ခေါင်းလောင်းသံ ( ရွှေရင်နှစ် (မြို့သာ) )
“ဟင့်အင်း...မသင်ချင်ဘူး။ မြန်မာစာ မသင်ချင်ဘူး။ ပြန်ပို့။
သားကို ပြန်ပို့။ သား ကျောင်းပြန်မယ် ဘွားဘွား။ သား မြန်မာစာ မသင်ချင်ဘူး။ ပြန်မယ်
ပြန်မယ် ခုလိုက်ပို့...”
ကျွန်မ သက်ပြင်းတစ်ချက် ရှိုက်၍ အားပေးပြုံး ယဲ့ယဲ့လေး ပြုံးပြမိသည်။ ကလေးက ငိုနေရာမှ ကျွန်မကို အကဲ ခတ်သလို ကြည့်ကာ ပိုမို၍ အော်ဟစ် ငိုယိုသည်။ ကျွန်မ မျက်နှာကို တင်း၍ အသံမာမာဖြင့်-
“ဟိတ် ဘာဖြစ်နေတာလဲ။ မင်းကို စာသင်မလို့ လာတယ်များ မှတ်နေလား။ ကျောင်းကိစ္စ ဆွေးနွေးမလို့ လာတာ။ သွား- ကလေးကို အပြင်ခေါ်သွား”
တစ်ခါမှ အသံမာမာဖြင့် အပြောခံဖူးဟန် မတူသော ကလေးက မျက်လုံးဝိုင်းလေးများဖြင့် ကျွန်မကို ကြည့်ကာ အသံတိတ်သွားသည်။ ဘေးမှ ၀ိုင်းချော့နေသော ကလေးထိန်း နှစ်ယောက်ကလည်း အနည်းငယ် ထိတ်လန့်သွား ဟန်ဖြင့် ကျွန်မကို တစ်လှည့်၊ ကလေးကို တစ်လှည့် မျက်လုံး စက်ဝိုင်းလှည့်နေသည်။
“အဲဒါ- ဖီးနစ်တို့ ဘွားဘွားလှူတဲ့ ကျောင်းက ကျောင်းအုပ် ဆရာမကြီး။ စည်းကမ်း သိပ်ကြီးတယ်။ ကလေးတွေ ငိုတာကို မကြိုက်ဘူး။ လာ... လာ သွားစို့” ကလေးထိန်း နှစ်ယောက်က ကလေးကိုပွေ့၍ အပြင်ခေါ်သွားသည်။
ကျွန်မ ခေါင်းညိတ်၍ ဒေါ်တင်တင်နှင့် အတူ လျှောက်လာခဲ့သည်။
ဒေါ်တင်တင် ဆိုသည်မှာ မယုံနိုင်လောက် အောင် အံ့သြဖွယ် လှူဒါန်းသော အလှူဒါန များကြောင့် နိုင်ငံတော်မှပင် ဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ခံထားရသော သူဌေးမကြီး တစ်ဦးဖြစ်၏။ ကျွန်မနှင့် သိကျွမ်း ရသည်မှာလည်း ကျွန်မ ကျောင်း၏ လိုအပ်နေသော ကျောင်းဆောင် တစ်ဆောင်ကို လှူဒါန်းသောကြောင့် ရင်းနှီး ကျွမ်းဝင်သွားရခြင်း ဖြစ်သည်။
တစ်နေ့၊ ဘ၀တွင် အစစအရာရာ လိုလေသေး မရှိအောင် ပြည့်စုံ လှပါပေသည်ဟု ကျွန်မ အားကျ ငေးမောရသော သူဌေးမကြီး ဒေါ်တင်တင်က ၀မ်းနည်းကြေကွဲစွာ ရင်ဖွင့်ရင်း အကူအညီ တစ်ခု တောင်းလာခဲ့သည်။
သူ့မှာ ဖီးနစ်ဟု ခေါ်သော မြေးလေးတစ်ဦး ရှိကြောင်း၊ တစ်ဦးတည်းသော သမီးမှမွေးသော တစ်ဦးတည်းသော မြေးလေးမို့ သူ သိပ်ချစ် ကြောင်း၊ အစစအရာရာ ပြည့်စုံ ကြွယ်ဝပါသော် လည်း သားသမီးအခြွေအရံနှင့် ပတ်သက်၍ ကုသိုလ်ကံ နည်းပါး လှတာကြောင့် ဒီမြေးလေး ရတော့ သူ သိပ်ပျော်ခဲ့ကြောင်း၊ မြန်မာမိသားစု မြေးအဘွားတို့ ဓလေ့တိုင်း အဘွားက ပုံပြင်လေး ပြောပြလိုက်၊ မြေးလေးက စကားတီတီတာ တာနှင့် မေးလိုက်၊ ဖြေလိုက်၊ ရယ်မောလိုက်၊ ကဗျာရွတ်လိုက်နှင့် နေရမည့်အချိန်ကာလကို မျှော်လင့် ပျော်ရွှင်ခဲ့ကြောင်း။
