Tuesday 23 April 2013

ဇီတာ - အရိုး (အပိုင်း-၃)

(၁)

ရဲသင်ရံ ရုံးခန်းထဲတွင် ဖြစ်၏။

"ငါပြန်ရောက်ကတည်းက တင်မောင်တို့ဆီက ကြားတယ်၊ ဒါပေမဲ့ မင်းက tour group နဲ့ မြောက်ဦးဘက် ပါသွားပြီ ငါကလည်း Church က ကိစ္စတစ်ခုနဲ့ ချင်းမိုင်ဘက် ထပ်ထွက်သွားရတာ လွဲသွားတာ၊ ဟိုကောင်တွေ မပြောပြဖူးလား"

"မင်းဟာက အရင်းမရှိ အဖျားမရှိ လုပ်ပြန်ပြီ ဇော်ဝါး၊ ဟိုကောင်တွေက ငါ့ကို ဘာပြန်ပြောရမှာတုံး"

"ဟ ... အာ ... ဒီကောင်တွေ ထုံးစံအတိုင်း မေ့ကြပြန်ပြီ၊ ငါသေသေချာချာ မင်းကို ပြောလိုက်ဖို့မှာခဲ့တာ"

"ဘာကိုလဲ"

"မင်းတို့ ထန်းရည်ဆိုင်မှာ ဖြစ်တဲ့ ကိစ္စလေကွာ၊ မျက်ရှုလရောင် ကိစ္စကို ပြောတာ"

"သြော် အေး၊ အခုတလေ ဘာမှထပ်မဖြစ်လို့ ငါ မေ့တောင်နေတာ၊ ဘာဖြစ်လဲ အဲဒီကိစ္စ"

"ငါ့မှာ အဲလိုကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး တော်တော် လေ့လာထားတဲ့ အသိတစ်ယောက် ရှိတယ်၊ မင်း စိတ်ဝင်စားရင် လိုက်ပို့ပေးမယ်လို့ ငါမှာခဲ့တာ ဟိုနှစ်ကောင်ကို"

"ဖြည်းဖြည်းလုပ်စမ်းပါဟ၊ မင်းကလည်း ဘယ်လိုဖြစ်တာလဲ"

"မဟုတ်ဘူး ဇော်ဝါး၊ မင်းတို့ သေချာမသိဘူး၊ အဲဒီကိစ္စက နည်းနည်းအရေးကြီးတယ်ဟ၊ ငါက လျှောက်စပ်စုထားတဲ့ကောင်ဟ"

"ရဲသင် ... မင်းက ငါ့ကို မိဘချမ်းသာလို့ တစ်ကမ္ဘာလုံးပတ်သွားပြီး ဘာသာရေးကိစ္စတွေပဲ လျှောက်လုပ်နေတဲ့ကောင်လို့ပဲ မင်းထင်လို့လား၊ မင်း မေ့သွားပြီလား၊ ငါ အရိုးဗေဒင် အပျော်ဟောပေးတာတွေ၊ Magic Ball အပျော် မင်းတို့တွေကို ကြည့်ပေးတာတွေ ငါ ဘယ်တုန်း ကတည်းက လုပ်ခဲ့လဲ"

"ဖျောက်"

လက်ဖျောက်တစ်ချက်တီးကာ ရဲသင်ရံ မျက်နှာဝင်းလက်သွား၏။

"ကြည့်စမ်း ဟုတ်သားပဲ၊ ဇော်ဝါး ... ဆောရီး သူငယ်ချင်း ငါလုံးလုံးမေ့နေတယ်"

ဇော်ဝါး ပြုံးလိုက်ရင်း

"အဲဒါ ပြောတာပေါ့၊ ရဲသင် မင်းက မျက်လုံးလိုပဲ၊ အဝေးကြီးကဟာတွေ အားလုံးမြင်တယ်၊ မင်းနားကပ်နေတဲ့ နားရွက်ကျမမြင်ဘူး ဆိုတာလိုပဲ၊ မင်း လိုက်စပ်စုနေတဲ့ ကိစ္စတွေကို ခုနက ငါ ပြောတဲ့လူဆီကနေ ငါ ဗဟုသုတတွေ အတွေးအမြင်သစ်တွေ အများကြီးရခဲ့တာဟ၊ ပြောရရင် အဲဒီကိစ္စတွေမှာ ငါ့ ဆရာတစ်ဆူပဲ"

"အိုကေ ဇော်ဝါး၊ ဘယ်သူလဲ ငါသွားတွေ့မယ်၊ မင်းတို့ ခရစ်ယာန်အသိုင်းအဝိုင်းထဲလား"

"မဟုတ်ဘူး၊ သူက ဘယ်ဘာသာမှ မကိုးကွယ်ဘူး၊ ဒါပေမဲ့ ဘာသာအားလုံးကို လေးစားတယ်၊ အရမ်းချမ်းသာတဲ့ ဆွေကြီးမျိုးကြီးက ဆင်းသက်လာတာ၊ ငါ စပိန်သွားတုန်းက မဒရစ်မှာ စတွေ့တာ၊ သူ့မှာ စိတ်ပညာနဲ့ ပတ်သက်တဲ့ ထူးဆန်းတဲ့ ကိစ္စတွေကို လေ့လာဖို့ အသင်းတစ်သင်း ထောင်ထားတယ်၊ သူ့တပည့်တွေ အပြောအရတော့ သူက တစ်စုံတစ်ရာ တစ်ခုခုကို မွေးရာပါ ပါရမီကြောင့် သိနေလောက်တယ်တောင် ပြောကြတယ်"

"ဒါဆို အသက်ကြီးပြီပေါ့"

"မကြီးသေးဘူး၊ သုံးဆယ်သာသာလောက်ပဲ ရှိဦးမှာ"

"ဘယ်မှာတုံး အဲဒီလူကြီးက"

"နယူးဒေလီမှာ၊ အခု ဘန်ကောက် ရောက်နေတယ်၊ ငါနဲ့ အဆက်အသွယ် အမြဲရှိတယ်၊ ရန်ကုန်လာဖို့လည်း ရှိတယ်၊ နေဦး သူက လူကြီးဆိုပြီး ယောက်ျားကြီး မမှတ်နဲ့၊ မိန်းမကွ"

"ဟိုက်"
(၂)

ညစာထိုင်စားနေကြစဉ် ဖြစ်၏။

"အန်ကယ်ဘုန်း"

"ဝူး ..."

ထမင်းလုတ် ပါးစပ်ထဲရောက်နေခိုက်ဖြစ်၍ ဦးဘုန်းရံ ပြန်ထူးသံမှာ ဆင်သံပေါက်သွားလေ၏။ ရဲသင်ရံ ရယ်လေသော် ဦးဘုန်းရံမှ မျက်စောင်းလှည့်ထိုး၏။ ပြီးမှ ထမင်းလုတ် မျိုချကာ

"ပြော သမီး"

"ဟိုဟာ ... ရှေ့လထဲကျရင် ဒက်ဒီခွင့်တင်လို့ရတယ်တဲ့ အန်ကယ်၊ ဒက်ဒီနဲ့ မားမား ခဏ ပြန်လာမယ် ပြောတယ် အန်ကယ်၊ သူတို့လည်း ပြန်မရောက်တာ ကြာလို့တဲ့၊ နောက်ပြီး အန်ကယ်နဲပလဲ တိုင်ပင်စရာလေးတစ်ခု ရှိလို့တဲ့၊ အီးမေးလ်ရတယ်၊ အဲဒါ ..."

"ဟ ... အေး ကောင်းတာပေါ့ဟ၊ ဒီမှာပဲ တည်းကြပစေလေ၊ သမီး မပြောလိုက်ဘူးလား၊ အေး ကောင်းသကွာ၊ ငါ့နှမနဲ့ ငါ့ညီ မတွေ့ရတာ အတော်ကြာပြီ၊ သမီးက စာပြန်လိုက်တာ မဟုတ်ဘူး၊ ဒီမှာပဲ တည်းကြလို့၊ ဘယ်တွေသွားချင် ဘာတွေလုပ်ချင် လုပ်ထားပေးရမလဲလို့ ကြိုလုပ်ပေးထားရအောင်၊ ပုဏ္ဏားလည်း ရှိတာပဲဟာ"

"အဲ အဲဒါ အန်ကယ် ... ဒက်ဒီနဲ့ မာမားလည်း ဖြစ်နိုင်ရင် ဒီမှာပဲတည်းချင်လို့ အန်ကယ့်ဆီ လှမ်းခွင့်တောင်းတာ၊ သမီးက ပြောမလို့ အန်ကယ်က တန်းခွင့်ပြုနေတော့ ဘာဆက်ပြောရမှန်း မသိဘူး"

"ဘာမှ ပြောမနေနဲ့၊ အခု ထမင်းစားပြီးရင် မေးလ်ပြန်ပို့လိုက်၊ ဘာတွေ ကြိုလုပ်ပေးထားရမလဲသာ ပြောလို့ အန်ကယ်က ပြောတယ်လို့၊ ရန်ကုန်ပြန်လာနေရတာ မဲလ်ဘုန်းမှာ နေရတာထက် သာစေရမယ့်လို့ ဟား ဟား ဟား"

"ဟုတ် ... ပြန်လိုက်မယ် အန်ကယ်"

"နေဦးဟ၊ မေနိုး ညည်းမောင် ဂျိုနသန်ပါ ပါလာမှာလား"

"ဟင် ကိုကိုကလည်း ... နာနားက ကျောင်းရှိတယ်လေ၊ လိုက်လာလို့ မရဘူး"

"ဟ ဒါဆို ဘယ်သူနဲ့နေခဲ့တုံး၊ အန်ကယ်ဂျော့ရှ်ရော အန်တီမေရီရော နှစ်ယောက်လုံး ပြန်လာတော့"

"အာ ကိုကိုက မေ့ပြန်ပြီ၊ ဘေးအိမ်ကပ်လျက်က အန်ကယ်အဲလ်ဘတ်တို့လေ၊ သူတို့နဲ့ နေခဲ့မှာပေါ့"

"သြော် အေး ဟုတ်သား"

"နေဦး သမီးရဲ့၊ ဂျော့ရှ်တို့က အန်ကယ်နဲ့ တိုင်ပင်စရာရှိတာ ဘာလဲ၊ သမီးကို ပြောသေးလား"

"အတိအကျတော့ မပြောဘူး အန်ကယ်၊ သမီးကိစ္စလို့တော့ ပြောတာပဲ"

(၃)

"တကယ်ပြောတာဟဲ့ တင်မောင်ရဲ့၊ ငါ ဘာဆိုဘာမှကို မမှတ်မိတာ၊ ငါ မှတ်မိတာဆိုလို့ ငါ မိုက်ခနဲ ဖြစ်သွားပြီး လမ်းဘေချရပ်လိုက်တယ်၊ နောက် ငါ့ ကျောထဲက စူးခနဲ အောင့်လာတယ်၊ အဲဒါပဲ ငါသိတော့တာ၊ ကျန်တာ ငါ

ဘာမှမသိတော့ဘူး၊ ငါ ပြန်နိုးလာတော့ ငါ့အခန်းထဲက ငါ့အိပ်ရာပေါ်မှာ၊ ငါ ဘာမှမမှတ်မိဘူး၊ ဒါပေမဲ့ ငါ့အိမ်ကလူတွေကိုတော့ အဲဒါမပြောပြချင်သေးလို့ မပြောသေးဘူးဟ၊ တော်ကြာ စိတ်ပူလွန်ပြီး လျှောက်လုပ်ကုန်ကြမှာစိုးလို့"

"ရဲသင်ကတော့ သိပ်အံ့သြပုံမရဘူး၊ ငါရယ် ချိုကြီးရယ် မေနိုးရယ်ကတော့ လုံးဝရှော့ခ်ပဲ၊ ဘယ်လိုမှ မထင်ထားတဲ့ ကိစ္စလေဟာ"

"အေးဟာ၊ ငါလည်း မေနိုးကို အားနာလိုက်တာ၊ သူ့ကို ရောက်ရောက်ချင်းနေ့ကတော့ ငါ မမှတ်မိဘူးဟ၊ နောက်တော့လည်း မှတ်မိသွားပါတယ်ဟာ၊ သူလည်းမအား ငါလည်းမအား ဖြစ်နေလို့ မနှုတ်ဆက်ဖြစ်သေးတာဟ၊ အခုလည်း

ငါက ဘာတွေ သွားပြောမိခဲ့မှန်းမသိတော့ မျက်နှာပူတယ်ဟ၊ မတွေးရဲသေးဘူး၊ ပုဏ္ဏားကရော ဘာပြောလဲ"

"ငါလည်း ကြောင်နေတော့ နင် ပြောသွားတာတွေ ကြားတစ်ချက် မကြားတစ်ချက်ဟ၊ မေနိုးကတော့ နင် အရမ်းကြီး အားနာမနေပါနဲ့၊ သူကတောင် နင့်ကို ပြန်ပြီးစိတ်ပူနေတာ၊ နင်နေမကောင်းဘူးထင်လို့ နင့်ကို မဆက်သွယ်တာပါ"

"ဟိုကောင်က ဘာပြောလဲ"

တင်မောင် အခက်တွေ့သွား၏။ ဟိုကောင် ပြောခဲ့သမျှတွေကိုလည်း ဘာမှမသိသော မျက်ရှု အရမ်းကြောက်လန့်သွားမည်စိုး၍ ပြန်မပြောပြချင်။ တစ်ခုခု မပြောလို့ကလည်း မဖြစ်။ ဒီကြားထဲ သူတို့ချင်း တွေ့သေးလား မတွေ့သေးလားလဲ မသိ။ အစ်အောက်ကြည့်ရန် ကြံ၍

"နင့်ကိုရော ဘာပြောလဲ"

"အဲဒီနေ့ထဲက မေးချင်လို့ ကိုယ်တော့်ကို ရှာ ရှာနေတာ တကတဲ ပုန်းများနေသလားတောင် ထင်ရတယ်၊ တွေ့ကို မတွေ့ဘူး၊ ဟိုတလောက စိတ်မရှည်လွန်းလို့ အိမ်မှာ နေ့ရောညရောနေပြီး ဒင်းကိုစောင့်တာ မတွေ့ဘူး၊ ဖုန်းဆက်တော့လည်း အိမ်ဖုန်းက ဘယ်တော့မှ မရှိဘူး၊ G ကျတော့လည်း မရဘူး"

သူတို့ချင်း မဆုံကြသေးပါလား။ တင်မောင် စိတ်သက်သာရာရသွား၏။

"မဟုတ်ဘူးဟ၊ ဒီကောင် စီးပွားရေးသောင်းကျန်းနေတာ၊ ဇော်ဝါးက နိုင်ငံခြားမိတ် အရမ်းများတယ်လေ၊ အဲဒါ ဇော်ဝါးနဲ့ဆက်ပြီး ဒီကောင်တွေ tour group ရ ရနေလို့ ခရီးတွေ လျှောက်သွားနေတာဟ၊ အခု ချိုကြီးတောင် ဒီကောင့်ရုံးမှာ ဝင်လုပ်နေတယ်၊ ဒီကောင် တစ်ယောက်ထဲ မနိုင်တော့လို့"

"ဟင် ... နင်ကျတော့ရော"

"ဟ ငါသွားလုပ်လို့ မရဘူးလေဟာ၊ အခု နင်ရောက်နေတဲ့ ငါ့ကားရေဆေးဆီထိုးနဲ့ ဝပ်ရှော့ကို ဘယ်သိကြားမင်းက ဆင်းအုပ်ချုပ်ပေးမှာတုံး၊ နင် ငါ့ကားရုံ ယူလုပ်မလား၊ ငါ ပျော်ပျော်ကြီး ဟိုကောင်တွေနဲ့ သွားနေလိုက်မယ်"

"တော်ပါတော်၊ ငါ့ဟာငါ ပန်းဆိုင်ဖွင့်ဖို့ လုပ်နေတာပဲ ကောင်းပါတယ်"

"နေဦး နင် ထပ်ဖြစ်သေးလား"

မျက်ရှု တွေဝေသွား၏။ စဉ်းစားနေ၏။ ခဏကြာမှ

"ဖြစ်တော့ မဖြစ်တော့ဘူးဟ"

"နင်ကလည်းဟာ မဖြစ်တော့တာကို ဒီလောက်တွေးနေရသလား"

"မဟုတ်ဘူးဟ"

"ဘာလဲ ဘာဖြစ်လို့လဲ"

"ငါ အခုတလော မှန်ကြည့်ရမှာ ကြောက်နေတယ်"

"ဟေ ..."

