Thursday 3 January 2013

လက်ဖက်ရည်ကြိုက်တဲ့ရောဂါ - တင်မောင်သန်း

လက်ဖက်ရည်ကြိုက်တဲ့ရောဂါ
 
 
တင်မောင်သန်း ( ရှုမဝ ၁၉၈၅ စက်တင်ဘာ)

ကျွန်တော်ဟာ ရုံးဝန်ထမ်း တစ်ယောက်ပါ။ ဝန်ထမ်းတွေ ပြန်ဖွဲ့စည်းလိုက်တော့ ကျွန်တော် ပင်စင်ရလိုက်ပါတယ်။ အသက် ခြောက်ဆယ်ပြည့်လို့ ပင်စင် ယူရတာမျိုး မဟုတ်ပါဘူး။ ကျွန်တော့် အသက်က လေးဆယ်ကျော်ရုံလေးပဲ ရှိသေးတာပါ။ ဒါ့ကြောင့်လဲ ကျွန်တော်ဟာ ဘုရားရိပ် တရားရိပ်ကိုလဲ ပြေးမကပ်ချင် ၊ ဘာလုပ်ရမှန်း မသိပဲနဲ့ မနေတတ် ၊ မထိုင်တတ် ဖြစ်ရပါတော့တယ်။ တကယ်တော့ ကျွန်တော်ဟာ ရုံးဘဝနဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အသားကျ ရိုးစွဲ နေခဲ့သူ တစ်ယောက်ပါ။ ဖိုင်တွဲတွေကို ကျွန်တော် ချစ်ခင်နေပါပြီ။ လူရှုပ်တဲ့ အခါမျိုးမှာ အင်မတန် အလုပ်များတဲ့ ဟန်နဲ့ ဟိုသွားသလို၊ သည်သွားသလို လုပ်နေရတာမျိုးကိုလည်း သာယာ နေတတ်ပါပြီ။ ကိုယ့်စားပွဲရှေ့ကို လူတစ်ယောက်ယောက် လာရပ်လို့ကတော့ ချက်ချင်းမော့မကြည့်ပဲ၊ စာရွက်တွေ လှန်လှော ရှာဖွေနေသလိုလို၊ အရေးကြီးတဲ့ စာတစ်စောင်စောင် ရေးနေရသလိုလို လုပ်နေရတာမျိုးကိုလဲ ကျွန်တော် အရသာ တွေ့နေပါပြီ။

“ဗျာ .... ခင်ဗျား ကိစ္စ .. ကျွန်တော် တင်ပြထားပါတယ်။ မလွယ်ဘူးဗျာ .. အဆင့်ဆင့်ကို ဖြတ်သန်းရတယ်။ ကောင်းပြီလေ .. ကျွန်တော် ကြည့်လုပ်ပေးရမလား ..” စတဲ့ စကားတွေကို ပြောဆိုရတာကလဲ ရိုးစင်းနေပါပြီ။ ခုတော့ ကျွန်တော့်အတွက် ဘာမှ မရှိတော့ပါဘူး။ ဖိုင်တွဲတွေလဲ မရှိတော့ဘူး။ စာရွက် စာတမ်း တွေလဲ မရှိတော့ဘူး။ မျက်နှာသေလေးတွေနဲ့ပဲ ဖြစ်ဖြစ်၊ စကားရော ဖောရောပဲ ဖြစ်ဖြစ် ကျွန်တော့်ကို လာတွေ့တဲ့ လူတွေလဲ မရှိတော့ပါဘူး။ ရုံးတက်ချိန်နား နီးလာလို့ကတော့ ကျွန်တော့်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ထိုင်ရကောင်းနိုးနိုး၊ ထရကောင်းနိုးနိုး ဖြစ်ရတော့တာပဲ။ သည်လို အခါမျိုးမှာ အင်မတန် အရသာခံတတ်တဲ့ ကျွန်တော့်လျှာဟာ ချိုမြမြ အဖန် ရသလေးကို အလိုက်ကန်းဆိုးမသိ တောင်းဆို တတ်တာကတော့ဖြင့် ကျွန်တော် ရင်ဆိုင်ရ အခက်ခဲဆုံး အကျပ်အတည်း တစ်ခုပါပဲ။

ကျွန်တော့်မိန်းမကို လှမ်းကြည့်လိုက်ပါတယ်။ ကျွန်တော့် အကြည့်ထဲမှာ အမျှော် အခေါ်လေးတွေ ရှိမှာပါ။ ဒါပေမယ့် မိန်းမကတော့ ကျွန်တာ့်ကို ရှိတယ်လို့မှ အောက်မေ့ရဲ့လား မသိပါဘူး။ ရုံးသွားဖို့ အိမ်ထဲက စက်ဘီးကို ဆွဲထုတ်နေပါတယ်။ “မိန်းမ”လို့ ကျွန်တော် ခေါ်လိုက်ပါတယ်။ မိန်းမက လှည့်ကြည့်တယ်။

“ဘာလဲ”

