Wednesday, 19 September 2012

ဘရန်ဒီတစ်ပုလင်း-သော်တာဆွေ



ဤခေတ် ဤအခါ၌ ဤကဲ့သို့သော ပျားအုံတံဆိပ်၊ သံကြိုးခတ်၊ ဘီဟိုက် ဘရန်ဒီစစ်စစ်ကို ရှာဖွေယူဆောင်လာနိုင်သူအား အထူးပင် ချီးမွမ်းဩဘာ ထောပနာပြုဖွယ် ကောင်းပါပေ၏။

အကြောင်းမှာ နိပွန်မာစတာတို့ စိုးစံတော်မူသော ဒုတိယမြောက်နှစ်ဖြစ်၍ ၎င်းမာစတာများကိုယ်တိုင်ပင် ဆာကေးခေါ် အဘိဓမာ ချက်အရက်လောက်မှ မစွံသော ဂျပန်စိမ်ရေကို သောက်သုံးနေရသော အချိန်ဖြစ်၍ အနောက်နိုင်ငံဖြစ် လက်ကျန် ဘီယာ၊ ဘရန်ဒီ၊ ဝီစကီတို့ကား ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကုန်လေပြီ။ လူမမာ ဓာတ်စာအတွက် သတင်းစာကြော်ငြာနှင့် လိုက်လံရှာဖွေသော သူများပင် လက်လျှော့ရသော အခါသမယကြီး ဖြစ်ပေ၏။

အကယ်၍သာ စမ်းချောင်းကွက်သစ်ရှိ မင်းတိုင်ပင်အမတ်ဟောင်း ဦးတုတ်ပေါ၏ နှုတ်ခမ်းမွေးကို ထူးဆန်းစွာ မီးမလောင်ခဲ့ပါမူ ထိုဘရန်ဒီတစ်ပုလင်းသည် ဤရပ်ကွက်သို့ ရောက်လာမည် မဟုတ်ချေ။

ဦးတုတ်ပေါ လူ့ပြည်သို့ ရောက်ခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော်နင်း ခုနစ်ဆယ်သို့ ချဉ်းခဲ့ချေပြီ။ ယခုကဲ့သို့ ဝမ်းနည်းပက်လက် မဖြစ်စဖူး ထူးထူးဆန်းဆန်း အသက်အရွယ်ကြီးမှပင် ကြုံတွေ့ရချေသည်။

လူပျိုဘဝ၌ ရည်းစားပေါင်း တစ်ဒါဇင်ကျော်မျှ သူ့အရင် လင်ယူသွားကြသည်ကို ဤမျှ မဆွေးပူမိ။ ထုံပလုံတုံ တေခဲ့သည်။ ချစ်လှစွာသော သမီးအကြီးဆုံး လင်ပေးစားခါနီး သူ့ရည်းစားနောက် လိုက်ပြေးခဲ့စဉ်ကနှင့်လည်း မနှိုင်းယှဉ်နိုင်။ ရှိသမျှပစ္စည်းကလေး ကုန်အောင်ပင် ကြိုးပမ်းခဲ့၍ အမတ်ရာထူးရပြီးနောက် အမတ်တို့၏ဘာဝ အပျော်အပါးလွန်သဖြင့် အရင်းငွေတစ်ပြားမျှ မစုမိခင် ရာထူးပြုတ်ကျသည်ကို ဤမျှ ဝမ်းမနည်းမိ။ အမတ်လုပ်ပြီး ရမ်းကားမှုကြောင့် မယားဖြစ်သူ စိတ်ညစ်သေသည်လည်း မထောင်းတာလှ။

ယခုတစ်မူ အခြားအခြားသော သေရာမပါနိုင်သည့် ပစ္စည်းတွေ၊ ဂုဏ်တွေ၊ ပျက်စီးနိမ့်လျှောခဲ့သည်ထက်၊ ဤ ရှင်အတူ သေမကွဲ ပါမည်ထင်ခဲ့သော မိမိ၏ ခံ့ခံ့ထည်ထည် နှုတ်ခမ်းမွေးကြီးကိုမှ ထူးဆန်းစွာ မီးလောင်ဆုံးရှုံး ပျက်စီးရသောကြောင့် အလွန့်အလွန် နှမြောတသ ပူဆွေးဝမ်းနည်းခြင်းကို ဖြစ်ရလေတော့၏။

သူ အမတ်ဖြစ်စဉ်ကမူ သူ၏ ပုံမှာ တွဲလဲဆွဲထားသော ထန်းလက်ခြောက်ကြီးသဖွယ် နှုတ်ခမ်းမွေးကြီးကားနေရန် အရေးကြီးလှပေ၏။

သူ၏ နှုတ်ခမ်းမွေးမျိုးမှာ လူတစ်သိန်းလျှင် တစ်ယောက် မရှိ။ သူ၏ ပါရမီထူး၍သာ သူ့၌ တန်ဆာဆင်နေသည်ဟု ယူဆနေခဲ့၏။ “နှုတ်ခမ်းမွေးကြီးနှင့် ဦးတုတ်ပေါ။ ဦးတုတ်ပေါကြီးနှင့် နှုတ်ခမ်းမွေး”ဟု ဝေးနီးရပ်ခြား ကျော်ကြားကာ သူ၏မိတ်ဆွေ၊ ဆွေမျိုးများကပင် သူ့နှုတ်ခမ်းမွေးကြီးအတွက် ဂုဏ်ယူသည်ဟု ထင်မြင်ခဲ့၏။

ယခုမူ ထိုနှုတ်ခမ်းမွေးကြီး ဆုံးရှုံးရချေပြီ။
ဦးတုတ်ပေါသည် အသက်ကြီးမှ ဘာမှ မလုပ်တော့ဘဲ အမတ်ရာထူးဒဏ်ကြောင့် ရှိသမျှ ပစ္စည်းကလေး ကုန်ခဲ့၍ လက်ကျန်အိမ်တစ်လုံးပေါ်တွင် အိမ်ထောင်သည် သမီးတစ်ယောက်နဲ့ အတူနေကာ သမက်၏ လုပ်စာကို စားနေ၏။ သူ၏ အကျင့်မှာ နံနက်စောစောတွင် အမတ်လုပ်စဉ်က စတိုင်အတိုင်း၊ ဘောင်းဘီတိုတို၊ ဗိုက်ရွှဲရွှဲ၊ နှုတ်ခမ်းမွေးကားကား၊ တုတ်ကောက်တစ်ဖက်နှင့် လမ်းလျှောက်လေ့ရှိ၏။ ထမင်းစားခါနီးတွင် အရက်ကလေး မှန်မှန်သောက်၍ ထမင်းကို မြိန်ယှက်စွာ စားနိုင်သဖြင့် အသက်ကြီးသော်လည်း ကျန်းမာဝဖြိုးတုန်းပင် ဖြစ်၏။

အထူးသဖြင့် သူ အနှစ်သက်ဆုံးမှာ ဆေးပြင်းလိပ် ဖြစ်၏။ ဘယ်တော့မှ အပြတ်မခံနိုင်။ ဆေးပြင်းလိပ်နှင့် ဓာတ်မီးခြစ်တစ်ခုမှာ လက်၌ အမြဲတစေ ရှိနေရ၏။ ဆေးလိပ်ကိုလည်း မည်မျှပင်တိုတို ပါးစပ်တပ်ရလျှင် တစ်ဖွာရရ နှစ်ဖွာရရ ညှိသောက်လေ့ရှိ၏။ အိပ်ခါနီးတွင် ခေါင်းအုံးနား၌ ချထားကာ နိုးလျှင်နိုးချင်း၊ ဘာမှမပြော၊ ဘာမှမလုပ်၊ မျက်နှာမသစ်၊ ပလုပ်မကျင်းသေးဘဲ ဆေးလိပ်တိုတို ပါးစပ်တွင် အလျင်အမြန်တပ်ပြီး မီးညှိလေ့ ရှိ၏။

တစ်နေ့သောအခါ၌ ဦးတုတ်ပေါသည် နံနက်စာကို မြိန်ယှက်စွာ စားပြီး အိမ်ရှေ့ခန်းတွင် တုံးလုံးလှဲကာ ဆေးပြင်းလိပ်သောက်ရင်း ထမင်းလုံး စီလေ၏။ အိပ်ပျော်ခါနီးတွင် ဆေးလိပ်တိုကလေးကို ခေါင်းအုံးအနီး ဓာတ်မီးခြစ်ကလေးနှင့်အတူ ချထားလိုက်၏။ ဆေးလိပ်တိုကလေးမှာ လက်ဆစ်တစ်ဆစ်မျှသာ ကျန်တော့၏။

မည်မျှကြာအောင် အိပ်ပျော်သွားသည် မသိ။ ရုတ်တရက် အိပ်ရာမှ နိုးပြီး နှုတ်ခမ်းမွေးတွင် စိမ့်ခနဲ အေးတေးတေးရှိသည်ဟု ထင်မိ၏။ သို့သော် ထုံးစံအတိုင်း ဘာကိုမှ မလုပ်၊ ဘာကိုမှ မစဉ်းစားသေးဘဲ ဆေးလိပ်တိုကို ပါးစပ်တပ်ကာ ဓာတ်မီးခြစ်ကို ကပ်၍ ခြစ်လိုက်လေ၏။

မီးသည် ရုတ်တရက် ဟုန်းခနဲ ထတောက်ကာ နှုတ်ခမ်းမွေးတို့ကို တဖျစ်ဖျစ်နှင့် လောင်လေ၏။
“ဟဲ့… ဘာဖြစ်တာလဲဟဲ့၊ ဘယ့်နှယ်ပါ့လိမ့်”
ဟု ရုတ်တရက်မူ ဘာမှ မလုပ်နိုင်ဘဲ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ တစ်ယောက်တည်း အော်နေမိ၏။ နောက်မှ သတိရလာကာ ပုဆိုး ခါးပုံစနှင့် မ၍ ပွတ်လိုက်မှ မီးငြိမ်းသွားတော့၏။ သို့သော် သူ၏ နှုတ်ခမ်းမွေးရှည်ကြီးများ မရှိတော့ချေ။ မီးမြှိုက်ခါစ ဝက်မွေးကဲ့သို့ ကျိုးတိုးကျဲတဲ တွန့်တွန့်ကလေးများသာ ကျန်တော့၏။

မျက်နှာကြီးရဲရဲနှင့် အနီးရှိတိုင်တွင် ချိတ်ထားသော မှန်ကို သွား၍ ကြည့်လေ၏။
“ဟိုက်… သောက်ကျိုးနည်းရော”
ဟု တစ်ခွန်းတည်းအော်ကာ အသက်ပါသွားသကဲ့သို့ ပါးစပ်ကြီးအဟောင်းသားနှင့် ကြက်သေ သေနေလေ၏။ တစ်မိနစ်ခန့်ကြာမှ သတိရလာကာ သက်ပြင်းကြီးချလျက် ဓာတ်မီးခြစ်ကို ပြန်၍ ကိုင်ကြည့်လိုက်ရာ မီးစာမှာ ငါးစင်တီမီတာမျှ ရှည်ထွက်နေသည်ကို တွေ့ရသဖြင့် ပတ်ဝန်းကျင်ကိုကြည့်ပြီး တောက်တစ်ချက် ပြင်းစွာ ခေါက်လိုက်လေ၏။

ဘယ်သူ့ကိုမှ မမြင်ရသဖြင့်…
“ဝင်းကြည်”
ဟု မီးဖိုထဲတွင် အမြဲ ရှိရမည်ဖြစ်သော အစေခံမလေးကို ကျယ်လောင်စွာ ခေါ်လိုက်လေ၏။ သူ့ခေါ်သံနှင့် တစ်ဆက်တည်း…
“ရှင်”
ဟု ထူးကာ ဆံပင်ကို ပြင်ပတ်ရင်း အပျိုပေါက်မလေးတစ်ယောက် ထွက်လာလေ၏။ သူ၏ နှုတ်ခမ်းမွေးကိုကြည့်၍ ရယ်ချင်၏။ သို့သော် မရယ်ဝံ့ချေ။
“ဓာတ်မီးကို ဘယ်သူ ကိုင်တာမြင်လဲ”
“ဘိုးဘိုး အိပ်နေတုန်းက အောင်လေး ကိုင်တာ မြင်တယ်”
ဟု မဆုတ်မဆိုင်း ဖြေလိုက်လေ၏။ အကြောင်းမူကား ဝင်းကြည်သည် အိမ်၌ ဖြစ်သမျှကို မသိဟူ၍ မဖြေရ။ ဖြေခဲ့လျှင် အကြီးအကျယ် ဆူပူခြင်း ခံရလေ့ရှိသဖြင့် ဟုတ်ဟုတ် မဟုတ်ဟုတ် ပြန်ပြောရန် အကျင့်ရနေပြီး ဖြစ်၏။ အောင်လေးဆိုသူမှာ လေးနှစ်အရွယ်မျှ ကလေးဖြစ်၍ မဟုတ်ဘူးဟု အမှန်အတိုင်း ငြင်းဆိုခဲ့လျှင် အပျိုပေါက် ဝင်းကြည်က ဟုတ်ကြောင်း ယုတ္တိယုတ္တာနှင့် နိုင်အောင်ပြောမည် ဖြစ်ပေ၏။

တစ်အိမ်လုံးတွင် အောင်လေးမှာ အငယ်ဆုံးဖြစ်၍ ဝင်းကြည်မှာ အောင်လေးကို ကောင်းမွန်စွာ စကားရည်လုနိုင်သဖြင့် သူ့ခမျာမှာ မဟုတ်ဘဲနှင့် ခံရပေါင်း မရေမတွက်နိုင်တော့ပြီ။ ယခုမူကား ကြီးလေးသော အပြစ်ကို ခံရချေတော့မည်။

ဦးတုတ်ပေါသည် ဝင်းကြည်၏ အဖြေကို ကြားလျှင်ကြားချင်း -
“အောင်လေးရေ… ဟေ့… အောင်လေး”
ဟု ကုန်း၍ ခေါ်လေ၏။
အောင်လေးသည် အဘိုးခေါ်သံကြား၍ မုန့်ကျွေးမည်ထင်ကာ အပြေးကလေး လာခဲ့လေ၏။ လှေကားထစ်ဆုံးအောင် မတက်ရမီ ဦးတုတ်ပေါသည် ချိုင်းကမြှောက်ယူပြီး ‘ဓာတ်မီးခြစ် ဆော့ရမလား’ဆိုကာ အပြင်းအထန် ရိုက်လေ၏။