“ဒါပေမဲ့ ဆရာမရယ်၊ သူ့အဖေ အထူးကု ဆရာဝန်ကြီးနဲ့ ကျွန်မ သမီး ပညာတတ်မကြီးက သူ့တို့ ကလေးကို အဆင့်အတန်းမြင့်တဲ့ ကျောင်း မှာမှ ထားချင်တယ်ဆိုပြီး တစ်နှစ်ကို သိန်းဆယ်ချီပေးရတဲ့ ကျောင်းမှာ ထားတယ်။ အဲဒီကျောင်းက မြန်မာစာ လုံးဝ မသင်ဘူး။ မြန်မာစကား မပြောရဘူးတဲ့။ အခု ကလေးက အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်နေပြီ။ သူ့အဖေနဲ့ဆို အင်္ဂလိပ်လိုပဲ ပြောကြတယ်။ ဆရာမရယ်၊ ကျွန်မ အဲဒါကို ကြည့်ပြီး မျက်ရည်ကျရတယ်။ အခု မြေးလေးနဲ့ကျွန်မက ကြာလေဝေးလေ ဝေးနေပြီလေ။ မြန်မာမြေး အဘွားဖြစ်ပြီး သူ့စကား ကိုယ်နားမလည်၊ ကိုယ့် စကား သူ နားမလည် ဖြစ်တော့မှာ။ သူတတ်တဲ့ အင်္ဂလိပ်စာ ကျွန်မက မတတ်။ ကျွန်မတတ်တဲ့ မြန်မာစာ သူက မတတ်။ ကျွန်မမြေးလေးနဲ့ ကျွန်မကြားမှာ တံတိုင်းကြီး တစ်ခုခြားနေသလို ပါပဲ ဆရာမရယ်။ ကျွန်မ ရင်နာလိုက်တာ။ အဲဒါ ကျွန်မမြေးလေးကို မြန်မာစာ တတ်အောင်၊ မြန်မာစကား ကျွမ်းကျင်အောင် ဆရာမတတ် နိုင်ရင် ကူညီပေးပါလို့ အကူအညီ တောင်းချင် တာပါ”
စို့လာသော မျက်ရည်စများကို သုတ်ရင်း ပြောလာသော ဒေါ်တင်တင်ကို ကြည့်၍ ကျွန်မ ပါ စိတ်ထိခိုက် နာကျင်သွားရသည်။
“ကျူရှင် သင်ခိုင်းတာ မဟုတ်ပါဘူး ဆရာမ ရယ်။ ဆရာမကြီး ကျောင်းမှာ မနေတဲ့၊ ဆရာမ ကြီး ကျောင်းက မဟုတ်တဲ့၊ မြန်မာစာ မတတ်တဲ့၊ ကျွန်မမြေး မြန်မာလေးကို မြန်မာစာ တတ်အောင် သင်ပေးဖို့ လူမှုရေးအရ အကူအညီ တောင်းတာပါ။ ဆရာမတို့ ကျူရှင်သင်ခွင့် မရှိမှန်း ကျွန်မ သိပါတယ်။ ဆရာမအလုပ်ကို မထိခိုက်စေရပါ ဘူး။ ကူညီမယ်မဟုတ်လား ဆရာမဟင်။ ကူညီပါ ဆရာမရယ်”
မြို့ဆင်ခြေဖုံးတွင်ရှိသော အဆောက်အဦ မပြည့်စုံသည့် ကျွန်မ ကျောင်းကလေးကို သိန်းရာ ကျော် အဆောက်အဦ လှူခဲ့ဖူးသူ။ ထိုအလှူသည် ကျွန်မအတွက် မဟုတ်သော်လည်း ဆင်းရဲ ချို့တဲ့စွာ ပညာ သင်ကြားနေရသော ကျွန်မ တပည့်များ အတွက်မို့ ကျွန်မကို ကူညီခဲ့သလိုပင် ကျွန်မက ကျေးဇူး တင်နေသူ။ ထိုကျေးဇူးများ မရှိခဲ့ဖူးလျှင်တောင် မြန်မာ လူမျိုး တစ်ယောက် အနေနှင့် လုပ်သင့် လုပ်ထိုက်သော အလုပ် တစ်ခုမို့ ကျွန်မ ငြင်းဖြစ်မည် မထင်ပါ။ “ကျွန်မ အတတ်နိုင်ဆုံး ကူညီမှာပါ ဒေါ်တင်တင်။ ဘယ်လို ကူညီရမလဲ ဆိုတာသာ ပြောပြပါ”ဟုပဲ ကျွန်မ ပြောဖြစ်ခဲ့သည်။
