Tuesday 22 January 2013

အရိုင်းပန်း လိပ်ပြာ - ရွှေရင်နှစ် (မြို့သာ)


ပန်းရုံ ထမင်းချိုင့်ကို ဆွဲ၍ တိုက်ရှေ့သို့ အပြေးလေး ထွက်လိုက်သည်။ “နှေးကို နှေးတယ် တောသူမ။ ဘာကိုမှ သွက်သွက် မလုပ်တတ်ဘူး။
ထုံးထိုင်းထိုင်းနဲ့။ မြန်မြန်သွားပါ။ ဒယ်ဒီက လူနာတွေနဲ့ မောမောပန်းပန်း အလုပ်လုပ်ပြီး ထမင်းဆာနေ တော့မယ် ပြောတာကို ခုထိ မသွားသေးဘူး။ ဘာလုပ် နေတာတုံး။ သွားတော့” ဆိုသော မမကြီး၏
အသံက နောက်တွင် ကျန်နေ ခဲ့သည်။ ညက တစိမ့်စိမ့် ရွာထားသော မိုးကြောင့် လမ်းက
စိုစွတ်နေပြီး တချိုင့်ချိုင့် ခွက်နေရာ များတွင် ရေအိုင်လေးများ
ဖြစ်နေသည်။ မြန်မြန် လျှောက်လေ၊ ချောလေမို့ ပန်းရုံ လျှေက်ရတာ ခရီး
မတွင်ပါ။ ရှေ့ကို လှမ်းမျှော် ကြည့်လိုက်သည်။ ပန်းရုံ သွားရမည့် ဆေးခန်းက
ဝေးသေးသည်။ အရေးထဲ လမ်းက ကူးရလိမ့် ဦးမည်။ ပန်းရုံ စိတ်ညစ်သွားသည်။
ခေါင်းကို ဘယ်ညာငဲ့၍ ကားအသွားအလာကို ကြည့်လိုက်သည်။ ကိုယ့်လို
လမ်းဖြတ်ကူးမည့် အဖော် မရှိတာကြောင့် ပန်းရုံ လမ်းဖြတ်ကူးရမှာ
ဒူးတုန်လာသည်။ ရွာမှတုန်း ကိုရင်ဖိုးနီက ပြောဖူးသည်။ “မြို့တွေမှာ
ကားလမ်းကူးရင်း ကားတိုက် တတ်တယ်။ ကားတိုက်တယ် ဆိုရင်လည်း တိုက်တဲ့ လူတွေက
သူတို့ အမှုပတ်မှာ စိုးလို့ မောင်းထွက်ပြေး တတ်တယ်။ မောင်းမပြေးဘူး
ဆိုရင်လည်း သူတို့ တိုက်တဲ့ သူကို ဖြတ်တောက်၊ ချိုးဖဲ့၊ အိတ်ထဲထည့်
မြစ်ထဲချပြီး အစဖျောက်ပစ် တတ်တယ်။

အဲဒီတော့ နင်လည်း မန္တလေး မြို့ကြီးကို ရောက်လို့ လမ်းကူးရင် ဂရုစိုက်ကူး။
ကားတိုက် မခံရစေနဲ့။ ကားတိုက် ခံရရင် နင်သေပြီသာ မှတ်ပေတော့” ဟု သြ၀ါဒ
ခြွေလိုက်သည်။ တဝေါဝေါ ဖြတ်သွား နေသည့် ကားတွေကို ကြည့်ပြီး ပန်းရုံ
စိတ်ညစ်လာသည်။ ကိုရင်ဖိုးနီသံ တစ်လှည့်၊ မမကြီး အသံ တစ်လှည့် ပန်းရုံ
နားထဲတွင် ၀ဲလှည့်နေသည်။ ကိုရင် ဖိုးနီစကားသံက ပန်းရုံခြေထောက်ကို
နောက်ဆုတ်စေပြီး မမကြီး အသံက ပန်းရုံ ခြေထောက်ကို ကြောက်လန့် တကြား
ရှေ့တိုးသွားစေ သည်။

နောက်တော့ ပန်းရုံ စိတ်ကို တင်းလိုက်၏။ သူ့ ဆန်စားမှတော့ ရဲရတော့ မည်။
ပန်းရုံက ကိုရင်ဖိုးနီရဲ့ ရွာမှာမဟုတ်။ ဒေါ်တင်မမ ကျော်ရဲ့ ဓားရိုးအောက်မှာ။
နီးရာဓားကိုပဲ ပန်းရုံကြောက် ရမည်။ ကားရှင်းခိုက်တွင် ပန်းရုံဘုရားတရားတ
မျက်စိ ကို မှိတ်၍ကြောက်ကြောက် ရွံ့ရွံ့နှင့် ကားလမ်းကို ဖြတ် လိုက်သည်။
ထိုအချိန်တွင် ပန်းရုံ သတိမထားမိသော အရပ်မှ ကွေ့ဝင်လာသည့် ကားတစ် စင်းက
ဘွားခနဲပေါ်လာသည်။

“တီ တီ”

