Sunday, 21 October 2012

ဝဇီကိုင် - ကုသ

ဝဇီကိုင်


အခါကား လွန်ခဲ့သော နွေဥတု ကျောင်းပိတ်ချိန်။ နေ့ကား စနေနေ့တည်း။ နေမင်းက အလွန်ပူ၊ ညည်းညူရဘနန်း စိတ်ဝမ်းမချမ်းသာစရာတည်း။ ကျွန်တော်၏ ရွာအနီး မန်းကျည်းပင်ရွာနေ မိတ်ဆွေဆယ်အိမ်ခေါင်း မောင်ဖိုးဘသည် ကျွန်တော့်ထံသို့ အရေးတကြီး ရောက်လာခဲ့လေ၏။ လာရခြင်းအကြောင်းမှာကား အခြားမဟုတ်၊ ဘောလုံးပွဲတွင် “ဝဇီကိုင်” လုပ်ရန် ပြောကြားလိုသောကြောင့်တည်း။ (“ဝဇီကိုင်” ဆိုသည်မှာ မန်းကျည်းပင်ရွာသုံးစကား။ ဝီစီခေါ် ပီပီကို ကိုင်မှုတ်ကာ ဘောလုံးပွဲတွင် ဒိုင်ပြုလုပ်သူပင်တည်း။ ဤကားအမှာ)

မကြာမီ ကျွန်တော်သည် ကျောင်းတွင်ဝတ်လေ့ရှိသော ဘောလုံးကန်အင်္ကျီကျား၊ ခြေအိတ်ကျားနှင့် ဘောင်းဘီကိုဝတ်ပြီးသော် လှေလှော်အသင်းကုတ်အကျစိမ်းကို အပေါ်ရုံ၍ အရန်သင့် စောင့်လျက်ရှိသော လှည်းပေါ်သို့ တက်ခဲ့လေ၏။ ဖိုးဘသည် ဂီယာနံပါတ်တစ်င်္တီည်းဟူသော တံဖျာကို ကိုင်၍ဝင့်ရာ နွားတို့ သည် ရုန်းစပြုလေ၏။ ထို့နောက် ကြိမ်တံဖျာနှင့်ခပ်ဆတ်ဆတ်ရိုက်၍ငေါက်ရာ လှည်းသည် အလွန်လျင်မြန်လေ၏။ ဤကား ဂီယာနံပါတ် နှစ်နှင့် သုံးတည်း။ လှည်းသွားစဉ် ဖိုးဘက “ဟဲ့၊ ဝိုင်းကြီး၊ ဘာနှေးကန်နေရတာလဲ၊ နန်းတော်သူလိုလုပ်မနေနဲ့၊ အခုထိသွားမယ်။ အောင်မယ်၊ ဟိုဘက်က နွားကြားကြီးကကော၊ ဘာဟန်လုပ်နေရတာလဲ၊ လမ်းဘေးက နွားဖြူမကလေးကို မြင်လို့လား။ ဒီလိုတော့မလုပ်နဲ့။ ကြိုက်ရင်ကြိုက်တယ်ပြော၊ အခုဝယ်ပြီး အိမ်ခေါ်သွားပေးမယ်” ဟု ဆိုကာ တံဖျာကို အထက်မြှောက်၍ အချက်ကျကျငေါက်ရာတွင် အလိုက်သိသောနွားတို့သည် ခြေကုန်သုတ်ကြလေ၏။ ရန်ကုန်မြို့တွင် မော်တော်ကားမှထွက်လေ့ရှိသော ဓာတ်ဆီခိုးနံ့ကို ရှူရှိုက်နေကျဖြစ်ပေမဲ့ ထိုစဉ်အခါဝယ် နွားချေးနံ့ဖြင့်သာ တင်းတိမ်ရလေတော့၏။ တောရွာတွင် အဘယ်မှာလျှင် ဓာတ်ဆီနံ့ရအံ့နည်း။ သူ့အလိုက်အထိုက်နှင့်သာ ကျေနပ်ကြရသည်သာတည်း။

မကြာမီ ဂေါဏမော်တော်ကားသည် ရပ်တန့်သဖြင့် မေးကြည့်ရာ မန်းကျည်းပင်ရွာသို့ ရောက်ပြီဖြစ်ကြောင်း သိရ၏။ တက္ကသိုလ်ကျောင်းမှ ဝဇီကိုင်ရောက်မည်ဟု ကြားသိရ၍ဘယ်လိုအကောင်စားမျိုးလဲဟု သိရှိရန် လာ၍စောင့်နေကြသည်မှာ မနည်းလှပေ။ တက္ကသိုလ်ကဆို၍ မင်းသားဖြစ်မည်ဟု အထင်ရှိနေကြသေးသော လူအချို့တို့မှာ မျက်လွှာကို အောက်ချ၍ မနီးမဝေးမှ ဒူးတုပ်ကာ ခစားနေကြ၏။ ထိုစဉ်မှာပင် ရွာသူကြီးနှင့် ကျေးရွာလူကြီး လေးဦးတို့သည် အနီးသို့ချဉ်းကာ “အရှင်၊ ဒီကိုကြွပါ။ အရန်သင့်ပွဲတော်များ ပြင်ဆင်ထားနှင့်ပါတယ်” ဟုမရဲတရဲကြည့်ကာ နားတော်လျှောက်ကြလေ၏။ ကျွန်တော်သည်ကား မျက်နှာထားခပ်တည်တည်နှင့် ဂေါဏယာဉ်ပေါ်မှ ဆင်းသက်ခဲ့တော့၏။

ထမင်းပွဲမှာ အရန်သင့်ရှိနှင့်နေပြီ။ ငါးခြောက်နှင့် ခရမ်းသီးဟင်း၊ သစ်တိုသီးအိုးစိမ်၊ ကန်စွန်းရွက်ကြော်၊ ငါးသေတ္တာနှင့် ဘူးသီးဟင်းချိုတို့သည် မင်းသားပွဲတော်တည်ရန် ငံ့လင့်၍နေကြဘီ။ ရာဇကုမာရလည်း ရာဇိနြေ္ဒမှ မငဲ့ကွက်နိုင်တော့ဘဲ ခပ်ဆာဆာနှင့် အတွင်သား ဟပ်ရာ ဗိုက်ကားမှတော်တော့၏။ မကြာမကြာ နန်းတော်သူထက် မသာသော်လည်း နန်းတော်သူထက်နုပျိုသော အဆင်းအရွယ်နှင့် ပြည့်စုံသည့် မန်းကျည်းပင်သူကလေးများကို စောင့်ငဲ့ကြည့်ရှုမိ၏။ ပွဲတော်တည်၍ ဝပြီ။ ဗိုက်ကားပြီဖြစ်၍ ဘောလုံးကွင်းသို့သွားရန်သာ လိုတော့သည်။ သူ့ဆန်စား ရဲမှဖြစ်တော့မည်။
ရန်ကုန်မြို့၊ မြင်းပြိုင်ကွင်းမှ ဝင်းသန်း၊ ဝင်းစိန်တို့ထက်ပင် နာမည်မကျော်ကြားသော်လည်း မန်းကျည်းပင်ရွာတွင် အကောင်းဆုံးပင်ဟု သမုတ်ခြင်းကိုခံရသော ကွတ်နီနာမ အသလိမ္မာသည် ရောက်နှင့်နေပြီ။ မင်းသားလည်း လေးလံသော ခန္ဓာကိုယ်ကို အနိုင်နိုင်ပင့်ထူကာ အသဓိုရ်ပေါ်သို့ တက်ပြီးလျှင် နောက်လိုက်နောက်ပါတို့ဖြင့်ထွက်ရာ နေ့လယ် ၁၂ နာရီခန့်တွင် ဘောလုံးကွင်းသို့ ရောက်ချေ၏။ နေကလည်း ပူပြင်းပါဘိ။

