Thursday 30 August 2012

ပညာလိုပါသလား

ပညာလိုပါသလား

Written by ဒေါက်တာခင်မောင်ညို



ကိုဘသစ်တစ်ယောက် ရွာပြန်သွားတော့ ၀မ်းသာစရာတွေ မြင်တွေ့ရသလို စိတ်မကောင်းစရာတွေလည်း အများကြီးပါပဲ။ ရွာထဲမှာသွပ်မိုး ပျဉ်ထောင်တွေ များလာသည်။ သို့သော် စာကြည့်တိုက်ကတော့ ဖတ်သူ အင်မတန်နည်းသည်။ ရွာထဲ အလုပ်လုပ်နေသော အရွယ်ပေါ့လေ။ လူငယ်လူရွယ်တွေ အင်မတန်နည်းသည်။

''ကျောင်းသွားတဲ့ကလေးတွေတော့ အများကြီးပါပဲလား''

''လူငယ်တွေ ဘယ်ရောက်သွားကြလဲ'' မောင်ဘသစ် မေးခွန်းတွေ ထုတ်နေမိသည်။ ''သူတို့တစ်ဖက်နိုင်ငံ သွားအလုပ်လုပ်ကြတယ်''

''အင်း''

''ဒီလိုဖြစ် နေကြတာတော့ ကြာပြီပဲ''

''အင်း''

ရွာက ရော်ဘာခြစ်သူတွေ ဆေးလိပ်လိပ်သူတွေ မလေးရှားသွားကြသည်။ ငါးလှေလိုက်သူတွေနဲ့ ခြံစိုက်သူတွေက ထိုင်းကိုသွားကြသတဲ့။ အလုပ်သွားလုပ်သူတွေရဲ့ အလုပ်တွေက အမျိုးမျိုးဆိုပေမယ့် တူညီတာကတော့ အားလုံးဟာ အောက်ခြေအလုပ်တွေကိုသာ လုပ်ရသည်။

3D ဟုခေါ်သည့် Danger, Dirty Esifh Difficult ဖြစ်သည့် အလုပ်တွေကိုသာ လုပ်ရသည်။ သူတို့ရသော လုပ်ခဟာလည်း အနှိမ်ခံ လုပ်ခပါ။ တရားမ၀င် လုပ်ရတာတွေ များသည်။ ပြန်ရောက်သူတွေကို ကိုဘသစ်မေးကြည့်တယ်။

''ခင်ဗျားတို့ ဟိုကစကားကိုတတ်လား ''

''ထမင်းစားရေသောက်တော့ တတ်တယ်''

''လူရာဝင်အောင်တော့ မတတ်ဘူးဆိုပါတော့''

''တတ်စရာ ဘာလိုလဲဗျာ၊ ကျုပ်တို့က မြန်မာတွေနဲ့ပဲနေကြတာ''

''ဒါဆိုစာတော့ ဝေလာဝေးပေါ့''

''စာတော့မတတ်ဘူး''

စကားမတတ်၊ စာမတတ်၊ အရည်အသွေး(Skill) မရှိတော့လည်း သူခိုင်းတာကို လုပ်ရသည်ပဲပေါ့။ သူတို့အောက်ခြေအလုပ်များကို လုပ်ပြီးရသည့်ငွေကို မိဘတွေဆီ ပို့ကြသည်။ သူတို့သားသမီးတွေကို အဘိုးအဘွားများနှင့် အပ်ထားလေ့ရှိကြပြီး မြန်မာပြည်မှာပင် ကျောင်းထားကြသည်။

''ရတဲ့ငွေတွေနဲ့ ၀ါးတဲတွေကနေ သွပ်မိုးပျဉ်ထောင်ကို ဆောက်လာနိုင်တာပေါ့ဗျာ'' သူကြီး နိုင်ငွေစိုးက ကိုဘသစ်သူငယ်ချင်း ဖြစ်သည်။ နိုင်ငွေစိုးကသူ့ကို ထမင်းစားဖိတ်ကျွေးပါသည်။
တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ်ဖက်နိုင်ငံက စာတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။

''ချမ်းသာ လာသူတွေရှိသလို ရောဂါဖိစီးပြန်လာလို့ ဆေးကုရတာတွေလည်း ရှိတယ်ကွ''

''ဟုတ်ကဲ့''

''မမာဘူး''

''လူပဲဗျာ''

'' အနာတွေပေါက်ပြီး သေတယ်''

''ဒါတွေဟာ AIDS လို့ခေါ်တဲ့ လေးလုံးရောဂါတွေပေါ့။ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အားလုံးကတော့ မသိချင်ယောင် ဆောင်နေကြတယ်'' ကိုဘသစ်စိတ် မကောင်းဖြစ်သွားတယ်။ ဒီရောဂါက ကမ္ဘာ့ကပ်နာပဲ။
''မောင်ညိုလည်း နေမကောင်းဘူး၊ မင်းသွားကြည့်လိုက်ပါဦး'' မောင်ဘသစ်၏ သူငယ်ချင်းမောင်ညို ဘာကြောင့်နေမကောင်း ဖြစ်တာလဲ။

''ဒီကောင်ဘယ်သွား သေးလဲ''

''တောင်အရှေ့ဖက်ကို သွားတယ်''

''ထိုင်းကိုလား''

''အင်း တောင်အရှေ့ဖက်ကို သွားတယ်။ သူ့သားနှစ်ယောက်လည်း နေသိပ်မကောင်းဘူးတဲ့။ ကိုဘသစ်လည်း 'ဒုက္ခပါပဲ'ဟု ညည်းတွားကာ သူငယ်ချင်းအိမ် လိုက်သွားသည်။
'မင်း လေးလုံး ရောဂါရလာတာလား' မောင်ညို ခေါင်းခါသည်။

''ငါတို့က အဲဒီရောဂါကင်းတယ်၊ ဒါပေမဲ့ အလုပ်ပိတာကွ''

''ဘယ်လို ပိတာလဲ''

''တို့ခြံရှင်က တို့သောက်ဖို့ ရေတွေ ကိုဇလုံကြီးနဲ့ ဖျော်ဖျော်ထားပေးတယ်၊ အားဆေး၊ အမောခံတယ်တဲ့။ ငါတို့လည်း သောက်တာပေါ့၊ သူပြောတဲ့အတိုင်း အမောခံနိုင်တယ်။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်နိုင်တယ်''

''တယ်ဟုတ်ပါလား၊ ဘာအားဆေးလဲ''

''နောက်မှသိတယ်၊ အားဆေး မဟုတ်ဘူးတဲ့၊ အဲဒါမူးယစ်ဆေးဝါး၊ အက်ဖာတမင်း''

''ဟေ'' သူတို့ကို မက်တာအက် ဖာတမင်း မူးယစ်ဆေးတွေ တိုက်ပြီး ခိုင်းတာကိုး။

'' မြန်မာတွေပဲ သောက်တာလား''

'' ထိုင်းတွေတော့ မသောက်တာများတယ်ကွ၊ တို့လည်း နောက်မှသိတယ်။ သိတော့ ကျန်းမာ ရေးအတော်ချို့ယွင်းနေပြီ''

'' ဒါနဲ့ ပြန်ခဲ့တာလား ''

'' ဟုတ်တယ်ကွ၊ ငါးလှေတွေနဲ့ လိုက်သွားတဲ့လူတွေဆိုရင် မူးယစ်ဆေးတွေစွဲပြီး၊ နောက်ဆုံးလှေပေါ်ကနေ ကန်ချခံရတယ်''

'' ကမ်းမှာလား''

''ပင်လယ်ထဲကို'' ကြောက်စရာကောင်းလှပါသည်။ ပင်လယ်ဆိုသည်မှာ ဥပဒေစိုးမိုးသည့်ဒေသ မဟုတ်ပါ။ ဘယ်လိုသက်တွေ အထောက်ထားတွေမှ မရှိဘဲ။

''ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးဆေးဆေးလုပ်စားပြီး ပြန်လာသူတွေတော့ရှိတယ်''

''ဟုတ်လား''

''ရှိတော့ရှိတယ် ရှားတယ်''

ဆင်းရဲတဲ့ဒဏ်လား၊ ချမ်းသာလိုတဲ့ လောဘကြောင့်လား။ ကိုဘသစ် စဉ်စားသည်။ လူတွေကတော့ စွန့်စားကြသည်။ No Man is an island တဲ့။ ဘယ်သူမှ ကျွန်း မဟုတ်ဘူး။ ဘယ်သူမှ ငုတ်တုတ်မခံ ပါဘူး။ စပါးစိုက်သည်။ တောင်သူ လုပ်သည်။ လောက်လောက်ငင မရှိကြပါ။ ပထမ ဖဆပလ အစိုးရ လက်ထက်က SAMB ဆိုသော အဖွဲ့က ကိုဘသစ်တို့ဆီက စပါးဝယ်သည်။ ထိုအချိန်ကလည်း ဈေးနှိမ် ၀ယ်သည်။ နောက်တော့ မဆလ လက်ထက်။ စပါးတွေကို ၀မ်းစာချန် ကျန်တာအကုန်အစိုးရကို ရောင်း ရသည်။ သတ်မှတ်ဈေး။ သတ်မှတ် ထားသော ပမာဏကိုရောင်းရသည်။ တကယ်လို့ မရောင်းနိုင်ရင် ဖမ်းချုပ်သည်။ (အချုပ်တွင် ထမင်းတော့မကျွေးပါ။ အိမ်က ထမင်းပို့ရသည်။) နောက်ဆုံး တာဝန်ကျေအောင် ၀ယ်သွင်းရသည်။

