Thursday 31 January 2013

သကြားမှန်ကူ အုန်းမှန်ကူ - ဝင်းဖေ



ကိုမြရှင်နဲ့ ပတ်သက်ရင် ကျုပ်တော့ နားမလည်တာ များပါတယ်။ ကျုပ်ကို ကြိုက်ပါတယ်လို့ စပြောခဲ့ ကတည်းက စပြီး နားမလည် ခဲ့တာပါတော်။
တော်တို့ပဲ စဉ်းစားကြည့်လေ။ ကျုပ်က ငါးသည် (ငါးသယ်)။ ဗျပ်ကလေးနဲ့ ပျံကျဈေးလမ်း ဘေးမှာ ကြုံသလို ချရောင်းရတဲ့ ငါးသည်။ သူက ကျောင်းဆရာ၊ တကယ်ဆို သူကြိုက်စရာ ရှားသမို့လား။ အရပ်သူ ချောချော ကလေးတွေ၊ ကျောင်းသူလေးတွေ၊ သူလိုထဲက ဆရာမ လှလှကလေးတွေ ပြည့်လို့။ ကျုပ်ကို ကြိုက်ပါတယ်လို့ လာပြောတော့ ကျုပ်က နားမလည် နိုင်လွန်းလို့ ဘာကြောင့် ကြိုက်ရတာ လဲလို့ မေးပါတယ်။

သူဖြေပုံ ကျတော့လည်း လွယ်လိုက်တာ။ “နဖူးစာလေ”တဲ့။ ကဲ-ကျုပ်ကလည်း အဲဒီ နဖူးစာ ဆိုတာကြီးကို နားမလည် တော့တာ။ ကျုပ်က ဒီတုန်းက သူ့ကို ပြန်ကြိုက်တာ၊ မကြိုက်တာ အသာထားလို့၊ စိတ်က ရပ်နေတာ။ ဒါနဲ့ လွယ်လွယ်ပဲ ပြောလိုက်တယ်။“တော်က ကျောင်းဆရာ မဟုတ်ဘဲ ကျုပ်တို့လို တံငါသည် ဆိုလည်း ကောင်းသား” လို့။ အဲဒီတော့ ကိုမြရှင် ရယ်လေ။ ဘာမှတောင် မစဉ်းစားဘူး။ “ဒါဆိုရင်တော့ သိပ်လွယ် သွားပြီ”တဲ့။ “ကျုပ် ကျောင်းဆရာ မလုပ်တော့ဘူး။ တံငါသည်ပဲ လုပ်တော့မယ်” တဲ့။

ကျုပ်ကတော့ နောက်နေတယ်ပဲ ထင်တာ။ မဟုတ်ဘူး တော်ရေ့။ တကယ် ပြောနေတာတဲ့။
“ဒီမယ် ခွေးမ။ နင့်အကြောင်း ငါကောင်းကောင်း သိပြီးသား၊ နင့်မှာ အမေလည်း မရှိတော့ဘူး။ အဖေ တံငါသည် အဘိုးကြီးနဲ့ နေရတာ။ သူ့ကို နင် မခွဲနိုင်သလို သူကလည်း နင့်ကို မခွဲနိုင်ဘူး။ သူကလည်း သူ့တံငါ အလုပ်ကို မစွန့်နိုင်ဘူး၊ ဒီတော့ ရှင်းရှင်းလေးရယ်။ နင်သာ ငါ့ကို ယူမယ်ဆိုရင် ငါနင်တို့နဲ့ လာနေမယ်။ ငါလည်း တံငါပဲ လုပ်တော့မယ်။ ငါ နင့်ကို သိပ်ချစ်တယ်”တဲ့။

ကျုပ်ကို သိပ်ချစ်ရအောင် ကျုပ်က အရုပ်ဆိုး အကျည်းတန်မ မဟုတ်ပေမယ့် လှမှ မလှတာ ကြီးကို။ ပြီးတော့ လူမပြောနဲ့ နာမည်တောင် မလှဘူး။ “ခွေးမ” တဲ့။ အလုပ်က ငါးသည်၊ စာက ကောင်းကောင်းမတတ်၊ ငါးသည်ဆိုတော့ ၀တ်တာ စားတာကရော စုတ်ပြတ်နေတာ။ လင်စိတ် သားစိတ်ဆိုတာ သူက ကြိုက် ပါတယ်လို့ လာပြောတော့မှပဲ ဖျတ်ခနဲ ပေါ်လာတော့တာ ပါတော်။ မိုးကြိုးပစ် ကျိန်ရဲပါရဲ့။ ဒီတုန်းက သူတံငါသည် လုပ်တော့မယ် ဆိုတော့ ဘယ်ယုံလိမ့် မှာတုံး။ ဒါနဲ့ ပြီးစလွယ် ပြောလိုက်တယ်။

“တော်က တံငါသည် လုပ်မယ် ဆိုလို့မှ ကျုပ်က တော့်ကို ပြန်မကြိုက်ရင် ကျုပ်အဆိုး ဖြစ်တော့မပေါ့ တော်” လို့ ပြန်ပြောလိုက်တယ်။

အဲဒီ နေ့လယ်က ကျုပ် ငါးတွေ ရောင်းလို့ကုန်တော့ ကျုပ်တို့ အိမ်ရှိတဲ့ ကျွန်းထဲကို လှေကြုံနဲ့ ပြန်ခဲ့တယ်။ ကျုပ်တို့နေတဲ့ ကျွန်းဆိုတာက မန္တလေး အနောက်ဘက် ဧရာဝတီ မြစ်ကြီးထဲက နန်းတော်ကျွန်းတို့။ သမင်ခြံပတ် ၀ဲတို့ဆိုတဲ့ ကျွန်းကြီးတွေရဲ့ နောက်ဘက်ကို ကျသေးတာ၊ နောက်ပေါ်တဲ့ ကျွန်းပေါက်စ ကလေးပါ။ တော်တော်ကို ခေါင်တာပါ လို့ဆို၊ အဲ... အိမ်ထဲလည်း ၀င်လိုက်ရော အဖေနဲ့ထိုင် စကားပြော နေတဲ့ သူ့ကို တွေ့တော့တာပဲ။ အံ့ ရော... ကျုပ်တော့ နားကို မလည်တော့ဘူး။ သူက အဖေ့ကို ဇာတ်စုံ ရှင်းပြီးသား ဖြစ်နေပြီ။ အဖေက ကျုပ်ကို တန်းမေးတာပဲ။

“ခွေးမ၊ သူက တံငါ လုပ်မယ်ဆိုရင် နင် သူ့ကို ယူပါ့မယ်လို့ ပြောလိုက်တယ် ဆို” တဲ့။

ဒီတော့-
“ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့...”ပဲ ပြော ရသေးတယ်။

“ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့။ ဒီကောင် ငါ့လိုပဲ ဒိုးတူပေါင်ဖက် တံငါလုပ်မယ် ဆိုလို့ကတော့ ငါလည်း သဘောတူတယ်”တဲ့။

“သူ့မိဘတွေ ပြီးရင် ပြီးပြီ”တဲ့။ အဲဒီမှာ ကိစ္စက ပြတ်တော့တာပဲ။ သူ့မှာက မိဘတွေမှ မရှိတော့တာ။ သူက တစ်ကောင်ကြွက် ဥစ္စာ၊ ကျောင်းဆရာ အလုပ်ဆိုတာ တံငါသည် အလုပ်နဲ့ အကွာကြီး ပါတော်။ သူက မူလတန်း ကျောင်းဆရာ ဆိုပေမယ့် ၀င်ငွေက ငါးဖမ်းစားတာ ထက်တော့ ပုံမှန် ၀င်သေးတာပဲ။ ဘယ်နည်းနဲ့မှ ရေရှည် ခံနိုင်မှာ မဟုတ်ဘူးလို့ ကျုပ်ကတော့ သေချာပေါက် တွက်ထားလိုက်တယ်။ ကျုပ်အဖေနဲ့ လိုက်ပြီးတော့ ပင်ပင်ပန်းပန်း ခက်ခက် ခဲခဲနဲ့ကို တံငါ အတတ်ကို သင်ယူရတာ ပါတော်။ ကျုပ်လည်းကျုပ် စကားနဲ့ကျုပ်၊ သူနဲ့ ညားတော့ တာပါပဲ။ ညားလည်းပြီးရော ဒေါ်ကျုပ်ကြီး ပြောသလိုပါပဲ၊ ကျုပ်လည်းသူ့ကို သိပ်ချစ်သွားတော့ တာပါပဲ။ သူလည်းကျုပ်ကို တကယ် ချစ်ရှာတာပါ။ ကျုပ်က ပြောပါသေးတယ်။

“တံငါသည် မလုပ်ပါ နဲ့တော့။ ကျောင်းဆရာပဲ ပြန်လုပ်ပါ။ အဖေ့ကို ပြောပေးပါ့မယ်”ပေါ့။ ကိုယ်က ချစ်လာပြီကိုး။ မရပါဘူးတော်။ “အဖေ စိတ်ညစ် သွားလိမ့်မယ်” တဲ့။ ပြီးတော့ တံငါသည်နဲ့ ငါးသည်နဲ့ ညားတာပဲ သဘာဝ ကျပါတယ်တဲ့။ ပြီးတော့ အဖေနဲ့ သူနဲ့က လိုက်လည်းလိုက်တယ်။

“ဒီကောင် တကယ် ကြိုးစားတဲ့ကောင်။ ငါ့လို မဟုတ်ဘူး၊ တံငါ ဆိုပေမယ့် ကြီးပွားမယ့်ကောင်။ ခွေးမ- နင် ကြည့်နေ။ ဒီမြရှင် ဆိုတဲ့ ကောင်ဟာ တစ်နေ့ကျရင် တံငါတော့ တံငါပဲ။ ဒါပေမဲ့ အင်းသူကြီးတွေ ဘာတွေ တက်ဖြစ်မယ့် ကောင်ကွ” တဲ့။

ကိုမြရှင် ကလည်း ကြိုးစား လိုက်တာမှ အချိန် မရွေးကို လုပ်တော့တာ။ တံငါသည် ပီသလိုက်တာမှ ငါးကြီး၊ ငါးကလေး ငါးမရွေး၊ အလုပ် အကြီးအသေး။ ရာသီအဆိုး အကောင်း ဘာမှ ကြည့်နေတာ မဟုတ်ဘူး။ အဖေက “မြရှင်ရေ...” လို့ ခေါ်လိုက်ရင် သူက လှေပေါ် ရောက်နှင့်နေပြီ။ အဖေ အရက်သောက်ရင် သူလည်း သောက်။ ကြက်တိုက်ရင် သူလည်းတိုက်ပဲ၊ ကျုပ်တို့ အသိုင်းအ၀ိုင်း တံငါသည် တွေက ပထမ သူ့ကို ကျောင်းဆရာ လူထွက်ဆိုပြီး အားနာတာနဲ့ အတော်ကလေး ခပ်တန်းတန်းနဲ့ ပေါင်းကြတာ။ သူက ဘယ်ဟုတ်လိမ့် မှာလဲ။ တစ်ခါတည်း ရောပစ်လိုက်တာ တစ်လတောင် မကြာလိုက်ပါဘူး။ ကိုမြရှင်ဟာ တစ်သက်လုံး ဒီကျွန်း ရွာကလေးပေါ် ကြီးလာပြီး တစ်သက်လုံး ငါးဖမ်းစား လာတဲ့လူ ကျနေတာပဲ။ သူလည်း တံငါအတတ် ကောင်းကောင်း တတ်လို့ ၆ လလောက်လည်း ကြာရော အဖေ လေဖြတ်ပါ လေရော။ညာလက်နဲ့ ဘယ်ခြေထောက် ဒေါင့်တန်းဆွဲ။ အကြောတွေ သေသွားပါ ကောလား။ တစ်သက်လုံး တံငါအလုပ် မလုပ်နိုင် တော့ပါဘူး။

ဒါနဲ့ ကျုပ်က ကိုမြရှင်ကို ပြောပါသေးတယ်။ “အဖေလည်း တံငါ မလုပ် နိုင်တော့ဘူး။ တော်လည်း တံငါ မလုပ်ရင် ဘာမှ ပြောတော့မှာ မဟုတ်ဘူး။ ကျောင်းဆရာ ပြန်လုပ်ချင် လုပ်လေ”လို့။ ဒီတော့ “သူက အဖေ စိတ်မကောင်း ဖြစ်မှာ သေချာတယ်” တဲ့။ ခုလို ဒုက်္ခိတ ဖြစ်နေတဲ့ အချိန်မှာ သူ စိတ်ချမ်းသာအောင် ထားဖို့ ပိုလိုတယ်တဲ့။ သူက စာတတ်တယ် မဟုတ်လား။ သူက ပိုသိတာပေါ့။ ခက်တာက ကိုမြရှင်နဲ့ ရွာခံတွေနဲ့ သိပ်ရင်းနှီး လာတော့ ရွာခံတွေက သူ့ကို မနာလို တတ်လာကြပြီလေ။ သူက စာတတ်ပေတတ် မဟုတ်လား၊ ဘာလေးပဲ ပြောပြော ကျန်တဲ့ လူတွေက သူ့ကိုမီအောင် ပြောနိုင်ကြတာမှ မဟုတ်ဘဲ။ ကြာလာလေ ကိုမြရှင် ဘာပြောပြော ကြွားတယ်၊ လူတတ် လုပ်တယ်လို့ ထင်လာ ကြလေပဲ။

တစ်နေ့တော့ အကြီးဆုံး ပြဿနာ ပေါ်တော့တာပဲ။ ကျုပ်တို့အိမ်မှာ စုပြီး အရက်သောက် ကြတဲ့ တစ်ည၊ အရက်ဝိုင်း ဆိုတော့ ရောက်တတ်ရာရာ သီချင်းတွေ ဘာတွေ ဆိုကြတာပေါ့။ တွံတေး သိန်းတန်သီချင်း တွေပဲ များတာပါပဲ။ နောက်တော့ တစ်ယောက်က မာမာအေး သီချင်းဆိုတယ်။ အစအဆုံး မဟုတ်ပါဘူး။ ရသလောက်ပါပဲ။ အဲဒါ ကလေးကိုပဲ အားလုံး သိပ်ကြိုက် ကြပြီးတော့ မာမာအေး ချီးမွမ်းခန်း ဖွင့်ကြ တော့တာပေါ့။ အဲဒီမှာ ကိုမြရှင်က ဘာဝင်ပြော လိုက်သလဲဆိုတော့ သူကိုယ်တိုင် မာမာအေးနဲ့ တွေ့ဖူးတယ်တဲ့။ ဒီမှာတင် အားလုံးက ၀ိုင်းဟား ကြတော့တာပဲ။ ကိုမြရှင်ကလည်း မလျှော့ဘူး။ တွေ့ရုံတင် မဟုတ်ဘူးတဲ့။ သူဆိုတဲ့ သီချင်းကို မာမာအေးက လိုချင်ပါတယ် ဆိုလို့ သူက သင်ပေးလိုက် ရတဲ့အကြောင်း။ အဲဒီမှာတော့ တစ်ဝိုင်းလုံး ဗြောင်းဆန် ကုန်တော့တာပဲ။ လှောင်ကြပြောင်ကြ၊ ရိကြ ကလိကြနဲ့ ၀ိုင်းဟားကြတာ။ ဖြီးတာလည်း ဖြီး၊ ကြွားတာတော့ ကြွားပေါ့။ ဒါပေမဲ့ အလွန် အကျွံတော့ မလုပ်ဖို့။ တံငါသည်တွေ၊ တောသား တွေဆိုပြီး ထင်တိုင်း လှိမ့်လို့ ရလိမ့်မယ်တော့ မထင်ဖို့ ဘာညာပေါ့၊ ဆူညံနေတာ ပါပဲ။

ကျုပ်ကတောင် ၀င်ပြောမိ သေးတယ်။ “ကိုမြရှင်ရယ်၊ ဟုတ်ကော ဟုတ်ရဲ့လား” လို့။ ဒီတော့ “ဒုက္ခပါပဲ ခွေးမရယ်...ငါ့စကားကို ငါ့မယားတောင် မယုံတော့ ပါလား” တဲ့။ ဟုတ်တယ်။ ကျွန်မလည်း မယုံတာတော့ အမှန်ပဲ။ ကိုမြရှင်က မန္တလေးသား။ မြို့ပေါ်က ဆိုပေမယ့် မိုးကြိုးပစ် ဘုရားစူး ရယ်ပါ၊ မန္တလေးမြို့ရဲ့ အနောက် မြောက်ထောင့် ရွှေပြည်၊ မင်းတဲ၊ အီကင်းကျော်ပြီး ထီးတန်ဆောင်း ဘုရားမြောက်ဘက် အရပ်က သူ့ဇာတိလေ။ ကျောင်းဆရာ လုပ်တော့လည်း ရပ်ကွက် မူလတန်းကျောင်း ဆရာလေးပါ။ မာမာအေးနဲ့ ဘယ်လို နီးစပ်မှာလဲ။ နောက်ပြီးတော့ သူ့ဟာက မြင်ဖူးပါတယ် ဆိုတာ လောက်ဆိုတော်သေး၊ ခုတော့ လူကိုယ်တိုင် တွေ့ဖူးရုံတင် မကဘဲ သူကတောင် သီချင်းတက်ပေး လိုက်ရသေးတယ် ဆိုတော့ ကျုပ်လည်း ဘယ်ယုံလိမ့် မှာလဲ။ အဲဒီ တစ်ညလုံး ကတော့ ကိုမြရှင်ကို နောက်ကြပြောင်ကြ တော့တာပါပဲ။ မာမာအေးကို သီချင်းသင် ပေးတုန်းက ရိုက်ရသေးလား။ သင်ပေးရုံပဲလား ဘာညာနဲ့ တ၀ါးဝါးပါပဲ။ ကျုပ်ကတော့ ကိုယ့်ယောက်ျားကို ဒါလောက်တောင် ၀ိုင်းလှောင်နေကြ တာကိုတော့ မကြိုက်ပါဘူး။ ကိုမြရှင်ကတော့ “မယုံလည်း နေကြပေါ့” တဲ့။ သူ ဘာမှ ဆက်မရှင်း တော့ဘူးတဲ့။ ဘထွေးကြီး ဖိုးထူးကတော့ “နေကြစမ်း ပါဦးကွာ၊ သူ မာမာအေးကို ဘယ်မှာ ဘယ်လိုတွေ့လို့ ဘာ့ကြောင့် ဘာသီချင်းကို ဘယ်လို တက်ပေးရတယ် ဆိုတာလဲ မေးဦး မှပေါ့ကွ” လို့ ၀င်ပြီး ပြောရှာပါတယ်။

ဒါပေမဲ့ ကိုဝက်က မူးမူးနဲ့ ၀င်ပြီး “တွေ့တာက အိပ်မက်ထဲမှာ။ တက်ပေးတဲ့ သီချင်းက ချိုမိုင်မိုင်ဗျာ” လို့ နောက်လိုက်တော့ တစ်ဝိုင်းလုံး တ၀ါးဝါး တဟားဟားနဲ့။ ကျုပ်လင်ကတော့ မချိ ပြုံး ကလေးနဲ့ပဲ “ဟုတ်ပါ တယ်။ ဟုတ်ပါတယ်” နဲ့ နေလိုက်ရရှာတာ ပေါ့ရှင်။ ကျုပ်ကတော့ ကိုယ့်လင်ကိုယ် မယုံတာက တစ်ပိုင်းပဲ။ ဒါလောက်တောင် ၀ိုင်းပြီး လှောင်နေ ကြတာကို မခံနိုင် တော့ဘူး၊ တဲနောက်ဖေး သွားပြီး ငိုကို ပစ်လိုက်ရတယ်။ အမြည်း ကုန်သွားရင် ထပ်ဖြည့်ဖို့ ငါးသလဲထိုးတွေ ကြော်ထားတာလည်း စေတနာ ပျက်သွားလို့ ချမပေး တော့ဘူး။ မှတ်ကရော။ တဲရှေ့လည်း ပြန်မထွက် တော့ဘူး။ တစ်ခါတည်း အိပ်ရာထဲ သွားနေလိုက်တယ်။

အိပ်လို့တော့ မရပါဘူး။ တော်တော်ကြီးကို မိုးချုပ်မှ ၀ိုင်းသိမ်းကြ တာလေ။ အကုန် ပြန်သွားကြတော့ လမ်းမှာအော်ကြီး ဟစ်ကျယ်နဲ့။ ကိုမြရှင်နဲ့ မာမာအေး စုံတွဲသီချင်း ဆိုထားတာ ကိုပဲ ရေဒီယိုက လာတော့မှာ လိုလို ဘာလိုလိုတွေ တဟားဟားနဲ့ ပြောသွားကြလေရဲ့။ ဟိုသေခြင်းဆိုး ငပြူး ဆိုတဲ့ ကောင်ကလည်း ကိုမြရှင် တစ်ယောက် မာမာအေးနောက် ပါသွားရင် ခွေးမတော့ မလွယ်ဘူး ဘာညာနဲ့ မီးလောင်ရာ လေပင့်သေးတာ။ ကာလနာတွေ။ အားလုံး ပြန်ကုန်ပေမယ့် ကိုမြရှင် အိပ်ရာထဲ ၀င်မလာ သေးလို့ ထွက်ကြည့်တော့ မြစ်ကမ်းစပ်ဘက် ထွက်သွား တာမြင်လို့ သူ့နောက် ထွက်လိုက်ခဲ့တယ်။ သဲသောင် ပေါ်ကို ထိုင်မိကြတော့ “ခွေးမ”တဲ့။ “မာမာအေးနဲ့ ငါ တွေ့ခဲ့ဖူးတယ် ဆိုတာကို နင်လည်း ယုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ နင်ကတော့ ငါ့မယားမို့ ပြောပြမယ်” တဲ့။

ကျုပ်တို့ မညားခင် တစ်နှစ်ကတဲ့။ သူ့သူငယ်ချင်း တစ်ယောက်နဲ့ ရန်ကုန်ကို လိုက်သွားတာတဲ့။ တည်းခိုတဲ့ အိမ်မှာ လွတ်လွတ်လပ်လပ် ရှိတာနဲ့ သူငယ်ငယ်က သူ့အဖေဆီက ရလိုက်တဲ့ သီချင်း တစ်ပုဒ်ကို စိတ်လိုလက်ရ ဆိုမိသတဲ့။ အဲဒီ သီချင်းက သကြားမှန်ကူ အုန်းမှန်ကူ ဆိုတဲ့ မန္တလေး သီချင်း။ နောက်ပြောင် စပ်ထားတဲ့ သီချင်းပါ။ မန္တလေးမှာ ရနိုင်တဲ့ အစား အစာတွေကို စာရင်းလုပ်ပြီး သီချင်း စပ်ထားတာ။ အဲဒီ အချိန်မှာ တစ်ဖက်အိမ်ကို အလည် ရောက်နေတဲ့ အဆိုတော် မာမာအေးက ကြားသွားတော့ ဒီဘက်အိမ် ကူးလာပြီး သူ့ကိုယ်သူ မိတ်ဆက်ရင်း စာသားကို တောင်းပါသတဲ့၊ စာသား ပေးလိုက်တော့ အလိုက် ကလေး ပြန်ဆိုပြပါဦး ဆိုလို့ ဆိုပြရတာတဲ့။ မာမာအေး ကတော့ တကယ့် ပါရမီရှင် ဆိုတော့ ခဏ ကလေးနဲ့ အလိုက်ကိုလည်း ရသွားတာ ပါပဲတဲ့။ ဒီလိုဆိုတော့ သိပ်ဖြစ်နိုင် တာပေါ့။

ကျုပ်က-
“တော် အဟုတ်ပြော တာလား” လို့ ဆိုတော့။

“အဟုတ် ပြောတာပါကွာ” တဲ့။

ဒါနဲ့ “ဟိုလူတွေကို ဘာလို့ ပြောမပြ လိုက်တာလဲ” လို့ ဆိုတော့ “အစကတည်းက ငါကမှားပြီး ပြောလိုက် မိတာပါကွာ။ သူတို့ကို ရှင်းပြ နေစရာလည်း မလိုပါဘူး” တဲ့။ သူလည်း နောက်ထပ်ရှင်း နေတော့မှာ မဟုတ်ဘူးတဲ့။ ကျုပ်ကိုလည်း ဘယ်တော့မှ ပြန်မပြော ရဘူးလို့ အကျိန်ခိုင်းလို့ ကျိန်လိုက်ရ သေးတယ်။

ကျုပ် မခံနိုင်ဆုံး ကတော့ ကိုဝက်တို့၊ ငပြူးတို့ပဲ။ သူတို့အုပ်စုက ကိုမြရှင်နဲ့ မာမာအေး ကိစ္စကို မပြီး နိုင်တော့ဘူး။ ဟိုနေရာ တွေ့လည်း ဒါပဲ။ ဒီနေရာလည်း ဒါပဲ။ ကိုမြရှင်ကတော့ မချိ ပြုံး ကလေးနဲ့ ဘာမှကို မပြောတော့တာ။ ကျုပ်ကလည်း ကျိန်ထားရတာ မှုတ်လား၊ ကျုပ် သိတာကိုလည်း ပြန်မပြော ပါဘူး။ ပြောလည်း အလကား ပဲလေ၊ ဘယ်မှာလဲ သက်သေ၊ မာမာအေး သွားမေးရ မလို ဖြစ်နေတာ။ ကျုပ် ရင်ထဲမှာတော့ မခံချင်တဲ့ စိတ်တွေနဲ့ တင်းကျပ် နေတာပဲ။

တစ်နေ့တော့ မင်းကွန်း မရောက်ခင် မြစ်လယ်မှာ အသစ်ပေါ်တဲ့ သောင်ထိပ်က သရက်မှော် ကလေးကို ကျုပ်တို့ လင်မယား လှေကလေး ဆိုက်ပြီး ကွေ့လေးထဲ မန်ကျည်းကိုင်း တွေများ ချရကောင်း မလားလို့ ကြည့်နေကြတုန်း မော်တော်ကြီး တစ်စင်း မြစ်လယ်မှာ စက်ရပ်သွားလို့ ကျုပ်တို့ လှေနဲ့ မနီး မဝေးမှာ လာဆိုက်တယ်။ စက်ကို နည်းနည်း ပြင်ရဦးမှာ ဆိုတော့ မော်တော်ပေါ်မှာ ပါလာတဲ့ ခရီးသည် နည်းနည်း သောင်ပေါ်ကို အညောင်းပြေ အညာပြေ ဆင်းလာကြတယ်။ အဲ... အဲဒီ အုပ်စုထဲက အမျိုးသမီး တစ်ယောက်ဟာ ကိုမြရှင် ကိုလည်း မြင်ရော ၀မ်းသာအားရ ပြေးလာတဲ့ပြီး “ရှင် ...ရှင်... ကိုမြရှင် မဟုတ်လား” တဲ့။ ၀မ်းပန်းတသာ နှုတ်ဆက်ရှာ တာလေ၊ ဘယ်သူ ရှိရဦးမှာလဲ။ အဆိုတော် မာမာအေး ပေါ့ရှင်။

ကျုပ်ယောက်ျား ကိုမြရှင် ပြောတာတွေ အားလုံး အမှန်တွေပဲတော့်။ ဒေါ်မာမာအေးက ရန်ကုန်မှာ တုန်းက ကိုမြရှင်ကို ဘာလက်ဆောင်မှ မပေးလိုက် ရလို့တဲ့ ငွေ ၅၀၀ ပေးတယ်။ နောက် သူတို့မှာ ပါလာတဲ့ ဘာကင်မရာကြီးမှန်း မသိပါဘူး။ ဓာတ်ပုံ ရိုက်လိုက်ရင် ချက်ချင်း အရုပ်တွေ ပေါ်လာပြီး ကြည့်လို့ရတယ်။ အဲဒါကြီးနဲ့ ကျုပ်တို့ လင်မယားနှစ် ယောက်ပုံတွေလည်း ရိုက်ပေးတယ်။ သူနဲ့လည်း တွဲပြီးတော့ ရိုက်တယ်။ ပြီးတော့ အဲဒီ ဓာတ်ပုံတွေ ကျုပ်တို့ကို ပေးခဲ့တာလေ။ ဓာတ်ပုံတွေမှ အားလုံး ရှစ်ပုံတောင်ပဲ။ ရောင်စုံတွေတော့် လှမှလှ။

