Wednesday, 27 November 2013

ရွှေဝါရောင် ဥပုသ်နေ့ - မင်းလူ

 
ရွှေဝါရောင် ဥပုသ်နေ့



ဆီဈေးကျခြင်းသည် ကျွန်တော့်အတွက် သိပ်မကောင်းလှချေ။ ရှင်းပါမည်။ ကျွန်တော်၏ အိပ်ခန်းသည် မီးဖိုချောင်နှင့် ကပ်လျက်ရှိ၍ မနေသော်လည်း မည်သို့မည်ပုံ ဆက်သွယ်နေမှန်းမသိ။ မီးဖိုချောင်မှ တစ်စုံတစ်ခု ကြော်လှော်လိုက်သည်နှင့် ညှော်နံ့သည် ကျွန်တော့်အခန်းထဲသို့ တန်းခနဲ ရောက်ရှိလာလေတော့သည်။

အရင်ကဆိုလျှင် ဆီဈေးကြီးသောကြောင့် ကျွန်တော်တို့အိမ်တွင် ကြော်လှော်ခြင်းကို သိပ်မပြုနိုင်။ မေမေပြောလေ့ရှိသော “လုံးချက်” ခေါ် ဆီနည်းနည်းဖြင့်ချက်သည့် ဟင်းများဖြင့်သာ ပြီးခဲ့ရသည်။ ယခုအခါတွင်မူ မေမေသည် “ဆီဈေးတွေကျပဟဲ့” ဟုဆိုလျှင် နံနက်တိုင်း ဝမ်းမြောက်ဝမ်းသာ ကြော်၍သာ နေတော့သည်။ ကျွန်တော့်မှာလည်း နံနက်တိုင်း ညှော်၍သာ နေတော့သည်။

ယနေ့နံနက်တွင်လည်း ညှော်နံ့သည် ကျွန်တော့်ကောင်မလေးက “ကိုကို ထတော့လေ” ဟု လာပြောနေသကဲ့သို့ ကျွန်တော့်ကို လာနှိုးနေလေသည်။ နာရီကိုကြည့်လိုက်ရာ ခုနစ်နာရီပဲ ရှိပါသေးသည်။





“မေမေရယ်၊ အစောကြီးရှိသေးတယ်၊ ညှော်က ကြော်နေပြီလား”

“ဒီနေ့ ဈေးမသွားဘူးလေ၊ မနေ့က ညနေကတည်းက တောသည်တွေဆီက အမဲသားဝယ်ထားတယ်၊ မင်းပဲ အမဲသားကိုမျှင်ပြီး ငရုတ်သီးနဲ့ကြော်တာ စားချင်တယ်ဆို”

မေမေက ဒယ်အိုးထဲသို့ အချိုမှုန့်ကို ချိန်ဆ၍ထည့်ရင်း ပြန်ပြောသည်။ ကျွန်တော်ကလည်း အစကတည်းက မေမေ့ကို အပြစ်ဆိုရန် ရည်ရွယ်၍ ပြောခဲ့ခြင်း မဟုတ်သောကြောင့် ဘာမျှပြန်မပြောတော့ဘဲ မျက်နှာသစ်ရန် ထွက်လာခဲ့သည်။

