Thursday 18 April 2013

ကတ်ကြေးတစ်လက်နှင့် ကောင်းကင်တစ်ထည် - တာရာမင်းဝေ အပိုင်း-၂

[၃]

သူတို့အားလုံး လက်ဖက်ရည်ဆိုင်ပိုင်ရှင် မလှလှသန်း၏ စကားကို စိတ်ဝင်တစား နားထောင်နေမိကြသည်။
“အဲဒီတုန်းက ကျွန်မရဲ့ ပိုက်ဆံအိတ်ထဲမှာ ငွေရှစ်သောင်းလောက် ပါသွားတယ်။ ပိုက်ဆံအိတ်ကို ချိုင်းကြားမှာ ညှပ်ထားတာ။ အိမ်အတွက် အသုံးလိုတာလေးတွေ ဝယ်မယ်ပေါ့။ အမေ့အတွက်လည်း လုံချည်တစ်ကွင်းလောက် ဝယ်သွားမယ်ပေါ့။ အဲဒီလိုစိတ်ကူးပြီး ဈေးထဲမှာ လျှောက်ကြည့်နေတာ”
“ခင်ဗျား တစ်ယောက်တည်းလား”
“အင်း…တစ်ယောက်တည်းပေါ့။ ရှင်တို့သူငယ်ချင်း ကျော်ကျော်နိုင်က ထန်းရည်မူးပြီး အိပ်ပျော်နေလို့ ခေါ်မရဘူး။ ထားခဲ့ရတယ်”
“အင်း…ဆက်ပြောပါဦး”
“ကားပေါ်က ဆင်းကတည်းက ကျွန်မနောက်ကနေ မိန်းမသုံးယောက် လိုက်လာတာကို သတိတော့ ထားမိတယ်။ ဒါပေမဲ့ သူတို့ကိစ္စနဲ့ သူတို့လို သွေးရိုးသားရိုးပဲ အောက်မေ့မိတာ…”
“နောက်တော့”
“သူတို့ ကျွန်မကို တိုးဝှေ့ပြီး ကျော်တက်သွားတာ သတိထားမိတယ်။ နောက်တော့ ဘာဖြစ်သွားမှန်း မသိ၊ ဈေးထဲမှာ သွားပြီးသား နေရာတွေကိုပဲ ကျွန်မ တဝဲလည်လည် လျှောက်သွားနေမိတယ်။ ဘယ်လောက်ကြသွားလည်း မသိဘူး။ ကျွန်မ သတိဝင်လာတော့ ကျွန်မရဲ့ပိုက်ဆံအိတ် မရှိတော့ဘူး”
“တို့ဆေးနဲ့တို့ပြီး ယူသွားတာပေါ့”
“အင်း…အဲဒီလို ထင်ရတာပဲ။ တို့ဆေးဆိုတာကို ကျွန်မကကြားရုံ ကြားဘူးတာ၊ တစ်ခါမှ မကြုံဖူးဘူး။ အဲဒါ ပထမဆုံးအကြိမ်ပဲ”
“နောက်တစ်ကြိမ်ကကော…”
“ဖွဟဲ့…လွဲပါစေ ဖယ်ပါစေ။ နောက်အကြိမ်လည်း မရှိပါစေနဲ့”
သူတို့ ဝိုင်းရယ်ဖြစ်ကြသည်။
ထိုအချိန်မှာပဲ ဆိုင်ထဲသို့ ဆိတ်သိုးတစ်ကောင် ပျာရိပျာယာ ဝင်လာပြီး သူ့ကို…
“ဟေ့ကောင် လူလူ”
“ဘာလဲဟ”
“မင်းကောင်မလေးက အတွဲနဲ့ဟ။ ငါ ခုပဲ တွေ့ခဲ့တယ်”
“ဘယ်က ငါ့ကောင်မလေးလဲ”
“ဟို…မင်းတို့ရပ်ကွက်ထဲက ကောင်မလေးကွာ…။ တစ်ခါတို့တွေ အအေးဆိုင်မှာ ဆုံတာ”
“ဖူးဖူးလား”
“အေး…ဟုတ်မှာပေါ့။ မင်း ခုံသွားယူတဲ့ ကောင်မလေး။ သူက အတွဲနဲ့ဟ”
စိတ်ထဲမှာ တစ်မျိုးဖြစ်မိသော်လည်း မျက်နှာအမူအယာကို မပျက်စေဘဲ…
“အေး…။ အဲဒါ ဘာဖြစ်လို့လဲ”
“မင်းက ကြိုပြောမထားဘူးကွာ”
“ဘာလဲဟ”
“သြော်…အဲဒါကို ကြိုသိထားရင် ငါ ညညတွေ အိပ်ရေးမပျက်ရဘူးပေါ့ကွာ…။ ခုတော့…”
“အောင်မာ…ဆင်ပေါက်အော်ရင်တောင် မနိုးတဲ့ ဆိတ်သိုးကများ”
သူ့စကားကြောင့် ဝိုင်းရယ်ဖြစ်ကြပြန်သည်။ နေရင်းထိုင်ရင်း အထိခိုက်ခံရသဖြင့် ဆင်ပေါက် သိပ်မကျေနပ်ချင်။ သူ့ကို ဆင်ကြည့်ကြည့်သည်။ ပြီး…ဘုပြောသည်။
“မင်းတို့ကိစ္စကို ထားစမ်းပါကွယ်၊ မလှလှသန်းပြောတာကို ဆက်နားထောင်စမ်းပါ”
မလှလှသန်းက…
“ပြီးပြီလေ…အဲဒါပဲ။ ရှင်တို့လည်း တို့ဆေးကို သတိထားပေါ့”
“ခင်ဗျားပိုက်ဆံတွေ ပါသွားတော့ ဘာမှ မဝယ်ဖြစ်တော့ဘူးပေါ့”
“အင်းပေါ့”
“အိမ်ကို ဘယ်လိုပြန်လာလဲ”
“ကက ငှားလာပြီး အိမ်ကျမှ ပိုက်ဆံရှင်းပေးရတာပေါ့”
“ကျော်ကျော်နိုင် ခင်ဗျားကို မရိုက်ဘူးလား”
“ပိုက်ဆံတွေ နှမျောပြီး ကျွန်မငိုနေလို့ သူက ချော့ရတယ်လေ”
“တို့ဆေးက ကြောက်ဖို့ ကောင်းတယ်ဗျ”
အခုမှ ရောက်လာသည့် ဆိတ်သိုးက နားစွန်နားဖျားဖြင့် ဝင်ပြောခြင်းဖြစ်သည်။
“မင်းကရော ကြုံဖူးလို့လား”
သူ့အမေးကို ဆိတ်သိုးက ‘ပဲ…ဟဲဟဲ’ ဟု ရယ်ရင်း ပြန်ဖြေသည်။ (သူက ထိုအတိုင်းပဲ ရယ်တတ်သည်။ ထို့ကြောင့် ထွန်းမြင့် ဆိုသော နာမည်ရင်းပျောက်ပြီး ဆိတ်သိုးဟု တွင်သွားခြင်းဖြစ်သည်)
“ငါက အသုံးချဖို့တော့ ကြိုးစားဖူးတယ်”
“ဒါဆို…တို့ဆေးကို မင်း မြင်ဘူးတာပေါ့”
“အေး…မြင်ဘူးတာပေါ့”
“ငါက သိပ်တောင် မယုံဘူး။ တို့ဆေးဆိုတာ တကယ်မရှိဘူးတောင် ထင်တယ်”
“ဘယ်ကလာ…သိပ်ရှိတာပေါ့”
“ဘယ်လိုဟာမျိုးလဲ၊ ဘယ်လိုဆေးမျိုးလဲ”
“ပဲ…ဟဲဟဲ…။ မသိချင်ပါနဲ့ကွာ၊ မကောင်းပါဘူး”
“ဒါနဲ့များ မင်းက အသုံးချဖို့တောင် ကြိုးစားဖူးတယ်ဆို”
“တကယ် မလုပ်ဖြစ်ပါဘူး”
“ဘာလဲ…။ မင်းကလည်း ခါးပိုက်နှိုက်မလို့လား”
“မဟုတ်ပါဘူးကွ၊ ငါက အဲဒီလိုလူစား မဟုတ်ပါဘူး”
“ဒါဖြင့်… ဘာလုပ်မလို့လဲ”
“ခပ်စွာစွာ ကောင်မလေးတစ်ယောက်ကို ရည်းစားစကား ပြောမလို့”
“ဟေ…”
ဆိတ်သိုး၏ စကားကြောင့် သူအပါအဝင် အားလုံးက အံ့သြသွားကြသည်။ ပါးစပ်အဟောင်းသားဖြင့် ဆိတ်သိုးကို မယုံကြည်နိုင်သလို ဝိုင်းကြည့်ရင်း…
“မင်း တော်တော်အကြံကြီးတဲ့ကောင်ပဲ”
“မလုပ်ဖြစ်လိုက်ပါဘူးဆို…”
“ငါ့ညီမရဲ့သူငယ်ချင်း ဖြစ်နေလို့”
“ကောင်မလေး ကံကောင်းသွားတာပေါ့။ ဒါနဲ့ အဲဒီတို့ဆေးကို ဘာလုပ်လိုက်လဲ”
“ငါ့ညီမက ယူလွှင့်ပစ်လိုက်တယ်”
စကားဝိုင်းက တို့ဆေးဆီမှ မထွက်နိုင်အောင် ဖြစ်နေသည်။ မလှလှကလည်း သူ မကျေမချမ်းဖြစ်ခဲ့ရသည့်ကိစ္စမို့ ဝင်မေးသည်။
“ကိုဆိတ်သိုး…။ အဲဒီတို့ဆေးက ဘယ်လိုလုပ်ထားတာလဲ။ ဘာတွေနဲ့ ဖော်စပ်ထားတာလဲ”
“မသိချင်ပါနဲ့ဆိုဗျာ…။ မကောင်းပါဘူး”
အားလုံးက ဝိုင်းမေးကြသည်။ မည်သို့ပင် မေးမေး ဆိတ်သိုးကလည်း လုံးဝ မပြော။ ကြာတော့ ငြင်းရတာကို မောလာပုံရသည်။ ထလစ်ဖို့ ပြင်သည်။
“ပြန်တော့မယ်ကွာ…။ မင်းတို့နဲ့ လေကန်နေဖို့ အချိန်မရဘူး။ မင်းတို့ ဒီဆိုင်မှာရှိတတ်တယ်ဆိုပြီးတော့ ခဏဝင်လာတာ။ အိမ်မှာ အလုပ်တွေ ရှိသေးတယ်ကွ”
“ငါလည်း ပြန်မှာ။ အတူသွားမယ်လေ”
သူကပါ ဆိတ်သိုးနှင့်အတူပြန်ရန် ပြင်သည်။ ဆိတ်သိုးနှင့်သူက ပြန်ရမည့်လမ်းကြော တူသည်။
“ဟ…လူလူ။ မင်းကပါ ပြန်တော့မလို့လား”
“အေး…ပြန်လိုက်ဦးမယ်ကွာ”
ဘယ်သူကမှလည်း အတင်းမတားကြပါ။ လက်ဖက်ရည်ဖိုးတော့ ရှင်းခိုင်းသဖြင့် ရှင်းပေးခဲ့ရ၏။ အပြန်လမ်းကျမှ ဆိတ်သိုးကို ထပ်မေးကြည့်မိ၏။
“မင်းပြောတဲ့ တို့ဆေးကိစ္စက နောက်နေတာလား၊ တကယ်လား”
“တကယ်”
“ငါ အဲဒီဆေး လိုချင်တယ်ကွာ”
“ဘာလုပ်မလို့လဲ”
“မင်းလိုပဲ လုပ်မလို့”
“ဘာ…”
“ကောင်မလေးတစ်ယောက်ကို တို့ဆေးနဲ့တို့ပြီး ရည်းစားစကားပြောမလို့”
“မင်းက…”
“အေး…”
“သွားစမ်းပါကွာ…။ သတ္တိလည်း မရှိဘဲနဲ့”
“အဲဒီလို အနေအထားမျိုးဆိုရင်တော့ သတ္တိရှိတာပေါ့ကွာ။ သူက ကိုယ့်ကို ပြန်မှ မကောနိုင်တာ”
“အဲဒါတောင် မင်းက ပြောတတ်မှာ မို့လို့လား”
“ဒီလောက်တော့ ရပါတယ်ကွ”
“ဘယ်နေရာကို တို့ရသလဲဆိုတာကော သိလို့လား”
“ဒါကတော့ မင်းပြောပြပေါ့”
“မိန်းကလေးကိုဆိုရင် ဘယ်ဘက်တံတောင်ဆစ်ကို တို့ရတယ်”
“ဒါဆို လွယ်ပါတယ်ကွ”
“မင်းက ဘယ်သူ့ကို ရည်းစားစကား ပြောမှာလဲ”
“စုစုမင်းကိုကွ”
ဆိတ်သိုး အနည်းငယ် စဉ်းစားသွားသည်။ စုစုမင်းဆိုသည်က မလှလှသန်းတို့ လက်ဖက်ရည်ဆိုင်အနီး စာအုပ်အငှားဆိုင်မှ ဖြစ်သည်။ ထိုအငှားဆိုင်မှာ စာအုပ်ငှားကြရင်း သူတို့နှင့်လည်း မျက်မှန်းတန်းမိသည်။ ရင်းရင်းနှီးနှီးတော့ မရှိလှ။ လှသလောက် စွာသောကောင်မလေးဖြစ်သည်။
“အဲဒါ ငါ့ကို မင်း တို့ဆေး ဖော်ပေးကွာ”
ဆိတ်သိုးက တွေဝေနေဆဲ။ သူက ထပ်တိုက်တွန်းလိုက်သည်။
“လုပ်ပါကွ။ မင်းကျေးဇူးကို ငါ မမေ့ပါဘူး”
“မင်းက စုစုမင်းကို တကယ်ကြိုက်လို့လား”
“မေးမနေနဲ့တော့လေကွာ”
“ဒါဖြင့်လည်း ပြီးရောလေ…”
သူ ဝမ်းသာသွားသည်။ ‘ဒါဖြင့် မင်းတို့ဆေးဖော်ပေးမယ်ပေါ့’ ဟု ဝမ်းသာအားရ ပြောလိုက်မိသည်။ ဆိတ်သိုးက ‘ဆေးလို့ပဲ ပြောစမ်းပါကွာ’ ဟု ဆို၏။ ရပါသည်။ ဘာခက်တာမို့လို့။
“အေး…အေး…။ ဆေးဆိုလည်း ဆေးပေါ့ကွာ။ ဖော်ပေးမယ်ပေါ့”
ဆိတ်သိုးက အင်တင်တင်လေသံဖြင့်…
“အင်း”
ပြီးမှ…
“သုံးလေးငါးရက်တော့ မင်း စောင့်ရမယ်”
“ရတယ်…စောင့်မယ်။ သုံးလေးငါးရက်အတွင်းမှာတော့ စုစုမင်း ရည်းစား ရမသွားနိုင်ပါဘူး”
သူ့ကိုယ်သူ ဖြေသာအောင် ပြန်အားပေးထားရခြင်း ဖြစ်၏။ တစ်ဆက်တည်းမှာ သတိတရဖြင့်…
“အဲ့ဒီဆေးအတွက် ကုန်ကျစရိတ် ငါ ဘယ်လောက်ပေးရမလဲ”
“မလိုပါဘူးကွာ”
သည်လိုကျတော့လည်း ဆိတ်သိုးက မဆိုးချေ။