ကျွန်တော် မကြိုက်ဘူး။ သူကြည့်ပုံ ကျွန်တော် မကြိုက်ဘူး။ သူမေးပုံ မကြိုက်ဘူး။ ကျွန်တော်ဟာ အလုပ်မရှိတဲ့သူ၊ အိမ်ကိုငွေကြေးအားဖြင့် ထောက်ပံ့မှု မပေးနိုင်တဲ့သူလို့ ခံစားလိုက်ရ သလိုပါပဲ။ ဒါကြောင့် “မင်း ငါ့ကို လက်ဖက်ရည်ဖိုး နှစ်ကျပ်လောက်တော့ ပေးခဲ့ဖို့ ကောင်းတယ်” ဆိုတဲ့စကားလဲ ကျွန်တော့်နှုတ်က ပြောမထွက်တော့ပါဘူး။ ကျွန်တော် ပြန်ပြောမနေတော့ပဲ သည်အတိုင်း နေလိုက်ပါတယ်။ မိန်းမကတော့ စက်ဘီးခြေနင်းပေါ် သူ့ဘယ်ခြေထောက်ကို တင်လိုက်ပြီး “ရှင် အဝတ်တွေ လျှော်ထားလိုက်ဦး”လို့ အမိန့်ပေး ထွက်သွားပါတော့တယ်။

ကျွန်တော် နားလည်လိုက်တယ်။ ကျွန်တော် တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ကျွန်တော့်ရဲ့ တန်ဖိုးဟာ တဖြည်းဖြည်း နိမ့်ဆင်းနေပြီ ဆိုတာကို ပြလိုက်တာပဲ။ ဒီအတွက် မိန်းမကို အောင့်သက်သက် ခံစားရပေမယ့် အပြစ် လုံးလုံးလျားလျား ပုံမချလိုပါဘူး။ သူလဲ လူတစ်ယောက်ပဲ။ လူဆိုတာ အခြားသူတစ်ယောက်ရဲ့ အရေးပါမှုကို တော်တော် သိခဲတာကလား။ လူမြောက်မြားစွာနဲ့ ဆက်ဆံဖူးခဲ့ပြီမို့ ၊ ဒီအချက်ကို ကောင်းကောင်း နားလည်ပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ အခန်းကဏ္ဍကို ပြသတတ်ဖို့ပါပဲ။

ကျွန်တော် ကုလားထိုင်မှာ ထိုင်တယ်။ လက်ကို ပိုက်တယ်။ ခြေထောက်တွေကို ချိတ်တယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွေ့အကြုံတွေကို ပြန်လည် သုံးသပ်တယ်။ ဒီအချိန်မှာပဲ ရေဆာလာတယ်။ ရေ ထသောက်တယ်။ ပြန်ထိုင်တယ်။ စဉ်းစားပြန်တယ်။ ဒါပေမယ့် ခဏလောက်နေတော့ ကျွန်တော့် အာခေါင်ထဲမှာ ခြောက်သလိုလို ဖြစ်လာပြန်ရော။ တစ်စုံတစ်ရာဟာ ကျွန်တာ့်လျှာပေါ်မှာ တရွရွ ပြေးနေပြန်တယ်။ ကျွန်တော် ရေသောက်ပြန်တယ်။ ဒါပေမယ့် အဲဒီအရာဟာ ပျောက်မသွားဘူး။ လျှာရင်းကနေ လျှာဖျား၊ လျှာဖျားကနေ လျှာရင်း ပြေးနေတယ်။ ပြီးတော့ ကျွန်တော့်လျှာဟာ ဟင်းလင်းပြင်ထဲက အာကာသ သူရဲကောင်း တစ်ယောက် ပေါလော မျောနေသလို ဖြစ်ပြန်တယ်။ ဆုပ်ကိုင်ရာမဲ့၊ အကွယ်အကာမဲ့ ဟာနေတယ်။ နောက်.. အဲ့ဒီအရာဟာ တဖြည်းဖြည်း ကြီးထွားလာနေတယ်။

ကျွန်တော် သိလိုက်ပါပြီ။ ဒိအရာဟာ ရေတစ်ပေါက်ကို တောင်းဆိုနေတာ မဟုတ်ဘူး။ လက်ဖက်ရည် တစ်ခွက်ကို တောင်းဆိုနေတာပဲ။ ရှပ်အင်္ကျီ အိတ်ထောင်ကို ကျွန်တော် စမ်းလိုက်မိတယ်။ ကျွန်တော့်စိတ်ဓာတ်ဟာ အမှုန်အမွှားမျှ သေးငယ်သွားပြန်ပါတယ်။ ကျွန်တော့် ကိုယ်ခန္ဓာဟာ ကုလားထိုင်ပေါ်မှာ ဒီအတိုင်း ငူငူကြီး ထိုင်နေမိလျက် ဖြစ်နေပြန်တယ်။ မျက်လုံးတွေကလည်း မှုန်ရီလို့ နေမှာပါပဲ။ ငေးမိငေးရာ ငေးလို့ နေမှာပါပဲ။ ကျွန်တော် စိတ်ဓာတ်ကျလာတယ်။

ဒါကိုသိတဲ့ ကျွန်တော်ဟာ ဒီအဖြစ်က ရုန်းထွက်နိုင်ဖို့ ကြိုးစားပါတယ်။ လက်ဖက်ရည် တစ်ခွက် သောက်နိုင်ရမယ်လို့ ဆုံးဖြတ်ပြန်ပါတယ်။ ကော်နဲ့ ကပ်ထားသလား အောင့်မေ့ရတဲ့ အိတ်ကပ်က ကျွန်တော့်လက်ကို ရုပ်လိုက်တယ်။ ကုလားထိုင်က ထတယ်။ အံဆွဲတွေ ဖွင့်တယ်။ အိပ်ရာလိပ်တွေ သွားလှန်တယ်။ သေတ္တာထဲက အင်္ကျီတွေ သွားဖွတယ်။ တစ်ပြားမှ မတွေ့ဘူး။ ကျွန်တော်ဟာ အရူးတစ်ယောက်လိုပါပဲ။ ခွေးခြေပေါ်တက်ပြီး ဘုရားစင်ပေါ်မှာတောင် ရှာဖွေမိပါတယ်။ မတွေ့ဘူး။

