Wednesday 8 May 2013

ဇီတာ - အရိုး (အပိုင်း-၅) နောက်ဆုံးအပိုင်းလေးပါ


"ဟိတ် ကောင်မလေး ဘာတွေငေးနေလဲ၊ ရေကန်ဘေးမှာ နေပူကပူနဲ့၊ မတ်တတ်ကြီး"

"နာနားကို သတိရလို့ ကိုကို"

"လာပါ၊ ထီးအောက် သွားထိုင်ရအောင်၊ ကဲ ပြော ဘာဖြစ်လဲ"

"ဒီတစ်ရက်နှစ်ရက် မေနိုး နာနားကို အရမ်းသတိရနေတယ် ကိုကို၊ ဘယ်လိုဖြစ်မှန်း မသိဘူး၊ အိပ်မက်လည်း ခဏ ခဏမက်တယ်"

"ဘယ်လိုဖြစ်လို့လဲ မေနိုး၊ contact ရှိနေတာပဲ မဟုတ်လား၊ video call မရဘူးလား၊ နာနား နေမကောင်းလို့လား"

"နေကောင်းပါတယ်ကိုကို၊ contact လည်း မပြတ်ပါဘူး၊ နာနားက first semester ဖြေနေတယ်၊ သူ့အပြောပေါ့၊ အဲဒါပြီးရင် သူက ဒီကို အရမ်းလာချင်နေတာ"

"ဟင် သူ လာမယ့် အချိန်ကျ အန်ကယ်ဂျော့ရှ်တို့က ပြန်ပြီဥစ္စာ"

"မဟုတ်ဘူး ကိုကို၊ အဓိကက ကိုကိုတို့နဲ့ သူက အရမ်းတွေ့ချင်နေတာ၊ သူ သူက ..."

"ဘာဖြစ်လဲ နာနားက ဘာပြောလို့လဲ"

"မနက်က ဖုန်းထဲမှာ မေနိုးကို ပြောတယ် ကိုကို၊ ဒီ ဒီက မေနိုးတို့ကို သူ မြင် မြင်နေရတာ ခဏခဏပဲတဲ့ ကိုကို၊ မေနိုးတို့ ပတ်ဝန်းကျင်ကို သူ သိနေတယ်၊ currently နော် ကိုကို"

"ဟင်"

"သူ မေနိုးတို့ကို သိပ်တွေ့ချင်နေတယ်"

Name

Unlike the other Greek letters, this letter did not take its name fromthe Phoenician letter from which it was derived,it was given a new name on the pattern of beta,eta and theta.

The word zeta is the ancestor of zed(UK) or zee(US), the name of the Latin letter Z.In other languages (eg.ltalian and icelandic),the name zeta is used to refer to the Roman letter Z as well as the Greek letter.


"ဟ အာ ... လန့်တောင်သွားတယ်၊ ဇော်ဝါး မင်း ဘယ်တုန်းက ရောက်နေတာတုံး"

"ဟား ဟား မင်းလန့်သွားအောင် ငါ ဒီနားကပ် ရပ်နေတာဟ၊ ခုနကလေးတင်ရောက်တာ"

"ထူးထူးဆန်းဆန်း ဘာလာလုပ်တာတုံး"

"ငါ့ကိစ္စလည်း မဟုတ်ဘူး၊ မင်းကိစ္စလည်း မဟုတ်ဘူး"

"ဟေ့ကောင် ဘာလဲ၊ ရှင်းရှင်း ပြောစမ်း"

"ရှင်းရှင်းပြောရရင် Mr.Zeta နဲ့ Mrs. Cristine တို့ရဲ့ ကိစ္စကွ"

"ဘာဖြစ်တယ်"

"ရဲသင် ဒီနေ့ ဘာနေ့လဲ"

"လေးရက်နေ့လေ"

"လာမယ့် ဆယ့်သုံးရက်နေ့ မင်း အားအောင်လုပ်ထားကွာ၊ ငါ မျက်ရှုကိုလည်း ပြောထားပြီးပြီ"

"ဆယ့်သုံးရက်နေ့၊ ဆယ့်သုံးရက်နေ့ဆိုတော့ ဟ ... မင်းဟာ thirteen friday ကြီး ဘာကိစ္စရှိလို့လဲ"

"မင်း မေ့သွားပြီလား၊ မင်းက လူကြီးမှတ်နေတဲ့ ငါ့ဆရာမ ခရစ္စတင်း လေကွာ၊ အဲဒါ ရန်ကုန်ရောက်နေတယ်၊ မင်းရဲ့ ဇီတာပရောဂျက်ကြီးနဲ့ ပေးတွေ့မလို့"

"ဟိုက်"



The letter Z represents the voiced alveolar fricative /z/ in Modern Greek.

The Sound represented by zeta in Classical Greek is disputed.See Ancient Greek phonology and Pronunciation of Ancient Greek in teaching.

......................................................................
....................................... ...............................
....................................... ...............................


"နင် ငါ လန့်ပြီး တမင်သက်သက် အရှက်ကွဲအောင် ..."

"ဖုတ်ထီးကောင်"

"လာ မိန်းမ သွားမယ်၊ ရော့ ချိုကြီး ငါ့ကားမောင်းခဲ့ဟ"

"ပုဏ္ဏား ... မင်းကို ပုဏ္ဏား ဆိုတဲ့နာမည် ဘယ်သူစခေါ်တာလဲ"

"ရော့ နင့်ပုတီး၊ ရစ်လုံးက ...."

"နေဦးအဖေ၊ ဘာမှမမြင်တော့ဘူး ဆိုတော့ ..."

"ရဲသင်ရံ"

"ပုဏ္ဏား နင် နင်ဟာ သစ္စာဖောက်"

"ဇီတာလေကွာ၊ ဇက် အီး တီ အေ ဇီတာ"

"ပုဏ္ဏား မင်းက ဆင်လား"

"တစ်ခုခုနဲ့ ဖျက်လို့ရလား ကိုကို"

မှန်ထဲတွင် ပေါ်နေသောပုံရိပ်မှာ ...

"ကိုကို မေနိုးကို ချစ်လား"

"ပုဏ္ဏားရေ"

"ဟဲ လွှတ်စမ်း၊ ဆိုင်က ကောင်မလေးတွေ ..."

"အိုး ဘယ်အချိန်တုန်းကတည်းက ...."