“မြေးလေးက အခု KG (1) မှာ တက်နေပါတယ်။ သောကြာနေ့ ဆိုရင် ကားနဲ့ သွားခေါ်ပြီး တနင်္လာနေ့ ကျောင်းအမီ ပြန်ပို့ ပေးရပါတယ်။ အဲဒီတော့ ဆရာမရယ်၊ သောကြာနေ့ည၊ စနေနေ့ ည၊ တနင်္ဂနွေနေ့ ညတွေမှာ တတ်နိုင်ရင် ဆရာမက မြေးလေးကို မြန်မာစာ သင်ပေး စေချင်ပါတယ်” ဆိုသော ဒေါ်တင်တင် စကားကို ကလေး အတွက်၊ အဘွား ပီသချင်သော လူသားတစ်ဦး အတွက်၊ မြန်မာနိုင်ငံသား ကလေးငယ် တစ်ယောက်၏ အနာဂတ် အတွက် ကျွန်မ အလွယ်တကူပင် ခေါင်းညိတ် လက်ခံခဲ့သည်။
“တစ်ခုတော့ ကြိုပြီး မေတ္တာ ရပ်ခံချင်ပါတယ် ဆရာမ၊ မြေးလေးက မြန်မာစာ မသင်ချင်ဘူးလို့ အမြဲ ငြင်းဆန်လေ့ ရှိတယ်။ ဆရာမ အရင်က ဆရာမလေး သုံးယောက်ကို ခေါ်ပြီး ကျွန်မ သင်ပေးဖူးပါတယ်။ သင်လို့မရလို့ အကုန်လုံး လက်လျှော့ပြီး ပြန်သွားခဲ့ကြရတယ်။ အဲဒါကြောင့် ဆရာမက သည်းခံပြီး ကျွန်မ မြေးလေးကို မြန်မာစာ တတ်အောင် သင်ပေးပါလို့ ကြိုတင်ပြီး မေတ္တာ ရပ်ခံချင်တာပါ”
“ဟုတ်ကဲ့၊ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစား ကြည့်ပါ့မယ်”ဟု ကျွန်မ ပြောခဲ့သော်လည်း တကယ် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရသော အခါ ကျွန်မ ထင်ထားတာထက် ပိုမို ခက်ခဲ နေသည်ကို တွေ့ရသည်။ ကလေး ကိုယ်တိုင်က မြန်မာစာ မသင်ချင်ပါ ဟု အကြောက်အကန် ငြင်းဆန်နေသည်။
“ထိုင်ပါဦး ဆရာမ”
ဒေါ်တင်တင်က ကျွန်မကိုပြောပြီး သူပါ စိတ်မော လူမောနှင့် ထိုင်ချသည်။ ခေတ်မီ လှပ၍ ဟိန်းနေသော တိုက်ကြီးထဲမှ ဧည့်ခန်းသည် တောက်ပ ထည်ဝါလွန်းလှသည်။ သို့သော် ဧည့်ခန်းထဲမှ ခေတ်မီ ပစ္စည်းများစွာကို ကျွန်မ စိတ်မ၀င်စားပါ။ ကျွန်မ စိတ်ဝင်စားသည်မှာ ဖီးနစ်လေး၏ လေ့ကျင့်ခန်း စာအုပ်များကိုသာ ဖြစ်သည်။
“ကျွန်မ ကလေးရဲ့ စာအုပ်လေးတွေ ရှိရင် ကြည့်ချင်ပါတယ်။”
“ဟုတ်ကဲ့... ရပါတယ် ဆရာမ”
ဒေါ်တင်တင်က မြေးစိတ်ဖြင့် ကိုယ်တိုင် ထယူပေးသည်။ ကလေး၏ လေ့ကျင့်ခန်း စာအုပ်လေးများကို တစ်ရွက်ချင်း လှန်ကြည့်ရင်း ကျွန်မ လိုချင် သောအဖြေကို တွေ့ရှိ သွားရသည်။
“ဘယ်လိုလဲ ဆရာမ၊ သင်လို့ ရနိုင်ပါ့မလား”
