Wednesday 8 May 2013

ဇီတာ - အရိုး (အပိုင်း-၄)

လယ်ကွင်းတွေ။

သူတို့ထိုင်နေကြသော အဝေးပြေးကားလမ်းမဘေးတစ်ခုမှ မြင်နေရသော မျက်စိတဆုံး အစိမ်းရောင်လယ်ကွင်းတွေ။

လယ်ကွင်းတွေကို ပြချင်တာ မဟုတ်ဘူးတဲ့။

ရှင်သန်အောင် ကြိုးစားထွန်ယက်ရခြင်း။

ရှင်သန်လာခြင်း။

ကြီးထွား ရင့်မှည့်လာခြင်း။

တဖန် ပြန်လည် ရိတ်သိမ်းခြင်း။

ကြိုးစား ထွန်ယက်ရပြန်ခြင်း။

ရှင်သန်အောင် စိုက်ပျိုးပြန်ခြင်း။

နင် ဘာပြောချင်တာလဲ။ သံသရာလား။

ငါ ပြောချင်တာက ဘာကို အကြိမ်ကြိမ် မမောနိုင်မပန်းနိုင် မပြီးနိုင် မစီးနိုင် စိုက်ပျိုးလိုက် ရိတ်သိမ်းလိုက် လုပ်နေတာလဲ။ ဘာကြောင့်လဲ။

လိုအပ်လို့ပေါ့ဟ။ နင်ကလည်း။

လိုအပ်တယ်ဆိုတာ ဘယ်နေရာမှာလဲ။

အကျိုးရှိဖို့အတွက် အသုံးချရမယ့် နေရာမှာပေါ့။

ဟုတ်ပြီ။ အကျိုးရှိဖို့ အသုံးချရမယ့် နေရာပေါင်း များစွာအတွက် ဒီနေရာတွေ ရှိနေတာပေါ့။ အဲဒီလိုလား။

ငါ သိပ်မသိဘူးဟ။

လယ်သမားက တစ်နေရာက လာမယ်။ ကျွဲနွားတွေက တစ်နေရာက လာမယ်။ မျိုးစေ့က တစ်နေရာက လာမယ်။ ရေက တစ်နေရာက လာမယ်။ ရာသီဥတုက တစ်နေရာက လာမယ်။ ကံကြမ္မာက တစ်နေရာက လာမယ်။ Dimention တွေထဲက ပုံဖျက်ထွက်လာမယ့် ကြီးထွားရှင်သန်မှုက တစ်နေရာက လာမယ်။ လှုပ်ရှားမှုတွေက တစ်နေရာက လာမယ်။ ဒီနေရာမှာ အားလုံး လာဆုံကြတော့ ဖြစ်ပျက်မှုတစ်ခု ဖြစ်ပွားတယ်။

နေဦး နေဦး။ နင်ပြောတာတွေက ရုပ်ပိုင်းမှာ မြင်သာမြင်ရပေမဲ့ ကံကြမ္မာနဲ့ ရာသီဥတုက တစ်နေရာက လာတာတို့၊ Dimention တွေထဲက ပုံဖျက်ထွက်လာတဲ့ ကြီးထွားရှင်သန်မှုက တစ်နေရာက လာတာတို့ဆိုတာ ငါ သိပ်မရှင်းဘူး။

ဒီနေရာက အစက ဘာရှိလဲ။

ဘာမှမရှိဘူးလေဟာ။

ဘာမှမရှိတာတော့ မဟုတ်ဘူးလေဟာ။ မြေကြီးတော့ ရှိသေးတယ် မဟုတ်ဘူးလား။

အဲဒါ နင် ကတ်သက်ပြောတာပဲ။ ဘာမှန်းလဲ မသိဘူး။ ကဲ ... ဒီနေရာမှာ မြေကြီးပါမရှိသေးဘူး ဆိုရင်ရော။

ငါ ပြောချင်တာ အဲဒါလိုရင်းပဲ။ အာကာသ စကြဝဠာမှာရှိတဲ့ Space တစ်ခုရဲ့ ဖြစ်လာခြင်းနဲ့ ပြီးသွားခြင်းကို ပြောချင်တာ။ Space တစ်ခုမှာ ဒြပ်တစ်ခု ဖြစ်လာတယ်။ နင်ပြောသလို မြေကြီးပေါ့ဟာ။ အဲဒီမြေကြီးမှာ ငါပြောတဲ့ ခုနကဟာတွေ လာဆုံကြရတယ်။ စပါးရခြင်းဆိုတဲ့ Result တစ်ခု အသစ် ထွက်သွားတယ်။ မြေကြီး ဖြစ်လာခြင်းနဲ့ Result စပါးထွက်သွားခြင်းဆိုတဲ့ ကြားထဲမှာ အချိန် time တစ်ခုပါ အလိုအလျောက် တိုင်းတာလို့ရအောင် ရှိလာတယ်။

နင်က ကော့စ်အန်အဖက်ရဲ့ ဖို့ဒိုင်မင်းရှင်းကို လာပြောနေတာပဲ။

မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။ ငါ ပြောချင်တာက ရလဒ်တစ်ခု အသစ်ထွက်ပေါ်လာဖို့အတွက် စကြဝဠာမှာ နေရာတစ်ခု လိုတယ်။ ရလဒ် အသစ်ထွက်လာဖို့အတွက် လိုအပ်တဲ့ ပါဝင်ကိစ္စတွေက အဲဒီနေရာမှာ လာစုရတယ်။ အဲလို ရလဒ်သစ်တစ်ခု ထွက်မလာသေးခင် လိုအပ်တဲ့ပါဝင်ကိစ္စတွေ လာ လာစုနေစဉ်မှာ သူတို့အတွက် ဘယ်လောက် ကြာတယ်ဆိုတဲ့ အချိန်ကာလအလျားဟာ အလိုအလျောက် ရှိလာတယ်။ ဒါပေမဲ့ နေရာနဲ့ အချိန် ရှိလာပြီဆိုတာနဲ့ ရလဒ်က unique ဖြစ်သွားတယ်။ ဒါဆို ဒါပေါ်မယ်၊ ဟိုဟာဆို ဟိုဟာပေါ်မယ်ပေါ့ကွာ။ ဒါဆိုဒါ ဟိုဟာဆိုဟိုဟာက သဘာဝ ဖြစ်လာမယ်။ သမားရိုးကျပေါ့။ သမားရိုးကျ မဟုတ်တော့ရင် normal မဟုတ်တော့ရင် စကြဝဠာနိယာမအရ အများစု majority က လက်မခံတော့ဘူး။ ဒါပေမဲ့ အများစု နိယာမဟာ၊ သူတို့မသိနိုင်တဲ့ သာမန်သမားရိုးကျ မဟုတ်တဲ့ ဖြစ်ပျက်မှုတွေဟာ သူတို့နဲ့ ဟန်ချက်ညီစွာ Equilibriam point တစ်ခုမှာ ရှိနေတယ်။ Blance ညီနေတယ် ဆိုတဲ့ဟာပဲ။ ကမ္ဘာပေါ်မှာ လူတတ်စွမ်းသိရှိနိုင်သမျှ အတတ်ပညာ အသိပညာတွေ အားလုံးဟာ အဲဒီ point က စဉ်ထွက်လာတဲ့ ကိစ္စအသေးအမွှားလေးတွေပဲ။

နင် ဘာပြောချင်တာလဲ။

လူက လွန်သောကိစ္စတွေကို ပြောချင်တာ။

မဖြစ်နိုင်ဘူး။

ငါတို့ ဖြစ်နေကြတယ်လေ။
နင်ရယ်၊ ငါရယ်၊ ငါ့အဖေ တွေ့ခဲ့ဖူးတဲ့ ဘုရားပေါ်ကလူ၊ မေနိုးနဲ့ သူ့မောင်လေး၊ ဇော်ဝါးနဲ့ သူ့ဆရာမ၊ တင်မောင်၊ ချိုကြီး ပြီးတော့ ငါတို့နဲ့ ပတ်သတ်နေတဲ့ နေရာတွေ။ နေရာတွေမှာ အဖြစ်အပျက်တွေ ခေတ်အဆက်ဆက် ဖြစ်ပျက်ခဲ့ဖူးတဲ့ အတွက် အဲဒီအဖြစ်အပျက်တွေရဲ့ အားနဲ့ နေရာတွေဟာ ဆွဲငင်မှုရှိတယ်ဆိုတာ၊ တစ်နည်းအားဖြင့် အသက်ရှိနိုင်တယ်ဆိုတာ သံသယဖြစ်စရာ ရှိတယ်။ နင် တစ်ခု စဉ်းစားကြည့်စမ်းဟာ။ ငါတို့ အားလုံးဟာ ဘာလို့ စနစ်တကျ လာပတ်သက်နေကြတာလဲ။ ပြီးတော့ ငါတို့ မသိတဲ့ကိစ္စတွေ လာ လာဖြစ်နေကြတာလဲ။ ဒါဟာ ဘာလဲ။

အဖြေမရှိပါ။
လယ်ကွင်းများကို ဖြတ်သန်းတိုက်ခတ်လာသော လေသည် သူတို့နှစ်ယောက်ကိုပါ တသုန်သုန် ဖြတ်သန်း တိုက်ခတ်လျက် ရှိ၏။

ဒီလေတွေ ဘယ်ကရောက်လာတာလဲ နင် သိလား။ အဲဒီအနံ့တွေ ဘယ်ကပါလာလဲရော နင်သိလား။ လယ်ကွင်းတွေက အနံ့တွေလေ။ ငါတို့ မြို့ပြမှာ မရနိုင်တဲ့ ရေနံ့ ရွှံ့နံ စပါးနံ့တွေလေ။

မျက်ရှု မဖြေနိုင်ပြန်ပါ။ တစ်စုံတစ်ရာကို ရိပ်မိသလိုက်သလို သူ့ကို အားကိုးတကြီး လှည့်ကြည့်မိ၏။

စကြဝဠာမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး။ စနစ်တကျ ပြဋ္ဌာန်းထားမှုပဲ ရှိတယ်။

မယုံကြည်ပါ။ သို့သော် ချေပရန် စကားကင်းလျက်။

အခု ငါတို့နှစ်ယောက် လာထိုင်မိတဲ့နေရာမှာ ငါတို့ ဒီအချိန်ဒီနေရာမှာ ဒီလိုလာထိုင်ဖို့ တိုက်ဆိုင်မှုလို့ နင်တို့ယူဆတဲ့ ကိစ္စတစ်ခုအတွက် မြေကြီးက နဂိုထဲက စီစဉ်ဖြစ်ပေါ်ခဲ့တယ်။ ငါတို့ထိုင်ဖို့အတွက် မြက်တွေဟာ နဂိုကတည်းက ကြိုပေါက်နေခဲ့တာ။ ငါတို့ထိုင်တာနဲ့ တိုက်ဖို့ လေဟာ စောင့်နေခဲ့ပြီးသား။ ငါတို့ကြည်စရာ လယ်ကွင်းတွေ ကြိုခင်းပေးခဲ့ပြီးသား။ ငါတို့ရမယ့် ရနံ့တွေ ကြိုစီစဉ်ထားပြီးသား။ အရာအားလုံးဟာ အစီအစဉ်တကျ ရှိပြီးသား။

Butterfly Effect!

