Saturday 30 May 2015

သြော်...ဒါနဲ့စကားမစပ်-ဒုတိယပိုင်း (ဝတ္ထုတိုများ) - သုမောင် (အပိုင်း-၁)



-    စကားဦး ….   ၇
၁။   မြနန္ဒာနဲ့ ရွှေမန်းတောင်ရိပ်ခို ….    ၉
၂။   သင်္ကြန်မှာ သင်္ကြန်သီချင်းစစ်စစ် ….   ၃၀
၃။   ဆိုင်းဘုတ်နဲ့ မှတ်တိုင် ….   ၄၁
၎။   သိပ္ပံဟာ ဗုဒ္ဓဝါဒနဲ့ကိုက်ညီရဲ့လား ….   ၆၀
၅။   ကံတရားနှင့် ကျောက်ခဲမင်းသား ….   ၈၃
၆။   ဘုံဓမ္မတာ ….   ၉၇
၇။   ဇာတ်တစ်ဇာတ်လုံးကိုပို့မှ ဇာတ်ပို့ ….   ၁၁၈
၈။   နာမည်လေးတွေ မကွယ်လွန်စေနဲ့ ….   ၁၃၄
၉။   ရယ်စရာ မောစရာလေးတွေ   ….   ၁၅၄
၁၀။   အမီနာနဲ့ စိန်စိန်ကြီး ….   ၁၇၃
၁၁။   ဝတ္ထုရေးစရာ ဘယ်လိုရှာမလဲ ….   ၁၈၄

စကားမစပ်ဆိုတာဟာ ပြောနေကြတဲ့ စကားဝိုင်းထဲကို
အလိုက်သင့်ဝင်တဲ့အခါမှာ ရိုရိုကျိုးကျိုးလေးပြောတဲ့စကား
ပါ။ အင်္ဂလိပ်မှာကတော့ "by the way" လို့ပြောလေ့
ရှိပါတယ်။ မြန်မာကျတော့ ဒီလမ်းကြောင်းထဲကိုပဲ ပြော
နေတဲ့စကားမှာ ဘေးက ဝင်ပြောတဲ့အခါ အောက်ကျို့
ပြီးတော့ "သြော်… ဒါနဲ့ စကားမစပ်နော်"၊ "ဘာရယ်
မဟုတ်ပါဘူး" ဆိုတဲ့ သဘောလေး ပါတယ်။ ဒါ မြန်မာ့
ယဉ်ကျေးမှုနဲ့ ဆိုင်တယ်နော်…။



စကားဦး

   ၂၀၀၉-၂၀၁၀ ပြည့်နှစ်များဆီက မန္တလေးအက်ဖ်အမ်ရေဒီယို အစီအစဉ်တွင် အပတ်စဉ်ထုတ်လွှင့်ခဲ့သော ဆရာသုမောင်၏ 'သြော်… ဒါနဲ့စကားမစပ်' ဟောပြောချက်များကို အလင်းသစ်စာပေတိုက်မှ စာအုပ်အဖြစ် စီစဉ်ထုတ်ဝေ၍ စာဖတ်ပရိသတ်ထံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ဆရာသုမောင်ကွယ်လွန်ပြီး တစ်နှစ်နှင့် နှစ်လခန့်အကြာတွင် ဖြစ်သည်။ သို့သော် မန္တလေးအက်ဖ်အမ်ရေဒီယိုတွင် ထုတ်လွှင့်ခဲ့သော ဟောပြောချက်အားလုံးအတွက် မဟုတ်ပါ။ ဟောပြောချက်များ၏ တစ်ဝက်တိတိကို 'သြော်… ဒါနဲ့စကားမစပ်' အဖြစ် ပထမပိုင်း ခွဲ၍ ထုတ်ဝေခဲ့ခြင်းသာ ဖြစ်သည်။
   မန္တလေးအက်ဖ်အမ်ရေဒီယိုဟောပြောချက် ၂၂ ပတ်စာကို ဆရာသုမောင် မကွယ်လွန်မီက ဆရာ့ထံမှ လက်ခံရရှိခဲ့ပါသည်။ အဆိုပါ ၂၂ ပတ်အတွက် ဟောပြောချက်များကို တစ်စုတစ်ပေါင်းတည်း စာအုပ်အဖြစ် ထုတ်ဝေပါက စာအုပ်တန်ဖိုးကြီးမြင့်သွားမှာ စိုးရိမ်မိခဲ့ပါသည်။ သို့ပါ၍ ဟောပြောချက် ၁၁ ပိုင်းကိုသာ စုစည်း၍ ပထမပိုင်းအဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ကျန်ရှိနေသေးသည့် ဟောပြောချက် ၁၁ ပိုင်းကိုမူ ယခုမှသာ 'သြော်… ဒါနဲ့စကားမစပ် (ဒုတိယပိုင်း)' အဖြစ် ထုတ်ဝေခြင်းဖြစ်သည်။
   ယခင်က ပထမပိုင်းထွက်ရှိပြီးနောက် ဒုတိယပိုင်းကို မကြာမနှောင်း ထုတ်ဝေရန် စီစဉ်ခဲ့သည်။ မမျှော်လင့်သော အခက်အခဲများကြောင့် စာအုပ်ထွက်ရှိရန် ကြန့်ကြာသွားခဲ့ရပါသည်။ ပထမပိုင်းထွက်ရှိပြီးနောက် နှစ်နှစ်ကျော် ကြာမြင့်ပြီးမှသာ ဒုတိယပိုင်း ထွက်ရှိနိုင်ခြင်းဖြစ်သည်။
   မည်သို့ပင်ဖြစ်စေ 'သြော်… ဒါနဲ့စကားမစပ် (ဒုတိယပိုင်း)' ကို ဆရာသုမောင် အလွမ်းပြေအဖြစ် စာဖတ်သူများထံသို့ ယခုပို့ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ပြည်သူချစ် သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ ဆရာသုမောင်၏ပရိသတ်များ ကျေနပ်နှစ်သိမ့်စွာ အလွမ်းဖြေနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
   ပထမပိုင်းထွက်ရှိစဉ်က ဝယ်ယူအားပေး ဖတ်ရှု့ခဲ့ကြသော ဆရာသုမောင်၏ပရိသတ်များကို ကျေးဇူးအထူးတင်ရှိပါသည်။ ထို့ပြင် ဒုတိယပိုင်း ဖတ်ရှု့နိုင်ရန် နှစ်နှစ်ကျော် မျှော်လင့်စောင့်စားစေခဲ့ရခြင်းအတွက်လည်း တောင်းပန်အပ်ပါသည်။
   ဤစာအုပ်ဖြစ်ပေါ်လာရန် မူလအစဖြစ်သော မန္တလေးအက်ဖ်အမ်အဖွဲ့သားများနှင့် စာအုပ်ထွက်ရှိရေးခွင့်ပြုပေးခဲ့သော အစ်မဒေါ်အေးဘုံ၊ (ကို)ဖိုးသောကြာနှင့် မိသားစုတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
   စာဖတ်ပရိသတ်၏ကျေးဇူးအထူးကို ဦးခိုက်လျက်…။
အလင်းသစ်စာပေတိုက်
 
