Saturday, 23 August 2014

လူငယ်တို့၏ အနာဂါတ် - ဆရာညီမင်းညို အပိုင်း (၅)


လူငယ်တို့၏ အနာဂါတ် - ဆရာညီမင်းညို အပိုင်း (၄)


လူငယ်တို့၏ အနာဂါတ် - ဆရာညီမင်းညို အပိုင်း (၃)


လူငယ်တို့၏ အနာဂါတ် - ဆရာညီမင်းညို အပိုင်း (၂)


လူငယ်တို့၏ အနာဂါတ် - ဆရာညီမင်းညို အပိုင်း (၁)


ဆရာအော်ပီကျယ် - အမှန်တကယ်ကာတွန်းဆရာ အပိုင်း-၁


ဆရာအော်ပီကျယ် - အမှန်တကယ်ကာတွန်းဆရာ အပိုင်း-၂


စာပေဟောပြောပွဲ - ဆရာအော်ပီကျယ်

စင်ကာပူတွင် ဟောပြောထားသော ဆရာအော်ပီကျယ်


http://youtu.be/3aVeZG6JogA?list=UUan7rRr1fqSSABm8soNPJRw


https://www.youtube.com/watch?v=3aVeZG6JogA&list=UUan7rRr1fqSSABm8soNPJRw

ကြာဖူးနားဝ ထူးအိမ်သင်





ကြားဖူးနားဝ ထူးအိမ်သင်




၁၉၈၇မှာ ထူးအိမ်သင်က ..မင်းအတွေးများအားနည်းလား သွေးသစ်လှဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ် လူသားတစ်ယောက်တစ်ယောက်အဖြစ်နဲ့ ညီလေးရေ..လမ်းရွေးပြီးရင်သွားပါ အချိန်မရှိပါ တို့နောက်မှာ သေခြင်းတရား လို့ ဆိုခဲ့တယ်။ အဲဒီညီလေးဟာမြန်မာနိုင်ငံအနှံ့အပြားက ညီလေးတွေအားလုံးဖြစ်နိုင်တယ်ဆိုတာ အခုညီလေးတွေလည်းသိစေချင်ပါတယ်။

၈၈အပြီးမှာတော့ လူငယ်တွေရဲ့စိတ္တဇကို ထင်ဟပ်တဲ့ သက်ငြိမ်ထွက်ခဲ့တယ်။ ကိုယ့်ရဲ့အခန်းငယ်လေးထဲမှာနေ့တိုင်း အားငယ်ထိတ်လန့်စွာ ပုန်းအောင်နေ တစ်ယောက်တည်း အလင်းရောင်များ ပျောက်ဆုံးအထီးကျန်ကမ္ဘာလေးပဲ တလောကလုံး ရွံမုန်းစိတ်နာနေဆဲ ..ကိုယ့်ရင်ထဲမှာလည်းမှောင်မဲပေကျံကာ ပူလောင်နေဆဲ…နေရောင်တချို့က အခန်းငယ်ထဲ ဟိုဒီယိမ်းထိုးကခုန်နေဆဲ ။

ကိုယ်အားလုံးနဲ့တိုက်ခိုက်က ချစ်ခဲ့ရ နောက်ဆုံးတော့အသည်းကွဲဖို့လားတဲ့ ဒါက..သူရခဲ့ဖူးတဲ့ချစ်သူလက်ဆောင်ဖြစ်မလားပဲ။ ယောက်ျားတို့မာန မိန်းကလေးတို့သဘာဝလုပ်နေရင်းနဲ့ပဲအခါလွန်မိုးအောက်မှာ အခုတော့ဝေးခဲ့ပြီလေလို့ ဆိုပြန်တယ်။ အဲဒီကစလို့ သူ့ရှေ့က နောင်တော်တွေရဲ့ကက်ဆက်ခွေတွေ ခနခေါက်ထားပြီး ထူးအိမ်သင်ရဲ့ကက်ဆက်ခွေတွေကတော့ လူငယ်တွေရဲ့ကက်ဆက်အံထဲမပြတ်လည်ပတ်နေတော့တယ်။

မဆလခေတ်ငွေ့အသက်လက်ကျန်နဲ့ စစ်အစိုးရအာဏာရှင်စနစ် တဖြည်းဖြည်းအကောင်ထည် ပေါ်လာချိန်တွေမှာဖြတ်သန်းခဲ့ရတဲ့ အနုပညာသမားတွေရဲ့ အသည်းကွဲမှုမျိုး ထူးအိမ်သင်မှာလည်းပျစ်ခဲနေအောင်တွေ့ရတာပါပဲ။ နာရီပေါ်ကမျက်ရည်စက်များနဲ့ စိမ်းရက်လေအား သီချင်းတွေဟာ ကြောက်စရာကောင်းလောက်အောင်ချစ်သောသူနဲ့ကွေကွင်းရခြင်းတွေပဲ။ အဲဒီခေတ်က မိန်းကလေးတွေဟာရုတ်တရက်ကျောခိုင်းသွား၊ ပျောက်ဆုံးသွား၊ ပြောင်းလဲသွားတတ်ပုံရတယ်။

နွေကျောင်းပိတ်ရက်တွေလွန်ချိန်မှာ သူပြန်မလာနိုင်ပြီပဲ ဘာကြောင့်လဲကိုယ်မသိတော့ပါဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်ဆိုတဲ့ သံစဉ်နဲ့စာသားဟာ အဆောင်ရှေ့မှာ ကြွေပြရုံအချစ်သီချင်းတစ်ပုဒ်ထက်အများကြီးပိုတယ်။ ကျောင်းတက်လိုက် တစ်နှစ်ပြီးတော့ကိုယ့်ရပ်ကိုယ်ရွာပြန်သွားလိုက်နဲ့ ကျောင်းသားစုံတွဲတစ်တွဲဟာ တစ်ခုသောစာသင်နှစ်မှာတော့ ကွဲကွာသွားကြတယ်။ ကွဲကွာရတဲ့အထိ အထူးအဆန်းမဟုတ်သေးဘူး။ဘာကြောင့်လဲ ကိုယ်မသိတော့ပါ..ဆိုတာပါလာတော့ ချစ်သူကိုတမ်းတမှုအပြင်သိခွင့်မရတဲ့အခြေအနေတွေ နှုတ်ဆက်ခွင့် မျှော်လင့်ခွင့်တောင်မရဘဲကွဲကွာသွားရတဲ့အခြေအနေမျိုးဖြစ်လာတယ်။ အဲဒီခေတ်ကတက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ဘ၀ဟာ လမ်းစပျောက်နေတာ ပျက်စီးပျောက်ဆုံးသွားဖို့အကြောင်းတွေအများကြီးရှိနေတာဟာ မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲလိပ်ပြာငယ်လေးဝဲနေသလိုပါပဲ။

၁၉၉၁ဟာ ထူးအိမ်သင်ရဲ့ သီချင်းတွေ နေရာတိုင်းမှာကြားရနိုင်တဲ့ နှစ်ပဲ။အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်(အောင်ရင်နဲ့တွဲလျက်) နဲ့ အရင်အတိုင်းအခွေသုံးခွေ တစ်နှစ်တည်းမှာ ထွက်ခဲ့တယ်။ အတ္တပုံဆောင်ခဲများစီးရီးတစ်ခုလုံးဟာထူးအိမ်သင်တစ်ယောက်တည်းရေးဖွဲ့ထားတာဖြစ်ပြီး တစ်ပုဒ်မကျန်သပ်ရပ်ကောင်းမွန်လှတယ်လို့ဆိုနိုင်တယ်။ထူးအိမ်သင်ရဲ့အကောင်းဆုံးလက်ရာလို့ ကျွန်တော်ထင်တာပဲ။

Jazz စတိုင်တီးခပ်မှုနဲ့ကာလာထည့်ထားတဲ့ မြို့ပြညများသီချင်းထဲမှာ.. ညငှက်များကတေးဆိုပျံဝဲ ၀ိုးတ၀ါးအလင်းရောင်ရှာရင်းနဲ့ ..အဆက်စပ်မဲ့တဲ့ဘ၀တွေနေမြဲ … မငြိမ်းသောမီးတွေရင်ထဲစွဲ..ဆိုတဲ့စာသားမျိုးကိုတွေ့ရတာဟာ ထူးအိမ်သင်ကို ယနေ့တိုင် အံ့သြလေးစားရတဲ့ အချက်တွေပဲ။ မြို့ပြညများထဲကဘ၀တွေဟာ သူနဲ့ အဆက်စပ်မဲ့လျက်ရှိနေတယ်၊ ဘ၀တစ်ခုနဲ့တစ်ခုဟာလည်း နေ့တိုင်းညတိုင်း အဆက်စပ်မဲ့နေမြဲပဲ။တိတ်ဆိတ်ညနက်ထဲမှာတစ်ယောက်တည်းဖြစ်နေတဲ့ သူ့အဖြစ်ကို ဘယ်သူမှလည်း သိပုံမရ၊ ဘယ်သူနဲ့မှလည်းပတ်သက်ဆက်စပ်မှုမရှိ၊ သူ့ရဲ့ အထီးတည်းဖြစ်မှုဟာ ပိုပိုထင်ရှားလာပြီးမြို့ပြညရဲ့လူတွေအဆောက်အဦးတွေများစွာကြားမှာ လွှင့်ပါနေတော့တဲ့အထိပဲ။

ဧရာဝတီမြစ်နဲ့ပတ်သက်ပြီးရေးကြဆိုကြတဲ့အခါ အတ္တပုံဆောင်ခဲများစီးရီးထဲကတစ်ပုဒ်ဖြစ်တဲ့ ရာဇ၀င်များရဲ့သတို့သမီးထက် ပိုကောင်းအောင်ဖန်တီးဖို့ မလွယ်တော့ဘူး။လေးဖြူ ဖူကူအိုကာရှိုးမှာ ကိုယ်ပိုင်သံစဉ်ပဲဆိုရမယ်ဆိုလို့ ထူးအိမ်သင်ဆီကသတို့သမီးကို ခဏငှားခဲ့ရသေးတယ်။ အဲဒီပွဲက ICရဲ့ ရော့ခ်ဗားရှင်းကို ထူးအိမ်သင်နှစ်ခြိုက်မှာအသေချာပဲ။ လေးဖြူရဲ့သားကောင်ထဲက လွမ်းသူ့အိပ်မက်လည်း ထို့အတူပဲ။ထူးအိမ်သင်ရဲ့စာသားကို ပိုပြီးအသက်ဝင်လှပစေခဲ့တယ်။ ၉၆မတိုင်ခင်ကထူးအိမ်သင်ထွက်ခဲ့သမျှအခွေတွေမှာ Iron Cross နဲ့ တီးခဲ့တာများ မဟုတ်လို့လား။

အရင်အတိုင်းကတော့ တစ်ခွေလုံး တေးရေးဝင်းမင်းထွေးရဲ့လက်ရာ။  တမ်းတခဲ့တဲ့ဘ၀ရဲ့ပန်းတိုင်ဘာတွေလဲမင်းသိခဲ့တဲ့ဘ၀ရဲ့အဓိပ္ပါယ်ဘာတွေလဲ မင်းသိမှာပါ ငါလေတစ်ယောက်တည်းအထီးကျန်။ စာပေနယ်ပယ်မှာမော်ဒန်ပို့စ်မော်ဒန်အယူအဆတွေမကျယ်ပြန့်သေးခင်မှာပဲမြို့ပြရဲ့မော်ဒန်လူသားလက္ခဏာတွေကို ထူးအိမ်သင်သီချင်းတွေမှာ (ပီပီသသ)ကြားခဲ့ရတာအံ့သြစရာပဲ။ လမ်းဘေးကဖေးလေးမှာ တစ်ယောက်တည်းအကြာကြီး ထိုင်ပြီး တွေဝေငေးမောနေရတဲ့ဘ၀တွေဟာ မြို့ပြရဲ့နေရာအနှံ့အပြားမှာ တွေ့လာရပြီ။ လူဦးရေထူထပ်လာတဲ့ မြို့တွေပေါ်မှာအထီးကျန်နေတဲ့ လူငယ်တွေတစ်ယောက်ပြီးတစ်ယောက်။ စွဲလန်းမှုအတွက် တစ်ခါထပ်မှားအဆိပ်မှန်းသိလျက် ငါသောက်တယ်..သံသယာအဓွန့်ရှည်လေပြီ။ ၀င်းမင်းထွေးကရေးတယ်..ထူးအိမ်သင်ကဆိုတယ်..ဒါ ငါမဟုတ်ဘူး ဒါ ငါ့အရိပ်တွေ..တဲ့။ အဲဒီအိပ်မက်သီချင်းကို မြေပဲယိုအဖွဲ့နဲအတူ မင်းမော်ကွန်းကလည်းအော်လ်တာရော့ခ်စတိုင်နဲ့ပြန်အော်ခဲ့သေးတယ်..ဒါ ဟာ ငါမဟုတ်ဘူးတဲ့။အရင်အတိုင်းစီးရီးထဲမှာ ကျွန်တော်ရဲ့အကြိုက်ဆုံးထူးအိမ်သင်သီချင်း နှစ်ပုဒ်ပါတယ်။ ဒုက္ခမြစ်များနဲ့ဗင်းဆင့်ဗန်ဂိုးတမ်းချမ်းလို သီချင်းမျိုးဟာ အဲဒီလိုကော်ပီသီချင်းမျိုးကို သူတို့ မရေးဖြစ်မဆိုဖြစ်ခဲ့မှာတောင်ကျွန်တော်တွေးပူရတဲ့အထိပဲ။ အဲဒီကော်ပီသံစဉ်နှစ်ပုဒ်ကို စာသားဖလှယ်ခဲ့တဲ့ ၀င်းမင်းထွေးရဲ့ကျစ်လျစ်လှပတဲ့မော်ဒန်ကဗျာဆန်ဆန်စာသားအကြောင်းအရာကိုအသံထွက်သီဆိုဖို့ ထူးအိမ်သင်ရဲ့ Moodနဲ့အဆိုပညာကလွဲရင်နောက်တစ်ယောက်အစားထိုးမရနိုင်လောက်ဘူးလို့ ကျွန်တော်ထင်တယ်။

ဘ၀မှာအကြိမ်ကြိမ်အခါခါရှုံးလည်း မာနက အကြီးသား၊ ကိုယ်ယုံကြည်ရာကိုဈေးကွက်တင်ရောင်းဖို့ခက်နေလို့တဲ့ ပိုက်ဆံတစ်ပြားမှ မရှိလည်းဂုဏ်သိက္ခာရှိချင်သေးသတဲ့ ..အမေ့ရဲ့ဒုက္ခအိုးလေးဟာ ၈၀ ၉၀ခုနှစ်တွေကလေးနက်တဲ့အနုပညာသမားတွေရဲ့ မိသားစုဘ၀များလား။ ခေတ်ကာလဈေးကွက်မှာက သူ မယုံကြည်တဲ့အယူအဆတွေ အနုပညာတွေများနေပုံပဲ။

ငါဟာ အတ္တမဲ့ အလင်းတစ်ခုဖြစ်ချင်တယ် ပိုင်ဆိုင်တာတွေစွန့်ပစ်ခဲ့ရေလိုစီးဆင်းသွားချင်လည်း..တဲ့။ အစိမ်းရောင်တံခါးများရဲ့အတွင်းဖက်မှာလူးလိမ့်နေတဲ့ သူ့နှလုံးသားကို တွေ့ရ။

စကားလုံးမရှိတဲ့ကောင်းကင်အခွေထွက်လာတော့ ကျွန်တော်ခြောက်တန်းဖြေပြီးတဲ့အချိန်။တစ်နှစ်ပတ်လုံးလုံး အငဲရဲ့ပထမဆုံးစီးရီး ၀ိဥာဉ်များနဲ့ကခုန်ခြင်းဖွင့်လိုက်ထူးအိမ်သင်ရဲ့ စကားလုံးမရှိတဲ့ကောင်းကင်ဖွင့်လိုက်ပဲ။ ထုံးစံအတိုင်းအဲဒီစီးရီးမှာလည်း (တစ်ခွေလုံး မြင့်မိုးအောင်ရေးပြီး)သီချင်းအမျိုးအစား အစုံအလင်ပါခဲ့ပြန်တယ်။ဒါပေမဲ့ ဘယ်ကော်ပီသီချင်းဖြစ်ဖြစ် ဘယ်အမျိုးအစားဖြစ်ဖြစ်ထူးအိမ်သင်သီချင်းဖြစ်သွားရတဲ့အထိပဲ။ လမ်းဘေးအုတ်ခုံတွေမှာ လူငယ်ဂစ်တာဝိုင်းတွေကအလွမ်းရဲ့မီးလျှံများကို သီဆိုတီးခပ်နေကြသလို လူလတ်ပိုင်းတွေကလည်းကောင်းကင်ထဲကမြစ်တစ်စင်းကို အကြိမ်ကြိမ်ဖွင့်နားထောင်လို့။ အဲဒီတုန်းက ကျွန်တော်ကလေးဖြူကို ရူးသွပ်နေချိန်မို့ သူတို့နှစ်ယောက်တွဲဆိုထားတဲ့ရင်ထဲကမိုးစက်များဆိုတဲ့တစ်ပုဒ်ကို အမြဲတမ်းအော်ဆိုတယ်။ အသည်းကွဲခဲ့တဲ့ကမ္ဘာနဲ့သန်းခေါင်ယံညအဆွေးများဆိုတဲ့ နှစ်ပုဒ်ကိုတော့ နောက်ထပ် ဆယ်နှစ်ကျော်လောက်ကြာမှပြန်နားထောင်ပြီး ကြိုက်ရအသည်းကွဲရပြန်တယ်။ ဒီမှာ နတ်ဘုရားများကဘယ်ကိုထွက်ပြေးသွားလဲ ဒီမှာဆုတောင်းခြင်းများစွာလဲ မပြည့်ဝခဲ့..

ထူးအိမ်သင်ရဲ့ ၉၆ Unplugged ပွဲမှာ စင်အောက်ကနေ လေးဖြူ လေးဖြူနဲ့အော်နေကြတော့လေးဖြူက စင်ဘေးကနေ ထူးအိမ်သင်အတွက် အတော်လေးအားနာနေသတဲ့၊ အဲဒါကို ထူးအိမ်သင်ကအင်တာဗျူးမှာ ဘယ်လိုပြောလဲဆိုတော့ ကိုလေး အားနာနေတာကို သူကအားနာရပါသတဲ့။အဲဒီပွဲမှာ အမေ့အိမ်ကို လေးဖြူနဲ့ထူးအိမ်သင် တွဲဆိုခဲ့ပါတယ်။ကျွန်တော်အဲဒီသီချင်းနားထောင်ဖူးပြီး ဆယ်နှစ်လောက်ကြာတော့မှ အရင်ကမကြားခဲ့ရတဲ့အသံတွေ ထပ်ကြားရတယ်။ လွတ်လပ်မှုရှာရင်း ကျဉ်းကျပ်မှုထဲကျကုန်တဲ့လူငယ်တွေရဲ့ Homesick ပူဆွေးတမ်းတမှုအသံပေါ့လေ။ အဲဒီကာလကကျောင်းသားအားကစားပွဲတော်ပြီးလို့ အနယ်နယ်အရပ်ရပ်က လူငယ်တွေ အိမ်ပြန်ကြတဲ့အခါရထားပေါ်မှာရော ကားပေါ်မှာရော သင်္ဘောတွေပေါ်မှာရော အမေ့အိမ်သီချင်းကို ဆိုကြတီးကြဖွင့်ကြနဲ့ အတွေးကိုယ်စီနဲ့ ငြိမ်သက်ပြီးလိုက်ပါလာတတ်တဲ့အကြောင်းကျောင်းသားပွဲတွေလျှောက်လိုက်ဖူးတဲ့ အဖေက ပြောပြဖူးပါတယ်။

၉၀ခုနှစ်ရဲ့ထူးခြားတဲ့ အသံပိုင်ရှင်တွေဖြစ်တဲ့ ဇော်ဝင်းထွဋ်၊ မျိုးကျော့မြိုင်၊ဘိုဘို၊ စည်သူလွင် တို့ ယိုးဒယားစတူဒီယိုမှာ တီးကြဆိုကြတဲ့ Big V စီးရီးထဲက “အပြန်”ဆိုတဲ့တစ်ပုဒ်ကိုတော့ ထူးအိမ်သင်တွေထဲက ကျွန်တော်အကြိုက်ဆုံးတွေထဲမှာ ပါတယ်။ ငါဘာတွေသေချာခဲ့သလဲမသိချင်တော့ပြေလည်အောင်ရင်မှာ အလျော်အစားမရနိုင်တော့ ခွင့်လွတ်ရင်းနဲ့ငါပြန်လာခဲ့ရပြီ…တဲ့။ချစ်သူဆီအပြန် မိသားစုထံအပြန် ထောင်ကအပြန် နိုင်ငံခြားကအပြန် တစ်စုံတစ်ခုဆီကနေထွက်ပြေးပြီးမှ ပြန်လာချင်ခဲ့ရပြန်တဲ့ အပြန်၊ တစ်စုံတစ်ရာရှာဖွေမှုခရီးလမ်းက အပြန်၊နားလည်သဘောပေါက်မှုတွေနဲ့ နောင်တတပွေ့တပိုက်နဲ့ သူ့ရဲ့အပြန်ဟာလူသားအားလုံးရဲ့အပြန်ပဲ။

ကျွန်တော်ရန်ကုန်မှာ ကိုးတန်းကျူရှင်တက်ရင်း စောဘွဲ့မှူးအမှတ်တရအခွေကို စီအမ်ပီမှာသွားဝယ်ခဲ့တယ်။ ကျွန်တော်က Iron Maiden တီရှပ်အနက်နဲ့ဆံပင်အလယ်ခွဲနီကြောင်ကြောင်နဲ့ တစ်ခေတ်ပြန်ထလာတဲ့ ခေါင်းလောင်းဘောင်းဘီနဲ့ကျောပိုးအိပ်နဲ့။ အခွေထွက်မယ့်ရက်မှာ ကျွန်တော်က စီအမ်ပီဆိုင်ရှေ့မှာမနက်အစောကြီးကတည်းက သွားထိုင်နေခဲ့တာ။ စီအမ်ပီဆိုင်က လူကြီးကပြောတယ်၊တစ်နိုင်ငံလုံးမှာ မင်းပထမဆုံးပဲ ညီလေးတဲ့။ အဲဒီ စောဘွဲ့မှူးအမှတ်တရထဲမှာပါတဲ့ထူးအိမ်သင်ရဲ့ ပဲ့ကိုင်သီချင်းကို အဲဒီကတည်းကကြိုက်ခဲ့တာ ဒီနေ့အထိပဲ။ အရင်ဖိုးချိုက ဆိုခဲ့တယ်။ စောဘွဲ့မှူးရဲ့သံစဉ်စာသားရယ် ထူးအိမ်သင်နဲ့ICဗားရှင်းရယ်ပေါင်းလိုက်တော့ တန်ဖိုးရှိတဲ့ ကိုယ်ပိုင်သံစဉ်တစ်ပုဒ်ဖြစ်ခဲ့တယ်။

