အခြားဆိုဒ်များမှ ကောင်းနိုးရာရာလေးများကို မိတ်ဆွေသူငယ်ချင်းများအား ပြန်လည်မျှဝေပေးချင်းဖြစ်ပါတယ် လာလည်သွားသော သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါသည်။
Tuesday, 30 June 2015
NLD ဟာကုလားကို အားပေးထောက်ခံတဲ့ ပါတီ၊ ဒေါ်စုကိုထောက်ခံရင် ကုလားနိုင်ငံဖြစ်နိုင်ပါသလား ဆိုတဲ့ တိကျတဲ့အဖြေ
NLD ဟာကုလားကို အားပေးထောက်ခံတဲ့
ပါတီ၊ ဒေါ်စုကိုထောက်ခံရင် ကုလားနိုင်ငံဖြစ်
မယ် ဆိုတာတွေ အပေါ် အရှင်ဘုရားဘယ်လို
မြင်ပါသလဲဘုရား တဲ့။
အင်း မေးတော့လည်းဖြေရတော့မှာပဲ။ဒါပေ
မဲ့ကြိုပြီးတော့ ပြောထားမယ်နော်။သေသေချာချာ
စိစစ်ပြီးမှ လက်ခံ မခံဆုံးဖြတ်ပါ။ဒေါသတော့မပါ
နဲ့ ဒကာကြီး။
ခေါင်းဆောင်နှစ်မျိုးရှိတယ် ဒကာကြီးရဲ့။
ကိုယ်ဘယ်လောက်ပဲဆင်းရဲဆင်းရဲ
ကိုယ်ရဲ့လက်အောက်ငယ်သားနဲ့ တိုင်းသူပြည်
သားတွေ ဆင်းရဲဒုက္ခ ကင်းပါစေ၊ ကင်းရမယ်
ဆိုတဲ့ စိတ်ဓာတ်မျိုးရှိတဲ့ခေါင်းဆောင်။
မိမိနဲ့လက်တစ်ဆုပ်စာ လူတစ်စုရဲ့
အကျိုးကိုပဲပဓာနထားပြီးတော့လက်အောက်ငယ်
သားနဲ့တိုင်းသူပြည်သားတွေရဲ့အကျိုးကိုအဓိက
မထားတဲ့ ခေါင်းဆောင်ပေါ့။
တိုင်းပြည်တစ်ပြည်ရဲ့ခေါင်းဆောင်ကောင်း
ဆိုတာ ဘာသာရေးခေါင်းဆောင်ကောင်းနဲ့မတူ
ဘူးဒကာကြီးရဲ့။
ဘာသာရေးခေါင်းဆောင်ဆိုတာ ကိုယ့်ဘာသာကိုပဲဦးဆောင်ရတာ နယ်ပယ်
ကျဉ်းတယ်။
နိုင်ငံ့ခေါင်းဆောင်ဆိုတာတရားဝင်နေထိုင်
ကြတဲ့ ဘာသာမတူ လူမျိုးမတူတဲ့ နိုင်ငံသား
အားလုံးကို မိဘသဖွယ် ဦးဆောင်ရတာ နယ်
ပယ်ကျယ်တယ်။ အမြင်လည်းကျယ်ရတယ်။
ဘာသာရေးခေါင်းဆောင်အမြင်လောက်နဲ့
နိုင်ငံ့ခေါင်းဆောင် လုပ်လို့မရဘူး။
အစ္စလာမ်မစ် နိုင်ငံတွေမှာကြည့်လေ။ ဘာသာ
ရေးအမြင်နဲ့ ခေါင်းဆောင်တွေ နိုင်ငံ့ခေါင်း
ဆောင်ဖြစ်ကုန်တော့ ကျန်တဲ့ဘာသာဝင်တွေ
ဒုက္ခရောက်ကုန်တော့တာပဲ။
ဒီနေရာမှာ ဗုဒ္ဓကို ကိုယ့်ဘာသာဝင်တွေရဲ့
အကျိုးစီးပွားကိုရှေးရှု့တဲ့ ဘာသာရေးခေါင်း
ဆောင်အနေနဲ့မမြင်မိစေနဲ့။ အဲဒါကကျဉ်းတယ်
ဗုဒ္ဓဟာ ဘာသာဝင်ဝင် မဝင်ဝင် သတ္တဝါ
အားလုံးရဲ့ခေါင်းဆောင်နော်။
နိုင်ငံ့ခေါင်းဆောင်ကောင်းဆိုတာ နိုင်ငံ့သား
အားလုံးအပေါ်မှာ တန်းတူဆက်ဆံရတယ်။
ဘာသာမတူ လူမျိုးမတူလို့ဆိုပြီး အဂတိလိုက်
စားမခွဲခြားရဘူး။ ကောင်းသူကို ကောင်းသလို
ချီးမြှောက်ရမယ်။ မကောင်းသူကို မကောင်းသ
လို ဥပဒေနဲ့ အညီ အပြစ်ပေးရတယ်။
ဒီမိုကရေစီဝါဒမှာ တကယ့်နိုင်ငံ့ခေါင်း
ဆောင်ဆိုတာ လူမဟုတ်ပါဘူးဒကာကြီး
ပြည်သူ့ဆန္ဒနဲ့အညီရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်
ချုပ်ပုံ အခြေခံဥပဒေပါ။
ဒီမိုကရေစီမှာ သမ္မတလည်းသူလုပ်ချင်
တာလုပ်လို့မရသလို တိုင်းသူပြည်သားတွေ
ကလည်းသူတို့လုပ်ချင်တိုင်းလုပ်လို့မရပါဘူး။
အပြန်အလှန်ထိန်းကျောင်းတဲ့စနစ်ပါ။
တိုင်းပြည်မှာတရားဝင်နေထိုင်တဲ့ပြည်သူ
အများစုရဲ့ဆန္ဒနဲ့ ရေးဆွဲတဲ့ ဥပဒေနဲ့အညီ
အုပ်ချုပ်ရပါတယ်။
ခုချိန်မှာပြည်သူ့ကိုယ်စားလှယ်တွေရေးဆွဲ
ထားတဲ့ ဥပဒေ အမြန်ပေါ်ပေါက်ဖို့ပဲ အရေး
ကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ ခုချိန်မှာ
ဗုဒ္ဓဘာသာလူဦးရေကများနေတာပဲ မွတ်နိုင်ငံ
ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်လေ။
ဒါပေမဲ့ အာဏာရှင်စနစ်က ပြည်သူကို ဗဟို
ပြုတာမဟုတ်ဘူး။ပြည်သူကြိုက်ကြိုက်
မကြိုက်ကြိုက် သူတို့နဲ့အဆင်ပြေရင် ကုလား
ဖြစ်ဖြစ် တရုပ်ဖြစ်ဖြစ် ခရိုနီ ဖြစ်ဖြစ် အခွင့်အရေး
ပိုပေးမှာပဲ။ ဘာမှမတတ်နိုင်ဘူး။ အာဏာရှင်
ကတိုင်းပြည်အနာဂတ်ကို စိတ်မဝင်စားဘူး။
သူတို့အနာဂတ်ကိုပဲစိတ်ဝင်စားတယ်။
အာဏာရှင်စနစ်က ကုလားနိုင်ငံ တရုပ်နိုင်ငံ
ဖြစ်ဖို့လွယ်တယ်။ ငွေပေးရင်ဘာမဆိုဖြစ်နေတာ
ဆိုတော့ သူတို့ကငွေပေါတယ်လေ။
ဒီမိုကရေစီမှာ မရဘူး။ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီရင်ပြုတ်မှာပဲ။ ငွေရှိသူတွေလုပ်ချင်
တိုင်းလုပ်မရဘူး။
" အစွန်းရောက် အစ္စလာမ်မစ်တွေက သူတို့
လုပ်ချင်တိုင်းလုပ်မရလို့ ဒီမိုကရေစီဆို သိပ်မုန်း
တယ်။ "
ဒါကိုသဘောပေါက်ဖို့လိုတယ်။ ကုလားနိုင်
ငံဖြစ်တာမဖြစ်တာက ဒေါ်စုနဲ့လည်းမဆိုင်ဘူး။
NLD နဲ့လည်းမဆိုင်ဘူး။
" ဥပဒေ စိုးမိုးမှုနဲ့ပဲ ဆိုင်တယ်။ "
နောက်တစ်ခု ဒေါ်စုဟာ တရားဝင်နိုင်ငံသား
ခရစ်ယာန် အစ္စလာမ်တွေကို အကာအကွယ်
ပေးချင်ပေးမယ်။ ဒါကလည်းကျောသားရင်သား
မခွဲခြားတတ်တဲ့ မိဘနဲ့တူတဲ့ နိုင်ငံ့ခေါင်းဆောင်
ရဲ့စိတ်ဓာတ်။ အကြမ်းဖက်နေတဲ့ ဘယ်ပုဂ္ဂိုလ်
ဘယ်အဖွဲ့အစည်းကိုမှ မွေးမြူထားတာမရှိဘူး
ထောက်ခံထားတာမရှိဘူး။
ဥပဒေဆိုတာ နောင်ဖြစ်လာမဲ့ပြဿနာတွေ
အတွက် ကြိုတင်အရေးယူလို့မရဘူးလေ။
မကောင်းဘူးဆိုတာသိပေမဲ့ ခုလောလောဆယ်
အပြစ်မရှိရင် နှိပ်ကွပ်လို့မရဘူး။
အရာရာကိုဥပဒေနဲ့အညီဆောင်ရွက်နိုင်မဲ့
တိုင်းပြည်ကိုချစ်တဲ့ပါတီက ဘယ်ပါတီလည်း
ဆိုတာကို
ပညာနဲ့ရွေးချယ်ပါဒကာကြီး။
Ashin Uttama
ဇင်းဦး ချစ်တဲ့ ခွပ်ဒေါင်းသခင်
30.6.2015
Saturday, 30 May 2015
သေမင်းနိုင်ငံမှာသုံးတဲ့ ပိုက်ဆံ - မင်းခိုက်စိုးစန်
နိဒါန်း
‘ထပ်တူကျအမှား’ ဆိုတဲ့ သဘောတရားအကြောင်း နည်းနည်းပြောပြချင်ပါတယ်။
အဲဒါ…ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ဘူး။ ခင်ဗျားလည်း ကြုံဖူးတယ်။ ကျွန်တော်လည်း ကြုံဖူးတယ်။ လူတော်တော်များများလည်း စိတ်ထဲမှာ (အမှတ်တမဲ့လိုလို) ခံစားဖူးလိမ့်မယ်။
ကိုယ်နဲ့မှ တည့်တည့်တိုးတတ်တဲ့ ကတ်သီးကတ်သတ် လွဲချော်မှုတွေလေ…။
ဥပမာဆိုကြပါစို့…
‘ညှပ်ထားမိတဲ့ဆံပင်ပုံစံကို မကြိုက်ကာမှ ဒီတစ်လအဖို့ ဆံပင်ပြန်ရှည်တာက နှေးကွေးလွန်းနေတယ်’
‘သီချင်းစီဒီခွေမှာ ခြစ်ရာပါလို့ ထစ်နေပြီဆိုရင် အဲဒီနေရာဟာ ကိုယ်အကြိုက်ဆုံး သီချင်းစာသားနေရာ ဖြစ်နေပါလေရော’
‘အိမ်အပြင်ဘက်ကနေ တံခါးဖွင့်ဖို့ သော့တွဲကို စမ်းနေတဲ့အချိန်ဆို အိမ်ထဲက တယ်လီဖုန်းက ‘တတီတီ…’ မြည်ပြီ။ ကမန်းကတန်း တံခါးဖွင့်ပြီး ဖုန်းကိုလည်း ပြေးကိုင်လိုက်ရော ဟိုဘက်က ဆက်နေတဲ့သူက ဖုန်းကို ချသွားရော’
‘ဘယ်သူနဲ့မှ မတွေ့ချင်လို့ ပုန်းလျှိုးကွယ်လျှိုးသွားတဲ့အခါတိုင်း အသိမိတ်ဆွေ တစ်ယောက်မဟုတ် တစ်ယောက်နဲ့ အမြဲဆုံတယ်…’
အဲဒါမျိုးတွေပါပဲ…။အဲဒီလို အဖြစ်အပျက်မျိုးတွေကို စာရေးဆရာ အာသာဘလော့ခ်ျ (Arthur Bloch) က ထပ်တူကျအမှားလို့ နာမည်ပေးထားတာပါ။
ကျွန်တော်နဲ့ သူငယ်ချင်းတစ်စုကတော့ ပေါက်ကရလေးဆယ်တွေကို အမြဲတမ်း ရှာရှာဖွေဖွေ လုပ်ကြလွန်းလို့လား မသိဘူး၊ သူများတွေထက်ပိုပြီး ထပ်တူကျအမှားတွေနဲ့ ကြုံရသလိုပဲ။
ကြုံခဲ့သမျှ ရှာရှာဖွေဖွေ ကိုးရိုးကားရားတွေထဲမှာ အမှတ်တရအဖြစ်ဆုံးကတော့ တစ်ထောင့်ကိုးရာရှစ်ဆယ့်ခြောက်၊ ရှစ်ဆယ့်ခုနစ်လောက်တုန်းက ရပ်ကွက်လေးတစ်ခုထဲမှာ ကျွန်တော်တို့သူငယ်ချင်းတွေ စုပြီး အိမ်ငှားနေခဲ့ကြတုန်းက အဖြစ်အပျက်တွေပါပဲ။
ရန်ကုန်မြို့နဲ့ မိုင်နှစ်ဆယ်သာသာလောက်ပဲ ဝေးတဲ့ တောမကျ၊ မြို့မကျ လက်လုပ်လက်စား ရပ်ကွက်လေးတစ်ခုပါ။
အဲဒီရပ်ကွက်လေးထဲမှာနေတဲ့ လူတွေက ရယ်ရတယ်။ ချစ်စရာကောင်းတယ်။ ထပ်တူကျအမှား တစ်ခုမဟုတ်တစ်ခုနဲ့ ရှင်သန်နေကြတယ်။
အဲဒီရပ်ကွက်လေးထဲမှာ ဖြစ်ပျက်နေတဲ့ ‘ထပ်တူကျအလွဲ’ တွေကိုသာ တန်းစီပြီး ရေးပြရမယ်ဆိုရင် အာသာဘလော့ခ်ျရဲ့ ‘မာဖီ၏နိယာမ’ ဆိုတဲ့ စာအုပ်မျိုး သုံးလေးအုပ်လောက်ရမယ် ထင်ပါရဲ့။
‘မာဖီ၏နိယာမ’ စာအုပ်ထဲမှာပါတဲ့ အလွဲတွေကို နည်းနည်းထပ်ပြီး ပြောပြရဦးမယ်။ ကြည့်လေ…
‘တစ်နေ့လုံး ဇယ်ဆက်သလို အလုပ်လုပ်နေရာက တစ်ကြိမ်လေးပဲ နားဖို့ ထိုင်မိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ကို (တစ်နေ့လုံးမှ တစ်ခါပဲလာစစ်တဲ့) ကိုယ့်အထက်လူကြီးနဲ့ တည့်တည့်တိုးပါလေရော’
‘ပစ္စည်းအသစ်တစ်ခု ဝယ်ပြီးပြီဆိုတာနဲ့ ပျောက်နေတဲ့ ပုံစံတူပစ္စည်းကို ချက်ချင်းပဲ ပြန်ရှာတွေ့ရတတ်တယ်’
‘သင့်လက်နှစ်ဖက်မှာ စက်ဆီတွေ အညစ်အကြေးတွေ ပေကျံနေတဲ့ အချိန်နဲ့ ကွက်တိပဲ၊ သင့်နှာခေါင်းဟာ ယားယံပြီး ကုတ်ချင်လာတတ်တယ်’
‘ရုပ်ရှင်ရုံထဲရောက်လို့ သင်လက်မှတ်ဝယ်ထားတဲ့ ထိုင်ခုံနေရာမှာ ထိုင်ချလိုက်ပြီဆိုရင် သင့်ရှေ့တည့်တည့်က ခုံမှာ အရပ်ရှည်တဲ့ လူတစ်ယောက်အမြဲ နေရာယူထားလေ့ရှိတယ်’
‘ဒီနေ့ စာမကျက်လာမိပါဘူးဆိုမှ အတန်းထဲမှာ စာမေးဖို့ ဆရာမရဲ့ မျက်စိကျခြင်းကို ခံရသူက ကိုယ်ပဲဖြစ်နေတတ်တယ်’
‘ဆီးစစ်ဖို့အတွက် ဆီးနမူနာ အတောင်းခံရတဲ့သူက ခုနကလေးတင် ဆီးသွားထားပြီးကာစ လူ ဖြစ်နေတတ်တယ်’
‘လူနှစ်ယောက် အတူတူထိုင်နေကြတဲ့အထဲမှာမှ ခြင်က ကိုယ့်တစ်ယောက်တည်းကိုပဲ ရွေးပြီး ကိုက်တယ်’
‘သွေးသွင်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုရင် အဲဒီသွေးဟာ အမြဲတမ်းရှားပါးနေတယ်’
‘ဖုန်းနံပါတ်မှားလှည့်မိတဲ့အခါတိုင်း ဖုန်းလိုင်း မအားတာနဲ့ ဘယ်တော့မှ မကြုံဘူး’
သြော်…ကျွန်တော် စွဲစွဲမြဲမြဲမှတ်မိနေတဲ့ ထပ်တူကျ အလွဲတစ်ခု ရှိပါသေးတယ်။
အဲဒါက ဘာလဲဆိုတော့…
‘စာရွက်စာတမ်းတစ်ခုခုကို သတ်သတ်မှတ်မှတ် ဖိုင်တွဲထားလိုက်ရင် အဲဒါကို နောက်တစ်ကြိမ် သုံးစရာကိစ္စ ဘယ်တော့မှ မပေါ်ဘူး။ ဖိုင်မတွဲဘဲ အမှတ်တမဲ့ထားမိတဲ့ စာရွက်စာတမ်းဆိုရင်တော့ တစ်ချိန်ချိန်မှာ အရေးတကြီးပြန်ရှာဖို့ လိုအပ်လာလိမ့်မယ်။ ဒါပေမဲ့ အဲဒီစာရွက်ကို ဘယ်နားထားမိမှန်း သိတော့မှာမဟုတ်ဘူး’…တဲ့။
အဲဒီရပ်ကွက်ကလေးဟာ ၂၀ ရာစုနှောင်းပိုင်းရဲ့ စာရွက်စာတမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။
အဲဒါကို ဖိုင်တွဲပြီးသိမ်းဖို့ မသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြသူတွေကတော့ ကျွန်တော်တို့အုပ်စုပါပဲ။
အဲဒါကို ဖိုင်တွဲပြီးသိမ်းဖို့ မသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြသူတွေကတော့ ကျွန်တော်တို့အုပ်စုပါပဲ။
အခန်း (၁)
‘ကျွန်တော်တို့အုပ်စု’ လို့ ဆိုတဲ့အထဲမှာ…
ကျွန်တော်ပါတယ်…၊
ပန်းချီဆရာပေါက်စတစ်ယောက် ပါတယ်။ (အခုတော့ မဂ္ဂဇင်းတွေမှာ သရုပ်ဖော်ပုံတွေဆွဲနေတဲ့ ‘ခေတ်ဘုန်းမို’ ပေါ့)
နောက်…ဂစ်တာ တဒေါင်ဒေါင် တဒင်ဒင်တီးပြီး သီချင်းရေးဖို့ ကြိုးစားနေတဲ့ မြန်မာစာဆရာ အလောင်းအလျာလေးတစ်ယောက် ပါတယ်။ (သူကတော့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကာလမှာ အင်မတန်နာမည်ကြီးတဲ့ ကျုရှင်ဆရာ ဦးဆင့်သူ ဖြစ်လာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေစဉ်မှာပဲ ကွယ်လွန်ဆုံးပါးသွားခဲ့တယ်။ သူ့တစ်သက်တာလုံးမှာ ‘ပစ်တိုင်းထောင်လေးပုတိုတို..’ ဆိုတဲ့ သားချော့သီချင်းလေးတစ်ပုဒ်ကိုပဲ အပြီးသတ် ရေးဖွဲ့သွားခဲ့လေရဲ့)
ကျွန်တော်တို့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ဖို့ ရန်ကုန်မြို့နဲ့ နီးနီးနားနားမှာနေမှ ဖြစ်မယ်လေ။ အဲ…ပြီးတော့ အိမ်လခလည်း ဈေးသက်သာဦးမှ ဖြစ်မှာ။
အိမ်တစ်လုံးတည်းကို အခန်းကန့်ထားပြီး ငှားစားတဲ့နေရာမျိုးမှာလည်း နေလို့ ဘယ်ဖြစ်မှာလဲ။ ကျွန်တော်တို့က နေ့ရောညပါ အချိန်မရွေး ဒေါင်ဒေါင်ဒင်ဒင် ဝူးဝူးဝါးဝါးနဲ့…။
နောက်ပြီး ကျွန်တော်တို့အုပ်စုက ဘာမှန်းမသိတဲ့ ရုတ်ရုတ်သဲသဲကိစ္စတွေ မျက်စိနောက်စရာကောင်းတဲ့ ကိစ္စတွေကို တစ်ခုမဟုတ်တစ်ခု ကြံဖန်ပြီး လုပ်နေကြတာကိုး။
ဒါကြောင့်…တောမကျ မြို့မကျ ဟောဒီရပ်ကွက်လေးထဲမှာ ပျဉ်ထောင်အိမ်ယိုင်နဲ့နဲ့လေးတစ်လုံးကို ငှားပြီး လာနေကြတာပေါ့။
ကျွန်တော်တို့အုပ်စုထဲမှာ အနုပညာအလုပ်နဲ့လည်း ဘာမှမပတ်သက်၊ အနုပညာကို ဝါသနာလည်းမပါတဲ့ အလုပ်မရှိ အကိုင်မရှိ အူကြောင်ကြောင်ငနဲတစ်ယောက်လည်း ပါသေးတယ်။
သူ့နာမည်က ဖိုးစော…တဲ့။
ဖိုးစောရဲ့ ပါရမီဓာတ်ခံကလည်း တစ်မျိုးပဲ။ ဘယ်လူစုလူဝေးထဲကို မဆို ဒီကောင့်ကိုသာ ထည့်ပေးလိုက်။
ရှုပ်ရှုပ်ယှက်ယှက်တစ်ခုခုတော့ ဖြစ်ပြီးသားပဲ။
လူစုလူဝေးနဲ့လည်း ဖြစ်တယ်။ နှစ်ယောက်ချင်း သုံးယောက်ချင်းလည်း ဖြစ်တယ်။
သူ့တစ်ယောက်တည်းနေရင်တောင် သူ့အတွေးနဲ့သူ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်နေတတ်တဲ့ကောင်။
ဖိုးစောရဲ့ အတွေးအခေါ်တွေကလည်း အံ့မခန်းပဲ။ နက်နဲတဲ့ နေရာမှာ လက်ဖျားခါလောက်တယ်။
တစ်ခါက ကျွန်တော့်ကို လာမေးတာပဲကြည့်…။
ဖိုးစောက…
“ကျော်စိုးရေ…”
“ဟေ…ဘာဖြစ်ရပြန်ပြီလဲ ဖိုးစော”
“ငါ…တစ်ခုစဉ်းစားနေတာကွ၊ မြတ်စွာဘုရားရဲ့ သွေးအမျိုးအစားဟာ A လား၊ B လား၊ AB လား ဒါမှမဟုတ် O သွေးလားဆိုတာ”
ကဲ…သူ့အတွေးအခေါ်က။
ကျွန်တော်က…
“ဟာ…ဖိုးစောရာ၊ မင်းမို့လို့ ကြံကြီးစည်ရာကွာ၊ မြတ်စွာဘုရားပွင့်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်တုန်းက သွေးအုပ်စုခွဲတဲ့ ပညာမှ မပေါ်သေးတဲ့ဥစ္စာ…”
ဖိုးစောက စိတ်ပျက်သလို ‘ကျွတ်’ ခနဲ စုတ်သပ်လိုက်ပြီး ခေါင်းကုတ်လိုက် ဖင်ကုတ်လိုက်လုပ်ရင်း…
“မဟုတ်ဘူးလေကွာ၊ ငါ စဉ်းစားနေတာက မြတ်စွာဘုရားဆိုတာ အင်မတန် ထူးခြားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးမဟုတ်လား။ အဲဒီလို ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေဟာ လူသာမန်တွေရဲ့ ကိုယ်ထဲကသွေးတွေနဲ့ အမျိုးအစားချင်း တူနိုင်သလားဆိုတာကို ငါ စဉ်းစားနေတာကွ။ အေးလေ…ဒါတွေ မင်းဘယ်နားလည်နိုင်ပါ့မလဲ ကျော်စိုးရာ၊ လောကီလောကုတ္တရာ ပြည့်စုံတဲ့ ပညာရှိကြီးတွေကို ရှာပြီးမေးရဦးတော့မှာပဲ”
ကျွန်တော်ကတော့ လောကီလောကုတ္တရာ မပြည့်စုံတဲ့ ငတုံးကြီးဖြစ်သွားတာပေါ့ဗျာ။ ကိုယ့်ဘာသာကိုယ် နေရင်းထိုင်ရင်းကြီးကို ငုတ်တုတ် ညံ့သွားတော့တာ။ ကျွန်တော့်ဘဝနှယ် ဆိုးလိုက်ပုံ။
ဖိုးစောကတော့ ကော့လန်ကော့လန်နဲ့ လစ်သွားလေရဲ့။
တစ်ခါကကျတော့ ကိုဆင့်သူကို သွားပြီးမေးတာ။ (အဲဒီတုန်းက ကိုဆင့်သူက မြန်မာစာဌာနမှာ ကျူတာဖြစ်နေပြီလား၊ မဖြစ်သေးဘူးလားတောင် မမှတ်မိတော့ဘူး)
ဖိုးစောက မေးစေ့က မုတ်ဆိတ်မွေး ကျိုးတိုးကျဲတဲကို ပွတ်ရင်း…
“ဗျို့…ကိုဆင့်”
အိမ်နံရံကို မှီရင်း ခြေဆင်းပြီး ဂစ်တာလက်ကွက် စမ်းနေတဲ့ ကိုဆင့်သူက မျက်ခုံးတွေပင့်သွားတယ်။
“ဟင်…ဘာလဲဟင်၊ ဖိုးစော…ဘာလဲ”
ကိုဆင့်သူကလည်း ဖိုးစောရဲ့ စူးရှထက်မြက်တဲ့ အတွေးအခေါ်တွေကို ခပ်လန့်လန့်ပဲ။
ဖိုးစောက ( သုံးပင်နှစ်ခန်း အိမ်ခန်းကျဉ်းကျဉ်းလေးရဲ့) ခနော်နီ ခနော်နဲ့ ကြမ်းပြင်ပေါ်မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း…
“ကိုဆင့်တို့ မြန်မာစာမှာ ဝါကျဆုံးတဲ့အခါ (သည်)…တို့၊ (၏)…တို့ ထည့်ရတယ်မဟုတ်လား။ ဟိုဗျာ…ဥပမာပြောရရင် ‘သူကျောင်းသို့သွားသည်’၊ ‘သူ အိပ်မက်မက်နေ၏’…စသဖြင့်ပေါ့ဗျာ”
“အင်း…ဟုတ်…ဟုတ်တယ်လေ ဖိုးစောရဲ့၊ ဘာဖြစ်လို့လဲ”
“အဲဒီ (သည်)နဲ့…(၏)နဲ့ အဓိပ္ပာယ်ချင်း ဘာကွာသလဲ…ကိုဆင့်”
ဒီမေးခွန်းကြောင့် ကိုဆင့်သူ မျက်လုံးတွေ ပြာလတွတ် ပြာလတွတ် ဖြစ်သွားတယ်။ တော်တော်လေးတော့ ခွကျနေပြီ။
ကိုဆင့်သူက အကျပ်အတည်းဖြစ်ရင် သူလုပ်နေကျ အမူအရာအတိုင်း နှုတ်ခမ်းထူထူလေးတွေကို ထော်ပြီး၊ စူပြီး မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်၊ အသံလေး အ,တီး အ,ထစ်နဲ့…
“ဟဲ…ဟဲ…ဟို…သိပ်…မကွာပါဘူး ဖိုးစောရဲ့”
ဖိုးစောက မျက်မှောင်ကြုတ်လိုက်လေရဲ့။ ပြီးတော့…
“အဓိပ္ပာယ်ချင်းတူရင် ဘာလို့ အလုပ်ရှုပ်ခံပြီး စကားလုံးနှစ်လုံးတောင် ထားနေရသေးလဲဗျာ၊ တစ်လုံးကို ဖြုတ်ပစ်လိုက်ပါလား၊ ကျက်ရ မှတ်ရတာ သက်သာသွားတာပေါ့”
“ဟေ…”
ကိုဆင့်သူ မျက်လုံးပြူးသွားတယ်။ ဖိုးစောကတော့ ခပ်တည်တည်ပဲ ဆက်ပြီး…
“ဟုတ်တယ်…ကျွန်တော်က နောင်လာမယ့် လူငယ်ကျောင်းသားလေးတွေအတွက် စေတနာနဲ့ အကြံပေးနေတာနော်၊ ကိုဆင့် မြန်မာစာပါမောက္ခဖြစ်တဲ့အခါကျရင် (၏) ဖြုတ်ပစ်လိုက်ဗျာ။ ကောက်ကောက်လိမ်လိမ်နဲ့ အကြည့်ရဆိုးတယ်။ ဖြုတ်ပစ်…သိလား”
“ငါ့…ငါ့မှာ အဲ့လောက် အာဏာမရှိဘူးထင်ပါတယ်ကွာ”
ကိုဆင့်သူကတော့ သူ့ဘဝကိုသူ အားငယ်လို့ပဲလား မသိဘူး၊ မဝံ့မရဲဖြေရှာတယ်။
ဒါပေမဲ့…ဖိုးစောကတော့ မာရေကျောရေပဲ။
“ဟာဗျာ…ဘာ အာဏာရှိစရာလိုလို့လဲ၊ မြန်မာစာကို တီထွင်ခဲ့တဲ့လူတွေကလည်း သူလိုကိုယ်လို လူတွေပဲဥစ္စာ။ သူတို့လုပ်ပုံကိုင်ပုံ နေရာမကျရင် ကိုယ်က ပြင်ရဲရမှာပေါ့”
အဲသည်လို ‘ဟောက်’ သေးတာဗျ။
အမယ်…။ သူ့ခံယူချက်နဲ့သူကတော့ ဟုတ်သလိုလို အရှိသား။ ကိုဆင့်သူကတော့ ဂစ်တာကိုတောင် ဆက်မတီးနိုင်တော့ဘူး။ မျက်လုံးကလေး ပေကလတ် ပေကလတ်လုပ်ပြီး ဖိုးစောကိုပဲ ငေးကြည့်နေရတယ်။ ဒါပဲ တတ်နိုင်တော့တယ် မဟုတ်လားဗျာ။
ပန်းချီဆရာကတော့ ရှင်းတယ်။
ဖိုးစော ပြဿနာသယ်လာပြီဆိုရင် ဆဲလွှတ်တဲ့အခါ လွှတ်၊ ပါးစပ်ထဲ တွေ့ကရာပြောရင်ပြော၊ ဒါမှမဟုတ်ရင် သူ့ထက်ဦးအောင် ဦးနှောက်စားစရာတစ်ခုခုနဲ့ ကျပ်လွှတ်လိုက်တာပဲ။
အိမ်ပေါ်မှာ နေရာက ကျယ်ကျယ်မရှိတော့ ပန်းချီဆွဲမယ်ဆိုရင် ခြံထောင့်က သရက်ပင်အောက်က ရေချိုးဖို့ တိုင်ကီပိုင်းတွေချထားတဲ့ နေရာမှာ သွားပြီးဆွဲရတယ်။
ဖိုးစောကလည်း တကူးတကကို အဲဒီနားအထိ သွားပြီးရှုပ်တာ။
“ဒီမှာ ကိုဘုန်းမို၊ ကျွန်တော် စဉ်းစားထားမိတာလေးတစ်ခု ရှိလို့ဗျ”
ပန်းချီဆရာက သူ့ဟာနဲ့သူ ဆွဲလက်စဖြစ်နေတော့ ဖိုးစောကို အံကြိတ်ပြီး မျက်စောင်းထိုးကြည့်တယ်။ ဖိုးစောကတော့ စကားစမိပြီဆိုတာနဲ့ အရှိန်ရသွားပြီ။
