မင်းကြီး ဦးမင်းရောင်(၁)
ကဆုန်လထုတ် သူရိယမဂ္ဂဇင်းတွင် ၊ လယ်ဝေးကိုဘရီရေးသော ဦးပု(စစ်ကဲဦးပုလေး) ၏
အတ္ထုပ္ပတိတွင် ၊ မင်းကြီးဦးမင်းရောင်ကို ဦးပုပင်ဖမ်းမိသဖြင့် လယ်ဝေးအနီးတွင်ကား
စင် အတင်ခံရကြောင်း ဘတ်ရှုရပါသည်။ သို့ရေးသားချက် အမှန်မကျရောက်ပါ။ ကျွန်တော်သည်
၎င်းမင်းကြီး ဦးမင်းရောင်ဆိုသူ၏ မြေးတဝမ်းကွဲတော်စပ်ပါသည်။ မင်းကြီးဦးမင်းရောင်
မှာ မြို့လုလင်မြို့သူကြီးဖြစ်ပါသည်။ ၄င်းတွင်ညီတယောက် ဦးမင်းမောင်ဆိုသူရှိပါသည်။
၎င်းဦးမင်းမောင်မှာ မြန်မာ မင်းလက်ထက်အခါက တောင်တွင်းမြို့ဝန်၊ ပင်း၊ နတ်မောက်၊
ကျောက်ပတောင်းသုံးမြို့ဝန်၊ အခွန်ဝန်၊ တောင်ငူနယ်ခြံဝန် စသည်ဖြင့် အမှုတော် အမျိုး
မျိုး ထမ်းဆောင်ရွက်ခဲ့လေသည်။စုံနံ့သာမြိုင် ရှာပုံတော်ကို ရေးသားသော ကဗျာဆရာ
ဆရာကျော့ ရှေ့ဘတ်စာရေး အဖြစ်ဖြင့် အမှုထမ်း ရသည်မှာ ၄င်း ကျွန်တော်၏ဘိုး ဦးမင်း
မောင်လက်အောက်တွင်ဖြစ်ပါသည်။ မင်းကြီးဦးမင်းရောင် ဆိုသူကား မြို့လုလင် မြို့သူ
ကြီးမျှသာဖြစ်ပါသည်။ အင်္ဂလိပ်မင်း အထက်မြန်မာပြည်ကို သိမ်းယူသောအခါ၊ သူပုန်ထ
ရာတွင် ဗိုလ်လရောင် ဟူ၍လည်းကောင်း၊ ရွှေလရောင်ဟူ၍လည်းကောင်း၊ မင်းကြီး ဦးမင်း
ရောင် ဟူ၍လည်းကောင်း နာမည်တွင်လာပါသည်။ ၄င်းဦးမင်းရောင်မှာ တောတောင် များတွင်
နောက်လိုက်နောက်ပါ အခြွေအရံများနှင့် လှည့်လည်ကာ ရံဘန်ရံခါ၊ ရွာများ၊ စစ်တပ်
များကို စီးလေသည်။ အောင်သည်လည်းရှိ၏။ မအောင်သည်လည်းရှိ၏။ သို့သော်မအောင်
သည်ကများလေသည်။
လယ်ဝေးအနီးသို့လည်း ရောက်ရှိချင်ရောက်ရှိပါလိမ့်မည်။ သို့ရာတွင် ၄င်းသေရပုံမှာ
ကားစင်အတင်ခံရ၍ မဟုတ်ပါ။ လက်နက်အင်အားလည်းမရှိ အစီအမံအခွဲအခန့်တွင်လည်း၊
အင်္ဂလိပ်နှင့်အနည်းငယ်မှ မတူညီရကား ၄င်း၏စစ်တပ်မှာ တဖြည်းဖြည်း ကစဥ့်ကလျား
ပျက်ပျားရွေ့လျောသွားရာ၊ နောက်ဆုံး၌ တောတောင်များတွင် နောက်ပါအနည်းငယ်မျှနှင့် ပုန်း
အောင်းပြေးရှောင်သောအခါတွင်မှ နတ်မောတ်တွင် စခမ်းချလျက်ရှိသော စစ်ဗာရီစစ်တပ်က
ဘမ်းဆီးပစ်ခတ်၍ခေါင်းဖြတ်ခြင်းကို ခံရလေသည်။ ၄င်း၏ခေါင်းကို နတ်မောက် စခမ်းချ
ရာသို့ပင် လူအများကြောက်လန့်စေရန် ယူဆောင်ခဲ့လေသည်။ ၄င်းသေဆုံးရသည်မှာ နောက်
ပါလူတယောက် သစ္စာဖောက်သဖြင့် သေဆုံးရသည်ဟူ၍လည်း ကျွန်တော်ကြားဖူးပါ၏။
ဦးမင်းရောင်၏ အမျိုးအနွယ်မှာ ကုန်သည်မျိုးများပါသည်။ မင်းမှုထမ်းကြသူများတွင်လည်း
၎င်း၏ညီ ဦးမင်းမောင်သာလျှင် အတော်အတန် ရာထူးမြင့်ခဲ့ပါသည်။ ၄င်းဦးမင်းရောင်၏ မိ
ဒွေးတော်စပ်သူမှာ နတ်မောက်မြို့သူကြီး ဦးရွှေနီ၏ ဇနီးမယ်စိုးဖြစ်ပါသည်။ မြို့သူကြီး
ဦးရွှေနီ၏ အမျိုးအနွယ်ကား မင်းခစားများလေသည်။ ပညာဥာဏ် ထက်မြက်၍ ၄င်း၏ညီ ဦးဘွား
ဆိုသူမှာ တရုပ်မြို့ဝန်ဖြစ်လေသည်။၎င်းပြင် တောင်စဉ်ဝန် ဦးဝိုက်၊ မင်းတုန်းမင်းလက်
ထက် ခန်းပတ်မင်းကြီးတို့မှာလည်း ဦးရွှေနီ၏ အမျိုး အနွယ်ဖြစ်လေသည်။ ထို့ကြောင့်
ဦးမင်းရောင်သည် မှူးမတ်အမျိုးအနွယ်ဖြစ်သည်ဆိုသည်မှာ ဤသည်ကို ရည်၍ အချို့
ပြောကြဟန်တူပါသည်။ မြန်မာများမှာကားပြောတတ်သော အလေ့အထ လည်းရှိရကား ဦးမင်းရောင်
ကို အချို့က အလွန်ပင် စွမ်းပကားလေဟန်၊ရေပေါ်တွင်ပင် ကုန်းကျဉ်းပေါ် သွားသကဲ့သို့
သွားနိုင်လေဟန် ကြံဘန်ပြောကြပါသည်။ဦးမင်းရောင်ကား ၄င်း၏ညီ ဦးမင်းမောင်နှင့် အ
နည်းငယ်မျှမတူ၊ ကြမ်းတန်းခက်ထန်၏။ ၄င်း၏ညီမှာ အလွန်ပင်ပျော့ပျောင်းနူးညံ့၍ ဝန်ကြီး
များက အထူးခင်မင်ကြည်ညိုကြသည်ဟု ကျွန်တော်မှတ်သားရပါသည်။
ဤအကြောင်းကို ရေးရခြင်းမှာ အမှန်သိစေလို၍ရေးရပါသည်။ ကျွန်တော်၏ ဘိုးပင်တော်စေကာမူ
အမှန် အတိုင်းရေးသား ပေးပို့လိုက်ပါသည်။
အညာသားလေး
သူရိယမဂ္ဂဇင်း၊ ၁၉၃၅၊ ဇွန်လ
မင်းကြီးဦးမင်းရောင်(၂)
အယ်ဒီတာမင်းခင်ဗျား။
ဝါဆိုလထုတ်ဆရာတို့ မဂ္ဂဇင်းတွင် စစ်ကဲဦးပုလေးအကြောင်းက ပိုမိုစုံလင်မှန်ကန်စွာ ရှာ
တွေ့၍လယ်ဝေးကိုဘရီရေးသားချက်ကို ကျွန်တော် ဘတ်ရှုရပါသည်။ သို့ဘတ်ရှုရရာ ကား
စင်တင်ခံရသူမှာ ကျွန်တော်၏ဘိုး- ဦးမင်းရောင် မဟုတ်သည်ကားထင်ရှားလေပြီ။ ဤအ
ချက် မှန်မမှန်ကို ကျွန်တော် စစ်ဆေး ( Critisce ) ပြသပါမည်။ ထိုသို့စစ်ဆေးရုံ
သာမက၊ ကျွန်တော့် ဘိုး ၏ စိတ်နေစိတ်ထားကို သိသာစေရန် ၄င်းအကြောင်းအရာငယ်
ကလေးများ ( Episodes ) ကိုလည်း ဘော်ပြလိုပါသည်။
ဦးမင်းရောင်၏ အဆက်အသွယ်များမှာ ကျွန်တော်သိသလောက် ကျွန်တော်၏ဘေးမအရင်း
နတ်မောက်မြို့သူကြီးကတော် မယ်စိုးနှင့် မြို့သစ်တွင်နေထိုင်သော ၄င်း၏သမီးနှင့် သမက်
(နာမည်များကိုကားကျွန်တော် မမှတ်မိတော့ပါ) တို့သာဖြစ်ပါသည်။ မယ်စိုးကား ဦးမင်း
ရောင်၏ မိထွေးပင်ဖြစ်သော်လည်းအသက်အရွယ်မှာ ၄င်း၏တူနှင့် အတူတူလောက်ရှိသည်
ဟု ကျွန်တော်မှတ်သားရပါသည်။ ဦးမင်းရောင်တွင် နှမများရှိသည်ကို မည်သူမည်ဝါဖြစ်
သည်ကိုကား ကျွန်တော် စုံစမ်းခြင်းမရှိသဖြင့် မသိရပါ။ သို့သော် အနည်းငယ် သဲလွန်စ
တွေ့ဟန်ကား အင်္ဂလိပ်မင်း အထက်မြန်မာပြည်ကို လက်ရုံး ဆန်ကူလက်နက်နိုင်ငံမူလေ
သည်တွင် မကြည်ဖြူ၍ ကျွန်တော်၏ ဘိုးသည် ရတတ်သမျှသော ဗိုလ်ပါ အလုံးအရင်း
နောက်ပါနှင့် အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်စဉ်၊ ၄င်း၏ နှမတစ်ဦးမှာ အင်္ဂလိပ် အစိုးရ
အနှောက်အယှက်ကို ကြောက်လန့်၍ အောက်ပြည်အောက်ရွာသို့ ထွက်ပြေးတိမ်းရှောင်လေ
ရာ။ ထိုတွင်ပင်အိမ်ထောင်ကျလျက်သားဖြစ်သူမှာ နယူးဘားမား အယ်ဒီတာဟောင်း ဦးဘ
လှိုင်ဟု ကြားသိရ ပေကြောင်း၊ မှန်သည်မှားသည်ကိုကျွန်တော်မသိပါ။ ဦးဘလှိုင်သာ ဖြေ
ရန်ရှိလေသည်။ ဦးမင်းရောင်အား စစ်ဘာရီတပ်သားများ ပစ်ခတ်ခေါင်းဖြတ်ယူခဲ့ကြောင်း
နတ်မောက်သို့ ရောက်သောအခါ သတင်းဖြစ်ပွားရာ၊ ကျွန်တော်၏ ဘိုးအရင်းနှင့် အခြား
ဦးမင်းရောင်ကို သိသူလူကြီးများ (အချို့ ယခုတိုင် နတ်မောက်တွင်ရှိပေသေးသည်။) သွား
ရောက်ကြည့်ရှုလေသည်။ ယင်းသော အခါ ဦးမင်းရောင် မျက်နှာတွင်ရှိသော မှည့်မှာ အ
နည်းငယ် ရွေ့သလိုလိုရှိသည်ဟု၊ ကျွန်တော့်အား လူကြီးများက ပြောပြဖူး သလိုလိုရှိပါ
သည်။ လူရှင်စဉ်နှင့် သေစဉ်မှာ အနည်းငယ်ရုပ်ပြောင်းတတ်သည်ကိုလည်း သတိမူရာ
သည်။ ၄င်းပြင် ဦးမင်းရောင်၏ လည်ပင်းမှာ တိုနေသည်ကို တွေ့ရသည်ဟု မှတ်ဘူးပါ
သည်။ သို့သော် ကျွန်တော်၏ ဘကြီးပြောဆိုချက် အတိုင်းကား ဤသို့လည်ပင်းတိုသည်
မှာ၊ လည်ပင်းရင်းမှ ခေါင်းကို မ ဖြတ်လာ၍ ဖြစ်ကြောင်း ဟူသည်ကို စဉ်းစားသော် အ
တော်ပင်ယုတ္တိရှိချေသည်။ တဖန် သွားရောက်ကြည့်ရှုကြသူ လူကြီးတိုင်းက ဗိုလ်လရောင်
ခေါင်း အစစ်အမှန်ဟု ဆုံးဖြတ်ကြလေသည်။ ကျွန်တော်၏ ဘိုးအရင်းကပင်လျှင် ၄င်း၏
ယောက္ခမ မယ်စိုးအား၊ မယ်စိုး ဗိုလ်လရောင် ခေါင်းတော့ အမှန်ဘဲ ဆွမ်းသွတ်ချင်လည်း
သွတ်ပေတော့ ဟူ၍ပြောဆိုကြောင်း၊ သို့သော် ကျွန်တော်၏ ဘေးမနှင့် အဘွားတို့မှာ ဘာ
အကြောင်းကြောင့်မသိ၊ မယုံကြည်ကြဟု မှတ်သားဘူးပါသည်။ ဤတွင်စဉ်းစားရန်ပင်၊
သွားရောက်ကြည့်ရှုကြသူ ဒိဌသက်သေများက ဟုတ်ပါသည်ဆိုချက်ကို၊ နေရာမထဘဲ နေ
သူများက မယုံဆိုသည်မှာ၊ မည်သည့်အရာက ပိုမိုမှန်ကန်သည်ကို စဉ်းစားရန် ရှိလေသည်။
သွားရောက်ကြည့်ရှုကြသူများမှာဦးမင်းရောင်ရှင်စဉ်တွင် ၄င်းအား သိကြသူများဖြစ်သည်ကို
လည်း သတိချပ်ရာသည်။ မယုံသည့်သူများ၏အကြောင်းကို ရှာဖွေသော်၊ မြန်မာများ မယုံ
တတ်သော သဘောအလိုမှတပါး အခြားမမြင်ချေ။ လွန်ခဲ့သောသာယာဝတီ သူပုန်ခေါင်း
ဆောင် ဆရာစံမိ၍ ၄င်းဓါတ်ပုံကို သတင်းစာများတွင် ကြော်ငြာလိုက်သောအခါငယ်စဉ်က
ပုံတူကူးထားသည်နှင့် ခေါင်းမော့ရိုတ်ထားသည်ကို သမန်ကာရှန်ကာ ကြည့်ပြီးလျှင်၊ ဆရာ
စံမဟုတ်ဟူ၍ပင် အချို့ငြင်းနေကြသည်ကို တွေ့ရပေသည်။ ဤသည်ကိုလည်း ထောက်ရာ
သည်။ ၄င်းဦးမင်းရောင်၏ နှမတော်သူဆိုသူက၊ ဝမ်းရောဂါနှင့် သေဆုံးသည်ဆိုသည်မှာ
အများပြောဆိုချက်ကို ကြား၍ ပြောပေလိမ့်မည်။ ၄င်းသေချာစွာသိဟန်မတူ၊ ဤအချက်မှာ
ဦးမင်းရောင်၏ညီ ဦးမင်းမောင်မှာ ၂-မြို့ဝန် ဖြစ်သည်ဟုပြောဆိုချက်က သက်သေခံ၍ နေ
ပေသည်။ ဦးမင်းမောင်မှာ ၂-မြို့ဝန်မဟုတ်ပါ။ သုံးမြို့ဝန်ဖြစ်ပါသည်။ သေချာစွာသိလိုလျှင်၊
မန္တလေးမြို့တွင် ယခုနေထိုင်လျက်ရှိသော ၄င်း၏ သမီး ခင်ခင်ကြီး (ခင်ခင်လေး ဆိုသော
သ္မီးကား၊ ကွယ်လွန်ရှာလေပြီ) နှင့် မွေးချင်းများကို စုံစမ်းပါလေ။ ၄င်းနေထိုင်ရာ ရပ်ကွက်
ကိုသေချာစွာသိလိုက နတ်မောက်တွင် သိသူများကို စုံစမ်းပါလေ။ဦးမင်းမောင် သေဆုံး
သည်မှာကား ၁၇-၁၈နှစ်ခန့်မျှ ရှိလေပြီထင်ရပါသည်။ ၄င်းပြင် ဦးမင်းရောင်အား၊ ၄င်း၏
အဘွား မယ်ခဲက ဆက်နွယ်သော အဆွေ အမျိုးများမှာ၊ မြို့သစ်အပိုင် ကိုင်းရွာတွင်ရှိလေ
သည်။ ဤဘော်ပြချက်များကို ထောက်ထားလျှင်၊ ဦးမင်းရောင်မှာ ခေါင်းဖြတ်ခံရသည်ဟု၊
ကျွန်တော် ယခင်လက ရေးခဲ့သည်မှာ အမှန်ဟု ယူဆထိုက်ပါကြောင်း၊ ကျွန်တော် ရေးလို့
မို့ မှန်သည်ဟု မဆိုလိုပါ၊ အကြောင်းအရာ အဖြစ်အပျက်ကို ကြည့်၍(Logic of Events) ဤသို့ ရေးသားခြင်းဖြစ်ပါသည်။
ဦးမင်းရောင်ကား စိတ်ထက်မြက်၏၊ ရွတ်ရွတ်ချွန်ချွန် လုပ်တတ်၏။ ရက်စက်၏၊ ၄င်း၏
ညီ ဦးမင်းမောင်ကား ပြော့ပျောင်းချိုသာ၏။ စိတ်နှလုံးနူးညံ့၏၊ စောင်းအတီးတော်၏၊ သီ
ချင်းဆိုကောင်း၏၊ အခါတပါး ကြက်သား စားချင်၍ ညီဖြစ်သူအား အသတ်ခိုင်းသော အခါ၊
ဦးမင်းမောင်မှာ စိတ်နှလုံးနူးညံ့သည့်အတိုင်း ကြက်မသတ်ဖြတ်ဘဲ နေရာ၊ ဦးမင်းရောင်
ကိုယ်တိုင်သတ်ဖြတ်၍ ချက်ပြုတ်စားသောက်၍ပြီးလျှင်၊ အကျန်ဟင်းများကို ညီဖြစ်သူအား
မကျွေး၊ ခွေးကျွေးပစ်သော ဟူ၍၊ ၄င်းတို့၏ အဘွားမယ်ခဲ၏ မယ်ကြီးပုန် ဈာပနတွင်ဦး
မင်းမောင် တပည့်ကတဘက်၊ ဦးမင်းရောင်တပည့်က တဘက် လက်ဝှေ့သတ်စေသောအခါ၊
ညီဖြစ်သူလူက နိုင်လေသဖြင့် ဦးမင်းမောင်က၊ ၄င်း၏လူကို ပဝါတပိုင်ဆုချရာတွင် ဦးမင်း
ရောင်က မခံချင်၍၊ ၄င်း၏လူကို ပုဆိုးတထည် ဆုချသောဟူ၏။ ဤသည်တို့လည်းတရပ်၊
ဦးမင်းရောင်၏ တပည့်လက်သားများမှာ မိုက်ပေ့ဟူသည့် လူများသာဖြစ်ကြောင်း၊ ၄င်း၏
တပည့် မောင်တုတ် ဆိုသူမှာ၊ ဇာတ်ပွဲများတွင်၊ လူပျက်လက်စွဲများက ပြက်လုံးထုတ်သည့်
အခါ အခြားသူများ အားလုံးရယ်မောပြီးမှ ၄င်းတယောက်တည်း ကျယ်လောင်စွာ ရွဲ့၍ ရယ်
မောတတ်ရာ ဦးမင်းရောင်မှာ လွန်စွာသဘောကျသဖြင့် သည်လိုလုပ်သည့်အခါတိုင်း ဆု
အမြဲပေးသော ဟူ၏။ ဤသည်လည်း တဌာန၊ အင်္ဂလိပ်များကို ခုခံ၍ (Gueerrilla) ပြေး
လိုက်တိမ်းလိုက် တိုက်ခိုက်နေစဉ်၊ ညီဖြစ်သူက လက်နက်ချရန် အတန်တန်စာရေးပြောဆို
သော်လည်း၊ အဆုံးတိုင်တိုက်ခိုက်သွားလေသည်၊ ၄င်း၏တပ်ထဲတွင် စားဖိုကဲ၊ စာတော်ဘတ်
စသည်ဖြင့် အမှုထမ်းသူများ အချို့ကို၊ ကျွန်တော်ငယ်ငယ်အခါက ၄-၅-၁၀ နှစ်ရွယ်က ရှိ
သေးလေသည်။ ယခုကား မရှိသလောက် ရှားနေပေပြီ။တခါကတိုးတက်ရေး မဂ္ဂဇင်းတွင်၊
၎င်း၏တပည့် အဘိုးကြီးတဦးကို စာရေးဆရာ ဇေယျ တွေ့ခဲ့၍ ဆရာကြော့ရေး၊ ၄င်း၏ ဘုန်း
တော်ဘွဲ့ပါ ရေးသားချက်ကို ဘတ်ရှုဘူးပါ၏။ ဆရာကြော့သည် ရံဘန်ရံခါ ဗိုလ်လရောင်ထံ
သို့ ကဗျာများရေးသားဆက်သွင်း ဆုလာဘ်များ ရခဲ့ကြောင်းကို မှတ်သားရဘူးပါသည်။ ဦး
မင်းရောင်မှာ ရွတ်ပင်ရွတ်သော်လည်း လူကြီးသူမများကို ၄င်းနှင့် ၄င်းညီ-၂ဦးစလုံးပင် အ
ထူးရိုသေ ကိုင်းရှိုင်းသောဟူ၏။
အညာသားကလေး
သူရိယမဂ္ဂဇင်း၊ ၁၉၃၅၊ ဩဂုတ်
လောကဝိဟာ
မောင်အောင်ဆန်း
မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းသို့တိုင် ဖြစ်ပျက်နေသော ရေ၊ မြေ၊ တော၊ တောင်၊ လူ၊
ဆိတ်၊ ကျွဲ၊နွားတည်း ဟူသော သတ္တသင်္ခါရ၊ ဩကာသလောက ကြီးသည်ကား ငါတို့အားလုံး
အဘိုး မပြတ်နိုင်သောဝိဇာ ပညာကို၊ သင်ရာ-ယူရာ-ကြားရာ-မှတ်ရာ- တက္ကသိုလ်ကျောင်းကြီး
အစစ်ပင်တည်း။ငါတို့သင်ကြားရာ ဘာသာရပ်များကား - သဘာဝဓာတ် အလျောက် ပေါ်ပေါက်
လာသော ကမ္ဘာ့အစဉ်ကျမ်းကြီးတွင် ရှိပေ၏။ ထိုကမ္ဘာ့ အစဉ်ကျမ်းကြီးတွင် ပထမပိုင်း၌ကား
လူဟုခေါ် အပ်သော ငါတို့ သဘောအကြောင်းပါ၏၊ ဒုတိယပိုင်းတွင် ငါတို့တည်ရာ အပြင်ပ
အမြင်အထင်ဖြစ်သော သဘာဝတရားနှင့် တွေ့ကြုံ၍ ငါတို့သဘောအလျောက် ဖြစ်ပေါ်လာသော
ဓမ္မတာ ဆန္ဂအာသီသက လှုံ့ဆော်သည့် အတိုင်း အပြင်ပသဘာဝတရားအတွင်း ရှိသမျှကို၊ ရှာ
ဖွေစုံစမ်းရာ အခန်းပါ၏။ တတိယပိုင်းကား - သို့ ငါတို့ရှာဖွေရာတွင်စခန်း အမျိုးမျိုးတည်း
ဟူသော လောကဓံတရား ရှစ်ပါးတို့ကို တွေ့ရ၏။ ၄င်းနောက် စတုတ္ထပိုင်းသို့ ရောက်သော
အခါ၊ ငါတို့လောကဓံတရားဘေးကို လွတ်ရာလွတ်ကြောင်း-နည်းလမ်းကောင်း ရှာရာ အခန်း
ဖြစ်ပေ၏။လောကပြဿနာ အမျိုးမျိုးပေါ်လာ၏။ ပဉ္စမပိုင်းကား- လောကပြဿနာ အမျိုးမျိုးကို
ဖွေရှာ ရာတွင် ဖြေရှင်းရသမျှအထိ၊ သိရသော လောက ဝတ္တရားများ ပေါ်လာ၏။ ထိုဝတ္တရားများ
ကို ပျက်ကွက်ခြင်း၊ ကြေပြွန်ခြင်းနှင့် စပ်လျဉ်း၍ အခွင့် အရေးများပေါ်လာ၏။ ဆဌမ အပိုင်း
တွင်ကား ထိုဝတ္တရား - ထို အခွင့်အရေးများကို အခြေတည်ခါ၊ ငါတို့ တိုးတက်၍ တောထက်
တက်နေသည်ကို တွေ့ရ၏။ သတ္တမပိုင်းတွင်ကား - ထိုတောခုတ် တက်ခါ၊ တိုး၍ တိုး၍ ဖြေရှင်း
ရသော လမ်းအရ - မျှော်ကြည့်ရာ ၊ လမ်းလွဲသည်၊ လမ်းမလွဲဘူးဟု ဝိုးတိုးဝါးတား မိမိ သိရှိပြီး
ဝတ္တရား အခွင့်အရေးတို့ကို ဆုံးဖြတ်ရန် ခဲယဉ်းသော အခန်းဖြစ်ပေ၏။ ယခုငါတို့ သင်ကြားနေ
ရသော အခန်းပင်ဖြစ်ပေသည်။ ငါတို့ ရှေ့ အပိုင်းများ ဘာတွေ့၍ ဘာမှတ်ရသဖြင့် ဘာကို မြင်ရ
ဦးမည်ကို မသိနိုင်သေး။
ရာဇဝင် အစုံစုံကို ကြည့်မည်ဆိုလျှင်၊ ပထမ လူရိုင်းခေတ်၊ ထို့နောက် အိမ်ထောင်ရာချ ပြုသော
ခေတ်၊ နောက် တစ်ဦးနှင့် တစ်ဦး ကူးလူဆက်ဆန် ခိုက်ရန်ဖြစ်ပွား၊ လောဘမီး၊ ဒေါသမီး တောက်
လောင်သော ခေတ်ဖြစ်၏။ ထို့နောက် ထိုခေတ်ကို လွန်၍ စားရေးသောက်ရေး နေရေး၊ ထိုင်ရေး၊ ကာ
ကွယ်ရေး ပေါ်လာ၏။ သို့ပေါ်လာသဖြင့်မင်းကျင့်တရား ဆယ်ပါး၊ သင်္ဂဟတရားလေးပါး စသော
ဝတ္တရား များကို ကျေပြွန်စွာ ထမ်းဆောင်ခြင်းမရှိ။ ပျက်ကွက်၍ ဝေသန္တရာ မင်းကြီးသည် တိုင်းပြည်
မှ ထွက်သွားရ၏။ သီဟဗာဟု မင်းသားသည် တိုင်းပြည်မှ အနှင်ခံရ၏။ အင်္ဂလန် ဂျွန်ဘုရင်အား
ပြည်သူ့တရားကို စောင့်ထိန်းစေရန်၊ မက်ကာကာဘာစာချုပ်ဖြင့် ချုပ်ခဲ့၏။ ပြင်သစ်ပြည်တွင် ထို
ဝတ္တရားပျက်ကွက်သော အခါ၊ အခြားမပျက်ကွက်သူတို့က ပျက်ကွက်မှု အပေါ်တွင် အရေးယူရမည်။
ပျက်ကွက်သူကို ဖြိုဖျက်ရမည်ဟု ဆရာကြီး၊ ရူစူးက အခွင့်အရေး တွင်ခဲ့၏။
ထို့နောက် - ရေ-မြေ-လေ သုံးရပ်ကို အဆုံးသတ်တွေ့ပြီဟု ထင်မှတ်ကြ၏။ မော်တော်ကား၊ မီး
ရထား၊ လေယာဉ်ပျံ၊ လျှပ်စစ်ဓာတ်မီး၊ သင်္ဘော တို့ကား ဤသို့ထင်မှတ်ခြင်းကို ဖြစ်စေ၏။ သို့ရာ
တွင် ကမ္ဘာစစ်ကြီး အကြီးအကျယ် ဖြစ်ခဲ့၏။ လူပေါင်းများစွာ သေခဲ့၏။ သန်းပေါင်းများစွာ ကျိုး
ခဲ့၏။ ပဲ့ခဲ့၏။ကမ္ဘာ့ လူစွမ်းကောင်းတွေ ဆုံးပါးပျက်စီးကြ၏။ ကမ္ဘာ တခုလုံး အိုးထိန်းစက်၌ ချာ
ချာလည်၍သွား၏။ များစွာသော လက်ရှိ အခြေအနေများ လွင့်စင်ပြိုပျက် ဖရိုဖရဲ ကစင့်ကလျားဖြစ်
ကြ၏။ ငတ်မွတ်ရှားပါးသော ဘေး ရောက်လာ၏။ အိမ်၊ မီးသင်္ဘော၊ လေယာဉ်ပျံတို့နှင့် ဤမျှကြီး
ပွားပါလျက် အသို့လျှင် ငါတို့ ဘိုးဘေးထက် ကျပ်တည်းရပါသနည်း။ ယင်းသော အခါ ငါတို့တွေ့
ကြပြန်၏။ မျှော်ခေါ်ကြပြန်၏။ ဓနရှင်စက်၊ နိုင်ငံချဲ့ထွင်ရေးစက်။ ဤစက်တွေ ကို ယခု ဝတ္တရား
အခွင့် အရေးတွေက အားပေးနေ၏။ ဆင်းရဲသားတိုင်းပြည်သစ် တည်ထောင်က ကောင်းယောင်တ
ကား-။ ဆုံးဖြတ်ရန် ခဲယဉ်းနေ၏။ မပြီးပြတ်သေး။ ရုရှားပြည်တွင်ကား ဆုံးဖြတ်ထားပြီး ပြီဟုဆို
၏။ စပိန်တွင် ဆုံးဖြတ်နေဆဲ။ သို့သော် ကမ္ဘာ့ အစဉ်ကျမ်းကား - ကျယ်ဝန်း လှချေ၏တကား။
ငါတို့ ရှေ့ဆက်၍ သင်ကြားရဦးမည်။
ယခုရှိသော သန်းပေါင်းများစွာသော စာအုပ်စာပေတို့ကား ဤကမ္ဘာ့ အစဉ်ကျမ်းမှ ထုတ်နုတ်ချက်
များသာ ဖြစ်ပေ၏။ သို့သော် ဤကမ္ဘာ့ အစဉ်ကျမ်းကို ငါတို့မည်သူမျှ မိမိရရ မရှိသဖြင့် အမျိုး
မျိုး ဖြစ်နေကြပေ၏။ ငါတို့ မြန်မာလူမျိုး အများကား ဗုဒ္ဓဘာသာ တရားကို ကိုးကွယ်ယုံကြည်ကြ
၏။ ငါတို့အဘို့ အန္တိမ နောက်ဆုံး အမှန်ဆုံးစကားပေတည်း။ သို့ အတိုင်း မဟာမေဒင်၊ ခရစ်ယန်
ဘာသာ ဝင် အစရှိသည်တို့သည်လည်း ၄င်းတို့ ဘာသာ ကျမ်း တို့ကို ရိုသေ၏။ ကိုင်းညွတ်၏။
၎င်းတို့ အဘို့ သစ္စာတရားဖြစ်၏။ ငါတို့ ဤသို့ ကိုးကွယ်ကြသော ဂေါတမ မဟာမက်၊ ခရိုတ် -စ
သော ဆရာကြီးတို့ကား - ကမ္ဘာ့အစဉ် ကျမ်းကို ၄င်းတို့သည် အသီးသီး သဘောပေါက် သည့်အ
တိုင်း ကမ္ဘာသူ ကမ္ဘာသားတို့အား တရားများ ထားခဲ့ ကြပေ၏။ ၄င်းတို့ သွားအပ် ရှာဖွေအပ်သော
လမ်းများကား အဘယ်နည်း။ အဘယ်ကို အခြေထား၍ ရှာ ကြပါသနည်း။ ၄င်းတို့ ရှာဖွေသည်ကို
အကယ်ပင် တွေ့ကြပါပြီလော။ မည်သို့ဖြစ်စေ ၄င်းတို့ တရားများသည် တရား အဟုတ်ပင်ဖြစ်စေ
ကာ မူ ငါတို့သည် ကမ္ဘာ့ အစဉ်ကျမ်းကြီးကို နားလည်သည်နှင့် အမျှသာ သိကြသေး၏။ ထိုကမ္ဘာ့
အစဉ်ကျမ်းကြီးကား လောကဝိဟာတည်းဟူသော လောကတက္ကသိုလ်ကျောင်း၌သာ ရှိ၏။ ထိုလော
က တက္ကသိုလ်နေ၍ ငါတို့ အချင်းချင်း တွေ့ဆုံကြ၏။ နှီးနှောကြ၏။ ပြုလုပ်ကြ၏။ တွေးဆကြ၏။
အသင်းထောင်ကြ၏။ အသင်းအုပ်ချုပ်ကြ၏။ အသင်းစီမံကြ၏။ ခေါင်းဆောင်ရှိ၏။ နောက်လိုက်
ရှိ၏။ လူဆိုးများကိုလည်း တွေ့ရ၏။ လူကောင်းများကိုလည်း တွေ့ရ၏။ ရုပ်ဆိုးသော်လည်း အ
တွင်းစိတ်မရိုင်း၊ ရုပ်လှသော်လည်း တံလျှိုဖြစ်တတ်ခြင်း အစရှိသဖြင့် ငါတို့လောက တက္ကသိုလ်
တွင် ထင်ကြ မှတ်ကြရ၏။ ငါတို့ဘတ်သော စာအုပ်များကို ထိုတွေ့မြင်သည်နှင့် ကိုက်၏။ မ
ကိုက်၏။ မကိုက်သော် ငါမှားသလား၊ သူမှားသလားဟု တဘန်သင်စရာ ပေါ်ပြန်၏။ ဤသို့
လျှင် ငါတို့ သင်၍ သင်၍ ချည်းနေကြ၏။ ဤသို့ လောကဝိဟာတွင် ငါတို့သင်ရသော ပညာ
ကား ပညာစစ်ဟု ယူဆအပ်၏။ ထိုပညာကား ဘီ-အေ-ပဌမကျော် ဟူ၍ သတ်မှတ်ရန် မစွမ်း
နိုင်၊ မချိန်နိုင်- ထိုပညာစစ်ရတနာကို ယခုငါတို့ တသက် လောကဝိဟာ အတွင်းရှိခိုက် မိမိ
ရရ ယူရန်ကား ငါတို့၏ လောကဝတ္တရားကြီးပေတည်း။
မျိုးညွန့် မဂ္ဂဇင်း၊ ၁၉၃၇ စက်တင်ဘာလ။
ဗမာ့ ကာကွယ်ရေးတပ်မတော် သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း (ယခုစစ်ဝန်ကြီး) ၏ ဥယျောဇဉ်
နာမည်ကျော် ရှေးပညာရှိ လက်ဝဲသုန္ဒရ အမတ် ရေးသားစီရင်အပ်သော သေနင်္ဂဗျူဟာ
စစ်သမိုင်းနှင့် ဗျူဟစက္ကိ ပျို့ နှစ်ရပ်ကို တည်းဖြတ်သူဦးဘသောင်းက ပေးပို့လိုက်သဖြင့် ဘတ်
ကြည့် ရပေသည်။ အထူးဝမ်းမြောက်လှပေ၏။ ယခင်က သေနင်္ဂဗျူဟာကျမ်း ဗမာဘာသာဖြင့် ရှိ
သည်ကို သိရှိခဲ့၏။ သို့သော် ရှာလည်း မရှာအား တွေ့လည်း မတွေ့ခဲ့။အချိန်ကလည်း မရောက်
သေးသည်နှင့် အခြားကိစ္စများကိုသာ လေ့လာခဲ့ရပေသည်။ လွန်ခဲ့သော သုံးနှစ်ခန့်က ဗမာနိုင်ငံ
လွတ်လပ်ရေး အတွက် နယ်ချဲ့ အင်္ဂလိပ် အစိုးရအား လက်နက်ဖြင့် ထူ ထောင်ခြားနား နိုင်ရန်
လိုအပ်သော လက်နက် ခဲယမ်းမီးကျောက်များ ရရှိနိုင်ရန်နှင့် စစ်ပညာ ဗဟုသုတ တိုးပွားရန်
အလို့ငှာ၊ ကျွန်ုပ်သည် ဗမာနိုင်ငံမှ ဝါးရမ်းပြေးပြီး၊ တိတ်တဆိတ် နိပွန် နိုင်ငံသို့ ထွက်သွားခဲ့
၏။ နိပွန်နိုင်ငံတွင် စစ်ဖက်ဆိုင်ရာ စာအုပ်အချို့ကို အင်္ဂလိပ်ဘာသာဖြင့် တွေ့၍ ဝယ်ဖတ်
ကြည့်၏။ ထိုစာအုပ်များအနက် (Roots of Strategy) ခေါ်စာတအုပ်တွင် ကမ္ဘာ အရပ်ရပ်
မှ ထိပ်သီး စစ်သူကြီးနှင့် စစ်ပါရဂူတို့၏ မှတ်သားဖွယ်ရာ စစ်ဗျူဟာ အကြောင်းရေးသားချက်များ
ကို ဖတ်ရှုရပေသည်။ထိုစာအုပ်မှာ နှစ်ပေါင်း ၃၀ဝ၀ ကျော်က တရုပ်နိုင်ငံ ဆွန်ဇူး (Sun Tzu)
ခေါ် စစ်ပါရဂူ ကြီး၏ မိန့်ကြားချက်များမှ အစပြု၍ ခေါမ-ရောမ- ဥရောပ နိုင်ငံတို့ ၌ ကျော်ကြား
ခဲ့သော စစ်ပါရဂူများ၏ အရေးအသားနှင့်တကွ ယခုခေတ် ဟစ်တလာ-မူဆိုလီနီ တို့ မပေါ်မှီ
ဥရောပတတိုက်လုံး တုန်လှုပ်ချောက်ချားစေခဲ့သော နပိုလီယံ စစ်သူကြီး၏ ဥပဒေသများ ဖြင့်
အဆုံးသတ်ထားပေ၏။ တရုပ်စစ်ပါရဂူ ဆွန်ဇူး (Sun Tzu) ၏ သေနင်္ဂဗျူဟာ သံခိပ်သည်
အနှစ်သုံးထောင်ကျော်မျှ ဟောင်းခဲ့ လင့်ကစား၊ စကားလုံးများမှာ ယခုတိုင်သစ်လျှက် ရှိသေး
သည်။ ယခု မဟာအရှေ့အာရှနယ်အဝှမ်းတွင် လက်ရုံးမီး တောက်ပလျက်နေသော နိပွန် နိုင်ငံ
တော်ကြီးသည် စစ်မှုစစ်ရာတွင် ဤတရုပ်စစ်ပါရဂူကြီး ဆွန်ဇူး၏ နည်းနိဿယ ဩဝါဒများ
ကို အထူးလိုက်နာကြောင်း ထိုစာအုပ်မှ မှတ်ခဲ့ရသည်။ အရှေ့တိုင်းသားဖြစ်သော စစ်ပါရဂူ
ဆွန်ဇူး၏ သေနင်္ဂဗျူဟာကျမ်းကို ကမ္ဘာ့ထိပ်သီးစစ်ရေးစစ်ရာ စစ်စာပေတွင် တင်ရကြောင်းသိ
