လူတွေက လယ်ယာစိုက်ပျိုးရေး လုပ်တတ်လာသည်။ ကြွက်တွေက စိုက်ပျိုးခင်းတွေကို ဝင်ရောက် စားသောက် ဖျက်ဆီးသည်။ ထိုအခါမှစ၍ လူနှင့်ကြွက်တို့ ကမ္ဘာ့ရန်ဖြစ်ခဲ့ကြဟန် တူပါသည်။ နောက်တော့ လူတွေ အစုလိုက်အပြုံလိုက် သေစေနိုင်သော ပလိပ်ရောဂါပိုးကို သယ်ဆောင်လာနိုင်ကြောင်း သိရသောအခါ ကြွက်တွေကို ပိုမိုမုန်းတီးလာတော့သည်။
ဒီလိုနဲ့ ကြွက်တွေကို သတ်ဖြတ်ဖို့ နည်းလမ်းမျိုးစုံ ရှာဖွေလာကြသည်။ ကြွက်ထောင်ချောက်တွေ တီထွင်သည်။ ကြွက်သတ်ဆေးတွေ စမ်းသပ်ဖော်ထုတ်သည်။ သို့ရာတွင် သမိုင်းတစ်လျှောက်မှာ ကြွက်တွေကို အောင်မြင်စွာ နှိမ်နင်းနိုင်ခြင်း မရှိခဲ့။ လူသားမျိုးနွယ်တစ်ခုလုံး သေကြေပျက်စီးစေနိုင်သော အဏုမြူဗုံးကို တီထွင်နိုင်ခဲ့သော်လည်း ကြွက်တွေကို မျိုးတုံးသွားစေသော လက်နက်ကိုတော့ မပြုလုပ်နိုင်ခဲ့။
လူတွေဖန်တီးခဲ့သမျှထဲမှာ အသုံးအဝင်ဆုံး၊ အစွမ်းအထက်ဆုံးဆိုသော ကွန်ပျူတာတွေတောင် ကြွက်တွေကို အပြီးတိုင်သုတ်သင်နိုင်မည့် ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲတွေ မရေးဆွဲနိုင်သေး။ ဒါတင်မက ကြွက်တွေရဲ့ အကူအညီကိုတောင် ရယူနေရသေးသည်။ ကွန်ပျူတာလုပ်ဆောင်ချက်တွေကို လမ်းညွှန်စေခိုင်းနိုင်တဲ့ ကိရိယာလေးကို ‘မောက်စ်’ လို့ခေါ်တယ် မဟုတ်လား။
ကြွက်တွေကိုချစ်တတ်တဲ့လူရယ်လို့ တော်တော်ရှားပါလိမ့်မည်။ ‘မစ်ကီမောက်စ်’ ရဲ့ဖခင်ကြီး ကာတွန်းဝိဇ္ဇာ ဝေါဒစ္စနေလို လူမျိုးလောက်သာရှိလိမ့်မည်။
သူသည်လည်း ကြွက်တွေကို ကာတွန်းထဲမှာသာ နှစ်သက်သဘောကျနိုင်သည်။ တကယ့် လက်တွေ့မှာတော့ ဘယ်လိုမှ မနှစ်မြို့နိုင်။ ကြွက်တွေက ကောင်းကျိုးပေးတာဆိုလို့ မရှိသလောက်ပင်ဖြစ်၏။ ဆိုးကျိုးတွေကတော့ အများကြီးပဲ။
ရောဂါပိုးတွေ သယ်ဆောင်လာသည်။ အစားအသောက်တွေ ခိုးယူသည်။ ကြမ်းခင်းတွေ၊ နံရံတွေကို ဖောက်ထွင်းသည်။ အဝတ်အစားတွေကို ဖျက်ဆီးသည်။ ဝါယာကြိုးတွေကို ကိုက်ဖြတ်သည်။
