Tuesday 20 November 2012

သြော်...ဒါနဲ့စကားမစပ် (ဝတ္ထုတိုများ) - သုမောင် (အပိုင်း-၄)



ကျွန်တော့်ရဲ့ ပထမဦးဆုံး ကက်ဆက်ခွေ ပန်းတွေနဲ့ဝေ

ကျွန်တော်ဟာ သြော်… ဒါနဲ့စကားမစပ်ဆိုတဲ့ အနုပညာနဲ့ဆိုင်တဲ့ ကိုယ်တွေ့စီးရီးလေးကို ပြောပေးခဲ့တာ ခြောက်ကြိမ်မြောက်ပါပြီ။ အဲဒီတော့ ကျွန်တော့် စကားပြောလေးတွေကို ပြန်ပြီးနားထောင်တဲ့အခါကျတော့ ပျော့ကွက်၊ ဟာကွက် ချို့ယွင်းချက်တစ်ချို့ တွေ့ရပါတယ်။ ပြောကြကြေးဆိုရင်တော့ ဒါဟာ လုပ်ငန်းတစ်ခုကို စတင်ခါစမှာ ဖြစ်တတ်၊ ပျက်တတ်တဲ့ လူ့သဘာဝလို့ ပြောလို့ရပါတယ်။

တစ်ခုရှိတာက ကျွန်တော်က စိတ်နုသူပါ။ အလုပ်တစ်ခုလုပ်ရင် သုတ်သုတ်သုတ်သုတ်နဲ့ လုပ်တတ်တဲ့ သဘာဝရှိတယ်။ စိတ်လှုပ်ရှား လွယ်တယ်ပေါ့လေ။ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် လုပ်တတ်တဲ့သဘော ဖြစ်နိုင်ပါတယ်။ အလောသုံးဆယ်ပေါ့လေ။

ဒါနဲ့ စကားမစပ်ပြောရရင် ‘အလောသုံးဆယ်’ ဆိုတဲ့ ဝေါဟာရစကားကို ပြောပါရစေ။ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အထူးသဖြင့် လူကြီးတွေပြောကြတယ်၊ ‘အလောသုံးဆယ်၊ အလောသုံးဆယ်’ နဲ့ပြောကြတယ်။ ပျာယာခတ်တာပေါ့၊ ပျာယာခတ်ပြီး လုပ်တတ်ကိုင်တတ်တဲ့ သဘောကိုပြောကြတာ။ ဒါပေမဲ့ တစ်ချိန်တုန်းက ပညာရှင်တစ်ယောက်က ကျွန်တော့်ကို အမှတ်မထင်ပြောတာလေး ဗဟုသုတအဖြစ် ပြန်ပြောချင်ပါတယ်။ ဟုတ် မဟုတ်ကတော့ သောတရှင်တို့အနေနဲ့ စဉ်းစားကြပေါ့ဗျာ။

လူတစ်ယောက်ဟာ ကွယ်လွန်ခါနီးမှာ ဇောငါးတန် ပြန်တတ်တယ်တဲ့။ သေခါနီး ဇောပြန်တယ်လို့ ပြောကြတာပေါ့လေ။ ပထမဦးဆုံးဇောနဲ့ နောက်ဆုံး နံပါတ်ငါးဇောက နည်းနည်းညင်သာတယ်တဲ့။ အလယ်ကောင် သုံးဇောက ဖျပ်ဖျပ်လူးခံရတယ်တဲ့။ အဲဒါကြောင့် အလယ်သုံးဇောကို အလောသုံးဆယ်လို့ ရှေးလူကြီးတွေက ခေါ်တာတဲ့။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ ဒါက စကားမစပ်ပြောတာ။

အဲဒီတော့ ကျွန်တော်က အလောသုံးဆယ်လုပ်တတ်တဲ့ သဘာဝရှိတဲ့အတွက်ကြောင့် စောစောကပြောသလို အစပိုင်းပြောကြားချက်တွေမှာ နည်းနည်း စိတ်လှုပ်ရှားတဲ့အတွက်ကြောင့် အပြောအဆိုတွေ သွက်သွားတာလည်း ပါကောင်းပါပါလိမ့်မယ်။ ဘယ်လိုဖြစ်သလဲဆိုရင် အနုပညာပိုင်းဆိုင်ရာကို ပြောနေရင်းနဲ့ အဲဒီမှာပဲ ရုပ်ရှင်ကနေ ဂီတရောက်လိုရောက်၊ ဂီတကနေ စာပေရောက်လိုရောက်၊ စာပေမှာပဲ ဘာသာပြန်ကနေ ဝတ္တုရောက်လိုရောက်၊ ရောက်ရောက်သွားတာလေးတွေအတွက် ကျွန်တော်က တောင်းပန်ပါတယ်။ နောက်ပိုင်းတော့ အကြောင်းအရာကို ခွဲပြောသွားပါတယ်။ ခွဲတာတောင်မှ အခုစစချင်း ကျွန်တော် ဂီတကို ဇောင်းပေးပြောလာတာကို တွေ့ကြရမှာပါ။

အဲသလို ဂီတအကြောင်းတွေကို ဇောင်းပေးပြောလာရင်းကပဲ တစ်ခါတစ်လေကျတော့ ကျွန်တော် ကိုယ့်အကြောင်းကိုယ် ပြောတာတွေ များသွားတတ်တယ်။ တစ်ခါတလေကျတော့လည်း ပညာရပ်ဆိုင်ရာ အကြောင်းတွေကို ပြောတာတွေ များသွားတတ်တယ်။

သို့သော်လည်း ကျွန်တော်သတိထားပါတယ်။ ကျွန်တော့်အကြောင်း ကျွန်တော်ပြောနေပေမယ့်လို့ အဲဒီအထဲမှာပဲ ပညာရပ်ဆိုင်ရာ အကြောင်းတွေပြောနေရင်း ကျွန်တော့်ကိုယ်တွေ့အကြောင်းတွေဘက် တိမ်းသွားတတ်တာတွေရှိပါတယ်။ ဒါတွေဟာ အထူးသဖြင့် ဒီကနေ့ လူငယ်တွေအတွက် ယူတတ်ရင် ရလိမ့်မယ်လို့ ကျွန်တော် ရိုးသားစွာ ပြောလိုပါတယ်။

ကောင်းပါပြီ၊ ပြီးခဲ့တဲ့အပတ်က ကျွန်တော်ရဲ့စကားတွေ ပြန်ဆက်ရရင် ကျွန်တော်ဟာ 'လယ်တောကအပြန်' ဆိုတဲ့ သီချင်းလေးနဲ့၊ မြန်မာအသံကောင်းမှုနဲ့၊ ကျွန်တော့်အစ်ကိုရဲ့ကောင်းမှုနဲ့ မြန်မာသံဂီတလောကထဲကို စတင်ခြေချခွင့်ရခဲ့တယ်။ ကောင်းပါပြီ၊ အဲဒီအချိန်က မြန်မာ့အသံကို သောတရှင်တွေက အားကိုးနေရသလို တစ်ပြိုင်နက်တည်းမှာလည်း ကက်ဆက်တွေကလည်း ပေါ်နေပါပြီ။ ဓာတ်ပြားခေတ်ကလည်း ကုန်သွားပါပြီ။ အဲဒီတော့ ကက်ဆက်ကိုပဲ အားကိုးရပါတယ်။ ခုခေတ်လို စီဒီခွေတွေကလည်း မပေါ်သေးဘူးပေါ့လေ။

ကက်ဆက်ကို အားကိုးရတယ်ဆိုတာလည်း ကျွန်တော်တို့ဟာ ကက်ဆက်လိုင်းကို ဝင်နိုင်ဖို့ဆိုတာလည်း အရေးကြီးတာတွေ ရှိပါတယ်။ ဘယ်ပုံဘယ်နည်း ဝင်ရမလဲဆိုတာကို ကျွန်တော်က မသိဘူးဗျ။ အဲဒီခေတ်က မြန်မာသံတွေထက် နည်းနည်းလေးရှေ့ရောက်ပြီး ခေတ်စားနေတာက အနောက်တိုင်းဂီတ စတီရီယိုတေးဆိုတဲ့ တေးသီချင်းတွေ ခေတ်စားနေတာပါ။

ကျွန်တော်လည်း ဘာမို့လို့လဲ၊ လူငယ်ပဲ။ အဲဒီဘက်ကို စိတ်သန်တာပေါ့လေ။ သို့သော် ကံတရားက ကျွန်တော့်ကို မြန်မာသံဘက်ဆီပဲ ပို့လိုက်တာကိုး။ ပို့လိုက်တာမှ စစချင်းကို အဲဒီ 'လယ်တောကအပြန်' ဆိုတဲ့ ခြေဆင်း သဖြန်ပေါ့လေ။ ခွန်းထောက်ကလေးနဲ့စပြီးတော့ မြိုင်ထနဲ့ အဆုံးသတ်တဲ့သီချင်းနဲ့ ပေါက်သွားတာပေါ့နော်။ ပရိသတ်ကလည်း မြန်မာသံဘက် လိုက်နားထောင်တဲ့အချိန်ဖြစ်လာတော့ ကျွန်တော် မြန်မာသံနဲ့ ပေါက်ပြီး ကံတရားက အဲဒီလိုဖြစ်သွားတာ။

