Friday, 21 September 2012

ဆယ့်နှစ်ကြိုးဝတ္ထုတိုများ - နေဝင်းမြင့် (အပိုင်း-၁)

                                            

                                                 မြစ်ဆိပ်ရဲ့သီချင်း
(၁)

မျက်နှာကိုတိုးဝှေ့နေသော လေတွေထဲမှာ ဆားငွေ့တွေ ပါသည်။ ပြီးတော့ ရွှံ့နှစ်နံ့လိုလို ညှီစို့စို့အနံ့တွေ ပါသည်။

မြစ်ရေသည် အကျဖြစ်၍ ဗောတံတားသည် ဦးစောက်ဖင်ထောင် ဖြစ်နေသည်။ ရေကျ ဖြစ်သဖြင့် ရွှံ့နှစ်နိမ့်လျှောသည် ညစ်ပတ်နေလေသည်။ ဗောတံတားပေါ်မှာတော့ လူတွေက သစ်လွင်တောက်ပနေပြန်သည်။

သင်္ဘောထွက်တော့မည်။ ကျွန်တော်က ဗောတံတားအစပ်မှာ ထိုင်ရင်း ရောင်စုံခရီးသည်များ၊ ငါးမျှားသူများ၊ ကုန်ထမ်းဝန်ထမ်းများ အားလုံးကို ငေးကြည့်နေမိလေသည်။

ဗောတံတားအောက်က ဘော်ယာပေါ်မှာတော့ လူတွေ သိပ်များများစားစား မရှိလှ။ လှေသမားတချို့ ရှိသည်၊ ဖွဲလှေတွေ ရှိသည်၊ ရေခဲလှေတွေ ရှိသည်။

“အမေတို့ကတော့ ခက်တာပဲအမေရာ … သုံးရာဆိုတဲ့ ပိုက်ဆံက နည်းတာမှတ်လို့။ ဒီတစ်ခါလာမေးရင် သမီးကတော့ ရောင်းမှာပဲ”

“တော်စမ်းပါအေ … ဒီတစ်ခါထပ်ပြောရင် ညည်းပါးထပ်ကျိုးမယ် မှတ်ထား။ မိန်းမယုတ်မ … အလေနတောမ … ”

“ဘာဖြစ်လို့မပြောရမှာလဲ။ အမေတို့က ကျွန်မရှာတာစားနေရတော့ ထမင်းဘယ်လိုရှာရသလဲ အမေမှ မသိတာ”

“ဘာအေ … ညည်း ဘာစကားပြောတာလဲ။ ငါက ထမင်းဘယ်လိုရှာရတာ မသိဘူး ဟုတ်လား … ကန်းမ … ဒါ ကျေးဇူးဆပ်တာပေါ့လေ”

အသံတွေက အားလုံးကိုထွင်းဖောက် ပေါ်နေခြင်းဖြစ်သည်။ ကျွန်တော်က ဗောတံတားအောက်ကို လှမ်းကြည့်လိုက်သည်။ မြင်နိုင်သလောက်က မိန်းမရွယ်တစ်ယောက်၊ အသက်ကြီးကြီး မိန်းမတစ်ယောက်။ နောက် စောင်ပုခက်တစ်လုံး။ ဘော်ယာအလယ်မှာ ဒန်အိုးပိန်လေး နှစ်လုံး ရှိသည်။ မှောက်ထားသော ချိုင့်အဟောင်းကလေး တစ်လုံးရှိသည်။

“ကိုင်း … ထွက်ဦးဟဲ့ … ထမင်းမစားရသေးဘူး”

“အမေ ဆာပြီလား”

“သင်္ဘောကြီးတောင် ထွက်တော့မယ်အေ့ … လေးနာရီ ထိုးတော့မယ်။ အချိန်မနည်းတော့ဘူး”

“မနက်က ဆီ နှစ်ပုလင်းကို မအေးတို့ကိုပဲ ပေးလိုက်မယ်။ ဈေးတော့နှိမ်တယ် အမေရဲ့၊ ဒါပေမဲ့ မတင်းရဲပါဘူး။ ရသလောက်ပေါ့”

“ပေးလိုက်ပါအေ … ညည်း ပိုက်ဆံတက်ယူလိုက်။ နည်းနည်းလိုတဲ့ ဆီ တက်စုကြည့်ပါဦးလား”

“အင်းပါ”

“ဒီမယ် … နောက် ထမင်းဝယ်ရင် ငါးဖယ်ငါးဆုပ်ဟင်းပဲ ဝယ်ပါဟယ်။ ဟင်းရည်များများ ဆမ်းခိုင်း ကြားလား … မနေ့က ညည်းဝယ်တာ ခြောက်ခြောက်ကြီး”

“အင်းပါ”

မိန်းမရွယ်က တံတားအောက်က အပြင်ကိုထွက်လာသည်။ ဖိနပ်မပါသော သူမ၏ခြေထောက်တွေက ရွှံ့နှစ်တွေကို တစွက်စွက် နင်းဖြတ်လာခြင်း ဖြစ်သည်။ လက်ထဲမှာ နို့မှုန့်ဘူးခွံတစ်လုံး ပါလာသည်။ ရေမြှုပ်တစ်စ ပါသည်။

သူတို့သားအမိကို ငေးကြည့်နေသော ကျွန်တော့်ကို သူမ သတိပြုမိသွားသည်။ ပြုံးပြသည်။ ထိုအပြုံးတွေကို ကျွန်တော် နားလည်သည်။ သူမက ခပ်လှမ်းလှမ်းက ဆီတိုင်ကီတွေဆီကို သွားနေသည်။ မြစ်ဝကျွန်းပေါ် မြို့တစ်မြို့၏ အမည်တွေ ရေးထိုးထားသည့် ဆီတိုင်ကီတွေ ဖြစ်သည်။

ဆီပုံးတွေကို စောင့်သောလူတစ်ယောက်နှင့် သူမ စကားပြောသည်။ ထောင်တချို့ လဲတချို့ ဒီဇယ်ပုံးတွေက ဒီဇယ်ဆီတွေ ဖိတ်အန်ကျနေတာ ရှိသည်။ သူမက ရေမြှုပ်နှင့် စုပ်သည်။ နို့မှုန့်ဘူးခွံထဲ ညှစ်ထည့်သည်။

သင်္ဘောကြီး ထွက်တော့မည်။ အချက်ပေးခေါင်းလောင်းသံကြောင့် လူတွေ ပိုမိုလှုပ်ရှား ပြေးလွှားနေကြသည်။ ရန်ကုန်မြစ်သည် ဆည်းဆာနေရောင်ခြည်အောက်မှာ ရယ်မောနေလေသည်။

* * *


(၂)

ရေပြင်ညီနေလုံးသည် မြစ်ကွေ့နှင့်တည့်တည့် အနားစွန်းမျဉ်းကြောင်းထဲမှာ နစ်ဝင်တော့မည်။ လေတွေ ပိုတိုက်လာသည်။ မည်းမှောင်ကာ ပိုမို လှုပ်ခါ ပွက်ထနေသည်။

ဆိပ်ကမ်းလက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေဆီက ကက်ဆက်သီချင်းသံသည်ပင် တိတ်ဆိတ်သွားပြန်ပေါ့။ သည်နေရာလေးမှာ လူရှင်းသွားပြီး။ ဂိုဏ်းသိမ်းအလုပ်သမားတချို့ ရှိနေသည်။ တချို့က ပိုက်ဆံခွဲနေသည်။
လက်တွန်းဈေးသည်တွေလည်း သိမ်းစပြုပြီ။ ကျွန်တော် မပြန်ဖြစ်သေး။ သည်နေရာကလေးမှာ နေလို့ရသလောက် (ထိုင်လို့ရသလောက်) ထိုင်နေဦးမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ မိမိသည်ပင် လာတုန်းက ငါးမျှားဖို့သက်သက်သာ ဖြစ်သည်။ သို့သော် ငါးမမျှားဖြစ်၊ လူတွေကိုပဲ ထိုင်ကြည့်နေမိသည်။

သူမ ပြန်ရောက်လာသည်။ ကျွန်တော့်ဘေးနားက တမင်ကပ်ကာ သီချင်းညည်းရင်း တံတားအောက်ကို ဝင်သွားသည်။ ပြီးတော့ လှည့်ကြည့်ကာ ပြုံးပြပြန်သည်။ လက်ထဲကနို့မှုန့်ဘူးခွံထဲမှာ ဒီဇယ်တစ်ဝက်လောက် ပါလာဟန်တူသည်။ တံတားအောက်ကို လှမ်းကြည့်တော့ မှောင်နေလေသည်။ ကလေးငိုသံနှင့် ကလေးချော့သံတွေ မှောင်ထဲက လွင့်ပျံလာပြန်သည်။ သီချင်းက လက်ဖက်ရည်ဆိုင်တွေမှာ ခဏခဏကြားရသော စတီရီယိုသီချင်းတစ်ပုဒ် ဖြစ်နေသည်။

ခဏကြာတော့ သူမ ပြန်ထွက်လာပြန်သည်။ သည်တစ်ခါတော့ နှုတ်ခမ်းနီတွေ ညိုရင့်နေအောင် ဆိုးထားသည်။ အဆီတွေပြန်နေသော မျက်နှာပေါ်က နှုတ်ခမ်းနီသည် အဆက်အစပ်မဲ့ လှပနေသည်။ သည်တစ်ခါတော့ ကျွန်တော့်ဆီ တည့်တည့်လာခြင်း ဖြစ်သည်။ လက်ထဲမှာ ကျွတ်ကျွတ်အိတ်တစ်လုံး။

“လာလည်မလို့လား”

“ဗျာ”

ကျွန်တော့်ကို စကားပြောလိမ့်မည်မထင်သဖြင့် ဘာဖြေရမှန်း မသိ။

“သြော် … လာလည်မလို့လား လို့ပါ”

“ဘယ်ကိုလဲ”

“ဟောတော့”

သူမက ရုပ်ရှင်ထဲက မိန်းမပျက်သရုပ်ဆောင်တစ်ယောက်နှင့် ပိုတူနေလေသည်။

ညို့ရီသော မျက်ဝန်းတွေနှင့်အတူ အတန်ငယ် ဖွံ့ထွားသော ကိုယ်ခန္ဓာတစ်ခုလုံး လှုပ်နေအောင် တမင် ရယ်မောနေသည်ကလည်း ကြည့်မကောင်းလှချေ။

“လာလည်မလား ဆိုတာ ရှင်မသိဘူးလား။ ဒါဖြင့် လှေစီးမလား ဆိုတာကော သိရဲ့လား။ ဟင်း ဟင်း … ဒီတံတားအောက်ကို လာလည်မလား လို့ မေးတာပါ”

“သြော် … အင်း … ”

“နေဦး … ကျွန်မ ထမင်းသွားဝယ်ဦးမယ်၊ ခဏစောင့်နော်”

ကျွန်တော် ဘာမှပြန်မပြောနိုင်မီမှာပင် သူမသည် သစ်ရွက်တစ်ရွက်လို ပြေးထွက်သွားသည်။ သိပ်မကြာလှ၊ ခဏလေးအတွင်းမှာပဲ ပြန်ရောက်လာသည်။ ကျွတ်ကျွတ်အိတ်ထဲမှာ ထမင်းတွေဟင်းတွေ ရောထွေးထည့်လာသည်။

“လာလေ … လိုက်ခဲ့ … ”

ကျွန်တော်က တံတားအောက်ကို လိုက်ဖို့မလိုက်ဖို့ စဉ်းစားနေမိသေးသည်။ နောက်တော့ တံတားအောက်ကို လိုက်ဖြစ်သွားသည်။ တံတားအောက်က အတန်အသင့်ကျယ်သော ဘောယာပေါ်မှာ သူတို့ နေခြင်းဖြစ်သည်။

တံတားအောက်မှာ အတော်မှောင်မည်းနေလေသည်။ မျက်နှာကို ပထမဦးဆုံး လာရောက်တိုးထိ နှုတ်ဆက်သူတွေမှာ ခြင်တွေဖြစ်သည်။ ကုန်းပေါ်က လှမ်းမမြင်ရသော ပစ္စည်းအချို့ တံတားအောက်မှာ တွေ့သည်။ သံသေတ္တာဟောင်း တစ်လုံး၊ ထဘီဟောင်းတွေက ပြန့်ကျဲနေသည်။

အသက်ကြီးကြီးအဘွားအိုက ကလေးငယ်တစ်ယောက်ကို ပွေ့ချီထားသည်။ တံတားသံပေါင်မှာ သံကြိုးတစ်ဖက်၊ အဝတ်ကြိုးတစ်ဖက် ချည်ထားသော အဝတ်ပုခက်၊ နောက် သံပန်းကန်ပြား နှစ်ချပ် သုံးချပ်၊ ပလတ်စတစ်ခွက်ကလေး တစ်လုံး။ သူမက ထမင်းအိတ်ကို အဘွားအိုလက်ထဲ ပေးလိုက်သည်။

“အမေ … ဒီအစ်ကိုက သမီးတို့ဆီ လာလည်မလို့ တဲ့”

သူ့အမေက သူမကိုတစ်လှည့် ကျွန်တော့်ကိုတစ်လှည့် ကြည့်သည်။ ကလေးကို ပုခက်ထဲပြန်ထည့်သည်။ ပြီးတော့ အသာအယာ လွှဲပေးနေပြန်သည်။

“အစ်ကို … အချိန်ရတယ်မဟုတ်လား”

“သြော် … အင်း … ရပါတယ်”

“မဟုတ်ဘူး … မြန်မြန်ပြန်ချင်တာလား၊ အေးအေးဆေးဆေးလား မေးတာ”

ကျွန်တော့်ကို သားအမိနှစ်ယောက်စလုံးက ရေခြားမြေခြား သတ္တဝါတစ်ကောင်လို ကြည့်နေကြသည်။

သူမက သူ့အမေကိုကြည့်တော့ အဘွားအိုက တံတားအောက်က ထွက်သွားသည်။ အပြင်မှာ လုံးဝမှောင်သွားပြီ။ အတွင်းမှာ ပိုမို မှောင်မည်းလာသည်။

