ကိုခေါက်ချိုးနဲ့ သဒ္ဒယုဝတီ
(၁)
ကိုခေါက်ချိုးလောက် ပွဲကြိုက်တဲ့လူတော့ မရှိတော့ဘူးလို့တောင် ထင်တယ်။ ပွဲဆိုရင် ဗေထိဆိုတာနဲ့ ရောက်နေပြီဆိုတာ သူမှအစစ်။ ခက်တာက သူတို့ရွာမျိုးကလည်း ဆယ်နှစ်နေလို့ ပွဲတစ်ခါဝင်တာ မဟုတ်တော့ တစ်ခါတလေရှိတဲ့ပွဲ ဘယ်သူမဆို ကြည့်ကြတာတော့ ရှိတာပေါ့။ ဒါပေမယ့် ကိုခေါက်ချိုးက သူများထက်ပိုတယ်။ သူများထက်လည်း ဉာဏ်ကောင်းတယ်။ ပွဲပြန်သွားရင် ပွဲထဲက ဇာတ်ထုပ်ဇာတ်ကွက် အကုန်ရတယ်။ သီချင်းတွေ အကုန်ရတယ်။ အဆိုအငိုတွေ သူ့မှာကျန်ရစ်ခဲ့တယ်။
တစ်ခါတလေ ပွဲရှိလို့ကတော့ နေဝင်ပြီဆိုတာနဲ့ ဇာတ်စင်ရှေ့ ရောက်ရမှ။ ဇာတ်ခုံ အခင်းအကျင်း၊ ဆိုင်းဝိုင်းကိုပါ နှစ်ပတ်လောက် ပတ်လိုက်ရမှ ကျေနပ်တဲ့လူမျိုး။ ပြီးရင်တော့ ပွဲထွက်ချင်ထွက်၊ မထွက်ချင်နေ၊ နေရာကောင်းကောင်းရှာပြီး ဖင်ကျောက်ချ ထိုင်တော့တာ။ ကြည့်ရင် မိုးလင်းပဲ။ ဒါပေမယ့် ပြဇာတ်ဆိုတာကြီးကို သူ မကြိုက်ဘူး။ အော်ပရာကိုတော့ ကြိုက်တယ်။ နှစ်ပါးသွားတွေ၊ သစ္စာထားတွေကို ကြိုက်တယ်။ နောက်ပိုင်း ပြဇာတ်ကြီးတွေကိုလည်း ကြိုက်တယ်။ ခက်တာက သည်ခေတ်က ပြဇာတ်ခေတ် မဟုတ်လား။ နောက်ပိုင်းဆိုတာက အဖြစ်လောက် ကတာ မဟုတ်လား။ သည်ခေတ်မှာ ဘယ်ဇာတ်ကမှ နောက်ပိုင်းကို တခမ်းတနား တလေးတစား ကနေကြတာ မဟုတ်ဘူး မဟုတ်လား။
ဒါကိုတော့ ကိုခေါက်ချိုး စိတ်ပျက်တယ်။ စိတ်လည်းညစ်တယ်။ ဒါပေမယ့် ပွဲဆိုလို့ကတော့ သွားတာပါပဲ။
“ကျုပ်တို့ ငယ်ငယ်ကနဲ့တော့ကွာတယ်၊ ဒီအထဲ အသံမရ၊ သီချင်းမရနဲ့ ဖိုးစိန်ကြီးတို့၊ စိန်ခိုတို့၊ ရွှေကျီးညိုတို့များ ကောင်းချက် ရက်စက်တယ်”
လူထူရင်ပြောတတ်တဲ့ ကိုခေါက်ချိုးရဲ့ ဇာတ်သဘင်အပေါ် အမြင်ပဲ။ ဖိုးစိန်ကြီးတို့၊ စိန်ခိုတို့၊ ရွှေကျီးညိုတို့လို့သာ ပြောတာ။ သူ တစ်ခါမှ ကြည့်ဖူးတာလည်း မဟုတ်ဘူး။ ရွာက ငွေညွန့်စိန် ဓာတ်စက်က ရှားရှားပါးပါး ကျန်နေတဲ့ ခေတ်ဟောင်းက ဖုန်တက်နေတဲ့ ဓာတ်ပြားတွေကို သူ ကြားဖူးတာပဲရှိတယ်။
ကိုခေါက်ချိုး ဇာတ်ပွဲကြိုက်တာကတော့ ခံကုန်းတစ်ရွာလုံးက သြချရတယ်။ တစ်ခါက ဖြစ်ပြီးပြီ။ ခံကုန်းကနေ မကွေးဘက်ပွဲကြည့်တာ ပြောပါတယ်။ နွားလှည်းတောင် လက်ဆယ်ချောင်း မပြည့်တဲ့ရွာက အင်္ကျီမပါ၊ ဖိနပ်မပါနဲ့ ညောင်ဦး ဦးဖိုးထိုက် ဆေးလိပ်လေးငါးလိပ် ခါးပုံစထဲထိုးထည့်ပြီး လှည်းတစ်တန် လှေတစ်တန် သွားကြည့်တာဆိုတော့ တစ်ရွာလုံးမှာ ကိုခေါက်ချိုးကတောင် ဟုတ်တုတ်တုတ် ဖြစ်နေတာကိုး။ အဲသည်တုန်းက မကွေးမြသလွန်ဘုရားပွဲ ရွှေမန်းဦးတင်မောင် ဝင်လို့ ဆိုတဲ့စကား သူတို့ရွာ ဝေ့ဝဲရောက်လာတော့ ကိုခေါက်ချိုး ကြည့်ချင်လိုက်တာ အူကိုယားလို့။
အကြောင်းကလည်း ရှိတယ်။ ရွှေမန်းဦးတင်မောင်ဆိုရင် ကိုခေါက်ချိုး သိပ်ကြိုက်တာလည်းပါတယ်။ သည်တော့ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ချက်ချင်းပါပဲ။ ရှိသမျှပိုက်ဆံလေး ခါးကြားကျစ်လိမ်ပြီး ရွာကထွက်တော့တာ။ လှည်းတစ်တန် လှေတစ်တန်အပြင် ရေနံချောင်းက ကားစီးရတာကိုက မိုင်သုံးဆယ်သီသီ ကျော်သေးတယ်။ ပြီးတော့ ကိုယ့်ရွာ၊ ကိုယ့်ဒေသလည်း မဟုတ်ဘူး။ တကယ့်ဓာတ်မီးတွေ တထိန်ထိန်နဲ့ မြို့ကြီးပြကြီး။ ဒါပေမယ့် ကိုခေါက်ချိုး ရောက်သွားတာပါပဲ။ ရအောင်လည်း ကြည့်ခဲ့တာပါပဲ။ ဘယ်သူကမှ စိတ်ကူးထဲမထည့်တဲ့ကိစ္စကို ဖိနပ်မပါ၊ အင်္ကျီမပါနဲ့ ရအောင်သွားကြည့်တာ။ ခံကုန်းကဆိုရင် သူတစ်ယောက်တည်းပဲ။ တန်လည်း တန်ပါတယ်။ ကိုခေါက်ချိုးအဖို့တော့ မကွေးတက်ပွဲကြည့်တဲ့ အတွေ့အကြုံက တစ်သက်လုံး ပြောလို့မကုန်ဘူး၊ ပြောလို့ မဆုံးဘူး။ ရွှေမန်းတင်မောင်ဇာတ် သူကြီးကတောင် ခေါ်မေးရတာ ကြည့်တော့၊ အဲသလောက်ထိ။
“တောက် … ကောင်းလိုက်တဲ့ဇာတ်နှယ်၊ မပြောပါနဲ့တော့၊ တီးဝိုင်းကလည်း ဘာပြောကောင်းမလဲ၊ ကောင်းချက်က တကတည်း၊ ဂေါ်ဂွီတွေရော၊ တိုးနယားကြီးရော၊ ဗီရိုတယောကြီးရော ကောင်းချက်ပြောပါတယ်”
အဲသည်နေ့က ဈေးဝက သူသောက်နေကျ ကိုစိန့်လက်ဖက်ရည်ဆိုင်ထဲမှာ ကိုခေါက်ချိုး အဲသလိုပြောတော့ ဆိုင်ထဲ လက်ဖက်ရည်သောက်နေတဲ့ လူတွေက နားမလည်ကြဘူး။ ဂေါ်ဂွီဆိုတာက အင်္ဂလိပ်နှဲနဲ့တူပါရဲ့။ တိုးနယားဆိုတာက ဆိုင်းဝိုင်းက နယားပျံကြီးကို ပြောတာနဲ့တူပါရဲ့ ပေါ့။ ဒါပေမယ့် ‘ဗီရိုတယောကြီး’ ဆိုတာကို ဘယ်သူကမှ ပုံဖမ်းလို့မရဘူး ဖြစ်နေတယ်။ သူတို့ တစ်သက်နဲ့တစ်ကိုယ် ဗီရိုတယောဆိုတဲ့ တူရိယာမျိုးလည်း မကြားဖူးကြဘူး မဟုတ်လား။ တစ်ယောက်ကတော့ မနေနိုင်လို့ မေးတယ်။
“ဗီရိုတယောဆိုတာက ဘာကြီးတုန်း ကိုခေါက်ချိုးရဲ့”
“သိပေါင်ဗျာ၊ ဆိုနိုင်ပါဘူး၊ ကျုပ်လည်း မြင်လာတာ ပြောရတာ၊ ပွဲမထွက်ခင် အနားက ကပ်ကြည့်လိုက်တော့ တုံးလုံးလှဲထားတဲ့ ဗီရိုကြီး၊ လက်နဲ့တီးတာပဲ ကိုရင်ရဲ့၊ တယောသံကို စီထွက်လို့”
လူတွေက ဗီရိုတယောကို ပုံဖမ်းနေတုန်း မြို့ကျောင်းက ခဏပြန်လာတဲ့ ကိုစိန့်သားက ‘စန္ဒရားကို ပြောတာနဲ့တူပါရဲ့၊ ဟုတ်လား ဘကြီး’ ဆိုတော့ ‘ဆိုနိုင်ပေါင်ဗျာ’ တဲ့။ အဲသည်နေ့က မွန်းကိုတိမ်းရော။ ရွှေမန်းတင်မောင်အကြောင်း ပြောရတာ။
“တောက် … လက်ဝဲသုန္ဒရခင်းတော့ ဇာတ်ခုံပေါ်က နှင်းကျလာတာဗျာ၊ တကယ်လား မှတ်ရတယ်၊ မီးနဲ့လုပ်ထားတာ ပြောကြတာပဲ၊ တတ်နိုင်ပါ့ဗျား”
ကိုခေါက်ချိုး သူ့စိတ်နဲ့သူ့ကိုယ် မကွေးဘက် ပွဲသွားကြည့်တာလည်း မပြောနဲ့လေ။ မိန်းမလည်း ရှိတာမဟုတ်ဘူး။ ကလေးသားမြေးလည်း ရှိတာမဟုတ်ဘူး။ ဆွေရယ်မျိုးရယ်လည်း ပဲစေ့အညှောက်ပေါက် ဗျောက်ဆိုတဲ့ အထဲကဆိုတော့ သူ့သဘောပဲ။ အသက်မွေးဝမ်းကျောင်းကတော့ အစုံလုပ်တယ်။ ထင်းခုတ်၊ ထင်းခွဲ၊ ရေစည်တိုက်၊ မြောင်းပေါင်ဖော်၊ မြင်းစာဆေးအစုံပဲ၊ ကြုံရာလုပ်ပဲ။ ခေါင်းတုံးဆံပင်ပေါက် ညှင်းသိုးသိုးနဲ့ နေပူစပ်ခါးထဲ ဘောက်ဆွဘောက်ဆွ လုပ်နေရတာပဲ။ ပြီးခဲ့တဲ့ လေးငါးနှစ်ကတော့ တခြားအလုပ် မလုပ်တော့ဘူး။ ရေထမ်းရောင်းတယ်။ ရွာထဲက လက်ဖက်ရည်ဆိုင်ကလေး နှစ်ဆိုင်နဲ့ ပိုက်ဆံရှိတဲ့အိမ် သုံးလေးအိမ် ရေထမ်းရောင်းတာပါ။ ရေတစ်ထမ်း တစ်မတ်ဆိုတော့ လေးထမ်းလောက် ထမ်းပြီးရင်ပဲ တစ်ကျပ်ရပြီကိုး။ လေးငါးအိမ်ဆိုတော့ တစ်နေ့ လေးငါးကျပ်၊ ပြီးရော။ ထမင်းစားဖို့ ရပြီကိုး။
ရေထမ်းတာကလည်း ညဘက်မှပါ။ လူခြေတိတ်မှ ရေချိုတွင်းကလည်း လူရှင်းတာရော၊ နေ့ခင်းနေ့လယ် ကျိုက်ကျိုက်ဆူ ပူပူကြီးထဲ ရေမထမ်းချင်တာရောဆိုတော့ ညမှရေထမ်းတယ်။ ရေလိုက်ဖြန့်တယ်။ ည လူခြေတိတ်ရင် ကိုခေါက်ချိုး သီချင်းသံနဲ့ သူ့ထမ်းပိုးက ညွတ်ပက်ညွတ်ပက်အသံကို ကြားနေရတတ်တယ်။ သီချင်းဇာတ်ကွက် ဇာတ်ထုပ်တွေကတော့ ကြိုက်လည်းကြိုက်တယ်။ ရလည်းရတယ်။
ငွေညွန့်စိန် ဓာတ်စက်က မြို့ကဓာတ်ပြားရောက်လို့ နှစ်ခါသုံးခါ မဖွင့်နဲ့။ သူ ကောင်းကောင်းရနေတတ်ပြီ။ ဗုဒ္ဓဝင်တောထွက်ခန်း တို့၊ လေးတော်တင်ခန်း တို့များ ဒေါက်ဒေါက်နဲ့ အလွတ်ရွတ်နိုင်တယ်။ ရေထမ်းရင်းက ဇာတ်ထုပ်ခင်းရင် ခင်းနေတတ်တာလည်းရှိရဲ့။ ရွှေမန်းရဲ့ ရွှေကြေးစည် တို့၊ အောင်ပါစေ တို့၊ မလှချင် တို့ ဆိုတာကတော့ လူတကာရနေလို့ ထားပါတော့။ ဆယ်ပြားတွဲ ဘောက်ပြားတွေဖြစ်တဲ့ သန္တတိ တို့၊ တောင်ပြုံးမင်းညီနောင် တို့လည်း ရတယ်။ ခက်တာက ပြဇာတ်ဆိုတာကြိးကိုတော့ မကြိုက်တာအမှန်ပဲ။ ပြဇာတ်မပြောနဲ့၊ တံခါးမှူး ဒတ္ထလို၊ မောင်မှူး တို့လို ပြဇာတ်ဆန်ဆန် ထိုးဇာတ်တွေကိုတောင် မကြိုက်ဘူး။ ဇာတ်ထုပ်မှ ဇာတ်ထုပ်ပဲ။ ကိုခေါက်ချိုး ပွဲကြိုက်တာကတော့ ကမ်းကုန်ရော။
* * *
(၂)
အခုတော့ ကိုခေါက်ချိုး ရေမထမ်းနိုင်တော့ဘူး။ အသက်ကလေးကလည်း ရလာပြီ မဟုတ်လား။ ခေါင်းတုံးဆံပင် နားသယ်စပ်ပတ်လည်မှာ ဆံပင်ဖြူတွေ ဖွေးနေလိုက်တာမှ အများကြီး။ ဟိုဟာလေးလုပ်လိုက်၊ သည်ဟာလေးလုပ်လိုက်နဲ့ တစ်ဝမ်းတစ်ခါး ကျောင်းနေရတဲ့လူဆိုတော့ ငွေရယ်ကြေးရယ်လို့ စုထားနိုင်တာလည်း မဟုတ်ဘူး။ ရေမထမ်းတဲ့နေ့မှာကိုပဲ ပိုက်ဆံမရှိတော့ဘူး။ တခြားဝင်ငွေဆိုတာလည်း မရှိတော့ ဟိုလူကပေး၊ သည်လူပေးနဲ့ သည်လိုနေလာခဲ့တာတောင် ကြာပြီ။ ဒါပေမယ့် လူဆိုတာကလည်း အမြဲ ဘယ်ပေးနေနိုင်ပါ့မလဲ။ တွေ့တုန်းပေါ့။ ကြုံတုန်းပေါ့။ သည်တော့ ကိုခေါက်ချိုး ဘာလုပ်ရမလဲ စဉ်းစားလာတယ်။ ရွာစွန် ညောင်ကြပ်ပင်ကြီးအောက်က သူ့တဲထဲမှာ မီးလေးမမှိန်တမှိန်နဲ့ နေရင်းက စားရတစ်လှည့် မစားရတစ်ခါ ဖြစ်လာတော့ သူ ဘာလုပ်တတ်သလဲဆိုတာ စဉ်းစားတယ်။ သူလည်း အလုပ်မျိုးစုံ လုပ်ခဲ့တဲ့လူပဲ။ ဒါပေမယ့် အခု မလုပ်နိုင်တော့တဲ့ကာလမှာ တခြား ဘာလုပ်နိုင်သေးသလဲ စဉ်းစားတာပါ။ ဘာမှလည်း စဉ်းစားလို့မရဘူး။ သူ့ကိုယ်ခန္ဓာကလည်း မသန်စွမ်းနိုင်တော့ဘူး။ ဘယ်တော့မှ ဖိနပ်မစီးတဲ့ ခြေထောက်တွေက အက်ကွဲဖူးရောင်ပြီး သားနံရည် တစွတ်စွတ် ထွက်နေတော့ ကောင်းကောင်းလည်း မလျှောက်နိုင်ဘူး။ နေပူစပ်ခါးထဲမှာ သူ့တစ်ကိုယ်လုံးကို လေးချိုးသုံးချိုးလောက် စိမ်ထားရတာဆိုတော့ မျက်လုံးတွေကလည်း မျက်ခမ်းစပ်ရတဲ့ကြားထဲ မျက်ဝတ်တစိုစိုနဲ့။ ပါးစပ် ဟိုဘက်ထိပ် သည်ဘက်ထိပ်က ကျီးကန်းပါးစပ်နာကလည်း တဖွေးဖွေးနဲ့။ အင်္ကျီဆိုတာကတော့ ဘယ်တုန်းကမှ မဝတ်ခဲ့တာ။ အခုမှမဟုတ်ဘူး။ လုပ်နိုင်ကိုင်နိုင်တုန်းကလည်း မဝတ်ပါဘူး။ အင်္ကျီဆိုတာ ဝတ်ကောင်းတဲ့အရာလို့ ဘယ်တုန်းကမှလည်း တွက်ခဲ့တာ မဟုတ်ဘူး။ လက်ပံတုံး မီးကျွမ်းထားတဲ့အသားနဲ့ ရှပ်နေတဲ့ဝမ်းဗိုက်ဟာ သူ့ရဲ့ အမှတ်အသားပဲ။ နဖူးနဲ့ဝမ်းဗိုက်က အရစ်အရစ်ဆိုတာလည်း ပဒေါင်အမျိုးသမီးလည်ပင်းက ကြိမ်ခွေကိုသာကြည့်တော့။
