Friday 7 September 2012

(ထူးအိမ်သင် ပုံတူ ကောက်ကြောင်း)နိုင်ဇော် - credit to mmcyber

အမေ ဒေါ်မြရင်၏ ရင်ထဲက ပဲ့တင်သံ

မိဘဆိုတာ သားသမီးတိုင်းကို ချစ်ကြတာချည်းပါပဲ။ ချစ်တဲ့ ပုံသဏ္ဍာန်သာ ကွာပါလိမ့်မယ်။ သားသားကိုလည်း အမေ တစ်ယောက်အနေနဲ့ သူ့ဘ၀မှာ အရမ်း လုပ်ချင်တဲ့ ဒီအနုပညာ အလုပ်ကို လုပ်နိုင်ဖို့ အစွမ်းကုန် ဖြည့်ဆည်း ပေးခဲ့ပါတယ်။

သူ ငယ်ငယ်ကလေးကတည်းက ၀ါသနာ ပါမှန်း အမေသိတယ်။ မိဘကတော့ ပညာတတ်ကြီး ဖြစ်စေချင်တာပေါ့နော်။ ဒါပေမယ့် သူက မိဘ မသိအောင် ဂီတပညာကို လေ့လာတယ်။ သူ ခဏခဏ ပြောတာက “အဖေတို့ အမေတို့သာ ကျွန်တော့်ကို အစောကြီးကတည်းက ဂီတပညာ သင်ယူခွင့် ပေးခဲ့ရင် သိပ်ကောင်းမှာပဲ” တဲ့။ သားသားရဲ့ ပထမဆုံး “နာရီပေါ်မှ မျက်ရည်စက်များ” ထွက်ပြီး အောင်မြင်တော့ အမေ တစ်ယောက် အနေနဲ့ ၀မ်းသာတာပေါ့။

မြန်မာပြည်က သားတွေ အားလုံး၊ နိုင်ငံတကာက သားတွေ အားလုံးလည်း သူတို့ ဖြစ်ချင်တာတွေ ဖြစ်အောင် ကြိုးစားပါ။ မိဘကို ရိုသေပါ။ စောင့်ရှောက်ပါလို့ အမေ ပြောချင်တယ်။

သားသား ဘ၀မှာ သူ မဖြစ်ချင်ခဲ့တဲ့ လူယုတ်မာ တစ်ယောက်တော့ မဖြစ်ခဲ့ဘူးလို့ ယုံကြည်ပါတယ်။ လူ့လောကကနေ စောစောစီးစီး ထွက်ခွာ သွားရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အခု အချိန်အထိ သတိရနေတုန်းပါပဲလေ။

သားသားကို ချစ်ကြတာတွေ၊ သားသားရဲ့ အနုပညာကို ချစ်ကြတာတွေ တွေ့ရတော့ အမေ တစ်ယောက် အနေနဲ့ ကြည်နူး ဂုဏ်ယူမိပါတယ်။ ဆရာ နိုင်ဇော်ရဲ့ သားသား အကြောင်း စာအုပ် ထွက်လာတော့ ၀မ်းသာပါတယ်။ အမှတ်တရ သိမ်းထားစရာ တစ်ခု ရှိလာပြန်တာပေါ့။

အမေ ဒေါ်မြရင်
၆၉၊ သီတာလမ်း၊ တာမွေ၊ ရန်ကုန်


ဇနီး သွယ်သွယ်ထွေး ၏ အမှတ်တရ

ကိုလေးက သူများနဲ့ မတူဘဲ ထူးခြားတဲ့ လူတစ်ယောက်ပါ။

ကိုလေး အကြောင်း ပြောရမယ်ဆို ပြောစရာတွေ များလွန်းလို့ ဘယ်နားက စပြောရမှန်း မသိတော့ဘူး။

ကိုလေးကို သတိတရ တမ်းတနေတာတွေကို ပြောပြဖို့လည်း မလုံလောက်ဘူး။

သမီးငယ် မိကွန်ထော ၏ စကား

သမီးက ဖေဖေနဲ့ ကြာကြာ မနေလိုက်ရပေမယ့် ဖေဖေ့သမီး ဖြစ်ခွင့်ရလိုက်တာကို ကျေနပ်ပါတယ်။ ဖေဖေက ပိုက်ဆံအတွက် သီချင်းတွေ ရေးခဲ့ဆိုခဲ့တာ မဟုတ်ဘူး ဆိုတာ သမီး သိတယ်။
ဆရာ ဦးအောင်စိုး ၏ အလွမ်း မှာတမ်း
My Sentiments
It Gives me much pleasure
To mention briefly about
My great friend, the late
KYAW MYINT LWIN a.k.a
HTOO EIN THIN, in respect of his
attainments in his musical career,
During his lifetime.

Candidly, I immortalize him as
“The Most Unforgettable Musician Friend
That I’ve Ever Met” and liken him as
“A Candle with an Eternal Flame
On the Altar of my heart of hearts”.

I remain with inconsolable regrets
Until my dying day.

Sdf OUNGTSOE
a.k.a
(THI-THA-OUNG)
Mawlamyine,
Dated the 6th May 2012
နိုင်ဇော်၏ ဥယျောဇဉ်
ပုံတူ ကောက်ကြောင်း ရေးဆွဲရတာကို ကျွန်တော် နှစ်ခြိုက်သည်။

ပုံတူကောက်ကြောင်းသည် ပုံတူ ပန်းချီကား မဟုတ်။ ဓါတ်ပုံလို အပြည့်အ၀ ထင်ဟပ်ပြီး ပုံတူကူးပြနိုင်ခြင်း မရှိ။ ကောက်ကြောင်း အချို့ကိုသာ ရေးသည်။ သည်လိုနှင့် ဟန်ပန် အမူအရာ အချို့ ပေါ်လွင် လာရုံမျှ ရှိလိမ့်မည်။ ̒ကိုငှက်̓ နှင့် ကျွန်တော် ၁၉၉၀ ပြည့်နှစ်များ၏ အစောပိုင်း ကာလတွင် စတင် တွေ့ခဲ့ကြသည်။ ပုသိမ်သားတွေ ရန်ကုန်သို့ အလုံးအရင်း ရောက်ရှိလာချိန်မှာ ပိုပြီးရင်းနှီးသွားကြသည်။ ̒ကိုငှက်̓ နှင့် ကျွန်တော် သူ၏ ပုံတူကောက်ကြောင်း ရေးဖို့အတွက်အကြိမ်ကြိမ် တိုင်ပင်ခဲ့ကြသည်။ သို့ပါသော်လည်း နှစ်ယောက်စလုံး အလုပ်တွေ ကိုယ်စီ ရှိနေခဲ့ကြတာက တိုက်ဆိုင်နေခဲ့သည်။သည်လိုနှင့် ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့ကလေးတွင် တစ်နှစ်တာမျှ ကျွန်တော်သွားရောက် နေထိုင်ခဲ့ရစဉ် ကိုငှက်က အဝေးကို ပျံသန်း သွားခဲ့ပါတော့သည်။

ယခုတော့ ပြည်သူချစ်သော အနုပညာရှင် ထူးအိမ်သင်ချန်ထားခဲ့သည့် လက်စလက်န အမှတ်တရ အပိုင်းအစများကို ကောက်ကြောင်းကလေးများ ရေးလိုက်ခြင်းဖြစ်ပါသည်။

ကိုငှက်၏ မိဘနှစ်ပါး ဦးထွန်းမြင့် ၊ ဒေါ်မြရင်တို့က သူ၏ ပုံရိပ်များကို ဖေါ်ပေးခဲ့ကြသည်။ ညီမ မိမိုးနှင့် ညီများ၊ သူ၏ ဇနီး မိသွယ်နှင့် သမီးလေး မိကွန်ထောတို့က ဖြည့်စွက်ပေးကြသည်။ ကွက်လပ်များစွာအတွက် မျဉ်းကြောင်းရေးဆွဲဖို့ သူ့မှာ ချစ်ခင်သော မိတ်ဆွေတွေပေါများခဲ့သည်။

ကလောမြို့ကလေးတွင် ကျွန်တော်ရှိနေခဲ့စဉ် အောင်ပန်းမြို့သို့ သွားရောက်ပြီး ‘ချစ်ဗဟိုရ်’ စင်တင် ဂီတ၀ိုင်းမှ ပင်တိုင်ဂီတမှူး ကိုဝင်းဦးနှင့် နာရီများစွာ စကားပြောဖြစ်ခဲ့ကြသည်။ ပျောက်ဆုံးနေသည့် အဖိုးတန် ဟင်းလင်းပြင် အချို့ကို ဆရာသီဟန်သွင်နှင့် ကိုအောင်ကျော်ဦး (ဆရာ ကြွက်နီ) တို့က မှတ်တမ်းများ တင်ပေးထားခဲ့ကြသည်။ ရှားပါးဓာတ်ပုံများကို ထူးအိမ်သင်မိသားစု၊ ကိုအောင်ကျော်ဦးနှင့် ဗိုလ်မှူးမြင့်အောင်တို့က ရှာဖွေပေးခဲ့သည်။
နှင်းဆီလှိုင်း ကိုဇော်သစ်၊ တေးရေး ကိုမြင့်မိုးအောင်၊ ကိုရွှေဂျော်ဂျော်၊ ကိုမောင်မောင်ဇော်လတ်၊ စာရေးဆရာ ကိုငြိမ်းအေးအိမ်၊ ဆရာမ မအိနှင့် တေးရေးဆရာ ကိုဘနှင့် ထူးအိမ်သင်ကို အင်တာဗျူးခဲ့သူများ၊ ငယ်စဉ်ဘ၀မှသည် ကွယ်လွန်ချိန်အထိ သူ၏ ဓါတ်ပုံတွေကို ရိုက်ကူးခဲ့သူများက သူ၏ ပုံတူအောင်မြင်စွာ ဖြစ်မြောက်လာအောင် ရှုထောင့် များစွာမှ ဖြည့်စွက်ရေးဆွဲပေးခဲ့ကြပါသည်။ ကွက်လပ်များစွာ လှပစွာ ကျန်နေဦးမည် ဖြစ်သကဲ့သို့ ကွက်လပ်အချို့ကို လှပစွာပင် ချန်ရစ်ထားခဲ့ပါသည်။

ထူးအိမ်သင်ကို ချစ်သူများအတွက် "ချစ်ခြင်းအားဖြင့်" ပုံတူကောက်ကြောင်း လက်ဆောင်ကလေး ပေးလိုက်ပါသည်။

နိုင်ဇော်
၂၀၁၂ မေလ ၂၃


သမီးလေး မိကွန်ထောရဲ့ ဖေဖေ

အမေ ဒေါ်မြရင်ရဲ့ ဘဲဥ

ချစ်ဇနီး မိသွယ်ရဲ့ကိုလေး

ပေါင်းကူးတံတားပေါ်က မိသားစု

ကြည်နူးစရာ မိသားစု

နိဒါန်း သို့မဟုတ် အလင်းငှက်
ငါဟာ
အတ္တမဲ့ အလင်းတစ်ခုဖြစ်ချင်တယ်။
ပိုင်ဆိုင်တာတွေ စွန့်ပစ်ခဲ့။
ရေလို စီးဆင်းသွားချင်လည်း…။

(အစိမ်းရောင် တံခါးများ။ ရေး/ ဆို ထူးအိမ်သင်)

ထူးအိမ်သင် အမည်ရှိသော ငှက်သည် ဂီတ မိုးကောင်းကင်၏ အဝေးဆုံး၊ အမြင့်ဆုံး တစ်နေရာ အထိ မရောက် ရောက်အောင် ပျံသန်းခဲ့ဖူးသူ ဖြစ်သည်။

သူ၏ အမည်ရင်းက ကျော်မြင့်လွင်။

သို့သော် သူ့ကို ချစ်ခင်သူများက ဘဲဥ ဟုခေါ်သူ ခေါ်။ ကိုငှက်၊ ကိုသျှပ် ခေါ်သူ ခေါ်ကြသည်။ သူသည် သျှပ်မှူးကျော် အမည်နှင့် ကဗျာတွေ ရေးခဲ့သလို လင်းထက် အမည်နှင့် ၀တ္ထုတိုတွေ။ ကဗျာ လင်္ကာတွေ ဖွဲ့ဆိုခဲ့သည်။