အ၀ယ်ဒိုင်များက ကတ္တားခိုး၊ အလေးခိုးသည်။ စိုထိုင်းဆများသည်ဟု ဈေးလျော့ပြန်သည်။ လယ်သမားတွေ ဖွတ်သထက် ညစ်တော့သည်။ ထို့ကြောင့် အများစုသည် လယ်မလုပ်တော့။ ကိုဘသစ်တို့လည်း ဒီပုတ်ထဲက ဒီပဲမဟုတ်ပါလား။ ဖခင်ကြီး၏ လယ် ၆၄ ဧကကို စွန့်ကာ မြို့တက်သည်။ လခစား လုပ်သည်။ လယ်တွေကို အစိုးရက တဖြည်းဖြည်း သိမ်းသွားသည်။ အချို့လယ်မလုပ် ယာမလုပ် ရရာလုပ်။ အရက်သမားဖြစ်ကာ သေသွားသော ကိုဘသစ်သူငယ်ချင်းတွေ အများကြီးပါပဲ။ ခုတော့ သူငယ်ချင်းများ၏ သားသမီးတွေပေါ့။ သူတို့ကတော့ တစ်ဖက်နိုင်ငံသွားကာ အလုပ်လုပ်ကြသည်။ ပညာမတတ်၊ စာမတတ်၊ စကားမတတ်။ ဒီတော့ အဖိနှိပ်ခံဖြစ်နေတာပဲပေါ့။ ပညာတတ်အောင် သင်ဖို့လိုသည်။ နောက်တစ် ဖက်နိုင်ငံက စာတွေ စကားတွေကို ဒီမှာသင်လို့ မရဘူးလား။ ပညာပြည့်ဝပြီး စကားလောက်တတ်ရင် အနည်းဆုံး အလုပ်သမားခေါင်းလောက်တော့ ဖြစ်နိုင်ပါသည်။ ကိုဘသစ် ဘာလုပ်ရမလဲ။ ခုလွှတ်တော်အသစ်ကိုပဲ တင်ပြရမှာလား။ သူတို့က ကျွန်စော်နံတဲ့သူလို့ ပြောမှာလား။ ဒါမှမဟုတ် ငုတ်တုတ်လေးပဲ နင်းပြားအဖြစ် နေကြမှာလား။ ပွင့်လာတဲ့အစိုးရကို ပွင့်ပွင့်လင်းလင်းမေးလိုတဲ့ ကိုဘ သစ် မပွင့်နိုင်သေးပါလား။
@EMG