အောင်လေးသည် နာလွန်းလှ၍ ပွက်လောရိုက်အောင် ငိုလေ၏။ သုံးအိမ်ကျော်လောက်၌ သွား၍ မိန်းမချင်း စု၍ အတင်းပြောနေသော အောင်လေး၏မိခင် မမြခင် ကြားသဖြင့် အဖော်တစ်စုနှင့် အပြေးကလေး လာကြလေ၏။

“အမယ်လေး… အဖေ၊ ဘယ့်နှယ်လုပ်တာလဲ။ ကျုပ်ကလေးကို မရိုက်စဖူး ရက်စက်လှချေလား”
ဟု ဆိုကာ အတင်းဆွဲယူထားမှ လက်လွှတ်လိုက်တော့၏။ ဦးတုတ်ပေါသည် အောင်လေး မီးခြစ်ယူဆော့ပြီး မီးစာဆွဲမြှင့်ထား၍ မိမိနှုတ်ခမ်းမွေးကြီး လောင်ကုန်ကြောင်း ပြောဆိုပြသရာ မိန်းမတစ်စုမှာ ငိုအားထက် ရယ်အားသန်ကြလေ၏။

သို့သော် ကြာကြာမရယ်ဝံ့။ စိတ်နှလုံးထိခိုက်လှသော ဦးတုတ်ပေါ၏ မျက်နှာထားကြောင့် မျက်နှာပိုးသတ်ကာ နေလိုက်ရကုန်၏။

ဦးတုတ်ပေါသည် မိမိ မြတ်နိုးလှစွာသော နှုတ်ခမ်းမွေး ဆုံးရှုံးရခြင်းနှင့် ဒေါသအလျောက် မရိုက်စဖူး မြေးလေးကို ရိုက်မိခြင်းတို့ကြောင့် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းပက်လက် မျက်ရည်များကျလာ၍ အရေရှုံ့တွနေသော လက်မောင်းကြီးနှင့် သက်ငယ်ပြစ်နှင့်တူသော မျက်ခုံးမွေးကြီးများအောက်ဝယ် စီးထန်းထန်း မျက်ရည်တို့ကို သုတ်ကာ အိပ်ခန်းသို့ ဝင်သွားလေ၏။

                                                             ***
ထိုနေ့မှစ၍ ဦးတုတ်ပေါသည် သူ၏ နှုတ်ခမ်းမွေးကြီးအတွက် မစားနိုင်၊ မသောက်နိုင်ဖြစ်ကာ ဘေးနီးချုပ်စပ်ရှိ မိတ်ဆွေ၊ ဆွေမျိုးများထံ စာအားဖြင့် လည်းကောင်း၊ လူကြုံဖြင့်လည်းကောင်း မိမိ နှုတ်ခမ်းမွေး ဆုံးရှုံးကြောင်းကို အကြောင်းကြားလိုက်၏။

ထိုမိတ်ဆွေ၊ ဆွေမျိုးတို့လည်း မနေသာတော့ဘဲ ထူးထွေတည့်အံ့ရာသော်ကို လာရောက် မေးမြန်းကြကုန်၏။ ထိုသူတို့သည် သူ၏ နှုတ်ခမ်းမွေးအတွက် အိပ်ရာထဲမှနေ၍ ရေးကြီးခွင်ကျယ် ပြောနေပုံနှင့် သူ၏ မီးလောင်ပြီးသော နှုတ်ခမ်းမွေးကိုကြည့်ကာ သူမမြင်အောင် ရယ်ကြလေ၏။ သူ၏ မျက်မှောက်တွင်မူကား မရယ်ဝံ့။ မသာအိမ်လာရသော သူများသဖွယ် ဝမ်းနည်းဟန်ဆောင်ကာ ‘အောင်လေး အမိုက်ကလေး’ မကောင်းကြောင်းကိုသာ ဝင်းကြည် ပြေးစကားအရ ယိုးမယ်ဖွဲ့နေကြရ၏။

ထိုနှုတ်ခမ်းမွေး မီးလောင်မှုကြီးကား ဤကဲ့သို့လျှင် ဝင်းကြည်ပြောစကားအရ အောင်လေးကိုသာ အပြစ်တင်နေကြခြင်းဖြင့် ပြီးစီးသွားလိမ့်မည်ဟု အောက်မေ့ခဲ့ကြရာ ပဲခူးမြို့မှ ပင်စင်ရ စုံထောက်ရာဇဝတ်ဝန်ဟောင်း ဦးတုတ်ပေါ၏ မိတ်ဆွေ ဦးဇော်ဝင်း ရောက်မှပင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပြန်လေ၏။

စုံထောက် ဦးဇော်ဝင်း၏ ယူဆချက်မှာ ဤမျှ နှုတ်ခမ်းမွေးကြီးကို ချွတ်ချွတ်ချုံးအောင် လောင်ခြင်းသည် မီးစာရှည်နေရုံနှင့် မလောင်နိုင်။ တစ်စုံတစ်ယောက်သောသူသည် တစ်နည်းတစ်ဖုံအားဖြင့် တမင်သက်သက် စီမံထားဟန်တူကြောင်း၊ မိမိ အတိအလင်းပြောရလျှင် အောင်လေး မဟုတ်။ အောင်လေးထက် အသက်များစွာကြီးသူ (ကျားမ မခွဲ) တစ်ယောက် (သို့မဟုတ် တစ်ယောက်ထက် ပို၍)သည် ဦးတုတ်ပေါ အိပ်နေစဉ် ပထမ မီးစာကို ဆွဲထုတ်ပြီး ဓာတ်ဆီဆွတ်ထားသည်။ ဒုတိယ နှုတ်ခမ်းမွေးကို (သို့မဟုတ် ဆေးလိပ်တိုပါ) ဓာတ်ဆီလောင်းလိုက်သည်။ နောက် ရုတ်တရက် ရှောင်သွားသည်။ ထို့ကြောင့်သာ ထိုနှုတ်ခမ်းမွေးကြီးကို ပြုတ်ပြုတ်ပြုန်းအောင် လောင်ကျွမ်းသည်ဟု ပြောဆိုလေ၏။

ထိုစကားကို ကြားလျှင် ဦးတုတ်ပေါသည် ရုတ်တရက် အိပ်ရာထဲမှ ထထိုင်ကာ…
“အမယ်လေး… စုံထောက်ဉာဏ်များ တယ်စူးရှပါလား၊ ဒါဟုတ်ရမယ်၊ ဒါကြောင့် အိပ်ရာကနိုးတော့ ကျုပ်နှုတ်ခမ်း အေးစိမ့်စိမ့် ဖြစ်နေတာပဲ၊ ဟုတ်ပြီ… ဟုတ်ပြီ… ဦးဇော်ဝင်း၊ စုံထောက်စမ်းပါ၊ ဒီတရားခံပေါ်ရင် ကင်ပေတိုင်မှာ အလုပ်လုပ်နေတဲ့ ကျုပ်သားကိုပြောပြီး ကြီးလေးတဲ့အပြစ်ကို ပေးခိုင်းမယ်”
ဟု ကြိမ်းဝါး ပြောဆိုလိုက်လေ၏။

မီးလောင်းစဉ်မှာ အိမ်မှာရှိနေသူကို စုံစမ်းရာ (၁) အစေခံမလေး ဝင်းကြည် အသက် (၁၅)နှစ် (၆)လ၊ မောင်ဖြတ်စ (၂၁)နှစ်နှင့် (၃)လ၊ ဦးတုတ်ပေါ၏ သမက် ကိုဘနိုင်၏ တူ ရောဂါဟောင်းပြန်ထ၍ အိပ်ရာထဲ၌ နေရသူ။

ဤနှစ်ယောက်အနက် ဒုတိယလူမှာ ထင်မြင်ယူဆဖွယ် ရှိနေ၍ စုံစမ်းကြည့်ရာ အောက်ပါအတိုင်း သိရ၏။

‘ဖြတ်စ’ဆိုသည်မှာ အင်္ဂလိပ်ဘာသာမှ ဆင်းသက်လာသော အမည်ဖြစ်၏။ သူငယ်စဉ်က သူ့အမေ့လင်နှင့် တူလွန်း၍ အင်္ဂလိပ်လို Same Chip ဆိမ်းချစ်ဟုခေါ်ရာမှ မြန်မာလို ပြန်လိုက်သောအခါ ‘ဖြတ်စ’ ဖြစ်လာ၏။

ထက်မြက်သော ယောက်ျားတစ်ယောက်၌ (၁) အရက်သောက်ခြင်း၊ (၂) လောင်းကစားခြင်း၊ (၃) မိန်းမလိုက်စားခြင်း တည်းဟူသော ဝါသနာသုံးခုအနက် တစ်ခုခုကို ဝါသနာပါရမည်ဟု စာဆိုရှိရာ မောင်ဖြတ်စမှာ ထိုသုံးခုလုံးကို ဒင်ပြည့်၊ ကျပ်ပြည့် ဝါသနာပါသူ ဖြစ်သောကြောင့် သူ့အိမ်မှ သူ့ဒဏ် မခံနိုင်တော့ဘဲ နှင်ထုတ်ထား၍ ဝါသနာချင်းတူသူ သူ့ဦးလေး ဦးဘနိုင်က ခေါ်ယူထားခြင်း ဖြစ်၏။

ဦးတုတ်ပေါနှင့် ရန်စဆို၍ကား နောက်တစ်လလောက်က ဦးတုတ်ပေါ၏ မြေး မော်လီခေါ် အပျိုမလေး လာစဉ်က မောင်ဖြတ်စက အတင်းလူပျိုစကားပြောပြီး ဖက်နမ်းမိ၍ ဦးတုတ်ပေါက နာနာကြည်းကြည်း ပြောဆိုဖူး၏။

သို့သော် ဦးဇော်ဝင်းက သူ့ကို တီးခေါက်ကြည့်သောအခါမူ ယဉ်ကျေးစွာပင် “ဦးမင်း ထင်မြင်ယူဆချက်မှာ များစွာ လျော်ကန်သင့်မြတ်လှပါကြောင်း၊ သို့သော် အခြားလူ တစ်စုံတစ်ယောက်၏ ပယောဂ မပါဘဲ သူကိုယ်တိုင်ပင်လျှင် သူ့ဟာသူ သုတ်သင်ချင်၍ ဉာဏ်ဆင်ပြုမူသည်လည်း ဖြစ်နိုင်ပါကြောင်း၊ အကြောင်းမှာ အချို့သော လူကြီးများသည် မိန်းမငယ်ကလေးများကို ယူချင်လာ၍ ကြီးရာမှ ငယ်ရွယ်နုပျိုလာအောင် ဆံပင်ကို ဆေးဆိုးခြင်း၊ နှုတ်ခမ်းမွေးကို ရိတ်ပစ်ခြင်းများကို တွေ့ကြုံဖူးပါကြောင်း။

ယခု ကျွန်ုပ်တို့၏ ကျေးဇူးရှင် ဘိုးဘိုးပေါမှာလည်း ပုထုဇဉ်ဖြစ်၍ မဖောက်ပြန်ဟု မပြောနိုင်ပါကြောင်း၊ သူ၏ နှုတ်ခမ်းမွေးမှာ အစဉ်သဖြင့် ဆွေဂုဏ်မျိုးဂုဏ်ကို အသားယူလာသည်ဖြစ်၍ အလိုအလျောက် ရိတ်ပစ်ရန် ခဲယဉ်း၍ ဉာဏ်ဆင်ပြုသည်လည်း ဖြစ်နိုင်ပါကြောင်း၊ မိမိမှာမူ အကုသိုလ်ဝင်လာကာ ရောဂါဟောင်း ပြန်ထနေသူဖြစ်၍ ဤကဲ့သို့ မကောင်းမှုကြီးကို မပြုဝံ့ပါကြောင်း…”
စသည်ဖြင့် ချေငံစွာ ပြောပြလေ၏။

ဦးဇော်ဝင်း ကိုယ်တိုင်ပင် မောင်ဖြတ်စပြောသကဲ့သို့ နှုတ်ခမ်းမွေးရိတ်ပြီး မိန်းမငယ်လေး ယူဖူးသူဖြစ်၍ ဤအမှုကို ဆက်လက်စုံစမ်းရန် ရွံ့တွံ့တွံ့ဖြစ်နေစဉ် ပဲခူးမှ မိမိမယား အထွေးဆုံးကလေး လင်ငယ်နောက် လိုက်သွားပြီဟု သံကြိုးရောက်လာသဖြင့် အလျင်အမြန် ပြန်သွားရလေ၏။

ပြန်ခါနီးတွင် မိတ်ဆွေဦးတုတ်ပေါမှာ နှုတ်ခမ်းမွေးအတွက် မအိပ်နိုင်၊ မစားနိုင် အိပ်ရာထဲလဲပြီး ပိန်းချုံးနေသည်ကို သနား၍ နှုတ်ခမ်းမွေးကို အလျင်အမြန် နဂိုအတိုင်း ပြန်ဖြစ်ရန် ဂျာမနီပြည်မှလာသော ဆေးရှိကြောင်း၊ ထိုဆေးမှာ သုံးခါမျှ သုတ်လိမ်းလိုက်လျှင် ဘိုးဘိုးအောင် ဆင်းလာပြီး တောင်ဝှေးနှင့် ထိုးပေးလိုက်သကဲ့သို့ အံ့ဩဖွယ်ရာ ရုတ်တရက် ချက်ချင်း နဂိုအတိုင်း ပြန်ဖြစ်လာမည်ဖြစ်ကြောင်း၊ ယခု ဂျပန်ခေတ်ကပင်လျှင် လက်ကျန်များ ရှာ၍ ရနိုင်ကြောင်း၊ ပုလင်းပုံသဏ္ဌာန်မှာ ပုတု ရှည်တေ ပြားတား လုံးတုံး ဖြစ်၍ တံဆိပ်မှာ ကမ္ဘာပေါ်တွင် မဖြစ်ပေါ်သေးသော ‘ကတ္တူးကတ္တံ’ခေါ် ခြေ (၃)ချောင်းရှိ အကောင်ရုပ် ဖြစ်၏။ ပုလင်းပတ်စက္ကူပေါ်တွင်မူ မည်သည့်လူမျိုးမျှ မဖတ်နိုင်သော စာကို ရေးထားကြောင်း စသည်ဖြင့် ဦးတုတ်ပေါ အိပ်ရာမှထအောင် ဉာဏ်ဆင်ပြီး မှာထားခဲ့လေ၏။