ဘယ်ကသတင်းကြားမှန်းမသိ။ ဘောလုံးကွင်းတွင် လာရောက်စောင့်ဆိုင်းနေကြသူတို့မှာ ၅ဝဝ ခန့်လောက်ရှိ၏။ လူပျို၊ အပျို၊လူအိုနှင့် သားသည်အမေတို့မှာ အများပင်ဖြစ်၏။ ဘောလုံးကွင်းမှာ ဘီအေအေကလိုမဟုတ်။ ထူးဆန်းသဖြင့် မှတ်သားဖွယ်ကောင်းလှ၏။ အလျားနှင့်အနံမှာ ထပ်တူဖြစ်ရကား လေးထောင့်ပုံသဏ္ဍာန်ရှိ၏။ သို့သော် အထူးကျဉ်းလေသည်။ မျဉ်းကြောင်းဟူ၍ မရှိ။ ဘေးနှစ်ဖက်တို့တွင် ရိုးငယ်နှစ်ခုသာရှိလေတော့သည်။ ဘောလုံးရိုးထဲသို့ကျမှသာ ယူ၍မြှောက်ရလေသည်။ ကြုံမှကြုံတွေ့ရတတ်သည်တကား။

မကြာမီ ဘောလုံးကစားသူများ ရောက်ပြီဖြစ်၍ ဝီစီမှုတ်ရန်သာလိုတော့သည်။ ဝီစီဘယ်မှာနည်း။ သို့သော် ဝီစီအစား ဝါးကုလားတက်ငယ်နှင့်ခေါက်ရန် တုတ်တိုတစ်ချောင်းကို လာရောက်ပေးအပ်လေ၏။ တစ်ဖက်အသင်းမှာ အင်္ကျီဗလာ။ ကျန်တစ်ဖက်မှာကား နတ္ထိ။ သို့ရှိဘိလည်း တစ်ဖက်အသင်းက ထုံးကိုအရည်ဖျော်၍ ကိုယ်တွင်သုတ်ထားဘိ၏။ ဤကား ချွေတာရေးအစစ်တည်း။ မြို့သားများကဲ့သို့ အင်္ကျီ၊ ဖိနပ်၊ ခြေအိတ်ဝယ်ရ၍ စရိတ်ငွေမကုန်ကျချေ။

ထိုစဉ်မှာပင်လျှင် အပေါက်စောင့်၊ ၂ တန်းလူ၊ ၃တန်းလူ၊ ၅ တန်းလူ၊ လက်ဘော်၊ ရမ်းကား၊ ရှေ့လွန်၊ ပိန္နဲသီးစသော စကားထူးစကားဆန်းများကို ကြားရ၍ မေးကြည့်ရာ “၅ တန်းလူ”မှာ ဖောဝါဒ်၊ “အပေါက်စောင့်”မှာ ဂိုးသမား၊ “၂ တန်းလ”ူမှာ ဖူးလ်ဘက်၊ “၃ တန်းလူ”မှာ ဟပ်ဘက်၊ “လက်ဘော်”မှာ သိသာပြီ။ “ရမ်းကား”မှာ ဖောင်းလ်၊ “ရှေ့လွန်”မှာ အောက်ဆိုက်၊ “ပိန္နဲသီး”မှာ ပီနယ်လတီတို့နှင့် ညီကြောင်းကို အံ့သြဝမ်းမြောက်စွာသိရ၏။ အံ့သြခြင်းမှာကား သင့်လျော်စွာ ဘာသာပြန်ဆိုနိုင် သောကြောင့်ဖြစ်၏။ ဝမ်းမြောက်ခြင်း၌ နိုင်ငံခြားစကား အခေါ်အဝေါ်တို့ကို မြန်မာစာသက်သက်ဖြင့် မှန်ကန်ကျနစွာ ပြန်ဆိုနိုင်ကြောင်းကို ထင်ရှားသိသာသောကြောင့်တည်း။ ဘောလုံးကွင်းနံဘေး နှစ်ဖက်နှစ်ချက်တွင် ရိုးငယ်ကလေးရှိနေရာ “ကော်နာ” ကန်၍မရသဖြင့် ယင်းစကားကို မည်သို့ခေါ်ကြောင်း မသိရ။ သို့သော် ထောင့်ကန် ဟူသော စကားသည် အလွန်သင့်လျော်ပေမည်။ ပိန္နဲသီးမှာကား ပီနယ်လတီပင်တည်း။ ဂိုးအနီးတွင် ရမ်းကားသည်ဖြစ်စေ၊ ဘောလုံးကို လက်ဖြင့် ကိုင်သည်ဖြစ်စေ ဝဇီကိုင်က ပိန္နဲသီး ၁၈ လုံးအကွာနေရာမှ ဂိုးပေါက်သို့သွင်းရန် အခွင့်ပေးနိုင်လေသည်။ ဤကား မန်းကျည်းပင်သားတို့ ဥပဒေတည်း။ ပီနယ်လတီကို ဂိုးနီးကန် ဟု ခေါ်ဆိုက သင့်ပေမည်။ ဤကား ကျွန်တော့်ထင်မြင်ချက်တည်း။ သင့်လျော်ရာကို ကြံဆကြပါကုန်။