“ဒီလိုလေဗျာ…ကျွန်တော်က ဗုဒ္ဓဘာသာနဲ့ ရဟန်းဝတ်တယ်ဆိုပါစို့၊ ရဟန်းဝတ်နဲ့ ပါရာဇိကကံကျရင် ငရဲကြီးရောမဟုတ်လား၊ အဲဒီလိုဖြစ်ပြီဆိုတာနဲ့ ကျွန်တော်က အမြန်လူဝတ်လဲ၊ ခရစ်ယာန်ဘာသာထဲကို ပြောင်းသွားပြီး ဘုရားကျောင်းမှန်မှန်တက်နေရင် ယေရှုခရစ်တော်က ကျွန်တော့်ကို ကယ်မှာလားဟင်”
ပြန်ဖြေတဲ့စကားသံကိုတော့ မကြားရဘူး။ စုတ်တံကို ခွက်ထဲ ဆောင့်ကြီးအောင့်ကြီး ပစ်ထည့်လိုက်ပြီး အလုံးလိုက် အခဲလိုက် တစ်တစ်ခွခွ ဆဲရေးလိုက်တဲ့ ပန်းချီဆရာရဲ့ ရေရွတ်သံကိုပဲ ကြားရတယ်။
အဲဒါပဲ…။
တစ်ခါတစ်ခါ…ပန်းချီဆရာက သူ့ပါးစပ်ထဲတွေ့ရာထင်သလို ရမ်းသန်းပြောလိုက်တော့လည်း ကိစ္စပြီးသွားတာပဲ။ တစ်ခါတလေကျပြန်တော့လည်း ပန်းချီဆရာက ဖိုးစောထက်ဦးအောင် ကျပ်တတ်တယ်။
ပန်းချီဆရာက သူ့စုတ်တံတွေ၊ ဆေးခွက်တွေ၊ တာပင်တိုင်ဘူးတွေ၊ ဓာတ်ဆီ ရေနံဆီပုလင်းတွေနဲ့ အလုပ်ရှုပ်နေတုန်း သူ့အနားက ဖိုးစော ဖြတ်လျှောက်သွားတာမြင်တော့…
“ဟေ့ကောင်…ဖိုးစော၊ လာပါဦးကွ”
“ဘာလုပ်မလို့တုံး”
ဖိုးစော ပြန်လှည့်လာတော့ ပန်းချီဆရာက လက်ထဲက ရေနံဆီပုလင်းကို ထောင်ပြပြီး…
“ဒီထဲက အရည်က ဘာတုံးကွ၊ မင်းသိလား”
ဖိုးစောက ပုလင်းဝကို အနံ့ခံကြည့်ပြီး…
“ရေနံဆီလေဗျာ”
ပန်းချီဆရာက ခပ်တည်တည်နဲ့ ခေါင်းတစ်ချက် ညိတ်ပြီး…
“အေး…ရေနံဆီဆိုတာ ဘယ်ကဖြစ်လာတဲ့အရည်လဲကွ၊ အဲဒါ မင်းသိလား”
အဲဒီမေးခွန်းကြောင့် ဖိုးစော ငိုင်ခနဲဖြစ်သွားတယ်။ သူ့အတွက်တော့ မဟာ့ မဟာ အခက်အခဲကြီးတစ်ခုပဲ။ ဒါကို ဘယ်လိုကျော်လွှားမလဲ။
ပြီးတော့ သူ့ရဲ့ကြီးကျယ်ခမ်းနားလှတဲ့ ဗဟုသုတဟင်းလေးအိုးကြီးကို စိန်ခေါ်မှတ်ကျောက်တင်မယ့် စပယ်ရှယ်မေးခွန်းတော်ကြီး ဖြစ်နေပြီ။
ကိုင်း…စဉ်းစားစမ်း။
ရေနံဆီဆိုတာ ဘယ်ကရတဲ့ ဥစ္စာလဲ…။
တွင်းထွက်သယံဇာတလား၊ ဓာတုဗေဒပစ္စည်းလား၊ စက်ရုံက ထုတ်တာလား…။
ငနဲသား ခေါင်းတွေထူပူလာသည်။ အဖြေက မရဘူး။ မသိမသာ အံကိုကြိတ်ထားရင်း လည်ပင်းကြီးလိမ်ပြီး စောင်းကန်းစောင်းကန်းလုပ်နေတယ်။
အတော်ကြာတော့မှ…
“နေဦးဗျာ…ဒီအဖြေကို ကျွန်တော်ခေါင်းအေးအေးနဲ့ စဉ်းစားလိုက်ဦးမယ်။ တစ်ရက်နှစ်ရက်တော့ စောင့်”
“အေးပါကွာ…အေးပါ”
ပန်းချီဆရာက ပြုံးစိစိနဲ့ ပြန်ပြောလိုက်တယ်။
အဲဒီအကြောင်းတွေက နောက်မှ ပန်းချီဆရာပြန်ပြောလို့ သိရတာပါ။ ကျွန်တော် သတိထားမိတာက ဖိုးစော အိမ်တွင်းအောင်းပြီး တစ်ခုခုကို အပြင်းအထန် စဉ်းစားခန်းဝင်နေတာ အတော်ကြာပြီဆိုတာကိုပဲ…။
အဲဒီလို မဟုတ်ကဟုတ်က တစ်ခုခုကို တွေးလုံးထုတ်နေပြီဆိုရင် ဖိုးစောပုံစံက သိသာတယ်။ နံရံကို ကျောမှီ၊ ဒူးခေါင်းနှစ်လုံးကိုထောင်၊ ပြီးရင် အဲဒီထောင်ထားတဲ့ ဒူးခေါင်းနှစ်လုံးကို လက်နှစ်ဖက်နဲ့ ပိုက်ပြီး ခေါင်းကြီးမော့တော့မော့တော့ လုပ်နေပါလေရော။
အဲဒီပုံစံအတိုင်း သူ့ကို လေး ငါး ခြောက်ရက် မြင်နေရတော့ ကျွန်တော်က…
“ကိုဆင့်ရေ…ခုတလော ကျွန်တော်တို့ကောင်ကြီး ငြိမ်ချက်သားကောင်းနေပါလား”
“ဟုတ်တယ်ဗျ…ဒီတစ်ချီတော့ တကယ့်ကို နက်နက်နဲနဲ စဉ်းစားနေပုံပဲ။ လေး ငါးရက်တောင် မကတော့ဘူး”
ကျွန်တော်နဲ့ ကိုဆင့်သူတို့ နှစ်ယောက်သား ကျိတ်ကျိတ် ကျိတ်ကျိတ်ပြောနေတုန်း ပန်းချီဆရာက လေသံတိုးတိုးနဲ့ ဝင်ပြီး…
“ကျွန်တော်သူ့ကို ငြိမ်ဆေးပေးထားတာပါဗျာ”
“ဟင်…ဘယ်လို ငြိမ်ဆေးပေးထားတာလဲ”
“ရေနံဆီကို ဘယ်ကရသလဲဆိုတာ စဉ်းစားခိုင်းထားတာပါဗျာ”
လို့ ဆိုပြီး ပန်းချီဆရာက သူ ကျပ်ထားတဲ့ကိစ္စကို အစအဆုံး တစ်လုံးမကျန် ပြန်ပြောပြတော့တာပဲ။
ကျွန်တော်တို့လည်း ရယ်ရအခက် မဲ့ရအခက်နဲ့ဗျာ။
အဲ…နောက်နေ့နေ့လည်ခင်းလည်းကျရော…
“ဝုန်း…”
ဖိုးစောဟာ နံရံကိုမှီနေရာက ဝုန်းခနဲ ခုန်ထလိုက်ပြီးတော့…
“သိပြီ…သိပြီ၊ ကျွန်တော် သိပြီဗျ”
အသံပြဲကြီးနဲ့ စွတ်အော်နေတော့ ကျွန်တော်တို့သုံးယောက်စလုံးက…
“ဟ…ဟ…ဘာဖြစ်တာတုံး”
“ဘာသိတာလဲကွ၊ မင်းဟာက…”
“အလန့်တကြားကွာ၊ ဘာမို့လို့လဲဟ”
အသက်တောင်မရှူအားဘူးဗျာ၊ ဝိုင်းမေးလိုက်ရတာ။ ငနဲသားကတော့ ပြုံးဖြီးဖြီးကြီးလုပ်ရင်း…
“ရေနံဆီကို ဘယ်ကရလဲဆိုတာ ကျွန်တော်သိပြီဗျ။ တကယ်တော့ ရေနံဆီဆိုတာ ရေနံကနေ ဖြစ်လာတာကိုး…ဟင်း…ဟင်း…ဟင်း…”
သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေတဲ့ မျက်လုံးတွေကလည်း အရောင်တလက်လက်နဲ့ဗျာ၊ ခင်ဗျားတို့ မြင်စေချင်တယ်။ ကျွန်တော်နဲ့ ကိုဆင့်သူကလည်း သူ့ကို ကျောသပ် ရင်သပ်လုပ်ပြီး ဝိုင်းချီးကျူးကြတယ်။
“တော်ပါပေတယ်ကွာ” တို့၊ “မင်းမို့လို့ စဉ်းစားနိုင်တာ” တို့ ပြောပြောပြီးတော့လေ။
“မင်းမို့လို့ ဒီအဖြေကို ခုနှစ်ရက်တည်းနဲ့ စဉ်းစားလို့ရတာ။ ငါသာဆို တစ်လလောက် စဉ်းစားရင်တောင် ရမှာ မဟုတ်ဘူး”
ကိုဆင့်သူ ပြောလိုက်တဲ့ ဒီတစ်ခွန်းကတော့ ‘ပင့်’ တာ နည်းနည်းလက်လွန်သွားတယ်ဗျ။ ဖိုးစော ရိပ်မိသွားပုံပဲ။
ဒီကောင် မာန်တက်နေတာ နည်းနည်းအရှိန်တန့်သွားတယ်။
ပန်းချီဆရာကတော့ ခပ်ပြုံးပြုံးနဲ့…
“ဟုတ်ပါပြီကွာ၊ ရေနံဆီဆိုတာ ရေနံကဖြစ်တာ ထားပါတော့၊ ဒါဖြင့် ဓာတ်ဆီကကော ဘယ်ကနေဖြစ်တာလဲကွ”
နောက်ထပ်မေးခွန်းတစ်ခုနဲ့ ထောင်ချောက်ဆင်လိုက်တော့ ဖိုးစော ဆိုတဲ့ မဟာပညာရှိကလည်း တည့်တည့်ပဲဝင်ချလာတယ်။
“ဟား…သဘောတရားချင်း အတူတူပဲလေဗျာ၊ ရေနံဆီဟာ ရေနံကဖြစ်လာတာဆိုတော့ ဓာတ်ဆီဆိုတာ ‘ဓာတ်’က ဖြစ်တာပဲပေါ့ဗျ”
ကြည့်စမ်း။ အပိုင်ပဲဆိုပြီး ပြောချလိုက်တာ။
အဲသည်လို တော်ပုံ၊ ထက်မြက်ပုံတွေကိုပဲ ကျွန်တော်တို့မှာ လက်ဖျားတခါခါ ဖြစ်နေရတာကလားဗျာ။
ပန်းချီဆရာကတော့ ခေါင်းကို တဖြည်းဖြည်းချင်းယမ်းခါပြီး…
“မှားတယ်ကွ”
“ဟင်…ဘာဖြစ်လို့လဲ”
ဖိုးစောက ပြုးတူးပြဲတဲနဲ့မေးတော့ ပန်းချီဆရာက သူ့မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်ပြီး…
“မင်း မသေမချင်းမှတ်ထား၊ ‘ဓာတ်ဆီ’ဆိုတာ ‘ဓာတ်စံ’ကနေ ဖြစ်တာကွ”
“သြော်…”
ဖိုးစောမျက်လုံးတွေ အရောင် မှုန်မှိုင်းပြီး ဝမ်းနည်းရိပ်သမ်းသွားတယ်။ ‘ဓာတ်ဆီ’ နဲ့ ‘ဓာတ်စံ’ ဆိုတဲ့ လူရွှင်တော် လက်ဟောင်းကြီးနှစ်ယောက်ရဲ့ နာမည်ကို ကြားဖူးထားရဲ့သားနဲ့…
“ဒီဓာတ်သဘောနှစ်ခု ဆက်စပ်တဲ့သဘာဝကို ဘာလို့များ ငါ မစဉ်းစားမိပါလိမ့်”
လို့ သူ့ကိုယ်သူ မချင့်မရဲ ဖြစ်နေတဲ့ပုံပဲ။
မယုံမရှိနဲ့ဗျ။ ပန်းချီဆရာ ပေါက်ကရပြောလိုက်တာကို ဒီကောင် တကယ် အဟုတ်မှတ်သွားတာ။
ညကျတော့ သူ့သံသေတ္တာအဟောင်းလေးထဲမှာ သိမ်းထားတဲ့ လက်တစ်ဝါးလောက် မှတ်စုစာအုပ်လေးထုတ်ပြီး အသေအချာ ရေးမှတ်နေလေရဲ့။
“ရေနံဆီကို ရေနံမှ ထုတ်ယူရရှိသည်၊
ဓာတ်ဆီကို ဓာတ်စံမှ ထုတ်ယူရရှိသည်”
…တဲ့ဗျာ။ ကဲ…ပြီးရော။
သူ့မှတ်စုစာအုပ်လေးထဲမှာ အဲဒီလို ပေါက်တက်ကရတွေ အများကြီးပဲဗျ။ စုံနေအောင်ရေးထားတာ။
သူမရှိတဲ့အခိုက် ကျွန်တော်တို့သုံးယောက်သား ပျင်းပျင်းရှိပြီဆိုရင် သော့ပျက်နေတဲ့ သံသေတ္တာထဲမှာ သူဝှက်ထားတဲ့ အဲဒီမှတ်စုစာအုပ်လေးကို ရှာရှာဖွေဖွေ ခိုးဖတ်ပြီး တခွိခွိကျိတ်ရယ်ရသေးတာ။
အဲဒီစာအုပ်ထဲမှာ ကြံကြီးစည်ရာ ဖုန်းနံပါတ်တွေကိုလည်း (ဘယ်သူကပေးလို့ ဘယ်လိုရလာသလဲတော့ မပြောတတ်ဘူး) ရေးထားမှတ်ထားသေးတယ်ဗျ။
မှတ်မှတ်ရရ တစ်ခုဆိုရင်…
“သခင်ကိုယ်တော်မှိုင်းရဲ့ဦးလေး” ဖုန်းနံပါတ်…တဲ့ဗျာ။
ကဲ…စဉ်းစားကြည့်စမ်းပါဦး။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းတောင်မှ အသက်အရွယ်အိုမင်းပြီး ကွယ်လွန်သွားတာတောင် ကြာပဲကြာလှပြီဥစ္စာ။
သခင်ကိုယ်တော်မှိုင်းရဲ့ဦးလေးဆိုတာ သက်ရှိထင်ရှား ရှိနိုင်ပါတော့မလား။ အဲဒီဖုန်းနံပါတ် မှန်တယ်ပဲထားပါဦးတော့။ ဆက်လိုက်ရင် ဟိုက ဖုန်းလာကိုင်မှာမို့လို့လား။
ကြံကြံဖန်ဖန်ဗျာ။ အဲဒီလိုဖုန်းနံပါတ်တွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးမှတ်ထားသလဲ မပြောတတ်ဘူး။
တကယ်ပြောတာ။
ဖိုးစောဆိုတဲ့ကောင်က ရေရေလည်လည် ‘ဟား’ ရတယ်။
အခန်း(၂)
ကျွန်တော်တို့ ဒီရပ်ကွက်ထဲကို ပြောင်းလာပြီးပြီးချင်း ဖိုးစော သွားပြီး ပတ်ပတ်သက်သက် စလုပ်တာကတော့ ခေါင်းရင်းအိမ်က ‘အန်တီလှ’ ဆိုတဲ့ ဘွားတော်ကြီးပဲ။
ဘွားတော်ကြီးကဗျာ…အသက်ခြောက်ဆယ်ကျော်နေပါပြီ။ ခေါင်းတစ်ခုလုံးမှာလည်း ဆံပင်တွေ ဖြူလို့ ဖွေးလို့…။
ဒါပေမဲ့ အဲဒီဖြူကြောင်ကျားနေတဲ့ ဆံပင်တွေကို (အဲဒီတုန်းက ခေတ်စားတဲ့) ဒိုင်ယာနာ ကေလို့ခေါ်တဲ့ ပုံစံ ဆံပင်တိုကုပ်ဝဲလေးညှပ်ပြီး ပုံသွင်းထားတာဗျား။ စဉ်းစားသာကြည့်တော့။ ဘယ်လောက်တောင် လူရိုသေ ရှင်ရိုသေ မဖြစ်လိုက်တဲ့ ပုံဆိုးပန်းဆိုးကြီးလည်းဆိုတာ။
ပြီးတော့လည်း စကားပြောလိုက်ရင် သူ့ကိုယ်သူ ‘အလှကလေ’၊ ‘အလှ ပြောချင်တာက…’၊ ‘အလှအတွက်ဆိုရင်’ နဲ့ တစ်ချိန်လုံး ‘အလှ’ ချည်းပဲ လုပ်နေတာ။ သူ့ကိုယ်သူ ဆယ့်ခြောက်နှစ်သမီးကလေး ကျနေတာပဲ။
ကျွန်တော်တို့ကလည်း နားကြားပြင်ကတ်တာတစ်မျိုး၊ ရယ်ချင်တာတစ်မျိုးနဲ့ တော်တော်ကို အောင့်အည်းသည်းခံပြီး စကားပြောရတယ်။
ပန်းချီဆရာကတော့ စိတ်ပေါက်ပေါက်ရှိလာရင် ဘွားတော်ကြီး သူ့ကိုယ်သူ ‘အလှကလေ… အလှကလေ’ လုပ်လာပြီဆိုတာနဲ့ ရုပ်ရှင်မင်းသားဝင်းဦးရဲ့ သီချင်းစာသားတစ်ပိုဒ်ကို အော်အော်ဆိုပြီး ထ,ကတော့တာပဲ။
ကြားဖူးကြမှာပါ…။
“တကယ် မမောပန်းစေရန်ကိုကွယ် ပြော…ပြောပြမယ်…ကိုယ့်ဌာနေဝန်းကျင်မှာကွယ်…တကယ်ကို ‘အလှ’ ရှိတယ်”
ဆိုတဲ့ သီချင်းလေ။
တကယ်ပဲဗျာ။ စိတ်ကုန်တယ်။
ကိုယ်နဲ့မှ တည့်တည့်ကြီးတိုးတဲ့ ‘ထပ်တူကျအလွဲ’ ဆိုတာ အဲဒါမျိုးပေါ့။
ပြီးတော့ ဘွားတော်ကြီးက ဘာကြွားသလဲမမေးနဲ့။ ကြွားပြီးဟေ့ ဆိုရင်လည်း ‘အလုံးကြီး’ တွေချည်း ရွေးလွှတ်တာဗျ။
ပြောပြရဦးမယ်။ ကျွန်တော်တို့ပြောင်းလာခါစက ဗြုန်းဆို မပြောမဆို အိမ်ပေါ်တက်လာပြီး…
“မင်းတို့က ခေတ်ပညာတတ်တွေဆိုတော့ သိချင်တာလေးတစ်ခုရှိလို့ မေးရဦးမယ်၊ ဟိုလေ…အလှတို့အိမ်မှာသုံးနေတဲ့ ထမင်းပေါင်းအိုးက ပေါ်ဆန်းမွှေးတစ်မျိုးပဲ ထည့်ချက်လို့ရတာလား၊ ဧည့်မထတို့ ဘာတို့ရော ချက်လို့ရသလား…လို့၊ အဲဒါ လိုက်ကြည့်ပေးပါဦးကွယ်”
အဲဒါအကောင်းပြောတာမဟုတ်ဘူးဗျ။ သူ့အိမ်မှာ Rice Cooker လို့ခေါ်တဲ့ ခေတ်မီ ထမင်းပေါင်းအိုးစက်ရှိတယ်ဆိုတဲ့ အကြောင်းရယ်၊ သူဟာ ပေါ်ဆန်းမွှေးဆိုတဲ့ ဆန်အကောင်းကိုမှ အမြဲချက်စားနေသူ ဖြစ်တဲ့အကြောင်းရယ်…ကို အလုံးကြီး နှစ်လုံး တစ်ပြိုင်တည်း ပစ်ထည့်လိုက်တာ။
အဲဒီတုန်းက ၁၉၈၆-၁၉၈၇ ခုနှစ်ဆိုတော့ လူအများစုက သမဝါယမဆိုင်က ပေးတဲ့ ‘ဧည့်မထ’ တို့၊ ‘ငစိန်’ တို့ဆိုတဲ့ ဆန်ကြမ်းတွေပဲ စားနေရတာကိုး။
ပြီးတော့ Rice Cooker လို့ခေါ်တဲ့ ထမင်းပေါင်းအိုး ကိုလည်း ဒီလိုရပ်ကွက်ကလေးမှာ တော်ရုံတန်ရုံ ဝယ်နိုင် သုံးနိုင်ကြသေးတာ မဟုတ်ဘူးလေ။
အန်တီလှရဲ့သမီးအငယ်မက သင်္ဘောသားနဲ့ညားပြီး ရန်ကုန်က တာမွေမှာ နေတယ်ဆိုလား။ သမီး အကြီးမကတော့ အပျိုကြီးပါပဲ။ အသက်(၄၀) လောက်ရှိမယ်။ စက်ချုပ်ပြီး သူ့အမေကို ရှာဖွေကျွေးမွေးနေတာပေါ့။
ရန်ကုန်မှာနေတဲ့ သမက် သင်္ဘောသားက တစ်ခါတလေ ပို့ပို့ပေးတော့ အန်တီလှခမျာ ခေတ်ပေါ် နိုင်ငံခြားပစ္စည်းတွေ အသုံးအဆောင်တွေ ရ ရလာတတ်တယ်။ ဒါကိုပဲ ကြွားလို့မဆုံးဘူးဖြစ်နေတာ။
တစ်ခါကလည်း နေ့လည်နေ့ခင်းကြီး ကျွန်တော်နဲ့ ပန်းချီဆရာက ရန်ကုန်က မဂ္ဂဇင်းတိုက်တွေဆီသွားပြီး ပြန်လာကြတာ။ စာမူခတွေ ဘာတွေလည်း ရမလာခဲ့တော့ ကားမှတ်တိုင်ကနေ ရပ်ကွက်ထဲကို ဆိုက်ကားတောင် ငှားမစီးနိုင်ပါဘူး။ ခြေလျင်ပဲ သုတ်ရတော့တာပေါ့။
လမ်းထဲချိုးဝင်ပြီး အန်တီလှ အိမ်ရှေ့လည်းဖြတ်လျှောက် မိရော…
“ဟယ်…မင်းတို့နှယ်ကွယ် နေပူကြီးထဲ လမ်းလျှောက်ပြန်လာရသလား။ ပင်ပန်းမှာပေါ့ကွယ်။ လာ…လာ…အလှတို့ အိမ်မှာ ဝင်နားလိုက်ဦး”
ဟင်…သူနဲ့ ကျွန်တော်တို့နဲ့က ခြေရင်းခေါင်းရင်း ကပ်နေတဲ့ ဥစ္စာ။ နောက်ထပ် ခြေလှမ်း လေးငါးလှမ်း သွားလိုက်ရင် ကိုယ့်အိမ်ကိုယ် ပြန်ရောက်ပြီပဲဟာကို။ ဘာကိစ္စ သူ့အိမ်မှာ ခရီးတစ်ထောက်နားနေရဦးမှာလဲ။
ကျွန်တော်တို့က…
“နေပါစေ…အန်တီလှရယ်”
လို့ ပြောလည်း မရဘူး။ ဇွတ်ပဲ။ သူ့အိမ်မှာမှ ခဏတစ်ဖြုတ်ဝင်ပြီး မနားလိုက်ရင် ကျွန်တော်တို့ဟာ ချက်ချင်းလက်ငင်းကို နေပူဒဏ်သင့်ပြီး တုံးခနဲ လဲသေတော့မလောက်ကို ပြောပြီး အတင်းခေါ်တာ။
အဲ…အားနားပါးနာနဲ့ပဲ ဆိုပါတော့…။
ကျွန်တော်တို့နှစ်ယောက်သား သူ့အိမ်ရှေ့ခန်းကြမ်းပြင်ပေါ် ဝင်ထိုင်မိလိုက်ကြတယ်ဆိုရင်ပဲ အန်တီလှတစ်ယောက် စပြီး ဗွေဆိုးဖောက်တော့တာပဲ။
“မင်းတို့ နေပူထဲကလာတာဆိုတော့ ရေငတ်မှာပဲနော်၊ ရေအေးအေးလေးများ မသောက်ချင်ကြဘူးလား”
အင်း…လုပ်တော့ လုပ်လာပြန်ပဟ။
ကျွန်တော်တို့စိတ်ထဲက ကျိတ်ရေရွတ်ရင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြတယ်။
ပန်းချီဆရာက တစ်ခုခုကို ဘုမပြောမိအောင် အသက်အောင့်ပြီး ပါးကြီးနှစ်ဖက်ကို ဖောင်းထားတယ်ဗျ။ တော်တော်ချုပ်တည်းထားတာ။
ကျွန်တော်တို့ဆီက ဘာစကားမှ ထွက်မလာတော့ အန်တီလှကပဲ မအောင့်နိုင် မအည်းနိုင်ဖြစ်လာပြီး…
“အို…ဟုတ်ပါတယ်လေ၊ နေပူထဲကလာတာဆိုတော့ ရေခဲရေအေးအေးလေးသောက်မှကို ဖြစ်တော့မယ်။ အလှတို့အိမ်မှာ ရေခဲရေအဆင်သင့်ရတယ်ကွဲ့၊ သမီးရေ မိသက်… ရေခဲရေနှစ်ခွက် ယူခဲ့ပါဦးကွယ်”
သေချာတယ်။ အန်တီလှအိမ်မှာ ရေခဲသေတ္တာရောက်နေပြီ။ ပန်းချီဆရာက မျက်လုံးပြူး မျက်ဆံပြူးနဲ့…
“နေပါစေ…နေပါစေ…အန်တီလှရယ်၊ မသောက်တော့ပါဘူး။ ဟိုကောင် ဖိုးစောကိုသာ ခေါ်တိုက်လိုက်ပါ၊ ဒီကောင်က ရေခဲရေ အရမ်းကြိုက်တာ အန်တီလှရဲ့၊ အဟုတ်…တကယ်…ဘုရားစူးရစေရဲ့”
“ဟင်…ဟုတ်လား…ဒါဆို မောင်ဖိုးစောကို ခေါ်တိုက်ဦးမှပဲ။ ဟင်း…ဟင်း…မနေ့ကပဲ ရန်ကုန်မှာနေတဲ့ သမက်က ရေခဲသေတ္တာတစ်လုံး ပို့လိုက်တယ်လေ။ အင်း…ကရင်က တော်ရှာပါတယ်ကွယ်”
အန်တီလှက သူ့သမတ်ကို ‘ကရင်’လို့ခေါ်တတ်တယ်။ ကရင်လူမျိုးမို့လို့လား၊ ငယ်နာမည် ကရင် မို့လို့လားတော့ ကျွန်တော်တို့မသိဘူး။
အန်တီလှရဲ့ သမက်ချီးမွမ်းခန်း မဟာအကြွားတော်ပုံ အစမှာတင် ကျွန်တော်တို့နှစ်ယောက် ကသောကမျော ထပြန်တယ်။ ဒါတောင်မလွတ်ဘူး။
နောက်ကနေ လှမ်းအော်ပြောလိုက်တဲ့ အန်တီလှရဲ့ စကားသံကို ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်။
“မင်းတို့လည်း ကန်စွန်းရွက်တို့၊ ချဉ်ပေါင်ရွက်တို့ ဝယ်လာရင် ဒီအိမ်က ရေခဲသေတ္တာထဲမှာ လာထည့်ထားလို့ရတယ်…သိလား၊ အားမနာနဲ့နော်”
ခံလိုက်ရပုံများဗျာ။
‘ဟုတ်ကဲ့’ လို့တောင် ပြန်မပြောနိုင်တော့ဘူး။
အဲဒီလိုမျိုး…ကြွားပြီဆိုရင် ‘အလုံးကြီး’ တွေပဲ လွှတ်တတ်လွန်းလို့ အန်တီလှကို ရပ်ကွက်ထဲကလူတွေက…
“မော်ရီယာမင်း”
လို့ နာမည်ပြောင်ပေးထားကြတယ်။
သိတယ်မဟုတ်လား။ မော်ရီယာမင်း ဆိုတဲ့ အားဆေးက အကြောထဲသွင်းရတာလေ။
အကြောဆေးသွင်း၊ ဒရစ်ပုလင်းချိတ်တာကို ရပ်ထဲရွာထဲမှာက ‘အလုံးကြီး’ ချိတ်တယ်လို့ ခေါ်တာကိုး။
အန်တီလှကို ရပ်ကွက်ထဲကလူတွေ မေးငေါ့မယ်ဆိုရင်လည်း ငေါ့စရာပေါ့ဗျာ။ အန်တီလှက ဟိုကိစ္စဝင်ဖွ၊ ဒီကိစ္စဝင်ဖွနဲ့ ရှုပ်တာကိုး။
သူများကို တမင်ဒုက္ခပေးတာတော့မဟုတ်ဘူး။ အဲဒီလို ယုတ်မာတဲ့ ညစ်ပတ်တဲ့စိတ်တော့ အန်တီလှမှာမရှိတာ သေချာတယ်။
ဒါပေမဲ့ ခက်နေတာက…
လူကြားသူကြားထဲမှာ အထူအပါး နားမလည်တာ။ ပြောချင်ရာ စွတ်ပြော၊ လုပ်ချင်တာ စွတ်လုပ်တာ။
တလွဲလုပ်တဲ့နေရာမှာတော့ တကယ့်ကို ရွပ်ရွပ်ချွံချွံဗျ။
ကျွန်တော်တို့ ဒီကိုပြောင်းလာခါစတုန်းက ပန်းချီဆရာက အလှမွေးငါးကန် ခပ်သေးသေးတစ်ခု သယ်လာပြီး ‘ဖလားဝါးဟွန်း’ ငါးလေးတစ်ကောင် ထည့်မွေးထားတယ်။ သူ့ကြည့်ပြီး ပန်းချီဆွဲချင်လို့ ထင်ပါရဲ့။
ဒါပေမဲ့ မကြာပါဘူး။ မီးက ခဏခဏပျက်တော့ အောက်စီဂျင်မရတာနဲ့ ငါးလေး သေသွားရှာတယ်။
အဲဒီနေ့ကလည်း တစ်နေ့လယ်ခင်းလုံး ကျွန်တော်တို့က အပြင် သွားနေကြတာ။ ညနေပြန်ရောက်ပြီး ငါးလေးကို အစာကျွေးမယ်လုပ်တော့မှ ကန်ထဲမှာ ပေါလောလေးမျောပြီး သေနေတာကို တွေ့ရတာပဲ။
ပန်းချီဆရာဆိုတာ စုတ်တသပ်သပ်နဲ့ သူ့ကိုယ်သူ အပြစ်တင်လို့ကို မဆုံးဘူး။ ကျွန်တော်တို့လည်း တော်တော်ကြီးကို စိတ်မကောင်းဖြစ်တာပါ။
ဒါမျိုး ကြုံဖူးကြတဲ့သူတိုင်း ကျွန်တော်တို့ကို ကိုယ်ချင်းစာတတ်မှာပါဗျာ။
ကျွန်တော်တို့တွေအားလုံး ငိုင်နေကြတဲ့အချိန်မှာ အန်တီလှ တစ်ယောက် ကော့ပက်ကော့ပက်နဲ့ အိမ်ပေါ်တတ်လာတယ်။ မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြတဲ့ ကျွန်တော်တို့ကို ကြည့်ပြီး…
“ဘာဖြစ်နေကြတာတုံးဟဲ့”
ကျွန်တော်က ကန်ထဲက ငါးအသေကောင်လေးကို ပိုက်နဲ့ခပ်ဆယ်လိုက်ပြီး…
“ရွှေငါးလေးသေသွားလို့ အန်တီလှရဲ့”
“ဟယ်…ဖြစ်မှဖြစ်ရလေဟယ်”
ပိုက်ထဲမှာပါလာတဲ့ ရွှေငါးအသေလေးကိုကြည့်ပြီး အန်တီလှ တော်တော်စိတ်ထိခိုက်သွားပုံပဲ။ သူက…
“သနားစရာကောင်းလိုက်တာနော်။ သူ့ခမျာ ကံဆိုးရှာတယ်ကွယ်”
ဒါ…အန်တီလှ တကယ်သနားလို့ တကယ်ကြေကွဲလို့ ပြောတာ။ ဟုတ်တယ်၊ ကျွန်တော်သိတယ်။ ဒါပေမဲ့ ချက်ချင်းပဲ သူဆက်ပြောတဲ့ စကားကိုကြည့်ဦး။
“ဒီကောင်လေးကို ချက်စားရင် ဘယ်လိုအရသာရှိမလဲ မသိဘူးနော်”
ကျွန်တော်တို့အားလုံး စိတ်ထဲမှာ ဖုသွားတယ်။ ကြည့်စမ်း…အကြံပက်စက်လိုက်ပုံ။
ကျွန်တော်က…
“ဟာ…အန်တီလှကလည်း ခုနကပဲ သနားစရာလေး ဘာလေး ပြောနေပြီးတော့ ချက်စားဖို့ စိတ်ကူးရက်သေးတယ်ဗျာ”