"ပုဏ္ဏား ငါ့လက်မောင်းကို လာကိုင်တာနဲ့ ငါ ပြန်သိတာ"

"ဘာလို့ အဲလောက်လန့်နေတာလဲ မေနိုးရဲ့၊ မမ မှတ်မိသလောက်"

"တချို့လူတွေနဲ့ တချို့ကိစ္စတွေကို သူသိနေတယ်"

"ငါ ကြောက်လာရင်ရော"


Numeral
Zeta has the numerical value 7 rather than 6 because the letter digamma (also called 'stigma' as a Greek numeral) was originally in the sixth position in the alphabet.


အဆုံးသတ်ခြင်း တစ်ခုခုဆီကို ရောက်ကိုရောက်လိမ့်မည်ဟူသော အကြောင်းအရာတစ်ခုကို သူ သိထားခဲ့ပြီသည်မှာ ကြာခဲ့ပြီဖြစ်၏။ သို့သော် သူ ဘယ်သူ့ကိုမှ မပြောပြခဲ့ပါ။ ပြောပြရန်မလိုဟု သူ ယူဆသောကြောင့် ဖြစ်လေသည်။

မည်သည့်ကိစ္စမျိုးတွင်မှ ဆိတ်ကွယ်ရာဟူသည် မရှိကြောင်း သူ ရာနှုန်းပြည့် ယုံကြည်ထားပါသည်။ နံရံများတွင် နားတွေရှိပါ၏။ ထို့အတူ ဝတ္တုပစ္စည်းများ အားလုံးတွင်လည်း နားတွေရှိနိုင်ကြောင်း သူ တစ်စွန်းတစ်စ ရှာဖွေမိခဲ့ပြီပါပြီ။

လူတစ်ယောက်၏ လျှို့ဝှက်ချက်ဟူသည် ဤကမ္ဘာတွင် ဘယ်တုန်းကမျှ မရှိခဲ့ပါ။ အဘယ်ကြောင့်ဟူမူ လူကိုယ်တိုင်သည် မည်သည်ကိုမျှ ကြာကြာ လျှို့ဝှက်ထားနိုင်စွမ်း မရှိသောကြောင့် ဖြစ်ပါ၏။ အခြားသော တစ်ဖက်ကဆိုရလျှင် လူသည် တစ်စုံတစ်ရာကို လျှို့ဝှက်နိုင်စွမ်းမရှိလောက်အောင် ချည့်နဲ့လှသော သတ္တဝါဖြစ်နေသောကြောင့် ဖြစ်ကြောင်း သူ တစ်စွန်းတစ်စ သိရှိခွင့်ရခဲ့သောကြောင့် ဖြစ်ပါ၏။

"ဘာလဲ" ဟူသောကိစ္စကို သူ သတိထားခဲ့မိပါ၏။ ထို့နောက် "ဘာကြောင့်လဲ" ဟူသောကိစ္စကို သူ အစဉ်မပြတ် လိုက်ခဲ့မိပြန်ပါ၏။ တစ်စွန်းတစ်စပါ။ တစ်စွန်းတစ်စ သက်သက်ပါ။ သူ တို့ထိမိခဲ့ပါသည်။ သူသည် ထိုအဝန်းအဝိုင်းထဲက မဟုတ်ပါ။ ထို့အပြင် ထိုအဝန်းအဝိုင်းကို သိရှိရုံသာ သိရှိခွင့်ရ၍ ဝင်ရောက် ပတ်သက်နိုင်လောက်အောင် အင်အားကောင်းသူ တစ်ယောက် မဟုတ်ခဲ့ပါ။ ဤသည်ကို သူ သိရှိလိုက်ပြီးချိန်တွင် သူသည် လောကကို မဲ့ပြုံး ပြုံးပြနိုင်လောက်ရုံကလေးသာ တတ်နိုင်ခဲ့လေ၏။ သူသည် "လူ" သက်သက်လောကတွင် "တော်" သောသူတစ်ယောက်ဖြစ်ကြောင်း လူသက်သက်လောကမှ လူတိုင်းက ချွင်းချက်မရှိထောက်ခံပါလိမ့်မည်။ သို့သော် ....

လူသက်သက်မဟုတ်သော လောကတွင် သူသည် ဘာမှမဟုတ်သော သာမညောင်ည အသေးအဖွဲသာ ဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့ပါ၏။ ကမ္ဘာပေါ်တွင် ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းထားခြင်း မရှိသော ကိစ္စရပ်တစ်ခုကို သူ လိုက်စားခဲ့၏။ ထိုကိစ္စရပ်သည် သူ့ကို ညှို့ယူသွားခဲ့လေသည်။ မသိခြင်းပေါင်းများစွာကို သူ ကြုံတွေ့ရ၏။ အကြိမ်ကြိမ် မေးမြန်းခဲ့၏။ သူသည် ဘာနည်း။ နောက်ဆုံး သူသည် ဘာမှမဟုတ်သော "သူ" သက်သက်သာဖြစ်ကြောင်း တွေ့ရ၏။ လောကသည် ဆန်းကြယ်လှလေစွ။ တစ်နေရာထဲတွင်ပင် လောကသုံးလေးမျိုး ရောထွေးနေ၏။ သို့သော် တစ်ခုကိုတစ်ခု မမြင်ရ။ မကြားရ။ ပတ်သက်မှုတွေကတော့ တစ်ခါတစ်ရံ လိုအပ်စွာ ကြုံတတ်ကြရ၏။

ပတ်သက်ခြင်းများ ဖြစ်ဖွား ကြုံကြိုက်သောအခါများတွင်လည်း ဤပတ်သက်ခြင်းများသည် ကောင်းခြင်းဖြစ်စေ ဆိုးခြင်းဖြစ်စေ သတ်မှတ်၍ မရ။ ပတ်သက်မိခြင်းများသည် ပတ်သက်မိခြင်းများ သက်သက်သာ ဖြစ်၏။ ရှုထောင့်တစ်နေရာအဖို့ ကောင်းခြင်းလည်း ဖြစ်မည်၊ ဆိုးခြင်းလည်း ဖြစ်နိုင်၏။ ဖြစ်နေခြင်းများသည် ဖြစ်နေခြင်းများသာ ဖြစ်၏။ ယခုအချိန်တွင် သူ၏ စိတ်များ ငြိမ်သက်နေလေသည်။