မြနန္ဒာနဲ့ ရွှေမန်းတောင်ရိပ်ခို

   သြော်… ဒါနဲ့ စကားမစပ်၊ ဒီတစ်ပတ်တော့လေ ကျွန်တော်စိတ်ကူးတယ်။ အနုပညာရေးရာတွေ ပြောလာတာလည်း လေးငါးဆယ်ပတ်လောက် ရှိပြီထင်ပါတယ်။ ဒီတစ်ပတ် အသံလွှင့်တဲ့အချိန်က မတ်လကုန်ပိုင်းဖြစ်မလား မသိဘူးပေါ့လေ။ မတ်လကုန်ပိုင်း ဧပြီလဆန်းနားနီးလာပြီဆိုတော့ သင်္ကြန်နားနီးလာပြီလို့ ပြောလို့ရပါတယ်။ ဖြစ်သင့်တာက အခုပြောမယ့် အကြောင်းအရာသည် သင်္ကြန်တွင်းမှာနှင့် ပိုပြီးကိုက်မယ်လို့ ထင်ပါတယ်။ သို့သော် သင်္ကြန်တွင်းကျတော့လည်း မန္တလေးအက်ဖ်အမ်အပါအဝင် ရေဒီယိုအသံလွှင့်ဌာနတွေ၊ မိုက်ကရိုဖုန်းက ထွက်လာသမျှ၊ စပီကာက ထွက်လာသမျှ ကိစ္စမှန်သမျှတွေဟာ သင်္ကြန်သီချင်းတွေနဲ့ပဲ လုံးလည်လိုက်နေကြတာဆိုတော့ ကျွန်တော်တို့လို ပညာပိုင်းဆိုင်ရာ၊ ဗဟုသုတပိုင်းဆိုင်ရာ ပြောကြ၊ ဆိုကြတဲ့ကိစ္စတွေဟာ သိပ်ပြီးတော့ နားဝင်စရာအကြောင်း မရှိပါဘူး။

   ကျွန်တော်ကိုယ်တိုင်လည်း ဖိုးသောကြာနောက်က ကောက်ကောက်ပါအောင် လိုက်ရပါတယ်။ ဟုတ်တာပေါ့။ ကျွန်တော့်ခေတ်မှ မဟုတ်တော့ဘဲ။ သား သွားရာနောက်ကို လိုက်ရတဲ့ အဘိုးကြီးဖြစ်နေပြီကိုး။ ဆိုတော့ ကျွန်တော်တို့လို ကိုယ့်ရဲ့သောတရှင်ပရိသတ်ကို စကားဖြင့် ဗဟုသုတတွေ ပြောတဲ့ကိစ္စတွေဟာ ဒီလိုရာသီတော့ သိပ်ပြီးမကိုက်တော့ဘူး။ ဒါကြောင့် ကြိုကြိုတင်တင် သင်္ကြန်နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ယခုလို မတ်လကုန်ပိုင်း၊ ဧပြီလဆန်းပိုင်းမှာ လွှင့်ထုတ်တာ ကောင်းမယ်ထင်လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့ကို သင်္ကြန်နဲ့ပတ်သက်တဲ့ သီချင်း၊ ဗဟုသုတလေးတွေကို ပြောမယ်လို့ ကျွန်တော် စိတ်ကူးမိပါတယ်။

   သင်္ကြန်နဲ့ပတ်သက်လို့ပြောရရင် ကျွန်တော်က ငယ်ငယ်တုန်းကဆိုရင် ရေလည်း မပက်တတ်ဘူးဗျ။ ရေလည်း အပက်မခံတတ်ဘူး။ သီချင်းဆိုဖို့ပြုဖို့ဆိုတာ ဝေးရော။ ပြောရမယ်ဆိုရင် ငယ်ငယ်တုန်းကတော့ အိမ်ထဲ ကုပ်နေတာများတယ်။ အခုမှတော့ ရှက်စရာလည်း မလိုတော့ပါဘူး။ အရက်သောက်တတ်တုန်းကလည်း အိမ်ထဲထိုင်ပြီး အရက်သောက်နေတာပဲ။ သင်္ကြန်က ကျွန်တော့်စိတ်ထဲ ဘာမှ ထူးထူးခြားခြားမရှိလှပါဘူး။

   အဲဒါ ကံအကြောင်းတရားနဲ့ လမ်းချော်ပြီး အနုပညာသည်ဖြစ်၊ အဆိုတော်ဖြစ်တော့ သင်္ကြန်မှာ သီချင်းလေးဘာလေး ဆိုဖြစ်သွားတာ။ ဒီမှာလည်း ကျွန်တော်က ရိုးရိုးသာမန်သီချင်းဆိုတဲ့ အဆိုတော်ဘဝမှာ ရပ်တည်ခဲ့တာ။ မြန်မာအသံဓာတ်ပြားအဆိုတော်၊ မြန်မာသံသီချင်း ဆိုတဲ့ အဆိုတော်အဖြစ်နဲ့ပဲ အဲသလို ရိုးရိုးပဲ နေခဲ့တာပါ။

   သင်္ကြန်နဲ့ပတ်သက်လို့ ကျွန်တော်နဲ့သင်္ကြန် သွားပြီးတော့ ထိတွေ့မိပုံအကြောင်းက တော်တော်ထူးဆန်းပါတယ်။ ဘယ်လိုဖြစ်သလဲဆိုတော့ လွန်ခဲ့တဲ့ ၁၄-၅ နှစ်၊ အနှစ် ၂၀ လောက်က ကျွန်တော်ရယ်၊ မင်းသား ကိုနေအောင်ရယ်၊ ခင်သန်းနုရယ် 'နှောင်းရိပ်' ဆိုတဲ့ ဇာတ်ကားကို မန္တလေးမှာ သွားရိုက်တယ်။ သွားရိုက်တော့ မန္တလေးက ရီမြင့်ရုပ်ရှင်ကုမ္ပဏီမှာ သွားရိုက်ရတယ်။ အဲဒီတုန်းက သင်္ကြန်မတိုင်ခင်လေးပေါ့။ ဧပြီလဆန်းလောက်မှာပါ။ ကားရိုက်နေရင်းတန်းလန်းနဲ့ မန္တလေးမြို့မက ကျွန်တော်နဲ့ လာတွေ့တယ်။

   အဲဒီအချိန်အတောအတွင်းမှာ မန္တလေးက ကျွန်တော့်ရဲ့အသံတွေကို တော်တော် စွဲစွဲလမ်းလမ်းဖြစ်နေတယ်။ သူတို့မန္တလေးသားတွေက ဒေသစွဲ၊ မန္တလေးအစွဲကြီးတယ်ဗျ။ ဒါ ကျွန်တော် ဗြောင်ပြောတာပါ။ ကျွန်တော်က မန္တလေးအက်ဖ်အမ်ကနေပြီးတော့ ပြောနေလို့ဆိုပြီးတော့ မန္တလေးသားတွေဘက်က ဘက်လိုက်စရာအကြောင်း ဘာမှမရှိပါဘူး။ ကျွန်တော် မန္တလေးကို ချစ်ပါတယ်။ မန္တလေးသားတွေကလည်း ကျွန်တော့်ကို ချစ်ပါတယ်။ ဒါပေမဲ့ မန္တလေးအက်ဖ်အမ်ကနေ ပြောတယ်ဆိုတော့ မန္တလေးသားတွေချည်း နားထောင်နေတာမဟုတ်ပါဘူး။ တစ်ပြည်လုံးက နားထောင်တာဆိုတော့ ယေဘုယျသဘော ပြောရမှာပေါ့။