ထိတ်လန့်စွာ သူ အော်မိသည်။ သို့သော် သူကမူ ပြုံးရယ်၏။

ကမ္ဘာတစ်ဖက်ခြမ်းက လိပ်ပြာလေးတစ်ကောင် တောင်ပံတစ်ချက် ခတ်လိုက်ခြင်းဟာ နောက်ကမ္ဘာခြမ်းတစ်ခုက လေမုန်တိုင်းတစ်ခုနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ အယူအဆလား။ မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်။ ဒါဆို နင် အခု လက်ခုပ်လေးတစ်ချက်လောက် ခပ်ဖြည်းဖြည်း တီးကြည့်ပါလား။ တစ်နေရာမှာ ပြင်းထန်တဲ့ ငလျင်ကြီး တစ်ခုခု လှုပ်သွားမလားလို့။ ကြာသမတေးဂြိုလ်ကြီးပေါ်မှာပဲ ဖြစ်ဖြစ်ပေါ့။ ဆက်စပ်ပတ်သက်မှုတွေပါ။ ဒီလိုသာဆို ငါတို့ ဘာမှမလုပ်ရဲတော့ဘဲ နေမှာပေါ့။ ငါ ပြောချင်တာက အဲဒီလို ဆက်စပ်ပတ်သက်မှုတွေ ပျက်တဲ့ဖြစ်စဉ်ကို ပြောချင်တာ။ ဇီတာ ဆိုတာ အဲဒီ သင်္ကေတပဲ။ ဖြစ်စဉ်အားလုံးမှာ အခြေခံဆက်သွယ်ပေးမှု တစ်ခုရှိတယ်။ အဲဒီဆက်သွယ်ပေးမှုဟာ သင့်တင့်တဲ့ အချိန်မတန်ဘဲ ပျောက်ပျက်သွားခဲ့ရင် အဲဒီဖြစ်စဉ်ဟာ အချိန်မတန်ဘဲ ကတိမ်းကပါးဖြစ်သွားပြီး အခြားဖြစ်စဉ်ကို ဝင်ရောက်ပတ်သက်မှုတွေ ဖြစ်လာတတ်တယ်။ အဲဒီ ဖြစ်စဉ်ကို လေ့လာလိုက်စားပြီး ပြောင်းလဲပေးဖို့အတွက် ဇီတာသီအိုရီ လိုတယ်။


ဘာလို့ မြို့ပြင်လယ်ကွင်းဘေးမှာ အရာအားလုံး လေးနက်နေပါသနည်း။


နင်သိထားသမျှ ငါ့ကို အကုန်ပြောပြမှ ဖြစ်မယ်ဟ။ နင် ခံစားမိသမျှ နင် စိတ်ထဲ တွေးမိသမျှတွေပေါ့။ ငါကလည်း နင့်ကို အားလုံးပြောပြဖို့ ခေါ်လာတာ။

ငါ ဘာမှမသိဘူး။ တစ်ခါတစ်လေ ငါ ကြောက်တယ်။ ဘာကိုမှန်းလဲ မသိဘူး။

ငါလည်း ဘာမှတော့ သိပ်မသိပါဘူး။ ဒါပေမယ့် ငါတို့ထက်ပိုသိတဲ့ လူတစ်ယောက် ရောက်လာလိမ့်မယ်လို့ ငါ ထင်နေတယ်။ သူနဲ့ တွေ့ပြီးရင် ငါတို့ တစ်ခုခု ဖြစ်ကြလိမ့်မယ်လို့လည်း ငါ ထင်နေတယ်။ ငါ နင့်ကို အကုန်ပြောပြထားမှ ဖြစ်မယ်လို့လည်း ငါ့စိတ်ထဲ ဘာကြောင့်မှန်းမသိ အသိပေးခံရသလို ဖြစ်နေတယ်။ စိတ်ရှည်ရှည် နားထောင်ပေးဟာ။

ဒီလိုဟ ...............
.........................
.........................
........................။

များပြားလှပါ၏။ ကျယ်ဝန်းလှပါ၏။ တစ်စုံတစ်ရာကို ပိုပြီးသိလာသလို ခံစားလာရသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ရာမှပို၍ ဝေးကွာသွားသလိုလည်း ခံစားနေရ၏။ ထူးဆန်းမှုပေါင်းများစွာ၊ တိုက်ဆိုင်မှုပေါင်းများစွာ၊ များပြားလှသော လေ့လာတွေ့ရှိ မှတ်တမ်းတင်ထားမှုများ။ ဤကိစ္စများတွင် သူ မည်မျှ အာရုံစူးစိုက်ထားခဲ့လေသလဲ။ သူက ဘာလဲ။ မိမိကရော ဘာလဲ။ အခြားသူတွေကရော ...။ အတွေးတွေ အတွေးတွေ။


'နေဝင်တော့မယ်ဟ၊ ပြန်ကြရင်ကောင်းမယ်'


ကာလကြာမြင့်စွာ တိတ်ဆိတ်သွားခဲ့ကြပြီးနောက် ကိုယ့်အတွေးနှင့် ကိုယ်စီ မည်မျှ မျောလွင့်သွားခဲ့ကြသနည်း။ သူ့စကားသံကြားမှ သတိဝင်လာ၏။ အိုး ... ဘယ်အချိန်တုန်းကတည်းက အတူယှဉ်ထိုင်ရင်းမှ သူ့ပခုံးပေါ် ခေါင်းမှီထားခဲ့လေသနည်း။

ထိုနေ့တစ်နေ့က မျက်ရှုလရောင်တစ်ယောက် မသိနားမလည်မှုများနှင့်အတူ ရှက်ခြင်းများစွာဖြင့် ကုန်လွန်လိုက်ရလေသည်။


လူတွေဟာ

သိပ်သေးကွေးပါတယ်

သိပ်အားနည်းပါတယ်

မသိနားမလည်တာတွေလည်း

သိပ်ပြီးများလွန်းတယ်

နေရာယူနိုင်မှု

သိပ်ကျဉ်းတယ်

အချိန်ရရှိမှုလည်း

သိပ်နည်းနေပြန်ရော

လူတွေဟာ

သူ့အစွမ်းအစတွေ ဘယ်လောက်ရှိမှန်း

သူတို့ကိုယ်သူတို့ မသိနိုင်ခင်မှာ

ပြီးဆုံးအောင်

မရှာဖွေရသေးခင်မှာ

သေဆုံးသွားတတ်မြဲ

စကြဝဠာထဲ

လူဆိုတာ သိပ်သေးဖွဲလွန်းတယ်။

ဘယ်သူက ထအကြံရ၍ ဘယ်သူက လိုက်မြှောက်လိုက်ကြသည်မသိ။ ဘယ်သူမှလည်း အားကြတာမဟုတ်ပါဘဲနှင့် ချောင်းသာနှစ်ညအိပ်သွားရန် စီစဉ်ဖြစ်ကြလေ၏။

သေချာတာကတော့ မြို့ပြကြီး၏ နိစ္စဓူဝများကို ငြီးငွေ့နေကြတာနှင့်လည်း အားလုံး လာတိုက်ဆိုင်နေကြပုံရ၏။ ဘယ်မှမှ မငြင်းကြ။ ရုတ်တရက် ကြား ကြားခြင်းကတော့ အားလုံးတစ်ခါခါ ဖြစ်ကြသေး၏။ မအားပါဘူးဆိုမှ ဘယ်သူက ဒီကိစ္စထရှည်တာတုံးဟု တစ်ယောက်ကို တစ်ယောက် လွဲချကြသေး၏။ အမှန်တော့ အားလုံး စိတ်ပါကြသည်သာ ဖြစ်၏။ ခရီးသွားချင်နေကြသည်မှာတော့ အားလုံးအတူတူ။ နောက်ဆုံး ဇော်ဝါး ကနေဒါမှ ပြန်ရောက်လာခြင်းကို လွှဲချလိုက်ကြ၏။ သင်း ပြန်ရောက် လာပြီး ဆတ်ဆော့သဖြင့်သာ အားလုံးမအားသည့်ကြားမှ အားနာပါးနာ သွားကြရပုံမျိုး ဖမ်းကြ၏။ ဘယ်သူမှ မနေခဲ့ကြခြင်းကိုက ဘယ်လောက် လျှောက်ပြောနေနေ သူငယ်ချင်းများစု၍ ခရီးထွက်ချင်နေကြသည်က ထင်ရှား၏။ ဇော်ဝါးကလည်း ထိုသည်ကို သိ၏။ သူပင် တရားခံအဖြစ် ခံလိုက်လေသည်။ ဟိုလူ့ ဖုန်းဆက်လိုက်၊ ဒီလူ့ ဖုန်းဆက်လိုက်နှင့်ပင် လိုက်စီစဉ်နေလိုက်သေး၏။ အမှန်တော့ သူ စီစဉ်စရာ အထွေအထူး လိုလှသည်မဟုတ်။ tour လုပ်ငန်းလုပ်နေသော ရဲသင်ရံနှင့် တပည့်တပန်း ပေါများလှသော တင်မောင် ပါလာသည်နှင့်ပင် အဆင်အတော်ပြေနေပြီ ဖြစ်၏။ ဇော်ဝါး တာဝန်ကား မင်း လုပ်လို့ အလုပ်တွေပျက်တယ် ဟူသော သိပ်မညည်းချင်းဘဲ ညည်းကြသည့်ဒဏ် ခံရုံသာ ရှိ၏။

