Thursday 27 September 2012

ဆယ့်နှစ်ကြိုးဝတ္ထုတိုများ - နေဝင်းမြင့် (အပိုင်း-၄)


ဟွန်းတယော



(၁)

ရေဒီယိုက သူ့လက်သံ အခန်းမှာ တယောလက်သံများ လာရင် အမေက အမှတ်တမဲ့နားထောင်ရာက …

“ကိုကျင်လား … ” လို့ လှမ်းမေးတတ်တယ်။

အမေက ရိုးရိုး တယောသံနဲ့ ဟွန်းတယောသံကို ခွဲခြားမသိဘူး။ တယောသံ ဆိုရင် ကိုကျင့်တယောသံပဲ သူ ထင်တယ်။ တယောဆရာဆိုရင် ကိုကျင်ပဲ ရှိတယ်လို့များ ထင်သလား မသိဘူး။

ထင်ချင်လို့သာ ထင်တာ၊ ကိုကျင်က ရွာမှာ ရှိမှရှိသေးရဲ့လားတောင် မသိဘူး။ ရှိရင်တောင် ကြီးလှရော့မယ်။

* * *



(၂)

အမေနဲ့ရွယ်တူ သူငယ်ချင်းတွေ ဆိုတော့ ကိုကျင် တဲ့။ တစ်ခါတစ်ခါတော့ ဟွန်းတယောဆရာ ကိုကျင် တဲ့။ ကျွန်တော်တို့ကတော့ ရွာမှာနေကတည်းက ဦးလေးကျင် လို့ပဲ ခေါ်ခဲ့ကြတာ။ ဟွန်းတယောဆရာ ဆိုပေမယ့် ထရံချိတ်ထားတဲ့တယော စိတ်ကူးရမှ ကသောကမျော ထထိုးတတ်တဲ့ ဝါသနာပါရုံ တယောဆရာတော့ မဟုတ်ဘူး။

ခက်တာက ငွေနဲ့ကြေးနဲ့ ကြေးစားတယောဆရာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ သူ့ဝါသနာက တော်တော်တော့ ကြီးတယ်။ တယောနဲ့လက်နဲ့က ပြတ်တယ်လို့မရှိဘူး။ အမြဲထိုးနေတာ။ သီချင်းကြီး သီချင်းခံတွေလည်း ရတယ်။

သူတို့ခေတ်က သီချင်းတွေလည်း တော်တော်ရတယ်။ သူ့ကြည့်လိုက်ရင် ဒန်နဲ့လုပ်ထားတဲ့ ဟွန်းခွက်ရှည်ရှည်ကြီးကို တယောအိမ်ကဖြုတ်ပြီး နေ့တိုင်း တိုက်ချွတ်နေတတ်တာလည်း ရှိရဲ့၊ ဂျာမနီတယောပြား ညိုညိုကလေးကိုလည်း အမြဲသန့်စင်နေတာလည်း ရှိရဲ့။ ပန်းပဲဖိုဘေးက သူ့အိမ်ကလေးထဲမှာ အမြဲ တကုပ်ကုပ်နဲ့ သူ့တယောလေးကိုပဲ သ နေတတ်တာ။ ပြီးရင်တော့ ကြိုးပေါ်ကို တယောဘိုးတံကလေး တရွရွ တင်၊ မေးကလေး မှေးကပ်ပြီး ဘိုးတံကို ဆွဲလိုက်ရင် စူးပြီး သြနေတဲ့ တယောသံကြီးက ကျယ်ကျယ်လောင်လောင်ကြီး ထွက်လာရော။

သူ့ပုံကတော့ သူ့တယောသံနဲ့ တခြားစီ။ တကယ့် ဂီတသမားပုံမျိုး ခပ်နွဲ့နွဲ့ရယ်။ နွဲ့တာများသွားလို့ ကိုင်းကွေးကွေး ပိန်ပိန်သွယ်သွယ် ဖြစ်နေတာမျိုး။

သူ့မိန်းမ ဒေါ်လေးမြခင်က ဈေးထဲမှာ ဆေးရွက်ကြီး တို့၊ ဆေးရိုးတို့ ရောင်းတာဆိုတော့ ဈေးမကွဲခင်အထိ သူ့အိမ်ကလေးထဲမှာ ဘယ်သူမှ ရှိမနေတတ်ဘူး။

အဲဒီအချိန်ကလေးဟာ သူ့အချိန်ပဲ။ ဒေါ်လေးမြခင်က တယောသံကို နားမခံနိုင်ဘူး တဲ့၊ နားငြီးသတဲ့၊ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး ထိုင်စားပါ တဲ့၊ ဟွန်းတယောကြီးတော့ မထိုးပါနဲ့ တဲ့ … ဟွန်းတယောကြီးကို ရောင်းစားဖို့ချည်း ပြောနေတတ်တာလည်း ရှိရဲ့။

ဦးလေးကျင်က ရောင်းဖို့နေနေသာသာ မနက်တိုင်း ဘုရားမရှိခိုးရင်သာ နေရမယ်၊ အမျှ မဝေရင်သာ ရှိရမယ်၊ တယော မသတဲ့နေ့၊ တယောမထိုးတဲ့နေ့ကို မရှိဘူး။

ဈေးပိတ်တဲ့နေ့ တို့၊ ဥပုသ်နေ့ တို့၊ ဒေါ်လေးမြခင် အိမ်မှာရှိတဲ့နေ့ ဆိုရင် ခပ်စောစော အိမ်ကထွက်ပြီး ဈေးထိပ်က ကိုတိုင်းကျော် ဆံပင်ညှပ်ဆိုင်ကလေးထဲ သွားထိုင်တော့တာပဲ။

ဆံပင်ညှပ်ဆိုင်ထဲ ရောက်ရောက်ချင်းတော့ မထိုးပါဘူး၊ ထိုင်သေးတယ်။ ဆံပင်ညှပ်ဆိုင်က သစ်သားချိတ်မှာ ဟွန်းတယော ချိတ်ပြီး ဆင်နှစ်ကောင်မခင်စိန် ဆေးလိပ်ကြီးနဲ့ အကြာကြီး မှိန်းနေသေးတာ။ တော်တော်လေးကြာမှ ချိတ်တယောလေးကို ဖြုတ်ပြီး စမ်းလည်း စမ်း၊ ထိုးလည်း ထိုးတော့တယ်။

အဲဒီနေ့ ဆံပင်ညှပ်တဲ့လူတွေတော့ ဟန်ကိုကျလို့။ ကလေးတွေလည်း ဝိုင်းလို့။

ကိုတိုင်းကျော် ဆိုတာကလည်း သူငယ်ချင်းကိုး၊ ကိုကျင် လာတယ် ဆိုတော့ ကာကာဆိုင်က ခပ်ညံ့ညံ့ တောလက်ဖက်ရည်ကလေး တစ်ခွက် ဝယ်ခဲ့ပြီး ခုံတန်းရှည်လက်တန်းပေါ် တင်ထားလိုက်တာပဲ။

ဒါ ဧည့်ခံတာပဲ။ သောက်ပြီးရင် ထိုးပေတော့ တယောပဲ။ ကိုကျင်က လက်ဖက်ရည်ကို တစ်ကျိုက်ပဲ သောက်တယ်။ ကျန်တာ မသောက်တော့ဘူး။ မကြိုက်လို့လားမသိဘူး။ နောက်ထပ် မသောက်တော့ဘူး။

ဆံပင်ညှပ်တဲ့လူတွေ ပါးပြီ ဆိုမှတော့ ကိုတိုင်းကျော်က ခုံတန်းဘေးမှာ ဝင်ထိုင်၊ မပြောမဆိုနဲ့ ခင်မောင်ရင်ရဲ့ ‘စကြာသိုက်’ ထဲက သူ့စိတ်ထင်ရာ တစ်ပိုဒ်ပိုဒ်ကို ဖျတ်ခနဲ ဝင်ဆိုလိုက်ရော။

ကိုတိုင်းကျော်က ခင်မောင်ရင့်သီချင်းပဲ ဆိုတယ်။ တခြားသီချင်း မဆိုဘူး။

ကိုကျင်ကလည်း သူ စွဲရာ၊ သူ သန်ရာ သူ တောင်စဉ်ရေမရ လျှောက်ထိုးနေရင်းက ဖျတ်ခနဲ အဆိုဝင်လာတာကို အလိုမကျတာမျိုး၊ စိတ်ဆိုးသွားတာမျိုး မရှိဘူး။ ပြုံးပြုံးကလေးပဲ ထိုးလက်စ ရပ်ပြီး ဝင်လာတဲ့သီချင်း လိုက်မှေးတော့တာပဲ။

ကိုတိုင်းကျော်နဲ့ ကိုကျင် တွဲပြီ ဆိုရင် တခြားဆိုင်တွေက လာနားထောင်ရတော့တာ လို့ အမေ မကြာမကြာ ပြောဖူးတယ်။ အဲ … ဈေးဖွင့်ရက် ဖြစ်လို့ကတော့များ သူ့ အိမ်ကုပ်ကလေးထဲက မထွက်ဘူး။ ဘယ်မှလည်း မသွားဘူး။

အဆို ပါချင်ပါ မပါချင်နေ တစ်ခါတစ်ခါ အပီကလေး၊ တစ်ခါတစ်ခါ အကြည်ကလေး၊ တစ်ခါတစ်ခါ အနွဲ့၊ တစ်ခါတစ်ခါ အသွဲ့ …

