မကြည့်တက်။ သူတို့ ရိုက်ချင်သလို ရိုက်ထားကြ၍ ပျက်စီးသွားနိုင်တာ သူသိသည်။ ကြည့်မိလျှင် စိတ်ပျက်ကောင်း စိတ်ပျက်နေရမည် ဖြစ်သည်။

(၉)
စာရေးဆရာ နီကိုရဲနဲ့ ထူးအိမ်သင်တို့ စကားလက်ဆုံကျခဲ့စဉ် ကဗျာနှင့် ရုပ်ရှင် အကြောင်းတွေ ပြောဖြစ်ခဲ့ကြသည်။
ဆရာ နီကိုရဲက "ကိုအောင်ဝေးက ကဗျာကို သီချင်း လုပ်မယ်၊ ကဗျာကို ရုပ်ရှင် ရိုက်မယ်လို့ ပြောဖူး တယ်၊ ကိုငှက် ဘယ်လို ထင်သလဲ" ဟု မေးကြည့်သည်။

ထူးအိမ်သင်က "ကဗျာကို သီချင်း လုပ်ဖို့က နီးစပ်တယ်ဗျ၊ ဖြစ်လည်း ဖြစ်နိုင်တယ်၊ လုပ်လည်း လုပ်နိုင်ကြတာပဲ။ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာကို ကိုတိုးကြီးဆိုတာ ကောင်းတာပဲ၊ ကဗျာ ကိုယ်နှိုက်ကလည်း သီချင်း ဖြစ်လောက်တဲ့ အသံ၊ စကားလုံး၊ ရည်ရွယ်ချက်၊ စတာတွေ ရှိနေရမှာပေါ့။ သူလိုကိုယ်လို ရေးထားတဲ့ ကဗျာကိုတော့ သီချင်း လုပ်လို့ ထူးခြားမှာ မဟုတ်ဘူး။ အခု ကိုဒီရဲ့ ကဗျာ ဇာမဏီငှက်ကို သီချင်း လုပ်တာ ဖြစ်တာပဲ။ ဒါပေမယ့် ကဗျာကို ရုပ်ရှင် ရိုက်မယ်ဆိုတာကြီးကတော့ ခပ်ရူးရူး အတွေးပါဗျာ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး" ဟု ဆိုသည်။

ဆရာ နီကိုရဲက "ကဗျာရှည် ဆိုရင်တော့ ဖြစ်နိုင်မယ် ထင်ပါတယ်" ဟု ဆိုသည်။
ထူးအိမ်သင်ကတော့ "ကြိုးစား မကြည့်ရဘူးတော့ ကျွန်တော် မပြောပါဘူး၊ ဒါပေမယ့် ကဗျာက လွတ်လပ်တယ်ဗျ။ တစ်သီးပုဂ္ဂလ ဆန်တယ်၊ ကဗျာထဲမှာ ပါတဲ့ ညနေဟာ ခင်ဗျား ဖတ်ရင် ခင်ဗျားရဲ့ ညနေပဲ၊ ကျွန်တော် ဖတ်ရင် ကျွန်တော့်ရဲ့ ညနေပဲ၊ တူမှာ မဟုတ်ဘူး၊ ရုပ်ရှင် ရိုက်လိုက်ရင် သူတို့ ပြတဲ့ ညနေ ဖြစ်သွားမယ်၊ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ညနေ မဟုတ်တော့ဘူး၊ တိုးတက် လာတဲ့ နည်းပညာက ဆန်းသစ်မှု နောက်ကို လိုက်နိုင်တယ်၊ ကဗျာရဲ့ နူးညံ့မှုကိုတော့ သူ ယူပေးနိုင်မှာ မဟုတ်ဘူး" ဟု ဆိုခဲ့ဖူးသည်။

(၁၁)
ထူးအိမ်သင်က သီချင်းတစ်ပုဒ်နှင့် နှီးနွယ် ပတ်သက်သော အနာဂတ် သို့မဟုတ် အချိန်ကာလ အသစ်ကို နိမိတ်ဖတ်ခြင်းနှင့် သမိုင်းဆိုင်ရာ ကိစ္စကို ယခုလို ပြောခဲ့သည်။
"မရောက်သေး မရှိသေးတဲ့ အချိန်နဲ့ အခြေအနေ တစ်ခုဆီကို ရည်ညွှန်းတဲ့၊ နိမိတ် ဖတ်တဲ့ သီချင်းတွေ ရှိခဲ့ဖူးတယ်ဆိုတာ ငြင်းလို့မှ မရဘဲ။ ဒါပေမယ့် ဒီသီချင်းမျိုးက အမြဲတစေ များများစားစား ထွက်ပေါ် လာတာမျိုးတော့ မဟုတ်ဘူး။ တစ်စုံတစ်ခုသော အခြေအနေရဲ့ ပြင်းထန်တဲ့ စေ့ဆော် တိုက်တွန်းမှုနဲ့ တောင်းဆိုမှု ရှိမှသာ ဖြစ်နိုင်တာမျိုးပါ" ဟု ဆိုသည်။

"ဒါပေမယ့်ဒီသီချင်းမျိုးက အများအားဖြင့် သမိုင်းဆိုင်ရာ တန်ဖိုးသာ ကြီးမားလေ့ ရှိပြီး အနုပညာနဲ့ ရသအလှ တန်ဖိုးကတော့ သိပ်မပြောပလောက်ဘူးလို့ ယူဆပါတယ်။ သူက အချိန်ကာလာ အပိုင်းအခြား တစ်ခုနဲ့ သီးခြား ဖွင့်ဆိုချက် ရှိတဲ့ အခြေအနေ တစ်ခုကို တိုက်ရိုက် ရည်ညွှန်းတဲ့အတွက် ရသ ခံစားမှုမှာ တစ်သမတ် တန်ဖိုး မရှိ နိုင်လို့ပါပဲ" ဟုလည်း သူ၏ အယူအဆကို ရှင်းပြခဲ့သည်။

(၁၂)
ထူးအိမ်သင်က လူငယ်နှင့် လူကြီးတို့ အကြား အသက်အရွယ်ကြောင့် ဂီတနှင့် ပတ်သက်ပြီး ခံစားချက် အကြိုက်ချင်း မတူနိုင်တာကို ရှင်းလင်း ဖွင့်ဆိုပြခဲ့ဖူးသည်။
"ဂီတကို အများဆုံး ခံစားနိုင်တာ လူငယ်တွေပဲ ဆိုတော့ လူငယ်ကြိုက် သီချင်းတွေကို ကန့်ကွက် နေစရာ အကြောင်းများ ရှိသေးရဲ့လားဗျာ။ ကျွန်တော်တို့ကို နားလည် ခံစားနိုင်သူတွေ အတွက်ပဲ ကျွန်တော်တို့ ပေးစရာ ရှိတယ်။ နားမလည်နိုင် မခံစားနိုင်သူတွေအတွက် ကျွန်တော်တို့မှာ ဘာမှ ပေးစရာ မရှိဘူး။ လူငယ်ကြိုက် သီချင်းဆိုတာကိုရော ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုရမှာလဲ" ဟု သူက မေးခွန်း ထုတ်လိုက်သည်။