မြစ်ရေသည် လက်တစ်ကမ်းမှာ ရှိနေသည်။ လူမဲ့လှေတွေက ဆက်ကာဆက်ကာ ထိစပ်ရင်း ရှည်မျောနေသည်။ လှေတွေကိုကျော်၍ မြင်ရသော မြစ်ရေပြင်သည် ကြောက်မက်ဖွယ်ကောင်းနေသော်လည်း ရေပြင်ပေါ်ကို ဖိတ်အန်ကျနေသော အလင်းရောင်တွေက ရေပြင်ကို တလက်လက် အရောင်ထွက်နေစေသည်။

“အစ်ကို … လာလေ … ”

ကျွန်တော်က နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးဖြစ်သွားသည်။ နှုတ်ခမ်းနီဆိုး နှုတ်ခမ်းတွေကို သဲသဲကွဲကွဲ မမြင်ရသော်လည်း တံတားမှောင်ရိပ်ထဲမှာ နှုတ်ခမ်းနီရနံ့သည် မွှန်စူးနေသည်။

“မဟုတ်ပါဘူး။ ကျွန်တော် ရိုးရိုးလာလည်တာပါ”

“ရှင် … ”

“သြော် … ကျွန်တော် ရိုးရိုးလာလည်တာပါ လို့ … ”

“ဒီတံတားအောက်ကို ရိုးရိုးလာလည်တယ် ဟုတ်လား … ”

“တံတားအောက် ဆိုတာလည်း ခင်ဗျားတို့အိမ်ပဲ မဟုတ်လား။ ခင်ဗျားတို့ရဲ့ နေစရာပဲ မဟုတ်လား။ ကျွန်တော် ခင်ဗျားတို့ကို ခင်လို့ လာလည်တာပါ”

“ဟောတော့် … အမေရေ … ”

သူမက အသံကိုမြှင့်အော်လိုက်သဖြင့် အဘွားအို ပြန်ဝင်လာသည်။ ကျွန်တော့်ဘေးမှာ ထိုင်သည်။

သစ်သားမီးခြစ်ဆံတစ်ချောင်းကို ထုတ်ကာ ဆေးလိပ်ကို မီးညှိသည်။ မရ။ ပြန်ခြစ်သည်၊ မြစ်လေကြောင့် မီးငြိမ်းသွားသည်။ ကျွန်တော်က အိတ်ထဲက ဓာတ်ငွေ့မီးခြစ်ကို ထုတ်ကာ လက်နှင့်လေကွယ်ရင်း ခြစ်ပေးလိုက်သည်။

တံတားအောက်မှာ ခဏကလေး လင်းကျင်းသွားသည်။ ပြီးတော့ မှောင်သွားပြန်သည်။

“သမီးတို့ဆီကို ရိုးရိုးလာလည်တာတဲ့ အမေရဲ့ … ”

သူမက ရိတာလား၊ အတည်လား မသိရသည့် အသံမျိုးနှင့် ပြောနေခြင်း ဖြစ်သည်။

“သြော် … လူလေးက လာလည်တာလား”

“ဟုတ်ပါတယ်၊ အမေ့သမီးက လာလည်မလား ဆိုတာနဲ့ လာလည်တာပါ”

သူမထံက ခစ်ခနဲ ရယ်သံ ကြားရသည်။

“အမေတို့ အရင်က ဘယ်မှာနေတာလဲ”

“ကြည့်မြင်တိုင်ကမ်းနားက ကျောက်ကွင်းစပ်မှာ။ အဲဒီကနေ ဒီရောက်လာတာ”

“ဒီနေရာ ရေရောက်တယ် မဟုတ်လား”

“ရေတက်ချိန်တို့၊ မိုးတွင်းတို့ ဆိုရင်တော့ ဒီနေရာကလည်း မြင့်လာတာပေါ့။ ရေကျတော့ ဗောကြီးက လိုက်ကျသွားပြန်ရော။ ရေမြင့်တော့ ကြာမြင့် ဆိုသလိုပေါ့”

ပုခက်ထဲက ကလေးငိုသံ ထွက်လာပြန်သည်။ မိခင်ဖြစ်ဟန်တူသူ မိန်းမရွယ်က ထမကြည့်။

“ဟဲ့ကောင်မ … နို့တိုက်ဦး”

“သောက်ကလေးက လုပ်ပြီ … ”

“ညည်း တစ်နေ့လုံး နို့မတိုက်ရသေးပါဘူးအေ။ ကျုပ်မြေးလေး နို့ဆာရောပေါ့။ ထပါအေ … ”

ရေပြင်က ပြန်ဟပ်သော အလင်းရောင်ပဲ ရှိသည်။ ခြင်တွေက သဲသဲမဲမဲ။ လှေတွေကို ရေတိုးသံက တဖျပ်ဖျပ် မြည်ဟည်းနေသည်။

“ဒီနေရာမှာနေလို့ ရလား”

“ဘယ်ရမလဲ။ ဒါပေမဲ့ ဒီလိုပဲ နေရတာပဲ”

“စားတော့ကော”

“တစ်ခါတလေလည်း ချက်တာပဲ။ ဝယ်စားတာက များပါတယ်”

“မဟုတ်ဘူး … ဝင်ငွေကိုပြောတာ”

“ဝင်ငွေလား … နေ့ခင်းဘက် ဆီ လိုက်စုတယ်။ ဟိုဘက်တံတားတွေမှာ ဘိလပ်မြေ လိုက်စုတယ်။ ပဲစေ့တွေ ကောက်စုတယ်”

ညနေတုန်းက ဆူညံပွက်ထနေသော သည်နေရာက အခုတော့ ငြိမ်သက်တိတ်ဆိတ်နေသည်။ တစ်ခါတစ်ခါ သင်္ဘောဥသြသံအချို့ကို ကြားနေရသည်။

ရွှံ့နှစ်နံ့၊ မြောင်းပုပ်နံ့၊ သစ်သီးပုပ်နံ့၊ ညှီပြဲ့ပြဲ့ရနံ့ … ရနံ့ဆိုးတွေ ဝေ့ဝဲနေသည်။

“ကျွန်တော် ပြန်တော့မယ်နော် … ခလေးဖို့ မုန့်ဖိုးပေးချင်လို့”

ကျွန်တော်က ဆယ့်ငါးကျပ်တန်တစ်ရွက် ပေးတော့ အဘွားအိုက လှမ်းယူသည်။ ထမင်းထုပ်ဝယ်ထားသော်လည်း သူတို့ ထမင်းမစားရသေးတာကို သတိရသည်။

“ထမင်းစားကြဦးလေ”

“ရပါတယ် … နောက်မှပဲ စားတော့မယ်”

ကျွန်တော် တံတားအောက်က ထွက်လိုက်သည်။ အသက်ကို တဝကြီး ရှူပစ်လိုက်သည်။ ဗောတံတားပေါ်ကို ပြန်တက်လိုက်သည်။ ဆိပ်ကမ်းတစ်လျှောက် တစ်မျှော်တစ်ခေါ် ထိန်ညီးနေလေသည်။ တံတားပေါ်နှင့် တံတားအောက်၊ အလင်းနှင့် အမှောင်က ရက်စက်စွာ စည်းခြားနေလေသည်။

* * *


(၃)

မာကျူရီမီးရောင်အောက်က ကွမ်းယာဆိုင်ကလေးမှာ စီးကရက်တစ်ဘူး ဝယ်လိုက်သည်။

တစ်လိပ်ထုတ်ကာ ဓာတ်ငွေ့မီးခြစ်နှင့် ညှိလိုက်သည်။

“အစ်ကို … ပြန်တော့မယ် ဟုတ်လား”

သူမ …

အဘွားအိုက ကလေးတစ်ဖက်ကိုချီကာ ခပ်လှမ်းလှမ်းမှာ ရပ်နေကြသည်။ ကျွန်တော်ထွက်လာပြီး သူတို့ ထွက်လိုက်လာမှန်း ကျွန်တော် မသိ။

“အင်း … ဟုတ်တယ် … သွားတော့မယ် … အဲ … နေပါဦး၊ ညနေက သုံးရာနဲ့ရောင်းမယ် ဆိုတာလေ … ကျွန်တော်ကြားတယ်။ အဲဒါ မမေးမိသေးဘူး”

စင်စစ် သည်မေးခွန်းက ရိုင်းသွားမှန်း ကျွန်တော်သိသော်လည်း ရင်ထဲမှာရှိနေသဖြင့် မေးလိုက်မိသည်။ တံတားအောက်က သူတို့အိမ်ကလေးထဲမှာ သုံးရာတန်ဆိုလို့ ဘာမှမတွေ့ခဲ့ရ။

သူတို့အတွက် ငွေသုံးရသြည် များလှသောငွေကြေး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ငွေသုံးရာလောက် သူတို့ဆီမှာရှိသည်ဆိုလျှင်ပင် အထိုက်အလျောက် အဆင်ပြေနိုင်သည်။

“အလကားပါအစ်ကိုရာ … အဲဒီအကြောင်းပြောရင် ဒေါသဖြစ်ရတယ်။ အမေပေါ့ … ကပျက်ယပျက် သိပ်လုပ်တာ”

အဘွားအိုက ကလေးကိုပွေ့ချီရင်း မြစ်ပြင်ကို ငေးနေဆဲ။ တစ်ခွန်းတလေမှ ဝင်မပြော။

“အင်းပါ … ပစ္စည်းကိုမေးတာပါ။ ဘာပစ္စည်းလဲ လို့ … ”

“သြော် … ကလေးပါ … ဟောဒီ ကလေးပါ”

သူမက ဘွားအေချီထားသောကလေးကို မေးငေါ့ပြသည်။ ပြီးတော့ ခံစားချက်မဲ့ မျက်နှာဖြင့် ဆက်ပြောသည်။

“အစ်ကို ဝယ်မလား။ ဝယ်ပါ အစ်ကိုရဲ့ … သုံးရာပဲ ပေး။ မိန်းကလေးတော့ မိန်းကလေးနော်။ တစ်လောက ရေထဲကျသေသွားတဲ့ ကလေးက ယောက်ျားလေ။ ချောက ချောသနဲ့။ အစ်ကိုတွေ့ရင် သဘောကျမှာ … ယူပါအစ်ကိုရဲ့ … ”

အဘွားအိုကမူ မြေးငယ်ကို ပိုမိုတင်းရစ်စွာ ပိုက်ပွေ့ထားသည်ဟု ထင်သည်။ ပြီးတော့ တံတားအောက်ထဲသို့ ပြန်ဆင်းသွားသည်။

လမ်းပေါ်က မာကျူရီမီးအောက်မှာ နှုတ်ခမ်းနီတွေရဲနေအောင် ဆိုးထားသောသူမ ရှိသည်။

တံတားအောက်မှာတော့ သံသေတ္တာဟောင်း တစ်လုံးရှိမည်၊ သံပန်းကန် နှစ်ချပ်ရှိမည်၊ အဝတ်ဟောင်း ပုခက်တစ်လုံးရှိမည်၊ ကလေးချော့ စတီရီယိုသီချင်းတစ်ပုဒ် ရှိမည်၊ ခြင်တွေ ရှိမည်၊

ပြီးတော့ …

မျက်ရည်တချို့ ရှိနေမည်။

မာကျူရီညထဲမှာ ရန်ကုန်မြစ်ရေသည် ထုံးစံအတိုင်း တသိမ့်သိမ့် ရယ်မောနေလေသည်။

(၁၉၉၁ - ဧပြီ၊ ရင်ခုန်ပွင့် မဂ္ဂဇင်း)


* * * * *

                                              သီပေါခင်ကြိုင်
(၁)

တကယ့် သူ့နာမည်အရင်းက ခင်ကြိုင်တင် ရယ်။ လူက ထောင်ထောင်မောင်းမောင်း၊ နှုတ်ခမ်းမွေးသဲ့သဲ့နဲ့ ခပ်နွဲ့နွဲ့ နေတတ်တယ်။ သူက သူ့ကိုယ်သူ ဘဝစုံတယ်လို့ လူထူရင် ပြောနေတတ်တဲ့လူ။

တကယ်လည်း စုံပါတယ်။ စာရင်းငှားလုပ်ဖူးတယ်၊ ကောက်ရိတ်ဖူးတယ်၊ လက်သမားလေးဘာလေး လုပ်ဖူးတယ်၊ ရွာစဉ်ကိုးပေါက် ဖဲလည်ရိုက်ဖူးတယ်၊ ဒိုးပတ်မင်းသား၊ ဗုံရှည်မင်းသား လိုတယ်ဆိုရင်လည်း သူပဲ။ ဖိုးစိန်ကြီးသီချင်းများ ဟဲရဦးမလား၊ အဆိုကောင်း။ အဲဒီအခံကလေးနဲ့ တောဇာတ်ကလေးတစ်ဇာတ်မှာ ဆီးသီးကောက် ခေါ်မလား ဝင်လုပ်တယ်။ အများအားဖြင့်ကတော့ သီပေါ ပါတော်မူ က,ရင် သူက သီပေါ လုပ်ရတယ်။ ရွာနီးချုပ်စပ်က ကျွဲတီ၊ ကပြည့်၊ ဇီးတော၊ လက်ပံနွယ်၊ ကျောင်းစု၊ ဥယျာဉ်ကျစ်၊ ညောင်ကျိုး၊ မဲဒေါင့်၊ သမင်ခြံ၊ မင်းဇံ စတဲ့ရွာတွေမှာ သူတို့ဇာတ်က နာမည်ရတယ်။ တောဘုရားပွဲတွေဆိုရင် သူတို့ဇာတ်ပဲ ငှားတယ်။ ငှားတိုင်းလည်း ပါတော်မူ ပါအောင် က တယ်။ က တိုင်းလည်း သူက သီပေါပဲ။ အဲဒီကတည်းက သူ့နာမည် သီပေါခင်ကြိုင် ဖြစ်ရော။ သီပေါခင်ကြိုင် လို့ နာမည်တွင်တာလည်း မပြောနဲ့၊ ဘုရင်စာတွေလည်း သူက ပိုင်တယ်၊ ကျက်လည်းကျက်တယ်။ လေးတန်းစာလောက် တတ်ပေမယ့် ကျပင်းဆရာဖီး တို့၊ ဆရာခို တို့၊ မင်းသားကြီးကျော်အုန်းလှိုင် တို့၊ ဆရာရှံ တို့၊ ဝစနာဆရာလင်း တို့ စာတွေကို ရှာလည်းရှာ၊ ကျက်လည်းကျက်တဲ့ လူမျိုး။ တခြားဇာတ်ရုပ်တွေက ကိုယ့်စာကိုယ် ပိုင်ချင်ပိုင် ကျက်ချင် ကျက်၊ သူကတော့ သေချာတယ်၊ ကျက်တယ်။ ‘ကျုပ်က အနုပညာသမား စစ်စစ်ဗျ’ လို့ လူထူရင် ပြောရတာလည်း ခဏခဏ။