သည်အခြေအနေနဲ့ ဘာလုပ်ရမလဲ စဉ်းစားတော့လည်း ဘာစဉ်းစားလို့ ရမှာလဲ။ ဖြစ်ချင်တော့ တစ်နေ့ သွားနေကျ ကိုစိန့်လက်ဖက်ရည်ဆိုင်ကို သွားတယ်။ ကိုစိန့်ဆိုင်က မနက်တိုင်း သွားနေကျ။ ပိုက်ဆံရှိတဲ့အခါ အချိုရည်ကလေး မှာသောက်တယ်။ မရှိတဲ့နေ့ ဆာဒါးလို့ခေါ်တဲ့ အကြမ်းရည် သုံးလေးပန်းကန် သောက်တယ်။ ထိုင်တယ်။ ပြောစရာရှိရင် ပြောတယ်။ အဲဒီမနက်က ပိုက်ဆံမရှိတော့ အကြမ်းရည်ပဲသောက်တယ်။ အဲသည်တုန်းမှာ ရွာထဲက ဆံပင်ညှပ်ဆရာ ကိုသန်းက လှမ်းစတယ်။
“ကိုခေါက်ချိုး၊ လက်ဖက်ရည် မသောက်ချင်ဘူးလားဗျာ”
“သောက်ချင်ပေါ့ ကိုယ့်လူရာ၊ ဘယ့်နှယ်ပြောတာတုံး၊ ကိုယ့်ဟာကိုယ် သောက်နိုင်မှတ်လို့”
“သောက်ချင် တိုက်မှာပေါ့ဗျ၊ ငိုချင်းတစ်ပုဒ်တော့ ဆိုပြရမယ်၊ ဖြစ်မလား”
“လက်ဖက်ရည်တိုက်လို့ကတော့ ဆိုပေါ့မောင်ရာ၊ ဘာငိုချင်းများတုံး”
“ခင်ဗျားရထားတာ ဆိုပေါ့ဗျ၊ ငွေညွန့်စိန်စက်က ဇာတ်ထုပ်ဟောင်းတွေ ရှိတယ်မဟုတ်လား၊ ဖိုးစိန်ကြီး တို့၊ စိန်ခိုကြီး တို့ ဇာတ်ထုပ်တွေဟာကော ကာကဝလ္လိယ တို့ ဘာတို့”
“သြော် … ကိုကာက မယ်ကာက ဇာတ်ထုပ်လား”
“အင်း … ”
ကိုခေါက်ချိုး ဘယ်လိုမှ ထင်မထားတဲ့ကိစ္စ။ သီချင်းဆိုပြရင် လက်ဖက်ရည် သောက်ရမတဲ့။ အလကားနေရင်းတောင် ငိုချင်းချနေတဲ့လူ မဟုတ်လား။ ရှက်တာတော့ မရှက်ပါဘူး။ ဟိုဟိုသည်သည် ကြည့်တယ်။ ဆိုင်ထဲမှာ လူတော်တော်များများလည်း ရှိတယ်။ ခေါင်းပတ်ထားတဲ့ တဘက်ဆွဲချပြီး မျက်ဝတ်တွေ ပွတ်ရင်းက ဘာဆိုရမလဲ စဉ်းစားတယ်။ ကိုကာက မယ်ကာကထဲကတဲ့။
“အမွဲတွင် တပြေမလင်းတဲ့သူမို့ ကဲ … မပြင်အသရေကင်းလိုက်ပါဘိ၊ အမယ်တော် မသေမချင်းရယ်တဲ့ ငိုမိပါ၊ မနက်တိုင်း လက်မှိုင်ချပါလို့၊ မရှက်နိုင် ခွက်ကိုင်ကာမလို့တော်ရယ်၊ တောင်းရခါခါ”
“အဲဒါက မယ်ကာက ဆိုသဟာဗျ၊ နောက် ဆိုသေးတယ်။ နေပါဦး ဘာတဲ့ ‘အရေးမရောက်လိုက်တာက ခွေးခြောက်ရန် တုတ်တစ်ချောင်းရယ်နဲ့၊ ထမင်းမြင် အတင်းဝင်လို့ တောင်းရပါတော့၊ အမယ်မင်း … တစ်ခွက်ကောင်းရရင် နယ်ကာ ထမင်းစားခဲ့ရတာမို့ ကျွန်မတို့မှာတော် လက်ဟောင်း ဇာတိ ကယ်ပါလင်မယား … အား … ဟား … ဟား … ”
ငိုချင်းလေးချပြလို့ ကိုသန်းတိုက်တဲ့ လက်ဖက်ရည်လေး သောက်ရုံရှိသေးတယ်။ ဈေးသွားဈေးပြန်တွေရော၊ ဘေးဆိုင်ကလူတွေရော ဝိုင်းအုံကြည့်လိုက်ကြတာ အုံလို့ခဲလို့။ သူကတော့ မရှက်ပါဘူး၊ ဂုဏ်တောင်ယူသေးတယ်။ မရှိတဲ့မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေရင်းက ဟိုကြည့်ဒီကြည့် ကြည့်နေတုန်း တစ်ယောက်က-
“ကိုခေါက်ချိုး ညကျ ကျုပ်တို့ ဆွမ်းလောင်းရုံကို လာခဲ့ဗျာ၊ ထမင်းလည်းကျွေးမယ်၊ ပိုက်ဆံလေး ဘာလေးလဲ ဆုချမှာပေါ့”
ကိုခေါက်ချိုး ဘယ်လိုမှ မျှော်လင့်မထားတဲ့ကိစ္စ။ သည်ငိုချင်းက ဒီလောက် တာသွားလိမ့်မယ်လည်း ထင်ထားတာမဟုတ်ဘူး။ ရှပ်နေတဲ့ဗိုက်က ဖားဖိုလို ဟောဟဲလိုက်ရင်းက …
“လာသပေါ့ဗျာ၊ ဇာတ်ထုပ် ဇာတ်ကွက်ကလေးနဲ့ပေါ့၊ ကျုပ်ကတော့ လာထဲကပဲ”
တကယ်လည်း အဲသည်ညက ကိုခေါက်ချိုး ဆွမ်းလောင်းရုံမှာ တစ်ညလုံးပဲ။ တစ်ညလုံး ဆွမ်းချက်တဲ့လူတွေကို ငိုချင်းတွေချပြလိုက်၊ ဇာတ်ထုပ်တွေ ခင်းပြလိုက်နဲ့ လူတွေကလည်း ပွဲတောင်းတာ ခဏခဏ။ တော်ကြာရင် သဒ္ဒယုဝတီ၊ တော်ကြာရင် သဒ္ဒယုဝတီ။
“ဒီဇာတ်ထုပ်က စိန်ခိုကြီးနဲ့ မယ်အောင်ဗလတို့ သွင်းခဲ့တာ၊ စိန်ခိုကြီးက ကိုရာဇ လုပ်လို့ အောင်ဗလက သဒ္ဒယုဝတီလုပ်တယ်၊ တစ်ခါတုန်းက နိဂါမရွာမှာ ကိုနိလနဲ့ သဒ္ဒယုဝတီ မောင်နှမနှစ်ယောက်ရှိတယ်၊ ထင်းခုတ်စားကြရတော့ အင်မတန် ဆင်းရဲတာကိုး၊ ချစ်လည်း အင်မတန် ချစ်ကြတာ၊ တစ်နေ့ ဘုရင်မင်းမြတ်က သမင်ဖမ်းထွက်ရင်း တောကျွံတော့ သည်မောင်နှမက ကယ်တင်ထား၊ သဒ္ဒယုဝတီနဲ့ ကိုရာဇနဲ့ မေတ္တာရှိကြလို့ သဒ္ဒယုဝတီမှာ ကိုယ်ဝန်ရလာတော့ ကိုရာဇက နေပြည်တော်ပြန်ရော။ နဝရတ်လက်စွပ်ကလေး ပေးတဲ့ပြီး သားယောက်ျားလေးမွေးရင် တိုင်းတော်ရွှေပြည် လိုက်သာလာခဲ့ သဒ္ဒယုဝတီရယ်၊ မောင်ကြီးတော့ ပြန်ရတော့မယ်ပေါ့၊ သားယောက်ျားလေးလည်း မွေးရော နေပြည်တော်လိုက်သွား၊ ဘုရင်က နဝရတ်လက်စွပ် ပြတာတောင် သူ့သားနဲ့ သူ့မယား မဟုတ်ပါဘူး ငြင်းသတဲ့၊ ကိုင်း … ကောင်းသေးရဲ့လား၊ ဘုရင်က ဗြောင်ကွယ်တော့ သဒ္ဒယုဝတီက ငိုတယ်”
‘တောသမကိုလှလေ၊ သဘောမကျရင် ဟိုအခွင့်ရယ်က ကိုယ်ရင့်မှာ သမ္ဘာမနုံရအောင် ရာဇဂုဏ်မောက်၍ ငြင်းလိုက်ရင်တော်၊ အမယ်မင်း … နှစ်ယောက်ချင်းမျှဖို့၊ အမယ်လေး … စောက်ကမြင်းထဖို့ တော်ယူတာလား … ’
ဆွမ်းလောင်းရုံ အောင်လင်းဓာတ်မီး ထိန်ထိန်ကြီးအောက်က အင်္ကျီမပါ ဘာမပါနဲ့ ကိုခေါက်ချိုး မျက်ရည်တစိုစိုနဲ့ ငိုချင်းချတော့ လူတွေက သဘောတွေ့လို့။
“သဒ္ဒယုဝတီက အမျိုးမျိုး တောင်းပန်ပေမယ့် ဘုရင်က လက်မခံဘူး၊ ဒီတော့ သဒ္ဒယုဝတီက သစ္စများပြုတယ်”
“ ‘မခြားမလတ် တရားထပ်တဲ့သူမို့ သိကြားနတ်ဒေဝါ၊ ကျွန်မတို့ အမှုမှန်အောင်ပြုလို့ ကြည့်ရှုပါ၊ ယခု မျက်မှောက်သားကို မြှောက်လို့ အောက်ကအမှန် ဓားဦးကိုခံပါ့မယ်’ ဘုရင့်မယား ဘုရင့်သား မဟုတ်သော်ငြား ဘာဖြင့် ဓားဦးထိပ်တွင် အသက်သေ၍ ဝိညာဉ်ဆုံးစေ မွမွကြဲလို့ခဲပါစေ၊ သားမယားမှန်လျှင် မညစ်မနွမ်း ပွင့်စပန်းကဲ့သို့ လန်းလန်းရွှင်ရွှင် ထက်ကောင်းကင်တွင် ရွှေစင်အလား အမြဲညီညွတ်၍ တည်စေသား”
ဆိုတော့ နတ်က ဘုရင် မတရားမှန်းသိတော့ မနေနိုင်ဘူး။ ဒီကိစ္စ ငါဝင်မှဖြစ်မယ်လို့ တွက်တယ်။ သမ္မာဒေဝနတ်သား ငါကား ဖြစ်တော့သည်ဆိုပြီး ဝင်ရော၊ ဘာတဲ့ နေပါဦး၊ မေ့တေ့တေ့တောင် ဖြစ်နေပြီ၊ နေပါဦး … ပါးစပ်ဖျားကလေးတင်ပါ၊ သြော် … ဟုတ်ပြီ။
‘ယုဝတီ သူတော်ကောင်း မှန်ပါလျက်နဲ့ ပြည့်ရှင်မင်း တရားပျက်တော့တယ်၊ သို့သော်လည်းပဲ ဗိုလ်ခြေများ မြင်ရအောင် ကလေးသူငယ် မြှောက်ကာ ငါ့လက်ဝယ်ဖမ်းပြီးတော့ လှမ်းတဲ့ကာ ကိုင်လိုက်မယ်၊ ပန်းဆိုင်းဆွဲသကဲ့သို့ တကတည်း မြင်ရော့လဟယ်’
ဆိုတော့ သဒ္ဒယုဝတီက ။။။
“ရှင်ဘုရင် တရားပျက်တဲ့သူကြောင့် သားဘယက်ရတနာအသွင် တစ်ခါပင် ဒီမယ်မြှောက်ပါတော့မယ်၊ အောက်အထက် ပြည်ရွာတုန်တဲ့အပြင် ဒေဝါအကုန်အများရံလို့မို့ ကိုင်း … တရားအမှန် ဖြစ်ရော့လဟယ်”
သဒ္ဒယုဝတီဇာတ်ကို ခဏခဏ ပွဲတောင်းတာလည်း မပြောနဲ့။ သည်ဇာတ်ထုပ်တွေက ဟောင်းလှပြီဆိုတော့ ငွေညွန့်စိန် ဓာတ်စက်က တစ်ခါတစ်ခါဖွင့်မှ ကြားရတာမဟုတ်လား။ လူတွေက ကြိုက်တယ်။ အဲသည်ညက စလိုက်တာပါပဲ။ ကိုခေါက်ချိုးရဲ့ ပရိယေသနဟာ ငိုချင်းချတာ ဖြစ်သွားတယ်။ ဟိုကလည်း ငိုချင်းလာချပါဦး၊ ဒီကလည်း ငိုချင်းလာချပါဦးနဲ့။ လူပျိုကာလသားတွေကလည်း ဖိတ်တယ်။ သာမှု နာမှုကိစ္စတွေကလည်း ကိုခေါက်ချိုးပဲ။ ဟိုရွာ ဒီရွာကလည်း ကိုခေါက်ချိုးပဲ။ နောက်နေ့တွေတော့ ဈေးဝက ကိုစိန့် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရုံပဲ။ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ လာချိန်သွားတာပဲ။
ရလည်းရတယ်။ ထမင်းလည်း စားရတယ်။ ပိုက်ဆံလည်းရတယ်။ ရွာမှာက ဘာဇာတ်မှ လာတာမဟုတ်ဘူး မဟုတ်လား။ ကိုခေါက်ချိုးက ရွှေမန်းပဲ။ စိန်ခိုပဲ။ ရေကင်းသူ မရွှေပွင့် ဇာတ်ခင်းရင် စိန်အောင်မင်းပဲ။ ဟိုတုန်းက ဇာတ်မင်းသားကို ကနစိုခေါ်ကြတော့ ကိုခေါက်ချိုးက သည်ရွာမှာတော့ ‘ကနစိုခေါက်ချိုး’ ပဲ။
* * *
(၃)
နှစ်တော်တော် ကြာကတည်းက ပွဲလမ်းသဘင်ဆိုလို့ ယောင်လို့တောင် မရှိခဲ့ဘူးတဲ့ ခံကုန်းမှာ သည်နှစ် ရွာဘုရားပွဲ လုပ်ဖြစ်တယ်ဆိုတော့ တစ်ရွာလုံးက ကျွက်စီကျွက်စီနဲ့။ အပျော်ဆုံးကတော့ တွက်သာကြည့် ကိုခေါက်ချိုးပဲ။ လာကမယ့်ဇာတ်က ဗလာဇာတ်ဆိုပေမယ့် ခံကုန်းရွာအဖို့တော့ မန္တလေးသိန်းဇော်ဆိုလည်း ဟုတ်ရဲ့၊ မိုးဝင်းတို့ နန်းဝင်းတို့ဆိုရင်လည်း ဟုတ်ရဲ့။ ပွဲဝင်တဲ့ညကများ ကိုခေါက်ချိုးသွားနေကျ ကိုစိန့်ဆိုင်ကိုတောင် မသွားဘူး။ မသောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ကိုခေါက်ချိုး အဲသည်ညနေက ကိုဘလှ ချက်အရက်ဆိုင်မှာ တစ်ချိန်လုံး။ နဂိုကမှ ပျော်နေတဲ့အခံကလည်းရှိ၊ အူကလည်း ရိုင်းရိုင်းဆိုတော့ သူ့ကိုယ်သူတောင် သိပ်ထိန်းနိုင်တဲ့ပုံ မပေါ်ဘူး။ ဇာတ်ခုံကို သုံးလေးပတ် ပတ်၊ ပွဲခင်း သုံးလေးပတ် ပတ်၊ ဆိုင်းဝိုင်းနား ရစ်သီရစ်သီလုပ်ပြီးမှ ဇာတ်စင်ထောင့်မှာ အကျအနထိုင်တယ်။
ပွဲထွက်ကိုမျှော်တယ်။ လာလိုက်ကြတဲ့ လူဆိုတာလည်း နည်းမှတ်လို့။ လှည်းတွေဆိုတာလည်း ပွစာကိုကြဲလို့။ ပွဲကလည်း ကပါတယ်။ တောဇာတ်ဆိုတော့လည်း သူ့ရှိသလောက်ပေါ့။ ပြဇာတ်ပြီးတော့ နာရီပြန်တစ်ချက် ထိုးတော့မယ်။ ပြဇာတ်ကို စိတ်ပျက်ပျက်နဲ့ ထိုင်ကြည့်ရင်းက အားလပ်ချိန်ပေးတော့ နောက်ပိုင်းဇာတ်ထုပ်ကလေး မထွက်ခင် ပွဲဈေးတန်းက ဆိုင်ကလေးမှာ နှစ်ခွက်လောက် ပြေးချလိုက်သေးတယ်။
ပွဲဦးကြေညာတုန်းကတော့ နောက်ပိုင်းဇာတ်က မောရဂီဝါဆိုတာကိုး။ ကောင်းချက်ပေါ့ကွာ။ တဝကြီး ကြည့်လိုက်မဟဲ့ပေါ့။ အားလပ်ချိန်ပြီးလို့ ပြန်ကရင် ဝန်ထွက်ပြည်တည်ရမှာ မဟုတ်လား။ တကယ်ကျတော့ ဇာတ်စင်ရှေ့ လူတစ်ယောက်ပဲ ထွက်လာတယ်။ ပွဲမန်နေဂျာနဲ့ တူပါတယ်။ ဒီညနောက်ပိုင်း ဇာတ်ကြီးဖြစ်တဲ့ မောရဂီဝါ မကနိုင်သေးတဲ့အကြောင်း၊ ဇာတ်မင်းသားက ရေပြောင်းရေလွဲရော၊ ခရီးပန်းလာတာရော၊ နေပူမိတာရောကြောင့် အပြင်းဖျားနေလို့ မနက်ဖြန်ညမှပဲ နောက်ပိုင်းဇာတ်ကြည့်ကြဖို့ တောင်းပန်ကြောင်း၊ ကနေ့ည ဒုတိယပိုင်းမှာတော့ မောရဂီဝါအစား ‘သူစိမ်းဆန်သော နွေပင်လယ်’ ပြဇာတ်ကို တင်ဆက်ပေးမှာဖြစ်ကြောင်း ဘာညာပေါ့လေ။ ကိုခေါက်ချိုး စိတ်ဓာတ် တော်တော်ကျသွားတယ်။ ရွာစွန် ညောင်ကြပ်ပင်အောက်က သူ့တဲလေးထဲ ပြန်နေတာပဲ ကောင်းပါလိမ့်မယ်ဆိုပြီး ထွက်လမ်းရှာတယ်။ အဲသည်တုန်းမှာပဲ ပေအိုးတွေ တဖုန်းဖုန်းနဲ့ ပြဇာတ်က ထွက်နေပြီ။
