Saturday 8 September 2012

ထူးအိမ်သင်၏ ပုံတူကောက်ကြောင်း - နိုင်ဇော် - အပိုင်း၎ (credit to mmcyber)

                                                       အခန်း(၁၁)
                                                 ဆရာ ဦးအောင်စိုး

(၁)
တစ်ရက်တော့ ကျော်မြင့်လွင် ဘာစိတ်ကူး ပေါက်သည် မသိ။
" ကိုဝင်းဦး၊ ကျွန်တော် မြူးဇစ် သင်ချင်တယ်ဗျာ၊ ခင်ဗျားလည်း အဖော် လိုက်ခဲ့ပါလား " ဟု ဆိုင်းမဆင့် ဗုံမပါဆိုသည်။
"ဟကောင်၊ မင်းက မြူးဇစ် သင်ချင်သေးတာလား၊ ဘယ်သူ့ဆီ သွားသင်မှာလဲ၊ ဘယ်အထိ သွားသင်မှာလဲ၊ မင်းကိုရော ဘယ်သူက သင်ပေးဦးမှာတဲ့လဲ "ကိုဝင်းဦးက မေးမိသည်။

ကိုဝင်းဦး နားလည်သလောက် မော်လမြိုင်မှာတော့ ကျော်မြင့်လွင်ကို သင်ပေးနိုင်လောက်အောင် မြူးဇစ် တတ်ကျွမ်းသူ မရှိ။ ကျော်မြင့်လွင် ကိုယ်တိုင် ဆရာ တစ်ဆူဟုပင် ဆိုရမည်။ ဒါပေမယ့် ကျော်မြင့်လွင်က-
"ဒီလိုဗျာ၊ ဆရာ ဖရန်းစစ္စဆိုတာ ခင်ဗျား ကြားဖူးလား"
အဲဒီတော့မှ ကိုဝင်းဦး သတိရသွားသည်။
"အေးး၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကြားဖူးတယ်၊ သူကလည်း နာမည်ကြီးပဲနော်၊ မင်းနဲ့ ဖြစ်ပါ့မလား"
"မဖြစ်စရာ မရှိပါဘူးဗျာ၊ စိုးငယ်တို့လည်း ဆရာ ဖရန်းစစ္စ ဆီမှာ သင်ဖူးတယ်။ ဆရာ သင်တာတွေက မြင့်နေလို့သာ လူတွေ လိုက်မမီတာ ဖြစ်မှာပါ၊ သွားကြည့်ရအောင်ဗျာ" ဟု အဖော် စပ်လေသည်။

(၂)
ကိုဝင်းဦးက ဦးအောင်စိုး ခေါ် ဆရာ ဖရန်းစစ္စ ဂီတ ကျွမ်းကျင်တာ ကြားဖူးသည်။ ဦးအောင်စိုးသည် ငယ်ငယ်ကတည်းက မိဘများ၏ ပျိုးထောင်မှုဖြင့် ဂီတနှင့် ရင်းနှီးလာခဲ့သူ။ စစ်မှုထမ်းဟောင်း တစ်ဦးဟုလည်း အချို့က ဆိုသည်။ နောက်တော့ ယစ်မျိုးဘက်မှာ အလုပ် လုပ်ခဲ့သေးကြောင်း သိရသည်။

ပင်စင် ယူပြီးသောအခါ ကလေးတွေကို အင်္ဂလိပ်စာ သင်ပေးသည်။ မော်လမြိုင်မှာ ဂီတ အသိုင်းအ၀ိုင်းနှင့် ရောရောနှောနှော မနေသော်လည်း ဂီတ အသိုင်းအ၀ိုင်းက လေးစားရသူ အဖြစ် လူတွေ အားလုံး သိကြသည်။
သူက အိုရီယင့်တဲလ် နုတ်စ် မသင်။ ပတ်ကား နုတ်စ်ပဲ သင်သည်။ သဘောမနော အေးဆေးသူ ဖြစ်သည်။ သို့သော် ဂီတနှင့် ပတ်သက် လာလျှင် မာနကြီးသူဟုလည်း ဆိုကြသည်။ သူ့ဆီမှာ မြူးဇစ် သွားသင်ကြသူ အများစုတို့ Sight reading အဆင့်မှာတင် ပြန်လန် ကျလာကြတာ များသည်။

ကျော်မြင့်လွင် ကိုယ်တိုင်လည်း မာန ခပ်ကြီးကြီးမို့ နှစ်ယောက် အပေါက်အလမ်း တည့်ဖို့ ခဲယဉ်း၍ "ဖြစ်ပါ့မလား" ဟု ကိုဝင်းဦး မေးကြည့်ခြင်းဖြစ်သည်။ သို့သော် ကျော်မြင့်လွင်က တအားကိုပဲ စိတ်အားထက်သန် နေသည်။ မဖြစ်ကာမှ မဖြစ်ရော။ သွားတော့ ကြည့်မည်ဟု ဆိုသည်။

"ကျွန်တော် ဘာသာ ပြန်စဉ်းစားတိုင်း ပညာ မစုံသေးသလိုပဲ စိတ်ထဲမှာ ဖြစ်နေတယ်။ ပညာစုံဖို့ ဆိုရင် ဆရာလိုတယ်"
"ဟာကွာ၊ ပညာကတော့ စုံသွားပြီလို့ ဘယ်ရှိမလဲ"
"အေးလေဗျာ၊ ပြောပြီးပြီးပဲ။ အဲဒါကြောင့်လည်း ဆရာ ရှာနေရတာပေါ့"

(၃)
သည်လိုနှင့် သူတို့နှစ်ယောက်သား ဆရာ ကေစီ ဖရန်းစစ္စှဆီ ရောက်သွားဖြစ်ကြသည်။
မုဒုံဘက် အထွက်လမ်း ကုန်းထိပ် ပေါ်မှာ ဆရာ ဦးအောင်စိုးတို့ အိမ် ရှိသည်။ မော်လမြိုင်ကောလိပ် ကျောင်းနောက်က တစ်ကွေ့ တက်သွားလျှင် နီးနီးလေးနှင့် လမ်းသာသည်။ အိမ်ကလေးက လုံးချင်း ထရံကာ ခပ်ငယ်ငယ် ဖြစ်သော်လည်း သပ်သပ်ရပ်ရပ်။ ခြံဝင်းကလေးမှာလည်း သာသာယာယာ။ မွေ့လျော်ချင်စရာ ကျောင်းသင်ခန်းနှင့်ပင် တူသေးသည်။ အိမ်နား နီးလာတော့ တယောထိုးသံကို အရင်ကြားရသည်။

ဦးအောင်စိုးကို တွေ့တော့ စိတ်ထဲ ကြိုတင် မှန်းထားသည့် ပုံစံနှင့်မတူ။
အရပ် ထောင်ထောင်မောင်းမောင်း၊ ဗလကောင်ကောင်းနှင့် ရုတ်တရက်ဆို ဂီတသမားပုံမပေါက်။ ဖြူကြောင်စ ဆံပင်ကို ခပ်တိုတို ညှပ်ထားသည်။ စစ်မှုထမ်းဟောင်း တစ်ဦး၏ အငွေ့အသက် မပြယ်သေးသလို ယစ်မျိုး ၀န်ထမ်း ပုံစံပေါက်နေသေးသည်။

သူတို့ကို ဖိနပ်ချွတ်မှာ လှမ်းမြင်၍ တယောကို ညင်သာစွာ အသာချပြီး-
"ဘာလာ လုပ်ကြတာလဲ" ဟု အသံ သြဇာ ကောင်းကောင်းနှင့် ရှင်းပြတ်စွာ လှမ်းမေးသည်။
"ဆရာ့ဆီ လာတာပါ"
"ကျွန်တော့်ကို ဆရာ မခေါ်ပါနဲ့၊ ကျွန်တော် ဘာမှ မသင်ရသေးတဲ့ ခင်ဗျားတို့က ကျွန်တော့် တပည့်လေးတွေလည်း မဟုတ်ဘူး"

(၄)
တွေ့တာတော့ တွေ့ကြပြီ။
ကိုဝင်းဦး စိတ်တွေ လေပြီး ရင်ထဲ တုန်သွားသည်။ ကျော်မြင့်လွင်ကလည်း စိတ်မြန်သူ၊ နှစ်ယောက်သား ဘုဘောက်များ ဖြစ်ကြတော့မှာလား။ ကိုဝင်းဦး စိတ်ပူမိသေးသည်။ သို့သော် ဦးအောင်စိုး အပြောက စကားလုံးများနှင့်သာ အ၀င် မဖြောင့်တာ။ အတွင်းထဲရှိ စိတ်နှလုံးက အဖြူထည်။ နွေးထွေးနေမှန်း အသံအရ သိသာသည်။

ဂီတာ သင်ချင်၍ လာကြကြောင်းပြောပြတော့-
"ဂီတာ အတီးသင်တာ ဆိုရင်တော့ အစဉ်းစားဘဲ စောစောပြန်တာ ကောင်းလိမ့်မယ်၊ ကျွန်တော်က ဂီတာ သင်တန်း မပေးဘူး" ဟု ဆိုသည်။
စကားပြော မှားသွားမှန်း ချက်ချင်းပဲ သူတို့ သိလိုက်ကြသည်။ မြူးဇစ် သင်ချင်၍ လာခြင်းဖြစ်ကြောင်း စကားပြင် ပြောသော်လည်း ချက်ချင်း လက်မခံ။

"အင်း၊ မြူးဇစ် သင်ချင်လို့ ဆိုပြီး လာကြတာလည်း များပါပြီ။ ဒါမျိုးတွေ တွေ့ခဲ့ရတာ ရိုးနေပြီ။ ကျွန်တော်လည်း အသက်ကြီးပြီ။ ဒါတွေ မလုပ်ချင်တော့ဘူး။ အေးလေ. . . ကျွန်တော့်ဆီမှာ ကြာကြာတော့ ဘယ်သူ့မှလည်း မခံပါဘူး" ဟု ရယ်မော ပေါ့ပါးစွာ ဆိုသည်။
ခါးခါးသီးသီး ငြင်းဆန် လွှတ်တာ မဟုတ်၍ အတန်ငယ် အားတက်လာပြီး စကားစမြည် ပြောဖြစ်ကြသည်။ ဦးအောင်စိုးက စကားပြောရင်းပင် ပင်ကို နူးညံ့သော သဘော သဘာဝတွေ ပေါ်လာသည်။

စကား ပြောလျှင် "ကျွန်တော်" နှင့် "ခင်ဗျား" တို့ ဆိုပြီး ပြောတာကိုက အသက်အရွယ် အဆမတန် ကွာခြားသော်လည်း ငယ်သူကို လေးစားတတ်သည့် စိတ်ထား ရှိနေတာ ပေါ်လွင်သည်။
"ကျွန်တော်က နုတ်စ်မှာ ၀မ်း၊ တူး၊ သရီး၊ ဖိုး မတတ်ဘူး။ မသင် ပေးချင်လို့ မဟုတ်ဘူးနော်။ ကျွန်တော် မတတ်လို့ မသင်တာပေးနိုင်တာပါ။ အင်းလေ၊ အင်တာနေရှင်နယ် နုတ်စ် သင်ချင်တယ် ဆိုရင်တော့ တစ်မျိုးပေါ့" ဟု ဆိုသည်။

ထိုအခြေခံတွင် သဘောတူညီမှု ရသွားသယောင် ရှိသော်လည်း ဦးအောင်စိုးက လက်ခံလိုက်ခြင်း မဟုတ်သေး။ ဘယ်က လာသည်၊ ဘယ်မှာ နေသည်၊ မိဘတွေက ဘယ်သူဘယ်ဝါ။ ဘာအလုပ်တွေ လုပ်ကိုင်ကြသည် ဆိုတာ အားလုံး စစ်ပေါက်ပေါက် မေးမြန်းစုံစမ်းသည်။ သူ့အနေနှင့် လူတစ်ယောက်၏ နောက်ခံကိုပါ သိထားပြီးမှ လက်ခံချင်သည်။ ကျော်မြင့်လွင်၏ ဘကြီးတစ်ယောက်က ယစ်မျိုးဘက်မှာ အလုပ် လုပ်ဖူး၍ ဦးအောင်စိုးနှင့် သိကျွမ်းခဲ့တာကလည်း အဆင်ပြေသွားစေခဲ့သည်။

(၅)
ဤသို့ဖြင့် ကိုဝင်းဦးနှင့် ကျော်မြင့်လွင်တို့ ဦးအောင်စိုး၏ ဂီတ တပည့်များ ဖြစ်သွားကြလေသည်။
ဦးအောင်စိုးက ပီယာနို သင်ခန်းစာမှ အက်ဂျူဒ် သဘော လေ့ကျင့်ခန်းတွေ ချပေးသည်။ သူက တယောနှင့် ပြပြီး ဂီတာနှင့် လိုက်တီးရသည်။
အိမ်ကလေးထဲမှာ စာအုပ်တွေက အများကြီး။ အများစုက အနုပညာနှင့် ဂီတ စာအုပ်တွေပဲ ဖြစ်သည်။

လေ့ကျင့်ခန်းတွေက တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီး တစ်ဆင့် ပို၍ ပို၍ ခက်လာသည်။ အပင်ပန်းခံပြီး ကြိုးစား အားထုတ်ပြီးမှ မှတ်သား လေ့ကျင့် ယူရသည်။ ကိုဝင်းဦးနှင့်
ကျော်မြင့်လွင်တို့ နှစ်ယောက်စလုံး အင်တာနေရှင်နယ် နုတ်စ် အခြေခံ ရှိထားပြီး ဂီတ အခြေခံ သဘောတရားများကို သိကြသည်။ ထိုစဉ်က ကျော်မြင့်လွင်သည် အရွယ်သက်တမ်း နုသေး၍ sight reading မှာ ကိုဝင်းဦးလောက် မကျွမ်းကျင်သေးတာဘဲ ရှိခဲ့သည်။

သို့သော် ဦးအောင်စိုးထံမှာ သူတို့ ကိုယ်ကို သူတို့ တပည့်များအဖြစ် အပ်နှံကြပြီးသည့် နောက်ပိုင်းတွင် ကိုဝင်းဦးက အလာမမှန်။ မရောက် တစ်လှည့် ရောက်တစ်လှည့် ဆိုသလို ဖြစ်ခဲ့ကြသည်။ ကျော်မြင့်လွင်ကတော့ တစ်ရက်ဆို တစ်ရက် မျှပင် လူံဝ မပျက်ကွက်။
မှန်မှန်ကြီး သွားရောက်ပြီး ပညာယူသည့်အတွက် လူတကာ လိုက်ရှာနေကြသည့် ရတနာသိုက်မြေပုံ၊ ပျောက်ဆုံးနေသော သိုင်းကျမ်းကို တွေ့လိုက်ရသည့်အလား ဂီတ သီအိုရီပိုင်းတွင် နဂိုကနှင့် အခြေအနေတွေ များစွာ ကွာခြား တိုးတက် သွားခဲ့လေတော့သည်။

(၆)
ကျော်မြင့်လွင်သည် ဦးအောင်စိုးထံ၌ Rudiments of music မှစ၍ အခြေခံကျကျ၊ အမြစ်ခိုင်ခိုင် သင်ယူခွင့် ရခဲ့သည်။ အထူးသဖြင့် မြူးဇစ် သီအိုရီပိုင်းကို အသားပေး၍ လေ့လာခဲ့သည်။ ဟာမိုနီ Counter point နှင့် Music composition အပိုင်းတို့ကိုလည်း အသေးစိတ် နားလည်အောင် ထိုးထွင်းကြည့်ခွင့် ရရှိခဲ့လေသည်။

ထိုကာလ တစ်လျှောက်လုံးတွင် ကျော်မြင့်လွင်သည် ဂီတ၌ နက်ရှိုင်းစွာ မွေ့လျော် အသက်ရှင်ရသည် ဖြစ်၍ သူ၏ သွေးသား လှည့်ပတ် စီးဆင်းမှု အားလုံးလန်းဆန်း နေခဲ့သည်။
အိပ်ရာမှ စောစောစီးစီး မနက် ၆ နာရီလောက်တွင် ထ၊ မျက်နှာသစ်၊ နံနက်စာ စားပြီးသည်နှင့် ဂီတာကို ကောက်ကိုင်သည်။ ဦးအောင်စိုး ပေးထားသည့် အိမ်စာ တစ်နေ့တာ ဆောင်ရွက်ရမည့် လေ့ကျင့်ခန်းများကို သပ်သပ်ရပ်ရပ် တီးခတ်နိုင်သည်အထိ ပြီးစီးအောင် လေ့ကျင့်။ ပြီးသည်နှင့် ဦးအောင်စိုး အိမ်သို့ လမ်းလျှောက် ထွက်လာခဲ့တော့သည်။ တစ်ခါတစ်လေ အိမ်ကနေ ထမင်းဗူးပင် အပြီး ထည့်သွား တတ်သည်။

(၇)
ကျော်မြင့်လွင် လျှောက်ရသည့် ခရီးက သုံးမိုင်ခန့်ဝေးသည်။ သို့သော် ကျော်မြင့်လွင်က မညည်းမညူ။ လမ်းတစ်လျှောက်မှာ မော်တော်ကား၊ စက်ဘီးများ အသွားအလာ ရှင်းလင်းသည့် နေရာတွေသာ များသောကြောင့် ပါလာသည့် မြူးဇစ်စာအုပ်များကို ထုတ်ပြီး ဖတ်ရင်း လမ်းလျှောက် တတ်သည်။

စာဖတ်ရင်း လမ်းလျှောက်နေသည့် မျက်မှန်ထူထူနှင့် လူငယ်လေးကို တွေ့မြင်ရသူတွေက အံ့အားသင့်ပြီး ကြည့်မိကြသည်။ အထူးအဆန်းသဖွယ် သဘောကျပြီး ပြုံးမိသူတို့သည် ပြုံးခဲ့ကြသည်။ စာဖတ်ရတာ အဆင်မပြေသော လမ်းနေရာတွေ ကျလျှင် စာအုပ်ကိုလွယ်အိတ်ထဲ ပြန်ထည့်။ Notation များကို ပါးစပ်ဖြင့် ဂါထာ မန်းမှုတ်သလိုမျိုး လေ့ကျင့်ရင်း လမ်းလျှောက်သည်။ သို့မဟုတ်ပါကလည်း ဦးအောင်စိုး သင်ပေးထားသမျှ ဂီတ သင်ခန်းစာများကို စိတ်ကူးဖြင့် ပြန်လည် ပုံဖော် မြင်ကြည့်ရင်းလမ်းကို လျှောက်ခဲ့သည်။

ဂီတတိုင်းသည် အသံ ကြားရသည် မဟုတ်။ တိတ်ဆိတ်သော ဂီတသံက စိတ်ကူး နားထဲမှာ ရှိသည် ဆိုတာ ယခင်ကပင် ကျော်မြင့်လွင် သိသည်။ ယခု သိပုံက ပိုပြီးတော့ ထင်ထင်ရှားရှား ပိုပြီးတော့ ပိုင်ပိုင်နိုင်နိုင် ပီပီပြင်ပြင် လက်ဆုပ်လက်ကိုင် ရှိလာခဲ့ခြင်း ဖြစ်သည်။
ဦးအောင်စိုး အိမ်ရောက်သည်နှင့် ဂီတကြွက်သား သန်မာရေး လေ့ကျင့်ခန်းများ စတင်တော့သည်။ သူတို့နှစ်ယောက် ပြောသမျှ စကားက ဂီတစကားသာ ဖြစ်သည်။ ယမန်နေ့က သင်ယူခဲ့သမျှ လေ့ကျင့်ခန်းများကို ပြန်လည် တီးခတ် ပြရသည်။ ဦးအောင်စိုးက နားထောင် ဆန်းစစ်ပြီး ပြန်လည် ဆွေးနွေးသည်။ ထို့နောက် သင်ခန်းစာ အသစ်များ လမ်းပြသွန်သင်။ လေ့ကျင့်ခန်း အသစ်များ ချပေးသမျှ ယူဆောင်ပြီး အိမ်သို့ လမ်းလျှောက် ပြန်လာသည်။

ကျော်မြင့်လွင်၏ အိမ်အပြန် လမ်းတစ်လျှောက်မှာလည်း ယနေ့ တစ်နေ့တာ သင်ယူ ရရှိလာခဲ့သည့် ပူပူနွေးနွေး သင်ခန်းစာများ နှုတ်တက်ရွရွ ရွတ်ဆို၊ သို့မဟုတ်လျှင်လည်း စိတ်ကူးဖြင့် ပြန်လည်ပုံဖော်၍ လေ့ကျင့် လာခဲ့သည်။
အိမ်ရောက်၍ လုပ်စရာ မရှိလျှင် ဂီတ သင်ခန်းစာများ လေ့ကျင့်မည်။ လုပ်စရာရှိလျှင် မြန်မြန် ပြီးစီးအောင် လုပ်ကိုင်မည်။ အပြင်ထွက်လုပ်မှ ပြီးမည့် အလုပ်ဆိုလျှင်လည်း ထွက်ပြီး အပြီးဖြတ် လုပ်ကိုင်သည်။ ပြန်လာလျှင် ဂီတ သင်ခန်းစာများကို ညနက်ခံပြီး အထပ်ထပ် အပြန်ပြန် လေ့ကျင့် လေတော့သည်။

(၈)
ဂီတနှင့် ပတ်သက်လာလျှင် ကျော်မြင့်လွင်မှာ အချိန် ဖြုန်းစရာ လုံးဝမရှိ။ အချိန်ကို လုံးဝ အပြုန်းတီး မခံ။ သူ့ဘ၀ကို ဂီတာ လေ့ကျင့်ခန်းနှင့် သင်ခန်းစာတွေထဲမှာပဲ အပြီးအပိုင် နှစ်ထားခဲ့သည်။

အထပ်ထပ် လေ့ကျင့်ခြင်းသည် အဘက်ဘက်က ပြောစရာ မရှိသည့် ခြောက်ပြစ်ကင်း ဘ၀သို့ ရောက်ရှိစေသည် ဆိုသော စကားရှိထားသည်။ မီးနာမှ သံကောင်းမည်။ သံကောင်းမှ ဓါးထက်စမြဲ ဖြစ်သည်။ ပညာ၏ လမ်းသည် ကောက်ကွေ့လှသည်။ အပင်ပန်းခံ အဆင်းရဲ ခံရသဖြင့် ပညာ၏ အမြစ်က ခါးလှသည်ဟု ဆိုကြသည်။ မှန်ပါသည်။ သို့သော် ပညာ၏ အသီးအပွင့်ကလည်း ချိုမြိန်လှတာ မည်သူမျှ မငြင်းနိုင်။

ဤသို့ဖြင့် တော်တန်ရုံလူ ကျော်ဖြတ်နိုင်ဖို့ ခဲယဉ်းသည့် ဦးအောင်စိုး၏ ခက်ခဲနက်နဲလှသော ဂီတ သင်ခန်းစာများ အကြားတွင် အစွမ်းကုန် အားထုတ် ကြိုးပမ်းသူ ကျော်မြင့်လွင် တစ်ယောက် အပြောင်းလဲကြီး ပြောင်းလဲ သွားခဲ့သည်။
ဦးအောင်စိုး၏ တပည့်များထဲမှ အထူးချွန်ဆုံး၊ ဦအောင်စိုး စိတ်တိုင်း အကျဆုံး၊ အကြောင်းတိုက်ဆိုင် လာတိုင်း ထုတ်ဖော်၍ ချီးကျူးရသည့် တပည့်တစ်ဦး ဖြစ်လာခဲ့သည်မှာ အဆန်း မဟုတ်ခဲ့ပါချေ။ အာရုံ စူးစိုက် အပင်ပန်း ဆင်းရဲခံပြီး ခက်ခက်ခဲခဲ ရယူခဲ့ခြင်း ဖြစ်သည်။ အိပ်ရေးပျက် ညများစွာတို့ကို စတေး ပေးဆပ်ခဲ့ရသည်။

"မအိပ်မနေ အသက်ရှည်" ဆိုသည့် ရှေးဆိုရိုး စကား ရှိခဲ့သည်။ ပျူတကောင်းခေတ်၏ နဂါးနိုင်မင်း လက်သုံးပြုခဲ့သော စကား ဖြစ်သည်။ ကျော်မြင့်လွင်လည်း မအိပ်မနေ ကြိုးစားခဲ့သဖြင့် သူ၏ ဂီတ အသက်ရှည်ခဲ့သည်။ သူ၏ ဂီတ မသေဆေးကိုပင် ရမှန်း မသိ ရရှိခဲ့သည်ဟု ဆိုရချိမ့်မည်။

(၉)
ဦးအောင်စိုး၏ ထူးခြားချက်မှာ သူ့တပည့်များက သူ့ကို "ဆရာ" ဟု ခေါ်ခြင်းအား (ခြွင်းချက် အနည်းငယ်မှ အပ ) ဘယ်သောအခါမျှ လက်မခံခဲ့ခြင်း ဖြစ်သည်။
သူ့အယူအဆမှာ သူသည် ဆရာ (Teacher) မဟုတ်။ ရှေ့ဆောင် လမ်းပြသူ(Mentor) တစ်ဦးသာ ဖြစ်သည်။ သူ၏ အကြောင်းပြချက်မှာ တပည့်များကို သင်ကြား ပြသပေးရာတွင် သူအသုံးပြုသည့် သင်ခန်းစာ courses များမှာ သူ ဖန်တီးပြုစုထားသည့် သူ၏ ကိုယ်ပိုင် မဟုတ်။ ကမ္ဘာကျော် ဆရာ့ ဆရာကြီးများ၏ လက်ရာများသာ ဖြစ်သည်။ ထို့ကြောင့် ဆရာအစစ်သည် သူမဟုတ်။ အဆိုပါ Musics courses များ၏ မူလပထမ လက်ရာရှင်များသာ ဆရာသခင် အစစ် ဖြစ်ကြသည်ဟု ဆိုသည်။

သူကိုယ်သူ ခံယူထားသည့် Mentor တစ်ဦး ဆိုသည်မှာ an experienced person who advice and helps somebody with less experience over a period of time ဖြစ်သည်။ အတွေ့အကြုံ နည်းပါးနေ သေးသူကို အတွေ့အကြုံ ရှိထားသူက ကာလ အပိုင်းအခြား တစ်ခုထိ အကြံဥာဏ်ပေး ကူညီပေးခြင်းမျှသာ ဖြစ်သည်ဟု သူ ယူဆ လက်ခံထားသည်။

ဦးအောင်စိုးက ဆရာဟု ခေါ်သည်ကို မနှစ်သက်သည့်အတွက် ကျော်မြင့်လွင်က ချစ်ခင် ရိုသေစွာ မြန်မာလို ဘကြီး သို့မဟုတ် အနောက်တိုင်းလို အန်ကယ်ဟု ခေါ်ခဲ့သည်။ အန်ကယ် ဦးအောင်စိုးကလည်း ကျော်မြင့်လွင် ထိုသို့ ခေါ်ခြင်းကို သဘောကျ ကျေနပ် လက်ခံခဲ့သည်။

(၁၀)
အန်ကယ် ဦးအောင်စိုး၏ ပါရမီဖြည့်ဖက် အန်တီကလည်း ကျော်မြင့်လွင် အပေါ် များစွာ နွေးထွေးခဲ့သည်။
အန်ကယ်နှင့် အန်တီတို့၏ အိမ်ကလေးနှင့် ခြံဝင်းကလေးထဲရှိ ဘ၀ပုံစံကို ကျော်မြင့်လွင် အလွန်ပင် နှစ်ခြိုက် အားကျခဲ့သည်။ သူ အသက် ကြီးလာလျှင် အန်ကယ် ဦးအောင်စိုးလိုပင် မြူးဇစ်နှင့် စာပေ၌သာ မွေ့လျော်ချင်သည်ဟုလည်း အမြဲပင် ပြောလေ့ ရှိသည်။

ကျော်မြင့်လွင်၏ဘ၀မှာ အတွေ့အကြုံ၏ ဒဏ်ရာဒဏ်ချက်တွေ အတော်လေး စုံလင်ခဲ့ပြီ။ သို့သော် အန်ကယ် ဦးအောင်စိုးနှင့် တွေ့လိုက်ရသောအခါ သူ ပြောင်းလဲ သွားသည်။ အသိဥာဏ် အလင်းရောင် ဖျတ်ခနဲ ပွင့်သလို ဖြစ်သွားသည်။ အန်ကယ် ဦးအောင်စိုး၏ အယူအဆ အတွေးအမြင်များက သူ့ကို လမ်းပြခဲ့သည်။ သူကလည်း ထိုအယူအဆနှင့် ကျင့်ကြံ နေထိုင်ပုံများကို လေးစား အားကျသည်။ ဤသို့ဖြင့် ထိုလမ်းကြောင်း အတိုင်းပင် သူလက်ခံ ကျင့်သုံးခဲ့လေသည်။

(၁၁)
ကျော်မြင့်လွင် တစ်ယောက် နောင်တစ်ချိန်တွင် "ထူးအိမ်သင်" အဖြစ် အောင်မြင် ကျော်ကြား လာခဲ့ပြီးနောက် ပြည်၊ ၀က်ထီးကန်ရှိ ကိုသီဟန်သွင်နှင့် တွေ့ဖြစ်သောအခါ-
"နေစမ်းပါဦး မင်း ထူးအိမ်သင် ဖြစ်လာခဲ့တာက ဘယ်လိုလဲ" ဟု ကိုသီဟန်သွင်က မေးကြည့်သည်။
ထိုအခါ အန်ကယ် ဦးအောင်စိုး အကြောင်းကို ပြောပြခဲ့လေသည်။

"တကယ်တော့ အားလုံးကို ကျွန်တော် တော်တော် စိတ်ပျက်နေပြီ အစ်ကိုရ။ မြူးဇစ်အစား တစ်ခြားဟာ တစ်ခုခု ပြောင်းလဲပြီး လုပ်ဖို့တောင် စဉ်းစားနေပြီ။ အဲဒီလို စိတ်ပျက်လက်ပျက် ကလေကလွင့် စိတ်တွေ ဖြစ်နေတုန်း မော်လမြိုင်မှာ ကျွန်တော့် ဘ၀ကို ပြောင်းပေးလိုက်မယ့် အဘိုးကြီး တစ်ယောက်နဲ့ သွားတွေ့တယ်။ သူ့ဆီမှာ ကျွန်တော် သင်ခန်းစာတွေ သင်ဖို့ အတွက် ချဉ်းကပ်တယ်။ ပထမတော့ သူက ငြင်းသေးတယ်။ နောက်ပိုင်းကျမှ သင်ပေးတာ" ဟုသူဆိုသည်။

"မြူးဇစ်နဲ့ ပတ်သက်ပြီး မင်းဘာသာလည်း အရင်က လုပ်ထားသေးတာပဲ။ သူနဲ့ တွေ့တော့မှ ဘာတွေ ဖြစ်သွားလို့လဲ"
"အစ်ကို နားလည်အောင် ပြောရရင် အရင်က ကျွန်တော့် လက်ထဲ ရှိနေသမျှ တစ်စစီ၊ တစ်ပိုင်းစီ သိထားသမျှ အပိုင်းပိုင်း အစအစတွေကို သူက ဆက်စပ်ပြီး "ချုပ်" ပေးသွားလိုက်တာပဲ။ ကျွန်တော့် ဘာသာ ဘယ်လိုမှ ဖြည့်ကြည့်လို့ မရတဲ့ ကွက်လပ်တွေကို ဖြည့်ပေးလိုက်လို့ ရုပ်လုံး အပြည့်အစုံ ပေါ်လာတယ်။ ကျွန်တော် မြင်တတ်သွားတယ်။ ကျွန်တော် အလုပ်လုပ်လို့ ရအောင် "စုစည်း" ပေးသွားတယ်ပေါ့"

"မင်း ပြောပုံကတော့ကွာ။ ကြည့်နေကျ တရုတ် သိုင်းကားထဲကလို ဇာတ်လမ်း လုပ်ပြီး ပြောနေတဲ့ အတိုင်းပဲ။ အဲဒီ သိုင်းကားတွေထဲမှာ ဇာတ်လိုက်က အားနည်းချက် တစ်ခုခုကြောင့် ပွဲကြီးပွဲကောင်း တစ်ခုခုမှာ အထိနာလာ။ စိတ်ဓါတ်တွေ ကျပြီး ချောင်ကျကျ နေရာလေး တစ်ခုမှာ မထင်မရှားနဲ့ ခပ်လျိုလျိုလေး ခိုနေရတုန်း သာမန် အညတြလို အယောင်ဆောင် ထားတဲ့ သိုင်းဆရာ ပညာရှင် ပဂေးကြီး တစ်ယောက်နဲ့ မတော်တဆ သွားတွေ့။ ဟိုက သင်ကြားပေး လေ့ကျင့်ပေးလိုက်လို့ လျှို့ဝှက်ထားတဲ့ သိုင်းပညာတွေ စုံပြီး ပြန်ချပစ်လိုက်တာ ရန်သူတွေ အကုန် သေပြီး သူက ချန်ပီယံ ဖြစ်သွားတယ်ပေါ့။ အဲဒီလိုလား"

"ကျွန်တော် တကယ် အတည် ပြောနေတာပါ အစ်ကိုရ။ သူက ကျွန်တော့်ကို တွက်ချက် ကြည့်ပြီး အင်္ဂလိပ် နာမည် တစ်ခုတောင် ပေးထားသေးတယ်။ အလက်ဇန္ဒား (Alexander) တဲ့။ ဆိပ်ကမ်းသာလမ်းက ပစ္စက် ပါလမာဘကျော် ပေးခဲ့တဲ့ နာမည်က စတီဖင်ဆင် မဟုတ်လား။ အခု တစ်ခါ၊ အလက်ဇန္ဒားဆိုတော့ ကျွန်တော့်မှာ ဘိုနာမည် နှစ်ခုနဲ့ပေါ့ဗျာ၊ ဟာ-ဟ" ဟု ရယ်မော၍ ပြောခဲ့သည်ဟု ဆိုပါသည်။

(၁၂)
အန်ကယ် ဦးအောင်စိုးထံတွင် ရတခမှ တပ်ကြပ်ကြီး သာဌေးဆိုသော ဂီတတပည့် တစ်ဦး ရှိသည်။ တစ်ကြိမ်တွင် အန်ကယ် ဦးအောင်စိုး အိမ်၌ ကိုသာဌေးတို့ ဆိုတီးပြီး အခွေကြမ်းလေး တစ်ခု ကက်ဆက်နှင့် ရီကောဒင်း လုပ်ဖို့ ပြင်ဆင်နေကြသည်ကို တွေ့ရသည်။

ကျော်မြင့်လွင်လည်း အားတက် လာ၍-
"အန်ကယ် ကျွန်တော်လည်း တစ်ပုဒ်လောက် ၀င်တီးချင်တယ်" ဟု ဆိုမိသည်။
အန်ကယ် ဦးအောင်စိုးကလည်း မဆိုင်းမတွ "တီးလေ" ဟု ခွင့်ပြုပေးသည်။

သို့ဖြင့် အခွေရှေ့ဆုံးမှာ အန်ကယ် ဦးအောင်စိုးက မိတ်ဆက်အဖြစ် "Our new star Kyaw Myint Lwin is going to play…." ဟု အနောင့်စ် လုပ်ပေးခဲ့သည်။
အဆိုပါ new star ဆိုသော စကားလုံးက ကြယ်တာရာ အသစ် တစ်စင်း ဖြစ်လာမည့် သူ့အတွက် ကြိုတင် နိမိတ်ဖတ်ခဲ့သလိုမျိုး ဖြစ်သွားခဲ့လေသည်။