ရဲသင်ရံ၊ မေနိုးနှင့် ချိုကြီးတို့မှ နေရေးထိုင်ရေး၊ စားရေးသောက်ရေး အကုန်စီစဉ်ကြ၏။ သူတို့လုပ်နေကျကိုး။ တင်မောင်မှ တစ်ယောက်တစ်ပေါက် ယူသွားချင်ကြသော ပစ္စည်းပစ္စယများ အားလုံးကို lite truck တစ်စီးပေါ် စုတင်ကာ သူ့တပည့်နှစ်ယောက်နှင့် အရင်လွှတ်လိုက်၏။ သူ ဝယ်သိမ်းထားသည့် banana boat တွေရော၊ မီးပုံပွဲလုပ်ဖို့ ပစ္စည်း ပစ္စယတွေရော၊ ခွင့်ပြုလျှင်လွှတ်ရန် မီးရှုးမီးပန်းတွေရော၊ စက်ဘီးတွေရော၊ နောက်ဆုံး စွန်လွှတ်ရန် ပစ္စည်းများမှအစ ငါးမျှားတံနှင့် ဗာဟီရ စုံစီနဖာ အားလုံးပါ၏။ သူတို့အားလုံးကတော့ တင်မောင်၏ ပူပူနွေးနွေး အရှုံးပေါ်ထားသော super custom ကြီးနှင့် လစ်ရန် ကြံကြ၏။ ဒရိုင်ဘာ မခေါ်။ တင်မောင်မှ သူ့ကားသူ ကိုယ်တိုင်မောင်းမည် အဆိုတင်သွင်း၏။ သူစိမ်းလူမပါဘဲ သူတို့ချည်းသွားရမှာ ပိုအကြိုက်တွေ့သဖြင့် ကန့်ကွက်မဲမရှိ အားလုံး ထောက်ခံကြလေ၏။

မျက်ရှုလရောင်ကို သွားဝိုင်းခေါ်ကြ၏။ ပထမ အင်တင်တင် ဖြစ်နေသေးသော်လည်း မိန်းကလေးအဖော် မေနိုးပါသည်က တစ်ကြောင်း၊ တစ်သက်လုံးပေါင်းသင်းလာသည့် အကောင်တွေနှင့် သွားရမှာ ဖြစ်သည်က တစ်ကြောင်း၊ နောက်ဆုံး သူ ကိုယ်တိုင်လည်း မြို့ပြကြီးကို ခေတ္တ ရှောင်ရှားနေလိုသည်က တစ်ကြောင်းတို့ကြောင့် ပါလာလေတော့၏။ အန်ကယ်ဖရက်ဒီကြီးက သူပါလိုက်မည် လုပ်နေသေးသဖြင့် အမျိုးမျိုး ရှောင်ကွင်းနေကြသေး၏။ နောက်ဆုံး စကားတတ်လှသော ဇော်ဝါး ဘာသွားပြောလိုက်သည် မသိ။ သူမလိုက်တော့ဘဲ သူ့တူမကိုသာ စိတ်ချလက်ချ ထည့်လိုက်လေတော့မှ သက်ပြင်းချကြရကုန်၏။

ရဲသင်ရံ၊ မေနိုးနှင့် တင်မောင်တို့ ပူးပေါင်း၍ မနက်အစောကြီး အတင်းလိုက်နှိုး၏။ ဇော်ဝါးက ခရီးအမျိုးမျိုး သွားနေကျ လူစားဖြစ်၍ အဆင်သင့် တွေ့၏။ ခေါ်တင်သွားကြပြီး ချိုကြီးဆီ သွား၏။ အီးအီးအဲအဲ အပျင်းကြီးနေကာ တမင်ပေ၍မထဘဲ နေ နေသဖြင့် အတင်းနှိုးကာခေါ်လာရ၏။ အိမ်ချင်းကပ်လျက် ဖြစ်သော်လည်း ရဲသင်ရံမှ မျက်ရှုလရောင်အား မိန်းကလေးမို့ ပြင်ပြင်ဆင်ဆင် အချိန်ပိုရအောင် နောက်ဆုံးမှ တစ်ခါပြန်လာဝင်ခေါ်၏။ သို့သော် မျက်ရှုလရောင်မှာ အဆင်သင့်စောင့်နေသည်ကို တွေ့ကြရ၏။ အားလုံးစုံ၍ ရန်ကုန်က စထွက်တော့ မနက်လေးနာရီခွဲပြီ။ ထိုသို့ဖြင့် ...

"ဟေ့ကောင်  တင်မောင်၊ မင်း ကိုယ့်လားကိုယ်စီး ခန္တီးရောက်ရောက်လုပ်ဖို့ မစဉ်းစားနဲ့၊ ဖြည်းဖြည်းမောင်း၊ မင်းအကြောင်း ငါသိတယ်၊ မြို့ပြင်ထွက်တာနဲ့ သောက်ရမ်းလုပ်မယ့်ကောင်"

"ချိုကြီး ငါ ဘယ်လောက်မောင်းနေလို့လဲ၊ ရှစ်ဆယ်တောင် မရှိဘူး၊ နေစမ်းပါဦး၊ ခါတိုင်း ခရီးသွားရင် လူတိုင်းပြောတယ်၊ မင်းဟာ နောက်ခန်းတစ်ချောင်ချောင်မှာ ပြိတ္တာကြီး အရက်မူးနေသလို သေအောင်အိပ်ပြီး လိုက်နေကျဆိုကွ၊ အခု ဘာကိစ္စ ခေါင်းခန်းမှာ ငါ့ဘေးလာထိုင်ပြီး ပြူးတူးပြဲတဲ ဖြစ်နေတာတုံး"

"မင်း မောင်းတာ စိတ်မချလို့ကွ"

"အောင်မာ၊ ဝပ်ရှော့ပိုင်ရှင်မောင်းတာကိုများ၊ မင်းက ကားအကြောင်း ဘယ်လောက်သိလို့လဲ"

"ဟေ့ကောင်တွေ နားညည်းတယ်ကွာ၊ ဒီမှာ အားလုံး ပြန်မှိန်းနေကြတာကို"

"ဘယ်သူကမှ ဘာမှမပြောတာကို မင်းက ဘာကိစ္စ လာဟောင်နေရတာတုံး"

"ဟ မင်းတို့နှစ်ကောင်ဟာ ကားစထွက်ကတည်းက အယ်လ်တန်ဂျွန်ဟာ ယောက်ျားကြီးပါ အခြောက်ကြီးပါနဲ့ ငြင်းခဲ့ကြပြီးပြီ၊ အခုလည်း နောက်တစ်မျိုး ထပ်ငြင်းကြဖို့ လုပ်နေကြပြန်ပြီ၊ နားညည်းတယ်ကွ၊ သည်းမခံနိုင်တော့ဘူး"

"ဇော်ဝါး ... မင်း လူတကာနဲ့ ခရီးသွားရင် သည်းခံခဲ့တာတွေ ငါတို့နဲ့ကျ အကြွေးလာဆပ်နေတာလား"

"မင်းတို့ဟာကလည်းကွာ"

"မဟုတ်ဘူး ရဲသင်၊ ငါပြောပြမယ်၊ မင်းတော့ ဘယ်လို အလုပ်တွဲလုပ်နေတယ် မသိဘူး၊ ဒီအကောင်ဟာ ငယ်ငယ်ကတည်းက သိပ်ပစိပစပ်များတဲ့ကောင်၊ ခုနက ကြည့်ပါလား၊ တင်မောင်က အယ်လ်တန်ဂျွန် ဘာကြီးဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူးဆိုပြီး ပြီးသွားတာတောင် ဒီကောင်က မပြီးဘူး၊ မင်း သေချာမသိဘဲ လာငြင်းတာ ဘာညာနဲ့ ဆက်ချင်သေးတယ်၊ ချိုကြီးက မိန်းမပါးစပ်နဲ့ကောင်"

"ဇော်ဝါး နင်နော် ငါတို့ကို မစော်ကားနဲ့"

"ဟ မျက်ရှု၊ နင် အိပ်နေတာ မဟုတ်ဘူးလား"

"အိပ်လို့ရမလားဟဲ နင်တို့ ဒီလောက်ဆူညံနေတာ"

"နေပါစေ မပြောနဲ့ ဇော်ဝါး၊ ဒီအခြောက်မကြီး ငါ့လာငြင်းနေတာ ကောင်းတာ"

"တင်မောင် မင်း စော်ကားလှချည်လား၊ ဟေ့ကောင်တွေ မင်းတို့ တွေ့တယ်နော်၊ ဘယ်သူအရင် ရန်စလဲဆိုတာ၊ ငါ့ကို ကြည့်စမ်း တင်မောင် ဘယ်နေရာ ခြောက်နေတဲ့ရုပ် ပေါက်နေသလဲ"

"မင်း သောက်ရုပ်ကြီးများကွာ၊ ပိုက်ဆံရမယ်ဆိုတောင် မကြည့်ဘူး၊ အခု ငါ ကားမောင်းနေတာ ပိုတောင် မကြည့်သေး၊ မင်းက ရုပ်ကခြောက်တာ မဟုတ်ဘူး၊ စိတ်က တိတ်တိတ်ပုန်း ခြောက်နေတာ၊ ဒါကြောင့် မင်း အယ်လ်တန်ဂျွန်က အခြောက်ကြီးပါလို့ အတင်း သက်သေထူချင်နေတာ"

"ဟာကွာ အစက ပြန်စကြပြန်ပြီ၊ ငါ ပြောတယ် ဇော်ဝါး ... မင်း သွားပြန်မစပါနဲပဆို"

"မဟုတ်ဘူး ရဲသင် ... ငါက ခရီးသွားရင် အိပ်တတ်တဲ့ကောင်ကွ၊ ဒီကောင်တွေ အလကားနေရင်း အဓိပ္ပာယ်မရှိတာ အော်ကြီးဟစ်ကျယ် ငြင်းနေလို့ဟ"

"နင်တို့ကလည်းဟာ ငါ့ဘေးက မေနိုးပဲ ကောင်းတယ်၊ နင်တို့ ဒီလောက်ဆူနေတာတောင် အိပ်ပျော်သွားပြီ"

"နင် မကျေနပ်ရင် နင်လည်း အိပ်လေ"

"အိပ်မရလို့ပေါ့ဟဲ့၊ နင်တို့ အသံပြဲကြီးတွေနဲ့ ဒီလောက် အော်ဟစ်ငြင်းခုန်နေကြတာ၊ အစက ရှေ့ဆုံးက နှစ်ကောင်ထဲ ငြင်းနေတုန်းက ငါမှေးမှေး မှေးမှေး ဖြစ်သွားသေးတယ်၊ အခု နင်တို့ပါ ထပ်ပါလာလို့ ငါ ပြန်နိုးလာတာ"

"နေ နေ ... မင်းတို့အားလုံး အေးအေးသာနေ၊ ဒီအခြောက်မကြီးကိုသာ ငါနဲ့ ပေးငြင်းလိုက်"

"ဟေ့ကောင် မင်း လုပ်လာပြန်ပလား"

"တင်မောင်ရာ ... ဒီလောက်စကားများတဲ့ကောင်ကို သွားမစစမ်းပါနဲ့၊ မပြီးနိုင်မစီးနိုင် ရှိလွန်းလို့"