သူက ကြွက်တွေကို မနှစ်မြို့သော်လည်း ရန်သူလိုမုန်းတီးနေတာမျိုးတော့ မဟုတ်သေး။ သတ်ဖြတ် နှိမ်နင်းဖို့ထက် ကာကွယ်ဟန့်တားဖို့ကိုသာ ဦးစားပေးစဉ်းစားသည်။
မဂ္ဂဇင်းတွေမှာပါတတ်သော သိမှတ်စရာ၊ အတိုအထွာကဏ္ဍထဲက ကြွက်လာရာလမ်းမှာ၊ ကြွက်ခိုအောင်းတတ်တဲ့ နေရာတွေမှာ ပူစီနံရွက်တွေ ချထား၊ ရှိန်းခိုဖျော်ပြီး ပက်ထား။ ဆိုးတော့ မဆိုးလှ။ ဒီအနံ့တွေကို ကြွက်က ကြောက်ပုံရသည်။ မလာတော့။ တစ်ခုရှိပြန်တာက ဒီအနံ့တွေရှိတဲ့နေရာကိုသာ မလာတာ၊ တခြားလမ်းကြောင်းပြောင်းပြီး လှည့်လာပြန်၏။ ပြီးတော့ ဒီအနံ့က သိပ်အကြာကြီးခံတာတော့ မဟုတ်။ အနံ့ပြယ်သွားတာနဲ့ ကြွက်တွေ ပြန်ရောက်လာပြန်ရော။
ပူစီနံက အမြဲတမ်းဝယ်လို့ရတာ မဟုတ်။ ရှိန်းခိုဆိုတာလည်း ပရဆေးဆိုင်တွေက အနည်းဆုံး ငါးဆယ်ဖိုးဝယ်မှ ရောင်းတာ။ အနံ့လည်းဆိုးတော့ သိပ်အများကြီးလုပ်လို့ မရ။
တကယ်တော့ သဘာဝနည်းနဲ့နှိမ်နင်းတာ အကောင်းဆုံးပဲဟု အကြံပေးတဲ့လူလည်းရှိ၏။ သဘာဝတရားအရ တောကောင်နှင့် သားကောင်ဟူ၍ ရှိ၏။ စားမယ့်သတ္တဝါနဲ့ အစားခံရမယ့်သတ္တဝါဖြစ်၏။သဘာဝတရား၏ ချိန်ကိုက်ပေးမှုအရ အစားခံရမည့်သတ္တဝါများသည် မျိုးမတုံးရအောင် သားပေါက်နှုန်း မြင့်မားပေးရသည်။ စစ်တုရင်ကစားရာမှာ နယ်ရုပ်တွေ များများထည့်ထားပေးရသလိုမျိုးပေါ့။
ကြွက်တို့သည် အစားခံသားကောင်များဖြစ်ကြ၏။ သိမ်းငှက်၊ မြွေ၊ ကြောင်တို့က ကြွက်တွေကို စားကြသည်။ ထို့ကြောင့် ကြွက်ရန်ကို နှိမ်နင်းချင်လျှင် ကြောင်မွေးရမည်။ မွေးရင်လည်း ကြောင်မကို မွေး။ အမကမှ ကြွက်ခုတ်တာဟု ဆိုသည်။
ထို့ကြောင့် ကြောင်မလေးတစ်ကောင် မွေးထားလိုက်သည်။ တကယ့်ကို အားကိုးရပါပေသည်။ ကြောင်မလေးက တစ်နေ့ကို ကြွက် နှစ်ကောင်၊ သုံးကောင်လောက် ခုတ်ပစ်သည်။ ကြွက်တွေ အတော်ပါးသွားသည်။
သို့ရာတွင် ပြဿနာတစ်ခု တက်လာသည်။ ကြောင်မဆိုတော့ သားပေါက်လာခြင်းပင်ဖြစ်၏။ သူ့ ကလေးတွေကို သင်ပေးဖို့ ကြွက် ပိုခုတ်တတ်လာတာတော့ မှန်သည်။ အရင်လို ကုန်အောင်မစားပစ်တော့ဘဲ ကြောင်လေးတွေရှေ့ ချပေးထားခဲ့တာက ခက်သည်။