လောင်းစားသောပွဲ ဖြစ်ရကား ငွေသံတချွင်ချွင်ကြားရ၏။ နေမွန်းတည့်ချိန်ပင်ဖြစ်သော်လည်း ကြည့်ရှုသူတွေ ပမာနမပြုကြ၊ ရွှေလသာဝါဝင်းစဉ် ဖျာခင်း၍ထိုင်သလို ထင်မှတ်ကြသလားမသိ။ အချိန်ကျပြီဖြစ်၍ ကုလားတက်ကိုခေါက်ရာ ဘောလုံးကန်သူတွေ ထွက်လာကြ၏။ ပရိသတ်ထဲမှ “ဝါးရင်းတုတ်ကွဲ့နော်”၊ “ဓညင်းကျား”၊ “ခွေးဘီလူး”၊ “ရှားနှစ်”၊ “သံချောင်း”၊ “ပုဏက”၊“ကျော်ဟိုး”၊ “အယ်ဒီပိုလို”၊ “တောက်တဲ့”၊ “ဗန္ဒုလ”၊ “မြွေနဂါး”၊ “ဂဠုန်” စသော ခေါ်သံ အော်သံတို့ကို ကြားသိရမှ ဘောလုံးကန်သမားများ၏ နာမည်ရင်းကို မခေါ်၊ နာမည်သစ်မှည့်၍ ခေါ်ကြောင်း သိရ၍ အလွန်အမင်း ရယ်ချင်၏။

ဝါးကုလားတက် တစ်ချက်ခေါက်သည်တွင် ရွှေဖရုံသီးနှင့် အသွင်တူသော နှစ်ကျပ်ရှစ်ပဲတန် ဘာဘူချုပ် ဘောလုံးသည် ထိုမှဤမှ လူးလားတုံ့ပြန်၍ နေလေ၏။ ဘောလုံးကန်စဉ် အချို့မှာ ချွေးများထွက်၍ ထုံးသုတ်ရပြန်လေ၏။ မကြာမကြာလည်း ဘောလုံးနှင့် လူနှစ်ယောက်သုံးယောက် ရိုးထဲသို့ ကျလေဘိ၏။ ဤအခါတွင် ရယ်သံကြီးကို ကြားလိုက်ရ၏။ မကြာမီ “တောက်တဲ့”သည် “မြွေနဂါး” ယူလာသော ဘောလုံးကို ပြေး၍ဖျက်ရာ ပျက်လေသဖြင့် ပရိသတ်ထဲမှ “တောက်တဲ့ကွဲ့နော်” ဟူသော ချီးမွမ်းသံသည် ဟိန်းသွားလေ၏။ မကြာခဏလည်း ကျွန်တော့်အား လက်ညှိုးထိုးကာ “ဆရာကြီးနဲ့ မြင်းကျား၊ မတရားမလုပ်ပါနဲ့။ ကာမေသု မုတ်စား ဆာလားကံထိုက်ပါ့မယ့်” ဟု အော်သူတွေက မရှား။ “သံခရာဘေးကို ကြောက်ပါနော်” ဟု ဟစ်သူတွေက အဖုံဖုံ။ အလုံးစုံ တစ်ခဲနက်သော အသံဆိုးကြီးတို့သည် အထက်မိုးသို့ ပျံ့နှံ့၍ သွားလေတော့၏။
ထိုအတွင်းဝယ် “မြွေနဂါး” ဘောလုံးယူလာရာ “ပေါက်စိန်ပေါက်” သည် ရုတ်တရက်ပြေး၍ ညို့သကျည်းကိုကန်သဖြင့် “မြွေနဂါး” လဲလေ၏။ ပရိသတ်ထဲမှ “ရမ်းကား” ဟူသော အသံကိုကြားလိုက်ရကား “ရမ်းကား”ကို “မြွေနဂါး”ဘက်သို့ ပေးလိုက်ရန် ကုလားတက်ခေါက်မှ အသံတိတ်လေတော့၏။ ကြည့်သူတွေထဲမှ “ဟေ့၊ရှားနှစ်၊ ပုဏက။ ဘာလုပ်နေသလဲ၊ ချပါတော့လား၊ ဆော်လေ၊ တို့ဆီမှာ ဓားမြောင်ပါတယ်။ မကြောက်နဲ့၊ ဘာခံနေသလဲ” စသည်ဖြင့် အော်စပြုလာလေ၏။ ဘောလုံးကစားသူတို့မှာလည်း တဖြည်းဖြည်းကြမ်းစပြုလာလေ၏။ ကုလားတက်ကို ခဏခဏခေါက်ရလွန်း၍ တုတ်မှာ ကျိုးလုမတတ် ဖြစ်ခဲ့၏။ “ပေါက်စိန်ပေါက်”၊ “ကျော်ဟိုး”၊ “ခွေးဘီလူး”တို့သည် အထူးကြမ်းတမ်းကလေပြီ။ “ဝါးရင်းတုတ်”နှင့် “ဂဠုန်”တို့သည်လည်း ဘယ်သူ့ကိုမှ လူမထင်တော့ချေ။ ထိုစဉ်မှာပင် ကုလားတက်ခေါက်ရန် တုတ်မှာ ကျိုးသွားလေပြီဖြစ်၍ ကျန်တစ်ပိုင်းနှင့်သာ အနိုင်နိုင်ခေါက်နေရချေသည်။ ထိုခဏ၌ပင်လျှင် “ခွေးဘီလူး” ဘောလုံးယူသွားသည်မှာ အခြားဘက် ဂိုးပေါက်သို့ ရောက်လုနီး၏။ သွင်းမည်အပြုတွင် “အယ်ဒီပိုလို”ပြေး၍ လက်သီးဖြင့်ထိုးရာ “ခွေးဘီးလူး” နှာခေါင်းသွေးထွက်လေ၏။ ပရိသတ်ထဲမှ “ပိန္နဲသီး” ဟူသော တစ်ခဲနက်သော အသံကြီးကို ကြားလိုက်ရ၏။ ထိုစဉ်အခါ ကျွန်တော့်ထံ၌ တုတ်မရှိတော့။ ဘယ်မှာချထားသည် မသိရ။ ကုလားတက်လည်း မခေါက်နိုင်တော့ချေ။ “ဝဇီကိုင် မတရားဘူး” ဟုကြိမ်းမောင်းသံကြီးကို ကြားရဘိ၏။ ခက်ချေပြီ။ မည်သို့ ကြံရအံ့နည်းဟု အောက်မေ့မိ၏။

တစ်ပြိုင်နက်ပင်လျှင် ထိုနှစ်ဖက်သော လူစုတို့သည် တုတ်ကိုင်သူကိုင်၊ လက်သီးဆုပ်သူဆုပ်၍ ရိုက်နှက်ထိုးကြိတ်ကာ ရန်ပွဲကြီးစလေ၏။ ပရိသတ်ထဲမှ အများ ဝင်ရောက်ရိုက်နှက်ကြလေ၏။ “မြွေနဂါး”မှာ ထိပ်ပြဲသွားလေ၏။ “ဓညင်းကျား”မှာ နှာခေါင်းသွေးထွက်ဘိ၏။ “အယ်ဒီပိုလို”ကား အတွင်သာ ထိုးနေတော့၏။ “တောက်တဲ့”မှာ သွားတစ်ချောင်းကျွတ်သွားလေ၏။ ထိုအခြင်းအရာကို မြင်ရသော ကျွန်တော်သည် အခက်အခဲကြုံရပြီဖြစ်၍ အလျင်အမြန် ဘောလုံးကွင်းမှ ထွက်ခဲ့ပြီးသော ကွတ်နီအသဓိုရ်ပေါ်သို့ လွှားကာတက်လေ၏။ လျင်မြန်ခြင်းဖြင့် အတွင်သာနှင်ရာ နေအိမ်သို့ ညနေတွင် ရောက်လေ၏။ သို့မှ စိတ်အေးသွားတော့သည်။ အပူလုံးကြီး ကျသွားပြီတကား။ ။