တစ်ခါတစ်ခါများ လွမ်းစရာကြီး ..
ညာသံ စူးစူးကလေးကနေ ဘယ်သံ ဝါဝါကြီးကို ကူးတဲ့ပြီး စိမ်ထားလိုက်တာ နားထောင်ရတဲ့လူက အသက်မရှူချင်တော့ဘူး၊ ထိထိခိုက်ခိုက်ကြီး ခံစားရလို့ … ။

* * *


(၃)

ရွာမှာ တီးဝိုင်းကလေး ဖွဲ့ကြတော့ ဦးလေးကျင်က ဟွန်းတယော၊ ကိုခင်မောင်ကြီးက သံပတ္တလား၊ ကိုပြူးက မယ်ဒလင်၊ ကိုခင်သန်းက ခြောက်လုံးပတ် တီးတယ်။ အဆိုကတော့ တစ်လှည့်စီ ဆိုကြတာပဲ။ ကလေးမလေးတွေလည်း ပါတာပေါ့။

ပထမတော့ မစုစည်းမိဘူး၊ ရွာမှာ ဗုဒ္ဓပူဇနိယပွဲ လုပ်ကြမယ် ဆိုတော့မှ စဉ်းစားမိတာ။

ဗုဒ္ဓရုပ်ပွားတော်ကို လှည်းကျောင်းဆောင်နဲ့တင်ပြီး ရွာထဲမှာ ဒေသစာရီကြွဖို့ စီစဉ်ကြတော့ တီးဝိုင်းကလေးနဲ့ဆိုရင် ပိုကောင်းမယ် လို့ တွက်ကြတယ်။ စွယ်တော်ကြိုး တို့၊ ရောင်ခြည်တော်ဘွဲ့ တို့၊ ယသော်ဓယာ ယိုးဒယား တို့ တီးရမှာကိုး။

တူရိယာပစ္စည်းလည်း ရှိ၊ အသင့်လည်း တီးတတ်မယ့် ဂီတသမားတွေ ရှာတော့ ထိပ်ဆုံးကမှတ်မိတာ ဦးလေးကျင်ပဲ။

နောက်တော့ တစ်ယောက်တစ်ပေါက်နဲ့ မယ်ဒလင်တော့ ဘယ်သူတီးတာ တွေ့တယ်၊ သံပတ္တလားသံတော့ ဘယ်နားမှာကြားတယ်နဲ့ လိုက်စုလိုက်ကြတာ ရွာတီးဝိုင်းကလေးကို ဖြစ်ရော။ တီးဝိုင်းနာမည်ကိုလည်း အထူးရှာမနေတော့ဘူး။ ဗုဒ္ဓပူဇနိယတီးဝိုင်း တဲ့။ တချို့ကလည်း ဗုဒ္ဓရုပ်ပွားတော် ဒေသစာရီကြွတာကို ရွာက ဘုရားလေးလှည့်တယ် လို့ အလွယ်ခေါ်ကြရာက ဘုရားလေးဝိုင်း တဲ့။

ဂီတသမားဆိုတာကလည်း ခက်သားပဲ၊ တီးမှုတ်နေရရင်ပဲ ကျေနပ်နေတတ်ကြတာ မဟုတ်လား။ နောက်တော့ ဘုရားလှည့်မှရယ် မဟုတ်တော့ဘူး၊ ရွာက အလှူလေး၊ မင်္ဂလာဆောင်ကလေးတွေမှာလည်း တစ်စတစ်စ လက်ခံပြီး တီးပေးတယ်။

ဦးလေးကျင့် ဟွန်းတယောကတော့ အမြည်ဆုံး၊ အပီဆုံး ပေါ့လေ။ တိုက်ပုံနွမ်းနွမ်းကလေး မချွတ်တမ်းဝတ်တဲ့ပြီး ငုံ့ကိုင်းကိုင်း ခါးနွဲ့ကြီးနဲ့ ဟွန်းတယောကြီး မေးကပ်ပြီး ထိုးနေလိုက်တာ အိမ်မပြန်တော့မယ့်ပုံမျိုး၊ ဘာသံယောဇဉ်မှ မရှိတော့တဲ့ပုံမျိုး။

နောက်တော့ ကိုယ့်ရွာထဲတင် မဟုတ်တော့ဘူး။ ရွာစဉ်ကိုးပေါက်လှည့် တီး လှည့် စား၊ ‘ဆို တီး စား ပြန်’ ဝိုင်းကလေး ဖြစ်ရော။

ရွာတွေကဖိတ်လို့ လှည်းနဲ့သွားကြပြီ ဆိုရင် လှည်းပေါ်မှာပဲ တီးကြမှုတ်ကြနဲ့၊ ပျော်စရာကြီး။

‘ပင်ခေါင်တိုင် သပြေကိုင်းနဲ့ ရွှေဝိုင်းလို့ ဘေထိ ဆော် … သွားဟေ့ ပျော်ပျော် … အရှေ့ရွာမှာ စင်တော်ရုပ်သေး … နောက်ညတွေ မမြင်ရရင် လွမ်းလှလိမ့်လေး … ’

ခင်အုန်းမြင့်လေးရဲ့ ‘ရုပ်သေးပွဲ သွားရအောင်’ သီချင်းကို အမြူးကလေး တီးကြရင်း ရွာထဲကိုဝင်တော့ ရွာကလည်း ပျော်ကြလို့။ လူငယ်တစ်ယောက်လို လှည်းပေါ်က ပထမဆုံး ခုန်ဆင်းတာ ဟွန်းတယောကြီးနဲ့ ဦးလေးကျင်ပဲ။ သူ့ ဟွန်းတယောကြီးကို ဘယ်သူမှ အကိုင်မခံဘူး။ ပိတ်စကို အိတ်ရှုံ့ကလေးချုပ်ထားတဲ့ ဘိုးတံထည့်တဲ့အိတ်နဲ့ တယောပြားကို တွဲကိုင်ရင်း ခေါင်းရင်းက ခင်းထားတဲ့ သင်ဖြူးဖျာပေါ် တက်ထိုင်လိုက်တာပဲ။ နောက်မှ ခေါင်းရင်းက သံချက်တောင့်တောင့် လိုက်ရှာပြီး တယောကကြိုးကွင်းကလေးနဲ့ ချိတ်တယ်။ ပြီးတော့ မခင်စိန်တစ်လိပ် တိုက်ပုံထဲက ထုတ်ပြီး ဖွာတော့တာပဲ။ အိမ်ရှင်က …

“ကျုပ်ဖြင့် ကိုကျင် ပါမှပါပါ့မလား လို့”

လို့များ ဆိုရင် သိပ်ကျေနပ်နေတတ်တာ။ တော်တော်လေး ကြာအောင် ဆေးလိပ်ကို တထောင်းထောင်း ဖွာပြီးတော့မှ …

“လာရမှာပေါ့ဗျာ … မောင်ကျင့်ဟွန်းတယော မပါရင် ဘယ်ဖြစ်မှာတုံး”

လို့ အမြဲ ပြောတတ်တယ်။
တကယ်လည်း ဦးလေးကျင်က ရွာသားတွေတိုင်းက ချစ်တဲ့ လူထုဂီတသမား စစ်စစ်ပဲကိုး။

* * *


(၄)

အသက်ကလေး နည်းနည်းရလာလို့ ရွာတီးဝိုင်းမှာ ဦးလေးကျင် မတီးဖြစ်တော့ပေမယ့် ရွာတီးဝိုင်းကလေးက ရှိတုန်းပဲ။

လူငယ်တွေက လက်ဆင့်ကမ်းကြတယ်။ လူငယ်တွေဆိုတော့ ဟွန်းတယောတော့ မဟုတ်ဘူး။ ရိုးရိုးဖလက်ကလေးတွေ ဖြစ်ကုန်ပြီ။

တစ်ခါတစ်ခါ လူငယ်တွေက ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ပွဲမျိုးတွေ ဆိုရင်တော့ ဦးလေးကျင် တို့၊ ဦးခင်သန်း တို့၊ ဦးပြူးတို့ကို ပြန်ခေါ်ပြီး တီးခိုင်းမှုတ်ခိုင်းပေါ့။ ဦးလေးကျင်ကလည်း တစ်နှစ် တစ်ခါနှစ်ခါလောက် ဟွန်းတယောကြီးနဲ့ သွားဖြစ်တာကလွဲရင် သူ့တယောကြီး မထိုးဖြစ်သလောက် ဖြစ်နေပြီ။ လူကလည်း တဖြည်းဖြည်း ကျလာပြီ။ အရွယ်ကလေးကလည်း ရလာပြီ။ ဒေါ်လေးမြခင်လည်း ကြီးပြီလေ။ ကိုယ်တိုင်တောင် ဈေးမထွက်နိုင်တော့လို့ တူမကလေးနဲ့ လွှဲထားရပြီး ရသမျှကလေးနဲ့ တူအရီးသုံးယောက် စားကြတာပဲ။