ဦးတုတ်ပေါမှာ ထိုစကားကို ကြားသည့်နေ့မှ စ၍…
“ကျုပ် တိုးကြောင်ကလေးမှာကျန်တဲ့ လယ်တစ်ခိုင် ကုန်ချင် ကုန်ပါစေဗျာ၊ ဒီဆေးကို မရ ရအောင် ရှာမယ်”
ဟု ဆိုကာ အိမ်တွင် မနားတော့ဘဲ ရန်ကုန်နယ်တစ်ဝိုက် ဈေးရှိသမျှကို မြေလှန်စနစ်ဖြင့် ရှာလေ၏။ ထိုစဉ်အတွင်း၌လည်း ဝမ်းဆွဲသည် ဒေါ်ဖွားတုတ်ကြီး ညွှန်ကြားချက်အရ နှုတ်ခမ်းမွေးနေရာကို ကြက်သွန်မပြတ် တိုက်ထား၍ သူ့အနားကပ်လိုက်လျှင် ကြက်သွန်နံ့ တထောင်းထောင်း ထနေလေ၏။

***
ဤကဲ့သို့ မနေမနား ရှာဖွေခဲ့ရာ ရက်ပေါင်းအတော်ကြာသောအခါတွင် သူ၏ မရှိသော ဆေးကိုကား မတွေ့။ ရေကူး ကံဘဲ့ ဟိန္ဒူဘုရားကျောင်း၏ နောက်ဖေး ကုလားနွားတင်းကုပ် နှစ်ခုကြားရှိ ညနေဈေးကလေးတွင် အထက်ဖော်ပြပါ ပျားအုံတံဆိပ် ဘီဟိုက်ဘရန်ဒီ တစ်ပုလင်းကို တွေ့လေ၏။

အမတ်ဖြစ်စဉ်က အရက်အကြောင်းကို ကောင်းကောင်းနားလည်ခဲ့သော ဦးတုတ်ပေါသည် မဆိုင်းမတွ ဈေးမဆစ်ဘဲ တရုတ်တစ်ယောက်နှင့် လု၍ ဝယ်လိုက်လေ၏။

ဤမျှ ရှားပါးခက်ခဲသော အရက်ပုလင်းကို ကြံကြံဖန်ဖန် ရရှိ၍ မိမိ၏ နှုတ်ခမ်းမွေးပေါက်ဆေးကို ရသလောက်နီးပါးမျှ ဝမ်းသာကာ ပယင်းရောင် အဆင်းကလေးကို ကြည့်ရှုလျက် ဟိုယခင် အမတ်ဘဝတွင် ဤဘရန်ဒီမျိုးနှင့် မြူးထူးစဉ်က ဟိုတယ်မလေးကလေးများ၏ ကနွဲ့ကလျ အမူအရာကလေးများကို တွေးတောနေစဉ် ရုတ်တရက် မမျှော်လင့်သော မိမိသမီး မမြခင်၏ ခုနှစ်လဗိုက်သည် မျက်စိထဲ၌ ကွင်းခနဲပေါ်လာသဖြင့် ရင်ထဲတွင် ဒိတ်ခနဲဖြစ်ကာ…

“ဟိုက်… မဖြစ်ဘူး မဖြစ်ဘူး။ သောက်လို့မဖြစ်ဘူး။ သူ မီးဖွားဖို့က အရေးကြီးတယ်။ ခါတိုင်း ကလေးတုန်းက ဒါနဲ့ချည်း ဖွားနေတာ။ သူ့ပေးမှပဲ။ အင်း… သူ့ပေးလိုက်ရင်တော့ ဘယ်လောက်များ ဝမ်းသာမလဲ”
ဟု တွေးတောကာ ရုတ်တရက် အမြန် အိမ်သို့ ပြန်ခဲ့လေ၏။

အိမ်သို့ ရောက်လျှင်ရောက်ချင်း မိမိ ရှားရှားပါးပါး ရလာခဲ့သော ပစ္စည်းကို လက်ထဲမှ မချမီ ဝမ်းသာအားရ ပြောဆို ကြွားဝါလိုက်ချင်လှသည်။ သို့သော် အိမ်၌ မမြခင် မရှိ။ အစေခံဝင်းကြည်နှင့် အသည်းအသန် ရောဂါထနေသော မောင်ဖြတ်စသာ ရှိသည်။ ထိုနှစ်ယောက်အနက် ဝင်းကြည်က ဘာမှ နားမလည်၍ အကျိုးရှိမည် မဟုတ်။ နားလည်သောသူကို ပြမှသာ အသားပါမည်ဟု အကြံရကာ လူနာ၏ အခန်းပေါက်ဝသို့ သွား၍-

“ဟေ့ … ဖြတ်စ”
ဟု ခေါ်လိုက်လေ၏။
မောင်ဖြတ်စသည် တစောင်းအိပ်နေရာမှ…
“ခင်ဗျာ”
ဟု မသက်သာသောအသံဖြင့် ထူးကာ သူ၏ ကိုက်ခဲလှသော ခါးတစ်ဖက်ကို လက်တစ်ဖက်ဖြင့် ဖိနှိပ်ရင်း သမင်လည်ပြန်လှည့်၍ ကြည့်လေ၏။ ပုလင်းကို ကိုင်မြှောက်ပြရင်း…
“ဟေ့.. ဒီမှာ ကြည့်စမ်းကွ”
“ဘာလဲဗျ။ ကတ္တူးကတ္တံတံဆိပ် နှုတ်ခမ်းမွေးဆေး ရခဲ့ပြီလားဗျ”
“မဟုတ်ပါဘူးကွ၊ ဘရန်ဒီလေ၊ ပျားအုံတံဆိပ် ဘီဟိုက်ဘရန်ဒီအစစ်ပေါ့ကွ”

ဘီဟိုက်ဘရန်ဒီအစစ်ဟု ကြားလိုက်လျှင်ပင် မောင်ဖြတ်စသည် အံ့ဩလန့်ဖျပ်သော အမူအရာနှင့် အိပ်ရာမှ လူးလဲထကာ ကြားရသော အသံကိုပင် မယုံကြည်နိုင်သော မျက်နှာထားဖြင့်…
“ဘာ… ဘီဟိုက်ဘရန်ဒီ အစစ်၊ ကြံကြံဖန်ဖန်ဗျာ၊ မဟုတ်နိုင်တာကြီးကို၊ ဒီလိုအခါကြီးမှာ ခင်ဗျာ့ဟာ ဂျပိုးဈေးက ပလာညင်းကြီးထင်ပါရဲ့”
“ပလာညင်းဆိုတာ ဘာလဲကွ”
“ပလာညင်းဆိုတာ ပုလင်းညာပေါ့ဗျ”

ဦးတုတ်ပေါ၏ မျက်နှာမှာ ရုတ်တရက် တင်းမာခက်ထန်လာကာ…
“ဘာ…. မင်းက ငါ့ကို အညာမိရအောင် လူအ မှတ်လို့လား။ မင်းတိုင်ပင်အမတ် လုပ်လာတဲ့ အကောင်ကွ။ ဒီမှာကြည့်စမ်း၊ သံကြိုးခက်နဲ့ ထိပ်က ခဲပတ်တောင် မပွန်းသေးဘဲ”
ဒေါနှင့်မောနှင့် သွား၍ပေးလိုက်၏။

မောင်ဖြတ်စသည် သေသေချာချာ ကိုင်တွယ်ကြည့်ရင်း အမဲလိုက် ခွေးကဲ့သို့ ပုလင်းကို အနံ့ခံကြည့်ကာ ရုတ်တရက် ခေါင်းထောင်လာပြီး…
“ဟာ… အစစ်ပဲဗျို့ဘိုးဘိုး။ ဘယ်ကရခဲ့တာလဲ၊ တစ်လုံးတည်းလားဟင်၊ ဘယ်လောက်ပေးခဲ့ရသလဲ”
ဟု ဝမ်းသာအားရမေးမြန်းကာ ရဟန္တာတစ်ပါး ကိုယ်ထင်ပြသည်တွင် ဖူးမြင်ရသကဲ့သို့ ဦးတုတ်ပေါ၏မျက်နှာကို ငေးမော ကြည့်ရှုနေလေ၏။

ဤတွင် ဦးတုတ်ပေါမှာ အကျေနပ်ကြီး ကျေနပ်ကာ…
“ဟဲဟဲ.. ဟဲဟဲ… ငါ လူပါးပါကွ။ အစစ်မှန်းသိလို့ ဝယ်ခဲ့တာ။ ရေကူးကကွ၊ (၅၅)ကျပ်တည်း ပေးခဲ့ရတယ်။ နားမလည်တဲ့ ဟိန္ဒူကုလားဆီကမို့ပေါ့။ နားလည်တဲ့လူဆို ဘယ် တစ်ရာပေးတောင် ရမလဲကွ”
“ဘိုးဘိုးက သိပ်တော်တာပဲဟင်။ ကျွန်တော် ဘိုးဘိုးကို သိပ်ကျေးဇူးတင်တာပဲ။ ကျွန်တော် ဆေးလိုနေတာနဲ့ အဆင်သင့်ပဲ။ ကျွန်တော်သာ ဒါသောက်လိုက်ရရင်…”

မောင်ဖြတ်စ၏ စကားမဆုံးမီ ဦးတုတ်ပေါ၏ မျက်နှာမှာ ရုတ်တရက် တင်းမာခက်ထန်သွားပြန်ကာ…
“အောင်မာ… အောင်မာ မင်းလိုများ မှတ်နေလား။ ရာရာစစ ငါတောင် မသောက်ရက်ဘူး။ ငါ့သမီး မီးနေသည်သောက်ဖို့ ယူလာတာ ပေး… ပေး…”
မောင်ဖြတ်စက ပြန်၍ မပေးဘဲ…
“ဘိုးဘိုးကလည်းဗျာ အန်တီ့ဗိုက်က ခုမှ ခုနှစ်လလောက်ရှိသေးတာ။ သုံးလတောင် လိုသေးတာပဲ။ ကျွန်တော် ဒါသောက်လိုက်လို့ ကျန်းမာလာတော့ အစား ရှာပေးမှာပေါ့ဗျ”
“အောင်မာ… မင်းလိုကောင်မျိုးလား ရှာရမှာ။ သေတော့မလို ရောဂါနဲ့၊ ပေးပါကွာ”
“ဘိုးဘိုးကလည်း ရှာရင်ရမှာပေါ့ဗျ။ ဘိုးဘိုးဖို့ ကတ္တူးကတ္တံတံဆိပ်နှုတ်ခမ်းမွေးဆေးတောင် ရှာပေးပါဦးမယ်။ ဘုရားစူးပါစေ့။ ဘိုးဘိုး နှုတ်ခမ်းမွေး မီးလောင်ကတည်းက ကျွန်တော် တစ်နေ့မှ စိတ်မကောင်းဘူး။ မမာနေလို့သာ၊ မာရင် ကြာလှပြီ ရှာပေးတာ”
“ဟေ့ ဖြတ်စ ချဲ့မနေနဲ့ကွာ။ ပေးစမ်းပါ မြန်မြန်”
“ဘိုးဘိုးကလည်းဗျာ ပြပြီးမှတော့ ပေးပါတော့ဗျာ။ ခွေးဝမ်းသာအောင် လေလည်ပြသလို မလုပ်ပါနဲ့ဗျာ။ ငရဲကြီးတတ်ပါတယ်”

ဦးတုတ်ပေါသည် သည်းမခံနိုင်တော့ဘဲ…
“ပေးကွာ”
ဟု ဆိုကာ အတင်းလု၍ ထွက်သွားလေ၏။
မောင်ဖြတ်စမှာ အားမနိုင်၍ မာန်လျှော့လိုက်ရကာ…
“ချီး… အစဦးတော့ လာပြပြီးတော့ မပေးနိုင်ဘဲနဲ့၊ နှုတ်ခမ်းမွေးတင် မဟုတ်ဘူး၊ မျက်ခုံးမွေးကြီးပါ မီးရှို့ပစ်ဖို့ကောင်းတယ်။ ဒီဘရန်ဒီတော့လားကွာ၊ မရ ရအောင်ကို ခိုးသောက်မယ်”
ဟု မကြားတကြား ရေရွတ်လိုက်လေ၏။

ဦးတုတ်ပေါမှာ မိမိ ခဲရာခဲဆစ်ရလာခဲ့သော ဘရန်ဒီကို လာရောက်ပြသကာ အသားယူကြွားဝါသွားရ၍ ကျေနပ်သလောက် နဂိုဓာတ်ခံ ရင့်သန်ခဲ့သော မောင်ဖြတ်စမှာ မသက်သာရှိလှချေ၏။ အကြောင်းမူကား ညနေ (၆)နာရီတွင် ငါးကြော်၊ ဂွေးတောက်ရွတ်ဟင်းချိုနှင့် ဝင်းကြည် ထမင်းလာပို့သောအခါ ဖြတ်စမှာ မစားနိုင်၊ မသောက်နိုင် ဒုက္ခတွေ့ရလေ၏။

လက်ရေဆေးကာ ငါးကြော်ကို ဖဲ့ဝါးလိုက်ပြီး ထမင်းတစ်လုတ်စားလိုက်ရာ မျို၍မကျ ဟေ့ခနဲ လေလှန်လာလျက် ရင်ခံနေ၏။ ဂွေးတောက်ရွက် ဟင်းချိုကို သောက်ချလိုက်ရာ လည်ချောင်းထဲ၌ နင့်ခနဲ ဖြစ်သွားပြီး အကြောင်းမထူး။ နောက်ထပ် စားချင်စိတ်မရှိ။ “ဘာကြောင့်ပေလဲ”ဟု စဉ်းစားလိုက်ရာ ပုလင်းတစ်လုံး မျက်စိထဲ၌ ကွက်ခနဲ ပေါ်လာပြီး ဘရန်ဒီ… ဘရန်ဒီ… ဘရန်ဒီသောက်ချင်၍သာ ထမင်းမစားနိုင်ဖြစ်နေသည်ကို သူ တွေးမိလေ၏။