မာစီဒီးနဲ့ စဥ့်ကူးမင်း

မာစီဒီးနဲ့ စဥ့်ကူးမင်း


ကျွန်တော်၏ ဇာတာတွင် ယာဉ်၊ ရထား ကံအကျိုးပေးပုံရပါတယ်။ မွေးကတည်းက မော်တော်ကားနဲ့ ပြတ်လပ်ခဲ့တာ မရှိခဲ့ပါဘူး။ ခုထိတိုင်ပါပဲ။ အရင်ကတော့ အဖေ့ရဲ့ ကားတွေ စီးရတာပါ။ စာရေးဆရာဖြစ်ပြီး လုံးချင်းတွေရေးနိုင်တော့ သင့်နိုးရာရာ ကားတစ်စီး ၀ယ်စီးနိုင်ခဲ့ရာက ကျွန်တော့်မှာ မော်တော်ကားတစ်စီးတော့ အမြဲရှိနေတတ်တော့တာပါပဲ။ စီးပွားတက်ရင် ကားကောင်းကောင်းလေး စီးလိုက်၊ စီးပွားပျက်ရင် ကားညံ့ညံ့လေး စီးလိုက်နဲ့ပေါ့။ ပြောချင်တာက အဲဒီကား ထည်လဲတွေထဲမှာ တစ်ကြိမ်တော့ဖြစ့် “မာစီဒီး” ပါဝင်ခဲ့ပါတယ်။ မာစီဒီးဆိုပေမယ့် “ဟစ်တလာ” စီးခဲ့တဲ့ ရှေးဟောင်း“မာစီဒီး”ပါ။ ဘာပဲဖြစ်ဖြစ် “မာစီဒီး” တစ်ကြိမ်တော့ စီးဖူးတယ် ပြောရပါလိမ့်မယ်။ ဒါကို အကျယ်ချဲ့ပြောနေရတာက “မာစီဒီး” နဲ့ ပတ်သတ်လို့ လူကြားသူကြား အမေးခံရတာ နှစ်ကြိမ်ရှိခဲ့ဖူးလို့ပါ။ တစ်ကြိမ်က တေးသံသွင်းတစ်ခုက စားသောက်ဆိုင်မှာ ဖြစ်ပါတယ်။ အဲဒီညက စားနေသောက်နေကြတုန်း တေးသံသွင်း ပိုင်ရှင်နဲ့ ဂျာမဏီနိုင်ငံသားတစ်ယောက် ကျွန်တော်တို့ဝိုင်းမှာ ၀င်ထိုင်ရင်း ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ်။ ဒီအခါ ဂျာမဏီသားက - “မင်းမှာ မာစီဒီး ဘယ်နှစ်စီးရှိသလဲ” လို့မေးပါတယ်။ သူနဲ့ ကျွန်တော့် မိတ်ဆက်ပေးတုန်းက စာရေးဆရာ၊ အဆိုကျော်၊ ရုပ်ရှင်မင်သားဆိုပြီး မိတ်ဆက်ပေးတာကိုး။ အဲဒီတုန်းက ကျွန်တော့်မာစီဒီးက “ဃ” အက္ခရာတွေပယ်လို့ ပါသွားပါပြီ။ ဒါကြောင့် “တစ်ခါတော့ရှိဖူးတယ်” ပြောတော့ သူအံ့သြသွားပါတယ်။ သူတို့ဆီမှာဆိုရင် ကျွန်တော့်လို ဘက်စုံ အနုပညာသည်ဟာ မာစီဒီး (၆) စီး ရှိသတဲ့။ အမယ်မယ်သုံးဆိုပါစို့။ နောက်တစ်ခါ အမေးခံရတာက အမေရိကားရောက်တုန်းကပါ။ နိုင်ငံတကာ စာပေဆွေးနွေးပွဲတက်တော့ နိုင်ငံစုံ စာရေးဆရာတွေနဲ့ တွေ့ကြရာမှာ အလုပ်သဘော စားကြသောက်ကြရင်း ကိုယ်ရေးကိုယ်တာတွေ ရောက်သွားပါတယ်။ ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုသိနေကြတော့ ဂျာမဏီစာရေးဆရာကပဲ မေးပါလေရော။ “မင်းမှာ မာစီဒီး ဘယ်နှစီးရှိသလဲ” တဲ့။ ဒီနေရာမှာ မာစီဒီးကိုပဲ ဂုဏ်ပြုမေးကြတာက မာစီဒီးဟာ ဂျာမဏီလုပ်ကားဖြစ်နေတာ တစ်ကြောင်းကြောင့်ဖြစ်ပါလိမ့်မယ်။ အဲဒီတုန်းကတော့ “ငါ့မှာက ဆန်နီပစ်ကပ် ပဲသုံးတယ်၊ မာစီဒီးက မွန်းကျပ်တယ်၊ ဆန်နီပစ်ကပ်က လွတ်လပ်တယ်လေ” ဆိုပြီး ဆတ်ဆတ်ထိမခံ ရယ်ပွဲဖွဲ့ခဲ့ရပါတယ်။ ဒါလေးတွေ ပြောနေရတာက လူ့သဘာဝမှာ ဂုဏ်တုဂုဏ်ပြိုင် ပြောကြရင် မော်တော်ကား ကောင်းကောင်းဟာ မပါမဖြစ်ပါဝင်တဲ့ သဘောမို့ပါ။ ပြီးတော့ လူတစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမှုကို တိုင်းတာရင်လည်း မော်တော်ကား ကောင်းကောင်းဟာ ပါရစမြဲမဟုတ်လား။ တကယ်တော့ ကျွန်တော်ဟာ လိမ္မာရေးခြားရှိခဲ့ရင် (စုစုဆောင်းဆောင်းနဲ့ နေခဲ့ရင်) ခုလောက်ဆို မာစီဒီးတစ်စီးတော့ စီးနိုင်ကောင်းပါတယ်။ ဆိုလိုတာက - စာရေးဆရာ အဆိုကျော်မင်းသားတစ်ယောက်အနေနဲ့ သူ့တန်းနဲ့သူတော့ဖြင့် နေနိုင်ထိုင်နိုင်ရှိနေပါ့မယ်။ သို့သော် တကယ်တမ်းမတော့ ကျွန်တော့်ဘ၀မှာ သာမန်အဆင့် လောက်ပဲရှိခဲ့ပါတယ်။ အဆိုကျော်မင်းသား တန်းမ၀င်ခဲ့ပါဘူး။ နာမည်ရ စာရေးဆရာတစ်ယောက်လောက်ပဲ နေနိုင်ထိုင်နိုင်ခဲ့ပါတယ်။ ဒီအတွက် ကိုယ့်ကိုယ်ကို ဖြေသိမ့်နိုင်တာတော့ရှိပါရဲ့။ ကျွန်တော်က လောဘမကြီးတတ်လို့ပါ။ ရသမျှနဲ့ တင်းတိမ်ရောင့်ရဲခဲ့တယ်လို့ ဆိုရမှာပေါ့။ အထူးသဖြင့် ဇနီးသည် အေးဘုံနဲ့ သားသမီးတွေကလည်း ပါရမီဖြည့်နိုင်ကြလို့ပါ။ သူတို့လည်း ရိုးရိုးသားသား ပေးနိုင်ကမ်းနိုင်ရုံနဲ့ ကျေနပ်နေခဲ့နိုင်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ အတွင်းစိတ်ထဲမှာတော့ ထိုက်သင့်တဲ့အကျိုးခံစားချင်ကြမှာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း စီးမယ်ဆို မာစီဒီး၊ နေမယ်ဆို ရွှေတောင်ကြားလောက်တော့ လိုချင်ခဲ့ပါတယ်။ စောစောကပြောသလို ရောင့်ရဲနေတတ် လို့သာပါ။ ကောင်းပါပြီ။ အဲသလိုမျိုး ကျွန်တော်ဘာကြောင့် မနေနိုင်ခဲ့ပါသလဲ။ ရှင်းပါတယ်။ “အရက်”ဟာ အဓိကတရားခံပါပဲ။ “အရက်” သောက်ပစ်လို့ ငွေကြေးဥစ္စာဓနတွေ ကုန်ရတယ်လို့ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ထုတ်လုပ်သူ၊ ထုတ်ဝေသူတွေကသာ တိုက်ကြပြုကြတာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘယ်စေတနာပါပါ့မလဲ။ သုမောင်နဲ့ လုပ်စားနေရတုန်းမို့ မသဒ္ဓါရေစာတိုက်ကြတာပါ။ သို့မဟုတ် ဖားကြပြုကြတာပါ။ တကယ်တမ်း သုမောင်တစ်ယောက် အီလည်လည်ဖြစ်လာတဲ့အခါကျတော့ ပုလင်းထောင်ပေးဖို့ နေနေသာသာ မသိ ချင်ယောင်ဆောင်လာကြပါတယ်။ ဟော သုမောင်လည်း ကျပါလေရော ဝေးဝေးက ရှောင်ကြတော့တာပဲ။ အပြစ်တော့ မတင်ပါဘူး။ လူဆိုတာ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာ မဟုတ်လား။ အနုပညာသည်က ကိုယ်နဲ့ ဦးနှောက်ကို ရင်းပြီးဖန်တီးတယ်။ သူတို့က ငွေကိုရင်းပြီး ပွားစီးတယ်။ ဘယ်မှာ အပြစ်ရှိလို့လဲ။ ပြောချင်တာက အဲသလို အရက်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရာကနေ ကိုယ့်လူတန်းစေ့နဲ့ကိုယ် မနေနိုင်တာကိုပါ။ တချို့အနုပညာသည်တွေ ဖြစ်ဖူးကြားဖူးကြမှာပေါ့။ အောင်မြင်တဲ့အချိန်မှာ စုဆောင်းတယ်။ စီးပွားရေးသမားနဲ့ သင့်တင့်အောင်ပေါင်းတယ်။ နည်းနည်း အီလည်လည်ဖြစ်လာတော့ ဒုတိယတန်းစားနေရာက ၀င်ပြီး ဖန်တီးတယ်။ ကျဆုံးချိန်ရောက်တော့ ဖရံအပို့နေရာတွေမှာ ၀င်လုပ်တယ်။ အိုမင်းမစွမ်းရှိတဲ့အခါမှာ စုဆောင်းတာလေးနဲ့ လူတန်းစေ့နေနိုင်တယ်။ တကယ်တော့ အားကျစရာကောင်းတဲ့ ဘ၀မျိုးပဲမဟုတ်ပါလား။ ကျွန်တော့်မှာက အကျင့်စရိုက်နောက်တစ်မျိုး ရှိပြန်ပါတယ်။ ကိုယ်ရောက်တဲ့နေရာမှာ မနေတတ်တာပါပဲ။ ပင်ကိုအားဖြင့် ရိုးရိုးသားသား ပြုမူနေထိုင်တတ်တာပါသလို ငယ်စဉ်က လက်ဝဲယိမ်းပြီး အတင်းကြီးကာရော အခြေခံကျခဲ့တာပါ။ တကယ်တော့ မင်းသားအဆိုကျော်ဆိုတာ သူ့နေရာလေးနဲ့သူ နေရမှာပါ။ ကျွန်တော်က မင်းသားလို မနေဘဲ အဲဒီခေတ်က စာရေးဆရာတွေလို နေတယ်။ လူတိုင်းနဲ့ (အထူးသဖြင့် အောက်ခြေလူတန်းစားနဲ့) ပရောပရီနေတယ်။ ဖြစ်ကတတ်ဆန်းနေတယ်။ အရက်သောက်တာတောင် အရက်ဖြူကို လမ်းဘေးဆိုင် ထိုင်သောက်တယ်။ အဲဒီလို ချီးမွမ်းကြတော့ ကျေနပ်တယ်။ နှာခေါင်းရှုံ့တဲ့သူတွေကို ခုခံတယ်။ ပြောကြကြေးဆိုရင် ရုပ်ရည်ချို့တဲ့တဲ့ ကျွန်တော်ဟာ အရွဲ့တိုက်ပြီး မိတ်ကပ်မလိမ်းဘဲ ရုပ်ရှင်ရိုက်တယ်။ တကယ်တော့ မိတ်ကပ်ဆိုတာ လှပဖို့ထက် ပြုပြင်ဖို့ဆိုတာကို မသိခဲ့ဘူး။ သီချင်းဆိုပွဲတွေမှာ ဖြစ်ကတတ်ဆန်း အ၀တ်နဲ့ ပွဲတတ်တယ်။ ပရိသတ်ကို စော်ကားရာကျတယ်ဆိုတာ မစဉ်းစားဘူး။ ကျွန်တော့်ဖခင်က ပြောဖူးတယ်။ “သား ပရိသတ်ဆိုတာ ကိုယ့်ကို ပိုက်ဆံပေးပြီးကြည့်တာ သူတို့ စိတ်ချမ်းသာအောင် သပ်သပ်ရပ်ရပ် လှလှပပလေး ဖြစ်အောင်နေရတယ်” တဲ့။ ဒါကိုလည်း ကျွန်တော် နားမထောင်ခဲ့ဘူး။ လုပ်ချင်ရာလုပ်တယ်။ အရက်ဝင်တော့ ပိုဆိုးတော့တာပေါ့။ ဒါလောက်ဆို ကျွန်တော့် သဘာဝနဲ့ ကျွန်တော့်ဘ၀ကို သိလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် အေးဘုံရဲ့ စီးတဲ့ရေ ဆယ်တဲ့ ကန်သင်းကြောင့် ခုလို တန်းစေ့လေး နေနိုင်ခဲ့တာပါ။ ပင်ကိုရိုးရိုးသားသား စိတ်ကလေးကြောင့်လည်း လက်ရှိဘ၀ကို ရောင့်ရဲနိုင်ခဲ့တာပါ။ ကောင်းပါပြီ။ ကျွန်တော့်ရဲ့ ယခု စာစု ခေါင်းစီးကိစ္စ။ “မာစီဒီးနဲ့ စဥ့်ကူးမင်း” တဲ့။ “မာစီဒီး” ကတော့ ဟုတ်ပါပြီ။ လူနေမှုဘ၀ တစ်ခုရဲ့ ပြယုဂ်။ စဥ့်ကူးမင်း ဘယ့်နှယ့်ကြောင့်ပါလာရပါသလဲ။မတန်တရာနှိုင်းတယ်ပဲဆိုဆို ကျွန်တော့်အဖြစ်က စဥ့်ကူးမင်းနဲ့ သွားတူနေလို့ပါ။ ဒါကို ဆရာကြီး မြကေတုရဲ့ “နန်းမူနန်းရာ စာပေါင်းချုပ်” စာအုပ် ပြန်ဖတ်ရင်း သတိထားမိတာပါ။ ၁၁၃၈ခုနှစ်မှာ “အ၀” ကို စဥ့်ကူးမင်း စိုးစံပါတယ်။ စဥ့်ကူးမင်းဟာ ဆန်းကျယ်တဲ့ ဓလေ့ရှိသူဖြစ်ပါတယ်။ သူဟာ ဆင်းရဲသား ဘ၀က လာသူမို့ ဆင်းရဲသားများကို အလေးထား စောင့်ရှောက်ပါတယ်။ ဆင်းရဲသားတွေကို တန်းတူပေါင်းတယ်။ ရှင်ဘုရင်လို မနေဘူး။ ဒါကြောင့် ဆင်းရဲသားများက စဥ့်ကူးမင်းကို ချစ်ကြတယ်။ အရွယ်ကလည်း (၂၀) ကျော်ဆိုတော့ လုပ်ရဲကိုင်ရဲ သတ္တိရှိတယ်။ တိုင်းပြည်တွင်းမှာ အခွန်တော်ငွေ မကောက်ခံရ အမိန့်ထုတ်တယ်။ လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားခွင့်ပေးတယ်။ လူမျိုးဘာသာမရွေး တိုင်းပြည်တွင်း ၀င်ထွက်ခွင့်ပေးတယ်။ သန်းခေါင်စာရင်း (လူဦးရေ စာရင်း)ကို ပယ်ဖျက်တယ်။ သူဟာ ဆင်းရဲသားဘ၀ကလာတာမို့ ဆင်းရဲသားလိုပဲ ကျင့်ကြံတယ်။ ရှေးရှေးဘုရင်တွေဟာ ဇိမ်ခံနေကြတာပဲလို့ သူက ယူဆတယ်။ နန်းတော်သစ်ဆောက်ဖို့ မူးမတ်တွေက အကြံပေးကြတာကို လက်မခံဘူး။ ဆင်းရဲသားတွေ ပင်ပန်းမယ်။ အလုပ်ရှုပ်တယ်။ ပြည်သူ့ဘဏ္ဍာတွေ လျော့ပါးမယ်လို့ ဆိုပါတယ်။ ကုန်ကုန်ပြောကြကြေး ၀တ်လဲတော် အသစ်တောင် မချုပ်လုပ်ဘူး။ အဲ သံဃာတွေအတွက်တော့ ကျောင်းဇရပ်တွေ ဆောက်လုပ်လှူဒါန်းတယ်။ အလှူအတန်းရက်ရောရုံမကဘူး လက်ဖွာတယ်လို့တောင် အဆိုရှိပါတယ်။ သာသနာရေးကို အလွန်အလေးထားတဲ့ မင်းပါပဲ။ ခုထိ ရှိနေတဲ့ ရွှေတိဂုံဘုရားပေါ်က “ပြည်တော်ပြန် ခေါင်းလောင်းကြီး”ဟာ စဥ့်ကူးမင်းရဲ့ ကုသိုလ်ပါ။ စဥ့်ကူးမင်း ခေါင်းလောင်းလို့တောင် ခေါ်ပါတယ်။ ဒါကြောင့် စဥ့်ကူးမင်းလက်ထက်မှာ တိုင်းပြည်သာယာဝပြောချမ်းသာပါတယ်။ ဒါပေမဲ့ ကျဆုံးချိန်တန်လာတော့လည်း ဘာတတ်နိုင်မှာလဲ။ ဖြစ်ပုံကလည်း ကြည့်ဦး “အရက်”ကိစ္စပါပဲ။ စောစောကပြောသလို လူဝင်လူထွက်စာရင်းဇယားမရှိ တိုင်းပြည်ကို တံခါး ဖွင့်ထားတော့ နိုင်ငံခြားသားတွေ ကုန်သွယ်ဖု့ အ၀င်အထွက်များလာတယ်။ အဲဒီမှာ လက်ဆောင်ပဏ္ဏာတွေ ဆက်ကြတယ်။ အဲဒီထဲမှာ နိုင်ငံခြားဖြစ် အရက်တွေပါတယ်။ ဒါတွေ မြည်းစမ်းရင်း နောက်ပိုင်း အရက်စွဲလာရာမှ တစ်တိုင်းပြည်လုံး အရက်ဆိုင်တွေ မှိုလိုပေါက်အောင် စည်ကားလုပ်စားကြတော့တဲ့အဆင့်ထိ ခွင့်ပြုခဲ့ပါတယ်။ ဘိုးစဉ်ဘောင်ဆက် “အမဲမပေါ်ရ” အမိန့်ကိုဖျက်ပြီး အမဲပေါ်စေတယ်။ သူကိုယ်တိုင်လည်း အရက်နဲ့ အမဲကို စွဲနေခဲ့ပါပြီ။ နောက်ပိုင်း ဘယ်လောက်ထိ အရက်ကြောင်သွားသလဲဆိုတာ ဥပမာပြုလောက်ပါတယ်။ နန်းတော်မှာ ပွဲလမ်းသဘင်တွေ အမြဲလိုလို ကျင်းပဆက်သွင်းကြရတယ်။ အဲဒီမှာ ဇာတ်သမားတွေဟာ ရရာအ၀တ်နဲ့ တက်ကကြရတာကို သူ မနှစ်မြို့ဘူး။ ဒီတော့ ဘာလုပ်သလဲ။ ပွဲထဲက ရှင်ဘုရင် အ၀တ်အစားညှိုးနေရင် သူဝတ်တဲ့ ၀တ်လဲတော် ငှားရမ်းပြီး ကစေတယ်။ ၀န်ကြီး၊ မှူးကြီး၊ မတ်ကြီးတွေရဲ့ ဗောင်းတော်တွေ ၀တ်လုံတော်တွေကြည့်မကောင်းရင် ၀န်ကြီး၊ မှူးကြီး၊ မတ်ကြီး အစစ်တွေရဲ့ ပစ္စည်းတွေ ငှားရမ်းစေပြီးကစေတယ်။ ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် နောက်ပိုင်းမှာ ဘီလူးခေါင်း မျောက်ခေါင်းစတဲ့ မျက်နှာဖုံးခေါင်းစွပ်တွေကို ကိုယ်တော်တိုင်စွပ်ပြီး ပွဲဝင်ကတဲ့အထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဆင်းရဲသားတွေရဲ့ ဘ၀ကို စာနာလွန်းလို့ မကြာခဏဆိုသလို ဆင်းရဲသားယောင်ဆောင်ပြီး မြို့ပြင်ထွက်လေ့ရှိတယ်။ တစ်ခါတော့ အဲသလိုနန်းပြင်ထွက်သွားလိုက်တာ အကြံဆိုးရှိတဲ့ ဖေါင်းကားစားမောင်မောင်ဆိုသူက စဥ့်ကူးမင်း ယောင်ဆောင်ပြီး မြို့ထဲဝင် ထီးနန်းသိမ်းပိုက်လိုက်တော့ ခံရတော့တာပါပဲ။ မြို့တံခါးကိုလည်း အ၀င်အထွက် သိပ်မစစ်ဆေးခဲ့ဘူးကိုး၊ ဒီလိုနဲ့ စဥ့်ကူးမင်း နန်းကျပါတယ်။ တော်သေးတာက ဖေါင်းကားစား မောင်မောင်ဟာ ခုနှစ်ရက်သာ နန်းစံလိုက်ရပြီး ဘိုးတော်ဘုရားက ပြန်လည် နန်းသိမ်းလိုက်လို့သာပေါ့။ ကိုင်း ဒါလောက်ဆို ကျွန်တော့် စာစုခေါင်းစီး ဘာကြောင့် “မာစီဒီးနဲ့ စဥ့်ကူးမင်း” ဖြစ်ရသလဲဆိုတာ ရှင်းလောက်ပါပြီ။ လူဆိုတာ ရိုးသားရပါမယ်။ ရိုးသားတယ်ဆိုရာမှာ သာမန်ပြည်သူလိုပဲနေရမယ် မဆိုပါဘူး။ ဘုရင် ဘရင်အလျောက်၊ အမှူး အမတ်အမှူးအမတ် အလျောက်၊ ပြည်သူ ပြည်သူအလျောက် ရိုးသားစွာ နေရမယ်လို့ပြောတာပါ။ ချမ်းသာချင်ဟန်ဆောင်တာ မရိုးသားသလို ဆင်းရဲချင်ဟန်ဆောင် တာလည်း မရိုးသားပါဘူး။ ဒါဟာ တစ်နည်းနည်းနဲ့ ဟန်လုပ်နေကြတာပါပဲ။ (တစ်ခုတော့ ရှိတယ်။ ဆင်းရဲသားတွေအပေါ် ကရုဏာထားတဲ့ စဥ့်ကူးမင်းရဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။)
သုမောင်ဟဒယမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၀၈ခု။
credit to mmcyber
မနေ့က ဖိုးထောင်

