Thursday 18 April 2013

ဇီတာ - အရိုး (အပိုင်း-၁)

အရိုး
ဇီတာ

ကျမ်းတကာတို့၏ အပြင်ဘက်ထွက်ကာ ငါ ဆိုသည်
ဤမည်သောနေရာတွင် ထိုကြမ္မာသည် ရှိအံ့
ထိုကြမ္မာသည် ငါ၏အရာဖြစ်လျှင် ငါလာမည်
ငါသည်
နတ်ဘုရားတို့ ရေတွက်အပ်သော
ဆဋ္ဌမနေရာ
သတ္တမတန်ဖိုး
Zeta ဖြစ်သည် ...


ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ညဦးပိုင်သည် လွန်စွာအေးချမ်းလှ၍ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနေလေသည်။

အချိန်မရွေး မိုးရွာချနိုင်သော ကာလဖြစ်၍ ကုန်းတော်ပေါ်တွင် လူအနည်းငယ် ပါးနေ၏။ အချိန်မှာကား ညရှစ်နာရီခန့်။ ကုန်းတော်သည် ဓါတ်မီးရောင်များ ရွှေရောင်များနှင့် လင်းချင်းနေ၏။

အသက်နှစ်ဆယ်ကျော်ရုံမျှသာ ရှိဦးမည်ဖြစ်သော ကောင်မလေးတစ်ယောက်သည် တစ်ဦးတည်း အေးဆေးစွာ စေတီတော်ကြီးကို မော့ကြည့်ဖူးမြော်ရင်း လက်ယာရစ် ဖြည်းဖြည်း လျှောက်လာလေသည်။ အသားအရေ အထူးတလည် စိုပြည်ဝင်းဝါလှ၍ ဥစ္စာစောင့်တမျှ လှပသည့်အပြင် မြင့်မားသော အရပ်အမောင်းနှင့်အညီ အချိုးအစားကျလှသော ကိုယ်နေဟန်ထားကြောင့် ဖြတ်သွားဖြတ်လာ အများတွင် အချို့က သမင်လည်ပြန် ငေးသွားကြကုန်၏။ ကောင်မလေး ကတော့ ဤကိစ္စများကို ကြုံဖူးပေါင်းများလှပြီ ဖြစ်သည့်ပုံနှင့် ဂရုမစိုက်။ သူ့ဟာသူ အေးချမ်းစွာသာ စေတီတော်ကြီးကို မော့ကြည့် ဖူးမြော်ရင်း ဖြည်းဖြည်း လျှောက်နေ၏။ အတန်ငယ် လူသူရှင်းသည့် ခေါင်းလောင်းကြီး တစ်လုံးနား ရောက်သော် ခေါင်းလောင်းကြီးကိုကပ်လျက် ကျောပေးကာ ပုဆစ်တုပ် ထိုင်ချလိုက်လေ၏။ ထို့နောက် လွယ်လာသော အကောင်းစား အညိုရောင် သားရေအိတ်လေးထဲမှ ပုတီးလေးတစ်ကုံးကို ထုတ်ကာ ရှေ့တွင်ချ၏။ ပြီးလျှင် ဦးသုံးကြိမ်ချပြန်ကာ မျက်စိလေးမှိတ်၍ နှုတ်ခမ်းလေးများ လှုပ်ရုံ အသံမထွက်ဘဲ ဘုရားရှိခိုးနေလေတော့၏။ ကောင်မလေး၏ လှုပ်ရှားမှုများအားလုံးသည် ကျွမ်းကျင်လှသော ကချေသည်တစ်ဦး၏ နူးညံ့သော ကကွက်များအလား သွယ်ပျောင်း ချောမွတ်လျက် ရှိတော့၏။ ထို့ကြောင့် မလှမ်းမကမ်းတွင် ထိုင်၍နေသော အသက်လေးဆယ်နီးပါး သန့်သန့်ပြန့်ပြန့် လူတစ်ယောက်သည် ကောင်မလေးအား ကျကျနန ငေး၍ နေလေ၏။ ကောင်မလေးမှာ ထိုသည်ကို လုံးလုံးမသိ။ မျက်လွှာလေးများ စုံမှိတ်ထားကာ ဘုရားရှိခိုးနေလေသည်။ ထိုစဉ် ... အသားဖြူဖြူ၊ ရုပ်ရည် သန့်သန့်ပြန့်ပြန့်နှင့် လည်ကတုံး အဖြူရောင် ကိုယ်စီကို လည်ပင်းအစေ့ကြယ်သီးများ တပ်ထားကြသော ကချင်ပုဆိုးဆင်တူနှင့် လူငယ်နှစ်ယောက်သည် စကား တပြောပြောနှင့် ထိုနေရာနားသို့ ရောက်လာကြ လေ၏။ ကောင်မလေးကို ငမ်းနေသော လေးဆယ်ခန့်လူနားမှ လူငယ်နှစ်ယောက် ဖြတ်သွားကြသော် စကားပြောသံများ ကြားလိုက်ရလေ၏။ ရုပ်ရည် အတန်ငယ် ချောမောသော လူငယ်မှ ခပ်ဖိုင့်ဖိုင့် လူငယ်အား

"ကုသိုလ်ကောင်းမှုပြုပြီးလို့ ထိုးမယ့်ထိုးရင်တော့ ငါက ဓမ္မစေတီခေါင်းလောင်းကြီးပဲ ထိုးချင်တာဟ"

"ရဲသင် မင်း ပေါက်ကရ မကြံနဲ့၊ ဓမ္မစေတီခေါင်းလောင်းကြီးက ငဇင်ကာရှည်လို့ မြစ်ထဲကျနေတာ၊ ဘယ်လိုလုပ် ထိုးမှာတုံး၊ မင်းဟာက လေဖမ်း ရိုလာကိုစတာစီး ဆိုတာလို ..."

"လေဖမ်းဒန်းစီးပါဟ၊ နေစမ်းပါဦး ချိုကြီး၊ မင်းက ငဇင်ကာတွေ ဘာတွေ ငါ့ လာပြောရအောင် မင်းက ဘယ်လောက် သိလို့တုံး"

"အေး ကြည့်စမ်း၊ မင်းကို ငါ မေးမလို့ မေ့ မေ့နေတာ၊ လာကွာ ဒီနားထိုင်ရအောင်"

လူငယ်နှစ်ယောက်သည် ကောင်မလေးနှင့် လေးဆယ်ခန့်လူကြား အုတ်ဖိနပ်လေးတစ်ခုပေါ်တွင် ကျကျနန ထိုင်ကြလေတော့၏။ လေးဆယ်ခန့်လူမှာ လူငယ်နှစ်ယောက် ထိုင်ချလိုက်သောကြောင့် ကောင်မလေးအား မြင်ကွင်းကွယ် သွားသည် ဖြစ်ရာ ကောင်မလေးအား ကျကျနန မြင်ရရန် အတွက် နေရာပြောင်းထိုင်ရလေရာ စိတ်ထဲတွင် လူငယ်နှစ်ဦးအား ကသိကအောက် ခံစားရလေ၏။လူငယ်နှစ်ဦးမှာ ကောင်မလေးအား သတိပင် မထားမိ။ လေးဆယ်ခန့်လူအားလည်း သတိပင်မထားမိ။ သူတို့ဟာ သူတို့သာ ဆက်လက်ပြောဆိုနေကြလေ၏။ ရဲသင် ဟုအခေါ်ခံရသော ကောင်လေးမှ ဆက်ပြော၏။ လေးဆယ်ခန့် လူမှာ လူငယ်နှစ်ယောက်သည် ၎င်းနှင့် ပိုနီးနေသဖြင့် အကုန်ကြားနေရလေသည်။

"ငါ့အထင်တော့ အဲဒီ ငဇင်ကာဆိုတဲ့ အကောင်ဟာ အော်လန်ဒိုဘလွန်းလို ခပ်ဖြောင့်ဖြောင့် ခပ်လည်လည် အကောင်စားမျိုး ဖြစ်လိမ့်မယ် ချိုကြီးရ၊ မင်းစဉ်းစားကြည့်လေ၊ ဒီလောက် ရှုပ်တဲ့အကောင်ဟာ သန်လျင်မြို့စားတွေ

ဘာတွေဖြစ်၊ သူများသားသမီး သွားယူပြီး ငါတို့နိုင်ငံ ရောင်းစားဖို့ အပေးအယူတွေ လုပ်လိုလုပ်၊ နတ်သျှင်နောင်လို ငနဲကြီးကိုတောင် စည်းရုံးလို စည်းရုံးနဲ့၊ ဥပဓိရုပ်ခံက အော်လန်ဒိုဘလွန်းလောက်တော့ ကောင်းကိုကောင်းမှာ

သေချာတယ်"

"တော် တော် ... ဟေ့ကောင် ငါ သိချင်တာ အဲဒီ ဖင်ကိုတံကျင်လျှို အသတ်ခံရတဲ့ကောင်အကြောင်း မဟုတ်ဘူး၊ ခေါင်းလောင်းအကြောင်းဟ၊ မင်းဟာက ခုတ်ရာတလွဲ ဝက်ခေါင်းတခြား ဖြစ်နေပြီ"

"ခုတ်ရာတလွဲ ရှရာတခြားပါဟ"

"ဘာဖြစ်ဖြစ်ကွာ၊ မင်းက အင်ဆိုင်ကလိုပီးဒီးယား ဆိုတော့ ဓမ္မစေတီခေါင်းလောင်းအကြောင်း ငါ့ နည်းနည်းပြောပြ"

"ပြောရရင် ဘုရင်မကြီး ရှင်စောပုက စတာကွ၊ နည်းနည်းရှည်တယ်"

"ရှည်ရှည်ကွာ၊ ရတယ်"

"ပြီးရော၊ ရှေ့သမိုင်းတွေ မပြောတော့ဘူး၊ မိဖုရားကြီး ရှင်စောပုက အင်းဝမှာ မပျော်လို့ မွန်ရဟန်းနှစ်ပါးနဲ့ ဟံသာဝတီကို စုန်ဆင်းလာတယ်၊ အဲဒီထဲက တစ်ပါးက အရှင်ဓမ္မဓရလို့ ဘွဲ့မည်တယ်၊ လောကီပညာ တတ်ကျွမ်းတယ်၊ အဲဒီ အရှင်ဓမ္မဓရကို မြန်မာ့သမိုင်းမှာ တစ်ဦးတည်းသော ဘုရင်မကြီးဖြစ်တဲ့ ရှင်စောပုက သူ ဘုရင်မကြီး ဖြစ်လာတော့ အင်းဝက ဟံသာဝတီ ... အခု ပဲခူးပေါ့ကွာ"

"သိပါတယ်ဟ"

"အေး အဲလို အင်းဝက ဟံသာဝတီကို လာတုန်း ကူညီခဲ့တဲ့ အရှင်ဓမ္မဓရကို လူထွက်ခိုင်းပြီး သမီးတော်နဲ့ ပေးစား ဓမ္မစေတီအမည်နဲ့ အိမ်ရှေ့အရာ ပေးတာကွ"

"ဘယ်တော့ ဘုရင်ဖြစ်ပြီး ဘယ်တော့ ခေါင်းလောင်းလုပ်တုံး"

"ခရစ်နှစ် ၁၄၇၁ မှာ ဘုရင်ဖြစ်တယ်၊ ၁၄၇၆ မှာ ခေါင်းလောင်းကြီး သွန်းပြး ရွှေတိဂုံစေတီတော်ကို လှူတယ်၊ အဝ ၈တောင်၊ အစောက် ၁၂တောင်၊ အလေးချိန် ပိဿာ တစ်သိန်းရှစ်သောင်း၊ တကယ့်လို့ ဆယ်လို့ ရခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး မင်းကွန်းခေါင်းလောင်းကြီးထက် သုံးဆကျော် ကြီးတဲ့အတွက် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီး ဖြစ်လာမှာ၊ အဲဒီ ဓမ္မစေတီခေါင်းလောင်းကြီးကို ငဇင်ကာက အမြောက်လုပ်မယ်ဆိုပြီး ယူသွားတာကနေ မြစ်သုံးခွဆုံအလယ်မှာ သစ်ဖောင်ကွဲပြီး ရေထဲကျသွားတာ၊ အခုခေတ် ဆယ်ရင် ရလောက်တယ်ကွ"

"နေစမ်းပါဦး ရဲသင် ... မင်း အဲ့ဒါမျိုးတွေ ဘာလို့ အတိအကျ မှတ်မိနေတာတုန်း"

"ဟ ငါ စိတ်ဝင်စားတဲ့ဟာတွေကိုးဟ"

"မင်း ဦးနှောက်ကလည်းကွာ၊ မှတ် မှတ်နိုင်လွန်း"

လေးဆယ်ခန့်လူမှာ မသိမသာ စိတ်ဝင်တစား နားထောင်နေရာမှ အနည်းငယ် ရှက်သွားသလို တစ်ယောက်တည်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဓမ္မစေတီခေါင်းလောင်းဆိုသည်ကို အခုမှ သူကြားဖူးသောကြောင့် ဖြစ်လေ၏။

ခပ်ဖိုင့်ဖိုင့် လူငယ်မှ စကားဆက်၏။

"ကဲ ... သူငယ်ချင်း ... မဆယ်ရသေးတဲ့ ခေါင်းလောင်းတော့ မထိုးချင်ပါနဲ့ကွာ၊ နီးရာတစ်ခု ထိုးပြီး ပြန်ကြတာပေါ့"

"အေး ကောင်းတယ်၊ ဘယ်မလဲ ခေါင်းလောင်း"

"ဟိုမှာလေ"

"လာ သွားထိုးကြစို့"

လေးဆယ်ခန့်လူမှာ ထိုင်ရမလို ထရမလို ဖြစ်လေ၏။ လူငယ်နှစ်ယောက် ဦးတည်သွားသည်က ကောင်မလေး ဘုရားထိုင်ရှိခိုးနေသော နောက်အနားကပ်လျက်မှ ခေါင်းလောင်းကြီး။ တစ်စုံတစ်ရာ လှမ်းတားလိုက်ရန် စိတ်ကူး သော်လည်း နောက်ကျသွားလေ၏။

လူငယ်နှစ်ယောက်မှာ သွက်သွက်လက်လက်နှင့် ခေါင်းလောင်းနား ရောက်သွားကာ ရဲသင်ဆိုသော လူငယ်မှ ခေါင်းလောင်းဘေးတွင် အသင့်ထောင်၍နေသော ခေါင်းလောင်းထိုးတံကြီးကို မ လေသည်။ လေးဆယ်ခန့်လူမှာ ထိုင်ရာမှ "ဟေ့" ဟု လှမ်းအော်ကာ ထ၏။ လူငယ်နှစ်ယောက်က မကြား။ ရဲသင်ဆိုသော လူငယ်မှ ခေါင်းလောင်းထိုးတံကြီးကို အားရပါးရလွှဲကာ စိတ်ရှိလက်ရှိ ထိုးချလိုက်လေတော့၏။

"ဒေါင် ... ဟောင် ... ဟောင် ..."