“ဟဲ့…ဘာဆိုင်လို့လဲ၊ သနားတာက သနားတာ သတ်သတ်၊ သူ့အရသာကို သိချင်တာက သတ်သတ်ပဲ ဥစ္စာ။ ဈေးထဲမှာ ဝယ်စားရတဲ့ ငါးတွေနဲ့ ဘာများကွာသလဲ သိချင်လို့ပါဟယ်”
အဲသည်လိုပြောပြီး ကျွန်တော့်မျက်နှာကို တစ်ချက်လှမ်း အကဲခတ်တယ်။ ပြီးတော့ မျက်စတစ်ချက်ပစ်ပြီး…
“ကဲ…ဘယ်နှယ့်တုန်း”…တဲ့။
သူ့ရဲ့ ‘ဘယ်နှယ့်တုန်း’ ဆိုတာကြီးက ချက်စားကြရအောင် အထာနဲ့ ညှိလိုက်တာမှန်း ကျွန်တော်ရိပ်မိတာပေါ့။ ဒါနဲ့…
“တော်ပါ…အန်တီလှရယ်”
ဆိုပြီး မနည်းချော့မော့လွှတ်လိုက်ရတယ်ဗျာ။

အန်တီလှနဲ့ လေပေးဖြောင့်တာကတော့ ကျွန်တော်တို့ကောင်ကြီး ဖိုးစောပဲ။ အန်တီလှကလည်း သူ့လေကြောမှာသာ ဒိုင်ခံမျောပါပေးမယ်ဆိုလို့ကတော့ ကြည်ဖြူပြီးသား၊ ရင်ဖွင့်ကြိုဆိုနေပြီးသား။
ကြည့်လေ။
အန်တီလှက သူ့ရဲ့ ဒိုင်ယာနာမင်းသမီးပုံစံညှပ်ထားတဲ့ ဆံတိုကုပ်ဝဲလေးကို သပ်ကာသပ်ကာနဲ့ (ဒိုင်ယာနာမင်းသမီးနဲ့တော့ ဘယ်တူမှာလဲဗျာ၊ သူက ဆံပင်တွေ ဖြူနေပြီပဲဥစ္စာ၊ ကြာဆံဖတ်တွေ ခေါင်းပေါ်ရွက်ထားတာနဲ့ပဲ တူတာပေါ့)
အိုက်တင်ကတော့ တစ်စက်မှ မလျော့ဘူး။
“ဟင်း…ဟင်း…ဒီမှာ မောင်ဖိုးစောရဲ့၊ အလှတို့ ငယ်ငယ်တုန်းကများ လမ်းဖြတ်လျှောက်သွားပလား ဆိုရင် ယောက်ျားတွေမှန်သမျှက လည်ပြန်ငေးကြည့်ရတာကွဲ့”
“ဟုတ်မယ်…ဟုတ်မယ်…ခုထိတောင် အန်တီလှရဲ့ ရုပ်ရည်နဲ့ဆို ကြိုက်တဲ့ယောက်ျားကို ခေါင်းခေါက်ယူလို့ရနေတုန်းပဲ”
ဒါက ဖိုးစောရဲ့ စကားထောက်။
အင်း…လိုက်လည်း လိုက်ဖက်ကြပါပေတယ်။ ဒီကောင်က အဲသည်လို စကားထောက်ပေးလေလေ ဟိုဘွားတော်ကြီးက ဖီလင်တွေတက်တက်ပြီး စွတ်တင်လေလေပေါ့ဗျာ။
“ဟင်း…ဟင်း…ဟင်း…ယောက်ျားများတော့ မလိုချင်တော့ပါဘူး မောင်ဖိုးစောရယ်၊ ငယ်ငယ်တုန်းကများဆို ယောက်ျားတွေကို ကိုယ်ပေါ်ပုရွက်ဆိတ်တွေတက်သလို သပ်သပ်ပြီး ချရတာကွဲ့”
“သြော်…လက်စသတ်တော့ အန်တီလှဆိုတာ ခေသူမဟုတ်ဘူးပဲနော”
အဲဒီမှာတင် ဘုန်းကြီးရူးနဲ့ လှေလူးတွေ့ကြတော့တာပဲ။
ကောင်းတဲ့တစ်ချက်တော့ ရှိတယ်။
အိမ်လခ ပေးရမယ့်ရက်လည်း နီးနေပြီ၊ ကျွန်တော်တို့လက်ထဲမှာလည်း ပိုက်ဆံပြတ်နေပြီဆိုရင် ပိုက်ဆံလွယ်လွယ်ကူကူချေးလို့ရမယ့် လူက အန်တီလှတစ်ယောက်ပဲ ရှိတယ်ဗျ။
အဲဒီအခါကျရင် ဖိုးစောကို ရှေ့တန်းတင်ပြီး အန်တီလှဆီမှာ ပိုက်ဆံသွားချေးခိုင်းရတော့တာပဲ။
ရယ်တော့ရယ်ရတယ်။
ဖိုးစောရော၊ အန်တီလှရော နှစ်ယောက်စလုံးက တွက်တဲ့ချက်တဲ့နေရာမှာ လည်လည်ဝယ်ဝယ်တွေ မဟုတ်လား။
ချာလပတ်ယမ်း နေကြတော့တာပဲ။
ဖိုးစောက…
“အန်တီလှ…ကျွန်တော်တို့ကို ပိုက်ဆံနှစ်ရာလောက် ချေးစမ်းပါဗျာ”
“ဟဲ့…နှစ်ရာတောင်၊ များလှချည်လားဟဲ့၊ ငါ့မှာ ဘယ်ရှိပါ့မလဲ”
ဟုတ်တယ်ဗျ။ အဲဒီအချိန်ကာလတုန်းက ပိုက်ဆံနှစ်ရာဆိုတာ တန်ဖိုးတော်တော်များတာ။ ရုံးစာရေးလစာတောင်မှ ၄၂၀ ကျပ်စကေးပဲရှိတာ။ အဲဒီလစာနဲ့ ချွေချွေတာတာစားရင် တစ်လစာစရိတ်တော့ အလျင်မီတယ်။
အမြင့်ဆုံး ထီဆုငွေမှ တစ်သိန်းထဲရယ်။ ဒါပေမဲ့ အဲဒီတစ်သိန်းနဲ့ဆို ဖင်မလီယာကားတို့ ဘာတို့ ဝယ်စီးနိုင်သေးတယ်လေ။
အဲဒီတော့ ပိုက်ဆံနှစ်ရာကို တစ်လုံးတစ်ခဲတည်းပေးဖို့ အန်တီလှ လက်တွန့်တာပေါ့။
ဖိုးစောကလည်း မရမက ကုပ်ကပ်ပြီး…
“အဲဒါဆိုလည်း တစ်ရာတော့ ချေးဗျာ”
ဟုတ်တယ်။ တစ်ရာတော့ ရမှဖြစ်မယ်။ ကျွန်တော်တို့ ငှားနေတဲ့ အိမ်လခက ၆၀ မဟုတ်လား။ ဒါနဲ့ အန်တီလှတစ်ယောက် ဖိုးစောကို မလွန်ဆန်သာတော့ဘူး။ လက်ကလေးတုန်တုန်ရီရီနဲ့ အိတ်ထဲက ပိုက်ဆံတွေကို ထုတ်ရေတော့ ၃၅ကျပ်တန်သုံးရွက် ထွက်လာတယ်။
အဲဒီခေတ်တုန်းက ၃၅ကျပ်တန်တို့၊ ၇၅ကျပ်တန်တို့၊ ၂၅ကျပ်တန်တို့ သုံးကြသေးတာဗျ။ အန်တီလှက ပိုက်ဆံတွေကို ဖိုးစောလက်ထဲ ထည့်ပေးပြီး…
“ငါးကျပ် ပြန်အမ်းဦး”
ဟုတ်တယ်လေ…။ ၃၅ကျပ်တန် သုံးရွက်ဆိုတော့ ၁၀၅ကျပ် ဖြစ်နေတာကိုး။ ဖိုးစောရဲ့ ပုဆိုးကြားမှာ လိမ်ညှပ်ထားတာက ဒီလအတွက် ကျွန်တော်တို့ရဲ့ နောက်ဆုံးလက်ကျန် ၁၀ကျပ်တန် တစ်ရွက်။
အဲဒီမှာတင် ဖိုးစောကော၊ အန်တီလှပါ သောက,ဗျာပါဒတွေ လှိုက်ဆူပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင်မှိုင်တော့တာပဲ။
သူတို့ ဘာလုပ်ရမှန်းမသိကြတော့ဘူးလေ။
အန်တီလှကို ပေးရမှာက ငါးကျပ်၊ ဖိုးစောမှာ ရှိနေတာက တစ်ဆယ်။ ပိုနေတဲ့ ငါးကျပ်ကို ပြန်အမ်းစရာ ၅ ကျပ်တန်လည်း အန်တီလှမှာ မရှိဘူး။ သူတို့အတွက်တော့ ဒါဟာ ကမ္ဘာ့ဘောဂဗေဒပြဿနာကြီး တစ်ခုလောက်ကို ကြီးကျယ်နေတယ်။
ပန်းချီဆရာက ဝင်ပြီး ပြောင်ချော်ချော် နောက်တောက်တောက်နဲ့…
“ဒါများ လွယ်လွယ်လေးဗျာ၊ အန်တီလှက နောက်ထပ် ၃၅ကျပ်တန် သုံးရွက် ထပ်ပေးလိုက်ပေါ့ဗျာ၊ ဒါမှ အန်တီလှဘက်က နောက်ထပ်ရစရာ ငါးကျပ်အစွန်းထွက်လာမယ်လေ။ အဲဒီတော့မှ ဖိုးစောဆီက တစ်ဆယ်လုံးယူလိုက်၊ ပြီးရော”
အန်တီလှကော ဖိုးစောပါ မျက်နှာဝင်းခနဲ ဖြစ်သွားတယ်။ အန်တီလှက…
“အေး…ဟုတ်သားပဲ၊ လွယ်သားပဲ…ဟင်း…ဟင်း…ဗြုန်းခနဲဆိုတော့ မစဉ်းစားမိဘူးဖြစ်သွားတယ် …ဟဲ…ဟဲ။ ကဲ…ရော့…ရော့…”
အန်တီလှက နောက်ထပ် ၃၅ကျပ်တန် သုံးရွက်ကို ပိုက်ဆံအိတ်ထဲက ဖျိုးဖျိုးဖျတ်ဖျတ် ထုတ်ပေးပြီး ဖိုးစောလက်ထဲက တစ်ဆယ်တန်ကို ဆတ်ခနဲ ဆွဲယူလိုက်တယ်။
နောက်တစ်ရက်ကျတော့…
အန်တီလှတစ်ယောက် ကျွန်တော့်တို့အိမ်ပေါ်ကို စောင်းကန်းစောင်းကန်းနဲ့ တက်လာပြီး…
“မောင်ဖိုးစော…မနေ့က မင်း ပိုက်ဆံချေးသွားတာ တစ်ရာလား၊ နှစ်ရာလား ဟင်”
“တစ်ရာလေဗျာ…”
ဖိုးစောက မျက်လုံးပြူး၊ မျက်ဆန်ပြူးနဲ့ ပြန်ဟောက်တယ်။ အန်တီလှက…
“ဒါပေမဲ့ ငါက နောက်ထပ် သုံးဆယ့်ငါးကျပ်တန် (၃)ရွက် ထပ်ပေးရသေးတယ် မဟုတ်လား”
အဲဒီစကားကြောင့် ဖိုးစော တွေတွေကြီးဖြစ်သွားပြီး အသည်းအသန် ဦးနှောက်ထဲမှာ တွက်ရချက်ရတော့တာပဲ။
ပြီးတော့မှ အဖြေရသွားပြီး…
“ဟာ…ဘာဆိုင်လို့လဲဗျ၊ အဲဒါက ကျွန်တော့်တစ်ဆယ်တန်ကို ပြန်မအမ်းနိုင်လို့ အန်တီလှက နောက်ထပ် အလိုက်ပေးရတဲ့ဥစ္စာ”
“သြော်…အေး…အေး…ဟုတ်သား၊ ဟဲ…ဟဲ အသက်အရွယ်က ရလာတော့ နည်းနည်းမေ့တတ် လာတယ်ကွယ်၊ ဟင်း…ဟင်…ငယ်ငယ်တုန်းကတော့ ဒီလိုဘယ်ဟုတ်မလဲ၊ အတွက်အချက်မှာ ဂျောင်းဂျောင်းပြေးနေတာကွဲ့ မောင်ဖိုးစောရဲ့၊ သိလား”
“ကျွန်တော်လည်း ကျောင်းမှာတုန်းကဆို သချာင်္မှာ အမြဲတမ်း အမှတ်(၁၀၀)ရနေကျ အန်တီလှရဲ့၊ ခုထိတောင် (၅)အလီကို အလွတ်ရနေသေးတယ်”
သူတို့နှစ်ယောက် ပြောနေဆိုနေတာကို အခန်းထဲကနေ အတိုင်းသားကြားနေရတဲ့ ကျွန်တော်တို့မှာ အသံထွက်ပြီး မရယ်မိအောင် ခြုံတဲ့စောင်အနားစကို လုံးထွေးပြီး ပါးစပ်ထဲ ဆို့ထားရတယ်ဗျာ။

ဆက်ရန်.............
သြော်...ဒါနဲ့စကားမစပ်-ဒုတိယပိုင်း (ဝတ္ထုတိုများ) - သုမောင် (အပိုင်း-၂)
ဆိုင်းဘုတ်နဲ့ မှတ်တိုင်
သြော်… ဒါနဲ့ စကားမစပ်၊ အဲ… ပထမဦးဆုံး စကားမစပ်ပဲပေါ့နော်။ တစ်လောတုန်းက ပြီးခဲ့တဲ့မတ်လ ၁၃ ရက်နေ့က မန္တလေးအက်ဖ်အမ်ကို ကျေးဇူးတင်ရမယ်။ သုမောင်မွေးနေ့။ ၅၈ နှစ်မြောက်မွေးနေ့ဆိုပြီးတော့ မန္တလေးအက်ဖ်အမ်ကနေ အထူးတလည် စီးတိးအက်ဖ်အမ်ကလည်း လုပ်ပေးရှာပါတယ်။ သူတို့ကတော့ Happy Birthday ဦးသုမောင် ဒီလောက်ပါပဲ လုပ်တာ။
မန္တလေးအက်ဖ်အမ်မှာ သူငယ်ချင်း သန်းမြတ်စိုးက ရှိနေတော့သူက အထူးတလည်ဆိုပြီးတော့ကို သုမောင် သီချင်းမျိုးစုံကို ခေတ်ဟောင်းကနေ ခေတ်ပေါ်အထိ သုမောင်အကြောင်းလေးပြောပြလိုက်၊ သီချင်းလေး ဖွင့်ပြလိုက်၊ ဘယ်လိုသီချင်းမျိုး၊ ဘယ်လိုလေးဆိုတယ်ပြောလိုက်၊ သီချင်းလေး ဖွင့်ပြလိုက်နဲ့။ ဒီကြားထဲ ဒီကောင်ကြီး မကောင်းပုံက သုမောင်ကြီး အရက်ကြိုက်တတ်တဲ့အကြောင်းလည်း ပါလိုက်သေးတယ်ဗျာ။
အဲဒီ သန်းမြတ်စိုးဆိုတဲ့ ဘဲက ပြောရင်းနဲ့ သူက ဘာထပြောလဲဆိုတော့ သုမောင်နဲ့ ဝင်းဦး မွေးနေ့တူတယ်ဆိုတဲ့အကြောင်း ထည့်ပြောသွားတယ်။ ဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝင်းဦးနဲ့မွေးနေ့ချင်းတူလို့ ဂုဏ်ယူတာ မဟုတ်ဘူး။ အသက်ချင်းတော့ ကွာတာပေါ့နော်။ ဝင်းဦးက ခုရှိမယ်ဆိုရင် ၇၄ နှစ်ပေါ့။ သုမောင်က ၅၈ နှစ်၊ ၁၃ ရက် မတ်လ သွားတူတာပေါ့နော်။
ကြားဖြတ်ပြီး စကားမစပ် ပြောရဦးမယ်။ ဒါက ဝမ်းသာစရာ၊ ရယ်စရာဆိုတော့လေ ကြားထဲမှာ ဟိုကောင်တစ်ကောင် ပါလာတယ်။ အရိုင်ဆိုတဲ့ အကောင်။ သူ့အမေက ဘယ်လိုလုပ် မွေးလိုက်သလဲမသိဘူး။ ၁၃ ရက်၊ မတ်လပဲ။ ဒါက ရယ်စရာပေါ့နော်။ ဝမ်းနည်းစရာကောင်းတာလည်း ရှိသေးတယ်။ မိုးမိုး(အင်းလျား) ရယ်၊ ကဗျာဆရာ အညာတမာရယ် ဆုံးတာ ၁၃ ရက် မတ်လပေါ့လေ။ ထားပါတော့လေ။
ကိုသန်းမြတ်စိုးက အဲဒါလေးထည့်ပြောတဲ့အခါကျတော့ ကိုဝင်းဦး သွားသတိရတယ်။ သြော်… တကယ့်ပညာရှင်ကြီးနော်။ မေ့သွားကြပြီ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ။ အဲဗရက်ပရက်စလေကို ဒီနေ့အထိလေ သူ့ရဲ့မွေးနေ့ကို အမေရိကန်မှာ အကြီးအကျယ်ကျင်းပနေကြရတာ။ ဟော… ခု ကိုဝင်းဦးကို မေ့သွားကြပြီ။ ကိုဝင်းဦး ထားပါတော့ဗျာ။ ကျွန်တော့် ညီလေး ဒွေး။ ဒွေးကို ဒီနေ့ မေ့နေကြပြီ။ ဒွေး သေခါစတုန်းက ငိုလိုက်ကြတာ။ ဒွေးသေတာက ရန်ကုန်မှာ။ မြစ်ကြီးနားမှာ ဒွေးသရဲခြောက်လို့တဲ့။ သရဲခြောက်မှာ ကြောက်လို့တဲ့။ အဲသလောက်ထိဖြစ်တာ။ ကဲ… အခု မေ့သွားကြပြီ ဒွေးကို။ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ အနုပညာသည်တွေအဖို့က။
အဲဒီတော့ ကိုဝင်းဦးကို မေ့သွားကြတော့ ကျွန်တော်က သတိတရ ကိုဝင်းဦးအကြောင်းတွေ ပြန်ပြောချင်ပါတယ်။ ကိုဝင်းဦးဟာလေ တော်တော်ထူးဆန်းတဲ့လူဗျ။ တော်တော့်ကို ထူးဆန်းတဲ့လူ။ ဒီလူကလေ ဥပမာလေးတစ်ခုပဲ ကျွန်တော်ပြောပြမယ်။ တစ်ခါတုန်းက သူ ကားဆက်နေတဲ့နေရာကို ကျွန်တော်ရောက်သွားတယ်။ သူ ရုပ်ရှင်ကားဆက်နေတာ။ 'ဆောင်းအိပ်မက်' ဆိုတဲ့ဇာတ်ကားကို ဆက်နေတာ။ ဆောင်းအိပ်မက်ဇာတ်ကားက ဝင်းဦးနှစ်ကိုယ်ခွဲ၊ သူပဲ၊ မင်းသားနှစ်လက်။ ဝတ္တုလည်း သူပဲ၊ ဇာတ်ညွှန်းလည်း သူပဲ။ မင်းသား နှစ်လက်လည်း သူပဲ။ ဒါရိုက်တာလည်း သူပဲ။
အဲဒီကား ဆက်နေတဲ့အခန်းကို ကျွန်တော်က ချာတိတ် ရှိသေးတယ်။ မင်းသား မဖြစ်သေးဘူး။ ကျွန်တော်က ကိစ္စတစ်ခုနဲ့ ရောက်သွားတာ။ စာပေကိစ္စနဲ့ ရောက်သွားရင်းနဲ့ သူ ကားဆက်တာကို လေ့လာပြီး ကြည့်နေတာပေါ့။ အဲဒီမှာ ကျော်မင်းနဲ့ ဇော်မင်း မင်းသားနှစ်လက် ဝင်းဦးနှစ်ယောက်။ ကားဆက်တော့ ကျော်မင်းက စကားပြောလိုက်၊ ဇော်မင်းက စကားပြောလိုက်နဲ့။ သူကိုယ်တိုင်တော့ မဆက်ဘူး။ စက်မောင်းတဲ့လူက တစ်ယောက်။ မောင်းတဲ့လူက ကိုမောင်မောင်တဲ့။
"ဟေ့ကောင် မောင်မောင်။ ရပ်စမ်း"
တဲ့။ ဟိုက ဖတ်ဆို ရပ်လိုက်တယ်။
"ပြန်ရစ်စမ်း"တဲ့။ ပြန်ရစ်တယ်။
"ဟေ့ကောင်၊ ကျော်မင်း အခန်းဖြတ်ပစ်ကွာ" တဲ့။
"ဟာ… ဆရာ၊ ကောင်းနေသားပဲ။ ဘာဖြစ်လို့"
"မဟုတ်ဘူး။ ဒီကောင် ချောနေလို့" တဲ့။
ဟာ… ဘယ့်နှယ်ဟာကြီးလဲပေါ့။ ကျွန်တော် ကိုဝင်းဦးကို အံ့သြသွားတယ်။ သူ့စိတ်ဓာတ်ကို ကျွန်တော် တော်တော်ကို အံ့သြသွားတယ်။ တခြားမင်းသားဆို ထားလိုက်တော့။ ဒီမင်းသားနှစ်လက်စလုံး သူပဲ။ အဲဒါကို တစ်ယောက်က ပိုချောနေလို့ဆိုပြီးတော့ ဖြတ်ပစ်တယ်ဗျ။ သူ့စိတ်ဓာတ်က တစ်မျိုး။
သူ စာရေးတာကိုလည်း ကျွန်တော် တွေ့ဖူးတယ်။ သူ စာရေးတာ လက်နှိပ်စက်နဲ့ စာရေးတာဗျ။ ကွန်ပျူတာ မပေါ်သေးဘူး။ လက်နှိပ်စက် သုံးလုံးနဲ့ဗျ။ ရှေ့မှာတစ်လုံး၊ ဘေးတစ်ဖက်တစ်ချက်မှာ နှစ်လုံး။ ရှေ့တစ်လုံးက ဇာတ်ညွှန်းစာရိုက်နေတာ၊ ရိုက်နေရာကနေ ဖျတ်ခနဲစိတ်ကူးရရင် ညာဘက်လှည့်လိုက်ပြီး ဝတ္ထုရှည်ကောက်ရိုက်လိုက်တာ။ ပြီးတော့ ဘယ်ဘက်ကို လှည့်လိုက်ပြီး ဟော… ဝတ္ထုတို ကောက်ရိုက်ချင်ရိုက်နေတာ။ ဟာ… အဲဒီလိုကို လုပ်နိုင်တဲ့လူ။ တော်တော့်ကို ထူးဆန်းပြီး တော်တော့်ကို အံ့သြစရာကောင်းတဲ့ ပုဂ္ဂိုလ်ဗျာ။ ကိုသန်းမြတ်စိုးလည်း ကျွန်တော့်မွေးနေ့တုန်းက ကြေညာသွားပါတယ်။ ကိုဝင်းဦး အရက်သောက်တတ်တယ်။ ကျွန်တော့်ထက် ပိုသောက်တတ်ပါတယ်။ ကြိုက်လည်း ပိုကြိုက်ပါတယ်။ ကျွန်တော် ကိုဝင်းဦးနဲ့ တစ်ခါတုန်းက ဝီစကီ ပြိုင်သောက်ဖူးတယ်။ သူရယ်၊ ကျွန်တော်ရယ်၊ တိုင်းမှူးတစ်ယောက်ရယ်၊ ဗျူဟာမှူးတစ်ယောက်ရယ် လေးယောက် သောက်ကြတာ။ တစ်ယောက်တစ်လုံးစီပေါ့။
အဲဒီမှာ ကျွန်တော်တို့က လက်နှစ်လုံးစီလောက်ရှိတော့ မူးနေကြပြီ။ သူက ပုလင်းတစ်ဝက်ကျိုးတာတောင် မမူးသေးဘူး။ ဟာ… ဒီလူ တော်တော်သောက်နိုင်ပါလားပေါ့။ ဘယ်ဟုတ်မလဲ။ သူက သူ့သားကျော်စွာဝင်းကိုခေါ်ပြီး စောစောစီးစီးကတည်းက ထောပတ်တွေ မျိုချထားတာ အရက်မသောက်ခင်။ ဆိုလိုတာက ပြိုင်ချင်တယ်၊ သူများထက်ထူးချင်တဲ့စိတ် ရှိတယ်။ ကျွန်တော် ပြောချင်တာက အနုပညာသည်တွေရဲ့သဘာဝကို ပြောချင်တာပါ။ ဆိုတော့ အဓိကပြောချင်တာက သူ့ရဲ့စာပေကို ပြောချင်တာပါ။ စာပေသမားဘဝကို ပြောချင်တာပါ။ ကျွန်တော့်ရဲ့မြားဦးက 'စာရေးဆရာဝင်းဦး' ဆိုတာကို မြားဦးလှည့်ချင်တာပါ။
ကိုဝင်းဦးဟာ တကယ့် စာရေးဆရာစစ်စစ်ပါ။ ကျွန်တော်တို့ စာရေးဆရာတွေဟာလေ သိပ်ပြီးတော့ နှမြောစရာကောင်းတာက ရုပ်ရှင်လောင်းရိပ်မိသွားပြီ ဆိုလို့ရှိရင် စာရေးဆရာတွေဟာ ဒုက္ခရောက်တော့တာပါပဲ။ ကျွန်တော့်အဖေ သာဓု၊ အကယ်ဒမီ နှစ်ဆု ရလိုက်တာမှာ စာရေးဆရာသာဓုဆိုတာ ပျောက်သွားတယ်ဗျာ။ ဟော… ဘဘဦးသုခ အကယ်ဒမီခြောက်ဆုရတယ်။ စာရေးဆရာသုခဆိုတာ လူမသိတော့ဘူး။ ဒီအတိုင်းပါပဲ။ ဝင်းဦးဟာ စာရေးဆရာဘဝက လာတာ။ ဟော… အကယ်ဒမီနှစ်ထပ်ကွမ်းဝင်းဦး၊ အဆိုတော်ဝင်းဦးလည်း ဖြစ်သွားရော စာရေးဆရာဝင်းဦးဆိုတာကို လူမသိတော့ဘူးဗျ။ ဟော… မြတ်လေး၊ အဆိုတော်၊ ဒါရိုက်တာ၊ မင်းသားမြတ်လေးလည်းဖြစ်ရော စာရေးဆရာ မြတ်လေးဆိုတာကို လူတွေ မသိတော့ဘူး။
'ဗိုလ်အောင်ဒင်' ဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာ ရွှေဒုံးဘီအောင်ဆိုတဲ့ ဆရာကြီး။ တကယ်က သူလည်း စာရေးဆရာဘဝက လာတာပဲ။ သာဓုလည်း စာရေးဆရာပဲ။ သုခလည်း စာရေးဆရာပဲ။ ဝင်းဦးလည်း စာရေးဆရာပဲ။ သုမောင်လည်း စာရေးဆရာပဲ။ စာရေးဆရာဘဝက လာတဲ့လူတွေပဲ။ ရုပ်ရှင်နယ်ထဲ ရောက်ရော၊ ဂီတနယ်ထဲ ရောက်ရော နာမည်လည်း ကြီးသွားရော ဟော… သွားလေရောဗျာ။ စာပေသမားဆိုတာကို လူတွေက အသိအမှတ်မပြုတော့ဘူး။ မေ့သွားကြရော။ သိပ်ရင်နာစရာကောင်းတယ်နော်။
ရှိသေးတယ် နောက်တစ်ယောက်။ သိပ်အံ့သြစရာကောင်းတဲ့ နောက်တစ်ယောက် ရှိသေးတယ်။ စာရေးဆရာမောင်သင်။ ဒီနေ့ကလေးတွေ သိချင်မှသိမယ်။ ရုပ်ရှင်မင်းသားမောင်သင်၊ ဘယ်လောက် အံ့သြစရာကောင်းသလဲဆိုရင် အဲဒီမောင်သင်ဟာ စစ်ဗိုလ်ဗျ။ ဝင်းဦးလည်း စစ်ဗိုလ်ပဲနော်။ မောင်သင်က ဗိုလ်မှူး၊ ဝင်းဦးက ဗိုလ်ကြီး၊ မောင်သက ဗိုလ်မှူး၊ ဆရာဝန်၊ စာရေးဆရာ၊ ရုပ်ရှင်မင်းသားဗျာ။ အဲဒီအပြင်မှာကို ရုပ်ရှင်မှာ အကယ်ဒမီရတယ်ဗျာ။ အမျိုးသားစာပေဆု သုံးဆုရတယ်ဗျာ။ အဲသလောက်တော်တဲ့ စာရေးဆရာမောင်သင်ဟာ ဟော… ရုပ်ရှင်မင်းသား၊ အကယ်ဒမီမင်းသားလည်းဖြစ်ရော စာရေးဆရာမောင်သင်ဆိုတာကို လူတွေက မသိတော့ဘူးဗျာ။
စာရေးဆရာဘဝများနော်… ဘယ်လောက်ရင်နာစရာကောင်းသလဲ။ ဒီလိုပါပဲ။ ကျွန်တော်တော့ နည်းနည်းလေး ကံကောင်းတယ်ပြောရမယ်။ ဘာကြောင့်လဲဆို ကျွန်တော်က တစ်နေ့တစ်ပုဒ်ပြီးအောင် ရေးတာ။ ဒါကလည်း ကျွန်တော့်ကို စာရေးဆရာကြီးသော်တာဆွေက သင်ပေးထားတဲ့နည်း။
"ဟေ့ကောင် သား။ စာ ကောင်းကောင်းမကောင်းကောင်း တစ်နေ့တစ်ပုဒ်တော့ ပြီးအောင်ရေး"
တဲ့။ ကျွန်တော်လည်း ပြီးအောင် ရေးတယ်။ စာမကောင်း သိမ်းထားလိုက်တာပဲ။ ကောင်းရင်တော့ ပို့လိုက်တာပေါ့။ သိပ်ကောင်းရင်လည်း သိမ်းထားလိုက်တာပဲ။ စာကိုတော့ တစ်နေ့တစ်ပုဒ် ပြီးအောင်တော့ ရေးတယ်။ ဒါက ကျွန်တော့်ရဲ့ အလေ့အကျင့်ပေါ့နော်။ အဲဒီနည်းတူပဲ ကျွန်တော့်ခေတ်မှာက ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အများကြီးထွက်တယ်။ ကျွန်တော်က စာရေးအားကောင်းတယ်ဆိုလို့ ကျွန်တော့်ကို စာရေးဆရာအဖြစ် လူက သိကြတယ်။
နောက်တစ်ချက်က ကျွန်တော့်ရုပ်က သိပ်ပြီးတော့ မင်းသားနဲ့မတူလို့ နည်းနည်း ခံသာသွားတာ။ ဒါတောင် အဆိုတော်ဘက်က အသံကကောင်းနေတော့ တချို့က စာရေးတာကို ကျွန်တော် အပြောခံရသေးတာ။ သုမောင်လည်း စာလေးဘာလေး ရေးတတ်သားပဲတဲ့။ ကျွန်တော့် တချို့ပရိသတ်က လုပ်ချင်သေးတာ။ စာရေးဆရာဘဝဆိုတာ တော်တော်ခံရခက်တဲ့ ကိစ္စပါဗျာ။
အဲတော့ ပြောချင်တာက မင်းသား၊ အဆိုတော်။ အဆိုတော်ကတော့ နည်းနည်း ထားပါတော့လေ။ မင်းသားဆိုတော့ ရုပ်ပြ။ အထူးသဖြင့် အကယ်ဒမီရသွားတဲ့ မင်းသားမျိုးတွေက စိုးမြတ်သူဇာတို့လို၊ ဒီနေ့ စိုင်းစိုင်းခမ်းလှိုင်တို့လို ရုပ်ပြစားတဲ့သူတွေဖြစ်ပြီးမှ စာရေးတာ တစ်မျိုးပေါ့နော်။ ဒါလည်း ကောင်းပါတယ်။ အဲဒါ စကားမစပ် ပြောပြဦးမယ်ဗျ။ ကျွန်တော်တို့ စာပေသမားတွေဘက်က မကောင်းတာပါ။ ကျွန်တော် စာရေးဆရာကောင်းကြောင်း ပြောပြီးပြီ။ မကောင်းတာတစ်ခု ပြောပြဦးမယ်။ ဆိုပါစို့။ စိုးမြတ်သူဇာ စာရေးတယ်။ စိုင်းစိုင်းခမ်းလှိုင် စာရေးတယ်ဆိုရင် 'ဟင်း… ဘာလဲ သူတို့ ကိုယ်နဲ့လည်း ဆိုင်တာ မဟုတ်ဘဲနဲ့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်' တချို့စာရေးဆရာတွေက ပြောချင်ကြတယ်။ ဒါ အဓိပ္ပာယ်မရှိဘူးဗျ။ Welcome လုပ်ရမယ်။ ကိုယ့်စာပေနယ်ကို ချစ်လို့ ရုပ်ရှင်နယ်ကလူက ဂီတနယ်ကနေ ကူးလာတဲ့ကလေးတွေကို Welcome လုပ်ရမယ်။ ကျွန်တော် သတိထားကြည့်မိတယ်။ ကျွန်တော်တို့ စာပေနယ်ကနေ ရုပ်ရှင်နယ်၊ ဂီတနယ်ကိုကူးလာတဲ့ ပုဂ္ဂိုလ်တွေကို ဆိုရင်လေ ဂီတနယ်၊ ရုပ်ရှင်နယ်က အနုပညာသည်တွေက Very Welcome ဗျာ။ 'ဆရာ၊ ဆရာ၊ ဆရာ' အဲသလိုကိုနေတာ။ ဟော… ဟိုဘက်ကကျတော့ ကျွန်တော်တို့ စာရေးဆရာတွေက ကိုယ်နဲ့ဆိုင်တာကျနေတာပဲဆိုပြီး ပြောကြတယ်။ မကောင်းပါဘူးဗျာ။
