Thursday 3 January 2013

ဖယောင်းဆရာဝန် - ဒဂုန်ရွှေမျှား

ဖယောင်းဆရာဝန
 



၁၉၂၉ ခုနှစ်၌ ကျွန်တော်သည် အိုင်အေအတန်းကို အောင်မြင်ပြီးနောက် ကျောင်းမှ ထွက်ခဲ့ပြီးလျှင် အလုပ်အကိုင်ရှာဖွေလျက်ရှိလေ၏။ ထိုအချိန်သည်ကား မြန်မာပြည်တွင် ငွေရေးကြေးရေးအလုပ်အကိုင်မှစ၍ ကျပ်တည်းခက်ခဲယဉ်းစပြုလာပြီဖြစ်၍ အလုပ်အကိုင်တို့မှာ ရှာာဖွေ၍မရနိုင်လောက်အောင်ပင် ရှားပါးလျက်ရှိရကား၊ ကျွန်တော်၏ ကြိုးပမ်းခြင်းများမှာ အချည်းအနှီးဖြစ်ရတော့မလောက်ရှိ၏။ ကျွန်တော့မှာ ရုပ်ရည်များစွာမချောမောလှသော်လည်း သနားကမားရှိသောမျက်နှာရှိသည့်ပြင် ကိုယ်လုံးကိုယ်ပေါက်လည်း ကျနပြေပြစ်ခြင်းရှိသဖြင့် အချို့မိတ်ဆွေများက ရုပ်ရှင်ကုမ္ပဏီတစ်ခုခုဝင်ပြီးလျှင် ဇာတ်လိုက်မင်းသားလုပ်ရန် အကြံပေး၏။ ဤအ ကြံမှာ မကောင်းဟု မဆိုနိုင်ချေ။ သို့သော် အလုပ်အကိုင်မရှိဘဲ လှည့်ပတ်၍နေခြင်းထက် အအဘယ်ကြောင့်ဆိုသော် အလုပ်တစ်ခုခုကိုလုပ်၍နေခြင်းမှာ မြတ်၏။ ရုပ်ရှင်ဇာတ်လိုက်များမှာ တည်ကြည်ရိုးခြောင့်စွာ မိမိအရည်အချင်းဖြင့်အသက်မွေးကြသူများဖြစ်ကြ၍ သူတစ်ပါး၏ လက်အောက်၌ မိမိ၏ အရည်အချင်းဖြင့်အသက်မွေးကြသူများဖြစ်ကြ၍ သူတစ်ပါး၏ လက်အောက်၌ မိမိ၏အရည်အချင်းကို ကန်ထရိုက်နှင့်ရောင်းစားကြသော လခစားများထက်ပင် လွတ်လပ်ချောင်ချိစွာ ရှိကြ၏။

ဤကဲ့သို့ အလုပ်အကိုင်ရှာဖွေရင်း အချိန်သည် တဖြည်းဖြည်း ကုန်လွန်၍လာခဲ့ရာတစ်နေ့သော နံနက်ခင်း၌ ရန်ကုန်ဂေဇက်သတင်းစာကြော်ငြာပိုင်းတွင် အောက်ပါအတိုင်း ထူးဆန်းသောကြော်ငြာတစ်ခုကို တွေ့ရှိရပါသည်။

ရုပ်ရည်ချောမောပြေပြစ်သော မြန်မာလူမျိုး လူငယ်တစ်ယောက် အလိုရှိသည်။ အသက်မှာ ၂၅ နှစ်ထက်မကြီးရ၊ ၂၀ ထက်မငယ်ရ။ အင်္ဂလိပ်စာကို အတော်အတန်တတ်မြောက် ပြီးလျှင် ရိုးသားဖြောင့်မတ်၍ သွက်လက်ရမည်။ လှောက်ထားလိုသူတို့သည် မိမိတို့ပုံပါ ပူးတွဲ၍ သတင်းစာတိုက်မှတစ်ဆင့် “ဆရာဝန်” ဟု လိပ်တပ်ပြီးလျှင် စာဖြင့်(လူကိုယ်တိုင်မလာရ)လျှောက်ထားရမည်။ အလုပ်မရသောသူများထံသို့ စာပြန်ကြားလိမ့်မည်မဟုတ်။

အထက်ပါကြော်ငြာကို တွေ့လျှင်တွေ့ချင်း ကျွန်တော်သည် ပို့စကတ်အရွယ်ရိုက်၍ထားသော ကျွန်တော်၏ဓာတ်ပုံကိုပါထည့်ပြီးလျှင် သတင်းစာတွင်ပါသော လိပ်စာအတိုင်းလျှောက်ထားလိုက်လေ၏။ ၎င်းနောက် ကျွန်တော့မှာ အလုပ်များလျှောက်သောအခါ မည်သည့်အခါမျှ ပြန်စာမရခဲ့ဖူးသည်ဖြစ်၍ ခါတိုင်းကဲ့သို့ အမှတ်မဲ့ပင် နေထိုင်ခဲ့လျက် ဤအကြောင်းကိုမေ့လျော့လုမတတ်ရှိစဉ် စာတိုက်မှစာတစ်စောင်ကို ရရှိလေသည်။ ထိုစာမှာ အထက်ပါကြော်ငြာကို ထည့်သွင်းသူ ဒေါက်တာရိုင်းနိုးဆိုသူထံမှ စာဖြစ်၍ ကျွန်တော့အား လူကိုယ်တိုင်ကြည့်ရူတွေ့မြင်လိုသည်ဖြစ်၍ စာရသည့်နေ့ညနေခင်း၌ လာရောက်စေလိုကြောင်း ပါရှိလေသည်။ ၎င်း၏ နေရပ်လိပ်စာမှာ မြို့ပတ်လမ်းရှိ ခြံကြီးတစ်ခြံဖြစ်၍ ကျွန်တော်လည်း ထိုနေ့ညနေ၌ သွားရောက်ရန် သန္နိဋ္ဌာန်ချလိုက်လေ၏။

ညနေ ၄ နာရီထိုးသောအခါ အဝတ်အစားကို ကောင်းမွန်ကျနစွာ ဝတ်စားပြီးနောက်တက္ကစီတစ်စီးဖြင့် စာတွင်ပါသော လိပ်စာအတိုင်း သွားရောက်ခဲ့လေရာ စာတွင်ပါသောခြံကြီးသို့ရောက်သောအခါ ခြံဝ၌ အခွင့်မရှိ မဝင်ရဟူသောစာမှတစ်ပါး အခြားဆိုင်းဘုတ်ဟူ၍ မတွေ့ရမမြင်ရချေ။ ခြံကြီးမှာ အနီးအနားရှိ အခြားသောခြံများထက် ကျယ်ဝန်း၍ ခြံ၏နောက်ပိုင်း၌ကားနွယ်ပင်များတက်၍နေသော တိုက်အိုကြီးတစ်လုံးကို တွေ့မြင်ရ၏။ ကျွန်တော်လည်း မော်တော်ကားကို အခပေး၍ လွှတ်လိုက်ပြီးနောက် လမ်းအတိုင်း ဝင်၍သွားလေ၏။ တိုက်ဝသို့ရောက်သည့်တိုင်အောင် လူစလူနဟူ၍ မတွေ့ရသဖြင့် အနည်းငယ် စိတ်ပျက်၍လာပြီးလျှင် ဝရန်တာအောက်၌ရပ်ကာ ချောင်းဟန့်လိုက်ရာ ကျွန်တော်၏လက်ဝဲဘက်ရှိ အခန်းတစ်ခုထဲမှ အင်္ဂလိပ်ဘာသာဖြင့် “ဝင်ခဲ့လေ”ဟု လူတ်ယောက်ပြောလိုက်သောအသံကို ကြားရသဖြင့် စေ့၍ထားသော တံခါးရွက်တစ်ခုကို တွန်းပြီးလျှင် အတွင်းသို့ဝင်သွားပြန်လေ၏။

အခန်းအတွင်း၌ကား အသက် ၅၀ ကျော်ခန့်ရှိ အင်္ဂလိပ်လူမျိုးတစ်ယောက်ကို။ ရွှေကိုင်းမျက်မှန်အတွင်းမှ သိန်းငှက်၏မျက်လုံးနှင့်တူသော စူးရှသောမျက်လုံးများဖြင့် ကျွန်တော့အားကုလားထိုင်တစ်လုံးကို လက်ညှိုးညွှန်ပြလျက် ပြုံးရွှင်နှုတ်ဆက်သောမျက်နှာဖြင့် “ထိုင်ပါ၊ ထိုင်ပါ ကျုပ်ခင်ဗျားကို မျှော်နေတာပဲ၊ မောင်သိန်းရွှေဆိုတာ ခင်ဗျားပဲမဟုတ်လား”