မျက်နှာသုတ်ပြီး၍ အိမ်ရှေ့ခန်းသို့ ထွက်လိုက်သောအခါ စားပွဲပေါ်တွင် လက်ဖက်ရည်ပန်းကန်ကို အဆင်သင့်မြင်လိုက်ရမှ ကျေနပ်တတ်ကြောင်းကို မေမေသည် မပြောဘဲနှင့် သိ၍နေလေသည်။ ထို့ကြောင့်ပင် မေမေသည် “အမေ” ဖြစ်နေခြင်း ဖြစ်ပါလိမ့်မည်။
“ဟဲ့.. နည်းနည်း မြည်းကြည့်စမ်း၊ ဘယ်လိုနေသလဲလို့”
မေမေက အသားကြော် နည်းနည်းထည့်ထားသော အကြမ်းပန်းကန်လုံးကလေးကို ရှေ့မှာလာချ၏။ အဖတ်တစ်ဖတ်ကို ယူ၍မြည်းနေတုန်း မေမေက ကျွန်တော့်ကို စိုက်ကြည့်နေလေသည်။
“ဆံပင်က ရှည်လှပြီကွယ်၊ သွားညှပ်လိုက်ပါလား”
အိပ်ရာမှ နိုးနိုးချင်း ခေါင်းမဖြီးမိသောကြောင့် ဖွာဆန်ကြဲနေသော ဆံပင်များကိုကြည့်၍ မေမေက ပြောလိုက်ခြင်းဖြစ်သည်။ အမှန်အားဖြင့်လည်း လူကြီးတွေက ရှည်လှပြီဟု ထင်ပြီး လူငယ်တွေက မရှည်သေးပါဘူးဟု ထင်၍ ကျွန်တော့်ကောင်မလေးက အနေတော်ပဲဟု ထင်မည့် အခြေအနေမှာ ရှိမည်။
“ပိုက်ဆံမရှိတော့ဘူး မေမေရဲ့၊ မနေ့ညက သူငယ်ချင်းတွေကို ရုပ်ရှင်ပြလိုက်ရလို့ ကုန်ပြီ”
“မေမေ ပေးပါ့မယ်”
အဝတ်အစားလဲ၊ မေမေပေးသော ပိုက်ဆံနှစ်ကျပ်ကိုယူ၍ ထွက်လာခဲ့သည်။





ကျွန်တော် ဆံပင်ညှပ်ရန် ထွက်လာခဲ့ခြင်း မဟုတ်ပါ။ လက်ရှိ ကျွန်တော့်ဆံပင်၏ အခြေအနေလောက်ဖြင့် ကျွန်တော် မညှပ်ချင်သေး။ အမှန်အတိုင်း ဝန်ခံရလျှင် ဆံပင်ရှည်ရခြင်းကို ကျွန်တော်ကြိုက်သည်။ ဆံပင်ရှည်လှခြင်း၏ အရသာကို နားလည်အောင်ပြောရန် ခက်လှသည်။ နောက်ဖက်က ဆံပင်သည် အင်္ကျီကော်လာ တစ်ဝက်လောက်အထိ ဖုံးအုပ်၍မနေလျှင် ကိုယ့်ကိုယ်ကို ပုံမကျပန်းမကျဟု ထင်သည်။ ဘေးကဆံပင်သည် နားရွက်၏ အဖျားများကို တစွန်းတစ ဖုံးအုပ်၍မနေလျှင် ကိုယ့်ကိုယ်ကို မလုံခြုံဟု ထင်သည်။ ကျောကုန်းတစ်ဝက်လောက်အထိ ဖုံးအုပ်လောက်အောင် ရှည်လျားသော ဆံပင်ကိုမူ ကျွန်တော်လည်း မကြိုက်။ ထို့အတူ ကုပ်သားပြောင်၍ နားကွင်းကျယ်သော ဆံပင်တိုနန့်နန့်ကိုလည်း မကြိုက်ကြောင်း ဝန်ခံပါ၏။

အမှန်အားဖြင့် ယခု ထွက်လာခဲ့ခြင်းမှာ ကျွန်တော်၏ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ဖြစ်လေသည်။ အချစ်ကိစ္စ။ ကျွန်တော်၏ ကောင်မလေးဖြစ်သော မိစံက ကျွန်တော့်ကို ချိန်းထားသည်။ ဈေးထဲမှာ။ ဤမျှလောက် လူရှုပ်သော ဈေးထဲမှာ ချိန်းသောကြောင့် ခပ်ကြောင်ကြောင်အတွဲပဲဟု မထင်ကြပါနှင့်။ ကျွန်တော်တို့မှာ ချိန်းစရာနေရာ သည်တစ်နေရာသာ ရှိသောကြောင့်ပါ။





ကျောင်းမှာတုန်းကဆိုလျှင် နေ့တိုင်း တွေ့နိုင်သည်။ တက္ကသိုလ်စာမေးပွဲတွေ စစ်ပြီး၍ ကျောင်းပိတ်လိုက်သောအခါ ကျွန်တော်တို့နှစ်ယောက် နီးလျက်နှင့် ဝေးကြရလေသည်။