တစ်ဆက်တည်းပင် သူက သူ့အမြင်ကို ယခုလို ရှင်းပြသည်။
"လူငယ်ကြိုက် သီချင်းတွေ ဆိုတာနဲ့ ခပ်ပျက်ပျက် ခပ်ရမ်းရမ်း သီချင်းတွေလို့ သတ်မှတ်လို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ သီချင်းတွေကို ပြန်လေ့လာ ကြည့်ပါဦး။ ဒီနေ့ လူငယ်တွေကို အထင်သေးလို့ မရဘူးဆိုတာလည်း ခင်ဗျားတို့ ကျွန်တော်တို့ အသိပါပဲ။ အခု လူကြီးတွေ ကြိုက်တဲ့ အနှစ် နှစ်ဆယ်တေးတို့ ခေတ်ဟောင်းတေးတို့ . . . ။ အဲဒါတွေရော အရင်တုန်းက လူငယ်ကြိုက် သီချင်းတွေပဲ မဟုတ်ဘူးလား။ သူ့ရေစီးကြောင်း သူပိုင်တဲ့ ပစ္စည်းတွေကို သယ်ဆောင် သွားပါလိမ့်မယ်" ဟု ဆိုသည်။
သို့ဖြင့် အဟောင်း/အသစ် ဆိုသည်မှာ အချိန်၏ အဆုံးအဖြတ်သာ ဖြစ်ပြီး ယနေ့၏ အဟောင်းသည် တစ်ချိန်က အသစ် ဖြစ်ခဲ့သည်။ ယနေ့၏ အသစ်သည်လည်း တစ်နေ့တွင် ဟောင်းရဦးမည်။ အချိန်၏ စမ်းသပ်မှုကို ခံနိုင်သော အနုပညာသည်သာ ရေရှည် တည်တံ့ခိုင်မြဲ တွင်ကျန်ရစ်လိမ့်မည်ဟု သူ ခံယူကြောင်း ထင်ရှားသည်။

သို့ဖြစ်၍လည်း သူ ဖန်တီးခဲ့သည့် သီချင်းတွေထဲက Masterpiece ဖြစ်သည့် သီချင်းတစ်ပုဒ် ဆိုလျှင် မည်သည့် သီချင်းကို ပြမည်လဲ ဟု မေးကြည့်သောအခါ သူ့ အဖြေက ရှင်းသည်။
"အင်း . . . အဲဒီကိစ္စက ကျွန်တော် ပြောလို့ ပြလို့ ရတဲ့ ကိစ္စ မဟုတ်ဘူးဗျ။ Masterpiece ဆိုတာ အချိန်က သူ့ဘာသာ ပြသွားပါလိမ့်မယ်" တဲ့။

(၁၃)
လူငယ်များကို တန်ဖိုးထားသောကြောင့် မောင်မောင်ဇော်လတ်၊ အယ်ဖြူ အစရှိသော မျိုးဆက်သစ် လူငယ် တေးရေးများနှင့် ထူးအိမ်သင်၏ ဆက်ဆံရေးမှာ အလွန် နွေးထွေးသည်။
မောင်မောင်ဇော်လတ် မန္တလေး ဆေးတက္ကသိုလ် တက်ခါစ ၁၉၉၂၊ ၁၉၉၃ ခုနှစ် ဒုတိယနှစ် အမ်ဘီ အတန်းလောက်တွင် မယ်လိုဒီ စကက်ခ်ျ အကြမ်းလေး တစ်ခုကို ထူးအိမ်သင်ကို ပေးထားခဲ့သည်။

အလွန် ပြေပြစ်လှပ ခမ်းနားသော အဖိုးတန် မယ်လိုဒီ ဖြစ်မှန်း ထူးအိမ်သင် သိသည်။
အဆိုပါ မယ်လိုဒီထဲသို့ မည်သည့် Theme နှင့် မည်သည့် စာသားမျိုး ရေးထည့် ရမည်ကို စဉ်းစားရင်းနှင့်ပင် နှစ်တွေ နှစ်တွေ ကြာလာခဲ့သည်။
အကြောင်းအရာ အမျိုးမျိုးကို စိတ်ကူးပြီး ရေးကြည့်ခဲ့သော်လည်း စိတ်တိုင်းမကျ။

(၁၄)
၂၀၀၁ ခုနှစ် ၀န်းကျင်။
သူ အမေရိက ဖျော်ဖြေပွဲမှ အပြန်။ သြစတြေးလျ ဖျော်ဖြေပွဲ မသွားဖြစ်သေးခင်။
ရန်ကုန်မြို့ ဆယ်မိုင်ကုန်း အောင်စေတီ ကျောင်း၌ သင်္ကန်း စည်းသည့် အချိန်။ သူ့ စိတ်က တရား ဓမ္မ၌ မွေ့လျော်နေသည့် အခိုက်အတန့်။
အာရုံ ၀င်စားမှု တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။

ဘုန်းတော် အနန္တရှင် ဗုဒ္ဓမြတ်စွာဘုရားကို ပူဇော်သော သီချင်းကို မောင်မောင်ဇော်လတ်၏ မယ်လိုဒီမှာ ထည့်ရေးမည် ဆိုသည့် ခံစားချက် ဖြစ်လာသောအခါ သူ့စိတ်တွေ ဘ၀င် ကျသွားတော့သည်။
ဤတစ်ကြိမ်တွင် သူ ပဉ္စင်း တက်တာက ဒုတိယ အကြိမ် ဖြစ်သည်။
ပထမ အကြိမ်က ၁၉၉၅ ခုနှစ် သင်္ကြန်ကာလ။ မော်လမြိုင်မြို့ ဇေယျမေဒိနီ ကျောင်းတိုက်မှာ ဖြစ်ခဲ့သည်။

(၁၅)
ဆယ်မိုင်ကုန်း၊ အောင်စေတီ ကျောင်းမှာ "မဟာဝီရိ အိုး . . . ဗုဒ္ဓ" သီချင်းကို အပြီးသတ် ရေးဖွဲ့ခဲ့သည်။
မောင်မောင်ဇော်လတ်၏ မယ်လိုဒီတွင် ဗုဒ္ဓမြတ်စွာဘုရားကို ပူဇော်သည့် သီချင်းအဖြစ် ရေးဖွဲ့သော အခါ ဗုဒ္ဓ ပွင့်တော်မူရာ မဇ္ဈိမဒေသ၏ အငွေ့အသက်၊ ရသ ပတ်ဝန်းကျင် ရရှိအောင် မဇ္ဈိမသားတို့၏ ဂီတတူရိယာများ ဖြစ်ကြသည့် တာပလာဗုံ၊ ပလွေ၊ ခြူနှင့် လင်ကွင်း သေးသေးလေးတွေ၊ ချွင်ချွင် ဆိုသည့် အသံလေးတွေက အစ အသေးစိတ် စဉ်းစားပြီး အစစ်အတိုင်း သုံးစွဲခဲ့ကြသည်။

အရိန်းခ်ျမင့်ကို မောင်မောင်ဇော်လတ်၊ ထူးအိမ်သင်နှင့် Iron Cross ၀ိုင်းတော်သားများ စုပေါင်းလုပ်ကိုင်ခဲ့ကြသည်။
ကိုငှက်နှင့် မောင်မောင်ဇော်လတ်တို့၏ အချိန် နာရီ များစွာ၊ ညပေါင်း နေ့ပေါင်း များစွာ ထည့်ဝင် ထားရသည့် သီချင်းဟုလည်း ဆိုရပေမည်။
"အဲ့ဒီ သီချင်းနှင့် ပတ်သက် ပြီးတော့ ညပေါင်း များစွာ ကျွန်တော် အိပ်ရေးပျက်ခဲ့တယ်။ အကြိမ်ပေါင်း များစွာ စိတ်ဓာတ် ကျရတယ်။ အကြိမ်ပေါင်း များစွာ ကျွန်တော် အမျိုးမျိုး တွေးတော ရတယ်။ ကြံစည် ရတယ်။ အမျိုးမျိုး ပြန်ပြင် ရေးရတယ်။ အားထုတ်မှုကတော့ အဲဒီ သီချင်းမှာ အများဆုံးပါပဲ" ဟု ထူးအိမ်သင်နှင့် ကိုဘ "အစိမ်းရောင် ရက်စွဲများ" အင်တာဗျူးတွင် ပြောပြခဲ့သည်။

(၁၆)
တစ်ကိုယ်တော် စီးရီးခွေ မထွက်ခဲ့တာ ခြောက်နှစ်တာ ကာလမျှ ကြာမြင့်ခဲ့ပြီးနောက် ထွက်ရှိ လာသော အစိမ်းရောင် ရက်စွဲများ အယ်လ်ဘမ် ထဲမှ "မဟာဝီရ အို. . .ဗုဒ္ဓ" သီချင်းသည် အထူးခြားဆုံး ဟုပင် ဆိုရမည်။
ထူးအိမ်သင် ရေးဖွဲ့ ထားပုံကလည်း လွန်စွာ စနစ်ကျသည်။