                                                            အခန်း(၁၂)                                                      သီချင်းလေး သက်သေ

(၁)
ကျော်မြင့်လွင်က အန်ကယ် ဦးအောင်စိုးကို လေးစား အားကျသလို ဆရာ မြို့မငြိမ်းကို ခရေဇီ ဖြစ်သည်။

ဆရာ မြို့မငြိမ်း ရေးဖွဲ့ခဲ့သည့် သီချင်းတွေကို နှစ်ခြိုက်စွာ လေ့လာသည်။ လူက စတီရီယို ဂီတဟု ခေါ်ဆိုကြသော ဂီတ ပုံစံတို့၏ ခေတ်ထဲမှာ ကြီးပြင်းရသော်လည်း အကြို စတီရီယို ဂီတ ပုံစံများကို သူမပစ်ပယ်။ ဂီတ ဆိုသည်မှာ အခြား အနုပညာ လက်ရာများကဲ့သို့ပင် ဟောင်းသည် သစ်သည် မရှိ။ ကောင်းလျှင် နှစ်ပေါင်း များစွာသော အချိန်ကာလကို ကျော်လွှားပြီး ရှင်သန် ကျန်ရစ်မည် ဖြစ်သည်။ အဲသည့် အကြောင်းကို ကျော်မြင့်လွင် ကောင်းစွာ သိထားသည်။

ဆရာ မြို့မငြိမ်းသည် လူပင် သေသော်ငြား နာမည်နှင့် ဖန်တီးမှုများ ထာဝရ ကျန်ရစ်ခဲ့မည့် အနုပညာရှင် ဖြစ်ချေသည်။
"ပြည်သူ ချစ်သော အနုပညာသည်များ" စာအုပ်ထဲက ဆရာ မြို့မငြိမ်း အကြောင်းတွေကို ကျော်မြင့်လွင် အကြိမ်ကြိမ် ဖတ်သည်။ လိုချင်သည့် အချက်များ မှတ်စု ထုတ်ထားပြီး တစ်နေ့သော အခါကျလျှင် သီချင်း ရေးဖို့ အခြေ တည်ထားသည်။ သေဆုံးချိန်တွင် ဆရာမြို့မငြိမ်း၏ အိတ်ကပ်ထဲမှာ ပိုက်ဆံ ၂ ကျပ် ၆၅ ပြားပဲ ကျန်တာက အစ သူ အသေးစိတ် မှတ်ထားသည်။ ရေးဖို့ အကြောင်းအရာက ရှိနေပြီ။ ဂီတပုံစံသာ မရသေးတာ။

ကျော်မြင့်လွင် သီချင်း ရေးသည့် အကျင့်မှာ တစ်ခါတလေကျတော့ ယခုလိုပင် theme စာသားလေးတွေ အရင် ကြို၍ ရှာရှာ ထားပြီး သံစဉ်ရမှ ရေးချသည်။ အချို့သီချင်းလေးတွေဆိုလျှင် သန္ဓေ တည်ထားတာများ နှစ်ပေါင်း အတော်ပင် ကြာသွားတတ်သည်။ သီချင်း ဖြစ်မလာ။ တကယ် ပူးဝင် သွားပြီ ဆိုပြန်တော့လည်း ရေးဖွဲ့တာ မြန်သည်။

တစ်ခါတလေကျတော့ စာသားက အရင် မလာ။ ဂီတာ ၀ါကျတွေကို အရင် ရရှိသည်။ ပြီးမှ စာသား ဖြည့်ထည့်ရသည်။

(၂)
ထိုခေတ်က အဆိုတော်ထဲမှာ သူ ရူးတာက မေဆွိ။
တီးဝိုင်း တိုက်ချိန်ကျလျှင် Sharp တီးဝိုင်း ထောင်ထားသော ယမင်း ပုံနှိပ်တိုက်က အလုပ်သမားတွေနှင့်ပင် အတူစား၊ အတူအိပ် ဖြစ်၍ ခင်မင်နေကြသောကြောင့် စာစီ ခိုင်းပြီး မင်္ဂလာဆောင် ဖိတ်စာလေး တစ်စောင်ပင် အပျော်အပြက် လုပ်ထားခဲ့ဖူးသည်။

(၃)
ကျော်မြင့်လွင်၏ အဦးပိုင်း ရည်ရွယ်ချက်က အဆိုတော် လုပ်ဖို့ မဟုတ်။ တေးရေး စာဆို တစ်ယောက် ဖြစ်လာဖို့သာ မျှော်မှန်းထားကြောင်း သူ၏ အပေါင်းအသင်းတွေ အားလုံး သိကြသည်။

သီချင်း ရေးဖွဲ့ ဖန်တီးသူ တစ်ဦး ဖြစ်လာဖို့အတွက် ကျော်မြင့်လွင် ကြိုးပမ်းသောအခါ ဖြတ်သန်း ရသည့် လမ်းတွေက ရှည်လျားခဲ့သလို ကြမ်းတမ်း ကောက်ကွေ့ခဲ့သည်။
ဘာပဲပြောပြော Sharp တီးဝိုင်းမှာ သျှပ်ကြီး ကိုဝင်းဦးကို သျှပ်ကလေး ကျော်မြင့်လွင်က အစစ အရာရာ ယုံကြည် အားကိုးသည်။

"ကိုဝင်းဦး၊ ကျွန်တော့် သီချင်းလေးတွေ အဆင်ပြေရင် ရောင်းပေးဗျာ" ဟု ဆိုပြီး သီချင်း အပုဒ် ရှစ်ဆယ်လောက် ပါသော လယ်ဂျာစာအုပ်ကြီးကို ရက်ရက်ရောရော ပေးလိုက်သည်။ တကယ်ဆို သီချင်းတွေ ရေးထားတာဒီ တစ်အုပ်တည်း ကိုယ်ပွား မိတ္တူလည်း မရှိ။

ထိုသီချင်းများကို တိပ်ခွေထဲသို့ ရောက်အောင် ဟော်လိုဂီတာလေးနှင့် ထည့်ကြသည်။ ကျော်မြင့်လွင်တို့ အိမ်မှာ သျှပ်ကြီးနှင့် သျှပ်ကလေး နှစ်ယောက်သား ခေါင်းချင်းရိုက်။
ကျော်မြင့်လွင်က တစ်ပုဒ် တီးပြ၊ ဆိုပြလိုက်။ ကြိုက်လျှင် ကိုဝင်းဦးက "ပြန်လုပ်စမ်းကွာ" ဆိုပြီး ကက်ဆက်လေးနှင့် ဖမ်းထားသည်။

နာရီပေါ်မှ မျက်ရည်စက်များ၊ သက်ငြိမ် အစရှိသည့် အချို့ သီချင်းတွေကတော့ ထိုစဉ်ကတည်းက ပြီးပြည့်စုံစွာ ရုပ်လုံး ပေါ်နေခဲ့ပြီ။ အချို့ သီချင်းလေးတွေဆိုလျှင် အဆုံးပင် မသတ်ရသေး။ တစ်ပိုင်းတစ်စ ဘ၀မှာပဲ ရှိသေးသည်။

"ဘ၀မှာ
အခြေအနေဟာနည်း
စိတ်မညစ်နဲ့"

အချို့က အပိုင်းအစလေးများ ဘ၀မှ ပြီးပြည့်စုံသော သီချင်းတွေအဖြစ် နောက်တော့မှ ပုံပေါ် လာခဲ့ခြင်း ဖြစ်သည်။
အချို့ သီချင်းလေးတွေကတော့ အခုချိန်ထိအောင် အချောမကိုင်၊ အဆုံးမသတ်ဘဲ အပိုင်းပိုင်း အစစများ အဖြစ်နှင့် ကျန်ရစ်ခဲ့ကြသည်။

(၄)
ရန်ကုန်မှ New Wave, Playboy, The Rays အစရှိသော တီးဝိုင်းကြီးတွေနှင့်အတူ အဆိုတော်တွေ၊ အတီးသမားတွေ မော်လမြိုင်သို့ ပါလာကြရာ ကိုဝင်းဦးနှင့် တိုင်ပင်ပြီး ရေးဖွဲ့ထားသမျှ သီချင်းလေးတွေ ပြကြည့်ကြသည်။ သို့သော် လမ်းကြောင်းချင်း မတူသည့်အတွက် အဆင်မပြေ။

တစ်ချိန်တည်းမှာ ကောင်းကင်က သိန်းစွန်ငှက်ပမာ မြေပြင်က အကောင်ငယ်လေးတွေကို ထိုးသုတ် စားသောက် အနိုင်ကျင့်ချင်သည့် အခွင့်အရေးသမားမျိုးနှင့်လည်း ဆုံတွေ့ခဲ့ရသည်။
ထိုအချိန်တွင် ကျော်မြင့်လွင် တစ်ယောက် ရင်ဆိုင် ကြုံတွေ့နေရသည့် အခြေအနေများ၊ ခံစားနေရသည့် စိတ်များကို ပုသိမ်ရှိ အောင်ကျော်ဦး (ကြွက်နီ) တို့ထံ ရေးလိုက်သော စာတစ်စောင်ထဲ၌ ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရလေသည်။

ဇော်ဇော်အောင် + ကြွက်နီ
မင်းတို့ကို အမြဲ သတိရတယ်။ သူငယ်များ အားလုံးကိုလည်း သတိရကြောင်း ပြောပြပါ။ စကားမစပ်ကွာ။ ကြုံလို့ ပြောရဦးမယ်။ ရန်ကုန်က လာတဲ့ အဆိုတော် တစ်ယောက်က ငါ့သီချင်းတွေ တောင်းတယ်ကွ။ အလကား ပေးရမယ်တဲ့။ (စဉ်းစားရမယ်၊ စဉ်းစားရမယ်)။ တော်တော် ရက်စက်တဲ့ ကောင်။ ငါက သီချင်းတွေ အလကား ပေးမယ့် အပြင် အိမ်ကိုပါ ထမင်း ဖိတ်ကျွေးဖို့အထိ စဉ်းစား ထားပါတယ်။ တကယ် ပြောတာ။

ထားလိုက်ပါတော့ကွာ။ မင်းတို့ကို တစ်ခုတော့ တင်းတင်းကျပ်ကျပ် တားမြစ်ချင်တယ်။ ငါ့ကိစ္စတွေ ဘယ်တစ်စုံတစ်ယောက်ကိုမှ မပြောကြပါနဲ့။ ငါ့ဟာငါ ဇာတ်မြုပ်ပြီး ကြိုးစားနေချင်တယ်။ ငါတစ်ခု လုပ်လိုက်၊ သတင်းက ပြန့်လိုက် ဆိုရင် မဖြစ်ဘူး။ အဲဒါကိုတော့ ကျေးဇူးပြုပြီး ကူညီကြပါ။ မဟုတ်ရင်တော့ မင်းတို့ကိုလည်း ငါ ဘာမှ မပြောတော့ဘူး။

မင်း . . လူဝိုင်းဆီက ရထားတဲ့ စာအုပ်ကနေ တစ်လကို တစ်ခန်း မိတ္တူ ကူးပြီး ပို့ပေးပါကွာ။ ကုန်ကျစရိတ် ငါ ပေးမယ်။ ဆက်ဆက် ပို့ပေးပါ။ ကုန်ကျစရိတ်ကိုလည်း ထည့်ရေးလိုက်။ အခု ငါ့သီချင်း အဟောင်းတွေထဲက တစ်ပုဒ် ရေးပေးလိုက်တယ်။ ငါ့ဟာ ငါ အရိန်ခ်ျ့ လုပ်ထားတာတော့ ရှိတယ်။ ဒါပေမယ့် အခု ကိုတူးကို လုပ်ခိုင်းပေါ့။ စတိုင်လ်ကိုတော့ သတိထားနော်။ မပျက်စေနဲ့။ မင်းတို့ ငါ့ဆီကို စာထပ်ရေးကြပါဦး။ Merry X’mas & Happy New Year ပေါ့ကွာ။
ကျော်မြင့်လွင်

စာကြွင်း။ အောင်အောင့်ကို ဂီတာ ပြန်ကျင့်ခိုင်း။ မကျင့်ရင် ရိုက်ကွာ။ ဂရုစိုက်ပြီး ဖိဖိစီးစီး လေ့ကျင့်ခိုင်းပါ။ ငါက ပြောတယ် ဆိုတာလည်း ပြောပြပါ။ (ငါကတော့ musician လုပ်ဖို့ စိတ်မပါတော့ဘူး။ Compose & Arrange ပဲ လုပ်တော့မယ်)။ ကြွက်နီ ငါ ဂီတာ မတီးတော့ဘူး။ မြူးဇစ်ကို လုံးဝ စွန့်လွှတ်လိုက်ပြီလို့ လျှောက်ပြောကွာ။

(၅)
သံယောဇဉ်အလွန်ကြီးသဖြင့် ပုသိမ်က အောင်ကျော်ဦး(ကြွက်နီ) တို့နှင့် အဆက်အသွယ်မပြတ်။
မော်လမြိုင်မှာ သီချင်းအသစ်ရေးဖြစ်တိုင်း ပုသိမ်ကို လှမ်းပို့သည်။ ကျော်မြင့်လွင်ဆီက သီချင်းသစ်တွေ ရောက်လာတိုင်း အောင်ကျော်ဦးတို့ သိပ်ကိုပျော်ရွှင်ခဲ့ကြသည်။ မော်လမြိုင်မှ ပထမဆုံးရောက်လာခဲ့သည့် သီချင်းလေးက မှတ်မှတ်ရရ -

"သီချင်းလေးသက်သေ"
"နေရောင်ခြည်မှာ
မဖူးပွင့်အပ်ရာ
ငွေကြာဖြူပါလား …။
ညှိုးနွမ်းသွားဖို့
ကိုယ် …. မပိုင်ဆိုင်ရက်ဘူးကွာ…
သော်တာရောင်ခြည်…
အေးရိပ်အောက်မှာ …
ပျော်ပျော်နေပါလား…"

(၆)
ရေချမ်းက ပုသိမ်ပွဲတွေမှာ ကျော်မြင့်လွင်၏လက်ရာ "အခါလွန်မိုး" ကို တက်ဆိုလျှင် သူ့ဘာသာ
"အကျဉ်းစံ နှလုံးသား" ဆိုပြီး ခေါင်းစဉ်ပြောင်း၍ ကြေငြာခိုင်းတတ်သည်။

ပုသိမ်ကောလိပ်တွင် ဖဲဝဲလ်ရာသီရောက်ပြီဆိုလျှင်တော့ဖြင့် ကျော်မြင့်လွင်မနေနိုင်တာ များသည်။ ပုသိမ်မြေသို့ ပြန်လည်ချီတက်ခဲ့ပြန်သည်။
ပုသိမ်က အသိုင်းအ၀ိုင်းကြားထဲမှာတော့ဖြင့် သူ့သီချင်းတွေကို အားလုံးက အသိအမှတ်ပြုလက်ခံထားကြပြီ။
ကိုနေ၀င်း (မောင့်လပြည့်ဝန်း)၏ တပည့်ညီငယ် အောင်တင်ဦးက စီးရီးထုတ်ဖို့အတွက် ကျော်မြင့်လွင်၏ မင်းမရှိတဲ့နောက်၊ အခါလွန်မိုး၊ သိင်္ဂါရ ရသ၊ ဝေးသွားတဲ့အခါ စသော သီချင်းငါးပုဒ်ဝယ်ဖြစ်သည်။ တစ်ပုဒ်ကို နှစ်ရာကျပ်ပေး၍ စုစုပေါင်း ကျပ်တစ်ထောင်ရရှိသည်။

၁၉၈၅ခုနှစ်မှာ ငွေတစ်ထောင်ဆိုတာ မနည်းမနော။ ငွေရရချင်းပဲ ရတတ်သရွေ့ သူငယ်ချင်းတွေအားလုံးစုပြီး ကမ်းနား သီတာဦးတွင် ဘီယာသောက်ပစ်လိုက်ကြသည်။ ကျော်မြင့်လွင်၏ ထုံးစံ။
ပိုက်ဆံမရှိလျှင် သူငယ်ချင်းတွေနား ကပ်ရပ်နေဖို့ ၀န်မလေး။ လက်ထဲပိုက်ဆံရှိလျှင် သူငယ်ချင်းတွေကို အိတ်သွန်ဖာမှောက် ကျွေးမွေးဖို့ လုံးဝမတွန့်တို။
သို့သော် အောင်တင်ဦး၏ "ထိုသူငယ်ချင်းများ" စီးရီး မထွက်ဖြစ်။

(၇)
မော်လမြိုင်မှ ကိုမြင့်နိုင်ကား The Excellent မှာကတည်းက သီချင်းဆိုလာသူ။
အသစ်ပြင်ဆင်ဖွဲ့စည်းသော Sharp မှာလည်း သီချင်းလာဆိုတတ်သည်။ မိဘများက စီးပွားရေး တောင့်တင်းသည်။

ကျော်မြင့်လွင်ဆီမှာ ကိုယ်ပိုင်ရေးထားသော သီချင်းတွေရှိမှန်း သိသွားရာမှ ယူဆိုကြည့်ရာ ကြိုက်လည်း သိပ်ကြိုက်သွားသည်။ ကျော်မြင့်လွင်ဆီက သီချင်းတွေတောင်းပြီး စီးရီးထုတ်ဖို့ စိတ်ကူးသည်။ အချိန်ရလျှင်ရသလို ထိုသီချင်းတွေကို တိုက်သည်။
"ခင်ဗျားတို့ပဲ အားလုံးစီစဉ်ပေးကြပါဗျာ" ဟုဆိုပြီး အပ်နှံသည်။

ကျော်မြင့်လွင်တို့လည်း ရန်ကုန်တက်ဖို့အထိ စိတ်ကူးစီစဉ်ကြသည်။ တီးဝိုင်းရွေးတော့ The Aces ပေါ့။ စတူဒီယို စဉ်းစားတော့ အိုအေစစ်လား၊ မေလား။ အဲဒီလို အိပ်မက် မက်နေကြသော်လည်း ကိုမြင့်နိုင်အိမ်က ထိုကိစ္စကို ယခုအချိန်ထိ မသိသေး။
ကျော်မြင့်လွင်က "ဘာပဲလုပ်လုပ် ခင်ဗျားအိမ်က သဘောတူမှကောင်းမယ်" ဟု သတိပေးနေရင်းကပင် စိတ်ကတထင့်ထင့်။ တစ်ဘက်မှ ကိုမြင့်နိုင်က စိတ်မပူဖို့ အာမခံနေသော်လည်း သူ့အဖေကို သူကိုယ်တိုင်ဖွင့်မပြောရဲ။ အဖေမသိအောင် ကျိတ်၍ ခိုးလုပ်နေရသည်။

သီချင်းတွေကို အတော်လေး ချောနေအောင် တိုက်ထားပြီးမှ ကိုမြင့်နိုင်အိမ်ကသိသွားသည်။ သူ့အဖေက ပစ်ပစ်ခါခါကိုပဲ သဘောမတူ။ ဤသို့ဖြင့် အစီအစဉ်တစ်ခုလုံး သဲထဲရေသွန်ဖြစ်သွားရလေတော့သည်။
ကျော်မြင့်လွင်၏ အရှိုက်ကို ထိခိုက်၊ အတော်လေးခံစားလိုက်ရသည်။

အချိန်အတန်ရှည်လျားစွာ မျှော့်လင့်ချက်တွေ ထားရှိသမျှ ပျက်ပျက်စီးစီးဖြစ်ရသဖြင့် ၀မ်းလည်းနည်း၊ ဒေါသလည်းထွက်။ ယူကျုံးမရဖြစ်သည်။
အရက် မူးလာလျှင် ထိုကိစ္စနှင့် ပေါက်ကွဲတတ်သည်။
"ဒီလောက်တောင် ဖြစ်နေကြရင် ငါ့သီချင်းတွေကို ငါ့ဘာသာပဲဆိုတော့မယ်" ဟုပြောတတ်သည်။
လောင်စာကို မီးထိခဲ့ပြီ။

(၈)
တစ်မျိုးပြောရလျှင် အဆိုပါ ခံပြင်းတာတွေက သူ့အတွက် ပြင်းထန်သော တွန်းအားမောင်းနှင်အားတွေ ဖြစ်သွားခဲ့သည်။ နောက်ပိုင်းမှာ ရှိုးပွဲတွေမှာ သူ့သီချင်းတွေကိုချည်းပဲ သူထည့်ဆိုလာသည်။ မော်လမြိုင် ပရိသတ်၏ တစ်ခဲနက် အားပေးမှုကိုလည်း ရရှိသည်။

မှတ်မှတ်ရရ ပဲခူးက သုခနောင်ကို ရောင်းဖြစ်ခဲ့သော သီချင်းသည် တိပ်ခွေပေါ်သို့ ပထမဆုံးရောက်ရှိသွားသော သူ၏ ဖန်တီးမှု သီချင်းလက်ရာဖြစ်သည်။
သူရေးဖွဲ့သော "လူ၏ အင်္ကျီ" သီချင်းအမည်ကိုပင် သုခနောင်က စီးရီးအမည် တပ်ခဲ့သည်။
၁၉၈၆ ခုနှစ်တွင် အဆိုပါ အခွေထွက်ခဲ့လေသည်။

"ကျွန်တော်ဟာ ငယ်စဉ်တုန်းက အဖြူရောင် အင်္ကျီလေးကို တကယ်စိတ်စွဲနှစ်သက်စွာ အမြဲတမ်းဝတ်တတ်တယ်။ (ဒီလိုနဲ့) အချိန်တွေ ကုန်လွန်ခဲ့တော့ ကျွန်တော်လည်း အရွယ်ရောက်ပြီ။ ဖြူစင်လှသော အင်္ကျီလေးဝတ်ဖို့ ရှက်လာတယ်။
လူရယ် ခေါ်နိုင်တဲ့အခါ နာကျင်တတ်ပြီ စိတ်မှာ၊ ပြန်လည်လျှော်ဖွတ်မရတော့ဘူး၊ ဘ၀က ညစ်ပတ်တယ်။ အမှန်ကို အမြင်နိုင်သေးတော့၊ ဒီအညစ်အကြေးတွေ စွန်းဆဲ။ ဖြူစင်လှသော အင်္ကျီလေး မင်းအတွက် အားနာတယ်။
အင်္ကျီဖြူဖြူလေးရယ် မင်းလောက်တို့ မသန့်စင်တယ်။ စိတ်မှာဒီအညစ်အကြေးတွေ ဆေးကြောလိုက်ချင်တယ်။ လိပ်ပြာမလုံချင်ဘူးကွယ်၊ အဖြူရောင်မြင်ရင် ရင်မှာနာကျင်ခဲ့။
တစ်ခါတစ်ရံ မြင်နိုင်လိမ့်မယ်။ အဖြူရောင် အင်္ကျီအောက်မှာ နာကျင်ညစ်ထေးစွန်းပေသော ဘ၀တစ်ခုရှိနေတယ်"

(၉)
သူ၏ သီချင်းလေးတွေ လန်းဆန်းစွာ မပွင့်ဖူးနိုင်သေးတာက အချိန်မတန်သေးသောကြောင့်ဖြစ်သည်။ နေရာ မမှန်သေးသောကြောင့်ဖြစ်သည်။

"သီချင်းလေး သက်သေ"
"နေရောင်ခြည်မှာ မဖူးပွင့်အပ်ရာ ငွေကြာဖြူပါလား …။
ညှိုးနွမ်းသွားဖို့ကိုယ် …. မပိုင်ဆိုင်ရက်ဘူးကွာ…
သော်တာရောင်ခြည် … အေးရိပ်အောက်မှာ … ပျော်ပျော်နေပါလား …"


                                                         အခန်း(၁၃)                                                ရန်ကုန်သို့ ရင်ခုန်စွာလှမ်း

(၁)
၁၉၈၆ ခုနှစ်၊ ဇန်န၀ါရီလ။
ကံအကြောင်းတိုက်ဆိုင်ချင်တော့ သူ၏ ဆန္ဒမီးလျှံပြင်းထန်စွာ တောက်လောင်နေသည့် အခိုက်အတန့်မှာပင် အမေ ဒေါ်မြရင်က ထီပေါက်သည်။ ငါးသောင်းဆုဖြစ်ချေသည်။ ထိုခေတ်အနေနှင့် နည်းသည်မဟုတ်ချေ။
ကျော်မြင့်လွင်က အမေကိုကျိတ်၍ ပူဆာသည်။
"အမေ၊ သားအခွေထုတ်ချင်တယ်၊ အမေပိုက်ဆံပေးရင် သားရန်ကုန်သွားမယ်။ သားသီချင်းတွေကို သားဘာသာပဲ ဆိုမယ်" ဟုဆိုသည်။

တကယ်တော့ သားဖြစ်ချင်တာဆိုလျှင် အမေက အလိုလိုလိုက်လျောဖို့ ပြင်ဆင်ထားပြီးသား။ သား၏ ဂီတအနုပညာ လိုအင်ဆန္ဒမည်ရွေ့မည်မျှ ပြင်းပြသည်ကိုလည်း အမေသိသည်။ ဤသို့ဖြင့် ငွေနှစ်သောင်းခွဲ ထုတ်ပေးလိုက်တော့သည်။

(၂)
ထိုအချိန်မှာ သျှပ်ကြီး ကိုဝင်းဦးက ပဲခူးနှင့် မော်လမြိုင် တစ်လှည့်စီ သွားလိုက်ပြန်လိုက် လုပ်နေခဲ့သည်။ Sharp တီးဝိုင်းရာသီချိန်ဆိုလျှင် မော်လမြိုင်ဆင်းလာပြီး၊ တီးဝိုင်းနားလျှင် ပဲခူးပြန်လေသည်။

ကျော်မြင့်လွင်အခွေထုတ်ဖို့ တာစူချိန်တွင် ကိုဝင်းဦးကမော်လမြိုင်မှာရှိနေသည်။ ပုံနှိပ်တိုက်တွင် သီချင်းတိုက်နေစဉ် ကျော်မြင့်လွင်က တိုးတိုးလေး အနားကပ်ပြီး "ကိုဝင်းဦး၊ ကျွန်တော့်မှာ အေးအေးဆေးဆေး စကားပြောစရာရှိသေးတယ်" ဟု ဆိုသည်။
သူ၏ ဟန်ပန်အမူအရာကြောင့် အရေးတကြီးကျိတ်၍ တိုင်ပင်စရာတစ်ခုခု ရှိတာ ကိုဝင်းဦး သဘောပေါက်လိုက်သည်။

ညနေစောင်း သီချင်းတိုက်ပြီးချိန်တွင် အခြားအဖွဲ့သားများ အရက်သွားသောက်ကြရာ "ငါတို့ မလိုက်တော့ဘူးကွာ" ဆိုပြီး လူစုခွဲလာခဲ့သည်။
နန်းတော်ရုပ်ရှင်ရုံနံဘေးက စားသောက်ဆိုင်ကလေးမှာ သူတို့နှစ်ယောက်ထိုင်ဖြစ်ခဲ့ကြသည်။ ကျော်မြင့်လွင်က အသံကိုနှိမ့်၍ -
"ကိုဝင်းဦး၊ ကျွန်တော့်အမေ ထီပေါက်လို့ ပိုက်ဆံထုတ်ပေးထားတယ်။ ကျွန်တော့်သီချင်းတွေကို ကျွန်တော်ဆိုမယ်၊ အဲဒါ ရက်ကောဒင်းအတွက် ခင်ဗျား ကူညီပါဦး" ဟုဆိုသည်။

ကိုဝင်းဦးက ကျော်မြင့်လွင်၏ သီချင်းတွေနှင့် ပက်သက်လျှင် ဖြစ်ရမည်ဟု ယုံကြည်မှုရှိသည်။ ဟိုးအရင်ကတည်းက တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ စကားအခံလည်း ရှိထားသည်။ သို့ဖြစ်၍ ချက်ချင်းပဲ "ငါတတ်နိုင်သလောက် ကူညီမယ်" ဟု ကတိပေးလိုက်သည်။
"ဒီတစ်ခေါက် တီးဝိုင်းပြတ်ရင် ပဲခူးကို လိုက်ခဲ့ကွာ။ ပဲခူးကမှ တစ်ဆင့် ရန်ကုန်ကို လှမ်းကြတာပေါ့" ဟု တစ်ခါတည်း စီစဉ်ခဲ့ကြသည်။

(၃)
သူတို့ အစီအစဉ်ကို သိုသိပ်စွာပဲ ဆောင်ရွက်ခဲ့သည်။ Sharp အဖွဲ့သားတွေပင် ဘယ်သူမျှ မသိကြချေ။
မော်လမြိုင်မှ ထွက်လာခါနီးတွင် ဈေးထဲမှ ဂျင်းဘောင်းဘီတစ်ထည်၊ အ၀တ်နှစ်စုံနှင့် ဂျင်းကျောပိုးအိတ်ကလေး တစ်လုံးဝယ်သည်။

"နေဦးဗျာ… အန်ကယ် ဖရန်စစ္စကိုတော့ သွားပြောပြမှဖြစ်မယ်" ဟု ဆိုပြီး ကိတ်မုန့်နှင့် ဘာလီဖျော်ရည် တစ်ပုလင်းဝယ်ကာ ရောက်သွားကြသည်။
ကျော်မြင့်လွင်က အန်ကယ်ကို အကျိုးအကြောင်းပြောပြပြီး ထိုင်ကန်တော့သောအခါ -
"ကျော်မြင့်လွင်၊ မင်းကတော့ အန်ကယ့်ဆီကို ရောက်လာခဲ့ကြသမျှထဲမှာ အထူးခြားဆုံးပဲ။ သေချာပေါက် မင်းအောင်မြင်မှာပါ" ဟူ၍ ဆုမွန်ကောင်းများ တောင်းပေးခဲ့လေသည်။

(၄)
ပဲခူး လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၁)လမ်းရှိ ကိုဝင်းဦး အိမ်မှာပဲ အရင်ဆုံးစတည်းချခဲ့ကြသည်။ ကိုဝင်းဦးက ကျော်မြင့်လွင်ကို တခြားကိစ္စတွေ ဘာမျှ မစဉ်းစားရအောင် စီစဉ်ပေးသည်။ သီချင်းဆိုဖို့ ကိစ္စတစ်ခုတည်း သူ့ခေါင်းထဲမှာ ထည့်ထားစေသည်။
ပထမဦးဆုံး သီချင်းတွေ အရင်ရွေးကြသည်။ ဟော်လို တိပ်ခွေကြမ်းလေးရအောင် အရင်လုပ်ထားသည်။
ပဲခူးကမှ တစ်ဆင့် ရန်ကုန်မှာ နေစရာတွေ စဉ်းစားသည်။

စော်ဘွားကြီးကုန်း၊ လေဆိပ် ရိပ်သာလမ်းတွင် အဖေ့အစ်ကို၊ ဘဘကြီး ဦးဝင်းဖေ၏ သစ်ဆိုင်နှင့် အိမ်ရှိ၍ သွားတည်းနိုင်သည်။ သို့ဖြင့် လေဆိပ်ရိပ်သာလမ်းကို ချီတက်ဖို့ စဉ်းစားခဲ့ကြသည်။
တကယ်လည်း အဖေ့တူ တော်စပ်သူ၊ ကျော်မြင့်လွင်၏ အစ်ကိုဝမ်းကွဲ ကိုကြည်စိုးက အသံသွင်းစဉ်ကာလ သွားလေရာ အတူလိုက်လာပြီး ထမင်းဝယ်ပေးတာကအစ အစစအရာရာ အားလုံးလုပ်ကိုင်ပေးခဲ့သည်။ ကိုကြည်စိုးက ကျော်မြင့်လွင်ကို ထိန်းလည်းထိန်းနိုင်သည်။ အစ်ကိုဖြစ်သူ ကိုကြည်စိုးရှိလျှင် ကျော်မြင့်လွင်စိတ်လိုက်မာန်ပါ ဘာမှမလုပ်ဖြစ်။

ပြီးတော့ တာမွေက ကိုစိုးညွန့်တို့ အိမ်မှာတည်း၍ရသည်။ ကိုဝင်းဦးနှင့် ကျော်မြင့်လွင်တို့ အတွက်ဆိုလျှင် တံခါးမရှိ၊ ဓါးမရှိ လက်ကမ်းကြိုဆိုသည်။
ရန်ကုန်တက္ကသိုလ်ထဲမှာကျတော့ ဖျာပုံလှမျိုးရှိသည့် သထုံဆောင်က အခန်းမှာ သွားနေနိုင်သေးသည်။ မြင့်မိုးအောင်က ရွှေဘိုဆောင်မှာရှိ၍ မကြာခဏအလည်အပတ် ရောက်ရှိဖြစ်နေလေသည်။ အဆိုပါ နေရာများကို စခန်းချဖို့ အသုံးပြုနိုင်သည်။

(၅)
စတူဒီယိုကိုတော့ အိုအေစစ်ကိုပဲရွေးချယ်ထားသည်။
တီးဝိုင်းက The Aces နှင့်အပ်မည်။
တီးဝိုင်းသွားအပ်တော့ ကျော်မြင့်လွင်နှင့်အတူ မြင့်မိုးအောင်လည်း ပါသွားသည်။ ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း) ထိပ်၊ အနော်ရထာလမ်းပေါ်က သစ်လွင်အပ်ချုပ်ဆိုင်ဘေးတွင် The Aces တီးဝိုင်း မန်နေဂျာ ကိုစိုးအောင်ရှိ၍ သူ့ဆီက ဒိတ်ယူရသည်။

ကိုစိုးအောင်က "ကိုယ်ပိုင်သံစဉ်လား၊ ကော်ပီလား"ဆိုတာ အရင်ဆုံးမေးသည်။
ကိုယ်ပိုင်သံစဉ်သီချင်းတွေဆိုတော့ ပုသိမ်ဘက်မှ လာကြမှန်းသိ၍-
"ဘယ်လို ကိုယ်ပိုင်တွေလဲ။ မင်းအောင် ပုံစံတွေလား" ဟု မေးသည်။
မင်းအောင် ပုံစံမဟုတ်ဘူးဆိုတော့ ကိုစိုးအောင်ပျော်သွားပုံရသည်။ သို့ဖြင့် ဆက်ပြီး "ဒါဆို ခိုင်ထူးလို ကိုယ်ပိုင်သံစဉ်တွေလား" ဟု မေးတော့လည်း မဟုတ်ပြန်။

မင်းအောင်၊ အနိုင်တို့ လိုင်းလည်းမဟုတ်။ ကိုမောင်မောင်၊ ကိုနေ၀င်းတို့ ကိုယ်ပိုင်သံစဉ်မျိုးလည်း မဟုတ်ဟု ဆိုသောအခါ ကိုစိုးအောင်ခန့်မှန်းရခက်ပြီး စိုးရိမ်သည့် ပုံစံပေါက်သွားပြန်သည်။
ကျော်မြင့်လွင်က "ထရမ်းပက် ဦးသန်းရွှေများ ရနိုင်မလား" ဟုမေးကြည့်သည်။