“ဟုတ်ပါတယ်ခင်ဗျာ”
“ဝမ်းသာပါတယ်၊ ဝမ်းသာပါတယ်။ လူကိုမြင်ရတော့ ဓာတ်ပုံထဲမှာထက်တောင် အချိုးအစားကျပါသေးကလား”
“သည်လောက်လည်း ဟုတ်မယ်မထင်ပါဘူးခင်ဗျာ”
“ဟုတ်ပါတယ်၊ ကျုပ်ကမြှောက်ပြီး မပြောတတ်ပါဘူး”
“နေပါဦး ခင်ဗျားလုပ်မယ့်အလုပ်က ရပ်ရှင်ဇာတ်လိုက်အလုပ်မို့လား”
“ဘယ်ကလာဟုတ်ရမှာလဲ။ ကျုပ်က ဆရာဝန်ပဲ”
“သြော် … ဟုတ်ပေသားပဲ။ နေပါဦး ခင်ဗျားအလုပ်ကို တဆိတ်အမိန့်ရှိပါဦး”
“ပြောပါ့မယ်၊ ပြောပါ့မယ်၊ ဖြေးဖြေးပေါ့ဗျာ၊ ဆေးလိပ်များသောက်ပါဦး၊ အလုပ်ကတော့ခပ်အေးအေးနဲ့ ခပ်နွဲ့နွဲ့အလုပ်ပါပဲ”
“ပြောပါဦးခင်ဗျာ”
“ခင်ဗျားလူပျိုလား၊ မိန်းမနဲ့လား”
“လူပျို”
“ဟန်ကျလိုက်လေဗျာ၊ ဒါဖြင့် လူပျိုစကားပြောဖို့၊ မိန်းမတစ်ယောက်ကို စိတ်ပြောင်းသွားအောင် ချော့မော့ဖို့၊ ခင်ဗျားဘက်ကိုပါအောင်လုပ်ဖို့တော့ ကောင်းကောင်းကြီးတတ်မှာပေါ့”
“တတ်ပါတယ်”
“ရိုးသားဖြောင့်မတ်ရမယ်၊ ကျုပ်ပြောတဲ့စကားကိုလည်း နားထောင်ရမည်၊ သစ္စာလည်းရှိရယ်။ သည်ဟာက ဒုတိယအချက်ပဲ”
“ကောင်းပါပြီခင်ဗျာ၊ ခင်ဗျားပေးတဲ့သစ္စကို လုံခြုံအောင် စောင့်ထိန်းပါ့မယ်”
“ဟုတ်ပြီ ဟုတ်ပြီ။ သြော် … ဒါနဲ့ လခအကြောင်းကိုတောင် မပြောရသေးဘူး။ မေ့နေလိုက်တာ၊ အစိုးရဘက်မှာဖြစ်စေ၊ သူဌေးဘက်မှာဖြစ်စေ ခင်ဗျားအလုပ်လုပ်မယ်ဆိုရင် အခုနေမှာဘယ်လောက်ရပါ့မလဲ”
“၁၀၀ - ၉၀ လောက်တော့ ရနိုင်လိမ့်မယ်ထင်ပါတယ်”
“ထွတ် … ခင်ဗျားပညာအရည်အချင်းနဲ့ ခင်ဗျားရုပ်ရည်နဲ့ သည်လောက်များရရင် ဘာလုပ်ဖို့လဲ မောင်သိန်းရွှေ”
“ပိုပြီးပေးရင်လည်း ကျေးဇူးပါပဲခင်ဗျာ”
“ကျုပ်က တစ်လကို ၃၀၀ ပေးမယ်”
“ကောင်းပါပြီခင်ဗျာ ကျေးဇူးတင်ပါတယ်။ အလုပ်က ဘာလုပ်ရမယ်ဆိုတာ သေသေချာချာအမိန့်ရှိပါဦးခင်ဗျာ”
“အခု ပြောပါပြီကော မောင်သိမ်းရွှေ။ ကျုပ်ခိုင်းစေတဲ့အတိုင်း သစ္စာကတိနဲ့လုပ်ရုံပါပဲ။ ပင်ပန်းတဲ့အလုပ်လည်းမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်းလည်း လုပ်ဖို့မလိုပါဘူး”
“ဘယ်ကမိန်းကလေးတွေကို ကျွန်တော်က နှူးရမှာလဲခင်ဗျ”
“သည်ဟာ မောင်သိန်းရွှေ အလုပ်မဟုတ်ပါဘူး။ ကျုပ်က အမိန့်ပေးမယ်ပေါ့။ သို့သော်တစ်ခုတော့သတိထားရမယ်နော်။ ကျုပ်ပြောတဲ့စကားကို တစ်သဝေမတိမ်းအောင် နားထောင်ရမယ်ကြားလား”
“သည်ဟာကတော့ ခင်ဗျားလခကိုယူပြီး ခင်ဗျားစကားကို ကျွန်တော်နားထောင်ရပေမှာပေါ့”
“ကောင်းပြီ ကောင်းပြီ ဒီအချက်ပဲ ကျုပ်လိုချင်တယ်”

၎င်းနောက် ဆရာဝန်ရိုင်းနိုးသည် စားပွဲခုံအံဆွဲထဲမှ ငွေစက္ကူ ၁၀၀ တန် တစ်ချပ်ကိုထုတ်ပြီးနောက် “ရော့ မောင်သိန်းရွှေ ဒီမှာငွေ ၁၀၀ မင်းဝယ်ချင်ခြမ်းချင်တာ ဝယ်ခြမ်းပြီးနက်ဖြန်ကစ အလုပ်ဝင်တာပေါ့လေ”

“ကောင်းပါပြီ ခင်ဗျားကျေးဇူးပါပဲ”
“ပြီးတော့ တစ်ခုလည်းရှိသေးတယ်နော်”
“ဘာလဲခင်ဗျာ”
“အခု ခင်ဗှားကျုပ်လခစားဖြစ်ပြီ”
“မှန်ပါတယ်”
“ခင်ဗျား ဒီမှာအလုပ်လုပ်တဲ့အကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိမပေးစေချင်ဘူး”
“မပေးပါဘူးခင်ဗျာ”
“ကိုင်း … နက်ဖြန်ကစပြီး အလုပ်ဝင်ပေတော့။ မနက် ၁၀ နာရီလောက်ရောက်ရင်တော်ရောပေါ့ဗျာ”

၎င်းနောက်ကျွန်တော်လည်း ငွေ ၁၀၀ ကိုယူပြီးလျှင် ဒေါက်တာရိုင်းနိုးအား နှုတ်ဆက်၍ အိမ်သို့ပြန်ခဲ့လေ၏။

ထိုည၌ ကျွန်တော်မှာ အိပ်၍မပျော်ချေ။ ဤမျှလောက် အလုပ်အကိုင်ရှားပါးလှသည့်ခေတ်ကြီး၌ တစ်လှင် ၃၀၀ မျှရမည့်အလုပ်မှာ လွယ်ကူသောအလုပ်မဟုတ်ချေ။ သို့သော်ဆရာဝန်ဒေါက်တာ ရိုင်းနိုးပြောလိုက်သည့်အတိုင်း မိန်းကလေးများကို မိမိဘက်သို့ မပါပအောင်နှူးရမည်ဆိုသော အလုပ်သည်ကား ဆန်းကြယ်လှချေ၏။ မည်သည့်ကိစ္စအတွက် မည်သည့်မိန်းကလေးများကို မည်ကဲ့သို့ နှူးနှပ်ရမည်အကြောင်းကိုကား စဉ်းစား၍မရနိုင်အောင်ပင် ရှိခဲ့လေ၏။ ၎င်းပြင် စဉ်းစားရန်အချက်မှာလည်း ၎င်းထံ အလုပ်လုပ်သည့်အကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိမပေးဘဲ လျှို့ဝှက်သည်ဖြစ်စေ၊ မလျှို့ဝှက်သည်ဖြစ်စေ၊ ထူးဆန်းသည်ဖြစ်စေ၊ မထူးဆန်းသည်ဖြစ်စေ ဤမျှသော သက်သက်သာသာနှင့် တစ်လလျှင် ၃၀၀ စီရုံမျှမက လျှို့ဝှက်စွာဆောင်ရွက်ရသော အလုပ်ဖြစ်စေကာမူ လခပေးသူ၏စကားကို တစ်သဝေမတိမ်းနားထောင်၍ အလုပ်ကို ရိုသေစွာလုပ်တော့မည်ဟု စိတ်ကို ပိုင်းဖြတ်လိုက်လေ၏။

သို့ဖြစ်၍ နောက်တစ်နေ့နံနက် ၁၀ နာရီအချိန်ခန့်လောက်တွင် ကျွန်တော်သည်မြို့ပတ်လမ်းရှိ ဒေါက်တာရိုင်းနိုးနေထိုင်ရာခြံကြီးသို့ မြင်းရထားတစ်စီးဖြင့် ဆိုက်ရောက်ခဲ့လေ၏။ အိမ်ဝသို့ရောက်လေလျှင် ဒေါက်တာရိုင်းနိုးသည် ကျွန်တော့အားကြိုဆိုလျက် “ဟလို … မောင်သိန်းရွှေရောက်လာပြီလား။ လာ … လာ ဒီဟာက မောင်သိန်းရွှေအလုပ်ခန်းပဲ၊ ဒီစားပွဲပေါ်မှာထိုင်ပေတော့။ စာအုပ်တွေလည်း ဗီရိုနဲ့အပြည်ပဲ၊ ကြည့်ချင်တာရှိရင် ယူသာကြည့်ပေတော့ မောင်သိန်းရွှေ”ဟု ရယ်မောပြောဆိုကာ ၎င်း၏လိုက်ဘေရီအခန်းနှင့်တကွ အခြားအခန်းများကိုပါ လိုက်လံပြသလျက်ရှိလေ၏။

၎င်း၏ စာအုပ်များထားသော လိုက်ဘေရီအခန်းမှာ ၁၀ ပေပတ်လည်ခန့်မျှ ကျယ်ဝန်းလျက်စာအုပ်ဘီရိုကြီး ၃-၄ လုံးခန်းမျှ ရှိလေရာ ထိုအတွင်း၌ကား စာအုပ်တို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ ကျွန်တော်ထိုင်သော ကုလားထိုင်နှင့် မျက်နှာချင်းဆိုင်အခန်းတစ်ခန်းမှာ ဆရာဝန်ကြီးထမင်းစားခန်းဖြစ်ဟန် လက္ခဏာရှိ၍ ပန်းကန်အနည်းငယ်တင်ထားသော စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးကိုခန်းဆီးအကြားမှ မြင်ရ၏။ ကျွန်တော်၏ လက်ဝဲဘက်၌ကား ဖန်ဘူးဖန်ခွက်များတင်သောစင်နှစ်ခုရှိသည့် အခန်းတစ်ခန်းရှိသည်ဖြစ်ရာ အခန်း၏အလယ်တွင် အလုပ်စားပွဲတစ်ခုနှင့်ဖုံမွေ့ရာကြီးများ တင်၍ထားသော ကုလားထိုင်တစ်လုံးကို မြင်ရသဖြင့် ဆရာဝန်ကြီး၏အလုပ်ခန်းဖြစ်ဟန် လက္ခဏာရှိ၏။ ကျွန်တော်နေသောအခန်းနှင့် အနီရောင်ခန်းဆီးတစ်ခုခြား၍ထား၏။ ကျွန်တော်၏ လက်ယာဘက်၌မူ အမြင့် ၆ ပေ၊ အကျယ် ၃ ပေခန့်မျှရှိသော တံခါးတစ်ခုရှိလေရာ ထိုတံခါးမှာ သော့ခလောက်ကြီးတစ်ခုဖြင့် လုံခြုံစွာ ခတ်၍ထား၏။