ဒီ့အပြင်မှာ ကက်ဆက်ဘက်ကို လိုင်းပြောင်းဖို့ဖြစ်လာပုံက ဒီလိုဗျ။ ဒီနေရာမှာလည်း ကျေးဇူးတရားကို ဖော်ထုတ်ရမယ့် သဘောရှိပါတယ်။ တစ်နေ့မှာ ကျွန်တော်က အဖေနဲ့နှစ်ယောက်သား မော်တော်ကား ပြင်နေတာ၊ စုတ်ပြတ်ပေရေလို့ပေါ့ဗျာ။ အဲဒီအချိန်မှာ တယ်လီဖုန်းလာတယ် ဆိုတော့ သွားကိုင်တာ။ ဒီကနေ့ ဂန္တဝင်အဆိုတော်ကြီးလို့ ပြောနေကြတဲ့ ဦးမင်းနောင်၊ အစ်ကိုကြီးကိုမင်းနောင်ဆီက ဖြစ်နေတယ်။ သူက ဘာပြောသလဲဆိုတော့ -

"ဟေ့ ဗလကြီးရေ၊ ကိုကို့အိမ်ကို လာခဲ့စမ်းပါဦး" တဲ့။

ကိုကိုဆိုတာ တခြားမဟုတ်ပါဘူး။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဂီတလုလင်ဦးကိုကိုပေါ့။ ကျွန်တော်လည်း မငြင်းပါဘူး၊ ချက်ချင်းပဲ ပေပေရေရေနဲ့ ကိုကို့အိမ်သွားလိုက်တယ်။ ဟိုရောက်သွားတော့ တီးဝိုင်းအစုံအလင်နဲ့ တွေ့ရပါတယ်။

'ကဲ၊ ရော့ကွာ' တဲ့၊ 'သီချင်းလေး ချပေးမယ်' ဆိုပြီး စာရွက်ထိုးပေးတယ်။ မြိုင်ထလေး ချပေးမယ်တဲ့၊ ကျွန်တော်ကလည်း ဆိုမယ်ပေါ့။ ဂီတလုလင်ဦးကိုကိုတို့၊ ကိုမင်းနောင်တို့ကို စတိတ်ရှိုးတွေမှာ တွေ့ဖူးနေတော့ သိပါတယ်။ အဲဒီမှာရှိတဲ့ စောင်းတီးတဲ့ အဘိုးအိုကြီးတစ်ယောက်ကိုတော့ ကျွန်တော်မသိပါဘူး။ သို့သော်လည်း ကျွန်တော်က ဒီမြိုင်ထ စသဖြင့်ကို နားယဉ်နေတာပေါ့လေ။ နားယဉ်နေတယ်ဆိုပေမယ့်လည်း စကားမစပ် ပြောရလို့ရှိရင် ကျွန်တော့်ကို လက်ထပ်သင်ပေးထားတဲ့ဆရာ မရှိပါဘူး။ ကျွန်တော်ကလည်း တကူးတက သင်ယူထားတာ မရှိပါဘူး။ ရိုးရိုးသားသာ ဝန်ခံတာပါ။

အဲ... ကျွန်တော့်မှာ ငယ်စဉ်တောင်ကျေးကတည်းက ကျေးဇူးရှိခဲ့တာက အဖေရယ်၊ အမေရယ်၊ အဖေ့ရဲ့အစ်မ ကြီးတော်ကြီးရယ်။ အဓိကက အဖေနဲ့ကြီးတော်၊ နားအင်မတန် လေးတာဗျ။ ဂျပန့်ခေတ် ဗုံးတွေချတော့ အဲဒီဒဏ်တွေပေါ့လေ။

ကြီးတော်ကြီး နားအင်မတန်လေးတော့ သူတို့ခေတ်က ရေဒီယိုကြီး နားထောင်ရင် Volume အဆုံးတင်ထားတာ။ အိမ်ထဲတင်မက တစ်ခြံလုံး ကြားရအောင် အကျယ်ကြီးနားထောင်ရတယ်။ အဲဒီတော့ သူတို့ခေတ်ကလွှင့်တဲ့ သီချင်းကြီးတွေ၊ ခေတ်ဟောင်းသီချင်း၊ မြိုင်ထ စသည်ဖြင့်ပေါ့ အဲဒီခေတ်ကပေါ်တဲ့ မြန်မာသံသီချင်းတွေက နားမဆံ့အောင်ကြားရတော့ ကျွန်တော့်အဖို့ အလိုလိုနားလေ့ကျင့်ပြီးသားဖြစ်တာပေါ့။ အမေကလည်း မဟာဂီတဦးပြုံးချိုကျောင်းထွက်ဆိုတော့ ကျွန်တော်တို့အိပ်ရာဝင်ချိန်မှာ ချော့သိပ်တဲ့ 'လူကလေးရဲ့အိပ်ချိန်တန် ဗျိုင်းရှေ့ကပျံ' အဲဒါတွေ ဆိုပြီးသိပ်တာ မဟုတ်ဘူးဗျ။
'အို... မဝေးဘု ရောက်လုပါပြီ၊ မြနောင်ညီ သာကီနေသို့ထွန်း' ဆိုတဲ့ သီချင်းကြီးနဲ့ ချော့သိပ်တာဗျ။ အဲဒီတော့လည်း ကျွန်တော့်နားရည်က ဝနေတာပေါ့။ စောစောကပြောတဲ့ မြိုင်ထဆိုတော့လည်း ဆိုကြည့်တဲ့အခါ ဖြစ်သွားပြီး တစ်ခေါက်တည်းနဲ့ ဝင်သွားတာပေါ့ဗျာ။ အံ့သြစရာ ကောင်းတာပေါ့။ ဒီ ဂီတပညာရှင်ကြီးတွေ ဦးကိုကိုတို့ရှေ့မှာ တစ်ခါတည်းနဲ့ ဝင်သွားတဲ့အခါ ချီးကျူးကြတာပေါ့ဗျာ။

အဲဒီမှာ စောစောကပြောတဲ့ စောင်းကောက်ကြီးတီးနေတဲ့ အဘိုးကြီး မှန်ခန်းထဲကလည်း ထွက်လာရော၊ အဲ စကားမစပ်ပြောရဦးမယ်။ ကျွန်တော်နဲ့ တွဲဖက်သီဆိုတာက အလွန်ဝါရင့်တဲ့ အေဝမ်းတင်တင်လှဆိုတဲ့ အစ်မကြီးဗျ။ ကျွန်တော် ကံကောင်းချက်ကတော့ ဂီတလုလင်ဦးကိုကိုတို့၊ အေဝမ်းတင်တင်လှတို့နဲ့ တွဲအလုပ်လုပ်ရတယ်။ ပြီးတော့ စတူဒီယိုမှန်ခန်းထဲ ထွက်လာရော စောင်းကောက်တီးတဲ့ အဘိုးကြီးက -

"ဟေ့ကောင်လေး လာစမ်းပါဦးကွ"

ဆိုပြီး ခပ်ငေါက်ငေါက်ကလေး ခေါ်တယ်ဗျ။ ကျွန်တော်က သူ့ရှေ့မှာ ယို့ယို့ကလေး သွားရပ်တယ်။ အင်္ကျီတွေလည်း ပေပေရေရေနဲ့ပေါ့။

"မင်းခုနက မှန်ခန်းထဲသီချင်းဆိုနေရင်း ဖင်တပုတ်ပုတ်လုပ်နေတာ၊ ဘာလုပ်တာတုံးကွ" တဲ့။

ကျွန်တော်က မဖြေရဲဘူး။ အမှန်ကတော့ဗျာ ဘာရယ် မဟုတ်ဘူး။ သာမန်လူတွေလည်း သီချင်းဆိုရင် ဖင်ပုတ်ခေါင်းပုတ် လုပ်ကြတာပါလေ။ စည်းလိုက်တယ် ခေါ်သလား ဘာလားတော့ မသိဘူး။ အဲဒီလိုပဲ ပုတ်တာပေါ့ဗျာ။ အဲဒီတော့ -

"နောက် မှတ်ထားကွ၊ စည်းဝါးလိုက်ချင်ရင် င့ါခြေထောက်ကို ကြည့်စမ်း" တဲ့။

သူက ခပ်ငေါက်ငေါက် ဟောက်တာဗျ။ အဲ... နောက်တော့မှ သိရတယ်။ အဲဒီဝိုင်းကို ဦးဆောင်တီးနေတဲ့ စောင်းကောက်ဆရာကြီးဟာ အလင်္ကာကျော်စွာ ဆရာကြီးစောင်းဦးဘသန်းပေါ့ဗျာ။ ဟော ဘယ်လောက် ကံကောင်းသလဲဗျာ။ ဒုတိယဆိုရတဲ့ မြိုင်ထမှာ အလင်္ကာကျော်စွာ ဆရာကြီးစောင်းဦးဘသန်းနဲ့ တွေ့ရတာဗျာ။ အဲဒီသီချင်းလေးက ဘာဖြစ်သလဲဆိုောတ့ စောစောကပြောတဲ့ အစ်ကိုကြီးကိုမင်းနောင်၊ ဦးမောင်မောင်ကြီး၊ ဒေါ်တင်တင်မြ၊ ဒေါ်ထားတို့နဲ့ တွဲပြီး၊ ကြားညှပ်ပြီး စုံတွဲတေးတစ်ပုဒ်အနေနဲ့ ကက်ဆက်ထဲ ပါသွားတာ။ ဒီတော့ ကျွန်တော့်အသံ ကက်ဆက်ပေါ် ရောက်ရော။