သိတဲ့အတိုင်းပဲ ဇာတ်ဆိုပေမယ့် တောဇာတ်ဆိုတော့ တောသူ တောင်သားတွေပဲ ကြည့်တာ မဟုတ်လား။ တောသူတောင်သား ဆိုတာက ဘယ်သူမှ မြို့မှာလို ပွဲကြည့်ရင်း လတ်လျားလတ်လျား ထွက်တာ တို့၊ အကြော်ထွက်စားတာ တို့၊ အပေါ့အပါးကို အကြာကြီးသွားနေတာ တို့ မရှိဘူး။ ဗလာဇာတ် ဆိုပေမယ့် အစအဆုံး ထိုင်ကြည့်တာ။ တစ်ကွက်တလေမှ အပျက်မခံဘူး။ သီချင်းတစ်ပုဒ်မှ အလွတ်မခံဘူး။ စာတစ်လုံး၊ စကားတစ်လုံးမှ အကျော်မခံဘူး။ တစ်ခါတလေလာတဲ့ဇာတ် ဝအောင်ထိုင်ကြည့်တာပဲ။ ဝေဖန်စရာရှိရင်လည်း အားမနာဘူး။ ပြောစရာရှိရင်လည်း ပြတ်ပြတ်ပဲ။

မြို့နဲ့တော့ ကွာတာပေါ့။ မြို့က ဝန်လည်း မြန်မြန်ထွက်၊ ဘုရင်လည်း မြန်မြန်လုပ်၊ မြို့တည်နန်းတည်တွေ ဘာတွေလည်း သိပ် အာလူးမပေးနဲ့၊ မကြည့်ချင်ဘူး။ နှစ်ပါးသွားသာ မြန်မြန်ထွက်။ တောနဲ့တော့ ကွာတယ်။ တောသူတောင်သားက သီချင်းလည်း မှတ်တယ်၊ စာလည်း မှတ်တယ်။ ခင်ကြိုင်က တောဇာတ်ကဘုရင် ဆိုပေမယ့် မြို့ဇာတ်ဘုရင်လို မခိုဘူး။ ဖြစ်သလို စခန်းမသွားဘူး။ ကြာတော့ သူကလည်း သူ့ကို ‘ခင်ကြိုင်’ ခေါ်ရင်တောင် မကြိုက်ချင်တော့ဘူး။ ‘သီပေါခင်ကြိုင်’ ခေါ်မှ ကြိုက်တော့တယ်။ တွင်လည်း တွင်သွားတာပါပဲ၊ ဒီနားကရွာတွေမှာ သီပေါခင်ကြိုင်ပဲ။ ညီလာခံတို့ဘာတို့ ဆိုရင်လည်း ခပ်ညံ့ညံ့ပန်းချီဆရာနဲ့ ဆွဲထားတဲ့ နန်းကားရှေ့က ဇာတ်သေတ္တာပေါ် ထိုင်တဲ့ပြီး …

“ခြောက်ယောက်ကညာ၊ ဗြဟ္မဏာတို့ ခါတော်ဆက်သည့် ပန္နက်ကျိန်စာ၊ တဣန္ဒာ၏။ သိင်္ဂါနဖူး၊ မကိုဋ်ဦးဝယ်၊ ဖြူးဖြူးတည်တည်၊ ရှုတလီသို့၊ စသည် ပဋိညာဉ်၊ တိသေယဉ်သည်၊ ရာဇင်ပဝရ၊ နရပတိ၊ တွင်ရှိဥက္ကဌ်၊ ငါမင်းမြတ်သည်၊ ရှစ်ရပ်ရာဇဂုဏ်၊ ပြည်လွှမ်းခြုံ၍၊ ရွှေဘုံရွှေနန်း၊ ရွှေကြငှန်းကို၊ သိမ်းမြန်းတော်မူသည့်နေ့မှစ၍ ထွန်းပကြေညာ၊ နိုင်ငံဝဠာရွှေမိုး၊ သုံးကြိမ်ဖြိုးလျက်၊ မညှိုးသာယာ၊ ဝပြောစွာဖြင့်၊ သတ္တဝါဗိုလ်လူ ပေါပါစေ … … … သူခိုးမထ၊ ဒန္တမုဒိမ်း၊ စစ်မက်ငြိမ်း၍၊ ခပ်သိမ်းရန်သူ ဝေးပေါစေ … … … စတုမုခ၊ မြို့မမျက်နှာ၊ လေးဒီပါ၌၊ လူကာသဘင်၊ ကောင်းချီးယင်၍၊ မွမ်းဖြင်မပြတ်၊ သဒ္ဓါမနှေး၊ အစာရေးကို၊ ကျွေးမွေးပေးကမ်း လှူပါစေ … … … ”

တို့ ဘာတို့ ဆိုတာကို အထစ်အငေါ့မရှိ ရွတ်နိုင်တာ။ ရွတ်တော့လည်း တစ်လုံးချင်း ဌာန်နဲ့ရွတ်တာ။ ဒါပေမဲ့ သူကသာ တခမ်းတနားရွတ်တာ၊ ဇာတ်က တခမ်းတနား မရှိနိုင်ဘူးလေ။ ဖြစ်သလိုလုပ်ရတာတွေ ရှိတယ်။ ဖြစ်သလို ပြောရတာတွေ ရှိတယ်။ ဖြစ်သလို ဝတ်ရစားရတာတွေ ရှိတယ်။ ဇာတ်ရုပ်တွေကို စာတွေချထားပေမယ့် အရပ်သုံးစကားတွေနဲ့ အုပ်ထည့်လိုက်ရတာတွေ ရှိတယ်။

ခင်ကြိုင်ကတော့ ရှင်းတယ်။ ဇာတ်ခုံပေါ် ရောက်ပြီးမှ စာရင်းငှား ပြန်မလုပ်ချင်ဘူး။ လက်သမားနောက်လိုက် မလုပ်နိုင်ဘူး။ ညံ့လို့ ဇာတ်ကထွက်ရတယ် ဆိုတာ အဖြစ်မခံနိုင်ဘူး။ ဒီတော့ ကြိုးစားတယ်။ ဇာတ်သေတ္တာပေါ်ရောက်ရင် သူက ဘုရင်စိတ်ကို ဝင်သွားတော့တာ။ သူ့ကိုယ်သူလည်း သီပေါမင်း လို့ ထင်တော့တာ။ သူနဲ့ တွဲကရတဲံ မျက်ခမ်းစပ်စပ် ကလေး လေးယောက်အမေ မြသန်းကြည်ကိုလည်း စုဖုရားလတ် အောက်မေ့တော့တာ။ နားရွက်သနပ်ခါးတို့ပြီး စွပ်ကျယ်နဲ့ဝန်အင်္ကျီနဲ့ လူပြက်တွေကိုလည်း ‘ကင်းဝန်’ လောက်၊ ‘တိုင်တာ’ လောက် ထင်တော့တာ။

ဒါကြောင့်ပေါ့၊ သူတို့ဇာတ် လာရင် ‘သီပေါ ပါတော်မူ’ ပဲ။ ပါတော်မူမှာ သူပိုင်တဲ့အကွက်တစ်ကွက် ရှိတယ်။ ဗီရိုလှည်းတွေနဲ့ ဘာတွေနဲ့။ အင်္ဂလိပ်စစ်သားတွေက ဖမ်းမယ် လုပ်တော့ တစ်လှမ်းချင်း လျှောက်ရင်းက သူ့နောက်က မြသန်းကြည်ကို ဖျတ်ခနဲ လှည့်ကြည့်တဲ့ အခန်း။ သီပေါမင်းကို တကယ်ဖမ်းတုန်းက ကြိုးတွေဘာတွေနဲ့ မတုပ်ပေမယ့် ဇာတ်ဆိုတော့ ဒီအခန်းက အပူတိုက်ကိုး၊ ကြိုးနဲ့တုပ်တယ်၊ ဆောင့်ဆွဲတယ်။ အောက်က တီးဝိုင်းကလည်း ရွှေဆိုင်ညွန့်ရဲ့ ပါတော်မူ သီချင်းထဲက ‘မြန်မာပြည် ဇာတ်လမ်းရှုပ်သမျှမှာ ရွှေကညစ်နဲ့ ရေးကာ စာကိုစီ … ရာဇဌာနီ မြနန်းအယုတ်ဇာတ်မှာ ဧကရာဇ်နဲ့ ဝေးတာ ကြာလေပြီ … တို့၊ စကြာသိုက် ထဲက ‘အောင်ပင်လယ်မတော့ … ရေညိုခြောက်ခဲ့လေပြီ … ဆောင်ပလ္လင် ကွယ်ပြီးတော့ … ရွှေဗဟိုရ် ပျောက်ခဲ့လေသည် … ’ တို့ ဘာတို့များ ကြေးသံကလေးနဲ့ ပို့ပေးရင် တချို့ဆို မျက်ရည်ကို ကျတော့တာ။

ဒါက ဇာတ်သမ္ဘာကိုး။ ဇာတ်ခွင်ကိုး။ သဘာဝ ကျတာ မကျတာ ဘေးဖယ်ထား၊ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် ဟန်ကိုကျလို့။ မနက်လင်းတော့ ‘သီပေါခင်ကြိုင် ကောင်းချက်က ရက်စက်သယ်’ ဖြစ်ရော။

* * *
(၂)

အခုတော့ သီပေါခင်ကြိုင် ဇာတ်မကရတာ ဆယ့်ငါးနှစ်လောက် ရှိရော့မယ်။ ဇာတ်လည်း ခေါင်းကွဲသွားတာ ကြာပြီ။ ဇာတ်တော်တော်များများလည်း နားကုန်ကြပြီ။ မြို့ကဇာတ်ကြီးတွေတောင် မကနိုင်တဲ့ ဇာတ်က မကနိုင်တော့တဲ့အခါ တောဇာတ်ကလေးတွေက ဘာပြောကောင်းမလဲ၊ စဉ်းစားသာ ကြည့်တော့။

ဒီတော့ တချို့လည်း ဘဝဟောင်း ပြန်ရောက်ကုန်ရော။ တချို့လည်း ပျိုးနုတ်၊ ပဲနုတ်၊ စားရင်းငှားလုပ်၊ ဆိတ်ကျောင်း၊ သိုးကျောင်း၊ တချို့လည်း ထန်းတက်၊ လှေလိုက် ဖြစ်ကုန်ရော။

သူကတော့ တောက်လျှောက် ရွာနီးချုပ်စပ်မှာ သီပေါခင်ကြိုင် လုပ်လာတဲ့လူ ဘယ်လိုလုပ် အဲဒါတွေ ပြန်လုပ်ပါတော့မလဲ။ သူ့ရွာမှာလည်း သူ မနေဘူး။ တခြားရွာတစ်ရွာမှာ ကျောင်းကြီးရခိုင်နဲ့ သီတင်းသုံးနေတဲ့ ဘထွေးဘုန်းကြီး ကျောင်းမှာ ဝင်ခိုတယ်။

ဘထွေးဘုန်းကြီးကလည်း ကောင်းပါတယ်။ ကျောင်းဝေယျာဝစ္စကလေး လုပ် ပေါ့၊ တံမြက်စည်းကလး ဘာလေး လှည်း ပေါ့။ ဒါပေမဲ့ နေသာနေရတာ သူ မပျော်ဘူး။ အခြေအနေမပေးလို့သာကိုး၊ ဖြစ်နိုင်ရင် ဇာတ်ပဲ က ချင်နေတာ မဟုတ်လား။

သူက …
အနုပညာသမား မဟုတ်လား၊
သီပေါခင်ကြိုင် မဟုတ်လား။

နစ္စ၊ ဂီတ၊ ဝါဒိတ ဆိုတဲ့နေရာနဲ့ သူနဲ့ မအပ်စပ်တာကတစ်ကြောင်း၊ သူကိုယ်တိုင်ကလည်း တံမြက်စည်းလှည်းရမယ့်လူ၊ ဝေယျာဝစ္စလုပ်နေရမယ့်လူ၊ ဆွမ်းဟင်းနွှေးကပ်ရမယ့်လူ၊ မနက်စောစောထပြီး အရုဏ်ဆွမ်းကပ်ရမယ့်လူအဖြစ် မနေချင်တာကတစ်ကြောင်းဆိုတော့ သူ မပျော်ဘူး။

တစ်ခုတော့ရှိတယ်၊ သူ ဇာတ်ကထွက်လာတော့ သူနဲ့အတူ ထင်းရှူးသေတ္တာသေးသေးတစ်လုံး ပါလာတယ်။

အဲဒီအထဲမှာ ဘာပါသလဲ ဆိုတော့ သြဘာ မယ်ဒလင်ကလေးတစ်လုံး ပါတယ်။ ထွင်းအိုးကလေး။ အသံထွက် တော်တော်ကောင်းတယ်။ တိုက်နှစ်လုံးကြိုးသစ်ကလေးများ လဲလိုက်လို့ကတော့ စောင်းသံကို ထွက်နေတတ်တာ။

နောက် ခါးရှည် မင်းသားဝတ်အင်္ကျီ နှစ်ထည်(ရိတော့ ရိနေပြီ)၊ မင်းသားပုဆိုးက တစ်ထည်၊ နောက် ဘော်ကြယ်မွဲမွဲ လေးငါးလုံးပဲ ကျန်တော့တဲ့ ရှင်ဘုရင်ဆောင်းတဲ့ ယုန်နားရွက် တစ်စထောင်ဖော့လုံးကိုလည်း စိတ်ကူးရရင် စွပ်စွပ်ကြည့်ရတာ အမော။
နောက်တစ်ခုက သစ်သားသန်လျက်တစ်ချောင်း။ ထားပါ၊ ပြောချင်တာက မယ်ဒလင်ကလေး။ ဇာတ်ထဲတုန်းကတော့ မောင်းဆရာကိုခင်မောင် ဆီက ဘာရယ်တော့ မဟုတ်ဘူး၊ ‘ဂျောင်ဂျောင်ဂျင်ဂျင်’ သင်ထားလိုက်မိတဲ့ သီချင်း သုံးလေးပုဒ် ရထားတာ ရှိတယ်။