ကျွန်တော်လည်း စာအုပ်ဗီရိုတစ်ခုမှ စာတစ်အုပ်ကို ဆွဲ၍ကြည့်ရာ ထိုစာအုပ်မှာအီတလီနိုင်ငံမှ ကျောက်ဖြူကို အရုပ်ထုလုပ်သော ပန်းပုပညာစာအုပ်ဖြစ်၍ ကျွန်တော်လည်းရုပ်ပုံများကို လှန်လှော၍ ကြည့်ရှုလျက်ရှိလေ၏။ အခန်းအတွင်း၌ကား အိမ်ထောင်မှုပရိဘောဂဟူ၍ များစွာမရှိချေ။ ကျွန်တော်ထိုင်သော ကုလားထိုင်အပြင် အခြားကုလားထိုင် တစ်လုံးသာရှိ၏။ အခန်းနံရံ၌မူ အရုပ်ကား နှစ်ကားသုံးကားမျှ ဆွဲချိတ်ထားလေရာ ၎င်းကားများမှာ လူ၏ကိုယ်ခန္ဓာအစိတ်အပိုင်း လှပပုံကိုပြ၍ထားသောကားများ ဖြစ်လေသည်။ သော့ခတ်၍ တံခါးပေါက်ဝတစ်ဖက်တစ်ချက်တို့၌ လေးပေခန့်ရှိခုံများပေါ်တွင် ကျောက်ဖြူကိုထုလုပ်၍ထားသော ဦးခေါင်းပုံနှစ်ပုံရှိ၏။ တစ်ပုံမှာ ရောမလူမျိုးေ၇ှးစစ်သားဟောင်း၏ပုံဖြစ်၍ အခြားတစ်ပုံမှာ ဂရိလူမျိုးများကိုးကွယ်သော နတ်ရုပ်၏ ဦးခေါင်းပုံဖြစ်လေသည်။ ဆရာဝန်ကြီးသည် ကျောက်ရုပ်ထုခြင်းနှင့်တကွ ပန်းချီပန်းပုပညာကို ဝါသနာပါဟန် လက္ခဏာရှိ၏။

တစ်နာရီခန့်မျှ ကြာလတ်သော် ဒေါက်တာရိုင်းနိုးသည် ကျွန်တော်၏ အလုပ်ခန်းသို့ဝင်လာ၍ ကုလားထိုင်တစ်လုံးတွင် ထိုင်ပြီးနောက် “အလုပ်ကတော့ သည်လောက်အရေးကြီးတာမဟုတ်ပါဘူး မောင်သိန်းရွှေ၊ သို့သော် တစ်ခါတစ်ရံမှာ အင်မတန်စိတ်ညစ်ညူးပြီး ဒုက္ခရောက်နေတဲ့ မိန်းကလေးများကို ယောကျာ်းတို့မယာနဲ့ ဖျောင်းဖျချော့မော့ပြီး နှူးနှပ်ရမယ့်အလုပ်ကလေးများ ပေါ်လာကောင်း လာလိမ့်မယ်။ ဒီဟာပါပဲ မောင်သိန်းရွှေ”

“ချော့မော့ဖြားယောင်းပြီး ကျွန်တော်က ဘာလုပ်ရမှာလဲ”
“စိတ်ညစ်ညူးနေတဲ့လူတစ်ယောက်ဟာ ပြုံးရွှင်တဲ့မျက်နှာမူအရာ ပြောင်းသွားရင်ခင်ဗျား တာဝန်ကုန်တာပဲ”
“ကျွန်တော် နားမလည်နိုင်သေးပါဘူး ဆရာကြီး”
“ဟား … ဟား … ဟား … အခုတော့ ဘယ်မှာနားလည်ဦးမလဲ မောင်သိန်းရွှေ၊ နောင်ခါလက်တွေ့အလုပ်လုပ်ပြီးလာတဲ့အခါကျတော့ နားလည်လိမ့်မပေါ့။ ကိုင်း … ကိုင်း ဟိုဗီရိုထဲကစာအုပ်တွေသာကြည့်ပြီး နေပေတော့၊ ဟိုဘက်ထောင့်က မှန်ဗီရိုထဲမှာ မိန်းမများအမူအရာနဲ့ပတ်သက်တဲ့ စိတ်ပညာစာအုပ်တွေရှိတယ်။ တစ်အုပ်ပြီးတစ်အုပ်သာ အပျင်းပြေဖတ်နေပေတော့။ သြော် … တစ်ခုတော့ရှိတယ် မောင်သိန်းရွှေရယ်။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကိုတော့ မေးလားမြန်းလားစုံစမ်းလား မလုပ်ပါနဲ့နော်”
“ကောင်းပါပြီခင်ဗျာ”
၎င်းနောက်ညနေ အလုပ်ဆင်းခဲ့၍ အိမ်သို့ပြန်ရောက်သောအခါ ကျွန်တော်လည်း အထက်ပါအဖြစ်အပျက်များကို အမျိုးမျိုးအဖုံဖုံ စဉ်းစားလျက်ရှိလေရာ ငါသည် ရူးသောဆရာဝန်ကြီးထံအလုပ်လုပ်မိချေပြီဟု အောက်မေ့မိ၏။ ကျွန်တော်လုပ်ရမည့်အလုပ်မှာလည်း စိတ်ညစ်ညူး၍နေသော မိန်းမတစ်ယောက်ကို ကြည်လင်ရွှင်ပြသောအမူအရာသို့ ပြောင်း၍သွားအောင်ပြုလုပ်ရမည်ဆိုသော အလုပ်ဖြစ်၍ အမှန်အားဖြင့် ရယ်စရာကောင်းလှ၏။ ထူးဆန်းလည်း ထူးဆန်းလှ၏။ သို့သော် ဤမျှလောက်သော အလုပ်ကလေးကိုလုပ်ရန် ကျွန်တော့အား တစ်လလျှင် ၃၀၀ မျှပေး၍ ငှားရမ်းထားခြင်းမှာ သာ၍ပင် ထူးဆန်းအံသြဖွယ်ကောင်းလှ၏။ သို့သော် ဤမျှလောက်ငွေကြေးရှားပါးသော ခေတ်ကြီး၌ တစ်နေ့လျှင် ငွေ ၁၀ မျှ စီခြင်းသည် ရယ်ဖွယ်ရာအကြောင်းမဟုတ်ပေ။

သို့ဖြစ်၍ ကျွန်တော်သည် နံနက်တိုင်း နေ့စဉ်အလုပ်ကို မှန်မှန်သွားခဲ့၍ ညနေ ၄ နာရီလောက်တွင် အိမ်သို့ပြန်ခဲ့၏။ ဒေါက်တာရိုင်းနိုးသည် ကျွန်တော့အား တစ်ခါတစ်ရံငွေထုတ်ရန် ခိုင်းခြင်း၊ ငွေသွင်းရန်ခိုင်းဖြင်း၊ စာတိုက်မှ ပါဆယ်ထုပ်များကို ရွေးယူရန်ခိုင်းခြင်း၊ သင်္ဘောတန်ဆာနှင့် နိုင်ငံခြားမှလာသော ကုန်ထုပ်ကြီးများကို ရွေးယူရန် စေလွှတ်ခြင်းများမှတစ်ပါးအခြားထူးခြားသောအချက်များကို မတွေ့ရချေ။ ဆရာဝန်ကြီးသည် လုပ်ကိစ္စမှတစ်ပါး ကျွန်တော့အားစကားအပိုဟူ၍ တစ်ခွန်းမျှမပြော။ အလုပ်ခန်းထဲမှလည်းမထွက်ဘဲရှိလေရာ ကျွန်တော့်မှာလည်းအားလပ်သောအချိန်များ၌ ၎င်း၏ စာအုပ်များကိုဖတ်၍ အချိန်ကိုကုန်လွန်ရလေ၏။ ၎င်းသည်လူပျိုကြီးဖြစ်၍ မျိုးရိုးဇာတိမှာ ဂျာမနီလူမျိုးဖြစ်ပြီးလျှင် ဤမြန်မာနိုင်ငံသို့လာရောက်နေထိုင်ခဲ့ခြင်းမှာ အရှေ့နိုင်ငံသားများ၏ လှပခြင်းကို စုံစမ်းရှာဖွေရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော့်အားတစ်ခါပြောဖူး၍ သိရ၏။ အိမ်၌ အစေခံမရှိ။ နံနက်နှင့်ညနေတိုင်း မာရာစီကုလားတစ်ယောက်လာ၍ အမှိုက်သရိုက်များကို လှည်းပြီးလျှင် မှန်ဗီရိုနှင့် စာအုပ်များကို ပွတ်တိုက်ရှင်းလင်း၏။ နံနက်စာကို ဟိုတယ်တစ်ခုမှ လာ၍ပို့သဖြင့် ထမင်းစားခန်း၌စား၏။ ညစာကိုကား မည်သည့်နေရာ၌ စားသည်ဟူ၍ မသိရ။ ကျွန်တော်၏အလုပ်မှာလည်း ထူးခြားသည်ဟူ၍ မရှိလှသေးချေ။

အလုပ်ဝင်ပြီးသည့်နောက် ၁၀ ရက်ခန့်မျှရှိလတ်သော် ကျွန်တော်လည်း ညနေအလုပ်မှအပြန်တွင် ခပ်ညောင်းညောင်းရှိသည်နှင့် မြင်းရထားမစီးဘဲ ခြေကျင်လျှောက်ခဲ့လေ၏။ ခြံနှစ်ခြံမျှကျော်လွန်မိသောအခါ ဗိုလ်ကပြားမလေးတစ်ယောက်သည် ကျွန်တော်လာသောလမ်းနှင့်မျက်နှာချင်းဆိုင်အရပ်မှ စက်ဘီးစီး၍လာပြီးလျှင် အနီးသို့ရောက်သောအခါ စက်ဘီးပေါ်မှဆင်း၍ ကျွန်တော့်အား ပြုံးရွှင်သောမျက်နှာနှင့် နှုတ်ဆက်ပြီးနောက် “ဒီလမ်းမှာနေတဲ့ ဆရာဝန်ကြီး ဒေါက်တာရိုင်းနိုးကို သိပါသလားရှင်”ဟု မေးရာ ကျွန်တော်လည်း ဆရာဝန်ကြီးပြောဖူးသည်ကို ရုတ်တရက် အမှတ်ရလျက်။