(၄)

အလုပ်ရှုပ်နေ၍ ဘယ်သူနှင့်မျှ မတွေ့တာ အတော်ကြာပြီ။ စိတ်ထင် တစ်လခွဲတောင်ရှိပြီ ထင်၏။ သူနှင့် လိုက်နေသဖြင့် ချိုကြီးတောင် ရှစ်ပေါင်ကျသွားသည်ဟု သိရ၏။ ဇော်ဝါးဆိုသော အကောင်ကလည်း မဆက်ပေးတုန်းက မဆက်ပေး။ ဆက်ပေးမယ့်ပေးတော့လည်း အပြုံလိုက်။ ရောက်လာလိုက်ကြတဲ့ ဧည့်သည်တွေ။ တစ်ယောက်ချင်းရော၊ စုံတွဲတွေရော၊ အုပ်စုလိုက်ရော။ သွားချင်ကြသည်ကလည်း နေရာအစုံ။ ချိုကြီးနှင့် မိမိ မနိုင်တော့။ ဒီကြားထဲ အပြိုင်အဆိုင် အတွန်းအတိုက် အခုတ်အလှီးတွေက လေဆိပ်၊ သင်္ဘောဆိပ်မှစ၍ တစ်နိုင်ငံလုံး အနှံ့အပြား။ ကျောလှည့်ပေးလို့မရတဲ့လူတွေ များလာ၏။ မေနိုးကိုပါ ရုံးခေါ်ရပြီ။ မဆိုးဘူးအဆင့်ထက် တယ်ဟုတ်ပါလားအဆင့် မီနေ၍ သက်ပြင်းချရ၏။ အခုလည်း ချိုကြီးက မြိတ်ကျွန်းစုမှာ၊ မေနိုးက ပုဂံမှာ။ မိမိကတော့ မုန်တိုင်းတွေဝင်ခဲ့သော ဒေသတွေကိုမှ တကူးတက ကြည့်ချင်လှပါချည်ရဲ့ဆိုသော အနောက်တိုင်းသားအုပ်စုနှင့်တိုးကာ လှည့်လည်သွားလာရရင်း ညနေကမှ ဖုန်အလူးလူးနှင့် အိမ်ပြန်ရောက်၏။ စိတ်တိုင်းကျ ရေကူးပစ်လိုက်ပြီး ညစာစားကာ အိမ်၏အရသာကို ကျကျနန ခံစားပစ်လိုက်၏။ Home နှင့် House နှင့် ဘာကွဲနေသနည်းဆိုသည်ကို ကိုယ့်ဟာကိုယ် အလုပ်လုပ် ကြည့်တော့မှ ပိုပိုပြီး သိလာသလိုလို။ အဖေ့ကို ပိုနားလည်လာ၏။ ဒါကြောင့် အဖေဟာ တစ်သက်လုံး အပြင်ကိစ္စရှိလို့ ဘယ်လောက်ညနက်နက် အိမ်ကို မရောက်ရောက်အောင် ပြန်ပေတာကိုး။ နောက်ဆို ငါလည်း အိမ်မရောက်ရောက်အောင်ပြန်မှဟု စိတ်ကူးထူးဆန်း ရ၏။ ထမင်းစားပြီးသော် ဂျက်ဆီကာအယ်လ်ဘာကားမျိုးစုံကို ခြေပစ်လက်ပစ် ကြည့်ပစ်ရင်း အိပ်ရာထဲမှာ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေ၏။ ဖုန်းမြည်လာ၏။ နာရီကြည့်တော့ ညရှစ်နာရီခွဲ။ မေနိုးထံမှ။

"ကိုကို ဘယ်မှာလဲ"

"အိမ်ပြန်ရောက်နေပြီ ညနေက၊ ညည်း အဲဒီမှာ အိုကေရဲ့လား"

"မေနိုးပါကိုကိုရဲ့၊ ဆရာမကြီးပါ မအိုကေစရာ မရှိဘူး ဟဲ ဟဲ"

"ဟိုတယ်မှာလား"

"အင်း အိပ်တော့မလို့"

"အိုကေ ဂွတ်နိုက်၊ မအိုကေတာရှိရင် ဆက်"

"အိုကေ ကိုကို၊ ဘိုင် ... အိပ်မက်လှလှ မက်ပါစေရှင်"

"ကောင်မလေးနော်"

ဖုန်းချသွားတော့ ဖုန်းကိုပစ်လိုက်ပြီး ရုပ်ရှင်ဆက်ကြည့်နေလိုက်သေး၏။ ဘယ်လိုကဘယ်လို အိပ်ပျော်သွားမှန်း မသိ။

ဖျတ်ခနဲ ပြန်နိုးလာတော့ ပထမဆုံး သိလိုက်သည်မှာ တိတ်ဆိတ်အေးစက်နေသော အလင်းရောင်မှိန်မှန် အိပ်ခန်းတစ်ခု။ ရုတ်တရက် သိလိုက်သည်။ ဤအခန်းသည် မိမိအိပ်ခန်း မဟုတ်။ အိပ်ရာမှ ချက်ချင်း ထလိုက်သည်။ ခန္ဓာကိုယ်မှာ အားနည်းနေသလိုလို ခပ်ပျော့ပျော့။ ကုတင်ပေါ်မှ ခြေနှစ်ချောင်းချ၍ ထိုင်လိုက်သည်နှင့် အိမ်တွင်းစီး ချစ်စရာမွေးပွ ဖိနပ်လေးတစ်ရန်ကို သတိထားမိ၏။ အကျင့်ပါနေကျအတိုင်း ဖိနပ်နှစ်ဖက်ကို ကြည့်ပင်မကြည့်ဘဲ စီးကာ ထလျှောက်လာမိ၏။ ညာဘက်မှ ခုနှစ်ပေကျော်မြင့်သော ကျွန်းသားအစစ်ဗီရိုကြီးတွင် ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ်။ မရည်ရွယ်ဘဲ မှန်ကြီးရှေ့သို့ သွားမိ၏။ မှန်ကြီးထဲတွင် ပေါ်လာသော ပုံရိပ်ကို ခေါင်းဖျား ခြေဖျား မြင်ရပြီ။

အလွန်တရာ အံ့သြထိတ်လန့်သွားသဖြင့် အရမ်း အော်မိလိုက်နိုင်သော အသံကို လက်နှစ်ဖက်ဖြင့် ပါးစပ်ကို ပိတ်ကာ ထိန်းလိုက်ရလေ၏။

ထို့နောက် ပုံရိပ်ကိုကြည့်ရင်း ဖရိုဖရဲ အလန့်တကြား။ မှန်ထဲတွင် ပေါ်နေသော ပုံရိပ်မှာ မိမိ ရဲသင်ရံ မဟုတ်။

"မျက်ရှုလရောင်"

အရာအားလုံး ချက်ချင်း မှောင်အတိကျသွားလေသည်။

ကျမ်းတကာတို့၏ အပြင်ဘက်ထွက်ကာ ငါတို့သည် ...

ဤမည်သော နေရာတွင် ထိုကြမ္မာသည် ရှိအံ့ ...

ထိုကြမ္မာသည် ငါ၏အရာဖြစ်လျှင် ငါ လာမည်

ငါသည်

နတ်ဘုရားတို့ ရေတွက်အပ်သော

ဆဋ္ဌမနေရာ

ဇီတာ ဖြစ်သည်။


(၁)

တောင်ကမူစွန်းတစ်ခုတွင် သူ ရပ်နေ၏။

ဘာကြောင့် ရပ်၍ နေမိသည် မသိ။ မည်သို့သောကိစ္စကြောင့် ဤသို့သောနေရာကို ရောက်၍လာရသည်ကိုလဲ မသိ။ မိမိဘဝတွင် ဤနေရာသို့ တစ်ခါမှ မရောက်ခဲ့ဖူးကြောင်းတော့ သေချာ၏။ မိမိရပ်နေသော နေရာ၏ တစ်ဖက်တွင် အင်မတန်မှ နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီး။ အောက်တွင် မှုန်မှိုင်းသေးကွေးလှစွာ မြင်ရသော လွင်ပြင်စိမ်းများနှင့် တောင်ကုန်းတောင်တန်းများသည် သေးကွေးမှုန်မွှားလှစွာ။ အိုး ... တိမ်စိုင်တိမ်မျှင်များက မိမိ ရောက်နေသောနေရာ၏ မြင်ကွင်းအောက်တွင် အမျှင်မျှင် အဆုပ်ဆုပ် ပျံသန်းလျက်။ လေသည် တသုန်သုန် ဖြည်းဖြည်းမှန်မှန် တိုက်ခတ်လျက်။ ပြင်းလည်း မပြင်း။ ငြိမ်လည်း ငြိမ်မနေသော ညင်ညင်သာသာ။ အဝတ်အစားများနှင့် ဆံပင်များ တလွင့်လွင့် တဖျတ်ဖျတ် လွင့်ပျံနေကြသံများကို ကြားနေရ၏။ ပတ်ဝန်းကျင်သည် ထိတ်လန့်ဖွယ်ရာ တိတ်ဆိတ်၍ နေလေသည်။ အာရုံမှ သိ၍နေသည်မှာ ညမဟုတ်။ နေ့။ သို့သော် အချိန်ကာလကို ခန့်မှန်း၍ မရ။ မနက်လား၊ နေ့ခင်းလား၊ ညနေလား မကွဲပြား။

နေရောင်သည် မိမိအောက်ရှိ လွင်ပြင်ပေါ်မှ တိမ်များကိုဖြတ်၍ မျှတစွာ ဖြာကျနေ၏။ သို့သော် လျော့တိလျော့ရဲ။ မိမိ၏ အဝတ်အစားများကို လေတိုက်ခတ်၍ မြည်လာသော တဖျတ်ဖျတ်လွင့်နေသံများမှ လွဲ၍ ပတ်ဝန်းကျင်သည် ထူးခြားလှစွာ အလွန်တိတ်ဆိတ်လျက်။ ကျေးငှက်သံများပင် မကြားရ။ မြင်ကွင်းတဆုံး မိုးကုပ်စက်ဝိုင်းအထိ လှုပ်ရှားမှု တစ်စုံတစ်ရာ၊ သက်ရှိတစ်စုံတစ်ရာ မတွေ့ရ။ စိတ်ထဲတွင် အမျိုးအမည် မသိသော တစ်စုံတစ်ရာ ခံစားမှုကို ရုတ်တရက် ခံစားလာရ၏။ တစ်စုံတစ်ရာ ဖြစ်လာတော့မည်ဟူသော အသိ။ ဘာလဲ။ ဘာဖြစ်လာမှာလဲ။ နောက်ဘက်သို့ တစ်ချက် ပြန်လှည့်ကြည့်မိ၏။ မညီမညာသော မြေပြင်အတွန့်အလိပ်များနှင့် တမျှော်တခေါ် စိမ်းစိုသော လွင်ပြင်ကြီး။ သို့သော် လှုပ်ရှားမှုမရှိ။ သက်ရှိမရှိ။ ခပ်လှမ်းလှမ်း မြူခိုးများ ဝေနေသောကြားတွင် မြင့်မားသော တောင်ကုန်းတောင်တန်းများလို အရာများ၊ ရုတ်တရက် သူလှုပ်ရှားလာ၏။

မိမိ အလိုဆန္ဒနှင့် ဆန့်ကျင်လှသော ခြေလှမ်းများက ချောက်ကမ်းပါးစွန်းဘက်သို့ တစ်လှမ်းချင်း။ မသွားနဲ့။ မသွားပါနဲ့။ စိတ်ထဲက အကြောက်အကန် အော်ဟစ်၍နေသော်လည်း ခြေလှမ်းများကမူ ပုံမှန်ရွေ့သွားနေဆဲ။ ချောက်ကမ်းပါးသည် လေးငါးလှမ်းမျှပင် မဝေးတော့။ အလွန်အမင်း ထိတ်လန့်စိတ်က ရုတ်ချည်း ကြီးစိုးလာ၏။ သေခြင်းတရားကို ကြောက်ရွံ့နေခြင်း မဟုတ်။ ရုတ်တရက် ဖြစ်လာတော့မည့် မိမိ မလိုလားအပ်သော တစ်စုံတစ်ရာကို ထိတ်လန့်စွာ ငြင်းဆန်လိုခြင်း ဖြစ်၏။ အရာရာ အားလုံးသည် မိမိအလိုအတိုင်း မဟုတ်တော့။ နောက်ဆုံး မိမိ ခန္ဓာကိုယ်မှာ လွင့်ခနဲ ပျံဝဲတက်သွား၏။ ချောက်ကမ်းပါးကို ကျော်လွန်ပြီး ချောက်တည့်တည့်အပေါ်မှ လေထဲမှာ။ အဝတ်အစားများ လွင့်နေသံ တဖျတ်ဖျတ်မှအပ ဘာမှမကြားရ။ ကိုယ်ခန္ဓာသည် ဘာကိုမှ မှီတွယ်ထားခြင်း မရှိတော့။ မိမိခြေထောက်များသည် ဘာပေါ်မှ ရပ်နေသည် မဟုတ်တော့။ အောက်ကို ငုံ့ကြည့်လိုက်မိ၏။

"အား ..."

တိမ်ငွေ့များ လွင့်ဝဲနေသော အသူတရာချောက်ကြီး။ မှောင်မည်းနေ၏။ သူသည် ထိုအထဲသို့ ကျဆင်းသွားတော့မည် သို့မဟုတ် တစ်ခုခုထပ်ဖြစ်တော့မည်ကို ရုတ်တရက် သိလာ၏။ အော်ဟစ်လိုက်မိသည်။ အသံက ထွက်မလာ။ ထိုစဉ် ...

သူ့ခန္ဓာကိုယ်သည် လေထဲတွင် ရပ်တန့်ငြိမ်သက်နေရာမှ ဝှစ်ခနဲ လျှင်မြန်စွာ လွင့်ထွက်သွားလေ၏။ ခြေထောက်အောက်မှ ချောက်ထဲသို့မဟုတ်။ မီးခိုးရောင် တိမ်များရှိရာ ကောင်းကင်ဆီသို့ အလွန်လျှင်မြန်လှသော အရှိန်အဟုန်နှင့်။ ထိန်းချုပ်နိုင်သော စွမ်းအင်သူ့တွင် မရှိတော့။ အလန့်တကြား ကြည့်မိသည်။ သူ့တွင် ခန္ဓာကိုယ် မမြင်ရတော့။ ဤသို့ ဆိုလျှင် ...

"ဟင်း ..."

အလန့်တကြား နိုးလာ၏။ နိုးလာရုံတင်မက အိပ်ရာထက်တွင် ထ၍ ထိုင်ပြီးသား ဖြစ်နေ၏။ လူတစ်ကိုယ်လုံးလည်း မောပန်းနုံးချည့်နေ၏။ သို့သော် နှလုံး ချွေးစေးများထွက်လျက် ခန္ဓာကိုယ်သည် အေးစက်စိုထိုင်းနေ၏။ သို့သော် နှလုံးခုန်နေသည်ဟူသော အသိကို လုံးဝ မသိရ။ ဘုရားတမိရင်း ညာဘက်လက်နှင့် နှလုံးရှိရာကို အုပ်စမ်းကြည့်မိ၏။ ဗုဒ္ဓေါရေ ...။ ဘာလှုပ်ရှားမှုမှ မသိရှိရပါလား။ သူ့နှလုံးသည် ရပ်တန့်နေခဲ့လေသလား။ ရင်ဘတ်ကို လက်နှင့် ဖိရင်း အိပ်ရာထဲသို့ ပက်လက်အနေအထားအတိုင်း အသာအယာ ပြန်လှဲချလိုက်၏။ ဤကြားထဲ မျက်စိမှ အကျင့်ပါနေသည့်အတိုင်း အခန်းထဲကို ကဗျာကယာ အကဲခတ်ဖြစ်အောင် ခတ်လိုက်မိသေး၏။

မိမိအိပ်ခန်းထဲမှာပင် နံနက်စောစော ဝေလီဝေလင်းအချိန်။ လုံခြုံစိတ်ချရသောနေရာဟု အသိက သိပြီးနောက်တွင်တော့ မျက်စိ မှိတ်ကာ ပက်လက်လေး ငြိမ်ငြိမ်နေလိုက်တော့၏။

"ဒုတ်"

ညာဘက်လက်ဖြင့် ဖိထားသော နှလုံးဆီမှ သွေးတိုးမှုကို စခံစားရ၏။

"ဒုတ် ဒုတ် ဒုတ်"

ထူးထူးဆန်းဆန်း ငါ မသေသေးပါလားဟု ခံစားလာရ၏။ နှလုံးပြန်ခုန်လာနေသည်ကို ပျော်သလိုလို ဖြစ်လာ၏။ ဘယ်ဘက်ရင်အုံ၏ ပုံမှန် လှုပ်ရှားလာမှုတစ်ခုသည် အမျိုးအမည် မသိသော ခံစားမှုကို ဖြစ်ပေါ်စေလေ၏။ အရာအားလုံးသည် ပုံမှန် ပြန်ဖြစ်၍ သွားလေပြီ။ ဝိုးတဝါး မှတ်ဉာဏ်အတွင်း အရာအားလုံးသည် တစ်ခုချင်း ကွယ်ပျောက်သွား၏။ စနစ်ကျနစွာ။


မျက်ရှုလရောင် အိပ်ရာမှ နိုး၍ လာလေသည်။

သူ ဘာမှမမှတ်မိပါ။ အလွန် ခေါင်းကိုက်ခြင်းကိုတော့ ခံစားနေရလေ၏။ ထို့ပြင် ပင်ပန်းလှသော ခရီးရှည်ကြီးတစ်ခုကို အပြီးသတ်ခဲ့ရသူလို သူ နွမ်းနယ်နေ၏။ ကောင်းကောင်းအိပ်၍ မပျော်ခဲ့ဟု သူ ထင်၏။ သူ ခေါင်းကိုက်လာလေသည်။ ဆေးသောက်လိုက်ဦးမှ။

တစ်စုံတစ်ရာ အဓိပ္ပာယ်ရှိသော ညတစ်ညကို ဖြတ်သန်းခဲ့ရကြောင်းကိုတော့ မျက်ရှုလရောင် သိရှိခဲ့ခြင်း မရှိပါ။


(၂)

"ငါ တော်တော် လန့်သွားတာ ဇော်ဝါး၊ တကယ်ပြောတာ၊ ငါ့တစ်သက်နဲ့တစ်ကိုယ် ဖြစ်ဖူးဖို့မပြောနဲ့၊ ကြားတောင် မကြားဖူးဘူးဟ၊ ငါ စဉ်းစားကြည့်တယ်၊ ဘာဖြစ်တာမှန်းလဲ မသိဘူး၊ ငါက ငါမဟုတ်ဘူးကွာ၊ ငါတော့ ငါပဲ၊ ဒါပေမဲ့

ငါလည်း မဟုတ်ပြန်ဘူး၊ ဘယ်လိုပြောရမှန်းလဲ မသိဘူးကွာ၊ တစ်မျိုးကြီးဟ"

"မင်း မှတ်မိသလောက်တော့ အသေးစိတ် ပြောပြကွာ၊ ဆက်စပ်ပြီး စဉ်းစားရအောင်လို့၊ မင်း သိပါတယ် ပုဏ္ဏားရာ၊ အဲဒီကိစ္စတွေက ..."