နားကွဲမတတ် ခေါင်းလောင်းသံကြီး ပေါ်လာလေသည်။

မိမိ နောက်နားကပ်လျက်မှ အလွန်ကျယ်သော ခေါင်းလောင်းသံကြီး ရုတ်တရက် ပေါ်လာလေသော် ကောင်မလေးမှာ အလွန် လန့်သွားပြီး ထိုင်ရာမှ ဆက်ခနဲ မတ်တတ်ထကာ မျက်လုံးလေးများပြူးလျက် တောင့်တောင့်ကြီး ဖြစ်နေလေ၏။ လေးဆယ်ခန့်လူမှာလည်း "ဟေ့" ဟုအော်ပြန်ကာ အနားရောက်လာ၏။ လူငယ်နှစ်ယောက်မှာလည်း ခေါင်းလောင်းသံကြောင့် မကြား။ ကောင်မလေး မတ်တတ်ထရပ်ကာ သူတို့ဘက်သို့ ကျောပေးလျက် တောင့်တောင့်ကြီး ဖြစ်နေသည်ကိုတော့ သတိထားမိကြ၏။ သို့သော် ထိုကိစ္စသည် ကိုယ့်ကိစ္စမဟုတ်ဟု သဘောရကြသည့်အလျောက် ရဲသင်ဆိုသော လူငယ်မှာ ခေါင်းလောင်းကြီးကို နောက်တစ်ကြိမ် အားရပါးရ နှက်ပြန်လေ၏။

"ဒေါင် ... ဟောင် ... ဟောင် ... ဟောင်"

မတ်တတ်ကြီး တောင့်၍နေသော ကောင်မလေးမှာ ဒုတိယမြောက်ခေါင်းလောင်းသံကြီး ကြားလိုက်မှ အသက်ပြန်ဝင်လာသလို ဖြစ်ကာ ဒေါသတကြီး ချာခနဲ လှည့်ကြည့်လေ၏။ပထမ သူ့အနား အူကြောင်ကြောင်နှင့် ရပ်ကြည့်နေသော လေးဆယ်ခန့်လူကို တွေ့၏။ ကောင်မလေးမှာ ဒိုင်းခနဲ့ မျက်စောင်းထိုးကာ ခေါင်းလောင်းဆီသို့ အကြည့်ရွှေ့၏။ လူငယ်နှစ်ယောက်ကို သေချာမြင်လေသော် ထွက်နေသော ဒေါသသည် အမြင့်သို့ ဆက်တက်ကာ ကုန်းအော်လေတော့၏။

"ဟဲ့ကောင်တွေ ... နင်တို့ ..."

"ဒေါင် ... ဟောင် ... ဟောင်"

ခေါင်းလောင်းသံကြီး ပေါ်လာပြန်၍ ကောင်မလေး၏ အသံကို လွှမ်းလေ၏။ လေးဆယ်ခန့်လူမှာ ယောင်၍ နားနှစ်ဖက်ကို လက်နှင့်ပိတ်မိ၏။ ကောင်မလေး၏ ဒေါသကို ခေါင်းလောင်းသက ထပ်ဆွပေးလိုက်သလိုဖြစ်ရာ ကောင်မလေးသည် ရောက်နေရာ ပတ်ဝန်းကျင်ကိုပင် မေ့သွားသလိုဖြစ်ကာ ကျယ်စွာ အော်မိလေတော့၏။

"ဟဲ ... ရဲသင်ရံ၊ ဇော်ချိုဦး"

လူငယ်နှစ်ယောက်မှာ အခုမှ သေချာကြား၍ ကောင်မလေးအား တွေ့ကြသော် ခပ်ဖိုင့်ဖိုင့်လူငယ်မှ မျက်လုံးပြူံးသွားကာ

"ဟိုက် ... မျက်ရှုလရောင်"

ဖြောင့်ဖြောင့်လူငယ်မှာလည်း အံ့သြသွားပြီးမှ ချက်ချင်း မျက်နှာ ချိုသွေးလျက်

"ဟီး ဟီး နေကောင်းတယ်နော်"

တစ်စပ်တည်း ဘေးတွင် အူကြောင်ကြောင်နှင့် နားပိတ်ကာ ရပ်နေသော လေးဆယ်ခန့်လူကိုပါ တွေ့၍ ကောင်မလေးနှင့် ထိုသူကို လက်ညှိုးဖြင့် တစ်လှည့်စီ မဝံ့မရဲ ညွှန်၍

"အတူတူ လာတာလား"

ရန်တွေ့ရန် ပြင်နေသော ကောင်မလေးမှာ ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်ကာ ထိုလူကို ဒေါသနှင့် လှည့်ကြည့်၏။ ထိုသူမှလည်း အူကြောင်ကြောင့်နှင့် ပြန်ကြည့်ရင်း

"ဟို ... ကိုယ် ကိုယ်လည်း ဒီလိုဖြစ်မှာစိုးလို့ အချိန်မီလာတားတာပဲ"

"ရှင်က ဘာလဲ"

"သန်းနိုင်လေ"

ကောင်မလေးမှာ ကြောင်သွားပြီး ဘာမှန်းလဲမသိဘူးဟု မှုန်ကုတ်ကုတ် ရေရွတ်လျက် ဒေါသကို ကောင်လေး နှစ်ယောက်ဘက်သို့ ပြန်ဦးတည်ကာ ...

"ရဲသင်ရံ နင် ဒါဘာလုပ်တာလဲ"

ရဲသင်ရံမှ ပြူးကြောင်ကြောင်နှင့် ကောင်မလေးအား ငါဘာလုပ်လို့လဲဟု ပြန်ပြော၏။ တစ်စပ်တည်း ခပ်ဖိုင့်ဖိုင့် ဇော်ချိုဦးဘက်လှည့်ကာ ချိုကြီး ငါဘာလုပ်လို့လဲဟု မေး၏။ ကောင်မလေးမှာ ဒေါပွစွာနှင့် ရဲသင်ရံလက်ထဲ အခုထက်ထိ ကိုင်ထားသော ခေါင်းလောင်းထိုးတံကြီးကို ပြကာ

"နင့်လက်ထဲက ဘာလဲ"

ရဲသင်မှာ တုတ်တံကြီးကို မ ကြည့်ကာ ပြန်ဖြေ၏။

"တုတ်တံကြီးလေဟာ၊ လိုချင်လို့လား ရော့"

"ဟာ ... ကျွတ် ... နင်ဘာမှ ကူလီကူမာလှိမ့်ဖို့ မစဉ်းစားနဲ့၊ နင် ထိုးတာ မဟုတ်လား ခေါင်းလောင်းကို"

"အေးလေ၊ ဘာဖြစ်လို့လဲ၊ ဘုရားပေါ်မှာ ခေါင်းလောင်းထိုးတာပဲ"

"ငါ ထိုင်နေတာမြင်လို့ ငါ လန့်ပြီး အရှက်ကွဲအောင် တမင်သက်သက် အကျယ်ကြီး လာထိုးတာ မဟုတ်လား"

"မဟုတ်ပါဘူးဟ၊ ငါ နင့်ကို တွေ့တောင်မတွေ့ဘူး"

ချိုကြီးက ဝင်ထောက်ခံ၏။

"အေး ဟုတ်တယ်၊ ငါတို့ နင့်ကို လုံးလုံး မမြင်ဘူး"

"ဘာ မမြင်ပါဘူးလဲ၊ နင်တို့နှစ်ယောက်လုံး တစ်ကျိတ်တည်း တစ်ဉာဏ်တည်း၊ ငါ လန့်ပြီး အရှက်ကွဲအောင် တမင်လုပ်တာ"

"မဟုတ်ပါဘူးဆို၊ နင် မတ်တတ်ကြီး အရှက်ကွဲခဲ့တာလည်း ငါတို့ လုံးဝ မမြင်ဘူး၊ နင် ထအော်လို့ ငါတို့ လန့်တောင်သွားသေးတယ်"

"ဒီလူ မြင်တယ်ဟဲ့"

ဒီလူ ခေါ် ကိုသန်းနိုင်အား လက်ညှိုးထိုးကာ သက်သေထူ၏။ ထိုလူမှာလည်း ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်ကာ

"ဟုတ်တယ် ကိုယ် မြင်တယ်"

"တွေ့လား ရဲသင်ရံ ... နင် ငါ့ကို သက်သက် အရှက်ခွဲတာ၊ တောက် ... ငါ ငါ နင့်ကို သတ်ချင်တယ် သိလား"

ကောင်မလေးမှာ ချာခနဲလှည့်ကာ သူ့အိတ်သူ ကောက်၍ စိတ်ဆိုးမာန်ဆိုး ထွက်သွားလေတော့၏။

သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကြောင်စီစီ ကျန်ခဲ့ကြ၏။ ထိုစဉ် ကုန်းတော်လုံခြုံရေးဝန်ထမ်း အမျိုးသမီး ဝဝကြီးတစ်ဦး ရောက်လာကာ ခပ်တင်းတင်း မေး၏။

"ဆူညံဆူညံနဲ့ မင်းတို့ ဘာဖြစ်နေကြတာလဲ၊ ခုနက ထွက်သွားတဲ့ ကောင်မလေးကို မင်းတို့ ဘာသွားလုပ်လို့ ဟိုက စိတ်ဆိုးသွားတာလဲ"

"သွားထိုးလို့"

ကိုသန်းနိုင်က ယောင်၍ ပြန်ဖြေ၏။ မိန်းမကြီး မျက်မှောင်ကုတ်သွားကာ

"ဘာကွယ်"

ရဲသင်ရံမှာ ကပျာကယာ ဝင်ရှင်းပြော ပြောပြီး ချိုကြီး ခေါ်ကာ လစ်လေ၏။

"ဘာမှ မဖြစ်ဘူး ခင်ဗျ၊ ခုနက ထွက်သွားတာ ကျွန်တော်တို့ သူငယ်ချင်းပါ၊ သူ ဘုရားရှိခိုးတုန်း ကျွန်တော် ခေါင်းလောင်းထိုးလိုက်လို့ လန့်ပြီး စိတ်ဆိုးသွား၊ ဟိုမှာ သူ ပုတီးကျကျန်ခဲ့ပြီ၊ လာ လာ ချိုကြီး ... ငါတို့ မြန်မြန် လိုက်ပေးရအောင်၊ ရော့ ကိုသန်းနိုင် ဒါကြီးယူထားပြီး ခင်ဗျား မြင်တာ အသေးစိတ် ရှင်းပြလိုက်"

ကိုသန်းနိုင်မှာ ရဲသင်ရံ ပေးခဲ့သော ခေါင်းလောင်းထိုးတံကြီးကို ကိုင်ကာ ယောင်နနနှင့် ကျန်ခဲ့လေ၏။ မျက်ရှုလရောင် ကျကျန်ခဲ့သော စိတ်ပုတီးကို ရဲသင်ရံ ကောက်၍ အိတ်ထဲထည့်ကာ ခပ်သုတ်သုတ် လစ်သွားကြလေတော့၏။

ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာ မနက်စောစောတွင် ဖြစ်လေသည်။

အင်းလျားလမ်း Boat Club ရှေ့တွင် ခဲရောင် Fairlady ကားလေးတစ်စီးသည် လမ်းဘေး၌ ရပ်၍နေလျက် ရှိ၏။ ကားလေးဘေး ပလက်ဖောင်းပေါ်၌ ကောင်လေးတစ်ယောက်သည် စိတ်ရှုပ်ရှုပ်နှင့် မတ်တတ်ရပ်ကာ ဟိုကြည့်ဒီကြည့် ကြည့်နေလေသည်။ နံနက်စောစောဖြစ်၍ အင်းလျားလမ်းပေါ် ကားအတော်ရှင်းနေ၏။ ကောင်လေးသည် ကားကိုကြည့်လိုက် လမ်းကိုကြည့်လိုက်နှင့် တစ်စုံတစ်ရာ အကြံအိုက်နေပုံ ရ၏။ ထိုစဉ် ပြည်လမ်းဘက်မှ မောင်း၍ တက်လာသော အနက်ရောင် မာစီဒီးတူးဒိုးကားလေးတစ်စီး ပေါ်လာလေသည်။ ကောင်လေးသည် ထိုကားလေးကို မြင်သော် ပထမ ဝမ်းသာသွားသလို ဖြစ်၏။ ထိုသည်သာမက ကားလေး တဖြည်းဖြည်း နီးလာသော် ပျာယီပျာယာ လာ၏။ ထို့နောက် ကပျာကယာပင် ရပ်ထားသောကားကို ကွယ်ကာ ဆောင့်ကြောင့်ထိုင်ချလျက် လာနေသော ကားလေးပေါ်မှလူ သူ့ကို တွေ့မသွားအောင် ပုန်းလေသည်။

မာစီဒီးအနက်ကလေးမှာ ပထမ ရပ်ထားသောကားလေးကို ကျော်ကာသွား၏။ ခပ်လှမ်းလှမ်းရောက်မှ ရပ်သွားကာ နောက်ပြန်ဆုတ်လာလေသည်။ ပုန်းနေသော ကောင်လေးမှာ မာစီဒီးလေးကို ချောင်းကြည့်နေသည်ဖြစ်ရာ ရပ်သွားပြီး နောက်ပြန်ဆုတ်လာသည်ကို မြင်သော် အတော် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ထိုင်နေရာမှ လေးတိလေးကန် ထလိုက်လေသည်။မာစီဒီးလေးသည် ရပ်ထားသောကားနှင့် ရှေ့ဆင့်နောက်ဆင့်ရောက်သည်အထိ နောက်ဆုတ်လာပြီးမှ ရပ်လိုက်ကာ မောင်းသူဘက်မှတံခါး ဖျတ်ခနဲ ပွင့်သွားလေ၏။ ကောင်းလေးသည် ထိုအခြင်းအရာကို စိတ်ညစ်ညစ်နှင့် ခါးထောက်ကာ ကြည့်နေလေသည်။