‘ပဗ္ဗတ ဟေမဝန်တောင်’ ရယ်၊ ‘ကက္ကရ ရွှေစည်’ ရယ်၊ ‘ဇေယျတု သဗ္ဗမင်္ဂလံ’ ရယ်၊ နောက် ကာလပေါ်က တစ်ပုဒ် နှစ်ပုဒ် ဆိုပါတော့။

တခြားသီချင်းတွေကိုလည်း ဟိုစမ်းစမ်း ဒီစမ်းစမ်း တီးနိုင်ပေမယ့် ဒီသီချင်းတွေလောက် မပိုင်ဘူး။ ဘုန်းကြီးကျောင်းမှာက တီးလို့မဖြစ်တော့ ခပ်ဝေးဝေးက ဘုရားပျက်နား၊ ဇရပ်ပျက်နား သွား သွားတီးရတယ်။

အဝါရောင်ပေါက်နေတဲ့ လက်လှည့်ကီးပြားလေးတွေကို ဘယ်ဘက်လက်က လှည့်ရင်း ‘ဒုံ နန်နန် … ဒုံ နန်နန် … ’ အသံညှိပြီးရင် ‘ပဗ္ဗတ ဟေမဝန်တောင်’ ကို စကိုင်တာပဲ။ ပြီးရင် ‘ဇေယျတု’ ကို တီးတယ်။ ‘ကက္ကရ ရွှေစည်’ ကတော့ သိပ်တီးချင်မှ တီးတယ်။ သူက နည်းနည်း အတီးကပ်ချင်တယ်။ အဆိုကလေးနဲ့မှလည်း ကောင်းတယ်လို့ သူ ထင်တာလည်း ပါတယ်။

ဒီ မယ်ဒလင်ကလေး ရှိနေလို့ တော်တော့တယ် လို့လည်း တစ်ခါတစ်ခါ သူ တွေးတယ်။ သူ့မှာ မိန်းမလည်း မရှိဘူး၊ အပေါင်းအသင်းလည်း မရှိဘူး။

ဘယ်ကာလသား ဘုန်းကြီးကျောင်း သက်သက် လာလည်တယ် ရှိမလဲ။ တစ်ခါတစ်ခါ ကိစ္စရှိမှ လာကြတာ မဟုတ်လား။ လူကြီးတွေ လာတယ် ဆိုဦးတော့၊ သူနဲ့က ဓာတ်မကျဘူး၊ ဘာသာစကားချင်း မတူဘူး ဆိုပါတော့။

သူ့အလုပ်က ဝေယျာဝစ္စလုပ်ဖို့ရယ်၊ တစ်ခါတစ်ခါ ဖော့လုံး ခေါင်းစွပ်ကြည့်ဖို့ရယ်၊ မယ်ဒလင်ကို တိုင်ကဖြုတ်ပြီး ‘ပဗ္ဗတ ဟေမဝန်တောင်’ တီးဖို့ရယ် ဒါကလွဲရင် မရှိဘူး။

ကြာတော့ ငြီးစီစီဖြစ်လာတယ်။ ကြောင်တက်တက် ဖြစ်လာတယ်။ လူလည်း ပိန်ကျလာတယ်။ ဒီသီချင်းတွေလည်း တီးရဖန်များတော့ အီလာတယ်။ ဒါပေမဲ့ မတီးတာတော့ မဟုတ်ဘူး၊ သူ့မှာ အနုပညာသမားရယ်လို့ ဇာတ်ခုံပေါ်တက်ပြီး သီပေါ လုပ်ရတာမျိုးကလည်း မရှိတော့ဘူး မဟုတ်လား။ သည် မယ်ဒလင်လေးနဲ့ စိတ်ဖြေရတော့တယ်။ သည်တော့ တီးဖြစ်တယ် ဆိုပါတော့။ နောက်တစ်ခုက သူ အရက်တွေ တော်တော်များများ သောက်ဖြစ်လာတာပဲ။

* * *
(၃)

နှစ်ကလေးနည်းနည်းရလာတော့ တောအရက်တွေ အလွန်အကျွံသောက်လို့နဲ့ တူပါရဲ့ အသားအရေတွေက နီးယောင်းယောင်း ပွစိစိ ဖြစ်လာတယ်။ ချဉ်စုတ်စုတ် ချွဲတဲတဲ ဖြစ်လာတယ်။ ကိုယ်ရေ တစ်ဝက်လောက် ချုံးကျသွားတယ်။ ဆံပင်တွေ ဖြူလာတယ်။

ဘထွေးဘုန်းကြီးက ဆူတယ်၊ မရဘူး။ ကျိန်းတယ် မဖြစ်ဘူး။ ချော့တယ်၊ တရားပြတယ် မတိုးတော့ဘူး။ သူလုပ်နေကျ ခါးတောင်အင်္ကျီတွေ၊ သန်လျက်တွေ၊ ဖော့လုံးတွေ ထုတ်ကြည့်တဲ့ အလုပ်လည်း မလုပ်ဖြစ်တာ ကြာပြီ။ မိုးချုပ်ရင် ဘုံဆိုင်ကို ပြေးတော့တာပဲ။

ပိုက်ဆံကတော့ ကျောင်းကိုလာတဲ့ လူတွေဆီက တောင်းလိုက်၊ ဆရာတော်ဆီက တခြားအကြောင်းပြပြီး တောင်းလိုက်ပေါ့။ တစ်ခု တိုးတက်လာတာကတော့ ရှိတယ်။ အဲဒီရွာက ကာလသားတွေက သူ့ကို တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ ‘သီပေါခင်ကြိုင်’ ဆိုတာ သိလာကြတာပဲ။

သူကလည်း ဇာတ်ခုံပေါ်က သီပေါခင်ကြိုင်ရဲ့ ဘဝဟောင်းကို မထပ်အောင် ပြောတယ်။ ကြာတော့လည်း သူ့ရဲ့ သြဘာ ထွင်းအိုးမယ်ဒလင်ကလေးနဲ့ ‘ပဗ္ဗတ ဟေမဝန်တောင်’ ကို စွဲလမ်းလာကြတယ်။ ဒီတော့ အရက်ဝယ်လာကြတယ်။ ကျောင်းနဲ့ဝေးဝေးမှာ တီးကြတယ်။ ကျောင်းရဲ့ ဆွမ်းစားဆောင် ဘေးက သူ့အခန်းကလေးမှာ စုကြတယ်။ စကားတွေ ပြောကြတယ်။ ပြောကြတယ်ဆိုတာက နားထောင်ကြတာပါ။ သူ့သေတ္တာထဲက ဖော့လုံးကို ထုတ်ပြတယ်။ သန်လျက်တွေ၊ ပုဆိုးတွေကို ပြတယ်။ ကာလသားတွေကလည်း ငေးလို့။

တစ်ညတော့ ကာလသားတစ်ယောက် သူ့အခန်းကျဉ်းကလေးထဲကို ရောက်လာတယ်။ နှစ်ယောက်စလုံးလည်း တော်တော်မူးနေကြပြီ။ ကာလသားက တိုင်မှာချိတ်ထားတဲ့ မယ်ဒလင်ကလေးကို တွေ့သွားတယ်။

“ကိုခင် … အဲ … သီပေါခင်ကြိုင်ကတော့ တကယ့် အနုပညာသမားစစ်စစ်ပဲဗျာ။ ကျုပ်တို့ရွာမှာ မယ်ဒလင်မရှိဘူး။ တီးတတ်တဲ့လူလည်း မရှိဘူး။ ခင်ဗျား ဇာတ်ကတုန်းက ကျုပ်တို့က ငယ်ငယ်ရယ်။ အဖေတို့ပြောတာကတော့ ခင်ဗျား တော်တော်ကောင်း ဆိုပဲ”

“ဒီလိုပေါ့ကွာ … အနုပညာသမားဆိုတာ ကျရာပေါ့။ လုပ်ရတာပေါ့။ သေတ္တများ ဆွဲမှောက်လိုက်လို့ ကျတဲ့အရုပ် ကောက်ကိုင်နိုင်ရတယ် ဆိုသလိုပေါ့”

“ဒါနဲ့များဗျာ … ဒီပညာတွေတတ်ရဲ့နဲ့ ဘုန်းကြီးကျောင်းမှာ ရေညှိတက်ခံနေရသလား”

အဲဒီကာလသား ပြန်သွားတော့ သူ ငိုင်ပြီး ကျန်ရစ်တယ်။ အကြာကြီးလည်း စဉ်းစားတယ်။ ဟုတ်သားပဲ၊ တစ်ချိန်က သည်နယ်မှာ သီပေါခင်ကြိုင် ဆိုရင် ကရောင်းရိုက်တာနဲ့ လူတွေ ညို့နေရတာ။ ရွာဝင်တာနဲ့ ‘ပါတော်မူ’ တင်ရတော့တာ။ ရေညှိတက်ခံတော့မလား တဲ့။ ဒီပညာတွေ တတ်ရဲ့နဲ့ တဲ့။ ဆွမ်းစားကျောင်းဘေးက မီးခိုးလုံးရိုက်နေတဲ့ အခန်းကလေးထဲ သေတ္တာဟောင်းတစ်လုံးနဲ့ ဘဝဆုံးရတော့မလား။

ကြည့်စမ်း …
ဒီစကားမျိုး ဘယ်သူမှ မပြောဖူးဘူး။ မကြားရတာပဲ အနှစ်နှစ်ဆယ် ကျော်ပြီ။ ထင်းပုံကြားမှာ ဝှက်ထားတဲ့ တောပုလင်းကို ထုတ်တယ်၊ ထပ်သောက်တယ်၊ ပုလင်းတစ်ဝက်ကျိုးတော့ မယ်ဒလင်ကို ထ ဖြုတ်တယ်၊ ကြိုးတွေကို စစ်တယ်၊ ကျနေတဲ့ကြိုးတွေကို ပြန်ညှိတယ်၊ မယ်ဒလင်ကို ရင်ဘတ်ပေါ်တင်ပြီး ခဏမှိန်းနေတယ်။ မျက်လုံးတွေက သေတ္တာကလေးကို သွားတွေ့တယ်။ ငေါက်ခနဲ ထ ထိုင်တယ်။ ဆုံးလည်း ဆုံးဖြတ်လိုက်တယ်။

ရေညှိတက်နေတဲ့ဘဝကို တိုက်ချွတ်ဆေးကြောရမယ်၊ အတိုင်းအဆမဲ့ သူ့အနုပညာတွေကို အရောင်ပြန်တင်ရမယ်။ ကနေ့ညမှာပဲ လုပ်ရမယ်၊ မနက်ဖြန် အကူးမခံဘူး၊ ကနေ့ညပဲ။ ပြောသာပြောရတာ၊ သူတစ်ယောက်တည်း ပါတော်မူ က နေလို့ မရဘူး။ သူတစ်ယောက်တည်း ‘ပဗ္ဗတ ဟေမဝန်တောင်’ လုပ်နေလို့ မရဘူး။ ခံစားသူ ရှိရမယ်၊ နားလည်သူ ရှိရမယ်၊ အကဲဖြတ်သူ ရှိရမယ်၊ ဝေဖန်ဆစ်ပိုင်းသူ ရှိရမယ်၊ ဒါဆိုရင် ပရိသတ် ရှိရမယ်၊ ဘယ်မလဲ ပရိသတ် …

ပရိသတ် …
သူ့သေတ္တာကလေးကို တဆတ်ဆတ်တုန်နေတဲ့ လက်တွေနဲ့ ဖွင့်တယ်။

* * *
(၄)

သူရောက်သွားတော့ နာရီပြန်တစ်ချက်လောက်ရှိပြီ။ တောကျေးလက်က ညဆိုတာက လ ရှိရင်ရှိ၊ မရှိရင်လည်း ကိုယ့်လက်ကိုယ်တောင် မြင်ရတာ မဟုတ်ဘူး ဆိုတာကတော့ ထားပါတော့၊ ဆိုးတာက အဲဒီညက လေတွေတိုက်နေတယ်။ လေသံကလွဲလို့ တခြားအသံ မကြားရဘူး။ သူ မကြောက်ဘူး။ သူ ရည်ရွယ်ခဲ့တဲ့နေရာပဲ။

လမ်းမြှောင်ကလေးကို တော်တော်ဝင်မိတော့ ညောင်မုတ်ဆိတ်ပင်အောက်ကို ရောက်တယ်။ ခနော်နီခနော်နဲ့ ဇရပ်ပျက် စောင်းစောင်းကြီးက သူ့ကိုကြည့်နေတယ်လို့ ထင်တယ်။ ဝေါခနဲ ထပျံတဲ့ ငှက်တချို့ကလွဲရင် လေတိုးသံတွေပဲ ရှိတယ်။

ဝိုးတဝါးမြင်ရတဲ့ မြေမို့မို့တွေကို သူ စမ်းပြီး ကျော်ဖြတ်လိုက်တယ်။ တချို့မှတ်တိုင်တွေကို အားပြုရတယ်။ သူ့နားထဲကလည်း လေတွေ တအားတိုးထွက်နေတယ်။ တော်တော်ဝင်မိတော့မှ အုတ်ဂူတစ်လုံးကို သူ တွေ့တယ်။ ဒီသင်္ချိုင်းကို သူ တစ်ခါမှမရောက်ဖူးဘူး။ သူ့ရွာက သူ့သင်္ချိုင်းလည်း မဟုတ်ဘူး။ အုတ်ဂူပေါ် တက်လိုက်တယ်။ ဖော့လုံးကို စွပ်တယ်၊ သန်လျက်ကို ကိုင်တယ်၊ လက်တစ်ဖက်က မယ်ဒလင်ကလေးကို ခပ်တင်းတင်း ကိုင်ထားတယ်၊ ပြီးမှ မြေကမူ မြေပုံတွေဘက်ကို လှည့်တယ်။

