" လူတွင် ရင်းနှီးမြှုပ်နှံပါ "
ရွှေရင်နှစ် (မြို့သာ)
ဒုတိယ ကမ္ဘာစစ်အပြီး အဏုမြူ ဗုံးဒဏ်ဖြင့် ပြာပုံသာ ကျန်ခဲ့ရသော ဂျပန်နိုင်ငံသည် စက်မှု ထိပ်တန်းနိုင်ငံ များကို နည်းပညာ အမီလိုက်ရန် အတွက် ပညာရေး ဌာနတွင် ပုံအော၍ ရင်းနှီးမြှုပ်နှံ ခဲ့သည်။
ကျောင်းများကို တခြားဌာန များထက် ပိုဦးစား ပေးသည်။ အဆောက်အအုံ နှစ်ခု ဆောက်လုပ်ရန် ယှဉ်ပြိုင် လာခဲ့လျှင် ကျောင်းကို အရင် ဦးစားပေးသည်။ ပညာရေးဌာနမှ လစာကို တခြားဌာန များထက် ပိုမြှင့်ပေး ထားသည်။ ကျောင်းတွင် ကလေးများကို ဉာဏ စွမ်းရည် ထက်မြက်စေရန် ကာယစွမ်းရည် ကောင်းဖို့ လိုအပ်သော ကြောင့် အစားအစာကို လိုအပ်သော ကယ်လိုရီကို စနစ်တကျ တွက်ချက်၍ ကျောင်းများတွင် ကျွေးသည်။ နွားနို့ တိုက်သည်။ ထိုကဲ့သို့ သုံးနိုင်ရန် အတွက် တခြားဌာန များမှ ငွေရှာပေးသည်။ ထိုသုံးသော ငွေများသည် အလဟဿ ဖြုန်းတီး ပစ်ခြင်း မဟုတ်။ '' လူသားရင်းနှီး မြှုပ်နှံမှု " ပင် ဖြစ်သည်။ အနာဂတ် တစ်ချိန်တွင် ထို ရင်းနှီးမှု၏ အကျိုးအမြတ် ကို ခံစား ရမည်ဟု ယုံကြည် လုပ်ဆောင် ခဲ့ကြသည်။
အမှန်တကယ် လည်း အနှစ်(၃ဝ) ခန့် ရှိလာသော အခါ တစ်နည်း အားဖြင့် ထို ကလေးများ လုပ်ငန်းခွင် ၀င်သည့် အရွယ် ရောက်လာသော အခါ ဂျပန်နိုင်ငံ သည် ဦးမော့လာ ခဲ့ပါသည်။ ယခုအခါ မှာတော့ ဂျပန် နိုင်ငံသည် စီးပွားရေး နှင့် စက်မှု တိုးတက်မှုတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထို အောင်မြင်မှုသည် ရေတိုကို မကြည့်။ ရေရှည်ကြည့်၍ လူသား ရင်းနှီး မြှုပ်နှံမှု ၏ အကျိုးရလဒ် ဖြစ်သည်။
'' ယောက်ျားတံခွန် လူရည်ချွန်က ကောင်းကင် တမွတ် ကြယ်ကို ဆွတ်လည်း မလွတ်စတမ်း ရမြဲလမ်းတည့် ''ဟူသော စာသားတွင် " ယောက်ျားတံခွန် " အစား " လူသားတံခွန် " ဟု ပြင်လိုက် ချင်ပါသည်။
'' လူသားတံခွန် သူသည် ချွန်က ကောင်းကင် တမွတ် ကြယ်ကို ဆွတ်လည်း မလွတ်စတမ်း ရမြဲလမ်းတည့် '' လူတစ်ယောက် (သို့မဟုတ်) မိသားစု တစ်စု (သို့မဟုတ်) နိုင်ငံ တစ်နိုင်ငံသည် ဘာမှမရှိ လျှင် နေပါစေ။ တော် ၊ ထက် ၊ ထူးချွန် နေသော လူကောင်း လူတော်များ ရှိနေလျှင် ထိုမိသားစု ၊ ထိုနိုင်ငံသည် တစ်နေ့နေ့ ၊ တစ်ချိန်ချိန်တွင် ထိပ်တန်း နေရာသို့ မလွဲမသွေ ရောက်ရမည်မှာ ဧကန်ပင် ဖြစ်သည်။
