Thursday 9 February 2017
“မနုသီဟ ဖင်နှစ်ခွ”
by Soe Min (Notes) on Monday, June 17, 2013 at 3:15am
          ရွှေတိဂုံဘုရားပေါ်ရောက်တဲ့အခါ ကလေးတွေနဲ့ နိုင်ငံခြားသားတွေ စိတ်ဝင်စားတတ်တာက ဂြိုလ်တိုင်တွေ အနောက်နားဆီက မနုသီဟရုပ်ထုကြီးတွေပါ။ ရှေ့ဘက်က ဦးခေါင်းက လူမျက်နှာ မကိုဋ်ဆောင်းထားပြီး နတ်ရုပ်ကြီးနဲ့မခြား ရှိပေမယ့် ခြင်္သေ့ထိုင်ထိုင်ထားတဲ့ ကိုယ်လုံးကြီးတွေက စောင်းတန်းအဆင်း မုခ်ဦးဆီက ခြင်္သေ့ရုပ်ကြီးတွေနဲ့ ထပ်တူပါပဲ။ ထူးဆန်းတာက ကျောကုန်းလောက်ကနေ ဖင်က ဟိုဘက်တစ်ခြမ်း သည်ဘက်တစ်ခြမ်း နှစ်ခွဖြာသွားတာဆိုတော့ စေတီတော်ရဲ့ အုတ်ဘိနပ် ပလ္လင်ထောင့်မှာ အံဝင်ခွင်ကျ တင့်တင့်တယ်တယ်လေး ရှိနေတာပေါ့။ နံမယ်ကိုက မနုဿ + သီဟ၊ လူ နဲ့ ခြင်္သေ့ စပ်ထားတဲ့ သတ္တ၀ါ လို့ဆိုသော်ငြားလည်း စင်္ကာပူက ရေသူခြင်္သေ့ (Merlion) ကြီးလို စိတ်ကူးယဉ် တီထွင်ထားသော ဒဏ္ဍာရီသတ္တ၀ါမျိုး (Mythical Animal) မဟုတ်ပဲနဲ့ ဗုဒ္ဓဘာသာကျမ်းဂန်လာ တံခိုးပြာဋိဟာဖန်ဆင်းမှုတစ်ခု (Miraculous Creation) ဖြစ်ပါတယ်။ ဗုဒ္ဓ၀င်စာပေတွေထဲမှာ တကယ်ရှိတယ်လို့ ဆိုတဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခိုက်၊ ဘီလူး၊ ကိန္နရီ စတဲ့ သတ္တ၀ါတွေလို သတ္တ၀ါမျိုးနွယ်စုတစ်ခုအဖြစ် အများအပြားရှိခဲ့တာလည်း မဟုတ်ပါဘူး။ “တစ်ကောင်တည်းပဲ။ ခြင်္သေ့လည်း ပါတယ်။ ဒါပေမယ့် ဖင်နှစ်ခွ။” လို့ ပြောရမှာ ဖြစ်ပါတယ်။
          မနုသီဟကြီး ဖြစ်လာပုံ သမိုင်းကြောင်းကတော့ ကိုယ်ကြားဖူးတာတင် မူကွဲနှစ်မျိုး ဖြစ်နေပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားတဲ့အခါ ဘုရားကလွဲရင် ဘယ်သူ့မှ မကြောက်တဲ့ မာရ်နတ်မင်းကြီးက ငုတ်တုတ်ကြီး ကျန်နေရစ်ခဲ့ပါတယ်။ အဲ့ဒီမာရ်နတ်ကြီးက နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ဘုရားတောင် စစ်ခင်းပြီး ပလ္လင်လုလာခဲ့တဲ့ ပထမဦးဆုံးအောင်ခြင်းကြီးပါ။ သူက နတ်ဆိုပေမယ့် နတ်ပြည်ခြောက်ထပ်ကို ပိုင်စိုးတယ်ဆိုတဲ့ နတ်တို့သနင်း သိကြားမင်းရဲ့ သြဇာအောက်မှာ မရှိပါဘူး။ (တို့ဆီက သမ္မတကြီး နဲ့ စာဖတ်နေသူကြီး လို နေမှာပေါ့နော်) သူနေတဲ့ ပရနိမ္မိတ ၀ဿဝတီနတ်ပြည်ဆိုတာ နတ်ပြည်ခြောက်ထပ်မှာ အမြင့်ဆုံးဖြစ်ပြီး နံမယ်ကို ပါဠိအနက်ပြန်လိုက်ရင် ကာမဂုဏ်မှန်သမျှကို အလိုရှိတိုင်း ခံစားနိုင်သော နတ်ပြည် လို့ အဓိပ္ပါယ်ထွက်တယ်။ သူ့ထက်မြင့်သွားတဲ့ ဗြဟ္မာ့ဘုံတွေမှာ ကာမဂုဏ်တွေ မရှိတော့ဘူး။ ဈာန်အဟုန်နဲ့သာ နေကြတာ။ ကိုယ်တို့လို ကာမဘုံသား ဆုံလည်နွားတွေ အတွက်တော့ မာရ်နတ်မင်းကြီးရဲ့ တိုင်းပြည်ဆိုတာ ၃၁ဘုံမှာ ဇိမ်အရှိဆုံး စည်းစိမ်အခံစားနိုင်ဆုံး အရပ်လို့ဆိုရင် မမှားဘူး။
               အဲ့လောက်စည်းစိမ်ခံစားနေနိုင်တဲ့အရပ်မှာ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတာဝန်တွေကို ဘာဖြစ်လို့ အချိန်ကုန် အလုပ်ရှုပ်ခံပြီး လုပ်နေရမှာတုန်း။ ဟိုးအောက် ဒုတိယထပ်မှာနေတဲ့ ကိုမာဃကို သိကြားမင်းခန့်ပြီး “အရှုပ်ထုပ်မှန်သမျှ မင်းဘာမင်း ရှင်းတော့ ငါ့ဆီ လာလာ မရှုပ်စေနဲ့။” ဆို အာဏာကုန် လွှဲပေးလိုက်ဟန် တူပါတယ်။ လူ့ပြည်မှာ ဘုရားပွင့်တော့မယ်ဆိုပြီး ဗုဒ္ဓကောလာဟလထွက်တော့ မာရ်နတ်ကြီးက သူ့ကို အာဏာသိမ်းမယ်မှတ်လို့ ၀န်တိုမစ္ဆေရိယစိတ်တွေဖြစ်ပြီး ပြင်းပြစွာ ပူလောင်လာပါသတဲ့။ ဒါကြောင့် အစောကြီးကတည်းက တောထွက်မယ်ကြံတော့လည်း အတန်တန်တား၊ ဒုက္ကရစရိယာကျင့်တော်မူတော့လည်း ချစ်သမီးချောကလေးတွေနဲ့ မြှူဆွယ်ဖြားယောင်း၊ နောက်ဆုံးတော့ အပရာဇိတပလ္လင်တော်ကြီး ပေါ်လာတော့ မနေနိုင်တော့ဘူး။ တပ်ထောင်တာ ဗိုလ်ထုနဲ့ လူစုပြီး အဲလေ နတ်စုပြီးကို စစ်ခင်းတိုက်ခိုက်လေတော့သတဲ့။
               အဲသလောက်ဆိုးတဲ့ မာရ်နတ်မင်းကြီးမို့လို့ ကြုံတောင့်ကြုံခဲ ဘုရားပွင့်တော်မူတဲ့ အခိုက်မှာ ပက်ပင်းကြီးဆုံပါသော်လည်း မဂ်စော်ဖိုလ်စော်မနံ၊ သောတာပန်လောက်မှ မတည်နိုင်၊ အချည်းနှီး ဖြစ်ရရှာလေတယ်။ ဘုရားရှင်ကို ပရိနိဗ္ဗာန် ပြုတော်မူပါတော့လို့ အကြိမ်ကြိမ် လျှောက်ထား တောင်းပန်တာလည်း ဒင်းပဲ။ ဘုရားရှင် မရှိတော့တဲ့ နောက်မှာတော့ ဒင်းရန်ကို နှိမ်နှင်းမယ့်သူလည်း မရှိတော့ဘူး။ သာသနာတော်ကို နှောက်ယျက်ဖျက်ဆီးမယ့်ကြံရင်ဖြင့် ခက်ရချေရဲ့လို့ ရဟန္တာမထေရ်မြတ်ကြီးတွေက ပူပူပင်ပင် ဆင်ခြင်ကြည့်တဲ့အခါ နောင်နှစ်ပေါင်း ၂၃၀ လောက်ကြာရင် မဇ္ဇိမအရပ်မှာ သီရိဓမ္မာသောကမင်းကြီး ( King Asoka) ရှစ်သောင်းလေးထောင် အလှူတော်ကြီးပေးတဲ့အခါ လာရောက်နှောက်ယှက်ဦးလတ္တံ့ လို့ မြင်တော်မူသတဲ့။ ဘယ်သူကများ နှိမ်နှင်းတားဆီးနိုင်မှာပါလိမ့်လို့ ဆင်ခြင်ကြည့်တဲ့အခါ တောင်သမုဒ္ဒရာ ရေပြင်အလယ်မှာ ကြေးပြဿဒ်နဲ့ သီတင်းသုံးတော်မူသော ရှင်ဥပဂုတ္တ ရဟန္တာ မထေရ်ကို မြင်တော်မူတယ်။ သည်ကိုယ်တော်က သံဃာ့ကိစ္စများမှာ မပါမ၀င် သူ့ဘာသူ တစ်သီးပုဂ္ဂလစံမြန်းနေတာမို့ ပ၀ါရနာ မပြုတဲ့အတွက် ဒဏ်ထားပြီး မာရ်နတ်ကို နှိမ်နှင်းဖို့ တာဝန်ပေးယူရပါသတဲ့။ ရှင်ဥပဂုတ္တမထေရ် မာရ်နတ်မင်းကို နှိမ်နှင်းတဲ့အခါ သတ္တ၀ါတွေ အမျိုးမျိုး ဖန်ဆင်းတိုက်ခိုက်ကြပြီး နောက်ဆုံးမှာ မထေရ်ကြီးက မနုသီဟအသွင် ဖန်ဆင်းလိုက်တော့မှ မာရ်နတ်မင်းလည်း အဘားအဘားအော်လို့ ကြောက်လန့်ခြင်းကြီးစွာနဲ့ အရှုံးပေးလိုက်ရသတဲ့။ ဒါကြောင့် ဘုရားခြေရင်းမှာ မနုသီဟအရုပ်တွေထားတယ်ဆိုတာ တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အလှူမှာ မာရ်နတ်မင်း လာမဖျက်ဆီးနိုင်အောင် သူကြောက်တဲ့ အရုပ်ကြီးတွေ ထုပြီး ထားတာလား မသိပါဘူး။