ဒေါ်မာမာအေးက သိပ်သဘော ကောင်းတာ၊ ကျုပ်ကိုလည်း ညီမလေး၊ ညီမလေးနဲ့။ ကိုမြရှင်ကိုလည်း ကျေးဇူး တင်လွန်းလို့ ပါတဲ့ဆို။ ကိုမြရှင်ဆီက ရတဲ့ သီချင်းက ရှေးရုပ်သေး မင်းသမီးကြီး အမေပု ဆိုထားတဲ့ ရှားရှားပါးပါး သီချင်းတစ် ပုဒ်ပါတဲ့လေ။ သူဆိုပြတဲ့ နေရာတိုင်းမှာ သိပ်ကြိုက် ကြတာတဲ့။ သီချင်းက ရယ်စရာ ရွှင်စရာ ကလေး မဟုတ်လား။ အမလေး... ပြန်တောင် ဆိုပြသွား သေးတာ။ ဒေါ်မာမာအေးကို လိုက်ပို့ကြတဲ့ မန္တလေးက အမျိုးသမီးကြီး တွေဆို ကြိုက်ကြလွန်းလို့ သူတို့ မန္တလေးမှာ မွေးပေမယ့် တစ်ခါမှ မကြားဖူး ပါဘူးတဲ့။ ဒေါ်မာမာအေး ကတော့ သူကိုမြရှင်ဆီက ဘယ်လို တက်ယူ လိုက်ရတာ ဖြစ်ကြောင်း အားရ ပါးရကြီးကို ပြောပြနေတာ ပါတော်။ ကျုပ်ကတော့ ခုလိုချိန်များ ကိုဝက်တို့၊ ငပြူးတို့ အုပ်စု ရောက်လာရင် ဘယ်လောက်ကောင်း မလဲလို့တွေးပြီး အူကို ယားနေတာပဲ။

မော်တော်ကြီး စက်ပြင်တာပြီးလို့ ဒေါ်မာမာအေးတို့ အုပ်စုကြီးလည်း ခရီးဆက် ထွက်သွားကြရော ကျုပ်က ပြောတော့တာပေါ့။ ဒီကနေ့ ဘာမှ ဆက်မလုပ် တော့ဘဲ ရွာကိုပြန်ပြီး ဟိုသေခြင်းဆိုး တွေကို ဓာတ်ပုံတွေ ပြလိုက်မယ်ပေါ့။ ကျုပ်က အားရပါးရ ပြောလိုက်ပေမယ့် ကိုမြရှင်က ကျုပ်ကို မျက်နှာ တည်ကြီးနဲ့ ကြည့်နေတယ်၊ ပြီးတော့မှ ဒီဓာတ်ပုံတွေကို လုံးဝ မပြရဘူးတဲ့။ ဒီအဖြစ် အပျက်တွေ ကိုလည်း ဘယ်တော့မှ ပြန်မပြောရ ဘူးတဲ့။ သူမှန်တယ် ဆိုတာကို သူက သက်သေ ပြနေစရာ ဘာမှ မလိုဘူးတဲ့။ ကျုပ်ကိုလည်း ကျိန်ခိုင်းပြန်တယ်။ ကျုပ်မှာ အကျိန် ခက်လိုက်တာလေ။

ဒါပေမဲ့ သူ့မျက်နှာ တည်ကြီးကို ကြောက်တော့ ကျိန်လိုက် ရတာပါပဲ။ အဲဒီဓာတ်ပုံ တွေကို သူကိုယ်တိုင် သိမ်းထားတယ်တော့။ သူ့ ထင်းရှူး သေတ္တာလေး ထဲမှာရှိတယ်။ ဟိုလူတွေကို မပြဘူး။ ဟိုလူတွေ ကလည်း သူ့ကိုဆက်ပြီး လှောင်နေ ကြတာပဲ။ ကိုမြရှင် ကတော့ ကျုပ် မျက်နှာကိုတောင် လှမ်းမကြည့်ဘူး။ ပြုံးပြုံးပဲ။ အခုတော့ သူ့အပြုံးဟာ မချိပြုံး မဟုတ်ဘူး ဆိုတာ ကျုပ် သဘောပေါက် ပါပြီ။ ဒါပေမဲ့ ကျုပ်သူ့ကို နားကိုမလည် သေးပါဘူးတော်။
ဝင်းဖေ
(ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၁)

အနောက်မုခ်မှာ မိုးသည်းတဲ့ည - ယဉ်ယဉ်နု၊မန္တလေး


“ဖွီး မိုးကလည်း သည်းလိုက်တာကွာ”

ပါးစပ်ထဲက ကွမ်းယာကို ထွေးထုတ်ရင်း ကျော်လှက ပျစ်ပျစ်နှစ်နှစ် ညည်းလိုက်တယ်။
ဆိုင်လေးရဲ့ မိုးကာ တံစက်မြိတ်ကနေ တဝေါဝေါ စီးကျနေတဲ့ မိုးရေတွေက မသိကျိုးကျွံ ပြုပြီး ရွှေတံချောင်း မြောင်းထဲကို စီးသွား ကြတယ်။ အချိန်က ည ခုနစ်နာရီလောက် ရှိနေပြီ။

ခါတိုင်း အလင်းရောင် မပျောက်တပျောက် ညီအစ်ကို မသိတသိ အချိန်ဖြစ်ပေမဲ့၊ အခုတော့ လေး၊ ငါးရက် မုန်တိုင်းရှိလို့ ရက်ဆက်စွေနေတဲ့ မိုးကြောင့် မှောင်မည်း အုံ့ဆိုင်းမို့မှိုင်းနေတယ်။ ဘယ်သူမှ အိမ်ထဲက ထွက်ချင်ကြမှာ မဟုတ်ဘူး။ မရှိ၊ ရှိတာ ချက်ပြုတ်စားပြီး ကိုယ့်အိမ်ထဲ ကိုယ်ကုပ် နေကြရမှာ။ ကျော်လှတို့လို ဆိုက်ကားသမားတွေရယ် အခုလို ကျော်လှရှေ့မှာ ငိုင်ငိုင်ကြီးထိုင်နေတဲ့ လေးဘီးသမား ဘိုထွန်းတို့ လိုရယ် လူတွေကတော့ မိုးဘယ်လောက် သည်းသည်း အိမ်မှာ မံမံတူတူ ပုန်းကြမှာမို့ မထွက်မဖြစ် ထွက်ကြရ တယ်။ ထွက်ပြန်တော့ မိုးက ရွာ၊ ရာသီဥတုက ကိုယ့်ဘက်မှာဆိုပြီး ရွှေတံချောင်းမြောင်းဘေးက ဘီအီးအရက်ဆိုင်လေးကို ရောက်ကြပြန်ရော။

ညနေကတည်းက အနောက် မုခ်စစ်ကိုင်း၊ မန္တလေးလမ်း ဘေးမှာ လေးဘီးနဲ့ ဆိုက် ကားကို တစ်နေရာစီ ထိုး ထားခဲ့ပြီး ရောက်နေကြတာ။ ခုနစ်နာရီထိုးနေပြီ၊ မထဖြစ် ကြဘူး။ စောစောကတော့ အနောက်ဘက် မာလကာခြံ လမ်းထဲကနေ မိုးကာအင်္ကျီနဲ့ လူတစ်ယောက် ငိုက်စိုက်ငိုက် စိုက် ထွက်လာတယ်။ အရက် ခိုးတွေဝေနေတဲ့ ကျော်လှ မျက်လုံးကျယ်သွားတယ်။ “ဆိုက်ကားလား ဆရာ” လို့ မျှော်လင့်တကြီးမေးမိပါတယ်။ ခေါင်းခါပြလို့ ကိုယ်ရှိန်သတ် လိုက်တုန်း ဘိုထွန်းရဲ့ ၀မ်း သာအားရ “လေးဘီးလား ခင်ဗျ” ဆိုတဲ့ အသံကိုလည်း ခေါင်းခါပြ ပြန်တယ်။ “ဆိုင် ကယ်” ဆိုတဲ့ ခရီးသည်အသံ အဆုံးမှာ ဘေးနားက အရက် သောက်နေတဲ့ ၀င်းမြင့် ၀ုန်း ခနဲ ထသွားတယ်။ ဝေါခနဲ ဆိုင်ကယ်သံဟာ ကျော်လှနဲ့ ဘိုထွန်းရဲ့မျှော်လင့်ချက်တွေ ကို ကျိုးပဲ့သွားအောင် စိစိ ညက်ညက် နင်းခြေသွား တယ်။ နှစ်ယောက်သား မျက်နှာချင်းဆိုင် ငိုင်ငိုင်ကြီး ပြန်ထိုင်သွားကြတယ်။ ကျော်လှ စိတ်ပေါက်ပေါက်နဲ့ ဘီအီး ခွက်ကို ခွပ်ခနဲ မော့ချလိုက် တယ်။

“ဟာ ဟေ့ကောင် ကျော်လှ၊ ဒီလို မလုပ်နဲ့လေ ကွာ။ ရေမရောရင် အသေ စောတယ်ကွ။”

အသက်ငါးဆယ် လောက်ရှိတဲ့ ဘိုထွန်းက ကျော်လှကို ဟားတယ်။
“သွားစမ်းပါဗျာ။ ဘိုထွန်းကြီးကလည်း စောလည်း စောပေါ့ဗျ။ ဘာဖြစ် သေးလဲ။ ဒီမိုးနဲ့ လုပ်စားလို့ မရတဲ့ထဲ ဒီဆိုင်ကယ်တွေကလည်း တစ်မှောင့်။ ဟေ့ အောင်သန်း ကွမ်းပြန်ထုပ် စမ်းကွာ။”

“ဟာ မိုးရွာကြီးထဲ အနောက်မုခ်ထိ ပြန်လျှောက်ရမှာ။ မထုပ်ချင်ဘူးကွာ။”
ဘိုထွန်းက လှည့်ကြည့်တယ်။

“သွားလိုက်ပါ အောင်သန်းရာ။ ငါလည်း စားချင်နေတာကွ။ ရော့ ရော့”

အိတ်ထောင်ထဲက နှစ်ရာတန် တစ်ရွက် ထုတ်ပေးလိုက်တော့ မိုးဖွဲဖွဲထဲမှာ အောင်သန့် အနောက်မုခ်ဘက် ကို ပြေးသွားတယ်။ အောင်သန်း ကွမ်းယာဆိုင်ကလည်း စစ်ကိုင်း လမ်းပေါ်မှာ မိုးမိပြီး ဈေးဝယ်မလာလို့ ကွမ်းယာ ဆိုင်ကလေး တုပ်ကွေးမိတော့မယ်။ အောင်သန်း ခါတိုင်းဆို နှစ်ရာဖိုးနဲ့ ပြန်ပြေးသွား ပါလိမ့်မယ်၊ ဝေးပါသေးရဲ့။ အရောင်းအ၀ယ် ပါးလွန်းတော့ နှစ်ရာလည်း နှစ်ရာပဲလေ။
“မင်း မပြန်သေးဘူး လား။” ဘိုထွန်းကမေးတော့ ကျော်လှ ခေါင်းခါတယ်။ “ဘယ်လောက် ရပြီလဲ”၊ ဆက်မေးတော့ လက်နှစ် ချောင်းထောင်ပြပြီး မိုးရေ စက်တွေကို ငေးနေတယ်။

“ပြန်လေကွာ။ နှစ်ထောင်တောင် ရနေပြီပဲဟာ။”

“ဟာ ဘိုထွန်းကလည်း။ နေ့ပြန်ပေးဖို့တောင် မလောက်တာ မပြန်သေးဘူးဗျာ။ တစ်ခါတလေ နေ့ပြန်ပေးတဲ့ မရှမ်းမက ကိုးနာရီလောက်မှ လာတောင်းချင် တောင်းတာ။ ကိုးနာရီကျော်မှ ပြန်ဖြစ်မှာ။”

“ဒါဆိုလည်း တစ်လုံး ထပ်မှာလိုက်ဦးမယ်ကွာ။”

“ချဗျာ မြင်းခွာရွက်သုပ် တစ်ပွဲပါမှာဗျာ။ တောက် ဟို ဆိုင်ကယ်ကောင်ကွာ...”

“လုပ်မနေနဲ့။ ဆိုင်ကယ် ကယ်ရီတွေပေါ်လာမှ ငါတို့ လေးဘီးရော မင်းတို့ ဆိုက်ကားရော ခံရတာ။”

“ခင်ဗျားတို့က ဇိမ်နဲ့ မောင်းရတာ၊ ကျုပ်တို့က ဖင် ကုန်းအောင် နင်းရတာ။”

“ဟင် ငါတို့ကဆီနဲ့ မောင်းရတာကွ။ မင်းတို့က အရင်းမရှိ”

“မရှိဘဲ နေမလားဗျ။ ဆိုက်ကား စပေါ်နဲ့ အုံနာခက ခင်ဗျား အဖေက ပေးမှာလား။ ကဲ...”

ဒီကောင် လစ်မစ်လေး နည်းနည်းကျော်သွားရင် စကားတွေက ရိုင်းချင်လာပြီ လို့ ဦးထွန်းမောင်က တွေး တယ်။ ဒီနားမှာ အသက် အကြီးဆုံးမို့ အားလုံးက ဘို ထွန်း၊ ဘိုထွန်း ခေါ်နေကြ တာ။ ကိုယ် လူကြီးဆန် အောင်နေမှပါလေ ဆိုပြီး ငြိမ် နေလိုက်တယ်။ ငယ်ငယ်က စိတ်ဆို ခုံနဲ့ကောက်ရိုက် ပြီး ပြီ။ ကျော်လှကတော့ တဂွတ်ဂွတ် သောက်တုန်း၊ ဘိုထွန်းက အသာလေး ချိုနေလိုက်တယ်။ အောင်သန်း ကွမ်းယာထုပ်နဲ့ ပြန်ရောက် လာတယ်။ မိုးကလည်း သည်းလိုက်တာ။ တဖြည်းဖြည်း အချိန်တွေ ကုန်လာပြီး ညနက်သထက် နက်လာ တယ်။ ဆယ်နာရီထိုးခါ နီးမှ သူတို့နှစ်ယောက် အနောက်မုခ်ကို ပြန်လျှောက်လာတော့ အောင်သန်း အရက်ဆိုင်ထဲ မှာ ကျန်ခဲ့တုန်း။

“ဒီကောင်က ကြွက်တွင်းဗျ။ ဆိုင်ကို မသိမ်းသေး တာ၊ သူ့ဆိုင်ရောက်ရင် တစ် ယာလောက်တော့ အိမ်အပြန် ယာစား သွားလိုက်ဦးမယ်။”

ပြောပြောဆိုဆို ကျော်လှက ဆိုက်ကားပေါ် တက်ပြီး အောင်သန်း ကွမ်းယာ ဆိုင်ဘက် ဘီးတစ်လိမ့် နှစ် လိမ့်စာလေးကို လမ်းလျှောက် မသွားဘဲ နင်းသွားတာ လှမ်းကြည့်ရင်း ဦးထွန်းမောင်က ကားထဲဝင်ထိုင်ပြီး စက်နှိုးတယ်။ ထုံးစံအတိုင်း အအေး မိပြီး နှာစေးချောင်းဆိုးဖြစ် နေတဲ့ကားက တော်တော်နဲ့ မနှိုးဘူး။ အောင်သန်းဆိုင်မှာ ကွမ်းယာပြီး ပါးစောင်ထဲ ထည့်ရင်း၊ ကျော်လှ ဆိုက်ကားကို ကွေ့လိုက်တယ်။ မိုးလေးက ဖွဲဖွဲလေး ကျနေတယ်။ ၀င်းခနဲ လက်လိုက်တဲ့ လျှပ်စီးရောင်အောက်မှာ အနောက်မုခ်လှေကားထစ် ပေါ်က ထူးခြားမှု တစ်ခု တွေ့ လိုက်ရလို့ အံ့သြသွားတယ်။ ကြက်သီးတောင် ထသွားတယ်။ ဘယ့်နှယ်ပါလိမ့်။ ဘုရားကြီးက ဆင်းလာတဲ့ လှေကားထစ်ပေါ်မှာ မည်း မည်းကြီးတွေ့လိုက်သလားလို့။ လမ်းပေါ်မှာ အသွား အလာမရှိ၊ လူကပြတ် မှောင် ကြီးမည်းမည်း မီးတွေက လည်း ပျက်လို့၊ ကိုယ်တောင် ဆိုင်ထိုင်နောက်ကျလို့ ဒီအချိန် ရှိနေတာ။ ကျော်လှ ခုထိ ကားစက် နှိုးမရသေးတဲ့ ဘိုထွန်းနား ဆိုက်ကားကို အတင်းနင်းသွားပြီး၊ ကား ဘေးနားမှာ ဆိုက်ကားကို ရပ်ပြီး အလျင်စလို ဆင်း လိုက်တယ်။

“ဘိုထွန်း ဘိုထွန်း လှေ ကားပေါ်မှာ မည်းမည်းကြီး ဗျ။ ငုတ်တုတ်ကြီး”

“ဟယ် တစ္ဆေရှိတယ် မကြားဖူးပါဘူး။ နင် မူးနေတာလား ကျော်လှ။”

“မမူးဘူးဗျ၊ မမူးလို့ မြင်တာ။ လာကြည့်”

အဲဒီလိုနေတုန်း မိုးက တိတ်သလောက် ရှိပြီ။ လျှပ်စီးတွေသာ တ၀င်းဝင်း ပစ်နေတယ်။ ဘိုထွန်း ညည်းညည်း ညူညူနဲ့ ကားပေါ်က ဆင်းလိုက်ရတယ်။
“ဟိုမှာဗျ သြော်” လျှပ်စီးက ၀င်းခနဲလက်သွားတယ်။

ဘိုထွန်းရော ကျော်လှရော အံ့သြသွားတယ်။ လှေကားထစ်ပေါ်မှာ ထီးကို အုပ်ပြီး ဆောင်းထားတဲ့ ကိုယ်ဝန်ဆောင် ကိုယ်ပြည့်လက်ပြည့် တစ်ယောက်က ကိုးရိုးကားရားကြီး ထိုင်နေတယ်။ သူ့ ဘေးမှာ ပလတ်စတစ်အုပ် ထားတဲ့ ခြင်းတောင်းတစ်လုံး တွေ့ရတယ်။ ခါးကို လက် တစ်ဖက်နဲ့ နှိပ်ပြီး မျက်နှာက လည်း ရှုံ့မဲ့လို့ ပါတိတ်လုံ ချည်ဝတ်ထားတဲ့ အောက်ပိုင်း တစ်ပိုင်းလုံး ရွှဲစိုနေတယ်။ ဘိုထွန်းနဲ့ ကျော်လှ တစ် ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ချက်ချင်းကျော်လှက လှေကားထစ်တွေ ထစ် ကျော်တက်သွားလို့ ဘိုထွန်း လည်း လိုက်ခဲ့တယ်။

“ဟိုအစ်မ ဘာဖြစ်နေ တာလဲ။ဗိုက်နာနေတာလား။”

ဗိုက်ကြီးသည်က မျက် ည်တွေ စိုရွှဲနေတဲ့မျက်နှာနဲ့ မော့ကြည့်ပြီး အသံသဲ့သဲ့နဲ့ “ပခုက္ကူကား ၀င်သွားပြီ လား။”
“၀င်ရောပေါ့ ဆယ်နာရီ ကျော်နေပြီဟာ။”

ဗိုက်ကြီးသည်က ဟီး ခနဲ ငိုချလိုက်တယ်။
“ဟာ အစ်မ မငိုနဲ့လေ။ ကားကြိုလာတာလား။ ဒုက္ခပါပဲ။ မွေးမှာနဲ့ တူတယ်။ ဘိုထွန်း လုပ်ပါဦးဗျ။”
“မလာတော့ဘူး ထင် တယ်။ ကျွန်မ ယောက်ျား ပခုက္ကူ သွားပြီး ပိုက်ဆံရှာတာ၊ ဒီနေ့လာမယ်ဆိုလို့ လာခဲ့တာ။ မိုးထဲမှာ၊ ကျွန်မက မြရည်နန္ဒာက”

“ကဲကဲ ကျော်လှ ဘာ ဖြစ်ဖြစ် မွေးမလို့ဆိုရင် သားဖွားခန်း ပို့ရမှာ။ သယ်သာလာ ခဲ့တော့။ ပြောနေတာကြာပါ တယ်ကွာ။”

“ဆေးရုံပို့မလို့လား”

“မင်းအဘ ဆေးရုံလား။ ကားက ဆီမရှိပါဘူး ဆိုနေ၊ နီးနီးနားနား ခိုဂျာပေါ့။”

အဲ ဟုတ်သားပဲ ကျော်လှတို့ ပျာနေလိုက်ပုံတော့ တစ်ပြလောက်ပဲ ဝေးတဲ့ ခိုဂျာ သားဖွားခန်းကို မေ့နေလိုက် တာ။ ကဲ နောက်မှ ဘာဖြစ် ဖြစ် အရင်ဆုံး မွေး တော့မယ့် လူကိုတွဲပြီး ကားနောက်ခန်း က တင်ရတယ်။ ခြင်းနဲ့ ထီး ကိုပါယူပြီး ကားစက်နှိုးကြတယ်။ ဒီတစ်ခါတော့ ချော ချောမောမော နှိုးပြီး ကားက ချက်ချင်းလိုပဲ သားဖွားခန်း ရှေ့ရောက်လာတယ်။

“ဟေ့ကောင် အပ်လည်း မအပ်ရသေးဘူးနော်၊ ရပါ့ မလား။”

“အို ရပါတယ်။ ကျွန်တော့်ကလေး လေးယောက်လုံး ဒီက ဆရာမကြီး နဲ့ မွေးတာ။”

ဒါပေမဲ့ သားဖွားခန်းထဲလည်း ရောက်ရော၊ ကျော်လှ ရေရေလည်လည် အငေါက်ခံ ရတော့တာပဲ။
“ဟဲ့ ဗိုက်ကြီးသည် သေသွားရင် နင်တာဝန် ယူမလား။ ရေ>မာတောင် တောင် ပေါက် ပြီးနေပြီ။ ကလေး ထွက်ကျတော့မယ်။ အပ်ထားတာ လည်းမဟုတ်ဘူး။ ကောက် ရိုးပွေ့လာတယ်။ ညအချိန် မတော်...”

ဒါပေမဲ့ ဗိုက်ကြီးသည်က မွေးစင်ပေါ် ရောက်သွား ပြီ။ ဆရာမကြီးက လက်မောင်းကို ဆေးနှစ်လုံးဆက် တိုက်သွင်းပေးရင်း၊ မွေး ခန်းဝမှာ ပြူတစ်ပြူတစ် လုပ်နေတဲ့ ကျော်လှကို မောင်းထုတ်လိုက်တယ်။ အနီဝတ် ဆရာမက “မစန်းကြည်၊ ကလေးအဖေလက်မှတ်ထိုးရ မယ်။ ဘယ့်နှယ့်လုပ်ရမလဲ။ ဆိုပြီး လာပြောတော့ ကျော် လှက မျက်နှာငယ်လေးနဲ့ လက်မှတ် ထိုးလိုက်ရတယ်။ ခဏနေတော့ အူဝဲ အူဝဲ ကလေးငိုသံကြားရပြီ။ ကျော် လှနဲ့ ဘိုထွန်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးကြတယ်။ ခြင်းတောင်းထဲက တွေ့တဲ့ ပုဆိုးနဲ့ ကလေးကို ထုပ်ပြီး ပုခက်ထဲ လာထည့်တာကို ကျော်လှ ပြုံးပြုံးကြီး ကြည့်နေတယ်။ ကလေးအမေ ထွက်လာပြီး အိပ်ရာခင်း မပါတဲ့ ကုတင်ပေါ်မှာ မောဟိုက်နေတယ်။ ခိုဂျာက တခြား မွေးလူနာတွေ နဲ့ လူနာစောင့်တွေလည်း မအိပ်နိုင်ဘဲ သူတို့ကို ၀ိုင်း ကြည့်နေကြတယ်။ ကလေး အမေက “ကျွန်မ ခြင်းထဲက ထမင်းချိုင့်လေး” ဆိုလို့ ကျော်လှ ပျာပျာသလဲ ရှာပြီး ဖွင့်ပေးလိုက်တယ်။ အားယူ ထပြီး ထမင်းချည်းပါတဲ့ ထမင်းတစ်ဇွန်း ခပ်စားတယ်။


“ဟဲ့ ဟဲ့ ကလေးမ မုန့် ဟင်းခါးစားရဲလား။ ညနေက ငါဝယ်ထားတာ ရှိတယ်”

လူနာစောင့်တစ်ယောက် ပေးတဲ့ မုန့်ဟင်းခါးကို အိပ်လိုက် မှောက်ချပြီး၊ ထမင်းတစ်ဇွန်းပြီး တစ်ဇွန်းကလေး အမေက အားရပါးရ အငမ်းမရ စားနေတာကို ဘိုထွန်းနဲ့ ကျော်လှ ပါးစပ် အဟောင်းသားဟပြီး ငေး ကြည့်နေကြတယ်။ ကျော်လှ စိတ်ထဲမှာ ဘယ်နှနပ် ထမင်း မစားရလို့လည်း မသိဘူးလို့ တွေးမိအောင် တွေးလိုက်သေးတယ်။ ကလေးအမေ ထမင်း တစ်စေ့မကျန် စားပြီးမှ အဆာ ပြေသွားသလို၊ အိပ်ရာ ပေါ် ပြန်လှဲချလိုက်တယ်။

“ကဲ ကလေးအမေက ဘာမှမဖြစ်တော့ဘူး။ ငါ့ကို ဆေးဖိုးရှင်းဦး။ လေးထောင် ကျတယ်။”

ကျော်လှ အိတ်ထဲက နှစ်ထောင် ထုတ်ပေးလိုက်ပြီး၊ ကျန်တဲ့နှစ်ထောင် မနက်ဖြန် လာပေးမယ်လို့ ပြောခဲ့တယ်။ ကလေးအမေက မောမောနဲ့ အိပ်ပျော်လုလု ဖြစ်နေပြီမို့ သူတို့နှစ်ယောက် အသာလေး ထွက်ခဲ့ကြတော့တယ်။ အပြင် ဘက်ရောက်တော့ မိုးတိတ်နေပြီ။ လျှပ်စီးတွေသာ တ၀င်း ၀င်း ပစ်နေတယ်။ ချောချော မောမော စက်နှိုးတဲ့ လေးဘီး ကားလေးဟာ ကျောက်ဆစ်ကွေ့အဆင်းမှာ တုံ့ခနဲ တုံ့ခနဲ ဖြစ်သွားတယ်။

“ဟီး ဟီး ဆီကုန်ပြီ ကွ။ အနောက်မုခ်တော့ ရောက်ပါတယ်။ လှိမ့်ချလိုက် ရုံပဲ။”

“ဒါပေါ့ဗျ အသွားတုန်းက မကုန်တာ ကျေးဇူးတင် ရမှာ... ဟင်“


ကျော်လှ မျက်လုံး ပြာခနဲ ဖြစ်သွားတယ်။ တ၀င်းဝင်းလက်နေတဲ့ လျှပ် စီးရောင်အောက်မှာ စစ်ကိုင်း လမ်းမကြီး တစ်ခုလုံး ရှင်းပြောင်နေအောင် မြင်နေရ တယ်။ ကားဘေးနားမှာ ရပ် ထားခဲ့တဲ့ သူ့ဆိုက်ကား မရှိ တော့ဘူး။ ဗိုက်ကြီးသည်ကို သားဖွားခန်းပို့ဖို့ အရေးကြီးနေ တာနဲ့ ပျာယာခတ်ပြီး သော့ မခတ်ခဲ့ရဘူး။ လူတစ် ယောက်မှမရှိတဲ့ မှောင်မိုက် တဲ့ညမှာ သူ့ဆိုက်ကားအစီး လိုက် ပျောက်ဆုံးသွားခဲ့ပြီ။ ကျော်လှကားပေါ်က ပြေး ဆင်းပြီး၊ အနောက်မုခ်မှာ တောင်ဘက်ပြေးလိုက်၊ မြောက်ဘက်ပြေးလိုက်ဖြစ် နေတယ်။

“သွားပါပြီဗျာ မရှိတော့ဘူး၊ မရှိတာ့ဘူး။”
ဂါထာရွတ်သလို ရွတ် နေတယ်။ မျက်နှာတွေ ပျက် ပျက်လာပြီး၊ မျက်လုံးတွေ နီရဲလာတယ်။ ဘိုထွန်းကြည့် နေတုန်း ကတ္တရာ လမ်းမပေါ် ဖင်ချထိုင်ပြီး ဟီးတိုက် ငိုချ လိုက်တယ်။
“ဘိုထွန်းရေ ကျုပ်ဘာ လုပ်ရမတုံး။ မရှိတော့ဘူးဗျ”