   မန္တလေးသားတွေ မန္တလေးအစွဲအလမ်းကြီးတယ်၊ ဒေသစွဲကြီးတယ်၊ မန္တလေးသားဆိုတဲ့ အစွဲအလမ်းကြီးတယ်ဆိုတာ ကျွန်တော်မြင်တာက သူတို့က ဗမာသံပီတာ၊ လျှာသံအာသံပီတာ၊ ဗမာရုပ်ပေါက်တာကို ကြိုက်တာလို့ ထင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အောက်သားစစ်စစ်၊ ရန်ကုန်သားစစ်စစ်ဗျ။ ဘာကြောင့် မန္တလေးသားတွေ ကျွန်တော့်ကို ချစ်ကြကြိုက်ကြသလဲဆိုတာ ကျွန်တော် စဉ်းစားလို့ မရဘူး။ တကယ်လို့သာ မန္တလေးသားတွေ မန္တလေးအစွဲကြီးကြရိုးမှန်ရင် ငွေငန်းနဲ့ မန္တလေးမြို့မက ကျွန်တော့်ထက် ဇော်ဝမ်းကို ပိုပြီး စွဲကြရမှာပေါ့။ ဘာကြောင့် ဇော်ဝမ်းကိုကျော်ပြီး ကျွန်တော့်ကို ပိုပြီး ချစ်ကြသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပြီပေါ့။ ဒါ ကျွန်တော် မျှမျှတတပြောတဲ့ စကားပါ။
 ဆိုကြပါစို့ဗျာ။ မန္တလေး ရီမြင့်ရုပ်ရှင်က 'နှောင်းရိပ်'ဆိုတဲ့ ဇာတ်ကားရိုက်ဖို့ ကျွန်တော့်ကို ခေါ်တဲ့အခါကျတော့ မန္တလေးမှာ သွားရိုက်ဖြစ်တယ်။ မန္တလေးမြို့မကလည်း အဲဒီအချိန်မှာ ကျွန်တော်နဲ့ မန္တလေးမြို့မသီချင်းသုံးလေးခွေ သွင်းပြီးနေပြီ။ အသံနဲ့ ပတ်သက်ပြီးတော့လည်း မြို့မအဖွဲ့ကလည်း ကျွန်တော့ဆီလာတယ်။ တိုက်ဆိုင်ချင်တော့ ဘာဖြစ်သလဲဆိုရင် မန္တလေးနဲ့ ကျွန်တော်မငြိခင် နှစ်အတန်ကြာက သူတို့က ဘယ်သူနဲ့ တွဲခဲ့သလဲဆိုရင် မင်းသားကြီးဝင်းဦးပါ။ အထူးသဖြင့် မြို့မနဲ့ မန္တလေးသင်္ကြန်မှာ ညစဉ် ညတိုင်းလှည့်တဲ့ ငွေငန်း မော်တော်ကားကြီး အလှပြကားကြီးနဲ့က မင်းသားကြီးဝင်းဦး။ လူကလည်း လူချော၊ အသံကလည်း ကောင်း၊ မြန်မာသံကလည်း ပီသ၊ အဲဒီခေတ်က ဝင်းဦးနဲ့ မန္တလေးသင်္ကြန် ၁၀ နှစ်တိတိ တွဲခဲ့တယ်။ ကိုဝင်းဦးကလည်း စာထဲမှာ ရေးခဲ့ပါတယ်။ ၁၀ စုနှစ် မန္တလေးသင်္ကြန်ဆိုပြီး သူ့ရဲ့ဆောင်းပါးပေါင်းချုပ်မှာ ရေးခဲ့ပါတယ်။

   သူ့တစ်ခေတ်ပြီးတော့ ငွေငန်းက မန္တလေးမှာ မလှည့်ဖြစ်တော့ဘဲနဲ့ ရပ်နေတာ တော်တော်ကြာသွားတယ်။ ဖြစ်ချင်တော့ ကျွန်တော် နှောင်းရိပ်သွားရိုက်တဲ့ကာလအတောအတွင်းမှာ ငွေငန်းပြန်လှည့်မယ့်နှစ်နဲ့ ကြုံပါတယ်။ ကျွန်တော့်ကို လာတွေ့ရင်းနဲ့ 'ဗိုလ်သုရေ' တဲ့။ သူတို့က ချစ်ရင် ဗိုလ်သုလို့ ခေါ်ပါတယ်။

   "ဗိုလ်သုရေ… ကျွန်တော်တို့ ငွေငန်းပြန်လှည့်မယ် စိတ်ကူးတယ်။ ခင်ဗျား ဒီနှစ် ငွေငန်းပေါ် တက်မလား"

   တဲ့။ ကျွန်တော်ကလည်း -

   "အေးဗျာ၊ တက်မယ်ဗျာ။ အဆင်ပြေပါတယ်" လို့။

   "ဒါဆိုရင် ခင်ဗျား ကားရိုက်ပြီးရင် ရန်ကုန်မပြန်နဲ့တော့ဗျာ"
တဲ့။

   " မန္တလေးမှာပဲ နေလိုက်တော့။ ကျွန်တော်တို့ တာဝန်ယူတယ်"

   "ဟာ… နေတာပေါ့ဗျာ"

   လို့။ အဲသလိုနဲ့ ကျွန်တော် ငွေငန်းနဲ့ မတော်တဆတိုက်ဆိုင်သွားတာပါ။

   ကျွန်တော်လည်း စွဲသွားတယ်။ စွဲသွားတယ်ဆိုတာ အကြောင်းရှိတယ်ဗျ။ ဒီ ငွေငန်းကားကြီးက ဖိတ်ထားတဲ့အိမ်တွေ၊ ပွဲရုံတွေဆီကို တစ်ညလုံးလှည့်ရပါတယ်။ ကျွန်တော်တို့က ငွေငန်းနဲ့လှည့်ပြီဆိုရင် မြို့မအသင်းတိုက်ကနေ ညနေ ငါးနာရီ စထွက်ထွက်ချင်း မန္တလေး မဟာမုနိ ဘုရားကြီးကို ဦးတိုက်တယ်။ ရှိခိုးတယ်။ သီချင်းနဲ့ ကန်တော့ပန်းဆင်တယ်။ အဲဒီနားမှာ ပရိသတ်ကို ဖျော်ဖြေပေးတယ်။ ပြီးရင် မန္တလေးကျုံးကြီးဘေးက မြို့တော်ဝန်မဏ္ဍပ်မှာ မြို့မငွေငန်းအဖွဲ့နဲ့ ရှေ့ဆုံးကနေ မန္တလေးသင်္ကြန်ကို စဖွင့်တယ်။ ကျွန်တော်က အဲဒီမှာ မြူမှောင်ဝေကင်းဆိုတဲ့ ရေခင်းသံလေးနဲ့ ဖွင့်ပြီးတော့ မန္တလေးသင်္ကြန်ကို စဖွင့်တယ်။ သိပ်ပြီးတော့ ကြူးနူးစရာကောင်းတယ်။ မိန်းမပျိုလေးတွေကလည်း သောင်းချီပြီးတော့ တူညီဝတ်စုံလေးတွေဝတ်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်းလေး ကကြတာပေါ့။