ကုလားထိုင်ပေါ် ကျွန်တော် ပြန်ထိုင်ပြန်တယ်။ အိတ်ကပ်ကို စမ်းလိုက်၊ လျှာကို သပ်လိုက်နဲ့။ နှိုးဆွနေတဲ့ အာရုံနဲ့ ရန်ဖြစ်ရင်း ကျွန်တော် စဉ်းစားကြည့်တယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို လက်ဖက်ရည် တစ်ခွက်တော့ သောက်သင့်ပါတယ်။ ဒီလို ဖြစ်အောင်လဲ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာကိုး။ ဒါကြောင့် တစ်မနက်ခင်းလေးနဲ့ ဒီအာရုံကို ငြင်းပယ်ပစ်ဖို့ မသင့်လျော်ဘူး။ လုပ်လဲ မလုပ်ထိုက်ဘူးလို့ ကျွန်တော် ထင်လာတယ်။ ဟုတ်တယ် .. ။ စဉ်းစားလေ ပိုခိုင်မာလာလေပဲ။

ကျွန်တော် အိမ်က ထွက်လာခဲ့တယ်။ ကျွန်တော့်စိတ်ကူးကတော့ ဒီကိစ္စကို နောင်မှ မိန်းမနဲ့ ညှိနှိုင်းဖို့ပဲ။ ခုတော့ လက်ဖက်ရည် တစ်ခွက် သောက်ရမှ ဖြစ်လိမ့်မယ်။ နောက်ဆုံး ဆိုင်ရှင်ကို နောက်နေ့မှ ရှင်းမယ်ဗျာလို့ ပြောရုံပါပဲ။ ဒါပေမယ့် ဒီလို ပြောရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဆိုင်မှာ ကျွန်တော့်ကို လက်ဖက်ရည် တစ်ခွက် တိုက်မယ့်လူ တစ်ယောက်ယောက်တော့ ရှိနေမှာပါပဲ။ လမ်းလျှောက်ရင်း မျှော်လင့်မှုဟာ ယုံကြည်မှု တစ်ခုအဖြစ် ပြောင်းလဲလာပါတော့တယ်။ ကျွန်တော် စိတ်တက်ကြွလာပြန်တယ်။ ခြေလှမ်းတွေ သွက်လာပြန်ပါတယ်။ ကျွန်တော့် ဦးခေါင်းဟာလဲ မတ်လာပြန်ပါတယ်။ ဆိုင်ထဲ ဝင်ဝင်ချင်းပဲ “လက်ဖက်ရည် တစ်ခွက်ဟေ့”လို့ စိတ်ချလက်ချ မှာပစ်လိုက်ပါတယ်။

လက်ဖက်ရည်တစ်ငုံကို အရသာခံ မျှင်းသောက်ပြီးတော့မှ ဆိုင်ထဲကို ကျွန်တော် ဝေ့ဝဲကြည့်လိုက်မိတယ်။ ကျွန်တော့် မျက်နှာသိ တစ်ယောက်မှ မရှိဘူး။ ထပ်ကြည့်တယ်။ သေသေချာချာ ရှာတယ်။ ကျွန်တော် ပူပန်လာမိတော့တယ်။ လက်က အိတ်ကပ်ကို မသိမသာ ရောက်သွားပြန်တယ်။ ကျွန်တော် စိတ်ဓာတ် ကျစ ပြုလာတယ်။ လက်ဖက်ရည်ကို ဆက်မသောက်နိုင်ပဲ ဆိုင်ပေါက်ဝကို ငေးနေမိလျက် ဖြစ်နေပြန်ပါတယ်။ အသိအကျွမ်း တစ်ယောက်ယောက်များ ဝင်လာမလားပေါ့။ ဒီအခါမှာတော့ ရုံးမှာ နေခဲ့ရတဲ့ ဘဝကို လွမ်းသလိုလိုပါပဲ။ အင်း ... အရင် တုန်းကတော့များ .... ဆိုတဲ့ အတိတ်က ဖိစီးလာပြန်ပါတယ်။

ကျွန်တော် စိတ်ပျက်သွားပါတယ်။ ဒါပေမယ့် ကံကောင်း ထောက်မစွာပဲ အသိတစ်ခုက ခေါင်းထဲ ဝင်လာလေရဲ့။ တခြား မဟုတ်ပါဘူး။ ကျွန်တော့်ကို လက်ဖက်ရည်ဆိုင် ခေါ်ခဲ့ဖူးသူတွေဟာ ကျွန်တော်နဲ့ အရင်က သိကျွမ်းဖူးသူတွေ မဟုတ်ဖူးဆိုတဲ့ အချက်ပါပဲ။ အခွင့်အရေးတစ်ခု ပေါ်လာရင် သူ့ဘာသာ ဖြစ်သွားတတ်စမြဲပါ။

ဟုတ်တယ် ... အခွင့်အရေးပေါ်လာခိုက် လုပ်တတ်ဖို့ပဲ လိုတယ်။ ကျွန်တော် တွေးလို့မှ မဆုံးသေးဘူး။ အခွင့်အရေး တစ်ခုဟာ ကျွန်တော့်ရှေ့ ဗြုန်းကနဲ ပေါ်လာတာ ကျွန်တော် တွေ့လိုက်ရပါတယ်။ ဒါကလဲ ကျွန်တော် မြင်တတ်လို့ပါ။ သာမန်လူဆိုရင် မြင်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ ဒီအတွေးနဲ့ ကျွန်တော်ဟာ ပိုလို့ ကျေနပ် ဝမ်းသာသွားပြန်ပါတယ်။

