Thursday 18 April 2013

ဇီတာ - အရိုး (အပိုင်း-၂)

(၁)

ကန်ရေပြင်ကျယ်ကြီးတစ်ခုကို လှမ်းမြင်နေရသည့် တိတ်ဆိတ်ငြိမ်သက်သော စားသောက်ဆိုင်လေး တစ်ခုထဲတွင် ဖြစ်၏။ အချိန်မှာ နေဝင်ဖျိုးဖျ။ အသက်ငါးဆယ်ကျော်ခန့် ဖြူဖြူဖိုင့်ဖိုင့်နှင့် ခန့်ခန့်ညားညား ရှိလေသော လူကြီးတစ်ယောက်သည် လှပသော ဝီစကီဖန်ခွက်လေးတစ်ခုကို လက်ထဲတွင် မထိတထိ ကိုင်ထားလျက် စားပွဲတစ်ဖက်မှ လူငယ်ကို သေချာစိုက်ကြည့်နေလေသည်။ ဆိုင်ထဲတွင် လူ သိပ်မရှိ။ တိတ်ဆိတ်လျက် ရှိလေသည်။လူငယ်မှာ လူကြီးကို အလိုမကျသလို ပြန်ကြည့်နေလေ၏။ ထိုနောက် တိတ်ဆိတ်ခြင်းကို လူငယ်ကပင် စတင် ဖြိုခွင်းလိုက်၏။

"သားအဖချင်း စကားပြောတာပဲ အဖေရာ၊ အိမ်မှာပြောလည်းရတဲ့ဥစ္စာကို၊ ဘာကိစ္စ ဒီနေရာ တကူးတကန့် လာထိုင်ရတာတုံး"

လူကြီးမှာ ကိုင်ထားသော ဝီစကီခွက်ကို စားပွဲပေါ်ပြန်တင်ရင်း ပြုံးလိုက်၏။ ထို့နောက် အေးဆေးစွာ ပြောလေသည်။

"ဒီနေရာကို မင်းက ဘာအောက်မေ့လို့လဲ၊ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော် နှစ်သုံးဆယ်လောက်တုံးက ဒီနေရာမှာ မင်းအမေက ငါ့ကို အဖြေပေးခဲ့တာကွ"

လူငယ်သည် မဆိုစလောက် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ ချက်ချင်း တစ်စုံတစ်ရာကို သတိပြုမိသွားသလိုနှင့် မေးလေ၏။လူကြီးက ချက်ချင်း ပြန်မဖြေ။ ဖင်ကပ်သာ ကျန်တော့၍ အရောင်အဆင်း ဖျော့တော့လွန်းနေသော ဝီစကီးကို ကုန်အောင် မော့လိုက်၏။ လူငယ်မှ အလိုက်သိစွာ စားပွဲအလယ်မှ ဂိုးလ်လေဘယ် ပုလင်းအပြည့်နီးပါး ခေါင်းကျိုးရုံလောက်ကို ယူကာ လူကြီး၏ခွက်ထဲသို့ သင့်ရုံထည့်ပေးလေ၏။ ထို့နောက် ရေခဲတုံးလေးများကို ထပ်၍ ဖြည့်ပေးရင်း

"တော်ရုံတန်ရုံ ပြောစရာကိစ္စလောက်နဲ့တော့ အဖေ တကူးတက ဒီကိုလာမှာ မဟုတ်ဘူး ထင်တယ်၊ ကျွန်တော် သိသလောက်တော့ အဖေ့မှာ အထူးအထွေ ဘာမှမရှိလှဘူး၊ အဆင်ပြေနေတာပဲ၊ မဟုတ်မှလွဲရော ကျွန်တော်နဲ့ ဆိုင်တာပဲ ဖြစ်မယ်၊ အဖေ ဟုတ်လား"

လူကြီးလေသံ အတော်ဖမ်း၍ မေးလေ၏။ လူကြီးမှာ သူ့သားသူ ကြည့်ကာ ရယ်လေ၏။

"ပုဏ္ဏား မင်းဟာလေ မင်း သူငယ်ချင်း ချိုကြီးတို့ ဘာတို့ကတော့ တော်လှတော်လှနဲ့ ပြောတာပဲ၊ ငါ့မျက်စိထဲတော့ မင်းဟာ အတော်ရယ်ရတဲ့ လေးငါးနှစ် ငါ့သားပဲ၊ အားလုံး ကိုးရိုးကားရား ... အေး ဟေး ဟေး ... မင်းမေးတာတော့ ဟုတ်တယ်၊ မင်းအကြောင်း ပြောမလို့ ငါ ဒီခေါ်လာတာ"

"အာ အဖေကလည်း ... ပြောလေ ဘာကြီးလဲ"

"မင်း စာမေးပွဲဖြေနိုင်တယ် မဟုတ်လား၊ မေးသာမေးရတာပါကွာ၊ မင်းအကြောင်း ငါသိပါတယ်"

"ဘာဖြစ်လို့လဲ အဖေ"

"မင်း အခု ကျောင်းလဲပြီးပြီ၊ ဘွဲ့လည်းရမှာပဲ၊ မင်း ဘာဆက်လုပ်မလဲ ဟေ့ကောင်၊ ကောင်းကောင်းဖြေနော်၊ ငါ အကောင်းမေးနေတာ၊ ပြောစရာရှိလို့"

လူငယ် စိတ်ညစ်ညစ်နှင့် ခေါင်းကုတ်နေလေ၏။ သူ့ဟာသူ ဘာလုပ်ရကောင်းမည်ကို စဉ်းစားထားမိသေးပုံ မရ။ ခဏငြိမ်နေပြီးမှ ပြန်ဖြေ၏။

"ကျွန်တော် ဆံပင်အရှည်ထားမယ် အဖေ၊ ပြီးတော့ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးလည်း အရှည်ထားကြည့်မယ်၊ အဲလိုထားနေရင်း ကျွန်တော် အလုပ်တစ်ခုခု လုပ်မယ် အဖေ"

လူကြီးမှာ ဒေါပွသွားလေ၏။

"ဟေ့ကောင် ... ကောင်းကောင်းဖြေပါလို့ ငါ ပြောထားတယ်နော်၊ ငါ အကောင်းပြောနေတာ၊ မင်း နောက်စရာ မဟုတ်ဘူး"

"ကျွန်တော်လည်း တကယ် စဉ်းစားပြီးမှ ပြောတာပါ အဖေရ"

"မင်းကိုယ်မင်း မေးကြည့်ဖူးလား၊ မင်း ဖြေကြည့်စမ်း၊ မင်းဘာကောင်လဲ"

လူငယ်မှာ တွေဝေသွားလေ၏။ ထို့နောက် မျက်မှောင်ကုတ်ကာ စဉ်းစားနေပြန်၏။ လူကြီးမှာ ဘာမှ ဆက်မပြောဘဲ ပြုံးကာ ကြည့်နေလေ၏။ အတန်ကြာသွားမှ လူငယ် ပြန်ဖြေ၏။

"သေချာစဉ်းစားကြည့်တော့မှ ကျွန်တော်ဟာ ဘာကောင်မှ မဟုတ်ဘူး အဖေ"

လူကြီးမှ စိတ်ကျေနပ်သွားပုံဖြင့်

"အေး ... အဲဒါ ပြောတာပဲ ငါ့သား၊ မင်းဟာ ဘာကောင်မှ မဟုတ်တာတော့ မဟုတ်ဘူး၊ ဘာကောင်မှ မဟုတ်ခဲ့တာ၊ ရှေ့လျှောက်မှာတော့ မင်း အဲဒီလို ဖြစ်နေဖို့ မကောင်းတော့ဘူး၊ လူ့လောက တောနက်ကြီးထဲမှာ မင်းဟာ တစ်ကောင်ကောင်တော့ ဖြစ်ကို ဖြစ်လာရတော့မယ်၊ မင်းဟာ အရွယ်ရောက်ခဲ့ပြီး၊ ရှေ့ဆက်သွားမယ့် မင်းဘဝအတွက် လိုအပ်ချက် အတော်များများလည်း မင်းမှာ ပြည့်စုံပြီးပြီ၊ တစ်ခုပဲ ကျန်တော့တယ်"

"ဘာလဲ အဖေ"

"အဲဒါ မင်းဘဝအတွက် တစ်သက်လုံး အဖော်အဖြစ်နဲ့ နေသွားနိုင်မယ့် တစ်ယောက်ယောက်ပဲ၊ ပုဏ္ဏား ... မင်း မိန်းမယူဖို့ စ စိတ်ကူးကြည့်ပေတော့"

"ဗျာ"

"ဟုတ်တယ်၊ မင်းကို အဲဒါ ပြောချင်လို့ ဒီခေါ်လာတာ"

"မလုပ်ပါနဲ့ အဖေရယ်၊ အေးအေးဆေးဆေး နေပါရစေ၊ ချမ်းသာပေးပါ"

လူကြီးမှ လေးလေးနက်နက်ပြောရန် ပြင်၏။ လူငယ်မှာ စိတ်ရှုပ်ရှုပ်နှင့် ကြည့်နေလေ၏။

"မင်းကို ငါက မိန်းမပေးစားလိမ့်မယ်လို့တော့ ဘယ်တော့မှ စိတ်မကူးနဲ့၊ အဲလို အဓိပ္ပာယ်မရှိတဲ့ နိုင်ထက်စီးနင်းကိစ္စမျိုးကို ငါ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး၊ ဟိုလူ့သမီးလေး မဆိုးဘူးကွ၊ ဒီလူ့သမီးလေး စဉ်းစားကြည့်ပါလားဆိုတဲ့ ရေလာမြောင်းပေး ခပ်ညံ့ညံ့အောင်သွယ်အလုပ်လည်း ငါ လုပ်မှာ မဟုတ်ဘူး၊ ငါ ပြောချင်တာက မင်း အိမ်ထောင်ကျခါနီးပြီ၊ သတိနဲ့နေလို့ ပြောချင်တာ"

"အဖေ ဘာတွေပြောနေတာလဲ"

"ဒီမှာ ငါ့သား ... လောကကြီးမှာ တချို့ကိစ္စတွေက လူတွေဦးနှောက်နဲ့ လက်လှမ်းမမီတာမျိုးတွေ ရှိတယ်၊ အဖေအယူသီးတတ်တဲ့ လူမျိုး မဟုတ်ဘူးဆိုတာ မင်း သိပါတယ်၊ ဒါပေမဲ့ မင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ အဖေတစ် ခုခုကို ယုံကြည်လာမိတာ ရှိတယ်၊ တကယ်လည်း ဒီနေ့အထိ မင်းနဲ့ ပတ်သက်တဲ့ တိုက်ဆိုင်မှုတွေက အမြဲ မှန်ကန်လာခဲ့တာကိုး၊ မင်းဘဝနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို ငါတို့နဲ့ ဘယ်လိုမှ မပတ်သက်တဲ့ လူတစ်ယောက်က ကြိုပြီး ပြောသွားခဲ့ဖူးတယ် ဘယ်သူလဲလို့ မမေးနဲ့၊ အဖေလည်း ဘယ်လိုမှ မမှတ်မိတော့ဘူး၊ မှတ်မိတာက သူ ပြောသွားတဲ့ မင်းရဲ့ ဘဝအကြောင်းပဲ၊ ဒီနေ့ထိ သူ ပြောခဲ့တာတွေနဲ့ မင်း တောက်လျှောက် ဖြစ်ပျက်လာခဲ့တာချည်းပဲ၊ ဒါပေမဲ့ တစ်ခု ဆန်းတာက မင်းအကြောင်းကို မင်း အိမ်ထောင်ကျသွားမယ့် အချိန်အထိပဲ သူပြောနိုင်တယ်လို့ ပြောသွားတယ်၊ အဲဒီ ကိစ္စကို သူကိုယ်တိုင်လည်း အံ့သြတယ်၊ ဘယ်လိုဖြစ်တာလဲ မသိဘူးလို့ ပြောသွားတာကိုတော့ အဖေ မှတ်မိနေသေးတယ်၊ အခု သူ ပြောသွားတဲ့ ပြောသွားတာကိုတော့ အဖေ မှတ်မိနေသေးတယ်၊ အခု သူ ပြောသွားတဲ့ အချိန်နား နီးလာပြီ ငါ့သား၊ အဲဒါကြောင့် မင်း မိန်းမယူဖို့ စ စိတ်ကူးကြည့်တော့လို့ ပြောတာ"
ဗေဒင်တွေ ယတြာတွေ ဟိုကိစ္စ ဒီကိစ္စတွေနှင့် လုံးဝနီးပါး ပတ်သက်လေ့မရှိသော မွေးသဖခင်မှ ဤသို့လာပြောနေသဖြင့် လူငယ်မှာ အံ့သြကာ တွေနေလေသည်။ လူကြီးမှာ အာခြောက်သွားပုံနှင့် ဝီစကီကို အနည်းငယ် ကျိုက်လေသည်။ လူငယ်သည် လူကြီးကို သေချာကြည့်၍

"အဖေ မူးများနေလား"

လူကြီးမျက်နှာ ရှုံ့မဲ့သွားလေသည်။ ဒေါသလည်း ထွက်သွားပုံရ၏။

"ဟေ့ကောင် ... ငါ တစ်ခါတလေ သောက်တတ်ပေမဲ့ မင်းတစ်သက်မှာ ငါ အရက်မူးတာ မြင်လို့လား"

"မမြင်ဖူးပါဘူး"

"ဒါဆို ဘာကိစ္စ လာမေးနေလဲ၊ ဘာလဲ ငါ ပြောတာတွေ မင်းမယုံဘူးလား"

"မဟုတ်ဘူးလေ၊ အဖေက တစ်သက်လုံး ဒါမျိုးတွေနဲ့မှ မပတ်သက်ဖူးတာ"

"အေး ငါလည်း မင်းလိုပဲ အစက မယုံဘူးကွ၊ တိုက်ဆိုင်တာတွေ များ များလာလွန်းလို့ ယုံသလိုလို ဖြစ်လာတာ၊ မင်းက ကာယကံရှင်မို့လို့ မင်း သိသင့်တယ်ထင်လို့ ငါ ပြောပြတာ၊ ကျန်တာ မင်းသဘောပဲ ငါ့သား"

"တစ်ထပ်တည်း မဟုတ်ပေမဲ့ အတော်နီးစပ်တယ်၊ မင်း ဘယ်အရွယ်မှာ ဘာဖြစ်လိမ့်မယ်ဆိုတာတွေကတော့ ကွက်တိပဲ၊ ဥပမာကွာ ငါက သူပြောခဲ့တာ မယုံလို့ မင်းကို ရှစ်နှစ်သားမှာ ရှင်ပြုပေးဖို့ လုပ်တယ်၊ ထူးထူးခြားခြား အကြောင်းကိစ္စ အမျိုးမျိုး လာ လာ ပေါ် ပေါ်နေပြီး သူပြောခဲ့သလိုပဲ မင်း ဆယ်နှစ်သားကျမှ ရှင်ပြုဖြစ်တယ်၊ အဲလိုမျိုးတွေ အများကြီး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့တာကွ"

"အဲ့လူနဲ့ အဖေက ဘယ်မှာတွေ့တာလဲ"

