နယ်ပိုင်မင်း
ဆယ်ပေပတ်လည် အခန်းကလေးအတွင်း စိတ်ရှုပ်၍နေရသူကား နယ်ပိုင်မင်း မောင်လူအေး ဖြစ်၏။ ယင်း ဆယ်ပေပတ်လည်အခန်းကလေးကား နယ်ပိုင်မင်း၏ ရုံးခန်းဖြစ်လေ၏။ ထိုအခန်းနှင့် မျက်နှာချင်းဆိုင်အခန်းကား နယ်ပိုင်မင်း၏ တရားခွင်ဖြစ်၏။ ဘေးချင်းကပ်လျက်နေသောအခန်းကား နယ်ပိုင်စာရေးများ၏ အလုပ်ခွင်။ ကျောချင်းကပ်အခန်းကား ရာဘတ်တရားသူကြီးဦးဘသော်၏ အခန်းတည်း။ အောက်ထပ်တွင်ကား တရားခံများချုပ်ထားရာအခန်း၊ ဘီလစ်၏အခန်း၊ ရှေ့နေများနေရာအခန်းများ ရှိလေသည်။ ဤမျှနှင့် နယ်ပိုင်ရုံးတော်၏ ပုံပန်းပေါ်လောက်ပြီ။
မောင်လူအေးသည် မိမိရုံးခန်းအတွင်း အလုပ်ရှုပ်၊ စိတ်ရှုပ်နေခိုက်တွင် ရာဘတ်သူကြီး ဦးဘသော်က သက်သေများအား ငေါက်ငန်းနေသောအသံကို အတိုင်းသားကြားရ၏။ “မောင်မင်း စိတ်ထဲမှာ ဈေးထင်သလား။ မောင်မင်းဖြေတာက တစ်မျိုး။ ငါဘာကိုရေးရမလဲ၊ ရုံးတော်ကို မောင်မင်း သက်သေလိမ်ပြီး ထွက်မယ်မကြံနဲ့၊ အခုထောင်ကျသွားမယ်” စသောအသံများသည် ထရံနှစ်ဖက်ကို ထိုးဖောက်ပြီး သကာလ မောင်လူအေး၏ နားတွင်းသို့ စူးဝင်၍သွားတော့၏။
အခြားဘက်အခန်းတွင်ကား နယ်ပိုင်စာရေးကြီး ဦးဘတိုးက အခွန်လာသွင်းသူများ နောက်ကျသောကြောင့် ဆူပွက်လျက်ရှိနေ၏။ “ခင်ဗျား တို့ကို ချိန်းထားတာ လေးငါးရက်ရှိပြီ။ အခုမှလာလို့ ကျုပ်ဘာလုပ်တတ်မှာတုံး။ ဒဏ်ငွေသာပေးပေတော့၊ ခင်ဗျားတို့ဘိုးအေ နယ်ပိုင်က တောင်းပန်လို့ရမှာ မဟုတ်ဘူး” စသော အသံများသည်လည်း မောင်လူအေး၏ ရှုပ်နေသော နားအတွင်းသို့ ချဉ်းနင်းဝင်ရောက်လျက်နေ၏။
ဒုတိယစာရေး ဖန်ကတုံးမောင်ဖျန်စိန်ကား မိမိရှေ့စားပွဲပေါ်တွင် တင်ထားသော စာရင်းစာအုပ်တွေ၊ အမှုတွဲတွေ တစ်ပုံကြီးနှင့် အလုပ်ရှုပ်လျက်နေ၏။ ဤမျှ အလုပ်ရှုပ်နေစေကာမူ ဆေးလိပ်ကိုကား လက်မှမချ။ စီးကရက်တစ်လိပ်ပြီးတစ်လိပ် ဖွာလျက်နေ၏။ တတိယစာရေး ဘကွန်းကား ဘာအလုပ်ရှုပ်နေမှန်းမသိ။ အခန်းထဲတွင် ဟိုလျှောက်သည်လျှောက်နှင့် နေ၏။