သီချင်းဂီတ အစ ပျိုးချိန်မှာ မဇ္ဈိမဒေသ အသံထွက်မျိုးဖြင့် ရွတ်ဖတ်ကာ ကြည်ညို ပူဇော်သည်။ သီချင်း စာသားများ၏ အလယ်ပိုင်းတွင် ပါဠိ ရွတ်ဖတ်မှု ပါသည်။ အဆုံးပိုင်း ကျတော့ မြန်မာ ဘာသာပြန် တရား စာသားကို လူတိုင်း နားလည်သည့် စကားနှင့် ရွတ်ဆို ပွားများ ထားပြန်သည်။
တရား ဓမ္မ၏ သူ့ အဆင့်နှင့် သူ လူတွေ ကြားထဲ တဖြည်းဖြည်း ရောက်ရှိ ပျံ့နှံ့ သွားခဲ့ရပုံကို ဖော်ကျူး ထားခြင်း ဖြစ်လေသည်။
"မဟာဝီရ . . . အိုဗုဒ္ဓ" သီချင်းသည် တစ်မူ ထူးခြားသည့် ဓမ္မဂီတဖြစ်သည်။ မြတ်ဗုဒ္ဓ ဂုဏ်ရည်နှင့် လူသားတို့၏ ပုထုဇဉ် သဘာဝတို့ ပေါ်လွင်စေသည်။

“ကမ္ဘာမြေပြင် အမှောင်တိနေ့ရက်များ
ကယ်တင်ရှင် မရှိသော အခိုက်ကာလ
ဥာဏ်ပညာ အစွမ်းနဲ့လမ်းမှန်ပြ ဗုဒ္ဓ . . .
အမှန်ကိုမမြင်နိုင်ခြင်း အ၀ိဇ္ဇာ တရား
အရာရာကိုတွယ်ငြိသည့်တဏှာ
သံသရာ စက်ဝန်းအား ချိုးဖျက်သွား . . . ဗုဒ္ဓ”

အဆိုပါ စာသားများက ဗုဒ္ဓ မြတ်စွာ ပွင့်တော် မမူသေးခင် လောက ဖြစ်တည်နေခဲ့ပုံနှင့် မြတ်ဗုဒ္ဓ၏ ဂုဏ်ရည်များကို ထင်ရှားစွာ သိမြင်စေသည်။

“ကျင်လည်ရာလေးဖြာသြဃ
စုန်ဆန်ကာ အကြိမ်ကြိမ်ပြန်ကျက်စား
အဖန်ဖန်သေခြင်း ရှင်ခြင်းသည် ဆင်းရဲလေစွ . . .
အိုအဖ . . . ဒေသနာတော် သစ္စာလေးပါး
မမြင်နိုင်သူ အကျွန်ုပ်သည် လူအန္ဓ
ရွှေဥာဏ်ရှင် သဗ္ဗညုအား ပူဇော် ညွတ်တွား
အို . . . မဟာဝီရိဗုဒ္ဓ . . .”

နားလည်မှု အခံ ရှိထားသူတိုင်း ပဋိစ္စသမုပ္ပါဒ်နှင့် သစ္စာလေးပါး သဘောများကို ပီပြင်စွာ ဖော်ပြနေကြောင်း ခံစားရရှိနိုင်ပါသည်။

(၁၇)
ရှင်တော် မြတ်စွာဘုရားကို ထူးအိမ်သင်၏ ကြည်ညိုမှု အတိုင်းအတာ ကြီးမားလှပုံနှင့် သူ၏ ရိုးသားသော စိတ်နေစိတ်ထားကို သူ၏ စကားများမှ တစ်ဆင့် သိရသည်။
"ဒီသီချင်းကို ပြန်နားထောင်တော့ ကျွန်တော့်စိတ်ထဲမှာ ဒီသီချင်းကို အဲဒီအချိန်တုန်းကဒီထက် ပို ကောင်းအောင် လုပ်ခဲ့သင့်တယ်။ လုပ်နိုင်ခဲ့သင့်တယ်လို့ တွေးမိတယ်" ဟု ဆိုသည်။
"တုနှိုင်းမရတဲ့ မြတ်ဗုဒ္ဓကို ပူဇော်တဲ့ နေရာမှာ ဒီထက် ပိုပြီးတော့ အမွန်အမြတ်နဲ့ ပူဇော်ချင်တဲ့ စိတ်မျိုး ရှိနေတော့ ကျွန်တော့် ဘာသာ အားမလို အားမရ ဖြစ်ရတယ်" ဟု အရိုးသားဆုံး ၀န်ခံ စကားဆိုခဲ့ပါသည်။

(၁၈)
"မဟာဝီရိ . . . အိုဗုဒ္ဓ" သီချင်း နောက်ပိုင်းတွင် ခေတ်ပေါ် ဂီတပုံစံနှင့် လျော်ညီအောင် လုပ်ထားသော ဗုဒ္ဓနှင့် ပတ်သက်သည့် သီချင်းများချည်းသာ ဖန်တီး၍ သီးသန့် စုစည်း ထုတ်လုပ်ဖို့လည်း သူ စဉ်းစားခဲ့သည်။

"ဟိုတုန်းက ဆရာ စိုင်းခမ်းလိတ် တစ်ခွေ လုပ်ဖူးပါတယ်။ နန်းခမ်းနွဲ့လိတ် ဆိုတဲ့ တစ်ခွေလုံး ဗုဒ္ဓနှင့် ပတ်သက်တဲ့ သီချင်းတွေပါပဲ။ ဒါပေမယ့် ကျွန်တော် လုပ်ချင်တာကဗုဒ္ဓ၀င်ပေါ့ဗျာ။ ဗုဒ္ဓရဲ့ ဖြစ်စဉ်တော် အကြောင်းကို တစ်ခွေစာလောက် ကျွန်တော် လုပ်ချင်တယ်" ဟု သူ ပြောခဲ့ဖူးသည်။

(၁၉)
"အစိမ်းရောင် ရက်စွဲများ" အယ်လ်ဘမ်တွင် နောက်ထပ် ထူးခြားသော သီချင်း တစ်ပုဒ်က "နာရီတွေ ရပ်တဲ့ည" ဖြစ်သည်။ ထူးအိမ်သင်က ဆူညံ ပေါက်ကွဲဟန်နှင့် သီဆိုထားပြီး တစ်နေရာမှာ Rapping ရွတ်ဖတ်မှု ပါဝင်ခဲ့သည်။
"နာရီတွေ ရပ်တဲ့ည" ကို ရေးတာက ဖိုးဇော်လေ။ သူ ရေးပေးကတည်းက ဆိုလိုမြူးဇစ် အပြီးမှာ အဲဒီလို Rapping လေး ထည့်ဖို့ နဂိုကရင်း ရာထားပေးခဲ့တာ။ အဲဒီနားမှာ စိတ်တိုင်းမကျ သေးတာနဲ့ ရက်တွေ ကြာနေခဲ့တယ်။ တစ်ရက်ကျတော့ ကေအေတီတို့ အိမ်မှာ စကားပြောရင်း အိုင်ဒီယာ ရပြီးတော့ မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူတို့ နှစ်ယောက်၊ မောင်မောင်ဇော်လတ် အိမ်ကို ပြေးပြီး ရေးကြတာ။ သူတို့နှစ်ယောက် ရေးတဲ့ Rapping ကို သူတို့ နှစ်ယောက်ပဲ သီချင်းထဲမှာ ရွတ်ဖတ်ပေးတယ်ပေါ့ "ဟု ထူးအိမ်သင်က ပြောပြသည်။