“အမေ့”

ပန်းရုံ လန့်ဖျပ်၍ အရှောင်လိုက် နောက်မှ ရေဗွက် အိုင်လေးကို နင်းမိကာ
ချော်လဲ ကျသွားလေသည်။ ကားလေးက လဲနေသော ပန်းရုံနား ထိုးရပ်သွားသည်။
ကိုရင်ဖိုးနီ စကားက နားထဲ ရောက်လာသည်။ ပန်းရုံ ထိတ်လန့် သွားရသည်။
ကမန်းကတန်း ထပြေးရန် ပြင်လိုက်သည်။ သို့သော် လက်ထဲက ထမင်းချိုင့်ကို သတိရ၍
ကြည့်လိုက်တော့ ပန်းရုံ ငိုချင် သွားရတော့၏။ ကြွေချိုင့်က ဟိုတစ်ခု၊ ဒီ
တစ်ခု လွင့်စင်ကျလျက်။ ထိုချိုင့်များကို ကောက်ရန်ပြင်လိုက်စဉ် ကားတံခါး က
ပွင့်လာသည်။

ဘုရားရေ၊ ကိုရင်ဖိုးနီ စကား အတိုင်းတော့ ဖြစ်ပြီဟု ပန်းရုံ ထိတ်လန့်တကြား
တွေးလိုက်မိ၏။ ဆင်းလာသူကို ပန်းရုံ ကြောက်ရွံ့စွာ မော့ကြည့် လိုက်မိသည်။
ပထမဦးဆုံး မြင်ရသည်မှာ ပြောင်လက်နေသော ရှူးဖိနပ် အနက်ရောင် ဖြစ်သည်။ နောက်
ထိုဖိနပ် ပေါ်ဝဲကျနေသော ဘောင်းဘီ အနားစ၊ ဖြောင့်မတ်၍ လှပ တောင့်တင်းသော
ခန္ဓာကိုယ်၊ ထိုခန္ဓာကိုယ် အလှကို ပေါ်လွင်အောင်ဝတ်ထားသော ရှပ် အင်္ကျီ လက်တို
ကျပ်ကျပ်နှင့် ဖြူဝင်းနေသော အသား။

ပန်းရုံ မျက်နှာကို ကမန်း ကတန်း မော့ကြည့်လိုက်သည်။ ဘုရား၊ ဘုရား
လူတော့ဟုတ် ရဲ့လားဟု ပန်းရုံ တအံ့တသြ တွေးမိသည်။ တောထဲမှာ တောင်သူ လုပ်သည့်
ကိုရင်ဖိုး နီတို့၊ ထန်းတက်သည့် ကိုရင် သာအေးတို့၊ ဆိတ်ကျောင်းသည့်
ဖိုးသာညိုတို့၊ နွားကျောင်းသည့် ဘတုတ် တို့ကိုသာ မြင်ဖူးတဲ့ ပန်းရုံက
ကားပေါ်က ဆင်းလာသော သူကို လူယောက်ျား မဟုတ်နိုင်ဟု ထင်တာ မလွန်ပါ။

မျက်ခုံးက မည်းနက် ထင်ရှားနေပြီး မျက်လုံးက ချိုရီ နေသည်။ အထူးခြားဆုံးမှာ
နှုတ်ခမ်းမွေး သဲ့သဲ့နှင့် ပြုံးနေသော နှုတ်ခမ်း ဖြစ်ပြီးထို နှုတ်ခမ်းအောက်
မေးစေ့ပေါ်မှ မှဲ့နက် ဖြစ်သည်။ ထိုသူက ပန်းရုံ နားသို့ ထိုင်ချလိုက်ကာ
“ဘာဖြစ်သွား သေးလဲ” ဟု မေးသည်။ ပန်းရုံ မြတ်စွာဘုရားကို နောက်တစ်ကြိမ်
တမိပြန်သည်။ အသံ၊ အသံ။ အသံ =ကလည်း တခြားလူတွေ အသံ =မျိုး မဟုတ်။
ပန်းရုံတို့ ငယ်ငယ်က စဥ့်အိုးထဲ ခေါင်းငုံ့ အော်လို့ ပြန်ထွက်လာသည့်
အသံမျိုး။ အသံ၏နောက်မှာ တစ်ခုခုက နောက်ကလိုက် နေသည်။

“ဟင် ညီမလေး ဘာဖြစ်သွားသေးလဲ”