               နောက်တစ်မျိုး ပြောကြပြန်တာကတော့ အာသောကမင်းကြီးက ကိုးတိုင်းကိုးဌာန သာသနာပြုဖို့စေလွှတ်လိုက်တဲ့ အရှင် သောန နဲ့ အရှင်ဥတ္တရ ရဟန္တာမထေရ်နှစ်ပါးဟာ သုဝဏ္ဏဘူမိတိုင်းကို ရောက်လာတော့ တိုင်းသူပြည်သားများကို အရပ်နီးပါးက ဘီလူးသူရဲများ လာရောက်ဖမ်းစားလို့ ထိတ်ထိတ်လန့်လန့် ရှိနေရှာကြသတဲ့။ ဒါနဲ့ပဲ ကိုယ်တော်နှစ်ပါး ပူးပေါင်းလို့ သတ္တ၀ါကြီးတစ်ကောင် ဖန်ဆင်းပြတဲ့အခါ ဘီလူးတွေ ကြောက်လန့်ထွက်ပြေးပြီး တိုင်းပြည်သာယာသွားသတဲ့။ ရဟန်းနှစ်ပါးက တရုတ်နဂါးပူးကသလို ဖန်ဆင်းကြလို့လား မသိပါဘူး။ နောက်ဘက်က ဖင်ပိုင်းမှာ နှစ်ခွဖြစ်နေတယ် မဟုတ်ဘူးလား။ ဒါလည်းပဲ ယုတ္တိနဲ့ မလွတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေထဲမှာ မနုသီဟအရုပ်ဆိုတာ ကိုယ်တို့ မြန်မာတွေဆီမှာပဲ ရှိတာလေ။ သုဝဏ္ဏဘူမိဆိုလို့ လေဆိပ်ကြီးရှိတဲ့ အိမ်နီးချင်းတွေဆီပဲ သွားမမှတ်နဲ့ဦး။ အဲဒါ သူတို့လည်း ကိုယ့်ဆီက ကူးချထားတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြေပုံကို အခုမြေပုံနဲ့ Google Map ပေါ်ရှာရင်တော့ ရွာလည်သွားမှာ။ ဘယ်လိုပဲဖြစ်ဖြစ် မနုသီဟ ဖင်နှစ်ခွဆိုတဲ့ အရုပ်ကြီးတွေဟာ ကိုယ်တို့ မြန်မာပိုင် မြန်မာ့မူပါလို့ ရေစစ္စတြီ လုပ်လိုက်ကြပါစို့။ သူ့ရဲ့အစွမ်းကတော့ အမြင်မှာ လှပတင့်တယ်သော်ငြား အင်မတန် ကြောက်မက်ဖွယ်ကောင်းတယ် လို့ ဆိုရမှာပေါ့နော်။ ဘီလူးတွေ မာရ်နတ်တွေတောင် လန့်ပြေးကြရတယ် မဟုတ်ဘူးလား။
              ဟုတ်ပေလိမ့်မယ်။ ဟုတ်ပေလိမ့်မယ်။ မောင်စံဖားကလေးလည်း သည်ကနေ့ခေတ်ရောက်ကာမှ မနုသီဟ ဖင်နှစ်ခွနဲ့ သတ္တ၀ါတွေ တွေ့တွေ့နေရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ သူတို့ကို ဘယ်သူတွေက ကြောက်ကြလန့်ကြသလဲတော့ မပြောတတ်ပါဘူး။ ကိုယ်ကတော့ သူတို့ဖင်နှစ်ခွကြီးတွေ မြင်လိုက်တိုင်း တယ်ကြောက်စရာကောင်းပေသကိုး လို့ ထိတ်လန့်မိတယ်။ ကောသလ္လမင်းအိပ်မက် ၁၆ ချက်ထဲက ဦးခေါင်းနှစ်လုံးပါတဲ့ မြင်းကြီးတွေထက် ပိုဆိုးတော့တယ်။ အဲ့ဒါက နောင်သောအခါဝယ် တရားလိုဘက်မှရော၊ တရားခံဘက်မှပါ နှစ်ဘက်စလုံးကို ခွတုပ်ဖြတ်အုပ်လုပ်တတ်သော တရားသူကြီးများ ပေါ်လာလတ္တံ့ လို့ဆိုတာ မဟုတ်လား။ ဒါမျိုးကတော့ ရိုး ဟိုး ဟိုး ဟိုး နေပါပြီမောင်။ စာမဖွဲ့ပါဘူး။ အမေရိကန်က တရားစီရင်ရေးမဏ္ဍိုင်တောင် ချိန်ခွင်ရုပ်ကလေးနဲ့ ပြတာ မဟုတ်ဘူးလား။ တို့ဆီက တရားသူကြီးများလည်းပဲ နှစ်ဘက်စလုံးကို ချိန်ခွင်ထဲထည့်ချိန်၊ သာတဲ့ဘက်ကို အနိုင်ပေးမှာပေါ့။ ၀င်းဦးသီချင်းလေးတောင် ရှိသေးတယ်လေ။ “ဖျားစူးကျိန်မယ်။ ကျမ်းစူးကျိန်မယ်။ ချိန်ဆကာပင် တွေးလို့ အရေးယူပါတော့ကွယ်။” တဲ့။ (အမှန်တရား အချက်အလက်တွေကို ချိန်တာပါနော်။) အခုဟာကတော့ ဖင်နှစ်ခွဆိုတော့ နှစ်ဘက်ခွစားတာမဟုတ်ရင် ဘာလုပ်တာလဲ လို့ လိုက်မတွေးနဲ့ဦး။ ဟိုဘက်သည်ဘက် လှေနံနှစ်ဘက်နင်းထားတဲ့သူတွေကို ပြောတာ။
             မကြာသေးခင်က တို့မေကြီးအနီးနားမှာနေတဲ့ အတွင်းစည်းထဲက လူငယ်ခြေတက်လေးတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိပါတယ်။ (ဘယ်သူဘယ်ဝါလို့ မတွေးရဘူးနော်။ သူလိုလူစားအများကြီးပေမယ့် မဟုတ်တဲ့သူတွေ အထင်ခံရရင် သနားပါတယ်။) သူ့ခမျာ အင်မတန် အလုပ်များရှာတာပါ။ ပါတီတာဝန် တိုင်းပြည်တာဝန်တွေအပြင် အဘတို့က ပေးအပ်သောတာဝန်များပါ မနားမနေ လုပ်ဆောင်နေရရှာတာဆိုတော့  စကားတောင် မနည်းလုလုပြီး ပြောနေရရှာတယ်။ ပြောရင်းပြောရင်းနဲ့ သူကသာ အရှိန်တွေရလာတယ်။ ကိုယ့်မှာဖြင့် ပါးစပ်ကြီးအဟောင်းသား ဖြစ်လာရော။ သူဝတ်ထားတာက ပင်နီပါ။ ဒါပေသိ သူ့ပါးစပ်ကထွက်သမျှ အဘက ဘယ်လို၊ ဗိုလ်ချုပ်က ဘယ့်နှယ်။ တစ်ခွန်းမှ မလွတ်ဘူး။ အစိမ်းရောင်စကားတွေချည့် ပြောသွားတယ်။ ဗိုလ်ချုပ်ခိုင်းထားလို့ မနေ့ကတင် ဘယ်နိုင်ငံက ပြန်လာတယ်။ ဟိုတစ်ခါလည်း ဘယ်နိုင်ငံသွားရသေးတယ်။ မြန်မာပြည်ကြီးတော့ အများကြီး နောက်ကျကျန်ခဲ့ပါပြီ။ သူများတစ်လှမ်းလှမ်းရင် ကိုယ်က လေးငါးဆယ်လှမ်း လှမ်းနိုင်မှာ တော်ကာကျမယ် ဆိုလား။ ပြောရင်းပြောရင်းနဲ့ ထတောင်ပြေးတော့မယ့်ပုံပဲ။ ကိုယ်က အမေ နေကောင်းလား။ ဘာတွေလုပ်နေသလဲ မေးချင်တာတောင် စကားဘယ့်နှယ် စရမှန်းမသိဘူး။ နောက်ဆုံးတော့ အတင်းကြီး စကားလမ်းကြောင်းလွှဲပြီး ပင်နီချော နဲ့ ယောထမီ ဇာတ်ကြောင်းခင်းတော့ ပိုလို့တောင် အံ့သြစရာတွေ ကြားခဲ့ရတယ်။ တို့မေက သူ့ဘာသူသာ တစ်ကိုယ်တည်းရုန်းနေတာ။ ပါတီမှာ သူကလွဲရင် လောက်လောက်လားလား ဘယ်သူမှ မရှိဘူးတဲ့။ သူ့အသက်ကလည်း ငယ်တော့တာ မဟုတ်တော့ သူမရှိရင် ပါတီလည်း တာ့တာပဲတဲ့။ ဖျားဖျား။ ပြောရက်လိုက်တာ။ ကြားမိတဲ့ကိုယ်တောင် မနုသီဟမြင်ရတဲ့ မာရ်နတ်မင်းလိုပဲ ကြက်သီးမွေးညင်းထအောင် ကြောက်မိတယ်။ အဲ့လိုလူ အနားခေါ်ထားရတဲ့ တို့အမေတော့ ဒုက္ခနဲ့ လှလှနဲ့ တွေ့ရချေသေးရဲ့။
             တကယ်တော့ နိုင်ငံရေးဆိုတာ မိတ်ဆွေမရှိ၊ ရန်သူမရှိ၊ တိုင်းပြည်အတွက်ဆိုရင် ဘယ်သူနဲ့မဆို အတူတကွ လက်တွဲအလုပ်လုပ်နိုင်ရမယ်။ အမေ့ကို ချစ်တဲ့သူဟာ အဘနဲ့တော့ ကဏ္ဍကောစဖြစ်နေရမယ် လို့ မဆိုလိုပါဘူး။ တည့်လေကောင်းလေပေါ့။ ဒါပေမယ့် ကိုယ်က ဘယ်လှေပေါ်မှာ စီးနေတာလဲတော့ မေ့သွားဖို့ မသင့်ပါဘူး။ သူ့ဟာက လှေနံနှစ်ဘက်နင်းထားရုံတင် မဟုတ်ဘူး။ သည်ဘက်လှေ နစ်မယ်ကြံရင် ကန်ပစ်ခဲ့ပြီး ဟိုဘက်ကို ကူးလိုက်ဖို့ အသင့်ပြင်ထားတယ်။ သစ္စာရှိသလား လို့ မေးရင် သစ်စာတင်မက၊ ရေပေါ်စာ ရော လွှစာပါ ရှိပြီးသား လို့ ပြောမယ်ထင်တယ်။ ခေတ်ကပြောင်းလာတဲ့အတွက် သူတို့ကိုလည်း အပြစ်ဆိုစရာတော့ မရှိဘူးပေါ့။ ဘုရင်ကို သစ္စာခံရတဲ့ခေတ် မဟုတ်ဘူးလေ။ ပလ္လင်ကိုပဲ သစ္စာခံရတာ မဟုတ်ဘူးလား။ (ဒါကြောင့် မာရ်နတ်ကြီးက ပလ္လင်ကို လာလုတာ ဖြစ်မယ်။) လောလောဆယ်မှာ တို့မေမေက ထီးလိုမင်းလိုပဲ ရှိသေးတယ်။ ဥကင်ဘုံမြင့် မရောက်သေးဘူး။ ဒါကြောင့် အမတ်ဒိန်လို့ တံခါးတစ်ခြမ်းပဲ ဖွင့်ထားပေးတာ နေပါလိမ့်မယ်။
           သည်မှာဘက်ကမ်းကမှ ရွှေကိုင်းတဘက် ကျွန်းသန်လျက်ကို လှမ်းကြွတော်မူဖို့ ခြေလှမ်းပြင်ထားတာ မဟုတ်ပါဘူး။ ဟိုမှာဘက်ကမ်းကလည်း ကြက်ယက်ဘုန်းခေါင် နန်းနတ်တောင်ဆီကို ချီတော်မူဖို့ ဖ၀ါးစကြာတော် ကားယားကြီးခွထားတဲ့သူတွေ ရှိပါသေးတယ်။ ဘေးချင်းများ ယှဉ်ထိုင်မိလိုက်ရင် ခင်မာလာမင်းများ မျက်စပစ်ပြပြီး ဂျာနယ်ထဲ ဓါတ်ပုံနဲ့တကွ ပါသွားဖို့ လောဆော်နေသူတွေ အများကြီးပဲ။ ဟိုတုန်းက မုန်းလှပါချည်ရဲ့ဆို နံမယ်တောင် မကြားချင်ဘူး လုပ်နေတာလည်း သူတို့ပဲ။ ခုကျမှ “ကျုပ်နှမများရယ် ဖိတ်ကြားချင်ပါတယ် တစ်ခါ” ဆို “ကြားစကားများ မယုံနဲ့ ဘေးဖယ်ထား” လုပ်တာလည်း သူတို့ပဲ။ တတ်နိုင်ချက်ကတော့ ကိုးလောက်တောင် မက။ ကျုပ်တို့ဘဘ ဖင်နှစ်ခွ။ “ဘယ်ကစွမ်းအားရှင်တွေလဲ။ ကြားဖူးပေါင်ကွယ်။ စွပ်စွပ်စွဲစွဲ။ အဲဒါ ကျုပ် မဟုတ်ဘူး။ ဟိုကောင်လေ။ ဟိုကောင်။ ဘယ်ရောက်သွားပတုန်း၊ အဲ့ကောင်။ ငါနော်။ တွေ့များတွေ့လို့ကတော့ အဲ့ကောင် သေပြီသာမှတ်။” စသည် စသည်ဖြင့် ကြည့်ရကြားရတဲ့သူတွေ မျက်စိတွေကိုလည်လို့။ ၀င်းဦး ရှစ်ကိုယ်ခွဲကား ရိုက်နေသလိုပဲ။ ဇာတ်ကောင်စရိုက်တွေကဖြင့် ဆေးစက်ကျရာ အရုပ်ထင်တယ်။ မျက်ခွက်ကြီးကသာ အကုန်ချွတ်စွပ် ဖြစ်နေတာ။
