Thursday, 7 June 2012

အံ့မခန်း ထမ်းဆမ်းလိုဏ်ဂူတော်

နေမင်းသန့်
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ ထမ်းဆမ်းလိုဏ်ဂူတော်မှ ကျောက်စက်ပန်းဆွဲများကို မြင်ရပုံ။
ဓာတ်ပုံ - တင်အေးငြိမ်း
တောင်ကြီးမြို့ကို အလည်တစ်ခေါက် နှစ်ဆန်းက ရောက်ခဲ့သည်။ အင်းလေး ဖောင်တော်ဦးဘုရားငါးဆူနှင့် အင်းတိမ်ဘုရားကြီးကို ဖူးခဲ့သည်။ ထမ်းဆန်းဂူအကြောင်း ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖတ်ဖူးပြီးကတည်းက သွားချင်စိတ် ရှိနေခဲ့သည်။
ကျောက်စက်ပန်းဆွဲများဖြင့် လှသည့်အကြောင်း ဖတ်ထားခဲ့ရသဖြင့် စိတ်ဝင်စားမိသည်။
တောင်ပေါ်သားတည်းခိုခန်းက စီစဉ်ပေးသည့် ပရက်စတို ၄၈/ကားသစ် လေး ဖြင့် တောင်ကြီးမှ နံနက် ၉ နာရီထွက် ခဲ့သည်။
ဟိုပုံး-လွိုင်လင်လမ်းပိုင်းအချို့ ကို ပြင်နေဆဲဖြစ်သော်လည်း လမ်းခရီး ကားလမ်းက ကောင်းပါသည်။
တောင် ကြီးမှ ဟိုပုံးသို့ ၁၂ မိုင်၊ ဟိုပုံးမှ လွိုင်လင် လမ်းအတိုင်း ၁၄ မိုင်ခန့်တွင် ထမ်းဆမ်း ဂူကို ရောက်သည်။ တောင်ကြီးမှ စုစု ပေါင်း ၂၆ မိုင်ဝေးပြီး ကားမောင်းချိန် တစ်နာရီကျော် ကြာသည်။
ကားလမ်း၏လက်ဝဲဘက် ထမ်းဆမ်း ဂူကို ဆင်းသောကားလမ်းက မတ် စောက်လှသည်။ ကားလမ်း၏ အောက် ဘက် ပေ ၁၅၀ ခန့်နက်သည့် ချောက် ထဲတွင် ဂူက တည်ရှိနေသည်။ ဂူအ၀င်ဝ ရောက်သည်နှင့် ကျောက်စက်ပန်းဆွဲများကို စမြင်နေရသည်။