ရုံးပြာတာဖြစ်ကြကုန်သော ပန်ဒစ်နှင့် မဟာရန်တို့ကား နယ်ပိုင်အခန်းထဲသို့ အမှုတွဲတွေ၊ စာရွက်တွေယူကာ ဝင်လာ၊ အခန်းထဲမှ ယူစရာရှိတာတွေကို ယူသွားကာနှင့် အလုပ်များနေရှာကြကုန်၏။ ခုဝင်ခုထွက်နှင့် ခြေညောင်းစရာ။ နယ်ပိုင်စားပွဲပေါ်တွင်ကား စာရွက်တွေ၊ အမှုတွဲတွေနှင့် ရှုပ်နေလိုက်သည်မှာ အပ်ချစရာပင် နေရာလပ်မရှိ၊ စားပွဲပေါ်တွင်မျှမကသေး၊ အနီးရှိ ကုလားထိုင်တွေပေါ်တွင်လည်း အလွတ်မရှိ။ ဗီရိုပေါ်တွင်လည်း အလွတ်မရှိ။ ကြမ်းပြင်ပေါ်တွင်လည်း အလွတ်မရှိ။ များလိုက်တဲ့ ဖြစ်ခြင်း။ မောင်လူအေး ယင်းတို့ကိုမြင်လျှင်စိတ်အပင်ပန်းကြီးပင်ပန်းလျက် နေတော့၏။
ဤသို့ စိတ်ပင်ပန်းစွာနှင့် အလုပ်တွေကိုကြည့်နေစဉ် အပြင်ဘက်မှ ပြာတာ မောင်ဖိုးရွှေသည် အသံဝါကြီးဖြင့်ကျယ်လောင်စွာ “လျှောက်လွှာ၊ လျှောက်လွှာ၊ နယ်ပိုင်မင်း လျှောက်လွှာ” ဟူ၍ သုံးကြိမ်တိုင်တိုင် အော်လိုက်ပေ၏။ သူ၏အသံကြီးကို ကြားလိုက်သည်နှင့်တစ်ပြိုက်နက် တစ်ရုံးလုံး တိတ်ဆိတ်၍ သွားလေတော့၏။ ယင်းအသံဝါကြီးမှာ ပဲ့တင်ထပ်၍သွား၏။ ကိုက်တစ်ရာအတွင်းမှာပင် ကြားရ၏။ တကယ့်အသံကြီး ဖြစ်ပေသည်။
ပြာတာမောင်ဖိုးရွှေ၏ “လျှောက်လွှာ” ဆိုသော ပဲ့တင်သံကြီးမှမဆဲမီ အင်္ကျီညစ်ညစ်၊ လုံချည်ညစ်ညစ်၊ ဆံပင်စုတ်ဖွားနှင့် လျှောက်လွှာတစ်စောင်ကိုကိုင်ကာ အခန်းတွင်းသို့ မိန်းမတစ်ယောက် ဝင်၍လာ၏။ အသူနည်း။ မဘုမ ဖြစ်ပါသည်။ အဘယ့်ကြောင့်လာပါသနည်း။ မနေ့က မရွှေသောင်း၏ ခွေးနက်ကြီးက မိမိအားကိုက်သောကြောင့် တရားစွဲရန်ဖြစ်ပါသည်။ ကိုက်တတ်သောခွေးကိုမွေးထားပြီး အဘယ်ကြောင့်ကောင်းစွာ မထိန်းထားပါသနည်း။ ဤအမှုကား လူကြီးရုံးနှင့် သင့်တော်၏။ လူကြီးရုံးသို့ လွှဲလိုက်လေ၏။
ယင်းမဘုမမှ ထွက်သွားမည်မလုပ်သေး၊ ခေါင်းပေါင်းစထောင်ထောင်၊ မျက်မှန်ပြောင်နှင့် လူတစ်ယောက် လျှောက်လွှာလေးကိုင်ကာ ဝင်လာပြန်ပါ၏။ လူကြီးလူကျယ်တစ်ယောက်နှင့် တူလေသည်။ အဘယ်ကြောင့်လာပါသနည်း။ အင်္ဂလာသူကြီးနှင့်ပတ်သက်၍ လျှောက်ထားရန် ဖြစ်ပါသည်။ အင်္ဂလာသူကြီးသည် မိမိအား မတရားဒဏ်ရိုက်လိုက်သဖြင့် ယင်းသူကြီးအား စစ်ဆေးပြီး အပြစ်ပေးရန် လျှောက်ထားခြင်းဖြစ်လေသည်။ မောင်လူအေးလည်း မိမိ၏ နေ့စဉ်မှတ်တမ်းစာအုပ်ကို ဖွင့်၍ ကြည့်သည်။ ရက်ချိန်းတွေပြည့်နေပြီဖြစ်သောကြောင့် ဆိုင်ရာမြို့ပိုင်ထံ စစ်ဆေးရန် ပို့လိုက်၏။