ကြောင်လေးတွေက ဆော့ကစားပြီးထားရစ်ခဲ့သော ကြွက်သေကိုကောက်ပြီး လွှင့်ပစ်ရတာက အလုပ်တစ်ခုပိုလာသည်။ တစ်ခါတစ်လေ ကြွက်သေကို ချောင်ကြိုချောင်ကြားထိဆွဲသွားပြီးမှ ထားခဲ့တတ်သည်။ ပုပ်စော်နံလာတော့မှ လိုက်ရှာရတာက ဒုက္ခ။
ကြောင်လေးတွေက စည်းမရှိ၊ ကမ်းမရှိ။ တွေ့ကရာနေရာမှာ ချေးပါ သေးပေါက်လုပ်ကြသည်။ သူကလည်း ကြောင်ချေးနံ့၊ သေးနံ့ကို လုံးဝ မခံနိုင်။ တစ်ခါတလေ သူ့စာရေးစားပွဲအောက်မှာ လာပါထားလျှင် ခေါင်းတွေကိုက်လာပြီး စာမရေးနိုင်တော့။
ကြောင်လေးတွေနည်းနည်းကြီးတော့ အဆော့သန်လာသည်။ ပြေးရင်းလွှားရင်း ဓာတ်ဘူးကို တိုက်ချသည်။ ဖန်ခွက်တွေ ကျကွဲကုန်သည်။ အဝတ်အဟောင်းတောင်းကို ဆွဲလှဲပြီး အဝတ်အစားတွေကို ကုတ်ခြစ်ကိုက်ဆွဲသည်။ သူက ကြောင်ကို ချစ်လို့မွေးခြင်းမဟုတ်။ ကြွက်ရန်ကြောက်လို့သာဖြစ်၏။ ကြောင်တွေရဲ့ဒဏ်ကို မခံနိုင်။
ဒီကြားထဲ ကြောင်မကိုလာရစ်သော ကြောင်ထီးကြီးတွေရဲ့အော်သံကလည်း စိတ်ပျက်စရာ။ တစ်ခါတစ်ရံ အိမ်ခေါင်မိုးပေါ်မှာ ဝုန်းဒိုင်းကြဲနေသဖြင့် အိပ်ရေးပျက်ရပြန်သည်။
ကြောင်မကလည်း သားပေါက်နှုန်း ကောင်းနေပြန်သည်။ ပထမမွေးသော ကြောင်လေးတွေ အရွယ်ရောက်စမှာပင် နောက်တစ်ဗိုက်ဖြစ်လာ၏။ အရင်မွေးခဲ့တဲ့ကြောင်လေးတွေထဲမှာလည်း အမတွေ ပါနေသေးသည်။ ဒါတွေက အကောင်ထပ်ပေါက်ဦးမည်။ ကြာလျှင်ခက်မည်။ ထို့ကြောင့် ကြောင်ခရေဇီ တစ်ယောက်နဲ့တွေ့တုန်းမှာ ကြောင်တွေ တစ်ပြုံကြီး ပေးပစ်လိုက်ရ၏။ ခြေစောင့်လက်စောင့်ဆိုပြီး ကြောင်ထီးလေးတစ်ကောင်သာ ချန်ထားလိုက်သည်။
ကြောင်ထီးတွေက ကြွက်သိပ်ခုတ်လေ့ မရှိ။ ဘာပဲဖြစ်ဖြစ် ကြောင်ရှိနေတယ်ဆိုလျှင် ကြွက်တွေ သိပ်သောင်းကျန်းရဲမှာမဟုတ်ဟု မျှော်လင့်ရသည်။
ကြောင်ထီးလေးသည် ဆိုးတော့ မဆိုးရှာပါ။ ကြွက်တွေကို ချောင်းသည်။ ခုတ်ဖို့ ကြိုးစားသည်။ သို့ရာတွင် တစ်ခါမှ မအောင်မြင်။ ကြွက်တစ်ကောင်မှ မဖမ်းမိ။
တော်မ်နှင့် ဂျယ်ရီဆိုသော ကာတွန်းဇာတ်လမ်းထဲကလိုပင်ဖြစ်၏။ ကြောင်သည် ကြွက်ကို ဘယ်တော့မှ မိအောင်မဖမ်းနိုင်။ ထို့ကြောင့် အိမ်ကကြောင်ထီးကိုလည်း တော်မ် (Tom)ဟု နာမည်ပေးထားလိုက်သည်။