ကျွန်တော့ရင်ထဲရှိ အံ့ဩမှုမှာ အစိုင်အခဲ အဖြစ် ကြီးထွားသွားသည်။ ထမ်းဆမ်းဂူကို ကျွန်တော်က ယခင် ရောက်ဖူးသောဂူများနှင့် အတူတူဖြစ်မည်ဟု နဂိုက ထင်ထားခဲ့သည်။
မေမြို့အရှေ့ဘက်က ပိတ်ချင်းမြှောင် ဂူ၊ ကလောမြို့က ရွှေဥမင်ဘုရားဂူ၊ ပင်းတယဂူ၊ မွန်ပြည်နယ်က ခရုံဂူ၊ ဘုရင်ညီဂူ စသည်ဖြင့် ကျွန်တော်ရောက် ဖူးသလောက်ဂူတွေနှင့် ထမ်းဆမ်းဂူက လားလားမျှ မတူပါ။
ထမ်းဆမ်းဂူသည် သက်ရင့်ထုံး ကျောက်ဂူအတွင်း အလွန်လှပသော ကျောက်စက်ပန်းဆွဲ (Stalactites) များပုံစံအမျိုးမျိုး၊ မြေပေါ်မှ ထိုးထွက်နေသော ကျောက်သားတိုင် (Stalagmites) အမျိုးမျိုးပုံစံတို့ဖြင့် အံ့မခန်းဖွယ်ရာ အဖိုးတန်ဂူတစ်ခု ဖြစ်နေသည်ကို တွေ့ ရသည်။
ကျောက်စက်ပန်းဆွဲများသည် အဖြူရောင်၊ အ၀ါရောင်၊ အညိုရောင် စသည် ဖြင့် အရောင်အမျိုးမျိုး ရှိသကဲ့သို့ သစ်သီးပုံများ၊ လှံ၊ ဓားပုံများ၊ လိုက်ကာကဲ့သို့ အတွန့်အလိပ်များ၊ ထီးဖြူ၊ မီးခိုး ရောင်ပုံသဏ္ဌာန်များစသည်ဖြင့် လှပစွာ ရှိနေသည်။
ကျောက်သားတိုင်များ၏ အရစ်လိုက် ဖွဲ့စည်းဖြစ်ပေါ်နေမှုများ၊ နံရံများ၌ ကျောက်စက်ပန်းဆွဲများ ကျနေပုံများသည် လွန်စွာထူးခြား လှပနေသည်ကို တွေ့ခဲ့ရသည်။
ဂူအမြင့်က အမြင့်ဆုံးနေရာတွင် ပေ ၆၀ ခန့် မြင့်ပြီး အကျယ်ဆုံးနေရာတွင် ပေ ၂၀၀ ခန့် ကျယ်ပါသည်။
ထမ်းဆမ်းဂူကို အဖိုးတန်ဂူဟု ကျွန်တော် ကင်ပွန်းတပ်ရခြင်းမှာ အကြောင်းရှိပါသည်။
၁၉၈၄ ခုနှစ်တွင် ကျွန်တော် အမေရိကန်နိုင်ငံသို့ တာဝန်ဖြင့်သွားရောက်စဉ်က ဗာဂျီးနီးယားပြည်နယ်၊ လူရေး(Luray)မြို့ကလေးရှိ လူရေးဂူ (Luray Caverns) ကို ရောက်ခဲ့ဖူးပါသည်။
ရှန်နန်ဒိုတောင်ကြား (Shenandoah Valley) တွင်တည်ရှိသည့် လူရေးဂူသည် ထမ်းဆမ်းဂူကဲ့သို့ သက်တမ်း ရင့်ထုံးကျောက်ဂူဖြစ်ပြီး သက်တမ်းနှစ် သန်းပေါင်း ၄၀ ခန့် ရှိသည်ဟု သိရပါသည်။
လူရေးဂူကို ၁၈၇၈ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၀၆ ခုနှစ်ခန့်တွင် လာရောက်ကြည့် ရှုသူများကို ဖွင့်ပေး ခဲ့သည်။
၁၉၀၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး Luray Caverns Corporation က ပိုင်ဆိုင်ခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။