ရောက်လည်းရောက်ရော အဲဒီအချိန်က မြန်မာသံတေးထုတ်လုပ်ရေးမှာ ခေတ်စားနေတဲ့ ဟင်္သာတေးသံသွင်းက ကျွန်တော့်ကို လက်စွဲဖြစ်သွားပါတယ်။ လက်စွဲဖြစ်သွားပေမယ့် အဲဒီတေးသံသွင်းက တစ်ယောက်တည်းတော့ မသုံးဘူးဗျ။ နာမည်ကြီးတဲ့ အဆိုတော်ကြီးတွေနဲ့ တွဲပြီး တစ်ပုဒ်တလေကြားညှပ်လို့ ကျွန်တော့်ကို ခေါ်သုံးပါတယ်။ အဲဒီလိုကနေ ကျွန်တော့်အသံလေးလည်း နည်းနည်းပါးပါး လူတွေနားယဉ်လာရော၊ ဟော ဟင်္သာတေးသံသွင်းက ကျွန်တော့်ကို တစ်ကိုယ်တော်ထုတ်မယ်ဖြစ်ပါလေရောဗျာ။

ဖြစ်တော့ ကျွန်တော်က အဲဒီအချိန်မှာ အရေးဆိုပါတယ်။ ကျွန်တော့်ကို မြန်မာသံခေတ်ဟောင်း စသဖြင့်လည်းလုပ်ပါ။ အခုဆိုရင် ခေတ်ပေါ်ဂန္တဝင် ခေါ်တာပေါ့နော်။ ခေတ်ပေါ်ဆန်ဆန် မြန်မာသံလေးလည်း လုပ်ပေးပါ ဆိုတော့ သူတို့ကလည်း ခွင့်ပြုပါတယ်။ အဲဒါနဲ့ ပထမဦးဆုံး ကက်ဆက်ခွေ 'ပန်းတွေနဲ့ဝေ' ဆိုတာ ဖြစ်ပေါ်လာတာပါပဲ။ အဲဒီ အခွေကိုတော့ စန္ဒရားတင်ဝင်းလှိုင်နဲ့ ကျွန်တော် လုပ်ခွင့်ရခဲ့ပါတယ်။ ကျွန်တော် ကံကောင်းပါတယ်။ အဲဒီအချိန်က စန္ဒရားဦးချစ်ဆွေ၊ ဦးလှထွတ်၊ အေဝမ်းဦးစိုးမြင့်တို့၊ စန္ဒရားဦးငွေစိုးတို့ စသဖြင့် တွဲခွင့်ရခဲ့ပါတယ်။ ဒီဆရာတွေက မြန်မာသံသမားတွေဖြစ်လို့မို့ ကျွန်တော် မြန်မာသံလမ်းကြောင်းမှာ လျှောက်ဖို့ ကံတရားက ဖန်တီးပေးတာပါ။

အဲဒီတော့ ပြောချင်တာက ကျွန်တော်ဟာ မြန်မာသံလောကကို ကံတရားနဲ့ အလိုလိုရောက်လာတာဖြစ်သလို ကျွန်တော်ဟာ အလိုလိုနေရင်းကပဲ မြန်မာသံကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်လာခဲ့ရတာပါ။ ကျွန်တော်ဟာ မြန်မာမှ မြန်မာဆိုပြီးတော့ မျိုးချစ်မျက်ကန်းတစ်ယောက် မဟုတ်ခဲ့ပါဘူး။ အဲသလိုပြောတဲ့အတွက်ကြောင့်လည်း ရိုးရာယဉ်ကျေးမှုကို အစဉ်တစိုက်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို စော်ကားတာ မဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းအလျောက် မြန်မာသံကို ကမ္ဘာက အသိအမှတ်ပြုအောင် လုပ်သင့်တယ်ဆိုတဲ့ အယူအဆကို လက်ခံတဲ့အကြောင်း ပြောချင်တာပါ။
 ဒီဟာတွေကို ရှေ့လျှောက်ပြောရင်းနဲ့လည်း ပညာရပ်ဆိုင်ရာကိစ္စတွေကို ယှဉ်တွဲ ပြောပြသွားမှာပါ။ ဆိုကြပါစို့ဗျာ၊ ဖြစ်ချင်းဖြစ်ရင် ကျွန်တော်ဟာ ခေတ်မီ၊ ခေတ်ပေါ်လိုင်းဘက်ကို ရောက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် ဥပမာလေးတစ်ခု ပြောပြပါမယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် ဥပမာလေးတစ်ခု ပြောပြပါမယ်။ ကျွန်တော်ငယ်စဉ်က တက်ခဲ့ရတဲ့ကျောင်း၊ ပညာဆည်းပူးရတဲ့ကျောင်းဟာ စိန့်ပေါလ်ကျောင်း ခရစ်ယာန်မစ်ရှင်ကျောင်းမှာပါ။ အရင်တုန်းက ပုဂ္ဂလိကကျောင်းပါ။ အဲဒီကျောင်းတက်ရင် ဘိုနာမည်မှည့်ရပါတယ်။ ဒါပေမဲ့ ကျွန်တော် မမှည့်ခဲ့ပါဘူး။ ကျွန်တော်တို့အဖေက ဝဏ္ဏ၊ ဗလ စတဲ့မြန်မာနာမည်တွေပဲ မှည့်ပေးခဲ့ပါတယ်။

အဲဒီကျောင်းမှာက သူငယ်တန်းကစပြီး အထက်တန်းအထိ ကောင်းကင်ဘုံက ဘုရားသခင်ကို ချီးကျူးတဲ့ ဓမ္မတေးတွေကို မိုးလင်းကစပြီး ဆိုကြရပါတယ်။ ညနေကျောင်းဆင်း ဆိုရတယ်။ အင်္ဂလိပ်လို ပီပီသသ ဆိုရပါတယ်။ အဲဒီအပြင်ကို ဂီတသင်တန်းအချိန်ဆိုပြီးတော့ သီးသန့်ရှိပါတယ်။ အဲဒီမှာလည်း ခရစ်ယာန်ဘုန်းတော်ကြီးတွေက စန္ဒယားတီးပြီး ‘ဒို ရေ မီ ဖာ ဆို လာ တီ ဒို’ စတဲ့ အခြေခံကစပြီး အနောက်တိုင်း တေးဂီတကို သင်ယူရတယ်၊ ဆိုရပါတယ်။

ဟော၊ အဲသလောက် အနောက်တိုင်းတေးဂီတကို အခြေခံကစပြီး သင်ယူရတဲ့ကျောင်းမှာ ကျွန်တော့်လို အသံအခြေခံကောင်းတဲ့ လူငယ်လေးတစ်ယောက်ဟာ ဖြစ်ချင်းဖြစ်ရင် အနောက်တိုင်းသြဇာလွှမ်းမိုးတဲ့ ခေတ်ပေါ်၊ ခေတ်မီ တေးသံရှင်တစ်ယောက်ပဲ မဖြစ်သင့်ဘူးလားခင်ဗျာ။ ဒီ့အပြင်ကို အံ့သြစရာကောင်းတာက ကျွန်တော်နဲ့ တစ်တန်းတည်း၊ တစ်ခန်းတည်း၊ တစ်ခုံကျော်လောက်မှာ ထိုင်တဲ့သူငယ်ချင်းတွေက ဘယ်သူတွေလဲဆိုတော့ ဒီကနေ့ စတီရီယိုဖခင်ကြီးတွေ၊ ဦးလေးတွေလို့ ပြောလို့ရတဲ့ ပလေးဘွိုင်သန်းနိုင်၊ တက္ကသိုလ်အေးမောင်တို့။ အဲ သူတို့က တစ်ခန်းတည်း၊ အတန်းဖော် သူငယ်ချင်းတွေဗျ။

ငယ်ငယ်တုန်းက သူတို့ကျောင်းနာမည်တွေက ကိုသန်းနိုင်က ဟားဘတ်ဘဖြူ၊ ကိုအေးမောင်က ရယ်ဂျီဘဦးတဲ့။ သူတို့က အဲဒီတုန်းကတည်းက ကျောင်းကို ဂစ်တာခိုးယူလာပြီးတော့ အတန်းထဲမှာ တီးကြဆိုကြတယ်ဗျာ။ သူတို့က အဲဒီတုန်းကတည်းက ဂီတကို ဝါသနာပါတာ။ ကျွန်တော်က အဲဒီတုန်းက ဘောလုံးဝါသနာပါတာ။ ဆိုတော့ကာ အသိုက်အဝန်း ပတ်ဝန်းကျင်ကလည်း အနောက်တိုင်း ဘိုသံလွှမ်းမိုးတဲ့ ပတ်ဝန်းကျင်၊ ဖြစ်ချင်းဖြစ်ရင် အဲဒီဘက်မှာ ဖြစ်ရမှာပေါ့။