"ကိုက် ၄၄၀ အပြေးပြိုင်ပွဲတစ်ခုတွင် အပြေးသမားသည် ပထမကိုက် ၂၂၀ကို သူ၏သက်လုံဖြင့် ပြေး၍ နောက်ဆုံးကိုက် ၂၂၀ကိုမူ သူ၏သတ္တိ၊ ဇွဲလုံ့လတို့ဖြင့်သာ ပြေးခဲ့လေသည်။ အပြေးပြိုင်ပွဲ၏ နောက်ဆုံးတစ်ဝက်သည် အနိုင်အရှုံးကို ဆုံးဖြတ်ပေးသည်။"ဦးလှဒင်ဘာသာပြန် ဟားဗဒ်ကာဆင်၏ကြီးပွားရေးလမ်းညွှန်အမှတ် (၁)
"ငါသည် ငါ၏အဖော်ဖြစ်သည်။-ငါ၏လမ်းစဖြစ်သည်။ ငါ၏ခိုကိုးရာဖြစ်သည်။ ငါ၏အဖော်ကောင်းဖြစ်သည်။ ငါ့ထက်ငါ့ကို ဘယ်သူမှ မကယ်နိုင်"(ပီမိုးနင်း)
"မနေ့ကငါနှင့် ယနေ့ငါ အမြဲယှဉ်ပြိုင်၍ မနေ့ကငါထက် ယနေ့ငါ သာ၍ထူးချွန်တိုးတက်အောင် ကြိုးစားရမည်။"(ဆိုင်းဆရာကြီး စိန်ဗေဒါ)
"ခရီးရှည်ကြီး၏အစသည် ပထမခြေလှမ်းပင်ဖြစ်သည်"(ကွန်ဖြူးရှပ်စ်)မနေ့ကဖိုးထောင်၏ဘဝသည် ဆူးပြွမ်းသည့် ကန္တာရ၊ မုန်တိုင်းထန်သည့် လမိုက်ည၊ မီးလျှံကြားက သစ်တစ်ပင်ပမာ ကြမ်းတမ်းခက်ထန်ခဲ့သည်။ သူ ဆယ်နှစ်သား(ပဉ္စမတန်း)တွင် ဖခင်ရှေ့နေကြီးသည် ဦးနှောက်သွေးကြောပြတ်ရင်း သေဆုံးခဲ့ရသည်။ တစ်နှစ်ခန့်အကြာတွင် သူ့အမေသည် နောက်အိမ်ထောင်ပြုရင်း သူ့ကို စွန့်ခွါသွားခဲ့သည်။ သူသည် မျက်စိသူငယ် နားသူငယ်ဖြင့် မုဆိုးမ ဘွားအေ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် သူ့ဘဝကို ဆက်လက်လျှောက်လှမ်းခဲ့ရသည်။
မိခင်၏အစ်ကို၊ အစ်မများ၏ မိသားစုများနှင့် အိမ်ကျဉ်းကျဉ်းလေးတွင် နေထိုင်ခဲ့ရစဉ် သူသည် အားလုံး၏ ခိုင်းဖတ်ဖြစ်ခဲ့သည်။ သူ့ဘက်က မားမားမတ်မတ်ရပ်မည့်သူမှာ အဘွားသာရှိသည်။ ကျန်မိသားစုများက သူ့အမေအပေါ် မကျေနပ်စိတ်ဖြင့် သူ့အပေါ်အညှိုးသိုစွာ ဘဝကံကြမ္မာ၏ မညှာမတာမှုက သူ့ဘက်သို့ ချိန်ခွင်ညှာသာခဲ့လေသည်။ သူစားရသည်က အားလုံး၏အကြွင်းအကျန်၊ သူ့အတွက် သီးသန့်မရှိ။ ကျန်တာကိုစားရသည့်ဘဝ၊ အဘွားက မည်မျှရပ်တည်သည်ဆိုစေ၊ အဘွားသည်လည်း သည်သားသမီးတို့အပေါ် မှီခိုစားသောက်ရသူမို့ အခါခပ်သိမ်း သူ့စားရေးသောက်ရေးကို ဖြေရှင်းမပေးနိုင်ခဲ့။
သူသည် အလိုက်သိစွာဖြင့် မိမိကိုယ်ကို မိမိဆုံးမချိုးနှိမ်ရင်းမပြေလည်မှု၊ မမျှတမှု၊ မလှပမှု၊ ဘဝ၏ခါးသီးမှုများကို ရင်စည်းအံကြိတ်ရင်းခံခဲ့သည်။ သူ့ကို ပညာပေးနေသည်ဆိုသော အသိလေးဖြင့် သူချစ်ခင်မြတ်နိုးစွာ တန်ဖိုးထားသည့် ပညာအမွေကို ကြိုးစားရယူခဲ့သည်။ သူအိမ်ကထွက်ပြေးရန်စဉ်းစားမိသော်လည်း ပညာရေးနှင့် အိုးစားကွဲမည်ကို ကြောက်ရွံ့ထိတ်လန့်မိသဖြင့် ထိုအတွေးကို ကျောခိုင်းခဲ့သည်။
သူသည် အဖေ့သားပီသစွာ ပညာကို လိုလားခဲ့သည်။ ပညာတတ်မှ ဘဝအဆင့်မြင့်မားမည်ဖြစ်ကြောင်း၊ အဖေရှိစဉ်က မကြာခဏဆုံးမခဲ့သည်ကို သူမမေ့။ "ယောက်ျားကောင်းဆိုတာ ကိုယ့်ဘဝကို ကိုယ်ထူထောင်နိုင်ရမယ်၊ ကိုယ့်ဘဝကို ကိုယ်ထူထောင်နိုင်ဖို့ ပညာကိုကြိုးစားပါသား" ဟု တဖွဖွပြောခဲ့သည့်အဖေ၏ အဖိုးတန်စကားများက ရင်ထဲတွင်စွဲလို့နေသည်။ ထို့ကြောင့် သူသည် ထမင်းကြမ်းခဲကိုဆားဖြူးစားရသည့်တိုင် မျက်ရည်ပေါက်ပေါက်ကျရင်းမှာပင် အဖေ့စကားများကို မြေဝယ်မကျ နားထောင် ခဲ့သည်။ အဆိုးထဲက အကောင်းကိုသာ တွေးခဲ့သည်။ သည်အိမ်၊ သည်မိသားစုများသည် သူနှင့် သူစိမ်းတစ်ရံဆံမဟုတ်၊ သွေးရင်းသားရင်းများ ဖြစ်ကြသည်။ သူ့ကံတရားအရ ကံစီမံသလိုဖြစ်လာရခြင်းတွင် သူတတ်နိုင်သလောက် သည်းခံမည်ဟု အပြုသဘောတွေးရင်း ပညာကိုဖိ၍ ကြိုးစားခဲ့သည်။
တစ်နှစ်တစ်တန်း ထူးချွန်စွာ အောင်မြင်မှုများသည် သူ့ဘဝအတွက် အပေါင်းလက္ခဏာစွမ်းအားများဖြစ်ခဲ့ရသည်။ ပညာထူးချွန်သောသူ့ကို တော်တန်ရုံအထင်မသေးဝံ့တော့။ တောက်မည့်မီးခဲတရဲရဲကို အကဲကြည့်ရင်း အောက်ခြေသိမ်းအလုပ်တွေကို လုပ်ခိုင်းစမြဲ။ အိမ်သားတွေချိုးဖို့ တိုင်ကီငါးလုံးစာကို တစ်နေ့နှစ်ကြိမ် ရေဖြည့်ရစမြဲ။ သူတို့အိမ်နှင့် ဆယ်အိမ်စာအကွာရှိ ရေဘုံဘိုင်တွင် ရေခပ်ရင်း ရေစည်တွန်းခဲ့ရသည့်ဘဝ၊ နေပူမိုးရွာမရှောင် သူလုပ်ရစမြဲ။သူ့အဒေါ်၏သား၊ သူနှင့် ညီအစ်ကိုဝမ်းကွဲတော်သူသည် သူနှင့် ဝိုင်းကူညီရန်ဝေးစွ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားရင်း သူငယ်ချင်းများဖြင့် အချိန်ဖြုန်းနေသူ။ ရှစ်တန်းလောက်တွင် စီးကရက်သောက်သည်မှအစ ကိုးတန်းအရောက်တွင် ဘိန်းဖြူစွဲခဲ့သည်။ သူနှင့်သက်တူရွယ်တူ ညီအစ်ကိုမို့ အရှေ့နှင့်အနောက်၊ ဆီနှင့်ရေ၊ နံ့သာဆီနှင့် နောက်ချေးပမာ နှိုင်းယှဉ်စရာဖြစ်ရင်း ပတ်ဝန်းကျင်ကမေးငေါ့လာသည့်အခါ သူ့ကောင်းသတင်းအတွက် ဝမ်းသာဖို့ထက်၊ သားဆိုးအတွက် ခံပြင်းသည့်အဒေါ်ဖြစ်သူ၏ ရန်ရှာခြင်းဒုက္ခကို သူခံစားခဲ့ရလေသည်။ အဒေါ်၏သားအပေါ် မျက်ကန်းချစ်နှင့် သူ့အပေါ်မတရားကျမှုကြောင့် အဒေါ်နှင့် ဦးလေးတို့ အကြီးအကျယ် ရန်ဖြစ်ခဲ့ရဖူးသည်။ အဒေါ်၏ ယောက်ျားက မခံသာသည့်အဆုံး ဝင်ပါရလေသည်။
" ဟေ့ ဖိုးထောင် …. နင်ကအလိမ္မာကြီးတာက အကြောင်းမဟုတ်ဘူး၊ နင်နဲ့နှိုင်းပြီးငါ့သားကို ပတ်ဝန်းကျင်ကပြောတာ ငါမခံနိုင်ဘူး"
