အထူးသဖြင့် အခုလို နိုင်ငံရပ်ခြား တိုင်းတပါးမှာ မိဝေးဖဝေး၊ ဆွေဝေးမျိုးဝေး၊ တချို့ လင်ဝေး၊ မယားဝေး၊ သားဝေး၊ သမီးဝေး လာရောက်လုပ်ကိုင် ဝင်ငွေရှာနေသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အတတ်ပညာတွေ၊ ခွန်အားတွေ၊ ကျွန်တော်တို့ရဲ့ အနုပျိုဆုံး၊ အသန်စွမ်း၊ အကောင်းဆုံးအချိန်တွေစတဲ့ ကျွန်တော်တို့ရဲ့ ဘဝတွေကိုတင် ကျွန်တော်တို့အသက်မွေးဝမ်းကျောင်းအတွက်ကျွန်တော်တို့ရောင်းချထားကြတာဟာ မဟုတ်ပါဘူး။ အမေ့အိမ်ရဲ့အဝေးမှာ အမေ့အိမ်ကိုငေးနေတဲ့ သားအတွက်၊ သမီးအတွက် ပူပင်သောက စိတ်မချတဲ့ မိခင်တစ်ယောက်ရဲ့ ဗျာပါဒတွေ၊၊ ဖခင်တစ်ယောက်ရဲ့ လူမသိ၊ သူမသိ တရိရိလွမ်းဆွတ်တမ်းတသတိရမှုတွေ၊ အိုကြီးအိုမမှ သားသမီးရဲ့အနီးကပ်ပြုစုမှုမခံရ ကသီလင်တနိုင်နေကြတာတွေ၊ ကိုယ့်သမီး၊ ကိုယ့်သားကို ခွဲထားခဲ့ရတဲ့သူတွေအတွက်ဆိုရင် မိဘရဲ့ အနီးကပ်ပြုစုယုယကြင်နာမှု ငတ်မွတ်ရှာတဲ့ ကလေးတစ်ယောက်ရဲ့ စိတ်အလိုမကျမှု၊ စိတ်အလို မပြည့်ဝမှု စတဲ့ တစ်သက်လုံးစာ သေရာပါသွားတော့မယ့် စိတ်ဒဏ်ရာတွေ၊ (ကျန်နေခဲ့ရတဲ့ ကလေးတင်မဟုတ်ပါဘူး။ ဝေးနေကြရတဲ့ လူကြီးတွေ၊ ခုလို ရပ်ဝေမြေခြား တိုင်းတစ်ပါးမှာ ရောက်နေကြတဲ့ ကျွန်တော့်ပတ်ဝန်းကျင်က မိတ်ဆွေတော်တော်များများခမျာ စိတ်ကျန်းမာရေး ဒေါင်ဒေါင်မမြည်ကြရှာပါဘူး)၊ ဒါ့အပြင် နိုင်ငံတော်ရဲ့ လုပ်အားဆုံးရှုံးမှုတွေ၊ ဦးနှောက်ယိုစီးမှုတွေ စတဲ့ စတဲ့ အရာတွေကိုပါ ရောင်းချထားကြရတာပါ။ ကျွန်တော်တို့ အသက်ရှင်ရပ်တည်နိုင်ရုံ၊ စားဝတ်နေရေးချောင်လည်စေရုံမျှသာ အထောက်အပံ့ဖြစ်စေပြီး ကျွန်တော်တို့ရဲ့ ဘဝကို သူမတူ တစ်မူထူးအောင် ပြောင်းလဲစေနိုင်စွမ်းမရှိတဲ့ အဲဒီလို အသက်မွေးဝမ်းကျောင်းအတွက် ကိုယ့်ဘဝ(အထူးသဖြင့် ဘဝရဲ့ဆီဦးထောပတ်ကာလ) နဲ့တကွ စောစောကပြောခဲ့တဲ့ ဘဝနဲ့ နောက်ဆက်တွဲ အခြားလူတွေရဲ့ဘဝတွေကိုပါ ဒွန်တွဲ ရောင်းချထားကြရတာ ထိုက်တန်ပါရဲ့လား။
"လူအမြောက်အမြားဟာ (၂၅) နှစ်သားမှာ သေဆုံးသွားကြပြီး အသက် (၇၅) နှစ် မပြည့်မချင်း ဂူမသွင်း မြေမမြှုပ်ကြဘူး" တဲ့။ ခြောက်ခြားတုန်လှုပ်ဖွယ် အမှန်တရားကို Benjamin Franklin ပြောကြားခဲ့ပါတယ်။