ထိုလူထွက်သွားသည်နှင့် တပြိုက်နက် ဝင်၍လာသူကား တရုတ်အစန်ဖြစ်၏။ တစ်နေ့က အင်းမရွာတွင် အလုပ်မရှိ လူမိုက်ဘွဲ့ရ ငဖိုးညန်က အလကားသက်သက် နေ့လည်ကြောင်တောင်တွင် လမ်းလျှောက်နေခိုက် ပါးနားရိုက်သဖြင့် နာကျင်စေမှုဖြင့် တရားစွဲရန်ဖြစ်၏။ ယင်းအမှုကား ဒုတိယမြို့ပိုင်ကလေးနှင့် သင့်လျှော်လေသည်။ ယင်းအား လွဲပေးလိုက်၏။
အောင်မယ်၊ ဗျင်းစွဲသူကြီးဖိုးရွှေအုပ်ပါကား။ ဘာကိစ္စပါလိမ့်။ လျှောက်လွှာကြီးကို ဆုပ်ထားလိုက်သည်မှာ ကြေမွ၍ပင်နေပေပြီ။ နောက်နားကလည်း လူလေးငါးယောက်။ ရွာကော်မတီ ဖိုးလှ၊ ဘသောင်း၊ ဦးကုလားတို့ပါကလား။ အကြောင်းများထူးလာကြသလား။ အင်း၊ လူဆိုးဖိုးမောင် ရွာထဲတွင် သောင်းကျန်းနေသောကြောင့် တစ်ရာ့တစ်ဆယ်လုပ်ရန် လျှောက်ထားကြပေသကိုး။ လျှောက်တာကတော့ ကောင်းပါရဲ့။ သည်အကောင်တကယ်ပဲဆိုးသလား သူကြီးမင်းရဲ့၊ ဆိုးမှလည်း လုပ်ကြပါ၊ မတော်တဆ လူကောင်းဖြစ်နေပါ့မယ်။ ယင်းတို့အားလုံးကို စစ်ဆေး၏။ ပြီးလျှင် ဖိုးမောင်ကိုဖမ်းရန် ဝရန်းထုတ်ပေးလိုက်လေသည်။ သူကြီးလည်း ပြုံလျက် ထွက်သွား၏။ ငါလိုသူကြီးကို ဘယ်လိုကောင်မှတ်သလဲဟု ကြိမ်းဝါးသွားပုံရလေသည်။
ထို့နောက် ဝင်လာကြသူတို့ကား ဆယ့်ငါးယောက်ခန့်ရှိလေသည်။ အသက်ခပ်ကြီးကြီးလည်း ပါ၏။ အသက်ခပ်ငယ်ငယ်လည်း ပါ၏။ အဝတ်အစားပြောင်ပြောင်နှင့်လည်း ပါ၏။ အဝတ်အစား ညစ်ထေးစွာနှင့် ယောကျာ်းက အများသား။ မိန်းမက သုံးလေးယောက်။ ကလေး သုံးလေးယောက်လည်း ယင်းတို့၏ မိဘများနှင့် ပါလာ၏။ ဘုမသိ ဘမသိ။ ကြောက်ရမှန်းမသိ လန့်ရမှန်းမသိ၊ မျက်လုံးကလေးများ ကြောင်တောင်တောင်နှင့် နယ်ပိုင်မောင်လူအေးအား ကြည့်နေကြကုန်၏။ ယင်းလူစုတွင် ခေါင်းဆောင်ဟု ထင်မှတ်ရသော အသက်ငါးဆယ်ခန့်လူ၏ လက်ထဲတွင် လျှောက်လွှာတစ်စောင်ပါ၏။ ထိုလျှောက်လွှာကား အခြားမဟုတ်။ မကြာမီက ဓားပြတို့ကို မခုခံသောကြောင့် အစိုးရမင်းက ဒဏ်ရိုက်ထားသည်ကို ချမ်းသာပေးရန်ဖြစ်၏။ အဘယ်ချမ်းသာပေးနိုင်မတုံး။ အထက်အစိုးရမင်းကြီးက ဒဏ်ရိုက်က်သည်ကို မိမိက အဘယ်မှာလျှင် ချမ်းသာခွင့်ပေးနိုင်ပါအံ့နည်း။ ကျေနပ်အောင်ပြော၍ လွှတ်လိုက်ရ၏။ ထိုလူဆယ့်လေးငါးယောက်တို့မှာလည်း မကျေနပ်။ စိတ်ပျက်လက်ပျက်နှင့်ပင် ထွက်၍သွားကြတော့၏။