ဦးလေးကျင်ကလည်း ဟွန်းတယောကြီး အိမ်ရှေ့ခန်းချိတ်ထားပေမယ့် စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး။ ကိုတိုင်းကျော်ဆိုင်လည်း မရောက်တော့ဘူး။ သူ့အိမ်ကလေးထဲကလည်း ဟွန်းတယောသံ မကြားရတော့ဘူး။ တစ်ခါတလေ လူငယ်တွေက သူ့ ဟွန်းတယောကြီး မက်မက်စက်စက် ဈေးပေးဝယ်ကြပေမယ့် သူ့တယောတော့ သူ မရောင်းဘူး။

ဒေါ်လေးမြခင်ကတောင် ငယ်ငယ်တုန်းက နားငြီးတယ် ဘာညာနဲ့ ပြောပေမယ့် အခု အသက်ကြီးလာတော့ သူ့ယောက်ျားဟွန်းတယောကြီး မရောင်းရက်တော့ဘူး၊ မပြောရက်တော့ဘူး။ ‘ဒါ တို့ အိမ်ထောင်ဦးပစ္စည်းပါ’ တဲ့၊ ‘မရောင်းပါရစေနဲ့’ တဲ့ ဝင်ပြောဖော်ရနေပြီ။

တစ်နေ့တော့ ရွာကျောင်းက ကျောင်းအုပ်ဆရာကြီးက ဦးလေးကျင်ကို ခေါ်ခိုင်းတယ်။ ရွာကျောင်းက အဲဒီတုန်းက ခုနစ်တန်းကျောင်း။ အလယ်တန်းကျောင်း။ ရွာနီးချုပ်စပ် လေးငါးဆယ်ရွာက ကလေးတွေ သည်ကျောင်းမှာပဲ စုကြရတော့ ကျောင်းသားတွေကိုက မနည်းဘူး။

ဦးလေးကျင်က ဆရာကြီးခေါ်လို့သာ လာရတာ သူလည်း ဘာမှန်းမသိဘူး။ ဦးလေးကျင် ရောက်လာတော့ ဆရာကြီးက ကျောင်းရုံးခန်းထဲမှာ လက်ဖက်ရည်မှာပြီး တိုက်တယ်။ မုန့်လည်း ကျွေးတယ်။ နောက် စကားတွေလည်း ပြောကြတယ်။ ဆရာဝတ် ကျောင်းစိမ်းပုဆိုး တစ်ထည်လည်း ပေးတယ်။

ဦးလေးကျင်က အသက်ခြောက်ဆယ်နား ကပ်ခါမှ ကျောင်းစိမ်းပုဆိုးကြီး ဝတ်၊ သူ့ ဟွန်းတယောကြီး လက်ကကိုင်ပြီး နောက်တစ်နေ့ ညနေပိုင်း ကျောင်းဝင်းထဲ ဝင်လာတော့ ကျောင်းသားတွေ အထူးအဆန်းကို ဖြစ်လို့။

သိပ်မကြာဘူး၊ သက်ဆိုင်ရာ အတန်းပိုင် ဆရာတွေက ကျောင်းသူ ကျောင်းသားတွေကို ရှင်းပြတယ်။ ဦးလေးကျင်ကို တစ်လ ငါးဆယ် ကန်တော့ပြီး ကျောင်းမှာ တယောထိုးဖို့ ငှားလိုက်ပြီ တဲ့။ အဇမ်ဘလီကွင်း လို့ ခေါ်တဲ့ ကျောင်းရှေ့ကွက်လပ်မှာ မနက်တိုင်း ကျောင်းသားတွေစုပြီး ကမ္ဘာမကြေ ဆိုရင် တယောလိုက်ထိုးပေးဖို့ တဲ့။ အဇမ်ဘလီ ပြီးရင် ပြန်ရုံပဲ တဲ့။

ဒါကြောင့် ဒီကနေ့ညနေ တစ်ချိန်စောပြီး ကျောင်းလွှတ်မယ်၊ ပြီးရင် တစ်ကျောင်းလုံးက ကျောင်းသားတွေ ဟွန်းတယောနဲ့ ကမ္ဘာမကြေသီချင်း တိုက်ရမယ် တဲ့။

အဲဒီညနေက ကျောင်းဘေးက ညောင်ကြပ်ပင်အောက်ပင် ကျောင်းသားတွေ စုကြတယ်၊ ကမ္ဘာမကြေ ဆိုကြတယ်။ ဦးလေးကျင် ဟွန်းတယောကြီးကလည်း ဟိန်းထွက်နေတဲ့ အသံတွေအားလုံးကို ကျော်ပြီး စူးထွက်နေတော့တယ်။

မြည်လိုက်တာ မပြောနဲ့တော့။ ကျောင်းသားတွေဆိုတာလည်း ပျော်လို့ပြုံးလို့။ တချို့ကလည်း ကျောင်းစိမ်းဝတ်ထားတဲ့ ဦးလေးကျင်ကြီးကို ကြည့်ပြီး ရယ်မောတဲ့လူက ရယ် ပေါ့လေ။

ဦးလေးကျင်ကတော့ တကယ့်ဆရာတစ်ယောက်လိုကို ဖြစ်သွားတော့တာ။ ခပ်တည်တည်ကြီး။ သူ့ကိုယ်သူလည်း ဂုဏ်ယူနေပုံရတယ်။ သူ့ကို တလေးတစား နေရာပေးတာရော၊ ကလေးတွေအတွက် သူတတ်တဲ့ပညာနဲ့ ဖြည့်ဆည်းပေးရတာကိုပါ ကျေနပ်နေပုံလည်း ရတယ်။

တယောထိုးရင်းက ခဲတံလုံးလောက်ရှိတဲ့ နဖူးကြောကြီးတွေ သုံးလေးကြောင်း ထအောင်ကို ပင့်တင့်ထားတာ။ မျက်ခွံတွေ ပိတ်ထားတာကလည်း မဖွင့်တော့မယ့်ပုံမျိုး။ တစ်ခါ နှစ်ခါ … ဆယ်ခါ … အခါနှစ်ဆယ် … တိုက်ကြစမ်း … ဆိုကြစမ်း … မညီသေးဘူးလား … တိုက်စမ်း ကြိုက်သလောက် … သေပစေ၊ လဲကျသွားပစေ ဆိုတဲ့ပုံမျိုး။

သူ့နဖူးပေါ်မှာ ချွေးသီးချွေးစေးတွေပြန်လာပေမယ့် တစ်ချက်မနားဘူး။ တစ်ချက်ကလေး မတွန့်ဘူး။ မောတယ် လို့ မပြောဘူး။ ကလေးတွေနဲ့ အပြိုင်ပဲ။

နောက်တစ်နေ့မနက်က စပြီး ကျောင်းကို ဦးလေးကျင်လာတယ်။ ကိုင်းကိုင်း ကိုင်းကိုင်းနဲ့ … သူ့ ဟွန်းတယောကြီး တစ်ဖက်က ကိုင်ပြီး တလှုပ်လှုပ် လာတာပဲ။

နည်းနည်းစောရင် ကျောင်းရှေ့က စိန်ပန်းပင်တန်းကလေးရဲ့ အရိပ်အောက်မှာ ခဏနားတယ်။ ကျောင်းသားတွေ တန်းစီတာကို စောင့်တယ်။ ကျောင်းသားတွေ တန်းစီတာကို စောင့်ပြီး ဆရာ၊ ဆရာမတွေ နေရာယူတာကို စောင့်တယ်။ ကမ္ဘာမကြေ ဆိုဖို့ အသင့်ဖြစ်ရင် အလံတိုင်ရှေ့က သူ့နေရာကလေးမှာ သူ သွားရပ်တာပဲ။

တယောကြိုးတွေပေါ်ကို ဘိုးတံ မှေးတင်ထားရင်း အသင့်စောင့်နေတဲ့ အချိန်ကလေးမှာ ဦးလေးကျင်ဟာ တကယ့်ကျောက်ရုပ်ပဲ။ တိုက်ပုံနွမ်းနွမ်းတွေအပေါ်၊ ဖြူရော်ရော် ဆံစတွေ အပေါ်၊ သူ့ရဲ့ ဟွန်းတယောအိုအိုကြီး အပေါ် … ကျနေတဲ့ နေရောင်ခြည်အောက်မှာ သူဟာ တကယ့် ကျောက်ဆစ်သူရဲကောင်း ပုံမျိုးပဲ။

ဒေါင်ခနဲ အချက်ပေးလိုက်လို့ ကမ္ဘာမကြေ စဆိုတာနဲ့ သူ့တယောဘိုးဆွဲသံဟာ အထက်-အောက် တနွဲ့နွဲ့ စီးဆင်းလိုက်-ဆန်တက်လိုက်နဲ့ သူ့တစ်ကိုယ်လုံးမှာ လှုပ်ရှားနေတာဆိုလို့ ညာဘက်လက်နဲ့ လက်ပေါက်တွေကို လိုက်စမ်းနေတဲ့ ဘယ်ဘက်လက်ချောင်းကလေးတွေပဲ။ ကျန်တဲ့ ကိုယ်ခန္ဓာတစ်ခုလုံးက ပကတိ ငြိမ် … ။