သည်သီချင်းကို ကြည့်ခြင်းအားဖြင့် ထူးအိမ်သင်သည် ဂီတရေစီးကြောင်းကို မျက်ခြည်မပြတ်။ ဂီတဟန် အသစ်များကို သူ၏ ကိုယ်ပိုင် ဂီတဟန်နှင့် ပေါင်းစပ် လက်ခံ သီဆိုနိုင်ကြောင်း ထင်ရှားသည်။
Rap ဂီတ အပေါ် ထူးအိမ်သင်၏ သဘောထားက "သူတို့လှိုင်းနဲ့ သူတို့ပေါ့။ ဒီအချိန်မှာ သူတို့ လှိုင်းအတက်နဲ့ ကြုံတော့ သူတို့လည်းဒီလှိုင်းကို စီးကြတာပေါ့။ အားနည်းခက် အားသာချက်ကတော့ ဂီတ တစ်ခုချင်းစီမှာ ရှိကြတာပဲ။ Melody နဲ့ လုပ်လို့ မရတဲ့ ကိစ္စတွေကို Rapping နဲ့ လုပ်လို့ ရနိုင်တယ်။ Rapping မှာ လုပ်လို့ မရတဲ့ ကိစ္စတွေကိုလည်း Melody မှာ လုပ်လို့ ရတာဆိုတော့ သူ့နေရာနဲ့ သူ အသုံးချနိုင်ဖို့ပဲ အရေးကြီးတာပါ" ဟု ဆိုခဲ့ပါသည်။












 
အခန်း(၂၀) မရှိသော ရှိခြင်း နှင့် ရှိသော မရှိခြင်း
(၁)
ထူးအိမ်သင်မှာ အနုပညာနှင့် ပတ်သက်ပြီး စိတ်ကူး အကြံအစည် များစွာ ရှိထားခဲ့သော်လည်း အားလုံးကို အကောင်အထည် မဖော်နိုင်။ မိသားစု အရေး၊ လူမှုရေး၊ လူ့အဖွဲ့အစည်း၏ အရေးအရတွေလည်း သူ စိတ်ကူးထားတာ များစွာ ကျယ်ပြန့်သည်။
သူက စိတ်ဓာတ်မာ၊ ခေါင်းမာသော်လည်း ကိုယ်ခန္ဓာက ကျန်းမာလှသည် မဟုတ်။
သူ့ ကျန်းမာရေးကို သူ့ဘာသာလည်း အားမရ။

သူက လက္ခဏာလည်း ကြည့်၍ တတ်သည်။ ဘယ်တုန်းက ဘယ်လို လေ့လာ ထားသည် မသိ။ ဗေဒင် လက္ခဏာတွေ နားလည်သည်။ တားရော့ ဖဲဗေဒင်ကိုလည်း ဆရာ တစ်ဆူ နီးပါး ကျွမ်းကျင်သည်။ တားရော့ ဖဲထုပ် တစ်ထုပ်နှင့် တားရော့ ဆရာတွေဆီ သွားပြီး လက်ရည်စမ်းရင်း ပညာချင်းဖလှယ်တတ်သည်။
သူ့ ဘာသာ သူ တွက်ချင် ကြည့်ပြီး "မိသွယ် ငါလည်း သက်ဆိုး ရှည်မှာ မဟုတ်ဘူး ထင်တယ်။ နေရရင် လေးဆယ် ကျော်ရုံလောက်ကလေးပဲ ဖြစ်မလား မသိဘူး" ဟု ပြောခဲ့ဖူးသည်။
တစ်ခါတလေ အလုပ်တွေ ပင်ပန်းလာသော အခါများတွင် "ငါလည်း ငါ့ ကလီစာတွေကို ခိုင်းစား လာခဲ့တာ များပြီး။ နှလုံးကလည်း သိပ်မကောင်းဘူး ထင်တယ်"ဟု ဆိုတတ်သည်။

မိသွယ်က-
"ကိုလေး၊ ဆရာဝန်ဆီ သွားပါလား။ ကိုကြီး (ဒေါက်တာ အောင်ဇော်ဦး) နဲ့ ပြချင် ပြကြည့်လေ" ဆိုသော အခါ ကျပြန်တော့ "နောက်မှပဲ ပြပါတော့မယ်ကွာ"ဆိုပြီး ကွေ့ပတ် ရှောင်ထွက် သွားပြန်သည်။

(၂)
၂၀၀၄ ခုနှစ် သြဂုတ် လဆန်းပိုင်းတွင် အိမ်မှာ ကိုငှက်၊ မိသွယ်၊ မိကွန်ထောနှင့် ညီလေး မင်းဆုမွန်ပဲ ရှိကြသည်။ ကျန်တစ်မိသားစုလုံး မော်လမြိုင်သို့ ရောက်နေကြသည်။
အဖေနှင့် ညီမလေး မိမိုးတို့ အရင် သွားနှင့်ကြရာမှ မော်လမြိုင်တွင် အဖေ နေမကောင်းကြောင်းလှမ်း အသိပေး၍ အမေ လိုက်သွားခဲ့ခြင်း ဖြစ်သည်။
အဖေ့ ကျန်းမာရေးက သက်သာသော်လည်း သေသေချာချာ ပြန်ကောင်း မလာသေးသည့် အတွက် တော်တော်နှင့် ပြန်မလာနိုင်။

ထိုအတောအတွင်းမှာ ကိုငှက်က သူ ခိုင်းထားသော ကလီစာတွေကို ဇွတ်အတင်း အနားပေးဖို့ သူ့ဘာသာ ကြိုးစားသည်။ သူ့စိတ်ကတော့ ခိုင်မာသည်။ သို့သော် စိတ်က ရုပ်ကို အမြဲ မခိုင်းနိုင်။ သို့ဖြစ်၍ သူ့ ကျန်းမာရေးက ရုတ်တရက် ယိုင်လာခဲ့သည်။

(၃)
ရေအိမ် အ၀င်မှာ သူ အပြင်းအထန် ချောင်းဆိုးနေတာကို ညီငယ် ကိုဆု ကြားရသည်။
"ကိုလေး၊ နေလို့ မကောင်းဘူး ထင်တယ်။ အမေ့ကို ခေါ်ရမလား" ဆိုတော့-
"ကိစ္စ မရှိဘူး မခေါ်နဲ့" ဟု ဆိုသည်။

မိသွယ်က "ကိုလေး၊ ဆေးခန်း သွားရင် ကောင်းမယ်" ဆိုတော့လည်း"ဖြစ်နေကျပဲ ရပါတယ်" ဟု ဆိုပြန်သည်။
သို့သော် သူ့ အခြေအနေက တဖြည်းဖြည်းပင် တော်တော် ဆိုးလာသည်။ သို့ဖြစ်၍ မိသွယ်၊ ကိုဆုတို့က မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်တို့ကို ဆက်ပြီး အသိပေးရသည်။
သြဂုတ် ၁၂ ရက်နေ့ ညပိုင်းမှာ မိသွယ်က တေးရေး ဒေါက်တာ မောင်မောင်ဇော်လတ်ကို သွားခေါ် လာခဲ့သည်။ အိမ်ရောက်၍ စမ်းသပ် ကြည့်သောအခါ သူ တော်တော်လေး မောနေကြောင်း တွေ့ရသည်။ မောင်မောင်ဇော်လတ်က ကိုငှက်ကို ဆေးရုံ တတ်ဖို့ တိုက်တွန်းသည်။ သို့သော် သူက ဆေးရုံ မတက်ချင်။ ဘယ်လိုမျှ ပြောမရသည့် အတွက် မောင်မောင်ဇော်လတ်က အသိ အစ်မထံ ဖုန်းဆက်သည်။ အစ်မ အကြုံပြုသည့် ဆေးများ တိုက်ထား၊ သွင်းထားပေးသည်။

သို့သော် နောက်တစ်နေ့အထိ သူ၏ အခြေအနေက မထူးခြား။ ပို၍ပင် ဆိုးလာဟန် ရှိသည်။ သို့ဖြင့် ဆရာဝန်များနှင့် တိုင်ပင်ပြီး သုခကမ္ဘာမှာ ဇွတ်အတင်းပဲ မရမက ဆေးရုံ တင်လိုက်ကြသည်။
ထိုနေ့က သြဂုတ်လ ၁၃ရက် ညနေ။
တကယ်တော့ ထူးအိမ်သင်သည် ၁၃ ဂဏန်းကို မနှစ်သက်။ သို့သော် သူ့ အနေနှင့် ဘာကိုမျှ များများစားစား ရွေးချယ်ခွင့် မရှိတော့ပြီ။ သူ၏ ကျန်းမာရေးက အရေးကြီးနေပြီ။ အသည်းအသန်ဟုပင် ဆိုရမည်။