ကိုစိုးအောင်က "အင်း၊ သူက အခု သိပ်မကျန်းမာတော့ ဖြစ်ချင်မှ ဖြစ်နိုင်မယ်။ ဒါပေမယ့် ဆက်ဆိုဖုန်းလိုတဲ့ နေရာကျရင် ကျွန်တော်မှုတ်ပေးမှာပါ" ဟုဆိုသည်။
ကိုစိုးအောင်ဆီမှာ ဟော်လိုအခွေကြမ်းထားခဲ့ကြသည်။
ထိုအခွေကို The Aces တီးဝိုင်းအဖွဲ့သားတွေ နားထောင်ပြီးသောအချိန်မှာတော့ အစစအရာရာ အဆင်သင့်ဖြစ်ခဲ့ပါချေပြီ။

(၆)
အိုအေစစ်မှာ ဒိတ်ယူဖို့အတွက် ပိုက်ဆံသွားပေးတော့ ကျော်မြင့်လွင်နှင့် ကိုဝင်းဦးတို့ ပဲခူးမှ လိုင်းကားကို တိုးဝှေ့စီးလာခဲ့ရသည်။
အိုအေစစ် စတူဒီယိုအ၀င်မှာ မေဆွိက ရက်ကောဒင်းတစ်ခုအတွက် ကီးချိန်ပြီး၍ ကိုယ်ပိုင်ကားကလေးနှင့် ထွက်သွားတာကို လှမ်းတွေ့လိုက်ရသည်။ သူသိပ်သဘောကျသော အဆိုတော် မေဆွိကိုဖျက်ခနဲ မြင်လိုက်ရတာ ကျော်မြင့်လွင် ပျော်သွားသလို၊ အားလည်း တက်သွားခဲ့သည်။ အတိတ် နိမိတ်ကောင်းအဖြစ် ယူဆခဲ့သည်။

စတူဒီယိုမှာ ကျော်မြင့်လွင်အတွက် ခုနစ်ဂျူတီယူထားသည်။ အတီးပိုင်း ငါးဂျူတီဖြစ်ပြီး Vocal အတွက် နှစ်ဂျူတီဖြစ်လေသည်။ တစ်ဂျူတီဆယ်နာရီကို ၂၇၀၀/၂၈၀၀ ဖြစ်သည်။ တီးဝိုင်းနှင့် ရက်ကောဒင်းမှာတင် လက်ထဲရှိသည့်ငွေက ပြိုက်ခနဲ ကုန်သွားပြီ။ အင်ဂျင်နီယာ၊ တီးဝိုင်း အကျွေးအမွေးနှင့် တိုလီမိုလီ ကုန်ကျစရိတ်လေးတွေ ရှိသေးသည်။

စစ်ပေါက်ပေါက်သာ တွက်ချက်မည်ဆိုလျှင် ငွေသုံးသောင်းကျော်မျှ ကုန်ကျလိမ့်မည်။ သို့သော် ဒါတွေကို ကျော်မြင့်လွင် တွေးပူ မနေတော့ချေ။
သီချင်းဆိုဖို့ကိုပဲ အားမွေးထားခဲ့သည်။
တကယ်တမ်းကျတော့လည်း ပဲခူးက အပေါင်းအသင်းတွေ အပါအ၀င် သူ့ကိုချစ်ခင်သော သူငယ်ချင်းတွေက တတ်အားသရွေ့ ၀ိုင်းဝန်းကူညီပေးခဲ့ကြလေသည်။

(၇)
၁၅ ရက်၊ မတ်၊ ၁၉၈၆။
ကြွက်နီ
မတ် ၂၇၊ ၂၈၊ ၃၁၊ ဧပြီ (၁) မှာ ငါ့ရက်ကောဒင်းရှိတယ်။ အိုအေစစ် စတူဒီယိုမှာ။ အဲ့ဒါ မင်းဖြစ်အောင်လာပါ။ သထုံ ၆၇၊ လှမိုး (ဖျာပုံ) အခန်းမှာ ငါရှိမယ်။ ငါမရှိလည်း မင်းဝင်နေလို့ရတယ်။ လှမိုးရှိနေမှာပါ။ ဖြစ်အောင်လာခဲ့။
သျှပ်။

ပုသိမ်မြေသို့ ထိုစာရောက်ရောက်လာချင်းပင် ကိုသျှပ်၏ ပထမဆုံး ရက်ကောဒင်းသို့ အောင်ကျော်ဦး (ကြွက်နီ) တို့ ၀မ်းသာအားရ ရောက်လာခဲ့ကြသည်။ ကျော်မြင့်လွင် ယခုလို လှမ်းခေါ်ထား၍ သူ့အပေါင်းအသင်းတွေက ရန်ကုန်မှာ လာပြီး စုဝေးနေကြတော့သည်။

                                                    အခန်း(၁၄)                                   နာရီပေါ်က မျက်ရည်နှင့် သွေးချွေးစက်များ

(၁)
အိုအေစစ် စတူဒီယိုက ခမ်းနားလှသည်။ အသံဖမ်းက ကိုချာလီ၊ ကိုကောင်းမြတ်။ The Aces ဆိုတာက ထိုအချိန်မှာ မြန်မာပြည်၏ ထိပ်ဆုံး တီးဝိုင်းများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ အောင်ကျော်ဦး (ကြွက်နီ) တို့တစ်တွေ The Aces ၏ ဂီတပညာရှင်များ တီးခတ်ကြပုံတွေကို မျက်မြင်ဒိဌမြင်တွေ့ခွင့်ရခဲ့လေတော့သည်။

ကိုဗစ်(ဆလိုင်း ဇာလျန်း)က ဘေ့စ်၊ ကိုအော့စ် (အော်စကာ သန်းတင်) က ဒရမ္မာ။ သူတို့နှစ်ယောက်၏ အပေးအယူမျှတ၊ သဟဇာတ ဖြစ်လွန်းလှသည့် မဏ္ဏိုင်ကြီးကို ကိုကျော်စိုးနိုင် (ကီးဘုတ်) နှင့် ကိုပတ်ထရစ်(လိဒ်) တို့၏ ဂီတလက်သံများက မှော်အခိုးငွေ့များသဖွယ် ရစ်ပတ်နှောင်ဖွဲ့ပြီး အသက်ဝင် လှုပ်ရှားစေခဲ့ကြသည်။

နှစ်ပေါင်းများစွာ အတွင်း The Aces အဖွဲ့မှာ လိဒ်နှင့် ကီးဘုတ်သမားတွေ အမျိုးမျိုး ပြောင်းလဲသွားကြခဲ့သော်လည်း ပင်ကိုအရည်အသွေးထိန်းထားနိုင်ခဲ့သည်မှာ ကိုဗစ်နှင့် ကိုအော့စ်တို့၏ ခိုင်လှသည့် ကျောရိုးမဏ္ဏိုင်ကြောင့်ဟုပင် ဆိုရမည်။
သူတို့သည် ဂီတ သီအိုရီပိုင်း နိုင်နင်းခဲ့ကြသည်။ နိုင်ငံတကာ သီချင်းဂီတတွေ စေ့စေ့စပ်စပ် နားထောင်ခဲ့ကြသည်။ စာဖတ်အားလည်း ကောင်းခဲ့ကြသည်။
ကျော်မြင့်လွင်အတွက် အကောင်းဆုံး အခွင့်အရေးရှိနေပြီ။

(၂)
ဖြစ်ချင်တော့ ကျော်မြင့်လွင်၏ အပေါင်းအသင်းတွေနှင့် စတူဒီယိုထဲမှာ လူတွေက များလွန်းလှသည်။ ဒန်းပေါ်မှာလည်း လူအပြည့်။ အိုအေစစ် စတူဒီယိုမှာ အဆိုတော်တွေ အမြောက်အမြား သီချင်းလာသွင်းခဲ့ကြဖူးသော်လည်း အခုလို တစ်ပုံတစ်ခေါင်းကြီး စုဝေးရောက်ရှိလာတာမျိုး ခဏခဏ မကြုံရ။ အခန်းထဲမှာကိုပဲ လူနှစ်ဆယ် သုံးဆယ်ခန့်ရှိလိမ့်မည်။

ကိုဇာလျန်းက ဘေ့စ်ဂီတာကို စစမ်းပြီးတီးသည်။
သူ့နံဘေးတွင် လူတွေက ၀ိုင်းအုံပြီး ကြည့်နေကြသည်။ ကျော်မြင့်လွင်၏ ပဲခူး၊ ပုသိမ်၊ မော်လမြိုင်၊ ရန်ကုန် အစရှိသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘော်ဒါတွေ ဖြစ်ကြသည်။
ကိုဇာလျန်းက ဂီတာအပေါ် ဘယ်လိုမှ အာရုံစူးစိုက်၍ မရ။
နောက်ဆုံးတော့ စိတ်ဆိုးပြီး ဒုံးဒုံးဒုံးဟု ကျယ်လောင်စွာဖြင့် ဘေ့စ်ဂီတာကို တီးကာဂီတာကို ပစ်ချပြီး ထွက်သွားတော့သည်။
မြင့်မိုးအောင်တို့တစ်တွေက လူတွေကို ရှင်းထုတ်ပေးပြီးတော့မှပဲ ပြန်တီးဖြစ်တော့သည်။

(၃)
"နာရီပေါ်က မျက်ရည်စက်များ" ၏ နိဒါန်းအစ။
ထူးအိမ်သင်ဖြစ်လာမည့် သျှပ်မှူးကျော်၏ ပထမဆုံးနေ့။
ပထမဆုံးသီချင်းအဖြစ် စတီးခဲ့တာ "သီချင်းလေး သက်သေ"
သွားဆိုရမည့် အချိန်ကျသောအခါ ကျော်မြင့်လွင်က စိတ်လှုပ်ရှားနေပုံရသည်။ မြင့်မိုးအောင်ကို "ဟေ့ကောင်၊ မင်းသွားဆို" ဟု ဆိုသည်။
"ဟာ… မသွားပါဘူး။ ကိုယ်တိုင်ဆိုရမယ့် ဥစ္စာပဲ" ဆိုမှ ထသွားပြီး ဆိုသည်။

"ချိုမြိန်ပါစေ သူ့စိတ်မှာ
ကိုယ်လေ ရည်ရွယ်ပါတယ် သူတစ်ယောက်သာ။
ရင်မှာဆိုနေမယ်
သီချင်းလေးများ နားဆင်ပါ။"


ဆိုပြီးသောအခါကျတော့လည်း အောင်ကျော်ဦး(ကြွက်နီ) ကိုရိုးသားပွင့်လင်းစွာပင် -
"ဆိုလိုက်တော့ ငါ့သီချင်းကိုတောင် ငါ့ဘာသာတကယ်ပြန်ကြိုက်ချင်လာပြီကွာ။ The Aces ဆိုတာ ဒါပဲကွာ။ ငါတော်တော် ကျေနပ်မိတယ်" ဟု လှိုက်လှဲကြည်နူးစွာ ဆိုခဲ့သည်။

(၄)
ပိုက်ဆံကိုတော့ စိစစ်တိုင်းတာသုံးရသည်။
ကိုဝင်းဦးက ငွေကိုင်ပေးသည်။
ရက်ကောဒင်းအပြီး ည၂နာရီ။ တစ်ခါတစ်လေ ၃နာရီ၊ ၄နာရီ။ အိုအေစစ် စတီဒီယိုမှ ဘူတာကြီးအထိ လမ်းလျှောက်လာကြသည်။ ထိုအချိန်မှာ ရန်ကုန်မြို့ကြီးက အိပ်မောကျနေဆဲ။ လမ်းမတွေက ရံဖန်ရံခါ ဖြတ်သွားသော ကားနှင့် လူသူအချို့မှာအပ ရှင်းလင်းနေတော့သည်။

လမ်းမှာ ဘတ်စ်ကားရလျှင်လည်း တက်စီး။ မရလည်း ဆက်လျှောက်သွားကြသည်။
ထိုအချိန်မှာ ပင်လည်း တအားပင်ပန်းနေပြီ။ အိပ်ချင်၊ ဗိုက်ဆာဖြစ်နေပြီ။ သို့သော် သူတို့ ဘယ်တော့မှ မညည်းတွား။ ဘူတာကြီးမှတစ်ဆင့် မနက်စောစော ၆နာရီ ရထားစီးပြီး ပဲခူးပြန်ရသည်။ ရက်ကောဒင်းက ရက်ဆက်၊ သို့မဟုတ် တစ်ရက်ခြား ဆိုလျှင်တော့ စော်ဘွားကြီးကုန်းက ဘဘကြီး ဦးဝင်ဖေအိမ်မှာ အိပ်ဖြစ်ကြလေသည်။

ဟိုက်စွမ် ပျော်ပွဲစားရုံကိုလည်း သွားကြသည်။ တက်စားတာ မဟုတ်။ နံဘေးက မုန့်ဟင်းခါးဆိုင်လေးမှာ အားပေးကြတာဖြစ်သည်။ ကျော်မြင့်လွင်က အစားအသောက်နှင့် ပက်သက်လာလျှင် မတောင်းဆို။ အစား မစားဘဲ နေနိုင်သည်။
"ဗိုက်ဆာတယ်ဗျာ" ဟူ၍ မရှိ။ ကျွေးမှစားသည်။ ကျွေးဖို့ မေ့နေလည်း ဘာမျှမပြော။

(၅)
စီးရီးသွင်းနေဆဲမှာပင် The Aces မှ ကိုပက်ထရစ်၊ ကိုဗစ်တာတို့နှင့် ရင်းနှီးလာ၍ ကျော်မြင့်လွင်ကို ရန်ကုန် ရှိုးပွဲတွေမှာ ထည့်ပြီး ဆိုခွင့်ပေးသည်။
ထိုအချိန်က ရှိုးပွဲများမှာ The Aces အဖွဲ့လည်း ထိပ်ဆုံးကပါသည်။ ကျော်မြင့်လွင်အနေနှင့် ၀င်ဆိုခွင့်ရသည် ဆိုသော်လည်း တက်သစ်စအဖြစ် အားဖြည့် ကြားညှပ်သုံးတာဖြစ်သည်။

အဆိုတော် အကျော်အမော်ဆရာကြီး / ဆရာမကြီးတွေ တက်မလာခင် တီးဝိုင်းစမ်း၊ စက်စမ်းစဉ်ကာလ။ စက်သံ မှန်/မမှန် ချိန်သားညှိဆဲ အချိန်။
ထမင်းထုပ်၊ ဟင်းထုပ်ဘ၀နှင့် ၀င်ဆိုရတာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဤလမ်းကလေးလောက် ပွင့်လာဖို့ အရေးကိုက လွယ်လှသည် မဟုတ်။ ၀င်ဆိုခွင့်ရတာကိုပဲ ကျေးဇူးတင်ရသည်။ ရန်ကုန် ပရိသတ်နှင့် အထိအတွေ့ရလာသည်။

တီးဝိုင်းရှိရာကိုတော့ ဘတ်စ်ကားစီးပြီး လာရသည်။ လာကြိုလိမ့်မည်ဟူ၍ စိတ်ကူးအိပ်မက်၊ မက်၍မရ။ ဟိုကျတော့လည်း ကိုယ့်အလှည့်ရောက်အောင် အကြာကြီး ထိုင်စောင့်ရသည်။
တစ်ကြိမ်မှာတော့ ဂန္ဓီခန်းမတွင် န၀ရတ်ရေစင်က ကမကထလုပ်ပေးသော အကျော်အမော်နှစ်ဦး၏ Two Men Show ကြီးမှာ အဖြည့်ခံ ဆိုပေးခွင့်ရရှိခဲ့သည်။
အဆိုပါ အခွင့်ထူးအတွက် ကံကောင်းလှပြီဟူ၍ မှတ်ယူခဲ့ရလေသည်။ ဤသို့သော ထမင်းထုပ်၊ ဟင်းထုပ် ကာလမှာပင် ဘ၀တူအဆိုသမား အောင်ရင်နှင့် တွေ့ခဲ့ကြလေသည်။

(၆)
ထိုအချိန်တွင် အောင်ရင်က စီးရီးထွက်ပြီးပြီ။
သို့သော် ထင်ရှား ကျော်ကြားခြင်း မရှိသေး။
တစ်ခါကျတော့ အောင်ရင်သီဆိုဖို့ ရည်ရွယ်စီစဉ်ထားသည့် သီချင်းကို နာမည်ကျော်အဆိုတော် တစ်ဦးက သိသိနှင့် ရှေ့ကပိတ်ဆိုသွားခဲ့သည်။
ကျော်မြင့်လွင်က အောင်ရင့်ကိုယ်စား မခံချင်။
သို့ဖြင့် ထိုသီချင်းကို သူက ထပ်ဆိုမည်လုပ်သည်။

နာမည်ကျော်တစ်ယောက် ဆိုသွားပြီးသားကို နောက်က လိုက်ဆိုရမည့်အလုပ်မှာ အန္တရာယ်လွန်စွာ များလှသည်။ သို့သော် The Aces အဖွဲ့ကလည်း သူဆိုချင်ဆို။ ခွင့်ပြု ပေးလိုက်သည်။
ကျော်မြင့်လွင် စိတ်ရှိလက်ရှိ တက်ဆိုလိုက်တော့ ရှေ့ကလူနှင့် တခြားစီ ဖြစ်သွားသည်။ ပရိတ်သတ်ကလည်း တစ်ခဲနက်ပင် အားပေးခဲ့ကြလေသည်။

(၇)
ထိုအဖြစ်အပျက်နောက်ပိုင်းတွင် အောင်ရင်နှင့် ကျော်မြင့်လွင်တို့လည်း လွန်စွာခင်မင်ရင်းနှီးသွားကြသည်။
အောင်ရင်က မနက်မိုးလင်းလျှင် သူတို့အိပ်သော သထုံဆောင်သို့ ကားကလေးနှင့် ရောက်လာတတ်သည်။
လှည်းတန်းက အမေ့အိမ်ထမင်းဆိုင်မှာ တစ်ခါပြင် နှစ်ကျပ်ခွဲနှင့် ထမင်းစားကြသည်။ ကျောင်းထဲက ဦးချစ်ဆိုင်မှာလည်း ထိုင်ကြသည်။ အောင်ရင်ရောက်လာလျှင် သူတို့အားလုံး ပါးစပ်စိုသည်။

ကျန်သည့်အချိန်ကတော့ တကယ်ကို ကြည့်နေရသည်။ တစ်ခါတစ်လေများဆို ငှက်ပျောသီးစား၊ ရေသောက်ပြီး ဗိုက်မှောက်နေရသည်။
စီးရီးသွင်းနေဆဲ တစ်လလောက်အတွင်း အားလုံးပြတ်စလပ်စပြုပြီ။
တစ်နေ့ခွဲတမ်းအရ ဖီးကြမ်းငှက်ပျောသီးဝယ်လျှင် ခြောက်လုံးရ၍ ကိုဝင်းဦးနှင့် ကျော်မြင့်လွင်တို့ တစ်ယောက် သုံးလုံးစီဖြစ်သည်။ မနက် တစ်လုံးခွဲ၊ ညနေတစ်လုံးခွဲ ဖြစ်လေသည်။ ကျော်မြင့်လွင်က ငှက်ပျော်သီးကို တစ်ဝက်စားပြီး ကျန်တစ်ဝက်ကို အခွံနှင့် ပြန်ပိတ်ထားတတ်သည်။ ကယ်တင်ရှင် တစ်ယောက်ယောက်သာ
ရောက်မလာလျှင် အငတ်ဘေး ဒုက္ခ ရောက်လာရတော့သည်။ သို့သော် နှုတ်ပိတ်ရေငုံ။ ဘာတစ်ခုမျှ မပြောပဲ ကြိတ်မှိတ် ကျော်ဖြတ်ကြသည်။

တေးစီးရီးအမည်က "နာရီပေါ်မှ မျက်ရည်စက်များ" ဖြစ်လေရာ တကယ်တော့ အချိန်နှင့်အမျှ အခက်အခဲ အမျိုးမျိုးကို အံခဲကျော်ဖြတ်ဖန်တီးရခြင်းဖြစ်၍ "နာရီပေါ်က သွေး၊ ချွေး၊ မျက်ရည်နှင့် ဒုက္ခများ" ဟုပေးရမည်ဖြစ်သည်။ လူတွေ မသိသောပင်ပန်းဆင်းရဲမှုတွေကို ခါးစည်းဖြတ်သန်းခဲ့ရသည်။

(၈)
အောင်ရင်ကတော့ နှစ်ရက်ခြား၊ သုံးရက်ခြားလောက် ၀င်ဝင်လာတတ်သည်။ ကျော်မြင့်လွင်က သီချင်းဆိုပြပြီး ကြိုက်လျှင်ယူသွား၊ လက်မှတ်ထိုးပြီး ပေးလိုက်သည်။
ရန်ကင်းမှ ညီညီသွင်၊ မောင်မောင်သွင်တို့ ညီအစ်ကိုနှင့်လည်း သိကျွမ်း၍ သူတော်ချင်းချင်း၊ သီတင်းလွေ့လွေ့၊ ပေါင်းဖက် တွေ့မိသွားကြသည်။ စိုးလွင်လွင်နှင့်လည်း သိကျွမ်းလာသည်။ သို့ဖြင့် ရန်ကင်းထဲသို့ သွားလိုက် လာလိုက်၊ အ၀င်အထွက်ဖြစ်လာသည်။

(၉)
ရက်ကောဒင်းကာလသည် လွန်စွာပင်ပန်းသော နေ့ရက်များဖြစ်သည်။ သို့သော် ကျော်မြင့်လွင်မှာ တေးသီချင်းဂီတနှင့် ပက်သက်လာလျှင် တစ်ချက်ကလေးမျှ နောက်မတွန့်။ အလိုဆန္ဒမရှိဆိုတာမျိုး တဒင်္ဂမျှပင်မရှိခဲ့။

ရန်ကုန်တက္ကသိုလ် ပရ၀ုဏ်ထဲ၌ အိပ်ဖြစ်လျှင် အပေါင်းအသင်းများနှင့်အတူ အမျိုးသမီးအဆောင်များသို့ လှည့်ပြီး သီချင်းဆိုရတာကိုသိပ်ပြီး သဘောကျသည်။
အောင်ရင်၊ ညီညီသွင်တို့ကလည်း ရောက်ရောက်လာတတ်သည်။ မြင့်မိုးအောင်က ရန်ကုန်တက္ကသိုလ်ထဲက ရွှေဘိုဆောင်မှာ နေသော်လည်း ထိုသို့ သီချင်းလှည့်ဆိုပြီဆိုလျှင် ပါလေ့မရှိ။ သူ့ဂီတာကတော့ ဘဲဥတို့နှင့် အမြဲတမ်းပဲ ပါသွားတတ်သည်။

အဆောင်တွေလှည့်ပြီး ဂီတာတီး သီချင်းဆိုစဉ် ကာလမှာပင် သီချင်းအချို့လည်းရေးဖြစ်သည်။ အုပ်စုလိုက် အော်ဆိုရသော "အင်းလျား အဆောင်သူလေး" သီချင်းကို ထိုအချိန်အပိုင်းအခြားမှာ ရေးဖြစ်ခဲ့ပြီး အောင်ရင်ကို ပေးလိုက်သည်။

(၁၀)
ရက်ကောဒင်း နားထားသောရက်များတွင် ရန်ကုန်အမျိုးသားဇာတ်ရုံ၌ အမေရိကန်ဂီတပညာရှင် Billy Stevens / Roots of Rock’n roll အမည်ရှိ ရှိုးပွဲတစ်ခု တင်ဆက်ခဲ့ရာ ကျော်မြင့်လွင်၊ ကိုဝင်းဦးနှင့် ညီညီသွင်တို့ အတူတူ သွားကြည့်ဖြစ်ကြသည်။
ခေတ်ကြီး တစ်ခေတ်ဖြစ်သော Rock’n roll ဂီတအသွင်သဏ္ဏာန်သည် မည်သို့သော အရင်းခံအကြောင်းတရားများမှ အခြေတည်ပြီး ပေါက်ဖွားလာခဲ့ရသည်ကို ရှင်းပြရင်း ဖျော်ဖြေတင်ဆက်သော ရှိုးပွဲဖြစ်သည်။

သာမန်ရှိုးပွဲ မဟုတ်ချေ။
နာမည်ကြီး Rock’n roll သီချင်းတစ်ပုဒ်ကို တီးမှုတ်သီဆိုပြပြီးတိုင်း ထိုသီချင်း၏ ဖွဲ့စည်းပုံထဲ၌ ပါဝင်သော ဂီတပုံသဏ္ဏာန်များကို ရှင်းပြသည်။ ဥပမာအားဖြင့် Rythms & Blues သီချင်းတစ်ပုဒ်ကို ဆိုပြပြီးသည်နှင့် Blues ဂီတအကြောင်းပြောပြသည်။ ထိုမှတစ်ဆက်တည်း Rock ဂီတအပေါ်ဘလူးစ်၏ သြဇာသက်ရောက်မှုအကြောင်း ဆက်ရှင်းသွားတာမျိုး လွန်စွာအဖိုးတန်ပြီး စေ့စပ်သပ်ရပ်သည့် တင်ဆက်မှုဖြစ်လေသည်။

Billy Stevens က တစ်ကိုယ်တော် ဖျော်ဖြေသည့် ၀မ်းမဲန်းရှိုးမှာ ကီးဘုတ်ကို ကိုယ်တိုင် တီး၊ ကိုယ်တိုင် ဆို၊ ကြားဖြတ် လိုအပ်လျှင် ပါးစပ်က ဘာဂျာ မှုတ်ရင်း လက်က ကီးဘုတ် အတီး မပျက်ချေ။
ကျော်မြင့်လွင်က အဆိုပါ တင်ဆက်မှုကို အထူး ရင်ခုန်ခဲ့သည်။
"တကယ် မိုက်တယ်ဗျာ" ဟု မှတ်ချက် ချခဲ့သည်။

(၁၁)
အပြန်လမ်းမှာ ကိုဝင်းဦးနှင့် ညီညီသွင်တို့ စကားတွေ ဖောင်လာကြသော်လည်း ကျော်မြင့်လွင်က တစ်ခွန်းမျှ ၀င်မပြော။ လမ်းပေါ်တွေ့သည့် ခဲလုံးကို ကန်ထုတ်လိုက်၊ ဘာလိုက်နှင့် ခပ်တွေတွေ၊ ခပ်ထုံထုံ လိုက်လာသည်။
သူ့အကျင့်က သီချင်း ရေးချင်ပြီဆိုလျှင် ပြောလက်စ စကားကိုပင် မပြောချင်။ ကြောင်တောင်တောင်နှင့် သူများ ပြောစကားကို မကြားသလို ကြားသလိုပြန်ကြည့်နေတတ်တာ
ကိုဝင်းဦး သိသည်။

သို့ဖြင့် ညီညီသွင်ကို အသာ လက်တို့ပြီး-
"ဟိုကောင် သီချင်း ရေးဖို့ အာရုံ ၀င်နေပြီ။ သူ့အရှိန်နှင့် သူ လွှတ်ထားပေးလိုက်။ နို့မို့ရင် ပျက်သွားလိမ့်မယ်" ဟု ပြောရသည်။

(၁၂)
အဆောင် ပြန်ရောက်တော့ ညက တအား နက်ရှိုင်းပြီ။ မိုးလင်းမည့် ဘက်သို့ပင် ချဉ်းကပ်နေခဲ့ပြီ။ မျက်လုံးများ ဖန်စပ်လျက် အားလုံး ပင်ပန်းနွမ်းလျပြီ။
သို့သော် ကျော်မြင့်လွင်က အိပ်ရာ မ၀င်။ ဂီတာကို ကိုင်ပြီး သံစဉ် သွားစမ်းနေခဲ့သည်။ ဘာဆိုဘာမျှ ကြာလိုက်သည် မထင်ရ။ ကိုဝင်းဦးတို့ တစ်မှေးမျှပင် မရသေးခင် ခဏလေး အတွင်းမှာပင် ကျော်မြင့်လွင် ပြန်ရောက်လာခဲ့ရာ လက်ထဲမှာ အချောရေးပြီးသား သီချင်း တစ်ပုဒ် ပါလာခဲ့တော့သည်။

"ကြိုးဝိုင်း"
လူ့ဘ၀ဟာ တိုက်ပွဲ၊ ကြိုးဝိုင်း တစ်ခုပါပဲ။
သီချင်းလေး ညည်းသလိုမျိုး ဘယ်လိုချိုနိုင်မှာလဲ။
လက်မြှောက် လက်မြှောက် အလဲအကွဲတွေကြုံမယ်။
သွေးစက်စက်နီရဲအဓိက စိတ်ဓာတ်ပဲ။
ခိုင်မာ ယုံကြည်နေဆဲ။
ဒူးထောက် ဒူးထောက် အရှုံးမပေးနဲ့။
နာကျင်စွာ ဒဏ်ရာတွေ ရင်ခုန်သံ သာယာအောင်
စက္ကန့်တိုင်း အသက်ရှုခဲ့။
ရီဝေစွာ အမြင်အာရုံမြူမှုန်တွေ ကာနေသလို
ရင်ဆိုင်ရန်အားအင်မဲ့။
ဒုက္ခကို အလဲထိုးမယ်။ ဒုက္ခကို အလဲထိုးမယ်။
မင်းအပြုံး တစ်ခုသာ ငါ့အတွက် အင်အား အင်အား။
သတိ တစ်ချက်မလွတ်ရဲ အလဲထိုးသွား နိုင်တယ်။
ကျားရဲဝိညာဉ်မျိုးနဲ့ အသေအကြေ ရင်ဆိုင်တိုက်ပွဲ
ဆုံးဖြတ်ဆုံးဖြတ်အရှုံးမပေးနဲ့ဟေ့။


ထိုသီချင်းက နောင်သောအခါ သူ၏ "မှော်ဆရာ အိပ်မက်" အယ်လဘမ်ထဲမှာ ပါဝင်ခဲ့ပြီး နှစ်ချို့ဝိုင် အတွက် ရွေးချယ်ထားသော လက်ရွေးစင်ထဲမှာလည်း ပါဝင်ခဲ့သည်။

(၁၃)
ကျော်မြင့်လွင်၏ ဇွဲနဘဲနှင့် ပေတေ အပင်ပန်းခံသည့်အပေါ် ရုပ်ခန္ဓာက တောက်လျှောက် မလိုက်နိုင်။
သိုဖြင့် Vocal ထပ်သည့် အချိန်တွင် စိတ်ပန်းလူပန်း ဖျားပါလေတော့သည်။
ခေါင်ရည် သွားသောက်လိုက်ရာမှ အစားမှားပြီး ဖျားခြင်း ဖြစ်သည်။ ကိုကြည်စိုးကပဲ ဆေးခန်း ခေါ်သွားပြီး ဆရာဝန်က ဆေးသွင်း ပေးရသည်။ တစ်ဘက်တွင် စိတ်က ဆောင်နေသလား မသိ။ ချက်ချင်းလိုလိုပင် ဦးခေါင်းထောင် နာလန်ပြန်ထူ လာခဲ့သည်။

(၁၄)
ရက်ကောဒင်း ကာလ အတွင်းမှာပင် ကျော်မြင့်လွင်၏ အစွမ်းသတ္တိ များစွာတို့ကိုလည်း တွေ့မြင် လာရသည်။
"ညီလေးရေ" ဆိုလျှင် ထိုသီချင်းကို နဂို အရင်က လုံးဝ ကြိုတင် မရေးရသေး။ ထိုခေတ်၏ ဆင်ဆာ မူဝါဒအရ အကျိုးပြု သီချင်းတစ်ပုဒ် မထည့်မဖြစ် ထည့်ရမည် ဆို၍ စတူဒီယိုထဲတင် ကမန်းကတန်း ကောက်ရေးသည်။
အကြောင်းအရာက သူ့စိတ်ထဲမှာ အလွတ်ရနေသည်။
ကိုနေမျိုးဇော် တောင်ပေါ်တက်မသွားခင် သူ့အတွက် ရေးပို့လာခဲ့သည့် စာကိုပင် သီချင်းအဖြစ် အသွင် ပြောင်းလဲပြီး ရေးချလိုက်ခြင်း ဖြစ်သည်။

"ညီလေးရေ . . .
လမ်းမမှားအောင် ရွေးကွာ . . .အချိန်များဟာ . . .နည်းလွန်းတယ် ဘ၀မှာ။
ညီလေးရေ . . .
မြစ်တစ်ခုမှာ ရေနှစ်ခါ ချိုးလို့ မရနိုင်တာ မင်းနားလည်ပါ။
ညီလေးရေ . . .
လောကစာမျက်နှာ . . . သင်ကြားပါ . . . ကောင်းမှုရှာတဲ့အခါ။
ညီလေးရေ . . .
အများအကျိုးဆောင်ယူပါ . . .နှလုံးသားရဲ့ အမှန်တရား စွဲမြဲခိုင်မာ။

စည်းနှစ်ဘက်ရဲ့အကြားမင်းမရပ်နဲ့ကွာ . . .
တွေဝေတတ်တဲ့အလုပ်တို့နဲ့ မဆိုင်ပါ၊
လမ်းတစ်ခုသာရွေး အမှား သို့မဟုတ် အမှန်
ဒါပဲပေါ့ကွာ . . .ယုံကြည်စိတ်ထား။
မင်းသွေးများ အားနည်းနေလား . . .သွေးသစ် လဲလိုက်ပေါ့ အမှန်တရား. . .
လောကကောင်းကျိုး ထမ်းရွက်မယ့် . . . လူသားတစ်ယောက်အဖြစ်နဲ့ . . .