ကျော်လှ ငိုသံပါကြီးနဲ့ အော်နေတာကို ဘိုထွန်းလည်း မချော့တတ်ဘူး။ ခေါင်း ကုတ်ပြီး စိတ်ညစ်ညစ်နဲ့ သူလည်း ကျော်လှနားမှာ ထိုင်ချလိုက်တယ်။ ကျော်လှကတော့ ကတ္တရာလမ်းပေါ် လှဲချလိုက်ပြီး လက်တွေပေါ် မျက်နှာအပ်လို့ မှောက်ခုံကြီး ငိုနေတယ်။ မိုးတွေက ပြန်ရွာ လာကြပြန်ပြီ။ ကျော်လှရဲ့ မျက်ရည်စက်တွေနဲ့ မိုးရေ တွေရောပြီး စီးဆင်းသွားကြတယ်။

“ကောင်းကွာ။ လူမှုရေး လုပ်ချင်ဦးလေ။ အများ အကျိုးဆောင် ကိုယ့်အကျိုး ပြောင်” လို့တော့ ကျော်လှကို အပြစ်မတင်ချင်ပါဘူး။ စောစောက ဗိုက်ကြီးသည်အခြေ အနေမျိုးဆိုရင် ဘယ်သူမဆို ကူညီကြမှာ မလွဲပါဘူး။ အေးလေ ကျော်လှပေါ့ လျော့တာပဲလို့ အပြစ်ပြောလို့လည်း မဖြစ်။ ဘိုထွန်းခမျာ ဘယ် လိုလုပ်ရမှန်းမသိဘဲ ခေါင်း စားရတဲ့ကြားထဲ ကွမ်းယာ စားချင်စိတ်က ဘယ်က၀င် လာတယ်မသိဘူး။ ဒီအချိန် အောင်သန်းကလည်း ပြန် သွားပြီဆိုပေမဲ့ မျက်လုံးက ကုက္ကိုပင်ကြီးအောက်မှာရှိတဲ့ အောင်သန်းကွမ်းယာ ဆိုင် လေးကို ကြည့်လိုက်မိတယ်။ အောင်သန်းကတော့ ကွမ်း ယာဆိုင်ကလေးကို ထုံးစံ အတိုင်း မိုးကာနဲ့အုပ်သွား တယ်။ လျှပ်တစ်ချက် အပစ် မှာ မိုးကာအောက်က ပေါ်နေ တဲ့ ဆိုက်ကားတာယာခွေလို လို မြင်ရတာနဲ့ ဆတ်ခနဲ ထလိုက်တယ်။ ကွမ်းယာခုံ နားကို ဘယ်လိုပြေးသွားမိ မှန်းမသိဘူး။ ရင်တွေလည်း တထိတ်ထိတ်ခုန်နေတယ်။ ကုက္ကိုပင်နဲ့ ကွမ်းယာဆိုင် ကြားထဲမှာ မိုးကာအုပ်ပြီးထိုး ထားတဲ့ ဆိုက်ကားကိုလည်း မြင်ရရော ဘိုထွန်းကုန်းအော် တော့တာပဲ။

“ဟာ ကျော်လှရေ ကျော်လှရေ ဆိုက်ကားတွေ့ပြီ ဟ၊ ဒီမှာဟ”

ကျော်လှ ၀ုန်းခနဲအနား ရောက်လာတယ်။ ကြောင်တောင်တောင်နဲ့ ဆိုက်ကားကို ငိုင်ငိုင်ကြီး ကြည့်နေတယ်။ မိုး ကလည်း သဲသဲမဲမဲရွာနေ လိုက်တာ။ မျက်နှာပေါ်က မိုးရေစက်တွေကို လက်နဲ့ သပ်ချရင်း အသံတုန်တုန်နဲ့။

“တော်သေးတာပေါ့ ဗျာ။ ကျုပ်သေတော့မလို့။ အောင်သန်း ဆိုင်သိမ်းရင်း ဆိုက်ကားတွေ့လို့ သိမ်းသွား တာနေမှာဗျ။”

“အေးကွ ဒီမှာ ကွမ်း ယာဆိုင်နဲ့ မင်းဆိုက်ကားကို သေသေချာချာ သံကြိုးနဲ့ သော့ခတ်သွားတာကွ။”

“မနက်ဖြန်မှ ဒီကောင် ကြီးကို အရက် တိုက်ရဦးမယ် ဗျာ။”

ဘိုထွန်းလည်း အခုမှ စိတ်အေးရတော့တယ်။ လူ တွေကတော့ ရွှဲနစ်ပြီး ကြွက် စုတ်ဖြစ်နေပြီ။
“ကဲ ကျော်လှ ပြန် ပြန်။ မိုးတွေကလည်း သည်းလိုက် တာ။ ညလည်း နက်လှပြီ။”

ကျော်လှက စဉ်းစား သလို ငြိမ်နေတယ်။ ပြီးမှ-

“ခင်ဗျားလည်း ပြန် လေ။ ဆီမရှိလို့ တွန်းပြန်ရမှာ နော်။ အခုမှတော့ ဘာမှမထူး တော့ပါဘူး။ ခင်ဗျားကိုပဲ ကားလိုက်တွန်းပေးမယ်ဗျာ။ ဆိုက်ကားလည်းယူမှမရတာ”
“ကဲ ဒါဖြင့်လာ တွန်း ကြစို့။ အိမ်ကျရင် ထမင်း ကျွေးမယ်ကွာ။ ဆီလက်ကျန် လေး ရှာတွေ့ရင်လည်း မင်း ကို အိမ်ပြန်ပို့ပေးမယ်။”

“ဘယ်လိုဖြစ်ဖြစ် ရပါ တယ်ဗျာ။“
လေးဘီးကားနဲ့ လူနှစ် ယောက်ဟာ မှောင်မိုက်နေတဲ့ ညထဲကို တဖြည်းဖြည်းတိုး ၀င်ပြီး ပျောက်ကွယ်သွားပါ တော့တယ်။ အဲ့ဒီညက အနောက်မုခ်မှာ မိုးတွေသဲကြီး မဲကြီး ရွာနေပါတယ်။
ယဉ်ယဉ်နု၊မန္တလေး၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)

မျက်နှာ ပူတတ်တဲ့သူ - ယဉ်ယဉ်နု (မန္တလေး)



“ရေကားတွေ လာပြီဟေ့” ဆိုတာ ဘယ်သူက စအော်လိုက်တယ် မသိဘူး။ တစ်ယောက်ပြီး တစ်ယောက်၊ တစ်အိမ်ပြီး တစ်အိမ် လက်ဆင့် ကမ်း အော်ကြတော့တာ စံပယ်ခြံ အနောက်ခြမ်း ရေ၀င် ရပ်ကွက် တစ်ခုလုံး ဆူညံ သွားတာပဲ။
အော်သံ၊ ဟစ်သံတွေကြောင့် မောင်ချစ် အိပ်ရာကနေ အိပ်မှုန်စုံမွှားနဲ့ နိုးလာတယ်။ အမေဖြစ်တဲ့ အဘွားမိက “ဟဲ့ မောင်ချစ် ထစမ်း၊ သောက်ရေကို မရှိဘူး။ ရေသွားသယ်စမ်း” ဆိုပြီး အော်နှိုး၊ လှုပ်နှိုးတာလည်း ပါတာပေါ့။ ညက ကာလသားခေါင်း ကိုမိုးကြီးတို့နဲ့ နည်းနည်း များသွားလို့ မောင်ချစ် တုန်းတင်းသရော အိပ်ပျော်သွားတာလည်းပါတယ်။ အမေနှိုးလို့ မထချင် ထချင် ထထိုင်လိုက်တဲ့ အချိန်မှာ တစ်ရပ်ကွက် လုံးလောက် နီးနီး အိမ်ရှေ့လမ်းမှာ ရေအိုးတွေ၊ ရေပုံးတွေ၊ ရေခွက်တွေ သယ်ပြီး ရေကား ရှိရာကိုပဲ ရေတွေကို ဖြတ်ပြီး တ၀ုန်းဝုန်း သွားနေကြတာ တွေ့ရတယ်။ ကလေး၊ လူကြီး၊ မိန်းမအစုံပဲ။

မောင်ချစ်တို့မြို့မှာ မိုးတွေက ရွာ၊ ရေတွေက ကြီး၊ ကန်ရေ၊ အင်းရေတွေက မြင့်တက်တော့ အင်းနဲ့ဆက် နေတဲ့ စံပယ်ခြံ အနောက်ခြမ်းက ရေမြုပ်တော့တာပေါ့။ တချို့အိမ်ပုလေးတွေ ဆိုရင် ကြမ်းပါ မြုပ်လို့ ခုတင်ပေါ်၊ စင်ပေါ်တက်နေကြရတာ။ ဒီတစ်ခါရေက တအားကြီး တော့ ခါးစောင်းလောက် အထိ တက်လာတာနဲ့ အိုး တွေ၊ ခွက်တွေ၊ ရေတိုင်တွေ အကုန်မြုပ်လို့ မောင်ချစ် တို့မှာ သောက်စရာ၊ ထမင်း ချက်စရာ ရေမရှိတဲ့အဖြစ် တောင် ရောက်တယ်။ မောင်ချစ် ခါးထောက်ပြီး အိမ်ကပြင်ကနေ အခြေအနေ ကို ထွက်ကြည့်တယ်။ မောင်ချစ်တို့ လမ်းသွယ်လေး ထိပ်မှာ လိုက်ထရပ်ကား တစ်စီး ရပ်ထားတယ်။ ပုလဲဆရာတော် ဘဒ္ဒန္တပညာ ၀ံသ မိုးကုတ်ရိပ်သာကျောင်း၊ ဇနပဒ ရေအလှူတော်ဆိုတဲ့ ဗီနိုင်းကို ကားဘေးမှာ ကပ်ထားတယ်။ ဘုန်းတော် ကြီးတစ်ပါးနဲ့ ရပ်ကွက် လူကြီးတွေက ကြီးကြပ်ပြီး နှစ်ဆယ်လီတာဝင် ရေဘူး ကြီးတွေနဲ့ ထည့်လာတဲ့ ရေသန့်တွေကို ရပ်ကွက်သား တွေ ယူလာတဲ့ ပုံးတွေ၊ ခွက်တွေထဲသွန်ထည့်ပေး နေတာ အုန်းအုန်းကျွက်လို့။ ဟင် ဒီလိုတော့ရမလား၊ မောင်ချစ်လည်း အညံ့မခံ ရေယူရမှာပေါ့ ဆိုတဲ့စိတ်နဲ့ သောက်ရေ၊ အမေ ထည့်ထည့်နေတဲ့ ပုံးလေးယူပြီး ကားဆီ ထွက်ခဲ့တယ်။

“ဟဲ့ မောင်ချစ်၊ အရမ်း မတိုးနဲ့လေ။ နင်က နောက်မှ ရောက်တာ”

“အိုဗျာ။ အိမ်မှာ သောက်စရာ မရှိဘူးဗျ”

ရေသွန်ထည့်နေတဲ့ ရပ် ကွက်လူကြီးက လှည့်ကြည့် တယ်။
“အဘွားမိ သားပါ လား။ မင်းပုံးက သေးလိုက်တာ။ ရေအိုးထဲ ပြန်သွန်ကွာ၊ နောက်တစ်ခေါက် ထပ်လာ ယူ”

“ဟုတ်ကဲ့”

ရေကားနဲ့ အိမ်က လည်း နီးနီးလေးဆိုတော့ မောင်ချစ်ပြေးပြေးပြီး ရေ သယ်တာ၊ ဘယ်နှခေါက် လည်း မမှတ်မိဘူး။ သောက် ရေအိုးလျှံသွားတော့ ဘေးက အ၀တ်လျှော် ဒန်ဇလုံအကြီး ကြီးထဲ ရေသန့်တွေ တဝေါ ဝေါ သွန်ထည့်နေတော့ အမေက မနေနိုင်တော့ဘူး။

“ဟဲ့ မောင်ချစ်၊ သောက်ရေအိုးပြည့်ပြီ မဟုတ်လား။ တော်တော့လေ။ သူများတွေ ယူပါစေဦး”

“အိုဗျာ။ သူများတွေ လည်း ဒီလို သယ်တာပဲ။ ရတုန်း ယူထားရတာ။ ချိုးရေ ဇလုံပြည့်တော့ အမေချိုးပစ် လိုက်ပေါ့”

“ဟဲ့။ မတရားသဖြင့် မလုပ်ရဘူး။ သူများတွေက သောက်စရာ ရေလာလှူကြတာ”

“ဟိုးဘက်က ရင်ခေါင်းလောက် ရေနစ်နေတဲ့ လူတွေက လာမယူနိုင်ဘူး အမေရဲ့။ ရေတွေက အများကြီး၊ ရသလောက် သယ်မှပေါ့”

မောင်ချစ် နောက်တစ်ခေါက် ပြေးဆင်းသွားပြန်တယ်။ အမေက ခေါင်းခါပြီး ကျန်ခဲ့တယ်။
နေ့လယ်ပိုင်းမှာ တစ်ခါ ချမ်းမြသုခ လူမှုရေး ကူညီရေး အသင်းက ရေသန့်တစ်လီတာဘူးတွေ၊ ကတ်လိုက် လာလှူပြန်ရော။ ဒီတစ်ခါ လုပ်အားပေး အနေနဲ့ ကာလ သားခေါင်း ကိုမိုးကြီးတို့၊ ကျော်ဇင်တို့၊ ၀င်းသန့်တို့ ပါလာတာနဲ့ မောင်ချစ်လည်း တပျော်တပါး ၀င်ပြီး လုပ်အား ပေးဖြစ်တယ်။ ချမ်းမြ သုခ အလှူကားကလည်း မောင်ချစ်တို့အိမ်နားမှာပဲ ရပ်တော့ ရေသန့်ကတ်တွေ သယ်ရင်းနဲ့ အိမ်ရှေ့က ထွက် ကြည့်နေတဲ့ အမေ့ကို ရော့ တစ်ဘူး၊ ရော့တစ်ဘူးဆိုပြီး တစ်ခေါက်တစ်ဘူးပေးခဲ့တာ အမေက စိတ်ဆိုးပြီး အိမ်ထဲ ၀င်သွားတော့ ကပြင်ကနေ မောင်ချစ်တစ်ခေါက်တစ်ဘူး ပစ်ခဲ့တယ်။ ရေသန့်ကားပြန် သွားတော့ သူ့မှာ ခုနစ်ဘူး၊ ရှစ်ဘူးလောက်ရလိုက်လို့ ပျော်လို့။ ဟုတ်တယ် လှူတဲ့ သူက ယူပါ၊ ယူပါ ပေးနေမှ တော့ ကိုယ်လည်း လည် သလို ယူရမှာပေါ့။ နောက်နေ့ လာမပေးရင် ဘာနဲ့ရေသောက် ရမှာတုံး။ မိုးရွာတုန်း ရေခံ ဆိုတဲ့စကားပုံ ရှိတယ် မဟုတ်လားလို့။

ညနေကျတော့ ထမင်း ထုပ်ဝေတဲ့ ကားတွေ ရောက်လာပြန်တယ်။ သဘာဝ အန္တရာယ် ကျရောက်ပြီး ရေဘေးဒုက္ခ ရောက်နေတော့ ဒီရပ်ကွက်ဖြစ်ရင် ဟိုရပ်ကွက်ကကူ၊ ဟို ရပ်ကွက်ဖြစ်ရင် ဒီရပ်ကွက်ကကူနေကျ ထုံးစံလေ။ ထမင်းထုပ်တွေ၊ လိုက်ဝေနေပြီ ဆိုတော့ မောင်ချစ်က အိမ်ထဲမှာ။ ထမင်းထုပ်တွေ ကိုင်ထား တဲ့ အလှူရှင်တွေက အမေ့ကို ဒီအိမ်က အိမ်သား ဘယ်နှ ယောက်ပါလဲလို့ မေးနေသံ ကြားတယ်။ အမေက နှစ် ယောက်လို့ဖြေသံကြားတယ်။ ခဏနေတော့ အမေ့ရဲ့ထမင်း ထုပ်ဝေတဲ့ အလှူရှင်တွေ ကျန်းမာကြပါစေ၊ ချမ်းသာ ကြပါစေဆိုတဲ့ ဆုတောင်း သံကြားရပြီး အမေ နောက် ဖေးချောင် ၀င်သွားတော့ မောင်ချစ် လှစ်ခနဲအပြင် ထွက်သွားတယ်။ ရေဒူးဆစ် လောက်ရှိတဲ့ လမ်းပေါ်မှာ ထမင်းထုပ်တောင်းသယ်လာ တဲ့ လူတွေ တစ်သုတ်ပြီး တစ်သုတ်လာနေကြတယ်။ ညီအစ်ကို မသိတသိ၊ မိုးမိုး မှောင်မှောင်အချိန်မှာ မောင်ချစ် က ထမင်းထုပ်တောင်းနား တည်တည်ငြိမ်ငြိမ် ကပ်သွား ပြီး
“အစ်မကြီး ကျွန်တော် တို့အိမ် ထမင်းထုပ်မရသေး လို့ ခင်ဗျ။ အဲဒါ ပေးပါဦး”

“သြော်၊ အင်း ရှင်တို့ အိမ် ဘယ်နှယောက်လဲ”

“သုံးယောက်ခင်ဗျ”

“ရော့၊ ရော့ သုံးထုပ်”

မောင်ချစ် လွှတ်ပျော် သွားတယ်။ ထမင်းထုပ် သုံးထုပ်ဆွဲပြီး အိမ်ပြန်လာတယ်။ အိမ်မှာ အမေက ဝေသွားတဲ့ ထမင်းထုပ်ကို ဖြေပြီး မောင်ချစ်ကို စောင့်နေတယ်။
“ဟဲ့ သား၊ ဒီမှာ ရပြီး သား”

“ထပ်ပေးလို့ ယူလာခဲ့ တာ အမေရေ။ ဟာ ကြက်သားဟင်းတွေဗျ။ ပွတာပဲ။ ဒီညတော့ ထမင်းစား ကောင်း ပြီးဗျို့”

ထမင်းထုပ် သုံးထုပ်ထဲက ကြက်သားတွေချည်း ရွေးနှိုက်စားပြီး ထမင်းတွေကို နောက်ဖေးက ရေတွေထဲ ပက်ခနဲ လွှင့်ပစ်လိုက်တဲ့ မောင်ချစ်ကို အမေက မျက်နှာထားနဲ့ ကြည့်နေလို့ မောင်ချစ် အမြန် အိပ်ရာထဲ ၀င်လိုက်ရတယ်။

နောက်တစ်နေ့ မနက် ကျတော့ မောင်ချစ်ကို ကာလသားခေါင်း ကိုမိုးကြီးတို့၊ ကျော်ဇင်တို့၊ ၀င်းသန့်တို့က တစ်ပြုံကြီးလာခေါ်ကြတယ်။ ဘာကိစ္စလဲလို့ မောင်ချစ်မေး ကြည့်တော့ ခါးလောက်ထိ နစ်နေတဲ့ ရပ်ကွက် အစွန်းပိုင်းက အိမ်တစ်ရာလောက် အတွက် ထမင်းထုပ် လေးရာလောက် ဓမ္မာရုံမှာ စုချက်ပြီး မနေ့ညကလို ဝေကြမှာတဲ့။ ရေနည်းနည်းပဲ နစ်တဲ့ မောင်ချစ်တို့ အပိုင်းတော့ မပါဘူး။ ဒါကြောင့် ကာလသား တွေ စုခေါ်ပြီး ထမင်း ချက် ကြရမှာ။

“ဘာဟင်းတွေနဲ့တုံး”

“ကြက်သား၊ ငါးပိ ကြော်၊ သရက်ချဉ်နဲ့တဲ့။ ရပ်ကွက်ထဲက ကျောက်ကုန်သည် တစ်ယောက်က စေတနာ ပေါက်ပြီး ငွေထုတ်ပေးတာ။ တို့က ထမင်း ချက်ရမှာ”

“ထမင်းချက်တာက ဟုတ်ပါပြီ။ ငါတို့သောက်ဖို့၊ စားဖို့ ထုံးစံ အတိုင်းပဲလား ဟေ့ကောင်တွေ”

“မင်းကလည်းကွာ၊ ပူမနေစမ်းပါနဲ့။ ပေးတော့လည်း ပေးပေါ့။ မပေး တော့လည်း ထုံးစံအတိုင်း ပေါ့”

ကာလသားတွေ၊ စကားတပြောပြောနဲ့ ဓမ္မာရုံ ရောက်လာတယ်။ ဓမ္မာရုံမှာ ကြက်သွန်လှီးတဲ့၊ ငရုတ်သီး ထောင်းတဲ့ ကောင်မလေးတွေ နဲ့ ရှုပ်နေတယ်။ ကိုမိုးကြီးက နေကလည်း ပူလိုက်တာကွာ ဆိုပြီး ကြက်သားအိုးကို အရိပ် ရတဲ့ ဓမ္မာရုံနဲ့ မျက်နှာချင်း ဆိုင်က ဦးတင့်ဆွေအိမ်ဘက် ကူးခဲ့ကြတယ်။ ဦးတင့်ဆွေ အိမ်က မန်ကျည်းပင်ရိပ်ကြီးနဲ့ အေးတယ်လေ။ ဦးတင့်ဆွေ အိမ်မှာ ကြက်သားတွေ ရေ ဆေးရင်းနဲ့ ကိုမိုးကြီးက ဟန်း(မ)ဖုန်းခါးချိတ်ပြီး ဓမ္မာ ရုံရှေ့မှာ ရပ်ကွက် လူကြီးတွေ နဲ့ စကားပြောနေတဲ့ အလှူရှင် ကို စောင်းကြည့်ရင်း
“ကိုကြီးတင့်ဆွေ၊ အိုး တစ်လုံးပေးဗျ” လို့ လှမ်းတောင်းတယ်။ အိုးရောက်လာတော့ ရေဆေးနေတဲ့ထဲ က ကြက်သား တစ်ပိဿာ လောက်ကို အိုးထဲကို ခွဲထည့် လိုက်ပြီး ဦးတင့်ဆွေက နောက်ဖေးကို ယူသွားတယ်။ ကိုမိုးကြီးက
“အလှူရှင်က တို့ဖို့ စဉ်းစားပေးမယ့်ပုံ မပေါ်ဘူးကွ။ စောစောစီးစီး ယူထားရမယ်။ ဦးတင့်ဆွေက ကိုယ့်လူကွ။ ငါဒါကြောင့် ဒီဘက်ရွှေ့လာ တာ”

“ဒါပေါ့ဗျ။ ကျုပ်တို့က ရပ်ရေးရွာရေး လုံခြုံရေး ကိစ္စတွေ အကုန် တာဝန်ယူထားတဲ့ ကာလသားတွေပဲ။ အခု လည်း ကျုပ်တို့ မချက်လို့ ဘယ်သူ ချက်မှာတုံး။ ဒါတော့ ယူရမှာပေါ့ဗျာ”

“ကဲ မီးမွှေးပြီဟေ့။ အရက်ဘယ်သူ သွားဝယ်မှာတုံး။ တစ်ယောက်က ဦးတင့်ဆွေတို့ မီးဖိုမှာ ကြက်သွား ကြော်”

ဒီလိုနဲ့ ထမင်းတစ်အိုး ပြီးတစ်အိုး ချက်ကြတယ်။ ကြက်သားဟင်း ချက်ကြတယ်။ ဦးတင့်ဆွေအိမ်ထဲ ၀င်လိုက်၊ ထွက်လိုက်နဲ့ အရက်နဲ့ ကြက်ကြော်မြည်း ကြတယ်။ တောင်းထဲမှာ ဖက်တွေခံပြီး ထမင်းတွေ လောင်းထည့်၊ အအေးခံ၊ ထမင်းထုပ် ထည့်တဲ့ အလုပ်ကို ရပ်ကွက်ထဲက ကာလသား၊ ကာလသမီးတွေ စုပေါင်းပြီး လက်သွက်သွက် နဲ့ လုပ်လိုက်ကြတာ။ ညနေ လေးနာရီခွဲပြီးမှ ထမင်းထုပ် တွေ အားလုံးပြီးသွားတယ်။

“ကဲဟေ့၊ ကဲဟေ့ ထမင်းထုပ်တောင်းတွေ ကားပေါ်တင်ဟေ့၊ ကောင်မလေး တွေ၊ ကောင်လေးတွေ အကုန် တက် ကားသုံးစီးပေါ်မျှတက်၊ အကုန်လိုက်ပြီး ဝေရမှာ”

ရပ်ကွက်လူကြီးရဲ့ ဆော်သြသံ အဆုံးမှာ မောင်ချစ်က ထမင်းထုပ် တောင်းထဲက ထမင်းထုပ် ခုနစ်ထုပ်ကို လက်မြန်၊ ခြေ မြန်နှိုက်ယူပြီး ဦးတင့်ဆွေ အိမ်နောက်ဖေးကို ၀င်သွားတယ်။ ကိုမိုးကြီးက အလှူ ရှင်နားကပ်သွားပြီး
“ဆရာ၊ ကျွန်တော်တို့ ထမင်း မစားရသေးဘူး ခင်ဗျ။ အဲဒါ ထမင်းထုပ်လေး ပေးပါဦး”

“ယူထားလေ။ လုံ လောက်အောင်ယူ”
ကိုမိုးကြီးကလည်း ထမင်းထုပ် ခုနစ်ထုပ် ထပ်ယူပြီး ဦးတင့်ဆွေ အိမ်နောက်ဖေးကိုပဲ ၀င်သွားပြန်ရော။ ဟို ရောက်တော့ ထမင်းထုပ်တွေ ဘယ်နားချရမှန်း မသိတဲ့ မောင်ချစ်နဲ့ဆုံကြတယ်။ နောက်ဆုံး ထမင်းစားပွဲပေါ် တင်ပြီး အုပ်ဆောင်းနဲ့ အုပ်ထားခဲ့ကြတယ်။
“ခွေးများစားမလား၊ စိုးရိမ်ရတယ်ဗျာ”

“ရပါတယ်ဗျာ။ အုပ် ဆောင်းနဲ့ အုပ်ထားခဲ့တာပဲ။ မစားနိုင်ပါဘူး”

သူတို့ ထွက်တော့မယ့် ကားပေါ် ပြေးတက်ပြီး ထမင်းထုပ် ဝေဖို့၊ လိုက်သွား ကြတယ်။ ဝေရမယ့် နေရာ ရောက်တော့ ခါးလောက်နစ် တဲ့ ရေထဲကို ဆင်းပြီး အိမ်လေးတွေထဲ အထိ ၀င်ပြီး ဝေကြတယ်။ တဖြည်းဖြည်းနဲ့ မောင်ချစ်တို့ ရပ်ကွက်အဆုံး နားကို ရောက်လာတယ်။ ရှေ့ မှာ အင်းရေပြင်ကြီးပဲ ရှိ တော့တာ။ ဒီလမ်းသွယ်လေး နောက်ဆုံးပဲ။ လမ်းသွယ် လေးက အိမ်လေး ခုနစ်အိမ် လောက်ရှိတယ်။ မောင်ချစ်တို့ ကိုင်ထားတဲ့ တောင်းထဲမှာ ထမင်းထုပ်က ဆယ်ထုပ် လောက်ပဲ ကျန်တော့တယ်။ လမ်းသွယ်လေးထိပ်က အိမ် ရှေ့ကပြင်မှာ အမျိုးသမီး တစ်ယောက်နဲ့ ကလေးနှစ် ယောက် ငုတ်တုတ်ကလေး တွေ ထိုင်ပြီး မောင်ချစ်တို့ကို ငေးကြည့်နေကြတယ်။ အိမ် ပေါ်မှာလည်း နောက်ထပ် လူရိပ်မမြင်တော့ မောင်ချစ် က “သုံးထုပ်ဟေ့” လို့အော် လိုက်တာနဲ့ ကိုမိုးကြီးက ထမင်းထုပ် သုံးထုပ်နှိုက်ပြီး အမျိုးသမီးကို ပေးလိုက်တယ်။ အမျိုးသမီးက လှမ်းမယူဘဲ နဲ့ “တစ်ထုပ်တည်းပဲ ပေးပါ ရှင်။ ကျွန်မတို့ သားမိတစ်တွေ မျှစားရင် လောက်ပါတယ်။ ရှင်တို့မှာ ထမင်းထုပ် နည်းနေ ပြီ။ ဟိုဘက်က အိမ်ကလေးတွေကို ရောက်အောင်ဝေပေး ပါနော်။ သူတို့တစ်နေ့လုံး ဘာမှ မစားကြရသေးလို့ပါ”