မာစီဒီးလေးပေါ်မှ အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် လှပသော ကောင်မလေးတစ်ယောက်သည် မချိုမချဉ် ပြုံးစိစိ မျက်နှာထားနှင့် ဆင်းလာကာ ကောင်လေးထံသို့ လျှောက်၍လာလေသည်။ ကောင်လေးမှာ မှုန်ကုတ်ကုတ်နှင့် ကြည့်နေလေသည်။ ကောင်မလေးသည် ကောင်းလေးနားရောက်သည်နှင့် ခေါင်းကလေးကို စောင်းကာ မထီတရီ ပြုံးစိစိမျက်နှာပေးနှင့် ကောင်လေးအား သေချာကြည့်လေ၏။ ကောင်လေးမှာ ကောင်မလေးကို ကြည့်နေရာမှ မှုန်ကုတ်ကုတ်နှင့် မျက်နှာလွှဲသွားကာ Boat Club ဘက်သို့ ကြည့်နေလေသည်။

"ကျွတ် ကျွတ် ကျွတ် ကျွတ်"

ကောင်မလေးထံမှ စုတ်သပ်သံ ပေါ်လာ၏။ တမင်လုပ်ယူထားသော အသံမှန်း ကြားရရုံနှင့်ပင် မည်သူမဆို သိနိုင်လေသည်။ ကောင်လေးမှာ ဘာမှမပြော။ ရှုတည်တည်ကြီးသာ နေ နေ၏။ ကောင်မလေးထံမှ စကားသံ ပေါ်လာ၏။

"ဘယ်လိုလဲ မောင်လေးပုဏ္ဏားရဲ့ ... ကားပျက်နေပြီ မဟုတ်လား"

ကောင်လေးမှ ဘာမှ ပြန်မပြော။ ကောင်မလေးမှသာ စကားဆက်၏။

"မနေ့က မောင်ပုဏ္ဏားလေး ကင်တင်းမှာ မမကို ဟိုဘက်ဝိုင်း ဒီဘက်ဝိုင်း မကြားတကြား ပြောခဲ့ကာ မောင်လေး မှတ်မိပါတယ်နော်၊ ဘာဖြစ်တယ် ... Fairlady က မာစီဒီးထက် ပိုကောင်းတယ်ဆို၊ မာစီဒီးဆိုတာ အိုကြီးအိုမတွေမှ စီးတာဆို၊ လူမအိုရင်တောင် စိတ်အိုနေတဲ့ လူမျိုးတွေပဲ စီးတာဆို၊ ဟိုလမ်းဘေးပျက် ဒီလမ်းဘေးပျက်ဆို၊ အခုတော့ ဘယ်လိုဖြစ်ရတာလဲကွယ်၊ ကျွတ် ကျွတ် ... သူတော်ကောင်းကို စောင်းမြောင်းပြောမိတာကိုးကွဲ့ မောင်လေးရဲ့၊ မောင်လေးရဲ့ Fairlady လေး မကျန်းမမာ လမ်းဘေးထိုးရပ်နေရှာပြီ မဟုတ်လား"

"မျက်ရှု ... နင် ကျောင်းသွားစရာရှိ သွားနော်၊ ငါ့ကို လာပြောင်မနေနဲ့၊ ငါစောသေးလို့ လေညင်းခံနေတာ"

"အိုး အဲဒီလိုလား၊ မောင်လေးက လေညင်းခံနေတာလား၊ ဒါဆိုလည်း မောင်လေး လေညင်းခံပြီးလို့ ကျောင်းကို ကားကလေးနဲ့ ဝူးခနဲ မောင်းထွက်သွားတဲ့အထိ မမ စောင့်ကြည့်ချင်လိုက်တာကွယ်၊ မမ စောင့်ကြည့်မယ်နော်"

"မျက်ရှု နင် သွားစရာရှိတာ သွားပါလို့ဆို"

"အဲဒါ ပြောတာပေါ့ မောင်လေးရယ်၊ အမှန်ကို အမှန်အတိုင်း ဝန်ခံလိုက်ဝမ်းပါ၊ စက်ပစ္စည်းပဲကွယ်၊ ပျက်တဲ့အခါလည်း ရှိမှာပေါ့၊ ဘာဖြစ်လဲ၊ ကားပျက် ပျက်တယ်ပေါ့၊ မမက မောင်လေးကို စေတနာနဲ့ လိုက်ခဲ့မလားလို့ လာခေါ်တာ၊ တစ်နေရာထဲ အတူတူ သွားမှာပဲ ဥစ္စာ၊ မောင်လေးလည်း မာစီဒီး စီးဖူးသွားတာပေါ့၊ မာစီဒီးဆိုတာ သူတော်ကောင်းတွေပဲ စီတာကွယ့်၊ ဟိုစောင်းပြော ဒီစောင်းပြောနဲ့ စိတ်ပုပ်တဲ့လူတွေ အတွက်စီးဖို့ မတန်ဘူးကွယ့်၊ မောင်လေးတောင် ခဏလေး စီးခွင့်ရမှာ၊ လာ လိုက်ခဲ့"

"မလိုက်ဘူး"

"ဒါဆိုလည်း မမဟာမမ သွားရမှာပေါ့ကွယ်၊ မောင်လေး ရဲသင်ရံခေါ် မောင်ပုဏ္ဏလေးဟာ မာစီဒီး စီးခွင့်ရဖို့ ကံမပါရှာပေဘူးကိုး ကျွတ် ကျွတ် ... မမသွားမယ်နော်"


ကောင်မလေးမှာ မရယ်မချင်သည်ကို အတင်း ရယ်သံပြုကာ ထွက်သွားလေ၏။ ကောင်လေးမှာ ကောင်မလေးကို မကြည့်။ မျက်မှောက်ထုတ်ကာ ပွစိပွစိနှင့် Boat Club လက် ငေးကာသာ ကျန်ခဲ့၏။ ကောင်မလေးမှာ သူ့ကားပေါ်သူ ကျော့ကျော့မော့မော့လေး ပြန်တက်သွားလေ၏။ တစ်မိနစ် ... နှစ်မိနစ် ... သုံးမိနစ်ခန့် ကြာသွား၏။ ကောင်မလေး ကားမောင်းထွက်သွားသ့ မကြားရ။ ရဲသင်မှာ မျက်ရှုကားကို လှည့်ကြည့်လေသည်။ မျက်ရှုကားမှာ တုပ်တုပ်မျှ မလှုပ်။ မာစီဒီးအနက်လေးမှာ ဤနေရာတွင်ပင် ခန္ဓာဝန်ချ မထတမ်း နေတော့မည် ဟူသော ပုံမျိုးနှင့် ငြိမ်သက်စွာ ရှိနေ၏။ ကားက မလှုပ်သော်လည်း ကားထဲက မျက်ရှုတလှုပ်လှုပ် ရှိနေသည်ကို တွေ့ရ၏။ ရဲသင်ရံမှာ တဖြည်းဖြည်း ပြုံးလာကာ မျက်ရှုကားဆီ လျှောက်သွားလေ၏။ ကားဘေးနားရောက်၍ ကားအမိုးကို လက်နှစ်ဖက်ဖြင့် ကျကျနနထောက်ကာ အထဲသို့ ငုံ့ကြည့်သည်ရှိသော် မှုန်ကုတ်ပုပ်သိုးသော မျက်နှာနှင့် ပါးစပ်မှ ပွစိပွစိလုပ်ရင်း ကားကို ဟိုဒီကလို၍နေသော မျက်ရှုလရောင်ကို ရှာဖွေတွေ့ရှိလေသည်။ ရဲသင်ရံ ပိတ်၍ထားသော မှန်တံခါးကို လက်ညှိုးနှင့် ခေါက်၏။ မျက်ရှုလှည့်ကြည့်သော် လက်နှစ်ချောင်းဖြင့် လမ်းလျှောက်သွားသည့်ပုံ မျက်နှာမချိုမချဉ်နှင့် လုပ်ပြ၏။ မျက်ရှု တံခါးဖွင့်ကာ အိတ်ဆွဲ၍ ဒေါကြီးမောကြီး ဆင်းလာလေ၏။

"သော့ ယူခဲ့ဦး"

"ရဲသင် နင် ငါ့ကားပျက်အောင် ကျိန်လိုက်တာ မဟုတ်လား"

"မဟုတ်ပါဘူးဟ"

"ဟုတ်ပါတယ်၊ နင်ဟာ အကျင့်ကို မကောင်းဘူး၊ မိဘဆွေမျိုးတွေ ကောင်းသလောက် နင်ဟာ ဗီဇကို မကောင်းတာ"

"အဲဒါကြောင့် မွေးကတည်းက နင်နဲ့ ခြံချင်းကပ်လျက် မွေးလာတာပေါ့"

"သွားသေပါလား၊ ငါ့ကားကောင်းအောင် ပြန်လုပ်ပေး"

"ဟ ... ငါမှ ကားမပြင်တတ်တာ၊ ငါ့ကားငါတောင် ထွက်လာကတည်းက တုန်ချိတုန်ချိ ဖြစ်နေလို့ ဒီနားရောက်အောင် မနည်းမောင်းယူလာရတာ ဟား ဟား"

"ဘာရယ်တာလဲ နင်နော်"

"ဟား ဟား ဘာမှမဟုတ်ပါဘူး"

"နင်ဟာ အလကားဂြိုလ်ကောင်ပဲ၊ ငါ့ကို ဒုက္ခပေးဖို့ မွေးလာတဲ့ ဖုတ်ထီးကောင်"

"ဖုတ်မှာ အထီးအမ ရှိလို့လား၊ အဲဒီ ကိစ္စ ငါမသိဘူး"

"အလကား ငတုံး၊ ဒါနဲ့များ ကျောင်းကဟာတွေကလည်း ဘာမဆိုသိတဲ့ အင်ဆိုက်ကလိုပီးဒီးယား ဆရာကြီးတဲ့ ဟွန်း"

"ဖုတ်ကိစ္စတော့ ငါတကယ် မသိဘူးဟ၊ လေ့လာဦးမှ"

"ငါ့ စိပ်ပုတီးပြန်ပေး"

"ဟ ... ငါ ကောက်လာမယ်မှန်း နင် ဘယ်လိုသိလဲ"

"ပြန်ပေးမှာသာ ပေးစမ်းပါ"

"မပါလာဘူးဟ အိမ်မှာ၊ နင်ကလည်း တရေးနိုးမှ လာပြန်တောင်းနေတယ်"

"သေပါလား၊ နင်ကို စိတ်ဆိုးနေတာကိုး"

"'ဒါဆိုဘာလို့ ခုနက ငါ့ဟာငါနေတာကို နင် ဘာလို့ လာပြောင်လဲ"

"မသိဘူး၊ သွားဟာ ငါ နင်နဲ့အတူတူ ကျောင်းထဲ မဝင်ဘူး"

"ငါလည်း မဝင်ချင်ဘူး၊ သိက္ခာကျတယ်"

"ဖုတ်ထီးကောင်"

ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ ကျောင်းဝင်းကြီးတစ်ခုအတွင်းသို့ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် ဝင်၍ သွားကြလေ၏။


ဒီလိုပါပဲ ...

ကောင်းကင်သက်သက် ရှိရုံနဲ့ကတော့

ဘယ်တိမ်တွေ

ဘယ်ဆည်းဆာတွေ

ဘယ်မိုးကြိုးသွားတွေကိုမှ

ဆွဲပြလို့ မရပေဘူး

ဒီလိုပါပဲ ...

မြေပြင်သက်သက် ရှိရုံနဲ့လည်း

ဘယ်အရိပ်တွေမှ

ခင်းကျင်းပြလို့ မရပြန်ဘူး

ဒီလိုပါပဲ ...

ကောင်းကင်နဲ့ မြေကြီး ပေါင်းမိပြန်ရင်လည်း

သံသရာတစ်လျှောက်

အပ်ကြောင်း ပြောက်သောက်ထပ်နေတဲ့

ပြဇာတ်ဟောင်း သောင်းပြောင်း

ထောင်းထောင်းကြေ ပေါ်နေဦးမှာပါ

ဒီလိုပါပဲ ...



အိမ်သူရွှေမ
(မှော်ဝင်နတ်နန်း ကဗျာစုမှ)
 
 
(၁)

အင်းယျားကန်ပေါင်ပေါ်တွင် ညနေ နေအေးစ ပြုနေလေ၏။ မိုးပါးသွားပြီဖြစ်သော ကာလဖြစ်၍ ထုံးစံရှိသည့်အတိုင်း အတွဲများ၊ လေညင်းခံသူများ၊ ဈေးသည်များ၊ ဂစ်တာလာတီးသူများ၊ အလှလာပြကြလေကုန်သော ကလေးမများ၊ ကိုယ့်အသက်အရွယ်မှ မထောက် ပြေးချင်လွှားချင် ခုန်ချင်ပေါက်ချင်ကြသူများ၊ ပုလင်းပုန်း လာထောင်ကြသူများ၊ ခွေးနှင့် ဟန်ရေးလာပြကြသူများ စသဖြင့် စည်၍ နေလေ၏။ အင်းယျားကန်ပေါင် လျှောက်လမ်း၏ IBC ဘက် ခပ်ကျကျ တစ်နေရာတွင် လူငယ်သုံးယောက်သည် စွန်လွှတ်၍ နေကြလေ၏။ စွန်လွှတ်နေကြသည် ဆိုခြင်းထက် ကျကျနန ကောင်းကင်ပေါ်ရောက်ပြီ ဖြစ်၍ ခပ်မှုန်မှုန်ခန့်သာ မြင်ရတော့သော ချာလည်ချာလည် စွန်ကို ထိုင်ကြည့်နေ ကြသည်ဟု ဆိုက ပိုမှန်လေသည်။ အလယ်တွင် ထိုင်နေသော လူငယ်မှာ တစ်ခါတစ်ရံ ရစ်လုံးကိုယူ၍ ထိန်းထိန်းပေးတတ်၏။ တစ်ဖက်တစ်ချက်မှ လူငယ်နှစ်ယောက်မှာ စကားမပြောဖြစ်ကြဘဲ စွန်ကို ငေးမောနေကြ၏။ အတန်ကြာတော့မှ ဘယ်ဘက်က လူငယ် ပိန်ရှည်ရှည်က တိတ်ဆိတ်ခြင်းကို ဖြိုခွင်းရန် စကားစ၏။

"သေသေချာချာ စဉ်းစားကြည့်လေလေ ငါတော့ သောက်ကျိုးမရှိတဲ့အလုပ်ကို ငါတို့သုံးယောက် ထိုင်လုပ်နေကြတာပါလားလို့ မြင်လာလေလေပဲ"

ကျန်နှစ်ယောက်မှာ နားမလည်ဖြစ်ကာ လှည့်ကြည့်ကြလေ၏။အလယ်မှ လူငယ်က

"တင်မောင် ... မင်း အကောင်းကြီးကနေ ဘာ ထ ဖြစ်ပြန်တာတုန်း"