၁၉၀၆ ခုနှစ်တွင် တစ်နှစ် ဧည့်သည် ၁၈,၀၀၀ လာရောက်ခဲ့ရာမှ ယနေ့အချိန်တွင် နှစ်စဉ် ဧည့်သည် ၅၀၀,၀၀၀ လာရောက်သော စိတ်ဝင်စားဖွယ်ရာ ဒေသတစ်ခု ဖြစ်လာပါသည်။
၁၉၈၄ ခုနှစ်က လူရေးဂူသို့ ၀င်ကြေး ဆယ်ဒေါ်လာခန့် ဖြစ်မည်ထင်ပါသည်။
ကျွန်တော် အတိအကျ မမှတ်မိတော့ပါ။
သို့သော် ယနေ့ ဂူသို့ဝင်ကြေးမှာ လူကြီးတစ်ယောက်လျှင် အမေရိကန် ဒေါ်လာ ၂၄ ဒေါ်လာ၊ အသက်ခြောက် နှစ်မှ ၁၂ နှစ်ကလေး တစ်ယောက် ၁၂ ဒေါ်လာ၊ အသက် ၆၂ နှစ်အထက် လူကြီးတစ်ယောက် (Senior Citizens) လျှင် ၂၁ ဒေါ်လာ ဖြစ်နေပေပြီ။
အုပ်စုလိုက်ဝင်ကြေး (လူ ၂၀ အထက်) တွင် လူကြီး ၁၅ ဒသမ ၅ ဒေါ်လာ၊ လူငယ်ကလေး ၁၂ နှစ်အောက် ၇ ဒသမ ၅ ဒေါ်လာ အသီးသီး ဖြစ်သည်။
ဧည့်သည်ငါးသိန်း နှစ်စဉ် လာရောက်သည့် လူရေးဂူ၏၀င်ငွေမှာ မသေးလှပေ။
ထို့ပြင် ဂူအတွင်းရှိ ဆုတောင်းပြည့်ရေတွင်း (Wishing Well) သို့ ငွေအကြွေစေ့ပစ်ချခဲ့သည်များကို ၁၉၅၄ ခုနှစ်မှစ၍ ယနေ့ထိ ဆယ်ယူခဲ့ရာ ဒေါ်လာ ခုနစ်သိန်း၊ ငါး သောင်းကျော် ရရှိခဲ့ပြီး ယင်းငွေများကို ပြန်လည်လှူဒါန်းခဲ့သည်ဟု သိရသည်။
လူရေးဂူသည် ကျောက်စက်ပန်းဆွဲများ၊ ကျောက်သားတိုင်များ၊ လိုက်ကာ ပုံသဏ္ဌာန်များ၊ ကြက်ဥကြော်ပုံကျောက်တုံးများ၊ မှန်သားပြင်ကဲ့သို့ တည်ငြိမ်သောရေကန်များ စသည်ဖြင့် လှပသော ဂူဖြစ်ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး- လွိုင်လင်ကားလမ်းပေါ်မှ ထမ်းဆမ်းဂူသည်လည်း လူရေးဂူကဲ့သို့ပင် လှပသော ကျောက်စက် ပန်းဆွဲများ၊ ကျောက်သားတိုင်များ ဖွဲ့စည်းဖြစ်ပေါ်နေသည့် အဖိုးတန်ဂူတစ်ခု ဖြစ်ပါသည်။
ဆရာတော် ဦးပေါရိဿ (ဟိုပုံးကိုရင်လေး)သည် ၎င်း၏ အိပ်မက်အရ ရှာဖွေ တွေ့ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှစ၍ ဖွင့်နိုင်အောင် ကြိုးပမ်း ခဲ့ပါသည်။
ထမ်းဆမ်းဂူသို့ လာရောက်သူမှန်သမျှက ဆရာတော်ထံ အလှူငွေများ ပေးအပ်ကြပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနက အင်အားမသေးလှပါ။
ကျပ်သောင်းချီ၊ သိန်းချီ၍ လှူဒါန်းကြပါသည်။ ဆရာတော်၏ လမ်းညွှန်မှုဖြင့် ဂူအတွင်း၌ ဘုရားဆင်းတုတော်အဆူဆူကို နေရာတကျ တည်ထားသည်မှာ လွန်စွာသပ်ရပ်ကြည်ညိုဖွယ်ရာ ဖြစ်ပါသည်။