အားလုံး ကြက်သေ သေပြီး ငြိမ်သက်သွားကြတယ်။ အမျိုးသမီးက ထမင်း တစ်ထုပ်တည်း လှမ်း ယူသွားပြီး အိမ်ပေါ် တက်သွားတယ်။ ကလေးတွေကလည်း တိတ်တိတ်ဆိတ်ဆိတ် ၀င်သွားကြတယ်။ ကိုမိုးတို့ ဆက်သွားကြပေမဲ့ မောင်ချစ် နေရာက မရွေ့ဘူး။ သူ့မျက်စိထဲမှာ သူပက်ခနဲ သွန်ပစ်လိုက်တဲ့ ထမင်းထုပ် တွေရယ်၊ ဦးတင့်ဆွေ အိမ်မှာ ထိုးကြိတ် ထားပစ်ခဲ့ရတဲ့ ထမင်းထုပ်တွေရယ်ကို မြင်နေတယ်။ မျက်နှာတွေ လည်း တရှိန်းရှိန်း ပူလာတယ် ထင်ရတယ်။ မျက်နှာကနေ အပူရှိန်က တဖြည်းဖြည်း အောက်ကို ဆင်းပြီး ခါး ထိနေတဲ့ ရေတွေတောင် တပွက်ပွက် ဆူလာမလားလို့ ထင်ရလောက်တဲ့ အထိ အပူ ရှိန်က ပြင်းထန်နေတယ်။ တဖြည်းဖြည်း မှောင်စ ပျိုးလာပြီ၊ နေကလည်း ၀င် တော့မယ်။ ဘာပဲဖြစ်ဖြစ်လေ မောင်ချစ်က မျက်နှာတော့ ပူတတ်ပါသေးတယ်။
ယဉ်ယဉ်နု၊မန္တလေး၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

အနမ်းတစ်ရှိုက် ရလိုက်သည့် ထမင်းဖိုး - အဏ္ဏ၀ါစိုးမိုး


၁၉၅၆ ခုနှစ်၊ ပြည်တော်သာ ခေတ်လို့ ခေါ်ကြသည့် တိုင်းပြည်သာယာသည့် ခေတ်ဖြစ်သည်။ သဖန်းကုန်း ရွာသူ ရွာသားတွေ ပျော်ရွှင်နေကြသည်။
သဖန်းကုန်း ရွာသူကြီး၏ တစ်ဦးတည်းသော သား အောင်တင် ၇ တန်းကို နှစ်ချင်းပေါက် အောင်သွားလို့ ရွာသူကြီး မိသားစုတွေ ပျော်နေကြသည်။ အောင်တင် ဒီတစ်သက်မှာ ခုနစ်တန်းကို မအောင်နိုင်ဘူးဟု ထင်ထားကြသည်။ ကံကောင်းလို့ တစ်ခါတည်းနှင့် နှစ်ချင်းပေါက် အောင်သွားသည်။ အောင်တင်သည် သူကြီးသား စရိုက်ကို ပြသနေသူဖြစ်သည်။

မြို့ကျောင်း သွားတက်နေသော်လည်း အရက်သောက်သည်။ ဖဲရိုက်သည်။ အသက်ငယ်ငယ်ဖြင့် စီးကရက် သောက်တတ်နေသည်။ ကျောင်းထားသည့် အချိန်မှစပြီး စာမကျက်၊ ပျင်းသည်။ ဖျင်းသည်။ တစ်နှစ်တစ်တန်း မအောင်ဘဲ သုံးနှစ် တစ်တန်း၊ လေးနှစ်တစ်တန်းအောင်ပြီး ၁၉၅၆ ခုနှစ် အသက် ၂၀ ကျော် အရွယ်မှာ ပြည်တော်သာခေတ် ၇ တန်းကို ရောက်လာခဲ့သူဖြစ်သည်။

ပြည်တော်သာခေတ်မှာ ၇ တန်း အောင်ပါက ကျောင်းဆရာဆိုတာ လွယ်လွယ်လေး ဖြစ်နိုင်သည်။ မေမြို့(ပြင်ဦးလွင်) စစ်တက္ကသိုလ်မှာ ဗိုလ်သင်တန်း တက်လို့ရသည်။ မန္တလေးက ဒုရဲအုပ် သင်တန်းကျောင်း (ဆပ်ကျောင်း) တက်လို့ရသည်။ ပြည်တော်သာခေတ် ၇ တန်းသည် အလွန် အဖိုးတန်သော အတန်းဖြစ်သည်။ အဲဒီ ၇ တန်းကိုမှ သူကြီးသား အောင်တင်က တစ်ခါတည်းဖြေပြီးအောင်သွားတာဖြစ်သည်။

၁၉၅၆ ခုနှစ် အောင်တင် ၇ တန်း ဖြေသည့်နှစ်မှာမှ စာမေးပွဲ မေးခွန်းပေါက်လို့ ကျောင်း သားတွေ ဆန္ဒပြကြသည်။ ဆန္ဒပြသည့် ကျောင်းသားတွေကို ရဲတွေက သေ နတ်ဖြင့် ပစ်ခတ်လို့ ၇ တန်း ကျောင်းသားလေး ဟယ်ရီတန် သေသွားသည်။ ပိုဆိုး သွားတော့သည်။ ဆန္ဒပြရာမှာ ၇ တန်းကျောင်းသားတွေ သာမက ဆယ်တန်းကျောင်း သားတွေနှင့် တက္ကသိုလ် ကျောင်းသားကြီးတွေပါ ဆန္ဒ ပြကြတော့သည်။

ဖဆပလ အစိုးရသည် ကျောင်းသား ဆူပူမှုကို ငြိမ်သွားအောင် ရည်ရွယ်ပြီး ၇ တန်းဖြေသူ အားလုံးကို စာမေးပွဲအောင်ပေးလိုက် သည်။ မြို့ကိုတက်ပြီး စာမေးပွဲသွားဖြေစဉ်က ဘာသာရပ်တိုင်းကို အောင်မှတ် ရအောင် မဖြေနိုင်ခဲ့သည့် အောင်တင် စာမေးပွဲအောင် သွားလေတော့သည်။ ဒီတော့မှ ပြောသေးသည်။

“အားလုံး ဖြေနိုင်တယ်။ ဂုဏ်ထူး ၅ ဘာသာ လောက် မှန်းထားတာ”
မြန်မာ တစ်နိုင်ငံလုံးက ၇ တန်းဖြေထားသည့် ကျောင်းသား အားလုံးကို စာမေးပွဲ အအောင်ပေးလိုက် သည့်အတွက် သဖန်းကုန်းက ရွာသူကြီးသား အောင်တင် သည် ၇ တန်း အောင်သွား လေတော့သည်။ သူကြီးသား ၇ တန်းအောင်လို့ ရွာသူကြီး မိသားစု ပျော်နေကြသည်။

သူကြီး မိသားစုတွေ ပျော်နေကြသလို သဖန်းကုန်း ရွာသူရွာသားတွေလည်း ပျော်နေကြသည်။ ရွာသူရွာသားတွေ ပျော်နေကြတာ တော့ ရွာသူကြီးသား အောင် တင် စာမေးပွဲအောင်လို့ ပျော်နေကြတာ မဟုတ်။ ရွာကို မူလတန်းပြဆရာမ ချောချော လေးတစ်ယောက် ရောက် လာလို့ ပျော်နေကြတာ ဖြစ်သည်။

ပြည်တော်သာ ခေတ်မှာ သဖန်းကုန်းရွာ အတွက် မူလတန်းကျောင်းကလေးရ ထားသော်လည်း ဆရာ မရှိလို့ ကျောင်းမဖွင့်နိုင် ဖြစ်နေခဲ့သည်။ အခုတော့ မြို့က ရောက်လာသည့် ဆရာမ လေးက ရုပ်ကလည်း ချော၊ သဘောကလည်း ကောင်း၊ ရွာကကလေးတွေကို စာသင် ပေးရတော့မည်ဖြစ်လို့ တက် ကြွပျော်ရွှင် နေသည့်ပုံ တွေ့ ရသည်။ သူကြီးအိမ်မှာ ဆရာမလေးနှင့် ရွာသူရွာသား တွေ မိတ်ဆက်ပွဲမှာ ဆရာမ လေး ပြောသည့်စကားကို ရွာသူရွာသားတွေက သဘောကျပြီး ဆရာမလေးကို ချစ်သွားကြသည်။

“သမီးက မြို့သူဆိုပေ မဲ့ တောရွာမှာ ပျော်တယ်။ တောသူတောင်သားတွေကို ချစ်တယ်”
“ဆရာမလေးကို လည်း ချစ်ကြပါတယ်”

ဆရာမလေးက ရွာမှာ ပျော်တယ်ဆိုတော့ ရွာက ကလေးတွေ ပညာသင်ကြား ရေးအတွက် အဆင် ပြေသွားသည်။ ဆရာမလေး၏ နေရေးစားရေးကို တိုင်ပင်ကြ သည်။ ဆရာမလေးက အပျို လေးဖြစ်လို့ အပျိုအဖော် ရှိသည့်အိမ်ကို စဉ်းစားရွေး ချယ်ကြသည်။

“သူကြီးသမီး အပျိုနှစ်ယောက်တောင် ရှိတာပဲ။ သူကြီးအိမ် အပေါ်ထပ်မှာ နေလို့ရသားပဲ”

ဒီအဆိုကို အားလုံးက သဘောတူသယောင် ရှိသည်။ သူကြီးအိမ်က သဖန်းကုန်း ရွာမှာ အကြီးဆုံးနှင့် တစ်လုံး တည်းသော နှစ်ထပ်အိမ်ဖြစ် သည်။ အင်္ဂလိပ်ခေတ်က ဆောက်ခဲ့သည့် အိမ်ကြီးဖြစ် လို့ သွပ်မိုးထား နိုင်တာလည်း ဒီတစ်အိမ်ပဲရှိသည်။ ဆရာမ လေး ဆန္ဒအတိုင်း နေလိုပါ က နေခွင့်ပြုပါမည်ဟု သူကြီးက ပြောသည်။
“ကျုပ်အိမ်မှာ ကြိုက်သ လိုနေ။ ကျုပ်သမီးတွေ နေသလို နေရမယ်၊ စားရမယ်”

သူကြီးက ဒီလိုပြော လိုက်တော့မှ ရွာသူရွာသားတွေ ခေါင်းချင်းပူးပြီး တိုး တိုးပြောကုန်ကြသည်။ သူကြီးသမီး အပျိုကြီး နှစ်ယောက်က ဇီဇာကြောင် ကြောင်း၊ စိတ်ကြီးဝင် ဘ၀င် မြင့်ကြောင်း၊ ကြာလာရင် ဆရာမလေး စိတ်ဆင်းရဲမှာ စိုးရကြောင်း၊ မြို့မှာ ကျောင်းသွား တက်နေသည့် သူကြီး သားအောင်တင်၏ အန္တရာယ်ကိုလည်း ထည့်စဉ်းစားဖို့ လိုကြောင်း၊ တိုးတိုးပြောကုန် ကြသည်။ ဒီအခြေအနေကို ရိပ်စားမိသည့် လယ်လုပ် သားကြီး တစ်ယောက်က တင်ပြလာသည်။
“ဒေါ်ရွှေပုံတို့အိမ်မှာ နေရာ ချထားရင်ပိုပြီး အဆင် ပြေမယ် ထင်တယ်။ ကျောင်းနဲ့ နီးတဲ့အတွက် ဆရာမလေး သွားရေးလာရေး လွယ်ကူ မယ်”

“ဟုတ်တယ်။ ဆရာမ လေးကို ကြီးတော် ဒေါ်ရွှေပုံ အိမ်မှာ နေရာချထားတာ အကောင်းဆုံးပဲ။ ကျွန်မတို့ ထောက်ခံတယ်”

“သဘောတူပါတယ်”

သူကြီးအိမ်မှာ ပြုလုပ် သည့် ဆရာမလေးနှင့် ရွာသူ ရွာသားတွေ မိတ်ဆက်ပွဲကို တက်ရောက် လာကြသူတွေ အားလုံးက သဘောတူပါ တယ် ဆိုတော့ သူကြီးက လည်း သဘောတူလိုက်ရ သည်။ ဒေါ်ရွှေပုံ၏ အိမ် အခြေအနေကို ပြောပြပြီး ဆရာမလေး၏ ဆန္ဒကို မေးသည်။

“ဒေါ်ရွှေပုံရဲ့အိမ်ဟာ ဆရာမလေး စာသင်ပေးရမယ့် မူလတန်းကျောင်းနဲ့ ၀င်း ခြံချင်းကပ်လျက်ပဲ။ သမီး အပျိုကြီးနဲ့ နှစ်ယောက်တည်း နေတယ်။ အိမ်ကျယ်ပါတယ်။ ရွာဦးကျောင်းနဲ့လည်း နီးပါတယ်။ ဆရာမလေး ဆန္ဒကို ပြောပါဦး”

“သမီးဆန္ဒကတော့ ရွာက စီစဉ်ပေးတဲ့ အတိုင်းပါ ပဲ”

“ကဲ ဒါဆိုရင် ကိစ္စပြီး ပြီ။ သမီး နာမည် ပြောပါ ဦး”

“ခင်ထားရီပါရှင်။ ထား လိုပဲ ခေါ်ကြပါတယ်”

“ဆရာမလေးလို့ပဲ ခေါ်မယ်ကွယ်”

ဆရာမလေးက သဘောတူလို့ ခေါင်းညိတ်ပြ တယ်။ မယ်ကျုံထိုင်လျက်မှ ပြုံးပြီး ခေါင်းညိတ်ပြသည့် ဆရာမလေး၏ အလှကို တစ် ရွာလုံးက သတိထားမိကြ သည်။ အသက်ခြောက်ဆယ် ကျော် သူကြီးမင်းတောင် ရင်ခုန်သွားသည်။ ဆရာမ လေး ခင်ထားရီ၏ အပြုံးက ချစ်စရာကောင်းသည်။ ရယ် လိုက်လျှင် ပေါ်လာသည့် ဖြူဖွေးညီညာသည့် သွားက လေးတွေနှင့်အတူ ပါးချိုင့် ကလေးနှစ်ခုက ရွာက ကာလသားတွေကိုလည်း ရင် ခုန်စေသည်။

“ဟဲ့ မိအေးရင် ထမင်း စရိတ် ဘယ်လောက် ယူမလဲ ပြောပါဦး”

“ကျုပ် မသိဘူး။ ဆရာမလေး ပေးသလောက်ပဲ ယူမယ်”

“ဆရာမလေးက ဘယ်လောက် တတ်နိုင်လဲ။ စားတာ ကတော့ သူတို့သားအမိ စားသလို စားရမှာပေါ့ကွယ်။ ကောင်းတဲ့ အခါကောင်း ညံ့တဲ့အခါ ညံ့ပေါ့”

“ညံ့ရင်လည်း သမီး စားနိုင်ပါတယ်။ ထမင်းလ ခကတော့ တခြားရွာတွေက ဆရာ၊ ဆရာမတွေ ပေးသလို ၁၅ကျပ် ပေးပါမယ်”

“တစ်လ ၁၅ ကျပ်တဲ့။ မိအေးရင် ကျေနပ်တယ် နော်”

“ဆရာမလေး ပေးသလောက် ယူမယ်လို့ ပြော ပြီးပြီပဲ။ ကျေနပ်တယ်”

သူကြီးက မိအေးရင်လို့ ခေါ်လိုက်သူ အမျိုးသမီးက ဆရာမလေး နေရမည့် အိမ်ရှင် ဒေါ်ရွှေပုံ၏ သမီး အပျို ကြီးဖြစ်သည်။ အသက်လေး ဆယ်မျှသာရှိသေးလို့ ကောက်စိုက်၊ ပျိုးနုတ်၊ စပါးရိတ် အငှားလိုက်ရသည့် လုပ် အားခဖြင့် သားအမိနှစ် ယောက် စားသောက်နေသူ ဖြစ်သည်။ တစ်မိုးလုံး အငှား လိုက်သည့် လုပ်စာက စပါး ၀မ်းစာရနေတော့ ဟင်းစား အတွက်နှင့် ဆား၊ ငါးပိ အတွက်ပဲ ပိုက်ဆံရှာရသည်။ ဆရာမလေးဆီက ထမင်းလ ခ တစ်လကို ၁၅ ကျပ် ရမည် ဆိုတော့ ဟန်ကျသွားသည်။

ဆီတစ်ပိဿာ ၃ ကျပ်၊ ငါးပိတစ်ပိဿာ တစ်ကျပ်ခွဲ၊ ဆားတစ်ပိဿာ ၂၅ ပြားဆို တော့ ပိုက်ဆံ တန်ဖိုးရှိသည့် ခေတ်ဖြစ်လို့ ၀ယ်ယူစုဆောင်း ထားနိုင်သည်။ အသား၊ ငါး လောက်ပဲ ၀ယ်ရမည်။ ဟင်း သီးဟင်းရွက် ဆိုတာကတော့ ၀ယ်စရာ မလို။ ခြံထွက်သီးနှံ တွေဖြင့်ပင် စားမကုန်ဖြစ်နေ သည်။ တောရွာ သဘာဝ အတိုင်း မှိုရှာ၊ မျှစ်ချိုး၊ ကဒတ်ရိုး၊ မျောက်ဥဆိုတာ တွေက ပေါလွန်းလို့ ရခိုင် ရိုးမတောထဲကို နည်းနည်း လောက်ဝင်လိုက်သည်နှင့် ယူမကုန်အောင်ရသည်။ မအေးရင်တို့ သားအမိ အဲဒီ လိုအသက်ရှင် နေကြတာ ဖြစ်သည်။ မအေးရင်တို့ သား အမိသာ မကပါဘူး။ သဖန်း ကုန်းတစ်ရွာလုံးဟာ အဲဒီပုံစံ အတိုင်း အသက်ရှင်နေကြ တာဖြစ်သည်။

သူကြီးက ဒေါ်ရွှေပုံနှင့် မအေးရင်တို့ မိသားစု အကြောင်း ဆရာမလေးကို ပြောပြတာမှာ တစ်ခုကျန်နေ သည်။ မအေးရင်မှာ မောင် တစ်ယောက် ရှိသည်။ ရွာဦး ကျောင်းမှာ ရဟန်းဝတ်ဖြင့် ရှိနေသည်ဆိုသည့် ကိစ္စပြောဖို့ မေ့သွားဟန်တူသည်။

မအေးရင်၏ မောင် နာမည်က ငထွေး။ အငယ် ကောင်ဖြစ်လို့ မောင်ထွေးဟု ခေါ်သင့်ပါလျက် တစ်ရွာလုံးက ငထွေးလို့ ခေါ်ကြသည်။ တစ်ရွာလုံးကခေါ်တော့ အမေနှင့် အစ်မကပါ ငထွေး ပဲ ခေါ်ကြတော့သည်။

ငထွေးကို ကျောင်း ထားလို့မရ၊ ဉဏ်ထိုင်း သည်။ ဆရာတော်က ကိုရင် ၀တ်ပေးပြီး စာသင်ပေးသည့် အတွက် သေစာရှင်စာ လောက်တော့ ရေးတတ်ဖတ် တတ်သည်။ အသက် ၁၉ နှစ် ပြည့်တော့ ဦးဇင်းငထွေး ဖြစ် သွားသည်။ ၅ ၀ါလောက် တောင် ရပြီဖြစ်လို့ ငါးပါး သီလပေး၊ ရေစက်ချလောက်ရွတ်တတ်ဆိုတတ်နေ သည်။
ဦးဇင်းငထွေး သင်္ကန်း ၀တ်နှင့်မြဲနေတာ အကြောင်း နှစ်ခုကြောင့်ဖြစ်သည်။ တစ်ခုက ဘာမှသုံးမရ၊ လူရာမ၀င်လို့ ဖြစ်သည်။ နောက်တစ်ခုက အမေနှင့် အစ်မနေသည့် အိမ်နှင့် ရွာဦး ကျောင်းက ခဲတစ်ပစ် လောက်သာ ဝေးလို့ ဖြစ် သည်။ ဆွမ်းစားပြီးသည်နှင့် ကျောင်းကနေ အမေရှိရာ အိမ် ကို ရောက်လာတတ်သည်။ ကျောင်းမှာ နေနေ၊ အိမ်မှာ နေနေ ဘာမှမထူးသလို ဖြစ် နေလို့ သင်္ကန်းဝတ်ဖြင့် မြဲ နေသည်။ သင်္ကန်းဝတ်ဖြင့် အရိုးထုတ်သွားတော့မည် ဆိုလို့ အမေနှင့် အစ်မက သာမက တစ်ရွာလုံးက ၀မ်း သာနေကြသည်။

ဆရာမလေး ခင်ထားရီ ဒေါ်ရွှေပုံ၏ အိမ်မှာ ထမင်း လခ ၁၅ ကျပ်ပေးပြီးနေသည် ဆိုသည့် သတင်းကို ကြား သိသွားသည့် ဦးဇင်းငထွေး က အိမ်ကိုလာကြည့်သည်။ ဆရာမလေးကို မြင်ပြီးနောက် နေ့တွေကစပြီး ဦးဇင်းငထွေး သည် ကျောင်းမှာ နေတဲ့ အချိန်က နည်းပြီး အိမ်မှာ နေသည့်အချိန်က များလာ သည်။
ဦးဇင်းငထွေးသည် ကျောင်းမှာမနေဘဲ အိမ်မှာ ချည်း အချိန်ပြည့်နေသလို ဖြစ်နေသည့်အခါ ရွာသူရွာ သားတွေက မသင့်တော် ကြောင်း ဆရာတော်ကို လျှောက်ကြသည်။ ဆရာ တော်၏ ၀တ်ကြီးဝတ်ငယ် ကိုလည်း လစ်ဟင်းသည်။ ကျောင်း၏ ဝေယျာဝစ္စတွေ လည်း လစ်ဟာသည့် အတွက် ဆရာတော်က ဦးဇင်းငထွေးကို ရွာထဲမသွား ရလို့ အမိန့်ထုတ်သည်။ ဦးဇင်းငထွေး သူ့မယ်တော် ကြီးဆီကို မသွားရတော့ဘဲ ကျောင်းမှာပဲ တ၀ါဝါသမ်း ဝေပြီး သီတင်းသုံးနေရ တော့သည်။

ဆရာမလေး ခင်ထားရီ သဖန်းကုန်းရွာကို ရောက်လာ ပြီး သုံးလလောက်အကြာမှာ ထူးခြားမှုတွေဖြစ်လာသည်။ ကလေးတွေ စာတော်လာ သည်။ ဆရာမလေးကို တစ် ရွာလုံးက ချစ်လာကြသည်။ မြို့မှာ ကျောင်းတက်နေသည့် သူကြီးသား အောင်တင်ရွာ ကို ပြန်ရောက်လာသည်။ ရွာ ကိုပြန်ရောက်လာပြီး ဆရာမ လေးကို မြင်တယ်ဆိုလျှင်ပဲ မြို့ကို မပြန်တော့ဘဲ ကျောင်း မတက်တော့ဘူး။ ကျောင်း ထွက်လိုက်ပြီဆိုသည့် သတင်း ဖြစ်သည်။ အဖြစ်အပျက် တွေထဲမှာ အထူးခြားဆုံးက တော့ ဦးဇင်းငထွေး လူ ထွက်လိုက်ခြင်းပင် ဖြစ် သည်။

အောင်တင်က ရွာဦး ကျောင်းကို ဆွမ်းပို့ဖို့လာသ လိုလို၊ ဥပုသ်စောင့်ဖို့ လာ သလိုလိုဖြင့် ကျောင်းခြံဝင်း အပြင်က ရွာဦးရွာထိပ်မှာ ပင်ရှိနေသည့် မူလတန်း ကျောင်းကို ၀င်ကြည့်သည်။ ဆရာမလေးကို နှုတ်ဆက် သည်။

“မင်္ဂလာပါ ဆရာမ”
“မင်္ဂလာပါရှင်”
ဆရာမလေးက စာပြ နေလျက်မှ အောင်တင်ကို အပြုံးဖြင့် နှုတ်ဆက်သည်။ ဆရာမလေး၏ အပြုံးလှလှ သည် အောင်တင်၏ အသည်းအူတွေကို ဆွဲယူ လိုက်သလို လှုပ်ခါသွား သည်။ ကလေးတွေကို စာပြ နေသည့် ကျောင်းဆရာမကို ဘာကိစ္စဖြင့် လာရောက် နှုတ် ဆက်တာလဲ။ ဘာပြောစရာ ရှိလို့လဲ။ တစ်ခုခုတော့ ပြော မှဖြစ်မည်။

“ကျွန်တော့်ကို သိပါတယ်နော်”
“သိပါတယ်ရှင်။ ကိုအောင်တင်ပါတဲ့”

ဆရာမလေးက ပြောပြီး မပွင့်တပွင့် ရယ်လိုက်တော့ အနီရောင်နှုတ်ခမ်း နှစ် လွှာကြားက ညီညာဖြူဖွေး သည့် သွားလေးတွေက လှလိုက်တာ။ အသားကဖြူ၊ ရုပ်ကချော၊ သဘောက ကောင်း၊ ပညာကတတ်၊ အရပ်အမောင်းက အနေတော် မြင့်ပြီး တင့်တယ်သည့် အပျိုချောကို လက်လွှတ်ခံလို့ မဖြစ်။ ချစ်ရေးဆိုမည်။ မရ လျှင် ရသည့်နည်းနှင့် ယူမည် ဟု ဆုံးဖြတ်သည်။

ဒီရွာက စူပါစတား ကာလသား၊ မြို့ကျောင်း တက်နေသည့် အောင်တင်ပဲ။ သူကြီးသား အောင်တင်ပဲ။ ဒီရွာကို ရောက်နေတာ သုံးလတောင်ရှိပြီဖြစ်သည့် ဆရာမလေး ခင်ထားရီက သတင်းစကားဖြင့် သိထား ပြီးဖြစ်နေသည်။ အောင်တင် ၀မ်းသာသွားသည်။ အဲဒါက အရေးမကြီး။ အခု ဘာလုပ် မလဲ။ ဘာပြောမလဲ။ ကလေးတွေကို စာသင်နေ သည့် ဆရာမကို တာဝန်မရှိ သူက စကား လာပြောနေသည်။ ၀တ္တရား နှောင့်ယှက် သလိုဖြစ်နေသည်။ အပြစ် ကင်းအောင် ပြောသင့်သည့် စကားကို ပြောမှဖြစ်မည်။

“ဒီရွာမှာ ဘာပြဿနာ ပဲရှိရှိ၊ ဘာအခက်အခဲပဲ ရှိရှိ၊ ဘာလိုချင်တာပဲရှိရှိ ကိုအောင့် ကို ပြောပါ။ ထားလိုချင် တာမှန်သမျှ ရစေရမယ်။ ထားဖြစ်စေချင်တာ မှန်သမျှ ဖြစ်စေရမယ်”

ဒီရွာက သူကြီးသား ဆိုတော့ လုပ်ပိုင်ခွင့် ရှိသူဖြစ်လို့ တာဝန်အရလာပြောသလိုလို၊ ဒီရွာက ကလေးတွေ၏ ပညာရေးကို အနီးကပ်ကြီးကြပ်နေ ရသူလိုလို လေသံဖြင့် ပြော သည်။ ဆရာမလေး မျက်နှာ သည် ရယ်နေရာမှ ပြုံးသည်။ ပြုံးရာမှ တစ်ဆင့် နည်းနည်း ထပ်လျှော့လိုက်ပြီး ပြုံးတည် မျက်နှာဖြင့် ပြောသည်။

“ကျေးဇူးတင်ပါတယ် ရှင်။ ပြဿနာ အခက်အခဲနဲ့ လိုချင်တာ မရှိပါဘူး။ ရှိရင်ပြောပါလို့ ရပ်ရွာသူ ကြီးတွေက ပြောထားပါ တယ်။ ကျွန်မကို ဆရာမလို့ ပဲ ခေါ်ပါ”
အောင်တင်သည် အခုမှ စကား ပြောဖူးသည့် အပျိုကို နာမည် အပြည့်အစုံ မခေါ်ဘဲ ချစ်သူကို ခေါ်သလို ထားလို့ ခေါ်သည်။ ကျွန်တော်လို့ မပြောဘဲ ကိုအောင်လို့ ပြောသည်။ ဘေးလူကြားလျှင် အထင်အမြင် လွဲစရာဖြစ်အောင် အသားယူတယ် ဆိုတာသိလို့ ဆရာမလေးက ပွင့်ပွင့်လင်းလင်း သတိပေးလိုက်တာ ဖြစ်သည်။