ညီလေးရေ . . .
လမ်းရွေးပြီးရင် သွားကွာ . . . အချိန်မရှိပါ . . . တို့နောက်မှာ သေခြင်းတရား။
ညီလေးရေ . . .
မင်းအကြောင်းဟာ သမိုင်းမှာ . . . မှတ်သား စရာ မရှိခဲ့တာ မဟုတ်ပါ။
ညီလေးရေ . . .
အားလုံးဟာ မရေရာ . . . ၀မ်းနည်းဖို့မလိုတာ မင်းနားလည်ပါ"


TheAces မှ ကိုပက်ထရစ်က ထိုသီချင်းကို နှစ်သက်လှ၍ "မင်း သီချင်းက တိုင်တယ်လ်တောင် လုပ်လို့ ရတယ်" ဟု ဆိုခဲ့သေးသည်။

(၁၅)
အသံသွင်းတာမှာလည်း ဒုက္ခ တော်တော် ခံခဲ့ရသည်။
အတီးပိုင်း ပြီးပြတ်၍ အဆို Vocal ထပ်နေပြီ။ ကျော်မြင့်လွင် လိုချင်သမျှကို ကိုချာလီ၊ ကိုကောင်းမြတ်တို့က အလွန် စိတ်ရှည်စွာ လုပ်ကိုင်ပေးကြသည်။ ထိုစဉ်က အသံသွင်းသည့် Track များမှာ ယခုခေတ်လို အရေအတွက် မများသေး။ သို့သော် သူ့အတွက် track နှစ်ခု ပေါင်း၍ ကတ်တစ်ခုပိုရအောင် လုပ်ပေးသည်။ နှစ်ကန့်ကိုပေါင်းလိုက်၍ တစ်ခုပိုထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုအခါ သူစိတ်တိုင်းကျဆိုသည်။

ပထမအကြိမ်ဆိုသည်။ ကောင်းသည်။
နောက်ထပ်တစ်ကြိမ် ထပ်ဆိုသည်။ ကောင်းပြန်သည်။
ဒါလည်းမရသေး။ သူထပ်ဆိုကြည့်သည်။ ကောင်း၍ နေပြန်တော့သည်။
ဒါလည်းကောင်း၊ ဟိုဟာလည်းကောင်း။ ဘာထည့်ထည့်ကောင်း။ သို့ဖြစ်၍ ဘယ်ဥစ္စာကို အပြီးသတ်ထည့်ရမည် ဆိုတာ ဘယ်သူမျှမရွေးနိုင်။ သူကတစ်ခါဆိုလျှင် ဆိုဟန်တစ်မျိုး။ Mood နှင့်စတိုင်ပြောင်းသွားသောအခါ ဖွဲ့စည်းပုံ တစ်ခုလုံးပင် ပြောင်းသလိုဖြစ်သွားသည်။

အခွေကြမ်းထဲမှာ ဆိုခဲ့စဉ်က တစ်မျိုး။ အတီးထည့်ပြီး သူအကြမ်းဆိုသောအခါ ပုံစံကတစ်မျိုး။
"သူငယ်ချင်းလေး ချစ်တယ်၊ ဘယ်လိုပြောရမလဲ" ဆိုလျှင် ဒီသီချင်းက ရိုးလွန်းတယ်။ ရေဒီယိုသီချင်းလေးလို ဖြစ်နေသည်။ ဒီဥစ္စာ မကြိုက်သေးဘူးဗျာ ဟု သူ့ဘာသာသူမှတ်ချက်ချသည်။ တကယ်ရက်ကောဒင်းအတွက် သီချင်းဝင်ဆိုလိုက်တော့ ကိုပက်ထရစ်ပင် မျက်စိလည်ထွက်သွားသည်။

"ဒါက သီချင်းအသစ် တစ်ပုဒ်လား"
"မဟုတ်ဘူး။ တစ်မျိုးပြောင်းဆိုလိုက်တာ"
"ဟာ-လုပ်ချလိုက်ပြန်ပြီဗျာ"

Body notes ပေါ်မှာ အဆိုသံကို လုံးဝကြီး ပြောင်းပစ်လိုက်ခြင်းဖြစ်သည်။ သို့ဖြင့် နောက်ခံတီးပေးထားသော စတိုင်လ်လည်း လိုက်ပြောင်းသလိုဖြစ်သွားသည်။ ကိုအော်စကာကလည်း ဒရမ်ဘိကို ပြောင်းပေးသည်။ ဤသို့ဖြင့် နဂိုသီချင်းမှာ အသွင်သဏ္ဍာန်က မယုံနိုင်စရာ ပြောင်းလဲသွားခဲ့သည်။

သူ့သီချင်းတွေကို သူ့ဘာသာ ပြန်နားထောင်ပြီး၊ ပြင်ပြင်ဆိုလွန်းအားကြီး၍ အားလုံးက သူ့ကို မစ္စတာကွန့်ဟု ခေါ်ကြသည်။ စူပါ စတားလုံးကွန့်ဟုလည်း အမည်ပေးထားခဲ့ကြသည်။ သို့သော် အားလုံးက ကြည်ကြည်ဖြူဖြူ ပျော်ပျော်ရွှင်ရွှင်။

(၁၆)
ပျော်ပျော်ရွှင်ရွှင်ဖြစ်ခဲ့သလို တစ်ဖက်မှာ စိတ်လှုပ်ရှားစရာ အခက်အခဲတွေလည်း များစွာကြုံခဲ့ရသေးသည်။ အခက်အခဲ တစ်ခုကတော့ စုံတွဲသီချင်းအတွက်ဖြစ်သည်။
"ဝေးသွားတဲ့အခါ" သီချင်းကိုပဲ ပဲခူးက ကနဦး ရွေးချယ်ကတည်းက စုံတွဲဆိုချင်သည်။ အပေးအယူ ဆိုနိုင်အောင် သူလုပ်ထားခဲ့သည်။

ရက်ကောဒင်းအတွက်ကလည်း ခုနှစ်ဂျူတီပဲ ယူထားနိုင်၍ အကန့်အသတ်ရှိနေသည်။ အတီးပိုင်းတွေ အားလုံးပြီးသလောက်ရှိနေပြီ။ ငါးရက်မြောက်အထိ စုံတွဲ သီဆိုပေးမည့် အမျိုးသမီးအဆိုတော်ကို ရှာ၍ မရသေးချေ။

တီးဝိုင်းက နောက်နေ့လာမှာ မဟုတ်တော့၍ အတီးပိုင်းကိုအပြီး အ၀င်သွင်းထားရသည်။ ဆိုခဲ့သလိုပင် ထိုစဉ်တုန်းက ရက်ကောဒင်းထရက်ခ်မှာ များများစားစား မရှိ။ တီးဝိုင်းမှာ လူအားလုံးစုံမှ တီး၍ ရသည်။ သို့နှင့် မိန်းကလေးလည်း ဆိုနိုင်လောက်အောင် ကီးကို သူ့ဘာသာချိန်၍ ဆိုထားလိုက်ရသည်။

(၁၇)
အမျိုးသမီးအဆိုရှင်ကို စဉ်းစားသောအခါ ကျော်မြင့်လွင်က စိမ်းမို့မို့၏ ချိုသာအောင်မြင်သော အသံကို သဘောကျသည်။
"ကိုဝင်းဦး၊ လုပ်ဦးဗျာ" ဟု နားပူနားဆာ တိုက်တွန်း၍ စိမ်းမို့မို့ကို သွားပြောရသည်။ စီးတော်ယာဉ်ကတော့ ထုံးစံအတိုင်း ဘတ်စ်ကားဖြစ်ချေသည်။ ပထမတစ်ကြိမ်မှာ စိမ်းမို့မို့နှင့် မတွေ့ခဲ့ရ။ သို့ဖြင့် တိပ်ခွေကြမ်းနှင့် သီချင်းစာရွက် ပေးခဲ့သည်။ တစ်ကန့်က ကျော်မြင့်လွင် ဆိုထားပြီး ဒုတိယအကန့်ကို မိန်းကလေးဆိုဖို့ ချန်ထားသည်။

ညနေထပ်သွားတော့ စိမ်းမို့မို့နှင့်တွေ့ရာ ဖော်ဖော်ရွေရွေလက်ခံစကားပြောသည်။ အကူအညီပေးဖို့ လိုလိုလားလားရှိနေ၍ ၀မ်းသာရသည်။ စိမ်းမို့မို့က အခွေကို ညတွင် နားထောင်ထားပြီး သူ့အသံနှင့် လိုက်ဖက်ခြင်း ရှိ/မရှိ မနက်ကျလျှင် အကြောင်းပြန်ပါမည်ဟု ဆိုသည်။ စိမ်းမို့မို့က အနုပညာစိတ်ရှိသည်။ ငွေရေးကြေးရေးက ပဓာနမဟုတ်။ သူ့အသံနှင့် အံဝင်ကိုက်ညီအောင် ဆိုနိုင်၊ မဆိုနိုင်ဘဲ အလေးထားသူဖြစ်သည်။

မနက်ကျတော့ သွားစောင့်ကြသည်။ စိမ်းမို့မို့က မင်္ဂလာဆောင်မှာ သီချင်းဆိုပြီး မနက်ပိုင်း ၁၂ နာရီခန့်တွင် ပြန်ရောက်လာသည်။ သူအရမ်း အားနာနေခဲ့သည်။ သီချင်းကိုလည်း ကြိုက်နှစ်သက်သည်။ ဆိုလည်း လွန်စွာ ဆိုပေးချင်သည်။ သို့သော် ဆိုရတာက အဆင်မပြေဖြစ်နေသည်။ ကျော်မြင့်လွင်ဘက်က အသံနှင့်ချိန်ပြီး အတီးကြိုသွင်းထားသဖြင့် ကီးကို ပြန်ချိန်၍ မရ။ သို့ဖြင့် လက်လျှော့တပ်ခေါက်ပြန်လာခဲ့ရသည်။

(၁၈)
တာမွေဘက်မှ အယ်နီတာထံ ရောက်ခဲ့ကြပြန်သည်။ တွေ့တော့ အကျိုးအကြောင်းပြောပြပြီး တစ်ထိုင်တည်း နားထောင်၍ ဆိုကြည့်ခိုင်းရသည်။ ဒီမှာလည်း ကီးက ချိန်၍ မရပြန်။ ကျော်မြင့်လွင်ကလည်း ရိုးရိုးဆိုထားရာက အလိမ်အတွန့်လေးတွေ ထည့်ထားတာရှိသည်။ အမျိုးသမီးအဆိုရှင်ဘက်က အဆိုပါ အတွန့်အခေါက်လေးတွေနှင့် လိုက်လျောညီထွေရှိအောင် လိုက်ဆိုရမည်။ ဒီလိုနှင့် ည၁၁ နာရီသာ ထိုးသွားသည်။ အဆင်က မပြေ။

မိန်းထဲလည်း ပြန်မအိပ်နိုင်။ သို့ဖြင့် ကိုထွေးညွန့်အိမ်ကိုပဲ ခြေဦးလှည့်ကြသည်။ ဟိုက မိသားစုများသည့်အတွက် မီးဖိုချောင်ထဲ ၀င်အိပ်ခဲ့ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်တွင် ရက်ကောဒင်း ဇောကပ်၍ ကျောချစရာ တစ်နေရာပဲ လိုသည်။ ဘာဆိုဘာမျှ ဇီဇာကြောင်မနေကြတော့ချေ။

(၁၉)
Vocal ဒိတ်က ကျပ်တည်းနေပြီ။ အမျိုးသမီးအဆိုရှင်ကတော့ အရေးပေါ်အသက်ကယ်အသည်းအသန်။ ရကိုရမှ ဖြစ်လိမ့်မည်။
အဲသမှာ ကျော်မြင့်လွင်က ရုတ်တရက်ထပြီး "ရန်ကင်းမှာ မိပေါက်ရှိတာပဲ။ သူနေကောင်းရင်တော့ ဆိုပေးနိုင်မှာ သေချာတယ်" ဟုဆိုသည်။
ကိုဝင်းဦးမေးကြည့်သောအခါ ပေါက်ပေါက်သည် ပုသိမ်ကတည်းက သူငယ်ချင်း။ အသံကောင်းရုံသက်သက် မဟုတ်။ အဆို ပါရမီရှိသည်ဟုဆိုသည်။

ကျော်မြင့်လွင်ပါးစပ်က ကောင်းသည်ဟု ပြောလျှင် စိတ်ချ၊ သေချာပြီ။ သူက အနုပညာအရာတွင် လူချင်း ခင်မင်သည့်အပေါ် မျက်နှာထောက်ထားလေ့မရှိ။ ကောင်းမှ ကောင်းသည်ဟု ပြောတတ်သူ။
ပေါက်ပေါက်ဆီရောက်သွားတော့ ကျန်းမာရေး ကောင်းနေသည်။ တိပ်ခွေဖွင့်ပြပြီး အစမ်းဆိုကြည့်တော့လည်း ၀မ်းသာစရာ။ အားလုံး အဆင်ပြေသည်။
"မနက်ဖြန်ကျရင် ငါတို့ လာခေါ်မယ်။ အဆင်သင့် လုပ်ထား" ဟု မှာခဲ့သည်။

နောက်တစ်နေ့ကျတော့ စတူဒီယို အခန်းထဲမှာ ကျော်မြင့်လွင်လိုချင်သည့်အတိုင်း ပေါက်ပေါက်က ဆိုပေးနိုင်သည်။ အစစအရာရာ ချောမွေ့ခဲ့လေသည်။
ကိုကောင်းမြတ်၊ ကိုချာလီတို့ကလည်း ပေါက်ပေါက်၏ အသံကို သိပ်သဘောကျခဲ့ကြသည်။
"စီးရီးသွင်းမယ်ဆို ဖြစ်တယ်။ သိပ်ကိုရှားပါးတဲ့ အသံပဲ" ဟု မှတ်ချက်ချခဲ့ကြသေးသည်။ သို့သော် ပေါက်ပေါက်က သူငယ်ချင်းကိစ္စ အရေးအကြောင်းကြုံနေ၍သာ ၀င်ပြီး ကူညီပေးခြင်း ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ ကျော်မြင့်လွင်ကတော့ အခက်အခဲတစ်ခုကို ကျော်လွှား၍ သူဖြစ်ချင်သည့် ဆန္ဒများ ပြည့်ဝသွားသည့်အတွက် အထူးပင် ပျော်ရွှင်ကျေနပ်နေတော့သည်။ ကိုဝင်းဦးကတော့ ဟင်းကနဲသက်ပြင်း တစ်ချက်ချလိုက်ရပြန်သည်။ ဘာပဲပြောပြော သျှပ်ကလေးပျော်နေတာ တွေ့ရသည်နှင့် သျှပ်ကြီးလည်း ကြည်နူးရသည်သာ။

(၂၀)
ကျော်မြင့်လွင်၏ ထူးခြားသော ဗီဇပါရမီအရ မည်သည့်တူရိယာပစ္စည်းမဆို တွေ့လိုက်သည်နှင့် ခဏချင်းအတွင်း ရင်းနှီးကျွမ်းကျင်သွားတတ်သည်။ တေးသီချင်းဆိုလျှင်လည်း တစ်ခါလောက်ကလေး နားထောင်လိုက်ရုံမျှနှင့်ပင် ရသွားပြီဖြစ်သည်။ သူနှင့်အတူတူ နားထောင်သူတွေထက် ပို၍ တိကျစွာပင် မှတ်မိလေ့ရှိသည်။

အိုအေစစ် စတူဒီယိုတွင် မြန်မာသံ စီးရီးများ အသံသွင်းရန်အတွက် မြန်မာဂီတတူရိယာများလည်း ရှိရာ တစ်ကြိမ်တွင် ကျော်မြင့်လွင် ပတ္တလား ထိုင်တီးနေတာကိုတွေ့ရသည်။
"မင်း ဘယ်တုန်းက ပတ္တလားတီးတတ်သွားတာလဲ" ဟု ကိုဝင်းဦးမေးကြည့်သည်။
"အခုလေးတင်ပဲ တီးတတ်သွားတာလေဗျာ" ဟုပြန်ဖြေသည်။

သို့သော် သူ့အသံက ၀င့်ကြွားမှုမရှိ။ ပကတိရိုးသားစွာဖြင့် အရှိအမှန်အတိုင်း ဖြေလိုက်တာ ဖြစ်သည်။
ညပိုင်းတွင် အိုအေစစ် စတူဒီယို၌ အလုပ်လုပ်ကြရင်း ခေတ္တနားချိန်များ၌ ကင်တင်းထွက်ထိုင်သောအခါ ကျော်မြင့်လွင်က လိုက်မလာ။ နေရစ်ခဲ့တာ များသည်။
တစ်ကြိမ်တွင် အဖွဲ့လိုက်ပြန်လာကြတော့ အထဲမှာ စန္ဒရား တီးနေသံကိုကြားရသည်။ အခန်းတံခါးက မစေ့တစေ့။ သို့ဖြစ်၍ အသာလှပ်ကြည့်လိုက်သောအခါ စန္ဒရားခုံမှာ အကျအနထိုင်ကာ ဘယ်ညာလက်ချောင်းတွေ အားလုံးသုံးပြီး အားရပါးရ ကိုင်နေသော ကျော်မြင့်လွင်ကို တွေ့ရသည်။
တီးနေသည့်သီချင်းက "နာရီပေါ်မှ မျက်ရည်စက်များ"

(၂၁)
စတူဒီယို ရက်ချိန်းပြီးဆုံးဖို့ လက်တစ်ကမ်းအချိန်မှာ ကျော်မြင့်လွင်၏ ဂီတပါရမီ၊ မဖြစ်မနေလုပ်တတ်သော စိတ်ဓာတ်၊ ရေဆုံးကမ်းဆုံး စေ့စပ်သေချာလိုက်နိုင်သည့် စွမ်းရည်ကို တွေ့မြင်ရပြန်သည်။
အတီးအားလုံးပြီးပြီ။ အဆိုပိုင်းတွင် ဟာမိုနီက မထည့်ရသေး။

ကိုယ်က နားမလည်ခဲ့၍ ဟာမိုနီကို တီးဝိုင်းကပဲ ထည့်ပေးလိမ့်မည် ထင်ခဲ့သည်။ အခုတော့ ဟာမိုနီကိစ္စကို ကိုယ့်ဘာသာပဲငှားရတော့မည်။ ထိုအချိန်က နာမည်အကျော်ကြားဆုံး မေညီအစ်မများအဖွဲ့ကိုတော့ဖြင့် ဘယ်လိုမျှ မငှားနိုင်။ ဟာမိုနီလိုက်ခက တစ်ယောက်ကို ငါးရာကျပ်ဖြစ်၍ လေးယောက်အတွက် နှစ်ထောင်ပေးရမည်။

ထိုအချိန်မှာ ရေပိတ်ချိန်ရောက်ပြီ။ လက်ထဲတွင် ငွေနှစ်ထောင်မပြောနှင့်။ အိတ်ကပ်ထဲမှာ နှစ်ရာပင် ကောင်းကောင်းမပြည့်။
ခက်တာကတော့ ခက်နေပြီဆိုသော်လည်း ကြာကြာစိတ်ညစ်မခံ။ ရှိသမျှ ကိုယ့်လူတွေနှင့် ကိုယ်ဘာသာပဲ ချလိုက်တော့မည်ဟု ကျော်မြင့်လွင်က ဆိုသည်။

ဟာမိုနီ အရိန်းခ်ျမင့်ကို ကိုဝင်းဦးနှင့်နှစ်ယောက် တိုင်ပင်ကြသည်။ တကယ်တော့ ကျော်မြင့်လွင်အိုင်ဒီယာပဲ များသည်။ ကိုဝင်းဦးက နည်းနည်းကျဉ်းကျဉ်း အကြံပေးရုံ ဖြည့်စွက်ရုံမျှသာ။

(၂၂)
ဟာမိုနီ အသံဖမ်းဖို့အတွက် ထရက်ခ်တစ်ခုကျန်သည်။
ဟာမိုနီလိုက်မည့်သူတွေ ရှာလိုက်တော့ အနီးကပ်ဆုံးမှာ ကိုဝင်းဦးရှိသည်။
ပြီးတော့ ညီညီသွင်။
ပဲခူးက အပေါင်းအသင်းများဖြစ်ကြသော မျိုးအေးနှင့် ၀င်းမြတ်ဦးတို့က တေးသံသွင်းအတွေ့အကြုံ ရှိဖူးသည်။ ကိုမျိုးအေးက တေးပုလဲ ကိုဘမြင့်ထံမှ အခွေ တစ်ခွေထွက်ဖူးသည်။ ပြီးတော့ ၀င်းမြတ်ဦးကလည်း "လွဲတဲ့လမ်း" စီးရီး လုပ်ဖူးထားခဲ့သည်။
ဤသို့ဖြင့် လူလေးယောက် စုံသွားသည်။
အခန်းကျဉ်းလေးထဲမှာ မိုက်ခွက်တွေကို ရှေ့တိုးနောက်ဆုတ် ချိန်ဆကြသည်။ ဟာမိုနီသမားလေးယောက်က ကိုယ့်ဟာမိုနီ အသံကိုယ်မှတ်ထား။ ကိုချာလီက အရင်နားထောင်ပြီးမှ မိုက်တွေကို ပြန်ချိန်။ သီချင်းတစ်ပုဒ်ကို သုံးနာရီလောက်ကြာအောင်လုပ်ရသည်။ ခံစားရသော ဒုက္ခတွေက စာဖွဲ့၍ မကုန်နိုင်။

(၂၃)
တကယ်တော့ ထိုအချိန်တုန်းက ကျော်မြင့်လွင်၏ အသက်အတော်ပင်ငယ်သေးသည်။ ၂၂ နှစ် ၂၃နှစ်လောက်ပဲရှိသေးသည်။ သို့သော် သူနားလည်တတ်မြောက် ထားတာတွေကလည်း အသက်အရွယ်နှင့် မမျှလောက်အောင် များပြားနေကြောင်း တွေ့ရှိရသည်။ ဂီတပညာကို သူကောင်းကောင်းကြီး သိနေပြီ။

ကျော်မြင့်လွင်က အော်ခက်စတြာလို သံစုံတီးဝိုင်းကြီးကို သူ့တူရိယာ အုပ်စုနှင့် သူနေရာ ချထားဖို့ စိတ်ကူးနှင့် ရူးသူဖြစ်သည်။ အဆိုပိုင်းတွင် လိုအပ်သလို ကွိုင်ယာ အဖွဲ့ပမာ ထည့်သွင်းစီစဉ်ချင်သည်။ မင်္ဂလာ အခါတော်ပေး တေးသီချင်းကိုပင် တကယ့်ကို ခမ်းခမ်းနားနား မြိုင်မြိုင်ဆိုင်ဆိုင် နိုင်ငံတကာ ဟာမိုနီ အသံတွေနှင့် စံချိန်စံညွှန်းမီအောင် လုပ်ချင်သူဖြစ်သည်။

ပဲခူးသား ကိုမျိုးအေးဆိုလျှင် အသံတော်တော်ကောင်းသူဖြစ်သည်။ သို့သော် ကျော်မြင့်လွင်က အဆိုပညာ ပိုတတ်သည်။ သီချင်းဆိုရာမှာ ဖျောက်ထားရမည့် အသံဆိုလျှင် တစ်လုံးဖျောက်ပြီးမှ ပြန်ပေါ်လာအောင် ဆိုတတ်သူ။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ" ဟုဆိုလျှင် ပြုံးစိစိသာ လုပ်၍နေတော့သည်။
တကယ် အလုပ်လုပ်တော့လည်း အခက်အခဲတွေက များစွာ။

ကျော်မြင့်လွင်က လူငယ်ပီပီ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေ သိပ်ကိုများသည်။ သူသိတာက နားလည်ထားတာတွေကလည်း ထုထည်ကြီးမားသည်။

(၂၄)
နောက်ခံဂီတမှာ The Aces တီးဝိုင်းက instruments တွေနှင့် အစွမ်းကုန်တီးခတ်ပြီး အကောင်းဆုံး အသံဖမ်းပေးထားသည်။
သို့သော် ကျော်မြင့်လွင်၏စိတ်ထဲမှာ အားလုံးကျေနပ်အားရသည်မဟုတ်။ သူ၏ နားထဲမှာ instruments များနှင့် တီးခတ်ထားသမျှ အချို့နေရာတွေမှာ သူလိုချင်သည့် အတိုင်းအတာအထိ မပြည့်သေးတာမျိုးရှိနေသလို ခံစားရသည်။ သူ ရရမည့် စံချိန်စံညွှန်းရီကော့်ဒါ အသံမပြည့်။ ထုထည်နှင့် အင်အားလျော့ပါးနေသည်ဟု သူထင်သည်။ သို့ဖြင့် instruments တူရိယာ ပစ္စည်းများထံမှ မရရှိဟု သူခံစားရသမျှ၊ အသံများ လိုနေသေးသည် ထင်ရသမျှ နေရာတွေမှာ (Human Voices) လူ့အသံနှင့် လိုက်ဖြည့်ဖို့ စီစဉ်သည်။

ကျော်မြင့်လွင်က ကိုဝင်းဦးတို့တစ်တွေကို ဘယ်နားမှာ မည်သည့်အသံမျိုးနှင့် ဘယ်လိုဘယ်ပုံ ဖြည့်အော်ပေးဖို့ ညွှန်ကြားသည်။ သူထောက်ပြသည့် နေရာများတွင် လူ့အသံနှင့် အားဖြည့်ခဲ့ရသည်။
ဥပမာ- "မေ့လိုက်တော့" သီချင်းမှာ "ပန်းခင်းလမ်းပဲလျှောက်ပါ အချစ်ကလေးရယ်။ ခရောင်းတောထဲက တို့ကို ထားခဲ့ကွယ်။ ချစ်ခဲ့ကြတဲ့ အချစ်ဟာ အိပ်မက်ပဲ၊ မင်းဘ၀ နေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်၊ အိုး မေ့လိုက်တော့ အချစ်ကလေးရယ်" အပိုဒ်မှာဆိုလျှင် တူရိယာတွေက သူလိုချင်သည့် အတိုင်းအတာအထိ နောက်ခံသံရအောင် ဖန်တီးပေးမထားနိုင်။

ထိုအခါ ကိုဝင်းဦးတို့၊ ကိုမျိုးအေးတို့က သူအော်ခိုင်းသည့် တီးခတ်သံတွေကို Human Voice ပါးစပ်ဆိုင်းနှင့် အကူအားဝင်ဖြည့်ပြီး လိုက်အော်ပေးရသည်။
သီချင်းတော်တော်များများကို ထိုသို့ လက်ပေါက်ကတ်စွာ ပြန်စီစဉ်၍ တစ်ဖွဲ့လုံး ဒုက္ခရောက်လိုက်ကြတာကတော့ မတရားကြီးကိုပဲ ဖြစ်သည်။ ပင်ပန်းလိုက်ကြတာလည်း ပြောစရာ မရှိတော့ပြီ။

(၂၅)
အသံဖမ်းသည့်ကိုချာလီ၊ ကိုကောင်းမြတ်တို့က သူတို့ အသံဖမ်းသက်တမ်းတစ်လျှောက်တွင် သည်လို လုပ်တာမျိုးကို ခဏခဏမကြုံမတွေ့ခဲ့ကြ။
သို့သော် အံ့သြစရာကောင်းတာက သူအရစ်ရှည်သမျှ အသံဖမ်းကိုချာလီနှင့် ကိုကောင်းမြတ်တို့က နားလည်နေကြခြင်းဖြစ်သည်။ သူဘာလိုချင်သည် ဘာရည်ရွယ်ချက်နှင့် ဘာကြောင့် ယခုလို လုပ်သည်ဆိုတာကို ကောင်းစွာ သဘောပေါက်ကြသည်။

သို့ဖြစ်၍ ကျော်မြင့်လွင်ကို စိတ်ရှည်စွာ သည်းခံကြသည်။ ကျော်မြင့်လွင်စိတ်တိုင်းကျ ဖြစ်အောင် အစစအရာရာ အလိုလိုက်လျောလုပ်ကိုင်ပေးခဲ့ကြသည်။
ဤသို့ဖြင့် Vocal နှစ်ဂျူတီစလုံး အချိန်ကွက်လပ်မရှိ။ မိုးစင်စင် လင်းခဲ့ရသည်။

(၂၆)
သူညွှန်ကြားစေခိုင်းသည့်အတိုင်း လုပ်ပေးပြီးနောက် ပြန်နားထောင်ကြည့်သောအခါ ပီတိဖြစ်စရာ။ ရင်သပ်ရှုမော အံ့သြစရာ။
ဂီတ အသံတွေက နဂိုရှိရင်းစွဲနှင့်မတူ။ အလွန်လှပစွာ အားအင်အပြည့်နှင့် ရုပ်လုံးကြွအသက်ဝင် လာခဲ့ကြသည်။ အရမ်းကို ပီတိဖြစ်ချင်စရာကောင်းသည်။

"နာရီပေါ်မှ မျက်ရည်စက်များ" အခွေထွက်လာသောအခါ ပရိသတ်အားလုံး၏ ခံစားချက်ကို ချက်ချင်း ဖမ်းစားပြီး ရင်ထဲသို့ တည့်တည့်တန်းတန်း ရောက်ရှိထိမှန်သွားခဲ့ရသည်မှာ အဆိုပါ အဆန်းတကြယ်ကြိုးပမ်း အားထုတ်ခဲ့မှုများကြောင့်ဆိုလျှင် မမှားနိုင်။

အချို့သော လူနည်းစုအတွက် "နာရီပေါ်မှ မျက်ရည်စက်များ" သည် သ၀န်တိုချင်စရာကောင်းလောက်အောင် ပြောင်မြောက်ခဲ့ရခြင်း၊ နားမခံမရပ်နိုင်စရာ ဖြစ်ခဲ့ရခြင်းမှာလည်း ကျော်မြင့်လွင်၏ ဂီတပါရမီနှင့် နားလည်တတ်ကျွမ်းမှု၊ စနစ်နှင့် အစီအမံ၊ တစ်ဖွဲ့လုံး၏ မညည်းမညူ အပင်ပန်းခံမှုများကြောင့် ဖြစ်သည်။ ထိုအရာတွေ အားလုံး ပေါင်းစုသွားပြီးမှ သီးပွင့်လာခဲ့သော ရလဒ်ဖြစ်လေသည်။

ထိုအရာသည်ပင် သူ၏ ဂီတမှော်ပဉ္စလက်တန်ခိုးဖြစ်လိမ့်မည်။

(၂၇)
"နာရီပေါ်မှ မျက်ရည်စက်များ" တေးစီးရီး၏ တိပ်ခွေထဲမှာတုန်းက မသိသာခဲ့သော်ငြားလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် မာစတာခွေကို စင်ကာပူသို့ ပို့ပြီး စီဒီထဲပြန်ထည့်လိုက်သောအခါ ခေတ်မီနည်းပညာနှင့် အသံသွင်းစနစ်၏ တိကျမှုကြောင့် တစ်ချိန်က ၀င်အော်ပေးထားခဲ့ကြသည့် Human Voices ပါးစပ်ဆိုင်းသံများကို တူရိယာတီးခတ်သံများ အကြားမှ မပီမသနှင့် ပြန်ကြားနိုင်သေးသည်။

စီဒီထဲမှာ ထိုသို့ပြန်လည်တွေ့ရှိရတာ သဘောကျစရာလည်း တစ်မျိုးဖြင့် ကောင်းနေတော့သည်။


                                                     အခန်း (၁၅)                                    နာမည်တစ်လုံးကို တည်ဆောက်ရသော လမ်း

(၁)
အခွေကိစ္စကတော့ အားလုံး ပြီးသွားပြီ။
"တိပ်ခွေ ထွက်ရင် ဘာနာမည်နဲ့ မင်း ထွက်မှာလဲ" ဟု ကိုဝင်းဦးက မေးကြည့်သည်။ မျှော်လင့် မထားသည့် နာမည် အဆန်း၊
"ထူးအိမ်သင်" ဟု ဆိုသည်။
"ဘာရယ်၊ ထူးအိမ်သာ ဟုတ်လား"
"ဟာဗျာ၊ ကိုဝင်းဦးကလည်း လုပ်ချလိုက်ပြန်ပြီ။ ထူးအိမ်သင်ပါဗျ" ဟု ဆိုပြီး အမည် စကားလုံးနှင့် တစ်လုံးချင်း ကောက်ယူ ထားပုံကို ရှင်းပြခဲ့သည်။
ကျော်မြင့်လွင်က ပန်းချီလည်း အနည်းအကျဉ်း ဆွဲတတ်၍ ကာဘာကဒ်ကို သူ့ဘာသာ စိတ်ကူး ယဉ်ပြီး ဆွဲထားတာလေးလည်း ရှိခဲ့သေးသည်။

(၂)
မာစတာတိပ်ခွေ တစ်ခွေလုံး အချောကိုင် ပြီးစီးသွားပြီ ဖြစ်သော်လည်း စတူဒီယိုကနေ မရွေးရသေး။
လက်ထဲမှာ ရွေးဖို့ ပိုက်ဆံက မရှိ။
မာစတာခွေ ကိုယ်ပိုင် မရှိ၍ ရက်ကောဒင်းမှ Mix down လုပ်ပြီးသား အခွေကို ငှား၍ ကူးပြီး အခွေကြမ်းနှင့်ပင် ဆိုင်တွေကို လိုက်စပ်ရတော့မည်။ အခွေ ရောင်းထွက်ပြီး ပိုက်ဆံရတော့မှပဲ မာစတာကို ရွေးနိုင်လိမ့်မည်။

စတူဒီယို၏ ပဋိညာဉ်အလိုအရ ကာလအတိုင်းအတာ တစ်ခုအထိတော့ မာစတာကို မဖျက်သေး။ သိမ်းထားပေးလိမ့်မည်။ သို့သော် သတ်မှတ်ကာလ နောက်ပိုင်းမှာ မာစတာခွေက ကျန်ရှိချင်မှလည်း ကျန်ရှိမည်။ အာမခံချက်နှင့် တာဝန်တော့ ယူမည် မဟုတ်တော့ချေ။
သို့ဖြစ်၍ တကယ့်ကို လက်တွေ့ ဇာတ်လမ်းဆီကို အခုမှပဲ ကူးပြောင်း ၀င်ရောက်ရခြင်း ဖြစ်နေသည်။

(၃)
ကျော်မြင့်လွင် အသံသွင်းနေစဉ် ကာလကတည်းက တီးဝိုင်းရှိ ကိုပက်ထရစ်တို့ထံမှ သတင်းအနံ့ ရ၍ တေးသံသွင်းကြီး တစ်ခုမှ ပိုင်ရှင်က ကျော်မြင့်လွင်ကို လာရောက် အကဲခတ် ကြည့်ပြီးနေပြီ။

အခြေအနေတွေ ခန့်မှန်းမိပြီးသည့်နောက် "ဒီအခွေ ဘယ်လောက်ရရင် ရောင်းမလဲ" ဟု သွေးတိုးစမ်း စကား ကမ်းလှမ်းခဲ့သည်။
"နှစ်သောင်းခွဲကျော်တော့ ကုန်ထားပြီးပြီ။ နှစ်သောင်းလောက် ရရင်ကိုပဲ ရောင်းမယ်" ဟုဆိုရာ တေးသံသွင်း ပိုင်ရှင်ကြီးက-
"အခု နှစ်သောင်းခွဲ ပေးမယ်" ဟု ကောက်ကာငင်ကာ ဆိုလိုက်သည်။
ဒါဆို ပြီးပြတ်ပြီ။

နှစ်သောင်းခွဲ အသားတင် ပေးမည် ဖြစ်၍ ကိုယ့်ဘက်က ကုန်ကျခဲ့တာတွေ အားလုံး ကာမိပြီ။ သို့သော် စကားက မဆုံးသေး။
"ဒါပေမယ့် နောက်ထပ် နှစ်ခွေတော့ ထပ်ဆိုပေးရမယ်" ဟု ဆိုသည်။
ထိုအခါကျလျှင်လည်း ကိုယ့်ဘက်က ဘာမှ ကုန်ကျစရာ မလို။ တီးဝိုင်းနှင့် စတူဒီယို စရိတ် အားလုံး သူပေးမည်။ သို့ပေမယ့်လည်း သီဆိုခ၊ တေးရေးတွေနှင့် ပတ်သက်ပြီး ရပိုင်ခွင့်တွေ ဘာမျှ ပြောဆိုခြင်း မရှိ။

ပါးစပ် အဟောင်းသား ဖြစ်ချင်စရာ။ မယုံနိုင်သည့် ကမ်းလှမ်းမှု ဖြစ်သည်။ ငွေနှင့် ပတ်သက် လာလျှင် လူတွေက အရှက် ကင်းမဲ့ကြသည်။ သူဌေးဘက်က ကြည့်တော့လည်း ကျော်မြင့်လွင်က နာမည် တစ်လုံး မရှိသေးသူ။ လောင်းကစားဝိုင်းမှာ တင်ကစားသလို ကစား ကြည့်ရမည်။ ငွေရှင်ကြေးရှင် ပီပီ ရင်ခုန်စွန့်စား ကြည့်ရမည်။

ကျော်မြင့်လွင်က အခုလို အနှောင်အဖွဲ့ကို လက်မခံ။ ပြီးတော့ လက်ရှိ ပစ္စုပ္ပန် ပြဿနာကိုပဲ သူ ကြည့်သည်။ အနာဂတ်၏ နောက်ထွက်မည့် နှစ်ခွေ ကိစ္စ သူ မသိ။ စဉ်းစား မထား။ အနာဂတ်ကို မျှော်လင့် လိုချင် တပ်မက်မှု မရှိသဖြင့် လောဘ ကင်းပြီး စဉ်းစားတာ ရှင်းနေသည်။