"အခန့်မသင့်ရင် အသက်ပါထွက်သွားနိုင်တယ်"

အခန်းထဲတွင် ငြိမ်ကျသွားလေ၏။

လေးအေးပေးစက်သံ တဒီဒီကိုသာ ကြားနေရ၏။ မည်သူမျှတော့ မရှိပါ။ ရဲသင်ရံ ရုံးခန်းထဲတွင် ဇော်ဝါးနှင့် ရဲသင် နှစ်ယောက်တည်း။ ဇော်ဝါးက ရဲသင်ရံကို ခပ်တည်တည် စိုက်ကြည့်နေ၏။ ရဲသင်ရံမှလည်း ဇော်ဝါးထံမှ မျက်လုံးမလွှဲ။ အတန်ကြာမှ ဇော်ဝါးက ဟက်ခနဲ တစ်ချက်ရယ်ကာ ပြောလေ၏။

"ရဲသင် မင်းဟာလေ ကိုယ်ဖြစ်တာကိုယ် ဘာမှန်းမသိသေးဘူး၊ တခြားလူကို လာစပ်စုနေပါလား"

ဇော်ဝါးသည် အသင့်ရှိနေသော ရဲသင်ရံစားပွဲပေါ်မှ စက္ကူလွတ်တစ်ရွက်ကို ဆွဲယူကာ အသင့်ရှိနေသော ဘောပင်ကို stand ထဲမှ ထုတ်ယူ၍ ရဲသင်ထံ ထိုးပေးပြီး ...

"ရော့ ရေးစမ်းကွာ၊ မင်းက နျူမရော်လော်ဂျီ အကြောင်း တွေးနေလို့ ခိုင်းတာ၊ ဒီစက္ကူပေါ်မှာ တစ်ကနေ တစ်သောင်းအတွင်း မင်းကြိုက်တဲ့ နံပါတ်ရေးလိုက်၊ အခု မင်း ဘာစဉ်းစားနေတယ်ဆိုတာ မပြောနိုင်ရင် ငါမင်းကို တစ်သက်လုံး အဆက်အသွယ် မလုပ်တော့ဘူး"

ရဲသင်ရံမှ တစ်ချက်ပြုံးလိုက်ကာ စာရွက်နှင့်ဘောပင်ကို လှမ်းယူ၏။ ဇော်ဝါးမှ

"ရတယ်၊ ဗမာလို ရေးရေး အင်္ဂလိပ်လို ရေးရေး လက်တင်လို ရေးရေး ဟီဘရူးလို ရေးရေး ဂရိလို ရေးရေးကွာ၊ ဒါပေမယ့် နံပါတ်တော့ ဖြစ်ရမယ်၊ မင်းက မင်းကိစ္စ အလကားနေရင်း လာကူညီပေးမယ့်လူတောင် လာပြီး ရှည်ရှည်ဝေးဝေး လျှောက်စဉ်းစားနေလို့ ခိုင်းရတာ"

"အဲ့လိုမဟုတ်ပါဘူးဟ"

"လုပ်စမ်းပါ၊ ရေးစရာရှိတာ ရေးကြည့်စမ်းပါဟ၊ တစ်ကနေ တစ်သောင်းထဲမှာနော်၊ ငါ တစ်ခုခု မင်းနဲ့ ပတ်သတ်ပြီး မပြောနိုင်ရင် မင်းရုံးခန်းထဲကို တစ်သက်လုံး လုံးဝမလာဘူး၊ စိတ်ချ"

ရဲသင်ရံ ဇော်ဝါးကို တစ်ချက်ကြည့်၍ ရေးလေးသည်။

"၄၆၂၃"

မြန်မာလို ပီပီသသ။

ဇော်ဝါး တစ်ချက် တွေသွား၏။ ရဲသင်ကို သေချာကြည့်လျက်

"မင်းနဲ့ ဘယ်နေရာမှ မဆိုင်တဲ့ ဂဏန်းစဉ်ပါလား"

ရဲသင်မှ ပခုံးတွန့်ပြလေ၏။

"မင်း ပြောပြီးသားလေ၊ တစ်ကနေ တစ်သောင်းအတွင်းဆို"

ဇော်ဝါး အတန်ငယ် မခံချင်ဖြစ်သွား၏။

အခန်းထဲတွင် ခေတ္တငြိမ်သက်သွားပြန်၏။ အတန်ကြာမှ ဇော်ဝါးက

"အဲဒီကောင်မလေးကို မင်းစိတ်ထဲ ဘာလို့ထည့်ထားတာတုံး"

ကောက်ခါငင်ခါ မေးလိုက်သဖြင့် ရဲသင်ရံ လန့်သွား၏။ ဇော်ဝါးကိုလည်း မလွယ်ပါလားဟူသော အကြည့်နှင့် ကြည့်၏။
ဇော်ဝါးမှ စိတ်မရှည်သလိုနှင့် ...

"လုပ်ပါ၊ ငါမေးတာ ဖြေစမ်းပါ၊ ငါဆိုလိုတာ မင်းသိပါတယ်၊ ဟုတ်တယ် မဟုတ်လား၊ မင်းအခု တွေးနေတာ"

"ဇော်ဝါး ... မင်း ဒါတွေနဲ့ ပတ်သက်ပြီး ခရီးတော်တော်ရောက်နေပြီ မဟုတ်လား၊ မှန်မှန်ပြောစမ်း"

"ရဲသင် မင်း လျှာလျှောက်ရှည်မနေနဲ့၊ ပေါ့တီးပေါ့ပျက်လုပ်ပစ်ဖို့လည်း ကြိုးစားမနေနဲ့၊ ဒါ နောက်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး၊ ဒီမှာ ဟေ့ကောင် ... မင်းရဲ ဇီတာပရောဂျက်ကြီး ဘယ်လောက် ခရီးရောက်နေတာကအစ ငါ သိတယ်၊ ကျန်တဲ့နေရာမှာ မင်းငါ့ထက် တော်ချင်တော်လိမ့်မယ်၊ ဒီကိစ္စတွေမှာတော့ မင်း ငါ့ကို ရိုးရိုးသားသား ဆက်ဆံစမ်း၊ ငါမေးတာ ဖြေဦး၊ အဲဒီကောင်မလေးကို ဘာကိစ္စ မင်းစိတ်ထဲ အတင်းထိုး ထည့်ထားတာတုံး"

"မဟုတ်ဘူးလေ ငါက ..."

"ကွေဗာတွေ ဆီမီးကွေဗာတွေကို ပြောမလို့ မဟုတ်လား"

"အေးလေ၊ ဒါပေမယ့်"

"music ဘက်ကို ထပ်လိုက်ကြည့်ချင်နေတယ်၊ ဒါပေမယ့် ထပ်ကျယ်သွားမှာလည်း မင်း မလိုလားပြန်ဘူးလေ၊ musical notes တွေ သင်္ကေတတွေ ဘယ်က ဆင်းသက်လာလဲဆိုတာလောက်တော့ မင်း စပ်စုကြည့်ချင်နေပြီ"

"ငါ ဆိုလိုတာက"

"ဟုတ်ပါတယ်၊ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာတရားတွေနဲ့ လွတ်ပြီး သူ့ဟာသူရှိနေတဲ့ Naturer တွေပါ၊ ငါ မင်းကို မငြင်းပါဘူး၊ အတင်း ချိုးဖောက်လို့ ရချင်မှရမယ်ဆိုတာ မင်း လက်ခံတာကို ငါ သဘောတူပါတယ်၊ အဲဒီကိစ္စ ငါ မငြင်းပါဘူး"

"ဒါဆို"

"အေးလေ မင်းသိပြီးသားပဲ၊ အဖြစ်အပျက်တွေက ဆင်မလိုလိုနဲ့ သုံးလေးမျိုးလောက် အနည်းဆုံး ကွဲနေတယ်လေကွာ၊ အဲဒါကိုပဲ အဓိကထားပြီး လိုက်ရမှာပေါ့"

"ငါက"

"ဟုတ်တယ်၊ Jumping နဲ့ cord ဘက်ကလိုက်နေတာ ပိုနီးစပ်တယ်၊ မင်း လုပ်နေတာတွေ မမှားပါဘူး၊ ဒါပေမဲ့ အန္တရယ်များတယ်"

"ထပ်ပြီးတော့"

"Third person ထည့်တာကို မင်း မနိုင်နင်းဘူး ဖြစ်နေတယ် မဟုတ်လား၊ ဒီမှာ ငါပြောပြမယ် ရဲသင်၊ မင်းအခုတွေးနေတာ ငါ မငြင်းဘူး၊ အဲဒီ သဘာဝအခြေခံကြီးနဲ့ပဲ တစ်ကမ္ဘာလုံးက စာရေးဆရာတွေ၊ ဇာတ်လမ်းဖန်တီးတဲ့

အနုပညာသမားတွေ ရပ်တည် လုပ်ကိုင် နေထိုင်နေကြတာပဲ၊ ဒါက အခြေခံ သီအိုရီလေကွာ၊ ဘာလို့လဲဆိုတော့ သဘာဝတရား ဖြစ်နေတာကိုး၊ ဒါပေမဲ့ မင်းကိစ္စလိုဟာမျိုးကျတော့ ဖန်တီးယူလို့ ကောင်းချင်မှ ကောင်းမှာ"

"ခဏနေဦး"

"ဘာလဲ အပေါ့သွားချင်လာတာ မဟုတ်လား၊ ငါ သိပါတယ်၊ စကားကောင်းကောင်း ပြောနေတုန်း မင်း တမင်နောက်တာ မဟုတ်မှန်း၊ သွား သွား ... ပြန်လာမှ ဆက်ပြောမယ်"

"ဇော်ဝါး မင်း ..."

"ဟုတ်တယ်၊ မင်း တွေးနေတာတွေ ငါ ကြိုသိနေတာပေါ့၊ ငါ့ကို လာမစပ်စုနဲ့ ရဲသင်၊ ဒီအချိန်က ငါ့ကို သုတေသနလာလုပ်ဖို့ ကောင်းတဲ့အချိန် မဟုတ်ဘူး၊ မင်းကိစ္စ မင်း သေချာရှင်းရမယ့် အချိန်၊ လုပ်ပါ၊ သွားစရာရှိတာ သွားပါ၊ ငါ့ အားမနာမနေပါနဲ့၊ ငါ စောင့်နေမှာပေါ့"

"ဇော်ဝါး please get out my mind"

"ဟား ဟား အေးပါ ဟုတ်ပါပြီ၊ တစ်ခုပဲ ... မင်းဖြစ်စေချင်သလို ငါ မျက်ရှုကို သွားတွေ့ပေးပါ့မယ်၊ ဟုတ်ပြီလား"

"ဟေ့ကောင် တော်တော့"

"အေးပါ၊ အခုကိစ္စ မေနိုးကို ငါ ပြန်မပြောပါဘူး၊ ငါ ကတိပေးပါတယ်၊ မင်းလည်း ငါ့ကို ကတိပေးရမယ်၊ ငါပြောထားတဲ့လူနဲ့ မင်းတွေ့ကြည့်ရမယ်၊ အိုကေလား"

"ဇော်ဝါး ... ငါ တင်းလာပြီနော်"

"အိုကေ အိုကေ ... the last one ကွာ၊ ငါထင်တာ မမှားဘူး ဆိုရင်တော့ မင်းက ငါ့အရင် မျက်ရှုနဲ့ တွေ့လိမ့်မယ်ဟ ဟား ဟား ဟား ဟား"

"ဒီကောင် ဘာကောင်လဲဟ"

"ဟား ဟား ဘာကောင်မှ မဟုတ်ဘူး၊ မင်းကို ခင်လို့ လာကူညီတဲ့ကောင်ပါဟ၊ မင်းသူငယ်ချင်း အရင်းကြီး၊ ဒါပေမဲ့ ငါက သေးလိစ်ဝင်စားတဲ့ကောင်နော်၊ သွား သွား အိမ်သာ အရင်သွား၊ ထွက်ကျနေဦးမယ် ဟား ဟား"

(၃)

"မရဘူးဟ"

"သြော် ငါ့နှယ် ချိုကြီးရာ ... မရပါဘူးဆိုမှ၊ ဝပ်ရှော့ရုံပိုင်ရှင် ငါတောင် မရပါဘူးလို့ လက်မြှောက်ထားပြီးပြီ ဥစ္စာကို၊ ခဏစောင့်စမ်းပါ၊ ဘာဖြစ်နေတာတုံး၊ ငါ ဖုန်းဆက်ထားပါတယ်၊ သူ့ဟာသူ ဆိုင်ရာ ကျွမ်းကျင်သူ လာပါလိမ့်မယ်၊ အေးအေးနေစမ်းပါဟ"

"မဟုတ်သေးပါဘူးကွာ"

"ငါခွေးနဲ့မှ၊ မဟုတ်သေးရင်လည်း မင်းကားတံခါး မင်းဟာမင်း အပျက်ခံနိုင်ရင် ဆက်ကလိကွာ၊ မင်းဟာမင်း အသုံးမကျလို့ ဖြစ်တဲ့ကိစ္စ၊ ကားသော့အထဲမှာ ပိတ်ကျန်ခဲ့တာကိုပဲ အိုဘားမား ငှက်ပျောသီးနဲ့ထုပြီး အသားအရောင် ခွဲခြားခံရတာလောက်အထိ ဖြစ်နေ ... သော့သမား ခေါ်ထားပါတယ်ဆို"

"မင်းမသိပါဘူး တင်မောင်ရာ၊ ငါ ချိန်းထားတာတွေ ရှိတယ်ဟ"

"ချိုကြီး ... ငါ့ဟာငါ ရုံးမှာနေတာကို မင်းဟာမင်း ရောက်လာပြီး ဖြစ်တဲ့ကိစ္စနော်၊ မင်းဟာမင်း ဘာလို့ သော့ထုတ်ဖို့မေ့လဲ"

"ဟ ခါတိုင်းလည်း ငါ သော့တန်းလန်း ထားခဲ့နေကျလေကွာ၊ မင်းကောင်တွေပဲ ခုံပေါ်မောင်းတင်ပြီး ရေဆေးနေကျဟာကို"

"အောင်မာကွာ ဒါဆို ငါမေးမယ်၊ မင်းပြောပုံက ငါအကျင့်လုပ်ပေးလို့ပဲ မင်း ဒုက္ခရောက်သလိုလို၊ ဘယ်မျောက်သင်းကွဲသားက Auto Lock System ရှည်ပြီး သွားတပ်တုံး"

"တင်မောင် ... မင်း ငါ့ဖားသားကို မစော်ကားနဲ့"

"မစော်ကားပါဘူး၊ မင်းဟာမင်း မလုံတာ၊ ငါပြောတာ မဟုတ်လို့လား"

"တင်မောင် ... မင်း ငါ့ဖားသားကို မစော်ကားနဲ့"

"မစော်ကားပါဘူး၊ မင်းဟာမင်း မလုံတာ၊ ငါပြောတာ မဟုတ်လို့လား"

ထိုစဉ် မာစီဒီးအနက်ရောင် တူးဒိုးလေးတစ်စီး တင်မောင်၏ ရေဆေးဆီထိုးနှင့် ဝပ်ရှော့အလုပ်ရုံထဲ မောင်းဝင်လာကာ သူတို့နားတွင် ရပ်လေ၏။ မျက်ရှုလရောင် ဆင်း၍လျှောက်လာကာ သူတို့နားတွင် ရပ်လေ၏။ မျက်ရှုလရောင် ဆင်း၍လျှောက်လာကာ ကားသော့ကို တင်မောင်အား ပေးလေသည်။ တင်မောင်မှ ချိုကြီးအား လှည့်၍ပြော၏။

"တွေ့လား၊ သူများသားသမီးတွေ မင်းလို မဟုတ်ဘူး၊ ကားပေါ်က ဆင်းလာရင် ဘာလုပ်လာရမှန်း သိတယ်၊ မင်းလို ခေါင်းကြီးကျကြီးပြီး ဦးနှောက်ကျ သေးသေးလေးပါပဲ ပါလာတဲ့ကောင်မျိုးသာ ကိုးရိုးကားရား ဖြစ်တာ"

မျက်ရှုမှ ဝင်ပြော၏။

"ဘာလဲဟ၊ ဘာဖြစ်နေကြပြန်ပြီလဲ"

"ငါ့ကားသော့ ပိတ်ကျန်ခဲ့လို့ဟ"

"အသုံးမှမကျတာကိုး"

"တင်မောင် ... မင်း တော်တော့"

"နင်တို့ကလည်းဟာ ဒါများ သော့သမား မခေါ်ဘူးလား"

"ခေါ်ထားပါတယ်၊ အဲဒါကို ဒင်းကိုက ရှည်ပြီး လုပ်တတ်တာလည်း မဟုတ်ဘဲနဲ့ သွားကလိုနေလို့ ပြောဆိုဆုံးမနေရတာ"

"ဟေ့ကောင်"

ချိုကြီး ဘုကြည့်ကြည့်သည်ကို မသိယောင်ဆောင်ရင်း တင်မောင်မှ မျက်ရှု့ကို မေး၏။

"နင့်ကား ဘာဖြစ်လို့လဲ"

"မသိဘူးဟ၊ နောက်ဘက်က အသံနည်းနည်းမြည်လို့"

"ရတယ်လေ၊ ငါ ကြည့်ခိုင်းလိုက်မယ်"

ပြောပြောဆိုဆို တင်မောင် သူ့လူများဘက်သို့ လျှောက်သွားရင်း အော်သွားလေ၏။

"ဟေ့ ဘယ်သူရှိလဲ၊ အရှည်ကြီး လာ ဒီကား ခုံပေါ်တင်လိုက် ရော့ သော့"

နှစ်ယောက်သား ကျန်ခဲ့ကြသော် ချိုကြီးမှ

"မျက်ရှု ... နင် ဟိုကောင်နဲ့ တွေ့သေးလား"

"အခုတလော မတွေ့ဘူးဟ၊ ငါက ဆိုင်ပြင်နေတော့ အိမ်မှာ သိပ်မရှိဘူး"

"နင့်ဆိုင်က ပြီးပြီလား"

"ပြီးတော့မယ်ဟ၊ ဒီနေ့ မှန်တွေလာတပ်လို့ ငါသွားကြည့်ပြီး အခုပဲ ပြန်လာတာ၊ မင်းရော ဘယ်တုန်းက ပြန်ရောလဲ၊ ပြောသာ ပြောရတာပါကွာ၊ မင်း သိတဲ့အတိုင်းပဲ၊ အဲဒီ ကိုအေးဝင်းကျော်တို့က ဘယ်တော့မှ သေချာတာ မဟုတ်ဘူး၊ ဟိုတစ်လကလည်း စာရင်းတွေ မှားပို့လိုပို့၊ ချိုကြီး ... ဒီတစ်ခါရော မင်း သေချာမှာခဲ့ရဲ့လား၊ ဟိုတယ် ခရီးကစာက ဒီနေ့ .... ဟဲ့"

မျက်ရှုမှာ လန့်သွားပြီး၊ သူ့ပါးစပ်ကိုသူ လက်နှင့်အုပ်ထားလိုက်မိ၏။ ချိုကြီးမှာ အံ့အားသင့်လွန်းလှသဖြင့် ကြက်သေသေကာ မျက်ရှုကို ကြောင်ကြည့်နေလေ၏။ တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် အတန်ကြာ ကြောင်နေပြီးနောက်မှ မျက်ရှု သတိဝင်လာကာ ...