လေးရက်မြောက်သောနေ့မှာ ဆိတ်သိုးထံမှ ဆေးထုပ်လေးတစ်ထုပ် ရ၏။ အဖြူရောင်အမှုန့်ကလေးများ ဖြစ်သည်။
“မင်း လေလုံအောင် သိမ်းထား၊ အသုံးချခါနီးမှ လက်ကိုရေဆွတ်ပြီး တို့။ ပြီး… ထိထိမိမိတို့”
“အေး…အေး”
“အဲဒီ ဆေးမှုန့်တွေကို မင်းသွားပြီးလည်း ရှူမကြည့်နဲ့ဦးနော်”
“သြော်…အေး”
ထိုဆေးမှုန့်လေးတွေယူပြီး သူ ဝမ်းသာအားရ အိမ်ပြန်လာခဲ့သည်။ အပြန်လမ်းတစ်လျှောက်လုံးမှာ ရင်ခုန်နေမိသည်။ စုစုမင်းကို ပြောရန် စကားများလည်း စီနေမိသည်။
နောက်တစ်နေ့မှာပဲ စုစုမင်းရှိရာသို့ သူ ရောက်သွား၏။ စာအုပ်ဆိုင်ကို လူစောင့်နှင့်ထားခဲ့ပြီး သူမက ပြန်မလာသော စာအုပ်တွေကို လိုက်သိမ်းချိန်ဖြစ်သည်။ စုစုမင်းတစ်ယောက်တည်း အပြင်ထွက်ချိန်ဖြစ်၍ သူ့အတွက် အဆင်ပြေသည်။ ခြေလှမ်းကို ထိန်း၍ နောက်မှ လိုက်သွားရင်း…
“အဲ…စုစုမင်း”
စုစုမင်းအနားရောက်မှ ခြေလှမ်းယိမ်းယိုင်သွားဟန်ဖြင့် သူမ၏ဘယ်ဘက်တံတောင်ဆစ်ကို တို့ဆေးနှင့် တို့လိုက်ကာ ကိုယ်ဟန်ပြန်ထိန်းရင်း…
“စုစုမင်း…။ တစ်ယောက်တည်းလား”
စုစုမင်းက သူ့ကို ကြောင်ကြည့်နေသည်။
“ကိုယ့်ကို မမှတ်မိဘူးလား…။ ခေတ်လူလေ”
စုစုမင်းက ကြောင်ကြည့်နေဆဲ။ ဆေးစွမ်းက ချက်ချင်းပြလေသည်ထင့်။ သူက အခွင့်အရေးကို လက်လွှတ်မခံဘဲ…
“ကိုယ့်ကို မမှတ်မိရင်တောင် မေတ္တာရိပ်လွှမ်းတဲ့ ကိုယ့်ရဲ့မျက်ဝန်းအစုံကို မှတ်မိသင့်ပါတယ်ကွယ်”
လမ်းလယ်ခေါင်မှာ စုစုမင်းက တွေတွေကြီးရပ်နေပြီး သူက စုစုမင်းကို လှည့်ပတ်ကာ စကားပြောနေမိသည်။ သူကပါ တို့ဆေးမိခံထားရသူလို ဖြစ်နေသည်။
“နူးညံ့ငြင်သာတဲ့ ကိုယ့်ရဲ့စကားသံကိုလည်း မှတ်မိဖို့ကောင်းပါတယ်”
“                             ”
“သိမ်မွေ့ပြီး ခိုင်မာတဲ့ စုစုမင်းအပေါ် ကိုယ့်မျှော်လင့်ချက်ကိုလည်း နားလည်သိမြင်ဖို့ ကောင်းပါတယ်”
“                             ”
“ကိုယ့်ကို မမှတ်မိရင်တောင် ကိုယ့်ကို မှတ်မိဖို့ကောင်းပါတယ် စုရယ်။ တကယ်ဆို… စုအပေါ်ထားတဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ ပေတစ်သီး ကျီးတစ်သားလို…”
စကားကို ဆုံးအောင် ဆက်မပြောလိုက်ရ။ စုစုမင်းက သူ့မျက်နှာကို လက်ညှိုးထိုးပြီး တဟားဟား ထရယ်သည်။ ‘ဘာဖြစ်တာလဲဟ’ ဟုသောအတွေးနှင့် သူ အူကြောင်ကြောင် ဖြစ်သွားသည်။ စုစုမင်းက…
“ကိုခေတ်လူ…။ ရှင် တော်တော်ပေါပါလား”
“ဗျာ…”
“ကျွန်မကို တို့ဆေးနဲ့တို့ပြီး ရည်းစားစကားပြောတာပေါ့…။ ဟုတ်လား”
“ဗျာ…”
“ရှင် ကျွန်မကို အဲဒီလို စကားပြောလိမ့်မယ်လို့ ကိုဆိတ်သိုးက ကျွန်မကို ပြောပြထားပြီးသား။ ရှင် ကျွန်မကို တို့တာလည်း ဘာတို့ဆေးမှ မဟုတ်ဘူး။ မြေဖြူမှုန့်တွေ။ ကျွန်မလည်း ဘာမှ မဖြစ်ဘူး။ ရှင် ဘယ်လောက် ပေါသလဲဆိုတာကို သိချင်လို့ ဟန်ဆောင်နေပေးတာ။ အခု ရယ်ချင်တာကို မအောင့်နိုင်တော့ဘူး။ ဟား…ဟား…ဟား”
စုစုမင်းက စကားအဆုံးမှာ အူလှိုက်သည်းလှိုက် ရယ်ပြန်သည်။ သူ့မျက်နှာ ထူပူထွက်သွားသည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်တော့ ဈေးဆိုင်များ လမ်းသွားလမ်းလာများကလည်း သူ့ကို ပြုံးစိစိ ဝိုင်းကြည့်နေကြ၏။ သူ အလွန်ရှက်သွားမိ၏။ ထိုအရှက်ကို စာဖြင့်၊ စကားဖြင့် ဖော်ပြ၍ မရတော့။
နေရာမှ ချာခနဲ လှည့်ထွက်ခဲ့သည်။ မျက်လုံးတွေတောင် ပြာနေ၏။ စုစုမင်း၏ ရယ်သံနှင့် လူတချို့၏ရယ်သံက နောက်မှာ ကျန်ခဲ့သည်။
သည်လိုမျိုးကျတော့ ဆိတ်သိုးက မကောင်းချေ။ မကောင်းတာမှ နည်းနည်းလေးတောင် မကောင်း။ နောက်နေ့တွေမှာ စုစုမင်းရှိရာဘက်ကို ခြေဦးပင် မလှည့်တော့။ ဆိတ်သိုးတို့ သူငယ်ချင်းအုပ်စုကိုလည်း အတွေ့မခံတော့။ သူတို့နှင့်ဆုံမည်စိုး၍ ပြင်သစ်စကားပြောသင်တန်းကိုပင် အချိန်ပြောင်းတက်လိုက်သည်။
သည်ကြားထဲ မလှလှသန်းနှင့် ဈေးထဲမှာ တွေ့ပြီး အမေးခံရသေးသည်။
“ဘယ်လိုလဲ…။ တို့ဆေးကပေးတဲ့ ဒုက္ခကို သိပြီမို့လား”….တဲ့။ သိပါ့။ ဟုတ်ပါ့။
[၄]