ဒါပေမယ့် ကံတရားက ကျွန်တော့်ကို ဒီဘက်ပို့လိုက်တာ၊ မြန်မာသံသမား ဖြစ်သွားတာ။ တချို့က ပြောကြတယ်၊ မြန်မာသံတွေ ကျဆုံးသွားပြီတဲ့၊ ကျွန်တော် အားမငယ်ပါဘူး။ အားငယ်စရာလည်း အကြောင်းမရှိပါဘူး။ ကျွန်တော်ဆက်ပြောပြမယ့်အထဲမှာ မြန်မာသံဟာ အားငယ်စရာ မဟုတ်ဘူးဆိုတာကို ပြောမှာမို့လို့ပါ။ ချက်ကျလက်ကျ ယုတ္တိတန်တန် ပြောပြမှာပါ။ ယေဘုယျပြောရရင်တော့ ဟုတ်ပါတယ်၊ မြန်မာသံဟာ ကျဆုံးနေတာပါလို့ ပြောလို့ရပါတယ်။ ဒါက ဒီနေ့မီဒီယာခေါ်တဲ့ ဂျာနယ်၊ ရုပ်ရှင်၊ တီဗွီ စတဲ့ ပိတ်ကားတွေ၊ မှန်သားပြင်တွေအပေါ်ကြည့်ပြီး ဆုံးဖြတ်ကြတာပါ။

တကယ်တမ်း တောတောင်ကျေးလက်တောရွာ ရောက်တဲ့အခါကျရင်တော့ မြန်မာသံအခိုင်အမာရှိသေးတယ်ဆိုတာကို တွေ့ကြရမှာပါ။ ဒါကိုလည်း ကျွန်တော်တိတိကျကျ ကိုယ်တွေ့နဲ့ယှဉ်ပြီးတော့ အချက်အလက်တွေနဲ့ ပြောပြမှာပါ။ ဥပမာတစ်ခုပေါ့လေ၊ ကျွန်တော် စကားမစပ်ပြောပါရစေ။ ဆိုပါစို့၊ မြန်မာသံဆိုတာ အင်မတန်ကျယ်ပြန့်ပါတယ်။ ဟိုး… သီချင်းကြီး နတ်ချင်းကနေစပြီးတော့ ဒီနေ့ ကိုသန်းလှိုင်၊ ဒေါ်တင်တင်မြ၊ စန္ဒရားချစ်ဆွေ စသဖြင့်၊ ဦးမင်းနောင်၊ အဲဒီအလယ် ခု ရာဇာဝင်းတင့်၊ စိုးစန္ဒာထွန်း၊ အနိုင် စသဖြင့် ကျယ်ပြန့်ပါတယ်။

ဟိုးခေတ်ဟောင်းကတည်းက ဒီကနေ့ နောက်ပေါ် မြန်မာသံတွေအထိ ပြောကြကြေးဆိုရင် အင်မတန် ကျယ်ပြန့်ပါတယ်။ အဲဒီအထဲက တစ်ခုပဲ ယူပြောကြပါစို့၊ သင်္ကြန်သီချင်းပေါ့လေ။ သင်္ကြန်ကျရင် သင်္ကြန်သီချင်းဟာ သေချာပေါက် ပါကိုပါလာရမယ်။ မြနန္ဒာတို့၊ တူးပို့တူးပို့တို့၊ မြူမှောင်ဝေကင်း၊ ရေကင်းသံ စသဖြင့် မဆိုမဖြစ်ပါ။

ဒါကလည်း ကျွန်တော့်ကိုယ်တွေ့ အများကြီးမို့ ပြောရဲတာပါ။ ဥပမာတစ်ခု ကျွန်တော်ပြောပြပါမယ်။ ဟိုး ဘိုးစဉ်ဘောင်ဆက်ကနေ ဒီကနေ့ထိ မင်္ဂလာဆောင်တဲ့အခါကျရင် မင်္ဂလာပွဲမှာ ‘အောင်ဇေယျတု ငွေခရုငယ် သင်္ခါ’၊ ပြီးတော့ ‘အခါတော်’ ဒီကနေလွဲပြီးတော့ တခြားအစားထိုးလို့ မရပါဘူး။ ဒါဟာ အလွန်တိကျတဲ့ သက်သေသက္ကာယပါ။

သင်္ကြန်ချိန်ဆိုလည်း ဒီအတိုင်းပါပဲ။ တခြားသီချင်းတွေနဲ့ အစားထိုးမရတဲ့ သင်္ကြန်သီချင်းတွေဟာ သက်သေတွေပါပဲ။ ကျွန်တော် မန္တလေးသင်္ကြန်မှာ ၁၄ နှစ်တိတိ ငွေငန်းနဲ့တွဲပြီး သီချင်းတွေဆိုခဲ့ပါတယ်။ မန္တလေးသင်္ကြန်နဲ့ မြို့မငွေငန်းနဲ့ကလည်း ခွဲမရပါဘူး။ ကျွန်တော်ဟာ မြို့မငွေငန်းနဲ့ မန္တလေးဗဟိုမဏ္ဍပ်မှာ ရှေ့ဆုံးက အဖွင့်သီချင်းဆိုခဲ့ရပါတယ်။ ဆိုတဲ့အခါတိုင်း ‘မြူမှောင်ဝေကင်း’ နဲ့ ဖွင့်ပါတယ်။ ကျွန်တော်က မြနန္ဒာနဲ့ မဖွင့်ပါဘူး။ ရိုးနေလို့ပါ၊ မြူမှောင်ဝေကင်းက မြနန္ဒာလောက် မသွက်ပေမယ့်လည်း လေးလေးအေးအေးနဲ့ ရင်ထဲနှလုံးသားထဲထိ ရေကင်းသံ တဂျိမ်းဂျိမ်းနဲ့ ဝင်တိုးတဲ့အတွက်ကြောင့် ကျက်သရေအလွန်ရှိတယ်။ ကြက်သီမွေးညင်း ထရတယ်။ ကလို့လည်း ငြိမ့်ညောင်းတယ်လို့ ထင်လို့ပါ။

အဲဒီ ကျွန်တော့်အတွေ့အကြုံအရလည်း ငွေငန်းပေါ်ကနေ မျက်စိတစ်ဆုံးမြင်နေရတဲ့ ဖွေးဖွေးလှုပ်နေတဲ့ ပရိသတ်ကြီးရဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းအကဟာ မြင်ရတာ အလွန်စိတ်ချမ်းသာစရာကောင်းပါတယ်။ ၁၄ နှစ် ဆက်တိုက် ဖျော်ဖြေခဲ့တာ ကျွန်တော်။

ကျွန်တော့်လိုပဲ မှတ်တိုင်ထူခဲ့သူက ဘယ်သူလဲဆိုတော့ အရှိန်အဝါအလွန်ကြီးတဲ့၊ ကျွန်တော့်ထက်လည်း အလွန် ချောမောပြီးတော့ ကိုယ်ရောင်ကိုယ်ဝါ အလွန်တောက်ပတဲ့ ရုပ်ရှင်မင်းသားကြီး ဝင်းဦးပါ။ သူက ၁၀ နှစ်လုံးလုံး ငွေငန်းနဲ့အတူ မန္တလေးသင်္ကြန်မှာ ဖျော်ဖြေခဲ့တာပါ။ ကျွန်တော် သိရသလောက် အဲဒီ ၁၀ နှစ်နောက်ပိုင်းမှာ မင်းသားကြီး ဝင်းဦးလည်း ငွေငန်းနဲ့ ခွာပြီးတော့ မန္တလေးသင်္ကြန်ကို မရောက်တော့ဘူးလို့ ကြားပါတယ်။

ကျွန်တော်ကတော့ ကံတရားပဲဗျ၊ ကိုယ့်ကိုယ်ကိုယ် ပညာရှင်လို့လည်း မသတ်မှတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိပ်နှိမ်ချတာလည်း မဟုတ်ပါဘူး။ ကျွန်တော်က ပါရမီရှင်လို့ ပြောလို့ရပါတယ်။ ပါရမီရှင်ဆိုလို့ မြတ်စွာဘုရားရဲ့ ပါရမီ ၁၀ ပါးကို အမှီပြုပြီးတော့ ကိုယ့်ကိုယ်ကိုယ် စန်းတင်တယ်လို့လည်း မထင်ကြစေလိုပါဘူး။ ကျွန်တော်ပြောချင်တဲ့ ပါရမီဆိုတာကလေ၊ ကျွန်တော့်အမေပြောသလိုပေါ့လေ၊ သားကတဲ့ ပြီးခဲ့တဲ့ ဘဝဘဝက သူတော်ကောင်းတွေကို ကြေးစည်၊ ခေါင်းလောင်း လှူဖူးလို့လား မသိပါဘူးကွယ်၊ ဒီဘဝမှာ အသံကောင်းတာလို့ ပြောသလိုပါပဲ။ အဲသလိုဖြစ်ရင်လည်း ဖြစ်နိုင်ကောင်းရဲ့၊ ဒါ့အပြင် ငယ်ငယ်တုန်းက ဒီလိုပဲ အသံနဲ့ ပတ်သက်တဲ့ ဒါနလေးတွေ ပြုဖူးလို့သော်လည်းကောင်း အရွယ်ရောက်လာတဲ့အခါ နားထောင်ခဲ့ရတဲ့ သီချင်းတွေကြောင့်လည်း ဖြစ်နိုင်ကောင်းရဲ့။ ဒီသဘောတွေကြောင့် ကျွန်တော် အသံနဲ့လုပ်စားလို့ရခဲ့တာလို့ သတ်မှတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ပဲ သတ်မှတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတာလည်း မဟုတ်ပါဘူး။ နှိမ်ချတာလည်း မဟုတ်ပါဘူး။