အဘွား တစ်ယောက်၏ မျှော်လင့်ချက် မေတ္တာ မျက်ဝန်းများကို ကျွန်မ ကြင်နာစွာ လှမ်းကြည့်မိသည်။
“ကလေးက ပန်းချီ ၀ါသနာပါပုံ ရတယ်နော်”
“ဟုတ်တယ် ဆရာမ၊ သူနှစ်သက်တဲ့ ပုံလေးတွေ ဆွဲနေရရင် သူပျော်နေတာပဲ”
“ဟုတ်ကဲ့၊ ဒါဆို သင်ဖို့ အဆင်ပြေမှာပါ။ သူမြန်မာစာကို ချစ်လာအောင် အတတ်နိုင်ဆုံး ကျွန်မ ကြိုးစားမှာပါ။ ဒါပေမဲ့ ကျွန်မ တောင်းဆိုချင်တာ တစ်ခုတော့ ရှိပါတယ်။”
“ဟုတ်ကဲ့၊ ပြောပါ ဆရာမ။ မြေးလေး မြန်မာစာ တတ်ဖို့ဆိုရင် ဘာမဆို ကျွန်မ လိုက်လျော ပေးပါ့မယ်”
“တခြားတော့ မဟုတ်ပါဘူး။ ဒေါ်တင်တင်တို့ တိုက်ရှေ့တစ်ဖက်က အိမ်မှာ ကျွန်မ ကျောင်းက သူငယ်တန်း ကျောင်းသူလေး သက်ထားခင် ဆိုတာ ရှိပါတယ်။ သူ့ကိုပါ ဖီးနစ်နဲ့ အတူ သင်ပေးဖို့ ခေါ်ပေးပါ”
ကျွန်မ စကားကို ဒေါ်တင်တင်က အလွယ်တကူပင် သဘောတူ လိုက် လျောခဲ့လေသည်။
“သမီးရေ... သက်ထား၊ ဆရာမကြီးက ကျောင်းမှာ စာသင်သလား။ ဘာသင်သလဲ ပြောပါဦး”
“စာမသင်ပါဘူးရှင်၊ ပန်းချီ သင်ပါတယ်”
“ဟုတ်တယ်၊ ခုလည်း ဆရာမက သမီးတို့ကို စာမသင်ဘူး။ ပုံဆွဲပဲ သင်ပေးမှာ”
ကျောင်းအုပ် တစ်ယောက် ဖြစ်သော ကျွန်မမှာ ကျောင်း၌ သင်ကြားရေး တာဝန်မရှိပါ။ အုပ်ချုပ်ရေးပိုင်းနှင့် စီမံ ခန့်ခွဲရေးပိုင်းကိုသာ ကျွန်မ တာဝန်ယူ ရသည်။ သို့သော် ကလေးများကို မသင်ရလျှင် မနေနိုင်သော ကျွန်မက အတန်းတိုင်းကို လိုအပ်လျှင် လိုအပ်သလို အစားဝင်သင်လေ့ ရှိပါသည်။ သူငယ်တန်းကိုတော့ ကျွန်မ ၀င်သင်သည်မှာ ကလေးများ နှစ်သက်သော တိရစ္ဆာန်ပုံ၊ ကစားစရာ ပုံလေးများနှင့် အင်္ဂလိပ် အခေါ်အဝေါ်လေး များ ဖြစ်သည်။
“ဟုတ်တယ်၊ ခုလည်း ဆရာမက သမီးတို့ကို စာမသင်ဘူး။ ပုံဆွဲပဲ သင်ပေးမှာ။ ကဲ- သမီးတို့ကို ဆရာမက ဘောလုံး ပုံဆွဲနည်းလေး သင်ပေးမယ်”
ကျွန်မ စာသင်နေသော စားပွဲ၏ တစ်ဖက်စွန်းတွင် ကျွန်မတို့ကို ဘီလူးသဘက်ပမာ ရှောင်ကွင်းလျက် ကျွန်မနှင့် ဝေးရာတွင် ကျွန်မတို့ကို တစ်ချက်မှ လှည့်မကြည့်ဘဲ သူလုပ်ချင်ရာ လုပ်နေသော ဖီးနစ်ကလေး၏ ခေါင်းက မော့လာသည်။
“ကဲ- ဟောဒီမှာ ဘောလုံးလေးကို ဆရာမ ဆွဲပြမယ်နော်။ ပထမဆုံး အောက်ကနေစပြီး ညာဘက်ကို ၀ိုင်းလိုက်မယ်။ ဟုတ်ပြီ- ပြီးရင် ဟောဒီ နေရာမှာ ၀လုံးဝိုင်းဝိုင်းလေး တစ်ခုဆွဲ၊ ဟာ... သိပ်ဟုတ်တာပဲ။ သမီးက သိပ်တော်တာပဲ။ ဘောလုံးလေး တစ်လုံး ရသွားပြီ။ ကဲ- ပြီးရင် ဆရာမတို့ အရောင်ခြယ်ကြမယ်။ ရောင်စုံဘောလုံးလေး ဖြစ်သွားအောင်”