“ဟင် … မသိပါကလား”
“ဟိုဘက်က ဝါးရုံပင်ကလေးတွေနဲ့ခြံကြီးဟာ သူ့ခြံပဲလို့ ကြားဖူးလို့ပါရှင်”
“ကျုပ်က ဒီအရပ်ကမှမဟုတ်ဘဲ။ ဒီလမ်းကဗိုလ်အိမ်တွေ ဘယ်သိမလဲဗျာ”
“မသိရင်လည်းပြီးရောပေါ့ရှင်၊ ကျေးဇူးတင်ပါတယ်”

၎င်းနောက် ကျွန်တော်လည်း နေအိမ်သို့ပြန်ခဲ့ရာ သွန်မဆင်လမ်းထောင့်သို့ ရောက်လေလျှင် ကောင်းမွန်စွာဝတ်စားထားသောလူတစ်ယောက်သည် ကျွန်တော့်နောက်မနီးမဝေးမှလိုက်လာပြီးလျှင် ကျွန်တော့ကိုမှီသည်နှင့်တစ်ပြိုင်နက် …

“မိတ်ဆွေ ဒေါက်တာရိုင်းနိုးဆီမှာ အလုပ်လုပ်တယ်မဟုတ်လား”
“မဟုတ်ပါဘူးဗျာ။ ဘယ်ကဒေါက်တာရိုင်းနိုးလဲ”
“မြို့ပတ်လမ်းကလေ”
“ကျွန်တော်မသိပါကလား၊ လူမှားလို့ဖြစ်ပါလိမ့်မယ်ဗျာ” ဟုပြောဆိုပြီးနောက် ထိုသူထွက်သွားလေလျှင် ကျွန်တော်လည်း အိမ်ဘက်သို့လှည့်၍ ပြန်ခဲ့လေ၏။

ထိုည၌ ကျွန်တော်သည် ညနေခင်းတွင် တွေ့ရသောသူများအကြောင်းကိုလည်းကောင်း၊ ကျွန်တော်၏ ထူးဆန်းသော အလုပ်ကိုလည်းကောင်း၊ ကျွန်တော့်အား စေခိုင်းသူ “ဒေါက်တာရိုင်းနိုး” ၏အကြောင်းကိုလည်းကောင်း၊ စဉ်းစားလျက်ရှိလေ၏။ စိတ်ညစ်ညူး၍ မျက်နှာမကြည်မသာဖြစ်နေသော မိန်းကလေးတစ်ယောက်ကို မျက်နှာပြောင်း၍လာအောင် ပြုလုပ်ရမည့်အလုပ်အတွက် ၃၀၀ မျှပေး၍ ငှားရမ်းခြင်းမှာ အံ့သြဖွယ်ကောင်းလှပေ၏။ မည်ကဲ့သို့အလုပ်မျိုးပေနည်း။ မည်သည့်ကိစ္စတွင် မည်သို့မည်ပုံ ဆောင်ရွက်ရပေအံ့နည်း စသည်ဖြင့်အလုပ်နှင့်တ်သက်၍ ရောက်တက်ရာရာ စဉ်းစားလျက်ရှိလေရာ နံနက်လင်းအားကြီးအချိန်မှ အိပ်ပျော်၍သွားပါကြောင်း။

နောက် တစ်နေ့သည်ကား ကျွန်တော်သည် ဒေါက်တာရိုင်းနိုးစေခိုင်းသော အလုပ်ကို လက်တွေ့လုပ်ကိုင်ရသောနေ့ပေတည်း။ထိုနေ့ကို ကျွန်တော်သည် အသက် ၁၀၀ ပင်နေရစေကာမူ မေ့နိုင်တော့မည်မဟုတ်ချေ။ ကျွန်တော်သည် နံနက်စာစားသောက်ပြီးနောက် ၁၀ နာရီခွဲအချိန်လောက်တွင် ဆရာဝန်ကြီးရိုင်းနိုး၏ နေအိမ်သို့ရောက်ရှိခဲ့ရာ ဆရာကြီးမှာ ခါတိုင်းနေ့နှင့်မတူ မျက်နှာကိုခပ်တင်းတင်းထားလျက် သုန်သုန်မှုန်မှုန်ရှိနေသည်ကို တွေ့ရ၏။ ကျွန်တော်လည်း အလုပ်စားပွဲတွင်ထိုင်ပြီးလျှင် ထိုနေ့ထုတ် ရန်ကုန်ဂေဇက်သတင်းစာကို ဖတ်လျက်ရှိစဉ် ဒေါက်တာရိုင်းနိုးသည် သူ၏အလုပ်ခန်းသို့ ကျွန်တော့်ကိုခေါ်ပြီးနောက် “မောင်သိန်းရွှေဟာ ကျုပ်ထင်မြင်တဲ့အတိုင်း လူတစ်ယောက် အင်မတန်စိတ်ပူပန်လို့ ရှုံ့မဲ့နေတဲ့မျက်နှာ ရှိတဲ့အခါမှာ စိတ်ပျော်ရွှင်အောင် အမျိုးမျိုးချော့မော့ပြီး ကြည်လင်တဲ့မျက်နှာအဖြစ် ပြောင်းလာအောင် လုပ်နိုင်ရဲ့ မလုပ်နိုင်ဘူးဆိုတာ ဒီကနေ့တော့ လက်တွေ့စမ်းသပ်ပြီး ကြည့်ရတော့မှာပဲ” ဟု ပြောလေရာ ကျွန်တော်လည်း မည်သည့်အတွက်ကြောင့်မသိ ကြက်သီးမွေးညင်းများ ထမိပါသည်။ ၎င်းနောက် ဆရာဝန်ကြီးသည် စူးရှသောမျက်လုံးများဖြင့် ကျွန်တော့အား စိုက်၍ကြည့်လျက် …

“ဘယ့်နှယ်လဲ မောင်သိန်းရွှေ၊ ခင်ဗျားတော်တော်သတ္တိကောင်းရဲ့လား”
“ကြောက်တော့ မကြောက်တတ်ပါဘူး”
“မောင်သိန်းရွှေကို အလုပ်ဝင်ကာစက ကျုပ်ပြောပြတဲ့အတိုင်း ပထမအရေးကြီးဆုံးအချက်က သစ္စာရှိရမယ်။ နှုတ်လုံရမယ်။ လျှို့ဝှက်ရမယ်။ ကျုပ်ပြောတဲ့စကားကို တစ်သဝေမတိမ်းအောင်လိုက်နာရမယ်။ သည်ဟာတွေဟာ အရေးအကြီးဆုံးပဲ”
“ကျွန်တော်အစကတည်းက ဝန်ခံပြိးပါပြီ ဆရာဝန်ကြီး”
“ဟုတ်ပါပြီလေ၊ အခုသတိပေးတာပါ။ ကျုပ်လည်းခင်ဗျားကို စမ်းသပ်သင့်သလောက် စမ်းသပ်ပြီးပါပြီ၊ နေပါဦး၊ မနေ့ညနေတုန်းက ကျုပ်အိမ်ကအပြန်မှာ မေဗွီလာဆိုတဲ့ခြံကြီးရှေ့မှာ ဗိုလ်မကလေးတစ်ယောက် မတွေ့ဘူးလား”
“တွေ့ပါတယ်ခင်ဗျာ”

“သွန်မဆင်လမ်းထောင့်ကျတော့ကော မြန်မာလူမျိုးတစ်ယောက်က ကျုပ်နာမည်ကို မေးတယ်ဟုတ်စ”
“မေးတယ်ခင်ဗျ”
“ဒီလူတွေဟာ ကျုပ်လွှတ်ထားတဲ့ သူလျှိုတွေချည်းပဲ မောင်သိန်းရွှေ နားလည်လား၊ သစ္စာဖောက်မယ်တော့မကြံနဲ့နော်”
“ယုံကြည်ပါခင်ဗျာ”
“ကောင်းပြီ၊ ကောင်းပြီ၊ ခင်ဗျားကတိတည်တဲ့အကြောင်းကို ကျုပ်လည်းသိတန်သလောက် သိပါပြီ။ ကိုင်း … ကိုင်း … အချိန်လည်းနီးပြီ၊ ခင်ဗျားလုပ်ရမယ့်အလုပ်ကို ကျုပ်ပြောမယ်နားထောင်နော်”
“ဟုတ်ကဲ့ခင်ဗျာ”
“ကိုင်း ဒါဖြင့်လာ။ ကျုပ်နောက်လိုက်ခဲ့ပေတော့”

ဆရာဝန်ကြီးသည် စာအုပ်များထားသော စာကြည့်ခန်းသို့ ထွက်ခဲ့ပြီးနောက် အခန်းအတွင်းရှိ တံခါးများနှင့် အားလုံး ပြတင်းပေါက်များကို ကျွန်တော့်အား ပိတ်စေ၏။ ဤကဲ့သို့ လုံခြုံလေလျှင် အိတ်ထဲမှ သော့တစ်ချောင်းကိုယူကာ ကျွန်တော်ရောက်သည့်နေ့မှစ၍ မည်သည့်အခါမျှ မဖွင့်ခဲ့ဖူးသော တံခါးရှေ့တွင် မတ်တတ်ရပ်လျက် “ကိုင်း… မောင်သိန်းရွှေ၊ ဒီလျှို့ဝှက်တဲ့တံခါ့း်လိုက်တဲ့အခါမှာ ရုပ်ရည်ချောမောတဲ့ သူငယ်မကလေး တစ်ယောက်ကို တွေ့လိမ့်မယ်။ ဒီသူငယ်မကလေးဟာ အင်မတန်ပူဆွေးဒုက္ခရောက်ပြီး ငိုယိုနေတာကို တွေ့ရလိမ့်မယ် ကြားလား”