မိစံ၏ မိဘများက ကျွန်တော့်အပေါ် သိပ်ကြည်ဖြူပုံမရဟု ဆိုလေသည်။ ဘာကြောင့်မှန်းတော့ မသိ။ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်စစ်ကြည့်သောအခါ အပြစ် တစ်စုံတစ်ရာမရှိဟု ထင်မိသည်။

မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်တို့နှစ်ယောက်သည် ချိန်းတွေ့ရန် အခွင့်အလမ်း မသာကြ။ သူ့ကို အလွန်အမင်း လွမ်းဆွတ်လာသောအခါ သူ မနက်ဈေးအလာကို သွားစောင့်ရသည်။ ထိုအခါ တွေ့ကြလေသတည်းဟု ထင်လျှင် မှားပေလိမ့်မည်။

သူဈေးလာလျှင် သူ့အစ်မတစ်ယောက်ကတော့ ပါမြဲဖြစ်သည်။ ကျွန်တော်က ဆိုက်ကားဂိတ်အနီးရှိ အနှေးယာဉ်လုပ်သားများ၏ ကောင်းမှုဖြစ်သော တဲကလေးထဲမှာ ထိုင်စောင့်သည်။ သူတို့ ညီအစ်မနှစ်ယောက် တဲရှေ့က ဖြတ်သွားသောအခါ သူ့အစ်မ မမြင်အောင် ပြုံးပြသည်။ ကျွန်တော်ကလည်း အတန်ငယ် ပြန်ပြုံးပြပါသည်။

သူတို့ ဈေးဝယ်ပြီး၍ ပြန်ထွက်လာသောအခါတွင်လည်း အပြန်အလှန် ပြုံးတုံ့လှယ်ကြပြီးလျှင် တစ်နေ့တာအတွက် ဇာတ်ထုတ် ပြတ်လေသတည်း။ သူ့အစ်မသည် ကျွန်တော့်ကို သေသေချာချာ မမြင်ဖူးသောကြောင့် မမှတ်မိခြင်း အတွက်ပင် ကျေးဇူးတင်ရဦးမည်။

သည်နေ့တွင် တော်တော် ထူးခြား၏။ သူသည် မနေ့က ကျွန်တော့်သူငယ်ချင်း မြင့်သောင်း၏ အဒေါ်ဆိုင်မှာ ဂေါ်ရခါးသီးဝယ်ရင်း စာတိုကလေးတစ်စောင် ပေးခဲ့သည်။ မြင့်သောင်းက ကျွန်တော့်ဆီ ယူလာသောကြောင့် ဖတ်ကြည့်လိုက်ရာ သည်နေ့ သူဈေးအလာတွင် လာတွေ့ရန်၊ ပြောစရာရှိသည်၊ တစ်ယောက်တည်း လာခဲ့မည် ဟူ၍။





အမှတ်တစ်ဆယ့်သုံး ဘတ်စ်ကားမှတ်တိုင်သည် ဈေးရှေ့မှာ မရှိ။ ဈေးလွန်ပြီးမှ ကားရပ်သည်။ ဈေးရှေ့တွင် လူရှုပ်သောကြောင့် ကားအရှိန်နှေးသွားသောအခါ ကျွန်တော် နောက်ပေါက်မှ ခုန်ချလိုက်လေ၏။
“လုပ်လိုက်လေ၊ အကြော်နဲ့ နှစ်ပွဲ”
ကတ္တရာလမ်းနှင့် ခြေထောက် အထိတွင် အသံတစ်သံကိုကြား၍ လှမ်းကြည့်လိုက်ရာ ချစ်ဝင်း ဖြစ်နေလေသည်။
“ဟေ့ကောင်.. မင်းသေသွားလို့ ငါတို့ မုန့်ဟင်းခါး အကြော်နဲ့ နှစ်ပွဲ စားနေရဦးမယ်”
“ချစ်ဝင်း.. သူလာသွားပြီလား”
“ဘယ်သူလဲ၊ မောင်လွင်လား၊ အိမ်သာတက်နေတယ်”
“မင်းကလဲကွာ၊ သိရက်သားနဲ့”
“မိစံ မလာသေးဘူးကွ၊ ဝဋ်ရှိသရွေ့တော့ စောင့်လိုက်ဦးပေါ့၊ ငါ လစ်တော့မယ်၊ အဘိုးကြီး ခိုင်းထားလို့၊ သြော်.... ချစ်ဒုက္ခ..ချစ်ဒုက္ခ”
ချစ်ဝင်းသည် ကျွန်တော့်ကိုလှောင်ပြီး ထွက်သွားလျှင် ကျွန်တော်လည်း ဆိုက်ကားတဲထဲ ဝင်ထိုင်နေလိုက်သည်။