ဒီလိုပါ။ ကျွန်တော့်ရှေ့ကလူဟာ ဒူးယားတစ်လိပ်ကို နှုတ်ခမ်းမှာတင်ပြီး “မီးခြစ်”လို့ လှမ်းတောင်းလိုက်ပါတယ်။ ဆိုင်ရှင်လည်း မီးခြစ်ရှာသလိုလို လုပ်ပြီးမှ “ဘယ်ရောက်သွားလဲ မသိဘူး” လို့ ပြန်ပြောပါတယ်။

ကျွန်တော် အိတ်ထဲက မီးခြစ်ကို ထုတ်တယ်။ အဖုံးကို လှပ်တယ်။ ဘီးကို လက်မနဲ့ ဖိခြစ်ပေးလိုက်တယ်။ တောက်လာတဲ့ မီးစကို သူ့ရှေ့ ကျွန်တော် ထိုးပေးလိုက်တယ်။ ဖွာရှိုက်လိုက်တဲ့ စီးကရက်ငွေ့တွေ လွင့်ပြန့်သွားပါတယ်။ မီးခြစ်ကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ရင်း ...... “ခင်ဗျား .. ကျွန်တော်နဲ့ တွေ့တာ သိပ်ကံကောင်းတယ်” ဒီစကားကို ဣနြေ္ဒရရ ပြောလိုက်နိုင်တာ တွေ့ရတော့ ကျွန်တော့်ကိုယ် ကျွန်တော် အံ့သြသွားပါသေးတယ်။ ဒီစကားမျိုးကို ကျွန်တော် မပြောရတာ ကြာပါပြီ။ ခု .. ကျွန်တော့်နှုတ်က ချောချောမွတ်မွတ် ထွက်လာတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လဲ ပိုလို့ ယုံကြည်လာပါတယ်။ အလုပ်လုပ်နေရသလို ကျွန်တော် ပြန်ခံစား ရပြန်ပါတယ်။ ဒါပေမယ့် ရှေ့ကလူကို အကဲခတ်ကြည့်လိုက်တော့ ဒီလောက်နဲ့ မလုံလောက်သေးဘူး။ ဒါ့ထက် ပိုတိကျဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ ဒါကြောင့် ကျွန်တော် ဆက်ပြောတယ်။
“ကျွန်တော်နဲ့တွေ့တာ ခင်ဗျား အတွက် သိပ်အဆင်ပြေသွားတယ်”
ရှေ့ကလူဟာ စီးကရက်ကို ဆက်လက် မဖွာနိုင်လောက်အောင် ကျွန်တော့်ကို အံ့သြတကြီး ကြည့်လိုက်တယ်။ အလို ... ဘယ်လိုများ အဆင်ပြေတာပါလိမ့်လို့ တွေးနေပုံပါပဲ။ ဒါဟာ ကျွန်တော့်အတွက် ကောင်းတဲ့ လက္ခဏာ တစ်ရပ်ပါ။

ကျွန်တော် သူ့ကို ရှင်းပြမှ ဖြစ်တော့မယ်။ လူတချို့ဟာ ကိစ္စဝိစ္စတွေကို လွယ်လွယ်ကူကူ ဆောင်ရွက် နိုင်တယ်လို့ချည်း အောက်မေ့တတ်ကြတယ်။ တကယ်က ဒီလို မဟုတ်ဘူး။ ဘယ်ကိစ္စမဆို ခက်ခဲတာချည်းပဲ။ ကြည့် ... ကျွန်တော် မီးခြစ် ခြစ်ပေးလိုက်တဲ့ ကိစ္စ ။

“ကျွန်တော့်ဆီမှာ မီးခြစ်ရှိနေတာ ခင်ဗျား အတွက် တော်တော် အဆင်ပြေသွားတယ်။ ဒါပေမယ့် ဒါကလည်း လွယ်တာ မဟုတ်ဘူး။ ပထမ .. ကျွန်တော့်မှာ မီးခြစ်ရှိနေရမယ်။ ဒါပေမယ့် မီးခြစ်ချည်းပဲ ရှိလို့က မီးတောက် ဖြစ်မလာနိုင်ဘူး။ ဒုတိယ မီးခြစ်ကျောက် ရှိနေရမယ်။ တတိယ ဓာတ်ဆီ ရှိနေရမယ်။ ဒီ တတိယ အဆင့်က နည်းနည်း ရှုပ်ထွေးတယ်။ ဘာလို့လဲ ဆိုတော့ ဓာတ်ဆီ ထည့်နိုင်အောင် အိမ်မှာ ဓာတ်ဆီပုလင်း ရှိနေဖို့ လိုအပ်လို့ပဲ။ ယာဉ်မောင်းသူတွေနဲ့ မခင်မင်ရင် ခင်ဗျား ဓာတ်ဆီတောင်းထားနိုင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ် ဝယ်နိုင်လောက်အောင် ပိုက်ဆံ မရှိရင်လည်း ခင်ဗျားမှာ ဓာတ်ဆီရှိနေမှာ မဟုတ်ဘူး။ စတုတ္ထ ခင်ဗျား နှုတ်ဖျားပေါ်ကို စီးကရက် တင်လိုက်ချိန်မှာ မီးခြစ် ရှိတဲ့လူနဲ့ ကြုံနေဖို့လည်း လိုအပ်နေသေးတယ်။ ဒါဟာလည်း တော်တော် ဖြစ်ခဲတဲ့ အဖြစ်ပဲ”