"ချိုကြီး ငါ ဘာတွေ လျှောက်ပြောမိတာလဲဟင် ... ငါ ဘာတွေ လျှောက်ပြောမိတာလဲ"

"နင် ... နင် ... ငါနဲ့ ပုဏ္ဏားနဲ့ အလုပ်ထဲက ကိစ္စတွေ ဘယ် ... ဘယ်လိုလုပ်သိတာလဲ"

"မ ... မသိဘူး၊ နင်တို့အလုပ်ကိစ္စတွေ ငါ လုံးဝ မသိဘူး၊ ငါ ငါပြောနေရင်း သူ့အလိုလို ထွက်သွားတာ၊ ဘာဖြစ်သွားတာလဲ"

"နင် နင်လေယူလေသိမ်း အခေါ်အဝေါ်တွေပါ ပြောင်းသွားတာ၊ ဟိုကောင် ငါ့ကိုပြောနေကျအတိုင်းပဲ၊ နင် ဟိုကောင့်ကိစ္စတွေ အကုန်သိနေတာလား၊ ဟုတ်လား မျက်ရှု"

"မသိဘူး၊ ငါ တကယ် ဘာမှမသိဘူး၊ သူ့အလိုလို ပါးစပ်ကတောက်လျှောက်ထွက်သွားတာ၊ ငါ ငါပြောချင်တာက တစ်မျိုး၊ ငါ ပြောနေတာ ငါ့ဆိုင်ကိစ္စလေ"


"ဒါဆို ဘာဖြစ်သွားတာလဲဟ၊ နင်မသိဘူးဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ ဘာလို့ ငါနဲ့ ဟိုကောင်နဲ့ နှစ်ယောက်ပဲသိတဲ့ ဒီနေ့စာပို့ရမယ့်ကိစ္စကို နင် ဘယ်လိုလုပ်သိနေတာလဲ၊ မျက်ရှု ... နင် ... နင် ပြန်စဉ်းစားကြည့်စမ်း၊ ငါ့ကို စကားတစ်ခုခု အကြောင်းတစ်ခုခု ထပ်ပြောကြည့်စမ်း"

မျက်ရှု မျက်မှောင်ကုတ်ကာ ငြိမ်သွား၏။ ချိုကြီးမှာ အံ့သြလွန်း၍ ထူးဆန်းတယ် ထူးဆန်းတယ်ဟု ရွတ်နေ၏။ မျက်ရှုမှ ...

"မရဘူးဟ၊ ဘာမှ စဉ်းစားလို့မရဘူး၊ ငါ နင့်ကို ဘာပြောရမှန်းလဲ မသိဘူး"

"ပြောကြည့်ဟာ၊ တစ်ခုခု ပြောကြည့်၊ ခုနက နင့်ဆိုင်အကြောင်းပြောရင်းဖြစ်တာ မဟုတ်လား၊ နင့်ဆိုင်အကြောင်း ပြန်ပြောကြည့်စမ်းဟာ"

"ငါ့ဆိုင်က ရှေ့လလောက်ဆို ဖွင့်ရင်ဖွင့်လို့ရလောက်ပြီဟ၊ ဒါပေမဲ့ Decoration တွေတော့ ကျန်သေးတယ်၊ လူခန့်ဖို့တွေ ဘာတွေတော့ လုပ်ရဦးမှာပေါ့ဟာ၊ ပန်းမှာဖို့တော့ အဆက်အသွယ်တွေ တော်တော်ရပြီဟ၊ ဟင် ... အခုကျတော့လည်း ဘာမှ မဖြစ်တော့ပါလားဟဲ့"

"အေး ခုနက ဘာဖြစ်သွားတာလဲ ဒါဆို"

"မသိဘူးလေ၊ တကယ် တကယ် ... ငါ ဘာဆိုဘာမှ မသိလိုက်တာ"

"ဘာလဲဟ"

ထိုစဉ် တင်မောင် ပြန်ရောက်လာ၏။ ရေးကြီးသုတ်ပျာနှင့် အံ့သြတကြီး ဖြစ်နေကြသည်ကို မြင်သော်

"ဘာလဲ၊ ဘာဖြစ်နေကြတာလဲ မင်းတို့"

"မသိဘူး၊ ထူးဆန်းတယ်ဟ၊ ထူးဆန်းတာမှ သောက်ကျိုးနည်း ဟေ့ကောင်၊ စိတ်တောင်မကူးမိတာမျိုး"

"ဘာလဲ၊ ဘာဖြစ်လို့လဲ၊ ငါ ခဏလေးသွားတာပါ"

"အေး၊ အဲဒီခဏလေးမှာကို ဖြစ်တာ၊ ဒီလိုကွာ မင်းသွားတော့ ဒီလိုပဲ ငါနဲ့မျက်ရှု ဟိုပြောဒီပြော ပြောနေကြရင်း မျက်ရှုက သူ့ဆိုင်အကြောင်း ပြောနေတုန်း စကားတန်းလန်းကြီးမှာ ဟိုကောင့်လေသံ ပြောင်းသွားပြီး ဟိုကောင်နဲ့ငါနဲ့ပဲ သိပြီး သူ လုံးလုံးမသိတဲ့ အကြောင်းတွေ ဟိုကောင့်အတိုင်း ငါ့လာပြောတာ"

"အာ ... ဘာတွေလဲ၊ ဘယ်ကောင်လဲ၊ ချိုကြီး မင်းရှင်းကာမှ ရှုပ်ကုန်ပြီး၊ ဘာတွေပြောနေတာလဲ"

မျက်ရှုမှဝင်၍

"ဒီလိုဟ ..."

"အေး ကောင်းတယ် နင်ပြောတာ၊ ဟိုကောင်က လိပ်ပတ်မလည်ဘူး"

ချိုကြီးမှ ထောက်ခံ၏။

"ဟုတ်တယ် ဟုတ်တယ်၊ မျက်ရှု နင်ပြော၊ ဒါမှပြောရင်းနဲ့ ထပ်ဖြစ်ချင်ဖြစ်မှာ"

မျက်ရှု လန့်သလို ဖြစ်သွားသော်လည်း တင်မောင်အား ဆက်ရှင်းပြ၏။

"ဒီလိုဟ ..."

"အေး"

"နင်ထွက်သွားတော့ ချိုကြီးက ငါ့ကို ပုဏ္ဏားနဲ့ တွေ့သေးလားလို့မေးတယ်"

"အင်း"

"အဲတော့ ငါကလည်း ငါ ဆိုင်ပြင်နေလို့ မတွေ့ဘူးပေါ့ဟ"

"အဲဒီတော့"

"အဲဒီတော့ စကားက ငါ့ဆိုင်ကိစ္စဘက် ပြောင်းသွားတာပေါ့ဟာ၊ ချိုကြီးက ငါ့ဆိုင်ပြီးပြီလားလို့ မေးတယ်"

"အခုထက်ထိတော့ ဘာမှ မထူးဆန်းသေးဘူး"

"ခဏနေဦး တင်မောင် မင်းစိတ်ရှည်ရှည်နဲ့ နားထောင်၊ ငါပြောတုန်းကလို မင်းရှုပ်သွားမှာစိုးလို့ မျက်ရှုက အသေးစိပ် ပြောနေတာ"

"အေး အေး ပြီးရော၊ ပြော ဆက်ပြော သူငယ်ချင်း၊ ဆောရီး"

မျက်ရှုမှ အားတက်သရော ဆက်ပြော၏။

"အေး၊ ချိုကြီးကမေးတော့ ငါ ပြန်ပြောတာပေါ့ဟာ၊ ဆိုင်က ပြီးတော့မယ်ပေါ့ဟာ၊ ငါ အဲဒီက ပြန်လာတာပေါ့၊ ငါ ဆက်ပြောချင်တာက ချိုကြီးရော နင်ရော ပုဏ္ဏားရော တစ်ရက်ချိန်းပြီး ငါ့ဆိုင် လာကြည့်ပေးကြဦး၊ လိုတာဝိုင်းကြည့်ပေးကြဦးလို့ ပြောမလို့ဟာကို ရုတ်တရက် ငါ့ပါးစပ်က ဘာတွေပြောလိုက်မိမှန်း မသိဘူး၊ ပြောချင်စိတ်နဲ့ ပြောချလိုက်တာက ငါ့ဆိုင်အကြောင်းဟာ၊ ဒါပေမဲ့ ပါးစပ်က ထွက်သွားတာက ငါနဲ့ ဘာမှ မဆိုင်တဲ့ ငါလည်း လုံးဝမသိတဲ့ ပုဏ္ဏားနဲ့ချိုကြီးတို့ အလုပ်ထဲက အကြောင်းတွေ"

"ဟေ"

"မပြီးသေးဘူး နေဦး၊ ငါပြောချလိုက်မိတဲ့ သူတို့အလုပ်အကြောင်းတွေကို အခု ငါ နင့်ကိုပြောနေတဲ့ ငါ့လေသံ ငါ့လေယူလေသိမ်းနဲ့ မဟုတ်ဘူး၊ ပုဏ္ဏားက ချိုကြီးကိုပြောသလို မင်းတွေငါတွေနဲ့ ဖြစ်သွားတဲ့အပြင် လေယူလေသိမ်းကလည်း ပုဏ္ဏားရဲ့ လေယူလေသိမ်းအတိုင်းဟ"

"မြတ်စွာဘုရား၊ ထူးဆန်းလှချည်လား"

"အေး အဲဒါ ပြောတာပေါ့၊ အသံကတော့ ငါ့အသံ နဂိုအခုအသံပဲဟာ၊ ဒါပေမယ့် ပြောထွက်သွားတဲ့ အကြောင်းအရာနဲ့ လေယူလေသိမ်းက ငါနဲ့ ဘာမှမဆိုင်တဲ့ ပုဏ္ဏားကိစ္စတွေနဲ့ ပုဏ္ဏားလေယူလေသိမ်း အသုံးအနှုန်း အခေါ်အဝေါ်တွေ၊ ငါ လုံးဝ ထိန်းလို့ မရလိုက်ဘူး၊ အေးအေးဆေးဆေးကို ပြောလိုက်မိတာဟ၊ ငါ သတိထားမိတဲ့အချိန်မှ ငါ အရမ်းလန့်ပြီး ရပ်သွားတာ၊ ငါ ပြောလိုက်မိတဲ့အထဲမှာ ငါ လုံးဝ မသိတဲ့ လူနာမည်တစ်ခုပါတာရယ်၊ စာတစ်စောင်ကိစ္စ ပါတယ်ဆိုတာရယ်ပဲ ငါ မှတ်မိတော့တယ်၊ အခု ပြန်စဉ်းစားကြည့်တော့ ကျန်တာ ငါ ဘာတွေပြောလိုက်တယ်ဆိုတာ ငါ လုံးဝမသိတော့ဘူး၊ လူနာမည်ပါတာပဲ မှတ်မိတယ်၊ ဘယ်သူမှန်းတောင် မမှတ်မိတော့ဘူး"

"ဟ ဘယ်လိုဖြစ်တာလဲ၊ ဘာဖြစ်တာလဲ"

ချိုကြီးမှ ဝင်ပြော၏။

"ငါ ပြောပြမယ် မျက်ရှု၊ နင်မမှတ်မိတော့တဲ့ နင်ပြောသွားတာတွေက အခုလက်ရှိ ငါနဲ့ပုဏ္ဏားနဲ့ လုပ်နေတဲ့ ကိစ္စတွေ၊ ငါ နင်ပြောသွားတာတွေ တစ်လုံးမကျန် မှတ်မိတယ်၊ မင်းတို့နှစ်ယောက်လုံး နားထောင်ကြည့်၊ ဘယ်လောက် အံ့သြဖို့ကောင်းတဲ့ ကိစ္စတစ်ခုရှိသေးလဲဆိုတာ ပြီးရင် ဆက်ပြောပြမယ်၊ မျက်ရှု အေးအေးဆေးဆေး ပြောသွားတာတွေက 'မင်းရော ဘယ်တုန်းက ပြန်ရောက်လဲ၊ ပြောသာ ပြောရတာပါကွာ၊ မင်း သိတဲ့ အတိုင်းပဲ၊ အဲဒီ ကိုအေးဝင်းကျော်တို့က ဘယ်တော့မှ သေချာတာ မဟုတ်ဘူး၊ ဟိုတစ်လကလည်း စာရင်းတွေ မှားပို့လိုပို့၊ ချိုကြီး ဒီတစ်ခါရော မင်းသေချာမှာခဲ့ရဲလား၊ ဟိုတယ်ခရီးကစာက ဒီနေ့ ...' ဆိုပြီး အဲဒီနေရာမှာ မျက်ရှုလန့်ပြီး ရပ်သွားတာ၊

ငါ့မှာ အံ့သြလွန်းလို့ သေများသွားမလားတောင် မှတ်တယ်"

"ဟောတော့"

"ဟိုက်၊ ဘာတွေလဲဟ အဲဒါတွေက"

"အေးလေ၊ ငါတော့ လုံးဝနားမလည်ဘူး၊ ငါ တကယ် အဲဒါတွေ ပြောလိုက်တာလားဟေ၊ ငါ ဘာမှမသိဘူးဟ နင် ပြောတာ"

"မင်းတို့နှစ်ယောက်က ဘာမှနားမလည်လို့ ... အဲဒါတွေအားလုံး နားလည်နေတဲ့ငါက ဘယ်လောက်ဖြစ်သွားမလဲဆိုတာ ပြောပြမယ်၊ မျက်ရှု ပြောသွားတာတွေအားလုံး မင်းတို့သိအောင် ငါ တစ်ခုချင်း ရှင်းပြမယ်"

"အေး အေး၊ ကောင်းတယ် ချိုကြီး၊ ငါတို့နည်းလည်အောင် ရှင်းပြစမ်းဟာ"

"ဟုတ်ယတ်၊ မင်းက ကာယကံရှင် မျက်ရှုထက်တောင် လန့်သွားပုံပဲ၊ အခုထက်ထိတောင် မျက်နှာ ဖြူဖတ်ဖြူရောင်နဲ့ ချွေးစေးတွေပျံလို့"

"အေးပါ၊ မင်းတို့နားထောင်ကြည့်၊ နောက်ဆုံး အထူးဆန်းဆုံးတစ်ခု လာဦးမှာ မပူနဲ့၊ အဲဒီတော့မှ ငါ ဖြူသွားရတဲ့အကြောင်း မင်းတို့သိမှာ၊ ဒီလိုကွ တင်မောင်ရ၊ တစ်ခုချင်း ရှင်းမှဖြစ်မှာ၊ မင်းရောဘယ်တုန်းက ပြန်ရောက်လဲ ဆိုတာက ငါ မနေ့က အလုပ်ကိစ္စနဲ့ ပုသိမ် နေ့ချင်းပြန်သွားတာကို ညက ဘယ်အချိန်ရောက်လဲ မေးတာ၊ ငါ ပုသိမ်သွားတာ ငါရယ် ပုဏ္ဏားရယ် ဒရိုင်ဘာရယ်ပဲ သိတာ"

"ဟင်"

"ဟေ"

"နေဦး ပြောသာပြောရတာတို့၊ မင်းသိတဲ့အတိုင်းတို့၊ ကိုအေးဝင်းကျော်တို့၊ မသေချာတာတို့ ဆိုတာတွေက မနေ့က ငါသွားတဲ့ ပုသိမ်က ငါတို့နဲ့ စပ်တူအလုပ်တွဲလုပ်နေတဲ့ လူတွေနဲ့ကိစ္စတွေ၊ အဲဒီလူတွေက Tour Group လက်ခွဲရုံးတစ်ရုံးက၊ ကိုအေးဝင်းကျော်ဆိုတာက အဲဒီရုံးကပိုင်ရှင် ပုသိမ်သား၊ မင်းတို့နဲ့ သိဖို့မပြောနဲ့ မြင်တောင်မြင်ဖူးမှာ မဟုတ်ဘူး၊ ကိုအေးဝင်းကျော်က အလုပ်ပေါင်းစုံနဲ့ ပုသိမ်ကခွာလို့ ရတဲ့လူ မဟုတ်ဘူး၊ ဒီလောက်နီးနီးလေး ရန်ကုန်ကိုတောင် တစ်နှစ်နေလို့မှ တစ်ခါလာဖြစ်ရင် ကံကောင်း"