လူသားမှာ အရေးအကြီးဆုံးတရားဟာ သစ္စာတရားပါ။ အဲဒီအရေးအကြီးဆုံးသော သစ္စာတရားတကာ သစ္စာတရားတွေအနက်မှာ မိမိကိုယ်ကိုယ် သစ္စာရှိမှုဟာ အရေးအကြီးဆုံးပါ။ ဘာဖြစ်လို့လဲ။ မိမိကိုယ်ကိုယ်မှ သစ္စာမရှိတဲ့သူတစ်ယောက်ဟာ သူတစ်ပါးအပေါ်မှာ သစ္စာစောင့်သိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကိုယ့်ကိုယ့်ကိုယ် သစ္စာရှိတယ်ဆိုတာ ဘာလဲ။ ...။ ကိုယ့်ရဲ့ ယုံကြည်မှုတွေ၊ ကိုယ့်ရဲ့တန်ဖိုးတွေ၊ ကိုယ့်ရဲ့အိပ်မက်တွေ၊ ကိုယ်ရဲ့ဝါသနာတွေ၊ ကိုယ့်ရဲ့ဖြစ်နိုင်စွမ်းတွေ အပေါ်မှာ သစ္စာရှိတာဟာ ကိုယ့်ကိုယ့်ကိုယ် သစ္စာရှိတာပါပဲ။
ပိတုန်းတွေဟာ သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ပျံလို့ရစရာအကြောင်းမရှိပါဘူးတဲ့။ ဒါပေမယ့် သူတို့ဟာ ပျံလို့မရဘူးဆိုတာကို မသိခဲ့တဲ့အတွက်၊ တစ်နည်းအားဖြင့် သူ့တို့ခန္ဓာဗေဒရဲ့အားနည်းချက်ကို မသိဘဲ ပျံနိုင်တယ်လို့ပဲ ယုံကြည်တဲ့အတွက် ဒီကနေ့ ကမ္ဘာနဲ့အဝှမ်းက ပိတုန်းတွေဟာ ပျံသန်းနေကြပါတယ်။
မျက်မှောက်ခေတ် သတ္တဝါတွေထဲမှာ ခွန်အားအကြီးဆုံးဆိုတဲ့ ဆင်၊ ဧရာမသစ်ပင်ကြီးတွေကိုပါ တွန်းလှဲနိုင်တဲ့ဆင်ဟာ သူ့ခွန်အားနဲ့ယှဉ်လိုက်ရင် အင်မတန်သေးငယ်တဲ့သံကြိုးလေးမှာ မရုန်းကန်ဘဲ ငြိမ်ခံနေတာ မလွတ်မြောက်ချင်လို့တော့ မဟုတ်လောက်ဘူး။ အဲဒီသံကြိုးလေးဟာ သူရုန်းလိုက်ရင် ပြတ်သွားမယ်ဆိုတာ သူမသိလို့ပါတဲ့။ တစ်နည်းအားဖြင့် အဲဒီသံကြိုးလေးကို သူမဖြတ်တောက်နိုင်ဘူး၊ မလွတ်မြောက်နိုင်ဘူးလို့ ယုံကြည်နေလို့ပါ။ ပိတုန်းတွေရဲ့ အဖြစ်နဲ့ ဆင်တွေရဲ့အဖြစ် ဒါတွေဟာ ကိုယ့်ယုံကြည်မှုကြောင့် ကိုယ်ဖြစ်ကြတာတွေချည်းပါပဲ။
Goethe က ပြောတယ်။ လူတစ်ယောက်ကို သူဖြစ်ရှိနေတဲ့ အတိုင်းဆက်ဆံရင် သူဟာ အဲဒီ သူဖြစ်ရှိနေတဲ့ အနေအထားမှာပဲ ရပ်တန့်ကြွင်းကျန်နေလိမ့်မယ်တဲ့။ သူ့ကို သူဖြစ်ရှိနေတဲ့ အနေအထားအတိုင်း မဆက်ဆံဘဲ သူဖြစ်ရှိသင့်တဲ့၊ သူရောက်ရှိနိုင်တဲ့ အနေအထားအတိုင်း ပြောဆိုဆက်ဆံပေးလိုက်ရင် အဲဒီလူဟာ သူဖြစ်ရှိသင့်တဲ့၊ သူရောက်ရှိနိုင်တဲ့ အခြေအနေ၊ ဘဝအနေထားကို ရောက်လာလိမ့်မယ်တဲ့။