တစ်ခါတော့ တော်မ်သည် ကြွက်တစ်ကောင်ကို ထူးဆန်းစွာကိုက်ချီလာတာ တွေ့ရ၏။ ပြီးတော့ သူ့ရှေ့မှာချထားရင်း ‘ညောင်’ ဟု တစ်ချက်အော်ပြီး ထွက်သွားသည်။ ဘဝမှာ ပထမဆုံးဖမ်းမိသောကြွက်ကို ဂုဏ်ယူဝင့်ကြွားစွာ လာပြခြင်းဖြစ်၏။
တယ်ဟုတ်ပါလားဟု သူ တွေးသည်။ ပြီးမှ တစ်စုံတစ်ခုကို သတိပြုမိ၏။ ကြွက်သေမှာ ခေါင်းပါမလာတော့။ ပြီးတော့ ကြွက်က တောင့်တင်းနေပြီ။ သေသေချာချာကြည့်လိုက်တော့ ပုရွက်ဆိတ်တွေ တက်နေတာတောင် တွေ့ရ၏။
လက်စသတ်တော့ သူ့ဘာသာ ကြွက်ကို သူပဲခုတ်ခဲ့သလိုလိုလုပ်ပြီး လာပြခြင်းဖြစ်၏။ စားကောင်း သောက်ကောင်းအောင် လုပ်ပြတာလေ။ ဘာပဲဖြစ်ဖြစ် ကြောင်ရဲ့အငွေ့အသက်ကြောင့် ကြွက်တွေ အတင့်မရဲနိုင်ခြင်းကိုပဲ ကျေနပ်လောက်စရာဟု ဖြေရသည်။
တော်မ်သည် ကြွက်ခုတ်ဖို့ အချည်းနှီးကြိုးစားလိုက်၊ စားလိုက်၊ အိပ်လိုက်နှင့် အကောင်ကြီးလာသည်။ ထိုအခါ ကြွက်ထက် ကြောင်အချင်းချင်းကို ပို၍စိတ်ဝင်စားလာသည်။ တစ်နေကုန် ဇိမ်နဲ့အိပ်၊ တစ်ညလုံးလျှောက်လည်ပြီး ကြောင်မလေးတွေ လိုက်ရှာသည်။ နောက်တော့ အလည်လွန်သွားသလား၊ ကြောင်မလှလှလေးတစ်ကောင်နဲ့တွေ့ပြီး အိမ်ကို မေ့သွားသလား၊ အဖမ်းပဲခံလိုက်ရသလား မသိ။ ပြန်မလာတော့ဘဲ အစပျောက်သွားသည်။
ကြောင်မရှိတော့ဘူးဆိုတာနဲ့ ကြွက်တွေ ပြန်လည်ထကြွသောင်းကျန်းလာသည်။ စားစရာမှန်သမျှ လုံလုံခြုံခြုံမထားနိုင်လျှင် ချီသွားတတ်သည်။ ဆန်အိုးအဖုံးကို အလေးနှင့်ဖိမထားလျှင် ဖွင့်ပြီးဝင်စားသည်။ ဆပ်ပြာတုံးတောင် ချမ်းသာမပေး။
ညဆိုလျှင် တကျွီကျွီအော်ပြီး တစ်အိမ်လုံး မွှေနှောက်တတ်သည်။ မီးတွေမှိတ်လိုက်တဲ့အခါ မြူးထူးပျော်ရွှင်ပြီး လိုက်တမ်းပြေးတမ်း ကစားကြသည်။ လူတွေအိပ်တဲ့အခါ သူတို့ဘိုးဘွားပိုင်အိမ်လိုသဘောထားပြီး မင်းမူနေကြသည်။ တစ်ခါတစ်လေများ အပျော်လွန်ပြီး အိပ်ရာထဲတောင် လမ်းမှားဝင်လာတတ်၏။