“ဟုတ်ကဲ့ ခင်ဗျာ”
“ဒီအခါမှာ ခင်ဗျားက ဒီလိုဒုက္ခရောက်နေတာကို မကြည့်ရက်နိုင်တဲ့အကြောင်း၊ ရန်သူ့လက်ထဲမှ ချက်ချင်းပင်ကယ်ဆယ်မည့်အကြောင်း၊ ခင်ဗျားကိုအားကိုးဖို့အကြောင်းတွေကို ယောက်ျားတို့မာယာကို အသုံးပြုနိုင်သမျှပြုပြီး လှည့်ပတ်ဖျားယောင်းပေတော့၊ စိတ်ညစ်ညူးပူဆွေးဒုက္ခရောက်နေတဲ့ သူ့မျက်နှာဟာ ပြုံးပြုံးရွှင်ရွှင်ဖြစ်လာပါလိမ့်မယ်၊ သို့သော် တစ်ခုတော့ရှိတယ်ဗျနော်။ သူက သနားအောင်ဘယ်လောက်ပြောပြော အဟုတ်ကယ်ဆယ်ဖို့အလုပ်ကိုတော့ ဘယ်နည်းနဲ့မှ ခင်ဗျားမကြံစည်ရဘူး”
“သူက ဘယ်မှာရှိတာလဲ ဆရာဝန်ကြီး”
“သူ့ကိုလှောင်ချိုမ့်ကြီးတစ်ခုထဲမှာ ထည့်ပြီးထားတာ တွေ့လိမ့်မယ်”
“ဘာပြုလို့ သည်လိုထည့်ထားရတာလဲခင်ဗျာ”
“သြော်… မောင်သိန်းရွှေဟာ တယ်ခတ်တာပဲ။ ကိုယ်နဲ့မဆိုင်တဲ့မေးခွန်းတွေကို မမေးဖို့ရာကျုပ်အစက သတိပေးထားတယ်မဟုတ်လား၊ သတိကောင်းကောင်းထားမှပေါ့ မောင်သိန်းရွှေ”
“သြော်… အဟုတ်သားပဲ၊ ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ”
“ကောင်းပြီ၊ ကောင်းပြီ ရှိစေ”
“ပြီးတော့ ဘာလုပ်မလဲ ဆရာဝန်ကြီး”
“ပြီးတော့ ဘာလုပ်ရမလဲ ဆရာဝန်ကြီး”
“ပြီးတော့ ဘာလုပ်ရမယ်ဆိုတာ ခင်ဗျားအလုပ်မဟုတ်ပါဘူး၊ ကျုပ်အလုပ်ပါ”
“သြော်… တစ်ခုတော့ရှိတယ်”
“ဘာလဲခင်ဗျ”
“လှောင်ချိုမ့်ကြီးရှေ့ (၄) ပေလောက်ကွာတဲ့နေရာမှာ သမံသလင်းပေါ်မှာ ဆေးရောင်အနီသုတ်ထားတဲ့ မျည်းကြောင်းတစ်ကြောင်း တွေ့လိမ့်မယ်၊ သူငယ်မလေးမျက်နှာဟာ ပြုံးရွှင်လာသည်နဲ့တစ်ပြိုင်နက် ခင်ဗျားဟာ မျဉ်းကြောင်းအပြင်ဘက်ကို ဝေးနိုင်သလောက်ဝေးအောင် ထွက်ပြီးသွားရမယ် နားလည်ပြီလား”
“နားလည်ပါပြီ ဆရာဝန်ကြီးခင်ဗျာ”
“နားလည်ရင် ကျုပ်ပြောတာ သေသေချာချာပြန်ပြောစမ်းပါဦး”
“ဒီအခန်းကိုဖွင့်လိုက်တဲ့အခါမှာ ရုပ်ရည်ချောမောတဲ့ သူငယ်မကလေးတစ်ယောက် လှောင်ချိုမ့်ထဲမှာပိတ်ပြီးထားတာ တွေ့လိမ့်မယ်၊ တွေ့တဲ့အခါမှာ သူဟာ အင်မတန်ကြောက်ရွံ့တုန်လှုပ်ပြီးနေတာ တွေ့ရလိမ့်မယ်။ ဒီတော့ကာ ယောက်ျားတို့မာယာသုံးပြီး သူမရယ်အောင်၊ သူမပြုံ ပြုံးအောင် မြှူရမယ်။ သည်လိုမြှူလို့ သူ့မျက်နှာပြောင်းသည်နှင့်တစ်ပြိုင်နက် ဆေးနီရောင်သုတ်ထားတဲ့ မျဉ်းကြောင်းအပြင်ဘက်ကို မြန်နိုင်သမျှမြန်အောင် ထွက်သွားရမယ်။ ဘယ်လောက်ပဲသူက သနားအောင်ပြောစေကာမူ ကျွန်တော်က တကယ်မကယ်ဆယ်ရဘူး။ ကိုင်း… ဒါပဲမဟုတ်လားခင်ဗျာ။ ဘာလိုသေးသလဲ”
“အောရိုက်… ကျွန်ုပ်သဘောကျပြီ မောင်သိန်းရွှေ။ သည်လို မောင်သိန်းရွှေထွက်သွားပြီးတဲ့နောက်ကို အင်မတန်ထူးဆန်းတာတစ်ခုကို မြင်ရလိမ့်မယ်။ ဒီအခါမှာ ဘာမှမကြောက်နဲ့နော်။ စိတ်ထဲမှာဘာမှမတုန်လှုပ်စေနဲ့။ ပြီးတော့ ဒီအဖြစ်အပျက်ကိုစိတ်ထဲမှာမထားဘဲ တစ်ခါတည်း မေ့ပစ်လိုက်ရမယ်။ မောင်သိန်းရွှေ နားလည်ရဲ့လား”
“နားလည်ပါပြီခင်ဗျာ”

ဆရာဝန်ကြီးသည် အခန်းတံခါးကိုဖွင့်လိုက်ရာ အတွင်း၌ အောက်ထပ်သို့ဆင်းသော လှေကားကလေးတစ်ခုကို တွေ့ရသဖြင့် ကျွန်တော်တို့လည်း အောက်ထပ်သို့ဆင်းခဲ့ရာ ပေ ၅၀ခန့်မျှ ရှည်လျားသော အခန်းကြီးတစ်ခုကို ရောက်လာလေ၏။ ၎င်းအခန်းကြီးမှာ မြေတိုက်၌ရှိသော်လည်း ထိန်လင်းစွာထွန်းညှိထားသော ဓာတ်မီးရောင်ဖြင့် လင်းလျက်ရှိ၏။ အခန်း၏ နံဘေးတစ်ဖက်တစ်ချက်တွင် လှပသောကျောက်လုံးကြီးများပေါ်တွင် အလှတင်၍ထားသော လူနှင့်တစ်သဝေမတိမ်းအောင် တူညီလှသော အရုပ်ကြီးမှာ အံဖွယ်လိလိရှိ၏။ ထိုအရုပ်ကြီးများမှာ ဖြူဆွတ်သောအရောင်အဆင်းရှိ၍ ကျောက်ဖြူနှင့်ပုံသဏ္ဌန်တူတော်လည်း အနီးသို့ကပ်၍ကြည့်သောအခါ ဖယောင်းဖြစ်ကြောင်းကို တွေ့ရှိရလေ၏။ အရုပ်ငါးရုပ်ရှိသည့်အနက် အရုပ်တစ်ရုပ်မှာ မြန်မာယောက်ျားတစ်ယောက်၏ ပုံဖြစ်ပြီးလျှင် ကျန်လေးရုပ်မှာ မိန်းကလေးများဖြစ်လေသည်။ ကျောက်ရုပ် သစ်သားရုပ် စသည်တို့မှာ လူနှင့်တူအောင်ထုလျှင် လူရုပ်၊ တိရစ္ဆာန်နှင့်တူအောင် ထုလျှင် တိရစ္ဆာန်ရုပ် စသည်ဖြင့် တူသည်ဟုဆိုရသော်လည်း ယခုတွေ့ရသောအရုပ်များမှာမူ လူပကတိကို ဖယောင်းနှင့် သုတ်လိမ်း၍ထားဘိသကဲ့သို့ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများသာမဟုတ် နှုတ်ခမ်းများ၊ ပါးစပ်များ၊ မျက်လုံးအိမ်များပင်လျှင် အသက်ရှင်လျက်၇ှိသော လူပကတိနှင့် ချွတ်၍ စွပ်ထားဘိသကဲ့သို့ တူလှချေ၏။

အခန်းကြီး၏ အစွန်ဆုံးကား လက်ယာဘက်၌ ရေကန်နှင့်တူသော လေးထောင့်ပုံသဏ္ဌာန်ရှိ တွင်းကြီးတစ်ခုရှိလေရာ ၎င်းအတွင်းမှ တရှုးရှုးတရှဲရှဲမြည်သောအသံဖြင့် အငွေ့တထောင်းထောင်းထွက်လျက်ရှိ၏။ လက်ဝဲဘက်၌ (၄)ပေပတ်လည်ခန့်ရှိ ကျောက်စားပွဲခုံကြီးတစ်ခုရှိ၏။ ထိုကျောက်စားပွဲကြီးပေါ်၌ သံတိုင်များကာရံ၍ထားသော သံလှောင်ချိုမ့်ကြီးနှင့်တူသည့် အရာတစ်ခုသည် ဖြစ်၍ အဝတ်ကန့်လန့်ကာတစ်ခုဖြင့် ကာထား၏။ အခန်း၏လက်ယာဘက်ရှိ အတွင်းနံဘေးတစ်လျှောက်၌ကား လူတစ်ယောက်ဝင်သာရုံအခန်းကလေးများနှင့် စက်ကိရိယာတန်ဆာပလာများဖြင့် ပြည့်နှက်လျက်ရှိသော ကန်ကြီးနှင့် ကျောက်စားပွဲပေါ်ရှိ လှောင်ချိုမ့်ကြီးမှာအထက်မှနေ၍ ပြည့်နှက်လျက်ရှိသော ကန်ကြီးနှင့် ကျောက်စားပွဲပေါ်ရှိ လှောင်ချိုမ့်ကြီးမှာ အထက်မှနေ၍ ဖန်ပြွန်ချောင်းကြီးများဖြင့် ဆက်သွယ်လျက်ရှိသည်ဖြစ်ရာ ကျွန်တော်လည်းဤထူးဆန်းသော အရာဝတ္ထုများကို တွေ့မြင်ရသောအခါ တစ်ခဏမျှ အံ့အားသင့်ကာကြက်သေ သေချက်ရှိလေ၏။ ဆရာဝန်ကြီးသည် ကျွန်တော်၏ပခုံးကို ခပ်ဆတ်ဆတ်ပုတ်လျက် “ကိုင်း… မောင်သိန်းရွှေ ခင်ဗျား ဝတ္တရားအတိုင်းသာ ဆောင်ရွက်ပေတော့ တော်တော်ကြာသည်ထက်ထူးဆန်းတာ မြင်ရလိမ့်မယ်”ဟု ရယ်မောပြောဆိုပြီးနောက် နံဘေးအခန်းကလေးတစ်ခုအတွင်းသို့ ဝင်သွားပြီးလျှင် အတွင်းမှနေ၍ တံခါးကို ပိတ်လိုက်လေ၏။