အမှန်က ညီအစ်ကိုမောင်နှမတွေပါနော်။ ဒါက မလုပ်သင့်တဲ့ကိစ္စတွေကို ပြောတာပါ။ အဲဒီတော့ စောစောကစကား ပြန်ဆက်ရလို့ရှိရင် စာရေးဆရာတွေ သီချင်းဆိုကြ၊ ရုပ်ရှင်ရိုက်ကြတာလည်း ကောင်းပါတယ်နော်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ စာရေးတာလည်း ကောင်းပါတယ်။ အန်တီချို… ချိုပြုံးဆိုရင် စာရေးအရမ်းကောင်းတာဗျ။ အဲဒီလိုပေါ့လေ။ တစ်ဖက်နဲ့ တစ်ဖက် စီးမျောနေကြတာဟာ အလွန်အဖိုးတန်တဲ့ကိစ္စပါဗျာ။ အဲဒါကို ငါ့ဘက်သူ့ဘက် ဆိုပြီးတော့ မလုပ်ကြဖို့ ကြားထဲက တောင်းပန်ပါတယ်။ ဘာကြောင့် တောင်းပန်သလဲဆိုရင် ကျွန်တော်က စာလည်း ရေးတယ်။ ဒီစကားကို ကျွန်တော်ကပြောလို့ ရတယ်။ စာလည်း ရေးတယ်၊ ရုပ်ရှင်လည်း ရိုက်တယ်။ သီချင်းလည်း ဆိုတယ်လေ သုမောင်က။ ရှင်းတယ်။ ချစ်ဦးညိုက ဒီစကားပြောလို့ မရဘူး။ ဟုတ်တယ်မလား။ အဲဒါက ရှင်းတယ်။
စောစောကစကားလေး ပြန်ဆက်ရရင် ကိုဝင်းဦးဟာ စာရေးအလွန်ကောင်းတဲ့ပုဂ္ဂိုလ်။ အခု သူ့ကို စာရေးဆရာမှန်း လူတွေသိပ်မသိကြတော့ဘူး။ အဲဒီတော့ ကျွန်တော်က ဗဟုသုတအနေနဲ့ သူ စာရေးဘယ်လောက်ကောင်းတယ် ဆိုတာတွေကို စောစောကပြောတဲ့ ဝင်းဦးနဲ့ သုမောင် မွေးနေ့တူတဲ့ မတ်လ ၁၃ ရက်နေ့မှာ ပတ်သက်တဲ့ဆောင်းပါးလေးတစ်ပုဒ် ကျွန်တော် ရေးခဲ့ဖူးတဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ အမှတ်တရ ထည့်ထားဖူးတယ်။ ဝင်းဦးရဲ့ ကဗျာလေးတစ်ပုဒ်။ ကျွန်တော် ရွတ်ပြပေးပါမယ်။ အဲဒီနည်းတူ ကျွန်တော့်ရဲ့ကဗျာကိုလည်း ကျွန်တော် ထည့်ပြီးတော့ ရွတ်ပြပေးပါမယ်။ ကျွန်တော် သူများယောင်လို့ယောင်ပြီး ကဗျာရွတ်ပွဲလုပ်တာ မဟုတ်ပါဘူးနော်။
ဝင်းဦးမဖြစ်ခင် ဗိုလ်ကိုဦးဆိုပြီးတော့ စစ်ဗိုလ်ဘဝ၊ စစ်ဗိုလ်ဘဝတောင် မဖြစ်သေးဘူး။ ဗိုလ်လောင်းဘဝမှာ ရေးခဲ့တဲ့ ကဗျာလေး၊ ကိုဝင်းဦးကလေ ရေးတော့သာ လူက အချစ်ဝတ္ထုတွေ ရေးတာဗျ။ ငေါ့တော့တော့ လှောင်တောင်တောင် သိပ်လုပ်တတ်တဲ့လူဗျ။ သူ့ရုပ်ရှင်တွေ ကြည့်ဖူးတဲ့သူတွေ သတိထားမှာပါ။ ငေါ့တော့တော့ လှောင်တောင်တောင် သိပ်လုပ်တတ်တယ်ဗျ။
သူ့စကားလေးတစ်ခု မှတ်မိတယ်။ 'ဟင်း… ကောင်းလိုက်တဲ့ အသံကြောင်လေးဗျာ' တဲ့။ အဲဒီလိုပေါ့။ စာတွေထဲမှာ အဲဒါတွေပါတယ်။ အဓိကပြောချင်တာက ဝင်းဦးသည် စာရေးဆရာဘဝမှလာသည်။ အဓိကပဲ။ အဲဒီတော့ စစ်ဗိုလ်မဖြစ်ခင် ဗိုလ်လောင်းဘဝမှာ သူ ရေးတဲ့ကဗျာ၊ ဗိုလ်ကိုဦးဆိုတဲ့ ဘဝမှာ ရေးတာ။ ဝင်းဦးတောင် မဖြစ်ခင် ရေးတဲ့ကဗျာလေးကို ကျွန်တော် ရွတ်ပြပါမယ်။ ဒါလေးကို ဘာကြောင့်ရွတ်ပြရသလဲဆိုရင် စောစောကပြောတဲ့ ၁၃ ရက် မတ်လ ကျွန်တော်နဲ့ တိုက်ဆိုင်တဲ့ မွေးနေ့အထူးအဖြစ် ကျွန်တော် ရွတ်တာဖြစ်ပါတယ်။ သူ့ရဲ့ တပ်မွေးနေ့မှာ ရေးတဲ့ကဗျာပါ။
မွေးနေ့သံဝေဂ
တစ်နေ့သေ တစ်နေ့မွေးပါတဲ့
ယနေ့အခြေ ယနေ့တွေးရမယ်ဆိုရင်တော့
မွေးနေ့ဆိုတာ ဇရာသင်္ကေတပါခင်ဗျာလို့
ဆင်ခြေလှလှလေး ပေးလိုက်တယ်။
တရွေ့ရွေ့ တမြေ့မြေ့နဲ့ပဲ
မနေ့တစ်နေ့က စပြီး
ယနေ့ ဇရာ တံခါးဝကို ရောက်လာတယ်။
ကြောက်ပါတယ်လို့လည်း ဗျာပိုမနှော
အရောက်လာပါကွယ်လို့လည်း
ခရာသံလိုလိုနဲ့ ဇရာကိုမပြော
လူ့ဘဝဆိုတာ ရခဲတယ်ဆိုမှဖြင့်
ခဏပဲရယ်လို့ အားမလျှော့သင့်ပါဘု
သွားတော့လို့ ဘယ်သူ့ကိုမှ ဘယ်သူ့မှ
မနှင်ရက်နိုင်တာကြောင့်
အလိုက်သင့်နေရင်းက ဆည်းဆာအလှကို
ငေးမောနေပါ့မယ်။
တွေးတောသူ အသက်ပိုရှည်ရေးပေပါ့
ရေးသောသူလည်း တစ်ရက်ပိုပြီးတော့ကာ
မအိုမသေချင် အတွေးထေ့ထေ့နှောပြီး
အရေးငွေ့ငွေ့မျှောလိုက်မယ်
(အပေါင်းအသင်းတို့ရေ…)
မွေးနေ့ရဲ့ တေတေပေပေ သဘော။
တစ်နေ့သေ တစ်နေ့မွေးပါတဲ့
ယနေ့အခြေ ယနေ့တွေးရမယ်ဆိုရင်တော့
မွေးနေ့ဆိုတာ ဇရာသင်္ကေတပါခင်ဗျာလို့
ဆင်ခြေလှလှလေး ပေးလိုက်တယ်။
တရွေ့ရွေ့ တမြေ့မြေ့နဲ့ပဲ
မနေ့တစ်နေ့က စပြီး
ယနေ့ ဇရာ တံခါးဝကို ရောက်လာတယ်။
ကြောက်ပါတယ်လို့လည်း ဗျာပိုမနှော
အရောက်လာပါကွယ်လို့လည်း
ခရာသံလိုလိုနဲ့ ဇရာကိုမပြော
လူ့ဘဝဆိုတာ ရခဲတယ်ဆိုမှဖြင့်
ခဏပဲရယ်လို့ အားမလျှော့သင့်ပါဘု
သွားတော့လို့ ဘယ်သူ့ကိုမှ ဘယ်သူ့မှ
မနှင်ရက်နိုင်တာကြောင့်
အလိုက်သင့်နေရင်းက ဆည်းဆာအလှကို
ငေးမောနေပါ့မယ်။
တွေးတောသူ အသက်ပိုရှည်ရေးပေပါ့
ရေးသောသူလည်း တစ်ရက်ပိုပြီးတော့ကာ
မအိုမသေချင် အတွေးထေ့ထေ့နှောပြီး
အရေးငွေ့ငွေ့မျှောလိုက်မယ်
(အပေါင်းအသင်းတို့ရေ…)
မွေးနေ့ရဲ့ တေတေပေပေ သဘော။
ကိုဦး
ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)
တပ်မွေးနေ့၊ သင်တန်းဆင်းပွဲ။
ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)
တပ်မွေးနေ့၊ သင်တန်းဆင်းပွဲ။
အဲဒါ ဝင်းဦးရဲ့ တပ်မွေးနေ့မှာ ရေးခဲ့တဲ့ ကဗျာပါ။ အဲဒါ ဝင်းဦး မဖြစ်သေးပါဘူး။ ကိုဦးဆိုတဲ့ ဘဝပါ။ အဲဒါကြောင့် ဝင်းဦးဟာ စာရေးဆရာဘဝက လာတာပါလို့ ကျွန်တော် ပြောတာပါ။ အဲဒီနည်းတူပါပဲ ကျွန်တော်လည်း စာရေးဆရာဘဝကနေပြီးတော့မှ စာရေးဆရာမောင်ဗလဆိုတဲ့ လူငယ်လေးပေါ့လေ။ ၁၉၇၀ မှာ ဒီလိုပဲ ကျွန်တော် ရေးတဲ့ကဗျာလေးကို ရွတ်ပြပါမယ်။ ကျွန်တော့်ကဗျာလေးကတော့ တိုပါတယ်။ ဒီလိုပဲ အချိုးကဗျာလေးပါပဲ။
မွေးနေ့
မွေးနေ့ ခဏ ခဏ
ကြီးတစ်ခါ ငယ်နှစ်လှည့်ရယ်လို့
ထားခဲ့တဲ့ စကားပုံ
လူမမယ်သက်ရွယ်ကျားတို့ကို
လေးထားကြပုံ။
ဤလူ့ဘုံ
ကြုံလာရ ခဏလေး လေး
အမေကမွေး အဖေကကျွေးနဲ့
လူလေးရယ် ဘယ်ပုံဖြစ်ပေမယ့်
ပူဆွေးဖွယ် တကယ်အနှစ်ရယ်က
အသစ်တွေ ဘဝ ဘဝပြေးလို့ရယ်
သြော် ခဏ ခဏ မွေးနေ့။
မွေးနေ့ ခဏ ခဏ
ကြီးတစ်ခါ ငယ်နှစ်လှည့်ရယ်လို့
ထားခဲ့တဲ့ စကားပုံ
လူမမယ်သက်ရွယ်ကျားတို့ကို
လေးထားကြပုံ။
ဤလူ့ဘုံ
ကြုံလာရ ခဏလေး လေး
အမေကမွေး အဖေကကျွေးနဲ့
လူလေးရယ် ဘယ်ပုံဖြစ်ပေမယ့်
ပူဆွေးဖွယ် တကယ်အနှစ်ရယ်က
အသစ်တွေ ဘဝ ဘဝပြေးလို့ရယ်
သြော် ခဏ ခဏ မွေးနေ့။
မောင်ဗလ(သုမောင်)
ဒါက ကျွန်တော့်ရဲ့ ၁၉၇၀ က ရေးတဲ့ကဗျာပါ။ အဲတော့ အဓိက ပြောချင်တာက မွေးနေ့ပါ။ မွေးနေ့ကို မတ်လ ၁၃ ရက်နေ့မှာ ကျွန်တော့်ကို မန္တလေးအက်ဖ်အမ်ကနေပြီးတော့ ရဲဘော်ကြီး သန်းမြတ်စိုးက ဂုဏ်ပြုပြီးတော့ ကျွန်တော်နဲ့ ကိုဝင်းဦးသီချင်းတွေကို တစ်နေ့ကုန်လွှင့်ပြီးတော့ ဂုဏ်ပြုပေးတာ အထူးပင် ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ရင်းကပဲ နည်းနည်းလေးတော့ အပြစ်ပြောလိုက်ချင်ပါတယ်။
တခြားမဟုတ်ဘူးဗျ။ မွေးနေ့ကို ဂုဏ်ပြုတယ်၊ ဂုဏ်ပြုတယ်ဆိုတာက မွေးနေ့လက်ဆောင် ပေးတယ်ပေါ့ဗျာ။ ကျွန်တော့်ကို သီချင်းတွေနဲ့ လက်ဆောင်ပေးတယ်။ ဒီလိုပါပဲ။ သူများတွေလည်း မွေးနေ့လုပ်တဲ့ အခါကျတော့ လက်ဆောင်တွေပေးကြတယ်။ မွေးနေ့ပွဲတွေလည်း လုပ်ကြတာက အထူးသဖြင့် ဟိုတယ်ကြီးတွေမှာလုပ်ကြတယ်။ ဘုန်းကြီးကျောင်းတွေမှာ လုပ်ကြပါတယ်ပေါ့လေ စသည်ဖြင့် အိမ်မှာလုပ်တာကလည်း ရှိတာပေါ့လေ။ အဓိကက ဘာလဲဆိုတော့ မွေးနေ့ဆိုတာ 'ငါ့ရဲ့မွေးနေ့' ဆိုတဲ့ အစွဲအလမ်းရှိနေတာပါပဲ။ အဲဒါ အဓိက။
သို့သော် သေသေချာချာ စဉ်းစားကြည့်ရအောင်။ ကျွန်တော့်အတွေ့အကြုံလေးတစ်ခု ကျွန်တော်ပြောပြပါ့မယ်။ ကျွန်တော်တို့အုပ်စုက သာဓုအုပ်စု၊ သဘာဝအုပ်စုဆိုပြီး ပြောကြတယ်။ သဘာဝအုပ်စုဆိုတဲ့အတိုင်း သိပ်ပြီးတော့ တော်ရုံတန်ရုံကစ္စ ဂရုစိုက်တာမဟုတ်ဘူး ဆိုတော့ မွေးနေ့တွေဘာတွေလည်း မသိဘူးဗျ။ မတ်လ ၁၃ ရက်တွေ ဘာတွေလည်း သိပ်ခေါင်းထဲ ရှိတာမဟုတ်ဘူး။ ဒီလိုပဲ တစ်နေ့ပြီးတစ်နေ့ သွားနေတာပဲ။
ခုနက ကျွန်တော့်ကဗျာထဲကလို ခဏခဏ မွေးနေ့ အဲဒီလိုနေရာကနေ မှတ်မှတ်ရရ ကျွန်တော့်အသက် ၃၀ ပြည့်မွေးနေ့။ ၁၃ ရက် ၃ လ၊ ၁၉၈၁ နေ့ မနက်ခြောက်နာရီလောက်မှာ အိမ်ကနေ တယ်လီဖုန်းဝင်လာတယ်။ ကျွန်တော့်အိမ်ကို။ ကျွန်တော်က ဝင်ဒါမီယာ သာဓုခြံမှာနေတာ။ ကျွန်တော့်အမေက သင်္ဃန်းကျွန်း သာဓုခြံမှာနေတာ။ မနက်ခြောက်နာရီလောက် ဖုန်းဝင်လာတယ်။
“သားရေ… အမေ့ဆီ ခဏလာလို့ရမလား” တဲ့။
ကျွန်တော်က မူးပြီးအိပ်နေတာ။ စောစောစီးစီးဆိုတော့ ဘာများလဲပေါ့။
“သားရယ်… နည်းနည်း အရေးကြီးလို့ပါ” တဲ့။
“ခဏလာလို့ ရမလား” တဲ့။
“ရတယ်အမေ။ လာခဲ့မယ်” လို့။
“လမ်းက မုန့်လေးပဲလေး တစ်ခုလောက် ဝယ်ခဲ့ပါ” တဲ့။
“ရတယ်အမေ၊ ဝယ်ခဲ့မယ်”
ဆိုပြီး အောင်ကြီးဆိုင်ကနေ ပဲပလာတာလေး ဝယ်ပြီးတော့ အမေ့ဆီကို ကားမောင်းပြီး ပြေးတာပေါ့။ အမေ ဘာများဖြစ်သလဲ။ နေများမကောင်းလို့လားပေါ့။ ဟိုရောက်တော့ -
“လာလာ လာလာ” တဲ့။
အဲဒီမုန့်ကလေး အမေ့ပေးစမ်းဆိုပြီး မုန့်ကလေး စားတယ်။
“အမေ့ကို ကန်တော့”
တဲ့။ ကျွန်တော် အမေ့ကို ထိုင်ကန်တော့တယ်။ ထိုင်ကန်တော့မှ အမေက ကျွန်တော့်ခေါင်းလေးကို ပွတ်ပြီး -
“သား ဒီနေ့ဘာနေ့လဲ သိလား” တဲ့။
“အမေ အင်္ဂါနေ့လေ” လို့။
“ဟေ… အင်္ဂါနေ့လည်း အင်္ဂါနေ့။ သား ဒီနေ့ အသက် ၃၀ ပြည့်တဲ့နေ့” တဲ့။
“ဟာ… ဟုတ်သားပဲ အမေရယ်။ ဒီနေ့ ၁၃ ရက် မတ်လ။ သားအသက် ၃၀ ပြည့်တဲ့နေ့ပဲ။ ဟုတ်သားပဲ” လို့ ဆိုတော့ -
“အေး… အဲဒါ မင်းမွေးနေ့ပေါ့” တဲ့။
“ဟုတ်တယ်လေ အမေ။ ကျွန်တော့်မွေးနေ့။ အဲဒါ ဘာဖြစ်တုံး”
လို့ ဆိုတော့ -
“သား ဒါပဲသိသလား” တဲ့။
“ဟုတ်တယ်လေ ကျွန်တော့်မွေးနေ့ပဲ။ ကျွန်တော် ဒါပဲ သိရမှာပေါ့”
“သား မှားနေပြီ။ အဲဒီလွန်ခဲ့တဲ့အနှစ် ၃၀ မြောက်နေ့က အမေသေမလိုဖြစ်တဲ့နေ့လေ” တဲ့။
“သားမွေးတော့ သားက ၉ ပေါင်ခွဲ” တဲ့။
“၉ ပေါင်ဆိုတဲ့သားကို အမေ သမားရိုးကျမွေးရတာ။ အမေ သေမလိုကို ဖြစ်တာ။ အဲဒီတော့ သားမွေးနေ့ဟာ အမေသေမလိုဖြစ်တဲ့နေ့” တဲ့။
အဲဒီမှာ ကျွန်တော် မျက်ရည်တောက်တောက်ကျတာပဲ။ အဲဒီနေ့က စပြီးတော့ နှစ်တိုင်းနှစ်တိုင်း ကျွန်တော့်မွေးနေ့ကို မှတ်ပြီးတော့ အမေ့ဆီသွားပြီး မနက်တိုင်း သွားကန်တော့ပါတယ်။ အခု အမေမရှိတော့တဲ့နောက်ပိုင်းမှာ ကျွန်တော် စာရေးပြီး ကန်တော့ပါတယ်။ အိမ်ကနေပြီးတော့ ဘုရားစင်ရှေ့မှာ အမေ့ကိုရည်မှန်းပြီး မနက်မိုးလင်းလင်းချင်း ဘုရားမကန်တော့ခင် အမေ့ကို ကန်တော့ပါတယ်။ ငရဲကြီးချင်လည်း ကြီးမှာပေါ့။
အဲဒီတော့ ပြောချင်တာက ဒီနေ့ မွေးနေ့ရှင်လေးတွေ။ နေ့တိုင်း နေ့တိုင်း မွေးနေ့ရှိတာပဲ။ လူငယ်လေးတွေ ကိုယ်တတ်နိုင်လို့ ဟိုတယ်ကြီးတွေမှာပဲလုပ်လုပ်၊ ဘုရားကျောင်းကန်တွေမှာပဲ သွားလုပ်လုပ်၊ ကိုယ့်အိမ်မှာပဲလုပ်လုပ်၊ လုပ်ကြပါ။ သို့သော် လူမျိုးမရွေး၊ ဘာသာမရွေး ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် နံပါတ်တစ် မိုးလင်းလင်းချင်းတော့ ကိုယ့်ရဲ့အမေကို ပထမဦးဆုံး ကန်တော့ကြပါ။ ဘာကြောင့်လဲဆိုတော့ စောစောကပြောသလို မိမိရဲ့မွေးနေ့ မဟုတ်ပါဘူး။ မိမိရဲ့အမေ သေမယ့်နေ့ပါ။ သေလောက်အောင် ခံစားရတဲ့နေ့ပါ။ ဒါဟာ ကျွန်တော် စာရေးဆရာတစ်ယောက်အနေနဲ့ ဒီနေ့လူငယ်တွေကို ဗဟုသုတအဖြစ်ရော၊ ပညာပေးအဖြစ်ရော ပြောချင်ပါတယ်။
အဲဒီတော့ ဒီကနေ့ ဒီအပတ်မှာ နောက်ဆုံးအနေနဲ့ ပြောချင်တာက စောစောက စကားတွေကို ပြန်ချုပ်ရလို့ရှိရင် စာရေးဆရာ၊ ရုပ်ရှင်။ ရုပ်ရှင်ဆိုလို့ စကားမစပ် ထပ်ပြောရဦးမယ်။ ဒီ စာရေးဆရာဘဝမှာ ရုပ်ရှင်က လွှမ်းမိုးရင် ဒုက္ခရောက်တတ်တယ်ဆိုတာ ကြားဖြတ်ပြောပါရစေ။
ကိုဝင်းဦးဆိုတာ ချောလွန်းအားကြီး၊ အရှိန်အဝါကောင်းလွန်းအားကြီးတော့ စာရေးဆရာဘဝ ပျောက်ထွက်သွားတာကိုးဗျ။ ကြားဖြတ်ပြောရဦးမယ်ဗျ။ ဒီနေ့ စာရေးဆရာတွေရဲ့ အဖြစ်ကို။ ဖေမြင့်၊ ကြားဖူးကြမှာပါ။ သိတော့ သိမှာပါ။ စာရေးဆရာဖေမြင့်။ အဲဒါကို လုံမငယ်လေးတစ်ယောက်က ကျွန်တော့်ကို တစ်လောက ပြောတယ်။
“ဖေမြင့်ဆိုတာ သိန်းဖေမြင့်သားလား” တဲ့။
ပြောတဲ့လုံမငယ်လေးက တခြားမဟုတ်ဘူးဗျား။ နာမည်တော့ ထုတ်မပြောတော့ပါဘူး။ ဒီနေ့ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရဲ့ သမီး။ ကဲ… ကောင်းရောဗျာ။ စာရေးဆရာတွေရဲ့ဘဝဟာ ဒုက္ခ။
အဲတော့ ကျွန်တော့်ကျတော့ ဘယ်လိုဖြစ်သလဲဆိုတော့ စာရေးဆရာဘဝ မှေးမှိန်ရတာ ရုပ်ရှင်မင်းသားကောက်ဖြစ်ရတာ။ ကျွန်တော်က ရုပ်ကလည်း မရှိတော့ ကျွန်တော့်ဖြစ်ပုံကလည်း ကျွန်တော်က နောက်ကျောနဲ့ မင်းသားဖြစ်ရတာကိုး။ ဘယ်လိုဖြစ်သလဲဆိုတော့ အားလုံးသိပါတယ်။ နှောင်းတမြေ့မြေ့ဇတ်ကားထဲမှာ ခဲလုံးကန်တာနဲ့ မင်းသားတက်ဖြစ်တာ။
ဖြစ်ပုံက ဒီလိုဗျ။ ဇတ်လမ်းထဲမှာက ကျွန်တော့်ရဲ့အထက်အရာရှိက ဇော်လွင်၊ မင်းသားချော၊ ကျွန်တော့်ရည်းစားက ချိုပြုံး၊ ကျွန်တော်က ရုပ်ကလည်း ဆိုး၊ ရာထူးကလည်း သေး။ ကျွန်တော်က တစ်ချောင်း၊ တစ်ချောင်းခေါ်တာပေါ့ဗျာ။ တစ်ဘားပေါ့ဗျာ။ ခုခေတ်လို အပွင့်မဟုတ်ဘူး။ ဇော်လွင်က သုံးချောင်း။ ဒီခေတ်နဲ့ဆို သုံးပွင့်ပေါ့။ သူက ရာထူးကလည်း ကြီး၊ ချောကလည်း ချောသေးတယ်၊ ကျွန်တော့် ရည်းစားကိုလည်း ယူသွားသေးတယ်ဗျာ။ ဆိုတော့ကာ စိတ်ကလည်း တိုနေတယ်ဗျာ။
ကိုဝဏ္ဏက တော်တယ်ဗျ။
“ဟေ့ကောင်… မင်း နာမည်မေးရင် စိုးနိုင်လို့ပြောပြီး ထွက်သွားကွာ။ လမ်းလျှောက်ထွက်သွားကွာတဲ့”
ရှေ့မှာ သူက အုတ်ခဲလေး ချထားတယ်။ မြေကြီးခဲလေးတစ်လုံးချထားတယ်။ “အဲဒီခဲကို ပိတ်ကန်သွားကွာ” တဲ့။ သူက ဒီလောက်ပဲ။ ကျွန်တော်က ဘာလုပ်လိုက်သလဲ။ ဘာကြောင့်လဲဆိုတော့ ဒီ ခဲလုံးကန်တဲ့ ဥစ္စာကို ပရိသတ်က တအားစွဲသွားတယ်။ ကျွန်တော် မင်းသားဖြစ်တာလည်း အဲဒါနဲ့ ဖြစ်သွားတာ။ ကျွန်တော်က ဘာလုပ်လိုက်သလဲဆိုတော့ လမ်းလျှောက်ပြီးသွားတဲ့ ဒီမြေကြီးခဲကို ကျွန်တော် ကြည့်တဲ့အခါမှာ မြေကြီးခဲလို့ မမြင်တော့ဘူးဗျ။ ဒီမြေကြီးခဲက ကျွန်တော့်မျက်စိထဲမှာ ဇော်လွင့်မျက်နှာကြီး မြင်နေတာ။ ကျွန်တော်လျှောက်သွားရင်း လျှောက်သွားရင်းနဲ့ ပိတ်လည်း ကန်ရော၊ ကျွန်တော် မြေကြီးခဲကန်တာ မဟုတ်တော့ဘူး။ ဇော်လွင့်မျက်နှာ ကျွန်တော် ပိတ်ကန်လိုက်တာ။ ဒါကြောင့်လည်း ပရိသတ်က စွဲတာကိုးဗျ။
စွဲတော့ ဒီခဲလုံးကန်တာ ဒီနေ့ထိ ပြောလို့ မပြီးကြပါဘူး။ အဲဒီ ကားလေးပြတိုင်းပြတိုင်း အဲဒီခဲလုံး ကန်တာလေး လှလိုက်တာ။ ကောင်းလိုက်တာ ကောင်းလိုက်တာနဲ့။ ကောင်းမှာပေါ့၊ ကျွန်တော်က ခဲလုံးကန်တာမှ မဟုတ်ဘဲ။ ဇော်လွင့် မျက်နှာကန်တာကိုး။ ထားပါတော့လေ။ အဲဒီပြောချင်တာက ရုပ်ရှင်သရုပ်ဆောင်အားကောင်းလေ ဒီဘက်က လျော့သွားတတ်တယ်ဆိုတာလေး ပြောချင်တာပါ။ ဒီ ခဲလုံးကန်တာနဲ့ မင်းသားဖြစ်သွားတာ။ ဒီခဲလုံးကန်တဲ့အချက်ဟာ ဘယ်လောက်ထိ ပရိသတ်ကို ဖမ်းစားသွားသလဲဆိုရင် အဲဒီခေတ်က အဲဒီတစ်ဘားပေါ့လေ၊ တစ်ချောင်း ယူရိုတက်ကနစ်လို့ ခေါ်တာပေါ့လေ။ ဗိုလ်ကလေးတွေဟာ အဲဒီအတိုင်း လိုက်လုပ်ကုန်တာ၊ အခုခေတ် အခုချိန်ဆိုရင်တော့ သူတို့တွေ ကျွန်တော်နဲ့ မကြာမကြာ ဆုံတတ်ပါတယ်။ ဆုံတတ်တိုင်းလည်း ပြန်ပြန်ပြောကြတယ်။ သူတို့ တိုင်းမှူးတို့၊ တပ်ရင်းမှူးတို့ ဖြစ်ကုန်ကြပါပြီ။ အဲဒီပုဂ္ဂိုလ်တွေ။ အဲဒီတုန်းက သူတို့က အဲဒီကားလေးကြည့်လည်းပြီးရော အရာရှိရှေ့ရောက်လည်း ခဲလုံးရော၊ မြက်ဖုတ်ရော၊ အုတ်နီခဲရော၊ နို့ဆီခွက်ရော၊ တွေ့ရာအကုန်ပိတ်ကန်တော့တာပဲ။ အဲဒီကားကြည့်ပြီးတော့ စွဲသွားတာကိုး။
ကျွန်တော့်တုန်းကတော့ အဲဒီဟာ ပိတ်ကန်လိုက်တာနဲ့ ဒိုင်းဆို အကယ်ဒမီတောင် ရတော့မလို့။ ကျွန်တော် အရက်မူးနေလို့ မပေးတာ။ အဲလောက်အထိ ဖြစ်သွားတာ။ သူတို့ခမျာတော့ သဲအိတ်ထမ်းရတယ်။ နားရင်းရိုက်ခံရတာ။ ကျွန်တော့်ကို ပြန်ပြောပြတယ်။ တိုင်းမှူးတို့၊ ဘာတို့ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေ “ကျွန်တော်ဗျာတဲ့… အရာရှိရှေ့ ခဲလုံးပိတ်ကန်လို့ဆိုပြီး နားရင်းရိုက်ခံရတာ၊ သဲအိတ်ထမ်းခံရတာ” တဲ့။ ဆိုတော့ အဓိကပေါ့နော်။ ရုပ်ရှင်အရှိန်အဝါသိပ်ကြီးသွားလို့ရှိရင် ဒီဘက်က စာပေအရှိန်အဝါ နည်းသွားတယ်လို့ ဒါလေး အဓိက ပြောချင်တာပါ။ သို့သော် အရေးကြီးတာကတော့ ဆိုင်းဘုတ်မှတ်တိုင်ဆိုတာ လောကမှာ ရှိတယ်။ ကျွန်တော် ဥပမာလေးတစ်ခု ပြောပြမယ်။
ကျွန်တော်တို့ခြံရှေ့မှာ အသင်းတိုက်မှတ်တိုင်ဆိုတာ ရှိတယ်။ ၃၉၊ ၄၉ ဘတ်စ်ကားတို့ဘာတို့ ရပ်တယ်။ စုတ်ပြတ်သတ်ပြီးတော့ ဆိုင်းဘုတ်အရောင်တောင် မရှိတော့ဘူး။ ၃၉ လည်း ၀၉ တွေဖြစ်ကုန်ပြီ။ ရွဲပလဲနေပြီ။ အဲဒီနောက်မှာ ဆိုင်းဘုတ်ကြီးရှိတယ်။ တစ်ခါတလေကျရင် ဗလမောင် ဝိတ်မတဲ့ ပုံကြီးရယ်၊ တစ်ခါတလေကျရင် မပေါ့်တပေါ် ကောင်မလေးတွေပုံ၊ စက်ဘီးကြော်ငြာ၊ တစ်ခါတလေ ဘီယာကြော်ငြာ၊ တစ်ခါတလေ ကော်ဖီမစ်၊ တစ်ခါတလေကျတော့ လေးဖြူတို့ဘာတို့ မျိုးစုံပြောင်းတယ်။ အဲဒီတော့ မှတ်တိုင်မှာ ဘတ်စ်ကားစီးဖို့စောင့်နေတဲ့လူတွေက ဒီဆိုင်းဘုတ်ကို ကြည့်ကြတာပေါ့။ ပြုံပြုံပြီး အုံအုံပြီး ကြည့်ကြတာပေါ့။ ဆိုင်းဘုတ်တစ်ခု ပြောင်းသွားပြန်ပြီ။ ‘ဟာ… မို့မို့မြင့်အောင်’၊ ‘ဟာ… တင့်တင့်ထွန်း’၊ တစ်ခါတလေကျတော့လည်း ‘ဟာ… လုံးချော၊ လုံးချောတဲ့’ တစ်ခုပြီးတစ်ခု ပြောင်းသွားတယ်။ ဒါပေမဲ့ မပြောင်းတာက ၃၉ ဆိုတဲ့ မှတ်တိုင်လေးက မပြောင်းဘူး။ ဒါပေမဲ့ ဆိုင်းဘုတ်က ပြောင်းပြောင်းသွားတယ်။ သူတို့ကို ဘာမှအကျိုးမပေးဘူး။ အုံလို့၊ ပြုံလို့ကြည့်တော့ သေချာတယ်။ ပြုံပြီးကြည့်တယ်၊ အုံပြီးကြည့်တယ်။ မော့ပြီးကြည့်ရတာ သေချာတယ်နော်။ စုတ်ပြတ်သတ်နေတဲ့ ဆိုင်းဘုတ်ကလေးကတော့ မှတ်တိုင်လေးကတော့ ဗိုက်ကြီးသည်လည်း ဆေးရုံပြေးရတယ်။ ကျောင်းသားလည်း ကျောင်းကို ပြေးရတယ်။ အလုပ်သမားလည်း အလုပ်ရုံကို ပြေးရတယ်နော်။ ဆရာဝန်လည်း ဆေးခန်းကို ပြေးရတယ်။ တကယ် အကျိုးပြုနေတာက စုတ်ပြတ်သတ်နေတဲ့ မှတ်တိုင်လေးက အကျိုးပြုနေတာ။ ဝိုင်းအုံကြည့်နေရတဲ့ ဆိုင်းဘုတ်က အကျိုးမပြုဘူး။ အဲဒါ ဆိုင်းဘုတ်နဲ့ မှတ်တိုင် ကွာခြားချက်ပဲ။