ဖီးနစ်လေး၏ မျက်လုံးများက စိတ်ဝင်စားမှုဖြင့် အရောင် တောက်လာ ကြသည်။ တဖြည်းဖြည်း ကျွန်မတို့နှင့် နီးကပ်လာကာ သက်ထားခင်၏ စာအုပ်ကို ငုံ့ကြည့်သည်။
“ငါလည်း ဆွဲတတ်တယ်။ ငါဆွဲပြမယ်”
သက်ထားခင်က ကျွန်မကို မော့ကြည့်သည်။
“သြော်- ဟုတ်လား။ သားလည်း ဆွဲတတ်တယ်လား။ ဒါဆို ဆရာမကို ဆွဲပြပါဦး”
ကလေးက ဂုဏ်ယူ ကျေနပ်ဟန်ဖြင့် သူ့စာအုပ်နှင့် ခဲတံကို ထုတ်ယူ၍ ဆွဲသည်။ သို့သော် ၀လုံးက အရစ်မှားနေသည်။
“နေဦး သား။ သားဆွဲတာ မှားနေတယ်။ ဘောလုံးကို ၀ိုင်းချင်ရင် အပေါ်ကစ မရစ်ရဘူး။ အောက်ကစပြီး ညာဘက်ကို ၀ိုင်းရတယ်။ အဲ- ဟုတ်ပြီ။ ဟုတ်ပြီ။ သား မှန်သွားပြီ။ သားက သိပ်တော်တာပဲ”
“သား ဘောလုံးပုံတွေ အများကြီး ဆွဲမယ်နော် ဆရာမ”
ကလေးငယ်၏ စိတ်ဝင်စား ပျော်ရွှင်နေသော မျက်နှာလေးကို ကြည့်ရင်း ခပ်လှမ်းလှမ်းတွင် ထိုင်၍ အကဲ ခတ်နေသော အဘွား ဒေါ်တင်တင် ကို ပြုံးပြလိုက်သည်။ ပထမဆုံး အဆင့်ကို ကျွန်မတို့ အောင်မြင်ခဲ့ကြပြီ ဖြစ်သည်။
“၀လုံး”စတင်ရသော ဘောလုံးပုံ၊ ပန်းပွင့်ပုံ။ ထို့နောက် “ဂငယ်”နှင့် “ကကြီး”ကိုသင်သော ထီးပုံ၊ “စလုံး၊ ဂငယ်၊ ပစောက်”တို့ ပါဝင်သည့် လူပုံ စသည်ဖြင့် အဆင့်ဆင့် ဆွဲခေါ်သင်ကြားရင်း နောက်ဆုံး၌ မြန်မာဗျည်း နှင့် သရကို တတ်မြောက်သွားခဲ့သည်။
တစ်နေ့ ဖတ်စာ အခန်းကို သင်ခန်းစာ အသစ်တက်၍ သင်ကြားနေစဉ်-
“Excuse me teacher ”
ကျွန်မ မော့ကြည့်လိုက်တော့ ဖီးနစ်၏ အမေ။
“ကျွန်မ သားကို မြန်မာစာ မတတ်စေချင်ပါဘူး။ အဲဒါ ဆရာမ သင်မပေးပါနဲ့”
“ရှင်”
“မေမေက ကျွန်မတို့ဆန္ဒကို မယူဘဲ သူ့ဘာသာ လုပ်ချင်ရာ လုပ်နေတာ မြန်မာစာနဲ့ မြန်မာစကားက သားအတွက် အရေးမကြီးပါဘူး”
“ဘုရား... ဘုရား”
မြန်မာပြည်တွင် နေသော မြန်မာလူမျိုး သားငယ်လေးအား မြန်မာစာ မသင်ရန် တားမြစ်နေသည့် မြန်မာမိခင် တစ်ဦးကို ကမ္ဘာ့ထူးဆန်း အံ့ဖွယ် တစ်ပါးအဖြစ် ကျွန်မ တအံ့တသြ ငေးကြည့်နေမိသည်။ ဖီးနစ်ကလေး နေသောကျောင်းသည် မြန်မာစာ လုံးဝ မသင်ရသလို မြန်မာစကားလည်း လုံးဝ မပြောရပါ။ ယောင်ယမ်း၍ မြန်မာစကား ပြောမိလျှင် ဒဏ်ပေး ကတ်ကလေးကို ကိုင်ထားရပါသတဲ့။ နောက်တစ်ယောက်က ထိုအပြစ်ဒဏ် ထိမှ ထိုကတ်ကို လွှဲပြောင်း ပေးရ၍ ပြစ်ဒဏ်မှ လွတ်မြောက်ပါ သတဲ့။