"ဟောတော့"

"အဲဒါပြောတာပေါ့ဟ၊ ဒီတစ်ခါရော သေချာမှာခဲ့ရဲ့လား ဆိုတာက မနေ့က ငါက ကိစ္စသုံးလေးခုနဲ့ သွားတာ၊ တစ်ခုက အဲဒီကိုအေးဝင်းကျော်တို့နဲ့ ပတ်သက်တော့ ငါက ဝင်တွေ့ရတယ်။ ၊ မှာစရာရှိတာ မှာရတယ်၊ မှာရင်လည်း သေချာမှာရတယ်၊ အဲဒီလူက အလုပ်တွေ အများကြီး၊ ပြီးတော့ အလားလုံး ရောထွေးကုန်ပြီး ဟိုပို့ရမယ့်ဟာ ဒီပို့လိုပို့၊ ဒီပြောရမယ့် စကားတွေဖုန်းတွေ ဟိုသွားပြော ဟိုသွားဆက် လုပ်လိုလုပ်နဲ့လူမျိုး၊ ဒါပေမဲ့ သူက ရိုးပြီးတော့ နှံစပ်တယ်၊ အမှန်မှာ မနေ့က ငါနဲ့ ပုဏ္ဏားနဲ့ တူတူသွားမလို့၊ မျက်ရှုနောက်ဆုံးပြောသွားတဲ့ စာကိစ္စပေါ်လာလို့ ပုဏ္ဏားက ကျန်ခဲ့တာ၊ မင်းတို့သိရင် ပိုတောင် အံ့သြမယ်၊ အဲဒီ ဟိုတယ်ခရီးစာက အရေးတကြီးတင်ခိုင်းလို့ မနေ့က ပုဏ္ဏားက စာထိုင်စီပြီး ရုံးကအပြန် ငါ့အိမ်ဝင်ပို့ထားခဲ့တာ၊ ငါက ပြန်မရောက်သေးဘူး၊ အဲဒီစာ အရေးကြီးမှန်းသိလို့ ဒီနေ့ ငါ့ကို သွားတင်ခိုင်းတာ၊ မျက်ရှုက ဒီနေ့ဆိုပြီး လန့်ပြီး ရပ်သွားပေမဲ့ နောက်ဆက်တွဲတောင် ငါက ဆက်ပြောပြလိုက်ဦးမယ်၊ ဒီနေ့ တင်ရမှာနော် ချိုကြီးတဲ့၊ အဲဒီစာက ဒီကောင်နဲ့ငါပဲ သိတာ၊ အဲဒါကြောင့် မျက်ရှုတကယ် ဘာမှမသိဘူးဆိုတာ ငါ ယုံတာပေါ့၊ ယုံလို့ ပိုလန့်တာပေါ့"

"နေဦး ချိုကြီး၊ မင်းက ဘာကိစ္စ အဲလောက် အတိအကျ မှတ်မိနေတာတုံး"

"အေး အဲဒါပဲ၊ ပြောမယ် ပြောမယ်၊ ငါ ခုနက မင်းတို့ကို ပြောတယ်မဟုတ်လား၊ သေအောင် လန့်သွားတယ် ဆိုတာလေ၊ တခြားမဟုတ်ဘူး မျက်ရှု တောက်လျှောက် အေးအေးလူလူ ပြောချသွားတာတွေ အားလုံးက မနက်ကတင် ပုဏ္ဏား ဖုန်းထဲကနေ ငါ့ကို ပြောသွားတာတွေ ငါနားနဲ့ ဆတ်ဆတ်ကြားရပြီးသားမို့လို့ဟေ့"

"ဘာ"

"ဘုရားရေ"

အတွေးကိုယ်စီနှင့် အားလုံး ငြိမ်ကျသွား၏။ သုံးယောက်လုံး မတ်တတ်။ ထိုင်ရန် သတိမရကြ။ ခဏနေမှ ချိုကြီးက တစ်စုံတစ်ရာ သတိရ၍ မျက်ရှုအား မေး၏။

"မျက်ရှု နင် နေကောင်းရဲ့လား"

တင်မောင်လည်း ထိုအခါမှ သတိဝင်လာ၍

"အေး ဟုတ်တယ်၊ မျက်ရှု နင် အိုကေရဲ့လား"

မျက်ရှု ဇဝေဇဝါနှင့်

"အိုကေပါတယ်ဟ၊ ဘာမှ မဖြစ်ပါူး၊ ငါ အကောင်းကြီးပဲ၊ တကယ် အကောင်း"

"မဟုတ်ဘူးလေ၊ ခေါင်းမူးနေတာတို့ ရင်တုန်နေတာတို့ ဟိုတစ်ခါတုန်းကလို ကျောထဲက စူးလာအောင့်လာတာမျိုးတို့"

"ဟင်အင်း ဘာမှမဖြစ်ဘူး"

"ဘာဖြစ်လို့လဲ ချိုကြီး"

"မဟုတ်ဘူး တင်မောင်ရ၊ ငါက ဆိုင်များဆိုင်သလားလို့ မေးကြည့်ကြည့်တာ"

"ဘာကိုလဲ"

"ဘာမှန်းတော့ ငါလည်း မသိဘူးလေကွာ၊ ဟိုကောင်က တုပ်ကွေးမိပြီး ဂိနေတာကွ၊ ဒီကောင်ရော မေနိုးရော ရုံးမတက်ဘူး ဒီနေ့၊ မေနိုးက လူနာစောင့်ပေါ့ကွာ၊ အဲဒါ ဟိုကောင်ကဂိနေတော့ မျက်ရှုလည်း နေမကောင်းတွေဘာတွေ ဖြစ်နေရင် ဆိုင်များဆိုင်နေမလားလို့ မေးကြည့်တာဟ"

"ကြံကြီးစည်ရာ ချိုကြီးရာ ... မေနိုး ခရီးသွားလို့ဆို ပြန်ရောက်နေပြီလား"

"မင်းကလည်း ငါတို့အလုပ် မသိတာကျနေတာပဲ၊ အခု ပျောက်သွားလိုက်၊ အခု ပြန်ပေါ်လာလိုက်ပဲဟာကို၊ အဲဒါကြောင့် ငါ့ကားသော့ မြန်မြန်ပြန်ထုတ်ပေးပါလို့ ပြောတာဟ၊ ရုံးမှာ ဘယ်သူမှမရှိဘူး၊ ငါ သွားနေပေးရဦးမယ်၊ မေနိုးက ဒီသုံးလေးရက် ရုံလာတော့မှာ မဟုတ်ဘူး၊ သူ့အဖေတွေ အမေတွေ ပြန်လာစရာရှိသေးတယ် ပြောတယ်"

"ချိုကြီး ... တဖြည်းဖြည်းနဲ့ လူကြီးစုံရာ ဖြစ်လာနေပြီနော်၊ ဟိုကောင် ငါတို့ကို ငြင်းထားတဲ့ ဟိုကိစ္စမမေ့နဲ့"

မျက်ရှုမှာ နားထောင်နေရင်းမှ စိတ်ထဲ တစ်မျိုးဖြစ်သွား၏။

ဘာမှတော့ မမေးဖြစ်လိုက်။

တစ်ခုခု မေးလိုက်ရန် ရုတ်တရင် ပြင်ဆင်လိုက်မိကြောင်းကိုတော့ သူမ တစ်ယောက်ထဲသာ သိလေသည်။ သို့သော် သူ ပြောလိုက်မသည်က တစ်ခြား။

"ငါ ခုနက ဘာဖြစ်သွားတာလဲဆိုတာလည်း စဉ်းစားပေးကြဦးလေဟာ၊ နင်တို့ကလည်း"

နှစ်ကောင်လုံး ပြန်ငြိမ်သွားကြပြန်၏။ ချက်ချင်းပင် တညီတညွတ်ထဲ အဖြေထွက်ကာ ပြိုင်တူပြောမိကြ၏။

"ငါတို့လည်း မသိဘူးဟ"

မျက်ရှု စိတ်ကောက်ချင်သွား၏။ မသိလို့မေးပါတယ်ဆိုမှ။

"ဟဲ့ အကြံလေးဘာလေး ပေးကြဦးလေဟာ"

တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပြန်၏။ စိတ်မရှည်ချင်စရာ။ မျက်ရှု ရုတ်တရက် ဝမ်းနည်းသွားသလို ခံစားလာရ၏။

"နင်တို့ကလည်းဟာ ..."

ထိုအခါကျတော့ ပျာပျာသလဲ။

"မ မဟုတ်ဘူးလေဟာ၊ ငါတို့လည်း ဘာလုပ်ရမှန်းမသိတော့၊ ဘာပြောရမှန်းလဲ မသိဘူး၊ ဒီလိုလုပ်ဟာ မျက်ရှု"

"ဘယ်လိုလဲ"

"ငါ နင့်ကို ချိန်းပေးမယ်၊ နင် သွားတွေ့လိုက်ပါလား၊ ဒီလိုဟာမျိုးက ဒီကောင်နဲ့ အဆင်ပြေမယ် ထင်တယ်"

"ဘယ်လိုလဲ"

"ငါ နင့်ကို ချိန်းပေးမယ်၊ နင် သွားတွေ့လိုက်ပါလား၊ ဒီလိုဟာမျိုးက ဒီကောင်နဲ့ အဆင်ပြေမယ် ထင်တယ်"

"ဘယ်သူလဲဟေ ဘယ်သူလဲ၊ ဗေဒင်ဆရာလား အကြားအမြင်ဆရာလား"

"မဟုတ်ဘူး၊ ဇော်ဝါးနဲ့"

"ဟင်"

"ချိုကြီး ... မင်းပြောတာ မပြည့်စုံသေးဘူး၊ တစ်ယောက်ကျန်သေးတယ်ဟ"

"ဘယ်သူလဲ ပုဏ္ဏားလား"

"သိပ်ဟုတ်တာပေါ့ သူငယ်ချင်း၊ အဓိကကျတဲ့လူကို မျက်ရှုချန်ထားခဲ့လို့ မရဘူးလေ"

"ဟာ နင်တို့ကလည်း"

"ဟုတ်တယ်ဟ၊ ဟို နင့် စွန်လွှတ်လို့ ပြဿနာမဖြစ်ခင်လေးက ပုဏ္ဏား ငါတို့ကို ပြောဖူးတာ ငါ မှတ်မိနေတယ်၊ silver cord ဆိုလား ... တစ်ခုကို တစ်ခု နဂိုကတည်းက ဆက်ထားတဲ့ ကြိုးလေးတွေ မမြင်ရဘဲ ရှိနေကြတတ်တယ်တဲ့

ဟား ဟား ဟား"

"အာ ... ဘာမှန်းလဲ မသိဘူး၊ တင်မောင် ... ငါ့ကားရပြီလား သွားကြည့်ပေးဦး"

"အေး ဟုတ်သား ... ငါလည်း အခုမှ သတိရတယ်၊ ဟေ့ကောင် သော့သမား သော့သမား လုပ်ဦးဟ"

"အေးပါ မင်းက တစ်မျိုး"


မှန်ရာကို သစ္စာရှိရှိ ဝန်ခံရလျှင်တော့ ထိုနေ့က ဘာမှန်းမသိ မျက်ရှု နည်းနည်းတော့ ရှက်သွားခဲ့လေ၏။ ကိုယ့်ကိုကိုယ် မေးမိသည်။

Why !

တစ်ခါတစ်လေတော့ လောကကြီးက တစ်မျိုးပါပဲလေ။ ဘာမှန်းလဲ မသိဘူး။


(၄)

ကန်ရေပြင်ကျယ်ကြီးကို လှမ်း၍ မြင်နေရသော ဆိုင်ကလေးတစ်ဆိုင်ထဲတွင် ဖြစ်လေသည်။ လူရှင်း၍ တိတ်ဆိတ်နေ၏။ နေ့လည်ခင်း နေပူနေသော်လည်း သူတို့ထိုင်နေသော နေရာမှာ အရိပ်ကောင်းလှသော သစ်ပင်ကြီး တစ်ပင်အောက်တွင် ဖြစ်၍လည်းကောင်း၊ လေတသုန်သုတ်က ရေကန်ကြီးကို ဖြတ်သန်းလာကာ အေးမြစွာ တိုက်ခတ်နေ၍ လည်းကောင်း အပူဒဏ်မခံရဘဲ အေးချမ်းစွာ ရှိနေလေ၏။ ရဲသင်မှ မေနိုးအား ကြည့်၍

"ပြောစရာရှိလို့ဆို မေနိုး၊ အိမ်မှာပြောလည်း ရရဲ့သားနဲ့ ဘာလို့ ဒီနေရာအထိ တကူတက ခေါ်လာတာတုံး၊ ဘာလဲ မုန့်ဖိုးကုန်သွားပြန်ပြီ မဟုတ်လား"

"မဟုတ်ဘူး ကိုကို"

ရဲသင် ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း မေနိုး ပြန်ဖြေသံက တည်တည်ငြိမ်ငြိမ်။ ထို့ပြင် ခါတိုင်းလို ဖျတ်ဖျတ်လတ်လတ် သွက်သွက်ရွှင်ရွှင် ရှိမနေဘဲ တစ်စုံတစ်ရာကို သေသေချာချာ တွေးနေ စဉ်းစားနေ သလိုပုံမျိုး ဖြစ်နေသည်ကို ရဲသင် သတိထားမိသွား၏။

"မေနိုး ... ဘာဖြစ်နေတာလဲ၊ အန်ကယ်ဂျော့ရှ်တို့နဲ့ ပြဿနာတစ်ခုခု ရှိလို့လား၊ အိမ်မှာပြောတာ မလွတ်လပ်လို့ ကိုကို့ကို ဒီခေါ်လာတာ မဟုတ်လား"

"ဟုတ်တယ်ကိုကို၊ အိမ်မှာ အခန်းထဲ တံခါးပိတ်ပြောရင်လည်း တမျိုးထင်ကြမှာစိုးလို့ ကိုကို့ကို ဒီခေါ်လာတာ၊ ပြဿနာရှိတာတော့ ဟုတ်တယ် ကိုကို၊ မေနိုး ပြဿနာလို့တော့ တိုက်ရိုက်ပြောလို့လည်း မရဘူး၊ ဒါပေမယ့် မေနိုးနဲ့လည်း ဆိုင်နေတယ်"

"ဘာလဲဟ ညည်းဟာက ... ငါနဲ့ရော ဆိုင်သလား"

"အင်း ... ဆိုင်တယ်"

"ဘာလဲ ဒါဆို"

"ပြဿနာက နာနားကိစ္စ ကိုကို၊ နာနား တစ်ခုခု ဖြစ်နေတယ်"

"ဟင် ... အန်ကယ်ဂျော့ရှ်တို့ ရောက်နေတာပဲ တစ်ပတ်ပြည့်တော့မယ်၊ ကိုကို့ကိုလည်း ဘာမှ မပြောပါလား၊ ဂျိုနသန် ဘာဖြစ်လို့လဲ"

"မားမားတို့က ဘာဖြစ်လို့ ကိုကို့ကို မပြောလဲတော့ မေနိုးလည်း မသိဘူး၊ ကိုကိုနဲ့ မဆိုင်လောက်ဘူးလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့၊ ဒါပေမဲ့ မေနိုးကတော့ ကိုကိုနဲ့ ဆိုင်ကိုဆိုင်တယ်ထင်လို့ ပြောပြမလို့ ခေါ်လာတာ၊ မေနိုးလည်း နာနားကိစ္စ တနေ့ကမှ အန်ကယ်ဘုန်းနဲ့ အတူတူသိရတာ၊ အက်ဒီကတော့ သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ဘူးလို့ ထင်နေတာ၊ မာမားကတော့ နည်းနည်း စိုးရိမ်နေတယ်၊ မေနိုးက ကိုကို့ ပရောဂျက်ကိစ္စ သိနေတော့ ကိုကိုသိသင့်တယ်လို့ကို ယုံကြည်ထားတယ်၊ ကိုကို့ အကူအညီလည်း လိုချင်တယ်"

ရဲသင်ရံ မျက်မှောင်ကုတ်သွားလေ၏။ သူပါ အလေးအနက် ဖြစ်လာလေသည်။

"မေနိုး သေချာပြောပြစမ်း ကိုကို့ကို၊ ဂျိုနသန်က ဘာဖြစ်လို့လဲ"

စာပွဲထိုးလေးတစ်ဦးမှ စားစရာ သောက်စရာများ လာချပေးနေသဖြင့် ခေတ္တ စကားပြတ်သွားကြ၏။ စားပွဲထိုးလေး ပြန်ထွက်သွားမှ မေနိုးက အအေးတစ်ငုံယူသောက်ပြီး

"အစက စပြောမှ ကောင်းမယ်ထင်တယ် ကိုကို၊ နည်းနည်းတော့ ရှည်လိမ့်မယ်"

"ကိစ္စမရှိဘူး မေနိုး၊ ရှင်းအောင်သာ အကုန်ပြောပြ၊ ကိုကို တစ်ခုခု ရိပ်မိသလိုပဲ၊ ကိစ္စက မသေးဘူး ထင်တယ်၊ ဘာမှ မချန်ထားနဲ့၊ မေနိုး ကိုကို့ကို ယုံတယ်မဟုတ်လား"

"ယုံလို့ အကုန်ပြောပြဖို့ ဒီခေါ်လာတာပေါ့ ကိုကိုရဲ့၊ ပြောပြရင်လည်း ကြာနိုင်လို့ ဒီမှာ လာပြောပြတာ"

"အိုကေ၊ ကိုကို သေချာနားထောင်မယ် ပြော"