နည်းနည်း မောပန်းသွားပြီး ကျွန်တော် လက်ဖက်ရည်တစ်ငုံ သောက်လိုက်တယ်။ စကားစကို ဖြတ်ထားလို့ မဖြစ်ဖူး။ အဓိကကျတဲ့ အပိုင်းကို ကျွန်တော် မပြောရသေးဘူး။

“ခင်ဗျား သိတဲ့အတိုင်းပဲ၊ မီးခြစ် ခြစ်တဲ့ ကိစ္စမှာ အဆင့်ဆင့် ပါဝင်နေတယ်။ ဒီအဆင့်ဆင့်ကို ဖြတ်သန်းရာမှာ တစ်ခါတည်းနဲ့ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အင်မတန့် အင်မတန် ခက်ခဲပါတယ်။ ဒီလို ခက်ခဲတဲ့ ကိစ္စကို ကျွန်တော် ဆောင်ရွက် ပေးနိုင်တယ်ဆိုတာ ခင်ဗျား မြင်တဲ့အတိုင်းပါပဲ။ ပြီး .. ခင်ဗျား စဉ်းစားကြည့်စမ်းပါဦး၊ တကယ်လို့ ကျွန်တော့်မှာသာ မီးခြစ် မရှိဘူးဆိုရင် ဆိုင်ရှင်ရဲ့ စကားကြောင့် ခင်ဗျားစိတ်ထဲမှာ ကသိကအောက် ဖြစ်သွားမယ်။ ဆေးလိပ်ခဲပြီးခါမှ ထိုင်ခုံက ခင်ဗျား ထရပြန်ဦးမယ်။ နောက် .. ဆေးလိပ်သောက်နေတဲ့ လူဆီကို ခင်ဗျား ထသွား။ ကိုယ်ကို နည်းနည်း ကိုင်းညွတ်လိုက်ပြီး သူ့ရဲ့ စကားဝိုင်းကို နှောင့်ယှက်လိုက်မိလို့ အားနာတဲ့ဟန်နဲ့ ကျွန်တော့်ကို မီးတစ်တို့လောက် ခင်ဗျာလို့ ပြောရဦးမယ်။ ကဲ ... ခင်ဗျား ဖြတ်သန်းရမယ့် အဆင့်ဆင့်တွေ ဘယ်လောက် များလိုက်သလဲ။ ခင်ဗျား ဘယ်လောက် အလုပ်ရှုပ် ၊ အချိန်ကုန်လိုက်မလဲ”

ကျွန်တော် စကားကို ရပ်လိုက်တယ်။ သူ့ကို အကဲခတ်ကြည့်လိုက်တယ်။ သူဟာ ကျွန်တော် မီးခြစ် ခြစ်ပေးတဲ့ အတွက် ကျေးဇူး မတင်တောင်မှ၊ ကိစ္စတစ်ခုကို ခွဲခြမ်း စိတ်ဖြာ ကြည့်မြင်နိုင်တဲ့ “အမြင်ပေါက်မှု” အတွက် ကျွန်တော့်ကို လေးစား သွားသင့်တယ်။ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီအတွက် ကျွန်တော့်ကို လက်ဖက်ရည် တစ်ခွက် တိုက်သွားသင့်တယ်။

ဒါပေမယ့် ကျွန်တော် မျှော်လင့်သလို ဖြစ်မလာပါဘူး။ သူက ကျွန်တော့်ကို မျက်မှောင်ကြုတ် ကြည့်ပါတယ်။ ဘယ်လို ကောင်ပါလိမ့်ဆိုတဲ့ အကြည့်မျိုး။ လွယ်နေတာကို မခက် ခက်အောင် လုပ်နေတဲ့ကောင် ဆိုတဲ့ အကြည့်မျိုး။ နောက် .. ပိုက်ဆံထုတ်တယ်။ ဆိုင်ရှင်ရဲ့ စားပွဲပေါ်ရောက်သွားတဲ့ ပိုက်ဆံတွေကို ကျွန်တော် လိုက်ကြည့်မိတယ်။ တစ်ကျပ်နဲ့ ခြောက်ဆယ့်ငါးပြား။ ကျွန်တော့်အတွက် မပါဘူး။

စိတ်ပျက် လက်ပျက်နဲ့ သူ့နောက်ကျောကို ကျွန်တော် လှမ်းကြည့်နေလိုက် မိပါတော့တယ်။ တော်တော် ထူတဲ့လူ။ ဘယ်လိုမှ ကြီးပွားလမ်း မမြင်တဲ့သူ။ ကိစ္စမြားမြောင် လူတို့ဘောင်မှာ ယောင်တောင် ယောင်န အတော်ခွကျဦးမယ့်လူ။ တောင်ပြေး မြောက်ပြေးနဲ့ အလုပ်မပြီးပဲ ဆွေးမြေ့သွားမယ့်လူ။
 