"ရွှေဘုန်းပွင့် ဘုရားပေါ်မှာကွ၊ ငါက မင်းကိုချီပြီး ဘုရားလာတာ၊ ဘယ်သူမှ မပါဘူး၊ အဲဒီလူက ရုတ်တရက် ရောက်လာပြီ ငါနဲ့လည်း မသိဘဲနဲ့ မင်းကိုကြည့်ပြီး မင်းအကြောင်းတွေ ပြောတော့တာပဲ"

"အေးလေ၊ ဒါကြောင့် မင်း သိသင့်တယ်ထင်လို့ ငါ ပြောတာပေါ့"

"ဒါဆို အဖေ အစကတည်းက ဘာလို့ မပြောတာလဲ"

"ကျန်တဲ့ ကိစ္စတွေက အရေးမှ သိပ်မကြီးတာကိုးကွ၊ အိမ်ထောင်ကကျမယ့် ကိစ္စကျတော့ မင်း တစ်သက်လုံးအတွက် အရေးပါတာကိုး"

"ကျွန်တော် မိန်းမရပြီ ဘာဖြစ်မှာလဲ"

"သူလည်း ဒီနေရာကစပြီး မမြင်တော့လို့ ထူးဆန်းတယ်ဆိုပြီး ငါ့ လာပြောတာလေကွာ၊ ငါလည်း ဘယ်သိမှာလဲ"

"မသိဘူးလေကွာ၊ သူကတော့ ရကိုရမယ် ပြောတာပဲ"

"ဘယ်တော့တဲ့လဲ အဖေ"

"အခု မင်းရောက်နေတဲ့ နှစ်ဆယ့်နှစ်နှစ်နဲ့ နှစ်ဆယ့်ငါးကြားတဲ့"

"ဒါကျ အတိအကျ မဟုတ်ပါလား အဖေရ"

"ငါလည်း စဉ်းစားနေတာ အဲဒါပဲ၊ ခါတိုင်းဟာတွေက အတိအကျကွ၊ မှန်လည်း မှန်ခဲ့တာချည်းပဲ"

လူငယ်မှာ စဉ်းစားရင်း ခဏငြိမ်သွား၏။ ပြီးမှ တစ်စုံတစ်ရာကို စဉ်းစားမိသလို လန့်သွားပြီး အလောတကြီး ပြော၏။

"နေဦး အဖေ၊ ကျွန်တော်က မိန်မကို တစ်ခါပဲရမှာလား၊ ခဏ ခဏ ရ ရနေမှာလား"

"အဲ"

"နောက်ပြီး မိန်းမရပြီးတော့ ကျွန်တော် ကံကြမ္မာကို သူ ဆက်မမြင်တော့ဘူးဆိုတော့ ကျွန်တော်ရတဲ့ မိန်းမက ကျွန်တော့်ကို အကြီးအကျယ်နိုင်ပြီး ကျွန်တော့် ကံကြာမ္မာကိုပါ သူက စီမံခန့်ခွဲသွားတော့မှာမျိုးလား"

"ဟေ ... အေး ဟုတ်သား၊ မင်းပြောမှပဲ ငါ ဒါမျိုးစဉ်းစားမိတော့တယ်"

"နှစ်ခုလုံးကတော့ လုံးလုံး မကောင်းဘူးနော် အဖေ၊ မိန်းမ ခဏ ခဏ ရရနေ မိန်းမ ခဏ ခဏ ယူယူနေရတာလဲ လူကြားလို့ မကောင်း၊ မိန်းမ အနိုင်ခံနေရတာမျိုးက ပိုဆိုးသေး"

"အေးကွ"

"ဒုက္ခပါပဲ အဖေရာ၊ အဖေ့ဟာကလည်း"

"ငါ့ဟာ မဟုတ်ဘူး၊ မင်းဟာကွ၊ တစ်သက်လုံး မိန်းမအနိုင်ခံ နေရတာထက်စာရင် မိန်းမ ခဏ ခဏ ရရနေတာကမှ တော်ရင်တော်ဦးမှာ"

"အာ ... သေရချည်ရဲ့ အဖေရာ၊ စဉ်းစားကြည့်ရုံနဲ့တင် တော်တော် စိတ်ညစ်စရာကြီး၊ တစ်ယောက်ကိုလိုက်ပိုးရ၊ မင်္ဂလာဆောင်ရ ပေါင်းရ ပြီးတော့ ပြန်ကွာရ၊ ပစ္စည်းခန်းတွေ ဘာတွေ ခွဲရ၊ ကလေးတွေ ဘာတွေရနေပြန်ရင်လည်း သူယူ ငါယူ ငြင်းရ၊ ကိစ္စရှင်းတော့ နောက်တစ်ယောက် တစ်ခါတွေ့ပြန်ပြီး အစက ပြန်ပိုးရ၊ မင်္ဂလာဆောင်ပြန်ရ၊ ကျွန်တော် မဖြစ်ခင် ဘယ်လိုနေမလဲ သိရအောင် အဖေ မိန်းမ လေးငါးယောက်လောက် ယူလိုက်ကွာလိုက် လုပ်ကြည့်ပါလား"

"ဟ ... အာ ... တော် တော် ဟေ့ကောင်၊ မင်းပြဿနာ ငါ့ပြဿနာ လာမလုပ်နဲ့"

"နေဦး အဖေ၊ ဘာမှမမြင်တော့ဘူးဆိုတော့ မိန်းမရပြီး ကျွန်တော် သေသွားတာရော မဖြစ်နိုင်ဘူးလား"

"အဲလိုတော့ မဟုတ်ဘူးကွ၊ ငါလည်း အဲဒီတုန်းကတည်းက စိုးရိမ်လို့ မေးပြီးပြီ၊ သေတာမဟုတ်ဘူးကွ၊ ကံကြမ္မာတွေ ပြောင်းသွားတာ၊ တိတိကျကျ ပြောရရင် မင်းရမယ့် မိန်းမကြောင့် မင်းကံတွေ ပြောင်းကုန်တာ"

"ဒီနှစ်အတွင်း ဘုန်းကြီးဝတ်နေရင်ကော"

"မင်း သုံးနှစ်လုံး ဘုန်းကြီးဝတ်နေနိုင်ရင် လုပ်ကြည့်လေ၊ ငါတော့ မထင်ဘူးကွ၊ ဖြစ်စရာရှိ ဖြစ်ကိုဖြစ်ခဲ့တာချည်းပဲ"

"ဘယ်လိုကြီးလဲ အဖေရာ၊ ဒုက္ခပါပဲ"

"ဟ ငါလည်း မတတ်နိုင်ဘူးလေကွာ၊ မင်းကံကို သူ ပြောသွားတာပဲဟာ"

"မိန်းမရပြီး ဒုက္ခတွေ ဘာတွေ ရောက်အုန်းမှာလား"

"ငါလည်း မသိဘူးလေကွာ၊ မင်းဟာမင်းသာ သတိနဲ့ နေပေတော့ ပုဏ္ဏား"

"ပြဿနာပဲ"

(၂)

"မင်းဟာကြီးကလည်း ဘာကြီးလဲကွ"

"အေးလေ၊ ဘာကြီးမှန်းမသိလို့ မင်းတို့ကို ပြောပြတာပေါ့"

"မဟုတ်သေးပါဘူး ရဲသင်ရာ၊ ကံကြမ္မာဆိုတာ အပြောင်းအလဲ ရှိတာချည်းပါပဲ၊ ဒီလို ဒီလို ဖြစ်ရမယ်ဆိုတိုင်းသာ လျှောက်ဖြစ်နေရင် လူတွေက ဘာလုပ်စရာ လိုတော့မလဲ၊ နဂိုတည်းက ဖြစ်စရာရှိတာတွေ အတိအကျ အစီအစဉ်နဲ့ ရှိနှင့်ပြီးသားဆိုမှတော့ ငါတို့က ဘယ်လိုနေပြီး ဘာလုပ်စရာ လိုတော့မလဲ"

"တင်မောင် ... မင်း အဲလိုတော့ မပြောနဲ့ကွ၊ လောကကြီးမှာ လူတွေ လက်လှမ်းမမီနိုင်တဲ့ကိစ္စတွေ ရှိတယ်နော်၊ အဲဒါကိုတော့ မင်းလက်ခံ"

"ဒါတော့ ငါလက်ခံပါတယ် ချိုကြီးရာ၊ ငါပြောချင်တာက ဒီကောင့် ကိစ္စမှာ အစွဲအလန်းကြောင့် မလိုလားတာတွေ ဖြစ်ကုန်မှာ စိုးလို့ဟ"

"အေး ဒါတော့ ငါလည်းသဘောတူတယ် တင်မောင်၊ ဒါပေမယ့် မင်းတို့ ငါ့ကို သိပါတယ်၊ ငါ့စိတ် အဲလောက် မပျော့ပါဘူး၊ ဒါဖြစ်လာမယ်ဆိုတာ သိရတိုင်း ဖြစ်တော့မှာပဲဆိုပြီး စွတ်ယုံပစ်လိုက်တဲ့လူမျိုးထဲ ငါ မပါပါဘူးဟ၊ ငါ့စိတ်ထဲ ထူးဆန်းတယ်ထင်လို့သာ မင်းတို့ကို ပြောပြတာပါ၊ အဲလောက်ကြီးလည်း မဟုတ်ပါဘူး၊ လူပဲကွာ၊ အချိန်တန် အိမ်ထောင်ကျချင် ကျမှာပေါ့၊ မကျချင်လည်း မကျဘဲ နေချင်နေမှာပေါ့၊ အိမ်ထောင်ကျတော့လည်း ကျတဲ့အလျောက် မကျတော့လည်း မကျတဲ့အလျောက်ပေါ့ကွာ၊ သိပ်အရေးမကြီးပါဘူး၊ ဒါပေမဲ့ ငါလိုကောင်မျိုး အိမ်ထောင်ကျမယ်ဆိုတာကို ထူးဆန်းလို့ မင်းတို့ကို ပြောပြတာဟ၊ စဉ်းစားကြည့်လေကွာ၊ ငါ့မှာ နီးနီးကပ်ကပ်နေလို့ ဖြစ်သွားရလောက်မယ့် မိန်းကလေးသူငယ်ချင်းလည်း သိပ်ရှိတာမဟုတ်၊ နဂိုကတည်းကလည်း ရည်းစားထားဖို့တို့ အီစီကလီလုပ်ဖို့တို့လည်း ဝါသနာပါတာ မဟုတ်ဘူး မိန်းကလေးမိတ်ဆွေတွေ အသိအကျွမ်းတွေကတော့ အများကြီးပေါ့ကွာ၊ ဒါပေမယ့် သူတို့လည်း ငါ့ကြိုက်တာမဟုတ်၊ ငါကလည်း သူတို့ ကြိုက်တာမဟုတ်၊ တခြားမကြည့်နဲ့လေကွာ၊ မျက်ရှုကိုပဲ ကြည့်၊ ငယ်ငယ်တုန်းက သူနဲ့ငါ အတော်ရင်းတာကွာ၊ ပြီးတော့ ခြံချင်းလည်း အခုထိ ကပ်လျက်၊ ဒါပေမယ့် ခပ်တန်းတန်းပဲ ဥစ္စာ"

"ဒါပေမယ့် မင်းမိန်းမ မယူချင်ဘူး ဆိုရင်တော့ သတိထားစရာ အကောင်းဆုံးထဲမှာ မျက်ရှုကတော့ ထိပ်ဆုံးကပဲ၊ မင်းတို့က အလကားနေရင်းကို ပတ်ပတ်သက်သက် ရှိ ရှိနေတာ"

"ငါတော့ မထင်ဘူး ရဲသင်၊ ကံအကြောင်းတိုက်ဆိုင်လို့ ပတ်ပတ်သက်သက် ရှိနေတာက တခြားပဲ၊ မင်းတို့နှစ်ယောက်လုံးကို ငါတို့ ငယ်ငယ်ထဲက သိတာပဲ၊ မင်းလည်း သူ့မကြိုက်သလို သူကလည်း မင့်ကြိုက်ပုံမှ မရတာ"

"အဲလို မပြောနဲ့ တင်မောင်၊ အိမ်ထောင်ကျတယ်ဆိုတာ ဘယ်လိုမဆို ဖြစ်သွားနိုင်တာပဲ၊ လူကြီးတွေက ထပေးစားရင်ကောကွာ"

"အဲဒါက ပိုတောင် မဖြစ်နိုင်သေး၊ ငါ့အဖေအကြောင်း ငါသိသလို သူတို့အိမ်အကြောင်းလည်း ငါသိတယ်၊ အဲဒါမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး"

"ဒါမှမဟုတ် အခုမှစတွေ့ပြီး ဗြုန်းစားကြီး အိမ်ထောင်ကျသွားရင်ကောကွာ"

"အဲဒါတော့ ဘယ်တတ်နိုင်မလဲကွာ"

"ထားလိုက်ပါတော့ကွာ၊ လောကကြီးမှာ အရေးကြီးတဲ့ကိစ္စတွေ အများကြီးပါ၊ ငါ မိန်းမရတာ မရတာက သိပ်အရေးမကြီးပါဘူး၊ လာကြကွာ၊ ပျင်းစရာကြီး၊ ဘိလိယက် သွားထိုးရအောင်"

(၃)

တစ်ပတ်ခန့် ကြာသောအခါ ရဲသင်ရံမှာ သူ မိန်းမရမည့် ကိစ္စအဟောကို မေ့သွားလေ၏။ အကြောင်းမှာ သူ့အဖေ၏ အကူအညီဖြင့် Tour ကုမ္ပဏီ တစ်ခုကို ထူထောင်နေသောကြောင့် ဖြစ်လေသည်။ မိခင်ဘာသာစကားအပြင် အခြားဘာသာစကား သုံးမျိုးခန့်တတ်သည် သာမက ဒေသန္တဗဟုသုတလည်း အထိုက်အလျောက် ရှိသဖြင့် သူကိုယ်တိုင် Tour Guide လုပ်ကာ Package Tour များ လုပ်ကိုင်ရန် စီစဉ်လေ၏။ မည်သူနှင့်မျှ သိပ်မတွေ့ဖြစ်။ ရုံးနှင့် အိမ်၊ အိမ်နှင့် ရုံး ကူးချည်သန်းချည်နှင့် အလုပ်ရှုပ်၍ နေလေသည်။ တစ်ခါတစ်ရံ အိမ်မပြန်ဖြစ်တော့ဘဲ ရုံးတွင် အိပ်လိုက်ရသည်လည်း ရှိ၏။ တစ်ညနေ စာရွက်စာတမ်းများ၊ ရုံးဖိုင်များနှင့် ရှုပ်ပွစွာ အိမ်ပြန်ရောက်လာသည် ရှိသော် ...