   ပြီးတော့မှ ဖိတ်ထားတဲ့ မဏ္ဍပ်တွေ၊ ဝန်ကြီးဌာနမဏ္ဍပ်တွေ၊ အပျော်တမ်းမဏ္ဍပ်တွေ၊ ဒီခေတ်ဆိုတော့ စပွန်ဆာပေါ့နော်။ စီးကရက်တို့၊ အရက်တို့လည်း ပါတာပေါ့လေ။ အဲဒီမဏ္ဍပ်တွေရော၊ ပွဲရုံတွေရောပဲ။ တစ်ညလုံး လှည့်ရတာ။ နောက်တစ်နေ့မနက် ကိုးနာရီ၊ ၁၀ နာရီထိ ရောက်ရောပဲ။ အဲ… လှည့်ပြီးတော့ ဖိတ်ထားတဲ့ အိမ်တွေဆိုလည်း မိသားစုပဲ ထွက်နားထောင်တာ။ ရပ်ကွက်ထဲက ဖြောက်ဖြောက်ဖြောက်ဖြောက်ပေါ့လေ။ အဲဒါလည်း ကျွန်တော်တို့က လူစေ့အောင် ဆိုတာပဲ။ အဲဒီမနက် မိုးလင်း ကိုးနာရီ ၁၀ နာရီထိ။ အဲဒါက သင်္ကြန်လေးရက်ဆို လေးရက်စလုံး၊ ငါးရက်ဆို ငါးရက်စလုံး ညနေ ငါးနာရီလောက်က ထွက်တာ။ နောက်နေ့ မနက် ကိုးနာရီ ၁၀ နာရီထိ မနားတမ်း ကားပေါ်မှာပဲ ထိုင်ပြီး ငုတ်တုတ် ဖျော်ဖြေကြတာ။

   အဲဒါကိုလည်း ပင်ပန်းရကောင်းမှန်းမသိဘဲနဲ့ လှည့်ကြတာ။ သိပ်ပျော်စရာလည်း ကောင်း၊ ကြည်နူးစရာလည်း ကောင်းတယ်။ စိတ်ထဲမှာ ပီတိဖြစ်တာက စောစောကပြောတဲ့ မြို့တော်ဝန်မဏ္ဍပ်အဝင် 'တယ် တယ် တယ့် တယ့် တယ် တယ် ဗြောင် ပလုတ် ပလုတ် ပလုတ်တုတ် ဒုန်' ဆိုတဲ့ ရေခင်းသံလေးနဲ့ မဏ္ဍပ်ပေါ်ကရော၊ အောက်ကကော မြူမှောင်ဝေကင်းဆိုနေချိန်မှာ အကုန်လုံးက ငြိမ်ကပြီး မိန်းမပျိုလေးတွေက တူညီဝတ်စုံဝတ်ပြီး သောင်းနဲ့ချီပြီး ပိတောက်ပန်းလေးတွေနဲ့ ငြိမ့်ငြိမ့် ညောင်းညောင်းကနေတာ ကြက်သီးကို ထတယ်ဗျာ။

   ကျွန်တော်က ငွေငန်းကားပေါ်မှာ မတ်တတ်ရပ်ပြီး ကျုံးဘက်က ဆည်းဆာလေးလေးကလည်း တိုက်၊ တိုက်ပုံနဲ့ ပိုးပုဆိုးကလည်း အလွင့်၊ ဟိုမှာ ကနေသူလေးတွေရဲ့ ဆံပင်တွေကလည်း လွင့်၊ တီးလုံးကလည်းငြိမ့်ညောင်း၊ ကားကြီးကလည်း လိမ့်လိမ့်နဲ့ ဖြည်းဖြည်းချင်း တကယ် ကြက်သီးထတယ်ဗျာ။ အခု ပြောနေရင်းတောင် ကြက်သီးထတယ်ဗျာ။ အဲဒီလို အရသာကတော့ မြန်မာတစ်နိုင်ငံလုံးမှာ မရှိဘူးထင်တာပဲဗျာ။ ကျွန်တော် ရန်ကုန်သားပါ။ ရန်ကုန်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီမြင်ကွင်းဟာ မန္တလေးမှာပဲရှိနိုင်တဲ့ အရသာပါပဲ။
စကားမစပ် ပြောရရင်လေ ဝမ်းနည်းစရာကလေး…။ အခုနောက်ပိုင်းကျတော့လည်း မန္တလေးမှာ အဲဒီဟာလေးတစ်ချက်ပဲ ရှိပါတော့တယ်။ ကျန်တာတော့ ရန်ကုန်ထက်တောင် သောင်းကျန်းတယ်ဗျာ။ မန္တလေးလည်း ဆိုးလာနေပါပြီဗျာ။ ကျုံးပတ်လည်မှာလေ ရက်ပ်တွေ၊ ဟစ်ဟေ့ပ်တွေနဲ့ တော်တော်ဆိုးနေပါပြီဗျာ။ အခု အဘိုးကြီး အသက်အရွယ်ရောက်လို့မို့ ပြောရတာမဟုတ်ပါဘူးဗျာ။ ရန်ကုန်ထက်တောင် ဆိုးနေပါပြီဗျာ။ ရန်ကုန် မြို့တော်ဝန်သင်္ကြန်ကမှ နည်းနည်းတော်သေးတယ်။ နည်းနည်း ငြိမ့်ငြိမ့်ညောင်းညောင်းလေး ရှိသေးတယ်။ ဗြောင်ပြောရရင် ပွင့်ပွင့်လင်းလင်းပြောရရင် တကယ်မြန်မာ့ဂုဏ်သင်္ကြန်စစ်စစ်ကို ကြည့်ချင်ရင် နိုင်ငံခြားသွားကြည့်ရတယ်ဗျ။ စင်ကာပူတို့၊ မလေးရှားတို့မှာလေ၊ တကယ့်ကို ဆိုင်းကြီးဝိုင်းကြီးနဲ့ မဏ္ဍပ်စစ်စစ်၊ ရိုးရာအဝတ်အစားစစ်စစ်နဲ့ ကတာပြုတာ ဆိုတာကလေ။ ကာရာအိုကေနဲ့ဗျာ။ နိုင်ငံခြားမှာပဲ ရှိတော့တယ်ဗျာ။ ဒီအတွက်တော့ စိတ်မကောင်းဘူး။