“အဟမ်း … ဒီည ကျုပ် ဒီကိုလာရတာနဲ့ ပတ်သက်လို့ စကားနည်းနည်း ပြောမယ်။ ကျုပ် ခင်ဗျားတို့ကို သနားတယ်။ ခင်ဗျားတို့ဟာ အထီးကျန်ဖြစ်နေတယ်ဆိုတာ ကျုပ် သိတယ်။ ခင်ဗျားတို့အထဲက ကျုပ်ကို သီပေါခင်ကြိုင်ဆိုတာ တချို့ မှတ်မိလိမ့်မယ်”

သူက ခဏနားပြီး နားထောင်ကြည့်တယ်။ လေသံကလွဲလို့၊ ဇရပ်ပျက်ဆီက သွပ်ပြားရိုက်သံ တဖန်းဖန်းကလွဲလို့ ဘာသံမှ မကြားရဘူး၊ ငြိမ်လို့။ သူ ကျေနပ်သွားတယ်။ သူ့စကားကို အလေးအနက်ထားကြတယ် လို့ သူ ထင်တယ်။

“ဒီတော့ ဒီည ကျုပ်တစ်ယောက်တည်းပဲ ခင်ဗျားတို့ကို ဖျော်ဖြေမယ်။ ကျုပ်ရဲ့ အနုပညာနဲ့ ဖျော်ဖြေမယ်။ ကျုပ်ရဲ့ ကြေးတွေညှော်တွေနဲ့ အနုပညာကို ဒီည ပွတ်တိုက်ဆေးကြောမယ့်ကာလနဲ့ ခင်ဗျားတို့ တိုက်ဆိုင်တာဟာ ခင်ဗျားတို့အဖို့ သိပ်ကံကောင်းတယ်”

‘ခင်ဗျားတို့ သိပ်ကံကောင်းတယ်’ ဆိုတဲ့အသံဟာ သင်္ချိုင်းထဲမှာ ကျယ်လောင်သွားတယ်။

“ကိုင်း … ဘေရီတဖန်မှာ ရွှေပြည်မသန်ကတည်းက ရွှေစည်သံ ဆိုတာလည်း ပျောက်ခဲ့ကြပြီ။ အဲဒါကြောင့် နောက်နောက်က ကြငှန်းမျှော်ရှုပြီး နန်းတော်အတု အချုပ်ကြံတဲ့သူက … ဟဲ့ … စမုခ်ခံတီး … … ”

* * *

(၅)

မနက်လင်းတော့ သင်္ချိုင်းစပ် ယာတဲမှာနေတဲ့ ကိုမွှေးဆိုတဲ့လူ သီပေါခင်ကြိုင်ကို စတွေ့တယ်။ သူကြီးကတော် အုတ်ဂူဟောင်းဘေးမှာ နန်းဝတ်နန်းစားကြီးနဲ့ လဲလို့။ လက်တစ်ဖက်မှာ သြဘာ ထွင်းအိုးကလေး။ သန်လျက်ကတော့ ခပ်ဝေးဝေးမြေပုံတစ်ခုပေါ်မှာ တင်လို့ တဲ့။ ထုံးစံအတိုင်းပေါ့ … လူတွေဆိုတာကတော့ ပြောကြဆိုကြတာပေါ့။

တချို့က အန်ဖတ်ဆို့တာ တဲ့၊ တချို့က သရဲ ကုပ်ချိုးတာ တဲ့၊ တချို့က အအေးပတ်တာနေမှာပါ တဲ့။ သူ့ဘထွေးဘုန်းကြီး အမိန့်ရှိတာကတော့ “သီပေါခင်ကြိုင် ဆိုတဲ့ကောင် ဘဝင်လေဟပ်သွားတာ” တဲ့။

(အာကာဦး မဂ္ဂဇင်း၊ အတွဲ - ၁၊ အမှတ် - ၂။ ၁၉၉၀ - ဇန်နဝါရီလ)

* * * * *
 
အတောင်ကျွတ်ငှက်

(၁)

ပိန်းပိန်းပိတ်ပိတ် မှောင်နေသည်လည်း မဟုတ်။ လျော့ပါးသောအလင်း ယဲ့ယဲ့ကလေး ရှိနေသည်။ ပြီးတော့ သည်နေရာမှာမဟုတ်၊ သည်ကမ္ဘာမှာပင် မဟုတ် ဟု ထင်သည်။ ကမ္ဘာမြေနှင့် ဝေးလျားသော လွင့်မျောဥက္ကာခဲတစ်ခုနှင့် တစ်ခုအစပ်ကြား ဖြစ်ဟန်တူသည်။ ပြီးတော့ တစ်ကောင်တည်း မဟုတ်၊ နှစ်ကောင်။ တစ်ကောင်က နုနယ်သေးကွေးလွန်းသည်။ ပြီးတော့ သူ့အတောင်နှင့်သူ ပျံနိုင်တာလည်း မဟုတ်။ တစ်ကောင်၏ကျောပေါ်မှာ နုမျှင် သေးကွေးသော အတောင်ပံများနှင့် သိုင်းဖက်ကာ ပါလာခြင်း ဖြစ်သည်။ ကာလများစွာ ကြာခဲ့ပြီ။

အတောင်တွေလည်း ညောင်းလှပြီ။ အတောင်အလက်အချို့ ကျိုးပဲ့ပျက်စီးကုန်သည်။ တချို့ ပြုတ်ကျကျန်ရစ်သည်။ ငုံးတိတိ ပြောင်မွဲမွဲ အရေပြားနီကျင်ကျင်တို့ပင် ပေါ်နေပြီ။ အတောင်ပံမှ ငှက်မွေးငှက်တောင်တို့ ပြည့်စုံစွာ မရှိသဖြင့် ခတ်အားမကောင်းလှ။ ငြိမ်းချမ်းအေးမြသော နေရာကလေးတစ်ခုမှာ နားချင်လှပြီ။ သို့သော် နားနေရန်နေရာ မရှိ။ လှမ်းမျှော်ကြည့်လေ၊ မရှိ၊ ဘာမျှမရှိ … အမှောင်သာလျှင်ရှိ၏။ အလင်းဖန့်ဖန့်ကလေးသာလျှင် ရှိ၏။ အလင်းမျှင်များပေါ်တွင် ငှက်တစ်ကောင် နားနိုင်သည်လား … အတောင်ခတ်အား ကျလာပြီ။ ရှေ့ခရီးကို တစိုက်စူးစူး ကြည့်နေရသော မျက်လုံးတွေက သွေးစများ စီးကျလာသည်။ လေတိုက်နှုန်းက ပိုမိုပြင်းထန်လာသည်။

လေ … လေတိုက်နေသည်လား။ လေတိုက်လျှင် လေက ဘယ်ကလာသလဲ။ သစ်ရွက်သစ်ခက်တွေရဲ့ လှုပ်ရှားမှုက လာသလား။ ဒါဆိုလျှင် နားစရာတွယ်စရာ ရှိနေသည်ပေါ့။ မတွေ့၊ ဘာဆိုဘာမှ မတွေ့။ သို့သော် လေသည် ဝူးဝူးဝေါဝေါ တိုက်နေဆဲသာ ဖြစ်သည်။ လေက အော်သံတွေ ပါ ပါ လာသည်။ ကြောက်မက် ချောက်ချားဖွယ် တိုက်ခတ်လာခြင်းမျိုး ဖြစ်သည်။ ပြီးတော့ လေဆန်။ ပျံနေရခြင်းသည်ပင် လေဆန်။ ပိုပြီး အားကုန်လာသည်။ ကျောပေါ်က ငှက်ကလေးကတော့ အတောင်နှစ်ဖက်ဖြင့် သိမ်းကုပ်ဖက်တွယ်ထားဆဲ ဖြစ်သည်။

ငှက်ကလေးရယ် … လျှော့ပါဦး ဟု ပြောချင်သည်။ ပြော၍ မရချေ။ ပြော၍မရ။

အတောင်ပံပေါ်မှာ ငှက်အတောင် တော်တော်များများ ပြုတ်ကျသွားပြန်သည်။ လှပသော ငှက်တစ်ကောင် မဟုတ်တော့။ အကျည်းတန်သော ကျက်သရေမဲ့ ငှက်တစ်ကောင်။ ဒါမှမဟုတ် လင်းတတစ်ကောင်နှင့် တူနေသည်။ ဟိုး ရှေ့မှာ ပြိုးပြက်သောကြယ်ပွင့်တွေကို တွေ့နေရသည်။ နီးသည် ဟု ထင်ရသော်လည်း အလင်းနှစ်ပေါင်းများစွာ ပျံရဦးမည် ထင်သည်။ ခရီးတစ်လျှောက် ရိုက်ခတ်လာခဲ့သော အဟုန်၊ ခွန်အားနှင့် မာန်များ လျော့ပါးလာခဲ့ပြီ။ နားခိုအိပ်စက်ရန် တစ်နေရာသို့ ရောက်ချင်ပြီ။ အောက်ကို ငုံ့ကြည့်လိုက်သည်။ ဘာမျှမရှိ … မှောင်။ လေက ပိုမိုတိုက်ခတ်လာသည်။ ရင်ဝကိုဆောင့်တွန်းလိုက်သလို ခံစားရသည်။ ထိုအခါ အရှိန်နှင့် အောက်ကိုပြုတ်ကျသွားသည်။ အရှိန်နှုန်း မြင့်မားစွာ ပြုတ်ကျနေခြင်း ဖြစ်သည်။ ငှက်ငယ်ကလေးက တအားသိမ်းဖက်ထားဆဲ။

မဆုံးနိုင်သေး … ကျဆဲ … ကျဆဲ။ ငှက်ကလေးက ကြောက်လန့်တကြား စူးစူးနစ်နစ် အော်ဟစ်လိုက်သည်။ သို့သော် ပြုတ်ထွက်မသွားသေး။ လေတိုက်သံနှင့် အော်သံတို့ ပြိုင်စူးသွားသည်။ ဦးစောက်ကျွမ်းပြန် ကျနေသည်။ ရိပ်ခနဲ ရိပ်ခနဲ ထိုးကျနေသည်။ ငှက်ငယ်၏ သိမ်းဖက်ထားသော အတောင်ကလေးနှစ်ဖက် ပြုတ်ထွက်သွားသည်၊ ကျတော့မသွားသေး။ ကျိုးကျဲကျဲအတောင်တချို့နှင့် ငှက်ငယ်၏ခြေသည်းများ ချိတ်စူးနေဆဲ ဖြစ်သည်။ အားကို တင်းလိုက်သည်။ မျက်ဝန်းထဲက သွေးတွေ လျှံကျလာပြန်သည်။ လေထဲမှာ မိမိကိုယ်ကို တန့်သွားအောင် ကြိုးစားကြည့်သည်၊ မရ။ အရှိန်ကို မတွန်းလှန်နိုင်။ ကျနေသည့် အရှိန်ကများသည်။ အတောင်ဖျားတချို့မှ မီလောင်ညှော်နံ့ နံလာသည်။ ထိုအခါ ဝမ်းနည်းစွာ ငိုချလိုက်သည်။

မျက်လုံးအိမ်မှ သွေးစက်တို့က မည်းမှောင် နက်ရှိုင်းသော ဟိုး အောက်သို့ တစ်ပေါက်ချင်း တစ်ပေါက်ချင်း ကျနေလေသည်။

* * *

(၂)

သွေးပုလင်းမှ သွေးစက်တို့ တစ်ပေါက်ချင်း တစ်ပေါက်ချင်း ကျနေလေသည်။

တစ်ကိုယ်လုံး လောင်မြိုက်ကျွမ်းချစ်နေသည်။ အပူရှိန်ကြောင့် ရေငတ်နေသည်။ လည်ချောင်းရိုးတို့ တစ်စစီ ကျိုးပဲ့ငေါထွက်နေပြီ ဟု ထင်သည်။

လည်မျိုပြွန်ဝအတွင်းသို့ တံတွေးပင် ဝင်၍မရချင်တော့။ လည်မျိုတစ်ခုလုံး ထက်မြသော ဓားပါးပါးလေးဖြင့် မွှန်းထားသလို အက်ကြောင်းရာ မွမွထနေပြီ။

တံတွေးတစ်ချက်မျိုကြည့်သည်၊ ထိထိခိုက်ခိုက် နာကျင်သွားသည်။ ရင်ထဲမှာ မောဟိုက်နေသည်မှာလည်း ပြောစရာပင်မရှိတော့။ မျက်လုံးတွေကို ကြိုးစားဖွင့်ကြည့်သည်၊ မရ။ ပါးစပ်ကတော့ ပွင့်ဟသွားမှန်း သိသည်။ အေးစက်သောရေအချို့ ဝင်လာသည်။

ရေ … ရေ … ရေဆာနေသည်ပဲ၊ ရေဆာနေတာကို သတိရသွားပြန်သည်။ အငမ်းမရ မျိုချလိုက်သည်။ နှလုံးသားတစ်ခုလုံးကို ဆွဲညှစ်လိုက်သလို နာကျင်သွားသည်။ ရေငတ် ပြေသွားသည်။ မျက်လုံးတွေကို ဖွင့်ဖို့ အားတချို့ ရလာသည်။ မျက်ခွံတွေက မို့ပိတ်နေသည်။ မျက်ခွံတွေပွင့်ဟဖို့အတွက်ပင် မျက်ကြောမျှင်ကလေးတွေ ဆိုင်းနေပြီလား။ အရည်မဲ့ မျက်ဝန်းတွေက နေရောင်အောက်က ကျောက်ခဲတစ်လုံးလို သွေ့ခြောက်မာကျောနေရော့မည်။

“သတိရပြီလား မေစီ … ”

နားထဲက လေပူတွေ တရှဲရှဲတိုးထွက်နေသည်။ မနည်း ကြိုးစားနားထောင်နေရသည်။ ဆရာမကလေးက ငုံ့ကြည့်နေမှန်း၊ နှုတ်ခမ်းစပ်က ရေစက်တွေကို တယုတယ သုတ်ပေးနေမှန်း သိနေသည်။ ရေမချိုးရတာ ကြာပြီဖြစ်သော ကိုယ်ခန္ဓာက အနံ့ဆိုးတွေထွက်နေမှန်း သိသဖြင့် ဆရာမကလေးကို ဝေဒနာကြားက အားနာနေသည်။ ဆရာမကို တားချင်သော်လည်း အသံမထွက်နိုင်။