ဆရာမလေးက သူ့ အလုပ်ကို သူ ဆက်လုပ် သည့် အနေဖြင့် ကလေးတွေ ကို စာဆက် သင်နေပြီဖြစ်လို့ အောင်တင်သည် စာသင်ကျောင်းက လှည့်ပြန်ခဲ့ရ သည်။ အောင်တင်၏ အန္တ ရာယ်ကို သတိထား ရမည်ဟု ဆရာမလေး သိလိုက်သည်။

ဆရာမလေးမှာ အောင်တင်၏ အန္တရာယ်ကို သတိ ထားနေရသလို တစ်အိမ်တည်း အတူနေရသည့် ဘုန်းကြီးလူထွက်၏ အန္တရာယ်ကိုလည်း လျှော့တွက်လို့ မရ ဖြစ်နေသည်။ ဦးဇင်းလူထွက် ငထွေးသည် ဆရာမလေးကို မျက်စိအောက်က အပျောက် မခံဘဲ အရိပ် တကြည့်ကြည့် ဖြင့် ပိုးပန်းနေတော့သည်။ ဆရာမလေး လိုချင်တာ မှန်သ မျှကို ရအောင်ရှာပေးသည်။ ဆရာမလေးက နှင်းဆီဆို လျှင် နှင်းဆီ၊ သဇင်ဆိုလျှင် သဇင်၊ ပိတောက်ဆိုလျှင် နွေ ရာသီမှာပင် ရအောင် ရှာပေး သည်။ ဆရာမလေး စားချင် သည့် မျှစ်ကို ချိုးပေးသည်။ မှိုကို ရှာပေးသည်။

ဆရာမလေး ထမင်း လခပေးစားနေသည့် အိမ်မှာ ရဟန်းလူထွက်ကာလသား တစ်ယောက် ရှိနေလို့ ဆရာမ လေး အတွက် မသင့်တော်ဆို သည့် အကြောင်းပြချက်ဖြင့် အောင်တင်က ဆရာမလေးကို သူ့အိမ်မှာ ပြောင်းရွှေ့နေထိုင်ရန် မေတ္တာ ရပ်ခံသလိုလို အမိန့်ပေးသလိုလိုဖြင့် ပြောသည်။

“ငထွေး သင်္ကန်းဝတ် နေတုန်းကတော့ ဆရာမလေး အရီး ရွှေပုံအိမ်မှာ နေတာ သင့်တော်ပါတယ်။ အရီးရွှေ ပုံနဲ့ အစ်မ မအေးရင်တို့ကလည်း အလုပ် သွားလုပ်နေ ကြတော့ အိမ်မှာ ငထွေးနှင့် ဆရာမလေး နှစ်ယောက် တည်း နေတာ မသင့်တော်ပါဘူး။ ကျွန်တော်တို့ အိမ်ကို ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်နေ ပါတယ်။ ထမင်းလခ မယူပါဘူး”

သူကြီးအိမ်မှာ ပြုလုပ်သည့် အစည်းအဝေးမှာ အောင်တင်က တရားဝင်ပြော လာသည့်အတွက် ရွာသူရွာ သားတွေ စဉ်းစားကြရတော့ သည်။ အောင်တင် ပြောသည့် အကြောင်းပြချက်ကလည်း ခိုင်လုံသည်။ သူ့အိမ် မှာကျတော့ အိမ်မှာ အမြဲရှိ နေသည့် သူ့အစ်မအပျိုကြီး နှစ်ယောက် ရှိနေလို့ ဆရာမ လေးအတွက် လုံခြုံသည်။ အောင်တင် တင်သွင်းသည့် အဆို၏ အားသာချက်က ဆရာမလေးဆီက ထမင်း လခ မယူဘူး ဆိုသည့် အား သာချက်ဖြစ်သည်။

ထမင်းလခ မပေးရသည့် သူကြီးအိမ်မှာ စရိတ် ငြိမ်းနေရမည် ဆိုတော့ ဆရာမ လေးတောင် စဉ်းစား ရမလို ဖြစ်သွားသည်။ ဆရာမလေး လစာ ၁၂၀ ကျပ်သာ ရသည်။ ထမင်းလခ ပေးပြီး ၁၀၅ သာ ကျန်သည်။ မြို့ကိုသွား ပြီး လခ ထုတ်ရသည့် အတွက် လမ်းစရိတ်က ၅ ကျပ် လောက်ကုန်သည်။ အသား တင် ၁၀၀ ကျန်သည်။ ထမင်းစရိတ် ၁၅ ကျပ် မပေးရတော့ဘူး ဆိုလျှင် လစာ အပြည့်ရသလို ဖြစ် မည်။ စီးပွားရေး အရတော့ အကျိုးရှိသည်။

စီးပွားရေးအရ အကျိုး အမြတ်ရှိသော်လည်း လူမှုရေးအရ အကျိုးယုတ်စရာ ရှိသည်ဆိုတာကို ဆရာမ လေး ထည့်တွက်သည်။ သူကြီးသား အောင်တင်နှင့် တစ်အိမ်တည်း အတူနေရမည့် အန္တရာယ်ဟာ မသေးဘူး ဆိုသည်ကို စဉ်းစားမိသည်။ ဆရာမလေး စဉ်းစားခန်းဝင် နေစဉ်မှာ ရပ်ရွာလူကြီးတစ် ယောက်က ၀င်ပြောသည်။
“မောင်အောင်တင် အကြုံပြုတာ ကောင်းပါ တယ်။ ဆရာမလေး အတွက် ထမင်းဖိုး သက်သာသွားတာ ပေါ့။ ဒါပေမဲ့ ဒီကိစ်္စဟာ ဆရာမလေးရဲ့ အဆုံးအဖြတ် အပေါ်မှာ မူတည်ပါတယ်။ ဆရာမလေးရဲ့ ဆန္ဒအတိုင်း သာဖြစ်သင့်ပါတယ်။ ဆရာမ လေးရဲ့ သဘောကို ပြောပါ”

ရပ်ရွာလူကြီး ရပ်မိရပ် ဖက ဆရာမလေး၏ သဘော ကို ပြောပါဆိုတော့ ဆရာမ လေးတစ်ခုခု ပြောရတော့ မည်ဖြစ်သည်။ အတော် ဘေးကျပ်နံကျပ်ဖြစ်နေသည်။ ထမင်းဖိုးပေးနေရသည့် မအေးရင်တို့ အိမ်မှာ ရဟန်း လူထွက် ငထွေး၏ အန္တရာယ် ရှိသလို ထမင်းဖိုးပေးစရာ မလိုသည့် သူကြီးအိမ်မှာ အောင်တင်၏ အန္တရာယ်ရှိ သည်။ ဆရာမလေး သဘော ကို အပြောရခက်နေသည်။ ဒီအခြေအနေမှာ မအေးရင်၏ အသံထွက်လာသည်။

“ငထွေးက ဆရာမ လေးကို လက်ဖျားနဲ့တောင် မတို့ရအောင် ကျွန်မ တာဝန် ယူတယ်။ ဆရာမလေးသာ ကျွန်မတို့ အိမ်မှာ ဆက်နေမယ် ဆိုရင် ဒီလကစပြီး ထမင်း လခ မယူတော့ဘူး”

မအေးရင်၏ စကား အဆုံးမှာ အစည်းအဝေး တက်ရောက်လာသူ အားလုံး က လက်ခုပ်တီးကြသည်။ ခြေသလုံးမှာ ရွှံ့ပေနေကြ သည့် မဲပြာ ဗိုက်ပူကာလသား တွေက လက်ခုပ်တီးရုံသာ မက လက်ခေါက်မှုတ်ကြ သည်။ အောင်တင်နှင့် ဆရာမလေး နီးစပ်ပြီး ညာသွားမှာကို မနာလိုသည့် စိတ်ဖြင့် မအေးရင်ကို ထောက်ခံကြ တာဖြစ်သည်။ ကာလသားတွေကို မျက်စောင်း ထိုးကြည့် ပြီး တောက်ခေါက်လိုက်သည့် အောင်တင်၏ တောက်ခေါက်သံက အတော် ကျယ်သည်။

ကိစ္စကပြီးချင်တော့ လည်း လွယ်လွယ်ဖြင့် ပြီး သွားသည်။ မအေးရင်က သူ့ မောင် ရဟန်းလူထွက် ငထွေးကို တာဝန်ယူတယ်။ ထမင်းဖိုး မယူဘူးဆိုတော့ ပြီးပြီပေါ့။ မပြီးနိုင်ဖြစ်နေတာ က အောင်တင်ဖြစ်သည်။ ရပ်ရွာလူကြီးတွေနှင့် ရပ်မိ ရပ်ဖတွေရှေ့မှာ မအေးရင်ကို သတိပေးသလိုဖြင့် ခြိမ်း ခြောက်လိုက်သေးသည်။

“ဒီမှာ အပျိုကြီး။ ငထွေးက ဆရာမကို တစ်ခုခု လုပ်ရင် ကာယိနြေ္ဒ ပျက်အောင်လုပ်မှု၊ ၀တ္တရား နှောင့် ယှက်မှုတွေနဲ့ အရေးယူခံရ မယ်ဆိုတာ မှတ်ထားပါ”

“မှတ်ထားစရာ မလို ဘူး သိတယ်။ ငါက စာမတတ်ပေမဲ့ ဥပဒေ တတ်တယ်”

ကဲ ဘာပြောနိုင်သေးလဲ။ ဆရာမလေး ခင်ထားရီ ထမင်းလခ ပေးစရာ မလိုတော့ သည့်အပြင် မအေးရင်တို့ အိမ်မှာ ဆက်လက် နေထိုင်လို့ ရသွားပြီဖြစ်သည်။ အဲဒီတော့ ရင်ကော့ပြီး ရွာရိုးလျှောက် လမ်းသလားပြ သူက ဘုန်းကြီးလူထွက် ငထွေးဖြစ်သည်။ ၀တ်တာ ဆင်တာ ဟိုတုန်းကလို စုတ်စုတ်ပြတ်ပြတ် မဟုတ် တော့ဘဲ သေတ္တာထဲက ခေါက်ရိုး ကျိုးနေသည့် ဘန်ကောက် လုံချည်ထုတ်ဝတ်လာ သည်။ သိသည့်လူတွေ ပြော ကြတာကတော့ သူ့အဖေ လူပျိုတုန်းက ၀တ်ခဲ့သည့် လုံချည်လို့ ပြောကြသည်။ ကြီးတော် ဒေါ်ရွှေပုံနှင့် မင်္ဂလာဆောင်တုန်းက ၀တ် သည့် လုံချည်ဟုလည်း ပြော ကြသည်။ အင်္ကျီ လက်ရှည် အဖြူ၊ ရွှေဖလားရောင် ဘန်ကောက်လုံချည်၊ ခေါင်းတုံး ဆံတောက်နှင့်ဆိုတော့ ရဟန်း လူထွက်ဒီဇိုင်းပီပြင်နေသည်။

ဆရာမ ခင်ထားရီကလည်း ထမင်းလခမပေးရ သည့် ကျေးဇူးတရားကို ထောက်ပြီး ငထွေးကို မျက် နှာသာ ပေးသည်။ ကြီးတော် ဒေါ်ရွှေပုံနှင့် အစ်မ မအေးရင် တို့ကို ရိုရိုသေသေ ဆက်ဆံ ပြသည်။ ဒီလုပ်ရပ်ဟာ ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ် တော့သည်။ ဒေါ်ရွှေပုံနှင့် မအေးရင်ကသာ မက ရွာသူ ရွာသားတွေကပါ ဆရာမ လေးနှင့် ငထွေးတို့ နီးစပ်ပြီး ညားသွားနိုင်သည်လို့ ထင်ကြေး ပေးကြလေတော့သည်။

ဒီလို ဖြစ်လာတော့ အလှူ့ရှင်မှန်း သိအောင် ငထွေးက မဏ္ဍပ်တိုင်တက် ပြသည်။ ခင်ထားရီ ပန်ချင် သည့် ပန်းကို ရှာခူးပေးသည်။ ချိုးရေ ငင်ပေးသည်။ စားချင် သည့် မှို၊ မျှစ်ရှာချိုးပေး သည်။ ၀င်းခြံချင်းကပ်နေ သည့် ကျောင်းကို သွားတာတောင် လိုက်ပို့သလို ဖြစ်အောင် ခင်ထားရီနောက်က လိုက်သွားလိုက်သေးသည်။ အမှန်က မှိုရှာဖို့၊ မျှစ်ချိုးဖို့ တောင်ပေါ်တက်ရင်း လမ်းကြုံလိုက်တာ ဖြစ်သည်။ အထင်ခံရလည်း မနည်းဘူး ဆိုသည့် ပုံမျိုး လုပ်ပြနေသည်။

ခင်ထားရီက ငထွေးကို အခွင့်အရေးပေး အလို အလိုက်နေတာ တခြား အကြောင်း တစ်ခုရှိသေး သည်။ သူကြီးသား အောင်တင်၏ အနှောင့်အယှက် အန္တရာယ်က ကာကွယ်နိုင် အောင်ဖြစ်သည်။ ဒါကို သဘော မပေါက်သည့် ဒေါ်ရွှေပုံနှင့် မအေးရင်တို့က မျှော်လင့်နေကြသည်။ နားမလည်သည့် ငထွေးက သွေး နားထင် ရောက်နေသည်။ ဆရာမလေး ခင်ထားရီက ထမင်းဖိုး ကျေအောင် အားနာပါးနာဖြင့် ငထွေး၏ အသား ယူမှုတွေကို ခွင့်ပြုနေ ရသည်။

ဒေါ်ရွှေပုံနှင့် မအေးရင် တို့ကလည်း ဖြစ်လိုဖြစ်ငြား ဆိုသည့် မျှော်လင့်ချက်ဖြင့် ငထွေးနှင့် ခင်ထားရီကို နှစ် ယောက်ချင်းတွေ့အောင် ဖန်တီးပေးသည်။ အလုပ် သွားလုပ်ကြသလိုလို ပုံစံဖြင့် ရှောင်ပေးသည်။ ဒါကို ခင်ထားရီကလည်း သိ သည်။ သို့သော် ငထွေးသည် ဆရာမလေး ခိုင်းတာကိုသာ လုပ်ရဲသူဖြစ်သည်။ ချိုးရေ ငင်ပေးပါဆိုလျှင် ငင်ပေး သည်။ မရိုသေ့စကား၊ ထမီ လျှော်ပေးပါဆိုလျှင်တောင် လျှော်ပေးမည့် သူမျိုးဖြစ် သည်။ ဆရာမလေးက မခိုင်းလျှင် ခွင့်မပြုလျှင် ဘာမှ မလုပ်ရဲသူဖြစ်သည်။

ဒါပေမဲ့ အသက်တူ အရွယ်တူ ယောက်ျားနှင့် မိန်းမဖြစ်လို့ လျှော့တွက်လို့ မဖြစ်၊ နှစ်ယောက်တည်း အတူရှိနေသည့် အချိန်မှာ အကျပ်ကိုင် အကြမ်းဖက်လာပါက ကိုယ့်ဘက်က လိမ္မာ ပါးနပ်စွာ ကိုင်တွယ်တက်ရ မည်လို့ စဉ်းစားထားသည်။

ဆရာမလေး ခင်ထားရီ ကို တစ်ဖက်သတ်ကျိတ်ပြီး ပိုးပန်းနေသည့် ငထွေး၏ အခြေအနေကလည်း တစ်နေ့ တခြားပိုဆိုးလာသည်။ သွေး ပူချိန်မြင့်တက်လာသည်။ ဆရာမလေးကို သူ့မျက်စိ အောက်က အပျောက်မခံဘဲ လိုက်ကြည့်နေသည်။ ဆရာမ လေး ကျောင်းသွားလျှင် ကျောင်းကိုလိုက်သွားပြီး ဟိုယောင်ယောင်၊ သည် ယောင်ယောင်လုပ်နေသည်။ ဆရာမလေး စာသင်နေချိန် မှာ ငထွေးက စာသင် ကျောင်းဝင်းထဲက ချုံတွေကို ခုတ်နေသည်။ ကျောင်း အ၀င်လမ်းက မြက်တွေကို နုတ်နေသည်။ ကျောင်းဆင်း လို့ ဆရာမလေး ထမင်းစား ပြန်လျှင် သူပါလိုက်ပြန် သည်။ ရွာက ရွာသူရွာသား တွေမြင်လျှင် ဆရာမလေးနှင့် ဟန်ကျနေပြီဟု အထင်ခံရ လည်း မနည်းဘူးဆိုသည့် အတွေးဖြင့် လုပ်ပြနေတာ ဖြစ်သည်။

တစ်ခါမှာတော့ ရွာ အနောက်ပိုင်းက လမ်း လျှောက်ပြီး ပြန်လာသည့် ဆရာမလေးကို အောင်တင် က စကားလိုက်ပြောသည်။ ဘယ်ကပြန်လဲ၊ ဘယ်သွား မလို့လဲ၊ ရိုးရိုးသားသား စကားတွေပြောပြီးသည်နှင့် ရည်းစားစကားတွေ ပြော တော့သည်။

“ထားကို ကိုအောင် ချစ်တယ်။ ကြိုက်တယ်။ တကယ်ကြိုက်တာပါ”

မျက်နှာချင်းဆိုင် စကား ပြောသည့် အောင်တင်ဆီက အရက်နံ့ရသဖြင့် ခင်ထားရီ ကြောက်သွားသည်။ လမ်း လယ်ကောင်မှာ ဆွဲလားရမ်း လားလုပ်မှာ ကြောက်လို့ အောင်တင်ရှေ့က ပြေးထွက် လာခဲ့သည်။ ခင်ထားရီကို မျက်ခြည်ပြတ်မခံဘဲ လိုက် ကြည့်နေသည့် ငထွေးကို ရွာ လယ်လမ်းပေါ်မှာ တွေ့လိုက် သည်။ ခင်ထားရီက ငထွေး ဆီကို ပြေးသွားပြီး ငထွေး၏ လက်မောင်းကို ဆွဲကိုင်လိုက် မိသည်။ ကြောက်ပြီး အကူ အညီတောင်းလိုက်တာ ဖြစ် သည်။ အောင်တင် လိုက် မလာသည့်အတွက် တော်ပါ သေးရဲ့ဟု ရင်ဘတ်ကိုဖိပြီး သက်ပြင်းချလိုက်သည်။

“အောင်တင်က ခင် ထားရီကို ဘာလုပ်လဲဟင်”

“ဘာမှ မလုပ်ဘူး။ အိမ်ကို မြန်မြန်ပြန်ကြစို့”

အဲဒီ အဖြစ်အပျက်ဟာ ငထွေးအတွက် အလွန် ကံကောင်းသည့် အခွင့်အရေး ကြီး ဖြစ်သွားသည်။ ခင် ထားရီ၏ လုံခြုံရေး အတွက် သူ့မှာ တာဝန် ရှိသွားပြီ ဆိုသည့်ပုံဖြင့် အနီးကပ် စောင့် ကြပ်နေတော့သည်။ ခင်ထားရီက အောင်တင်၏ ရှေ့မှာပင် သူ့လက်မောင်းကို ကိုင်ပြ လိုက်တာဟာ ခင်ထားရီက သူ့ကို အရဲစွန့်ဖို့ မီးစိမ်းပြ လိုက်တာပဲဟု ယူဆသွားသည်။

ခင်ထားရီဘက်က အချက်ပြနေပြီ ဖြစ်လို့ ကိုယ့်ဘက်က ဆက်လက်လှုပ်ရှား မှ ခရီးရောက်မည်။ ဆရာမ လေး ခင်ထားရီကို အမေနှင့် အစ်မအလစ်မှာ ချစ်ရေး ဆိုမည်ဟု ဆုံးဖြတ်လိုက်သည်။ အမေနှင့် အစ်မတို့ကလည်း အိမ်မှာ မရှိသည့် အချိန်က များနေသည်။ ငထွေး အတွက် ချစ်ရေးဆိုဖို့ အခြေ အနေက အမြဲပေးနေသည်။

ဆရာမလေး ခင်ထားရီ ထမီရင်လျားဖြင့် သနပ်ခါး လိမ်းနေတာမြင်ရတော့ စိတ် မထိန်းနိုင်တော့ဘဲ ခင်ထားရီ ၏ အနီးမှာ သွားထိုင်သည်။ ခင်ထားရီ လန့်သွားသည်။
“ကိုထွေး ဒါဘာလုပ် တာလဲ”

“ခင် ခင် ခင်ထားရီကို ကြိုက်လို့။ ကိုထွေးကို ပြန် ကြိုက်ပါနော်”

“သွားပါ။ အိမ်ရှေ့ကို သွားနေပါ။ အရီးပုံနဲ့ မအေး ရင်လာရင် တွေ့သွားပါဦး မယ်”

“မလာဘူး။ အမေနဲ့ မမကြီးတို့က ညနေမိုးချုပ်မှ ပြန်လာမှာ”

“အိမ်ရှေ့ကဖြတ်သွား ဖြတ်လာတစ်ယောက်က မြင်သွားပါဦးမယ်။ သွားပါ တော့”

“ခင်ထားရီ၊ ကိုထွေးကို ကြိုက်ပါနော်။ ခင်ထားရီကို မရရင် ကိုထွေး သေရပါလိမ့် မယ်”

ခင်ထားရီ အကျပ်တွေ့ နေသည်။ ထမီရင်လျားဖြင့် ဖြစ်နေသည်။ အိမ်မှာ နှစ် ယောက်တည်း ရှိတဲ့အချိန်ဖြစ် နေသည်။ ပိုမိုလုံခြုံအောင် မျက်နှာသုတ်ပ၀ါကြီးကို ဆွဲ ခြုံလိုက်သည်။ လောလော ဆယ်ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ဖြေရှင်းရန် အကောင်းဆုံးနည်းက ခေါင်းညိတ်ပြလိုက်တာ အန္တရာယ် ကင်းမည်လို့ သိ လိုက်သည်။ ပြုံးပြီး ခေါင်း ညိတ်ပြလိုက်သည်။

“အင်းပါ မသေပါနဲ့။ ကြိုက်ပါတယ်။ အိမ်ရှေ့ကို သွားပါတော့”

မောင်ထွေးသည် ဆရာ မလေး ခင်ထားရီကို လှမ်းဖက်ပြီး ပါးကို နမ်းဖို့လုပ်သည်။ အတော်အရဲ စွန့်ရဟန် တူသည်။ အသားတွေ တုန်နေသည်။ ခင်ထားရီက ငထွေးကို တွန်းဖယ်ရုန်း သည်။
“ကိုထွေး ဘာလုပ်တာ လဲ။ ကြိုက်ပါတယ်လို့ ပြော ပြီးပြီပဲ။ သွားပါတော့”

“ချစ်လို့ပါ ထားရယ်။ တစ်ခါလောက် နမ်းပါရစေ။ ထားကို တစ်ခါလောက် နမ်းရရင် ကိုထွေး သေပျော်ပါပြီ။ တစ်ခါလောက် နမ်းပါရစေ နော် နော်လို့”
ခင်ထားရီအတွက် အတော်အကျပ်တွေ့သည့် ကာလဖြစ်သည်။ တစ်အိမ် တည်းမှာ နှစ်ယောက်တည်း သာရှိနေသည့် အချိန် ဖြစ် သည်။ သူတို့အိမ်မှာ နေသည်။ သူတို့ ကျွေးသည့် ထမင်းကို အခမဲ့စားနေသည့် ကာလဖြစ်သည်။ ငထွေး သည် လူပျော့စိတ်ရူးသမား ဖြစ်သည်။ သူဖြစ်ချင်တာ မဖြစ်ရလျှင်၊ သူလုပ်ချင်တာ မလုပ်ရလျှင် သူ့ကိုယ်သူပင် သတ်သေမည့်သူဖြစ်သည်။ သူ နမ်းချင်နေသည့် မိမိ၏ ပါးကို တစ်ခါလောက် အနမ်း ခံလိုက်ရတာဟာ မိမိအတွက် ဘာမှ မနစ်နာသော်လည်း ငထွေးအတွက်တော့ အလွန် အဖိုးတန်သည့် ရတောင့်ရခဲ အခွင့်အရေးကြီးဖြစ်လိမ့် မည်။ ဒါလောက်တောင် သူ နမ်းချင်နေတာကို နမ်းခွင့်ပေး လိုက်တာဟာ သူ့အတွက် ရော ကိုယ့်အတွက်ပါ အဆင် ပြေသွားမည်ဟု သတိရ လိုက်သည်။ တစ်ခါတော့ နမ်းခွင့်ပြုလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

“ကိုထွေး နမ်းလိုက်ရင် သနပ်ခါးလိမ်းထားတာ ပျက် ကုန်မှာပေါ့”

“ပြန်လိမ်းရင် ရပါ တယ်။ နမ်းပါရစေနော်”

“တစ်ခါပဲ နမ်းရမယ် နော်”

“တစ်ခါပါပဲ။ တစ်ခါ လောက်နမ်းရရင် သေပျော် ပါပြီး ထားရယ်”

“မသေပါနဲ့။ ကဲ ရော့ နမ်း”

ခင်ထားရီက ငထွေး ၏ နှာခေါင်းအနီးကို ပါးထိုးပေး သည်။ ငထွေးသည် ခင်ထား ရီ၏ ပခုံးနှစ်ဖက်ကို ရွရွလေး ကိုင်ပြီး ယာဘက်ပါးကို အား ပါးတရ ဆွဲရှူနမ်းလိုက် သည်။ သနပ်ခါးနံ့သင်းသင်း သည် နှာခေါင်းမှ လည် ချောင်း၊ ရင်ခေါင်းကို ဖြတ် ဆင်းပြီး ချက်တိုင်အထိ ရောက်သွားသည်လို့ ထင် လိုက်သည်။ ရှူသွင်းထား သည့် လေကို ပြန်ထုတ်ရမှာ နှမြောလို့ ဖြေးဖြေးလေး ပြန်ထုတ်သည်။

“အား မွှေးလိုက်တာ ထားရယ်။ ကိုထွေး ကျေနပ် သွားပြီ။ ကိုထွေးကို ချစ်ပါ နော်။ ထားကိုမရရင် ကိုထွေး ရူးလိမ့်မယ်”

“ကဲ ကျေနပ်ရင်သွား တော့။ မရူးပါနဲ့။ ကိုထွေး ရူးရင် ငထွေးရူး ဖြစ်သွားမှာ ပေါ့”

ငထွေးသည် အောင်ပွဲရ အချစ်သူရဲကောင်းကြီးလို ပျော်သွားသည်။ အောင်ပြီဆို သည့် အကြောင်းကို အမေနှင့် အစ်မကို ပြောပြမည်။ အလုပ် လုပ်တော့မည်။ ဆရာမလေး ခင်ထားရီကို မင်္ဂလာဆောင် ယူမည်။ အလုပ်ကြိုးစား မည်။ ဇနီးချော ပညာတတ် မလေးကို ခြေမွေး၊ လက်မွေး၊ ခြေသလုံးမွေး ဘယ်အမွေးမှ မီးမလောင်စေဘဲ အလှကြည့် ထားမည်ဟု ရည်ရွယ်သည်။

ကျောင်းပိတ်သည့် ရာသီရောက်တော့ ဆရာမ လေး မြို့ကိုပြန်သည်။ ငထွေး က မြို့ကို သွားမည့် ကားကြီး ရပ်နားသည့် ကားလမ်းမကြီး အထိ ဆရာမလေးကို လိုက် ပို့သည်။ ဆရာမလေးကို ကြာ ကြာမခွဲနိုင်ဟု ကျောင်းမဖွင့် မီပြန်ခဲ့ပါလို့ မှာသည်။ ဆရာ မလေးက ခေါင်းညိတ်ပြုံးပြ ပြီး မြို့ကားကြီးပေါ် တက် သွားသည်။ မြို့ကိုသွားသည့် ကားကြီး မြင်ကွင်းက ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ အိမ်ကို ပြန်လာ ခဲ့သည်။ အိမ်ကိုပြန်ရောက် တော့ သူမရှိတော့လို့ လွမ်း နေတော့သည်။