အခန်းကြီးအတွင်း၌ တစ်ယောက်တည်းသာ ကျန်ရှိရစ်သောအခါ ကျွန်တော်လည်းမျက်နှာ မူရာရှေ့တည့်တည့်သို့ ကြည့်၍နေမိလေ၏။ ထိုခဏ၌ သံလှောင်ချိုမ့်ကြီးကို ရှေ့မှဖုံး၍ထားသော အဝတ်ကန့်လန့်ကာသည် လက်ဝဲဘက်သို့ တဖြည်းဖြည်း စု၍သွားလေရာ ကျွန်တော်လည်းလှောင်ချိုမ့်ကြီးအတွင်းတွင် ထူးဆန်းလှသော အရာတစ်ခုကို တွေ့မြင်ရလေ၏။ လှောင်ချိုမ့်ကြီး၏အလယ်လောက်တွင် သံတိုင်ကြီးတစ်တိုင် ရှိလေရာ ထိုသံတိုင်၌ အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးတစ်ယောက်မှာ ကြိုးတစ်ချောင်းဖြင့် တုပ်နှောင်၍ထားလေရာ သတိမရဘိသကဲ့သို့ရှိ၏။ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော်ရှိလျက် မျက်လုံးများကို မှိတ်၍ထားလေရာ သတိမရဘိသကဲ့သို့ရှိ၏။ ကျွန်တော်၏ စိတ်မှာ သနားခြင်း၊ ကြောက်ရွံ့ခြင်း၊ အံ့သြခြင်း စသည်တို့ဖြင့် ရောပြွမ်းလျက်ရှိသည်ဖြစ်ရာ လူစင်စင်ပင် ဖြစ်သော်လည်း ဟီရိသြတပ္ပတရား ကင်းမဲ့လေအောင်တိရစ္ဆာန်ကဲ့သို့ နှိပ်စက်ခြင်းကို ခံ၍နေရရှာသော မိန်းကလေးတစ်ယောက်အား အဘယ်မှာမသနားဘဲ နေနိုင်ပါအံ့နည်း။

ကျွန်တော်သည် မည်သို့မျှမလုပ်နိုင်မီ အခန်းတွင်းမှ စက်လည်သံတစ်ခု ကြားရပြီးနောက်သူငယ်မကလေးအား တုပ်နှောင်ထားသော ကြိုးများသည်နောက်မှနေ၍ လူများဖြေ၍ပေးဘိသကဲ့သို့ အလိုအလျောက် အောက်သို့ လျှောကျ၍သွားလေရာ ငှက်ပျောပင်ကို အရင်းမှဖြတ်၍ချလိုက်ဘိသကဲ့သို့ ပျော့ခွေ၍ကျသွားလေ၏။ ထိုခဏ၌ လှောင်ချိုမ့်ပေါ်မှ ရေပန်းများသည်တဖွားဖွား ကျ၍လာလေရာ သတိမေ့နေသော မိန်းကလေးသည် မျက်လုံးများကိုပွတ်သပ်ကာထိုင်လေ၏။ ကျွန်တော်လည်း ထူးဆန်းသောအဖြစ်အပျက်များကို ငေးစိုက်ကာကြည့်၍နေမိလေ၏။ သူငယ်မကလေးသည် ကျွန်တော့်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ရှက်လှသည်ဖြစ်၍ မျက်နှာကိုလက်ဝါးဖြင့်အုပ်ကာ ပြင်းစွာငိုကြွေးရှာလေသည်။ ထိုအခါ အပေါ်မှကျ၍နေသော ရေပန်းသည်တဖြည်းဖြည်း ရပ်၍သွားပြီဖြစ်၍ သူငယ်မကလေးသည် မတ်တတ်ရပ်လိုက်ရာ ကျွန်တော်၏စိတ်အာရုံမှာ အံ့သြခြင်းမှ သနားခြင်းသို့၊ သနားခြင်းမှ တပ်မက်ခြင်းသို့ပြောင်း၍သွားလေ၏။ မြန်မာမိန်းမပျိုလေးများမှာ လှပယဉ်ကျေးသည်ဆိုရာ၌ အများအားဖြင့် မျက်နှာကလေးတစ်ခုလောက်သာ ကြာမူပါလျက် မျက်လုံးကလေး၏ လှပခြင်းတို့ကိုသာ အဓိကအချက်ကြီးများဟူ၍ မှတ်ယူလေ့ရှိကြသော်လည်း အနောက်နိုင်ငံသားများ၏ မျက်စိ၌ကား မျက်နှာပင် များစွာမလှပသော်လည်း ကိုယ်လုံးကိုယ်ပေါက်မှစ၍ အရိုးအဆစ်အချိတ်အဆက်တို့၏ လှပခြင်း၊ ညီညွတ်ခြင်း၊ ပြေပြစ်ခြင်းတို့ကိုသာ သာ၍အရေးကြီးသော အချက်များဟူ၍ မျက်နှာလေးတစ်ကွက်လောက်သာလှပသူများထက် အဝတ်အစားမပါ ဗလာကိုယ်ထီး စင်းလုံးချော ချောမွေ့ပြေပြစ်သူများကသာ၍ရှားပါး၏။ လှပယဉ်ကျေးသည်ဆိုသော မိန်းကလေးပေါင်း ထောင်သောင်းမက ကျွန်တော်တွေ့မြင်ဖူး၏။ သို့သော် အမှန်အားဖြင့် ၎င်းတို့မှာ ဖြူဖွေးမွှေးကြိုင်သော သနပ်ခါးပေါင်ဒါအရှိန်ဖြင့်လည်းကောင်း၊ တဝင်းဝင်းတောက်ပလျက်ရှိသော စိတ်၊ရွှေ စသော လက်ဝတ်လက်စားတို့၏ အရှိန်ဖြင့်လည်းကောင်း၊ ပြောင်လတ်သော ပိုးဖဲကတ္တီပါတို့ကြောင့်လည်းကောင်း လှပချောမောသည်ဟု အပေါ်ရံ၌သာ မှတ်ထင်ရန်ရှိ၏။ ယခုသူငယ်မကလေးမှာမူ တမင်သက်သက် မလှလှအောင်ပြေပြစ်စွာထုလုပ်၍ထားအပ်သော ကျောက်ဖြူရုပ်ကလေးကဲ့သို့ လှသည်။ ရင်ကလေးမှာမည်ကဲ့သို့လှသည်၊ တင်ကလေးမှာ မည်ကဲ့သို့လှသည်ဟူ၍ တစ်ခုစီခွဲခြား၍ မချီးမွမ်းတတ်ပါ။ လှပသောရုပ်အဆင်းနှင့် ပြေပြစ်၍ အချိုးအစားကျလှသော ကိုယ်လုံးကိုယ်ပေါက်တို့မှာ စုပေါင်းနေသည်ဖြစ်၍ ဤကဲ့သို့ အဆီးအတားမရှိ ပကတိပုံသဏ္ဌာန်ကို မြင်ရခဲ့ပါမူ ကျွန်တော့်ကို မဆိုထားဘိဈာန်ရသော ရသေ့များပင် ဈာန်လျှော၍ကျလိမ့်မည်ဟု ထင်မိပါ၏။

သူငယ်မကလေးသည် မျက်နှာကို လျက်ဝါးဖြင့်အုပ်၍ ငိုရာမှ “အကိုကြီး ကျွန်မကိုဒီလိုပဲကြည့်နေတော့မှာလား အစ်ကိုကြီးရယ်၊ မကယ်နိုင်တော့ဘူးလား”
“မကယ်ဘဲနေပါ့မလား သူငယ်မရယ် နေပါဦး မင်းက…”
“နေပါဦးလုပ်မနေပါနဲ့ အစ်ကိုကြီးရယ်၊ ဒီအကောင်အရူးကြီးလက်ထဲက လွတ်အောင်မြန်မြန်…”
“သြော်… ဒါနဲ့ပြောရဦးမယ်၊ မင့်ကိုအခုလိုတွေ့ရတာလေ အစ်ကိုကြီးစိတ်ထဲမှာဘယ်လိုဖြစ်သွားမှန်းတောင် မသိဘူး။ မျက်နှာကလေးကလည်းလှ ကိုယ်လုံးကိုယ်ပေါက်ကလေးကလည်းအဆက်ကျ”
“အို… အစ်ကိုကြီးကလည်းအရေးထဲမှာ”