"ဒီလို ကိုကိုရဲ့၊ နာနားကို ဓာတ်ပုံကလွဲလို့ ကိုကိုတို့ မမြင်ဘူးပေမဲ့ ကိုကိုတို့ ကြားဖူးတဲ့အတိုင်း နာနားက မွေးကတည်းက နည်းနည်းထူးဆန်းတယ်၊ ငယ်ငယ်ကတည်းက တော်တော့်ကို ငြိမ်တာ၊ အရမ်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်တယ်ဆိုတာ ကိုကို ကြားဖူးမှာပေါ့၊ ကိုကိုတို့ကတော့ သာမန်လောက်ပဲ ထင်ချင်ထင်ကြမှာ၊ အဲလို မဟုတ်ဘူး ကိုကိုရဲ့၊ မေနိုးက အသက်ကွာတဲ့မောင်လေးဆိုတော့ နာနားကို အရမ်းချစ်တာ၊ တစ်ချိန်လုံး သူနဲ့ နေခဲ့တာ၊ သူ့ပုံစံက တစ်မျိုး၊ ငယ်ငယ်ကဆို အရမ်းငိုခဲ့တယ်၊ ဘာဖြစ်ဖြစ် သိပ်မငိုသလောက်ကို ဖြစ်နေတာ၊ မေနိုးကပဲ အချိန်မှတ်ပြီး နို့ဘူးတိုက်တာတို့ ဒိုက်ဗာလဲတာတို့ သိပ်တာတို့ သူ့ပုခက်ထဲ အကောင်ပလောင်ရှိနေမနေ ကြည့်ပေးရတာတို့ လုပ်ခဲ့ရတာ၊ သူက ဘာဖြစ်နေနေ အော်တာငိုတာ မရှိသလောက်ပဲ၊ ဒက်ဒီရော မာမားရောက အလုပ်လုပ်ကြရတော့ နာနားက မေနိုးနဲ့ပဲ နေရတာများတယ်၊ တဖြည်းဖြည်း ကြီးလာတော့ နာနားက ငြိမ်ငြိမ်သက်သက်ပဲ၊ ထားရင်ထားတဲ့နေရာမှာ ငြိမ်ငြိမ်လေးနေပြီး ပေးထားတာလေးတစ်ခုခုနဲ့ ဆော့နေတာပဲ၊ မှောက်တတ်လေးဘက်ထောက်တတ်တဲ့ အရွယ်၊ လမ်းလျှောက်တတ်တဲ့ အရွယ်ကနေ အခုထိ လျှောက်သွားတာတို့ အန္တရယ်ရှိမယ့် ပစ္စည်းမျိုးတွေနဲ့ ကစားနေတာတို့ လုံးဝမရှိဘူး"

"အင်း အဲဒါတော့ အဖေပြန်ပြောပြလို့ ကိုကို ကြားဖူးတယ်၊ ဂျိုနသန်က အရမ်းလိမ္မာ အရမ်းငြိမ်တယ်တဲ့"

"ဟုတ်တယ်ကိုကို၊ ငြိမ်တာမှ သူများနဲ့ မတူဘူး၊ အိမ်မှာ သူ့အကြောင်းကို မေနိုးက အသိဆုံးဆိုတော့ တစ်ခါတလေ လန့်တောင်လန့်တယ်၊ နာနားကလည်း မေနိုးကို မာမားတို့ထက် ပိုချစ်သလိုပဲ၊ မေနိုးကလည်း ကိုကို့ကို ပြောတဲ့အတိုင်း ကိုယ့်မောင်လေးကိုယ် အရမ်းချစ်တာ၊ ဒါပေမဲ့ သူငယ်ငယ်လေးကတည်းက တစ်ခါတလေ သူနဲ့ မျက်လုံးချင်းဆုံပြီး ကြည့်မိရင် သူ တစ်ခါတလေ စိုက် စိုက်ကြည့်လိုက်တိုင်း လန့် လန့်သွားတတ်တယ်၊ ဘယ်လိုမှန်းတော့ မသိဘူး၊ တစ်မျိုးကြီးပဲ ကိုကိုရာ၊ ကိုယ်က ရုတ်တရက် မလုံသလို သိမ်ငယ်သွားသလိုမျိုး ခံစားရတယ်၊ မာမားတို့ကို မေးကြည့်တော့လည်း သူတို့လည်း တစ်ခါတလေ အဲလိုဖြစ်တယ်လို့ ပြောတယ်၊ ဒါပေမဲ့ သိတဲ့အတိုင်း ကိုကိုရာ၊ ဟိုမှာက လူတိုင်းက အမြဲတမ်း အလုပ်ကိစ္စပေါင်းစုံနဲ့ ရှုပ်နေကြတာဆိုတော့ အဲဒီကိစ္စ ဘယ်သူမှ ရေးကြီးခွင်ကျယ် လုပ်မနေဖြစ်ကြဘူး၊ အားလုံး သတိထားမိတာ တစ်ခုရှိသေးတယ်၊ နာနားက ဒီနေ့အထိ နေမကောင်းတစ်ခါမှ မဖြစ်ဖူးဘူး ကိုကိုရဲ့"

"ဟဲ့ ထူးဆန်းလှချည်လား၊ ညည်း ဘာလို့အဲဒါတွေ ငါ့ကို အရင်က မပြောတာလဲ"

"မပြောဆို ကိုကိုကလည်း စကားမှ မစပ်မိတာကိုး၊ မပြီးသေးဘူး ရှိသေးတယ်"

"အေး လုပ်စမ်း"


"ဖြစ်တဲ့အဖြစ်က မထူးခြားဘူး ကိုကိုရဲ့၊ ဟိုကကျောင်းတွေမှာ ဖြစ်တတ်တဲ့ဟာမျိုးပေါ့၊ ကလေးချင်း အနိုင်ကျင့်ချင်ကြတာလေ၊ နာနားက ကိုကိုမြင်တဲ့အတိုင်း နည်းနည်းထွားတယ်၊ ကစားချိန် စားချိန် အိပ်ချိန်မှန် ခဲ့တာကိုး၊ အဲဒီတော့ ကလေးချင်းက သိပ်မစမ်းရဲကြဘူး၊ ဒါပေမဲ့ နာနားကအေးတော့ ကြောက်တတ်မယ် ထင်ပြီး တစ်ရက်ကျ ကျောင်းအဆင်းမှာလား ကျောင်းအတတ်မှာလား မသိဘူး၊ မေနိုး ကောင်းကောင်း မမှတ်မိတော့ဘူး၊ ကလေး သုံးလေးယောက်က ဝိုင်း ရန်စတယ်လေ၊ သူက တစ်ယောက်တည်း၊ ကျန်တဲ့ ကလေးတွေကလည်း ဝင်မပါရဲကြဘူးတဲ့၊ ဒီအတိုင်း ကြည့်နေတာတဲ့၊ မေနိုးကို သူကိုယ်တိုင် ပြန်ပြောပြတာ၊ သူတို့ ဝိုင်းထိုးဖို့ လုပ်တာတဲ့၊ မေနိုးကို စထိုးဖို့လုပ်တဲ့ကလေးကို သူက မျက်စိနဲ့ ကြည့်လိုက်တာတဲ့၊ ကျန်တဲ့ ကလေးတွေကိုလည်း လိုက်ကြည့်တယ်တဲ့၊ အားလုံးကြောက်ပြီး ထွက်ပြေးကြတယ်တဲ့၊ စထိုးဖို့ လုပ်တဲ့ ကလေးက ပြေးရင်းချော်လဲပြီး နောက်တစ်နေ့တစ်ကျ အပြင်းဖျားလို့ ကျောင်းတစ်ပတ်လောက် မတတ်နိုင်ဘူးတဲ့၊ သူ ပြန်ပြောပြတာနဲပ ကျောင်းကလူတွေ ပြောတာနဲ့ အတူတူပဲ၊ မေနိုးတို့လည်း နောက်တစ်ခါ မလုပ်ရဘူးနော် ဘာညာနဲ့ ဝိုင်းပြောရတာပေါ့၊ သူကတော့ အေးအေးပဲ၊ Why they try me ပဲ ပြောတယ်၊ ကျောင်းမှာတော့ သူ့တို့ Devil တွေ Demon တွေရော စုံအောင် ပြောခံရတော့တာပေါ့၊ မပေါင်းရဲကြတော့ဘူး၊ သူကလည်း နဂိုတည်းက တစ်ယောက်တည်းနေတာ များတော့ ဘာမှဖြစ်ပုံ မရဘူး၊
မေနိုးတို့က အားငယ်မှာစိုးလို့ မေးမြန်းကြည့်တော့ သူက တကယ်ကို ဘာမှဖြစ်ပုံမရဘူး၊ They Don't Know Me ပဲ ပြော ပြောနေတယ်၊ မေနိုးက ဒါဆို မမတို့ ဒက်ဒီတို့ မာမားတို့ ကရောလို့ မေးတော့ အတူတူပဲတဲ့၊ အဲဒီတုန်းက ခြောက်နှစ်လောက်ပဲ ရှိဦးမယ်၊ မမတို့ မာမားတို့ကို နာနားက သိတယ်တဲ့၊ နာနားကို မမတို့ မာမားတို့ မသိဘူးတဲ့၊
နောက်တစ်ခု ရှိသေးတယ်၊ ဟိုနေ့ကမှ ဒက်ဒီ ပြန်ပြောပြတာ၊ အဲဒီ အရွယ်ပဲ၊ တစ်နေ့ ဒက်ဒီ ရုံသွားခါနီး နာနားက ပြောတယ်တဲ့၊ ဒက်ဒီရုံးက အခန်းထောင့်က ဗီရိုကြီးပေါ်မှာ တင်ထားတဲ့ အထုပ်အဖြူကြီး ဒီနေ့ပြုတ်ကျလိမ့်မယ်တဲ့၊ ဒက်ဒီ ရုံးရောက်ရင် ဒက်ဒီ့အခန်းအပြင်က မုတ်ဆိတ်နဲ့ လူကြီးကို ချခိုင်းလိုက်တဲ့၊ ဒက်ဒီကလည်း အမှုမဲ့အမှတ်မဲ့ အေးပါ အေးပါပေါ့၊ ရုံးရောက်တော့လည်း မေ့သွားတာပေါ့၊ နေ့လည်ကျတော့ အထုပ်ကြီးရော ဗီရိုပါ ပြိုကျပါလေရော၊ အထုပ်ကြီးက ဒက်ဒီထိုင်နေကျ ကုလားထိုင်ပေါ် တည့်တည့်ကို ကျတာ၊ စာရွက်စာတမ်းဟောင်းတွေ စုထုပ်ထားတဲ့ အထုပ်ကြီး၊ ဒက်ဒီ နောက်မှ ပြန်စဉ်းစားကြည့်တော့ နာနားက ဒက်ဒီရုံးကို တစ်ခါမှ မရောက်ဖူးတာ မဟုတ်ဘူး၊ ဒက်ဒီ့ရုံးခန်း အပြင်က သူပြောတဲ့ မုတ်ဆိတ်နဲ့ လူကြီးဆိုတာလည်း သူ တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး၊ ဒက်ဒီက ပြန်ပြောပြတာ၊ အဲဒီလူကြီးက ထွားထွားကြီးနဲ့ သိပ်သဘောကောင်းတာတဲ့၊ လူတိုင်းကို ကူညီနေကျတဲ့၊ ရုံးမှာ လေးလေးပင်ပင် မစရာသယ်စရာရှိရင် သူပဲ လုပ်ပေးနေကျတဲ့၊ တနေ့ကမှ အန်ကယ်ဘုန်းကို ပြောပြရင်းမှ မေနိုးနဲ့မာမား သိရတာ၊ ကံကောင်းတာက အထုပ်ကြီးပြိုကျတော့ ဒက်ဒီ မရှိဘူး၊ အစည်းအဝေး ရောက်နေတယ်လေ၊ မေနိုး ဘာပြောချင်လဲဆိုတာ ကိုကို သိလောက်ပြီ ထင်တယ်"

မောသွားပုံ ရ၏။ ရဲသင်ရံမှာ စိတ်ရှုပ်နေဟန်ရှိသော မျက်နှာဖြူဖြူလေးကို ကြည့်ကာ ပြုံးမိ၏။ အတန်ကြာ စဉ်းစားနေပြီမှ

"ကဲ ပြော မေနိုးနဲ့ တိုက်ရိုက် ဘယ်လိုပတ်သက်နေလဲ"

ပြန်ဖြေသံ မကြားရ။ ကြည့်လိုက်တော့ အဝေးကို ငေးနေ၏။

"အားလုံး ပြောပြမယ်ဆို၊ ဂျိုနသန်နဲ့ ညည်းနဲ့ ဘယ်လောက်ထိ ပတ်သက်လဲ"

ဖျတ်ခနဲ လှည့်ကြည့်လာ၏။ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေပြီမှ

"နာနားက မေနိုးကို ကောင်းကောင်းသိတယ် ကိုကို"

"အေးပါ ဟုတ်ပါပြီ၊ ဘယ်လို ကောင်းကောင်းသိတာလဲဆိုတာ သိမှ ကိုကို စဉ်းစားပေးလို့ရမှာပေါ့"

"အခု မာမားနဲ့ ဒက်ဒီလာတာ ကိုကိုနဲ့ မေနိုးကို နာနားက ခေါ်ခိုင်းလိုက်လို့တဲ့ ကိုကို"

"ဟေ"

လုံးလုံးမထင်ထားသော ကိစ္စကို ကြားလိုက်ရသဖြင့် ဘာဆက်ပြောရမှန်းမသိ ဖြစ်၍သွားလေ၏။ အထစ်ထစ် အငေါ့ငေါ့ ပြန်မေးရ၏။

"ဘာ ဘာဖြစ်လို့လဲ"

"အဓိကက နာနားက မေနိုးကို ပြန်လာစေချင်တာ ကိုကို၊ မေနိုးကိုသူ စိတ်မချဘူး၊ မေနိုး ဒီပြန်ရောက်ပြီးကတည်းက နာနားကို ခဏခဏ အိပ်မက်မက်တယ်၊ အစကတော့ ကိုယ့်မောင်လေးကိုယ် သတိရလို့ မက်တာလို့ ထင်တာ၊ သူ ပုံလေးတွေ ဆွဲပေးလိုက်ပြီး မာမားတို့နဲ့ ထည့်ပေးလိုက်တာ တွေ့တော့မှ ကိုကို့ကိုပြောမှ ဖြစ်တော့မယ်လို့ မေနိုး ဆုံးဖြတ်လိုက်တာ၊ ဒက်ဒီတို့ကတော့ နာနားဟာ သူ့အစ်မသူ အရမ်းသတိရနေတယ်လို့ ယူဆနေကြပုံရတယ်၊ မေနိုးကတော့ အဲလို မတွေးဘူး၊ နာနားကိစ္စက တစ်ယောက်ယောက်နဲ့ တိုင်ပင်ရမယ် ထင်တယ်လို့ ယူဆတယ်၊ မာမားတို့ကတော့ ကိုကိုတို့နဲ့ မဆိုင်လောက်ဘူး ထင်ပေမဲ့ မေနိုးတော့ အဲလို မထင်ဘူး"

"နေ ... နေဦး မေနိုး၊ ဂျိုနသန်က ပုံလေးတွေ ဆွဲပေးလိုက်တယ်ဆိုတာ ဘယ်မှာလဲ၊ ကိုကို ကြည့်ချင်တယ်"
 
 
မေနိုးက တစ်ချက်ပြုံး၍ သူ့အိတ်လေးလှမ်းဖွင့်ယူကာ အထဲမှ စက္ကူလိပ်လေးတစ်လိပ် ထုတ်ပေးလေသည်။

ကျောင်းသားငယ်တစ်ယောက်၏ လေ့ကျင့်ခန်း စာအုပ်ငယ်ထဲမှ ရိုးရိုးစက္ကူလေးများကို ဖြဲကာ ဆွဲထားသော ပုံလေးများ။ တစ်ပုံနှစ်ပုံကြည့်ရုံနှင့် ရဲသင်ရံ လက်ထဲမှ လွတ်ကျသွားမတတ် လန့်သွားလေသည်။ ပန်းချီဆရာတစ်ဦး၏ လက်ရာကဲ့သို့ ပီပြင်ထင်ရှားခြင်းတော့ မရှိလှပါ။ သို့သော် ရုပ်လုံးတော့ ပေါ်လှ၏။ ရုပ်ပုံလေးများမှာ ရှစ်ရွက် ဆယ်ရွက်ခန့်။မေနိုးနှင့်သူ ရေကူးနေကြပုံ၊ မေနိုး ယခု နေ နေသော ယခင်က ရဲသင်ရံ၏ အိပ်ခန်းပုံ။ ငှားထားသော မကြာသေးသော ရုံးခန်းပုံ။ မေနိုးခရီး ထွက်စဉ်က Tour Group အတွက် ငှားသွားခဲ့သော ကားကြီး။ မေနိုးတစ်ဦးတည်း မြင်ကွင်းအရသာ ပတ်သတ်ခဲ့သော ရှုခင်းမြင်ကွင်းများ။ မေနိုး မျက်စိမှ မြင်ရသော ရဲသင်ရံပုံ။ သူတို့အိမ် ရေကန်ဘေးတွင် အန်ကယ်ဂျော့ရှ်၊ အန်တီမေရီနှင့် သူ့အဖေ ဦးဘုန်းရံတို့ ထမင်းစားရင်း စကားပြောနေကြစဉ် ခွေးကြီးဘရုစ်မှ ပတတ်ရပ်၍ စာပွဲစွန်းလက်ထောက်ကာ အစာတောင်းနေသည်ကို မေနိုး ထိုင်နေသောနေရာမှ မြင်နေရပုံ။ မြတ်စွာဘုရား။ သူ ယခုထိုင်နေသော နေရာတွင် သူ စာရွက်များ ကြည့်နေသည်ကို မေနိုး နေရာမှ မြင်နေရပုံ။ နောက်တစ်ပုံ လှန်လိုက်ချိန်တွင် ရဲသင်ရံ အတော်တုန်လှုပ်သွား၏။

"မျက်ရှုလရောင်"

တစ်ထစ်ချ မတူသော်လည်း သူပင်ဖြစ်သည်မှာ ထင်ရှား၏။ မျက်လုံးတွေက ခပ်စိမ်းစိမ်း ကြည့်လျက်။ ကိုယ်တစ်ပိုင်းပုံ။ နောက်ဆုံးတစ်ပုံကား ...