(၄)
ညပိုင်းကျတော့ သူ့ အခြေအနေ အတော်ကြီးကို ဆိုးဝါး သွားခဲ့ပြီ။ မျှော်လင့်ချက် နည်းသွားပြီ ဆိုတာ သိလာရပြီ။ သို့ဖြင့် မော်လမြိုင်ကို လှမ်းအကြောင်းကြားပြီး အမေ လိုက်လာခဲ့ဖို့ ပြောရသည်။
ညီလေး ကိုဆုက တစ်ညလုံး အနီးအနားမှာ ရှိသည်။ သူက အသက်ရှူ ကျပ်ပြီး မောနေသည့် အတွက် ကျောမှီပြီး ထိုင်လျက် အနေအထားပဲ နေရသည်။ ပက်လက် မအိပ်နိုင်ချေ။ မောနေသည့် ကြားက တစ်ချိန်လုံး အဖေ့ အကြောင်းကိုပဲ သူ မေးသည်။

"အဖေက ဆေးလိပ် များပြီး အဆုတ် မကောင်းတာကွ။ ငါလည်း အဖေ့လိုများ ဖြစ်နေပြီလား မသိဘူး" ဟု ဆိုရာကနေ-
"အေးကွာ၊ ငါလည်း အဖေ့လိုပဲ နေပြန် ကောင်းသွားမယ် ထင်တယ်။ အဖေက ရုပ်မြင်သံကြားမှာ ဘောလုံးပွဲတွေ ဘာတွေတောင် ပြန်ကြည့်နေပြီဆို. . ."ဟု ဆိုသည်။
တစ်ညလုံး အဖေ့အကြောင်ေးတွပဲ တတွတ်တွတ် ပြောဖြစ်သည်။ သို့သော် သူ၏ စကားသံက ကောင်းကောင်း မထွက်နိုင်။ သူ၏ ကျန်းမာရေးက ပြန်လည် နာလန် မထူနိုင်။

၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်း ၁၁း၄၀ အချိန်တွင် ထူးအိမ်သင် ကွယ်လွန် ဆုံးပါး သွားခဲ့သည်။
ထိုစဉ်က သူ၏ အသက်မှာ၄၁ နှစ်မျှသာ ရှိသေးသည်။

(၅)
တေးရေး ဂီတစာဆို ဒေါက်တာ စိုင်းခမ်းလိတ်၏ "နောက်ဆုံး သီချင်း" ကို သူ အလွန် ဆိုချင်ခဲ့သည်။
အမည်အရ နိမိတ် မကောင်းသော သီချင်းဖြစ်၍ မိသွယ်က မဆိုစေချင်။ ဂီတ အပေါင်းအသင်း ဖြစ်သူ ကိုထီး (စိုင်းထီးဆိုင်) ကလည်း တားသည်။ သူ့တုန်းက "နောက်ဆုံး သီချင်း" သီဆိုပြီးနောက် အချိန် များမကြာမီ ကံဆိုးမိုးမှောင် ကျခဲ့ဖူးသည်။ ဖြစ်နိုင်လျှင် ကိုငှက်ကို "နောက်ဆုံး သီချင်း" ကို မဆိုပါနှင့်ဟု လှမ်းပြီး တားမြစ်ခဲ့သေးသည်။
သို့သော် သူက ဆုံးဖြတ်ပြီး၍ မဖြစ်မနေ ဆိုသွားခဲ့သည်။

(၆)
သူ မဆုံးခင်ကတည်းက သေစကား ပြောတတ်သည်။
"မိုးတွင်းမှာ သေရရင် ဒုက္ခပဲ၊ မြေကြီးထဲမှာ တီကောင်တွေ၊ ငါးရှဥ့်တွေနဲ့ စိတ်ပျက်စရာ။ ငါ့ကို မီးထဲလည်း မထည့်နဲ့နော် မိသွယ်။ တော်တော် ပူလိမ့်မယ်" ဟု ရယ်စရာလိုလို၊ အတည်လိုလို ဆိုလေ့ ရှိသည်။

တစ်ခါ "အလကားပါကွာ၊ သေပြီဆိုရင် ဘာမှ သိမှာမှ မဟုတ်တော့တာ" ဟုလည်း ဆိုပြန်သည်။
"မိသွယ် ငါသေရင် အုတ်ဂူကို သေသေချာချာလုပ်နော်၊ ကြေးပြားမှာ "ဝေးသွားတဲ့အခါ"ကို နုတ်စ်နဲ့ ရေးပြီး ကပ်ပေးထား" ဟု ဆိုသလို တစ်ခါကျတော့ အသုဘ တစ်ခု ပို့ပြီးပြန်လာစဉ် လူတွေ တရုန်ရုန်းနှင့် တွေ့ခဲ့ရသည်ကို စိတ်ပျက်၍လား မသိ။

"ငါ သေရင် ဘယ်သူ့ကိုမှ အကြောင်းမကြားနဲ့။ ရှုပ်တယ်၊ မိသားစု အကျဉ်းရုံး လုပ်တာပဲ ကောင်းတယ်။ နေ့ချင်းပြီးလုပ်၊ သိလား" ဟု ဆိုခဲ့ပြန်သည်။
တစ်ဘက်မှာ ကျပြန်တော့-
"မိသွယ်၊ ငါ မသေချင်းသေးဘူး၊ ငါ့မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်"
အဲသလို ပြောတတ်သည်။

(၇)
"ကျွန်တော် အသက်ကြီးတဲ့အထိ နေရဦးမယ် ဆိုရင် ကလေးတွေကို ဂီတနဲ့ ပတ်သက်တာတွေ သင်ပေးပြီးတော့ အေးအေးဆေးဆေး နေသွားဖို့ စဉ်းစားတယ်" ဟု သူ ပြောခဲ့ဖူးသည်။ သူ့ဘ၀၏ နောက်ဆုံး အချိန်များကို သူ၏ ဆရာ ဦးအောင်စိုးလို ဘ၀ပုံစံမျိုး နေထိုင်သွားဖို့ ပုံဖော် ကြည့်ခဲ့ပုံ ရသည်။

သို့ပါသော်လည်း ဂီတငှက်သည် ဝေးလံ ရှည်လျားစွာသော ခရီးလမ်းကြောင်းကို အိုမင်းသူ အဖြစ်ဖြတ်သန်းခွင့် မရရှိခဲ့တော့ချေ။ လူငယ်ဘ၀နှင့် စောစီးစွာပင် အမြင့်ပျံ ခရီးကို ပျံသန်း ခရီးနှင် သွားခဲ့လေသည်။

(၈)
သူ၏ နောက်ဆုံး ခရီးတွင် သူ့ကို ချစ်သော ငယ်သူငယ်ချင်းများ၊ ဂီတ အသိုင်းအ၀ိုင်း၊ စာပေ လောကသားနှင့် သူ့ ပရိသတ်တွေက ထောင်နှင့် ချီ၍ ကျပ်ခဲနေခဲ့သည်။ ရေဝေး၏ ဈာပန အခမ်းအနား အထိ မရောက်လိုက်ရဘဲ လမ်းတစ်ဝက်မှာတင် ပြည့်ကျပ်သွားပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ။ လှည့်ပြန်ခဲ့ရသူတွေ အမြောက်အများ ရှိခဲ့သည်။
ပန်းခြင်းတွေ၊ ပန်းစည်းတွေ ထောင်ပုံရာပုံ။