   ကဲ… ထားပါတော့လေ။ ပြောစရာရှိတာလေး ပြောရအောင်။ အဲဒီလို မြူမှောင်ဝေကင်းနဲ့ဆို၊ တစ်ချိန်တုန်းကပေါ့လေ။ ကျွန်တော် မန္တလေးသင်္ကြန်မှာ ငွေငန်းနဲ့လှည့်တာ ၁၄-၅ နှစ်လောက် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေးငါးနှစ်ကတော့လေ ကျွန်တော့်လည်း အသက်ကလေးကလည်း ရလာ၊ နောက်က လက်ချိတ်မယ့်၊ ကျွန်တော့်နဲ့လည်း အသံထပ်တူတဲ့ ကျွန်တော့်သား ဖိုးသောကြာက အရွယ်ရော၊ ငယ်ဂုဏ်ရော၊ သူ့ကိုလည်း မန္တလေးရွှေမန်းပရိသတ်က လက်ခံလာကြပြီဆိုတော့ လွှဲပေးရတာပေါ့။ သားက တစ်လှည့်၊ နောက်က ဆက်ပြီပေါ့နော်။ ကျွန်တော်က ဇာတ်ရံပေါ့။ ဒါကြောင့် သူ့ကိုရှေ့ကထားပြီး ကျွန်တော်က နောက်က လိုက်ရတာပေါ့။ လူကြီးပိုင်းအနေနဲ့နေပြီး တချို့မဏ္ဍပ်တွေလောက်ပဲ ဆိုရတာပေါ့။

   အဲဒီ ၁၄ နှစ်ကာလမှာ ပထမပိုင်းမှာ ဘာတွေ ချစ်စရာကောင်းသလဲဆိုတော့ တချို့မဏ္ဍပ်တွေရောက်တဲ့အခါ၊ ဖိတ်ထားတဲ့ အိမ်ရှေ့တွေရောက်တဲ့အခါ၊ ကျွန်တော်က ငွေငန်းကားကြီးပေါ်က ဆိုတဲ့အခါ မဏ္ဍပ်ပေါ်က မိန်းမပျိုလေးတွေက ငြိမ့်ငြိမ့်ညောင်းညောင်း ကတယ်။ ပြီးတော့ အဲဒီမိန်းမပျိုလေးတွေက မဏ္ဍပ်ပေါ်က လှေကားအတိုင်း ဆင်းလာပြီးတော့ ဒီငွေငန်းကားကြီးကို ပတ်ပြီး ကကြပြန်တာဗျ။ ကတဲ့အခါမှာ ထဘီအနားလေးကို ခတ်ခတ်ပြီး ကတယ်။ ထဘီအနားခတ်ကတဲ့အခါမှာ ခြေသလုံးသားလေးတွေက လက်ခနဲ လက်ခနဲ ပေါ်တာ။

   အဲဒါ ကျွန်တော် ပြောပြမယ်။ ခြေသလုံးပေါ်တာ နှစ်မျိုးရှိတယ်။ ဒီနေ့ မိန်းမပျိုလေးတွေ စကတ်ကွဲဝတ်တော့ ဘတ်စ်ကားပေါ်တက်ရင် ခြေသလုံး လှစ်ခနဲ့ပေါ်တယ်။ အဲဒီတော့ ကျွန်တော်တို့ အဘိုးကြီးတွေအပါအဝင် ယောက်ျားသားတွေကြည့်တော့ ပြစ်မှားတယ်ပေါ့။ ဒါ မရိုင်းပါဘူး။ အမှန်အတိုင်း ပြောတာပါ။ မိန်းကလေးတွေ ခြေသလုံးသားပေါ်တော့ ကြည့်မိတယ်။ ဒါဟာ ပြစ်မှားတာပေါ့နော်။ မရိုင်းပါဘူးနော်။ အဲသလို ပြစ်မှားတာနဲ့ စောစောက ပြောတဲ့ မိန်းမပျိုလေးတွေ ထဘီအနားခတ်ပြီး ကလိုက်တော့ ဝင်းခနဲပေါ်တဲ့ ခြေသလုံးကို မြင်ရတဲ့အခါမှာ ကြည့်လို့ကောင်းတာ မတူဘူး။

   လှစ်ခနဲပေါ်လို့ ရွှေခြေချင်းလေးတွေ ဖျပ်ခနဲ အရောင်တောက်သွားတာ အဲဒီလိုမြင်ရတဲ့ ခြေသလုံးသားလေးတွေကို မပြစ်မှားတော့ဘူးဗျ။ ကြည့်ကောင်းတယ်။ ခြေသလုံးပေါ်တာချင်းအတူတူ ကြည့်ကောင်းသွားတယ်။ မပြစ်မှားတော့ဘူး။ အဲဒါ ယဉ်ကျေးမှုပဲ။ ပေါ်တာချင်းအတူတူ ပြစ်မှားလို့ရတာ ရှိတယ်။ ပြစ်မှားလို့မရတာ ရှိတယ်။ အဲဒါ ယဉ်ကျေးမှု ကွာသွားတာ။ ကျွန်တော်က ယဉ်ကျေးမှုပြောနေတာဆိုတော့ ယဉ်ကျေးမှုပါလာပြီနော်။

   အဲဒီမယ် တချို့နေရာတွေကျတော့ ဘာထပ်တွေ့ရပြန်သလဲဆိုရင် ဆိုပါစို့ဗျာ။ ဆီစက်၊ မန္တလေးက ဆီစက်၊ ထိုးမုန့်ပေါ့ဗျာ။ ထိုးမုန့်ဆိုင်တစ်ဆိုင်က ဖိတ်လို့ ငွေငန်းကြီးကြွပါဆိုတော့ သွားတော့ အဲဒီ ထိုးမုန့်ဆိုင်ကတော့ ထုံးစံအတိုင်း ထိုးမုန့်ဆိုင်ပိုင်ရှင် အဘိုးကြီး၊ အဘွားကြီးတွေ မိသားစုဆယ့်လေးငါးယောက် ထွက်ကြည့်ကြတယ်ပေါ့။ အနီးအနားတစ်ဝိုက်က လူလေးငါးယောက်၊ လူလေးငါးဆယ် ထွက်ကြည့်ကြတော့ ငွေငန်းကြီးကို အုံလာတာပေါ့ဗျာ။ 'လေးလေးသုမောင် ဘာသီချင်းဆိုပြပါ'။ ကျွန်တော်ကလည်း ဆိုပြတယ်။ ဆိုတဲ့အခါမှာ မထင်မှတ်ဘဲနဲ့ အသက် ငါးဆယ်၊ ခြောက်ဆယ် ဦးဝင်းဦးရဲ့ပရိသတ်တွေပေါ့ဗျာ။ တစ်ချိန်တုန်းကတော့ အပျိုတွေပေါ့။