အဆိုးဆုံးကတော့ စာအုပ်တွေကို ဖျက်ဆီးပစ်ခြင်းပင်ဖြစ်၏။ သူ လက်ဆောင်ရထားတဲ့စာအုပ်တွေ၊ အမြတ်တနိုး သိမ်းထားတဲ့စာအုပ်တွေကို မွစာကြဲအောင် ကိုက်ဖြတ်ထားတာတွေ့ရသောအခါ ကြွက်နှိမ်နင်းရေးကို ပြန်လုပ်မှဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
အသိတစ်ယောက်က ကြွက်သတ်ဆေးဝယ်သုံးဖို့ အကြံပေးသည်။ သူ မလုပ်ရဲ။ လမ်းဘေးမှာ ရောင်းနေသော ကြွက်သတ်ဆေးတွေက စနစ်တကျ ဖော်စပ်ထုတ်လုပ်ထားခြင်းမဟုတ်။ အဆိပ်တွေကို အစာနှင့်လူးထားခြင်းသာ ဖြစ်သည်။ ကြွက်ကိုသေစေနိုင်လျှင် လူကိုလည်း အန္တရာယ်ဖြစ်နိုင်၏။ ကိုယ်စားမယ့် အစားအစာထဲ၊ သောက်ရေထဲ မတော်တဆ ရောနှောပါသွားလျှင် ခက်မည်။
ပြီးတော့လည်း ကြွက်တွေကိုသတ်ပစ်ဖို့ထက် ဟန့်တားဖို့သာ ပိုပြီးစိတ်ဝင်စားသည်။ ထို့ကြောင့် လှောင်အိမ် ထောင်ချောက်တစ်ခု ဝယ်လိုက်၏။
လှောင်အိမ်ထောင်ချောက် နှစ်မျိုးရှိ၏။ ပထမတစ်မျိုးက ကြွက်ကို အစာချိတ်ထားသောသံချိတ်ကို ဆွဲလိုက်လျှင် ခလုတ်ပြုတ်ပြီး စပရိန်ဖြင့်ဆွဲထားသောတံခါးက ဂျိုင်းခနဲပိတ်သွားတာမျိုးဖြစ်၏။
ဒုတိယတစ်မျိုးကတော့ တံခါးအရှင်တပ်ထားခြင်းဖြစ်၏။ ပထမတစ်မျိုးက အိပ်ပျော်နေတုန်း ဂျိုင်းခနဲမြည်လျှင် အိမ်သားတွေလန့်နိုးပြီး အိပ်ရေးပျက်နိုင်သည်။ ထို့ကြောင့် ဒုတိယတစ်မျိုးကိုသာ ဝယ်လိုက်သည်။ ကြွက်မိလျှင် ဝေးရာမှာသွားလွှတ်မည်ဟု စိတ်ကူးထားသည်။
လှောင်အိမ်ကို သံဆန်ခါဖြင့် ပြုလုပ်ထားသည်။ တံခါးက အရှင်ဖြစ်၏။ လှောင်အိမ်ထဲမှာ ချိတ်ထားသော အစာကိုမြင်လျှင် သို့မဟုတ် အနံ့ရလျှင် ကြွက်က ဝင်ပေါက်ကိုရှာမည်။ တံခါးကို တွေ့မည်။ တိုးဝင်ကြည့်မည်။ တံခါးက အရှင်ဆိုတော့ ပွင့်သွားမည်။ လှောင်အိမ်ထဲကို ကြွက်ရောက်သွားပြီဆိုမှ အပြင်ဘက်မှာတပ်ထားသော ဝိတ်တုံး၏ အလေးချိန်ကြောင့် တံခါးက အလိုအလျောက် ပြန်ပိတ်သွားမည်။ တံခါးတပ်ထားပုံကလည်း အပြင်ကသာ တွန်းဝင်နိုင်ပြီး အတွင်းကနေ ပြန်ထိုးထွက်လို့မရအောင် လုပ်ထားသည်။ ရိုးရိုးလေးနဲ့ ထိရောက်အသုံးဝင်သော မက်ကင်နစ်ဇင်ဖြစ်၏။