“မေစီ … သက်သာတယ်မဟုတ်လား။ ပျောက်သွားမှာပါ။ စိတ်ကလည်း အရေးကြီးတယ်။ စိတ်လည်း တင်းထားမှပေါ့”

ထောက်ကန်ဖွင့်ဟထားသော မျက်ကြောမျှင်တွေက ကြာရှည်ခွင့်မပြုပြန်တော့။ မျက်ခွံတွေကို ပိတ်လိုက်ရပြန်သည်။ နားထဲက လေတွေ တအူအူထွက်နေဆဲ။ ဘာဆိုဘာမှ မကြားရ။

မှန်းနေလိုက်သည်။ လွင့်မျောနေသော ငှက်သားအမိကို သတိရသွားပြန်သည်။ ငှက်တစ်ကောင် … ပြီးတော့ သူ့ကျောပေါ်မှာ ငှက်ကလေးတစ်ကောင်။ ဟင်းလင်း စကြဝဠာထဲကို ဦးစောက်ကျွမ်းပြန် ကျနေသော ငှက် နှစ်ကောင်။

ပြုတ်လုတဲတဲ ငှက်ကလေးက ဘာဖြစ်သွားသည်လဲ။ မီးလောင်သွားသလား၊ ဒါမှမဟုတ် …

“မေစီ … မေစီ …”

အသံ … အသံတွေက တုန်ခါနေသည်။ ဘယ်ကအသံတွေပါလိမ့်။ တိုးညင်းသောအသံထဲမှာ ကရုဏာအမျှင်ကလေးတွေ ပါနေသည်။ အင်မတန်ရှားပါးသည့် သည်အမျှင်ကလေးတွေကကော ဘယ်ကကျလာသလဲ။ ထူးချင်သော်လည်း မရချေ။ သူနာပြုဆရာမကလေးပဲ ထင်သည်။

“မေစီ … ဒီမှာ နင့်သားလေး လာပြီလေ”

အို … သားလေး … သားလေး … ငှက်ကလေးထင်ပါရဲ့။ ဟုတ်နိုင်သည်။ သားလေးဟာ ငှက်ကလေးပဲပေါ့ … လင်းတနဲ့တူတဲ့ငှက်ဟာ၊ အတောင်ကျွတ်ငှက်ဟာ၊ ဥက္ကာခဲတွေကြားက နားစရာမဲ့ ခရီးသည်ငှက်ဟာ …

မျက်လုံးတွေ ပွင့်ဟသွားပြန်သည်။ ကြေမွနေသော လည်ချောင်းပြွန်ဝထဲက အသံတစ်စ ထွက်ဖို့ ခဲယဉ်းလှသည်ကော။

“သားလေး … ”

“ဗျာ”

ခုတင်ဘေး ရပ်နေသည့် မျက်လုံးစောင်းစောင်းနှင့် သားကလေး၊ ဆံပင်တွေက နီကျင်နေသည်။ အသားတွေက ညိုမှိုင်းနေသည်။

“သားလေး ဘယ်သွားနေတာလဲ”

“သား ပိုက်ဆံတွေသွားရှာနေတာပေါ့ မေမေ … မေမေ ဘာစားချင်သလဲ၊ သား ပေါင်မုန့်လေးချပ် ဝယ်လာတယ်။ သားမှာ တစ်ဆယ်တောင် ရှိတယ်။ သား ခိုးလာတာ မဟုတ်ဘူးနော်၊ ဘဘဦးလှထွန်းတို့ ပေးလိုက်တာဗျ”

“ပိုးရယ် ... တောင်းရမ်းလာရသလား”

လေသံတွေထဲမှာ ဒေါသငွေ့တွေ ပါသွားသည်ဟု ထင်သည်။ ရှစ်နှစ်သားအရွယ် ကလေးတစ်ယောက်၏ တရားသဖြင့် ငွေရှာနည်းမှာ တောင်းရမ်းခြင်းကလွဲလျှင် အခြားမဖြစ်နိုင်။

“ဟုတ်တယ် … တောင်းလာတာပဲ။ မေမေပဲ မခိုးရဘူး ဆို၊ တောင်းရမယ် ဆို … ”

မျက်လုံးတွေကို ပိတ်လိုက်သည့်အခါ မျက်ရည်ပူတွေ စီးကျလာသည်။ ငွေရှာသွားတာတဲ့လား ပိုးရယ်။

မျက်ဝန်းမှ ပါးပြင်ကိုဖြတ်ကာ နားထင်စပ်ဆီသို့ ကျနေသော မျက်ရည်၏လိမ့်ဆင်းမှုကို သိနေသည်။ ရင်ထဲမှာ လှိုက်၍လှိုက်၍ တက်လာသည်။ ရှိုက်ကြီးတငင် ငိုချလိုက်ချင်သည်။ ငို၍မရ။ ငိုလိုက်ဖို့ပင် အားမရှိ။ ရင်ထဲမှာ ထွက်ပေါက်မဲ့ ဆို့ကျပ်လာသည်။ မျက်ရည်တွေ ပိုမိုသွန်ကျလာသည်။ နှလုံးသားတစ်ခုလုံး အသားကြိတ်စက်ထဲက ထွက်လာသော အသားစတွေလို တစ်စစီ တစ်မျှင်စီ ဖြစ်ကုန်ပြီ ထင်သည်။

“မေမေ … မေမေ … ”

ပိုး၏အသံကလေးကို တိုးတိုးကလေး ကြားနေရသည်။ နောက် ဝေး၍ ဝေး၍ သွားသည်။ အာခေါင်တွေ ခြောက်လာသည်။ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ခိုက်လာသည်။ ပြီးတော့ မျက်ရည်တွေ ကျနေမှန်းလည်း သိနေသည်။ ဝေးလွင့်သွားမည့် အာရုံတွေကို လွှတ်ပေးလိုက်ချင်သည်။ ပိုးခေါ်သံ တိုးတိုးမျှင်မျှင်ကလေးကိုတော့ ကြားနေရသည်။

“မေမေ … ”

အသံလာရာဘက်သို့ လက်ကိုဆန့်ထုတ်လိုက်သည်။ ပိုး၏ဆံစကလေးတွေကို ပွတ်သပ်နေချင်သည်။ လက်ကို ရုတ်တရက် မ၍ မရ။ အတော်ကြိုးစား၍ မ ယူရသည်။ သားဆံပင်တွေက ကြမ်းပြီး ခြောက်နေလိုက်တာကွယ်။

“သားလေး … ပိုး … ”

“ဗျာ”

“မေမေ မရှိတော့ရင် … ”

“မေမေ … ဒါကိုမပြောပါနဲ့”

တတ်လိုက်တဲ့ လူကလေးရယ် …
ခဲတံချောင်းကလေးတွေနှင့် တူသော လက်ချောင်းကလေးတွေနှင့် တရှိုက်တငင် ပွတ်သပ်ပေးနေမိသည်။ ပါးလွှာသော လေပြည့်ပူဖောင်းတစ်လုံး၏ ထူထဲမှုထက် မပိုသော အရေပြားလွှာများ ဖုံးအုပ်ထားသည့် လက်ချောင်းကလေးတွေက လိုချင်သလို ဖြန့်ကားဆုပ်နယ်ချင်၍ မရ။

“မောလိုက်တာ သားလေးရယ် … ”

“ပေါင်မုန့်စားလိုက်ပါလား။ သား ဝယ်ထားတယ်”

“သား … ”

“ဗျာ”

“အိမ်ပြန်သေးသလား ဟင် … ”

“ဟုတ်ကဲ့”

“ … … … ”

“ဗျာ … ”

မောဟိုက်နေသောရင်က မို့မောက်နေသည်။
အိမ်ပြန်သေးသလား မေးရသော်လည်း ကွင်းပြင်ကျယ်ကျယ်ကြီးထဲက ကုပ်ချိချိ လေးတိုင်စင် တဲကလေးတစ်လုံးကို မြင်နေရသည်။

အသက်ကို အားစိုက်၍ ရှူနေရသည်။ စကားသံတွေ မထွက်တော့။ အသာကလေး မှိန်းနေလိုက်သည်။ သားလေးရဲ့ အသံတွေကိုပဲ တခုံမင်မင် တဝကြီး နားထောင်နေမိသည်။

“သားလေး ကျောက်ရေတွင်းက ရထားနဲ့လာတော့လေ၊ မြို့ပတ်ရထားပေါ်မှာ လက်မှတ်စစ်တဲ့ ဦးလေးကြီးတစ်ယောက်က သားကိုမေးတယ်။ ‘မင်း ဘယ်သွားမလို့လဲ’ တဲ့။ ‘လူကြီးမပါဘူးလား’ တဲ့။ ‘ဈေးသည်လား’ တဲ့။ သားက ‘မေမေ ဆေးရုံတက်နေတာ သွားကြည့်မလို့’ လို့၊ ‘စားစရာလည်း မရှိပါဘူး’ လို့၊ ‘ဆင်းရဲပါတယ်’ လို့ ပြောလိုက်တယ်”

စကားတွေက ဗလုံးဗထွေးဝင်လာသော်လည်း သိနေသည်။ အသံက ဝေးလံသောအရပ်က ပြောနေသလို တိုးလျနေသည်။

“အဲဒီဦးက ရန်ကုန်ဘူတာကြီးက တဲ့။ ‘ဆေးရုံကို ငါ လာကြည့်မယ်’ တဲ့။ မေမေနဲ့ သား နာမည်ကို မေးတယ်ဗျ။ ‘မင်းပြောတာ မှန်ရင် မင်းကို ငါ မွေးစားမယ်’ တဲ့။ သားကို မုန့်ဖိုးလည်း ပေးလိုက်တယ်။ ဆေးရုံနားက မီးပွိုင့်မှာ မီးရထားပြီးရပ်တော့ သားက ဟိုဆေးရုံမှာ လို့ ပြလိုက်တယ်။ သားက ရထားပေါ်မှာ ထိုင်ကန်တော့လိုက်တယ်”

ဘာတွေလဲ။ စက္ကူစတွေ … လက်ထဲကို စက္ကူစတွေ အတင်းထိုးထည့်ပေးနေသည်။ ငွေစက္ကူစ အနည်းအကျဉ်း ဖြစ်မည်။ ဆေးရုံခုတင်ထက်မှ ကြွေခါနီးသစ်သီးတစ်လုံးအဖို့ ငွေစက္ကူများ၏ တန်ဖိုးသတ်မှတ်ချက်မှာ သိပ်အရာမထင်နိုင်တော့။

လက်ချောင်းတွေက ဝါကျင့်နေသော ဆေးရုံခုတင်ခေါင်းရင်း သံပိုက်လုံးတန်းကို မှန်းဆ ဆုပ်ကိုင်လိုက်သည်။ ကိုယ်ကို စောင်းလိုက်ဖို့ ကြိုးစားသည်။ မရ။ ပိုက်တွေက နေရာအနှံ့အပြားမှာ တပ်ဆင်ထားသည်။ လက်မှာ သွေးစက်တွေ တစ်ပေါက်ချင်း စီးဝင်နေသည်။ နှာခေါင်းအစပ်မှာ တိပ်နှင့်ကပ်ထားသော ပိုက်တစ်ချောင်း ရှိသည်။

ဝါးပိုးဝါးတစ်လုံးထက် မပိုသော ခန္ဓာ၊ မျက်လှည့်မှော်သေတ္တာထက်မှ မျောက်ခေါင်းခွံတစ်ခုထက် မပိုသော မျက်နှာ၊ နာနာဘာဝတစ်ကောင်လို ကြောက်စရာကောင်းနေသည့် မျက်နှာ။

“သား မုန့်သွားဝယ်ဦးမယ် မေမေ … မေမေ့ဖို့ လက်ဖက်ရည် ဝယ်ခဲ့မယ်။ ပုလင်းထဲကရေတွေ သွန်လိုက်မယ်”

ခြင်္သေ့တစ်ကောင်လို လှစ်ခနဲ ပြေးထွက်သွားသံကို ကြားနေရသည်။ ပိုးကို ယုန်ကလေးတစ်ကောင်လို၊ သိုးကလေးတစ်ကောင်လိုထက် ခြင်္သေ့ကလေးတစ်ကောင်လို လောကထဲမှာ ထားခဲ့ချင်သည်။ စောစောက စောင်းဖို့ကြိုးစားလိုက်သဖြင့် သွေးပုလင်းက သွေးကျမှု ရပ်ဆိုင်းသွားသည်ဟု ထင်သည်။ ချွေးတွေ စို့ထွက်လာသည်။ နှုတ်ခမ်းတွေက အက်ကွဲနေသည်။ သွေးမဆင်းတော့သော သွေးပုလင်းကို ငေးကြောင်ကြည့်နေမိပြန်သည်။ ခေါင်းကိုစောင်းငဲ့၍ သံဆန်ခါတပ်ပြတင်းမှ အပြင်သို့ကြည့်လိုက်သည်။ မပီ … မြင်ကွင်းသည် မပီ။ သို့သော် သည်မြင်ကွင်းတွေကို အလွတ်ရနေသည်။ အုတ်တိုက်ဖြူဖြူလေး တစ်လုံး၊ ဘေးမှာ လှည်းတစ်စီး၊ သို့မဟုတ် ဆေးရုံရင်ခွဲရုံနှင့် အလောင်းသယ်လှည်း မည်းမည်း တစ်စီး။

ဒါကလွဲလျှင် အခြားမဖြစ်နိုင်။

* * *
(၃)

ဆေးသားမဲ့ကန်ကာရွက် လည်သံကပင် ချောက်ချားဖွယ် ကောင်းနေလေသည်။ မွှန်စူးသော ဆေးရုံနံ့၊ သို့မဟုတ် မွေးဖွားဆောင်ဘက်မှ မီးနေနံ့၊ သို့မဟုတ် ပြည်ပုပ်သွေးပုပ်နံ့တို့မှ ညှီပြဲ့ပြဲ့နံ့။ သို့တည်းမဟုတ် လူသေတို့၏ အေးစက်သောအနံ့။ တစ်ခုခုတော့ ဖြစ်နိုင်သည်။

အနံ့တစ်ခုခုကို ရနေသည်။ လူသေတွေရဲ့အနံ့။ ဝေးလံသော အရပ်မှ လာသော အနံ့သာဆိုလျှင် ရင်ခွဲရုံဘက်ကလာသည့်အနံ့ကို ရရှိနေခြင်း ဖြစ်သည်။ အုတ်တိုက်ဖြူဖြူကလေးဆီက၊ သို့မဟုတ် လှည်းမည်းမည်းဆီက ဖြစ်မည်။