တင်မောင်ဟု အခေါ်ခံရသော လူငယ်မှ စွန်ကို ရှုံ့မဲ့ကြည့်ကာ ခေါင်းခါရင်း

"မင်းတို့ စဉ်းစားကြည့်လေကွာ၊ စွန်လွှတ်တယ်ဆိုတဲ့ ကိစ္စဟာ တကယ်တမ်းကျ ဘာသောက်ကျိုးမှ မရှိဘူး၊ သောက်ကျိုးမရှိတဲ့အပြင် အခန့်မသင့်ရင် သောက်ကျိုးတောင် နည်းနိုင်သေးတယ်၊ အလကား အချိန်ကုန် လူပင်ပန်း အလုပ်ကွ၊ အခု လက်တွေ့ စဉ်းစားကြည့် ရဲသင် ... မင်းအခု စွန်လွှတ်နေတာ ဘာအကျိုးရှိတုံး"

ရဲသင် ဟုအခေါ်ခံရသော အလယ်မှ လူငယ်မှာ ဘာမှပြန်မပြော။ အတော်ဝေးသွားသော စွန်ကိုသာ ပြန်နီးလာအောင် ရစ်လုံးနှင့် ပြန်ရစ်ယူနေရင်းတစ်ချက် ပြုံး၏။ ညာဘက်စွန်တွင် ထိုင်နေသော ခပ်ဖိုင့်ဖိုင့်လူငယ်သာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး တင်မောင်ဆိုသော လူငယ်ကို ပြန်ပြော၏။

"ဟေ့ကောင် ... အရှင်းမရှိ အနှီးမရှိ ဘာထဖြစ်တာလဲ၊ အားလုံးသဘောတူလို့ စွန်လာလွှတ်တာ ဘာမကောင်းပြောချင်နေတာတုံး"

"အရင်းမရှိ အဖျားမရှိပါဟ၊ ချိုကြီး မင်း မမှတ်မိသေးဘူးလား စကားပုံတွေ မသိဘဲ လျှောက် လျှောက်မပြောပါနဲ့ဆို၊ ဆရာကန်တော့ပွဲ အခမ်းအနားမှုး လုပ်တုန်းကလည်း ဆရာများ သားကျူရှင်ဖိုးကုန် ဆိုပြီးပြောလို့ ဆရာတွေ ပြန်တော့ မင်းကို နှုတ်မဆက်ကြဘူးလေ၊ စကားကို အရမ်းမပြောပါနဲ့ ဆိုတာကို"

"အာ ... ဘာဖြစ်လဲ အဲဒါ၊ တင်မောင် ငါမေးတာ ဖြေစမ်းပါ၊ ငါတို့ စွန်လာလွှတ်တဲ့ကိစ္စကို မင်းက ဘာပြောချင်တာတုံး"

"တွေးလေ တွေးလေ အဓိပ္ပာယ် မရှိလေပဲ"

"ပြန်လေကွာ ဒါဆို၊ ဘာလို့ အစက မင်းကိုယ်တိုင် သဘောတူပြီး လိုက်လာတုံး"

"ဟ ... အစက အဓိပ္ပာယ်ရှိမယ် ထင်လို့ပေါ့ကွ"

"တင်မောင် ... မင်းဟာ ငါ့ကိုသာ ပြောတယ်၊ မင်းလည်း အထင်နဲ့ စွတ် စွတ်လုပ်တတ်တဲ့ အကျင့်ကိုလျှော့၊ မင်းဟာမင်း လေဖမ်း အချုပ်ခန်းထဲထည့် ဆိုတာလို"

"လေဖမ်း ဒန်းစီးပါဟ"

"ဘာဖြစ်ဖြစ်ကွာ၊ မင်းဟာမင်း ထင်ချင်ရာ လျှောက်ထင်ပြီးလည်း လိုက်လာသေးတယ်၊ ဟိုပြောဒီပြောနဲ့ ဘာဖြစ်လဲ စွန်လွှတ်တာ"

"ဒါဆို ပြော၊ စွန်လွှတ်လို့ မင်း ဘာအကျိုးရှိလဲ"

"ဟ ... အရသာရှိတယ်ကွ"

"ပြောစမ်း ဘာအရသာလဲ"

"စွန်လေး ကောင်ကင်ပေါ် ရောက်သွားအောင် အတော်ကြိုးစားရတယ်လေကွာ၊ ကောင်းကင်ပေါ် ကောင်းကောင်းရောက်သွားပြီ သူ ပျံနေတာ ကြည့်ရတာ ပျော်စရာ ကောင်းတယ်ဟ"

"မဟုတ်သေးပါဘူးကွာ"

"ဟေ့ကောင် တင်မောင် ... အဓိပ္ပာယ်တစ်ခုခု မရှိဘဲနဲ့တော့ စွန်လွှတ်တဲ့အလုပ်ကို လူတွေ ရှာဖွေတွေ့ရှိဖို့ တကူးတက ကြိုးစားခဲ့ကြမှာ မဟုတ်ဘူး"

"ကြီးကြီးကျယ်ကျယ် ချိုကြီးရာ၊ လောကနဲ့ချီပြီး လာပြောရအောင် မင်းစွန်လွှတ်တဲ့ကိစ္စက ဘာများကြီးကျယ်လို့တုံး"

"အဲဒါဆို အခု တကယ်လွှတ်နေတဲ့ ကာယကံရှင်ကို မေးကြည့်လေကွာ"

"အေး ဟုတ်တယ်၊ ဟေ့ကောင် ရဲသင် ... မင်းပဲ မင်းဟာမင်းပြော ပြောနေတာ၊ အဓိပ္ပာယ် မရှိတာ မလုပ်ဘူးဆို၊ စွန်လွှတ်ာ မင်းအတွက်ဘာ အဓိပ္ပာယ်ရှိလဲ"

အလယ်မှ လူငယ်မှာ စွန်ကိုကြည့်နေရင်းမှ ကျကျနန ပြုံးလေ၏။ ထို့နောက် တစ်လုံးချင်း ပြော၏။

"စွန်လွှတ်တဲ့ကိစ္စဟာ ယူတတ်ရင် တရားရတယ်ကွ"
"ဘာကွ"

"အဓိပ္ပာယ်မရှိတာ"

လူငယ်မှ ဆက်ပြော၏။

"မင်းတို့ စဉ်းစားကြည့်လေ၊ စွန်လွှတ်တယ်ဆိုတဲ့ကိစ္စ တစ်ခုကို ခဏလေး လုပ်လိုက်တာဟာ မြင်တတ်ရင် လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ဖြစ်ပျက်သွားတာနဲ့ အတူတူပဲ၊ မွေးဖွားလာတယ်၊ ရုန်းကန်နေထိုင်တယ်၊ သေဆုံး ပြီးဆုံးသွားတယ်၊ အဲဒီကိစ္စ ဖြစ်စဉ်ကြီးတစ်ခုလုံး စွန်လေးခဏ လွှတ်လိုက်ရုံနဲ့ ကြည့်တတ်ရင် မြင်နိုင်တယ်ဟ"

ချိုကြီးမှ တင်မောင်ကို ဘယ့်နှယ့်ရှိစဟူသော အကြည့်နှင့် ကြည့်၏။ တင်မောင် မခံချင်ဖြစ်သွားကာ

"အတင်းလာပြီး မကြီးကျယ်ပြနဲ့ ဟေ့ကောင်၊ သေသေချာချာ ပြောစမ်း"

ရဲသင်မှ သက်ပြင်းတစ်ချက် ချ၍ ရှည်လျားစွာ ပြောပြလေ၏။

"မင်းတို့က စွန်လွှတ်တယ်ဆိုတဲ့ ကိစ္စကို သေးသေးမွှားမွှား မှတ်နေတာကိုးဟ၊ စွန်လွှတ်တယ်ဆိုတဲ့ ကိစ္စက ဂန္ဓာရီအတတ်ပညာနဲ့တောင် ဆိုင်သလိုလို သုတေသန ပြုနေကြတဲ့ ပညာရှင်တွေက ထင်မြင်ယူဆကြဖူးတယ်ဟ၊ မင်းတို့ လိပ်ပြာလွှင့်တဲ့ အတတ်ကို ကြားဖူးတယ် မဟုတ်လား လူခန္ဓာကိုယ် ရုပ်ကြီးကတော့ တစ်နေရာထဲမှာ ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်း ကျန်ခဲ့ပြီး အစွမ်းအမျိုးမျိုးရအောင် ကျင့်ကြံ အားထုတ်ထားတဲ့ လူခန္ဓာကိုယ်ရဲ့ ပုံသဏ္ဌာန် အတိုင်း စိတ်ခန္ဓာကိုယ်က ကိုယ်သွားချင်တဲ့ နေရာကို သွားလို့ရအောင် လုပ်နိုင်တဲ့ ပညာလေကွာ၊ အမျိုးမျိုး ခေါ်ဝေါ်လိုတော့ လိပ်ပြာလွှင့်တာပေါ့ကွာ၊ အဲဒီ လိပ်ပြာလွှင့်တဲ့ အတတ်မှာ ငြိမ်ငြိမ်ကြီးကျန်ခဲ့တဲ့ ရုပ်ခန္ဓာကိုယ်ကြီးနဲ့ ကိုယ်သွားချင်ရာကို လွှတ်လိုက်တဲ့ စိတ်ခန္ဓာကိုယ် နှစ်ခုက Silver Cord လို့ခေါ်တဲ့ ငွေမျှင်ရောင်ကြိုးလေးတစ်ချောင်းနဲ့ ချိတ်ထားတာကွ၊ အဲဒီ Silver Cord ဟာ ကျင့်ကြံထားတဲ့သူ မဟုတ်ရင် မမြင်ရဘူး၊ သူ့မှာ အတိုင်းအရှည် မရှိဘူးကွ၊ စွန်လွှတ်တဲ့ကိစ္စဟာ အဲဒါနဲ့ တထေရာတည်း နီးပါး တူညီနေတာ၊ ကိုယ်က ငြိမ်ပြီး ရပ်နေပေမယ့် အဝေးကြီးကို ရောက်နေတဲ့ ကိုယ့်စွန်က ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း၊ ကိုယ့်စိတ်အတိုင်း လှုပ်ရှားသွားလာနေအောင် အပ်ချည်ကြိုးမျှင်မျှင်လေး တစ်ချောင်းထဲနဲ့ပဲ ဆက်သွယ်ထိန်းချုပ်ထားတာ၊ စွန်နဲ့ ရစ်ဘီးနဲ့ ကြားက အပ်ချည်မျှင်လေးဟာ စွန်လွှတ်ခြင်းကိစ္စအတွက် Silver Cord ပဲ"

"အဲဒီ Silver Cord ပြတ်သွားရင်ကော"

တင်မောင်မှ ဝင်မေးသည်ကို ချိုကြီးမှ မှုန်ကုတ်ကုတ် ကြည့်၏။ ရဲသင် ဆက်ပြောလေသည်။

" Silver Cord ပြတ်သွားရင်တော့ လိပ်ပြာလွှင့်တဲ့ ကိစ္စမှာ စွန်ပြတ်သွားသလိုပေါ့ကွာ၊ စွန်ဟာ လွင့်ချင်ရာလွင့်သွားသလို စိတ်ကလည်း လွင့်ချင်ရာ လွင့်သွားတော့တာပေါ့ သေချာတာကတော့ စွန်ဟာ သူ့ရစ်လုံးဆီကို ဘယ်လောက်ပဲ ပြန်လာဖို့ ကြိုးစားကြိုးစား ရစ်လုံးကလည်း သူ့စွန်နောက်ကို ဘယ်လောက်ပဲ လိုက်ဖို့ ကြိုးစားကြိုးစား ဖြစ်နိုင်ချေက သိပ်နည်းလွန်းသွားပြီလေ၊ လိပ်ပြာလွှင့်တဲ့အတတ်မှာလည်း ဒီသဘောအတိုင်းပဲ ဖြစ်လိမ့်မယ်

ငါပြောချင်တာက အဲဒါမဟုတ်ဘူးကွ၊ လေတံခွန်ခေါ်ခေါ် စွန်ခေါ်ခေါ် အဲဒီကိစ္စ လွှတ်တင်တဲ့အတတ်ဟာ ကမ္ဘာမှာ ကြာခဲ့ပြီကွ၊ ပေါ့သေးသေ့ မဟုတ်ဘူး၊ လူတွေဟာ စွန်ကို အမျိုးမျိုး သုံးခဲ့ကြတာ၊ စစ်ပွဲတွေ အတွက်၊ ဆက်သွယ်ရေး အတွက်၊ တစ်စုံတစ်ရာ မကျေနပ်မှုတွေ အသိပေးလိုမှုတွေ တိုင်တန်းလိုမှုတွေ နားလည်စေလိုမှုတွေကို ကြေညာ မောင်းခတ်ဖို့အတွက်၊ နောက်ပြီး သဘာဝတရားဓမ္မကို သွန်သင်ပြသလိုမှုတွေ အတွက်တောင် စွန်လွှတ်ခြင်းကို လုပ်ခဲ့ကြတယ်၊

မင်းတို့စဉ်းစားကြည့်လေ၊ စွန်တစ်ကောင်စလွှတ်ဖို့ ပြင်ဆင်မှုဟာ လူသားတစ်ယောက် လောကထဲ လျှောက်ဝင်ဖို့ ပြင်ဆင်မှုနဲ့ အတူတူပဲ၊ စွန်တစ်ကောင် ပိုင်ဆိုင်ရလာတာဟာ လူတစ်ယောက် သန္ဓေတည်လာ သလိုပဲ၊ စွန်တစ်ကောင်ကို ဆိုင်းကြိုးတပ်တာဟာ လူတစ်ယောက်ကို မိသားစု အသိုင်းအဝိုင်းနဲ့ ဆက်စပ် ချည်နှောင်လိုက်ခြင်းပဲ၊ စွန်တစ်ကောင်ကို တော့တော့တင်တာဟာ လူတစ်ယောက် လောကထဲမှာ ဝင်ဆံ့အောင် သင်ကြားပေးခြင်းပဲ၊ ကောင်းကင်မှာ စွန်တစ်ကောင် ကောင်းကောင်းပျံဝဲ သွားနိုင်ခြင်းဟာ လူတစ်ယောက် လောကထဲ ကောင်းကောင်းမွန်မွန် ဝင်သွားနိုင်ခြင်းပဲ၊ စွန်တစ်ကောင် ဟိုငြိ ဒီငြိ ဟိုကျဒီကျနဲ့ မစုတ်ပြဲသွားအောင် စွန်လွှတ်သူနဲ့ ရစ်လုံးက ထိန်းသိမ်းပေးနေခြင်းဟာ လူတစ်ယောက် လောကအလယ်မှာ မပျက်စီး မမှားယွင်း မတိမ်းပါးသွားအောင် သူ့ဆိုင်ရာမိသားစု ပတ်ဝန်းကျင်က ထိန်းသိမ်းသွားခြင်းပဲ၊ စွန်လွှတ်သူ ဒါမှမဟုတ် ပဲ့ကိုင်သူ အသိုင်းအဝိုင်းရဲ့ ကျွမ်းကျင်မှု မကျွမ်းကျင်မှုပေါ် မူတည်ပြီး စွန်တစ်ကောင် ဒါမှမဟုတ် လူသားတစ်ယောက်ဟာ လောကမှာ ဘယ်လိုဖြစ်ပျက်သွားမလဲဆိုတာရဲ့ အချက်အချာပဲ၊ ဒါကြောင့် စွန်လွှတ်တာဟာ ယူတတ်ရင် တရားရတယ်လို့ ငါပြောတာဟ"