အဲဒီတော့ ကျော်ကြားမှုနဲ့ ပညာပေးနဲ့ ဘယ်ဟာ အရေးကြီးတယ်ဆိုတာကို သားတို့သမီးတို့ သိထားဖို့လိုပြီနော်။ ဆိုင်းဘုတ်နဲ့ မှတ်တိုင် ဘယ်ဟာအရေးကြီးတယ်ဆိုတာကို သားတို့သမီးတို့ သတိထားဖို့ အရေးကြီးပြီနော်။ ဒါကြောင့်မို့လို့ နောက်ဆုံးအနေနဲ့ ဘာတွေပဲပြောပြော၊ ဘာတွေပဲဖြစ်ဖြစ်၊ မင်းဘာလဲ ငါဘာလဲဆိုတာ သိဖို့အတွက် သီချင်းလေးတစ်ပုဒ် ဖွင့်ပြမယ်။ ဒီသီချင်းလေးက ဦးသုမောင်ကြီး အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ဆိုပြီး လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့အချိန်တုန်းက တေးရေး ဆရာမောင်ကြေးမုံ ရေးပေးတဲ့ သီချင်းလေး။ နားထောင်ကြည့်ပါနော်။ အဲဒီအချိန်တုန်းကတော့ ကလက်တယ်လို့ စိတ်ထဲထင်တာကိုး။ မြန်မာသံဆိုနေကျလူက ဘိုသံဆိုထားတာဆိုတော့ ခုချိန်ပြန်နားထောင်တော့ တရားရစရာကောင်းတယ်ဆိုတာ ကြားရပါလိမ့်မယ်။ ကဲ… ဒီအပတ် ဒီသီချင်းလေးနဲ့ အဆုံးသတ်လိုက်ကြရအောင်။
“ကျွန်တော့်အဖေရဲ့ ပခုံးပေါ်က ခြောက်လသားကလေးငယ်ရဲ့ ဓာတ်ပုံကလေးကြည်ကာ…ကျွန်တော် မေးမိတယ်… (မင်းဘာလဲ… ငါ ဘာလဲ၊ ငါဘာလဲ၊ မင်းဘာလဲ)၂ ...ဓာတ်ပုံထဲက ကလေးက ပြန်ဖြေတယ်…ကျုပ်ဟာ အဖေ့သား မောင်ဗလပါတဲ့……
မိတ်ကပ်ရယ်…နှုတ်ခမ်းနီရယ်…ကြော့နေတဲ့…ကော့နေတဲ့ ကြည့်မှန်ထဲ ကျွန်တော့်ကိုယ်ကျွန်တော် မေးမိတယ်… (မင်းဘာလဲ… ငါဘာလဲ၊ ငါဘာလဲ မင်းဘာလဲ) ၂
ကျွန်တော့်ရဲ့ဒုတိယအရိပ်က ပြန်ဖြေတယ်…ဟား…ဟား ရုပ်ရှင်မင်းသားသုမောင်ပါတဲ့…
တိုက်ပုံအစုတ်…ကုပ်ဖွာနဲ့ ဘော့ကိုခဲနေတဲ့…ကြည့်မှန်ထဲ ကျွန်တော့်ကိုယ်ကျွန်တော် မေးမိတယ်…(မင်းဘာလဲ…ငါဘာလဲ…ငါဘာလဲ မင်း ဘာလဲ) ၂
ကျွန်တော့်ရဲ့ တတိယအရုပ်က ပြန်ဖြေတယ်…ဝတ္တုရေးတဲ့ သုမောင်ပါတဲ့…
အေးဘုံနဲ့ နှစ်ယောက်အတူတွဲ ပြုံးကာဖြဲဖက်နေတဲ့ဓာတ်ပုံကလေးကြည့်ကာ ကျွန်တော် မေးမိတယ် (မင်းဘာလဲ…ငါဘာလဲ…ငါဘာလဲ မင်းဘာလဲ) ၂
ဓာတ်ပုံထဲက ငနဲက ပြန်ဖြေတယ်… ဟား ဟား…အေးဘုံယောက်ျား သုမောင်လကွာတဲ့…
ထိုစဉ်မှာ ကျွန်တော့်ရဲ့မိတ်ဆွေ ၃၂ ယောက်က ဟားတိုက်ရယ်ကြတယ်…ကိုအရိုးရယ်… ကိုအသားရယ်…ကိုအသွေးရယ်…ကိုခြင်ဆီရယ်…ကိုဆံပင်နီရယ်…ကိုမျက်လုံးရယ်…အို…အားလုံးက ပြန်လည်ကန့်ကွက်လို့ ချေပကြတယ်…
(အားလုံးမှားတယ်)၂ မင်းလည်းမရှိ…ငါလည်းမရှိ… ဘာမှမရှိဘူး…ဟေ့ဘာကောင်ညာကောင် လုပ်မနေကြနဲ့…တဲ့…
(စကားပြော) ကဲ… သတ္တိရှိလို့ရှိရင် မှန်ထဲကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်စမ်းပါ…ဟေ့…မင်းဘာလဲ ငါဘာလဲ…မင်းဘာလဲ ငါဘာလဲ… ဟဲ ဟဲ ဟဲ ဟဲ…”
သိပ္ပံဟာ ဗုဒ္ဓဝါဒနဲ့ ကိုက်ညီရဲ့လား
ဪ… ဒါနဲ့ စကားမစပ်၊ အင်း… ဘာလိုလိုနဲ့ သုမောင်တစ်ယောက် သဒ္ဒအသံနဲ့ပတ်သက်ပြီး သောတရှင်တွေကို အလုပ်အကျွေးပြုနေတာ တစ်လလောက် ဝတ္တရားပျက်ကွက်သွားပါတယ်။ ဒီနေရာမှာ ကျွန်တော့်ရဲ့ စားဝတ်နေရေးနဲ့ပတ်သက်ပြီး လုပ်စားတာပေါ့။ အသံနဲ့ လုပ်စားတာ၊ သီချင်းဆိုတာ စသည်ဖြင့် ဒါက မထောင်းတာလှပါဘူး။ ခုလို မန္တလေးအက်ဖ်အမ်မှာ ပုံမှန် ကိုယ့်အတွေ့အကြုံလေးတွေနဲ့ အထူးသဖြင့် လူငယ်တွေအတွက် ဓမ္မဒါန ဆိုပါစို့ပေါ့။ ပြုနေတဲ့ ဓမ္မဒါန သဒ္ဒဒါန ပျက်ကွက်တာကျတော့ စိတ်မကောင်းဘူးပေါ့နော်။
အဲဒီထက် စကားမစပ် ကြားဖြတ်ပြောရရင် ဒီမန္တလေးအက်ဖ်အမ်ကပဲ ဦးဆောင်တာလို့ သတင်းကြားတယ်။ တစ်သက်မှာ တစ်ခါကြုံရခဲတဲ့ ကျွန်တော်တို့ အသံသမားတွေအတွက် မန္တလေး နှစ် ၁၅၀ အထိမ်းအမှတ်မှာ ထူးထူးခြားခြားလုပ်တယ်။ ရေဒီယိုတေးသံရှင်ကြီးတွေနော်၊ ကျွန်တော်တို့ အရွယ်ပိုင်းတွေ၊ ကျွန်တော့်တို့ထက် ကြီးတဲ့သူတွေ များပါတယ်။ ကျွန်တော်အငယ်ဆုံးလို့ ကြားတယ်။ တေးသံရှင်ကြီးတွေကို တကူးတက မန္တလေးမှာ မြို့မတီးဝိုင်းနဲ့ ခေါ်ပြီး ပရိသတ်အလွမ်းပြေပွဲမှာလည်း ကျွန်တော် ပျက်ကွက်ခဲ့ရတယ်။ အဲဒီအတွက်တော့ အထူးတလည် စိတ်မကောင်းမိဘူး။ ပရိသတ်အတွက်ရော၊ ကျွန်တော့်ကိုယ်ကျွန်တော်အတွက်ပါ အားမလိုအားမရဖြစ်ရတယ်နော်။ လွတ်သွားလေခြင်း… ဒါဟာ တကယ့်မှတ်တိုင်ကြီးတစ်ခု လွတ်သွားတာပါပဲ။
အဓိကကတော့ ဒီနေ့ခေတ်မော်ဒန်ပေါ့လေ။ မော်ဒန်စကားကျန်းမာရေးကြောင့်ပါ။ ကျန်းမာရေး၊ ကျန်းမာရေးဆိုတော့ ရယ်စရာလေး ပြောရဦးမယ်ဗျာ။ ကျန်းမာရေးလို့ ဆိုလိုက်တာနဲ့နော်… ဆိုကြပါစို့။ ကမ္ဘာ့ကျန်းမာရေးသုတေသနပညာရှင်ကြီးတွေ၊ ပါရဂူကြီးတွေအနေနဲ့ ကျန်းမာရေးဆိုတဲ့နေရာမှာ သူတို့ဘာတွေ လုပ်သလဲဆိုတော့ ဆိုပါစို့။ ကလုန်း (Clone) ပုံတူမျိုးပွား… စသည်ဖြင့်ပေါ့။ ပြီးတော့ ပို့စ်မော်ဒန်ရောဂါ အေအိုင်ဒီအက်စ်တို့၊ H1N1 ၊ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး စသည်ဖြင့်ပေါ့လေနော်။ ဆေးမပေါ်သေးတဲ့ ရောဂါတွေအတွက် ဆေးသုတေသနတွေ လုပ်ရတယ်။ ဆေးဝါးတွေ ဖော်စပ်ရတယ်။
အဲဒီကနေပြီး နှလုံးအစားထိုးတာတို့ ဘာညာပေါ့လေ၊ ခြေထောက်အစားထိုးတာတို့ ဒါတွေကို တကယ့်ပညာရှင်ကြီးတွေက လုပ်ရတယ်။ တော်ရုံတန်ရုံပါရဂူတွေကျတော့လည်း ခွဲစိတ်ကုသတာပေါ့နော်။ အကြီးစားခွဲစိတ်ကုသရတာ။ အဲဒီကနေ တစ်ဆင့်တစ်ဆင့် ရိုးရိုးသာမန်ဆရာဝန်တွေကျတော့လည်း ဖျားနာတာကနေအစ ခြေလက်ကျိုးတာပြုတာကအစ ကုသရတယ်။ ဒါကို ကျန်းမာရေးလို့ ခေါ်တာပေါ့လေ။
အဲဒါကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးဆိုတာ အကြီးဆုံးခွဲစိတ်မှုတွေ ရှိသလို နေမကောင်း ဖျားနာတာလည်း ကျန်းမာရေး ခေါ်တာပါပဲ။ လက်ကလေး ဓားရှရင်လည်း ဒါကျန်းမာရေးထဲ ဝင်သွားတာပဲဗျ။ ဓားရှလို့ ပေါ့လို့မရဘူး။ မေးခိုင်ပိုးဝင်မှာ ကြောက်ရတာ စသည်ဖြင့်ပေါ့နော်။
အဲ… ဒေါင်ဒေါင်မြည်ကျန်းမာနေတဲ့လူတွေကလည်း ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်တဲ့သဘောနဲ့ ကျန်းမာရေးလိုက်စားတယ်ဆိုပြီး မနက်တိုင်း လမ်းလျှောက်ထွက်တာ၊ အနှေးပြေးတာတို့ ဒါတွေလုပ်ကြရတယ်။ ဒါ အားလုံးနဲ့ဆိုင်တဲ့၊ လူတွေအားလုံး နားလည်ထားတဲ့ ကျန်းမာရေးပါ။
အဲဗျာ… ထူးထူးဆန်းဆန်း အဲ… တစ်ခါတလေ ဂျာနယ်တွေထဲမှာလည်း ပါတယ်။ ကျွန်တော်နဲ့ပတ်သက်ပြီးတော့ သတင်းတွေလည်း ဖြစ်တယ်။ ကိုသုမောင်ကြီး၊ ဦးသုမောင်ကြီး ကျန်းမာရေးမကောင်းဘူးဆိုရင် ဘာထင်တယ်မှတ်သလဲ။ လူတွေကနော် အရက်အလွန်အကျွံမူးလို့ထင်တာဗျာ။ အဲဒါတွေ လူ့သဘာဝပေါ့နော်။ အင်း… တခြားမကြည့်ပါနဲ့။ သုမောင်ကြီး အကယ်ဒမီရတာကိုလေ တချို့လူတွေမသိဘူးဗျ။ အဲ… အရက်သောက်တာကျတော့ လူတိုင်းသိတယ်။ တစ်ကမ္ဘာလုံးကသိတယ်။ အမေရိကားရောက်တော့ အကယ်ဒမီရတာ မသိကြဘူး။ အင်း… အရက် သောက်တာ သိကြတယ်။ မှတ်ချက်ထဲမှာဗျား။
ကဲ… ဒီထက် တစ်ဆင့်တက်လိုက်ဦးနော်။ အကယ်ဒမီရတာ တော်တော်များများ သိတယ်။ စပေဆုရတာ ပိုမသိပြန်ဘူး။ ဒါကြောင့် ကျွန်တော်ပြောတာနော်။ ဟိုတစ်လောက ကြော်ငြာဆိုင်းဘုတ်နဲ့ ဘတ်စ်ကားမှတ်တိုင်လေ။ ဘတ်စ်ကားမှတ်တိုင်က သေးနုပ်တယ်။ ဒါပေမဲ့ အလုပ်ဖြစ်တယ်။ ခိုင်ခံ့တယ်။ ကြော်ငြာဆိုင်းဘုတ်က လူတွေတော့ ဝိုင်းကြည့်ပါတယ်။ ဒါပေမဲ့ မခိုင်ခံ့ဘူး။ ဒီသဘောပါပဲနော်။
အဲတော့ တကယ်ဖြစ်တာက ကျန်းမာရေး။ ကျွန်တော့် အဲဒီမန္တလေး နှစ် ၁၅၀ ပြည့်ပွဲ သွားခါနီးဆဲဆဲမှာ ဖြစ်လိုက်တာ မော်ဒန်ရောဂါပါပဲ။ လူတစ်ယောက် လမ်းလျှောက်သွားရင် ပခုံးချင်းတိုက်မိရင် ဘာရောဂါရှိသလဲ မေးကြည့်လိုက်။ ဆီးချိုသွေးချိုတဲ့ဗျားနော်။ ဟာ… အံ့ဩစရာကောင်းတာကလေ ကျွန်တော် သတင်းကြားတာပေါ့လေ။ ကောင်းတဲ့သတင်းလိုပဲ ကိုယ့်ဘက်ကိုယ် ယက်ပြောရမယ်။ အရက်ကတဲ့… ဆီးချိုကျတယ်။ ကျွန်တော် အရက်သမားဗျာ။ ဘယ်လိုလုပ် ဆီးချိုဖြစ်သလဲ မသိဘူး။ ဖြစ်တတ်တာ ပြောပါတယ်။ ဝီစကီသောက်ရင် ဆီးချိုကျတယ်တဲ့ဗျာ။ အဲဒါလေ အခု သုမောင်ကြီး ဆီးချိုဖြစ်လို့။ အချိုလည်းကြိုက်တာ မဟုတ်ဘူး။ အရက်သမားနဲ့ အချိုနဲ့ မတည့်ဘူးဗျာ။
သြော်...ဒါနဲ့စကားမစပ်-ဒုတိယပိုင်း (ဝတ္ထုတိုများ) - သုမောင် (အပိုင်း-၁)
- စကားဦး …. ၇
၁။ မြနန္ဒာနဲ့ ရွှေမန်းတောင်ရိပ်ခို …. ၉
၂။ သင်္ကြန်မှာ သင်္ကြန်သီချင်းစစ်စစ် …. ၃၀
၃။ ဆိုင်းဘုတ်နဲ့ မှတ်တိုင် …. ၄၁
၎။ သိပ္ပံဟာ ဗုဒ္ဓဝါဒနဲ့ကိုက်ညီရဲ့လား …. ၆၀
၅။ ကံတရားနှင့် ကျောက်ခဲမင်းသား …. ၈၃
၆။ ဘုံဓမ္မတာ …. ၉၇
၇။ ဇာတ်တစ်ဇာတ်လုံးကိုပို့မှ ဇာတ်ပို့ …. ၁၁၈
၈။ နာမည်လေးတွေ မကွယ်လွန်စေနဲ့ …. ၁၃၄
၉။ ရယ်စရာ မောစရာလေးတွေ …. ၁၅၄
၁၀။ အမီနာနဲ့ စိန်စိန်ကြီး …. ၁၇၃
၁၁။ ဝတ္ထုရေးစရာ ဘယ်လိုရှာမလဲ …. ၁၈၄
စကားမစပ်ဆိုတာဟာ ပြောနေကြတဲ့ စကားဝိုင်းထဲကို
အလိုက်သင့်ဝင်တဲ့အခါမှာ ရိုရိုကျိုးကျိုးလေးပြောတဲ့စကား
ပါ။ အင်္ဂလိပ်မှာကတော့ "by the way" လို့ပြောလေ့
ရှိပါတယ်။ မြန်မာကျတော့ ဒီလမ်းကြောင်းထဲကိုပဲ ပြော
နေတဲ့စကားမှာ ဘေးက ဝင်ပြောတဲ့အခါ အောက်ကျို့
ပြီးတော့ "သြော်… ဒါနဲ့ စကားမစပ်နော်"၊ "ဘာရယ်
မဟုတ်ပါဘူး" ဆိုတဲ့ သဘောလေး ပါတယ်။ ဒါ မြန်မာ့
ယဉ်ကျေးမှုနဲ့ ဆိုင်တယ်နော်…။

စကားဦး
၂၀၀၉-၂၀၁၀ ပြည့်နှစ်များဆီက မန္တလေးအက်ဖ်အမ်ရေဒီယို အစီအစဉ်တွင် အပတ်စဉ်ထုတ်လွှင့်ခဲ့သော ဆရာသုမောင်၏ 'သြော်… ဒါနဲ့စကားမစပ်' ဟောပြောချက်များကို အလင်းသစ်စာပေတိုက်မှ စာအုပ်အဖြစ် စီစဉ်ထုတ်ဝေ၍ စာဖတ်ပရိသတ်ထံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ဆရာသုမောင်ကွယ်လွန်ပြီး တစ်နှစ်နှင့် နှစ်လခန့်အကြာတွင် ဖြစ်သည်။ သို့သော် မန္တလေးအက်ဖ်အမ်ရေဒီယိုတွင် ထုတ်လွှင့်ခဲ့သော ဟောပြောချက်အားလုံးအတွက် မဟုတ်ပါ။ ဟောပြောချက်များ၏ တစ်ဝက်တိတိကို 'သြော်… ဒါနဲ့စကားမစပ်' အဖြစ် ပထမပိုင်း ခွဲ၍ ထုတ်ဝေခဲ့ခြင်းသာ ဖြစ်သည်။
မန္တလေးအက်ဖ်အမ်ရေဒီယိုဟောပြောချက် ၂၂ ပတ်စာကို ဆရာသုမောင် မကွယ်လွန်မီက ဆရာ့ထံမှ လက်ခံရရှိခဲ့ပါသည်။ အဆိုပါ ၂၂ ပတ်အတွက် ဟောပြောချက်များကို တစ်စုတစ်ပေါင်းတည်း စာအုပ်အဖြစ် ထုတ်ဝေပါက စာအုပ်တန်ဖိုးကြီးမြင့်သွားမှာ စိုးရိမ်မိခဲ့ပါသည်။ သို့ပါ၍ ဟောပြောချက် ၁၁ ပိုင်းကိုသာ စုစည်း၍ ပထမပိုင်းအဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ကျန်ရှိနေသေးသည့် ဟောပြောချက် ၁၁ ပိုင်းကိုမူ ယခုမှသာ 'သြော်… ဒါနဲ့စကားမစပ် (ဒုတိယပိုင်း)' အဖြစ် ထုတ်ဝေခြင်းဖြစ်သည်။
ယခင်က ပထမပိုင်းထွက်ရှိပြီးနောက် ဒုတိယပိုင်းကို မကြာမနှောင်း ထုတ်ဝေရန် စီစဉ်ခဲ့သည်။ မမျှော်လင့်သော အခက်အခဲများကြောင့် စာအုပ်ထွက်ရှိရန် ကြန့်ကြာသွားခဲ့ရပါသည်။ ပထမပိုင်းထွက်ရှိပြီးနောက် နှစ်နှစ်ကျော် ကြာမြင့်ပြီးမှသာ ဒုတိယပိုင်း ထွက်ရှိနိုင်ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ 'သြော်… ဒါနဲ့စကားမစပ် (ဒုတိယပိုင်း)' ကို ဆရာသုမောင် အလွမ်းပြေအဖြစ် စာဖတ်သူများထံသို့ ယခုပို့ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ပြည်သူချစ် သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ ဆရာသုမောင်၏ပရိသတ်များ ကျေနပ်နှစ်သိမ့်စွာ အလွမ်းဖြေနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
ပထမပိုင်းထွက်ရှိစဉ်က ဝယ်ယူအားပေး ဖတ်ရှု့ခဲ့ကြသော ဆရာသုမောင်၏ပရိသတ်များကို ကျေးဇူးအထူးတင်ရှိပါသည်။ ထို့ပြင် ဒုတိယပိုင်း ဖတ်ရှု့နိုင်ရန် နှစ်နှစ်ကျော် မျှော်လင့်စောင့်စားစေခဲ့ရခြင်းအတွက်လည်း တောင်းပန်အပ်ပါသည်။
ဤစာအုပ်ဖြစ်ပေါ်လာရန် မူလအစဖြစ်သော မန္တလေးအက်ဖ်အမ်အဖွဲ့သားများနှင့် စာအုပ်ထွက်ရှိရေးခွင့်ပြုပေးခဲ့သော အစ်မဒေါ်အေးဘုံ၊ (ကို)ဖိုးသောကြာနှင့် မိသားစုတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
စာဖတ်ပရိသတ်၏ကျေးဇူးအထူးကို ဦးခိုက်လျက်…။
အလင်းသစ်စာပေတိုက်
မြနန္ဒာနဲ့ ရွှေမန်းတောင်ရိပ်ခို
သြော်… ဒါနဲ့ စကားမစပ်၊ ဒီတစ်ပတ်တော့လေ ကျွန်တော်စိတ်ကူးတယ်။ အနုပညာရေးရာတွေ ပြောလာတာလည်း လေးငါးဆယ်ပတ်လောက် ရှိပြီထင်ပါတယ်။ ဒီတစ်ပတ် အသံလွှင့်တဲ့အချိန်က မတ်လကုန်ပိုင်းဖြစ်မလား မသိဘူးပေါ့လေ။ မတ်လကုန်ပိုင်း ဧပြီလဆန်းနားနီးလာပြီဆိုတော့ သင်္ကြန်နားနီးလာပြီလို့ ပြောလို့ရပါတယ်။ ဖြစ်သင့်တာက အခုပြောမယ့် အကြောင်းအရာသည် သင်္ကြန်တွင်းမှာနှင့် ပိုပြီးကိုက်မယ်လို့ ထင်ပါတယ်။ သို့သော် သင်္ကြန်တွင်းကျတော့လည်း မန္တလေးအက်ဖ်အမ်အပါအဝင် ရေဒီယိုအသံလွှင့်ဌာနတွေ၊ မိုက်ကရိုဖုန်းက ထွက်လာသမျှ၊ စပီကာက ထွက်လာသမျှ ကိစ္စမှန်သမျှတွေဟာ သင်္ကြန်သီချင်းတွေနဲ့ပဲ လုံးလည်လိုက်နေကြတာဆိုတော့ ကျွန်တော်တို့လို ပညာပိုင်းဆိုင်ရာ၊ ဗဟုသုတပိုင်းဆိုင်ရာ ပြောကြ၊ ဆိုကြတဲ့ကိစ္စတွေဟာ သိပ်ပြီးတော့ နားဝင်စရာအကြောင်း မရှိပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း ဖိုးသောကြာနောက်က ကောက်ကောက်ပါအောင် လိုက်ရပါတယ်။ ဟုတ်တာပေါ့။ ကျွန်တော့်ခေတ်မှ မဟုတ်တော့ဘဲ။ သား သွားရာနောက်ကို လိုက်ရတဲ့ အဘိုးကြီးဖြစ်နေပြီကိုး။ ဆိုတော့ ကျွန်တော်တို့လို ကိုယ့်ရဲ့သောတရှင်ပရိသတ်ကို စကားဖြင့် ဗဟုသုတတွေ ပြောတဲ့ကိစ္စတွေဟာ ဒီလိုရာသီတော့ သိပ်ပြီးမကိုက်တော့ဘူး။ ဒါကြောင့် ကြိုကြိုတင်တင် သင်္ကြန်နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ယခုလို မတ်လကုန်ပိုင်း၊ ဧပြီလဆန်းပိုင်းမှာ လွှင့်ထုတ်တာ ကောင်းမယ်ထင်လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့ကို သင်္ကြန်နဲ့ပတ်သက်တဲ့ သီချင်း၊ ဗဟုသုတလေးတွေကို ပြောမယ်လို့ ကျွန်တော် စိတ်ကူးမိပါတယ်။
သင်္ကြန်နဲ့ပတ်သက်လို့ပြောရရင် ကျွန်တော်က ငယ်ငယ်တုန်းကဆိုရင် ရေလည်း မပက်တတ်ဘူးဗျ။ ရေလည်း အပက်မခံတတ်ဘူး။ သီချင်းဆိုဖို့ပြုဖို့ဆိုတာ ဝေးရော။ ပြောရမယ်ဆိုရင် ငယ်ငယ်တုန်းကတော့ အိမ်ထဲ ကုပ်နေတာများတယ်။ အခုမှတော့ ရှက်စရာလည်း မလိုတော့ပါဘူး။ အရက်သောက်တတ်တုန်းကလည်း အိမ်ထဲထိုင်ပြီး အရက်သောက်နေတာပဲ။ သင်္ကြန်က ကျွန်တော့်စိတ်ထဲ ဘာမှ ထူးထူးခြားခြားမရှိလှပါဘူး။
အဲဒါ ကံအကြောင်းတရားနဲ့ လမ်းချော်ပြီး အနုပညာသည်ဖြစ်၊ အဆိုတော်ဖြစ်တော့ သင်္ကြန်မှာ သီချင်းလေးဘာလေး ဆိုဖြစ်သွားတာ။ ဒီမှာလည်း ကျွန်တော်က ရိုးရိုးသာမန်သီချင်းဆိုတဲ့ အဆိုတော်ဘဝမှာ ရပ်တည်ခဲ့တာ။ မြန်မာအသံဓာတ်ပြားအဆိုတော်၊ မြန်မာသံသီချင်း ဆိုတဲ့ အဆိုတော်အဖြစ်နဲ့ပဲ အဲသလို ရိုးရိုးပဲ နေခဲ့တာပါ။
သင်္ကြန်နဲ့ပတ်သက်လို့ ကျွန်တော်နဲ့သင်္ကြန် သွားပြီးတော့ ထိတွေ့မိပုံအကြောင်းက တော်တော်ထူးဆန်းပါတယ်။ ဘယ်လိုဖြစ်သလဲဆိုတော့ လွန်ခဲ့တဲ့ ၁၄-၅ နှစ်၊ အနှစ် ၂၀ လောက်က ကျွန်တော်ရယ်၊ မင်းသား ကိုနေအောင်ရယ်၊ ခင်သန်းနုရယ် 'နှောင်းရိပ်' ဆိုတဲ့ ဇာတ်ကားကို မန္တလေးမှာ သွားရိုက်တယ်။ သွားရိုက်တော့ မန္တလေးက ရီမြင့်ရုပ်ရှင်ကုမ္ပဏီမှာ သွားရိုက်ရတယ်။ အဲဒီတုန်းက သင်္ကြန်မတိုင်ခင်လေးပေါ့။ ဧပြီလဆန်းလောက်မှာပါ။ ကားရိုက်နေရင်းတန်းလန်းနဲ့ မန္တလေးမြို့မက ကျွန်တော်နဲ့ လာတွေ့တယ်။
အဲဒီအချိန်အတောအတွင်းမှာ မန္တလေးက ကျွန်တော့်ရဲ့အသံတွေကို တော်တော် စွဲစွဲလမ်းလမ်းဖြစ်နေတယ်။ သူတို့မန္တလေးသားတွေက ဒေသစွဲ၊ မန္တလေးအစွဲကြီးတယ်ဗျ။ ဒါ ကျွန်တော် ဗြောင်ပြောတာပါ။ ကျွန်တော်က မန္တလေးအက်ဖ်အမ်ကနေပြီးတော့ ပြောနေလို့ဆိုပြီးတော့ မန္တလေးသားတွေဘက်က ဘက်လိုက်စရာအကြောင်း ဘာမှမရှိပါဘူး။ ကျွန်တော် မန္တလေးကို ချစ်ပါတယ်။ မန္တလေးသားတွေကလည်း ကျွန်တော့်ကို ချစ်ပါတယ်။ ဒါပေမဲ့ မန္တလေးအက်ဖ်အမ်ကနေ ပြောတယ်ဆိုတော့ မန္တလေးသားတွေချည်း နားထောင်နေတာမဟုတ်ပါဘူး။ တစ်ပြည်လုံးက နားထောင်တာဆိုတော့ ယေဘုယျသဘော ပြောရမှာပေါ့။
မန္တလေးသားတွေ မန္တလေးအစွဲအလမ်းကြီးတယ်၊ ဒေသစွဲကြီးတယ်၊ မန္တလေးသားဆိုတဲ့ အစွဲအလမ်းကြီးတယ်ဆိုတာ ကျွန်တော်မြင်တာက သူတို့က ဗမာသံပီတာ၊ လျှာသံအာသံပီတာ၊ ဗမာရုပ်ပေါက်တာကို ကြိုက်တာလို့ ထင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အောက်သားစစ်စစ်၊ ရန်ကုန်သားစစ်စစ်ဗျ။ ဘာကြောင့် မန္တလေးသားတွေ ကျွန်တော့်ကို ချစ်ကြကြိုက်ကြသလဲဆိုတာ ကျွန်တော် စဉ်းစားလို့ မရဘူး။ တကယ်လို့သာ မန္တလေးသားတွေ မန္တလေးအစွဲကြီးကြရိုးမှန်ရင် ငွေငန်းနဲ့ မန္တလေးမြို့မက ကျွန်တော့်ထက် ဇော်ဝမ်းကို ပိုပြီး စွဲကြရမှာပေါ့။ ဘာကြောင့် ဇော်ဝမ်းကိုကျော်ပြီး ကျွန်တော့်ကို ပိုပြီး ချစ်ကြသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပြီပေါ့။ ဒါ ကျွန်တော် မျှမျှတတပြောတဲ့ စကားပါ။