ကုသ
[၁၉၃၁]

credit to mmcyber

ဘကြီးအောင်ညာတယ် - မင်းသုဝဏ်



“အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသွေးမို့မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့ ဝါး” ဟု အားရပါးရ ဆူညံစွာအော်ဟစ်ပြေးလွှားလာကြသော ကလေးတစ်စုသည်ကား လည်ပေါ်ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။ ၄င်းတို့၏ ကျောဘက် တင်းချလယ်တစ်ကွက်လောက် အကွာတွင်ချည်လုံချည်ကို ပျာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက် ခေါင်းငိုက်စိုက်နှင့်တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် “ဧဝံ မေသုတံ ဧကံ သမယံ”ဟု တတွတ်တွတ်ရွတ်လျက်ရှိ၏။ ဆေးတစ်အိုးကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ၏ ကနားဖျင်းတဲ၌ ကျောင်းသားသူငယ်ချင်းများ ဝိုင်းအုံနေသည်ကို တွေ့ရလေ၏။ မိမိသည်လည်းအကြောင်းကို သိလိုသောကြောင့် ပြေးသွားတိုးဝင်ကြည့်ရှုလေ၏။

ဦးအောင်ချာသည် ဆင်စွယ်မင်းသမီးရုပ်ကလေးတစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နှောင်းဖြူဖွေးချစ်စရာကလေးဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဘိုးစ၊ ဘိုးလှ တို့တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသားကြည့်လျက်ပင်ရှိသေး၏။

“ဘကြီးအောင်၊ ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲ ဟင်” ဟု မျက်စိကလေး ပေကလပ်လုပ်၍ မေးလေ၏။ ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တိုစမ်းနေသော ဦးအောင်ချာက “ငါ့တူလိုချင်လို့လား၊ ငွေတစ်ကျပ်ယူခဲ့ရင် ဘကြီးပေးမယ်သိလား”ဟု အမှတ်မဲ့ ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်းခေါင်းကုတ်လျက် “ငွေတစ်ကျပ်ဆိုတာ ဘယ်နှစ်ပြားလဲ ဘကြီးအောင်ရဲ့”ဟု မေးပြန်လေ၏။ ပန်းပုဆရာကြီးလည်း ဆေးလိပ်ကိုချ၍ လက်ဝါးနှစ်ဖက်ကိုထောင်ပြလျက် “ဆယ်ပြား၊ ဆယ်ပြား ခြောက်ခါ။ နောက်ပြီးတော့ လေးပြားထည့်။ ပေါင်း ခြောက်ဆယ်နဲ့လေးပြား။ အဲသလောက်ကိုတစ်ကျပ်ခေါ်တယ်၊ ကြားလား”ဟု ကလေးသူငယ်များကို ချစ်ခင်သောဝါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန်လက်ဟန်နှင့် ရှင်းလင်းပြောပြလေ၏။ “ခြောက်ဆယ့်လေးပြားပေးရင် ကျွန်တော် ဒီအရုပ်ကလေးကို တစ်ကယ်ပဲရမလား။ နောက်တော့မညာနဲ့နော် ဘကြီးအောင်” ဟု ပြောရင်း သျှောင်ဆံမြိတ်လေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ၏။

မောင်ချစ်သည် နေ့လည်ချိန် ကျောင်းတွင် မုန့်ဝယ်စားဖို့ရန် မိခင်ပေးလိုက်သော တစ်ပြား တစ်ပြားသော အသပြာကို မသုံးရက်၊ မစွဲရက်ဘဲ အင်္ကျီ သင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှရလေ၏။ တစ်ထွာမျှကျယ်သော မိမိဝမ်းခေါင်းသမုဒ္ဒရာအတါကမူကကား နေ့ဆွမ်းစား ကုလားတက်အခေါက်တွင် ဘုန်းတော်ကြီးဦးခေမာဝေသော ငှက်ပျောသီးတစ်လုံးနှင့် ကျေနပ်ဖူလုံလျက်ရှိလေ၏။

ဆင်စွယ်ရုပ်ကလေးသည် တစ်နေ့တစ်ခြား သားနားကျော့ရှင်း၍လာ၏။ သွားကလေးများပေါ်လုမတတ်ရှိအောင် ပြုံးလိုက်ရန် ဟန်ပြင်နေသောအသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ်မျက်လုံးတွင်းမှမထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးမှာ လှလာလေ၊ လိုချင်စိတ်ပွားလာလေ ဖြစ်ရကား တစ်နေ့မှ တစ်ပြားတစ်ပြား စုရသည်ကို အလွန်ဖင့်နှေးကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံရလိုလွန်း၍ ဥပုသ်နေ့များကိုပင် စာသင်ရက်ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တစ်ပေါက်တစ်လမ်း ဘယ်နည်းနှင့် ပိုက်ဆံရအောင်ကြိုးစားရပါမည်နည်းဟု ကြံစည်မိပြန်၏။

ထိုစဉ်အခါက ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံအလွန်ရှား၏။ မောင်ချစ်သည် အစ်ကိုကြီးကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစင်မှယူ၍ ညည့်နက်သန်းခေါင်မရှောင် မှိုင်းတလူလူထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်ထက်သော ဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားကြီးဖိုးတေက အနိုင်ကျင့်၍ မပေးဘဲထားသော အကြွေးတစ်ပြားအတွက် တွေးမိတိုင်းဆွေးမိ၏။