(၉)
ရေဝေးသုသာန်သည် သူ့ထံသို့ နေ့စဉ်နှင့်အမျှ နေ့စဉ် အခေါက်ခေါက်အခါခါ ရောက်ရှိလာကြသော အသုဘပို့ အမျိုးမျိုးနှင့် ကြုံခဲ့ဖူးပြီ။ ရေဝေးအတွက် ထူးဆန်းသော အသုဘဆိုတာ မရှိနိုင်ဘူး ထင်သည်။ သို့သော် ထူးအိမ်သင်၏ ဈာပနာကတော့ တစ်မူ ကွဲခဲ့တာ အမှန်ပဲ ဖြစ်သည်။

ကွယ်လွန်သွားသူ တစ်ဦးတစ်ယောက်ကို လွမ်းဆွတ်စွာဖြင့် သံပြိုင်တေး သီဆိုရင်း လိုက်ပါ ပို့ဆောင်သော အသုဘမျိုး တစ်ခေါက် တစ်ခါမျှ တွေ့ဖူး ကြုံဖူးဖို့ ခဲယဉ်းလှသည်။ ထူးအိမ်သင် အသုဘမှာတော့ ထူးထူးခြားခြား သူ့ကို ချစ်သော ပရိသတ် လူငယ်တွေက သူတို့ ချစ်မြတ်နိုးသော ထူးအိမ်သင်၏ ဖန်တီးမှု လက်ရာ သီချင်းတွေကို သံပြိုင် သီဆို၍ လိုက်ပို့ကြသည်။

မည်မျှ ထူးခြားပြီး မည်မျှ အသည်း ခိုက်စရာ ခံစား နာကျင်ရင်း ကြည်နူးစရာ ဖြစ်ခဲ့ရပါသလဲ။ သူတို့၏ နှလုံးသားကို ဘယ်လောက်အထိ မှတ်မှတ်ထင်ထင် စူးနစ်ဝင်ခဲ့ရသလဲ။ မမေ့မပျောက်နိုင်သည့် ဒဏ်ရာ။ ထိုဒဏ်ရာဆီက မျက်ရည်စက်တွေ တစိမ့်စိမ့် စီးကျနေသည်။
နာရီပေါ်က စီးဆင်းလာသည့် မျက်ရည်စက်များက ပရိသတ် ရင်ထဲ နှလုံးသားထဲကို စီးဝင်ခဲ့သည်။ ယခုတော့ သူ့ကို ချစ်သူများ၏ မျက်ရည်တွေ ရင်ထဲ နှလုံးသားထဲ စိမ့်ထွက် စီးဆင်းခဲ့ပြီ။ အဆိုပါ မျက်ရည်စက်များက ထာဝရ ရှင်သန်မှုဆီသို့ ဆက်လက် စီးဆင်း သွားကြသည်။

ထိုနေ့က မိုးကောင်းကင်ပင် မနေနိုင်ဘဲ ငိုခဲ့သည်။
အမေ့အိမ်၊ အမေ့ရဲ့ ဒုက္ခအိုးလေး၊ ညီလေး၊ ရာဇာဝင်များရဲ့ သတို့သမီး အစရှိသည့် သူ၏ သီချင်းတွေ ရေဝေး၏ ပတ်ဝန်းကျင် လေထုထဲမှာ ဂယက်ထပြီး ပဲ့တင် လှုတ်ခတ်ကာ မိုးကောင်းကင်အထိ လွင့်ပျံခဲ့သည်။

ငှက်တစ်ကောင်က ပျံသန်း သွားခဲ့ပြီ။ သူက တေးဆို သင်ပေးထားခဲ့သည့် လူသားတွေက သူ၏ တေးတွေကို ထာဝရ သီဆိုသွားကြဦးမည့် အကြောင်း ကတိပြုကြသည့် အလား၊ သူ၏ နောက်ဆုံးခရီးကို သူ၏ သီချင်းများနှင့် ဂုဏ်ပြုရင်း မော်ကွန်းတစ်ရပ် ရေးထိုးခဲ့ကြသည်။
အချိန်တွေ ရွေ့လျားသွားခဲ့ပြီ။ သူ့ကို ချစ်သော ပရိသတ် လူငယ်တစ်စုက သူ၏ "ဝေးသွားတဲ့အခါ" သီချင်းကို လွမ်းမော တမ်းတစွာ သံပြိုင် သီဆိုရင်း ရေဝေးကို နောက်မှာ ထားရစ်၊ သူ၏ ရုပ်ကလာပ်ကို ရေဝေးမှာ ထားရစ်ခဲ့ပြီး ကြေကြေကွဲကွဲ ပြန်သွားခဲ့ကြသည်။

ရေဝေးမှာ သူတို့ ထားရစ်ခဲ့တာက ရုပ်ကလာပ် အခွံသာ ဖြစ်သည်။
အားလုံးနှင့် အတူ ဂီတငှက်၏ ၀ိညာဉ်က လိုက်ပါ သွားခဲ့သည်။
"ဝေးသွားတဲ့အခါ နှလုံးသားမှာ အမြဲမင်း သတိရနော်. . ကြင်နာခဲ့ဖူးတဲ့ အချိန်အခါများ ပြန်လည်ကာ ရယူဖို့ရာ မဖြစ်နိုင်တော့တဲ့အခါ ရင်ထဲမှာ ပြန်တမ်းတ မြင်ယောင်လိုက်ပါ. . ."

(၉)
ထူးအိမ်သင် ရေးဖွဲ့ခဲ့ဖူးသော "အိမ်မက်ထဲက ရထားကြီး" ခုတ်မောင်း သွားခဲ့ပြီ။
"အိမ်မက်ဆန်း တစ်ခု. . ညစဉ်တွေ့မြင် . . .
ငါလေ ရထားကြီး တစ်စင်းနဲ့ပေါ့. . .
ဘယ်ဆီမှန်းလည်း မသိတဲ့ ခရီးစဉ်
အမှောင်မှာ ခုတ်မောင်းရင်း၊
ငါဟာ တစ်ဦးတည်းသော အမြဲတမ်း ခရီးသည်. . .
နေရာအချိန် ပညတ်ချက်မဲ့
ဆူညံကွဲအက်တဲ့ နှလုံးသား ခေါင်းလောင်းမြည်သံတွေ. . .
အမှောင်နဲ့ အလင်း မကွဲပြားတဲ့ ကောင်းကင်. . .
ညလွင်ပြင်ကို ဖြတ်သန်းတိုးဝင်. .
မီးရထားကြီး တစ်စင်း ငါ့ဝိညာဉ်ကို သယ်ဆောင် ခုတ်မောင်းရင် သံသရာ ရှည်မယ့် ခရီး
ဘယ်မှာ ဆုံးမယ် ငါလည်း မသိ။
ဒီအိမ်မက်က နိုးတိုင်း ရင်မှာ ကြေကွဲမိ၊
အိမ်မက်ထဲက ရထားကြီး ခေါ်သံ ငါကြားမိ. . ."


(၁၀)
သူ့အုတ်ဂူက ဆရာကြီးမင်းသုဝဏ် အုတ်ဂူနှင့် ယှဉ်လျက်သား။
ဖြစ်ပုံမှာ ထူးအိမ်သင် ကွယ်လွန်ပြီး နောက်တစ်ရက်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ကဗျာစာဆိုကြီး ဆရာမင်းသုဝဏ် ဆုံးပါး သွားခဲ့သည်။ တိုက်ဆိုင်မှုက ထူးဆန်းလွန်းလှသည်။ မတူညီသော တူညီမှုနှင့် တူညီသော မတူညီမှုတွေ။ ဆရာကြီး မင်းသုဝဏ်က အစွမ်းကုန် ပွင့်လန်းပြီး ၉၆နှစ်၊ ထူးအိမ်သင်က ပွင့်ဦးပွင့်သစ် ၄၁နှစ်။

သို့သော် ပန်းကြွေ နှစ်ပွင့်က ရတနာ နှစ်ပွင့်သဖွယ် အတူတူ ယှဉ်ရက် လှဲလျောင်းနေခဲ့ကြချေပြီ။
 