၉၆မှာထွက်ခဲ့တဲ့ မြို့ပြလရောင်တမ်းချင်းဟာ မြန်မာပြည်မှာ ပထမဆုံးကွန်ပြူတာနဲ့တီးခပ်တဲ့စီးရီးဖြစ်မလားပဲ။ လူငယ်ခြေတက်တွေဖြစ်တဲ့မောင်မောင်ဇော်လတ်တို့ အယ်လ်ဖြူတို့နဲ့တွဲမိခဲ့ပြန်တယ်။ ခြောက်ပုဒ်ပဲပါတဲ့ဒီအခွေကိုတော့ ကျွန်တော်အရင်ခွေတွေလောက် မစွဲလန်းမိ၊ အဲဒီသီချင်းတွေနဲ့စာရင် TheAnts ရဲ့ရောင်စုံချောကလက်ထဲက နောက်ဆုံးပုဒ်ဖြစ်တဲ့ ထူးအိမ်သင်ရဲ့သီချင်း(နာမည်မေ့နေ)ကိုတောင်ပိုကြိုက်မိသေး။

အဲဒီနောက်ပိုင်းထွက်တဲ့ အခွေတွေတော့ ကျွန်တော်တစ်ခွေကို တစ်ကြိမ်ထက်အပြင်ပိုနားမထောင်မိတော့။ ၂၀၀၀ခုနှစ်အလွန် ကမ္ဘာမှာ မော်ဒန်ရော့ခ်နဲ့ နျူမယ်လ်တယ်တွေဟာကျွန်တော်တို့ရဲ့ တအုံတနွေးနွေးဝေဒနာတွေကို ဖေါက်ခွဲဖို့ ပေါ်ပေါက်လာခဲ့ပြီ။ဟစ်ဟော့ပ်တွေ မျိုးဆက်တစ်ခုပေါ်လာလိုက် အတုအယောင်တွေပေါ်လာလိုက်တော်လှန်ဖို့မျိုးဆက်တစ်ခုထပ်ထွက်လာလိုက်နဲ့ ကျွန်တော့်ရင်ခုန်သံဟာလည်း သူတို့ကာရန်အတိုင်းလိုက်ပါသွားတော့တယ်။ မောင်မောင်ဇော်လတ်နဲ့တွဲရေးတဲ့မဟာဝီရကိုနားထောင်ရတော့ ပေါ်ပင်ဂီတရေစီးထဲက ရုန်းထွက်ဖို့ကြိုးစားနေတဲ့ထူးအိမ်သင်ကိုပြန်တွေ့ရပြန်တယ်။ လမ်းဘေးဒီဗွီဒီဆိုင်က ထွက်သမျှခိုးကူးခွေဗီစီဒီတွေဝယ်နားထောင်၊ အခန်းထဲမှာ အထပ်လိုက်ပစ်ချထားတဲ့ ပျောက်လွယ်ပျက်လွယ်တဲ့စီဒီတွေလို လူငယ်မျိုးဆက်တစ်ခုဟာထူးအိမ်သင်ရဲ့ ပုလွေသံတွေ ဘာဂျာသံတွေ ဗုံတိုသံတွေထက် အပေါစားကွန်ပြူတာဆော့ဖ်ဝဲတစ်ခုကထွက်လာတဲ့ သံစဉ်တွေနဲ့ စည်းဝါးကိုက်နေခဲ့ပြီ။ ၁၂ပုဒ်လောက်သာပါတဲ့ ကက်ဆက်ခွေကလေးကိုအေပြန်ဘီပြန်နားထောင်ရာကနေ ရာနဲ့ချီတဲ့သီချင်းတွေဟာမောက်စ်တစ်ချက်ဖိဆွဲရုံနဲ့ပွင့်ခဲ့သလောက်ခလုတ်တစ်ချက်နဲ့လည်းပျက်သွားနိုင်တဲ့ခေတ်ကို ရောက်ခဲ့ပြီ။အဲဒီကာလပေါ်သီချင်းပေါင်းမြောက်များစွာထဲ ၂၀၀၀ခုနှစ်နောက်ပိုင်းထွက်တဲ့ထူးအိမ်သင်သီချင်းတွေရောနှောပါဝင်နေခဲ့သလို အထက်မှာကျွန်တော်အမှတ်ရခဲ့တဲ့ထူးအိမ်သင်သီချင်းတွေကတော့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ရာထောင်ချီသီချင်းတွေထဲကနေ ဇကာတင်ကျန်ခဲ့ပြီး ထူးအိမ်သင်ဖိုဒါတစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့ပြန်တယ်။Rap ရွတ်ဆိုမှုတချို့ကောက်ထည့်ပြီး ဂျီလတ်နဲ့ အတူသီဆိုခဲ့တဲ့ ငါတရားစီရင်တော်မူခန်းလိုထူးအိမ်သင်ရဲ့ပထမဆုံးနဲ့နောက်ဆုံး Modern rock သီချင်းမျိုးကတော့ ၂၀၀၀ကနေ ၂၀၁၀ကြားမြန်မာသီချင်းတွေအားလုံးကြားမှာ ကျွန်တော်အလွယ်တကူရှာတွေ့နိုင်တဲ့သီချင်းမျိုးပေါ့။

မောင်ယုပိုင်
၂၀၁၄ သြဂုတ် ၂၂
(ကိုထူးအိမ်သင် ဆယ်နှစ်ပြည့်အတွက် တစ်ခုခု ရေးမလို့ပဲ၊ နောက်တော့ သူတို့နဲ့ပခုံးဖက်ပေါင်းလာသလိုလိုသူတို့ဘကြီးလိုလို သူငှက်ငါငှက် ၀ိုင်းငှက်နေကြတာနဲ့ ခါတော်မီဖြစ်မှာစိုးလို့မရေးချင်တော့ပြန်၊ အခုတခါ ဘယ်သူဖတ်ဖတ်မဖတ်ဖတ် ငါ့ဘာသာ အမှတ်ရဂုဏ်ပြုကြည့်အုံးမှဆိုပြီးပြန်ရေးမိ)

05/10/2014 ရက်နေ့တွင် ဒုတိယအကြိမ် မြို့သာအထက်တန်းကျောင်း ဆရာပူဇော်ပွဲကျင်းပခြင်း











မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြတ်ဆရာပူဇော်ပွဲအား
မြို့သာအထက (တွဲ)မှ အထက အဆင့်ထိ ပညာရည်နို့တိုက်ကျွေးခဲ့ကြသော အသက်60 ပြည့်နှင့်ပင်စင်စား ဆရာကြီးဆရာမကြီးများကို
၅ရက် ၊ ၁၀ လ၊ ၂၀၁၄ခုနှစ် (ကမ္ဘာ့ဆရာများနေ့)တွင်မြတ်ဆရာကန်ပူဇော်ကန်တော့ပွဲကို
အခြေခံပညာအထက်တန်းကျောင်း မြို့သာမြို့တွင် ဒုတိယအကြိမ် ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့်ကျောင်းသားကေ...ျာင်းသူဟောင်းများကိုယ်တိုင် တက်ရောက်နိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်

မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ

ဆက်သွယ်ရန်
ဦးကျင်မောင် 096812442
ဒေါ်စက်ဌေး 096819779
ဒေါ်စန်းစန်းဝေ 096801636
ကိုဇီဝ Bio Ziwa 09448048144

မြို့သာကျောင်း facebook Group Link : https://www.facebook.com/groups/myothabehs/
မြို့သာကျောင်း facebook Page Link   :  https://www.facebook.com/BehsMyoTha                     

အလှူရှင်များစာရင်း
ဒေါက်တာမောင်မောင်သိန်း ၅ သိန်းကျပ်
ကိုအောင်နိုင်ဦ ၁၁သိန်းကျပ်
ဒေါက်တာမောင်မောင်ငြီမ်း ၂သိန်းကျပ်
ကိုမင်းသိန်းထွန်း ၂သိန်းကျပ်
ကိုသက်နိုင်ထွန်း ၂သိန်းကျပ်
ကိုနိုင်ဝင်းအောင် ၂သိန်းကျပ်
မစန်းစန်းဝေ(ညီအမများ) ၂သိန်းကျပ်
မနီနီအောင် ၁သိန်းကျပ်
ကိုသီန်းတန် ၁သိန်းကျပ်
ခင်သန်းအေး ၅သောင်းကျပ်
ကိုမောင်ကြီး ၅သောင်းကျပ်
ကိုဝင်းမောင် (သန်းပင်လှ ၃သောင်း ကျပ်
ဦးမိုး(သား)ကိုဇော်လွင် ၅သောင်းကျပ်
ဒေါ်ခင်သန်းဦးနှင့်ညီအမများ၆သာင်းကျပ်
ကိုသိန်းနိုင် မစန်းစန်းအေး ၂သောင်းကျပ်
ကိုအောင်ဇော်မင်း(ခ) ကိုဖီ + မအေးငြိမ်းမြတ် ၁ သိန်းကျပ်
ကိုသိန်းလွင်(ရွာသစ်) ၁သိန်းကျပ်
ကိုကျော်ခင်ဦး မညွန့်ညွန့်ဌေး ၅သောင်းကျပ်
ကိုဇီဝ မမေသူ ၁ သိန်း ကျပ်
ကိုမင်းမင်းသိုက် မကြွယ်ကြွယ်အောင် ၁သိန်းကျပ်
ကိုမြင့်ထွန်းဆွေ (ရွာသစ် )၅သောင်းကျပ်
ဦးမြင့်သန်း ဒေါ်မြရီ (ရွာသစ်) ၅သောင်းကျပ်
ဒေါက်တာရင်ရင်အေး ၁ သိန်းကျပ်
ဦးသောင်းအေး(သမီး)အေးသူဇာ ၅သောင်းကျပ်
ကိုခင်မောင်တင့် (ကျောက်ဆည်) ၂၅၀၀၀ ကျပ်
ကိုခင်မောင်မြင့်ရွာသစ်၁သိန်းကျပ်
ကိုတရုတ်ဲကြီးရွာသစ် ၁သိန်းကျပ်
ကိုသိန်းမနီနီဝင်း (နွယ်ရုံ)၁သိန်းကျပ်
ဦးကျင်မောင်ဒေါ်ထွန်း ၁သိန်းကျပ်
ဒေါ်မြင့်မြင့်ဝင်း (ရွှေစံအောင်ဘော်ဒါဆောင်) ၅သောင်းကျပ်

မှတ်ချက် - အဝေးရောက်များအနေဖြင့် ကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ


Thursday, 17 July 2014

ဗုဒ္ဓတရားနှင့်ပါတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေပါ





ပို့ စ်တင်ရခြင်း ရည်ရွယ်ချက် >>>
ဦးဦး နတ်မင်းကြီး မေးထားသောမေးခွန်း၃ခုကိုပြန်လည်ဖြေဆိုထားခြင်းဖြစ်ပါတယ်။

ဦးဦး နတ်မင်းကြီး မေးမြန်းထားသောမေးခွန်း
============================...
ကိုကောင်းမြတ်မင်းစိုး ကို အတိုချုံးပြီး အထက်ကမေးခွန်း သုံးခုကို ပြန်လည်တင်ပြ မယ်။

(၁) ဗုဒ္ဓဘာသာကျမ်းက ရှင်ဂေါတမကို ဘယ်သူကချပေးခဲ့တာလဲ?

(၂) ယနေ့ လက်ရှိ ဗုဒ္ဓဘာသာများရဲ့ ကျမ်းက ရှင်ဂေါတမ ဟောကြားထားတဲ့ အတိုင်း လိုတို ပိုလျော့မရှိ မူရင်း အတိုင်း ရှိနေသလား?

(၃) ဗုဒ္ဓဘာသာကျမ်းတွင် ခေတ်သစ်သိပ္ပံထက် ခေတ်ရှေးပြေး ဟောကိန်းများ (သို့ တည်းမဟုတ်) ခေတ်သစ်သိပ္ပံ ရှုဒေါင့်မှ ယှဉ်တွဲဖေါ်ပြလို့ ရတဲ့ အချက်အလက်များ ပါဝင်မှု ရှိမရှိ ကိုမေးတာဖြစ်တယ်။

.
.

မေးခွန်း (၁) အတွက် ဖြေဆိုချက်
=====================
ကမ္ဘာပေါ်မှာဘာသာပေါင်းများစွာရှိသည့်အနက်မှ ဖန်ဆင်းရှင်ဘာသာများမှာ
ဘုရားသခင်က လူသားတမာန်တော်ကို ကျမ်းစာများချပေးတယ်လို့ ယူဆကြပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာကိုလည်း ဗုဒ္ဓဂေါတမဘုရားရှင်ကို ပိဋကတ်တော်ကိုဘယ်သူက
ချပေးသလဲလို့  ဘာသာခြားသူငယ်ချင်းဖြစ်သူ ဦးဦး နတ်မင်းကြီးမှ မေးမြန်းခြင်းဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာသည် လူသားစင်စစ်ဖြစ်ပါတယ်၊ သဗ္ဗညုတညာဏ်တော်ရှင်လည်းဖြစ်ပါတယ်၊
ဘုရားစစ် ဘုရားမှန်လည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မည်သည့်လူသား၊ မည်သည့်ပုဂ္ဂိုလ်၊
မည်သည့်တမန်တော်မှ မိမိကိုယ်ကို ဘုရားလို့ ဝန်ခံရဲခြင်း မရှိကြပါဘူး။
ဗုဒ္ဓဘုရားရှင်သည် မိမိကိုယ်တိုင် ဘ၀ပေါင်းများစွာ၊ ကမ္ဘာပေါင်းများစွာ ပါရမီ၁၀ပါး ကို
ဖြည့်ကျင့်ပြီး သစ္စာ၎ပါးကိုဆရာမရှိဘဲ ပါရမီစွမ်းအားဖြင့်ထိုးထွင်းသိမြင်ခဲ့ပါတယ်။
သိရန်မှန်သမျှကို အကုန်အစင်သိမြင်နိုင်စွမ်းသော သဗ္ဗညုတညာဏ်တော်ကိုလည်း
ရရှိခဲ့တဲ့အတွက် ဘုရားစင်စစ်လို့  အတိအကျပြောကြားခဲ့သော ကျမ်းစာအထောက်အထားကို
ဘာသာခြားသူငယ်ချင်းများအတွက် အထောက်အထားသက်သေ ကျမ်းအကိုးကားများနှင့်
တင်ပြပေးလိုက်ပါတယ်။

(((( ပိဋကတ်တော် >>>> သုတ္တန်ပိဋက >>>> ၁၂ သစ္စသံယုတ် >>>>
ဓမ္မစက္ကပ္ပ၀တ္တန၀ဂ် >>>> ဓမ္မစက္ကပ္ပ၀တ္တနသုတ် ))))

သုတ္တန်ထဲမှ လိုရင်းအကြောင်းအရာ အဖြေကိုပဲ ရွေးပြီး ဖြေရှင်းပြပေးလိုက်ပါတယ်။
သုတ္တန်ပိဋကတ်ရဲ့  ခုဒ္ဒကနိကာယ် >>> ဗုဒ္ဓ၀ံသပါဠိတော် မှာလည်း ဘုရားဖြစ်ဖို့ 
ဘယ်လို ပါရမီ ၁၀ပါး ကျင့်စဉ်တွေကို ဘယ်လောက်ကြာအောင် ကျင့်ကြံရသလဲဆိုတာ
ကို အတိအလင်း ဟောကြားထားတာတွေ အများကြီးရှိပါသေးတယ်။

အရင်က ဘုရား ဖြစ်ကြောင်း ၀န်မခံပုံ (ပါဠိတော်)
==============================
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယ သစ္စသု ဧ၀ံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏ ဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။
နေ၀ တာဝါဟံ ဘိက္ခဝေ သဒေ၀ကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ ဗြဟ္မဏိယာ ပဇာယ သဒေ၀မနုဿာယ "အနုတ္တရံ သမ္ပာ သမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ" တိ ပစ္စညာသိံ။

အရင်က ဘုရား ဖြစ်ကြောင်း ၀န်မခံပုံ (မြန်မာပြန်)
===============================
ရဟန်းတို့… ဤအရိယသစ္စာလေးပါး၌ (သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု) သုံးပါးသောအပြန် (တိပရိဝဋ္ဋံ), ၁၂-ပါးသော အခြင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်အမြင် မစင်ကြယ်သေးသမျှကာလပတ်လုံး၊ ငါသည် နတ်, မာရ်နတ်, ဗြဟ္မာ နှင့် သမဏ, ဗြာဟ္မဏ, မင်းဟူသော နတ်လူလောကတွင် “အတုမရှိသော သမ္မာသမ္ဗုဒ္ဓဘုရား” အဖြစ်ကို ၀န်မခံခဲ့ချေ။

ယခုမှ ဘုရား ဖြစ်ကြောင်း ၀န်ခံပုံ (ပါဠိတော်)
============================
ယာတော စ ခေါ မေ, ဘိက္ခဝေ, ဣမေသု စတူသု အရိယသစ္စေသု ဧ၀ံ တိပရိဝဋ္ဋံ ဒွါဒသကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။ အထာဟံ ဘိက္ခဝေ, သဒေ၀ကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေ၀မနုဿာယ “အနုတ္တရံ သမ္မာ သမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ။
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ “အကုပ္ပါ မေ ၀ိမုတ္တိ, အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ” တိ။

ယခုမှ ဘုရား ဖြစ်ကြောင်း ၀န်ခံပုံ (မြန်မာပြန်)
============================
ရဟန်းတို့… ဤအရိယသစ္စာလေးပါး၌ (သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု) သုံးပါးသောအပြန် (တိပရိဝဋ္ဋံ), ၁၂-ပါးသော အခြင်းရာအားဖြင့် ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်အမြင် စင်ကြယ်မှသာလျှင်၊ (…) “အတုမရှိသော သမ္မာသမ္ဗုဒ္ဓဘုရား” အဖြစ်ကို ၀န်ခံခဲ့သည်။
“ငါ၏ လွတ်မြောက်မှုသည် မပျက်စီးမဆုံးရှုံးနိုင်တော့။ ဤကား အဆုံးဘ၀တည်း။ ဘ၀တစ်ဖန်ပြန်၍ ဖြစ်ခြင်းမရှိပြီ” ဟုသိမြင်သော (ပြန်၍ ဆင်ခြင်သိသော ပစ္စဝေက္ခဏာ) ဉာဏ်သည်ဖြစ်ပေါ်လာသည်။

ဓမ္မစကြာ ပါဠိတော် နှင့် မြန်မာပြန်ကြည့်ရန်
===========================
https://docs.google.com/file/d/0B5qK8fQ32jiWdlJhdDd4Snc5Tmc/edit?pli=1

အခု ဓမ္မစကြာသုတ္တန်အရ ဘုရားစင်စစ်ဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံထားပုံကို
လက်တွေ့ ကျမ်းညွန်းသက်သေအထောက်အထားများနဲ့ တကွ တင်ပြပေးအပြီးမှာ
ဆက်လက်ပြီး တစ်စုံတစ်ဦးက ဗုဒ္ဓဘုရားရှင်ကို ပိဋကတ်တော်ကျမ်းစာချပေးခြင်းမဟုတ်ဘဲ၊
ဗုဒ္ဓဘုရားရှင်၏ ၄၅၀ါ ပတ်လုံးဟောကြားထားသော (သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ) တရား
များကိုသာ ဗုဒ္ဓ၏သားတော် ထေရ်ကြီးဝါကြီး ရဟန္တာအရှင်မြတ်များက
စုပေါင်း စုရုံးပြီး ဗုဒ္ဓဟောကြားခဲ့သော ဗုဒ္ဓ၀စနများကိုတစ်လုံးတစ်ပါဒမှ
ပြင်ဆင်ခြင်း၊ နှုတ်ပါယ်ခြင်း၊ ပါယ်ဖျက်ခြင်း လုံးဝမပြုလုပ်ဘဲသဘောတူကြပြီ
ပထမဆုံးအဖြစ် အရှင်မဟာကဿ ပ ရဟန္တာမထေရ်ကြီး ဦးဆောင်ပြီး သင်္ဂါယနာ
စတင်ပြီးတင်ကြခြင်းဖြစ်ပါတယ်။

ထိုသို့ သင်္ဂါယနာတင်ခြင်းနဲ့ ပက်သက်ပြီး
=========================
(((( ပိဋကတ်တော် >>>> သုတ္တန်ပိဋက >>>> ဒီဃနိကာယ် >>>>
မဟာပဒါနဝဂ် >>>> မဟာပရိနိဗ္ဗာနသုတ် )))) မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်
အရှင်အာနန္ဒာထေရ်ကို ယခုလိုဟောကြားခဲ့ပါတယ်

မြတ်စွာဘုရား၏ နောက်ဆုံးစကားတော်
=========================
၂၁၆။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ဤသို့ မိန့်တော်မူ၏- ”အာနန္ဒာ ‘တရားစကားတော်သည် ဟောကြားသော ဆရာ (ဘုရား) မှ ကင်းကွာခဲ့ပြီ၊ ငါတို့၏ဆရာ (ဘုရား) သည် မရှိတော့ပြီ’ဟု သင်တို့အား ဤသို့သော ထင်မှတ်ခြင်းဖြစ်သော်လည်း ဖြစ်ရာ၏၊ အာနန္ဒာ ဤအရာကို ဤသို့ မထင်မှတ်အပ်။ အာနန္ဒာ ငါ ဟောကြားပညတ်ထားသော တရားတော်နှင့်ဝိနည်းတော်သည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ဆရာပင် ဖြစ်ပေ၏။

ကျမ်းညွှန်းဖတ်ရန် >>>
===============
http://myanmarsutta.net/ဒီဃနိကာယ်/ဒန-၁၆-မဟာပရိနိဗ္ဗာနသုတ်/

ဦးဦး နတ်မင်းကြီး မေးမြန်းထားသောမေးခွန်း(၁)အတွက် အဖြေကိုပြောကြားလိုက်ပါတယ်။
ဗုဒ္ဓဘုရားရှင်ကသာ ပိဋကတ်ကျမ်းတော်ကို ရဟန်းတော်များထိန်းသိမ်းရန်နှင့် ဆရာအဖြစ်
မှတ်ယူကြရန်ဟောကြားခဲ့ပါတယ်။ ဗုဒ္ဓဘုရားကို ကျမ်းတော်ချထားပေးခြင်းလုံးဝ မဟုတ်ပါ
လို့ ပြန်ဖြေပေးလိုက်ပါတယ်ဗျာ။

=================================================
=================================================

.
.