ယင်းတို့လူသိုက် ထွက်သွားပြီးနောက် လျှောက်လွှာကိုင်၍ဝင်လာသူ မရှိ။ ရှင်း၍သွားပေပြီ။ သက်မကြီးကိုချကာ နာရီမော်၍ကြည့်၏။ တော်တော်အချိန်နှောင်းသွားပေပြီ။ စားပွဲပေါ်တွင် ပုံနေသော အလုပ်တို့ကို လုပ်ရတော့အံ့။ ဝမ်းမြောက်စွာ စီးကရက်တစ်လိပ်ကို မီးညှိ၍ဖွာ၏။ ပြီးမှမပြီးသေးမီ ပြာတာ မောင်ဖိုးရွှေဝင်လာပြီးလျှင် လေးထောင့်စာရွက်ကလေးတစ်ခုကို ပေး၏။ ဝိဇ္ဖာဘွဲ့ရ မောင်စံသိန်း ဝင်၍လာ၏။ ဝိဇ္ဖာတို့ဘာဝ ခံ့ခံ့ငြားငြားပေပင်။ ဝန်ထောက်စာမေးပွဲ ဝင်လိုသောကြောင့် အကျင့်စာရိတကောင်းကြောင်း လက်မှတ်တောင်ရန်ဖြစ်၏။ ယင်းဝိဇ္ဖာကလေးနှင့် တစ်ခါနှစ်ခါတွေ့ကြုံဖူး၏။ လက်မှတ်ကို ရေးပေးလိုက်လေသည်။ မပြန်သေး။ ကျေးဇူးတင်ကြောင်း ပြောနေသေး၏။ အောင်မလေးဟဲ့နော်၊ ရရင်တော်ရောပေါ့၊ စကားရှည်နေရသေး၊ ငါ့အလုပ်တွေ ကြည့်ပါပေတော့လား။ အလုပ်တွေများနေသောကြောင့် စကားရှည်ရှည် မပြောနိုင်၍ ဝမ်းနည်းကြောင်း ပြော၍ လွှတ်လိုက်ရ၏။
ထွက်သွားလေပြီ။ အလုပ်လုပ်ရတော့အံ့။ အဘယ်မှာလုပ်ရဦးမည်နည်း။ ရာဇဝတ်ဝန်ထောက် ပေါက်လာပြန်ပြီ။ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်လုပ်ရန် လာရောက်တိုင်ပင်ခြင်းဖြစ်လေသည်။ စီးကရက်သောက်ရန်ပေးပြီး တော်တော်ကြာအောင် ဆွေးနွေးရ၏။ မောင်လူအေးကား များစွာ စိတ်မပါလှ။ မိမိရှေ့တွင်ပုံနေသော အလုပ်များဘယ်သို့ကုန်အောင် လုပ်ရမည်နည်းဟူ၍သာ စိတ်ကူးထုတ်လျှက်နေ၏။
ရာဇဝတ်ဝန်ထောက်မင်းနှင့် စကားပြော၍မျှမပြီးသေး၊ ပြာတာပန်ဒစ်ဝင်လာ၍ ကြေးနန်းစာတစ်စောင်ကိုပေး၏။ ဖွင့်၍ဖတ်လိုက်ရာ ဧရာဝတီမြစ်ရေ တိုးသဖြင့် အစိုးရတာများ ပြိုမှာကို စိုးရိမ်ရသောကြောင့် ချက်ချင်းသွား၍ စီမံရန်ဖြစ်လေသည်။ အဘယ်သို့လုပ်ရအံ့နည်း။ ခက်တော့တာပဲ၊ မနက်ဖြန်လည်း အမှုတွေချိန်းထား၏။ ယနေ့လည်း အမှုတွေစစ်ရန် ရှိသေးသည်။ အလုပ်များရတဲ့အထဲ ဒါတွေက လာရှုပ်ပြန်ပြီ။ တာခေါင်းတို့၊ တာဗိုလ်တို့၊ တာဝန်ထောက်တို့၊ တာအရေးပိုင်တို့ ရှိပါလျက် မိမိတို့ကို ဘာမဆိုင်ညာမဆိုင် အလုပ်များပြီးသားသူတို့ကို အဘယ်ကြောင့် အလုပ်ပေးရပြန်ပါသနည်း။ မနက်ဖြန်ကို သွားရန် စီမံရ၏။ ချိန်းထားသော အမှုများကို ပြန်၍ ရက်ရွှေ့ရပြန်၏။ ဤသို့အလုပ်ရှုပ်နေသည်ကိုမြင်လျှင် ရာဇဝတ်ဝန်ထောက်မင်းလည်း အားနာလာသဖြင့် နှုတ်ဆက်ကာ ထွက်၍သွားတော့၏။
ဤကိစ္စတော့ဖြင့် ပြီးသွားပြီ။ ရှေ့တွင်ပုံနေသော အလုပ်များကို စ၍လုပ်ရတော့အံ့။ အမှုတွဲတစ်ခုကိုဖွင့်၏။ ကလောင်ကို ကိုင်၏။ စာတစ်လုံးနှစ်လုံးကို ရေး၏။ ရေး၍မျှမပြီးသေး မြို့  ပိုင်မင်း ပေါက်၍လာလေသည်။ လက်ထဲတွင် အမှုတွဲတွေ တစ်ပုံကြီးနှင့်။ ဘာကြောင့် လာပါလိမ့်။ လူခွန်၊ မြေခွန်၊ ကိုင်းခွန်၊ ဂရန်စသော အခွန်တော်အမျိုးမျိုးအတွက် တိုင်ပင်ရန်လာခြင်းဖြစ်လေသည်။ အတော်ကြာအောင် နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ အကြံထုတ် ဥာဏ်ထုတ်နေကြ၏။ အကြံရခက်သဖြင့် ခေါင်းကိုက်လုမတတ်။
ဤသို့ ခေါင်းရှုပ်နေကသည့်အတွင်း ကြေးနန်းတစ်စောင် ရောက်လာပြန်၏။ လန့်၍ သွားလေသည်။ ဖောက်၍ဖတ်လိုက်ရာ စစ်ကွင်းသူကြီးအား ဓားပြများသတ်သွားကြောင်း ချက်ချင်း လိုက်သွားရန်ပါလေသည်။ “ချက်ချင်း” ဆိုသောစကားသည် ခက်လှပေ၏။ အမိန့်ပေးသောသူ၌ကား လွယ်ကူ၏။ လိုက်နာရသောသူအဖို့ကား မည်မျှခက်နေရပါသနည်း။ ယခုချက်ချင်းထွက်သွားပါက ယနေ့ချိန်းထားသော အမှုတွေ၊ ရှေ့တွင်ပုံနေသော အမှုတွဲတွေကို မည်သို့လုပ်ရပါအံ့နည်း။ မနက်ဖြန်ဆိုလျှင် အစိုးရတာအတွက် သွားရဦးမည်။ ယင်းနှစ်မျိုးစလုံးအရေးကြီး၏။ အဘယ်သို့လုပ်အံ့နည်း။ မနက်ဖြန် ဓားပြမှုဖြစ်ရာသို့သွားလျှင် ကောင်းလေရဲ့။ အကယ်၍ တာကျိုးသွားက မခက်ပေလော။ ဤသို့တွေးတောရင်း အချိန်ကုန်ခဲ့၏။ မြို့ပိုင်မင်းလည်း အကြံမပေးတတ်။ အလိုက်သိစွာ နှုတ်ဆက်၍ထွက်သွားခဲ့ဘိ၏။ ဓားပြရှိရာသို့ နောက်တစ်နေ့မှ သွားမည်ဟု ဆုံးဖြတ်လိုက်လေသည်။ နာရီကို ကြည့်လိုက်ရာ နှစ်ချက်ထိုးနေပြီ။ ဘာအလုပ်မျှ မပြီးသေး။ သည်တစ်ခါ အသေအချာလုပ်တော့မည်ဟူသော မျက်နှာထားနှင့် ကလောင်ကို