   ကျွန်တော် ဆိုတဲ့အချိန်ကျတော့ အဘွားကြီးတွေပေါ့ဗျာ။ အသက်လေးငါးဆယ်တန်းတွေပေါ့ဗျာ။ ဟောဗျာ… ဘယ်အချိန်က ကောက်စွပ်လာသလဲ မသိဘူး၊ ရွှေခြေချင်းကြီးတွေနဲ့ပေါ့။ ငွေငန်းကားကို ပတ်ပြီးတော့ သူငယ်ပြန်တာ။ ကလိုက်ကြတာ။ ဒီအပေါ်က သုမောင်ကလည်း အဲဒီအချိန်တုန်းက ၂၀ ကျော်၊ ၃၀ ပေါ့နော်။ အဘွားကြီးတွေ ရှိတဲ့နေရာကို အောက်ကို မိုက်ကရိုဖုန်းကြိုး လျှော့ချပြီးတော့ ငွေငန်းကားပေါ်က ဆင်း၊ အဘွားကြီးတွေကို ဖက်နမ်း၊ သီချင်းဆို၊ သုမောင် နှာခေါင်းကလည်း သန့်ရှင်းတယ်ဗျာ။ သနပ်ခါးအဖွေးသား လိမ်းထားတဲ့ ဒီအဘွားကြီးတွေရဲ့ ပါးကလည်း သန့်ရှင်း။ တူနဲ့ အဒေါ်နဲ့ သန့်ရှင်းတဲ့အနမ်းတွေ… အဲဒါ ခုနောက်ပိုင်း မရှိတော့ဘူး။ ခုတော့ သုမောင် နမ်းချင်လို့ ဒီအဘွားကြီးတွေ ရှာတော့ မရှိရှာကြတော့ဘူး။

   အခုရှိနေတဲ့ မိန်းကလေးတွေကလည်း ဘယ်ရောက်သွားကြသလဲဆိုတော့ ကျုံးနံဘေးမှာ အရက်ကြော်ငြာ၊ စီးကရက်ကြော်ငြာ အဲဒီမှာ သွားအုံနေကြတယ်။ ၀ုန်းဒိုင်းကိုကြဲလို့။
   ကောင်းပြီ။ ၀ုန်းဒိုင်းကြဲတယ်။ ဒီသုမောင်ကြီးက တစ်ယူသန်၊ တစ်ဖက်သတ် မျိုးချစ်ကြီးလား။ အဲသလို အကောင်းစားလား လို့ဆိုရင် အဲသလိုမဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းအလိုက် ၀ုန်းဒိုင်းကြဲတာ ကြဲရပါတယ်။ သင်္ကြန်မို့လို့ ပျော်တာပဲ။ အပြစ်မမြင်ပါဘူး။ တစ်ခုတော့ ရှိတယ်ဗျ။ တစ်ခါတလေကျတော့ ငွေငန်းကားပေါ်ကနေ လှည့်ပြီး ကြည့်လိုက်တော့လေ ဂျစ်ကားကို ထုရိုက်၊ ဆူညံသောက်စား၊ သောက်စားတယ်ဆိုတာကလည်း ယောက်ျားလေးတွေ သောက်စားတာ အပြစ်မပြောပါဘူး။ ဘယ်ပြောမလဲ။ သုမောင်ကြီးကလည်း သောက်ထားတာကိုး။ တိုက်ပုံအင်္ကျီ၊ ပိုးလုံချည်၊ လည်ကတုံးနဲ့ စိန်ပေါက်နဲ့ ၀တ်ပြီး ကုလားထိုင်အောက်မှာက အရက်ပုလင်းနဲ့၊ ခွက်ပုန်း ချထားတာကိုးဗျာ့။ ကလေးတွေကို အပြစ်မြင်လို့ ဘယ်ရမတုံး။
 သို့သော်လည်းဗျာ… သုမောင်ကြီးမှာက သားသမီးလေးယောက်၊ နှစ်ယောက်က အထီး၊ နှစ်ယောက်က အမ၊ အဲဒါကျတော့ ခွဲမြင်ရတယ်ဗျ။ ကိုယ့်မှာလည်း သမီးတွေရှိတော့ ကျွန်တော့်သမီးအရွယ်လေးတွေနော်။ အပေါ်က ဘရာစီယာလောက်၊ အောက်က ဆပ်ဆမိုင်တာလောက် အဝတ်အစားလေးတွေနဲ့ မော်တော်ကားလမ်းပေါ်မှာဗျာ ပက်လက်လန်မူးနေတာကျတော့ မကောင်းဘူးပေါ့နော်။ တစ်ခုတော့ရှိတယ်။ မိန်းကလေး အရက်သောက်တာ ကိုရီးယားကားထဲမှာလည်း သောက်တာပဲ၊ ဂျပန်ကားထဲမှာလည်း သောက်တာပဲဆိုပြီး အဲဒါကို အတုခိုးလို့ဆိုရင် သုမောင်ကြီး ဘာမှမပြောနိုင်ပါဘူး။ သောက်ပါ။ ဟိုတယ်မှာ သွားသောက်ပေါ့။ ကိုယ့်အိမ်မှာ မိဘက ခွင့်ပြုရင် သောက်ကြပေါ့။ လမ်းပေါ်တော့ မသောက်ကြပါနဲ့။ ကောင်းပါပြီ။ လမ်းပေါ် သောက်ချင်ရင် အင်္ဂလိပ်နှစ်သစ်ကူး သောက်ပါ။ မြန်မာနှစ်သစ်ကူးမှာတော့ မသောက်ကြပါနဲ့။

   ဘိုနှစ်သစ်ကူးက သူတို့ယဉ်ကျေးမှုနဲ့ဆိုင်တယ်ဗျ။ မြန်မာနှစ်သစ်ကူးက မြန်မာ့ယဉ်ကျေးမှုနဲ့ ဆိုင်တယ်ဗျ။ အဲဒါလေးတစ်ခုတော့ ခွဲသိပေါ့။ မြန်မာတွေဖြစ်ပေမဲ့ အင်တာနေရှင်နယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်တဲ့ အတွက် ဘိုနှစ်သစ်ကူးမှာ သောက်ချင်သောက်ကြပါဗျာ။ မြန်မာနှစ်သစ်ကူးနဲ့တော့ မရောယှက်ပါနဲ့။ အဲဒါလေး ခွဲနိုင်ရင် သောက်ကြပါဗျာ။ မြန်မာနှစ်သစ်ကူးမှာ သိကြားမင်းက ပုရပိုက်နဲ့ စောင့်ကြည့်နေစဉ်မှာ လမ်းပေါ်မှာ မလုံ့တလုံအဝတ်အစားနဲ့ ပက်လက်လန်လဲနေတာ မကောင်းပါဘူး။ မိန်းကလေးတွေ အဲဒါတော့ စကားမစပ် ကြားဖြတ် ပြောပါရစေနော်။