မေးခွန်း (၂) အတွက် ဖြေဆိုချက်
=====================
ကမ္ဘာပေါ်မှာယနေ့ အချိန်ထိ ခရစ်ယာန်ဘာသာထက် နှစ်ပေါင်း၆၀၀၊
အစ္စလာမ်ဘာသာထက်နှစ်ပေါင်း ၁၁၀၀လောက် စောပြီးပေါ်ထွက်ခဲ့သော
ဗုဒ္ဓပိဋကတ်ကျမ်းသည် ယနေ့ အချိန်ထိကို တစ်လုံးတစ်ပါဒမှ လိုတိုးပိုလျှော့နှုတ်ပါယ်ခြင်း
လုံးဝမပြုသော ၊ အချိန်ကာလအားဖြင့် နှစ်ပေါင်း ၂၆၀၀လောက် ကြာရှည်သော
ပိဋကတ်ကျမ်းပဲဖြစ်ပါတယ်လို့  ပြန်ဖြေပေးလိုက်ပါတယ်။

ထေရ၀ါဒ ဗုဒ္ဓဘာသာကျမ်းတွေဆိုတာ ဘယ်တုန်းကမှပြင်ဆင်ပြောင်းလဲခြင်းမပြုထားပါဘူး။ ဘာသာခြားသူငယ်ချင်းများဘက်မှ အမြင်မှားနေခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ 
ပိဋကတ်ကျမ်းတွေကို ပြင်ဆင်ထားပါတယ်လို့  ပြောဆိုချင်တယ်ဆိုပါလျှင်
- ဘယ်အချိန်မှာ ပြင်ဆင်ထားကြတာလဲ
- ဘယ်သူက ပြင်ဆင်ထားကြတာလဲ
- အရင်က တရားတွေက ဘာတွေလဲ အခုပြင်တဲ့ တရားတွေက ဘာလဲ ဆိုတာကို
သက်သေနဲ့ တကွ ထောက်ပြပြီးပြောဆိုပေးနိုင်မှ အဆင်ပြေပါလိမ့်မယ်။

ပိဋကတ်သုံးပုံ
=========
ပိဋကတ်သုံးပုံ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓ၀စန) များကို ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ တနည်းအားဖြင့် ၀ိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။

ဝိနည်းပိဋကတ် = ၀ိနည်း (၅)ကျမ်း
အဘိဓမ္မာပိဋကတ်= အဘိဓမ္မာ(၇)ကျမ်း
သုတ္တန္တပိဋကတ်= ထိုမှ ကြွင်းသော ဗုဒ္ဓစကားတော်များကို သုတ္တန္တ ပိဋကတ်၌
ထည့်သွင်းသည်။
ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာအရေအတွက်အားဖြင့်
သုတ္တန်ပိဋကတွင် (၂၁၀၀၀)
ဝိနည်းပိဋကတ်တွင် (၂၁၀၀၀)
အဘိဓမ္မာပိဋကတ်တွင် (၄၂၀၀၀)
စုစုပေါင်း ဓမ္မခန္ဓာပေါင်း (၈၄၀၀၀)ရှိပါတယ်။

ပထမ၊ ဒုတိယ၊ တတိယ သင်္ဂါယနာတင်ပွဲများတွင် အိန္ဒယမှ ဗြဟ္မဏ၀ါဒရောသွင်း
ယှက်နွယ်မှာကိုစိုးသဖြင့် စာပေဖြင့်မှတ်တမ်းမတင်ကြပဲ ရဟန္တာပုဂ္ဂိုလ်သူတော်စင်
များသက်သက်ဖြင့် သံပြိုင်ရွတ်ဆိုအာဂုံဆောင်ထားကြခြင်းဖြစ်ကြပါတယ်။

ဥပမာ အနေဖြင့်ပြောရမယ်ဆိုရင်
=====================
လူ ၁၀ ယောက်ရှိတယ်ဆိုပါတော့။ စာတစ်ကြောင်းကို အားလုံးညီညီသံပြိုင်ရွက်ဆိုမယ်
လို့ ဆုံးဖြတ်ကြတယ်။ ( မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊
ရှမ်း စသောတိုင်းရင်းသားပေါင်းစုံတို့ နေထိုင်ကြပါသည် ) ဆိုသော စာတစ်ကြောင်းကို
သံပြိုင်ညီညီရွတ်ဆိုတဲ့အခါမှာ လူ၉ယောက်က အထက်ပါစာသားအတိုင်းတသဝေမတိမ်း
ရွတ်ဆိုပြီး ကျန်တစ်ယောက်က ( မြန်မာနိုင်ငံတွင် ကချင်၊ ချင်း၊ ဗမာ၊ ကယား၊ ရှမ်း၊ ကရင်၊
မွန်၊ ရခိုင် စသောတိုင်းရင်းသားပေါင်းစုံတို့  နေထိုင်ကြပါသည် ) ဆိုပြီး ထွက်ဆိုမယ်ဆိုရင်
ကျန်၉ဦး နဲ့ ဘယ်လိုမှသံပြိုင်ရွတ်ဆိုနိုင်ခြင်းရှိမှာ မဟုတ်ပါဘူး။ ထိုမှားယွင်းနေသော
စုန်းပြူးတစ်ယောက်တည်းကပဲ မတူကွဲပြားနေတဲ့အသံကိုထွက်ပေါ်နေမှာအမှန်ပဲဖြစ်ပါတယ်။
သို့ သော် ပထမ၊ ဒုတိယ၊ တတိယ သင်္ဂါယနာတင်ပွဲ ၃ကြိမ်လုံးတွင် ရဟန္တာထေရ်များ
ပိဋကတ်ပါဠိတော်များကို ဖြေးဖြေးနဲ့ မှန်မှန်သံပြိုင်ရွတ်ဆိုကြတာဟာ တခါဖူးမှမှားယွင်းခြင်း
မရှိခဲ့တာဟာ နှစ်ပေါင်း ၂၆၀၀ ကိုကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။

စတုတ္ထ၊ပဉ္စမ၊ဆဋ္ဌမသင်္ဂါယနာတင်ပွဲများတွင်ပေထက်အက္ခရာ၊ကျောက်ထက္ခရာ၊ပုံနှိပ်အက္ခရာ
(စာအအုပ်)ဖြင့် မှတ်တမ်းတင်တော်မူခဲ့ရာတွင် အရေအတွက်အားဖြင့် အောက်ပါအတိုင်းဖြစ်
ပါသည်။
• ပေရွက်ရေ ၆၃၄၅ -ရွက်
• ကျောက်ချပ်ရေ ၇၂၉ -ချပ်
• စာအုပ်ရေ ၄၀ -အုပ်
• စာရွက်ရေ ၆၅၄၇ -ရွက်
• စာမျက်နှာ ၁၃၀၉၄ -မျက်နှာ
• စာကြောင်းရေ ၄၀၄၀၇၀ -ကြောင်း
• အက္ခရာစာလုံးအရေအတွက် ၁၁၀၂၁၇၅၀
(တစ်ကုဋေ တစ်သန်း နှစ်သောင်းတစ်ထောင် ခုနှစ်ရာ့ငါးဆယ်) ရှိပါသည်။

(မှတ်ချက်) အထက်ပါပိဋကတော်တို့သည် `ပါဠိတော်´ အရေအတွက်မျှသာဖြစ်ပါသည်။
နိဿယျများ ၊အဋ္ဌာကထာများ၊ဋီကာများ ရေတွက်မထားပါ။

ပိဋကတ်တော်သမိုင်းနှင့်ပက်သက်ပြီး အကျယ်ကိုဖတ်ရှုလိုပါလျှင်
ကျွန်တော်ကိုယ်တိုင် သင်္ဂါယနာ ၆တန်ဇယားနဲ့ တကွ သေချာစွာရှင်းပြထားပါတယ်။
အောက်တွင် ဖတ်ရှု့ နိုင်ပါတယ်ဗျာ။

https://www.facebook.com/photo.php?fbid=633252190044253

=================================================
=================================================

.
.

မေးခွန်း (၃) အတွက် ဖြေဆိုချက်
=====================
မေးခွန်း၃မှာက ဦးဦး နတ်မင်းကြီးက ဗုဒ္ဓတရားအဆုံးအမများ နဲ့ ခောတ်သစ်သိပ္ပံပညာ
ကိုက်ညီမှုများ၊ သင့်လျှော်မှုများ၊ တူညီမှုများကိုသိလို၍ မေးမြန်းခြင်းဖြစ်တယ်လို့ ယူဆပါတယ်။

ကျွန်တော့်အနေဖြင့် ဦးစွာပြောလိုတာက ဗုဒ္ဓဘာသာသည် သိပ္ပံကိုအထင်မကြီးပါ။
အကြောင်းပြချက်ပေးပါ့မယ်။ သိပ္ပံပညာမှန်သမျှအားလုံးသည် ရုပ်တရား တစ်ခုကိုပဲ
စူးစမ်းလေ့လာရှာဖွေနိုင်သေးသော ဘာသာရပ်ပညာရပ်လို့  သိထားပါတယ်။
ဒါတောင်မှ ဗုဒ္ဓဘုရားရှင် ဟောကြားအပ်သောအဘိဓမ္မာတရားများထဲမှ
ရုပ် ပေါင်းဘယ်နှမျိုးရှိသလဲ၊ ရုပ်ရဲ့ ဖြစ်ပျက်မှု၊ ရုပ်ကိုအသေးစိတ်ထိုးထွင်းသိမြင်မှုကို
မည်သည့်သိပ္ပံပညာရှင်မှ ယနေ့ အချိန်ထိမသိရှိသေးပါ။
ရုပ်တရားတစ်ခုကိုတောင် ပြည့်ပြည့်စုံစုံ မသိရှိ၊ မလေ့လာနိုင်သေးရင်
နာမ်ပိုင်းဆိုင်ရာများဖြစ်သော (စိတ်၊ စေတသိသ်) နဲ့ အတူ နိဗ္ဗာန်အကြောင်းများကို
အဘယ်မှာလျှင်သိရှိနိုင်ကြပါ့မလဲ။

ဒါပေမယ့် ကျွန်တော့်အနေဖြင့် သိပ္ပံကိုအထင်ကြီး၍မဟုတ်၊ သို့ သော်သိပ္ပံကသာ
ဗုဒ္ဓတရားတော်များ၏ အနောက်မှလိုက်နေခြင်းသာဖြစ်ပါတယ်။
ဗုဒ္ဓတရားတော်များက သိပ္ပံထက်နှစ်ထောင်ပေါင်းများစွာ စောပြီးခောတ်ရှေ့ ပြေးနေခြင်း
သာဖြစ်တယ်ဆိုတာကို ပြောလိုပါတယ်။

ဦးဦး နတ်မင်းကြီးက မေးတဲ့အတွက် ကျွန်တော့်ဘက်ကပြန်ဖြေပေးလိုက်ပါတယ်။
သိပ္ပံပညာကဖော်ပြချက် နဲ့ ဗုဒ္ဓတရားတော်များကဖော်ပြချက်များကိုအောက်တွင်
မြန်မာလူမျိုး ဗုဒ္ဓဘာသာမဟုတ်သော အနောက်တိုင်းပညာရှင်၊ သိပ္ပံပညာရှင်များက
ဖော်ပြထားသော သမိုင်းဆိုင်ရာစာအုပ်၊ Websites နဲ့ သုတေသီစာအုပ်များက
အခုလိုဖော်ပြထားကြပါတယ်။

1). http://en.wikipedia.org/wiki/Buddhism_and_science
========================================
► Buddhism and the scientific method
► Buddhism and psychology
► Buddhism as science
► Notable scientists on Buddhism

2). http://en.wikipedia.org/wiki/Buddhism_and_Evolution

3). http://en.wikipedia.org/wiki/Buddhism_and_psychology

4). http://en.wikipedia.org/wiki/Buddhism_and_Western_Philosophy

5). http://www.wildmind.org/blogs/on-practice/10-things-science-and-buddhism-says-will-make-you-happy

6). http://townsendcenter.berkeley.edu/events/buddhism-mind-and-cognitive-science

7). http://uip.edu/en/articles-en/science-and-buddhism

8). http://www.mindandlife.org/about/hhdl-mli/buddhism-and-modern-science/

9). https://eview.anu.edu.au/cross-sections/vol7/pdf/ch01.pdf

10). http://en.wikipedia.org/wiki/Buddhist_atomism

11). http://en.wikipedia.org/wiki/Talk%3ABuddhism_and_science

12). http://en.wikipedia.org/wiki/Religious_views_of_Albert_Einstein

Buddhism has the characteristics of what would be expected in a cosmic religion for the future: It transcends a personal God, avoids dogmas and theology; it covers both the natural and the spiritual, and it is based on a religious sense aspiring from the experience of all things, natural and spiritual, as a meaningful unity. and Buddhism is the only religion able to cope with modern scientific needs (Dr. Albert Einstein)

နောင်တချိန်တွင် စကြဝဠာတခုလုံး ကိုးကွယ်ကြသည့် ဘာသာတရားတခု ဖြစ်ပေါ်လာလိမ့်မည်။
ထိုဘာသာတရားသည် တယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။
သဘာဝတရားနှင့် ဘာသာတရားနှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာတရားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပာယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မည်။
ဤအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။ အကယ်၍သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို အဖြေထုတ်ပေးနိုင်မည့် ဘာသာတရားတခုသာ ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။
(ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး - ဒေါက်တာ အဲလ်ဘတ်စ်အိုင်းစတိုင်း)

ဦးဦး နတ်မင်းကြီး မေးလို့ သိပ္ပံမပေါ်ခင်မှာ ဗုဒ္ဓကဘာတွေများဟောထားသလဲဆိုတော့
အများကြီးရှိခဲ့ပါတယ်။ အပေါ်မှာလည်း ဗုဒ္ဓဘာသာနဲ့ သိပ္ပံ compatible ဖြစ်သောအရာ
များကို မြန်မာလူမျိုးမဟုတ်သော၊ ဗုဒ္ဓဘာသာမဟုတ်သော ပညာရှင်သုတေသီများက
ဖော်ပြပေးထားတာကို လက်တွေ့ သက်သေအထောက်အထားများ ပြခဲ့ပြီးပါပြီ။
အခု အနည်းအကျဉ်းမျှလောက် ပြောပြပေးပါ့မယ်။

► မြတ်စွာဘုရားရှင်က လွန်ခဲ့သော သိပ္ပံလုံးဝ မပေါ်ပေါက်သေးခင်
အချိန်အခါဖြစ်သော နှစ်ပေါင်း ၂၆၀၀ လောက်ကတည်းက ဟောထားပါတယ်။

( ပိဋကတ်ကျမ်း >>> သုတ္တန်ပိဋကတ် >>> သံယုတ္တနိကာယ် >>> သဂါထာဝဂ္ဂသံယုတ်ပါဠိတော် >>> ယက္ခသံယုတ် >>> က္ကန္ဒကသုတ် ) မှာ ဟောကြားထားပါတယ်။

“ ပထမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊
အဗ္ဗုဒါ ဇာယတေ ပေသိ၊ ပေသိ နိဗ္ဗတ္တတီ ဃနော၊
ဃနာ ပသာခါ ဇာယန္တိ ”

“ ပထမဆုံး ကလလမည်သော ရေကြည်ဖြစ်၏။
ရေကြည်ကလေးမှ အမြှပ်ဖြစ်၏။
အမြှပ်မှ သားတစ်(အသားတုံး)လေး ဖြစ်လာ၏။
သားတစ်လေးမှ အစိုင်အခဲလေး (အစုအပုံလေး) ဖြစ်လာ၏။
အစိုင်အခဲလေးမှ ခက်မငါးဖြာ (ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းနှင့် ဦးခေါင်း)တို့ ဖြစ်လာပြီး
ဆံပင်၊ မွှေးညှင်း၊ ခြေသည်းလက်သည်းတို့လည်း ဖြစ်ပေါ်လာကြ၏။
မိခင်စားသော အစာနှင့် မိခင်သောက်သောအရည်တို့ဖြင့် အမိဝမ်းတွင်းမှ သန္ဓေသားလေးက မျှတရ၏ ”
လို့ ဟောကြားထားပါတယ်။

ဒီပဋိသန္ဓေအကြောင်းတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားဟောကြားတာတွေကို သိလိုက်ရရင် တော်တော်အံ့သြစရာကောင်းပါတယ်။ ပဋိသန္ဓေတည်နေပုံကို ခေတ်သစ်ဆေးပညာရှင်တွေက အသေးစိတ်ရှင်းပြတယ်။ သူတို့ရှင်းပြနိုင်တာက ခန္ဓာကိုယ်ထဲကို ခေတ်သစ်နည်းပညာတွေ အကူအညီနဲ့ ကြည့်ရှုပြီးမှ ရှင်းပြနိုင်တာဖြစ်တယ်။ မြတ်စွာဘုရားရှင်ကတော့ ဘာနည်းပညာအကူအညီမှ မပါဘဲနဲ့ ခရေစေ့တွင်းကျ အသေးစိတ် ဟောကြားထားနိုင်ပါတယ်။

.
.

► Newton's Law
(( To every action there is always an equal and opposite reaction. ))
သက်ရောက်မှုတိုင်းမှာ တူညီသော တန်ပြန်သက်ရောက်မှုဆိုတာ ရှိစမြဲဖြစ်တယ်လို့ 
သိပ္ပံကဆိုထားပါတယ်။

မြတ်ဗုဒ္ဓက ဘယ်လိုဟောထားသလဲဆိုရင်
((စေတနာဟံ ဘက္ခဝေ ကမ္မ၀ဒါမိ))
ပြုမှုဆောင်ရွက်ခြင်း စေတနာကို ကံဟု ငါဘုရားဆို၏ ၊
စေတနာကံသည် တူညီသော တန်ပြန်အကျိုးကိုသာ ပေးတတ်၏လို့  ဟောကြားထားပါတယ်။

.
.

► (All scientists) သိပ္ပံပညာရှင်အားလုံး ၊ သိပ္ပံပညာရှင်တိုင်း တစ်ယောက်မကျန် မှန်ကန်ကြောင်းကို ပြတ်ပြတ်သားသား အဆိုပြုထားသော နိယာမတစ်ခုရှိပါတယ်။
ကျွန်တော်တို့  ကျောင်းစာများမှာလည်း သိပ္ပံပညာကိုသင်ဖူးသူတိုင်းလည်း သိကြလိမ့်
မယ်လို့ ထင်မိပါတယ်။
စကြာဝဠာမှာ ဒြပ်နဲ့ စွမ်းအင် (Matter and Energy) ပဲရှိတယ်လို့  ဆိုထားပါတယ်။
(( Matter and energy cannot be created or destroyed ))
(လူ၊ တိရိစ္ဆာန်၊ အပင်နှင့် သတ္တ၀ါအားလုံးတို့ နှင့်တကွ)
ရုပ်ဝထ္တုဒြပ်အားလုံး နှင့် စွမ်းအင်အားလုံး တို့ ကို မည်သူမှ ဖန်တီး၍လည်းမရ ဖျက်ဆီး၍လည်း မရနိုင်ပါလို့ အဆိုပြုနိယာမထုတ်ထားကြပါတယ်။
ဒါဆိုရင် ဖန်ဆင်းရှင်တစ်ဦးဦးက ဖန်ဆင်းတယ်ဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

မြတ်ဗုဒ္ဓတရားတော်ထဲမျာ ပဋိစ္စ သမုပ္ပါဒ် လို့ ခေါ်တဲ့ အကြောင်းတရားကြောင့်သာ
အကျိုးတရားတစ်ခု ဖြစ်ပေါ်လာစမြဲပဲလို့ ဟောထားပါတယ်။ လောကမှာအကြောင်း
တရားမရှိဘဲဖြစ်လာတဲ့အရာမရှိဘူးလို့  အတိအလင်းဟောထားပါတယ်။
((ယေဓမ္မာ ဟေတုပ္ပဘ၀ါ )) ဆိုတဲ့တရားစကားတော်တစ်ခုလည်း ရှိပါသေးတယ်။
ယေ ဓမ္မာ = လောကမှာ ဖြစ်တည်လာသော အကျိုးတရားမှန်သမျှသည်
ဟေတုပ္ပဘ၀ = အကြောင်းတရားတို့ ကိုသာ အခြေခံ၍ ဖြစ်ပေါ်လာလေ့ရှိကြပါကုန်၏
( ဆိုလိုရင်းအဓိပါယ် = လောကမှာ သက်ရှိ၊ သက်မဲ့ မှန်သမျှတို့ သည် ဖန်ဆင်းသူကြောင့်၊ တန်ခိုးရှင်ကြောင့် မဟုတ်၊ အကြောင်းတရားတစ်ခု (သို့ ) အကြောင်းတရားတစ်ခုထက်ပို၍ ပေါင်းဆုံပြီးသာ ဖြစ်ပေါ်လာရကုန်၏ လို့ ဟောထားပါတယ်။

မှတ်ချက် ။ ။ ဦးဦး နတ်မင်းကြီး မေးထားသောမေးခွန်းများကိုပြန်လည်ဖြေကြားလို့ 
ပြီးပါပြီ။ အကြောင်းပြချက် သက်သေများနဲ့ တကွ ဖြေဆိုထားပါတယ်။
ကျွန်တော်တင်ပြထားသော သက်သေ သာဓက အထောက်အထားများကို
ပြန်လည်ပြောဆို ဆွေးနွေးပေးနိုင်ပါတယ်။
=================================================
=================================================

.
.