သူက-
"အခု တစ်ခေါက်က ကျွန်တော့် သီချင်းတွေကို ဆိုမယ့်လူ ဘယ်သူမှ မရှိလို့သာ ကိုယ့်ဘာသာ ဆိုလိုက်တာ။ အခုတစ်ခေါက် အခွေပေါက်ပြီး အောင်မြင်သွားလည်း နောက်ကို ကျွန်တော်က ဆိုချင်မှဆိုတော့မှာ၊ အခုကိုပဲ လုပ်စရာရှိတာ လုပ်ပြီးသွားပြီ။ ဘုန်းကြီးပဲ ၀တ်လိုက်ရ ကောင်းမလားလို့ စဉ်းစားနေတာ" ဟု ဘုကျကျနှင့်
ပြောလွှတ်လိုက်သည်။

တေးသံသွင်းကြီး ပိုင်ရှင်လည်း အပေးအယူ ဓါတ်မတည့်တော့သည်နှင့် လှည့်ပြန်သွားရချေသည်။

(၄)
စိတ်ထဲ ရှိသည့်အတိုင်း ပြောလိုက်ရ၍ ကျေနပ် သွားသော်လည်း လက်တွေ့ဘ၀က ခက်ခဲ ကြမ်းတမ်းသည်။
ကိုယ့်ဘာသာ အခွေ ရောင်းရဖို့ အရေး တေးသံသွင်း ဆိုင်တွေကို ခြေတိုအောင် အနှံ လိုက်ပြ ကြည့်တော့လည်း သူတို့ဆီက ထွက်စရာ အခွေတွေ များနေ၍ နာမည် မရှိသည့် အခွေသစ်ကို ဘယ်သူမျှ စိတ်မ၀င်စားကြ။ ချာလည်ချာလည်နှင့် ဝေ့နေလိုက်သည်မှာ ကာလ အတန်ကြာသွားသည်။
စရိတ် ပြတ်လပ်တော့ အိမ် ပြန်လာသည်။

မော်လမြိုင်သို့ ၁၉၈၆ ခုနှစ် ဧပြီလလောက်တွင် ပြန်လာခဲ့ရာ အခွေကြမ်း ပါလာသည်။ အခွေလေးကို ဟိုနေရာ ဒီနေရာ လက်ဖက်ရည်ဆိုင်လေးတွေမှာ ဖွင့်ကြသည်။
အမေ့နား အသာ ကပ်ပြီး-
"ဒီအခွေက အောင်မြင်မှာ သေချာပါတယ် အမေရယ်။ ဖြန့်ဖို့အတွက် ပိုက်ဆံနည်းနည်းပဲ ထပ်ထုပ်ပေးပါဦး" ဟု တောင်းကြည့်သည်။
သို့သော် အမေ့မှာ ပေးစရာ ပိုက်ဆံလည်း အလုံးအခဲ မရှိတော့ပြီ။ ကိုဆန်းက မော်လမြိုင် ရတနာမြိုင်ကို လိုက်စပ်ပေးတော့လည်း တစ်သောင်းခွဲလောက်ပဲ ပေးနိုင်၍ ဈေးမကိုက်။

ထိုကာလတွင် ကျော်မြင့်လွင်သည် မော်လမြိုင်မှာလည်း အတည်တကျ သိပ်မရှိ။ သွားလိုက် လာလိုက်ပင်။
The Aces မန်နေဂျာ ကိုစိုးအောင်နှင့် ဆက်သွယ် ထားမိပြီ ဖြစ်၍ ရန်ကုန်မှာ မင်္ဂလာဆောင်ပွဲလို သီချင်း ဆိုစရာ ရှိရင်ဝင်ဆို။ လမ်းကြုံလျှင် ပုသိမ်ဘက် ခဏသွား။ ပဲခူးက ကိုဝင်းဦးတို့ဆီဝင်။ ပြီးတော့ ရန်ကုန်မှာ အခွေ ဖြန့်ဖို့ ကြိုးစားရင်း သောင်မတင် ရေမကျ ဖြစ်နေခဲ့သည်။

ကျော်မြင့်လွင်စိတ်က ဇဝေဇ၀ါ။ စိတ်တွေ လေလွင့်နေသည်။ စိတ်ဓါတ်တွေ ကျလိုက် တက်လိုက် ဖြစ်နေသည်။
တစ်ခါတစ်လေကျလျှင် "တကယ်ပဲ ဘုန်းကြီး ၀တ်လိုက်တာမှ ကောင်းလိမ့်မယ် ထင်တယ်" ဟု ရေရွတ်မြည်တမ်း နေတတ်သည်။

(၅)
တစ်နေ့သ၌ တိုက်ဆိုင်ချင်တော့၊ ရန်ကင်း ဆယ့်နှစ်လုံးတန်း ပိုက်လုံးကြီး ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် သူ့ အခွေကြမ်းလေးဆိုင်က ကက်ဆက်ထဲ ထည့်ဖွင့်ပြီး ရေနွေးကြမ်း တစ်ကရားနှင့် စိတ်လေနေကြစဉ်။
အသိ လူတစ်ယောက် ၀င်လာသည်။
သူက မောင်မောင်ကျော်။
ပဲခူးမြို့နယ် အလုပ်သမား အရာရှိ၏ သားဖြစ်သည်။

ကိုဝင်းဦးတို့နှင့် ရင်းနှီးနေသူ ဖြစ်၍ သူတို့ဝိုင်းမှာ ၀င်ထိုင်ကာ စကားစမြည် ပြောဆိုရင်း-
"အခု ဖွင့်ထားတဲ့ အခွေလေး ကောင်းလှချည်လား၊ ဘယ်သူ ဆိုထားတဲ့ သီချင်းတွေပါလိမ့်၊ အသံက မကြားဖူးတဲ့ အသစ်လိုဘဲ" ဟု ဆိုသည်။
ကိုဝင်းဦးက "ဆိုထားတာတော့ သူပဲ" ဟု ကျော်မြင့်လွင်နှင့် မိတ်ဆက်ပေးရင်း အခွေကို နေရာအနှံ့ လိုက်ရောင်း ကြည့်နေကြောင်း နတ်သံနှောပြီး ပြောမိသည်။
ကိုမောင်မောင်ကျော်က သူ့အဖေနှင့် ဂန္ဓာမာတေးသံသွင်းမှ မနီနီတင့်တို့နှင့် သိကျွမ်းသည်ဟု ဆိုသည်။ တစ်ဆက်တည်းပင် စိတ်ကူးပေါက်ပြီး-
"ကျွန်တော့်မှာ ငွေနှစ်သောင်းတော့ ရှိတယ်။ ယူသွားဗျာ။ ကျွန်တော့် အဘိုးကြီးဆီ အပူကပ်ပြီး ဖြန့်ကြည့်မယ်" ဟု ဆိုလာသည်။

ကျော်မြင့်လွင်က ညစ်နေတာ အချိန် အတော် ကြာပြီ။ အားလုံးလည်း နှံ့သလောက် ရှိပြီးနေပြီ။ သို့ဖြင့် စိတ်ကို တုံးတုံးချကာ-
"ဒါဆိုလည်း ပြီးတာပဲ။ ရောင်းလိုက်ဗျာ။ ပေးစရာ ရှိတာလေးတွေ ပေးပြီးရင် မော်လမြိုင်ပြန်မယ်" ဟုဆိုပြီး တစ်ထိုင်တည်းနှင့် အရောင်းအ၀ယ် ဖြစ်သွားတော့သည်။
ထိုတဒင်္ဂတွင် ကျော်မြင့်လွင်၏ စိတ်က သံယောဇဉ် ပြတ်သွားပြီ။ အောင်မြင်မည်။ မအောင်မြင်လိမ့်မည်ဆိုသည့် ဇောလည်းမရှိ။ ကျန်တဲ့ အပိုင်း ကိုယ့်ဘာသာ ဆက်လုပ်ကြတော့ ဆိုသည့် သဘောပဲ ဖြစ်သည်။
စတူဒီယိုမှ မာစတာခွေ ရွေးတာမျိုး စီစဉ်စရာ ကိစ္စအချို့ လိုက်လံ ဆောင်ရွက် ပေးပြီးနောက် ပဲခူးမှာ ကိုဝင်းဦးနှင့် လေးငါးရက်လောက် လိုက်နေသည်။ ထို့နောက် မော်လမြိုင်သို့ ဆင်းချ သွားလေသည်။

သူ့စိတ်က ပေါ့ပါးလျက် ရှိသည်။
အမေ့ကို-
"အခွေ ရောင်းခဲ့ပြီ အမေ၊ သူတို့ ဖြန့်ကြပါလိမ့်မယ်" ဟု ဆိုခဲ့သည်။

(၆)
သို့သော် မောင်မောင်ကျော် မူပိုင် ၀ယ်သွားသည့်တိုင် တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် ဂန္ဓမာ တေးသံသွင်းရှိ မနီနီတင့်တို့ဆီကို အခွေ ဖြန့်ပေးဖို့ ကိစ္စကျတော့ ကျော်မြင့်လွင် ကိုယ်တိုင် ပြန်လိုက် သွားရသေးသည်။ ဂန္ဓမာ တေးသံသွင်းကို အကျိုးအကြောင်း ပြောပြဖို့ ရောက်သွားတော့လည်း အဆင်က မပြေ။

ဆိုင်ရှိ လူတစ်ယောက်က သူ့ကို ဘယ်ဒေသ ဇာတိလည်း မေးသည်။ သူက ပုသိမ်ဟု ဖြေတော့-
"ပုသိမ်သား အခွေ ဆိုရင်. . . မှာ သွားဖြန့်တာ ကောင်းမယ်" ဟု ပြောလွှတ်သည်။
ကျော်မြင့်လွင်က ခွန်းတုံ့ပြန် မပြောတော့ပဲ ပြန်လာခဲ့သည်။
နောက်တစ်နေ့ကျတော့ ဂန္ဓမာ တေးသံသွင်းသို့ အောင်ရင် တစ်ယောက် ရှူးရှူးရှဲရှဲနှင့် ရောက်လာသည်။ အောင်ရင်က ဂန္ဓမာမှာ ဖြန့်ချီရေး ၀င်လုပ်ပေးနေသည့် ကိုဇော်သစ်ကို ရှာသည်။

"ကိုဇော်သစ် မနေ့က လာသွားတာ ကျွန်တော့် သူငယ်ချင်းပါ။ သူ့အခွေ နားထောင်ကြည့်ပါဦး။ တကယ်ကောင်းလို့ ပြောနေတာပါ။ ကောင်းကောင်းမွန်မွန်လေးတော့ ဆက်ဆံမှပေါ့ဗျာ။ အခုတော့ ဒီလို ပြောသင့်သလား" ဟု စကားနာထိုးသည်။
ကိုဇော်သစ်က သဘောပေါက်သည်။ အခွေ နားထောင်ကြည့်တော့လည်း အဆင်ပြေနိုင်မှန်း သိလိုက်သည်။ သို့ဖြင မနီနီတင့်ကို ပြပေးလိုက်ရာ ဖြန့်ချီဖို့ ကိစ္စ အဆင်ချောသွားလေတော့သည်။

(၇)
စီးရီး၏ အဆိုတော် နာမည်ကို နာမည်ရင်း ကျော်မြင့်လွင်နှင့် ထုတ်ဖို့လည်း စိတ်ကူးခဲ့သေးသည်။ သို့သော် ကိုဇော်သစ် စုံစမ်းကြည့်လိုက်တော့ ကျော်မြင့်လွင် နာမည်တူက ရှိနေသည်။ ခြေလျင်နှင့် တောင်တက်ခရီး အကြောင်းရေးသားပြီး စာပေဗိမာန်စာမူဆု ရထားဖူးသည့် စာရေးဆရာဖြစ်သည်။ သို့ဖြစ်၍ နဂိုစိတ်ကူးထားသော ထူးအိမ်သင်အမည်ပဲ တပ်ဖြစ်လိုက်လေသည်။

ကာဘာဒီဇိုင်းပန်းချီ ကိုသိန်းလွင်ထံအပ်သည်။ သပြေတေးမဂ္ဂဇင်းမှာ ကြော်ငြာထည့်သည်။
၁၉၈၇ ခုနှစ် နှစ်ဦးပိုင်ကာလ။
ယင်းမာတေးသွင်းမှ ကျော်ဟိန်း၏ "အဓိပ္ပါယ်ရှိသောလူ" တေးစီးရီးဖြန့်ချိသည့်နေ့။
တစ်ရက်တည်းတိုက်ဆိုင်စွာပင် ဂန္ဓာမှ ထူးအိမ်သင်၏ "နာရီပေါ်မှ မျက်ရည်စက်များ" အခွေထွက်လာခဲ့လေသည်။

(၈)
အခက်အခဲများစွာ ကျော်လွှားဖြတ်သန်းပြီးမှ ထွက်လာခဲ့ရသည့် ထူးအိမ်သင်၏ "နာရီပေါ်မှ မျက်ရည်စက်များ" အယ်လ်ဘမ်သည် တစ်နိုင်ငံလုံးကို တစိမ့်စိမ့်နှင့် ပျံ့နှံ့ပြီးသည့်နောက်မှာတော့ဖြင့် ၀ုန်းခနဲ ထပေါက်သွားခဲ့သည်။
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်နေရာတကာရှိ လူတွေဆီကို "နာရီပေါ်မှ မျက်ရည်စက်များ" ရောက်ရှိသွားခဲ့သည်။
မြန်မာနိုင်ငံအနှံ့ တောရောမြို့ပါ ရောက်လေရာမှာ "နာရီပေါ်မှ မျက်ရည်စက်များ" အခွေဖွင့်ထားသံကို ကြားရသည်။

ဤအယ်လ်ဘမ်ထဲမှ သီချင်းများကို သီဆိုထားသော ထူးအိမ်သင်၏ အသံက ပရိသတ်နားထဲမှာ ထူးခြားစွာ အသစ်အဆန်းဖြစ်ပြီး နွေးထွေးချိုမြိန်နေခဲ့သည်။ ထိုနည်းတူစွာ သီချင်းလေးတွေက လိုက်ပြီးဆို၍ ကောင်းသည်။ ဂီတာတီးမည် ဆိုလျှင်လည်း တီးချင်စရာဖြစ်သည်။ ဂီတသံစဉ်တွေက လူငယ်တို့၏ နှလုံးသွေးခုန်သံနှင့် လိုက်လျောညီထွေဖြစ်နေသည်။

သို့ဖြစ်၍ "နာရီပေါ်မှ မျက်ရည်စက်များ" သည် ကျေးလက်ရှိ နွားကျောင်းသားကလေးများမှသည် မြို့ပြရှိ တက္ကသိုလ်ကျောင်းသားများ အထိလူငယ်တွေအကြား တိုးဝင်သိမ်းပိုက်သွားခဲ့သည်။
မြန်မာနိုင်ငံအနှံ့ ရှိရှိသမျှ တက္ကသိုလ်ပရ၀ုဏ်တွေထဲမှာ ကျင်းပသမျှ ဖရက်ရှာဝဲလ်ကမ်း၊ ဖဲဝ်လ်၊ အဆောင်ဒင်နာ၊ အာစရိယ ပူဇော်ပွဲတွေမှာ အဓိကနေရာယူပြီး ကျောင်းသူကျောင်းသားတို့ လိုက်ဆိုခဲ့ကြသော သီချင်းများ ဖြစ်လာခဲ့သည်။ ပွဲတစ်ပွဲတည်းမှာပင် သူ့သီချင်းတစ်ပုဒ်တည်းကို သီဆိုချင်သူ သုံးလေးဦး အပြိုင်အဆိုင် အလုအယက်ဖြစ်ခဲ့ကြသည့်အတွက် ခွဲတမ်းပြန်၍ ချပေးခဲ့သည်အထိ အောင်မြင်မှုရရှိခဲ့လေသည်။

(၉)
ကျော်မြင့်လွင်သည် ၁၉၈၆ခုနှစ်။ ထူးအိမ်သင်၏ "နာရီပေါ်မှ မျက်ရည်စက်များ" အခွေသွင်းခဲ့ပြီး မထွက်သေးခင် ပုသိမ်မြေကို တစ်ခေါက်ရောက်သွားခဲ့သေးသည်။
ပုသိမ်သည် သူ၏ဇာတိဖြစ်၍ ပုသိမ်မြေအပေါ်သူ၏ သံယောဇဉ်က ကြီးမားသည်။ ကောလိပ်၏ ဖဲဝလ်ရာသီချိန်မှာ သူ့ကို ဖိတ်မထားဘဲ ဗြုန်းစားကြီးရောက်လာသည်။ သားထူးအခန်းမှာ အဖွဲ့သားတွေ ဂီတာတီးနေကြစဉ် သူရောက်လာ၍ အားလုံးဝမ်းသာပြီး "ကိုသျှပ် သီချင်းဆိုမယ် မဟုတ်လား" ဟုတိုက်တွန်းကြသည်။

သူ့ကိုတောင်းဆိုနေစရာမလို။
"သီချင်းဆိုချင်လို့ကို လာတာပဲကွာ၊ ဟေ့ကောင်… ကရင် ပိုက်ဆံမရှိရင် လက်ပတ်နာရီဖြုတ်ပြီး ပေါင်ကွာ" လုပ်တော့သည်။
သီချင်းဆိုရာတွင် သူချွဲသလိပ်ရှင်းအောင် ချောင်းဆိုးပျောက်ဆေးသောက်သည်။ ရုက္ခဗေဒဖဲဝ်လ်ကလည်း အဆင်သင့်။ ကန်သာယာခန်းမထဲမှာ လူတွေက ပြည့်လျှံနေတော့သည်။

မြင့်သန်းက "သျှပ်မှူးကျော်ရဲ့ မကြာခင် ထွက်လာတော့မည့် စီးရီးထဲက "တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်" သီချင်းနဲ့ ဖျော်ဖြေပါလိမ့်မည်" ဟု ကြေညာပေးလိုက်သည်။
ကိုတူးက မေတ္တာငါး ရေနွေးကြမ်းနှင့် နှစ်ပင်လိမ်နေ၍ ဂီတာကြိုးကို လျော့လိုက် ပြန်တင်းလိုက် အသံညှိနေသည်။ ဇော်ဇော်အောင်ကလည်း တစ်တွဲတည်း။ ကျော်မြင့်လွင်က ဆိုဖို့ပြင်လည်း ၀င်မရ။ နောက်ဆုံးတော့ -
"ခွင့်မလွှတ်တော့ဘူး၊ ဆိုပြီကွာ" ပြောပြီး ဆိုထည့်လိုက်တော့သည်။

"သူပန်ထားတဲ့ ပန်းနီနီ…နေရာခဏလဲချင်သည်။ ….ကြင်နာသူလေး…လှဖို့…အစွမ်းကုန်ကြိုးစား…မည်…ရင်မှာ ဒီလောက်…ချစ်ပါသည်….သူပျော်တာအမြဲ…တွေ့ချင်သည်၊ …သူ့အရိပ်အဖြစ်…အမြဲ…ရှိနေ…တတ်…ပြီ"
ထိုအခါကျမှပဲ ဂီတာသံတွေ နောက်ကလိုက်လာတော့သည်။


မိုက်ခွက်နှင့် ထူးအိမ်သင်

ဂစ်တာ တီးနေစဉ်အခါကျွန်တော်ဟာ ကျွန်တော် မဟုတ်ပါ။
ကျွန်တော်သည် ထိုဂစ်တာ၊(ထူးအိမ်သင်)

အခန်း(၁၆) ထူးအိမ်သင်

(၁)
"နာရီပေါ်မှ မျက်ရည်စက်များ"၏ အောင်မြင်ပျံ့နှံ့မှုက ကြီးမားကျယ်ပြန့်လွန်းလှ၍ ကျော်မြင့်လွင်အနေနှင့် ပြန်ကြည့်လျှင် ကျော်ကြားနေသော ထူးအိမ်သင်ကို အံအားသင့်စရာ တွေ့မြင်နေရသည်။
များမကြာမီ အချိန် အတွင်းမှာ ကျော်မြင့်လွင် ဟူသော သူ၏ အမည်ရင်းသည် ဧည့်စာရင်း တိုင်သည့် နေရာနှင့် မှတ်ပုံတင် ပြပြီး လက်မှတ် ၀ယ်ရသော နေရာများလောက်တွင်သာ သုံးရတော့မည် ဆိုတာကိုလည်း သူ သဘောပေါက် သွားသည်။

ထိုသို့ စဉ်းစားမိသောအခါ ထူးဆန်းနေခဲ့သည်။
စီးရီး ထွက်ပြီးကာစ အချိန်တွင် စိုးရိမ်စိတ်တော့ ရှိခဲ့သည်။ ဒီအခွေကလေး ဖြစ်မှ ဖြစ်ပါ့မလားဟု တွေးပူခဲ့ရသည်။ မဖြစ်လည်း ဘာတတ်နိုင်မှာလဲ ဟု လျစ်လျူရှုစိတ် ထားနိုင်သော်လည်း ညတစ်ရေး နိုးချိန်မှာပင် သီချင်းခွေအကြောင်း သွားသွား စဉ်းစားမိတာကလည်း အမှန်ပဲ ဖြစ်နေသည်။ သက်ပြင်းတွေ အကြိမ်ကြိမ် ချခဲ့သည်။ ပင့်သက်တွေ အကြိမ်ကြိမ် ရှိုက်ခဲ့ရပါသည်။

ယခုတော့ ထိုအခြင်းအရာတွေအားလုံး ပြီးဆုံးသွားခဲ့ပြီ။
မှော်ဆရာက လေနှင့် မှုတ်လိုက်သလိုမျိုး ဖုန်မှုန့်တွေ အားလုံး လွင့်ပြယ်သွားခဲ့ပြီ။ ၀င်းလက် တောက်ပ လာခဲ့သည်။ ပရိသတ်၏ ထုနှင့် ထည်နှင့် အင်နှင့် အားနှင့် နွေးထွေး လှိုက်လှဲစွာ အားပေးမှုကြောင့် သူ ရင်ခုန်ပြီး ပီတိ ဖြစ်ခဲ့ရသည်။ အောင်မြင်မှု အရသာကို သူတစ်စိမ့်စိမ့် ခံစားရသလို နောက်ထပ် အများကြီး ပိုပြီး ကြိုးစားရဦးမည် ဆိုတာကိုလည်း သူ သဘော ပေါက်ခဲ့သည်။

(၂)
ကျော်မြင့်လွင်သည် "နာရီပေါ်မှ မျက်ရည်စက်များ" နှင့် ပတ်သက်၍ အမျိုးမျိုး အဖုံဖုံ နာကျင်စွာ စတေး ပေးဆပ်ပြီးမှ ထူးအိမ်သင် ဖြစ်လာခဲ့ရသည်။
စီးရီး သွင်းပြီးစ အချိန်မှာ ကာလ ကြာရှည်စွာ တောင့်တခဲ့သည့် အနုပညာ သီချင်းတစ်ခွေ ကြိုးစား ဖန်တီး ပြီးသွားသည့်တိုင် အမောမပြေ။ မပျော်ရွှင်နိုင်။ ရင်အမောခဲ့ရဆုံး ကာလဟုပင် ဆိုနိုင်သည်။ မာစတာ တိပ်ကလေးကိုရင်ခွင်ထဲ ထည့်ပြီး ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း)၊ ပန်းဆိုးတန်း၊ ဗိုလ်ချုပ်လမ်းတွေမှာ ခြေတိုအောင် လျှောက်ခဲ့ရသည်။

သူ့လက်ထဲမှာ ရှေ့ဆက် လုပ်ကိုင်ရမည့် ကက်ဆက် တိပ်ခွေများ ကူးဖို့ ကဏ္ဍ၊ ကာဘာဒီဇိုင်း၊ သီချင်းစာအုပ်၊ ဝေါလ်ရှိ၊ ရှိုးဘုတ်ကြော်ငြာနှင့် တစ်ပြည်လုံး ဖြန့်ချီပေးမည့် တေးသံသွင်းဆိုင်အတွက် ထပ်မံ ကုန်ကျခံစရာ ဘာတစ်ပြား တစ်ချပ်မျှ မရှိတော့ပြီ။
ဤသို့ဖြင့် သူ တစ်သက်လုံး မက်လာခဲ့သော အိပ်မက် တစ်ခုလုံး ထည့်သွင်း ထားသည့် မာစတာ တိပ်ခွေကလေးကို အသံသွင်းစရိတ် သာသာလောက်သာ ရှိသော ငွေကြေးနှင့် အဆုံးရှုံးခံပြီး လဲလှယ် လိုက်ရသည်။

နောက်ထပ် ခြောက်လ အကြာတွင် အိတ်ထဲက ငွေငါးထောင်လောက် ထပ်မံ စိုက်ထုတ်ပြီး လုပ်တော့မှ အခွေက ထွက်သွားခြင်း ဖြစ်သည်။
"နာရီပေါ်မှ မျက်ရည်စက်များ" အတွက် သူ့ဘက်က သုံးသောင်းခွဲလောက် ရှိပြီး နှစ်သောင်းသာ ပြန်ရ ထားခဲ့သည့်အတွက် တစ်သောင်းခွဲ ရှုံးခဲ့သည်။ အခွေက ပရိတ်သတ် ကြားမှာ အထူး အောင်မြင် ခဲ့သော်လည်း သူ့အနေနှင့် ငွေကြေးအရ တိတိပပ ဆုပ်ဆုပ်ကိုင်ကိုင် နောက်ထပ် ခံစားခွင့် ဘာမှ မရခဲ့။

(၃)
အဲဒီခေတ်က ကျွန်တော့်လို သွင်းပြီးသား အခွေကို ၀ယ်တယ် ဆိုတာ မရှိသလောက် ရှားတာကိုး၊ ဆိုင်တွေ၊ ပရိုဂျူဆာတွေက သူတို့ စိတ်ကြိုက် လူတွေ ရွေးပြီးမှ သွင်းကြတာ များတယ်။ ကျွန်တော့် အနေနဲ့ကလည်း ကျွန်တော့်ရဲ့ လက်ဦးဆုံး စီးရီးလေး သူတို့ ပရိုဂျူဆာတွေက ၀ယ်တာကိုပဲ ၀မ်းသာနေရမယ့် အနေအထား ရှိနေတာ မဟုတ်လား ဟု ထူးအိမ်သင် ပြောပြခဲ့ဖူးသည်။

"နာရီပေါ်မှ မျက်ရည်စက်များ" သည် ပရိတ်သတ်က သူ့ကို ထူးအိမ်သင်အဖြစ် အသိအမှတ် ပြုခံရသော အခွေ တစ်ခွေ ဖြစ်ခဲ့ခြင်းနှင့်ပင် ကျေနပ်လိုက်ရတော့မည် ဖြစ်သည်။
ထိုအခွေ ကတ် ရောင်းရတာ ရှစ်သောင်း ၀န်းကျင်လောက် ကုန်သည်ဟု ဆိုကြသလို အချို့က ကတ်တစ်သိန်း ကျော်သည်ဟု ဆိုကြသည်။
ပရိုဂျူဆာနှင့် အနေအထား မတူ၍ ဖန်တီးသူ အနုပညာသမားများ အတွက် ငွေကြေး အကျိုး ခံစားခွင့်က နည်းပါးခဲ့လေသည်။

(၄)
ဂီတ ပရိသတ်က ထူးအိမ်သင်ကို တစ်ခဲနက် အားပေးခြင်းဖြင့် သူတို့၏ သဘောထားကို ရှင်းလင်း ပြတ်သားစွာ ပြသခဲ့ကြသည်။
ဂီတ စီးပွားရေး လောကကတော့ လူသစ်တန်းထဲမှ တစ်ခွေတည်းနှင့် ဖောက်ထွင်းပြီး အောင်မြင် လာခဲ့သည့်အတွက် သူ့အပေါ်မှာ သဘောထား အမျိုးမျိုး ထားရှိခဲ့ကြသည်။ ပြီးတော့ သူက တေးဆို သက်သက် မဟုတ်။ တစ်ခွေလုံးကို ရေးသားခဲ့သူလည်း ဖြစ်နေသည်။

(၅)
ထိုအချိန်က ဂီတ ဝေဖန်ရေးသည် များများစားစားနှင့် ကျယ်ကျယ်ပြန့်ပြန့် မရှိ။ သို့ဖြစ်၍ ပိုပြီး စူးရှ နက်ရှိုင်းခဲ့သည်ဟုလည်း ဆိုနိုင်သည်။
ဂီတ ဝေဖန်ရေး ဆရာ အချို့က ထူးအိမ်သင်၏ သီချင်းများ အနက် အယ်လ်ဘမ် အမည် တင်ထားသော "နာရီပေါ်မှ မျက်ရည်စက်များ" သီချင်းကို နှစ်သက်သည်ဟု ဆိုခဲ့ကြသည်။ ထူးခြား၍ပင် title တပ်ထားခြင်း ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့ကြသည်။ သူ့အခွေထဲက မေ့လိုက်တော့၊ ရက်စက်စွာ ပြုံးတတ်သော၊ ခွင့်မပြု၊ တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်၊ မရိုးသားတော့ဘူး၊ ဝေးသွားတဲ့အခါ၊ စိမ်းရက်လေအား သီချင်းများကိုလည်း နှစ်သက်သည် ပြောကြသည့်အတွက် တစ်ခွေလုံးနီးပါးကိုပင် ဂီတ ဝေဖန်ရေး ဆရာများ သဘောကျသည် ဆိုရမည်။

လူသစ် ထူးအိမ်သင်က တစ်ခွေလုံးကို သူပဲ ရေးဖွဲ့ပြီး သူပဲ သီဆိုထားခြင်း ဖြစ်၍ ထူးခြားသည်ဟု ဝေဖန်ရေး ဆရာများက သဘော ထားခဲ့သည်။
သို့သော် ထူးအိမ်သင်က ကိုယ်ပိုင်သံစဉ်တေး ဟူ၍ ကြွေးကြော် ထားသော်လည်း ပရက်စလေတို့ ခေတ်က ကော်ပီသီချင်း တော်တော်များများကို ဖြတ် ညှပ် ကပ် ထားသည်ဟု ထင်ရကြောင်းလည်း ရေးပြခဲ့ကြသည်။

ထူးအိမ်သင်၏ ရှေ့ရေး အလားအလာကို ဟောကိန်း ထုတ်ကြရာတွင် တေးရေး၊ တေးဆို လမ်းခွဲ နှစ်ခုအနက် တစ်လမ်းတည်း ပေါင်းပြီး ရှေ့ဆက်လျှောက် သွားနိုင်သလို တေးရေး လမ်းကြောင်း အပေါ်မှာ ခိုင်ခိုင်မာမာ လျှောက်ဖြစ်လာလိမ့်လည်ဟု ထောက်ပြခဲ့ကြလေသည်။

(၆)
ထူးအိမ်သင်က ပရက်စလေခေတ် ကော်ပီသီချင်းများကို ဖြတ် ညှပ် ကပ် လုပ်ထားသည် ဆိုတာ လက်မခံ။
ဂီတ အရိပ် ဆိုသည်မှာ အနောက်နိုင်ငံမှာပင် တစ်ယောက်နှင့် တစ်ယောက် အရိပ်များ မကင်းကြ။ အရိပ်ကတော့ လူတိုင်း အထိုးခံနေရသည့် ကိစ္စမျိုး ဖြစ်၍ ကိုယ်ပိုင်များသည် ကော်ပီအရိပ်နှင့် လုံးဝ ကင်းကင်းလွတ်လွတ်ကြီး ဖြစ်ဖို့ မလွယ်ကူ။ သို့သော် တိုက်ရိုက် ဖြတ် ညှပ် ကပ် ထားတာတော့ မဟုတ်။ သူ၏ ကိုယ်ပိုင်ဖန်တီးမှု စစ်စစ်ဖြစ်တာ သူ သိသည်။

ထိုအကြောင်းကို ငုံ့မခံပဲ တုံ့ပြန်ခဲ့သည်။
ထူးအိမ်သင်အနေနှင့် ရင်ထဲက သွေးနှင့် မိမိ မွေးဖွား ပေးလိုက်သော အနုပညာ ရတနာတွေကို အများက မြှောက်စားကြတာ တွေ့မြင်ရသောအခါ ပီတိ ဖြစ်ရသလို ဝေဖန် ထိုးနှက်မှုများအပေါ် ဆတ်ဆတ်ထိမခံ ကာကွယ်ခဲ့ သဘာဝကျသည်ဟုပင် ဆိုရမည်။

ဘာပဲပြောပြော တစ်ဖက်မှာလည်း ထူးအိမ်သင်အတွက် ပထမအခွေ၏ အောင်မြင်မှုကြောင့် ဒုတိယ အခွေ ထွက်ဖို့ ဘာအခက်အခဲမျှ မရှိတော့သလောက် ဖြစ်သွားခဲ့ပြီ။ လမ်းပွင့်သွားခဲ့ပြီ ဖြစ်သည်။

(၇)
ဒုတိယအခွေ "မှော်ဆရာ အိမ်မက်" အယ်လ်ဘမ်ကို ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း) ၌ အသစ် ဖွင့်လှစ်လိုက်သော ပန်းနုလ၀န်း တေးသံသွင်း၌ စီစဉ် ဖြစ်ခဲ့သည်။
ပန်းနုလ၀န်း တေးသံသွင်ကို ရန်ကုန်ရုပ်ရှင် ဒါရိုက်တာ စံလွင်၏ ညီမ၊ ဒေါ်သန်းနု (အန်တီ ကောလင်း) က ဖွင့်လိုက်ခြင်း ဖြစ်သည်။ သား ကိုရွှေထူးနှင့် ရင်းနှီး၍ ဂန္ဓမာမှ ကိုဇော်သစ်က ပန်းနုလ၀န်း၏ မန်နေဂျာအဖြစ် ရောက်ရှိလာခဲ့သည်။

ပန်းနုလ၀န်းက စီးရီးတွေ ထုတ်ဖို့ စဉ်းစားတော့ မေဆွိ သို့မဟုတ် ကျော်ဟိန်း တစ်ယောက်ယောက်နှင့် ပွဲဦး ထွက်ချင်သည်။ ကိုဇော်သစ်က ထူးအိမ်သင် အခွေ ထုတ်ဖို့ အစီအစဉ်ကို တင်သည်။

အစပိုင်းတော့ အဆင်မပြေ။
တစ်ပတ်လောက်ကို ညှိနှိုင်းယူရသည်။
နောက်ဆုံးတော့ သဘော တူညီမှု ရရှိသွားခဲ့သည်။

(၈)
ထိုအချိန်တွင် ထူးအိမ်သင်က သူငယ်ချင်း တစ်ယောက်၏ သူဝဏ္ဏအိမ်မှာ အခန်းလွတ် ရှိ၍ သွားနေနေသည်။ မြင့်မိုးအောင်လည်း ထူးအိမ်သင်နှင့် အတူ ထိုအခန်းမှာ လိုက်နေသည်။ လှမိုးက ဘောလုံးတွေ ဖြန့်၍ သုဝဏ္ဏ အခန်းကို လာလိုက်၊ သွားလိုက် ၀င်ထွက်နေခဲ့သည်။ အောင်ရင်က ဘီယာ ဗူးလေးနှင့် ရောက်လာတတ်သည်။

သုဝဏ္ဏ အခန်း၏ ထူးခြားချက်မှာ မီးရထားလမ်းနှင့် နီး၍ မီးရထားသံကို အ၀င်အထွက် အခါမလပ် ကြားနေရခြင်း ဖြစ်သည်။ ထိုအခန်းမှာ နေစဉ် သီချင်းတစ်ပုဒ် သူ ရေးဖြစ်ခဲ့သည်။

"လောကရဲ့လမ်းများပေါ်. . .
လျှောက်သွားရင်းနဲ့မောပန်းနွမ်းနယ် . . .
နှလုံးသားက လွမ်းဆွတ်လို့. . .
တမ်းတမိခဲ့ အမေရဲ့အိမ်ကို
အေးမြတဲ့အမေရဲ့မေတ္တာရိပ်နဲ့
ဝေးခဲ့သူမို့ . . .
တစ်ခါတလေပြန်လည်တွေးရင် . . .
ရင်မှာ . . .ပိုကြေကွဲ . . . .။
မွန်းကြပ်တဲ့မြို့ပြလူနေမှုစနစ်မှာ စီး. . . .မျော ရင်းလေ . . .
မပြီးသေးတဲ့ ခရီးတစ်ခုအဆုံးထိရောက်ဖို့ကြိုးစားနေသူမှာ . . .
ရိုးသားတဲ့ကျေးလက်က အမေ့ . . .အိမ် . . .လေး အကြောင်း . . .တွေးမိနေလို့ . . . .
မြင်ယောင်ကာ အိပ်မက် . . .ရင် . . .အလိုလိုငိုချင်တယ်။ . . . .
အိမ်ပြန်ချင်တယ် . . . ဟူး . . .ဟူး . . .အငြိမ်းချမ်းဆုံး အမေ့အိမ် . . . . .
အိမ်ပြန်ချင်တယ် . . . ဟူး . . .ဟူး . . .အနွေးထွေးဆုံး အမေ့အိမ် . . . . .
အိပ်မရတဲ့ည . . . . . .များစွာ . . . . .ထဲ . . . . .အိုး . . . . .
ရထားဥသြသံ . . . .ကလေးများကြား . . . .ရင် အိပ်ပြန်ချင်တဲ့ စိတ်ကလေး . . . .ထားမရဘူး
အားလုံးထက် နွေးထွေး လုံခြုံတဲ့ နေရာဟာ
အမေ့အိပ်ပဲလို့ သိလိုက်ရတဲ့ အချိန်ကျတော့
ကျွန်တော်က…..ဟို….အဝေးကြီးမှာ…..ရောက်ရှိနေခဲ့ပြီလေ…."