             သူတို့လိုမျိုး ဟိုဘက်တိုးလိုက် သည်ဘက်တိုးလိုက်၊ တိုးရင်းနဲ့ ကလိုက်၊ ကရင်းနဲ့တိုးလိုက် လုပ်နေတဲ့သူတွေဟာ သူတို့ကိုယ်သူတို့တော့ တော်တော်ကို နိုင်ငံရေးပါးဝနေတဲ့သူတွေ လို့ ထင်ပါလိမ့်မယ်။ အမှန်မှာတော့ အဲဒါ လုံးဝ နိုင်ငံရေးပါး မ၀လို့ လုပ်နေတဲ့အလုပ်ဗျ။ ဘ၀ဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပဲ။ ဘယ်သူမှ အထက်မှာ အမြဲ မနေနိုင်ဘူး။ ကိုယ်အပေါ်ရောက်နေတုန်း ဖိထောင်းထားရင် ကိုယ်အောက်ပြန်ရောက်တဲ့ အလှည့်ကျရင်လည်း မသက်သာဘူး။ တက်သမျှလူ ဘုရားထူးလို့ အထက်မှာချည့်ပဲ ထိုင်နေနိုင်တဲ့သူဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဝေးဝေးသွား မကြည့်ပါနဲ့။ ကိုယ့်မျက်စိအောက်မှာတင် ပလ္လင်ပေါ်က ဆင်းဆင်းသွားရသူတွေ အများကြီး ရှိလာပြီ။ အရေးရယ် အကြောင်းရယ်ကျတော့ တရားနဲ့မဖြေရင် ကုလားနဲ့သေရတော့မယ်။ (မော်ကျူရီမှာ အပ္ပနားပဲ ရှိသဗျ။)
             ပန်းချစ်သူ ဘဘကြီးနဲ့ အင်တာဗျူးတစ်ခု ဖတ်လိုက်ရပါတယ်။ သူ့ရင်ထဲကလာတဲ့စကား ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ (တော်နေကြာ လော်ဘီလုပ်တယ် ဖြစ်နေမစိုးလို့) စာမျက်နှာပေါ် ဖတ်လိုက်ရတာတော့ဖြင့် သံဝေဂကြီးစွာ ရမိတယ်။ “တကယ်တော့ဗျာ။ ကျွန်တော်တို့ ထောက်လှမ်းရေးတွေဆိုတာ ဘယ်ခေတ်ကမှ ဇာတ်သိမ်းကောင်းခဲ့တာ မဟုတ်ပါဘူး။” တဲ့။ အင်း။ ဟုတ်ပါ့မလား မောင်ကာဠုရဲ့လို့ ပြန်စဉ်းစားကြည့်မိပါတယ်။ ကိုယ်တို့ဆီမယ်လည်း အဲသည်က လာတာ တစ်ယောက် ရှိခဲ့တယ်လေ။ ကြမ်းသလား မမေးနဲ့။ ရုံထဲမှာ ဘွဲ့လွန်ဆရာဝန်တစ်ယောက်ကို လေးဘက်ထောက်ပြီး လျှောက်ခိုင်းခဲ့တယ်။ ဇာတ်သိမ်းခန်းနီးတော့ သူဘာတွေဖြစ်လာသလဲ မပြောချင်တော့ပါဘူး။ သိတဲ့သူသာ မေးကြည့်ပါတော့။ မျက်မှန်တင်ဦးဆိုတဲ့ ဘဘကြီးလက်ထက်ကို ကိုယ်ကောင်းကောင်းမမှီလိုက်သော်လည်းပဲ အဆုံးသတ် မကောင်းတဲ့အထဲ သူလည်း ပါသတဲ့။ လက်ရှိအချိန်တုန်းက သူတို့လောက် ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတာလည်း မရှိသလို လက်မဲ့အချိန်ရောက်တော့ သူတို့လောက် သနားစရာကောင်းတာလည်း မရှိဘူး။ (ဆင်းရဲချမ်းသာကိစ္စ ဆင်ပိန်ကျွဲကို ဆိုလိုတာ မဟုတ်ပါ) အသောကံ၊ ၀ိရဇံ၊ ခေမံ အစရှိတဲ့ ငြိမ်းအေးချမ်းသာခြင်းတွေ ပိန်းကြာဖက်ရေမတင်သလို ကွယ်ပျောက်သွားပြီး နောင်တ၊ သောက၊ ဗျာပါဒ၊ (ဒေါသလည်း ကုန်ဦးမယ် မဟုတ်ပါ) အစရှိသော ကိလေသာလောင်မီးတွေ တငြီးငြီး တောက်လောင်နေရတာပေါ့။
           သည်လိုအချိန်မျိုးမှာ အာဏာပြန်ရရာရကြောင်း မကောင်းသဖြင့်တွေ ပြန်လည်ကြံစည်ဖို့ဆိုတာ စဉ်းစားဆင်ခြင်ဥာဏ်ရှိတဲ့သူအဖို့ ဘယ်တော့မှ ပြန်မကျိုးစားတော့မှာ အသေအချာပါပဲ။ ငရဲပန်းကို ရွှေပန်းမှတ်လို့ ပန်ခဲ့ပြီးပြီ။ ခေါင်းမှာလည်း သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေ အပြည့်။ နောက်တစ်ကြိမ်ပြန်မိုက်ဦးမလား လို့ မေးမှမေးတတ်ပလေ။ ခုပဲ အသက်ခုနှစ်ဆယ်နားကပ်နေမှ ဘယ်နှစ်နှစ်နန်းစံဖို့ ငရဲယူနေရဦးမှာလဲ။ မိုက်ချင်းမိုက်ရင် အဲသည် ဘာမှန်းမသိ ညာမှန်းမသိ မနုသီဟကလေးတွေသာ တွင်းတူးပြီး မိုက်ဖို့ ရှိပေလိမ့်မယ်။ ပညာရှိဦးပေါ်ဦးသေတော့ လက်ဖ၀ါးနှစ်ဘက် အခေါင်းအပြင်ထုတ်ခဲ့ လို့ မှာတာဟာ ကျန်ရစ်သူ မနုသီဟလေးများ သင်ခန်းစာယူနိုင်ဖို့အတွက် လို့ အခုမှပဲ သဘောပေါက်မိပါတယ်။ ဘာမှ ပါမသွားဘူး အမောင်တို့ အမိတို့ရဲ့။ ချန်ထားခဲ့တာတွေတော့ အများကြီးပဲ။ စည်းစိမ်ဥစ္စာလား။ သူ့သားတောင် ချမ်းသာတယ် မကြားမိဘူး။ သူ့မျိုးရိုးအဆက်အနွယ် ဘယ်သူဘယ်ဝါ လို့လည်း မကြားဖူးတော့ဘူး။ နံမယ် ဂုဏ်သတင်းဆိုရင်တော့ ခုထက်ထိ ကျန်သေးတယ်လေ။ ကိုယ်ယုံကြည်တဲ့ဘက်က ခိုင်မြဲစွာ ရပ်တည်ပါ။ သူများကို သစ္စာခံချင်ခံ မခံချင်နေ။ ကိုယ့်ကိုယ်ကိုယ်တော့ သစ္စာမဖောက်ပါနဲ့။ ဖင်ဆိုတာ နှစ်ခွရှိရင် အိမ်သာတက်ရလည်း ခက်လိမ့်မယ်။ အိမ်ထောင်ပြုရလည်း ခက်လိမ့်မယ်။ ကြောက်ချာကြီး။ ကြောက်ချာကြီး။
ကြီးပွါးစေကြောင်း ပဋ္ဌာန်းနည်းကောင်းများ
ကြီးပွါးစေကြောင်း ပဋ္ဌာန်းနည်းကောင်းများ
Untitled Document
ကြီးပွါးစေကြောင်း ပဋ္ဌာန်းနည်းကောင်းများ
Author: Dhamma Yanant
၁။ ဟေတုပစ္စည်း
စိတ်ရင်းကောင်းခြင်း၊ ရက်ရောခြင်း၊ မေတ္တာထားခြင်း၊ ခွင့်လွှတ်တတ်ခြင်း၊ အမြော်အမြင်ရှိခြင်း။
၂။ အာရမ္မဏပစ္စည်း
ဘုရားဖူးခြင်း၊ တရားနာခြင်း စသော အတိဣဋ္ဌာရုံများနှင့် နေခြင်း / မကောင်းသော အာရုံတို့နောက် မလိုက်ဘဲ ကုသိုလ်အာရုံတို့နှင့်သာနေခြင်း (မိမိအတွက်)။
မိမိကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်စေခြင်း / အကုသိုလ် မဖြစ်စေခြင်း (သူတစ်ပါးအတွက်)။
၃။ အဓိပတိပစ္စည်း
ပညာဥာဏ်ကြီးခြင်း၊ စိတ်, ဇွဲ, ဆန္ဒ ထက်သန်ခြင်း။
၎။ အနန္တရပစ္စည်း
အလုပ်ကို (စိတ်လာလျှင်လုပ်၍ စိတ်မလာလျှင်မလုပ်ခြင်းမျိုး) ပြတ်တောက်ပြတ်တောက် မလုပ်ခြင်း။
၅။ သမနန္တရပစ္စည်း
ပုံမှန် စဉ်ဆက်မပြတ် ကြိုးစားခြင်း။
၆။ သဟဇာတပစ္စည်း
ညီညီညွတ်ညွတ် အတူတကွ လုပ်ကိုင်ခြင်း။
၇။ အညမညပစ္စည်း
အပြန်အလှန် ကောင်းကျိုး ပြုတတ်ခြင်း။
၈။ နိဿယပစ္စည်း
သူတစ်ပါး မှီခိုအားထားလောက်သော အရည်အချင်းရှိခြင်း။
၉။ ဥပနိဿယပစ္စည်း
ယုံကြည်မှုရှိခြင်း၊ ဆရာကောင်း, မိတ်ဆွေကောင်း, ပတ်ဝန်းကျင်ကောင်း ရှိခြင်း (အားကြီးသော မှီရာရှိခြင်း) (မိမိအတွက်)။
မိမိကလည်း သူတစ်ပါးအတွက် မိတ်ဆွေကောင်းဖြစ်ခြင်း (သူတစ်ပါးအတွက်)။
၁ဝ။ ပုရေဇာတပစ္စည်း
အခွင့်အလမ်းကောင်းများ ရှေ့ကဖြစ်ပေါ်နေခြင်း (ရှေ့ဆောင်ကောင်းရှိခြင်း) (မိမိအတွက်)။
မိမိက ရှေ့ကဦးဆောင်နိုင်ခြင်း (သူတစ်ပါးအတွက်)။
၁၁။ ပစ္ဆာဇာတပစ္စည်း
ကျောထောက်နောက်ခံကောင်းရှိခြင်း (နောက်လိုက်ကောင်းရှိခြင်း) (မိမိအတွက်)။
လိုအပ်သူတို့အား ထောက်ပံ့နိုင်ခြင်း၊ သားသမီးကောင်း၊ တပည့်ကောင်းဖြစ်ခြင်း (သူတစ်ပါးအတွက်)။
၁၂။ အာသေဝနပစ္စည်း