သူသည် ရိုးရာဂီတကို ချစ်မြတ်နိုးစွာ လေ့လာခဲ့သလို တခြားသော ဆန်းကြယ်သည့် နယ်ပယ်ပေါင်း များစွာ တို့ကို ၀င်ရောက် စူးစမ်းခဲ့ဖူးသူ ဖြစ်သည်။

ကမ္ဘာလောက စိမ်းလန်းရေး အပေါ် သူ အလေးအနက် ထားခဲ့သည်။

ချစ်ခြင်းမေတ္တာနှင့် ဥာဏ်ပညာကိုလည်း သူ ယုံကြည်ခဲ့သည်။

ထူးအိမ်သင် ဆိုသော အမည်သည် တေးရေး၊ အဆိုတော် ဟူသည့်ဂုဏ်ပုဒ်လောက်မျှနှင့် မပြည့်စုံ။

သူသည် လင်္ကာ စာဆို ကဗျာဆရာ ဖြစ်သည်။
သူသည် တကယ့် ဂီတ အနုပညာရှင် တစ်ဦးလည်း ဖြစ်သည်။
သူက အမေ ချစ်သော သားတစ်ဦး ဖြစ်သလို အလွန်ချစ်တတ်သည့် ဖခင်လည်း ဖြစ်သည်။

ထူးအိမ်သင် အမည် တပ်ထားသော ကြယ်တစ်ပွင့်သည် ၂၀၀၄ ခုနှစ်၏ မိုးသည်းသော ရာသီ တစ်နေ့မှာ ရုတ်တရက် ကြွေလွင့် သွားခဲ့သည်။

သို့ပါသော်လည်း သူ၏ ၀ိညာဉ် အလင်းငှက်က အနုပညာ လေဟာပြင်ထဲတွင် အချိန် ကာလ၏ နှောင်ကြိုး ကင်းမဲ့ လွတ်လပ်စွာဖြင့် ပျံသန်းဆဲ။

အခန်း(၁) မော်လမြိုင်သား နှင့် ဇာသပြင်သူတို့၏ ပုသိမ်ဖူးစာ
(၁)
၂၀၀၄ ခုနှစ်၊ မိုးသည်းသော နေ့တစ်နေ့တွင် အဝေး တစ်နေရာသို့ထွက်ခွာ သွားခဲ့သည့် ထူးအိမ်သင်သည် ၁၉၆၃ ခုနှစ်၊ မိုးသည်းသော နေ့တစ်နေ့မှာပင် မွေးဖွား ရောက်ရှိ လာခဲ့သည်။

ပုသိမ်မြို့သည် သူ၏ မွေးဇာတိ။
ဖခင်က ဦးထွန်းမြင့်၊ မိခင်က ဒေါ်မြရင်။
ဧရာဝတီတိုင်းမှာ ထူးအိမ်သင် မွေးဖွားခဲ့သော်လည်း သူ၏ အရင်းအမြစ်က မွန်ပြည်နယ်။
အကြောင်းမှာ ဖခင်က မော်လမြိုင်သား။ မိခင်က ဇာသပြင်ရွာသူ ဖြစ်၍ပင်။
တည်နေရာအားဖြင့် ဘာမျှ အလှမ်းမဝေးသော မော်လမြိုင် ဇာတိသားနှင့် ဇာသပြင် ဇာတိသူတို့က ကြံကြံဖန်ဖန် ရွာလည်ပြီး ပုသိမ်မှာ သွားရောက် ဖူးစာ ဆုံခဲ့ကြလေသည်။

(၂)
ထူးအိမ်သင်၏ ဖခင်ဘက်မှ အဘိုး အဘွားတွေက မော်လမြိုင်မြို့ ၊ မောင်ငံရပ်နေ မီးရထားရုံပိုင် ဦးတိုးဖေနှင့် ဒေါ်ပုတို့ဖြစ်သည်။

ကလေးတွေ အရွယ် ကောင်းကောင်း မရောက်ခင်မှာ ဦးတိုးဖေ ဆုံးသွားခဲ့၍ အမေပုက သားသမီး လေးယောက်ကို ဆေးလိပ်ခုံ ထောင်၊ အထည် ရောင်းပြီး လူလားမြောက်အောင် ပျိုးထောင်ပေးခဲ့သည်။ သားကြီး ကိုတင်ဦးက တပ်မတော် အရာရှိ ဖြစ်လာပြီး ဗိုလ်မှူး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ သမီး ဒေါ်ညွန့်က အိမ်ထောင်ကျပြီး မီးရထား အသိုင်းအ၀ိုင်း ထဲမှာ။ တတိယမြောက်က ဦးထွန်းမြင့် (ထူးအိမ်သင်၏ ဖခင်)။ အငယ်ဆုံး ဒေါ်လှဝင်းက ကုန်သွယ်/ လယ်ယာ။

(၃)
ထူးအိမ်သင်၏ ဖခင် ဦးထွန်းမြင့်ကလေးသည် ငယ်စဉ်က မော်လမြိုင်မြို့ မော်လမိန်း ဂျပ်ဆင်ကျောင်းမှ စတုတ္ထတန်း အောင်မြင်ပြီးနောက် ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်းသို့ ပြောင်းသည်။

၁၉၅၃ ခုနှစ်တွင် မက်ထရစ် အောင်ခဲ့ရာ မှတ်မှတ်ရရ ထိုနှစ်တွင် မော်လမြိုင်၌ ဥပစာကောလိပ် ဖွင့်ခဲ့သည်။ သို့သော် ကျောင်းဖွင့်မည့် အချိန်နှင့် တိုက်ဆိုင်လျက် တိုက်ဖွိုက် ရောဂါဒဏ် အလူးအလဲ ခံလိုက်ရရှာသည်။ သို့ဖြစ်၍ ကျောင်းမတက် ဖြစ်လိုက်။ စာသင်နှစ် နောက်ကျသွား၍ ရန်ကုန် တက်ပြီး အလုပ် ၀င်လုပ်သည်။

ထိုအချိန် ကာလမှာ ဆယ်တန်း အောင်သူများ အလွန် ရှားပါးသော ခေတ်ဖြစ်၍ ရန်ကုန် Housing Board ရုံးတွင် စာရေး အလုပ်ကို လွယ်လွင့်တကူပင် ရခဲ့သည်။ ခြောက်လခန့် အလုပ် လုပ်ပြီး ကော်လိပ်ကျောင်းဖွင့်ချိန်နီးမှ မော်လမြိုင် ပြန်လာသည်။

တစ်ဖက်မှာ အချိန်ပိုင်း ကျောင်းဆရာ လုပ်ရင်း ကောလိပ် တက်လေသည်။ ဥပစာ အပိုင်း (က) ကိုတော့ တစ်နှစ်တည်းနှင့် နှစ်ချင်းပေါက် အောင်မြင်သည်။ အင်တာ (ဘီ) ကျတော့ သင်္ချာတွဲ သွားယူမိသဖြင့် အဆင်မပြေ။ စာမေးပွဲ မအောင် ဖြစ်ရလေသည်။

ထွက်ပေါက် ရလိုရညား အလုပ် လျှောက်ရာ တရုတ်လှ ကျေးရွာတွင် အလယ်တန်း ကျောင်းအုပ်ရာထူး ရရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ခန့်၊ ထိုစဉ် ကာလ တရုတ်လှသည် ယခုလိုဖွံ့ဖြိုး စည်ကားသည် မဟုတ်သေး။ အလွန် ခေါင်လှသည်။ တောရိပ်တောင်ရိပ် မှိုင်းအုံ့ဆိုင်း မှုန်မှိုင်း၍နေသည်။ ညအချိန်မှာ တောကြီးမျက်မည်း၏ ချောက်ချားစရာ ပိုးကောင်၊ မွှားကောင် အသံများကြောင့် အိပ်မပျော်နိုင်။ ဦးထွန်းမြင့်လေးသည် အသက်က နှစ်ဆယ်ကျော်။ ငိုချင်သလို၊ ရယ်ချင်သလို ခံစားနေရသည်။

သို့ဖြင့် တစ်ညတည်း အိပ်ပြီး မနက် မိုးလင်းသောအခါ "အိမ်ကို ခဏသွားပြီး အ၀တ်အစားတွေ ယူဦးမယ်" ဆိုကာ အပြီး ပြန်ပြေးလေတော့သည်။

(၄)
ကျောင်းထွက် ပြီး၍ ရန်ကုန် ပြန်တက်လာသည်။

အဖေ့ မိတ်ဆွေ ဦးဖေတင်က ယူဘီအေတွင် ကော်မရှင် မန်နေဂျာ။ သူ့ထံ သွားဝင်တွေ့ရာ ချက်ချင်းလက်ငင်းပဲ အလုပ် ရသည်။ ကုန်စည်စာရေး (Freight Clerk) ဘ၀မှာ ယူနီဖောင်း အဖြူ နှစ်စုံ၊ ပခုံးထောက် အဖြူကနှစ်စုံ။ ပိကက်ဦးထုပ်၊ နက်ကတိုင် နှစ်စင်း၊ ပခုံးထောက် အဖြူတစ်လိုင်းထုတ်ပေးသည်။

စမတ်ကတော့ ကျသည်။ ရှေ့ဆက် လုပ်သွားလျှင် များမကြာမီ လေယာဉ်မောင် ( Flight Assistant) ဖြစ်ပြီင်္း နောင်ရေး မျှော်တွေးစရာက ဖြောင့်ဖြူးလျက် ရှိသည်။ သို့သော် ထိုအလုပ် လုပ်နေရင်း ခြောက်လခန့် အကြာတွင် စိတ်က ပြောင်းသွားပြန်သည်။

လူဝင်မှု ကြီးကြပ်ရေးဌာနတွင် (Assistant immigration officer) ရာထူးပေါ်လာသောကြောင့် သွားလျှောက်သည်တွင် ချက်ချင်းပဲ ရပြန်သည်။ ပခုံးပေါ်မှာ နှစ်ပွင့်နှင့် အင်မီဂရေးရှင်း အရာရှိ။ အသက်က အစိတ် အရွယ်မို့ ဌာနတစ်ခုလုံးမှာ အသက်အငယ်ဆုံး။ တက်လမ်း ကောင်း၍ အေးအေးဆေးဆေး နေလို့ ရချေပြီ။

(၅)
လွဲချင်တော့လည်း ကြံဖန်၍ပင် လွဲရသည်။

လူကလည်း ရိုးစင်း၍ သိပ်မစဉ်းစားတတ်။ ဌာနဆိုင်ရာ လုပ်ငန်းများ၏ လုပ်ထုံးလုပ်နည်း ဥပဒေတွေ နားမလည်။ ယူဘီအေက အလုပ် ထွက်လာခဲ့စဉ် ဘယ်သူ့ကိုမျှ အသိမပေးခဲ့။ သူတို့ ယူနီဖောင်းတွေ ယူထားရတာ လိပ်ပြာမသန့်။ သွားပြန်အပ်မှ ကောင်းမည် ဆိုပြီး ပြန်သွားပေးသည်။

ဟိုက "အခု ဘာလုပ်နေလဲ " မေးတော့ တကယ်ဆို "ကျောင်းပြန်တက်နေတယ်" ဆိုလည်း ပြီးပြီ။ ရိုးသားစွာပင် အင်မီဂရေးရှင်းမှာ အလုပ်ဝင်လုပ်နေတာကို အမှန်အတိုင်း ပြောလိုက်မိသည်။ ဌာနတစ်ခုမှ တစ်ခုသို့ ကူးပြောင်း အလုပ် လုပ်ရာတွင် သက်ဆိုင်ရာ၏ ခွင့်ပြုချက် လမ်းကြောင်းအတိုင်း သွားရတာကို နားမလည်။

သို့ဖြင့် ယူဘီအေကလည်း လုပ်ထုံးအတိုင်း အင်မီဂရေးရှင်းကို စာလှမ်းရေးပြီး အသိပေးသည်။ အင်မီဂရေးရှင်း မင်းကြီးလည်း ကိုထွန်းမြင့်ကို အလုပ်မှ ရပ်စဲလိုက်ရတော့၏