(၉)
"အမေ့အိမ်" သီချင်းသည် ထူးအိမ်သင်၏ နာမည် အကျော်ကြားဆုံးသီချင်းများအနက် တစ်ပုဒ်အပါအ၀င် ဖြစ်ခဲ့သလို ဤသီချင်း ရေးဖြစ်ချင်း အတွက် ထူးထူးခြား ကျေနပ် အားရမိကြောင်း ဒိုင်ယာရီထဲမှာ ရေးမှတ် ထားခဲ့သည်။

(၁၀)
မွန်းကျပ်တဲ့ မြို့ပြ လူနေမှုစနစ်မှာ စီးမျောရင်း၊ ရက်စက်သော နေ့ရက်များ တိုက်ခိုက်ကြ၍ အားနည်းနေပြီ ဆိုလျှင် တင်းထားသည့် စိတ်ဓါတ်များ ပြိုကွဲသွားမလား စိုးရိမ်နေသည်။
ထိုအခါကျလျှင် အမေ့အိမ်ကို ပြန်တမ်းတမိတာ မဆန်းချေ။
ရန်ကုန်မှာ အခြေချကာစ ဖြစ်၍ သူ နေသားမကျ။ သုဝဏ္ဏမှာ နေနေစဉ် လမ်းထိပ်က ဂီတာ တီးနေသော လူငယ်တွေနှင့် ရန်ဖြစ်မလို ကြုံ၍ မြင့်မိုးအောင်က ၀င်ဖျန်ဖြေပေးရသည်။ သူတို့တစ်တွေက သူ့ကို ထူးအိမ်သင်မှန်းလည်း မသိကြ။

(၁၁)
"မှော်ဆရာ အိမ်မက်" အသံ သွင်းဖို့ ပြင်ဆင်နေစဉ် ကာလ။
ကိုဇော်သစ် သွားဆွဲ ခေါ်လာ၍ သူဝဏ္ဏမှာ အခန်းမှ ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း) ပန်းနုလ၀န်း တေးသံသွင်း အခန်းသို့ ပြောင်းရွေ့ လာသည်။ ကိုဇော်သစ်နှင့်အတူ နေကြစဉ် တစ်ရက်ကျတော့ နယ်စတိတ်ခ်ျရှိုးက ပြန်ရောက်လာ။
ကျောပိုးအိတ်ကလေး ပစ်ချပြီး-

"ကိုဇော်သစ် အရက် သွားသောက်ရအောင်ဗျာ" ဟု ဆိုသည်။
"ငါ မအားသေးဘူး" ဆိုတော့ သူ့ ဘာသာ တစ်ယောက်တည်း ၁၉ လမ်းဘက် ထွက်သွားသည်။ ပန်းချီဒီဇိုင်း ကျော်မင်းမောင် ရောက်လာတော့ စိတ်မချ၍ နောက်က လိုက်သွားကြသည်။
စိတ်ပူသည့် အတိုင်းပင် သူက လမ်းဘေးမှာ လူငယ်တစ်စု ပိုက်ကျော်ခြင်း ခတ်နေတာ တွေ့တော့ သူ ၀င်ခတ်ရင်း အဆင်မပြေ ဖြစ်ကြသည်။

ကိုဇော်သစ်တို့ ရောက်သွားချိန်မှာ သူက မျက်မှန် ပျောက်နေပြီ။ သူက ပွဲတောင်းနေသော်လည်း အနားမှာ ဘယ်သူမှ မရှိကြတော့ပြီ။

(၁၂)
ထူးအိမ်သင်၏ ဂီတအနုပညာ အကြောင်းတွေ မဂ္ဂဇင်း စာမျက်နှာများ ပေါ်သို့ ရောက်ရှိ လာပြန်သောအခါ သူက တတ်ယောင်ကား ဂီတဝေဖန်ရေးနှင့် ကြုံတွေ့ရသည်ဟု ထင်လျှင် ငုံ့မခံ့။ ဆတ်ဆတ်ခါအောင် တုံ့ပြန်တတ်သည်။

လက်ရုံးရည်ချင်း ယှဉ်မလား။ နှလုံးရည်ချင်း ယှဉ်မလား။ ဘားလမ်းက ဓားထမ်း စောင့်နေမယ်ဟု ပြောတတ်သည်။ ဂီတ အနုပညာချင်း ယှဉ်ပြီး ရှုံးတဲ့လူက ထိုင်ရှိခိုးကြေးဟု စိန်ခေါ်တတ်သည်။

(၁၃)
အနုပညာကို ခိုးယူပြီး အလွဲသုံးစား လုပ်သူများကို သူ စက်ဆုတ်သည်။
"ဘယ်သူမဆို ကျွန်တော့် အနုပညာကို ခွင့်တောင်းရင် အလကား ပေးဖို့ ၀န်မလေးဘူး။ လုပ်ချင်သလို လုပ်ပြီးမှ ကျွန်တော် သိလိုက်ရရင်တော့ ကျွန်တော် ခွင့်မလွှတ်ဘူး။ အဲ့ဒါမျိုးက ကျွန်တော့် အနုပညာကို စော်ကားတာ၊ လူကို စော်ကားတာထက် နာတယ်။ သူတို့တစ်တွေ အဆင်သင့် ခူးစားနိုင်ဖို့ ကျွန်တော်က ရင်းနှီးခဲ့ရတာ။ ပေးဆပ်ခဲ့ရတာက ကျွန်တော့်ရဲ့ ဘ၀ တစ်ခုလုံးပါပဲ။ ဒါကိုတော့ အစော်ကား မခံနိုင်ဘူး" ဟု သူ ပြောဖူးသည်။

ပါးစပ်က ပြောမည့်သာ ပြောတာ စာနယ်ဇင်းသမား တစ်ယောက်က သူ့ သီချင်းရေးခတွေ ကြားထဲက ၀င်ယူပြီး ဖြတ်သုံးထားတာမျိုး ကြုံရပြန်တော့ ဘာမျှ မပြော။ တိတ်ဆိတ်စွာပင် သည်းခံ ပေးခဲ့သည်။
"သူ့အကြောင်းနဲ့ သူ ရှိလိမ့်မယ်။ သူ့ အခက်အခဲလည်း သိရမယ်" ဟု ဆိုသည်။
"အဓိက စဉ်းစားတဲ့ နေရာမှာ စီးပွါးရေးသမား သူဌေးလား။ ဘ၀တူ ဇတ်တူသားတွေလား ဆိုတာ သဲကွဲဖို့ပဲ" ဟု သူခံယူသည်။
အဲသလို အနုပညာ စိတ်၊ လူမှုရေး သိတတ်မှု ရှိသည်။ သူက ပုဂ္ဂလိက ဘ၀နှင့် ပတ်သက်တာကို အနုပညာနှင့် ခွဲခြားနိုင်သည်။

(၁၄)
သူက တကယ် ရိုသေ လေးစားရမည့် လူမျိုး တွေ့လျှင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးပမာ နှိမ့်ချ ရိုသေစွာ ဆက်ဆံတတ်သူ ဖြစ်လေသည်။




ဖားအောက်တွင်အမှတ်တရ

အခန်း (၁၇) မုန်တိုင်းထဲက ငှက်တစ်ကောင်
"ရာဇာဝင်များရဲ့ သတို့သမီး"

(၁)
ပထမ အခွေ "နာရီပေါ်မှ မျက်ရည်စက်များ" ၏ အောင်မြင်မှု အရှိန်အ၀ါကြောင့် ဒုတိယ အခွေ "မှော်ဆရာ အိမ်မက်" ကို ထူးအိမ်သင် အထူး ဂရုစိုက်ခဲ့သည်။
ယခု တစ်ကြိမ် ဖန်တီးမည့် တေးစီးရီးကို အဘက်ဘက်က ပိုမို ပြည့်စုံ ကောင်းမွန်စေဖို့ လိုအပ်သည်ဟု သူယူဆခဲ့သည်။
"နာရီပေါ်မှ မျက်ရည်စက်များ" တုန်းက မည်သည့် သီချင်း ပုံစံနှင့် မည်သည့် အကြောင်းအရာတွေ ထည့်သွင်းမည်ဟူ၍ စဉ်းစားခဲ့ခြင်းမရှိ။ မည်သည့် ပုံစံမျိုးလုပ်လျှင် လူကြိုက်မည်ဟု သူ မတွက်ခဲ့ချေ။

ထိုအချိန်တုန်းက သူသည် ပြင်ပ ဂီတလောကနှင့် ကောင်းစွာ မထိတွေ့ရသေးသည့် အစိမ်းသက်သက် တစ်ယောက်။ ဘယ်သူတွေက ဘာတွေကြိုက်နေမှန်း သူမသိ။ ရောင်းတမ်း ဂီတလောကနှင့် အဝေးကြီး ဖြစ်သော နယ်မှ လူငယ်လေး တစ်ယောက်။ ကိုယ် တစ်ယောက်တည်း ကိုယ် လုပ်ချင်တာ၊ ကိုယ်ဆိုချင်တာကို ရမ်းပြီး လုပ်ခဲ့၊ ဆိုခဲ့သည်။

"မှော်ဆရာ အိမ်မက်" မှာကျတော့ ပထမ အကြိမ်တုန်းကလို စိတ်လွတ်ကိုယ်လွတ် ဖန်တီး၍ မရတော့ပြီ။
နာမည်ကို ထိန်းဖို့ ဆိုတာ ပရိသတ်က အရေးကြီးသလို ကြားခံတွေ လိုအပ်သေးတာ သူ သဘောပေါက်တန် သရွေ့ ပေါက်ခဲ့ပြီ။ သီချင်းစာသား၊ သံစဉ် ဖွေရှာမှု အားကောင်းစေဖို့ သူ အစွမ်းကုန် အားထုတ်ပြီး ရွေးချယ်ရသည်။
သီချင်း ပုံကြမ်းများကို The Aces အဖွဲ့မှ အရိန်းခ်ျမင့် လုပ်မည့် ကိုပက်ထရစ် ကို ပေးထားသည်။
အသံသွင်း မရှိ၍ ကိုပက်ထရစ် အားလပ်သော ရက်တွေမှာ သီချင်းတစ်ပုဒ်ချင်းစီအတွက် သူလုပ်ချင်သော ပုံစံ အနေအထားကို ပြောပြပြီး ညှိနှိုင်းကြလေသည်။

(၂)
မြူးဇစ် အရိန်းခ်ျမင့်တွေကိုတော့ အများအားဖြင့် ထူးအိမ်သင် ဘာသာပဲ လုပ်သည်။
သီချင်း တစ်ပုဒ်ချင်း၏ မြူးဇစ် အရိန်းခ်ျမင့် အတွက် ဘယ်နေရာတွင် အင်ထရို ဘယ်လောက် ထားမည်။ Verse ဘယ်လို သွားမည်။ တေးသွား တစ်ခုလုံး၏ ကျောရိုးကို ဘယ်လို တည်ဆာက်ပြီး ဘယ်သို့ ကြွက်သားများ အားဖြည့်မည်။ အသေးစိတ် အလှအပလေးတွေ ဘယ်လို ခြယ်မှုန်းမည်။ Ending ကျလျှင် မည်သည့် တူရိယာ သုံးမည်။
ထို့အပြင် ရစ်သမ် အတွက် ရမ်ဘိတင်း တည်ဆောက်မှုကို ဘယ်လို ထားမည် ဆိုတာ အားလုံးလိုလို သူ လုပ်သည်။ ကျန်ရှိနေသေးသော ဘယ်နေရာတွင် ဂီတာ တီးရမည် ဆိုတာကိုလည်း နောက်ပိုင်းမှာ ပေးထားသည်။

တီးရမည့် နေရာမှာတော့ ဂီတာ တီးသူတွေက သူတို့ စိတ်ကြိုက် တီးကြပေလိမ့်မည်။

(၃)
ဤသို့ဖြင့် အိုအေစစ် စတူဒီယိုထဲသို့ ဒုတိယအကြိမ် သူ ထပ်မံ ရောက်ရှိ လာခဲ့ပြန်သည်။
အသံဖမ်း ကိုချာလီ၊ ကိုကောင်းမြတ်တို့က သူ့ကို လှိုက်လှဲဝမ်းသာ ကြိုဆိုခဲ့ကြသည်။ The Aces အဖွဲ့ကလည်း သူ့အတွက် အကောင်းဆုံး လက်စွမ်းပြ တီးခတ် ပေးခဲ့ကြသည်။

"မှော်ဆရာ အိပ်မက်" အခွေမှာလည်း ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်းပဲ ဖြစ်သည်။ တေးရေးကတော့ ထူးအိမ်သင် တစ်ယောက်တည်း မဟုတ်တော့ချေ။ ထူးအိမ်သင် သီချင်း အများစု ဖြစ်သော်လည်း မောင်မောင်သွင်၊ သူရထွန်းတို့နှင့် တွဲရေးသည့် သီချင်း အချို့လည်း ပါဝင်ခဲ့လေသည်။

(၄)
"မှော်ဆရာ အိပ်မက်" အခွေကို ဂီတ ပညာအရ ပညာသား ပါသည့် တေးသွား၊ သံစဉ်နှင့် သီချင်းတွေ ဖြစ်အောင် ခြားခြားနားနား ထင်ထင်ရှားရှား စီစဉ်ခဲ့သည်။
သို့ဖြစ်၍ ဤအခွေထဲက သီချင်းများသည် "နာရီပေါ်မှ မျက်ရည်စက်များ" လောက် လိုက်ဆို၊ လိုက်တီးရတာ မလွယ်။ တီးခတ်မှု အပိုင်း၊ သီဆိုမှု အပိုင်းမှာ ခက်ခဲ နက်နဲ လာခဲ့သည်။

ဥပမာ ထူးအိမ်သင်၏ လက်စွမ်းပြ "နတ်မိမယ်" သီချင်း၏ ဂျက်ဇ်စတိုင်လ် အရိန်းခ်ျမင့်နှင့် တိုင်မင် အ၀င်အထွက်မှာ ခက်ခက်ခဲခဲ ဖန်တီး သီဆိုထား ရကြောင်း ယနေ့အထိ ထင်ရှားဆဲ ဖြစ်သည်။
"တစ်မိုးလုံးပဲကောင်းကင်ကြယ်များလည်း ကြွေကာ မင်းရှေ့မှောက်ခစား၊ ကိုယ့်ရဲ့နတ်မိမယ် အလှဆုံးလေး၊ သူသာ အတောက်ပဆုံးပါလား။ ဒဏ္ဍာရီများလား၊ အပြုံးလေး သိပ်ထူးဆန်းနေတယ်။ ယုံရဲ့လား"

(၅)
"မှော်ဆရာ အိပ်မက်" အခွေကြမ်း ထွက်လာသောအခါ ပန်းနုလ၀န်းပိုင်ရှင် အန်တီ ကောလင်းလက်ထဲ ထည့်လိုက်သည်။
ထူးအိမ်သင်အခွေထုတ်မည်ဆိုခဲ့စဉ် အစဦးတုန်းက ချီတုံချတုံများစွာ စဉ်းစားခဲ့သော အန်တီကောလင်းသည် အခွေကြမ်းနားထောင်ပြီး ညတွင်းချင်းပင် ဖုန်းလှမ်းဆက်သည်။
အန်တီကောလင်းကိုယ်တိုင်က စန္ဒရားတီးတတ်ပြီး ဂီတနှင့် နီးစပ်သူဖြစ်သည်။ "မှော်ဆရာ အိပ်မက်" ကို နားထောင်ပြီးပြီးချင်း အတိမ်အနက်ကို မှန်းဆနိုင်ခဲ့သည်။
"သူက တကယ့် musician အစစ်ပဲ၊ မနက်ဖြန် ညနေကျရင် အင်းလျားလမ်းအိမ်ကို ခေါ်လာခဲ့ပါ။ ဒင်နာလည်း ကျွေးချင်တယ်။ မြူးဇစ်အကြောင်းလည်း ပြောချင်တယ်" ဟုဆိုသည်။

(၆)
ဂီတပရိသတ်ကလည်း "မှော်ဆရာ အိပ်မက်" အခွေကိုကျေကျေနပ်နပ် အားပေးခဲ့ကြသည်။ ထူးအိမ်သင်ကို ထူးအိမ်သင်အဖြစ် ခိုင်မာစွာ တည်ဆောက်နိုင်စေခဲ့သော အခွေဖြစ်လေသည်။
ထိုအခွေအတွက် ထူးအိမ်သင်က ရေးဆိုခ ငွေကျပ် နှစ်သောင်းရသည်။

"ကြုံလို့ ပြောရတာပါ၊ အခုခေတ်မှာ အဆိုတော်တစ်ယောက် အောင်မြင်သွားလို့ရှိရင် ငွေရေး ကြေးရေးက နောက်ကနေ တွဲပြီးပါလာတယ်။ ကျွန်တော့်တုန်းကတော့ ပထမစီးရီးမှာ တစ်သောင်းခွဲရှုံးတယ်။ နောက် ဒုတိယစီးရီးမှာ မှော်ဆရာ အိပ်မက်လုပ်တော့ ကိုဇော်သစ်နဲ့ တွဲမိပြီ။ ပန်းနုလ၀န်းတေးသံသွင်းပေါ့။ အဲဒီအခွေမှာ ကျွန်တော် ရေးခ + ဆိုခ နှစ်သောင်းရတယ်။ အဲလိုဆိုတော့ စောစောက ရှုံးခဲ့တဲ့ တစ်သောင်းခွဲ နုတ်လိုက်ရင် စီးရီးနှစ်ခွေထုတ်ခဲ့တဲ့ ခံစားခွင့်က ကျွန်တော့အတွက် ငါးထောင်ပဲ ရှိခဲ့ပါတယ်" ဟု ထူးအိမ်သင်ပြောဖူးသည်။

(၇)
ဘာပဲပြောပြော ထူးအိမ်သင်က အောင်မြင်ကျော်ကြားနေပြီ။
သူသီချင်း အရေးအဖွဲ့ ကောင်းမှန်းသိ၍ သီချင်းလာအပ်တာတွေလည်း ရေးပေးရသည်။ စတိတ်ခ်ျရှိုး ရာသီက ခဏအေးနေရာမှ ပြန်လှုပ်ရှားလာသောအခါ စင်မြင့်ဖျော်ဖြေပွဲတွေမှာ သူပါလာသည်။ ဘုရားပွဲ ရာသီကျပြန်တော့ တောင်ငူ၊ ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူ၊ တပ်ကုန်း တစ်လျှောက် သွားရောက် ဖျော်ဖြေရသည်။
ရှေးဦးပိုင်းတွင် မင်္ဂလာဆောင်တွေ လိုက်ဆိုသေးသော်လည်း နောက်ပိုင်း မဆိုဖြစ်တော့ချေ။

ထိုအချိန်က ရုပ်မြင်သံကြားစက်များ ခေတ်စားတွင်ကျယ်ချိန်ဖြစ်၍ အဆိုရှင်တစ်ယောက်အနေနှင့် တီဗွီတွင် ဖျော်ဖြေတင်ဆက်ခွင့်ရရှိရေးသည် မဟာအခွင့်အရေးကြီး တစ်ခုဖြစ်ကြောင်း ထူးအိမ်သင်သိသည်။
သို့သော် မခိုင်လုံသော အကြောင်းပြချက်များနှင့်ပင် တီဗွီရိုက်ဖို့ သူရှောင်လွဲနေခဲ့သည်။

(၈)
ပန်းနုလ၀န်းအခန်းကို ညီညီသွင်လည်းရောက်လာတတ်သည်။ ဂီတာတီးရင်း အနုပညာအကြောင်း ပြောကြဆိုကြရင်း လာအိပ်တတ်သည်။
ထူးအိမ်သင်က အိပ်လျှင်မျက်မှန်ချွတ်ထားသောအခါ သူ၏နှာတံမြင့်မြင့်က ငှက်တစ်ကောင်နှင့် အလားသဏ္ဍန် တူနေသည်။
ညီညီသွင်က သတိပြုမိ၍ သူ့ကိုငှက်ကြီးဟု ချစ်စနိုးစခေါ်သည်။

သထုံ စတိတ်ခ်ျရှိုးမှာ လူရွှင်တော် "ကြယ်တစ်လုံး"က အခမ်းအနားမှူးလုပ်၍ ထူးအိမ်သင်အလှည့်တွင် "ငှက်ကြီးဝံပိုလိုလို လူတစ်ယောက်က သီချင်းဆိုပါလိမ့်မယ်" ဟု ကြေညာပေးခဲ့သည်။
အငယ်တွေကလည်း သူ့ကို ကိုငှက်ဟုပင်ခေါ်ကြသည်။
သည်လိုနှင့် သူ့မှာ "ငှက်" ဆိုသည့် အမည်တစ်ခု တိုးလာခဲ့လေသည်။

(၉)
"မှော်ဆရာ အိပ်မက်" အခွေထွက်ပြီး သုံး၊ လေးလအကြာတွင် ကိုဇော်သစ်ဆိုင်ပြောင်းသည်။ ပန်းနုလ၀န်းက ထွက်ပြီး Kiss သို့ရောက်သွားသည်။
အချိန်များ မကြာမီ ငှက်တစ်ကောင်သည် မုန်တိုင်းထဲကနေ အလျော်အစားကြီးမားသော လောင်းကစားပွဲတစ်ခုစီသို့ ပျံသန်းသွားခဲ့လေသည်။

(၁၀)
မုန်တိုင်းနှင့်ဝေးရာဆီသို့ ပျံသန်းခဲ့သောငှက်။
သိပ်မကြာခင် အသိုက်နှင့် သစ်ပင်များဆီ ပြန်ရောက်လာခဲ့သည်။
ခရီးထွက်ရာမှ ပြန်ရောက်လာသောအခါ ကိုငှက်မှာ အတွေ့အကြုံတွေက များစွာပါလာသည်။ အသက်ဘေးမှ ပွတ်ကာသီကာ လွတ်လာခဲ့ရသည့် သည်းထိတ်ရင်ဖိုတွေလည်း သူကြုံတွေ့ခဲ့ရသည်။ အကြောင်းအရာများစွာကို သူကောင်းစွာ နားလည်လာခဲ့သလို အကြောင်းအရာများစွာတို့ကို သူနားမလည်နိုင်အောင် ဖြစ်ရသေးသည်။

အမှောင်တစ်ခု၊ မိုက်မဲမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ မတရားမှုဟု သူထင်မြင်ယူဆသောအခြင်းအရာတို့၏ ဆန့်ကျင်ဘက်သို့ သူသွားခဲ့သည်။ ထိုနေရာတွင် အလင်း၊ အသိဥာဏ်၊ မေတ္တာတရား၊ မျှတမှုတွေ ရှိနိုင်စကောင်းသည်ဟု သူမျှော်လင့်ခဲ့သည်။
သို့သော် အဆိုပါ စိတ်ကူးအိပ်မက်လောကသည် တကယ်မရှိခဲ့ကြောင်း သူလက်တွေ့သိလာခဲ့ရတာ ခါးသီးလှသည်။

ကျားခြင်္သေ့များနှင့်ဝေးရာတွင် အဖြူရောင်ယုန်သူငယ်လေးများ ရှိကြသည်မဟုတ်။ သွေးဆာသည့်ဝံပုလွေများ ကျက်စားတတ်ကြောင်းကို သူသိလာရသည်။ ထိုတစ်ညမှာ သူလိုချင်တောင့်တခဲ့တာက ဘာမျှ များများစားစား ကြီးကြီးကျယ်ကျယ်မဆိုနိုင်။ တန်းတူရည်တူ ကြမ်းတစ်ပြေး ထိုင်ခုံတစ်တန်းတည်း ထိုင်ပြီး အရက်ခွက်ကို မော့ကြဖို့သာ ဖြစ်သည်။ သို့သော် လက်ရေတစ်ပြင်တည်း မဆိုထားနှင့် ဘီလူးစည်း လူ့စည်းတွေ ခွဲထားတာ၊ နတ်ဘုံနန်းနှင့် ငရဲခန်းကို ကန့်ထားကြတာ သိလာရသည်။ စည်းရိုးကို သူသွားထိကြည့်မိသောအခါ အရက်ဝိုင်း ထိုင်ခုံတစ်လုံးအတွက် ပေးဆပ်ရမှာက မယုံနိုင်စရာ။ သူ၏အသက်တစ်ချောင်းဖြစ်နေသည်။ ဈေးကြီးလှသည့် လောင်းကစားဝိုင်း စည်းကမ်းက တစ်ဘက်သတ်ဖြစ်သည်။ အသက်က ဖက်ရွက်မျှ တန်ဖိုးမရှိသလို ချွေချနိုင်သူတို့၏ နှုတ်ထွက်စကား တစ်ခွန်းမှာ သာသာကလေး ကြွေကျသွားရမှာမျိုးဖြစ်နေသည်။ သူ့ဘက်မှာ ရှိနေသည့် ကံတရားကြောင့်သာ ခုန်အုပ်တော့မည့် သားရဲတွေလက်က လွတ်လာခဲ့သည်။ လက်မတင်လေးလောက် အချိန်အဆ လွဲခဲ့လျှင်ကိုပဲ တောဥပဒေသ ကိုင်စွဲသူတို့၏ လက်ထဲမှာ သူ ကြေမွပျောက်ပျက် အစားခံသွားရမည်ဖြစ်သည်။ သို့သော် ကံတရားက သူ့ဘက်ကို မျက်နှာလိုက်ပြီး ဖေးမပေးခဲ့သည်။

(၁၁)
ဂီတလောကကတော့ သူ့ကိုနွေးထွေးစွာပင် ပြန်လည်ကြိုဆိုခဲ့သည်။ ရေစီးကြောင်းနှင့်ပင် အလိုက်သင့် သူဆက်လက်မျောပါသွားခဲ့သည်။
"သက်ငြိမ်" စီးရီးက ၁၉၉၀ ပြည့်နှစ်တွင် ထွက်ခဲ့လေသည်။
ကိုယ်ပိုင်သံစဉ် သီချင်းများပဲ ဖြစ်ကြသည်။
မောင်မောင်သွင်၊ ညီညီသွင်နှင့် လူမုန်းတို့ တစ်ပုဒ်စီ ၀င်ရေးပေးကြပြီး ကျန်သောသီချင်းများကို သူကိုယ်တိုင်ပဲ ရေးခဲ့သည်။ "သက်ငြိမ်" ကို သူနှင့် ညီအစ်ကိုအရင်းတမျှ ချစ်ခင်ကြသော ကိုဇော်သစ်နှင့် ရှယ်ယာရှင် သဘော လုပ်ခဲ့ကြသည်။ ကန်းထရီးဘွိုင်းက ဖြန့်ပေးသည်။

ထိုစီးရီးတွင်လည်း သူ၏ခံစားခွင့်က ဆယ့်လေးလက်မ တီဗွီတစ်လုံးရခဲ့ခြင်းသာ ဖြစ်နေသည်။
"အခွေ သုံးခွေ ထွက်ပြီးလို့ရယ်မှ ကျွန်တော့မှာ ငွေငါးထောင်ရယ်၊ ဆယ့်လေးလက်မ တီဗွီတစ်လုံးရယ်ပဲ ကိုင်ခဲ့ရပါတယ်" ကိုငှက် ရယ်စရာပြောခဲ့ဖူးသည်။

(၁၂)
"ကိုယ့်ရဲ့ အခန်းလေးထဲမှာ နေ့တိုင်း အားငယ်ထိတ်လန့်စွာ ပုန်းအောင်နေ တစ်ယောက်တည်း။ အလင်းရောင်များ ပျောက်ဆုံးအထီးကျန်ကမ္ဘာလေးပဲ။ တစ်လောကလုံး ရွံ့မုန်းစိတ်နာနေဆဲ။ ကိုယ့်ရင်ထဲမှာလည်း မှောင်မည်းပေကျံကာ ပူလောင်နေဆဲ။ နေရောင်တစ်ချို့က အခန်းထဲဝဲ၊ ဒယိမ်းထိုးကခုန်ဆဲ ရွှေပန်းခင်းတစ်ခုလိုပဲ တွေ့တယ်။

ကိုယ့်ရဲ့စားပွဲအိုလေးထက်မှာ ပြန့်ကြဲ။ စက္ကူအပိုင်းအစတွေ၊ ဆေးလိပ်တိုတွေနဲ့၊ ကံ့ကော်ပန်းခြောက်တစ်ပွင့်၊ သက်ငြိမ်ပန်းချီကားပဲ။ စက္ကန့်များရေတွက်လက်ပတ်နာရီလေး၊ ဖျားနေပြီး ငိုကြွေးဂစ်တာဟာ အသံမေ့သွားတယ်။ အဖန်တရာဆိုပြီးသား တေးသွားလည်း ခေါက်ရိုးများ ကျိုးနေတဲ့ စာအုပ်ဟောင်းလေးတစ်အုပ်လိုပဲရှိတယ်။

လက်ဖက်ရည်တစ်ခွက်စုံမက် မနက်ကိုကြိုခဲ့။ လမ်းတွေမီးလင်းတဲ့ ညအစကိုကြိုမယ့်နေ့ရက်များကို တိုက်စားသွား။ ဘ၀ဟာ ဘယ်လိုများလဲ၊ အခန်းပြင်ဘက်ပြေးထွက်ပြီး စကြာဝဠာအဆုံးကောင်းကင်အမိုးဖေါက်ခွဲ တစ်ယောက်တည်းထိုင်နေတာ အိပ်မက်တယ်။ ယုံကြည်မျှော်လင့်ချက်လမ်းမအလည် လူတစ်ယောက် မူးလဲနေတယ်။ မပီမသဆဲရေးသံရယ်… ကြားတယ် ညနေကြယ်"


(၁၃)
"သက်ငြိမ်" သီချင်းကို ထူးအိမ်သင်၏ တကယ့်ဘ၀အတွေ့အကြုံအပေါ် မူတည်ပြီး ရေးဖွဲ့ထားခြင်းဖြစ်သည်။
ပုသိမ်ကောလိပ်ကျောင်းသားဘ၀။
စာမေးပွဲနှစ်ကြိမ်ကျ၍ ပုသိမ်တွင် အိတ်စတာနယ်ဖြစ်နေစဉ်၊ သူငယ်ချင်းထံကပ်နေပြီး ကျောင်းတက်ရသည်။ လက်ထဲမှာ ပိုက်ဆံပြတ်လပ်နေ၍ ဒုက္ခရောက်ပြီး သူငယ်ချင်း၏ အခန်းထဲမှာ ခွေနေရတာပဲ များခဲ့သည်။ သူနှင့် သူငယ်ချင်းခုတင်က ကပ်လျက်။

သူ့ခုတင်ပေါ်က လှမ်းကြည့်လျှင် မျက်စိရှေ့က ပြတင်းပေါက်တစ်ပေါက်ရှိသည်။ သို့ဖြစ်၍ ပြတင်းပေါက်ကို အမြဲတွေ့နေသည်။ နေ့မှာလင်းနေသော ပြတင်း။ ညမှာမှောင်ပြီး ကြယ်တွေတောက်ပနေသော ပြတင်းဖြစ်သည်။
ထိုအချိန်မှာ သူက ဘာဆိုဘာတစ်ခုမျှ ဖြစ်ထွန်းအောင် လုပ်မပြနိုင်။
အဘက်ဘက်မှ ကျဆုံးနေချိန်။

ပညာရေးမှာလည်း စာမေးပွဲတွေ အကြိမ်ကြိမ်ကျ။ မိဘတွေနှင့် အဆက်အသွယ်ပြတ်သလိုဖြစ်နေ၍ စိတ်ဓာတ်ကျရုံမက လေလွင့်ပြီး မှုန်တိမှုန်ဝါးဖြစ်နေသည်။
ထိုအချိန်တွင် ပြတင်းပေါက်က လက်နေသော ကြယ်ကိုကြည့်ရင်း ကြည့်ရင်းနှင့်ပင် သူ့ကိုယ်သူအခန်းထဲက ပစ္စည်းဟောင်းတစ်ခုလို။ သူငယ်ချင်းခုတင်ပေါ်မှာ လွင့်ကျနေသော ဖဲချပ်တစ်ချပ်လို၊ အခန်းထဲမှာ ပုံကျနေသည့် စောင်တစ်ထည်လို၊ ခုတင် ခြေရင်းမှာ လဲနေသည့် အရက်ပုလင်း တစ်လုံးလို၊ အခန်းထဲမှာ ထောင်ထားသည့် ဂီတာစုတ်ကလေးလို အသက်ရှိမှ ရှိပါလေစ။ သူ့ကိုယ်သူအဲသလို ခံစားလာရသည်။

အဆိုပါ ခံစားချက်ကလေးအပေါ်မူတည်ပြီးရေးဖွဲ့ဖြစ်ခဲ့သော "သက်ငြိမ်" သည် ၁၉၉၀ ပြည့်နှစ်ကျမှ ပရိသတ် နားထောင်ဖို့ ဖြစ်လာခဲ့ရလေတော့သည်။