ဧည့်ခန်းမှ ဆိုဖာဆက်တီကြီးပေါ်တွင် ကျကျနန လဲလျောင်းလျက် တိုင်းမ်မဂ္ဂဇင်းကို တစ်ရွက်ချင်း စိမ်ပြေနပြေဖတ်နေသော ဆံပင်တိုတို ဖြူဖြူချောချော ကောင်မလေးတစ်ယောက်ကို တွေ့လေ၏။ ရဲသင်ရံမှာ နေ့ခင်းကြောင်တောင် တစ္တေအခြောက်ခံရသူကဲ့သို့ လွန်စွာ အံ့အားသင့်လျက်

"ဟ ... မေနိုး နင် နင် ဘယ်တုန်းက ပြန်ရောက်နေတာတုံး"

အသံကြားသဖြင့် ကောင်မလေးမှာ စာအုပ်ကိုချကာ လှမ်းကြည့်သော် ရဲသင်ရံကို မြင်လေရာ ဝမ်းသာအားရ ခုန်ထလျက် ပြေးလာကာ ဖက်၍ နှုတ်ဆက်ရင်း ဖြေလေသည်။

"ဝေး ကိုကို ... နေ့လည်က ရောက်တာ၊ ဟား ဟား"

ရဲသင်ရံမှာ ဝမ်းသာအားရ အလိုက်သင့် ပြန်ဖက်နှုတ်ဆက်ရင်း အဆက်မပြတ် မေးလေ၏။

"နင် နင်တစ်ယောက်ထဲ ပြန်လာတာလား၊ အန်တီမေရီတို့ရော"

ကောင်မလေးမှာ ရဲသင်လက်ကို ဆွဲခေါ်လာကာ ခုံမှာထိုင်စေရင်း ဖြေ၏။

"ဒက်ဒီနဲ့ မားမား ကျန်ခဲ့တယ်၊ ဒက်ဒီခွင့်မရလို့ မေနိုးတစ်ယောက်တည်း ပြန်လာတာ"

"နင် ကျောင်းပြီးသွားပြီလား၊ လူကြီးတွေရော နေကောင်းကြရဲ့လား၊ ဟိုကောင် ဂျိုနသန်ရော"

"မေနိုးက ပြီးခဲ့တဲ့လက ကျောင်းပြီးသွားပြီ၊ အားနေတဲ့ကြား ပြန်လာတာ၊ မာမီတို့အားလုံး အိုကေပဲ၊ still going strong ပဲ ဂျိုနသန်က ဂရိတ်ဖိုက် ရောက်နေပြီ"

"ဟ အတော်ကြီးပြီပဲ၊ ဒီကောင် ဗမာလိုရော တတ်ရဲ့လား"

"တတ်တယ်၊ အိမ်မှာဆို မေနိုးတို့ ဗမာလိုပဲပြောတာ ကိုကိုသိသားပဲဟာ"

"နင်ကလည်း အွန်လိုင်းမတတ်တာ လနဲ့ချီပြီ၊ ဟိုတလောက အဖေတောင် နင်တို့ကို မေးနေသေးတယ်"

"Exam Hell လေ ကိုကိုကလည်း"

"ပြန်လာမှာကို ဘာလို့ ကြိုမပြောတာလဲ၊ နေဦး နင်ရောက်နေတာ အဖေ သိလား"

"သိတာပေါ့၊ မေနိုးကို အန်ကယ်လာကြိုတာပဲ ဥစ္စာ၊ အန်ကယ်က ကြိုသိပြီးသား၊ ဟီး ဟိ၊ ကိုကို suprise ဖြစ်အောင် ကြိုမပြောခိုင်းထားတာ၊ ဒါကြောင့် အန်ကယ်က ကိုကို့ကို သိမသိ မေနိုးတို့အကြောင်း မေးတာ ဖြစ်မှာပေါ့"

"ကောင်မစုတ်လေး ... ဟဲ့ နင် ဘယ်လောက် ကြာမှာလဲ တောင်ကြီးအိမ်သွားဦးမှာလား"

"ဘာလဲ ကိုကိုက ဒီမှာ ခေါ်မထားချင်ဘူးလား"

"မဟုတ်ပါဘူးဟ၊ ရိုးရိုးမေးတာပါ"

"မသိသေးဘူး ကိုကို၊ ကြာရင်လည်း ကြာမယ်ထင်တယ်၊ မေနိုးက ဒီမှာပြန်လာနေချင်တာ၊ ဘာလုပ်ရမလဲ မသိသေးဘူး"

"ဘာလဲ တောင်ကြီးမှာ နေမလို့လား"

"တောင်ကြီးမှာတော့ နေချင်ဘူး၊ သူတို့အကြောင်းလည်း ကိုကိုသိတာပဲဥစ္စာ၊ မေနိုးနဲ့ ဖြစ်မှာမဟုတ်ဘူး၊ ပြီးတော့ မေနိုးက ရန်ကုန်မှာပဲ ပိုနေချင်တယ်"

"ဒါဆိုလည်း အိမ်မှာနေပေါ့ဟာ၊ နင်ကြိုက်တဲ့အခန်း နင့်ဟာနင်ရှာ၊ သူတို့ကလည်း ငါတို့ကို အဆက်အသွယ်မလုပ်တာ ကြာပြီဟ၊ ဟိုတစ်ခါ အဖေနဲ့ ပြဿနာဖြစ်ပြီးကတည်းကပဲ၊ နင်သိတယ် မဟုတ်လား"

"သိတယ်လေ၊ ကောင်းပါတယ်၊ နောက်ဆို တစ်ချိန်လုံး ဟိုဟာလှမ်းတောင်း ဒီဟာလှမ်းတောင်း လုပ်နေဦးမှာ၊ မေနိုးတို့ဆီတောင် တစ်ခါတလေလှမ်းပြီး နားပူနားဆာ လုပ်သေးတယ်"

"အောင်မာ ညည်းက နားပူနားဆာတွေ ဘာတွေ မှတ်မိသေးလား"

"မှတ်မိတာပေါ့ ဟား ဟား"

"နေဦး နင် ဘာစားပြီးပြီးလဲ"

"စားရသေးဘူး၊ အန်ကယ်က မှာသွားတယ်၊ သူနောက်ကျမယ်တဲ့၊ မစောင့်နဲ့တဲ့၊ ကိုကိုပြန်လာမှ ထွက်စားတဲ့"

"ဘာစားချင်လဲ"

"သိဘူး၊ အားလုံး လျှောက်စားချင်တယ်၊ ဒါပေမယ့် အခု မဆာသေးဘူး၊ ကိုကို ရေချိုးပြီးမှ"

"မေနိုး၊ နင်အခန်းရွေးဦး၊ ရွေးပြီးပြီလား"

"အင်း ကိုကို့အခန်းမှာ နေမယ်၊ ကိုကို့အခန်းက view ကောင်းတယ်၊ ရေကန်ကို လှမ်းမြင်ရတယ်"

"အင် ငါက ဘယ်မှာသွားနေရမှာလဲ"

"သိဘူး ဟီး ဟိ"

"ကောင်မစုတ်လေး ရောက်တာနဲ့ ငါ့ကို အနိုင်ကျင့်တာပဲ၊ နေဦး ဒီနေ့တော့ ဘုရားခန်းဘေးက အခန်းမှာအိပ်၊ နောက်နေ့မှ ကိုကုလားတို့ကို ရွှေခိုင်းပေးမယ်"

"ကိုကို ရေချိုးမလို့လား"

"ရေကူးမလို့ဟ၊ ငါ ခါးနည်းနည်းနာချင်နေတယ်"

"အတော်ပဲ မေနိုးလည်း ရေကူးမလို့"

"ဘုရားရေ"

"ဟုတ်တယ်လေ၊ ကိုကိုက ကိုယ်ချင်းမစာတာ၊ လေယာဉ်အကြာကြီးစီးခဲ့ရတာတော့"

"အေး အေးဟာ၊ ပြီးရော"

"ကိုကိုက အဘိုးကြီးနဲ့ တူလာတယ် ဟား ဟား"

"မေနိုး ညည်းဟာ အကျင့်ကို မပျောက်ဘူး၊ အဲဒါကြောင့် ဘယ်သူမှ ညည်းနဲ့ မတည့်တာ၊ သူများဆို နည်းနည်းတော့ မကောင်းပြောလိုက်ရမှ"

"ကိုကိုမို့လို့ ပြောတာပါနော်"

"ထားပါတော့ ထားပါတော့၊ ငါ အင်္ကျီသွားလဲဦးမယ်"

ထူးထူးဆန်းဆန်း ဟိုအကောင့်ခြံထဲ ရေကူးကန်ဘက်မှ ဟီးဟီးဟားဟား အသံများကြား၍ မျက်ရှု အိမ်ဘေးဝရံတာဘက် ထွက်ကြည့်မိလေသည် မျက်ရှု မျက်လုံးပြူးသွားလေ၏။

တစ်သက်လုံး ဘယ်မိန်းမမှ စိတ်မဝင်စားခဲ့သော ဟိုအကောင်မှာ ဖြူဖြူချောချော ကောင်မလေးတစ်ယောက်နှင့် ရေကူးကန်ထဲတွင် စိန်ပြေးတမ်း ကစားနေလေ၏။

ကောင်မလေးနှင့်လည်း အတော် ရင်းနှီးပုံရ၏။

ဘယ်လိုဖြစ်တာပါလိမ့်။ ဘယ်လိုမှတော့ မခံစားရ။

သို့သော် မျက်ရှု ခေါင်းထဲ မိုက်ခနဲ တစ်ချက်တော့ ဖြစ်သွား၏။ တုပ်ကွေးမိထားသဖြင့် အားနည်နေသည်ဟု ယူဆကာ မျက်ရှု အိမ်ထဲ ပြန်ဝင် လာခဲ့လေသည်။


(၄)

"မြတ်စွာဘုရား ... ဒါ ဒါ မေနိုးလား၊ ဟဲ့ကောင်မလေး နင်ရုပ်ပြောင်းသွားလှချည်လား"

"ဘာလဲ ပိုချောလာတယ် မဟုတ်လား ကိုချိုကြီး ဟဲ ဟဲ"

"အဲဒါတော့ ချိုကြီးအစား ငါ ထောက်ခံတယ် မေနိုး၊ နင်က ဘာလဲ အပြီးပြန်လာတာလား"

"အဲဒါတော့ ကိုတင်မောင်တို့အပေါ် မူတည်တယ်၊ အပြီး ပြန်လာနေစေချင်ရင် အလုပ်ရှာပေးလေ၊ ကောင်လေးချောချောလေးတွေလည်း ရှိမယ်၊ လခလည်း ကောင်းကောင်း ရမယ်၊ ဟီ ဟိ"

"အဲဒါဆို နင် မင်းသမီးလုပ်ဖို့ပဲ ရှိတယ်"

"အာ မင်းသမီးတော့ မလုပ်ချင်ပဘူး၊ ဟိုလူက ကိုယ့်လာဖက်လိုက်၊ ဒီလူက ကိုယ့်လာထိလိုက်နဲ့၊ နောက်ပြီး မေနိုးက အလှပြင်ရတာ ဝါသနာ မပါဘူး"

"ဟဲ့ ညည်း ယောက်ျားယူလိုက်ပါလား၊ ဒါဆို အေးအေးလူလူ ထိုင်စားရုံပဲ၊ ငါတို့ ဝိုင်းရှာပေးမယ်လေ"

"လုံးဝပဲ၊ တစ်သက်လုံး မယူဘူး၊ ကိုယ့်လွတ်လပ်မှုကို အဆုံးရှုံး မခံနိုင်ဘူး၊ အမယ် ကိုချိုကြီးက ရှာပေးမယ်သာပြောတာ၊ ကိုချိုကြီးတို့ ကိုတင်မောင်တို့ ကိုကိုတို့ အားလုံး အတူတူပဲ၊ တစ်ယောက်မှ အသုံးမကျကြဘူး၊ ကိုယ့်ဟာကိုယ်တောင် အဖြစ်ရှိအောင် ရည်းစားလေးတစ်ယောက်လောက် မရှာနိုင်ကြသေးဘဲနဲ့"

"သေရောဟ"

"ဟား ဟား ဟား ငါတို့ကလည်း ဟုတ်တာပဲ"

"အင်းပါ အင်းပါ ယုံပေးရတာပေါ့"

"မေနိုး ... လောလောဆယ် အလုပ်မရှိသေးရင် နင့်ရဲ့အစ်ကိုနှစ်ဝမ်းကွဲကြီးဆီမှာ လုပ်ပါလား၊ ပေါ့သေးသေး မဟုတ်ဘူးနော် အမ်ဒီဟ၊ အမ်ဒီလည်းသူပဲ ပြောတာလည်း သူပဲ"

"အမလေး ကိုကို့ဆီမှာတော့ မလုပ်ပါရစေနဲ့၊ ဘယ်တော့မှ လခကောင်းမှာ မဟုတ်ဘူး၊ ငယ်ငယ်ကတည်းက သိပ်ကပ်စီးနှဲတာ"

"အောင်မာ ညည်းအခု ဘယ်သူ့ပိုက်ဆံနဲ့ သုံးဖြုန်းနေတာလဲ"

"ကိုကို့ ပိုက်ဆံနဲ့လေ ဟီ ဟိ"

"ဒါများ ငါ့လာပြောနေသေး"

"နေဦး နေဦး မေ့နေတာ အခုမှသတိရတယ်၊ ကိုတင်မောင်တို့တွေ့မှ သတိရတာ၊ ကိုကို ဟိုဘက်ခြံက မမမျက်ရှုကော ယောက်ျားရ သွားပြီလား"

"ဘယ်ရဦးမလဲ မေနိုးရဲ့၊ တို့သုံးယောက်ကို စောင့်နေရှာတာလေ"

"ဘယ်ကလာ တင်မောင်ရာ၊ ငါတို့ကို မဟုတ်ဘူး မေနိုးရဲ့၊ နင့်အစ်ကိုကို စောင့်နေတာ"

"ဟုတ်လားကိုကို ဟီ ဟိ"

"တော်စမ်းပါကွာ၊ မင်းတို့ကလည်း ငါ့ကို အဲဒီကောင်မလေးအကြောင်း မပြောကြစမ်းပါနဲ့၊ မျက်ခုံးလှုပ်လွန်းလို့၊ အခုတလော မတွေ့တာကြာလို့ သက်ပြင်းလေးချမိရုံရှိသေး"

"ကိုကိုတို့က မိုက်တယ်၊ အရင်လိုပဲ၊ ဘာ changer မှ မရှိဘူး၊ အေးဆေးပဲ"

"အမယ် မိုက်တယ်တွေ၊ အေးဆေးပဲတွေ ညည်းမှတ်မိတုန်းပါလား"

"မှတ်မိတာပေါ့ ကိုချိုကြီးကလည်း၊ မြန်မာမပဲဥစ္စာ မြန်မာစကား မှတ်မိတာပေါ့"

"မသိဘူးလေဟာ၊ တချို့က သူများတိုင်းပြည် သုံးလလောက်ရောက်သွားရင်ကို what is ငပိတွေ ဘာတွေ ဖြစ်ကုန်တတ်လို့"

"ဟာ ကိုတင်မောင်ကလည်း မေနိုးက အဲ့လိုအစားမျိုးလား၊ နေဦး ကိုဇော်ဝါးကြီးရော"

"ခရီးသွားတယ် မရှိဘူးဟ၊ ဇော်ဝါးဆိုတဲ့အတိုင်း မှုန်ဝါးဝါးပဲ"