ဦးဦး နတ်မင်းကြီးကို ပြန်လည်မေးမြန်းမယ့် တူညီသောမေးခွန်း ၃ခုကို
ကျွန်တော့်ဘက်က ပို့ စ်သီးသန့် တင်ပြီး ပြန်လည်မေးပေးပါ့မယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

By

Kaung Myat Min Soe

Friday, 6 June 2014

" လူတွင် ရင်းနှီးမြှုပ်နှံပါ "

" လူတွင် ရင်းနှီးမြှုပ်နှံပါ "

ရွှေရင်နှစ် (မြို့သာ)

ဒုတိယ ကမ္ဘာစစ်အပြီး အဏုမြူ ဗုံးဒဏ်ဖြင့် ပြာပုံသာ ကျန်ခဲ့ရသော ဂျပန်နိုင်ငံသည် စက်မှု ထိပ်တန်းနိုင်ငံ များကို နည်းပညာ အမီလိုက်ရန် အတွက် ပညာရေး ဌာနတွင် ပုံအော၍ ရင်းနှီးမြှုပ်နှံ ခဲ့သည်။

ကျောင်းများကို တခြားဌာန များထက် ပိုဦးစား ပေးသည်။ အဆောက်အအုံ နှစ်ခု ဆောက်လုပ်ရန် ယှဉ်ပြိုင် လာခဲ့လျှင် ကျောင်းကို အရင် ဦးစားပေးသည်။ ပညာရေးဌာနမှ လစာကို တခြားဌာန များထက် ပိုမြှင့်ပေး ထားသည်။ ကျောင်းတွင် ကလေးများကို ဉာဏ စွမ်းရည် ထက်မြက်စေရန် ကာယစွမ်းရည် ကောင်းဖို့ လိုအပ်သော ကြောင့် အစားအစာကို လိုအပ်သော ကယ်လိုရီကို စနစ်တကျ တွက်ချက်၍ ကျောင်းများတွင် ကျွေးသည်။ နွားနို့ တိုက်သည်။ ထိုကဲ့သို့ သုံးနိုင်ရန် အတွက် တခြားဌာန များမှ ငွေရှာပေးသည်။ ထိုသုံးသော ငွေများသည် အလဟဿ ဖြုန်းတီး ပစ်ခြင်း မဟုတ်။ '' လူသားရင်းနှီး မြှုပ်နှံမှု " ပင် ဖြစ်သည်။ အနာဂတ် တစ်ချိန်တွင် ထို ရင်းနှီးမှု၏ အကျိုးအမြတ် ကို ခံစား ရမည်ဟု ယုံကြည် လုပ်ဆောင် ခဲ့ကြသည်။

အမှန်တကယ် လည်း အနှစ်(၃ဝ) ခန့် ရှိလာသော အခါ တစ်နည်း အားဖြင့် ထို ကလေးများ လုပ်ငန်းခွင် ၀င်သည့် အရွယ် ရောက်လာသော အခါ ဂျပန်နိုင်ငံ သည် ဦးမော့လာ ခဲ့ပါသည်။ ယခုအခါ မှာတော့ ဂျပန် နိုင်ငံသည် စီးပွားရေး နှင့် စက်မှု တိုးတက်မှုတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထို အောင်မြင်မှုသည် ရေတိုကို မကြည့်။ ရေရှည်ကြည့်၍ လူသား ရင်းနှီး မြှုပ်နှံမှု ၏ အကျိုးရလဒ် ဖြစ်သည်။

'' ယောက်ျားတံခွန် လူရည်ချွန်က ကောင်းကင် တမွတ် ကြယ်ကို ဆွတ်လည်း မလွတ်စတမ်း ရမြဲလမ်းတည့် ''ဟူသော စာသားတွင် " ယောက်ျားတံခွန် " အစား " လူသားတံခွန် " ဟု ပြင်လိုက် ချင်ပါသည်။

'' လူသားတံခွန် သူသည် ချွန်က ကောင်းကင် တမွတ် ကြယ်ကို ဆွတ်လည်း မလွတ်စတမ်း ရမြဲလမ်းတည့် '' လူတစ်ယောက် (သို့မဟုတ်) မိသားစု တစ်စု (သို့မဟုတ်) နိုင်ငံ တစ်နိုင်ငံသည် ဘာမှမရှိ လျှင် နေပါစေ။ တော် ၊ ထက် ၊ ထူးချွန် နေသော လူကောင်း လူတော်များ ရှိနေလျှင် ထိုမိသားစု ၊ ထိုနိုင်ငံသည် တစ်နေ့နေ့ ၊ တစ်ချိန်ချိန်တွင် ထိပ်တန်း နေရာသို့ မလွဲမသွေ ရောက်ရမည်မှာ ဧကန်ပင် ဖြစ်သည်။

ဘာသယံဇာတ မှမရှိ ၊ မြို့ပြနိုင်ငံလေး မျှသာဖြစ်ပြီး ထိပ်တန်းသို့ ရောက်နေသော စင်ကာပူနိုင်ငံ သည် အကောင်းဆုံး သာဓကဖြစ် သည်။ ထို့ကြောင့် လူတွင် ရင်းနှီး မြှုပ်နှံပါ။ ယခုအခါ မြန်မာနိုင်ငံ၏ နေရာ အတော်များများ တွင် စီမံကိန်း အမျိုးမျိုးကြောင့် မြေဈေးများ ကောင်းလျက် ရှိသည်။ မကြားဖူးသော ဈေး၊မမြင်ဖူးသော ငွေကြေးများ ကြောင့် တောင်သူ လယ်သမား အတော် များများက မိမိပိုင် မြေများကို ရောင်းချ လာကြသည်။

ငွေသည် ''ရေ'' ဖြစ်သည်။ အိတ်၏ အပြင်ကို အလွယ်တကူ စီးထွက်သွား တတ်သည်။ ငွေသည် " ဆီ " ဖြစ်သည်။ " ဆီ "လို အပေါက် ရှာတယ် ဟူသော စကားအတိုင်း အပေါက်ရှာပြီး အလွယ်တကူ ခုန်ထွက် တတ်သည်။ ငွေသည် " ငှက် " ဖြစ်သည်။ အတောင်ပံပါ၍ အလွယ်တကူ ပျံသွား တတ်သည်။ ရေလို ၊ ဆီလို ၊ ငှက်လို ထွက်သွားသော ငွေများကို ပြန်ဖမ်းရန် မှာမူ မလွယ်ကူ တော့ပါ။

ဓားမဦးချ မြေယာ အလုပ်ကိုသာ လုပ်တတ်သော တောင်သူ လယ်သမားများ ဆိုလျှင် ပိုဆိုးတော့မည်။ မြေလည်းကုန် ၊ ငွေလည်းကုန် ဆိုလျှင် ဘယ်လိုလုပ် ကြမှာလဲ။ ထို့ကြောင့် '' ပညာရွှေအိုး လူမခိုး ''ဟူသော ဆိုရိုးအတိုင်း မိမိ တို့၏ ငွေကြေးများကို သားသမီး များ၏ ပညာရေးတွင် ရင်းနှီးပါ။ မိမိတို့၏ သားသမီးများကို ပညာတတ်အောင် သင်ပါ။


သို့မှသာ ပွင့်လင်းလာသော ခေတ်တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိ လာတော့မည့် နိုင်ငံခြားသား လုပ်ငန်းရှင်တို့ အလယ်၌ ခေါင်းမော့ ရင်ကော့ နိုင်မည် ဖြစ်သည်။ မိမိနိုင်ငံ၏ မိမိမြေပေါ်တွင် တိုင်းခြားသားတို့ လက်ညှိုးညွှန်ရာ ကို လုပ်ကိုင်ခြင်း မဟုတ်ဘဲ ၄င်းတို့ထံမှ စည်းစနစ် ၊ နည်းပညာ တို့ကို ယူ၍ သူတို့လို စက်ရုံပိုင်ရှင် ၊ ကုမ္ပဏီ ပိုင်ရှင်အဖြစ် ကမ္ဘာကို ထိုးဖောက်နိုင် ရပေမည်။ မည်သို့ပင် ဆိုစေ... သိပ္ပံပညာ ရှင်တွေ ၊ ဆေးပညာရှင် တွေ ၊ ကွန်ပျူတာ ပညာရှင်တွေ ၊ ဆော့ဖ်ဝဲလ် အသစ် တီထွင်သူတွေ ၊ နည်းပညာ အသစ် ဖန်တီးသူတွေ။ ထိုကဲ့သို့ ထူးချွန် ထက်မြက်သူများ ဖြစ်ရန်အတွက် မိဘများ ကရော ၊ နိုင်ငံတော် ကပါ လူကောင်းတွေကို ရွေးချယ်ပါ။ လူတော်တွေ ကို ချီးမြှောက်ပါ။ လူကောင်း လူတော် ဖြစ်အောင် ပျိုးထောင်ပါ။ လူတွင် ရင်းနှီးမြှုပ်နှံပါ ဟု စေတနာ ကောင်းဖြင့် တိုက်တွန်း ရေးသား လိုက်ရပါသည်။

ဤမီးတိုင် - ရွှေရင်နှစ် (မြို့သာ)

ဤမီးတိုင်

ပညာသည် မီးအလျှံနှင့်တူ၍ ပညာပေးဝေသူသည် မီးတိုင်နှင့်တူသည်။ ဆီမီးတစ်တိုင်တည်းဖြင့် နောက်ထပ်အလင်းတောက်များစွာအား နေရာအနှံ့တွင် ထွန်းလင်းတောက်ပစေနိုင်သည်။ မီးတိုင်တို့သည် မိမိအလင်းမှ ဆင့်ပွားလင်းလပ်နေသော မီးတောက်တို့အား ပီတိများစွာနှင့် ငေးကြည့် ရင်း မိမိကိုယ်တိုင်မီးတောက်၏ ဝါးမြိုတိုက်စားခံရမှုကိုလည်းကောင်း၊ မိမိဝန်းကျင်သို့ စီးဆင်းပျံ့နှံ့သွား သော အပူစီးကြောင်းများကိုလည်းကောင်း မေ့လျော့ရင်းဖြင့် ….
* * *
စက်ဘီးကို ခပ်သေးသေးခြံဝင်းလေးထဲသို့ ကွေ့ဝင်လိုက်သည်နှင့် ကျွန်မတို့သူငယ်ချင်းများအားလုံးကို တစ်စုတစ်ဝေးတည်း တွေ့လိုက်ရသည်။ အကြည့်များက နွေးထွေးကြသော်လည်း ကြိုဆိုမှုက တိတ် တိတ်ဆိတ်ဆိတ် ရှိနေသည်။
စက်ဘီးပေါ်မှဆင်း၍ အိမ်လေးထဲသို့ လှမ်းဝင်လိုက်သောအခါ ဒေါက်တာ သူငယ်ချင်းက အပြုံးနွမ်း နွမ်းဖြင့် ထလာ၍ ကြိုသည်။ ထိုသူငယ်ချင်းကို ကျွန်မ တိုးတိတ်စွာ … "ငါ နည်းနည်းနောက်ကျသွား တယ်ဟာ…နယ်မှာဆိုတော့ သတင်းစာရောက်တာကလည်း နောက်ကျတယ်လေ… သိသိချင်း ထွက် လာပေမယ့် …"
ကျွန်မအသံကတုန်ကယင် နစ်ဝင်သွားသည်။ ချက်ချင်းစုအိုင်လာသော မျက်ရည်များကို မျက်တောင် တဖျတ်ဖျတ်ဖြင့် ထိန်းနေရသည်။ သူငယ်ချင်းမျက်နှာကလည်း ပိုမိုညှိုးလျသွားကာ…. "ငါလည်းအစွမ်း ကုန် ကြိုးစားပါတယ် … ငါ့ဆရာကြီးတွေ အကူအညီနဲ့ရောပေါ့… ဒါပေမယ့်….ဆရာမကြီးအခြေအနေ က မီးစာကုန် ဆီခန်းနေပြီဆိုတော့…"
ကျွန်မ မျက်လုံးများက ဘုရားစင်အောက် စားပွဲလေးတစ်လုံးပေါ်တွင် ထောင်ထားသော ကျွန်မတို့၏ ငယ်ဆရာကျေးဇူးရှင်ဆရာမကြီး၏ ဓာတ်ပုံကြီးဆီသို့ ရောက်သွားသည်။ ထိုဓာတ်ပုံကြီးရှေ့တွင် ထွန်း ထားသောဖယောင်းတိုင် မီးတောက်ကလေးက လေငြိမ်နေတာကြောင့် ငြိမ်သက်စွာ တောက်ပနေ သည်။
ကျွန်မ ထိုနေရာသို့ လျှောက်သွားမိသည်။ မေတ္တာရိပ်လွှမ်းနူးညံ့စွာ စူးရှသော မျက်ဝန်း..ပြတ်သား ထက်မြက်သော်လည်း အေးမြငြိမ်းချမ်းစွာ ပြုံးတတ်သောနှုတ်ခမ်း …
သတိလက်လွတ်နှင့် နှမြောတသစွာ ငေးကြည့်နေဆဲမှာပဲ ဓာတ်ပုံထဲမှ မျက်ဝန်းများက ပိုမိုလင်းလက် လာသလိုလို .. နှုတ်ခမ်းများ တရွရွလှုပ်ခတ်လာသလို ထင်လာရသည်။ ဆရာမကြီးသည် ကျွန်မရင်ထဲ တွင် ပြန်လည်ရှင်သန်လာသည်။
ဆရာမကြီး၏ဓာတ်ပုံအား ရိုသေညွတ်ကျိုးစွာ ရှိခိုးကန်တော့မိချိန်မှာတော့ ကျွန်မ၏နှလုံးအိမ်သည် လှပ်ကနဲလှိုက်ဖို၍ သည်းသည်းထန်ထန် ငိုကြွေးလိုက်မိတော့သည်။
* * *
'ပန်းမျိုးတစ်ရာတို့ ဖူးပွင့်ဝေဆာရာ ကျောင်းမဟာ' ဟုဆိုလျှင် ကျွန်မတို့မြို့မှလူများက ဆရာမကြီး ဒေါ်မြသင်း၏ကျောင်းကို ပြေးမြင်တတ်ကြသည်။
ဆရာမကြီး ဒေါ်မြသင်း၏ အမှတ် (…) အ.ထ.က သည်သဘာဝပန်းတို့ လန်းစွင့်ရာ လူသားပန်းတို့ လျှမ်းတင့်ရာ တကယ့်ပန်းဥယျာဉ်တစ်ခုပဲ ဖြစ်၏။ ထိုကျောင်းသည် စည်းကမ်းကောင်းသော၊ လူချွန် လူမွန်များ မွေးထုတ်ပေးသော မွေးထုတ်ပေးသော စံပြကျောင်းအဖြစ် ကျော်ကြားသကဲ့သို့ ဆရာမကြီး ကိုလည်း ကျောင်းအုပ်ချုပ်ရေး၊ ကောင်းသူ၊ စည်းကမ်းဖြင့်လူတော်များကို ပုံလောင်း၍ လူကောင်းများ အားတော်အောင် ပျိုးထောင်ပေးသူအဖြစ် အားလုံးက လေးစားချီးကျူးကြ၏။
ဆရာမကြီးသည် သက်ရှိ၊ သက်မဲ့တို့အား စေတနာကောင်းဖြင့်လိုရာသို့ ပုံဖော်နိုင်သူ ဗိသုကကောင်း တစ်ယောက်ဖြစ်သည်။ သူမလက်ထက်တွင် သက်မဲ့ကျောင်းဝင်းအား စနစ်ကျအောင် ဦးစွာပြင်သည်။ အမြဲသန့်ရှင်းသပ်ရပ်နေသော ကျောင်းဝင်းထဲတွင် အရိပ်ရပင်များ၊ အလှစိုက်ပန်းပင်များ၊ ကျောင်းစိုက် ပျိုးခင်း၊ ကျောင်းအားကစားကွင်းတို့ဖြင့် စနစ်တကျရှိနေစေသည်။ ကျောင်းဝေယျာဝစ္စများကို လုပ် ဆောင်နေကြသော အသင်းလေးသင်းကလည်း ပန်းခင်းကြားမှ ပျားပိတုန်းများကဲ့သို့ လူးလာခေါက်တုံ့ နှင့်တက်ကြွစွာလှုပ်ရှားနေကြသည်။ မိဘဆရာအသင်း နှစ်ပတ်လည် ဆုနှင်းသဘင်တွင်အသင်းဆု တစ်ဆု ပါဝင်သောကြောင့် ယှဉ်ပြိုင်စိတ်နှင့် ကြိုးစားနေကြခြင်းဖြစ်သည်။
သက်မဲ့တို့အားပြုပြင်ရာတွင် သေသပ်လှပစွာ ဖန်တီးနိုင်ခဲ့သော ဆရာမကြီးသည် သက်ရှိတို့အား ကိုင်တွယ်ရာ၌လည်း ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။
စရိုက်အမျိုးမျိုး၊ ပုံသဏ္ဌာန်၊ စိတ်ထားအမျိုးမျိုးရှိသော ဆရာ၊ ဆရာမများအား မိမိလိုချင်သောစည်း ကမ်းဘောင်များ မချမှတ်မီ ဆရာ၊ ဆရာမများ၏ ဘဝရပ်တည်မှု ဆန္ဒပြည့်လိုအင်ကို အရင်ဆုံးဖြည့် တင်းပေးခဲ့သည်။ ထိုအခါမှ မိမိဘက်သို့ ပျောင်းညွှတ်လာသော စိတ်များကို စည်းကမ်းချမှတ်သော အခါ အလွယ်တကူ လိုက်နာလာကြသည်။
ဆရာ၊ ဆရာမများ၏အဝတ်အစား၊ အနေအထိုင်၊ လုပ်ငန်းခွင်စည်းကမ်း၊ ကျောင်းသူ၊ ကျောင်းသား များ၏ အဝတ်အစား၊ အနေအထိုင်၊ ယဉ်ကျေးမှု၊ ကျောင်းစည်းကမ်း၊ အတန်းစည်းကမ်း တို့ကို တစ် ပြေးညီ တင်းကြပ်စွာသတ်မှတ်ကာ အပြုံးဖြင့်ဆောင်ရွက်၍ အလုပ်ဖြင့်ပြတ်သားခဲ့သည်။ 'ပြောလျှင်ပြုံး ၍ လုပ်လျှင်ပြတ်' လျှင်အဲဒါ ဒေါ်မြသင်းဟု ဆရာမကြီးကွယ်ရာတွင် ချစ်စနိုးကင်ပွန်းတပ်ခဲ့ကြသည်။ အပြစ်ရှိသူအား ဒဏ်ပေးရုံသာမဟုတ် ထူးချွန်သူအား ဆုပေးချီးမြှင့်ခြင်းကိုပါ ဆောင်ရွက်သူဖြစ်ခြင်း ကြောင့် ဆရာမကြီးအားတစ်ဖက်သတ် မည်သူမျှအပြစ်မပြောခဲ့ကြပါ။
'ကျောင်းနေပျော်၍ စာတော်ရမည်' ဟူသောမူကို ဆရာမကြီးက အနှစ်သာရပြည့်စွာ ကျင့်သုံးသည်။ ဆရာ၊ ဆရာမများအနေဖြင့် နိစ္စဓူဝ လုပ်ကိုင်နေရသည့် အလုပ်ဖြစ်သည့်အပြင် အနာဂတ်နိုင်ငံတော်၏ သက်ရှိရတနာများအား ပျိုးထောင်ပေးရသော အလုပ်ဖြစ်ခြင်းကြောင့် ဆရာ၊ ဆရာမများ၏ လုပ်ငန်း ခွင် စိတ်ပျော်ရွှင်မှုသည် အရေးအပါဆုံးဖြစ်သည်ဟု ယုံကြည်သည်။ စေတနာ၊ မေတ္တာများဖြင့် ရက် ယှက်ထားသော လုပ်ငန်းခွင်သဘာဝကို ဒေါသများ၊ မာန်မာနများ၊ ဣဿာ မစ္ဆရိယများ၊ မနာလိုဝန်တို မှုများနှင့် ပြည့်လျှမ်းနေလျက် နစ်နာဆုံးရှုံးရသည်မှာ ဆရာ၊ ဆရာမများကိုယ်တိုင်သာ မဟုတ်၊ ကျောင်းသာမဟုတ်၊ နိုင်ငံတော်ပါဖြစ်သည်ဟု ကျွန်မမူလတန်း ကျောင်းအုပ်လုပ်မည်ဆိုသောအခါ ဆရာမကြီးက သြဝါဒပေးဖူးသည်။
ကျောင်းသားများကို ချမှတ်သောစည်းကမ်းဆိုသည်မှာ မလှုပ်မရှားနိုင်တုပ်နှောင်သောကြိုး မဖြစ်စေရ၊ အန္တရာယ်မှ ကာကွယ်သော 'စည်း' သာဖြစ်ရမည်။ 'စာ ကိုလည်းသင်၊ လူလည်းပြင်၊ ဘဝတွင်လည်း အောင်မြင်စေ' ဟူသော ဆောင်ပုဒ်သည် ဆရာမကြီး၏ ဆောင်ပုဒ်များမှတစ်ခုဖြစ်သည်။ ဆရာမကြီး သည် မိမိကျောင်းမှကလေးများအား ကာယ၊ ဉာဏ၊ စာရိတ္တတည်းဟူသော ဘဝအောင်မြင်မှု၏ စွမ်း ရည်သုံးရပ်ကို အခြေတည်ပေးလေ့ရှိသည်။ ထိုအခြေခံကောင်းများဖြင့် ဘဝတွင်လည်း အောင်မြင်ဝင့် ထည်နေစေချင်သည်။ ထို့ကြောင့် တစ်ကျောင်းလုံးတစ်ပတ်လျှင် ဖွံ့ဖြိုးရေးအတွက် တစ်ရက်သတ် မှတ်၍ စာပေ၊ ဂီတ၊ ပန်းချီ၊ ကာယတို့ကို သူ့ဆန္ဒအလိုက် ပျော်ရွှင်တက်ကြွစွာ လှုပ်ရှားစေသည်။
ဆရာမကြီး၏ လုပ်ဆောင်ချက်များကြောင့် ဆရာမကြီးလက်ထက်တွင် ဆရာဝန်၊ အင်ဂျင်နီယာဟူ သော အတတ်ပညာရှင်များသာမက အားကစားဘက်တွင် ထူးချွန်သောနိုင်ငံ့ဂုဏ်ဆောင် အားကစား သမား ပါရမီရှင်များ၊ အနုပညာဘက်တွင် ထူးချွန်သောလျှမ်းလျှမ်းတောက် နိုင်ငံကျော်အနုပညာရှင် များ စာပေပညာရှင်များပေါ်ထွန်းခဲ့သည်။
တပည့်ရေပြင်မြင့်တက်သောအခါ ဆရာမကြီး၏ ကြာပန်းရနံ့ဂုဏ်သတင်းကလည်း သင်းပျံ့လို့နေခဲ့ သည်။
တကယ်တော့ ကျောင်းသားများ ထူးချွန်အေင်မြင်ကြသည်မှာ ဆရာတို့ဘက်မှချည်း တော်၍မဟုတ်၊ 'မိဘ၊ ဆရာ ပူးပေါင်းကလေးပညာကောင်း' ဆိုသည့်အတိုင်း မိဘများဘက်မှလည်း ထောက်ပံ့အား ပေးနိုင်သောကြောင့်ဖြစ်သည်ကို မည်သူမှ မငြင်းနိုင်ပါ။ သို့သော်ကလေးက ထက်မြက်ထူးချွန်နေ သော်လည်း မိဘမှပံ့ပိုးရန် စီးပွားရေးမပြည့်စုံသော ကျောင်းသားများလည်းရှိပါသည်။ ထိုကလေးမျိုး အတွက် ဆရာမကြီးက ဆရာနေရာတင်မက မိဘနေရာပါယူ၍ မိဘဆရာအသင်းနှင့်တိုင်ပင်ကာ "ဆင်းရဲထူးချွန်" ကလေးများ ရန်ပုံငွေထူထောင်သည်။ ထိုရန်ပုံငွေမှ ထိုကလေးမျိုးကို ထောက်ပံ့မြေ တောင်မြှောက်ပေးခဲ့သည်။
'ဘဝနာမှ အသိသာ' ပါသည်။ ထိုကလေးမျိုးသည် သာမန်ထူးချွန်ကလေးမျိုးထက် သာလွန်ကာ ဆရာ ဝန်၊ အင်ဂျင်နီယာနှင့် အခြားအသိပညာရှင်၊ အတတ်ပညာရှင်များ မြင့်မားစွာပေါ်ထွန်းလာခဲ့သည်။ တခြား ငယ်ရွယ်သူကလေးများ အတုယူအားကျကာ ကြိုးစားချင်စိတ်များလည်း ဖြစ်ထွန်းလာစေခဲ့ သည်။
"ဖူးပွင့်ဝေဆာ ပန်းမျိုးတစ်ရာ" ဟု လူအများ၏ ပါးစပ်ဖျားမှ ဂုဏ်ပြုကင်ပွန်းတပ်ကာ အလိုလိုတည်မြဲ လာခဲ့သော ထိုအမည်နှင့်ကျောင်းသည် တကယ်ပဲ ပန်းမျိုးတစ်ရာမက လှပဝေဆာနေခဲ့သလို ဆရာမ ကြီး၏ ဂုဏ်ရနံ့လေပြည်ကလည်း တသုန်သုန် တိုက်ခတ်သင်းပျံ့နေခဲ့သည်။
သို့သော် 'ကျောင်း' တည်းဟူသော ပန်းဥယျာဉ်ကြီးကို အောင်မြင်စွာ မြေတောင်မြှောက် ပျိုးထောင် ပေးနိုင်ခဲ့သော ဆရာမကြီးသည် 'အိမ်' တည်းဟူသော ဥယျာဉ်ငယ်လေးကိုတော့ လန်းစွင့်ဝေဆာ အောင် မပျိုးထောင်ပေးနိုင်ခဲ့ရှာပါ။
တစ်နည်းအားဖြင့် ကျောင်းအလုပ်များကိုသာ ဝါသနာ၊ စေတနာ၊ အနစ်နာများစွာနှင့် ကြိုးစားလုပ် ဆောင်နေခဲ့သောကြောင့် 'အိမ်ဥယျာဉ်' အားပေါင်းသင်းမြေဆွ၊ ရေလောင်းရန် အချိန်နည်းပါး၊ ချိန်ခွင် လျှာ လျော့သွားလေသလားမသိ။ သူမ၏ သားနှစ်ယောက်မှာ ပညာရေးဘက်၌ မည်သူမှမထူးချွန်ခဲ့ရှာ ပါ။ သားတစ်ယောက် ဆယ်တန်းပင်မအောင်ဘဲ ယောင်လည်လည်ဖြစ်နေချိန်၊ သားတစ်ယောက်က တက္ကသိုလ်ပညာ တစ်ပိုင်းတစ်စနှင့် အပေါင်းအသင်းမှားကာ ယမကာလေးတမြမြဖြင့် ရီဝေစပြုနေချိန် တွင် ဆရာမကြီး၏ ခင်ပွန်းမှာ (Alcoholic paralysis) အရက်ကြောင့် အာရုံကြောချို့ယွင်းရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။
အားမကိုးလောက်သောသားများနှင့် အဖော်မဲ့ကျန်ရစ်ခဲ့ချိန်တွင် ဆရာမကြီးမှာ ပင်စင်ယူရန် နီးကပ် နေချိန်ဖြစ်သည်။ ချွေချွေတာတာဖြင့် စုဆောင်းမိခဲ့သမျှလေးကလည်း ဆရာမကြီးခင်ပွန်းအတွက် ဆေးကုသစရိတ်ဖြင့် ကုန်ခဲ့ပြီ။ ကျောင်းမှဝန်ထမ်းတိုက်ခန်းလေးတွင် နေရသောကြောင့် ပင်စင်ယူလျှင် ဆရာမကြီးမှာ နေစရာအိမ်ဝင်အပိုင် မရှိဖြစ်နေသည်။
ပင်စင်ယူပြီး ဒုက္ခရောက်နေသော ဆရာမကြီးကို ကျောင်းစောင့်ဒရဝမ်ကြီးက မြို့သစ်ရှိသူပိုင်အိမ်ဝင်း အား 'ဆရာမကြီး တစ်သက်နေပါ' ဟု အိမ်ဆောက်ခွင့်ပေး၍ တုန့်ပြန်ကူညီခဲ့သည်။ ထိုအထဲတွင် အိမ် သေးသေးလေးတစ်လုံးအား တပည့်တပန်းများက ဝိုင်းဝန်း၍ဆောက်ပေးခဲ့ကြရသည်။
ကျွန်မသည်လည်းကောင်း၊ ကျွန်မကို နှုတ်ဆက်လာသော ဆရာမကြီး တစ်သက်တာ ကျန်းမာရေး အား စောင့်ရှောက်တာဝန်ယူထားသော ဆရာဝန်သည်လည်းကောင်း၊ ဆရာမကြီး၏ 'ဆင်းရဲ ထူးချွန်' ကလေးများ ရန်ပုံငွေထောက်ပံ့မှုဖြင့် ပညာရေးဘဝမြင့်ခဲ့ရသူများ ဖြစ်သည်။ ကျွန်မက ဆရာမကြီးကို အားကျ၍ ဆရာမကြီးကဲ့သို့ဖြစ်အောင် ကြိုးစားရန် ရည်ရွယ်ချက်နှင့် ကျောင်းဆရာမဘဝကို ခံယူခဲ့ သည်။
လောကဓံလှိုင်းလုံးများကြားတွင် အလူးအလှိမ့် ကြိုးစားရုန်းကန်ရင်း ကိုယ့်ဘဝနှင့်ကိုယ် မွန်းကျပ်နေ သော ကျွန်မတို့မှာ ဆရာမကြီးကျေးဇူးကို မမေ့နိုင်အားကြပါ။
ဘဝကိုအရက်သောက်ခြင်းဖြင့်သာ အချိန်ကုန်နေသော သားဆိုးနှစ်ယောက်၊ ပင်စင်လစာလေး၊ တတ် နိုင်သော တပည့်တစ်ချို့၏ထောက်ပံ့မှု ငွေကြေးလေးများဖြင့် ပွင့်သောပန်းတို့၏ အရှင်သခင်ဆရာမ ကြီးသည် လက်ကျန်ဘဝသက်တမ်းကိုမည်ကဲ့သို့ ကုန်လွန်စေခဲ့သည်ကို အဝေးရောက်နေသော ကျွန်မ မသိနိုင်ခဲ့ပါ။
ကျွန်မရောက်ရှိလာချိန်မှာတော့ ဆရာမကြီးသည် အေးချမ်းသော ဘဝတစ်ခုတွင် လဲလျောင်းအိပ်စက် နေခဲ့ချေပြီ။
* * *
ဒီနေ့ ရက်လည်ဆွမ်းကပ်နေ့ ဖြစ်သည်။
ဆရာမကြီး၏ အိမ်သေးသေးလေးထဲတွင် ဆရာမကြီး စိုက်ပျိုးခဲ့သော ပန်းမျိုးစုံတို့ ဖူးပွင့်ရောက်ရှိနေ ကြသည်။
တစ်နည်းအားဖြင့် မီးတိုင်များစွာပေါ့…ဆရာမကြီး ဆင့်ပွားထွန်းညှိပေးခဲ့သော မီးတိုင်းများစွာ….အား ကြီးလွှမ်းမိုးလာစပြုနေသော အမှောင်ထုအား ကုန်ခါနီးမီးတိုင်ကို တစ်ခုနှင့်တိတ်ဆိတ်စွာ တွန်းလှန် နေခဲ့ရသော အိမ်ခန်းကျဉ်းကျဉ်းလေးသည် ယခုအခါ မီးတိုင်ပေါင်းများစွာဖြင့် ထိန်လင်းခဲ့သည်။ သို့သော် ထိုအလင်းများကို အလင်းတန်းတို့၏ ဖန်ဆင်းရှင်ကတော့ မခံစားမသိရှိနိုင်တော့ပြီ..ဖန်ဆင်း ရှင်မီးတိုင်အိုသည် မီးစာကုန်ဆီခမ်း၍ အောင်မြင်တောက်ပ အလင်းများစွာနှင့်အတူ စီးဆင်းကျန်နေခဲ့ သော အပူစီးကြောင်းများကိုသာ ထားရစ်ခဲ့လေသည်။
ကြွရောက်လာမည့် ဘုန်းတော်ကြီးများကို စောင့်ဆိုင်းရင်းလူအများ တိုးတိတ်စွာ လှုပ်ရှားနေကြ၏။ ကျွန်မထိုင်နေသော နေရာက ဆရာမကြီး၏ သားနှစ်ယောက် အတွင်းခန်းကိုမြင်ရသော နေရာဖြစ်နေ သည်။
ပိန်လှီနွမ်းလျခန္ဓာကိုယ်၊ မို့အန်း ဖောသွပ် မျက်နှာ၊ နီကျင်ကျင် မျက်ဝန်းများနှင့် ပုံသဏ္ဌာန်တူ ညီအစ်ကိုနှစ်ယောက်တွင် အငယ်ကမိခင်အတွက် ထိခိုက်ကြေကွဲနေဟန်ရှိသော်လည်း အကြီးက တော့ဖြင့် မှန်တစ်ချပ်ရှေ့တွင် ခေါင်းဖြီးလိုက်၊ ဦးထုပ်ဆောင်းလိုက်၊ မှန်ကိုငဲ့ကြည့်လိုက်၊ ဦးထုပ်ကို ပြန်ချွတ်၍ခေါင်းဖြီးလိုက်နှင့် ရှိနေသည်။
"သနားတော့သနားပါတယ်..သူတို့ ဒီနေ့ပဲဘုန်းကြီးကျောင်းကို ရွှေ့ရတော့မှာ"
ကျွန်မငေးကြည့်နေသည်ကို မြင်သောဘေးမှ သူငယ်ချင်းတစ်ယောက်က တိုးတိုးကပ်ပြောသည်။
"ဟင် …. ဘာဖြစ်လို့လဲ"
"အိမ်ဝင်းက သူတို့ဟာမဟုတ်ဘူးလေ …. ကျောင်းစောင့်ကြီးက ဆရာမကြီးတစ်သက်ပဲ နေခွင့်ပြုထား တာကိုး….ဆရာမကြီးကလည်း အစောကြီးကတည်းက ကြိုပြီး သားတွေအတွက် စီစဉ်သွားရှာတာ၊ ဒီအိမ်လေးကို ဘုန်းကြီးကျောင်းကို လှူခဲ့ပြီး သားတွေကို ဘုန်းကြီးကျောင်းအပ်သွားရသည်။
ဒီတော့မှအိတ်တွေ…အထုပ်အပိုးတွေနှင့် အလုပ်ရှုပ်နေသော သားအငယ်ကို ကျွန်မသတိထားမိသည်။ ကျွန်မရင်ထဲလှိုက်ကနဲ ဆို့နစ်သွားရသည်။
ဒီကိစ္စတွေအားလုံးပြီးဆုံးချိန်တွင် အိမ်ကလေးနှင့် သူတို့နှစ်ယောက်ပဲ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့လိမ့် မည်။ နောက် …. အိမ်ကလေးကို ဖျက်သိမ်းပြောင်းရွှေ့…သူတို့က ထုပ်ပိုးပြောင်းရွှေ့….
သံဃာတော်များရောက်လာ၍ ဆွမ်းကပ် လှူဒါန်း၊ တရားဟော၊ အိမ်ကလေးကို ရေစက်ချလှူဒါန်း၊ အမျှဝေချိန်မှာတော့ ကျွန်မမျက်ဝန်းတွင် အမြင်အာရုံများ ဝေဝါးကုန်သည်။ တပေါက်ပေါက်ကျရောက် နေသော မျက်ရည်စီးကြောင်း လမ်းနှစ်သွယ်သည် အမြင်အာရုံနှစ်ခု ဖြစ်သွားသည်။
တစ်လမ်းက ဆရာမကြီး ထွန်းညှိပေးလိုက်၍ ရွှန်းလက်တောက်ပအလင်းနှင့် ထိန်ဝေဖြာနေသော မီးတိုင်အလင်းတန်းကြီး ….
တစ်လမ်းက ပိုးစုန်းကြူးနှယ် ကိုယ်ပိုင်အလင်းရောင်ပင် မထွက်နိုင်ရှာသည့် မှောင်မည်းတိတ်ဆိတ် သော လမ်းပေါ်မှမီးတိုင်းရှင်၏ ရင်သွေးနှစ်ယောက်၊ အထုပ်လေးတွေထမ်းပိုး၍ အိမ်ရာမဲ့စွာ ဘုန်းကြီး ကျောင်းဆီသို့ ပြောင်းရွှေ့ခိုလှုံရန် တရွေ့ရွေ့သွားနေသော မြင်ကွင်း…
ထိုမြင်ကွင်းနှစ်ခုကိုသာ တစ်နေရာမှ ဆရာမကြီး လှမ်းကြည့်နေမည်ဆိုလျှင် ….
ဆရာကိုချစ်သော တပည့်တစ်ယောက်၏ နှလုံးသား … ကိုယ်တိုင် ဆရာမတစ်ယောက်၏ နှလုံးသား … သားသမီးချင်းစာနာသော မိခင်တစ်ယောက်၏ နှလုံးသားသည် နင့်နင့်သည်းသည်း ရှိုက်ငိုလိုက်မိ သော အချိန်မှာပဲ မွမွကြေ၍ သွားလေသည်။
* * *
'ပညာ' သည် မီးအလျှံနှင့်တူ၍ ပညာပေးဝေသူသည် မီးတောက်တို့အား ပီတိများနှင့်ငေးကြည့်ရင်း…. မိမိကိုယ်တိုင် မီးတောက်၏ ဝါးမြိုတိုက်စားခံမှုကို လည်းကောင်း၊ မိမိဝန်းကျင်သို့ စီးဝင်ပျံ့နှံ့သွားသော အပူစီးကြောင်းများကိုလည်းကောင်း၊ မေ့လျော့ရင်းဖြင့် ……။ {'ဆရာဟူသည် ဘဝပေးလှူသော လုပ်ငန်း' ဟု ပြောလေ့ရှိ၍ (….) တွင် ကွယ်လွန်သွားပြီဖြစ်သော ဆရာမကြီးနှင့် ဘဝပေးလှူနေသော ဆရာ ဆရာမများအား ဦးညွှတ်ဂုဏ်ပြုလျက် …}
ရွှေရင်နှစ် (မြို့သာ)
*(၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလထုတ် ပညာတန်ဆောင်မဂ္ဂဇင်းမှ)*
ပညာတန်ဆောင် ဝတ္ထုတိုလက်ရွေးစင်(၄)