(၆)
ထိုစဉ်က ၁၉၅၉-၆၀ ပြည့်နှစ်။ ပါလီမန် ရွေးကောက်ပွဲကာလ။

လူက စိတ်ညစ်ညစ်နှင့် ကေအယ်လ်အမ်၊ ဘီအိုအေစီ နိုင်ငံခြား လေကြောင်းလိုင်းတွေ တစ်ခုပြီးတစ်ခု အလုပ် လိုက်တောင်းကြည့်သည်။ သူတို့က ရုံးများ ပြောင်းရွေ့သွားတော့မည့် ကာလဖြစ်၍ ဘယ်ကမျှ အလုပ်မပေးနိုင်။ အတော်လေးကို စိတ်လေချင်စရာ ကောင်းနေချိန်။

သူငယ်ချင်း တစ်ယောက်က "အလုပ် တစ်ခုတော့ ရှိတယ်။ ကာလသားရောဂါ တိုက်ဖျက်ရေးမှာတဲ့ကွ။ လစာကတော့ အထက်တန်း စာရေး လစာပဲ။ လုပ်ချင်ရင်တော့ ကျန်းမာရေးဌာန သွား" ဟု လမ်းညွှန်လိုက်သည်။

ဟိုရောက်သွာတော့ စာရေးက " ဟာ အတော်ပဲ။ အချိန်တောင် နည်းနေပြီ။ ဒေါက်တာ ဘရူးဝါးက ခရီး သွားစရာ ရှိနေတာ "ဆိုပြီး အင်္ဂလိပ် လက်နှိပ်စက်နှင့် စာတစ်စောင် ခပ်မြန်မြန် ရိုက်ပေးသည်။ ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဘရူးဝါးထံ စာကို ၀င်ပြရာ စာကို သေချာဖတ်။ စိတ်ရှည်လက်ရှည် မေးမြန်း ကြည့်ပြီး…

" မင်းကွာ။ ကောလိပ် ပညာတတ်ပဲ။ အခု လျှောက်ထားတာက ကာလသားရောဂါ စုံစမ်းရေး (Investingator) ဘက်ဆိုတော့ ဟိုအိမ်၊ဒီအိမ် မကောင်းတဲ့ နေရာတွေလည်း သွားရမှာ။ မသင့်တော်ပါဘူး။ မင်း ဓာတ်ခွဲခန်း တက်ကနီရှင် လုပ်ပါလား "ဟု ဆိုသည်။

" တောင်ကြီးနဲ့ ပုသိမ်မှာ နေရာတွေ လစ်လပ်တယ်ကွ။ ငါလည်း အခုပဲ ပုသိမ်ရုံးကို သွားစစ်ဆေးမှာ။ အဲဒီ နှစ်နေရာထဲက မင်းသွားချင်တဲ့ဆီ ရွေး။ ငါ ခန့်ပေးလိုက်မယ် "ဟု ဆိုသည်။

ဦးထွန်းမြင့်ကတော့ နယ်ရပ်ဝေးကို မသွားချင်။ ရန်ကုန်မှာပဲ နေချင်သည်။ ဒေါက်တာ ဘရူးဝါးက အလုပ်ရလည်း နယ်ကို ချက်ချင်း သွားရမည်ဟု ဆိုသည်။

ဦးထွန်းမြင့်လည်း လစာ ယူပြီး သုံးလလောက်တော့ နေကြည့်မည်။ နောက်တော့ ထွက်တန်ထွက်မည် စိတ်ကူးလိုက်သည်။ "ပုသိမ်ဘက်ကို ငါမရောက်ဖူးသေးဘူး။ သူငယ်ချင်းတွေလည်း ရှိတာပဲ။ ရောက်ဖူးအောင် အလည် သွားကြည့်ဦးမယ် " ဟု သူ့စိတ်က ဖြစ်လာသည်နှင့် ပုသိမ်ကို ဆန္ဒပြုလိုက်သည်။

သည်လိုနှင့် စတူးဝပ်လမ်း (ယခု မော်ကွန်းတိုက်လမ်း) ရှိ Pasteur Institute သို့ ရောက်သွားသည်။

ဒေါက်တာ အာဟတ်၏ အစီအစဉ်ဖြင့် ကာလသားရောဂါ သွေးရည်ကြည် စမ်းသပ်မှု (Serological tests) များဖြစ်သော VDRL test နှင့် Kahn test များကို သင်ယူရလေသည်။ သုံးလပြည့် သင်တန်းအပြီး ပုသိမ် ရောက်တော့ သူ ပျော်သွားသည်။

ဇာသပြင်သူ မိမြရင်နှင့် ဖူးစာဆုံဖို့ ကြိုတင် သွားပြီး စောင့်စားနေသလိုမျိုးလည်း ဖြစ်ခဲ့သည်။

(၇)
မော်လမြိုင်နှင့် ဇာသပြင်ဆိုတာ တည်နေရာချင်းက လက်တစ်ကမ်းစာ။

ဂျိုင်းမြစ်နှင့် သံလွင်မြစ် ဆုံရာမှာ ဟိုဘက်ကမ်းက ဘီလူးကျွန်း မော်လမြိုင်။ သည်ဘက်က ဇာသပြင် ဖြစ်သည်။ အင်္ဂလိပ်ခေတ်ကတည်းက မော်လမြိုင်မှ နေ့စဉ် သင်္ဘော ပြေးဆွဲသည်။ ဘီလူးကျွန်း တစ်လိုင်း၊ ဇာသပြင် တစ်လိုင်း ဖြစ်နေလေသည်။

ဇာသပြင်သည် အင်္ဂလိပ်ခေတ်တုန်းက တိုက်နယ် မကျသေးသည့် ရွာကြီးတစ်ရွာ ဖြစ်ခဲ့သည်။ ဇာသပြင်ချောင်းကြီး အပေါ်မှာခွပြီး တည်ထား၍ အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်း ကွဲနေသည်။ ဗမာ၊ မွန်တွေ ရောနှော နေကြသည်။

အရှေ့ဘက်ကမ်းမှာ ဗမာစုဖြစ်၍ လှေစပ်၊ အိုးဖုတ်၊ လယ်ယာ လုပ်ကြသည်။ ဇာသပြင် လက်ရိုက်အိုးတွေက နာမည်ကျော်။ အိုးရွှံ့မြေကို ဇာသပြင်ချောင်းဖျားမှ ရပြီး သဲကို ကော့လဖူရွာမှ ရသည်။ လူ အသုံးများသည့် စဉ့်မကိုင်သော အဖြူထည်အိုးများ ဖြစ်ကြ၏။ ထိုခေတ်အခါက သတ္တုအိုးတွေ မတွင်ကျယ်။ ထမင်းချက်၊ ဟင်းချက်လည်း မြေအိုးတွေပဲ သုံးစွဲသည်။ ပန်းကန်၊ အင်တုံ၊ ငရုတ်ဆုံမှသည် ဘုရား ညောင်ရေအိုး၊ ကလေး ကစားစရာတွေအထိ အိုးလုပ်ငန်းမှ ထွက်ရှိသည်။

အနက်ဘက်ကမ်းမှာ မွန်စုဖြစ်၍ ကလယ်လူမျိုး နည်းနည်း ရှိသည်။ လယ်စိုက်ကြသည့်အပြင် တံငါလုပ်ငန်းကတော့ ငါးပုစွန်တွေ ဖမ်း၊ မော်လမြိုင်အထိ တင်ပို့ကြသည်။ ထိုစဉ်က စက်လှေငယ်များ မရှိသေး။ ရေပြင်ကျယ် ရေလမ်းအတိုင်း ခတ်လှေတွေနဲ့ပဲ သွားကြသည်။ ဇာသပြင် အနောက်ပိုင်းသည် ဟိုမှာဘက်တွင် ကော့ကျိုက်ရွာနှင့် နီးကပ်စွာ သွားဆက်နေလေသည်။

ဇာသပြင် အရှ့ရွာနှင့် အနောက်ရွာကို တံတားကြီး တစ်စင်းက ပေါင်းကူးပေးထားသည်။ မွန်ရယ်၊ ဗမာရယ် ဆိုသော်လည်း ရုပ်ရည် လက္ခာဏာအရ ခွဲခြား၍ မရ။ အားလုံး အတူတူ ရောနှောနေကြသည်။ ဘာသာရေးလည်း ကိုင်းရှိုင်းကြသည်။

အရှေ့ဘက်ကမ်းတွင် ကျောင်းကြီးကျောင်းနှင့် ကွင်းကျောင်းတို့ကား ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေ။ အနောက်ဘက် ကမ်းမှာလည်း ရှေးကျောင်းကြီး သုံးကျောင်း ရှိသည်။ ဘုန်းကြီးကျောင်းငယ်တွေကတော့ ပေါများလှချေသည်။
(၈)
ထူးအိမ်သင်၏ မိခင်ဘက်မှ အဘိုး ဦးမောင်ကား ဇာသပြင် အနောက်ဘက်ကမ်း၊ ချောင်းဝမှာနေထိုင်ခဲ့သော မွန်လူမျိုးဖြစ်သည်။ စပါး စိုက်ပျိုးသည်။

(၉)
ထိုခေတ်ကာလ ဇာသပြင်ရွာကြီးမှာ တော်သလင်းလဆိုလလျှင် မိုးရုပ်သိမ်းစပြု၍ လှိုင်းလေငြိမ်သက်ပြီ။ မြစ်ယံ သင်ဖျူးခင်းသည့် ထိုအချိန်မျိုးမှာ လှေပြိုင်ပွဲတွေ ကျင်းပစမြဲဖြစ်တော့၏ ။ ဆိုင်းတွေ၊ ဗုံတွေ၊ မောင်းတွေကို လှေပေါ်တင်ပြီး အပြိုင်အဆိုင် အားပေးကြသောကြောင့် စည်စည်ကားကားနှင့် ပျော်စရာလည်း ကောင်းလှသည်။

မွန်တိုင်းရင်းသားတို့ ဓလေ့ထုံးစံ ၀ါလသီတင်းကျွတ် ပ၀ါရဏာပွဲ ကျင်းပ၍ သိမ်မှ ထွက်ဆင်းလာသည့် ဘုန်းတော်ကြီးများ၏ ခြေအစုံကို အမွှေးနံ့သာရည်ဖြင့် ဆေးကြောပေးပြီး ကြွရာလမ်းကို အ၀တ်ခင်းလျက် လှူဖွယ်များ လောင်းလှူကြသည်။ နေထိုင် မကောင်းသည့် အမျိုးသားများက မိမိကိုယ်ပေါ်မှ နင်း၍ကြွသွားစေပြီး အမျိုးသမီးများ မကျန်းမာပါက သံဃာတော်များ ကြွရာလမ်းနံဘေးတွင် ရေအိုး ရေမှုတ် ချထားပေး၍ ခေါင်းမှစတိသဘော လောင်းချပေးသွားကြသည်။ ဤသို့ဖြင့် ရောဂါဘယများပျောက်ကင်း စေသည်ဟု ယုံကြည်ကြသည်။

သီတင်းကျွတ်လတွင် ကောက်ဦးပေါ်၍ ကောက်ဦးဆွမ်းလောင်းပွဲကို သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့တွင် ကျင်းပသည်။ ချောင်းဆုံဘက် ဘီလူးကျွန်း ၆၄ ရွာထဲမှပင် ဇာသပြင်အထိ ကူးလာပြီး ဆင်နွှဲကြလေသည်။

မိုးလင်းစ ဝေလီဝေလင်းမှာ သံဃာတော်များ ရွာလမ်းတစ်လျှောက် ရာနှင့် ချီ၍ စီတန်းကြွမြန်း လာကြစဉ် အိမ်ရှေ့တွေမှာ ကိုယ်စီထွက် ခုံတွေခင်းပြီး နံနက်ဆွမ်းတွေ လောင်းလှူကြသည်။ ထိုအချိန်မှာ မော်လမြိုင်မှ ပွဲဇာတ်တွေ ငှားထား၍ ခြိမ့်ခြိမ့်သဲသဲ ရှိလှတော့၏။

ကထိန် ၊ တန်ဆောင်တိုင်ကျပြန်လျှင် ချောင်းဆုံ၊ ဘီလူးကျွန်း၊ မုရစ်ကြီး၊ မုရစ်ကလေး ရွာများဘက်မှ ဇာသပြင် အဆက်ဆွေမျိုးတွေက လှေများပေါ်တွင် ကိုယ့်ပဒေသာပင် ကိုယ်တင်လာပြီး ဇာသပြင်၌ ကထိန်လာခင်းကြသည်။ ဆိုင်း၊ ဗုံတွေ လှေပေါ်တင်တီးလာကြသောကြောင့် အထူးပင် ပျော်စရာကောင်းလှချေသည်။