ထိုအခါ ထိုဒဏ်ပေး ကတ်သည် ကလေးကို သိမ်ငယ်စိတ်၊ မြန်မာစကား ကို မုန်းတီးစိတ်၊ ကြောက်ရွံ့စိတ်တို့ကို မွေးဖွားပေးသော ကတ်ဖြစ်သည်။ ဖီးနစ်၏ မိခင်သည် ထိုကဒ်နှင့် ထိုစိတ်ကို ဖီးနစ်ကလေး ရမှာစိုး၍ တားမြစ်ခြင်းလား။ မိခင်ဘာသာ စကား (Mother Language )နှင့် ဒုတိယ တိုင်းခြား ဘာသာစကား(Second Ianguage) တို့နေရာ လွဲမှားနေမှန်း မသိ၍ တားမြစ်ခြင်းလား။
လူတစ်ဦး တစ်ယောက်တည်းက ဘာသာ စကား အနည်းဆုံး သုံးလေးမျိုး တတ်မြောက် နိုင်သည်ကို မေ့လျော့၍ တားမြစ်ခြင်းလား။ သို့မဟုတ် မိမိကိုယ်ကို မြန်မာ့မြေမှာ နေ၊ မြန်မာ့ ရေကိုသောက်၊ မြန်မာ့ စပါးကို စားနေသည့် မြန်မာတစ်ယောက် ဖြစ်သည်ဆိုတာကို မေ့လျော့ နေခြင်းလား။
“ယဉ်မြသီ”
ဖီးနစ်၏ အမေက အသံကြားရာဆီသို့ ဆတ်ခနဲ လှည့်ကြည့်သည်။ ဒေါသ ထွက်နေသော မိခင် ဒေါ်တင်တင်ကို မြင်တော့ အံ့သြငြိမ်သက် သွားသည်။
“မေမေ၊ သမီးက...”
“တော်စမ်း၊ ညည်းလုပ်ရပ်က တစ်အိမ်တည်း၊ တစ်နိုင်ငံတည်းမှာ နေတဲ့ ငါတို့မြေး အဘွားကို သွေးခွဲ နေတယ် ဆိုတာကော သိရဲ့လား။ နောက် ကြာရင် ငါတို့ မြေးအဘွားတင် ကတော့မှာ မဟုတ်ဘူး ဆိုတာကော သိရဲ့လား။ ညည်းတို့ကိုယ် ညည်းတို့သာ အဆင့်အတန်း မြင့်ပါတယ်၊ သိန်းဘယ်လောက် ကုန်ပါတယ်ဆိုပြီး အဟုတ်ကြီးမှတ်နေကြတာ။ တကယ်တမ်းကျ အဲဒီစိတ်က ကျွန်စိတ်ပဲ။ ငါတို့ ငယ်ငယ်တုန်း ကတော့ အင်္ဂလိပ်ကျောင်းကို မထားဘူး။ မတက်ဘူးဆိုပြီး ကိုယ်ပိုင်အမျိုးသားကျောင်းတွေ တည်ထောင်၊ မြန်မာစာနဲ့ မြန်မာ စကားကို ရုံးသုံးစာနဲ့ ရုံးသုံးစကား ဖြစ်အောင် ကြိုးစားလာ ခဲ့ကြရတာ။ လွတ်လပ်တဲ့ ညည်းတို့ခေတ်ကျမှ ရှေ့ကပုဂိ္ဂုလ်တွေ လက်နဲ့ရေးခဲ့တာကို ခြေနဲ့ဖျက် နေကြတာလား”
“ဟာ... မေမေက ဘာသိလို့လဲ။ အဲဒီ ကျောင်းတွေက အနေအထိုင်နဲ့ စည်းကမ်း သိပ် အဆင့်မြင့်တာ”
“နေစမ်းပါဦး၊ အနေအထိုင် စည်းစနစ်ရှိရှိ၊ အဆင့်အတန်း မြင့်မြင့်နေ တတ်ဖို့အတွက်က စာကို သင်ရမှာလား။ စိတ်ကို သင်ရမှာလား။ စကားကို ပုံတူ ကူးရမှာလား။ စည်းစနစ်ကို အတု ယူရမှာလား။ ငါက အဘွားကြီးပေမယ့် အဲဒီ လောက်တော့ သိပါသေးတယ် ယဉ်မြသီရဲ့။ တို့ အာရှတိုက်က တိုးတက်ပါတယ် ဆိုတဲ့ တိုင်း ပြည်တွေက အင်္ဂလိပ်စကားနဲ့ အင်္ဂလိပ်စာကို အဓိက ဘာသာစကား အဖြစ် မသုံးခဲ့ကြပါဘူး။ ဒါပေမဲ့ အကြောင်းကောင်းတွေ လုပ်တော့ အကျိုး ကောင်းတွေ ရသွားခဲ့ကြတာပဲ မဟုတ်ဘူးလား။ ညည်း မြဲမြဲ မှတ်ထားဖို့က မှန်ကန်တဲ့ အကျိုး ကောင်းတွေ လိုချင်ရင် မှန်ကန်တဲ့ အကြောင်း ကောင်းတွေကို လုပ်ဖို့ပဲ”