ကျောင်းတွေ ပြန်ဖွင့် သည့်အခါမှာတော့ သူကြီး အိမ်ကို ကျောင်းဆရာတစ် ယောက်ရောက်လာပြီး သတင်းပို့သည်။ ဆရာမ ခင်ထားရီ၏ နေရာမှာ လူစား လာသည့် ဆရာဟု သိရ သည်။ ဆရာမလေး ခင်ထား ရီက မြို့ကျောင်းမှာ တာဝန် ကျနေပြီဟု ပြောသည်။ အသစ်ရောက်လာသည့် ကျောင်းဆရာနှင့် အတူ ဒေါ်ရွှေပုံမိသားစု အတွက် စာတစ်စောင်ပါလာသည်။ ဒေါ်ရွှေပုံနှင့် မအေးရင်က စာမဖတ်တတ်သည့် အတွက် သူကြီးက ငထွေးကို ခေါ်ခိုင်း ပြီး ပေးဖတ်လိုက်သည်။

အရီးပုံ၊ မမအေးရင်၊ ကိုထွေးတို့ ကျန်းမာကြပါ စေ။ ကျွန်မကို ကျွေးမွေး စောင့်ရှောက်လိုက်ကြသည့် အတွက် ကျေးဇူးတင်နေပါ သည်။ မြို့ကျောင်းမှာ အလုပ် ရလို့ သဖန်းကုန်းရွာကို ပြန် မလာရတော့ပါ။ အမေ့ဘက်က ဆွေမျိုးတစ်စ တော်သည့် အထက်တန်းပြ ဆရာနှင့် လက်ထပ်ပြီးလို့ မင်္ဂလာ ဆောင်ပြီးပါပြီ။ ကျောင်းပိတ် တော့မှ ခင်ပွန်းနှင့် အတူ ရွာကို လာလည်ပါဦးမည်။
ခင်ထားရီ

အဲဒီစာကို ဖတ်ပြီးတယ် ဆိုလျှင်ပဲ ငထွေးသည် အိမ်ကို မပြန်ဘဲ ရွာဦးကျောင်း ကိုသွားသည်။ အိမ်ကို ပြန် မလာသည့် အတွက် ဘုန်းကြီး ကျောင်းကိုလိုက်သွားကြည့် ရာ သင်္ကန်းပြန်ဝတ်နေတာ တွေ့ခဲ့ကြရတော့သည်။ ကိုရင်ကြီးလား၊ ဦးဉ္စင်းလား ဆိုတာတော့ နောက်မှ မေး မည်ဆိုပြီး ကျောင်းက လှည့် ပြန်ခဲ့ကြသည်။
အဏ္ဏ၀ါစိုးမိုး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

ကောင်းကင် အမိုးဖာသောနေ့ - ရွှေရင်နှစ် (မြို့သာ)

 



ကျောင်းတက်ခေါင်းလောင်း မထိုးသေးပါ။ သို့သော် သန့်ရှင်းရေး ဂျူတီ ကျသည်မို့ ကျွန်မ အတန်းဖြစ်သော ဆဋ္ဌမတန်း(က)ကို သန့်ရှင်းရေး လုပ်ပြီး မပြီး စစ်ဆေးရန် အခန်းတွင်းသို့ ၀င်လိုက်သည်။
အတန်း၏ နောက်ပိုင်း စာသင်ခုံ လွတ်သော နေရာများတွင် မိန်းကလေးများက ဆူညံစွာ ကစားနေသည်။ ယောက်ျားလေး တချို့က လက်တစ်ဝါးစာ ပလတ်စတစ် ကျူခုံလေး ကို ၀ိုင်းအုံနေ၏။

အရွယ်မတိုင်မီ ဆံပင်ဖြူဖွေး နေသော ကျောင်းသားနှင့် အခြားကျောင်းသား တစ်ယောက်က ကစားစရာ ပစ္စည်း တစ်မျိုးဟု ထင်ရသော အရာတစ်ခုကို သူနိုင်ကိုယ်နိုင် လုယူနေကြသည်။ သူတို့၏ အတန်းပိုင် ဖြစ်သော ကျွန်မ အတန်းထဲသို့ ၀င်လာသည်ကို ဇာတ်စင်ပေါ်တုန်းက အ၀တ်အစားပြိုး ပြိုးပြောင်ပြောင်နှင့် မင်းသမီးအား ဇာတ်စင်အောက်တွင် အ၀တ်အစား စုတ်စုတ် ပြတ်ပြတ်နှင့်တွေ့ရ၍ အထင် မကြီး၊ ဂရုမစိုက်သော မျက် လုံးများဖြင့် ကြည့်သလို ကျွန်မကို တစ်ချက် လှည့် ကြည့်လိုက်ကြကာ သူတို့ လုပ်မြဲ အလုပ်ကိုသာ ဆက် လုပ်နေကြသည်။

နည်းနည်းလေးမှ မရွံ့၊ နည်းနည်းလေးမှ မရှိန်း၊ နည်းနည်းလေးမှ ဂရုမစိုက်။ ကျောင်းတက်ချိန် မဟုတ် သေး၍ အတန်းပိုင် ဆရာမကို ဂရုစိုက်စရာ၊ ကြောက်စရာ မလိုသေးဟု ယူဆထားကြ သလိုမျိုး။ “ကြောင်လာတော့ ကြွက်ငြိမ်သည်” ဟု ပြောကြ သည်။ ကြောင်ကို ကြွက်က ကြောက်သလိုမျိုး ကြောက်ရွံ့ နေရမည်ဟု မဆိုလိုပါ။ ဆူညံ နေသော တပည့်များသည် ကြောက်စရာ ဆရာတစ်ဦးဦး ရောက်လာလျှင် မီးကိုရေနှင့် ငြှိမ်းလိုက်သလို ရှဲခနဲ မမြည်ရုံ တမည် ငြိမ်သွားသည်ဟု ပြောကြသည်။ ထိုသို့ ကြောက်ရွံ့၍ ကျောက်ရုပ်လို ငြိမ်သက် သွားခြင်းကိုလည်း ကျွန်မ မနှစ်သက်ပါ။ သို့သော် လေးစားရိုသေတတ် သည့်အသိစိတ်တော့ ရှိရမည် ဖြစ်သည်။

သို့သော် ဒါ ကျွန်မ အယူအဆနှင့် အမြင်သာ ဖြစ်ပြီး သူတို့ကတော့ ထိုသို့ ယူဆပုံ မရပါ။ ယူဆရကောင်း မှန်းလည်း သိပုံမပေါ်ပါ။ ဆူညံသူက ဆူညံမြဲ ကစားသူက ကစားမြဲ။ လုယူ သူက လုယူမြဲ၊ အမှိုက် တောင်းဘေးမှာ အမှိုက်တွေ က ပြန့်ကျဲဆဲ။ မညီမညာခုံများနှင့် ဆူဆူညံညံ တပည့်များကို တစ်ခန်းလုံး ဝေ့၍ အကဲခတ် လိုက်ရင်း “ရာဇ၀င်များနှင့် အတန်း” ဟု ကျွန်မ အမည် ပေးလိုက်သည်။

ထိုရာဇ၀င်များနှင့် အတန်းကတော့ ကျွန်မကို စိန်ခေါ်နေလေပြီ။

ထိုကလေးများ ဒုတိယတန်း နှစ်က ဖြစ်သည်။ ကျောင်းဆင်းပြီး တစ်ညနေတွင် ကျွန်မအိမ်မှာ ရှိနေစဉ် ကလေးအုပ်စုတစ်စု က ကျွန်မ၏အိမ်ဘေးလမ်းမှ ဖြတ်သွားပြီး ရိုင်းရိုင်းစိုင်းစိုင်း အော်ဆဲသွားကြသည်။ မည် သူ့ကိုဟူ၍တော့ အမည်မပါ ပါ။ သို့သော် ဆရာမတစ် ယောက်၏ “နား”က နား ထောင်၍ မရ။ ကျွန်မ အတန်းမှမဟုတ်သော်လည်း ကျွန်မကျောင်းမှ ကလေး ငယ်များကို အရပ်ထဲမှကြား သွားသူအချို့က “ကျောင်း သားတွေဖြစ်ပြီး ရိုင်းလိုက် တာ” ဟု ကျွန်မ အပြောမခံ နိုင်။

“ဟိတ် ဘယ်သူတွေ လဲ” ဟု ကျွန်မ လှမ်းအော် မေးလိုက်သည်။ ကျွန်မအသံ ကြောင့် ကလေးတွေက ၀ုန်း ၀ုန်းဒိုင်းဒိုင်း ထွက်ပြေးသွား ကြသည်။

“အဲဒါ သားတို့အတန်း က”ဟု ကျွန်မ တူလေးက ပြောသည်။ “သားနဲ့ ကျောင်း တုန်းက ဘာဖြစ်လာခဲ့လို့လဲ” ဟုမေးတော့ “ဘာမှမဖြစ်ပါ” တဲ့။

“ဒါဆိုလည်းပြီးရော” ဟုပြောကာ ကျွန်မ ဖတ်လက်စ သတင်းစာကို ကိုင်ပြီး ကျွန်မတို့ အိမ်ခေါင်းရင်း မန်ကျည်းပင် အောက်မှ မန်ကျည်း မြစ်ကြီးပေါ်တွင် ထိုင်၍ သတင်းစာ ဆက်ဖတ် နေမိသည်။ မန်ကျည်းမြစ်က လူတစ်ထိုင်စာ ရှိပြီး အိမ်၏ ဘေးလမ်းဘက်တွင် ထွက်နေသည်။

ကျွန်မ သတင်းစာကို စိတ်ဝင်စားနေစဉ် ကျောက်ခဲ တစ်လုံးက ဒေါက်ခနဲ ကျွန်မ ရှေ့လာကျသည်။ ကျွန်မ သတိ မထားမိသေးပါ။ နောက်ထပ် ခဲတစ်လုံး။ ကျွန်မ မော့ကြည့်လိုက်သည်။ “တဟိဟိ” အသံနှင့် လမ်း ထိပ်ဘက် ပြေးဝင်သွားသော အရိပ်များ။ ကျွန်မ သိလိုက်သည်။ ခုန ကလေးအုပ်စုက မပြန်သေးဘဲ ၀စီကံသာမက ကာယကံပါ ကျူးလွန်လာ ကြခြင်း။

ကျွန်မ သတင်းစာကို လက်တစ်ဘက်က ကိုင်ရင်း လမ်းထိပ်ဘက် လျှောက်ကြည့် လိုက်သည်။ ကလေး အုပ်စုကို တစ်ယောက်မှ မတွေ့ရ။ ဒါနဲ့ ကျွန်မ နေရာ ပြန်ထိုင်၍ စာဆက် ဖတ်နေလိုက်သည်။ ဒေါက်ခနဲ ခဲတစ်လုံး။ ကျွန်မ ခေါင်းမော့၍ ဘယ် ညာငဲ့ကြည့်လိုက်သည်။ သစ်ပင်ကွယ်လိုက်ကြသော ပုံရိပ်များ။ ခုနလို ကျွန်မထိုင် နေရာ၏ ညာဘက်အရပ်မှာ မဟုတ်တော့။ ဘယ်ဘက် အရပ်မှာ။ လမ်းတောင်ဘက် မှ တစ်ပတ်ပတ်၍ လမ်း မြောက်ဘက်သို့ ရောက်လာ ကြခြင်း ဖြစ်သည်။

ကျွန်မ သက်ပြင်းတစ် ချက်ချ၍ ထရပ်လိုက်သည်။
ဒါ ရာဇ၀င် “တစ်” ဖြစ် သည်။

မနှစ်က တစ်နည်းအား ဖြင့် ထိုကလေးများ ပဉ္စမ တန်းနှစ်။ ကျွန်မ ကျောင်းရုံးခန်းမှ ကျောင်းတက် လက်မှတ်ထိုး ပြီး ပြန်ဆင်းလာတော့ အရွယ်နှင့် မမျှသော စကားလုံးအား အော်ဟစ်နေသော ကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ ကျွန်မလည်း ထို ကလေးကို ဆုံးမသွန်သင်ရန် ထိုအတန်းကို လက်ရှိသင်ပြ နေသော ဆရာမအား အသိ ပေးလိုက်သည်။ ထိုဆရာမ ကလည်း ချက်ချင်းအတန်း ထဲဝင်၍ ကလေးကို သွား ဆုံးမသည်။ ပြီးတော့ ပြန် ထွက်လာ၍ ကျွန်မကို ပြော၏။

ထိုကလေးက ပြောပါ သည်တဲ့။ “အဲဒီဆရာမ ညာ တာပါ။ ကျွန်တော် အဲဒီလို မအော်ပါဘူး”တဲ့။ ကျွန်မ ချက်ချင်းအဲဒီ ကလေးကို ခေါ်ခိုင်း၍ ကျွန်မ တို့ဆရာမ နှစ်ယောက်ရှေ့တွင် ဖြေရှင်းလိုက်သည်။ ထိုအခါ ထိုကလေးက ပြောသည်။ “ဆရာမကို သူ အဲဒီလို မပြောခဲ့ပါ”တဲ့။ ဆရာမနှစ်ယောက်ကြားတွင် ဆရာမနှစ်ယောက်ကို ရှေ့ ထား၍ စကားအပြောင်းအလဲ အမျိုးမျိုးနှင့် ဗလောင်းဗလဲ ပြောနေသော ကလေး၏ မျက်လုံးများကို ကျွန်မစိုက် ကြည့်လိုက်၏။ ကျွန်မကို ပြန်မကြည့်ရဲဘဲ မျက်နှာလွှဲ သွားသော ကလေး၏ မျက်လုံးများတွင် ကလေးတစ် ယောက်၏ ဖြူစင်ရိုးသားမှု များ ပျောက်ဆုံးနေသည်မှာ ၀မ်းနည်းစရာပဲ ဖြစ်လေ သည်။
ဤသည်က ရာဇ၀င် “နှစ်” ဖြစ်သည်။

ရာဇ၀င် “သုံး” ကတော့ အုပ်စုလိုက်ဖြစ်သည်။
ကျောင်းရှေ့တွင် အဆောက်အအုံရွှေ့လိုက် သောကြောင့် ကျန်ရစ်ခဲ့သော မိုးရေကန်တစ်ခုရှိသည်။ ထို ရေကန်ထဲသို့ ကျနေသော ဘောလုံးကို “ရာဇ၀င်” အုပ်စု မှဆယ်၍ ကန်ကြသည်။ သူ တို့ ကန်သည်ကိုမြင်တော့ ပိုင်ရှင်ဖြစ်သော မူလတန်းက လေးက ပြန်တောင်းသည်။ ထိုအခါ သူတို့က ဘောလုံး ပိုင်ရှင် ကလေးကို ဘောလုံးဖိုး ပေးမှ ပြန်ပေးမည်ဟုပြော သည်။ တန်ဖိုးပေးမှ ဘောလုံးပြန်ရမည့်ဘောလုံး ပိုင်ရှင် မူလတန်း ကလေးက နောက်ဆုံးတွင် မခံမရပ်နိုင်စွာ ငိုယို၍ အတန်းပိုင်ဆရာမကို လာတိုင်သည်။

Forest Law (တောတွင်း ဥပဒေ)ဆိုသည့် ကြီးနိုင်၊ ငယ် ညှဉ်းဝါဒကို ကျွန်မ စိတ်က လုံးဝ လက်မခံနိုင်။ တော တွင်း ဥပဒေဟူသည် အသိ ဉဏ်မရှိသော ရိုင်းစိုင်းသော တိရစ္ဆာန်များအတွက် ဖြစ်၏။ ကျွန်မတို့က လူတွေလား၊ တိရစ္ဆာန်တွေလား။ “လူ” တွေကို လူဖြစ်အောင် သင် ကြားပေးကြရမည့်ဆရာ၊ ဆရာမတွေ မဟုတ်ဘူးလား။

ကျွန်မအတန်းမဟုတ် ၍ ကျွန်မနှင့် မသက်ဆိုင်လှ ပါဘဲ ကျွန်မ ဖြေရှင်းဖို့မလို အပ်ပါဘဲနှင့် မနေနိုင်မထိုင် နိုင် ကျွန်မ စကားတစ်ခွန်းဝင် ပြောလိုက်မိသည်။ “နေစမ်း ပါဦးကွာ။ ဆရာမတို့ နေရာ ခဏ လဲကြည့်လိုက်ကြရ အောင်။ ဒီကလေးတွေက မင်းတို့ရဲ့ ညီလေးတွေဆိုပါ စို့။ သူတို့ ဘောလုံးရေကန်ထဲ ကျသွားတာကို သူတို့ထက် အတန်းကြီးတဲ့ ကျောင်းသား တွေက ဆယ်ပြီးကန်မယ်။ လိုချင်ရင် ဘောလုံးဖိုးပေးလို့ တောင်းမယ်။ အဲဒီလိုဆိုရင် မင်းတို့ညီလေးတွေရဲ့ ကိုယ် စား မင်းတို့ဘယ်လိုခံစားရ မလဲ။ ဒါမှမဟုတ် သူတို့ ထက် အတန်းကြီးတဲ့အစ်ကိုကြီး တွေက “ညီလေး မင်းတို့ ဘောလုံးကို ကိုကြီးတို့ဆယ် ပေးမယ်နော်။ ကိုကြီးတို့ ခဏတော့ ကန်မယ်ကွာ။ ပြီး ရင် ပြန်ပေးမယ်လို့ပြောရင် ဘယ်ကျောင်းသားမျိုးကို မင်းတို့သဘောကျမလဲ။ ကျေးဇူးတင်မလဲ” ဘောလုံး ကိုင်ထားသော အုပ်စုခေါင်း ဆောင်က ခဏတော့ ငြိမ် သက်သွားသည်။

ပြီးမှ ဘောလုံးပိုင်ရှင် ကလေးထံသို့ “ရော့” ဟုဆို ကာ ဘောလုံးကိုပစ်ပေးလိုက် လေသည်။
ယခု ထို“ရာဇ၀င် ကလေး”များသည် ကျွန်မ အတန်းသို့ ကျွန်မတပည့်လေး များအဖြစ် ရောက်ရှိလာကြ သည်။
ထိုကလေးများသည် ကျွန်မ တပည့်များ ဖြစ်၏။ တစ်နည်းအားဖြင့် ကျွန်မ၏ သားသမီးများလည်း ဖြစ်ပါ သည်။

ကျွန်မ အတန်းတွင်းသို့ ၀င်လိုက်သည်။ အတန်း၏ Atmosphere (ပျံ့နှံ့လေထု)ကို ကျွန်မ သဘောမကျပါ။ ကျွန်မကို “မင်္ဂလာပါ” ဟု နှုတ်ဆက်ပြီး ထိုင်လိုက် ကြသော ကလေးများ၏ မျက်နှာများကို ဝေ့ကြည့်၍ အကဲခတ်လိုက်သည်။ ဆဋ္ဌမ တန်းဟူသည် အလယ်တန်း အောက်ဆင့်ကလေးငယ်များ သာ ဖြစ်သည်။ သို့သော် ကလေးများ၏ ဖြူစင်မှု၊ ရိုး သားမှုများ သူတို့၏မျက်နှာ တွင် ပျောက်ဆုံးနေသည်။ ကျောင်းလိုက်ရခြင်းအပေါ် မပျော်မရွှင်၊ ငြီးငွေ့နေသည် ဟု အဓိပ္ပာယ်ထွက်နေသည့် ယောက်ျားလေးအချို့၏ မျက်ဝန်းများ၊ အချိန်ပြည့် နေမကောင်း ဖြစ်နေသလား ဟု ထင်ရသည့် မိန်းကလေး အချို့၏ မှိန်ဖျော့နေသော မျက်လုံးသေများ။
မျှော်လင့်ခြင်းများဖြင့် တောက်ပနေသော မျက်ဝန်း များနှင့် ရိုးသားစွာ တက်ကြွ ပျော်ရွှင်နေရမည့် မျက်နှာများ အစား တင်းမာမှုန်ကုတ်နေ သည့်မျက်နှာနှင့် ရာဇ၀င် အုပ်စု၏ အပိုးမကျိုး၊ အငြိမ် မနေ၊ ပြောင်စပ်စပ် အမူအရာ များကို ကြည့်၍ ကျွန်မ သက်ပြင်းတစ်ချက်ရှိုက်လိုက် မိသည်။

ကျွန်မတို့ အတန်းပိုင် ဆရာ၊ ဆရာမများက တစ် ပတ်လျှင် “စာရိတ္တ” ချိန် တစ် ချိန်ယူ၍ သင်ပေးရသည်။ ယခုစာသင်ချိန်က စာရိတ္တချိန် ဖြစ်သည်။ ကျွန်မ ရာဇ၀င် အုပ်စုကို ဦးတည်၍ မပြစ်မှား သင့်သော ခင်ပွန်းကြီးဆယ် ပါးနှင့် အကျိုးအပြစ်များ အကြောင်းကို ကျွန်မ ဖတ်ဖူး မှတ်ဖူးထားသောပုံဝတ္ထု၊ သာဓကများဖြင့် ပြောပြပြီး အတန်းကို အကဲခတ်လိုက် သည်။ အတန်း၏ တုံ့ပြန်မှု သည် ကျေနပ်စရာမကောင်း။ မျက်ဝန်းများသည် ကြောက် ရွံ့ဟန်မပြ၊ နောင်တတရား မပြ။ ဘာတစ်ခုမှ ပြောင်းလဲ မသွားသောမျက်ဝန်းများ။

ရာဇ၀င်အုပ်စုထဲမှ တစ် ယောက်ကတော့ ထပြော သည်။
“ဆရာမ နောက်တစ်ခါ လည်း ခင်ပွန်းကြီးဆယ်ပါး ကို ပြစ်မှားလို့ မိုးကြိုးပစ်တဲ့ အကြောင်း မြေမျိုတဲ့အကြောင်း တွေ ပြောပါဦး။ နားထောင် လို့ ကောင်းပါတယ်” တဲ့။
ကျွန်မ ပစ်မှတ်မှားပါ သည်။

နောက်တစ်ပတ် “စာရိတ္တ”ချိန်။
မိခင်မဆုံးမ၍ လူဆိုး ကြီးဖြစ်ရသည်ဟုဆိုကာ အသတ်ခံရဆဲဆဲ လူဆိုးကြီး က မိခင်ကို အနားခေါ်၍ နား ရွက်ကိုက်ဖြတ်လိုက်သော ပုံဝတ္ထုကို ပြောပြလိုက်သည်။ ရာဇ၀င် အုပ်စု ငြိမ်သက် သွားသည်ကို တွေ့ရသည်။ မျက်လုံးအရောင် အချို့ ပြောင်းလဲသွား၏။ အနည်းငယ် တိုးတက်မှု ရှိသည်ကို တွေ့ရ၍ ကျွန်မ အားတက်သွားသည်။

သို့သော် အတန်းသား အတော်များများ၏ အမူအရာ များသည် အရင်အတိုင်း။ အမူအကျင့်များသည် အရင် အတိုင်း။ ကျောင်းပျက်သော ကျောင်းသားက စာအုပ်ငှား သည်ကို မငှားသောကြောင့် လာတိုင်သောအမှု၊ စာသင်ခုံ ကို စည်းတား၍ထိုင်ကာ စည်းကျော်လို့ လက်သီးနှင့် ထိုးပါသည်ဟုဆို၍ လာတိုင် သောအမှု၊ အသင်းတာဝန်ကို သူလုပ်၊ ကိုယ်လုပ်ငြင်းခုံကာ ရေမခပ်၊ အမှိုက်မလှည်း သောကြောင့် လာတိုင်သော အမှု၊ ကျောင်းဆင်းကိုစောင့် ၍ တုတ်နှင့်ရိုက်ပါသည်ဆို ကာ လာတိုင်သောအမှု စသော အမှုများစွာသည် ဖြေ ရှင်းမနိုင်အောင်ရှိနေဆဲ။

လူတစ်ဦး၏ စိတ်ဓာတ် နှင့် အပြုအမူသည် ထိုလူ၏ ခန္ဓာကိုယ်ဝန်းကျင်၌ ထိုလူ၏ Personal Atmosphere ကို ဖြစ်စေသည်။ ထိုတစ်ဦးချင်း ၏ Atmosphere များ ပေါင်း ထားလျှင် အတန်း၏ Atmosphere ဖြစ်သွား၏။ နှစ်သက်စရာ မကောင်းသော အတန်း၏ “အက်တ်မော့စ်ဖီးယား” ကို ခံစားသိဖြင့် ကျွန်မခံစားရင်း “အနာနှင့်ဆေး” လွဲနေသည် ဟု ကျွန်မ တွေးမိသည်။

ကျွန်မ၏ ကုသချက် မှားသည်လား၊ ရောဂါအမည် တပ်မှားသည်လား။ တစ်နေ ရာရာမှာ တစ်ခုခုကတော့ အကြီးအကျယ် လွဲချော်နေပြီ ဖြစ်သည်။
ထိုလွဲချော်မှု အမှားသည် ဘာလဲ။ ကျွန်မ မသိ ပါ။

“ကြီးသူကို ရိုသေ၊ ရွယ် တူကိုလေးစား၊ ငယ်သူကို သနား” ဟူသည့် ဂါရ၀စိတ် ထားနည်းပါးသော၊ “လဲနေ သူ၊ ထူပေးပါ” ဟူသော စာကြောင်းကို တစ်ချောင်းငင် ဖြုတ်၍ လဲနေသူ “ထု” ပေး တတ်သော၊ ကူညီရိုင်းပင်း ချင်စိတ်ကျဲပါးသော၊ အားငယ်သူကို အားပေးရမည့် အစား မြေနိမ့်ရာလှံစိုက် တတ်သော ဘယ်သူသေသေ၊ ငတေမာပြီးရောဟူသော စိတ်ဓာတ်များ လွှမ်းခြုံနေသည့် ကျွန်မအတန်းကို ဘယ်လိုပြု ပြင်ရမလဲဟု စဉ်းစားရင်း ထိုညက ကျွန်မတစ်ညလုံး အိပ်မပျော်ပါ။

စဉ်းစားရင်းနှင့်ပင် ပြီးခဲ့ သော နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းဆောင်သစ် ဆောက်လုပ်ရေးအတွက် အလှူခံ ထွက်စဉ်က အဖြစ် တစ်ခုကို သတိရမိသည်။ ကျွန်မတို့ကျောင်းက နယ်ကျောင်း တစ်ကျောင်း ဖြစ်သောကြောင့် ကျွန်မတို့ ကျောင်းသို့ လာရောက်ပညာ သင်ကြားသော ကျောင်း သား၊ ကျောင်းသူများမှာလည်း ကျွန်မတို့၏ အနီးဝန်း ကျင်ရွာကလေးများမှ ဖြစ်သည်။ ကျောင်းဆောက်လုပ် ရေးအလှူခံကိုလည်း ထိုရွာ လေးများသို့ အဖွဲ့ခွဲ၍ သွား ကြရမည်ဖြစ်သည်။ ထိုသို့ ရွာခွဲသော အခါ ကျွန်မက ယခင် မူလတန်းပြတာဝန် ထမ်း ဆောင်ခဲ့ဖူးသောရွာလေးသို့ သွားရန် တာဝန်ကျသည်။

ကျောင်းသားများက ဆိုင်ကယ်ဖြင့် လာကြိုကြပြီး ရွာလူကြီးအိမ်ကို မောင်းပို့ပေး ကြသည်။ ပညာတတ်လူငယ် များသာ ရပ်ရွာလူကြီး လုပ် ခွင့်ရှိသောအချိန်မို့ ရွာလူကြီး က ဘယ်သူလဲဟုမေးတော့ “ဦးမျိုးထွန်း”တဲ့။ ကျွန်မ မျက်ခုံးပင့်သွားရသည်။ ကျွန်မတပည့်ထဲတွင် ထို နာမည်မျိုးရှိ၍ ဖြစ်သည်။
ရွာလူကြီးအိမ် ရောက်ချိန်မှာတော့ တကယ်ပဲ ကျွန်မ တပည့်ဖြစ်နေ၍ ကျွန်မ အံ့သြ စိတ်ပူသွားရသည်။ သို့သော် ထိုကလေး၏ လိမ္မာ ယဉ်ကျေးသော စိတ်ဓာတ်ကို သိထား၍ ကျွန်မ စိတ်ချမ်း သာပါသည်။

အကယ်၍များ ယခု လက်ရှိ တပည့်များသည် မျိုးထွန်းကဲ့သို့ ရပ်ရွာ အကြီးအကဲ သို့မဟုတ် ကမ္ဘာ့ ခေါင်းဆောင်များ ဖြစ်လာခဲ့လျှင် ကျွန်မ ထိတ်လန့်စွာ ထထိုင် လိုက်မိသည်။ ထိုအချိန်မှာပဲ အလင်း တန်းတစ်ခုက ကျွန်မ ခေါင်း ထဲသို့ ဖြတ်ပြေးသွားသည်။