ဝမ်းထဲက ဟာသည်။ လေပျို့သည်။ ဆာသည်။ သို့သော် စားချင်စိတ်မရှိ။ လျှာလေးသည်။ သွားရည်စို၏။ ဇွန်း၊ ပန်းကန်ကိုင်လျှင် လက်တုန်နေ၏။ ဤကား ရေချိန် မကိုက်သေးသော အသောက်သမားတို့၏ ဒုက္ခတည်း။

မောင်ဖြတ်စသည် အိပ်ရာထဲ လဲသည်မှစ၍ အရက်ဖြတ်ထားခဲ့ရာ ငါးရက်မျှကြာသောအခါ နေနိုင်ထိုင်နိုင် ကျင့်သားရခဲ့ပြီး ဖြစ်ခဲ့၏။ ယခုမူ မီးခဲပြာဖုံးကို မှုတ်၍ပေးလိုက်သကဲ့သို့ ဦးတုတ်ပေါ၏ ကရော်တိုက်မှုကြောင့် ဝေဒနာဟောင်း ပြန်ပေါ်လာခြင်း ဖြစ်၏။ ခုနေအခါ၌ ဦးတုတ်ပေါ ထို ပုလင်းကိုင်၍ လာခဲ့ပါမူ ရိုက်၍ယူလိုက်မည်ဟု အောက်မေ့မိ၏။

သို့သော် ယခုအခါ၌ ထိုပုလင်းကိုရရန် ဘယ်နည်းနှင့်မှ မဖြစ်သေး။ သစ်မရမီစပ်ကြား ဝါးပေါင်းကွပ်မှပဲဟု ကြံမိကာ ဝင်းကြည်ကို အသာ လက်ပြခေါ်လိုက်၍ လမ်းထိပ် လန်ဘားခေါက်ဆွဲဆိုင်တွင် ချက်အရက်တစ်ပိုင်းနှင့် ဝက်နံကင် တစ်ကျပ်ဖိုးဝယ်ရန် ရေဘူးကလေးနှင့် လွှတ်လိုက်ရလေ၏။

ထိုချက်အရက်ရောက်မှပင် ထမင်းကို မြိန်ရှက်စွာ စားနိုင်၍ စားပြီး ဗိုက်လေးလေးရှိသည်နှင့် တုံးလုံးလှဲကာ အိပ်လိုက်လေ၏။

သူ မည်မျှကြာအောင် အိပ်ပျော်သွားသည် မသိ။
“ဒါဖြင့် ဟန်ကျတာပဲ။ ဒီဘရန်ဒီ ငါ့ဖို့ပေါ့”
ဟူသော သူ့ဦးလေး ကိုဘနိုင်၏ မူးသံကြီးကို ကြားမှ လန့်နိုးကာ ဘရန်ဒီအတွက် သူ့ဦးလေး သောက်ပစ်မည်ကို စိုးရိမ်တကြီး ဖြစ်မိလေ၏။ ထိုအခိုက် မမြခင်၏အသံ ပေါ်လာလေ၏။
“အောင်မလေး မလုပ်ပါနဲ့ရှင်။ ကျွန်မ မီးဖွားတော့ သောက်ဖို့ပါ။ ပေးပါ”
“ဟဲဟဲ… ဟဲဟဲ… မင်းတို့က ဘာသောက်သောက်ဖြစ်တာ။ သူ မီးဖွားဖို့က အရေးကြီးပါတယ်။ ပေးလိုက်ပါကွာ”
ဟု ဦးတုတ်ပေါ ပြောသံကိုပါ ကြားလိုက်ရ၏။

“ရော့… ရော့ ဒါဖြင့်ထားလိုက်၊ ကြောင်အိမ်ထဲထားလိုက်”
ဟု ဆိုကာ ပုလင်းပြန်ပေးပြီး အိမ်ရှေ့ခန်းသို့ ထွက်သွားလေ၏။
“ကိုနိုင် ဘယ်လဲ။ လာ ထမင်းစားလေ ထမင်းပြင်ပြီးပြီ”
“ဟာ ငါမစားတော့ဘူးကွာ ဗိုက်ပြည့်နေတယ်”
“ထမင်းဟင်းတွေ အလကားဖြစ်ကုန်တော့မယ်။ ကြက်သားကြော်၊ သရက်သီးသုပ်နဲ့ ဂွေးတောက်ရွက်ဟင်းချိုကလည်း ချိုကချိုနဲ့ လာစားလိုက်ပါ”
“မဆာတုန်းစား အပိုပေါ့ကွ။ ငါတစ်ရေးနိုးမှ စားမယ်။ ထားလိုက် ထားလိုက် အိပ်မယ်ကွာ။ မင်းတို့လည်း စောစောအိပ်ကြ”
ဟု ဆိုပြီး သူ၏ အိပ်ခန်းဆီသို့သွားရင်း မောင်ဖြတ်စ၏ အခန်းပေါက်တွင် ခေတ္တရပ်ပြီး..
“ဟေ့… ဖြတ်စ အိပ်နေပလား။ ဘယ့်နှယ်နေသေးလဲ။ မနေ့က ဆေးနဲ့ ဟန်ရဲ့လား”
“ဟန်ပါလိမ့်မယ် ထင်ပါရဲ့ဗျာ။ အကြောအခြင်တွေ ကိုက်နေတာပဲ”
“အေးပေါ့ကွာ။ ရောဂါဆိုတာ ဒီလိုပေါ့။ မသေနိုင်ပါဘူး”ဟုဆိုပြီး သွားလေ၏။

ယနေ့ ကိုဘနိုင်၏ အမူအရာမှာ ခါတိုင်းနေ့များနှင့် မတူချေ။ ခါတိုင်းနေ့များတွင် အိမ်သို့ ရောက်လျှင်ရောက်ချင်း ရေချိုးထမင်းစားပြီး အရက်ရှိန်ပြန်၍ ပူအိုက်လှသဖြင့် အင်္ကျီတုံးလုံးချွတ်ကာ အိမ်ရှေ့ဧည့်ခန်း ကြမ်းပြင်ပေါ်တွင် ကလေးနှင့် ဖင်တက်ခေါင်းခွ လူးလှိမ့်ရင်း အိပ်ပျော်လေ့ ရှိ၏။ တစ်ရေးနိုးမှသာ အိပ်ခန်း ဝင်လေ့ရှိ၏။

ယနေ့မူကား ထမင်းမစားသေးဘဲ စောစောစီးစီး အိပ်ခန်းဝင်သည်။ အခြားသူများကိုလည်း စောစောစီးစီး အိပ်ခိုင်း၏။ ယခင်အခါများ၌ သူ တခြားမှ ထမင်းစားလာခဲ့လျှင် သူ့ဖို့ ချန်ထားသော ထမင်းဟင်းများကို မဝတဝ စားရရှာသော ဝင်းကြည်အား စားခိုင်း၏။ ယခုမူ ဤသို့ မခိုင်း။ တစ်ရေးနိုးမှ ထစားမည်ဟု ထူးထူးခြားခြား ပြော၏။ ဧကန္တ သူ တစ်ရေးနိုးတွင် ဘရန်ဒီထတွယ်ပြီး ထမင်းစားလိမ့်မည်ဟု သူ့ဦးလေးဓာတ်ကို သိနေသော မောင်ဖြတ်စ အတိအလင်း တွေးမိ၏။

“သူ့အတွယ် ခံရိုးလား။ သူ့အရင် ဦးအောင် ထဆော်လိုက်မည်”
ဟု ဆုံးဖြတ်ကာ မောင်ဖြတ်စသည် အရက်သောက်သူတို့၏ ထုံးစံအတိုင်း တစ်ရေးနိုး ရေဆာလှသည်နှင့် ရေနှစ်ဖန်ခွက်မျှ သောက်လိုက်ရာ အတွင်းအရက်ဓာတ်ခံနှင့် တွေ့သဖြင့် ပြန်၍ ရီတီတီဖြစ်လာပြီး အိပ်ပျော်သွားလေ၏။

သူ ဒုတိယအကြိမ် နိုးလာသောအခါ၌ နာရီပြန်တစ်ချက်မျှ ရှိချေပြီ။ ဦးတုတ်ပေါ၏ ဟောက်သံနှင့် ကလေးတို့၏ အသက်ရှူသံမှတစ်ပါး ဘာမှ မကြားရတော့ချေ။ ဘရန်ဒီတစ်ပုလင်းနှင့်ပတ်သက်သော အိပ်မက်ပေါင်းများစွာကို မက်ခဲ့၍ ဘရန်ဒီပုလင်းကိုသတိရပြီး ရုတ်တရက် ထထိုင်လိုက်သည်။ သွား၍ ခိုးသောက်ရန် ကြံစည်လိုက်၏။ ပုလင်းမှာ တစ်ဖက်အခန်း ကြောင်အိမ်ထဲတွင် ရှိနေ၏။ ထိုအခန်းတွင် ဝင်းကြည်တစ်ယောက် အိပ်သည်။ သို့သော် ကိစ္စမရှိ။ ဝင်းကြည်သည် ကာလနဂါး၏ စံချိန်ကို ချိုးရန် လေ့ကျင့်နေ၏။

ပုဆိုးကိုဝတ်၍ ထရန် ဟန်ပြင်လိုက်၏။ သူ့ဗိုက် အလွန်လေးလံ၍နေသည်။ အကြောင်းမူကား ညနေက သောက်ထားသော အရက်နှင့် နောက်ထပ်သောက်သော ရေဖန်ခွက်မှာ ဆီးအိမ်ထဲ၌ ပြည့်နှက်ပြွက်သိပ်နေ၏။ အသာကလေး ဖင်ရွှေ့သွားကာ တစ်ဖက်ခန်းမှ မကြားအောင် နောက်ဖေးခွက်ထဲသို့ ခွေးထီးတို့၏နည်းဖြင့် စွန့်ထုတ်လိုက်ရ၏။ ကိုယ်လက်အင်္ဂါ ပေါ့ပါး၍သွားကာ ထ၍ မိုးနက်၏ ခြေလှမ်းမျိုးဖြင့် တစ်ဖက်ခန်းဆီသို့ လျှောက်သွားလေ၏။

ရက်အတော်ကြာစွာ လမ်းမလျှောက်ဘဲ နေခဲ့ရာမှ ညနေက ချက်အရက်ကလေး၏ တန်ခိုးကြောင့် ကောင်းမွန်စွာ လျှောက်နိုင်ပေ၏။ အခန်းပေါက်ဝသို့ ရောက်လျှင်ပင် မြွေမြည်သံကဲ့သို့ စူးရှသော ဝင်းကြည်၏ အသက်ရှူသံကို ကြားရလေ၏။

လပြည့်ကျော်(၇)ရက်၏ ထွက်ခါစ မှုန်မွှားသော လရောင်ကလေးသည် ဝင်းကြည်၏ ခြေရင်းဘက် ပြတင်းပေါက် မပွင့်တပွင့်ကလေးမှ ခဲခဲယဉ်းယဉ်း ဝင်ရောက်ကာ ကြောင်အိမ်နံဘေးသို့ မသိမသာ အလင်းရောင်ကလေး ပက်ဖျန်းနေ၏။ မောင်ဖြတ်စသည် ထိုအလင်းရောင်ကလေးကို မှန်းဆကာလာခဲ့၍ ကြောင်အိမ်တံခါးကို အသာလေးဖွင့်ပြီး ဘရန်ဒီပုလင်းကို ကုန်း၍ စမ်းမည်အပြုတွင် နောက်ဖေး မီးဖိုဆောင်ဘက် တံခါးဝမှ ရုတ်တရက် မည်းမည်းသဏ္ဌာန်ကြီးတစ်ခု ပေါ်လာသဖြင့် သတ္တိကောင်းသော မောင်ဖြတ်စမှာ ကုန်း၍ မအော်မိရန် မနည်းချုပ်တည်း၍ ထားလိုက်ရ၏။

ထိုသဏ္ဌာန်ကား အခြားမဟုတ်။ အကြံတူဉာဏ်တူ နောက်ဖေးဆောင်မှကွေ့ပတ်ပြီး ဖောက်တံနှင့် ဖန်ခွက်ကိုင်လာသော သူ၏ဦးလေး ကိုဘနိုင် ဖြစ်ချေ၏။

ကိုဘနိုင်သည် လရောင် မှုန်မွှားကလေးကြောင့် မောင်ဖြတ်စ ပုလင်းကို ကုန်းယူမည် ပြုနေသည်ကို သိရ၍…
“ဟေ့… ဖြတ်စ၊ မင်းလည်းပဲ…”
ဟု နှုတ်ဆက်လိုက်မှ မောင်ဖြတ်စမှာ သူ့ဦးလေးမှန်းသိရသဖြင့် အကြောက်ပြေသွား၏။ သို့သော် သူခိုးကြီးနှင့် သူခိုးကလေးဖြစ်၍ ဘာမှ မပြောနိုင်။ အူကြောင်ကြောင်ဖြစ်နေရာ ကိုဘနိုင်မှ တစ်ခါဆက်၍…
“လာကွာ အတူတူ နှိပ်ကြတာပေါ့။ ငါလည်း မင်းအဒေါ် မသိအောင် ထလာတာကွ”
ဟု ဆိုပြီး ဖန်ခွက်နှင့် ဖောက်တံကို ကြောင်အိမ်ပေါ်တင်လိုက်မှ အသက်ရှူဖြောင့်သွားကာ တစ်စုံတစ်ခုကို ပြန်ပြောလိုက်မည် အပြုတွင်…
“ဟင်… ဟိုက်”
ဟု တူဝရီးနှစ်ယောက်စလုံး၏ ပါးစပ်မှ တစ်ယောက်တစ်ပေါက် အော်မိလေ၏။

အကြောင်းမှာ တစ်ဖက်ခန်းမှ ‘ဖျောက်’ဟု ဓာတ်မီးခလုတ်ဖွင့်သံနှင့် တစ်ချိန်တည်း သူတို့ သူခိုးခန်းမှာ မီးထိန်ထိန် လင်းသွားသောကြောင့်တည်း။