"မဟုတ်ဘူးဟ၊ ညည်းကိုယူဖို့ အလုပ်ကြိုးစားနေတာ"

"အမလေးတော်၊ သူ့ယူမယ့်အစားတော့ သီလရှင်ပဲ ဝတ်လိုက်တော့မယ်"

"ဟား ဟား မနက်က ငါနဲ့ ဖုန်းရပါတယ်ဟ၊ မင်းကိုယူဖို့ မေနိုး ပြန်ရောက်နေတယ်လို့ ငါပြောတော့ ညည်းအတိုင်း ပျာပျာသလဲပဲ၊ ဒီအကောင် ဘားအံရောက်နေတယ်ဟ၊ ညည်းကိုယူမယ့်အစား သံလွင်မြစ်ထဲ ခုန်ချမယ်တဲ့"

"အောင်မာ ... သူကပဲ နာရတယ်ရှိသေးတော်၊ တော်ပြီ တော်ပြီ ဒီဆိုင်မှာ ထိုင်ရတာ ပျင်းလာပြီ၊ သွားမယ်"

"ဟ ရုတ်တရက်ကြီး ဘယ်တုံးဟ"

"ဗိုလ်ချုပ်ဈေး သွားချင်တယ်၊ မရောက်သေးဘူး၊ တစ်ယောက်ယောက် လိုက်ပို့"

"တင်မောင် ... မင်းလိုက်ပို့လိုက်ကွာ၊ ငါက ဒီမှာ ချိုကြီးအသိတစ်ယောက်နဲ့ အလုပ်ကိစ္စ ချိန်းထားသေးတယ်ဟ"

"သြော ... ခြေထောက်ညောင်းမယ့်ကိစ္စကျတော့ လက်ရှောင်ကြတယ်ပေါ့လေ"

"မဟုတ်ပါဘူး၊ တကယ်ပါဟ"

"လာပါ ကိုတင်မောင်ကလည်း ... ဒီလောက် အကြာကြီး မတွေ့ရတဲ့ ကိုယ့်ညီမကိုတောင် လိုက်မပို့ချင်ဘူးလား၊ လာ လာ ထ လိမ္မာတယ်"

"လိုက်ဆို လိုက်ခဲ့မယ်၊ ခွေးလိုတော့ လာမခေါ်နဲ့၊ ကဲ ကြွ ကြွ ကျေးဇူးရှင်လေး"

"ဟီ ဟိ လိမ္မာတယ် လိမ္မာတယ်"

"တော်စမ်း"

ကော်ဖီဆိုင်ထဲမှ မေနိုးနှင့် တင်မောင် ထွက်သွားကြသည်ကို ကြည့်ရင်း ချိုကြီးနှင့် ရဲသင်မှာ ပြုံးကာ ကျန်ခဲ့ကြလေ၏။ တစ်ဖက်ဝိုင်းမှ ချာတိတ်နှစ်ယောက် မေနိုးကို လိုက်ငမ်းနေကြသည်ကိုပါ တွေ့ကြလေ၏။ ချိုကြီးမှ

"ဟုတ်တော့ ဟုတ်ယတ် ရဲသင်ရ၊ ဒီကောင်မလေး တော်တော်တော့ လှလာတယ်၊ အရင်လို ညစ်ပတ်ပေရေ မနေတော့ဘူး ဟား ဟား"

"သူတို့ဆီမှာက ပြင်ပြင်ဆင်ဆင်နေမှ လူတောတိုးတာကိုးဟ၊ ဒါတောင် ဒီကောင်မလေး အလှပြင်တာ သိပ်ဝါသနာမပါလို့ တော်သေးတယ် နောက်မဟုတ်ရင် ဒင်းအတွက် အကုန်အကျ ပိုများမှာ"

"အေး ဟုတ်တယ်၊ ငါတော့ မေနိုးကို သဘောကျတယ်၊ ဒီလောက် အကြာကြီး ကွဲသွားကြတာတောင်မှ ဘာမှမပြောင်းလဲသွားဘူး၊ ငါတို့နဲ့လည်း ဟိုးတုန်းကအတိုင်းပဲ၊ ဘာမှ ရှိုးတိုးရှန့်တန့် ဖြစ်မနေဘူး"

"သဘောကျရင် မင်းယူလိုက်ပါလား ငါ့နှမကို၊ ငါလည်း ထိန်းရကောင်းရ သက်သာသွားအောင်"

"မလုပ်ပါနဲ့ကွာ၊ ဇော်ဝါးပြောသလို နီးရာမြစ်ထဲ ခုန်ချဆို ချပါ့မယ်"

"ဟား ဟား မင်းတို့ကလည်း ငါ့ညီမကို အလောက်လန့်ရလားဟ"

"ဟ အကြောင်းသိနေတာကိုးကွ၊ နေဦး မေနိုးက တကယ် မပြန်တော့ဘူးလား"

"မသိဘူးဟ၊ သူကတော့ ပြန်ချင်ပုံမရဘူး"

ချိုကြီးမှာ ရုတ်တရက် တစ်စုံတစ်ရာ သတိရသွားပုံနှင့် အလန့်တကြား ထပြော၏။

"ဟ ငါအခုမှ သတိရတယ်၊ မင်း မင်း ... ဟို ကိစ္စ ဟိုကိစ္စ"

"ဘာလဲ၊ ဘာကိစ္စတုံး၊ ဘာထဖြစ်တာလဲ မင်းက"

"ဟိုဟာလေ ... မင်း မိန်းမရမယ့် ကိစ္စ၊ မေနိုး ရုတ်တရက် ပြန်ရောက်လာတာနဲ့ တိုက်ဆိုင်မနေဘူးလား"

"အယ် ... ငါ့ညီမလေဟ၊ ဘာဆိုင်တုံး"

"ဟေ့ကောင် ညီမဆိုပေမဲ့ အမေဘက်က တော်တော်စပ်ယူမှ နှစ်ဝမ်းကွဲလိုလို သုံးဝမ်းကွဲလိုလိုလောက် တော်တာလေကွာ၊ လာရင်းနှီးနေကြလို့သာ ညီမဖြစ်နေတာလေကွာ"

"တောက်တီးတောက်တဲ့ ချိုကြီးရာ၊ မင်းမို့လို့ ကြံကြံဖန်ဖန် လျှောက်တွေးတယ်၊ ဒီကောင်မလေးနဲ့ငါနဲ့ ရစရာလားဟ၊ မကြံကောင်းမစည်ရာ"

"ကံဆိုတာ ပြောမရဘူးနော် ဟေ့ကောင်"

"တော် တော် ချိုကြီး ... နေဦး ဟိုမှာ ဆိုင်ထဲဝင်လာတဲ့လူက မင်းပြောတဲ့ ကိုအေးလွင်လား"

"ဟ အေး ဟုတ်တယ်၊ ငါ သွားခေါ်လိုက်ဦးမယ်"

စကားစ ပြတ်သွားကြလေ၏။

သီချင်းတစ်ပုဒ် သက်သက်ပါ
အနိမ့်အမြင့်တွေလည်း ပါ ...

သီချင်းတစ်ပုဒ် သက်သက်ပါ
အနှေးအမြန်တွေလည်း ပါ ...

သီချင်းတစ်ပုဒ် သက်သက်ပါ
နေရာအလွတ်တွေလည်း ပါ ...

သီချင်းတစ်ပုဒ် သက်သက်ပါ
သံပြိုင်အပုဒ်တွေလည်း ပါ ...

သီချင်းတစ်ပုဒ် သက်သက်ပါ
လာ ...
ကောင်းကင်နဲ့ မြေကြီးအကြောင်း
တို့ကောင်းကောင်း ဆိုဖွဲ့ကြည့်ရအောင် ...


ကားမောင်းလာရင်းမှ ရုတ်တရက် မိုက်ခနဲ တစ်ချက်ဖြစ်သွား၍ မျက်ရှုလန့်သွားကာ ကားကို လမ်းဘေးသို့ချပြီး ရပ်လိုက်လေသည်။ ဘယ်လိုဖြစ်တာပါလိမ့်။ နာရီကြည့်မိတော့ ညနေ လေးနာရီ။ ရာသီဥတုကလည်း အရမ်းပူမနေ။ ထို့ပြင် ကားထဲမှာလည်း အဲကွန်းကြောင့် အေးစိမ့်နေ၏။ အပူဒဏ်ကြောင့် ခေါင်းကိုက်သွားခြင်း ဟူသော အတွေးကို မျက်ရှု ခေါင်းထဲက ထုတ်ပစ်လိုက်၏။ ဘာဖြစ်တာလဲ။

ရုတ်တရက် ကျောရိုးအလယ်ခေါင်းတည့်တည့်လောက်ဆီမှ ပူခနဲ တစ်ချက်ဖြစ်သွားကာ တစ်စုံတစ်ရာသော အငွေ့အသက်တစ်ခုသည် ကျောရိုးတစ်ဆင့် ဦးနှောက်ဆီသို့ စိမ့်၍ တက်လာနေကြောင်းကို ထိတ်လန့်စွာ သတိထားမိလိုက်ရင်း မျက်ရှု အသိဉာဏ်များ မှောင်အတိ ကျသွားလေ၏။

သို့သော် တကယ် ဖြစ်ပျက်သွားခဲ့သည်ကတော့ မျက်ရှုသည် ကားလေးကို ဖျတ်လတ် သွက်လက်စွာ ရပ်ထားရာမှ ပြန်ထွက်ကာ ဂငယ်ကွေ့ ကွေ့ချလိုက်ပြီးနောက် အရှိန်မြှင့်ကာ ကျင်လည်စွာ မောင်းထွက်သွားလေသည်။ အနက်ရောင် မာစီဒီး ကားကလေးမှာ လှည်းကူးမြို့ဘက်သို့ လျှင်မြန်စွာ ပြေးထွက်သွားလေသည်။


ဖောင်ကြီးဘက်သို့ သွားသော လမ်းငယ်ဘေးမှ သဘာဝထန်းရည်ဆိုင်လေးတစ်ဆိုင်တွင် ဖြစ်၏။

သီးသန့်ထိုးပေးထားသော တဲကလေးများအနက်မှ တစ်လုံးထဲတွင် ဆူညံကာနေလေသည်။

"ကိုချိုကြီးနော် ... ဘာမှ သောက်တာလည်း မဟုတ်ဘဲနဲ့ လူကိုလာရစ်မနေနဲ့"

"မေနိုး ... ညည်းစားချင်တယ်ဆိုလို့ ငါကို တကူးတက လိုက်ပို့ရတာ၊ အမြည်းတွေမှာတုန်းက လျှောက်မှာပြီး ကုန်အောင်စားရမယ်၊ မရဘူး"

"ဟင် ... ကိုချိုကြီးတို့ ဝိုင်းစားမယ်ထင်လို့ မှာတာပေါ့၊ ဘာလို့ ဝိုင်းမစားပေးလဲ၊ ပြီးတော့ ထန်းရည်ဆိုင်လာပြီး ထန်းရည်လည်း တစ်ယောက်မှ မသောက်ကြဘူး"

"လမ်းမှာကတည်းက ညည်းကို ငါတို့ပြောတာ ညည်းကမှ မယုံတာလေ၊ ငါတို့အားလုံး ထန်းရည်လည်း မသောက်ဘူး၊ ဘီယာလည်း မသောက်ဘူး၊ ဝိုင်တွေ ရှန်ပိန်တွေ ကောက်တေးလ်တွေလည်း မသောက်ဘူး၊ အရက်ကတော့ ဝေးရောပါဆို"

"ဒါဆို ဘာလို့ ဒီထန်းရည်ဆိုင်ကျ သိလဲ"

"ဟ ငါက အစားသမားလေဟာ၊ အစားကောင်းကောင်း ရှိတဲ့နေရာ ငါသိတာ ဆန်းလားဟ"

"ဒါဆို ကူစားပေးလေ"

"ဟာ ... နင့်အစ်ကိုနဲ့ ငါနဲ့ မကန်ကတည်းက ရှမ်းခေါက်ဆွဲတွေရော ထမင်းတွေရော သွတ်ထားပါတယ်ဆို၊ ဘယ်လိုလုပ် စားနိုင်တော့မှာလဲ"

"ဒါဆို ကိုတင်မောင် ကူစားပေး"

"ဗိုက်မကောင်းပါဘူးဆို၊ ငါ အပြင်စာ မစားရဲဘူး"

"ဒါဆို ဒါတွေ ဘယ်လိုလုပ်မလဲ"

"နှမြောရင် ပါဆယ်ထုပ်သွားပေါ့ဟ၊ ငါတို့ပြောလျက်နဲ့ နင်ဘာလို့ မြွေတွေရော ဖားတွေရော ကြွက်တွေရော အစုံလျှောက်မှာလဲ"

"အိုး ... မစားဖူးလို့ စားကြည့်ချင်လို့ပေါ့၊ ယောက်ျားရင့်မာကြီးတွေ ဖြစ်ပြီး ထန်းရည်တောင် မသောက်တတ်ကြဘူး"

"ဘာဆိုင်လဲဟ၊ ငါတို့ ထန်းရည်မသောက်တာနဲ့ နင့်အမြည်းတွေနဲ့ ..."