ရသည့်အခါ အထူးအားရ၏။ အားတက်၏။ဝမ်းမြောက်၏။ အရှေ့တိုင်းနိုင်ငံများ၌ ကမ္ဘာ့ယဉ်
ကျေးမှု စကြောင်း တက္ကသိုလ် ကျောင်းတွင်နေစဉ်က ရာဇဝင်စကား သင်ကြားသိရှိခဲ့ ရသော်
လည်း နှစ်ပေါင်း ၂၀ဝ-၃၀ဝ မျှ အောက်ကျ နောက်ကျ ဖြစ်နေသော အရှေ့တိုင်းသားပီပီ (နိပွန်
မပါ) အာရှသွေး-အာရှမာန် တို့မှာ အမှတ်မဲ့ အေးစက်နေခဲ့ရာ ဆွန်ဇူးကိုတွေ့မှ ပြန်နိုးလာပေ
တော့သည်။ “ တို့အရှေ့ - တို့အာရှလဲ၊ ဘယ်ဘက်ကမှ မညံ့ပါဘူး” ဤသို့ ကျွန်ုပ် အားတက်
မိပေ၏။
ထိုအခါ တွင်မှ ဗမာနိုင်ငံ၏ ရာဇဝင်ကို ပြန်ပြောင်းသုံးသပ်မိပေသည်။ စစ်သူကြီး
မဟာဗန္ဓုလ အား အင်္ဂလိပ်ရန်သူများကပင် (Military Genius) စစ်ပါရဂူ စစ်ဧကဒဂ် ရ
ဟုခေါ်ခဲ့ ကြသည် မဟုတ်လော။မဟာဗန္ဓုလ စစ်သူကြီး၏ ရခိုင်ပြည် အစွန်အဖျား ရာမူး
မြို့ (ပန်ဝါ) မှ သားရဲတိရစ္ဆာန် တို့ဖြင့်ထူပြောသော တောတောင် အတန်တန်တို့ကို လမ်းမရှိ
ပန်းမရှိ ရန်ကုန်အရောက် ကျော်ဖြတ်ချီတက်လာခဲ့ပုံမှာ ရန်သူများလက်ဖျားခါရ၍ ကမ္ဘာ့ ရာ
ဇဝင် ရောမတိုင်း စစ်သူရဲစစ်သူကြီး ဟန်နီဘော် (Hanibal) ၏ စစ်ချီခြင်း ကဲ့သို့ မော်ကွန်း
တင်ထိုက်ပေသည် မဟုတ်ပါလော။ မဟာဗန္ဓုလ စစ်သူကြီး၏ ဓနုဖြူ ခံတပ်မှာ ခြီးမွမ်းအပ်
သော စစ်အင်ဂျင်နီယာ (ဗိသုကာ) အတတ်အဖြစ်ဖြင့် မော်ကွန်းမထိုးအပ်ပါသလော။ ဘုရင့်
နောင်ကျော်ထင်နော်ရထာ၏ ပြည်မြို့တိုက်ပွဲစိတ်ဓါတ်မှာ ယခုကမ္ဘာတွင် ဗိုလ်စွဲနေကြသည့်
နိပွန်၊ ဂျာမဏီ အစရှိသည်တို့၏ စိတ်ဓါတ်မျိုးပင် မဟုတ်ပါလော။ ယိုးဒယား-အာသံ-မဏိ
ပူရ် သွားရောက်တိုက်ခိုက်ခဲ့စဉ်က တို့ဗမာများ၏ စိတ်ဓါတ်သည် ဤရဲရဲတောက် ကြံခိုင်သော
စိတ်ဓါတ်မျိုးပင် မဟုတ်ပါလော။ ဆင်ဖြူရှင် မင်းတရားလက်ထက် ယူနန်နယ်စပ်တို့တွင်
တိုက်ခိုက်ကြစဉ်က ရန်သူတရုပ်များက ဗမာ့အစွမ်းသတ္တိ ကိုချီးမွမ်းခဲ့ကြရသည် မဟုတ်ပါ
လော။ အရင်က ကမ္ဘာစစ်ကြီးတွင် အသုံးပြုခဲ့သည့် မြေကတုတ် (Trench) တိုက်ပွဲများကို
ဗမာများက စတင်ခဲ့သည် မဟုတ်ပါလောဟု မေးဖြေကာ အားတက်ခဲ့ပေသည်။ သွေးကြီးခဲ့
ပေသည်။ သို့နှင့်ကျွန်ုပ်သည် ဗမာနိုင်ငံသို့ ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ဦးစီးကာပြန်
ရောက်သော အခါ၌ ဗမာ့ စစ်စကား၊ စစ်သံ၊ စစ်မိန့် စစ်နည်းများကို ဖော်လို၍ သေနင်္ဂ ဗျူ
ဟာကျမ်းကို ရှာဖွေခဲ့သည်။ ကွယ်လွန်သူ ဝန်ကြီးဟောင်း ဦးဘဦးထံမှ အင်္ဂလိပ်လိုတပိုင်း
တစ၊ ဦးဘဦးကိုယ်တိုင်ဘာသာပြန်ရေးသားချက် ကိုရပေသည်။ ထို့နောက် သခင်ကိုယ်တော်
မှိုင်းထံမှ သုဓနု ဇာတ် (မန္တလာဦးကေလာသ ဆရာတော်ရေး) နှင့် ဟိတောပဒေ ဘာသာပြန်
(ဝိဂ္ဂဟကဏ္ဍ) စာအုပ်နှစ်အုပ်ကို ဖတ်ရှုရပေသည်။ ယခုတဖန် ဦးဘသောင်း တည်းဖြတ်အပ်
သော အနည်းငယ် ပိုမိုစုံလင်သော ဤကျမ်းများကို တွေ့ရှိရပေသည်။
ကမ္ဘာစစ်ပါရဂူ တို့၏ အရေးအသားအပြော အဆိုများ ကမ္ဘာ့စစ်ကျမ်း အရပ်ရပ်များကို
လေ့လာစဉ်က နောက်ဆုံးတွင် သေနင်္ဂဗျူဟာ ၏ တရားကိုယ်အချက်အလက်တို့မှာ ယဉ်ကျေး
မှု အခြေအနေပြောင်းသည့်အလျောက် အသွင်ပြောင်း အမြင်ပြောင်း အမည်ပြောင်းလာခဲ့သော်
လည်း ယခုတိုင်အတူတူပင် ဖြစ်ကြောင်းတွေ့ရပေမည်။ဥပမာအားဖြင့် စစ်အင်္ဂါ ၇-ပါး ကို ယခု
အခါ စစ်တိုက်ရာတွင်လည်း လိုက်နာတန်သလောက်လိုက်နာရသည်။ စစ်ဦးခေါင်း သို့မဟုတ်
စစ်လျင်စစ်ဖျားမှာ ကင်းထောက် ရှေ့ပြေးတပ် သဖွယ်ပင်ဖြစ်သည်။ယခုအခါတွင် စစ်လျင်စစ်
ဖျား နေရာကို လေတပ်ဖြင့်သော်၎င်း၊ စက်ယန္တယား (Tank) အပေါ့စားတပ်ဖြင့်သော်၎င်း မော်
တော်တပ်-မြင်းတပ် ဖြင့်သော်၎င်း စေလွှတ်ပေမည်။ သို့သော် သဘောမူကား အတူတူလိုပင်
ဖြစ်ပေမည်။ ဥပမာ ဂဠုန်တောင်ကဲ့သို့ စစ်တိုက်ခြင်း မှာ ယခုတိုင်သုံးနေ ရသော အခြေခံစစ်
ထိုးပုံပင်ဖြစ်သည်။ (Infiltration Tactics) ရန်
သူအား ဝိုက်သိမ်း၍ ဝိုင်းဝန်း၍ ဘေးပန်း၍ တိုက်နည်းသည် ယခုတိုင်သုံးနေရသော သမ
ရိုးကျ လက်ဟောင်းနည်းစနစ် ပင်ဖြစ်သည်။ ယမန်နှစ်က နိပွန်တို့ ဗမာပြည်တွင် အင်္ဂလိပ်-
ချွန်ကင်းရန်သူများကိုဤနည်းဖြင့်တိုက်လိုက်ရာ အထက်ဗမာနိုင်ငံကို အလွယ်တကူသိမ်း
ပိုက်နိုင်ခဲ့လေသည်။မန္တလေးကျပြီးနောက် ရန်သူများသည် လားရှိုး-ဗန်းမော် ဘက်မှ၎င်း၊
မုံရွာ-ကရင်နီ- အထက်ချင်းတွင်း ဘက်မှ၎င်း ဝိုက်သိမ်းပိတ်ဆို့ခြင်းခံရမှန်း သိသည်နှင့်တ
ပြိုင်နက် အိန္ဒိယ နိုင်ငံဘက်သို့ အနည်းငယ်မျှသော ရန်သူတပ်သားများသာ ပြေးသွားနိုင်တော့
သည်။ ဟစ်တလာအသုံးပြုသော ဂျာမန် (Hitler Speaks) စစ်မိရာ ထိုးဖေါက်
တိုက်နည်းသည် ဥဿဘ ဗျူဟာစစ်ထိုးပုံနှင့် ဆင်ဆင်ပင်ဖြစ်သည်။
ယခုခေတ် စစ်ဆင်၊ စစ်တက်၊ စစ်ထိုးခြင်း ကိစ္စများ အလွန်ကျယ်ပြော လာ၍ နည်း
များ လက်နက်များ မှာ ကမ္ဘာ့ယဉ်ကျေး ခြင်း၏ အဆင့်အတန်း မြင့်သလောက် မြင့်လာ၍ အ
ထူးပြောင်းလွဲလာ ရကား စစ်ဗျူဟာ အရပ်ရပ်၌ အခြေခံသဘောအားဖြင့် တူသော်လည်း အသွင်
အားဖြင့် အထူးပြောင်းလာပေသည်။ သို့သော် (Blitzkrieg) ဆိုသည့် ဟစ်တလာ၏ တ
ပည့်ဖြစ်ဖူးသူ ရောရှနီခေါ် ပုဂ္ဂိုလ် ရေးသည့်စာအုပ်တွင် ဟစ်တလာ၏ စစ်ဗျူဟာ ဆိုသည်မှာ
ရှေးရှေး ရဟူဒီ ၏ ကျမ်းများတွင် ကြည့်ကလည်း အတူတူပင်ဖြစ်ကြောင်း၊ ပရိယာယ် ဝေ၀ုစ်
ဥာဏ်ထုတ်လျှင် ဖြစ်နိုင်ကြောင်း စသည်ဖြင့်ပြောပြရာ ၊ ယခု ဟစ်တလာ အသုံးပြု နေသည့်
ဘလစ်ဇကရိ (ြူငအဖုမငနါ) လျှပ်စစ်ကဲ့သို့ လျှင်မြန်စွာ စစ်ထိုးခြင်းမှာ အမည်ဆန်း၍ နည်း
ကောင်းလာသော်လည်း ရှေးက ရှိရင်း စစ်ဗျူဟာမျိုး ပင်ဖြစ်သည်။ ဝါရိဝေဂ ဗျူဟာ နှင့် သ
ဘောဆင်ပေသည်။ ဝါရိဝေဂ ဗျူဟာမှာ နပိုလီယံတို့နောက် စစ်ပါရဂူ ကလော့ဇဝိတ် တို့၏
လက်စွဲ စစ်ဗျူဟာမျိုးနှင့် ဆင်ဆင် ပင်ဖြစ်သည်။ ထို့ကြောင့် ယခု ခေတ်ပြောင်း ခေတ်လွဲ
အခြေအနေ အမျိုးကိုထောက်ကာ ရှေးကရှိသည့် သေနင်္ဂဗျူဟာ ကျမ်းမျိုးကိုလည်း လေ့လာ
အပ်၊ လေ့လာထိုက်သည်သာ တည်း။ ကိုယ့်ဗမာစာ ဖြစ်လျှင် အလျှော်စားဟု အရမ်း မယူဆ
ကြဘဲ၊ ကောင်းရာ နုတ်- လိုရာဖြည့်၍ လေ့လာအပ်ကြပေသည်။
စစ်ဆိုသည်မှာ အနုနည်းဖြင့် ဆောင်ရွက်၍ မရ၍ အခြားနည်းကို သုံးရသော နိုင်ငံ
ရေးတမျိုး ပင်ဖြစ်သည်ဟု ကလော့ဇဝိတ် ဆိုဘူးလေသည်။ စစ်ရေးစစ်ရာမှာ စစ်ဗျူဟာ မျှသာ
မဟုတ် အလွန်ကျယ်ဝန်းပေသည်။ စစ်သူကြီးလုပ်သူသည် နိုင်ငံရေး-စစ်မက်ရေး-စီးပွားရေး
ကမ္ဘာ့အရေး အရပ်ရပ်ကို နှံ့စပ်သိမြင်ရပေသည်။ စစ်တိုက်အဖွဲ့အစည်းသည် အစိုးရအဖွဲ့အ
စည်း အတိုင်းပင်ဖြစ်သည်။ စစ်တိုက်သူ-စစ်အင်အားဖြည့်သူ-စစ်ရိက္ခာ ထောက်ပံ့သူ-စစ်
အုပ်ချုပ်ရေးစီမံသူ-မိုးလေဝသနားလည်သူတို့ နှင့်တကွ ဆင်-မြင်း-ကျွဲ-နွား ရထား အမျိုး
မျိုး ကား- ဆိုင်ကယ်- လေယာဉ်ပျံ- စစ်သင်္ဘော အစရှိသည်တို့ဖြင့် မြောက်များစွာ ပါရှိ
ရလေသည်။
ထို့ကြောင့် စစ်ရေးစစ်ရာ မည်သည် များပြားလှသည်။ ဥပမာ စစ်တိုက်ရာ ၌ မသတ်
ရသော လူလေးပါး (ရန်သူစစ်ပြေး၊ လက်နက်ချသောရန်သူ၊ မိန်းမ၊ ရဟန်း) တို့ကို သုဓနု
ဇာတ် တွင်ပိုင်းခြား ၍ပြထားရာ အထူးမှတ်ဖွယ် ကောင်းသည်။ ယခုခေတ်တွင် (International
Law) နိုင်ငံတကာ လိုက်နာရသည့် စည်းကမ်းဥပဒေများကို စစ်တိုက်ရာတွင် လိုက်နာရပေသည်။
အထက်ပါအချက်များမှာ ဤစည်းကမ်း ဥပဒေတွင်ပါသော မသတ်အပ်သူ များနှင့် အတော်ပင်
တူပေသည်။ ဦးဘသောင်းတည်းဖြတ်သော ပျို့များကို ဖတ်ကြည့်ရာ ဒုတိယပျို့တွင် (Military
History) စစ်ရာဇဝင် သဘော အချက်အလက်များ ပါပေသည်။ ထို့ကြောင့် ဤထက်စုံလင်သော
စစ်ကျမ်းများကို ဗမာ့စာပေမှ နောက်ထပ် ထုတ်ယူနိုင်လိမ့်ဦးမည်ဟု မျှော်လင့်ပါသည်။
ယခုအခါ စစ်တိုက်ခိုက်ကြခြင်းတွင် ရှေးကကဲ့သို့ စစ်မျက်နှာတွင် စစ်ပြိုင်ရသော
စစ်သည်တော်များသာ မက စစ်နောက်ပိုင်း နိုင်ငံသူ နိုင်ငံသားများပါ အနည်းနှင့် အများ
ပါဝင်လာရပြီဖြစ်သဖြင့် ဗမာနိုင်ငံကဲ့သို့ လက်နက်-စစ်အင်အား ချို့တဲ့ နေ၍ လူဦးရေ နည်း
သော နိုင်ငံအဖို့မှာမူ စစ်ရေးကိစ္စတွင် ရှေ့တန်းစစ်သည်တော်တို့နှင့်သာ လွှဲအပ်မထားပဲ
နိုင်ငံသူ နိုင်ငံသားပါ ဝင်ရောက်ဆောင်ရွက်နိုင်ရန် အသင့် ရှိသင့်ကြပေသည်။ စစ်သူကြီး
သည် နယ်မြေတခုကို သိမ်းပိုက်နိုင်လင့်ကစား ထိုနယ်မြေရှိ လူများကို အုပ်ထိန်းစိုးပိုင်
နိုင်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် တိုပဗမာတိုင်း- တို့ဗမာတိုင်းသည် အရေးကြုံက
သက်လုံကောင်းအပ်သည့် အလျောက် စစ်ရေး စစ်ရာများကို လေ့လာနိုင်သမျှ လေ့လာကြ
စေလို။ ။
အောင်ဆန်း
၁၃၀၅-ခု ဝါဆိုလဆန်း ၆ ရက်။
ဦးဘသောင်း (တည်း) သေနင်္ဂဗျူဟာ စစ်သမိုင်း
ရန်ကုန် ဟံသာဝတီပိဋကတ် ပုံနှိပ်တိုက်၊ ၁၃၀၅ ခု။
ကမ္ဘာစစ် နှင့် ဗမာ
ရေးသူ သခင်အောင်ဆန်း
ကမ္ဘာ စစ်နှင့် ဗမာပြည်အကြောင်း စာကြောင်းရေ ခြောက်ဆယ်ထက်မများဘဲ ရေးစမ်းပါဟု မိတ်ဆွေ
တဦးကပြောသဖြင့် ရေးလိုက်ရပေသည်။ ရေးချင်တာတွေ များလွန်း၍ တိုတိုတုတ်တုတ် သာဖေါ်ပြ
နိုင်သည်။ယခုစစ်ဖြစ်လျှင်ဖြစ်ခြင်း စစ်ရည်ရွယ်ချက်များ ထွက်လာ၏။ အင်္ဂလိပ်က၄င်း ပြင်သစ်က၄င်း ဂျာမ
ဏီက ၄င်း၊ သူ့ရည်ရွယ်ချက်များကို အသီးသီး ကျေညာကြ၏။ စင်စစ်မှာ ဤသို့ ပြုလုပ်ခြင်းတို့သည်
ကမ္ဘာရှိ တိုင်းကြီးပြည်ကြီးတို့အား မိမိတို့ဘက်မှ အလေးတင်းလာအောင် ပြောရိုးပြောစဉ်အတိုင်း
ပြောခြင်းမျှသာဖြစ်လေသည်။ ထို့ကြောင့် စစ်ရည်ရွယ်ချက်များမှ အပ စစ်ဖြစ်ခြင်း၏အကြောင်းရင်း
ကိုစဉ်းစားလျှင် လူတဦးက တဦး တတန်းစားက တတန်းစား တနိုင်ငံက တနိုင်ငံကို အနိုင်ကျင့်
နေသော သွေးစုပ်နေသောဝါဒ (ဝါ) ဓနရှင်ဝါဒ လွှမ်းမိုးသမျှ စစ်ဖြစ်မြဲဖြစ်မည်ပင်။
ယခုဖြစ်နေကြသည့် စစ်များကို ဆန်းစစ်လျှင် ဂျပန်က တရုပ်ကို ဂျပန် ဓနရှင်များ အတွက်လိုချင်၏။
တရုပ်ပြည်တွင် အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ် စသော အနောက်နိုင်ငံ စားဘားကြီးများကို မရှုလို
သူတဦးတည်း စားလိုဝါးလို၏။ ဂျာမဏီ နှင့် အင်္ဂလိပ်-ပြင်သစ်တို့ စစ်မှာလည်း အကြံတူ-ရန်သူ
ဖြစ်ခြင်းပင် ဖြစ်၏။ ဖင်လန်ပြည်တွင်းစစ်မှာ ဓနရှင် နှင့် ဆင်းရဲသား တိုက်ပွဲဖြစ်၏။ ဤကား ယခု
တည်ရှိနေသော အမြတ်အစွန်းကိုသာ ပဓာန ထားသည့် ဓနရှင်စနစ်၏ ဖြစ်မြဲ အစဉ်သာဖြစ်၏။ မထူးဆန်း။
ငါတို့ကား စစ်ဖြစ်ခြင်းကို အလိုမရှိ၊ တဦးကတဦး၊ တတန်းစား က တတန်းစား၊ တနိုင်ငံက တနိုင်
ငံ စသည်ဖြင့် နိုင်ရာ ညှင်းပန်းခြင်း အမျိုးမျိုးတို့ကို အနည်းငယ်မျှ အလိုမရှိ၊ သို့ အလိုမရှိသည့်
အလျောက် ငါတို့နိုင်ငံသူနိုင်ငံသားများအား ကျွန်လုပ်၍ စိုးမိုးနေသော နယ်ချဲ့ စံနစ်ကို အလိုမရှိ
ဖြိုဖျက်လို၏။ ဖြိုဖျက်မည်ဟု အဓိဌာန် ပြုထား၏။ ငါတို့က နယ်ချဲ့စနစ်ကို ဖြိုဖျက်လိုသည်မှာ
အကြောင်းမဲ့သက်သက် နိုင်ငံသားများကို မုန်းတီး၍ သော်၎င်း၊ တခြား လူမျိုးများကို မုန်းတီး၍
သော်၎င်း မဟုတ်၊ အဓမ္မ မှုဆိုသမျှ မလိုလား၍ ဖြစ်၏။ အကျိုးမရှိသော စစ်ဖြစ်ပွားမှုကို မလိုလား
၍ဖြစ်၏။ ယခုကမ္ဘာ တလွှားတွင် ဖြစ်သမျှ စစ်အမွေမှုတို့မှာ နယ်ချဲ့စံနစ်၏ ပယောဂ ကြောင့်ဖြစ်
ရကား၊ ယခုစစ်နှင့် ပတ်သက်၍ ဗမာပြည်တွင် ပြည်သူပြည်သားတို့၏ လက်ငင်းတာဝန်မှာ ကမ္ဘာ
တွင် ရှိရှိသမျှသော အားများနှင့် ဝိုင်းဝန်း၍ ဓနရှင်နယ်ချဲ့ စံနစ်ကို အမြစ်မှနေ၍ သုတ်သင်ရန်သာ
ဖြစ်၏။ အခြား ဘာမျှ အကျယ်ချဲ့ နေစရာမလို။
ယခုစစ်နှင့် ပတ်သက်၍ ဗမာပြည်အပေါ် တွင် ဗမာပြည် နိုင်ငံရေး ဂိုဏ်းများ၏ တာဝန်သည် အ
ထူးအရေးကြီးလာ၏။ ဤ ကိစ္စကို တို့ဗမာ အစည်းအရုံးက လေးလေးနက်နက် ဂရုတစိုက် ဆောင်
ရွက်ခဲ့၏။ ဗမာ့လွတ်လပ်ရေးအတွက် စည်းလုံးရန် ဗမာ့ထွက်ရပ် ဂိုဏ်းကို ထူထောင်ရာတွင် လည်း
တို့ဗမာ အစည်းအရုံးက ကိုယ်ထိလက်ရောက် ပါဝင်ခဲ့၏။ မန္တလေးမြို့တွင် မကြာသေးမီက ကျင်းပ
ခဲ့သော တို့ဗမာ အစည်းအရုံး ဗမာနိုင်ငံလုံးဆိုင်ရာ အမှု့ဆောင် အစည်းအဝေးက ၊ အောက်ပါအတိုင်း
ကျေညာထား၏။
ကမ္ဘာ့ အရေးနှင့် ဗမာ့အရေး
ဗဟိုအမှု့ဆောင်အဖွဲ့၏ နိုင်ငံရေး အစီရင်ခံစာကို ကြားနာ ရပြီးနောက် ဤ ဗမာနိုင်ငံလုံးဆိုင်ရာ
အမှုဆောင်အဖွဲ့ အစည်းအဝေးက ကမ္ဘာ နှင့် ဗမာ့ အရေးကို အောက်ပါအတိုင်းဆုံးဖြတ်ပါကြောင်း
(က) ကမ္ဘာ့အရေး
(၁) ယခုဖြစ်ပွားနေသော စစ်ပွဲကြီးတွင် ဂျာမဏီနာဇီကို ဗြိတိသျှ နှင့် ပြင်သစ် အစိုးရတို့က တိုက်
ခိုက်ရသည်မှာ နိုင်ငံကလေးများကို နိုင်ငံကြီးများက ညှင်းဆဲမှု၊ ချုပ်ချယ်မှု၊ ကမ္ဘာ့လွတ်လပ်ရေး
ဒီမိုကရေစီဝါဒကို ဖိနှိပ်မှုတို့အတွက် ဖြစ်သည်ဟု အကြောင်းပြ၏။
(က) ပိုလန်ပြည်အစိုးရဟောင်းမှာ လယ်ပိုင်ရှင် ဓနရှင်ဖက်ဆစ် အစိုးရမျိုးသာဖြစ်၍၊ တိုင်းသူပြည်
သား လူအများ၏ ထောက်ခံအားပေးခြင်း မရသဖြင့် ဂျာမဏီက လွယ်ကူစွာဖြင့် ပိုလန်ပြည်တပိုင်း
ကို သိမ်းနိုင်ခြင်း။ ဆင်းရဲသား ဆိုဗီယက် စစ်တပ်များ ပိုလန်ပြည်တွင်းသို့ ဝင်ရောက်လာသည့်
အခါ၊ ထိုပိုလန်ပိုင်နယ်များရှိ တောသူတောင်သား လယ်သမားအပေါင်းတို့က သောင်းသောင်းဖြဖြ
ကြိုဆိုကြခြင်း။
(ခ) ဗမာပြည်နှင့် အိန္ဒိယပြည်က၊ ဗြိတိသျှအစိုးရတို့အား ၄င်းတို့၏ စစ်ရည်ရွယ်ချက်များနှင့် တ
ပြေးညီညာ လွတ်လပ်ရေးအတွက် အရေးဆိုလိုက်သည်ကို ကျနစွာ ယခုအထိမဖြေကြားခြင်း။
(ဂ) ပြင်သစ်အစိုးရကလည်း၊ လွတ်လပ်ရေးအတွက် ဒီမိုကရေစီအတွက်ဆိုပြီးလျှင် မိမိပြည်တွင်းရှိ
“ကွန်မြူနစ်ဂိုဏ်းကြီး” ကို မတရားအသင်းအဖြစ်ကျေညာ၍ နှိမ်နင်းနေခြင်း။ ပြင်သစ်ပိုင် လက်
အောက်ခံနိုင်ငံများကိုလည်း လွတ်လပ်ရေး မပေးသေးခြင်း။
(ဃ) ဖင်လန်ပြည်တွင် ဖြစ်ပွားသည့်စစ်မှာ ပြည်တွင်းစစ်ဖြစ်နေခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လွတ်
လပ်ရေး တို့အတွက် အမြဲတမ်းအော်ခဲ့၍ အကြိမ်ပေါင်းများစွာ ကိုယ်ထိလက်ရောက် ကူညီခဲ့သော
ဆိုဗီယက်တိုင်းပြည်ကြီးမှ စစ်တပ်များက ဖင်လန်ပြည်သူ၏ အစိုးရဘက်မှ တိုက်နေခြင်း
ဤအချက်များကို ထောက်ထား၍ ယခုစစ်ပွဲကြီးသည် နိုင်ငံကလေးများ၏လွတ်လပ်ရေး ကမ္ဘာ့
လွတ်လပ်ရေးအတွက် မဟုတ်သည့်ပြင် နယ်ချဲ့စံနစ်မှ ပေါ်ပေါက်လာသော စစ်ပွဲမျိုးဖြစ်သည်
ဟု ငါတို့ အတိအလင်း ကျေညာကြောင်း။
(၂) ဆိုဗီယက်တိုင်းပြည်ကြီးသည်
(က) ၁၉၁၇ခု၊ မိမိ အာဏာရသည်နှင့် တပြိုင်နက် ဖင်လန်ပြည်အပါအဝင် မိမိလက်အောက်ခံ
တိုင်းပြည်အားလုံး အားလွတ်လပ်ရေး ပေးခြင်း။
(ခ) ကမ္ဘာ့လွတ်လပ်ရေးအတွက် တရုပ်ပြည်၊ စပိန်ပြည် စသောပြည်များတွင် ကိုယ်ထိလက်ရောက်
ကူညီခဲ့ဘူးခြင်း ကူညီနေခြင်း
(ဂ) ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် ဟစ်တလာ နာဇီဝါဒကို တွန်းလှန်ရန် ဗြိတိသျှ၊ ပြင်သစ်အစိုး
ရနှင့် ငါးလ ခြောက်လ တိုင်တိုင်စေ့စပ်ခဲ့ရာ အချီးအနှီး ဖြစ်သည်ကို တွေ့မှသာ ယခင် ကမ္ဘာ
စစ်ကြီး ပြီးသည်မှစ၍၊ (၁၉၃၄-ခု) အထိရန်မဖက်စတန်း စာချုပ်ချုပ်ဆို ခဲ့သော ဂျာမန် အစိုး
ရ နှင့် မိမိလက်ရှိအင်အားကို မပျက်စေရန် အလို့ငှာ ရန်မဖက်တန်းစာချုပ် ထပ်မံချုပ်ဆိုလိုက်
ခြင်း
(ဃ) အနီးအနားရှိ တိုင်းပြည်ငယ်များနှင့်လည်း သင့်တင့်မျှတအောင် စာချုပ်များချုပ်ဆိုခြင်း။
(င) ပိုလန်အစိုးရ ပစ်ပြေး၍ မိမိဝင်ရောက် ထိန်းသိမ်းရသော နယ်များတွင် လယ်သမားများ
၏ လွတ်လပ်ရေး အတွက် ချက်ခြင်းဆောင်ရွက်လိုက်ခြင်း။
(စ) ဖင်လန်ပြည်၏ လွတ်လပ်ရေးကို မထိခိုက်ဟု ဖင်လန် ပြည်သူပြည်သား အစိုးရနှင့်
တဦးကို တဦး ကူညီစတန်း စာချုပ်ချုပ်ဆိုလိုက်ခြင်း
စသည်တို့ကို ထောက်ထား၍ ဆိုဗီယက်တိုင်းပြည်ကြီးသည် ဤစစ်ပွဲကြီးတွင်မက ယခင်စစ်
ပွဲကြီးတွေပါ ကမ္ဘာ့လွတ်လပ်ရေးသမားများ၊ ဆင်းရဲသားများ၏ မီးရှူးတန်ဆောင် ဖြစ်သည်ဟု
အသိအမှတ်ပြုကြောင်း
(၃) ကမ္ဘာ့ အရေးနှငိ့ ဗမာ့အရေးများမှာ အမြဲယှဉ်တွဲဆက်စပ်နေသဖြင့် ငါတို့၏ ကမ္ဘာ့အရေး
သဘောထားဝါဒကား-
(က) တိုင်းပြည်များ၏ လွတ်လပ်ရေးကို တကယ်ဖိနှိပ် ချုပ်ချယ်သွေးစုတ် သော မည်သည့်
ဝါဒကို မဆို အလိုမရှိ။
(ခ) ငါတို့တိုင်းပြည် မလွတ်လပ်သမျှ ကာလပတ်လုံး အခြားတိုင်းပြည်အတွက် စစ်ကူညီခြင်း
ကိစ္စကို မစဉ်းစားနိုင်။
(ဂ) မည်သည့် နိုင်ငံခြားတိုင်းပြည်နှင့်မဆို အထူးသဖြင့် ငါတို့ အိမ်နီးနားချင်း တိုင်းပြည်များ
အရှေ့ဘက်တိုင်းပြည် များနှင့် နှစ်ဦးနှစ်ဝ၊ အကျိုးအတွက် အပြန်အလှန် ပေါင်းသင်းဆက်ဆံ
ရသမျှတွင် ပေါင်းသင်းဆက်ဆံရမည်။
(ဃ) စစ်တခါဖြစ်လျှင် လူပေါင်းများစွာ သေခြင်း၊ ကျွန်ဖြစ်ခြင်း၊ ဆင်းရဲသားတို့မှာ ပိုမိုအခွန်
ပေးရသဖြင့်၎င်း၊ အမြတ်အစွန်းရှာသူများ၏ ပယောဂကြောင့်၎င်း၊ ဆင်းရဲမွဲတေ ပါးရှားလာရခြင်း
စသည်တို့သာဖြစ်သောကြောင့် နယ်ချဲ့စံနစ်မှ ပေါ်ပေါက်သော ယခုစစ်ပွဲကြီးကို အမြန်ဆုံးပြီးဆုံး
စေ၍ ကမ္ဘာရှိ ကျွန်နိုင်ငံ များနှင့် ဆင်းရဲသား များမှန်သမျှ လွတ်လပ်ရေးအတွက် အပြင်း အထန်
ကြိုးပမ်းရမည်။
(ခ) ဗမာ့အရေး
(၁) အထက်ပါအတိုင်း ကမ္ဘာ့အရေးတွင် သဘောထားပုံကို သိရှိစေပြီး နောက် ဗမာ့ အရေးတွင်
အောက်ပါအတိုင်း ငါတို့သဘောထားကို ကျေညာကြောင်း
(က) ဗမာပြည်အား ကျွန်အဖြစ်ချုပ်ချယ်ထားသည့် နိုင်ငံချဲ့စံနစ် ပြိုပျက်မှုကို အားထုတ်ရမည်။
ထိုနယ်ချဲ့ စံနစ်၏ ခံတပ်ကြီးဖြစ်သော “၉၁” ဌာန အုပ်ချုပ်ရေးကို တိုက်ဖျက်၍ ဗမာများ အလို
ကျ ဗမာ့အုပ်ချုပ်ရေး ကိုအမြန်ဆုံးရရှိရန် ကြိုးစားရမည်။
(ခ) အထက်ပါအချက်ကို သဘောတူ၍ အလုပ်လုပ်သော ငါတို့မှအပ မည်သည့် နိုင်ငံရေးဂိုဏ်း
မည်သည့် အခြားအဖွဲ့ အသင်းမျိုးနှင့်မဆို လမ်းအတူတူ၊ အလုပ်အတူတူ လုပ်ရန် အသင့်ရှိသည့်
အပြင် ဤကဲ့သို့ တိုင်းပြည်နိုင်ငံရေး ညီညွတ်မှု့အတွက် ကြိုးစားရမည်။
(၂) ဤသဘောထားအတိုင်း လွန်ခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ အမှုဆောင်အဖွဲ့ အထူးအစည်းအဝေး
က ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ အာဏာ လွှဲအပ်ခဲ့ကြောင်း၊ လွှဲအပ်ခဲ့သည့်အတိုင်း ဆင်းရဲသားဝံ
သာနုအဖွဲ့၊ ငါးပွင့်ဆိုင်ဝံသာနုအဖွဲ့နှင့် ဗမာ့ ထွက်ရပ်ဂိုဏ်းကို တည်ထောင်ထား၍ ကျေညာသော ဝါ
ဒ အခြေခံ ၃-ချက်ကို ငါတို့က ထပ်မံအတည်ပြု ထောက်ခံကြောင်း၊ ဗမာ့ထွက်ရပ် ဂိုဏ်း၏ လုပ်ငန်း
မှာ တိုင်းပြည်၏ အကူအညီကို ရသင့်သလောက်ရသည်ကို ထောက်ထားခြင်းအားဖြင့် တတိုင်းတပြည်
လုံးတွင် ကိုယ့်မင်းကိုယ့်ချင်း ဆန္ဒ အများအပြားရှိ၍ ညီညွတ်လိုကြောင်း ထင်ရှားပေသည်။
ဗမာ့ထွက်ရပ်ဂိုဏ်း၏ လုပ်ငန်းအင်အား တောင့်တင်းစေရန် ရည်ရွယ်၍
(က) တိုင်းသူပြည်သားများ၏ ပိုမိုနိုးကြားမှု၊ လွတ်လပ်ရေးစိတ်ထက်သန်မှုတို့အတွက် အပြင်းအထန်
အားထုတ်ရန်လိုသည်။
(ခ) ထိုတိုင်းသူပြည်သားအများအား နေ့စဉ်တာဝန်ခံ၊ ညွှန်ကြားဆောင်ရွက်မည့် ခေါင်းဆောင်များ ပေါ်
ပေါက်လာရန် လိုသည်။
(ဂ) တိုင်းပြည်လွတ်လပ်ရေးအတွက် အချိန်အလိုက်ဆောင် ရွက်နိုင်စေမည့် ငွေကြေးတောင့်တင်းမှုကို
ရရှိရန်လိုလေသည်။
ထို့ကြောင့် တို့ဗမာအစည်းအရုံး၏ အစည်းအရုံးဝင်များ များပြားလာအောင် ဆောင်ရွက်ခြင်း၊ ဗမာ့
လက်ရုံးတပ်များတည်ထောင်၍ လေ့ကျင့်ခြင်း၊ နိုင်ငံရေးပညာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ဆွေးနွေး
ပွဲများ ကျင်းပခြင်း၊ ငွေကြေးစုဆောင်းခြင်း၊ နိုင်ငံခြားတွင် ဝါဒဖြန့်ခြင်းတို့ကို ကျေနပ်လောက်အောင်
ဆောင်ရွက်ခြင်းဖြင့် ဗမာ့ထွက်ရပ်ဂိုဏ်း၏ လုပ်ငန်းများကို တွင်ကျယ်စွာ ဆက်လက်လုပ်ကိုင်ရန်
ဤဗမာနိုင်ငံလုံးဆိုင်ရာ အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်ကြောင်း။
ယခုအခြေအနေမှာ ဗမာပြည်၏ လွတ်လပ်ရေးကိစ္စသည် အပြော-အရေး စခမ်းမှ အလုပ်စခမ်းသို့
ရောက်လာပေပြီ။ မည်သည့်ကိစ္စကိုဆောင်ရွက်သည်ဖြစ်စေ၊ ပယောဂ ထုတ်ရုံနှင့်လည်းမရ၊ ဒေသ
အားဖြင့်၎င်း၊ ကာလအားဖြင့်၎င်း၊ သင့်မြတ်မှလည်း အောင်မြင်နိုင်မည်။ အချိန်အားဖြင့်လည်း
ကောင်းရမည်။ ဤကား ကမ္ဘာရှိ ပယောဂစိတ်၊ စစ်ဗိုလ်မှုးမှန်သမျှ လိုက်နာရမည့် တရားနည်း
လမ်းများဖြစ်၏။ ယခုအခါ ဗမာပြည်၏လွတ်လပ်ရေးလုပ်ငန်းမှာ- ဒုတိယနှင့်တတိယ အချက်
အားဖြင့် ပြည့်စုံပြီး အကျယ်ချဲ့စရာမလို၊ လူပယောဂ တခုတည်းသာလို၏။ ဘယ်လို လိုသနည်း။
(၁) ဗမာပြည်က လွတ်လပ်ရေးလိုကြောင်း သို့အတွက် အရေးဆိုပြီဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ
ဝါဒဖြန့်ရမည်၊ စည်းရုံးရမည်။
(၂) ဝါဒဖြန့်စဉ် တိုင်းပြည်လွတ်လပ်ရေးအတွက် လိုအပ်သော နိုင်ငံရေးညီညွတ်မှုကို ရရှိရန်
ကြိုးစားရမည်။ “နိုင်ငံရေး ညီညွတ်မှုဆိုသည်မှာ ခေါင်းဆောင်ဆိုသူများညီညွတ်ရေး” ဟုအတတ်