ရှည်လျားလှသော ရဲသင်၏ စကားအဆုံးတွင် သုံးယောက်သား အတွေးကိုယ်စီနှင့် ငြိမ်ကျသွားကြလေ၏။ အတန်ကြာသော် ချိုကြီးမှာ တင်မောင်အား 'ဘယ့်နှယ့်ရှိစ သဘောပေါက်ပလား ဟေ့ကောင်' ဟုသော အဓိပ္ပာယ်ပါသည့် အကြည့်နှင့် ကြည့်၏။ ရဲသင်ရံမှာ သူတို့ ဘာဖြစ်နေကြမှန်း မသိ။ စွန်ကိုသာ ကြည့်နေ၏။ တင်မောင်မှာ ချိုကြီးကို ဘုကြည့်ပြန်ကြည့်ကာ မျက်နှာလွှဲလိုက်ပြီး အင်းလျားကန်ပေါင်        ရိုးတစ်လျှောက်သာ ဟိုဒီကြည့်နေ၏။ ထိုခဏ၌ တင်မောင် အံ့သြလေ၏။
 
 
"ဟ ... ဟေ့ကောင်တွေ ... ဟိုမှာဟ မျက်ရှု မျက်ရှု"

နှစ်ယောက်သား တင်မောင်ညွှန်ရာသို့ ပြူးခနဲ လှည့်ကြည့်ကြ၏။

ဂျင်းဘောင်းဘီတို၊ တီရှပ်အဖြူလေးနှင့် ကျောလည်ခန့်ဆံပင်ကို ပိုနီတေးစီးထားသော အရပ်မြင့်မြင့်နှင့် ဖြူဖြူဖွေးဖွေး လှတပတ ကောင်မလေးတစ်ယောက်သည် သူတို့ဘက်သို့ လျှောက်၍ လာနေလေ၏။ ခရေဇီကာလာ အစိမ်းရောင် ဖိုင်ဘာရစ်လုံး တစ်လုံးကို ဘယ်ဘက် ချိုင်းကြားတွင် ညှပ်၍ ကိုင်လာ၏။ ညာဘက်လက်တွင် ထပ်၍ထားသော စက္ကူစွန်ငါးကောင်ခြောက်ကောင်ကို ကိုင်လာ၏။ မျက်နှာလေးမှာ စူပုပ်ပုပ်လေးဖြစ်၍ နေ၏။ တစ်စုံတစ်ရာ အလိုမကျမှု တစ်ခုခုကို ကြုံတွေ့ခဲ့ပုံမျိုး ဖြစ်၏။ တင်မောင်တို့ တစ်သိုက်မှာ အကြောင်းရင်းကို ကြာကြာ မရှာလိုက်ရ။

မျက်ရှုနောက် မလှမ်းမကမ်းမှ ပါလာသော ပေစုတ်စုတ် ပုလင်းပုန်းသုံးကောင်ကို တွေ့သည်နှင့် မည်သို့ ဖြစ်ပျက်လာသည်ကို ရိပ်မိလိုက်ကြလေ၏။ ဆောင့်ကြီးအောင့်ကြီးနှင့် လျှောက်လာသော မျက်ရှုမှာ ချိုကြီးတို့ကို မထင်မှတ်ဘဲ ရုတ်တရက် တွေ့သော် အံ့သြဝမ်းသာသွားပုံ ရ၏။ သို့သော် ရဲသင်ကိုပါ ရောတွေ့လေသော် အလိုမကျသလို ဖြစ်သွားပုံနှင့် ချိုကြီးတို့၏ မလှမ်းမကမ်းတွင် ကိုင်လာသောစွန်များကို ချကာ ရစ်ဘီးမှကြိုးနှင့် စွန်တစ်ကောင်မှ တပ်လာပြီးသော ဆိုင်းကြိုးကို ချည်ကာ စွန်ကိုတော့၍ တင်ရန် ကြံလေ၏။ ပုလင်းပုန်းသုံးကောင်မှာ မလှမ်းမကမ်းမှ အကဲခတ်နေလေသည်။ တင်မောင်တို့ သုံးယောက်မှာ ထိုအဖြစ်အပျက်ကို မမှိတ်မသုန် ကြည့်၍ နေကြလေသည်။

ညနေသည် အတော် ရင့်ရော်လာပြီ ဖြစ်၏။ IBC နှင့် နီးသော ဘက်ခြမ်းမှ အင်းလျားကန်ပေါင်သည် ထုံးစံအတိုင်း လူအနည်းငယ် ရှင်း၍ နေလေသည်။ ယောက်ျားလေး ခြောက်ယောက်သည် အလယ်တွင် စွန်လွှတ်နေသော ကောင်မလေးတစ်ယောက်ကို ရံလျက် တစ်ဖက်တွင် သုံးယောက်စီ ကိုယ်စီမတူသော အမြင်များနှင့် ကြည့်နေ ကြလေ၏။ မျက်ရှုစွန် ကောင်းကင်ပေါ်သို့ ကောင်းစွာ တက်သွားလေသည်။ ရဲသင်မှ လွဲ၍ ကျန်ယောက်ျားလေး ငါးယောက်မှာ စွန်ကို ဂရုမစိုက်။ စွန်လွှတ်သူ ကောင်မလေးကိုသာ စောင့်ကြည့်နေကြ၏။

စွန်လေး အောင်အောင်မြင်မြင် ကောင်းကင်ပေါ် ရောက်သွားသဖြင့် မျက်ရှုမှာ ပျော်သွားပုံရ၏။ ပတ်ဝန်းကျင်အား တဒင်္ဂ မေ့လျော့သွားပုံနှင့် ရဲသင်ရံကို လှမ်းကြည့်၏။ ရဲသင်ရံမှာ မျက်ရှုကို ကြည့်မနေ။ ထပ်တက်လာသော မျက်ရှု၏ စက္ကူစွန်ပြာလေးကို ပြုံး၍ကြည့်ရင်း သူ့စွန်ကို သူပြန်ဆွဲနေ၏။

ပုလင်းပုန်း သုံးယောက်သည် မျက်ရှုအနား မသိမသာ တိုးကာလာ၏။ တင်မောင် ထိုင်နေရာမှ ထရန် ပြင်၏။ ချိုကြီးက ဆွဲထားလေသည်။ ထိုသည်များကို ရဲသင်နှင့် မျက်ရှု မသိ။ မျက်ရှုမှာ လေကြောင်း မိသွားပြီဖြစ်သော သူ့စွန်လေးအား ထိန်းရင်း ရဲသင်ရံကို တစ်ချက် လှည့်ကြည့်၏။ ရဲသင်ရံမှာမူ မည်သူကိုမှ မကြည့်။ ထိုင်ရာမှ ထလိုက်ကာနောက်သို့ ခြေနှစ်လှမ်းခန့် လေးလေးပင်ပင် ဆုတ်လိုက်ရင်း သူ့စွန်ကိုသူ သိမ်းရန် ကြံ၏။ မျက်ရှုမျက်နှာတွင် မဲ့ပြုံးတစ်ချက် ပေါ်သွား၏။ ရဲသင်ရံ ထရပ်လိုက်သဖြင့် ချိုကြီးနှင့် တင်မောင်လည်း ထရပ်လေသည်။ ပုလင်းပုန်းသုံးယောက်မှာ မျက်ရှုနောက် အတော်နီးနီးတွင် ဖိုခနောက်ဆိုင် ရှိနေလေပြီ။ မျက်ရှုမှာ သတိမထားမိ။ ရဲသင်ရံ၏ စွန်ကို ဖြတ်ရန်သာ စိတ်စောနေ၏။ ရဲသင် တစ်ချက်ပြုံးလိုက်သည်ကို မျက်ရှု မမြင်။

"ရပြီ ညီမလေး၊ ဝိုက်ဆွဲလိုက် ရစ် ရစ်"

မျက်ရှု နောက်နားမှ အနီးဆုံး ပုလင်းပုန်း တစ်ယောက်မှ အော်လိုက်ရင်း မျက်ရှုပုခုံးကို လှမ်းကိုင်လိုက်လေသည်။ စွန်နှစ်ကောင် ပူးသွားသလို မျက်ရှုလည်း တွန့်ခနဲ ဖြစ်သွား၏။

'ခွမ်း'

'အ'

'ဖြောက် ... ဗုန်း'

'အု'

'ဖတ် ... ဂျွတ်'

'အား'

"လာ ... မိန်းမ သွားမယ်၊ ရော့ ချိုကြီး ... ငါ့ကားမောင်းခဲ့ဟ"

အဖြစ်အပျက်သည် အလွန်တရာ မြန်ဆန်စွာ ဖြစ်ပျက်သွားသဖြင့် လက်ကောက်ဝတ်မှ ဆွဲခေါ်ခံသွားရသော မျက်ရှုပင်လျှင် ဘာဖြစ်လိုက်မှန်းမသိ ကန့်လန့်ကန့်လန့် ပါသွားလေသည်။ တင်မောင်နှင့် ချိုကြီးမှာ အံ့အားသင့်ကာ ကျန်ခဲ့ပြီးမှ တင်မောင်သည် ရဲသင် ပစ်ပေးသွားသော ကားသော့ကို ကောက်ကာ ချိုကြီးကိုပေး၍ ရဲသင်တို့နောက်သို့ အပြေးတစ်ပိုင်း လိုက်လေ၏။ အမှောင်သည် အင်းလျားကန်ပေါင်ကို အုပ်စီးစပြုလေပြီ။ ပုလင်းပုန်း သုံးယောက်ကား ပိုးလိုးပက်လက်။
 
 
ဘယ်အရပ်မှာ

ဘယ်ဇာတ်ဝင်မလဲ ပြော

အသောခန်းမပါရင်

ငါ လာမယ်

ရှင်ဘုရင် ကျားကိုက်

ထားလိုက်တော့ ဇာတ်တစ်ထုပ်

လုပ်မဲ့လုပ်ရင်လည်း

မစကတည်းက ယဉ်သကို

ဟိုလိုလို ဒီလိုလိုချည်း

ပါတော်ပဲမူပြီးသွားတာ ကြာလှပေါ့။

(၁၈၈၅ ကုန်းဘောင်ကြီးကြော်ကဗျာများမှ)
 
(၂)

'အား ကျွတ် ကျွတ်'

အမှုမဲ့ အမှတ်မဲ့ လက်ထောက်ပြီး ထလိုက်တော့မှ ညာဘက် လက်ကောက်ဝတ်က အတော် နာနေပါလားဟ။ မှန်းစမ်း။

'ဟိုက်'

ယောင်ကိုင်းနေပါလား။ ဘယ်လိုဖြစ်တာလဲ။ သြော် သိပြီ။ မနေ့က သတ်ပုတ်လာခဲ့လေသကိုး။ နေစမ်းပါဦး။ အေးအေးဆေးဆေး ပြောရင်လည်း ရကောင်းရနိုင်တဲ့ဟာကို ငါက ဘာကိစ္စ သွားသတ်ပုတ်ရတာတုံး။ မဟုတ်သေးပါဘူး။ ဒီကောင်မလေးကရော ဘာကိစ္စ စွန်လာလွှတ်ရတာတုံး။ မိန်းကလေးတန်မဲ့ စွန်လာလွှတ်စရာလား။ ပြီးတော့ တစ်ယောက်တည်းလည်း လာသေး။ လွှတ်လည်း သိပ်မလွှတ်တတ်ဘဲနဲ့။ ပြီးတော့ ဟိုလူသုံးယောက်ကရော အလကား ဘာကိစ္စ ရေကန်ပေါင်မှာ လာမူးနေရတာတုံး။ မူးချင်ရင်လည်း ကိုယ်ဟာကိုယ် မူးနေပါလား။ ဘာကိစ္စ သူများ သားသမီး လာပတ်သတ်ချင်ရတာတုံး။ ဟိုကောင်မလေးကလည်း ဘာကိစ္စ ငါတို့ဟာငါတို့ နေနေတဲ့ဘက်ကို လာရတုံး။ သူ့ဟာသူ နေပါလား။ မဟုတ်သေးဘူး။ ငမူးတွေ ရိသဲ့သဲ့ လုပ်ခံရတာကိုး။ အဲဒါဆိုလည်း အိမ်ပြန်သွားပါတော့လားဟ။ ဟုတ်သေးဘူးလေ။ ငါတို့ကို တွေ့တာကိုး။ ငါတို့က ဘာပဲပြောပြော တည့်တည့် မတည့်တည့် သူ့သူငယ်ချင်းတွေကိုးဟ။ ငါတို့ကို လာခေါ်တာပေါ့။ လာခေါ်တာ ထားလိုက်ပါတော့။ ဟိုသေနာကျနှစ်ကောင်က ငါ့ဘာလို့ မဆွဲတုံး။ မသကာ ငါ ဘာမှမလုပ်ခင် အရင် တစ်ခုခု ဝင်ပြောကြပါတော့လား။ ဒါဆို အေးအေးဆေးဆေးပြီးရင်လည်း ပြီးသွားမှာပေါ့။ ငါလည်း ဘာမှ လက်ကြီးယောင်ကိုင်းထားစရာ မလိုဘူး။ မဟုတ်သေးပါဘူးလေ။ ဟိုငမူးတွေက ကောင်မလေး ပုခုံးကိုင်တာကိုး။ ကိုင်တော့ ဒေါသဖြစ်စရာပေါ့။ နေဦး။ နေဦး။ နေစမ်းပါဦး။ သူ့ဟာသူ ပခုံးအကိုင်ခံရတာ ငါနဲ့ ဘာဆိုင်လို့ ငါက ဒေါပွရတာလဲ။ ဒေါပွရင်လည်း ကောင်းကောင်းမွန်မွန် ပြောကြည့်ပါတော့လား။ ဘာလို့ ရစ်လုံးနဲ့ ထရိုက်ရတာတုံး။ ရိုက်ရင်လည်း ပခုံးကိုင်တဲ့ကောင်ကိုပဲ ရိုက်ပါတော့လား။ ဘာလို့ ကျန်တဲ့နှစ်ကောင်ကိုပါ ဆက်လုပ်ရတာတုံး။ မဖြစ်ဘူးလေ။ ဒီအတိုင်းထားလိုက်ရင် ဟိုနှစ်ကောင် ငါ့လုပ်မှာပေါ့။ ငါ့လုပ်လည်း ချိုကြီးတို့က ဒီအတိုင်း ကြည့်နေမှာမှ မဟုတ်တာ။ လက်က ဘယ်လိုနာသွားပါလိမ့်။ ဟာ တော်ကွာ။ ဘာပဲဖြစ်ဖြစ် ဒါ မျက်ရှု စလို့ဖြစ်တာ။ အိမ်မှာ သူ့ဟာသူ မနေဘဲ ဘာလို့စွန်လာလွှတ်တုံး။ နေစမ်းပါဦး။ ဒါဆို ငါတို့ကရော အိမ်မှာမနေဘဲ ဘာလို့ စွန်သွားရှည်လွှတ်သလဲ ကဲ။