နှစ်ယောက်သား ကြက်သေသေနေပြီး တစ်ယောက်မျက်နှာ တစ်ယောက် အံ့အားသင့်စွာ ကြည့်နေရာမှ နံဘေးတစ်ဖက်သို့ မျက်နှာလွှဲလိုက်ကြရာ…
“ဟင်… ဟယ်”
ဟု နှစ်ယောက်စလုံး တစ်ယောက်တစ်ပေါက်စီ တစ်ဆက်တည်း ဒုတိယအကြိမ် အသံထွက်သွားပြန်လေ၏။

ထိုအကြိမ်ကား အခြားမဟုတ်။ သူတို့၏ စိတ်ထဲတွင် မည်သို့မည်ပုံ ဖြစ်ပေါ်သွားသည်ဟု ထုတ်ဖော် မရေးနိုင်လောက်အောင် မမြင်ဘူး၊ မကြည့်အပ်သော အရာဝတ္ထုပစ္စည်းတို့ကို တွေ့မြင်ရသောကြောင့်တည်း။ အကြောင်းမူကား (၁၅)နှစ်၊ (၁၆)နှစ် အရွယ်ရှိသော ဝင်းကြည်၏ အအိပ်ဆိုးပုံ ဖြစ်ပေ၏။

အကယ်၍သာ မယ်မြန်မာ၊ မယ်ဒဂုံ ပြိုင်ပွဲရှိသကဲ့သို့ မယ်အအိပ်ဆိုး ပြိုင်ပွဲရှိလျှင်မူကား ဝင်းကြည်သည် မယ်အအိပ်ဆိုးဘွဲ့နှင့် စိန်ဘယက်ကြီးကို ယူမည်မှာ သေချာလှတော့၏။
 
မကြာသေးမီက မမြခင်ဝတ်ပြီး ဟောင်းနွမ်း၍ ပေးဝတ်စေသော ပိုးတွန့်လုံချည်ကလေးမှာ ခါးတွင် ဂျင်ကြိုးသဖွယ် လိမ်ကျစ် ရစ်ခွေနေ၏။ အပေါ်ရင်စေ့အင်္ကျီမှာ နံဘေး၌ ချွတ်ပုံထား၍၊ သူနှင့်မတန် ပွရောင်းသော သားသည်အမေဝတ်သည့် ရှင်မီးအင်္ကျီကြီးသည်လည်း လည်ပင်းတွင် စုပုံနေသဖြင့် အရေးကြီးသောဌာနတို့မှာ ဟာလာကျင်း၍ နေကုန်၏။

ပူအိုက်၍လား မသိ။ ကိုယ်လုံးကို စင်းစင်းကြီး ပက်လက်လှန်ကာ ပေါင်တစ်ခုကို ဆန့်ကာထား၍ အခြားပေါင်တစ်ခုမှာ (၁၁) နှစ်ပိုင်းတစ်ပိုင်း ဒီဂရီမျှသာ စောင်း၍ ထောင်ထားလေသဖြင့် အပျိုပေါက် ဝင်းကြည်၏ ဝတ်လစ်စားလစ်ပုံသဏ္ဌာန်မှာ တူဝရီးနှစ်ယောက်၏ မျက်မှောက်တွင် လယ်ပြင်ဆင်သွားသကဲ့သို့ ထင်ရှားလှပေတော့၏။

ဖယောင်းတိုင်(၂) အားရှိသော ဓာတ်မီးပွင့်၏အောက်တွင် အိပ်ပျော်နေသူ၏ ကိုယ်လုံးကိုယ်ပေါက် အလှပြပွဲကို တူဝရီးနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောနိုင်ဘဲ မည်မျှလောက် စိတ်ဝင်စားနေကြသည်ကို မသိ။

“ဘယ်လိုများ ငြင်းချက်ထုတ်ကြဦးမလဲ”
ဟု မမြခင်၏ ရည်ရွယ်ချက်အောင်မြင်သောအသံကို ကြားမှသာ ရုတ်တရက်လန့်ဖျပ်ပြီး…
“ဟင်… ဟေ”
ဟု တစ်ယောက်တစ်ပေါက် အသံမြည်ထွက်ရင်း “အဘောက်တန်း”ဟူသော အမိန့်ပေးသံကို ကြားရသကဲ့သို့ နှစ်ယောက်သား မမြခင်၏ဘက်သို့ ဘယ်ခြေညာလှည့် လှည့်လိုက်ကြလေ၏။

“အမယ်… ကျောင်းတုန်းက ဒရိမ်းဆင်းခဲ့တာတွေ မမေ့ကြသေးဘဲကိုး။ ကဲ… ကျုပ် ချောင်းနေတာကြာလှပြီ။ ဘယ်သူလဲဆိုတာသာ ပြောပေရော့”
“ဟေ… ဘာကိုလဲဟ”
ဟု ကိုဘနိုင်သည် လန့်ဖျပ်ကာ အော်လိုက်၏။
“ဒါကိုရှင့်… ဒါကို”
ဟု မမြခင်သည် ဝင်းကြည်၏ ကိုယ်ထဲသို့ စူးဝင်သွားတော့မည်ကဲ့သို့ လက်ညှိုးငေါက်ဆတ်ဆတ် ထိုးပြလေ၏။
“ဟေ..”
“ဟင်..”
ဟု တူဝရီးနှစ်ယောက်သား သံပြိုင်အော်ကာ ဘာမှ မသိသကဲ့သို့ ဝင်းကြည်ဘက် လှည့်ကြည့်ပြီး ကြက်သေ သေနေကြပြန်၏။

“တော်ကြပါ။ ကြည့်မနေကြနဲ့တော့ ဝပဲ မဝကြသေးဘူးလား။ ကောင်မလေးကလည်း အအိပ်ဆိုးလိုက်တာ။ ငါပြောလိုက်ရ မကောင်းဘူး။ ဒါကြောင့်…”
“ဒါကြောင့် ဘာဖြစ်သလဲဟ”
ကိုဘနိုင်က အံ့ဩစွာ မေးခွန်းထုတ်လိုက်၏။
“အံမယ် မသိချင်ယောင်ဆောင် မေးနေတာလား။ ရှင်းရှင်းပြောရဦးမလား။ ခု… ဒီကောင်မလေးမှာ မမာမချာရှိနေပြီရှင့် သိကြရဲ့လား”
“ဟေ..”
“ဟင်..”
ဟု နှစ်ယောက်သား တစ်ယောက်တစ်ပေါက် အော်ကြပြန်၏။
“ဟေ… ဟင်တွေ လုပ်မနေကြနဲ့။ ကိုယ့်မြင်းကိုယ်စီးလို့ ဘယ်ခရီး ရောက်နေကြမှန်း မသိဘဲနဲ့ ဘယ်သူလဲဆိုတာသာပြော။ နှစ်ယောက်စလုံးပဲလား”

တူဝရီးနှစ်ယောက်သား…
“ဟေ… ဟိုက်”
နှင့် တစ်ယောက်တစ်ပေါက်အော်ကာ သူတို့၏ ငယ်ထိပ်များသည် အထက်မျက်နှာကြက်ကို တက်၍ ဆောင့်မိသကဲ့သို့ ခေါင်းကို ပွတ်နေကြလျက် တစ်ယောက်ကိုတစ်ယောက် မယုံကြည်သော မျက်လုံးတို့ဖြင့် ကြည့်ကြလေ၏။

ဦးလေးကလည်း တူကို ထင်၏။ တူကလည်း ဦးလေးကို ထင်၏။ သို့သော် ဤနေရာမျိုး၌ နှုတ်သွက်လှသော မောင်ဖြတ်စက…
“အဒေါ်… ကျွန်တော် မဟုတ်ဘူး”
ဟု ဦးအောင် ငြင်းလိုက်၏။
“ဟိတ်… ငါလည်း မဟုတ်ဘူး”
ကိုဘနိုင်က ငြင်းလိုက်ပြန်၏။
“ဘာ… ရှင်က မဟုတ်ဘူးလဲ။ ခုနက ရှင်ပြောတာ ဘာလဲ။ ‘လာကွာ အတူတူနှိပ်ကြတာပေါ့။ ငါလည်း မင့်အဒေါ် မသိအောင် ထလာတာ’ဆိုတာ ဘာလဲ။ ကျုပ် မကြားဘူး မှတ်လို့လား။ ဒါ ဒွတ္တဘောင်မွေးဖို့ သရေခေတ္တရာပြည် မဟုတ်ဘူးရှင့်။ ကျုပ်အဖေအိမ်၊ ကျုပ်အမေအိမ်၊ နားဆတ်ဆတ်ကြားတာတောင် ကွယ်တုန်းပဲ”
“ဟာ… ငါပြောတာက ဒါကို မဟုတ်ဘူးဟ…”
“ဒါ မဟုတ်လို့ ဘယ်ဟာများ ရှိသေးလို့လဲ။ ရှင့်ကိုက လွန်လွန်းတယ်။ ကိုယ့်မယားလည်းပဲ အရှိသားနဲ့။ ကောက်ရိုးမလောက် မြက်မလောက် လုပ်ချင်တာ”
“ဟေ့… တော် ငါမဟုတ်ဘူး ဆိုနေတာ”
ဟု ဦးဘနိုင်သည် မျက်မှောင်ကုတ်၍ အော်လိုက်၏။ မမြခင်လည်း ပိုမိုဒေါပွကာ နှုတ်ခမ်းကို တင်းပြီး သွားချင်း ကျစ်ကျစ်မြည်အောင်ကြိတ်ကာ မျက်လုံးကို ဖြဲထုတ်လျက်…
“ဟင်… ရှင် ငြင်းတုန်းပဲလား။ ခုတောင် ရှင်တို့လူမျိုးက ဟိုဒင်းပြုရင်း မိနေတာတောင် တကူကူးစီးတာပါ ပြောဦးမယ်”
ဟု ခပ်ရိုင်းရိုင်း တွယ်လိုက်လေ၏။

ကိုဘနိုင်လည်း စိတ်ဆိုးသည်မှတစ်ပါး ချေချေငံငံ ပြောစရာ အကြောင်းမရှိ။
“ဟေ့… တော်တန်တိတ်။ နင် တယ်ရိုင်းပါလား”
ဟုသာ အော်လိုက်လေ၏။
“ကဲ… ကဲ မဟုတ်ရင် အချိန်မတော်ကြီး ရှင် ဒီအခန်းထဲ ဘာပြုလို့ ရောက်နေတာလဲ။ ဒီ သေခဲတဲ့ ရောဂါသည်ကြီးကကော”
ဟု မောင်ဖြတ်စဘက်ပါ လှည့်၍ မေးခွန်းထုတ်လိုက်၏။

မောင်ဖြတ်စလည်း ရုတ်တရက် ဉာဏ်ဆင်ကာ စိတ်မလုံ့တလုံနှင့်
“ကျ… ကျ… ကျွန်တော် တခြားတစ်ပါးသွားမလို့ နောက်ဖေးထွက်ရအောင်…”
“ဘာ… နင် နောက်ဖေး ထွက်ရအောင်လဲ။ ခါတိုင်းတော့ အခန်းထဲမှာချည်း ခွက်နဲ့ သွားနေပြီးတော့”
မမြခင်က ဖြတ်၍ အော်လိုက်၏။

မောင်ဖြတ်စမှာ လန့်ဖျပ်ကာ…
“မ… မ.. မဟုတ်ဘူးခင်ဗျ… ဒီ…”
“ဘာမဟုတ်ဘူး ခင်ဗျလဲ။ ဒီ မမာနေရာကတောင်”
“မ… မဟုတ်ဘူးခင်ဗျ။ ဒီလို ခွက်ထဲမှာချည်း သွားနေရတာ ယူပစ်လား ငင်ပစ်လားနဲ့ အားနာလို့”
“ဘာအားနာလို့လဲ။ ခါတိုင်းတော့ မနာဘူး။ ခုမှ ထူးပြီးတော့”
“မဟုတ်ဘူးခင်ဗျ လာပြန်ပလား”
“မလာပါဘူးခင်ဗျာ။ ခုညတော့ မနေ့ကသောက်တဲ့ ဆေးကလေးနဲ့ တည့်လို့ နေကောင်းထိုင်သာရှိတာနဲ့ လူများကို ဒုက္ခမရှာပါဘူးလေ။ ကိုယ့်ဟာကိုယ် နောက်ဖေးသွားနိုင်သားနဲ့ဆိုပြီး ထွက်လာခဲ့တာ ဒီမှာ ဦးလေးနဲ့ တွေ့တာပဲ”
ဟု ပြောလိုက်ရာ မမြခင်သည် ကိုဘနိုင်ဘက်သို့ တစ်ဖန်လှည့်ပြီး…
“ကဲ… ရှင်ကကော ဘာလုပ်လာတာလဲ။ ဝါစမ်းပါဦး”
“ငါလည်း နောက်ဖေးသွားမလို့ လာခဲ့တာ”
“ဘာ… ရှင် နောက်ဖေးသွားရင် ဒီအခန်းက သွားရမှာလား။ ကိုယ့်အိပ်ခန်းကနေပြီး နောက်ဖေး တိုက်ရိုက်သွားနိုင်ရက်သားနဲ့။ ဝါရင်လည်း ယုတ္တိရှိအောင်ဝါ သိရဲ့လား”

ကိုဘနိုင်မှာ မောင်ဖြတ်စကို သံယောင်လိုက်၍ ဝါရာ သူအပြော မှားနေ၏။ အမှန်မှာ ဤအခန်းသည် သူတို့အိပ်ခန်း၏ ခြေရင်းဘက်၌ရှိ၍ နောက်ဖေးသွားလိုလျှင် ဤအခန်းသို့ လာစရာမလို။ မောင်ဖြတ်စ၏ အခန်းသာ အိမ်ရှေ့ဘက်ကျနေ၍ ထိုအခန်းမှ ဖြတ်လာရ၏။