တင်းတင်းကြီးကိုင်၏။ ကလောင်လက်ထဲသို့ ရောက်၍မျှ မကြာသေးမီ ခေါင်းပေါင်းစ တထောင်ထောင်နှင့် လူနှစ်ယောက် အကြောင်းမကြားဘာမကြား ရှေ့သို့ရောက်၍လာကြ၏။ ကုလားထိုင်တွင် ဆွဲ၍ထိုင်ကြ၏။ ဆေးတံကြီးများကိုက်လို့။ ဘယ်သူတွေပါလိမ့်။ တော်တော်ရဲတဲ့ သူတွေပါကလား။ လက်ထဲမှာလည်း စာအုပ်ကြီးတွေနဲ့ပါကလား။ ဖြတ်ပိုင်းစာအုပ်တွေလည်းပါရဲ့။ ထီလက်မှတ်ရောင်းသူတွေလော။ အလှူခံတွေလော။ အောင်မလေးဟဲ့ လူတွေ၊ အလုပ်များတုန်းမှ ရောက်လာကြတယ်။ ကိုင်း၊ ကိုင်း ဘာကိစ္စလာကြပါလိမ့်။ ကြို့ပင်ကောက် မိဘမဲ့ကျောင်းအတွက် အလှူခံပုဂ္ဂိုလ်မျာပေတည်း။ သြော် တော်တော်အားကြပါပေရဲ့နော်။ စကားနည်းလိုသဖြင့် ချက်ချင်းပင် ငွေနှစ်ကျပ် အိတ်ထဲမှထုတ်၍ပေးလိုက်၏။ ပြန်ကြပါတော့။ အောင်မယ်လေးဟဲ့ မောင်မင်းကြီးသားတွေ။ ဘယ်ပြန်ကြဦးမလဲ။ နှစ်ကျပ်ဟာ နည်းပြန်သတဲ့။ အနည်းဆုံး ၁ဝ လောက်ထည့်ဖို့ ကောင်းတယ်ဆိုကိုး။ သူတို့ကတော့ အားနေကြတဲ့လူတွေ။ တရားကျအောင်ပြောနိုင်ကြမပေါ့။ သည်မှာ မအားတဲ့လူမှာတော့ အခက်ကြီးခက်နေပြီ။ ဘယ်လိုပြောလို့မှ မရ။ တောက်တဲ့ကပ် ကပ်နေတော့တာပဲ။ နောက်ဆုံး၌အားမနာပါးမနာနိုင်တော့ပဲ နှစ်ကျပ်ယူချင်ယူ၊ မယူချင်နေ ဟူ၍ခပ်ဆတ်ဆတ်လေးပြောတော့မှ ငွေနှစ်ကျပ်ကို စားပွဲပေါ်မှ ကောက်ယူသွားကြလေတော့သတည်း။ ဖြတ်ပိုင်းကိုပေးရန်ကိုလည်း သတိမရကြ။
အင်း၊ အေးပြီ။ အလုပ် လုပ်ရတော့မလား အောက်မေ့ပါ။ အပြင်ဘက်က ဆူညံဆူညံနဲ့ ဖြစ်နေကြတာ ဘယ်သူတွေပါလိမ့်။ အစိုးရမြေသိမ်းလို့ လျှော်ကြေးလာယူကြသူများဖြစ်လေသည်။ ငွေမရသေးလို့ စုရုံးစုရုံးနှင့်။ ညနေ လေးနာရီ သင်္ဘောမမှီလျှင် ခက်မည်စိုးသောကြောင့် စုရုံးစုရုံးနှင့် ဆူညံနေသူများ ဖြစ်နေကြလေးသည်။ ချက်ချင်း ငွေတိုက်တွင် ငွေသွားထုတ်စေ၍ အလှည့်ကျ မိမိတို့ ရထိုက်သော ငွေများကို ဝေပေး၏။ လျှော့နေ၍ပြန်ပြောသူကပြော။ ပိုသွား၍ပြန်ပေးသူကပေး။ ငွေ အ နေသဖြင့် ပြန်လဲသူကလဲ။ မနည်းပင် အချိန်ကုန်၍သွာလေတော့သည်။ ထိုအထဲ လျှော်ကြေးပေးတာ နည်းသည်ဟု ကျိန်ဆဲသွားသူတွေကလည်း ရှိသေး။ အောင်မယ်လေးဟဲ့ ဒုက္ခ။ ငွေတွေပေးနေသည်နှင့် သုံးနာရီခွဲ၍သွား၏။