   ကောင်းပါပြီ။ ကဲ… အဲသလို ဝုန်းဒိုင်းကြဲနေတဲ့ကြားကပဲ ချစ်စရာကောင်းတဲ့ဟာလေးတွေလည်း ရှိပါတယ်။ စောစောကပြောတဲ့ အရက်တို့၊ ဘီယာတို့၊ စီးကရက်တို့ စသည်ဖြင့် တခြားကြော်ငြာတွေလည်း ရှိပါတယ်။ ကျုံးဘေးမှာ။ အဲဒီကြော်ငြာမဏ္ဍပ်တွေမှာ အရက်တွေကမူး၊ ဂျစ်ကားကို ထုရိုက်၊ ဂျစ်ကားမှ မဟုတ်ပါဘူး။ ပိုက်ဆံရှိသားသမီးတွေကလည်း ကားအကောင်းကြီးတွေ ထုရိုက်ပြီး တုတ်တွေ၊ သံတုတ်တွေနဲ့ ဝုန်းဒိုင်းကြဲ ပေါက်ကွဲ၊ အပေါ်ကလည်း ဝုန်းဒိုင်းဆူညံ၊ နားပေါက်ကွဲမတတ် ဆူညံနေတော့ ဒီကငွေငန်းကားကြီး ခပ်လှမ်းလှမ်းက ရပ်ရတယ်။ အဲဒီမဏ္ဍပ်ရှေ့ ဖြတ်မှာကိုး။ ဒီတော့ စိတ်က ပူရတာပေါ့။ မြူမှောင်ဝေကင်း ရေခင်းသံက အားကငယ်၊ ဒီဆူညံကြားထဲ ဘယ်လိုဝင်ရမလဲ။ ကြောက်ကလည်း ကြောက်၊ သို့သော် ဒီဆူညံအော်ဟစ်ပေါက်ကွဲနေသော ကလေးများသည် ပေါ့ပ်၊ ပန့်ခ်ခေတ် နားသန်သီးနဲ့၊ ဆွဲကြိုးပုံစံအမျိုးမျိုး ဆံပင်တစ်ဖက် ရိတ်၊ တစ်ဖက် အရောင်ဆိုးထားသော ကလေးများသည် ပုံစံ (Form) အရကတော့ အင်တာနေရှင်နယ်လို့ခေါ်တဲ့ ဟစ်ပီ Type ဖြစ်ပေမဲ့လို့ သင်းတို့ကလေးတွေ၊ သူတို့ကလေးတွေရဲ့ရင်ထဲမှာ ဘာရှိသလဲဆိုတော့ မြန်မာဆိုတဲ့ စိတ်ကလေးရှိတယ်ဆိုတာကို သွားတွေ့ရတယ်။ ဘာနဲ့သွားတွေ့ရသလဲဆိုတော့ စောစောကပြောတဲ့ မြူမှောင်ဝေကင်း ဆိုတဲ့ ကြိုးသီချင်းကြီးကို ဟောဒီငွေငန်းပေါ်ကနေ စလည်းစရော၊ ဒီငွေငန်းကားပေါ်က လူတစ်ရပ်စာရှိတဲ့ စပီကာကြီးတွေက မြူမှောင်ဝေကင်းဆိုတဲ့ သုမောင်အသံလည်း ထွက်ကောဗျာ။ မော်တော်ယာဉ်ရဲ မလိုဘူးဗျ။ လက်အပတ်တွေနဲ့ ပုဂ္ဂိုလ်တွေ မလိုဘူးဗျ။ မော်တော်ကားငွေငန်းကြီး သွားလို့ရအောင် သူတို့ဘာသာ လမ်းရှင်းပြီးတော့လေ၊ လက်အုပ်လေးတွေချီပြီးတော့ ငြိမ်ကျသွားတယ်ဗျ။ မယုံမရှိပါနဲ့။ ကဲ… သုမောင်ကြီး ဆိုထားတဲ့ မြူမှောင်ဝေကင်း။

မြူမှောင်ဝေကင်း

(မြူမှောင်ဝေကင်း… ငွေအဆင်းဆန္ဒ… ညီဘောင်…တိုင်းမြန်ပြည်…ငြိမ်းချမ်းအောင်ဆု…သွန်းခါရေ… အေးစေကြောင်း လောင်းတဲ့လုံမေ…ထူးထူးကဲကဲ လှကြပါစေ)

   အဆင်ပြေ…မြင်ရသူကြည်နူးလောက်ပေ…သံသာ ချိုမြမြဆိုတေးလေးတွေ…မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ…ယဉ်ကျေးသူတွေ…မနှစ်ကလည်း လောင်းခဲ့တာတွေ…အေးအေးမြမြမမေ့ရက်နိုင်လေ… အဆင်ပြေ…မြင်ရသူကြည်နူးလောက်ပေ…သံသာ…ချိုမြမြဆိုတေးလေးတွေ…မန်းမြို့သူရဲ့ဂုဏ်နဲ့ညီပေ…ယဉ်ကျေးသူတွေ…မနှစ်ကလည်း လောင်းခဲ့တာတွေ…အေးအေးမြမြ မမေ့ရက်နိုင်ပေ…

   သင်းပျံ့ပေ ရွှေပန်းပိတောက်တွေ တတွဲတွဲဆင်လို့ ဆင်မြန်းမြန်းကာ လှတဲ့မေ…ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာဝေးကွာ…ကင်းစင်ပစေ…ဒီရေ ပွဲသင်္ကြန်ရေ…

   ရွှေပန်းပိတောက်တွေ တတွဲတွဲဆင်လို့ ဆင်မြန်းမြန်းကာ လှတဲ့မေ…ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာဝေးကွာ…ကင်းစင်ပစေ…ဒီရေ ပွဲသင်္ကြန်ရေ…

   ကောင်းပါပြီ။ အဲဒီလို ရေခင်းသံနဲ့ မြူမှောင်ဝေကင်းဆိုသွားတဲ့ ငွေငန်းကားကြီးဖြတ်သွားတော့ စောစောက မူးယစ်သောင်းကျန်းနေတဲ့ ကလေးတွေက ဘာအော်တယ်ထင်ပါသလဲ။ ပြိုင်တူနော်။ မတိုင်ပင်ဘဲနဲ့ စောစောက ကလေးတွေက အော်တယ်ဗျ။

   "မြို့မအသင်းကြီး ကျန်းမာပါစေ။ ငွေငန်းယာဉ်ကြီး ကျန်းမာပါစေ။ လေးလေးသုမောင်ကြီး ကျန်းမာပါစေ"လို့ အော်တယ်ဗျ။ အော်လည်းပြီးရော ငွေငန်းကြီးဖြတ်သွားလို့ ငွေငန်းကြီးနောက်မြီးလည်း ဆုံးရော ပြန်ပြီးတော့ ဝုန်းဒိုင်းကြဲတော့တာပါပဲ။ အဲဒါဟာ ရင်ထဲမှာ ယဉ်ကျေးမှုရှိတယ်ဆိုတာကို ပြတယ်။ အပေါ်က အကာက အင်တာနေရှင်နယ်ခေါ်တဲ့ ဟစ်ပီတိုက် ဖုံးထားပေမဲ့ အရိုးပေါ်အရွက်မဖုံးဘူးဆိုတာ ဒါကိုပြတာ။