“မင်္ဂလာပါရှင်”
“မင်္ဂလာပါခင်ဗျာ”
“ဒီနေ့ ကျွန်မပြောမယ့် အကြောင်းအရာက…”
“ဒီနေ့ ကျွန်တော်တို့ နားထောင်ရမယ့် အကြောင်းအရာက…”
“ဘယ်သူလဲ မသိဘူး”
“ဘယ်သူလဲ သိတယ်”
“တစ်ယောက်ယောက် နောက်နေတယ် ထင်တယ်”
“တစ်ယောက်ယောက် အနောက်ခံနေရတယ် ထင်တယ်”
“ရှင်တို့နော်”
“ကျွန်တော်တို့ ကျွန်မတို့နော်”
“ဆရာ…။ ဒီမှာ လုပ်ပါဦး”
“ဆရာ…။ ဒီမှာ မလုပ်ပါနဲ့”
ကျန်သော အတန်းသားများက ဝိုင်းရယ်ကြသည်။ ကောင်မလေးကလည်း ဆရာ့ကို ခေါ်မရသဖြင့် ဆူဆူအောင့်အောင့်ဖြင့် ဘာစကားမှ ဆက်မပြောတော့ဘဲ စတိတ်ခုံပေါ်မှ ဆင်းသွားသည်။ ပြင်သစ်စကားပြောဆရာကို ကောင်မလေးက ပြင်သစ်လို လှမ်းခေါ်ခြင်း ဖြစ်ပါ၏။ သို့သော် ဆရာက ပြင်သစ်စကားကို မတတ်၍လား မသိ။ လှည့်ပင်မကြည့်ဘဲ သူ့ဧည့်သည်နှင့် မြန်မာလိုတွေပြောရင်း စကားလက်ဆုံ ကျနေသည်။
ကောင်မလေး၏နာမည်က “မိုးပန်းပွင့်” ဟူ၏။ သူ ပြောင်းတက်သော တန်းခွဲမှာ အတော်ဆုံးကောင်မလေး။ ကျန်သော သင်တန်းသားများကို သူက ထိုသို့ပင် ပြင်သစ်လို စကားပြောနေကျ။ ထိုတန်းခွဲသို့ သူ ပြောင်းလာမှပဲ ကောင်မလေး အခက်တွေ့ရတော့၏။
သူကလည်း စာတော်သူဖြစ်သည်။ (ထိုအကြောင်းကို ရှေ့မှာ ဆိုထားပြီး) ကောင်မလေးကို သူက ပြန်နောက်ပြောင်နိုင်စွမ်း ရှိနေသည်။ ထိုနေ့က သူ နောက်ပြောင်သဖြင့် ကောင်မလေးက သူ့ကို စိတ်ဆိုးသွားလေသည်။ သူကလည်း အဘယ်ကြောင့် ဤမျှ အာသွက်လျှာသွက် ဖြစ်နေမှန်း သူ့ကိုယ်သူပင် မသိချေ။
ကောင်မလေးက စာတော်သည်။ ရုပ်ရည်က အလှချည်းမဟုတ်သော်လည်း ဆွဲဆောင်မှုရှိသည်။ ကြည်လင်ထက်မြက်သည်။ ဤလိုကောင်မလေးမျိုး၊ ဤတန်းခွဲမှာ ရှိမှန်းသိလျှင် အစကတည်းက ဤတန်းခွဲမှာပဲ သူ တက်ခဲ့ပါသည်။ ဖူးဖူးတို့၊ စုစုမင်းတို့နှင့်လည်း ပတ်သက်စရာမရှိ။ ခုတော့ အသိနောက်ကျသွားသည်။ ဆန့်ကျင်ဘက်စကားကို ဆိုရဦးမည်။
သို့သော်… အချိန်မီပါသည် ဟု။
သူနှင့် မိုးပန်းပွင့်တို့ အတန်းထဲမှာ မျက်လုံးချင်း ခလုတ်တိုက်မိကြသည်။ စကား အသွားအလာချင်း ခလုတ်တိုက်မိကြသည်။ ထိုမှတစ်ဆင့် နှလုံးသားချင်း ခလုတ်တိုက်မိကြခြင်းမျိုး မဖြစ်ဟု မည်သူမှ မဆိုနိုင်။
တစ်နေ့… သူ့သူငယ်ချင်း ထွန်းထွန်းဦးရှိရာသို့ သွားလည်သည်။ ထိုသတ္တဝါက မိုးလင်းသည်နှင့် အိမ်မှ ထွက်တတ်သောကြောင့် သူက အုပ်မိရန် မနက်စောစော သွားရသည်။ လမ်းမှာ…
မိုးပန်းပွင့်နှင့် တွေ့ခြင်း မဟုတ်ပါ။ နွားနို့သည် ကုလားမကြီးတစ်ယောက် ခြံတစ်ခြံ၏ အုတ်တံတိုင်းမှ ဘဲလ်ကို မမီမကမ်း လှမ်းနှိပ်ရန် ကြိုးစားနေသည်ကို တွေ့ရ၏။ ဘဲလ်တပ်ထားပုံက နည်းနည်းမြင့်သည့်အပြင် နွားနို့သည်ကုလားမကြီးကလည်း အရပ်အတော်ပုသောကြောင့် အဆင်မပြေ ဖြစ်နေသည်။ သူ ကူညီရန် ဆုံးဖြတ်လိုက်၏။ ငယ်သောသူကို ကြင်နာရမည်ဖြစ်သလို ပုသောသူကိုလည်း ကြင်နာရမည်လေ။ သူ့ခမျာ ကာတွန်းစိုးသော်တာ မဟုတ်သောကြောင့် မရှည်ရခြင်းဖြစ်၏။
“အဒေါ်ကြီး…။ ဘာလုပ်မလို့လဲ”
ကုလားမကြီးက သူ့ကို ဇဝေဇဝါ လှည့်ကြည့်ကာ…
“နင်က ရဲလား”
“မဟုတ်ပါဘူး…။ ဘာကူညီရမလဲလို့ပါ”
“ကူညီပါရစေဆိုရင် နင်က ရဲပေါ့”
“မဟုတ်ပါဘူး။ ရဲကမှ မဟုတ်ပါဘူး၊ လူသားအချင်းချင်းလည်း ကူညီတတ်ပါတယ်”
“နင်က ရိုးရိုးလူပေါ့”
“သြော်…ဟုတ်တယ်လေ”
စကားပြောရတာ လက်ပေါက်ကပ်လှလေသည်။
“ငါ ဒီ လူခေါ်ခေါင်းလောင်းကို နှိပ်မလို့”
“ဘာလုပ်မလို့လဲ”
“ဒီနွားနို့ပုလင်း ပေးမလို့”
“ခါတိုင်း ဘယ်လိုပေးလဲ”
“ခါတိုင်းတော့ ဒီအိမ်ရှေ့မှာ ထားပေးသွားတာပဲ။ သူတို့ဘာသာထွက်ယူတာပဲ။ ခုတော့ တခြားလူတွေ၊ တခြားကလေးတွေက နောက်ပြောင်ပြီး ယူသွားကြလို့ သူတို့ မရဘူးတဲ့။ သူတို့လက်ထဲကို တိုက်ရိုက်ထည့်ပါတဲ့။ အဲဒါကြောင့် လူခေါ်ခေါင်းလောင်းကို နှပ်မလို့၊ မမီဘူးဖြစ်နေတယ်”
“အေးဗျာ…။ အဒေါ်ကြီးအရပ်နဲ့စာရင် လူခေါ်ခေါင်းလောင်းက ရှည်နေတယ်”
“ဘာဖြစ်တယ်…”
သူ့ကို ထွေထွေထူးထူး ရှင်းပြမနေတော့ပါ။ သွက်သွက်လက်လက် ရှေ့တိုးသွားလိုက်ပြီး…
“ကဲ…ထား…ထား၊ ကျွန်တော် နှိပ်ပေးမယ်”
နှိပ်ပေးလိုက်သည်။ အိမ်ထဲမှ ဘဲလ်မြည်သံကို သဲ့သဲ့ကြားရ၏။
“ကဲ…အထဲကလူတွေ ထွက်လာတော့မယ်”
“ဒါဆို ဒီနွားနို့ပုလင်းကို နင်ပဲ ပေးလိုက်ပါလား”
“ဗျာ…”
“အချိန်မရှိဘူးဟယ်…။ ငါက သွားရတော့မယ်။ တခြားအိမ်တွေသွားရဦးမယ်”
“ပိုက်ဆံ မယူတော့ဘူးလား”
“သူတို့က လပေး သောက်တာ”
ပြောပြောဆိုဆိုနှင့်ပင် ကုလားမကြီးက သူ့လက်ထဲသို့ နွားနို့ပုလင်းကြီးထည့်ကာ ခပ်သုတ်သုတ် ထွက်သွားတော့သည်။ နွားနို့ပုလင်း လက်မှာကိုင်ကာ အူကြောင်ကြောင်ဖြင့် သူ ကျန်ရစ်ခဲ့သည်။ ပြတင်းတံခါးပွင့်သွားသည်။ ထိုအခါကျမှ…
ထွက်လာသူက မိုးပန်းပွင့်…။ သူ့ကိုမြင်တော့ မိုးပန်းပွင့်ကလည်း သူ့လိုပဲ အူကြောင်ကြောင် ဖြစ်သွားလေသည်။ ပြီးမှ…
“သြော်…နင်လား”
သူ့စိတ်ထဲမှာ ပြောသွားသဖြင့် နောက်ပြောင်မိပြန်သည်။
“သြော်…ငါလား”
မိုးပန်းပွင့် အောင့်သက်သက်ဖြစ်သွားပုံရ၏။ အံတစ်ချက်ကြိတ်ပြီး…
“နင်က နွားနို့ လာပို့တာလား”
“ငါက နွားနို့ လာပို့တာပဲ”
“နင်က နွားနို့လည်း ပို့သလား”
“နင်က နွားနို့လည်း သောက်သလား”
“နင် ဘာပြောတယ်”
“ငါ ဘာပြောတယ်”
“နွားနို့ကို ထားခဲ့ပြီး နင်ပြန်တော့”
“နွားနို့ကို ထားခဲ့ပြီး ငါပြန်မယ်”
“နောက်နေ့ နင် လာမပို့နဲ့”
“နောက်နေ့ ငါ လာမပို့ဘူး”
“ခါတိုင်းကုလားမကြီးက ဘာဖြစ်လို့လဲ”
“ခါတိုင်းကုလားမကြီးက ဘာမှ မဖြစ်ဘူး”
“ဒါဖြင့် ဘာဖြစ်လို့လဲ”
“ဒါဖြင့် ဘာမှ မဖြစ်ဘူး”
“အဲဒီကုလားမကြီးက ဘယ်မှာလဲ”
“အဲဒီကုလားမကြီးက ဘယ်မှာမှန်း မသိဘူး”
“နင် ဘာကောင်လဲ”
“ငါ ဘာကောင်လဲ”
“တော်ပြီ…တော်ပြီ…။ နင် သွားတော့”