သူငယ်မကလေးသည် ဤကဲ့သို့ပြောဆိုကာ မျက်နှာကိုခပ်ပြုံးပြုံးလုပ်ကာ ရှက်ကြောက်သည့်အမူအရာဖြင့် တစ်ခါတစ်ရံ လက်ကလေးနှစ်ဖက်ကို အောက်သို့ယှက်လျက် တစ်ခါတစ်ရံလည်းရင်သားများကို ဖုံးကွယ်လျက်ရှိနေလေ၏။ ထိုခဏ၌ လှောင်ချိုင့်ပေါ်မှ အငွေ့တထောင်းထောင်းထွက်လျက်ရှိသော ဖြူသောအရောင်ရှိသော အရည်များသည် ရေတံခွန်များစီးဆင်း၍လာဘိသကဲ့သို့ တစ်ဟုန်တည်းကျ၍လာလေရာ ကျွန်တော်သည်လည်း ဆရာဝန်ကြီးပြောသည့်စကားကိုအမှတ်ရသဖြင့် ဆေးနီသုတ်၍ထားသော မျဉ်းကြောင်းနောက်သို့ လျင်မြန်စွာခုန်၍ဆုတ်လိုက်ရလေသည်။ ထိုကျ၍လာသော အပူရည်များသည် သူငယ်မကလေး၏ ကိုယ်ပေါ်သို့ လျင်မြန်စွာကျဆင်းလေရာ ကျွန်တော်လည်း မကြည့်ဝံ့သည်ဖြစ်၍ မျက်လုံးများကိုမှိတ်၍ ထားလိုက်ရလေ၏။ သတိရ၍ မျက်စိကိုဖွင့်သည်နှင့်တစ်ပြိုင်နက် ကျွန်တော့်အားငိုယိုတောင်းပန်၍နေရှာသော သူငယ်မကလေးသည် ကျောက်ရုပ်ကဲ့သို့ မတုန်မလှုပ်ဘဲရှိနေသည်ဖြစ်၍ ကျွန်တော်လည်း မိမိ၏မျက်စိများကိုပင် မယုံနိုင်ဘဲ တစ်ဖန် ပွတ်သပ်၍ကြည့်ပြန်ရာ ကျွန်တော်၏မျက်စိအောက်၌ပင် ဖရောင်းရုပ်ကြီး ဖြစ်၍သွားသည်ကို တွေ့မြင်ရလေ၏။ စကားတပြောပြောနှင့် ကျွန်တော့်အား ငိုယိုတောင်းပန်ရှာလျက် အချိုးအစားပြေပြစ်ကျနလှသော မိန်းမပျိုကလေးတစ်ယောက်မှာ လူစင်စစ်မှဖယောင်းရုပ်ဖြစ်၍သွားခြင်းမှာ ပြော၍မယုံနိုင်လောက်အောင်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှချေ၏တကား။

လူတို့မည်သည် မိမိတို့မျက်မှောက်တွင် အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းသော အရာများကိုလည်းကောင်း၊ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော အရာများကိုလည်းကောင်း တွေ့မြင်ကြရသောအခါ နှလုံးကိုများစွာ ထိခိုက်လျက် အချို့မှာ ရူးသွပ်၍ပင်သွားတတ်ကြသည့်အတိုင်း ကမ္ဘာတစ်ခုလုံးသည် ကျွန်တော်၏မျက်စိအောက်၌ ချာချာလည်၍သွားဘိသကဲ့သို့မှတ်ထင်မိလေ၏။ ဤကဲ့သို့ ကျွန်တော်၏စိတ်များ များသွာချောက်ချားပြီးလျင် ရူးသွပ်၍သွားလုမတတ်ရှိစဉ် တစ်စုံတစ်ယောက်သောသူသည် နောက်မှနေ၍ ကျွန်တော်၏ပခုံးကို ပုတ်လိုက်သည်နှင့်ဖျတ်ခနဲ သတိရသွားလေ၏။ ထိုသူကား အခြားသူမဟုတ် ဆရာဝန်ကြီးပင် ဖြစ်လေသည်။ ဖျတ်ခနဲ သတိရသွားလေ၏။ ထိုသူကား အခြားသူမဟုတ် ဆရာဝန်ကြီးပင် ဖြစ်လေသည်။

“ဘယ့်နှယ်လဲ မောင်သိန်းရွှေ၊ ထူးဆန်းတာတွေ မြင်ရပြီမဟုတ်လား”
“အင်း… ခင်ဗျားတယ်တော်တယ်ပေါ့လေ။ ဒီလိုချည်းလူတွေသတ်ပြီး အရုပ်လုပ်နေတာဘာလဲ၊ ရူးတာလား၊ ခင်ဗျားအတတ်ဟာ ဘာအတတ်လဲ၊ ဘာအသုံးကျသလဲ ဟင်…”
“အသုံးကျပြီလားမောင်သိန်းရွှေ၊ ဒီဖယောင်းရုပ်ကြီးတွေလုပ်ပြီး ကျုပ်တို့နိုင်ငံက ပြတိုက်ကြီးကိုသွင်းဖို့ ကမ္ဘာကိုကျုပ်လှည့်ခဲ့တာပဲ မောင်ရဲ့။ မောင်တို့နိုင်ငံဟာ နောက်ဆုံးပါပဲ။ ဘယ်နှယ်လဲ မောင်သိန်းရွှေ ကိုယ့်အလုပ်ဝတ္တရားကို ကိုယ်အမှတ်ရမှပေါ့။ ကျုပ်လစာဖြစ်ရင် ကျုပ်ပြောတဲ့စကားကို နားထောင်ရမယ်မဟုတ်လား”
“နင်ပြောတဲ့စကား ငါဘာလို့နားထောင်ရမှာလဲ၊ တို့အမျိုးကို ဒီလိုစော်ကားတဲ့အကောင်၊ နင့်ကို ကြာကြာမထားဘူး ပုလိပ်သွားပြောမယ်”

“ကိုင်း… ပြောချေ၊ နင့်ပုလိပ်”ဟု ပြောဆိုကာ ဆရာဝန်သည် ဘောင်းဘီအိတ်ထဲသို့တစ်စုံတစ်ရာ နှိုက်ယူရန် လက်နှိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်တော်သည်လည်း ကားသည်သမင်ကို အုပ်ဘိသကဲ့သို့ ၎င်း၏လည်မျိုကို တစ်ဟုန်တည်းခုန်၍အုပ်လေ၏။ မြန်မာလူမျိုးများမှာ အသက် ၅၀ ကျော်ခန့်ရှိလျှင် မိမိကိုယ်ကို အိုမင်းလှပြီဟူ၍မှတ်ထင်လျက်ဘဲ စိတ်အား၊ ကိုယ်အားတို့ကို လျှော့တတ်ကြသော်လည်း အနောက်နိုင်ငံသားများမှာမူ ကိုယ်လက် ကျန်းမာရေးကို လိုက်စားကြသူများဖြစ်ကြသည့်အတိုင်း လူငယ်များလောက်နီးပါး သန်းစွမ်းကြလေသည်။ ကျွန်တော်သည် ဒေါက်တာရိုင်းနိုး၏ လည်မျိုကို ညာဘက်လက်ဖြင့်ဖျစ်ညှစ်လျက် ကျွန်တော်၏ လက်ဝဲဘက်လက်ကမူ ၎င်း၏သေနတ်ကိုင်သော ညာဘက်လက်၏ လက်ကောက်ဝတ်ကို အတင်းဆုပ်ကိုင်လျက်ရှိလေ၏။ ကျွန်တော်သည် ကျောင်းနေစဉ်က လက်ဝှေ့ထိုးခြင်းသာမက နပန်းလုံးခြင်း၌လည်း ဝါသနာပါသူတစ်ယောက်ဖြစ်သဖြင့် ၎င်း၏ ညာဘက်လက်သည် ခြောက်လုံးပြူးသေနတ်ကို ထုတ်ယူရန် အခွင့်မရဘဲရှိနေလေ၏။ ထိုအခါ ကျွန်တော်တို့နှစ်ယောက်စလုံးပင် ကြမ်းပြင်ပေါ်၌လိမ့်လျက် သူတစ်ပြန်ငါတစ်ပြန်ရှိနေကြလေရာ ကျိုက်ကျိုက်ဆူသော ဖယောင်းရည်များပြည့်လျက်ရှိသည့် ကန်ကြီးမှာ ကျွန်တော်တို့ ထွေးလုံး၍နေသောနေရာနှင့် ၅ ပေ ၆ ပေခန့်မျှသာ ကွာရှိလေတော့၏။ ဒေါက်တာရိုင်းနိုးသည် ခြောက်လုံးပြူးသေနတ်ကိုထုတ်ယူရန်သာ အပြင်းအထန် ကြိုးစားလျက်ရှိသည်ဖြစ်ရာ ကျွန်တော့်မှာ မြန်မာလူမျိုးဖြစ်သဖြင့် မြန်မာလူမျိုးများသည်အကျပ်အတည်းနှင့် ခဲခဲယဉ်ယဉ် ပက်ပင်းပါ တွေ့ရသောအခါ အခြားလူမျိုးများထက် နက်နဲသိမ်မွေ့သည့်အကြံကို ထုတ်တတ်ကြောင်း အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးက ပြောဖူးသည့်အတိုင်း ကျွန်တော်၏ဦးနှောက်ထဲသို့ အကြံတစ်ခုသည်တိုးဝင်၍လာလေ၏။ ထိုအကြံသည်ကား အခြားမဟုတ် ဒေါက်တာရိုင်းနိုးအား တဖြည်းဖြည်း ကိုယ်လုံးချင်းလှိမ့်ပြီးလျှင် ဖယောင်းများကိုကျို၍ထားသော ကန်ကြီးအနီးသို့ ယူ၍သွားပြီးလျှင် ၎င်းအား လျင်မြန်စွာ တွန်းချလိုက်နိုင်ပါက ကျွန်တော်မှာ အသက်ဘေးမှ ချမ်းသာရာ ရမည့်အကြောင်း စဉ်းစားမိ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏ လက်ဝဲဘက်လက်မှ အားကို အနည်းငယ်ကလေးမျှ လျှော့၍ပေးလိုက်ပါမူ ၎င်း၏ ခြောက်လုံးပြူးသေနတ်မှ ကျည်ဆန်သည် ကျွန်တော်၏ ဦးနှောက်ထဲသို့ ဖောက်ထွင်း၍ဝင်သွားမည်ကာား လွဲမည်မဟုတ်ပေ။