မဆိုသာ ယခုလာမည့် နိုင်ငံချဲ့ စံနစ် တိုက်ဖျက်မည့် အရေးတော်ပုံအတွက် ဓာတ်စာကျသော
အလုပ်သမား၊ ကျောင်းသား၊ အမျိုးသ္မီး၊ ကုန်သည်၊ စာရေးစာချီ၊ လယ်လုပ်လယ်သီးစား၊ လယ်
ကူလီများ၊ ရှမ်း-ချင်း-ကချင်-ကရင်-ချင်းတောင် များ နယ်များရှိဆင်းရဲသားလူထုများ အားလုံး
ညီညွတ်မှု သွေးစည်းမှုကိုဆိုသည်။ ယခုအခါတို့ဗမာအစည်းအရုံးတွင် ရှေ့နေရှေ့ရပ်-ကုန်သည်-
ပွဲစားများ-ဆရာဝန် စသော အလယ်တန်းစားများ။ ပညာတတ်များတို့မှတပါး၊ အခြားလူထုကြီး
များ၏ သွေးစည်းညီညွတ်မှု ကို အထိုက်အလျောက်ရရှိထားလေပြီ။ ဗမာ့ထွက်ရပ် ဂိုဏ်းကို
တည်ဆောက်ရခြင်းမှာ အထက်တွင်ဖေါ်ပြခဲ့သော မပါရှိသေးသူများကို လွတ်လပ်ရေးတိုက်ပွဲတွင်
သိမ်းသွင်းနိုင်ရန် အလို့ငှာ ဖြစ်ပေသည်။
(၃) ဝါဒဖြန့်ရင်း နိုင်ငံညီညွတ်ရေး ရရှိမှု ကြိုးစားရင်း မြို့ရွာဒေသ အလျောက်၎င်း၊ လယ်သမား
“ဗမာပြည်တွင် အရေးအကြီးဆုံး အရေးဖြစ်သည်” အလုပ်သမား စသည့် အမျိုးအစား အလျောက်၎င်း
ပေါ်ပေါက်နေသော လက်ငင်း ကိစ္စကလေး များမှ ဆူပူလှုံ့ဆော်၍ တိုင်းပြည်ရှိလူထုအင်အား များကို
လွတ်လပ်ရေးတိုက်ပွဲအတွက် စစ်အင်ကျင်း၍ အပြင်းစစ်ပြင်ရပေမည်။
(၄) လုံလောက်သော အင်အားကို ပြင်ဆင်စုဆောင်းပြီးနောက် လွတ်လပ်ရေးတိုက် ပွဲကို ကမ္ဘာ့တိုက်
ပွဲတိုက်နည်း အမျိုးမျိုးမှ နမူနာယူ၍ ဗမာပြည်နှင့် အသင့်တော် ဆုံးထင်သော နည်းအရ အဆင့်ဆင့်
ခင်းကျင်းရပေမည်။
ဤသို့သာ အစဉ်တစိုက် သဲသဲမဲမဲ လုပ်ငန်းများချ၍ ဆောင်ရွက်ပါက ဗမာပြည်သည် လွတ်လပ်
သော တိုင်းပြည် အဖြစ်သို့ ရောက်သော်လည်း ရောက်မည်၊ မရောက်သည့်တိုင်အောင် ဗမာများ
မညံ့လွန်းလှလျှင် အကြီးအကျယ်နိုင်ငံရေး အဆင့်အတန်း တိုးတက်ရန် အကြောင်းရှိသည်။ ဗ
မာပြည်တွင် အုပ်ချုပ်ရေးအဆင့်အတန်း၊ တိုင်းသူပြည်သားများ၏ နိုင်ငံရေး အဆင့်အတန်း၊
ခေါင်းဆောင်မှု၏ အဆင့်အတန်းမှာ အထူးမြင့်မားလာပေမည်။ တိုးခဲ့သောပွဲမှ သင်္ခဏ်းစာ အ
မျိုးမျိုး ရပေမည်။ ထိုအခါ နောက်ထပ်လွတ်လပ်ရေး တိုက်ပွဲအတွက် မခဲယဉ်းတော့ပြီ။
လုပ်ရမည့်လုပ်ငန်းများမှာ အထူးသဖြင့်
(၁) ကျောင်းသားလူ ငယ်များ၏ အကူအညီဖြင့် တိုင်းပြည်အနှံ့ လွတ်လပ်ရေးတရား၊ လက်နက်
ဥပဒေ ပယ်ဖျက်ရေးတရား၊ ကမ္ဘာ့ အဖြစ်အပျက် အမှန်များတို့ကို အဓိကထား၍ ဝါဒဖြန့်ခြင်း၊
ဗမာ့လက်ရုံးတပ် စသော အပျော်တမ်းတပ်များထောင်ခြင်း၊ တို့ဗမာအစည်းအရုံး အသင်းသား စု
ဆောင်းခြင်း၊ တရုပ်ပြည်၊ အိန္ဒိယပြည်၊ ဘိလပ် စသော တိုင်းနိုင်ငံများအား လူကိုယ်တိုင်သော်၎င်း၊
စာအားဖြင့်သော်၎င်း၊ ဝါဒဖြန့်ခြင်း၊ ဗမာပြည်အကြောင်း စာအုပ်စာတန်း ရိုတ်ဝေခြင်း၊ တတိုင်း တနိုင်
ငံလုံး၏ အင်အားကို ယူသောအားဖြင့် ပြည်လုံးကျွတ် နိုင်ငံရေး အစည်းအဝေး ကြီး ကျင်းပခြင်း၊
အမျိုးသားသတင်း စသည်များပြုလုပ်ခြင်း၊ ဧပြီလ (၁) ရက် အုပ်ချုပ်ရေး ကန့်ကွက်ပွဲနေ့တွင်၎င်း
အမျိုးသတင်းအတွင်း ၄င်းနယ်ချဲ့စံနစ်လက်အောက်မှ လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒများကောက်
ယူခြင်း။
(၂) ယခုအခါ နိုင်ငံရေးလုပ်ငန်းမှာ ရှေးက အချိန်မျိုး မဟုတ်သဖြင့် ဗမာမှန်သမျှ ဗမာပြည်သူပြည်
သားမှန်သမျှအား နှိုးဆော် တိုက်တွန်းခြင်း၊ တိုင်းစိတ်ပြည်စိတ်ကိုမွေးစေခြင်း၊ ဂိုဏ်းစိတ် ဂဏစိတ်
များကို မိမိတို့က ခေါင်းဆောင်၍ ဖျောက်ဖျက်ခြင်း၊ အလုပ်သမား လယ်သမား ကျောင်းသား သွေး
စည်းမှုများ၊ ရှမ်း-ကရင်-ကချင်-ချင်း အစရှိသည်တို့နှင့် တသွေးတစိတ် တည်းရှိမှု အတွက် ကြိုး
စားခြင်း၊ တိုင်းရင်းသားများ၊ အောက်တန်းစားများ၊ အစိုးရ အရာရှိ အမှုထမ်းများအားလုံးအား လွတ်
လပ်ရေးသည် ၄င်းတို့အတွက်ဖြစ်ပါသည်ဟု သိစေခြင်း
(၃) အထက်ပါလုပ်ငန်းများနှင့် ပြိုင်တူပေါ်ပေါက်လာသော အလုပ်သမား၊ လယ်သမား၊ ကျောင်းသူ
ကျောင်းသားဈေးသူဈေးသား အခွန်ထမ်းအစရှိသော ကိစ္စများနှင့်ပတ်သက်၍ အရေးတော်ပုံကလေး
များကို အမှီပြု၍ လွတ်လပ်ရေးအကြောင်းအုပ်ချုပ်ရေးအကြောင်း၊ စစ်အကြောင်း၊ လက်နက်ဥပဒေ
ပယ်ဖျက်ရန်အကြောင်း၊ အမြဲဝါဒဖြန့်ခြင်း။ ထိုအရေးတော်ပုံကလေးများသည် လာမည့် အရေးတော်ပုံ
ကြီး၏ ရှေ့ပြေးမျှသာဖြစ်ကြောင်း၊ တိုင်းသူပြည်သားများ၏ ဆိုင်ရာစီးပွားရေးလူမှုဆက်ဆံရေး၊ နိုင်
ငံရေး တောင်းဆိုချက် အရပ်ရပ်မှာ လွတ်လပ်ရေးအပေါ်တည်ကြောင်းကို တိုင်းပြည်အားသိစေခြင်း။
အသင်းသားများစုဆောင်းခြင်း၊ လွတ်လပ်ရေးရံပုံငွေစုဆောင်းခြင်း
(၄) လာမည့်တို့ဗမာအစည်းအရုံးညီလာခံတွင် လွတ်လပ်ရေးတိုက်ပွဲနှင့်ပတ်သက်၍ တို့ဗမာ အ
စည်းအရုံး လုပ်ငန်း အရပ်ရပ်များကို လိုလေသေးမရှိပြင်ဆင်ထားခြင်း။
ဥပမာ ယခုနယ်ချဲ့စံနစ်တိုက်ပွဲ အရေးတော်ပုံအတွက် ခေတ်ရှိသေးသော လူထုအင်အားအမျိုးမျိုး
အစားစားအတွက် လူမျိုးအလိုက် လူတန်းစားအလိုက် တဦးနှင့်တဦးမဆန့်ကျင်သော အထူးသ
ဖြင့် အောက်တန်းစား အလုပ်သမားလယ်သမားတို့အကျိုးနှင့် မဆန့်ကျင်သော၊ လိုလားချက် မှန်
သမျှ ပါဝင်သော နိုင်ငံရေးလုပ်ငန်းစဉ် တခုတည်ထွင်ခြင်း၊ လာမည့်အရေးတော်ပုံတွင် ခေါင်း
ဆောင်နိုင်မည့် ဗိုလ်အမြောက်အများ စုဆောင်းသင်ကြား၍ စံနစ်တခုတည်ထွင်ခြင်း၊ လွတ်လပ်
ရေးရံပုံငွေကောက်ခံရန် နည်းလမ်းများတည်ထွင်ခြင်းတို့ဖြစ်လေသည်။
လွတ်လပ်ရေးမှာ လွှတ်တော် အတွင်းတွင် အဆိုသွင်းရုံနှင့် မရ၊ လွှတ်တော် အဆိုမှာ ဝါဒဖြန့်ရုံ
လောက်သာရှိသည်။ အလုပ်လုပ်ရပေမည်။ လုပ်မှရမည်။ အိပ်နေ၍မရ။ တဦးတည်းဗိုလ်၊ တဦး
တည်းနောက်လိုက် လုပ်၍မရ။ မဲဝယ်နေ၍မရ၊ ရာထူးလိုက်နေ၍မရ၊ အော်ရုံဖြင့်မရ။ အနစ်နာခံ၊
အဆင်းရဲခံ၊ အပင်ပန်းခံ၊ အစတေးခံကြမှရမည်။ သို့ဆောင်ရွက်လျှင် ငါတို့သည် အောင်ပန်းကို
မချွတ် လက်လှမ်းနိုင်မည်။ နယ်ချဲ့စံနစ်၊ ဓနရှင်စံနစ်၊ ဖြစ်တုံပျက်တုံ တည်တုံတည်းဟူသော
လောကဓံတရားမှ မလွတ်။ ဓနရှင်စံနစ်သည် အလုပ်သမားများကို ဖန်တည်းရ၏။ နယ်ချဲ့စံနစ်
သည် ပဌမ မိမိအတွက် အစေအခိုင်းများလို၍ ခေတ်ပညာတတ်များ ရှိလာအောင်စီမံရသည်။ သို့
သော် ထိုအလုပ်သမားနှင့် ပညာတတ်များသည် အဆင့်အတန်းမြင့်လာသော် ၄င်းတို့ကို ဖန်တည်း
ခဲ့သော နယ်ချဲ့စံနစ်ကို ပြန်၍ တော်လှန်ကြပေ၏။ မိမိတို့ကုန်များတင်ချနိုင်အောင် မီးရထား မော်
တော်ကားလမ်း အချို့တို့ကို နယ်ချဲ့စံနစ်က ငါတို့ တိုင်းပြည်များတွင် ဖောက်လုပ်ပေးရ၏။ ထို
လမ်းများပင် ငါတို့အချင်းချင်း ရင်းနှီး သွေးစည်းစေကြောင်း ဖြစ်ခဲ့၏။ ဤသို့လျှင် နယ်ချဲ့စံနစ်
မှာ မီးစတဘက်၊ ရေမှုတ်တဘက်၊ တဘက်က အကောင်းလုပ်ပေး၊ တဘက်က စီးပွားရေး လက်ဝါး
ကြီး အုပ်မှု အတွက်နှိမ်၊ တဘက်ကချော့၊ တဘက်ကချောက်၊ ရှေ့နောက်မညီ၊ အစီအစဉ် မတည့်
သဖြင့် တိုင်းပြည်တွင်ဆူပွက်သည်မှာ အံ့ဩစရာမရှိ၊ လူတို့၏ဝတ္တရားကား ဤဓနရှင် နယ်ချဲ့စံနစ်
အကြောင်း အကျိုးတရားများကို လေ့လာပြီးလျှင် အချိန်ကျလျှင် အသင့်ဖြစ်စေရန် စီမံထားရန်ဖြစ်
သည်။
လွတ်လပ်ရေးတိုက်ပွဲအတွက် ပြင်ဆင်ရာ၌ လူမျိုးအချင်းချင်း၊ လူတန်းစားအချင်းချင်း၊ မကွဲသင့်
သည့်အချိန်တွင် မကွဲထိုက်သူများနှင့် မကွဲကွဲအောင် လုပ်တတ်သော နယ်ချဲ့စံနစ်၏ ပရိယာယ်
ကို သတိပြု။ ရှေ့လောကြီးခြင်း၊ စစ်မရောက်မီ မြှားကုန်ခြင်း၊ စစ်မဖြစ်ခင် က အရှုံးပေးလိုခြင်း
စသော အပြုအမူများကို ရှောင် ၊ ငါတို့၏ အောင်ပွဲကား အသေအချာပင်။ ငါတို့၌ အချိန်ကောင်း
များစွာ ရှိသေး၏။ ဤကဲ့သို့ အချိန်ကောင်း အခြေကောင်းတွင် ငါတို့၏လွတ်လပ်ရေးအတွက်
အပြင်းအထန် အားထုတ်ကြပါစို့ ရဲဘော်တို့။
ကမ္ဘာစစ် နှင့် ဗမာ ( သခင်အောင်ဆန်း )
နဂါးနီစာ စောင် (ရက်စွဲမသိရ)
နိုင်ငံရေး အမျိုးမျိုး(၁)
ဤဆောင်းပါးများကို ရေးရမည်ဆိုလျှင် နိုင်ငံရေးဆိုသော စကားကို ပထမသုံးသပ်ရန်လို
သည်။ “ပြည်ထဲ အရေး ပေါက်နှင့်ကျေး၊ ကြက်ဥ အရောင်တိမ်တောင်သဖွယ် မင်းရေးကျယ်”
စသည်ဖြင့် ရှေးဗမာစာများတွင် ဖတ်ရ၏၊ မှတ်ရ၏။ ဤစကားများကား ကောင်းလည်းကောင်း
၏၊ ဆိုးလည်းဆိုး၏။ ကောင်းပုံကား နိုင်ငံရေး၏ ခက်ခဲနက်နဲသော အဓိပ္ပါယ်၊ ကျယ်ဝန်း
သော အဓိပ္ပါယ်၊ သိမ်မွေ့သော အဓိပ္ပါယ်တို့ကို ဆောင်၏။ ဆိုးပုံကား ကြားရသူများအား လမ်း
စရှာ မတွေ့စေဘဲ လူများများဆိုင်းတွင်တီးလိုက်တိုင်း မြည်သည့်စည်ကဲ့သို့ ပညာရှိကြီးသဖွယ်
လူများအထင်ကြီးအောင်ပြောကောင်းပြောလို့ရသည့် စကားလည်းဖြစ်၏။ ထို့ကြောင့် ကျွန်
တော့အဖို့မှာ နိုင်ငံရေး အမျိုးမျိုးအကြောင်းကို မရေးခင် နိုင်ငံရေးဆိုသည့် အဓိပ္ပါယ် အ
ကျယ်အဝန်း အတိုင်းအတာကို စဉ်းစားမိ၏။
ဗမာပြည်၏ နိုင်ငံရေးရာဇဝင်ကို ပြန်ပြောင်း၍ ကြည့်လျှင် နိုင်ငံရေးဆိုသည်မှာ ဘယ်လို
ဟာမျိုးဟု တတ်တတ်အပ်အပ် မရှိသည်ကို တွေ့ရ၏။ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ။
ဗမာပြည်သည် ဗမာများအဖို့၊ ဟုမ္မရူး၊ အင်ဒီပင်းဒင့်၊ ဘုံဝါဒ၊ ဝံသာနု၊ ဆင်းရဲသား စသဖြင့်
မီးခိုးမဆုံးမိုးမဆုံးပင်။တောရွာ ဒေသများရှိ ဗမာ အမျိုးသားတို့ အတွက်မှာကား၊ တဘောင်
စန်း ဘဝေါတွေ နှင့် မင်းလောင်းတခါပေါ်လိုက်၊ လိုက်လိုက်၊ ရှုံးလိုက်၊ အေးအေး နေလိုက်
တခါထပ်ပေါ်၊ တခါထပ်လိုက်၊ တခါထပ်ရှုံး၊ ဘုရားလက်သစ်တွေ၊ မှော်ဆရာတွေ၊ ပထမံဆ
ရာတွေ နှင့် သူတို့နိုင်ငံရေးမှာလည်း လုံးလိုက်ပြားလိုက် ဖြစ်နေ၏။ လူငယ်လူရွယ်၊ စိတ်
မြန်မြန် ကိုယ်မြန်မြန်တွေ ကတော့လည်း ခေတ်ကြီး အတင်းပြောင်းချင်စိတ်တွေ မွှန်ပြီး
ဘင်္ဂလား သူပုန်တွေလို၊ အိုင်ယာလန်က နည်းတွေ လိုဒါတွေနှင့် လွမ်းသူလွမ်း ဆွေးသူ
ဆွေးနေကြ၏။ ဦးဘဘေကြီးကတော့ နိုင်ငံရေးဆိုတာ အလွန်ညစ်ပတ် တဲ့ အလုပ်ဟုဆို
၏။ ဦးသိန်းမောင်ကြီးကတော့ ကုသိုလ်က တပဲသား၊ ငရဲက တပိဿာမို့ နိုင်ငံရေးကို မ
လုပ်ချင်တော့ဘူး။ ဦးစော ကတော့ ဝါးရင်းတုတ် နှင့် လူမိုက်အားကိုး စခန်းသွား၏။ ဒေါက်
တာ ဘမော် ကလည်းတမျိုး။ စတာလင်တို့ ဟစ်တလာတို့ အားကျသည်ဆို၏။ ဘယ်သင်း
ဘယ်လို ဟုတ်သည် မှန်သည်ကို စဉ်းစားကြစို့။
ကျွန်တော့် အယူအဆတွင်ကား နိုင်ငံရေးကို လောကဓါတ် ကြောင်းအရ မြင်မှ ထင်မှ
ဟုတ်သည်ဟုထင်၏။ လောကဓါတ်ကြောင်းစဉ်းစားမှ ဖြစ်မည်ဟု တွေးထင်သည်နှင့် ပတ်သက်
၍ လောကဓါတ်ဆိုတာ ဘာကိုဆိုလိုသည်၊ ဘယ်လို အဓိပ္ပါယ်မျိုးနှင့် ရေးသည် ကိုလည်း
နားလည် စေလို၏။ အင်္ဂလိပ်လိုအားဖြင့် (ဆိုင်းယင့်စ်)၊ ဗမာလိုအားဖြင့် လောကဓါတ်ဟု လူ
တို့ခေါ် ကြသည်မှာ ဘာကိုဆိုလိုသနည်း။ လောကရှိ ဓါတ်အစုအဝေးအားလုံးကို သရုပ်ခွဲ
၍ပြသည့် လောကဓါတ်၊ ပိုင်းခြားပြသည့် လောကဓါတ်ကား အဘယ်က ပေါ်လာသနည်း။
အကြောင်း အကျိုးတည်းဟူသော တရားနှစ်ပါးမှ ပေါ်၏။ အကျိုးရှိလျှင် အကြောင်းရှိရမည်။
အကြောင်းရှိလျှင် အကျိုးပေါ်ရမည်။ ဤကား လောကဓါတ်၏ အခြေခံတရားများ ဖြစ်၏။
ဤကား ဘုရားတရား၏ အခြေခံများဖြစ်၏။ စူးစမ်းဆင်ခြင်တတ်သည့်ဥာဏ်၊ ထွင်းဖောက်
နိုင် သည့်ဥာဏ်၊ ထက်မြက်သောဥာဏ်၊ နက်နဲသော ဥာဏ်၊ အစရှိသော ဥာဏ် အမျိုးမျိုး
တို့ဖြင့် ကမ္ဘာကြီး၏ အလုံးစုံကို၊ အနုလုံ၊ ပဋိလုံ ရှုဆင်ခြင်သည့်အခါ၊ အကြောင်းအကျိုး
အရင်းခံ တရားနှစ်ပါးသာ ထွက်လာလေ၏။ ထိုအကြောင်းအကျိုးနှစ်ပါးကို အခြေပြု၍ ဘု
ရားသခင်သည် ကမ္ဘာသူ ကမ္ဘာသား တို့အားတရားပြခဲ့၏။ ထိုအကြောင်း အကျိုးတရား နှစ်
ပါးအရ လောကဓါတ် ဆရာကြီးများ၊ ပရောဟိတ် များ၊ သုခမိန် အပေါင်းတို့သည် ကမ္ဘာ့
ပညာအရပ်ရပ် တို့ကို ဖြန့်ခဲ့ကြသည် မဟုတ်တုံလော။ သင်၏ရှေ့မှောက်၌ရှိသော စားပွဲ
ကုလားထိုင်၊ နာရီ၊ မင်အိုး၊ ကလောင်တံ၊ မော်တော်ကား၊ လေယာဉ်ပျံ၊ ဓါတ်မီး ရေဒီယို အ
စရှိသည် တို့မှာ သည်လောကဓါတ် ပညာ၏ အစွမ်းကြောင့် ပင်ဖြစ်ခဲ့ပြီ မဟုတ်လော။
သို့ နိုင်ငံရေးတွင်လည်း အကြောင်းအကျိုး နှစ်ပါးကို အမှီပြု၍ တွေးမှ၊ ကြံမှ၊ လုပ်မှ၊ ကိုင်
မှ၊ ပြောမှ၊ ဆိုမှ ဖြစ်ပေမည်။ အောင်ပေမည်။ ဤကား ကျွန်တော် ယူပုံဆပုံဖြစ်၏။
အင်္ဂလိပ်လိုအားဖြင့် (ပေါ်လစ်တစ်) ဆိုသော စကားသည် အင်္ဂလိပ်စကား အစစ်
မဟုတ်၊ (ပေါ်လစ်တစ်) ဆိုသော စကားမှာ ဥရောပ တတိုက်လုံး ကိုသိ၏။ (ပေါ်လစ်တစ်)
ဆိုသော စကားမှာ ခေါမတိုင်းခေါ် ဂရိပြည်မှ စတင်ပေါ်ပေါက်လာ၏။ ခေါမစကား (ပိုလစ်တီ)
ဆိုသော စကားမှ ဆင်းသက်လာ၏။ အဓိပ္ပါယ်ကား လူအများစုပေါင်းအုပ်ချုပ်မှုပင်ဆို၏။
ထို့ကြောင့် နိုင်ငံရေးဆိုသည်မှာ လူ့အဝန်းနှင့် ပေါင်းသင်းဆက်ဆံ အုပ်ချုပ်ရသော ကိစ္စပင်
ဖြစ်၏။ ထို့ကြောင့် နိုင်ငံရေးကို (ဆိုရှယ် ဆိုင်းယင့်စ်) ပေါင်းသင်းဆက်ဆံမှု လောကဓါတ်
ပညာဟု ယူဆရပေမည်။ ထိုလူလူချင်း ပေါင်းသင်းဆက်ဆံမှုမှ ပေါ်ပေါက်သော ပြဿနာ
အရပ်ရပ်ကို အကြောင်းနှင့် အကျိုးတရားကို အမှီထား၍ ရှာဖွေ စုံစမ်း စစ်ဆေး မေးမြန်း
ဝေဖန် ခွဲခြား စီမံအုပ်ချုပ်မှု ပင်ဖြစ်၏။ဤကိစ္စ ကို အကျဉ်းအားဖြင့် နိုင်ငံရေးဝါဒ၊
တိုင်း တနိုင်ငံလုံး အရေးဟု ယူကြ၏။ သို့သော် ယခုအခါ နိုင်ငံရေး၏ အဓိပ္ပါယ်မှာ
တနိုင်ငံ၊ တတိုင်းပြည်လောက် ကိစ္စသာ မဟုတ်တော့၊ တကမ္ဘာလုံး ကိစ္စဖြစ်လာ၏။
နိုင်ငံရေးပေါ် ခါစ ခေါမရောမတိုင်း။ ထိုအခါများ၌ကား နိုင်ငံရေးသည် (စီတီ စတိတ်)
ခေါ်သော မြို့ကြီးတစ်မြို့စာသာရှိ၏။ ထို့နောက် ကျယ်၍ ကျယ်၍ လာရာ အခုအခါကား
ကမ္ဘာ နှင့် အဝန်း အထိသို့ပင်ဖြစ်လေပြီ။ ထို့ကြောင့် နိုင်ငံရေးဆို၍ မိမိနိုင်ငံကလေးတွင်
ချည်း ထင်သလိုလုပ်၍ မဖြစ်နိုင်တော့ချေ။ ဥဒါဟရုဏ်တွေ၊ ပြယုဂ် တွေ ပြနေဖို့ မလို
ရှင်းပြီဟု ယူဆ၏။
အထက်၌ဖေါ် ပြခဲ့သော နိုင်ငံရေး၏ သဘောကို အကျယ်ဋီကာ ဖွင့်ရလျှင် ကုန်
နိုင်ဖွယ်မရှိ။ သို့ရာတွင် ပိုမိုထင်မြင် သဘောပေါက်စေခြင်းငှာ သရုပ်ထပ်၍ ဆောင်ပြဦး
အံ့။
နိုင်ငံရေးသည် လူမှုသူမှုကိစ္စ အားလုံးပင်ဖြစ်၏။ လူဟူ၍ ကမ္ဘာတွင် ဖြစ်လာသည့်
အခါမှစ၍ လူ၏အတန်းအစားအလျောက် လူလိုနေ လူလိုဝတ် လူလိုစား လူလိုသောက် လူ
လိုလုပ်လာ၏။ လူလိုလုပ်ချင်လာ၏။ လူလိုလုပ်ရန်ကြိုးစားလာ၏။ အထမြောက်လာ၏။ ပို
မိုကျယ်ပြောလာ၏။ လူနှင့်တိရစ္ဆာန် ကွဲပြားမှုမှာ လူက ထွင်တတ်သည့်အစွမ်း၊ မြင်တတ်သည့်
အရည်ရှိခြင်း ပင်ဖြစ်၏။ ထိုအရည်အစွမ်းမှာ အသိဥာဏ် ပင်ဖြစ်၏။ ထိုလူ၏ အသိဥာဏ်ဖြင့်
လူ၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာ၌ ပိုမိုများပြားရှုပ်ထွေးလာသောအခါ နိုင်ငံရေး
တည်းဟူသော လူ့ပင်မတရားပေါ်ပေါက်လာ၏။ ဥပမာ ဂဏန်းသင်္ချာတွင် အပေါင်းအနုတ် အ
မြှောက်အစားတတ်၊ အမြှောက်အစားက ဘုံသုံးကိန်းတို့ ဘုံညီကိန်းသို့ တဆင့်တက်၊ ဤသို့
တက်၍တက်၍သွားသည့်အခါ ရိုးရိုး ဂဏန်းမှ ဆန်းဆန်း၊ ဆန်းဆန်းမှ ရှုပ်ရှုပ် ဖြစ်လာသကဲ့
သို့ပင်။ ထိုအတိုင်း အက္ခရာ သင်္ချာ အစရှိသဖြင့် ပေါ်ပေါက်လာသကဲ့သို့ဖြစ်၏။ အမြှောက်အ
စားသည်အပေါင်းအနှုတ်မှ တဆင့်တက်ခြင်းဖြစ်သကဲ့သို့ အမြှောက်သည် အပေါင်းများစွာ လုပ်
ရသည်ကိုအလွယ်နည်း ပိုမိုကောင်းသောနည်း ဖြစ်သကဲ့သို့ အစားသည် အနှုတ်များစွာလုပ်နေ
ရသည့်ကိစ္စကိုပြုပြင်သကဲ့သို့ လူမှုကိစ္စများလည်း ဗမာ့အယူအရ ပဒေသာပင်ခေတ်မှ သမ္မတ
မင်းခေတ်၊ အစိုးရပေါ်သည့် ခေတ်တည်းဟူသော နိုင်ငံရေးဘဝသို့ ရောက်လာသည်။ တခြား
ဆရာတွေ အယူအဆမူကား လူရိုင်းမှ လူယဉ်ခေတ် ရောက်လာသည့်အခါ နိုင်ငံရေးပေါ်လာ
သည်ဟုဆို၏။မည်သို့ပင်ဖြစ်စေ တူသောအချက်ကား လူမှုသူမှု ကိစ္စများထွေပြားနက်နဲ လာ
သည့်အခါ လူတဦးတည်း တအိမ်ထောင်တည်း၊ တမျိုးတည်း၊ တဘာသာတည်း၊ တနိုင်ငံ
တည်းဆိုသည့် ကိစ္စမျိုး မရှိတော့ဘဲတဆင့်ထက်တဆင့် တက်လာ၏။ ထိုလူမှု အဆင့်အ
တန်းမှ နိုင်ငံရေးတည်းဟူသော ပင်မပေါ်လာ၏။
နိုင်ငံရေး အမျိုးမျိုး (၂)
ပေါ်လာပုံကား လူတွေက များလွန်း၍ ပြဿနာတွေက ရှုပ်လွန်း၍ လူချင်းညှိလို့ မရလွန်း၍
တယောက်ယောက် စည်းမဲ့ကမ်းမဲ့ ဖြစ်လာ၍ အစိုးရပေါ်ပေါက်လာသည်။ ထိုအစိုးရကား လူ
တွေက အသီးသီး သူ့နေရာသူ သူတို့အားလုံး အကျိုးအတွက် တင်လိုက်၍ ဖြစ်ရာ၏။ လူအ
များက သူတို့အတွက် ဘေးရန်ကာကွယ်ပေးနိုင်ပါစေ၊ အငြင်းအခုံများ ဖြန်ဖြေပေးနိုင်ပါစေ၊အ
စားအသောက် အဝတ်အနေ မှန်ပါစေ ဆို၍ အစိုးရကို ချီးမြောက်ကြ၏၊ ဝိုင်းဝန်းကြ၏။ ကူ
ညီကြ၏။ ကူညီပုံကား လိုသမျှလုပ်နိုင်အောင် အခွန်ပေးကြ၏။ အစိုးရစကားကို လိုက်နာ
ကြ၏။ အစိုးရကလည်း ရသည့်အခွန်ကို တိုင်းသူပြည်သား များ အတွက်ပြန်သုံးရ၏။တိုင်း
သူပြည်သားများ ကောင်းကျိုးအတွက် အများလိုက်နာရန် ဥပဒေတွေ ထုတ်၊ ဥပဒေ မနာခံသူ
တွေကို အထိုက်အလျောက် စီရင်ပေးရ၏။ အမှန်စင်စစ်မှာ ပြည်သူ့ဆန္ဒအရ အုပ်ချုပ်မှုဟု
ခေါ်သော ဒီမိုကရေစီ ဆိုသည့် နိုင်ငံရေး၏ အရင်းခံသဘောပင်ဖြစ်၏။ နိုင်ငံရေး၏ မဖေါက်
မပြန် မှန်ကန်သော ပရမတ်တရားဖြစ်၏။ သို့သော် နက်နက်နဲနဲ တွေးရှူသည့်အခါ အမှန်မှာ
ဒီမိုကရေစီ ဟူ၍ မရှိလှသေး။
အစိုးရဖြစ်ပေါ်လာစဉ်ကပင် လူတွေတရားမစောင့် နိုင်၍ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်
လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန် တွေ၌ပင် ရှိ၏။
လူတွေ တရားမစောင့်နိုင်သည့်အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတ
ရားဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်း
ဟူသော “သက္ကာယဒိဌိ” အရင်းခံသည့် လောဘ၊ ထိုလောဘ ကြောင့်ဖြစ်သော ဒေါသ၊ ထိုလော
ဘ၊ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိ မလိမ္မာ မိုက်မဲမှု ဖြစ်လာ၏။
ထိုအခါ လူများမှာ အကျိုးချင်းမတူဘဲ ဖြစ်လာ၏။ မတူသော အကျိုးကြောင့် အချင်းဖြစ်ရ၏။
သို့ဖြစ်ရကား အကျိုးခံစားရသော လူတစုသည် မိမိတို့ အကျိုးမပျက် မပျောက်စိမ့်သောငှာ
“ကိုင်း မင်းတို့ ငါတို့ သည်လိုချည်း တဦးကို တဦး တိုက်ခိုက် သတ်ဖြတ် ငြင်းခုံ လုယက်နေ
လို့ မဖြစ်ဘူး၊ နိုင်ငံရေးထွင်ကြစို့၊ အစိုးရထောင်ကြစို့၊ သူက ငါတို့ကိုအုပ်ချုပ်ပေတော့၊ သူ့ကို
ငါတို့က ဘယ်လို ကူညီကြ” ဆို၍ အကျိုးခံစားခွင့်ရှိသူများက အကျိုးခံစားခွင့် မရှိသူများကို
လှည့်စား၍ သူတို့ကိုယ်စား အစိုးရတွေ ဘာတွေ နှင့် အေးအေး ချမ်းချမ်း စားပေါက်ထွင်ကြ
ကုန်၏။
“လှည့်စားသည်” ဆိုသည်မှာ အကျိုးခံစားရသူများကိုယ်တိုင် ကသိပြီး လှည့်စားခြင်းမဟုတ်။
သူတို့၏ လောဘစေတသိတ် ၏ မြောက်ပင့်မှုကြောင့် အမှန်ကတော့ လူတွေ အချင်းများတာဟာ
ငါတို့လောဘကြောင့်၊ ငါတို့သက္ကာယဒိဌိကြောင့် ဘုံပစ္စည်းကို ပုဂ္ဂလိကပစ္စသည်းသို့ပြောင်း
လဲ မှုကြောင့်လို့မသိဘဲ၊ မောဟတရား နှင့် လောဘတရားအလိုကို လိုက်ခြင်းပင်ဖြစ်၏။ အ
ကျိုးခံစားခွင့်နည်းသူများ မှာလည်း ထိုအခါ ဆိုးရွာေးသာ အခြေအနေ ကို မရိပ်မိသေး၍
“အေး ... ကောင်းသားပဲ၊ နှစ်ဦးနှစ်ဘက် အကျိုးပဲ ကောင်းတာလုပ်ကြကွာ။ အစိုးရ ဆိုတာ
ကောင်းသားပဲ၊ မင်းတို့ငါတို့က တင်လိုက်တာပဲ။ သမာသမတ် နှင့်သူတို့ ကြားဖြန်လိမ့်မ
ဟေ့” ဟု ယောင်ဝါးလိုက်ကြကုန်၏။
ဗမာစာတွင်ကား အစိုးရဟူ၍သာ နိုင်ငံရေးစကားရှိ၏။ “အစိုးရဆိုသည်မှာ ဆယ်အိမ်ခေါင်းက
အစ ရှင်ဘုရင် အထိအုပ်ချုပ်သူများကိုသာ သိကြ၏။” အစိုးရသည် ပြည်သူ့ကိုယ်စားလှယ်
ပြည်သူ၏ ဆန္ဒအရဖြစ်သည်ဆိုသောသဘောမှာ “ကြာလေပျောက်လေ”ဖြစ်လာ၏။ အစိုးရသည်
ပြည်သူနှင့် အလှမ်းကွာနေ၏။ လူတို့စိတ်တွင် သူ့အရိုးနှင့် သူ့အမျိုး မှဖြစ်နိုင်သည်ဟု ထင်
မှတ်ကြ၏။
ဤကားစ-သည်လူတွေတုန်းက နားလည်နည်းမျိုးမဟုတ်တော့၊ စ-သည့်က အစိုးရတို့ အကျိုး
ခံစားရသော အတန်းအစားက မခံစားရသော အတန်းအစားကို သူမသိငါမသိ လှည့်ပတ်လိုက်
သည့် အလိမ်မှာ သေသေချာချာ ကြည့်လျှင်ပေါ်ပေမည်။ သို့သော်လည်းကြီးမားလှသော မောဟ
တရားဖုံးလွှမ်း နေသူတို့မှာ အကျိုးခံစားရသော လူတန်းစား၏ အလွန်သိမ်မွေ့သော (ဝါ) ကိုယ်
ကျိုးလှုံဆော်၍ စေ့ဆော်၍ သူတိုပကိုယ်တိုင်လှည့်မှန်းမသိ လှည့်လာသော နည်းစံနစ်ကြောင့်
အလိမ်ခံရမှန်း မသိနိုင်တော့။
အကျိုးခံစားရသည့် မင်းသူဌေးသူကြွယ် တို့မှာလည်း “တို့ ကုသိုလ်ကြောင့်” ဟုပြောလာ၏။
အကျိုးမခံစားရသည့် သူများကလည်း “ခင်ဗျားတို့ ကုသိုလ်ကြောင့် မဟုတ်ဘဲ၊ ခင်ဗျားတို့ စီ
မံလာတဲ့ စံနစ်ကြောင့်” ဟု မသိကြဘဲ ငါတို့ကံကြောင့်ဟု ထင်လာ၏။
ဗမာတွင်ကား အစိုးရဆိုသည့် နိုင်ငံရေးစကားသာရှိသဖြင့် အစိုးရမဟုတ်သည့် တိုင်းသူပြည်
သားများမှာ အကြောင်းသေချာစွာ မသိပင်မသိလင့်ကစား အစိုးရဆိုတာ သူတို့ မဟုတ် ဟု
ကားသိကြမည်ပင်ဖြစ်၏။
အင်္ဂလိပ် အလိုတွင်ကား ဟိုရှေးက အရင်းခံသဘောကို တကယ်ပဲ လက်စွဲရှိသေးသလို