သို့သော် သူလည်း ဂျပန်၏ အဝယ်တော်လုပ်နေသူဖြစ်၍ အလိမ်၊ အဝါဉာဏ် မခေလှ။
“ငါ စက္ကူယူရအောင် လာတာ”
ဟူ၍ ထပ်တွန့်လိုက်သေး၏။
“အံမယ် အိမ်သာထဲမှာ စက္ကူတွေ တစ်ပုံတစ်ခေါင်းကြီး အမြဲရှိတယ်ဆိုတာ အသိသားနဲ့။ လျှာအရိုးမရှိတိုင်း လျှောက်ညာမနေနဲ့။ ခု ကောင်မလေးမှာ ထင်ထင်ရှားရှား ဖြစ်တော့မယ်။ ကျုပ်က လူပါးရှင့်။ ကြက်သွန်ခွံထက် ပါးသေးတယ်။ အဲဒါ အကဲခတ်ပြီး ချောင်းနေတာ ကြာလှပြီ။ ခုမှ ပိတ်မိရက်သား မိတော့တယ်။ ပြော… ရှင်တို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်စလုံးပဲ”

ဦးလေးကလည်း တူကို မင်းလားဟူသော မျက်လုံးဖြင့် ကြည့်၏။ တူကလည်း ဦးလေးကို ထိုနည်းအတူ ကြည့်၏။
“ငါတော့ မဟုတ်ရပါဘူးဟယ်။ ကျမ်းကျိန် ပြောရဲပါတယ်”
“ကျွန်တော်လည်း မဟုတ်ပါဘူးဗျာ။ မမာနေတာ အဒေါ်အသိသားနဲ့”
“အံမယ် နင်တို့နှစ်ယောက်ကမှ မဟုတ်ရင် ကောင်မလေးလည်း အိမ်က တခြားပြင် အလစ်ထွက်ရတာ မဟုတ်ဘူး။ တစ်အိမ်လုံးနဲ့ ကျုပ်အဖေနဲ့မှ ယောက်ျား သုံးယောက်ရှိတာ။ ကျုပ်အဖေကိုများ လွှဲချချင်ကြသေးသလား”
“ဒီလိုဆို သူ ဟုတ်ချင် ဟုတ်မှာပေါ့”
သွက်လက်သော မောင်ဖြတ်စက ပြောလိုက်၍ ကိုဘနိုင်ကလည်း ထောက်ခံသောမျက်လုံးဖြင့် ကြည့်၏။
“ဟေ့… ဟေ့… ငါ့တော့ ဆွဲမထည့်ကြပါနဲ့ကွာ။ ငါလူကြီးပါ။ အသက်(၆၀) ကျော်နေပါပြီ”
ဟု ဦးတုတ်ပေါသည် အိမ်ရှေ့ခန်းမှနေ၍ ကာကွယ်လိုက်၏။ သူသည် မီးဖွင့်လိုက်ကတည်းက အိပ်ရာမှ နိုးနေ၍ အခန်းတွင်းက ပြောသမျှကို အကုန်ကြားနေ၏။

“ဘိုးဘိုး… ခင်ဗျား ပုလင်းတစ်လုံးတော့ နိုင်သေးတယ် မဟုတ်လား”
မောင်ဖြတ်စက တောလိုက်၏။
“ဟေ… ဒါက ဘာဆိုင်လဲကွ။ ကျန်းမာရေးအတွက် သောက်တာ”
“ခင်ဗျား သောက်တာကို ပြောနေတာမဟုတ်ဘူး။ ပုလင်းတစ်လုံးဟာ ဖွဲဆယ်ဆုပ်မက လေးတယ် မဟုတ်လား”
ဦးတုတ်ပေါမှာ အဓိပ္ပါယ်ကို နားမလည်သေးဘဲ…
“အို… ဒါ ဘာဆိုင်လဲကွ”
“ဆိုင်ပြီလားဗျ။ ယောက်ျားဆိုတာ ဖွဲတစ်ဆုပ်မနိုင်မှ ဒါမျိုးလျှော့သတဲ့”

ဦးတုတ်ပေါမှာ ယခုမှ အဓိပ္ပါယ်ပေါက်သွားကာ အကြီးအကျယ် ဒေါပွပြီး…
“အံမယ်… မင်းကများ ငါ့ကို မခန့်လေးစားနဲ့”
ဟု ဆိုရင်း အိပ်ရာမှ ထလာလေ၏။
“အဖေ … အဖေ ဒီမလာနဲ့။ ဒီမှာ အမြင်မတော် အဆင်မတော် ဟောဒီကောင်မ အိပ်ပုံက”
ဟု သမီးက တားလိုက်မှ ရပ်တန့်သွား၏။

အကြောင်းမှာ အနား၌ ဆူညံစွာ ပြောဆိုနေကြသော်လည်း ကာလနဂါး၏ ရက်ကော့ဒ်ကိုချိုးမည့် ဝင်းကြည်မှာ မနိုးသေး။ နောင် အအိပ်ဆိုးပြိုင်ပွဲပြုလုပ်ပါက စိန်ဘယက်ကိုယူရန် လေ့ကျင့်နေတုန်း ဖြစ်၏။

မမြခင်လည်း လင်နှင့် တူကို စစ်ဆေးနေရသည်နှင့် သူ့ကို မပြုပြင်ရသေး။ ဦးတုတ်ပေါ ဝင်ရောက်လာမှပင် သတိရလာကာ ဘာမသိ ညာမသိ အိပ်နေရှာသူအား ခွေးကန်သလို ကန်ပြီး…
“ဟဲ့ … ကောင်မ ထ၊ ထဘီဝတ်။ အအိပ်ဆိုးလိုက်တာက၊ တယ် လေညင်းခံလို့ ဇိမ်ရှိနေပေါ့လေ”

ဝင်းကြည်ကား မလှုပ်သေး။
နောက်တစ်ချက် ထပ်ကန်လိုက်ပြန်၏။ သို့သော် မနိုးသေး။ အိုးအိုး… အင့်အင့်သာ လုပ်နေ၏။
ခမျာမှာ များစွာ ပင်ပန်း၏ တစ်နေ့လုံး အအား မနေရ။ နံနက် စောစောထ၊ ရေနွေးတည်၊ ကော်ဖီကြို၊ ဈေးပြေး၊ ရေခပ်၊ ထမင်းဟင်းချက်၊ စားသောက် ဆေးကြောပြီး၊ ကလေး(၃)ယောက်နှင့် လူကြီး(၄)ယောက်၏ အဝတ်ကို လျှော်ပြီး၊ ကြမ်းတိုက်၊ နောက် နေ့ခင်း ကော်ဖီဖျော်၊ အဝတ်တွေ မီးပူတိုက်၊ ညစာထမင်းချက် စားသောက်ဆေးကြောပြီး တစ်အိမ်လုံး တံမြက်စည်းလှည်း၊ အိပ်ရာအားလုံးခင်း၊ ဦးတုတ်ပေါနှင့် မမြခင်ကို တစ်ယောက်တစ်လှည့်စီ နင်းပေး၊ ည(၁၀)နာရီ (၁၁)နာရီလောက်မှ အိပ်။ “ဪ.. ဒါလောက်ပင်ပန်းရဲ့သားနဲ့တောင် ကောင်မလေး ဒီလောက် ဝသေးသကိုး”ဟု အောက်မေ့ခဲ့ကြရာ ခုနင်က မမြခင်က ပြောမှသာ…
“ဪ… ဒါကြောင့်ကိုး”
ဟု ရိပ်မိကြတော့၏။

နောက်တစ်ချက် ကန်လိုက်ပြန်၏။ ဤတစ်ချက်ကား ဘောလုံးချန်ပီယံ၏ စံချိန်ကို ချိုးဟန်တူသည်။ ဝင်းကြည်မှာ မနေနိုင်တော့ဘဲ…
“အမယ်လေးရှင့်”
ဟု အော်ကာ ထထိုင်ပြီး လုံးကျစ်နေသော ထဘီကို ခဲခဲယဉ်းယဉ်း ဖြေ၍ ဝတ်နေလေ၏။

“ဟဲ့… ကောင်မ ပြော။ နင့်ဆီ ညည ဘယ်သူလာသလဲ”
ခြေနှင့် ရွယ်ရင်း မေးလိုက်၏။
“အမယ်လေး မကန်ပါနဲ့တော့ မမရဲ့။ ဘယ်သူမှ..”
“ပြော… မှန်မှန်”
တစ်ချက် ကန်လိုက်ပြန်၏။
“အမယ်လေး ပြောပါ့မယ် မမရဲ့။ ကိုမောင်ခင်…”
“ဘာ… ဘယ်သူ… ဘယ်က ကိုမောင်ခင်လဲ၊ ဖြတ်စ မဟုတ်လား”
“အမယ်လေး ကျုပ်ကို ဆွဲမထည့်ပါနဲ့ဗျာ။ မောင်ခင်နဲ့ ဖြတ်စ နာမည်ချင်း တစ်ဂါဝုတ်လောက် ကွာပါတယ်”
“မဟုတ်ဘူး မမရဲ့”
“ဒါဖြင့် နင့်ဦးကြီးနိုင်လား”
“အို… ငါ့ဆွဲထည့်ပြန်ပြီ။ နင့်အဖေတဲ့ဟယ် ကဲ… ပြောလိုက်စမ်း။ ဟဲ့ကောင်မလေး ဘိုးဘိုးကြီးရယ်လို့”
“မဟုတ်ဘူး”
“ဒါဖြင့် ဘယ်သူလဲပြော”
“ဘယ်သူမှ မဟုတ်ဘူး”
“ဘာ… နင်က လိမ်ပြန်တာလဲ။ ခုနပြောတဲ့ ကိုမောင်ခင်ဆိုတာက ဘယ်သူလဲ”
“ဒါက မြင်းလှည်းမောင်းတဲ့ ဝါးခယ်မလမ်းက ကိုမောင်ခင်။ ညပိုင်းက သူ့မြင်းမကလေး တိုးစိန်ကို ခြံဝင်းထဲ လာမောင်းတာ ပြောတာ”
“ဒါကို မဟုတ်ဘူး။ ညည နင့်ဆီလာပြီး အိပ်တဲ့လူကို မေးတာ”
“ဘယ်သူမှ လာမအိပ်ဘူး”
“ဟဲ့ကောင်မ ပြော။ ဖုံးမနေနဲ့။ နင့်ကိုယ်နင် ဘာဖြစ်နေလဲဆိုတာ သိရဲ့လား။ နင်က ငါမသိဘူးမှတ်ပြီး ဖုံးနေတာလား”
“သိပါတယ်။ ကျွန်မအိပ်ရင်း လုံချည်ကျွတ်ပြီး ပေါ်နေလို့ မမက လုံချည်ဝတ်ဆိုလို့ ဝတ်ပြီး ဖုံးလိုက်ရပါတယ်”

တူဝရီးနှစ်ယောက်မှာ ရယ်ချင်လာ၏။ မမြခင်ကား ဒေါထတုန်းပင်။
“ဒီကောင်မ အိပ်မှုန်စုံမွှားနဲ့ တွေ့ကရာ လျှောက်ပြောနေတယ်။ မေးတာလည်း နားလည်တာ မဟုတ်ဘူး။ မနက်မှ သေသေချာချာမေးပြီး ဥစ္စာရှင်ရော ဘာရော အတူ အိမ်က နှင်ပစ်ရမယ်”

မောင်ဖြတ်စကို အနည်းငယ် မျက်စောင်းထိုး၍ ပြောလိုက်၏။
“လာကြ… လာကြ။ မနက်မှ ဆက်စစ်ပြီး အိမ်က နှင်ပစ်ရမယ်။ နှင်ပစ်မှ ထားလို့ မဖြစ်ဘူး”
ဟု ဆိုကာ ရှေ့မှ ထွက်သွားလေ၏။
တူဝရီးနှစ်ယောက်လည်း နောက်မှ ကျီးကြည့်ကြောင်ကြည့် လိုက်လာကြကာ ကိုဘနိုင်က မောင်ဖြတ်စ နားနားကပ်၍ လေသံဖြင့်…
“ဟေ့ ဖြတ်စ… မင်းနဲ့လား”
“မဟုတ်ဘူးဗျ… ဘုရားစူးပါစေ့”
“ဒါဖြင့် ဘယ်က အကောင်များ အချောင်အုပ်သွားပါလိမ့်”
“အိမ်က အဘိုးကြီးလားမှ မသိတာ”
လူချင်း ကွဲသွားကြလေ၏။ ဝင်းကြည်ကား ဘာမှ နားလည်ဟန်မတူ။ အားလုံးထွက်သွားကြလျှင် တုံးလုံးလှဲပြီး ပြန်၍ နှစ်ခြိုက်စွာ အိပ်ပျော်သွားပြန်လေ၏။

***
အိပ်ခန်းအသီးသီးသို့ ပြန်၍ ရောက်ကြသော်လည်း တော်တော်နှင့် အိပ်မပျော်နိုင်ကြသေးချေ။ ကိုဘနိုင်တို့အခန်းမှ တီးတိုး ဆူပူငြင်းဆိုသံများ ကြားရလေ၏။

မောင်ဖြတ်စလည်း ဤမရည်ရွယ်ဘဲနှင့် လှည်းကျိုးထမ်းရမည့် အမှုကို မစဉ်းစားဘဲ မနေနိုင်။

“ကောင်မလေးဟာ တော်တော်ကြာ ထင်ထင်ရှားရှားဖြစ်တော့မယ်”ဆိုသော သူ့အဒေါ်၏စကားကို တွေးမိ၏။ သည်အတိုင်းမှန်လျှင် တရားခံတစ်ယောက်ယောက် ရှိရတော့မည်။ အစွပ်စွဲခံရသူမှာ သူတို့ တူဝရီးနှစ်ယောက်၊ ဦးတုတ်ပေါကိုပါ ဆွဲထည့်သော်လည်း အမှုလိုက်က သူ၏ အဖေမို့ အရေးမယူ။ သူ့ကိုယ်သူ မဟုတ်ကြောင်းကိုကား သူသိ၏။ သူ၏ ဦးလေးလား၊ သူလည်း စိတ်ချရသူ မဟုတ်။ အဘိုးကြီးဦးတုတ်ပေါကော၊ သူလည်း တွယ်ချင်တွယ်မည်။

ဝင်းကြည်ကိုကား နက်ဖြန် နှင်ပစ်မည်မှာ သေချာ၏။ အလွန် အလုပ်အကိုင် ကောင်းသည်။ နှမြောစရာ ကောင်း၏။ ကောင်မလေးနှယ် မိုက်လိုက်ဘိချင်း။ ဪ… သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဆိုတော့ အစေခံပေမယ့်လည်း သူဌေးသမီးတွေစိတ်နဲ့ တူတူပေါ့။