(၁၄)
ကိုငှက်၏ စတုတ္တ စီးရီးအခွေဖြစ်သော "အတ္တ ပုံဆောင်ခဲများ" က ၁၉၉၁ ခုနှစ်တွင်ထွက်ခဲ့သည်။
သူတစ်ယောက်တည်း ဒိုင်ခံရေးခဲ့သော ကိုယ်ပိုင်သံစဉ်သီချင်းများ ဖြစ်သည်။ သူ၏အားအရဆုံး အခွေဟုလည်း ဆိုနိုင်သည်။
ထိုစီးရီးထဲက သီချင်းတစ်ပုဒ်ဖြစ်သော "ရာဇ၀င်များရဲ့ သတို့သမီး" ကို ရေးဖွဲ့ဖြစ်၍ အာရုံဝင်စားမှုကို ပုဂံမြို့မှာ စတင်ရရှိခဲ့ခြင်းဖြစ်သည်။

(၁၅)
တေးရေးစာဆို ကိုဝင်းမင်းထွေးစီစဉ်သော ပုခုက္ကူစတေ့ခ်ျရှိုး အတွက် ခရီးသွားကြရင်း ဂီတလူငယ် တစ်ဖွဲ့သားလုံး ပုဂံသို့ ၀င်လည်ကြသည်။
ညပိုင်းတွင် သူတို့ဂီတလူငယ်များ တစ်အုပ်စုလုံးဘုရားတွေ လျှောက်ဖူးကြရင်း ကန်တော့ပလ္လင်ဘုရားသို့ ရောက်သောအခါ ဘုရားအစောင့်ကို ခွင့်တောင်းပြီး
ဘုရားပေါ်တက်ကြည့်ခဲ့ကြသည်။

အပေါ်ရောက်တော့ ထူးအိမ်သင်တော်တော်နှင့် ပြန်မဆင်းဖြစ်၊ ရှုခင်းငေးရင်း အတန်ကြာအောင် ထိုင်ဖြစ်သွားသည်။
ပုဂံညက လွမ်းမောဖွယ်လှချင်တိုင်း လှနေသည်။ နက်ပြာရောင်ညကောင်းကင်မှာ ကြယ်တာရာတွေ စုံလင်နေကြသည်။ အလှမ်းမဝေးလှသည့် နေရာတွင် ဧရာဝတီမြစ်ကြီးတသွင်သွင်နှင့် တညိမ့်ညိမ့်စီးဆင်းနေတာကို အပေါ်စီးကနေ သူလှမ်းမြင်နေရသည်။ မြစ်တစ်ဖက်ကမ်းရှိ စက်ရုံက လင်းနေသောမီးရောင်လေးတွေ တွေ့ရသည်။ မြစ်ကြီးအပေါ်မှာအလင်းစက်ကလေးတွေက တဖျပ်ဖျပ်လက်နေကြသည်။ ပုဂံမြို့ဟောင်းဘက်ကို ပြန်ကြည့်လိုက်တော့ ကျယ်ပြန့်လှသည့် လွင်ပြင်ပေါ်တွင် တစ်ချိန်က လွန်စွာကြီးကျယ်ခမ်းနားခဲ့သည့် ရှေးယဉ်ကျေးမှုဗိသုကာလက်ရာ အဆောက်အအုံကြီးများကို အမှောင်ထဲမှာပင် ထုထည်ကြီးမားစွာနှင့် မြင်နေရသည်။

မြစ်ကြီးရယ်၊ ဗိသုကာလက်ရာများရယ်၊ ဟိုတစ်ဖက်ကမ်းက တောင်တန်းများရယ်ကို သူထိုင်ကြည့်ရင်းနှင့်ပင် သွေးထဲက တဖြည်းဖြည်းချင်းနိုးကြားလာခဲ့သည်။ သူကိုယ်တိုင်သိလိုက်သည့်အခြင်းအရာက လွန်စွာထူးခြားလှသဖြင့် နှုတ်နှင့် မဖော်ပြနိုင်။ ရှေးပုဂံသူ ပုဂံသားတို့၏ ၀ိညာဉ်များက သူ့ကိုပူးဝင်သွားကြသော အခိုက်အတန့်မှာ ထွက်ပေါ်လာသည့် ရလာဒ်က အဆန်းတကြယ်ဖြစ်တော့သည်။ ထိုအချိန်မှာပင် သီချင်းရေးဖွဲ့ဖို့ ခွန်အားအငွေ့အသက် အာရုံစိတ်ကူးကို ထူးအိမ်သင်ရရှိသွားခဲ့ခြင်းဖြစ်သည်။

(၁၆)
ဧရာဝတီမြစ်ကြီးက မြန်မာနိုင်ငံ၏ ပင်မအသက်သွေးကြောကြီးဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်း နှင်းပွင့်ရေခဲတောင်တန်းကြီးများမှ မြစ်ဖျားခံလာကြသော
မေခနှင့်မလိခ မြစ်နှစ်သွယ်တို့ မြစ်ကြီးနားမြို့အနီးတွင် ပေါင်းဆုံပြီးနောက် ဧရာဝတီမြစ်ကြီးဖြစ်ထွန်းလာခဲ့သည်။ တောင်ဘက်သို့မိုင်ပေါင်း ၁၃၀၀ ဆက်လက်စီးဆင်းပြီး ဟင်္သာတမြို့အနီးတွင် လက်တက်အသွယ်သွယ်ခွဲထွက်ကာ မြန်မာနိုင်ငံ၏ ၀မ်းစာကျီတိုက်ဟု ခေါ်ဆိုရမည့် မြေဆီသြဇာကြွယ်ဝလှသည့် မြစ်ဝကျွန်းပေါ်ဒေသကို ဖြစ်ပေါ်စေခဲ့သည်။

ဧရာဝတီနှင့် အတူမြန်မာ့သမိုင်း ခေတ်အဆက်ဆက်တို့၏ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ သဘောတရားရေး၊ စစ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၏ သမိုင်းခြေရာများထင်ကျန်ရစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရှေးဦးပထမဆုံး မှီတင်းနေထိုင်သူ အညာသီယန်ကျောက်ခေတ်လူများသည် ဧရာဝတီမြစ်ကိုပင် အမှီသဟဲပြုခဲ့ကြလေသည်။

ဧရာဝတီ၏သမိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းကို ဧရာဝတီမိခင်က မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။ ဂုဏ်ယူဝံ့ကြွားဖွယ်သမိုင်းကာလ အပိုင်းအခြားတစ်ခုတွင် ဧရာဝတီမြစ်ပေါ်ရှိ ပုဂံနေပြည်တော်က မြန်မာနိုင်ငံ၏ နှလုံးသည်းပွတ်ဖြစ်ခဲ့သည်။ နှလုံးသားပုဂံနှင့် ပင်မသွေးကြောဧရာဝတီ။

(၁၇)
ထူးအိမ်သင်က သူ၏ သီချင်းကို "ရာဇ၀င်များရဲ့ သတို့သမီး" ဟု အမည်ပေးခဲ့သည်။ သီချင်းအကြောင်းအရာက ရှေးပုဂံသူပုဂံသားတို့၏ ၀ိညာဉ်များက သူ့ကို ပူးဝင်ပြောပြသွားကြသည့် သမိုင်း၏ပုံရိပ်များဖြစ်ကြသည်။ ရှေ့လာမည့် အနာဂတ်နေ့ရက်များကို ရွှေရောင်လွှမ်းစေဖို့ သူမျှော်လင့်ခဲ့သည်။ စိတ်ကူးအိပ်မက် မက်ခဲ့သည်။ ဧရာဝတီမြစ်သည် ရာဇ၀င်ဟောင်း၏ ခြေရာများကို သိမ်းဆည်းထားရုံသက်သက်မဟုတ်။ ရာဇ၀င်သစ်၏ ခြေလှမ်းများကို မွေးဖွားပေးရာ ရင်ခွင်အစစ်အမှန်ဖြစ်သည်ဟု ထူးအိမ်သင်ခံယူခဲ့သည်။

"ကွယ်လွန်ပြီးသော အိပ်မက်များ၊ ထာဝစဉ်လဲလျောင်းအိပ်စက်ရာ…။
က္ကနြေ္ဒကြီးမားလွန်းတဲ့ ဒီမြေမှ… တို့ရဲ့သွေးတွေ…ဖြတ်သန်းရင်းနဲ့စီးဆင်း
သူဟာ ရာဇ၀င်များရဲ့ လျှို့ဝှက်ချက်ကို သိမ်းဆည်းထား
ဧရာဝတီ…။

ရွှေအတိပြီးသော မြို့ပြများအစဉ်အလာကြီးမားခဲ့ကြရာ…။
ရာဇ၀င်ဟောင်းရဲ့ အမှတ်တရဒီမြေဟာ တို့ရဲ့အမိမြေ…။
ယဉ်ကျေးမှုရဲ့ နှလုံးသား …ရှင်သန်စေသူတန်ခိုးရှင်…
အခမ်းနားဆုံးသော သက်ရှိကဗျာ၊ ဧရာဝတီ…။

ပိုင်ဆိုင်မှုအတွက် စစ်မက်များ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရာ…။
ဂန္တ၀င်မြောက်တဲ့အချစ်နဲ့ ကာကွယ်သူတို့ရဲ့ ဓားတွေ။
သူရဲကောင်းများ မွေးဖွား။ ဒါဟာ ငါတို့သမိုင်းရဲ့တောက်ပခဲ့တဲ့နေ့ရက်များ…..။
ဧရာဝတီ…။

ရာဇ၀င်ဟောင်းရဲ့သင်္ချိုင်းရာ၊ ရာဇ၀င်သစ်တို့မွေးဖွားရာ၊
ရွှေရောင်နေ့သစ်များ အတွက်၊ ရင်ခုန်သူတို့ရဲ့သီချင်းတွေ၊
ပျိုမျစ်စိမ်းလန်းရေးအတွက် ယုံကြည်သူတွေ အသက်နဲ့ထုဆစ်ခဲ့တဲ့ အိပ်မက်များ….
ဧရာဝတီ….”


(၁၈)
"ရာဇ၀င်များရဲ့ သတို့သမီး" သီချင်း အကြောင်းအရာနှင့် ပတ်သက်၍ ထူးအိမ်သင်က "ကျွန်တော် တစ်ခါလည်း ပြောဖူးပါတယ်။ မြန်မာတွေဟာ အဲ့ဒီအချိန်က လက်ရုံးရည်ရော၊ နှလုံးရည်ရော တိုးတက်ခဲ့ကြတယ်။ ရှေးမြန်မာကြီးတွေက ဘယ်လို ခက်ထန်ကြံ့ခိုင် အားကောင်းတဲ့ နှလုံးသားတွေနဲ့၊ ဘယ်လို ပျော့ပျောင်းတဲ့ နှလုံးသား၊ ဘယ်လို သိမ်မွေ့တဲ့ ခံစားချက်တွေနဲ့ ဧရာဝတီ မြစ်ဝှမ်းနယ်မှာ ကျွန်တော်တို့ အခု ခေါ်နေကြတဲ့ မြန်မာနိုင်ငံကြီးကို ဘယ်လို တည်ဆောက်ခဲ့ကြတယ် ဆိုတာ ကျွန်တော့် ရင်ထဲမှာ အရမ်းကို အံ့သြပြီး လေးလည်း လေးစားမိတယ်။ ရှေးမြန်မာကြီးတွေ အပေါ် အရမ်းကို ကြည်ညိုတဲ့ စိတ် ကျွန်တော့် ရင်ထဲမှာ ပြင်းပြင်းထန်ထန် ပေါ်လာခဲ့တယ်။ နောက် ရှေ့ဆက် သွားမယ့် ဧရာဝတီ သမိုင်းမှာ ကျွန်တော့်တို့ရဲ့ မျှော်လင့်ချက်တွေ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ ရှေ့ဘယ်လို ဖြစ်လာမလဲဆိုတာ စိတ်ထဲမှာ ခင်းကျင်း ကြည့်တာပေါ့နော်၊ ကျွန်တော်တို့ရဲ့ အိပ်မက်လေးတွေကို ပြပွဲ ခင်းကျင်း ကြည့်တဲ့ သဘော၊ အကြောင်းအရာကတော့ အဲ့ဒါပါပဲ" ဟု ပြောပြခဲ့ဖူးသည်။

(၁၉)
"ရာဇ၀င်များရဲ့ သတို့သမီး" သီချင်း၏ Music Composition အပိုင်းကျတော့ ဘလူးစ် ပုံစံမျိုး ဖန်တီး ဖြစ်လိုက်သည်။ စကေးလ်နှင့် ဟာမိုနီ ပရိုဂျက်ရှင်များ ဘလူးစ်ကို အခြေခံပြီး ယူသည်။ ရစ်သမ်ပိုင်း ကျတော့ လူတို့၏ နှလုံးခုန်သံ၊ တိုက်စည် တိုက်မောင်းများ၊ စစ်တိုက်သောအခါ တိုက်စည် တိုက်မောင်းတို့၏ ရိုက်ချက်တွေကို ယူခဲ့သည်။

ပုဂံကို ရှေးမြန်မာကြီးတို့ တည်ထောင်ခဲ့စဉ် အချိန်က မဏ္ဍိုင်ပြု ခွန်အား ယူခဲ့ရသော နည်းပညာ၊ အတတ်ပညာ၊ ယဉ်ကျေးမှု၏ ရေစီးကြောင်းထဲက ဂီတသံစဉ်များကိုလည်း တမင်တကာ ပါဝင်လာအောင် ရောထည့်ပြီး သီချင်း၏ အလှကို အားကောင်းစွာ ထင်းကြွ လာစေခဲ့သေးသည်။

(၂၀)
"ဧရာဝတီ" သီချင်း ပုံစံမျိုးပင် မွန်လူမျိုးတို့၏ ဒေသအကြောင်း သမိုင်း အခြင်းအရာတို့ကို ရေးဖွဲ့ ဖို့လည်း နောင်သောအခါ သူ စိတ်ကူးခဲ့သေးသည်။ သို့သော် အကောင်အထည် မဖော်ဖြစ်ခဲ့ချေ။

(၂၁)
ထူးအိမ်သင်၏ masterpiece လက်ရာ "ဧရာဝတီ" သီချင်းကို ကိုလေးဖြူ ပြန်ဆို ဖြစ်ခဲ့တာကိုတော့ မှတ်မှတ်ရရ ဟုပင် ဆိုရမည်။
ကိုလေးဖြူက စီးပွားရေးအရ ရောင်းတမ်းဝင် ထုတ်လုပ် ဖြန့်ချီဖို့ ပြန်လုပ်သည်တော့ မဟုတ်။ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့က သူတို့ကို ဖိတ်ပြီး တီးကြဆိုကြသောအခါ own tune သီချင်း ဆိုဖို့လည်း စိတ်ကူး ရှိသည်။

မြန်မာလူမျိုး၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သီချင်းမျိုး ဖြစ်လျှင် ပိုကောင်းမည် ဆို၍ ကိုငှက်ဆီက "ရာဇ၀င်များရဲ့ သတို့သမီး" သီချင်း ပေးပါဟု ကိုလေးဖြူက လာတောင်းသည်။
ထူးအိမ်သင်က "ဟာ . . . .ပေးပါတယ်၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ်နော်၊ ကျွန်တော့် သီချင်းထဲမှာ မြန်မာပြည် ဆိုတဲ့ စကားလုံးတော့ မပါဘူး" ဟု ထူးအိမ်သင်က ဆိုသည်။
ကိုလေးဖြူက "ကိစ္စ မရှိဘူး၊ ရတယ်။ ဧရာဝတီ ဆိုတဲ့ စကားလုံး ပါတာပဲ။ ဧရာဝတီဆိုတာ မြန်မာနိုင်ငံမှာ ရှိတဲ့ဟာ။ ဒါမြန်မာတွေ အကြောင်းပဲ။ အဲ့ဒါ သူတို့ကို ရှင်းပြပြီး လိုက်သွားမယ်" ဟု ပြောလိုက်သည်။

ထူးအိမ်သင်လည်း "ကဲ . . . .ဆိုလို့ ရမယ် ဆိုရင် ဆိုပေါ့ဗျာ" ဟု ခွင့်ပြု ပေးလိုက်သည်။
"သီချင်းအတွက် ကျွန်တော်တို့ နှစ်ယောက် ဒီလောက်ပဲ ညှိုနှိုင်း ရတာပါ" ဟု ထူးအိမ်သင်က ပြန်ပြောပြသည်။
"ရာဇ၀င်များရဲ့ သတို့သမီး" သီချင်းကို ကိုလေးဖြူ ပြန်လည် သီဆိုသောအခါ version က အသစ် တစ်မျိုးလို ဖြစ်သွားသည်။ Iron Cross တီးဝိုင်း၏ ဂီတပညာရှင်များက အရိန်းခ်ျမင့် လုပ်ပေးခဲ့သည်။
"ကိုလေးဖြူ ပြန်ဆိုထားတာ ကျွန်တော် နားထောင်ဖူးပါတယ်။ ဒီသီချင်းကို သူတို့ဆီမှာ တီးတော့ အသံလွှင့်တဲ့ အချိန်မှာ ဖမ်းထားတဲ့ အခွေလေး ရှိတယ်လေ၊ အဲ့ဒါလေး ယူလာပြီးတော့ ကျွန်တော့်ကို ပေးလို့ နားထောင်ဖြစ်ပါတယ်၊ ကောင်းပါတယ်" ဟု ထူးအိမ်သင် ပြောခဲ့လေသည်။





ထူးအိမ်သင်၏ ဂါရ၀ အပြည့်နှင့် နှိမ့်ချရိုကျိုးပုံ(ဓါတ်ပုံ ငြိမ်အေးအိမ်)








အခန်း(၁၈) ၆၉၊ သီတာလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်

(၁)
ထူးအိမ်သင်က ၁၉၇၉ ခုနှစ်တွင် ဆယ်တန်း အောင်ပြီး တက္ကသိုလ် စရောက်ခဲ့သည်။ နေ့ကျောင်းသား အဖြစ် ၅ နှစ် တက်ခဲ့ရာ ပုသိမ်ကောလိပ်မှ ဒုတိယနှစ်သာ အောင်မြင်ခဲ့လေသည်။ မော်လမြိုင် ရောက်ပြီး နောက်ပိုင်းကျမှ စာပေးစာယူ ပြောင်းတက်ခဲ့သည်။

အဆိုတော် ဖြစ်ပြီးသည့် နောက်လည်း ဇွဲမလျှော့ဖို့ မိဘများက တိုက်တွန်းကြသဖြင့် မိဘများ အလိုကျ ၁၉၉၁ ခုနှစ်တွင် ရုက္ခဗေဒ မေဂျာနှင့် B.Sc ဘွဲ့ရရှိခဲ့လေတော့သည်။

(၂)
"နှစ်ချို့ဝိုင်" စီးရီးကို မူပိုင် ကိုဇော်သစ်နှင့် မြူးဇစ်ဝါလ် တေးသံသွင်းအတွက် ၁၉၉၁ ခုနှစ် ကတည်းက စီစဉ်ခဲ့သည်။
ထိုကာလမှာ ကိုငှက်သည် ကိုဇော်သစ်၊ ကိုရဲသွင်တို့နှင့် ရန်ကင်းမှာ အိမ်ငှားနေကြသည်။ များမကြာမီ မော်လမြိုင်မှ အမေဒေါ်မြရင် ရောက်လာပြီး ကိုငှက်နှင့် အတူ နေထိုင်လေသည်။

ကိုငှက်က ဂီတသင်တန်းလိုမျိုး နုတ်စ် အခြေခံက အစ စနစ်တကျ သင်ပေးသော သင်တန်း တစ်ခု ဖွင့်ဖြစ်ခဲ့သေးသည်။ စိတ်ဝင်စားသော လူငယ် အတော်များများ သူ့သင်တန်းမှာ တက်ဖြစ်ခဲ့ကြသည်။

(၃)
၁၉၉၂ ခုနှစ်မှာ ထွက်သည့် "အရင်အတိုင်း" စီးရီး မူရင်းက ကော်ပီသီချင်းများ ဖြစ်သည်။ တစ်ခွေလုံးကို တေးရေးစာဆို ကိုဝင်းမင်းထွေး ရေးဖွဲ့ပေးခဲ့ပြီး Emperor တီးဝိုင်း၏ ဂီတနှင့် အိုအေစစ် စတူဒီယို မှာ သွင်းဖြစ်ခဲ့သည်။ စီစဉ်သူ မူပိုင် ကိုရဲ။ ဖြန့်ချီရေး ဂျူပီတာ တေးသံသွင်း ဖြစ်သည်။
Dom Melcom ၏ Vincent ကို ပြန်ဆိုထားသော "ဗင်ဆင့်ဗန်ဂိုး တမ်းချင်း" ကတော့ ထိုစီးရီး၏ အထူးခြားဆုံး သီချင်း တစ်ပုဒ်ဟု ဆိုရပေမည်။ တေးရေးစာဆို ကိုဝင်းမင်းထွေး၏ စကားလုံးများက ပြောင်မြောက်သလို ထူးအိမ်သင်၏ သီဆိုဟန်က လှိုက်လှိုက်လှဲလှဲ ရှိလှသည်။

"လူတွေ တကယ်တော့ နားမလည် . . .အို ဒါဟာ တကယ် အမှန်တရား . . .ဒီကမ္ဘာသို့ဗင်ဆင့် အဆုံးထိချစ်သော်လည်း အားလုံး နားမလည်ခဲ့။ ဒုက္ခနဲ့ တုန့်ပြန်ခြင်းသာ ရသွားလည်း ဒီလို ရက်စက်ခဲ့ခြင်းကိုပြန်ပြီး အမှန်တရားအတွက် ဘ၀ကိုစတေးသွားရှာရင်း ခွင့်လွှတ်ခဲ့လေတယ်။

ကြယ်တွေ ငိုနေလား . . . အခန်းလွတ်ထဲမှာ ပန်းချီကားတွေ . . . အဖိုးမဖြတ်ရက်အောင် တန်သတဲ့လေ။ ဗင်ဆင့်ရဲ့အနုပညာဟာ ရတနာများ . . . မသေခင် အချိန်မှာ အပယ်ခံများ . . .မဲ့ရွဲ့ခြင်းသာ ခံခဲ့ရတယ်။ သွေးပျက်သွားအောင် သရော်ကြတယ်။ လက်မြှောက်လို့ ဘ၀ကို ရှောင်ကာ ပြေးလေတယ်။

ငါလေ တုန်လှုပ်တယ် . . . ကမ္ဘာကို ပိုင်သမျှ အကုန်ပေးပြီး တစ်သက်တာ ဒုက္ခချည်း ယူသွားရှာတယ်။ ဒါဟာ ပါရမီ တစ်ခုလေးလား။ လူတွေအတွက် ဘ၀ကိုရင်းလို့ စတေးရှာသလား . . . ဒီည ငါငိုနေပြီ"


(၄)
ထူးအိမ်သင်သည် ပါဝါမျက်မှန် ထူထူကို ကိုင်းပုံသဏ္ဍန် အမျိုးမျိုး ပြောင်းလဲ တပ်ဆင်ခဲ့သလို သူ၏ သီချင်းခွေများကလည်း တစ်ခွေတိုင်းမှာ တေးသံသွင်း တစ်ဆိုင် ဖြစ်ခဲ့ရသည်။
"နာရီပေါ်မှ မျက်ရည်စက်များ" တုန်းက ဂန္ဓမာ၊ "မှော်ဆရာအိမ်မက်" က ပန်းနုလ၀န်း၊ "သက်ငြိမ်" က ကန်းထရီးဘွိုင်း၊ "အတ္တပုံဆောင်ခဲ" များက စပယ်ဦး၊ "အကြင်နာ အိပ်မက်" (အောင်ရင်နှင့် တွဲဖက်၍) ယင်းမာ၊ "အရင်အတိုင်း" က ဂျူပီတာ၊ ထို့နောက် "စကားလုံး မရှိတဲ့ ကောင်းကင်" က နှင်းဆီလှိုင်း ဖြစ်နေသည်။

"စကားလုံး မရှိတဲ့ ကောင်းကင်" ကလည်း "အရင်အတိုင်း" စီးရီးကဲ့သို့ပင် ကော်ပီ သီချင်းများ ဖြစ်ကြသည်။
တစ်ခွေလုံးကို မြင့်မိုးအောင်က ရေးပေး ထားခဲ့သည်။
မူပိုင်က နှင်းဆီလှိုင်း။
ထိုအချိန်မှာ နှင်းဆီလှိုင်းက ထွက်သမျှ တစ်ခွေဆို ဆိုသလောက် ပြောစမှတ် ပြုခဲ့ရချိန်။
စကားလုံး အခွေလည်း အပါအ၀င် ဖြစ်တော့သည်။

(၅)
ကိုငှက်က သူ့ သူငယ်ချင်း မြင့်မိုးအောင်မှာ အရည်အချင်း ရှိတာ သေသေချာချာ သိသည်။ မြင့်မိုးအောင်က စာဖတ် နာသည်။ ဂီတနှင့် ပတ်သက်၍လည်း တော်တော်လေးကို အဆင့်အတန်း မြင့်မြင့် သိနားလည်နေသည်။ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ကျောင်းပြီးသွားချိန်၊ ပုသိမ်တွင် ဂီတာ သင်တန်းလေး ဖွင့်ပြီး အသာငုပ်နေတာကို သူ သဘောမကျ။ ပြီးတော့ မြင့်မိုးအောင်သည် သီချင်း ရေးရာမှာ လူသစ် မဟုတ်။ ယခင် ပုသိမ်က ထက်နိုင်ကျော်၏ စီးရီးလုပ်စဉ်ကတည်းက သုံးလေးပုဒ် ၀င်ရေး ပေးခဲ့ဖူးသည်။

သို့ဖြင့် ကိုငှက်က ပုသိမ်အထိ သွားပြီး ဇွတ်အတင်း ဆွဲခေါ် လာခဲ့သည်။
"စကားလုံး မရှိတဲ့" အခွေ ဖြစ်လာဖို့ ကိုငှက်၏ တွန်းအား အများကြီး ပါခဲ့သည်။ မှန်သော်လည်း -
"ဒီစီးရီး အောင်မြင် သွားရတဲ့ အပေါ်မှာကျတော့ ကျွန်တော် တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး၊ မြင့်မိုးအောင်ရဲ့ စကားလုံး ရွေးချယ်မှု၊ သီချင်း ပုံစံ၊ အားလုံး ဘက်ပေါင်းစုံ ကောင်းလို့ပါဗျာ" ဟု ကိုငှက်က ပြောခဲ့သည်။
"မြင့်မိုးအောင် ဆိုပြီး အထင်အရှား ဖြစ်လာတာကတော့ သူ့အရည်အချင်းနဲ့ သူပါ။ ဘယ် ကျောက်ခဲကိုမှ ဆီကြိတ်လို့ ဆီထွက် မလာပါဘူး" ဆိုတာက သူ၏ အရှင်းဆုံး သဘောထားပင် ဖြစ်လေသည်။

(၆)
"အရင်အတိုင်း" နှင့် "စကားလုံး မရှိတဲ့ ကောင်းကင်" ဆိုသည့် ကော်ပီ သီချင်း နှစ်ခွေ သီဆိုခဲ့ရာတွင် အချို့ သီချင်းများမှာ မူရင်းထက်ကို ပိုကောင်းသည်ဟု ဂီတ ပရိသတ် အချို့က ယူဆခဲ့ကြသည်။
သို့သော် ထူးအိမ်သင်က "မူရင်းထက် ကောင်းတယ်လို့တော့ မနောက်ကြပါနဲ့ဗျာ၊ အဲ့ဒီလိုတော့ မနောက်နဲ့။ ကျွန်တော် ကော်ပီသီချင်း ဆိုတဲ့အခါကျရင် ဘာပဲဖြစ်ဖြစ် မူရင်းသီချင်း အပေါ်မှာ အတတ်နိုင်ဆုံး ကြိုးစားပြီး သစ္စာရှိပါတယ်။ အဖြစ်နိုင်ဆုံး သူတို့ mood နဲ့ expression ကို ကျွန်တော် အတတ်နိုင်ဆုံး ကူးပြောင်း ပြီးတော့ ထည့်ယူပါတယ်" ဟု ပြောပြခဲ့သည်။

(၇)
ထူးအိမ်သင်၏ ပထမဆုံးသော တစ်ကိုယ်တော် စင်မြင့် ဖျော်ဖြေပွဲ One Man Showကို ၁၉၉၃ခုနှစ် ဇူလိုင်လ၌ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် Iron Cross၀ိုင်းနှင့် ဖျော်ဖြေခဲ့ရာ သီချင်း ၂၉ပုဒ် မျှ မရပ်မနား သီဆို တင်ဆက်သွားခဲ့သည်။ သူ၏ အထူးခြားဆုံးနှင့် ဆန္ဒ အပြည့်ဝဆုံး စင်မြင့်ပွဲဟု ဆိုရမည်။

(၈)
ထိုအချိန်မှာ ထူးအိမ်သင်၏ စီးပွါးရေး အခြေအနေက အတန်ငယ် တည်ငြိမ်စ ပြုလာပြီဟု ဆိုနိုင်သည်။ သူ့ဆီမှ သီချင်း လာအပ်ကြတာတွေလည်း ရေးပေးခဲ့သလို တေးရေး တေးဆို တစ်ဦးအဖြစ် သူ ကောင်းစွာ အောင်မြင် ကျော်ကြား လာခဲ့ပြီ။
၁၉၉၃ ခုနှစ် အောက်တိုဘာလတွင် ၈၉လမ်း၊ အိမ်နံပါတ် ၂၇ ကိုငှားပြီး မော်လမြိုင်က မိသားစု တစ်စုလုံး ပြောင်းရွှေ့ လာစေသည်။ အမေ ဒေါ်မြရင်က နဂို ရန်ကင်းမှာကတည်းက သူနှင့် အတူတူ လာနေနေပြီ။ ထိုအချိန်တွင် ညီလေး အောင်အောင် ကျောင်းပြီးကာနီး တစ်ပိုင်းတစ်စ ဖြစ်သည်။ ကိုဆုကလည်း ကျောင်း မပြီးသေး။

၁၉၉၅ ခုနှစ် ဇန်န၀ါရီလတွင် ညီငယ်တွေ ကျောင်းပြီးကြပြီး အဖေ ပင်စင် ယူသည်။ အားလုံး ရန်ကုန် ရောက်လာကြရာ ညီမလေး မိမိုး တစ်ယောက်ပဲ မော်လမြိုင်မှာ ခဏ ကျန်နေရစ်ခဲ့သည်။
၁၉၉၅ ခုနှစ် မတ်လတွင် ကျောက်မြောင်းကြီးလမ်း အိမ်သို့ ပြောင်းပြီး တစ်နှစ်ခန့် နေခဲ့ကြသေးသည်။
၁၉၉၆ ခုနှစ် မတ်လမှာတော့ ၆၉၊ သီတာလမ်း၊ ကျောက်မြောင်း တာမွေမြို့နယ်၊ ရန်ကုန်သို့ အပြီး ပြောင်းရွှေ့ လာခဲ့ကြသည်။
သူ့မိသားစုတွေ ရန်ကုန်မှာ နေထိုင်မှသာ မျက်စိပွင့် နားပွင့်မည်။ အခြေတကျ တိုးတက်မည်ဟု ကိုငှက်က ယုံကြည်ခဲ့သည်။

(၉)
မိသားစု အပေါ် သံယောဇဉ် ကြီးမားသကဲ့သို့ သူငယ်ချင်း မိတ်ဆွေများ အပေါ် ကိုငှက် ခင်တွယ်သည်။
ဂီတလောကထဲသို့ သူ ကိုယ်တိုင် တိုးဝင်ခဲ့စဉ် ကြုံတွေ့ခဲ့ရသည့် ခါးသီးမှုများကို သူ မမေ့။ ထို့ကြောင့် အသစ် ရောက်ရှိ လာမည့် လူသစ်တွေထဲက သူနှင့် စိတ်ချင်း နီးစပ်သူတွေကို ဘာဟိတ်ဟန်မှ အပို မရှိဘဲ လှိုက်လှိုက်လှဲလှဲ လက်တွဲ ခေါ်ယူတတ်သည်။

၁၉၈၉/၉၀ ကာလတွင် မန္တလေးမှ သူငယ်ချင်း တစ်ယောက်၏ အခွေ လာသွင်းသော လူငယ် တေးရေး ရွှေဂျော်ဂျော်နှင့် အိုအေစစ် စတူဒီယိုတွင် ဆုံတွေ့တွေ့ချင်း နှစ်နှစ်ကာကာ ခင်မင် သွားကြသည်။
"စကားတွေ ပြောဖြစ်ကြတယ်။ ပြောရင်းနဲ့ ပိုပြီး ရင်းနှီးလာတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း စိတ်အတွင်းသားချင်း တူတယ်။ ယုံကြည်မှု ပိုတက်လာပြီး နောက်တော့ သူက ကျွန်တော့ကို သီချင်း အပ်တယ်။ သီချင်း သုံးပုဒ်အပ်တော့ ကျွန်တော်က ၀မ်းသာတာပေါ့။ သူ့လို သီချင်းတွေ သိပ်ရေးတတ်တဲ့လူက ကျွန်တော့ဆီမှာ သီချင်း အပ်လိမ့်မယ်လို့ မမျှော်လင့်ဘူးလေ" ဟု ကိုရွှေ ပြောပြသည်။

ပရိုဂျူဆာနှင့်မိတ်ဆက်ပေးရာတွင် "ဒါကျွန်တော့်သီချင်းရေးဆရာပဲ" ဟု မာမာတင်းတင်းပွဲထုတ်ပေးခဲ့သည်။ ကိုရွှေက လန့်ပင်လန့်သွားသည်။ ထူးအိမ်သင်လို သီချင်းကောင်းတွေ ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်သူက သူ၏ သီချင်းရေးဆရာဟု ရည်ညွှန်းတာကို ယုံရမှာပင် ကိုရွှေဂျော်ဂျော်မ၀ံ့မရဲဖြစ်ခဲ့သည်။ သို့သော် သူ့သီချင်းတွေ ၀ယ်ယူခဲ့တာ လူကိုခင်၍ မဟုတ်ချေ။
"ကျွန်တော်က သီချင်းမကြိုက်ရင် ယူဆိုစရာအကြောင်းကိုမရှိဘူး" ဟု ကိုရွှေ့ကိုပြောခဲ့သည်။
သီချင်းရေးခနှင့်ပက်သက်ပြီးတော့လည်း ကိုရွှေရမည့် နှုန်းထားထက် နှစ်ဆရအောင်တောင်းပေးသည်။ ကိုရွှေမန္တလေးအပြန်တွင် သီချင်းသုံးပုဒ်စာ ရှင်းပေးလိုက်သည်။ ကိုရွှေက ပထမဆုံးရသော သီချင်းရေးခကို အမေ့လက်ထဲ ၀မ်းသာအားရထည့်ခဲ့သည်။

အဆိုပါ သီချင်းရေးခကို ထူးအိမ်သင်က ကြိုတင်စိုက်ထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း နောက်တော့မှ သိရလေသည်။