“ဟာ- ဘာတွေမှန်းကို မသိဘူး။ ရှုပ်တယ် မေမေရာ။ သား ဒက်ဒီကလည်း သား မြန်မာစာ သင်တာကို မကြိုက်ဘူး။ သား ဒီစာကို ဆက် မသင်နဲ့တော့”
“ဟဲ့- ကလေးကို ဘယ်လို ပြောလိုက်တာလဲ။ မြေးလေး၊ ဘွားဘွားပြောမယ်။ သေချာ နားထောင်နော်။ သား မြန်မာစာ သင်ရတာကို ပျော်တယ် မဟုတ်လား”
“ဟုတ်”
“ဒါဆို၊ သား မြန်မာစာကို ချစ်သလား။ သား မြန်မာစာကို ဆက်သင်ချင်သလား။ မသင် ချင်ဘူးလား”
ကလေးက မျက်လုံးလေး ၀ိုင်း၍ အဘွားကို တစ်လှည့်၊ အမေကို တစ်လှည့် ကြည့်နေသည်။ နှုတ်ဖျားမှ ဘာသံမှ ထွက်မလာ။ ကျွန်မ ခံစားချက် ပေါင်းစုံ ရောပြွမ်းနေသော သက်ပြင်း တစ်ချက်ကို ခက်ခဲစွာ ရှိုက်လိုက်မိသည်။ ကျွန်မ အခန်းထဲတွင် ကျွန်မမှာ ထိုင်မရ၊ ထမရနှင့် စိတ်ကို ငြိမ်သက်အောင် ထားမရနိုင်ဘဲ ဖြစ်နေသည်။ လမ်းလျှောက်လိုက်၊ ထိုင်လိုက်၊ တယ်လီဖုန်းကို လှမ်းကြည့်လိုက်၊ နောက် ထ၍ ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်နှင့် ဘယ်လို မှ မတည်ငြိမ်နိုင်။
“ဆရာမ၊ ကျွန်မ တောင်းပန်ပါတယ် ဆရာမရယ်။ ကျွန်မကို ကူညီပေးတဲ့ ဆရာမကို သက်သက် ဒုက်္ခပေးသလို ဖြစ်နေပြီ။ ကလေးကို မေးပြီး ကျွန်မ ဆရာမဆီ ဖုန်းဆက်လိုက်ပါ့မယ်။ ကာယကံရှင်ကလေးရဲ့စိတ်ဆန္ဒက အဓိကပဲလေ။ သူကိုယ်တိုင်က သင်ချင်ပါတယ် ဆိုရင် ဘယ်သူ တားလို့ ရမှာလဲ။ မြေးလေး သင်မယ်ဆိုရင် ဆရာမကပဲ ဆက်ပြီး ကူညီပေးပါဦးလို့ မေတ္တာရပ် ခံပါရစေ”ဟု ဒေါ်တင်တင် ပြောခဲ့သော စကားက ကျွန်မကို တယ်လီဖုန်းနား တ၀ဲလည်လည် ဖြစ်နေစေခဲ့ခြင်း ဖြစ်သည်။
ဒါဟာ ငွေကြေး ကိစ္စကြောင့် မဟုတ်တာ အရမ်းကိုသေချာပါသည်။ ကူညီမှုနှင့် ပတ်သက် ၍ ဒေါ်တင်တင်နှင့် ကျွန်မကြားတွင် မည်သည့် ငွေကြေးစကားမှ ပြောဆိုထားခြင်း မရှိပါ။ ကျွန်မက သူ့ကို အလှူဒါန ရက်ရောသော နိုင်ငံတော် ဘွဲ့တံဆိပ်ရ သူဌေးမကြီး တစ်ဦးအဖြစ် လေးစားသလို သူကလည်း ကျွန်မကို စည်းကမ်း ယိုင်နဲ့နေသော ကျောင်းအား စည်းကမ်းရှိသော ကျောင်းအဖြစ် တိုးတက်ဖွံ့ဖြိုး အောင်လုပ်နိုင်ခဲ့သော ကျောင်းအုပ် ဆရာမကြီး တစ်ယောက် အဖြစ် လေးစားသည်။