ရဲသင်ရံမှာ အိပ်ရာမှနိုးလာသော်လည်း မထသေးဘဲ ခုတင်ပေါ်တွင် ငူငူကြီး ထိုင်ကာ တောင်တွေးမြောက်တွေး တွေးနေလေ၏။ သို့သော် သူ့အတွေးအမြီးကို သူ့အတွေးခေါင်းက ပြန်မျိုမိသည်ရှိရာ အတွေးများမှာ ဝိုင်းကြီးပတ်ပတ် ဖြစ်၍ နေလေသည်။ပထမတစ်ကောင်ကတော့ ခေါင်းကွဲသွားတယ်။ အဲ့ဒါ ငါမြင်တယ်။ တတိယတစ်ကောင်ကတော့ လက်များကျိုးသွားလား မသိဘူး။ ဒုတိယတစ်ကောင်က ငါ့ကို တစ်ခုခု လှမ်းလုပ်လိုက်ပါသေးတယ်။ ဘာပါလိမ့်။ သြော် သိပြီ။ မျက်နှာကို လှမ်းထိုးတာ။ ငါ ခံများခံလိုက်ရသလား မှန်းစမ်း။

"အောင်မလေးဗျာ"

လက်စသတ်တော့ မေးရိုးတည့်တည့် ထိသကိုး။ ယောင်နေသဟ၊ လူမြင်ရင် ကိုယ်ခံလိုက်ရတာ လူတကာ သိပါပြီဗျာ။ ရှက်စရာကြီး။ နေစမ်းပါဦး။ ဒီကောင်တွေ ဘယ်ကကောင်တွေပါလိမ့်။ တစ်ခါမှလည်း မမြင်ဖူးပါဘူး။ လူဆိုတာ လက်စသတ်တော့ ကိုယ်နဲ့ တစ်ခါမှ မမြင်ဖူးတဲ့လူနဲ့လည်း ရန်ထဖြစ်ရင် ဖြစ်တတ်လေသကိုး။ သေချာတွေးကြည့်ရင် ဒီကိစ္စက တယ်ရယ်စရာကောင်းပါလား။ ဟဲ ဟဲ။ ကြည့်စမ်း၊ တစ်ခါမှလည်း မမြင်ဖူးဘဲနဲ့ ထသတ်ကြရတယ်လို့။ ဟီး ဟိ။ ဟင်း ဟင်း ဟင်း။ ဟား ဟား ဟား ဟား။

"ဂျောက် ... ကျွီ"

"ဟေ့ကောင် ပုဏ္ဏား"

"ဟာ အဖေ ... ဟဲ ဟဲ ... ဂွတ်မောနင်း ဟီး ဟီး"

မှုန်ကုတ်ကုတ်နှင့် ဝင်၍လာသော သူ့အဖေ သူကြည့်ကာ အူကြောင်ကြောင်ဖြစ်၍နေသည်ကို မြင်သော် ရဲသင်ရံမှာ အူထဲက ကလိကလိနှင့်ကို ပို၍ ရယ်ချင်လာလေသည်။

"အဖေ ဘာကြည့်နေတာလဲ၊ ဟဲ ဟဲ ... ဟား ဟား ... ဟား ဟား ဟား"

"ဟေ့ကောင် မင်း စိတ်မှ ကောင်းသေးရဲ့လား၊ မနက်စောစောစီးစီး ဘာတဟီဟီ ဖြစ်နေလဲ"

"ဟီး ဟီး ကောင်းပါတယ် အဖေရ၊ ဟား ဟား"

"အူကြောင်ကြောင် လုပ်မနေနဲ့၊ မျက်နှာသွားသစ်စမ်း သွား၊ ပြီးရင် အောက်ဆင်လာခဲ့၊ မင်းကို ငါ မေးစရာ ရှိတယ်"

ပြောပြီး ဘုကြည့်ကြည့်ကာ ပြန်ထွက်သွားသော သူ့အဖေသူကြည့်ကာ ရယ်ချင်လာပြန်၏။ ဒီမနက် ငါဘာဖြစ်နေပါလိမ့်ဟု တွေးရင်း ရေချိုးခန်းဘက် သွားရန်ထရာ လက်ထောက်မိပြန်သဖြင့် နာသွားပြီး 'အလယ်လယ်' ဟု အော်မိပြန်လေ၏။သွားတိုက်နေစဉ်အတွင်း သူ့အော်သံ သူပြန်စဉ်းစားမိကာ တခွိခွိရယ်မိသဖြင့် သွားတိုက်ဆေး သီးမလို ဖြစ်၏။ မျက်နှာသစ်စဉ် မှန်ကို ကြည့်မိရာ သူ့မျက်ခွက်ကြီး သူတွေ့သော် မထိန်းနိုင်ဘဲ ရယ်မိပြန်လေ၏။ နာကျင်နေရတဲ့ကြားထဲ အူလာမြူးနေရသလားဟု ကိုယ့်ဟာကိုယ်တွေးရင်း အောက်ထပ်ဆင်းလာသည်ရှိသော် ဧည့်ခန်း နှစ်ယောက်ထိုင်သလွန်ကြီးပေါ်တွင် သူ့အဖေ ဦးဘုန်းရံသည် သလွန်တစ်ဖက်တွင် တည်တည်ကြီး ထိုင်နေလျက် တစ်ဖက်တွင် သူ့အဖေအချစ်တော် ခွေးကြီး ဘရုစ်မှာ သူ့အဖေ စတိုင်နှင့် တူလှစွာ တောင့်တောင့်ကြီးထိုင်၍ ရှုတည်တည်နှင့် သူ့အဖေကို ကြည့်နေသည်အား တွေ့ရသည်ရှိသော် ဘာမှန်းမသိ ရယ်ချင်လာပြန်၍ မျက်နှာပိုးမနည်း သတ်ထားရလေ၏။

"ထိုင်စမ်း ဟေ့ကောင်"

ဣနြေ္ဒအတော်ဆည်ကာ နီးရာ ခုံတစ်လုံးတွင် ဝင်ထိုင်ရလေ၏။

"ပြောစမ်း ပုဏ္ဏား ... မင်း မနေ့ညက ရန်ဖြစ်တယ်ဆို"

"ဗျာ ... အဖေ ဘယ်လိုလုပ်သိလဲ"

"ဟိုဘက်ခြံက ဖရက်ဒီဆိုတဲ့ကောင် ခုနကတင် ဖုန်းဆက်တိုင်တာကွ"

"မဟုတ်သေးပါဘူး အဖေရာ၊ အန်ကယ်ဖရက်ဒီက ကျွန်တော့်ကို ဘယ်တုန်းကတည်းက စပြီး တစ်ချိန်လုံး လိုက်ကြည့်နေလို့ သိရတာတုံး၊ နေရထိုင်ရတာတောင် ရှိုးတိုးရှန်းတန်း ဖြစ်လာပြီ"

"ပေါက်ပန်းဈေးတွေ လျှောက်မပြောနဲ့ ဟေ့ကောင်၊ သူ့တူမ သူ့ပြန်တိုင်လို့ သူ သိတာ၊ မင်းကစပြီး ဖြစ်တာဆိုကွ"

"ဟာ အဖေကလည်း သူ့တူမကြောင့် ဖြစ်တာဗျ"

"ငါ သိပြီးပြီ၊ မင်း မပြောနဲ့၊ မင်းနဲ့ ရန်ဖြစ်တဲ့ ကောင်လေးတွေကိုလည်း သူ သိတယ်၊ မင်းသာ သူတို့ကို မသိတာ၊ မင်းတို့ကို သူတို့က ကောင်းကောင်းသိတယ်"

"ဘုရားရေ ... သိနေလျက်နဲ့ ဘာကိစ္စ လာပတ်သတ်တုံး သူတို့ဟာသူတို့ နေပါလား"

"သူ့အသိစက်ရုံက ချာတိတ်တွေတဲ့ကွ၊ မူးနေကြတယ်ဆို"

"ကျွန်တော် သေချာမသိဘူး"

"ထားတော့ အဲဒီကိစ္စ၊ သူတိုင်တာ ရန်ဖြစ်တဲ့ကိစ္စ မဟုတ်ဘူး၊ မင်းက သူ့တူမကို လူကြားသူကြားမှာ 'မိန်းမ' လို့ခေါ်ပြီး ပိုင်းစိုးပိုင်းနင်း လက်ဆွဲခေါ်သွားတယ်ဆို၊ ဟုတ်လား ဟေ့ကောင်"

"ဗျာ"

ရဲသင်ရံ လွန်စွာ အံ့အားသင့်လေ၏။ သူ မျက်ရှုကို လက်ဆွဲခေါ်လာတာတော့ မှတ်မိ၏။ ဘယ်လိုခေါ်မိလိုက်သလဲတော့ မမှတ်မိတော့ ဇဝေဇဝါ ဖြစ်နေ၏။ မသေချာသဖြင့် ဇွတ်ငြင်းတာ မမှားဘူးဟု ယူဆသည့် အလျောက် ငြင်းလေ၏။

"အာ ... ဘာကိစ္စခေါ်ရမှာလဲ အဖေရ၊ မခေါ်ပါဘူး"

"ဟေ့ကောင် ... ကြားတဲ့လူတွေ သေချာကြားတယ်တဲ့၊ မင်းအသံအကျယ်ကြီးတဲ့"

"အာ ... မဖြစ်နိုင်ဘူး"

"ဟေ့ကောင် ငြင်းမနေနဲ့၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ကောင်မလေးကို မင်း သွားတောင်းပန်လိုက်၊ ဒီလူနဲ့ ဒီလူကြားမှာ ငါမျက်နှာမပျက်ချင်ဘူး၊ ဖရက်ဒီဆိုတဲ့ကောင်က ငါ့သူငယ်ချင်းဆိုပေမဲ့ ငါ့လိုပဲ ကတ်သီးကတ်သတ်ကောင်၊ ဘာမှမဟုတ်တာကို ဗာရာဏသီချဲ့နေဦးမယ်၊ ငါ နားညည်း မခံနိုင်ဘူး၊ ငါ ပြောသလို သွားတောင်းပန်လိုက်"

"မဟုတ်သေးပါဘူး အဖေရာ၊ ခေါ်မိတယ်ဆိုရင်တောင် သူက မိန်းမမို့လို့ ခေါ်တာကို ဘာအားနာစရာရှိလို့လဲ"

"မရှည်နဲ့ ဟေ့ကောင်၊ ငါ ခိုင်းတာလုပ်၊ နောက်ပြီး ဆင်ဆင်ခြင်ခြင်နေစမ်း၊ နောက်ထပ် ဟိုနေရာမှာ ဟိုဟာဖြစ် ဒီနေရာမှာ ဒီဟာဖြစ် ငါထပ်မကြားချင်ဘူး၊ ကြားလား၊ မင်းကိုယ်မင်း ကလေးမှတ်နေလား၊ ဣနြေ္ဒ ရရနေစမ်း"

"ဟုတ် ဟုတ်ကဲ့"

သူ့အဖေ ထ ထွက်သွားသဖြင့် ရဲသင်ရံ တစ်ယောက်တည်း ကြောင်စီစီ ကျန်ခဲ့လေ၏။ သူ့အဖေ၏ ခွေကြီးမှာလည်း ကြားလား ဟေ့ကောင် မင်းအဖေပြောတာ မင်းလုပ်စမ်း ဟူသော မျက်နှာပေးမျိုးနှင့် ရှုတည်တည်ကြည့်ကာ သူ့အဖေနောက် လိုက်သွားလေသည်။
 
 
(၃)

"တိုက်ကြက်ဖကြီး ကြွပါ ခင်ဗျ"

ဝိုင်းထဲ ဝင်ထိုင်လိုက်သည်နှင့် တင်မောင်မှစ၍ ခွပ်လေရာ ရဲသင်ရံ အောင့်သီးအောင့်သက် ဖြစ်သွားလေ၏။ မကျေမနပ်ကြည့်ကာ ဝင်ထိုင်၏။ ကော်ဖီဆိုင်ထဲတွင် အေးစိမ့်ကာ နေလေသည်။ စားပွဲထိုးလေးများမှာ ရဲသင်ရံတို့ကို ရင်းနှီးပြီးဖြစ်၍ ထုံးစံအတိုင်းလား အစ်ကိုဟု တစ်ယောက်က ပြုံး၍ မေး၏။ ရဲသင်ရံ ခေါင်းညိတ်ပြလိုက်သော် အနားမှ ထွက်သွားလေသည်။ ထိုနေ့က ကိစ္စတွင် ပါဝင်ခွင့်မရလိုက်သော ဇော်ဝါးက မေး၏။

"ဘယ့်နှယ်လဲ ဟေ့ကောင် ... အခွက်ကြီးလည်း တစ်ဖက်ယောင်လို့၊ အရသာ အတော် ရှိရဲ့လား"