ကျွန်တော့်ဘဝမှာ မြန်မာအသံ အဆိုတော်ဖြစ်တာလည်း မတော်တဆ ခရီးသွား ဟန်လွှဲဖြစ်ခဲ့တာ၊ ကက်ဆက်အဆိုတော် ဖြစ်တော့လည်း ထွက်ဖြစ်တာလည်း ဒီလိုပဲ ကြုံရင်းဆုံရင်း ဖြစ်သွားတာ။ ရုပ်ရှင်မင်းသားဖြစ်တာလည်း မတော်တဆ ဖြစ်ခဲ့တာပါ။ ရုပ်ရှင်အကြောင်းရောက်ရင် ရုပ်ရှင်မင်းသား ဖြစ်ခဲ့ပုံလေးတွေ ပြောပါဦးမယ်။ ဒါဟာလည်း ချိုးနှိမ်ပြီးပြောတာ မဟုတ်ပါဘူး။ လောကမှာ ဒီလိုပဲ တိုက်ဆိုင်မှုတွေ ရှိတတ်တယ်ဆိုတဲ့ အကြောင်း ပြောတာပါ။ အဲဒီတော့ မန္တလေးသင်္ကြန်နဲ့ တိုက်ဆိုင်တာလည်း ဒီလိုပဲ မတော်တဆပါပဲ။ ကျွန်တော်က မန္တလေးကို ရုပ်ရှင် ရိုက်ရအောင် သွားခဲ့တာပါ။

ရုပ်ရှင်ရိုက်တော့ သင်္ကြန်နားနီးရက်၊ ရုပ်ရှင်ရိုက်ပြီးတော့ နားတဲ့အချိန်မှာ ဖြစ်ချင်တော့ မန္တလေးမြို့မအသင်းက ကျွန်တော့်အသံကို ကြိုက်လို့ဆိုပြီး ကျွန်တော့်အပေါ် သံယောဇဉ်ဖြစ်တာ။ ဖြစ်တော့ သင်္ကြန်နားကပ်တဲ့အချိန်မှာ ကျွန်တော်နဲ့ သွားဆုံကြတယ်။ စားရင်းသောက်ရင်း စကားစမြည်ပြောရင်း -

“အေး ကိုသုမောင်ရေ၊ ဗိုသုရေ… ငွေငန်းရပ်နေတာကြာပြီ၊ ဒီနှစ်တော့ ပြန်ထွက်မယ်လို့ စိတ်ကူးတယ်။ ခင်ဗျားကြီး ဝင်ဆိုပါလားဗျ” တဲ့။

ကျွန်တော်ကလည်း -

“ကောင်းသားပဲဗျာ”

ဆိုပြီး လွှတ်ခနဲ ပြောလိုက်တာ။ သဘောကတော့ဗျာ၊ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ခုချိန်မှာတော့ မရှက်တော့ပါဘူး။ မူးမူးရူးရူးနဲ့ စွတ်ပြောလိုက်တာဗျ။ သူတို့ကလည်း ခေါင်းညိတ်ပြီးတော့ ငွေငန်းဆင်ထားတဲ့ မဏ္ဍပ်ကားကြီးနဲ့ လာခေါ်ပါလေရောဗျာ။

အဲဒီမယ် ဘာရယ်မဟုတ်ဘဲနဲ့ တက်ဆိုရင်းကနေ မြန်မာသံ မြူမှောင်ဝေကင်းကို စွဲပြီးတော့၊ မန္တလေးသင်္ကြန်ပရိသတ်ကိုစွဲပြီး၊ အထူးသဖြင့်ကတော့ ကိုဝင်းဦးလက်ထက်က ရွှေခြေကျင်းကြီးတွေ၊ ရွှေဆွဲကြိုးကြီးတွေ၊ ရွှေလက်ကောက်ကြီးတွေ တဝင်းဝင်းနဲ့၊ စံပယ်ပန်းတွေ၊ သဇင်ပန်းတွေ ဝေနေအောင်ပန်တဲ့ အသက် ၄၀ ကျော်၊ ၅၀ အဘွားကြီးတွေက ကျွန်တော်ဆိုနေတဲ့အခါမှာ ကိုဝင်းဦးကို စွဲသလိုမျိုး မြန်မာသံပီပီသသဆိုတဲ့ ‘မောင်သုမောင်’ ဆိုတဲ့ ကောင်လေးကို ချစ်နိုးနားနဲ့ ချစ်စနိုးနဲ့ ဒီငွေငန်းကြီးကို ပတ်ပတ်ပြီး ကကြတာ။ အဲဒါကို အသည်းခိုက်ပြီးတော့ နောက်နှစ်လည်း မန္တလေးကိုသွား၊ နောက်နှစ်လည်း မန္တလေးသင်္ကြန်ကျရင် မနေနိုင်တဲ့ ကျွန်တော် ၁၄ နှစ်တိတိ တိုင်ခဲ့ရတာဗျာ။

အဲဒါ မန္တလေးသင်္ကြန်နဲ့၊ သုမောင်တို့ ထပ်တူထပ်မျှ ချစ်ခဲ့ကြတဲ့အကြောင်းပါ။ တစ်နည်းပြောရရင် သင်္ကြန်ရယ်၊ မြန်မာသံရယ်၊ မြန်မာပရိသတ်ရယ် ထပ်တူထပ်မျှ အံဝင်ခွင်ကျသဘောကို ပြောချင်တာပါ။ အဲဒီနောက်မှာတော့ တစ်ခါတစ်ရံ ကိုရန်အောင်လေး သွားတတ်တယ်လို့လည်း ကြားပါတယ်။ ပြီးတော့ ကျွန်တော့်အသံနဲ့ ထပ်တူထပ်မျှလို့ ယေဘုယျအားဖြင့် ပိရိသတ်က ဆုံးဖြတ်တဲ့ ကျွန်တော့်သားလေး ဖိုးသောကြာကလည်း အခုဆိုရင် လေးငါးနှစ်ရှိပါပြီ၊ မန္တလေးသင်္ကြန်နဲ့တွဲတာ။ ကျွန်တော်ကလည်း ဘယ်လိုခေါ်မလဲဗျာ။ မန္တလေးသင်္ကြန်က ဒီမှာလို မဟုတ်ဘူးဗျ။ ငွေငန်းနဲ့ လှည့်ပြီဆိုရင် လေးငါးညကို ညနေငါးနာရီလောက်ကနေ နောက်နေ့ ကိုးနာရီ ၁၀ နာရီလောက်အထိ ငွေငန်းယာဉ်ကြီးပေါ်မှာ မတ်တပ်ရပ်ရတာ ဆိုတော့ကာ အသက်အရွယ်အရ မဟန်နိုင်တော့ဘူး။ အိပ်ရေးပျက်လည်း မခံနိုင်၊ အသံလည်း ကုန်လာ၊ မောလာဆိုတော့ သားကို တစ်လှည့် အလှည့်ပေးရတာပေါ့လေ။ ဒါလည်း ကိုယ့်သားကိုယ် မြှောက်ပေးတာ မဟုတ်ပါဘူး။ အသံကတူတော့ အညာပရိသတ်၊ အထူးသဖြင့် မန္တလေးပရိသတ်ပေါ့။ ဒီသုမောင်ကြီးရဲ့ အသံကို အစွဲအလမ်းကြီးကြတယ်။

ဝင်းဦးအသံကိုစွဲတော့ သုမောင်ကြီးကိုစွဲတယ်။ သန်းမြတ်စိုးကိုစွဲတော့ သုမောင်ကိုစွဲတယ်။ ဇော်ဝမ်းကိုစွတြော့ သုမောင်ကိုစွဲတယ်။ သုမောင်ကို စွဲတော့ ရန်အောင်ကိုစွဲတယ်။ ရန်အောင်ကိုစွဲတော့ ဖိုးသောကြာကိုစွဲတယ် စသဖြင့် သံယောဇဉ်လေးတွေကြောင့် ငယ်ဂုဏ်လေးရှိတဲ့ ဖိုးသောကြာကို သူတို့သံယောဇဉ်ဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့က လက်တွဲလေး ဖြုတ်ပေးလိုက်တာ။ ဒါပါပဲ။ ခုတော့လည်း ဖိုးသောကြာနဲ့ မန္တလေးငွေငန်းနဲ့ တွဲမိသွားတော့ ဝမ်းသာတာပေါ့။ ကိုယ့်သားမို့လို့ ကိုယ်ပြောတာဆိုရင်လည်း ခံရမှာပေါ့။ ဘာပဲဖြစ်ဖြစ် စေတနာအရင်းခံကတော့ မြန်မာသံလေး လက်လွှဲခွင့်ရတာပါ။

အဲ… စောစောကစကား ပြန်ဆက်ကြပါစို့၊ မြန်မာသံနဲ့ မြန်မာသံပရိသတ်ကိစ္စ။ ကျွန်တော်ပြောတဲ့ စကားမစပ်ကိစ္စမှာ မြန်မာသံကိစ္စကို ကျွန်တော့်ဆီ ပရိသတ်နှစ်မျိုးနှစ်စား တုံ့ပြန်ဝေဖန်အကြံပြုတဲ့ အကြောင်းအရာ နှစ်မျိုးပေါ်လာတယ်။ သဘောပြောရရင် လူတန်းစားနှစ်ရပ် ပေါ်လာတယ်။ တစ်မျိုးက ပညာရှင် ပညာတတ်လူတန်းစား၊ နောက်တစ်မျိုးက သာမန်လူတန်းစား။ ဒီလို နှစ်မျိုးနှစ်စား တွေ့ရပါတယ်။ သုမောင်ကြီးက ပြောလိုက်တဲ့အခါကျတော့ ပညာတတ်နဲ့ ပညာမဲ့ ခွဲတယ်လို့ မထင်လိုက်ပါနဲ့။ ကျွန်တော် ဆက်ပြောရင်းနဲ့ နားရှင်းသွားမှာပါ။ ဘယ်လိုလဲဆိုတော့ လူ့သဘာဝမှာ ဦးနှောက်နဲ့ ခံစားတာရယ်၊ နှလုံးသားနဲ့ ခံစားတာရယ်ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။