"မင်း မသိဘူး ရဲသင်၊ ဒီကောင် ငါ့လာငြင်းနေသရွေ့ ငါမောင်းရတာ အိပ်မငိုက်ဘူးလေကွာ၊ ကက်ဆက်တွေ ဒီဗီဒီတွေတောင် ဖွင့်စရာမလိုဘူး ဟား ဟား"

"သေနာကျက ငါ့ပါ အိပ်မရအောင် လာလုပ်နေတာကိုး"

"မင်းဘာလို့ ငါ့ဘေး လာထိုင်လဲ"

"တော်ပြီ ဟေ့ကောင် ... ငါအိပ်ပြီ"

"နေစမ်းပါဦး ချိုကြီးရာ၊ ငါ သတိရတာ နောက်တစ်ခု မင်းနဲ့ ဆွေးနွေးမလို့၊ အိုဘားမားက နဂိုတုန်းက လူဖြူတဲ့ကွ၊ သူ နိုင်ချေရှိလာတော့မှ အမေရိကန်သမိုင်းမှာ လူမည်းပထမဆုံးသမ္မတ ဖြစ်တယ်ဆိုတာ မှတ်တမ်းတင်နိုင်အောင် ပလတ်စတစ်ဆာဂျရီတွေ ဘာတွေ လျှောက်လုပ်ခဲ့တာကွ"

"ဟ အာ ... တင်မောင် မင်း လုပ်ပြီကွာ"

"အေးလေ၊ အမေရိကန်သမိုင်းကို သမ္မတထက် သူပိုသိတယ်လို့ ယူဆနေတဲ့ကောင်ကိုမှ"

"တင်မောင် ... နင်ဟာလေ"

"ဘာလဲ မျက်ရှု ... နင်က မဖြစ်နိုင်ဘူးတွေ ဘာတွေ ပြောမလို့လား၊ ဒါဆို နင်ပြော၊ ဟစ်တလာ ဘယ်မှာသေသွားသလဲ ကဲ"

"အား ... အားလုံး ခဏနေဦး"

"အေး ပြော ချိုကြီး"

"တင်မောင် ... မင်း လိုကောင်မျိုးသာ သမိုင်းဆရာဖြစ်ရင် နောင်လာနောက်သားတွေအတွက် အတော် ရင်လေးစရာကောင်းတယ်၊ လူဖြူကို လူမည်းလုပ်လို့ ရမလားကွ"

"မိုက်ကယ်ဂျက်ဆင်က မည်းရာက ဖြူမသွားလို့ မင်းကြီးတော်ကြီးလို ညိုတိုတိုကြီး ဖြစ်နေလို့လား"

"ဒီမှာဟေ့ကောင် ... အိုဘားမားဆိုတာက မြို့တော်ဝန်လား ဘာလားက စပြီး ..."

"လုပ်ကြပြန်ပြီကွာ"

မည်သို့ဆိုစေ မိုးလည်းလင်းလာပြီ ဖြစ်၍ မေနိုးမှလွဲပြီး အိပ်မရကြတော့။ ကားလေးမှာ တရိပ်ရိပ်ပြေးဆဲ ...။

ကီလိုတစ်ရာနီးပါး တင်မောင် ထုံးစံအတိုင်း နင်းနေပြီဖြစ်သည်ကို ချိုကြီး မေ့သွားပြီ။ အိုဘားမား ဖြူခြင်းမည်းခြင်းကိစ္စကို ငြင်းခုံလေ၏။ ကျန်သည့်သူများကလည်း အိပ်မရတော့သည့် အတူတူ အရေမရ အဖတ်မရ စဉ်းစားမိသမျှ လျှောက်ဝင်ငြင်းကြ၏။ ကားလေးထဲတွင် ဆူညံနေလေတော့၏။ မေနိုးကတော့ လေယာဉ် ဘယ်လောက်ဆူဆူ ဘာဖြစ်ဖြစ်တောင်မမှုဘဲ အိပ်ရေးမပျက်ခဲ့သူဖြစ်ရာ သူတို့လောက်တော့ မမှု၊ အားရပါးရ အိပ်ကာ ပါလာ၏။ ချိုကြီးမှလည်း တစ်ယောက်နှင့်အများ ဖြစ်နေသည်ကို အလျှော့မပေးဘဲ အိုဘားမားကို သူ့ယောက္ခမအလား ကာကွယ်လေ၏။ ထိုသို့ဖြင့် ....

ပန်းတနော် ရောက်လာကြလေသော် တင်မောင်မှ ဆူညံငြင်းခုံနေကြသော စကားဝိုင်းကို အတင်းအော်ဖြတ်ကာ ခဏနားကြမလားဟု မေး၏။ ကိုယ်မမောင်းရတိုင်း ယာဉ်မောင်းကို နှိပ်စက်လိုကြသည့်အလျောက် မရပ်နဲ့ မရပ်နဲ့ တစ်ခါတည်းရောက်အောင် ဆက်မောင်းဟု တညီတညွတ်တည်း ဝိုင်းအော်ကြ၏။ ထိုအသံကြောင့် မေနိုးပြန်၍ နိုးလာကာ တင်မောင့်ထံမှ ဒရိုင်ဘာတာဝန်ကို သူ မောင်းကြည့်ချင်သည်ဟုဆိုကာ အတင်းလုယူ၏။ တင်မောင်မှာ ဝမ်းသာအားရ တာဝန်လွှဲပေးကာ အားလုံး ဟားနေသည့်ကြားမှ ကားကို မေနိုးလက် အပ်ကာ ရဲသင်ရံနှင့် ဇော်ဝါးကြား အတင်းဝင်အိပ်လေ၏။ ကားမောင်းကျွမ်းကျင်သလောက် ကားမောင်းကြမ်းသော မေနိုးမှာ အသေမောင်းလေ၏။ ရှေ့ခန်းမှ ချိုကြီးမှာ ဘယ်သူ့ကိုမျှ မငြင်းအားတော့ဘဲ မျက်လုံးကြီးပြူးကာ ခါးပတ်တွေဘာတွေ ကောက်ပတ်၍ ဖြည်းဖြည်းဟဲ ဖြည်းဖြည်းဟဲ့ နှင့် လိုက်လေ၏။ နောက်ခန်းထဲမှ လူများကာ တင်မောင်ကို ဝိုင်းဝန်း၍ အတင်းထုရိုက် နှိုးကြသော်လည်း တင်မောင်မှာ ပေခံကာ မရရအောင် အိပ်လေရန် ကြံလေ၏။ ထိုသို့ဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်လာကြရင်း ဥတိုချောင်းကူးတံတားအထိ ရောက်လာကြလေသည်။ ထိုအခါ ရဲသန်ရံမှာ ရုတ်တရက် သတိရ၍

"ဟေ့ကောင် ချိုကြီး ချိုကြီး"

"ဘာလဲဟ ... ဟဲ ဟဲ့ မေနိုး ဆိုင်ကယ် ဆိုင်ကယ်"

"လွတ်ပါတယ် ကိုချိုကြီးရဲ့"

"ချိုကြီး ငါတို့ ကိုအေးဝင်းကျော်ဆီ ခဏဝင်မယ်ဆို၊ မင်းပဲ ပေးစရာတစ်ခု ယူလာတယ်ဆို၊ အခု ဥတိုတောင် ရောက်နေပြီ"

"ဟ အေး ... ဒီကောင်မလေးကို ကားကြည့်ပေးနေတာနဲ့ မေ့သွားပြီဟ၊ ပုသိမ်မှာတုန်းက ငါ ပြောမလို့၊ အဝိုင်းကို သောက်ရမ်းကွေ့ချတာနဲ့ ငါ မေ့သွားတာဟ"

"မေနိုးမှ မသိတာ၊ ကိုကို့တို့က မေနိုးမှ မပြောထားတာကိုး"

"ဘယ်သူတုံးဟဲ့ ချိုကြီး"

"အာ မျက်ရှုကလည်း ... ဟိုတစ်ခါ နင်ပြောဖူးတဲ့ ကိုအေးဝင်းကျော်လေ"

"ဟင်"

တစ်မျိုးဖြစ်သွားသော မျက်ရှုကို ရဲသင်ရံ လှည့်ကြည့်လိုက်ပြီးနောက်

"ထားလိုက်ပါတော့ကွာ၊ အပြန်မှ ဝင်ရင်ဝင်တော့ပေါ့၊ ဒီတောင်ရောက်နေပြီ ဥစ္စာ၊ မေနိုး ရတယ်၊ ဆက်မောင်း ဆက်မောင်းလိုက်တော့"

အရှိန်လျှော့ထားသော မေနိုးမှာ တံတားကို ဖြတ်ပြီးနောက် အရှိန်ပြန်တင်လေ၏။ ချိုကြီးမှာ လန့်သွားပြီး

"ဟဲ ဖြည်းဖြည်းဟဲ့ ဖြည်းဖြည်း"

"အဲဒီ အခြောက်မကြီးဟာ သေတစ်နေ့ မွေးတစ်နေ့ အေးအေးစီးလိုက်လာတာ မဟုတ်ဘူး"

တင်မောင်က မကြားတကြား ပြောသော်လည်း အားလုံးကြားအောင် နဂိုကတည်းက ကျယ်ကျယ်ပြောခြင်း ဖြစ်၍ အားလုံးကြားကာ ဝါးခနဲ ဖြစ်ကြ၏။ ချိုကြီးမှ တင်မောင်အား ထောပနာလေသည်။

"ခွေးသား"

ထိုသို့ဖြင့် ....