“တော်ပြီ…တော်ပြီ…။ ငါ သွားပြီ”
“ဟွန်း…”
“ဟမ်း…”
ထိုခြံရှေ့မှ လှည့်ထွက်လာခဲ့ပြီး ဘာကိုမှန်းမသိ ကျေနပ်နေမိသည်။ မိုးပန်းပွင့်၏ စူပုပ်ပုပ်မျက်နှာလေးကလည်း ချစ်စဖွယ် ကောင်းလွန်းသည်ဟု မြင်မိ၏။ မြားနတ်မောင်က သူတို့ကို ကျီစယ်လေပြီ။ ဘာပဲပြောပြော မိုးပန်းပွင့်၏အိမ်ကို မမျှော်လင့်ဘဲ သူသိပြီး ဖူးစာပါသော တိုက်ဆိုင်မှုဟု သူ ယူဆမိသည်။
ရပ်ကွက်ထဲမှလူတွေ စကားပြောလျှင် ‘ယုံမလားတော့ မသိဘူး’ ဆိုတာ ပါတတ်သည်။ ထို့နောက်ပိုင်း ရက်တွေမှာတော့ သူကလည်း ထိုစကားလုံး သုံးစရာအကြောင်း ပေါ်လာသည်။
ယုံမလားတော့ မသိဘူး။
သူနှင့်မိုးပန်းပွင့်တို့ ချစ်သူဖြစ်သွားကြလေသည်။ ခေတ်ဟောင်းစာရေးဆရာကြီးမိုးဝေ၏ စာသားထဲမှာ ‘တင်မောင်ဆွေ မည်သို့မည်ပုံ လုပ်လိုက်သည်။ မသိ။ ရှမ်းကိုးယောက်မှာ အတုံးအရုန်း’ ဆိုတာမျိုး ပါဝင်ဘူးသည် ထင်သည်။ ယခုလည်း ‘သူ မည်သို့မည်ပုံ လုပ်လိုက်သည် မသိ။ မိုးပန်းပွင့်မှာ အတုံးအရုန်း’ ဆိုတာမျိုး။
သူနှင့် မိုးပန်းပွင့်တို့ ချစ်သူတွေ ဖြစ်သွားကြလေသည်။
ထိုအခါ…
ချစ်သူတို့ဘာသာဘာဝ ချိန်းတွေ့ကြသည်။ လျှောက်လည်ကြသည်။ စိတ်ကောက်ကြသည်။ ပြန်ချော့ကြသည်။ ကြည်နူးဖွယ်ရာလေးတွေ ကြုံကြရသည်။
“အောင်သွယ်တော်ဆိုတာ ရုရှားနဲ့တူတယ် မိုးပန်းရဲ့”
“ဘာဖြစ်လို့လဲ”
“ရုရှားက အာရှနဲ့ ဥရောပကြားက နိုင်ငံကိုး”
“အဲဒါ ဘာဖြစ်လဲ”
“သူတို့ခံစားရတာ ရှိတယ်”
“စကားကို ရှင်းအောင်ပြောကွာ”
“သြော်…။ အာရှနိုင်ငံတွေဆီ ရောက်သွားရင် သူတို့ကိုယ်သူတို့ ဥရောပသားလို့ ထင်မိတယ်”
“အင်း…”
“ဥရောပနိုင်ငံတွေဆီရောက်သွားရင် သူတို့ကိုယ်သူတို့ အာရှသားလို့ ထင်ပြန်ရော”
“သြော်…အင်း…ထားပါတော့။ အဲဒါနဲ့ အောင်သွယ်တော်နဲ့ ဘာဆိုင်သလဲ”
“သြော်…အောင်သွယ်တော်ကလည်း အဲဒီလိုပဲလေ။ ရည်းစားမရှိသူတွေနဲ့ ကြုံရင် သူတို့ကိုယ်သူတို့ ဆရာကြီးပဲ။ ရည်းစားရှိထားပြီး သူတွေနဲ့ကြုံရင် သူတို့ခမျာ အမြီးမရှိ၊ ငုံတိတိနဲ့ ငေါင်းစင်းစင်းကြီးတွေ။ ပြောစရာစကား မရှိဘူး”
မိုးပန်းပွင့်က ကြောင် ချောင်းဆိုးသလို ခစ်ခနဲ ရယ်သည်။
“ကိုကလည်း ကြံကြံဖန်ဖန်”
“ကိုယ်က အကောင်းပြောတာ”
“ကဲ…ထားပါတော့။ အခု တိရစ္ဆာန်ရုံ သွားကြရအောင်”
“ဘာသွားလုပ်မှာလဲ”
“မရောက်တာ ကြာလို့”
“သွားလေ…။ ကိုယ်ကလည်း သွားချင်နေတာနဲ့ အတော်ပဲ”
“ဘာဖြစ်လို့လဲ”
“အဲဒီတိရစ္ဆာန်ရုံထဲက ခြင်္သေ့ရယ်၊ ကျားရယ်၊ ဆင်ရယ်၊ ဆိတ်ရယ်ကို ပျစ်ပျစ်နှစ်နှစ် ဆဲမလို့”
“အို…ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ဘူး။ ဆဲကို ဆဲချင်လို့”
“ကိုဟာလေ…ဘာမှန်းကိုမသိဘူး”
သူတို့တွေ ပျော်ပျော်ပါးပါး တိရစ္ဆာန်ရုံကို ရောက်သွားကြလေသည်။
တစ်ခါတစ်ခါကျတော့လည်း မိုးပန်းပွင့်က ပေါက်ကရလေးတွေ ပြောသည်။
“ကို…။ မိုးပန်းတို့ ချစ်ကြတာ ၁၅၀၀ ကိလေသာလို့ သုံးကြတယ်။ ထားပါတော့…။ ဘာဖြစ်လို့လဲ”
“၁၅၀၀ ထဲကနေ ၁ လောက်နုတ်ပြီး ချစ်ကြရင် မကောင်းဘူးလား”
“ဘာဖြစ်လို့လဲ”
“သြော်…သူငယ်ချင်းတွေက ပြောကြတယ် ကိုရဲ့”
“ဘာပြောတာလဲ”
“ထောင့်ငါးရာဆိုတာ မောင့်အနားမှာဆိုတဲ့ သဘောပဲရှိတယ်တဲ့”
“အင်း…”
“တစ် လေး ကိုးကိုးဆိုရင် အချစ်ကလေး တိုးတိုး သွားတယ်တဲ့”
“အာ…။ မဟုတ်တာ”
“ဘာဖြစ်လို့လဲ ကိုရဲ့”
“၁၅၀၀ ထဲက ၁ နုတ်ရင် ဘယ်လိုလုပ် ၁၄၉၉ ကျန်မှာလဲ”
“ကိုကလည်း ဘာကြောင်တာလဲ။ သေသေချာချာပဲ တွက်ကြည့်ပါဦး”
“၁၅၀၀ ထဲကနေ ၁ ကို ဖယ်လိုက်ရင် ၅၀၀ ပဲ ကျန်တော့မှာပေါ့။ ၅၂၈ ဆိုတဲ့ မောင်နှမအချစ်ကိုတောင် မမီတော့ဘူး။ သမီးရည်းစားအချစ်ဆိုတာ ဝေးရော”
“ကိုကလေ…။ တကယ်စကားတတ်တာပဲ”
ထိုသို့ပင် သူတို့တွေ တွတ်တီးတွတ်တာ ရှိခဲ့ကြပါ၏။ သူတို့စုံတွဲက ကယုကယင်နှင့် လမ်းပေါ်တွဲအလျှောက်မှာ သီဟ၊ ကျားကြီး၊ ဆင်ပေါက်၊ ဆိတ်သိုးတို့အုပ်စုနှင့် ဆုံမိပါသေး၏။ မယုံကြည်နိုင်လောက်အောင် အံ့သြသောမျက်လုံးများနှင့် သူ့ကို ဝိုင်းကြည့်ကြသည်။ သူကတော့ ဘာကိုမှ မမြင်မိသလို တည်ကြည်ခန့်ငြားသော အသွင်အပြင်ဖြင့် ကျော်ဖြတ်ခဲ့သည်သာ။
တစ်နေ့… မနက်စောစောမှာ မိုးပန်းပွင့်တို့အိမ်ရှေ့သို့ သူရောက်တော့ နွားနို့သည်ကုလားမကြီးနှင့် ပြန်ဆုံသည်။
“အဒေါ်ကြီး ရောက်နေပြီကိုး”
“နင် ရောက်နေပြီကိုး”
“အဒေါ်ကြီး နွားနို့ ပို့မလို့လား”
“နင် နွားနို့ ပို့မလို့လား”
“ကျွန်တော်က ဒီအိမ်က ကောင်မလေးဆီ လာတာ”
“ငါလည်း ဒီအိမ်က ကောင်မလေးဆီ လာတာ”
“ခေါ်လိုက်လေ။ အထဲမှာ သူရှိတယ်”
“မခေါ်တော့ဘူး၊ အထဲမှာ သူမရှိဘူး”
“သူရှိတယ်။ သူ့ရည်းစား ကျွန်တော်လာမှာကို သူသိတယ်”
“သူ မရှိဘူး။ သူ လင်နောက်လိုက်သွားတာကို ငါသိတယ်”
“ခင်ဗျား ဘာတွေ လာပြောနေတာလဲ”
“နင် ဘာတွေ လာပြောနေတာလဲ”
“လက်ရှိ ကျွန်တော်က သူ့ရည်းစားလေ”
“လက်ရှိ ဟိုက သူ့လင်လေ”
“သူက ဘာကိစ္စ လင်နောက်လိုက်ရမှာလဲ”
“သူက ကိစ္စရှိလို့ လင်နောက်လိုက်တာ နေမှာပေါ့”
စကားအဆုံးမှာ ကုလားမကြီးက လှည့်ထွက်သွားသည်။ သူ စိတ်ရှုပ်ထွေးစွာဖြင့် လမ်းဆုံ လက်ဖက်ရည်ဆိုင်ဆီသို့ ထွက်လာခဲ့၏။ လက်ဖက်ရည်ဆိုင်ရောက်တော့ ကုလားမကြီးပြောသည့်စကား မှန်မှန်းသိရလေသည်။ တစ်ဆိုင်လုံး မိုးပန်းပွင့် လင်နောက်လိုက်ပြေးသည့် သတင်းကိုသာ ပြောနေကြသည်။ သူ တုန်လှုပ်ခြောက်ခြား မိလေသည်။
‘ဘယ်လို ဖြစ်တာလဲ၊ ငါက သူ့ရည်းစားလေ’
ထိုသို့ ထပ်ကာထပ်ကာ တွေးနေမိသည်။ သူနှင့် ချစ်သူရည်စားဖြစ်နေပါလျက် တခြားယောက်ျားနောက် လိုက်ပြေးရသည်လို့။ ရှက်လည်းရှက် ဝမ်းလည်းနည်းမိသည်။ ဘာလဲဟ။
ကိုဂျပန်ကြီးကတော့ ‘မိန်းမတွေကို သိပ်အထင်မကြီးနဲ့’ ဟု ပြောဘူးလေသည်။ ခု ခံရပြီ။
[၅]