“စတိတ်” ဟုခေါ်သော အစိုးရကော ပြည်သူပြည်သားတွေပါဖြစ်၏။ တိုင်းဟူသော နိုင်ငံရေး
စကားပင်ရှိပေ၏။ အခြားအကြီးအကျယ် စကားတွေလည်းရှိသေး၏။
သို့သော်လည်း “စတိတ်” ဆိုတာ နိုင်ငံရေး အဘိဓမ္မာ ဆရာကြီး၊ အကြောင်းနှင့် အကျိုးယှဉ်
တဲ့ ဘုံဝါဒဆရာကြီး “ကားလ် မတ်(စ်)”အလိုအရကား အုပ်ချုပ်ရသည့် အတန်းအစားနှင့်
အမှုဆောင် အဖွဲ့ပါပဲ။ မထူးခြားပေ။ ခွေးကို အောင်နက်ကနေပြီး မောင်စိန် ဟုပြောင်းခေါ်သ
လိုပင်။
ဤသို့လျှင် လူတွေပေါ်လာပြီး လူကိစ္စတွေ ထွေလာတော့ နိုင်ငံရေးဆိုတာ ဖြစ်လာ၏။ “စတိတ်”
နိုင်ငံရေး အဆောက်အအုံကြီး ဖြစ်လာတော့၊ အမှန်မှာတော့၊ တတန်းစားက တတန်းစား အထိ
အုပ်စိုးချုပ်ချယ်ဖို့ စံနစ်အရင်းခံ ပင်ဖြစ်လေသည်။ သို့ပင်ဖြစ်လာသော်လည်း မောဟတွေ ဖုံး
လွှမ်းနေတဲ့ ဤလောကကြီး မှာ လူတွေ အများဟာ မမြင်နိုင်မသိနိုင်လွန်းတော့ “စတိတ်” ဆို
တာကိုပဲ အကောင်းကြီးထင်နေကြတယ်။ ထင်ကြတော့ ဒီစတိတ်ဆိုတဲ့ တန်ခိုးအာဏာ ကရိ
ယာကြီးကို သူ့အတန်းအစားလက်က ကိုယ့်အတန်းအစားလက် ရောက်အောင် ကိုယ့်အတန်း
အစားအကျိုးအတွက် လုယူလာလိုက်တာယခုအခါဆိုလျှင် တဦးက တဦး၊ တတန်းစားက တ
တန်းစား နှိမ်ရုံတွင်မဟုတ်ဘဲ၊ တတိုင်းပြည်က တတိုင်းပြည်နှိမ်လာ၏။
ထို့ကြောင့် ဗမာပြည်မှာဆိုလျှင် အုပ်စိုးကြတဲ့ လူများရဲ့ နိုင်ငံရေးက တမျိုး၊ နယ်ချဲ့စနစ်ဆို
တာကို အမှီပြုနေ၏။ အုပ်စိုးခံရသည့် ဗမာလူမျိုးတွေ အတွက် နိုင်ငံရေးက တမျိုး လွတ်လပ်
ရေး အခြေခံထားလျက် ရှိချေ၏။
လွတ်လပ်ရေးလိုချင်တယ်ဆိုတာမှာလည်း ဗမာလူမျိုးတွေ ငတ်ငတ်ပြတ်ပြတ် နေရတာ၊ ဝဝ
လင်လင်စားချင်လို့ ကုသိုလ်လုပ်ချင်လို့ပင်ဖြစ်လေသည်။
ထို့ကြောင့် နိုင်ငံရေးတွင် သူ့အကျိုးသူ့အမြင်နှင့် ဝါဒတွေ မိုးမွှန်နေခြင်းပင်။ တချို့ကတော့
ဝါဒဆိုတာ မလိုပါဘူး။ ဗမာပြည် ဗမာပြန်ရပြီးတော့ အကျိုးဆောင်ရွက်လျှင်ပြီးတာပဲ ဟုပြော
ကြ၏။ ပြောကြတဲ့လူတွေကိုယ်တိုင်က သူတို့ အကျိုးသူတို့ အမြင်အရ ဖြစ်တဲ့ဝါဒကို ဟော
နေ မှန်းလုပ်နေမှန်း မသိကြပေ။ သိလျှင်လည်း လိမ်ခြင်းပင်ဖြစ်၏။ဝါဒအကြောင်း နောက်အ
ခန်းတွင် ရေးဦးမည်။
နိုင်ငံရေးအမျိုးမျိုး (၃)
ဤကား နိုင်ငံရေး၏ သဘောကို အကြောင်းနှင့် အကျိုးယှဉ်၍ တွေးပုံပင်ဖြစ်၏။ ထို့ကြောင့်
ပင်ဤနည်း အရဖြစ်သော နိုင်ငံရေးအစစ်မှာ တဘောင် စနည်းတွေ ရွတ်ရသည့် နိုင်ငံရေးတု
များလို မလွယ်ပေ။
တိုင်းပြည်ကောင်းစားအောင် အပြောကားလွယ်၏။ အလုပ်ကားခက်၏။ ဥပမာ “ဆင်းရဲသားတွေ
လယ်မဲ့နေတယ်၊ လယ်ရအောင်လုပ်ပေးမယ်”ဆိုလျှင် ပထမ ဗမာပြည်မှာ ဘယ်နှစ်ယောက်လယ်
မဲ့ နေတာကို သိရမည်။ ဒုတိယ သိသလောက် လူတွေကို ပေးစရာ မြေရှိမရှိ။ ရှိပြန်လျှင်လည်း
ဘယ်လိုလုပ်၍ ဘယ်လောက်စီဝေရ မည်ကို သိရမည်။
သစ်တောထွင်၍ပဲ မြေရအောင်လုပ်ပေးမလား။ ချစ်တီးတွေလက်ကပဲ အတင်းလုမလား။ လုပါပြီ
တဲ့ ချစ်တီးတွေ မရှိလို့ လယ်သမားတွေ လယ်စိုက်ဖို့ ပျိုးနုတ်ဖို့၊ လယ်စရိတ်တွေ မရှိလျှင် ဘယ်
သူကပေးမလဲ။ လယ်တွေ ဖွံ့ဖြိုးအောင် ခေတ်သစ်နည်းတွေနဲ့လုပ်ဖို့ ဘယ်သူတွေက သင်ပေးမလဲ။
ဘယ်လို ကရိယာမျိုးက ကူမလဲ။ ဝယ်မလား။ နိုင်ငံခြားက လယ်ယာစိုက်ပျိုးရေး အတတ် ကျွမ်း
ကျင်တဲ့သူတွေ ခေါ်ယူမလား။
သည်လိုဆိုလျှင် ငွေတွေ တက်တက်စင်ကုန်မည်။ ကုန်လျှင်ဘယ်ကရမလဲ။ တိုင်းပြည်က ရတဲ့
အခွန်တေါက များလွန်းလို့မလောက်ဘူးတဲ့။ ဘယ်ကချေးမလဲ။ ဗမာတွေဆီကလား။ နိုင်ငံခြား
အစိုးရတွေ နှင့်မဟာမိတ်လုပ်ပြီး သူတို့ဆီက ချေးမလား။ ချေးတယ်ဆိုလျှင်ပဲ အလကားရမည်
မဟုတ်၊ သည်က သူတို့လိုချင်တဲ့ စီးပွားရေး နိုင်ငံရေး အချက်အလက်တွေ ပေးရလိမ့်မည်။ ဤ
ကဲ့သို့ တမျှော်တခေါ် ကြီးစဉ်းစားရ၏။ ငှက်ပျောသီးစားသလို မလွယ်။
ရုရှားပြည်မှာ သူပုန်ကြီးပြီးစက စက်မှုလက်မှု လုပ်ငန်းတွေကို ကိုယ်ပိုင်လုပ်ငန်းတွေ အဖြစ်မ
ဟုတ်ဘဲ ဘုံလုပ်ငန်းအဖြစ် လုပ်ချင်သော်လည်း ချက်ချင်းလုပ်ရန် အရင်းအနှီးမရှိ၊ အခြားအကြောင်း
များရှိသဖြင့် နိုင်ငံခြားက အရင်း အနှီးတွေ ခေါ်ပြီးလုပ်ကြရ၏။ ဤကားတကယ့် နိုင်ငံရေးပင်
ဖြစ်၏။
အကြောင်းနှင့် အကျိုးမှန်သည့် နိုင်ငံရေးပင်ဖြစ်၏။ နဖူးတွေ့ဒူးတွေ့ အထည်ကိုယ်ဒြပ် နှင့် နိုင်
ငံရေးဖြစ်၏။ ဂါထာမန္တယားတွေ မန်းလို့ရတဲ့ နိုင်ငံရေးကတော့ဖြင့် စာအုပ်ထဲတွင်သာ ဖတ်ရဖူး
၏။
ယင်းသို့လျှင် နိုင်ငံရေးသဘောတရားများကို ဖေါ်ပြရာ၌ ဦးဘဘေ ကြီးပြောသလို “ညစ်ပတ်တဲ့
အလုပ်”လား ဆိုသည့်မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ဝန်ခံသွားရှာပြီ။
ညစ်ပတ်တယ် တဲ့။”သူကတော့ မလုပ်ချင်” ဟုဖြေခဲ့ပြီ။ တေမိမင်းကို အားကျလို့ထင်၏။ အခု
တော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။
နိုင်ငံရေးမှာ နိဗ္ဗာန် ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှ လောကုတ် ရှိ
နိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏ အူမတောင့်မှ သီလစောင့် နိုင်၏။
ထို့ကြောင့် နိုင်ငံရေးကား ပင်မပင်တည်း။ သူ့ကို လက်လွတ်၍ မဖြစ်။ အားလုံးနှင့်ဆိုင်၏။
လောကီရေးဖြစ်သော်လည်း ညစ်ပတ်သည့် အလုပ်ဟု လုံးလုံးမဆိုသာ။ ပရဟိတ အတွက်ဟူ
၍ နိုင်ငံရေးတွင်ပြောဆိုသည့် စကားပင်လျှင် လူတို့၏ တိုးတက်လိုသော မွန်မြတ်သည့်စိတ်
ထားကို ပြခြင်းပင် ဖြစ်ပေ၏။ လူ၏ ထူးခြားချက်မှာလည်း မိမိတို့၏ အကျိုးစီးပွားကို တိုးတက်
အောင်ကြံဆောင်တတ်သော အသိဥာဏ်ပင်ဖြစ်၏။ ထိုအသိဥာဏ် ရှိသော ဘာသာတရားတွေ
ဘာတွေ ပေါ်ပေါက်ပြီး လူတွေ၏ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှု ကို ရှာဖွေနေခြင်း မဟုတ်
ပါလော။
လူတွေသည်ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်
စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင်ဖြစ်၏။ ထိုတရားကား
လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို့ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း။
ယခင်တပါတ်က နိုင်ငံရေးဟူသည့် (စကားသဘော အနက်အဓိပ္ပါယ် အကျယ်အဝန်း) ကိုတိုင်း
ထွာပြခဲ့ပြီ၊ ဖေါ် ထုတ်ပြခဲ့ပြီ။ နိုင်ငံရေးအမျိုးမျိုးအကြောင်းကို ရာဇဝင်နှင့်ချီ၍ မရေးခင် နိုင်ငံ
ရေးဆို (ချို) နှင့်လားဟု ထင်သူထင် မြင်သူမြင်နေကြသဖြင့် နိုင်ငံရေးဆိုတာ ဟိုလိုမဟုတ်
သည်လိုပါဟု အပြေးအလွှားရေးသား ခဲ့ရပေသည်။ သို့မှသာ ကျွန်တော် လိုချင်သည့် သိသည့်
နိုင်ငံရေးသို့ ရောက်ပေမည်။ အများအားဖြင့် စင်မြင့်ပေါ်သို့တက် အသံကျယ်ကျယ်ဖြင့်အော်
ဟိုဆဲသည်ဆဲ နှင့်ဆိုလျှင် နိုင်ငံရေးဟုထင်၏။ ဤအရာမျိုးကား နိုင်ငံရေးမဟုတ်၊ မင်မ်ဂေါ်
ဂီခေါ် လူပြိန်းကြိုက် လူပေါစားအလုပ်မျိုးဖြစ်၏။
အချို့ နိုင်ငံရေးသမားနှင့်လူငယ်များသည် သည်လိုအပေါစားအလုပ်ကိုပင် တကဲ့တကယ်ကြီး
ထင်ကာ ဟစ်တလာယောင်ယောင် မူဆိုလီနီယောင်ယောင် ဝါးကြသည်ကို တွေ့ရပေ၏။ သည်
လိုဝါးကြသူများမှာ ကြာရှည်မခံတတ်။ အချိန်တန်လျှင် သူ့နဂိုရ် ပေါ်လာသဖြင့် လူအများ အ
ထင်ကြီးသလောက်မဟုတ် တိမ်မြုပ်၍ သွားကြသည်သာ များလေသည်။ အချို့ကလည်း စဉ်း
စားသော ဤခေတ်သစ်တွင် ပေးလာသော ဝါဒများကို ကြားရပြီး မဟုတ်တန်းလျားပြောလိုပြော
ရေးလိုရေး သီချင်းစပ်လိုစပ် တွေ့ရပေသည်။ လောကီဓါတ်တွေ နှင့်မင်းလောင်းမျှော်လို မျှော်
စောင့်လိုစောင့် “လူတန်၍ ကန်ချ” ဟုဆိုသည့်အတိုင်း ကံညံ့၍ စိတ်ကူးလွဲကြခြင်းဖြစ်၏။
မင်းလောင်းမျှော်သည်ဆိုတော့ စင်္ကြာမင်းကြီး တောင်ဘက်စူးစူး က ဘီလူးကြီးစီး လာတော့
မလို ညာလိုလို မဟုတ်မဟတ် သည့် စိတ်ကူးမျိုးကူးကြပြန်၏။
ဤလောကတွင် (ဝါ) ကျွန်တော့် အယူအရ ဤဓနရှင်လောက တွင် အမှန်ကိုပြောလျှင် မခံ
ချင်ကြ၊ ဘုရားတရားကြည်ညို ကြသည်ဆိုသော ဤဓနရှင် လောကသားတို့သည် စကား
ခြောက်ခွန်းအနက်၊ စကားကြီး နှစ်ခွန်းကို နုတ်ဖျားအားဖြင့်သာ သဘောတူကြ၏။ တကယ်
ကြားရလျှင် မခံချင်သူသာများနေ၏။ သည်ကောင်တယ်ဘုကျတာပဲ၊ သည်ကောင်တယ် စကား
ပြောမိုက်ရိုင်းတာဘဲ၊ သည်အကောင်တယ်အာကြမ်းတာဘဲ၊ ဒီကောင်ကဘာလဲ၊ မျက်နှာပေါက်
ဆိုးဆိုးအောက်သိုးသိုးနဲ့၊ သူ့ကိုယ်သူဟစ်တလာထင်နေလို့လားဘာလားနှင့် မအိသံမအဲသံများ
ကြားရဘူး၏။ အဆိုးမို့ အဆိုးထင်ကြသည်ကား ... အရေးမကြီးလှ၊ အကောင်းပြောသည်
ကို အဆိုးထင်ခြင်းကားဆိုး၏။ အမှန်ဆိုလျှင် အကောင်းပင်ပြောစေ၊ အဆိုးထင်ကြသည်က
များ၏။ ပါးစပ်က ဘယ်လောက် အမှန်ကြားချင်တယ်ပြောပြော ဘယ်သူမှ ကိုယ်နှင့်ဆိုင်လျှင်
အမှန်မကြားချင်ကြချေ။ ကျွန်တော်လည်း အပါအဝင်ပင်။ ကျွန်တော်မငြင်း။ မကြားချင်၊ သို့
သော် ကြားရမည့်အချိန်တွင် ကြားရဲ၏။ ဝန်ခံသင့်သည်ထင်လျှင် ဝန်ခံရဲ၏။ ဦးမလေး။ ထို့
အတူပြောချိန်တန်လျှင် ပြောရဲ၏။ လူမုန်းမှာမကြောက်။ (ဤကားစကားချပ်)
ကမ္ဘာလောကဓါတ်ကို သူ့သဘာဝသူ့မူသူ့ကိန်းအလျောက် သိလျှင်မူ မည်သူမျှ အာဏာရှင်
မင်းလောင်းကို မျှော်နေမည်မဟုတ်။ မိမိဝတ္တရားအင်အားကို သိလျှင်သိသည့်အလျှောက် လူ
တိုင်းကြိုးစားကြမည်။ နိုင်ငံရေးသည်လူတိုင်းနှင့်ဆိုင်၏။ လူတိုင်းလုပ်မှဖြစ်မည်။ မင်းလောင်း
မျှော်နေစရာမဟုတ်။ ဘယ်နေရာကမှ မင်းလောင်းပေါ်မည်မဟုတ်။ စကြာ်မင်းဆိုသော်လည်းမရှိ၊
လာမည်မဟုတ်။ပေါ်လျှင်လည်း သူလိုငါလိုထဲမှ ရာဇဝင်ကိန်းခမ်းအလျောက် (ဝါ) အရေးပေါ်
သည့်အခါ၊ အခါအလျောက်ဆောင်ရွက်ရန် စွမ်းရည်သတ္တိရှိသူသည် မုချဆတ်ဆတ် တကဲ့
ခေါင်းဆောင်ဖြစ်မည်။ထိုသူသည် သင်လည်းဖြစ်နိုင်၏။ ငါလည်းဖြစ်နိုင်၏။ထို့ကြောင့် သင့်
စိတ်ဝယ် ကိန်းအောင်းနေသော လူညံ့စိတ်ကို ဖျောက်ပြီး နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ။
“ယောကျာ်းတခွန် လူရည်ချွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း
ရမြဲလမ်း” ဒါဟာဒါမျိုးဆိုတာဘဲ။ (ခရစ်ယန် တရားဟောဆရာနဲ့ မတူလား- အယ်ဒီတာ)
နီုင်ငံရေးအမျိုးမျိုး (၄)
တချို့ကလည်း ဆင်းရဲသားဝါဒဆိုလျှင် လူတွေအကုန်လုံးဆင်းရဲသားဘဝ၊ ဆင်းရဲသားအနေ
မျိုးနေရမည်ဟု ကလေးတွေး တွေးပြီး ကျုပ်တို့ဝါဒက ဆင်းရဲသားဝါဒမဟုတ်ဘူး၊ သူဌေးဝါဒ၊
ဘယ့်နှယ့် ဆင်းရဲသားဝါဒဆိုပြီး ပိုးလုံချီ နှင့်ပါလားဗျ။ သူဌေးဝါဒ၊ လူတိုင်းသူဌေးဖြစ်မယ်
ဟု တကဲ့ အနူးမနပ်သမား အများအပြားကို တွေ့ရ၏။ ဤလူစားမျိုး အကြပ်ဆုံးဖြစ်၏။ တကဲ့
လူ့ခွစာ အစစ်ဖြစ်၏။ မိမိကို တတ်သည်ဟုလည်းထင်၏။ အမှန်မှာ မတတ်။ တကယ်တတ်၍
အထင်ကြီးသူကို မဆိုသာ၊ တကယ်မတတ်ဘဲ အထင်ကြီးသည့် တတ်ယောင်ကားတို့ကိုကား ..
.........။ မကြားချင်လည်းနားပိတ်ထားကြ။ ကျုပ်တော့ အလွန်စက်ဆုပ်၏။ အော့နှလုံးနာ၏။
ဆန်ကုန်မြေလေး တကဲ့ အစစ်တွေ ဖြစ်၏။ ဒီလို မနူးမနပ်တွေ အကြောင်းရေးရလျှင် ပုဂံရာ
ဇဝင် တုတ်ထမ်းပြောရသလို ပြောရမည်ဖြစ်၏။ ဒုနှင့် ဒေး နိုင်ငံရေးဆို (ချို) နှင့်လား ဟု
တောရွာတွေ မှာ ရှိသည့် မသိနားမလည်သူတွေ နှင့် မတိမ်းမယိမ်းနိုင်။ နိုင်ငံရေး အမျိုးမျိုး
အကြောင်း ရေးမလို့ထိုင်လိုက်ပါတယ် လောကကြီးကို မကြေနပ်လွန်းလို့ နဲနဲ ဆဲတရား ခတ်
ဆန်ဆန် ရေးလိုက်မိတယ်။ အယ်ဒီတာ သခင်ကြီး သည်းခံဗျို့ .... သည်းခံ။ ဝါသနာကိုး။
ဆေးရုံတက်ရင်း ရေးရတော့ စိတ်ကောင်းလက်ကောင်းတဲ့ အခါရေးရရှာတာမဟုတ်ဘူးလို့ ...
.. သဟာလို၊ (ကျွန်တော်က အညာသားခင်ဗျနော်) မေတ္တာ တရားပွားများပြီး ဥပေက္ခာပြုပေ
တော့ဗျာ။ အများကြီးဝမ်းနည်းပါတယ်။ အင်္ဂလိပ်လိုတော့ ဘဲရီး ဆောရီး ဆိုထင်ပဗျာ။ ကိုင်း
ဆက်ဦးစို့ နိုင်ငံရေး အမျိုးမျိုးအကြောင်း။
နိုင်ငံရေးအကြောင်းတွေးလျှင် ဝါဒဆိုတာပါမြဲဖြစ်၏။ ဝါဒမရှိလျှင် နိုင်ငံရေး ဟူ၍ ဘယ်ကမ္ဘာ
မှာမှမရှိ။ ဝါဒမလိုပါဘူး၊ ဗမာဆိုလျှင် ဗမာစိတ် ရှိတာဘဲ။ ဗမာကောင်းစားဖို့ဆိုလဆင် လူ
တိုင်းလိုချင်တာဘဲ။ ဝါဒဆိုဘာပေါ့၊ ဘာ - ဓနရှင်ဝါဒ၊ ဘာဝါဒနဲ့ စာချဲ့နေစရာလိုသလဲ စ
သည်ဖြင့်ပြောကြ၏။တရံရော အခါ ပဲခူးမြို့တွင် ဓနရှင်ကြီးတယောက်ပြောသည်ကို မှတ်လိုက်
ရဘူး၏။ အမှန်မှာ နိုင်ငံရေးနားမလည်၍ တကြောင်း၊ သူ၏အတန်းအစားစိတ် အမြင်နှင့်
ဆန့်ကျင်၍ တကြောင်း ဝါဒမလိုဟု ပြောလိုက်ခြင်းပင်ဖြစ်၏။ ဝါဒမရှိလျှင် ဘယ်လို နိုင်ငံ
ရေးလုပ်နိုင်မလဲ။ ယခု လက်ရှိဝန်ကြီးတွေ၊ အုပ်ချုပ်ရေး မကောင်းသည်ကို အပထား၍ အုပ်
ချုပ်ရေး အရ လုပ်နိုင်သမျှ ဖန်တီးသမျှကို ထိထိရောက်ရောက် လုပ်တတ်ခြင်းမရှိ။ ပညာ
ရေးဝန်ကြီးချုပ် ဆိုသူတဦးနှင့် တွေ့ဘူး၏။ ပညာရေးဆိုတာ ဘာလဲ လို့မေးတော့ ကျုပ်ခင်
ဗျားနဲ့ ငြင်းနေဖို့ မဟုတ်ဘူး၊ ကျုပ်လွှတ်တော်ထဲမှာသာ ငြင်းတယ် ဆိုလျှက် ရှောင်သွားဘူး
၏။ မိမိကိုယ်မိမိ နာမည်ကြီးအောင်၊ ကြွယ်ဝအောင်လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။
တိုင်းပြည်ကောင်းအောင် လုပ်တတ်မှ နိုင်ငံရေးဖြစ်၏။ တိုင်းပြည် အနာက ဘာလဲ။ သည်
အနာ လွတ်ရာ လွတ်ကြောင်းဖြစ်တဲ့ လောကနိဗ္ဗာန်လမ်းဟာ ဘယ်လိုရှိသလဲ ဟု စိတ်ကူး
မှာ မကူးတတ်၊ ကူးတတ်ရန်မှာ ဝါဒ အရင်းခံ ဖြစ်လေသည်။
လောက မှ ထွက်ရာထွက်ကြောင်း အရင်းခံ၍ ဘာသာအမျိုးမျိုး ရှိ၏။ သူ့ဝါဒ သူ့အယူနှင့်
ရှိ၏။ သည်ဝါဒ သည်အယူတွေ အနက်ဘယ်သင်းလိုက်မလဲ၊ ဗုဒ္ဓ ဘာသာ ဗုဒ္ဓ ဝါဒကြိုက်
သူ ဗုဒ္ဓဘာသာလိုက်၊ မဟာမေဒင် ဘာသာ၊ မဟာမေဒင်ဝါဒ ကြိုက်သူ မဟာမေဒင် ဘာသာ
ဝင်လုပ်ကြ၏။ ဤအတိုင်း နိုင်ငံရေးတွင်လည်းထပ်တူဖြစ်၏။ ဝါဒတူကြလျှင် ဘာ့ကြောင့်
နိုင်ငံရေးဂိုဏ်းတွေ ကွဲနေစရာလိုသလဲ။ ဝါဒမတူလို့သာကွဲသည်ဟုမှတ်။ ယခုအခါ ညီညွတ်
ရေးစကားကို တော်တော်ပြောကြ၏။ ညီညွတ်လို့ ရနိုင်တဲ့ ညီညွတ်ရေးလား။ မညီညွတ်လို့
ရနိုင်တဲ့ ညီညွတ်ရေးလား။ ညီညွတ်သင့်တဲ့ ညီညွတ်ရေးလား။ စဉ်းစားရမည်။ပုဆိုးရှည်ကို
ငဲ့ပြီး တိုင်းပြည်လွတ်လပ်ရေး စကားမထည့်လို၊ ထည့်လျှင်ညီညွတ်ရေးပျက်ပြားမည်ဟုယူ
ဆ၍ လုပ်သော ညီညွတ်ရေးသည် ညီညွတ်ရေး အစစ်မဟုတ်၊ တိုင်းပြည်အတွက်လုံးဝ မ
ကောင်း။ ထိုညီညွတ်ရေးမျိုးကား ရှိသည်ထက် မရှိခြင်းကကောင်း၏။ ဤကဲ့သို့ ယောင်ဝါး
ဝါး လုပ်ကြခြင်းသည် ဝါဒအခြေခံ မရှိသူများဖြစ်ကြောင်း ထင်ရှားစေ၏။ ထို့ကြောင့် နိုင်ငံ
ရေးနှင့်ဝါဒကို ခွဲလို့ မရ။ ဝါဒ ရှိမှရမည်။ ဝါဒဆိုသည်မှာလည်း မိုးပေါ်က ကျမလာ။ ဘယ်
ကျောက်စာ၊ ဘယ်သိုက်တူးဘော်၍ ကြည့်စရာမလို၊ ထာဝရ ဘုရားသခင်ကလည်း ဖန်ဆင်း
မပေး။ ဝါဒဆိုသည်မှာ သူ့ခေတ် သူ့ဒေသ သူ့ကိန်းအလျောက် ပေါ်လာရ၏။ ကမ္ဘာ့ရာဇဝင်
အစီအစဉ် တွင်း ရုပ်နှင့် နာမ် ပြောင်းလွဲဖောက်ပြန်မှု ကြောင့် ရုပ်နှင့်နာမ် အပြန်အလှန်ဆက်
ဆံ မှု ကြောင့် ဝါဒဆိုသည့်စကားကြားရ၏။ ဝါဒဆိုသည့် အကြံလုပ်ရ၏။
ယခုကမ္ဘာတလွှားတွင် အထင်အရှားအားဖြင့် ဝါဒကြီးသုံးမျိုးရှိ၏။ တမျိုးက ဓနရှင်ဝါဒ။
တမျိုးကား ဘုံဝါဒခေါ် ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒ။ တမျိုးက ဖက်ဆစ်ဝါဒ၊ သုံးမျိုးသုံး
စား အထင်အရှားရှိကြ၏။ကြားဝါဒများလည်း ရှိသေး၏။ ဤဝါဒ သုံးမျိုးသည် မိုးပေါ်က
ကျမလာ။ သူ့အလိုအလျောက် ကံအကြောင်း အထောက်အခံဘာမှ မရှိဘဲ ပေါ်မလာ။ စေ့
ဆော်သော အကြောင်းတရားများကြောင့်ဖြစ်၏။ ထိုအကြောင်းတရားများသည် လူ့ဇာတ်
လူ့ ရာဇဝင်တွင် ရုပ်နာမ် အပြောင်းအလွဲကြောင့် ဖြစ်၏။ ဘယ်လိုပြောင်းလွဲ မှု ကြောင့်
ဘယ်လို ဖြစ်လာသလဲ။ ရာဇဝင် ခင်းကြည့် ကြစို့ .......။
ရာဇဝင်ခင်းသည်ဆိုသော်လည်း သမရိုးကျရာဇဝင် ကြောင်းအတိုင်းခင်းလျှင် အမှန်ကိုသ
ဘောမပေါက်နိုင်၊ ဤ ရာဇသင်ဆိုသော စကားကပင် အဓိပ္ပါယ် မပြည့်စုံ၊ ရာဇဝင်၊ရာဇဝံသ၊
အဓိပ္ပါယ်စစ်စစ်မှာ မင်းဆွေစိုးမျိုး ဇာတ်ကြောင်းကို ခေါ်ခြင်း ပင်ဖြစ်၏။ ဤကဲ့သို့ ဗမာ
စကားသာရှိသည်မှာလည်း မထူးဆန်း၊ ဗမာဇာတ်ကြောင်း တလျောက်တွင် ရာဇဝင်ကို (မင်း)
သာစီရင် ၏။ နိုင်ငံရေးကို (မင်း)သာပိုင်၏။ဆင်းရဲသားများ မပိုင်ခဲ့။ သို့ဖြစ်ရကား ရာဇဝင်
ဆိုသည်မှာ လူ့ဇာတ် လူအထုပ္ပတ္တိ အကြောင်းစဉ်ဟု မပေါ်ခဲ့။ ဗမာရာဇဝင်များကို ကြည့်မည်
ဆိုလျှင် ရှေးလူတွေ ဘယ်လိုနေသည်ထိုင်သည် ဘာလုပ်ကြသည် ကို၊ ဘယ်လိုကြီးပွားလာကြ
သည် စသည်ဖြင့်ကျကျနန မတွေ့ရ။ ဘယ်မင်းလက်ထက် တိုင်းပြည်သာယာဝပြောသည်။
ဘုန်းတန်ခိုးကြီးသည်။ ဘယ်နှစ် နှစ် နန်းစံ၊ အိမ်နိမ့်ဘယ်နှစ်နှစ်၊ သက်တော်ဘယ်လောက်
မှာ ကံတော်ကုန်သည်။ ကံတော်ကုန်သည့်အခါ နန်းတော် ထိပ်တွင် ကျီးအာသည်၊ တော်လဲ
သည် စသည်ဖြင့် သာမညတို့ကိုသာ တွေ့ရသည်က များသည်။ တိုတိုနှင့် ရေး၍ အဓိပ္ပါယ်
ပေါ်မည်ကို ရှေရှေ ဝေးဝေး အတွန့်အတက်တွေ နှင့် ရေးစရာ မရှိတိုင်း ချဲ့ထွင်ထားလေသည်။
(ရှေးလူကြီးတွေ အဆဲတော့ ခံရပြီဗျို့၊ သို့ပေမဲ့ ကျွန်တော်ရေးထားတာ အမှန်ဘဲ၊ မှန်တာဟာ
မှန်တာဘဲ) ကျွန်တော်သက်ဝင်ယုံကြည်သော ဝါဒအရ၊ နည်းအရဆိုလျှင် ရာဇဝင်ဆိုသည်မှာ
လူ့ဇာတ် လူ့အထုပ္ပတ္တိ ကြောင်းမျှသာမဟုတ်။ ဤကား သာမညသာရှိသေး၏။ ယခုလူအများ
ဖတ်ကြသော ခေတ်ရာဇဝင်စာအုပ်များသည်ပင်လျှင် ရာဇဝင်သဘောတရား မပါလှ။ ကျောင်း
စာအုပ်ဘတ်ပြီး အထင်ကြီးကြသော ခေတ်ပညာတတ်များ သည်။ ရာဇဝင်စာအုပ်ကြီး တွေကိုင်
ပြီး ရာဇဝင်သဘောတရားကို အရိပ်အမြွတ် မျှသိကြသူ ရှာမှရှားသည်ကို တွေ့ခဲ့ရပေသည်။
စာအုပ်ထဲပါသည့် အချက်အလက်တွေ ကိုကား သွက်သွက်ကြီး ပြောနိုင်ရေး နိုင်ကြပါပေ၏။
သို့သော်လည်း ရာဇဝင်သင်ပြီး ရာဇဝင်သဘော ပေါက်ပြီးလျှင် ရာဇဝင်စိတ်ကူး ကူးတတ်မှ
အနာဂတ်ရာဇဝင်ကို ဖန်တီးမည့် ခေတ်လူတွေ (ဝါ) တက်လူတွေ ပီပေမည်။ မည်ပေမည်။
မည်သည့် ကျမ်းဂန် စာပေမဆို ရာဇဝင်ဖြစ်စေ၊ တခြားစာပေဘဲ ဖြစ်စေ ထိုစာပေကို သင်အံ
လေ့လာရင်း အကြောင်းရင်းသည် (ဝါ) ပရမတ်တရားသည် ထိုစာပေ၏ အနက်အဓိပ္ပါယ်သ
ဘောကို ပေါက်မြောံ ရန်ဖြစ်လေသည်။ သို့မှသာ သင်အံလေ့လာရကျိုးနပ်ပေသည်။ စာအုပ်
တစ်အုပ်ကို ဘတ်လျှင် စာအုပ်ကို ကျော်လွှမ်း၍မြင်နိုင်ရမည်။ သို့မှသာ ပညာတည်းဟူသော
အဆီ အနှစ်ကို ရပေမည်။ ထို့ကြောင့် ပညာတတ် နှင့်စာဘတ် တတ်တာ တခြားစီဟူ၍ ဗ
မာများ ပြောလေ့ပြောထ ရှိပေသည်။ ပိဋကတ် သုံးပုံကို နုတ်ငုံ၍ ဘယ်လောက်တတ်ထား
သော ပထမကျော် ဘိုးအေဖြစ်စေကာ မူ သဘောမပေါက်လျှင် ပရမတ် ပညတ် မခွဲတတ်လျှင်
ထွက်ရပ်လမ်း မမြင်။ ဝိမုတ္တိ ရသကိုလည်း မတွေ့ ၊ သံသရာကျင်လည်မြဲကျင်လည်သကဲ့
သို့ ရာဇဝင်စာအုပ်တွေ တပုံတခေါင်းကြီး လေ့လာထားသည့် ရာဇဝင်ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ
ပင်ဖြစ်လင့်ကစား သာမည ရာဇဝင်ပညတ် နှင့် ရာဇဝင်ဖြစ်ကြောင်းတရားဖြစ်တဲ့ ပရမတ်ကို
ခွဲခြား မသိခဲ့လျှင် ရာဇဝင်သင်ရကျိုးမနပ်။ ထိုသူသည် လောက၏ ပြဿနာ များကို မဖြေ
ရှင်းနိုင်။ ထိုသူသည် ရာဇဝင်ဖြစ်အောင် မစီမံတတ်။ ရာဇဝင်များ အတိတ်က ဖြစ်ခဲ့သည့်အ
ကြောင်း အရာ ဖြစ်ရကား အတိတ်ရာဇဝင်သိကာမျှ နှင့် အကျိုးအလျှင်း မရှိ။ အချိန်ကုန်လူ
ပန်းဖြစ်သည်။ ရာဇဝင်သင်သည်မှာ အတိတ်အကြောင်းသိရုံလောက်ဆိုလျှင် မသင်ဘဲနေသည်
ကား ကောင်းပေသည်။ အချိန် အချီးနှီး ဖြစ်ရုံမျှ ရှိ၏။ လူတိုင်းလူတိုင်းမှာ ယနေ့နှင့်မနက်
ဖြန်ကာ ဘာဖြစ်မည်။ ဖြစ်လျှင် ဘာ့ကြောင့် ဘယ်လိုကြောင့် ဖြစ်လျှင် ဘယ်လိုစီမံ နိုင်ပါ
မလား။ ကိုယ်လိုချင်တာဘာလဲ၊ စီမံ၍ ရပါ့မလားဆိုသည့် အချက်များနှင့်သာ အမှန်မှာ
သက်ဆိုင်ပေသည်။ ထိုအချက်များမှာ မဆိုင်၍မဖြစ် မိမိ၏ အသက်မျှဖြစ်ပေသည်။ သို့
သော် ထိုအချက်များသိရန် အတိတ်အကြောင်းလှန်၍ သုံးသပ်ရပေမည်။ ထိုအတိတ်အကြောင်း
အရ သိရသော ဥာဏ်အမြင်နှင့် ရှေ့ အနာဂတ်လမ်းကို မှန်းဆ တီထွင်ရပေမည်။ဤသည်
သာလျှင် ရာဇဝင်သင်နည်း အစစ်ဖြစ်ပေသည်။ဤနည်းကို “လောဂျစ်” ခေါ်သည့် သာမည
တက္ကဗေဒ အလိုအရဆိုလျှင် “ဒီဒပ်တစ်” “အင်ဒပ်တစ်” (၂) နည်းပေါင်းသော (ဆိုင်ကိုလို
ဂျစ်ဇင်) နည်းဟု ခေါ်လေသည်။ ဥပမာ - မောင်ဘသည်လူဖြစ်၏။ လူသည်တနေ့သေရမည်။
ဤကား (ဒီဒပ်တစ်) နည်းဟူလို။ မောင်ဘသည်သေ၏။ မောင်ခသည် သေ၏။ အားလုံး
သေ၏။ ထို့ကြောင့်လူဆိုတာ ပဏ္ဍပါတ် သေမျိုးကို ဒါက (အင်ဒပ်တစ်) နည်း ဟူလို။
သို့ပေမဲ့ သည်နည်းက တကယ်မစေ့စပ် မသေချာ၊ ရုပ်သဘော နာမ်သဘော ပရမတ်သဘော
ကောင်းကောင်းမပါ၊ အခြေမခိုင် သာမည သမရိုးကျ ဖြစ်၏။ တကယ့်ရာ ဇဝင်သင်နည်းကား
ရုပ်လက္ခဏာ အခြေခံသည့် အနုပဋိလောမ နည်းမှ မှန်လေသည်။ ဤကား နိုင်ငံရေး အဘိ
ဓမ္မာ ဆရာကြီး (ကားလ်မတ်) ၏ အယူတည်း။ ကျွန်တော်တို့ (သခင်အဘိဓမ္မာ ဆရာကြီး
သခင်စိုး) ရေးတဲ့ ဆိုရှယ်လစ်ဝါဒ စာအုပ်ကိုလှန်ပြီး သူယှဉ်ပြတဲ့ ဝိမုတ္တိ ရသ ကျမ်းမှ