"ကျွန်တော် ဘာလုပ်မိလို့လဲ …အဒေါ်""နင်က လူ့ရှေ့ကျတော့ မခုတ်တတ်တဲ့ကြောင်လိုလုပ်ပြီး လူသနားအောင်နေပြ၊ နင် အရပ်ထဲမှာ ငါ့သားကို ဘိန်းဖြူစွဲနေတယ်လို့ လိုက်ပြောတယ် မဟုတ်လား၊ ငါ့သားကို သိက္ခာချတာ … နင်သိပ်မိုက်ရိုင်းတာ"
"ကျွန်တော်…. အဒေါ့်သားအောင်စိုးအကြောင်း ဘယ်သူ့ငိုမှ ဘာမှ မပြောပါလား …အဒေါ်"
"နင်ဟာအရိပ်နေနေ အခက်ချိုးချိုးကောင်၊ နင် ခုလိုကျောင်းနေနိုင်အောင် ငါတို့ငွေနဲ့ ထားထားတာဆိုတာ မသိဘူးလား"
"အောင်စိုးက ဘိန်းဖြူသမား၊ ဆေးသမားတွေနဲ့ပေါင်းနေတာ၊ ပတ်ဝန်းကျင်က အမြင်ပဲ၊ ကျွန်တော်လည်း ဘာမှမပြောရပါ့လား"
"အောင်မယ်၊ နင်ကလား၊ ငါ့သားအပေါင်းအသင်းတွေကိုများ ဆေးသမား ဘိန်းဖြူသမားတဲ့၊ ပိုက်ဆံချမ်းသာတဲ့ လူကုံထံ သားသမီးတွေချည်းဘဲ၊ နင့်အလိုအဖေမရှိ၊ အမေက နောက်လင်ယူတဲ့ မျက်နှာမွဲကောင်ကို ဘယ်သူက အပေါင်းအသင်းလုပ်ချင်မှာလဲ"
"အဒေါ်. .. စကားကိုကြည့်ပြောပါ၊ ကျွန်တော့်အမေဟာ အဒေါ်ညီမပါ၊ ကျွန်တော်ကလည်း အဒေါ့်တူအရင်းပါ"
"နင်က မကျေနပ်တော့ ဘာလုပ်ချင်လဲ၊ လုပ်စမ်း….ကျေးဇူးကန်းတဲ့ကောင်၊ ခွေးလိုကိုက်တဲ့ကောင်၊ အလကားကောင်"
"ဟေ့ … မိခိုင်၊ နင့်စကားတွေ လွန်ပြီ"
"အစ်ကိုမပါနဲ့၊ ဒီကောင်က လူကြီးတွေရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးနဲ့၊ ကျွန်မတို့ကိုကျေးဇူးမထောက်၊ ကျွန်မတို့ကပဲ သူ့ကို မတရားခိုင်းစေ အနိုင်ကျင့်နေသလို ပတ်ဝန်းကျင်မှာ သတင်းလွင့်နေတာ … ကျွန်မအကုန်သိတယ်"
"နင် …. တော်တော့"
"မတော်နိုင်ဘူး … သူက လူလိမ္မာ၊ လူတော်ကြီးပုံစံနဲ့ အသားယူပြီးမာန်တက်နေတာ .. အစ်ကိုဘာမှမသိဘူး၊ ကျွန်မသားက ရိုးရိုးအအ…ရှင့်"
"ဟေ့ … မိခိုင်၊ အစ်ကိုမောင့်စကားကို နားထောင်စမ်း၊ နင့်သားကို နင်ရအောင်ဆုံးမ၊ နင်အလိုလိုက်လွန်းလို့၊ နင်ဖုံးဖိလို့ တချို့ကိစ္စတွေ ငါဖအေတောင် ဘာမှသိရတာမဟုတ်ဘူး၊ ဖိုးထောင်ကို မဲမနေနဲ့"
အဒေါ့်ယောက်ျားဝင်ပြောလိုက်မှ အဒေါ်ကငြိမ်သွားသည်။ ဦးလေးမောင်က ဖိုးထောင်ကို ချော့မော့နှစ်သိမ့်သည်။ ထိုနေ့က အဘွားက ဥပုသ်စောင့်ရန် ရိပ်သာသွားနေ၍ ရန်ပွဲအကြောင်းကို မသိလိုက်။ ဖိုးထောင် ထိုညက တစ်ညလုံးအိပ်မပျော်ခဲ့။ အဒေါ်၏ရင့်သီးသည့်စကားများကို ပြန်လည်ကြားယောင်ရင်း စိတ်ထိခိုက်ခဲ့ရသည်။ လူဆိုးနှင့် လူကောင်း၊ အမိုးတစ်ခုထဲအောက်၊ ကြမ်းတစ်ပြေးတည်းတွင် အတူရှိနေသမျှ ပတ်ဝန်းကျင်၏နှိုင်းယှဉ်ခံထားမှုများကလည်း သူ့ကိုသာ အလေးပေးနေမည်။ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေသည့် သူနှင့်စိုးအောင်တို့၏ ကောင်းသတင်း ဆိုးသတင်းများသည် စိုးအောင် ကိုးတန်းကျသောအခါ အခြေအနေ ပိုဆိုးလာတော့သည်။ဆယ်တန်းသည် သူ့ဘဝ၏ တက်လမ်းဆုတ်လမ်းကို အတိအကျ အဖြေပေးတော့မည်။ သူ သတိကြီးစွာထားရင်း ရည်မှန်းချက်ကို အပျက်မခံဘဲ အရှိန်မြှင့်၍ ကြိုးစားခဲ့သည်။ သူ့တွင် အတွင်းရန်အပြင်ရန် ဝိုင်းဝိုင်းလည်နေသည်။ သူစာကျက်လျှင် အဒေါ်က မကြည်ဖြူ။ ရန်ရှာသည်။ ရန်လုပ်သည်။ ဦးလေးမောင်ကလည်း အလုပ်ဖြင့် နယ်သို့သွားရသည့်ကာလ။ သူ့မိန်းမနှင့် သမီးနှစ်ယောက်ကျန်ခဲ့သည်။ ဦးလေးမောင်မိန်းမက သဘောမဆိုးသော်လည်း အပြင်ဗာဟီရကိစ္စတွေကို မနားတမ်းခိုင်းတတ်သည်။
သည်ကြားထဲ စိုးအောင်က တစ်မှောင့်။ စာမေးပွဲကျ၍ ပို၍ ပျက်စီးလာသည်။ သူ့ကိုရိသည်။ အမေကသွေးထိုးထား၍ စိုးအောင်က သူ့အပေါ်အမြင်မကြည်။ သူ့အပေါင်းအသင်းတွေက ဖိုးထောင်ကိုရန်စသည်။ စိုးအောင်တို့အုပ်စု ပိုမိုပျက်စီးလာရာတွင် ရပ်ကွက်ထဲတွင် လူဆိုးစာရင်းဝင်သည့်နေ့ စိုးအောင်တို့အုပ်စုက ချောင်းရိုက်ခြင်းကို သူခံခဲ့ရပြီး ဆေးရုံတွင် နှစ်ပတ်နေခဲ့ရသည်။ ထိုကိစ္စတွင် သူက လွန်သလိုလိုဖြင့် အဒေါ်က သူ့ကိုနာမည်ဖျက်ဖို့ ကြိုးစားခဲ့သော်လည်း သူတော်ကောင်းနတ်ကောင်းမရင်း အမှုမှန်ကို လူတိုင်းသိခဲ့ကြရသည်။ သူက မုန်းစကို တိုစေလိုသောသဘောဖြင့် သူ့ကိုရိုက်သူများအား ခွင့်လွှတ်ခဲ့သော်လည်း ကိုယ်ပြုသောကံ ကိုယ့်ဆီပြန်သဘောဖြင့် ဘိန်းဖြူမှုဖြင့် အဖမ်းခံခဲ့ရကြသည်။ စိုးအောင်တို့ သားအမိ အကြီးအကျယ်တုန်လှုပ်ကြောက်ရွံ့ရင်း သူတို့၏မကောင်းစိတ်များကို အရှိန်သတ်ခဲ့သည်။
သူဆေးရုံတွင်ရှိစဉ် သူ့ဘဝအတွက် အကောင်းဆုံးကို သူတွေးခဲ့ ရွေးခဲ့သည်။ သူဘွဲ့ရမှဖြစ်မည်ဟု ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချခဲ့သည်။ သူ့ကျောင်းမှ ဆရာ/ဆရာမများ၊ သူငယ်ချင်းများ၊ ပြီးတော့ သူ့အဘွား အားလုံး၏ စေတနာမေတ္တာဖြင့် သူ့ကျန်းမာရေးကို ပြန်လည်တည်ဆောက်ခဲ့ရသည်။ သူ့အတန်းပိုင် ဆရာဦးမျိုးက သူ့ကိုလက်ကမ်းကြိုဆိုခဲ့သည်။
"စာမေးပွဲနီးရင် ဆရာ့အိမ်မှာစာလာကျက်၊ ဆရာ စာလည်းသင်ပေးမယ်၊ ငါ့တပည့်က အိမ်တွင်းရေးတွေကို သေသေချာချာမှ ဖွင့်မပြောခဲ့ဘဲကိုး၊ ဆရာတတ်နိုင်သလောက် ကူညီမယ်ကွာ၊ ဘာမှ အားမနာနဲ့"
"ဟုတ်ကဲ့ပါဆရာ … ဆရာ့ကျေးဇူး ကြီးလှပါတယ်"