သည်တော့မှ ပန်းရုံ သတိ ပြန်ဝင်လာသည်။ ကိုရင် ဖိုးနီ စကားကို ပြန်သတိရပြီး
ကြောက်စိတ်ကပါ ရောက်လာသည်။ ပန်းရုံကို ချိုးဖဲ့၊ ဖြတ်တောက်ပြီး
ကားပေါ်တင်မှာ စိုးသည်။
“ဟို...ဟို ဘာမှ မဖြစ်ပါဘူးတော်။ ဘာမှ မဖြစ်ပါဘူး။ ကားလည်း မတိုက်မိပါဘူး။
ကျုပ်ဘာသာ ကျုပ်ချော်လဲတာပါ။ တော်တို့ ကားနဲ့ ဘာမှ မဆိုင်ပါဘူး”
ပန်းရုံ ကမန်းကတန်း လူးလဲ ထလိုက်သည်။ ခြေထောက်က အနည်းငယ် မျက်ခနဲ
ဖြစ်သွားပေမယ့် ဘာမှမဖြစ် ဟန်ဆောင်ထား လိုက်သည်။ သူတို့ပန်းရုံကို
ဂုန်နီအိတ်ထဲ ထည့်ပြီး ကား ပေါ်မတင်ခင် ကပျာကယာပင် ပန်းရုံ
လှည့်ထွက်လိုက်သည်။

“ဟေ့ ချိုင့်တွေယူသွား ဦးလေ”

ပန်းရုံ မျက်လုံးပြူး သွားသည်။
“အယ် ဟုတ်သားပဲ”

သည်တော့မှ ထမင်း ချိုင့်တွေကို သတိရသည်။
ကြောက်ရွံ့စိတ် တစ်ဝက်နှင့် ခပ်သွက်သွက် ချိုင့်များကို လိုက်ကောက်နေသော
ပန်းရုံကို သူက ကူကောက်ပေးသည်။
“စိတ်ညစ် လိုက်တာတော်။ မမကြီးကတော့ ဆူတော့မှာပဲ။ ဒယ်ဒီကြီးလည်း ထမင်း
ဆာနေတော့ မှာပဲ။ ကျုပ်က တောက ခုမှ ရောက်လာတာတော့်။ ကျုပ်ဦးလေး အိမ်ကို
လာကူတာပါ။ ကျုပ် ဦးလေးက ဆရာဝန်ကြီးလေ။ ဒါကြောင့် သူ့သမီးတွေကလည်း မာနကြီးတာ
နေမှာပေါ့တော်။ ညီအစ်မချင်း ဆိုပေမယ့် ကျုပ်ကို တောသူမ ဆိုပြီး
အထင်သေးပြီး နှိမ်ချင် တယ်တော့။ ခုတော့ သူတို့ ပြောစရာ ဖြစ်ပြီပေါ့တော်”

တတွတ်တွတ် ပြောနေသော ပန်းရုံ စကားများကို သူက သဘောကျစွာ ပြုံးနေသည်။
သူပြုံးတာကို ကြည့်ပြီး ပန်းရုံ ဘယ်လို ဖြစ်သွားမှန်း မသိ။
နှုတ်ခမ်းမွေးကြောင့် အပြုံးက ပိုကြည့် ကောင်းသလားဟု တွေးမိသည်။ သူ လူ
မဟုတ်တာတော့ သေချာတယ်ဟုလည်း ထပ်ဆင့် တွေးမိ၏။
သူက ပန်းရုံကို ပြုံးကြည့်ကာ
“ဘယ်သွားမှာလဲ။ ကိုယ့်ကားနဲ့ လိုက်ပို့ပေးမယ်။ ကားပေါ်တက်လေ”

“အံမယ်လေး”
ပန်းရုံထိတ်လန့် တကြားအော်သည်။ ကိုရင် ဖိုးနီ၊ ကိုရင်ဖိုးနီ စပြီနဲ့ တူတယ်။


“ဘာဖြစ်လို့လဲ”

သူက တအံ့တသြ မေးသည်။
“ဟို ဟို ဘာမှမဖြစ် ပါဘူးတော်။ ကျုပ်အိမ်က ဆိုးလို့ပါ။ တော်လိုက်ပို့ရင်
ကျုပ်ကို ဆူနေမှာ စိုးလို့ပါ”

“သြော် ဒါဆို ကိုယ့်ရဲ့ Visiting Card ယူသွားလေ။ နေဦး”

သူက ပန်းရုံ နားမလည်သော၊ ဘာမှန်းလည်း မသိသော ဗျစ်တစ်တစ်ကပ် ဆိုတာကို
သူ့ဘောင်းဘီ အိတ်ထဲကို ရှာသည်။ ဘေးအိတ်ရော၊ နောက်အိတ်ရော လိုက်ရှာသည်။
ဘယ်မှာမှ ရှာလို့ မတွေ့တော့ “သြော် ဟိုတယ်မှာ ကျန်ခဲ့တယ် ထင်တယ်” ဟု ပြော၏။

ပန်းရုံကတော့ အဲဒီ ပျစ်တစ်တစ်နှင့် ကပ်နေမည့် ကော်တွေကို ဘာလို့ ဘောင်းဘီ
အိတ်တွေထဲ ထည့်ထားရ တာတုံး ဆိုတာကို နည်းနည်းမှ စဉ်းစားလို့မရ။ ကပ်စရာ
ရှိရင် ပန်းရုံတို့ တောမှာတော့ သနပ်သီး ခူးကာ ညှစ်၍ ထွက်လာသော အစေးနှင့်
ကပ်သည်။ ဘာမှ အိတ်ထဲ ထည့်သိမ်း နေစရာ မလိုပေါင်။ လိုချင်ရင် တောထဲ
သွားခူးလိုက်ရုံပဲ။