ပင်လယ်ပြင်ကျယ်ကြီးကို တွေ့သော် အားလုံးပျော်သွားကြလေသည်။ ဆယ်ကျော်သက် အရွယ်များသို့ ပြန်ရောက်သွားသလို အားလုံး ပြန်ခံစားကြရ၏။ ကားမှ ဟိုတယ်ထဲ မရောက်သေး။ ဘာမှန်းမသိ တစ်ယောက်နှင့်တစ်ယောက် လက်ဝါးချင်း ရိုက်ကြ၏။ ဟိုတယ်ထဲသို့ ဝေါခနဲ ကားဝင်ရပ်လိုက်သော် တင်မောင် ကြိုလွှတ်ထားသော ချာတိတ်နှစ်ယောက်မှ အဆင်သင့် စောင်နေကြ၏။ အခြားသူများ မပြောနှင့်။ မေနိုးသည်ပင် ကားရပ်လိုက်ပြီသည်နှင့် တံခါးဖွင့်သင်းကာ တံခါးပင် ပြန်မပိတ်တော့ဘဲ ပင်လယ်ထဲ ဆင်းပြေးသွားကြသူများနောက် ပြေးလိုက်လေ၏။

အဝတ်လဲဖို့ ဘယ်သူမှ မစဉ်းစား။ ရေထဲ ဆင်းပြေးကြ၏။ တင်မောင်နှင့် ချိုကြီးမှ ဇော်ဝါးကို ရေထဲနှစ်ရန် ကြံကြ၏။ နဂိုကတည်းက သူတို့ထက် ရေကူးပိုကျင်လည်၍ သူတို့ထက် အတွေ့အကြုံပိုများသော ဇော်ဝါးမှာ နစ်ချင်ယောင်ဆောင်ကာ ရေငုပ်ပြီး ချိုကြီးခြေထောက်ကို ဆွဲလေ၏။ ရဲသင်ရံပါ ရောက်လာကာ ဇော်ဝါးကို ကူညီ၍ ချိုကြီးကို ပြန်နှစ်လေ၏။ တင်မောင်ကပါ ချိုကြီးကို သစ္စာဖောက်လေသော် သုံးယောက်တစ်ယောက် ဖြစ်၍ ချိုကြီး အနှစ်ခံရကာ ဝူးဝူးဝါးဝါး ဖြစ်လေ၏။ ချိုကြီး ပြန်ပေါ်လာလျှင် မျက်ရှုနှင့်မေနိုးမှာ သဲများဖြင့် ဝိုင်းပေါက်ကြ၏။ လွတ်လပ်စွာ ကလေးများ ပြန်ဖြစ်သွားကြလေပြီ။ ပင်လယ်သည် (သို့မဟုတ်) သဘာဝတရားသည် လူတို့အား အရောင် အစွန်းအထင်း မရှိသော အဖြူရောင်သတ္တဝါများအဖြစ် နဂိုအခြေအနေသို့ ပြန်ရောက်သွားစေခဲ့လေသည်။ ချောင်းသာသို့ သူတို့ ရောက်သွားကြသည်က နေ့ခင်းကြီး။ ချောမောလှပသည့် ကောင်မလေးနှစ်ယောက်နှင့် ကောင်လေး လေးယောက်တို့ ဝုန်းဒိုင်းကြဲ ရေထဲပြေးဆင်းသွားကြပြီး သောင်းကျန်းနေကြသည်ကို မြင်သူများ အံသြကြလေ၏။ ထိုအထဲတွင် ကြိုတင်ဘွတ်ကင် လုပ်ထားသော ဟိုတယ်ကြီးမှ ဝန်ထမ်းများနှင့် တင်မောင့်တပည့်လေး နှစ်ယောက်လည်း ပါ၏။ သူတို့သိထားသည်က ခပ်ငယ်ငယ် ပညာတတ်လုပ်ငန်းရှင်လေးတွေ ရောက်လာကြမည်ဟု။ အခု တွေ့ရသည်က ဆယ်တန်းအောင်ပြီးခါစ ကလေးလေးတွေလို။ သဘာဝရင်ခွင်တွင် လူသားသည် ကလေးလေးတွေမျှသာ ဖြစ်သည် ဟူသော အတွေးအခေါ်မျိုး သူတို့ မတွေးမိ။ ထိုသို့ဖြင့် ....

မေနိုးနှင့် မျက်ရှုလရောင်က တစ်ခန်း နေ၏။ ရဲသင်ရံတို့ လေးယောက်ကား တစ်ခန်းထဲတွင် လုံးထွေးနေကြ၏။ ဟိုတယ်မှာလည်း ရဲသင်ရံတို့နှင့် မကင်းရာမကင်းကြောင်း ဖြစ်လေရာ လိုတာပြည့်စုံအောင် စီစဉ်ပေးကြ၏။ အားလု့း တစ်ရေးတစ်မော အိပ်ကြပြီး ခြောက်နာရီခန့်လောက်တွင် ပြန်နိုးလာကြလေသည်။ တစ်ခန်းကို တစ်ခန်း ဖုန်းဆက်မေးကြပြီး ပင်လယ်ထဲ မဆင်းကြတော့ဘဲ ဟိုတယ်မှ ရေကူးကန်ထဲတွင်သာ ဆင်းဆော့ကြရန် ဆုံးဖြတ်ပြီး ရေကန်ဘေး ဆုံကြလေ၏။

ချိုကြီးမှာ နေ့လယ်က တစ်ခါ ပယ်ပယ်နယ်နယ် ခံထားလိုက်ရပြီး၍ ရေကူးကန်ထဲ မဆင်းတော့ဘူးဟု အကြောက်အကန် ငြင်းဆန်၏။ ဘယ်သူမှ ဘယ်လိုမှ ပြောမရ။ နောက်ဆုံး တင်မောင်မှ ချိုကြီးမဆင်းလျှင် သူလည်း မဆင်းတော့ဘဲ ကန်ဘေးတွင် ထိုင်ကာ တစ်ခါတလေအဖြစ် အပျင်းပြေ ဘီယာသောက်ကြရန် ကြံစည်ကြ၏။

ထိုသို့ဖြင့် လေးယောက်က ရေကန်ထဲ ရောက်သွားပြီး နှစ်ကောင်က ကန်ပေါင်တွင်ထိုင်ပြီး ဘီယာတစ်လုံးသာမှာကာ ဆေးသောက်သလို ရှုံမဲ့သောက်ကြရင်း အမြည်းပေါင်းများစွာ တစ်မျိုးပြီးတစ်မျိုး မှာကာ ခွစားကြလေ၏။ ဇော်ဝါးမှာ လူစုံနှင့် ပေါင်းသင်းနေသူဖြစ်၍ အနည်းငယ် သောက်တတ်သည့်အလျောက် ရေထဲဆော့လိုက် ဟိုကောင်တွေခွက်များမှ တစ်ငုံစီ ငုံကာ အမြည်းနှိုက်စားပြီး ပြန်ဆင်းဆော့လိုက် လုပ်နေ၏။ ခဏကြာသော် ရဲသင်ရံ အကြံနှင့် တစ်ဖက်ကို နှစ်ယောက်စီခွဲကာ ကန်တစ်ဖက် တစ်ချက်စီတွင် နေစေလျက် ကန်လယ်တည့်တည့်ကို တင်မောင်တို့မှ ကျောက်စရစ်ခဲလေး တစ်ခဲ ပစ်ချပေးစေပြီး ရေပြိုင်ငုပ်၍ ရှာကြရန် လုပ်ကြလေ၏။ ရဲသင်ရံနှင့် ဇော်ဝါးမှာ မတိမ်းမယိမ်း ဖြစ်သော်လည်း မေနိုးမှာ မျက်ရှုထက် ရေငုပ်ပိုကျင်လည်လေရာ နှစ်ပွဲမျှ ကစားပြီးသော် ရဲသင်ရံတို့ချည်း ရှုံး၍နေ၏။ ထိုသို့ဖြင့် တတိယပွဲ စ၏။ ရဲသင်ရံတို့က ကန်၏ ရေနက်သည့်ဘက်ခြမ်းတွင် ကျလေသည်။ တင်မောင်မှ ကျောက်ခဲချပေးလိုက်ရာ အလုအယက် ငုပ်လိုက် အသက်တက်ရှုလိုက်နှင့် ရှိကြလေ၏။ ထိုစဉ် မျက်ရှုစိတ်ထဲ တစ်မျိုး ဖြစ်လာ၏။ သူတို့လေးယောက် ကစားနေကြသည်ကို တစ်စုံတစ်ယောက်သည် တစ်နေရာရာမှ ကြည့်နေ သလိုလို ထင်လာ၏။ ထိုအထင်မှာ တဖြည်းဖြည်း သေချာလာလေသည်။ ရေပေါ်ပြန်တက်ကာ ရေကူးကန် ပတ်ပတ်လည်ကို ကြည့်၏။ တင်မောင်နှင့် ချိုကြီးမှလွဲ၍ ဘယ်သူမှမရှိ။ ရေကူးကန်ထဲတွင်လည်း သူတို့ လေးယောက်သာ ရှိ၏။ မျက်ရှု ဇဝေဇဝါ ဖြစ်သွား၏။ သူ ခံစားနေရသည်ကတော့ သေချာလွန်းနေသည်။ သေချာပေါက် တစ်စုံတစ်ယောက် ရှိနေသည်။ သူတို့ကို ကြည့်နေသည်။

ဒါဆိုရင် ....

မျက်ရှု ရေအောက်သို့ ငုပ်ဆင်းလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင် ရံသင်ရံတို့ သုံးယောက်လုံး အသက်တက်ရှုနေချိန်ဖြစ်၍ ရေအောက်မှ သူတို့ခြေထောက်တွေသာ မြင်နေရ၏။ မျက်ရှု ကန်အောက်ခြေ ကြမ်းနားအထိ ထပ်ငုပ်ကာ ရေအောက်တွင် လှည့်ပတ်ကြည့်မိ၏။ ရေကန်အောက်တွင် မီးလုံးများ ထွန်းထားသဖြင့် ကောင်းကောင်း မြင်နေရ၏။ သို့သော် ရေကူးကန်၏ ရေနက်ပိုင်း ထောင့်တစ်ခုတွင်ရှိသော မီးလုံးတစ်လုံးမှာ မီးလုံး အားနည်းနေသလိုလို တစ်စုံတစ်ရာနှင့် ကွယ်နေသလိုလို ဖြစ်နေကြောင်း မျက်ရှု သတိထားမိလိုက်သဖြင့် ထိုနေရာသို့ ငုပ်ရင်း ကူးသွားလိုက်၏။ သွားနေရင်းမှ စိတ်ထဲမှ ခံစားမှုသည် ပို၍ သေချာလာသလို ကျောရိုးထဲစိမ့်ခနဲ ဖြစ်သွားကာ မျက်ရှု ရေအောက်တွင် ကြက်သီးထသွား၏။ ထိုနေရာနှင့် တဖြည်းဖြည်း နီးလာပြီ။

"ဟင်"

အသွင်သဏ္ဌာန်တစ်ခု။ မျက်ရှုမှာ ထိုသဏ္ဌာန်ကိုသာ မျက်ခြေမပြတ် စိုက်ကြည့်နေမိတော့၏။ ကြောက်ရွံ့ခြင်း မဖြစ်သလို စိတ်ထဲတွင် ဘာမှ မခံစားရတော့။ ဘာခံစားချက်မှ မရှိတော့။ အရာအားလုံး ဟာလာဟင်းလင်း။ မျက်ရှု အဆုတ်ထဲမှ လေကျန်များ တဖြည်းဖြည်း ထွက်၍သွားနေသည်ကိုပင် သတိမရတော့။

ပြန်ငုပ်လာကြသော သုံးယောက်အနက်မှ မျက်ရှုကို ဇော်ဝါးက ဦးစွာဖြင်၍ ရဲသင်ရံကို လက်ညှိုးထိုးပြလေရာ သုံးယောက်လုံး မြင်သွားကြလေသည်။ သုံးယောက်လုံး ထိတ်လန့်သွားကြလေ၏။ သူတို့ မြင်ရသည်ကား ....