ကောက်နုတ်ကြည့်ကြဦးစို့။
နိုင်ငံရေး အမျိုးမျိုး (၅)
(၁) အကျိုးနှင့် အကြောင်းသည် မစပ်ဆိုင်ကြသည်မဟုတ်၊ စပ်ဆိုင်ကြသော သဘောဖြစ်ပေ
သည်။ အကြောင်းနှင့် အကျိုး စပ်ဆိုင်သော သဘောအားဖြင့်၊ အဝိဇ္ဇာ၊ သင်္ခါရ အစရှိသော
အကြောင်း အကျိုး တို့သည် အကြောင်းအကျိုး နှစ်ခုကြား စပ်ခြင်း သဘော တခုတည်းအား
ဖြင့် ဖြစ်၏ ဟူသော ဧကတ္တ နည်းသည်၎င်း
(၂)ဤသို့ အဝိဇ္ဇာ သင်္ခါရ စသော အကြောင်းအကျိုး အဖြစ်ဖြင့် စပ်ခြင်းသဘော တခုတည်း
ဖြစ်သော်လည်း အကြောင်းတရားကား တမျိုးတခု၊ အခြား အကျိုးတရားသည် တမျိုးတခု အခြား
အဝိဇ္ဇာသည် သင်္ခါရမဟုတ်၊ သင်္ခါရသည် အဝိဇ္ဇာ မဟုတ်၊ သဘောလက္ခဏာ အကျိုးပေး မတူ
ကြ၍ အသီးသီး တရားသဘောတမျိုးစီဖြစ်ကြသည်ဟူသော နာနတ္တ နည်းသည်၎င်း
(၃) ထိုအကြောင်း အကျိုးတို့သည် အချင်းချင်း ငါကားအကြောင်းဖြစ်မည်၊ သင်မူကား အကျိုး
ဖြစ်ရမည်။ သင်ကားအကြောင်းဖြစ်ကာ ငါကားအကျိုး ဖြစ်ပါမည်ဟူ၍ အဝိဇ္ဇာ သင်္ခါရ စသော
အကြောင်း အကျိုးတို့သည် တခုနှင့် တခု တောင်းပန် တိုက်တွန်း စေခိုင်း နှိုးဆော် အချိန်းအ
ချက်ပေးကြခြင်း (ပယောဇက-အဇ္ဇေသန-ပေသန-ဥဿဟာဗျာပါရ) မရှိကြ၊ အကြောင်းအား
လျော်စွာ အကျိုးဖြစ်သည်။ အကြောင်းမရှိလျှင် အကျိုးလည်းမဖြစ်။ အကြောင်းချုပ်လျှင် အကျိုး
လည်းချုပ်၏။ အကြောင်းအကျိုးလည်း အခြားမရှိ။ ဆက်ခါစပ်ခါ အချင်းချင်း အပြန်အလှန်
(ပဋိပက္ခ) ဖြစ်ကြ၏ ဟူသော အဗျာပါရ နည်းသည်၎င်း
(၄) သံသရာ စက်ဟူသည် ရုပ်နာမ် သဘောပင်တည်း။ လောကသုံးပါးလုံး၌ ပင်ဤသံသရာ
စက် ပဋိစ္စသမုပ္ပါဒ် ဟူသော နာမ် ရုပ်မှတပါး တရားသဘောသည်၎င်း၊ သတ္တဝါပုဂ္ဂိုလ်သည်
၎င်း၊ သက်ရှိသက်မဲ့သည်၎င်း မရှိပြီ။ လောကသုံးပါးဆိုသည်မှာလည်း အရကောက်လျှင်
နာမ်ရုပ် သလောဖြစ်သောကြောင့် ဤပဋိစ္စသမုပ္ပါဒ် ပင်တည်း။ လောကုတ္တရာ တရားကိုးပါး
မှတပါး တရားဟူသမျှသည် ပဋိစ္စသမုပ္ပါဒ် ၌ဝင်သည်ချည်း ဖြစ်သောကြောင့် ဆိုခဲ့ပြီးသော
အဝိဇ္ဇာ သင်္ခါရ စသော အကြောင်း အကျိုးတို့သည် ဧကတ္တ နည်း၊ နာနတ္တနည်း၊ အဗျာပါရ
နည်း အားဖြင့် ဖြစ်ကြခြင်းသည် ဤကဲ့သို့ဖြစ်ရအောင် ဘန်ဆင်းမည့် သတ္တဝါ ပုဂ္ဂိုလ် တစုံ
တရာ ဝတ္တု ပဋိစ္စသမုပ္ပါဒ် အကျိုးအကြောင်းတို့ဖြင့် ပြီးအပ်သော နိယာမ တရားမှတပါး အ
ခြားမရှိပြီတကား ဟူသော ဧဝံဓမ္မတာ နည်း၎င်း (ဒါကတမျိုး)
နောက်တနည်းက မူလ(သီဆစ်) ပဋိပက္ခ (အင်တီသီဆစ်) သမူဟ (ဆိုင်သီဆစ်) တို့ဖြစ်၏။
အဓိပ္ပါယ်ကား ရုပ်ပိုင်း၌သော်၎င်း၊ စိတ်ပိုင်း၌သော်၎င်း၊ တစုံတခုသော သဘောသည် (မူလ)
အစပြု၍ ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက်၊ ၄င်း၏ ဆန့်ကျင်ဘက်သဘောဖြစ်သော (ပဋိပက္ခ)
သဘောသည်လည်း ယုတ်ခြင်းပေါ်လာ၏။ အအေးရှိလျှင် အပူရှိရမည်။ အဖြူရှိလျှင် အမဲရှိ
ရမည်။ ကုသိုလ်ရှိလျှင် အကုသိုလ် ရှိရမည်။
ထွက်ရပ်လမ်းပေါက်ကြသော ဝိဇ္ဇာ အရဟတ် တို့မှာ ကုသိုလ်စိတ်လည်း မရှိတော့၊ အကုသိုလ်
စိတ်လည်းမရှိ၊ ခိုင်မြဲသော သမာဓိ တရားပေါက်ပြီးဖြစ်သည့်အတိုင်း ကောင်းမှု နှင့်တွေ့သော
အခါ၎င်း၊ မကောင်းမှု နှင့်တွေ့သော အခါ၎င်း မတုန်လှုပ်မချောက်ချား တရားသဘော အတိုင်း
မြင်နိုင်ထင်နိုင် ယူဆနိုင်၏။ လောဘ၊ ဒေါသ၊ မာန၊ ဒိဌိ အလုံးစုံကင်း၏။ ဤသို့ ကုသိုလ်
စိတ်၊ အကုသိုလ်စိတ် ချုပ်ငြိမ်း၍ တဆင့်တက်သော နိဗ္ဗာန်သို့ တက်လှမ်းခြင်းသည် သမူဟ
(ပေါင်းစပ်ခြင်း) ဝါ ပဋိပက္ခနိယောဓ (ဆန့်ကျင်ဘက်တို့ ချုပ်ငြိမ်းခြင်း) ပင်ဖြစ်၏။ အခြားနည်း
များလည်း ရှိသေး၏။
(၁) ရုပ်ဝတ္တု၊ နာမ်ဝတ္တု တိုးပွားသဖြင့် ရုပ်လက္ခဏာ နာမ်လက္ခဏာ သဘောလည်း ပြောင်းလွဲ
ခြင်းနည်း
(၂) ဆန့်ကျင်ဘက်ကျသည့် ရုပ်ဝတ္တု နာမ်ဝတ္တုတို့ ရောနှော ယှက်ထွေးကာ ပူးပေါင်းစပ်ယှက်
နည်း။
(၃) ပဋိပက္ခ နိရောဓနည်း။
ပထမနည်း။ ။ ရုပ်ဝတ္တု နာမ်ဝတ္တု တို့ တိုးပွားသဖြင့် ရုပ်လက္ခဏာ နာမ်လက္ခဏာ သ
ဘောများလည်း ပြောင်းလည်း သွားသည့် သဘောကို ပြဆိုရာ ၌ ပထမ ကလလ ရေကြည်
အနုမြူ -ကလပ်သည် အနုမြူ ကလပ်သာတည်း။ ထို့နောက် သုံးဆယ်နှစ် ကောဌာဿ ဓါတ်
အစုအဝေးတို့ တိုးပွားစုပုံလာသဖြင့် ကလလ ရေကြည် အနုမြူ ဘဝသည်ကွယ်ပျောက်၍ က
လေးတယ်းဟူသော ရုပ်လက္ခဏာ နာမ်လက္ခဏာ သစ်များ ပေါ်ပေါက်လာပြီ ကြောင်းကို ပြ
သည်။ ဥပမာတမျိုးပေးရလျှင် မောင်ဘ ငယ်စဉ်က ဝတ်သော အဝတ်ကို ကလေးဘဝဖြစ်သော
မောင်ဘမှ လူကြီးဘဝဖြစ်သော မောင်ဘ ဝတ်၍ မရ။ ထိုအခါ မေင်ဘ အဝတ်အစား၊ မောင်
ဘ ကိုယ်ကာယ အသက်အရွယ် ကြီးထွားလာသည့် အလျောက် အဝတ်အစား အနေ အချိုး
အစား အသွင်ပြောင်းလဲလာရသည်။
ဒုတိယနည်း။ ။ ဆန့်ကျင်ဘက်ကျသည့် ရုပ်နာမ် ဝတ္တုတို့ ရောနှောကာ ပူးပေါင်းစပ်ယှက်
ကြခြင်း သဘောကို ပြဆိုရာ၌ တဦးနှင့်တဦး ဆန့်ကျင်ဘက်ကျသည့် အဖိုနှင့်အမ၊ ကလလ
အနုမြူကလပ်တို့ ပေါင်းစပ်ထားအပ်သည့် ဗီဇ ပဋိသန္ဓေ ကိုဆိုလိုသည်။ ဥပမာ တမျိုးပြရလျှင်
လျှပ်စစ်ဓါတ်ကြိုးတွင် အဖိုဓါတ် အမဓါတ် နှစ်မျိုးရှိ၏။ ထိုနှစ်ခုပေါင်း၍ လျှပ်စစ် ဖြစ်လေ
သည်။ ထို့ကြောင့်ဓါတ်တိုင်များတွင် ဓါတ်ကြိုး နှစ်ကြိုး ရှိတတ်သည်။ ထိုဓါတ်ကြိုး နှစ်ကြိုး
အနက် တကြိုးကိုသာ ကိုင်မိလျှင် မသေနိုင်၊ နှစ်ကြိုးလုံး ကိုင်မိလျှင်ကား သေနိုင်၏။
တတိယနည်း။ ။ ပဋိပက္ခ နိရောဓ နည်းကို ပြရာ ၌ (မူလ) တည်းဟူသော ကလလ ရေကြည်
အနုမြူစုကို ကလေးတည်းဟူသော ရုပ်နာမ်စုက ပယ်ဖျက်လိုက်၏။ ကလေးဘဝ (ဝါ) ပဋိပက္ခ
သဘောသည် တဖြည်းဖြည်း ကြီးပြင်းလာသည့်အခါ လူဟူသော ဝေါဟာရ နာမ်ပုဒ် ကိုဆောင်
လာပြန်သဖြင့် ကလေးတည်းဟူသော ဝေါဟာရ နာမ်ပုဒ်သည် ပျောက် ကွယ်ပြန်၏။ ထို့ကြောင့်
ပထမ ကလလ ရေကြည်ကို ပဋိပက္ခပြုခဲ့သော ကလေးသည် မိမိ၏ ဘဝကို ချုပ်ငြိမ်းစေမည့်
လူ (ဝါ) ပဋိပက္ခ နိရောဓ တည်းဟူသော ဝေါဟာရ နာမ်ပုဒ်သည် တဘန်ပေါ်လာရ ပြန်၏။
ဤကား အနုပဋိလောမ တရားကို သရုပ်ဖေါ်ပြခြင်း ဖြစ်၏။ သဘောပေါက်နိုင်သမျှပေါက်ရန်
အဘန်ဘန်သုံးသပ်လေ။ ကမ္ဘာ လောကဓါတ် တခုလုံး မြင်မြင်သမျှ ရုပ်နာမ် ခန္ဓာ ပြောင်းလဲ
မှုတို့မှာ ဤတရားမှ မလွတ်နိုင်။ အထက်ပါတို့ကား .... လောကုတ္တရာ စကားများနှင့် လော
ကုတ္တရာကို ဥပမာမှီ၍ ပြဆိုထားသဖြင့် မိုးညှင်းတရား ဟောနေသည်ဟု မမှတ်အပ်။ ရာဇဝင်
အပြောင်းအလွဲ၊ နိုင်ငံရေးအပြောင်းအလွဲ၊ ခေတ်အပြောင်းအလွဲတို့မှာလည်း ဤနည်းသဘော
အတိုင်း ရာဇဝင်ကြောင်းတလျှောက် ရုပ်နာမ်ခန္ဓာ အပြန်အလှန် စပ်ယှက်မှု၊ ဘောက်ပြန် မှု
ပေါင်းစပ်မှု တို့အရ ဖြစ်ရပေသည်။ နိုင်ငံရေး အဘိဓမ္မာ ဆရာကြီး (ကားလ် မတ်) သည်
ဤ ရုပ်လက္ခဏာ အခြေခံသော အနုပဋိလောက တရားအရ ရာဇဝင်ကို ကြည့်ရှုသည့် အခါ
အမျိုးလေးပါး (ဝါ) လူတန်းစား အချင်းချင်း ပဋိပက္ခဖြစ်ပွား ကြသည်ကို ရာဇင်တလျောံ ထင်
မြင်ရပေမည် ဟုဆို၏။ ဤကဲ့သို့ လူတန်းစား အချင်းချင်း အပြန်အလှန် ပဋိပက္ခ ဖြစ်ခြင်းမှာ
တဆင့်ထက်တဆင့် တမျိုးပြီးတမျိုး ပြောင်းလွဲလာပေသည်။ ဥပမာ ပထမခေတ်တွင် မင်းမျိုး
ကြီးစိုးလျှင် သူဌေးမျိုးသည် ပဋိပက္ခပြု၍ ဒုတိယခေတ် တွင် ကြီးစိုးလာ၏။ထိုအခါ သူဌေး
မျိုး၏ ကြီးစိုးမှု အရာ မခံနိုင်သော ဆင်းရဲသား အမျိုးသည် ထိုသူဌေးမျိုးကို ပြန်၍ ပဋိပက္ခ
ပြု၍ (ဝါ) ပဋိပက္ခ နိယောဓဖြစ်စေ၍ တတိယခေတ်တွင် ကြီးစိုးလာ၏။ စသည်ဖြင့် အသွင်
အမျိုးအစားပြောင်း သော်လည်း အခြေခံသဘောမှာ ယခုလက်ရှိ လူ့ စံနစ်ကြီးတွင် မင်းနှင့်သူ
ဌေး။ သူဌေးနှင့် ဆင်းရဲသား အစရှိသဖြင့် အချင်း များလာသည်ကိုသာ ရာဇဝင် ကြောင်း တ
လျောက်ကို ကြည့်လျှင် တွေ့ရပေသည်။ ထိုကဲ့သို့ ဖြစ်သည်မှာ အဘယ့်ကြောင့်နည်း။ မူလတ
ရားတည်းဟူသော စီးပွားရေး စံနစ် အခြေခံ ကြောင့်ဖြစ်၏။ စီးပွားဖြစ်သည့် နည်းပြောင်းလျှင်
စီးပွားရေး စံနစ်လည်း ပြောင်း၏။
စီးပွားရေး စံနစ်ပြောင်းလျှင် လူမှုဆက်ဆံရေး၊ နိုင်ငံရေး၊ ရာဇဝင်အဆင့်အတန်းပါ ပြောင်းလာ
ပေ၏။ ဤသို့လျှင် တခုနှင့်တခု အညမည ပစ္စည်း ဆက်သွယ်နေ၏။ ဤသို့ နိုင်ငံရေး အဘိ
ဓမ္မာ ဆရာကြီး (ကားလ်မတ်) က မြင်၏။ထင်၏။
ဟိံ ............. ထိုစကားသင့်စွ
(ဆက်ဦးအံ့)
အရေးတော်ပုံအောင်ပါစေ။
နိုင်ငံရေးအမျိုးမျိုး ( သခင်အောင်ဆန်း )
ဒဂုံမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၄၀
credit to mmcyber
အခြားဆိုဒ်များမှ ကောင်းနိုးရာရာလေးများကို မိတ်ဆွေသူငယ်ချင်းများအား ပြန်လည်မျှဝေပေးချင်းဖြစ်ပါတယ် လာလည်သွားသော သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါသည်။
Monday, 29 April 2013
Tuesday, 23 April 2013
ဇီတာ - အရိုး (အပိုင်း-၃)
(၁)
ရဲသင်ရံ ရုံးခန်းထဲတွင် ဖြစ်၏။
"ငါပြန်ရောက်ကတည်းက တင်မောင်တို့ဆီက ကြားတယ်၊ ဒါပေမဲ့ မင်းက tour group နဲ့ မြောက်ဦးဘက် ပါသွားပြီ ငါကလည်း Church က ကိစ္စတစ်ခုနဲ့ ချင်းမိုင်ဘက် ထပ်ထွက်သွားရတာ လွဲသွားတာ၊ ဟိုကောင်တွေ မပြောပြဖူးလား"
"မင်းဟာက အရင်းမရှိ အဖျားမရှိ လုပ်ပြန်ပြီ ဇော်ဝါး၊ ဟိုကောင်တွေက ငါ့ကို ဘာပြန်ပြောရမှာတုံး"
"ဟ ... အာ ... ဒီကောင်တွေ ထုံးစံအတိုင်း မေ့ကြပြန်ပြီ၊ ငါသေသေချာချာ မင်းကို ပြောလိုက်ဖို့မှာခဲ့တာ"
"ဘာကိုလဲ"
"မင်းတို့ ထန်းရည်ဆိုင်မှာ ဖြစ်တဲ့ ကိစ္စလေကွာ၊ မျက်ရှုလရောင် ကိစ္စကို ပြောတာ"
"သြော် အေး၊ အခုတလေ ဘာမှထပ်မဖြစ်လို့ ငါ မေ့တောင်နေတာ၊ ဘာဖြစ်လဲ အဲဒီကိစ္စ"
"ငါ့မှာ အဲလိုကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး တော်တော် လေ့လာထားတဲ့ အသိတစ်ယောက် ရှိတယ်၊ မင်း စိတ်ဝင်စားရင် လိုက်ပို့ပေးမယ်လို့ ငါမှာခဲ့တာ ဟိုနှစ်ကောင်ကို"
"ဖြည်းဖြည်းလုပ်စမ်းပါဟ၊ မင်းကလည်း ဘယ်လိုဖြစ်တာလဲ"
"မဟုတ်ဘူး ဇော်ဝါး၊ မင်းတို့ သေချာမသိဘူး၊ အဲဒီကိစ္စက နည်းနည်းအရေးကြီးတယ်ဟ၊ ငါက လျှောက်စပ်စုထားတဲ့ကောင်ဟ"
"ရဲသင် ... မင်းက ငါ့ကို မိဘချမ်းသာလို့ တစ်ကမ္ဘာလုံးပတ်သွားပြီး ဘာသာရေးကိစ္စတွေပဲ လျှောက်လုပ်နေတဲ့ကောင်လို့ပဲ မင်းထင်လို့လား၊ မင်း မေ့သွားပြီလား၊ ငါ အရိုးဗေဒင် အပျော်ဟောပေးတာတွေ၊ Magic Ball အပျော် မင်းတို့တွေကို ကြည့်ပေးတာတွေ ငါ ဘယ်တုန်း ကတည်းက လုပ်ခဲ့လဲ"
"ဖျောက်"
လက်ဖျောက်တစ်ချက်တီးကာ ရဲသင်ရံ မျက်နှာဝင်းလက်သွား၏။
"ကြည့်စမ်း ဟုတ်သားပဲ၊ ဇော်ဝါး ... ဆောရီး သူငယ်ချင်း ငါလုံးလုံးမေ့နေတယ်"
ဇော်ဝါး ပြုံးလိုက်ရင်း
"အဲဒါ ပြောတာပေါ့၊ ရဲသင် မင်းက မျက်လုံးလိုပဲ၊ အဝေးကြီးကဟာတွေ အားလုံးမြင်တယ်၊ မင်းနားကပ်နေတဲ့ နားရွက်ကျမမြင်ဘူး ဆိုတာလိုပဲ၊ မင်း လိုက်စပ်စုနေတဲ့ ကိစ္စတွေကို ခုနက ငါ ပြောတဲ့လူဆီကနေ ငါ ဗဟုသုတတွေ အတွေးအမြင်သစ်တွေ အများကြီးရခဲ့တာဟ၊ ပြောရရင် အဲဒီကိစ္စတွေမှာ ငါ့ ဆရာတစ်ဆူပဲ"
"အိုကေ ဇော်ဝါး၊ ဘယ်သူလဲ ငါသွားတွေ့မယ်၊ မင်းတို့ ခရစ်ယာန်အသိုင်းအဝိုင်းထဲလား"
"မဟုတ်ဘူး၊ သူက ဘယ်ဘာသာမှ မကိုးကွယ်ဘူး၊ ဒါပေမဲ့ ဘာသာအားလုံးကို လေးစားတယ်၊ အရမ်းချမ်းသာတဲ့ ဆွေကြီးမျိုးကြီးက ဆင်းသက်လာတာ၊ ငါ စပိန်သွားတုန်းက မဒရစ်မှာ စတွေ့တာ၊ သူ့မှာ စိတ်ပညာနဲ့ ပတ်သက်တဲ့ ထူးဆန်းတဲ့ ကိစ္စတွေကို လေ့လာဖို့ အသင်းတစ်သင်း ထောင်ထားတယ်၊ သူ့တပည့်တွေ အပြောအရတော့ သူက တစ်စုံတစ်ရာ တစ်ခုခုကို မွေးရာပါ ပါရမီကြောင့် သိနေလောက်တယ်တောင် ပြောကြတယ်"
"ဒါဆို အသက်ကြီးပြီပေါ့"
"မကြီးသေးဘူး၊ သုံးဆယ်သာသာလောက်ပဲ ရှိဦးမှာ"
"ဘယ်မှာတုံး အဲဒီလူကြီးက"
"နယူးဒေလီမှာ၊ အခု ဘန်ကောက် ရောက်နေတယ်၊ ငါနဲ့ အဆက်အသွယ် အမြဲရှိတယ်၊ ရန်ကုန်လာဖို့လည်း ရှိတယ်၊ နေဦး သူက လူကြီးဆိုပြီး ယောက်ျားကြီး မမှတ်နဲ့၊ မိန်းမကွ"
"ဟိုက်"
(၂)
ညစာထိုင်စားနေကြစဉ် ဖြစ်၏။
"အန်ကယ်ဘုန်း"
"ဝူး ..."
ထမင်းလုတ် ပါးစပ်ထဲရောက်နေခိုက်ဖြစ်၍ ဦးဘုန်းရံ ပြန်ထူးသံမှာ ဆင်သံပေါက်သွားလေ၏။ ရဲသင်ရံ ရယ်လေသော် ဦးဘုန်းရံမှ မျက်စောင်းလှည့်ထိုး၏။ ပြီးမှ ထမင်းလုတ် မျိုချကာ
"ပြော သမီး"
"ဟိုဟာ ... ရှေ့လထဲကျရင် ဒက်ဒီခွင့်တင်လို့ရတယ်တဲ့ အန်ကယ်၊ ဒက်ဒီနဲ့ မားမား ခဏ ပြန်လာမယ် ပြောတယ် အန်ကယ်၊ သူတို့လည်း ပြန်မရောက်တာ ကြာလို့တဲ့၊ နောက်ပြီး အန်ကယ်နဲပလဲ တိုင်ပင်စရာလေးတစ်ခု ရှိလို့တဲ့၊ အီးမေးလ်ရတယ်၊ အဲဒါ ..."
"ဟ ... အေး ကောင်းတာပေါ့ဟ၊ ဒီမှာပဲ တည်းကြပစေလေ၊ သမီး မပြောလိုက်ဘူးလား၊ အေး ကောင်းသကွာ၊ ငါ့နှမနဲ့ ငါ့ညီ မတွေ့ရတာ အတော်ကြာပြီ၊ သမီးက စာပြန်လိုက်တာ မဟုတ်ဘူး၊ ဒီမှာပဲ တည်းကြလို့၊ ဘယ်တွေသွားချင် ဘာတွေလုပ်ချင် လုပ်ထားပေးရမလဲလို့ ကြိုလုပ်ပေးထားရအောင်၊ ပုဏ္ဏားလည်း ရှိတာပဲဟာ"
"အဲ အဲဒါ အန်ကယ် ... ဒက်ဒီနဲ့ မာမားလည်း ဖြစ်နိုင်ရင် ဒီမှာပဲတည်းချင်လို့ အန်ကယ့်ဆီ လှမ်းခွင့်တောင်းတာ၊ သမီးက ပြောမလို့ အန်ကယ်က တန်းခွင့်ပြုနေတော့ ဘာဆက်ပြောရမှန်း မသိဘူး"
"ဘာမှ ပြောမနေနဲ့၊ အခု ထမင်းစားပြီးရင် မေးလ်ပြန်ပို့လိုက်၊ ဘာတွေ ကြိုလုပ်ပေးထားရမလဲသာ ပြောလို့ အန်ကယ်က ပြောတယ်လို့၊ ရန်ကုန်ပြန်လာနေရတာ မဲလ်ဘုန်းမှာ နေရတာထက် သာစေရမယ့်လို့ ဟား ဟား ဟား"
"ဟုတ် ... ပြန်လိုက်မယ် အန်ကယ်"
"နေဦးဟ၊ မေနိုး ညည်းမောင် ဂျိုနသန်ပါ ပါလာမှာလား"
"ဟင် ကိုကိုကလည်း ... နာနားက ကျောင်းရှိတယ်လေ၊ လိုက်လာလို့ မရဘူး"
"ဟ ဒါဆို ဘယ်သူနဲ့နေခဲ့တုံး၊ အန်ကယ်ဂျော့ရှ်ရော အန်တီမေရီရော နှစ်ယောက်လုံး ပြန်လာတော့"
"အာ ကိုကိုက မေ့ပြန်ပြီ၊ ဘေးအိမ်ကပ်လျက်က အန်ကယ်အဲလ်ဘတ်တို့လေ၊ သူတို့နဲ့ နေခဲ့မှာပေါ့"
"သြော် အေး ဟုတ်သား"
"နေဦး သမီးရဲ့၊ ဂျော့ရှ်တို့က အန်ကယ်နဲ့ တိုင်ပင်စရာရှိတာ ဘာလဲ၊ သမီးကို ပြောသေးလား"
"အတိအကျတော့ မပြောဘူး အန်ကယ်၊ သမီးကိစ္စလို့တော့ ပြောတာပဲ"
(၃)
"တကယ်ပြောတာဟဲ့ တင်မောင်ရဲ့၊ ငါ ဘာဆိုဘာမှကို မမှတ်မိတာ၊ ငါ မှတ်မိတာဆိုလို့ ငါ မိုက်ခနဲ ဖြစ်သွားပြီး လမ်းဘေချရပ်လိုက်တယ်၊ နောက် ငါ့ ကျောထဲက စူးခနဲ အောင့်လာတယ်၊ အဲဒါပဲ ငါသိတော့တာ၊ ကျန်တာ ငါ
ဘာမှမသိတော့ဘူး၊ ငါ ပြန်နိုးလာတော့ ငါ့အခန်းထဲက ငါ့အိပ်ရာပေါ်မှာ၊ ငါ ဘာမှမမှတ်မိဘူး၊ ဒါပေမဲ့ ငါ့အိမ်ကလူတွေကိုတော့ အဲဒါမပြောပြချင်သေးလို့ မပြောသေးဘူးဟ၊ တော်ကြာ စိတ်ပူလွန်ပြီး လျှောက်လုပ်ကုန်ကြမှာစိုးလို့"
"ရဲသင်ကတော့ သိပ်အံ့သြပုံမရဘူး၊ ငါရယ် ချိုကြီးရယ် မေနိုးရယ်ကတော့ လုံးဝရှော့ခ်ပဲ၊ ဘယ်လိုမှ မထင်ထားတဲ့ ကိစ္စလေဟာ"
"အေးဟာ၊ ငါလည်း မေနိုးကို အားနာလိုက်တာ၊ သူ့ကို ရောက်ရောက်ချင်းနေ့ကတော့ ငါ မမှတ်မိဘူးဟ၊ နောက်တော့လည်း မှတ်မိသွားပါတယ်ဟာ၊ သူလည်းမအား ငါလည်းမအား ဖြစ်နေလို့ မနှုတ်ဆက်ဖြစ်သေးတာဟ၊ အခုလည်း
ငါက ဘာတွေ သွားပြောမိခဲ့မှန်းမသိတော့ မျက်နှာပူတယ်ဟ၊ မတွေးရဲသေးဘူး၊ ပုဏ္ဏားကရော ဘာပြောလဲ"
"ငါလည်း ကြောင်နေတော့ နင် ပြောသွားတာတွေ ကြားတစ်ချက် မကြားတစ်ချက်ဟ၊ မေနိုးကတော့ နင် အရမ်းကြီး အားနာမနေပါနဲ့၊ သူကတောင် နင့်ကို ပြန်ပြီးစိတ်ပူနေတာ၊ နင်နေမကောင်းဘူးထင်လို့ နင့်ကို မဆက်သွယ်တာပါ"
"ဟိုကောင်က ဘာပြောလဲ"
တင်မောင် အခက်တွေ့သွား၏။ ဟိုကောင် ပြောခဲ့သမျှတွေကိုလည်း ဘာမှမသိသော မျက်ရှု အရမ်းကြောက်လန့်သွားမည်စိုး၍ ပြန်မပြောပြချင်။ တစ်ခုခု မပြောလို့ကလည်း မဖြစ်။ ဒီကြားထဲ သူတို့ချင်း တွေ့သေးလား မတွေ့သေးလားလဲ မသိ။ အစ်အောက်ကြည့်ရန် ကြံ၍
"နင့်ကိုရော ဘာပြောလဲ"
"အဲဒီနေ့ထဲက မေးချင်လို့ ကိုယ်တော့်ကို ရှာ ရှာနေတာ တကတဲ ပုန်းများနေသလားတောင် ထင်ရတယ်၊ တွေ့ကို မတွေ့ဘူး၊ ဟိုတလောက စိတ်မရှည်လွန်းလို့ အိမ်မှာ နေ့ရောညရောနေပြီး ဒင်းကိုစောင့်တာ မတွေ့ဘူး၊ ဖုန်းဆက်တော့လည်း အိမ်ဖုန်းက ဘယ်တော့မှ မရှိဘူး၊ G ကျတော့လည်း မရဘူး"
သူတို့ချင်း မဆုံကြသေးပါလား။ တင်မောင် စိတ်သက်သာရာရသွား၏။
"မဟုတ်ဘူးဟ၊ ဒီကောင် စီးပွားရေးသောင်းကျန်းနေတာ၊ ဇော်ဝါးက နိုင်ငံခြားမိတ် အရမ်းများတယ်လေ၊ အဲဒါ ဇော်ဝါးနဲ့ဆက်ပြီး ဒီကောင်တွေ tour group ရ ရနေလို့ ခရီးတွေ လျှောက်သွားနေတာဟ၊ အခု ချိုကြီးတောင် ဒီကောင့်ရုံးမှာ ဝင်လုပ်နေတယ်၊ ဒီကောင် တစ်ယောက်ထဲ မနိုင်တော့လို့"
"ဟင် ... နင်ကျတော့ရော"
"ဟ ငါသွားလုပ်လို့ မရဘူးလေဟာ၊ အခု နင်ရောက်နေတဲ့ ငါ့ကားရေဆေးဆီထိုးနဲ့ ဝပ်ရှော့ကို ဘယ်သိကြားမင်းက ဆင်းအုပ်ချုပ်ပေးမှာတုံး၊ နင် ငါ့ကားရုံ ယူလုပ်မလား၊ ငါ ပျော်ပျော်ကြီး ဟိုကောင်တွေနဲ့ သွားနေလိုက်မယ်"
"တော်ပါတော်၊ ငါ့ဟာငါ ပန်းဆိုင်ဖွင့်ဖို့ လုပ်နေတာပဲ ကောင်းပါတယ်"
"နေဦး နင် ထပ်ဖြစ်သေးလား"
မျက်ရှု တွေဝေသွား၏။ စဉ်းစားနေ၏။ ခဏကြာမှ
"ဖြစ်တော့ မဖြစ်တော့ဘူးဟ"
"နင်ကလည်းဟာ မဖြစ်တော့တာကို ဒီလောက်တွေးနေရသလား"
"မဟုတ်ဘူးဟ"
"ဘာလဲ ဘာဖြစ်လို့လဲ"
"ငါ အခုတလော မှန်ကြည့်ရမှာ ကြောက်နေတယ်"
"ဟေ ..."
(၄)
အလုပ်ရှုပ်နေ၍ ဘယ်သူနှင့်မျှ မတွေ့တာ အတော်ကြာပြီ။ စိတ်ထင် တစ်လခွဲတောင်ရှိပြီ ထင်၏။ သူနှင့် လိုက်နေသဖြင့် ချိုကြီးတောင် ရှစ်ပေါင်ကျသွားသည်ဟု သိရ၏။ ဇော်ဝါးဆိုသော အကောင်ကလည်း မဆက်ပေးတုန်းက မဆက်ပေး။ ဆက်ပေးမယ့်ပေးတော့လည်း အပြုံလိုက်။ ရောက်လာလိုက်ကြတဲ့ ဧည့်သည်တွေ။ တစ်ယောက်ချင်းရော၊ စုံတွဲတွေရော၊ အုပ်စုလိုက်ရော။ သွားချင်ကြသည်ကလည်း နေရာအစုံ။ ချိုကြီးနှင့် မိမိ မနိုင်တော့။ ဒီကြားထဲ အပြိုင်အဆိုင် အတွန်းအတိုက် အခုတ်အလှီးတွေက လေဆိပ်၊ သင်္ဘောဆိပ်မှစ၍ တစ်နိုင်ငံလုံး အနှံ့အပြား။ ကျောလှည့်ပေးလို့မရတဲ့လူတွေ များလာ၏။ မေနိုးကိုပါ ရုံးခေါ်ရပြီ။ မဆိုးဘူးအဆင့်ထက် တယ်ဟုတ်ပါလားအဆင့် မီနေ၍ သက်ပြင်းချရ၏။ အခုလည်း ချိုကြီးက မြိတ်ကျွန်းစုမှာ၊ မေနိုးက ပုဂံမှာ။ မိမိကတော့ မုန်တိုင်းတွေဝင်ခဲ့သော ဒေသတွေကိုမှ တကူးတက ကြည့်ချင်လှပါချည်ရဲ့ဆိုသော အနောက်တိုင်းသားအုပ်စုနှင့်တိုးကာ လှည့်လည်သွားလာရရင်း ညနေကမှ ဖုန်အလူးလူးနှင့် အိမ်ပြန်ရောက်၏။ စိတ်တိုင်းကျ ရေကူးပစ်လိုက်ပြီး ညစာစားကာ အိမ်၏အရသာကို ကျကျနန ခံစားပစ်လိုက်၏။ Home နှင့် House နှင့် ဘာကွဲနေသနည်းဆိုသည်ကို ကိုယ့်ဟာကိုယ် အလုပ်လုပ် ကြည့်တော့မှ ပိုပိုပြီး သိလာသလိုလို။ အဖေ့ကို ပိုနားလည်လာ၏။ ဒါကြောင့် အဖေဟာ တစ်သက်လုံး အပြင်ကိစ္စရှိလို့ ဘယ်လောက်ညနက်နက် အိမ်ကို မရောက်ရောက်အောင် ပြန်ပေတာကိုး။ နောက်ဆို ငါလည်း အိမ်မရောက်ရောက်အောင်ပြန်မှဟု စိတ်ကူးထူးဆန်း ရ၏။ ထမင်းစားပြီးသော် ဂျက်ဆီကာအယ်လ်ဘာကားမျိုးစုံကို ခြေပစ်လက်ပစ် ကြည့်ပစ်ရင်း အိပ်ရာထဲမှာ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေ၏။ ဖုန်းမြည်လာ၏။ နာရီကြည့်တော့ ညရှစ်နာရီခွဲ။ မေနိုးထံမှ။
"ကိုကို ဘယ်မှာလဲ"
"အိမ်ပြန်ရောက်နေပြီ ညနေက၊ ညည်း အဲဒီမှာ အိုကေရဲ့လား"
"မေနိုးပါကိုကိုရဲ့၊ ဆရာမကြီးပါ မအိုကေစရာ မရှိဘူး ဟဲ ဟဲ"
"ဟိုတယ်မှာလား"
"အင်း အိပ်တော့မလို့"
"အိုကေ ဂွတ်နိုက်၊ မအိုကေတာရှိရင် ဆက်"
"အိုကေ ကိုကို၊ ဘိုင် ... အိပ်မက်လှလှ မက်ပါစေရှင်"
"ကောင်မလေးနော်"
ဖုန်းချသွားတော့ ဖုန်းကိုပစ်လိုက်ပြီး ရုပ်ရှင်ဆက်ကြည့်နေလိုက်သေး၏။ ဘယ်လိုကဘယ်လို အိပ်ပျော်သွားမှန်း မသိ။
ဖျတ်ခနဲ ပြန်နိုးလာတော့ ပထမဆုံး သိလိုက်သည်မှာ တိတ်ဆိတ်အေးစက်နေသော အလင်းရောင်မှိန်မှန် အိပ်ခန်းတစ်ခု။ ရုတ်တရက် သိလိုက်သည်။ ဤအခန်းသည် မိမိအိပ်ခန်း မဟုတ်။ အိပ်ရာမှ ချက်ချင်း ထလိုက်သည်။ ခန္ဓာကိုယ်မှာ အားနည်းနေသလိုလို ခပ်ပျော့ပျော့။ ကုတင်ပေါ်မှ ခြေနှစ်ချောင်းချ၍ ထိုင်လိုက်သည်နှင့် အိမ်တွင်းစီး ချစ်စရာမွေးပွ ဖိနပ်လေးတစ်ရန်ကို သတိထားမိ၏။ အကျင့်ပါနေကျအတိုင်း ဖိနပ်နှစ်ဖက်ကို ကြည့်ပင်မကြည့်ဘဲ စီးကာ ထလျှောက်လာမိ၏။ ညာဘက်မှ ခုနှစ်ပေကျော်မြင့်သော ကျွန်းသားအစစ်ဗီရိုကြီးတွင် ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ်။ မရည်ရွယ်ဘဲ မှန်ကြီးရှေ့သို့ သွားမိ၏။ မှန်ကြီးထဲတွင် ပေါ်လာသော ပုံရိပ်ကို ခေါင်းဖျား ခြေဖျား မြင်ရပြီ။
အလွန်တရာ အံ့သြထိတ်လန့်သွားသဖြင့် အရမ်း အော်မိလိုက်နိုင်သော အသံကို လက်နှစ်ဖက်ဖြင့် ပါးစပ်ကို ပိတ်ကာ ထိန်းလိုက်ရလေ၏။
ထို့နောက် ပုံရိပ်ကိုကြည့်ရင်း ဖရိုဖရဲ အလန့်တကြား။ မှန်ထဲတွင် ပေါ်နေသော ပုံရိပ်မှာ မိမိ ရဲသင်ရံ မဟုတ်။
"မျက်ရှုလရောင်"
အရာအားလုံး ချက်ချင်း မှောင်အတိကျသွားလေသည်။
ကျမ်းတကာတို့၏ အပြင်ဘက်ထွက်ကာ ငါတို့သည် ...
ဤမည်သော နေရာတွင် ထိုကြမ္မာသည် ရှိအံ့ ...