ဆိုကြပါစို့ဗျာ။ မန္တလေး ရီမြင့်ရုပ်ရှင်က 'နှောင်းရိပ်'ဆိုတဲ့ ဇာတ်ကားရိုက်ဖို့ ကျွန်တော့်ကို ခေါ်တဲ့အခါကျတော့ မန္တလေးမှာ သွားရိုက်ဖြစ်တယ်။ မန္တလေးမြို့မကလည်း အဲဒီအချိန်မှာ ကျွန်တော်နဲ့ မန္တလေးမြို့မသီချင်းသုံးလေးခွေ သွင်းပြီးနေပြီ။ အသံနဲ့ ပတ်သက်ပြီးတော့လည်း မြို့မအဖွဲ့ကလည်း ကျွန်တော့ဆီလာတယ်။ တိုက်ဆိုင်ချင်တော့ ဘာဖြစ်သလဲဆိုရင် မန္တလေးနဲ့ ကျွန်တော်မငြိခင် နှစ်အတန်ကြာက သူတို့က ဘယ်သူနဲ့ တွဲခဲ့သလဲဆိုရင် မင်းသားကြီးဝင်းဦးပါ။ အထူးသဖြင့် မြို့မနဲ့ မန္တလေးသင်္ကြန်မှာ ညစဉ် ညတိုင်းလှည့်တဲ့ ငွေငန်း မော်တော်ကားကြီး အလှပြကားကြီးနဲ့က မင်းသားကြီးဝင်းဦး။ လူကလည်း လူချော၊ အသံကလည်း ကောင်း၊ မြန်မာသံကလည်း ပီသ၊ အဲဒီခေတ်က ဝင်းဦးနဲ့ မန္တလေးသင်္ကြန် ၁၀ နှစ်တိတိ တွဲခဲ့တယ်။ ကိုဝင်းဦးကလည်း စာထဲမှာ ရေးခဲ့ပါတယ်။ ၁၀ စုနှစ် မန္တလေးသင်္ကြန်ဆိုပြီး သူ့ရဲ့ဆောင်းပါးပေါင်းချုပ်မှာ ရေးခဲ့ပါတယ်။
သူ့တစ်ခေတ်ပြီးတော့ ငွေငန်းက မန္တလေးမှာ မလှည့်ဖြစ်တော့ဘဲနဲ့ ရပ်နေတာ တော်တော်ကြာသွားတယ်။ ဖြစ်ချင်တော့ ကျွန်တော် နှောင်းရိပ်သွားရိုက်တဲ့ကာလအတောအတွင်းမှာ ငွေငန်းပြန်လှည့်မယ့်နှစ်နဲ့ ကြုံပါတယ်။ ကျွန်တော့်ကို လာတွေ့ရင်းနဲ့ 'ဗိုလ်သုရေ' တဲ့။ သူတို့က ချစ်ရင် ဗိုလ်သုလို့ ခေါ်ပါတယ်။
"ဗိုလ်သုရေ… ကျွန်တော်တို့ ငွေငန်းပြန်လှည့်မယ် စိတ်ကူးတယ်။ ခင်ဗျား ဒီနှစ် ငွေငန်းပေါ် တက်မလား"
တဲ့။ ကျွန်တော်ကလည်း -
"အေးဗျာ၊ တက်မယ်ဗျာ။ အဆင်ပြေပါတယ်" လို့။
"ဒါဆိုရင် ခင်ဗျား ကားရိုက်ပြီးရင် ရန်ကုန်မပြန်နဲ့တော့ဗျာ"
တဲ့။
" မန္တလေးမှာပဲ နေလိုက်တော့။ ကျွန်တော်တို့ တာဝန်ယူတယ်"
"ဟာ… နေတာပေါ့ဗျာ"
လို့။ အဲသလိုနဲ့ ကျွန်တော် ငွေငန်းနဲ့ မတော်တဆတိုက်ဆိုင်သွားတာပါ။
ကျွန်တော်လည်း စွဲသွားတယ်။ စွဲသွားတယ်ဆိုတာ အကြောင်းရှိတယ်ဗျ။ ဒီ ငွေငန်းကားကြီးက ဖိတ်ထားတဲ့အိမ်တွေ၊ ပွဲရုံတွေဆီကို တစ်ညလုံးလှည့်ရပါတယ်။ ကျွန်တော်တို့က ငွေငန်းနဲ့လှည့်ပြီဆိုရင် မြို့မအသင်းတိုက်ကနေ ညနေ ငါးနာရီ စထွက်ထွက်ချင်း မန္တလေး မဟာမုနိ ဘုရားကြီးကို ဦးတိုက်တယ်။ ရှိခိုးတယ်။ သီချင်းနဲ့ ကန်တော့ပန်းဆင်တယ်။ အဲဒီနားမှာ ပရိသတ်ကို ဖျော်ဖြေပေးတယ်။ ပြီးရင် မန္တလေးကျုံးကြီးဘေးက မြို့တော်ဝန်မဏ္ဍပ်မှာ မြို့မငွေငန်းအဖွဲ့နဲ့ ရှေ့ဆုံးကနေ မန္တလေးသင်္ကြန်ကို စဖွင့်တယ်။ ကျွန်တော်က အဲဒီမှာ မြူမှောင်ဝေကင်းဆိုတဲ့ ရေခင်းသံလေးနဲ့ ဖွင့်ပြီးတော့ မန္တလေးသင်္ကြန်ကို စဖွင့်တယ်။ သိပ်ပြီးတော့ ကြူးနူးစရာကောင်းတယ်။ မိန်းမပျိုလေးတွေကလည်း သောင်းချီပြီးတော့ တူညီဝတ်စုံလေးတွေဝတ်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်းလေး ကကြတာပေါ့။
ပြီးတော့မှ ဖိတ်ထားတဲ့ မဏ္ဍပ်တွေ၊ ဝန်ကြီးဌာနမဏ္ဍပ်တွေ၊ အပျော်တမ်းမဏ္ဍပ်တွေ၊ ဒီခေတ်ဆိုတော့ စပွန်ဆာပေါ့နော်။ စီးကရက်တို့၊ အရက်တို့လည်း ပါတာပေါ့လေ။ အဲဒီမဏ္ဍပ်တွေရော၊ ပွဲရုံတွေရောပဲ။ တစ်ညလုံး လှည့်ရတာ။ နောက်တစ်နေ့မနက် ကိုးနာရီ၊ ၁၀ နာရီထိ ရောက်ရောပဲ။ အဲ… လှည့်ပြီးတော့ ဖိတ်ထားတဲ့ အိမ်တွေဆိုလည်း မိသားစုပဲ ထွက်နားထောင်တာ။ ရပ်ကွက်ထဲက ဖြောက်ဖြောက်ဖြောက်ဖြောက်ပေါ့လေ။ အဲဒါလည်း ကျွန်တော်တို့က လူစေ့အောင် ဆိုတာပဲ။ အဲဒီမနက် မိုးလင်း ကိုးနာရီ ၁၀ နာရီထိ။ အဲဒါက သင်္ကြန်လေးရက်ဆို လေးရက်စလုံး၊ ငါးရက်ဆို ငါးရက်စလုံး ညနေ ငါးနာရီလောက်က ထွက်တာ။ နောက်နေ့ မနက် ကိုးနာရီ ၁၀ နာရီထိ မနားတမ်း ကားပေါ်မှာပဲ ထိုင်ပြီး ငုတ်တုတ် ဖျော်ဖြေကြတာ။
အဲဒါကိုလည်း ပင်ပန်းရကောင်းမှန်းမသိဘဲနဲ့ လှည့်ကြတာ။ သိပ်ပျော်စရာလည်း ကောင်း၊ ကြည်နူးစရာလည်း ကောင်းတယ်။ စိတ်ထဲမှာ ပီတိဖြစ်တာက စောစောကပြောတဲ့ မြို့တော်ဝန်မဏ္ဍပ်အဝင် 'တယ် တယ် တယ့် တယ့် တယ် တယ် ဗြောင် ပလုတ် ပလုတ် ပလုတ်တုတ် ဒုန်' ဆိုတဲ့ ရေခင်းသံလေးနဲ့ မဏ္ဍပ်ပေါ်ကရော၊ အောက်ကကော မြူမှောင်ဝေကင်းဆိုနေချိန်မှာ အကုန်လုံးက ငြိမ်ကပြီး မိန်းမပျိုလေးတွေက တူညီဝတ်စုံဝတ်ပြီး သောင်းနဲ့ချီပြီး ပိတောက်ပန်းလေးတွေနဲ့ ငြိမ့်ငြိမ့် ညောင်းညောင်းကနေတာ ကြက်သီးကို ထတယ်ဗျာ။
ကျွန်တော်က ငွေငန်းကားပေါ်မှာ မတ်တတ်ရပ်ပြီး ကျုံးဘက်က ဆည်းဆာလေးလေးကလည်း တိုက်၊ တိုက်ပုံနဲ့ ပိုးပုဆိုးကလည်း အလွင့်၊ ဟိုမှာ ကနေသူလေးတွေရဲ့ ဆံပင်တွေကလည်း လွင့်၊ တီးလုံးကလည်းငြိမ့်ညောင်း၊ ကားကြီးကလည်း လိမ့်လိမ့်နဲ့ ဖြည်းဖြည်းချင်း တကယ် ကြက်သီးထတယ်ဗျာ။ အခု ပြောနေရင်းတောင် ကြက်သီးထတယ်ဗျာ။ အဲဒီလို အရသာကတော့ မြန်မာတစ်နိုင်ငံလုံးမှာ မရှိဘူးထင်တာပဲဗျာ။ ကျွန်တော် ရန်ကုန်သားပါ။ ရန်ကုန်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီမြင်ကွင်းဟာ မန္တလေးမှာပဲရှိနိုင်တဲ့ အရသာပါပဲ။

စကားမစပ် ပြောရရင်လေ ဝမ်းနည်းစရာကလေး…။ အခုနောက်ပိုင်းကျတော့လည်း မန္တလေးမှာ အဲဒီဟာလေးတစ်ချက်ပဲ ရှိပါတော့တယ်။ ကျန်တာတော့ ရန်ကုန်ထက်တောင် သောင်းကျန်းတယ်ဗျာ။ မန္တလေးလည်း ဆိုးလာနေပါပြီဗျာ။ ကျုံးပတ်လည်မှာလေ ရက်ပ်တွေ၊ ဟစ်ဟေ့ပ်တွေနဲ့ တော်တော်ဆိုးနေပါပြီဗျာ။ အခု အဘိုးကြီး အသက်အရွယ်ရောက်လို့မို့ ပြောရတာမဟုတ်ပါဘူးဗျာ။ ရန်ကုန်ထက်တောင် ဆိုးနေပါပြီဗျာ။ ရန်ကုန် မြို့တော်ဝန်သင်္ကြန်ကမှ နည်းနည်းတော်သေးတယ်။ နည်းနည်း ငြိမ့်ငြိမ့်ညောင်းညောင်းလေး ရှိသေးတယ်။ ဗြောင်ပြောရရင် ပွင့်ပွင့်လင်းလင်းပြောရရင် တကယ်မြန်မာ့ဂုဏ်သင်္ကြန်စစ်စစ်ကို ကြည့်ချင်ရင် နိုင်ငံခြားသွားကြည့်ရတယ်ဗျ။ စင်ကာပူတို့၊ မလေးရှားတို့မှာလေ၊ တကယ့်ကို ဆိုင်းကြီးဝိုင်းကြီးနဲ့ မဏ္ဍပ်စစ်စစ်၊ ရိုးရာအဝတ်အစားစစ်စစ်နဲ့ ကတာပြုတာ ဆိုတာကလေ။ ကာရာအိုကေနဲ့ဗျာ။ နိုင်ငံခြားမှာပဲ ရှိတော့တယ်ဗျာ။ ဒီအတွက်တော့ စိတ်မကောင်းဘူး။
ကဲ… ထားပါတော့လေ။ ပြောစရာရှိတာလေး ပြောရအောင်။ အဲဒီလို မြူမှောင်ဝေကင်းနဲ့ဆို၊ တစ်ချိန်တုန်းကပေါ့လေ။ ကျွန်တော် မန္တလေးသင်္ကြန်မှာ ငွေငန်းနဲ့လှည့်တာ ၁၄-၅ နှစ်လောက် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေးငါးနှစ်ကတော့လေ ကျွန်တော့်လည်း အသက်ကလေးကလည်း ရလာ၊ နောက်က လက်ချိတ်မယ့်၊ ကျွန်တော့်နဲ့လည်း အသံထပ်တူတဲ့ ကျွန်တော့်သား ဖိုးသောကြာက အရွယ်ရော၊ ငယ်ဂုဏ်ရော၊ သူ့ကိုလည်း မန္တလေးရွှေမန်းပရိသတ်က လက်ခံလာကြပြီဆိုတော့ လွှဲပေးရတာပေါ့။ သားက တစ်လှည့်၊ နောက်က ဆက်ပြီပေါ့နော်။ ကျွန်တော်က ဇာတ်ရံပေါ့။ ဒါကြောင့် သူ့ကိုရှေ့ကထားပြီး ကျွန်တော်က နောက်က လိုက်ရတာပေါ့။ လူကြီးပိုင်းအနေနဲ့နေပြီး တချို့မဏ္ဍပ်တွေလောက်ပဲ ဆိုရတာပေါ့။
အဲဒီ ၁၄ နှစ်ကာလမှာ ပထမပိုင်းမှာ ဘာတွေ ချစ်စရာကောင်းသလဲဆိုတော့ တချို့မဏ္ဍပ်တွေရောက်တဲ့အခါ၊ ဖိတ်ထားတဲ့ အိမ်ရှေ့တွေရောက်တဲ့အခါ၊ ကျွန်တော်က ငွေငန်းကားကြီးပေါ်က ဆိုတဲ့အခါ မဏ္ဍပ်ပေါ်က မိန်းမပျိုလေးတွေက ငြိမ့်ငြိမ့်ညောင်းညောင်း ကတယ်။ ပြီးတော့ အဲဒီမိန်းမပျိုလေးတွေက မဏ္ဍပ်ပေါ်က လှေကားအတိုင်း ဆင်းလာပြီးတော့ ဒီငွေငန်းကားကြီးကို ပတ်ပြီး ကကြပြန်တာဗျ။ ကတဲ့အခါမှာ ထဘီအနားလေးကို ခတ်ခတ်ပြီး ကတယ်။ ထဘီအနားခတ်ကတဲ့အခါမှာ ခြေသလုံးသားလေးတွေက လက်ခနဲ လက်ခနဲ ပေါ်တာ။
အဲဒါ ကျွန်တော် ပြောပြမယ်။ ခြေသလုံးပေါ်တာ နှစ်မျိုးရှိတယ်။ ဒီနေ့ မိန်းမပျိုလေးတွေ စကတ်ကွဲဝတ်တော့ ဘတ်စ်ကားပေါ်တက်ရင် ခြေသလုံး လှစ်ခနဲ့ပေါ်တယ်။ အဲဒီတော့ ကျွန်တော်တို့ အဘိုးကြီးတွေအပါအဝင် ယောက်ျားသားတွေကြည့်တော့ ပြစ်မှားတယ်ပေါ့။ ဒါ မရိုင်းပါဘူး။ အမှန်အတိုင်း ပြောတာပါ။ မိန်းကလေးတွေ ခြေသလုံးသားပေါ်တော့ ကြည့်မိတယ်။ ဒါဟာ ပြစ်မှားတာပေါ့နော်။ မရိုင်းပါဘူးနော်။ အဲသလို ပြစ်မှားတာနဲ့ စောစောက ပြောတဲ့ မိန်းမပျိုလေးတွေ ထဘီအနားခတ်ပြီး ကလိုက်တော့ ဝင်းခနဲပေါ်တဲ့ ခြေသလုံးကို မြင်ရတဲ့အခါမှာ ကြည့်လို့ကောင်းတာ မတူဘူး။
လှစ်ခနဲပေါ်လို့ ရွှေခြေချင်းလေးတွေ ဖျပ်ခနဲ အရောင်တောက်သွားတာ အဲဒီလိုမြင်ရတဲ့ ခြေသလုံးသားလေးတွေကို မပြစ်မှားတော့ဘူးဗျ။ ကြည့်ကောင်းတယ်။ ခြေသလုံးပေါ်တာချင်းအတူတူ ကြည့်ကောင်းသွားတယ်။ မပြစ်မှားတော့ဘူး။ အဲဒါ ယဉ်ကျေးမှုပဲ။ ပေါ်တာချင်းအတူတူ ပြစ်မှားလို့ရတာ ရှိတယ်။ ပြစ်မှားလို့မရတာ ရှိတယ်။ အဲဒါ ယဉ်ကျေးမှု ကွာသွားတာ။ ကျွန်တော်က ယဉ်ကျေးမှုပြောနေတာဆိုတော့ ယဉ်ကျေးမှုပါလာပြီနော်။
အဲဒီမယ် တချို့နေရာတွေကျတော့ ဘာထပ်တွေ့ရပြန်သလဲဆိုရင် ဆိုပါစို့ဗျာ။ ဆီစက်၊ မန္တလေးက ဆီစက်၊ ထိုးမုန့်ပေါ့ဗျာ။ ထိုးမုန့်ဆိုင်တစ်ဆိုင်က ဖိတ်လို့ ငွေငန်းကြီးကြွပါဆိုတော့ သွားတော့ အဲဒီ ထိုးမုန့်ဆိုင်ကတော့ ထုံးစံအတိုင်း ထိုးမုန့်ဆိုင်ပိုင်ရှင် အဘိုးကြီး၊ အဘွားကြီးတွေ မိသားစုဆယ့်လေးငါးယောက် ထွက်ကြည့်ကြတယ်ပေါ့။ အနီးအနားတစ်ဝိုက်က လူလေးငါးယောက်၊ လူလေးငါးဆယ် ထွက်ကြည့်ကြတော့ ငွေငန်းကြီးကို အုံလာတာပေါ့ဗျာ။ 'လေးလေးသုမောင် ဘာသီချင်းဆိုပြပါ'။ ကျွန်တော်ကလည်း ဆိုပြတယ်။ ဆိုတဲ့အခါမှာ မထင်မှတ်ဘဲနဲ့ အသက် ငါးဆယ်၊ ခြောက်ဆယ် ဦးဝင်းဦးရဲ့ပရိသတ်တွေပေါ့ဗျာ။ တစ်ချိန်တုန်းကတော့ အပျိုတွေပေါ့။
ကျွန်တော် ဆိုတဲ့အချိန်ကျတော့ အဘွားကြီးတွေပေါ့ဗျာ။ အသက်လေးငါးဆယ်တန်းတွေပေါ့ဗျာ။ ဟောဗျာ… ဘယ်အချိန်က ကောက်စွပ်လာသလဲ မသိဘူး၊ ရွှေခြေချင်းကြီးတွေနဲ့ပေါ့။ ငွေငန်းကားကို ပတ်ပြီးတော့ သူငယ်ပြန်တာ။ ကလိုက်ကြတာ။ ဒီအပေါ်က သုမောင်ကလည်း အဲဒီအချိန်တုန်းက ၂၀ ကျော်၊ ၃၀ ပေါ့နော်။ အဘွားကြီးတွေ ရှိတဲ့နေရာကို အောက်ကို မိုက်ကရိုဖုန်းကြိုး လျှော့ချပြီးတော့ ငွေငန်းကားပေါ်က ဆင်း၊ အဘွားကြီးတွေကို ဖက်နမ်း၊ သီချင်းဆို၊ သုမောင် နှာခေါင်းကလည်း သန့်ရှင်းတယ်ဗျာ။ သနပ်ခါးအဖွေးသား လိမ်းထားတဲ့ ဒီအဘွားကြီးတွေရဲ့ ပါးကလည်း သန့်ရှင်း။ တူနဲ့ အဒေါ်နဲ့ သန့်ရှင်းတဲ့အနမ်းတွေ… အဲဒါ ခုနောက်ပိုင်း မရှိတော့ဘူး။ ခုတော့ သုမောင် နမ်းချင်လို့ ဒီအဘွားကြီးတွေ ရှာတော့ မရှိရှာကြတော့ဘူး။
အခုရှိနေတဲ့ မိန်းကလေးတွေကလည်း ဘယ်ရောက်သွားကြသလဲဆိုတော့ ကျုံးနံဘေးမှာ အရက်ကြော်ငြာ၊ စီးကရက်ကြော်ငြာ အဲဒီမှာ သွားအုံနေကြတယ်။ ၀ုန်းဒိုင်းကိုကြဲလို့။
ကောင်းပြီ။ ၀ုန်းဒိုင်းကြဲတယ်။ ဒီသုမောင်ကြီးက တစ်ယူသန်၊ တစ်ဖက်သတ် မျိုးချစ်ကြီးလား။ အဲသလို အကောင်းစားလား လို့ဆိုရင် အဲသလိုမဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းအလိုက် ၀ုန်းဒိုင်းကြဲတာ ကြဲရပါတယ်။ သင်္ကြန်မို့လို့ ပျော်တာပဲ။ အပြစ်မမြင်ပါဘူး။ တစ်ခုတော့ ရှိတယ်ဗျ။ တစ်ခါတလေကျတော့ ငွေငန်းကားပေါ်ကနေ လှည့်ပြီး ကြည့်လိုက်တော့လေ ဂျစ်ကားကို ထုရိုက်၊ ဆူညံသောက်စား၊ သောက်စားတယ်ဆိုတာကလည်း ယောက်ျားလေးတွေ သောက်စားတာ အပြစ်မပြောပါဘူး။ ဘယ်ပြောမလဲ။ သုမောင်ကြီးကလည်း သောက်ထားတာကိုး။ တိုက်ပုံအင်္ကျီ၊ ပိုးလုံချည်၊ လည်ကတုံးနဲ့ စိန်ပေါက်နဲ့ ၀တ်ပြီး ကုလားထိုင်အောက်မှာက အရက်ပုလင်းနဲ့၊ ခွက်ပုန်း ချထားတာကိုးဗျာ့။ ကလေးတွေကို အပြစ်မြင်လို့ ဘယ်ရမတုံး။

သို့သော်လည်းဗျာ… သုမောင်ကြီးမှာက သားသမီးလေးယောက်၊ နှစ်ယောက်က အထီး၊ နှစ်ယောက်က အမ၊ အဲဒါကျတော့ ခွဲမြင်ရတယ်ဗျ။ ကိုယ့်မှာလည်း သမီးတွေရှိတော့ ကျွန်တော့်သမီးအရွယ်လေးတွေနော်။ အပေါ်က ဘရာစီယာလောက်၊ အောက်က ဆပ်ဆမိုင်တာလောက် အဝတ်အစားလေးတွေနဲ့ မော်တော်ကားလမ်းပေါ်မှာဗျာ ပက်လက်လန်မူးနေတာကျတော့ မကောင်းဘူးပေါ့နော်။ တစ်ခုတော့ရှိတယ်။ မိန်းကလေး အရက်သောက်တာ ကိုရီးယားကားထဲမှာလည်း သောက်တာပဲ၊ ဂျပန်ကားထဲမှာလည်း သောက်တာပဲဆိုပြီး အဲဒါကို အတုခိုးလို့ဆိုရင် သုမောင်ကြီး ဘာမှမပြောနိုင်ပါဘူး။ သောက်ပါ။ ဟိုတယ်မှာ သွားသောက်ပေါ့။ ကိုယ့်အိမ်မှာ မိဘက ခွင့်ပြုရင် သောက်ကြပေါ့။ လမ်းပေါ်တော့ မသောက်ကြပါနဲ့။ ကောင်းပါပြီ။ လမ်းပေါ် သောက်ချင်ရင် အင်္ဂလိပ်နှစ်သစ်ကူး သောက်ပါ။ မြန်မာနှစ်သစ်ကူးမှာတော့ မသောက်ကြပါနဲ့။
ဘိုနှစ်သစ်ကူးက သူတို့ယဉ်ကျေးမှုနဲ့ဆိုင်တယ်ဗျ။ မြန်မာနှစ်သစ်ကူးက မြန်မာ့ယဉ်ကျေးမှုနဲ့ ဆိုင်တယ်ဗျ။ အဲဒါလေးတစ်ခုတော့ ခွဲသိပေါ့။ မြန်မာတွေဖြစ်ပေမဲ့ အင်တာနေရှင်နယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်တဲ့ အတွက် ဘိုနှစ်သစ်ကူးမှာ သောက်ချင်သောက်ကြပါဗျာ။ မြန်မာနှစ်သစ်ကူးနဲ့တော့ မရောယှက်ပါနဲ့။ အဲဒါလေး ခွဲနိုင်ရင် သောက်ကြပါဗျာ။ မြန်မာနှစ်သစ်ကူးမှာ သိကြားမင်းက ပုရပိုက်နဲ့ စောင့်ကြည့်နေစဉ်မှာ လမ်းပေါ်မှာ မလုံ့တလုံအဝတ်အစားနဲ့ ပက်လက်လန်လဲနေတာ မကောင်းပါဘူး။ မိန်းကလေးတွေ အဲဒါတော့ စကားမစပ် ကြားဖြတ် ပြောပါရစေနော်။
ကောင်းပါပြီ။ ကဲ… အဲသလို ဝုန်းဒိုင်းကြဲနေတဲ့ကြားကပဲ ချစ်စရာကောင်းတဲ့ဟာလေးတွေလည်း ရှိပါတယ်။ စောစောကပြောတဲ့ အရက်တို့၊ ဘီယာတို့၊ စီးကရက်တို့ စသည်ဖြင့် တခြားကြော်ငြာတွေလည်း ရှိပါတယ်။ ကျုံးဘေးမှာ။ အဲဒီကြော်ငြာမဏ္ဍပ်တွေမှာ အရက်တွေကမူး၊ ဂျစ်ကားကို ထုရိုက်၊ ဂျစ်ကားမှ မဟုတ်ပါဘူး။ ပိုက်ဆံရှိသားသမီးတွေကလည်း ကားအကောင်းကြီးတွေ ထုရိုက်ပြီး တုတ်တွေ၊ သံတုတ်တွေနဲ့ ဝုန်းဒိုင်းကြဲ ပေါက်ကွဲ၊ အပေါ်ကလည်း ဝုန်းဒိုင်းဆူညံ၊ နားပေါက်ကွဲမတတ် ဆူညံနေတော့ ဒီကငွေငန်းကားကြီး ခပ်လှမ်းလှမ်းက ရပ်ရတယ်။ အဲဒီမဏ္ဍပ်ရှေ့ ဖြတ်မှာကိုး။ ဒီတော့ စိတ်က ပူရတာပေါ့။ မြူမှောင်ဝေကင်း ရေခင်းသံက အားကငယ်၊ ဒီဆူညံကြားထဲ ဘယ်လိုဝင်ရမလဲ။ ကြောက်ကလည်း ကြောက်၊ သို့သော် ဒီဆူညံအော်ဟစ်ပေါက်ကွဲနေသော ကလေးများသည် ပေါ့ပ်၊ ပန့်ခ်ခေတ် နားသန်သီးနဲ့၊ ဆွဲကြိုးပုံစံအမျိုးမျိုး ဆံပင်တစ်ဖက် ရိတ်၊ တစ်ဖက် အရောင်ဆိုးထားသော ကလေးများသည် ပုံစံ (Form) အရကတော့ အင်တာနေရှင်နယ်လို့ခေါ်တဲ့ ဟစ်ပီ Type ဖြစ်ပေမဲ့လို့ သင်းတို့ကလေးတွေ၊ သူတို့ကလေးတွေရဲ့ရင်ထဲမှာ ဘာရှိသလဲဆိုတော့ မြန်မာဆိုတဲ့ စိတ်ကလေးရှိတယ်ဆိုတာကို သွားတွေ့ရတယ်။ ဘာနဲ့သွားတွေ့ရသလဲဆိုတော့ စောစောကပြောတဲ့ မြူမှောင်ဝေကင်း ဆိုတဲ့ ကြိုးသီချင်းကြီးကို ဟောဒီငွေငန်းပေါ်ကနေ စလည်းစရော၊ ဒီငွေငန်းကားပေါ်က လူတစ်ရပ်စာရှိတဲ့ စပီကာကြီးတွေက မြူမှောင်ဝေကင်းဆိုတဲ့ သုမောင်အသံလည်း ထွက်ကောဗျာ။ မော်တော်ယာဉ်ရဲ မလိုဘူးဗျ။ လက်အပတ်တွေနဲ့ ပုဂ္ဂိုလ်တွေ မလိုဘူးဗျ။ မော်တော်ကားငွေငန်းကြီး သွားလို့ရအောင် သူတို့ဘာသာ လမ်းရှင်းပြီးတော့လေ၊ လက်အုပ်လေးတွေချီပြီးတော့ ငြိမ်ကျသွားတယ်ဗျ။ မယုံမရှိပါနဲ့။ ကဲ… သုမောင်ကြီး ဆိုထားတဲ့ မြူမှောင်ဝေကင်း။
(မြူမှောင်ဝေကင်း… ငွေအဆင်းဆန္ဒ… ညီဘောင်…တိုင်းမြန်ပြည်…ငြိမ်းချမ်းအောင်ဆု…သွန်းခါရေ… အေးစေကြောင်း လောင်းတဲ့လုံမေ…ထူးထူးကဲကဲ လှကြပါစေ)၂
အဆင်ပြေ…မြင်ရသူကြည်နူးလောက်ပေ…သံသာ ချိုမြမြဆိုတေးလေးတွေ…မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ…ယဉ်ကျေးသူတွေ…မနှစ်ကလည်း လောင်းခဲ့တာတွေ…အေးအေးမြမြမမေ့ရက်နိုင်လေ… အဆင်ပြေ…မြင်ရသူကြည်နူးလောက်ပေ…သံသာ…ချိုမြမြဆိုတေးလေးတွေ…မန်းမြို့သူရဲ့ဂုဏ်နဲ့ညီပေ…ယဉ်ကျေးသူတွေ…မနှစ်ကလည်း လောင်းခဲ့တာတွေ…အေးအေးမြမြ မမေ့ရက်နိုင်ပေ…
သင်းပျံ့ပေ ရွှေပန်းပိတောက်တွေ တတွဲတွဲဆင်လို့ ဆင်မြန်းမြန်းကာ လှတဲ့မေ…ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာဝေးကွာ…ကင်းစင်ပစေ…ဒီရေ ပွဲသင်္ကြန်ရေ…
ရွှေပန်းပိတောက်တွေ တတွဲတွဲဆင်လို့ ဆင်မြန်းမြန်းကာ လှတဲ့မေ…ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာဝေးကွာ…ကင်းစင်ပစေ…ဒီရေ ပွဲသင်္ကြန်ရေ…
ကောင်းပါပြီ။ အဲဒီလို ရေခင်းသံနဲ့ မြူမှောင်ဝေကင်းဆိုသွားတဲ့ ငွေငန်းကားကြီးဖြတ်သွားတော့ စောစောက မူးယစ်သောင်းကျန်းနေတဲ့ ကလေးတွေက ဘာအော်တယ်ထင်ပါသလဲ။ ပြိုင်တူနော်။ မတိုင်ပင်ဘဲနဲ့ စောစောက ကလေးတွေက အော်တယ်ဗျ။
"မြို့မအသင်းကြီး ကျန်းမာပါစေ။ ငွေငန်းယာဉ်ကြီး ကျန်းမာပါစေ။ လေးလေးသုမောင်ကြီး ကျန်းမာပါစေ"လို့ အော်တယ်ဗျ။ အော်လည်းပြီးရော ငွေငန်းကြီးဖြတ်သွားလို့ ငွေငန်းကြီးနောက်မြီးလည်း ဆုံးရော ပြန်ပြီးတော့ ဝုန်းဒိုင်းကြဲတော့တာပါပဲ။ အဲဒါဟာ ရင်ထဲမှာ ယဉ်ကျေးမှုရှိတယ်ဆိုတာကို ပြတယ်။ အပေါ်က အကာက အင်တာနေရှင်နယ်ခေါ်တဲ့ ဟစ်ပီတိုက် ဖုံးထားပေမဲ့ အရိုးပေါ်အရွက်မဖုံးဘူးဆိုတာ ဒါကိုပြတာ။
ဒါက ကျွန်တော် လူငယ်တွေကို စည်းရုံးနေတာ မဟုတ်ပါဘူး။ တကယ့်အရှိကို ပြောတာ။ လူငယ်တွေကို အရမ်းစည်းရုံးလို့ မရဘူးနော်။ ဒါ ကျွန်တော် သိထားတယ်။ အရမ်းစည်းရုံးလို့ မရဘူး။ မြှောက်ပေးတိုင်းလည်း လူငယ်တွေက လက်မခံဘူးဆိုတာ ကျွန်တော် သိထားတယ်။ ဥပမာတစ်ခု ကျွန်တော် ပြောပြမယ်။ နာဂစ်ဖြစ်တုန်းက ကျွန်တော် ဆောင်းပါးရေးတယ်။ ကျွန်တော့်အိမ်နားက သစ်ပင်ကြီး လဲကျတယ်။ ဓာတ်တိုင်တွေလည်း အကုန်ပြုတ်ကျ၊ လမ်းပေါ်တွေ အကုန်ပိတ်၊ အကုန်ဖြစ်ကုန်တာပေါ့။
ကျွန်တော့်အိမ်နားမှာ တိုက်ခန်းတွေ ရှိတယ်။ လူငယ်လေးတွေ ရှိတယ်။ ကျွန်တော်တို့မိသားစုမှာက လူငယ်ဆိုလို့ ဖိုးသောကြာ တစ်ယောက်ပဲရှိတယ်။ အိမ်ရှေ့က သစ်ပင်ကြီးက ပြိုကျသွားတော့ ကားတွေက ထွက်လို့မရ၊ ဓာတ်တိုင်တွေလည်း ပြုတ်ကျ၊ အကုန်ဒုက္ခရောက်။ ကျွန်တော့်အိမ်က မိန်းမတွေချည်းပဲဆိုတော့ လမ်းတွေကလည်း ပိတ်ကုန်ပြီ၊ လုပ်ကြပါဦး ဘာညာ ဖြစ်တဲ့အခါကျတော့ ဟိုဘက်တိုက်ခန်းတွေက လူငယ်လေးတွေ ထွက်လာပြီး ဝိုင်းဝန်း ဖြတ်တောက်ရှင်းလင်းကြတာပေါ့။