ဇာတ်လိုက် ပြဇာတ်မင်းသားက နှုတ်ခမ်းမွေးကြီးနဲ့၊ ဘောင်းဘီခါးကြပ်နဲ့၊ ဦးထုပ်နဲ့ တဟားဟားရယ်လိုက်၊ စကားတွေပြောလိုက် လုပ်နေတုန်း ကိုခေါက်ချိုးကလည်း ရပ်ရင်းက လမ်းရှာတယ်။ လူတွေကတော့ ငြိမ်လို့။ ပွဲခင်းတစ်ခင်းလုံးကလည်း တိတ်ဆိတ်လို့။ ပြဇာတ်မကြည့်ဘဲ ပြန်မယ့်အတူတူ ကိုခေါက်ချိုးရင်ထဲ မခံချင်တဲ့ အခံကလေးကလည်း ရှိနေတော့ ဘာရယ်မဟုတ်ဘူး၊ ထအော်တယ်။
“မဒွန်းရေ … ဟေ … မဒွန်း၊ ပြန်မယ်ဟေ့၊ မဒွန်းရေ … ဟေ … မဒွန်း”
တကယ်က ဘယ်မဒွန်းမှလည်း မရှိပါဘူး။ ပြဇာတ်မင်းသား အမြင်ကပ်လို့ ထအော်တာ။ ကိုခေါက်ချိုး ထအော်တော့ ပွဲခင်းရော၊ ပြဇာတ်မင်းသားရော ပထမတော့ ကြောင်သွားတယ်။ ခဏလေးလည်း ပွဲရပ်သွားတယ်။
“မဒွန်းရေ … ဟေ့ မဒွန်း၊ မဒွန်းရေ … ”
ပြဇာတ်မင်းသားက သူအော်တုန်း စောင့်နေတယ်။ ဆက်ကတယ်။ ဆက်ကတော့ ကိုခေါက်ချိုး ထပ်အော်တယ်။ ကြာတော့ ရိပ်မိတယ်နဲ့တူတယ်။ ဇာတ်စင်ပေါ်ကနေ ပြဇာတ်မင်းသားက ကြိမ်းတယ်။
“ဒီမယ် ဘကြီး၊ ပြန်မယ်ဆိုရင်လည်း ပြန်ဗျာ၊ ဒီမှာ အလုပ်လုပ်နေတာ၊ ခင်ဗျား သက်သက်လုပ်နေတာ ကျုပ်သိတယ်”
“ဟေ့ … ငါ့မိန်းမ ငါခေါ်တာပဲကွ”
“ခေါ်ပြီးရင်လည်း ပြန်ဗျာ မြန်မြန်”
“ပြန်မှာပါဗျာ စိတ်သာချ၊ မဒွန်းရေ … ဟေ … မဒွန်း”
သည်တစ်ခါတော့ ပြဇာတ်မင်းသားက ပွဲကြပ်တွေကို စင်ပေါ်က လှမ်းတိုင်တယ်။ ပွဲကြပ်တွေက ကိုခေါက်ချိုးကို လာခေါ်ပြီး သူကြီးကိုအပ်တယ်။ သူကြီးကလည်း အိမ်မှာ ဧည့်သည်တွေ ဧည့်ခံနေတုန်းဆိုတော့ ဘာမှတောင် သိပ်မပြောပါဘူး။ ထိပ်တုံးခတ်ထားလိုက်ကွာတဲ့။
“အောင်မယ် … ဘယ်သူများလဲလို့ ခေါက်ချိုး၊ မသောက်စဖူး အရက်ကလေးနဲ့ပါလား၊ ပွဲဖျက်ချင်တဲ့ကောင် တစ်ညတော့ နေလိုက်ဦးကွာ”
အဲသည်ညက ကိုခေါက်ချိုး သူကြီးအိမ်ရှေ့ကွက်လပ်က သစ်သားထိပ်တုံးအပေါက်ထဲ ခြေထောက်တွေ စွပ်ထားရတာ တစ်ညလုံးပဲ။ ပွဲခင်းဆီက ပြဇာတ်မင်းသား အသံရော၊ ဆိုင်းသံရော ကြားနေရတော့ သူ ရွစိရွစိ ဖြစ်လာတယ်နဲ့ တူပါရဲ့။ မနက် ဝေလီဝေလင်းကြီး ရောက်တော့ ထအော်တယ်။ သဒ္ဒယုဝတီထဲက တစ်ပိုဒ်ပါ။
‘ရှင်ဘုရင် တရားပျက်တဲ့သူကြောင့်၊ သားဘယက်ရတနာအသွင် တစ်ခါပင် ဒီမယ်မြှောက်ပါတော့မယ်၊ အောက်အထက် ပြည်ရွာကုန်တဲ့အပြင် ဒေဝါအကုန်အများရံလို့’
ကံဆိုးချင်တော့ ဒီတစ်ညတော့ နေလိုက်ဦးကွာလို့ ပြောခဲ့တဲ့ သူကြီးက နောက်တစ်နေ့ညလည်း လွှတ်မပေးဘူး။ ကိုခေါက်ချိုးကတော့ ထိပ်တုံးကြီးကို လာဖြုတ်နိုး ဖြုတ်နိုးပေါ့။
သူကြီးက လာမဖြုတ်ပေးပါဘူး။ အပြစ်က သူ့ကို သီချင်းစောင်းဆိုလို့ဆိုလား။ ပိုဆိုးတာက ကိုခေါက်ချိုး နှစ်ရက်လုံး ပွဲမကြည့်လိုက်ရတာဘဲ။ အဆိုးဆုံးက သူတို့ရွာကို နောက် ဘယ်နှစ်နှစ်ကြာမှ ဇာတ်ပွဲ ရောက်လာမလဲဆိုတာ မသိနိုင်တာဘဲ။
(ရင်ခုန်ပွင့်၊ ၁၉၉၁ ခု၊ ဇူလိုင်လ၊ အမှတ်-၅၇)
* * * * *
ဘူး
(၁)
နေ့လယ်နေ့ခင်း ‘ဟောဒီက မုန့်လက်ဆောင်း’ ဆိုတဲ့ အသံစူးစူး အနောက်ပိုင်းက အော်သံကြားတာနဲ့ အရီး မမည်းကျုတ် တလှုပ်လှုပ်နဲ့ ရောက်လာတတ်ပြီး ခုံတန်းရှည်လေးပေါ် ထိုင်မိတာနဲ့ ခေါင်းက တဘက်ဆွဲချပြီး ဟောဟဲလိုက်နေလိုက်တာ အကြာကြီး။ သူ ရောက်လာတာနဲ့ မုန့်လက်ဆောင်းသည် မမြစိန် အိမ်ဝိုင်းရှေ့ ရောက်လာတာနဲ့က အနေတော် ဖြစ်နေတတ်တယ်။ များသောအားဖြင့်က နေ့ခင်းကြီး နှစ်ချက်ထိုးလောက်ဆိုရင် မုန့်လက်ဆောင်းသည် ရောက်လာတတ်တယ်။ အိမ်ရှေ့တာလမ်းပေါ်က ‘သောက်ကြဦးမလား မခင်လှတို့၊ မမြခင်တို့’ လို့ မုန့်လက်ဆောင်းသည်က သံရှည်ကြီးနဲ့ လှမ်းမေးရင်ပဲ အမေက ‘လာဦးဟေ့’ လို့ ခေါ်ရရော။ တကယ်တော့ အမေက သူသောက်ချင်လို့ မဟုတ်ဘူး။ သူ့ဟာသူ ဘယ်တုန်းကမှ ခေါ်ဖူးတာမဟုတ်ဘူး။
ကျွန်တော်တို့ ကလေးတွေကို တိုက်ချင်လှလို့လည်း မဟုတ်ဘူး။ အရီး မမည်းကျုတ်ကြီးကို တိုက်ချင်လို့။ ကျွန်တော်တို့ကတော့ ဘယ်သူ့တိုက်ချင်တာပဲဖြစ်ြုဖစ်လေ သောက်ရတော့မှာ သေချာနေတာကိုး။ အရီး မမည်းကျုတ်ကိုပဲ မျှော်တယ်။ တစ်ခါတလေ နေ့ခင်း အိပ်ပျော်သွားလို့ဖြစ်စေ၊ နေမကောင်းလို့ဖြစ်စေ အရီး မမည်းကျုတ်ကြိး မလာဖြစ်ရင် မုန့်လက်ဆောင်းသည်က ဘယ်လောက်အော်နေနေ၊ ခေါ်နေနေ အမေက အရေးတောင်မလုပ်ဘူး။ ဒီတော့ ကျွန်တော်တို့ကလည်း ဒီအဘွားကြီးလာပါစေလို့ မုန့်လက်ဆောင်းသည် အသံကြားတာနဲ့ မျှော်လည်းမျှော်၊ ဆုလည်းတောင်းပေါ့။ ပထမတော့ မုန့်လက်ဆောင်းသည်လာတိုင်း အရီး မမည်းကျုတ်ကြီးကို ခေါ်ခေါ်တိုက်နေတာ ခင်လို့မင်လို့ အောက်မေ့တာ။ သက်ကြီးဝါကြီးမို့လို့ ထင်တာ။ နောက်တော့ ဘယ်ကဟုတ်ရမှာလဲ။ အရီး မမည်းကျုတ်ကို ကြောက်လို့တဲ့။ ဘူးသွင်းလိုက်မှာ စိုးလို့တဲ့။ ပြုစားလိုက်မှာ စိုးလို့တဲ့။ အရီး မမည်းကျုတ်ကြီးက စုန်းမကြီးတဲ့။
ဒါတောင် ဒီစကားကို အမေက ပြောရဲတာမဟုတ်ဘူး။ ဒေါ်လေးယောက်ျား ဦးလေးခင်က အရက်ကလေး တထွေထွေနဲ့ ပြောလို့ သိရတာ။
“မင်းအမေနဲ့ မင်းဒေါ်လေးက ဒီစုန်းမကြီးကို ကြောက်နေရတာကွ၊ နေ့တိုင်း မုန့်လက်ဆောင်း ခေါ်တိုက်ရတာနဲ့၊ ထမင်းဟင်းပေးရတာနဲ့၊ လက်ဖက်ဝယ်ပေးရတာနဲ့၊ ပဲလေး နှမ်းလေး ပေးရတာနဲ့” တဲ့။
ကျွန်တော်က ညဘက် အမေ့ကိုမေးတော့ အမေက အမေးတောင် မခံဘူး။ မျက်လုံး မျက်ဆန်တွေပြူးလို့၊ မျက်စိမျက်နှာတွေ ပျက်လို့။ “ဟဲ့ … ရွှေစကား ရွှေနားနဲ့ကြားပါစေ၊ ငွေစကား ငွေနားနဲ့ ကြားပါစေ၊ ဖွဟဲ့ တောစကားတောပျောက်” တဲ့။
အဲဒါက ဘာပြောမှန်းလည်း မသိဘူး။ ဝန်ခံတာလည်း မဟုတ်ဘူး။ ငြင်းတာလည်း မဟုတ်ဘူး။ ဟုတ်သလိုလို မဟုတ်သလိုလိုနဲ့။ မုန့်လက်ဆောင်း ဝယ်တိုက်ရတယ် ဆိုတာကလည်း တကယ်တော့ ဘာမှ ကုန်လှတာတော့လည်း မဟုတ်ပါဘူး။ အဲဒီခေတ်က ထန်းလျက်ဖျော်ရည် အုန်းသီးခြစ် နိုင်းချင်းနဲ့မှ တစ်ခွက် ပြားနှစ်ဆယ်ရယ်။ သောက်ပါလေ့၊ မုန့်လက်ဆောင်းသည်ကလည်း ဒီမိန်းမကြီးကို ကြောက်တယ်နဲ့တူပါရဲ့။ ဒီဝိုင်းထဲ ဝင်လာတာနဲ့ ဟော … အမေ မည်းကျုတ်နဲ့တော့ ဆုံပါ့တော်၊ ဟန်ကျလိုက်တာ၊ အမေ သောက်ဦးနော်ဆိုတာ ထပ်နေတာပဲ။ မျက်နှာကလည်း ချိုထားလိုက်တာ သူ့အိုးထဲက ထန်းလျက်ရည်ကတောင် မေတ္တာပို့ရတဲ့အထိ။ ဒါပေမယ့် သူ့အိုးတွေကိုတော့ အထိမခံဘူး။ ခပ်ဝေးဝေးမှာ ထားတယ်။ ထည့်တယ်။ ပြင်ပြီးသားခွက်ထဲ ဇွန်းစိမ်းလေးတပ်ပြီး တရိုတသေ လာပေးတယ်။ အားလုံးသောက်ပြီးကြလို့ အမေက ပိုက်ဆံထုတ်ပေးရင် ‘အမေ မမည်းကျုတ်အတွက် ထည့်မပေးနဲ့၊ ဒါက ဒါနလုပ်တာ’ လို့ အမြဲပြောတတ်တယ်။ အမေကလည်း အလျော့မပေးဘူး။ ‘ကျုပ်ကလည်း ဒါနပါအေ’ တဲ့။ ပြားနှစ်ဆယ်တန် မုန့်လက်ဆောင်းကို ဒါနချင်း ပြိုင်နေကြသေးတာ။ အမေကတော့ အတင်းပေးတာပါပဲ။ အမေက အရီး မမည်းကျုတ်က သူလာရင် လက်ဖက်အစ်တစ်လုံး အမြဲပါလာတတ်တယ်။ တစ်ခါတလေ လက်ဖက်ပါတယ်။ တစ်ခါတလေ မပါဘူး။ အမြဲပါတာက လက်ဖက်အစ်ပဲ။ အမြဲမပါတာက ဆီပဲ။ စကားလေး တော်တော်ပြောပြီးမှ “လှခင် ဆီလေးဆမ်းပေးစမ်းအေ၊ ညည်းပဲဆီက မွှေးလိုက်တာ၊ ကိုတင်ဆုံက မဟုတ်လား” ဆိုပြီး လက်ဖက်အစ် ထိုးပေးရော။ အမေက အိမ်ကဟင်းသာ ဆီမပါရင်နေရမယ်။ လက်ဖက်အစ်ထဲတော့ ဆီတွေဆိုတာ ဝါဆိုဝါခေါင်ပဲ။ အဲဒီနောက်တော့ လက်ဖက်လေးစားလိုက်၊ စကားတွေ ဖောင်လိုက်နဲ့ လေလုံးရိုက်တော့တာ။ အမေနဲ့ ဒေါ်လေးက ငုတ်တုတ်။ ထမင်းအိုးကတော့ မနက်ကတည်းက ညနေစာပါ ရောချက်ထားလို့ ထားပါတော့။ စိုက်ထားတဲ့ စံပယ်ပင်တွေလည်း ရေမလောင်းဖြစ်ဘူး၊ ခရမ်းပင်တွေလည်း ရေမသောက်ရဘူး။ ညသိပ်ရေလေး ထည့်ထားချင်လို့ ရေချိုတွင်းလည်း မသွားဖြစ်ဘူး။ ညနေမိုးချုပ်လို့ အရီး မမည်းကျုတ် ပြန်တော့မှ လွတ်လပ်ရေး ရတော့တယ်။
* * *
(၂)
အရီး မမည်းကျုတ်ကြီးက တော်တော်လေးလှမ်းတဲ့ လက်ပံပင်ချောင်လို့ ခေါ်တဲ့ တဲစုတွေမှာ နေပါတယ်။ လက်ပံပင်အိုကြီး တစ်ပင်ကလည်းရှိတော့ ဒီနာမည်ပဲ တွင်နေတော့တယ်။ ရွာကတော့ သူ့ကို အမျိုးမျိုး ခေါ်ကြတာပါပဲ။ အရီးကျုတ် တဲ့။ အမေကျုတ် တဲ့။ အမေက မမည်းကျုတ် တဲ့။ ဘွားကျုတ် တဲ့။ ဘွားမည်းကျုတ် တဲ့။ ကျွန်တော်တို့ကတော့ အမေတို့ ခေါ်သလိုပဲ အရီး မမည်းကျုတ်ပဲ ခေါ်တယ်။ တဲစုကလေးတွေထဲမှာ သူ့တဲက အစုတ်ဆုံး။ သက်ကယ်တွေကလည်း ကြယ်မြင် လမြင်။ ထရံတွေက တုတ်ထိုးအိုးပေါက်။ သည်ကြားထဲ တဲက လဲလုလဲခင်ကလေး။ ကပြင်လေးထုတ်ထားတဲ့ အိမ်ရှေ့ ဝါးကြမ်းခင်းပေါ်မှာ ရေအိုးနှစ်လုံးရှိတယ်။ ဒါပဲ။ လှမ်းမြင်ရတာ သည်အိုးနှစ်လုံးပဲ။ လသာတဲ့ ညတွေမှာတော့ ဆေးလိပ်တဖွားဖွား ထိုင်သောက်နေတတ်တဲ့ နေရာကလေးပေါ့။ မနက်ဆိုရင်တော့ ရွာစဉ်ကိုးပေါက် ထွက်တော့တာပဲ။ ကိုရင် ပြန်ချိန်လောက်ဆိုရင် တောင်းရမ်းရလာတဲ့ ဟင်းတစ်ခွက်၊ နှစ်ခွက်နဲ့ တဲကို ပြန်လာရော။ အရီး မမည်းကျုတ်အိမ်က မီးခိုးထွက်စရာ မလိုဘူးလေ။ အဝတ်အစားကလည်း လဲစရာ ပယ်စရာမရှိဘူး။ အမေတို့က ‘တာပလာကိုး’ လို့ ခေါ်တဲ့ ထဘီအနက်ပွင့်ကလေးနဲ့ အညာကြယ်သီးတံအင်္ကျီရှည်ကြီးကို မချွတ်တမ်း ဝတ်တယ်။ ရေချိုးတယ်လို့လည်း မရှိဘူး။ ချိုးတာလည်း မတွေ့ဖူးဘူး။ အရပ်ဆိုတာလည်း မိုးထိုး။ ပိန်လိုက်တာကလည်း အရိုးမှာ အသားပါတယ် ဆိုရုံကလေးတင်ရယ်။ မျက်နှာက အရေးအကြောင်း အတွန့်တွေဆိုတာကလည်း ကျောက်ပေါက်မတွေနဲ့ အပြိုင်ပဲ။ မျက်နှာတစ်ခုလုံး ကျီးခြေရာတွေ ထနေတဲ့ပုံမျိုး။ မျက်ပေါက်ကျဉ်းကျဉ်းနဲ့ မဟာနဖူးကြီးနဲ့ကလည်း ဘယ်လိုမှကို မလိုက်တာ။ မဟာနဖူးကလည်း ကျယ်လိုက်တာများ နဖူးပေါ် သတင်းစာ ကန့်လန့်တင်ထားသလား မှတ်ရတယ်။ ပျော့တွဲနေတဲ့ နားနှစ်ဖက်မှာတော့ ပြောင်းဖူးဖက်ကလေး ကျစ်ကျစ်လိပ်ပြီး ထိုးထားတယ်။ ဖြူခြောက်ခြောက် ဆံပင်ကို ကွမ်းသီးလုံးလောက် ဆံထုံးကလေးထုံးပြီး ခေါင်းထိပ်မှာ တင်ထားတယ်။ ရွာကလူတွေက မနက်စောစော သူရောက်လာမှာပဲ စိုးတယ်။ ဈေးထဲက ဈေးသည်တွေကလည်း လာဘ်ဦးလာဘ်ဖျား ဒီမိန်းမကြီးရောက်လာမှာပဲ ကြောက်တယ်။ လက်ဖက်ရည်ဆိုင်၊ မုန့်ပြားသလက်ဆိုင်၊ အကြော်ဆိုင်လေးတွေကလည်း သူတို့ဆိုင်ကို ကျော်သွားမှပဲ ဟင်းချနိုင်ကြတယ်။