"မသိဘူးလေ၊ ကိုကိုတို့ မူးသွားရင် နှမြောပြီး ကုန်အောင်စားရင် စားပစ်ကြမှာပေါ့၊ ဘာလဲ ကိုကိုတို့ မူးရင် မူးနေတဲ့ပုံတွေကို မေနိုး အွန်လိုင်းတင်မှာ ကြောက်လို့ မသောက်တတ်ချင်ယောင် ဆောင်နေကြတာ မဟုတ်လား၊

ရုပ်ကြီးတွေကိုက ခွက်ပုန်းရုပ်ကြီးတွေ"

"ချိုကြီး တွေ့လား၊ မင်းမျက်ခွက်ကြီးကိုက မသောက်တတ်ဘဲ အရက်သမားရုပ် ထွက်နေလို့ အပြောခံရတာ"

"မသိဘူး မသိဘူး၊ ဒါတွေကုန်အောင် ကူစားပေး ဒါပဲ"

"ဟ မစားနိုင်တာ အတင်းသွတ်ထည့်ရင် အန်ထွက်ကုန်မှာပေါ့ဟ၊ ဘယ်လိုလဲ ဒီဟာမလေး"

"အား ... လား ... လား"

"ဟ ဟေ့ကောင်"

"ရဲသင် ... ဘာဖြစ်တာလဲ မြွေကိုက်တာလား"

"ကိုကို ကိုကို ... ဘဲာ ဘာဖြစ်တာလဲ"

"နေ နေ ရတယ်၊ ဘာမှ မဖြစ်ဘူး၊ ခေါင်းထဲက စူးခနဲ ကိုက်သွားလို့၊ ရတယ် ရတယ်၊ ကောင်းသွားပြီ"

"အမယ် ကိုကိုနော် မစားချင်လို့ ဉာဏ်များတာ မဟုတ်လား၊ ရော့ ရော့ လိမ္မာတယ်၊ ဒီဖားပေါက်စကြော်လေး ... ကိုချိုကြီး ဒါလေးတွေကို ဘယ်လိုခေါ်တယ်"

"ကျော်စံကေး ကျော်စံကေး"

"အဲ အဲ ဟုတ်တယ်၊ ကိုကိုရော့ ... ကျော်စံကေးလေး တစ်ကောင်စားလိုက်"

"အာ အရေးထဲ ညည်းကတစ်မျိုး"

ငြင်းခုံနေကြစဉ် သူတို့ထိုင်နေကြသော အိမ်ဆိုင်လေးရှေ့သို့ မာစီဒီးကားနက်လေးတစ်စီး ဝေါခနဲ ထိုးဆိုက်လာသည်ကို မသိလိုက်ကြ။ အရှိန်နှင့် မောင်းဝင်လာသဖြင့် အခြားနေရာများမှ သောက်၍နေကြသော ကစော်သမားများကမူ ဂရုမစိုက်မိလိုက်ကြ၏။ မျက်ရှုတံခါးဖွင့်၍ ဆင်းလာသည်ကို ကစော်သမားများ တွေ့ကြလေသော် မျက်လုံးများ ကျယ်သွားကြ၏။ သို့သော် မျက်ရှု မျက်နှာထားကို မြင်သောအခါ ကိုယ်ရှိန်သတ်၍ မသိချင်ယောင် ဆောင်သွားကြ လေသည်။ မျက်ရှုမှာ လူသတ်တော့မည့် မျက်နှာမျိုးနှင့် ဆိုင်ထဲ ဝင်လာလေ၏။ ရဲသင်ရံတို့မှာ ထိုအဖြစ်အပျက်များကို မသိ။ သူတို့တဲလေးထဲတွင် သူတို့ဟာသူတို့ ငြင်းခုံနေကြ၏။ မျက်ရှုလရောင် သူတို့ တဲလေးရှေ့အထိ ရောက်လာပြီး မီးထွက်မတတ်မျက်လုံးများနှင့် ခါးထောက်ကာ ကြည့်နေသည်အထိ သတိမပြုမိကြ။ မေနိုးမှာ ရံသင်ရံအား ဖားကြော် အတင်းခွံ့နေလေ၏။


"ကိုကိုကလည်း ဒီလောက်ခွံ့ကျွေးနေတာတောင် အားမနာဘူးလား"

"ဟ မစားချင်ပါဘူးဆို"

"ကျွေး ကျွေး ... ဒီကောင် တစ်ကောင်စားရင် ငါတို့လည်း တစ်ကောင်စီ လိုက်စားပေးမယ်"

"ဟေ့ကောင်တွေ ... လာမကြပ်နဲ့၊ မေနိုး ညည်း မရစ်နဲ့နော်၊ ညည်းဘာမှ မသောက်ထားတာ ငါသိတယ်"

"ကိုကိုကလည်း ..."

"ရဲသင်ရံ"

မထင်မှတ်သော အချိန်၊ မထင်မှတ်သော နေရာတွင် မထင်မှတ်ထားသော အသံစူးစူးကို ကြားလိုက်ရသောအခါ အားလုံး အလန့်တကြား လှည့်ကြည့်မိကြလေ၏။ မေနိုးမှာ အံ့သြရုံအံ့သြနေသော်လည်း ရဲသင်တို့ သုံးယောက်မှာ နေ့ခင်းကြောင်တောင် ဥစ္စာစောင့် ကိုယ်ထင်ပြသည်ကို တွေ့လိုက်ရသည့်အလား အလွန်အမင်း အံ့အားသင့်ကာ ကြက်သေသေ သွားကြလေ၏။ မျက်ရှုလရောင်မှာ စားတော့ ဝါးတော့ ကုတ်တော့ ဖဲ့တော့မတတ် မျက်လုံးများနှင့် ရဲသင်ရံကို တစ်လှည့်၊ ဖားကြော်ခွံ့ကျွေးနေသော လက်တန်းလန်းနှင့် မေနိုးကိုတစ်လှည့် ကြည့်ရင်း ဆိုးဆိုးဆတ်ဆတ် ဝင်လာကာ မေနိုးကို စေ့စေ့ကြည့်လျက်

"မင်းက သူ့ကို ဘယ်လိုခေါ်လိုက်တယ်၊ ပြန်ခေါ်စမ်းပါဦး၊ နားနဲ့ ဆတ်ဆတ်လေး ထပ်ကြားရအောင်"

မေနိုးမှာ ဘာဖြစ်သွားမှန်းမသိ။ ကြောင်တက်တက်ကလေး ပြန်ဖြေ၏။

"ကို ကိုကိုလေ၊ ကိုကိုလို့ ခေါ်တာလေ"

မျက်ရှုမှာ ရဲသင်ဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်ရင်း

"နင် ဘာလုပ်တာလဲ ပုဏ္ဏား၊ ထ ... ငါနဲ့ အခုပြန်လိုက်ခဲ့၊ အိမ်ထောင်သည် ယောက်ျားတစ်ယောက်က ဒီလို နေစရာလား၊ လာခဲ့"

ပြောပြောဆိုဆို ရဲသင်ရံ၏ လက်ကောက်ဝတ်ကို ပိုင်းစိုးပိုင်နင်း ဝင်ဆွဲလေ၏။ ရဲသင်မှာ အခုမှ သတိဝင်လာကာ အလိုက်သင့် လိုက်ထရင်းမှ ထစ်ထစ်ငေါ့ငေါ့ ပြောလေ၏။

"နေ နေဦးလေ မျက် မျက်ရှု ... နင် နင်"

တင်မောင်နှင့် ချိုကြီးမှာလည်း သတိဝင်လာကာ ထိုင်ရာမှ ကပျာကယာထကြရင်း

"မျက် မျက်ရှု ... ငါတို့ ဒီမှာရှိတာ၊ နင်ဘယ်လို"

"ဘာ ဘာလုပ်တာလဲ၊ နင် ဘာဖြစ်လာ ..."

မျက်ရှုမှ သူတို့ဘက်သို့ ဒေါသတကြီး လှည့်ကြည့်ရင်း

"တင်မောင်နဲ့ ဇော်ချိုဦး"

"ဟိုက်"

"အဲ"

"နင်တို့ သိပ်သူငယ်ချင်းကောင်း ပီသတယ်ပေါ့လေ၊ ဟုတ်လား၊ နင်တို့ကို ငါယုံတာ မှားတယ်၊ နင် နင်တို့ ငါ့ကို ..."

ရဲသင်မျက်နှာကို စေ့စေ့ပါအောင် နာနာကျည်းကျည်း ပြန်လှည့်ကြည့်ပြန်၏။ လက်ကိုတော့ လုံးဝမလွှတ်။ မျက်ရှုကိုကြည့်ကာ အားလုံးဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။ မျက်ရှုမှာ ရဲသင်လက်ကို စိစိပါအောင် ဆုပ်ကိုင်ထားရင်း စေ့စေ့ကြည့်ကာ မျက်ရည်များ ကျလာ၏။ ရဲသင်ရံမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိ။ ကြောင်ကာ ပြန်ကြည့်နေ၏။ မျက်ရှုမှာ ရဲသင်ကို နာနာကျည်းကျည်း ကြည့်ရင်း တောက်တစ်ချက်ကို ပြင်းပြင်းခေါက်လေ၏။ အားလုံး လန့်သွားစဉ် မျက်ရှုမှာ ရဲသင်ကို တစ်လုံးချင်း ပြော၏။

"ပုဏ္ဏား ... နင် နင်ဟာ သစ္စာဖောက်"

ရုတ်တရက် မျက်ရှု ခွေလဲကျသွားလေသည်။ ရဲသင်မှာ အနိုင်နိုင် ဆီးပွေ့ထားလိုက်ရတော့၏။ တဒင်္ဂအတွင်း ဖြစ်ပျက်သွားသော အဖြစ်အပျက်တစ်ခုတွင် အားလုံး မှင်တက်လျက်။

တင်မောင် သတိဝင်လာသော ခဏ၌ အားလုံးက သူတို့ကို စိတ်ဝင်တစား အကဲခတ်နေကြသည်ကို တွေ့ရလေ၏။

"ညီမလေးရေ ... ရှင်းမယ်ဟေ့"


မျက်ရှု သတိပြန်ရလာသောအခါ မိမိအိပ်ခန်းထဲမှ ကုတင်ပေါ်သို့ ရောက်၍နေကြောင်း အံ့သြစွာ တွေ့ရှိရလေ၏။

ဘာလဲ။ ဘာတွေဖြစ်သွားတာလဲ။

အပြင်းအထန် စဉ်းစားကြည့်၏။ သူ နောက်ဆုံး မှတ်မိသည်က ခေါင်းထဲ မိုက်ခနဲ ဖြစ်သွား၍ ကားရပ်လိုက်သည်ကိုသာ မှတ်မိ၏။ ဘာတွေဖြစ်ပျက်ခဲ့ပြီး အိမ်ပြန်ရောက်နေသည်ကို ဘယ်လိုမှ တွေးကြည့်၍ မရ။ နောက်ဆုံး သတိရသည်က ကျောရိုးတစ်လျှောက် စိမ့်၍တက်လာသော တစ်စုံတစ်ရာ ခံစားမှု။ မျက်ရှု ထိတ်ခနဲ ဖြစ်သွား၏။ မိမိဘာတွေ ဖြစ်ခဲ့လေသနည်း။ ရုတ်တရက် ထထိုင်ကာ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်၏။ အကောင်းပကတိ။ အခန်းထဲ လှည့်ပတ်ကြည့်တော့လည်း မည်သူမျှ မရှိသည်ကလွဲ၍ အကောင်းပကတိ။ အခြေအနေကို တွေးရင်း မျက်ရှု ကြောက်လာ၏။

"တီတီလေး တီတီလေး"

ဒေါ်ယဉ်ယဉ်ကျော်ခေါ် မျက်ရှု၏ ဒေါ်လေးအငယ်မှာ အပြေးတပိုင်း ချက်ချင်း ဝင်လာ၏။

"ဘာဖြစ်လဲ သမီး ... သမီး ဘာဖြစ်လဲ၊ နိုးလာပြီလား"

"သမီး ဘာဖြစ်တာလဲ တီတီလေး၊ အခု ဘယ်နှစ်နာရီရှိပြီလဲ"

"သမီး ပုဏ္ဏားတို့နဲ့ မုန့်သွားစားရင်း မနေ့က ဖောင်ကြီးလမ်းမှာ မေ့လဲသွားတာလေ၊ မှတ်မိလား"

"ဖောင်ကြီးလမ်းမှာ"

"အေးလေ၊ ဆရာဝန်ကတော့ သွေးအားနည်းပြီး သွေးပေါင်ကျသွားတာ ဖြစ်လောက်တယ်လို့ ပြောတာပဲ၊ သမီး အစောကြီး အိပ်ပျော်သွားတာ၊ သမီး မမှတ်မိဘူးလား၊ အိမ်ရောက်တော့ သမီးပဲ ပုဏ္ဏားကို ကြိမ်းမောင်း နေသေးတယ်လေ"

မြတ်စွာဘုရား။ လုံးဝ မမှတ်မိတော့ပါလား။

"အခု ဘယ်နှစ်နာရီရှိပြီလဲ တီတီလေး"

"မနက် ဆယ်နာရီ ထိုးပြီးပြီ"

"ပုဏ္ဏားရော"

"ညက သမီး လုံးလုံးအိပ်ပျော်သွားတော့မှ ပြန်သွားတာ၊ ဖုန်းဆက်ကြည့်လေ၊ သမီး နေကောင်းရဲ့လား"

"ကောင်းသွားပြီထင်တာပဲ တီတီလေး"

"သမီး အန်ကယ်က ပြောနေတယ်၊ နောက်ဆို တစ်ယောက်တည်း မသွားနဲ့တော့တဲ့၊ အခုလည်း ပုဏ္ဏားတို့ ရှိနေလို့၊ တစ်ယောက်ထဲများ မူးပြီး ကားတွေဘာတွေ တိုက်ပြုနေရင် ဒုက္ခ၊ သမီးသွေးပေါင်ကျတတ်တာ အခုမှ သိကြတော့တယ်၊ တော်သေးတာပေါ့ သမီးရယ်၊ နားလိုက်ဦး ဘာစားမလဲ"

"စားချင်ဘူး တီတီလေး၊ အိပ်ပဲ အိပ်ချင်တယ်"

"အိပ် အိပ်၊ ဒီနေ့တော့ နားလိုက်၊ ဆေးရှိန်က ကျန်ဦးမှာပေါ့"

မျက်ရှု ပြန်လှဲချလိုက်တော့ တီတီလေး ပြန်ထွက်သွားတယ်။ တံခါးလည်း ပိတ်ပေးသွားတယ်။

သွေးပေါင်ကျတာတော့ လုံးဝ မဟုတ်ဘူး။ ဘာဖြစ်သွားတာလဲ။ ပုဏ္ဏားကို ကြိမ်းမောင်းနေတယ်တဲ့။ ဘာတွေလဲ။ ပြဿနာ အားလုံးကို ဟိုကောင် ကိုင်တွယ် ဖြေရှင်းသွားတာ ဖြစ်မယ်။ ဒီနေ့တော့ မတတ်နိုင်တော့ဘူး။ နောက်နေ့မှ မေးရမှာပဲ။ ရဲသင်ရံရေ ...။
ငါ ဘာတွေ ဖြစ်ခဲ့တာလဲ။


"နောက်တော့ ဘာဆက်ဖြစ်ကြလဲ"

"မင်းတို့နဲ့ လမ်းခွဲပြီးတော့ အိမ်ပြန်ပို့ပေးလိုက်တယ်လေ၊ ဆရာဝန်ခေါ်ပေးလိုက်တယ်၊ သူအိပ်မှ ငါ ပြန်တာ"

ရဲသင်ရံတို့ ခြံထဲ ရေကူးကန်ဘေးတွင် ထိုင်စကားပြောနေကြခြင်းဖြစ်၏။ ထီးစိုက်ထားသော စားပွဲဝိုင်းကို ဝိုင်းထိုင်နေကြလေသည်။

"ယောက်ျားတန်မဲ့ ပြောရမှာလည်း ရှက်ပါတယ်ကွာ၊ တကယ်ပြောတာ ငါ ရုတ်တရက်တော့ လန့်ရုံပဲ၊ နောက်မှ တွေးတွေးပြီး ကြောက်လာတာ၊ ရဲသင် ... ဘာကြီးလဲကွာ၊ မင်းတို့ဟာကလဲ"

"ချိုကြီးပြောတာ ဟုတ်တယ်၊ ငါတို့ ဘယ်သွားပြီး ဘာလုပ်မယ်ဆိုတာ၊ မင်း မျက်ရှုကို လုံးလုံးမပြောခဲတာတော့ သေချာပါတယ်နော်၊ မင်းတို့နှစ်ယောက်ပေါင်းပြီး ငါတို့ကို ဖုံးထားတာ တစ်ခုခုတော့ မရှိလောက်ဘူးလို့ ငါထင်တယ်၊ အဲလို ဖုံးထားတာ တစ်ခုခုရှိလို့ကတော့ တခြားလူတော့ မသိဘူး၊ ငါကတော့ စိတ်ဆိုးမှာ ရဲသင်၊ ငါတို့ ငယ်ငယ်ကတည်းက ပေါင်းလာတာ၊ ငါတို့ကြားမှာ လျှို့ဝှက်ထားစရာ ဘာမှမရှိဘူး၊ ငါကိုယ်တိုင်လည်း မင်းတို့ကို ဘာမှ ဖုံးထားဝှက်ထားတာမျိုး မရှိဘူးဆိုတာ မင်းတို့ သိပါတယ်"