“စံ”ဟုတ်တယ်။ စံနှုန်း သတ်မှတ်ချက် စံပြ ပုဂ္ဂိုလ်။ အတန်းကို လွှမ်းမိုး နိုင်သော စံပြပုဂ္ဂိုလ်။

အတန်း တစ်တန်းတွင် အတန်းကို လွှမ်းမိုးနိုင်သော ကျောင်းသား၊ ကျောင်းသူ အနည်းဆုံးတစ်ယောက်တော့ ရှိတတ်ကြသည်။ တစ်ခါတစ်ရံ ထိုကျောင်းသား၊ ကျောင်း သူသည် “လွှမ်းမိုး” နိုင်သူ သာဖြစ်၍ “စံပြပုဂ္ဂိုလ်”တော့ ဖြစ်ချင်မှဖြစ်တတ်သည်။ အားကစားတွင် ထူးချွန်သူ၊ စာတော်သူ၊ အနုပညာထူး ချွန်သူ၊ ရုပ်ရည်ချောမော၍ ချမ်းသာကြွယ်ဝသူ၊ စိတ် နှလုံးကောင်းမွန်တည်ကြည် သူ စသည့် ကောင်းသော ဂုဏ်ဒြပ်များနှင့် အတန်းကို လွှမ်းမိုးနိုင်လျှင် “စံပြပုဂ္ဂိုလ်” ဖြစ်၍ ငွေကြေး၊ ဓန၊ ခွန်အား ဗလ၊ မိဘအရှိန်အ၀ါတို့ဖြင့် ဗိုလ်ကျလွှမ်းမိုးထားလျှင် “လွှမ်းမိုး” သူသာဖြစ်သည်။

အတန်းတစ်တန်း၊ ကျောင်းတစ်ကျောင်း၊ မိသားစုတစ်စု၊ ရွာတစ်ရွာ နောက် နိုင်ငံ၊ ကမ္ဘာစသည် တို့တွင် လွှမ်းမိုးသူများ လို အပ်ပါသလား။ စံပြပုဂ္ဂိုလ် များ လိုအပ်ပါသလား။ကျွန်မအတန်းသည် “စံ”မှားယွင်းနေသည်။ ကျွန်မ အတန်း၏ “အနာ”ကို ကျွန်မ တွေ့ပြီ။ ကျွန်မ ဆေးပေးဖို့ပဲ လို ပါသည်။

“ကဲ ဒီနေ့ သားတို့၊ သမီးတို့ကို ဆရာမစိတ်ဝင် စားစရာအစီအစဉ်တစ်ခုကို ပြောပြမယ်။ အဲဒါက တခြား တော့ မဟုတ်ပါဘူး။ ဒီနှစ် စကနေ နှစ်ဆုံးအထိ မင်းတို့ အားလုံးကို အမှတ်ပေးပြီး အဲဒီထဲက အထူးချွန်ဆုံးသူကို “စံပြကျောင်းသား”ဆု ဆရာမပေးမယ်”

ရာဇ၀င် အုပ်စုအပါ အ၀င် ကျောင်းသားအားလုံး ၏မျက်လုံးများ အရောင် တောက်သွားသည်ကို တွေ့ရ ၍ ကျွန်မ ကျေနပ်သွားရ သည်။
“အချက်အလက်တွေ ကတော့ ဆရာမကိုင်ထားတဲ့ ဟောဒီစာရွက်ထဲမှာပါတယ်။ ဒီစာရွက်ကို ဆရာမအတန်း ရှေ့မှာ “စံပြကျောင်းသူ၊ ကျောင်းသားအရည်အချင်း များ”ဆိုပြီး သားတို့၊ သမီးတို့ တွေ အမြဲမြင်နေရအောင် ကပ်ထားမယ်။ ဒီအရည် အချင်းတွေနဲ့ ကိုက်ညီသူကို နှစ်ကုန်တဲ့အခါ တစ်ကျောင်း လုံးရဲ့ရှေ့မှာ ဆရာမ ဆုပေး မယ်။ “စံပြ”ဆုကို လိုချင်ရင် ဒီအချက်အလက်တွေနဲ့ ကိုက်ညီအောင် ကြိုးစားကြ ပါ” ပြောပြီးလျှင်ပြီးချင်း စံပြအရည်အချင်း စာရွက်ကို နံရံတွေ ကပ်လိုက်သည်။

တောက်ပလာသော မျက်ဝန်းများ၊ တက်ကြွလာသော မျက်နှာများ။ သူတို့ ဦးတည်ကြိုးစားရမည့်အရာ၊ တန်ဖိုးထား အတုယူရမည့် အရာများသည် ကောင်းမြတ်မှုများ ဖြစ်၍ ကလေးများကြီး ပြင်းရမည့် လူမှုဝန်းကျင်သည် လူကောင်းလူတော်ကို ချီးမြှောက်တတ်သော၊ စိတ်ကောင်း၊ နှလုံးကောင်း ရှိသူတို့သာ အထက်တန်းရောက်သော ၀န်းကျင်ဖြစ်သည်ဟု သူတို့စိတ်နှလုံးတွင် စွဲမြဲသွား လျှင်ပင် ကျွန်မ ၀မ်းသာ ကျေနပ်ပါသည်။

ကျောင်းစာသင်ခန်း ပြတင်းပေါက်မှကောင်းကင် ကို ကျွန်မ မော့ကြည့်လိုက် သည်။
ထိုနေ့က အိုဇုန်းလွှာ မပေါက်ပါ။
ရွှေရင်နှစ်၊မြို့သာ၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

Saturday 26 January 2013

ငါအိုသွားသောအခါ (ပြာသိုလပြည့်နေမှာ ကျရောက်သော အမေများနေ့အတွက် အမေကိုသတိယလျှက် ဒီပို့စ်လေးကိုတင်ပါတယ်)



 
 
 
 
 

ငါအိုသွားသောအခါ

+++ ငါအိုသွားသောအခါ အရင်ကငါမဟုတ်တော့ဘူး။
ငါ့ကိုနားလည်ပေးကြပါ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးကြပါ။
ချည့်နဲ့ နဲ့ လက်တွေကြောင့်ထမင်းဟင်းတွေဖိတ်စင်သွားတဲ့အခါ|
... လုံချည်ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွှံကြပါနဲ့ ။
ငယ်ငယ်တုံးကငါသုတ်သင်ပေးခဲ့တာ
တွေကိုကျေးဇူးပြုပြီးပြန်အမှတ်ရပေးကြပါ။

+++ အပ်ကြောင်းထပ်မကပြောဖူးတဲ့စကားတွေ
ကိုပြန်ပြောမိတဲ့အခါစကားမဖြတ်ဘဲကျေး
ဇူးပြုပြီးသီးခံနားထောင်ပေးကြပါ။ငယ်ငယ်
တုံးကအိပ်ရာဝင်တိုင်းပုံပြင်တွေကိုမရိုးနိင်
အောင်ပြောပြီးငါချော့သိပ်ခဲ့တာတွေကိုပြန်
ပြီးသတိရပေးကြပါ။

+++ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့
အခါငါ့ကိုမငြိုငြင်ကြပါနဲ့ ။ငယ်ငယ်တုံးက
ချော့တခါခြောက်တလှည့်ငါရေချိုးပေးခဲ့ဖူး
တဲ့ပုံရိပ်လေးတွေကိုပြန်လည်ကာမြင်ယောင်
ပေးကြပါ။

+++ ခေတ်သစ်နည်းပညာသစ်တွေကိုမသိနားမ
လည်ခဲ့ရင်ငါ့ကိုမလှောင်ကြပါနဲ့ ။ငယ်ငယ်
တုံးက "ဘာကြောင့်" ဆိုတဲ့မေးခွန်းတိုင်းကို
စိတ်ရှည်စွာငါပြန်ဖြေခဲ့တာကိုသတိရပေးကြ
ပါ။

+++ စိတ်သွားတိုင်းကိုယ်မပါမောပန်းပြီးလမ်းမ
လျှောက်နိင်တဲ့အခါခွန်အားပါတဲ့လက်တစုံနဲ့ 
ငါ့ကိုကူတွဲပေးကြပါ။လမ်းလျှောက်သင်ခါစ
အရွယ်တုန်းကတလှမ်းချင်းလမ်းလျှောက်
ကျင့်ပေးခဲ့တာတွေကိုပြန်သတိရပေးကြပါ။

+++ တနေ့ ထက်တနေ့ အိုစာသွားတဲ့ငါ့ကိုကြည့်
ပြီးစိတ်မပျက်ပါနဲ့ ။ငါ့ကိုနားလည်ပေးကြပါ။
ဂရုစိုက်ပေးကြပါ။အရင်တုံးကလူ့ ဘဝအ
တွက်မင်းတို့ လေးတွေရဲ့တက်လမ်းကိုလမ်း
ညွှန်ခဲ့သလိုအခုငါ့ဘဝရဲ့နောက်ဆုံးအချိန်
မှာငါ့ကိုအဖော်ပြုပေးကြပါ.....

စိတ်သွားတိုင်းကိုပါလိုရာပြည့်ဝကြပါစေ။

လိမ္မာယဉ်ကျေးပညာပေးသင်တန်းကျောင်း
 



credit to April Maung Maung

Thursday 24 January 2013

စင်ကာပူစာပေဟောပြောပွဲမှ ကိုမင်းကိုနိုင်ဟောပြောချက်

 
 
အပိုင်း - ၁

                                                         အပိုင်း - ၂
 
အပိုင်း - ၃
 

Tuesday 22 January 2013

အရိုင်းပန်း လိပ်ပြာ - ရွှေရင်နှစ် (မြို့သာ)


ပန်းရုံ ထမင်းချိုင့်ကို ဆွဲ၍ တိုက်ရှေ့သို့ အပြေးလေး ထွက်လိုက်သည်။ “နှေးကို နှေးတယ် တောသူမ။ ဘာကိုမှ သွက်သွက် မလုပ်တတ်ဘူး။
ထုံးထိုင်းထိုင်းနဲ့။ မြန်မြန်သွားပါ။ ဒယ်ဒီက လူနာတွေနဲ့ မောမောပန်းပန်း အလုပ်လုပ်ပြီး ထမင်းဆာနေ တော့မယ် ပြောတာကို ခုထိ မသွားသေးဘူး။ ဘာလုပ် နေတာတုံး။ သွားတော့” ဆိုသော မမကြီး၏
အသံက နောက်တွင် ကျန်နေ ခဲ့သည်။ ညက တစိမ့်စိမ့် ရွာထားသော မိုးကြောင့် လမ်းက
စိုစွတ်နေပြီး တချိုင့်ချိုင့် ခွက်နေရာ များတွင် ရေအိုင်လေးများ
ဖြစ်နေသည်။ မြန်မြန် လျှောက်လေ၊ ချောလေမို့ ပန်းရုံ လျှေက်ရတာ ခရီး
မတွင်ပါ။ ရှေ့ကို လှမ်းမျှော် ကြည့်လိုက်သည်။ ပန်းရုံ သွားရမည့် ဆေးခန်းက
ဝေးသေးသည်။ အရေးထဲ လမ်းက ကူးရလိမ့် ဦးမည်။ ပန်းရုံ စိတ်ညစ်သွားသည်။
ခေါင်းကို ဘယ်ညာငဲ့၍ ကားအသွားအလာကို ကြည့်လိုက်သည်။ ကိုယ့်လို
လမ်းဖြတ်ကူးမည့် အဖော် မရှိတာကြောင့် ပန်းရုံ လမ်းဖြတ်ကူးရမှာ
ဒူးတုန်လာသည်။ ရွာမှတုန်း ကိုရင်ဖိုးနီက ပြောဖူးသည်။ “မြို့တွေမှာ
ကားလမ်းကူးရင်း ကားတိုက် တတ်တယ်။ ကားတိုက်တယ် ဆိုရင်လည်း တိုက်တဲ့ လူတွေက
သူတို့ အမှုပတ်မှာ စိုးလို့ မောင်းထွက်ပြေး တတ်တယ်။ မောင်းမပြေးဘူး
ဆိုရင်လည်း သူတို့ တိုက်တဲ့ သူကို ဖြတ်တောက်၊ ချိုးဖဲ့၊ အိတ်ထဲထည့်
မြစ်ထဲချပြီး အစဖျောက်ပစ် တတ်တယ်။

အဲဒီတော့ နင်လည်း မန္တလေး မြို့ကြီးကို ရောက်လို့ လမ်းကူးရင် ဂရုစိုက်ကူး။
ကားတိုက် မခံရစေနဲ့။ ကားတိုက် ခံရရင် နင်သေပြီသာ မှတ်ပေတော့” ဟု သြ၀ါဒ
ခြွေလိုက်သည်။ တဝေါဝေါ ဖြတ်သွား နေသည့် ကားတွေကို ကြည့်ပြီး ပန်းရုံ
စိတ်ညစ်လာသည်။ ကိုရင်ဖိုးနီသံ တစ်လှည့်၊ မမကြီး အသံ တစ်လှည့် ပန်းရုံ
နားထဲတွင် ၀ဲလှည့်နေသည်။ ကိုရင် ဖိုးနီစကားသံက ပန်းရုံခြေထောက်ကို
နောက်ဆုတ်စေပြီး မမကြီး အသံက ပန်းရုံ ခြေထောက်ကို ကြောက်လန့် တကြား
ရှေ့တိုးသွားစေ သည်။

နောက်တော့ ပန်းရုံ စိတ်ကို တင်းလိုက်၏။ သူ့ ဆန်စားမှတော့ ရဲရတော့ မည်။
ပန်းရုံက ကိုရင်ဖိုးနီရဲ့ ရွာမှာမဟုတ်။ ဒေါ်တင်မမ ကျော်ရဲ့ ဓားရိုးအောက်မှာ။
နီးရာဓားကိုပဲ ပန်းရုံကြောက် ရမည်။ ကားရှင်းခိုက်တွင် ပန်းရုံဘုရားတရားတ
မျက်စိ ကို မှိတ်၍ကြောက်ကြောက် ရွံ့ရွံ့နှင့် ကားလမ်းကို ဖြတ် လိုက်သည်။
ထိုအချိန်တွင် ပန်းရုံ သတိမထားမိသော အရပ်မှ ကွေ့ဝင်လာသည့် ကားတစ် စင်းက
ဘွားခနဲပေါ်လာသည်။

“တီ တီ”

“အမေ့”

ပန်းရုံ လန့်ဖျပ်၍ အရှောင်လိုက် နောက်မှ ရေဗွက် အိုင်လေးကို နင်းမိကာ
ချော်လဲ ကျသွားလေသည်။ ကားလေးက လဲနေသော ပန်းရုံနား ထိုးရပ်သွားသည်။
ကိုရင်ဖိုးနီ စကားက နားထဲ ရောက်လာသည်။ ပန်းရုံ ထိတ်လန့် သွားရသည်။
ကမန်းကတန်း ထပြေးရန် ပြင်လိုက်သည်။ သို့သော် လက်ထဲက ထမင်းချိုင့်ကို သတိရ၍
ကြည့်လိုက်တော့ ပန်းရုံ ငိုချင် သွားရတော့၏။ ကြွေချိုင့်က ဟိုတစ်ခု၊ ဒီ
တစ်ခု လွင့်စင်ကျလျက်။ ထိုချိုင့်များကို ကောက်ရန်ပြင်လိုက်စဉ် ကားတံခါး က
ပွင့်လာသည်။

ဘုရားရေ၊ ကိုရင်ဖိုးနီ စကား အတိုင်းတော့ ဖြစ်ပြီဟု ပန်းရုံ ထိတ်လန့်တကြား
တွေးလိုက်မိ၏။ ဆင်းလာသူကို ပန်းရုံ ကြောက်ရွံ့စွာ မော့ကြည့် လိုက်မိသည်။
ပထမဦးဆုံး မြင်ရသည်မှာ ပြောင်လက်နေသော ရှူးဖိနပ် အနက်ရောင် ဖြစ်သည်။ နောက်
ထိုဖိနပ် ပေါ်ဝဲကျနေသော ဘောင်းဘီ အနားစ၊ ဖြောင့်မတ်၍ လှပ တောင့်တင်းသော
ခန္ဓာကိုယ်၊ ထိုခန္ဓာကိုယ် အလှကို ပေါ်လွင်အောင်ဝတ်ထားသော ရှပ် အင်္ကျီ လက်တို
ကျပ်ကျပ်နှင့် ဖြူဝင်းနေသော အသား။

ပန်းရုံ မျက်နှာကို ကမန်း ကတန်း မော့ကြည့်လိုက်သည်။ ဘုရား၊ ဘုရား
လူတော့ဟုတ် ရဲ့လားဟု ပန်းရုံ တအံ့တသြ တွေးမိသည်။ တောထဲမှာ တောင်သူ လုပ်သည့်
ကိုရင်ဖိုး နီတို့၊ ထန်းတက်သည့် ကိုရင် သာအေးတို့၊ ဆိတ်ကျောင်းသည့်
ဖိုးသာညိုတို့၊ နွားကျောင်းသည့် ဘတုတ် တို့ကိုသာ မြင်ဖူးတဲ့ ပန်းရုံက
ကားပေါ်က ဆင်းလာသော သူကို လူယောက်ျား မဟုတ်နိုင်ဟု ထင်တာ မလွန်ပါ။

မျက်ခုံးက မည်းနက် ထင်ရှားနေပြီး မျက်လုံးက ချိုရီ နေသည်။ အထူးခြားဆုံးမှာ
နှုတ်ခမ်းမွေး သဲ့သဲ့နှင့် ပြုံးနေသော နှုတ်ခမ်း ဖြစ်ပြီးထို နှုတ်ခမ်းအောက်
မေးစေ့ပေါ်မှ မှဲ့နက် ဖြစ်သည်။ ထိုသူက ပန်းရုံ နားသို့ ထိုင်ချလိုက်ကာ
“ဘာဖြစ်သွား သေးလဲ” ဟု မေးသည်။ ပန်းရုံ မြတ်စွာဘုရားကို နောက်တစ်ကြိမ်
တမိပြန်သည်။ အသံ၊ အသံ။ အသံ =ကလည်း တခြားလူတွေ အသံ =မျိုး မဟုတ်။
ပန်းရုံတို့ ငယ်ငယ်က စဥ့်အိုးထဲ ခေါင်းငုံ့ အော်လို့ ပြန်ထွက်လာသည့်
အသံမျိုး။ အသံ၏နောက်မှာ တစ်ခုခုက နောက်ကလိုက် နေသည်။

“ဟင် ညီမလေး ဘာဖြစ်သွားသေးလဲ”

သည်တော့မှ ပန်းရုံ သတိ ပြန်ဝင်လာသည်။ ကိုရင် ဖိုးနီ စကားကို ပြန်သတိရပြီး
ကြောက်စိတ်ကပါ ရောက်လာသည်။ ပန်းရုံကို ချိုးဖဲ့၊ ဖြတ်တောက်ပြီး
ကားပေါ်တင်မှာ စိုးသည်။
“ဟို...ဟို ဘာမှ မဖြစ်ပါဘူးတော်။ ဘာမှ မဖြစ်ပါဘူး။ ကားလည်း မတိုက်မိပါဘူး။
ကျုပ်ဘာသာ ကျုပ်ချော်လဲတာပါ။ တော်တို့ ကားနဲ့ ဘာမှ မဆိုင်ပါဘူး”
ပန်းရုံ ကမန်းကတန်း လူးလဲ ထလိုက်သည်။ ခြေထောက်က အနည်းငယ် မျက်ခနဲ
ဖြစ်သွားပေမယ့် ဘာမှမဖြစ် ဟန်ဆောင်ထား လိုက်သည်။ သူတို့ပန်းရုံကို
ဂုန်နီအိတ်ထဲ ထည့်ပြီး ကား ပေါ်မတင်ခင် ကပျာကယာပင် ပန်းရုံ
လှည့်ထွက်လိုက်သည်။

“ဟေ့ ချိုင့်တွေယူသွား ဦးလေ”

ပန်းရုံ မျက်လုံးပြူး သွားသည်။
“အယ် ဟုတ်သားပဲ”

သည်တော့မှ ထမင်း ချိုင့်တွေကို သတိရသည်။
ကြောက်ရွံ့စိတ် တစ်ဝက်နှင့် ခပ်သွက်သွက် ချိုင့်များကို လိုက်ကောက်နေသော
ပန်းရုံကို သူက ကူကောက်ပေးသည်။
“စိတ်ညစ် လိုက်တာတော်။ မမကြီးကတော့ ဆူတော့မှာပဲ။ ဒယ်ဒီကြီးလည်း ထမင်း
ဆာနေတော့ မှာပဲ။ ကျုပ်က တောက ခုမှ ရောက်လာတာတော့်။ ကျုပ်ဦးလေး အိမ်ကို
လာကူတာပါ။ ကျုပ် ဦးလေးက ဆရာဝန်ကြီးလေ။ ဒါကြောင့် သူ့သမီးတွေကလည်း မာနကြီးတာ
နေမှာပေါ့တော်။ ညီအစ်မချင်း ဆိုပေမယ့် ကျုပ်ကို တောသူမ ဆိုပြီး
အထင်သေးပြီး နှိမ်ချင် တယ်တော့။ ခုတော့ သူတို့ ပြောစရာ ဖြစ်ပြီပေါ့တော်”

တတွတ်တွတ် ပြောနေသော ပန်းရုံ စကားများကို သူက သဘောကျစွာ ပြုံးနေသည်။
သူပြုံးတာကို ကြည့်ပြီး ပန်းရုံ ဘယ်လို ဖြစ်သွားမှန်း မသိ။
နှုတ်ခမ်းမွေးကြောင့် အပြုံးက ပိုကြည့် ကောင်းသလားဟု တွေးမိသည်။ သူ လူ
မဟုတ်တာတော့ သေချာတယ်ဟုလည်း ထပ်ဆင့် တွေးမိ၏။
သူက ပန်းရုံကို ပြုံးကြည့်ကာ
“ဘယ်သွားမှာလဲ။ ကိုယ့်ကားနဲ့ လိုက်ပို့ပေးမယ်။ ကားပေါ်တက်လေ”

“အံမယ်လေး”
ပန်းရုံထိတ်လန့် တကြားအော်သည်။ ကိုရင် ဖိုးနီ၊ ကိုရင်ဖိုးနီ စပြီနဲ့ တူတယ်။


“ဘာဖြစ်လို့လဲ”

သူက တအံ့တသြ မေးသည်။
“ဟို ဟို ဘာမှမဖြစ် ပါဘူးတော်။ ကျုပ်အိမ်က ဆိုးလို့ပါ။ တော်လိုက်ပို့ရင်
ကျုပ်ကို ဆူနေမှာ စိုးလို့ပါ”

“သြော် ဒါဆို ကိုယ့်ရဲ့ Visiting Card ယူသွားလေ။ နေဦး”

သူက ပန်းရုံ နားမလည်သော၊ ဘာမှန်းလည်း မသိသော ဗျစ်တစ်တစ်ကပ် ဆိုတာကို
သူ့ဘောင်းဘီ အိတ်ထဲကို ရှာသည်။ ဘေးအိတ်ရော၊ နောက်အိတ်ရော လိုက်ရှာသည်။
ဘယ်မှာမှ ရှာလို့ မတွေ့တော့ “သြော် ဟိုတယ်မှာ ကျန်ခဲ့တယ် ထင်တယ်” ဟု ပြော၏။

ပန်းရုံကတော့ အဲဒီ ပျစ်တစ်တစ်နှင့် ကပ်နေမည့် ကော်တွေကို ဘာလို့ ဘောင်းဘီ
အိတ်တွေထဲ ထည့်ထားရ တာတုံး ဆိုတာကို နည်းနည်းမှ စဉ်းစားလို့မရ။ ကပ်စရာ
ရှိရင် ပန်းရုံတို့ တောမှာတော့ သနပ်သီး ခူးကာ ညှစ်၍ ထွက်လာသော အစေးနှင့်
ကပ်သည်။ ဘာမှ အိတ်ထဲ ထည့်သိမ်း နေစရာ မလိုပေါင်။ လိုချင်ရင် တောထဲ
သွားခူးလိုက်ရုံပဲ။

သူက ပန်းရုံကို ပြုံး ကြည့်ကာ
“ကတ်က ဟိုတယ်မှာ ကျန်နေခဲ့ တယ်ကွာ။ ကိုယ်ထွန်းလှမှာ တည်းတယ်။ အကူအညီ
လိုရင်လာခဲ့ ဟုတ်ပြီလား”

“အင်း...အင်း။ အင်း ပါတော်။ ကျုပ်သွားတော့မယ်”

ပန်းရုံ ခပ်သွက်သွက် ထွက်လာရင်း “ရုပ်ကတော့ ချောလိုက်တာ မွတ်နေတာပဲ။
အပြောအဆို ကျတော့ ရုပ်နဲ့ မလိုက်ဘူး။ ရိုင်းလိုက်တာ။ ထွန်းလှတဲ့။
ဦးထွန်းလှတို့၊ ဘကြီးထွန်းလှ တို့တောင် မဟုတ်ဘူး။ ရွာမှာ နိဗ္ဗာန်
ဆော်လုပ်တဲ့ ဦးထွန်းလှ တောင် ကျုပ်တို့က “အုန်းကြီး ထွန်းလှ” လို့ခေါ်တာ။
တော်တော် ရိုင်းတဲ့လူ။ အံ့ပါ့။ ရုပ်ကလေး သနားကမားနဲ့” ဟု တဗျစ်တောက်တောက်
ပြောရင်း အိမ်ကို ပြန်လျှောက် လာခဲ့သည်။

“မမရေ၊ မမကြီး၊ မမလတ် ၀င်းဦး လာတယ်တဲ့။ သိလား။ ၀င်းဦး မန္တလေးကို လာတယ်တဲ့။
ထွန်းလှ ဟိုတယ်မှာ တည်းတာတဲ့”

ဝုန်းဝုန်း ဒိုင်းဒိုင်းနှင့် တိုက်ပေါ် ပြေးတက်လာသော မမငယ် စကားကြောင့်
ထမင်းချိုင့် မှောက်ကျလာသည် ဆိုကာ ဂျာအေးသူ့ အမေရိုက်သလို မပြီးနိုင်
မစီးနိုင် ဆူနေသော မမကြီးက “ဟယ် ဟုတ်လား” ဟုဆို ကာ ပန်းရုံ သာမက အရာ
အားလုံးကို မေ့လျော့သွား သလို မျက်လုံးတွေက ၀င်းလက်သွားသည်။ “ဈေးချိုထဲမှာ
ငယ်မနဲ့ တွေ့လာတာ။ ဈေးချိုသူတွေ ၀ိုင်းနေတဲ့ကြားက တိုးလာခဲ့ရတာ။
ချောလိုက်တာ။ နှုတ်ခမ်းမွေးရော၊ မှဲ့ ရော ရုပ်ရှင်ထဲကထက် ပို ချောတယ်”

ပန်းရုံ “ဟင်ခနဲ” ဖြစ်သွားရသည်။ ဘုရားရေ နှုတ်ခမ်းမွေးနဲ့ မှဲ့နဲ့ဆို ဟိုလူ၊
ဟိုလူ ကားပေါ်က လူမဟုတ်တဲ့ ဟိုလူက ရုပ်ရှင်မင်းသားပေါ့။ ပန်းရုံ
မန္တလေးရောက်တာ မကြာသေးတာမို့ ရုပ်ရှင် တစ်ခါမျှ မကြည့်ဖူးသေးပါ။ ရွာမှာ
(၁၉၇၄ ၀န်းကျင်) ဆို ဝေလာဝေးပေါ့။ သတင်း ကားတောင် တစ်ခါတလေမှ အထက်က
လာပြလို့ ကြည့် ရတာ။ အဲသည်တော့တော သူမပန်းရုံ အတွက်တော့ ရုပ် ရှင်မင်းသား
ဝင်းဦးသည် ချို (ဂျို)နှင့်လားလည်း မသိ။ ချိုသလား၊ ခါးသလားလည်း မသိ။
ကားနှင့် တိုက်မိမလို ဖြစ်လို့ ကိုယ်နှင့် အကြာကြီး စကား ပြောခဲ့သူသည်
မန္တလေး သူတွေ သည်းသည်းလှုပ် ကြိုက်နေကြသည့် ရုပ်ရှင် မင်းသားဆိုတာလည်းမသိ။