သူကတော့ ဒါတွေမသိဘူး။ ရွာက သူ့ကိုချစ်တယ်ပဲ ထင်နေတာ။ သူ့အဖို့ ဟင်းချက်ဖို့ မလိုဘူး။ ထမင်းလည်း ချက်ဖို့မလိုဘူး။ အကြော်ရယ်လို့၊ လက်ဖက်ရည်လေး တစ်ခွက်ကလေးရယ်လို့ ဝယ်သောက်စရာလည်း မလိုဘူး။ ဝင်သာသွား၊ ပါးစပ်ကသာတောင်း၊ ရဖို့က သေချာနေတော့ သူကတော့ တင်းတင်းပဲ။ အရီး မမည်းကျုတ် စုန်းဟုတ်တာ မဟုတ်တာ ဘေးဖယ်ထားဦး။ သူ့စိတ်အငြိုအငြင် ဘယ်သူကမှလည်း မခံဝံ့ဘူး။
သူ့လက်နဲ့ မုန့်ပဲသရေစာတောင် အကိုင်မခံဝံ့ဘူး။ ကိုယ်ဝန်ဆောင်တွေ ဆိုတာကတော့ လမ်းတွေ့တာနဲ့ရှောင်တယ်။ ဗိုက်ကို ကိုင်လိုက်မှာ စိုးလို့။ ဖြစ်ပြီးပြီ။ တစ်ခါတုန်းက တာလမ်းပေါ်မှာ အရီး မမည်းကျုတ်နဲ့ မီးပုံးပျံကြီးလွယ်ထားတဲ့ မကြည်နဲ့ တွေ့ကြသတဲ့။ မကြည်ကလည်း ထုံးစံအတိုင်း နှုတ်ဆက်တယ်။ အရီး မမည်းကျုတ်ကလည်း နှုတ်ဆက်တယ်။ ဒါပေမယ့် အရီး မမည်းကျုတ်က မကြည်ဗိုက်ကို ကိုင်ကြည့်ပြီး ‘ညည်းစာ အမြွှာပူးလေးနဲ့ တူတယ်အေ၊ ဗိုက်က လွင့်နေလိုက်တာ ပျံလို့’ လို့လည်း ပြောသတဲ့။ မကြည်က သူ့ဗိုက်ကို အရီး မမည်းကျုတ် ကိုင်လိုက်ကတည်းက မိုးကြိုးပစ်လိုက်သလို အောက်မေ့သွားတယ်နဲ့ တူပါရဲ့။
အိမ်ပြန်ရောက်ကတည်းက အောင့်လိုက်တာ လူးလှိမ့်နေတာပဲတဲ့။ ချွေးသီးတွေဆိုတာ ဆီးဖြူသီးလုံးလောက်တောင် ရှိသတဲ့။ အင်္ဂလိပ်ဆရာ၊ ဗမာဆရာ တော်တော်စုံမှပျောက်တယ်။ နောက်ပိုင်းသတင်းတွေ ထွက်လာတော့ ဈေးထဲမှာ အရီး မမည်းကျုတ်က ပိုက်ဆံချေးတာ မကြည်က ‘မရှိပါဘူး အရီးရယ်’ လို့ ပြောဖူးသတဲ့။ လုပ်တုန်းက အသေလုပ်လိုက်တာတဲ့။ ကံတော်တော်ကြီးလို့တဲ့။ အဲဒီညနေဘက် ပိုက်ဆံသွားပေးလိုက်တော့မှ သက်သာသွားတယ်တဲ့။
တစ်ခါကလည်း မစောလှ ခံရတာတဲ့။ မစောလှက ဈေးထဲမှာ ကုန်ခြောက်ရောင်းတယ်။ အရီး မမည်းကျုတ်နဲ့လည်း ဆွေရိပ်မျိုးရိပ် မကင်းဘူး။ တစ်နေ့တော့ ဟင်းချင်းလဲစားကြသတဲ့။ မစောလှ ဘဲဥချဉ်ရည်ဟင်းလေးပေးတော့ အရီး မမည်းကျုတ်ကလည်း သူရလာတဲ့ ဟင်းတွေထဲက ဟင်းတစ်ခွက် လာပို့ရော။ ဆွေမျိုးဟင်းလို့ အညာမှာခေါ်ကြတဲ့ ဟင်းလေးချက် တစ်ပန်းကန်ပါ။ ဟင်းလေးချက် စားပြီးတဲ့ညပဲ မစောလှ အထက်လှန်အောက်လျှော ဖြစ်လိုက်တာ မနက်လင်းတော့ ယဲ့ယဲ့ပဲ ကျန်တယ်။ နီးနီနားနား ဆေးရုံကလည်း မရှိတော့ ဗမာနည်းပေါ့။ ဝမ်းသွားလိုက်၊ အန်လိုက်နဲ့ ပစ်လိုက်ရပြီ တွက်ကြတယ်။ ဒါနဲ့ ကုက္ကိုကျင်းက ဆရာသွားပင့်တော့ ဆရာက တံစက်မြိတ်နင်းတာနဲ့ ‘လူနာသိပ်ကံကောင်းတယ်၊ ကျုပ်ရောက်လာလို့တဲ့၊ အသေလုပ်ထားတာတဲ့၊ ဘူးတဲ့၊ ဘူးမှ ဆံပင်သည်ဘူးတဲ့၊ လုပ်တာက ခင်ဗျားတို့ ဆွေမျိုးထဲကပဲတဲ့၊ အိမ်ပေါ်တက်လာတဲ့ မိန်းမက လုပ်တာတဲ့။ နာမည်တော့ မပြောတော့ဘူး’ ဆိုတော့ လူတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်တယ်။ သေချာပြီပေါ့။ အရီး မမည်းကျုတ်ပေါ့။ ဆရာကလည်း ‘မစောလှ အန်တုန်းက ထွက်လာတာတဲ့၊ ဆံပင်ထွေးမှ နည်းတာမဟုတ်ဘူးတဲ့’ ဆိုပြီး လာတဲ့လူ ပြတော့တာ။
အဲဒီ ကုက္ကိုကျင်းကဆရာလည်း နာမည်ကြီးသွားလိုက်တာ ထစ်ခနဲဆို ကုက္ကိုကျင်းကို လှည်းတပ်ပြီး ပြေးကြရော။
ဟုတ်သလား မဟုတ်သလားတော့ မသိဘူးလေ။ အရီး မမည်းကျုတ်က စုန်းတောင်မဟုတ်ပြန်ဘူးတဲ့။ ကဝေဖြစ်သွားပြီတဲ့။ ပထမဆုံး မိုးရွာတဲ့ မိုးရေကို အင်တုံကလေးနဲ့ ရေခံပြီး သက်ကယ်ခြောက်လေး ငါးချောင်း ချိုးထည့်ပြီး ပစ်ထည့်လိုက်ရင် ပုစွန်ဆိတ်တွေဆိုတာ တလန်းလန်းနဲ့ ကူးနေလိုက်တာများ မြင်တဲ့လူက မြင်သတဲ့။
ပြီးတော့ အရီး မမည်းကျုတ်တို့ အိမ်နားက လက်ပံပင်အိုကြီးကလည်း ရာဇဝင်နဲ့၊ အဲဒီအပင်အပေါ်မှာ ငှက်တွေဆိုတာ မပြတ်ဘူး။ ငှက်မျိုးစုံပဲ။ ညဘက်ဆိုရင် တဂီးဂီး တဂဲဂဲ အော်လိုက်ကြတာ ဆူညံနေတတ်တယ်။ တချို့ကလည်း လင်ကောင်ပိုးတွေတဲ့။ တချို့က ဒီးဒုတ်တွေတဲ့။ တချို့ကလည်း လင်းတတွေတဲ့။ တချို့ကလည်း ပြောတာပဲ။ အရီး မမည်းကျုတ်ကြီး ကိုယ်တိုင်တောင် တစ်ခါတစ်ခါ လင်းတတစ်ကောင်လို ဘဝပြောင်းလိုက်ပြီး လက်ပံကိုင်းပေါ်မှာ ထိုင်နေတတ်သတဲ့။
ဒါကြောင့် ညဘက် ဘယ်တော့မှ မီးမထွန်းတဲ့ အရီး မမည်းကျုတ်တို့ တဲတွေနား ဘယ်သူမှ မသွားရဲဘူး။ အရီး မမည်းကျုတ်ကြီးကလည်း လူကြီးသူမရယ်လို့ ဘယ်တော့မှ အမျှလေးဝေလို့၊ မေတ္တာလေးပို့လို့ ကြေးစည်လေးရိုက်လို့ မရှိဘူး မဟုတ်လား။
တစ်ညတော့ ဒေါ်လေးက အမေ့ကို တိုးတိုးလေး ပြောနေတာ။ ကလေးတွေ အိပ်ပြီထင်ပြီး ပြောနေတာ။ ဒါပေမယ့် ကျွန်တော်တို့က ကြားနေရတယ်။ အဲဒီမနက်က ဈေးထဲမှာ ဖြစ်သွားတာတဲ့။ ဒေါ်လေးက ခါတိုင်းလိုပဲ ဈေးဗန်းကလေးခင်းပြီး ဈေးရောင်းနေတုန်း စလေဘက်က မျက်လှည့်ဝိုင်းတစ်ဝိုင်း မျက်လှည့်လာပြတယ်တဲ့။ ဈေးထိပ်မှာ ပြနေတာဆိုတော့ လူတွေဆိုတာ မနည်းဘူးတဲ့။ မျက်လှည့်က ပြသာပြတာ ဆရာလုပ်တဲ့လူက ပါမလာသေးဘူးတဲ့။ တပည့်တွေက စည်းဝိုင်းလေးဝိုင်းပြီး တုံချမ်တုံချမ်နဲ့ ပြနှင့်တာဆိုကိုး။ ရှမ်းဝတ်စုံတွေဝတ်လို့ ရှမ်းစကားသံဝဲဝဲနဲ့လည်း ပြောကြသတဲ့။ ပခြုပ်ထဲက မြွေတွေထုတ်တော့ မြွေပေးတဲ့။ လေးကောင်တောင်မှတဲ့။ တစ်ကောင်တစ်ကောင် အဝတ်ဖွပ်တဲ့တုတ်လောက် ရှိသတဲ့။
မြွေဆေးရောင်းဖို့ မြွေကိုက်ခံရတဲ့ ပြကွက်လည်းရောက်ရော သာဂရက ကိုလှမောင်ကို ဝိုင်းထဲသွင်းပြီး စမ်းကြရောတဲ့။ ကိုလှမောင်ကလည်း မကြောက်မရွံ့ဘဲ ဝင်သွားလို့ မကြာပါဘူး။ မြွေပေးကိုက်လိုက်တာ တန်းလန်းကြီး၊ သွေးတွေမှ မြင်မကောင်းဘူးတဲ့။ ခဏနေတော့ မူးတယ် မူးတယ်နဲ့ မကွေးဆေးရုံပို့မယ်လို့ မြင်းလှည်းစီစဉ်တုန်း သေတာပဲတဲ့။ အဲဒီတုန်းက အရီး မမည်းကျုတ်က ဈေးထောင့်က တမာပင်ရိပ်မှာ မောလို့ဆိုလား ထိုင်နေတုန်းတဲ့။ ခဏနေတော့ သူစီးလာတဲ့ ခုံဖိနပ်မြီးတိုကို ချွတ်တဲ့ပြီး ဖင်တစ်ပြန် ခေါင်းတစ်ပြန် စွပ်နေတာ တွေ့တဲ့လူက တွေ့သတဲ့။ ပါးစပ်ကလည်း ‘တို့ရွာကို လာစမ်းလို့ ရရိုးလား’ လို့ ပြောတာကို ကြားတဲ့လူက ကြားသတဲ့။
ဒေါ်လေးက ပြောသာပြောနေတာ အသံတွေကတုန်လို့။ ‘အစ်မ ငါပြောတာ အရီး မမည်းကျုတ်ကြီး သိနေမလား မသိဘူးနော်၊ ဖွတဲ့’ ဆိုတော့ အမေက ထုံးစံအတိုင်း ပါးစပ်ကလေး တလှုပ်လှုပ်နဲ့။ ခဏနေတော့ အမေကလည်း ပြောတယ် ‘ညည်းဝမ်းထဲပဲ ထားပါအေ၊ ကြောက်စရာကြီးပါ’ ဆိုပြီး တိုးတိုးလေး ပြောပြန်ရော၊ ကြားရသလောက်က တစ်ည တရားပွဲက ညဥ့်နက်မှပြန်လာတုန်း အရီး မမည်းကျုတ်တို့ အိမ်ရှေ့က ကပြင်ကို လှမ်းကြည့်တော့ လရောင်ထဲမှာ အရီး မမည်းကျုတ်က အင်္ကျီချွတ်ကြီးနဲ့ ရင်လျားထားလို့တဲ့။ တံတောင်ဆစ်နှစ်ဖက်ကို လင်းတများ အတောင်ခတ်သလို ခတ်နေတာ လမ်းပေါ်က အမေ့ကိုတောင် မမြင်ဘူးတဲ့။ ဒေါ်လေးကတော့ ‘တော်ပါတော့ အစ်မရယ်တဲ့၊ ငါ ဘုရားရှိခိုးချေဦးမယ်’ ဆိုပြီး ထသွားရော။ အမေကလည်း တိုင်ကပုတီး လှမ်းဖြုတ်တယ်။ အဲဒီနေ့ရဲ့ နောက်တစ်နေ့ မုန့်လက်ဆောင်းချိန် အရီး မမည်းကျုတ်ကြီး အိမ်လာတော့ အမေက ညက ကျွန်မတို့ တရားပွဲက ပြန်လာတော့ အရီး အိမ်နားက ဖြတ်လာသေးတယ်ဆိုတော့ အရီး မမည်းကျုတ်က ‘ညက ငါမရှိဘူးအေ့၊ ညက လပြည့်နေ့ မဟုတ်လား’ တဲ့။ အဲဒီတုန်းက အမေနဲ့ ဒေါ်လေးဆိုတာ မျက်နှာမှာ သွေးမရှိသလိုဘဲ။ မျက်နှာကြီးကို သနပ်ခါးတွေပွတ်ပြီး ကွမ်းသီးဆံထုံးကလေးနဲ့ ကိုးကျင်းကိုးကျောင်း သွားနေတဲ့ အရီး မမည်းကျုတ်ကြီးကို တစ်ရွာလုံးက ကြောက်နေရတာကတော့ ထားပါတော့။ အမေနဲ့ ဒေါ်လေးက သူများထက်ပိုတယ်။ ပိုတာလည်း မပြောနဲ့လေ။ ဒီမိန်းမကြီးက နေ့တစ်ဝက်လောက်က အိမ်မှာလိုလိုချည်း ထိုင်နေတတ်တာကိုး။
* * *
(၃)
မစောလှကို ကုပြီးတဲ့နောက် ရွာမှာ ကုက္ကိုကျင်းက ဆရာဆိုတဲ့လူ အဝင်အထွက် များလာတယ်။ တချို့ကလည်း စက်ဘီးကလေးစီးပြီး သုံးလေးရက်တစ်ခါလောက် လာတတ်တဲ့ ဆရာလေးရှိနေလို့ တော်သေးတယ်လို့ အောက်မေ့ကြတယ်။ တော်ရုံတန်ရုံ ပယောဂလို့ထင်ရင် ကုက္ကိုကျင်းက ဆရာပဲ။ အဲဒီဆရာကလည်း အဆင့်မသေးဘူးတဲ့ ပြောကြတယ်။ ဗိန္ဓောရော ပယောဂပါ တွဲကိုင်သတဲ့။ တချို့ကလည်း လက်ဖွဲ့ချုပ်ကလေးလောက်နဲ့တဲ့။ တချို့ကျတော့လည်း ကြေးစုတ်နဲ့ လေးငါးချက် ပေါက်ရုံနဲ့တဲ့။ တချို့တော့လည်း ဆိုင်ရာဆိုင်ရာတွေ အပ်လို့တဲ့ ကုတယ်လို့ပြောတာပဲ။ နေဝင်မိုးချုပ် ရွာအပြင် မြင်းလှည်းထွက်ရင် ကုက္ကိုကျင်း ဆရာသွားပင့်တာ သေချာတယ်။ ဆရာကလည်း မကြာမကြာ စက်ဘီးလေးနဲ့ ပေါက်ပေါက်လာတတ်တယ်။ ရွာနဲ့ကလည်း ခင်နေပြီလေ။ လူတိုင်းက လမ်းတွေ့ရင် ဆရာလေးတဲ့။ ဆရာကလည်း ပြုံးပြုံးပါပဲ။ ဒီလိုနဲ့ တစ်ဆင့်တစ်ဆင့် အမေတို့နဲ့ပါ ခင်လာတော့ ရွာကိုလာတိုင်း စက်ဘီးလေး အိမ်ရှေ့ မန်ကျည်းပင်အောက် မှီထားခဲ့ပြီး ရေနွေးဝင်သောက်တတ်တယ်။ ပြောလိုက်တာလည်း စုံနေတာပဲ။ သူဆေးကုတဲ့ အတွေ့အကြုံတွေ၊ ကုပုံကုနည်းတွေ။ ပညာချင်း ပြိုင်ခဲ့ရတာတွေချည်းပဲ။ ပြောလိုက်ရင်လည်း သူနိုင်တာချည်းပဲ။ သူရှုံးတယ်လို့ တစ်ခါမှမပြောဘူး။ စုန်းတော်တော်များလည်း သူ့ရှေ့မှာ ပညာတွေ အန်ထုတ်ပြီး လှူကြတာ မနည်းတော့ဘူးတဲ့။ ရိုးရာကိုင်တာတို့၊ သိုက်ဆက်ဖြစ်နေတာတို့၊ စုန်းတိုက်၊ နတ်တိုက်၊ သရဲတိုက်၊ အင်းတိုက်၊ မှော်တိုက်၊ ခုနစ်စင်တိုက်တာကအစ ဖုတ်ထုတ်တဲ့အထိ သူ ကုနိုင်တာလည်းပါရဲ့။