ကျောင်းသားတွေကလည်း ဦးလေးကျင့်ဟွန်းတယောကြီးနဲ့ ကမ္ဘာမကြေ ဆိုရတာ သိပ်ခံတွင်းတွေ့တယ်။ သံယောဇဉ်လည်း ဖြစ်ကြရတယ်။ ကမ္ဘာမကြေ ဆိုရမယ့်အချိန်ကိုပဲ မျှော်နေကြတော့တယ်။ သီချင်းပြီးလို့ အတန်းထဲကို ကျောင်းသားတွေ ဝင်သွားကြပြီ ဆိုတာနဲ့ စိန်ပန်းပွင့်တွေ နေရာမလပ်အောင် တရဲရဲကြွေနေတတ်တဲ့ အုတ်စီလမ်းကလေးက ဟွန်းတယောကြီးကိုင်ပြီး တလှုပ်လှုပ် ပြန်သွားတတ်တဲ့ ဦးလေးကျင်ကို ကျောင်းသားတွေက ငေးနေတတ်ာကတယ်။

လကုန်လို့ ဆရာကြီးက ကျောင်းကိုတကူးတကလာပြီး တယောထိုးပေးလို့ အခကြေးငွေရယ် မဟုတ်ဘဲ တစ်နည်းနည်းနဲ့ ပိုက်ဆံပေးရင် ငြင်းတယ် တဲ့။ ဘယ်တော့မှ မယူဘူး တဲ့။ ဒါပေမဲ့ သူ့ဘက်က ဘယ်တော့မှ ဝတ်ပျက်မခံဘူး၊ ရောက်လာတာပဲ။ စိန်ပန်းရိပ်ကို ရောက်လာတာပဲ။ နွေ နွေ … မိုး မိုး … ဆောင်း ဆောင်း … သူ့ ဟွန်းတယောနဲ့ ရောက်လာတာပါပဲ။

တစ်နှစ်ထက်တစ်နှစ် ရင့်အိုလာတဲ့ ဦးလေးကျင်၊ ဟောင်းမြင်းလာတဲ့ သူ့တယောအိုကြီးကို ကျောင်းသားတွေက သိပ်ချစ်ကြတယ်။ ခင်လည်း ခင်၊ လေးလည်း လေးစားကြတယ်။ တလှုပ်လှုပ်နဲ့ ခပ်ကိုင်းကိုင်း လာတတ်ပေမယ့် သူ့တယောသံက ကြောက်စရာကောင်းအောင် ကြည်နွဲ့နေတုန်း၊ စူးစူးသြသြ ရှိတုန်း၊ အားတွေ ပါတုန်း … ။


* * *



(၅)

ပြတင်းဝက မြင်နေရတဲ့လမ်းဟာ မှောင်မည်းတိတ်ဆိတ်လို့။ မိုးစက်တွေက အမိုးကျောက်ပြားပေါ်ကို တဖြောက်ဖြောက် ကျလို့။ လမ်းပေါ်မှာ တစ်နေ့လုံးလိုလို တချွင်ချွင် တဖြောက်ဖြောက် သွားတတ်တဲ့ မြင်းလှည်းတွေလည်း မရှိတော့ဘူး။ မြင်းလှည်းခြူသံလည်း မကြားရတော့ဘူး။ ညဥ့်နက်စပြုပြီ ထင်ပါရဲ့၊ လူရိပ်လူယောင်လည်း တစ်ယောက်မှကို မမြင်တော့တာ။

နှစ်တွေကိုပဲ မနည်းမနော ကြာခဲ့ပြီလေ။ ဘာဖြစ်လို့လဲမသိဘူး၊ မှတ်မှတ်ရရ ဦးလေးကျင်ရဲ့ ဟွန်းတယောသံကြီးကို ကနေ့ည လမ်းမကိုငေးရင်း လွမ်းနေမိတယ်။


(ရသယဉ်စွန်းတန်း မဂ္ဂဇင်း၊ အမှတ်-၁၊ ၁၉၉၁ ခုနှစ်၊ ဇွန်လ။)


* * * * *
 
ကြော်ငြာလှည်း


(၁)

အရင်လိုပါပဲလေ … မြစ်ဆိပ်က တက်ရင် ရွာဘက်ကိုသွားမယ့် မြင်းလှည်းအုပ်စုကလေးတစ်ခုကို တွေ့မယ်။ တစ်စီးစီးပေါ် တက်ပြီးလို့ လူစုံရင် ‘ဟ … ဒီမြင်းမဟာ … ’ ဆိုတဲ့အသံနဲ့ မြင်းလှည်းကလေး ထွက်မယ်။ နာမည်ကျော် သံကိုင်းနဲ့ ကုန်းဇောင်း လမ်းကို ခနော်ခနဲ့ ဒယီးဒယိုင်နဲ့ မိနစ်လေးဆယ်လောက် ဖြတ်မယ်။

မြင်ရတဲ့အိမ်တွေ အားလုံးဟာလည်း အရင်ကအတိုင်းပဲ။ ဘာမှ ပိုထူးလာတာ မရှိဘူး။ အဲသည်မှာ မြင်နေကျမြင်ကွင်းကလေးတွေကတော့ သွေးနွေးစရာကောင်းတာ အမှန်ပါ။

ပထမဆုံး မြစ်ထဲကိုရေဆင်းတဲ့ ရိုးချောင်း ဇောက်နက်နက်ကို တွေ့မယ်။ သူနဲ့ကပ်လျက်က မြစ်ဘက်ကို မျက်နှာလှည့်ထားတဲ့ အညာဘုန်းကြီးကျောင်းအိုကြီး တစ်ကျောင်း။ နောက်တော့ မြင်ကွင်းထဲမှာ ကန္တာရပင်ပုကလေးတွေ၊ ထနောင်းပင်ကြီးတွေ၊ ငွေရောင်မြားတံတွေပွင့်တတ်တဲ့ ကိုင်းပင်ရိုင်းရိုင်းတွေကို ဖြတ်ပြီးရင်တော့ မြင်းလှည်းက ခရီးရဲ့ သုံးချိုးတစ်ချိုးလောက်ကို ကျော်ခဲ့ပြီ ဆိုတာ သိနိုင်ပြီ။

သံကိုင်းနဲ့ ကုန်းဇောင်း သွားတဲ့လမ်းက တခြားသူတွေအတွက် ဘာမှ သိပ်ထူးခြားမှာ မဟုတ်ပေမယ့် ကျွန်တော့်အဖို့တော့ သည်မြင်ကွင်းကလေးကို တွေ့ချင်လွန်းလို့၊ ခံစားချင်လွန်းလို့ ဘယ်တော့မှ အလွတ်မခံဘူး။

မြင်းလှည်းပေါ်က အညာသူတွေရဲ့ တစ်ဖက်ကမ်းက ရေနံချောင်းဈေး၊ ရန်ကုန်ဈေး အကြောင်းတွေ၊ မကွေးမှာ က,သွားတဲ့ ဇာတ်ပွဲအကြောင်း၊ ပဲကြောင်း၊ နှမ်းကြောင်း၊ ဝါဈေးအကြောင်း၊ ကျောင်းတော်ရာဘုရားပွဲအကြောင်းတွေကို နားကကြားနေရပေမယ့် စိတ်မဝင်စားနိုင်ဘူး။ မြင်ကွင်း အကွက်အကွက်ကလေးတွေကိုပဲ လိုက်ကြည့်နေမိတယ်။

သည်လမ်းမှာ အလှပဆုံးက ထနောင်းပင်ကြီးတွေပါ။ ပင်စည်တွေက ဝါဝင်းနေပြီး အညာနေ ပူပူထဲမှာ စိမ်းရင့်ရင့်အရွက်တွေက မြင်ကွင်းခြောက်ခြောက်ထဲမှာ ထင်းခနဲ ကြွထနေတတ်တယ်။

ပြည်တောင်းလောက်ရှိတဲ့ ကျောက်တုံး ကြမ်းကြမ်း လမ်းပေါ်ကို မြင်းလှည်းက သွားရတာ ဆိုတော့ ဘီးက ကျောက်တုံးပေါ် တည့်တည့်တက်သွားလိုက်၊ ဂလုတ်ခနဲ ချော်ကျလိုက်၊ ဖြည်းဖြည်းကလေး ရုန်းလိုက်၊ အလိုက်သင့်ကလေး ပြေးလိုက်နဲ့ စီးရတဲ့အရသာကလည်း အရင်နှစ်ပေါင်းများစွာကနဲ့ သိပ်မထူးလှပါဘူး။

ခပ်နိမ့်နိမ့် ထနောင်းကိုင်းတွေက မြင်းလှည်းအမိုး တာပေါ်လင်စကို ဗြိခနဲ ဗြိခနဲ ကုတ်ခြစ်လိုက်တဲ့ အသံတွေကလည်း အရင်ကအတိုင်းပဲ။

ကုန်းဇောင်းရွာထဲ ဝင်ခါနီးကျတော့ မြင်ကွင်းက ကျယ်ပြန့်သွားပြီ။ အရှေ့ဘက် အနားသတ်မျဉ်းက ဧရာဝတီမြစ်ရိုး။ အနောက်ဘက်က ငှက်ပျောတောညို့ညို့၊ အဝေးက တိမ်အုပ်ဖြူဖြူနဲ့ ဆန်စက်မီးခိုးတွေ ရောထွေးနေတတ်တာလည်း ရှိရဲ့။