တပည့်လေးထံမှ သင်ယူခြင်း - အတ္တကျော်

{ တပည့်လေးထံမှ သင်ယူခြင်း }

ဆရာမနာမည်က ' ဒေါ်သီတာဆွေ '
တပည့်လေးနာမည်က 'တက်တူ '
ကျောင်းစဖွင့်ဖွင့်ချင်းနေ့မှာတော့ ငါးတန်းရဲ့...
အတန်းရှေ့မှာ ရပ်ရင်း အတန်းပိုင်ဆရာမလေး ဒေါ်
သီတာဆွေဟာ သူ့အတန်းကို မုသားတစ်ခွန်းနဲ့
အစချီလိုက်ပါတယ်။

တခြားဆရာမတွေလိုပါပဲ။ဒေါ်သီတာဆွေဟာ
လည်း သူ့တပည့်လေးတွေကို စေ့စေ့ကြည့်ရင်း သူ
ဟာ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး
ချစ်ခင်ပါတယ်လို့ ပြောလိုက်တာပါပဲ။ဒါပေမယ့် ဒေါ်
သီတာဆွေအနေနဲ့ တပည့်တိုင်းကို အယုတ်အလတ်
အမြတ်မရွေး ချစ်ခင်ဖို့ဆိုတာ မလွယ်လှပါဘူး။
အကြောင်းကတော့ ရှေ့ဆုံးတန်းက ထိုင်ခုံမှာ
လျော့တိလျော့ရဲနဲ့ ပုံ့ပုံ့လေးထိုင်နေတဲ့ 'တက်တူ '
ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ကြောင့်ပါ။

ဒေါ်သီတာဆွေဟာ အရင်နှစ်ကတည်းက
တက်တူကို သတိထားမိခဲ့တယ်။သည်ကလေးက
အခြားကလေးတွေနဲ့ ရင်းရင်းနှီးနှီး ဆော့ကစားလေ့
မရှိဘူး။အဝတ်အစားတွေကလည်း ဖိုသီဖတ်သီ။
ရေလည်း ချိုးမှ ချိုးရဲ့လားမသိ။တက်တူကိုကြည့်ရ
တာ တော်တော့်ကို ကစုတ်ကတ်နဲ့။

ဒီနှစ် သူ့အခန်းထဲကို တက်တူ ရောက်လာ
တဲ့အခါမှာတော့ ဒေါ်သီတာဆွေ အတော်စိတ်ပျက်
နေတယ်။အဆင်ပြေချင်တော့ တက်တူရဲ့ လေ့ကျင့်
ခန်းစာအုပ်တွေကို စစ်ရတဲ့အခါမှာ ဒေါ်သီတာဆွေ
ဟာ သူ့ရင်ထဲက အစိုင်အခဲကို ချေဖျက်ခွင့်ရသွား
တယ်။မင်နီထူထူကြီးနဲ့ ကြက်ခြေခတ်အကြီးကြီးတွေ
ကို ထင်းထင်းကြီး ခြစ်လို့ရသွားတယ်လေ။တက်တူရဲ
လပတ်စာမေးပွဲအဖြေလွှာမှာ ' ရှုံး ' ဆိုတဲ့စာလုံးကြီးကို
ရေးချလိုက်တာများ အင်မတန်အားရကျေနပ်တဲ့အမူ
အရာနဲ့။

ဒေါ်သီတာဆွေ အလုပ်ဝင်နေတဲ့ကျောင်းမှာက
ကလေးတွေရဲ့ နောက်ကြောင်းမှတ်တမ်းတွေကို ဆရာ
တွေက မဖြစ်မနေ သုံးသပ်ကြရတယ်။အခုနှစ် ကလေး
တွေရဲ့ နောက်ကြောင်းကို ပြန်စစ်တဲ့အခါ ဒေါ်သီတာဆွေ
ဟာ တက်တူရဲ့နောက်ကြောင်းကို နောက်ဆုံးမှ စစ်တယ်။
ဒါပေမယ့် နောက်ဆုံးမှစစ်တဲ့တက်တူရဲ့နောက်ကြောင်း
ကို လှန်လိုက်တာနဲ့ တပြိုင်နက် ဒေါ်သီတာဆွေ ပါးစပ်
အဟောင်းသားဖြစ်သွားပါတော့တယ်။

တက်တူရဲ့ ပထမတန်းဆရာမက ဒီလိုရေးထားတယ်။

" မောင်တက်တူသည် ဉာဏ်ထက်မြတ်ပြီး
ပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်သည်။ကျောင်းစာများ
ကို သန့်ရှင်းသပ်ရပ်စွာ ရေးမှတ်ဖြေဆိုတတ်ပြီး
ယဉ်ကျေးတဲ့သူလည်းဖြစ်သည်။သူကား တစ်တန်းလုံး
နှင့်လည်း သင့်မြတ်သူ ဖြစ်သည် "

ဒုတိယတန်းဆရာမကျပြန်တော့

" တက်တူသည် အလွန်ထူးချွန်သော ကျောင်း
သားတစ်ယောက်ဖြစ်သည်။သူ့အတန်းဖော်များကလည်း
သူ့ကို အလွန်ချစ်ခင်ကြသည်။သို့ရာတွင် သူ့မိခင်မှာ
နာတာရှည်ရောဂါကို သေလုမျောပါးခံစားနေရသည်ဖြစ်ရာ
တက်တူမှာ စိတ်ထိခိုက်နေပုံရသည်။တက်တူအဖို့ အိမ်တွင်
နေရသော ဘဝသည် ပင်ပန်းဆင်းရဲခြင်း ကြီးနေလောက်
ပေသည် "

တတိယတန်း ဆရာမကလည်း

" မိခင်တိမ်းပါးသွားခြင်းက တတ်တူအတွက်
ရွှေတောင်ကြီး ပြိုခြင်း ဖြစ်ပါလိမ့်မည်။သူက အရွယ်နှင့်
မမျှအောင် သူ့စိတ်သူထိန်းကာ ကျောင်းစာမှာရော၊
ပတ်ဝန်းကျင်နှင့်ပါအဆင်ပြေအောင် အတက်နိုင်ဆုံး
ကြိုးစားအားထုတ်ရှာသည်။သူ့ဖခင်ကမူ သူ့အပေါ်
အလေးထားပုံ မရလှချေ။သူ့အတွက် ကျောင်းက
တစ်ခုခု ပံ့ပိုးမပေးနိုင်လျှင် တက်တူ၏အနာဂတ်
ထိခိုက်လာမည့် အလားအလာများရှိပေသည် "

စတုတ္ထတန်းဆရာမ ကျပြန်တော့လည်း

" တက်တူကား တစ်ယောက်တည်း ငေးတိငေး
ငိုင်သာ နေတတ်လေသည်။ကျောင်းစာကိုလည်း စိတ်
ဝင်စားပုံ မရပါ။သူ့မှာ သူငယ်ချင်းလည်း များများစားစား
မရှိပါ။တစ်ခါတစ်လေ စာသင်ချိန်၌ပင် အတန်းထဲတွင်
အိပ်ပျော်နေတတ်ပေသည် "

ဒါတွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဒေါ်သီတာဆွေ
ဟာ တက်တူရဲ့ပြသာနာတွေကို သဘောပေါက်သွား
သလို သူ့ကိုသူလည်း အတော်အရှက်ရသွားတယ်။
ပိုဆိုးသွားတာက သီတင်းကျွတ်ကာလမှာ သူ့
တပည့်တွေက လာကန်တော့ကြတဲ့ အချိန်မှာပါ။
တပည့်လေးတွေဟာ စက္ကူအရောင်လွင်လွင်လေးတွေ၊
ဖဲကြိုးရောင်လှလှလေးတွေ ထုပ်ပိုးချည်နှောင်ထားတဲ့
အထုပ်ကြီး အထုပ်ငယ်တွေနဲ့ သူ့ကို လာကန်တော့ကြ
တယ်။တက်တူလေးရဲ့ အထုပ်ကျတော့ အဲဒီလိုမဟုတ်ဘူး။
ထုပ်ပိုးလာတာကိုက ဖရိုဖရဲနဲ့၊ကုန်စုံဆိုင်မှာဆေး
ဝယ်ရင် ဆိုင်ကထုပ်ပေးတတ်မြဲ စက္ကူအညိုနဲ့ ထုပ်လာ
တာ။အဟောင်းကို ပြန်သုံးထားတော့ စက္ကူကလည်း
တွန့်လို့ ကျေလို့ရယ်။