ကျွမ်းကျင်မှုရှိရန် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ လေ့ကျင့်ခြင်း။
၁၃။ ကမ္မပစ္စည်း
စေတနာကောင်းထားခြင်း။
၁၄။ ဝိပါကပစ္စည်း
ကောင်းကျိုးတရားများ ခံစားရခြင်း။
၁၅။ အာဟာရပစ္စည်း
ကိုယ်/စိတ် အာဟာရ မျှတခြင်း။
၁၆။ ဣန္ဒြိယပစ္စည်း
မိမိဆိုင်ရာ၌ အစိုးရခြင်း။
၁၇။ ဈာနပစ္စည်း
မိမိအလုပ်၌ စူးစိုက်မှုရှိခြင်း။
၁၈။ မဂ္ဂပစ္စည်း
မှန်ကန်သော နည်းလမ်းဖြင့် ကြိုးစားခြင်း။
၁၉။ သမ္ပယုတ္တပစ္စည်း
မိမိဆိုင်ရာ အလုပ်/ ပုဂ္ဂိုလ်တို့နှင့် စိတ်ဝမ်းမကွဲပြား တစ်သားတည်း ဖြစ်ခြင်း။
၂ဝ။ ဝိပ္ပယုတ္တပစ္စည်း
ပျင်းရိသူများနှင့် မပေါင်းခြင်း၊ မကောင်းသူများနှင့် မရောခြင်း။
၂၁။ အတ္ထိပစ္စည်း
အကောင်းအဆိုး နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိခြင်း။
၂၂။ နတ္ထိပစ္စည်း
တစ်ကိုယ်ကောင်းဆန်မှု မရှိခြင်း။
၂၃။ ဝိဂတပစ္စည်း
လူမိုက်တို့နှင့် ကင်းအောင်နေခြင်း ၊ ဟန်ဆောင်မှုကင်းခြင်း၊ သံသယ ကင်းခြင်း။
၂၄။ အဝိဂတပစ္စည်း
သတိလွတ်ကင်းမှု မရှိခြင်း (သတိအမြဲရှိခြင်း)။
အကျဉ်းမျှသာ ပြလိုက်ပါသည်။ ဤနည်းလမ်းကောင်းများနှင့် ပြည့်စုံအောင် ကျင့်ဆောင်နိုင်သော ပုဂ္ဂိုလ်အဖို့ ပစ္စုပ္ပန်၊ သံသရာ ဘ၀နှစ်ဖြာတို့၌ စိုးရိမ်ဖွယ်မရှိ။ အခြေမြင့် ကြီးပွားမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ပဋ္ဌာန်းတရားတော်သည် အနန္တနယ (အဆုံးမရှိ) အလွန်ကျယ်ဝန်း နက်နဲသောကြောင့် ရွတ်ဖတ်တတ်ရုံမျှဖြင့် ကျေနပ်မနေကြဘဲ မိမိတို့စွမ်းနိုင်သလောက် နားလည်အောင် ကြိုးစားပြီး လက်တွေ့ဘဝတွင်လည်း အကျိုးရှိအောင် အသုံးချနိုင်ကြစေဖို့ ရည်ရွယ်ရင်း…။
ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ ။ ။
ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ ။ ။
ပဋ္ဌာန်းကို ပြောမယ်ဆိုရင် အဘိဓမ္မာ (၇)ကျမ်းလုံးကိုလဲ နည်းနည်းစိစစ်ရမယ် ၊ သတ္တ သတ္တာယ (၇) ခုကိုလ
ဲ နည်းနည်းတော့ ရေးဥိးမှ ကောင်းမယ် ။
ပဋ္ဌာန်းကို စပြီးဆင်ခြင်တဲ့ သမိုင်းလေးရယ် ၊ ဆက်နွယ်နေတဲ့ ဖြစ်စဉ်လေးတွေရယ် ပါ သိရတော့
ပိုကောင်းပါမယ်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌
သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် -
(က) ပလ္လင်္ကသတ္တာဟ ။ ။ ဘုရားဖြစ်တဲ့ နေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် ( ၁ ) ရက်နေ့မှ
  (၇) ရက်နေ့အထိ မလှုပ်မရှား ဆက်ပြီး သီတင်းသုံးတော်မူပါတယ် ။ ပထမနေ့ ၊ နေ့အခါမှာ ဖလသမာပတ
် ၀င်စားပြီး နေပါတယ် ။ညအခါမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ ၊ ပဋိလုံ
သုံးသပ်ဆင်ခြင်တော်မူပါတယ်။ ” ယဒါဟဝေ …” စသော ဥဒါန်း(၃) ဂါထာကို အသံမထွက်ဘဲ
စိတ်ထဲမှ ကျူးရင့်တော်မူပါတယ်။ (သတ္တာဟ-၇-ရက် )
(ခ) အနိမိသ သတ္တာဟ။ ။ ဗောဓိပင်ရဲ.အနီး အရှေ.မြောက် ယွန်းယွန်း ၁၄-လံအကွာ နေရာမှာ 
 ကဆုန်လပြည့်ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၇-ရက် ထပ်မံသီတင်းသုံးတော်မူပါတယ် ။
 ” ငါသည် ပါရမီများဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ် (၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ
တကား ” ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတ ပလ္လင်ကို မမှိတ်သော
မျက်စိဖြင့် (၇)ရက်လုံးကြည့်ရှုဝမ်း မြောက်နေတော်မူသည် ။[ အ = မ ၊ နိမိသ = မျက်စိမှိတ်သည် ,
အနိမိသ = မျက်စိမမှိတ်ဘဲ ]
(ဂ) (ရတနာ) စင်္ကမ သတ္တာဟ။ ။ နောက်တခါ ကဆုန်လကွယ်နေ့မှ နယုန်လဆန်း
 (၆) ရက်နေ့အထိ ၇-ရက် တွင် ဗောဓိပင်ပလ္လင် နဲ့ အနိမိသဌာန အကြား ၊ ဗောဓိပင်၏ မြောက်ဘက်၌
စင်္ကြံကြွကာ ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ဒီနေရာမှာ နတ်တွေက
 “….ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည် ၊ ဘုရားစင်စစ်မဖြစ်သေး
” ..ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူပါတယ်။
  စင်္ကြံကြွရင်း တရားဆင်ခြင်၊ဖလသမပတ် ၀င်စားသောကြောင့် ” စင်္ကမ သတ္တာဟ “ခေါ်သည်။
(ဃ) ရတနာဃရ သတ္တာဟ။ ။ ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင်
နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း (၆) ရက်နေ့မှ (၁၃)ရက်အထိ
 အဘိဓမ္မာတရားတော် ကို ဆင်ခြင်နေတော်မူပါတယ်။အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကိုဆင်ခြင်ရာတွင် 
 ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ ။နောက်ဆုံး ပဌာန်းဒေသနာတော်ကြီးကို
ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူးကာ
နတ်၊ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်၏ ။
(၁) နီလ = ညိုမှောင်သောအရောင် ( ဆံပင် ၊မွေးညှင်း မျက်လုံး မှ ထွက်သည်)
(၂)ပီတ =ရွှေရောင် (အသားနဲ့ မျက်လုံး မှ ထွက်သည်)
(၃)လောဟိတ = အနီရောင် ( အသွေးအသားထဲမှ နှင့် မျက်လုံး မှ ထွက်သည်)
(၄)သြဒါတ = အဖြူရောင် ( အရိုးတော်များ ၊ သွားတော် စွယ်တော်များ နှင့် မျက်လုံး မှ ထွက်သည်)
(၅)မဉ္ဇိဋ္ဌ = ညိုမောင်းသော အရောင် ( ခန္ဓာ အစိတ်အပိုင်း ကြီးငယ်မှ ထွက်သည်)
(၆)ပဘဿရ =ပြိုးပြိုးပျက်ပျက် အရောင် ( ခန္ဓာ အစိတ်အပိုင်း ကြီးငယ်မှ ထွက်သည်)
တဆက်တည်း မှာ သတိရလာတာလေး ပြောဥိးမယ်။ ဒီ ရောင်ခြည်တော်
(၆)ပါးကိုပဲ ၁၉၅၀ ၊မေလ မှာကျင်းပတဲ့ ကိုလံဘို ကမ္ဘာ့ဗုဒ္ဓညီလာခံမှာ
အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ အလံ အဖြစ် တီထွင် သတ်မှတ်ခဲ့ပါတယ်။
ဒါပေမယ့် အလံတော်မှာ အရောင် (၅) မျိုးပဲပါပါတယ်။
ပဘဿရ ဆိုတဲ့ ပြိုးပြိုးပျက်ပျက် အရောင် သည် ကျန် အရောင် ၅ မျိုးမှာ အကျုံးဝင်ပြီး ဖြစ်ပါတယ်။
နီလ ဆိုတဲ့ ညိုမှောင်သော အရောင်ဆိုတာ အနီးစပ်ဆုံး အပြာရောင် အဖြစ် အတည်ပြုလိုက်ပါတယ်။
 အရောင်နဲ့ ဆိုင်တဲ့ ဘာသာပြန်ကွဲလွဲမှုတွေကို မြန်မာနဲ့ သီဟိုဠ် ဆရာတော်တွေ ပြန်ညှိရပါတယ်။
မဉ္ဇိဋ္ဌ ဆိုတဲ့ ညိုမောင်းသော အရောင် ၊ မရမ်းစေ့ရောင် ကို လိမ္မော်ရောင်လို့ အတည်ပြုလိုက်ပါတယ်။
ဒါကြောင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ အလံမှာ (၅)ရောင် ရှိနေပါတယ်။
နီလ = Universal Compassion ၊ Loving kindness, peace and universal compassion ..