နောက် ကောင်မလေးတစ်ယောက်နှင့် သူ ဆုံသေးသည်။ ထိုကောင်မလေးနှင့်ကျမှပဲ ရပ်ကွက်ရုံးသို့ ရောက်ဖူးတော့သည်။ ကောင်းမလေးက ဆိုးသည်လား၊ သူက ဆိုးသည်လားတော့ မသိ။
ကောင်မလေးက သူ့ရှေ့မှာ၊ ရပ်ကွက်လူကြီးက အလယ်မှာ။ ရပ်ကွက်လူကြီးက သူ့ကို မေးသည်။
“မင်းက သူ့ကို မဖွယ်မရာ ပြောတယ်ဆို”
“မဟုတ်ရပါဘူး”
ကောင်မလေးက မခံနိုင်ချေ။
“ဘာမဟုတ်ရမှာလဲ။ ရှင် ကျွန်မကို ပြောတယ်လေ…”
“ဘာပြောလို့လဲ”
“ဘာမှန်းတော့ မသိဘူး”
“ဟင်…မသိဘဲနဲ့များ”
“ရှင် ကျွန်မကို တစ်ခုခုတော့ ပြောမှန်း သိတယ်ရှင့်။ အဓိပ္ပာယ်ကိုသာ မသိတာ”
“အဓိပ္ပာယ် မသိဘဲနဲ့များ၊ မဖွယ်မရာတဲ့”
ရပ်ကွက်လူကြီးက ဝင်မေးသည်။
“မင်းက သူ့ကို ဘာပြောလို့လဲ”
“သူ့ကို မေးကြည့်လေ။ သူက တိုင်ကြားသူပဲ။ သူပြောမှ ကျွန်တော် ဖြေရှင်းရမှာပေါ့”
ရပ်ကွက်လူကြီးက ကောင်မလေးဘက်ကို လှည့်ကြည့်သည်။
“ဟုတ်တယ် သမီး။ သူ ဘာပြောလဲဆိုတာကို သမီးက တိုင်လေ”
ကောင်မလေးက တွေဝေသွားပြီး…
“သူပြောတဲ့စကားကို သမီး မသိဘူး”
“ဟင်း…မသိဘဲနဲ့များ”
“မဟုတ်ဘူး…။ သူပြောတဲ့ စကားလုံးကို သမီးမမှတ်မိတာ”
ရပ်ကွက်လူကြီးက သူ့ဘက် ပြန်လှည့်လာသည်။
“မင်းက ဘာသွားပြောလို့လဲ”
“ကျွန်တော် ဘာမှ မပြောဘူး”
“မဟုတ်ဘူး၊ သူ ပြောတယ်”
“ဘာပြောလဲ”
“ဘာမှန်း မသိဘူးလို့ ပြောနေတယ်”
“ဘာမှန်းမသိဘဲနဲ့များ”
“ရှင် မကပ်နဲ့နော်”
“ဟင်…။ တစ်ယောက်တစ်ခုံစီ ထိုင်နေတယ်”
“မဟုတ်ဘူး။ ရှင် ယောက်ျား မဟုတ်ဘူးလား”
“ဘယ်လို သက်သေပြရမှာလဲ”
“ရှင် ကိုယ့်အပြစ် ကိုယ်ဝန်ခံလေ”
“ခင်ဗျားကို ကျွန်တော် ဘာပြောလို့လဲ”
“အခု လူကြီးရှေ့မှာ ရှင်ရွတ်ပြလေ”
“ခင်ဗျားကို ကျွန်တော် ရည်းစားစကား ပြောတာလည်း မဟုတ်”
“ဆဲတာ”
“မဆဲပါဘူး”
“ဒါဖြင့် ရှင် ဘာပြောတာလဲ”
“ခင်ဗျားကို စားပြီးပြီလားလို့ မေးတာပါ”
“မဟုတ်ဘူး”
“ဟုတ်ပါတယ်”
ကြားထဲမှ ရပ်ကွက်လူကြီး စိတ်ညစ်လာသည်။
“ကဲ…ကဲ…တော်ကြစမ်းပါဦး။ ငါ မေးမယ်”
ထိုအခါကျမှ နှစ်ယောက်သား ကိုယ်ရှိန်သပ်သွား၏။ ရပ်ကွက်လူကြီးက ကောင်မလေးကို…
“သမီးကို သူက ဘာပြောလိုက်လို့လဲ”
“သူ့အသံထွက်ကို သမီး မထွက်တတ်ဘူး။ မကောင်းတာဆိုတာတော့ သေချာတယ်”
“ဘယ်လိုပြောလဲ”
“မပြောတတ်ပါဘူးဆို”
ရပ်ကွက်လူကြီးက သူ့ဘက် လှည့်လာပြန်သည်။
“မင်းက ဘယ်လိုပြောလိုက်လို့လဲ”
“ဘယ်လိုမှ မပြောပါဘူးဆို”
“မင်း ဘာမှမပြောဘဲနဲ့ သူက မတိုင်ဘူး”
“ကျွန်တော်က ဆဲတာမှ မဟုတ်ဘဲ”
“အေး…။ ဘယ်လိုပြောသလဲဆို”
“အာဗလာ ကာတာအစ်ညှိ”
ရပ်ကွက်လူကြီး နဖူးကြော ရှုံ့သွားသည်။
“ဘာ…ဘာဖြစ်တယ်”
“အာဗလာ ကာတတာအစ်ညှိ”
“အဲဒါ ဘာစကားလဲ”
“ဘာစကားမှ မဟုတ်ဘူး။ ကျွန်တော့်ဘာသာ ပါးစပ်ထဲတွေ့တာ ပြောလိုက်တာ”
“အဲဒါ ဘာအဓိပ္ပာယ်လဲ”
“ဘာအဓိပ္ပာယ်မှ မရှိဘူး”
“ဘာအဓိပ္ပာယ်မှ မရှိရင် ဘာအဓိပ္ပာယ်လဲ”
“ဟင်…။ အဓိပ္ပာယ်မှမရှိပါဘူးဆို”
“မဟုတ်ဘူး။ ငါမေးတာ မင်းက ဘာကိစ္စ သူ့ကို အဲဒီလို အော်ရတာလဲ”
“ဦးရယ်…။ အပျို၊ လူပျို ကြည်စယ်တဲ့ သဘောပါ”
ရပ်ကွက်လူကြီးက ကောင်မလေးဘက် ပြန်လှည့်သွားသည်။
“သမီးရယ်…”
“ဘာလဲ ဦးကြီး”
“ဒါလေးလောက်တော့ ခွင့်လွှတ်လိုက်ပါကွယ်။ သူလည်း ဘာရယ် မဟုတ်ပါဘူး”
“ဒါဖြင့် သူပြောတဲ့စကားက ဘာလဲ”
“ဟိုလေ…”
ရပ်ကွက်လူကြီးက သူ့ထံ ပြန်လှည့်လာသည်။
“ကောင်လေး…။ မင်းပြောတာ ဘာ…”
“အာဗလာ ကာတာအစ်ညှိလေ…”
“အဲဒါ ဘာလဲ…တဲ့”
“ဘာမှ မဟုတ်ပါဘူးဆို”
“မင်းတော်တော်ခက်တဲ့ကောင်ပဲ။ ကဲ…ဘာပဲဖြစ်ဖြစ် နောက်တစ်ခါဆို မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်။ ဒီတစ်ခါတော့ ရှိစေတော့။ ဒီကလေးမကို နောက် မစတော့ပါဘူးလို့ ဝန်ခံချက် ရေးသွား။ မင်းပြောတာ ဘာ…”
“အာဗလာ ကာတာအစ်ညှိပါဆို”
“အေး…အဲဒီစကားကိုပါ ထည့်ရေးသွား”
သူက ခံဝန်ကို လက်မှတ်ရေးထိုးရသည်။ ကောင်မလေးက ဆူဆူအောင့်အောင့်နှင့် ပြန်သွားသည်။ ကောင်မလေးက ရုပ်ရည်သန့်ပြန့်၏။ ဖြူဖြူသွယ်သွယ်လေး ဖြစ်သည်။ နာမည်က ယမင်းသူတဲ့။ သူတို့ရပ်ကွက်ထဲသို့ ပြောင်းလာတာ မကြာသေး။ ငွေကြေးလည်း ချမ်းသာသည်။ ကောင်မလေးကို သူ မျက်စေ့ကျနေမိသည်။
သူတင်မှ မဟုတ်ပါ။ ထိုကောင်မလေးကို မျက်စေ့ကျနေသူတွေက မနည်း။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ်တွေ အကုန်ပါသည်။ ကောင်မလေးက မျက်နှာကြော တင်းသည်။ သို့သော် ထိုမျက်နှာကြောတင်းမှုကပင် ယောက်ျားသားတွေကို ဆွဲဆောင်နိုင်သည်။ သူသည်လည်း ယောက်ျားဖြစ်တာ သေချာသောကြောင့် ကောင်မလေး၏ ဆွဲဆောင်မှုကို ခံရလေသည်။
ထိုရက်ပိုင်းများအတွင်းမှာ ရပ်ကွက်လူကြီးနှင့် လမ်းသွားရင်းဆုံသည်။ သူ့ကို…
“ဟိုကောင်လေး”
“ဗျာ…”
“အခုတော့လည်း မင်းက အပြစ်ကင်းတဲ့ ရုပ်ကလေးနဲ့ပါလား”
“ဘာအပြစ်မှ…မှ မရှိဘဲ ခင်ဗျာ”
“ဟိုကောင်မလေးကို မင်း ထပ်နောက်သေးလား”
“မနောက်တော့ပါဘူး ခင်ဗျ”
“ဘာလဲ…။ မင်းက အဲဒီကောင်မလေးကို ကြိုက်နေတာလား”
“ဦးကလဲ…”
“ရုံးမှာ စစ်တာမဟုတ်ပါဘူးကွ။ အပြင်မှာ အလွတ်မေးတာပါ။ ရဲရဲသာဖြေပါ”
“ဦးရယ်…။ ယောက်ျားဘဝဆိုတာ ရခဲလှပါတယ်”
“ဘာဆိုင်လို့လဲကွ”
“ဒီလိုမိန်းကလေးမျိုးကို မကြိုက်ဘူးဆိုရင် ကျွန်တော့်ယောက်ျားဘဝကို ကျွန်တော်စွန့်လွှတ်ရာ ရောက်သွားမှာပေါ့။ ဘယ်ကောင်းမလဲ”
ရပ်ကွက်လူကြီးက တဟားဟား ထရယ်ပါသည်။ ‘ဟုတ်လည်းဟုတ်တဲ့ကောင်’ ဟု ပြောပြီး ထွက်သွားပါသည်။ သူကလည်း သူ့ကိုယ်သူဟုတ်သလိုလို အထင်ကြီးမိလေသည်။
ရပ်ကွက်လူကြီးက သူ့ရှေ့မှ အရင်ထွက်သွားခြင်းဖြစ်ပြီး သူက နောက်မှ လိုက်ရခြင်းဖြစ်သော်လည်း ဘတ်စ်ကားတို့၏ တရားမျှတမှုကြောင့် သူတို့ဘတ်စ်ကားပေါ်မှာ ပြန်ဆုံကြပြန်သည်။
“မင်းက ဘယ်သွားမလို့လဲ”
“ဟိုနားဒီနားပါပဲ။ ဦးကကော…”
“ငါလည်း ဟိုနားဒီနားပါပဲ”
ဘယ်နားတွေမှန်းလည်း မသိချေ။ ထိုအချိန်မှာပဲ ရပ်ကွက်လူကြီးက ထပ်ပြောလာသည်။
“မင်းကလည်းကွာ…။ ကောင်မလေးတစ်ယောက်ကိုကြိုက်ရင် မစရ၊ မနောက်ရဘူးကွ။ အချိုသပ်ရတယ်”
“ဘယ်လို အချိုသပ်ရမှာလဲ”
“ဟိုကွာ…။ ဖော်ဖော်ရွေရွေပြုံးပြတာတို့၊ ဘာတို့ပေါ့”
“လုပ်တာပေါ့ဦးရဲ့။ ပြုံးပြဘူးတာပေါ့”
“မင်းက ဘယ်လိုပြုံးပြတာလဲ”
“တစ်ကိုယ်လုံး ပြုံးပြတာပေါ့”
“ဘာကွ…။ တစ်ကိုယ်လုံးပြုံးပြတယ်”
“ဟုတ်ကဲ့”
“နှုတ်ခမ်းနဲ့ ပြုံးတာတို့၊ မျက်လုံးနဲ့ပြုံးတာတို့ပဲ ကြားဖူးပါတယ်ကွာ။ မင်းလက်ထက်ကျမှ တစ်ကိုယ်လုံး ပြုံးပြတယ်လို့”
“ကျွန်တော်က ပိုအဆင့်မြင့်တယ်လေ။ နှုတ်ခမ်းတွေ၊ မျက်လုံးတွေနဲ့တင် မကဘူး။ တစ်ကိုယ်လုံးနဲ့ ပြုံးပြတာ။ ဒါတောင် အဆင်မပြေဘူး။ အဲဒါနဲ့ပဲ အာဗလာ ကာတာအစ်ညှိတွေ ဘာတွေ ဖြစ်ကုန်တာ”
“အဲဒီလို နောက်ရင်းပြောင်ရင်း မိန်းကလေးတစ်ယောက်ရဲ့အချစ်ကို ရတယ်ဆိုတာက ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာပဲ ဖြစ်တာကွ။ မင်း ခေတ်မီတဲ့လူကြီးတစ်ယောက်၊ လူငယ်ဆန်တဲ့ လူကြီးတစ်ယောက်ဆီမှာ အကြံဉာဏ်တောင်းကြည့်။ နည်းကောင်း၊ လမ်းကောင်း ရနိုင်တယ်”
“အင်း…ဟုတ်မယ်နော်။ အဲဒီနည်း ကောင်းမယ်”