"မဟုတ်ဘူး တင်မောင်၊ မင်း ဘာမှ သံသယမရှိနဲ့၊ ငါရော မျက်ရှုရော မင်းတို့ကို ဘာမှ ကွယ်ဝှက်ထားစရာမှ မရှိတာ၊ အခုဟာက ထူးဆန်းလွန်းလို့ ငါလည်း စဉ်းစားနေတာ၊ ငါတွေးတာ မမှားလောက်ဘူးဆိုရင် အခုဟာက ပေါ့သေးသေးတော့ မဟုတ်ဘူး"

"ကိုကို မမမျက်ရှုက ဘာလို့ မေနိုးကို လုံးဝမမှတ်မိတာလည်း၊ မေနိုးကို ကြည့်တဲ့မျက်နှာကြီးက ကြောက်စရာကြီး"

"မဟုတ်ဘူး မေနိုး၊ ကိုကို ပြောပြမယ်၊ ကိုကိုထင်တာ မမှားဘူးဆိုရင် အဲဒီအခိုက်အတန့်မှာ မေနိုးကိုမှ မဟုတ်ဘူး၊ မျက်ရှုက သူ့ကိုယ်သူ ဘာဖြစ်နေမှန်းတောင် မှတ်မိမှာ မဟုတ်ဘူး၊ အဲဒီအခိုက်အတန့်မှာ သူဟာ သူ မဟုတ်ဘူး"

"ဟင်"

"ဟေ့ကောင် ရှင်းအောင်ပြောကွာ၊ လန့်ပါတယ်ဆိုမှ မျက်ရှုက မျက်ရှုမဟုတ်လို့ ဘယ်သူလဲ၊ တစ္တေပူးနေတာလား"

"ချိုကြီး ... အဲလို တစ္တေတွေ၊ သရဲတွေ စုန်းတွေ ကဝေတွေ သိုက်တွေ ဘာတွေ အူကြောင်ကြောင် လျှောက်တွေးမနေနဲ့၊ ငါ သိတယ် အဲဒါတွေ တစ်ခုမှ မဟုတ်ဘူး၊ အခု ဖြစ်နေတာက စိတ်ပညာနဲ့ ဆိုင်တဲ့ကိစ္စ၊ ပြောရရင် ငါတို့ မသိနိုင်တဲ့ စိတ်နဲ့ ပတ်သက်တဲ့ သဘာဝလွန်တစ်မျိုး ဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်၊ ငါ အဲဒါ နည်းနည်းလေ့လာ နေတယ်"

"ဘယ်လိုမျိုးလဲ ရဲသင်"

"ဒီလိုမျိုးကွာ တင်မောင်ရာ ... မင်းတို့ကို ငါ ဥပမာတစ်ခုပေးမယ်၊ လူတိုင်း ဖြစ်ဖူးတယ်ကွာ၊ ဒါပေမယ့် လူတိုင်း သိပ်မမှတ်မိတဲ့ကိစ္စမျိုး"

"ဘယ်လိုမျိုးလဲ၊ ငါတို့ရော ဖြစ်ဖူးလား"

"ဖြစ်ခဲ့ဖူးလိမ့်မယ်လို့ ငါယုံကြည်တယ်၊ ငါပြောပြမယ်၊ မင်းသေချာ ပြန်စဉ်းစားကြည့်၊ မင်းဟာမင်း တခြားဟာမျိုးစုံ လျှောက်တွေးရင် တွေးနေမယ်၊ ဒါပေမယ့် မင်း ခုံးကျော်တစ်ခုကို စမောင်းတတ်လိုက်တာနဲ့ တပြိုင်နက် ရုတ်တရက် မင်းဟာ ဒီနေရာကို အရင်က ရောက်ဖူးသလိုလို စိတ်ထဲမှာပဲ မြင်ဖူးသလိုလို ထင်လိုက်မိတယ်၊ အဲဒါနဲ့ တစ်ပြိုင်နက် ရှေ့ဘာဖြစ်လာတော့မယ်ဆိုတဲ့ နှစ်စက္ကန့် သုံးစက္ကန့်လောက်ကို မင်းကြိုသိလိုက်တယ်၊ ခုံးတက်ဖြစ်နေတော့ အမှန်တကယ် အပြင်မှာက မင်းခုံးရဲ့ အဆင်းဘက်ကို မမြင်ရဘူး၊ ဒါပေမယ့် မင်း သိနေပြီ၊ မင်း ခုံးကိုကျော်လိုက်တာနဲ့ ညာဘက်မှာ ကားအနီတစ်စီး ရပ်ထားလိမ့်မယ်၊ လူသုံးလေးယောက် လမ်းကူးဖို့ ကြည့်နေမယ်၊ ခွေးတစ်ကောင် မင်းကားရှေ့က အလောတကြီး ဖြတ်ပြေးလိမ့်မယ်၊ အဲဒီအချိန်မှာ မင်းဖုန်း မြည်လာလိမ့်မယ်၊ အဲဒီလို မင်းသိလိုက်တယ်၊ အခု ငါ စကားပြောတာမှ ကြာသေးတယ်၊ မင်း အဲလို ဖြစ်နေရှိနေလိမ့်မယ် ဆိုတာတွေကို သိလိုက်တာက အရမ်းမြန်တယ်၊ အဲလိုသိနေရင်းကပဲ အဲဒါတေါ မင်းသိနေတဲ့အတိုင်း တောက်လျှောက်ဖြစ်သွားပြီး ပြီးသွားတယ်၊ မင်း အူကြောင်ကြောင် ဖြစ်ကျန်ခဲ့တယ်၊ ဘာလဲဟပေါ့ကွာ၊ နောက်သုံးလေးရက်ကြာတော့ မင်း သတိလက်လွတ် မေ့သွားရော အဲဒီကိစ္စကို၊ ဒါပေမယ့် ပြန်စဉ်းစားကြည့်ရင် အဲဒီကိစ္စကို မင်းကိုယ်တိုင် အသေးစိပ် မှတ်မိနေပြန်ရော၊ ဘယ်လိုလဲ အဲဒါမျိုး မင်းတို့ဖြစ်ဖူးတယ် မဟုတ်လား"

"ဟ အေး ဖြစ်ဖူးတာပေါ့၊ ငါဆို တစ်နေ့ကတောင် ဖြစ်သေးတယ်"

"တင်မောင် မင်း မနောက်နဲ့နော်"

"မနောက်ဘူး၊ မနောက်ဘူး၊ လုံးဝနောက်တာ မဟုတ်ဘူး၊ ရဲသင် ပြောသလို ဟိုတစ်နေ့ကကို ငါ ဖြစ်သေးတာ၊ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူးကွာ၊ ငါ ပြောပြမယ်"

"အေး လုပ်စမ်း၊ ပြောစမ်း"

စကားဝိုင်းသည် ရုတ်တရက် လေးနက်လာကာ အားလုံးစိတ်လှုပ်ရှားပြီး စိတ်ဝင်တစားဖြစ်လျက် အားတက်သရော ရှိလာကြလေ၏။ တစ်စုံတစ်ရာသော အငွေ့အသက် တစ်ခုခု ရုတ်တရက် အားလုံးအပေါ် ဖုံးလွှမ်းလာသလိုလို၊ တင်မောင်မှ ဆက်ပြော၏။

"တနေ့ကကွာ နေ့လယ်ဘက်ကြီး ... ငါက ငါ့အခန်းထဲမှာ တစ်ယောက်တည်း စာကြည့်စားပွဲမှာ ထိုင်နေတာ၊ မင်းတို့သိတယ် မဟုတ်လား၊ Dummies စီးရီးစာအုပ်တွေလေ၊ အဝါနဲ့ အနက်ကြားလေးတွေ Physic for Dummies တို့ Maths for Dummies တို့လို ဟာမျိုးလေးတွေ လေကွာ"

"အေး သိတယ်"

"အေး အဲဒီအထဲက Chemistrt for Dummies စာအုပ်လေးကို ငါ အေးအေးလူလူ အပျင်းပြေ ဘာသာပြန်ကြည့်နေတာ၊ ဖတ်လိုက် ပြန်ချရေးလိုက်ပေါ့ကွာ၊ အဲဒီမှာ ဘာမှမဆိုင်ဘဲ ခုနက ရဲသင်ပြောသလို ငါဟာ ဒီနေရာမှာပဲ ဒီလိုထိုင်နေပြီး ဒီလိုလုပ်နေခဲ့ဖူးသလိုလို ထင်လာတယ်၊ နောက် တောက်လျှောက်ပဲ၊ ခဏနေ ငါဟာ ထလိမ့်မယ်၊ တီဗီစင်ရှေ့က ဆေးလိပ်ဘူးနဲ့ မီးခြစ်ကို သွားယူလိမ့်မယ်၊ ပြီးတော့ စာကြည့်စာပွဲပေါ် လာတင်ပြီး အခန်းထောင့်မှာ ထောင်ထားတဲ့ ဂစ်တာကို သွားယူလိမ့်မယ်၊ ပြီးရင် ကုတင်ပေါ် သွာထိုင်လိမ့်မယ် ဆိုတာတွေကို ဖျတ်ခနဲ သိလိုက်ရတယ်ဟ၊ ဒါပေမဲ့ သိလိုက်ပြီးတာနဲ့ အဲဒါတွေကတောက်လျှောက် အဲဒီအတိုင်း လျှောက်ဖြစ်သွားရော၊ ငါ မသိဘဲနဲ့ လုပ်တာ မဟုတ်ဘူးနော်၊ သိသိကြီးနဲကို အဲဒီအတိုင်း လျှောက်ဖြစ်သွားတာ၊ ငါလည်း ကုတင်ပေါ်မှာ ဂစ်တာကြီး ပိုက်ထိုင်နေမိတာပြီးတော့မှ ဘာလဲဟ ဆိုပြီး အကြာကြီး ကြောင်စီစီ ဖြစ်နေသေးတယ်၊ လူက တစ်မျိုးကြီး ဖြစ်ကျန်ခဲ့တာကွာ၊ အူတူတူနဲ့၊ ဒါပေမယ့် ခဏပဲဟ၊ ညနေလောက်ကျ မေ့သွားရော၊ အခု ရဲသင်ပြောသလို ပြန်စဉ်းစားကြည့်တော့လည်း သူ့အလိုလိုစိတ်ထဲ အသေးစိတ်ကအစ ပေါ်လာပြီး ပြန်မှတ်မိနေတယ်၊ ငါ့လို မီးခြစ်ဂရုမစိုက်ဘဲ ခဏခဏ ပျောက်တဲ့ကောင်တောင် အဲဒီတုန်းက မီးခြစ်အရောင် မှတ်မိသေး၊ ဂတ်စ်မီးခြစ် အနီလေးဟ"

ခဏ တိတ်ဆိတ်သွားကြ၏။ ရဲသင် တစ်ချက်ပြုံးလိုက်သည်ကို အားလုံး သတိထားမိလိုက်ကြ၏။ တင်မောင်မှ ချိုကြီးအား

"ချိုကြီး မင်းကော ဖြစ်ဖူးလား"

ချိုကြီးမှာ မျက်မှောင်ကုတ်ကာ အတန်ကြာ စဉ်းစားနေ၏။ ပြီးမှ တုံ့ဆိုင်းဆိုင်း ဖြေ၏။

"အေး ခဏ ခဏတော့ ဖြစ်ဖူးတယ် ထင်တာပဲဟ၊ ဒါပေမယ့် ငါက မင်းတို့လို မကြာဖူး၊ ရေခဲသေတ္တာဆွဲဖွင့်ခါနီး ငါဟာ ဒီနေရာမှာ ဒီလိုရပ်ပြီး ဒီတံခါးကို ဒီပုံအတိုင်း ဆွဲဖွင့်ခဲ့ဖူးသလိုလို ... နောက် ပစ္စည်းတစ်ခုခုကျသွားလို့ ကုန်းကောက်လိုက်ရင်း ငါဟာ ဒီပစ္စည်းကို ဒီပုံစံ ဒီနေရာမှာ ဒီအတိုင်း ကုန်းကောက်ခဲ့ဖူးသလိုလို ဟာမျိုးလေးတော့ ခဏခဏ ခံစားရဖူးတယ်၊ ငါ့ဟာငါ ဇဝေဇဝါ ဖြစ်ဖြစ်နေတာနဲ့ ဘယ်သူ့မှ မပြောဖြစ်တာ၊ မေနိုး ညည်းရော ဖြစ်ဖူးလား"

တစ်ချိန်လုံး မျက်လုံးပြုးလေးနှင့် နားထောင်နေရင်းမှ ချိုကြီး ရုတ်တရက် လှည့်မေးသဖြင့် လန့်သွားလေ၏။ ချက်ချင်း မျက်နှာလေးနီလာကာ ခပ်ဖြဲဖြဲလေး ပြန်ပြော၏။

"ဖြစ် ဖြစ်ဖူးတယ်"

"ဒါဆို ပြောစမ်း"

"မေနိုးဖြစ်တာ ရှက်စရာကြီး၊ ဒီမှာဖြစ်တာ မဟုတ်ဘူး၊ ကြာတော့ကြာပြီ၊ ဟိုမှာ ကျောင်းတက်နေရင်း ကျောင်းကအိမ်သာထဲမှာ ဖြစ်တာ"

"ဟေ"

"ဟုတ်တယ်၊ အဲဒီတုန်းက ကျောင်းကအိမ်သာထဲမှာ မေနိုးတစ်ယောက်ထဲ၊ အိမ်သာတက်မလို့ အိမ်သာထဲက ကမုတ်ပေါ် ထိုင်ချလိုက်တဲ့အချိန်မှာ စဖြစ်တာ၊ ကိုချိုကြီး ပြောသလို ဒီနေရာမှာ အရင်ကပဲ ဒီအတိုင်းဖြစ်ခဲ့ဖူးသလိုမျိုး ခံစားရတာ၊ ဆက်တိုက်ပဲ မေနိုး ထိုင်ချလိုက်မယ်၊ တစ်ရှုးထည့်ထားတဲ့နေရာကို ကြည့်မယ်၊ တစ်ရှုးကုန်နေတာတွေ့တော့ မေနိုး လန့်သွားလိမ့်မယ်ဆိုတာ မေနိုး ကြိုသိလိုက်တယ်၊ ဒါပေမယ့် အရမ်းမြန်တယ်၊ အဲဒီအတိုင်း ဆက်တိုက် ဖြစ်သွားရော"

"အာ ဒီကောင်မလေး တယ်ညစ်ပတ်ပါလား၊ တစ်ရှုးကုန်နေတော့ နင့်ကိစ္စ ဘယ်လိုရှင်းမလဲ"

"ကိုတင်မောင်နော် .... စကားကိုဆုံးအောင် နားမထောင်ဘူး၊ ဘာတယ်ညစ်ပတ်ပါလားလဲ၊ မေနိုးက အိတ်ထဲမှာ တစ်ရှုးအမြဲဆောင်ထားတာ သိလား၊ ဘာမှန်းလဲ မသိဘူး"

"ညည်း ရုတ်တရက်တော့ လန့်သွားတယ် မဟုတ်လား၊ သေချာတယ်၊ အီအီး ခဏတစ်သွားမှာ ..."