မဟာကရုဏာတော်
ပီတ = The Middle Path ၊ avoiding extremes, emptiness မဇ္စိုမ ပဋိပဒါ လမ်းစဉ်
လောဟိတ = The blessings of practice - achievement, wisdom, virtue, fortune and dignity
မင်္ဂလာတရား
သြဒါတ = The purity of Dharma - leading to liberation, outside of time or space
မဉ္ဇိဋ္ဌ = The Buddha’s teachings - wisdom ပညာ
ပဘဿရ = အပေါ် (၅)မျိုးပေါင်းထားခြင်း ..တို့ ဖြစ်တယ် ဆိုပါတော့ ။
(င) အဇပါလသတ္တာဟ ( ဆိတ်ကျောင်း ညောင်ပင်) ။ ။ ဗောဓိပင် ရဲ. အရှေ. (၃၂)လံ အကွာမှာ ဖြစ်ပါတယ်
 ။ နယုန်လဆန်း (၁၄)ရက်နေ့မှနယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက်ဖြစ်ပါတယ်။
 မာရ်နတ်ရဲ. သမီး (၃) ယောက် ( တဏှာ ၊အရတီ ၊ရာဂါ ) က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့
 ကြိုးစားခဲ့ကြပါတယ်။ ( မိန်းကလေးတွေ ဘုရားရှင်ကိုတောင် မာယာနဲ့ လှည့်စားချင်သေးတာ
 ပုထုဇဉ် ပုရိသ တွေကတော့ ဘာပြောကောင်းမလဲ ၊ ဘာမှကိုပြောလို့ မကောင်းပါဘူး ။ )
ဒီ ဆိတ်ကျောင်း ညောင်ပင် မှာပဲ ဟုန်ဟုန်က ပုဏ္ဏားက အဘယ်သူကို ဗြဟ္မာဏ မည်ပါသလဲ လို့
မေးလျှောက်ပါတယ်။ ဘုရားရှင် ဒီနေရာမှာပဲ သတ္တ၀ါတွေကို တရားဟောဖို့ စပြီး စီစဉ်ဆုံးဖြတ်တော်မူပါတယ် ။
         (စ) မုစလိန္ဒ သတ္တာဟ ( မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန) ။ ဗောဓိပင် ရဲ. အရှေ.တောင် (၁၅)လံ
အကွာ မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်ထိ ဖြစ်ပါတယ် ။ဒီမှာ ပြောင်းရွေ.သီတင်းသုံးစဉ်မှာ 
 အခါမဲ့ မိုးရွာခဲ့ပါတယ်။ ဒီအခါမှာ မုစလိန္ဒာအိုင်
နဂါးမင်းဟာ တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်ပေမယ့်် သူရဲ. ပကတိ ကိုယ်တော်နဲ့သာ ပါးပြင်းမိုးပြီး 
 ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါတယ်။နဂါးမင်းအား သတ္တ၀ါတွေကို မငြင်းဆဲဖို့ ဒေါသကို ထိန်းဖို့ ၊
 ငါ ဟူသော မာန်မာန ကို ခွာဖို. ဆုံးမတော်မူပါတယ်။
(ဆ) ရာဇာယတန သတ္တာဟ (လင်းလွန်းပင် )။ ။ဗောဓိပင် ရဲ.တောင်ဘက် (၄၀)လံ အကွာ..[ (၁၁)လံ ဟု
စာမှာရှိပေမဲ့ ဗုဒ္ဓဂါယာမှာ လက်တွေ့အားဖြင့် (၄၀) လံ ရှိတယ်လို့ ဆိုပါတယ် ] နယုန်လပြည့်ကျော် (၁၃)ရက်မှ
ဝါဆိုလဆန်း ( ၄)ရက်နေ့ အထိ (၇) ရက် ပတ်လုံး သမာပတ် ၀င်စား ပါတယ် ။ (၇) ရက်ပြည့်တဲ့ မနက်မှာ
 သိကြားမင်းက တဇုသီး ၊ တံပူတွေ ဆပ်ကပ်ပါတယ်။ ကိုယ်လက်သန့်စင် အပေါ့ ၊ အလေးသွားပြီး (၄၉)ရက်တာ
  ပင်ပန်းခဲ့ရသမျှကို သည်းခံတော်မူပါတယ်။
အဲဒီ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ် နေချိန်မှာ မြန်မာနိုင်ငံ ၊ ရာမညတိုင်း ၊ ဥက္ကလာ ဇနပုဒ် ၊ပေါက္ကရ၀တ္တီ
ဇနပုဒ် တို့မှ ကုန်သည်ညီနောင် တဖုဿ၊ဘလ္လိက မှ မုန့်ကျစ်ဆုပ် ဆပ်ကပ်ပါတယ်။ (ပြောရရင် များတယ် ။
 စိတ်ဝင်စားစရာဖြစ်လို့ သီတဂူဆရာတော် ရဲ့ တဖုဿ၊ဘလ္လိကညီနောင်တရား နာပါလေ ။ )
ဒီကုန်သည်ညီနောင် ကပ်တဲ့ ဆွမ်းကို လက်ခံဖို့ စတုမဟာရာဇ် နတ်မင်းကြီး (၄)ပါးမှ သပိတ် (၄)လုံး
  တပြိုင်တည်းကပ်လှူကြရာ ဘုရားရှင်က အဓိဌာန်နဲ့ (၁)လုံးတည်းဖြစ်စေပြီး အလှူခံပါတယ်။
 ( ဒီသပိတ်တော်ကို အခုခေတ်မှာပါ ဖူးရရင် သိပ်ကောင်းမှာပဲနော် ) ။ ကုန်သည်ညီနောင် ကို
သံဃာမရှိသေးတဲ့ အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါး ပဲ ပေးပါတယ်။ဆံတော် (၈)ဆူ စွန်.တော်မူပါတယ် ။
 ဒီဆံတော်တွေကို ရွှေတိဂုံစေတီမှာ ဌာပနာပြုပါတယ်။
အဘိဓမ္မာ ၇-ကျမ်း။
အဘိဓမ္မာ နှင့် အဘိဓမ္မတ္ထမည်ပုံ ။
အဘိဓမ္မာ ၇-ကျမ်းလုံးသည် အဘိဓမ္မာ မည်၏။ စိတ်,စေတသိက်, ရုပ်, နိဗ္ဗာန် ၄-ပါးသည် အဘိဓမ္မတ္ထ မည်၏။ 
    အဘိဓမ္မာသမိုင်း နှင့် အဘိဓမ္မာ ၇-ကျမ်း
အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ်ဆင်ခြင်ခြင်း
(အပေါ်မှာဖော်ပြပြီးသားပါပဲ)
မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား
အဖြစ
် ရောက်ရှိခဲ့ပြီးနောက် သတ္တဌာန စံတော်မူရာ နယုန်လဆန်း ၇-ရက်နေ့မှ ၁၃ ရက်နေ့ထိတွင်
 ဗောဓိပင်နှင့် ရွှေပလ္လင်၏ အနောက်မြောက်အရပ်၌ နတ်တို့ဖန်ဆင်း လှူဒါန်းအပ်သော ရတနာရွှေအိမ
် (ရတနာဃရ) တွင် သီတင်းသုံးတော်မူပြီး အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ် ဆင်ခြင်တော်မူသည်။
အဘိဓမ္မာ ၇-ကျမ်းကို ဟောကြားတော်မူခြင်း
မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို
 ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌ၀ါကို မကုဠတောင် စသည့်
နေရာဌာနများ၌ ၀ါကပ်တော်မူသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူပြီး
မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို
ဝါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။
အကျယ်နည်း
မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ 
 အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ
နာကြားရသော တရားနာတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို
 သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက်
လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာအကျယ်နည်း
( ၀ိတ္ထာရနယ ) ကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်းဖြစ်သည်။
အကျဉ်းနည်း
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း
စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင်
ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ)တော်မူသည်။ ထို စန္ဒကူးတောတွင်
အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက
  ရှင်သာရိပုတ္တရာအား အကျဉ်းချုပ်နည်း ( သင်္ခေပနယ ) ကို ဟောတော်မူသည်။
မကျဉ်းမကျယ်နည်း
ရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား
 မကျဉ်းမကျယ် နည်း ( နာတိဝတ္ထာရ-နာတိသင်္ခေပနယ )ဖြင့် ပြန်လည် ပို့ချတော်မူသည်။
နောက်တနေ့တွင် ထိုပို့ချချက်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ
 မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့သည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု
ဝါဆိုလပြည့်ကျော် ၁-ရက်မှ သီတင်းကျွတ်လပြည့်နေ့ထိ ၃-လအတွင်း နည်း ၃-နည်းဖြင
့် လူ့ပြည်-နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့လေသည်။
( ဒီနေရာမှာ ဒီအဘိဓမ္မာတရားကို ညီတော်အာနန္ဒာကိုလည်း မြတ်စွာဘုရားပြန်ဟောသွားမယ်ဆိုတာ
 သေချာပါတယ်။ အာနန္ဒာရဲ့ ပန်ဆုရှိနေပြီးသား ၊ ဘုရားကလဲ ကတိပေးပြီးသား ဖြစ်နေတာကိုး။ )
အကျဉ်းချုပ် အလျက်အားဖြင့်တော့ -
၁။ ဓမ္မသင်္ဂဏီကျမ်း
ဓမ္မ-တရား၊ သင်္ဂဏီ-ရေတွက်ခြင်း၊
ပရမတ္ထတရားများကို ရေတွက်ပေါင်းရုံးပြသော ကျမ်းဖြစ်သည်။
ထိုသို့ ပေါင်းရုံးပြရာတွင် ဦးစွာ ခေါင်းစဉ် မာတိကာများကို ဟောကြားပြီးမှ ထိုမာတိကာများအလိုက်
အဓိပ္ပါယ် အကျယ်ကို ဆက်လက် ဟောကြားတော်မူသည်။
     ၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)၀ိဘင်္ဂ-အကျယ်ဝေဖန်ဟောခြင်း။
ဓမ္မသင်္ဂဏီတွင် စုပေါင်းရေတွက်ခဲ့သည့် ပရမတ္ထတရားများကို ၁၈-ပိုင်းခွဲပြီး
 နည်း ၃-နည်းဖြင့် အကျယ်ဝေဖန် ဟောကြားသည့် ကျမ်းဖြစ်သည်။ နည်း ၃-နည်း မှာ ..
- တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း (သုတ္တန္တဘာဇနီယနယ)
- အထက်တန်း တရားနာပုဂ္ဂိုလ်များသာ နားလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း
(အဘိဓမ္မာဘာဇနီယနယ)
- တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း (ပဥှာပုစ္ဆကနယ) …
တို့ဖြစ်သည်။
၃။ ဓာတုကထာကျမ်း
ခန္ဓာ အာယတန ဓာတ် တို့ဖြင့် ဝေဖန်ဟောကြားသောကျမ်းဖြစ်သည်။
ရုပ် နာမ် ၂-ပါးကိုပင် ခန္ဓာ ဟူ၍လည်းကောင်း၊ အာယတန ဟူ၍လည်းကောင်း၊
 ဓာတ် ဟူ၍ လည်းကောင်း ခေါ်သည်။ ထိုတွင် ဓာတ်သည် ခန္ဓာ, အာယတန တို့ထက်
 အရေအတွက်အားဖြင့် များသောကြောင့် ဓာတ်ကို ခေါင်းတည်ပြီး ‘ဓာတုကထာ’ ဟု
ခေါ်ရခြင်းဖြစ်သည်။
ဓမ္မသင်္ဂဏီ၊ ၀ိဘင်းတို့၌ ဟောကြားခဲ့သော ပရမတ္ထတရားများကို ခန္ဓာနည်း၊ ဓာတ်နည်း၊
အာယတနနည်းတို့ဖြင့် ဝေဖန် ဟောကြားထားသည်။
၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)အထက်ပါ ၃-ကျမ်းကို ဟောကြားစဉ်တွင်
နတ်ဗြဟ္မာတို့၏ စိတ်၌ ‘လောကတွင် ပရမတ္ထဓမ္မများသာ အရေးပါပြီး ပညတ်တရားတွေက
 အရေးမပါဘူးလား’ ‘ပရမတ္ထတရားတွေသာ ရှိပြီး ပညတ်တရားတွေဆိုတော
မရှိတော့ဘူးလား’ စသဖြင့် သံသယ၀င်လာကြသည်။ ထိုသံသယများက
ို ဖြေဖျောက်တော်မူရန် ပုဂ္ဂိုလ် ပညတ်များကို ဟောကြားသည့် ပုဂ္ဂလပညတ်ကျမ်းကို ဟောတော်မူသည်။
၅။ ကထာဝတ္ထုကျမ်း
ကထာ-အယူအဆ ၀ါဒရေးရာနှင့် ပတ်သက်သောစကား၊ ၀တ္ထု-ထိုစကား (တရား) များတည်ရာ။
အယူအဆ ၀ါဒရေးရာနှင့် ပတ်သက်ပြီး ဟောပြသောကျမ်း ဖြစ်သည်။
ဟောကြားပြီးဖြစ်သော အထက်ပါ ၄-ကျမ်းနှင့် ဟောလတ္တံ့ ဖြစ်သော ယမိုက်ကျမ်း၊ 
 ပဋ္ဌာန်းကျမ်း တို့နှင့် ပတ်သက်၍ ၀ိဝါဒဖြစ်လာလျှင် အမှန်အမှား ခွဲခြားနိုင်ရန်
မှတ်ကျောက်သဖွယ် ဖြစ်သော ကထာဝတ္ထုကျမ်းကို ဟောကြားတော်မူသည်။
၆။ ယမက (ယမိုက်ကျမ်း)ယမက-အစုံ (တစုံ)။
- အနုလောမ (အနုလုံ) - ပဋိလောမ (ပဋိလုံ) အားဖြင့်တစုံ၊
- ပုစ္ဆာ (အမေး) - ၀ိသဇ္ဖနာ (အဖြေ) အားဖြင့်တစုံ၊
- သန္နိဋ္ဌာန် (ဆုံးဖြတ်ခြင်း) - သံသယ (ယုံမှားခြင်း) အားဖြင့် တစုံ၊
စသဖြင့် ပရမတ္ထတရားများကို အစုံလိုက် အစုံလိုက် ဟောကြားတော်မူသော ကျမ်းဖြစ်သည်။
၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ပ-အမျိုးမျိုး၊ ဌာန-အကြောင်းတရား။
အကြောင်းတရား အမျိုးမျိုး (ကြောင်းကျိုးဆက် အမျိုးမျိုး) တို့ကို ဟောတော်မူသောကျမ်း ဖြစ်သည်။
ဓမ္မသင်္ဂဏီ စသော အထက်ပါ ၆-ကျမ်းကို ၂၄-ပစ္စည်းဖြင့် စက်လှည့်ပြီး ဉာဏ်တော်ကျက်စား
 ဟောကြားထားသည်။ ပဋ္ဌာန်းကျမ်းကြီးကို ဟောကြားတော်မူရာ၌ ဥဒ္ဒေသ (အကျဉ်း)၊
နိဒ္ဒေသ (အကျယ်)၊ ပဋိနိဒ္ဒေသ (ထပ်ဆင့်အကျယ်) တို့ဖြင့် အဆင့်ဆင့် ဟောကြားတော်မူသည်။
***
(ကိုးကား ။ ။ သာကီနွယ်၏ အဘိဓမ္မာကျင့်စဉ်မှ)
———————
လက်ရှိ ပိဋကတ် (၃)ပုံ မြန်မာပြန်မှာက ဓာတုကထာကျမ်း၊ ယမိုက်ကျမ်း နဲ့ ပဋ္ဌာန်းကျမ်း မပါသေးဘူး ။
ဒါကြောင့် အကိုတို့ လေ့လာဖို့ ခက်နေသေးတယ်။ ဒီအပြင် အဋ္ဌကထာနဲ့ ဋီကာ မပါဘဲနဲ့ လဲ လေ့လာလို့
 မရဘူး။ မြန်မာပြန်ကို ဖတ်ကြည့်ပေါ့ ။ လက်ရှိမှာတော့ ဆရာတော် အရှင်ဇနကာဘိဝံသ နဲ့
အရှင်ဆေကိန္ဒ (၂) ပါး တော့ ပဋ္ဌာန်းကို ရှင်းလင်းဟောကြားထားတာရှိတယ် ။ သင်တန်းအနေနဲ့
တက်မှပဲ ပိုသိမယ် ။ သင်တန်းကတော့ မမေဒါဝီ ၊ ဓမ္မဗျူဟာ ဒေါ်ခင်လှတင် ၊ဒေါက်တာမင်းတင်မွန်
တို့ရဲ့ သင်တန်း တွေကို အင်တာနက်ပေါ်မှာ လေ့လာလို့ ရတယ်။ အကိုကြုံ ရတဲ့
အခက်အခဲတစ်ခုကတော့ သူတို့ ဝေပေးတဲ့ လက်ကမ်းစာစောင်ကို ကိုယ်က မရတော့
ဘယ်စာမျက်နှာမှာ ဘာကို ရှင်းနေတယ်ဆိုတာ ကို မသိပဲ ဖြစ်နေရတာပဲ ။
အဘိဓမ္မာ သင်တန်းမှာ မှတ်သားမိတာကတော့ ၀ါတွင်း ( ၃ ) လ မှာ -
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်
၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)ကို ( ၁၂ ) ရက်
၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်
၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ၇ ) ရက်
၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်
၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက်
၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။ ရက်အများဆုံးဟော ရတယ်ဆိုတာ
သတိထားပါ။
နတ်ပြည်မှာ ဘုရားရှင် ရဲ့ နှုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာ ဟာလဲ အကြောင်းတစ်ခုလို့
ဆိုပါတယ်။ သာမာန်လူ စကား (၁)ခွန်းပြောရင် အရှင်အာနန္ဒာက (၈) ခွန်း ၊ ဘုရားရှင်က (၁၂၈)
ခွန်းပြောနိုင်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ပါရမီဖြည့်စဉ် ကာလတလျောက်လုံး မုသားဝါဒ
( ၀စီဒုစရိုက် -၄-ခုလုံးပေါ့ ) ကို လုံးဝ မပြောခဲ့တဲ့ သီလကောင်းမှုကြောင့် ဘုရားရှင်မှာ
  သွားတော် (၄၀) ရှိတဲ့ အပြင် အသံရဲ့ ကြည်လင်ပီပြင်ခြင်း ၊ လိုအပ်သူကို သာ ကြားစေခြင်း စသော
 ကောင်းကျိုးတွေပါ ရစေပါတယ်။
အကို တွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက်… (ယမိုက်ကျမ်း-အရ)
လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ၀.၂၄ ) နာရီ
လူ့ပြည် (၃) လ = တာဝတိသာ ( ၀.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ်
နတ်တွေအတွက်တော့ (၃.၆) မိနစ် ပဲကြာပါတယ် ။ သူတို့ရဲ့ အချိန်အတိုင်းအတာတွေ 
 အကိုတို့နဲ့ ရေတွက်ပုံ တူရင်ပေါ့ လေ။ (၆၀) မိနစ် = (၁)နာရီတွေ ဘာတွေ၊ မရှိရင်တော့
ဒီလိုတွက်လို့ မရနိုင်ဘူးပေါ့ ။
ဒါတွေက ပဋ္ဌာန်းနဲ့ ဆက်နွယ်နေတဲ့ ဖြစ်စဉ်တွေပေါ့ ။ မဆိုင်တာတွေပါ ပါနေပေမယ့် ဗဟုသုတရစရာတွေ
မို့လို့ အကုန် ရေးပေးလိုက်တာပါ ။ ပဋ္ဌာန်းကို နောက်နေ့ပြောကြတာပေါ့။
———
ပဋ္ဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ ။ ။
ပဋ္ဌာန်း = ပ + ဌာန
ပ = အမျိုးမျိုးအစားစား များပြားသော
ဌာန = အကြောင်း (ဒီနေရာမှာ စာလုံးပေါင်းမူကွဲနေတာ သတိထားမိပါတယ်။ ဋ္ဌ နဲ့ ဌ ဖြစ်ပါတယ်။
  စာအုပ်တော်တော်များများမှာ ပဋ္ဌာန်း ကို ဋ္ဌ နဲ့ ဖော်ပြပြီးတော့ ဌာန လို့ ပြန်ခွဲတာကိုတော့ ဌ နဲ့ပဲ
ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ကြည့်တော့ ဋ္ဌ = ဋ + ဌ လို့
တွေ့ရပါတယ်။ ပ+ဌာန ကို သီဟိုဠ် ပါဠိ ပြင်လိုက်တော့ ပဋ္ဌာန်း လို့သာ မြန်မာ အက္ခရာနဲ့
  ရေးရမယ်ဆိုပါတယ်။ ပဌာန်း လို့ မရေးကြရပါဘူး။ အရေးမကြီးလှပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုမှု
လွဲသွားမှာစိုးလို့ သတိထားမိပါတယ်။ ) ။
နောက် အမည်တစ်မျိုးကတော့ -
အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်း = အနန္တနယ + သမန္တ
အနန္တနယ = အဆုံးမရှိသောကျမ်း
သမန္တ = ထက်ဝန်းကျင်အဆုံးမရှိသော နည်းလမ်းတို့ဖြင့် တန်ဆာဆင်ထားသော ထက်ဝန်းကျင
် ပြည့်စုံသောကျမ်း လို့ခေါ်ကြပါတယ်။
ဒီတော့ ပဋ္ဌာန်း ဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်း တရားများကို လေ့လာဟောကြားတဲ့
တရားတော်ဖြစ်ပါတယ်။
လောကကြီးမှာ ပညတ်သဘောအရ သတ္တလောက ၊ သြကာသ လောက ၊ သင်္ခါရ လောက ရယ်လို့ 