ထိုကြမ္မာသည် ငါ၏အရာဖြစ်လျှင် ငါ လာမည်
ငါသည်
နတ်ဘုရားတို့ ရေတွက်အပ်သော
ဆဋ္ဌမနေရာ
ဇီတာ ဖြစ်သည်။
(၁)
တောင်ကမူစွန်းတစ်ခုတွင် သူ ရပ်နေ၏။
ဘာကြောင့် ရပ်၍ နေမိသည် မသိ။ မည်သို့သောကိစ္စကြောင့် ဤသို့သောနေရာကို ရောက်၍လာရသည်ကိုလဲ မသိ။ မိမိဘဝတွင် ဤနေရာသို့ တစ်ခါမှ မရောက်ခဲ့ဖူးကြောင်းတော့ သေချာ၏။ မိမိရပ်နေသော နေရာ၏ တစ်ဖက်တွင် အင်မတန်မှ နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီး။ အောက်တွင် မှုန်မှိုင်းသေးကွေးလှစွာ မြင်ရသော လွင်ပြင်စိမ်းများနှင့် တောင်ကုန်းတောင်တန်းများသည် သေးကွေးမှုန်မွှားလှစွာ။ အိုး ... တိမ်စိုင်တိမ်မျှင်များက မိမိ ရောက်နေသောနေရာ၏ မြင်ကွင်းအောက်တွင် အမျှင်မျှင် အဆုပ်ဆုပ် ပျံသန်းလျက်။ လေသည် တသုန်သုန် ဖြည်းဖြည်းမှန်မှန် တိုက်ခတ်လျက်။ ပြင်းလည်း မပြင်း။ ငြိမ်လည်း ငြိမ်မနေသော ညင်ညင်သာသာ။ အဝတ်အစားများနှင့် ဆံပင်များ တလွင့်လွင့် တဖျတ်ဖျတ် လွင့်ပျံနေကြသံများကို ကြားနေရ၏။ ပတ်ဝန်းကျင်သည် ထိတ်လန့်ဖွယ်ရာ တိတ်ဆိတ်၍ နေလေသည်။ အာရုံမှ သိ၍နေသည်မှာ ညမဟုတ်။ နေ့။ သို့သော် အချိန်ကာလကို ခန့်မှန်း၍ မရ။ မနက်လား၊ နေ့ခင်းလား၊ ညနေလား မကွဲပြား။
နေရောင်သည် မိမိအောက်ရှိ လွင်ပြင်ပေါ်မှ တိမ်များကိုဖြတ်၍ မျှတစွာ ဖြာကျနေ၏။ သို့သော် လျော့တိလျော့ရဲ။ မိမိ၏ အဝတ်အစားများကို လေတိုက်ခတ်၍ မြည်လာသော တဖျတ်ဖျတ်လွင့်နေသံများမှ လွဲ၍ ပတ်ဝန်းကျင်သည် ထူးခြားလှစွာ အလွန်တိတ်ဆိတ်လျက်။ ကျေးငှက်သံများပင် မကြားရ။ မြင်ကွင်းတဆုံး မိုးကုပ်စက်ဝိုင်းအထိ လှုပ်ရှားမှု တစ်စုံတစ်ရာ၊ သက်ရှိတစ်စုံတစ်ရာ မတွေ့ရ။ စိတ်ထဲတွင် အမျိုးအမည် မသိသော တစ်စုံတစ်ရာ ခံစားမှုကို ရုတ်တရက် ခံစားလာရ၏။ တစ်စုံတစ်ရာ ဖြစ်လာတော့မည်ဟူသော အသိ။ ဘာလဲ။ ဘာဖြစ်လာမှာလဲ။ နောက်ဘက်သို့ တစ်ချက် ပြန်လှည့်ကြည့်မိ၏။ မညီမညာသော မြေပြင်အတွန့်အလိပ်များနှင့် တမျှော်တခေါ် စိမ်းစိုသော လွင်ပြင်ကြီး။ သို့သော် လှုပ်ရှားမှုမရှိ။ သက်ရှိမရှိ။ ခပ်လှမ်းလှမ်း မြူခိုးများ ဝေနေသောကြားတွင် မြင့်မားသော တောင်ကုန်းတောင်တန်းများလို အရာများ၊ ရုတ်တရက် သူလှုပ်ရှားလာ၏။
မိမိ အလိုဆန္ဒနှင့် ဆန့်ကျင်လှသော ခြေလှမ်းများက ချောက်ကမ်းပါးစွန်းဘက်သို့ တစ်လှမ်းချင်း။ မသွားနဲ့။ မသွားပါနဲ့။ စိတ်ထဲက အကြောက်အကန် အော်ဟစ်၍နေသော်လည်း ခြေလှမ်းများကမူ ပုံမှန်ရွေ့သွားနေဆဲ။ ချောက်ကမ်းပါးသည် လေးငါးလှမ်းမျှပင် မဝေးတော့။ အလွန်အမင်း ထိတ်လန့်စိတ်က ရုတ်ချည်း ကြီးစိုးလာ၏။ သေခြင်းတရားကို ကြောက်ရွံ့နေခြင်း မဟုတ်။ ရုတ်တရက် ဖြစ်လာတော့မည့် မိမိ မလိုလားအပ်သော တစ်စုံတစ်ရာကို ထိတ်လန့်စွာ ငြင်းဆန်လိုခြင်း ဖြစ်၏။ အရာရာ အားလုံးသည် မိမိအလိုအတိုင်း မဟုတ်တော့။ နောက်ဆုံး မိမိ ခန္ဓာကိုယ်မှာ လွင့်ခနဲ ပျံဝဲတက်သွား၏။ ချောက်ကမ်းပါးကို ကျော်လွန်ပြီး ချောက်တည့်တည့်အပေါ်မှ လေထဲမှာ။ အဝတ်အစားများ လွင့်နေသံ တဖျတ်ဖျတ်မှအပ ဘာမှမကြားရ။ ကိုယ်ခန္ဓာသည် ဘာကိုမှ မှီတွယ်ထားခြင်း မရှိတော့။ မိမိခြေထောက်များသည် ဘာပေါ်မှ ရပ်နေသည် မဟုတ်တော့။ အောက်ကို ငုံ့ကြည့်လိုက်မိ၏။
"အား ..."
တိမ်ငွေ့များ လွင့်ဝဲနေသော အသူတရာချောက်ကြီး။ မှောင်မည်းနေ၏။ သူသည် ထိုအထဲသို့ ကျဆင်းသွားတော့မည် သို့မဟုတ် တစ်ခုခုထပ်ဖြစ်တော့မည်ကို ရုတ်တရက် သိလာ၏။ အော်ဟစ်လိုက်မိသည်။ အသံက ထွက်မလာ။ ထိုစဉ် ...
သူ့ခန္ဓာကိုယ်သည် လေထဲတွင် ရပ်တန့်ငြိမ်သက်နေရာမှ ဝှစ်ခနဲ လျှင်မြန်စွာ လွင့်ထွက်သွားလေ၏။ ခြေထောက်အောက်မှ ချောက်ထဲသို့မဟုတ်။ မီးခိုးရောင် တိမ်များရှိရာ ကောင်းကင်ဆီသို့ အလွန်လျှင်မြန်လှသော အရှိန်အဟုန်နှင့်။ ထိန်းချုပ်နိုင်သော စွမ်းအင်သူ့တွင် မရှိတော့။ အလန့်တကြား ကြည့်မိသည်။ သူ့တွင် ခန္ဓာကိုယ် မမြင်ရတော့။ ဤသို့ ဆိုလျှင် ...
"ဟင်း ..."
အလန့်တကြား နိုးလာ၏။ နိုးလာရုံတင်မက အိပ်ရာထက်တွင် ထ၍ ထိုင်ပြီးသား ဖြစ်နေ၏။ လူတစ်ကိုယ်လုံးလည်း မောပန်းနုံးချည့်နေ၏။ သို့သော် နှလုံး ချွေးစေးများထွက်လျက် ခန္ဓာကိုယ်သည် အေးစက်စိုထိုင်းနေ၏။ သို့သော် နှလုံးခုန်နေသည်ဟူသော အသိကို လုံးဝ မသိရ။ ဘုရားတမိရင်း ညာဘက်လက်နှင့် နှလုံးရှိရာကို အုပ်စမ်းကြည့်မိ၏။ ဗုဒ္ဓေါရေ ...။ ဘာလှုပ်ရှားမှုမှ မသိရှိရပါလား။ သူ့နှလုံးသည် ရပ်တန့်နေခဲ့လေသလား။ ရင်ဘတ်ကို လက်နှင့် ဖိရင်း အိပ်ရာထဲသို့ ပက်လက်အနေအထားအတိုင်း အသာအယာ ပြန်လှဲချလိုက်၏။ ဤကြားထဲ မျက်စိမှ အကျင့်ပါနေသည့်အတိုင်း အခန်းထဲကို ကဗျာကယာ အကဲခတ်ဖြစ်အောင် ခတ်လိုက်မိသေး၏။
မိမိအိပ်ခန်းထဲမှာပင် နံနက်စောစော ဝေလီဝေလင်းအချိန်။ လုံခြုံစိတ်ချရသောနေရာဟု အသိက သိပြီးနောက်တွင်တော့ မျက်စိ မှိတ်ကာ ပက်လက်လေး ငြိမ်ငြိမ်နေလိုက်တော့၏။
"ဒုတ်"
ညာဘက်လက်ဖြင့် ဖိထားသော နှလုံးဆီမှ သွေးတိုးမှုကို စခံစားရ၏။
"ဒုတ် ဒုတ် ဒုတ်"
ထူးထူးဆန်းဆန်း ငါ မသေသေးပါလားဟု ခံစားလာရ၏။ နှလုံးပြန်ခုန်လာနေသည်ကို ပျော်သလိုလို ဖြစ်လာ၏။ ဘယ်ဘက်ရင်အုံ၏ ပုံမှန် လှုပ်ရှားလာမှုတစ်ခုသည် အမျိုးအမည် မသိသော ခံစားမှုကို ဖြစ်ပေါ်စေလေ၏။ အရာအားလုံးသည် ပုံမှန် ပြန်ဖြစ်၍ သွားလေပြီ။ ဝိုးတဝါး မှတ်ဉာဏ်အတွင်း အရာအားလုံးသည် တစ်ခုချင်း ကွယ်ပျောက်သွား၏။ စနစ်ကျနစွာ။
မျက်ရှုလရောင် အိပ်ရာမှ နိုး၍ လာလေသည်။
သူ ဘာမှမမှတ်မိပါ။ အလွန် ခေါင်းကိုက်ခြင်းကိုတော့ ခံစားနေရလေ၏။ ထို့ပြင် ပင်ပန်းလှသော ခရီးရှည်ကြီးတစ်ခုကို အပြီးသတ်ခဲ့ရသူလို သူ နွမ်းနယ်နေ၏။ ကောင်းကောင်းအိပ်၍ မပျော်ခဲ့ဟု သူ ထင်၏။ သူ ခေါင်းကိုက်လာလေသည်။ ဆေးသောက်လိုက်ဦးမှ။
တစ်စုံတစ်ရာ အဓိပ္ပာယ်ရှိသော ညတစ်ညကို ဖြတ်သန်းခဲ့ရကြောင်းကိုတော့ မျက်ရှုလရောင် သိရှိခဲ့ခြင်း မရှိပါ။
(၂)
"ငါ တော်တော် လန့်သွားတာ ဇော်ဝါး၊ တကယ်ပြောတာ၊ ငါ့တစ်သက်နဲ့တစ်ကိုယ် ဖြစ်ဖူးဖို့မပြောနဲ့၊ ကြားတောင် မကြားဖူးဘူးဟ၊ ငါ စဉ်းစားကြည့်တယ်၊ ဘာဖြစ်တာမှန်းလဲ မသိဘူး၊ ငါက ငါမဟုတ်ဘူးကွာ၊ ငါတော့ ငါပဲ၊ ဒါပေမဲ့
ငါလည်း မဟုတ်ပြန်ဘူး၊ ဘယ်လိုပြောရမှန်းလဲ မသိဘူးကွာ၊ တစ်မျိုးကြီးဟ"
"မင်း မှတ်မိသလောက်တော့ အသေးစိတ် ပြောပြကွာ၊ ဆက်စပ်ပြီး စဉ်းစားရအောင်လို့၊ မင်း သိပါတယ် ပုဏ္ဏားရာ၊ အဲဒီကိစ္စတွေက ..."
"အခန့်မသင့်ရင် အသက်ပါထွက်သွားနိုင်တယ်"
အခန်းထဲတွင် ငြိမ်ကျသွားလေ၏။
လေးအေးပေးစက်သံ တဒီဒီကိုသာ ကြားနေရ၏။ မည်သူမျှတော့ မရှိပါ။ ရဲသင်ရံ ရုံးခန်းထဲတွင် ဇော်ဝါးနှင့် ရဲသင် နှစ်ယောက်တည်း။ ဇော်ဝါးက ရဲသင်ရံကို ခပ်တည်တည် စိုက်ကြည့်နေ၏။ ရဲသင်ရံမှလည်း ဇော်ဝါးထံမှ မျက်လုံးမလွှဲ။ အတန်ကြာမှ ဇော်ဝါးက ဟက်ခနဲ တစ်ချက်ရယ်ကာ ပြောလေ၏။
"ရဲသင် မင်းဟာလေ ကိုယ်ဖြစ်တာကိုယ် ဘာမှန်းမသိသေးဘူး၊ တခြားလူကို လာစပ်စုနေပါလား"
ဇော်ဝါးသည် အသင့်ရှိနေသော ရဲသင်ရံစားပွဲပေါ်မှ စက္ကူလွတ်တစ်ရွက်ကို ဆွဲယူကာ အသင့်ရှိနေသော ဘောပင်ကို stand ထဲမှ ထုတ်ယူ၍ ရဲသင်ထံ ထိုးပေးပြီး ...
"ရော့ ရေးစမ်းကွာ၊ မင်းက နျူမရော်လော်ဂျီ အကြောင်း တွေးနေလို့ ခိုင်းတာ၊ ဒီစက္ကူပေါ်မှာ တစ်ကနေ တစ်သောင်းအတွင်း မင်းကြိုက်တဲ့ နံပါတ်ရေးလိုက်၊ အခု မင်း ဘာစဉ်းစားနေတယ်ဆိုတာ မပြောနိုင်ရင် ငါမင်းကို တစ်သက်လုံး အဆက်အသွယ် မလုပ်တော့ဘူး"
ရဲသင်ရံမှ တစ်ချက်ပြုံးလိုက်ကာ စာရွက်နှင့်ဘောပင်ကို လှမ်းယူ၏။ ဇော်ဝါးမှ
"ရတယ်၊ ဗမာလို ရေးရေး အင်္ဂလိပ်လို ရေးရေး လက်တင်လို ရေးရေး ဟီဘရူးလို ရေးရေး ဂရိလို ရေးရေးကွာ၊ ဒါပေမယ့် နံပါတ်တော့ ဖြစ်ရမယ်၊ မင်းက မင်းကိစ္စ အလကားနေရင်း လာကူညီပေးမယ့်လူတောင် လာပြီး ရှည်ရှည်ဝေးဝေး လျှောက်စဉ်းစားနေလို့ ခိုင်းရတာ"
"အဲ့လိုမဟုတ်ပါဘူးဟ"
"လုပ်စမ်းပါ၊ ရေးစရာရှိတာ ရေးကြည့်စမ်းပါဟ၊ တစ်ကနေ တစ်သောင်းထဲမှာနော်၊ ငါ တစ်ခုခု မင်းနဲ့ ပတ်သတ်ပြီး မပြောနိုင်ရင် မင်းရုံးခန်းထဲကို တစ်သက်လုံး လုံးဝမလာဘူး၊ စိတ်ချ"
ရဲသင်ရံ ဇော်ဝါးကို တစ်ချက်ကြည့်၍ ရေးလေးသည်။
"၄၆၂၃"
မြန်မာလို ပီပီသသ။
ဇော်ဝါး တစ်ချက် တွေသွား၏။ ရဲသင်ကို သေချာကြည့်လျက်
"မင်းနဲ့ ဘယ်နေရာမှ မဆိုင်တဲ့ ဂဏန်းစဉ်ပါလား"
ရဲသင်မှ ပခုံးတွန့်ပြလေ၏။
"မင်း ပြောပြီးသားလေ၊ တစ်ကနေ တစ်သောင်းအတွင်းဆို"
ဇော်ဝါး အတန်ငယ် မခံချင်ဖြစ်သွား၏။
အခန်းထဲတွင် ခေတ္တငြိမ်သက်သွားပြန်၏။ အတန်ကြာမှ ဇော်ဝါးက
"အဲဒီကောင်မလေးကို မင်းစိတ်ထဲ ဘာလို့ထည့်ထားတာတုံး"
ကောက်ခါငင်ခါ မေးလိုက်သဖြင့် ရဲသင်ရံ လန့်သွား၏။ ဇော်ဝါးကိုလည်း မလွယ်ပါလားဟူသော အကြည့်နှင့် ကြည့်၏။
ဇော်ဝါးမှ စိတ်မရှည်သလိုနှင့် ...
"လုပ်ပါ၊ ငါမေးတာ ဖြေစမ်းပါ၊ ငါဆိုလိုတာ မင်းသိပါတယ်၊ ဟုတ်တယ် မဟုတ်လား၊ မင်းအခု တွေးနေတာ"
"ဇော်ဝါး ... မင်း ဒါတွေနဲ့ ပတ်သက်ပြီး ခရီးတော်တော်ရောက်နေပြီ မဟုတ်လား၊ မှန်မှန်ပြောစမ်း"
"ရဲသင် မင်း လျှာလျှောက်ရှည်မနေနဲ့၊ ပေါ့တီးပေါ့ပျက်လုပ်ပစ်ဖို့လည်း ကြိုးစားမနေနဲ့၊ ဒါ နောက်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး၊ ဒီမှာ ဟေ့ကောင် ... မင်းရဲ ဇီတာပရောဂျက်ကြီး ဘယ်လောက် ခရီးရောက်နေတာကအစ ငါ သိတယ်၊ ကျန်တဲ့နေရာမှာ မင်းငါ့ထက် တော်ချင်တော်လိမ့်မယ်၊ ဒီကိစ္စတွေမှာတော့ မင်း ငါ့ကို ရိုးရိုးသားသား ဆက်ဆံစမ်း၊ ငါမေးတာ ဖြေဦး၊ အဲဒီကောင်မလေးကို ဘာကိစ္စ မင်းစိတ်ထဲ အတင်းထိုး ထည့်ထားတာတုံး"
"မဟုတ်ဘူးလေ ငါက ..."
"ကွေဗာတွေ ဆီမီးကွေဗာတွေကို ပြောမလို့ မဟုတ်လား"
"အေးလေ၊ ဒါပေမယ့်"
"music ဘက်ကို ထပ်လိုက်ကြည့်ချင်နေတယ်၊ ဒါပေမယ့် ထပ်ကျယ်သွားမှာလည်း မင်း မလိုလားပြန်ဘူးလေ၊ musical notes တွေ သင်္ကေတတွေ ဘယ်က ဆင်းသက်လာလဲဆိုတာလောက်တော့ မင်း စပ်စုကြည့်ချင်နေပြီ"
"ငါ ဆိုလိုတာက"
"ဟုတ်ပါတယ်၊ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာတရားတွေနဲ့ လွတ်ပြီး သူ့ဟာသူရှိနေတဲ့ Naturer တွေပါ၊ ငါ မင်းကို မငြင်းပါဘူး၊ အတင်း ချိုးဖောက်လို့ ရချင်မှရမယ်ဆိုတာ မင်း လက်ခံတာကို ငါ သဘောတူပါတယ်၊ အဲဒီကိစ္စ ငါ မငြင်းပါဘူး"
"ဒါဆို"
"အေးလေ မင်းသိပြီးသားပဲ၊ အဖြစ်အပျက်တွေက ဆင်မလိုလိုနဲ့ သုံးလေးမျိုးလောက် အနည်းဆုံး ကွဲနေတယ်လေကွာ၊ အဲဒါကိုပဲ အဓိကထားပြီး လိုက်ရမှာပေါ့"
"ငါက"
"ဟုတ်တယ်၊ Jumping နဲ့ cord ဘက်ကလိုက်နေတာ ပိုနီးစပ်တယ်၊ မင်း လုပ်နေတာတွေ မမှားပါဘူး၊ ဒါပေမဲ့ အန္တရယ်များတယ်"
"ထပ်ပြီးတော့"
"Third person ထည့်တာကို မင်း မနိုင်နင်းဘူး ဖြစ်နေတယ် မဟုတ်လား၊ ဒီမှာ ငါပြောပြမယ် ရဲသင်၊ မင်းအခုတွေးနေတာ ငါ မငြင်းဘူး၊ အဲဒီ သဘာဝအခြေခံကြီးနဲ့ပဲ တစ်ကမ္ဘာလုံးက စာရေးဆရာတွေ၊ ဇာတ်လမ်းဖန်တီးတဲ့
အနုပညာသမားတွေ ရပ်တည် လုပ်ကိုင် နေထိုင်နေကြတာပဲ၊ ဒါက အခြေခံ သီအိုရီလေကွာ၊ ဘာလို့လဲဆိုတော့ သဘာဝတရား ဖြစ်နေတာကိုး၊ ဒါပေမဲ့ မင်းကိစ္စလိုဟာမျိုးကျတော့ ဖန်တီးယူလို့ ကောင်းချင်မှ ကောင်းမှာ"
"ခဏနေဦး"
"ဘာလဲ အပေါ့သွားချင်လာတာ မဟုတ်လား၊ ငါ သိပါတယ်၊ စကားကောင်းကောင်း ပြောနေတုန်း မင်း တမင်နောက်တာ မဟုတ်မှန်း၊ သွား သွား ... ပြန်လာမှ ဆက်ပြောမယ်"
"ဇော်ဝါး မင်း ..."
"ဟုတ်တယ်၊ မင်း တွေးနေတာတွေ ငါ ကြိုသိနေတာပေါ့၊ ငါ့ကို လာမစပ်စုနဲ့ ရဲသင်၊ ဒီအချိန်က ငါ့ကို သုတေသနလာလုပ်ဖို့ ကောင်းတဲ့အချိန် မဟုတ်ဘူး၊ မင်းကိစ္စ မင်း သေချာရှင်းရမယ့် အချိန်၊ လုပ်ပါ၊ သွားစရာရှိတာ သွားပါ၊ ငါ့ အားမနာမနေပါနဲ့၊ ငါ စောင့်နေမှာပေါ့"
"ဇော်ဝါး please get out my mind"
"ဟား ဟား အေးပါ ဟုတ်ပါပြီ၊ တစ်ခုပဲ ... မင်းဖြစ်စေချင်သလို ငါ မျက်ရှုကို သွားတွေ့ပေးပါ့မယ်၊ ဟုတ်ပြီလား"
"ဟေ့ကောင် တော်တော့"
"အေးပါ၊ အခုကိစ္စ မေနိုးကို ငါ ပြန်မပြောပါဘူး၊ ငါ ကတိပေးပါတယ်၊ မင်းလည်း ငါ့ကို ကတိပေးရမယ်၊ ငါပြောထားတဲ့လူနဲ့ မင်းတွေ့ကြည့်ရမယ်၊ အိုကေလား"
"ဇော်ဝါး ... ငါ တင်းလာပြီနော်"
"အိုကေ အိုကေ ... the last one ကွာ၊ ငါထင်တာ မမှားဘူး ဆိုရင်တော့ မင်းက ငါ့အရင် မျက်ရှုနဲ့ တွေ့လိမ့်မယ်ဟ ဟား ဟား ဟား ဟား"
"ဒီကောင် ဘာကောင်လဲဟ"
"ဟား ဟား ဘာကောင်မှ မဟုတ်ဘူး၊ မင်းကို ခင်လို့ လာကူညီတဲ့ကောင်ပါဟ၊ မင်းသူငယ်ချင်း အရင်းကြီး၊ ဒါပေမဲ့ ငါက သေးလိစ်ဝင်စားတဲ့ကောင်နော်၊ သွား သွား အိမ်သာ အရင်သွား၊ ထွက်ကျနေဦးမယ် ဟား ဟား"
(၃)
"မရဘူးဟ"
"သြော် ငါ့နှယ် ချိုကြီးရာ ... မရပါဘူးဆိုမှ၊ ဝပ်ရှော့ရုံပိုင်ရှင် ငါတောင် မရပါဘူးလို့ လက်မြှောက်ထားပြီးပြီ ဥစ္စာကို၊ ခဏစောင့်စမ်းပါ၊ ဘာဖြစ်နေတာတုံး၊ ငါ ဖုန်းဆက်ထားပါတယ်၊ သူ့ဟာသူ ဆိုင်ရာ ကျွမ်းကျင်သူ လာပါလိမ့်မယ်၊ အေးအေးနေစမ်းပါဟ"
"မဟုတ်သေးပါဘူးကွာ"
"ငါခွေးနဲ့မှ၊ မဟုတ်သေးရင်လည်း မင်းကားတံခါး မင်းဟာမင်း အပျက်ခံနိုင်ရင် ဆက်ကလိကွာ၊ မင်းဟာမင်း အသုံးမကျလို့ ဖြစ်တဲ့ကိစ္စ၊ ကားသော့အထဲမှာ ပိတ်ကျန်ခဲ့တာကိုပဲ အိုဘားမား ငှက်ပျောသီးနဲ့ထုပြီး အသားအရောင် ခွဲခြားခံရတာလောက်အထိ ဖြစ်နေ ... သော့သမား ခေါ်ထားပါတယ်ဆို"
"မင်းမသိပါဘူး တင်မောင်ရာ၊ ငါ ချိန်းထားတာတွေ ရှိတယ်ဟ"
"ချိုကြီး ... ငါ့ဟာငါ ရုံးမှာနေတာကို မင်းဟာမင်း ရောက်လာပြီး ဖြစ်တဲ့ကိစ္စနော်၊ မင်းဟာမင်း ဘာလို့ သော့ထုတ်ဖို့မေ့လဲ"
"ဟ ခါတိုင်းလည်း ငါ သော့တန်းလန်း ထားခဲ့နေကျလေကွာ၊ မင်းကောင်တွေပဲ ခုံပေါ်မောင်းတင်ပြီး ရေဆေးနေကျဟာကို"
"အောင်မာကွာ ဒါဆို ငါမေးမယ်၊ မင်းပြောပုံက ငါအကျင့်လုပ်ပေးလို့ပဲ မင်း ဒုက္ခရောက်သလိုလို၊ ဘယ်မျောက်သင်းကွဲသားက Auto Lock System ရှည်ပြီး သွားတပ်တုံး"
"တင်မောင် ... မင်း ငါ့ဖားသားကို မစော်ကားနဲ့"
"မစော်ကားပါဘူး၊ မင်းဟာမင်း မလုံတာ၊ ငါပြောတာ မဟုတ်လို့လား"
"တင်မောင် ... မင်း ငါ့ဖားသားကို မစော်ကားနဲ့"
"မစော်ကားပါဘူး၊ မင်းဟာမင်း မလုံတာ၊ ငါပြောတာ မဟုတ်လို့လား"
ထိုစဉ် မာစီဒီးအနက်ရောင် တူးဒိုးလေးတစ်စီး တင်မောင်၏ ရေဆေးဆီထိုးနှင့် ဝပ်ရှော့အလုပ်ရုံထဲ မောင်းဝင်လာကာ သူတို့နားတွင် ရပ်လေ၏။ မျက်ရှုလရောင် ဆင်း၍လျှောက်လာကာ သူတို့နားတွင် ရပ်လေ၏။ မျက်ရှုလရောင် ဆင်း၍လျှောက်လာကာ ကားသော့ကို တင်မောင်အား ပေးလေသည်။ တင်မောင်မှ ချိုကြီးအား လှည့်၍ပြော၏။
"တွေ့လား၊ သူများသားသမီးတွေ မင်းလို မဟုတ်ဘူး၊ ကားပေါ်က ဆင်းလာရင် ဘာလုပ်လာရမှန်း သိတယ်၊ မင်းလို ခေါင်းကြီးကျကြီးပြီး ဦးနှောက်ကျ သေးသေးလေးပါပဲ ပါလာတဲ့ကောင်မျိုးသာ ကိုးရိုးကားရား ဖြစ်တာ"
မျက်ရှုမှ ဝင်ပြော၏။
"ဘာလဲဟ၊ ဘာဖြစ်နေကြပြန်ပြီလဲ"
"ငါ့ကားသော့ ပိတ်ကျန်ခဲ့လို့ဟ"
"အသုံးမှမကျတာကိုး"
"တင်မောင် ... မင်း တော်တော့"
"နင်တို့ကလည်းဟာ ဒါများ သော့သမား မခေါ်ဘူးလား"
"ခေါ်ထားပါတယ်၊ အဲဒါကို ဒင်းကိုက ရှည်ပြီး လုပ်တတ်တာလည်း မဟုတ်ဘဲနဲ့ သွားကလိုနေလို့ ပြောဆိုဆုံးမနေရတာ"
"ဟေ့ကောင်"
ချိုကြီး ဘုကြည့်ကြည့်သည်ကို မသိယောင်ဆောင်ရင်း တင်မောင်မှ မျက်ရှု့ကို မေး၏။
"နင့်ကား ဘာဖြစ်လို့လဲ"
"မသိဘူးဟ၊ နောက်ဘက်က အသံနည်းနည်းမြည်လို့"
"ရတယ်လေ၊ ငါ ကြည့်ခိုင်းလိုက်မယ်"
ပြောပြောဆိုဆို တင်မောင် သူ့လူများဘက်သို့ လျှောက်သွားရင်း အော်သွားလေ၏။
"ဟေ့ ဘယ်သူရှိလဲ၊ အရှည်ကြီး လာ ဒီကား ခုံပေါ်တင်လိုက် ရော့ သော့"
နှစ်ယောက်သား ကျန်ခဲ့ကြသော် ချိုကြီးမှ
"မျက်ရှု ... နင် ဟိုကောင်နဲ့ တွေ့သေးလား"
"အခုတလော မတွေ့ဘူးဟ၊ ငါက ဆိုင်ပြင်နေတော့ အိမ်မှာ သိပ်မရှိဘူး"
"နင့်ဆိုင်က ပြီးပြီလား"
"ပြီးတော့မယ်ဟ၊ ဒီနေ့ မှန်တွေလာတပ်လို့ ငါသွားကြည့်ပြီး အခုပဲ ပြန်လာတာ၊ မင်းရော ဘယ်တုန်းက ပြန်ရောလဲ၊ ပြောသာ ပြောရတာပါကွာ၊ မင်း သိတဲ့အတိုင်းပဲ၊ အဲဒီ ကိုအေးဝင်းကျော်တို့က ဘယ်တော့မှ သေချာတာ မဟုတ်ဘူး၊ ဟိုတစ်လကလည်း စာရင်းတွေ မှားပို့လိုပို့၊ ချိုကြီး ... ဒီတစ်ခါရော မင်း သေချာမှာခဲ့ရဲ့လား၊ ဟိုတယ် ခရီးကစာက ဒီနေ့ .... ဟဲ့"
မျက်ရှုမှာ လန့်သွားပြီး၊ သူ့ပါးစပ်ကိုသူ လက်နှင့်အုပ်ထားလိုက်မိ၏။ ချိုကြီးမှာ အံ့အားသင့်လွန်းလှသဖြင့် ကြက်သေသေကာ မျက်ရှုကို ကြောင်ကြည့်နေလေ၏။ တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် အတန်ကြာ ကြောင်နေပြီးနောက်မှ မျက်ရှု သတိဝင်လာကာ ...
"ချိုကြီး ငါ ဘာတွေ လျှောက်ပြောမိတာလဲဟင် ... ငါ ဘာတွေ လျှောက်ပြောမိတာလဲ"
"နင် ... နင် ... ငါနဲ့ ပုဏ္ဏားနဲ့ အလုပ်ထဲက ကိစ္စတွေ ဘယ် ... ဘယ်လိုလုပ်သိတာလဲ"
"မ ... မသိဘူး၊ နင်တို့အလုပ်ကိစ္စတွေ ငါ လုံးဝ မသိဘူး၊ ငါ ငါပြောနေရင်း သူ့အလိုလို ထွက်သွားတာ၊ ဘာဖြစ်သွားတာလဲ"
"နင် နင်လေယူလေသိမ်း အခေါ်အဝေါ်တွေပါ ပြောင်းသွားတာ၊ ဟိုကောင် ငါ့ကိုပြောနေကျအတိုင်းပဲ၊ နင် ဟိုကောင့်ကိစ္စတွေ အကုန်သိနေတာလား၊ ဟုတ်လား မျက်ရှု"
"မသိဘူး၊ ငါ တကယ် ဘာမှမသိဘူး၊ သူ့အလိုလို ပါးစပ်ကတောက်လျှောက်ထွက်သွားတာ၊ ငါ ငါပြောချင်တာက တစ်မျိုး၊ ငါ ပြောနေတာ ငါ့ဆိုင်ကိစ္စလေ"
"ဒါဆို ဘာဖြစ်သွားတာလဲဟ၊ နင်မသိဘူးဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ ဘာလို့ ငါနဲ့ ဟိုကောင်နဲ့ နှစ်ယောက်ပဲသိတဲ့ ဒီနေ့စာပို့ရမယ့်ကိစ္စကို နင် ဘယ်လိုလုပ်သိနေတာလဲ၊ မျက်ရှု ... နင် ... နင် ပြန်စဉ်းစားကြည့်စမ်း၊ ငါ့ကို စကားတစ်ခုခု အကြောင်းတစ်ခုခု ထပ်ပြောကြည့်စမ်း"
မျက်ရှု မျက်မှောင်ကုတ်ကာ ငြိမ်သွား၏။ ချိုကြီးမှာ အံ့သြလွန်း၍ ထူးဆန်းတယ် ထူးဆန်းတယ်ဟု ရွတ်နေ၏။ မျက်ရှုမှ ...
"မရဘူးဟ၊ ဘာမှ စဉ်းစားလို့မရဘူး၊ ငါ နင့်ကို ဘာပြောရမှန်းလဲ မသိဘူး"
"ပြောကြည့်ဟာ၊ တစ်ခုခု ပြောကြည့်၊ ခုနက နင့်ဆိုင်အကြောင်းပြောရင်းဖြစ်တာ မဟုတ်လား၊ နင့်ဆိုင်အကြောင်း ပြန်ပြောကြည့်စမ်းဟာ"
"ငါ့ဆိုင်က ရှေ့လလောက်ဆို ဖွင့်ရင်ဖွင့်လို့ရလောက်ပြီဟ၊ ဒါပေမဲ့ Decoration တွေတော့ ကျန်သေးတယ်၊ လူခန့်ဖို့တွေ ဘာတွေတော့ လုပ်ရဦးမှာပေါ့ဟာ၊ ပန်းမှာဖို့တော့ အဆက်အသွယ်တွေ တော်တော်ရပြီဟ၊ ဟင် ... အခုကျတော့လည်း ဘာမှ မဖြစ်တော့ပါလားဟဲ့"
"အေး ခုနက ဘာဖြစ်သွားတာလဲ ဒါဆို"
"မသိဘူးလေ၊ တကယ် တကယ် ... ငါ ဘာဆိုဘာမှ မသိလိုက်တာ"
"ဘာလဲဟ"
ထိုစဉ် တင်မောင် ပြန်ရောက်လာ၏။ ရေးကြီးသုတ်ပျာနှင့် အံ့သြတကြီး ဖြစ်နေကြသည်ကို မြင်သော်
"ဘာလဲ၊ ဘာဖြစ်နေကြတာလဲ မင်းတို့"
"မသိဘူး၊ ထူးဆန်းတယ်ဟ၊ ထူးဆန်းတာမှ သောက်ကျိုးနည်း ဟေ့ကောင်၊ စိတ်တောင်မကူးမိတာမျိုး"
"ဘာလဲ၊ ဘာဖြစ်လို့လဲ၊ ငါ ခဏလေးသွားတာပါ"
"အေး၊ အဲဒီခဏလေးမှာကို ဖြစ်တာ၊ ဒီလိုကွာ မင်းသွားတော့ ဒီလိုပဲ ငါနဲ့မျက်ရှု ဟိုပြောဒီပြော ပြောနေကြရင်း မျက်ရှုက သူ့ဆိုင်အကြောင်း ပြောနေတုန်း စကားတန်းလန်းကြီးမှာ ဟိုကောင့်လေသံ ပြောင်းသွားပြီး ဟိုကောင်နဲ့ငါနဲ့ပဲ သိပြီး သူ လုံးလုံးမသိတဲ့ အကြောင်းတွေ ဟိုကောင့်အတိုင်း ငါ့လာပြောတာ"
"အာ ... ဘာတွေလဲ၊ ဘယ်ကောင်လဲ၊ ချိုကြီး မင်းရှင်းကာမှ ရှုပ်ကုန်ပြီး၊ ဘာတွေပြောနေတာလဲ"
မျက်ရှုမှဝင်၍
"ဒီလိုဟ ..."
"အေး ကောင်းတယ် နင်ပြောတာ၊ ဟိုကောင်က လိပ်ပတ်မလည်ဘူး"
ချိုကြီးမှ ထောက်ခံ၏။
"ဟုတ်တယ် ဟုတ်တယ်၊ မျက်ရှု နင်ပြော၊ ဒါမှပြောရင်းနဲ့ ထပ်ဖြစ်ချင်ဖြစ်မှာ"
မျက်ရှု လန့်သလို ဖြစ်သွားသော်လည်း တင်မောင်အား ဆက်ရှင်းပြ၏။
"ဒီလိုဟ ..."