ဖွဲပြာမှုန့်တောင်ကုန်းတွေ ဝိုင်းနေတတ်တဲ့ စက်တန်း (ဆန်စက်တွေ တန်းစီ ရှိနေလို့) ရပ်ကွက်ကို ရောက်တော့ မြင်းလှည်းက လမ်းမပေါ်ကို ရောက်စပြုပြီ။ ရွှံ့တွေပေနေလို့ မနည်းဖတ်ရတဲ့ ‘ကုန်းဇောင်းမြို့မှ ကြိုဆိုပါ၏’ ဆိုတဲ့ ကွန်ကရစ်ဆိုင်းဘုတ်ကလေးက သူ့ဘေးက သက်ငယ်မိုး ဝါးတဲကလေးတွေကို သိပ်သဘောမတွေ့တဲ့ပုံနဲ့ ငူငူကြီးရပ်လို့။

အဲဒီကမှ ရွာထဲဝင်လာတော့ အနောက်ဘက်မုန်းချောင်းက အရှေ့ဘက်ဧရာဝတီမြစ်ထဲကို ဖြတ်သွယ်ထားတဲ့ ဆည်မြောင်း လက်တံ မြောင်းကြီးကို တွေ့မယ်။ စိုက်ချိန်ပျိုးချိန်မို့ မြောင်းမကြီးတွေ ရေရရှိတဲ့ အခါလည်း ရှိ၊ ရေမလွှတ်လို့ ခြောက်တဲ့အခါလည်း ခြောက် ပေါ့လေ။

အညာရွာကလေးတစ်ရွာမှာ ရှားတောင့်ရှားပါး ရေများများ ထုနဲ့ထည်နဲ့မြင်နိုင်တဲ့ နေရာကလေးပေါ့။ မြောင်းပေါင်က လှမ်းကြည့်ရင် သရက်ပင်တန်း၊ အကြော်ဆိုင်တန်း၊ နောက် ကြံရည်ဆိုင်ကလေး၊ နောက် ပျစ်ချွဲနေအောင် ဖျော်တတ်တဲ့ လက်ဖက်ရည်ဆိုင်ကလေး။

မြင်းလှည်းက မြောင်းကူးအုတ်တံတား ကုန်းမြင့်မြင့်က ဆက်ဆင်းလာရင် ညာဘက်မှာ ကွက်လပ်ကျယ်ကြီးတစ်ခု။ အရင်က သည်နေရာမှာ ရုပ်ရှင်ပြနေကျလေ။ အဲသည်တုန်းက လျှပ်စစ်မီးမရှိ ဘာမရှိနဲ့ နေခဲ့ရတဲ့ သည်ရွာကလေးမှာ အင်ဂျင်မီးစက်နဲ့ပြလို့ရတဲ့ ရုပ်ရှင်ကားတွေ သည်နေရာမှာကြည့်ခဲ့ရတာ ဘယ်နည်းမှာလဲ။

ဝိမာန၊ ဝရမ်းပြေးဘိုးသိန်း၊ ရှင်မအောင်ဖြူ၊ လူရိုးလူမိုက်၊ ကြွေတစ်လက် ကြက်တစ်ခုန်၊ တောကဖိုးတုတ် … အများကြီးမှ အများကြီး၊ မှတ်တောင် မမှတ်မိချင်တော့ဘူး။ အခုတော့ ဘာမှမရှိပြန်ဘူး။ မြက်ပင်တစ်ပင်မှ မပေါက်တဲ့ ကွပ်လပ်ပြောင်ပြောင်ကြီးပဲ ရှိတော့တယ်။ ဘာရုပ်ရှင်မှလည်း မပြတော့ဘူးနဲ့ တူပါရဲ့။

အညာကိုလာတိုင်း၊ သည်နေရာကလေးကို တွေ့တိုင်း ငယ်ငယ်က အကြောင်းတွေကို ထိထိခိုက်ခိုက် ခံစားရတယ်။ မြင်းလှည်းနဲ့ ဖြတ်သွားတိုင်းလည်း အမှတ်တရ ငုံ့ကြည့်နေကျ။ အစတုန်းကတော့ သည်နေရာမှာ ဆီးတော်ပင်ကြီးတွေ အများကြီးရှိတဲ့နေရာပေါ့။

ဆီးပင်တွေအောက်မှာ ဆီးသီးကောက်ရင် ကောက်၊ ကစားရင် ကစား၊ ဆီးရိပ်မှာ တစ်နေကုန် တစ်နေခန်းရှိနေတတ်တဲ့ ကျောင်းသားတွေကို ဆရာကြီးက လာလာချောင်းတတ်တယ်။ အဲဒီအခါ ပြေးကြ၊ လဲကြ၊ အရိုက်ခံကြရ … နောက်တော့ ဒီခြံကြီးကိုဝယ်တဲ့လူက ဆီးပင်တွေ ခုတ်လှဲပစ်တယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆီးပင်တွေခုတ်လှဲတဲ့ လက ဆီးသီးတွေ ခဲနေအောင် သီးတဲ့လကြီး။ တစ်ကျောင်းလုံးက အရိပ်ခိုရတဲ့ ဆီးတောကြီး ပြိုလဲသွားတော့ ဝမ်းနည်းလိုက်ရတာ မပြောနဲ့တော့။

နောက်တော့ သည်နေရာကလေးမှာပဲ ရိုင်ပတ်တွေကာပြီး ရုပ်ရှင်ပြတယ်။ စက်တစ်လုံးတည်းနဲ့ပြတဲ့ ရုပ်ရှင်စက်က ညစ်ထည်းထည်း ခပ်စုတ်စုတ်ပေမယ့် ဒီရွာကလေးမှာတော့ ခေတ်မီနေရတာပေါ့လေ။ စလင်း၊ ဆင်ဖြူကျွန်း စတဲ့ ဒေသတွေမှာ ဖန်တရာတေအောင် ပြခဲ့တဲ့ ဇာတ်ကားဟောင်းတွေပေမယ့် ဒီရွာကလေးမှာ ဇာတ်ကားသစ် ဖြစ်နေပြန်ရော။

မြင်းလှည်းပေါ်က ဖျတ်ခနဲမြင်လိုက်ရတဲ့ နေရာကလေးက အတွေးစများစွာကို ခေါ်ဆောင်လာခဲ့ပြန်တယ်။

* * *
(၂)

ရွာမှာ ရုပ်ရှင်ပြပြီ ဆိုရင် အင်မတန်ပျော်တယ်။
သည်ရွာကလေးမှာ မြို့နဲ့အဆက်အသွယ်ရှိတဲ့ လူကလွဲလို့ ရုပ်ရှင် လို့ ဘယ်သူကမှ မခေါ်ဘူး။

ဘိုင်စကုတ် တဲ့ …

‘ရန်ကုန်က ဘိုင်စကုတ်သမားတွေ ရောက်လို့တဲ့တော့်’ ဆိုတဲ့ အရီးစိန်မယ်ရဲ့ မောင်းသတင်းက မပြခင် နှစ်ရက်လောက်ကတည်းက ကြားနေရတာ။ သူ့သား ခင်ဦးက ဘိုင်စကုတ်အဖွဲ့လာရင် တောက်တိုမည်ရ ခေါ်ခိုင်းနေကျကိုး။

အဲသည်တုန်းက ရွာမှာတစ်လုံးတည်းရှိတဲ့ ဥပသကာအဖွဲ့ပိုင် အသံချဲ့စက်ကို ဖွင့်တဲ့ ဦးလေးစိန်ကလည်း အလုပ်များနေရပြီ။ ဘိုင်စကုတ်အဖွဲ့မှာ ဓာတ်စက်တစ်လုံး အပိုပါပေမယ့် ရွာကစက်ကိုလည်း ငှားလေ့ရှိတယ်။

ကျွန်တော်တို့ ကလေးတွေကလည်း အိမ်မပြန်နိုင်တော့ဘူး။ ထမင်းမဆာတော့ဘူး။ ဦးလေးစိန် ခါးကြားက သော့နဲ့ ဓာတ်စက်သေတ္တာ ဖွင့်မယ့်အချိန်ကိုပဲ စောင့်နေကြရတာ။ သော့ဖွင့်လိုက်လို့ ဓာတ်ပြားတွေ စီစီရီရီတွေ့ရရင်ပဲ ဝမ်းတွေသာလို့။

ရေကင်းဘောက်ပြား ကောက်ရိုက်ပြီးရင် ပထမဆုံး ‘ရှာပုံတော်ကျူး … ကျူးလို့ပင် … ’ ဆိုတဲ့ အကော်ဒီယံအုန်းကျော်သီချင်း စဖွင့်တော့မယ်ဆိုတာ ကျွန်တော်တို့ ကလေးတွေ သိပြီးသား။ ဦးလေးစိန်က အကော်ဒီယံအုန်းကျော်ကို သိပ်ကြိုက်တယ်။

မိုးလုံးပတ်လည်ထဲက ‘ရွှေမိုး အမ္ဗုန်ရယ် … မရွာပါနဲ့ဦးလို့ တောင်းပန်ပါတယ်လေ … ’ ဆိုတဲ့စာသားက အညာနဲ့ သိပ်မကိုက်ပေမယ့် ရွာကလည်း ဒီသီချင်းကို သဘောကျကြတယ်။