"သွားမပြောနဲ့ ဟေ့ကောင်၊ ဒီကောင်နဲ့ မျက်ရှုနဲ့က တစ်သက်လုံး ဒီလိုပဲ ဖြစ်နေမှာပဲ၊ တစ်ယောက်နဲ့တစ်ယောက် ရှောင်လို့လည်း ဘယ်တော့မှ မလွတ်ဘူး၊ တွေ့လိုက်တိုင်းလည်း တစ်ယောက်မဟုတ်တစ်ယောက် တစ်ခုမဟုတ် တစ်ခု ဖြစ်တာပဲ"

ရဲသင်ရံ တစ်ခုခုပြောရန် ပြင်စဉ် ချိုကြီးမှ ဖြတ်ပြော၏။

"ဒီကောင်နဲ့ မျက်ရှုနဲ့က ကံကိုကပါလာလို့ မွေးကတည်းက ခြံချင်းကပ်လျက်အပြင် တစ်ရက်ထဲတောင် မွေးလာသေးတာပဲဥစ္စာ၊ တစ်သက်လုံးလည်း မတည့်အပေါက်နဲ့လွဲ ဆိုတာလို"

"ညစ်ပတ်လှချည်လား ချိုကြီး၊ မတည့်အတူနေပါကွ"

"မင်းခေါင်းက အတွေးကိုက ညစ်ပတ်တာ၊ ငါ ပြောတာက ဘိလိယက်ထိုးတာကို ပြောတာဟ"

"အာ ... မင်းတို့ကလည်း တစ်မျိုး၊ ကွိုင်တက်နေရတဲ့ကြားထဲ"

"ဘာလဲ ပုဏ္ဏား ... ရိုက်မှုဖြစ်ပြီး မဟုတ်လား၊ မင်းကိုက လက်ဆော့ခြေဆော့ သွားလုပ်တာကိုး၊ ဟိုကောင်တွေက တရားစွဲပြီ မဟုတ်လား"

"တောက်တီးတောက်တဲ့၊ ဘာအမှုမှ မဖြစ်ဘူး၊ ဖြစ်တာက အဲ့ဒီနေ့က ငါက မျက်ရှုကို မိန်းမလို့ ခေါ်မိတယ်တဲ့၊ အဲဒါ ဖားသားက ငါ့ကို မျက်ရှုကို သွားတောင်းပန်ခိုင်းနေတာဟ၊ ငါက မမှတ်မိဘူး၊ မင်မောင် မင်းတို့ရော ငါ အဲ့လို ခေါ်လိုက်မိတာ ကြားလား"

"အေးလေ ကြားလိုက်သားပဲ၊ လာ မိန်းမ ဆိုပြီး ပိုင်စိုးပိုင်နင်းနဲ့ လက်ဆွဲခေါ်သွားလိုက်တာ၊ ငါနဲ့ချိုကြီးတောင် ခုနကတင် အဲဒါ ပြောနေသေးတယ်၊ မင်းတို့ချင်းများ တိတ်တိတ် အဝှာပြုနေသလားလို့"

"ကြံကြီးစည်ရာကွာ"

"နေစမ်းပါဦး ပုဏ္ဏားရာ၊ မင်းမျက်ရှုကို တကယ် ဘယ်လိုမှ သဘောမထားဘူးလား"

"ဘာကိုလဲ"

"မဟုတ်ဘူးလေ၊ တစ်သက်လုံးလည်း ခြံချင်းကပ်လျက် နေလာတယ်၊ မင်းတို့ အချင်းချင်း ဘယ်လောက် ကိုယ့်ဟာကိုယ် ကြိုးစားပြီး ကင်းကင်းနေနေ တစ်ခုမဟုတ်တစ်ခု အမြဲ လာပတ်သက်ပြီးနေ နေတယ်၊ ပတ်သက်တိုင်းလည်း တစ်ခုမဟုတ် တစ်ခု ပြဿနာတက်တယ် တစ်ခါတလေများ မင်း မျက်ရှုကို စိတ်မဝင်စားမိဘူးလား"

"ဟင့်အင်း"

"မလိမ်နဲ့ ဟေ့ကောင် ... တစ်ခါတလေတော့ မင်းဟာမင်းတွေးမိမှာ သေချာတယ်၊ ဒီလောက် ဝိုင်းဝိုင်းလည်နေတဲ့ ကောင်မလေးကွာ တစ်ခါမြင်ရုံနဲ့ ပြန်လှည့်ကြည့်ရတဲ့ ကောင်မလေးမျိုး၊ သူ့အကြောင်းသိသွားရင် ပိုပြီးတောင် မရမနေ ဖြစ်သွားကြတဲ့ အကောင်တွေချည်းပဲ ဥစ္စာ မင်းစိတ်ကူးမယဉ်မိဘူးဆိုတာ နည်းနည်းမှ ယုံစရာမရှိဘူး ဟေ့ကောင်"

"ကဲ အဲဒါဆို မင်းတို့ရော မျက်ရှုကို မကြိုက်ကြဘူးလား ပြော"

"အင်"

"အဲ"

"အဲ ... အဲဒါက"

ဘာပြန်ပြောရမှန်းမသိ ဖြစ်နေကြရာမှ ဇော်ဝါးက ဖြေရှင်းချက်ပေး၏။

'မဟုတ်သေးဘူးလေကွာ၊ ငါတို့ကျတော့ ငယ်ငယ်ထဲက တစ်ကျောင်းထဲတက်ပြီး တူတူကြီးလာကြတဲ့ သူငယ်ချင်းတွေဟ၊ ကြီးမှ မျက်ရှုနဲ့ ငါတို့ ခပ်တန်းတန်း ဖြစ်သွားတာ ဥစ္စာ၊ သူလည်း ယောက်ျားလေး တရုန်းရုန်းနဲ့ ပေါင်းနေလို့ မသင့်တော်ဘူးလေကွာ၊ ငါတို့က ကြိုက်မလားဟ၊ မောင်နှမလိုတောင် ဖြစ်နေတဲ့ဥစ္စာ"

"အေးလေကွာ၊ ငါလည်း မင်းတို့လိုပဲ ဥစ္စာ"

"မဟုတ်သေးပါဘူးကွာ"

"ဟုတ်ပါတယ်ဆို"

လိပ်ပတ်မလည် ဖြစ်နေကြပြန်၏။ ချိုကြီးမှ ရှင်းရန်ကြံကာ ဝင်ပြောပြန်၏။

"မဟုတ်ဘူး ပုဏ္ဏား ... ငါတို့ဆိုလိုတာက မျက်ရှုနဲ့ ပတ်သက်ရင် မင်းက ငါတို့နဲ့ မတူတာကို ပြောချင်တာ"

"ဘာမတူတာရှိလို့လဲ၊ ဘာမှမတူတာ မရှိဘူး"

"မဟုတ်ဘူး ရှိတယ်၊ မင်းနဲ့ မျက်ရှုက တို့ထက်ပိုပြီး ပတ်သက်မှုရှိတယ်လို့ ငါတို့ ခံစားရတယ်၊ ကဲ ဒါဆို ... ငါ မင်းကို မေးမယ်၊ ဝေးဝေးမပြောဘူး၊ ဟိုတစ်နေ့က မင်းရန်ဖြစ်ဖြစ်တဲ့ ကိစ္စကိုပဲ မင်းအရင်ရှင်းဦး"

"ဘာရှင်းရမှာလဲ"

"ဟ ... မင်းဟာမင်းပဲ ပြန်စဉ်းစားကြည့်လေ၊ မျက်ရှုကို ငမူးနှောက်ယှက်တာ ငါတို့ သုံးယောက် တစ်ပြိုင်နက် တွေ့တာပဲ၊ ငမူးက မျက်ရှုပခုံးကို လှမ်းကိုင်တာလည်း ငါတို့ အတူတူ တွေ့တာပဲ၊ မျက်ရှုကို ခေါ်ပြီး အေးအေးဆေးဆေး ပြန်လို့ ရတယ်လို့ ငါတို့နှစ်ယောက် တွေးလို့ရပေမဲ့ မင်းကျတော့ အဲလိုမတွေးဘဲ ဘာလို့ မလိုအပ်ဘဲ ဝုန်းဒုန်းထကြဲလဲ၊ ပြီးတော့ ရူးနေသလို မင်းကိုယ်မင်း မသိသလိုနဲ့ မျက်ရှုကို ဆိုးဆိုးဆက်ဆက် ဆွဲသွားရော၊ ဟိုကလည်း ခါတိုင်း မင်းကို ကန့်လန့်တိုက်နေကျဥစ္စာ၊ အဲဒီတုန်းကတော့ ဘာမှမဖြစ်သလိုဘဲ၊ ရုတ်တရက် လန့်သွားတာက လွဲရင် အေးအေးဆေးဆေးကို မင်းနဲ့ လိုက်သွားတာ၊ သူ့ကားသော့တောင် မင့် ပေးလိုက်သေးတယ်၊ ငါနဲ့ တင်မောင်နဲ့ တစ်ချိန်လုံး မင်းတို့ကို ကြည့်နေတာ၊ မင်းတို့ဟာ မင်းတို့ ကားမောင်းထွက်သွားတဲ့ အထိပဲ၊ အဲဒီအချိန်တုန်းက မင်းတို့နှစ်ယောက်လုံး တစ်မျိုးကို ဖြစ်နေတာ၊ ပုဏ္ဏား ... ငါသေသေချာချာမေးမယ်၊ မင်း စဉ်းစားပြီးမှ ဖြေ၊ မင်းဟာ ပင်ကိုယ်က အေးအေးနေတတ်တဲ့ကောင်၊ မျက်ရှုနဲ့ ပတ်သက်ရင်ကျ အခုတစ်ခါမှ မဟုတ်ဘူး၊ အဲဒါဘာဖြစ်တာလဲ ကဲ ပြော"

"ဟုတ်တယ် ပုဏ္ဏား ... မင်းမသိစိတ်က မျက်ရှုကို အထိမခံနိုင်ဘူးလို့ ငါ ထင်တယ်၊ ငါ သတိထားမိသလောက် ဆယ်တန်းလောက်ကတည်က မင်း အဲလိုဖြစ်နေတာ"

"ငါတို့ ကြည့်နေတာ ကြာပြီ၊ ဆယ်တန်းအောင်ပြီးတဲ့နောက်ပိုင်း မျက်ရှုနဲ့ ငါတို့နဲ့ ဝေးသွားတယ်ဆိုပေမဲ့ မင်းနဲ့ကျ အလိုလိုကို ဆုံ ဆုံနေတာ"

"မဟုတ်သေးပါဘူးကွာ၊ ငါက မဆံ ဆုံအောင် အတင်းလိုက်ပြီး ..."

"ဟာ ကျွတ် ... အဲဒါ ပြောတာ မဟုတ်ဘူး၊ မင်းတို့ ခြံချင်းကပ်လျက်ပေမဲ့ အခုနောက်ပိုင်း မင်းရော မျက်ရှုရော ဘာသိဘာသာ နေကြတာ ငါတို့လည်း သိတာပဲ၊ မင်းတို့နှစ်ယောက် ပယောဂမပါဘဲ မကြာ မကြာ လာပတ်သက်နေတာကို ပြောတာ၊ ငါတို့ပြောချင်တာက မင်းတို့မှာ ပါလာတဲ့ ကံကို ပြောနေတာ၊ ထူးဆန်းတာက ပတ်သက်ပြီးရင်လည်း အဆင်ပြေပြေကို မရှိပြန်ဘူး"

"အေး ဟုတ်တယ်၊ ငါလည်း အဲဒါကို ပြောချင်တာ"

ဇော်ဝါးမှ စကားကို ဝင်ပိတ်ပေးလိုက်လေ၏။ ရဲသင်ရံ ငိုင်ကျ သွားလေသည်။ ပတ်တီးစည်းထားသော လက်ကောက်ဝတ်ကို ကြည့်ကာ စဉ်းစားနေလေ၏။ သို့သော် သူ့လက်ကိုတော့ သူ မြင်ပုံမရ။ တင်မောင်က စကားတစ်ခွန်းကို ဖျတ်ခနဲ မေးလိုက်၏။

"ပုဏ္ဏား ... မင်းကို ပုဏ္ဏားဆိုတဲ့နာမည် ဘယ်သူက စခေါ်တာလဲ"

ရဲသင် ဆတ်ခနဲ ခေါင်းမော့လာကာ တင်မောင့်ကို အံ့အားတသင့် ကြည့်လိုက်လေသည်။
 
 
(၄)

ခြံထဲက ဒန်းပေါ်တွင် တစ်ယောက်တည်း စာထိုင်ဖတ်နေသော မျက်ရှုမှာ ဟိုတစ်နေ့က ကိစ္စကို ပြန်တွေါ်မိလေသည်။ ဟိုကိစ္စကို ပြန်တွေးမိသောအခါ ဟိုအကောင်ကိုပါ ပြန်တွေးမိလေ၏။ တွေးရင်း တွေးရင်း ဒေါပွလာ၏။ ထိုအကောင် ရုန်းရင်းဆန်ခတ်ထလုပ်သဖြင့် ဆူဆူညံညံ ဖြစ်ကာ လူတွေဝိုင်းကြည့်တာ ခံရ၏။ ပြီးတော့ ဒင်းကပဲ မိမိလက်ကို ပိုင်စိုးပိုင်နင်းဆွဲကာ မိန်းမဟုပင် ခေါ်လိုက်သေး၏။ မိမိကရော ဘာကိစ္စ ဒင်းခေါ်ရာကို လိုက်ခဲ့မိလေသန်ညး။ လူလယ်ခေါင်တွင် ရှက်စရာကောင်းလေစွ။ ထို့ကြောင့် ဟိုကောင် ငယ်ငယ်ကတည်းက နည်းနည်းလန့်သော အန်ကယ်ဖရက်ဒီကို တိုင်ပြောပစ်လိုက်ခြင်း ဖြစ်၏။ အန်ကယ်ဖရက်ဒီက သူ့ဘော်ဒါကြီး အန်ကယ်ဘုန်းကို ပြောလိုက်ပုံရ၏။ အန်ကယ်ဘုန်း ဆူထားပုံရသဖြင့် အခုရက်ပိုင်း ဟိုအကောင်ကို သိပ်မတွေ့။ အန်ကယ်ဖရက်ဒီကို လန့်လို့လည်း ရှောင်နေခြင်း ဖြစ်ချင်ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ဟိုအကောင်နှင့် ခပ်ကင်းကင်း နေ နေခွင့်ရခြင်းက မိမိအတွက် ပြဿဒါးလွတ်ကြောင်း တစ်သက်လုံး ကြုံလာပြီးသော အတွေ့အကြုံအများအရ မျက်ရှုကောင်းကောင်း သိ၏။ အခုလို အေးအေးဆေးဆေး အားနေတုန်း ဟိုအကောင်နှင့် မိမိအကြောင်းကို မျက်ရှု သေသေချာချာ ပြန်တွေးကြည့်မိလေ၏။