တစ်ခါတစ်ရံ ဦးနှောက်အသုံးချတဲ့သူက နှလုံးသားနဲ့ ခံစားတတ်ပြီးတော့ တစ်ခါတစ်ရံမှာ နှလုံးသားနဲ့ ခံစားတဲ့လူက ဦးနှောက်နဲ့ အသုံးချတတ်တယ်ဆိုတဲ့ ကပြောင်းကပြန် လူ့သဘာဝလေးကို ပြောချင်လို့။ သဘောကတော့ ဦးနှောက် သိပ်ငြီးငွေ့လာရင် နှလုံးသားနဲ့ လှည့်ခံစားတယ်၊ နှလုံးသား သိပ်ပြီးတော့ ငြီးငွေ့လာရင် ဦးနှောက်နဲ့လှည့်ပြီး ခံစားတယ်ဆိုတဲ့ သဘာဝတရားလေးကို ပြောချင်တာပါ။ အဲဒါက ဘယ်မှာသွားတွေ့ရသလဲ ဆိုရင် စောစောကပြောတဲ့ ကျွန်တော့်ရဲ့ စကားမစပ် မြန်မာသံစီးရီးကို နားထောင်တဲ့ပရိသတ်ရဲ့ တုံ့ပြန်မှု Respond အပေါ်မှာ သွားတွေ့ရတယ်။

ဒီစကားမစပ်စီးရီးလေးကို မန္တလေးအက်ဖ်အမ်ကနေ မကြာမကြာလွှင့်ပေးတဲ့အခါကျတော့ ပရိသတ်များလာတာတွေ့ရတယ်။ တယ်လီဖုန်း၊ စာ၊ လူကိုယ်တိုင်၊ လက်ဖက်ရည်ဆိုင်မှာ၊ မြို့ထဲသွားရင်းလာရင်း အမှတ်တမဲ့ ဆုံကြတဲ့အခါမှာ ဒီအကြောင်းလေးတွေကို ပြောကြဆိုကြပါတယ်။ ပြောတဲ့အထဲမှာ စောစောကပြောသလို ပညာရှင်၊ ပညာတတ်အပိုင်းပါသလို သာမန်လက်လုပ်လက်စား ပုဂ္ဂိုလ်များလည်း ပါကြပါတယ်။

အဲဒီမယ် ထူးဆန်းတာက သာမန် လက်လုပ်လက်စားခံစားသူ သက်သက်လို့ ကျွန်တော် သတ်မှတ်မိတဲ့ ပရိသတ်က ဘယ်လိုတုံ့ပြန်သလဲဆိုတော့ ‘ဟာ၊ ဆရာသုမောင်ကြီး ပြောသွားတဲ့အထဲမှာ ဘယ်နေရာလေးကဖြင့် အနုပညာက ဘယ်လို၊ ရသကဖြင့်ဘယ်လို၊ အသံနေအသံထားကဖြင့် ဘယ်လို၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာက ဘယ်လို’ ဟောဗျာ၊ အဲသလို ပညာရပ်ဆိုင်ရာတွေကို သူတို့က တုံ့ပြန်လာကြသဗျာ။

ဟောဗျာ ပညာရှင်၊ ပညာတတ်လို့ ကျွန်တော် တွက်ဆထားတဲ့ အနုပညာရှင်ကြီးတွေ၊ အတတ်ပညာရှင်ကြီးတွေ၊ ဆိုပါစို့ဗျာ တက္ကသိုလ်က ပါမောက္ခကြီးတွေ၊ ကထိကကြီးတွေ၊ ဂီတပညာရှင်၊ အနုပညာရှင်ကြီးတွေဆီက တုံ့ပြန်မှုကကျတော့ ဘာလဲ သိလားဗျာ။ ဥပမာဆိုပါစို့ဗျာ။ တစ်လောက ပညာရှင်ကြီးတစ်ယောက် ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ ‘လယ်တောကအပြန်’ ဆိုတဲ့ ကျွန်တော့်ရဲ့ Original သီချင်းလေးကို ကြားရတာတဲ့ ခံစားရလွန်းလို့ မျက်ရည်ကျပြီး ငိုမိပါတယ်တဲ့ဗျား။ အဲဒါက ပညာရှင်ကြီး။ ဟော… သူကကျတော့ ပညာ စကားမပြောဘဲ ငိုရပါတယ်တဲ့ဗျာ။ ဟော တစ်ယောက်ကကျတော့လည်း ဒီလိုပဲ ပညာရှင်ပါပဲ။ ကျွန်တော့်အသံလေး အနိမ့်အမြင့်နဲ့ ပြောတာကြားရတော့ ကျွန်တော့်ရုပ်ကို မြင်မိပါတယ်တဲ့ဗျား။ ခံစားရပါတယ်တဲ့ဗျား။ ခံစားရပါသတဲ့။ ပညာစကား လုံးဝမပါဘူး။ ဟော… ပညာရှင် ပညာတတ်က နှလုံးသားနဲ့ ခံစားနေပြန်ရော။

ပရိသတ်ကို ကိုယ့်စိတ်ကူးအထင်နဲ့ ရမ်းသန်းမှန်းဆလို့ မရဘူးဆိုတဲ့သဘောကို သွားတွေ့တာ၊ စကားမစပ် ကျွန်တော် ပြောပါရစေဦး၊ အမှတ်တရလေးပါ။

နိုင်ငံတကာ စာပေပညာရှင်တွေ ထကကြတဲ့ မြနန္ဒာ

သြော်… ဒါနဲ့စကားမစပ်ဆိုတဲ့ အနုပညာနဲ့ဆိုင်တဲ့ ကိုယ်တွေ့စီးရီးလေးကို ပြောလာတာ အခုဆိုရင် လေးငါးခြောက်ကြိမ်လောက်ရှိပါပြီ။ မန္တလေးအက်ဖ်အမ်က ဒီစကားပြောစီးရီးလေး လွှင့်လာလိုက်တာ ပရိသတ်များလာတာကို တွေ့လာရပါတယ်။ ဒါဟာ ကိုယ်တွေ့ပါ။ မကြာခဏ ဖုန်းနဲ့လှမ်းဆက်ပြီး၊ စာနဲ့၊ လူကိုယ်တိုင်၊ လက်ဖက်ရည်ဆိုင်မှာ၊ မြို့ထဲသွားရင်းလာရင်း အမှတ်တမဲ့ အဲသလို ဆုံကြတဲ့အခါမှာ ဒီမန္တလေးအက်ဖ်အမ်က အကြောင်းလေးတွေကို ပြောဖြစ်ဆိုဖြစ်ကြပါတယ်။

ပြောဖြစ်ကြတဲ့အခါ ပြီးခဲ့တဲ့အပတ်က ပြောခဲ့သလို ပညာရှင်၊ ပညာတတ် အသိုက်အဝန်းပါသလို သာမန်လက်လုပ်လက်စား ပုဂ္ဂိုလ်များလည်း ပါပါတယ်။ အဲဒီမယ် ထူးဆန်းတာက သာမန်လက်လုပ်လက်စား ခံစားသူသက်သက်လို့ ကျွန်တော် သတ်မှတ်မိတဲ့ ပရိသတ်က ပညာရပ်ပိုင်းဆိုင်ရာကို ထောက်ပြီး ဝေဖန်သွားနိုင်ကြတယ်ဗျ။

ဟော… ကြည့်ဗျာ၊ ပညာရှင်၊ ပညာတတ်ကြီးတွေလို့ ကျွန်တော် သတ်မှတ်ထားတဲ့ အသိုက်အဝန်းကတော့ တက္ကသိုလ်အသိုက်အဝန်းက ပေါ့ဗျာ။ ဘယ်လိုတုံ့ပြန်ကြသလဲဆိုရင် ပညာသား မဆန်ဘူး။ ပညာစကား လုံးဝမပါဘူး၊ ပညာရှင်၊ ပညာတတ်က နှလုံးသားနဲ့ ခံစားနေပြန်ပါရောလား။

ပရိသတ်ကို ကိုယ့်စိတ်ကူးအထင်နဲ့ ရမ်းသန်းမှန်းဆလို့ တွက်ဆလို့ မရဘူးဆိုတာ သွားတွေ့ရပါတယ်။ စကားမစပ်လို့ ပြောပါရစေဦး၊ ၂၀၀၁ ခုနှစ်က ကျွန်တော် အမေရိကန်နိုင်ငံကို ရောက်သွားပါတယ်။ နိုင်ငံတကာ စာရေးဆရာများ စာပေအလုပ်ရုံဆွေးနွေးပွဲဖိတ်လို့ ကျွန်တော် မြန်မာစာရေးဆရာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ စာရေးဆရာမ မြနှောင်းညိုပါ ပါတယ်။