ကဲ… ပြီးသွားတော့ ကျွန်တော်က ဆောင်းပါးရေးတယ်။ ဒါကို လူငယ်တွေ တော်ကြောင်း၊ ညီညွတ်ကြောင်း၊ လူမှုရေးအသိစိတ်ဓာတ်ရှိကြကြောင်း ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ လူငယ်တွေကို မြှောက်ပြီးရေးတာ မဟုတ်ပါဘူး။ ဆောင်းပါးထွက်လာတော့ အဲဒီဆောင်းပါးဖတ်ရတော့ လူငယ်တွေ ပျော်ကြတာပေါ့။ ဦးသုမောင်ကြီး ဆောင်းပါးလေး ကောင်းလိုက်တာ၊ သားတို့အကြောင်း ရေးထားတာ။
အဲဒီထဲမှာ လူငယ်လေးတစ်ယောက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့်ကို လာပြောတယ်။
"ဦးဗလကြီးကလည်း တော်တော်ဆိုးတယ်"
"ဟောဗျာ… ငါက အကောင်းရေးထားတာပဲ။ ဘာလို့ဆိုးရတာလဲ"
ဆိုတော့-
"ဦးဗလကြီးကလည်း နာဂစ်ဖြစ်မှ ကျွန်တော်တို့က ကူညီတာ မဟုတ်ဘူး။ နာဂစ်မဖြစ်လည်း ဦးဗလကြီး လိုအပ်ရင် ကူညီမှာပါပဲ"
တဲ့။ ဟောဗျာ… ဒီက ရေးရတဲ့ကောင် သေရော။ ကြည့်နော်။ လူငယ်တွေကို အရမ်းမြှောက်ပေးလို့မရဘူး။ မရဘူးဗျနော်။ ဒါကြောင့် ကျွန်တော်က အရမ်းမြှောက်ပေးနေတာ မဟုတ်ဘူး။ အရှိအရှိအတိုင်း ပြောနေတာ။
အဲ… စကားမစပ် ဗဟုသုတ ထပ်ပြောရဦးမယ်ဗျာ။ စောစောကပြောတဲ့ မြူမှောင်ဝေကင်းဆိုတာ လေးလေးရင်ရဲ့ သီချင်းပါ။ တချို့က ထင်ကြတယ်။ သီချင်းကောင်းပြီဆိုတာနဲ့ မြို့မငြိမ်း ထင်ကြတာဗျ။ မြူမှောင်ဝေကင်းက မြို့မငြိမ်း ရေးတာမဟုတ်ဘူး။ ဒီပြဿနာတွေက တော်တော်ခက်တယ်၊ လူတွေကလည်း မန္တလေးသီချင်းတစ်ပုဒ် ကောင်းပြီဆိုတာနဲ့ မြို့မငြိမ်းရေးတာပဲ ထင်နေကြတာ။ ဒါကြောင့်ပေါ့။ မြနန္ဒာမဟုတ်ပါဘူးဗျာ၊ ရွှေမန်းတောင်ရိပ်ခို။ 'မြနန္ဒာ… ယိမ်းညို့ညို့' အဲဒါ ရွှေမန်းတောင်ရိပ်ခို။ သီချင်းနာမည်က ရွှေမန်းတောင်ရိပ်ခို။ နောက်ပိုင်းကျတော့ ပြဿနာတွေ ထဖြစ်ကြတယ်။ သူ ရေးတယ်၊ ငါ ရေးတယ် ဆိုပြီးတော့။ အမှန်က မန်းတောင်ရိပ်ခိုသီချင်းကို သုံးယောက်ပေါင်း ရေးတာ။ မြို့မငြိမ်းရယ်၊ အေဝမ်းဆရာညှာရယ်၊ မန္တလေးဦးဘသိန်းရယ် ပေါင်းပြီး ရေးကြတာပါ။ ကျွန်တော်ထင်တာက အဲဒီခေတ်က သူငယ်ချင်း သုံးယောက်ပေါင်း တစ်ယောက် တစ်ပိုဒ်စီ ရေးကြထင်ပါရဲ့။
အဲဒီမြူမှောင်ဝေကင်းသီချင်းက လေးလေးရင်ရဲ့သီချင်းပါ။ မြူမှောင်ဝေကင်း ဆိုတာက အများခေါ်တဲ့နာမည်။ သူ့နာမည်က 'အေးတဲ့ရင်'။ အဲဒီတော့ ချစ်စနိုးနဲ့ လေးလေးရင်လို့ ခေါ်ကြတာပါ။ အဲဒီသီချင်းကလည်း ကော်ပီပဲဗျ။ သူ့ရဲ့ အော်ရဂျင်နယ်က စံရာတောင်ကျွန်းဆိုတဲ့ ကြိုးသီချင်းပါ။ ကြိုးသီချင်းကြီးရဲ့အလိုက်ကို ယူထားတာပါ။ အဲဒီဟာကိုပဲထပ်ပြီး ကော်ပီလုပ်ထားတာရှိသေးတယ်။ 'တိမ်မှောင်ဝေကင်း' ဆိုပြီးတော့။ အဲဒီ တိမ်းမှောင်ဝေကင်းကိုတော့ မြို့မအသင်းကြီးက အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ ဧည့်ခံတဲ့သီချင်းပါ။

မြူမှောင်ဝေကင်း

- အရင်တုန်းကတော့ အများဆိုတာပေါ့။ နောက်ပိုင်း မြို့မအသင်းကြီးက တယောဦးသန်းမောင်က ဆိုတယ်။ မြူမှောင်ဝေကင်း ဘယ်အချိန်ဆိုသလဲဆိုရင် စောစောကပြောတဲ့ သင်္ကြန်လှည့်ပြီး ပြန်ပြီဆိုရင် အကုန်လုံးအိပ်ငိုက်၊ အကုန်လုံး လဲကွဲကုန်ကျပြီ။ အကုန်လုံး သောက်စား မူးယစ်ပြီး မနက်မိုးလင်းပြန်တော့ ဘယ်သူမှ မတီးနိုင်၊ မမှုတ်နိုင်တဲ့အချိန် ကျတော့မှ စန္ဒရားလေးတစ်လုံးတည်းနဲ့ တယောဦးသန်းမောင်က ဆိုပြီးတော့ မြို့မအသင်းတိုက်ကို အိပ်ချင်မူးတူးနဲ့ ဝင်ကြတယ်။ ကျွန်တော်ကတော့ ငွေငန်းအထွက်မှာ ဆိုရတာပါ။
နောက်ပိုင်း ကျွန်တော့်ရဲ့နောင်တော်ကြီး သန်းမြတ်စိုး ဆိုပါတယ်။ သန်းမြတ်စိုးကြီး ပိုပြီး အရောင်တောက်သွားတာကတော့ သင်္ကြန်မိုးမှာ နောက်ခံဆိုလိုက်တာ ပိုပြီး နာမည်ကြီးသွားပါတယ်။ မြူမှောင်ဝေကင်းလိုပဲ နောက်တစ်ပုဒ်ရှိပါတယ်။ ဒါကိုတော့ ပရိသတ် သိပ်မသိဘူး။ မြူမှောင်ဝေကင်းလိုပဲ နာမည်ကြီးတာက 'ပြည်တော်ဝင်'ဆိုတဲ့ သီချင်းပါ။ အဲဒီ ပြည်တော်ဝင်သီချင်းကလည်း နည်းနည်းလေး ဝိဝါဒကွဲပါတယ်။ တချို့ကလည်း ဒီပြည်တော်ဝင်သီချင်းကို သင်္ကြန်သီချင်းလို့ သတ်မှတ်တယ်။ တချို့ကလည်း အမျိုးသားရေးသီချင်းလို့ သတ်မှတ်တယ်။
ကျွန်တော့်အနေနဲ့ကတော့ ဒီသီချင်းဟာ နှစ်မျိုးစလုံး အကျုံးဝင်တယ်လို့ စာပေသမားတစ်ယောက်အနေနဲ့ ယူဆတယ်။ ဘာကြောင့်လဲဆိုရင် သူက သမိုင်းကြောင်းလေးရှိတယ်။ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးမရခင် မန္တလေးမြို့ကြီးကို ဗုံးတွေကြဲတော့ မြို့ပျက်တာပေါ့။ မန္တလေးမြို့သူမြို့သားတွေနဲ့ အတူ မြို့မအသင်းကြီးလည်း စစ်ကိုင်းဘက်ကို စစ်ပြေးရတာပေါ့။ မြို့မအသင်းကြီးက စစ်ကိုင်းတောင်ဘက်မှာ စစ်ခိုနေတဲ့အချိန်ဆိုတော့ မန္တလေးမှာ တီးမယ့်မှုတ်မယ့်သူတွေ မရှိတော့ဘူးပေါ့။ ဗုံးတွေချတော့၊ တိုက်တွေပြို ဘာညာပျက်စီးပေါ့နော်။ မန္တလေးမြို့ ပျက်နေတဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ စစ်ကိုင်းချောင်မှာ ဗုံးခိုနေတဲ့ မြို့မအသင်းကြီးရဲ့ အေဝမ်းဆရာညှာက အလွမ်းပြေ 'ပြည်တော်ဝင်'ဆိုတဲ့ အဲဒီသီချင်းကို စပ်တာ။ သူ့သီချင်းရဲ့အဓိပ္ပာယ်လေးက ဘာလဲဆိုတော့ စာသားလေးက အဲဒီမှာတစ်ကြောင်းပါတယ်။ 'အခါတော်ရောက်ချိန် နီးလို့လာပေ' ဆိုတာပါတယ်။
အခါတော်ရောက်ချိန်ဆိုတာ သူက ဘာကိုပြောတာလဲဆိုရင် မန္တလေးမြို့ကြီး ဗုံးဒဏ်ကလွတ်ပြီး လွတ်လပ်ရေးရပြီဆိုရင် ဆိုတဲ့ အဓိပ္ပာယ်ပါတယ်။ အဲဒီအချိန်ကျလို့ရှိရင် စည်တော်ရွမ်းပြီး တို့ပြန်လာမယ်၊ မြို့မအသင်းကြီးပြန်လာမယ်။ ဒီအဓိပ္ပာယ်နဲ့ ဆရာညှာက စပ်တာ။ ဒါပေမဲ့ ကျွန်တော်တို့ သေသေချာချာပြန်ကြည့်တဲ့အခါကျတော့ လွတ်လပ်ရေးက ဘယ်အချိန်မှာ ရတာလဲဆိုတော့ ဇန်နဝါရီ ၄ ရက်နေ့မှာ ရတယ်။ ဇန်နဝါရီဆိုတော့၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီဆိုတော့ ကြားမှာ နှစ်လ၊ ဧပြီမှာ ကျွန်တော်တို့က သင်္ကြန်ကျတယ်။ ဆိုတော့ လွတ်လပ်ရေးရပြီးနှစ်လခြားမှာ သင်္ကြန်ကျတာဆိုတော့ ဒီသီချင်းဟာ လွတ်လပ်ရေးနဲ့လည်းဆိုင်တယ်။ သင်္ကြန်နဲ့လည်း ဆိုင်တယ်လို့ ကျွန်တော်တော့ ယူဆတယ်။
အဲဒီတော့ ကျွန်တော်က ရှာရှာကြံကြံ သွားတွေးမိတာ ဘာလဲဆိုတော့ အနုပညာသည်ရဲ့သဘာဝ၊ ဆရာညှာဆိုတဲ့ အေဝမ်းဆရာကြီးက အနုအရွကို၊ အချစ်ကို အလွန်ကြိုက်တယ်။ ဥပမာတစ်ခု ကျွန်တော် ပြောပြမယ်။ စောစောကပြောတဲ့ ရွှေမန်းတောင်ရိပ်ခို အများသိထားတဲ့ မြနန္ဒာသီချင်းထဲမှာ 'ချိုပြုံးရွှင်သော နှမပျိုရယ်…' သုံးယောက်စပ်တယ်လို့ ကျွန်တော်တို့ ကြားဖူးတယ်နော်။ အဲဒီအထဲမှာ ကျွန်တော် သိထားသလောက်က 'ခါးသေးနွဲ့ မူရာကြွယ်…လှဂုဏ် ဝင့်ထည်…ခိုင်ညှာရယ် မာလာရယ်…တစ်ယောက်ဆိုတစ်ယောက်မို့…အောက်မေ့တယ်…ခင့်မြို့မလာပြီကွယ်…ဆီးကြိုလို့ရယ်… မောင်နှမအရင်းလို ခင်မင်ချစ်သွေး ကြွမိတယ်' ဆိုတဲ့ အထဲမှာ ခါးသေးလိ့မူရာကြွယ်လို့၊ ခင်မင်ချစ်သွေးကြွမိတယ်လို့ မိန်းကလေးအလှဘွဲ့တွေကို ဖွဲ့တဲ့စာသားတွေက အေဝမ်းဆရာညှာလို့ သိထားတယ်။ အဲသလို မိန်းကလေးအလှကို ဖွဲ့တတ်တဲ့ ပုဂ္ဂိုလ်စာဆိုကြီးက ကြည့်စမ်းနော်… 'လွတ်လပ်ရေး ကြိုးပမ်းမှု အောင်စည်ရွမ်းတယ်' ဆိုတဲ့ ပြည်တော်ဝင်သီချင်းမျိုးကတော့ ဒေါင်ဒေါင်မြည် အနုပညာသမား၊ စာပေသမားရဲ့နှလုံးသားဟာ ပျော့မနေဘဲ တကယ့်ကို မာရင်လည်း ကျော်ခဲလို၊ ပျော့ရင်လည်း ဂွမ်းလိုပဲဆိုတာ သွားတွေ့ရပါတယ်။ ကဲ… ပြည်တော်ဝင်သီချင်း ကျွန်တော်ဆိုထားတာ နားဆင်ကြည့်ကြပါဦး ခင်ဗျာ။
"ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ…နေ့တိုင်းပဲ သတိရတယ်လေ…ကျုပ်တို့မြို့မအသင်းသားများတွေ… တောင်ရိုးတန်း စစ်ကိုင်းဘက်မှာလေ…ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ…ရွှေမန်းသူမေ မေးလိုက်ပါလေ…သြော်…ကျန်းမာကြပါရဲ့လို့ မြို့မမောင်တွေ…ရွှေမန်းသူမေ ပြောလိုက်ပါလေ… စစ်ကိုင်းမှာလည်း စိတ်ကစွဲ…မပြေ…တစ်ခါတလေတော့…မျှော်မှန်းလွမ်းမိတဝေဝေ…ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့ စိတ်စောလို့ကာနေ…(အခါတော်ရောက်ချိန် နီးလို့လာပေ…ဒေါ်ဒေါ်မမနှမတို့ရေ… အသည်းစွဲချစ်မိတ်ဆွေ…ခေတ္တခွဲလို့နေ…)၂
မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ…အောင်စည်ရွမ်းသံကြားပြီထင့်…ပြည်တော်ဝင်မယ်လေ…
မန္တလေး…ရွှေမြို့…တို့ရတနာပုံနေပြည်…တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ…အဲဒါတွေ မတွေးကြနဲ့…ရှေ့ဆက်ကာ စီမံကြံစို့လေ…သြော်…မန္တလေးရွှေမြို့…တို့ရတနာပုံနေပြည်… တင့်တယ်သာယာစည်ကား…ဟိုတုန်းအခါကလေ…အဲဒါတွေ မတွေးကြနဲ့… ရှေ့ဆက်ကာ စီမံကြံစို့လေ…
(မေ့မေ့ပျောက်ပျောက်…အောက်မေ့ကြပေ…တိုက်တာအိမ်ခြေ…စည်းစိမ်ရှင်တွေ…)၂
လူကြံရင်မခံနိုင်ဘူး…အထူးပင်မှတ်တော့လေ…အရင်လိုပျော်ပျော်ရွှင်ရွှင်နေ… မြို့မအသင်းကပြောပေ…အရင်လိုပျော်ပျော်ရွှင်ရွှင်နေ…မြို့မအသင်းကပြောပေ…ဖြစ်ချိန်ဆိုဖြစ်ရမယ်တဲ့…ခေတ်သစ်လူများ အားအင် တောင့်တင်းလေ…
(အခါတော်ရောက်ချိန် နီးလို့လာပေ…ဒေါ်ဒေါ်မမနှမတို့ရေ… အသည်းစွဲချစ်မိတ်ဆွေ…ခေတ္တခွဲလို့နေ)၂
မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ…အောင်စည်ရွမ်းသံကြားပြီထင့်…ပြည်တော်ဝင်မယ်လေ…
(အခါတော်ရောက်ချိန် နီးလို့လာပေ…ဒေါ်ဒေါ်မမနှမတို့ရေ… အသည်းစွဲချစ်မိတ်ဆွေ…ခေတ္တခွဲလို့နေ)၂
မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ…အောင်စည်ရွမ်းသံကြားပြီထင့်…ပြည်တော်ဝင်မယ်လေ…"
အဲတော့ အခု ဒီအပတ်အတွက် နောက်ဆုံးပြောချင်တာက ပြောခဲ့တာတွေလည်း ပြောပြီးပါပြီ။ နှစ်ထပ်ရှိ မှတ်မိအောင် ကျွန်တော့်အတွေ့အကြုံလေးနဲ့ တစ်ခုပြောချင်ပါတယ်။ လူငယ်တွေလည်း ကျွန်တော့်ကို အတုယူပြီးတော့ မမှားသင့်တာလည်း မမှားရအောင် ကျွန်တော်လည်း မှားခဲ့တာကိုလည်း နောက်တတရားတွေနဲ့ ပြောချင်ပါတယ်။
ကျွန်တော် ၁၉၉၀ ပြည့်နှစ်အတွက် အကောင်းဆုံးမင်းသား အကယ်ဒမီ ရတယ်။ ရခဲ့တော့ ဆုလက်ခံရတာက ၁၉၉၁၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဆုရပါတယ်။ အဲဒီတော့ ၁၉၉၂ သင်္ကြန်ကို ကျွန်တော်က ထုံးစံအတိုင်း မန္တလေးကို သွားမယ်၊ မန္တလေးသင်္ကြန်ဖွင့်ပွဲ သွားမယ်ဆိုတဲ့ အချိန်မှာ ၉၂ သင်္ကြန် ရန်ကုန်မှာ ဝန်ကြီးဌာနတစ်ခုက ကျွန်တော့်ကို ခေါ်တယ်။ ထုံးစံအတိုင်းပေါ့ဗျာ။ အကယ်ဒမီပူပူနွေးနွေးမင်းသားဆိုတော့ ဟိုက ဆွဲ၊ ဒီက ဆွဲပေါ့ဗျာ။ ဟိုမဏ္ဍပ်က လိုချင်၊ ဒီမဏ္ဍပ်က လိုချင် ကျွန်တော့်မှာ မျက်နှာက နာရတယ်ဗျ။ မဏ္ဍပ်အကြီးကြီးတစ်ခုက ရန်ကုန်ကနေ ကျွန်တော့်ကို ဆွဲတယ်။ ဆွဲတော့ -
"ဟာ… မဖြစ်ဘူး။ ကျွန်တော့်မှာ မန္တလေးအစွဲအလမ်းရှိတယ်။ မန္တလေးသင်္ကြန်ကို ကျွန်တော် သွားဖွင့်ရတယ်"
ဆိုတော့ အဲဒီက လူကြီးတွေက-
"ဟာ… မဟုတ်ဘူး ကိုသုမောင်ရယ်။ ကျွန်တော်တို့ ဒီမဏ္ဍပ်ဖွင့်ပြီးရင် မန္တလေးကို ညနေရောက်အောင် လေယာဉ်ပျံနဲ့ ပို့ပေးမယ်"
"ဟား… ဒါဆိုရင်တော့ ဖြစ်တယ်။ ဆိုပေးမယ်" ပေါ့။
ရန်ကုန်သင်္ကြန်ကို စဖွင့်ပေးမယ်၊ ဆိုပေးမယ်ပေါ့။ ပြဿနာက ဘာလဲဆိုတော့ သုမောင် ထုံးစံအတိုင်း အရက်ကလေးကလည်း သောက်ထားတယ်။ အဲဒီမှာရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း သောက်ထားကြတယ်။ စင်ကို ကျွန်တော်ရောက်သွားတော့… ကျွန်တော်ပြောချင်တာက မကောင်းတာနော်။ အရက်နဲ့ပတ်သက်လို့ မကောင်းဘူး။ အရက်နဲ့ ပတ်သက်လို့ အားလုံးသတိထားကြပါ။ လူငယ်တွေပေါ့နော်။ အဲဒီအချိန်က ကျွန်တော်လည်း လူငယ်လူလတ်ပိုင်း အသက် ၄၀ ဝန်းကျင်ပေါ့။
အနုပညာသမားဟာ ဒေါသအလျောက် မလုပ်သင့်တာတွေ သင်္ကြန်နဲ့ ပတ်သက်ပြီး ပြောချင်တာပါ။ အဲဒီတော့ ကျွန်တော် အဲဒီစင်ပေါ် ရောက်သွားတဲ့အချိန်ကျတော့ ဘာသွားတွေ့သလဲဆိုတော့ အဲဒီစင်ပေါ်မှာ ကွပ်ကဲကြီးကြပ်ပေးနေတဲ့ တီးဝိုင်းခေါင်းဆောင်ဟာ ကျွန်တော်နဲ့ အဆင်မပြေဘူး။ အဲဒီတီးဝိုင်းခေါင်းဆောင်ကို ကြည့်မရဘူးပေါ့ဗျာ။ အဲဒီ စင်ပေါ်လည်းရောက်ရော ကျွန်တော်က သိပ်မဆိုချင်တော့ဘူး။ မဆိုချင်ပေမဲ့လို့ အဲဒီတီးဝိုင်းခေါင်းဆောင်က အဲဒီစင်ဖွင့်ပွဲ ကြေညာလိုက်တယ်။
"ခုချိန်ကစပြီး ကျွန်တော်တို့ရဲ့ မဏ္ဍပ်ဖွင့်ပွဲအဖြစ် ပူပူနွေးနွေး အကယ်ဒမီဆုရှင် သုမောင်ကနေ မြနန္ဒာသီချင်းနဲ့ ဖျော်ဖြေပါလိမ့်မယ် ခင်ဗျား"
ဆိုပြီး ကြေညာလိုက်တယ်။ ကြေညာပြီးတော့ ထုံးစံအတိုင်း 'ချိုပြုံးရွှင်သော နှမပျိုငယ်'ဆိုပြီး သူက စတီးတာပေါ့။ မန္တလေးဒိုးနဲ့နော်။ ကျွန်တော်က ဘာဆိုလိုက်သလဲ ဆိုတော့-
"ရက်ရွေးမနေပါနဲ့ ပျိုပျိုရယ်…အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့် မြနန္ဒာ…မြနန္ဒာ…ရေညိုသန်းတယ်…မန်း…တောင်ရိပ်ခို…"
ဘာမှမဆိုင်ဘူး။ တီးတာက မန္တလေးဒိုးနဲ့။ ကျွန်တော်က အလွမ်းကြီး ဆော်ထည့်လိုက်တာ။ လူကြီးတွေကလည်း အကုန်လုံး မျက်စိမျက်နှာတွေ ပျက်တာပေါ့။ တီးတဲ့ပုဂ္ဂိုလ်ကလည်း ကျွန်တော့်လှည့်ကြည့်ပြီး ဆက်တီးရမလား၊ အောက်က ကတဲ့ မိန်းကလေးတွေကလည်း ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ရော။
တမင်လုပ်တာ။ သူ့ကြည့်မရတာနဲ့ ကျွန်တော်ကလည်း တမင်ဆော်ထည့်လိုက်တာ။ နောက်တစ်ချက်ကလည်း သူ ကြေညာလိုက်တဲ့ မြနန္ဒာဆိုတာ မှားနေတယ်ဆိုတာကို ပရိသတ်ရှေ့မှာ တမင် အစွယ်ထုတ်ပြလိုက်တာနော်။ မကောင်းဘူး၊ အမှန်က သူ ကြေညာရမှာက မြနန္ဒာမဟုတ်ဘူး။ သူ တီးလိုက်တဲ့ ချိုပြုံးရွှင်သောဆိုတာက ရွှေမန်းတောင်ရိပ်ခို၊ ကျွန်တော်ဆိုတဲ့ 'ရက်ရွေးမနေပါနဲ့ ပျိုပျိုရယ်' ဆိုတာကမှ တကယ့် မြနန္ဒာ ဆိုတာကို သိစေချင်တာပါ။
သိစေချင်ရင် ကျွန်တော် ဘာလုပ်ရမလဲ။ စာရေးဆရာပဲဗျာ။ သတင်းစာကနေ ရေးလိုက်ပေါ့။ ဂျာနယ်ကနေ ရေးလိုက်ပေါ့။ ဆိုပါစို့ အခုလို အသံလွှင့်ခွင့်ရှိရင် လူကြီးဆန်ဆန် အဲဒါ ပြောလိုက်ပေါ့။ ကြည့်နော် မာန မာန။ အကယ်ဒမီရခါစ မနကြီးတာ၊ အရက်သောက်ထားတာပါ။ မှားပါတယ်။ ခုမှ နောင်တရယ်။ ဘာမဟုတ်တဲ့ လူတစ်ယောက်ကို မျက်မုန်းကျိုးတာနဲ့ ငါကွဆိုပြီး အရှိန်အဝါရတုန်း ဖိတွယ်တာမကောင်းဘူး။
အမှန်က 'ရက်ရွေးမနေပါနဲ့ ပျိုပျိုရယ်' သည် မြနန္ဒာအစစ်၊ အဲဒီမြနန္ဒာကို နန်းတော်ရှေ့ဆရာတင်ရေးတာလို့ ကြားဖူးတယ်။ ဆိုတာက အဆိုတော်ကြီး စိန်ပါတီ၊ စောစောကပြောတဲ့ အေဝမ်းဆရာညှာရယ်၊ မြို့မငြိမ်းရယ်၊ မန္တလေးဦးဘသိန်းရယ် ရေးတာက ရွှေမန်းတောင်ရိပ်ခိုပါ။ အဲဒါသည် 'ချိုပြုံးရွှင်သော နှမပျိုငယ်'။
အဲဒီတော့ ဒီအပတ် နောက်ဆုံးပြောချင်တာက အရက်သောက်ပြီး သီချင်းဆိုတာ မကောင်းဘူး။ အကယ်ဒမီရစ မာနကြီးတာလည်း မကောင်းဘူး။ ငါနိုင်တာပဲဆိုပြီး ဖိတွယ်တာလည်း မကောင်းဘူး။ ဒါက ပုဂ္ဂိုလ်ရေးကိစ္စ။ နောက်တစ်ချက်က အားလုံးသိပြီးသားဖြစ်တဲ့ ထပ်သိအောင် မြနန္ဒာနဲ့ ရွှေမန်းတောင်ရိပ်ခိုကို မမှားကြအောင် သတိထားပါလို့၊ ပညာရှင်များကလည်း လူငယ်တွေအတွက် မမှားရအောင် ထပ်ခါထပ်ခါ သတိပေးကြပါလို့ ပြောရင်းနဲ့ ဒီတစ်ပတ်အတွက် နိဂုံးချုပ်ပါတယ်။ - သင်္ကြန်မှာ သင်္ကြန်သီချင်းစစ်စစ်
သြော်… ဒါနဲ့ စကားမစပ်၊ အဲ… ပထမဦးဆုံး စပြီး တောင်းပန်ချင်တာလေးတစ်ခု ရှိတယ်။ အဲဒါက ဒီအပတ်မပြောခင်မှာ သင်္ကြန်ပြီးတဲ့နောက်ပိုင်း နှစ်ပတ်၊ သုံးပတ်လောက် သုမောင်ကြီး ပြတ်သွားတယ်။ ပြတ်သွားတယ်ဆိုတာက အရက်ပြတ်သွားတာ ပြောတာမဟုတ်ဘူး။ ဒီစကားမစပ် အစီအစဉ်လေး ပြတ်သွားတာကို ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ သင်္ကြန်ပြီးတဲ့နောက်ပိုင်း ခဏအနားယူရတယ်။ အရင်လိုနော် ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် အခြေအနေမရှိတော့လို့။ အသက်က စကားပြောလာပြီလေ။ ၅၈ နှစ်ဆိုတော့ ခဏအနားယူရတယ်။ အဲဒီအတွက်ကြောင့် ပြတ်သွားရတာကို တောင်းပန်ရတာပါ။ ဒါက တစ်ချက်။
နောက်တစ်ချက်က အခု အသံနည်းနည်းနာနေတယ်။ သတိထားမိမှာပေါ့။ အရင်အပတ်တွေက ပြောတဲ့အသံနဲ့ အခု အသံနဲ့ နည်းနည်းကွာလာတယ်နော်။ အဲဒါဘာကြောင့်တုံးဆိုတော့ ရိုးရိုးသားသားပြောမယ်နော်။ မသောက်လို့၊ မသောက်လို့ပါ။ အရက်မသောက်လို့ပါ။ အရက်မသောက်လို့ဆိုတာ လုံးဝမသောက်တာတော့ မဟုတ်ပါဘူး။ နည်းနည်းပါးပါးတော့ သောက်တာပေါ့။
ငယ်ငယ်တုန်းကတော့ သောက်တယ်၊ သောက်တယ်၊ ဆိုတယ်၊ ဆိုတယ်၊ သောက်တယ် အသံမပျက်ဘူး။ ကြားဖြတ်ပြောပြဦးမယ်။ ဗဟုသုတပါ။ အရက်သောက်တာကလေ အသံမပျက်ဘူးဗျ။ လည်ချောင်းလေး နွေးသွားတဲ့အတွက်ကြောင့် အသံတောင် ပိုကောင်းသေးသဗျ။ အဲ… တစ်ခုတော့ရှိတာပေါ့။ အရက်မူးသွားရင် လျှာလိပ်တယ်။ စာသားတွေ မေ့တယ်။ ဒါကတော့ မကောင်းဘူးပေါ့နော်။
ဆိုးတာက စီးကရက်ဗျာ၊ စီးကရက်၊ ဆေးလိပ်။ အဲဒါကကျတော့နော် အဆုတ်ကို ဒါရိုက်ထိတာ၊ လည်ချောင်းကို ထိတာဆိုတော့ အသံပျက်တယ်။ အဆုတ်ကိုထိတော့ အမောမခံနိုင်ဘူး။ ဆေးလိပ်က ပိုပြီးတော့ ဆိုးတယ်။ ဒါကြောင့်လည်း ဆေးလိပ်ကို တကမ္ဘာလုံးက ဆန့်ကျင်နေကြတာ။ ကဲ… ထားပါတော့။ စကားမစပ် ပြောတာပါ။