ကောင်းကင်ထက်မှ လရောင်သည် ရေကူးကန်ပတ်လည်တွင် ထွန်း၍ထားသော မီးတိုင်ရှည်များ၏ အလင်းရောင်ကို ကျော်လွှားထိုးဖောက်ဝင်ရောက်လာနိုင်စွမ်း မရှိခဲ့ပါ။ သူသည် အိမ်တံစက်မြိတ်နားရှိ ကုန်းမြင့်မြက်ခင်း တစ်နေရာပေါ်မှနေ၍ ရေကူးကန်ကို လှမ်းကြည့်နေမိလေသည်။ အချိန်မှာ ည ဆယ်နာရီခန့် ရှိပေပြီ။ သူ့ဘေး မြေပြင်ပေါ်တွင် ဖောက်ပြီးခါစ ဝိုင်အနီတစ်ပုလင်း ရှိ၏။ သူ့ရှေ့တွင်တော့ ငှဲ့ထားပြီး ဝိုင်တစ်ခွက် ရှိလေသည်။

သူ့စိတ်များမှာ ဟာလာဟင်းလင်း ဖြစ်လျက်။ ဝိုင်ခွက်ကို ရုတ်တရက် တစ်ရှိန်ထိုး မော့သောက်ပစ်လိုက်ကာ ပြန်ချထားလိုက်၏။ အခုတော့ ခွက်ထဲတွင် ဘာမှမရှိတော့။ လွန်ခဲ့သော အခိုက်အတန့် ခဏက ထိုခွက်သည် ဝိုင်အနီများ ထည့်ထားသော ဝိုင်ခွက်တစ်ခ်ွက ဖြစ်ခဲ့၏။ အခုတော့ ဗလာဟင်းလင်း။ ဤခွက်အတွင်း အဖြူရောင်နွားနို့အချို့ ရှိလာခဲ့လျှင် ဤခွက်သည် နို့ခွက်ဖြစ်လာနိုင်မလား။ သို့မဟုတ် လက်ဖက်ရည်များ ကော်ဖီများဖြစ်စေ အရောင်အမျိုးမျိုးရှိသော အအေးများဖြစ်စေ၊ ပယင်းရောင် မူးယစ်ရီဝေတတ်စေသော အရည်များဖြစ်စေ၊ အမျိုးမျိုး ပြောင်းထည့်ကြည့်ပါက ဤခွက်သည် လက်ဖက်ရည် ကော်ဖီခွက်၊ အအေးခွက်၊ အရက်ခွက် ဖြစ်သွားနိုင်မည်လား။ သူ တစ်ချက် ပြုံးလိုက်မိ၏။

နဂိုကတည်းက ပုံစံ အဆင်းသဏ္ဌာန်အရ ဝိုင်သာထည့်ရန် ပြုလုပ်ထားသော ခွက်လွတ်တစ်လုံးအတွက် ဘာထည့်ထားထား ဝိုင်ခွက်ထဲတွင် တစ်စုံတစ်ရာ ထည့်ထားခြင်းသာ ဖြစ်ပါ၏။ ဝိုင်ခွက်အဖို့ မည်မျှ လွတ်နေစေကာမူ ရေနွေးကြမ်းခွက်တစ်ခွက် ဖြစ်လာမည် မဟုတ်ပါ။ သူ ခွက်ထဲသို့ ဝိုင်နီများသာ ထပ်မံ ဖြည့်တင်းထားလိုက်၏။ ရုတ်တရက် သင်းပျံ့သော ရနံ့တစ်ခု သူ ရလိုက်လေသည်။

"ပုဏ္ဏား"

တိုးတိတ်ညင်သာသော ခေါ်သံတစ်ခုနှင့်အတူ နွေးထွေးသော လက်တစ်ဖက်က သူ့ပခုံးကို ထိကိုင်လာ၏။ သူ လှည့်ကြည့်မိသောအခါ ဘာတစ်ခုမှ မွမ်းမံခြယ်သထားခြင်း မရှိသော လှပတည်ငြိမ်သည့် မျက်နှာလေးတစ်ခု။ သူ ရေကန်ဘက်ဆီသို့ မျက်နှာပြန်လွှဲလိုက်ချိန်တွင် သူ့ဘေး၌ ညင်သာစွာ ဝင်ထိုင်လေသည်။ စကားဆက်မဆိုဖြစ်ကြ။ လသည် သူ့ခရီး သူနှင်၍ နေလေ၏။ လေညင်းအချို့ တိုက်ခတ်လာပြီးချိန်၌

"ပုဏ္ဏား နင် တစ်ခုခု သိထားတယ် မဟုတ်လား"

ဖြေသံ ဆွံ့အလျက်။ မေးသံသာဆက်၍ တိုးညင်းထွက်ပေါ်လာခဲ့၏။

"ပုဏ္ဏား ... နင် ငါ့ကို သိသလို ငါ နင့်ကို သိတယ်လေ၊ ဘာဖြစ်လို့ ဖုံးကွယ်ထားချင်နေတာလဲ၊ နင် ငါ့ကို မယုံဘူးလား ပုဏ္ဏား၊ နင် ဘာဖြစ်နေတာလဲ"

အမေးများသာ လှုပ်ရှားဆူပွက်ခဲ့လေသည်။ သူကမူ ရေကန်ဘက်သို့သာ ငေးလျက်။ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်၍ ရေကန်မျက်နှာပြင်မှာ ငြိမ်သက်နေလေသည်။ ထို့အတူ သူ့မျက်နှာသည်လည်း ငြိမ်သက်လျက်။ ရုတ်တရက် သူမသည် သူ့ရှေ့မှ ဝိုင်ခွက်ကိုယူကာ တစ်ရှိန်ထိုး မော့ချလိုက်၏။ သူ လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။

"မျက်ရှု ... နင် ဘာလုပ်တာလဲ"

ယခုအချိန်တွင်တော့ မေးသူက သူ ပြန်ဖြစ်နေခဲ့လေ၏။ အလန့်တကြားလည်း လှည့်ကြည့်လိုက်မိ၏။ သူကို ပြန်လည် ရင်ဆိုင်နေသော မျက်ဝန်းနက်နက် ကြည်ကြည်လေးများက တည်တည်ငြိမ်ငြိမ်။ မျက်နှာလေးက မခိုးမခန့် ပြုံးလျက်။

"ဘာလဲ နင်လုပ်ခါနီး အလုပ်တစ်ခုကို ငါ လုပ်လိုက်လို့ မဟုတ်လား၊ နင့်စိတ်ထဲမှာ ဒီခွက်ကို ကောက်ကိုင်လိုက်ဖို့ ဆုံးဖြတ်လိုက်ခဲ့တယ် မဟုတ်လား"