ဘိုင်စကုတ်ရုံဘက်က စက်ဖွင့်ရင် ဈေးသည်တွေက ဈေးသိမ်းချင်ပြီ။ ကောက်သင်းကောက်၊ ပဲနုတ်သူတွေကလည်း စောစောပြန်ချင်ပြီ။ ဘိလိယက်ခုံက၊ ဘုံဆိုင်က၊ ထန်းရည်ဆိုင်က၊ လက်ဖက်ရည်ဆိုင်က ဦးကြီးဘကြီးတွေကလည်း ကိစ္စစောစောသိမ်းကြပြီ။

ဘိုင်စကုတ်ဆရာတွေကလည်း မပြခင်တစ်ရက်လောက်က မီးစက်တွေဘာတွေ စမ်းလို့၊ ကာဗွန်လေးဘာလေး ချိန်လို့။ ပိတ်ကားလေး ဘာလေး ချိတ်ပြီးတာနဲ့ နောက်တစ်နေ့ ရွာက မြင်းလှည်းတစ်စီး ငှားတော့တာပဲ။

ပင်တိုင်ငှားနေကျက ဦးကျောက်မောင်းမြင်းလှည်း။ ဦးကျောက်မောင်းကြီးကလည်း ဘိုင်စကုတ်ဝါသနာအိုး။ မင်းသားကြီးရွှေဘဆို အသည်းစွဲ။ ရွှေဘနဲ့တွေ့ဖို့ (ရန်ကုန်သွားဖို့) ပိုက်ဆံစုနေရတယ် လို့ လူထူရင် ပြောပြီ။ ဟုတ်တာမဟုတ်တာ ဘေးချိတ်၊ ရန်ကုန်မှာ ရွှေဘနဲ့တွေ့ခဲ့တယ် လို့များ ဆိုရင် အဲဒီလူကို အိမ်ခေါ် ထမင်းဖိတ်ကျွေးတော့တာ။ ရွှေဘနဲ့ စကားပြောခဲ့ရတယ် ဆိုရင်တော့ အဲဒီလူ တစ်ပတ်လောက် အိမ်မပြန်ခိုင်းတော့ဘူး။ ထမင်းကျွေး၊ အရက်တိုက်၊ အဲသလောက်ကို ကြိုက်တာ။ ဘိုင်စကုတ်အဖွဲ့က သူ့မြင်းလှည်းငှားတယ် ဆိုရင်တော့ စဉ်းစားသာကြည့်တော့။ ရွှေဘကား ဆိုရင်တော့လည်း ခြေထောက် မြေမကျတော့ဘူး။

“ငါ့ချီး … ညကျရင် ရွှေဘကြီး ဘယ်လိုများ ချဦးမှာလဲ မသိဘူးဟ … ”

လို့ တစ်မနက်လုံး မြင်းလှည်းတပ်ကတည်းက တဖွဖွ ပြောနေတတ်တာ။ ရုံရှေ့က ဘုတ်ပြားမှာ အနားတွေစုတ်နေတဲ့ ဇာတ်ဝင်ဓာတ်ပုံတွေ ချိတ်တာလည်း သူပဲ။ ကနီ၊ သာစည်ဘက်က ထန်းရည် မှာတာလည်း သူပဲ။ မြင်းလှည်းဘေးနှစ်ဖက်က တဖျပ်ဖျပ်လှုပ်ရှားနေတဲ့ ဇာတ်ကားနာမည်ပိတ်စ ချိတ်တာလည်း သူပဲ။ အဲသလိုများ လုပ်နေရရင် မြင်းစာကျွေးဖို့ မေ့၊ မြင်း ရေတိုက်ဖို့ မေ့၊ သူကိုယ်တိုင် ထမင်းစားဖို့လည်း မေ့နေတတ်တဲ့လူမျိုး။ မနက်စောစော ရွာခိုင်ရွာလောက်၊ အနောက်ကိုင်းရွာလောက်ကို ကြော်ငြာတွေတစ်ထပ်ကြီးတင်ပြီး မြင်းလှည်းစထွက်တယ် ဆိုရင်ပဲ သူ့မျက်နှာက လှည်းဦးမှာ ပြုံးပြုံးကြီး။

ဦးလေးစိန်ကလည်း သူ့ရဲ့ နာမည်ကျော် ‘ရှာပုံတော် ကျူး … ကျူးလို့ပင် … ’ ကို ဖွင့်ပြီး ရွာထဲကဖြတ်မောင်းသွားရင် တယ်ရင်ဖိုရတာကိုး။

* * *
(၃)

ရွာအနောက်ဘက်သင်္ချိုင်းအစပ်လောက်က ဘိုင်စကုတ်ကြော်ငြာလှည်း အသံကြားရင် အိမ်ရှေ့လမ်းပေါ် ကျွန်တော်တို့ ရောက်နေကြရပြီ။ မြင်းလှည်းပေါ်က ကြဲချမယ့် ကြော်ငြာစာရွက် တောင်းရမှာလေ။ ဘောင်းဘီဝတ်ထားရင်လည်း ဘောင်းဘီကို မ,တင်၊ ပုဆိုးနဲ့ဆိုရင်လည်း ပုဆိုးကို တိုတိုပြင်ဝတ် ပေါ့။

ကလေးတစ်ရာလောက်ကို ကြော်ငြာစာရွက် တစ်ရွက်နှုန်းလောက် စွန့်ကြဲပေးသနားမယ့် ကြော်ငြာစာရွက်ဟာ ကံကောင်းထောက်မရင် ကိုယ်ရနိုင်တာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မျှော်လင့်ခွင့်တော့ ရှိသေးတာပဲ။

လုရင်းလိုက်ရင်း စုတ်ပြဲသွားတဲ့ ကြော်ငြာပေမယ့် စက္ကူနဲ့ဖာပြီး ထရံမှာကပ်ထားရရင်ပဲ လာလာကြည့်ကြတဲ့ လူတွေက နည်းတာမှ မဟုတ်တာ။ ကြော်ငြာစာရွက်ရတဲ့ကလေးက အဲဒီနေ့ ထမင်းမစားတော့ဘူး၊ ပျော်လို့။ တစ်ခါတလေ လုရင်းက သူတစ်ခြမ်း ကိုယ်တစ်ခြမ်း ဖြစ်နေပေမယ့် သဘောထားကြီးကြီးနဲ့ တစ်ယောက်ကိုတစ်ယောက် ပေးချင်ကြတာမှ မဟုတ်တာ။

ကြော်ငြာထဲမှာပါတဲ့ ဓာတ်ပုံ ခပ်မှိန်မှိန်ကို ကြည့်ပြီး ဇာတ်ကားတစ်ခုလုံးကို နေ့ခင်းကတည်းက ပုံဖော်ရတာကလည်း အရသာပဲ။ ကြော်ငြာထဲမှာ ထိုးခန်းကြိတ်ခန်းပါပေမယ့် တကယ်ပြတော့ ပါချင်မှပါတာ။ တစ်ခါတလေ ကြော်ငြာထဲမှာ မင်းညီမင်းသားအဝတ်အစားနဲ့ တွေ့ရပေမယ့် (အိပ်မက်ခန်း ထိုးဇာတ်တွေ ဖြစ်မှာပေါ့လေ) ပြတော့လည်း ပါချင်မှပါပြန်ရော။

အနယ်နယ်အရပ်ရပ်မှာ အဖန်တစ်ရာတေအောင် ပြခဲ့တဲ့ ရုပ်ရှင်ဖလင်တွေ မီးလောင်လို့၊ ဖြတ်ပစ်လိုက်ရလို့ ဟောင်းမြင်းစုတ်ပြတ်သွားလို့ ဇာတ်ဝင်ခန်းတော်တော်များများ လျော့သွားတတ်တာ ငယ်ငယ်တုန်းက ဘယ်သိမှာလဲ။

တစ်ခါတလေ တစ်ခန်းနဲ့တစ်ခန်း အဆက်အစပ်မရှိရင်၊ ကြော်ငြာစာရွက်ထဲကအကွက် တစ်ကွက်တလေ ပါမလာရင် ‘ကားမခိုးနဲ့ဗျို့ … ’ လို့ အော်ရတာ ရင်ထဲပေါ့သွားရတာ အမှန်ပဲ။

“ကုန်းဇောင်းရွှေမြို့တော်ကြီးက ရုပ်ရှင်ကြည့် ဝါသနာအိုးများအတွက် မြနဒီ ရုံတော်မင်္ဂလာကြီးမှာ ယနေ့ည ရုံတင်ကာ ပြသမယ့် ဇာတ်ကားကတော့ ဝရမ်းပြေးဘိုးသိန်း … ဝရမ်းပြေးဘိုးသိန်းအဖြစ် ဘယ်ပုံဘယ်နည်း ရောက်သွားရတာလဲ ဆိုတာကိုတော့ ပြည်တော်ချစ်မင်းသားကြီး ရွှေဘ … ဟုတ်ကဲ့ … လူထုရဲ့ ရွှေဘကြီးက ယနေ့ညပဟေဠိကို အဖြေညှိပါလိမ့်မယ်ခင်ဗျ။ ဘယ်လိုများ ကြမ်းကြမ်းရမ်းရမ်း အသုံးတော်ခံမလဲ ဆိုတာ ကနေ့ည အကဲဖြတ်လှည့်ကြပါဦးလို့ … နော် ခင်ဗျာ”