တစ်ဆယ့်နှစ်ပြားမျှရလာသောအခါ အင်္ကျီသင်ပုန်းခေါင်းမှာ မဆံ့တော့ပြီဖြစ်၍နှစ်ဖက်ပိတ် ကြသောင်းဝါးဆစ်တစ်ဆစ်တွင် ထိပ်ကအပေါက်ဖောက်ကာ ဝေလာခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန်း စသော တံဆိပ်အမျိုးမျိုး ခတ်နှိပ်သည့် ကြေးပြား ၁၂ ပြားတိတိကို သွင်းလှောင် သိုမှီးထားလေ၏။ နှစ်ဆန်းတစ်ရက်နေ့ကဒွေးလေးညို ချစ်စနိုး၍ပေးသည့် သူငယ်ဖော်မောင်ထွေးက အလိုက်နှစ်ပြားပေး၍ ပိုက်ဆံချင်းလဲစဉ်က မလဲရက်ဘဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့်ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးတိုက်အတွင်းသို့ သွတ်သွင်းလိုက်လေ၏။ ကြေးပြားအရေအတွက်ကိုလည်း ဝါးကြောတွင် စူးဖြင့်ခြစ်၍မှတ်ထားလေ၏။ “ပဲဟင်းချက်တဲ့နေ့က တစ်ပြား၊ ဘကြီးထူး ကျွဲပျောက်တဲ့နေ့ကတစ်ပြား” စသည်ဖြင့်လက်ချောင်းကလေးများကိုချိုးကာချိုးကာ ပိုက်ဆံစာရင်းတွက်ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရရင်ကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်မှာ ဝှက်ရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဘူးနေရာ ကျတ်ပြောင်းရသည်မှာလည်း အမောပင်ဖြစ်၏။ အရုပ်ကလေးကိုရလျှင်ထည့်ထားဖို့ရန် ထန်းရွက်ဖာချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင်မွမ်းမံရသည်မှာလည်း မအားပင်ဖြစ်လေ၏။

ဈေးသည် ဒေါ်ခါဥ၏ တောင်းနီထဲ၌ အငွေ့ထောင်းထောင်းနှင့် ကောက်ဦးငချိပ်ပေါင်းကိုမြင်ရသောအခါ သွားရည်ယိုမိ၏။ သို့ပါသော်လည်း ဝယ်မှရသောသရေစာတို့ကို သပိတ်မှောက်လေ၏။ သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘဝ အများနည်းတူကစားလိုပါသော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေအဟောင်းကြီးကို ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တစ်ယောက်ထီးတည်း ကျေနပ်တင်းတိမ်ရလေတော့၏။ သို့ဖြင့် တစ်ပြားတိုးလျှင် တစ်မျိုးဝမ်းသာလျှက် စုဆောင်းလာခဲ့ရာ ပိုက်ဆံ ၃၆ ပြား ပိုက်မိသော နေ့သို့ရောက်လေသတည်း။
ညနေ ၄ နာရီ ကျောင်းလွှတ်ခေါင်းလောင်းသံသည် မောင်ချစ်၏ နှစ်လုံးသွေးကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုးဆုံးခါနီး “အာမ” ဟု ဆိုမိလျှင်ပင် “ဘန္တေ” ကို မစောင့်နိုင်ဘဲ ထ၍ပြေးလေရာ အဆောင့်ကိုရင်ကြီးတစ်ပါးက အလျင်လိုရကောင်းမလားဟူ၍ ထိပ်ကို ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ။ လမ်းတွင် ခလုတ်တိုက်၍ ခြေမကွဲသွားသောလလည်းနာရမှန်းမသိ။ ဦးအောင်ချာ့ ကနားဖျင်းနားရောက်သောအခါ အတွင်းသို့ ဝင်သွားလေ၏။ ဖော့ဦးထုပ်ကိုဆာင်း ဘောင်းဘီအပြာဝတ်လျက် ကွပ်ပျစ်ထက်တွင် အခန့်သားထိုင်ရင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်ရှုနေသော လူကြီးတစ်ယောက်ကိုမြင်မှသာ ကိုယ်ရှိန်သတ်၍ ပြောနေကြသောစကားကို ကြားမိလေတော့၏။

“ဘယ့်နှယ့်လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့အဖိုးနဲ့ပဲ ပေးလိုက်မယ်မဟုတ်လား။ ခင်များတို့အရပ်မှာ ဒီအရုပ်ကလေးနဲ့တန်တဲ့အိမ် တစ်အိမ်မှမရှိပါဘူး။ ဝယ်နိုင်မယ့်လူလည်း ရှိမှာမဟုတ်ပါဘူး”

“မှန်ပါ။ ဝန်ထောက်မင်းဖို့ဆိုရင်တော့ အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမဲ့ အချောသတ် အမွှမ်းတင်ဖို့ လေးငါးရက်လောက်ဆိုင်းစေချင်ပါတယ်။ ပြီးရင်ပြီးချင်း ဝန်ထောက်မင်းတို့ဆီကို လာပြီးပို့ပေးပါ့မယ်”

ထိုမျှ ကြားရလျှင်ပင် မောင်ချစ်၏ အသည်းနှလုံး အူသိမ်အူမတို့သည် ကြွေကျမတတ်ဖြစ်လေ၏။ အရုပ်ကလေးကို အတင်းလု၍ ပြေးလိုသောစိတ် ပေါ်လာသော်လည်း ဝန်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင် ရင်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ဝံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံးပြူးသေနတ်သည်လည်း မောင်ချစ်၏အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင်လေ၏။ ဝဲလာသောမျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဘက်သို့ကျောင်ခိုင်းနေသော ဆင်စွယ်ဒေဝီကလေးကို နောက်ဆုံးကြည့်ကြည့်လျက် ထွက်လာလေ၏။ လမ်းကြားငယ်တစ်ခုအတွင်းမှ “ဟိုကောင်ကလေး ညိုတိုတို တို့ကိုကြိုက်လို့ငို၊ နင်ငိုပေမယ့်အလကား၊ တို့အမေက မပေးစား”ဟု ထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအားနှလုံးပွားဖွယ်ပင်ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား ဓါးပါးနှင့်မွှန်းလိုက်လေတော့သတည်း။