မိစံသည် ကျွန်တော့်ကို အဘယ်ကြောင့် ချိန်းသနည်း။ ပြောစရာဆိုသည်မှာ အဘယ်နည်း။ သူ့မိဘက အခြား လူတစ်ယောက်နှင့် လက်ထပ်ရန် အတင်းအကျပ် စီစဉ်သောကြောင့်ပင်.. ခုပင် ကျွန်တော်နှင့် ခိုးရာလိုက်တော့မည် ဆိုလျှင် ဘယ်လိုလုပ်မည်နည်း။ ခိုးပြီဆိုလျှင် ဘယ်သူ့အိမ် ခေါ်သွားရမည်နည်း။ အစ်ကိုကြီးငြိမ်းကျော်၊ မြင့်သောင်း၊ ခင်မော်၊ သန်းသန်းဦး၊ အေးမြင့်တို့ ဘကြီးရှိရာ သိမ်ကျောင်းရွာ။

“ဆံတော်ရှင် ကျိုက္ကဆံစေတီတော်မြတ် မုခ်ဦးဆောက်လုပ်ရန်အတွက် အလှူခံနေပါသည် ခင်ဗျား”
ဈေးအလယ်ပေါက်အနီးတွင် မဏ္ဍပ်ထိုး၍ အလှူခံနေသော နေရာမှ အသံချဲ့စက်သံ ထွက်လာသည်။ မဏ္ဍပ်ရှေ့တွင်လည်း ဆောက်လုပ်မည့် မုခ်ဦးပုံစံကို ဆိုင်းဘုတ်အကြီးကြီးဖြင့် ဆွဲပြထား၏။
သြော်.... ဒီနေ့ ဥပုသ်နေ့ပေကိုး၊
အသံချဲ့စက်မှ သီချင်းသံ ထွက်ပေါ်လာပြန်သည်။
“အလှူ့ဒကာ အလှူ့ဒကာ သီရိဓမ္မာ အာသောကရာဇာ”

မဏ္ဍပ်ဆီသို့ ငေးကြည့်နေမိသောကြောင့် မိစံကိုစောင့်ကြည့်ရန် ခေတ္တမျှ မေ့သွား၏။ အပြင်ဈေးတန်းဆီသို့ မျက်လုံးကို ကစားလိုက်ရပြန်သည်။ ဈေးသွားဈေးပြန်တို့ ရှုပ်ထွေးနေသော နေရာမို့ မျက်စိညောင်းလှသည်။ သို့ရာတွင် လူအုပ်ကြားထဲ၌ ပလတ်စတစ် ခြင်းတောင်းအနီကလေးကို ဆွဲထားသော လက်မောင်း ဖြူဖြူတုတ်တုတ်ကလေးကို တွေ့လိုက်ရသဖြင့် ဆတ်ခနဲ ထလိုက်သည်။ လက်မောင်းကလေးကို မြင်ရသည်ဖြစ်စေ သူဖြစ်မှန်း ကျွန်တော် သိနိုင်သည်။





ချက်ချင်းလိုက်သွားလျှင် ကောင်းမလား။ ပြန်ထွက်လာအောင် စောင့်ရမလား။ သူ့အစ်ကိုတွေ မောင်တွေကများ တစ်နေရာရာက စောင့်ကြည့်နေမလား။ စိတ်ထဲ၌ ဒွိဟဖြစ်နေ၏။ ခုပဲ လိုက်သွားပါတော့မည်ဟု တွေးပြီး လမ်းကို ဖြတ်ကူးလိုက်သည်။