ဟော … ဦးကျောက်မောင်းကြီးရဲ့ ကြော်ငြာလှည်းအသံ။
တောက် … ကောင်းလိုက်မယ့် ကား။
ဝရမ်းပြေးဘိုးသိန်း တဲ့ …
တို့ ရွှေဘကြီးကတော့ …
ရင်ထဲမှာ တလှပ်လှပ် …
မြင်းလှည်းကိုတော့ မမြင်ရသေးဘူး။
အသံက ညောင်ပင်ကွေ့လောက်က အသံ …
ကွေ့ကျော်ရင် ရောက်လာတော့မှာ … ရောက်လာတော့မှာ … ရောက်လာတော့မှာ …
တွေ့ပြီ …
ဟွန်းထိပ်က ဥပသကာအဖွဲ့ ဆိုတဲ့ စာလုံးတွေကို တွေ့ရပြီ။ မြင်းလှည်းဦးက ကြေးခေါင်းလောင်းကို တခွမ်ခွမ် ခေါက်လိုက်၊ ကြော်ငြာတွေ ကြဲချလိုက်၊ မြင်းဇက်ကြိုးကို ထိန်းလိုက်နဲ့ … ဦးကျောက်မောင်းကြီး။

ပါးစပ်ကလည်း မက်နဲ့အော်လိုက်သေးတယ်။
လက်ထဲမှာလည်း ကြော်ငြာတွေ တစ်ထပ်ကြီးနဲ့။
လေတိုက်လို့ ဘေးနှစ်ဖက်ကို ကားခနဲ ကားခနဲ ဝဲပျံနေတဲ့ ဇာတ်ကားပိတ်စကလည်း လက်ယပ်ခေါ်နေသလိုပဲ။

ကုန်းဇောင်း ရွှေမြို့တော်ကြီးတဲ့ …
သည်ရွာကလေးကို သည်လိုသုံးနှုန်းတာ ဦးကျောက်မောင်းကြီးရဲ့ ဉာဏ်တွေပဲ နေမှာ။ သူက အပြောကောင်း အဟောကောင်းလေ။ သက်ငယ်မိုး၊ ဝါးထရံကာ၊ ဖုန်တသောသောနဲ့ ရွာကလေးကို ရွှေမြို့တော်ကြီး တဲ့။

ရွာက လူကြီးတွေက ပြုံးတယ်။
အဖေကတော့ ‘တတ်လည်းတတ်နိုင်တဲ့ ငရူး … ’ တဲ့။
ဦးကျောက်မောင်းကြီး စိတ်ကူးရရင်ရသလောက် ကြဲချသွားတဲ့ (မိန်းကလေးထူထူဆိုရင် တော်တော်များများ ကျတတ်တယ်) ကြော်ငြာစာရွက်လောက် ရရင်ပဲ အိမ်ထဲကို အော်ပြေးလာပြီး တစ်ထိုင်တည်း ထိုင်ဖတ်ပစ်လိုက်တာပဲ။

အဘွားကတောင်မှ ‘ဟဲ့ … ကျယ်ကျယ်ဖတ်ပါဟဲ့ … နင် တစ်ကိုယ်ကောင်းမဆန်နဲ့ … ’ ဆိုပြီး ကြော်ငြာကို လုသေးတာကလား။

“ကိုင်း … ကနေ့ညမှာတော့ဖြင့် ပုလိပ်မောင်တင်နဲ့ ဝရမ်းပြေးဘိုးသိန်းတို့ရဲ့ သူနိုင်ငါနိုင် အပြိုင်ကြဲကြပုံများ ရှုစားလှည့်ကြပါ လို့ … အချိန်ဆွဲပြီး ထဘီလဲမနေကြဘဲ၊ အချိန်မဖြုန်းဘဲ တစ်အိမ်လုံးကြွခဲ့ကြပါ လို့ … ”

ကြော်ငြာလှည်း ဝေးသွားတော့မှ ရင်လည်း ငြိမ်တော့တယ်။ ဦးကျောက်မောင်းအော်သံကိုက ကြည့်ချင်စရာ။

ဘိုင်စကုတ်အဖွဲ့ ရွာကိုရောက်စက ဦးကျောက်မောင်းကြီးက လှည်းမောင်းရုံသက်သက်ပါ။ ကြော်ငြာလှည်း လိုက်ရုံပဲ။ နောက်တော့ ရန်ကုန်က စက်ဆရာတွေနဲ့ တွဲပါများလာတော့ သူ့ကို သင်ပေးတယ်၊ စမ်းစမ်းပြီး အော်ခိုင်းတယ်။ နောက်တော့ စက်ဆရာတွေတောင် မလိုက်တော့ဘူး။ ဦးကျောက်မောင်းကြီးနဲ့ လွှတ်ထားတော့တာပဲ။ တစ်ခါတစ်ခါ ဦးကျောက်မောင်းညွှန်းသလောက် ဇာတ်ကားက ကောင်းတာမဟုတ်ဘူး။ မဟုတ်တာတွေရော ဟုတ်တာတွေရော သောကောရောကော ကြော်ငြာတော့တာ။

ညဘက် ရုံထဲရောက်တော့ ဦးကျောက်မောင်းကြီး ကြော်ငြာတာနဲ့ တခြားစီ။ ဒီတော့ ဦးကျောက်မောင်းကြီးကို ရွာက မယုံတော့ဘူး။ မယုံပေမယ့် သည်ရွာကလေးကို လေးငါးနှစ်မှ တစ်ခါ ဆိုသလို လာတတ်တဲ့ ဘိုင်စကုတ် ဆိုတော့လည်း ကြည့်ကြရတာပဲ။ လိမ်မှန်းသိပေမယ့်လည်း သည်းခံရတော့တာပဲ။

ပိုဆိုးတာက ဦးကျောက်မောင်းကြီးက အပိုတွေ ထည့်အော်တာပဲ။ အသစ်ရောက်ရှိလာတဲ့ ရုပ်ရှင်စက်သစ်ကြီးနဲ့ ပြမှာ တဲ့။ တောက်တိုမည်ရခိုင်းတဲ့ ကိုခင်ဦးကို မေးကြည့်တော့လည်း ‘အလကားပါ’ တဲ့၊ ‘မရောက်ပါဘူး’ တဲ့၊ ‘အရင်စက်ဟောင်းပဲ’ တဲ့ …

တုန်တဲ့အခါ တုန်၊ မှုန်တဲ့အခါ မှုန် (အမြဲ မှုန်တာပါပဲ) တစ်ခါတစ်ခါ ဇောက်ထိုး၊ တစ်ခါတစ်ခါတော့ ဖလင်က ခွနေသေးတယ်။ အရုပ်ပေါ်တာက အပေါ်တစ်ဝက် အောက်တစ်ဝက်၊ တစ်ခါတစ်ခါတော့လည်း ခါးတစ်ပိုင်း ခေါင်းတစ်လုံးတည်း ပေါ်နေလေရဲ့။ နောက်မှ ပြန်ချိန်၊ တစ်ပိုင်းပြီးရင် တစ်ပိုင်း ရပ်၊ ဖလင်ထည့် ပြန်ပြ …

ပြတာကလည်း ကြည့်ဦး …
ည ရှစ်နာရီတိတိမှာ ပြမယ် ဆိုတဲ့ ဘိုင်စကုတ်ဟာ ည ဆယ်နာရီထိုးလောက်မှ ရေကင်းရိုက်တာ။ ရေကင်းကလည်း ဓာတ်ပြားနှစ်ဖက်စလုံး ကုန်အောင် စိမ်ရိုက်နေတာ … မပြီးနိုင်တော့ဘူး။ အလံတော် စပြလို့ နမူနာတစ်ပိုင်းလောက် ထိုးပြီးရင် မီးတွေပြန်လင်းပြီး ရေကင်းရိုက်ပြန်ရော။ လူတွေကတော့ သည်းခံကြပါတယ်။ ရုံထဲရောက်နေပြီကိုး။ ပြပြန်တော့လည်း စက်ပျက်လို့၊ ဖလင်ပျက်လို့၊ မီးလောင်လို့၊ ကားပိုင်းတွေမှားနေလို့၊ ဖလင်အတည့် မရစ်ရသေးလို့နဲ့ အကြာကြီး။

စောင့်ပေဦး …
ကျွန်တော်တို့ ကလေးတွေက နေ့လယ်နေ့ခင်း ရုံပေါက် သွား သွား ကစားတာ ကြာလာတော့ ဘိုင်စကုတ်အဖွဲ့က လက်ဖက်ရည်လေး ဝယ်ခိုင်း၊ ကြံရည်လေး ဝယ်ခိုင်းနဲ့ တစ်စတစ်စ ရင်းနှီးလာတယ်။ တဖြည်းဖြည်းနဲ့ စက်ခန်းပေါ်တက်ခွင့် ရလာတယ်။ စက်ခန်းထဲ ဝင်ခွင့်ရတာက တကယ့်အခွင့်အရေးကြီး။ ကံကောင်းရင် ပြတ်နေတဲ့ ဖလင် တစ်ပေစ နှစ်ပေစလောက် ရနိုင်တယ်လေ။