ကျွန်တော်တို့ ကိုယ်စီကိုယ်ငှ ဖြတ်သန်းလာကြတဲ့ ကိုယ့်ဘဝကို ပြန်ကြည့်ပါ။ လူတစ်ယောက်ယောက်ရဲ့ ကိုယ့်အပေါ်ယုံကြည်မှု၊ အားထားမှု၊ အထင်ကြီးမှုစတဲ့ အထင်အမြင်၊ ဆက်ဆံမှုတစ်ခုခုကြောင့် ကိုယ့်ဘဝပြောင်းလဲခဲ့တာမျိုးတွေရှိခဲ့သလား။ ကျွန်တော်မှာတော့ ရှိခဲ့ပါတယ်။ ဒီကမိတ်ဆွေတွေမှာလည်း ရှိကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါကြောင့် သူတစ်ပါးကို ကူညီချင်တယ်။ အများအကျိုးဆောင်ချင်တယ်ဆိုရင် အထွေအထူး ဝေးဝေးလံလံ စဉ်းစားနေစရာ မလိုပါဘူး။ ပစ္စည်းဥစ္စာတွေ လှူနေတန်းနေ၊ ပေးကမ်းထောက်ပံ့နေမှ မဟုတ်ပါဘူး။ လှူတန်းပေးကမ်းထောက်ပံ့နေတာလည်း ကောင်းပါတယ်။ လိုအပ်ပါတယ်။ အလွယ်အကူဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပြီး တကယ့်ဘဝတွေကိုပြောင်းစေတဲ့ ကူညီမှုကတော့ ကိုယ်နဲ့ဆုံတွေ့၊ ဆက်ဆံသမျှ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကို သူတို့ကိုယ်စီကိုယ်ငှ ဖြစ်ရှိနေကြတဲ့အတိုင်း မဆက်ဆံဘဲ၊ သူတို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ ဖြစ်လာနိုင်တဲ့အတိုင်း အသိအမှတ်ပြုဆက်ဆံပေးနေတာပါပဲ။ အထူးသဖြင့် မိဘတွေ၊ ဆရာတွေဟာ ကိုယ့်သားသမီးတွေ၊ ကိုယ့်ကျောင်းသားတွေကို အဲဒီလို ဆက်ဆံနိုင်ဖို့ အသိစိတ်ရှိရှိ မြင့်မားတဲ့သတိတရားနဲ့ ကြိုးစားလေ့ကျင့်ဆက်ဆံသွားကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။
ထားတော့ သူတစ်ပါးကို ဘယ်လိုဆက်ဆံမလဲဆိုတာ။ ဒီကေနေ့ ဒီနေရာမှာ ကျွန်တော်အဓိက ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဆက်ဆံမလဲပဲ။ စောစောကပြောခဲ့တဲ့အတိုင်းပဲကိုယ့်ကိုယ့်ကိုယ် လက်ရှိဖြစ်ရှိနေတဲ့အတိုင်း မဆက်ဆံဘဲ၊ ကိုယ်တကယ် ဖြစ်ရှိသင့်၊ ရောက်ရှိသင့်တဲ့အတိုင်း၊ ကိုယ်တကယ် ဖြစ်ရှိနိုင်၊ ရောက်ရှိနိုင်တဲ့အတိုင်း၊ ကိုယ်တကယ် ဖြစ်ချင်၊ ရောက်ချင်တဲ့အတိုင်း ကိုယ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြု ပြောဆိုဆက်ဆံရပါမယ်။