သူတို့ကို ကျောပေးလျက် ရေကန်ထောင့်တစ်နေရာတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ လက်နှစ်ဖက်ဘေးချ၍ ရေအောက်ကြမ်းပြင်ပေါ်တွင် မတ်တတ်ကလေးရပ်ကာ ငြိမ်သက်စွာ တစ်နေရာကို စိုက်ကြည့်နေသော မျက်ရှုလရောင်။ ဆံနွယ်များက ရေအောက်တွင် ပျံဝဲလျက်။ နှာခေါင်းမှ လေပလုံစီလေးများ တက်လျက်။

ပထမဆုံး သတိဝင်လာသူမှာ ရဲသင်ရံ။ ငါးတစ်ကောင်လို မျက်ရှုလရောင် ရှိရာသို့ လျှောခနဲ ရောက်သွား၏။ ချက်ချင်း ကပ်လိုက်လာသူက ရေသူမလေးတစ်ယောက်လို ကျင်လည်လှသည့် မေနိုး။ ဇော်ဝါးမှာ တွေဝေ အံ့သြနေ၍ နောက်ကျလေ၏။ အရာအားလုံး လျင်မြန်စွာ ဖြစ်ပျက်သွားလေသည်။

ရဲသင်ရံမှ မျက်ရှုလက်မောင်း တစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ ရေပေါ်ကူး၍ တက်လိုက်ချိန်မှာပင် မေနိုးမှာ ရေအောက်ကြမ်းပြင်နားထိ ကပ်ငုပ်သွားပြီး မျက်ရှုပေါင်နှစ်ဖက်ကို မြဲမြံစွာ ဖက်လိုက်ကာ ကြမ်းပြင်ကို စုံကန်၍ ကြမ်းကန်အားနှင့်အတူတူ သူပါ လျှောခနဲ တက်လိုက်သွား၏။ နောက်ဆုံးရောက်လာသော ဇော်ဝါးက မေနိုး ခြေဖဝါးနှစ်ဖက်ကို ထပ်၍ အားနှင့် ပင့်တင်ပေးလိုက်လေသည်။

ရေမျက်နှာပြင်ပေါ်သို့ သုံးယောက်လုံး ဘွားခနဲ ပေါ်လာကြ၏။ ထိုအချိန်တွင် မျက်ရှုလရောင်မှာ သတိဝင်လာနေပြီဖြစ်၍ အနီးဆုံး ကန်ပေါင်ဘက်သို့ ခတ်သွားကာ ကန်ပေါင်ကို တွယ်ထားလိုက်လေသည်။ ဇော်ဝါးမှာ မျက်ရှုဘေးမှ ချက်ချင်း ဘွားခနဲ ပေါ်လာ၏။ ရေအောက်မှ ကပ်လိုက် လာသည်ကိုး။ ရဲသင်ရံနှင့် မေနိုး ရောက်လာချိန်တွင်တော့ လေးယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြ၍ တိုင်ပင်ထားကြသည့်အလား ကန်ပေါင်ပေါ်သို့ ပြိုင်တူတက်လိုက်ကြကာ အခန်းများရှိရာသို့ ပြန်သွားကြလေတော့၏။ ဤသည်ကို ကန်ပေါင်တစ်ဖက်တွင် ငြင်းခုံစကားများနေကြသော တင်မောင်တို့နှစ်ယောက်ပင် မသိလိုက်။

ထိုသို့ဖြင် ....


ညကိုးနာရီခန့် ရှိပြီ။ ကမ်းခြေတွင် ဘယ်သူမှ သိပ်မရှိတော့။ သူတို့ ခြောက်ယောက်မှာ တင်မောင့် တပည့်လေးနှစ်ဦး ဖိုပေးထားသော မီးပုံကိုဝိုင်းကာ သဲပေါ်တွင်ပင် ခြေပစ်လက်ပစ် ထိုင်နေကြသည်။ အားလုံး အတွေးကိုယ်စီနှင့် မီးပုံကိုသာ စိုက်ကြည့်နေကြ၏။ ပင်လယ်ဘက်မှ လေတဟူးဟူး တိုက်ခတ်နေလေသည်။ လှိုင်းသံများက တဝုန်းဝုန်းနှင့်။ ဇော်ဝါးမှ သစ်ကိုင်းခြောက်လေးတစ်ခုကို မီးပုံထဲ ပစ်ထည့်လိုက်ရင်းမှ

"ငါတော့ တော်တော့်ကို အံ့သြနေတာ၊ လူတစ်ယောက်ဟာ ရေအောက်မှ အဲလိုပုံစံနဲ့ နေလို့ကိုမရဘူး ထင်တယ်၊ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးဘူး၊ မင်းတို့ သိပါတယ်၊ ရွယ်တူချင်းအတူတူ ငါက မင်းတို့ထက် နေရာစုံမှာ လူစုံ ပိုပေါင်းလာတာ၊ ရေကျွမ်းတဲ့လူတွေ အများကြီး ငါတွေ့ဖူးတယ်၊ ဒါပေမဲ့ ရေအောက်မှာ အဲလိုနေပြနိုင်တဲ့လူ တစ်ခါမှ မမြင်ဖူးဘူး၊ အဲဒါကြောင့် ငါ ကြောင်နေပြီး နည်းနည်း နောက်ကျသွားတာ၊ တည့်တည့်မတ်မတ်ကြီးကွာ ငါ့နှယ်"

"ကိုဇော်ဝါးကလည်း ကိုဇော်ဝါး မမြင်လိုက်လို့၊ မေနိုးက ကိုကို့ကို အံ့သြသွားတာ၊ မမကိုလည်း မြင်ရော သူ့ကိုယ်သူ ဘယ်လိုလုပ်လိုက်လဲ မသိဘူး၊ လက်နှစ်ချောင်းကို ပေါင်မှာကပ် ခြေထောက်နှစ်ချောင်း စိပြီး တစ်ချက်သာသာလေးပဲ တွန်းလိုက်ရုံနဲ့ လျှောခနဲ မမဆီ ချက်ချင်းထွက်သွားတာ အရမ်းမြန်တာပဲ၊ အမှန်မှာ ကိုကိုတို့ နှစ်ယောက်လုံးက နောက်ကျရမှာ၊ မေနိုးက မမကို မြင်လိုက်တာနဲ့ တစ်ခုခုပဲဆိုတာ ချက်ချင်းသိပြီး ချက်ချင်း စကူးနေပြီ၊ ကိုကိုတို့က ကြောင်နေသေးတာ၊ ဒါပေမဲ့ မမဆီကျ ကိုကိုက အရင်ရောက်သွားတယ်၊ လျှောခနဲပဲ"

"အဲဒါ ငါးရှဥ့်ကူးဖြစ်မှာပေါ့"

"ချိုကြီး ... အကောင်းပြေနေတာကို မင်းက တစ်မျိုး"

"ငါ အကောင်းပြောနေတာဟ၊ မင်းက ငါတို့ထဲမှာ ရေအကျွမ်းဆုံးပါ တင်မောင်ရာ၊ တပ်ထဲမှာတောင် လူကယ်တဲ့နည်းတွေဘာတွေ သွားသင်ထားတဲ့ကောင် မဟုတ်လား၊ ငါးရှဥ့်ကူးလည်း ရှိချင်ရှိမှာပေါ့"

"ကြံကြံဖန်ဖန်ဟယ် ချိုကြီးရယ်"

လက်မောင်းလေးတစ်ဖက်ကို ပွတ်ရင်း မျက်ရှုက ဝင်ပြော၏။ ရဲသင်မှ မျက်ရှုကို လှမ်းကြည့်ရင်း

"နင့်လက်က တော်တော် နာနေလား"

"နာတာပေါ့ဟဲ၊ နင့်အားကြီးနဲ့ အတင်းညှစ်ပြီး ဆောင့်ဆွဲခေါ်သွားတာကို"

ဇော်ဝါးမှ ဝင်ပြော၏။

"နေပါဦးကွ မေနိုးပြောတာ ဟုတ်တယ်၊ ငါတို့ရှိနေတဲ့ နေရာနဲ့ မျက်ရှုရှိနေတဲ့နေရာ ပြောမယ်ဆို ကန်သုံးပုံတစ်ပုံ နီးပါးလောက်တောင် ရှိချင်ရှိမှာ၊ မင်းက ရွှတ်ခနဲ ချက်ချင်းရောက်သွားတာ ဘယ်လိုဖြစ်တာလဲ ရဲသင်"

"ငါလည်း မသိဘူးလေ၊ ကိုယ်ထဲက တစ်ခုခု ဆောင့်တွန်းလိုက်သလိုမျိုးပဲ"

ချိုကြီးမှ မျက်ရှုကို လှမ်းမေး၏။

"နင် လုံးလုံး ရေမမွမ်းဘူးလား"

"မမွမ်းဘူးဟ၊ ဘာမှကို မဖြစ်တာ၊ အဲဒီတုန်းက ငါ ခံစားရတာက ဟာလာဟင်းလင်းကြီးဟ၊ အေးချမ်းနေတာ"

"တော်တော် ထူးဆန်းတယ်၊ နင် ဘယ်တော့မှ ပြန်သိလဲ"

"ပုဏ္ဏား ငါ့လက်မောင်း လာကိုင်တာနဲ့ ငါ ပြန်သိတာ"

မေနိုးမှ ဝင်ပြော၏။

"ကိုဇော်ဝါးကြီးက အကျင့်ကိုမကောင်းဘူး၊ မေနိုးကို တွန်းတင်တုန်းက ခြေဖဝါးကို ကလိထိုးလွှတ်လိုက်သေးတယ်"

"ဘုရားစူးရစေရဲ့ လက်မနဲ့ မတော်တဆ ကုတ်မိတာပါဆို နင်ကလည်း ဒါပဲပြဿနာရှာနေ"

"မင်းတို့ ပြန်ပြောပုံအရဆို တော်တော် သေသေသပ်သပ်နဲ့ စနစ်တကျ ရှိမှာကွ၊ ငါ မမြင်လိုက်ရတာ နာတာပဲ"