သူက ပန်းရုံကို ပြုံး ကြည့်ကာ
“ကတ်က ဟိုတယ်မှာ ကျန်နေခဲ့ တယ်ကွာ။ ကိုယ်ထွန်းလှမှာ တည်းတယ်။ အကူအညီ
လိုရင်လာခဲ့ ဟုတ်ပြီလား”

“အင်း...အင်း။ အင်း ပါတော်။ ကျုပ်သွားတော့မယ်”

ပန်းရုံ ခပ်သွက်သွက် ထွက်လာရင်း “ရုပ်ကတော့ ချောလိုက်တာ မွတ်နေတာပဲ။
အပြောအဆို ကျတော့ ရုပ်နဲ့ မလိုက်ဘူး။ ရိုင်းလိုက်တာ။ ထွန်းလှတဲ့။
ဦးထွန်းလှတို့၊ ဘကြီးထွန်းလှ တို့တောင် မဟုတ်ဘူး။ ရွာမှာ နိဗ္ဗာန်
ဆော်လုပ်တဲ့ ဦးထွန်းလှ တောင် ကျုပ်တို့က “အုန်းကြီး ထွန်းလှ” လို့ခေါ်တာ။
တော်တော် ရိုင်းတဲ့လူ။ အံ့ပါ့။ ရုပ်ကလေး သနားကမားနဲ့” ဟု တဗျစ်တောက်တောက်
ပြောရင်း အိမ်ကို ပြန်လျှောက် လာခဲ့သည်။

“မမရေ၊ မမကြီး၊ မမလတ် ၀င်းဦး လာတယ်တဲ့။ သိလား။ ၀င်းဦး မန္တလေးကို လာတယ်တဲ့။
ထွန်းလှ ဟိုတယ်မှာ တည်းတာတဲ့”

ဝုန်းဝုန်း ဒိုင်းဒိုင်းနှင့် တိုက်ပေါ် ပြေးတက်လာသော မမငယ် စကားကြောင့်
ထမင်းချိုင့် မှောက်ကျလာသည် ဆိုကာ ဂျာအေးသူ့ အမေရိုက်သလို မပြီးနိုင်
မစီးနိုင် ဆူနေသော မမကြီးက “ဟယ် ဟုတ်လား” ဟုဆို ကာ ပန်းရုံ သာမက အရာ
အားလုံးကို မေ့လျော့သွား သလို မျက်လုံးတွေက ၀င်းလက်သွားသည်။ “ဈေးချိုထဲမှာ
ငယ်မနဲ့ တွေ့လာတာ။ ဈေးချိုသူတွေ ၀ိုင်းနေတဲ့ကြားက တိုးလာခဲ့ရတာ။
ချောလိုက်တာ။ နှုတ်ခမ်းမွေးရော၊ မှဲ့ ရော ရုပ်ရှင်ထဲကထက် ပို ချောတယ်”

ပန်းရုံ “ဟင်ခနဲ” ဖြစ်သွားရသည်။ ဘုရားရေ နှုတ်ခမ်းမွေးနဲ့ မှဲ့နဲ့ဆို ဟိုလူ၊
ဟိုလူ ကားပေါ်က လူမဟုတ်တဲ့ ဟိုလူက ရုပ်ရှင်မင်းသားပေါ့။ ပန်းရုံ
မန္တလေးရောက်တာ မကြာသေးတာမို့ ရုပ်ရှင် တစ်ခါမျှ မကြည့်ဖူးသေးပါ။ ရွာမှာ
(၁၉၇၄ ၀န်းကျင်) ဆို ဝေလာဝေးပေါ့။ သတင်း ကားတောင် တစ်ခါတလေမှ အထက်က
လာပြလို့ ကြည့် ရတာ။ အဲသည်တော့တော သူမပန်းရုံ အတွက်တော့ ရုပ် ရှင်မင်းသား
ဝင်းဦးသည် ချို (ဂျို)နှင့်လားလည်း မသိ။ ချိုသလား၊ ခါးသလားလည်း မသိ။
ကားနှင့် တိုက်မိမလို ဖြစ်လို့ ကိုယ်နှင့် အကြာကြီး စကား ပြောခဲ့သူသည်
မန္တလေး သူတွေ သည်းသည်းလှုပ် ကြိုက်နေကြသည့် ရုပ်ရှင် မင်းသားဆိုတာလည်းမသိ။

“အံမယ်လေးလေး၊ ငါ တွေ့ချင်လိုက်တာ ငယ်မရယ်။ ချောလား။ တော်တော် ချောလား။ သူက
မန္တလေးကို ရုပ်ရှင် လာရိုက်တာလား။ ဘယ်လောက် ကြာမှာ တဲ့လဲ။ ထွန်းလှ
ဟိုတယ်ရှေ့က သွားစောင့်ရင် တွေ့မလား မသိဘူးနော်။ ငါ သူ့ပရိသတ် ဖြစ်တဲ့
အကြောင်း၊ သူ့ကားတွေ မလွတ်တမ်း ကြည့်တဲ့ အကြောင်း၊ ငါသူ့ကို သိပ်ကြိုက်တဲ့
အကြောင်း၊ ကြိုက်တာမှ ဟိုလိုကို ကြိုက်တဲ့ အကြောင်း ပြောပြချင် လိုက်တာဟယ်”