သူ သက်ပြင်းတစ်ချက် ချမိ၏။

"တချို့တွေက jumper လို့ ခေါ်ကြတယ်၊ တချို့ကတော့ connector တဲ့၊ တချို့ကျပြန်တော့ existance တည်ရှိနေခြင်းသက်သက်လို့ အဓိပ္ပာယ် ဖွင့်ချင်ကြတယ်၊ သဘောကတော့ဟာ နင် နားလည်လွယ်အောင် လူအနေနဲ့ ပြောရရင် မောင်ဖြူနဲ့ မောင်မဲဟာ အချိန်ကာလတစ်ခု တိုင်တဲ့အခါ သူတို့ချင်း ပတ်သက်ကြရပြီး တစ်စုံတစ်ရာ ဖြစ်ပွားလိမ့်မယ်ဆိုတာ သူတို့ သိကြတယ်၊ ဒါပေမဲ့ သူတို့ချင်း တိုက်ရိုက်ပတ်သက်လို့ မရဘူးဆိုတာလည်း သိကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့ကို မိတ်ဆက်ပေးမယ့် ကြားခံ မီဒီယာတစ်ယောက် လိုတာကိုး၊ အဲဒီတစ်ယောက်ကို မောင်နီလို့ပဲ ထားပေါ့ဟာ၊ မောင်နီဟာ မောင်ဖြူနဲ့ရော မောင်မဲနဲ့ပါ ကာလအတော်ကြာ တောက်လျှောက် သိလာခဲ့တယ်၊ မောင်ဖြူနဲ့ မောင်မဲဟာ သူတို့ချင်းသိဖို့ မောင်နီတစ်ယောက်ထဲကြောင့်သာ ဖြစ်နိုင်လိမ့်မယ်ဆိုတာ ရိပ်မိပေမဲ့ မောင်နီကတော့ မသိဘူး၊  ဝေဝါးနေတယ်၊ မောင်ဖြူကို မောင်စိမ်းနဲ့ပဲ ပတ်သက်ခွင့် ပေးရမလို၊ မောင်ညိုနဲ့ပဲ ပတ်သက်ပေးရမလို ဖြစ်နေတယ်၊ ဒါပေမဲ့ အရာအားလုံးဟာ စနစ်တကျ ဖြစ်နေခဲ့တာဆိုတော့ နောက်ဆုံး မောင်နီဟာ မောင်ဖြူနဲ့ မောင်မဲကို ဆက်ပေးလိုက်မိတယ်၊ အဲဒီအချိန်ကစပြီး သူ့တာဝန် အခန်းကဏ္ဍဟာ ပြီးဆုံးသွားပြီ၊ မောင်နီ ဖြစ်လာခဲ့ရတာက မောင်ဖြူနဲ့မောင်မဲကို ဆက်သွယ်ပေးဖို့လေ၊ မောင်နီဟာ connector ပဲ၊ မောင်မဲနဲ့ မောင်ဖြူ ဆက်သွယ်မိဖို့အတွက် တည်ရှိနေရတဲ့ existance သက်သက်ပဲ၊ ဒါက ရိုးရှင်းတဲ့ အဖြစ်အပျက် တစ်ခုထဲအတွက်ကို ပြောတာနော်၊ တကယ်လို့ မောင်နီဟာ မောင်ဖြူနဲ့မောင်မဲကို ဆက်ပေးဖို့အတွက်ရော၊ မောင်ပြာနဲ့ မောင်စိမ်းကို ဆက်ပေးဖို့အတွက်ရော၊ မောင်စိမ်းနဲ့ မောင်မဲကို ဆက်ပေးဖို့အတွက်ရော လိုအပ်တယ် ဆိုရင်တော့ မောင်နီဟာ မောင်မဲနဲ့ မောင်ဖြူ တွေ့ကြုံ ဆက်သွယ်မိပြီးရုံနဲ့ သူဟာ မပြီးဆုံးသွားသေးဘူး၊ ကျန်တဲ့ မောင်ပြာနဲ့ မောင်စိမ်း ဆက်ပေးဖို့၊ မောင်စိမ်းနဲ့ မောင်မဲ ဆက်ပေးဖို့ သူဆက်ရှိနေရလိမ့်မယ်၊ အဲဒီ အခြေအနေမျိုးကျတော့ မောင်နီဟာ အရေးပါတဲ့ connector ဖြစ်လာရော၊ ဖြစ်သင့်တဲ့ ဖြစ်ရမယ့် connection တွေ အားလုံး ဖြစ်သွားဖို့ မောင်နီဟာ object တွေ matter တွေဖြစ်တဲ့ မောင်မဲ၊ မောင်ဖြူ၊ မောင်စိမ်း၊ မောင်ပြာတို့ ရှိနေကြတဲ့ place တွေဆီကို အမြန်လိုရင် အမြန်၊ အနှေးလိုရင် အနှေး သူ့ကိုယ်သူ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပြေးလွှားဆက်သွယ်နေရတယ်၊ အဲဒီလို ပြေးလွှားချိတ်ဆက်မိနေရခြင်းတွေကို လူသာမန် ဦးနှောက် အသိဉာဏ်လောက်နဲ့ မရဘူး၊ ဒါကြောင့် ထူးဆန်းတာတွေ ဖြစ်လာတယ်၊ အဲဒီလို connector မျိုးတွေကို jumper လို့ ခေါ်တယ်၊ အခု နင် ဒီကနေ ရေကန်ထဲကို ရောက်အောင်သွားဖို့ မြက်ခင်းပေါ်က တစ်ဆင့် လျှောက်သွားပြီးမှ ရောက်မှာ မဟုတ်လား၊ နင်ကတော့ ရေကန်ဆီ ရောက်သွားဖို့ပဲသိတော့ "မြက်ခင်းပေါ်မှတစ်ဆင့်" ဆိုတဲ့ကိစ္စကို မေ့ကောင်းမေ့သွားလိမ့်မယ်၊ တကယ်တော့ ဒီနေရာကနေ နင်ဟာ "မြက်ခင်းမှတစ်ဆင့်" သာ ရေကန်ဆီ ရောက်နိုင်တာ၊ နင်က တန်ခိုးရှင်မို့လို့ ပျံသွားနိုင်ရင်တောင် "လေထဲမှတစ်ဆင့်" သာ ရေကန်ဆီ ရောက်မှာလေ၊ via သီအိုရီလို့ အကြမ်းဖျင်း ငါပေးထားတယ်၊ ဘယ်လောက်နင်စွမ်းစွမ်း ဒီနေရာကနေ ဖြုတ်ခနဲ ပျောက်သွားပြီး ရေကန်ထဲမှာ ဖြုတ်ခနဲ ပေါ်လာခဲ့ရင်တောင် "ဤနေရာမှ ဖြုတ်ခနဲ ပျောက်သွားခြင်း" မှတစ်ဆင့် ရေကန်ထဲတွင် ပြန်ပေါ်လာခြင်းပဲ ဖြစ်တယ်၊ လောကမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက် ဖြစ်ပျက်ခြင်းတိုင်းမှာ "မှတစ်ဆင့်"ဆိုတာ ရှိတယ်။ conncetor လား၊ jumper လားပဲ ကွာလိမ့်မယ်။ ခုနကအတိုင်း ပြောရရင် မြက်ခင်းဟာ အငြိမ်သက်သက် ဖြစ်တဲ့အတွက် connector လို အကြမ်း ပြောလို့ရတယ်၊ လေကျတော့ အဲလို မဟုတ်ဘူးလေ၊ နင်အဖြစ်အပျက်မှာလည်း သူပါရသလို သူက အခြားအဖြစ်အပျက်တွေအတွက် ဆက်တိုက်သွားရဦးမှာ၊ အဲဒီ existance တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေအတွက် ငါ့ပရောဂျက်ကို ဇီတာလို့ ပေးခဲ့တာ"