ဘာသယံဇာတ မှမရှိ ၊ မြို့ပြနိုင်ငံလေး မျှသာဖြစ်ပြီး ထိပ်တန်းသို့ ရောက်နေသော စင်ကာပူနိုင်ငံ သည် အကောင်းဆုံး သာဓကဖြစ် သည်။ ထို့ကြောင့် လူတွင် ရင်းနှီး မြှုပ်နှံပါ။ ယခုအခါ မြန်မာနိုင်ငံ၏ နေရာ အတော်များများ တွင် စီမံကိန်း အမျိုးမျိုးကြောင့် မြေဈေးများ ကောင်းလျက် ရှိသည်။ မကြားဖူးသော ဈေး၊မမြင်ဖူးသော ငွေကြေးများ ကြောင့် တောင်သူ လယ်သမား အတော် များများက မိမိပိုင် မြေများကို ရောင်းချ လာကြသည်။
ငွေသည် ''ရေ'' ဖြစ်သည်။ အိတ်၏ အပြင်ကို အလွယ်တကူ စီးထွက်သွား တတ်သည်။ ငွေသည် " ဆီ " ဖြစ်သည်။ " ဆီ "လို အပေါက် ရှာတယ် ဟူသော စကားအတိုင်း အပေါက်ရှာပြီး အလွယ်တကူ ခုန်ထွက် တတ်သည်။ ငွေသည် " ငှက် " ဖြစ်သည်။ အတောင်ပံပါ၍ အလွယ်တကူ ပျံသွား တတ်သည်။ ရေလို ၊ ဆီလို ၊ ငှက်လို ထွက်သွားသော ငွေများကို ပြန်ဖမ်းရန် မှာမူ မလွယ်ကူ တော့ပါ။
ဓားမဦးချ မြေယာ အလုပ်ကိုသာ လုပ်တတ်သော တောင်သူ လယ်သမားများ ဆိုလျှင် ပိုဆိုးတော့မည်။ မြေလည်းကုန် ၊ ငွေလည်းကုန် ဆိုလျှင် ဘယ်လိုလုပ် ကြမှာလဲ။ ထို့ကြောင့် '' ပညာရွှေအိုး လူမခိုး ''ဟူသော ဆိုရိုးအတိုင်း မိမိ တို့၏ ငွေကြေးများကို သားသမီး များ၏ ပညာရေးတွင် ရင်းနှီးပါ။ မိမိတို့၏ သားသမီးများကို ပညာတတ်အောင် သင်ပါ။
သို့မှသာ ပွင့်လင်းလာသော ခေတ်တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိ လာတော့မည့် နိုင်ငံခြားသား လုပ်ငန်းရှင်တို့ အလယ်၌ ခေါင်းမော့ ရင်ကော့ နိုင်မည် ဖြစ်သည်။ မိမိနိုင်ငံ၏ မိမိမြေပေါ်တွင် တိုင်းခြားသားတို့ လက်ညှိုးညွှန်ရာ ကို လုပ်ကိုင်ခြင်း မဟုတ်ဘဲ ၄င်းတို့ထံမှ စည်းစနစ် ၊ နည်းပညာ တို့ကို ယူ၍ သူတို့လို စက်ရုံပိုင်ရှင် ၊ ကုမ္ပဏီ ပိုင်ရှင်အဖြစ် ကမ္ဘာကို ထိုးဖောက်နိုင် ရပေမည်။ မည်သို့ပင် ဆိုစေ... သိပ္ပံပညာ ရှင်တွေ ၊ ဆေးပညာရှင် တွေ ၊ ကွန်ပျူတာ ပညာရှင်တွေ ၊ ဆော့ဖ်ဝဲလ် အသစ် တီထွင်သူတွေ ၊ နည်းပညာ အသစ် ဖန်တီးသူတွေ။ ထိုကဲ့သို့ ထူးချွန် ထက်မြက်သူများ ဖြစ်ရန်အတွက် မိဘများ ကရော ၊ နိုင်ငံတော် ကပါ လူကောင်းတွေကို ရွေးချယ်ပါ။ လူတော်တွေ ကို ချီးမြှောက်ပါ။ လူကောင်း လူတော် ဖြစ်အောင် ပျိုးထောင်ပါ။ လူတွင် ရင်းနှီးမြှုပ်နှံပါ ဟု စေတနာ ကောင်းဖြင့် တိုက်တွန်း ရေးသား လိုက်ရပါသည်။
No comments:
Post a Comment