(၁၁)
နှစ်ပေါင်း နှစ်ဆယ် နီးပါး ဂီတလောကတွင် အခိုင်အမာ ရပ်တည် သွားခဲ့သော ထူးအိမ်သင် မကွယ်လွန်မီ အထိ ထွက်ရှိခဲ့သော တေးဂီတ အယ်လ်ဘမ်များမှာ
နာရီပေါ်မှ မျက်ရည်စက်များ (၁၉၈၆)၊
မှော်ဆရာ အိမ်မက် (၁၉၈၈)၊
သက်ငြိမ် (၁၉၈၉)၊
အတ္တ ပုံဆောင်ခဲများ (၁၉၉၁)၊
အကြင်နာ အိမ်မက် (၁၉၉၁)၊
အရင်အတိုင်း (၁၉၉၁)၊
စကားလုံး မရှိတဲ့ ကောင်းကင် (၁၉၉၅)၊
ထူးအိမ်သင် (Unplugged Live) (၁၉၉၆)၊
မြို့ပြ လရောင် တမ်းချင်း (၁၉၉၆)၊
အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့ (၁၉၉၇)၊
ဝင်ရိုးစွန်းမီး (၁၉၉၇)၊
အမှတ်တရဒဏ်ရာ သီချင်းများ (၁၉၉၉)၊
အစိမ်းရောင် ရက်စွဲများ (၂၀၀၁) နှင့်
တစ်နေ့စာ အလွဲများ (၂၀၀၃) တို့ဖြစ်ကြသည်။

(၁၂)
နှစ်ချို့ဝိုင် အစီအစဉ်ကတော့ နှစ်တွေသာ ကြာသွားခဲ့ပြီး ထွက်ပေါ် မလာခဲ့ပေ။ သီချင်းများ ရွေးချယ်ထားရာမှ အချိန် ရွေ့လျားသွားသောအခါ စိတ်တိုင်းမကျတော့ပြန်သဖြင့် ရပ်ထားခဲ့ခြင်း ဖြစ်သည်။ ကိုဇော်သစ် (နှင်းဆီလှိုင်း)၊ Emperor Band နှင့် Version အသစ်တွေ ပြန်လုပ်ထားပြီးမှ မထွက်ဖြစ်ဘဲ ကျန်ရစ်ခဲ့သည်။

(၁၃)
သူ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ အဖြစ် သူ၏ တေးစီးရီး တစ်ခု စီစဉ်ခဲ့ကြသည်။
သူ သက်ရှိ ထင်ရှား ရှိခဲ့စဉ်က ဟိုတစ်စ သည်တစ်စ သီဆိုခဲ့သော တေးသီချင်းများကို စုစည်း ထားခြင်း ဖြစ်သည်။
သူက လက်မှတ် ထိုးလျှင် "ချစ်ခြင်းအားဖြင့် With Love" ဟု ရေးလေ့ ရှိရာ ထိုစီးရီး အမည်ကိုလည်း "ချစ်ခြင်းအားဖြင့်" ဟု အမည် ပေးခဲ့ကြသည်။ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပါသည်။

(၁၄)
ထူးအိမ်သင်သည် နေမျိုးဆေး၏ Mr.Guitar ဆိုင်ကလေးမှာ အထိုင်များခဲ့သည်။
Mr.Guitar ထဲမှာ ကော်ဖီ ထိုင်သောက်ရင်း သူငယ်ချင်းများနှင့် စကားပြောဖြစ်မည်။ စိတ်လိုလက်ရ ရှိသောအခါ သီချင်း တက်ဆိုချင်လျှင် တက်ဆိုမည်။ တူရိယာ တစ်ခုခု ၀င်တီးပေးတာ၊ ဟာမိုနီ ၀င်လိုက်ပေးတာမျိုး လုပ်တတ်သည်။

ကိုရွှေဂျော်ဂျော်နှင့် ကိုမြင့်မိုးအောင်တို့က ထူးအိမ်သင်အတွက် အမှတ်တရ တစ်ခုခု လုပ်ပေးကြဖို့ စဉ်စားသောအခါ သီချင်းတစ်ပုဒ် ဖြစ်ပေါ်လာခဲ့သည်။
သီချင်းထဲမှာ သူ ကြိုက်တတ်ခဲ့သော ဂီတသံလေးတွေ ထည့်ထားသည်။ Hermonica ပါသည်။
သဘာဝထဲက အသံလေးတွေ ပါသည်။
အကြောင်းအရာက ကော်ဖီ ဆိုင်ကလေးထဲမှာ အမြဲ ထိုင်သွားခဲ့သည် ဂီတ အနုပညာသမား တစ်ယောက်။ ဘ၀ တစ်ပါး ပြောင်းသွားသည့်တိုင် ထိုနေရာမှာ သူအမြဲ ရှိလိမ့်မည်။

(၁၅)
အသက်ငယ်ငယ်နှင့် အနုပညာတွေကို ပြိုးပြက်လင်းလက်စွာ ဖန်တီးပြခဲ့ပြီး ရုတ်တရက် ခွဲခွာသွားခဲ့သည့် တေးရေး တေးဆို ဂီတအနုပညာရှင် ထူးအိမ်သင် ရေးဖွဲ့ခဲ့သော ကဗျာ တစ်ပုဒ်မှာ သူ့ဘ၀ရုပ်ပုံလွှာကို ရေးဆွဲထားသည့် အလား ဖြစ်နေခဲ့လေသည်။
သက်တံမြစ်

ညနေခင်းတစ်ခု
မိုးစဲလင်းပွင့် ကောင်းကင်မှာ

ဟာ. . .
လှလိုက်တဲ့
သက်တံကြီး တစ်စင်း
စီးဆင်းနေတာ တွေ့တယ်။

ရုတ်တရက်ပဲ
ငါကြေကွဲခဲ့ရပေါ့။

ဘ၀ဆိုတာ
သက်တံလိုပါလား. . .
ရှိတော့ရှိရဲ့
ဒါပေမယ့်
အရှိမဲ့။






ထူးအိမ်သင် ဖွဲ့စည်းပုံ အကျဉ်း
ထူးအိမ်သင် မဖြစ်မီ
အမည်ရင်း ကျော်မြင့်လွင်
မွေးနေ့ ၁၉၆၃ ခုနှစ် ဇူလိုင်လ ၁ ရက်
အဘ ဦးထွန်းမြင့်
အမိ ဒေါ်မြရင်
ဖွားရာဇာတိ ပုသိမ်မြို့
အခြေခံပညာ အမှတ် (၂၀) အ.မ.က ပုသိမ်တွင် မူလတန်း ပညာသင်ခဲ့ပြီး အထက (၃) ပုသိမ်မှ အထက်တန်း အောင်မြင်။
အဆင့်မြင့် ပညာ ၁၉၇၉/၈၀ တွင် ဧရာဝတီတိုင်း ဒေသကောလိပ် ပုသိမ်တွင် ဇီဝတွဲနှင့် တက်ရောက်။ မော်လမြိုင် တက္ကသိုလ်မှ အဝေးသင်ဖြင့် B.Sc (Botany) ဘွဲ့ရရှိ
ဂီတနှင့် ပတ်သက်သည့် လက်ဦးဆရာများ ဦးကျောက်စိမ်း၊ ဦးစန်းတင့် ၁၉၇၇ ခုနှစ်၊ ပုသိမ် အနောက်မြို့နယ် လမ်းစဉ်လူငယ် ဘင်ခရာတပ်ဖွဲ့
ဂစ်တာနှင့် ပထမဆုံး တီးစမ်းကြည့်ခဲ့သည့် ကော့ဒ် စီမေဂျာ
ဂစ်တာနှင့် ပထမဆုံး တီး/ဆိုခဲ့သည့် သီချင်း တေးရေး/တေးဆို စိုင်းထီးဆိုင်၏ "နွေဥသြ"
ပထမဆုံး ရေးသော သီချင်း ကော်ပီ (Copy) "ကန္တာရ နှလုံးသား"(Hastamanana/ ABBA)၁၉၇၉ ခုနှစ် အသက် ၁၆ နှစ်
ပထမဆုံး ရေးသော သီချင်းကိုယ်ပိုင်သံစဉ် (Own Tune) "ဝေးသွားတဲ့အခါ" ၁၉၈၂ ခုနှစ်၊ အသက် ၁၉နှစ်
ပထမဆုံး စင်မြင့် ဖျော်ဖြေမှု ၁၉၈၀ ပြည့်နှစ် ပုသိမ်မြို့ ကမ်းနားလမ်း ငုဝါတေးဂီတ (ဘိုတင်ယု) အဖွဲ့နှင့် ကိုင်ဇာ၏ "အကောင်းဆုံးက ဂီတာ တီးနေမယ်"ကို သီဆိုခဲ့
ပထမဆုံး ပုံနှိပ်ဖေါ်ပြခဲ့သည့် ၀တ္ထုတို "မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍" ရူမ၀ ရုပ်စုံမဂ္ဂဇင်း (၁၉၈၂ ခုနှစ်၊ ဇူလိုင်လ) ကလောင်အမည် လင်းထက်
ပထမဆုံး ပုံနှိပ်ဖေါ်ပြခဲ့သည့် ကဗျာ စံပယ်ဖြူအိမ်မက်၊ ရူမ၀ ရုပ်စုံမဂ္ဂဇင်း (၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ) ကလောင်အမည် လင်းထက်
မော်လမြိုင်မှ ဂီတဆရာ ဦးအောင်စိုး (KC.Francis)
ပထမဆုံး တိတ်ခွေပေါ် ရောက်သည့်သီချင်း သုခနောင်ကို ရေးပေးခဲ့သည့် "လူနှင့်အင်္ကျီ" သုခနောင်၏"လူနှင့် အင်္ကျီ " စီးရီး (၁၉၈၆) တွင်ပါဝင်ခဲ့သည်။