အမျိုးသမီးတစ်ယောက်။

ရဲသင်ရံဘဝတွင် တစ်ခါမှ မမြင်ဘူးပါ။ ပြုံး၍နေပုံကို ဆွဲထား၏။ ရင်ဘတ်တွင် ပန်းတစ်ပွင့် ရှိ၏။ အမျိုးအစား မကွဲပြား။

"ဘယ်သူလဲ ကိုကို"

မေးသူက မေးခဲ့ပြီသော်လည်း အဖြေက မရှိ။ အတန်ကြာ တိတ်ဆိတ်၍နေ၏။

"အဲဒီနေ့က ကိုကိုကလည်း ဒင်နာတစ်ခုရှိတော့ အိမ်မှာမရှိဘူးလေ၊ မာမားတို့က အန်ကယ်ဘုန်းနဲ့ တိုင်ပင်တာ၊ နာနားက မေနိုးကို ပြန်ခေါ်စေချင်တာ၊ ကိုကို့ကိုလည်း တွေ့ချင်လို့တဲ့၊ သူက ဆမ်မက်စတာမပြီးသေးတော့ သူ လိုက်မလာနိုင်တာကို စိတ်ညစ်နေတာ၊ သူက အဲဒီမိန်းမကို ဘယ်သူမှန်း သိချင်နေတာ၊ ကိုကို သိတယ်တဲ့၊ မာမားတို့ကတော့ နာနား အစ်မကိုလွမ်းလို့ ဟိုပြောဒီပြော ပြောနေတာလို့ ထင်နေကြတာ၊ မေနိုးကတော့ အဲလို မထင်ဘူး"

"နေဦး အဖေက ဘာပြောလဲ မေနိုး၊ အဲဒီနေ့က"

"ဘာမှမပြောဘူး ကိုကို၊ အန်ကယ်က စဉ်းစားနေလို့တောင် ဒက်ဒီက သိပ်အရေးမကြီးပါဘူးဘာဘူးနဲ့ ပြောနေသေးတယ်"

"Thank You မေနိုး"

"ဘာကြီးလဲ ကိုကို"

ရုတ်တရက်မို့ မေနိုး နားမလည်။

"သြော် ကိုကို့ကို ဒါတွေ ပြောလိုက် ပြလိုက်တာကို ပြောတာပါ၊ မေနိုး လုပ်သင့်တာကို လုပ်လိုက်တာအတွက် Thank You လို့ပြောတာ"

"မဟုတ်ဘူး ကိုကို၊ ဒက်ဒီတို့က အရေးမကြီးလှဘူး ဆိုပေမဲ့ နာနားက ကိုကို့ကို ဘာလို့ ခေါ်ခဲ့ခိုင်းတာလဲ"

"အကြောင်းရှိလို့ ဖြစ်မှာပေါ့"

"ဘာလဲ ကိုကို၊ ဘာအကြောင်းလဲ၊ ဟိုမိန်းမက ဘယ်သူလဲ ..."

"ကိုကို မသိဘူး ညီမလေး"

မေနိုး ငိုင်ကျသွားလေသည်။ ရဲသင်ရံတွင်လည်း ပြောရန်စကား မရှိ။ အတန်ကြာ တိတ်ဆိတ်နေကြပြန်၏။ မေနိုးမှ တစ်ခုခု ဆုံးဖြတ်ပြီးပုံနှင့်

"ကိုကို"

ရဲသင်ရံ မော့ကြည့်၏။ မေနိုးကား တည်တည်ခံ့ခံ့။

ပေါ့ပါးစွာ မေး၏။ မေးခွန်း၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကို နှစ်ပေါင်းများစွာကတည်းက သိခဲ့ပြီးပြီဖြစ်၍ ပေါ့ပါးစွာပင် ပြန်ဖြေရလေ၏။ အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးသော စကား။

"ညီမလေး ငါ ညည်းကို တတ်နိုင်သလောက် ကူညီမှာပါ"

ညနေစောင်းစ ပြုလာလေပြီ။ ငှက်သံများ ကြားရ၏။ ငှက်သံများကြားမှ တစ်စုံတစ်ယောက်၏ ခေါ်သံလိုလို ရဲသင်ရံ ခံစားလိုက်ရလေသည်။

"ကိုကိုရေ"

ပဲ့တင်သံနောက်မှ တိုးတိတ်စွာ ကြားရသည်ကား

"ပုဏ္ဏားရေ"

ဘဝတွင် ပထမဦးဆုံးအကြိမ် ခံစားမှုတစ်ခုကို ရုတ်တရက် ရလိုက်လေသည်။ ဘဝသည် မှုန်ရီဝေဝါးလျက်။

လူပြောသူပြော များခဲ့သလို တစ်စုံတစ်ရာ အာမခံချက်ကော ဘဝတွင် ရှိခဲ့လေသလား။ နူးညံ့သော လက်ဖြူနုလေးတစ်ခုက ပခုံးထက်သို့ ရောက်လာ၏။

"ကိုကို ပြန်ကြရအောင်လေ"

မြောက်ပြန်လေသည် အေးသောရနံ့ကို တစ်ခါတစ်ရံ ယူဆောင်လာတတ်လေသည်။

သုံးလေးငါးရက်ခန့် ရှိလေပြီ။
အိပ်မက်လည်း မက်ဖူး၏။

သွားရင်းလာရင်း စိတ်ထဲမှာလည်း အကြောင်းမဲ့ ပေါ်ပေါက်လာဖူး၏။ ခရမ်းရောင်ဆိုင်လေး တစ်ဆိုင်။ ပန်းတွေ အများကြီးနှင့်။ ဘာမှန်းလဲ စဉ်းစားလို့ မရ။ နေရာကိုတော့ စိတ်ထဲရောက်ဖူးသလိုလို။ ဆိုင်မျက်နှာစာကိုသာ မြင် မြင်နေရခြင်းဖြစ်၍ အတွင်းထဲတော့ မမြင်ရ။ ဆိုင်လေးကဆိုင်ခန်း အတွဲလိုက်လို နှစ်ထပ်တိုက်တန်းရှည်ကြီး တစ်ခု၏ အလယ်မှာ။ အခြားဆိုင်တွေရှိသော်လည်း မှတ်ဉာဏ်ထဲတွင် မှုန်ဝါးဝါးနှင့် သိပ်မမှတ်မိ။ ပန်းဆိုင် ခရမ်းရောင်လေးကိုသာ ထင်ထင်ရှားရှား မှတ်မိကာမြင် မြင်နေ၏။

တစ်ဆိုင်လုံးကို ခရမ်းရောင် အနုအရင့်များနှင့် အနောက်တိုင်းက ပန်းဆိုင်တွေလို သေချာပြင်ဆင်ထား၏။ ဆိုင်ရှေ့ အပြင်ဘက်တွင်လည်း ပန်းမျိုးစုံများချထားသည်ကို မှတ်မိနေ၏။ ဆိုင်းဘုတ်က နီယွန်မီးလေးများနှင့်။

ဆိုင်နာမည်ပေးထားသည်ကလည်း တစ်မျိုးလေး။ ခေတ်ဟောင်းမှ ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး ဂရေဂိုရီပတ်နှင့် မြန်မာမင်းသမီး ဝင်းမင်းသန်းတို့ တွဲဖက် ရိုက်ကူးခဲ့ဖူးသော ရုပ်ရှင်ခေတ်ဟောင်းကားတစ်ကား၏ နာမည်။ Purple Plain တဲ့။ ခရမ်းရောင်လွင်ပြင် ဟူ၏။ တစ်ခုခုတော့ တစ်ခုခုပဲဟုတော့ သဘောရ၏။ ဘာတစ်ခုခုမှန်းလဲ မသိ။

ဒီနေ့တော့ ထိုကိစ္စကို မနက်ကတည်းက သတိရနေသဖြင့် တစ်နေကုန် အလုပ်ကိစ္စများနှင့် လျှောက်သွားနေရရင်းမှ လမ်းဘေးဝဲယာကို သတိထား ကြည့်နေမိ၏။ လမ်းကြားတစ်ခုထဲတွင် တည်ရှိသော ကုမ္ပဏီတစ်ခုရှိရာသို့ ကားကို ချိုးကွေ့ဝင်လိုက်စဉ်တွင် ဖျတ်ခနဲ သိလိုက်ပြီ။ ထင်သည့် အတိုင်း လမ်းမကြီးဘက်က ကွေ့ဝင်လိုက်ပြီးသည်နှင့် အတန်းလိုက်ဆောက်၍ထားသော ဆိုင်ခန်းများကို ညာဘက်ခြမ်းတွင် စတွေ့ရ၏။ သွားစရာရှိသော ကုမ္ပဏီကို ခဏမေ့သွား၏။ ကားမောင်းလာရင်းမှ ဆိုင်ခန်းတွေကိုသာ စူးစူးစိုက်စိုက် ကြည့်လာမိလေသည်။

"ပုဏ္ဏားရေ"

တစ်ကိုယ်လုံးမှ ကြက်သီးမွေးညင်းများ ထသွားသလို ရုတ်တရက် ခံစားလိုက်ရ၏။ ခေါ်သံ။ မျက်ရှုလရောင်၏ အသံ ...။ စိတ်နှင့်ကိုယ်နှင့် ကွာသလို ဖြစ်နေသော်လည်း ရဲသင်ရံမှာ အကျင့်ပါနေကျအတိုင်း ကားကို စနစ်တကျ လမ်းဘေးချရပ်လိုက်လေ၏။ ထိုအသံကို သူ တကယ် ကြားလိုက်လေသလား။ ဒါမှမဟုတ် စိတ်တွင် ထင်မြင်လိုက်ခြင်းလေလား။ မည်သို့ဖြစ်စေ ရဲသင်ရံမှာ ကားထဲထွက်၍ လမ်းပေါ်တွင် မတ်တတ်ရပ်လျက် ရှိပေပြီ။ ရည်ရွယ်ချက် တစ်စုံတစ်ရာ မပါဘဲနှင့် သူ လျှောက်သွားနေခဲ့ပြီ ဖြစ်၏။ တစ်ဆိုင်၊ နှစ်ဆိုင်၊ သုံးဆိုင်၊ လေးဆိုင်၊ ငါးဆိုင် ...။

"ပုဏ္ဏား"

ဆတ်ခနဲ ဖြစ်သွား၏။ အသိစိတ်သည် ဝေဝါးလျက်။ တစ်ကြိမ်တစ်ခါမျှ စိတ်ထဲတွင် မဖြစ်ပေါ်ခဲ့ဖူးသော ခံစားချက်တစ်ခု ပေါ်လာ၏။အသိစိတ်ပြန်ဝင်လာချိန်၌ သူသည် ဆိုင်လေးရှေ့တွင် ချထားသော ပန်းမျိုးစုံ ပန်းတောင်းများအနက်မှ ပန်းနီလေးတစ်ပွင့်ကို ယူကာ ကိုင်ထားပြီးလျက်သား ဖြစ်နေ၏။ အရာအားလုံးသည် စနစ်တကျ ဖြစ်ပျက်သွားကြလေ၏။

"ရော့ ... ကွန်ဂရက်ကျူလေးရှင်း"

"ဟဲ့ ... ဟာ ဟ ... နင်က ငါ့ဆိုင်ကပန်း ငါ့ ပြန်ပေးပြီးတော့"

"အဓိကက အထိမ်းအမှတ်ပါဟ"

"ဘာလဲ တင်မောင်တို့ ပြောလိုက်လို့လား၊ အိုး ... ပုဏ္ဏား နင် ဘာလုပ်တာလဲ"

မရည်ရွယ်ဘဲ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်မိ၏။ အရပ်မြင့်မြင့် ခန္ဓာကိုယ်လေးမှာ နွေးထွေးစွာ ပါလာ၏။ အားလုံး မှင်တက်လျက်။ အတန်ကြာ ငြိမ်နေပြီးမှ ရုန်းကန်ရင်း တိုးတိုးပြော၏။


"ဟဲ့ လွှတ်စမ်း၊ ဆိုင်က ကောင်မလေးတွေ ကြည့်နေတယ်၊ နင် ဘာလုပ်တာလဲ"

ယောင်ယမ်းလွှတ်လိုက်မိသော်လည်း ကြောင်စိစိ ဖြစ်နေသော ရဲသင်ရံကို ကြည့်ကာ မျက်ရှုမှ ရှက်ရှိက်နှင့် အခြေအနေကို ထိန်းရလေ၏။ ရဲသင်ရံလက်ကို ဆွဲခေါ်ကာ ခုံတစ်လုံးတွင် ထိုင်ခိုင်းရလေ၏။ ကြောင်ပြီးကြည့်နေကြသော ကောင်မလေးနှစ်ယောက် အနက်မှ တစ်ယောက်အား

"စန္ဒာ ... အအေးတစ်ခွက် သွားဖျော်ခဲ့ ညီမလေး၊ အေးအေးလေးလုပ်နော်၊ မွန်မွန်"

"ဟုတ်ကဲ့ မမ"

"ဟိုဘက်နှစ်ဆိုင်ကျော်မှာ မုန့်တစ်ခုခု သွားဝယ်ပေးပါလား၊ ဧည့်သည်ကို ကျွေးရအောင် အံဆွဲထဲက ပိုက်ဆံယူသွား"

နောက်တစ်ယောက်ကိုပါ တစ်ခုခု ခိုင်းလိုက်ရ၏။ ကောင်မလေးနှစ်ယောက်မှာ ခိုင်းလို့သာ အသီးသီး ထွက်သွားကြရသည်။ ဇဝေဇဝါနှင့် ဘာပါလိမ့် ဘယ်လိုပါလိမ့်ဟူသော သဘောနှင့် လှည့်ကြည့်လှည့်ကြည့် စိတ်မချသလို။ မျက်ရှု မသိချင်ယောင် ဆောင်နေလိုက်ရ၏။ နှစ်ယောက်ထဲ ကျန်ခဲ့တော့မှ ကျေးဇူးရှင်ကို သေချာကြည့်ရ၏။ အခုထက်ထိ ယောင်တီးယောင်နနှင့် ဆိုင်ထဲ ဟိုဟိုဒီဒီ လိုက်ကြည့်နေ၏။ မျက်ရှုမှာ စိတ်တိုလာကာ ရဲသင်ရံ၏ ပခုံးနှစ်ဖက်ကို စိတ်ရှိလက်ရှိ ဆုပ်ကိုင်ခါယမ်းလိုက်ရင်း တိုးတိုးကျိတ်ခေါ်၏။

"ဟဲ ပုဏ္ဏား ... ပုဏ္ဏား ... နင် ဘာဖြစ်နေတာလဲ"

ထိုခဏမှ ယောင်တောင်တောင် သတိပြန်ဝင်လာသလို ပုံစံနှင့်

"ဟင် ဟင် ... ဟာ ... ဟဲ့ မျက်ရှု ငါ ဘာဖြစ်သွားတာလဲ"

"ရှုး တိုးတိုးလုပ်စမ်း၊ နင်ဟာလေ ဘာမှန်းလဲ မသိဘူး"

"မဟုတ်ဘူးဟ၊ ငါ ဘယ်ရောက်နေတာလဲ"

"ဟဲ့ ငါ့ဆိုင်မှာလေ"

"နင့် ဆိုင်မှာ"

"အေးလေ ပုဏ္ဏား နင် ငါ့ဆိုင်လာလည်တာ မဟုတ်ဖူးလား"

"မဟုတ်ဘူးဟ၊ နေဦး ဒါ နင့်ဆိုင်လား၊ ဘယ်တုန်းက ဖွင့်တာလဲ၊ ငါ နင့်ဆိုင် အရင်က ရောက်ဖူးလား"

"အာ ... ဘယ်လိုလုပ်ရောက်ဖူးမာလဲ၊ နေစမ်းပါဦး၊ နင် ခုနက ဖြစ်သွားတာတွေ တကယ် မသိဘူးလား၊ နင် ငါ့ဆိုင်ကို ဘယ်လိုသိလဲ၊ နင့်ကိုလည်း ငါ မပြောဖူးပါဘူး"

"မသိဘူးဟ"

"ဟင်"

"မမ အအေးရပြီ"

"သြော် အေး၊ ပေး ပေး၊ ရော့ ပုဏ္ဏား"

သံပုရည်အေးအေး တစ်ခွက်လုံးကို အားရပါးရ သောက်ချလိုက်ပြီးတော့မှ ခေါင်းတော်တော် ကြည်သွားတော့၏။

"ပြောစမ်းပါဦးဟ၊ ငါက ဘယ်လိုရောက်လာပြီး ဘာတွေ  လျှောက်ဖြစ်ကုန်တာတုံး"

"နင်က လာပြီးတော့ အာ ... ပုဏ္ဏားရာ ... နင် ပြဿနာရှာပြန်ပြီ၊ လာ လာ အအေးဆိုင်သွားမယ်၊ စန္ဒာ ဆိုင်ခဏစောင့်ပေးဦးနော်၊ မမတို့ အပြင် ခဏ သွားလိုက်ဦးမယ်"

"ဟုတ် ဟုတ်ကဲ့"