ဆိုတော့ကာ ကျွန်တော်တို့ပြန်ခါနီးမှာ ထုံးစံအတိုင်း စာတမ်းဖတ်ခွင့်ရပါတယ်။ ကျွန်တော်က ဘာစာတမ်းဖတ်ရသလဲဆိုတော့ ရှားရှားပါးပါးပေါ့နော်၊ ဒါကလည်း ပညာရှင်တွေရဲ့ အဆိအမိန့်ပါ။ ဖိတ်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ မှတ်ချက်ပါ။ Family Saga လို့ ခေါ်တယ်ဗျ။ မိသားစု အကြောင်းကို ဝတ္တုပုံစံရေးတဲ့ စာပေအမျိုးအစား။ ကျွန်တော်က အဲဒါမျိုး အရေးများတဲ့အတွက်ကြောင့် အဲဒါမျိုးစာတမ်းကို ဖတ်ရတယ်ဗျ။ ရှားရှားပါးပါး စာပေအမျိုးအစားပေါ့နော်။ ဝိဝါဒလည်း ကျွန်တော်တို့နိုင်ငံမှာ ကွဲပြားနေပါတယ်။

အဲဒီ ဖမ်မလီဆားဂါးဆိုတဲ့ ‘ဖြစ်ကြောင်းကုန်စင် မိသားစုပုံပြင်’ ခေါ်မှာပေါ့၊ ကျွန်တော်က စာတမ်းဖတ်ပါတယ်။ ထုံးစံအတိုင်း နိုင်ငံပေါင်း ၂၈ နိုင်ငံက စာရေးဆရာပေါင်းစုံ နားထောင်တာပေါ့လေ။ ကျွန်တော်က စာတမ်းထဲမှာ ပညာရပ်ဆိုင်ရာတွေနဲ့ ထည့်သွင်းဖတ်ကြားတာပေါ့။ ပြီးတဲ့အခါ နိုင်ငံတကာ စာရေးဆရာတွေက သဘောကျကြတယ်ပေါ့နော်။ လက်ခုပ်တီး သြဘာပေးကြတာပေါ့လေ။ ထုံစံအတိုင်းပေါ့ဗျာ။ ကျွန်တော်လည်း ထုံးစံအတိုင်း Any Question ဆိုပြီး မေးစရာရှိပါသလားပေါ့လေ။ အဲဒီအချိန်မှာ အံ့သြစရာ ထူးထူးဆန်းဆန်း ဘာတုံ့ပြန်လာသလဲ ဆိုတော့ နိုင်ငံတကာက ခေါင်းခေါက်ရွေးလိုက်တဲ့ စာပေပညာရှင်တွေနော်။ တစ်ပြိုင်နက်တည်း ထွက်လာတဲ့အသံက မြန်မာသီချင်းတစ်ပုဒ်လောက် ဆိုပြပါတဲ့။ ဟောဗျာ ကြည့်စမ်းပါဦး၊ နိုင်ငံတကာ စာပေပညာရှင်တွေရဲ့ တုံ့ပြန်မှု၊ ရုတ်တရက်တော့ ကျွန်တော် အံ့သြသွားတယ်။

‘ဟား… စာပေပညာရှင်တွေက ဘယ့်နှယ် ငါ့သီချင်းဆိုခိုင်းနေရတာတုံး’ ဆိုပြီး ပေါက်တတ်ကရတွေ ခိုင်းနေတယ်ပေါ့။ ဘယ်ဟုတ်ပါ့မလဲ၊ သေသေချာချာစဉ်းစားကြည့်တော့ သူတို့ဦးနှောက်တွေ ပူနေပြီလေ။ နဂိုကတည်းက သူတို့ကိုယ်တိုင် စာပေပညာရှင်တွေဆိုတော့ စာတွေလည်း တောက်လျှောက်ရေးလား၊ ဒီပွဲမှာလည်း အချင်းချင်း ကိုယ်စီကိုယ်စီ စာအကြောင်းပေအကြောင်းတွေ၊ ဝတ္တုတို-ဝတ္တုရှည် သဘောတရားတွေ ပြောလာ၊ ဆိုလာခဲ့ကြတာ တစ်ယောက်တစ်လှည့်စီ ပြောဆိုခဲ့ကြပြီးတာ၊ ကဗျာ၊ ဆောင်းပါးအကြောင်း ပြောကြဆိုကြ လုပ်လာခဲ့ကြရတာဆိုတော့ သူတို့ ငြီးငွေ့နေပြီပေါ့။

ဒီတော့ ဦးနှောက်က ငြီးငွေ့နေပြီ၊ သူတို့နှလုံးသားနဲ့ သီချင်းနားထောင်ချင်မှာပေါ့။ ဒီကြားထဲ မြန်မာပြည်မှာ အဆိုအလွန်ကောင်း၊ အသံအလွန်ကောင်းပါတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ကိုယ်ရေးမှတ်တမ်းလည်း သူတို့က ဖတ်ထားပြီးပြီဆိုတော့၊ အဲဒီတော့ ကျွန်တော့်သီချင်း၊ အထူးသဖြင့် မြန်မာသီချင်း နားထောင်ချင်မှာပေါ့။
အဲဒီတော့ ကျွန်တော်ကလည်း ထုံးစံအတိုင်း မြန်မာသီချင်းပေမယ်လို့ အင်တာနေရှင်နယ်လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးက နားထောင်ခံစားနိုင်တဲ့ 'မြနန္ဒာ ရေညိုညိုရိပ်ကာသန်းတဲ့' ဆိုတဲ့၊ ပြောရဦးမယ်။ နေညိုညိုမဟုတ်ဘူးနော်၊ ရေညိုညိုရိပ်ကာသန်းတဲ့ ဖြစ်ရပါမယ်။ အဲဒီ မြနန္ဒာကို ကျွန်တော်ဆိုပါတယ်။ ကျွန်တော်ဆိုတော့ သူတို့က အဆင်သင့်ပဲဗျာ၊ တိုင်ပင်မထားပါဘူး။ သူတို့ကလည်း လက်ခုပ်တီး၊ သူတို့လက်ခုပ်တီးတော့ ကျွန်တော်ကလည်း ပါးစပ် အငြိမ်မနေနိုင်ဘူး။ အနားမှာရှိတဲ့ မြနှောင်းညိုကို -

"ကဲ... မညို၊ ဒီတိုင်းတော့ မစည်ကားဘူး၊ ခင်ဗျား ထကပေတော့ဗျာ"

ဆိုပြီးတော့၊ မညိုကလည်း ဂါဂယာကြီးနဲ့ ထကရတော့တာပေါ့။ အီတလီကဗျာဆရာမကြီး တစ်ယောက်က ဂါဝန်ကြီးနဲ့ ထကပါလေရောဗျာ၊ ဟော စည်စည်ကားကားနဲ့ ပွဲသိမ်းသွားပါလေရေဗျာ။

ဒါဟာ ဂီတကြောင့် စည်စည်ကားကားဖြစ်သွားတယ်။ ဆူဝေနေတဲ့ ဦးနှောက်တွေလည်း ငြိမ်သက်အေးမြသွားတယ်။ နှလုံးသားတွေ ပြန်ပြီးနိုးကြားလာတယ်။ ပြောချင်တာက ဂီတကြောင့်၊ အထူးသဖြင့် မြန်မာ့ ဂီတကြောင့်၊ ကမ္ဘာကခံစားနိုင်တဲ့ ဆရာမြို့မငြိမ်းရဲ့သင်္ကြန်သီချင်းကြောင့် ကမ္ဘာ့စာပေသမားတွေ သွေးဆူကုန်တယ်၊ လှုပ်ရှားကုန်တယ်၊ ခံစားနိုင်တယ် ဆိုတာပါပဲ။ ဒါလည်း ဘာပဲဖြစ်ဖြစ် ပရိသတ်နေရာကို ရောက်သွားတဲ့ စာပေပညာရှင်တွေအကြောင်းပေါ့ဗျာ။

ပြောလက်စ စကားနဲ့ တစ်ဆက်တည်းပဲ မြန်မာဂီတရဲ့ ပရိသတ်တွေအဖြစ် ကမ္ဘာ့စာပေပညာရှင်တွေ ဖြစ်ကုန်ကြတယ်ပေါ့ဗျာ။ တစ်ဆက်တည်းမှာပဲ စကားမစပ် ထပ်ပြီးပြောလိုက်ပါရစေ။ ကျွန်တော့်ကိုယ်တွေ့၊ တကယ့်ကို ကိုယ်တွေ့ပါဗျာ။ တစ်ချိန်သောအခါက မြင်းခြံဘက်ကနေ ကျွန်တော့်ကို အလှူတစ်ခုမှာဆိုဖို့ ငှားပါတယ်။ ငှားတော့ ကျွန်တော်ကလည်း သွားမယ်ပေါ့၊ အဲဒီတော့ အလှူရှင်ဘက်က သူ့ရဲ့ဒတ်ဆန်း (Datsum) ကား အသစ်လေးတစ်စင်း၊ Pick-up ကားလေးတွေပေါ်စ၊ အမိုး မတပ်ရသေးဘူး။ ကျွန်တော့်အတွက်ဆိုပြီး ထားခဲ့ပါတယ်။ အဲဒီကားလေးနဲ့လာခဲ့။ ဒရိုင်ဘာရယ်၊ ကျွန်တော့်အဖော်ရယ်၊ ကျွန်တော်ရယ် သွားမယ်ဆိုပြီး စီစဉ်ကြတယ်။