တကယ်တော့ ကျွန်တော်တို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းဟာ မြို့မငြိမ်းပဲ၊ ပေါ်ဦးသက်ပဲ၊ Leonardo da Vinci ပဲ၊ Beethoven ပဲ၊ Vincent van Gogh ပဲ။ ဒါပေမယ့် ဘာဖြစ်လို့ ကျွန်တော်တို့တော်တော်များများဟာ ဒီကနေ့ မြို့မငြိမ်းမဖြစ်ဘဲ၊ ပေါ်ဦးသက်မဖြစ်ဘဲ သူလိုကိုယ်လို သာမြင်ညောင်ညဖြစ်နေကြသလဲ။ ကျွန်တော်တို့ မိဘတွေက၊ ကျွန်တော်တို့ ပတ်ဝန်းကျင်က ကျွန်တော်တို့ကို မြို့မငြိမ်းမှန်းမသိခဲ့လို့၊ ပေါ်ဦးသက်မှန်း မသိခဲ့လို့၊ မြို့မငြိမ်းအဖြစ် မဆက်ဆံခဲ့လို့၊ ပေါ်ဦးသက်အဖြစ် မဆက်ဆံခဲ့လို့ပါပဲ၊ အထူးသဖြင့် ကျွန်တော်တို့ကိုယ်တိုင်က ကိုယ့်ကိုယ်ကို မြို့မငြိမ်းမှန်း၊ ပေါ်ဦးသက်မှန်း မသိခဲ့ဘဲ သူလိုကိုယ်လို သာမြင်ညောင်ညလို့ သိမှတ်ယုံကြည်လက်ခံ ကျင့်ကြံနေထိုင်ခဲ့လို့ပါပဲ။
ကျွန်တော်တို့ ကိုယ်စီကိုယ်ငှ ဒီကနေ့ ရောက်ရှိနေကြတဲ့ ဘဝအနေအထားဟာ ကျွန်တော်တို့ ကိုယ်စီကိုယ်ငှရဲ့ စိတ်ထားနဲ့ ထိုက်တန်တဲ့အနေအထား၊ သဟဇာတဖြစ်တဲ့အနေအထား၊ သပ္ပာယမျှတဲ့ အနေအထားပါပဲ။
အဲဒီတော့ ဒီကနေ့ ကိုယ်ရောက်နေတဲ့ ဘဝအနေအထားကို ကိုယ်ကျေနပ်အားရရဲ့လား။ ကိုယ်စိတ်တိုင်းကျ ဖြစ်ရဲ့လား။ “ဟုတ်တယ် ဒါ ငါလိုချင်တဲ့ ဘဝပဲ။ ငါ တစ်သက်လုံး ကြိုးပမ်းရုန်းကန်တည်ဆောက်လာတာ ဒီဘဝမျိုးအတွက်ပဲ။ ငါ ကြိုးပမ်းအားထုတ်ခဲ့ရတာတွေဟာ တကယ့်ကို ထိုက်တန်တယ်။” လို့ ခံစားရသလား။
ကျေနပ်အားရတယ်။ စိတ်တိုင်းကျတယ်။ ထိုက်တန်တယ်လို့ ခံစားနေရတယ်ဆိုရင် ကျွန်တော်လည်း ဆက်ပြောစရာမလိုတော့ဘူး။ ဒီက မိတ်ဆွေတွေလည်း ဆက်နားထောင်နေစရာ မလိုတော့ဘူး။
အကယ်၍ ကိုယ်ရောက်ရှိနေတဲ့ ဘဝ၊ ကိုယ်ဖြစ်ရှိနေတဲ့ အနေအထားကို မကျေနပ်ဘူး၊ စိတ်တိုင်းမကျဘူးဆိုရင်တော့ဒီဘဝကို ပြောင်းလဲအောင် လုပ်ကြရမယ်။ စောစောက ပြောခဲ့တယ်။ ကျွန်တော်တို့ကိုယ်စီကိုယ်ငှဟာ ကိုယ့်စိတ်နဲ့ ထိုက်တန်တဲ့ဘဝ၊ ကိုယ့်ဘဝအမြင်၊ ကိုယ့်လောကအမြင်နဲ့ ထိုက်တန်တဲ့၊ ဆီလျော်တဲ့ဘဝမှာ ရောက်၊ ရှိနေကြတာဖြစ်တယ်။ ဒါကြောင့် ဘဝပြောင်းဖို့ဆိုရင် စိတ်ပြောင်းမှဖြစ်မယ်။ ဘဝအမြင်ပြောင်းမှ ဖြစ်မယ်။ လောကအမြင်ပြောင်းမှဖြစ်မယ်။