ထို့ကြောင့် ယခု ကူညီမှုသည် အနှောင်အဖွဲ့ မပါသော ကူညီမှု သက်သက်သာ ဖြစ်သည်။
မြန်မာစာ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဝေးကွာတော့မည့် မြန်မာလေးတစ်ဦး ကို မြန်မာလူမျိုးတစ်ဦး၏ ကူညီမှုသာဖြစ်သလို ယခု စိတ်လှုပ်ရှားနေခြင်း မှာလည်း မြန်မာ့ကလေးငယ်တစ်ဦး၏ အနာဂတ်အတွက်သာ ဖြစ်ပါသည်။
“ကလင်... ကလင်... ကလင်... ကလင်”
ဟော- ဖုန်းသံ။ ကျွန်မ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားသည်။ ဖုန်းကို လှမ်းကြည့်လိုက်သော အခါ တယ်လီဖုန်းလေးက ငြိမ်သက်စွာ။ကျွန်မ သက် ပြင်းချ၍ ပြန်ထိုင်လိုက်ရသည်။ တီဗွီထဲမှ ဖုန်းသံပါ။
“ကလင်... ကလင်... ကလင်... ကလင်”
ဖုန်းကို လှမ်းကြည့်လိုက်သည်။ သည်တစ်ခါတွင် တကယ် ဖြစ်နေသည်။ ကျွန်မ ဖုန်းကို ကောက်ကိုင်လိုက်သည်။
“ဆရာမ”
“ဟင်- ဖီးနစ်”
“ဘွားဘွားက သားကိုယ်တိုင် ဆက်လိုက်ဆိုလို့ပါ”
ကျွန်မ ထိတ်ခနဲ ဖြစ်သွားရသည်။ ဒေါ်တင်တင်က သူကိုယ်တိုင်ပြော ရမှာ အားနာ၍ ကလေးကို ပြောခိုင်းခြင်းလားဟု တွေးမိ၏။ ထိုသို့သာဆိုလျှင် ကျွန်မ မည်သို့မှ စိတ်ကောင်းနိုင်မည် မဟုတ်ပါ။
“ဆရာမ”
“သြော်- သား၊ နေဦး ခဏလေး”
ကျွန်မ ဘေးတွင် အဆင်သင့် ရှိနေသော ရေသန့်ဘူးထဲမှ ရေကို တစ်ခွက် ငှဲ့သောက်လိုက်သည်။ ပူနေသော ရင်ကို ရေဖြင့် အရင် ငြှိမ်းသတ်လိုက်ရ၏။
“ရပြီ သား ပြော။ သား ပြောချင်တာ ပြောတော့”
“ဆရာမ မနက်ဖြန် မြန်မာစာ သင်ဖို့ သားဆီ လာခဲ့ပါလို့ ပြောမလို့ပါ”
“ဘယ်လို သား”
“သား...”
ကလေး မည်သည့်စကားများ ဆက်ပြောနေသနည်း ဆိုသည်ကို ကျွန်မ မသိတော့ပါ။အသံများက နားမှလျှံ၍ ကျွန်မ၏ မျက်ဝန်းဆီသို့ ရောက်လာသည်။ဝမ်းသာ ကျေနပ်မှု ပီတိ၏ နှလုံးသွေး အလျဉ်က မျက်ဝန်းမှာ စီးဆင်းသည်။
“မြန်မာပြည်သည် ဒို့ပြည်
မြန်မာစာသည် ဒို့စာ
မြန်မာစကားသည် ဒို့စကား
ဒို့ပြည်ကိုချစ်ပါ ဒို့စာကို လေးစားပါ
ဒို့စကားကို ချီးမြှင့်ပါ”ဟူသော ကလေးငယ်တစ်ယောက်၏သမိုင်း ကျက်သံ သဲ့သဲ့ကို ကြားရသည်။
ကျွန်မ ပြတင်းပေါက်ကို ဖွင့်၍ စာကျက်သံကို နားစွင့်လိုက်သည်။ ထိုထက်ပို၍ ပီသ၊ ကြည်မြသော အသံနှင့်အတူ ချိုမြမြ ခေါင်းလောင်းသံ ကိုသာ ကျွန်မ ကြားချင် နေပါသည်။
ရွှေရင်နှစ်၊မြို့သာ၊
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)
No comments:
Post a Comment