ခက်တယ် ..... လူတွေဟာ ခက်တယ်။ ကျေးဇူးတရားကို နားမလည်ကြဘူးလို့ စိတ်ထဲက ညည်းညူရင်း ကျွန်တော် အိမ်ပြန်လာခဲ့တယ်။ အဝတ်လျှော်တယ် ၊ တံမြက်စည်း လှည်းတယ်။ အလုပ်ပြီးသွားတော့ ကျွန်တော် လက်ဖက်ရည် သောက်ချင်လာပြန်တယ်။ မိန်းမထားတတ်တဲ့ နေရာတွေကို ကျွန်တော် ရှာပြန်တယ်။ မတွေ့ဘူး။ မိန်းမကို ကျွန်တော် စိတ်တိုလာမိတယ်။ ဒီမိန်းမကိုတော့ ကျွန်တော်ပြောမှ ဖြစ်မယ်လို့လဲ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်တော့်မှာတော့ အိမ်အလုပ်တွေ တကုန်းကုန်းလုပ်ရလို့။ ကနေ့ အဝတ်လျှော်ရတာကိုက မနည်းဘူး။ သိပ်ခက်တယ်။ ပြောတော့တာ အဝတ်လျှော်တယ်တဲ့။ တကယ်တော့ မဟုတ်ဘူး။ မလျှော်ဖွတ်ခင် အဝတ်တွေကို ရေစိမ်ထားရသေးတယ်။ ပထမ ပလပ်စတစ် ဇလုံကြီးထဲကို ရေခပ်ထည့်ရသေးတယ်။ ဒုတိယ အဝတ်ဟောင်းတွေကို စုစည်းရတယ်။ တတိယ အဝတ်တွေကို ရေထဲ နှစ်ရတယ်။ စတုတ္ထ ချေးနူးသွားအောင် ခဏထိုင်စောင့်ရတယ်။ ပဉ္စမ အင်္ကျီတစ်ထည်ချင်း ဆယ်ရတယ်။ ဆဋ္ဌမ ဆပ်ပြာမကုန်အောင်၊ တိုက်လို့လည်း ဖြစ်အောင် ရေကို နည်းနည်း ညှစ်လိုက်ရတယ်။ ဒီနေရာမှာ ချိန်ဆမှု လိုတယ်။ သတ္တမ ဆပ်ပြာကို ဖော့ဖော့ တိုက်ရတယ်။ အဋ္ဌမ အင်္ကျီကို ဖွပ်ရတယ်။ နဝမ ရေလျှော်ရပြန်တယ်။ ဒဿမ အဝတ်လှမ်းရပါတယ်။ မီးခြစ် ခြစ်ပေးတာထက်တောင် ပိုခက်ခဲ ရှုပ်ထွေးပါတယ်။ ပို အချိန်ကုန်ပါတယ်။

ကျွန်တော် စဉ်းစားခဲ့တဲ့ အတိုင်း မိန်းမပြန်လာတော့ ပြောပြပါတယ်။ ကျွန်တော် သူ့ကို ရှင်းပြရာမှာ “အဆင့်ဆင့်”ဆိုတဲ့ စကားလုံး “ခက်တယ်”ဆိုတဲ့ စကားလုံး၊ “စောင့်ရတယ်”ဆိုတဲ့ စကားလုံး၊ “မလွယ်ဘူး”ဆိုတဲ့ စကားလုံး၊ အဲဒါတွေကို အလျဉ်းသင့်သလို ကုလားဖန်ထိုး ပြောပါတယ်။

“ရှင် ဘာတွေ ပြောနေတာလဲ”
“ငါ လုပ်ခဲ့ရတာ ဘယ်လောက်ရှုပ်ထွေးတယ် ဆိုတာ မင်းသိအောင်လို့ပါ”

မိန်းမဟာ အိပ်နေရာက ဝုန်းကနဲ ထထိုင်ပြီး ၊ ကျွန်တော့်ကို အော်ပါတော့တယ်။
“ဘာ ရှုပ်ထွေးရမှာလဲ၊ ဘာ မလွယ်ရမှာလဲ။ ဘာ စောင့်နေရတာလဲ။ ဘာ ခက်ရမှာလဲ။ ဘာ အဆင့်ဆင့်လဲ။ မဟုတ်တရုတ်တွေ လာပြောမနေနဲ့”

ကျွန်တော် ရှင်းပြဖို့ ထပ်ကြိုးစားပါသေးတယ်။ မိန်းမက လက်မခံဘူး။ နောက်ဆုံးတော့ မထူးပါဘူးလေ ဆိုပြီး ကျွန်တော် လိုချင်တဲ့ ပိုက်ဆံကို ပြောင်ပြောင် ဖွင့်ပြောလိုက်ဖို့ စဉ်းစားပါသေးတယ်။ ဒါပေမယ့် ကျွန်တော် မပြောဖြစ်ဘူး။ သူလည်း အလုပ်လုပ်နေသူပဲ။ နားလည်သင့်တယ်။ ပြီး .. မိန်းမနဲ့ ကျွန်တော် ဆိုတာ ဖွင့်ပြောရမယ့် လူတွေ မဟုတ်ဘူး။ ဗြောင် ဖွင့်ပြောရတယ်ဆိုတာ သိက္ခာကျတယ်။ လူဆိုတာ မာနနဲ့ ။ သိက္ခာနဲ့။

ကျွန်တော် လာလုပ်သင့်ပါသလဲ။ ရှင်းပါတယ်။ သူခိုင်းသမျှ ကျွန်တော် ပစ်ထားလိုက်ရုံပါပဲ။ ကျွန်တော် ဘာမှ မလုပ်တော့ဘူး။ ဒီတော့မိန်းမကလဲ ကျွန်တော့်ကို လေသံမာမာနဲ့ ပုတ်ခတ်လာတယ်။ အသုံးမကျတဲ့သူ။ ကြောင်တောင် အချောင်နှိုက်ချင်တဲ့ သူ။ ဒီလို ပြောဆိုလာတော့ ကျွန်တော့် ရင်ထဲမှာ နာတယ်။ ဒါပေမယ့် ကျွန်တော်ကလဲ မာနကြီးတယ်။ မိသားစု ရဲ့ တာဝန်ဝတ္တရားတွေကို သိလျက်နဲ့ သည်အတိုင်းပဲ နေလိုက်တယ်။ ကျွန်တော် နေနိုင်ပါတယ်။ ကျွန်တော် နေတတ်ပြီလေ။