မမကြီးကို ကြည့်ရင်း ပန်းရုံ ရယ်ချင် လာသော်လည်း မရယ်ရဲပါ။ ဟိုတစ်နေ့က
ထမင်းချိုင့် မှောက်သွားအောင် ဖြစ်ခဲ့ရသော ကားပိုင်ရှင်သည် သူတို့ကဲကဲ
လှုပ်နေသည့် ရုပ်ရှင်မင်းသား ၀င်းဦးဖြစ်တဲ့ အကြောင်းကိုလည်း မပြောရဲပါ။
ပြောလည်း ယုံကြမည် မဟုတ်ပါ။
နောက်တစ်နေ့မှာတော့ ပန်းရုံ အတွက်သာမက သူတို့ အတွက်ပါ ဘယ်လိုမှ စဉ်းစား
မရနိုင်အောင် အံ့သြဖွယ်ဖြစ် ရပ်တစ်ခုဖြစ်ခဲ့လေသည်။

“ဟာ မမကြီးရေ၊ မမ လတ်ရေ။ ဟိုမှာ ၀င်းဦး ကား။ တိုက်ရှေ့က ဖြတ်သွားတယ်”

ဝုန်းဝုန်းဒိုင်းဒိုင်း ပြေးကြည့်သံတွေ ဆူညံသွားသည်။ မမြင်လိုက်ရသော
မမကြီးက တဗျစ် တောက်တောက်။
“ဟယ် ဟိုမှာ နောက်တစ်ခေါက် လာပြန်ပြီ။ အယ် ဖြည်းဖြည်းလေး မောင်းပြီး
တိုက်ထဲကို လှမ်းကြည့်သွားတယ်”

ပန်းရုံ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ကပျာကယာ ပြေး၍ ချောင်းကြည့်လိုက်သည်။
ကားနောက်မြီးလေး ကိုသာ မြင်လိုက်ရလေသည်။
နောက်တော့ ပန်းရုံ ရုပ်ရှင်ကြည့် တတ်လာသော အခါ ပိတ်ကားပေါ်မှ ရုပ်သွင်ကို
မြင်လာရသည်။ ပန်းရုံ တွေ့ခဲ့သူသည် မင်းသား ၀င်းဦးပါပဲဟု သေချာသွားပြီး
ပန်းရုံ စိတ်ထဲမှာ ခင်မင် ရင်းနှီးစိတ်နှင့် ပိုမိုစွဲလမ်း လာခဲ့ရတော့သည်။
ပန်းရုံ၏ အစ်မများကလည်း ၀င်းဦးကားဆို မလွတ်တမ်းကြည့် တတ်သလို
ကြည့်တိုင်းလည်း ပန်းရုံကိုခေါ်ခဲ့ကြသည်။ ထိုအခါ မင်းသားကို မင်းသားမှန်း
မသိအောင် ရိုးအခဲ့သော ပန်းရုံတစ်ယောက် အခုချိန်မှာ တွေ့၍ ပြောချင်
သောစကားများစွာ ရင်ထဲတွင် ပြည့်သိပ်နေခဲ့တော့သည်။

ပန်းရုံ ထမင်းပန်းကန် နှင့် ဟင်းပန်းကန်များကို စားပွဲပေါ်ချ၍
အိမ်ထရံပေါ်တွင် ကပ်ထားသော ပြက္ခဒိန်ပုံ ထဲမှ မင်းသား ၀င်းဦးပုံကို
ကြည့်လိုက်သည်။ “ကျုပ် အခု တောကို ပြန်ရောက်နေပြီ တော့် သိလား။ ဖေ၀င်း
နေမကောင်းလို့ ပြန်လာခဲ့ တာပေါ့။ ဖေ၀င်းဆိုတာ ကျုပ် အဖေလေ။ အဖေက
ဆိတ်ကျောင်းရ တာတော့်။ ကျုပ်တို့က ဆိတ်မွေးပြီး စားရတော့ ဆင်းရဲတာ
ပေါ့တော်။ အဲဒီတော့ ဟင်းကောင်းလည်း မစားနိုင်ဘူးပေါ့။ ချဉ်ပေါင်ဟင်းနဲ့
ငရုတ်သီးထောင်းပဲ။ တော်စားဦးမလား။ ကျုပ်တို့ ဟင်းတော် မစားနိုင်ပါဘူးတော်။
စားတော့ စားကြည့် ဦးပေါ့ရော့”