(၁၀)
တော်သလင်းလ လှေပြိုင်ပွဲတွေက တကော့ခမိုင်း ခေါ်တွင်သည့် ဘီလူးကျွန်းဘက်မှာလည်း ရှိသည်။

တစ်ခါတော့ အဖော်ကောင်း၍ ချောင်းဆုံလှေပြိုင်ပွဲသို့ ဦးမောင်ရောက်သွားခဲ့သည်။ ထိုအခါ ဘီလူးကျွန်း၊ မုရစ်ကလေးရွာသူ မိအုန်းစိန်နှင့် သိကျွမ်းခွင့်ရလိုက်သည်။

တစ်ချိန်တစ်ခါတုန်းကတော့ ဘီလူးကျွန်းမှာ နေခဲ့ကြသည့် စမောင်ခေါ် စမင်းလူမျိုးတို့သည် ဆံပင်ကောက်၊ အသားမည်း၊ ရေကူးသန် ၊ ခက်ထန် ကြမ်းကြုတ်ပြီး ဘီလူးနှင့် တူသည်ဟု အဆိုရှိကြ၏ ။ အရှင်သောဏထေရ်နှင့် ဥတ္တရထေရ်တို့ သုဝဏ္ဏဘုမ္မိသို့ ကြွလာတော့မှ ရန်ပြုတတ်သည့် အဆိုပါ ရေသူရဲ ဘီလူးများကို နှင်ထုတ်ခဲ့ရသည် ဟုလည်း ဆိုလေ့ရှိကြသည်။

ယခုတွေ့ဆုံရသည့် ဘီလူးကျွန်းသူလေး မိအုန်းစိန်ကဖြင့် ရှင်းသန့်၍ နေတော့သည်။ ဦးမောင်နှင့်ဆိုလျှင် အသက် နှစ်ဆယ် အစိတ်ခန့်ပင် ကွာနေသည်။ အိမ်မှုကိစ္စ နိုင်နင်းလှပြီး မိန်းမ ပီသသည်ဟု နာမည်သတင်းကြီးသော မိအုန်းစိန်ကလေးကို မြင်မြင်ချင်းပင် ဦးမောင် မေတ္တာသက်ဝင် သွားခဲ့သည်။ သို့ဖြင့် ထုံးတမ်းနှင့်အညီ လူကြီးစုံရာနှင့် သွားရောက် တောင်းရမ်းလက်ထပ်ယူခဲ့သည်။ မိအုန်းစိန်လည်း သျှောင်နောက် ဆံထုံးပါ ဇာသပြင်ရွာသို့ ရောက်လာခဲ့လေသည်။

(၁၁)
ဦးမောင်နှင့် ဒေါ်အုန်းစိန်တို့မှာ သားသမီးငါးယောက် ထွန်းကားခဲ့သည်။ အကြီးဆုံးက ဦးမြတ်ထွန်း ၊ ဒုတိယ မိမြတင် ၊ တတိယ မိမြရင် (ထူးအိမ်သင်၏ မိခင်) ၊ အဲ့သည်နောက် ဦးထွေးမြင့် ၊ အငယ်ဆုံးက မိစိန်ရင်ဖြစ်သည်။

(၁၂)
ဗြိတိသျှခေတ်တုန်းက ရဲစခန်းခွဲကလေး တစ်ခုသာရှိသော်ငြားလည်း အေးချမ်းလုံခြုံခဲ့သည့် ဇာသပြင်သည် စစ်ရိပ် စစ်ငွေ့သမ်းလာသည်နှင့်အမျှ မတည်မငြိမ် လှုပ်ခတ်စ ပြုလာသည်။ ဂျပန်စစ်ကြောင်းဝင်လာချိန် အင်္ဂလိပ်တပ်များက ဇာသပြင်လမ်းအတိုင်း ဆုတ်ခွာကြသည်။ ကြောင်နက် တံဆိပ် အိန္ဒိယ အင်ဂျင်နီယာတပ်များက မြစ်ချောင်းတွေ တွေ့လျှင် တံတားတွေ ချက်ချင်းထိုးပြီး စနစ်တကျဆုတ်ခွာသွားကြ၏။

ဂျပန်စစ်ကြောင်းကြီးတစ်ကြောင်းက ဇာသပြင်ကို ဖြတ်ပြီးမှ မော်လမြိုင်သို့ ရောက်နှင့်နေ၍ ပူးပေါင်းမိကြလေသည်။ မော်လမြိုင်မြို့သူ မြို့သားများကား ဘီလူးကျွန်းမှတစ်ဆင့် ဇာသပြင်အထိ စစ်ပြေးလာကြသည်။ လူတစ်ကိုယ် တစ်နိုင်စာသာ သယ်နိုင်၍ ပစ္စည်းတွေကို သည်အတိုင်း ထားပစ်ခဲ့ကြသည်။ မပြေးလို့ကလည်းမဖြစ်။ စစ်ဦးဘီလူးဆိုသည့်အတိုင်း ဂျပန်တပ်တွေ ဆက်ဆံပုံက ကြမ်းလှရမ်းလှသည်။ တစ်ဘက်မှာ တောမီးလောင်၍ တောကြောင်လက်ခမောင်း ခတ်သည့်နှယ် ဖောက်ထွင်းလုယက် နိုင့်ထက်စီးနင်းမှုတွေ ကြုံရသည်။

ဗုံတွေကလည်း မော်လမြိုင်ကို ကြဲလှပြီ။ ညဘက်ဆို မော်လမြိုင်မြို့ အထက်က ကောင်းကင်ယံတွင် ဂျပန် တိုက်လေယာဉ်များနှင့် ဗြိတိသျှ တိုက်လေယာဉ်များ စီးချင်းထိုးကြတာကို ဇာသပြင်ဘက်မှပင် လှမ်း၍ မြင်ရသည်။ အောက်မှလှမ်းပစ်သော မီးပွင့်တွေ။ အပေါ်မှ ဗုံးကြဲချတာတွေ။ ငိုက်စိုက်ထိုးကျသွားသည့် လေယာဉ်ပျံတွေ။ မီးတောက်များကြောင့် မိုးကောင်းကင်က သွေးရောင် နီမြန်းတောက်ပနေသလို မီးခိုးများဖြင့် မှိုင်းညို့မှောင်မည်း နေတော့သည်။

(၁၃)
ဇာသပြင်မှာ ဂျပန်တပ်ကြီး စခန်းချပြီး ဌာနချုပ် လာဖွင့်သည်။ ဇာသပြင်ဘုရားနား ကပ်ရက် ဂျပန် ကျည်ဆန် စက်ရုံကြီး တစ်ခုကို သွပ်မိုးတွေနှင့် အခိုင်အခန့် တည်ဆောက်သည်။ ထိုအခါ အင်္ဂလိပ်ကလည်း ဇာသပြင်ကို ဗုံးတွေ တရစပ်ကြဲချတော့သည်။

ဘပ်ဖလိုခေါ် ကျွဲညီနောင် လေယာဉ်ပျံနှစ်စင်းက အဆိုးဆုံး။ အသံမပေး ဘာမပေးနှင့် ရုတ်တရက် ဆိုသလို ရောက်လာပြီး သေမင်းကိုမှ လက်ဆောင်သဖွယ် လာပေးသည်။ ဇာသပြင်ရွာ အလည်ကောင်တည့်တည့် မီးလောင်ဗုံးကြီးတွေ လာကျသည်။ ရွာသူရွာသားတွေ ခမျာကတော့ဖြင့် မြေစာမြက်ပင်များသဖွယ် အတိဒုက္ခ ရောက်ရရှာတော့သည်။

(၁၄)
ဦးမောင် ၊ ဒေါ်အုန်းစိန်တို့မှာ သားသမီးငါးယောက်ကလည်း ငယ်ကြသေးသည်။ ဇာသပြင်မှာ ကျီးလန့်စာစား မလုံခြုံ။ သို့ဖြင့် ဒေါ်အုန်းစိန်တို့ အမေ့ရွာ ဘီလူးကျွန်း တောင်ပိုင်း မုရစ်ကလေးသို့ ရွှေ့လာကြလေသည်။

စစ်ကြီး ပြီးဆုံးသွားတော့လည်း သူတို့မိသားစု ဇာသပြင်ကို မပြန်ဖြစ်တော့ပြီ။ မုရစ်ကလေးမှာလည်း လယ်တွေ မြေတွေ ရှိနေ၍ အခြေကျသွားသည်။ မိမြရင်တို့ မောင်နှမတစ်တွေ မုရစ်ကလေး ရွာကျောင်းမှာပဲ ပညာသင်ကြသည်။ ရွာကျောင်းက မူလတန်းမှ အလယ်တန်း တစ်ဖန် အထက်တန်းကျောင်း အဖြစ် တဖြည်းဖြည်း တိုးမြင့်သွား၍ စာသင်ရတာ အဆင်ပြေသွားသည်။

ဦးမောင်ခမျာ အစကတည်းက သိပ်မကျန်းမာ။ သမီး မိမြရင် ဒုတိယတန်း ရောက်သောနှစ်မှာ နေထိုင်မကောင်းဖြစ်ပြီး ဆုံးပါးရှာသည်။ ငယ်ငယ်နှင့် အဖေဆုံးပါးရတော့ စိတ်ထဲမှာဖြင့် အတော်လေးကို ထိခိုက်ခံစားရသည်။

(၁၅)
၁၉၅၄ ခုနှစ်။

မိမြင်ရင် အသက် ၁၈နှစ်တွင် ဆယ်တန်းရောက်သည်။ အမေ့ကိုလည်း ငဲ့ညှာချင်။ အပြင်လောကကို ကိုယ့်ဘာဘာထွက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်လည်း ရပ်ကြည့်ချင်သည် ။ သူနာပြုသင်တန်း လျှောက်လွှာတွေ ခေါ်နေတာ တွေ့၍ တင်လိုက်သည်။

မန္တလေးဆိုတာ တန်ခိုးကြီး ဘုရားတွေ ၊ ကျုံးမြို့ရိုးတွေ နန်းတော်တွေ တည်ရှိသော ရှေးမြို့တော်ကြီးဖြစ်သည်။ ရှေးအစဉ်အလာ၏ ခံ့ထည်မှု အရှိန်အ၀ါ ကြီးမားလှသည်။ ရောက်ဖူးချင်စရာ ကောင်းလှသည်ဟု မိမြင်ရင်စိတ်ထဲ တွေးမိသည်။

ဝေးလံသော်လည်း မန္တလေးသင်တန်းကိုပဲ တမင်တကာ ရွေး၍ လျှောက်လိုက်သည်။ ဤသို့ဖြင့် မွန်ပြည်နယ်မှ သူနာပြုသင်တန်းသူလေး မိမြရင်သည် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ရတော့သည်။

ဖွေးဖွေးဖြူစွတ်သော အင်္ကျီနှင့် ထဘီအနီရဲရဲကို မိမြရင် မြတ်နိုးလှသည်။ ထိုအချိန်က ဆေးရုံအုပ်ကြီးမှာ ပန်ချာပီ လူမျိုး ဒေါက်တာ ဂယန်းဆင်းဖြစ်၏။ မေထရွန်ကြီးက ကရင်တိုင်းရင်းသူ ဒေါ်သင်းလှိုင်။ အလွန်စည်းစနစ်ကျပြီး ထက်မြက်သည်။ သင်တန်းသူတွေကို အစစအရာရာ သွန်သင်ညွှန်ပြ ပေးခဲ့သည်။

အားလပ်ချိန်မှာ မန္တလေးရွှေမြို့တော်ကြီးတွင် လည်ပတ်လေ့လာစရာတွေ မကုန်နိုင်အောင် ပေါများသည်။ ကျုံးပတ်လည် ၀န်းရံထားသည့် နန်းမြို့တော်ကြီးက ဆေးရုံကြီးနှင့် ဘာမှ အလှမ်းမဝေးချေ ။ မန္တလေးတောင်၊ ကျောက်တော်ကြီး၊ ရွှေကြီးမြင့်၊ မဟာမြတ်မုနိ အစရှိသဖြင့် ဖူးရမည့် ဘုရားတွေက စုံလှသည်။ ဈေးချိုမှာ ဈေးထွက်ဝယ်ရတာလည်း ပျော်စရာ ။ ဈေးချိုသူတွေ ထိုခေတ်တုန်းက ရွှေခြင်ကျင်းတွေ ၀တ်တတ်ကြသေးသည်။