နောက်တော့ ကိုယ်စီ သက်ဆိုင်ရာ ဟိုနားသည်နားတွေမှာ ဆင်းကြသည်။ ရပ်ကွက်လူကြီး၏ ပြောစကားအတိုင်း အကောင်အထည်ဖော်ကြည့်ရန် သူဆုံးဖြတ်လိုက်သည်။ ခေတ်ဆန်သော လူကြီးတစ်ယောက်ကို ရှာဖွေရပေမည်။ မမျှော်လင့်ဘဲ ဘီယာစတေရှင်တစ်ခုတွင် ရှာတွေ့လိုက်လေသည်။
သူ ရောက်သွားတော့ ဘီယာစတေရှင်တစ်ခုလုံး လူပြည့်နေပြီ။ သာယာသော ညနေခင်းဖြစ်၍ စားပွဲအလွတ်ပင် မရှိတော့။ ဟိုဟိုသည်သည် မျက်လုံးကစားကြည့်တော့ တစ်ယောက်တည်း ထိုင်နေသော စားပွဲတစ်လုံးကို တွေ့ရသည်။ ထိုစားပွဲမှာပဲ သူ ထိုင်ရလိမ့်မည်။ စားပွဲမှာ ထိုင်နေသူကလည်း လူငယ်ဆန်ဆန် ဝတ်စားဆင်ယင်ထားသော ခေတ်လူကြီးတစ်ယောက်။
သူ အကြိုက်တွေ့သွားသည်။ ထိုဝိုင်းဆီသို့ လျှောက်သွားပြီး ဝင်ထိုင်လိုက်သည်။ သူ့အတွေးနှင့်သူ ငေးနေသော အန်ကယ်လ်ကြီး သူ ဝင်ထိုင်သည်ကိုပင် သတိထားမိပုံမပေါ်။ ထိုင်နေကျဆိုင်ဖြစ်၍ ထူးထူးထွေထွေ မှာစရာမလို။ စားပွဲထိုးတွေက သူတို့ဘာသာ လာချပေးလိမ့်မည်။ ထိုအချိန်မှာပဲ…
“အောင်မယ်လေး”
ဦးခေါင်းလှည့်လာပြီး ယခုမှ သူ့ကိုမြင်သွားပုံရသော အန်ကယ်လ်ကြီးက အလန့်တကြားအော်သည်။ ပြီးမှ သူ့ကို မကျေမနပ်ကြည့်ကာ…
“မင်းကလည်းကွာ…။ လန့်သွားတာပဲ”
“အန်ကယ့်လ်ကိုလည်း ကျွန်တော် ဘာမှ မလုပ်ပဲနဲ့”
အန်ကယ်လ်ကြီး စကားဆက်ရ ခက်သွားသည်။ စားပွဲထိုးက စည်ဘီယာတစ်ဂျားနှင့် ဝက်အူချောင်းကြော်တစ်ပွဲ၊ ကန်စွန်းပလိန်းတစ်ပွဲ လာချပေးသည်။ အန်ကယ်လ်ကြီးက မျက်မှောင်ကြုတ်ကြည့်ကာ သူ့ကိုမေးပြန်သည်။
“ဒါ… မင်းမှာထားတာလား”
“ဟုတ်ကဲ့”
“မင်းက ငါ့စားပွဲမှာလာထိုင်ပြီး ငါမှာသလို ဘာလို့ လိုက်မှာရတာလဲ”
အန်ကယ်လ်ကြီးပြောမှပဲ သူ သတိထားမိသည်။ အန်ကယ်လ်ကြီးက သူမှာသလိုပဲ မှာထားပြီး သုံးစွဲလက်စဖြစ်နေသည်။ သူက မပွင့်တပွင့်ပြုံးမိပြီး…
“တိုက်ဆိုင်နေတာ အန်ကယ်လ်။ ကျွန်တော်က ဒီဆိုင်မှာ ထိုင်နေကျ။ ဒီလိုပဲ မှာနေကျ။ ဒီစားပွဲကို လာထိုင်တာကတော့ ကျန်တဲ့စားပွဲတွေ လူကြပ်နေလို့ပါ။ အန်ကယ်လ်ပြောမှ ကျွန်တော်လည်း အံ့သြမိတယ်။ ပဋ္ဌာန်းဆက်ပါလို့ ဆုံကြတာလို့ သဘောထားပေါ့ အန်ကယ်လ်ရယ်။ ဒီတွေ့ဆုံမှုအတွက် ကျွန်တော်တစ်ခွက် သောက်မယ်”
သူ့ကို အမီလိုက်မော့သောက်၏။ သူနှင့် အန်ကယ်လ်ကြီးတို့ တရင်းတနှီး ဖြစ်သွားကြလေသည်။ ငယ်ပေါင်းကြီးဖော်များကဲ့သို့ စကားစမြည် ပြောဖြစ်ကြသည်။
“ကျွန်တော်က ဒီဆိုင်မှာ ဒီအချိန် ထိုင်နေကျ အန်ကယ်လ်ရဲ့။ ဒီဆိုင်ကအမြည်း အစပ်အဟပ်တည့်တယ်”
“အန်ကယ်လ်ကတော့ ဒီနေ့ကျမှ ထိုင်ဖူးတာပါ။ မင်းပြောတာ ဟုတ်တယ်။ အမြည်းတွေ အစပ်အဟပ်တည့်တာကို အစောကတည်းက သတိထားမိတယ်။ ဒါ့ထက် မင်းက ဒီဆိုင်လာတိုင်း ဒီအတိုင်းပဲ မှာလေ့ရှိသလား”
“ဟုတ်ကဲ့။ တစ်ခါတစ်လေတော့လည်း ပုဇွန်းအစိမ်းသုပ်တွေ၊ ကဏန်းချက်တွေ မှာတတ်တယ်”
“နေ့တိုင်း ဒီလိုသောက်နိုင်၊ စားနိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ မင်းက စီးပွားရေးမှာ အတော်အောင်မြင်ထားပုံရတယ်။ ဘာအလုပ်လုပ်သတုန်းကွ”
လယ်ယာပြန်စားရေးဆိုသော ရိုးအနေသည့် စကားလုံးကိုသူ မသုံးပါ။ ရိုးရိုးတန်းတန်းပင် တည့်တည့်ပြန်ပြောလိုက်ပါသည်။ သည်လိုကိစ္စမျိုးတွင်တော့ သူက ရှက်လေ့မရှိပါ။
“ကျွန်တော်က ဘာအလုပ်မှ မလုပ်ပါဘူး။ တက္ကသိုလ် တက်တုန်းပါပဲ”
“သြော်…။ ဒါဆို မင်းက သူဌေးသားကိုးကွ”
“အဲဒီလိုလည်း မဟုတ်ဘူးအန်ကယ်လ်၊ ကျွန်တော် ရှင်းပြမယ်”
“အေး…ပြောပါဦး။ စိတ်ဝင်စားစရာပါပဲ”
“ကျွန်တော့်မိဘတွေက မရှိမရှားတွေပါဘဲ။ မဆင်းရဲဘူး။ ဒါပေမဲ့ မချမ်းသာဘူး။ သူတို့က တစ်ဦးတည်းသော သားဖြစ်တဲ့ ကျွန်တော့်ကို တင့်တောင်းတင့်တယ် ထားနိုင်ပါတယ်။ မုန့်ဖိုးကောင်းကောင်းပေးတယ်”
“အေး…။ သူတို့ပေးတဲ့မုန့်ဖိုးက များလှချည်လား”
“ကျွန်တော့်အဖေဘက်က အဘိုးအဘွားက ကွဲနေကြတယ်”
“သြော်…”
“ကျွန်တော့်အမေဘက်က အဘိုးအဘွားကလည်း ကွဲနေကြတယ်”
“ဟေ…”
“သူတို့အားလုံးက ပိုက်ဆံရှိတယ်။ လေးပွင့်ဆိုင် အဘိုးအဘွားတွေကလည်း ကျွန်တော့်ကို အပြိုင်အဆိုင် မုန့်ဖိုးဝိုင်းပေးကြတယ်။ တစ်ဦးတည်းသောမြေးကိုး။ ကျွန်တော်ကလည်း ညာစားတယ်”
“သြော်…။ အဲဒါကြောင့် မင်းက သုံးနိုင်၊ ဖြုန်းနိုင်တာကိုး။ အိုး…ဟိုး…ဟိုး”
အန်ကယ်လ်ကြီးနှင့် သူ လေပေးလေယူ ဖြောင့်နေကြတော့၏။ ဟိုအကြောင်း သည်အကြောင်း စကားကောင်းနေကြသဖြင့် အချစ်အကြောင်းဆီကိုပင် မရောက်လိုက်။ ကိစ္စမရှိပါ။ လူချင်းရင်းနှီးသွားပြီပဲ။ နောက်မှပဲ မေးတော့မည်။ သူတို့တွေ စကားကောင်းပြီး သောက်ရှိန်မြှင့်သဖြင့် အတော်ပင် မူးယစ်လာကြသည်။ လူချင်းခွဲကာ ပြန်ရန် ပြင်ရ၏။
“ဒီဝိုင်းကို ငါပဲ ရှင်းလိုက်မယ်”
“မဟုတ်ဘူး အန်ကယ်လ်။ ကျွန်တော် ရှင်းလိုက်ပါ့မယ်”
“ဟား…ဟား…မင်းအဘိုးအဘွားတွေပေးတဲ့ မုန့်ဖိုးကို ငါမစားရက်ပါဘူးကွ”
အန်ကယ်လ်ကြီးကပဲ စားသောက်စရိတ်ကို အတင်းလုရှင်းသွား၏။ ပိုက်ဆံအတော်ရှိပုံ ရသည်။ ဆိုင်အပြင် ကားလမ်းမဆီရောက်တော့ သူကပဲ စမေးလိုက်သည်။ လျှာလေးအာလေးကြီးဖြင့်…
“အန်ကယ်လ်က ဘယ်ကို ပြန်ရမှာလဲ”
“ငါက ဘူတာဘက်ကို”
“ဟာ…အတော်ပဲ။ ကျွန်တော်လည်း ဘူတာဘက်ကို ပြန်ရမှာ။ ကားအတူ ငှားသွားကြရအောင်”
ခပ်လှမ်းလှမ်းမှာ အငှားကားဂိတ် ရှိပါသည်။ လှမ်းအော်ခေါ်သော်လည်း မကြားကြချေ။ ထို့ကြောင့် သူက…
“ကျွန်တော် ဟာသတစ်ပုဒ်ဖတ်ဖူးတယ်။ ငှက်ကြီးလို ပျံပြရင် လေယာဉ်ကွင်းသွားမယ့် ခရီးသည်မှန်းသိပြီး အငှားကားက ရောက်လာတယ်တဲ့။ အခု ကျွန်တော်တို့က ဘူတာရုံဆီသွားမှာဆိုတော့ ရထားလို လုပ်ပြလိုက်မယ်”
“အေး…ကောင်းတယ်” ဟု လျှာလေးအာလေးဖြင့် အန်ကယ်လ်ကြီးကလည်း ပြန်ဖြေသည်။
“ဒါဖြင့် အန်ကယ်လ်က ရထားခေါင်းတွဲလုပ်၊ ကျွန်တော်က နောက်တွဲလုပ်မယ်”
အန်ကယ်လ်ကြီးက ရှေ့မှ၊ သူက အန်ကယ်လ်ကြီး၏ အင်္ကျီစကိုဆွဲပြီး နောက်မှ အငှားကားဂိတ်ဆီ မျှော်ကြည့်ပြီး ရထားသဏ္ဌာန်လုပ်ပြကြသည်။ အရှက်နည်းသွားလောက်အောင်ကို မူးရူးနေကြပြီကိုး။
“တူ…တူ…။ ဂျုံးဂျုံးဂျက်ဂျက်…ဂျုံးဂျက်ဂျက်…ဂျုံးဂျုံးဂျက်”
အငှားကားဂိတ်မှ လူများက သူတို့ကို မြင်မမြင် မသိပါ။ ဖြတ်သွားသောကားများ၊ လူများက သူတို့ကို အထူးအဆန်းလုပ်ပြီး ကြည့်သွား၊ ရယ်သွားကြသည်။ သူတို့ကတော့ နှစ်ယောက်တည်းနှင့် ရထားသဏ္ဌာန်လုပ်ပြ အော်မြည်နေဆဲ။
“အငှားကားဂိတ်ဆီ ငါတို့ ဒီအတိုင်းသွားကြမယ်။ သူတို့မြင်တဲ့ အထိပေါ့။ တူတူ…ဂျုံးဂျုံးဂျက်ဂျက်”
အငှားကားဂိတ်ဆီ သူတို့ ရထားထွက်ခဲ့ကြသည်။ မျက်လုံးပေါင်းများစွာက သူတို့က တအံ့တသြ ဝိုင်းကြည့်နေကြဆဲမှာ ကိုယ်ပိုင်ကားလှလှတစ်စီးက သူတို့အနားမှာ ဗြုန်းခနဲ ထိုးရပ်ပြီး ဒေါသသံစွာစွာကိုလည်း ကြားရ၏။
“ဖေဖေ မရှက်ဘူးလား။ မကြီးမငယ်နဲ့။ အဲဒါ ဘာလုပ်တာလဲ။ လာ…ကားပေါ်တက်”
“ဟင်…သမီး”
“ဟာ…ယမင်းသူ”
ရထားခေါင်းတွဲက ကားပေါ် ပါသွားသည်။ နောက်တွဲလုပ်သည့် သူက အူကြောင်ကြောင်ဖြင့် ပလက်ဖောင်းပေါ်မှာ ကျန်ရစ်ခဲ့သည်။ အမူးပြေသွားသည်။ အားလုံးက ဝိုင်းရယ်ကြသည်။ သြော်…ဆိုးလိုက်သည့် ဘဝနှယ်။