ဒီလိုနဲ့ ကျွန်တော်တို့ စကားမပြောကြတော့ဘူး။ တစ်မိုးအောက် အတူနေကြတဲ့ သူစိမ်းတွေ ဖြစ်သွားကြတယ်။ အိမ်ကလည်း ထိန်းသိမ်းမယ့်သူ မရှိတော့ ဖရိုဖရဲ ဖြစ်လာတယ်။ ဖြစ်ပလေစေပေါ့။ ဘာ ဖြစ်လဲ။ ကျွန်တော်က ယောက်ျား၊ သူက မိန်းမ။ မနေတတ် မထိုင်တတ်ဖြစ်ရင် သူဖြစ်လိမ့်မပေါ့။ နောက်ဆုံး ကျွန်တော်လိုချင်တာ သူပေးလာရမှာပဲ။ ဒီအခါ သာသာထိုးထိုးလေး ဖြစ်တောင် သူပေးရဦးမယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပဲ။ ကျွန်တော့်ရဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွေ့အကြုံက ဒီလိုပဲ ပြဋ္ဌာန်းပေးထားတာပဲ။ တစ်နေ့မှာ သူက စလာရလိမ့်မယ်။

တကယ်ပဲ တစ်နေ့တော့ သူ ကျွန်တော့်ကို စကားစပြောလာတယ်။
“ရှင် ဘယ်လောက် မာနကြီးသလဲ”
“မင်းထက် ဆယ်ပြန်ကြီးတယ်”
“ရှင် တကယ် ပြောနေတာလား”
“ကလေးစကား မဟုတ်ဘူး”
“ဒီလိုဆို လိုက်ခဲ့”

ကျွန်တော် လိုက်သွားတယ်။ စားပွဲတစ်လုံးမှာ လူကြီး လေးယောက် ထိုင်နေကြတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ ဝင်ထိုင်လိုက်ကြတယ်။
“ကလေးစကား မဟုတ်ဘူးနော်”
“အေး”
လူကြီးတွေ ရှေ့မှာ ဆိုတော့ ကျွန်တော့်အသံကို ပိုမာ ပစ်လိုက်တယ်။
“ရော့ ...... ဒီမှာ လက်မှတ်ထိုး”

ကျွန်တော်ကြည့်လိုက်တယ်။ ကွာရှင်းပြတ်စဲခြင်း တဲ့။ ဘယ်လို ဖြစ်သွားတယ် မသိပါဘူး။ ကျွန်တော့်တစ်ကိုယ်လုံး ပူထူသွားတယ်။ ဘောလ် ပွိုင့်ကိုလိုက်ရှာ သလိုလိုနဲ့ ကျွန်တော် မနည်းကြီး ဣနြေ္ဒ ထိန်းထားရတယ်။ “စဉ်းစားပါဦး”လို့ တစ်ယောက်က ပြောတယ်။ “လင်နဲ့ မယားဆိုတာ .... ” အစချီပြီး အရှည်ကြီး ရှင်းပြနေပြန်တယ်။ မိန်းမ မျက်နှာကို မသိမသာ ကျွန်တော် ခိုးကြည့်လိုက်တယ်။ စဉ်းစားပါဦး ဆိုတဲ့ အကြည့်နဲ့။ ဒါပေမယ့် သူ့မျက်နှာထားက ခပ်တင်းတင်း။ ကျွန်တော်လည်း ခေါင်းကို ချက်ချင်း မော့ပစ်လိုက်တယ်။ လူကြီးတွေ ရှေ့မှာ သိက္ခာ ကျခံလို့ မဖြစ်ဘူး။ ကျွန်တော် လက်မှတ် ထိုးပေးလိုက်တယ်။

နှစ်ယောက်တည်း အိမ်ပြန်လာကြတော့မှ ကျွန်တော် စကားစလိုက်ပါတယ်။
“မင်း တကယ်လုပ်နေတာလား”
“ကလေး ကစားတာ မဟုတ်ဘူး”
“မင်း ဘယ်သူနဲ့ ဘယ်သွားနေမှာလဲ”
“နောက် ယောက်ျားနဲ့ ..”
“ဘာကွ”

ကျွန်တော် အော်ကြီးဟစ်ကျယ် ပြန်မေးလိုက်မိတယ်။ ကျွန်တော့် ခြေဖဝါးအောက်က မြေကြီးဟာ ငလျင်လှိုင်းတွေ ဖြစ်သွား သလိုပဲ။ ကျွန်တော့် နှလုံးသားဟာလဲ တုန်ခါလို့။ ဘယ့်နှယ် ... ယောက်ျားကြီး တစ်ယောက်လုံး အသက်ရှင်လျက် ငုတ်တုတ် ရှိနေတာကို နောက်ယောက်ျား ယူမလို့တဲ့။ ကျွန်တော့်မာနနဲ့ သိက္ခာကို အနက်ရှိုင်းဆုံး ပွန်းရှခြင်းပါပဲ။