"အေး"
"နင်ထွက်သွားတော့ ချိုကြီးက ငါ့ကို ပုဏ္ဏားနဲ့ တွေ့သေးလားလို့မေးတယ်"
"အင်း"
"အဲတော့ ငါကလည်း ငါ ဆိုင်ပြင်နေလို့ မတွေ့ဘူးပေါ့ဟ"
"အဲဒီတော့"
"အဲဒီတော့ စကားက ငါ့ဆိုင်ကိစ္စဘက် ပြောင်းသွားတာပေါ့ဟာ၊ ချိုကြီးက ငါ့ဆိုင်ပြီးပြီလားလို့ မေးတယ်"
"အခုထက်ထိတော့ ဘာမှ မထူးဆန်းသေးဘူး"
"ခဏနေဦး တင်မောင် မင်းစိတ်ရှည်ရှည်နဲ့ နားထောင်၊ ငါပြောတုန်းကလို မင်းရှုပ်သွားမှာစိုးလို့ မျက်ရှုက အသေးစိပ် ပြောနေတာ"
"အေး အေး ပြီးရော၊ ပြော ဆက်ပြော သူငယ်ချင်း၊ ဆောရီး"
မျက်ရှုမှ အားတက်သရော ဆက်ပြော၏။
"အေး၊ ချိုကြီးကမေးတော့ ငါ ပြန်ပြောတာပေါ့ဟာ၊ ဆိုင်က ပြီးတော့မယ်ပေါ့ဟာ၊ ငါ အဲဒီက ပြန်လာတာပေါ့၊ ငါ ဆက်ပြောချင်တာက ချိုကြီးရော နင်ရော ပုဏ္ဏားရော တစ်ရက်ချိန်းပြီး ငါ့ဆိုင် လာကြည့်ပေးကြဦး၊ လိုတာဝိုင်းကြည့်ပေးကြဦးလို့ ပြောမလို့ဟာကို ရုတ်တရက် ငါ့ပါးစပ်က ဘာတွေပြောလိုက်မိမှန်း မသိဘူး၊ ပြောချင်စိတ်နဲ့ ပြောချလိုက်တာက ငါ့ဆိုင်အကြောင်းဟာ၊ ဒါပေမဲ့ ပါးစပ်က ထွက်သွားတာက ငါနဲ့ ဘာမှ မဆိုင်တဲ့ ငါလည်း လုံးဝမသိတဲ့ ပုဏ္ဏားနဲ့ချိုကြီးတို့ အလုပ်ထဲက အကြောင်းတွေ"
"ဟေ"
"မပြီးသေးဘူး နေဦး၊ ငါပြောချလိုက်မိတဲ့ သူတို့အလုပ်အကြောင်းတွေကို အခု ငါ နင့်ကိုပြောနေတဲ့ ငါ့လေသံ ငါ့လေယူလေသိမ်းနဲ့ မဟုတ်ဘူး၊ ပုဏ္ဏားက ချိုကြီးကိုပြောသလို မင်းတွေငါတွေနဲ့ ဖြစ်သွားတဲ့အပြင် လေယူလေသိမ်းကလည်း ပုဏ္ဏားရဲ့ လေယူလေသိမ်းအတိုင်းဟ"
"မြတ်စွာဘုရား၊ ထူးဆန်းလှချည်လား"
"အေး အဲဒါ ပြောတာပေါ့၊ အသံကတော့ ငါ့အသံ နဂိုအခုအသံပဲဟာ၊ ဒါပေမယ့် ပြောထွက်သွားတဲ့ အကြောင်းအရာနဲ့ လေယူလေသိမ်းက ငါနဲ့ ဘာမှမဆိုင်တဲ့ ပုဏ္ဏားကိစ္စတွေနဲ့ ပုဏ္ဏားလေယူလေသိမ်း အသုံးအနှုန်း အခေါ်အဝေါ်တွေ၊ ငါ လုံးဝ ထိန်းလို့ မရလိုက်ဘူး၊ အေးအေးဆေးဆေးကို ပြောလိုက်မိတာဟ၊ ငါ သတိထားမိတဲ့အချိန်မှ ငါ အရမ်းလန့်ပြီး ရပ်သွားတာ၊ ငါ ပြောလိုက်မိတဲ့အထဲမှာ ငါ လုံးဝ မသိတဲ့ လူနာမည်တစ်ခုပါတာရယ်၊ စာတစ်စောင်ကိစ္စ ပါတယ်ဆိုတာရယ်ပဲ ငါ မှတ်မိတော့တယ်၊ အခု ပြန်စဉ်းစားကြည့်တော့ ကျန်တာ ငါ ဘာတွေပြောလိုက်တယ်ဆိုတာ ငါ လုံးဝမသိတော့ဘူး၊ လူနာမည်ပါတာပဲ မှတ်မိတယ်၊ ဘယ်သူမှန်းတောင် မမှတ်မိတော့ဘူး"
"ဟ ဘယ်လိုဖြစ်တာလဲ၊ ဘာဖြစ်တာလဲ"
ချိုကြီးမှ ဝင်ပြော၏။
"ငါ ပြောပြမယ် မျက်ရှု၊ နင်မမှတ်မိတော့တဲ့ နင်ပြောသွားတာတွေက အခုလက်ရှိ ငါနဲ့ပုဏ္ဏားနဲ့ လုပ်နေတဲ့ ကိစ္စတွေ၊ ငါ နင်ပြောသွားတာတွေ တစ်လုံးမကျန် မှတ်မိတယ်၊ မင်းတို့နှစ်ယောက်လုံး နားထောင်ကြည့်၊ ဘယ်လောက် အံ့သြဖို့ကောင်းတဲ့ ကိစ္စတစ်ခုရှိသေးလဲဆိုတာ ပြီးရင် ဆက်ပြောပြမယ်၊ မျက်ရှု အေးအေးဆေးဆေး ပြောသွားတာတွေက 'မင်းရော ဘယ်တုန်းက ပြန်ရောက်လဲ၊ ပြောသာ ပြောရတာပါကွာ၊ မင်း သိတဲ့ အတိုင်းပဲ၊ အဲဒီ ကိုအေးဝင်းကျော်တို့က ဘယ်တော့မှ သေချာတာ မဟုတ်ဘူး၊ ဟိုတစ်လကလည်း စာရင်းတွေ မှားပို့လိုပို့၊ ချိုကြီး ဒီတစ်ခါရော မင်းသေချာမှာခဲ့ရဲလား၊ ဟိုတယ်ခရီးကစာက ဒီနေ့ ...' ဆိုပြီး အဲဒီနေရာမှာ မျက်ရှုလန့်ပြီး ရပ်သွားတာ၊
ငါ့မှာ အံ့သြလွန်းလို့ သေများသွားမလားတောင် မှတ်တယ်"
"ဟောတော့"
"ဟိုက်၊ ဘာတွေလဲဟ အဲဒါတွေက"
"အေးလေ၊ ငါတော့ လုံးဝနားမလည်ဘူး၊ ငါ တကယ် အဲဒါတွေ ပြောလိုက်တာလားဟေ၊ ငါ ဘာမှမသိဘူးဟ နင် ပြောတာ"
"မင်းတို့နှစ်ယောက်က ဘာမှနားမလည်လို့ ... အဲဒါတွေအားလုံး နားလည်နေတဲ့ငါက ဘယ်လောက်ဖြစ်သွားမလဲဆိုတာ ပြောပြမယ်၊ မျက်ရှု ပြောသွားတာတွေအားလုံး မင်းတို့သိအောင် ငါ တစ်ခုချင်း ရှင်းပြမယ်"
"အေး အေး၊ ကောင်းတယ် ချိုကြီး၊ ငါတို့နည်းလည်အောင် ရှင်းပြစမ်းဟာ"
"ဟုတ်ယတ်၊ မင်းက ကာယကံရှင် မျက်ရှုထက်တောင် လန့်သွားပုံပဲ၊ အခုထက်ထိတောင် မျက်နှာ ဖြူဖတ်ဖြူရောင်နဲ့ ချွေးစေးတွေပျံလို့"
"အေးပါ၊ မင်းတို့နားထောင်ကြည့်၊ နောက်ဆုံး အထူးဆန်းဆုံးတစ်ခု လာဦးမှာ မပူနဲ့၊ အဲဒီတော့မှ ငါ ဖြူသွားရတဲ့အကြောင်း မင်းတို့သိမှာ၊ ဒီလိုကွ တင်မောင်ရ၊ တစ်ခုချင်း ရှင်းမှဖြစ်မှာ၊ မင်းရောဘယ်တုန်းက ပြန်ရောက်လဲ ဆိုတာက ငါ မနေ့က အလုပ်ကိစ္စနဲ့ ပုသိမ် နေ့ချင်းပြန်သွားတာကို ညက ဘယ်အချိန်ရောက်လဲ မေးတာ၊ ငါ ပုသိမ်သွားတာ ငါရယ် ပုဏ္ဏားရယ် ဒရိုင်ဘာရယ်ပဲ သိတာ"
"ဟင်"
"ဟေ"
"နေဦး ပြောသာပြောရတာတို့၊ မင်းသိတဲ့အတိုင်းတို့၊ ကိုအေးဝင်းကျော်တို့၊ မသေချာတာတို့ ဆိုတာတွေက မနေ့က ငါသွားတဲ့ ပုသိမ်က ငါတို့နဲ့ စပ်တူအလုပ်တွဲလုပ်နေတဲ့ လူတွေနဲ့ကိစ္စတွေ၊ အဲဒီလူတွေက Tour Group လက်ခွဲရုံးတစ်ရုံးက၊ ကိုအေးဝင်းကျော်ဆိုတာက အဲဒီရုံးကပိုင်ရှင် ပုသိမ်သား၊ မင်းတို့နဲ့ သိဖို့မပြောနဲ့ မြင်တောင်မြင်ဖူးမှာ မဟုတ်ဘူး၊ ကိုအေးဝင်းကျော်က အလုပ်ပေါင်းစုံနဲ့ ပုသိမ်ကခွာလို့ ရတဲ့လူ မဟုတ်ဘူး၊ ဒီလောက်နီးနီးလေး ရန်ကုန်ကိုတောင် တစ်နှစ်နေလို့မှ တစ်ခါလာဖြစ်ရင် ကံကောင်း"
"ဟောတော့"
"အဲဒါပြောတာပေါ့ဟ၊ ဒီတစ်ခါရော သေချာမှာခဲ့ရဲ့လား ဆိုတာက မနေ့က ငါက ကိစ္စသုံးလေးခုနဲ့ သွားတာ၊ တစ်ခုက အဲဒီကိုအေးဝင်းကျော်တို့နဲ့ ပတ်သက်တော့ ငါက ဝင်တွေ့ရတယ်။ ၊ မှာစရာရှိတာ မှာရတယ်၊ မှာရင်လည်း သေချာမှာရတယ်၊ အဲဒီလူက အလုပ်တွေ အများကြီး၊ ပြီးတော့ အလားလုံး ရောထွေးကုန်ပြီး ဟိုပို့ရမယ့်ဟာ ဒီပို့လိုပို့၊ ဒီပြောရမယ့် စကားတွေဖုန်းတွေ ဟိုသွားပြော ဟိုသွားဆက် လုပ်လိုလုပ်နဲ့လူမျိုး၊ ဒါပေမဲ့ သူက ရိုးပြီးတော့ နှံစပ်တယ်၊ အမှန်မှာ မနေ့က ငါနဲ့ ပုဏ္ဏားနဲ့ တူတူသွားမလို့၊ မျက်ရှုနောက်ဆုံးပြောသွားတဲ့ စာကိစ္စပေါ်လာလို့ ပုဏ္ဏားက ကျန်ခဲ့တာ၊ မင်းတို့သိရင် ပိုတောင် အံ့သြမယ်၊ အဲဒီ ဟိုတယ်ခရီးစာက အရေးတကြီးတင်ခိုင်းလို့ မနေ့က ပုဏ္ဏားက စာထိုင်စီပြီး ရုံးကအပြန် ငါ့အိမ်ဝင်ပို့ထားခဲ့တာ၊ ငါက ပြန်မရောက်သေးဘူး၊ အဲဒီစာ အရေးကြီးမှန်းသိလို့ ဒီနေ့ ငါ့ကို သွားတင်ခိုင်းတာ၊ မျက်ရှုက ဒီနေ့ဆိုပြီး လန့်ပြီး ရပ်သွားပေမဲ့ နောက်ဆက်တွဲတောင် ငါက ဆက်ပြောပြလိုက်ဦးမယ်၊ ဒီနေ့ တင်ရမှာနော် ချိုကြီးတဲ့၊ အဲဒီစာက ဒီကောင်နဲ့ငါပဲ သိတာ၊ အဲဒါကြောင့် မျက်ရှုတကယ် ဘာမှမသိဘူးဆိုတာ ငါ ယုံတာပေါ့၊ ယုံလို့ ပိုလန့်တာပေါ့"
"နေဦး ချိုကြီး၊ မင်းက ဘာကိစ္စ အဲလောက် အတိအကျ မှတ်မိနေတာတုံး"
"အေး အဲဒါပဲ၊ ပြောမယ် ပြောမယ်၊ ငါ ခုနက မင်းတို့ကို ပြောတယ်မဟုတ်လား၊ သေအောင် လန့်သွားတယ် ဆိုတာလေ၊ တခြားမဟုတ်ဘူး မျက်ရှု တောက်လျှောက် အေးအေးလူလူ ပြောချသွားတာတွေ အားလုံးက မနက်ကတင် ပုဏ္ဏား ဖုန်းထဲကနေ ငါ့ကို ပြောသွားတာတွေ ငါနားနဲ့ ဆတ်ဆတ်ကြားရပြီးသားမို့လို့ဟေ့"
"ဘာ"
"ဘုရားရေ"
အတွေးကိုယ်စီနှင့် အားလုံး ငြိမ်ကျသွား၏။ သုံးယောက်လုံး မတ်တတ်။ ထိုင်ရန် သတိမရကြ။ ခဏနေမှ ချိုကြီးက တစ်စုံတစ်ရာ သတိရ၍ မျက်ရှုအား မေး၏။
"မျက်ရှု နင် နေကောင်းရဲ့လား"
တင်မောင်လည်း ထိုအခါမှ သတိဝင်လာ၍
"အေး ဟုတ်တယ်၊ မျက်ရှု နင် အိုကေရဲ့လား"
မျက်ရှု ဇဝေဇဝါနှင့်
"အိုကေပါတယ်ဟ၊ ဘာမှ မဖြစ်ပါူး၊ ငါ အကောင်းကြီးပဲ၊ တကယ် အကောင်း"
"မဟုတ်ဘူးလေ၊ ခေါင်းမူးနေတာတို့ ရင်တုန်နေတာတို့ ဟိုတစ်ခါတုန်းကလို ကျောထဲက စူးလာအောင့်လာတာမျိုးတို့"
"ဟင်အင်း ဘာမှမဖြစ်ဘူး"
"ဘာဖြစ်လို့လဲ ချိုကြီး"
"မဟုတ်ဘူး တင်မောင်ရ၊ ငါက ဆိုင်များဆိုင်သလားလို့ မေးကြည့်ကြည့်တာ"
"ဘာကိုလဲ"
"ဘာမှန်းတော့ ငါလည်း မသိဘူးလေကွာ၊ ဟိုကောင်က တုပ်ကွေးမိပြီး ဂိနေတာကွ၊ ဒီကောင်ရော မေနိုးရော ရုံးမတက်ဘူး ဒီနေ့၊ မေနိုးက လူနာစောင့်ပေါ့ကွာ၊ အဲဒါ ဟိုကောင်ကဂိနေတော့ မျက်ရှုလည်း နေမကောင်းတွေဘာတွေ ဖြစ်နေရင် ဆိုင်များဆိုင်နေမလားလို့ မေးကြည့်တာဟ"
"ကြံကြီးစည်ရာ ချိုကြီးရာ ... မေနိုး ခရီးသွားလို့ဆို ပြန်ရောက်နေပြီလား"
"မင်းကလည်း ငါတို့အလုပ် မသိတာကျနေတာပဲ၊ အခု ပျောက်သွားလိုက်၊ အခု ပြန်ပေါ်လာလိုက်ပဲဟာကို၊ အဲဒါကြောင့် ငါ့ကားသော့ မြန်မြန်ပြန်ထုတ်ပေးပါလို့ ပြောတာဟ၊ ရုံးမှာ ဘယ်သူမှမရှိဘူး၊ ငါ သွားနေပေးရဦးမယ်၊ မေနိုးက ဒီသုံးလေးရက် ရုံလာတော့မှာ မဟုတ်ဘူး၊ သူ့အဖေတွေ အမေတွေ ပြန်လာစရာရှိသေးတယ် ပြောတယ်"
"ချိုကြီး ... တဖြည်းဖြည်းနဲ့ လူကြီးစုံရာ ဖြစ်လာနေပြီနော်၊ ဟိုကောင် ငါတို့ကို ငြင်းထားတဲ့ ဟိုကိစ္စမမေ့နဲ့"
မျက်ရှုမှာ နားထောင်နေရင်းမှ စိတ်ထဲ တစ်မျိုးဖြစ်သွား၏။
ဘာမှတော့ မမေးဖြစ်လိုက်။
တစ်ခုခု မေးလိုက်ရန် ရုတ်တရင် ပြင်ဆင်လိုက်မိကြောင်းကိုတော့ သူမ တစ်ယောက်ထဲသာ သိလေသည်။ သို့သော် သူ ပြောလိုက်မသည်က တစ်ခြား။
"ငါ ခုနက ဘာဖြစ်သွားတာလဲဆိုတာလည်း စဉ်းစားပေးကြဦးလေဟာ၊ နင်တို့ကလည်း"
နှစ်ကောင်လုံး ပြန်ငြိမ်သွားကြပြန်၏။ ချက်ချင်းပင် တညီတညွတ်ထဲ အဖြေထွက်ကာ ပြိုင်တူပြောမိကြ၏။
"ငါတို့လည်း မသိဘူးဟ"
မျက်ရှု စိတ်ကောက်ချင်သွား၏။ မသိလို့မေးပါတယ်ဆိုမှ။
"ဟဲ့ အကြံလေးဘာလေး ပေးကြဦးလေဟာ"
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပြန်၏။ စိတ်မရှည်ချင်စရာ။ မျက်ရှု ရုတ်တရက် ဝမ်းနည်းသွားသလို ခံစားလာရ၏။
"နင်တို့ကလည်းဟာ ..."
ထိုအခါကျတော့ ပျာပျာသလဲ။
"မ မဟုတ်ဘူးလေဟာ၊ ငါတို့လည်း ဘာလုပ်ရမှန်းမသိတော့၊ ဘာပြောရမှန်းလဲ မသိဘူး၊ ဒီလိုလုပ်ဟာ မျက်ရှု"
"ဘယ်လိုလဲ"
"ငါ နင့်ကို ချိန်းပေးမယ်၊ နင် သွားတွေ့လိုက်ပါလား၊ ဒီလိုဟာမျိုးက ဒီကောင်နဲ့ အဆင်ပြေမယ် ထင်တယ်"
"ဘယ်လိုလဲ"
"ငါ နင့်ကို ချိန်းပေးမယ်၊ နင် သွားတွေ့လိုက်ပါလား၊ ဒီလိုဟာမျိုးက ဒီကောင်နဲ့ အဆင်ပြေမယ် ထင်တယ်"
"ဘယ်သူလဲဟေ ဘယ်သူလဲ၊ ဗေဒင်ဆရာလား အကြားအမြင်ဆရာလား"
"မဟုတ်ဘူး၊ ဇော်ဝါးနဲ့"
"ဟင်"
"ချိုကြီး ... မင်းပြောတာ မပြည့်စုံသေးဘူး၊ တစ်ယောက်ကျန်သေးတယ်ဟ"
"ဘယ်သူလဲ ပုဏ္ဏားလား"
"သိပ်ဟုတ်တာပေါ့ သူငယ်ချင်း၊ အဓိကကျတဲ့လူကို မျက်ရှုချန်ထားခဲ့လို့ မရဘူးလေ"
"ဟာ နင်တို့ကလည်း"
"ဟုတ်တယ်ဟ၊ ဟို နင့် စွန်လွှတ်လို့ ပြဿနာမဖြစ်ခင်လေးက ပုဏ္ဏား ငါတို့ကို ပြောဖူးတာ ငါ မှတ်မိနေတယ်၊ silver cord ဆိုလား ... တစ်ခုကို တစ်ခု နဂိုကတည်းက ဆက်ထားတဲ့ ကြိုးလေးတွေ မမြင်ရဘဲ ရှိနေကြတတ်တယ်တဲ့
ဟား ဟား ဟား"
"အာ ... ဘာမှန်းလဲ မသိဘူး၊ တင်မောင် ... ငါ့ကားရပြီလား သွားကြည့်ပေးဦး"
"အေး ဟုတ်သား ... ငါလည်း အခုမှ သတိရတယ်၊ ဟေ့ကောင် သော့သမား သော့သမား လုပ်ဦးဟ"
"အေးပါ မင်းက တစ်မျိုး"
မှန်ရာကို သစ္စာရှိရှိ ဝန်ခံရလျှင်တော့ ထိုနေ့က ဘာမှန်းမသိ မျက်ရှု နည်းနည်းတော့ ရှက်သွားခဲ့လေ၏။ ကိုယ့်ကိုကိုယ် မေးမိသည်။
Why !
တစ်ခါတစ်လေတော့ လောကကြီးက တစ်မျိုးပါပဲလေ။ ဘာမှန်းလဲ မသိဘူး။
(၄)
ကန်ရေပြင်ကျယ်ကြီးကို လှမ်း၍ မြင်နေရသော ဆိုင်ကလေးတစ်ဆိုင်ထဲတွင် ဖြစ်လေသည်။ လူရှင်း၍ တိတ်ဆိတ်နေ၏။ နေ့လည်ခင်း နေပူနေသော်လည်း သူတို့ထိုင်နေသော နေရာမှာ အရိပ်ကောင်းလှသော သစ်ပင်ကြီး တစ်ပင်အောက်တွင် ဖြစ်၍လည်းကောင်း၊ လေတသုန်သုတ်က ရေကန်ကြီးကို ဖြတ်သန်းလာကာ အေးမြစွာ တိုက်ခတ်နေ၍ လည်းကောင်း အပူဒဏ်မခံရဘဲ အေးချမ်းစွာ ရှိနေလေ၏။ ရဲသင်မှ မေနိုးအား ကြည့်၍
"ပြောစရာရှိလို့ဆို မေနိုး၊ အိမ်မှာပြောလည်း ရရဲ့သားနဲ့ ဘာလို့ ဒီနေရာအထိ တကူတက ခေါ်လာတာတုံး၊ ဘာလဲ မုန့်ဖိုးကုန်သွားပြန်ပြီ မဟုတ်လား"
"မဟုတ်ဘူး ကိုကို"
ရဲသင် ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း မေနိုး ပြန်ဖြေသံက တည်တည်ငြိမ်ငြိမ်။ ထို့ပြင် ခါတိုင်းလို ဖျတ်ဖျတ်လတ်လတ် သွက်သွက်ရွှင်ရွှင် ရှိမနေဘဲ တစ်စုံတစ်ရာကို သေသေချာချာ တွေးနေ စဉ်းစားနေ သလိုပုံမျိုး ဖြစ်နေသည်ကို ရဲသင် သတိထားမိသွား၏။
"မေနိုး ... ဘာဖြစ်နေတာလဲ၊ အန်ကယ်ဂျော့ရှ်တို့နဲ့ ပြဿနာတစ်ခုခု ရှိလို့လား၊ အိမ်မှာပြောတာ မလွတ်လပ်လို့ ကိုကို့ကို ဒီခေါ်လာတာ မဟုတ်လား"
"ဟုတ်တယ်ကိုကို၊ အိမ်မှာ အခန်းထဲ တံခါးပိတ်ပြောရင်လည်း တမျိုးထင်ကြမှာစိုးလို့ ကိုကို့ကို ဒီခေါ်လာတာ၊ ပြဿနာရှိတာတော့ ဟုတ်တယ် ကိုကို၊ မေနိုး ပြဿနာလို့တော့ တိုက်ရိုက်ပြောလို့လည်း မရဘူး၊ ဒါပေမယ့် မေနိုးနဲ့လည်း ဆိုင်နေတယ်"
"ဘာလဲဟ ညည်းဟာက ... ငါနဲ့ရော ဆိုင်သလား"
"အင်း ... ဆိုင်တယ်"
"ဘာလဲ ဒါဆို"
"ပြဿနာက နာနားကိစ္စ ကိုကို၊ နာနား တစ်ခုခု ဖြစ်နေတယ်"
"ဟင် ... အန်ကယ်ဂျော့ရှ်တို့ ရောက်နေတာပဲ တစ်ပတ်ပြည့်တော့မယ်၊ ကိုကို့ကိုလည်း ဘာမှ မပြောပါလား၊ ဂျိုနသန် ဘာဖြစ်လို့လဲ"
"မားမားတို့က ဘာဖြစ်လို့ ကိုကို့ကို မပြောလဲတော့ မေနိုးလည်း မသိဘူး၊ ကိုကိုနဲ့ မဆိုင်လောက်ဘူးလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့၊ ဒါပေမဲ့ မေနိုးကတော့ ကိုကိုနဲ့ ဆိုင်ကိုဆိုင်တယ်ထင်လို့ ပြောပြမလို့ ခေါ်လာတာ၊ မေနိုးလည်း နာနားကိစ္စ တနေ့ကမှ အန်ကယ်ဘုန်းနဲ့ အတူတူသိရတာ၊ အက်ဒီကတော့ သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ဘူးလို့ ထင်နေတာ၊ မာမားကတော့ နည်းနည်း စိုးရိမ်နေတယ်၊ မေနိုးက ကိုကို့ ပရောဂျက်ကိစ္စ သိနေတော့ ကိုကိုသိသင့်တယ်လို့ကို ယုံကြည်ထားတယ်၊ ကိုကို့ အကူအညီလည်း လိုချင်တယ်"
ရဲသင်ရံ မျက်မှောင်ကုတ်သွားလေ၏။ သူပါ အလေးအနက် ဖြစ်လာလေသည်။
"မေနိုး သေချာပြောပြစမ်း ကိုကို့ကို၊ ဂျိုနသန်က ဘာဖြစ်လို့လဲ"
စာပွဲထိုးလေးတစ်ဦးမှ စားစရာ သောက်စရာများ လာချပေးနေသဖြင့် ခေတ္တ စကားပြတ်သွားကြ၏။ စားပွဲထိုးလေး ပြန်ထွက်သွားမှ မေနိုးက အအေးတစ်ငုံယူသောက်ပြီး
"အစက စပြောမှ ကောင်းမယ်ထင်တယ် ကိုကို၊ နည်းနည်းတော့ ရှည်လိမ့်မယ်"
"ကိစ္စမရှိဘူး မေနိုး၊ ရှင်းအောင်သာ အကုန်ပြောပြ၊ ကိုကို တစ်ခုခု ရိပ်မိသလိုပဲ၊ ကိစ္စက မသေးဘူး ထင်တယ်၊ ဘာမှ မချန်ထားနဲ့၊ မေနိုး ကိုကို့ကို ယုံတယ်မဟုတ်လား"
"ယုံလို့ အကုန်ပြောပြဖို့ ဒီခေါ်လာတာပေါ့ ကိုကိုရဲ့၊ ပြောပြရင်လည်း ကြာနိုင်လို့ ဒီမှာ လာပြောပြတာ"
"အိုကေ၊ ကိုကို သေချာနားထောင်မယ် ပြော"
"ဒီလို ကိုကိုရဲ့၊ နာနားကို ဓာတ်ပုံကလွဲလို့ ကိုကိုတို့ မမြင်ဘူးပေမဲ့ ကိုကိုတို့ ကြားဖူးတဲ့အတိုင်း နာနားက မွေးကတည်းက နည်းနည်းထူးဆန်းတယ်၊ ငယ်ငယ်ကတည်းက တော်တော့်ကို ငြိမ်တာ၊ အရမ်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်တယ်ဆိုတာ ကိုကို ကြားဖူးမှာပေါ့၊ ကိုကိုတို့ကတော့ သာမန်လောက်ပဲ ထင်ချင်ထင်ကြမှာ၊ အဲလို မဟုတ်ဘူး ကိုကိုရဲ့၊ မေနိုးက အသက်ကွာတဲ့မောင်လေးဆိုတော့ နာနားကို အရမ်းချစ်တာ၊ တစ်ချိန်လုံး သူနဲ့ နေခဲ့တာ၊ သူ့ပုံစံက တစ်မျိုး၊ ငယ်ငယ်ကဆို အရမ်းငိုခဲ့တယ်၊ ဘာဖြစ်ဖြစ် သိပ်မငိုသလောက်ကို ဖြစ်နေတာ၊ မေနိုးကပဲ အချိန်မှတ်ပြီး နို့ဘူးတိုက်တာတို့ ဒိုက်ဗာလဲတာတို့ သိပ်တာတို့ သူ့ပုခက်ထဲ အကောင်ပလောင်ရှိနေမနေ ကြည့်ပေးရတာတို့ လုပ်ခဲ့ရတာ၊ သူက ဘာဖြစ်နေနေ အော်တာငိုတာ မရှိသလောက်ပဲ၊ ဒက်ဒီရော မာမားရောက အလုပ်လုပ်ကြရတော့ နာနားက မေနိုးနဲ့ပဲ နေရတာများတယ်၊ တဖြည်းဖြည်း ကြီးလာတော့ နာနားက ငြိမ်ငြိမ်သက်သက်ပဲ၊ ထားရင်ထားတဲ့နေရာမှာ ငြိမ်ငြိမ်လေးနေပြီး ပေးထားတာလေးတစ်ခုခုနဲ့ ဆော့နေတာပဲ၊ မှောက်တတ်လေးဘက်ထောက်တတ်တဲ့ အရွယ်၊ လမ်းလျှောက်တတ်တဲ့ အရွယ်ကနေ အခုထိ လျှောက်သွားတာတို့ အန္တရယ်ရှိမယ့် ပစ္စည်းမျိုးတွေနဲ့ ကစားနေတာတို့ လုံးဝမရှိဘူး"
"အင်း အဲဒါတော့ အဖေပြန်ပြောပြလို့ ကိုကို ကြားဖူးတယ်၊ ဂျိုနသန်က အရမ်းလိမ္မာ အရမ်းငြိမ်တယ်တဲ့"
"ဟုတ်တယ်ကိုကို၊ ငြိမ်တာမှ သူများနဲ့ မတူဘူး၊ အိမ်မှာ သူ့အကြောင်းကို မေနိုးက အသိဆုံးဆိုတော့ တစ်ခါတလေ လန့်တောင်လန့်တယ်၊ နာနားကလည်း မေနိုးကို မာမားတို့ထက် ပိုချစ်သလိုပဲ၊ မေနိုးကလည်း ကိုကို့ကို ပြောတဲ့အတိုင်း ကိုယ့်မောင်လေးကိုယ် အရမ်းချစ်တာ၊ ဒါပေမဲ့ သူငယ်ငယ်လေးကတည်းက တစ်ခါတလေ သူနဲ့ မျက်လုံးချင်းဆုံပြီး ကြည့်မိရင် သူ တစ်ခါတလေ စိုက် စိုက်ကြည့်လိုက်တိုင်း လန့် လန့်သွားတတ်တယ်၊ ဘယ်လိုမှန်းတော့ မသိဘူး၊ တစ်မျိုးကြီးပဲ ကိုကိုရာ၊ ကိုယ်က ရုတ်တရက် မလုံသလို သိမ်ငယ်သွားသလိုမျိုး ခံစားရတယ်၊ မာမားတို့ကို မေးကြည့်တော့လည်း သူတို့လည်း တစ်ခါတလေ အဲလိုဖြစ်တယ်လို့ ပြောတယ်၊ ဒါပေမဲ့ သိတဲ့အတိုင်း ကိုကိုရာ၊ ဟိုမှာက လူတိုင်းက အမြဲတမ်း အလုပ်ကိစ္စပေါင်းစုံနဲ့ ရှုပ်နေကြတာဆိုတော့ အဲဒီကိစ္စ ဘယ်သူမှ ရေးကြီးခွင်ကျယ် လုပ်မနေဖြစ်ကြဘူး၊ အားလုံး သတိထားမိတာ တစ်ခုရှိသေးတယ်၊ နာနားက ဒီနေ့အထိ နေမကောင်းတစ်ခါမှ မဖြစ်ဖူးဘူး ကိုကိုရဲ့"
"ဟဲ့ ထူးဆန်းလှချည်လား၊ ညည်း ဘာလို့အဲဒါတွေ ငါ့ကို အရင်က မပြောတာလဲ"
"မပြောဆို ကိုကိုကလည်း စကားမှ မစပ်မိတာကိုး၊ မပြီးသေးဘူး ရှိသေးတယ်"
"အေး လုပ်စမ်း"
"ဖြစ်တဲ့အဖြစ်က မထူးခြားဘူး ကိုကိုရဲ့၊ ဟိုကကျောင်းတွေမှာ ဖြစ်တတ်တဲ့ဟာမျိုးပေါ့၊ ကလေးချင်း အနိုင်ကျင့်ချင်ကြတာလေ၊ နာနားက ကိုကိုမြင်တဲ့အတိုင်း နည်းနည်းထွားတယ်၊ ကစားချိန် စားချိန် အိပ်ချိန်မှန် ခဲ့တာကိုး၊ အဲဒီတော့ ကလေးချင်းက သိပ်မစမ်းရဲကြဘူး၊ ဒါပေမဲ့ နာနားကအေးတော့ ကြောက်တတ်မယ် ထင်ပြီး တစ်ရက်ကျ ကျောင်းအဆင်းမှာလား ကျောင်းအတတ်မှာလား မသိဘူး၊ မေနိုး ကောင်းကောင်း မမှတ်မိတော့ဘူး၊ ကလေး သုံးလေးယောက်က ဝိုင်း ရန်စတယ်လေ၊ သူက တစ်ယောက်တည်း၊ ကျန်တဲ့ ကလေးတွေကလည်း ဝင်မပါရဲကြဘူးတဲ့၊ ဒီအတိုင်း ကြည့်နေတာတဲ့၊ မေနိုးကို သူကိုယ်တိုင် ပြန်ပြောပြတာ၊ သူတို့ ဝိုင်းထိုးဖို့ လုပ်တာတဲ့၊ မေနိုးကို စထိုးဖို့လုပ်တဲ့ကလေးကို သူက မျက်စိနဲ့ ကြည့်လိုက်တာတဲ့၊ ကျန်တဲ့ ကလေးတွေကိုလည်း လိုက်ကြည့်တယ်တဲ့၊ အားလုံးကြောက်ပြီး ထွက်ပြေးကြတယ်တဲ့၊ စထိုးဖို့ လုပ်တဲ့ ကလေးက ပြေးရင်းချော်လဲပြီး နောက်တစ်နေ့တစ်ကျ အပြင်းဖျားလို့ ကျောင်းတစ်ပတ်လောက် မတတ်နိုင်ဘူးတဲ့၊ သူ ပြန်ပြောပြတာနဲပ ကျောင်းကလူတွေ ပြောတာနဲ့ အတူတူပဲ၊ မေနိုးတို့လည်း နောက်တစ်ခါ မလုပ်ရဘူးနော် ဘာညာနဲ့ ဝိုင်းပြောရတာပေါ့၊ သူကတော့ အေးအေးပဲ၊ Why they try me ပဲ ပြောတယ်၊ ကျောင်းမှာတော့ သူ့တို့ Devil တွေ Demon တွေရော စုံအောင် ပြောခံရတော့တာပေါ့၊ မပေါင်းရဲကြတော့ဘူး၊ သူကလည်း နဂိုတည်းက တစ်ယောက်တည်းနေတာ များတော့ ဘာမှဖြစ်ပုံ မရဘူး၊
မေနိုးတို့က အားငယ်မှာစိုးလို့ မေးမြန်းကြည့်တော့ သူက တကယ်ကို ဘာမှဖြစ်ပုံမရဘူး၊ They Don't Know Me ပဲ ပြော ပြောနေတယ်၊ မေနိုးက ဒါဆို မမတို့ ဒက်ဒီတို့ မာမားတို့ ကရောလို့ မေးတော့ အတူတူပဲတဲ့၊ အဲဒီတုန်းက ခြောက်နှစ်လောက်ပဲ ရှိဦးမယ်၊ မမတို့ မာမားတို့ကို နာနားက သိတယ်တဲ့၊ နာနားကို မမတို့ မာမားတို့ မသိဘူးတဲ့၊
နောက်တစ်ခု ရှိသေးတယ်၊ ဟိုနေ့ကမှ ဒက်ဒီ ပြန်ပြောပြတာ၊ အဲဒီ အရွယ်ပဲ၊ တစ်နေ့ ဒက်ဒီ ရုံသွားခါနီး နာနားက ပြောတယ်တဲ့၊ ဒက်ဒီရုံးက အခန်းထောင့်က ဗီရိုကြီးပေါ်မှာ တင်ထားတဲ့ အထုပ်အဖြူကြီး ဒီနေ့ပြုတ်ကျလိမ့်မယ်တဲ့၊ ဒက်ဒီ ရုံးရောက်ရင် ဒက်ဒီ့အခန်းအပြင်က မုတ်ဆိတ်နဲ့ လူကြီးကို ချခိုင်းလိုက်တဲ့၊ ဒက်ဒီကလည်း အမှုမဲ့အမှတ်မဲ့ အေးပါ အေးပါပေါ့၊ ရုံးရောက်တော့လည်း မေ့သွားတာပေါ့၊ နေ့လည်ကျတော့ အထုပ်ကြီးရော ဗီရိုပါ ပြိုကျပါလေရော၊ အထုပ်ကြီးက ဒက်ဒီထိုင်နေကျ ကုလားထိုင်ပေါ် တည့်တည့်ကို ကျတာ၊ စာရွက်စာတမ်းဟောင်းတွေ စုထုပ်ထားတဲ့ အထုပ်ကြီး၊ ဒက်ဒီ နောက်မှ ပြန်စဉ်းစားကြည့်တော့ နာနားက ဒက်ဒီရုံးကို တစ်ခါမှ မရောက်ဖူးတာ မဟုတ်ဘူး၊ ဒက်ဒီ့ရုံးခန်း အပြင်က သူပြောတဲ့ မုတ်ဆိတ်နဲ့ လူကြီးဆိုတာလည်း သူ တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး၊ ဒက်ဒီက ပြန်ပြောပြတာ၊ အဲဒီလူကြီးက ထွားထွားကြီးနဲ့ သိပ်သဘောကောင်းတာတဲ့၊ လူတိုင်းကို ကူညီနေကျတဲ့၊ ရုံးမှာ လေးလေးပင်ပင် မစရာသယ်စရာရှိရင် သူပဲ လုပ်ပေးနေကျတဲ့၊ တနေ့ကမှ အန်ကယ်ဘုန်းကို ပြောပြရင်းမှ မေနိုးနဲ့မာမား သိရတာ၊ ကံကောင်းတာက အထုပ်ကြီးပြိုကျတော့ ဒက်ဒီ မရှိဘူး၊ အစည်းအဝေး ရောက်နေတယ်လေ၊ မေနိုး ဘာပြောချင်လဲဆိုတာ ကိုကို သိလောက်ပြီ ထင်တယ်"
မောသွားပုံ ရ၏။ ရဲသင်ရံမှာ စိတ်ရှုပ်နေဟန်ရှိသော မျက်နှာဖြူဖြူလေးကို ကြည့်ကာ ပြုံးမိ၏။ အတန်ကြာ စဉ်းစားနေပြီမှ
"ကဲ ပြော မေနိုးနဲ့ တိုက်ရိုက် ဘယ်လိုပတ်သက်နေလဲ"
ပြန်ဖြေသံ မကြားရ။ ကြည့်လိုက်တော့ အဝေးကို ငေးနေ၏။
"အားလုံး ပြောပြမယ်ဆို၊ ဂျိုနသန်နဲ့ ညည်းနဲ့ ဘယ်လောက်ထိ ပတ်သက်လဲ"
ဖျတ်ခနဲ လှည့်ကြည့်လာ၏။ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေပြီမှ
"နာနားက မေနိုးကို ကောင်းကောင်းသိတယ် ကိုကို"
"အေးပါ ဟုတ်ပါပြီ၊ ဘယ်လို ကောင်းကောင်းသိတာလဲဆိုတာ သိမှ ကိုကို စဉ်းစားပေးလို့ရမှာပေါ့"
"အခု မာမားနဲ့ ဒက်ဒီလာတာ ကိုကိုနဲ့ မေနိုးကို နာနားက ခေါ်ခိုင်းလိုက်လို့တဲ့ ကိုကို"
"ဟေ"
လုံးလုံးမထင်ထားသော ကိစ္စကို ကြားလိုက်ရသဖြင့် ဘာဆက်ပြောရမှန်းမသိ ဖြစ်၍သွားလေ၏။ အထစ်ထစ် အငေါ့ငေါ့ ပြန်မေးရ၏။
"ဘာ ဘာဖြစ်လို့လဲ"
"အဓိကက နာနားက မေနိုးကို ပြန်လာစေချင်တာ ကိုကို၊ မေနိုးကိုသူ စိတ်မချဘူး၊ မေနိုး ဒီပြန်ရောက်ပြီးကတည်းက နာနားကို ခဏခဏ အိပ်မက်မက်တယ်၊ အစကတော့ ကိုယ့်မောင်လေးကိုယ် သတိရလို့ မက်တာလို့ ထင်တာ၊ သူ ပုံလေးတွေ ဆွဲပေးလိုက်ပြီး မာမားတို့နဲ့ ထည့်ပေးလိုက်တာ တွေ့တော့မှ ကိုကို့ကိုပြောမှ ဖြစ်တော့မယ်လို့ မေနိုး ဆုံးဖြတ်လိုက်တာ၊ ဒက်ဒီတို့ကတော့ နာနားဟာ သူ့အစ်မသူ အရမ်းသတိရနေတယ်လို့ ယူဆနေကြပုံရတယ်၊ မေနိုးကတော့ အဲလို မတွေးဘူး၊ နာနားကိစ္စက တစ်ယောက်ယောက်နဲ့ တိုင်ပင်ရမယ် ထင်တယ်လို့ ယူဆတယ်၊ မာမားတို့ကတော့ ကိုကိုတို့နဲ့ မဆိုင်လောက်ဘူး ထင်ပေမဲ့ မေနိုးတော့ အဲလို မထင်ဘူး"
"နေ ... နေဦး မေနိုး၊ ဂျိုနသန်က ပုံလေးတွေ ဆွဲပေးလိုက်တယ်ဆိုတာ ဘယ်မှာလဲ၊ ကိုကို ကြည့်ချင်တယ်" မေနိုးက တစ်ချက်ပြုံး၍ သူ့အိတ်လေးလှမ်းဖွင့်ယူကာ အထဲမှ စက္ကူလိပ်လေးတစ်လိပ် ထုတ်ပေးလေသည်။
ကျောင်းသားငယ်တစ်ယောက်၏ လေ့ကျင့်ခန်း စာအုပ်ငယ်ထဲမှ ရိုးရိုးစက္ကူလေးများကို ဖြဲကာ ဆွဲထားသော ပုံလေးများ။ တစ်ပုံနှစ်ပုံကြည့်ရုံနှင့် ရဲသင်ရံ လက်ထဲမှ လွတ်ကျသွားမတတ် လန့်သွားလေသည်။ ပန်းချီဆရာတစ်ဦး၏ လက်ရာကဲ့သို့ ပီပြင်ထင်ရှားခြင်းတော့ မရှိလှပါ။ သို့သော် ရုပ်လုံးတော့ ပေါ်လှ၏။ ရုပ်ပုံလေးများမှာ ရှစ်ရွက် ဆယ်ရွက်ခန့်။မေနိုးနှင့်သူ ရေကူးနေကြပုံ၊ မေနိုး ယခု နေ နေသော ယခင်က ရဲသင်ရံ၏ အိပ်ခန်းပုံ။ ငှားထားသော မကြာသေးသော ရုံးခန်းပုံ။ မေနိုးခရီး ထွက်စဉ်က Tour Group အတွက် ငှားသွားခဲ့သော ကားကြီး။ မေနိုးတစ်ဦးတည်း မြင်ကွင်းအရသာ ပတ်သတ်ခဲ့သော ရှုခင်းမြင်ကွင်းများ။ မေနိုး မျက်စိမှ မြင်ရသော ရဲသင်ရံပုံ။ သူတို့အိမ် ရေကန်ဘေးတွင် အန်ကယ်ဂျော့ရှ်၊ အန်တီမေရီနှင့် သူ့အဖေ ဦးဘုန်းရံတို့ ထမင်းစားရင်း စကားပြောနေကြစဉ် ခွေးကြီးဘရုစ်မှ ပတတ်ရပ်၍ စာပွဲစွန်းလက်ထောက်ကာ အစာတောင်းနေသည်ကို မေနိုး ထိုင်နေသောနေရာမှ မြင်နေရပုံ။ မြတ်စွာဘုရား။ သူ ယခုထိုင်နေသော နေရာတွင် သူ စာရွက်များ ကြည့်နေသည်ကို မေနိုး နေရာမှ မြင်နေရပုံ။ နောက်တစ်ပုံ လှန်လိုက်ချိန်တွင် ရဲသင်ရံ အတော်တုန်လှုပ်သွား၏။
"မျက်ရှုလရောင်"
တစ်ထစ်ချ မတူသော်လည်း သူပင်ဖြစ်သည်မှာ ထင်ရှား၏။ မျက်လုံးတွေက ခပ်စိမ်းစိမ်း ကြည့်လျက်။ ကိုယ်တစ်ပိုင်းပုံ။ နောက်ဆုံးတစ်ပုံကား ...