တရားခံများမှာ ဤနေရာ၌ ကိုယ့်ကိုယ်ကိုယ် အလွတ်ရုန်းရန် လို၏။ အကယ်၍ အမှန်အတိုင်း ဘရန်ဒီခိုးသောက်ရန် လာပါသည်ဟု ညက မပြော။ နံနက်ကျမှပြောလျှင် တူဝရီးနှစ်ယောက်သား တိုင်ပင်ထားကြသည်ဆို၍ မမြခင် အယုံအကြည်ရှိမည် မဟုတ်။ ဒွတ္တဘောင်၏ဖခင် စူဋ္ဌာသမ္ဘဝ၊ မဟာသမ္ဘဝဟူ၍သာ စွပ်စွဲတော့မည် ဖြစ်၏။

မောင်ဖြတ်စ လွတ်အောင်ရုန်းဖို့ကား နောက်ဖေးသွားရန် ထလာခဲ့ကြောင်း ယုံကြည်အောင် လုပ်ရပေမည်။ သူ့အဖို့ အကြောင်းယုတ္တိလည်း ပြည့်စုံနိုင်၏။ သို့သော် ခပ်စောစောက အိပ်ရာထ တွယ်ထားသော အညစ်အကြေးများမှာ နောက်ဖေးအိုး၌ ပြည့်လုနီးပါး ရှိနေ၏။

သူသည် သူခိုးဝတ္ထု၊ စုံထောက်ဝတ္ထုများကို ဖတ်ထားသူဖြစ်၍ ဉာဏ်မခေလှ။ ထိုအရာများကို ဖျောက်ဖျက်ပစ်မှ အရေးလှချေမည်ဟု တွေးတောကာ ဆုံးဖြတ်ချက် ချလိုက်လေ၏။

***

အချိန်ကား နံနက်စော၏ ရှေ့တော်ပြေးဖြစ်သော လင်းကြက်များ စ၍ နှုတ်ခွန်းဆက်ကြလေပြီ။ ဘရန်ဒီတစ်ပုလင်း၊ ဗိုက်တစ်လုံး၏ အရေးအတွက် ရတတ်မအေးရသော လူမမာ မောင်ဖြတ်စသည် သူ၏နောက်ဖေးခွက်ကို မနိုင့်တနိုင် သယ်မကာ နောက်ဖေးဆောင်သို့ လာခဲ့လေ၏။

အိမ်သာခန်းအထိ သွားလျှင် အပလေတိုက်ခတ်မည်ဖြစ်၍ မသင့်လျှော်။ မီးဖိုဆောင်ထဲမှနေ၍ သွန်လိုက်မှသာ တော်ချေမည်ဟု စိတ်ကူးကာ ပြတင်းပေါက်တစ်ခုကို ဖွင့်ပြီး နောက်ဖေးလမ်းကြားထဲသို့ သွန်ချလိုက်လေ၏။

“ဝူးဝါး… ဝူးဝါး။ အမလေး ဝေါ့ဝံထွီ။ ဘွက်နွဲ့ဟာတွေလဲကွ။ ထွီး… လွှတ်စမ်း… လွှတ်စမ်း။ ခဏလွှတ်စမ်း…”
ဟူသော မသဲကွဲသော အသံများကို ကြားရသဖြင့် ပြတင်းပေါက်မှ ငုံ့၍ကြည့်လိုက်ရာ မှုန်မွှားသော အလင်းရောင်ကလေး၏ အောက်တွင် ထွေးလုံးရစ်ပတ်နေသော ကျား သဏ္ဌာန်၊ မ သဏ္ဌာန်နှစ်ခုကို မြင်ရသဖြင့် အံ့အားသင့်ကာ…
“ဟဲ့.. ဘယ့်နှယ်ဟာတွေလဲဟ”
ဟု အော်မိလေ၏။

ပုံသဏ္ဌာန်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဖိုသီဖတ်သီ ခွဲခွာရင်း…
“ဝေါ့… ထွီ… လူများ မေးမနေပါနဲ့။ ခင်ဗျားကော ဘယ့်နှယ်ဟာကြီးလဲ။ ရက်စက်တဲ့လူဗျာ။ ထွီ… လူတွေမှ မမြင်တော့ဘူးလား။ အကန်းထင်ပါရဲ့”
ဟု မာဆတ်ဆတ်ပြောသော ယောက်ျားသံကို ကြားရလေ၏။

“ဟ… မြင်ရင် သွန်ချပါ့မလား။ လူပဲ မမြင်လို့သာပေါ့”
“လူဆိုလို့ ခင်ဗျားကိုယ်ခင်ဗျား ပြောလို့သာ ယုံရတယ်။ ဒီမှာ ကစ်(စ်)လုပ်နေတုန်းမှပဲ”
“ဟ.. ဒီလိုဆို စုပ်ယူလိုက်သလို နေမှာပေါ့… ဟီဟီ.. ဟီဟီ… ဝမ်းနည်းပါတယ်ကွာ”
“ဝမ်းနည်းရုံနည်းနေ ဒီဖြင့် ကိုယ်ချင်းများ စာကြည့်ပါဦး။ ခင်ဗျားတို့ ကစ်(စ်)လုပ်နေတုန်းများ… ဒီလို…”
“ဟေ့… ဟေ့… ဒါမျိုးများ ကိုယ်ချင်းစာဖို့ မပြောနဲ့။ ထွီ… စိတ်ကူးတောင် မထည့်ပါရစေနဲ့ကွာ။ ဒါနဲ့ မင်းတို့မောင်နှံက ဘယ်ကများတုန်း။ လူများနောက်ဖေး လာပြီး အချစ်စခန်းချနေရအောင်…”
ဟု မေးလိုက်မှ…
“ဪ… ကိုယ့်ဆရာက မသိသေးဘဲကိုး။ ကဲ… အဝင်း မထူးပါဘူးကွာ။ မျက်နှာ မော့ပြလိုက်စမ်းပါ”
ဟု ဆိုပြီး ခေါင်းငုံ့နေသော မိန်းမသဏ္ဌာန်ကို မေးကိုင်ပြီး မပြလိုက်ရာ မောင်ဖြတ်စမှာ…
“ဟိုက်… အမယ်လေး… ဒေါ်ဝင်းကြည်ကိုး။ အင်း… အင်း… ဒါကြောင့်..”
ဟု ဆိုကာ သူ့ဦးနှောက်ထဲတွင် အသိဉာဏ်တွေ တစ်ပြုံတစ်ခေါင်းကြီး ပေါ်လာလေ၏။

“ဘာ… ဒါကြောင့်လဲ ဆရာ”
“ဪ… မင်းတို့အတွက် ငါစဉ်းစားမိလို့ပါ။ ငါမေးတာ မှန်မှန်ပြောစမ်း။ မင်းတို့ချင်း စဖြစ်ကြတာ ဘယ်လောက်ကြာပြီလဲ”
“ခုအချိန်ထိဆို (၄)လ (၃)ရက်နဲ့ တစ်ညရှိပါပြီ”
“နေ့တိုင်း ဒီလိုတွေ့နေကြတာပဲလား”
“နေ့ဆက်ရက်ဆက်ပေါ့ ဆရာ”

မလွတ်လပ်ရသည့် အစေခံဖြစ်လင့်ကစား (၂၄)နာရီအတွင်း ခဲခဲယဉ်းယဉ်း လစ်ဟင်းသော အချိန်ကလေး(၂)နာရီခန့်ကိုပင် အချစ်အတွက် အကွက်ကျအောင် အသုံးချတတ်ပုံကို စဉ်းစားမိကာ ညကကိစ္စအတွက်နှင့် အဘိုးကြီးနှုတ်ခမ်းမွေး မီးရှို့မှုကြီးကို ရှင်းလင်းရန် စိတ်ကူးဉာဏ် ဝင်စားလာလေ၏။

“မင်းတို့ချင်း ကျူးကျူးလွန်လွန် ဖြစ်နေကြပြီလား”
“ဟာ… ဒီယုန်မြင်လို့ ဒီချုံထွင်တာ။ မလွန်ဘဲ နေကြပါ့မလား ဆရာ”
“ဝင်းကြည်မှာ ကိုယ်လေးလက်ဝန် ရှိနေပြီဆိုတာကော သိရဲ့လား”
“သိပြီလားဆရာ။ ကျွန်တော်လည်း မိန်းမရခဲ့ဖူးတာပဲ”
“နို့ မင်းမိန်းမကော ရှိရက်ပဲလား”
“မရှိတော့ပါဘူးဗျာ။ အိမ်မှာ ဘော်ဒါတစ်ယောက် ဖဲဉာဏ်သမားရယ်လို့ သုံးရစားရ ရှိမလား ခေါ်ထားပါတယ်။ အိမ်ကမယား လစ်ပြေးတယ်ဗျ။ ဒါကြောင့် သူ့ကို…”
“ဒါဖြင့် သူ့ကို တကယ်ယူနိုင်ပါ့မလား”
“ယူနိုင်ပြီလားဗျာ။ ဆရာတို့အိမ်က လူကြီးတွေကသာ သွေးဆောင်မှုနဲ့…”
“အို… ဒါအတွက် ငါ့တာဝန်ထားလိုက်။ မင့်နာမည် ဘယ်လိုခေါ်သလဲ။ ဘာလုပ်စားသလဲ။ အိမ်က ဘယ်မှာလဲ”
“နာမည်က မောင်သိန်း ခေါ်ပါတယ်။ ပန်းတနော်လမ်းနောက်နားက ကုန်းပေါ်မှာနေပြီး မြင်းလှည်း မောင်းစားပါတယ်”
“ကောင်းပြီ၊ မင်း တကယ်ချစ်တယ်ဆိုတာ ငါယုံကြည်တယ်”
“ဆရာ ကျေနပ်တာတော့ကတော့ ဟုတ်ပါပြီ။ ကျွန်တော်တို့ ပေါင်းရအောင်က ဘယ်လို လုပ်ပေးမှာလဲ”
“အို… အလွယ်လေးပါကွယ်။ အထုပ်အပိုးနဲ့ ခေါ်ပြေးရုံပေါ့”
“အို… ဒါတော့ ခင်ဗျားပြောမှပဲလားဗျာ။ ကျုပ်လည်း သိတာပေါ့။ ဒါမှ ခင်ဗျာ့ဦးလေးကြီးက သူအရောင်းအဝယ်လုပ်နေတဲ့ ကင်ပေတိုင်က ယာမာမိုတိုကြီး သွားပြောလို့ အစေခံသွေးဆောင်မှုနဲ့ အမွေးတွေ တစ်ချောင်းစီနုတ်ပြီး လက်သည်းခွံတွေ အကုန်ခွာပစ်အောင်လး။ တော်ပါဗျာ။ ကျုပ် အကောင်းမှတ်လို့…”
“ဟေ့… အံမယ် ဒီလိုမဖြစ်စေရပါဘူးကွ။ ငါ့နာမည် ဖြတ်စတဲ့ကွ။ မှတ်ထားပါ။ မင်း မနက်ကျ အိမ်ကသာ စောင့်နေ။ လာခေါ်ပြီး လူကြီးစုံရာနဲ့ကို ထည့်လိုက်မယ်။ စိတ်သာချ ပြန်တော့။ ပြန်တော့။ ငါနဲ့ ဝမ်းကြည်နဲ့ စီမံရဦးမယ်”
“အေး… ဒီလိုဆို ကောင်းပါပြီဗျာ။ မဟုတ်ရင်တော့ စမ်းချောင်းထိပ်က ကျုပ်တို့ အသင်းနဲ့ကို လူစုပြီးတော့ ခင်ဗျားဆေးရုံသွားတုန်း ဝိုင်းရိုက်ပစ်မယ် သိလား”
ဟု ကြိမ်းမောင်းကာ မောင်သိန်းသည် ခါးချည့်ကလေး ကုန်းကုန်းနှင့် ထွက်သွားလေ၏။

ဉာဏ်ကြီးရှင် မောင်ဖြတ်စနှင့် ဝင်းကြည်သည် တစ်ယောက်နဲ့တစ်ယောက် မည်သို့ တိုင်ပင်သင်ကြားပြီး နံနက်အိပ်ရာထတွင် အမှုလိုက် ဒေါ်မြခင်က စစ်ဆေးသောအခါ ဝင်းကြည်က ဘယ်လို ပြောသည်မသိ။ ဒေါ်မြခင်သည် မီးဖိုချောင်ထဲတွင် တစ်ယောက်တည်းငိုယိုကာ ဒေါသူပုန် ထနေလေ၏။

“ကြည့်ကြပါဦးတော်။ အသက်(၆၀)ကျော်လို့ သေခါနီးမှ အိမ်က အစေခံမလေးနဲ့ ဖြစ်ရသတဲ့။ ကိုယ်မနေနိုင်လို့ ကမြင်းချင် ပြောရောပေါ့။ တော်ရုံတန်ရုံဟာ ပိုက်ဆံပေး ရတာပေါ့။ ခုတော့ အိမ်ကခိုင်းတဲ့ဟာလေးနဲ့ လူမသိ သူမသိ ဗိုက်ကြီးနေတယ်ဆိုတော့ အမယ်လေး ရှက်လှချေရဲ့။

ညက ဖြတ်စပြောတာ ယောက်ျားဖွဲတစ်ဆုပ်မနိုင်မှ လျှော့တယ်ဆိုတာ မှန်နေတာပေါ့။ ကြည့်ကြစမ်းပါဦးတော်။ ညတိုင်းညတိုင်း ကောင်မလေးဆီသွားနေတာ လေးလကျော်ပြီတဲ့။ သားသမီး၊ ဆွေမျိုးတွေ မျက်နှာမှ မထောက်။ လုပ်ရက်လေ အဖေရယ်”

ဦးတုတ်ပေါကား ဘာမှ မသိ။ နံနက်စောစော ထုံးစံအတိုင်း တုတ်ကောက်၊ ဘောင်းဘီတို၊ ဗိုက်ရွှဲကြီးနှင့် လမ်းလျှောက်သွားလေပြီ။ ကိုဘနိုင်ကား အိပ်ရာထဲမှ နားထောင်နေ၏။ မောင်ဖြတ်စကား လူနာခန်းထဲတွင် အိပ်ချင်ပြုကာ ပြုံးစိစိ လုပ်နေ၏။ ဝင်းကြည်မှာ အိမ်သာနှင့် ရေချိုးခန်းကြားတွင် ဣနြေ္ဒရရ ပုနေ၏။ ကလေးသုံးယောက်ကား မအေ့အနားတွင် ထိုင်ကာ ရောငိုနေကုန်၏။