"တစ်ခါတစ်ခါကျတော့လည်း
ကိုယ့်ဘဝ ကိုယ်စိတ်နာတယ်။
ကိုယ့်တံတွေး ကိုယ်ပြန်မြိုချရသလို
ဘာအရသာမှကို မရှိဘူး။"

နောက်ပိုင်းကာလများတွင်တော့…

သူသည် မည်သည့်မိန်းကလေးအပေါ်မှာမှ စိတ်အာရုံမထားတော့ပေ။ ဖြစ်ပြီးသမျှကိုလည်း ပြန်တွေးကြည့်တိုင်း ရှက်စိတ်မွှန်မိ၏။
ဘာကိုမှန်း မသိသော်လည်း နာကျည်းနေမိတာ သေချာသည်။ ကျောင်းပညာရပ်ကိုသာ ဖိကြိုးစားနေမိသည်။
မူလကတည်းက ကျောင်းပညာမှာ ထူးချွန်သော သူသည် ပို၍ ထူးချွန်လာသည်။
အရောင်စိတ်ပညာ (Color Psychology)ကို အလေးထားခဲ့၏။

မဟာဝိဇ္ဇာဘွဲ့ရပြီးသည့်နောက်ပိုင်း…
နိုင်ငံခြားသို့ ပညာတော်သင် ထွက်ခဲ့၏။
အရောင်စိတ်ပညာနှင့်ပတ်သက်သော ဘွဲ့တစ်ခုကို ထပ်ယူခဲ့သည်။
မြန်မာပြည်ပြန်လာပြီး ထိုပညာနှင့်ပင် သက်မွေးဝမ်းကျောင်းပြုသည်။
ထူးထူးကဲကဲ အောင်မြင်သည်။

ဇာတ်လမ်းက ခုမှ စသည်ဟု ဆိုနိုင်သည်။


[၆]