(၁၀)
ကိုတင်ဦးသောင်း အိမ်မီးလောင်၍ ဒုက္ခရောက်ခဲ့စဉ် ထူးအိမ်သင်က သီချင်းနှင့် တတ်အားသရွေ့ကူညီ ပေးခဲ့သည်။
ပဉ္စဂံတေးစုနှစ်ခွေကလည်း ပရိသတ်ကြားမှာအောင်မြင်ခဲ့လေသည်။
မောင်မောင်ဇော်လတ်ကို ကိုရွှေဂျော်ဂျော်ခေါ်ယူလာပြီး ကိုငှက်နှင့် မိတ်ဆက်ပေးသောအခါ ကိုငှက်က အသက်အရွယ်ကိုမကြည့်။ သီချင်းတွေကိုပဲကြည့်ပြီး တကယ်ကောင်းမှန်းသိ၍ မောင်မောင်ဇော်လတ်၊ အယ်ဖြူတို့၏ သီချင်းတွေကို မဆိုင်းမတွဝယ်ယူခဲ့သည်။

ကိုငှက် ဈေးဦးဖောက်ဝယ်ယူခဲ့သည့်အတွက် တာရာ၊ ဗလ၊ အောင်ရင်တို့မှသည် ဇော်ဝင်းထွဋ်၊ လေးဖြူအထိ မောင်မောင်ဇော်လတ်၊ အယ်ဖြူတို့၏ ဖန်တီးမှုလက်ရာ သီချင်းများပျံ့နှံသွားခဲ့ခြင်း ဖြစ်သည်။
မောင်မောင်ဇော်လတ်၊ အယ်ဖြူတို့၏ The Ants "ပုရွက်ဆိတ် ကလေးများ" တေးဂီတအဖွဲ့ကိုလည်း ကိုငှက် အားပေးသည်။ "ရောင်စုံ ချောကလက်" အခွေမှာ သူကိုယ်တိုင်သီချင်းတွေ ၀င်ဆိုပေးခဲ့သည်။
The Ants ကို ပရော်ဖက်ရှင်နယ်ဝိုင်းကြီး တစ်ဝိုင်းဖြစ်လာဖို့အထိ ကိုငှက်က ဆန္ဒရှိထားပြီး အားပေးခဲ့ဖူးသည်။

မောင်မောင်ဇော်လတ်၊ အယ်ဖြူတို့ကိုယ်တိုင် ပရော်ဖက်ရှင်နယ်လို လုပ်ရမှာကို မပျော်ပိုက်၍သာ ဂီတလောက၌ ကိုယ်မွေ့လျော်သလို လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။

(၁၁)
ထူးအိမ်သင်နှင့် ကိုလေးဖြူတို့၏ ခင်မင်မှုမှာလည်း နက်ရှိုင်းခဲ့သည်။
၁၉၉၄ ခုနှစ် ဗဟန်း အထက(၂) နန်ယန်ကျောင်း၌ Iron Cross တေးဂီတအဖွဲ့နှင့် အတူ ထူးအိမ်သင်၊ လေးဖြူတို့ Two Men Shows အဖြစ်ဖျော်ဖြေခဲ့ကြသည်။
ထူးအိမ်သင်က ၂၁ပုဒ်၊ လေးဖြူက ၁၇ပုဒ်သီဆိုခဲ့ကြရာ၊ ထူးခြားသည်မှာ စင်ပေါ်က လုံးဝမဆင်း၊ မရပ်မနားကြဘဲ လေးဖြူဆိုသည့် အလှည့်တွင် ထူးအိမ်သင်က ဟာမိုနီလိုက်ပြီး၊ ထူးအိမ်သင်ဆိုသည့်အလှည့်တွင် လေးဖြူက ဟာမိုနီလိုက်ခဲ့သည်။ တွဲဆိုဖို့ သီချင်းကိုတော့ မြင့်မိုးအောင်၏ "စကားလုံးမရှိတဲ့ ကောင်းကင်" ကိုရွေးချယ်ထားပြီး ဟောလိုဂီတာနှင့် ဖျော်ဖြေခဲ့ကြသည်။

ပွဲအသိမ်းမှာ ထူးအိမ်သင်၏ "ရာဇ၀င်များရဲ့ သတို့သမီး" သီချင်းနှင့် အဆုံးသတ်ခဲ့ကြလေသည်။
၁၉၉၄ ခုနှစ် အောင်ဆန်းကွင်း မိုးလုံလေလုံခန်းမ၌ တင်ဆက်ခဲ့သော ထူးအိမ်သင်၊ လေးဖြူ၊ ချစ်ကောင်းတို့၏ Unplugged Live Show သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော Unplugged ဖျော်ဖြေတင်ဆက်မှုပင်ဖြစ်ခဲ့သည်။ မြန်မာ ပရိသတ်အတွင်း Unplugged အရသာကို ပထမဆုံးမြည်းစမ်းခွင့်ရရှိစေခဲ့သည်။
စာမျက်နှာတွေ အပေါ်အထိ Unplugged စစ်သည်/မစ်သည် ဆိုတာ အငြင်းပွားဂယက်ရိုက်ခဲ့သော ပွဲတစ်ပွဲလည်း ဖြစ်သည်။

ကိုငှက်က သူ့သဘောထားကို ရှင်းရှင်းပဲပြောခဲ့သည် -
"ဘယ် Unplugged မှာမှ Unplugged အစစ်မရှိဘူး၊ လျှပ်စစ်နည်းပညာမပါဘဲနဲ့တော့ ဒီအနုပညာတစ်ရပ်ဟာ လူထုထဲကို Record ရောက်သွားဖို့ ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ"

(၁၂)
များမကြာမီ ထူးအိမ်သင်၏ Unplugged အခွေထွက်လာခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံးသော Unplugged အခွေပဲ ဖြစ်ခဲ့ပြန်သည်။ အခွေရောင်းအားစံချိန်ချိုးခဲ့သည်။
Unplugged အပေါ် ထူးအိမ်သင်က "မိတ်ကပ် လုပ်ထားတဲ့ ရောင်စုံအလှအပတွေ ကြားထဲမှာ သနပ်ခါးရည်ကြဲနဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး "ရိုးစင်းမှုကနေ ဖြစ်ပေါ်လာတဲ့ အလှ" လို့ ခံစားရတယ်" ဟု ဆိုခဲ့သည်။

(၁၃)
"မြို့ပြလရောင် တမ်းချင်း" စီးရီးသည် သီချင်းငါးပုဒ်သာပါသော ကိုယ်ပိုင်သံစဉ်ဘလူးစ်များဖြစ်သည်။ ဆိုဒ်အေကော၊ ဆိုဒ်ဘီပါ ဤသီချင်းငါးပုဒ်ကိုပဲ ထည့်ထားခဲ့သည်။
"မြို့ပြလရောင် တမ်းချင်း" ကို ထူးအိမ်သင်ကိုယ်တိုင်ရေးဖွဲ့သည်။ အိမ်ပြန်ချိန် (အယ်ဖြူ)၊ အိပ်မက်ထဲက နှုတ်ခမ်းလေး (အယ်ဖြူ+မောင်မောင်ဇော်လတ်)၊ တကယ်ဆိုမင်းက (မောင်မောင်ဇော်လတ်)၊ ဇာတ်သိမ်းခန်းအလွမ်း (ဖိုးဇော်)၊ လေလွင့်ခြင်းလမ်းမများ (ထူးအိမ်သင်+မြင့်မိုးအောင်) တို့ဖန်တီးထားခဲ့ကြသည်။

"ထွက်ပေါက်မဲ့စွာ လမ်းများပေါ်ကျက်စားရင်း
နှလုံးသားထဲမှာ ဘ၀ရဲ့အဓိပ္ပာယ်ပြယ်လွင့်
ပုံသေလှုပ်ရှားနေ ယန္တရားစက်ရုပ်လူသားတွေ
ငါအလိုချင်ဆုံးက ငြိမ်းချမ်းရေးလရောင်လေး" …။

မြို့ပြရဲ့ အသည်းကွဲတဲ့ည
ဟူး…လရောင်လေးကိုလွမ်းတယ်။
မြို့ပြရဲ့ အသည်းကွဲတဲ့ည
လရောင်လေးကိုလွမ်းတယ်။
မြို့ပြရဲ့ အသည်းကွဲတဲ့ည
နီယွန်ရောင်စုံမီးတွေနဲ့ဝေးခဲ့တဲ့လမင်းလေး။

"မြို့ပြလရောင်တမ်းချင်း" ၏ ပရိုဂရမ်များကို ကိုမြင့်ဇော်က စီစဉ်သည်။ "မြို့ပြလရောင် တမ်းချင်း" သည် မြန်မာနိုင်ငံ၏ ပထမဆုံးထင်ရှားစွာထွက်ပေါ်လာသော Computer Programming Music ဖန်တီးမှုဖြစ်နိုင်စရာ ရှိသည်။

(၁၄)
ဇော်ဝင်းထွဋ်နှင့် ကိုငှက်တို့က အိုအေစစ်စတူဒီယိုမှာ ပထမဆုံး တွေ့ဆုံခဲ့ကြတာဖြစ်သည်။ ကိုငှက်၏ "နာရီပေါ်မှ မျက်ရည်စက်များ" ထွက်ပြီးချိန်။ ဇော်ဝင်းထွဋ်က သူ၏ တတိယအခွေဖြစ်သော " ကြယ်တံခွန်" ထွက်ပြီးနေပြီ။

အိုအေစစ်စတူဒီယိုတွင် ညဘက်ဝိုင်းဖွဲ့စားသောက်ပျော်နေချိန်။ ကိုငှက်ရုတ်တရက်ရောက်လာပြီး ချက်ချင်း"ကြယ်တံခွန် အချစ်ကလေးရေ"
ဟု အော်ဆိုကာ ဇော်ဝင်းထွဋ်လက်ကို ဆွဲပြီးကခဲ့သည်။ ထိုအချိန်မှစ၍ သူတို့နှစ်ယောက်၏ ခင်မင်မှုမှာ ကျယ်ပြန့်စွာ ခိုင်မြဲသွားတော့သည်။

(၁၅)
ကိုငှက်က ဟောဟောဒိုင်းဒိုင်းပွင့်ပွင့်လင်းလင်းချစ်ခင်ရင်းနှီးတတ်သလို သူခိုင်မြဲစွာ ဆုပ်ကိုင်ထားသည့် အယူအဆအပိုင်းတွင် အစွန်းရောက်ခေါင်းမာတတ်သည်။ အလျှော့မပေးတတ်ချေ။

တစ်ခုခုကို သူဆုံးဖြတ်ပြီးပြီဆိုလျှင်လည်း လွယ်လွယ်နှင့် မပြင်ဆင်။
၁၉၉၅ ခုနှစ် အကုန်ပိုင်းတွင် ဘိုထီး၊ အန်တီဂျွိုက်စ်(နွဲ့ယဉ်ဝင်း)၊ ပိုးပိုး(ပိုးဒါလီသိန်းတန်) တို့နှင့် အမေရိကား သွားဖို့ အစီအစဉ်တစ်ရပ်ပေါ်ပေါက်လာခဲ့သည်။ သို့သော် တကယ်သွားကြမည်ဆိုတော့ ကိုငှက်က "မလိုက်ချင်ဘူး" ဟုငြင်းခဲ့သည်။

အမေရိကားဆိုလျှင် သူများတွေက သွားဖို့ တကူးတကန့်ကြိုးစားနေကြချိန်။
သူကအကြောင်းပြချက်ခိုင်လုံစွာ မရှိဘဲ မလိုက်ချင်တာ မဖြစ်နိုင်။
ဝိုင်းမေးကြတော့ "မိန်းမခိုးဖို့ ကိစ္စရှိလို့"ဟု ဆိုသည်။
အားလုံးက မိန်းမကို နောက်မှပဲခိုးပါလား။ အမေရိကားအရင်သွား။ ဟိုကပြန်လာမှ ခိုးပါလား ဟု ထပ်ပြောကြည့်ကြသော်လည်း မရ။
ပိုးပိုးက "အရင်ခိုးပြီးလည်း သူတို့အိမ်မှာ လာထားထား။ အမေရိကားက ပြန်လာမှ ပြန်ခေါ်သွားပါလား" ဟု ဆိုသော်လည်း သူကမဖြစ်။
သူ့အတွက် ထိုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးက မိန်းမခိုးဖို့ပဲ၊ အားလုံးစီစဉ်ပြီးနေပြီ။ အမေရိကားမလိုက်တော့ဟု ဆို၍ သူတို့လက်လျှော့ပြန်သွားခဲ့ရသည်။

(၁၆)
၁၉၉၅ ခုနှစ် နိုဝင်ဘာတွင် သူ့ချစ်သူ သွယ်သွယ်ထွေး(မိသွယ်)နှင့် ကိုငှက်အိမ်ထောင်ပြုခဲ့သည်။

(၁၇)
မိသွယ်နှင့် ကိုငှက်တို့က အသက်ဆယ်နှစ်ကျော်ကွာကြသည်။
မိသွယ်သည် ပုသိမ်ဇာတိ။ သို့သော် ပုသိမ်သူအဖြစ် ကြီးပြင်းလာခဲ့တာမဟုတ်။ မိသွယ်၏ မိဘများဖြစ်ကြသော ဦးတင်စိုး၊ ဒေါ်ကြည်ကြည်သန်းတို့က အစိုးရ၀န်ထမ်းမိသားစုဖြစ်၍ ပုသိမ်ပြည်တော်သာအိမ်ရာမှာ နေထိုင်ခဲ့ကြသည်။ မိသွယ်အစ်ကိုကြီး (ဒေါက်တာ အောင်ဇော်ဦး) နှင့် ကျော်မြင့်လွင်တို့ ငယ်စဉ်တုန်းက ကစားဖော် ကစားဖက်တွေ။

အစ်ကိုအောင်ဇော်ဦးသည် ကလေးပေါက်စမိသွယ်လေးကို သူတို့တစ်တွေကစားရာ နေရာသို့ ချီပိုးခေါ်လာတတ် စမြဲ။ ထိုအခါကျလျှင် ကျော်မြင့်လွင်အပါအ၀င် သူငယ်ချင်းတွေတစ်ယောက်တစ်လှည့် ချီပိုးထိန်းပေးရင်း ကစားခဲ့ကြသည်။
မိသွယ်တစ်နှစ်ခွဲအရွယ်မှာ ဖေဖေရာထူးတိုးပြီး ရန်ကုန်သို့ပြောင်းရသည်။ မိသားစုကို ပြန်ခေါ်ချိန်မှာ ပုသိမ်တွင် မုန်တိုင်းကျနေသည်နှင့် ကြုံခဲ့ရလေသည်။ မုန်တိုင်းအပြီး တစ်နှစ်ခွဲအရွယ်မှစ၍ မိသွယ်လည်း ရန်ကုန်သို့ ရောက်ရှိသွားတော့သည်။

မိသွယ်လေးတန်းနှစ်တွင် ကိုကြီး(ဒေါက်တာ အောင်ဇော်ဦး)နှင့်အတူ အိမ်သို့လာလည်သော အခါကျမှ သူ့ကိုကောင်းစွာ စတင်တွေ့ဖူးခြင်းဖြစ်သည်။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ မျက်မှန်ထူထူ၊ ဆံပင်တွန့်တွန့်နှင့်။
ထိုစဉ်က နာမည်ကြီးအဆိုတော်အဖြစ်သေး။ အခွေလာသွင်းတာဟုသာ သိခဲ့ရသည်။

ထူးအိမ်သင်အဆိုတော်ဖြစ်ပြီးနောက် ခေတ္တနေထိုင်ခဲ့သော သုဝဏ္ဏမှအိမ်သည် မိသွယ်၏ အစ်မတို့အိမ် ဖြစ်သည်။ အစ်မတို့ဇနီးမောင်နှံမနေဖြစ်သေးခင် အားလပ်နေစဉ် ထူးအိမ်သင်ခဏရေထိုင်ခဲ့ခြင်းဖြစ်သည်။

(၁၈)
ထူးအိမ်သင်တစ်ယောက် ခရီးဝေးကြီးထွက်ခွာပြီးနောက် စိတ်ကူးယဉ်အိပ်မက်တွေ ပြိုကျပြီး စိတ်ဒဏ်ရာ များစွာနှင့် ပြန်လာရောက်ချိန်လာချိန်။
မိသွယ်တို့အိမ်မှာပဲ သောင်တင်ခဲ့ပြန်သေးသည်။ ထိုအချိန်က မိသွယ်က အစစအရာရာနားလည်ခံစား တတ်သောအရွယ်သို့ ရောက်ရှိလာခဲ့ပြီး၊ သူတို့၏ နှလုံးသားချင်းဆက်သွယ်မိခဲ့ကြတာ အချိန်တိုအတွင်းမှာပဲ ဖြစ်ခဲ့သည်။

လက်ထပ်ဖို့ အထိတော့ အချိန်တစ်ခုယူခဲ့ကြသည်။ သူတို့လက်ထပ်ပွဲမှာ အဆောင်အယောင်အခမ်းအနားမပါ၊ ရိုးရှင်းခဲ့သည်။ လက်မှတ်ရေးထိုးပြီး အကြင်လင်မယားဘ၀သို့ ရောက်ရှိခဲ့ကြတော့သည်။

(၁၉)
၁၉၉၆ခုနှစ်၊ ဇွန်လ ၄ရက်နေ့တွင် သမီးလေး မိကွန်ထောကို မွေးဖွားလာခဲ့သည်။
"ကျွန်တော့်မှာ သမီးလေးတစ်ယောက်ရှိပါတယ်။ သမီးလေးရဲ့ ရှေ့ရေးအတွက် ပူပန်သောကစိတ်ဆိုတာ ကျွန်တော့်မှာ မရှိပါဘူး၊ သူ့ကို ဘယ်လိုဖြစ်စေချင်သလဲဆိုတာလည်း ကျွန်တော့်မှာ မရှိပါဘူး၊ ကျွန်တော်ဖြစ်စေချင်တိုင်းလည်း သူတို့ဖြစ်မှာမဟုတ်ပါဘူး၊ သူတို့ဟာနဲ့ သူတို့၊ သူတို့ဘ၀လေးနဲ့၊ သူတို့အတ္တလေးတွေနဲ့။ သူတို့က သီးခြားပုဂ္ဂိုလ်လေးတွေ ဖြစ်ကြပါတယ်။ ကျွန်တော့်ရဲ့ဆန္ဒ၊ ကျွန်တော့်ရဲ့ အတ္တ၀န်ထုပ်ကို သားသမီးတွေရဲ့ ခေါင်းပေါ်၊ သူတို့ရဲ့ ပုခုံးပေါ်ကို လွှဲပြောင်းတင်ပေးလိုက်ဖို့ ကျွန်တော့်မှာစိတ်ကူးလုံးဝမရှိပါဘူး။ ကျွန်တော့်အိမ်ထောင်ရေးနှင့် ပက်သက်လို့ယေဘုယျပြောရရင် ကောင်းပါတယ်။ သာမာန်ပါပဲ။ သူလို ကိုယ်လိုပါပဲ" ဟု အင်တာဗျူးတစ်ခုတွင် ကိုငှက်ပြောဖူးသည်။

ထိုသို့ပြောသာပြောသော်လည်း တကယ်တမ်းကျတော့ သမီးအတွက် သူတအားကို စိတ်ပူတတ်သည်။ ကလေးနေမကောင်း၍ ဆေးတိုက်လျှင် ဆေးလုံးကအစ လည်ချောင်းနင်မှာစိုး၍ အမြဲအမှုန့်ကြိတ်ချေပြီးမှ တိုက်သည်။ မိသွယ်ကသာ တစ်ဖက်တစ်လမ်းမှ ဆေးခဲကို မျိုချတတ်အောင် ကျင့်ပေး၊ သင်ပေးခဲ့ရသည်။
သမီးလေးကျောင်းထားသည့်အရွယ်ပင် မရောက်သေးခင်။

သူကသမီး၏ အနာဂတ်လုံခြုံရေးအတွက် စိတ်တွေပူပေးနေခဲ့သည်။ သမီးအလိုမတူဘဲ ကျူးကျော်စော်ကားမှု နှင့်ကြုံရလျှင် ခုခံကာကွယ်နိုင်ဖို့အတွက် သိုင်းပညာသင်ထားပေးရန် စံရိပ်ငြိမ်တုန်းက ခင်မင်ခဲ့သော စက်မှုတက္ကသိုလ်ကျောင်းဆင်း သိုင်းဆရာ ကိုထွန်းဝေကိုပင် လိုက်ရှာနေခဲ့ဖူးသေးသည်။

(၂၀)
သမီးလေးမွေးဖွားလာသည့်အတွက် ကလေးတွေနှင့် ပက်သက်သော တေးဂီတများ ဖန်တီးဖို့လည်း သူစိတ်ကူးရှိလာခဲ့သည်။
"ကျွန်တော့်သမီးလို ကလေးတွေနဲ့ ပက်သက်လို့ မြန်မာပြည်က ကလေးတွေဆိုဖို့ သီချင်းတွေက တော်တော်ရှားတယ်ဗျ။ ရှားဆို မရှိသလောက်ပါပဲ။ အဲ့ဒါလေး တစ်ခုတော့ စိတ်ကူးရှိတယ်။ ကလေးတွေဆိုလို့ ရမယ့်၊ ကလေးတွေနဲ့ သင့်တော်မယ့် သီချင်းလေးတွေ၊ နောက်ပြီးတော့ ကလေးတွေကိုယ်တိုင်ဆိုထားကြတဲ့ သီချင်းလေးတွေ လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်ပေါ့။ ကလေးတွေဆိုတာ သူတို့နဲ့ သင့်တော်၏ မသင့်တော်၏ မစဉ်းစားနိုင်ကြပါဘူး။ သူတို့ ဆိုဖို့ မသင့်တော်တဲ့သီချင်းတွေ၊ သူတို့မသိတဲ့၊ လိုက်မမီတဲ့အတွေးအခေါ်တွေ ပါတဲ့ သီချင်းမျိုးတွေ ဆိုနေရတယ်။ ဒါကို ကျွန်တော့် စိတ်ထဲမကောင်းဘူး" ဟု သူပြောခဲ့ဖူးသည်။

(၂၁)
သမီးနှင့်ကလေးတွေအတွက် သီချင်းများကို သူစိတ်ကူးထဲမှာ တည်ရှိသော်လည်း ပုံမဖော်ခဲ့ရ။
ဒါပေမယ့် သူတကယ် ဖန်တီးဖြစ်ခဲ့တာက "အမေ (သို့မဟုတ်) အကြွင်းမဲ့ မေတ္တာတော်ရှင်" စီးရီးခွေ။
၁၉၉၇ ခုနှစ်ထဲမှာ စီစဉ်ဖြစ်သည်။
မိခင်ဘွဲ့ သို့မဟုတ် မိခင်မေတ္တာအကြောင်းကို တေးရေး ဂီတစာဆိုများက ရေးဖွဲ့ထားခဲ့ကြသမျှ ကောင်းနိုးရာရာ သီချင်းတွေကို ရွေးချယ်စုစည်းပြီး သူပြန်ဆိုခဲ့သည်။
Iron Cross တေးဂီတအဖွဲ့က တီးခတ်ပေးခဲ့လေသည်။
"အကြွင်းမဲ့ မေတ္တာတော်ရှင်" နောက်ပိုင်း တကိုယ်တော်စီးရီးအဖြစ် "၀င်ရိုးစွန်းမီး" ထွက်လိုက်သေးသည်။
ထိုနောက်ပိုင်းတွင် အတွဲခွေတွေထဲမှာပဲ တစ်ပုဒ်စနှစ်ပုဒ်စ ၀င်ဆိုခဲ့သည်။
သီချင်းရေးတာလည်း အတော်နည်းသွားသည်။

သီချင်းရေးအားနည်းပါးသွားရခြင်းမှာ အကြည်ဓာတ်ခန်းလာ၍ ဖြစ်သည်ဟု သူဆိုခဲ့သည်။ သီချင်းတစ်ပုဒ် ဖန်တီးရာတွင် စိတ်ထဲမှာ အကြည်ဓာတ်ကလေးရှိနေမှ၊ ထိုအကြည်ဓာတ်ကလေးနှင့် စိုစွတ်နေမှ ရေးလို့ ကောင်းသည်ဟု သူခံယူသည်။ အကြည်ဓာတ်ခန်းသောအခါ သူသီချင်းမရေးတော့ချေ။

သီချင်းကိုအားယူပြီး ရေးရတာမျိုးကိုလည်း သူဝါသနာမပါ။ သူ့ဘာသာ အလိုလိုစီးကျလာသည်ကို စောင့်ပြီး ခံယူရတာမျိုးကိုပဲ လိုချင်သည်။ အားထုတ်ညှစ်ယူရသည့် သီချင်းမျိုးကို သူမလိုချင်။ သို့ဖြစ်၍လည်း နောက်ပိုင်းမှာ သီချင်းအရေးကျဲသွားရသည်ဟု သူပြောပြခဲ့သည်။
ရှိုးပွဲတွေလည်း သူသိပ်မဆိုဖြစ်။ ငြီးငွေ့တာလည်းပါသည်။ ပြီးတော့ အခန်းတွင်းပွဲလေးတွေ ဖြစ်နေတာကို သူမကြိုက်။ သူကဆိုချင်း ဆိုလျှင် Open air concert တွေပဲ ဆိုချင်သည်။

(၂၂)
BIG FIVE အခွေလုပ်ခဲ့စဉ် ရွှေဂျော်ဂျော်၊ မြင့်မိုးအောင်၊ ဇော်ဝင်းထွဋ်၊ မျိုးကျော့မြိုင်၊ ဘိုဘို၊ စည်သူလွင်တို့နှင့်အတူ ထိုင်းနိုင်ငံသို့ သွားခဲ့သည်။
ဤခရီးစဉ်မှာ ဖိတ်ခေါ်သော ပရိသတ်တစ်ခ်ုကို ဖျော်ဖြေပေးဖို့ မဟုတ်ဘဲ တေးစီးရီးအသံသွင်းဖို့ ဖြစ်၍ ထူးခြားသည်။
သူတို့ဆီက ဂီတလောကို အနီးကပ်ကြည့်ခွင့်ရခဲ့သည်။ Audio entertainment ဈေးကွက်က လွန်စွာ ကြီးမား ကျယ်ပြန့်သည့်အတွက် အယ်လ်ဘမ်တစ်ခုအောင်မြင်ပြီ ဆိုလျှင် သန်းနှင့်ချီ၍ ရောင်းရသည်။ အနုပညာရှင်များ အနေနှင့်လည်း ခံစားခွင့်ပိုရှိသည်။ ဂီတစီးပွားရေးထုတ်ကုန်လုပ်ငန်းကြီး တစ်ခုလုံးဝင်ငွေကောင်းသည့်အတွက် သူတို့သုံးစွဲသော ပစ္စည်းကိရိယာများမှအစ လွန်စွာကောင်းမွန်နေတာ တွေ့ခဲ့ရသည်။

"ရုပ်ဝတ္ထု ပစ္စည်းတွေနဲ့ နည်းပညာပိုင်းမှာတော့ ကျွန်တော်တို့ထက် သာတယ်။ ဖန်တီးနိုင်မှုစွမ်းရည်ကို ကျွန်တော်ပြောတာမဟုတ်ဘူးနော်" ဟု သူဆိုခဲ့သည်။

(၂၃)
တေးရေး ဂီတစာဆို၊ ကဗျာဆရာ၊ ပန်းချီဆရာ သုခမိန်လှိုင်၏ ဆန်းကြယ်သော စိတ်ကူးတစ်ခုကို သူဝင်ပြီး ဖန်တီးပေးခဲ့ဖူးသည်။
ဤသို့ရသ စာပေ၀တ္ထုတစ်ပုဒ်ကို အသံထွက်ခံစားမှုအဖြစ် တိပ်ခွေထွက်ခဲ့တာ မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်မည် ထင်သည်။ နိုင်ငံရပ်ခြားမှာတော့ ရသ၀တ္ထုတွေသာမက အထူးပြု ဘာသာရပ်ဆိုင်ရာ စာပေများ၊ အတ္ထုပ္ပတ္တိများ၊ ဂန္တ၀င် စာကြီးပေကြီးများကိုပင် အသံနှင့်ဖတ်ပြီး တိတ်ခွေ၊ စီဒီများနှင့် ဖြန့်ချီရောင်းချသည်။ ဘဲန်ကင်စလေ၊ ၀ူပီဂိုလ်းဘတ်၊ မိုက်ကယ်ယော့ခ်၊ ရှရွန်စတုန်း အစရှိသည့် နာမည်ကျော်တွေက အသံနှင့် သရုပ်ဆောင်၍ ဖတ်ပြခဲ့ကြသည်။

ဆရာ သုခမိန်လှိုင်စီစဉ်ခဲ့သော တိပ်ခွေမှာ စာရေးဆရာမ ဂျူး၏ ၀တ္ထုတိုနှစ်ပုဒ်ဖြစ်သည်။ ဟေမာနေ၀င်းက "ရေမျောသီး" ၀တ္ထုတိုကို ဖတ်ရှုပေးခဲ့ပြီး ထူးအိမ်သင်က "မြရဲ့လ" ၀တ္ထုတိုကို ဖတ်ပေးထားခဲ့လေသည်။

(၂၄)
ကိုငှက်က ပကာသနကို မက်မောသူ မဟုတ်ချေ။ အဆိုတော်အဖြစ်စီးရီးအယ်လဘမ်အတွက် ဓာတ်ပုံရိုက်ရမည်ဆိုလျှင် ဖြစ်နိုင်ပါက သဘာဝအတိုင်း ရိုက်ချင်သည်။
တစ်နေ့တွင် ဦးသန်းလွင်စီစဉ်သည့် စီးရီးအတွက် ဓာတ်ပုံရိုက်ဖို့ ၀ဏ္ဏခွာနီထံ သူဖုန်းဆက်ခဲ့သည်။
"မနက်ဖြန် တခြားဘယ်သူ့ကိုမှ မရိုက်ရဘူး။ ငါတစ်နေကုန်ရိုက်မယ်" ဟု ဆိုသည်။

နောက်တစ်နေ့နံနက် ၁၀နာရီမှာ စီးတီးမတ်တွင် နှစ်ယောက်ဆုံပြီး ဂျော်နီလမ်းလျှောက် တစ်ပုလင်း၊ ဖန်ခွက် နှစ်ခွက်၊ စီးကရက်တစ်ဗူး ၀ယ်ကာ ဓာတ်ပုံစတူဒီယိုသို့ သွားကြသည်။
ဓာတ်ပုံမရိုက်ခင် နှစ်ယောက်သား ရေချိန်ကိုက်လိုက်ကြသည်။ ၀ဏ္ဏခွာနီး၏ အဖွဲ့သားတွေက ဓာတ်ပုံရိုက်ဖို့ စောင့်နေကြသည်။ သူတို့နှစ်ယောက်က သီချင်းများအကြောင်း၊ ကိုးရီးယားရုပ်ရှင်၊ ဘောလုံးပွဲများ၊ ရုပ်ရှင်များ အကြောင်းတွေ စကားဖောင်ဖွဲ့နေကြသည်။

သောက်လိုက် ပြောလိုက်နှင့် နေ့လည် ၁၂နာရီထိုးသွားသည်။ အချိန်တွေက တရွေ့ရွေ့။ အဖွဲ့သားတွေက ဓာတ်ပုံရိုက်ဖို့ စောင့်နေကြဆဲ။ သုံးနာရီထိုးသွားခဲ့သည်။
အဲ့သည်တော့မှ ကိုငှက်ကြီးက သူဝတ်ထားသည့် အ၀တ်အစားနှင့်ပင် ဓာတ်ပုံအရိုက်ခံသည်။
ဆလိုက် ၁၀ပုံနှင့် ဖလင်၃၈ ပုံအတွက် ၁၅မိနစ်သာ ကြာလိုက်သည်။
"ငါက ဓာတ်ပုံရိုက်ဖို့ ၀န်လေတတ်တယ်ကွ။ ဒါမျိုးရိုက်ချင်တာမဟုတ်ဘူး။ သဘာဝကျကျ ဓာတ်ပုံမျိုးပဲရိုက်ချင်တာ။ Live သဘောမျိုးပေါ့ကွာ" ဟုဆိုသည်။

ဝဏ္ဏခွာနီးကတော့ဖြင့် ဓာတ်ပုံရိုက်ဝါသနာမပါသော ကိုငှက်ကြီးနှင့် သူ၏စတူဒီယိုထဲတွင် စကားတွေ အများကြီး ပြောရင်း၊ ဓာတ်ပုံတွေ ရိုက်ရင်း အတူရှိခဲ့ကြသော နေ့တစ်နေ့ကို မမေ့နိုင်စရာ တစ်ခုအဖြစ် မှတ်တမ်း ရေးထိုးခဲ့ရတော့သည်။

(၂၅)
ထူးထူးဆန်းဆန်း။ ဆရာဒေါက်တာ စိုင်းခမ်းလိတ်က သူ့ကို အော်တိုရေးခိုင်းဖူးသည်။ ထူးအိမ်သင်နန်းသီတာမှာ ဘီယာသောက်နေစဉ် ဆရာဒေါက်တာစိုင်းခမ်းလိတ် ရောက်လာပြီး အော်တိုစာအုပ်ထိုးပေးသည်။ သူက
"ဆရာ၊ ကျွန်တော့်ကို မနောက်ပါနဲ့" ဟုပင်ဆိုမိသေးသည်။

ဆရာ ဒေါက်တာစိုင်းခမ်းလိတ်က ပြုံးစိစိနှင့်ပင် သူ့အော်တိုမဟုတ်ပါကြောင်း၊ သူ့သမီး၏ အော်တိုစာအုပ် ဖြစ်၍ အမှတ်တရ ရေးပေးစေလိုကြောင်း ရှင်းပြသည်။
ထူးအိမ်သင်က သူဘာရေးရလျှင် ကောင်းမလဲဆိုတာ စဉ်းစားသည်။ ဆရာဒေါက်တာစိုင်းခမ်းလတ်လို တေးရေး စာဆို ပုဂ္ဂိုလ်ကျော်၏ သမီးကို အမှတ်တရအဖြစ် သူကဘာများ ရေးပေးရမလဲ။
ဖျတ်ကနဲ သူအတွေးရသွားသည်။
"ကြွေနေတဲ့ ပန်းကလေးများ လိုက်ကောက်ခြင်းမှ ကျေနပ်မှု အပြည့်အ၀ ရတဲ့ချစ်သမီးလေးရေ ဒီလိုသာ အမြဲရောင့်ရဲနေတတ်ရင်ဘယ်လောက်ကောင်းမလဲ" ဆိုသည့် ဆရာ ဒေါက်တာ စိုင်းခမ်းလိတ်၏ "နန်းခမ်းနွဲ့အတွက် သီချင်းတစ်ပုဒ်" ကို အစအဆုံး တစ်လုံးမကျန်ရေးပြီး လက်မှတ်ထိုးပေးလိုက်သည်။

ဤသီချင်း တစ်ပုဒ်လုံးကို သူအစအဆုံး အလွတ်ရနေခြင်းသည် ဆရာဒေါက်တာစိုင်းခမ်းလိတ်အပေါ် သူဘယ်လောက်တန်ဖိုးထားလေးစားကြောင်း ဖော်ပြပြီးသား ဖြစ်ရုံသာမက ဖခင်တိုင်း၏ သမီးများအပေါ် ထားရှိကြသော စိတ်သဘောထားကိုလည်း ထင်ရှားသွားစေသည်။







ဆက်ရန်...

No comments:

Post a Comment