“ကြည့်ပါဦးတော်။ နှုတ်ခမ်းမွေးရှုပ်လို့ ဉာဏ်ဆင်ပြီး နှုတ်ခမ်းမွေးကို မီးနဲ့ တမင်သက်သက်ရှို့၊ ကျုပ် သားလေး ဆော့တယ်ဆိုပြီး မချိမဆံ့ ရိုက်သေးတယ်တော့။ နို့ပြီး ဝင်းကြည်ကိုပဲ အောင်လေးဆော့တာ မြင်တယ်လို့ ပြောလို့ သင်ထည့်လိုက်သေးသတဲ့။ ဉာဏ်များပါပေ့ အဖေအိုကြီးရဲ့ သေခါနီးကြီးရဲ့။ ညကများ ဖြတ်စက ဟုတ်တာပြောတော့ အမယ်လေး သူက စိတ်တွေ ဘာတွေ ဆိုးလို့။ ဪ… တဏှာ တဏှာ။ မြေးမှန်း သားမှန်းတောင် မသိတော့ဘူး”
မယား ငိုယိုဆူပူနေသည်ကို ကြား၍ ကိုဘနိုင်မှာ မနေနိုင်တော့ဘဲ အကျိုးအကြောင်းကို သဲကွဲအောင် လာရောက်မေးမြန်းသဖြင့် ဝင်းကြည် ပြောသမျှကို ပြောပြကာ…
“သူ အရင် ဒီလိုမဟုတ်ပါဘူး ကိုနိုင်ရယ်။ လူရိုးကြီးပါ။ ဒီ မင်းတိုင်ပင်အမတ်အလုပ် လုပ်လိုက်မှ ရှိသမျှပစ္စည်းလည်း ကုန်။ အဖတ်ဆယ်မရ။ အကျင့်စာရိတ္တတွေပါ ပျက်စီးလာတာ။ ခုတော့ ဒီဗိုက်နဲ့ ဒီအဘိုးကြီး ဘယ့်နှယ်လုပ်မလဲ ကိုနိုင်ရဲ့။ စီမံစမ်းပါဦး”
“သိပ်ကျယ်ကျယ်ကြီး ပြောမနေနဲ့။ လူများကြား ရှက်စရာကြီး။ ညက ဖြတ်စပြောတာ မှန်နေတာပေါ့ကွ။ သွားသွား သူ့ဆီ သွားတိုင်ပင်ချေ။ သူက ဒါမျိုး အင်မတန် ဉာဏ်ရှိတဲ့ကောင်”
ဟု တူဝရီးနှစ်ယောက်မှာ အိပ်ရာထဲတွင် တိုင်ပင်ပြီးဖြစ်သည့်အတိုင်း သူ့တူထံ လွှတ်လိုက်လေ၏။

မမြခင်မှာ ဖအေအိုကြီးအတွက် မနေသာတော့ဘဲ ဖြတ်စ၏ အခန်းထဲသွား၍ ချော့မော့သောအသံဖြင့် နှိုးရလေ၏။ အိပ်ချင်ယောင်ပြုနေသူမှာ တော်တော်နှင့် မနိုးနိုင်ဘဲ အတော်ကလေးလှုပ်နှိုးမှ ပါးစပ်ကို ဟ၍…
“ဝါး… ဘာလဲဗျ အန်တီ”
“ထပါဦး ငါ့တူရယ်။ ညက မင်းပြောတာ မှန်နေတာပေါ့ကွယ်”
ဘာမှ မသိသူကဲ့သို့ မျက်လုံးများကို ပွတ်ကာ…
“ဘာလဲ အန်တီရဲ့”
“ဟိုကောင်မ ဗိုက်ပေါ့ကွယ်။ ခု မိုးလင်းမှ သေသေချာချာ စစ်ကြည့်တော့ အဖေနဲ့တဲ့”
“ဟင်… ဖြစ်မှဖြစ်ရလေဗျာ။ ညက ကျွန်တော်က ရမ်းသန်းပြောတာ ဟုတ်မှ ဟုတ်ပါလေလားဗျာ။ ကျားသားမိုးကြိုး”
“ဟုတ်ပါတယ်။ ဝင်းကြည်က အသေအချာကို ပြောပြတာ။ နှုတ်ခမ်းမွေးမီးလောင်ပြီး ရိတ်ပစ်ရတာတောင် ကောင်မလေးက နှုတ်ခမ်းမွေးကြီးနဲ့ ယားတယ်ဆိုလို့တဲ့။ ဉာဏ်ဆင်ပြီး ရိတ်တာ။ ကြားထဲက ငါ့သားလေးတောင် အပြစ်ရှာပြီး ရိုက်လိုက်တာကွယ် မသနားမညှာ၊ မြေးကလေးကိုတောင် မ အတွက်နဲ့ သူမို့ လုပ်ရက်တယ်”
“ဪ… တဏှာဆိုတာ ဒီလိုပေါ့။ မှောင်ထဲမှာ ဒီမှောင် အကြီးဆုံးပဲ”
“အေးကွယ်။ အဲဒါ မင်းပဲ ကြည့်စီမံပါဦး။ ငါတော့ ခေါင်းမီးလောင်နေပြီ”
“ဘယ်လို လုပ်စေချင်တာလဲ”
“ဒီအကြောင်းကို ဘယ်သူမှ မသိစေဘဲ ကောင်မလေးလည်း ကျေကျေနပ်နပ်ထွက်သွားပြီး နောင်လည်း ဘယ်သူ့မှ မပြောရလေအောင်”

မောင်ဖြတ်စသည် ခေါင်းကုတ်၍ အနည်းငယ် စဉ်းစားဟန်ပြုကာ…
“အင်း… ဒါဖြင့် ဒီလိုလုပ်လေ။ ငွေကလေး အနည်းအကျဉ်းတော့ အကုန်ခံရလိမ့်မယ်။ ကောင်မလေးကို တကယ်ကြိုက်ပြီးတော့ အတည်ယူချင်တဲ့ ကောင်တစ်ယောက် ရှိနေတယ်။ ကျွန်တော့် အပူကပ်နေတာ ကြာလှပြီ”
“အမယ်လေး လုပ်စမ်းပါကွယ်။ ငွေ ဘယ်လောက်ကုန်ကုန် အရှက်တကွဲ အကျိုးနည်း မဖြစ်ပြီးရော။ သူက ဘယ်သူလဲ။ ရိုးရိုးသားသားပဲလား”
“ဟို ပန်းတနော်လမ်းနောက်နားက မောင်သိန်းတဲ့။ ကောင်လေးက ရိုးပါတယ်”
“ဪ… ဟို မအူပင်လမ်းထိပ်က ပါးရွဲ့ရွဲ့နဲ့ မင့်ဆီလာလာလည်တဲ့ ကောင်လား”
“မဟုတ်ပါဘူး။ ဒါက ဖိနပ်ထောင်တဲ့ ကိုသောင်းပဲ။ ခုဟာက မြင်းလှည်းမောင်းတဲ့ မောင်သိန်း။ ကျွန်တော်ကတောင် သူ့ကို မင်း ငါ့ကို ဘရန်ဒီ အစစ်တစ်လုံး ရှာပေးရင် ပြောပေးမယ်လို့ ပြောထားသေးတယ်”
“အမယ်လေးကွယ်။ သူ့ရှာခိုင်းမနေပါနဲ့တော့။ ဒီကိစ္စပြီးလွယ်အောင်သာ လုပ်စမ်းပါ။ မနေ့က ဂြိုလ်မင်းကြီးယူလာတဲ့ ပုလင်းပဲ မင်းယူပါ။ ငါ့အတွက် အရေးမကြီးပါဘူး”

မောင်ဖြတ်စမှာ တီးပေါက်ဝင်သွားကာ အခန်းဝ၌ မတ်တတ်ရပ်ကြည့်နေသော သူ့ဦးလေးကို အဒေါ်မမြင်အောင် မျက်စိမှိတ်ပြပြီး “ဒီလိုဆိုလည်း အကောင်းသားပဲ။ ကဲလေ… အဘိုးကြီးပြန်မလာခင် ကိစ္စပြီးအောင် ဝင်းကြည် ခေါ်လိုက်စမ်းပါဦး”

ဝင်းကြည်မှာ ဣနြေ္ဒရရနှင့် ရောက်လာ၏။
“ကဲ… ဝင်းကြည်။ နင့်ဖြစ်ပုံတွေ ငါအကုန်သိရပြီ။ ကံကောင်းလို့ တို့တူဝရီးနှစ်ယောက် အမှုပတ်နေတာ နင်က ဖွင့်ပြောလို့သာပေါ့။ ခုတော့ ဒီ အဘိုးကြီးနဲ့ဆိုတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ လူကြီးကစလို့ မှားမိတာတော့ မှားပါစေတော့။ ဟောဒီ နင့်အဒေါ်များရော၊ ငါတို့ရော အရှက်တကွဲ အကျိုးနည်း မဖြစ်ကြရအောင် ငါ့စကားနားထောင်။ နင့်ကို တကယ်ကြိုက်ပြီး ကောင်းကောင်းမွန်မွန် ပေါင်းမယ့်ကောင် ရှိနေတယ်။ မြင်းလှည်းမောင်းတဲ့ မောင်သိန်းရယ်။ နင်သိတယ် မဟုတ်လား။ အေး သူ့ကို ယူလိုက်။ ဟောဒီ အဒေါ်ကလည်း ငွေအနည်းအကျဉ်း ပေးလိုက်လိမ့်မယ်”
“အေးကွယ်။ ရွယ်တူတန်းတူချင်း ကောင်းပါတယ်။ ငါကလည်း ငွေ(၃၀၀) ပေးလိုက်ပါ့မယ်”

ဝင်းကြည်လည်း ဣနြေ္ဒရရ ခေါင်းငုံ့ကာ “ဟုတ်ကဲ့ ကိုကိုဖြတ် သဘောပါပဲ”
“ကဲ… ကဲ… အဘိုးကြီးမလာခင် ပြီးအောင်၊ သွား၊ မောင်သိန်း သွားခေါ်ဖို့ ကလေးတစ်ယောက် လွှတ်လိုက်။ ကျွန်တော် စာရေးပေးလိုက်မယ်”
“ရုတ်တရက် ချက်ချင်းကြီး ဖြစ်ပါ့မလားကွယ်။ မင့်လူက မယုံသင်္ကာဖြစ်နေ..”
“အို… ဒါ ကျွန်တော့်တာဝန် ထားလိုက်။ ဒီကောင်က လိုချင်လို့ သေလုလို့။ ကျွန်တော် ဉာဏ်ဆင်ပြီး ပြောပါ့မယ်။ ကျွန်တော် ဖျားနေတာလည်း သူသိသားပဲ။ ငါမမာတာ အိမ်က ခြေနှစ်ချောင်းထွက်မှ ကောင်းမယ် ဗေဒင်ကဟောလို့ မင်းနဲ့ အမြန် ခေါ်ပေးစားတာကွလို့ ပြောမှာပေါ့။ ဒါအတွက် မပူပါနဲ့။ စာရွက်နဲ့ ဖောင်တိန်သာ ပေးစမ်းပါ”

မကြာမီ မောင်သိန်းရောက်လာကာ အကျိုးအကြောင်း ပြောပြလေ၏။ ငါးမိနစ်အတွင်း၌ပင် တိုကိစ္စပြီးမြောက်သွားကာ သတို့သား မောင်သိန်းနှင့် သတို့သမီးဝင်းကြည်တို့သည် ကိုဘနိုင်၊ မမြခင်၊ မောင်ဖြတ်စတည်းဟူသော လူကြီးလူကောင်း သုံးယောက်တို့အား ခင်စမ်းမြင့်၊ မောင်တင်လှ၊ အောင်လေးတည်းဟူသော ကလေးပရိသတ် သုံးယောက်ရှေ့တွင် နှစ်ယောက်ယှဉ်တွဲ ကန်တော့ပြီး မမြခင်ဆီက ငွေ(၃၀၀)နှင့် ဝင်းကြည် အဝတ်အစားထုပ်ကလေးကို ဆွဲကာ အိမ်မှ ဆင်းသွားကြလေ၏။

မမြခင်သည် ဝင်းကြည်တို့စုံတွဲ လမ်းထောင့်ကွယ်သွားသည်တိုင်အောင် လှမ်းမျှော်ကြည့်နေပြီးမှ သက်ပြင်းကြီးချကာ…
“အမယ်လေး ခုမှ အလုံးကြီးကျသွားတော့တယ်။ ငါ့ ခက်ကရော အောက်မေ့နေတာ။ မင့် ကျေးဇူးပါပဲကွယ်”

မောင်ဖြတ်စက ပြုံးစိစိနှင့်…
“ကျေးဇူးပြောနေရုံနဲ့ မပြီးသေးဘူး။ ကျွန်တော့်ပေးမယ်ဆိုတဲ့ ဘရန်ဒီလည်း လုပ်ဦးလေဗျာ”
“ဪ… ဟုတ်ပေသားပဲ။ ပေးပါ့မယ်ကွယ်။ ကဲ… သမီး၊ သွားယူပေးလိုက်ပါကွယ်။ သူ့ဉာဏ်ပူဇော်ခ”
“ဪ… ဒီမှာ အန်တီ။ အဘိုးကြီးပြန်လာရင် ဘာမှ မပြောနဲ့နော်။ ဘာမှမဖြစ်သလိုနေ သိလား”
“အမယ်လေး ပြောဖို့ နေနေသာသာ သူ့မျက်နှာတောင် မကြည့်ချင်ဘူး”

တုတ်ကောက်၊ ဘောင်းဘီတို၊ ဗိုက်ရွှဲကြီးနှင့် လမ်းလျှောက်သော ဦးတုတ်ပေါကား ပြန်မလာသေး။ မောင်ဖြတ်စတို့ တူဝရီးက ဘရန်ဒီတစ်ပုလင်းနှင့် ဇိမ်တိုးလျက်…။

:2 :2 :2
credit to mmcyber

No comments:

Post a Comment