အဲတော့ ငယ်ငယ်တုန်းကတော့ သောက်တယ်။ သောက်ပြီးတော့ ဆိုတယ်၊ သီချင်းဆိုတယ်၊ သောက်တယ်။ ဘာမှမထူးဘူး။ ဒါ ပြီးခဲ့တဲ့သင်္ကြန်တွင်းကို ပြောတာ။ အခုသင်္ကြန်မှာ သင်္ကြန်လေးရက်လုံးလုံး သီချင်းဆိုရပါတယ်။ ခုထိနားလို့ မရသေးဘူး။ မန္တလေးပရိသတ်က ကြိုက်တုန်း၊ လက်ခံတုန်းဆိုတော့ သီချင်းက ဆိုနေရပါသေးတယ်။ ပြီးတော့ တစ်ခါ မန္တလေးနှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ပွဲတုန်းကလည်း ဆိုရပြန်သေးတာပဲ။ ဒီကြားထဲမှာလည်း ဇေယျာရွှေမြေ ဘောလုံးကလပ်အသင်းက ဖိတ်တယ်။ သူတို့နဲ့လိုက်ပြီး လိုက်ဆိုရပြန်ရော။
စကားမစပ် အစီအစဉ်ပျက်ကွက်တာ၊ အဲဒီလို သီချင်းတွေ ဆက်တိုက် လိုက်ဆိုရတဲ့ ပွဲဆက်တွေ များနေတဲ့အတွက် အသံကလည်း နာလာတယ်။ ငယ်ငယ်တုန်းကတော့ ဘယ်လောက်ဆိုဆို အသံမနာဘူး။ ဒါ အသက်အရွယ်နဲ့လည်း ဆိုင်တယ်။ စောစောက ပြောသလို ဆိုတယ်၊ ဘီယာလေးသောက်လိုက်၊ အရက်ကလေး သောက်လိုက်၊ ဆိုလိုက်၊ သောက်လိုက်၊ ဆိုလိုက်၊ သောက်လိုက် အခုကျတော့ ဆိုလိုက်၊ သောက်လိုက် လုပ်လို့မရဘူး။ အသက်က စကားပြောလာပြီ။ နည်းနည်းသောက်ရင် မူးလာတယ်ဗျာ။ အရက်ကို ကြိုက်တယ်။ ကြိုက်တုန်းပဲ။ သို့သော်လည်း ခံနိုင်ရည်မရှိတော့ဘူး။
အဲတော့ အရက်သိပ်မသောက်ဘဲနဲ့ ဆိုရတဲ့အခါကျတော့ အသံတွေနာတယ်။ အသံတွေ အက်တာပေါ့လေ။ အဲဒီအတွက်ကြောင့် စကားမစပ် တောင်းပန်ရတာပေါ့လေ။
အဓိက ပြောချင်တာက အခု သင်္ကြန်ပြီးပြီ။ သင်္ကြန်ပြီးပြီဆိုတော့ တစ်တိုင်းပြည်လုံးပေါ့နော်… မောကုန်ကြပြီ။ သက်ကြီးရွယ်အိုတွေ၊ တရားရိပ်သာဝင်တဲ့သူတွေ၊ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေကိုတော့ ထားလိုက်တော့။ သင်္ကြန်ရေကစားကြတဲ့ ပျော်ကြပါးကြတဲ့ ပုဂ္ဂိုလ်တွေ၊ အခု အကုန်လုံး ပျော်လို့ပါးလို့ပြီးတော့ ပက်လက်တွေ လန်ကုန်ကြပြီ။ မောကုန်ကြပြီ။ သုမောင်ကြီးလည်း မောသွားပြီ။
အဲဒီအချိန်မှာ အရေးကြီးတဲ့စကားကို ပြောရတော့မယ်။ ထုံးစံအတိုင်း သုမောင်ကြီး ၁၅ နှစ်မြောက် မန္တလေးသင်္ကြန်ကို ရောက်ပါတယ်။ ထုံးစံအတိုင်းပဲ မန္တလေး မြို့မငွေငန်းနဲ့ လှည့်ပါတယ်။ မန္တလေးသင်္ကြန်ကို ဖွင့်ပါတယ်။ ရပ်ကွက်တွေ၊ မဏ္ဍပ်တွေကို လှည့်ပါတယ်။ 'မြူမှောင်ဝေကင်း၊ ငွေအဆင်းဆန္ဒ' ကျက်သရေရှိရှိ မင်္ဂလာရှိရှိ လုပ်ခဲ့ပါတယ်။
သို့သော် အသက်က စကားပြောလာပြီပေါ့နော်။ ကြားဖြတ် ပြောလိုက်ဦးမယ် စကားမစပ်။ ငယ်ငယ်တုန်းက အမေက ပြောတယ်။
"သားရေ… လောကကြီးသုံးပါး ဘာမြင်သလဲ" တဲ့။
ဘယ်သိမှာတုံး ကလေးကို။ အမေက ခြင်ထောင်ထဲမေးတာ။
"အမေ ကျွန်တော်တော့ ခြင်ထောင်ပဲ မြင်တယ်" လို့။
"မဟုတ်ဘူးသားရဲ့။ လောကကြီးသုံးပါးမှာ အနိစ္စရယ်၊ ဒုက္ခရယ်၊ အနတ္တရယ် မြင်တယ်" တဲ့။ အမေက သင်တယ်။
ဟော… အမေအသက်ကြီးလာတဲ့အခါကျတော့၊ ကွယ်လွန်ခါနီးပေါ့လေ။ အသက် ၈၀ ကျော်အမေ့ကို တစ်လှည့်ပြန်ပြီးတော့ ခြင်ထောင်ထဲမှာ အမေ့ကို ကျွန်တော်က ပြန်မေးရတယ်။
"အမေရေ… လောကကြီး သုံးပါးမှာ ဘာမြင်သလဲ"
ဆိုတော့ ကျွန်တော့်အမေက ပြုံးပြီးတော့ ပြန်ဖြေတယ်။
"ပိုက်ဆံမြင်တယ်၊ ပိုက်ဆံမြင်တယ်၊ ပိုက်ဆံမြင်တယ် သားရေ" တဲ့။
ဟုတ်လိုက်တာဗျာ။ ကျွန်တော် လောဘကြီးတာ မဟုတ်ပါဘူး။ ချမ်းသာချင်တာ မဟုတ်ပါဘူး။ သူဌေးကြီးဖြစ်ချင်တာ မဟုတ်ပါဘူး။ မတော်လောဘရှိတာ မဟုတ်ပါဘူးနော်။ လောကကြီးသုံးပါးမှာ ဒီအရွယ်ရောက်လာတော့ သားတွေသမီးတွေ၊ မြေးတွေမြစ်တွေအတွက် ငွေရေးကြေးရေးလောက်တော့ တောင့်တောင့်တင်းတင်းကလေး လှူနိုင်တန်းနိုင်လောက်အောင် ထားခဲ့ချင်တယ်။
အဲဒီအခါကျတော့ ခုချိန်ကျမှ ငယ်ငယ်တုန်းကပေါ့နော် မိုက်ခဲ့တာ၊ လျှမ်းလျှမ်းတောက်တဲ့အချိန်မှာ အရက်တွေသောက်၊ မူးရူးသောက်စား စုရဆောင်းရမှန်းမသိ၊ လုပ်ချင်တာတွေ လုပ်ခဲ့တော့ ခုချိန်မှာ သုမောင်ကြီး မမွဲတာဘဲ ကံကောင်း။ အခုအချိန်ကျမှ သားသမီးကံလေး ကောင်းလို့ မဆင်းရဲတာ။ နို့မဟုတ်ဆို မွဲပြီ။ ဟော… ခုတော့ ပိုက်ဆံလေးဘာလေး ရှာချင်လာတယ်။ ရှာချင်လာတဲ့အခါကျတော့ ခု ဒီနှစ်သင်္ကြန်မှာလည်း အရင်လို ငွေငန်းနဲ့လှည့်၊ ဆုတော်ငွေလေးဘာလေးရ၊ အရင်တုန်းကဆို ဆုတော်ငွေရရင် မြို့မအသင်း ပြန်လှူလိုလှူပေါ့လေ။
ခုတော့ ဒီလိုမဟုတ်တော့ဘူး။ ရတာလေး အိတ်ထဲထည့်၊ အိမ်က မိန်းမအေးဘုံကို ပြန်ပေး။ ဒီ့အပြင်ကို နီးစပ်ရာသူငယ်ချင်းတွေဆီ လိုက်လက်တို့ရတာ။ သန်းမြတ်စိုးတို့၊ ဇော်ဝမ်းတို့ကို 'ဟေ့… ငါ့လည်း ခေါ်ကြပါဦးကွာ' တခြားမဏ္ဍပ်တွေမှာ ရှိရင်။ ဆုတော်ငွေလေးဘာလေး ရလိုရငြားပေါ့။ ဆိုတော့ကာ ခေါ်ရှာကြပါတယ်။ သူငယ်ချင်းတွေက ဖိတ်ကြပါတယ်။ ဟိုမဏ္ဍပ်သွားဆို၊ ဒီမဏ္ဍပ်သွားဆိုပေါ့။ - ပြောချင်တာက ဘာလဲဆိုတော့ သုမောင်လာမယ်ဆိုတော့ မဏ္ဍပ်တွေက Welcome ပေါ့။ ပိုက်ဆံတွေ ရပါတယ်။ တော်တော်လေး ပေးကြပါတယ်။ ပြီးတော့ မဏ္ဍပ်တစ်ခုကို သွားတွေ့တာ ထူးထူးခြားခြား ပြောချင်ပါတယ်။ အဲဒီ မဏ္ဍပ်တစ်ခုမှာ ထူးထူးခြားခြား ဘာသွားတွေ့သလဲဆိုတော့ လူအုပ်ကြီးက ပိတ်ကျပ်ညပ်ပြီး ဆူညံကခုန် သောင်းကျန်းနေတာပေါ့။ ဟစ်ဟေ့ပ်၊ ရော့ခ်၊ ပေါ့ပ် စသည်ဖြင့် ဆိုပြီး ကခုန်သောင်းကျန်နေကြတာပေါ့။
ဒါကို အတူသွားကြတဲ့ သား ဖိုးသောကြာက တွေ့ပြီး မျက်နှာပျက်သွားတယ်။ မြန်မာသံပဲ ဆိုတဲ့လူ၊ ဒီလိုနေရာမျိုးကို အဖေက ခေါ်လာရကောင်းလားဆိုတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို မျက်စောင်းထိုးတယ်။ ကျွန်တော်လည်း မတတ်နိုင်ဘူးပေါ့လေ။ ကိုယ်ကလည်း ဖိတ်တဲ့နေရာ သွားရတာ။ ပိုက်ဆံလိုချင်တော့ သွားရတော့တာပေါ့။
လုံခြုံရေးအစောင့်အရှောက်နဲ့ သွားရတာပေါ့။ ပရိသတ်က ကောင်းရှာပါတယ်။ 'ဖိုးသောကြာရေ၊ ဖိုးသောကြာရေ' ဆိုပြီး ဝိုင်းနှုတ်ဆက်။ 'လေးလေးသုမောင်ကြီး၊ လေးလေးသုမောင်ကြီး' ဆိုပြီး နှုတ်ဆက်နဲ့။ ပြီးတော့ သူတို့ကပဲ လမ်းရှင်းပေးကြတော့ စင်ပေါ်ရောက်သွားပေါ့။ စင်ပေါ်ရောက်တော့ စင်ပေါ်မှာဗျာ… အရက်ကောင်တာနဲ့၊ စည်ဘီယာပန့်နဲ့ဗျာ။ အဲဒီအထဲက ကျွန်တော့်သားက ဒုတိယအကြိမ် မျက်စောင်းထိုးပြန်ပြီပေါ့ဗျာ။ အဖေ သောက်တော့မှာပဲ ဆိုပြီးတော့ပေါ့။ ကျွန်တော်ကလည်း မျက်စောင်းထိုးပြီ။ သားကို မဟုတ်ဘူး။ ဘီယာပန့်ကိုဗျ။ ဘီယာတစ်ခွက်တလေ သောက်ချင်တာကိုးဗျ။
အဲဒီပေါ်မှာက မိန်းကလေးအုပ်စုက အများဆုံး၊ ယောက်ျားလေးအုပ်စုက နည်းတယ်ဗျ။ ခွက်ကိုယ်စီနဲ့ သောက်နေလိုက်ကြတာ။ သောက်ကြပေါ့ သင်္ကြန်ကိုး။
အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ ဒီမိန်းကလေးအုပ်စုထဲက တစ်ယောက်ဟာ မှတ်မိသေးတယ်။ စကတ်… စကတ် မဟုတ်ဘူးဗျ။ ဘောင်းဘီအတို အဝါရောင်လေး၊ အပေါ်က အင်္ကျီကလည်း အတို အဝါရောင်လေးပါပဲ။ တိုတော့ ဗိုက်သားကပေါ်လို့။ ပေါင်သားပေါ်လို့ ဖြူဖြူချောချောလေးပေါ့ဗျာ။
အဲဒီကောင်မလေးက မိုက်ကရိုဖုန်း ကိုင်ပြီး ကုန်းကုန်းပြီး အော်တယ်။ ဘာအော်သလဲဆိုတော့ 'အားလုံး… အားလုံး' အောက်က 'ဟေး'၊ 'ပျော်တယ်မလား'၊ 'ပျော်တယ်' ဒါ ထုံးစံဗျ။ ပရိသတ်ဆိုတာ အပေါ်ကပြောရင်၊ အောက်ကလည်း ပြန်ပြောမှာပဲ၊ ဒီမိန်းကလေးကို ကျွန်တော် မသိပါဘူး။ နာမည်တော့ ရှိပုံရပါတယ်။ အဆိုတော်ပေါက်စလား၊ မော်ဒယ်လ်လား၊ ထားပါတော့လေ။ တစ်ယောက်ယောက်တော့ ဖြစ်မှာပေါ့လေ။
ကျွန်တော် စော်ကားတာ မဟုတ်ပါဘူး။ အနုပညာသည်တွေ အားလုံးအတွက်၊ ကျွန်တော့်ရဲ့ မျိုးဆက်သစ် သားသမီးတွေအားလုံးအတွက် ဒီစကားကို ပြောတာပါ။
အဲဒီတော့ 'ပျော်ကြလား'၊ 'ပျော်ပါတယ်၊ ပျော်တယ်'၊ 'မြူးကြလား'၊ 'မြူးတယ်'၊ 'ဆိုကြမလား'၊ 'ဆိုမယ်'။ ဒါ အတိုင်အဖောက်က ဒါ ထုံးစံနော်။ အပေါ်ကလည်း သောက်ထားတာကိုး။ အောက်ကလည်း သောက်ထားကြတာကိုး။
ဒါဟာ ဂုဏ်ယူစရာကိစ္စ မဟုတ်ဘူးဗျ။ အဲဒါ ထားလိုက်ဦး။ 'ဆိုကြမလား' 'ဆိုမယ်'၊ 'လိုက်ဆိုမှာလား' 'လိုက်ဆိုမယ်'။ အဲဒီလို အတိုင်အဖောက်လုပ်နေတဲ့ကြားထဲက နောက်ဆုံးတစ်လုံး ဘာဖြစ်လာသလဲဆိုတော့ 'မူးကြမလား'၊ 'မူးမယ်' တဲ့ဗျာ။ မူးကြမလားလို့ မေးလိုက်တဲ့ ကလေးက မိန်းကလေးဗျာ။ အောက်က ပြန်အော်တာက ယောက်ျားလေးတွေ။ စဉ်းစားကြည့်ပါ။ ကောင်းသလား။ ဒီလောက်ထိတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။
အဲဒီမယ် ကျွန်တော့်သားက ကျွန်တော့်ကို မျက်စောင်းထိုးရုံတင် မကတော့ဘူး။ ပခုံးကိုင်ပြီးတော့ 'အဖေ ပြန်ကြစို့'။ ဒီလိုနေရာမျိုးကို သူ မဆိုချင်ဘူး။ ဆိုလိုတာက ကျွန်တော့်သားမှာ သိမ်ငယ်စိတ်လည်း ဝင်သွားပုံရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုနေရာမှာ သူ ဆိုနေကျ 'သင်္ကြန်လေညင်းလုလင် မြူးရွှင်တော့လေ' ဆိုပြီး သူ လုပ်လို့မရတော့ဘူးလို့ သူ ထင်သွားပုံရတယ်။
ဒါပေမဲ့ ကျွန်တော် မကြောက်ပါဘူး။ ကျွန်တော် ပရိသတ်အထာကို သိတယ်။ အဲလိုလည်း ဖြစ်လည်းဖြစ်ရော ထုံးစံအတိုင်း အပေါ်ကနေပြီးတော့ ဒီမိန်းကလေးကလေ ကျွန်တော်တော့ နားမလည်ဘူးပေါ့လေ။ ရော့ခ်လား၊ ဟစ်ဟော့လား၊ ပန့်လား တစ်ခုခုပေါ့လေ။ အင်္ဂလိပ်သီချင်းတစ်ပုဒ်၊ မြန်မာသီချင်း မဟုတ်ဘူးနော်၊ အင်္ဂလိပ်သီချင်းတစ်ပုဒ် ဆိုတယ်။ အောက်က လိုက်မဆိုပါဘူး။ ကတယ်။ ဟစ်ဟော့လိုလို၊ ရော့ခ်လိုလို ရှိတ်ကြ၊ ဆွဲကြ၊ ရုန်းရင်းဆန်ခတ်ပေါ့လေ။ အောက်က ကလေ၊ သားက နောက်ကို တစ်လှမ်းချင်း ဆုတ်သွားလေပေါ့လေ။ အဲ… ပြီးလည်းပြီးရော အဲဒီလို လှုပ်ရှားနေတဲ့အချိန်မှာ ကျွန်တော်တို့ကို ဖိတ်ထားတဲ့ပုဂ္ဂိုလ်က မျက်နှာ တော်တော်ပျက်နေပြီး-
"အစ်ကိုကြီး ဆိုတော့မလား" တဲ့။
"အေး… ဆိုတော့မယ်ကွာ။ ငါတို့လည်း ပြန်ချင်နေပြီ"
လို့ဆိုပြီး ပြောတဲ့အခါကျတော့ အဲဒီမိန်းကလေးကို လက်သွားတို့ပြီး ကျွန်တော့်နာမည် ကြေညာခိုင်းလိုက်တယ်။
မိန်းကလေးကလည်း ကြေညာလိုက်တယ်။
"ခုချိန်ကစပြီးတော့ အကယ်ဒမီသုမောင်က သီဆိုပါလိမ့်မယ်"
"ဟေး…"
ဆိုပြီး အောက်က အသံထွက်လာတယ်။ ကျွန်တော်သိတာပေါ့။ ဘာအော်အော်၊ ပြန်အော်မယ့်ပရိသတ်လေ။ သင်္ကြန်တွင်းလေ၊ ပျော်နေကြတယ်လေ။ မူးမူးမမူးမူး ပျော်မှာပဲကိုး။ အဲတော့ ပျော်နေကြတဲ့အချိန်မှာ ကျွန်တော်သုမောင်ကြီးသည် ထုံးစံအတိုင်း ပုဆိုးနဲ့တိုက်ပုံနဲ့ ထွက်သွားတော့လည်း အောက်က 'ဟေး' ဆိုပြီး လက်ခုပ်တီးတာပါ။ - အဲဒီတော့ ကျွန်တော်က နှစ်ချက် ရှိပါတယ်။ တစ်ချက်က ပရိသတ်ကို ဖမ်းစားဖို့၊ နောက်တစ်ချက်က ကျွန်တော့်သားကို တွဲခေါ်ပြီး ဖမ်းစားဖို့ တစ်ပြိုင်တည်း ကျွန်တော် ဆုံးဖြတ်ပြီးတော့ ကျွန်တော် 'ပြည်တော်ဝင်' ကို ကောက်ဆိုလိုက်ပါတယ်။ အောက်က ဆူညံနေတာနော်။ အပေါ်က တီးတီးမတီးတီး၊ အောက်က ဝုန်းဒိုင်းကြဲ ကနေတဲ့အချိန်မှာ၊ အင်္ဂလိပ်လို ကနေတဲ့အချိန်မှာ ကျွန်တော်က ပြည်တော်ဝင်သီချင်းကို ကောက်ဆိုချလိုက်တယ်။
"ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ… နေ့တိုင်းပဲ သတိရတယ်လေ…"
ဟောဗျာ… ဒီလောက်အေးတာကြီး။ ဆိုချလိုက်တော့ စောစောကနေတဲ့၊ ရှိတ်ဆွဲနေတဲ့၊ ဟစ်ဟော့ကနေတဲ့ ကလေးတွေက အဲဒီကနေတာကိုပဲဗျာ… စလိုးမိုးရှင်းနဲ့ ဟော… 'ချစ်ခင်ကြတဲ့' ဆိုပြီးတော့ လုပ်ချလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော့်သားသည် မျက်နှာ နည်းနည်းအကြောလျော့သွားပြီး သူ လုပ်လို့ရသွားပြီ ဆိုတာကို သိသွားပါတယ်။
ဒါကို ကျွန်တော် ဘာကြောင့် အထူးပြုပြောရသလဲဆိုရင် ဒီမြင်ကွင်းကလေးသည် ဘာကိုပြသလဲဆိုတော့ မူးတာ၊ မမူးတာသည် အဓိက မဟုတ်ပါ။ သင်္ကြန်တွင်းမှာ အားလုံး ပျော်ကြတယ်။ မြန်မာလူမျိုးတွေဟာ မရိုင်းစိုင်းတတ်ဘူးဆိုတာကို ပြတယ်။ တစ်ချက်။
နောက်တစ်ချက်က ပျော်ချင်လို့သာ ပျော်နေကြတာ။ 'မူးကြမလားဟေ့၊ မူးမယ်' ဆိုတာ အပေါ်က 'မူးကြမလားဟေ့' အော်လို့သာ အောက်က 'မူးမယ်' ပြောရတာ။ 'ဘုရားဖူးကြမလားဟေ့' ဆိုရင်လည်း 'ဖူးမယ်' လို့ အောက်က အော်မှာပဲဆိုတာ ဒါ ရှင်းနေတာပဲ။ ဒါ မြန်မာလူမျိုးတွေရဲ့စရိုက်ဗျ။ ဒါ ရှင်းသွားပြီဗျ။ ဟစ်ဟော့၊ ရော့ခ်၊ ရှိတ်လုပ်နေတဲ့အချိန်မှာ 'ချစ်ခင်ကြတဲ့' အဲဒီဟာကိုပဲ အောက်ကရှိတ်ကိုပဲ စလိုးမိုးရှင်းလုပ်ချလိုက်တာဟာ မြန်မာလူမျိုးတွေရဲ့စရိုက်ဗျ။ အဲတော့ ကျွန်တော်ပြောချင်တာက ပရိသတ်ကို အနုပညာသည်သည် ဘယ်တော့မှ အထင်မသေးပါနဲ့။ သောတရှင်တို့ခင်ဗျာ။ ကျွန်တော် ပြောပြမယ်နော်။ များသောအားဖြင့် သတိထားကြည့်ကြပါ။ စတိတ်ရှိုးတွေမှာလေ 'လက်ခုပ်တီးကြပါ။ အားပေးကြပါရှင့်'ဆိုရင် မကောင်းဘူးဗျ။ ဒါ ပရိသတ်ကို စော်ကားတာဗျ။ လက်ခုပ်က ကိုယ်တီးချင်မှ တီးမှာပေါ့။ မကြိုက်ရင် ဘယ်တီးမလဲဗျ။ လက်ခုပ်တီးစရာအကြောင်း မရှိဘူးဗျ။ အဲသလို မလုပ်ကောင်းပါဘူး။ လုပ်တဲ့အပေါက်က လက်ခုပ်တီးခိုင်းတဲ့ အပေါက်။ ဒီသဘောပဲဗျ။
'မူးကြမလားဟေ့၊ မူးမယ်' ဆိုတာ အောက်က အားနာလို့ လိုက်ပြောကြတာဗျ။ အဲဒီ အားနာလို့လိုက်ပြောတယ်ဆိုတဲ့ ကြားထဲကပဲ 'မူးကြမလားဟေ့'ဆိုတာကတော့ တော်တော့်ကို ဆိုးတဲ့ကိစ္စပါပဲ။ အဲဒါကြောင့်မို့လို့ ဒီသင်္ကြန်တွင်းမှာမှ မဟုတ်ပါဘူး။ အနုပညာသည်တွေဟာ အထူးသဖြင့် အဆိုတော်တွေဟာ စတိတ်ပေါ်ရောက်လို့ရှိရင် ပရိသတ်ကို လေးစားကြပါ။ အထင်ကြီးကြပါ၊ ပရိသတ်ကို အထင်မသေးပါနဲ့။ ပရိသတ်သည် အနုပညာသည်ကို အမြဲတမ်း လေးစားပြီးသားပါ။
တစ်ခုရှိတယ်။ သူတို့မကြိုက်ရင်… ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဆိုးတယ်နော်။ မကြိုက်ရင် ဆဲတာ။ ဆဲတာဗျ။ အောက်ကနေ အခုခေတ် ပရိသတ်လူငယ်တွေ အလွန်ကောင်းပါတယ်။ မဆဲဘူး။ သူတို့မကြိုက်လို့ရှိရင် အောက်ကနေ လက်မလေးတွေ ပြောင်းပြန်အောက်ကို စိုက်ပြတယ်။ ဒီလောက်ပါပဲ။ အော်မချပါဘူးဗျာ။ အဲလောက် လေးစားစရာကောင်းတဲ့၊ ချစ်စရာကောင်းတဲ့ပရိသတ်ကို အပေါ်က အနုပညာသည်တွေက မစော်ကားကြပါနဲ့။ ဒီလောက်တော့ဖြင့် ဒီအဘိုးကြီးသုမောင်က ဒီနေရာကနေ ပြောခွင့်ရှိတယ် ထင်ပါတယ်။
ကျွန်တော်တို့ တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို ရက်ပေါင်း ၃၆၅ရက် ယေဘုယျရှိပါတယ်။ အဲဒီ ၃၆၅ ရက်လုံးလုံးမှာ သီချင်းဆိုပွဲ ၃၆၅ ပွဲ ရှိပါတယ်လို့ သတ်မှတ်ထားလိုက်ကြဗျာ။ အဲဒီမယ် ဆိုကြပါ၊ ဟစ်ဟော့သီချင်းတွေ၊ ခေတ်အလျောက် ခေတ်ပေါ်သီချင်းဖြစ်ဖြစ်၊ မြန်မာသံသီချင်းဖြစ်ဖြစ်၊ ခေတ်ဟောင်းသီချင်းဖြစ်ဖြစ်၊ ရေဒီယိုသီချင်းဖြစ်ဖြစ်၊ သီချင်းကြီးပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ၊ သူ့အထာနဲ့သူပေါ့နော်။ ဘုရား တရား သီချင်းဖြစ်ဖြစ်ပေါ့နော် ဆိုကြပါ၊ ဆိုကြပါဗျာ။ ၃၆၅ ပွဲ ဆိုနိုင်တဲ့ကြားထဲမှာ အစွန်းထွက်ကလေးဖြစ်တဲ့ လေးရက်၊ ငါးရက်ပဲ ထားပါတော့။ ငါးရက်မှာ ရက်ပေါင်း ၃၆၀ ရက်ကိုတော့ ဆိုချင်တဲ့ သီချင်းတွေ ဆိုကြပါ။ အစွန်းထွက်ကလေးဖြစ်တဲ့ ငါးရက်ကလေးကိုတော့ သင်္ကြန်တွင်းလေးမှာတော့ဖြင့်နော် မြနန္ဒာလောက်ဖြစ်ဖြစ်၊ တူးပို့လောက်ဖြစ်ဖြစ်နော် လူတိုင်းရကြပါတယ်ဗျာ။ အဲဒါလေးကိုတော့ နာမည်ကြီး အဆိုတော်တွေက ကျွန်တော် နာမည်တပ်ပြောပါတော့မယ်။
ဖြူဖြူကျော်သိန်း၊ ဇော်ဝင်းထွဋ်တို့၊ လေးဖြူတို့… စသည်ဖြင့် ကျွန်တော့်ညီလေးတွေ ညီမလေးတွေ၊ သားလေးတွေ သမီးလေးတွေတို့က သည်းညည်းခံပြီးတော့ ဒီသုံးလေးရက်လေးတော့ ဆိုပေးကြပါကွယ်တို့ရယ်။ အဲ Version ပြောင်းပေါ့ကွာ။ တူးပို့နဲ့မဟုတ်ရင်တောင်မှ ဒရမ်ဘိနဲ့ ပေါ့ကွာ။ ပြောင်းပြီးတော့ ဒီသုံးလေးငါးရက်လေး။ ရက်ပေါင်း ၃၆၀ လုံးလုံး ကြိုက်တာလုပ်ပြီးတော့ လေးငါးရက်ကိုတော့ ဒီတူးပို့ကလေးကို ဗားရှင်းပြောင်းပြီးတော့ပဲဖြစ်ဖြစ် လုပ်ပေးကြပါလို့ ဒီအဘိုးကြီး ဦးသုမောင်က တောင်းပန်ချင်ပါတယ်။
ကိုဝင်းဦးတစ်ခေတ်မှာလည်း ကိုဝင်းဦး လျှမ်းလျှမ်းတောက်တုန်းကလည်း မန္တလေးမြို့မနဲ့တွဲပြီးတော့ မန္တလေးမှာ ကန်တော့ပါရဲ့နော်။ သံဃာတော်တွေတောင် သစ်ပင်ပေါ်က တက်ကြည့်လို့ သစ်ကိုင်းတွေကျိုးကျ၊ ခြေလက်ကျိုး၊ ခေါင်းကွဲတဲ့အဖြစ်ထိနော်။ အဲဒီအချိန်တုန်းကလည်း ဒီတူးပို့ပဲ၊ ဒီ မြူမှောင်ဝေကင်းနဲ့ စခဲ့တာပါပဲ။ သုမောင်ကြီးလည်း ၁၅ နှစ်လုံးလုံး လုပ်ခဲ့တာပါပဲ။ ဒီတူးပို့ပါပဲ။ အဲဒီ သုမောင်ကြီးတို့ခေတ်တုန်းကဆိုရင် ခေတ်ပြိုင်တွေ ဘယ်သူတွေရှိသတုံး ဆိုရင် ပလေးဘွိုင်းသန်းနိုင်ကြီးရှိတယ်၊ ဘိုဘိုဟန်ကြီးရှိတယ်၊ စိုးပိုင်တို့ ရှိတယ်၊ LPJ သိန်းတန်တို့ရှိတယ်။ ဟော… သူတို့လည်းလေ အဲဒီ သင်္ကြန်တွင်းလေးမှာတော့ တူးပို့ကြတာပါပဲဗျာနော်။
ဆိုလိုတာက အခု လေးဖြူတို့၊ ဇော်ဝင်းထွဋ်တို့ မဆိုးဘူးပြောတာ မဟုတ်ဘူးနော်၊ သူတို့က နာမည်ကြီးလွန်းလို့ သူတို့ကို ခေါင်းတပ်ပြောရတာပါ။ ပြောချင်တာကတော့ ဒီနေ့ခေတ်ပေါ်လူငယ်လေးတွေအနေနဲ့ တတ်နိုင်သမျှ သင်္ကြန်တွင်းလေးမှာတော့ သင်္ကြန်သီချင်းလေးတွေကို ဆိုပေးကြပါ။ တကယ်လို့ဖြစ်နိုင်ရင်တော့ သင်္ကြန်သီချင်းအသစ်ကလေးတွေ၊ ကိုယ့်ဟာကိုယ် ဖန်တီးပြီးတော့ တူးပို့ထက်သာအောင်၊ ငါတို့ 'တူးပို့' ထက်သာတဲ့ သီချင်း၊ 'မြနန္ဒာ' ထက် သာတဲ့သီချင်း လုပ်ပြနိုင်တယ်ကွဆိုပြီးတော့ ဒီလေးရက်ကလေးကို ကြိုးစားပေးကြစေချင်တယ်နော်။ ဒါ ဦးသုမောင်ကြီး စေတနာနဲ့ပြောတာပါ။ မကျေနပ်လည်း ချောင်းရိုက်ကြပေါ့ကွာ။ ဒါပဲရှိတာပဲ။ နောက်တာနော်။ အဲဒီ ဘိုဘိုဟန်ကြီးတို့လည်း ဒီလိုပဲလုပ်ခဲ့တာပဲ။ ပလေးဘွိုင်းသန်းနိုင်တို့လည်း ဒီလိုပဲ။ ဒါ သင်္ကြန်အတွေ့အကြုံလေးပေါ့နော်။
Subscribe to:
Posts (Atom)