"လုပ်မနေနဲ့ တင်မောင်၊ မင်း ရှိနေလည်း အံ့သြလွန်းလို့ ငါ့လိုကြောင်ပြီး ကျန်ခဲ့မှာပဲ၊ နေစမ်းပါဦး မေနိုး ... ညည်း ငါ အခုမှ သတိရတယ်၊ ညည်း ကြမ်းအထိ ငုပ်ဆင်းသွားပြီး မျက်ရှုခြေထောက်ကို ဖက်ပြီး ကန်တက်သွားတာ တော်တော် ကြည့်လို့ ကောင်းတယ်၊ ညည်း ဘယ်လိုလုပ် စိတ်ကူးရလဲ"

"ကိုဇော်ဝါးကလည်း ... မေနိုးတို့ကျောင်းမှာ ရေပေါ်ပန်းဖွားကတဲ့ training ရှိတယ်လေ၊ ဒီလိုပဲ တစ်ယောက်ကိုတစ်ယောက် မြှောက် မြှောက်တင် တင်ပေးနေရတာ အကျင့်တောင်ပါလို့ ရိုးနေပြီ၊ လူညီလို့ သုံးလေးယောက် ဆင့်လိုက်ရင် ရေပေါ်လွတ်ပြီး အမြင့်ကြီးတောင် ပစ်ပေးနိုင်သေးတယ်"

"ဘာလို့ ခြေကျင်းဝတ်တို့ ခြေသလုံးတိုပက မဖက်ဘဲ ပေါင်ကဖက်ပြီး ကန်တက်တာလဲ"

"ခြေသလုံးကဖက်ပြီး ကန်ပေးရင် ဒူးခေါင်းနှစ်ဖက်ကို စိတ်မချရဘူးလေ အစ်ကိုရဲ့၊ ရေထဲမှာက ဒူးတွေ ရေဖိအားနဲ့ ကွေးသွားတတ်တယ်၊ ကွေးသွားရင် တွန်းတင်တဲ့အရှိန် လျော့သွားရော၊ မြန်မြန်ထိုးတက်မသွားတော့ဘူးလေ၊ ခြေကျင်းဝတ်ဆို ပိုဆိုးတာပေါ့၊ ခါးကတော့ သေချာတယ်လေ၊ အဲဒါကြောင့် ပေါင်ကဖက်ပြီး ကန်တက်တာ"

"ညည်းကတော့ အတတ်ကို စုံပါတယ်ဟာ"

မျက်ရှုမှ ဝင်ပြော၏။

"ဘာပဲဖြစ်ဖြစ်ဟာ ငါကတော့ နင်တို့အားလုံးကို အရမ်း ကျေးဇူးတင်ပါတယ်၊ နင်တို့နဲ့ နေ နေရရင် ငါ ငါ့မိသားစုနဲ့ နေ နေရသလို အရမ်း လုံခြုံတယ်လို့ ခံစားရတယ်"

တင်မောင်မှ ဝင်ပြော၏။

"ငါတို့က နင့်မိသားစုပဲလေဟာ၊ ငါက အဘိုး၊ ဟိုကောင် ရဲသင်ရံနဲ့ ဇော်ဝါးက ငါ့သားတွေ၊ နင်က ဇော်ဝါးသမီး၊ မေနိုးက ရဲသင်သမီး"

"ဒါဆို ချိုကြီးကရော"

"ချိုကြီးက ငါ့မြစ်လုပ်ရင်လုပ်၊ မလုပ်ရင် ငါ့မိန်းမ အဘွားကြီးကွာ၊ အငြင်းသန်တဲ့ ပစိပစပ်များတဲ့ စပ်စုတဲ့ အဘွားကြီး၊ အဘွားကြီးမှ အခြောက်အဘွားကြီး"

"မိုက်ရိုင်းလှချည်လား"

ဝါးခနဲ ရယ်ဖြစ်ကြလေ၏။ ရယ်နေကြရင်းမှ မေနိုးက ရုတ်တရက် သတိရကာ

"နေဦး နေဦး တစ်ခုမေ့နေတယ်၊ မမက မယ်မယ်ရရ မမြင်ရဘူးဆိုပေမဲ့ မမ မြင်ရတာတော့ အခုပြောပြ၊ ထမင်းစားတုန်း မေးတုန်းက ညမှ အေးအေးဆေးဆေး သေချာပြောပြမယ်ဆို"

"ဟ အေး ဟုတ်တယ်"

"အေး အေး မျက်ရှု လုပ်စမ်းပါဦး၊ နင် ဘာတွေကြည့်နေတာလဲ"

မျက်ရှုမှ

"ဒီလိုဟ"

ကစားနေကြရာမှ သူ စခံစားလာရပုံမှစ၍ သဏ္ဌာန်တစ်ခုနား ရောက်သွားသည်အထိ အသေးစိတ် ပြောပြလေ၏။ အားလုံး စိတ်ဝင်တစား နားထောင်ကြလေ၏။ ဝိုင်း၍လည်း စကားထောက်ပေးကြ၏။

"အနားရောက်တော့"

"အနားရောက်တော့ ငါ မြင်ရတာက ပြတင်းပေါက်လေးတစ်ခုလိုလို၊ ဘာလိုလိုဟ၊ သိပ်မသဲကွဲဘူး၊ ပြတင်းပေါက်မှာ Dream Catcher လေးလိုလို ဘာလိုလိုလေး လှုပ်နေတဲ့ ဝိုးတိုးဝါးတားဟာလေး တစ်ခုလည်းရှိတယ် ထင်တယ်ဟ"

"ဟင် ... နောက် နောက်တော့ရော မမ"

"နောက်တော့ မြင်ရသလိုလိုရှိတာက မမက ပြတင်းပေါက် အထဲကနေ အပြင်ကို မြင်ရသလိုမျိုး မဟုတ်ဘူး မေနိုးရဲ့၊ ပြတင်းပေါက် အပြင်ကနေ အိမ်ထဲကို မြင်ရသလိုမျိုး၊ ချာတိတ်လေးတစ်ယောက်လိုလို မေနိုးရဲ့၊ မျက်နှာလေးတော့ မသဲကွဲဘူး၊ မျက်လုံးနဲ့ ဆံပင်လေးတော့ သဲကွဲတယ်၊ ဆံပင်နက်နက် အုပ်အုပ်စင်းစင်းလေးတွေနဲ့ မျက်လုံးညိုညိုလေးတွေ မမကို ကြည့်နေသလို၊ သူက ပြတင်းပေါက်လေးကနေပြီး မေးလေးနှစ်ဖက်ထောက်ပြီး ငေးနေသလိုလို"

"ဘုရားရေ ..."

"ဘာလို့ အဲလောက်လန့်နေတာလဲ မေနိုးရဲ့၊ မမ မှတ်မိသလောက် သူ ဝတ်ထားတဲ့ ဆွယ်တာလေးက ..."

"အပြာရင့်ရောင် သိုးမွေးလက်ရှည်လေး၊ လည်ပင်းကို ခေါက်ထားတဲ့ turtle neck လေး မဟုတ်လား၊ မျက်နှာလေးက ပြုံးပြီး ကဗျာတွေ ရွတ်နေတာလေ၊ တစ်ခါတစ်ခါ မမီမကမ်းလေးနဲ့ ပြတင်းပေါက်အပေါ်မှာ ချိတ်ထားတဲ့ Dream Catcher လေးကို လှမ်းလှမ်းပုတ်ပြီး ဆော့သေးတယ်"

"ဟင် မေနိုး .... ဘယ်လိုလုပ်သိလဲ"

နှစ်ယောက်လုံး ထိတ်လန့်စွာ မတ်တတ်ထရပ်လိုက်ကြသဖြင့် အားလုံး ပြူးတူးပြဲတဲ ထရပ်ကြလေသည်။

"ဘာ ဘာတွေလဲ"

မျက်ရှုနှင့်မေနိုးမှာ အံ့သြလွန်းစွာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေ၏။

"ဘယ်လိုလုပ်သိလဲ မေနိုး၊ ဟင် ... ဘယ်လိုလုပ်သိလဲဟင်၊ မမထက်ပိုအသေးစိတ် ဘာလို့ သိနေတာလဲ"

မေနိုး ပြန်မဖြေ။ ရဲသင်ရံဘက်ကိုသာ လှည့်၍

"ကိုကို"

ရဲသင်ရံမှ မေနိုးကို စူးစိုက်စွာ တစ်ချက်ကြည့်ပြီး မျက်ရှုဘက် လှည့်ကာ

"မျက်ရှု ... အဲဒါ နာနားပဲ၊ အဲဒါ မေနိုးမောင်လေးပဲ၊ မေနိုး ပြောပြဖူးလို့ သူ အဲဒီ ပြတင်းပေါက်လေးမှာ ထိုင်နေတတ်တာရယ်၊ ဆွယ်တာလေးက သူ သိပ်ကြိုက်တဲ့ ဆွယ်တာလေးဆိုတာရယ်"

"Dream Catcher လေးက ချာတိတ် subject တစ်ခုမှာ A+ ရတုန်းက မေနိုး ဝယ်ပြီး ချိတ်ပေးထားတာဆိုတာရယ်"

အားလုံး ဇော်ဝါးကို လှည့်ကြည့်မိကြ၏။ အံ့အားသင့်လွန်းစွာ။ မေနိုးမှာ အံ့သြလွန်းသဖြင့် ဘာသံမှမထွက်တော့။ မျက်ရှုမှာလည်း

"ဇော်ဝါး ... နင် ... "

ဇော်ဝါး သက်ပြင်းတစ်ခုကို မှုတ်ထုတ်ကာ ခြေပစ်လက်ပစ် ပြန်ထိုင်ချလိုက်ရင်း

"ရဲသင် ရန်ကုန်ပြန်ရောက်ရင်တော့ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး တစ်ခုခု သေချာစီစဉ်မှ ဖြစ်တော့မယ် ထင်တယ်"

အားလုံး ငြိမ်သက်စွာ ပြန်ထိုင်ကြ၍ အတွေးကိုယ်စီနှင့် တိတ်ဆိတ်သွားကြလေတော့၏။ အတော်ကြီးကြာမှ ချိုကြီးက ဘယ်သူ့ကိုမှ မကြည့်ဘဲ မီးစွယ်ကျိုးစဖြစ်နေပြီ ဖြစ်သော မီးပုံကိုကြည့်ရင်း