ဈေးအပေါက်ဝတွင် နှင်းဆီပန်းတွေ ရောင်းနေသည်ကို တွေ့ရသောကြောင့် အဖြူတစ်ပွင့် ဝယ်လိုက်သည်။ ပြားသုံးဆယ်။ ဈေးထဲရောက်သောအခါ သူ့ကို ဘယ်မှာ သွားရှာရမှန်းမသိ ဖြစ်နေပြန်သည်။ ဈေးထဲမှာ ပန်းအဖြူပွင့်တစ်ပွင့် ကိုင်၍ ယောင်တိယောင်တ ဖြစ်နေသော ကျွန်တော်သည် လူရယ်စရာ ဖြစ်ချင်ဖြစ်နေလိမ့်မည်။

သူသည် မုန့်ဟင်းခါးကြိုက်၏။ ထို့ကြောင့် မုန့်ဟင်းခါးဆိုင်ဘက် သွားကြည့်မည်ဟု ထွက်လာခဲ့သည်။ မုန့်ဟင်းခါးဆိုင်တွင် လူတွေ အုံနေကြသည်။ ထိုင်နေသူများထဲမှာများ ရှိနေမလားဆိုပြီး ဆိုင်နားသို့ မယောင်မလည် ကပ်သွားမိသည်။

“ဟဲ့.. မုန့်ဟင်းခါး စားမလို့လား၊ လူရှုပ်နေရင် ငါ့ဆိုင်ပေါ်မှာ ထိုင်စားပါလား”
မြင်င့်သောင်းတို့အဒေါ်၏ ဆိုင်သည် မုန့်ဟင်းခါးဆိုင်နှင့် ကပ်လျက်ရှိမှန်း ကျွန်တော် သတိမရခဲ့။ အဒေါ်သည် ကျွန်တော့်လက်ထဲမှ ပန်းပွင့်ကို မြင်သွားပြီးလျှင်..
“အမယ်.. ပန်းတွေ ဘာတွေနဲ့ပါလား၊ ငါ့တူက”
“ဟိုဥစ္စာ.. မေမေ့ဖို့ပါ ဒေါ်ဒေါ်ရဲ့”
“အလိုတော်၊ မင်းအမေကြီးက ဒီအရွယ်ကြီးကျမှ ပန်းပန်သတဲ့လား၊ ယုတ္တိရှိအောင်လည်း လှိမ့်စမ်းပါဦးကွယ်”
ကျွန်တော် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး “သွားမယ် ဒေါ်ဒေါ်” ဟု အမြန်နှုတ်ဆက် ထွက်လာခဲ့၏။

ငါးတန်းထဲသို့ ဝင်လိုက်သောအခါတွင်မှ သူ့ကို တွေ့ရလေသည်။ မိစံသည် ငါးသလောက်ရောင်းသော အဒေါ်ကြီးနှင့် တစ်စုံတစ်ခု ပြောနေသည်။ ကျွန်တော် အနားရောက်သွားသောအခါ ငါးသည်၏ အသံကို ကြားရသည်။
“လတ်ပါတယ်၊ ကဝက်ကင်းဟဲ့ ကလေးမရဲ့၊ ရေခဲရိုက် မဟုတ်ဘူး”
အခြား ဝယ်သူတစ်ယောက် ရောက်လာသောကြောင့် စကားစ ပြတ်သွားသည်။ မိစံသည် ကျွန်တော့်ကို မြင်သောအခါ ပြုံးပြလေသည်။
“ရှာလိုက်ရတာဟာ”
“တို့လည်း လျှောက်ကြည့်နေတာပဲ၊ ဈေးထဲမှာက ဒီလိုပဲ၊ လာနေကျမဟုတ်ရင် ရှာရတာ မလွယ်ဘူး”
“ကဲ.. ပြောစရာရှိတယ်ဆို ပြောလေ”
သူ့လက်ထဲသို့ နှင်းဆီပန်းကို ထည့်ပေးရင်းက မေးလိုက်သည်။ သူသည် ပန်းပွင့်ကလေးကို ချဉ်ပေါင်ရွက်အစည်းများကြားသို့ ထိုးထည့်လိုက်ပြီးမှ ဘာစိတ်ကူးပေါက်သွားသည်မသိ။ ခေါင်းမှာပင် ပန်လိုက်သည်။
“ဒီနေ့ မနက်စာထမင်း အိမ်မှာလာစားဖို့ ပြောမလို့”
“ဟာ.. ဖြစ်ပါ့မလား၊ မိစံတို့အိမ်က..”
“ဖြစ်လို့ ပြောနေတာပေါ့၊ ပြီးတော့ အဖေနဲ့ အမေကလည်း သူ့ကို တွေ့ချင်လို့တဲ့”
“ဘာ.. အဖေနဲ့ အမေက”
“ဟုတ်တယ်လေ၊ သူနဲ့ စကားပြောကြည့်ချင်လို့တဲ့၊ နည်းနည်းပါးပါး မေးမှာပေါ့၊ အဆင်ပြေမှာပါလေ”
“ဒါဆို ကောင်းတာပေါ့”
“အင်း.... ဒါပေမယ့် လာမယ်ဆိုရင် ဆံပင်တော့ ညှပ်ခဲ့နော်၊ အဖေက ဆံပင်ရှည်တာ မကြိုက်ဘူး၊ တို့ကတော့ ကြိုက်ပါတယ်၊ အဖေတို့နဲ့က ပထမဆုံးအကြိမ် တွေ့မှာဆိုတော့”
“အင်းပါ.. ခု ဒီကအပြန် ဝင်ညှပ်လိုက်မယ်လေ”