ညဘက်ကျတော့လည်း ရုံဝင်ခ ပေးစရာမလိုဘူး။ ဟန်ကိုကျလို့။ ဒါပေမဲ့ ဟန်မကျတာက ဦးလေးကျောက်မောင်းကြီး။ စက်ခန်းထဲမှာ အရက်သောက်နေတာတို့၊ မူးလဲနေတာတို့၊ ဖဲရိုက်နေတာတို့၊ မိန်းမတွေနဲ့တွေ့နေရတာတို့ အဖေ့ကိုပြောပြတော့ …

“ဒီကောင် ပျက်ပြီ” တဲ့ …

မြင်းလှည်းတောင် မှန်မှန်မမောင်းချင်တော့ဘူး။ ကြော်ငြာလှည်း သက်သက်လောက်ပဲ သုံးတော့တယ်။ ရုံရှေ့ တမာပင်ရိပ်မှာ သူ့လှည်းကို မြင်းဖြုတ်ပြီး လက်တံနှစ်ဖက် ထောင်ထားလိုက်တာ တစ်နေကုန်။

* * *
(၄)

မြင်းလှည်းက ဘိုင်စကုတ်ရုံရှေ့ ကွက်လပ်ကို တော်တော်ကျော်တော့မှ အတွေးပြတ်တော့တယ်။
သာသနာ့ဗိမာန်ကိုတောင် တွေ့နေရပြီပဲ။

“ဆရာကြီး က မြင်းလှည်းမောင်းတာ ကြာပြီလား”

မြင်းလှည်းဆရာကို ဦးကျောက်မောင်းကြီးအကြောင်း မေးချင်လို့ စကားစကြည့်လိုက်တယ်။

“အင်း … လေး ငါး ဆယ်နှစ်လောက်တော့ ရှိပါပြီဗျာ။ ဆရာလေးက ဒီရွာကလား … မဟုတ်ဘူးထင်ပါရဲ့”

“ဒီရွာသားပါ။ ရန်ကုန်ကိုရောက်နေတာ ကြာပြီ။ အခု လာလည်တာပါ။ မြင်းလှည်းမောင်းတဲ့ ဦးကျောက်မောင်းကြီးကို သိလား”

“ဟာ … သိတာပေါ့ဗျာ။ ရွာမကြီးထဲက ကိုကျောက်မောင်း၊ ဆုံးသွားပါပြီ”

“သြော် … ဆုံးသွားပြီလား”

“ကြာပြီ ဆရာလေးရဲ့ … အရက်သောက်တာက မတရားပဲ၊ သိပ်ဆိုးတာပေါ့။ သေတဲ့အထိ ရွာကို ဒုက္ခပေးသွားတာကော … ”

“သြော် … ”

“အစကတော့ လူကောင်းပါ။ မြို့က ဘိုင်စကုတ်ဆရာတွေနဲ့ တွဲမိတော့မှ ပျက်တာ”

“သူက အပြောကောင်းအဟောကောင်း ဆိုတော့ သူ့ခြေသူ့လက်ချည်းပဲ ဆိုပါတော့”

“ဟုတ်ကဲ့ … ”

“ဘိုင်စကုတ်တွေ ရွာမှာမပြဖြစ်တော့ သူလည်း အရက်စွဲ၊ ဖဲစွဲ၊ ထန်းရည်စွဲ ကျန်ရစ်ခဲ့ရော”

မြင်းလှည်းနောက်က မုန်းဆိပ်၊ ရှောက်တော ဘက် သွားမယ့် အမျိုးသမီးတွေကလည်း ငြိမ်လို့။ မြင်းလှည်းဆရာ့စကားကို နားထောင်နေကြပုံရတယ်။

“နောက်တော့ အရက်မူးရမ်းတာတို့၊ ရန်ဖြစ်တာတို့၊ ပေါင်းပင်မှာ နွားခိုးပေါ်တာတို့ … စုံလို့ပါဗျာ၊ မကောင်းတာမှန်သမျှ အကုန်လုပ်တာပါပဲ”

“သြော် … ”

ငယ်ငယ်ကတည်းက မြို့ရောက်နေတဲ့ ကျွန်တော်ကတော့ ဒါတွေထိ မသိတော့ဘူးလေ။ ကြော်ငြာလှည်းထိပ်က လေကောင်းကောင်းနဲ့ ကြော်ငြာတတ်တဲ့ ဦးကျောက်မောင်းကြီး မျက်နှာကို သတိရနေမိတယ်။

“ဒီလိုနဲ့ ရွာကလည်း မခံနိုင်တော့ဘူး။ ဘယ်သူမှလည်း အဖက်မလုပ်တော့ဘူး။ မြင်းတွေ ထုတ်ရောင်း၊ အိမ်တွေ ထုတ်ရောင်း၊ စီးပွားရေးတွေကျ၊ စုတ်ပြတ်သတ်သွားတာပဲ ဆရာလေးရာ … ဒါပေမဲ့ မြင်းလှည်းအိမ်ကလေးတော့ သံဒိုးဖို့ တဲ့ … ထားခဲ့တယ်”

သံဒိုး … မှတ်မိတာပေါ့ … ဦးကျောက်မောင်းသား သံဒိုးနဲ့ ရွာကျောင်းမှာ အတူတူ နေခဲ့ဖူးသေးတာပဲ။

“သံဒိုးတို့ အခု ဘယ်မှာနေသလဲ။ ရွာမကြီးထဲမှာပဲလား”

“သြော် … သံဒိုးကို ဆရာလေး သိသလား။ ရွာမကြီးထဲကအိမ်က ရောင်းလိုက်ပြီလေ။ အခု တာလမ်းဘေးမှာ အိပ်ကုပ်ကလေးနဲ့ နေတယ်။ ဟောဟိုးရှေ့နားမှာတင်ရယ် … ”

မြင်းလှည်းက အနောက်ရိပ်သာကို ကျော်လာခဲ့ပြီ။ ရိပ်သာဘေးက ရေတွင်းကလေးကိုလည်း မှတ်မိရဲ့။ ရေတွင်းကလေးက ကျော်တော့ နေပူထဲမှာ မောင်းလာတဲ့ ဆိတ်အုပ်ကို မြင်းလှည်းက ရပ်စောင့်တယ်။ ဖုန်လုံးကြီးတွေ အလိပ်လိပ် ထလို့ …

“ဟောဒီအိမ်ကလေးပဲ … သံဒိုးတို့အိမ်”

ကျွန်တော် ငုံ့ကြည့်လိုက်တော့ မန်ကျည်းပင်ကြီးတစ်ပင်ရဲ့ဘေးမှာ အိမ်ကလေးတစ်လုံး။ အိမ်ဘေးမှာက မြင်းလှည်းအိုတစ်စီး။ လက်တံနှစ်ဖက်က မိုးပေါ်ကိုထောင်လို့။ အသားမည်းမည်း လူတစ်ယောက်က မြင်းလှည်းဘီးတွေကို ဆေးခွက်ကလေးကိုင်ရင်း ဆေးသုတ်နေတယ်။ ဒီမြင်ကွင်းကို မြင်းလှည်းဆရာက သဘောကျသွားပုံရတယ်။

“အောင်မာ … သံဒိုးက သူ့အဖေလှည်းဟောင်း ဆေးတွေဘာတွေ သုတ်လို့ပါလားဟေ့ … ”

ကျွန်တော်ကတော့ ခပ်ဝေးဝေးကမြင်ရတဲ့ သံဒိုးကို ပုံဖမ်းကြည့်နေမိတယ်။ မျက်နှာကို မမြင်ရတော့ ပုံဖမ်းလို့ မရဘူး။ တောသူတောင်သားပီပီ ညိုညိုကြမ်းကြမ်းကြီး ဆိုတာတော့ မြင်သာတယ်။

“မြင်းလှည်း ဆေးသုတ်မှာပေါ့ ကိုရင်ရဲ့ … ရွာလယ်က ဦးမြတို့က ရန်ကုန်က ဗွီဒီယို ဆိုတာကြီး ဝယ်လာတယ်။ မနက်ဖြန် သန်ဘက်ခါ ပြတော့မယ် ဆိုလား … အဲဒါ သံဒိုးမြင်းလှည်းကို ကြော်ငြာလှည်းတပ်ခိုင်းထားတယ်။ မြင်းလည်း ဝယ်ပေးထားတယ်”

တစ်ချိန်လုံး ငြိမ်နားထောင်နေတဲ့ အမျိုးသမီးတွေထဲက တစ်ယောက်က ဝင်ပြောတယ်။ မြင်းလှည်းဆရာက ပြုံးတယ်။

“ကောင်းပါ့ဗျာ … သံဒိုးကလည်း သူ့အဖေလို အပြောက ခပ်ကောင်းကောင်းရယ် … ”

မြင်းလှည်းဆရာကြီးကတော့ ပြုံးပြုံးကြီးလုပ်နေတုန်း။ သူဘာတွေ တွေးနေသလဲတော့ မသိဘူး။ ဆိတ်အုပ်ကြီး လွန်တော့မှ မြင်းလှည်း ဆက်ထွက်တယ်။ ကမန်းကတန်း ငုံ့ကြည့်လိုက်တော့ မန်ကျည်းပင်ရိပ်မှာ သံဒိုးက သူ့အဖေမြင်းလှည်းဟောင်းကြီးကို ဆေးသုတ်နေတုန်းပဲ။


(ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ် ၁၁၅၊ ၁၉၉၀ ပြည့်နှစ် - ဇူလိုင်လ။)

* * * * *

credit to mmcyber

No comments:

Post a Comment