"ဟာ ကိုတင်မောင်ကလည်း"

"ဟား ဟား ဟား"

ရယ်ကြလေ၏။ ချိုကြီးမှ ရဲသင်ကို လှည့်မေး၏။

"ရဲသင် မင်းလည်း ဒါမျိုးဖြစ်ဖူးမှာပဲ၊ ဖြစ်ဖူးလို့ ငါတို့ကို ဒီကိစ္စလာပြောတာ၊ ဟုတ်တယ်မလား၊ မင်းသိလား အဲဒါ ဘာဖြစ်တာလဲ"

"နည်းနည်းတော့ သိတယ်၊ အသေးစိပ်တော့ မသိဘူးဟ၊ အကြမ်းဖျင်းပြောရရင် စိတ်ရဲ့ စွမ်းအင်တစ်မျိုးပေါ့ကွာ၊ စနစ်တကျ လေ့ကျင့်တတ်ရင် တန်ခိုးတွေဘာတွေ ရနိုင်တယ်လို့တောင် မှတ်ချက်ချဖူးတယ်"

"ဘယ်သူက ပြောတာလဲ"

"ဆက်ဂမန်ဖရွိုက်လေ"

"ဟေ"

"ဟုတ်တယ်၊ ကမ္ဘာကျော် စိတ်ပညာရှင်ကတောင် မှတ်ချက်ချဖူးလို့ ဒီကိစ္စ ပေါ့သေးသေးမဟုတ်ဘူးလို့ ငါ ပြောတာပေါ့၊ မျက်ရှုဖြစ်သွားတာက ငါပြောခဲ့တဲ့ ကိစ္စမျိုးဆန်ဆန် စိတ်ရဲ့စွမ်းအင်တစ်ခုခု ပွင့်ထွက်လာတာမျိုး ဖြစ်လောက်တယ်၊ အဲ့ဒီ ကိစ္စကလည်း လေ့လာရတာ သိပ်မလွယ်ဘူးဟ၊ စာအုပ်စာပေတွေကလည်း ရှားတယ်၊ တတ်ကျွမ်းတဲ့ ပညာရှင်တွေကလည်း ကမ္ဘာအနှံ့ ပြန့်ကျဲနေတာ၊ စိတ်နဲ့ ပတ်သတ်တဲ့ အဲဒီကိစ္စမျိုးတွေကို ဘာသာရပ် အမျိုးမျိုးနဲ့ အခေါ်အဝေါ်တွေကလည်း အမျိုးမျိုးဟ၊ ငါလည်း အဲဒီကိစ္စကို စိတ်ဝင်စားလို့ ပရောဂျက်တစ်ခုအနေနဲ့ ခေါင်းစဉ်ပေးပြီး လျှောက်စပ်စုနေတာ တစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်၊ အဲဒီကိစ္စမျိုး အဖြစ်အပျက်မျိုးတွေက တူမလိုလိုနဲ့ ကွဲနေတာတွေ အများကြီးဟ၊ ဥပမာ မင်းတို့သုံးယောက် ဖြစ်ခဲ့တာမျိုးကိုပဲ ကြည့်လေ၊ တင်မောင်က အချိန်ကြာတယ်၊ ချိုကြီးကျ ခဏလေးတွေ၊ ဒါပေမဲ့ ခဏခဏ ဖြစ်တာ၊ မေနိုးကျတော့ မင်းတို့နှစ်ယောက်လုံးနဲ့ မတူပြန်ဘူး၊ မင်းတို့ နှစ်ယောက်က ဖြစ်သွားတာ ခံစားမှု မပါဘူး၊ မေနိုးကျတော့ သူ လန့်သွားတယ်ဆိုတဲ့ ခံစားမှုကိုပါ ကြိုသိလိုက်တာလေ"

"အေး ဟုတ်သားဟ"

"ရဲသင် မင်းအကြောင်း ငါ သိတယ်၊ မင်း အသေးစိတ် မသိဘူးဆိုပေမဲ့ တစ်နှစ်လောက်နီးပါး ကြာအောင်တောင် မင်းလိုက်ထားတဲ့ ကိစ္စ၊ မင်းလို ဦးနှောက်မျိုး ဗဟုသုတမျိုး ဇွဲမျိုးနဲ့ မင်း တစ်ခုခုတော့ ခြေခြေမြစ်မြစ် သိနေလောက်မှာ သေချာတယ်၊ ပေါင်းလာတာ ကြာပြီ၊ ပြောစမ်း မင်းပရောဂျက်ကို မင်းပေးထားတဲ့ နာမည်၊ နာမည်သိရရင်ကို မင်းဘယ်လောက် လေ့လာထားပြီး သိထားပြီးပြီဆိုတာ ငါတို့ ရိပ်မိလောက်တယ်"

"အေး ဟုတ်တယ်၊ မင်း နှယ်နှယ်ရရကောင် မဟုတ်လို့ အင်ဆိုက်ကလိုပီးဒီးယားတွေရော ပုဏ္ဏားတွေရော နာမည်တွေ လျှောက်ပေးခံထားရတဲ့ကောင်၊ ငါတို့ကို စိတ်ဝင်စားလာအောင် လာလုပ်ပြီးတော့မှ ဟိုဟာမပြောချင် ဒီဟာမပြောချင် မလုပ်နဲ့၊ မင်းသိထားသလောက်တော့ ငါတို့ကို ပြောပြ၊ မင်းပရောဂျက် နာမည်က စပြော ... ဘာလဲ"

"ဇီတာ"

"ဟမ်"

"ဘာကြီး ... ဘာဖြစ်တယ်"

"ဟင် ကိုကို့ဟာက ဘာကြီးလဲ၊ တစ်ခါမှ မကြားဖူးဘူး"

"ဇီတာလေကွာ၊ မင်းတို့ကလည်း ဇက်အီးတီအေ zeta စာလုံးပေါင်းက ဒီလို"

ရဲသင်မှ လက်ညှိုးကို ချိုကြီးသောက်နေသော အအေးခွက်ထဲနှိုက်ပြီး စားပွဲပေါ် စာလုံးပေါင်းရေးပြသည်ကို အားလုံးဝိုင်းပြုံး ကြည့်ကြ၏။ ချိုကြီးမှ သတိရကာ မျက်နှာရှုံ့သွားပြီး

"ဟေ့ကောင် မင်း ညစ်ပတ်လှချည်လား၊ ဘာလို့ ငါ့ခွက်ထဲ မင်း လက်ကြီးနဲ့ လာနှိုက်ရတာတုံး"

တင်မောင်မှ ချိုကြီးအား စိတ်မရှည်သလို လှည့်ဟောက်၏။

"မကျေနပ်ရင် နောက်တစ်ခွက် သွားဖျော်သောက်ကွာ၊ ဒီမှာ နားထောင်မလို့ဟာကို သွား သွား ... နောက်တစ်ခွက်သွားဖျော်သောက်"

"ဘာလို့ သွားရမှာလဲ၊ ငါလည်း နားထောင်ချင်တာပေါ့ကွ"

"ဒါဆို ငြိမ်ငြိမ်နေ၊ ရဲသင် ဆက်ပြောကွာ၊ ဘာလဲ ဇီတာ"

"ငါ့ပရောဂျက်နာမည် သိရုံနဲ့ မင်းတို့ ရိပ်မိလောက်တယ်ဆိုဟ"

"ကိုကို့ဟာက ရိပ်မိဖို့ နေနေသာသာ ကြားတောင်မှ မကြားဖူးတဲ့ ဥစ္စာကြီးကို"

"အေးလေ"

"ကြာတယ်ကွာ ဟေ့ကောင် ... လိုရင်းကိုပြော"

"လိုရင်းကိုပြောရရင် ဇီတာဆိုတာက မင်းတို့ Oxford Advanced Learner's Dictionary ထဲမှာ သွားရှာကြည့်ရင် the 6th letter of the Greek alphabet လို့  တွေ့လိမ့်မယ်၊ သဘောက ဂရိဂဏန်း ခြောက်ပေါ့ကွာ"

"ဟင် ... စိတ်နဲ့ ခြောက်နဲ့ ဘာဆိုင်လို့လဲ"

"အသေးစိတ် သက်ဆိုင်ပုံတွေကို အဘက်ဘက်က အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ စနစ်တကျ သိပြီဆိုရင်တော့ ငါလည်း ဒီလိုဘယ်နေတော့မလဲကွာ၊ အဲဒီကိစ္စရပ်တွေမှာ ငါ ဆရာတစ်ဆူ ဖြစ်နေမှာပေါ့၊ အခု ငါ နည်းနည်းသိသလောက်တော့ သုညကနေ ကိုးအထိ ဂဏန်းတွေဟာ ဟိုခြစ်ဒီခြစ် လျှောက်လုပ်ကြရင်းနဲ့ အလကားနေရင်း ပေါ်လာတဲ့ဟာတွေ မဟုတ်ဘူးကွ၊ တစ်ခုချင်းစီမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ပညာရပ်တွေရဲ့ သင်္ကေတ အမှတ်အသားတွေ အာကာသ စကြဝဠာသဘောတရားတွေ တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ရှိနေကြတယ်"

"ဘာလဲ နျူမရော်လော်ဂျီလိုဟာမျိုးကို မင်း ပြောချင်တာလား"

"နည်းနည်းတော့ ဆက်စပ် ပတ်သက်မှု ရှိတယ်၊ မင်းပြောတဲ့ နျူမရော်လော်ဂျီကို ချိုကြီးလို လူပြိန်းနားလည်အောင် ပြောရရင် ဂဏန်းဗေဒင်ပေါ့ကွာ"

"ဟေ့ကောင်"

ချိုကြီး ဒေါပွကာ လှမ်းဟန့်၏။ ရဲသင်က ဂရုမစိုက်။ မသိချင်ယောင်ဆောင်ကာ ဆက်ပြော၏။ တင်မောင်က သနားစရာ သတ္တဝါပါလားဟူသော အကြည့်နှင့် ချိုကြီးကို လှည့်ကြည့်ရာ ချိုကြီးမှာ ရှုးသိုးသိုးနှင့် မနေတတ်မထိုင်တတ် ဖြစ်ကာ နားထောင်လေ၏။ ရဲသင်မှ

"အနောက်တိုင်းမှာရော အရှေ့တိုင်းမှာပါ လောကီပညာရပ်တွေ လူ့စိတ်စွမ်းအင်တွေ တန်းခိုးသိန္ဓိတွေဟာ ကိန်းဂဏန်းတွေနဲ့ တော်တော်ကြီးကို ပတ်ပတ်သက်သက် ရှိကြတယ်ကွ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ ယခုခေတ်အထိကို ထူးခြားဆန်းကြယ်တဲ့ ကိစ္စတွေ လောကီပညာတွေ လူ့စိတ်စွမ်းအားတွေ တန်ခိုးသိန္ဓိဆိုင်ရာကိစ္စတွေကို စိတ်ဝင်စားကြတဲ့ လူအမျိုးမျိုးတွေက သူတို့စိတ်ဝင်စားရာကိစ္စ ကိန်းဂဏန်းတွေကတစ်ဆင့် သဲလွန်စဖော်တာမျိုး ခြေရာခံတာမျိုး လုပ်လေ့ရှိကြတယ်၊ စိတ်မဝင်စားတဲ့လူတွေ အတွက်တော့ အလကားဟာတွေ အလကားကိစ္စတွေပေါ့ကွာ၊ လုံးလုံး အယုံအကြည်မရှိတဲ့ လူတွေအတွက်တော့ ပိုတောင် ဆိုးသေးတာပေါ့၊ မဖြစ်နိုင်တာတွေပေါ့၊ ငါပြောချင်တာက အခု ငါဆက်ပြောမယ့်ဟာတွေက မင်းတို့ စိတ်ဝင်စားမှ နားထောင်လို့ အဆင်ပြေမှာ၊ စိတ်မဝင်စားရင် အဆင်ပြေမှာ မဟုတ်ဘူး၊ အူကြောင်ကြောင် ဖြစ်နေလိမ့်မယ်၊ ဘယ်လိုလဲ"

"ပြောစရာရှိတာ ပြော ဟေ့ကောင်"

"အေးလေ ကိုကိုကလည်း ... စိတ်ဝင်စားလာအောင် သူ့ဟာသူ ဖြစ်တာတွေက ဖြစ်ခဲ့တာပဲဥစ္စာ"

"ဟုတ်တယ် ပြော ပြော"

"ဒီလိုဟ၊ မင်းတို့သိတဲ့အတိုင်း အစက ငါလည်း အဲလိုကိစ္စမျိုးတွေ သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး၊ ဘာသိဘာသာ နေမိတာပဲ၊ ဒါပေမယ့် ခုနက မေနိုး ပြောသလိုပေါ့၊ စိတ်မဝင်စားလို့ မရအောင် ဘာမှန်းမသိတာတွေ ခဏခဏ လာ လာဖြစ်နေတော့ ငါလည်း မလေ့လာလို့ မရတော့ဘူးလေကွာ၊ အဲဒီမှာ ငါ စဉ်းစားတယ်၊ ဘာဖြစ်နေတာလဲ၊ ဒါက ဘာလဲ၊ ဒီကိစ္စဘာမှန်း ငါ သိရအောင် ဘယ်လိုလုပ်ရမလဲပေါ့၊ အဲဒီမှာ ငါ အဲဒီလိုမျိုး ထူးထူးဆန်းဆန်း ကိစ္စတွေ စပြီး လျှောက်လေ့လာကြည့်တယ်၊ အဲဒီမှာ ငါ ဘာသွားတွေ့လဲဆိုတော့ ထူးထူးဆန်းဆန်း လူသာမန်ဦးနှောက်နဲ့ ဘယ်လိုမှ တွေးကြည့်လို့မရတဲ့ ကိစ္စတွေက တစ်ကမ္ဘာလုံး အမှန်တကယ် ဖြစ်ပျက်နေတာ ဟုတ်တယ်ဆိုတဲ့ အခြေခံ အချက်ကို သွားရှာတွေ့တယ်၊ ဘာမှန်းမသိတာ တစ်ခုကို လက်တွေ့ကျကျ လေ့လာကြည့်ဖို့က အဲဒီအချက်က အရေးကြီးဆုံးဟ၊ မင်းတို့ စဉ်းစားကြည့်လေ၊ ဘာကိစ္စမဆို အခြေခံကျတဲ့ အချက်တစ်ခု မရှိဘဲနဲ့ ဘာဆက်လုပ်လို့ ရမှာလဲ၊ အားလုံး စမ်းတဝါးဝါး ဖြစ်ကုန်မှာပေါ့၊ အခြေခံတွေ့တော့ ငါ ဆက်စဉ်းစားတယ်၊ ငါ ဖြစ်နေတာတွေက စိတ်နဲ့ ပတ်သက်တဲ့ ကိစ္စ ဖြစ်နေတာ၊ တခြားဟာ မဟုတ်ဘူး၊ အဲတော့ စိတ်ကို လိုက်ရမယ်ဆိုပြီး ဆိုင်ကိုလော်ဂျီနဲ့ ဆိုင်တဲ့ဘက်ကို ငါ လိုက်တယ်၊ အဲဒီတော့မှ ကျကျနန ဒုက္ခရောက်ပါလေရော"