၁၅ ရက်မျှကြာသောအခါ ခေါင်းထက်တွင် တဘက်ကိုယ်စီတင်ထားသော မိန်းမကြီတစ်စုနှင့် ယောကျာ်းကြီးတစ်ယောက်တို့ မောင်ချစ်တို့၏ ခြောက်သွေ့သောခြံကလေးအတွင်းသို့ဝင်သွားသည်ကို မြင်ရပါသည်။ အိမ်ရှေ့ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည်စက်လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မိန်းမတစ်ဦးသည် ယောက်ျားကြီး၏ ခြေအစုံကိုပြေးဖက်လျက် “အမလေး ကိုရင်အောင်ရဲ့၊ မောင်ချစ်ဖြစ်ပုံတေါကို မြင်ဝံ့သေးရဲ့လားရှင်။ မောင်ချစ်ရေ၊ အမေ့သားကြီးရဲ့ အမေလိုက်ခဲ့မယ်ကွဲ့နော်။ ဟီး ဟီး” ဟု ဟစ်အော်ပြောဆိုငိုကြွေးမြည်တမ်းလေ၏။ ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက်ထိုင်နေသော မောင်ချစ်ဖခင်အား “ဘယ့်နှယ်ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့။ ကိုရင်လည်း မြို့တက်သွားတာဆယ့်လေးငါးရက်ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခုပြန်ရောက်ရောက်ချင်းပဲအိမ်မှာ ထိုင်တောင်မထိုင်ခဲ့ဘဲ ပြေးလာတာပဲကွဲ့”ဟု ပြောလေ၏။ “ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး၊ တမှိုင်မှိုင် တတွေတွေနဲ့ ထမင်းမစား၊ ဟင်းမစား။ တစ်ခါတလေ သူ့အမေကျွေးလို့ဆန်ပြုတ်ကလေး တစ်ဇွန်းလောက်ဝင်သွားပေမဲ့ ချက်ချင်းအန်ပစ်လိုက်တာပဲ၊ ပယောဂဆိုလို့ ဆရာသြခေါ်ပြပါလည်း ဘာမှမထူးခြားပါဘူး။ မနေ့ညကတော့ သူ့အမေကိုခေါ်ပြီး သူစုထားတဲ့ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော်ကိုလှူလိုက်ပါလို့မှာပြီးတော့ ကိုရင်အောင်ကိုမေးတာပဲ။ မြို့သွားတယ်လို့ပြောတော့ အတန်ကြာကြာ ဘာမျှမပြောဘဲ မောနေပြီး “ဘကြီးအောင် ညာတယ်” လို့ မပီတပီပြောရင်း အသက်ပျောက်သွားတာပဲ” ဟု ပြော၍ လုံချည်စဖြင့် မျက်ရည်သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းအရင်းကို ရိပ်မိသောအခါ မျက်နှာညှိုးငယ်၍သွားလေတော့သတည်း။

ယခုအခါတွင်ကား ရွာကလေးအနောက်ဘက် နွားစားကျက်အနီး ထိမ်ပင်ကြီးတောင်ယွန်းရှိ သင်္ချိုင်းကုန်းထက်တွင် ထီးထီးသောအုတ်ဂူကလေးတစ်ခုကို တွေ့နိုင်ပါသည်။ “အချစ်ဂူ” ဟူ၍လည်းကောင်း၊ “မောင်ချစ်ဂူ” ဟူ၍ လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကိုအမှန်ဟူ၍ မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နှာလိုဏ်ပေါက်ခေါင်းလေးထဲတွင် ကျွဲကျောင်းသား၊ နွားကျောင်းသားတို့၏လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော အရုပ်ကလေးတစ်စုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝအင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍မရသော ဆင်းရဲ” ဟု စာတန်းထိုးထားပါသည်။ ကျွန်တော်၏ ဘိုးအေအား မေးမြန်းကြည့်ရာ သုံးနှစ်လောက်က ပျံလွန်တော်မူသွားသော တောထွက်ကြီး ဦးဣန္ဒ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာသိရပါသတည်း။ ။

မင်းသုဝဏ်
[၁၉၃၁]
credit to mmcyber

Friday, 19 October 2012

သြော်...ဒါနဲ့စကားမစပ် (ဝတ္ထုတိုများ) - သုမောင် (အပိုင်း-၃)


 
 
မြန်မာသံသီချင်းတွေနဲ့ ကျွန်တော့်ရဲ့ကံ

သြော်... ဒါနဲ့ စကားမစပ်၊ ပြီးခဲ့တဲ့အပတ်က ကျွန်တော် ကော်ပီသီချင်းတွေအကြောင်း ပြောခဲ့တယ်။ ကော်ပီဆိုတာ အများနားလည်ထားကြသလို အနောက်တိုင်းတေးဂီတကို မြန်မာစာသားထည့်ပြီးတော့ ဆိုကြတီးကြတာကိုတင် ပြောတာမဟုတ်ပါဘူး။ အဲဒီလို အနောက်တိုင်းတေးသံကို မြန်မာစာသားထည့်ဆိုတာကို ကျွန်တော့်ဘက်က ကန့်ကွက်စရာမရှိပါဘူး။ ဒါ အစဉ်အလာ၊ ဟိုးရှေးတုန်းကတည်းက ရှိခဲ့တဲ့ ကိစ္စပါ။

ကျွန်တော်ပြောချင်တာက မြန်မာသီချင်း၊ မြန်မာသံကိုပဲ ပြန်ပြီးတော့ အချင်းချင်း ကော်ပီလုပ်တာလေးတွေ ပြောချင်တာပါ။

ဒါနဲ့ စကားမစပ် ပြောရဦးမယ်၊ ပြီးခဲ့တဲ့အပတ်က ကျွန်တော် ပြောခဲ့တယ်။

'လယ်တောကအပြန်၊ ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး...' ဆိုတဲ့ -

ဆရာကြီးမင်းသုဝဏ်ရဲ့ 'နှင်းဆီပွင့်' ကဗျာ အဲဒီခြေဆင်းလေးနဲ့ 'ပန်းဦးပန်မယ့်သူ' ဆိုတဲ့သီချင်းကို ကျွန်တော်ဆိုလိုက်တာ မြန်မာ့အသံကနေလွှင့်ထုတ်ပြီး ကျွန်တော်ဓာတ်ပြားရခဲ့တယ်။ တစ်နိုင်ငံလုံး အောင်မြင် ကျော်ကြားသွားတယ်ပေါ့လေ။ အဲဒီ သီချင်းလေးနဲ့ပဲ ကျွန်တော် အဆိုတော်ဘ၀ကို ရောက်ခဲ့တာပါ။

ဆိုတော့ လူ့သဘာဝက ဘာဖြစ်သလဲဆိုရင် တစ်ခုခုအောင်မြင်ကျော်ကြားပြီဆိုရင် အဲဒီ အောင်မြင်ကျော်ကြားတဲ့နောက် လိုက်တတ်တယ်။ အဲဒီခေတ်က တိပ်ခွေခေတ်။

ကျွန်တော့်ဆီကို တိပ်ခွေထုပ်လုပ်သူတွေ ပြုံချလာတယ်။ ပြုံချလာတော့ သူတို့က ဘယ်လိုသီချင်းမျိုးတွေ ရွေးသလဲဆိုရင် စောစောက ပြောတဲ့ လယ်တောကအပြန် ဆိုတဲ့ ကဗျာလေးတွေကို ခွန်းထောက်သံထည့်ပြီး ထိပ်က ခြေဆင်းလေး၊ ပြီးမှ ဆိုင်းနဲ့ဝိုင်းနဲ့ဆိုတဲ့ပြုတဲ့ သီချင်းတွေကို ပြန်ဆိုပေးဖို့ ထုတ်လုပ်သူတွေ ရောက်ချလာတယ်။