“ဟဲ့ ကလေးမ၊ အကောင်လိုက် ချိန်ရမှာလား၊ ခုတ်သား ချိန်မှာလား”
ငါးသည်ကြီးက စကားကိုဖြတ်၍ မေး၏။ ဟုတ်သားပဲ။ ကျွန်တော်တို့က သူ့ဆိုင်ရှေ့မှာ ရပ်နေကြပေသကိုး။
“ဟင့်အင်း.. မချိန်နဲ့တော့ အဒေါ်၊ မယူတော့ဘူး”
မိစံသည် ခြင်းတောင်းကို ကောက်ကိုင်၏။ သူ့ခြင်းတောင်းကို ယူ၍ဆွဲခဲ့လျှင် ကောင်းမလားဟု တွေးမိသည်။ သို့ရာတွင် မယူဖြစ်။

“ဘယ်လိုဖြစ်တာလဲ မိစံရဲ့၊ သေသေချာချာ မေးပြီးမှ ဘာလို့ မဝယ်ရတာလဲ”
“ဒီနေ့မနက် သူ ထမင်းလာစားမယ် မဟုတ်လား၊ သူက ငါးသလောက်ကို ညှီလို့ မကြိုက်ဘူး၊ ဒါကြောင့် မဝယ်တာ၊ ငါးခူပဲ ဝယ်တော့မယ်”
“အို.. အလိုက်သိတတ်လှချည်လား၊ ဒါကြောင့် ကိုယ်က မိစံကို....”
“တကတည်းတော်၊ ဈေးထဲမှာများ ရုပ်ရှင်ရိုက်နေတာ ကျနေတာပဲ၊ အလွမ်းသယ်နေလိုက်တာ၊ ခေတ်ကာလ သားသမီးတွေများ”
သူ့ငါးသလောက်ကို မဝယ်သောကြောင့် မကျေမနပ် ဖြစ်ကျန်ခဲ့သော ငါးသည်အဒေါ်ကြီး၏ အသံကျယ်လောင်လောင်ကို ကြားလိုက်ရသဖြင့် စကားကို ရှေ့မဆက်ဝံ့တော့ချေ။





မိစံကို ဘတ်စ်ကားပေါ်သို့ တင်ပေးလိုက်ပြီးနောက် ဆံပင်ညှပ်ဆိုင်ဘက်သို့ လျှောက်လာခဲ့သည်။ ကျွန်တော်သည် အူမြူး၍ နေလေသည်။ အိမ်မှာသာဆိုလျှင် သီချင်း အော်ဆိုမိလိမ့်မည်။ လမ်းလျှောက်ရင်း အသိတစ်ယောက်ယောက်များ တွေ့မလားဟု ဟိုဒီကြည့်မိသည်။ တွေ့လျှင် ပြုံးပြချင်သောကြောင့် ဖြစ်သည်။ ရပ်နေသော ကုလားမကြီးတစ်ယောက်ဘေးမှ ဖြတ်သွားစဉ် သူက ကွမ်းတံတွေး လှမ်းထွေးလိုက်သည်။ ကျွန်တော့်ခြေထောက်တွင် ကွမ်းတံတွေးအနည်းငယ် ပေကျံသွား၏။ သို့ရာတွင် ကိစ္စမရှိပါဘူး ဟူသောသဘောဖြင့် ကျွန်တော် ပြုံးပြလိုက်သည်။ ကုလားမကြီးကား ဘာမျှမသိလိုက်ဘဲ သူ့ကုလားကြီးကိုသာ စကားတွေ ပြောနေသည်။