"ဘာပဲဖြစ်ဖြစ် နောက်နေ့တွေမှာတော့ ငါတို့ ရေဆော့ရင်း အားလုံး တူတူဆော့မယ်၊ ငါတို့ကို တင်မောင့်ချာတိတ်နှစ်ယောက်ကို အမြဲ စောင့်ကြည့်ခိုင်းထားရမယ်၊ အမြဲတမ်း တစ်ယောက်ကို တစ်ယောက် သတိထားနေရမယ်၊ တစ်ယောက်ထဲ ဖောက်ပြီး ဘာမှ လုပ်ခွင့်သွားခွင့် မရှိဘူး၊ နင်တို့ မိန်းကလေးနှစ်ယောက်အခန်းကို ငါ သတိရတိုင်း ဖုန်းဆက်ပြီး check လုပ်မယ်၊ အချိန် တော်တော်များများတော့ အားလုံးတူတူ ရှိနေအောင် ကြိုးစားပြီး တတ်နိုင်သလောက် ခရီးထွက်လာတုန်းလေး ပျော်ပျော်နေကြမယ်၊ အဲဒါ အခု ငါ ထုတ်လိုက်တဲ့ စည်းကမ်းပဲ၊ ငါတို့က တခြားလူတွေလို မဟုတ်ဘူး၊ စည်းကမ်းဖောက်ဖျက်ရင် ဘာတွေမှန်း မသိတာတွေ လျှောက်ဖြစ်ကုန်လိမ့်မယ်၊ ငါ ပြောတာ ဘယ်လိုသဘောရလဲ"

အားလုံး ချိုကြီးကို ကြည့်မိကြ၏။ ချိုကြီးကတော့ ဘယ်သူ့ကိုမှ မကြည့်။ စေ့စေ့ပိတ်ထားသော နှုတ်ခမ်းများနှင့် စူးစူးစိုက်စိုက် ကြည့်နေလေသည်။ ပြီးမှ တဖြည်းဖြည်း မော့လာကာ လူတိုင်းကို သေချာကြည့်ရင်း

"ဘာတွေဖြစ်နေတယ်ဆိုတာ ငါ မသိဘူး၊ ငါ သိတာက အခု ဒီမှာ ရှိနေတဲ့ ငါတို့အားလုံး တတ်နိုင်သလောက် ဘာမှ တစ်စုံတစ်ရာ ထိခိုက်မှု မဖြစ်အောင် ငါ တတ်နိုင်သလောက် ကာကွယ်သွားမယ် ဒါပဲ"

အားလုံး မျက်နှာအရောင်များ ပြောင်းသွားကြ၏။ ကပ်၍ထိုင်နေသော ရဲသင်ရံမှ ချိုကြီးပခုံးကို လေးလေးစားစားပုတ်၍

"မင်း တော်တယ် ချိုကြီး၊ အဲဒါ မင်းအစစ်ပဲ၊ မင်းကို သူငယ်ချင်းတော်ရတာ ငါ ဝမ်းသာပါတယ်၊ မင်း စည်းကမ်းတွေကို ငါတို့ တသွေမတိမ်း လိုက်နာမှာပါ၊ စိတ်ချပါ၊ မင်းဘယ်လောက် ငါတို့ကို ချစ်တယ်ဆိုတာ ငါတို့ သိပါတယ်"

ဇော်ဝါးမှ

"သိပ်ကောင်းတယ် ချိုကြီး၊ မင်းပြောတာ ဟုတ်တယ်၊ ငါတို့ နေသင့်တဲ့ အရပ်မှာနေပြီး လုပ်သင့်တာကို စနစ်တကျ လုပ်ကြတာပေါ့ကွာ"

ငြိမ်သွားကြပြန်၏။ ရုတ်တရက် တင်မောင်မှ ထ၍

"ဒီလိုကျပြန်တော့လည်း ငါ့မိန်းမ အခြောက်အဘွားကြီးက သတ္တိတွေရှိနေပြန်ရော၊ တော်နေပြန်ရောဟ"

"ခွေးမသားက တစ်မျိုး"

တင်မောင်မှာ ပြောပြီးသည်နှင့် သောင်ပြင်တစ်လျှောက် ထပြေးလေရာ ချိုကြီးထလိုက်သဖြင့် အားလုံး ပြေးကြလွှားကြ ဖြစ်ကြရင်း ဆူညံနေကြပြန်လေတော့၏။

ပြဿနာကို ပျော်ရွှင်စွာ တည့်တည့် ရင်ဆိုင်ဖြေရှင်းတတ်ကြခြင်းသည် လူငယ်များ၏ ထက်မြက်သော အလေ့အထတစ်ခုပေပဲလား။ ပင်လယ်ကြီးကတော့ လှိုင်းများ တဝုန်းဝုန်းနှင့် အားပေးနေသယောင်။

ထိုသို့ဖြင့် ....


နောက်ရက်များတွင်တော့ ထူးခြားမှုမရှိ။ ပျော်၍သာ နေကြလေသည်။ ချိုကြီးစည်းကမ်းအတိုင်း နေကြ၏။ အန္တရယ် တစ်စုံတစ်ရာ မတွေ့ကြ။ တင်မောင်မှာ banana boat ကြီး ယူလာသော်ငြား ဆွဲပေးမည့် မော်တော်မရှိသဖြင့် ဘာမှလုပ်မရ ဖြစ်လေ၏။ သို့သော် ဘယ်သူကမှ အပြစ်မပြောကြ။ ဘဝတွင် ခဏတာ ရရှိတာ အချိန်လေးများကို စိတ်ချမ်းသာစွာ ဖြတ်သန်းသွားကြရန် သူတို့ ဆုံးဖြတ်ထားခဲ့ကြပြီ ဖြစ်လေသည်။
ကုန်းမြေနှင့် ရေပြင်၏ အစပ်တွင် သူတို့ ပျော်ရွှင်နေကြလေသည်။

တစ်နည်းအားဖြင့် ကုန်းနှင့်ရေ၏ အစပ်တွင် သူတို့ ပျော်ရွှင်နေခဲ့ကြပါသည်။

တစ်နည်းအားဖြင့် နယ်နိမိတ်နှစ်ခု၏ အစပ်တွင် သူတို့ ပျော်ရွှင်နေခဲ့ဖူးကြပါသည်။


ထိုသို့ဖြင့် ...

သူတို့တွင် မျှော်လင့်ခြင်းများ ရှိနေခဲ့ကြလေသည်။

ထိုသို့ဖြင့် ...

သူတို့တွင် အချင်းချင်း စိတ်ချယုံကြည်မှုများ ရှိခဲ့ကြ၏။

ထိုသို့ဖြင့် ...

သူတို့တွင် မသိနားမလည်ခြင်းများ ရှိခဲ့ကြ၏။

ထိုသို့ဖြင့် ...

ပြင်ဆင်ထားခဲ့ပြီးလေသော စိတ်ဓါတ်များလည်း ရှိနှင့်ခဲ့ကြ၏။

ထိုသို့ဖြင့် ...


ဘယ်အညှိုးတွေကြောင့်

မိုးတွေ ခေါင်နေခဲ့တာလဲ

ဒီနေရာဟာ

ကမ္ဘာမြေရဲ့ အဖွင့်အပိတ် မြက်ခင်း

ရှင်းရှင်းလင်းလင်း

ထင်းထင်းမြင်သာ

လာ

ဒီနေရာမှာ

မြေပြင်အမြင့် ခြောက်လက်မနေရာကတောင်

မိုးတွေရွာချချင် ရွာချခွင့်ရှိတယ်




"ဟိုကောင်တွေနဲ့ တွေ့သေးလား တင်မောင်"

"မတွေ့ဘူး၊ ပြန်ရောက်ပြီးကတည်းက အရင်ဆုံးပြန်တွေ့တာ မင်းပဲ အခြောက်မကြီးရဲ့၊ ဖုန်းတော့ ရတယ်"

"ဟေ့ကောင် စကားကို ကောင်းကောင်း ပြောစမ်း၊ ငါက စိတ်ပူလို့ မေးတာ၊ မဟုတ်မဟတ်တွေ ထပ်ဖြစ်မှာ စိုးလို့"

"မင်း ဖုန်းတွေရနေတာပဲ မဟုတ်လား"

"အေး"

"ဒါဆိုလည်း ပြီးတာပဲလေကွာ၊ ပြော မင်းကား ဘာလုပ်မှာလဲ"

"ရေးဆေးမယ်၊ အောက်ပိုင်းဆီဖြန်းမယ်၊ အလိုင်းမင်းချိန်မယ်၊ အောက်ပိုင်းစစ်မယ်"

"အနည်းဆုံး ငါးသောင်းပဲ ဟေ့ကောင်"

"တင်မောင် မင်း အချင်းချင်းတောင် လောဘကြီးလှချည်လား"

"ငါ လောဘကြီးတာ မဟုတ်ဘူး၊ မင်းကိုယ်ကြီးနဲ့ မညှာမတာ တက်ထိုက်ပြီး ကျွဲခိုင်းနွားခိုင်း ခိုင်းထားတဲ့ မင်းကားက မစ္စည်းဖိုးတင် အဲလောက်ကျမှာ၊ ငါ မြင်ရုံနဲ့ သိတယ်"

"အောင်မာ"



"ပန်းတစ်စည်းလောက် ခင်ဗျာ"

"ဟုတ် ဘယ်ထဲက ... ဟဲ့ အံမာ ဇော်ဝါး သရဲလာခြောက်တာလား"

"ဟဲ ဟဲ မဟုတ်ဘူးဟ"

"ဘာလဲ ငါ့ကို မုန့်လာဝယ်ကျွေးတာလား"

"ကျွေးဆိုလည်း ကျွေးရတာပေါ့ဟာ၊ မျက်ရှု ငါ နင့်ကို စကားပြောစရာ ရှိလို့ဟ"

"အမယ် ထူးထူးဆန်းဆန်း ဘာလဲ ဇော်ဝါး နင် ငါ့ကို ရည်းစားစကား လာပြောတာလား ဟား ဟား"

"ငါကတော့ နင့်ကို တစ်သက်လုံး ရည်းစားစကား ပြောမှာ မဟုတ်ဘူး၊ တခြားတစ်ယောက် ပြောလိမ့်မယ်၊ ငါ ပြောချင်တာက နင်တို့ဖြစ်ဖြစ်နေတဲ့ ကိစ္စနဲ့ ဆိုင်လို့"

"ဟင်"

"အေး၊ ငါ ဟိုကောင်တွေကိုတော့ ပြောသင့်သလောက် ပြောပြပြီးပြီ၊ ဒီလိုဟ ငါ့မှာ ဆရာမတစ်ယောက် ရှိတယ်ဟ၊ သူက နင်တို့ ကိစ္စတွေကို ဖြေရှင်းကောင်း ဖြေရှင်းပေးနိုင်လိမ့်မယ်၊ အဲဒါဟာ သူက ...."

"နေ ... နေဦး ဇော်ဝါး"

"ဘာလဲဟ"

"ငါတို့ အေးအေးဆေးဆေး တစ်နေရာရာ သွားပြောကြရင် ကောင်းမယ် ထင်တယ်"

"ပိုကောင်းတာပေါ့ သူငယ်ချင်း"


No comments:

Post a Comment