အဲဒီနေ့က စကားတွေပြော ရေနွေးကြမ်းလေး ငါးခွက်သောက်ပြီး ဈေးဘက် စက်ဘီးနင်းသွားရော၊ ညနေဘက် အရီး မမည်းကျုတ်ကြီးလာတော့ မျက်နှာမကောင်းဘူး။ အရီး မမည်းကျုတ်ကြီး မျက်နှာအိုတော့ အမေတို့ကလည်း မျက်နှာတွေ ညိုရတော့တာပေါ့။
“မနက်က ကုက္ကိုကျင်းက ဆရာဆိုတဲ့အကောင် လာတယ်ဆို”
“ဟုတ်ကဲ့ အရီး”
“ဒီကောင်က ဘာလာလုပ်တာတုံး”
“ဒီလိုပဲ လာတာပါပဲ၊ ဘာရယ်မဟုတ်ပါဘူး”
“ဆရာတဲ့အေ၊ ကျက်သရေမရှိ ကျက်သရာမရှိ၊ ဘာလဲ ညည်းတို့က ကိုးကွယ်နေကြလို့လား”
“ကိုးကွယ်တယ် မဟုတ်ပါဘူး အရီးရဲ့၊ ဘာပြုလို့တုံး”
“ဒီကောင့်ကို ကြည့်မရလို့၊ အေးပေါ့လေ၊ ပညာလေး မတောက်တစ်ခေါက်နဲ့ မာန်စွယ်လေး တကြွကြွပေါ့”
အရီး မမည်းကျုတ်က ထုံးစံအတိုင်း လက်ဖက်ကလေးဝါးရင်းက ပြောနေတာ။ ကျောက်ပေါက်မာ မျက်နှာမည်းမည်းပေါ်က သနပ်ခါးတွေဆိုတာ ချွေးစီးကြောင်းတွေနဲ့ ကွက်ကျားရိုက်နေလိုက်တာ ထမင်းအိုးဖင် ထုံးဖြူးထားသလို ဖြစ်နေတယ်။ အမေနဲ့ ဒေါ်လေးကတော့ ထုံးစံအတိုင်းပဲ ငုတ်တုတ်။
“ဟဲ့ … လှခင်၊ တောင်းရတာ အားတော့နာတယ်၊ ညည်းယောက်ျားပို့လိုက်တဲ့ အုန်းဆီ တော်တော်ကောင်းဆို၊ ပုလင်းလေးနဲ့ ထည့်ပေးစမ်း၊ လိမ်းချင်လို့”
အမေက ခဏတောင် မဆိုင်းဘူး။ အမေမှ မဟုတ်ပါဘူးလေ။ တစ်ရွာလုံး ဘယ်သူမဆို အရီး မမည်းကျုတ်ကများ သည်လို တောင်းလိုက်ရင် ချက်ချင်း ထပေးရတာပျာလို့။
“ရပါတယ် အရီးရဲ့၊ အုန်းဆီလေးက မွှေးလိုက်တာ မပြောနဲ့တော့”
အမေက ပုလင်းလွတ်တစ်လုံးထဲ အုန်းဆီထည့်နေတုန်း ဒေါ်လေးက ဟင်းတစ်ခွက်ခပ်တယ်။ ‘အရီး စားစေချင်လို့’ တဲ့။ သည်တော့မှ အရီး မမည်းကျုတ်ကြီး ကြည်သာသွားတော့တယ်။ ခဏနေတော့ ပြန်ရော။ သိပ်မကြာဘူး။ ဒေါ်လေးယောက်ျား ဦးလေးခင်လည်း ကုလားပဲပင်တွေနုတ်ပြီး တိုက်လာတဲ့လှည်းကို မောင်းရင်း အရက်နံ့လေးနဲ့ ပြန်လာတယ်။ ဒေါသတွေလည်းဖြစ်လို့။ လှည်းပေါ်က ဆင်းပြီး လှည်းတောင်ချက်ချင်း မဖြုတ်နိုင်ဘူး။
“မြခင် လာစမ်းပါဦး၊ မမည်းကျုတ်ကြီး ယူသွားတာ ဘာတွေတုံး”
ဆိုတော့ ဒေါ်လေးက …
“ဟင်းပါ၊ ပုလင်းက အစ်မပေးလိုက်တာ အုန်းဆီ”
“နင်တို့နဲ့ ခက်နေပြီ၊ ဒီစုန်းမကြီးကို ဘာမှပေးစရာမလိုဘူး”
ဒီတော့မှ အမေက မျက်စိမျက်နှာပျက်နဲ့ …
“ဟဲ့ … မောင်ခင်၊ မင်း ဘယ်လိုပြောလိုက်တာလဲ၊ မင်းကွယ် … ဖွဟဲ့”
“တော်စမ်းပါ အစ်မရာ၊ အစ်မတို့ကြောင့် ခက်တာပဲ၊ ခင်ဗျားတို့ အဲသလိုလုပ်လေ သူက ဖြဲခြောက်လေပဲ”
အမေနဲ့ ဒေါ်လေး ဘာမှဆက်မပြောဘူး။ ဦးလေးခင်က လှည်းဒေါက်နဲ့ လှည်းကိုထောက်ရင်း နွားတွေဖြုတ်တယ်။ ဆီးပင်မှာ သွားချည်တယ်။
“အလကား အလုပ်ပျက် အကိုင်ပျက်၊ အရေမရ အဖတ်မရ ဧည့်ခံနေရတာက ညနေတိုင်း၊ ဒီဟာမကြီး နောက်မလာစေနဲ့ဗျာ”
ဒေါ်လေးကတော့ သူ့ယောက်ျား ဒေါသဖြစ်နေမှန်းသိတော့ ဘာမှ မပြောဘူး။ အမေက …
“ကျုပ်တို့တော့ ဘူးသွင်းလည်း မခံနိုင်ဘူး၊ စုန်းထိလည်း မခံနိုင်ဘူး” ဆိုတော့ ဦးလေးခင်က …
“ဘာဘူးလဲ၊ ဘာဘူးမှ မရှိဘူး၊ ခင်ဗျားတို့ကြောက်လေ ဒီဟာမကြီးက ကြိုက်လေပဲ၊ ဒီမယ် … ဒီဟာမကြီးက ခင်ဗျားတို့တင် မကဘူး၊ တစ်ရွာလုံး ဘူးသွင်းထားပြီးသား၊ အဲဒါကို နားလည်၊ နောက် ကုက္ကိုကျင်းက ဆရာဆိုတာ ရှိသေးတယ်၊ ရွာကို ဒုက္ခပေးနေတာ”
“ဟဲ့ … ဆရာလေးက သူတော်ကောင်းပါ”
“ဘာသူတော်ကောင်းလဲ၊ အတူတူပဲ၊ တစ်ညနေ ကျုပ် ကိုင်းထဲကပြန်တော့ ရွာဖျားက ညောင်ပင်မှာ မမည်းကျုတ်ကြီးနဲ့ စကားပြောနေလိုက်တာ ဖောင်လို့၊ ဆေးဆရာနဲ့ စုန်းမနဲ့ အချိုးအချိတ်ကိုကျလို့၊ ကိုင်း … ဘာအကြောင်းရှိလို့တုံး”
အမေနဲ့ ဒေါ်လေးက ဘယ်လိုမှ ဆက်စပ်လို့မရတဲ့သတင်း ကြားရတော့ အံ့သြလို့။ ဘာမှကို မပြောနိုင်ကြတော့ဘူး။
“တစ်ယောက်ကပြုစား၊ တစ်ယောက်ကဆေးကု ကောင်းဗျာ”
ဦးလေးကတော့ အော်တုံး။
* * *
(၄)
ဘာပဲဖြစ်ဖြစ်လေ၊ ဦးလေးခင်ကြီးကသာ ပြောတာပါ။ သူကလည်း မနက်သုံးနာရီကတည်းက လှည်းတစ်စီးနဲ့ ကိုင်းထဲထွက်ရတာ။ မိုးကြီးချုပ်မှ အရက်ကလေး တစ်ပိုင်းသောက်ပြီး ပြန်လာရတာ။ အမေနဲ့ ဒေါ်လေးကတော့ ခါတိုင်းလိုပါပဲ။ ရွာကလည်း ခါတိုင်းလိုပါပဲ။
ကုက္ကိုကျင်းက ဆရာလေးကလည်း စက်ဘီးလေးနဲ့ လာတုန်းပါပဲ။ အရီး မမည်းကျုတ်ကြီးကလည်း သနပ်ခါးလေးလူးတဲ့ပြီး ကွမ်းသီးဆံထုံးကလေးနဲ့ ထွက်တာပါပဲ။
ရွာကလည်း ဝမ်းထဲကသာ မကြည်ရင်ရှိမယ်၊ တစ်စက်မှ စေတနာမရှိရင်သာနေမယ်။ ပြုံးပြနေရတာပဲ၊ ပေးကမ်းနေရတာပဲ။ အရီး မမည်းကျုတ်က ကဝေဆိုတာကိုး။ စိတ်မထင်ရင် ဘူးသွင်းတယ်ဆိုတာကိုး။
(ရွှေအမြုတေ၊ ၁၉၉၁ ခု၊ ဇန်နဝါရီလ)
* * * * *
ရေအိမ်
(၁)
ဝုန်းခနဲ ထပျံသော ယင်ကောင် မည်းမည်းစိမ်းစိမ်း အုပ်စုကြီးကို အဝေးကပင် လှမ်းမြင်နေရသည်။ စင်စစ် ရေအိမ်ဟုဆိုသော်လည်း ရေတစ်စက်တလေမျှပင် ရှိသည်မဟုတ်။ ပိုးလောက်တို့ တဖွားဖွားဖြင့် ခြေချစရာမရှိအောင် အမြဲတမ်း ညစ်ပတ်ပေရေနေတတ်သော သည်ရေအိမ်ကလေးကို တစ်ခါက ‘ရေလောင်းအိမ်သာ’ ဟု ခေါ်ဝေါ်ခဲ့ကြဖူးသည် ဆိုခြင်းကမူ ယခုအခါ အိပ်မက်အဖြစ်သာ ကျန်ရစ်တည်ရှိနေတော့သည်။
* * *
(၂)
သည်တန်းလျားခန်းတွေကလည်း ဆောက်ခါစ၊ သည်ရေအိမ်ကလေးကလည်း ဆောက်ခါစ။ အဲ့သည်တုန်းကတော့ ခပ်ဝေးဝေး ရေစက်တစ်ခုမှ တစ်လက်မ ရေပိုက်တစ်ချောင်းကို သွယ်ယူကာ ရေအိမ်ဟူသောအမည်နှင့် လိုက်လျောညီထွေစွာ ရေတွေ တဝေါဝေါ ကျနေစေခဲ့ဖူးသည်။ သည်တုန်းက လူတွေကလည်း များလှသည် မဟုတ်သေး။ စုစုပေါင်းမှ အိမ်ထောင်စုခြောက်စု၊ လူဦးရေအားဖြင့် နှစ်ဆယ်လောက် ရှိမည်။ နှစ်လုံးတွဲ ရေအိမ်ကလေးသည် အသစ်တုန်းကတော့ သူ့ဝန်နှင့်သူ့အား မျှတနေခဲ့သည် ဆိုပါတော့။ ခပ်မြင့်မြင့် အုတ်ရိုးစီ အင်္ဂတေအုတ်ခုံပေါ်မှာ သွပ်ပြားမြောင်းကြဲ ထူထူကြီးတွေ ကာရံထားသည်။ အမိုးကလည်း သွပ်ပြားထူထူကြီးတွေပါပဲ။ တံခါးတွေကတော့ ကျွန်းသားတွေကို ထောင်ကွေးကာ သွပ်ပြားဂိတ်ထူထူ တစ်ချပ်လုံးကို ရိုက်ကပ်ထားသည်။
ပြီးတော့ ရေအိမ်ထဲမှာ နှစ်ခန်းကို တစ်လုံးနှုန်းဖြင့် မီးလုံးလေး တစ်လုံးကိုလည်း တပ်ဆင်ပေးထားသည်။ (သွပ်ပြားကို မီးလုံးတစ်လုံးစာ ဖြတ်တောက်၍ အခန်းအလယ်က တပ်ထားသဖြင့် နှစ်ခန်းစလုံးလင်းသည်) ရေအိမ်၏နောက်မှာ ကပ်လျက်က ‘စံပရိတ်တင့်’ ဟု ခေါ်သော သီးခြားရေစစ်ကန်တစ်လုံး ရှိသည်။ သည်ကန်ကရေနှင့် အညစ်အကြေးကို တစ်ကန့်စီ စစ်ထုတ်ပေးသည်။ ရေစစ်ကန်၏ အမိုးတွေကို အုတ်ကြွပ်ဖြင့် မိုးထားသဖြင့် မိုးရေနှင့် အမှိုက်သရိုက်များ ရုတ်တရက် မဝင်နိုင်ပါ။ ရေပိုက်ခေါင်းမှ တဝေါဝေါ ကျနေသောရေက ရေအိမ်ကြွေခွက်ထဲကို အစဉ်မပြတ် ကျနေတတ်သဖြင့် အသုံးပြုနေစဉ်ရော၊ အသုံးပြုပြီးအချိန်ရော အမြဲ သန့်ရှင်းနေတတ်သည်။ တန်းလျားခန်းကလေးမှာ နေသူတွေက တစ်ခါတစ်ရံ မနက်ပိုင်းကလေးလောက်မှာသာ တစ်ယောက်နှင့်တစ်ယောက် စောင့်ဆိုင်းနေရတတ်သော်လည်း အများအားဖြင့် အဆင်ပြေသည်သာ ဖြစ်လေသည်။
ရေအိမ်ကိုရော ရေစစ်ကန်ကိုပါ ရင်ဆို့ခန့်မြင့်သော ငါးပတ်လည် သစ်သားတိုင်များဖြင့် စနစ်တကျ ကာရံထားသည်။ တင်းတင်းရင်းရင်း ဆွဲကာထားသော သံဆူးကြိုးတွေကြောင့် ရေအိမ်ကလေးနှင့် သီးသန့် ရေအိမ်လေးလို ဖြစ်နေသည်။
‘သန့်ရှင်းပါ’ ၊ ‘ရေကိုသာသုံးပါ’ ၊ ‘သင့်သန့်ရှင်းမှုသည် သင့်ကျန်းမာရေး’ ၊ ‘သန့်ရှင်းမှုဖြင့် ဂုဏ်ယူတတ်ပါစေ’ ၊ ‘တုတ်နှင့်စက္ကူ မသုံးရ’ စသည့် စသည့် စာတမ်းတွေကိုလည်း ရေအိမ်ဝမှာ ဆွဲချိတ်ထားသေးသည်။ ရေအိမ်ကို မဝင်ခင်မှာ သည်စာတန်းတွေကို အရင်တွေ့ရမည် ဖြစ်သည်။ ရေအိမ်ထဲမှာ အကန့်လေးတစ်ကန့် ရှိသေးသည်။ အင်္ဂတေအကန့်ကလေး ဖြစ်သဖြင့် ရေကန်ကလေးလို ဖြစ်နေသည်။ ရေပိုက်မှကျသော ရေတွေက သည်ကန်ကလေးထဲကို အရင်ကျကာ ပိုလျှံသောရေတွေကမှ ရေအိမ်ကြွေခွက်ထဲကို အဆက်မပြတ် ကျနေခြင်းဖြစ်သဖြင့် ရေအိမ်ကြွေခွက်သည် အညစ်အကြေးများ တင်မနေတော့ဘဲ အမြဲ သန့်ရှင်းနေတတ်သည်။ သို့သော် အသုံးပြုသူ၏ ကိုယ်ကာယ သန့်ရှင်းရေးအတွက်ကိုမူ သည်ရေကန်ကလေးထဲက ရေကိုသုံးရသည်။ တချို့က သည်ရေကန်ထဲကရေနှင့် မသန့်စင်ချင်ကြ။ စက္ကူကို သုံးချင်ကြသည်။ ဤသို့ဖြင့် ရေအုပ်စုနှင့် စက္ကူအုပ်စုဟူ၍ အုပ်စုကြီးနှစ်ခု ကွဲလာသည်။ တချို့က သတင်းစာစက္ကူ၊ တချို့က မဂ္ဂဇင်းဟောင်းများ၊ တချို့က ဘိလပ်မြေစက္ကူလို မာဆတ်ဆတ်စက္ကူ စသည်ဖြင့် စက္ကူအမျိုးမျိုးကို သုံးစွဲကြသည်။
ထိုအခါ ပြဿနာနှစ်ခု ရှိလာတော့သည်။ တစ်ခုမှာ စက္ကူအုပ်စု၏ အသုံးပြုပြီး စက္ကူများ ထားသိုရန်နေရာကိစ္စ ဖြစ်လေသည်။
တချို့ကတော့ အသုံးပြုပြီး စက္ကူများကို ရေအိမ်အမိုးနှင့် နောက်ဘက် သွပ်ပြားအကာကြားက လက်ငါးလုံးခန့် ဟနေသော လေဝင်ပေါက်မှ အနောက်ဘက် ရေစစ်ကန် အုပ်ကြွပ်အမိုးပေါ် ပစ်ချတတ်၏။
တချို့ကတော့ ရေအိမ်တွင်း ကြွေခွက်ဘေးက အုတ်အကန့်ကလေး၏ ဘောင်ပေါ်မှာ မသိမသာ တင်ထားခဲ့တာလည်း ရှိ၏။
တချို့တလေက ထိုသုံးပြီးစက္ကူကို ရေအိမ်အပြင်ဘက်သို့ မရွံမရှာ ကိုင်လာကာ ရေအိမ်လမ်းဘေးတွေမှာ ပစ်ချခဲ့တာလည်းရှိသည်။ ထိုအခါ အညစ်အကြေးတွေ ပေကျံနေသော စက္ကူမျိုးစုံက ရေစစ်ကန် အမိုးတွေပေါ်မှာ၊ ရေကန်ကလေးဘေးမှာ၊ လူသွားလမ်းတွေပေါ်မှာ တစ်စစီ ပြန့်ကျဲနေတော့သည်။ ထိုအခါ တန်းလျားခန်းကလေးက ရေသုံးသူဘက်က အသံထွက်လာတော့သည်။