"ဘာဖြစ်လို့လဲ"

"ဟ အဲဒီကိစ္စက အကျယ်ကြီးနဲ့ အကြီးကြီးဟ၊ ဘယ်က အစရှာရမှန်းကို မသိတာ၊ ပြီးတော့ သဘာဝလွန်ကိစ္စ၊ သဘာဝမကျတဲ့ ကိစ္စကို စပ်စုရတာရတာလေကွာ၊ အခန့်မသင့်ရင် ရူးသွားမယ့်ဟာမျိုးဟ၊ ရူးသွားတဲ့လူတွေလည်း ငါ့ရှေ့မှာ သာဓက အများကြီး၊ ပြီးတော့ အဲဒီ သဘာဝလွန် နယ်ပယ်ကိစ္စမျိုးမှာ လူတစ်ယောက်ရဲ အသက်ဟာ ဘာမှ မဟုတ်ဘူး၊ အချိန်မရွေး လျှောသွားနိုင်တယ်ဆိုတာ ငါ သွားသတိထားမိတယ်၊ အဲဒါနဲ့ မဖြစ်ချေဘူးဟဆိုပြီး ပရောဂျက်တစ်ခုအနေနဲ့ သတိထားလုပ်မှ ရမယ်လို့ ဆုံးဖြတ်ရတာ"

"ဒါဆို မင်း အဲဒီ ကိစ္စတွေကို နည်းနည်းလောက်တော့ သိနေပြီပေါ့"

"အေး နည်းနည်လေး သိသလိုပဲ၊ ပထမတော့ ငါ့အကျင့်အတိုင်း သဲကြီးမဲကြီးပေါ့ကွာ၊ နောက်မှ အရမ်းသွားလုပ်လို့ မရတာ သဘောပေါက်လာပြီး အေးအေးလူလူ လိုက်နေတာ၊ ကြားထဲကဟာတွေ မပြောတော့ဘူးကွာ၊ ကြာလိမ့်မယ်၊ အခုတော့ ငါ ဘာဖြစ်ဖြစ်နေတယ်၊ မျက်ရှု ဘာဖြစ်ဖြစ်နေတယ်ဆိုတာ နည်းနည်းတော့ ရိပ်မိစပြုလာပြီ"

"ဘာဖြစ်နေတာလဲ အဲဒါဆို"

"connection သွားငြိနေတာ"

"ဘာ ဘာရယ်ကိုကို"

"connection သွားငြိနေတာလို့ ပြောတာ၊ သဘောကတော့ဟာ သူ့လှိုင်းနဲ့ ကိုယ်လှိုင်းနဲ့ သွားငြိနေတာ"

"ဘယ်လိုလဲ မင်းပြောချင်တာက ရေစက်ရှိတာမျိုး၊ နဖူးစာပါတာမျိုး အဆက်ရှိတာမျိုးကို ပြောချင်တာလား"

"မဟုတ်ဘူး မဟုတ်ဘူး၊ အဲဒါမျိုးတွေနဲ့ ဘာမှမဆိုင်ဘူး၊ ငါ့ပရောဂျက်ကို ငါ ဘာလို့ ဇီတာလို့ နာမည်ပေးလဲ သိလား၊ မင်းတို့ အင်္ဂလိပ်ဂဏန်းခြောက်ကို ဘယ်လိုရေးလဲ"

"ဘယ်လိုရေးရမလဲ ဒီလိုပေါ့ဟ"

တင်မောင်မှ ချိုကြီးအအေးခွက်ထဲ ဆိုးဆိုးဆတ်ဆတ် လက်ညှိုးနှင့် နှိုက်ပြန်ကာ စားပွဲပေါ်တွင် ရေးပြလေ၏။ ချိုကြီးမှာ တားချိန်ပင် မရလိုက်။ တင်မောင် ခြောက်ဂဏန်းရေးပြလိုက်သည်နှင့် ရဲသင်ရံမှ ချိုကြီးအအေးခွက် လက်ညှိုးနှစ်ပြန်ကာ တင်မောင့် ခြောက်ဂဏန်းဘေးတွင် အောက်ပါပုံကို ဆွဲပြလိုက်လေ၏။



"ဘာကြီးလဲဟ"

"ဇီတာရဲ့ သင်္ကေတလေ၊ အဘိဓာန်ထဲမှာ သွားရှာကြည့်၊ သေးသေးလေးပါတယ်၊ အဲဒါ ဇီတာပဲ၊ ဂရိဂဏန်း ခြောက်ပဲ၊ အခုနေ ဇီတာကို လေ့လာလိုက်စားဖူးတဲ့ လူလေးယောက်လောက်ရှိရင် ဆုံပေးလိုက်၊ ငါဆွဲပြတဲ့ ဇီတာက မှားကိုမှားနေတာလို့ ဝိုင်းပြောလိမ့်မယ်၊ ပြီးရင် သူတို့ချင်း ငြင်းရင်းသတ်ကြပုတ်ကြအထိ ဖြစ်လိမ့်မယ်၊ အပေါ်ကနေ စဆွဲရတာ၊ အောက်ကနေ စဆွဲရတာ၊ အလယ်ကနေ ဖောက်ဆွဲရတာ၊ အောက်က အဝိုက်က ပိုကြီးတယ်၊ အပေါ်က အဝိုက်က ပိုကြီးတယ်၊ အတွန့်လေးက နည်းနည်းသေးတယ် ကြီးနေတယ်နဲ့ ကျကျနနကို ငြင်းကြမှာ၊ ချိုကြီးဇောက်ထီးကြီး ကြည့်မနေနဲ့လေကွာ၊ ငါ့ဘက်က လာကြည့်"

"အောင်မယ် ... ဆစ်နဲ့ ခပ်ဆင်ဆင်ဟ၊ အခု ဆစ်က ဘာလို့ လုံးလုံးကြီး ဖြစ်နေတာလဲ"

"သင်္ကေတတွေ ဖျောက်ပစ်လိုက်တာလေကွာ"

"ဘာလို့လဲ"

"မလိုလားအပ်တဲ့လူတွေ အတွက်ပေါ့၊ ဒီလိုကိစ္စမျိုးတွေကို ဆုံးသွားတဲ့ စာရေးဆရာ တာရာမင်းဝေတို့ ဆရာ မင်းသိင်္ခတို့လည်း လေ့လာလိုက်စားဖူးကြတယ်ဟ၊ ဒါပေမယ့် သူတို့နဲ့ ငါနဲ့ ချဉ်းကပ်ပုံလမ်းရော ယူဆပုံရော တူချင်မှတူမှာ၊ ငါ့အယူအဆကတော့ ဇီတာကို ပတ်သက်မှုလို့ မြင်တယ်၊ ဒါကြောင့် ပရောဂျက်ခေါင်းစဉ် ပေးလိုက်တာ၊ ရှင်းပြရခက်တယ်ကွ၊ ငါပြောတဲ့ မတ်သက်မှု connection ဆိုတာက အချိန်နဲ့ နေရာမရှိဘူး၊ အထီးအမ မကြီးအငယ် မရှိဘူး၊ သတ္တဝါမျိုးတူတာ မတူတာ မရှိဘူး"

"ဘယ်လိုကြီးလဲ"

"ဆိုကြပါစို့ကွာ၊ လူနှစ်ယောက်ပဲ ထားပါတော့၊ မဟုတ်သေးဘူး လူတစ်ယောက်နဲ့ သမင်တစ်ကောင်ပဲ ထားပါတော့၊ ရှိနေတဲ့ နေရာကလည်း တခြားစီ အဝေးကြီး၊ ဒါပေမယ့် သူ့လှိုင်းနဲ့ ကိုယ့်လှိုင်းသွားငြိတဲ့ အချိန်တစ်ခုမှာ သမင်ကလည်း အဲဒီလူရှိနေပါလား ဆိုပြီး ဖျတ်ခနဲ သိလိုက်သလို လူကလည်း လောကကြီးထဲမှာ အဲဒီသမင် ရှိနေပါလားဆိုတာ ဖျတ်ခနဲ သိလိုက်တယ်၊ ဒါပေမယ့် အဲဒီ connection မိတဲ့အချိန်က လန့်ဖို့ကောင်းတယ်၊ ဘာမဆို ဖြစ်နိုင်တယ်၊ connection သွားမိတဲ့ object နှစ်ခုရဲ့ စိတ်စွမ်းအင်ပေါ် မူတည်နေတာ၊ ဘယ်လိုတောင် ဖြစ်နိုင်လဲ သိလား၊ သမင်က လူရှိနေကြောင်း သိလိုက်ချိန်မှာ လူက နောက်ဆုံးထွက်သက် နောက်ဆုံး စက္ကန့်မှာ သမင်တစ်ကောင် ရှိနေပါလားဆိုတာ ဖျတ်ခနဲ မြင်လိုက် သိလိုက်ပြီး သေသွားတာမျိုးတောင် ဖြစ်နိုင်တယ်၊ အဲဒါ connection နဲ့ မဆိုင်ဘူး၊ connection က သေခြင်းရှင်ခြင်းနဲပ မပတ်သက်ဘူး၊ ဒါပေမယ့် connection ကြောင့် သေခြင်းရှင်ခြင်းလည်း ဖြစ်သွားနိုင်တယ်၊ အဲဒီ connection ရဲ့ သင်္ကေတဟာ ဇီတာပဲ"

"ဟေ"

"သိပ်တော့ နားမလည်ဘူး၊ ဒါပေမယ့် ကိုကို့ဟာက ကြောက်စရာကြီး၊ မမမျက်ရှုက connection တစ်ခုခု မိနေတာလား"

"မျက်ရှုမှ မဟုတ်ဘူး၊ လူတိုင်းက ဇီတာ မိနေတာ၊ အခုက ညည်းတို့ သုံးယောက်လုံး ဖြစ်ဖူးတယ်ဆိုတဲ့ဟာတွေက တစ်စုံတစ်ရာသော အဝန်းအဝိုင်း တစ်ခုခုနဲ့ ဇီတာ ဖျတ်ခနဲ သွားမိတာလို့တောင် ငါထင်တယ်"

"အမလေး ကြောက်စရာကြီး"

"ဘာကြီးလဲကွာ၊ မင်းဟာက ဒါဆို အရာအလားလုံးဟာ connection ရှိနေတာလား"

"ငါကိုယ်တိုင် မသေချာဘူး သူငယ်ချင်း၊ တင်မောင် .... မင်း တစ်ခု စဉ်းစားကြည့်လေ၊ ရုရှားမှာ ရှိတဲ့ လူတစ်ယောက်ဟာ ရုတ်တရက် စိတ်ကူးတစ်ခု ပေါက်လာလို့ အဝေးမှာရှိတဲ့ အာဖရိကကိုသွားပြီး ဆင်ဆိုးတစ်ကောင်ကို ပစ်သတ်လိုက်တယ်၊ အဲဒီဆင်ဆိုးက အဲဒီဒေသမှာ လူတွေသတ်ပြီး ထွက်ပြေးနေလို့ အဲဒီဒေသက လူတွေပဲ အဲဒီဆင်ကို လိုက်ရှာနေတာ၊ အဲဒါတွေအားလုံး ရုရှားကလူက သိတာမဟုတ်ဘူး၊ သူက အမဲလိုက်ပြီး ဆင်ပစ်ချင်လို့ လာပစ်တာ၊ ဆင်ကလည်း လိုက်ရှာနေတဲ့ ဒေသခံတွေကျ မသေဘူး၊ ရုရှားပစ်မှ သေရော၊ သေချာ စဉ်းစားကြည့်၊ အဲဒီအထဲမှာ အပြင်ပန်းကြည့်ရင်တော့ တိုက်ဆိုင်တာပေါ့၊ ဒါပေမဲ့ အဲဒီလောက် တိုက်ဆိုင်ရသလား"

အားလုံး ငြိမ်သက်သွားကြလေ၏။ အတွေးကိုယ်စီနှင့်။ ရေကူးကန်ဘေးတွင် အမှောင်သည် သိပ်သိပ်သည်းသည်း အားကောင်းစ ပြုလာပြီ။ မေနိုးက ရေကန်ကို ငေးနေ၏။ တင်မောင်မှာ စားပွဲပေါ်မှ ခြောက်သွေ့သွားပြီဖြစ်သော ဇီတာသင်္ကေတကို ကြည့်နေလေသည်။ ချိုကြီးမှာ အအေးခွက်ကို မရည်ရွယ်ဘဲ ကိုင်ထားမိကာ ကြည့်နေ၏။ ရဲသင် အားလုံးကို တစ်ချက်ကြည့်ကာ ပြုံးမိ၏။ တိတ်ဆိတ်သွားခြင်းကို သူကပင် ပြန်ဖြိုခွင်းရ၏။

"လာကွာ၊ ကြေးအိုးသွားသောက်ရအောင်၊ မင်းတို့ကလည်း ..."

တင်မောင် ဖျတ်ခနဲ ဖြစ်သွားကာ ရဲသင်မျက်လုံးကို တည့်တည့်စိုက်ကြည့်၍

"ပုဏ္ဏား မင်းက ဆင်လား"

ရဲသင် ပခုံးတွန့်ပြရင်း ပြန်ဖြေ၏။

"Don't know man ... မျက်ရှုကတော့ ရုရှားမဟုတ်လောက်ဘူး ထင်တာပဲ"

မေနိုးမှ ...

"ဇီတာကို တစ်ခုခုနဲ့ ဖျက်ပစ်လို့ရလား ကိုကို"

ရဲသင် တစ်ချက်တွေသွားပြီး

"I am not sure ..."

ဝေ ...
တောင်ပေါ်မှာ နှင်းတွေဝေလို့
ပန်းလေးတွေ ပွင့်လို့
လှလို့။

ဝေ ...
အရူးမလေးခေါင်းမှာ ပန်းတွေဝေလို့
သူ့မျက်နှာလေးလည်း ပြုံးလို့
လှလို့။

ဝေ ...
ဒုက္ခသည် ကလေးလေးတွေကို ရိက္ခာတွေဝေလို့
သူတို့တွေ ကြည်နူးနေကြလို့
လှလို့။

ဝေ ...
နောင်ဝေဝေ ကြေးစည်သံလေးက ဝေလို့
အမေကြီးမျက်နှာ အေးချမ်းလို့
လှလို့။

ဝေ ...
သူ့ချစ်ခြင်းတွေ ဝေမျှလို့
အားလုံးအတွက် ဘဝသာယာဖို့
လှလို့

အိမ်သူရွှေမ
(အတ္တ ပတ္တာ ကဗျာစုမှ)

No comments:

Post a Comment