သို့ရာတွင် အိုင်တီခေတ်မှာဖြစ်လာသော ကြွက်တွေက ဒီနည်းပညာလောက်ကို ပျင်းတောင် ပျင်းသေးသည်။ လှောင်အိမ်ထဲမှာမိနေသောအခါ နှစ်ဆယ်ရာစုတုန်းက ကြွက်တွေလို တံခါးကို နှုတ်သီးဖြင့် အတင်းတွန်းထိုးနေတာမျိုး မဟုတ်တော့။ လက်နဲ့အသာလေးဆွဲဟပြီး လျှောခနဲပြန်တိုးထွက်သွားလေတော့သည်။ ဒီလိုနဲ့ အစာတွေသာ ပျောက်ပျောက်သွားသည်။ ကြွက်တစ်ကောင်မှ မမိ။ တစ်ပတ်လောက်ကြာတော့ ပြဿနာတစ်ခုဖြစ်သည်။ ကြွက်တွေက ဘုရားစင်က ဓာတ်ကြိုးကို ကိုက်ဖြတ်ထားသည်။ အပေါ်ယံအခွံကို ကိုက်သွားသဖြင့် အထဲက ကြေးကြိုးတွေ ပေါ်နေသည်။ သောက်တော်ရေက ကြေးကြိုးတွေပေါ် ဖိတ်ကျစိုရွှဲနေသည်။ ဘုရားမီးဖွင့်လိုက်သောအခါ ဖြောင်းခနဲ ရှော့ခ်ဖြစ်ပြီး တစ်အိမ်လုံး မှောင်ကျသွားသည်။
ဒီအတိုင်းထားလို့ မဖြစ်တော့။ လူကိုပါ အန္တရာယ်ဖြစ်လာနိုင်သည်။ အပြတ်ရှင်းမှ ဖြစ်တော့မည်။ ဒီတစ်ခါတော့ ညှပ်ထောင်ချောက်ကို ဝယ်သည်။ ဒီအမျိုးအစားကတော့ ရှင်းသည်။ အစာတင်ထားသော ခလုတ်ပေါ် ကြွက်က နင်းလိုက်တာနဲ့ မောင်းပြုတ်ပြီး ကြွက်ကို ဂျိုင်းခနဲညပ်ပြီး ကိစ္စတုံးအောင် စီရင်လိမ့်မည်။ တစ်ခါတည်း ပွဲသိမ်းပဲ။
အရေးအကြီးဆုံးက ကြွက်ကိုမျှားခေါ်ဖို့ အစာပဲဖြစ်၏။ ဘာကိုသုံးရင် ကောင်းမလဲ။ ဟုတ်ပြီ။ ငါးခြောက်ဆိုရင် အသင့်တော်ဆုံးပဲ။ အနံ့ပြင်းတော့ ကြွက်က အလွယ်တကူသိရှိပြီး အမြန်ဆုံး ရောက်လာနိုင်သည်။
ကြောင်အိမ်ကိုဖွင့်ပြီး ရှာကြည့်သောအခါ ကံအားလျော်စွာပင် သူ့မိန်းမက မနက်ချက်ဖို့ အဆင်သင့်တုံးထားသော ငါးခြောက်တုံးကလေးတွေကို တွေ့ရ၏။ အညံ့စားမို့လို့လား မသိ၊ အနံ့က ပိုတောင်ပြင်းသေးသည်။ သူသည် ကြွက်မျှားစာအဖြစ် အသုံးပြုဖို့သင့်လျော်မည့် ငါးခြောက်တစ်တုံးကို ရွေးချယ်နေသည်။ ပြီးတော့မှ ကိုယ့်အဖြစ်ကို သတိပြုမိသွားပြီး သရော်တော်တော် ပြုံးလိုက်သည်။ သူသည် အသေးဆုံးနှင့် အရိုးအများဆုံးငါးခြောက်တုံးကို ရှာဖွေ ရွေးချယ်နေမိသောကြောင့်ပင်ဖြစ်၏။
မင်းလူ စရဏမဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၀၄