စက္ကူမသုံးရ၊ ရေကိုသာသုံးစွဲရေး၊ စည်းကမ်းမဲ့ စက္ကူသုံးသူများ ရှာဖွေပညာပေးရေးတွေ လုပ်လာရတော့သည်။ (ထိုအခါမျိုးတွင် ကျွန်တော့်ကို လာခေါ်တတ်ကြသည်)
“ဒီလိုဗျာ၊ ရေအိမ်ရဲ့ သဘောသဘာဝကိုက ရေလောင်းစနစ်နဲ့ လုပ်ထားတာ မဟုတ်လား၊ စက္ကူနဲ့ဆိုတော့ ရေအိမ်ရဲ့ သဘာဝနဲ့ ဘယ်လိုမှကို မကိုက်နိုင်တော့ဘူးလေ၊ နောက် ဆိုးတာက စက္ကူတွေ ထင်တိုင်း ပစ်ချနေတာ တွေ့နေရတယ်၊ ဘယ်သူတွေလဲဆိုတာတော့ ကိုယ့်ဟာကိုယ်တော့ သိမှာပေါ့လေ၊ အဲဒါ ရေကို သုံးကြဖို့တော့လိုမယ်”
မည်သို့ပင်ဖြစ်စေ စက္ကူမသုံးရေး အစည်းအဝေးအပြီးမှာ စက္ကူတွေ ခါတိုင်းလိုပင် ပြန့်ကျဲနေတတ်မြဲ ဖြစ်သည်။ နောက်ထပ် စက္ကူပြဿနာ တစ်ခုကတော့ အသုံးပြုပြီး စက္ကူကို ရေအိမ်ကြွေခွက်ထဲကို ချထားခဲ့ခြင်းဖြစ်သည်။
‘ဝီလ်ဆင်နှင့် သားများကုမ္ပဏီ’ ဟု တံဆိပ်ထိုးထားသော တိုင်းခြားဖြစ် ရေအိမ်ကြွေခွက်၏ အညစ်အကြေးဆင်းရာ အပေါက်မှာ ကျယ်လှသည် မဟုတ်ချေ။
ပြီးတော့ အပေါက်ကလည်း တစ်ဖြောင့်တည်း မဟုတ်။ အတွင်းမှာ တစ်ဆစ်ချိုး အခွေအကောက်ဖြစ်သည်။ ထိုအခါ နူးပွလွယ်သော စက္ကူအမျိုးအစားက အကြောင်းမဟုတ်သော်လည်း ဘိလပ်မြေအိတ်ခွံလို မာခေါက်ခေါက် ပျင်းတွဲတွဲ စက္ကူမျိုးကျတော့ ကြွေခွက်အဝကို ဆို့ပိတ်လိုက်သလို ဖြစ်နေတတ်သည်။ တဝေါဝေါ ကျနေသည့် ရေကလည်း သည်စက္ကူတွေ သွားနိုင်လောက်အောင် ဆွဲခေါ်မသွားနိုင်။ ထိုအခါ အညစ်အကြေးတွေ ဆို့ပိတ်နေကာ ညစ်ပတ်သထက် ညစ်ပတ်လာတော့သည်။
ဘာပဲဖြစ်ဖြစ် အဲသည်တုန်းကတော့ ရေအိမ်ကလည်း ကောင်းနေသေးသည်။ ရေလည်း ရှိသေးသည်။ အသုံးပြုသူကလည်း နည်းပါးသေးသည်။ သည်တော့ အဆင်ပြေနေသေးသည်လို့ပဲ ပြောနိုင်သေးသည်။
အဘယ်ကြောင့်ဆိုသော် ရေအုပ်စုကြီးက စက္ကူအုပ်စုကြီးကို လွှမ်းမိုးနေသေးလို့ပဲ ဖြစ်သည်။
* **
(၃)
နှစ်ကလေး တော်တော်ရလာတော့ နောက်ထပ် တန်းလျားခန်း သုံးခန်းလောက် တိုးလာသည်။ တန်းလျားသုံးခု တိုးလာသဖြင့် လူဦးရေကလည်း သုံးဆလောက် များလာသည်။
နောက်ထပ် ဆောက်လုပ်သော တန်းလျားခန်းတွေအတွက် ရေအိမ်တွေက တော်တော်ဝေးဝေးမှာ ဆောက်ပေးခြင်း၊ မီးနှင့်ရေ မတပ်ဆင်ရသေးခြင်းတို့ကြောင့် အသုံးပြုသူ မရှိသလောက်ပင်။
တချို့တလေက ထိုရေအိမ်များဆီသို့ သွားတတ်သော်လည်း အများစုကမူ သည်ရေအိမ်ဟောင်းကလေးဆီကိုပဲ လာကြသည်။ နောက်တစ်ခုက ခပ်ဝေးဝေးမှာ ချောက်ချီးချောက်ချက်ရောင်းသော ဈေးဆိုင်တန်းကလေးက သည်တန်းလျားတွေနားကို ရုတ်တရက်ကြီး ပြောင်းရွှေ့လာရခြင်း ဖြစ်သည်။ ဈေးဆိုင်တန်းကလေးဆိုသော်လည်း ဈေးငယ်လေးတစ်ဈေးစာလောက် ရှိသဖြင့် သည်နေရာကလေး ပိုမိုစည်ကားလာသည်။ အနားမှာ မြို့ပတ်ဘူတာရုံကလေးကလည်း ရှိသဖြင့် ခရီးသည် တချို့ကလည်း သည်နေရာမှ ရှိနေတတ်သည်။
ဤသို့ဖြင့် လူတွေအားလုံး၏ ကြိုတင်တွက်ဆမထားသော အညစ်အကြေးစွန့်ခြင်းကိစ္စသည် သည်ရေအိမ်ကလေးဆီသို့ ဦးတည်ကာ မမျှော်လင့်ဘဲ ရောက်ရှိလာလေသည်။ ဤသို့ဖြင့် သည်ရေအိမ်ကလေးသည် တန်းလျားခန်း အိမ်သာလည်းဖြစ်၊ ဈေးအိမ်သာလည်းဖြစ်ကာ ခရီးသည်များ၏ ဘူတာအိမ်သာလည်း ဖြစ်သွားရတော့သည်။
အဆိုးဆုံးကတော့ ဈေးလေးရောက်ရှိလာခြင်းပင် ဖြစ်လေသည်။ မနက်မိုးမလင်းခင် ရောက်နေတတ်သော ဈေးသည်များသည် မနက်မိုးလင်းတာနှင့် သည်ရေအိမ်ကလေးမှာ လုယက်တိုးဝင် အသုံးပြုကြသည်။
လူဦးရေများလာသော တန်းလျားခန်းက လူတွေကလည်း မနက် မနက် သည်ရေအိမ်ကလေးရှေ့မှာ တိုးတိုးဝှေ့ဝှေ့။ တန်းစီစောင့်နေရသော လူတွေကိုကြည့်ကာ တချို့ကလည်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းသည်။ တချို့ကတော့လည်း တွန့်လိမ် ရှုံ့တွနေသော မျက်နှာတွေနှင့် ရေအိမ်ကလေးက ဆင်းလာမည့်သူကို မျှော်လင့်တကြီး စောင့်ဆိုင်းနေတတ်သည်။
တစ်ခါကတော့ နှုတ်လျှာကြမ်းကြမ်း ဈေးသည် မိန်းမတစ်ဦးနှင့် တန်းလျားခန်းက မိန်းမတို့ ရေအိမ်သို့ အရင်ရောက်ခြင်း၊ မရောက်ခြင်းထက် ရေအိမ်နှင့် သက်ဆိုင်ခြင်း၊ မသက်ဆိုင်ခြင်းကသာ အဓိကကျသည်ဟု ယူဆကာ ရေအိမ်ကို လုဝင်သည်။
ထိုအခါ နံနက်စောစော ‘ဖေ’ ချင်း မိုးမွှန်အောင် ဆဲရေးတိုင်းထွာခြင်း Jazz တေးသွားများ ဝေစီသွားတော့သည်။ တစ်ခါကတော့ ရေအိပ်ပေါ်မှာ လိုအပ်သည်ထက် ပိုမိုကြာမြင့်သည်ဟုဆိုကာ တံခါး အတင်းဆွဲဖွင့်မှု ဖြစ်ပွားခဲ့သေးသည်။
ရေအိမ်ရှေ့မှာ ဖြစ်ပွားခဲ့သော အသေးအဖွဲ အမှုကလေးများမှာ မှတ်တမ်းမှတ်ရာ မရှိသော်လည်း မနည်းလှတော့ချေ။
* * *
(၄)
အဆိုးဆုံးက ရေအိမ်ကိုသွယ်ထားသော ရေပိုက်တစ်ချောင်းလုံး ညဘက်မှာ လူခိုးခံရခြင်း ဖြစ်သည်။ ရေပေးနေသည့်ရေစက်မှ ရေအိမ်အထိ အတန်ငယ် ရှည်လျားသော သံပိုက်ကို ဖြတ်တောက်ကာ ခိုးယူသွားခဲ့ခြင်း ဖြစ်သည်။
ခါတိုင်း ရေတွေ တဝေါဝေါ ကျနေတတ်သော ရေအိမ်ကလေးမှာ ရေလုံးဝ ပြတ်တောက်သွားတော့သည်။ တချို့ကလည်း ရေပိုက်ပြန်လည် တပ်ဆင်နိုင်ဖို့ ကျွန်တော့်ကို တာဝန်ပေးလာသည်။
“ဘာပဲဖြစ်ဖြစ် ရေမရှိလို့တော့ မဖြစ်တော့ဘူးထင်တယ်၊ ရေပိုက် ပြန်ဝယ်ပြီးတပ်ဖို့”
“ရေပိုက်၊ ဘယ်သူက ဝယ်ရမှာလဲ”
“ကျုပ်တို့ပဲ ဝယ်ရမှာပေါ့ဗျ၊ ဘယ်သူက ဝယ်ရဦးမှာလဲ၊ ကျုပ်တို့တန်းလျားနဲ့ ဆိုင်တာပဲ”
“ဘာ … တန်းလျားလိုင်း အိမ်သာရမှာလဲ၊ ဘုံအိမ်သာ ဖြစ်သွားပြီရှင့်၊ ဈေးအိမ်သာဖြစ်သွားပြီ သိရဲ့လား၊ ဈေးသည်တွေပဲ သွားကောက်”
“ဒီလိုလေဗျာ ရေ … ”
“အို … မထည့်နိုင်ပါဘူး၊ ရေမရှိလည်း ရတာပဲ၊ တစ်ပြားမှ လာမကောက်နဲ့၊ မထည့်နိုင်ဘူး၊ လာကောက်တဲ့လူ ခွေးပြောသလို ပြောပစ်လိုက်မယ်”
ဤသို့ဖြင့် ရေပိုက်လည်း မဝယ်ဖြစ်တော့ပါ။ ရေအိမ်က မီးလုံး မရှိတာလည်း နှစ်နှင့်ချီပြီး ကြာပြီ။ တံခါးချပ်တွေ၊ လက်ကိုင်ကွင်းတွေ မရှိတော့တာလည်း ကြာပြီ။ ပတ်ပတ်လည်ကာထားသော သွပ်ပြားအောက်ခြေတွေလည်း ဆွေးမြည့်ပြတ်ထွက်ကုန်ပြီ။ အဆိုးဆုံးက ရေအိမ်အနောက်ဘက် သွပ်ပြားမှာ နှစ်ပေ ပတ်လည်ခန့်ဝိုက်၍ ပြုတ်ကျနေခြင်းဖြစ်သည်။
ရေအိမ်ထဲမှာ လူထိုင်နေတာကို တော်တော်ဝေးဝေးက တွေ့နိုင်သည်။ (အောက်ခြေက အင်္ဂတေ အုတ်ခုံအကာတန်းလေးရှိသဖြင့် လူအောက်ပိုင်းကိုတော့ မမြင်ရပါ။) သွပ်ပြားပေါက်ကို စိတ်လိုလက်ရ ဖာမည့် ထေးမည့်သူလည်း မရှိ။ ပတ္တာတစ်ဖက် ပြုတ်နေသော ရေအိမ်တံခါးအောက်ခြေ၊ သွပ်ပြားကလည်း လူတစ်ယောက် ဝင်နိုင်လောက်အောင် ဆွေးမြည့်ပေါက်ပြဲနေသည်။ ဒါကိုတော့ တစ်ယောက်က ဝါးထရံ အပိုင်းအစတစ်ခုကို ရေအိမ်ထဲ ထည့်ပေးထားခြင်းဖြင့် ရှေ့ပိုင်း လုံခြုံမှုကို ရနေစေသည်။
ဒါပေမယ့် သည်ဝါးထရံ အပိုင်းကလေးကလည်း တစ်ပတ်လားပဲ ခံသည်။ ရေအိမ်မှာ သန့်ရှင်းရေးသုံး ကိရိယာများအဖြစ် တစ်ချောင်းချိုး၊ နှစ်ချောင်းချိုးဖို့ အတော်ပဲ ဖြစ်သွားသည်။ ရေအိမ်ကလေးဘေးမှာ သုံးပြီးစ ဝါးထရံစတွေ ပြန့်ကျဲနေလေသည်။
ထိုအခါ နောက်ထပ် ဝါးထရံ ရောက်မလာတော့ဘဲ ရေအိမ်တွင်းသို့ လေနှင့် အလင်းရောင် လုံလောက်စွာ ရရှိနေလေသည်။
* * *
(၅)
ရေအိမ်ပတ်လည်မှာ ကားရံထားသော ငါးပတ်လည် သစ်သားတိုင်များနှင့် သွပ်ဆူးကြိုးများ ယိုင်နဲ့ ပြုတ်ထွက်သွားခြင်းမှာလည်း ရေအိမ်ကလေး၏ ဂုဏ်သရေကို ပိုမို နိမ့်ကျသွားစေလေသည်။
ရေစစ်ကန်အဖုံး အုတ်ကြွပ်တန်းတွေ ဆွေးမြည့်ကာ ရေစစ်ကန်ထဲသို့ ပြုတ်ကျကုန်သည်။ အုတ်ကြွပ်တန်းတွေ ပြုတ်ကျတော့ အုတ်ကြွပ်တွေလည်း ကွဲကုန်တော့သည်။ ထိုအခါ ရေစစ်ကန်ထဲက ရေနှင့် အညစ်အကြေးများကို မျက်စိတစ်ဆုံး မြင်နေရသည်။ နှစ်ချို့ အညစ်အကြေးများ၏ ပုပ်အက်နံစော်သော အနံ့အသက်က သည်နားတစ်ဝိုက်မှာ အမြဲလိုလို ဝေ့ဝဲနေသည်။
အဆီးအတားမဲ့ ရေစစ်ကန်ဟောင်းထဲသို့ ပတ်ဝန်းကျင်က ခွေးငယ်များ၊ ကြက်များ၊ ဝက်များ ကျသည်ကလည်း အကြိမ်ကြိမ်။ အဆိုးတကာ့ အဆိုးဆုံးမှာ ခါတိုင်း ရေတွေကျနေတတ်သော ရေအိမ်ကလေးမှာ ရေလုံးဝ ပြတ်တောက်သွားသဖြင့် အညစ်အကြေးများ ပြည့်လျှံလာခြင်း ဖြစ်သည်။
တချို့က ကိုယ့်အိမ်က ရေတစ်ပုံး ဆွဲလာကာ ဆေးကြောသုတ်သင်သည်။ ထိုအခါ ခဏကလေး သန့်ရှင်းသွားသော်လည်း အများစုကြီးက ရေပါလာသည် မဟုတ်ချေ။ ထိုအခါ အညစ်အကြေးတွေက ပိုမိုပြည့်လျှံကာ ညစ်ပတ် ပေပွနေလေသည်။
ရေအိမ်ကလေးထဲမှ အညစ်အကြေးတွေက ကြွေခွက်ထဲမှာတင် မဟုတ်တော့ဘဲ အုတ်ရေကန်ကလေးထဲမှာပါ ပြည့်သိပ်သွားသည်။ သည်ရေအိမ်ကလေး၏ မှောင်မည်း တိတ်ဆိတ်မှုကို အကာအကွယ်ယူကာ အသုံးချသူများလည်း ရှိလာသည်။
တစ်ခါက ညဘက်မှာဖြစ်သည်။ မီးရောင်လည်း မရှိသဖြင့် ရေအိမ်ကလေး ပတ်ဝန်ကျင်မှာ မှောင်မည်းနေသည်။ (ညဘက်တွင် ရေအိမ်က ခြေချစရာမရှိအောင် ညစ်ပတ်ခြင်း၊ မီးမရှိခြင်း၊ သရဲခြောက်သည် သတင်းကြီးခြင်းတို့ကြောင့် အသုံးပြုသူ နည်းပါးသည်။) ကျွန်တော် ရောက်သွားချိန်မှာ ပကတိ တိတ်ဆိတ်နေသည်။ ဆိုးရွားပြင်းထန်သော အနံ့အသက်များကို ရှူရှိုက်ကာ ရေအိမ်တံခါးဆီသို့ ချဉ်းကပ်မိချိန်၌ ဝုန်းခနဲ လူတွေ ထပြေးသောအသံကို ကြားလိုက်ရသည်။
ရုတ်တရက် လန့်ဖျပ်သွားကာ လက်နှိပ်ဓာတ်မီးနှင့် လိုက်ထိုးကြည့်တော့ လူသုံးယောက်လောက်ဟုသာ ခန့်မှန်းနိုင်သည်။ အံ့သြခြင်းကြီးစွာ ပြန်လာရသော်လည်း တစ်ညလုံး စဉ်းစား၍မရ။
နောက်တစ်နေ့မနက် ဈေးတန်းကလေးမှဖြတ်ကာ ထွက်လာချိန်တွင် အမျိုးသမီးငယ်တစ်ဦး ပြေးလိုက်လာသည်။ ထိုမိန်းကလေးကို သည်ဈေးတန်းကလေးမှာ တွေ့နေကြဖြစ်သော်လည်း ကျွန်တော်နှင့် မရင်းနှီးပါ။