သင်တန်းအစီအစဉ်ဖြင့် ပြင်ဦးလွင်သို့လည်း မကြာခဏ သွားရောက် လည်ပတ်ခဲ့ရသည်။

၁၉၅၄ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ သုံးနှစ်တိုင် ရွှေမန်းမြေမှာ သူနာပြုပညာတွေ အပတ်တကုတ် ဆည်းပူးလေ့လာခဲ့လေသည်။

(၁၆)
သင်တန်းပြီးဆုံးသည့် ၁၉၅၈ ခုနှစ်တွင် ရေနံချောင်း ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်၌ တာဝန်ထမ်းခဲ့ရ၏ ။ ၁၉၅၉-၆၀ ခုနှစ်ကျတော့ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနခွဲသို့ ပြောင်းရွှေ့ရပြန်သည်။ ၁၉၆၀-၆၁ ခုနှစ်တွင် ၀မ်းဆွဲဆရာမ လက်မှတ်အတွက် ပညာပြည့်စုံအောင် ဒပ်ဖရင် အမျိုးသမီး ဆေးရုံကြီးတွင် သင်တန်းခြောက်လ တက်ရောက်ဆည်းပူးခဲ့ရသည်။

အဲ့သည်နောက်မှာတော့ ပုသိမ်မြို့ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနသို့ ရွှေ့ပြောင်းလာခဲ့ရသည်။ ဤသို့ဖြင့် ပုသိမ်တွင် ရောက်နှင့်နေသည့် မော်လမြိုင်သား ဦးထွန်းမြင့် ဆုံစည်းဖို့ အကြောင်းဖန်လာခဲ့တော့သည်။

(၁၇)

နှစ်ယောက်စလုံး ဌာနကလည်း အတူတူ။ ကိုယ့်လစာနှင့်ကိုယ်။ နောက်ဆံငင်စရာ ဘာမျှမရှိ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ကြသည်။ ဦးထွန်းမြင့်၏ မိခင် ဒေါ်ပုကလည်း ပုသိမ်မှာ လိုက်နေချိန်။ ဒေါ်မြရင် မိခင် ဒေါ်အုန်းစိန်ကလည်း ရောက်နေသည်။ မိခင်ချင်း ခင်မင်ရင်းနှီးသွားကြသောအခါ လူငယ်တွေ၏ အရေးကိစ္စမှာ ဘာအခက်အခဲမျှ မရှိတော့ပြီ။

ထိုအချိန်တွင် ဦးထွန်းမြင့်က တူတော်စပ်သူ ကိုအေးကျော် ရရှိထားသည့် ပုသိမ်ပြည်တော်သာတိုက်ခန်းမှာ နေထိုင်လျက်ရှိသည်။ ထိုအိမ်မှာပဲ မင်္ဂလာဧည့်ခံပွဲပြုလုပ်ခဲ့သည်။ ရုံးမှာ လက်မှတ်မထိုး။ မင်္ဂလာလည်း မဆောင် ။ ပုသိမ် စက်ရှင်တရားသူကြီး ဦးချမ်းလွင်က ဦးထွန်းမြင့်၏ ဆရာသမားအရင်း။

"ဟေ့-မောင်ထွန်းမြင့်။ ငါတို့ ဗုဒ္ဓဘာသာ မိရိုးဖလာ ထုံးစံမှာ လက်မှတ် ထိုးတယ် ဆိုတာ မရှိဘူးကွ။ ပုဆိုးတန်းတင် အကြင် လင်မယားပဲ ရှိတယ်။ အရှေ့ ခုနစ်အိမ်၊ အနောက် ခုနစ်အိမ်က အသိအမှတ် ပြုရင် လင်မယားအဖြစ် အရာရောက်တယ်။ ဘာမှ အပိုတွေ မလုပ်နဲ့။ အရေးကြီးတာက တစ်သက်လုံး မြတ်မြတ်နိုးနိုး ပေါင်းသင်းဖို့ကွ။ လက်မှတ် ထိုးဖို့တော့ ငါ့ဆီ မလာခဲ့နဲ့။ ကြားလား။ ငါ ဘာမှ လုပ်မပေးဘူး" ဟု ဆိုသည်။

သို့ဖြင့် သီတင်းကျွတ်သည်နှင့် အိမ်ထောင်ပစ္စည်းတွေ ပြေးဝယ်။ ပြည်တော်သာ တိုက်ခန်းရှေ့မှာပဲ မီးသီး၊ မီးကြိုးတွေ ကိုယ့်ဘာသာ ဆင်။

ဖိတ်စာ ရိုက်တော့ ပုံနှိပ်တိုက်က- "အစောင် ငါးဆယ်တည်း မှာတာ တစ်ခါမှ မကြားဖူးဘူး။ နှစ်ရာလောက်တော့ ရိုက်သွားပါလား" ဟုဆိုသည်။

"ဟာဗျာ၊ ပုသိမ်မှာ အသိ မိတ်ဆွေတွေလည်း မများပါဘူး၊ ပိုနေမှာပေါ့" ဟု ပြန်ပြောမိသည်။ တကယ်တမ်းကျတော့ ဆေးရုံ အသိုင်းအ၀ိုင်းနှင့် ဖိတ်စာ နှစ်ရာပင် မလောက်ငချေ။

ဦးထွန်းမြင့်၏ ကျောင်းနေဖက် သူငယ်ချင်း ဗိုလ်မှူး မောင်မောင်လွင်က ပုသိမ်မှာ တာဝန်ကျ၍ ထိုခေတ်က ပေါ်ကာစ တိပ်ရီကော်ဒါ ၀ယ်ထားတာ မကြာသေး။ သူ ကိုယ်တိုင် သယ်ယူ လာပြီး ၀မ်းသာအားရ သီချင်းတွေ ဖွင့်ပေးသည်။ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးထွန်းရှိန်နှင့် လက်ထောက် ဆရာဝန် ဒေါက်တာ ရွှေဝါ၊ စစ္စတာ မီရီယံတို့ လာပြီး ချီးမြှင့်ခဲ့ကြသည်။

သီတင်းကျွတ်စ၊ မိုးကာလလည်း လုံးလုံး မလွတ်မြောက်သေး၍ မိုးမင်းက ဗြုန်းဗြုန်းဗြင်းဗြင်း ကျီစယ်လိုက်သေးသည်။ သို့သော် မိုးပြေး ခဏမျှ ဖြစ်၍ ဧည့်ခံပွဲမှာ စည်စည်ကားကားနှင့် ပျော်စရာလေးပင် ထမြောက် အောင်မြင်ခဲ့တော့သည်။

(၁၈)
လက်ထက်ပြီး၍ များမကြာခင် ပြည်တော်သာတိုက်ခန်းက ကိုအေးကျော်တို့ အခန်းနားမှာ တစ်ခန်း အားသွားသည်။

တစ်ရက်သောအခါ ရုံးတွင် ခရိုင်ဆရာဝန်ကြီး ရောက်ရှိနေစဉ် အခန့်သင့်၍ ဦးထွန်းမြင့်က အိုးအိမ် အင်ဂျင်နီယာထံသို့ ဖုန်းလှမ်းဆက်သည်။ ဖုန်းဝင်သွားသောအခါ "ကျေးဇူးပြုပြီး ခဏ ကိုင်ထားပါ ခင်ဗျာ" ဟု ဆိုကာ ဆရာဝန်ကြီး လက်ထဲ ဖုန်းထိုးထည့်ပေးပြီး "ဆရာ ကျွန်တော့်အတွက် ပြည်တော်သာ တိုက်ခန်းလေး ပြောပေးပါဦး" ဟု အပူကပ်ရသည်။

ဆရာဝန်ကြီးက တစ်ဖက်နှင့် ပြောဆိုရင်း "ဟေ့ မောင်ထွန်းမြင့်၊ ဟိုက မေးနေတယ်။ အားနေတာ အခန်းနံပါတ် ဘယ်လောက်လဲတဲ့" ဟု လှမ်းမေးသည်။

အားလပ်နေတာ နံပါတ် (၇)။

ဤသို့ဖြင့် သူတို့ ဇနီးမောင်နှံ နေစရာ အခန်း ရရှိ သွားခဲ့ကြလေသည်။

မော်လမြိုင်သား ဦးထွန်းမြင့်၊လူပျိုဘဝ

ဇာသပြင်သူ မိမြရင်၊ သူနာပြု သင်တန်းသူ၊ မန္တလေး တောင်ပေါ်တွင်

မော်လမြိုင်သားနှင့် ဇာသပြင်သူတို့ ဖူးစာ

ပုသိမ်ပြည်တော်သာတိုက်ခန်း
အခန်း (၂)
ကလေးလေးအတွက် ဂီတကျောင်း

(၁)
ထူးအိမ်သင် ဖြစ်လာမည့် သားဦး၊ သားကြီး ကျော်မြင့်လွင်ကို ၁၉၆၃ ခုနှစ်။ ဇူလိုင်လ ၁ ရက် နေ့မှာ ဖွားမြင်ခဲ့သည်။ သားဦးပင် ဖြစ်သော်ငြားလည်း အခက်အခဲ တစ်စုံတစ်ရာ မရှိ။ ချောမွေ့ လွယ်ကူသည်။ မှတ်မှတ်ရရ ထိုနေ့က “ပေးဒေး” ဖြစ်သည်။ ၀န်ထမ်း သားသမီး လခထုတ်ရက်မှာ မွေးတာကတော့ တကယ့်ကို သတိရစရာ ဖြစ်သည်။

မီးဖွားပြီး ခြောက်လခန့် အကြာတွင် မိခင် ဒေါ်မြရင်က မော်လမြိုင်သို့ ပြောင်းရသည်။ ဦးထွန်းမြင့်ကလည်း ရာထူး တစ်ဆင့်တက်ဖို့ ရန်ကုန် Pasteur Institute ရှိ ဒေါက်တာ အာဟတ်ထံတွင် အထွေထွေ ဓါတ်ခွဲ ကျွမ်းကျင်သင်တန်း သွားတက်နေရသည်။

(၂)
မော်လမြိုင်က အမျိုးတွေကတော့ ဖြူစင်ဖွေးဥ ၀တုတ်တစ်နေသည့် သားယောကျာ်းလေးကို အားလုံး ၀ိုင်းချစ်ကြသည်။ မြင်သူတိုင်းက-

"ဟယ် ဘဲဥကလေးလိုပဲ။ ဘဲဥကလေးလိုပဲ" ဟု ပြောတတ်ကြ၍ ဘဲဥ အမည်တွင်တော့သည်။

"ဟယ် စိမ်းစားဥကြီးလိုပဲ" ဟု ပြောသူတွေလည်း ရှိခဲ့ကြသည်။ သို့သော် ကံကောင်း ထောက်မစွာပင်။ စိမ်းစားဥ ဆိုသည့် အမည်မတွင်ခဲ့ချေ။

(၃)
အမေ ဒေါ်မြရင်၏ အဘိုးက ဘီလူးကျွန်း မုရစ်ကလေးရွာမှ ဘုန်းတော်ကြီး ဖြစ်သည်။ ဗေဒင် အတွက်အချက် ကျွမ်းကျင်သည်။ မွန်တို့၏ ရှေးရိုးစဉ်လာ ဓလေ့များ၊ မွန်တိုင်းရင်းသား လူ့အဖွဲ့အစည်းများ အတွင်းရှိ လူမှုကိစ္စ အားလုံးနှင့် ဆိုင်သော အကြောင်းအရာများ၊ ရှောင်ရန်၊ ဆောင်ရန် အချက်များ လမ်းညွှန်ချက်များနှင့် ဂြိုလ်နက္ခတ် သွားလာပုံ၊ ဗေဒတွက်နည်းစုံများ ပါဝင်သည့် လောကသိဒ္ဓိကျမ်းနှင့် လောက သမုတ္တိကျမ်းများကို ပိုင်နိုင်သူ ဖြစ်သည်။