သူ့ကိုယ်သူ ဆေးရုံရင်ခွဲရုံထဲက ကျောက်စားပွဲကြီးပေါ်မှာ တွေ့နေရသည်။ ရင်ခွဲရုံထဲမှာ ကျောက်စားပွဲ ရှိသည်မရှိသည်ကို သူ မသိ။ ကျောက်စားပွဲပေါ်မှာ ဆန့်ဆန့်လျားလျား ငြိမ်သက်နေသော သူမခန္ဓာကိုယ်ကိုတော့ သူမ တွေ့နေရသည် အမှန်။ ရနေသောအနံ့က သူ့ကိုယ်မှအနံ့ ဖြစ်နေပြန်သည်။ စားပွဲပေါ်မှာ သူ မလှမပ လျော့ရဲနေလေသည်။ ရင်ခွဲရုံထဲကို သူ ဘယ်လိုရောက်နေမှန်း မသိ။ သူ ဝင်လိုက်တော့ ရင်ခွဲရုံတံခါး ပြန်ပိတ်သွားသည်။

ကျောက်စားပွဲပေါ်ကသူမကို သူမကိုယ်တိုင် မြင်ရတော့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ ပြီးတော့ ယှဉ်ကာအိပ်လိုက်သည်။ ခဏကြာတော့မှ သူမ အသာအယာ ပြန်ထလိုက်သည်။ ကျောက်စားပွဲပေါ်မှလျှောဆင်းကာ တံခါးနားမှာ လာရပ်တော့ တံခါးက အလိုအလျောက် ပွင့်သွားပြန်သည်။ ဆေးရုံရှေ့ ကျောက်ခင်းလမ်းကလေးမှ ထင်းရှူးပင်တန်းဆီသို့ ရောက်လာသည့်အခါ ညသည် အေးမြစွာ နှုတ်ဆက်လေသည်။ ထင်းရှူးပင်ကြီးတွေအောက်က သစ်သားထိုင်ခုံပေါ်မှာ ခဏထိုင်လိုက်ပြန်သည်။

မြင်ကွင်းထဲမှာတော့ ဆေးရုံကြီးတစ်ခုလုံးသည် မှော်အိမ်ကြီးတစ်အိမ်လို ကြောက်မက်ဖွယ်ကောင်းနေသည်။ သာဝန်းစ လသည် ဆေးရုံခေါင်မိုးပေါ်မှာ ချိတ်တွယ်နေသည်။ ထင်းရှူးရိပ်မှာ လရောင်ကျိုးကျဲ။ လေသည် ထင်းရှူးရွက်များကို ဖြတ်သန်းတိုက်ခတ်လာသောအခါ သာယာသံလိုလို၊ ညည်းသံလိုလို အသံတွေ ဖြစ်ပေါ်စေသည်။ ထင်းရှူးပင်ကြားက လသည် မှုန်ရီလွန်းသည်။

ဆေးရုံဟောင်းဘက်မှာ ဆရာမတစ်ဦးကို စင်္ကြံမီးရောင်အောက်မှာ မြင်နေရသည်။ သူ့ကိုတော့ မြင်ဟန်မရှိချေ။ သူ့ကိုယ်သူ သေးကျုံ့သွားအောင် ပြင်ထိုင်လိုက်သည်။ ဆရာမက သူ့ကိုလှမ်းမမြင်တော့ သူမ ဝမ်းသာသွားသည်။ ထို့နောက် ခုံပေါ်မှထကာ ဆေးရုံရှေ့ ကားလမ်းပေါ်သို့ လျှောက်လာခဲ့သည်။

ကျိုးပဲ့နေသော ဆေးရုံတံခါးကို ကျော်လိုက်သည်။ ဆေးရုံသည် ဝေးလျားစွာ နောက်မှာကျန်ရစ်ခဲ့သည်။ သူ့ခြေဖျားတွေက မြေကြီးနှင့် ထိစပ်နေသည် ဟု မထင်။ မှို့စကလေးတစ်စလို လွင့်မျောနေခြင်းမျိုး ဖြစ်သည်။ လွတ်ပြီ … အားပါးတရကြီး ရယ်ပစ်လိုက်သည်။
သူရယ်တာကို သူကိုယ်တိုင် ပြန်မြင်ရတော့ လန့်ဖျပ်သွားပြန်သည်။ သွားတွေ တစ်ချောင်းမှ မရှိတော့။ မျက်လုံးတစ်လုံးက အပြင်ဘက်ကို တွဲကျနေသည်။ ပါးတစ်ခြမ်းက ရွဲ့လိမ်နေသည်။ ရုပ်ရှင်ပိတ်ကားပေါ်က မိမိလှုပ်ရှားမှုကို မိမိ ပြန်ကြည့်နေရသော ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လို ပြန်မြင်နေရခြင်းမျိုး ဖြစ်လေသည်။ ထိုအခါ သူမ ငိုချလိုက်သည်။

“မေစီ … မေစီ … ”

တိုးညင်းသောအသံနှင့်အတူ သူ့ကိုကိုင်လှုပ်နေမှန်း ပထမဦးစွာ သိလိုက်သောအခါ သူ ငိုရှိုက်နေသည် ဟု ထင်သည်။

မာတောင့်သော ဆေးရုံကုတင်ထက်မှာ၊ မွှန်စူးသောအနံ့တွေကြားမှာ၊ တစ်ပတ်ချင်း မှန်မှန်လည်နေသော ပန်ကာရွက်အောက်မှာ သူမ ရှိနေမှန်း ပြန်သတိရလာသည်။

“မေစီ … ဘာဖြစ်လို့ငိုနေသလဲ။ နင်တို့သားအမိလည်း ဒုက္ခပါပဲဟယ်။ ကလေးကပါ ဆေးရုံတက်နေရတယ်၊ ခြင်တွေကိုက်ထားလိုက်တာ။ အို … အိုး … နေပါဦးကွယ် … ငါ စောင်ခြုံပေးစမ်းမယ်”

တာဝန်ကျဆရာမကလေး၏ အသံကြားတော့ သူမ လန့်နိုးသွားသည်။ လူနာမရှိသော ခုတင်လွတ်တစ်လုံးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သားလေးကို သတိရသွားသည်။

ချည့်နဲ့စွာလည်ပတ်နေသော ပန်ကာရွက်က ခြင်ကောင်တွေကို မောင်းနှင်မပစ်နိုင်။ ဆရာမက ထုံးစံအတိုင်း ဆေးထိုးပေးသွားပြီ ထင်သည်။ ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ သူမမှာ ခံစားမှု မရှိတော့၊ ထိ သိ မရှိတော့ … ”

ရေဆာလာသည်။ နှုတ်ခမ်းတွေ တင်းခြောက်နေသည်။ ရင်တွေ ခုန်နေသည်။ ဆေးရုံခုတင်နှင့် ထိစပ်နေသော ကိုယ်ခန္ဓာအစိတ်အပိုင်း တော်တော်များများ ထုံကျဉ်နေသည်။ လေရှူရတာလည်း မဝချင်တော့။ တအားရှူသွင်းနေရသည်။ အဆုတ်ထဲကို လေနည်းနည်းပဲ ဝင်သည်။ အဆုတ်တစ်ခုလုံး ပြန့်ကားသွားအောင် ရှူသွင်းချင်သော်လည်း မရ။ သားလေးကို နှိုးမည် ကြံသည်။ မနှိုးရက်တော့။ အသံထွက်ချင်သော်လည်း စေးထန်းသော ခံတွင်းက ဖွင့်၍မရချေ။ သူမ သေသွားပြီလား … ဒါမှမဟုတ် သေတော့မှာလား … မသိချေ။

“ရေ … ရေ … ”

အသံထွက်သွားသည် ဟု ထင်သည်။ ရေစက်အချို့ စီးကျလာမှန်း သိသော်လည်း ဘယ်သူကတိုက်နေမှန်း မသိ။ ရေစက်တွေက နှလုံးကို ဖြန်းခနဲ ဖြန်းခနဲ ထိစဉ်သွားသည်။

သူ့နားထဲမှာ စကားသံတွေ ကြားနေရသည်။ တဝေါဝေါ ဆူညံနေအောင် ပြောနေခြင်းမျိုး ဖြစ်သည်။ ထို့နောက် စကားတွေက ဝေး၍ ဝေး၍ သွားရုံမက နှေးကွေးလေးတွဲ့စွာ ပြောနေသံမျိုး ဖြစ်သည်။ မိမိ၏ အမည်ကို တယုတယခေါ်နေမှန်း သိသော်လည်း မေးရိုးကို ဆတ်ခနဲ ဆတ်ခနဲ ထိုးကာ ကြားကြောင်း တုံ့ပြန်လိုက်သည်။ ဘယ်သူက ခေါ်နေတာလဲ၊ ဘယ်သူတွေလဲ၊ ဘယ်သူတွေလဲ …

* * *
(၄)

သည်တစ်ခါ သူမ တက်လိုက်သော အဆောက်အအုံမှာ အုတ်တိုက်နီနီကြီး ဖြစ်လေသည်။ လှေကားထစ်ပေါင်းများစွာကို တက်နေရခြင်း ဖြစ်သည်။ အချိုးအကွေ့တွေ များလွန်းသဖြင့် ဘယ်နှထပ်မှန်းလည်း မသိတော့။ နောက်ဆုံးအချိုးတစ်ခု အကွေ့လိုက်တွင် မွှေးကြိုင်သော ရနံ့တစ်မျိုးကို ရှူရှုက်မိလေသည်။ နှင်းဆီရနံ့ …

ချီအီသောရနံ့သည် ခန်းမထဲမှာ ကြိုင်လှောင်နေသည်။ ဝင်းလက်သော အရောင်တင်ဆီသုတ် ကျွန်းသားခုံတန်းတွေကို တစ်တန်းပြီး တစ်တန်း ကျော်ဖြတ်လာခဲ့သည်။ လက်ဝါးကပ်တိုင်ပုံ ရိုက်နှိပ်ထားသော ယပ်တောင်တချို့။ ဓမ္မသီချင်းစာအုပ်များကိုလည်း တွေ့နေရသည်။ ယပ်တောင်ပေါ်က စာတွေကို လိုက်ဖတ်ကြည့်တော့ ‘ခရစ်တော်၌ အိပ်ပျော်ခြင်း၊ မေစီ … အသက် နှစ်ဆယ့်ခြောက်နှစ်’ ဟု ရေးထားသည်။ ရှေ့ကိုဆက်လျှောက်လာတော့ ရှေ့မှာ အနက်ရောင် သေတ္တာရှည်တစ်လုံး ရှိနေသည်။ လွှားခြုံထားသောဇာပဝါမှာ ဖြူဖွေးတောက်ပလွန်းသည်။ အုတ်တိုက်နံရံကို ရိုက်ခတ်၍ လှိုက်ခုန်နေသော စန္ဒရားသံနှင့်အတူ လူပေါင်းများစွာ၏ ဓမ္မသီချင်း ကျူးဧသံက လှိုင်းထနေလေသည်။

‘ကောင်းကင်မှာ မိတ်ဆွေများ တွေ့ရလိမ့်မည်။ ဝမ်းမြောက်ခြင်း မြစ်ရေသည် စီးလျက်နေ၏။ ကယ်တင်ရှင်ပြုံးရယ်ခြင်း မြင်ရပြန်လျှင် အနန္တကာလမှာ ဘုန်းတော်မြတ်ပင်’

ထိုင်ရာမှ ထလိုက်ကာ သေတ္တာနက်ဆီသို့ လျှောက်လာခဲ့သည်။ တောက်ပသောဇာပဝါကို ဖြတ်၍ သေတ္တာထဲငုံ့ကြည့်လိုက်တော့ များစွာ အံ့သြသွားလေသည်။ ခေါင်းတလားထဲမှာ အိပ်စက်နေသူကား သူမကိုယ်တိုင် ဖြစ်နေလေသည်။ လူတွေက သူမကိုမတွေ့သလို ဓမ္မသီချင်း၌ အာရုံစူးနစ်ထားကြသည်။ နှင်းဆီရနံ့သည် ပိုမိုမွှန်စူးနေသည်။ ကြောက်လန့်တကြား နောက်ဆုတ်လာခဲ့သည်။ လူတွေက သူမကိုမမြင်တာ သူမ အံ့သြနေသည်။

‘အကျွန်ုပ်ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဖို့ စားပွဲကို ခင်းကျင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကို ဆီဖြင့်လိမ်းကျံတော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏’

သင်းအုပ်ဆရာတော်၏ ကရုဏာဖြင့်မြွက်ကျူးသံသည် သူမနောက်မှာ လွင့်ဝဲ ပါလာသည်။ လှေကားထောင့်ချိုးကွေ့တစ်ခုမှာ သူမ ထိုင်ချလိုက်သည်။ ပြီးတော့ ဝမ်းပန်းတနည်း ငိုချလိုက်သည်။ ခဏကြာတော့မှ ငိုရင်း ဆင်းလာခဲ့သည်။ ကြီးမားသော သံပန်းတံခါးကြီးကို တွန်းဖွင့်ကာ လမ်းမပေါ်ကို ဆင်းလိုက်သည်။ လမ်းမပေါ်မှာ ကသုတ်ကရက် လျှောက်လာခဲ့သည်။ သည်မှာပင် ရှည်လျားသောလူတန်းကြီးကို သူမ တွေ့ရှိလေသည်။ အဆက်မပြတ် ကြားနေရသော ကြေးစည်ထိုးသံနှင့်အတူ လူတန်းကြီးသည် တရွေ့ရွေ့သွားနေခြင်း ဖြစ်လေသည်။ လူတန်းရှည်ကြီး၏ နောက်ဆုံးတန်းထဲသို့ သူမ တိုးဝင်လိုက်သည်။ သည်လူတွေကလည်း ယပ်တောင်ကလေးတွေ ကိုယ်စီကိုင်ထားသည်။ ယပ်တောင်တွေမှာ ထင်ထင်ရှားရှားမြင်ရသော အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုသည့် စာလုံးတွေကို တွေ့တော့မှ သူမ သဘောပေါက်သွားသည်။