သူမ၏ ထူအမ်းသော နှုတ်ခမ်းတွေကို လိမ်တွန့်လိုက်ကာ ပြောသည်။
“အစ်ကိုဟာလေ တော်တော်ဆိုးတယ်”
“ဗျာ … ဘာဖြစ်လို့လဲ”
“ဘာရမှာလဲ၊ အစ်ကိုလည်း ဝါသနာပါတာ မဟုတ်ဘဲနဲ့ သူများကို လိုက်နှောင့်ယှက်တာလေ”
“ကျွန်တော် နှောင့်ယှက်တယ်၊ ဘာပါလိမ့်”
“ညကလေ အစ်ကို မဟုတ်လား၊ လာချောင်းတာ”
“ချောင်းတယ်၊ ဘယ်မှာလဲ၊ ဘာကိုမှ လာမချောင်းရပါလား”
“အိမ်သာမှာလေ၊ အဲသလို မလုပ်ပါနဲ့ အစ်ကိုရယ်၊ ကျွန်မမှာ အဲဒါစီးပွားရေး အစ်ကိုရဲ့”
ကျွန်တော် အံ့သြသွားသည်။ သူမကို သည်အခြေအနေမျိုးနှင့် တွေ့ရလို့မဟုတ်။ သည်ရေအိမ်ကလေး၏ ကံကြမ္မာကိုသာ ဖြစ်လေသည်။
သည်နောက်ပိုင်း ရေအိမ်ကလေး၏ အခြေအနေမှာ ပို၍ပင် ဆိုးလာတော့သည်။ ရေအိမ်ကြွေခွက်ကို လုံးဝမမြင်ရတော့လောက်အောင် အညစ်အကြေးတွေ ပြည့်လျှံညစ်ပတ်နေသည်။ အသုံးပြုသူတွေက ရေအိမ်သန့်ရှင်းသွားဖို့ စိတ်မကူးတော့ဘဲ ကြွေခွက်ခြေနင်းပေါ် အုတ်ခဲနှစ်လုံးတင်ကာ အသုံးပြုသည်။ အညစ်အကြေးတွေက အုတ်ခဲလောက်မြင့်လာတော့ နောက်ထပ် အုတ်ခဲတစ်လုံးစီ ထပ်တင်သည်။ ဤသို့ဖြင့် အုတ်ခဲတွေ မြင့်သထက် မြင့်လာသည်။
ဆွေးပြီး ပြတ်ကျနေသော အနောက်ဖက်သွပ်ပြားက နေရောင်တွေ ဝင်နေတတ်ကာ တံခါးအပေါက်ကြီးဘက်က လေတွေ တဟူးဟူး တိုးဝင်သည်။ အသုံးပြုသူက သုံးလေးထပ်မြင့်နေသော အုတ်ခဲတွေပေါ်မှာ ဟန်ချက်ညီညီ ထိုင်ရင်းက ပြုတ်ထွက်နေသော တံခါးချပ်ကိုလည်း ထိန်းထားရသေးသည်။
ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လက်စွမ်းပြထားသော ညစ်ညမ်းရုပ်ပုံတွေကတော့ မမြင်ချင်အဆုံး ဖြစ်လေသည်။ သည်ရပ်ကွက်ကလေးထဲမှာ လူ၏ခန္ဓာဗေဒကို ကျွမ်းကျင်သော ပန်းချီဆရာတစ်ဦးတလေ ရှိနေသည်မှာ သေချာနေသည်။
ခဲတံ၊ ဘောလ်ပင်၊ နီပြာတံတွေနှင့် ရေးထားသော ညစ်ညမ်းစာတွေကတော့ ဘယ်ဘက်လှည့်လို့မှ မလွတ်နိုင်။ အုတ်ကန်ကလေးထဲမှာတော့ အညစ်အကြေးစတွေ ပေးပွနေသည်။ တုတ်စတွေပြည့်နှက်နေသည်။ တုတ်စတွေကလည်း အရွယ်အမျိုးမျိုး။ လက်ညှိုးလောက်၊ လက်မလောက်၊ တချို့က တံမြက်စည်းရိုးတံတွေ၊ ဝါးခြမ်းပြားကြီးကြီးတွေလည်း ပါသေးသည်။
ကွမ်းယာထုပ်သည့် စက္ကူစလောက်ကလေးတွေကို ဘယ်လိုအသုံးချသလဲဟု မသိရသော်လည်း စက္ကူတွေကလည်း အရွယ်အမျိုးမျိုး ရှိနေသည်။ ဗာဒံရွက်၊ ဗျိုင်းချေးရွက်နှင့် သန့်စင်သူ၊ အုတ်ခဲထက်ပိုင်းကျိုးနှင့် သန့်စင်သူ အစုံအစုံ။
“ကျွန်မတို့ ကုသိုလ်ယူကြရအောင်၊ မောင်က ရေဆွဲပေး၊ ကျွန်မက ဆေးချမယ်”
ဇနီးသည်က နှာခေါင်းကို အဝတ်စတစ်စစည်းရင်း ကျွန်တော့်ကို ခေါ်ဖူးသည်။ ခပ်လှမ်းလှမ်း ရေဘုံဘိုင်ကလေးမှ ရေပုံးပေါင်းများစွာခပ်၍ တဝုန်းဝုန်း လောင်းချသန့်ရှင်းတော့မှ ပြောင်စင်သွားသည်။
ရေလောင်းသန့်စင်ပြီး ရေအိမ်မှ ထွက်လိုက်သည့်အခါ အပြင်မှာ မိန်းမတစ်ယောက် ရှိနေသည်။ စိတ်မရှည်စွာ စောင့်ဆိုင်းနေရဟန်ဖြင့် မျက်နှာတစ်ခုလုံး တင်းမာနေသည်။ သူမလက်ထဲမှာတော့ သစ်ကိုင်းစကလေး နှစ်စ။
တက်ရက်၊ နှစ်ရက်အတွင်းမှာပင် ရေအိမ်ကလေး ပြန်လည် ညစ်ပတ်သွားပြန်သည်။
* * *
(၆)
အခုတော့ အင်္ဂတေအုတ်ခဲတွေလည်း ပဲ့ကျကာ အုတ်ပေါက်တွေပေါ်နေပြီ။ တံခါးရွက်တွေ ပြုတ်ကျကုန်ပြီ။ (စာရွက်ပေါ်က သန့်ရှင်းပါ၊ သင့်သန့်ရှင်းမှုသည် သင့်ကျန်းမာရေး စာတန်းကလေးတွေလည်း မရှိတော့ပါ)
ရေစစ်ကန်ထဲကို မိုးရေတွေဝင်ထားသဖြင့် အညစ်အကြေးရေတွေ အပြင်ကို လျှံထွက်နေတာလည်း ရှိသည်။ ပတ်ပတ်လည် သွပ်ပြားအဟကြီးက ကျယ်သထက် ကျယ်လာကာ ကြွေခွက်ခြေနင်းပေါ်က အုတ်ခဲတွေလည်း မြင့်သထက် မြင့်လာပြန်ပြီ။
စက္ကူစတွေက ရေအိမ်ကလေးဘေးမှာ ဖွေးဖွေးလှုပ်နေကာ တချို့ကလေးငယ်တွေက ရေအိမ်ဘေး လမ်းတစ်လျှောက်မှာ အညစ်အကြေး စွန့်နေကြပြီ။
ဝုန်းခနဲ ထပျံတတ်သော ယင်ကောင် မည်းမည်းစိမ်းစိမ်းကြီးတွေကို လှမ်း၍မြင်နေရ၏။ ဆွေးမြည့်နေသော သစ်သားနှင့် အင်္ဂတေက တွဲစပ်မှု မရှိတော့ဘဲ အဟတွေကြားမှာ ပိုးလောက်တွေ တလွန့်လွန့် တွယ်တက်နေသည်။
အကောင်းဆုံးက သည်ရေအိမ်ကလေးကို တွန်းလှဲဖြိုဖျက်လိုက်ဖို့ပင် ဖြစ်သော်လည်း ဈေးကလေးကလူတွေ၊ တန်းလျားခန်းတွေက လူတွေ၊ တစ်ခါတစ်ခါ ဘူတာရုံက လမ်းကြုံခရီးသည်တွေက သည်ရေအိမ်ကလေးကို အသုံးချနေကြဆဲ ဖြစ်လေသည်။
(ရင်ခုန်ပွင့် ဝတ္ထုမဂ္ဂဇင်း၊ ၁၉၉၁ ခု၊ အောက်တိုဘာလ)
* * * * *
ဆတ္တာသည်
(၁)
“အဲဒါနဲ့ … ”
ကိုအောင်မောင်းက စကားကိုရပ်လိုက်ပြီး ကွမ်းဖတ်တွေနဲ့ ရောနေတဲ့ ကွမ်းတံတွေး တော်တော်များများကို မတ်တတ်ရပ်ရင်းက ကြမ်းပေါက်နဲ့ချိန်ပြီး ထွေးချလိုက်တယ်။ ဒါပေမယ့် ချိန်သားလွဲသွားတော့ ကွမ်းတံတွေးတွေဟာ ကြမ်းပေါ်မှာ ပေပွသွားတယ်။ ဒါကိုပဲ သူစီးလာတဲ့ ရာဘာဖိနပ်ဦးနဲ့ ထိုးကော်ပြီး ကြမ်းပေါက်ထဲကို ကျသွားအောင် လုပ်နေပြန်ရော။ ကွမ်းဖတ်တွေက ကျသွားပေမယ့် ကွမ်းတံတွေးတွေက နှလုံးနာစရာကောင်းအောင် တွယ်ကပ်နေတယ်။
ဒါကို ခေါင်းငုံ့ထားရတဲ့ ကျွန်တော်က အားလုံးမြင်နေရတယ်။ ဒါပေမယ့် ကျွန်တော် ဘာမှပြောလို့မရဘူး။ ပါးစပ်တွေ၊ ပါးတွေ၊ မေးစေ့တွေမှာ ဆပ်ပြာမြှုပ်တွေ ပေပွနေတာကတစ်ကြောင်း၊ သူ့ ဆံပင်ညှပ်ဆိုင်ကလေးထဲမှာ သူ့ဟာသူ လွတ်လပ်စွာ တံတွေးထွေးပိုင်ခွင့် ရှိတာကတစ်ကြောင်းကြောင့်ပါ။
ကိုအောင်မောင်းက ကျွန်တော့်ပါးပေါ်က ဆပ်ပြာမြှုပ်တွေ ခြောက်သွားပြီ ထင်လို့လားတော့မသိဘူး။ အမွှေးတော်တော်လျော့နေတဲ့ ရှေ့ဗင်းဘရပ်ရ်ကို ရေဆွတ်ပြီး ထပ်ပွတ်နေပြန်ရော။ ပွတ်တာကလည်း ဆပ်ပြာမွှေးလေး မဟုတ်တောင် ကာဘော်လစ်လေး ဘာလေးနဲ့ဆို တော်သေးတယ်။ အခုဟာက ဆင်ချေးတုံး ဆပ်ပြာနဲ့ဆိုတော့ ပျစ်ချွဲချွဲ နံစော်စော်အနံ့က နှာခေါင်းထဲ တိုးဝင်လာတယ်။ ပြီးတော့ လည်ပင်းမှာ သိုင်းချည်ထားတဲ့ ခြုံထည်ကကြိုးကို မလိုအပ်ဘဲ ပြန်လျော့လိုက်၊ ပြန်တင်းလိုက်၊ ခေါက်တုံ့ကလေးချည်လိုက်၊ တစ်ခါ ပါးစပ်ထဲမှာ ကျန်နေသေးတဲ့ ကွမ်းတံတွေးကို ဗျစ်ခနဲ ထွေးပြန်ရော။
“အဲဒါနဲ့ ပထမတော့ ကျုပ် အလျှော့ပေးပါတယ်၊ သြော် … တစ်နေ့တော့ သူ သဘောပေါက်လာမှာပါ ပေါ့လေ၊ သူများတွန်းလို့ တိုက်လို့ ဖြစ်ရတာပါ ပေါ့လေ၊ ယောက္ခမအစ်မကြီးကတော့ မဆိုးပါဘူး၊ သူ့ညီမက ဆိုးတာ”
ကိုအောင်မောင်းက ပြောပြောဆိုဆို သူ့လက်မ တစ်ချောင်းနဲ့ မေးအောက်ကနေ မတင်လိုက်တယ်။
နည်းနည်းမော့ပါပေါ့။ ကျွန်တော်က အလိုက်သင့် မော့လိုက်တော့ သူက သင်တုန်းဓားကို သူ့ဘယ်ဘက် လက်ဖဝါးထဲမှာ ဖန်းဖန်း … ဖန်းဖန်းနဲ့ မြည်သွားအောင်ခတ်တယ်။ ကိုအောင်မောင်းက သည်လိုလုပ်နေကျ။
ဝါးထရံဘေးက မဓမတိုင်မှာ သံကြိုးကြီးတစ်ချောင်းနဲ့ ရိုက်ထားတဲ့ သားရေပြား မည်းမည်းကြီး တန်းလန်းချထားတာရှိလျက်နဲ့ ဘယ်တော့မှ သားရေပြားမှာ သွားမခတ်ဘူး။ မုတ်ဆိတ် စရိတ်တော့မယ့် သူ့ဖောက်သည်ကို သည်လိုလုပ်ပြရတာ ဘဝင်တွေ့ပုံလည်းရတယ်။ ခက်တာကလည်း တကယ့် ကျွမ်းကျွမ်းကျင်ကျင်နဲ့ အသာကလေး ဟိုလှည့်ဒီလှည့် လုပ်တာမဟုတ်ဘူး။ မွှတ်နေအောင် လုပ်နိုင်တာ။ တကယ်တော့ ထက်ရှနေတဲ့ သင်တုန်းဓားကို လက်ထဲမှာ တဖန်းဖန်းမြည်အောင် ခတ်နိုင်တာဟာ လွယ်တာမဟုတ်ဘူး။ ကျွမ်းကျင်မှုကိုပြတာ။ ‘စိတ်ချပါဗျာ၊ ကျုပ်အလုပ် ကျုပ်ကျွမ်းကျင်ပါတယ်’ လို့ ပါးစပ်က မပြောဘဲ လက်က လုပ်ပြတာလည်း ဖြစ်နိုင်တယ်။
ကျွမ်းကျင်သည်ဖြစ်စေ၊ မကျွမ်းကျင်သည်ဖြစ်စေ မုတ်ဆိတ်ကို ဆိုင်မှာရိတ်ပြီ ဆိုကတည်းက မျက်နှာတစ်ခုလုံး၊ လည်ပင်းတစ်ခုလုံး သူ့ကို အပ်ထားလိုက်ရတာ မဟုတ်လား။ ရိတ်နေတဲ့ ကာလလေးထဲမှာ သူပိုင်တာပဲ မဟုတ်လား။ သူက ခေါင်းပေါ်ကို သူ့လက်ဝါးတစ်ခုလုံးနဲ့ အုပ်ကိုင်ထားပြီး လက်မက နားထင်ကို ထောက်ထားတယ်။ ဓားကို တစ်ချက်နှစ်ချက် ဆလိုက်ပြီး နားရွက်ဖျားတည့်တည့်က နားသယ်မွှေးတွေကို ဂျစ်ခနဲ ဂျစ်ခနဲ ဆွဲရိတ်တယ်။ ဒါဟာ သူ့ဓားရဲ့ ပြတ်နှုန်းကို စမ်းလိုက်တာလည်းဖြစ်၊ သန်မာနေတဲ့ ပါးမြိုင်းမွှေးနဲ့ ဓားသွားနဲ့ ထိစပ်မှုမှာ အားဘယ်လောက် ထည့်ရမလဲဆိုတာ တစ်ခါတည်း စမ်းလိုက်တဲ့ ဓားချက်လည်း ဖြစ်တယ်ဆိုတာ အောက်က အရိတ်ခံနေရသူက သိတယ်။
“ခင်ဗျား စဉ်းစားကြည့်လေ၊ ပေါင်းလာတာပဲ ကလေးငါးယောက် ပြည့်တော့မယ်၊ အသက်တွေရလာတော့မှ ကွာပေးပါတဲ့၊ ရှင်နဲ့ပေါင်းရတာ စိတ်ဆင်းရဲတယ်တဲ့၊ နောက်အိမ်ထောင်ပြုချင်လို့ မဟုတ်ပါဘူးတဲ့၊ ရှင့်ကလေးတွေ ခေါ်ချင်ရင်လည်း ခေါ်ပါတဲ့၊ မခေါ်ချင်ရင်လည်း ထားခဲ့ပါတဲ့၊ ကျွန်မ ရှာကျွေးမယ်တဲ့။
“ကျုပ်က နင် ထမင်းငတ်နေလို့လားဆိုတော့ မငတ်ပါဘူးတဲ့၊ လူဆိုတာ ထမင်းစားနေရုံနဲ့ ပြီးတာမဟုတ်ဘူးတဲ့၊ စိတ်ချမ်းသာဖို့လည်း လိုသေးတယ်တဲ့၊ ရှင်လည်း နောက်အိမ်ထောင် ပြုချင်ရင်လည်း ပြုပါတဲ့”
သူက နားသယ်စပ်ကနေ အောက်ကို ဆွဲဆွဲရိတ်နေတယ်။ ပါးပေါ်က အမွေးတွေကိုရိတ်တော့ နှံ့သွားအောင် နှာခေါင်းဘေး၊ ပါးရိုးခုံးခုံးနား၊ နားခွက်နောက်နားအထိ ဓားကို ဆွဲဆွဲရိတ်နေတယ်။ ဘေးက ကန့်လန့်ဆွဲလိုက်၊ ထောင်လိုက်ဆွဲလိုက်။
သူရိတ်နေတာ မှန်ထဲကကြည့်မယ်လုပ်တော့ မှန်ကိုမမြင်ရဘူး။ ပြတင်းပေါက် အလင်းရောင်ဘက်ကို ဆုံလည်ကို လှည့်ထားတယ်။ မြင်နေရတာက လက်ဖက်ရည်ဆိုင်၊ ကြံရည်ဆိုင်၊ ကွမ်းယာဆိုင်ကလေးတွေ၊ လူတွေ၊ တချို့ လမ်းသွားတွေက မုတ်ဆိတ်ရိတ်နေတာကိုပဲ မမြင်ဘူးသလို ငေးလို့။