ဒေါ်သီတာဆွေဟာ အခြားလက်ဆောင်လှလှ
လေးတွေကြားက တက်တူရဲ့ အထုပ်ကလေးကို ရင်နင့်
နင့်နဲ့ ဆွဲယူလိုက်ပြီး ချက်ချင်းပဲ ဖွင့်ကြည့်လိုက်ပါတယ်။
ဖွင့်လိုက်တဲ့အခါ ဥဿဖရားလက်ကောက်
လေးတစ်ခုနဲ့ ရေမွှေးပုလင်းအဟောင်းလေးတစ်လုံး
ထွက်လာတာမို့ ကျောင်းသားတစ်ချို့ ရယ်လိုက်ကြ
တယ်။ရယ်ဆို ဥဿဖရားလက်ကောက်လေးမှာက
ဥဿဖရားအပွင့်လေးတွေ စေ့စေ့ငှငှ မရှိတော့ပဲ
အချို့နေရာတွေမှာ ကွက်တိကွက်ကျား ဖြစ်နေသလို
ရေမွှေးပုလင်းထဲမှာလည်း ရေမွှေးက ဖင်ကပ်သာ
သာ လေးပုံတစ်ပုံလောက်ပဲ ကျန်တော့တာကိုး။
ဒါပေမယ့် ဒေါ်သီတာဆွေက လက်ကောက်
လေးကလှလိုက်တာလို့ အသံကျယ်ကျယ်ရေရွတ်
လိုက်ပြီး လက်မှာချက်ချင်း ကောက်ဝတ်လိုက်တာမို့
ရယ်နေသူတွေလည်း အရှိန်သပ်သွားတယ်။
လက်ကောက်လေးကို ဝတ်ပြီးတာနဲ့ တက်တူပေးတဲ့
ရေမွှေးလေးကိုလည်း သူ့လက်ကောက်ဝတ်မှာ
ဆွတ်လိုက်ပြန်ပါတယ်။

အဲဒီနေ့က ကျောင်းဆင်းတော့ တက်တူဟာ
ခါတိုင်းလို အတန်းထဲက ချက်ချင်းမပြန်သေးဘဲ ခဏ
စောင့်နေတယ်။လူရှင်းတော့ ဒေါ်သီတာဆွေ့အနားကို
ရောက်လာပြီး " ဆရာမရယ်...ဒီနေ့ ဆရာမဆီက ရတဲ့
အနံ့က သားမေမေရဲ့ကိုယ်နံ့အတိုင်းပါပဲဗျာ "လို့
ပြောလေရဲ့။

မောင်တက်တူဟာ သည်စကားကိုပြောပြီး
တဲ့နောက် ကျောင်းခန်းထဲကနေ ထွက်သွားပါတယ်။
ကျန်ရစ်သူ ဒေါ်သီတာဆွေမှာတော့ မျက်ရည်တွေတွေ
ကျလာရတဲ့အပြင် တရှုံ့ရှုံ့တောင် ငိုမိတဲ့အထိပါပဲ။
အဲဒီနေ့ကစပြီး ဒေါ်သီတာဆွေဟာ အရေး၊
အဖတ်၊အတွက်တွေ သင်ကြားပို့ချနေတာများကို
လုံးလုံးစွန့်လွှတ်လိုက်ပြီး ကလေးငယ်များကို သင်ကြား
ပို့ချပေးတဲ့အလုပ်ကို စလုပ်ပါတော့တယ်။
ထို့အပြင် မောင်တက်တူကိုလည်း သေသေ
ချာချာ ဂရုတစိုက် သင်ကြားပေးပါတယ်။သင်ရင်းနဲ့
မောင်တက်တူရဲ့ ဦးနှောက်ဟာလည်း သိသိသာသာ
နိုးကြားလာတာကို ဒေါ်သီတာဆွေ တွေ့လာရတယ်။
ဆရာမက အားပေးလေ ၊တက်တူရဲ့ ဦးနှောက်က
သွက်လတ်ထက်မြတ်လာလေပါပဲ။စာသင်နှစ် ကုန်
ဆုံးချိန်မှာတော့ တက်တူဟာ ဒေါ်သီတာဆွေအတန်း
ရဲ့ အတော်ဆုံးကလေးတွေထဲက တစ်ယောက်ဖြစ်
လာပါတော့တယ်။

တပည့်တိုင်းကို အယုတ်အလတ်အမြတ်
မရွေး ချစ်ခင်ပါတယ်ဆိုတဲ့ ဒေါ်သီတာဆွေ့ မုသား
ဟာ ယခုဆို မုသားမှန်း ပိုလို့တောင်သေချာလို့သွားပ
တယ်။သေချာဆို တက်တူလေးက ဒေါ်သီတာဆွေရဲ့
အချစ်ဆုံး တပည့်လေးတစ်ယောက် ဖြစ်လာခဲ့ပြီကိုး။

နောက်တစ်နှစ်အကြာမှာတော့ ဒေါ်သီတာ
ဆွေ၏ အခန်းတံခါးအောက်ခြေမှာ တက်တူရဲ့ စာတို
လေးတစ်စောင် ရောက်နေတယ်။စာတိုလေးထဲမှာတော့
ဆရာမဟာ သူ့ဘဝမှာကြုံခဲ့ဖူးသမျှ ဆရာ၊ဆရာမတွေ
အားလုံးအနက်မှာ အမြတ်ဆုံးဆရာပါပဲ လို့ရေးထားပါတယ်။
နောက်ထပ် ခြောက်နှစ်အကြာမှာလည်း
ဒေါ်သီတာဆွေဟာ တက်တူဆီက စာလေးတစ်စောင်
ရပြန်တယ်။စာထဲမှာ သူဟာ အထက်တန်းကျောင်း
ပြီးသွားပြီဖြစ်ကြောင်း၊ အတန်းထဲမှာ တတိယရခဲ့
ကြောင်းနဲ့ သူ့ဘဝမှာ ကြုံဖူးသမျှ ဆရာ၊ဆရာမများ
အားလုံးအနက်မှာ ဆရာမဒေါ်သီတာဆွေကသာ
အမြတ်ဆုံးဆရာ ပါပဲ လို့ရေးထားပါတယ်။
နောက်ထပ်လေးနှစ်အကြာမှာ ဒေါ်သီတာဆွေ့
ထံ တက်တူရဲ့စာ ရောက်လာပြန်တယ်။စာထဲမှာ ဘွဲ့ရ
တော့မယ့်အကြောင်းနဲ့ ဆရာ၊ ဆရာမတွေထဲမှာ
ဆရာမဒေါ်သီတာဆွေသာ အမြတ်ဆုံးလို့ ရေးထား
ပြန်တယ်။

အဲဒီနောက် နောက်ထပ်လေးနှစ်အကြာမှာ
စာတစ်စောင် ထပ်ရောက်လာပြန်တယ်။သည်တစ်
ကြိမ်မှာတော့ ပထမဘွဲ့ရရှိပြီးကြောင်းနဲ့ ဆက်ကြိုးစား
ဖို့အကြောင်း ရေးထားတယ်။ဒါ့အပြင် ဆရာမဒေါ်သီ
တာဆွေဟာ သူ့ရဲ့ အမြတ်ဆုံးနဲ့ အချစ်ဆုံးဆရာ
ဖြစ်ကြောင်း မဖြစ်မနေ ထည့်ရေးထားတယ်။
သည်တစ်ကြိမ်တော့ စာရဲ့အောက်ခြေမှာ
ထိုးထားတဲ့ လက်မှတ်က နည်းနည်းရှည်တယ်။
" သက်ထွန်းဆက် " MD တဲ့။ ( MD ဆိုတာ
ဆရာဝန်ဘွဲ့ပါ) ဟုတ်ပါ့။တက်တူဆိုတာ သူ့ငယ်နာ
မည်ပဲဟာ။ကျောင်းနာမည်က သက်ထွန်းဆက် ပဲ။
ဇာတ်လမ်းက မဆုံးသေးပါဘူး။

အဲဒီနှစ်နွေဦးမှာ ဒေါ်သီတာဆွေ့ထံ စာတစ်
စောင်ထပ်ရောက်လာပြန်တယ်။တက်တူဆီကပါပဲ။
မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ့်အ
ကြောင်းရေးထားတာပါ။သူ့ဖခင်က လွန်ခဲ့တဲ့ နှစ်နှစ်
က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ ဆရာမက သူတို့
သားရဲ့မိခင်အဖြစ် သူတို့မင်္ဂလာဆောင်ကို ကြွရောက်
ချီးမြှင့်ပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲတဲ့။
ဒေါ်သီတာဆွေလား........

ဟုတ်ကဲ့....တက်တူခေါ် ဒေါက်တာသက်ထွန်း
ဆက်ရဲ့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်ခဲ့တာ အသေ
အချာပေါ့ ခင်ဗျာ။

ဒေါ်သီတာဆွေက ဘာလုပ်တယ်မှတ်လဲ......
ဥဿဖရားပွင့်လေးတွေ လပ်နေလို့ ကွက်တိကွက်
ကျားဖြစ်နေတဲ့ လက်ကောက်လေးကို ဝတ်သွားတယ်
ခင်ဗျ။ဒါတင်ဘယ်ကမလဲ၊တက်တူရင်ထဲမှာ တသသ
နဲ့ အမှတ်ရနေဆဲ သူ့မိခင်ဆွတ်နေကျ ရေမွှေးအမျိုး
အစားကိုလည်း မမေ့မလျော့ ဆွတ်လို့ သွားလိုက်ပါတယ်။

မင်္ဂလာဆောင်ကို ရောက်တဲ့အခါမှာတော့
ဒေါက်တာ သက်ထွန်းဆက်နဲ့ ဆရာမဒေါ်သီတာဆွေ
တို့ဟာ တကယ့်သားအမိလို တစ်ယောက်ကိုတစ်
ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားမိလိုက်ကြ
တယ်။ဒေါက်တာ သက်ထွန်းဆက်က သူ့ငါးတန်း
ဆရာမကို ခပ်တိုးတိုးပြောတယ်။

" ကျေးဇူးကြီးလှပါတယ် ဆရာမရယ်......
ကျွန်တော့်ကို ဆရာမ ယုံယုံကြည်ကြည် ရှိခဲ့တဲ့အ
တွက် ဆရာမကို ကျွန်တော် အရမ်းကျေးဇူးတင်
ပါတယ်....ကျွန်တော့်မှာ အစွမ်းအစရှိတယ်၊ကြိုး
စားရင် ဖြစ်နိုင်တယ်လို့ ခံစားလာရအောင် လုပ်ပေး
ခဲ့တဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်
ဆရာမရယ် "

မျက်ရည်တွေဝိုင်းနေတဲ့ ဒေါ်သီတာဆွေ
လည်း ခပ်တိုးတိုးပြန်ပြောလိုက်ပါတယ်။
" မောင်တက်တူးရယ်...သားမှားနေပြီ.....
ဆရာမက သားကို သင်ပေးခဲ့တာ မဟုတ်ပါဘူး
ကွယ်...သားကသာ ဆရာမကို သင်ပေးခဲ့တာပါ...
သာကသာ ဆရာမကို ကြိုးစားရင်ဖြစ်နိုင်ပါတယ်လို့
သင်ပေးခဲ့တာပါကွယ်....သားနဲ့မဆုံရခင်တုန်းက
ဆရာမ စာမသင်တတ်ခဲ့ဘူး သားရဲ့.........."

အတ္တကျော်
( ဘယ်ဆီကိုများ ဒုံးစိုင်းသွားနေ)

Thursday, 29 May 2014

10-2-2013 ခုနှစ် မြို့သာမြို့ စာပေစေတနာ ပရဟိတမှ ကြီးမှုးကျင်းပသော ပြည်ထောင်စုနေ့အကြိုစာပေဟောပြောပွဲမှ ဆရာချစ်စရာ ဟောပြောသော "တောရောက်ရောက် တောင်ရောက်ရောက်"

ဗီဒီယိုအားကြည့်ရန် ဒီမှာနှိပ်ပါ

 

အောင်ဆန်း (နောက်ဆုံးအပိုင်း) ( ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုရေးပြီး ဒေါက်တာအောင်ခင် မြန်မာပြန်သည်)

လွတ်လပ်ရေးကြိုးပမ်းမှု
 
 
ဘုရင်ခံပြောင်းလဲခြင်းသည် ဖဆပလ၏ မူဝါဒများ ပြောင်းလဲခြင်းမဟုတ်သော်လည်း ဗြိတိသျှအစိုးရ၏ ချဉ်း ကပ်ပုံချဉ်းကပ်နည်း ပြောင်းလဲခြင်းကို ဖော်ပြလိုက်သဖြင့် လွတ်လပ်ရေးတိုက်ပွဲတွင် နိုင်ငံရေးအခန်းကဏ္ဍအ သစ်တရပ် ဖွင့်လိုက်ခြင်းဖြစ်ပါသည်။ ဘုရင်ခံကောင်စီဟောင်းကို ပယ်ဖျက်လိုက်ပြီး၊ ၁၉၄၆ ခုနှစ် စက်တင်ဘာ လတွင် ဦးအောင်ဆန်းသည် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်များယူကာ ဘုရင်ခံ၏ ကောင်စီအ သစ်တွင် ဒုတိယဥက္ကဌ ဖြစ်လာပါသည်။ ကောင်စီဝင် (၁၁) ဦးအနက် ဦးအောင်ဆန်းအပြင် ဖဆပလအဖွဲ့ဝင် (၅) ဦး ပါရှိလေသည်။

ကောင်စီဝင်များသည် စုပေါင်းတာဝန်ယူကြရ၏။ အမည်အားဖြင့် ဘုရင်ခံ၏ အကြံပေး အဖွဲ့မျှသာဖြစ်သော်လည်း လက်တွေ့အားဖြင့် ကောင်စီသည် ကြာမြင့်စွာကပင် တောင်းဆိုခဲ့သော ယာယီအ မျိုးသားအစိုးရပင်ဖြစ်ပါသည်။ဦးအောင်ဆန်းသည် ဤဖြစ်ပေါ်ချက်အသစ်များကို သတိရှိရှိနှင့် အကောင်းဖက်က ရှုမြင်ပါသည်။ တရားဝင် တည်ဆဲဖြစ်နေသေးသော စက္ကူဖြူစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည့် လူထုစည်းဝေးပွဲကြီးတွင် တိုက်ပွဲဆုံး ခန်းတိုင်မရောက်သေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ သူ ရာထူးနေရာ လက်ခံခဲ့ခြင်းကြောင့် ပြဿနာ အားလုံး ပြေလည်သွားပြီဟု မယူဆသင့်ကြောင်းနှင့် နောင်ဆောင်ရွက်ရန် အလုပ်တာဝန် များစွာရှိသေး ကြောင်း လူထုအား ဦးအောင်ဆန်းက သတိပေးလိုက်ပါသည်။

ပြည်သူလူထု၏ ထောက်ခံအားပေးမှုသည် သူ နှင့် ဖဆပလအတွက် မည်မျအရေးကြီးကြောင်း ပြောကြားပြီးနောက် လူထုနှစ်သက်မြတ်နိုးသော ရိုးသားပွင့် လင်းမှုဖြင့် ကိုယ်ရေးကိုယ်တာကိစ္စနှင့်ပတ်သက်၍ အောက်ပါအတိုင်း မှတ်ချက်ချလိုက်ပါသည်။“နောက်ဆုံး ကျုပ်အကြောင်းကို ခင်ဗျားတို့ကို နည်းနည်းပြောချင်တယ်။ အခုအခါ ကျုပ်ဟာ (ပတ်ဗလစ်မှာ ပေါ်ပြူလာဖြစ်နေတဲ့သူပဲ)။ ဒါပေမယ့် ကျုပ်ဟာ ဘုရားလည်းမဟုတ်၊ မှော်ဆရာ မျက်လှည့်ဆရာလည်း မ ဟုတ်၊ လူပဲ။ နတ်လည်းမဟုတ်၊ လူလောက်ပဲ အစွမ်းရှိမှာပဲ။ ကျုပ်အသက်ဟာ အင်မတန်မှ ငယ်တယ်။ ကျုပ် အခုထမ်းရတဲ့ တာဝန်ဟာလည်း တတိုင်းပြည်လုံးရဲ့တာဝန်ကို ရှေ့ဆုံးက ထမ်းနေရတယ်။ ကျုပ်ကိုယ်ကို ဒီ တာဝန်တွေ ထမ်းနိုင်အောင် အရည်အချင်းပြည့်စုံတယ်လို့ မယူဆဘူး။ ပြီးတော့ ကျုပ် စိတ်တိုတတ်တယ်ဆို တာလည်း လူအများ သိကြတာပဲ။ ဒါ ကျုပ် နဂိုပဲ။ အလုပ်ရှုပ်ပြီး အနှောင့်အယှက်များရင် စိတ်တိုတတ်တယ်။ ဒါကို ပြုပြင်နိုင်သျှ ပြုပြင်ဖို့ ကြိုးစားမယ်။

သို့သော်လည်း ခင်ဗျားတို့လည်း စိတ်ရှည်ရှည်ထားပြီး ကနေ့ပြတဲ့ အင်အားမျိုးထက် ဆထက်ထမ်းပိုး တိုးအောင်လုပ်ပြီး ကျုပ်တို့က ခင်ဗျားတို့အတွက် လုပ်တဲ့နေရာမှာ အားပေး မယ်ဆိုရင် ကျုပ်တို့လိုချင်တဲ့ လွတ်လပ်ရေး၊ လူထုကောင်းစားရေးတွေကို ရအောင်ပိုလုပ်နိုင်မယ်။ ပိုအကျိုးရှိ မှာပဲ။ ဒါကြောင့် လူထုတွေကို ဆက်တောင့်ထားကြပါအုံးလို့ဆိုတာ ထပ်ပြောခဲ့ချင်တယ်။”ပြည်သူလူထုသည် ဦးအောင်ဆန်းနောက်မှ မားမားမတ်မတ်ရပ်၍ တောင့်ထားသော်လည်း သူ့ကို အတိုက်အခံ လုပ်မှု မရှိတော့ မဟုတ်ပါ။ ဖဆပလ၏ အင်အားကို ပြင်ပမှ စိန်ခေါ်သော နိုင်ငံရေးပါတီများထက် ဖဆပလအ တွင်းမှ ပြဿနာများ ပို၍ပေါ်ပေါက်ခဲ့ပါသည်။ တသီးပုဂ္ဂလ သစ္စာဖောက်သွားသူ အနည်းငယ်မျှသာရှိသော် လည်း ကွန်မြူနစ်များသည် ဖဆပလအဖွဲ့ချုပ်နောက်မှ ညီညွတ်စွာရှိသယောင်နှင့် မိမိတို့ပါတီအားကောင်းရေး အတွက် ဆောင်ရွက်နေကြပါသည်။ပုဂ္ဂိုလ်ရေးနှင့် ၀ါဒရေးအယူအဆ မတိုက်ဆိုင်မှုကြောင့် ၁၉၄၆ ခုနှစ် မတ်လတွင် သခင်စိုး၏ ‘အလံနီ’ ကွန်မြူ နစ်များနှင့် သခင်သန်းထွန်း၊ သခင်သိန်းဖေတို့ခေါင်းဆောင်သော ‘အလံဖြူ’ ကွန်မြူနစ်များဟူ၍ ကွန်မြူနစ်ပါ တီ နှစ်ခြမ်းကွဲသွားခဲ့ပါသည်။ အလံနီကွန်မြူနစ်များသည် အကြမ်းဖက်မှုဝါဒများ စွဲကိုင်ခြင်းကြောင့် ၎င်းတို့အား ဇူလိုင်လတွင် မတရားအသင်းအဖြစ် ကြေညာလိုက်ပါသည်။ သခင်သန်းထွန်းသည် ဖဆပလ၏ အထွေထွေအ တွင်းရေးမှူး ဖြစ်လာပြီး သခင်သိန်းဖေသည် ကောင်စီဝင်တဦး ဖြစ်လာပါသည်။ သို့သော်လည်း ‘သိန်း၊ သန်း’ ကွန်မြူနစ်တို့သည် ‘ရန်စ်’ မရောက်မီက စတင်ခဲ့သော အထွေထွေသပိတ် ပြီးငြိမ်းသွားစေရန် ကောင်စီ၏ ဒု- ဥက္ကဌအနေနှင့် ဦးအောင်ဆန်း၏ စေ့စပ်ရေးဆောင်ရွက်ချက်များကို အနှောင့်အယှက်ပေးခဲ့၏။

အထွေထွေသ ပိတ်ပြီးငြိမ်းရေး ဆောင်ရွက်ချက်များ ပျက်ပြားစေရန် ကြိးပမ်းမှုမှာ အောင်မြင်ခြင်းမရှိခဲ့ချေ။ သို့သော် ဤကြိုး ပမ်းမှုသည် ဦးအောင်ဆန်းနှင့် ဖဆပလတို့၏ သြဇာပြိုပျက်စေရန် အတန်ကြာကပင် စတင်ခဲ့သော စည်းရုံးလှုံ့ ဆော်ရေးလုပ်ငန်းများ၏ တစိတ်တပိုင်းသာဖြစ်ပါသည်။အခြေအနေကို မဖြေရှင်း၍ မရတော့ပါ။ ဆိုရှယ်လစ် ဦးကျော်ငြိမ်းကို သခင်သန်းထွန်းနေရာ၌ အထွေထွေအ တွင်းရေးမှူး ခန့်အပ်လိုက်ပြီး အောက်တိုဘာလတွင် ကွန်မြူနစ်များကို ဖဆပလအတွင်းမှ ထုတ်ပယ်လိုက်ပါ သည်။ ဤလုပ်ရပ်ကို နောက်လအတွင်း ကျင်းပသော အဖွဲ့ချုပ်၏ အထွေထွေညီလာခံ၌ အတည်ပြုလိုက်ပါ သည်။ ထုတ်ပယ်ရခြင်း၏ အကြောင်းများကို ရှင်းပြသော မိန့်ခွန်း၌ ဦးအောင်ဆန်းသည် ကွန်မြူနစ်တို့အား တိုင်းပြည်၏ ညီညွတ်မှုပျက်ပြားစေရန် ကြိုးပမ်းသည်။ မိမိတို့၏ပါတီရေးကို မြန်မာ့လွတ်လပ်ရေးထက် အလေး ပေးသည်။ မြန်မာ့အခြေအနေနှင့် သင့်လျော်၊ မသင့်လျော်ကို မဆင်ခြင်ဘဲ အိန္ဒိယကွန်မြူနစ်ပါတီ၏ ညွှန်ကြား ချက်များကို မျက်စေ့စုံပိတ်၍ လိုက်နာသည် စသဖြင့် ရှုတ်ချပါသည်။အမှုဆောင်ကောင်စီမှ နှုတ်ထွက်လိုက်သော သခင်သိန်းဖေက ဦးအောင်ဆန်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် များအား တော်လှန်ရေးသမားထက် ပြုပြင်ရေးသမားဆန်သည်၊ ၎င်းတို့သည် ဗြိတိသျှ၏ လှည့်ဖြားမှုကို အညံ့ ခံခဲ့ပြီး ဘုရင်ခံနှင့် ဆက်ဆံရာ၌ ပျော့လွန်းသည်၊ အဝေဖန်လည်း မခံနိုင်ဟု ပြောဆိုပါသည်။ ဖဆပလနှင့် ကွန် မြူနစ်တို့ လမ်းခွဲသွားကြသော်လည်း လက်ဝဲညီညွတ်မှုကို အထူးလိုလားသော ဦးအောင်ဆန်းသည် မာက်စ်ဆို ရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ပါတီဝင်အချို့အပေါ် သံယောဇဉ်မကုန်ပါ။