သူမ နားလည်နိုင်ရဲ့လား။ သူကတော့ ဝိုင်တစ်ခွက် ထပ်ငှဲ့ကာ မော့ချလိုက်မိ၏။ တစ်ခါတစ်ရံကျ အသိတစ်ခုကို ရှင်းပြဖို့အတွက် မြောက်မြားလှစွာသော စကားလုံးများ လိုအပ်နေခြင်းကို သူ စိတ်ပျက်မိ၏။ ပတ်ဝန်းကျင်သည် အေးချမ်းစွာ တိတ်ဆိတ်နေလေသည်။ ဝိုင်တစ်ခွက် ထပ်ငှဲ့ကာ ရှေ့တွင် ချထားမိ၏။ တိုးတိုးသဲ့သဲ့ သက်ပြင်းချသံလေး တစ်ခုကို သူ ကြားလိုက်ရ၏။ သူ ဆက်ပြောမိ၏။

"နှစ်မျိုးနှစ်စားပဲ ရှိတယ် မျက်ရှု၊ object ဒါမှမဟုတ် matter တွေနဲ့ connection တွေ ... တစ်ခါတလေမှာ object တွေ matter တွေရဲ့ relationship ဟာ သိပ်အားကောင်းခဲ့ရင် သူတို့ရဲ့ connection တစ်ခု ဖြစ်ပေါ်တဲ့အချိန်မှာ ကြားခံ jumper တွေဟာ မှေးမှိန်ပျောက်ကွယ် သွားကြရလေ့ရှိတယ်၊ တစ်ခါတလေမှာ ကျတော့လည်း ....."

သူ စကားမဆက်ဖြစ်ပါ။ နူးညံ့နွေးထွေးသော လက်ချောင်းလေးနှစ်ချောင်းက သူ့နှုတ်ခမ်းများအား လာရောက် ဟန့်တားလိုက်သောကြောင့် ဖြစ်လေသည်။ သူ လှည့်ကြည့်မိတော့ စိုလဲနေသော မျက်ဝန်းလေးတစ်စုံ ကို ရင်ဆိုင်ရ၏။

"ပုဏ္ဏား"

သူ တစ်ချက်ပြုံးမိ၏။ မျက်ဝန်းလေးတစ်စုံမှ ပြန်ခွာကာ သူ အဝေးမှ အမှောင်ရိပ်များထဲ သူ ငေးကြည့်နေမိပြန်၏။

"နင်ငါ့ကို ဘာလို့ အဲဒီနာမည် ပေးခဲ့တယ်ဆိုတာ နင်နဲ့ငါနဲ့ နှစ်ယောက်ထဲပဲ သေချာသိခဲ့ကြတာပါ၊ နင် ငါ့ကို သေချာမသိခင်ကတည်းက ငါ နင့်ကို သေချာသိခဲ့ပြီးပါပြီ"

စောဒကတက်ချင်သလို အမူအရာလေးနှင့် နှုတ်ခမ်းလေးနှစ်လွှာ ပွင့်လာလေသည်။ သူ လက်ကာပြရင်း ဆက်ပြောဖြစ်၏။

"မဟုတ်ဘူး၊ အခု ငါတို့နေနေတဲ့ လောကနဲ့ ဘာမှမဆိုင်ဘူး၊ ငါက ငါ သိတန်သလောက် သိထားတဲ့ world ဘက်က ပြောနေတာ၊ ဟုတ်တယ် ငါဟာ လူတွေ အနေနဲ့ သာမန်ကြည့်ရင်တော့ နင့်ထက် powerful ဖြစ်တဲ့လူတစ်ယောက်ပါ၊ ဒါပေမဲ့ ...."

ခေတ္တ တိတ်ဆိတ်သွားပြန်၏။ တိတ်ဆိတ်သော ညအတွင်း ပိုးပုရစ်စီသံသဲ့သဲ့များကြားမှ သူ့လေသံ အေးအေးမှန်မှန် ပြန်ထွက်ပေါ်လာလေသည်။

"အခြားသော ဖြစ်စဉ် တစ်ခုမှာတော့ ငါဟာ object နဲ့ matter မဟုတ်ဘူး၊ ငါဟာ အင်အား အတန်အသင့်ပဲ ရှိတဲ့ jumper တစ်ယောက်ပဲ ဖြစ်တယ်၊ ငါဟာ ကြားခံပဲဖြစ်တယ်၊ အင်အားကောင်းတဲ့ နင်တို့ နာနားတို့ ဇော်ဝါး တို့တွေဟာ ငါကတစ်ဆင့် စီစဉ်ထားခဲ့တဲ့အတိုင်း ဖြတ်သန်းဖြစ်ပျက် သွားကြလိမ့်မယ်၊ ကြားခံတွေဟာ ဘက်လိုက်ခွင်မရှိဘူး၊ ဒါပေမဲ့ ငါက....."