   ဒါက ကျွန်တော် လူငယ်တွေကို စည်းရုံးနေတာ မဟုတ်ပါဘူး။ တကယ့်အရှိကို ပြောတာ။ လူငယ်တွေကို အရမ်းစည်းရုံးလို့ မရဘူးနော်။ ဒါ ကျွန်တော် သိထားတယ်။ အရမ်းစည်းရုံးလို့ မရဘူး။ မြှောက်ပေးတိုင်းလည်း လူငယ်တွေက လက်မခံဘူးဆိုတာ ကျွန်တော် သိထားတယ်။ ဥပမာတစ်ခု ကျွန်တော် ပြောပြမယ်။ နာဂစ်ဖြစ်တုန်းက ကျွန်တော် ဆောင်းပါးရေးတယ်။ ကျွန်တော့်အိမ်နားက သစ်ပင်ကြီး လဲကျတယ်။ ဓာတ်တိုင်တွေလည်း အကုန်ပြုတ်ကျ၊ လမ်းပေါ်တွေ အကုန်ပိတ်၊ အကုန်ဖြစ်ကုန်တာပေါ့။

   ကျွန်တော့်အိမ်နားမှာ တိုက်ခန်းတွေ ရှိတယ်။ လူငယ်လေးတွေ ရှိတယ်။ ကျွန်တော်တို့မိသားစုမှာက လူငယ်ဆိုလို့ ဖိုးသောကြာ တစ်ယောက်ပဲရှိတယ်။ အိမ်ရှေ့က သစ်ပင်ကြီးက ပြိုကျသွားတော့ ကားတွေက ထွက်လို့မရ၊ ဓာတ်တိုင်တွေလည်း ပြုတ်ကျ၊ အကုန်ဒုက္ခရောက်။ ကျွန်တော့်အိမ်က မိန်းမတွေချည်းပဲဆိုတော့ လမ်းတွေကလည်း ပိတ်ကုန်ပြီ၊ လုပ်ကြပါဦး ဘာညာ ဖြစ်တဲ့အခါကျတော့ ဟိုဘက်တိုက်ခန်းတွေက လူငယ်လေးတွေ ထွက်လာပြီး ဝိုင်းဝန်း ဖြတ်တောက်ရှင်းလင်းကြတာပေါ့။

   ကဲ… ပြီးသွားတော့ ကျွန်တော်က ဆောင်းပါးရေးတယ်။ ဒါကို လူငယ်တွေ တော်ကြောင်း၊ ညီညွတ်ကြောင်း၊ လူမှုရေးအသိစိတ်ဓာတ်ရှိကြကြောင်း ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ လူငယ်တွေကို မြှောက်ပြီးရေးတာ မဟုတ်ပါဘူး။ ဆောင်းပါးထွက်လာတော့ အဲဒီဆောင်းပါးဖတ်ရတော့ လူငယ်တွေ ပျော်ကြတာပေါ့။ ဦးသုမောင်ကြီး ဆောင်းပါးလေး ကောင်းလိုက်တာ၊ သားတို့အကြောင်း ရေးထားတာ။

   အဲဒီထဲမှာ လူငယ်လေးတစ်ယောက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့်ကို လာပြောတယ်။

   "ဦးဗလကြီးကလည်း တော်တော်ဆိုးတယ်"

   "ဟောဗျာ… ငါက အကောင်းရေးထားတာပဲ။ ဘာလို့ဆိုးရတာလဲ"
   ဆိုတော့-

   "ဦးဗလကြီးကလည်း နာဂစ်ဖြစ်မှ ကျွန်တော်တို့က ကူညီတာ မဟုတ်ဘူး။ နာဂစ်မဖြစ်လည်း ဦးဗလကြီး လိုအပ်ရင် ကူညီမှာပါပဲ"
   တဲ့။ ဟောဗျာ… ဒီက ရေးရတဲ့ကောင် သေရော။ ကြည့်နော်။ လူငယ်တွေကို အရမ်းမြှောက်ပေးလို့မရဘူး။ မရဘူးဗျနော်။ ဒါကြောင့် ကျွန်တော်က အရမ်းမြှောက်ပေးနေတာ မဟုတ်ဘူး။ အရှိအရှိအတိုင်း ပြောနေတာ။

   အဲ… စကားမစပ် ဗဟုသုတ ထပ်ပြောရဦးမယ်ဗျာ။ စောစောကပြောတဲ့ မြူမှောင်ဝေကင်းဆိုတာ လေးလေးရင်ရဲ့ သီချင်းပါ။ တချို့က ထင်ကြတယ်။ သီချင်းကောင်းပြီဆိုတာနဲ့ မြို့မငြိမ်း ထင်ကြတာဗျ။ မြူမှောင်ဝေကင်းက မြို့မငြိမ်း ရေးတာမဟုတ်ဘူး။ ဒီပြဿနာတွေက တော်တော်ခက်တယ်၊ လူတွေကလည်း မန္တလေးသီချင်းတစ်ပုဒ် ကောင်းပြီဆိုတာနဲ့ မြို့မငြိမ်းရေးတာပဲ ထင်နေကြတာ။ ဒါကြောင့်ပေါ့။ မြနန္ဒာမဟုတ်ပါဘူးဗျာ၊ ရွှေမန်းတောင်ရိပ်ခို။ 'မြနန္ဒာ… ယိမ်းညို့ညို့' အဲဒါ ရွှေမန်းတောင်ရိပ်ခို။ သီချင်းနာမည်က ရွှေမန်းတောင်ရိပ်ခို။ နောက်ပိုင်းကျတော့ ပြဿနာတွေ ထဖြစ်ကြတယ်။ သူ ရေးတယ်၊ ငါ ရေးတယ် ဆိုပြီးတော့။ အမှန်က မန်းတောင်ရိပ်ခိုသီချင်းကို သုံးယောက်ပေါင်း ရေးတာ။ မြို့မငြိမ်းရယ်၊ အေဝမ်းဆရာညှာရယ်၊ မန္တလေးဦးဘသိန်းရယ် ပေါင်းပြီး ရေးကြတာပါ။ ကျွန်တော်ထင်တာက အဲဒီခေတ်က သူငယ်ချင်း သုံးယောက်ပေါင်း တစ်ယောက် တစ်ပိုဒ်စီ ရေးကြထင်ပါရဲ့။

   အဲဒီမြူမှောင်ဝေကင်းသီချင်းက လေးလေးရင်ရဲ့သီချင်းပါ။ မြူမှောင်ဝေကင်း ဆိုတာက အများခေါ်တဲ့နာမည်။ သူ့နာမည်က 'အေးတဲ့ရင်'။ အဲဒီတော့ ချစ်စနိုးနဲ့ လေးလေးရင်လို့ ခေါ်ကြတာပါ။ အဲဒီသီချင်းကလည်း ကော်ပီပဲဗျ။ သူ့ရဲ့ အော်ရဂျင်နယ်က စံရာတောင်ကျွန်းဆိုတဲ့ ကြိုးသီချင်းပါ။ ကြိုးသီချင်းကြီးရဲ့အလိုက်ကို ယူထားတာပါ။ အဲဒီဟာကိုပဲထပ်ပြီး ကော်ပီလုပ်ထားတာရှိသေးတယ်။ 'တိမ်မှောင်ဝေကင်း' ဆိုပြီးတော့။ အဲဒီ တိမ်းမှောင်ဝေကင်းကိုတော့ မြို့မအသင်းကြီးက အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ ဧည့်ခံတဲ့သီချင်းပါ။

No comments:

Post a Comment