အလံနီကွန်မြူနစ်များနှင့် အလံဖြူကွန် မြူနစ်များအကြား စေ့စပ်ဖြန်ဖြေရန် သူ ကြိုးစားခဲ့ပါသည်။ သိန်း၊ သန်း ကွန်မြူနစ်များကို ဖဆပလအတွင်းမှ ဖယ်ထုတ်ပြီးနောက် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်တို့ကို ပေါင်းစည်းပြီး မက်စ်အဖွဲ့ချုပ်တည်ထောင်ရန် ဦး အောင်ဆန်း စဉ်းစားခဲ့သည်ဟု အဆိုရှိပါသည်။အမှုဆောင်ကောင်စီအသစ်သည် သခင်စိုးကွန်မြူနစ်များအပေါ် ချမှတ်ထားသော ပိတ်ပင်ချက်ကို ပယ်ဖျက် ပေးလိုက်ပါသည်။ သို့သော် အလံနီကွန်မြူနစ်များသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို တရားသေ ဆုပ်ကိုင်ထားသဖြင့် ၁၉၄၇ ခု ဇန်န၀ါရီလတွင် ၎င်းတို့အား တဖန် မတရားအသင်းကြေညာရပြန်သည်။ အဖြူ၊ အနီမရွေး ကွန်မြူနစ်အများအပြား အထူးသဖြင့် ပြည်သူ့ရဲဘော်ဟောင်းများသည် ဦးအောင်ဆန်းကို ဆက် လက်၍ ကြည်ညိုလေးစားကြပါသည်။ သူ့အနေနှင့်လည်း ကွယ်လွန်သွားသည့်တိုင် ပြန်လည်ပေါင်းစည်းရေး ကို လုံးလုံးလျားလျား ပစ်ပယ်ခဲ့ခြင်း ရှိဟန်မတူပါ။ သို့သော် သူသည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် ညီညွတ်ရေး ထက်ပိုပြီး မည်သည့်ဝါဒကိုမှ ဦးစားမပေးခဲ့ပါ။

၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် ဖဆပလသည် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံတည်ထောင်ရေးအတွက် လိုအပ်သောကိစ္စများ ဆွေးနွေးရန် ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ပါသည်။ နှစ်ဦးပိုင်းတွင် လန်ဒန်သို့ ထွက်ခွာသွားသောကိုယ်စားလှယ်အဖွဲ့ကို ဦးအောင်ဆန်း ဦးဆောင်၍ အဖွဲ့ထဲတွင် အမှုဆောင် ကောင်စီဝင်များ၊ နိုင်ငံရေးသမားများနှင့် အရပ်သားအစိုးရ၀န်ထမ်းများ ပါရှိပါသည်။ဒေလီမြို့၌ ရပ်နားစဉ် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်ဆန်းက လုံးဝလွတ်လပ်ရေးကိုသာ လိုလားကြောင်း၊ ဒိုမီနီယန်အဆင့်အတန်း လက်ခံရေးကို ထည့်သွင်းစဉ်းစားမည် မဟုတ်သဖြင့် မေးစရာပင် မ လိုကြောင်းပြောကြားခဲ့ပါသည်။ သတင်းစာဆရာတို့၏ မေးခွန်းတရပ်ကို ဖြေကြားရာ၌ မြန်မာတို့၏ တောင်းဆို ချက်များကို ကျေနပ်ဖွယ်ရာလိုက်လျောခြင်း မရှိပါက အကြမ်းဖက်နည်းကိုဖြစ်စေ၊ အကြမ်းမဖက်သောနည်း ကိုဖြစ်စေ၊ နည်းနှစ်မျိုးလုံးကိုဖြစ်စေ၊ စဉ်းစားရန် လုံးဝတွန့်ဆုတ်မည်မဟုတ်ဟု ပြောခဲ့၏။

နိဂုံးချုပ်အနေနှင့် အ ကောင်းဆုံးကို မျှော်လင့်ထားသော်လည်း အဆိုးဆုံးအတွက်လည်း အဆင်သင့်ပြင်ထားကြောင်း ပြောသွားပါ သည်။ ဤကား မြန်မာနိုင်ငံမှ မထွက်ခွာမီ နှစ်သစ်ကူးမိန့်ခွန်းထဲတွင် အသေးစိတ်ပြောခဲ့သော အချက်အလက် တို့ထက် ပိုမိုခြင်းမရှိပါ။ထိုမိန့်ခွန်းတွင် ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်မှာ ဗြိတိသျှတို့သည် အေးချမ်းစွာ ဖြေရှင်းရေးကို လိုလားသည် ဟု သူ ယုံကြည်လိုကြောင်း၊ သူကိုယ်တိုင်လည်း အေးဆေးသော နည်းများကိုသာ ပို၍နှစ်သက်ကြောင်း၊ သို့ သော်လည်း လိုအပ်သည့် သဘောတူညီချက်များ မရပါက လူထုအနေနှင့် တရားဥပဒေပြင်ပမှ လွတ်လပ်ရေး တိုက်ပွဲဝင်ရန် အဆင်သင့်ပြင်ထားရမည်ဖြစ်ကြောင်း စသဖြင့် ဖြစ်ပါသည်။ အမှန်မှာ ဦးအောင်ဆန်းနှင့် ဖဆ ပလသည် ဗြိတိသျတို့နှင့် ဆွေးနွေးပွဲများ မအောင်မြင်ပါက ဖြစ်ပျက်လာမည့် အခြေအနေအတွက် ပြင်ဆင်မှုအ နေနှင့် လက်နက်များစုဆောင်းပြီး၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့များကို အသင့်အနေအထားတွင် ရှိနေစေရန် စီစဉ်ပြီး ဖြစ်ပါသည်။“အောင်ဆန်း-အတ္တလီ သဘောတူညီချက်” ထွက်ပေါ်စေခဲ့သော ဆွေးနွေးပွဲများအတွင်း ဦးအောင်ဆန်း၏ ကဏ္ဍနှင့်ပတ်သက်၍ ပုဂ္ဂလိကအမှုဆောင်ဝင်တဦးဖြစ်သူ ဦးတင်ထွဋ်က အောက်ပါအတိုင်းရေးသားခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ရွေးကော်ပွဲမကျင်းပမီနှင့် အခြေခံဥပဒေသစ် မရေးဆွဲသေးမီ မြန်မာနိုင်ငံ၏ အစိုးရတာဝန် ၀တ္တရားတို့ကို မြန်မာအစိုးရထံသို့ လက်တွေ့အရလည်းကောင်း၊ ဥပဒေသဘောအရလည်းကောင်း၊ ချက်ချင်း လွှဲပြောင်းပေးရန်ကို သူက အားထုတ်ခဲ့ပါသည်။

ဥပဒေသဘောအရ လွှဲပြောင်းပေးခြင်းကို သူက မရယူနိုင်ခဲ့ သော်လည်း လက်တွေ့အားဖြင့် လွှဲပြောင်းပေးခြင်းကိုကား အနှစ်သာရအားဖြင့် နှစ်ဖက်သဘောတူညီမှုအပေါ် မူတည်၍ ရယူနိုင်ခဲ့ပါသည်။ဤအနေအထားကို သူ၏ နိုင်ငံရေးအတိုက်အခံတို့က သူခေါင်းဆောင်ခဲ့သော ကိုယ်စားလှယ်အဖွဲ့၏ ရှုံးနိမ့်မှု ကဲ့သို့ဖြစ်စေရန် ကောက်ကွေ့ပွေလီစွာ အဓိပ္ပာယ်ဖွင့်လိုက ဖွင့်နိုင်ပါသည်။ သူသည် အနည်းဆုံး လိုအပ်ချက် များ တောင်းဆိုရာ၌ ခိုင်မာ၏။ ထိုသို့ခိုင်မာခြင်းကြောင့် တော်လှန်ရေးဖြစ်ပေါ်လာနိုင်သည်ဟု သူသိသဖြင့် တာဝန်မှာကြီးလေးလှ၏။ နိုင်ငံရေးပညာရှိတဦးပီသစွာ မြန်မာပြည်သူပြည်သားများ၏ လိုလားချက်တို့ကို အ နှစ်သာရအားဖြင့် ပေးသည်ကို သူလက်ခံခဲ့၏။ လိုလားချက်ကား လွတ်လပ်ရေးသို့ ရှင်းလင်းတိုတောင်းသော လမ်းမှ ချီတက်နိုင်ရန်နှင့် မိမိတို့တိုင်းပြည်၏ လက်တွေ့အစိုးရတာဝန်များကို ချက်ချင်းရရှိရန်တို့ဖြစ်ပါသည်။နှစ်ဖက်အလိုကျ သဘောတူညီချက်ကို လက်ခံပြီးနောက် ဤသဘောတူညီချက်၏ အဓိပ္ပာယ်သက်မှုကို လူထု အား ရိုးရိုးရှင်းရှင်းတင်ပြ၍ လိုအပ်ချက်များ ဖြစ်မြောက်စေရန် ခေါင်းဆောင်မှုပေးခဲ့၏။

သူ၏ ခေါင်းဆောင်မှု နောက်မှ လိုက်ပါက တနှစ်အတွင်း လုံးဝလွတ်လပ်ရေးရစေရမည်ဟု ရဲရင့်စွာ ကတိပေးခဲ့၏။ ဤကား ပေါ့ပေါ့ ဆဆ ကတိမျိုး မဟုတ်ပါ။ သူ၏ နိုင်ငံရေးလုပ်ငန်း၊ သူ၏ ဂုဏ်သိက္ခာနှင့် သူ၏ ဘ၀တို့ကိုရင်း၍ ပေးလိုက် သော၊ ခံယူချက်အပေါ် အခြေခံသော ကတိမျိုးဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် သူ၏ ခေါင်းဆောင်ပီသ မှုကို အပြည့်အ၀ သက်သေပြလိုက်ပါသည်။သဘောတူညီချက်ကို လက်မှတ်ထိုးရန် ငြင်းဆိုခဲ့သော ကိုယ်စားလှယ်အဖွဲ့ဝင်နှစ်ဦးကား ၀န်ကြီးချုပ်ဟောင်း ဦးစောနှင့် ၁၉၃၈ ခုနှစ် ဒို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲပြီးနောက် အနည်းစုသခင်များကို သခင်ထွန်းအုပ်နှင့်အ တူ ခေါင်းဆောင်ခဲ့သော သခင်ဗစိန်တို့ဖြစ်ပါသည်။ မြန်မာပြည်သို့ ပြန်ရောက်သောအခါ ဦးစောနှင့် သခင်ဗစိန် သည် ဒေါက်တာဘမော်နှင့် ၀န်ကြီးချုပ်ဟောင်း နောက်တဦးဖြစ်သူ ဆာပေါ်ထွန်းတို့နှင့်ပေါင်းကာ အမျိုးသား အတိုက်အခံတပ်ဦး တည်ထောင်၍ ဦးအောင်ဆန်းသည် ရာထူးတည်မြဲရေးအတွက် နယ်ချဲ့တို့ဘက်သို့ ကူး ပြောင်းသွားပြီဟု ပြောလေသည်။နိုင်ငံရေးအတိုက်အခံတို့၏ စွပ်စွဲချက်များကြောင့် ဦးအောင်ဆန်း ထူးထူးခြားခြား စိတ်အနှောင့်အယှက်မဖြစ်ခဲ့ ပါ။

တိုင်းရင်းသားလူမျိုးစုများနှင့် ဆွေးနွေးစေ့စပ်ရေးကိုသာ ဇောက်ချ၍ လုပ်ပါတော့သည်။ ဤကိစ္စကို ဖြေ ရှင်းရန် လန်ဒန်သွားကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ပြန်ရောက်ပြီး ရက်ပိုင်းအတွင်းပင် ပင်လုံ၌ ညီလာခံခေါ် ရေး စီစဉ်ထားပြီးဖြစ်ပါသည်။ ညီလာခံ၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်အရ “ကြားဖြတ်မြန်မာအစိုးရနှင့် ချက် ချင်းပူး ပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်” ဟူ၍ အသိအမှတ်ပြုလိုက်ပါသည်။ပင်လုံညီလာခံကား စစ်အတွင်းက တိုင်းရင်းသားများအကြား သင့်မြတ်ကြည်ဖြူရေးအတွက် သခင်များကြိုး ပမ်းချက်များနှင့် အစပျိုးခဲ့သော ဦးအောင်ဆန်း၏ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုပေါင်းစုံ စည်းလုံးညီညွတ်ရေး ဦးတည်သော လုပ်ငန်းစဉ်၏ အထွတ်အထိပ်ပင်ဖြစ်ပါသည်။ တဖန် ဦးတင်ထွဋ်၏ စကားအရပြောရလျှင် ဆွေး နွေးစေ့စပ်ရေးနယ်ပယ်တွင် သူ(ဦးအောင်ဆန်း) အောင်မြင်မှုများ ရရှိခဲ့ခြင်းမှာ သူ၏ မသွယ်မ၀ိုက်ပွင့်လင်းမှု နှင့် ပုဂ္ဂလိကအရည်အသွေးတို့ကြောင့် ဖြစ်ပါသည်။ ထိုနယ်ပယ်တွင် သူ၏ အကြီးမားဆုံးဆောင်ရွက်ချက်ကား တောင်တန်းဒေသ တိုင်းရင်းသားများနှင့် အခြားလူငယ်စုများ၏ လုံးဝဥဿုံ စိတ်ချယုံကြည်မှုကို ရယူနိုင်ခြင်း ဖြစ်ပါသည်။

ပင်လုံညီလာခံ ပြီးလျှင်ပြီးချင်း ဧပြီလတွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဖဆပလကိုယ်စား ဦးအောင်ဆန်းသည် ပင်ပန်းကြီးစွာ နိုင်ငံအနှံ့ စည်းရုံးရေးခရီးထွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ ပြည်သူလူထုနှင့် (၃၂) နှစ် မျှသာရှိသေးသော သူတို့၏ နုပျိုရွယ်ခေါင်းဆောင်အကြား မကြံစဖူး ထူးခြားသော ဆက်ဆံရေးအနေအထားမျိုး ပေါ်ပေါက်ခဲ့ပါသည်။ ဦးအောင်ဆန်းသွားလေရာ လူအုပ်ကြီးများသည် ‘ငါတို့ဗိုလ် ချုပ်’ ကို မြင်လိုဇော၊ နားထောင်လိုဇော၊ သွေးစည်းခိုင်မာမှုကို ပြသလိုဇောတို့နှင့် ဖုံကိုမမှု၊ နေပူကိုမရွံ့၊ လာ ရောက်အားပေးကြပါသည်။ ‘ဗိုလ်ချုပ်’ ဟူသော ဝေါဟာရမှာ မူလတွင် သူ၏ တပ်မတော်ရာထူးကို ရည်ညွှန်း ခြင်းအမှုသာဖြစ်သော်လည်း နောင်တွင် သူ့အပေါ်ထားရှိသော ချစ်ခင်လေးစားမှုကို ရောင်ပြန်ဟပ်လာသော ဝေါဟာရဖြစ်လာ၏။

ဦးအောင်ဆန်းကား နားထောင်ကောင်းအောင် အပြောအဟောပြေပြစ်သူတဦး မဟုတ်ပါ။ သူ၏ မိန့်ခွန်းများ သည် ငြီးငွေ့ဖွယ် အတတ်ပညာရေးရာကိစ္စများနှင့် လွှမ်းမိုးနေသည်လည်း ဖြစ်နိုင်၏။ ဟိုအကြောင်းရောက် ဒီ အကြောင်းရောက်နှင့် လိုက်ရခက်သည်လည်း ဖြစ်နိုင်၏။ လွန်စွာရှည်လျားသည်လည်း ဖြစ်နိုင်၏။ သို့သော် လည်း လူထုသည် ငြိမ်သက်အေးဆေးစွာ နားထောင်ပြီး သူ့စိတ်သန္တာန်ကိုလိုက်ကာ သူ၏ တုံးတိတိနိုင်သော ဆုံးမသတိပေးချက်တို့ကို သဘောကျနှစ်သက်သကဲ့သို့ ကြားရခက်လှသော သူ၏ ရယ်ရွှင်ဖွယ်စကားလေး များကိုလည်း သဘောကျနှစ်သက်ကြပါသည်။ဦးအောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ်ရေးပြဿနာများကို ဖြေရှင်းပေးနိုင်မည့် အ တွေးအခေါ်များနှင့် နည်းဗျူဟာများကို အစဉ်တစိုက်ရှာဖွေနေသူဖြစ်၏။ ဤလုပ်ငန်းတွင် လူထုကို သူနှင့်အတူ ပါဝင်ရန်ခေါ်ဆောင်နိုင်ခဲ့သည်။ ကာလဒေသအခြေအနေများအရ လိုအပ်ပါကစိတ်ပြောင်းလဲရန် သူမကြောက် ရွံ့ပါ။ သူ၏ ယူဆချက်များနှင့် ရည်ရွယ်ချက်များကို လူထုအား ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး ၎င်းတို့၏ ထောက်ခံ မှုကို တောင်းဆိုပါသည်။ သို့သော်လည်း လွယ်လင့်တကူ အောင်မြင်မှုများနှင့် စိတ်ကူးယဉ်အိပ်မက်လောက များ အကောင်အထည်ဖော်လာမည်ဟူ၍ လက်လွတ်စပယ် ကတိပြုချက်များ မပေးချေ။ သူ့တိုင်းပြည်အပေါ် တည်ကြည်ဖြောင့်မတ်စွာ ပြုကျင့်သွားမည်၊

မြန်မာ့လွတ်လပ်ရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်၊ လူထု၏ ညီညွတ်မှုအင်အားသာ သူနှင့် ဖဆပလနောက်၌ တည်ရှိနေမည်ဆိုပါက လွတ် လပ်ရေးနှင့် စည်းလုံးညီညွတ်ရေးဟူသော နှစ်ပွင့်ဆိုင်ပန်းတိုင်သို့ ဦးဆောင်ခေါ်သွားနိုင်မည်ဟူ၍သာ ကတိပြု ခဲ့၏။မြန်မာနိုင်ငံ ပြည်သူလူထုလည်း ရွေးကောက်ပွဲတွင် ဖဆပလကိုယ်စားလှယ်ပေါင်း မြောက်မြားစွာကို ရွေးချယ် တင်မြှောက်လိုက်ခြင်းဖြင့် ဦးအောင်ဆန်း၏ နှိုးဆော်ချက်တို့ကို တုံ့ပြန်လိုက်၏။ ပုဂ္ဂလိကကိုယ်စားလှယ်များ နှင့် ကွန်မြူနစ်ကိုယ်စားလှယ်များ လက်တဆုပ်စာလောက်သာ ရွေးချယ်ခြင်းခံခဲ့ရပါသည်။ ‘စော၊ စိန်၊ မော်’ အုပ်စုကား မိမိတို့သေချာပေါက်ရှုံးမည်ကို သိထားကြသဖြင့် ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့၏။ ဖဆပ လသည် မသင့်တော်သော ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရ၏။ သို့သော် ရွေး ကောက်ပွဲဆိုင်ရာ ခုံရုံးများ၏ တွေ့ရှိချက်များအရ ရွေးကောက်ပွဲရလဒ်များသည် လူထု၏ဆန္ဒကို အမှန်အတိုင်း ရောင်ပြန်ဟပ်ခဲ့ပါသည်။ ဦးအောင်ဆန်း၏ ဘ၀နောက်ဆုံးအပိုင်းတွင် သူသည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးရင့် ကျက်မှုနှင့် နိုင်ငံအုပ်ချုပ်ရေး ကျင်လည်မှုတို့တွင် တိုးတက်လာသည်ကို မြင်နိုင်ပါသည်။ နိုင်ငံတော်တည် ဆောက်ရေး ကိစ္စရပ်များကို ရင်ဆိုင်ရာ၌ သူ၏ ပင်ကိုယ်အရည်အသွေးများနှင့် တာဝန်သိစိတ်ဓာတ်တို့ ကွန့် မြူးလာ၏။ ဤကာလအတွင်း၌ တချိန်ကဆန့်ကျင်ဘက်ဖြစ်ခဲ့သော ဗြိတိသျှများစွာတို့၏ လေးစားမှုကို ရယူနိုင် ခဲ့သည်။

ထိုပုဂ္ဂိုလ်များအနက် တဦးက အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။အောင်ဆန်း၏ နိုင်ငံရေးပညာရှင်အရည်အချင်းများ တိုးတက်ကြွယ်ဝလာခြင်းသည် သူ၏ ပင်ကိုယ်စရိုက်ကား ဖြစ်ပေါ်လာသော အခြေအနေများအရ ကြီးထွားလာနိုင်စွမ်းရှိကြောင်းကို ပြသပါသည်။ သူ့ဘ၀၏ နောက်ဆုံး (၁၀) လတွင် သူသည် လက်တွေ့အားဖြင့် ၀န်ကြီးချုပ်အနေအထား၌ ရှိခဲ့ပါသည်။ ထိုကာလအတွင်း၌ သူသည် သူ့နိုင်ငံ မည်မျကျယ်ဝန်း၍ လူမျိုးပေါင်း မည်မျှစုံပြီး ပြဿနာများ မည်မျှရှုပ်ထွေးပွေလီလှသည်တို့ကို စ၍ ဂဃ နဏ သဘောပေါက်ခဲ့ပါသည်။