ဆရာသည် သူ့အတွက် အရိပ်ကောင်းပီသခဲ့သည်။ သူ့အတွက် အင်အားတစ်ရပ်ဖြစ်ခဲ့သည်။ သူဆေးရုံမှဆင်းတော့ ဦးလေးမောင် နယ်ကပြန်ရောက်လာသည်။ သူ့သတင်းကိုကြားပြီး စိတ်မကောင်းဖြစ်ခဲ့သည်။ သူ့ကို အပြစ်တင်သည်။
"မင်းကလည်းမင်းပဲ … ညဥ့်နက်သန်းခေါင်မှ အိမ်ပြန်ရတယ်လို့"
"သူငယ်ချင်းအိမ်မှာ စာသွားကျက်တာပါဦးလေး.."
" အဒေါ်က ဆယ့်တစ်နာရီဆို မီးပိတ်ပစ်တာဦးလေးရဲ့၊ ရေနံဆီမီးခွက်နဲ့ ကျက်မယ်ဆိုတော့လည်း မီးလောင်မယ်၊ အန္တရာယ်ရှိတယ်ဆိုပြီး ကျက်ခွင့်မပေးဘူး၊ နေ့ဘက်ကျတော့လည်း ကျောင်းတစ်ဖက်နဲပ အိမ်အလုပ်တွေ အကုန်လုပ်ပေးရသေးတာ"
"အေးလေ … ဘာပဲဖြစ်ဖြစ်ပေါ့ကွာ၊ အန္တရာယ်ကင်းအောင်လည်းနေ … စာမေးပွဲအောင်ဖို့လည်း ကြိုးစားပေါ့"
"ဟုတ်ကဲ့ပါ … ဦးလေး"
သူစာမေးပွဲဖြေဖို့တစ်လလောက်အလို အအိပ်ပျက်အစားပျက်အလုပ်က ပင်ပန်းရင်းဖျားခဲ့သည်။ အဘွားက သူ့ကို ငွေငါးရာပေးရင်း ဆေးခန်းသို့ လွှတ်သည်။ နှစ်ရက်ဆက်သွားရသဖြင့် ငွေတစ်ထောင်ကုန်သည်။ ဆရာဝန်ကိုတောင်းပန်ရင်း အကြွေးတင်ခဲ့သည့် ငွေငါးရာကို တစ်ပတ်အတွင်းပြန်ရှာပေးပါမည်ဟု ပြောခဲ့ရသည်။ အဖျားကြောင့် စာမကျက်နိုင်ခဲ့ခြင်းကို စိတ်မကောင်းဖြစ်ရခြင်းထက် အကြွေးငါးရာက သူ့ခေါင်းပေါ်တွင် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့သည်။ သူ့ခေါင်းကို အလုပ်ပေးရင်း အဖျားပျောက်၍ နေကောင်းသည့်နေ့တွင် ဈေးနားကဆန်ဆိုင်သို့ပြေးရင်း ဆန်အိတ်အတင်အချအလုပ်ကို ကြားပေါက်အနေဖြင့်ခိုင်းရန် သူ့အကျိုးအကြောင်းကို ပြောပြရသည်။ ဆိုင်ရှင်က သိပ်လက်မခံချင်။ သူ့အလုပ်သမားနှင့်သူ ပြည့်နေပြီဟု ငြင်းသည်။
သူ့အဖြစ်ကို သနားအောင်ပြောရတော့သည်။ သူ့အတွက် ငွေငါးရာသည် ငါးသောင်းငါးသိန်းပမာ ဝန်လေးလွန်းလှသည်။ သို့ဖြင့် သူ ဆန်အိတ်အတင်အချနှစ်ရက်လုပ်ပေးရသည်။ ငွေလေးရာရသည်နှင့် ဆေးခန်းသို့ပြေးရင်း အကြွေးငါးရာမှ လေးရာကို ပြေးဆပ်ရသည်။ ဆရာဝန်က သူ့အဖြစ်ကိုကြားသည့်အခါ တစ်ရာကိုလျော့ပေးလိုက်သဖြင့် သူ့မှာ သိန်းထီပေါက်သလို ဝမ်းသာခဲ့ရသည်။
"ဘဝဆိုတာ…ပန်းမွှေ့ရာရွှေကောဇောမဟုတ်ပါ့လား၊ ပန်းမွှေ့ရာရွှေကောဇောဖြစ်အောင် ငါဘွဲ့ရမှဖြစ်မယ်။ ဆယ်တန်းအောင် အောင် ငါအသေအလဲကြိုးစားမယ်" ဟု ဖိုးထောင်ခေါင်းထဲတွင် သံမှိုနှက်သလို စွဲခဲ့လေသည်။"ဖိုးထောင် .. မင်းနတ်စည်းစိမ် မခံချင်ဘူးလား"
စိုးအောင်က သူ့ကိုအရောလာဝင်သည်။ သူ့လက်ထဲမှ စီးကရက်ကိုကြည့်ရင်း စီးကရက်ထဲတွင် ဘာတွေပါသည်ကို ဖိုးထောင်ကောင်းစွာ သိသည်။
"နတ်စည်းစိမ်ဆိုတာ ငါတို့လူမျိုးတွေနဲ့ မထိုက်တန်ပါဘူး"
"ဟား … ဟား.. ဖိုထောင်က အပြောကောင်းကွာ"
သူစာကျက်နေရာသို့ လာနှောင့်ယှက်နေခြင်းဖြစ်သည်။ သူက အလိုက်အထိုက်ပြောရင်း အကဲကြည့်နေရသည်။
"တစ်ဖွာလောက် ရှိုက်ကြည့်ပါ့လား ဘရားသား"
"ဟာ…နေပါစေကွာ"
"မင်း … အရသာမသိသေးလို့ပါ၊ သိရင်သိပ်ကြိုက်သွားမှာ"
"ဆေးလိပ်ဆိုတာ မူးယစ်ဆေးဝါးရဲ့အစပဲကွ"
"ခင်ဗျား…ဘုန်းကြီးဝတ်ဖို့ပဲ ကောင်းတယ်"
သူပြုံးရင်းသည်းခံလိုက်သည်။ စိုးအောင်က သူ့နားကထွက်သွားပြီး ကက်ဆက်ကို အကျယ်ကြီးဖွင့်လိုက်တော့သည်။ ဒုက္ခရပ်တိုင်းတွင် အောင်မြင်မှု မျိုးစေ့တစ်စေ့ ပါတတ်သည်ဆိုသည့် သူဆည်းပူးဖတ်ရှုသည့် စာအုပ်တစ်အုပ်မှ စာကြောင်းလေးကို သတိရရင်း သူ့အလုပ် သူဆက်လုပ်သည်။ ဆရာမျိုးကိုသတိရပြီး နောက်ရက်ကို ဆရာမျိုးအိမ် သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ သည်အတိုင်းဆို မလွယ်။ သူ့တွင် အနှောင့်အယှက်တွေကများလွန်းသည်။ စိုးအောင်သူငယ်ချင်းတွေက သူရေခပ်သည့်အခ်ါတွင် မကြားတကြား လှောင်ပြောင်ကြပြန်သည်။
"ရေသည်မောင်မောင် ရွှေချသလိုပြောင်လိမ့်မယ်…ပလို့ဂျိ"
" ရေသည်မောင်မောင် အိုနာစစ်လို ပြောက်လိမ့်မယ် …ဟား..ဟား..ဟား.."
သူ့ဒေါသကို မျိုသိပ်နိုင်ခဲ့ပြီ၊ ဘဝပေးအသိက သူ့စိတ်ကို ရင့်ကျက်ခိုင်ခန့်စေခဲ့ပြီ။ သူတစ်ပါးကို နှောင့်ယှက်ဖို့ လှောင်ပြောင်ဖို့က သူတို့အလုပ်၊ သည်းခံခြင်းပါရမီကို တည်ဆောက်ဖို့က သူ့အလုပ်။ သူမကြားဟန်ပြုပြီး ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့သည်။ သို့ဖြင့် သူသည် စာမေးပွဲအောင်ရန် တစ်စိတ်တည်းဖြင့် အဘွားထံခွင့်ပန်ရင်း ညစာစားပြီးသည်နှင့် ဆရာ့အိမ်သို့ ထွက်ခွာခဲ့သည်။ မျက်စောင်းခဲရင်း ကျန်ခဲ့မည့်အဒေါ်နှင့် နတ်စည်းစိမ်ခံစားရင်းကျန်ခဲ့မည့် စိုးအောင်တို့ကို ကျောခိုင်းခဲ့သည်နှင့် သူ့အတွက် အကုသိုလ်အမှောင်မိုက်နှင့် ကင်းကွာသွားသလို ခံစားလိုက်ရလေတော့သည်။သူဆယ်တန်းကို ဂုဏ်ထူးသုံးခုဖြင့် အောင်မြင်ခဲ့လေသည်။ သူ့ဘဝရေဆန်လမ်းအတွက် အားမာန်များကိုစုစည်းရင်း တက်ကျိုးလျှင် လက်ထိုးလှော်မည်ဆိုသည့် သံမဏိစိတ်ဓာတ်ဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ ဆက်လက်လျှောက်လှမ်းခဲ့သည်။ ဇနကထုံး နှလုံးမူခဲ့သည်။ "ယောက်ျားတံခွန် လူရည်ချွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း မလွတ်စတမ်း ရမြဲလမ်း" ဟု ပညာရှိစကားမွန်ကို နှလုံးစွဲပိုက်ရင်း သူ့ခရီးသူနှင်ခဲ့သည်။