ထမင်းထဲကို ချဉ်ပေါင် ဟင်းရည်ဆမ်း၊ ကြက်သွန်ဖြူ နိုင်းချင်းနှင့်
ထောင်းထားသော ငရုတ်သီးမြှုပ်ကာ ထမင်း တစ်လုတ်ကို ပြက္ခဒိန် ပုံထဲမှ ၀င်ဦး၏
နှုတ်ခမ်းနားသို့ သွားခွံ့နေသော ပန်းရုံကို အလည် ရောက်လာသည့် ကိုရင်ဖိုးနီက
မြင်ကာ တဟားဟား ရယ်တော့သည်။
“ရူးပါ့ ပန်းရုံရာ။ နင့်ဟာက ထမင်းလည်းမလွတ်။ မြို့ကြီးပြန် ရောဂါကလည်း
သည်းပါ့ဟာ”

“တော်မှ မတွေ့ဖူးတာ”

“ဟား ဟား။ ဖိုးနီတို့လို ကောင်က မင်းသမီး မကလို့ နတ်သမီး တွေ့လည်း အသည်း
ခိုင်တယ်”

“နေပါဦး။ တော်က ဒီ အချိန်ကြီး ဘာလာ လုပ်တာတုံး။ တောမသွားဘူးလား။
“အေး၊ ဟုတ်ပါဟာ။ ဟောဒီမှာ နင့်အတွက် အရူးဘုံ မြှောက်မယ့် စာတွေ့လို့
ယူလာတာ”

“ဟင် ဘာစာတုန်း”

“သတင်းစာပါဟာ။ အုန်းကြီး တင်မောင်တို့ စာတိုက် အိမ်မှာတွေ့လို့ ယူလာတာ”

ပန်းရုံတို့ရွာမှာ စာတိုက်ခွဲ အဆင့်ဖြစ်သော စာတိုက်ပုံး နီနီလေး ရှိသည်။
အုန်းကြီး တင်မောင်တို့ အိမ်ရှေ့မှာ စာတိုက်ပုံးလေး ချိတ်ထားပြီး
ထိုအုန်းကြီး တင်မောင်မှာ စာတိုက် တာဝန်ခံဖြစ်သလို အုန်းကြီး တင်မောင်တို့
အိမ်ကလည်း စာတိုက်ရုံးပဲဖြစ်၏။ ရွာမှာ သတင်းစာဆို တာကလည်း တော်ရုံတန်ရုံ
လူတိုင်း မဖတ်ပါ။ စာတိုက်လို ရုံးဌာနနဲ့ ဆက်စပ်နေသော နေရာတွေ၊
လက်ဖက်ရည်ဆိုင်တွေ၊ ကျောင်းဆရာအိမ် မျိုးတွေ အဲဒီလို နေရာမျိုးတွေ မှာသာ
ရှိတတ်သည်။
“ဘာ ဘာပါလို့တုံး ကိုကြီး ဖိုးနီ။ ပြစမ်းပါ”

“ဟောဒီမှာ စန္ဒာ ရုပ်ရှင်က သရုပ်ဆောင် ခေါ်ယူခြင်းတဲ့။ စန္ဒာ ရုပ်ရှင်ဆိုတာ
နင့် မင်းသား ၀င်းဦးရဲ့ကုမ္ပဏီလို့ ကြားဖူးတာပဲ”

မန္တလေးက ပန်းရုံ ပြန်လာကတည်းက ရုပ်ရှင် မင်းသား ၀င်းဦးနှင့် ပန်းရုံ
အကြောင်းက ၀တ္ထုဇာတ်လမ်း တစ်ပုဒ်လို တစ်ရွာလုံး သိနေ ကြသည်မို့
ကိုရင်ဖိုးနီက ပြော ခြင်းဖြစ်သည်။ အပြော ကောင်းပန်းရုံကလည်း အဲဒီ
အကြောင်းကို ဓာတ်ပြားဆိုလျှင် ကွဲထွက်မတတ် ဘယ်လောက် ပြောပြော
မမောနိုင်အောင် ပြောပြတတ်သည်။ နားထောင်သည့် သူများကလည်း တ၀ါးဝါး
တဟားဟားနှင့် ဘယ်နှခါပြောပြော မရိုးနိုင် အောင် နားထောင်ကြသည်။

ကိုရင်ဖိုးနီ ဆိုတာကလည်း ပန်းရုံ ပြောပြသော စကားလုံးများကိုပင် အလွတ်
ရနေသော လူများထဲမှ တစ်ယောက် အပါအ၀င် ဖြစ်သည်။ ကြာတော့ ရိုးသားစွာ စွဲလမ်း
နေသော ပန်းရုံကို ဘယ်သူမှ အပြစ် မတင်ကြဘဲ သနား ကရုဏာပင် သက်လာကြလေသည်။
အခုလို မင်းသမီး လျှောက်လွှာ ခေါ်သော ကြေ ညာချက် တွေ့လိုက်ရသော အခါ
ဒဏ္ဍာရီပုံပြင် တစ်ပုဒ်လို ထင်ထားသော ပန်းရုံအဖြစ် အပျက်ကို ဟုတ်နိုးနိုး၊
ထင်ယောင်ထင်မှားဖြင့် တိုက်တွန်း လာကြသည်။
“အဲဒါ နင့်ကို ဦးတည် ပြီးခေါ်တာ နေမှာပဲ ပန်းရုံ နင် လျှောက်ပါလား”