ဒီကနေ့ ကျွန်တော်တို့ ရရှိထားတဲ့ဘဝ၊ ရောက်ရှိနေတဲ့ဘဝဆိုတာ တကယ်တော့ မနေ့ မနေ့တွေက ကျွန်တော်တို့ ရွေးချယ်ခဲ့တာတွေရဲ့ အကျိုးဆက်ရလဒ်တွေပဲ။ သံသရာကို ယုံကြည်တဲ့သူတွေ အနေနဲ့ဆို ဒီဘဝဒီခန္ဓာဆိုတာ ဟိုး အတိတ် ဘဝဘဝများစွာမှာ ကိုယ်ရွေးချယ်ပြုလုပ်ခဲ့တာတွေ၊ ကိုယ်ရွေးချယ်ပြောဆိုခဲ့တာတွေ၊ ကိုယ်ရွေးချယ်တွေးတောခဲ့တာတွေရဲ့ အကျိုးဆက်ရလဒ်ပေါ့။ ဒါဆို ဒီကနေ့ ကိုယ်ရောက်နေတဲ့၊ ကိုယ်ရတဲ့ ဘဝကို မကြိုက်ဘူး၊ မနှစ်သက်ဘူး၊ ဒီထက်ကောင်းတဲ့ဘဝကို ရချင်၊ ရောက်ချင်တယ်ဆိုရင် ဒီထက်ကောင်းတဲ့ ရွေးချယ်ချက်တွေလုပ်မှဖြစ်မယ်။ ဒီထက်ကောင်းတဲ့ အတွေးတွေကို ရွေးချယ်တွေးတောရမယ်။ ဒီထက်ကောင်းတဲ့ အပြောတွေကို ရွေးချယ်ပြောရမယ်။ ဒီထက်ကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ရွေးချယ်လုပ်ဆောင်ရမယ်။
Albert Einstein က ပြောတယ်။ လုပ်ရိုးလုပ်စဉ် လုပ်လေ့လုပ်ထရှိတဲ့အရာကို ထပ်ခါတလဲလဲ ပြန်လုပ်နေရင်း မတူထူးခြားတဲ့ ရလဒ်ကို မျှော်လင့်တာဟာ သွပ်သွပ်ခါရူးသွပ်မိုက်မဲမှုပဲတဲ့။ မတူကွဲပြားတဲ့ရလဒ်၊ မတူကွဲပြားတဲ့ဘဝကို လိုချင်တယ်ဆိုရင် တွေးရိုးတွေးစဉ်၊ မြင်ရိုးမြင်စဉ်၊ ထင်ရိုးထင်စဉ် (ထင်တာက မြင်တာထက်ပိုဆိုးတယ်နော်)၊ လုပ်ရိုးလုပ်စဉ်တွေနဲ့ မတူကွဲပြားတဲ့ တွေးတောမှုကို တွေးတောရမယ်။ မတူကွဲပြားတဲ့ လုပ်ဆောင်မှုကို လုပ်ဆောင်ရမယ်။
ဒီကနေ့ ကျွန်တော်တို့ လောကကိုမြင်ပုံတွေ၊၊ ဘဝကိုမြင်ပုံတွေ၊ ကျွန်တော်တို့ရဲ့ သက်ဝင်ယုံကြည်မှုတွေ၊ အပြုအမူတွေ၊ အလေ့အထတွေဟာ ကျွန်တော်တို့ ကိုယ်တိုင်ရွေးချယ်ထားတာတွေချည်း ရာနှုန်းပြည့်မဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်စဉ်ဘဝကြီးပြင်းခဲ့ပုံတွေ၊ ကျွန်တော်တို့ မိဘတွေက ကျွန်တော်တို့အပေါ် ဆက်ဆံခဲ့ပုံတွေ၊ ကျွန်တော်တို့တက်ခဲ့တဲ့ကျောင်း၊ ကျွန်တော်တို့ပေါင်းခဲ့တဲ့ မိတ်ဆွေတွေ၊ ကျွန်တော်တို့ဖတ်ခဲ့တဲ့စာတွေ၊ ကျွန်တော်တို့ပတ်ဝန်းကျင်က လက်ခံကျင့်သုံးတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတွေ၊ ကျွန်တော်တို့ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားရဲ့ အဆုံးအမ၊ စည်းမျဉ်းစည်းကမ်းတွေ စသဖြင့် စသဖြင့်သော အရာတွေက လွှမ်းမိုးပုံသွင်းခြင်းက အဓိက အကြောင်းရင်းဖြစ်နေတာ ငြင်းလို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့ ဘဝပြောင်းဖို့ဆိုရင် ဘဝအမြင်ပြောင်းဖို့လိုတယ်။ ဘဝအမြင်ပြောင်းဖို့ဆိုရင် အပေါင်းအသင်း၊ ပတ်ဝန်းကျင်ပြောင်းဖို့ပါလိုတယ်။ လက်ရှိ ကိုယ်ပေါင်းနေတဲ့ အပေါင်းအသင်း၊ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ဟာ ကိုယ်ပြောင်းလဲချင်တဲ့ ဘဝကို ရောက်ရှိဖို့အတွက် လိုအပ်တဲ့ ဘဝအမြင်ပြောင်းလဲဖို့မှာ အထောက်အကူဖြစ်ရဲ့လား။ အထောက်အကူမဖြစ်တာထက် အနှောင့်အယှက်အဟန့်အတား အပိတ်အပင်ဖြစ်နေရင်တော့ အဲဒီပတ်ဝန်းကျင်ကနေပါ ပြောင်းမှဖြစ်မယ်။
“ပျမ်းမျှနိယာမ” မှာ Jim Rohn ကပြောထားတယ်။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ စာရိတ္တ၊ ဘဝအမြင်၊ ဥစ္စာဓနကြွယ်ဝမှု စတာတွေဟာ သူ စွဲစွဲမြဲမြဲ တွဲလေ့ရှိတဲ့၊ ပေါင်းလေ့ရှိတဲ့ သူငယ်ချင်းမိတ်တွေ (၅) ယောက်ရဲ့ စိတ်နေစိတ်ထား၊ စာရိတ္တ၊ ဘဝအမြင်၊ ဥစ္စာဓနကြွယ်ဝမှုတွေ စုစုပေါင်းကို (၅) နဲ့ ပြန်စားတာနဲ့ အချိုးကျညီမျှတယ်တဲ့။ အတိအကျ မဟုတ်ရင်တောင် အဲဒီအနီးအနား ပတ်ဝန်းကျင်မှာပဲ ရှိနေမှာ သေချာပါတယ်။ “မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ” လို့လည်း ဆိုရိုးရှိတာကိုး။
John F. Kennedy က ပြောပါတယ်။ “မမေးနဲ့” တဲ့။
မင်းနိုင်ငံက မင်းကို ဘာလုပ်ပေးမလဲ။
“မမေးနဲ့” တဲ့။ မင်းမိဘက မင်းကို ဘာလုပ်ပေးမလဲ။
“မမေးနဲ့” တဲ့။
မင်းပတ်ဝန်းကျင် အသိုင်းအဝိုင်းက မင်းကို ဘာလုပ်ပေးမလဲ။ “မမေးနဲ့” တဲ့။
မင်းက မင်းနိုင်ငံ၊ မင်းမိဘ၊ မင်းပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ဘာလုပ်ပေးမလဲ။
“အဲဒါကို ပဲ မင်း မေးပါ” တဲ့။
“လောကမှာ ကိုယ်မြင်ချင်တဲ့ အပြောင်းအလဲ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်စေပါ” လို့ Mahatma Gandhi က တိုက်တွန်းပါတယ်။
* *
အသံဖမ်းယူထားတဲ့ မိတ်ဆွေတစ်ယောက်က အသံဖိုင်ပေးပို့လာတာရယ်၊ ဒီကနေ့ ဧပြီလ (၂၇) ရက် အမေ့မွေးနေ့မှာ အမှတ်တရ တစ်ခုခုလုပ်ချင်တာရယ်ကြောင့် စာပြန်စီဖြစ်သွားတာပါ။ အစ၊ အဆုံးတော့ မဟုတ်သော်ငြား အမေ့မွေးနေ့အား ဤစာများဖြင့် ပူဇော်ပါသည်။
ညီငယ် Htet Wint အတွက် မွေးနေ့လက်ဆောင်အဖြစ်လည်း ရည်ရွယ်ပါတယ်။
"All that I am, or hope to be, I owe to my angel mother."
~ Abraham Lincoln
credit to orginal uploader
No comments:
Post a Comment