ဒါပေမယ့် သူကတော့ အေးအေး ဆေးဆေး ။ သေတ္တာထဲ အဝတ်အစားတွေ ထည့်လို့၊ မတုန်မလှုပ်နဲ့။ ကျွန်တော် အခံရ ခက်လာတယ်။
“မင်း မသွားရဘူး”
ကျွန်တော် အော်ပြောလိုက်ပြန်တယ်။ သူ ကျွန်တော့်ဘက် လှည့်ကြည့်တယ်။ မမျှော်လင့်တဲ့ စကားတစ်ခွန်း ကြားလိုက်ရသလို။ မယုံကြည်နိုင်သလို။
“ခုမှတော့ မဖြစ်နိုင်တော့ပါဘူး”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ”
“လူကြီး မိဘတွေကို ဖွင့်ပြောပြီး ... သူအားလုံး စီစဉ်ထားပြီးပြီ”
“ဘာတွေ ပြီး......ပြီး ... မင်း ငါနဲ့ပဲ ပေါင်းရမယ်”

“ဒါဆိုရင် ကျွန်မတို့ လုပ်ရမှာ သိပ်ရှုပ်ထွေး သွားလိမ့်မယ်။ ပထမ .... သူနားပေါက်အောင် ပြောရလိမ့်ဦးမယ်။ ဒါက မလွယ်လှတဲ့ ကိစ္စပဲ။ ဒုတိယ .. လူကြီးမိဘတွေကို တောင်းပန်ဖို့က ခက်ခဲတယ်။ တတိယ ... သူ ဘယ်လို တုန့်ပြန်လာမလဲ ဆိုတာကို မမှန်းဆနိုင်ဘူး။ စတုတ္ထ ... ရှင်နဲ့ ကျွန်မ ပြန်လက်ထပ်ရဦးမယ်။ အဆင့်တွေ ဘယ်လောက် များလိုက်သလဲ”

ကျွန်တော် မိန်းမကို အံ့သြတကြီးနဲ့ ကြည့်လိုက်မိပါတယ်။ ရှုပ်ထွေး၊ ခက်ခဲ၊ မလွယ်လှ၊ မမှန်းဆနိုင်၊ အဆင့်ဆင့် ။ အလို .... ။ ကျွန်တော့်လက်ဟာ အိတ်ကပ်ကို အလိုအလျောက် စမ်းမိလျက် ဖြစ်သွားပါတယ်။

“ဒီ အဆင့်တွေဟာ အဆင့်ကြီးတွေပဲ ရှိသေးတယ်။ အဆင့်ကြီး တစ်ခုမှာ အဆင့်လေးတွေ ရှိသေးတယ် ဆိုတာ ရှင်သဘောပေါက်မှာပါ”
မြတ်စွာဘုရား .......။ အဆင့်ကြီးတဲ့။ အဆင့်လေးတဲ့။ ကျွန်တော် အသက်ရှူလို့ မဝတော့ဘူး။

“ဥပမာ သူနားပေါက်အောင် ပြောရမယ့် အဆင့်ကြီးကိုပဲ ကြည့်။ ပထမ .. သူနဲ့ အင်မတန်ရင်းနှီးတဲ့ ၊ ဒါမှမဟုတ် သူ့အပေါ်မှာ သြဇာရှိတဲ့ လူတစ်ယောက်ကို ရှာရမယ်။ ဒုတိယ .. အဲဒီလူကို အကျိုးအကြောင်း ရှင်းပြရမယ်။ ဒီလူက လက်ခံဦးမှ။ လက်ခံတယ် ထားလိုက်ဦး။ တတိယ .. ဒီလူအနေနဲ့ သူ့ဆီ အဝင်ချောအောင် စီစဉ်ပေးရဦးမယ်။ စတုတ္ထ ... ဒီကိစ္စမျိုးက ဝုန်ဒိုင်း ပြောလို့ မဖြစ်တော့ ဒီလူကလဲ တစ်လုံးစ .. နှစ်လုံးစနဲ့ စရမှာပဲ။ ပဉ္စမ ... ”

ကျွန်တော် သူ့ကို ဆက်မပြောဖို့ လက်ပြတားလိုက်မိပါတော့တယ်။

“ရှင် သဘောပေါက်သွားပြီ မဟုတ်လား။ ရှင် တွေ့ဖူးသမျှထက် အဆင့်တွေ ပိုများပြား၊ ရှုပ်ထွေး၊ ခက်ခဲတယ်ဆိုတာ မြင်သာပါတယ်”

ကျွန်တော့်မှာ ဘာစကားမျှ ပြန်မပြောနိုင်တော့ပါဘူး။ သူပြောတဲ့ အဆင့်ကြီးတွေကိုလည်း မငြင်းနိုင်ပါဘူး။ ဒီတော့ စရိတ်စက က... ။ ကျွန်တော် သိပ်စိတ်အား ငယ်သွားတယ်။

မိန်းမကတော့ သေတ္တာကို ပိတ်လိုက်တယ်။ မျက်စချီတယ်။ သရော်ပြုံး တစ်ချက်ပြုံးတယ်။ ထွက်သွားတယ်။

ကျွန်တော်သာ အိမ်ပေါက်ဝမှာ တစ်ယောက်တည်း ကျန်ခဲ့ပါတော့တယ်။ ပါးစပ်က အဟောင်းသားနဲ့။ ကြံရာမရနဲ့။ မတ်တတ်ရပ်လျက်။ လက်က အိတ်ကပ်ပေါ်မှာ တင်လျက်။

No comments:

Post a Comment