ထူးအိမ်သင် ဖြစ်လာပြီး
ပထမဆုံး တေးအယ်လဘမ် "နာရီပေါ်မှ မျက်ရည်စက်များ" ၁၉၈၆/၁၉၈၇ ခုနှစ် တေးဂီတ The Aces စတူဒီယို အိုအေစစ် ဖြန့်ချီရေး ဂန္ဓမာ တေးသံသွင်း
ပထမဆုံး စင်မြင့် ဖျော်ဖြေပွဲ ၁၉၈၇ ခုနှစ်၊ ရန်ကုန်မြို့ မေရီချက်ပ်မင်း ဆွံအ နားမကြား ကလေးများကျောင်း ရံပုံငွေပွဲတွင် The New Wave တေးဂီတ အဖွဲ့နှင့် "မေ့လိုက်တော့"အပါအ၀င် သီချင်းငါးပုဒ် တင်ဆက်ခဲ့
ပထမဆုံး ရုပ်သံလွှင့် အစီအစဉ် အောင်ရင်နှင့် တွဲပြီး သီဆိုသော "မဆုံးတဲ့သီချင်း"
ပထမဆုံး တစ်ကိုယ်တော် စင်မြင့် ဖျော်ဖြေမှု ၁၉၉၄ ခုနှစ် ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံ The Iron Cross တေးဂီတ အဖွဲ့နှင့် တေးသီချင်း (၂၉) ပုဒ် တင်ဆက်ခဲ့
ပထမဆုံး တေးသီချင်း ပေါင်းချုပ် စာအုပ် ဇော်အောင် (ဓါတု) စီစဉ်သည့် ထူးအိမ်သင် သီချင်းပေါင်းချုပ် (ရွှေအယ်လ်ဘမ်-၅)၊ ၁၉၉၂ ခုနှစ်၊ဇူလိုင်လ။
ပထမဆုံး Unplugged Live ၁၉၉၄ ခုနှစ် အောင်ဆန်းကွင်း မိုးလုံလေလုံခန်းမ၌ တင်ဆက်ခဲ့သော ထူးအိမ်သင်၊ လေးဖြူ၊ ချစ်ကောင်းတို့၏ Unplugged Live Show သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော Unplugged ဖျော်ဖြေတင်ဆက်မှု ဖြစ်ခဲ့သည်။
ပထမဆုံး Unplugged အခွေ ထူးအိမ်သင်၏ Unplugged အခွေ (၁၉၉၆ ခုနှစ်) သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော Unplugged အခွေဖြစ်ခဲ့သည်။
Computer Programming Music ဖန်တီးမှု "မြို့ပြ လရောင် တမ်းချင်း" အယ်လ်ဘမ် (၁၉၉၆ ခုနှစ်) သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော Computer Programming Music ဖန်တီးမှု လက်ရာ တစ်ရပ်ဟု ဆိုရမည်။
ဇနီး မိသွယ် (သွယ်သွယ်ထွေး) ၁၉၉၅ ခုနှစ်တွင် လက်ထပ်
သမီး ထောထော (မိကွန်ထော) ၁၉၉၆ ဇွန်လ ၆ရက်တွင် မွေးဖွား
ကွယ်လွန်ရက် ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၄ ရက် နံနက် ၁၁း၄၀ နာရီ
ကျန်ရစ်ခဲ့သည့် သီချင်းများ တေးဂီတ အယ်လ်ဘမ်များ
(၁) နာရီပေါ်မှ မျက်ရည်စက်များ (၁၉၈၆)
(၂) မှော်ဆရာ အိမ်မက် (၁၉၈၈)
(၃) သက်ငြိမ် (၁၉၈၉)
(၄) အတ္တ ပုံဆောင်ခဲများ (၁၉၉၁)
(၅) အကြင်နာ အိမ်မက် (၁၉၉၁)
(၆) အရင်အတိုင်း (၁၉၉၁)
(၇) စကားလုံး မရှိတဲ့ ကောင်းကင် (၁၉၉၅)
(၈) ထူးအိမ်သင် (Unplugged Live) (၁၉၉၆)
(၉) မြို့ပြ လရောင် တမ်းချင်း (၁၉၉၆)
(၁၀) အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့ (၁၉၉၇)
(၁၁) ၀င်ရိုးစွန်းမီး (၁၉၉၇)
(၁၂) အမှတ်တရ ဒဏ်ရာ သီချင်းများ (၁၉၉၉)
(၁၃) အစိမ်းရောင် ရက်စွဲများ (၂၀၀၁)
(၁၄) တစ်နေ့စာ အလွဲများ (၂၀၀၃)
(၁၅) ချစ်ခြင်းအားဖြင့် (၂၀၀၅)
(၁၆) နှစ်ချို့ဝိုင် (မထွက်သေး)
နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ စုပေါင်း အခွေများ ထဲမှ သူ၏ သီချင်းများ (ပြန့်ကြဲနေဆဲ၊ စာရင်း ပြုစုဖို့ ပြန်လည် စုဆောင်း ထားရှိဖို့ လိုဦးမည်)
 
 
credit to luckyp(mmcyber)

1 comment:

  1. အကိုငှက်ရဲ့ စိတ်ဓာတ်၊ အနုပညာ၊ ခံယူချက်၊ ရူးသွပ်မှုအားလုံးကို ကျေနပ်ခုံမင်စွာ နှစ်သက်ခဲ့ဖူးပါသည်။
    ယနေ့ထိလဲ.. မေ့လို့မရနိုင်၊ သတိယတာထက်ပိုပြီး သတိတရကို ရှိနေဆဲပါ။
    ချစ်ဖွယ်သော တွယ်ငြိစရာ အမှတ်တရဒဏ်ရာ သီချင်းများစွာ ထားခဲ့နိုင်တဲ့ အကိုငှက်ကို နှမြောတသ ဖြစ်နေရဆဲပါ။
    အကိုငှက်ရဲ့ သီချင်းတွေ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ဒီနေ့ထိ ခိုင်မာ လတ်ဆတ်စွာ ရှင်သန်နေဆဲပါ...
    အကိုငှက် ရောက်လေရာ ဘုံဘ၀မှာ သီချင်းတွေနဲ့ပျော်ရွှင်နိုင်ပါစေ....

    ReplyDelete