အဲဒီမယ် ကျွန်တော်ကံကောင်းတာက အဲဒီခေတ် အဲဒီအချိန်တုန်းက မြန်မာသံကို နားထောင်အားပေးတဲ့ ပရိသတ် များတယ်။ ပြီးတော့ ကျွန်တော်က ဘယ်သူတွေနဲ့ တွဲမိသလဲဆိုတော့ အလင်္ကာကျော်စွာ ဆရာကြီး စောင်းဦးဘသန်းတို့၊ ရွာစားစိန်ဗိုလ်တင့်တို့၊ ဂီတလုလင်ဦးကိုကိုတို့နဲ့ တွဲနေတဲ့အချိန်ဆိုတော့ သူတို့ဆီက မြန်မာသံလေးတွေ ရတယ်။ ဥပမာ တစ်ခုပေးရရင် ရှေးခေတ်အမည်မသိစာဆိုတွေရဲ့ စာချိုးတွေ၊ ကဗျာတွေကို သီချင်းရဲ့ထိပ်မှာ ထည့်ကြတယ်။

ကျွန်တော် မှတ်မှတ်ရရ ဆရာကြီး စောင်းဦးဘသန်းချပေးတဲ့ သီချင်းတစ်ပုဒ် ကျွန်တော်ရတယ်။ အဲဒါက ရှေးခေတ်အမည်မသိ စာဆိုတစ်ဦးရဲ့ ကဗျာလေး 'မမလေး မောင်ကခိုးမယ်လို့ လူဆိုးတွေနဲ့ မောင်တိုင်ပင်၊ အရှေ့ဆို ညောင်ပင်ကြီးမှာ မြင်းကိုယ်စီပြင်၊ လထွက်ကလေးကိုတဲ့ မြင်းပေါ်တင်၊ လ၀င်ရင် မန်းတောင်အရောက် မြင်းငေါက်လို့နှင်' ဒါလေးက ရှင်းရှင်းလေးပါ။

ရည်းစားကို ခိုးမယ်၊ လူဆိုးတွေဆိုတာ သူငယ်ချင်းတွေပေါ့။ ထန်းရည်သောက်ဖော်သောက်ဖက်တွေပေါ့။ ရွာအရှေ့ ညောင်ပင်ကြီးရဲ့အောက်မှာ မြင်းတွေပြင်ထားမယ်။ လထွက်တဲ့အချိန်ကလေးမှာ ချစ်သူကို စွေ့ခနဲ မြင်းပေါ်တင်ပြီး ခိုးပြေးမယ်။ လ၀င်ရင် မန်းတောင်ရောက်အောင် မန္တလေးမြို့ကိုရောက်အောင် မြင်းငေါက်လို့နှင်မယ်။ ဒီကဗျာလေးက ရိုးရိုးသားသားတွေးရင် မိန်းမခိုးတဲ့ ကဗျာလေးပါ။

သို့သော် ကျွန်တော်တို့ စဉ်းစားဖို့လိုတာက အဲဒီကဗျာလေးပေါ်တဲ့ အချိန်တုန်းက နန်းတွင်းအရေးတော်ပုံဆိုတဲ့ ကနောင်မင်းသားကြီးကို လုပ်ကြံဖို့ အစီအစဉ်စတဲ့အချိန်နဲ့ သွားတိုက်ဆိုင်နေတယ်။ ဆိုတော့ ဒီကဗျာလေးဟာ တဘောင်စနည်း ဖြစ်နိုင်တယ်လို့လည်း ပြောနိုင်တယ်။

ရိုးရိုး မိန်းမခိုးတဲ့ကဗျာဖြစ်နိုင်သလို မမလေးဆိုတာက ရာဇပလ္လင်ကိုယူဖို့ ပြောတာလည်း ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ မမလေးကို မောင်က ခိုးမယ် ဆိုတာက ထီးနန်းကို လုမယ်လို့ဆိုတာ ဖြစ်နိုင်တယ်။ လူဆိုးတွေနဲ့ မောင်တိုင်ပင်ဆိုတာ သူပုန်သူကန်တွေနဲ့ တိုင်ပင်တာ၊ မောင် ဆိုတာက မြင်ကွန်း၊ မြင်းခုံတိုင်မင်းသားတွေကို ပြောပုံရတယ်။ အရှေ့ဆိုညောင်ပင်ကြီးမှာ မြင်းကိုယ်စီပြင်ဆိုတာက နန်းရှေ့မှာ ညောင်ပင်ကြီး တစ်ပင်ရှိတယ်။ အဲဒီညောင်ပင်ကြီးအောက်မှာ ညညဆို သိုင်းလေ့ကျင့်ကြတယ်တဲ့။ မြန်မာ့ရိုးရာသိုင်းပေါ့။

ဒါကိုကြည့်ပြန်တော့လည်း ဒီကဗျာလေးဟာ နိုင်ငံရေးပါနေသလို တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ်၊ ဒါက စကားမစပ်ပြောတာ။ ဘာပဲဖြစ်ဖြစ် ဒီကဗျာလေးကို ဆရာကြီးစောင်းဦးဘသန်းက အသံလေးထည့်ဆိုခိုင်းတဲ့အခါကျတော့ ဘယ်လိုဖြစ်သွားသလဲဆိုရင် -

'မမလေး မောင်ကခိုးမယ်လို့... လူဆိုးတွေနဲ့ မောင်တိုင်... ပင် အရှေ့ဆို ညောင်ပင်ကြီး... မှာ မြင်း... ကိုယ်စီပြင်... လထွက်ကလေးကိုတဲ့ မြင်းပေါ်တင်... လဝင်ရင် မန်းတောင်ရောက်အောင်... လဝင်ရင်ကွယ် မန်းတောင်ရောက်အောင်... မြင်း... မြင်း... မြင်းငေါက်လို့နှင်'

ဆိုပြီးတော့ ကျွန်တော်က ခြေဆင်းလေး ဆိုလိုက်တယ်။ ဆိုလိုက်တဲ့အခါကျတော့ ဆရာကြီးဦးဘသန်းက 'ဆက်ဆို' တဲ့၊ ဆိုပြီးတော့ ကဗျာလေးတစ်ပုဒ်၊ ရှေးကဗျာလေးတစ်ပုဒ်ကို ချပေးတယ်။ ကျွန်တော်က ဘယ်လိုဆိုရမလဲဆိုတော့ 'ဆက်သာဆိုကွာ' တဲ့။ မဟုတ်ဘူး ဘဘရယ်၊ ကျွန်တော်က အသံလေးဘာလေး ပေးပါဆိုတော့။ မဟုတ်ဘူးကွာ ဆိုသာဆို၊ မင်းဆိုရင် အလိုလိုဖြစ်သွားမယ်။ ငါက ဒီက တီးတာလေးလုပ်ပေးမယ်၊ ဆိုသာဆိုကွာတဲ့။ ကျွန်တော်က အဆိုတော်အသစ်လေးဆိုတော့ မဖြစ်မှာ စိုးရိမ်တယ်။ ဘဘက ဆိုခိုင်းတယ်။ ကျွန်တော်က တကယ်ဆိုလိုက်တော့ ပါးစပ်ကနေ နောက်ကဗျာတစ်ပုဒ် သီချင်းအဖြစ် အလိုလို ထွက်ကျလာတယ်။ အဲဒါကို ဒီကနေ့ စောင်းဆရာဦးအောင်သန်းနဲ့ ပြန်ဆိုပြမယ်။