သူ ဝင်ခွင့်ရသည့်စက်မှုတက္ကသိုလ်မတက်မီ ဆိုက်ကားနင်းရင်းငွေစုခဲ့သည်။ စာစောင်တွေ သတင်းစာတွေကို လက်ပွေ့ ရောင်းခဲ့သည်။ သူ တက္ကသိုလ်တက်ရင်း ထိုအလုပ်များကိုမစွန့်။ စတိုင်ပင်ထောက်ပံ့ငွေ တစ်လ ၇၅ကျပ်ဖြင့် ခြိုးခြံချွေတာရင်း ပညာယူရင်း ဘဝအမောကိုဖြေခဲ့သည်။ ဆရာသမားတို့၏ ကျေးဇူးကိုသူမမေ့။ အတွင်းရန်များကြီးမားသည့် အဘွား၏ အိမ်ကလေးမှာပင် ဆင်းရဲပင်ပန်းစွာ၊ သည်းခံ ခြိုးခြံစွာနေရင်း ဘဝကို ရဲရင့်စွာရင်ဆိုင်ခဲ့သည်။ ရေလှည်းတွန်းရသည့် အလုပ်ကိုလည်း မပျက်ခဲ့ရ။ သူထမင်းငတ်ခြင်းထက် ပညာငတ်မှာကိုသာ ကြောက်ရွံ့ရင်း ပညာကို အမိအရ ဖက်တွယ်လာခဲ့သည်။
စိုးအောင်လည်း စာမေးပွဲကျ၍ ကျောင်းထွက်ရသည်။ သူ့အဖေရုံးတွင် အလုပ်ဝင်ရင်း မကြာမီ မိန်းမယူသည်။ မိန်းကလေးကလည်း ဆယ်တန်းမအောင်။ သူတို့အိမ်တွင် လူဦးရေတစ်ယောက်တိုးလာသလို ပြဿနာကပါ စလာပြန်သည်။ စိုးအောင်၏ ခွေးမြီးကောက် ကျည်တောက်စွပ်သည့် ဇာတ်လမ်းတွင် စိုးအောင်တစ်ယောက် အပေါင်းအသင်းဟောင်းများနှင့် တွဲရင်း ဘိန်းဖြူသံသရာပြန်လည်ပြန်သည်။
စိုးအောင်မိန်းမသည် သူ့ယောက်ျားကိုစိတ်ပျက်ရင်း ဖိုးထောင်ကိုလေးစားကြည်ညိုလာခြင်းသည် ပြဿနာ၏ အစပင်ဖြစ်သည်။ သူ့ဘက်က အနေမှန်သော်လည်း မိန်းကလေးကမနေတတ်၊ လွန်ကဲသောဂရုစိုက်မှုများဖြင့် သူ့ကို ချဉ်းကပ်စွဲဆောင်လာသည့်အခါတွင် သူသည် အပြင်ဆောင်တွင် ငှားရမ်းနေထိုင်ရန် ဆုံးဖြတ်ခဲ့လေသည်။ သူ့ရည်မှန်းချက်ကို သည်အခြေအနေရောက်ခါမှ အပျက်အစီးအတိမ်းအပါးမခံနိုင်။ သို့ဖြင့် သူသည် အဘွားနှင့် ဦးလေးကို ခွင့်ပန်ရင်း အပြင်ဆောင်သို့ ရောက်ခဲ့တော့သည်။
သူသည် ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြင့် ပညာရေးခရီးကိုနှင်ခဲ့ရသည်။ သူငယ်ချင်းကောင်းတို့၏ ကူညီစောင့်ရှောက်မှုများဖြင့် ကျားကန်ရင်း သူ့ခရီးကို ဆက်လှမ်းရသည်။
စတုတ္ထနှစ်တွင် သူ့ဘဝထဲသို့ တစ်တန်းတည်း တစ်နှစ်တည်းမှ သူငယ်ချင်း "ဝေ" သည် အချစ်တစ္ဆေခြောက်ရင်းရောက်လာခဲ့ပြန်သည်။ ဝေ့အလှက အေးချမ်းသည်။ မာနကင်းသည်။ စိတ်သဘောပြည့်ဝသည်။ သူသည် အချစ်ပဒိုင်းသီးကိုစားရင်း အရူးအမူးဖြစ်ခဲ့သည်။ သူတို့ချစ်သက်တမ်းတစ်နှစ်ခန့်တွင် ဝေ့မိဘများက သူ့အကြောင်းကိုစုံစမ်းသိရှိပြီး လမ်းဖြတ်ခိုင်းခဲ့သည်။ ဝေကလည်း မိဘ အသိုက်အဝန်းကို မလွန်ဆန်ရဲသူ၊ ချစ်သတ္တိနည်းသူမို့ ဖိုးထောင်ကိုစိမ်းကားပြတ်တောက်စွာ လမ်းခွဲခဲ့သည်။ သည့်အတွက် သူသည် ဘဝပျက်မတတ် ခံစားခဲ့ရသည်။ တစ်သက်တာ တစ်ယောက် အချစ်မျိုးဖြင့် ချစ်ခဲ့သည်မို့ တဝေဝေဖြင့် အချစ်ရူးကြီးဖြစ်ခဲ့ရသေးသည်။ အရက်သမားကြီးမဖြစ်ခဲ့သည့်အတွက် သူ့ကိုယ်သူ ကျေးဇူးတင်မိသေးသည်။
စာဖန်သန်သော သူ့အဖေပြောပြခဲ့ဖူးသည့် ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မဝတ္ထုကို ပြန်သတိရမိသည်။ မောင်ရင်မောင် ထောင်ထဲမှ အဖဦးပေါ်လာ၏ ရုပ်အလောင်းနေရာတွင် အစားဝင်ရင်း မကြောက်နဲ့ဟူသော ဖခင်စကားကို နှလုံးစွဲပိုက်ကာ အသက်ဘေး၊ အကျဉ်းဘေးမှ လွတ်မြောက်ခဲ့ပုံ၊ မောင်ရင်မောင်သည် ရုပ်ဖျက်ပြီး မိခင် မဖားဥတဲတွင် သားအမိတွေ့ဆုံရာ မောင်မြတ်သာ မမယ်မတို့ မင်္ဂလာဆောင်မှ လွင့်ပျံလာသည့် ဆိုင်းသံတွေကြားရခိုက် အသည်းကွဲမတတ်ခံစားရင်း အမေ မဖားဥကို လုပ်ကျွေးပြုစုဖို့ အသိတရားဝင်ခဲ့ပုံတို့သည် သူအကြိုက်ဆုံးအခန်းများ၊ အဖေ့ပြောစကားဖြင့် ဝတ္ထုကိုနားထောင်ခဲ့သလို သူကိုယ်တိုင်လည်း ဖတ်ရှုခဲ့ရသည့်ဝတ္ထု၊ သူပြန်သတိရရင်း သူ့နှလုံးသားပြဿနာကို သူကိုယ်တိုင် ကုစားခဲ့သည်။
ဆင်ပြောင်ကြီး အမြီးကျမှ အတစ်မခံနိုင်တော့။ သူဘွဲ့ရဖို့ သူ အနှစ်နှစ်အလလ ဒုက္ခများစွာဖြင့် နပန်းလုံးရင်း လျှောက်လှမ်းခဲ့ရသည့် သူ့ရည်မှန်းချက်ပန်းတိုင် အဝေးမခံနိုင်တော့ပေ။ ဆရာကြီး ပီမိုးနင်း၏ အဆုံးအမစကားဖြင့် သူ့ကိုယ်သူ ပြန်လည်ကုစားထိန်းမတ်ရင်း ဝေ ဆိုသော မိန်းကလေးကို သူမေ့ပစ်ခဲ့သည်။ တရွေ့ရွေ့ကုန်ဆုံးနေသည့် အချိန် တဖြည်းဖြည်း နီးကပ်လာသည့် စာမေးပွဲ၊ တသသ မျှော်မှန်းခဲ့ရသည့် ပန်းတိုင် အားလုံးသည် သူ့ကိုအသည်းကွဲအဆွေးသမားကြီးလုပ်နေဖို့ ခွင့်မပေးတော့ပေ။
သို့ဖြင့် သူသည် ဘဝ၏အမှန်တရားသို့ ဦးတည်ရင်း ပစ္စုပ္ပန်တည့်တည့်ကို သူ့အတွက် အကျိုးရှိအောင် ကြိုးစားအားထုတ်ခဲ့လေသည်။ သူကြိုးစားခဲ့သည့်အချိန်များသည် ရွှေပမာတန်ဖိုးရှိရင်း သူ့အတွက် လှပသော အနာဂတ်ကို ဖန်ဆင်းပေးခဲ့လေသည်။
သူသည် တက္ကသိုလ်မရောက်မီ ရှေ့ပိုင်းတွင် သက်လုံကောင်းစွာဖြင့် ပန်းတိုင်ရှိရာသို့ပြေးခဲ့သည်။ သူ တက္ကသိုလ်ရောက်သည်မှ ပန်းတိုင်သို့ သူ၏ သတ္တိ၊ ဇွဲ၊ လုံ့လတို့ဖြင့် ဆက်လက်ပြေးခဲ့သည်။
ယနေ့ ဖိုးထောင်ခေါ် အင်ဂျင်နီယာကြီး ဦးနေမင်းလျှံသည် ဘဝကိုအောင်ပွဲခံရင်း မနေ့က ဖိုးထောင်၏ဘဝကို တစ်သက်တာ ထာဝရ မမေ့ရင်တွင် ကမ္ပည်းတင်ရင်း အမှတ်ထင်ထင် ရှိနေပေတော့သည်။
credit to mmcyber