ပန်းရုံ ရင်ဘတ်ကို ဖိ၊ မျက်လုံး အပြူးသားနှင့် အသက် မရှူမိဘဲ နားထောင်
နေမိသည်။
“အသက် ဆယ့်ရှစ်နှစ်မှ နှစ်ဆယ်အတွင်း ဖြစ်ရမည်တဲ့။ အဲဒါလည်း နင်နဲ့
ကိုက်တယ်။ အရပ်၊ အသားအရေ၊ ရုပ်ရည်”

ပန်းရုံ ကမန်းကတန်း ပြေး၍ အိမ်ထရံတွင် ချိတ်ထားသော မှန်ကို ပြေးကြည့်
လိုက်သည်။ အသားဖြူဝင်းဝင်း၊ ဘဲဥပုံမျက်နှာတွင် သုံး ရက်လလို သွယ်ကွေးမည်း
နက်နေသော မျက်ခုံး၊ ကြည် စင်ရွှန်းလဲ့နေသော မျက်ဝန်း၊ လှပစွာ
သွယ်ဆင်းသွားသော နှာတံ၊ ပန်းစက္ကူအမြဲကပ် ထားသလား ထင်ရအောင် ပန်းသွေးရဲနေသော
နှုတ်ခမ်း နှင့် ပန်းရုံမျက်နှာကို မြင်ရ သည်။

အိုး ဟိုလူကြီးသာ မြင်ရင် ရုပ်ရှင်မင်းသမီး တင်ဖို့ သေချာရွေးမယ့်
အလှပေါ့ဟု သွေးကြွကြွဖြင့် ပန်းရုံ တွေးမိသေး၏။ ပန်းရုံ အမေက အညာသူ မြန်မာ
စစ်စစ်ပေမယ့် တရုတ်မလား ထင်ရအောင် အသားအရေ ဖြူဖွေးပြီး ပန်းရုံအဖေ
ဖေ၀င်းကတော့ မြန်မာ မဟုတ်ပါ။ အမေက မြန်မာ အမျိုးသမီး အရပ်အမောင်း အတိုင်း
ခပ်ပျပ်ပျပ် ဖြစ်ပေမယ့် ဖေ၀င်းက အရပ်မြင်မြင့်၊ အသားဖြူဖြူ၊
နှာတံချွန်ချွန် ဥပဓိရုပ်မျိုး ဖြစ်သည်။ ထို့ကြောင့် ပန်းရုံက တောသူပေမယ့်
ဖေ၀င်းနှင့် မေကောင်း၏ လှသော အချက်များကို ရွေးတူပြီး အညာတောသူ တစ်ယောက်၏
ရုပ်ရည်မျိုး မဟုတ်ဘဲ ဖြူဖြူမြင့်မြင့်၊ ဖွံ့ဖွံ့ ထွားထွားဖြင့်
တောရိုင်းပန်း တစ်ပွင့်၏ တောက်ကြွားသော အလှကို ပိုင်ဆိုင်သူ ဖြစ်လေသည်။

“ဟာ ဟောဒီ နောက်ဆုံး အချက်ကမှ နင့်ကို ရည်ရွယ်တာ ဆိုတာ သေချာတယ်။ ပညာတတ်စရာ
မလိုတဲ့”

“ဟင်”

ပန်းရုံပြေး၍ သတင်းစာကို ငုံ့ကြည့်လိုက်သည်။ ပန်းရုံက စာတတ်ပေမယ့်
လေးတန်းမျှသာ အောင်ထားသည့် တောသူမပါ။

“ဘာတုံး၊ တော်က သင်ပေးမယ်ဆိုတဲ့ သဘောလား”

ပြက္ခဒိန်မှ ၀င်းဦးပုံကို ကြည့်၍လှည့်မေးတော့ ကိုရင်ဖိုးနီက ငေါက်သည်။
“တော်ရုံ ရူးစမ်းပါဟာ။ ကဲ နင်အဲသလောက် ရူးနေရင် နင်မင်းသမီး
ဝင်လျှောက်ပေတော့။ လိုတဲ့ ဓာတ်ပုံတွေကို ရိုက်ထား။ အဲဒီ သတင်းစာထဲ မှာ
အချက်အလက်တွေ ပါတယ်။ ပြီးရင် ငါပို့ပေးမယ်”

“အယ်”

ပန်းရုံစိတ်ရှိ လက်ရှိ ခုန်ပေါက်၍ မျက်လုံးပြူးကာ ထရံပေါ်မှ ၀င်းဦးပုံကို
လျှာထုတ် ပြောင်ပြလိုက်မိသည်။
“ဟီး ဟီး။ ပန်းရုံတို့ ရုပ်ရှင် မင်းသမီး ဖြစ်ရချည် သေးရဲ့”