ဆရာတော်က ကလေး၏ ဇာတာကို ခွင်ချ တွက်ချက် ကြည့်ပြီး-

"အိမ်း၊ ဒီကလေးကဖြင့် သာမည ကလေးတော့ မဟုတ်ဘူးဟေ့။ လျှမ်းလျှမ်းကြီးကို တောက်ဦးမယ့် ကလေး။ ပဒေသာပင်ကြီးလိုပဲ ဝေဆာ သီးပွင့်ဦးမှာ၊ ဘုန်းကြီးကတော့ တပ်အပ် ပြောလိုက်ပြီ" ဟု အားရပါးရ မိန့်သည်။

တစ်ဆက်တည်းမှာပင် ဆရာတော်က မွန်အမည် "ပေါဆောမ်" ဟူ၍ မှည့်ခေါ်ပေးခဲ့သည်။ အဓိပ္ပာယ်က "ငွေသီးပွင့်သည့် ပဒေသာပင်" ဟူ၏။

"စကြာဝတေးမင်းကဲ့သို့ တန်ခိုးကြီးပါစေ။ မိဘကို ရိုသေသည့် သားထူးသားမြတ် အဖြစ် ရရှိစေ" အစချီသည့် ဂါထာရွတ်ဆိုပြီး သိဒ္ဓိများလည်း တင်ပေးခဲ့သည်။

(၄)
အဖေ ဦးထွန်းမြင့်ကတော့ ရန်ကုန်မှာ သင်တန်းတက် ပြီးသွားသောအခါ ပုသိမ်ကိုပဲ ပြန်ရောက်သည်။ ဇနီးနှင့် ကလေးငယ်က မော်လမြိုင်မှာ ရောက်နေခဲ့သည်။

ဤသို့ဖြင့် မဖြစ်ချေသေး ဆိုပြီး ရန်ကုန် ရုံးချုပ်မှာ ကူးစက်ဌာန (Epidemic) ကိုင်သော ဒေါက်တာ ဦးကိုကိုထံ သွားရသည်။ ဆရာဝန်ကြီးက ဆင်နားရွက် တံခါးမှာ ရစ်သီရစ်သီ လုပ်နေသော ဦးထွန်းမြင့်ကို လှမ်းတွေ့၍ "၀င်လာခဲ့ဟေ့။ ဘာကိစ္စလဲ" ဟု ဆိုသည်။

"ဒီလိုပါ ဆရာ-ကျွန်တော့်အလုပ်က ပုသိမ်မှာ။ မိန်းမနဲ့ ကလေးငယ်လေးက မော်လမြိုင် ရောက်နေကြပါတယ်" ဟု ဆိုရုံရှိသေး-

"အေး၊ ဟုတ်ပြီ ဟုတ်ပြီ။ ငါ သိပြီ။ အဆင်ပြေအောင် ငါ လုပ်ပေးလိုက်မယ်။ ရုံးအုပ်ကြီးဆီမှာ လိုတဲ့ အချက်အလက်တွေ ရေးထားပေးခဲ့။ ဘာမှ စိတ်ပူမနေနဲ့။ စိတ်ချသွားတော့"ဟု ဆိုသည်။

တစ်လတာကာလ အတွင်းမှာပင် ဒေါ်မြရင် ပုသိမ်မြို့သို့ ပြောင်းရွှေ့အမိန့် ပြန်ထွက်လာ၍ မိသားစု ပြန်ဆုံစည်းရတော့သည်။ ဘာဆိုဘာမျှ အပို ဂါရ၀ မလိုအပ်ခဲ့။ ခယ၀ပ်တွား မလုပ်ခဲ့ရ။ ရုံးကိစ္စ၊ ရုံးအလုပ်၊ သူ့စည်းသူ့ကမ်း သူ့နည်းလမ်းဖြင့် သူ့အလိုလိုသာ ပြီးမြောက်ခဲ့ရသည်။ ကျေးဇူးကြီးမားလှသည် ဆိုရမည်။

(၅)
သည်ကြားထဲမှာ သွားဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း သင်တန်းတစ်ခု နယူးဇီလန်နိုင်ငံမှာ သွားတက်ဖို့ဆိုပြီး ပေါ်လာ၍ လျှောက်ကြည့်လိုက်သေးသည်။ သို့သော် ရန်ကုန်မြို့မှာတင် သွားဘက်ဆိုင်ရာ ဆေးကောလိပ် ဖွင့်လှစ်ဖြစ်သွားသည့်အတွက် အဆိုပါ အစီအစဉ် တစ်ခုလုံး ပျက်သွားခဲ့သည်ဟု ဆိုသည်။

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ တက်လာပြီးသည့် နောက်ပိုင်း တစ်ချိန်က ၀န်ထမ်းစည်းမျဉ်း စည်းကမ်းနှင့် အနည်းအကျဉ်း ငြိစွန်းခဲ့သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ကြေညာချက် တစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ဤသို့ဖြင့် နဂိုမူလ လူဝင်မှုကြီးကြပ်ရေးဌာနသို့ အရာရှိ အဖြစ် ပြန်သွားလိုက ပြန်သွားနိုင်သည့် အခွင့်အလမ်း ရရှိလာခဲ့လေသည်။

သို့ပါသော်လည်း ပြန်စဉ်းစားတော့ ကျန်းမာရေး ၀န်ထမ်းလောက ပတ်ဝန်းကျင်မှာ နေသားတကျ ဖြစ်နေပြီ။ အိမ်ထောင်ရက်သား ကျပြီး ရင်သွေး ရတနာပင် ထွန်းကားနေခဲ့ပြီ။ ဟိုမှာဆို အစစအရာရာ အားလုံး အသစ်က ပြန်စရဦးမည်။ သို့ဖြစ်၍ ပြန်မသွားဖြစ်တော့ချေ။

(၆)
ပုသိမ်မြို့တွင် ကျောင်းကျန်းမာရေးဌာန ဖွဲ့စည်း ထားရှိ၍ ကျောင်းကျန်းမာရေး အရာရှိ ရာထူးကလည်း လစ်လပ်နေသည်။ စာရေးကြီး လစာ ၂၀၀ ကျပ်နှင့် ရှားပါးစရိတ်နှင့်မို့ မဆိုးဟု ဆိုရမည်။ သို့ဖြင့် ဦးထွန်းမြင့်လည်း ကာလသားရောဂါ တိုက်ဖျက်ရေးမှ ကျောင်းကျန်းမာရေးသို့ ဌာနပြောင်း လျှောက်ထားခဲ့ရာ ရရှိသွားသည်။

ဒေါ်မြရင်လည်း များမကြာမီ ကျောင်းကျန်းမာရေးဌာနသို့ ပြောင်းရွှေ့ခွင့် ရပြန်သောကြောင့် လင်မယား နှစ်ယောက် တစ်ဌာနတည်း အတူတူ ဖြစ်သွားကြလေသည်။

ကျောင်းကျန်းမာရေးဌာန အလုပ်က စာသင်ကျောင်းများရှိ ကလေးတွေ၏ ကျန်းမာရေးကို လိုက်လံ စစ်ဆေး စောင့်ရှောက် ပေးရသောကြောင့် ပျော်စရာလည်း ကောင်းသည်။ စာသင်ကျောင်းတွေ အနှံ့သွား ကျန်းမာရေး ဆိုင်ရာ ဟောပြော၊ ကာကွယ်ဆေးချိန် ကာကွယ်ဆေးတွေ ထိုးနှံ ပေးရသည်။ ကလေးများ တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် ပညာပေး ရှင်းပြရသည်။

တစ်ကိုယ်လုံး ၀ဲတွေ ပေါက်နေသော ကလေးမျိုးနှင့် တွေ့ရလျှင် အ၀တ်တွေ ချွတ်၊ စုတ်တံကြီး တစ်ချောင်းနှင့် တစ်ကိုယ်လုံး အနှံ့ဝဲဆေးတွေ သုတ်သိမ်းပေးတာမျိုး လုပ်ပေးရသည်။

(၇)
ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးက ဒေါက်တာ ကျော်စိန်၊ ခွဲစိတ်ဆရာဝန်က ဒေါက်တာ မြတ်သူရတို့ ရှိကြသည်။ ပုသိမ် ကျောင်းကျန်းမာရေးဌာနမှာ တာဝန်ခံ ဆရာဝန်က ဒေါက်တာ ဒေါ်ခင်မော်ဦး။ နောက်ပြီးတော့ သွားဆရာဝန် တစ်ဦးလည်း ရှိသေးသည်။

ပုသိမ်မြို့က နယ်မြေကျယ်ဝန်းသောကြောင့် ကျောင်းကျန်းမာရေးအတွက် အဖွဲ့နှစ်ဖွဲ့ပင် ခွဲထားခဲ့ရသည်။

အလုပ် လုပ်ရကိုင်ရတာ ပျော်စရာ ကောင်းသည်။ လင်မယားနှစ်ယောက် ၀င်ငွေ ဖြစ်၍ စားဝတ်နေရေးကလည်း ဘာဆိုဘာမျှ ပူပင် ကြောင့်ကြစရာ မလို။ သားသမီးတွေ တစ်ယောက်ပြီး တစ်ယောက် တိုးပွား လာကြ၍ မိသားစုထဲမှာ သိုက်သိုက်ဝန်းဝန်း စည်စည်ပင်ပင် ဖြစ်လာသည်။

သားကြီး ကျော်မြင့်လွင်ကို ၁၉၆၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သမီးကြီး ခင်မိုးရီကို ၁၉၆၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှာ မွေးဖွားသည်။ သူ့နောက်က ဒုတိယသား မောင်ဥာဏ်စိုး၊ ၁၉၆၇ ခုနှစ် နိုဝင်ဘာ ၂၀။ အဲသည့်နောက် နွယ်နီခင် ၁၉၆၉ ဧပြီ ၁၇၊ အောင်မျိုးဟိန်း ၁၉၇၀ ပြည့်နှစ် မတ် ၁၅ နှင့် မင်းဆုမွန် ၁၉၇၂ ခုနှစ် သြဂုတ် ၁ တို့ ထွန်းကား လာကြသည်။

သူတို့ အားလုံး အပြိုင်းအရိုင်းပင် ကြီးပြင်း လာခဲ့ကြပြီး မိသားစု အစုအဝေးကို အားဖြည့် ပေးခဲ့ကြလေသည်။

အိမ်မှာက သားသမီးတွေသာ မဟုတ်။ အပေါင်းအသင်းတွေလည်း များ၍ စည်ကားသည်။ အထူးသဖြင့် ဂီတအနုပညာ အပေါင်းအသင်းတွေ ဖြစ်ကြလေသည်။
(၈)
ဦးထွန်းမြင့်သည် ငယ်စဉ်ကပင် ကဗျာ လင်္ကာ အနုပညာ ၀ါသနာ ပါခဲ့သည်။ မော်လမြိုင်မြို့ ရှင်မဟာဗုဒ္ဓဃောသကျောင်းမှာ နေစဉ် သူ၏ ဆရာ ဦးဘသန်းက စာရေးဆရာ ဖြစ်သည်။ တေးထပ်၊ သံချို၊ ရတု၊ မေတ္တာစာ၊ ကဗျာလင်္ကာရေးဖွဲ့ နည်းတွေ၊ ကာရန်နှင့် ဒေါသ၊ စပ်ထုံးမျိုးစုံ အားလုံး အကုန် သင်ကြား ပေးခဲ့သည်။

မော်လမြိုင် ကောလိပ်ကျောင်းမှာ တက်နေစဉ် ရှင်မဟာဗုဒ္ဓဃောသ ဗုဒ္ဓဘာသာ သာသနာပြု အထက်တန်းကျောင်းကြီးတွင် အချိန်ပိုင်း ဆရာ ပြန်ဝင်လုပ်နေခဲ့သည် ဖြစ်၍ တစ်ခါတော့ ကျောင်း Concert ကပွဲ လုပ်ဖို့ ကြုံကြိုက် လာခဲ့သည်။ ကျောင်းအုပ်ဆရာကြီးကလည်း စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ဖြစ်စေချင်သည်။