လောလောဆယ် ၀င်ရောက်လေ့လာနိုင်သည့် ဂူအလျားမှာ ပေ ၃,၀၀၀ ခန့် ဖြစ်သော်လည်း ဆရာတော်၏ မိန့်ကြားချက်အရ နောက်ထပ်အစိတ်အပိုင်းများ ပြင်ဆင်ပြီးပါက ဆက်၍ ဖွင့်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
လူရေးဂူတွင် ၀င်ရောက်လေ့လာနိုင်သော ခရီးစဉ်သည် ၁ ဒသမ ၂၅ မိုင် ဖြစ်သည်။
ထမ်းဆမ်းဂူ၏အရှည်မှာ ဘယ်နှမိုင်ဟု ပြော၍မရနိုင်ဟု သိရသည်။
၂၀၀၉ ခုနှစ်တွင် သူရဇ္ဇမဂ္ဂဇင်းအဖွဲ့ ၀င်ရောက်လေ့လာခဲ့ရာ ဂူကို ပေ ၆,၀၀၀ ခန့်ထိ ရှင်းလင်းပြီးကြောင်းနှင့် ဂူ၏အရှည်အလျား မဆုံးသေးဟုသိရကြောင်း ဆရာ တက္ကသိုလ်တင်ဟန်ကျော်က ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလထုတ် သူရဇ္ဇမဂ္ဂဇင်း အတွဲ ၉၊ အမှတ် ၁၀ တွင် ထမ်းဆမ်းဂူ၏ အံ့ဩဖွယ်ရာအလှအပများကို ပြည့်စုံစွာ ရေးသားထားသည်။
ဗုဒ္ဓဘာသာဝင်တို့ ဂူတွေ့လျှင် ဘုရား ဆင်းတုတော်များ နေရာချကာ ဘာသာရေးခရီး သွားနေရာအဖြစ် ပြင်ဆင် မွမ်းမံကြသည်။
ကျွန်တော်သည် ဗုဒ္ဓ ဘာသာဝင်ဖြစ်သဖြင့် ဂူဘုရားများကို ဖူးရလျှင် စိတ်ကြည်နူးမှု ရှိပါသည်။
သို့သော် ထမ်းဆမ်းဂူသည် သဘာဝ၏ အံ့ဩဖွယ်ရာ ကျောက်စက်ပန်းဆွဲ အမျိုးမျိုးဖြင့် ထူးဆန်းစွာ လှပသောဂူ ဖြစ်သဖြင့် ကျောက်စက်ပန်းဆွဲများ၊ ကျောက်သားတိုင်များ မပျက်စီးစေဘဲ သဘာဝအတိုင်း ရှိနေလျှင် ပို၍အဖိုးတန်မည်ဟု ကျွန်တော် ရိုးသားစွာ ထင်မြင်မိပါသည်။
ထမ်းဆမ်းဂူသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသည့် အလျောက် အနီးအနားရှိ ပအို့ဝ်တိုင်း ရင်းသားများက သဒ္ဓါထက်သန်စွာ ဆရာတော်သို့ လှူဒါန်းကြပြီး သာသနာ့ တာဝန်ထမ်းဆောင်နေကြသည်မှာလည်း ၀မ်းသာကြည်နူးစရာပင် ဖြစ်ပါ သည်။
တောင်ကြီးမြို့၏ အရှေ့ဘက်သို့ နိုင်ငံခြားသားများ သွားလာခွင့်မပြုဟု သိရပါသည်။
သို့သော် တောင်ကြီးမှ ၂၆ မိုင်သာ ဝေးသော ထမ်းဆမ်းဂူအထိ နိုင်ငံခြားသားများကို သွားရောက်ခွင့်ပေးပြီး ထမ်းဆမ်းဂူကို ကမ္ဘာက သိစေသင့်သည်ဟု ထင်မြင်မိပါသည်။
ထမ်းဆမ်းဂူသည် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၊ ရှန်နန်ဒိုတောင်ကြားရှိ ကမ္ဘာကျော် လူရေးဂူကဲ့သို့ လှပသောဂူဖြစ်သည့် သတင်းကြောင့် အာရှတစ်လွှားမှ ခရီးသွားများ လာရောက်လေ့လာကြမှာ အမှန်ပင်ဖြစ်သည်ဟု ယုံကြည်မိပါသည်။
credit to mmtimes