သူမက လူတွေကို တစ်ရစ်ပြီးတစ်ရစ် ကျော်ကာ ဖြတ်တက်လာခဲ့သည်။

သူမ ရှေ့ဆုံးတန်းကို ရောက်လာတော့ လမ်းကျဉ်းကလေးတစ်ခုထဲကို လူတွေ တိုးဝင်နေကြသည်။ မြေစိုင်ခဲ စိုပွပွပေါ်မှာ တင်ထားသော သေတ္တာရှည်တစ်လုံး။ အထဲမှာ သူမ ရှိနေလေသည်။ သေတ္တာပေါ်က ငွေရောင်ကနုတ်ကလေးတွေက ပြိုးပြက်နေသည်။

လူတွေကို တအားတိုးဖယ်ကာ သေတ္တာနှင့် အနီးဆုံးနေရာမှာ သူမ ထိုင်ချလိုက်သည်။ သူမ ထိုင်လိုက်သဖြင့် မြေစိုင်ခဲတချို့ ကျင်းထဲကို ကျသွားသော်လည်း လူတွေက သူမကိုမတွေ့သလိုပင်။

အဘွားအိုတစ်ဦးက လက်ထဲမှာ ချိန်ခွင်ကလေးတစ်လက်ကို ကိုင်ထားသည်။ တစ်ဖက်မှာ အင်္ကျီကလေး နှစ်ထည်။ သည်ဘက်မှာတော့ …
အို … သူမ နှစ်သက်ခဲ့ဖူးသော ရှန်အင်္ကျီကလေး။ ဒါဖြင့် ဟိုဘက်ကအင်္ကျီတွေကကော။

ပိုး၏အင်္ကျီတွေပင် ဖြစ်လေသည်။ ချိန်ခွင်လျှာသည် တည့်မတ်စွာ ရိုးဂုဏ်ကိုပြသနေသည်။

“ကိုင်းပါကွယ် … သံယောဇဉ်တွေကို ဖြတ်လိုက်ပါတော့။ ကလေးက လူ့ဘုံမှာနေခဲ့ရမှာလေ။ ညည်းနဲ့က ဘဝခြားနေပြီပဲ။ ဒီတော့ ဒီအဖေလက်ထဲကိုသာ စိတ်ချလက်ချ ထားခဲ့ပါတော့။ သဘောတူရင် ညည်းဘက်က နှိမ့်ပြလိုက်။ နှိမ့်ပြလိုက် … နှိပ်ပြလိုက်ပါ အေရယ်”

သူ့အဖေ တဲ့၊ ပိုးရဲ့အဖေ ပေါ့။ အို … ပိုးရဲ့အဖေလက်ထဲကို ထားခဲ့ရမတဲ့လား။ မပေးဘူး … ဘယ်တော့မှမပေးဘူး။ မြေစိုင်ခဲတစ်လုံးကို ပိုး၏အင်္ကျီဘက်က ချိန်ခွင်ထဲ ထည့်လိုက်သည်။ ချိန်ခွင်လျှာသည် ငိုက်ခနဲ ထိုးကျသွားသည်။

“မဟုတ်တာအေ … ညည်းနှယ် … ညည်း မကျွတ်မှာစိုးလို့ ပြောတာ အေရဲ့ … သူတို့က ကလေးကို ရှင်ပြုပေးမယ် တဲ့။ ညည်းလည်း ဘဝကူးကောင်းရောပေါ့”

ချိန်ခွင်က ပြန်လည်တည့်မတ်သွားပြန်သည်။ အံကို တင်းတင်းကြိတ်လိုက်ကာ မြေစိုင်ခဲတွေကို လက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ထိုနေရာမှ ထွက်လာခဲ့သည်။

ထူးဆန်းသည်မှာ လူတွေက သူမကို မတွေ့ကြခြင်းပင် ဖြစ်လေသည်။ သင်္ချိုင်းဝသို့ ရောက်သောအခါ မြက်ခင်းစပ်မှာ လူတစ်ယောက် ရှိနေသည်။ တစ်ယောက်တည်း …

ပထမဆုံး သူမ မြင်ရသည်မှာ အနက်ရောင် ကတ္တီပါသဲကြိုးတပ် ဖိနပ်ကို စီးထားသော ခြေထောက်များ။ မျက်နှာကိုကြည့်လိုက်တော့ တင်းမာခက်ထန်သော မျက်နှာမျိုး။ အရက်ခိုးဝေနေသော မျက်ဝန်းများက တောက်လက်နေသည်။ ရက်ပေါင်းများစွာ ရင်းနှီးခဲ့ဖူးသော သည်မျက်နှာကို သူမ ဘယ်တော့မှ မမေ့။ ကိုညွန့်ဝေ …

သူမ ကြောက်လန့်တကြား နောက်ကိုဆုတ်လိုက်သည်။
ပိုး … ပိုးရဲ့ အဖေ … ကိုညွန့်ဝေ၊ ပထမအိမ်ထောင်။

မိမိဘဝ၏ ပထမဆုံးကြွေခဲ့ဖူးသော ဆွေးမြည့်သောသစ်ရွက် တစ်ရွက်။ ယမုန်နာမြစ်လယ်မှာ အဆွေခင်ပွန်းဖွဲ့ကြသော ကြေးအိုးနှင့်မြေအိုးတို့ အချင်းချင်း ရိုက်ခတ်မိသည့်အခါ မြေအိုးသာလျှင် နောက်ဆုံး တစ်စစီ တစ်ဖဲ့စီ ကွဲကြေသွားရသည့် ပုံပြင်ကို သူမ သတိရနေသည်။ အိမ်ထောင်သက် သုံးနှစ်အတွင်း ပိုးကိုမွေးပြီးစမှာပင် သူနှင့် လမ်းခွဲခဲ့သည်။

ထိုနေရာက သူမ ပြေးထွက်လာခဲ့သည်။ အတော်ခရီးပေါက်လာသည့်အခါ ခဏလေး ရပ်နားလိုက်သည်။ ချွေးတွေ ရွှဲနစ်နေသည်။ မောဟိုက်ပင်ပန်းလှပြီ။ လမ်းနှစ်ခွမှ တောင်ကမူကလေးပေါ် တက်သွားသော လမ်းကလေးကို သူမ ရွေးချယ်လိုက်သည်။ ထိုအခါ သူမ၏ပခုံးတွေကို တစ်စုံတစ်ယောက်က ဆွဲကိုင်ထားသဖြင့် ရှေ့တိုးလို့မရ။

“နေဦးလေ … ငါလည်း လိုက်မှာပေါ့”

လှည့်ကြည့်လိုက်တော့ ပိုး လေးနှစ်သားမှာ သူမ လက်ထပ်ယူခဲ့သော ဒုတိယအိမ်ထောင်ကို တွေ့သည်။

“မလိုက်နဲ့ … နင့်မျက်နှာကို ငါ မကြည့်ချင်ဘူး။ ဘာထူးသလဲ … နင်လည်း အတူတူပဲ။ နင် ငါ့ကိုမချစ်ဘူး။ ငါ့သားလေးကိုလည်း နင် မချစ်ဘူး။ နင်က ပထွေးပဲ၊ ငါ့သားလေးကို နင် နှိပ်စက်တယ်။ ငါကလည်း ပင်ပင်ပန်းပန်း ရှာကျွေးရသေးတယ်၊ ငါ့သားလေးကိုလည်း နင် ရိုက်တယ်။ နင့်ကို မကြည့်ချင်ဘူး … မုန်းတယ် … မုန်းတယ် … မုန်းတယ် … ”

တစ်တောလုံး၊ တစ်တောင်လုံး ဟိန်းသွားအောင် အော်ဟစ်လိုက်သည်။ ဒေါသဖြင့် တုန်ယင်နေသည်။ တောင်ကုန်းထိပ်က ကြည့်လိုက်တော့ သူက မော့ကြည့်နေဆဲ ဖြစ်လေသည်။

“သွား … နင် ငါ့ကိုမကြည့်နဲ့။ နင့်ကြောင့်၊ နင့်ကြောင့် … ငါ့ဘဝ … ”

ရှိုက်ကြီးတငင် ငိုမိပြန်သည်။ လေသည် အေးမြစွာတိုက်ခတ်နေသည်။ သူမဘဝကိုသူမ နာကြည်းစွာ သတိရနေသည်။ စက်ရုံကြီးတစ်ရုံ ဘေးမှာ ဝါးတဲကလေးနှင့် နေရသည်။ ဒုတိယအိမ်ထောင်က သူမနှင့် ကွဲလိုက် ပေါင်းလိုက် ပြန်လာလိုက်။

စက်ရုံထဲက ဆီခဲပုံးတွေမှာ ယောက်သွားခွံနှင့် ခြစ်ကာ ဆီခဲ စုခဲ့ရသည်။ ထင်းတိုထင်းစ သံတိုသံစ ကောက်ရသည်။ တချို့က သနားသဖြင့် ခွင့်ပြုသည်။ တချို့က မသနားဘဲ ခွင့်ပြုသည်။ ကွင်းကျယ်ကြီးထဲက ဝါတဲကလေးမှာ နေရသော သူမရဲ့ဘဝကို စောင့်ရှောက်ချင်သူတွေ များလာသည်။ ဒုတိယအိမ်ထောင်၏ မိဘတွေကလည်း သူမဆီ ပြန်မလွှတ်တော့။ ပြန်ပေါင်းဖို့လည်း မပြောတော့။ ဤသို့ဖြင့် စောင့်ရှောက်ချင်သူများနှင့် ဘဝသည် သာယာသလို ရှိလာသည်။ ထိုအခါ သူမ ဘဝကို ဇက်ကုန်ဖွင့်လိုက်သည်။

ဝါးအိမ်ကလေးသည် တစ်နေ့တခြား ဆွေးမြည့်သွားလေသည်။ အခြင်ဝါးတွေ ဆင့်ဝါးတွေ ပြုတ်ကျကုန်သည်။ ပိုးမှုန်တို့ဖြင့် ယိမ်းယိုင်စပြုလာသည်။ ချုံနွယ်ပိတ်ပေါင်းတို့ ဝါးမျိုစ ပြုလာသည်။

ဤသို့ဖြင့် နွေလ၏ရက်တစ်ရက်မှာ ဆေးရုံကို သူမ ရောက်ရှိလာခဲ့သည်။ ဆေးရုံကို … ဆေးရုံ … ဆေးရုံမှာပဲ … သူမ ဆေးရုံမှာ ရှိသေးသည်ပဲ။

“သားလေး … ပိုး … ”

* * *

(၅)

“သားလေး … ပိုး … ”

“အမေ … ”

“အမေ … ”

မျက်လုံးတွေကို ဖွင့်ကြည့်သော်လည်း မြင်ကွင်းသည် မှုန်ဝါးလွန်းသည်။ ဝေးလံသောအရပ်သို့ ပြေးလွှားနေသောစိတ်တွေကို ပြန်လည် စုစည်းမိလာသည်။ နဖူးနှင့်လည်ပင်းမှာ ချွေးစေးတွေ ကျနေသည်။ ပါးဟက်ဖြင့် ရှူရှိုက်နေရသော ပလိုင်းထဲကငါးတစ်ကောင်လို မွန်းကျပ်နေသည်။

“မမေစီ … သတိရပြီလား … သတိရပြီလား”

တည်ငြိမ်လေးနက်သော အသံတစ်စ … မျက်လုံးတွေကို ဖွင့်လိုက်သည်။ မျက်ရည်ပူတွေ လိမ့်လျှောကျလာသည်။

“မမေစီ … သတိရပြီလား … သေသေချာချာ နားထောင်ပါ မမေစီ … သေသေချာချာနားထောင်ပါနော်”

ရှိသမျှခွန်အားတွေကို စုကျစ်ကာ နားထောင်လိုက်သည်။ ဝေးလျားသောတောင်ကြားလွင်ပြင်တစ်ခု၊ သို့မဟုတ် လျှိုတစ်ခုထဲက အသံတွေလို တဖျပ်ဖျပ်ခါနေသည့် အသံများ။

“ကျွန်တော် ရန်ကုန်ဘူတာကြီးက မီးရထားအရာရှိတစ်ဦးပါ။ မမေစီရဲ့ သားလေးကို မမေစီ ခွင့်ပြုရင် ကျွန်တော် မွေးစားပါရစေ။ မမေစီ ကြားရဲ့လား။ ကျွန်တော့်ကို ယုံယုံကြည်ကြည် ပေးခဲ့ပါ။ ကျွန်တော် ဆရာဝန်ကြီးတွေရှေ့မှာ တရားဝင်အောင် ဆောင်ရွက်မှာပါ”

“အမေ … အမေ … သားပြောတဲ့ ဦးဦးလေ … ဆေးရုံကို လိုက်လာတာ တဲ့။ သားကို လာခေါ်တာ တဲ့”

“မမေစီ … ကြားရင် ခေါင်းညိတ်ပြပါနော်။ ကျွန်တော့်ကို ပေးမယ်ဆိုရင် ပါးစပ်က ကြိုးစားပြီး ပြောပါ”

မျက်လုံးကိုဖွင့်ထားသော်လည်း ဘာမှမမြင်ရတော့။ အသံတွေက ကြားတစ်ခါ တိုးတစ်လှည့်။ လေထဲမှာ သေးမျှင်သော ပင့်ကူမျှင်ကြိုးကလေးနှစ်ချောင်း တလက်လက် လွင့်မျောနေသည်။ တစ်ချောင်းက မိမိအသက်ဇီဝကြိုးမျှင်၊ တစ်ချောင်းက … တစ်ချောင်းက …

“အမေ … ”

သူမ ခေါင်းကလေးတစ်ချက် ညိတ်လိုက်ဖို့၊ ဒါမှမဟုတ် မေးကလေးတစ်ချက် ဆတ်လိုက်ဖို့၊ ဒါမှမဟုတ် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ဖို့ … သူမကို တင်းရစ်ထားသော ကြိုးကလေးတွေ ထောင်းခနဲ ထောင်းခနဲ ပြတ်တောက်သွားသည်။

ထို့နောက် …

(ပေဖူးလွှာ မဂ္ဂဇင်း၊ အမှတ် ၁၁၂၊ ၁၉၉၀ ပြည့်နှစ် - မတ်လ)

* * * * *
 
credit to mmcyber

No comments:

Post a Comment