အလုပ်များလွန်းလှသဖြင့် သူ၏ ကျန်းမာရေးထိခိုက်လာသည့်အပြင် ရံဖန်ရံခါ အလုပ်မနိုင်မနင်း ဖြစ်ခဲ့ပါသည်။ သို့သော် သူကား ယောင်္ကျားကောင်းပီသစွာ ဤဖြစ်ရပ်ကို ၀န်ခံသဖြင့် သူနှင့် နေ့စဉ် ထိတွေ့နေသော ဗြိတိသျှအုပ်ချုပ်ရေးအရာရှိများ၏ လေးစားမှုကို ရရှိခဲ့ပါသည်။ သူ့အား လုပ်ကြံသတ် ဖြတ်ခြင်းသည် နောင်ဖြစ်ထွန်းလာမည့် ဥပဒေမဲ့ကာလများတွင် သူ့နောက်လိုက်များကို စည်းကမ်းထိန်းသိမ်း ရန် စွမ်းဆောင်နိုင်သည့် တဦးတည်းသောပုဂ္ဂိုလ်ကို သူ့တိုင်းပြည် ဆုံးရှုံးရခြင်းပင်ဖြစ်ပါသည်။ဇွန်လအစောပိုင်းတွင် ဦးအောင်ဆန်းသည် တိုင်းပြည်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီစဉ်ရန် ရန်ကုန်မြို့ ပြည်လမ်းရှိ ‘ဆိုရန်တိုဗီလာ’ အဆောက်အဦးတွင် စည်းဝေးပွဲများ ဆက်တိုက်ကျင်းပပါသည်။ ညီ လာခံအဖွင့်မိန့်ခွန်းတွင် ဦးအောင်ဆန်းသည် အစောတလျင် လိုအပ်နေသော လုပ်ငန်းများကို မီးမောင်းထိုးပြ ပြီး လက်တွေ့ကျ၍ လှေနံဓားထစ်မဟုတ်သော အစီအစဉ်များလိုအပ်ကြောင်းကို အလေးပေးပြောသွားပါသည်။ လောဘကြီးလွန်းသော စီမံကိန်းများ မပြုလုပ်မိရန်နှင့် မည်သည့်ကိစ္စများ ပထမဦးဆုံး ဆောင်ရွက်ရန်လိုသည် ကို ဆုံးဖြတ်ရန် အရေးကြီးကြောင်းကိုလည်းပြောသွားပါသည်။ ထို့အပြင် တိုင်းသူပြည်သားတို့ လက်အတွင်း သို့ အချုပ်အခြာအာဏာ ပြန်၍ရောက်နေရကား တိုင်းပြည်တွင်ဖြစ်ပေါ်သမျှ အနိဌာရုံများအတွက် နယ်ချဲ့စနစ် ကို အပြစ်တင်တိုက်ခိုက်ခြင်းဖြင့် အချိန်နှင့်အင်အားတို့ကို အလဟဿမဖြုန်းကြရန် သတိပေးသွားပါသည်။

နယ်ချဲ့စနစ်ကို တိုက်ဖျက်ရန်သုံးခဲ့သော လက်နက်များသည် လွတ်လပ်သော နိုင်ငံတခုကို တည်တံ့ခိုင်မြဲ၍ တိုးတက်စေရန်အတွက် သင့်လျော်သော ကိရိယာများဖြစ်သည်ဟု အစဉ်အမြဲ မတွက်ဆနိုင်ကြောင်း သူ ပြည့် ပြည့်၀၀ နားလည်ပါသည်။ ဦးအောင်ဆန်းသည် မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာမိသားစု အသိုင်းအ၀ိုင်းတွင် မှန်ကန်သောနေရာမှ ပါဝင်ဆောင်ရွက်နိုင်မည့် အနာဂတ်ကာလကိုမျှော်မှန်းကာ စစ်မှန်သော အမျိုးသားရေး သည် နိုင်ငံတကာအရေးကို အထောက်အကူပြုရမည်ဖြစ်ကြောင်း သူ မြင်ပါသည်။ ဦးအောင်ဆန်း၏အမြင် သည် သွေးထွက်အောင်မှန်သဖြင့် အချို့လူများ မခံသာသော စကားမျိုးကိုပြောရန်မတွန့်ဆုတ်ပါ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သော သူ၏ နောက်ဆုံးမိန့်ခွန်းတွင် ပြည်သူတို့အား မိမိတို့၏ ချို့ယွင်း ချက်များကို ပြုပြင်ရန်၊ စည်းကမ်းရှိရန်၊ ဇွဲဝိရိယကြီးရန်နှင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ရန် စသဖြင့် ဆော်သြခဲ့ပြီး လွတ်လပ်ရေး၏ အကျိုးအရသာများ ပြည့်ဝစွာ မခံစားနိုင်မီ နှစ်ပေါင်းများစွာ ရုန်းကန်ကြိုးစားရ ဦးမည်ဖြစ်ကြောင်းကိုလည်း သတိပေးခဲ့၏။ဖြောင့်မတ်တည်ကြည်ပြီး မိမိကိုယ်ကို ဆန်းစစ်နိုင်စွမ်းရှိသူပီပီ ဦးအောင်ဆန်းသည် သူ၏ အားနည်းချက်များ ကို ပြုပြင်ရန်လိုကြောင်းကိုလည်း မိတ်ဆွေများအား ၀န်ခံခဲ့ပါသည်။ ကျောင်းသားတော်လှန်ရေးသမား လူငယ် တယောက်တွင် သည်းခံခွင့်လွှတ်နိုင်သော အပြစ်အနာများသည် နိုင်ငံ၏အထင်ကရ ခေါင်းဆောင်တွင်မူကား လက်ခံခွင့်လွှတ်ဖွယ် မဟုတ်ပေ။ အချောကိုင်ရန်လိုနေသော အမူအကျင့်များ ရှိနေသေး၏။ အဆင်မပြေလှ သော ဒေါသကြီးတတ်ခြင်းကို ထိန်းချုပ်ရပေဦးမည်။

လူမှုဆက်ဆံရေးတွင်လည်း မည်မျှပင် ငြီးငွေ့ဖွယ်ဖြစ်စေ လောက၀တ်ပျူငှာစေရန် လေ့ကျင့်ရပေဦးမည်။အာဏာလွှဲပြောင်းရေး အစီအစဉ်များကို လျင်မြန်စွာ တဆင့်ပြီးတဆင့် တိုးတက်၍ အကောင်အထည်ဖော်နိုင် ခဲ့ပါသည်။ မေလတွင် ကျင်းပသော ညီလာခံ၌ ဖဆပလအဖွဲ့ချုပ်သည် မိမိတို့၏ လွတ်လပ်ရေးနှင့်ပတ်သက် သော မူဝါဒကို ချမှတ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ ခေါ်တွင်မည့် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ အခြေခံဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ရေးဆွဲရန် ကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါသည်။ ခက်ခဲ ဆင်းရဲစွာ လုံးပမ်းခဲ့ရသော ပန်းတိုင် လက်တကမ်းမျှသာ ရှိတော့သည်ဖြစ်၍ ဦးအောင်ဆန်းသည် တင်းမာမှု များလျော့ကာ ပိုမို၍ ပျော့ပြောင်းချိုသာလာ၏။

သူ၏ တပ်များကို ဂျပန်တော်လှန်ရေးတွင် ဦးဆောင်ခဲ့စဉ်က အံကြီးတခဲခဲနှင့် တွေ့မြင်ရသော လူငယ်စစ်သေနာပတိချုပ်၏ ပုံပန်းသဏ္ဍာန်နှင့်ကား သိသိသာသာ ခြားနား လာပါသည်။ သူ၏ အတွင်းအပြင်သည် ကြည်လင်တည်ငြိမ်၍ သောကကင်းစင်သကဲ့သို့ ဖြစ်နေပါသည်။ သို့ သော်လည်း ပင်ပန်းနွမ်းနယ်ခြင်းသည်လည်း နက်ရှိုင်းလှပါသည်။ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးမှ အနား ယူကာ မိသားစုကိစ္စများ၊ စာပေရေးသားခြင်းကိစ္စများကိုသာ အချိန်ပြည့်ပေး၍ လုပ်ဆောင်လိုလားကြောင်း ထုတ်ဖော်ပြောခဲ့ပါသည်။သို့သော်လည်း ဤဆန္ဒကား မပြည့်ဝခဲ့ပါ။ ဇူလိုင်လ (၁၉) ရက်နေ့ အမှုဆောင်ကောင်စီ အစည်းအဝေးထိုင်နေ စဉ် အစောင့်အကြပ်များမရှိသော စည်းဝေးခန်းထဲသို့ ယူနီဖောင်းဝတ်လူတစု တွန်းဝင်လာ၍ စက်သေနတ် များနှင့်ပစ်ခတ်ရာ ဦးအောင်ဆန်း၊ သူ၏အကိုကြီး ဦးဘ၀င်း အပါအ၀င် ကောင်စီဝင် (၆) ဦး၊ အထက်တန်းအုပ် ချုပ်ရေးအရာရှိတဦးနှင့် ကိုယ်ရံတော်လေးတဦးကျဆုံးခဲ့ရပါသည်။ လူသတ်သမားများ ထွက်ပြေးလွတ်မြောက် သွားခဲ့သော်လည်း၊ ၎င်းတို့အား ဦးစောနေအိမ်သို့ ခြေရာခံလိုက်နိုင်ခဲ့ပါသည်။

ဝန်ကြီးချုပ်ဟောင်းသည် အကြံ ကြီးသူတယောက်ဖြစ်ပြီး ‘ကောင်လေးတယောက်ပါပဲ’ ဟူ၍ သူ သတ်မှတ်လေ့ရှိသော ဦးအောင်ဆန်း နိုင်ငံ့ ခေါင်းဆောင်အဆင့်သို့ တရှိန်ထိုးတက်သွားသည်ကို လက်မခံနိုင်ခဲ့ပေ။မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် လန်ဒန်သို့ ထွက်ခွာမသွားမီ လအနည်းငယ်အလိုလောက်တွင် ကာကီဝတ်စုံ ၀တ်ဆင်ထားသူများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးစောမျက်စေ့တွင် ဒဏ်ရာရခဲ့ပါသည်။ ဦးစောသည် ဤ ကိစ္စတွင် ဦးအောင်ဆန်း၏ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်များ၌ တာဝန်ရှိသည်ဟု ယူဆကာ ကလဲ့စားချေခြင်းဖြစ် သည်ဟု အချို့ကခန့်မှန်းကြပါသည်။ သို့သော်နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်များအရ အလုပ်အမှုဆောင်ကောင်စီတခုလုံးအား သုတ်သင်ချေမှုန်းရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ပါသည်။ ဦးအောင်ဆန်းနှင့် လုပ်ဖော်ကိုင်ဖက်များကို ရှင်းလင်းသုတ်သင်လိုက်ခြင်းဖြင့် သူသာ မြန်မာနိုင်ငံအစိုးရခေါင်းဆောင် ဖြစ်လာ မည်ဟူသော ထူးဆန်းသည့် ယုံကြည်ချက်ဖြင့် လုပ်ကြံမှုကြီးကို ဦးစော စီစဉ်ခဲ့ဟန်တူပါသည်။

ဦးစောအပေါ် ရာဇ၀တ်ပြစ်မှုများ ကျူးလွန်ရန် အားပေးကူညီမှုအတွက် အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ပြီး သေဒဏ်ချမှတ် လိုက်ပါသည်။ဦးအောင်ဆန်း ကွယ်လွန်အနိစ္စရောက်သွားသော်လည်း သူ၏ ဘ၀ကိုပေး၍ ကြိုးပမ်းခဲ့ရသော လွတ်လပ်ရေး ကိုသာ မြန်မာနိုင်ငံ ရရှိခဲ့ပါသည်။ အသက်ရှင်ကျန်ခဲ့သော ဖဆပလ၀င်များအနက် အဆင့်မြင့်ဆုံးဖြစ်သော ဦးနုသည် စေ့စပ်ဆွေးနွေးရေးများကို ဆုံးခန်းတိုင် ဆက်လက်ဆောင်ရွက်သွားပြီး ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို မွေးဖွားခဲ့ပါသည်။

အောင်ဆန်း ၇ အားဆက်လက်ဖတ်ရှုပါရန်
Kyaw Naing
29/1/2014





နိဂုံး

ခတ်သစ် မြန်မာနိုင်ငံသမိုင်း သုတေသီတဦးဖြစ်သူ အမေရိကန်ပညာရှင် ဖရင့်၊အင်၊ထရေဂါ ရေးသားခဲ့ အာက်ပါ စကားကောက်နုတ်ချက်ကို ဤနေရာ၌ ဖော်ပြက သင့်တော်မည်ထင်ပါသည်။ မဟာလူသား တဦး၏ လုပ်ဆောင်ချက်များအနေဖြင့်သာ ဖြစ်ရပ်စဉ်ကို တင်ပြခြင်းသည် သမိုင်းကို လွဲမှားစွာ မြင်ခြင်းဖြစ်ပါ သည်။ ဤစာအုပ်တွင်လည်း ထိုကဲ့သို့ တင်ပြခြင်းမျိုး အတိုင်းအတာတခုအထိ ပါဝင်ခဲ့ပါလျှင် ထိုအတိုင်းအ တာအထိ လွဲမှားသောအမြင်ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ထိုစဉ်က မြန်မာပြည်အခြေအနေအရ သခင်များ နိုင်ငံရေးရာထူးနေရာ ရရှိခဲ့ချိန်မှစ၍ လွတ်လပ်ရေးအရုဏ်တက်ချိန်ဖြစ်သော ၁၉၄၈ ခုနှစ် ဇန်န၀ါ ရီလတိုင် (၁၂) နှစ်ကာလအတွင်း စွမ်းဆောင်နိုင်မှုများကို ဖြစ်ရပ်စဉ်အလုံးစုံအပေါ် လွှမ်းခြုံခဲ့သော အောင် ဆန်း၏ ခေါင်းဆောင်မှုရှုထောင့်မှ စိစစ်ခြင်းကား မှန်ကန်သင့်လျော်သည်ဟု ထင်မိပါသည်။

အခြားတဖက်မှကြည့်လျှင်လည်း အထက်ဖော်ပြပါ သဘောတရားကား မှန်ကန်ပါသည်။ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှု နောက်ခံကားကို အခြေပြု၍သာ ဦးအောင်ဆန်း၏ ဘ၀ကို လေ့လာနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ချဉ်းကပ်နည်းသည် သူ၏ ကိုယ်ရေးကိုယ်တာအပိုင်းကို လျစ်လျူရှုရာရောက်နိုင်ပါသည်။ သို့သော် သူ့အသက် (၂၀) ကျော်ကျော် ကျောင်းသားနိုင်ငံရေးလောကထဲ ၀င်ခဲ့စဉ်ကစ၍ သူ၏ ဘ၀နှင့် လွတ်လပ်ရေးကြိုးပမ်းမှုသည် ခွဲခြား၍မရလောက်အောင် ရောထွေးဆက်နွယ်နေသည့်အပြင် ဦးအောင်ဆန်းကား သူ၏ အဇ္ဈတ္တသန္တန် နှင့် ကွာခြားသော ဗဟိဒ္ဓအသွင်ကို လူထုရှေ့မှောက် ဘန်းပြသူမျိုး မဟုတ်ခဲ့ပါ။ သူ၏ ရုပ်ပုံလွှာတခုလုံးကို ခြုံ၍ ကြည့်ပါက မြင့်မားသောရည်မှန်းချက်၊ ခိုင်မာပြတ်သားသော စိတ်ဓာတ်တို့ဖြင့် သူ၏နိုင်ငံ လွတ်လပ်ရေးရစေ ရန် ခေါင်းဆောင်မှုပေးခဲ့သော သိက္ခာသမာဓိ ကြီးမားသည့် လူငယ်တဦးကို မြင်ရပေမည်။သူ၏ နိုင်ငံရေးအတိုက်အခံများနှင့် သူ၏ နိုင်ငံကို အုပ်ချုပ်နေသော နိုင်ငံခြားသားများကို တိုက်ခိုက်ခဲ့သဖြင့် သူ့အား သစ္စာဖောက်ဟု မြင်ခဲ့သူတို့က ဦးအောင်ဆန်းသည် ထင်ပေါ်ကျော်ကြားမှုလိုလားသဖြင့် အကြင်နာ ကင်းသည်၊ ဆင်ခြင်တုံတရား ခေါင်းပါးသည်၊

နှစ်ဖက်ချွန်လုပ်တတ်သည်ဟု စွပ်စွဲခဲ့ကြ၏။ ထိုကဲ့သို့သော စွပ်စွဲ ချက်များကို သူ၏ လုပ်ဆောင်ချက်မှတ်တမ်းအပေါ် အခြေပြု၍ အကဲဖြတ်နိုင်ပါသည်။ အခြားသူများ ပိုမို၍ ကောင်းမွန်သော ခေါင်းဆောင်မှုပေးနိုင်သည်ဟု သူ ယုံကြည်သ၍ နောက်လိုက်နေရာမှ တာဝန်ကို စေတနာ ပြည့်ဝစွာထမ်းဆောင်ခဲ့ပါသည်။ သူတဦးတည်းသာ တိုင်းပြည်ကို ညီညွတ်မှုပေးကာ လွတ်လပ်ရေးပန်းတိုင်သို့ ရောက်ရန် ခေါင်းဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း ထင်ရှားလာသောအခါမှ သူသည် ဗဟိုမဏ္ဍိုင်နေရာကို ယူ ခဲ့ပါသည်။ကျောင်းသားဘ၀ကပင် သူ၏ ရင်းနှီးသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူ ဦးကျော်ငြိမ်းက မည်သူကမှ ဗိုလ်ချုပ်အောင်ဆန်းအား ခေါင်းဆောင်နေရာကို ပေးခဲ့သည်မဟုတ်ဘဲ သူ၏ လုပ်ရည်ကိုင်ရည် ကြွယ်ဝမှု ကြောင့် ခေါင်းဆောင်နေရာကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

ဦးအောင်ဆန်းသည် သုန်မှုန်ခြင်းနှင့် စိတ်လှုပ်ရှားသဖြင့် ပေါက်ကွဲခြင်းများ ရှိခဲ့သော်လည်း လွတ်လပ်ရေးလှုပ်ရှားမှုအကျိုးငှာ စုပေါင်းဆုံးဖြတ်ချက် များ ချရာတွင် သူ၏ ပုဂ္ဂိုလ်ရေးရာခံစားချက်များနှင့် အလိုဆန္ဒတို့ကို မည်သောအခါမျှ အသားမပေးခဲ့ချေ။ လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်၌ သူသည် ရင်းနှီးသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ဆောင် ရွက်၍ တရားမှန်ဝေဖန်ချက်များကို လက်ခံကာ အသင့်တော်ဆုံးဖြစ်မည်ထင်ပါက တာဝန်များကို လွှဲပြောင်းခွဲ ဝေပေးပါသည်။သို့သော် ကိုယ်ကျိုးရှာသမားများ၊ တာဝန်မဲ့လုပ်ရပ်များနှင့် လွတ်လပ်ရေးကြိုးပမ်းမှုကို ထိပါးနိုင်မည့် အလုပ် ပျက်ကွက်မှုများကို သည်းမခံပါ။  

သူသည် တရားမျှတမှုနှင့် ဒီမိုကရေစီဝါဒတို့ကို ယုံကြည်လက်ခံကာ သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရလုပ်ပါက ပိုမို၍ကောင်းမွန်မည်ဖြစ်သောအချိန်အခါများ၌ပင် လုပ်ဖော်ကိုင်ဖက်များ ၏ အလိုကျ ဆောင်ရွက်ခဲ့သည်လည်းရှိခဲ့၏။ အမှုဆောင်ကောင်စီခေါင်းဆောင်အနေနှင့် သူ၏အမြင်ကို အခြား သူများလက်ခံစေရန် အပေါ်စီးနှင့် ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါ။ အားလုံးက လွတ်လပ်၊ ပွင့်လင်း၊ ပြည့်စုံစွာ ဆွေး နွေးပြီးမှ ဆုံးဖြတ်ချက်ချကြပါသည်။သူကိုယ်တိုင် ပွင့်လင်းစွာ ၀န်ခံခဲ့သည့်အတိုင်း သူသည် အမှားအယွင်း ကင်းသူမဟုတ်ပါ။ သို့သော် သူ၏ စိတ် ရည်ဥာဏ်ရည်ကား အစဉ်သဖြင့် ကြီးထွားတိုးတက်နိုင်စွမ်းရှိခဲ့ပါသည်။

ဦးအောင်ဆန်းသည် အစွန်းရောက် တယူသန်သမားများကို စွဲဆောင်နိုင်စွမ်းထက် မိမိတို့ ယုံကြည်လေးစားသော ခေါင်းဆောင်အောက်တွင် စိတ် ငြိမ်းအေး ကိုယ်ချမ်းသာစွာဖြင့် မိမိတို့ဘ၀ကို နှင်လိုသော သာမန်ပြည်သူတို့ကို စွဲဆောင်နိုင်စွမ်းရှိခဲ့ပါသည်။ ပြည်သူတို့သည် ၎င်းတို့မျှော်မှန်းထားသော ခေါင်းဆောင်ကောင်း အရည်အသွေးများ ဦးအောင်ဆန်း၌ ရှိသည် ဟု မြင်ခဲ့၏။ သူကား ကိုယ်ကျိုးထက် နိုင်ငံ့အကျိုးကို ဦးစားပေးခဲ့သည်။ သူ၏အာဏာ အထွတ်အထိပ် ရောက် နေသည့် အချိန်တွင်ပင် ဆင်းဆင်းရဲရဲ ဟန်ပန်မရှိ နေထိုင်ခဲ့သည်။ခေါင်းဆောင်တို့၏ အထူးအခွင့်အရေးများကို မမက်မောဘဲ ခေါင်းဆောင်မှုတာဝန်များကို လက်ခံခဲ့သည်။ ထို့ အပြင် သူသည် နိုင်ငံရေးပါးနပ်လိမ္မာမှုနှင့် နိုင်ငံအုပ်ချုပ်ရေးကျွမ်းကျင်မှုစွမ်းအားကြီးသော်လည်း သူ၏အတွင်း သဘောထား၏

နက်ရှိုင်းလှသော ရိုးသားမှုကား မည်သောအခါမျှ တိမ်ကောသွားခြင်း မရှိခဲ့ပါ။ မြန်မာနိုင်ငံ ပြည်သူလူထုအတွက် ဦးအောင်ဆန်းသည် မိမိတို့ လိုလားတောင့်တနေချိန်တွင် နိုင်ငံ၏ ဂုဏ်သိက္ခာကိုဆည် ရန် ပေါ်ပေါက်လာခဲ့သူဖြစ်ပါသည်။ သူ၏ ဘ၀သည် ပြည်သူတို့ စိတ်အားတက်ကြွ အတုယူဖွယ်ရာဖြစ်သကဲ့သို့ သူ့အား သတိရလွမ်းဆွတ်ခြင်းသည် ပြည်သူတို့၏ နိုင်ငံရေးအသိစိတ်ကို လမ်းမလွဲစေရန် ထိန်းကွပ်မှုအဖြစ် တည်ရှိလျက်နေပါသည်။အောင်ဆန်းစုကြည်   

( ဒေါက်တာအောင်ခင်တည်းဖြတ်သော  ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှလွတ်ကင်းေ ရးနှင့်
 အခြားစာတမ်းများ စာအုပ်မှထုတ်နုတ်ဖော်ပြပါသည်)
ပြီး၏။