ဦးထွန်းမြင့်နှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း လူငယ်ဆရာတွေ ၀ိုင်းဝန်း တိုင်ပင် ကြည့်ကြသည်။ ထိုအချိန်တွင် ဦးထွန်းမြင့်က ဥမ္မာဒန္တီပျို့ကို ဖတ်ထားမိသော အချိန်။ သူငယ်ချင်းတွေက ပြဇာတ် တစ်ပုဒ်လောက် တင်လျှင် ကောင်းမည်ဟု အဆိုပြုကြသည်။ ထိုအခါ ဦးထွန်းမြင့်မှာ ဖျတ်ခနဲ စိတ်ကူး ပေါ်လာသည်။ သို့ဖြင့် သူငယ်ချင်းများကို "ပြဇာတ် ငါရေးပေးမယ်" ဟု တာဝန်ခံလိုက်လေတော့သည်။

(၉)
ူကျောင်း Concert ပွဲဆိုသည်မှာ ပဒေသာယိမ်းအမျိုးမျိုး၊ အက အဖုံဖုံနှင့် စုံလင်အောင်တင်ဆက်ရမြဲဖြစ်သည်။ ဦးထွန်းမြင့်နှင့် သူငယ်ချင်း လူငယ်ကျောင်းဆရာတစ်စုက ထိုအစီအစဉ်အားလုံးကို ပြဇာတ်တစ်ပုဒ်နှင့် အဆင်ပြေအောင် ဆောင်ရွက်မည်ဆိုသောအခါ ကျောင်းအုပ်ဆရာကြီးက "မင်းတို့ပြဇာတ်က ပိုက်ဆံဘယ်လောက် ကုန်မလဲ" ဟုမေးသည်။

သူတို့က ငွေနှစ်ထောင်ခန့် ကုန်ကျမည်ဟု တွက်ချက် တင်ပြကြသည်။ ထိုခေတ်က ငွေနှစ်ထောင်ဆိုသည်မှာ နည်းနည်းနောနော မဟုတ်။ သို့သော် ဆရာကြီးက အဘက်ဘက်မှ စဉ်းစားပြီး ခွင့်ပြုပေးသည်။

သူတို့ကလည်း အစွမ်းကုန် ကြိုးစားကြသည်။ သူငယ်ချင်းတစ်ယောက်က သိဝိမင်းကြီးလုပ်သည်။ ဥမ္မဒန္တီနှင့် ပုဏ္ဏားများ တွေ့ဆုံခန်းမှာက ဟာသအကွက်တွေ ပါဝင်ပြီးသားဖြစ်သည်။ နက္ခတ်ပွဲသဘင်မှာ သိဝိမင်းကြီး တိုင်းခန်းလှည့်လည်လာစဉ် တိုင်းသူပြည်သားတွေက သူတို့တတ်ကျွမ်းသမျှ အနုပညာ အဆိုအကအတီး အမှုတ်တွေနှင့် ဖျော်ဖြေပေးရမည်ဟု အမိန့်တော် ထုတ်ပြန်ထားစေသည်။ ဤနည်းအားဖြင့် မြားနတ်မောင်ယိမ်း၊ စန္ဒကန္နရီယိမ်း ၊ ဒိုးပတ်ဝိုင်း ၊ ဟာဝေယံ(ဟိုနိုလူလူ)ယိမ်း အစီအစဉ်တွေကို ပြဇာတ်ထဲမှာပဲ အဆင်ပြေပြေနှင့် ဖျော်ဖြေစေခဲ့သည်။

ဦးထွန်းမြင့်၏လက်ရာ ထိုပြဇာတ်သည် ကျောင်းကပွဲမှာ အထူးအောင်မြင်ခဲ့ဖူးသည်။

(၁၀)
ပုသိမ်မြို့ ပြည်တော်သာဝန်ထမ်း ရပ်ကွက်ထဲမှာ ကျတော့လည်း ဦးထွန်းမြင့်က စာရေးဆရာပဲဖြစ်ရပြန်သည်။ လှုပ်ရှားမှုတစ်ခုခုဆို သူ့ကိုပဲလာပြီး အပူကပ်သည်။ သူကလည်း သြဘာစာမှအစ သံချပ်အထိ ရေးချွတ်ပေးတတ်သည်။ ရပ်ကွက်ပွဲမှာ လူလိုလျှင် သူကိုယ်တိုင်ပင် လူပြက်လုပ်ပေးသည်။

ဦးထွန်းမြင့်သည် သီချင်းကြီး၊ သီချင်းခံမှသည် ကာလပေါ်တေးဂီတအထိ လွန်စွာဝါသနာပါသည်။ ဂီတ တူရိယာကိုတော့ ဟုတ်တိပတ်တိဘာတစ်ခုမျှ မတီးတတ်။ မမှုတ်တတ်။ သို့သော် စိတ်အာရုံ အထူးဝင်စားသည်။ ဤသို့ဖြင့် ပုသိမ်မြို့မှ ဂီတအုပ်စုတစ်စုက အိမ်မှာပဲ လာပြီးစက်ကျနေတော့သည်။

ရုံးပိတ်ရက်များဆိုလျှင် ဒေါ်မြရင်က အစားအသောက်တွေ စီစဉ်ပေးသည်။ အိမ်မှာပဲ စုဝေးပြီး တီးကြ ၊ မှုတ်ကြသည့်အတွက် ဂီတသံနှင့် စီစီညံညံအမြဲဖြစ်တော့သည်။

(၁၁)
ပုသိမ်အုပ်စုမှာ ကိုကျော်ခင်က ဟာဝေယံဂီတာအလွန် အတီးအခတ်ကောင်းသည်။

ဦးထွန်းမြင့်က ကိုကျော်ခင်ကို ဆရာတင်ပြီး သင်ယူသည်။ သို့သော် မတတ်မြောက်။ ဒုံမင်း ၊ ပတ္တလား ၊ မယ်ဒလင် တူရိယာတွေလည်း ကိုယ်ပိုင်ဝယ်ပြီးတော့ကို သင်ကြားလေ့ကျင့်သည်။ ပတ္တလားဆိုလျှင် ဟင်္သာတအထိ သွားဝယ်သည်။ ထိန်တောမိုးညိုမှ ဆရာကြီး တစ်ယောက်ထံတွင် ပတ္တလားကောင်းကောင်းတစ်လုံးရှိသည် ဆို၍ အရောက်သွားခဲ့သည်။

ဟိုကျတော့ ရန်ကုန်မှဆရာကြီး ဒေါက်တာဦးဘသန်းက အသံညှိပေးဖို့ ပို့ထားသည်ဆိုသော ပတ္တလား တစ်လုံးကိုလည်း တွေ့ရသည်။ အသံအနေအထား သိပ်ကောင်းသည်။

"ကြိုက်လျှင်ယူသာသွားပါ" ဆို၍ ၀ယ်ချလာခဲ့သည်။

အိမ်မှာ တစ်လငါးဆယ်ကျပ်ပေး၍ ဆရာခေါ်ပြီး သင်ဖို့ကြိုးစားသည်။ သို့သော် ဖြစ်မြောက်မလာ။ နောက်ဆုံးတော့ လက်လျှော့လိုက်သည်။ ပတ္တလားလည်း ရေတပ်ဗိုလ်မှူး တစ်ဦးထံသို့ လက်ပြောင်းရောက်သွား ခဲ့တော့သည်။

(၁၂)
တူရိယာနှင့် အဆင်မပြေသော ဦးထွန်းမြင့်သည် သီချင်းဆိုဖို့လည်း အားသန်သည်။ သို့သော အဆိုဘက်မှာလည်း အသံမတည်နိုင်ပြန်။ အပေါင်းအသင်းတွေ ၀ိုင်းဝန်းမြှောက်ပေးကြ၍ မင်္ဂလာဆောင်မှာ သီဆိုကြည့်တော့လည်း အရှက်ကွဲတာပဲ အဖတ်တင်သည်။ ဤသို့ဖြင့် နောက်ဆုံးမှာတော့ သီချင်း အတီးအဆို အားလုံးကို စိတ်ဖြတ်လိုက်သည်။

သို့သော် တီးဝိုင်းထဲကဖြင့် မထွက်။ ကျရာနေရာမှာ စည်းဝါး လိုက်တီးပေးပြီး ကျေနပ်နှစ်သိမ့်ဖြစ်တော့သည်။

ဦးထွန်းမြင့်တို့ အပျော်တမ်းဂီတအုပ်စုသည် ရပ်ထဲရွာထဲ အလှူမင်္ဂလာဆောင်ပွဲတွေမှာ လိုက်လံတီးမှုတ် ပေးကြသည်။ နွမ်းပါးသည့် ရပ်ကွက်ထဲမှလာပြီး အကူအညီတောင်းလည်း ဈေးမကိုင်။ ဘယ်လောက် အိမ်စုတ်စုတ် လိုအပ်လျှင် ကိုယ့်စရိတ်နှင့် ကိုယ်ပင် သွားရောက်ပြီး ဖျော်ဖြေပေးကြသည်။ တစ်ခါတစ်လေ အိမ်ကပြင်မှာတင် သူတို့ တီးဝိုင်းအဖွဲ့သားတွေ စုပြုံတိုးဝှေ့နေရာယူပြီး ဂီတနှင့် တင်ဆက်ပေးခဲ့ကြလေသည်။

(၁၃)
အိမ်မှာ အမြဲလိုလို စုဝေးတီးမှုတ်သီဆိုနေကြသောကြောင့် ကလေးတွေက ဂီတနှင့်အလိုလို ရင်းနှီးယဉ်ပါး သွားကြသည်။

လူကြီးတွေက ကဖို့ တိုက်တွန်းစေခိုင်းလျှင် ထူးအိမ်သင် ဖြစ်လာမည့် ဘဲဥလေးက မတွန့်မဆုတ် စိတ်ပါလက်ပါ အမြဲကတတ်သည်။ နောက်တော့ ညီမလေး မိုး(ခင်မိုးရီ) ၊ ညီ မောင်ဥာဏ်(ဥာဏ်စိုး) လေးတို့ တစ်တွေလည်း ကလေးတို့ဘာဝ ဂီတနှင့် အတူ ကခုန်ပျော်မွေ့ခဲ့ကြသည်။

(၁၄)
အိမ်မှာက အတီးအမှုတ်တွေသာမက လူစုမိပြီဆို ဂီတအကြောင်းတွေ ပြောကြဆိုကြ ဆွေးနွေးကြ။ တစ်ခါတစ်လေ ငြင်းခုံတတ်ကြသည်။ ဂီတနှင့် ပက်သက်သမျှ ကလေးဘ၀မှာကတည်းက အားလုံးနားရည်ဝနေသည်။

ဂီတအကြောင်းအရာက အမျိုးအစား စုံလင်သည်။

"မြ၀တီမင်းကြီး ဦးစနဲ့ ယိုးဒယား ဇာတ်မင်းသမီး နှင်းနုတို့က ယိုးဒယား အတီးအကတွေနဲ့ စပ်လျဉ်းပြီး အတော်လေးကို ခင်မင်ရင်းနှီးခဲ့တာ။ အတီးအကတွေ လေ့ကျင့်ရင်း တစ်ညတော့ နှင်းနုတို့အိမ်မှာ ညဥ့်နက်သွားပုံ ရသည်။ အဲ့ဒီမှာ ဦးစက "အင်မတု၊ နှင်းနု ရွှေ့နှစ်ကဲ့ ၊ စိမ်းလေပစ်အား။ သည်ညဥ့်ကြိးလယ် ဘယ့်နှယ့် ပြန်ပါရမယ် ၊ ကင်းရန်ကများ" ဆိုပြီး အိမ်မပြန်နိုင်တော့ဘူး၊ သည်မှာတော့ အိပ်လိုက်ပါတော့မယ်ဆိုတာမျိုး ရိသဲ့သဲ့ ရေးခဲ့သေးတာကိုး ဆိုတာမျိုး ရယ်စရာလေးတွေ ကြားရမည်။