မပြေလှစွာ ပတ်ပတ်သက်သက် ရှိခဲ့ဖူးသည် မသိ။ ဤဘဝတွင် ခြံချင်းကပ်လျက် လူလာ ဖြစ်ကြသည် သာမက တိုက်တိုက်ဆိုင်ဆိုင် တစ်ရက်တည်း လာမွေးလေသည်။ ဇွန်လ ခြောက်ရက်။ ဒင်းကို မနက်ပိုင်းမွေးနှင့်ပြီး မိမိက ညနေပိုင်း မွေးလာ၏။ ထို့ကြောင့် ငယ်ငယ်ကတည်းက ရန်ဖြစ်ကြတိုင်း ကိုယ့်ထက်အသက်ကြီးတဲ့သူကို ရိုသေရတယ်ဟု ထိုအကောင် ကတ်သတ်ပြောသည်ကို အမြဲခံရ၏။ မိမိကတော့ မခံ။ ထုစရာ ရှိလျှင် ထု၍ ကုတ်စရာ ရှိလျှင် ကုတ်ဖဲ့လိုက်သည်ချည်း ဖြစ်၏။ ဒင်းကလည်း မခံ။ ထိုးစရာရှိ ပြန်ထိုး၍ ကန်စရာရှိ ပြန်ကန်၏။

နောက်တိုက်ဆိုင်တာ တစ်ခုက ထိုအကောင်သည်လည်း မောင်နှမတစ်ယောက်မှ မရှိသော တစ်ဦးတည်းသောသား၊ မိမိကလည်း တစ်မျိုးလုံးပေါင်းမှ တစ်ဦးတည်းသော အမွေဆက်ခံသူ သမီး။ ဆွေမျိုးမိဘများ၏ ကိုယ်စီ ကိုယ်စီ ဖူးဖူးမှုတ် အလိုလိုက်ခံခဲ့ရသော တစ်ဦးတည်းသောသားနှင့် တစ်ဥိးတည်းသောသမီးတို့ ခြံချင်းကပ်လျက် မွေးလာသောအခါ ကိုယ့်ပုံစံနှင့်ကိုယ် အတ္တကြီး၍ ကြီးလာခဲ့ကြသည်ဖြစ်ရာ ဆယ်ခါ အတူတူ ကစားလျှင် ခုနှစ်ခါခန့် သတ်ပုတ်ကြရ၏။ ကြီးပြင်းလာခဲ့ရသော ပတ်ဝန်းကျင် ရပ်ကွက်ကလည်း ခြံတွေဝင်းတွေနဲ့ လူသူနည်းပါးသည် ဖြစ်ရာ ရွယ်တူကစားဖော်ဆို၍ ထိုအကောင်နှင့် မိမိသာ ရှိခဲ့၏။ နောက်ခြံချင်းကလည်း အမျိုးတွေလိုဖြစ်၍နေရာ ကျောင်းသွားအပ်ခံရတော့လည်း အတူတူ တစ်ရက်တည်း ဖြစ်၍ ဒင်းနှင့် တစ်ခန်းတည်း။ ဒီကြားထဲ မိမိကလည်း မိန်းကလေး သိပ်မဆန်လှသည်ဖြစ်ရာ ကျောင်းမှာလည်း ဒင်းနှင့် ဒင်းအပေါင်းအသင်းများနှင့်သာ ပေါင်းပြီး တစ်နှစ်ပြီး တစ်နှစ် အတန်းတက်ခဲ့ရ၏။ တော်တော် အရွယ်ရောက်လာကြတော့မှသာ ခပ်တန်းတန်း ဖြစ်သွားကြခြင်း ဖြစ်၏။

ထိုအကောင်နှင့် ပတ်သက်လျှင် မိမိမှာ တစ်သက်လုံး လွန်စွာ ပတ်ပတ်သက်သက်ရှိခဲ့ကာ ခွတီးခွကျ လွန်စွာနိုင်ခဲ့၏။ မိမိမှာ မွေးပြီးတစ်နှစ်ခန့်ကတည်းက ဖခင်ဆုံးနှင့်ပြီဖြစ်၍ မိခင်၊ အဒေါ်အပျိုကြီး နှစ်ယောက်နှင့်ဘကြီးတစ်ယောက် ဖြင့်သာ ကြီးခဲ့ရ၏။ မိမိနှင့် တစ်အိမ်လုံးကို ဖခင်သဖွယ် ထိန်းသိမ်း စောင့်ရှောက် လာပေးခဲ့သော ဘကြီးလူပျိုကြီး အန်ကယ်ဖရက်ဒီမှာ ဒင်းအဖေ အန်ကယ်ဘုန်းနှင့် သူငယ်ချင်း အရင်းကြီးတွေဖြစ်၏။ အံ့သြဖွယ် တိုက်ဆိုင်သည်က ဒင်းမိခင်မှာလည်း ဒင်းငယ်စဉ်ကပင် ဆုံးပါးသွားခဲ့၏။ မိမိတွင် ဖခင်မရှိသလို ထိုအကောင်သည်လည်း မိခင်မရှိ။ ထို့ကြောင့် ထိုအကောင်သည် မိမိ၏မိခင်နှင့် အဒေါ်များကို ငယ်ငယ်ကတည်းက မိခင်များလို ခင်တွယ်၍ မိမိကလည်း ဒင်းဖခင်ကို အဖေလို ချစ်၏။ အထူးခြားဆုံးမှာ မိမိ၏နာမည် မျက်ရှုလရောင်ကို ထိုအကောင်၏အဖေ အန်ကယ်ဘုန်းက ပေးခဲ့ခြင်းဖြစ်၍ ထိုအကောင်၏ ရဲသင်ရံဟူသော နာမည်ကို အန်ကယ်ဖရက်ဒီက ပေးခဲ့ခြင်း ဖြစ်၏။ အယူမသီး ကြသောကြောင့် နာမည်နှစ်ခုလုံးမှာ နေ့သင့်နံသင့် မဟုတ်ကြ။ ထိုသို့ဖြင့် ထိုအကောင်နှင့် မွေးကတည်းက ပတ်ပတ်သက်သက် ရှိခဲ့၏။

ထိုအကောင်သည် ထူးထူးဆန်းဆန်း ဉာဏ်ကောင်း၏။ ငယ်ငယ်က ထိုကိစ္စကြောင့် မကြာမခဏ သတ်ပုတ်ကြရ၏။

ငယ်ငယ်က စာမေးပွဲနီး၍ မိမိခြံထဲဆင်းကာ စာအော်ကျက်နေပြီဆိုလျှင် ထိုအကောင်သည် မယောင်မလည် ခြံကူးလာကာ ဟိုလိုလို ဒီလိုလိုနှင့် မိမိစာကျက်သည်ကို လာနားထောင်၏။ မိမိက ငါးခေါက်ခန့်ကျက်မှ စာတစ်ပုဒ် ရသော်လည်း ထိုအကောင်မှာ စာတစ်ပုဒ်ကို နှစ်ခေါက်သုံးခေါက်မျှ ကြားရုံနှင့်ပင် အလွတ်ရသည်ဖြစ်ရာ မိမိ စာအော်ကျက်သောအသံကို လာ လာနားထောင်ကာ စာမေးပွဲ သွား သွားဖြေလေ့ရှိသဖြင့် မကြာခဏ ရန်ဖြစ်ကြရ၏။ အော်ကြီးဟစ်ကျယ် ပင်ပန်းတော့ မိမိက။ စာရသွားတော့ ဒင်း။ တော်တော် တင်စီးသောကိစ္စ ဖြစ်၍ မကြာခဏ သတ်ကြရ၏။ ထိုအခါ ဒင်းက မိမိ အားနည်းသော သင်္ချာကို အလျော်ပေးသည့်အနေနှင့် အမြဲပြန်ရှင်းပြရ၏။ အထက်တန်းလောက် ရောက်တော့မှ မိမိကလည်း စာအော်မကျက်ဖြစ်တော့ဘဲ ဒင်းလည်း ဒင်းဟာဒင်း ကျက်ခြင်းဖြင့် ထိုသတ်ပုတ်ရသောကိစ္စ တစ်စခန်း ရပ်သွားတော့၏။

ငယ်စဉ်က အတူကြီးခဲ့ရသောကြောင့်လား မသိ။ ထိုသတ္တဝါနှင့် မိမိသည် အကြိုက်တော်တော်များများ တူ၍ အတော် တိုက်တိုက်ဆိုင်ဆိုင် ရှိတတ်၏။ အရုပ်တရုပ်တည်း တူတူသွားကြိုက်နေ၍ လုကြခြင်းမျိုးမှာ အလွန် မဆန်းလှတော့သော ကိစ္စမျိုး ဖြစ်၏။ ထိုသည်မှာ ကြီးလာတော့မှသာ အတော် ကွဲသွားကြခြင်း ဖြစ်၏။ ယောက်ျားလေးနှင့် မိန်းကလေးဖြစ်နေခြင်းကလည်း သတ်နေကြရခြင်းကို ကယ်တင်သွားခြင်း ဖြစ်ပုံရ၏။ အခုနှစ်ပိုင်းတွင် ပြန်၍ ထူးခြားလာပြန်သည်။

ထိုအကောင်နှင့် မိမိသည် ကိုယ့်စိတ်ကူးနှင့်ကိုယ် သွားကြသည်ဆိုငြား သွားသည့်နေရာနှင့် သွားသည့်အချိန် သွား သွားဆုံနေတတ်၏။ သို့သော် အေးအေးချမ်းချမ်း ဘယ်တော့မှ မပြီး။ အမြဲ တစ်ခုမဟုတ်တစ်ခု ဖြစ်ပျက်တတ်၏။ မိမိကိုယ်မိမိ ဤနှစ်ပိုင်းထဲ သတိထားမိလာသည်မှာ ထိုအကောင်နှင့် တစ်စုံတစ်ရာ တစ်ခုခု တစ်နေရာရာတွင် ဖြစ်ပျက်တော့မည်ဆိုလျှင် ရုတ်တရက် ထိုအကောင်ကို ဖျတ်ခနဲ သတိရ ရလာတတ်ခြင်းဖြစ်၏။ ဤသည်ကိုတော့ မျက်ရှု မအံ့သြ။ တစ်သက်လုံး အတူတူနေလာသော လူတစ်ယောက်သည် အခြားသူတစ်ယောက်၏ စိတ်၌ အနည်းနှင့် အများတော့ ရှိကိုရှိနေပေလိမ့်မည်။ သို့သော် ရိုးသားစွာ ရှိနေခြင်းသာဖြစ်ပါသည်။


ထူးဆန်းသည်က သက်တမ်းတစ်လျှောက်လုံး အတူနေခဲ့ကြသဖြင့် တစ်လျှောက်လုံးရှိလာခဲ့သော သံယောဇဉ်သည် ဤတစ်နှစ် နှစ် နှစ်လောက်တွင် လုံးဝပျောက်သွားခြင်း ဖြစ်၏။ ထိုအကောင်လည်း မိမိ စိတ်ထင် ထိုသို့ ဖြစ်နေပုံ ရ၏။ မပတ်သက်ချင်ဘဲ လာ လာပတ်သက်နေကြရခြင်းမှလွဲ၍ အရင်ဟိုတုန်းကလောက် ပတ်ပတ်သက်သက် မရှိကြတော့။ တစ်ယောက်အပေါ် တစ်ယောက် ခံစားမှု သိပ်မရှိတော့။ အရင်ငယ်ငယ်ကလို တစ်ယောက်ကိုတစ်ယောက် နိုင်ချင်စိတ်လည်း သိပ်အမြဲတမ်း ရှိမနေတော့။ ဤသည်မှာ ဘာဖြစ်သွားခြင်းမှန်း မျက်ရှု မသိ။ ဒန်းပေါ်ခေါင်းမှီကာ မျက်လုံးမှိတ် စဉ်းစားနေရင်းမှ မျက်ရှု တစ်စုံတစ်ရာ သိလိုက်ရသလို။ မရည်ရွယ်ဘဲ ခြံစည်းရိုးတွင်ရှိသော ဟိုဘက်သည်ဘက် ကူးရန် လုပ်ထားသည့် ခြံတံခါးကို ကြည့်မိ၏။ တံခါးတွင် လောလောလေးတင် ချိတ်သွားပုံ တလှုပ်လှုပ်နှင့်။ မျက်ရှု သွားယူကြည့်လေသည်။

ဖိုက်ဘာရစ်လုံး တစ်လုံး၊ ပုတီးတစ်ကုံးနှင့် စာတစ်စောင်။

ဖတ်ကြည့်တော့ ...

"ရော့ နင့်ပုတီး၊ ရစ်လုံးက နင့်ရစ်လုံး ပျောက်သွားတာကို အလျော်ပေးတာ၊ ဆောရီး မျက်ရှု ... ငါတောင်းပန်တယ်၊ နင့်ကို ငါလောလောဆယ် မတွေ့ရဲသေးဘူး၊ လက်နာမပျောက်သေးဘူးဟ"

စာလုံးများကို ဖတ်နေသော်ငြား ဘေးနားတွင် ရဲသင်ကိုယ်တိုင် လာပြောနေသလို နားမှ စကားသံများ ကြားယောင်လိုက်ရသဖြင့် မျက်ရှုထိတ်ခနဲ ဖြစ်သွားလေသည်။
 
 
လှလိုက်ပုံများလေ

လောကသုံးပါး

အမှောင်တွေ သေဆုံးသွားကြသလိုပဲ

ဒီနေရာမှာ

ပြီးတော့

ဟိုးမှာလည်း ဟိုးမှာ

အဖြူတွေပေါ်မှာ အလင်းတွေလဲ့ဖြာ

မိုးကုပ်စက်ဝိုင်းမှာ

မြက်ခင်းအဖြူ

ပန်းတွေအဖြူ

ပြီးတော့

သက်တံကလည်း အဖြူ

အိုး ...

ကိုယ့်အရိပ်တောင်မှ အဖြူ

ဒါဆို

ကိုယ်လည်းအဖြူပေါ့

အေးချမ်းလိုက်တာ။

အဖြူထဲက

အလင်းတွေ ဖြာထွက်သွား

လှလိုက်တဲ့ ဘဝများကွယ်

ဒါပေါ့

အရောင်တွေထဲက

လောကမှာ အများဆုံး တွေ့ရတာက

အဖြူရောင်လေ။
အိမ်သူရွှေမ
(မှော်ဝင်နတ်နန်း ကဗျာစုမှ)
 
 
 
 

No comments:

Post a Comment