ဒါနဲ့ ဒရိုင်ဘာနဲ့ ကျွန်တော့်အဖော်ကို ကားရှေ့ခန်းမှာထိုင်ခိုင်း၊ ကျွန်တော်က နောက်ခန်းမှာ အိပ်ရာတွေခင်း၊ ခြင်ထောင်အဆင်သင့်ထား၊ စားစရာ သောက်စရာတွေ အစုံအလင်နဲ့ပေါ့လေ။ ပြောရရင်တော့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်ဗျာ၊ မရှက်တော့ပါဘူး။ အရက်ပုလင်းလည်းပါတာ ပေါ့ဗျာ။ ဒါက ပြောမယ့်အထဲမှာ အရေးကြီးလို့ပါ။ အဲဒီကားနောက်ခန်းမှာ သောက်လိုက်စားလိုက်၊ အိပ်လိုက်နဲ့ မြင်းခြံခရီးထွက်ခဲ့တာပေါ့။ ညမှာ ထွက်ခဲ့ပါတယ်။

ထုံးစံအတိုင်း အညာခရီးဆိုတော့ ဖုန်တသောသောပေါ့။ အမိုးအကာလည်းမပါတော့ လေတိုက်လိုက်၊ ဖုန်တွေလူးလိုက်၊ သောက်လိုက် အိပ်လိုက်ပေါ့။ မနက်ဝေလီဝေလင်းရောက်တဲ့အချိန်ကျတော့ တောလမ်းတစ်နေရာရောက်တယ်။ ရောက်တဲ့အခါမှာ ကျွန်တော့်တစ်ကိုယ်လုံးဟာ စား၊ သောက်၊ အိပ်ထားတဲ့အတွက်ကြောင့် ဖုန်အလိမ်းလိမ်းနဲ့ ညစ်ပတ်၊ ပေတူးနေတာပေါ့ဗျာ။ ဆံပင်တွေကလည်း ဖွာလန်ကြဲ၊ မုတ်ဆိတ် နှုတ်ခမ်းမွေးကလည်း မရိတ်မသင်ရတဲ့အခါကျတော့ ကြည့်မကောင်း ရှုမပျော်ပေါ့။

အဲဒီလို သွားနေရာကနေပြီးတော့ မိုးလင်းဝေလီဝေလင်းအချိန်ရောက်ပြီပေါ့ဗျာ။ မော်တော်ကားကိုလည်း ရေလဲပေးတဲ့အချိန် ခဏရပ်တယ်။ ရပ်တော့ ကျွန်တော် အိပ်လက်စနဲ့ ဆက်ပြီးမှေးနေတာပေါ့။ ဒါပေမဲ့ မျက်လုံးမှိတ်ထားပေမယ့် အပြင်က အသံတွေကတော့ ကြားနေရပါတယ်။ အဲဒီအချိန်မှာ တောသူမိန်းမကြီးတစ်ယောက်ရယ်၊ ကျွန်တော့်ဒရိုင်ဘာရယ် စကားပြောနေတဲ့အသံကို ကြားရတယ်။ အငြင်းအခုံအလုပ်နေတာပါ။ အဲဒီမှာ မိန်းမကြီးက -

"မဟုတ်ပါဘူးတော်၊ ဒါ တို့ သုမောင်ကြီး မဟုတ်ပါဘူးတော်"
တဲ့။ ကျွန်တော့်ဒရိုင်ဘာက -

"ဟုတ်ပါတယ်ဗျာ၊ ဟုတ်ပါတယ်ဗျာ"
ဆိုပြီး အထပ်ထပ်အခါအခါ ငြင်းပြောပြောနေတယ်။

သေချာပါတယ်၊ ကျွန်တော့်ဒရိုင်ဘာက ဒီမိန်းမကြီးကို သွားကြွားပုံရတယ်။ ဒါ သုမောင် ဆိုပြီးတော့ပေါ့၊ ဒီ မိန်းမကြီးကလည်း လူမမြင်ဖူးဘူး။ အသံပဲကြားဖူးတယ်ဆိုပေမယ့် ဒီလောက် စုတ်ပြတ်သတ်နံစော်နေတဲ့ ကားနောက်က သတ္တ၀ါကို သူတို့ချစ်တဲ့သုမောင်အဖြစ် မယုံကြည်နိုင်ဘူး ထင်တယ်။ ဒါကြောင့် အငြင်းအခုံဖြစ်နေတာကိုး။

အဲဒီတော့ ကျွန်တော်လည်း မသိမသာဘဲ ဆက်မှေးပြီးတော့ နေလိုက်ပါတယ်။ အဲသလိုနေရင်းကနေ ကားရေလဲပြီးတဲ့အခါ စောစောကပြောတဲ့ တောသူမ အဘွားကြီးရဲ့ အဆုံးသတ်စကားကို ကျွန်တော်ကြားလိုက်ရပါတယ်။ အဲဒါက ဘာလဲဆိုတော့ -

“ ဟေ့မောင်ရင်… ဟောဒီ ကောင်ကလေးသာ တို့သုမောင်အစစ်ဆိုရင် ငါတို့အိမ်မှာ ခြောက်ရက်တိတိ ထမင်းတင်ကျွေးထားမယ်”တဲ့။

ဒီစကားလေးက ကျွန်တော့်နားထဲမှာ ဒီကနေ့အထိ မထွက်တော့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ကားလေး ထွက်လာပြီးတဲ့အခါ ကျွန်တော် ခေါင်းထောင်ကြည့်လိုက်တော့ ကားလေးကို မလုံမလဲ၊ မယုံမရဲ၊ မျက်လုံးလေးကို လက်နဲ့ကာပြီးကြည့်နေတဲ့ အဲဒီတောသူမကြီးကို မျက်စိတဆုံး ကျွန်တော်မြင်နေရပါတယ်။ ကျွန်တော်စဉ်းစားမရတာကတော့ ကျွန်တော့်ရဲ့ ပရိသတ် အရင်းအချာဖြစ်တဲ့၊ မြန်မာသံအလွန်မြတ်နိုးတဲ့ ကျွန်တော့်သီချင်းတွေကလည်း တောထဲတောင်ထဲ အလှူမင်္ဂလာဆောင် ဖွင့်ကြမယ် ထင်ပါတယ်ဗျာ၊ ကျွန်တော် ကြည့်လိုက်တဲ့အခါမှာ တောသူမကြီးရဲ့ဘေးမှာ တစ်ဖက်ယပ်တဲလို့ ပြောလို့တောင်မရတဲ့ အမိုးနဲ့အကာ နှစ်ဖက်လောက်သာရှိတဲ့ ဝါးစင်လေး၊ ဓနိလေးနဲ့ တဲအဖြစ်သာသာလုပ်ထားတဲ့ တဲလေး သုံးလေး ငါးလုံးလောက်ပဲ ရှိတဲ့ ကားရေလဲတဲ့ စခန်းရွာလေး။ အဲဒါလေးကို မြင်နေရတယ်ဗျာ။

ဒီနေရာလေးမှာနေတဲ့ ဒီတောသူမကြီးက ‘တို့သုမောင်အစစ်သာဆိုရင် ခြောက်ရက်လုံးလုံး ထမင်းတင်ကျွေးထားမယ်’ ဆိုတဲ့စကားကို ဒီနေ့အထိ ကြားယောင်နေသလို ကျွန်တော့်အဖို့ ဒီကနေ့အထိ နားမလည်နိုင်အောင် ဖြစ်နေရပါတယ်။ ခြောက်ရက်ဆိုတာ ဘာသဘောလဲ၊ ခြောက်လလည်းမဟုတ်၊ ခြောက်နှစ်လည်းမဟုတ်၊ တစ်သက်လုံးလည်း မဟုတ်နော်။ ကျွန်တော် စဉ်းစားကြည့်တယ်။ သူတို့ ဒီတဲလေးတွေမှာ ခြောက်ရက်ပဲ နေခွင့်ရှိသလား၊ ခြောက်ရက်ပြည့်ရင် တခြားနေရာပြောင်းပြီး ဒီလိုပဲ တဲထိုးနေကြရတဲ့ တကယ့်အခြေခံ ဆင်းရဲသား လူတန်းစားတွေလားပေါ့။

အဲဒီပရိသတ်ဟာ မြန်မာသံပရိသတ်၊ အလှူခံမဏ္ဍပ်ကဖွင့်တဲ့ ကျွန်တော့်သီချင်းတွေကို နားထောင်တဲ့ ပရိသတ်ဆိုတာတော့ သေချာတယ်။ ဒါကြောင့် ကျွန်တော့်စကားကို ပြန်ကောက်ရမယ်ဆိုရင် ဒီနေ့အထိ ကျွန်တော်ဟာ မြန်မာသံကို ချစ်နေတာ၊ မြန်မာသံကို စွဲလမ်းနေတာ၊ မြန်မာသံသီချင်းတွေကို ဆိုနေတာ၊ မြန်မာသံသီချင်းကို ဆိုမယ့်တီးမယ့် နောက်တက်လာတဲ့ လူငယ်ဂီတပညာရှင်တွေကို လက်ကမ်း ကြိုဆိုနေတာ၊ လက်တွဲကူညီနေတာ အဓိပ္ပာယ်မဲ့မဟုတ်ဘူးဆိုတာကို ပြောရင်းနဲ့ ဒီအပတ်ကိုလည်း ဒီမျှနဲ့ ခေတ္တနားပါဦးမယ်။

အားလုံး ကျန်းမာချမ်းသာကြပါစေ။

credit to mmyaber (DuDu)

No comments:

Post a Comment