တစ်ခါတစ်လေကျတော့လည်း မြန်မာ့ဂီတကိုပင် သမိုင်းကြောင်းကြီးနှင့် ချီပြီး-

"ခင်ဗျားတို့ သိတဲ့အတိုင်း ဟိုးတစ်ချိန်တစ်ခါ ယဉ်ကျေးမှုအရာမှာ အင်မတန်မြင့်မားခဲ့ကြတဲ့ ပျူလူမျိုးတွေ လက်ထက်ကတည်းက
မြန်မာ့ဂီတကောင်းကောင်းထွန်းကားနေပြီဗျ။ တရုတ်ပြည်ကို ချစ်ကြည်ရေး သွားခဲ့တဲ့ သရေခေတ္တရာက ယဉ်ကျေးမှု အဖွဲ့မှာ သီချင်း ၁၂မျိုးနဲ့ သီဆိုတီးမှုတ် ကပြခဲ့ကြတယ်လို့ အတိအကျဆိုထားလို့ သိရတယ်။ ပျူလူမျိုးတွေနဲ့ ခေတ်ပြိုင် ၅ရာစုနောက်ပိုင်း ဖွံ့ဖြိုးခဲ့တဲ့ သုဝဏ္ဏဘုမ္မိ မွန်ဒေသမှာလည်း အဆိုအက အတီးအမှုတ်တွေ ထွန်းကားခဲ့တဲ့အကြောင်း မွန်ရှေးလက်ရာ စဥ့်ကွင်းတွေက တဆင့်သိရတယ်။ ဒါပေမယ့် ဘယ်လို သီချင်းမျိုးတွေ ဖြစ်တယ်ဆိုတာကိုတော့ မသိရတော့ဘူးပေါ့ဗျာ။ အနော်ရထာမင်းလက်ထက်ကျတော့ ပျူ ၊ မွန် ၊ မြန်မာ ယဉ်ကျေးမှုတွေ အချင်းချင်း ရောစပ်သွားခဲ့ကြတာကြောင့် ပိုပြီး တိုးတက် ၊ အဆင့်အတန်းအင်မတန် မြင့်လာခဲ့တာပေါ့" ဆိုသည့် စကားမျိုးတွေ ခမ်းခမ်းနားနားကြားရမည်။

(၁၅)
"ဘုရင်တွေလက်ထက် အဆက်ဆက် ဂီတဆိုတာ ထီးသုံးနန်းသုံး ပညာမို့ သီချင်းတွေကလည်း ဘုန်းတော်ဘွဲ့တွေပဲ များခဲ့တာပါ။ တောဘွဲ့ ၊ တောင်ဘွဲ့ ၊ မြို့ဘွဲ့ ၊ မောင်ဘွဲ့ တွေမှာတောင် ထီးသုံးနန်းသုံး စကားလုံးတွေ စပ်ဆိုကြပြီး ဘုရင့် ရွှေဘုန်းတော်ကိုတော့ မသိမသာလေး ထည့်ထည့်ပြီးချီးကျူးကြတာပဲ" ဟု တစ်ယောက်က ဆိုလျှင်-

"ဟာ..ဒီလိုချည်းတော့လည်း မဟုတ်ပါဘူး။ အဆို၊ အက၊ ဂီတဆိုတာတွေက ရွှေနန်းတော်အပေါ်မှာတင် စည်ပင်နေတာမဟုတ်ပါဘူး။ ရပ်ထဲရွာထဲမှာလည်း ကိုယ့်ဓလေ့ထုံးစံ မိရိုးဖလာ အလုပ်အကိုင်တွေ လုပ်ရင်းကိုင်ရင်း ဆိုကြ ၊ တီးကြသေးတာပါဗျာ။ ဒါကြောင့်လည်း အဲချင်းတွေ ၊ အိုင်ချင်းတွေ ၊ ဗုံကြီးသံတွေ ၊ မောင်းထောင်းသံတွေ ပေါ်ခဲ့တာပေါ့" ဟု တစ်ယောက်က ၀င်ထောက်ပြ ပေးတတ်သည်။

တစ်ခါတစ်လေကျတော့လည်း စကားပွဲက ထိုမျှနှင့် အရှိန်မစဲ။ သီချင်းကြီးမူတွေကို ဂီတမေဒနီ ၊ မဟာဂီတသစ်၊ မဟာဂီတပေါင်းချုပ် ၊ ဂီတ၀ိသောဒနီကျမ်းများဖြင့် ဆုပ်ကိုင်ပြီး အကျောက်အကန်ငြင်းကြ ခုံကြသည်။

(၁၆)
တစ်ခါတစ်လေကျတော့လည်း ဂီတနှင့် ပက်သက်၍ လွမ်းမောစရာလေးများ ကြားရတတ်သည်။

"ရွှေနန်းရှင် သီပေါမင်း အဝေးရောက် သွားပြီးတဲ့နောက် အမေ ဒေါ်စောမြအေးကြည်တို့ အဆို၊ အက၊ ဂီတ အနုပညာရှင်တွေ သီပေါ စော်ဘွားကြီးရဲ့ ဟော်နန်းပေါ်မှာ ဆိုခဲ့၊ တီးခဲ့၊ ကခဲ့ကြတာပေါ့ဗျာ။ အဲသလိုနဲ့ ရှေးအစဉ်အလာတွေ ကြိုးစားပြီး ထိန်းခဲ့ရတာ" အစချီပြီး အလွန်စိတ်ဝင်စားစရာ၊ ရင်ခုန်စရာ ဇာတ်လမ်း ဇာတ်ကွက်တွေဆီသို့ ရောက်ရှိသွားတတ်သည်။

"ထူးမခြားနား ပတ်သီချင်းကြီးကို မြ၀တီမင်းကြီး ရေးဖြစ်ပုံလေး ပြောစမ်းပါဦးဗျာ" ဟု ပွဲတောင်းလာလျှင်တော့ -

"အဲ့ဒါ ဘကြီးတော်ဘုရားလက်ထက်။ အင်းဝမှာ စံနေတုန်း။ တစ်ညကျတော့ ညဥ့်ပိုင်း ညီလာခံ တက်နေတဲ့ အချိန်မှာ စွယ်တော်ဘုရားကြီးက ရောင်ခြည်တော် လွှတ်သတဲ့ဗျာ။ ဒါနဲ့ အဲ့ဒီအဖြစ်အပျက်အကြောင်းအရာကို အမတ်ကြီး မဟာဓမ္မသင်္ကြံနဲ့ တိုင်ပင်ပြီး ရေးသားဆက်သွင်းစေ" ဆိုတဲ့ အမိန့်ကြောင့် နောက်တစ်နေ့နံနက် ညီလာခံမှာ မြ၀တီမင်းကြီးက အချိန်မီရေးသားဆက်သွင်းရတယ်လို့ ဆိုကြတာပဲဗျာ ဟု ကြားရလိမ့်မည်။

"ဗရင်ဂျီ၊ ဘုန်းတော်ဘွဲ့လည်း မြ၀တီမင်းကြီး ရေးခဲ့သေးတယ်နော်"

"အေးဗျ။ အဲ့ဒါက တစ်ခါကျတော့ အင်္ဂလိပ်ကိုယ်စားလှယ် မေဂျာ ဗာနေးဟာ ရွှေနန်းတော်ကြီးကို ၀င်ပြီး ဘကြီးတော်ဘုရား ရှေ့တော်မှာ ရာမဇာတ်တော်ကြီးကို ကြည့်သတဲ့။ အဲ့ဒီမှာ ဦးစရေးတဲ့ ဘုန်းတော်ဘွဲ့ တစ်ပုဒ်ကို ကြားရတဲ့အခါ ဦးစဟာ ဗရင်ဂျီ ဓမ္မသီချင်းသံ တစ်ခုခုကိုအတုယူပြီး ဒီဘုန်းတော်ဘွဲ့ကိုရေးခဲ့ပုံရတယ်လို့ ဗာနေးက မှတ်တမ်းတင်ခဲ့တာပါ" ဟု ဆိုတာကြားရသည်။

(၁၇)
တစ်ခါတစ်လေ ပြောဆိုကြတာတွေကျတော့ တကယ့်အလေးအနက် ထားရမည့် မြန်မာ့ဂီတသဘောတရားပိုင်း တွေဖြစ်သည်။

"မြန်မာသီချင်း တစ်ပုဒ်ဆိုမယ်၊ တီးမယ်ဆိုရင် နရီနဲ့ သံစဉ်တော့ သိထားဖို့ လိုတာပေါ့ဗျာ။ နရီက အချိန်ကိုပြောတာ။ ဆိုလိုက်တဲ့အသံ၊ တီးလိုက်တဲ့ အသံကို ရသပိုပြီး ပေါ်လာအောင် ပိုင်းဖြတ်ပေးတဲ့ စည်းန၀ါးပဲပေါ့။ သံစဉ်ဆိုတာကျတော့ ဆိုတဲ့သီချင်းနဲ့ တီးတဲ့တူရိယာ အသံတွေကို နားထောင်ကြတဲ့အခါ ငြိမ့်ညောင်းသာယာစေဖို့ ပညာရှင်တွေက စီစဉ်ထားကြတဲ့ မိတ်ဖက်အသံတွေကို ပြောတာ။ သီချင်းတေးသွား တီးလုံးပုံစံ အမျိုးအစားများလာတာနဲ့ အမျှ စည်းဝါးသံစဉ်ကလည်း များလာလေတော့ တီးကြ၊ ဆိုကြမယ့် တညီတညွတ်တည်း လိုက်နာကြဖို့ စည်း၊ ဒုန်း၊ သံစဉ်ဆိုတဲ့ စနစ်မူတွေဖြစ်လာရတာပဲ။ သီချင်းတစ်ပုဒ်တီးကြ၊ ဆိုကြမယ်ဆိုရင် အဆိုနယ်၊ အတီးနယ်၊ အမှုတ်နယ်ဆိုပြီး ရှိကြလို့ ဆိုင်ရာတာဝန်ကို ကျေပွန်ပြီးသူများ နယ်ထဲကို ကိုယ်ကသွားပြီး မနှောင့်ယှက်မိစေရအောင် စည်းဝါးသံစဉ်ကို နားလည်ထားရတာဗျ" ဆိုသည့် စည်းကမ်းပိုင်းတွေ။

"မြန်မာဂီတမှာ အတီးအမှုတ်က အဆိုရဲ့ အခြံအရံ အဖေးအမသက်သက်မဟုတ်ဘူးလေ။ သဘောတူ ဖက်တွဲထားရတာ။ ဆိုတဲ့လူက တီးကွက်နဲ့ စည်းဝါးအ၀င်အထွက်ကို စောင့်ပြီး ခွင်ကျအောင်ဆိုရတယ်။ တီးတဲ့လူကလည်း ဆိုကွက်နဲ့ စည်းဝါးအ၀င်အထွက်ကို စောင့်ပြီး ခွင်ကျအောင် တီးရတယ်။ ခွင်ကျအောင် ဆိုနေ၊ တီးနေသမျှတော့ ခွင်ထဲမှာ ဆိုတဲ့သူကလည်း ကွန့်ချင်တိုင်းကွန့်၊ တီးတဲ့သူလည်း ကွန့်ချင်တိုင်းကွန့်နိုင်တာမျိုးပါ" ဆိုသည့် မှတ်လောက်၊ သားလောက်စကားတွေ။

"အဆိုကောင်းဆိုတဲ့ သဘောက အသံရဲ့အားတစ်ခုတည်း မဟုတ်သေးဘူး။ လေယူလေသိမ်း အဆွဲအငင်၊ မေးဝဲမေးရိုက်တွေပါ ကျွမ်းကျင်ဖို့ လိုသေးတာကလားဗျ" ဆိုသည့် အဖိုးတန်စကားတွေ။

(၁၈)
ထူးအိမ်သင်ဖြစ်လာမည့် ဘဲဥကလေးသည် လူမှန်းသိတတ်စကတည်းက ထိုပတ်ဝန်းကျင်မျိုးနှင့် ကောင်းကောင်းကြီးထိတွေ့ဆုံစည်းခွင့် ရရှိခဲ့လေသည်။

တစ်နှစ်ပြည့် ဘဲဥ

ဦးထွန်းမြင့် ဒေါ်မြရင်နှင့် ဘဲဥလေး

၂နှစ်သား ဘဲဥ

သုံးနှစ်ပြည့်၊ ပုသိမ် ဒုံးပျံ ဓါတ်ပုံတိုက်

လေးနှစ်သား ဖိုးသူတော်။
အဖေနှင့် မော်လမြိုင် အလည်လိုက်သွားစဉ် အစ်ကို ၀မ်းကွဲ(ကိုဆန်းနှင့်ကိုသွင်) ရှင်ပြုရာတွင် ကိုရင် ၀တ်ချင်သည်ဟု ပူဆာရာ ငယ်သေးသည့်အတွက် ဖိုးသူတော် ၀တ်ပေးရသည်။

No comments:

Post a Comment