Wednesday, 6 June 2012

Rural Doctor တောသားဆရာဝန်




စစ်ဗိုလ်ဆရာဝန် မလုပ်ချင်တဲ့သူ ငယ်ငယ်က စစ်ဗိုလ်ဖြစ်ဘို့ သွားဖြေရတာက DSA 11 ဖြစ်တယ်။ အတူဖြေသူတွေထဲက ရပ်ဆွေ-ရပ်မျိုး တယောက် အောင်ပြီး ပါသွားတယ်။ နောင်တော့ သူဟာ ဝန်ကြီး ဖြစ်လာတယ်။ အရင်နှစ်ကလည်း သူသွားဖြေတာ ကျွန်တော် သိတယ်။ ကိုယ်အလေးချိန် မပြည့်လို့တဲ့ မပါဘူး၊ အတော့်ကို စစ်ထဲဝင်ချင်တဲ့လူ၊ ဒီနှစ်တော့ အလေးချိန်ပြည့်တဲ့နည်း တွေ့သွားလေရဲ့။ သူက ပုလဲနယ် ကျောက်ဖြာကန်ရွာသား၊ ကျွန်တော့် အမေရဲ့ရွာ မင်းတိုင်ပင် နဲ့ ရေကန်တခုဘဲ ခြားတာ။ ကျွန်တော်က မင်းတိုင်ပင်နဲ့ ခြောက်မိုင်၊ သုံးတိုင် ဝေးတဲ့ မင်းရွာ သား။

မင်းရွာက ရွာသေးသေးလေး။ အဲဒီတုံးက အိမ်ခြေ ၈ဝ လောက်ပဲရှိမယ်။ တောင်ယမား လို့ခေါ်တဲ့ မိုးရာသီ မိုးသည်းမှ ရေရှိတဲ့ သဲချောင်း ကမ်းမှာရှိတယ်။ ချောင်းဘေး၊ မြေနိမ့်လို့ ရွာထဲမှာ သုံးတောင်၊ ငါးပေ လောက်တူးရင် ရေထွက်ပြီ။ ရေကလဲ ကောင်းလိုက်တာမှ။ အေးလို့၊ ကြည်လို့။ အိမ်တိုင်းမှာ ခြံရှေ့နား တတွင်း၊ သစ်ပင်ရေလောင်းဘို့ ခြံနောက်မှာ တတွင်း၊ ရေတွင်း နှစ်တွင်းတော့ ရှိကြတာ ချည်းဘဲ။

အဲလို ရေကောင်းလွန်း၊ ရေပေါလွန်းလှတဲ့ မင်းရွာသားတယောက် နောင် အနှစ် အစိတ်လောက် ကြာတော့ "ငါန်းဇွန်သား လမ်းဆိုးမတွေ့၊ မြို့သာသား ရေဆိုးမတွေ့" ဆိုတဲ့အရပ်ကို ၆ နှစ် တာဝန် ကျတယ်။ မြို့သာဆိုတာ ရေ အင်မတန် မကောင်းတာကလား၊ မိုးရေကို နှစ်ပါတ်လည် အသုံးခံအောင် လူတရပ်-တဖေါင် နက်တဲ့ ကွန်ကရစ်ကန်နဲ့ စုဆောင်း သိုလှောင်ပြီး သုံးရတာ၊ ခေါင်းလျှော် ချင်ရင် မိုးရေလေး တပုံးဆွဲသွားမှဖြစ်တာ။ ဘာပဲဖြစ်ဖြစ် မြို့သာကို ကျွန်တော် အတော်ချစ်ပါတယ်။ မြို့သာ အကြောင်း မမေ့စရာတွေ တပုံကြီး၊ ကျွန်တော် တောဆရာဝန်၊ ဂျန်ဂယ်လ်-ဒေါက်တာ ဖြစ်စေခဲ့တာ မြို့သာ၊ ကလေးအငယ်ဆုံး နှစ်ယောက် ဖွါးမြင်ခဲ့တာ မြို့သာ။ ရေသာ မကောင်းတာ အမှတ်ရစေဘို့ "ရေစက်" ဖြစ်ပါတယ်။