 (၃)မျိုးရှိပါမယ်။ ဒီလောကတွေကို ပရမတ်အားဖြင့် ခွဲစိတ်ရင်တော့ ရုပ် နဲ့ နာမ် ( ၂ ) ပါးပဲ ရှိပါမယ်။
ဒီအထဲမှာမှ အကြမ်းအားဖြင့် နာမ် ကို ထပ်ခွဲတော့ စိတ် နဲ့စေတသိတ် (၂)မျိုး ထပ် ရှိမယ်။
ဒီတော့ သက်ရှိမှန်သမျှမှာ ရုပ်နဲ့ နာမ် ( တနည်း ) ရုပ် ၊ စိတ် ၊ စေတသိတ် တို့ ရှိနေပြီး ၊
 သက်မဲ့မှာတော့ ရုပ်သာလျှင် ရှိပါမယ်။ လောကကြီးမှာ ရှိတဲ့ နိယာမတရား(၅)ပါးနဲ့ ထိတွေ့တဲ့ အခါ
အချို့သော သက်မဲ့များဟာ သက်ရှိအလား ထင်မှတ်မှားရပါတယ်။ မွေးဖွားတယ် ၊ ကြီးရင့်တယ် ၊
 အိုဟောင်းလာတယ် ၊ မျိုးပွားတယ် ၊ သေကြေပျက်စီးတယ် သဘောတွေ တူနေကြလို့ သက်မဲ့ ကို
သက်ရှိ အဖြစ် အယူမှားတာတွေ ရှိခဲ့ ၊ ရှိနေကြတယ်။ အထင်ရှားဆုံးကတော့ သစ်ပင်တွေပေါ့ ။ 
    နောက်တစ်ချက် ဒီ လောက (၃)ပါးမှာ အ၀ိဇ္ဖာနဲ့ တဏှာ ကို အရင်းခံပြီး ဥပါဒါန် ၊ ကံ (သင်္ခါရ) နဲ့
 အာဟာရ တွေ ထောက်ပံ့ တည်ပေးနေသမျှကတော့ သတ္တလောက က သတ္တ၀ါတွေဟာ
 သြကာသလောကထဲက ဘုံ အမျိုးမျိုးမှာ ကျင်လည်နေကြရမှာပါပဲ ။ ဒီလို ဒုက္ခတွေ မွေးလိုက်၊
သေလိုက်နဲ့ လည်နေတာကို သံသရာလို့ ခေါ်တာပါပဲ ။ ဒီလို လူဖြစ်လိုက် ၊ နတ်ဖြစ်လိုက် ၊
တိရ စ္ဆာန် ဖြစ်လိုက် ၊ အပယ်ရောက်လိုက်၊ ငရဲကျလိုက်ဖြစ်နေတာတွေဟာ ကိုယ် ပြုဖူးတဲ့
အကြောင်းတရားတွေကြောင့် ဖြစ်တယ်။ ဘယ်တန်ခိုးရှင်တစ်ဦးတစ်ယောက်မှ ဖန်တီးပေးနေတာ
မဟုတ်ဘူး။ အကြောင်းတရား ရှိခဲ့ လို့ ဒီလို အကျိုးတွေ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ
  ပိုင်းခြားဟောထားတာကတော့ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော် ပါပဲ ။
မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့ ရဲ့ ညဉ့်ဦးယံမှာ
ရှေးက ခန္ဓာ စဉ်ကို ပြန်အောက်မေ့ သိရှိနိုင်သော ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ် ၊သန်းခေါင်ယံမှာ
နတ်မျက်စိနဲ့ တူတဲ့ ဒိဗ္ဗစက္ခှုဥာဏ်တွေကို ရရှိပြီးတော့ အာသ၀က္ခာဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို 
 အလွယ်တကူ မရပါဘူး။ ဒါကြောင့် ဘာမှားနေလဲ ဆိုပြီး ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ် နဲ့
ရှေး ဘုရားတွေကို ပြန် ကြည့်ပါတယ်။ ဒီအခါမှာ ရှေးရှေးကပွင့်တော်မူပြီးသော ဘုရားရှင်အားလုံးဟာ
 ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော် ကို ဆင်ခြင်ပြီးမှသာ ဘုရားဖြစ်တော်မူကြကြောင်း သိတော်မူပြီး
အနုလောမ ၊ ပဋိလောမ အားဖြင့် ဆင်ခြင်နှလုံးသွင်းပါတယ်။ ဒါကြောင့်လဲ မိုးသောက်ယံမှာ
အာသ၀က္ခယဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို ရရှိပြီး ဗုဒ္ဓ အဖြစ်ရောက်တော်မူပါတယ်။ 
      ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော်ဆိုတာကလည်း ခန္ဓာဥာဏ်ရောက် သဘောပေါက်အောင် 
 ဟောရ ၊ရေးရမယ်ဆိုရင် ခက်လွန်း ၊ ပရိယာယ် များလွန်းလို့ ၀ိသုဒ္ဓမဂ် အဋ္ဌကထာကို
  စီရင်ရေးသားတဲ့ အရှင်ဗုဒ္ဓဃောသ ကိုယ်တော် ကြီး ကတောင် သမုဒ္ဒရာပြင်ကျယ် ရေပင်လယ်မှာ
ယုန်သူငယ် ခြေထောက်လို့ မမီနိုင်သလိုပဲလို့ ညည်းတော်မူခဲ့ရပါတယ်။ ဘုရားရှင်တောင်
 ပဋိစ္စ သမုပ္ပါဒ်ကို ဆင်ခြင်ပြီးမှ ဘုရားဖြစ်တယ်ဆိုတော့ ကနေ့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူ
လမ်းမှန်မယ်လို့ ဆိုရပါမယ်။ ပရိညာ (၃) ပါး ရှိတဲ့ အထဲမှာ ဥာတပရိညာ နဲ့ ဒိဋ္ဌိဖြုတ်မှုကို
 ရှေ့တန်းတင်ရပါမယ်။ တိရဏ ပရိဥာကို ရှေ့တန်းတင်ပါက ရှေ့နောက်လွဲပြီး တရားမရဖြစ်နေတတ်ပါတယ်။
ပဋိစ္စ သမုပ္ပါဒ်ကို နားမလည်ပါက ဒိဋ္ဌိကို ဥာတပရိညာ (အသိ) နဲ့ တောင် ခွာမရတော့ပါဘူး။
ဒီတော့ ဗုဒ္ဓဘာသာဝင် မိစ္ဆာ ဒိဋ္ဌိတွေ ဖြစ်နေကြဦးမှာပေါ့ ။ပဋိစ္စ သမုပ္ပါဒ်ကို နားလည်ရင်တော့
အဟေတုက ၊ နတ္ထိက ၊ အကိရိယ ဟူသော နိယတ မိစ္ဆာ ဒိဋ္ဌိ (၃)ပါးမှ စပြီး အားလုံး (၆၂)ပါးသော
 မိစ္ဆာ ဒိဋ္ဌိများကို ဥာတပရိညာ (အသိ) နဲ့ ကင်းစင်စေပါမယ် ။ ပိဋကတ်တော်တွေမှာ ရှိတဲ့
 အခြားအခြားသော သုတ္တာန် များ ၊ ဓမ္မများကို တဦးတယောက်က ၀င်ရေးသွားခဲ့တာ လို့ ပြောရင်
  ပြောနိုင်လိမ့်မယ်။ အငြင်းပွားစရာ ရှိနိုင်တယ်။ သစ္စာတရား ၊ ပဋိစ္စ သမုပ္ပါဒ် နဲ့ ပဋ္ဌာန်း ကိုတော့
မည်သူမျှ ကြားဝင် စဉ်းစားနိုင်သော တရားမဟုတ်ပါ ။ ဘုရားရှင်ကိုယ်တိုင် သဗ္ဗညုတ ဥာဏ်တော်နဲ့
ဖော်ထုတ်ဟောပြောခဲ့သော တရားစစ်စစ်များဖြစ်ကြောင်း ခေတ် အဆက်ဆက် ထောက်ခံခဲ့ကြပါတယ်။
ပဋိစ္စ သမုပ္ပါဒ် က အကြောင်းအကျိုး ဆက်နွယ်မှုကို ပြတယ် ။ ဒီအကြောင်းတွေ ကြောင့် ဒီ အကျိုး
ပေါ်လာတယ် ၊ ဒီအကြောင်းမရှိရင် ဒီအကျိုးအပေါ်ဘူး။ ဒီအကြောင်းချုပ်ရင် ဒီအကျိုးချုပ်မယ်။
စသည်ဖြင့် ရှင်းလင်းဟောကြားထားတယ်။ သုတ္တန် ဒေသနာ နည်းနဲ့ဟော ပါတယ်။
ဒီတော့ အကျိုးဖြစ်နေတာတွေကတော့ သိပါပြီ။ ဒီအကျိုးပေါင်းစုံကို ဖြစ်စေတဲ့ အကြောင်းတရား တွေနဲ့
သူတို့ရဲ့ စွမ်းအင်တွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ မြတ်စွာဘုရားရှင်က ပဋ္ဌာန်းမှာ ဟောကြားပါတယ်။
 ပဋ္ဌာန်းကိုတော့ အဘိဓမ္မာနည်း နဲ့ ပရမတ္တ တိတိကျကျ ခွဲခြားပြီးဟောပါတယ်။
 ဒါကြောင့် ပဋ္ဌာန်းဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်းတရား လို့ အဓိပ္ပါယ်အားဖြင့်လဲ
ပေါ်လွင်လာပါတယ်။
ပဋ္ဌာန်းကို(၃)မျိုးခွဲလေ့လာကြပါတယ်။
(၁) အမျိုးမျိုးအစားစား များပြားသော အကြောင်းတရားများ
(၂) ကုသိုလ်တရား ၊ အကုသိုလ်တရားများ ကိုဖန်တီးခြင်း
(၃) ကုသိုလ်တရား ၊ အကုသိုလ်တရားများမှ နောက်ဆက်တွဲ ဖြစ်စဉ်များ ဖန်တီးခြင်း ။
အကြောင်းတရားပေါင်းများစွာထဲက အထင်ရှားဆုံး ရွေးထုတ်တဲ့အခါ (၂၄)ပါးထွက်လာပါတယ်။
အခြားသော အကြောင်းတရားများကိုပါ ပေါင်းရင် အများကြီး ရှိပါသေးတယ်။
ဒါကြောင့် ပဋ္ဌာန်းတရားတော်ဟာ သဗ္ဗညုတ ဥာဏ်တော်နဲ့ သာ ပြီးပြည့်စုံအောင် သိနိုင်ပါမယ်။
ဒီတော့ လေးနက်ကျယ်ပြန့်မှု အရ ပဋ္ဌာန်းကျမ်းကို(၃)မျိုးခွဲကြပါတယ် ။
(၁) အတိဝိတ္ထာရ ဒေသနာ
(၂) အတိသင်္ခေပဒေသနာ
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ဆိုပြီး ခွဲပါတယ်။
(၁)အတိဝိတ္ထာရ ဒေသနာ ဆိုတာ အရမ်းကို ကျယ်ပြန့်လွန်းတယ် ၊ မြတ်စွာဘုရား တာဝတိသာမှာ
ဟောတဲ့ အပြည့်အစုံပဋ္ဌာန်း ဖြစ်တယ်။
(၂) အတိသင်္ခေပဒေသနာ ဆိုတာ အလွန်ကျဉ်းတဲ့ဒေသနာ နတ်ပြည်မှာ အသံမစဲ တရားဟောနေရာကနေ
 နိမ္မိတရုပ်ပွားတော်ကို တရားဆက်ဟောနေစေပြီး လူသားစစ်စစ်ဘုရားရှင် ခန္ဒာဝန်ဆောင်ဖို့
လူပြည်ကိုဆင်းပြီး ၀တ်ပြုတဲ့ အရှင်သာရိပုတ္တရာကို ဟောတဲ့ ဒေသနာတော် ဖြစ်ပါတယ်။
(ဖြစ်စဉ်ကို အရှေ့မှာ ရေးပြီးပါပြီ ၊ ပြန်ဖတ်လိုက်ပါ) ။ အလွန်အတိုချုပ်ဟောပေမယ့် 
 အရှင်သာရိပုတ္တရာက နည်းပေါင်းများစွာနဲ့ တန်ဆာဆင်ပြီး အကျယ်သိနိုင်ပါတယ်။
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ကတော့ မကျဉ်းလွန်း ၊ မကျယ်လွန်းသော 
တရားတော်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကတော့ အရှင်သာရိပုတ္တရာက မိမိတပည့်
ရဟန်း (၅၀၀)ကို့ ပြန်ဟောတဲ့ တရားဖြစ်ပါတယ်။ လက်ရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ
သင်ကြားဟောပြောနေတဲ့ ပဋ္ဌာန်းဟာ အရှင်သာရိပုတ္တရာက ပြန်ဟောတဲ့ မကျဉ်းလွန်း ၊
မကျယ်လွန်းသော ပဋ္ဌာန်းတရားတော် ဖြစ်ပါတယ်။ ဘုရားရှင်ပဋ္ဌာန်းကို ဟောပုံ၊ဟောနည်းကလည်း
(၃)မျိုးရှိပါတယ်။
(၁) ပု စ္ဆာ ၀ါရ = အမေး
မြတ်စွာဘုရားဟောတဲ့ ပဋ္ဌာန်းဟာ ဘယ်လောက်ကျယ်ပြန့်သလဲဆိုရင် အမေးပုစ္ဆာပေါင်း ၄၀၄၉၄ ကုဋေ ၊
 ( ၈ ) သန်း၊ ( ၅ )သိန်း ၊ ( ၃ )သောင်း ၊ ( ၃ )ထောင် ၊ ( ၂ ) ရာ ၊( ၄ )ဆယ့် ( ၈ ) ရှစ် ရှိတယ်လို့
ဆိုပါတယ်။
အမေးပု စ္ဆာပေါင်း ဂဏာန်းဖြင့် - (၄၀၄၉၄ ၈၅၃ ၃၂၄၈) ပု စ္ဆာ ရှိတယ်။
အဲဒီတော့ လူတစ်ယောက်က တစ်နေ့ကို အမေးပု စ္ဆာပေါင်း တစ်သိန်း (၁၀၀ ၀၀၀) ကို ရွတ်ပြီး
 ဘုရားရှင်ကို ပူဇော်မယ်ဆိုရင် ( ပဋ္ဌာန်းတစ်ခုတည်းနော်၊ အဘိဓမ္မာ (၇) ကျမ်းလုံးထဲက မဟုတ်ဘူး)
အဲဒီလူ နှစ်ပေါင်း ၁၀၀၀၀ ရွတ်မှာ အမေးပုစ္ဆာတွေ ကုန်နိုင်မယ်လို့ ကျမ်းပြု ဆရာတော်တွေ
တင်စားရေးသားကြတယ်။ ဒီအမေးပုစ္ဆာတွေကို ပုံနှိပ်မယ်ဆိုရင်လည်း စာရွတ်လောက်မှာ မဟုတ်ဘူးတဲ့ ။
(၂) ၀ိသဇ္ဖနာဝါရ = အဖြေ
အမေးတောင် ဒီလောက်များတာ အဖြေကတော့ ပြောမနေတော့ဘူး။
(၃) သခ်ာၤ ၀ါရ = သရုပ္ခြဲ
သရုပ်ခွဲပြီး ချဲ့ ဦးမယ် ဆိုရင်တော့ ဘာပြောကောင်းမလဲ ။
ဒါကြောင့် ပဋ္ဌာန်းကို
မဟာ ပကရဏကျမ်း လို့လဲခေါ်တယ်။
မဟာ = ကြီးကျယ်
ပကရဏ = ခမ်းနားခန့် ငြား ဒါကြောင့်လဲ သံဃာယနာတွေမှာ ပဋ္ဌာန်းကို အတိုဆုံးချုပ်ပြီးသာ
 ချန်ပြီးတင်ပါတယ်။
(၃)မျိုးအားဖြင့် ခွဲခြားဝေဖန်ကြပါတယ်။-
ပစ္စယုဒ္ဒေသ = ပစ္စယ + ဥဒေသ = ပစ္စည်း + အကျဉ်း ဝေဖန်ခြင်း
ပစ္စယနိဒ္ဒေသ = ပစ္စယ + နိဒ္ဒေသ = ပစ္စည်း + အကျယ် ဝေဖန်ခြင်း
ပရိ နိဒ္ဒေသ = ပဋ္ဌာန်းကို အကျယ် ဝေဖန်ခြင်း ။
သံဃာယနာဆဋ္ဌမူအရ ကိုပဲ အကျယ်ဝေဖန်မယ်ဆိုရင် အမေးပုစ္ဆာ တစ်ခုကို ကျယ်ကျယ်ပြန့်ုပြန့်
ရှင်းလင်းဖြေကြားနိုင်ဖို့ ကျမ်း ( ၃၀ ) အုပ် ၊ ရွက်ရေ ( ၄၀၀၀ )ကျော် ရိုက်မှ ရမယ်။ အမေး ကုဋေ
 (၄၀၀၀၀)ကျော်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ပဋ္ဌာန်းအကျယ်ကို အသံမစဲ ပူဇော်ကြတော့
 ဆရာတော်တွေက ပ၊ပ၊ပ ၊လ၊လ၊လ စသည် အတိုတွေကို ရွတ်သွားကြတာရှိတယ်။ ဒါကို မြုပ်ပြီးဆိုတာ ၊
 ညှို့တယ်လို့လဲ ပြောကြတယ်။ အကျယ်သိချင် ဖော်ပြီးကြည့်ရမယ်လို့ ဆိုလိုတယ်။
အဲဒီလို မတရားချုံ့ ထားတဲ့ ဟာတောင် ပဋ္ဌာန်းက (၅)ကျမ်းရှိတယ် ။ (၅) အုပ်ပေါ့ ၊
စာမျက်နှာ - ၂၆၄၀ ရှိတယ်။ အချိန် (၁၃၂)နာရီရွတ်ရမယ်။
ကျမ်းကြီးအနေနဲ့ ကတော့ ပဋ္ဌာန်းကျမ်းကြီး (၄)မျိုး ရှိပါတယ်။
၁- ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း
၂- ဓမ္မပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း
၃- ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ကျမ်း
၎- ဓမ္မပစ္စနီယာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဆိုပြီး ဟောပုံ ဟောနည်းအရ ကျမ်း (၄)မျိုးရှိပါတယ် ။
ဒီတော့ အားလုံးက အကျဉ်းအားဖြင့် (၂၄ )ကျမ်း ရှိတယ်။
ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ကို အကျယ်အားဖြင့် ဒီလို ပြန်ခွဲနိုင်ပါတယ် ။
၁- ဓမ္မာနုလောမ တိက ၂၂ ၊
၂- ဓမ္မာနုလောမ ဒုက ၁၀၀ ၊
၃- ဓမ္မာနုလောမ ဒုက တိက ၆၆၀၀ ၊
၎- ဓမ္မာနုလောမ တိက ဒုက ၄၄၀၀ ၊
၅- ဓမ္မာနုလောမ တိကတိက ၁၃၈၆ ၊
၆- ဒုက ဒုက ၁၉၈၀၀ဆိုပြီး ရှိပြန်တယ် ။ ဒါကြောင့် အကျယ် မှာ ဓမ္မာနုလောမ
ပဋ္ဌာန်းအတွက် ၃၂၃၀၈ကျမ်း ဖြစ်ပြန်တယ်။
ဒီတော့ ပြည့်ပြည့်စုံစုံ လေ့လာဖို့ အကျဉ်းချည်းပဲ ၆ * ၄ = ၂၄ ကျမ်း ၊
အကျယ်အားဖြင့် ၃၂၃၀၈ * ၄ ဆိုတော့ အားလုံး ၁၂၉၂၃၂ ကျမ်း …ရှိမယ်။ ကြည့်ပါဦး ၊
ဘယ်လောက်များတယ်ဆိုတာ ၊ ဘယ်လိုများ အကုန်လေ့လာနိုင်မလဲ ။
အင်မတန်ကို ဥာဏ်ကြီးသူတွေ ပဲ နာကြားနိုင်တဲ့ တရားတော်ကြီးပါပဲ ။
ပဋ္ဌာန်းရဲ့ နက်နဲမှုမှာလဲ (၄)မျိုးရှိပြန်တယ်။ ဂမ္ဘီရ (၄) မျိုး လို့ ခေါ်ပါတယ် ။
ဓမ္မ ဂမ္ဘီရ =ဝေါဟာရ စကားလုံးနက်နဲခြင်း
အတ္ထ ဂမ္ဘီရ = အနက်အဓိပ္ပါယ် နက်နဲခြင်း
ဒေသနာ ဂမ္ဘီရ =ဟောပုံဟောနည်း နက်နဲခြင်း
ပဋိဝေဒ ဂမ္ဘီရ = ထိုးထွင်းသိမြင်နိုင်မှု နက်နဲခြင်း တို့ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်
ကိုနာကြားပြီးချိန်မှာတော့ နတ် ဗြဟ္မာ ကုဋေ ( ၈၀ ၀၀၀ ) ကျွတ်တမ်းဝင် ၊ လူပြည်က
ရဟန်း ၅၀၀ - ရဟန္တာ ဖြစ် တယ်လို့ ဆိုပါတယ်။ အခြားသာဓကတွေနဲ့ ပဋ္ဌာန်းဘာလို့ တန်ခိုးကြီးရကြောင်းကိုတော့ ဆရာတော် အရှင်ဇနကာဘိဝံသ ရဲ့ အခြေပြုပဋ္ဌာန်းစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။
ရွတ်ဆိုခြင်းမှာတော့ အသံကို အများနဲ့ဆိုရင်လဲ အားလုံး ညီ အောင် ၊ ပီ အောင် ၊
ကြည်အောင် ရွတ်ဆိုမှ အကျိုးပိုများမယ် လို့ ဆိုပါတယ်။
 (ဥပမာ - ပစ္စယော = ပျစ်စယော မဟုတ် -ျ အသံ မပါစေရ ၊၊ ရ (လျှာလိပ်) နဲ့ ယ အသံခွဲ ၊
အင်ညမင်ည ၊ ဿ = နိဿယ = နိတ်သယ ၊ အ-ရူပ (ခွဲပြီးရွတ်) ၊ အ-၀ိဂတ ၊ အိန်ဒရိယ…စသည် )…
ဟေတု စတဲ့ ပစ္စည်း တစ်ခုခြင်းတွေကိုတော့ မရေးတော့ဘူး။ ဆရာတော် အရှင်ဇနကာဘိဝံသ နဲ့
အရှင်ဆေကိန္ဒ (၂) ပါး တော့ ပဋ္ဌာန်းကို ရှင်းလင်းဟောကြားထားတာ စာအုပ်နဲ့ တရားတော်တွေ ရှိတယ် ၊
ဓမ္မဗျူဟာ ဒေါ်ခင်လှတင် ၊ဒေါက်တာမင်းတင်မွန် တို့ရဲ့ တရားတွေ ရှိမယ်။
ဆွေးနွေးချင်တာရှိသေးရင်တော့ ကျွန်တော် ထပ်ရှာပြီး ရေးပေးပါမယ်။
ချမ်းသာကြပါစေ ။
Solomon
solomonn (ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ) by Pathana (solomonn)
http://solomonn.0fees.net/wordpress/?page_id=10
ပဌာန်း ဒေသနာတော် နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
No. Myanmar Language Title author
1 အဓိပတိပစ္စည်း ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်)
2 ၄။ အနန္တရပစ္စည်း (က) ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်)
3 ၄။ အနန္တရပစ္စည်း (ခ) ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်)
4 ၄။ အနန္တရ ပစ္စည်း (ဂ) ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်)
5 ၄။ အနန္တရ ပစ္စည်း (ဃ) ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်)
6 ၄။ အနန္တရ ပစ္စည်း (င) ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်)
7 ဟေတုပစ္စည်း ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်)
8 အာရမ္မဏပစ္စည်း ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်)
9 ပဋ္ဌာန်းသင်ကြားခဲ့စဉ် မှတ်သားဖွယ်ရာ ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်)
10 ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသ နိဿယ ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်)
11 မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ် ဘဒ္ဒန္တ သိရိန္ဒ
12 ကြီးပွါးစေကြောင်း ပဋ္ဌာန်းနည်းကောင်းများ ဓမ္မရနံ့
13 ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ solomonn
List of Dhamma Notes related to Patthana : 13 Dhamma Notes, DhammaWeb DataBase