လုပ်စရာတွေလည်း အများကြီးရှိသေး။ ဘယ်ဟာကို စ၍ကိုင်ရမည်မသိတော့ပြီ။ ဝမ်းထဲတွင် ဟာတာတာဖြစ်၏။ ဆေးလိပ်တစ်လိပ်ကို ညှိမည်အလုပ်တွင် အင်္ဂလိပ်ယောင်ယောာင်၊ ကုလားယောင်ယောင် အမောင်ဘောင်းဘီဝတ်တစ်ယောက် ပေါက်၍ လာပြန်၏။ မောင်လူအေးကား ဟစ်၍သာ ငိုလိုက်ချင်တော့သည်။ စလိုက်သည်နှင့် တစ်ပြိုင်နက် မောင်လူအေး စကားမပြောရ။ ယင်းကပြောလိုက်သည်မှာ မောင်လူအေး ငေး၍သာ နေရ၏။ အသူနည်း။ အသက်အာမခံတိုက်က နယ်လှည့်ကိုယ်စားလှယ်ဖြစ်လေသည်။ ပြောလိုက်သည့်စကားက အတောမသတ်ပြီ။ သူ၏ကုမ်ပဏီကောင်းကြောင်း၊ ယင်းကုမ်ပဏီတွင် အသက်ပေါင်ထားလျှင် အဘိုးများစွာရမည့်အကြောင်းတို့ကို စိတ်ပါလောက်အောင် ပြောရှာ၏။ မောင်လူအေးနားထဲသို့ တစ်ခုမှမဝင်။ အပြင်သို့သာ ထွက်တော့၏။ နောက်ဆုံး၌ “အသက်မပေါင်ဘူး” ဟူ၍တစ်ခွန်းတည်းသာ ပြောပြီး မိမိလုပ်လိုသော အလုပ်ကိုသာ ကောက်၍လုပ်တော့၏။ ထိုသူလည်း အံ့အားသင့်စွာ ထိုင်နေ၏။ နောက်မှ ထွက်သွားလေတော့သည်။
လေးနာရီခွဲပြီ။ ဘာအလုပ်ကိုမှ ဟုတ်ဟုတ်မလုပ်ရသေး။ စိတ်ပျက်မိ၏။ စိတ်တိုမိ၏။ စိတ်ကောက်မိ၏။ ဤသို့နေခိုက် ကျယ်လောင်စွာသော သီချင်းသံကို တရားခွင်အခန်းထဲဆီမှ ကြားလိုက်ရ၏။ စိတ်ပေါက်ပေါက်နှင့် ထွက်ကြည့်လိုက်ရာ ဘကြီးသာ ပုလိပ်နှစ်ယောက်အကြားတွင် လက်ထိပ်နှင့် ရပ်နေသည်ကို မြင်ရ၏။ သည်တော့မှ အရူးမောင်အောင်လှ၏ အမှုကို ချိန်းထားကြောင်း သတိရတော့၏။
အချိန်လည်းနှောင်းပြီ။ ဤအမှုကိုပင် ပြီးအောင် စီရင်မည်ဟု အမှုတွဲကိုယူကာ တရားခွင်ပေါ်တက်၏။ ရှေးဦးစွာ ရူးမရူး စုံစမ်းရန်ဖြစ်၏။ အောက်ပါအတိုင်း မေးခွန်းများကို ထုတ်၏။ အောက်ပါအတိုင်း အဖြေများကို ရလေသည်။
မေး။ ။ မောင်မင်းဘယ်သူလဲ။
ဖြေ။ ။ တန်ဆောင်မုန်းလ မီးထွန်းပွဲ အလွန်စည်ကားမှာပဲနော်။
မေး။ ။ မဟုတ်ဘူး၊ မောင်မင်းအမည်ကိုမေးတယ်။
ဖြေ။ ။ ဟုတ်ကဲ့၊ ပန်းမြိုင်လယ် အိုလေ သာနယ်ဘွေ။ မျှော်လေတိုင်း။
မေး။ ။ မောင်မင်း ဘယ်သူ့သားလဲ။
ဖြေ။ ။ မိဘနှစ်ပါးရဲ့သားပေါ့။ ဘာလဲ ကိုသုကျိတ်မြင်တော့လိုက်လိုက်။
မေး။ ။ ဟုတ်ပြီ။ မောင်မင်းအဖေ ဘယ်သူလဲ။