မင်းရွာက ပုလဲမြို့နယ် တောင်ဘက် အစွန်ဆုံးရွာ။ သူ့တောင်ဘက်က ကျောက်တော်ရွာက မြိုင်နယ်ထဲ ရောက်သွားပြီ။ တိုင်းကလဲ မကွေးတိုင်း ဖြစ်သွားရော။ ပုလဲက စစ်ကိုင်းတိုင်း။ အဲလို မြို့နယ်ရော၊ တိုင်းရော ခြားနေတဲ့ နေရာမှာ မွေးခဲ့ရတဲ့ ကျေးဇူးကို နောင်အနှစ် ၄ဝ-၅ဝ ကျမှ သိလာရတာရှိတယ်။ နိုင်ငံရေးသမား ဝရမ်းပြေး ပုန်းရတုံးကပါ။ နယ်ကျော်ပြီး ဟိုကူး၊ ဒီပြောင်း လုပ်နေရင် ပုလိပ် မျက်စိလည်တယ်မို့လား။ ရဲတပ်ဖွဲ့တွေ မြို့နယ်အမိန့်၊ တိုင်းအမိန့် တောင်းရ၊ တင်ရတော့ သူတို့ခမျာ အလုပ်များတာပေါ့။ ပြေးရ ပုန်းရတဲ့ လူအဖို့တော့ နဲနဲချောင်တယ်။

ပုန်းရ-ပြေးရတာ ၁၉၉ဝ နိုဝင်ဘာမှာပါ။ မေလ မကုန်ခင်လေးက ရွေးကောက်ပွဲ နိုင်ခဲ့တယ်။ အဲဒါ ဝရမ်းပြေးဖြစ်ဘို့ ဖန်လာတာဘဲ။ နောင် ၁ဝ နှစ်ကြာတော့ (အိုင်ပီယူ) ခေါ်တဲ့ နိုင်ငံတကာ လွှတ်တော်အမတ်များ သမဂ္ဂအစည်းအဝေး၊ ဂျော်ဒန်နိုင်ငံ အာမန်မြို့တော်ကို သွားပြီး ဗမာပြည်က အမတ်တွေ ခံနေကြရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အစစ်ခံထွက်ဆိုရတုံးက ရွေးကောက်ခံရခြင်းသည် ရာဇဝတ်မှု မဖြစ်သင့် "Being elected should not be a Crime" ဆိုတဲ့ ခေါင်းစည်းစာတမ်း ရိုက်သွားပြီး (လော်ဘီ) လုပ်ခဲ့ရတယ်။

အမေ့ရွာ မင်းတိုင်ပင် ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေး တော်တယ်။ အရင်က မုံတိုင်ပင် လို့ ရာဇဝင်-သမိုင်း စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန် ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ၉ တန်း ၁ဝ တန်း ကဗျာလေး-စာလေး စပ်တုံး-ရေးတုံးက ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး ကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင် ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ် နံရံကပ် စာစောင်မှာ အဲဒီနာမည်နဲ့ တခါတလေ ပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ (ဘလော့ခ်) တခုကို ပုလဲသွယ် လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် ၄ဝ ကျော်တော့ ကယားလူမျိုး တော်လှန်ရေး-နိုင်ငံရေး မိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်း ကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်းတွေက သူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ဦးကောင်းလိမ်ထုတ် ဆိုတာရော၊ နှစ်ခုလုံးကို အမွေခံရ မှာပါဘဲ။ သူ့မွေးနေ့ နှစ် ၁၄ဝ တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။

ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။

Dr. တင့်ဆွေ