တစ်ချက် လှည့်ကြည့်မိ၏။ မျက်ရည်တို့ဖြင့် စိုလဲနေသော မျက်နက်ဝန်းတစ်စုံကို သူ ရင်ဆိုင်ရလေသည်။

"ငါ နင့်ကို သနားတယ် မျက်ရှု၊ ဒီကိစ္စတွေကို ငါ အဆုံသတ်ခွင့်ပေးလိုက်တော့မယ်၊ နောက်တစ်ခုက အကြောင်းပေါင်းစုံတွေ တိုက်ဆိုင်ချိန် ရောက်လာပြီ၊ ခရစ္စတင်းဟာ အရမ်းအားကောင်းတဲ့ ဖြစ်စဉ် matter တစ်ခု ဖြစ်တယ်၊ နင်တို့ object တွေဟာ ငါကတစ်ဆင့် ခရစ္စတင်းကြောင့် တစ်စုံတစ်ရာ ဖြစ်ပျက်သွားလိမ့်မယ်၊ မနက်ဖြန်ကျရင် ငါတို့ အဲဒီကိစ္စတွေကို သိကြရတော့မယ်၊ အဲဒါတွေ ပြီးသွားရင် နင်တို့အားလုံး အေးချမ်းသွားကြတော့မှာပါ၊ နားမလည်နိုင်တဲ့ အဖြစ်အပျက်တွေ ကိစ္စတွေ ဘဝက ပျောက်ကွယ်သွားလိမ့်မယ်"

"နင်ကရော"

သူတိတ်ဆိတ်သွားခဲ့လေသည်။ ကောင်းကင်ကို မော့ကြည့်မိ၏။ အမှောင်ပြင်အကျယ်ကြီးထဲတွင် တစ်စနှစ်စ သေးကွေးလှစွာသော အလင်းစက်မှိတ်တုတ်လေး အချို့ကို ဖျော့တော့စွာ မြင်ရလေသည်။ သူ နှစ်ခြိုက်စွာ ပြုံးလိုက်၏။ အပြုံးနှင်အတူ သေသေချာချာ လှည့်ကြည့်ကာ ဖြေဖြစ်၏။

"ငါ မသိဘူး မျက်ရှု"

"ဖြန်း"
ပါးပြင်တစ်ဖက် ပူခနဲ ဖြစ်သွားသည်နှင့်အမျှ သူ အလွန်အမင်း အံ့အားသင့်သွား၏။ သူမသည် သူ့ကို အမှန်တကယ် ရိုက်ပစ်လိုက်ခဲ့သလား ဆိုသည်ကို သူ မယုံသလို ငေးကြည့်မိသောအခါ မျက်ရည်များ ပြည့်နေသော နာကျည်းမှုအပြည့်နှင့် မျက်နက်ဝန်းတစ်စုံ။ လှပသော နှုတ်ခမ်းတစ်စုံမှ တဆတ်ဆတ်တုန်ရင်း

"ရဲသင်ရံ"

သူ ပြန်မထူးဖြစ်ပါ။ သူ မထင်မှတ်ထားသည်များ ဆက်တိုက်ဖြစ်ပွားသွားခဲ့လေသည်။

သူမသည် သူ့ရှေ့မှ ဝိုင်ခွက်ကိုယူကာ တစ်ငုံ ငုံလိုက်၏။ ထို့နောက် သူ့နှုတ်ခမ်းတွင် နူးညံ့ပူနွေးသော အထိအတွေ့နှင့်အတူ အေးစက်သော ဝိုင်များက သူ့နှုတ်ခမ်းမှ တစ်ဆင့် လည်ချောင်းထဲသို့။ သူ့မျက်လုံးများကို မှိတ်ထားမိလိုက်လေသည်။ စက္ကန့် အနည်းငယ်မျှ သူ့စိတ်များ လွင့်ထွက်သွား၏။
"ပုဏ္ဏား"

တိုးညင်းလွန်းသော အနီးကပ် ခေါ်သံလေးတစ်ခုတွင် သူ သတိပြန်ဝင်လာခဲ့၏။ သူမသည် သူ့ရင်ခွင်တွင် မျက်နှာဝှက်လျက်။ ရှိုက်သံတစ်ဝက်ဖြင့် ...

"မပေးနိုင်ဘူး ပုဏ္ဏား၊ ငါ နင့်ကို ဘာအကြောင်းပြချက်မျိုးနဲ့မှ ဘယ်ကိုမှ မပေးနိုင်ဘူး၊ နင့်ကို ငါပိုင်တယ် ပုဏ္ဏား၊ နင့် နင့်ကို ငါပဲပိုင်တယ်၊ နင့်ကို ငါ ငါ အရမ်း ....."
သူ သက်ပြင်းချလိုက်မိခဲ့လေသလား။ တသိမ့်သိမ့် တုန်ခါနေသော ခန္ဓာကိုယ်လေးကို သူ အလိုက်သင့် ဖက်ထားမိလေသည်။ ရှိုက်သံတစ်ဝက်နှင့် ညည်းတွားသံလေးများက တိုးတိုးညင်းညင်း။

"ဘာလို့လဲ၊ ဘာလို့ ငါတို့မှာမှ လာဖြစ်ရတာလဲ၊ နင် နင် ... ဘာလို့ ငါ့ကို အားလုံး မပြောခဲ့တာလဲ၊ နင် ဘာလို့ ဒါကို ရွေးချယ်ခဲ့တာလဲ၊ ငါ ငါတို့ ထွက်သွားကြမယ်လေဟာ၊ နင် နင်ဘာမှ မလုပ်ပါနဲ့တော့၊ ငါ နေ နိုင်ပါတယ်၊ ငါ ငါ ခံနိုင်ရည်ရှိပါတယ်ဟာ ပုဏ္ဏား နင် နင် ...."
"မနက်ဖြန်ကျရင် အားလုံး ပြီးသွားပါလိမ့်မယ်ဟာ၊ ငါ မလုပ်ရင် နင်က ဒီဘဝအတွက် အသက်အန္တရယ်ရှိတဲ့ အခြေအနေအနားထိ ရောက်လာပြီလေ"

သူ့စိတ်ထဲမှသာ ရေရွက်ဖြစ်ခဲ့သော စကားများသာ ဖြစ်လေသည်။


စိမ်းဖန့်ဖန့် အလင်းရောင်လေးတစ်ခု ရသည်ဆိုရုံမျှသာရှိသော အခန်းတစ်ခုထဲတွင်။

လူသားလေးဦးသည် စားပွဲဝိုင်းတစ်ခုတွင် ဝိုင်းကာ ထိုင်လျက်။ စားပွဲပေါ်တွင် လက်များကို မှောက်ကာ တင်ထားရင်း လက်ချောင်းချင်း ထိဆက်ထားကြ၏။ အခန်းထဲတွင် အေးစိမ့် တိတ်ဆိတ်လွန်းနေ၏။