ထိုအချိန်က ပန်းရုံတို့ ရွာမှာ မန္တလေးနှင့် ပြေးသော ကားဟူ၍
တစ်စင်းသာရှိသည်။ ပြင်ပလောကနှင့် ဆက်သွယ်သည့် နေရာဟူ၍ လည်းချောက်ချီး
ချောက်ချက် စာတိုက်ခွဲလေး တစ်ခုသာ ရှိသည်။ ရွာတွင် တစ်ဦးတည်းရှိ သည့်
ဓာတ်ပုံဆရာဆီမှာ သတင်းစာထဲ ပါသည့် အရွယ် အစား၊ ပုံအရေအတွက် အတိုင်း
ဓာတ်ပုံတွေ ရိုက်သည်။ ဓာတ်ပုံဖိုးကိုတော့ ဖေ၀င်းကို ညာတာပါတေးနှင့်
ဆိတ်ကလေး တစ်ကောင် ရောင်းခိုင်းလိုက် ရသည်။ ပြီးတော့ အရပ်ကူပါ၊
လူဝိုင်းပါနှင့် လျှောက်လွှာ ပုံစံတွေ ရေးကာ ကိုရင်ဖိုးနီ အကူအညီဖြင့်
စာတိုက်မှ ပေးပို့ခဲ့သည်။

တစ်ရက်၊ နှစ်ရက်။ ထို့နောက် လ။ လမှနှစ်ခေါ် စာကို စောင့်စား ခဲ့သော်လည်း
ပန်းရုံထံ ခေါ်စာက ရောက်မလာ ခဲ့ပါ။ အဆက်အသွယ် ခက်ခဲသော ခေတ်တွင် ခေါ်စာကို
တစ်ဦးချင်း မပို့မှန်းလည်း ပန်းရုံ မသိပါ။ သတင်းစာ သို့မဟုတ်
မဂ္ဂဇင်းတွေထဲမှာ လူတွေ့စစ်ဆေးရန် အကြောင်း ကြားနိုင်မည်ဟုလည်း ပန်းရုံ
မစဉ်းစားတတ်ပါ။ ပန်းရုံ၏ ဓာတ်ပုံနှင့် လျှောက်လွှာများ ပန်းရုံပို့တဲ့
ဆီရောက်မရောက်လည်း ပန်းရုံမသေချာပါ။ ဒီလိုနှင့် ပန်းရုံသည်။ ဒေါ်ပန်းရုံ
ဖြစ်လာခဲ့သည်။ သို့သော် ရင်ထဲမှ ရုပ်ပုံလွှာသည် မပျက်မပြယ် ရှိနေဆဲ။
မျှော်လင့်ချက်သည်လည်း အရောင်များ စိုလွင် တောက်ပ နေဆဲ။

အချိန်တွေ ပြောင်းသလို ခေတ်တွေလည်း ပြောင်းလာခဲ့သည်။ ပန်းရုံကိုယ်တိုင်
သည်လည်း ရွာမှာ မဟုတ်တော့။ မန္တလေး အနီးမှ မြို့လေးတစ်မြို့တွင် ပြောင်းရွှေ့
နေထိုင်ခဲ့သည်။ ဟိုအရင်က စိတ်ဖြင့်ပင် မကူးရဲအောင် ဝေးကွာလွန်း ခဲ့သော
ရန်ကုန်ကို အခုနည်း မျိုးစုံဖြင့် ပန်းရုံသွားရောက် နိုင်ခဲ့ပြီ။
တစ်နေ့ အနှစ်နှစ် အလလ ရင်ထဲတွင် ကိန်းအောင်း နေသော ဆန္ဒ၏ တွန်းအား ဖြင့်
ရန်ကုန်မြို့ကြီးသို့ သွားရောက်ခဲ့သည်။ ပြီးတော့ ကိုဝင်းဦးကို ဘယ်လိုနည်း၊
ဘယ်လို ပုံစံနှင့်ပဲ ဖြစ်စေ တွေ့ဆုံခွင့် ရအောင် ကြိုးစားမည်ဟု
ဆုံးဖြတ်ခဲ့သည်။
မျှော်လင့်ချက်များစွာ ဖြင့် ပန်းရုံ ရင်ခုန် ပျော်ရွှင်နေ ခဲ့သည်။

သို့သော် ပန်းရုံ ရန်ကုန်မြို့သို့ ရောက်သော နေ့သည် ရုပ်ရှင် သရုပ်ဆောင်၊
အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာ ထပ်ဆင့် အကယ်ဒမီ ၀င်းဦး ကွယ်လွန်သောနေ့
ဖြစ်လေသည်။
(၁၉၇၄ ခုနှစ်ဝန်းကျင် ခန့်က မန္တလေးမြို့တွင် သရုပ်ဆောင် အကယ်ဒမီ
ဝင်းဦးနှင့် အမှတ်မထင် ဆုံစည်း ခဲ့ရဖူးသော မိန်းကလေး တစ်ယောက်၏ ကိုယ်တွေ့
ဖြစ်ရပ်ကို ခံစား ရေးဖွဲ့ပါ သည်။)

ရွှေရင်နှစ် (မြို့သာ)

No comments:

Post a Comment