ကောင်မလေးမှ ကြောင်စီစီနှင့် ကျန်ခဲ့၏။ မျက်ရှုမှာ စိတ်တိုတိုနှင့် ရဲသင်ရံလက်ကို ဆွဲကာ ဆိုးဆိုးဆတ်ဆတ် ထွက်သွားလေရာ ရဲသင်မှာ ကန့်လန့်ကန့်လန့် ပါသွားလေသည်။

လူရှင်းသော အအေးဆိုင်တစ်ခုသို့ ရောက်သွားကြလေ၏။ ဆိုင်ထောင့်စာပွဲတစ်လုံးကို ရွေထိုင်ကြပြီး၍ မှာစရာရှိသည်များ မှာပြီး စာပွဲထိုး ပြန်ထွက်သွား၍ ဘယ်သူမှ မရှိတော့သောအခါမှ မျက်ရှုက သူ့ကို ပြုးကြောင်ကြောင် လာကြည့်နေသော ရဲသင်ရံကို မျက်စောင်းထိုးရင်း စူပုပ်ပုပ်နှင့်

"ဘာလာကြည့်နေတာလဲ၊ ပုဏ္ဏား နင် ငါ့ကို သက်သက်လာနောက်နေတာ မဟုတ်လား၊ နင် တော်တော် တရားလွန်တယ်၊ ငါ့ ကောင်မလေးတွေ ရှေ့မှာ နင် ... "

ပြောရင်း ရုတ်တရက် ရပ်သွားကာ မျက်နှာလေး နီသွား၏။ ရဲသင်ရံမှ

"မဟုတ်သေးဘူး မျက်ရှု ဘာတွေဖြစ်သွားလို့လဲ၊ ငါသိတာ ငါ နင့် ဆိုင်ရှိတဲ့လမ်းထဲက ကုမ္ပဏီတစ်ခုကို လာတာဟ၊ နင့်ဆိုင်ကို တွေ့ပြီးတော့ ငါ ဘာဖြစ်သွားလဲ မသိဘူး၊ ငါ ဘာတွေလျှောက်လုပ်သေးလဲ"

"နင်က ခပ်တည်တည် ဝင်လာပြီးတော့ ... နောက်တော့ ... အာ ပုဏ္ဏား ... နင်ဟာလေ ဘာမှန်းလဲ မသိဘူး"

"နောက်တော့ ဘာဖြစ်တုံး၊ ဘာလဲဟ"

"အာ ... ဘာမှ မဟုတ်ဘူးဟာ၊ မသိဘူး မသိဘူး"

"မဟုတ်သေးဘူးလေဟာ၊ နင်ပဲ ခုနက ပြောတာ၊ နင့်ဆိုင်က ကောင်မလေးတွေရှေ့မှာ ဆိုပြီးတော့"

"တော်တော့ ပုဏ္ဏား၊ နင်နော်"

"ဟ ဘာလို့ လာအော်နေတာတုံး၊ ငါ ဘာမှမသိပါဘူးဆို၊ ပြောစမ်းပါဟ၊ ငါ ဘာဆက်ဖြစ်တုံး၊ ငါသိတာက ငါ သတိရတော့ နင်ကငါ့ကိုဆွဲ ဆွဲခါနေတာပဲ ငါသိတယ်၊ ဘာလဲဟ ပြောစမ်းပါ"

မျက်နှာလေးနီကာ ခေါင်းငုံ့သွား၍ ရဲသင်ရံ စဉ်းစားရခက်လေ၏။ ငါ ဘာတွေလျှောက်ဖြစ်သေးလဲဟု တွေးရင်း နည်းနည်းလည်း လန့်လာ၏။ ကိုယ့်ရှေ့မှ ကောင်မလေးမှာလည်း ခေါင်းကြီး အတင်းငုံ့နေပြန်၏။ မေးမှတော့ ဖြစ်တော့မည်။

"မျက်ရှု ... ဟဲ့"

" ..... "

ပြန်ဖြေသံ မကြားရ။ လေသံကို အနည်းငယ်ပြင်၍ ခေါ်ကြည့်၏။

"မျက်ရှု ... ငါ အကောင်းမေးတာ၊ နည်းနည်းအရေးကြီးတယ်၊ နင်မပြောပြချင်ရင် ငါ မေးမယ်၊ ဟုတ်ရင် ခေါင်းညိတ်ပြ၊ ဟုတ်ပြီလား"

ခေါင်းညိတ်ပြ၏။ ဆက်မေးရလေသည်။

"နင်ပြောတော့ ငါက နင့်ဆိုင်ထဲ ဝင်လာပြီးတော့ နင့်ကို ကွန်ဂရက်ကျူလေးရှင်း လုပ်တဲ့အထိ ရောက်ပြီ၊ ဟုတ်တယ်နော်"

ခေါင်းညိတ်၏။

"ဘာလဲ နင့်ကို ကွန်ဂရက်ကျူလေးရှင်းလုပ်နေတုန်း ငါ ပုဆိုးကျွတ်ကျတာလား"

"အာ ... ခိ ခိ မဟုတ်ပါဘူး"

အသံပြန်ထွက်လာသဖြင့် တိုးတက်မှု ရှိလာသည်ဟု ယူဆရ၏။

"ဒါဆို ငါက နင့်ကို တစ်ခုခု လုပ်တာလား"

ခေါင်းညိတ်ပြန်၏။ မော့တော့ မကြည့်သေး။

"လက်ဆွဲလို့လား"

ခေါင်းညိတ်၏။ စိတ် အတော်ပေါ့သွားလေသည်။

"လက်ဆွဲတာလောက်များဟာ နင်ကလည်း"

"မကဘူးဟဲ၊ ဘာမှန်းလဲ မသိဘူး"

"ဟေ"

ရဲသင် ခေါင်းကြီးသွားလေသည်။ အနှီကောင်မလေးအား ဘာများ လူရှေ့သူရှေ့ သွားလုပ်မိခဲ့လေသနည်း။

"ဘာလဲ ငါက နင့်ကို ကောင်မလေးတွေရှေ့ ဖက်နမ်းရောလား"

"ဟာ တော်တော့၊ နမ်းမပါဘူး၊ ပုဏ္ဏား နင်ဟာလေ"

"သြော် သိပြီ၊ ငါက နင့်ကို ထဖက်ရောပေါ့"

"တော်တော့ဆို"

သဘောပေါက်ရလေတော့၏။ တော်သေးတာပေါ့။ ဖက်ရုံပဲ ဖက်မိလို့။ ဘယ်လိုဖြစ်သွားတာပါလိမ့်။ တယ်ခက်ပါလား။ ဒီခွတီခွကျ ကောင်မလေးကို ငါက ဘာကိစ္စ သွားဖက်ရတာတုံး။ ဟီ ဟိ။ ဘာလဲဟ။

"မျက်ရှု အကြာကြီးလား"

"မပြောနဲ့တော့ ပုဏ္ဏား နင်နော်"

"ဟီ ဟိ"

"ရယ်မနေနဲ့၊ ဘာရယ်တာလဲ ဘာမှန်းလဲ မသိဘူး"

"အေးပါ အေးပါ"

အတွေးကိုယ်စီနှင့် ငြိမ်သွားကြ၏။ မျက်ရှုလရောင်မှာ ရဲသင်ရံကို မော့မကြည့်သေး။ ခေါင်းငုံ့ထားဆဲ စာပွဲကိုသာ ကသိုဏ်ရှုနေ၏။ ရဲသင်ရံကတော့ ပြုံးစိစိနှင့် မျက်ရှုလရောင်ကို ကြည့်နေလေ၏။

ရှက်နေရှာလိုက်တာ၊ ဣနြေ္ဒကြီးလိုက်တဲ့ ကောင်မလေး။ ခြေဆုံးခေါင်းဖျား ကောင်းကင်ပေါ် သွားတက်ပွင့်တဲ့ ပန်းလို လန်းဆန်းနေလိုက်တာ။ ဘယ်လို အင်အားတွေနဲ့များ လင်းနေလိုက်ပါလိမ့်။ ချစ်ခြင်းနဲ့များလား...။

ရဲသင်ရံ ဆတ်ခနဲ လန့်သွားကာ ရုတ်တရက် သတိဝင်လာပြီး တိတ်ဆိတ်ခြင်းကို ချေမှုန်းလေ၏။

"အေးပါဟာ၊ ထားလိုက်ပါတော့၊ ဒီလိုဟ နင့်ဆိုင်ကို နင့်ဆိုင်မှန်း ငါ မသိဘူးဟ၊ ဒါပေမဲ့ ငါသိသလိုလို ရှိတယ်လို့လည်း ပြောရင် ပြောလို့ရတယ်၊ ငါ နင့်ဆိုင်ကို မျက်စိထဲ မြင် မြင်နေတာ သုံးလေးငါးရက်ရှိပြီဟ၊ အိပ်မက်လည်း မက်တယ်"

"ဟင် ဟုတ်လား"

အကြောင်းအရာရော လေသံပါ ပြောင်းသွားသဖြင့် ပြန်မော့ကြည့်ကာ မေးဖော်ရ၏။ မျက်နှာလေးကတော့ အနီဖျော့ဖျော့။ ရဲသင်ရံ မသိချင်ယောင်ဆောင်ကာ ဆက်ပြော၏။

"အေး ဟုတ်တယ်ဟ၊ ပထမတော့ ငါက ရိုးရိုး ပန်းဆိုင်တစ်ဆိုင်တွေ့ တွေ့နေတယ်ပေါ့ဟာ၊ လေးငါးခါလောက်ကျတော့ အဲဒီဆိုင်က နင့်ဆိုင် ဖြစ်လောက်မယ်ထင်တယ်လို့ ငါ့စိတ်ထဲ အလိုလို ထင်လာတယ်၊ ဘယ်မှာမှန်းတော့ ငါလည်း တကယ် မသိတာဟ၊ ဒီမနက်ကျတော့ မနက်နိုးကတည်းကကို နင့်ဆိုင်လေး ငါ မျက်စိထဲ မြင် မြင်နေတာ၊ နင့်ဆိုင်ကို ငါ ရောက်သွားလိမ့်မယ်လို့လည်း သိနေသလိုပဲ၊ ငါ ခုနက ပြောသလိုပေါ့၊ ငါက ကုမ္ပဏီတစ်ခုကို လာဖို့ ဒီလမ်းထဲ ရောက်လာတာ၊ နင့်ဆိုင် ဒီမှာ ရှိမှန်းသိလို့လာတာ မဟုတ်ဘူးဟ၊ ဒါပေမယ့် နင့်ဆိုင် တွေ့လည်းတွေ့ရော ငါ ဘာတွေလျှောက်ဖြစ်ကုန်မှန်း မသိဘူး"

"တကယ်ကြီးရယ်"

"ဟ ငါကဘာကိစ္စ နင့်ကို နောက်ရမှာတုံး"

တိတ်ဆိတ်သွားကြပြန်၏။ ကောင်မလေး မျက်နှာမှ အနီဖျော့ရောင်လေးများ ပျောက်သွားပြီ ဖြစ်ကြောင်း ရဲသင်ရံ သတိထားမိလေသည်။ အလေးအနက် တစ်ခုခုပြောရန် စဉ်းစားနေပုံ ရ၏။ ရဲသင်ရံမှာ ဤအတိုင်းပင် ထိုင်ကြည့်နေလိုက်လေသည်။ အတန်ကြာ အားယူနေပြီးမှ

"ပုဏ္ဏား"

"အေး"

"နင် မသိလောက်သေးဘူး ထင်တယ်၊ ဟိုတစ်နေ့က ငါလေ တင်မောင့် ဝပ်ရှော့သွားရင်းနဲ့ ....................................... ............. "

ရှည်လျားစွာ ပြောပြလိုက်ပြီးနောက် မောသွားပုံနှင့် အအေးတစ်ငုံသောက်နေ၏။ မျက်ရှု ပြောနေစဉ်တစ်လျှောက် ရဲသင်ရံမှာ တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခြင်း ထင်မြင်ချက်ပေးခြင်း မရှိခဲ့။ ယခုလည်း တိတ်ဆိတ်နေ၏။

မျက်ရှုလရောင်မှာ အားမလိုအားမရ ဖြစ်လာ၏။

"ပုဏ္ဏား"

"ဟေ"

"နင်က ဘာမှလဲမပြောဘူး"

"ငါက ဘာပြောရမှာလဲ"

"တစ်ခုခုတော့ ပြောလေဟာ၊ နင်ကလည်း ငါတို့ ဘာတွေဖြစ်နေကြတာလဲ"

ရဲသင်ရံ ပြန်မဖြေ။ မျက်မှောင်ကုတ်ကာ အအေးဆိုင်ထဲမှ လူလုပ်ရေတံခွန်အတုလေးတစ်ခုကို ငေးနေလေသည်။ မျက်နှာက တည်တည်ငြိမ်ငြိမ်။ မျက်ခုံးထူထူအောက်က မျက်လုံးများကတော့ တောက်ပလွန်းနေ၏။ တစ်စုံတစ်ရာ အငွေ့အသက်များ လွှမ်းခြုံလာသလို မျက်ရှု ခံစားလာရ၏။ ဘာလဲ။ ဘာတွေလဲ။

"ပုဏ္ဏား"

ပြန်ထူးသံ မကြားရသော်လည်း စူးစူးစိုက်စိုက် လှည့်ကြည့်လာသည်ကို လက်ခံရ၏။

"ငါတို့ ဘာတွေ ဖြစ်နေကြတာလဲ"

သူ့ကို စိုက်ကြည့်နေသော ရဲသင်ရံ၏ မျက်နှာပေါ်တွင် နှုတ်ခမ်းထောင့်လေးကွေးရုံ အပြုံးလေးတစ်ချက် ဖျတ်ခနဲ ပေါ်သွားသည်ကို သတိထားလိုက်မိ၏။ တစ်ခုခု ပြောရန် ကြိုးစားလိုက်စဉ်မှာပင်

"ဟုတ်တယ်၊ အဲဒီနာမည် ငါ့ကို နင်စပေးခဲ့တာပါ၊ ဒါပေမဲ့ ငါဟာ ဇာတ်ထဲက ကုန်းချောတတ်တဲ့ ပုဏ္ဏားတော့ မဟုတ်ဘူး၊ အခုအချိန်မှာ ငါဟာ ဆင်ကိုစမ်းနေတဲ့ မျက်မမြင်ပုဏ္ဏား ခြောက်ယောက်ထဲက တစ်ယောက် ဖြစ်နေတယ်ဟ၊ ငါ စမ်းနေရတဲ့နေရာဟာ ဘာမှမရှိဘူး"

အရှိန်အဟုန် ပြင်းထန်သော အင်အားတစ်ခု ရုတ်တရက် ဝင်ဆောင့်လိုက်သလို မျက်ရှု ထိတ်ခနဲ ဖြစ်သွား၏။

"ပုဏ္ဏား နင်"

လက်ကာပြ၏။ စကားဆက်မခံ။

"မျက်ရှု နင့်ဆိုင်က ကောင်မလေးတွေကို ဖုန်းလှမ်းဆက်ပြီးတော့ ဆိုင်ပိတ်ခိုင်းလိုက်ပါလား၊ ငါတို့ တစ်နေရာရာ သွားဖို့ လိုအပ်လာပြီ"

နားမလည်နိုင်စွာ။ ပြီးတော့ တစ်စုံတစ်ရာအတွက် စိတ်မချစွာ။ သို့သော် နာခံချင်လှစွာ။

"မျက်ရှု please"

လိုအပ်သော ကိစ္စတစ်ခုကို လိုအပ်သည့်အချိန်တွင် လုပ်ရပေမည်။ မျက်ရှုမှာ စာပွဲပေါ်ချထားသော ဖုန်းကို ကောက်ကိုင်လိုက်ရင်း

"ပုဏ္ဏား နင် တစ်ခုခုသိထားတယ် မဟုတ်လား၊ အခု ငါတို့ ဘယ်သွားကြမှာလဲ"

အဆီအငေါ်မတည့်သော မေးခွန်းများ လျှံကျလာ၏။ သို့သော် အသံပါသော အဖြေမရှိ။

ပုဏ္ဏားရေ....

ရဲသင်ရံ ထိတ်လန့်စွာ ငေးကြည့်မိ၏။ နှစ်နှင့်ချီ၍ ကြားခဲ့ရဖူးသော ခေါ်သံ ...။ ခေါ်လိုက်ခြင်း မဟုတ်သလို ညည်းတွား မြည်တမ်းလိုက်ခြင်းလည်း မဟုတ်သော အသံ....။

"မြို့ပြင်မှာ လယ်ကွင်းတွေ ရှိတယ်၊ ငါတို့ အဲဒီကို သွားရအောင်"

"ငါ ကြောက်လာရင်ရော"

အအေးဆိုင်လေးထဲ ပြန်တိတ်ဆိတ်သွားပြန်၏။ လူလုပ်ရေတံခွန် အတုမှ ရေကျသံ တပွက်ပွက်။ လေသန့်စင်စက်မှ ပုံမှန်မြည်နေသံ တဒီဒီ။ ရဲသင်ရံ သက်ပြင်းချလိုက်သံကို တိုးတိုးသက်သက် ကြားလိုက်ရ၏။

"ငါ နင့်ကို ဖက်ထားမှာပေါ့ဟာ"

ပြောပြီး ခဏမှာပင် အသံများ နားထဲ ဝင်လာလေ၏။


"မင်းက ဆင်လား ရုရှားလား"


"ယောက်ျားကြီး မမှတ်နဲ့၊ မိန်းမကွ"


"တစ်ခုခုနဲ့ ဖျက်လို့ရလား"


"မေနိုးကို ချစ်လား"


ရဲသင်ရံ ခေါင်းတစ်ချက် ခါလိုက်မိလေသည်။ သူ့ကို ငေးကြည့်နေသော မျက်ရှုလရောင်၏ မျက်ဝန်းများက နားမလည်မှုများစွာဖြင့် ....။

credit to mmcyber


No comments:

Post a Comment