သူ့ရုံးခန်းက ဆေးခန်းသဖွယ် ဖြစ်နေသည်။ လူစည်သည်။ သူ့ကို တွေ့ဆုံဆွေးနွေးလိုသူများက ကြိုတင်၍ တုံကင်ယူရသည်။ သူကလည်း တစ်နေ့ကို လူအယောက်နှစ်ဆယ်ပဲ လက်ခံတွေ့ဆုံသည်။ လာရောက်သူ အများစုကတော့ ကြေးရတတ် လူတန်းစားတွေ။ ပြီး…လုပ်ငန်းရှင် သူဌေးတွေ။
“နောက်တစ်ယောက် ဝင်လို့ရပါပြီရှင့်”
သူ့အတွင်းရေးမှူးမလေး၏ အသံချိုချိုလေးကို ကြားရသည်။ ထို့နောက် အခန်းတွင်းသို့ ဝင်ရောက်လာသူက ဝဝဖိုင့်ဖိုင့် လူကြီးတစ်ယောက်။ လည်ပင်းမှာလည်း ရွှေဆွဲကြိုးအကြီးကြီး ဆွဲထားသည်။ သူက ပြုံးချိုချိုနှင့် နှုတ်ဆက်ရလေသည်။ စကားကလည်း သမားတော်လေသံဖြင့်…
“ပြောပါ…ဦး။ ကျွန်တော် ဘာအကူအညီပေးရမလဲ”
“ကျွန်တော်က စက်ရုံးတစ်ခု ထောင်ထားပါတယ်။ အလုပ်သမားတစ်ရာကျော် ရှိပါတယ်”
“ဟုတ်ကဲ့…။ ပြောပါ…”
စက်ရုံဝန်ထမ်းများအတွက် ယူနီဖောင်းအရောင်ကို ရွေးချယ်ခိုင်းခြင်း ဖြစ်သည်။ ရာထူးအဆင့်အတန်းနှင့်အညီ ယူနီဖောင်းလေးမျိုးလောက် ချုပ်ရမည်။ ပြီး… အလုပ်သမားနားနေခန်းအတွက် သုတ်ရမည့်ဆေးရောင်ကို ပေးသည်။ ရှင်းပြသင့်သည်များကို ရှင်းပြပြီး သင့်တော်သည့်အရောင်များကို ရွေးပေးလိုက်သည်။
ထိုလူကြီး ထွက်သွားပြီးသည့်နောက် ဝင်လာသည်က အမျိုးသမီးကြီးတစ်ဦး၊ တင့်တောင်းတင့်တယ် ဝတ်စားဆင်ယင်ထားသော်လည်း အပူသည်ရုပ် ပေါက်နေသည်။
“ဆရာ…။ ကျွန်မကို ကူညီပါဦး”
“ဘာများဖြစ်လို့လည်း ခင်ဗျာ…”
“ကျွန်မမှာ သားတစ်ယောက်ရှိပါတယ်။ အရက်အရမ်းသောက်ပါတယ်”
“ဟုတ်ကဲ့”
“ခါတိုင်းအချိန်မှာတော့ ယဉ်ယဉ်ကျေးကျေးပါပဲ။ အရက်သောက်ထားချိန်မှာတော့ မူးပြီး ရမ်းလေ့ရှိပါတယ်။ ထိန်းမရ သိမ်းမရပါပဲ”
“ဟုတ်ကဲ့…။ အဲဒီတော့”
“သူမူးလာတဲ့အချိန်မှာ အေးအေးဆေးဆေးနေအောင် ဘယ်လိုလုပ်ရမလဲလို့ပါ”
“သူက အခန်းသက်သက်ရှိလား”
“ရှိပါတယ်။ သူ့အခန်းနဲ့ သူပါ”
“သူ့အခန်းက ဘာအရောင်သုတ်ထားလဲ”
“ရိုးရိုး အဖြူရောင်ပါပဲ”
“အဲဒါကို ပန်းနုရောင် ပြောင်းသုတ်လိုက်ပါ”
“ရှင်…။ ဟုတ်ကဲ့”
“နောက်ပြီး…သူ့အိပ်ရာ၊ ခြင်ထောင်တွေကိုလည်း ပန်းနုရောင်သာ အဓိကထား သုံးပေးပါ”
“ဟုတ်ကဲ့”
“ပန်းနုရောင်က ရိုင်းတဲ့စိတ်ကို ယဉ်စေတယ်။ အိပ်ပျော်စေတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေတယ်”
“ဟုတ်ကဲ့”
“အဲဒါလေးသာ လုပ်လိုက်ပါ။ အဆင်ပြေသွားမှာပါ”
“ကျွန်မ ဆွေးနွေးခ ဘယ်လောက်ပူဇော်ရမလဲ ဆရာ”
“မပေးပါနဲ့။ ဒါလေးကူညီပြောရတာ အပမ်းမကြီးပါဘူး”
အမျိုးသမီးကြီးက ကျေးဇူးတင်စကား တွင်တွင်ပြောပြီး ပြန်သွားသည်။ သူမ ပြန်သွားပြီး ဝင်လာသည်က ခေတ်ရှေ့ပြေးသည်အထိ ဝတ်ဆင်ထားသော အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ဦး။
“ဆရာ့ကို ကျွန်မ တိုင်ပင်ချင်တာ ရှိလို့”
“ဟုတ်ကဲ့…။ အမိန့်ရှိပါ”
“အဟင်း…ဒီလိုလေ။ ကျွန်မက အလှကြိုက်တယ်”
“သြော်…မိန်းကလေးပဲ ရှိမှာပေါ့။ ဆို…ကျွန်တော် ဘာကူညီရမလဲ”
“ဟိုလေ…။ ကျွန်မနှုတ်ခမ်းကို ဘာအရောင်ဆိုးရင် ကောင်းမလဲလို့”
အမျိုးသမီးကို အကဲခတ်ကြည့်ရှုရင်း သူ တွေဝေသွားသည်။ ငွေရှိလျှင် ရှိသလို ချယ်လှယ်သည်မျိုး ဖြစ်နေပါသည်။ ဘာမှ အရေးကြီးသောကိစ္စလည်း မဟုတ်သလိုပင်။ သို့သော် ပညာရပ်အမြင်က ရှိနေသဖြင့်…
“အစ်မကြီးရဲ့ သွေးအုပ်စုက ဘာလဲ”
“ဘာလဲ သွေးအုပ်စုဆိုတာ”
“သွေးအမျိုးအစားကို ပြောတာပါ”
“ကျွန်မက ဘီသွေးပါ”
“သြော်…။ အဲဒါဆိုရင်…”
သင့်တော်မည့် နှုတ်ခမ်းဆိုးဆေးရောင်ကို ရွေးပေးလိုက်သည်။ အမျိုးသမီး ကျေနပ်ပြီး ပြန်သွားသည်။ သူထွက်သွားပြီး ဝင်လာသည်က သတို့သား၊ သတို့သမီးစုံတွဲ။
“ဆရာ…။ ကျွန်တော်တို့ မင်္ဂလာပွဲအတွက်”
“ဟုတ်ကဲ့…။ ကျွန်တော် စီစဉ်ပေးပါ့မယ်”
ဒါမျိုးကျတော့ ခွင်ကျယ်သည်။ အသေးစိတ် ရွေးချယ်စိစစ်ပေးရသည်။ ဉာဏ်ပူဇော်ခလည်း မြိုးမြိုးမြက်မြက် ရတတ်လေသည်။
ဧည့်သည်များကို တစ်ယောက်ပြီးတစ်ယောက် လက်ခံတွေ့ဆုံရင်းနှင့်ပင် ရုံးခန်းပိတ်ချိန်သို့ ရောက်လာသည်။ သူ၏ အတွင်းရေးမှူးမလေးက အခန်းတွင်း ဝင်လာပြီး…
“ဆရာ…။ ဧည့်သည်တစ်ယောက်ပဲ ကျန်တော့တယ်”
“ဟုတ်လား။ ခေါ်လိုက်လေ…”
“မဟုတ်ဘူး…။ အပြင်ကပဲ စောင့်နေမယ်တဲ့။ ဆရာ့ဆီလာလည်တဲ့ ဆရာသူငယ်ချင်း”
“ဘယ်သူပါလိမ့်…”
“မသိဘူး…။ နာမည်လည်း မပြောဘူး။ ဆရာ့ထက် နည်းနည်းကြီးမယ့် အမျိုးသားတစ်ယောက်ပဲ”
အပြင်ထွက်ကြည့်လိုက်တော့ ကိုကျော်ဌေးကို တွေ့ရသည်။ တက္ကသိုလ်ဂုဏ်ထူးတန်းတုန်းက သူနှင့်တွဲဖက်။ ကိုကျော်ဌေးက ကဗျာရူး၊ စာရူး ဖြစ်သည်။ မော်ဒန်ကဗျာစာအုပ်တစ်အုပ်ကို လက်ထဲမှာ ကိုင်လျက် သူ ပျော်သွားသည်။ ခပ်ရွှင်ရွှင် နှုတ်ဆက်လိုက်သည်။
“ဘယ်သူတုန်း အောက်မေ့တယ်၊ လက်စသပ်တော့ ဘယ်သူကိုး…”
“မင်း အလုပ်ပြီးပြီလား”
“အင်း…ပြီးပြီ၊ နေပါဦး…။ ခင်ဗျားက ဘယ်လို မျက်စေ့လည်လာတာလဲ။ ကျွန်တော့်ရုံးခန်းကို အရင်က ခင်ဗျား တစ်ခါမှ မလာဖူးပါဘူး”
“နက္ခတ်မှားပြီး ရောက်လာတာပေါ့ကွာ။ ကဲ…သွားကြရအောင်”
“ဘယ်ကိုလဲ”
“ဗျစ်ရည်ဆိုင်ကိုပေါ့ကွာ”
ဘီယာဆိုင်ကို ဆိုလိုခြင်းဖြစ်သည်။ သူ အတန်ငယ် တွေဝေသွားမိသည်။
“ကျွန်တော်က မသောက်တော့တာ ကြာပြီဗျ”
“အဲဒါဆိုလည်း ငါက အရည်သောက်မယ်။ မင်းက အဖတ်ဝါးပေါ့ကွာ”
“မူးလာရင် ခင်ဗျား ကဗျာမရွတ်ရဘူးနော်”
“မင်းက အလင်္ကာတွေကို တံခါးပိတ်ထားချင်တဲ့ ကောင်ပဲ”
“ခင်ဗျားက မူးပြီး အရှိန်နဲ့ ရွတ်နေတာ။ ကျွန်တော်က တခြားဝိုင်းတွေကို ရှက်တယ်ဗျ”
“အနုပညာမှန်ရင် ဘီယာလို နည်းနည်းတော့ ခါးမှာပေါ့ကွာ”
“ဟေ့လူ…လျှောက်ပြောမနေနဲ့ ဘာမှမဆိုင်ဘူး”
“ကြာပါတယ်ကွာ။ လာ…သွားကြမယ်”
သူက အတွင်းရေးမှူးမလေး မိုးဧကရီကို လှည့်ပြောလိုက်သည်။
“ကဲ…ရုံးခန်းပိတ်လိုက်တော့။ ဆရာ လိုက်သွားလိုက်ဦးမယ်”
“ဟုတ်ကဲ့ပါ…ဆရာ”
အနီးဆုံးဘီယာစတေရှင်ကိုပဲ သူ့ကားနှင့် ထွက်လာခဲ့ကြသည်။ လမ်းမှာ ကိုကျော်ဌေးက ပြော၏။
“မင်း အတွင်းရေးမှူးကောင်မလေးက ချစ်စရာလေး”
“အင်း…။ ကိုယ်ရေးအတွင်းရေးမှူးဆိုတဲ့ အလုပ်မျိုးကလည်း ရုပ်သန့်မှ ဖြစ်တာ”
“ဧရာဝတီမြစ်ကတော့ အသစ်တစ်စင်း ပေါ်ဦးမယ် ထင်ပါရဲ့”
“ဘာလဲဗျ”
“သြော်…။ ဒီကောင်မလေးရှိရင် မင်းဆီကို ခဏခဏလာလွန်းလို့ ချောင်းပေါက်ရုံတင်မကဘူး မြစ်ပါ အသစ်တစ်စင်း ဖြစ်လာဦးမယ်လို့”
“ခင်ဗျားက စကားပြောရင် ရိုးရိုးကို မပြောဘူး”
“ဟဲဟဲ…။ ကဗျာသမားကိုကွ”
ဆိုင်ရောက်တော့ ကိုကျော်ဌေးက စားသောက်ဖွယ်ရာများကို သဘောကျ မှာသည်။
“မင်းကလည်း တစ်ခွက်လောက် သောက်ကွာ”
“ဒီလောက်တော့ ရပါတယ်”
ချီးယာစ် လုပ်ကာ ပထမခွက်ကို မော့ကြသည်။ ထို့နောက် ကိုကျော်ဌေးက…
“မသောက်ခင် မစားခင် လာရင်းကိစ္စကို အရင်ပြောထားရမယ်”
“ပြော”
“ဒီလိုကွ…”
စကားကို ရှေ့မဆက်သေးဘဲ အမြည်းတစ်ဖတ် ကောက်ဝါးသည်။ ပြီးမှ…
“ငါ့မိတ်ဆွေ တရုတ်သူဌေးတစ်ယောက်ရှိတယ်။ ဆေးဝါးလုပ်ငန်း လုပ်တယ်။ စက်ရုံတွေ၊ ကုမ္ပဏီတွေ ထောင်ထားတယ်ပေါ့ကွာ”
“အင်း…”
“အဲဒါ သူတို့ဆီက ဆေးဝါးအသစ်တစ်မျိုး ထုတ်မလို့။ အဲဒီဆေးကို ဘာအရောင်သုံးရင် ကောင်းမလဲ။ ပက်ကင်မှာကော ဘာအရောင်နဲ့ ထုပ်ပိုးရင် ကောင်းမလဲ။ အဲဒါတွေ မင်းနဲ့ တိုင်ပင်ချင်လို့တဲ့”
“ကျွန်တော့်ရုံးခန်းကို လွှတ်လိုက်လေဗျာ”
“မဟုတ်ဘူးကွ။ သူက မင်းနဲ့ နှစ်ယောက်တည်း အေးအေးဆေးဆေး စကားပြောချင်တယ်တဲ့။ သူတို့လုပ်ငန်းရဲ့ အနေအထားနဲ့ သဘောသဘာဝတွေကိုလည်း မင်းသိအောင် ရှင်းပြချင်တယ်တဲ့”
“အဲဒီတော့…”
“မင်း အားတဲ့တစ်ရက် မင်းကို ဖတ်ပေးပါလို့ ငါ့ကို အကူအညီတောင်းတယ်ကွာ။ မင်းနာမည်ကို သူက ကြားဖူးထားတယ်။ တလေးတစားရှိတယ်”
“အင်းလေ…။ မိုးဧကရီနဲ့ ညှိရဦးမယ်”
“မိုးဧကရီဆိုတာ ဘယ်သူလဲ”
“ခုနက ခင်ဗျားပြောတဲ့ ကောင်မလေးလေ။ ကျွန်တော့်အတွင်းရေးမှူးမလေး။ ကျွန်တော် အေးအေးဆေးဆေးရှိမယ့်ရက်က သူ့ဖိုင်ထဲမှာကြည့်ရမှာ”
“အေးကွာ…။ မင်း အခုလို အောင်မြင်တာကို တွေ့ရတော့ ငါ ဝမ်းသာတယ်”
“ဒီလိုပါပဲဗျာ…”
“ဒါဖြင့် ငါ ရှေ့အပတ်ထဲမှာ ထပ်လာခဲ့မယ်။ ဟုတ်လား…။ မလာခင် ဖုန်းကြိုဆက်လိုက်မယ်”
“ဟုတ်ပြီ”
အလုပ်စကားပြောပြီးသည့်နောက်မှာတော့ ကိုကျော်ဌေးက ဘီယာဖိသောက်ပါတော့သည်။ သောက်သောက်စားစား စကားလည်းတပြောပြော။ အားမရလျှင် လေချဉ်ပါ တက်လိုက်သေးသည်။
“ဟေ့ကောင် လူလူ”
“ဗျ”
“မင်း အိမ်ထောင်ပြုဖို့ မစဉ်းစားတော့ဘူးလား”
“တော်ပါပြီဗျာ…”
“မင်းလို အစစအရာရာပြည့်စုံနေတဲ့ လူငယ်တစ်ယောက်က အိမ်ထောင်ပြုသင့်ပြီ”
“ကျွန်တော့်ကိုသာ ပြောနေတယ်။ ခင်ဗျားကကော…”
“ငါက မပြည့်စုံသေးလို့ကွ၊ နောက်ပြီး…ငါ့ကဗျာလေးတွေနဲ့ငါ ငြိမ်းချမ်းနေတာ”
“ကျွန်တော်လည်း ကျွန်တော့်အရောင်လေးတွေနဲ့ကျွန်တော် ငြိမ်းချမ်းပါတယ်ဗျာ”
ကိုကျော်ဌေးက ခေါင်းကို တွင်တွင်ခါယမ်းသည်။
“မဟုတ်သေးပါဘူးကွာ…”
သူ ဘာမှ ပြန်မပြောဘဲ ပြုံးနေလိုက်သည်။ သူ့အပြုံးမှာ အဓိပ္ပာယ်အမျိုးမျိုး ပါဝင်နိုင်လေသည်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိပါသည်လေ။ ကိုယ် ဘာတွေကို အစားမှားခဲ့သည်ဆိုတာကိုလည်း ကိုယ်ပဲ ပြန်တွေးမိသည်။

credit to mmcyber's member (G!VER)

No comments:

Post a Comment