အမျိုးသမီးတစ်ယောက်။
ရဲသင်ရံဘဝတွင် တစ်ခါမှ မမြင်ဘူးပါ။ ပြုံး၍နေပုံကို ဆွဲထား၏။ ရင်ဘတ်တွင် ပန်းတစ်ပွင့် ရှိ၏။ အမျိုးအစား မကွဲပြား။
"ဘယ်သူလဲ ကိုကို"
မေးသူက မေးခဲ့ပြီသော်လည်း အဖြေက မရှိ။ အတန်ကြာ တိတ်ဆိတ်၍နေ၏။
"အဲဒီနေ့က ကိုကိုကလည်း ဒင်နာတစ်ခုရှိတော့ အိမ်မှာမရှိဘူးလေ၊ မာမားတို့က အန်ကယ်ဘုန်းနဲ့ တိုင်ပင်တာ၊ နာနားက မေနိုးကို ပြန်ခေါ်စေချင်တာ၊ ကိုကို့ကိုလည်း တွေ့ချင်လို့တဲ့၊ သူက ဆမ်မက်စတာမပြီးသေးတော့ သူ လိုက်မလာနိုင်တာကို စိတ်ညစ်နေတာ၊ သူက အဲဒီမိန်းမကို ဘယ်သူမှန်း သိချင်နေတာ၊ ကိုကို သိတယ်တဲ့၊ မာမားတို့ကတော့ နာနား အစ်မကိုလွမ်းလို့ ဟိုပြောဒီပြော ပြောနေတာလို့ ထင်နေကြတာ၊ မေနိုးကတော့ အဲလို မထင်ဘူး"
"နေဦး အဖေက ဘာပြောလဲ မေနိုး၊ အဲဒီနေ့က"
"ဘာမှမပြောဘူး ကိုကို၊ အန်ကယ်က စဉ်းစားနေလို့တောင် ဒက်ဒီက သိပ်အရေးမကြီးပါဘူးဘာဘူးနဲ့ ပြောနေသေးတယ်"
"Thank You မေနိုး"
"ဘာကြီးလဲ ကိုကို"
ရုတ်တရက်မို့ မေနိုး နားမလည်။
"သြော် ကိုကို့ကို ဒါတွေ ပြောလိုက် ပြလိုက်တာကို ပြောတာပါ၊ မေနိုး လုပ်သင့်တာကို လုပ်လိုက်တာအတွက် Thank You လို့ပြောတာ"
"မဟုတ်ဘူး ကိုကို၊ ဒက်ဒီတို့က အရေးမကြီးလှဘူး ဆိုပေမဲ့ နာနားက ကိုကို့ကို ဘာလို့ ခေါ်ခဲ့ခိုင်းတာလဲ"
"အကြောင်းရှိလို့ ဖြစ်မှာပေါ့"
"ဘာလဲ ကိုကို၊ ဘာအကြောင်းလဲ၊ ဟိုမိန်းမက ဘယ်သူလဲ ..."
"ကိုကို မသိဘူး ညီမလေး"
မေနိုး ငိုင်ကျသွားလေသည်။ ရဲသင်ရံတွင်လည်း ပြောရန်စကား မရှိ။ အတန်ကြာ တိတ်ဆိတ်နေကြပြန်၏။ မေနိုးမှ တစ်ခုခု ဆုံးဖြတ်ပြီးပုံနှင့်
"ကိုကို"
ရဲသင်ရံ မော့ကြည့်၏။ မေနိုးကား တည်တည်ခံ့ခံ့။
ပေါ့ပါးစွာ မေး၏။ မေးခွန်း၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကို နှစ်ပေါင်းများစွာကတည်းက သိခဲ့ပြီးပြီဖြစ်၍ ပေါ့ပါးစွာပင် ပြန်ဖြေရလေ၏။ အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးသော စကား။
"ညီမလေး ငါ ညည်းကို တတ်နိုင်သလောက် ကူညီမှာပါ"
ညနေစောင်းစ ပြုလာလေပြီ။ ငှက်သံများ ကြားရ၏။ ငှက်သံများကြားမှ တစ်စုံတစ်ယောက်၏ ခေါ်သံလိုလို ရဲသင်ရံ ခံစားလိုက်ရလေသည်။
"ကိုကိုရေ"
ပဲ့တင်သံနောက်မှ တိုးတိတ်စွာ ကြားရသည်ကား
"ပုဏ္ဏားရေ"
ဘဝတွင် ပထမဦးဆုံးအကြိမ် ခံစားမှုတစ်ခုကို ရုတ်တရက် ရလိုက်လေသည်။ ဘဝသည် မှုန်ရီဝေဝါးလျက်။
လူပြောသူပြော များခဲ့သလို တစ်စုံတစ်ရာ အာမခံချက်ကော ဘဝတွင် ရှိခဲ့လေသလား။ နူးညံ့သော လက်ဖြူနုလေးတစ်ခုက ပခုံးထက်သို့ ရောက်လာ၏။
"ကိုကို ပြန်ကြရအောင်လေ"
မြောက်ပြန်လေသည် အေးသောရနံ့ကို တစ်ခါတစ်ရံ ယူဆောင်လာတတ်လေသည်။
သုံးလေးငါးရက်ခန့် ရှိလေပြီ။
အိပ်မက်လည်း မက်ဖူး၏။
သွားရင်းလာရင်း စိတ်ထဲမှာလည်း အကြောင်းမဲ့ ပေါ်ပေါက်လာဖူး၏။ ခရမ်းရောင်ဆိုင်လေး တစ်ဆိုင်။ ပန်းတွေ အများကြီးနှင့်။ ဘာမှန်းလဲ စဉ်းစားလို့ မရ။ နေရာကိုတော့ စိတ်ထဲရောက်ဖူးသလိုလို။ ဆိုင်မျက်နှာစာကိုသာ မြင် မြင်နေရခြင်းဖြစ်၍ အတွင်းထဲတော့ မမြင်ရ။ ဆိုင်လေးကဆိုင်ခန်း အတွဲလိုက်လို နှစ်ထပ်တိုက်တန်းရှည်ကြီး တစ်ခု၏ အလယ်မှာ။ အခြားဆိုင်တွေရှိသော်လည်း မှတ်ဉာဏ်ထဲတွင် မှုန်ဝါးဝါးနှင့် သိပ်မမှတ်မိ။ ပန်းဆိုင် ခရမ်းရောင်လေးကိုသာ ထင်ထင်ရှားရှား မှတ်မိကာမြင် မြင်နေ၏။
တစ်ဆိုင်လုံးကို ခရမ်းရောင် အနုအရင့်များနှင့် အနောက်တိုင်းက ပန်းဆိုင်တွေလို သေချာပြင်ဆင်ထား၏။ ဆိုင်ရှေ့ အပြင်ဘက်တွင်လည်း ပန်းမျိုးစုံများချထားသည်ကို မှတ်မိနေ၏။ ဆိုင်းဘုတ်က နီယွန်မီးလေးများနှင့်။
ဆိုင်နာမည်ပေးထားသည်ကလည်း တစ်မျိုးလေး။ ခေတ်ဟောင်းမှ ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး ဂရေဂိုရီပတ်နှင့် မြန်မာမင်းသမီး ဝင်းမင်းသန်းတို့ တွဲဖက် ရိုက်ကူးခဲ့ဖူးသော ရုပ်ရှင်ခေတ်ဟောင်းကားတစ်ကား၏ နာမည်။ Purple Plain တဲ့။ ခရမ်းရောင်လွင်ပြင် ဟူ၏။ တစ်ခုခုတော့ တစ်ခုခုပဲဟုတော့ သဘောရ၏။ ဘာတစ်ခုခုမှန်းလဲ မသိ။
ဒီနေ့တော့ ထိုကိစ္စကို မနက်ကတည်းက သတိရနေသဖြင့် တစ်နေကုန် အလုပ်ကိစ္စများနှင့် လျှောက်သွားနေရရင်းမှ လမ်းဘေးဝဲယာကို သတိထား ကြည့်နေမိ၏။ လမ်းကြားတစ်ခုထဲတွင် တည်ရှိသော ကုမ္ပဏီတစ်ခုရှိရာသို့ ကားကို ချိုးကွေ့ဝင်လိုက်စဉ်တွင် ဖျတ်ခနဲ သိလိုက်ပြီ။ ထင်သည့် အတိုင်း လမ်းမကြီးဘက်က ကွေ့ဝင်လိုက်ပြီးသည်နှင့် အတန်းလိုက်ဆောက်၍ထားသော ဆိုင်ခန်းများကို ညာဘက်ခြမ်းတွင် စတွေ့ရ၏။ သွားစရာရှိသော ကုမ္ပဏီကို ခဏမေ့သွား၏။ ကားမောင်းလာရင်းမှ ဆိုင်ခန်းတွေကိုသာ စူးစူးစိုက်စိုက် ကြည့်လာမိလေသည်။
"ပုဏ္ဏားရေ"
တစ်ကိုယ်လုံးမှ ကြက်သီးမွေးညင်းများ ထသွားသလို ရုတ်တရက် ခံစားလိုက်ရ၏။ ခေါ်သံ။ မျက်ရှုလရောင်၏ အသံ ...။ စိတ်နှင့်ကိုယ်နှင့် ကွာသလို ဖြစ်နေသော်လည်း ရဲသင်ရံမှာ အကျင့်ပါနေကျအတိုင်း ကားကို စနစ်တကျ လမ်းဘေးချရပ်လိုက်လေ၏။ ထိုအသံကို သူ တကယ် ကြားလိုက်လေသလား။ ဒါမှမဟုတ် စိတ်တွင် ထင်မြင်လိုက်ခြင်းလေလား။ မည်သို့ဖြစ်စေ ရဲသင်ရံမှာ ကားထဲထွက်၍ လမ်းပေါ်တွင် မတ်တတ်ရပ်လျက် ရှိပေပြီ။ ရည်ရွယ်ချက် တစ်စုံတစ်ရာ မပါဘဲနှင့် သူ လျှောက်သွားနေခဲ့ပြီ ဖြစ်၏။ တစ်ဆိုင်၊ နှစ်ဆိုင်၊ သုံးဆိုင်၊ လေးဆိုင်၊ ငါးဆိုင် ...။
"ပုဏ္ဏား"
ဆတ်ခနဲ ဖြစ်သွား၏။ အသိစိတ်သည် ဝေဝါးလျက်။ တစ်ကြိမ်တစ်ခါမျှ စိတ်ထဲတွင် မဖြစ်ပေါ်ခဲ့ဖူးသော ခံစားချက်တစ်ခု ပေါ်လာ၏။အသိစိတ်ပြန်ဝင်လာချိန်၌ သူသည် ဆိုင်လေးရှေ့တွင် ချထားသော ပန်းမျိုးစုံ ပန်းတောင်းများအနက်မှ ပန်းနီလေးတစ်ပွင့်ကို ယူကာ ကိုင်ထားပြီးလျက်သား ဖြစ်နေ၏။ အရာအားလုံးသည် စနစ်တကျ ဖြစ်ပျက်သွားကြလေ၏။
"ရော့ ... ကွန်ဂရက်ကျူလေးရှင်း"
"ဟဲ့ ... ဟာ ဟ ... နင်က ငါ့ဆိုင်ကပန်း ငါ့ ပြန်ပေးပြီးတော့"
"အဓိကက အထိမ်းအမှတ်ပါဟ"
"ဘာလဲ တင်မောင်တို့ ပြောလိုက်လို့လား၊ အိုး ... ပုဏ္ဏား နင် ဘာလုပ်တာလဲ"
မရည်ရွယ်ဘဲ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်မိ၏။ အရပ်မြင့်မြင့် ခန္ဓာကိုယ်လေးမှာ နွေးထွေးစွာ ပါလာ၏။ အားလုံး မှင်တက်လျက်။ အတန်ကြာ ငြိမ်နေပြီးမှ ရုန်းကန်ရင်း တိုးတိုးပြော၏။
"ဟဲ့ လွှတ်စမ်း၊ ဆိုင်က ကောင်မလေးတွေ ကြည့်နေတယ်၊ နင် ဘာလုပ်တာလဲ"
ယောင်ယမ်းလွှတ်လိုက်မိသော်လည်း ကြောင်စိစိ ဖြစ်နေသော ရဲသင်ရံကို ကြည့်ကာ မျက်ရှုမှ ရှက်ရှိက်နှင့် အခြေအနေကို ထိန်းရလေ၏။ ရဲသင်ရံလက်ကို ဆွဲခေါ်ကာ ခုံတစ်လုံးတွင် ထိုင်ခိုင်းရလေ၏။ ကြောင်ပြီးကြည့်နေကြသော ကောင်မလေးနှစ်ယောက် အနက်မှ တစ်ယောက်အား
"စန္ဒာ ... အအေးတစ်ခွက် သွားဖျော်ခဲ့ ညီမလေး၊ အေးအေးလေးလုပ်နော်၊ မွန်မွန်"
"ဟုတ်ကဲ့ မမ"
"ဟိုဘက်နှစ်ဆိုင်ကျော်မှာ မုန့်တစ်ခုခု သွားဝယ်ပေးပါလား၊ ဧည့်သည်ကို ကျွေးရအောင် အံဆွဲထဲက ပိုက်ဆံယူသွား"
နောက်တစ်ယောက်ကိုပါ တစ်ခုခု ခိုင်းလိုက်ရ၏။ ကောင်မလေးနှစ်ယောက်မှာ ခိုင်းလို့သာ အသီးသီး ထွက်သွားကြရသည်။ ဇဝေဇဝါနှင့် ဘာပါလိမ့် ဘယ်လိုပါလိမ့်ဟူသော သဘောနှင့် လှည့်ကြည့်လှည့်ကြည့် စိတ်မချသလို။ မျက်ရှု မသိချင်ယောင် ဆောင်နေလိုက်ရ၏။ နှစ်ယောက်ထဲ ကျန်ခဲ့တော့မှ ကျေးဇူးရှင်ကို သေချာကြည့်ရ၏။ အခုထက်ထိ ယောင်တီးယောင်နနှင့် ဆိုင်ထဲ ဟိုဟိုဒီဒီ လိုက်ကြည့်နေ၏။ မျက်ရှုမှာ စိတ်တိုလာကာ ရဲသင်ရံ၏ ပခုံးနှစ်ဖက်ကို စိတ်ရှိလက်ရှိ ဆုပ်ကိုင်ခါယမ်းလိုက်ရင်း တိုးတိုးကျိတ်ခေါ်၏။
"ဟဲ ပုဏ္ဏား ... ပုဏ္ဏား ... နင် ဘာဖြစ်နေတာလဲ"
ထိုခဏမှ ယောင်တောင်တောင် သတိပြန်ဝင်လာသလို ပုံစံနှင့်
"ဟင် ဟင် ... ဟာ ... ဟဲ့ မျက်ရှု ငါ ဘာဖြစ်သွားတာလဲ"
"ရှုး တိုးတိုးလုပ်စမ်း၊ နင်ဟာလေ ဘာမှန်းလဲ မသိဘူး"
"မဟုတ်ဘူးဟ၊ ငါ ဘယ်ရောက်နေတာလဲ"
"ဟဲ့ ငါ့ဆိုင်မှာလေ"
"နင့် ဆိုင်မှာ"
"အေးလေ ပုဏ္ဏား နင် ငါ့ဆိုင်လာလည်တာ မဟုတ်ဖူးလား"
"မဟုတ်ဘူးဟ၊ နေဦး ဒါ နင့်ဆိုင်လား၊ ဘယ်တုန်းက ဖွင့်တာလဲ၊ ငါ နင့်ဆိုင် အရင်က ရောက်ဖူးလား"
"အာ ... ဘယ်လိုလုပ်ရောက်ဖူးမာလဲ၊ နေစမ်းပါဦး၊ နင် ခုနက ဖြစ်သွားတာတွေ တကယ် မသိဘူးလား၊ နင် ငါ့ဆိုင်ကို ဘယ်လိုသိလဲ၊ နင့်ကိုလည်း ငါ မပြောဖူးပါဘူး"
"မသိဘူးဟ"
"ဟင်"
"မမ အအေးရပြီ"
"သြော် အေး၊ ပေး ပေး၊ ရော့ ပုဏ္ဏား"
သံပုရည်အေးအေး တစ်ခွက်လုံးကို အားရပါးရ သောက်ချလိုက်ပြီးတော့မှ ခေါင်းတော်တော် ကြည်သွားတော့၏။
"ပြောစမ်းပါဦးဟ၊ ငါက ဘယ်လိုရောက်လာပြီး ဘာတွေ လျှောက်ဖြစ်ကုန်တာတုံး"
"နင်က လာပြီးတော့ အာ ... ပုဏ္ဏားရာ ... နင် ပြဿနာရှာပြန်ပြီ၊ လာ လာ အအေးဆိုင်သွားမယ်၊ စန္ဒာ ဆိုင်ခဏစောင့်ပေးဦးနော်၊ မမတို့ အပြင် ခဏ သွားလိုက်ဦးမယ်"
"ဟုတ် ဟုတ်ကဲ့"
ကောင်မလေးမှ ကြောင်စီစီနှင့် ကျန်ခဲ့၏။ မျက်ရှုမှာ စိတ်တိုတိုနှင့် ရဲသင်ရံလက်ကို ဆွဲကာ ဆိုးဆိုးဆတ်ဆတ် ထွက်သွားလေရာ ရဲသင်မှာ ကန့်လန့်ကန့်လန့် ပါသွားလေသည်။
လူရှင်းသော အအေးဆိုင်တစ်ခုသို့ ရောက်သွားကြလေ၏။ ဆိုင်ထောင့်စာပွဲတစ်လုံးကို ရွေထိုင်ကြပြီး၍ မှာစရာရှိသည်များ မှာပြီး စာပွဲထိုး ပြန်ထွက်သွား၍ ဘယ်သူမှ မရှိတော့သောအခါမှ မျက်ရှုက သူ့ကို ပြုးကြောင်ကြောင် လာကြည့်နေသော ရဲသင်ရံကို မျက်စောင်းထိုးရင်း စူပုပ်ပုပ်နှင့်
"ဘာလာကြည့်နေတာလဲ၊ ပုဏ္ဏား နင် ငါ့ကို သက်သက်လာနောက်နေတာ မဟုတ်လား၊ နင် တော်တော် တရားလွန်တယ်၊ ငါ့ ကောင်မလေးတွေ ရှေ့မှာ နင် ... "
ပြောရင်း ရုတ်တရက် ရပ်သွားကာ မျက်နှာလေး နီသွား၏။ ရဲသင်ရံမှ
"မဟုတ်သေးဘူး မျက်ရှု ဘာတွေဖြစ်သွားလို့လဲ၊ ငါသိတာ ငါ နင့် ဆိုင်ရှိတဲ့လမ်းထဲက ကုမ္ပဏီတစ်ခုကို လာတာဟ၊ နင့်ဆိုင်ကို တွေ့ပြီးတော့ ငါ ဘာဖြစ်သွားလဲ မသိဘူး၊ ငါ ဘာတွေလျှောက်လုပ်သေးလဲ"
"နင်က ခပ်တည်တည် ဝင်လာပြီးတော့ ... နောက်တော့ ... အာ ပုဏ္ဏား ... နင်ဟာလေ ဘာမှန်းလဲ မသိဘူး"
"နောက်တော့ ဘာဖြစ်တုံး၊ ဘာလဲဟ"
"အာ ... ဘာမှ မဟုတ်ဘူးဟာ၊ မသိဘူး မသိဘူး"
"မဟုတ်သေးဘူးလေဟာ၊ နင်ပဲ ခုနက ပြောတာ၊ နင့်ဆိုင်က ကောင်မလေးတွေရှေ့မှာ ဆိုပြီးတော့"
"တော်တော့ ပုဏ္ဏား၊ နင်နော်"
"ဟ ဘာလို့ လာအော်နေတာတုံး၊ ငါ ဘာမှမသိပါဘူးဆို၊ ပြောစမ်းပါဟ၊ ငါ ဘာဆက်ဖြစ်တုံး၊ ငါသိတာက ငါ သတိရတော့ နင်ကငါ့ကိုဆွဲ ဆွဲခါနေတာပဲ ငါသိတယ်၊ ဘာလဲဟ ပြောစမ်းပါ"
မျက်နှာလေးနီကာ ခေါင်းငုံ့သွား၍ ရဲသင်ရံ စဉ်းစားရခက်လေ၏။ ငါ ဘာတွေလျှောက်ဖြစ်သေးလဲဟု တွေးရင်း နည်းနည်းလည်း လန့်လာ၏။ ကိုယ့်ရှေ့မှ ကောင်မလေးမှာလည်း ခေါင်းကြီး အတင်းငုံ့နေပြန်၏။ မေးမှတော့ ဖြစ်တော့မည်။
"မျက်ရှု ... ဟဲ့"
" ..... "
ပြန်ဖြေသံ မကြားရ။ လေသံကို အနည်းငယ်ပြင်၍ ခေါ်ကြည့်၏။
"မျက်ရှု ... ငါ အကောင်းမေးတာ၊ နည်းနည်းအရေးကြီးတယ်၊ နင်မပြောပြချင်ရင် ငါ မေးမယ်၊ ဟုတ်ရင် ခေါင်းညိတ်ပြ၊ ဟုတ်ပြီလား"
ခေါင်းညိတ်ပြ၏။ ဆက်မေးရလေသည်။
"နင်ပြောတော့ ငါက နင့်ဆိုင်ထဲ ဝင်လာပြီးတော့ နင့်ကို ကွန်ဂရက်ကျူလေးရှင်း လုပ်တဲ့အထိ ရောက်ပြီ၊ ဟုတ်တယ်နော်"
ခေါင်းညိတ်၏။
"ဘာလဲ နင့်ကို ကွန်ဂရက်ကျူလေးရှင်းလုပ်နေတုန်း ငါ ပုဆိုးကျွတ်ကျတာလား"
"အာ ... ခိ ခိ မဟုတ်ပါဘူး"
အသံပြန်ထွက်လာသဖြင့် တိုးတက်မှု ရှိလာသည်ဟု ယူဆရ၏။
"ဒါဆို ငါက နင့်ကို တစ်ခုခု လုပ်တာလား"
ခေါင်းညိတ်ပြန်၏။ မော့တော့ မကြည့်သေး။
"လက်ဆွဲလို့လား"
ခေါင်းညိတ်၏။ စိတ် အတော်ပေါ့သွားလေသည်။
"လက်ဆွဲတာလောက်များဟာ နင်ကလည်း"
"မကဘူးဟဲ၊ ဘာမှန်းလဲ မသိဘူး"
"ဟေ"
ရဲသင် ခေါင်းကြီးသွားလေသည်။ အနှီကောင်မလေးအား ဘာများ လူရှေ့သူရှေ့ သွားလုပ်မိခဲ့လေသနည်း။
"ဘာလဲ ငါက နင့်ကို ကောင်မလေးတွေရှေ့ ဖက်နမ်းရောလား"
"ဟာ တော်တော့၊ နမ်းမပါဘူး၊ ပုဏ္ဏား နင်ဟာလေ"
"သြော် သိပြီ၊ ငါက နင့်ကို ထဖက်ရောပေါ့"
"တော်တော့ဆို"
သဘောပေါက်ရလေတော့၏။ တော်သေးတာပေါ့။ ဖက်ရုံပဲ ဖက်မိလို့။ ဘယ်လိုဖြစ်သွားတာပါလိမ့်။ တယ်ခက်ပါလား။ ဒီခွတီခွကျ ကောင်မလေးကို ငါက ဘာကိစ္စ သွားဖက်ရတာတုံး။ ဟီ ဟိ။ ဘာလဲဟ။
"မျက်ရှု အကြာကြီးလား"
"မပြောနဲ့တော့ ပုဏ္ဏား နင်နော်"
"ဟီ ဟိ"
"ရယ်မနေနဲ့၊ ဘာရယ်တာလဲ ဘာမှန်းလဲ မသိဘူး"
"အေးပါ အေးပါ"
အတွေးကိုယ်စီနှင့် ငြိမ်သွားကြ၏။ မျက်ရှုလရောင်မှာ ရဲသင်ရံကို မော့မကြည့်သေး။ ခေါင်းငုံ့ထားဆဲ စာပွဲကိုသာ ကသိုဏ်ရှုနေ၏။ ရဲသင်ရံကတော့ ပြုံးစိစိနှင့် မျက်ရှုလရောင်ကို ကြည့်နေလေ၏။
ရှက်နေရှာလိုက်တာ၊ ဣနြေ္ဒကြီးလိုက်တဲ့ ကောင်မလေး။ ခြေဆုံးခေါင်းဖျား ကောင်းကင်ပေါ် သွားတက်ပွင့်တဲ့ ပန်းလို လန်းဆန်းနေလိုက်တာ။ ဘယ်လို အင်အားတွေနဲ့များ လင်းနေလိုက်ပါလိမ့်။ ချစ်ခြင်းနဲ့များလား...။
ရဲသင်ရံ ဆတ်ခနဲ လန့်သွားကာ ရုတ်တရက် သတိဝင်လာပြီး တိတ်ဆိတ်ခြင်းကို ချေမှုန်းလေ၏။
"အေးပါဟာ၊ ထားလိုက်ပါတော့၊ ဒီလိုဟ နင့်ဆိုင်ကို နင့်ဆိုင်မှန်း ငါ မသိဘူးဟ၊ ဒါပေမဲ့ ငါသိသလိုလို ရှိတယ်လို့လည်း ပြောရင် ပြောလို့ရတယ်၊ ငါ နင့်ဆိုင်ကို မျက်စိထဲ မြင် မြင်နေတာ သုံးလေးငါးရက်ရှိပြီဟ၊ အိပ်မက်လည်း မက်တယ်"
"ဟင် ဟုတ်လား"
အကြောင်းအရာရော လေသံပါ ပြောင်းသွားသဖြင့် ပြန်မော့ကြည့်ကာ မေးဖော်ရ၏။ မျက်နှာလေးကတော့ အနီဖျော့ဖျော့။ ရဲသင်ရံ မသိချင်ယောင်ဆောင်ကာ ဆက်ပြော၏။
"အေး ဟုတ်တယ်ဟ၊ ပထမတော့ ငါက ရိုးရိုး ပန်းဆိုင်တစ်ဆိုင်တွေ့ တွေ့နေတယ်ပေါ့ဟာ၊ လေးငါးခါလောက်ကျတော့ အဲဒီဆိုင်က နင့်ဆိုင် ဖြစ်လောက်မယ်ထင်တယ်လို့ ငါ့စိတ်ထဲ အလိုလို ထင်လာတယ်၊ ဘယ်မှာမှန်းတော့ ငါလည်း တကယ် မသိတာဟ၊ ဒီမနက်ကျတော့ မနက်နိုးကတည်းကကို နင့်ဆိုင်လေး ငါ မျက်စိထဲ မြင် မြင်နေတာ၊ နင့်ဆိုင်ကို ငါ ရောက်သွားလိမ့်မယ်လို့လည်း သိနေသလိုပဲ၊ ငါ ခုနက ပြောသလိုပေါ့၊ ငါက ကုမ္ပဏီတစ်ခုကို လာဖို့ ဒီလမ်းထဲ ရောက်လာတာ၊ နင့်ဆိုင် ဒီမှာ ရှိမှန်းသိလို့လာတာ မဟုတ်ဘူးဟ၊ ဒါပေမယ့် နင့်ဆိုင် တွေ့လည်းတွေ့ရော ငါ ဘာတွေလျှောက်ဖြစ်ကုန်မှန်း မသိဘူး"
"တကယ်ကြီးရယ်"
"ဟ ငါကဘာကိစ္စ နင့်ကို နောက်ရမှာတုံး"
တိတ်ဆိတ်သွားကြပြန်၏။ ကောင်မလေး မျက်နှာမှ အနီဖျော့ရောင်လေးများ ပျောက်သွားပြီ ဖြစ်ကြောင်း ရဲသင်ရံ သတိထားမိလေသည်။ အလေးအနက် တစ်ခုခုပြောရန် စဉ်းစားနေပုံ ရ၏။ ရဲသင်ရံမှာ ဤအတိုင်းပင် ထိုင်ကြည့်နေလိုက်လေသည်။ အတန်ကြာ အားယူနေပြီးမှ
"ပုဏ္ဏား"
"အေး"
"နင် မသိလောက်သေးဘူး ထင်တယ်၊ ဟိုတစ်နေ့က ငါလေ တင်မောင့် ဝပ်ရှော့သွားရင်းနဲ့ ....................................... ............. "
ရှည်လျားစွာ ပြောပြလိုက်ပြီးနောက် မောသွားပုံနှင့် အအေးတစ်ငုံသောက်နေ၏။ မျက်ရှု ပြောနေစဉ်တစ်လျှောက် ရဲသင်ရံမှာ တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခြင်း ထင်မြင်ချက်ပေးခြင်း မရှိခဲ့။ ယခုလည်း တိတ်ဆိတ်နေ၏။
မျက်ရှုလရောင်မှာ အားမလိုအားမရ ဖြစ်လာ၏။
"ပုဏ္ဏား"
"ဟေ"
"နင်က ဘာမှလဲမပြောဘူး"
"ငါက ဘာပြောရမှာလဲ"
"တစ်ခုခုတော့ ပြောလေဟာ၊ နင်ကလည်း ငါတို့ ဘာတွေဖြစ်နေကြတာလဲ"
ရဲသင်ရံ ပြန်မဖြေ။ မျက်မှောင်ကုတ်ကာ အအေးဆိုင်ထဲမှ လူလုပ်ရေတံခွန်အတုလေးတစ်ခုကို ငေးနေလေသည်။ မျက်နှာက တည်တည်ငြိမ်ငြိမ်။ မျက်ခုံးထူထူအောက်က မျက်လုံးများကတော့ တောက်ပလွန်းနေ၏။ တစ်စုံတစ်ရာ အငွေ့အသက်များ လွှမ်းခြုံလာသလို မျက်ရှု ခံစားလာရ၏။ ဘာလဲ။ ဘာတွေလဲ။
"ပုဏ္ဏား"
ပြန်ထူးသံ မကြားရသော်လည်း စူးစူးစိုက်စိုက် လှည့်ကြည့်လာသည်ကို လက်ခံရ၏။
"ငါတို့ ဘာတွေ ဖြစ်နေကြတာလဲ"
သူ့ကို စိုက်ကြည့်နေသော ရဲသင်ရံ၏ မျက်နှာပေါ်တွင် နှုတ်ခမ်းထောင့်လေးကွေးရုံ အပြုံးလေးတစ်ချက် ဖျတ်ခနဲ ပေါ်သွားသည်ကို သတိထားလိုက်မိ၏။ တစ်ခုခု ပြောရန် ကြိုးစားလိုက်စဉ်မှာပင်
"ဟုတ်တယ်၊ အဲဒီနာမည် ငါ့ကို နင်စပေးခဲ့တာပါ၊ ဒါပေမဲ့ ငါဟာ ဇာတ်ထဲက ကုန်းချောတတ်တဲ့ ပုဏ္ဏားတော့ မဟုတ်ဘူး၊ အခုအချိန်မှာ ငါဟာ ဆင်ကိုစမ်းနေတဲ့ မျက်မမြင်ပုဏ္ဏား ခြောက်ယောက်ထဲက တစ်ယောက် ဖြစ်နေတယ်ဟ၊ ငါ စမ်းနေရတဲ့နေရာဟာ ဘာမှမရှိဘူး"
အရှိန်အဟုန် ပြင်းထန်သော အင်အားတစ်ခု ရုတ်တရက် ဝင်ဆောင့်လိုက်သလို မျက်ရှု ထိတ်ခနဲ ဖြစ်သွား၏။
"ပုဏ္ဏား နင်"
လက်ကာပြ၏။ စကားဆက်မခံ။
"မျက်ရှု နင့်ဆိုင်က ကောင်မလေးတွေကို ဖုန်းလှမ်းဆက်ပြီးတော့ ဆိုင်ပိတ်ခိုင်းလိုက်ပါလား၊ ငါတို့ တစ်နေရာရာ သွားဖို့ လိုအပ်လာပြီ"
နားမလည်နိုင်စွာ။ ပြီးတော့ တစ်စုံတစ်ရာအတွက် စိတ်မချစွာ။ သို့သော် နာခံချင်လှစွာ။
"မျက်ရှု please"
လိုအပ်သော ကိစ္စတစ်ခုကို လိုအပ်သည့်အချိန်တွင် လုပ်ရပေမည်။ မျက်ရှုမှာ စာပွဲပေါ်ချထားသော ဖုန်းကို ကောက်ကိုင်လိုက်ရင်း
"ပုဏ္ဏား နင် တစ်ခုခုသိထားတယ် မဟုတ်လား၊ အခု ငါတို့ ဘယ်သွားကြမှာလဲ"
အဆီအငေါ်မတည့်သော မေးခွန်းများ လျှံကျလာ၏။ သို့သော် အသံပါသော အဖြေမရှိ။
ပုဏ္ဏားရေ....
ရဲသင်ရံ ထိတ်လန့်စွာ ငေးကြည့်မိ၏။ နှစ်နှင့်ချီ၍ ကြားခဲ့ရဖူးသော ခေါ်သံ ...။ ခေါ်လိုက်ခြင်း မဟုတ်သလို ညည်းတွား မြည်တမ်းလိုက်ခြင်းလည်း မဟုတ်သော အသံ....။
"မြို့ပြင်မှာ လယ်ကွင်းတွေ ရှိတယ်၊ ငါတို့ အဲဒီကို သွားရအောင်"
"ငါ ကြောက်လာရင်ရော"
အအေးဆိုင်လေးထဲ ပြန်တိတ်ဆိတ်သွားပြန်၏။ လူလုပ်ရေတံခွန် အတုမှ ရေကျသံ တပွက်ပွက်။ လေသန့်စင်စက်မှ ပုံမှန်မြည်နေသံ တဒီဒီ။ ရဲသင်ရံ သက်ပြင်းချလိုက်သံကို တိုးတိုးသက်သက် ကြားလိုက်ရ၏။
"ငါ နင့်ကို ဖက်ထားမှာပေါ့ဟာ"
ပြောပြီး ခဏမှာပင် အသံများ နားထဲ ဝင်လာလေ၏။
"မင်းက ဆင်လား ရုရှားလား"
"ယောက်ျားကြီး မမှတ်နဲ့၊ မိန်းမကွ"
"တစ်ခုခုနဲ့ ဖျက်လို့ရလား"
"မေနိုးကို ချစ်လား"
ရဲသင်ရံ ခေါင်းတစ်ချက် ခါလိုက်မိလေသည်။ သူ့ကို ငေးကြည့်နေသော မျက်ရှုလရောင်၏ မျက်ဝန်းများက နားမလည်မှုများစွာဖြင့် ....။
credit to mmcyber
Subscribe to:
Posts (Atom)