အလွန်တရာ စူးရှတောက်ပလွန်းသော မျက်လုံးများနှင့် အသက်သုံးဆယ်ကျော် အမျိုးသမီးသည် သူ့ရှေ့တည့်တည့်တွင် ခပ်မတ်မတ်ထိုင်နေသော လူငယ်ကို စိုက်ကြည့်လိုက်၏။ လူငယ်မှ လက်သန်းထိပ် ကလေးချင်း စားပွဲပေါ်တွင် ထိဆက်ထားသော သူ့ညာဘက်မှ လှပချောမောသည့် ကောင်မလေးတစ်ယောက်ကို တစ်ချက် လှည့်ကြည့်၏။ ကော်ငမလေးက ပြန်မကြည့်။ မျက်စိရှေ့တည့်တည့်တွင် ထိုင်နေသော မေးရိုးကားကားနှင့် လူငယ်ကိုသာ တည့်တည့် ကြည့်နေ၏။ မေရိုးကားကားနှင့် လူငယ်မှ သူ့ညာဘက်တွင် ထိုင်သော လူငယ်နှင့် သူ့ဘယ်ဘက်တွင် ထိုင်နေသော အမျိုးသမီးကို တစ်လှည့်စီကြည့်ကာ ခေါင်းညိတ်သည် ဆိုရုံလေး ညိတ်ပြလိုက်လေသည်။ ထိုနောက် သူတို့အားလုံး မျက်လုံးများကို မှိတ်လိုက် ကြလေသည်။ အခန်းသည် ပို၍ အေးစက်တိတ်ဆိတ်ကာ မည်းမှောင်သွားသလိုလို။

ပုံရိပ်များ။

မြင်ကွင်းများ။

နေရာများ။

အဖြစ်အပျက်များ။

အာရုံထဲတွင် အဆက်မပြတ် ပေါ်လာ၏။ အမျိုးသမီးရှေ့တည့်တည့်မှ လူငယ်မှာ တစ်ချက် လှုပ်ရှားသွား၏။ သို့သော် ခဏ အတွင်းမှာပင် ပြန်လည် ငြိမ်သက်သွားလေသည်။

သူသည် အလွန် လျင်မြန်သော အရှိန်အဟုတ်ဖြင့် ခရီးတစ်ခုကို သွားနေသလို ခံစားနေရ၏။

လူများ၊ နေရာများ၊ အဖြစ်အပျက်များ။

ကြီးမားသော ဖိစီးမှုတစ်ခုကို တဖြည်းဖြည်း ခံစားလာရ၏။

ကလေးငယ် တစ်ယောက်။

သူ့ကို လက်ပြ ဟန့်တားနေ၏။

ထိုနောက် သူ မသိသော တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော လူတစ်ယောက်။

သူ့ကို စိန်းစိန်း စိုက်ကြည့်နေပြန်၏။

ဖိစီးမှုမှာ သူ့အပေါ် အလွန် ကြီးမားလာနေပြီ။

ပုံရိပ်များ။

မြင်ကွင်းများ။

နေရာများ။

အဖြစ်အပျက် ဆက်စပ်ပတ်သက်မှုများ။

ရုတ်တရက် သူ ဟာခနဲ့ ခံစားလိုက်ရ၏။

တစ်စုံတစ်ရာကို သဘောပေါက် သိရှိသွားသလို။

ဖိစိးမှုမှာလည်း အလွန့်အလွန် ကြီးမားနေခဲ့ပြီ။

ဖျတ်ခနဲ ....

အရာအားလုံးနှင့် လွင့်စင်ပြတ်တောက်သွားသလို ...


အလင်းပြင်

အဖြူရောင် အလင်းပြင်

သူဘာကိုမှ မသိတော့ပါ။


ကျမ်းတကာတို့၏ အပြင်ဘက်ထွက်ကာ ငါ ဆိုသည်

ဤမည်သောနေရာတွင် ထိုကြမ္မာသည် ရှိအံ့

ထိုကြမ္မာသည် ငါ၏အရာဖြစ်လျှင် ငါလာမည်

ငါသည်

နတ်ဘုရားတို့ ရေတွက်အပ်သော

ဆဋ္ဌမနေရာ

သတ္တမတန်ဖိုး

Zeta ဖြစ်သည် ...


"သူဟာ တို့ခန့်မှန်းထားတဲ့ အတိုင်းအတာထက် ပိုတတ်နိုင်ခဲ့တယ် ဇော်ဝါး"

"ဒါပေမဲ့ ခရစ္စတင်း ... သူ ..."

"မဟုတ်ဘူး သူ ခရီးထွက်သွားတာ"

"သူ ပြန်လာမယ် မဟုတ်လား ခရစ္စတင်း"

"အချိန်ကာလ တစ်ခု လိုအပ်လိမ့်မယ် မျက်ရှုလရောင်"

"ခရစ္စတင်း"

"............"

"တို့ကို သူနဲ့ လက်ထပ်ပေးပါ"

"မျက်ရှု ... နင်"

"မပြောနဲ့ ဇော်ဝါး၊ သူ ငါ့အတွက် ဘာတွေလုပ်ပေးသွားခဲ့တယ် ဆိုတာ နင်သိပြီးသားပါ၊ ငါ့ကို ကူညီပါ"

"..........."


"ဟုတ်ပါတယ်၊ Coma လို့ သတ်မှတ်ကြတာ မမှားပါဘူး၊ ဒါပေမဲ့ ကျွန်တော်စိတ်ထဲမှာတော့ Coma မဟုတ်ဘူးလို့ပဲ ယူဆတယ်"

"ဒါဆို ဘယ်လိုလုပ်ရမလဲ ဒေါက်တာ"

"မဟုတ်သေးဘူး ဦးဘုန်းရံ၊ အရမ်းလောလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး၊ ကျွန်တော်တို့ အချိန်ယူပြီ အဖြေရှာကြရလိမ့်မယ်"

"ဟင်း..."