သို့ဖြစ်၍ ကျွန်တော်သည် ကြမ်းပြင်ပေါ်သို့ ကျောနှင့်ကပ်လိုက်ပြီးလျှင် ၎င်းအား အထက်စီးပေး၍ ကန်ဘက်သို့ တဖြည်းဖြည်းချင်းဆွဲ၍ယူခဲ့ရာ နောက်ဆုံး၌ ကျွန်တော်တို့သည် ကန်ပေါင်နှင့် ၂ ပေ ၃ ပေမျှသာကွာဝေးသောနေရာသို့ ရောက်ခဲ့လေ၏။ ထိုအခါ ဆရာဝန်ကြီးသည် ကျွန်တော်၏အကြံအစည်ကို ရိပ်မိသည့်လက္ခဏာနှင့် ယခင်ကထက်တိုး၍ အားအင်ထုတ်လျက်ရှိလေရာ ကျွန်တော်ကလည်း ၎င်းအား ကန်နှင့်နီးနိုင်သမျှနီးအောင် ဆွဲငင်တွန်းထိုးလျက်ရှိလေ၏။ ငယ်ရွယ်သော တက်လူများနှင့် အသက်အရွယ်ကြီးရင့်သူတို့မှာ အားအင်တူမျှသော်လည်း ရေရှည်ခံနိုင်အောင် ကြိုးစားနိုင်သော ဇွဲ၌ကား ကွာခြား၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ကြမ်းပြင်ကို ခြေဖြင့်ကန်ကျောက်ကာ ၎င်း၏ကိုယ်လုံးကို ကျွန်တော်၏ ပခုံးဖြင့် တဖြည်းဖြည်း တရွေ့ရွေ့တွန်းလျက်ရှိလေရာ (၅) မိနစ်ခန့်မျှ အကြိတ်အနယ်တွန်းမိကြလေလျှင် ဆရာဝန်ကြီးမှာ ကန်ဘောင်နှင့် ၁ ပေခန့်မျှသာ ဝေးသောနေရာသို့ ရောက်ရှိကြလေ၏။ ထိုအခါ ၎င်းမှာ သေရအံ့သောဘေးနှင့် နီးကပ်သည်ထက် နီးကပ်လာကြောင်းကို သိရသည်။ အားအင်များကို ယခင်ကထက် နှစ်ဆမျှထုတ်လျက် သေနတ်ကို အားမကိုးတော့ဘဲ ကျွန်တော့်အား ခေါင်းနှင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ကျောက်ခြင်း၊ တွေ့ကရာနေရာတွင် ကုတ်ဖဲ့ခြင်း စသည်ဖြင့် ပြုလုပ်ပြန်ရာ ကျွန်တော်လည်းမိမိ၏ခွန်အားကို ယခင်ကထက် အားထုတ်ပြီးနောက် ခြေကန်၍ တွန်းပြန်၏။ ဆရာဝန်ကြီးမှာ ထိုအခါ၌ ပါးစပ်မှ အမြှုပ်တစိစိထွက်အောင် ကြိုးပမ်းလျက် ၎င်း၏မျက်နှာမှာလည်း မင်နီဖြင့်ပတ်၍ထားဘိသကဲ့သို့ နီမြန်းလျက်ရှိလေ၏။ ကန်ကြီး၏အတွင်းမှလည်း ဖယောင်းရည်များသည်တရှူးရှူးတရှဲရှဲမြည်ကာ ဆူပွက်လျက်ရှိသည်ဖြစ်ရာ နောက်ဆုံး၌ ဆရာဝန်ကြီးမှာ ကျွန်တော်၏အကြံအထမြောက်တော့မည့်အကြောင်းကို သိရကား ကပိုင်းကျွိုန်တော်၏ခါးလည်နှင့် အောက်ပိုင်းကို ၎င်း၏ခြေများဖြင့် မြွေသည်သားကောင်ကိုရစ်ပတ်ဘိသကဲ့သို့ ရစ်ပတ်လျက်ရှိလေ၏။ ၎င်း၏အကြံမှာ ကျွန်တော့်ကိုပါ ကန်ထဲသို့ ဆွဲ၍ချရန် ကြံစည်ခြင်းဖြစ်လေသည်။

ထိုအခါ၌ကား ကျွန်တော်တို့မှာ ကန်ပေါင်နှင့် တစ်ပေ-တစ်ပေခွဲခန့်မျှသာ ကွာတော့သည်ဖြစ်ရာ ကန်အတွင်းမှ ဖယောင်းငွေ့များမှာ ကျွန်တော်၏ မျက်နှာကိုပင် ဟပ်လျက်ရှိလေ၏။ ကျွန်တော်လည်း ၎င်း၏ခြေထောက်များကို လျင်မြန်စွာ ဖြေချလိုက်ပြီးလျှင် လူတို့မည်သည်အသက်ချင်းလဲလှယ်ရသည့်အရေးနှင့် တွေ့ကြုံရသည့်အခါ အားအင်များသည် ယခင်ကထက်ဆထက်ထမ်းပိုး ထွက်၍လာတတ်သည့်အတိုင်း ရိုးတွင်းခြင်ဆီထဲမှ ကိုက်ခဲ၍လာသည့်တိုင်အောင် အားအင်ရှိသမျှကို ဖျစ်ညှစ်ထုတ်ပြီးနောက် ကိုယ်လုံးချင်းလွတ်သည်နှင့်တစ်ပြိုင်နက် ဖယောင်းကန်ထဲသို့ တွန်းချလိုက်လေ၏။ လူများအား ဖယောင်းရည်ဖြင့်သတ်သော ဆရာဝန်ကြီးမှာ၎င်းကြံစည်ပြုလုပ်သော ဖယောင်းကန်ကြီးအတွင်း၌ပင် ၎င်း၏အသက်ကို ဆုံးရှူံးရရှာလေပြီ။ ကျွန်တော်၏ ပြုလုပ်ခြင်းမှာ လျှပ်စစ်ကဲ့သို့လျင်မြန်လှ၍ ကျွန်တော်ကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင်ရှိလေသည်။

ဖယောင်းကန်ကြီးမှာ လူကောင်ကျသွားသည်နှင့်တစ်ပြိုင်နက် တရှူးရှူးမြည်သောအသံကြီးများသည် ယခင်ကထက် တိုး၍ကျယ်လောင်လာပြီးလျှင် မီးခိုးလုံးကြီးများသည် မီးတောက်များနှင့်အတူ အထက်မျက်နှာကြက်သို့ တိုင်အောင် ထိုးတက်၍လာပြီးနောက် မျက်နှာကြက်ကို မီးစွဲလေ၏။ ကျွန်တော်လည်း ပါးစပ်ကိုဟကာ ကြက်သေသေလျက်ရှိရာမှ “မီးလောင်ကုန်ပါပြီ ဗျို့”ဟု ဟစ်အော်ကာ အိမ်အပြင်ဘက်သို့ရောက်အောင် ထွက်ပြေးလေ၏။ အိမ်အပြင်ဘက်သို့ ရောက်သောအခါ ကျွန်တော်မှာ ထိုနေ့အဖို့၌ အလွန်ကြောက်မက်ဖွယ်ကောင်းသော အခြင်းအရာများကိုတစ်ခုပြီးလျှင်တစ်ခု ဆက်လက်တွေ့မြင်ရသည်ကတစ်ကြောင်း၊ ဆရာဝန်အရူးကြီးနှင့် အသေအရှင်လုပြီးလျှင် အပြင်းအထန်သတ်ပုတ်ခဲ့ရသဖြင့် တစ်ကြောင်း၊ အလွန်ပြင်းထန်ဆိုးဝါးလှသော အငွေ့အသက်များကို ရှူရှိုက်မိသဖြင့်တစ်ကြောင်း ဦးခေါင်းသည် တဖြည်းဖြည်း လေးလံ၍လာပြီးလျှင်လမ်းပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် မတ်တတ်မှ လဲကျသွားလေသည်။

ဆေးရုံတွင် ကောင်းမွန်စွာ သတိရလာပြီးနောက် ကျွန်တော်ပြန်၍ပြောပြသော အဖြစ်အပျက်များကို အစိုးရများပင်လျှင် ပထမ၌ မယုံကြည်ခဲ့ချေ။ သို့သော် အင်းစိန်ရွာမခြံထဲမှ ခြံလုပ်စားသူအဘိုးကြီးတစ်ယောက်၏ သမီး မနန်းခင်ဆိုသော မိန်းကလေးတစ်ယောက်သည် ခြံထဲမှပျောက်ခြင်းမလှ ပျောက်၍သွားသည်ဟူသော ဌာနတွင် တိုင်တန်းချက်နှင့်တကွ ထိုသူငယ်မကလေး၏ ပုံသဏ္ဌာန်မှာ ကျွန်တော်တွေ့ခဲ့ရသော သူငယ်မကလေးနှင့် တစ်သဝေမတိမ်းအောင်တူညီခဲ့ရကား ရာဇဝတ်မင်းကြီးပင်လျှင် ကျွန်တော်၏အဖြစ်အပျက်ကို အံ့သြလေသည်။ ထိုမျှမက လူစင်စစ်ကိုပင် ကျောက်အဖြစ်သို့ ပြောင်းလဲ၍သွားအောင် ဓာတ်ဆေးရည်တစ်မျိုးဖြင့် ကျိုချက်နိုင်ကြောင်း ၎င်းအား (ဂျာမန်ပရောဖက်ဆား) ဆရာကြီးတစ်ယောက်က ပြောပြဖူးကြောင်းဖြင့်ဝန်ခံလေသည်။ ဒေါက်တာရိုင်းနိုးနေသော တိုက်အိမ်ကြီးမှာ ပြာကျ၍သွားပြီဖြစ်ရာ မီးမလောင်ဘဲကျန်ရစ်သော စက်ကိရိယာအချို့နှင့်တစ်ကွ ကျောက်ရုပ်ကြီး ၃-၄ ခုနှင့် ကျောက်စားပွဲကြီးများကိုသာ တွေ့ရှိရလေ၏။

ကျွန်တော်၏စိတ်မှာ အပြင်းအထန်တုန်လှုပ်လျက်ရှိသေးသည်ဖြစ်၍ ဆရာဝန်ကြီးများ၏ညွန်ကြားချက်အရ ဆေးရုံတွင် တစ်လကျော်မျှ ဆေးဝါးကုသခြင်းခံခဲ့ရလေသည်။
credit to mmcyber

ဒဂုန်ရွှေမျှား
[၁၉၃၅]

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. အရမ်းကောင်းပါတယ်....

    ReplyDelete