“အဓိက အကြောင်းအရာကတော့ ဖဲရိုက်လို့တဲ့ဗျာ၊ ဖဲရိုက်တာ ထူးဆန်းတဲ့ကိစ္စလား၊ ယောက်ျားတော်တော်များများ ဖဲရိုက်ကြတာပဲ၊ အဲဒါကို အကြောင်းပြတာ ပြောပါတယ်၊ ဖဲက သူနဲ့ မညားခင်ကတည်းက ရိုက်လာတာ၊ သူနဲ့ညားမှ ဖြတ်ရမယ်ဆိုတော့ ညားခါစကတော့ ကျုပ်က နည်းနည်းတော့ ဆင်ခြင်တယ်ပေါ့ဗျာ၊ အိမ်ထောင်ကလည်း ယူခါစ၊ ချစ်စိတ်လေးက တရိပ်ရိပ်တက်တဲ့ အချိန်ကိုး၊ ဒါပေမယ့် မရဘူးဗျ၊ ဖဲမှ မရိုက်ရရင် ကျုပ်ကလည်း အူထဲကကို ယားလာတာ၊ နောက်တော့ ဝိုင်းထဲ ရောက်တာပါပဲ”
အဲဒီအချိန်မှာ ပါးတစ်ခြမ်း ပြောင်သွားပြီ။ ဒီဘက်တစ်ခြမ်းကို လုံးဝမကိုင်သေးဘူး။ ပါးကို လက်ဖဝါးလေးနဲ့ လိုက်ပွတ်တယ်။ အမွေးကြမ်း ရှိသေးတယ်လို့ ထင်တဲ့နေရာကို ထပ်ရိတ်တယ်။ ဆုံလည်ကုလားထိုင်ကို ဆွဲလှည့်လိုက်တယ်။ တစ်ခြမ်းပြောင် တစ်ခြမ်းဖြူနေတဲ့ ကျွန်တော့် မျက်နှာကိုရော၊ မို့အမ်းနေတဲ့ ကိုအောင်မောင်းမျက်နှာ ဖောသွပ်သွပ်ကိုပါ (မှန်ထဲမှာ) မြင်နေရတယ်။ ကွမ်းရည်တွေ မေးစေ့ပေါ် စီးကျနေတဲ့ ကိုအောင်မောင်း မျက်နှာကြီးက သုန်မှုန်နေလိုက်တာ ကြောက်စရာကြီး။
“ကျုပ်က ဖဲတော့ရိုက်ပါရစေ၊ အိမ်စီးပွားရေး မထိခိုက်စေရပါဘူးပေါ့၊ ဒါပေမယ့် ဖဲရိုက်တာပဲဗျာ၊ ရှုံးတဲ့အခါ ရှုံး၊ နိုင်တဲ့အခါ နိုင်ပေါ့၊ အင်း … ရှုံးတာတော့ များတာပေါ့လေ၊ ကလေးတွေက တိုးတိုးလာ၊ စီးပွားရေးက အဆင်မပြေ၊ ညတိုင်းရန်ဖြစ်၊ ရန်ဖြစ်လို့ စိတ်ညစ်တော့ ဖဲဝိုင်းရောက်”
သူက ဓားကို ခုံပေါ်တင်လိုက်ပြီး ရေအိုးစင်ကို သွားပြန်ရော။ ရေတစ်ခွက်ခပ်သောက်၊ ပါးလုတ်ကျင်း၊ ဖွီးခနဲထွေးထုတ်၊ ပြီးတော့ ပြန်လာ၊ ဓားကိုပြန်ကိုင်၊ လက်ထဲမှာ တဖန်းဖန်း ပြန်ခတ်ပြီး မျက်နှာကို မော့ခိုင်းတယ်။
“တစ်ခုတော့ ရှိတာပေါ့ဗျာ၊ ကျုပ်ဘက်က လွန်တယ်လို့ ပြောလို့တော့ ရတာပေါ့၊ ဒါပေမယ့် မဆိုင်ဘူးဗျ၊ ကျုပ် ဖဲရှုံးပေမယ့် ကလေးတွေကို အငတ်မထားပါဘူး၊ ဖဲတွေဆက်ရှုံးလာတော့ ကျုပ် အရက်သောက်မိတာကို သူက ရမယ်ရှာလာပြန်ရော၊ စိတ်ညစ်စရာကြီးပါဗျာ၊ ကျုပ် ဆံပင်ညှပ်တာ အဆင်ပြေပါတယ်၊ ကိုယ့်မိတ်ကလေးနဲ့ကိုယ် မဆိုးပါဘူး၊ အဲဒီတုန်းက ဒီမှာမဖွင့်သေးဘူး၊ ဆိုင်က ရပ်ကွက်ထဲမှာပဲဖွင့်တာ၊ ကြာတော့လည်း ဖဲရှုံးတာနဲ့၊ ပိုက်ဆံလိုက်ဆွဲတာနဲ့၊ အရက်သောက်မိတာနဲ့၊ မူးနေတာနဲ့၊ ဆိုင်ပိတ်ရတဲ့ရက်တွေက များလာ၊ မိတ်တွေပျက်”
သူက မေးစေ့ချွန်ပေါ်မှာ ဓားကို ကန့်လန့်ထားပြီး ဝက်မွေးခြစ်သလို ခြစ်တယ်။ မေးစေ့အရေပြားကို ဆွဲဆွဲပြီး ခြစ်ခြစ်သွားတာ။ တဂျိဂျိနဲ့ ခြစ်လိုက်တာ ဓားသွားမှာ မေးစေ့ကအမွေးတွေ ပါပါသွားတယ်။ ဆပ်ပြာမြှုပ်တွေ ပေနေတဲ့ မုတ်ဆိတ်မွေးတွေကို သူ့ဖင်နဲ့သုတ်လိုက်၊ ရိတ်လိုက်။
အောက်နှုတ်ခမ်းအောက်က အမွေးနဲ့ နှုတ်ခမ်းမွေးကို သူ လုံးဝမထိသေးဘူး။ မေးအောက်က အမွေးတွေရိတ်ဖို့ မော့ခိုင်းပြန်တယ်။ အဲဒီအခါကျတော့ လည်ပင်းနားက မေးဖျားဘက်ကို လှန်ဆွဲတာ။ ‘ဓားများ လည်ချောင်းထဲ စိုက်ဝင်သွားရင်’ ဆိုတဲ့ စိတ်ကဝင်လာတယ်။ တံတွေးတောင် မမျိုရဲဘူး။ သူကတော့ စကားတွေပြောတုန်း။ ဘာတွေပြောနေမှန်းတောင် မသိပါဘူး။ သူကတော့ စကားပြောရင်း လက်ကမှန်မှန် ဆွဲဆွဲရိတ်နေတယ်။
ကျွန်တော်က မဆီမဆိုင် ပဒေသရာဇ်ခေတ်တုန်းက၊ သက်ဦးဆံပိုင်ခေတ်တုန်းက ရှင်ဘုရင်တွေ ဘယ်လို မုတ်ဆိတ်ရိတ်ကြသလဲဆိုတာ သွားသတိရနေမိတယ်။ ရှင်ဘုရင့်ခေါင်း၊ ရှင်ဘုရင့်လည်ပင်းကို ကိုင်ခွင့်ရှိတာ ဒီ ဆတ္တာသည်တွေပဲ။ အင်မတန် ယုံကြည်စိတ်ချရတဲ့ ဆတ္တာသည်ကိုမှ ‘ဘုရင့်တော်ဝင် ဆတ္တာသည်’ ခန့်တယ်ဆိုတာကိုး။ သူက ကျွမ်းကျင်ရုံ မကဘူး။ သစ္စာလည်းရှိရမယ်။ ဘုရင်ကိုသတ်ရင် ဘုရင်ဖြစ်နိုင်တဲ့ခေတ်မှာ ဆတ္တာသည်ရဲ့ဓားသွားက ဘုရင့်လည်ပင်းကို နည်းနည်းစိုက်ပေးလိုက်တာနဲ့ သူ ဘုရင်ဖြစ်နိုင်တာကိုး။ ဒါပေမဲ့ သမိုင်းမှာ ဘယ်ဘုရင်မှ ဆတ္တာသည် ညစ်ပတ်လို့ ကံတော်ကုန်တယ်ဆိုတာ မကြားဖူးပြန်ဘူး။ ကိုယ့်ဟာကိုယ်တွေးရင်း ပြုံးမိတော့ …
“ဆရာသမားက ပြုံးတယ်၊ ခင်ဗျားကတော့ ထင်မှာပဲ၊ ကျုပ်ကပဲ ဆိုးတယ်လို့၊ ကျုပ်မိန်းမက လူတစ်မျိုးဗျ၊ ကျုပ် ဖဲနိုင်တဲ့ပိုက်ဆံလည်း မလိုချင်ဘူးတဲ့၊ ဖဲရှုံးတာလည်း မခံနိုင်ဘူးတဲ့၊ ရှိတာလေးနဲ့ စားချင်တာတဲ့၊ ဖဲရှုံးလို့ ညစ်ကညစ်၊ အရက်ကလေးကလည်း သောက်မိတော့ နားရင်းပါးရင်း ထရိုက်မိရော၊ နောက်တော့ ရုံးတစ်ရုံးမှာ သန့်ရှင်းရေးအလုပ် သူရတယ်။ ဟော … အဲဒီလည်းကျရော ကျုပ်ကို ထမင်းတောင် ထည့်မကျွေးချင်တော့ဘူးဗျာ၊ ဖောက်ပြန်လာတာ ပြောပါတယ်”
ကျန်တဲ့ပါးတစ်ဖက်ကို စရိတ်ပြီ။ ပါးပေါ်က အရေပြားတွေကို ဆွဲဆွဲပြီး ခပ်ပြင်းပြင်းရိတ်တယ်။ စိတ်ခံစားမှု ပြင်းလာလို့လား မသိဘူး။ မြန်လည်းမြန်၊ ကြမ်းလည်းကြမ်းလိုက်တာ မပြောပါနဲ့တော့။ ခဏလေးနဲ့ ပါးလည်းပြောင်ရော။ အားလုံးပြီးတော့ မျက်နှာတစ်ခုလုံး လက်ခုံနဲ့ပွတ်တယ်။ အမွေးကြမ်းရှိတဲ့ နေရာတွေထပ်ရိတ်။ ပြန်စမ်း။ နှုတ်ခမ်းမွေးကျတော့ ရေထပ်ဆွတ်တယ်။ ဆပ်ပြာနည်းနည်း ထပ်ပွတ်တယ်။ သည်တစ်ခါတော့ သားရေပြားမှာ ဓားသွားခတ်တယ်။ နောက် … ခဏလေး အသက်ရှူလိုက်ပြီး နှုတ်ခမ်းမွေး စရိတ်တယ်။
“အခုတော့ ကွာကိုရှင်းလိုက်ပါပြီ၊ ပုံမှန်လစာကလေး ရသွားတာရယ်၊ သူ့ညီမက မြှောက်ပေးတာရယ်၊ ဘေးကလည်း ပြောကြမှာပေါ့လေ၊ လက်မှတ်ထိုးပေးပါတဲ့”
“ကျုပ်က တောင်းပန်ပါသေးတယ်၊ မရတော့ဘူး၊ ကလေးတွေမျက်နှာ ထောက်ပါဦးဆိုတော့ ရှင်က ဘယ်သူ့မျက်နှာ ထောက်ခဲ့လို့လဲတဲ့၊ မလိုတော့ဘူးတဲ့”
“ပထမတော့ လင်ငယ်ရှိတယ်တောင် ထင်တာ၊ ဒီလိုလည်း မဟုတ်ပြန်ဘူး၊ ကွာကို ကွာချင်တာ၊ ကျုပ်ကလည်း ဖဲခြောက်ထောင်လောက် ရှုံးထား၊ အရက်ကလည်း သောက်မိတော့ လက်မှတ်ထိုးပေးလိုက်တယ်၊ ကိုယ့်မှ မကြင်နာတာ ဂျောင်းပေါ့၊ ဟုတ်ဖူးလား”
နှုတ်ခမ်းမွေးကို နှာခေါင်းအောက်က မြောင်းနားအထိ ဘယ်ညာ ကန့်လန့်ရိတ်တယ်။ အရင်ရိတ်နေကျက အဲသလိုမဟုတ်ဘူး။ အပေါ်အောက် ရိတ်တာ။ အခု ကန့်လန့်ရိတ်တော့ တော်တော်နာတယ်။ နာပေမယ့် စကားပြောလို့မရဘူး။ ပါးစပ်ဟလိုက်တာနဲ့ နှုတ်ခမ်းက ပြတ်သွားမှာလေ။ ကန့်လန့်ဆွဲရင်းက နှုတ်ခမ်းဘေးက နှုတ်ခမ်းရစ်ထူထူကလေးကို သူ သတိမထားမိဘူးနဲ့ တူပါရဲ့။ ဓားတစ်ချက်အဆွဲမှာ ဖျဉ်းခနဲ ဖြစ်သွားတယ်။ မှန်ကိုကြည့်မယ်လုပ်တော့ ဆုံလည်ကုလားထိုင်ကို ဆွဲလှည့်လိုက်တယ်။ ဒါက တမင်လှည့်လိုက်မှန်း ကျွန်တော်သိတယ်။ မရိုးသားမှန်း ကျွန်တော် သိတယ်၊ ဓားထိတဲ့နေရာက ချွေးနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်နေတယ်။
သူကတော့ နှာခေါင်းအောက်က မြောင်းချိုင့်လေးထဲက အမွေးတွေကို အသာအယာ ဆွဲရိတ်တယ်။ (ဓားချက်ဟာ နည်းနည်း ညင်သာသွားတာ သတိထားမိတယ်) သူက ခုံပေါ်က ဆံပင်ညှပ်ဆိုင်သုံး ပေါင်ဒါမှုန့် နည်းနည်းကို လက်ညှိုးနဲ့ လက်မညှပ်ပြီး ယူလာတယ်။ ပြီးတော့ သွေးထွက်သွားတဲ့ နေရာကိုသိပ်တယ်။ စကားပြောရင်းက မသိမသာ သိပ်သိပ်နေတာ။ သွေးတိတ်သွားအောင် ပေါင်ဒါမှုန့်နဲ့ ဖိသိပ်နေတာ ကျွန်တော် သိတာပေါ့။ ခံစားမှုကို ဘယ်ပျောက်အောင် လုပ်လို့ရပါ့မလဲ။ အားလုံး ပြီးသွားတော့မှ အစအဆုံး ခပ်ပါးပါး လိုက်ရိတ်တယ်။ နောက် ပါးစပ်ကိုဟခိုင်းပြီး နှုတ်ခမ်းကွေးထောင့်က ကျန်တဲ့အမွေးကလေးတွေကို ရိတ်ပြန်ရော။
“ပါးစပ်ဟလိုက်မှ အမွေးတွေက ထောင်ထွက်လာတာဗျ၊ ဟထား၊ ဒါမှ စင်တာ၊ ဓားက တရုတ်ဓားဆိုတော့ သိပ်ထက်တာ၊ အရင် ဂျာမနီဓားမောက်က သွားဖုံးထူတော့ သွေးရတာခက်တယ်”
သူ့ဟာသူ မလုံလို့လားမသိဘူး။ ဓားအကြောင်း လှည့်ပြောနေတယ်။ ကျွန်တော်က ဆုံလည်ပေါ်က ဆင်းချင်လှပြီ။ ဆံပင်ကလည်း စူး၊ အိုက်ကလည်း အိုက်၊ အနာကလည်း နာ။
“အခုတော့ တစ်ယောက်တည်းပေါ့ဗျာ၊ သွားလိုက် စားလိုက်၊ ကလေးတွေလည်း မတွေ့ရ”
သူ့အသံတွေက တိမ်ဝင်နေတယ်။ ခုံပေါ်ကို ဓားတင်လိုက်တယ်။ လည်ပင်းက ခေါက်တုံ့ချည်ထားတဲ့ ခြုံထည်ကို ဖြေလိုက်တယ်။ နောက် ကော်လံကို ဆွဲဟပြီး ရေမြှုပ်စနဲ့ အမွှေးတွေထွက်သွားအောင် ပွတ်ထုတ်ပစ်တယ်။ ပါးတွေ၊ မေးစေ့တွေ၊ လည်ပင်းတွေကို ရေမြှုပ်စနဲ့ပွတ်တယ်။ မျက်နှာကို ရေဆွတ်ပြီး ကျောက်ချဉ်တုံးနဲ့ လိုက်ပွတ်တော့ ဒဏ်ရာက စပ်လိုက်တာ။
ပထမတော့ ခုံပေါ်က ဆင်းဆင်းချင်း မှန်ကြည့်မလို့ဘဲ။ နောက်တော့ မကြည့်တော့ပါဘူး။ သူ့ကို အားနာလို့။ လက်ထဲမှာ ဓားတဖန်းဖန်း ခတ်ပြတဲ့လူက မျက်နှာဓားထိအောင် ရိတ်တယ်ဆိုတာ သူ့ရှေ့မှာ ကျွန်တော်သိသွားရင် သူ့သိက္ခာကို ထိပါးမှာစိုးတယ်။ ပိုက်ဆံတစ်ကျပ်ခွဲ ပေးလိုက်တော့ …
“ခင်ဗျား ဟိုတစ်ခါ ရိတ်သွားတာမေ့ပြီး ပေးမသွားဘူးလေ” တဲ့။
ကျွန်တော်က ‘ဟုတ်လား’ လို့ပဲ ပြောလိုက်ပါတယ်။ နှစ်ရက်၊ သုံးရက်တစ်ခါ ရိတ်နေကျ ကျွန်တော်ဟာ အဲဒီနေ့က ပိုက်ဆံပေးခဲ့တာ မှတ်မိတာပေါ့။ သူ့ဆီက တစ်ကျပ်ခွဲယူပြီး ကျပ်တန်သုံးရွက် ပေးလိုက်တယ်။ ပြီးတော့ ပြုံးပြလိုက်တယ်။
* * *
(၂)
ဆိုင်ကထွက်လာတော့မှ စိတ်တွေ ပေါ့ပါးသွားတယ်။ နှုတ်ခမ်းထောင့်ကို လက်နဲ့စမ်းကြည့်တော့ သွေးစတွေပါလာတယ်။ နောက်တစ်ခါ ကိုအောင်မောင်းဆိုင်မှာ ရိတ်ဖို့က စဉ်းစားရတော့မယ်။ ဓားထိသွားလို့ မဟုတ်ပါဘူး။ မတော်တဆ ဓားထိနိုင်တာပဲ။ ဒါက ခွင့်လွှတ်လို့ရတယ်။ ဆိုးတာက ပိုက်ဆံညာယူတာ။ စိတ်ခံစားမှု ပြင်းနေတာ။ နောက် ဖဲရှုံးထားတဲ့ လူတစ်ယောက်။ အဆိုးဆုံးက အရက်ကို မူးနေအောင် သောက်ထားတာ။
ထက်ရှနေတဲ့ သင်တုန်းဓားတစ်ချောင်းနဲ့ ကိုအောင်မောင်းလို ဆတ္တာသည်ရဲ့ လက်ထဲကို လည်ပင်းတစ်ခုလုံး ဆယ်မိနစ်လောက် ထည့်ပေးထားဖို့က မလွယ်ဘူး။
(ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၉၀ ခု၊ အောက်တိုဘာလ)
* * * * *
No comments:
Post a Comment