ဖြေ။ ။ အဖေပေါ့ဗျာ၊ မေးနေရသေးသလား၊ အိုလေ တောမြိုင်စွန်းက။
မေး။ ။ မောင်မင်းအဖေ နာမည်ဘာလဲ။
ဖြေ။ ။ ဦးအောင်ဇေယျပေါ့ဗျ၊ ဘာမှတ်လို့မေးတာတုန်း၊ ကျုပ်စိတ်ဆိုးလာပြီ။
ကောင်းကောင်းသီချင်းမဆိုရဘူး။ (ပုလိပ်များက ဟန့်တားရ၏။)
မေး။ ။ မောင်မင်းအဖေက ဦးအောင်ဇေယျဆိုရင် မောင်မင်းအမေနာမည် ဘာခေါ်သလဲ။
ဖြေ။ ။ အောင်မယ် လာသေးရဲ့။ သိလိုရင် ပြောမပေါ့။ လှိုင်ထိပ်ခေါင်တင် မဟုတ်လားဗျ။
ကျုပ်အမေက စုံဆယ်ဖြာ ပန်ထွာဦးတင်။
မေး။ ။ ဟေ့ နေပါဦး။ မင်းဘယ်မှာနေသလဲ။
ဖြေ။ ။ အခုအခါ ရေသိပ်ကြီးတယ်လို့ ဆိုကြတယ်။
မေး။ ။ မောင်မင်းဘာဖြစ်လို့ ဒီရောက်လာသလဲ။
ဖြေ။ ။ ခင်ဗျားဘာလုပ်စားသလဲ။ ဟိုမေး ဒီမေးနဲ့။ ကြာကြာတော့ စိတ်မရှည်နိုင်တော့ဘူး။
မေး။ ။ မောင်မင်းနားမှာ ရပ်နေကြတာ ဘယ်သူတွေလဲ။
ဖြေ။ ။ တစ်ချက်တော့ ကျဲလိုက်ချင်သေးတယ်ကွဲ့။ တို့အမေ မသေခင်က မှာသွားတယ်။
မေး။ ။ မောင်မင်း အသက်ဘယ်လောက်ရှိပြီလဲ။
ဖြေ။ ။ မင်းနဲ့ ဘာဆိုင်သလဲ။ ငါနေတဲ့အိမ်ဟာ ငါ့အိမ်ပေါ့။ ဘယ်သူဆိုင်သေးသလဲ။
မေး။ ။ ကောင်းပြီ။ မောင်မင်းအိမ်ပါပဲ။ မောင်မင်း ဆွေမျိုးသားချင်းမရှိဘူးလား။
ဖြေ။ ။ ကျုပ်တို့ငယ်ငယ်က တယ်ပျော်စရာကောင်းတယ်ဗျာ။ ဟား.ဟား...ဟား...ဟား။(ပုလိပ်များက တားရ၏။)
မေး။ ။ မောင်မင်းတို့ ငယ်ငယ်က ပျော်တာ ထားလိုက်ပါဦး။ မောင်မင်းကို ဘယ်သူအုပ်ထိန်းသလဲ။
ဖြေ။ ။ ဒီအင်္ကျီသုံးမတ်ပေးရတယ်။ ငထူးတို့၊ မင်းတို့ ဝတ်နိုင်မှာ မဟုတ်ပါဘူးကွယ်။ အို ဖော်ကွာဝေးသူမို့။
ခြောက်နာရီလည်း ထိုးတော့မည်။ တစ်ရုံးလုံးလည်း မှောင်နေပြီ။ လူသံသူသံလည်း မကြားရ။
မိမိနှင့် အရူးအောင်လှတို့သာ ကျန်တော့သည်။ ဤအရူးမှုနှင့်ပင် အဆုံးသတ်ရတော့မည်။ အလုပ်တွေလည်း တောင်ပုံရာပုံ။ အဘယ်နည်းနှင့် ပြီးအောင် လုပ်မတုံး။ အရူးအောင်လှနှင့် အလုပ်ချင်းလဲလိုက်ချင်သော ဆန္ဒများများကြီး ပေါ်ပေါက်လာပြီးလျှင် တရားခွင်မှ ဆင်းခဲ့၏။ တောင်ပုံရာပုံသော အလုပ်တို့ကို အိမ်သို့ယူလာရန် မှားထားပြီး ရုံးဆင်းလာခဲ့သတည်း။
သိပ္ပံမောင်ဝ
[၁၉၃၂]
[၁၉၃၂]
No comments:
Post a Comment