လျှောက်လာရင်း ဈေးအလယ်ပေါက်ကို ဖြတ်မိသောအချိန်တွင် အသံချဲ့စက်သံကို ကြားရပြန်သည်။
“ဆံတော်ရှင် ကျိုက္ကဆံစေတီတော်မြတ်ကြီး မုခ်ဦးဆောက်လုပ်ရန် အလှူခံနေပါသည် ခင်ဗျား”

ထိုအသံကို ကြားရသောအခါ ကျွန်တော့်တွင် လှူချင်တန်းချင်စိတ်များ ပေါက်လာလေသည်။ အိတ်ထဲတွင် ပိုက်ဆံ တစ်ကျပ်ပြားခြောက်ဆယ်သာ ရှိသည်။ ဆံပင်ညှပ်ခ တစ်ကျပ်ခွဲ၊ ကားခဆယ်ပြား၊ အတိပဲ။ မလှူတော့ပါဘူးဟု စိတ်ကိုလျှော့၍ ဆက်လျှောက်ခဲ့သည်။ လေးငါးလှမ်းမျှ လှမ်းလိုက်စဉ်တွင်..
“ဆိုက်ကားဆရာ ကိုလင်းဦးက လုပ်အားခငွေ တစ်ကျပ်တိတိကို လှူဒါန်းပါသည်ခင်ဗျား၊ ထိုသို့ လှူရသော အကျိုးအားကြောင့်.... ....”

ကျွန်တော့်ခြေလှမ်းသည် တုံ့ခနဲ ရပ်သွား၏။ ချာခနဲလှည့်လိုက်သည်။ အလှူခံမဏ္ဍပ် နဖူးစည်းမှ ဗုဒ္ဓမြတ်စွာဘုရား၏ ပုံတော်သည် ကျွန်တော့်ကို “ဧဟိ ဧဟိ” ခေါ်နေသည်ဟု ထင်ပါသည်။ မဏ္ဍပ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ အလှူငွေလက်ခံရန် အလှည့်ကျနေသော ဦးလေးကြီးကို ငွေတစ်ကျပ်ပေးလိုက်သည်။ ပြန်လှည့်ထွက်မည် အပြုတွင်....

“ဟေ့ သူငယ်၊ နေပါဦးကွ၊ မင်းနာမည် ပြောသွားပါဦး၊ တော်ကြာ သိကြားမင်းက အလှူရှင်နာမည် မသိဘဲနေဦးမယ်”
ထိုဦးလေးကြီးကား ပျော်ပျော်နေတတ်သူ ဖြစ်ဟန်တူလေသည်။
“နေပါစေ ဦးလေးရယ်၊ နာမည်တွေ ဘာတွေ ထည့်မနေပါနဲ့တော့၊ ကျွန်တော့်ဘာသာ သိရင် ပြီးတာပါပဲ”
ကျွန်တော် လှည့်ထွက်လာခဲ့သည်။ ထိုအချိန်မှာပင် စောစောက ဦးလေးကြီး၏ ဆုတောင်းသံကို အသံချဲ့စက်မှ ကြားလိုက်ရလေသတည်း။

“ဆံပင်ရှည်ရှည်နဲ့ သူငယ်ကလေးက အလှူတော်ငွေ တစ်ကျပ်တိတိ လှူဒါန်းပါသည် ခင်ဗျား၊ ဤသို့ လှူဒါန်းရသော အကျိုးကြောင့် ပေးမကုန် လှူမခန်း ပဒုမ္မာရွှေကြာပန်းကဲ့သို့ လန်းဆန်းပါစေသော်”

ထိုနေ့နံနက်ခင်းသည် ကောင်းသော နံနက်ခင်းမဟုတ်ဟု မည်သူ ပြောဝံ့ပါသနည်း။


(ငွေတာရီ၊ ဇန်နဝါရီ၊ ၁၉၇၉)

No comments:

Post a Comment