“အံမယ်လေးလေး၊ ငါ တွေ့ချင်လိုက်တာ ငယ်မရယ်။ ချောလား။ တော်တော် ချောလား။ သူက
မန္တလေးကို ရုပ်ရှင် လာရိုက်တာလား။ ဘယ်လောက် ကြာမှာ တဲ့လဲ။ ထွန်းလှ
ဟိုတယ်ရှေ့က သွားစောင့်ရင် တွေ့မလား မသိဘူးနော်။ ငါ သူ့ပရိသတ် ဖြစ်တဲ့
အကြောင်း၊ သူ့ကားတွေ မလွတ်တမ်း ကြည့်တဲ့ အကြောင်း၊ ငါသူ့ကို သိပ်ကြိုက်တဲ့
အကြောင်း၊ ကြိုက်တာမှ ဟိုလိုကို ကြိုက်တဲ့ အကြောင်း ပြောပြချင် လိုက်တာဟယ်”

မမကြီးကို ကြည့်ရင်း ပန်းရုံ ရယ်ချင် လာသော်လည်း မရယ်ရဲပါ။ ဟိုတစ်နေ့က
ထမင်းချိုင့် မှောက်သွားအောင် ဖြစ်ခဲ့ရသော ကားပိုင်ရှင်သည် သူတို့ကဲကဲ
လှုပ်နေသည့် ရုပ်ရှင်မင်းသား ၀င်းဦးဖြစ်တဲ့ အကြောင်းကိုလည်း မပြောရဲပါ။
ပြောလည်း ယုံကြမည် မဟုတ်ပါ။
နောက်တစ်နေ့မှာတော့ ပန်းရုံ အတွက်သာမက သူတို့ အတွက်ပါ ဘယ်လိုမှ စဉ်းစား
မရနိုင်အောင် အံ့သြဖွယ်ဖြစ် ရပ်တစ်ခုဖြစ်ခဲ့လေသည်။

“ဟာ မမကြီးရေ၊ မမ လတ်ရေ။ ဟိုမှာ ၀င်းဦး ကား။ တိုက်ရှေ့က ဖြတ်သွားတယ်”

ဝုန်းဝုန်းဒိုင်းဒိုင်း ပြေးကြည့်သံတွေ ဆူညံသွားသည်။ မမြင်လိုက်ရသော
မမကြီးက တဗျစ် တောက်တောက်။
“ဟယ် ဟိုမှာ နောက်တစ်ခေါက် လာပြန်ပြီ။ အယ် ဖြည်းဖြည်းလေး မောင်းပြီး
တိုက်ထဲကို လှမ်းကြည့်သွားတယ်”

ပန်းရုံ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ကပျာကယာ ပြေး၍ ချောင်းကြည့်လိုက်သည်။
ကားနောက်မြီးလေး ကိုသာ မြင်လိုက်ရလေသည်။
နောက်တော့ ပန်းရုံ ရုပ်ရှင်ကြည့် တတ်လာသော အခါ ပိတ်ကားပေါ်မှ ရုပ်သွင်ကို
မြင်လာရသည်။ ပန်းရုံ တွေ့ခဲ့သူသည် မင်းသား ၀င်းဦးပါပဲဟု သေချာသွားပြီး
ပန်းရုံ စိတ်ထဲမှာ ခင်မင် ရင်းနှီးစိတ်နှင့် ပိုမိုစွဲလမ်း လာခဲ့ရတော့သည်။
ပန်းရုံ၏ အစ်မများကလည်း ၀င်းဦးကားဆို မလွတ်တမ်းကြည့် တတ်သလို
ကြည့်တိုင်းလည်း ပန်းရုံကိုခေါ်ခဲ့ကြသည်။ ထိုအခါ မင်းသားကို မင်းသားမှန်း
မသိအောင် ရိုးအခဲ့သော ပန်းရုံတစ်ယောက် အခုချိန်မှာ တွေ့၍ ပြောချင်
သောစကားများစွာ ရင်ထဲတွင် ပြည့်သိပ်နေခဲ့တော့သည်။

ပန်းရုံ ထမင်းပန်းကန် နှင့် ဟင်းပန်းကန်များကို စားပွဲပေါ်ချ၍
အိမ်ထရံပေါ်တွင် ကပ်ထားသော ပြက္ခဒိန်ပုံ ထဲမှ မင်းသား ၀င်းဦးပုံကို
ကြည့်လိုက်သည်။ “ကျုပ် အခု တောကို ပြန်ရောက်နေပြီ တော့် သိလား။ ဖေ၀င်း
နေမကောင်းလို့ ပြန်လာခဲ့ တာပေါ့။ ဖေ၀င်းဆိုတာ ကျုပ် အဖေလေ။ အဖေက
ဆိတ်ကျောင်းရ တာတော့်။ ကျုပ်တို့က ဆိတ်မွေးပြီး စားရတော့ ဆင်းရဲတာ
ပေါ့တော်။ အဲဒီတော့ ဟင်းကောင်းလည်း မစားနိုင်ဘူးပေါ့။ ချဉ်ပေါင်ဟင်းနဲ့
ငရုတ်သီးထောင်းပဲ။ တော်စားဦးမလား။ ကျုပ်တို့ ဟင်းတော် မစားနိုင်ပါဘူးတော်။
စားတော့ စားကြည့် ဦးပေါ့ရော့”

ထမင်းထဲကို ချဉ်ပေါင် ဟင်းရည်ဆမ်း၊ ကြက်သွန်ဖြူ နိုင်းချင်းနှင့်
ထောင်းထားသော ငရုတ်သီးမြှုပ်ကာ ထမင်း တစ်လုတ်ကို ပြက္ခဒိန် ပုံထဲမှ ၀င်ဦး၏
နှုတ်ခမ်းနားသို့ သွားခွံ့နေသော ပန်းရုံကို အလည် ရောက်လာသည့် ကိုရင်ဖိုးနီက
မြင်ကာ တဟားဟား ရယ်တော့သည်။
“ရူးပါ့ ပန်းရုံရာ။ နင့်ဟာက ထမင်းလည်းမလွတ်။ မြို့ကြီးပြန် ရောဂါကလည်း
သည်းပါ့ဟာ”

“တော်မှ မတွေ့ဖူးတာ”

“ဟား ဟား။ ဖိုးနီတို့လို ကောင်က မင်းသမီး မကလို့ နတ်သမီး တွေ့လည်း အသည်း
ခိုင်တယ်”

“နေပါဦး။ တော်က ဒီ အချိန်ကြီး ဘာလာ လုပ်တာတုံး။ တောမသွားဘူးလား။
“အေး၊ ဟုတ်ပါဟာ။ ဟောဒီမှာ နင့်အတွက် အရူးဘုံ မြှောက်မယ့် စာတွေ့လို့
ယူလာတာ”

“ဟင် ဘာစာတုန်း”

“သတင်းစာပါဟာ။ အုန်းကြီး တင်မောင်တို့ စာတိုက် အိမ်မှာတွေ့လို့ ယူလာတာ”

ပန်းရုံတို့ရွာမှာ စာတိုက်ခွဲ အဆင့်ဖြစ်သော စာတိုက်ပုံး နီနီလေး ရှိသည်။
အုန်းကြီး တင်မောင်တို့ အိမ်ရှေ့မှာ စာတိုက်ပုံးလေး ချိတ်ထားပြီး
ထိုအုန်းကြီး တင်မောင်မှာ စာတိုက် တာဝန်ခံဖြစ်သလို အုန်းကြီး တင်မောင်တို့
အိမ်ကလည်း စာတိုက်ရုံးပဲဖြစ်၏။ ရွာမှာ သတင်းစာဆို တာကလည်း တော်ရုံတန်ရုံ
လူတိုင်း မဖတ်ပါ။ စာတိုက်လို ရုံးဌာနနဲ့ ဆက်စပ်နေသော နေရာတွေ၊
လက်ဖက်ရည်ဆိုင်တွေ၊ ကျောင်းဆရာအိမ် မျိုးတွေ အဲဒီလို နေရာမျိုးတွေ မှာသာ
ရှိတတ်သည်။
“ဘာ ဘာပါလို့တုံး ကိုကြီး ဖိုးနီ။ ပြစမ်းပါ”

“ဟောဒီမှာ စန္ဒာ ရုပ်ရှင်က သရုပ်ဆောင် ခေါ်ယူခြင်းတဲ့။ စန္ဒာ ရုပ်ရှင်ဆိုတာ
နင့် မင်းသား ၀င်းဦးရဲ့ကုမ္ပဏီလို့ ကြားဖူးတာပဲ”

မန္တလေးက ပန်းရုံ ပြန်လာကတည်းက ရုပ်ရှင် မင်းသား ၀င်းဦးနှင့် ပန်းရုံ
အကြောင်းက ၀တ္ထုဇာတ်လမ်း တစ်ပုဒ်လို တစ်ရွာလုံး သိနေ ကြသည်မို့
ကိုရင်ဖိုးနီက ပြော ခြင်းဖြစ်သည်။ အပြော ကောင်းပန်းရုံကလည်း အဲဒီ
အကြောင်းကို ဓာတ်ပြားဆိုလျှင် ကွဲထွက်မတတ် ဘယ်လောက် ပြောပြော
မမောနိုင်အောင် ပြောပြတတ်သည်။ နားထောင်သည့် သူများကလည်း တ၀ါးဝါး
တဟားဟားနှင့် ဘယ်နှခါပြောပြော မရိုးနိုင် အောင် နားထောင်ကြသည်။

ကိုရင်ဖိုးနီ ဆိုတာကလည်း ပန်းရုံ ပြောပြသော စကားလုံးများကိုပင် အလွတ်
ရနေသော လူများထဲမှ တစ်ယောက် အပါအ၀င် ဖြစ်သည်။ ကြာတော့ ရိုးသားစွာ စွဲလမ်း
နေသော ပန်းရုံကို ဘယ်သူမှ အပြစ် မတင်ကြဘဲ သနား ကရုဏာပင် သက်လာကြလေသည်။
အခုလို မင်းသမီး လျှောက်လွှာ ခေါ်သော ကြေ ညာချက် တွေ့လိုက်ရသော အခါ
ဒဏ္ဍာရီပုံပြင် တစ်ပုဒ်လို ထင်ထားသော ပန်းရုံအဖြစ် အပျက်ကို ဟုတ်နိုးနိုး၊
ထင်ယောင်ထင်မှားဖြင့် တိုက်တွန်း လာကြသည်။
“အဲဒါ နင့်ကို ဦးတည် ပြီးခေါ်တာ နေမှာပဲ ပန်းရုံ နင် လျှောက်ပါလား”

ပန်းရုံ ရင်ဘတ်ကို ဖိ၊ မျက်လုံး အပြူးသားနှင့် အသက် မရှူမိဘဲ နားထောင်
နေမိသည်။
“အသက် ဆယ့်ရှစ်နှစ်မှ နှစ်ဆယ်အတွင်း ဖြစ်ရမည်တဲ့။ အဲဒါလည်း နင်နဲ့
ကိုက်တယ်။ အရပ်၊ အသားအရေ၊ ရုပ်ရည်”

ပန်းရုံ ကမန်းကတန်း ပြေး၍ အိမ်ထရံတွင် ချိတ်ထားသော မှန်ကို ပြေးကြည့်
လိုက်သည်။ အသားဖြူဝင်းဝင်း၊ ဘဲဥပုံမျက်နှာတွင် သုံး ရက်လလို သွယ်ကွေးမည်း
နက်နေသော မျက်ခုံး၊ ကြည် စင်ရွှန်းလဲ့နေသော မျက်ဝန်း၊ လှပစွာ
သွယ်ဆင်းသွားသော နှာတံ၊ ပန်းစက္ကူအမြဲကပ် ထားသလား ထင်ရအောင် ပန်းသွေးရဲနေသော
နှုတ်ခမ်း နှင့် ပန်းရုံမျက်နှာကို မြင်ရ သည်။

အိုး ဟိုလူကြီးသာ မြင်ရင် ရုပ်ရှင်မင်းသမီး တင်ဖို့ သေချာရွေးမယ့်
အလှပေါ့ဟု သွေးကြွကြွဖြင့် ပန်းရုံ တွေးမိသေး၏။ ပန်းရုံ အမေက အညာသူ မြန်မာ
စစ်စစ်ပေမယ့် တရုတ်မလား ထင်ရအောင် အသားအရေ ဖြူဖွေးပြီး ပန်းရုံအဖေ
ဖေ၀င်းကတော့ မြန်မာ မဟုတ်ပါ။ အမေက မြန်မာ အမျိုးသမီး အရပ်အမောင်း အတိုင်း
ခပ်ပျပ်ပျပ် ဖြစ်ပေမယ့် ဖေ၀င်းက အရပ်မြင်မြင့်၊ အသားဖြူဖြူ၊
နှာတံချွန်ချွန် ဥပဓိရုပ်မျိုး ဖြစ်သည်။ ထို့ကြောင့် ပန်းရုံက တောသူပေမယ့်
ဖေ၀င်းနှင့် မေကောင်း၏ လှသော အချက်များကို ရွေးတူပြီး အညာတောသူ တစ်ယောက်၏
ရုပ်ရည်မျိုး မဟုတ်ဘဲ ဖြူဖြူမြင့်မြင့်၊ ဖွံ့ဖွံ့ ထွားထွားဖြင့်
တောရိုင်းပန်း တစ်ပွင့်၏ တောက်ကြွားသော အလှကို ပိုင်ဆိုင်သူ ဖြစ်လေသည်။

“ဟာ ဟောဒီ နောက်ဆုံး အချက်ကမှ နင့်ကို ရည်ရွယ်တာ ဆိုတာ သေချာတယ်။ ပညာတတ်စရာ
မလိုတဲ့”

“ဟင်”

ပန်းရုံပြေး၍ သတင်းစာကို ငုံ့ကြည့်လိုက်သည်။ ပန်းရုံက စာတတ်ပေမယ့်
လေးတန်းမျှသာ အောင်ထားသည့် တောသူမပါ။

“ဘာတုံး၊ တော်က သင်ပေးမယ်ဆိုတဲ့ သဘောလား”

ပြက္ခဒိန်မှ ၀င်းဦးပုံကို ကြည့်၍လှည့်မေးတော့ ကိုရင်ဖိုးနီက ငေါက်သည်။
“တော်ရုံ ရူးစမ်းပါဟာ။ ကဲ နင်အဲသလောက် ရူးနေရင် နင်မင်းသမီး
ဝင်လျှောက်ပေတော့။ လိုတဲ့ ဓာတ်ပုံတွေကို ရိုက်ထား။ အဲဒီ သတင်းစာထဲ မှာ
အချက်အလက်တွေ ပါတယ်။ ပြီးရင် ငါပို့ပေးမယ်”

“အယ်”

ပန်းရုံစိတ်ရှိ လက်ရှိ ခုန်ပေါက်၍ မျက်လုံးပြူးကာ ထရံပေါ်မှ ၀င်းဦးပုံကို
လျှာထုတ် ပြောင်ပြလိုက်မိသည်။
“ဟီး ဟီး။ ပန်းရုံတို့ ရုပ်ရှင် မင်းသမီး ဖြစ်ရချည် သေးရဲ့”

ထိုအချိန်က ပန်းရုံတို့ ရွာမှာ မန္တလေးနှင့် ပြေးသော ကားဟူ၍
တစ်စင်းသာရှိသည်။ ပြင်ပလောကနှင့် ဆက်သွယ်သည့် နေရာဟူ၍ လည်းချောက်ချီး
ချောက်ချက် စာတိုက်ခွဲလေး တစ်ခုသာ ရှိသည်။ ရွာတွင် တစ်ဦးတည်းရှိ သည့်
ဓာတ်ပုံဆရာဆီမှာ သတင်းစာထဲ ပါသည့် အရွယ် အစား၊ ပုံအရေအတွက် အတိုင်း
ဓာတ်ပုံတွေ ရိုက်သည်။ ဓာတ်ပုံဖိုးကိုတော့ ဖေ၀င်းကို ညာတာပါတေးနှင့်
ဆိတ်ကလေး တစ်ကောင် ရောင်းခိုင်းလိုက် ရသည်။ ပြီးတော့ အရပ်ကူပါ၊
လူဝိုင်းပါနှင့် လျှောက်လွှာ ပုံစံတွေ ရေးကာ ကိုရင်ဖိုးနီ အကူအညီဖြင့်
စာတိုက်မှ ပေးပို့ခဲ့သည်။

တစ်ရက်၊ နှစ်ရက်။ ထို့နောက် လ။ လမှနှစ်ခေါ် စာကို စောင့်စား ခဲ့သော်လည်း
ပန်းရုံထံ ခေါ်စာက ရောက်မလာ ခဲ့ပါ။ အဆက်အသွယ် ခက်ခဲသော ခေတ်တွင် ခေါ်စာကို
တစ်ဦးချင်း မပို့မှန်းလည်း ပန်းရုံ မသိပါ။ သတင်းစာ သို့မဟုတ်
မဂ္ဂဇင်းတွေထဲမှာ လူတွေ့စစ်ဆေးရန် အကြောင်း ကြားနိုင်မည်ဟုလည်း ပန်းရုံ
မစဉ်းစားတတ်ပါ။ ပန်းရုံ၏ ဓာတ်ပုံနှင့် လျှောက်လွှာများ ပန်းရုံပို့တဲ့
ဆီရောက်မရောက်လည်း ပန်းရုံမသေချာပါ။ ဒီလိုနှင့် ပန်းရုံသည်။ ဒေါ်ပန်းရုံ
ဖြစ်လာခဲ့သည်။ သို့သော် ရင်ထဲမှ ရုပ်ပုံလွှာသည် မပျက်မပြယ် ရှိနေဆဲ။
မျှော်လင့်ချက်သည်လည်း အရောင်များ စိုလွင် တောက်ပ နေဆဲ။

အချိန်တွေ ပြောင်းသလို ခေတ်တွေလည်း ပြောင်းလာခဲ့သည်။ ပန်းရုံကိုယ်တိုင်
သည်လည်း ရွာမှာ မဟုတ်တော့။ မန္တလေး အနီးမှ မြို့လေးတစ်မြို့တွင် ပြောင်းရွှေ့
နေထိုင်ခဲ့သည်။ ဟိုအရင်က စိတ်ဖြင့်ပင် မကူးရဲအောင် ဝေးကွာလွန်း ခဲ့သော
ရန်ကုန်ကို အခုနည်း မျိုးစုံဖြင့် ပန်းရုံသွားရောက် နိုင်ခဲ့ပြီ။
တစ်နေ့ အနှစ်နှစ် အလလ ရင်ထဲတွင် ကိန်းအောင်း နေသော ဆန္ဒ၏ တွန်းအား ဖြင့်
ရန်ကုန်မြို့ကြီးသို့ သွားရောက်ခဲ့သည်။ ပြီးတော့ ကိုဝင်းဦးကို ဘယ်လိုနည်း၊
ဘယ်လို ပုံစံနှင့်ပဲ ဖြစ်စေ တွေ့ဆုံခွင့် ရအောင် ကြိုးစားမည်ဟု
ဆုံးဖြတ်ခဲ့သည်။
မျှော်လင့်ချက်များစွာ ဖြင့် ပန်းရုံ ရင်ခုန် ပျော်ရွှင်နေ ခဲ့သည်။

သို့သော် ပန်းရုံ ရန်ကုန်မြို့သို့ ရောက်သော နေ့သည် ရုပ်ရှင် သရုပ်ဆောင်၊
အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာ ထပ်ဆင့် အကယ်ဒမီ ၀င်းဦး ကွယ်လွန်သောနေ့
ဖြစ်လေသည်။
(၁၉၇၄ ခုနှစ်ဝန်းကျင် ခန့်က မန္တလေးမြို့တွင် သရုပ်ဆောင် အကယ်ဒမီ
ဝင်းဦးနှင့် အမှတ်မထင် ဆုံစည်း ခဲ့ရဖူးသော မိန်းကလေး တစ်ယောက်၏ ကိုယ်တွေ့
ဖြစ်ရပ်ကို ခံစား ရေးဖွဲ့ပါ သည်။)

ရွှေရင်နှစ် (မြို့သာ)

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွက် မြေဧကနှစ်သိန်းခြောက်သောင်းပါဝင်မည့် စာချုပ်ချုပ်ဆို

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွက် မြေဧကနှစ်သိန်းခြောက်သောင်းပါဝင်မည့် စာချုပ်ချုပ်ဆို


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်သော မန္တလေး စက်မှုလုပ်ငန်းများ
ဖွံဖြိုးရေးအာဏာပိုင် နှင့် တော်ဝင်အဆင့်မြင့် နည်းပညာအဖွဲ့ ကုမ္ပဏီလီမိတက်တို့သည်
မြေဧက နှစ်သိန်းခြောက်သောင်းကျော် ပါဝင်မည့် မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့ စီမံကိန်း
လုပ်ငန်းကို အကျိုးတူဆောင် ရွက်နိုင်ရန် သဘောတူစာချုပ်ကို ယခုလ ၉ ရက်နေ့က
ချုပ်ဆိုခဲ့ကြသည်။

အဆိုပါစာချုပ်ကို ပြည်ကြီးတံခွန်မြို့ နယ် မန္တလေးစက်မှုဇုန်ရှိ Hi-Tech,A-1 (Log House)
တွင် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်
စက်မှုလက်မှု ၀န်ကြီးဋ္ဌာန ၀န်ကြီး ဒေါက်တာမြင့်ကြူနှင့် တော်ဝင်အဆင့်မြင့် နည်းပညာအဖွဲ့
ကုမ္ပဏီလီမိတက်၏ မန်နေဂျင်း ဒါရိုက်တာဒေါက်တာ ထွန်းထွန်းအောင်တို့က စာချုပ်ကို
လက်မှတ်ရေးထိုးခဲ့ကြသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့ စီမံကိန်းလုပ်ငန်းပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ "ကျွန်တော်
တို့အစိုးရအဖွဲ့ ပေါ်ပေါက်လာပြီးတဲ့နောက် ဒီနယ်မြေ မှာ လုပ်ငန်းတစ်ခုဆောင်ရွက်လိုတယ်။
ဒီလုပ်ငန်းက နယ်မြေကထွက်ရှိတဲ့ စိုက် ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို အဆင့် မြှင့်ပြီးတာ့မှ
ပြည်ပပို့လို့ရအောင် ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တော်ဝင်အဆင့်မြင့်နည်းပညာ
အဖွဲ့ ကုမ္ပဏီလီမိတက်က စတင်စဉ်းစားလာ ပါတယ်။

ဒီစဉ်းစားလာချက်ကို ကျွန်တော်တို့နဲ့ လာရောက်ပြီး ဆွေးနွေးပါတယ်။ နောက်ပိုင်းမှာတော့
ဒီကနေ တစ်ဆင့် နယ်မြေအခြေအနေကို အသေး စိတ် လေ့လာပြီးတဲ့နောက် ဒီနေရာမှာ
ဆိပ်ကမ်းတစ်ခု တည်ဆောက်မယ်။ နောက် စက်မှုဥယျာဉ်တစ်ခုကို တည် ဆောက်မယ်ဆို
ပြီးတော့မှ တိုးမြှင့်စဉ်း စားလာကြတယ်။ မူလစဉ်းစားချက်ဟာ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊
အလုပ်အကိုင် အခွင့်အလမ်းရရှိရေးများကို အဓိက ဦးတည်ပြီး ဆောင်ရွက်မယ်ဆိုတဲ့
ဆွေးနွေးချက်ဖြစ်တယ်"ဟု ပြောကြားသည်။

"ဒီဆွေးနွေးချက်အပေါ်မှာ ကျွန်တော်တို့အနေနဲ့ အချက်လေးချက်ကို အခြေခံပြီး စဉ်းစားခဲ့
ပါတယ်။ နံပါတ် တစ်အချက်က ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ
တကယ်ပေါ်ပေါက်မှာလား၊ နံပါတ်နှစ် နယ်မြေဒေသမှာရှိတဲ့ လူထုအနေနဲ့ ဘယ်လောက်
အထိ ထိခိုက်သွားနိုင်လဲ၊ နံပါတ်သုံး၊ တကယ့်ကို ဒီနယ်မြေဒေသ ဟာ ဖွံ့ဖြိုးတိုးတက်လာနိုင်
တဲ့အခြေအနေရှိရဲ့လား၊ နောက်ဆုံးအချက်က တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ
ထိခိုက်မှုအနေအထား။ ဒီအချက်လေးချက်ကို အခြေခံပြီးဆွေးနွေးလိုက်တဲ့အခါမှာ ဒီနယ်မြေ
မှာအကောင်အထည်ဖော်မယ်ဆိုရင် အားလုံးကို ဖြည့်ဆည်းပေးနိုင်တယ်။

ကျော်လွှားနိုင်တယ်ဆိုတဲ့ အဖြေတစ်ခုကို ရရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော် တို့တစ်တွေ
လည်းပဲ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တစ်မြို့နယ်လုံး၊ မြင်းခြံ မြို့နယ်က အချို့အ၀က်ပါတဲ့
အစီအစဉ်ကို အစိုးအဖွဲ့တွင်းမှာ ဆွေးနွေးပြီးတော့မှ လက်ခံခဲ့တယ်။ ထို့အတူပဲ ဒီအစီအစဉ်
ဟာ ကျွန်တော်တို့အနေနဲ့ အကောင် အထည်ဖော်မယ့် အနေအထားကို ပြည်ထောင်စုအစိုးရ
အဖွဲ့ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဒီလုပ်ငန်း အခြေအနေတွေကနေ စတင်လုပ်
ဆောင်ခဲ့တာ အခုဆိုရင် စာချုပ်ချုပ်ဆိုတဲ့ အဆင့်ကို ရောက်ရှိပြီဖြစ်ပါတယ်" ဟု
ဝန်ကြီးချုပ်ဦးရဲမြင့်က ဆက်လက်ပြောကြားသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တွင် ထည့်သွင်းတည်ဆောက်မည့် လုပ်ငန်းများမှာ
သယ်ယူပို့ဆောင်ရေးဌာန၊ အလတ်စားစက်မှုလုပ်ငန်း၊ အသေးစား စက်မှုလုပ်ငန်း၊ အထပ်နိမ့်
အိမ်ရာစီမံ ကိန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဇုန်၊ သိပ္ပံနှင့် သုတေသနဌာနရုံး၊
ဂေါက်ကွင်း၊ ပန်းခြံနှင့် စိမ်းလန်းစိုပြည်ရေးနေရာ၊ လုံးချင်းအိမ်ရာ၊ အထပ်မြင့်အိမ်ရာ၊
ကုန်တိုက်နှင့် ဈေးဝယ်စင်တာတို့ ဖြစ်ကြောင်း သိရသည်။

"စီမံကိန်းကို လုပ်ငန်းမစတင်မီ ကြို တင်ဆောင်ရွက်ရမှာဖြစ်လို့ စင်ကာပူနိုင်ငံက ပညာရှင်
အဖွဲ့အစည်းကို ငှားရမ်းပြီး ရေးဆွဲနေပါတယ်။ စက်မှုဥယျာဉ်တစ်ခုလုံးလိုအပ်တဲ့
နိုင်ငံတကာ အဆင့်မီ အချက်အလက်များအားလုံး ပါဝင်စေဖို့ နိုင်ငံခြားသားပညာရှင်များ
ဖြစ်တဲ့ စင်ကာပူတစ်ဦး၊ အမေရိကန်နှစ်ဦး၊ နယူးဇီလန်တစ်ဦး၊ ပြင်သစ်တစ်ဦး
စုစုပေါင်းနိုင်ငံခြားသား ပညာရှင်ငါးဦးကို ထပ်မံငှားရမ်းခန့်ပြီး ကုမ္ပဏီက ငွေကြေးများစွာ
မတည်ရင်းနှီး အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်"ဟု တော်ဝင်အဆင့်မြင့်
နည်းပညာအဖွဲ့ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌဦးအောင်ဝင်းခိုင်က ပြောကြားသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တွင် အကြီးစားစက်မှုလုပ်ငန်း၊ အလတ်စား စက်မှုလုပ်ငန်း
နင့် အသေးစားစက်မှုလုပ်ငန်းများစွာပါဝင်သဖြင့် စက်ရုံပေါင်း ၂,၅၀၀ ခန့်နှင့် အလုပ်အကိုင်
အခွင့်အလမ်းရာထူး/ ၀န်ထမ်းခန့်ထားရန် နေရာစုစုပေါင်း ၁၅၀,၀၀၀ ခန့်ထွက်ပေါ်လာနိုင်
ကြောင်း ၎င်းကပြောသည်။

credit to mmtimes