"စိတ်အေးအေးထားပါ ဦးဘုန်းရံ၊ ကုထုံးတွေ မှားခဲ့လိုရှိရင် ခင်ဗျားသားအတွက် ပိုထိခိုက်သွားမှာစိုးလို့ ကျွန်တော်တို့ အချိန်ယူ စောင့်ကြည့်နေကြတာပါ"

"ဆရာ့ တစ်ဦးထဲအမြင်နဲ့ ဘယ်လိုယူဆသလဲ ဆရာ"

"ကျွန်တော့် အမြင်ကတော့"

"ပြောပါဆရာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ၊ ဒီမှာရှိနေတဲ့ လူအားလုံးဟာ သူ့မိသားစုဝင်တွေပါပဲ"

"ဟုတ်ပါတယ် ဆရာ၊ ကျွန်တော်တို့တွေ အားလုံးဟာ သူ့အတွက် ညီအစ်ကို မောင်နှမတွေပါပဲ"

"ကျွန်တော့်အမြင်ကတော့ သူဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာဗျ"

"ဗျာ ဒီလောက် အကြာကြီး"

"အဲဒါက ထူးဆန်းတာပေါ့"


"ဘာတွေဖြစ်ပျက်သွားတယ်ဆိုတာ အခုအချိန်ထိ ငါ တွေးလို့ကို မရဘူး၊ လောကကြီးမှာ ဒါမျိုးကိစ္စတွေ ရှိသလား"

"သိပ်မတွေးနဲ့ ချိုကြီး၊ ဇော်ဝါးရော ဟိုအမျိုးသမီးရော ငါတို့ နားလည်နိုင်သလောက် အကြိမ်ကြိမ် ငါတို့ မေးခဲ့တိုင်း သေချာရှင်းပြခဲ့တာပဲ၊ ငါတို့မှ နားမလည်တာ"

"မဟုတ်သေးဘူး တင်မောင်ရာ၊ ငါ ခဏခဏ အစကနေ အဆုံးတွေး တွေးကြည့်တယ်၊ ဘာမှန်းမသိလို့ကို မကျေနပ်တာ"

"သိပ်မတွေးနဲ့ ရူးသွားမယ်၊ ဟိုမှာ မေနိုးတို့ ထွက်လာပြီဟ၊ လာ လာ သွားမယ်"


"နာနား ... ဒါ အန်ကယ်ရဲသင်လေ"

"ဘာလုပ်နေတာလဲ"

"အိပ်နေတာ နာနားရဲ့"

"တီတီမျက်ရှုက မနှိုးဘူးလား မမမေနိုး"

"............."

"နာနား နှိုးကြည့်မယ်လေ"

"............"

"တီတီမျက်ရှု ... နာနားကို ကိုင်ထား၊ ဟင့်အင်း မမက နာနားကို မကိုင်ထားရဘူးလေ"

"ဟဲ့ ဟဲ့"

"အန်ကယ်"

"......."

"အန် ကယ် ရဲ သင်"

"အိုး"

မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားသလို။

"သူ ကြားတယ် တီတီမျက်ရှု၊ မမ နာနားခေါ်တာ သူ ကြားတယ်"

"အန်ကယ် ... အန်ကယ် ရဲသင် ... နာနားလေ"



နှစ်နှစ်ခန့် ကြာသောအခါ









ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ညဦးပိုင်းသည် လွန်စွာ အေးချမ်းလှ၍ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေပေသည်။

ကုန်းတော် တစ်နေရာ၌ သန့်သန့်ပြန့်ပြန့် လူတစ်ယောက်သည် ခေါင်းလောင်းကြီးတစ်လုံးကို ကျောပေးကာ အေးအေးဆေးဆေး ထိုက်လျက် ဟိုသည် ကြည့်နေလေ၏။ ထိုခဏ၌

"ဒေါင် ... ဟောင် ... ဟောင်"

နောက်နားကပ်လျက်မှ ကျယ်စွာသော ခေါင်းလောင်းသံကြီး ရုတ်တရက် ပေါ်၍လာလေရာ ထိုသူသည် ခေါင်းမွေးများ ထောင်ထမတတ် အကြီးအကျယ် လန့်သွားကာ မတ်တတ် ထရပ်မိလေ၏။ ဒေါသလည်း လွန်စွာ ထွက်သွားသဖြင့် ခေါင်းလောင်းထိုးသိုကု ကြည့်ရာ

"ဟင်"

မြင့်မားသော အရပ်အမောင်းနှင့် ဥစ္စာစောင့်တမျှ လှပသော ကောင်မလေးတစ်ယောက်။ ကောင်မလေးမှာလည်း ထိုသူကို မြင်သော် မှတ်မိသွားပုံရ၏။

"သြော်"

ထိုခဏ၌ ခပ်ဖိုင့်ဖိုင့်လူငယ်တစ်ယောက် သူတို့နား ရောက်လာကာ ထိုလူကို မြင်သော်

"ဟာ ... ဟို ... ကိုဘယ်သူ မဟုတ်လား"

"သန်းနိုင်လေ"

"ဟာ ဟုတ်တယ် ကိုသန်းနိုင်၊ ခေါင်းလောင်းထိုးမလို့လား၊ မျက်ရှု ပေး ပေး နင့်လက်ထဲက တုတ်တံပေး"

"ဟဲ့ ဟဲ့ ချိုကြီး"

"ရော့ ကိုသန်းနိုင် တွေ့ရတာဝမ်းသာတယ်ဗျာ၊ ထိုး ထိုး၊ အားရပါးရသာထိုး"

ကိုသန်းနိုင်ဆိုသူမှာ ခေါင်းလောင်းထိုးတံကြီး ကိုင်ကာ ကြောင်လျက်သား ကျန်ခဲ့လေသည်။

ဥစ္စာစောင့်တမျှ လှပသော အရပ်မြင့်မြင့် ကောင်မလေးမှာ တစ်နေရာတွင်ရပ်ကာ သူတို့ကို ပြုံး၍ကြည့်နေသော ခပ်ဖြောင့်ဖြောင့် ကောင်လေးတစ်ယောက်နှင့် ပိန်ရှည်ရှည် ကောင်လေးတစ်ယောက်ဆီသို့ ထွက်သွားပြီဖြစ်၏။ ခပ်ဖိုင့်ဖိုင့် ကောင်လေးမှာလည်း ခပ်သုတ်သုတ် လိုက်သွားလေသည်။

လေးယောက်သား ရယ်ကာမောကာ ပြောဆိုနေကြစဉ် ခပ်ချောချော သွက်သွက်လက်လက် ကောင်မလေးတစ်ယောက် ထပ်ရောက်လာကာ ငါးယောက်သား စကား အလုအယက် ပြောဆိုကြရင်း အေးချမ်းစွာ ထွက်သွားကြလေသည်။

ကိုသန်းနိုင်ဆိုသူကား ခေါင်းလောင်းထိုးတံကြီး ကိုင်ကာ ထိုငါးယောက်ကို ငေးမော၍ ကျန်နေဆဲ။

ဥစ္စာစောင့်မလေးမှာ ခပ်ဖြောင့်ဖြောင့်ကောင်လေး လက်ကို လှမ်းတွဲလိုက်သည်ကိုသာ နောက်ဆုံး မြင်လိုက်ရလေသည်။

စိတ်ချမ်းသာကြပါစေ
အရိုး



ပြီးပါပြီ
 
 
 
 
 
 
 

No comments:

Post a Comment