ဆိုမပြခင် ကဗျာလေးကို ရွတ်ပြမယ်။
လုံမလေးကို သူ့အမေရိုက်ပါလို့
လာလာလေ လိုက်ခဲ့ပါတော့ မောင်တို့ရွာ...
ရိုးမြင့် သီခေါင်၊ ပုံတောင်ဟီးတယ်လေ...
ကြီးဧရာရွာ ဖီလာဟီးပါလို့ တောင်ကြီးတွေကာ
မောင်တို့ရွာမှာလ ပဇာပေါ၊
ပင် ပင်နီချောရယ်နဲ့ ယောထဘီ
ကြိမ်အင်္ကျီမှာ ကြွေတွေစီလို့
ဝတ်ဆင်ရန် ပေါတယ်လေး
ယောသူတို့ ရွာ...

ကဲ... ကောင်းပါပြီ၊ အခုလို ဆိုပြလိုက်တော့ သောတရှင်ပရိသတ်၊ အထူးသဖြင့် လူကြီးပရိသတ် ချက်ချင်းသဘောပေါက်တယ်။ ဒါဟာ ဘောလယ်သီချင်းထဲက အလိုက်ပါပဲနော်... ဘောလယ်ကို ကော်ပီယူထားတာ ပေါ်လွင်နေပါတယ်။ ဘောလယ်ဆိုတာ စောစောကပြောတဲ့ ကနောင်မင်းသားကြီး လုပ်ကြံမခံရခင်အချိန်မှာ သူ့ရဲ့မိဖုရား လှိုင်ထိပ်ခေါင်တင်က စတင်စပ်ဆိုတဲ့ တေးသံတေးသွားပါပဲ။ လှိုင်ထိပ်ခေါင်တင် စတင်ခဲ့တဲ့ တေးသွားပါပဲ။

အဲ... ရယ်စရာပြောရရင် ပညာရှင်တစ်ချို့က ပြောတယ်။ ကနောင်မင်းသားကြီးက မိဖုရားတွေ များတယ်တဲ့၊ လျှောက်လျှောက်ပြီး လည်နေတာတဲ့။ အဲဒါကြောင့် ဘောလယ်ဆိုပြီး ပေါ်လာတာတဲ့။ ပညာရှင်တစ်ချို့က ရယ်စရာအဖြစ်ပြောကြတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ဒီဘောလယ်လေးကိုပဲ ကျွန်တော်က 'လုံမလေးကို သူ့အမေရိုက်ပါလို့' ကဗျာစာသားထည့်လိုက်ပြီး ဆိုတဲ့အခါကျတော့ သီချင်းဖြစ်လာတာပါ။

ဒါကြောင့်လည်း ကျွန်တော့ပါးစပ်က အလိုလိုထွက်ကျလာတာပါ။ အလိုလို ထွက်ကျလာဖို့ဆိုတာကလည်း ကျွန်တော့်နားထဲမှာ ဘောလယ်ကို စွဲနေလို့ပါပဲ။ အဲဒီတော့ ဘောလယ်ကို ကော်ပီလုပ်ချလိုက်တာလို့ပဲ ယူဆလို့ရတယ်။ ဆိုတော့ ကနောင်မင်းသားကြီးဟာ စောစောကပြောသလို မိုဖုရားတွေများတော့ သူ့မိဖုရားခေါင်ကြီးဖြစ်တဲ့ လှိုင်ထိပ်ခေါင်တင်ဆီ အရောက်အပေါက်နည်းတယ်။ အဲဒီတော့ လှိုင်ထိပ်ခေါင်တင်က မျှော်တယ်။ သူ့ယောက်ျား တော်တော်နဲ့ ပေါ်မလာတော့ မျှော်တာပေါ့။

စိန်ခြူးကြာညောင်၊ စိန်ခြူးကြာညောင်ဆိုတာ သလွန်တော်ပေါ့၊ သလွန်တော်ပေါ်မှာ နေပြီး ပြတင်းပေါက်ကငေးကြည့်တော့ လရောင်ကလည်း လင်းနေတယ်။ မှန်ရွှေကူပြတင်းက မယ်ခုမျှော်၊ သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး။ သုံးချက်စည်တော် မနက်မိုးလင်းအထိ သုံးနာရီ ထိုးလုနီးတဲ့ထိ သူမျှော်နေပါတယ်လို့ ဘောလယ်သီချင်းကို စပ်ပါတယ်။

ကျွန်တော် အခု စောင်းဦးအောင်သန်းနဲ့ တွဲဖက်ပြီး ခုနကလို သီဆိုပြပါမယ်။

စိန်းခြူးရယ်တဲ့ ကြာညောင်၊ လရောင်တွေ လင်းပါလို့၊
မှန်ရွှေကူ ပြင်တင်းရယ်က၊ မယ်ခုမျှော်
သုံးချက်... သုံးချက်စည်တော်... သုံးချက်... သုံးချက်စည်တော်
ရိုက်ဆော်ညှင်းတယ်လေး... လေး.. လင်းပြန်လုတော်...

ဟော... ကြည့်နော်၊ ဘောလယ်ကို စိန်ခြူးကြာညောင်က စပါတယ်။ ကျွန်တော်က ဒီဘက်ခေတ်မှာ လုံမလေးကို သူ့အမေရိုက်ပါလို့ ဆိုပြီး ကော်ပီလုပ်တယ်။ အဲဒီမှာပဲ ကျွန်တော်တို့ စပေသမားတွေဆိုတာက ဒီအတိုင်း နေလို့မရဘူး။ လေ့လာရတယ်။ အဲဒီ လှိုင်ထိပ်ခေါင်တင်ခေတ်မှာပဲ ဘောလယ်အသံကိုပဲ စသားပြောင်းပြီး ကော်ပီလုပ်တာကို သွားတွေ့ရတယ်။ တခြားမဟုတ်ပါဘူး။ သူ့ယောက်ျား ကနောင်မင်းသားကြီး ကိုယ်တိုင်က ကော်ပီလုပ်တာ။

အဲဒီ စိန်ခြူးကြာညောင်ဆိုတဲ့ ဘောလယ်ရေးသားပြီး သူလွန်းနေရကြောင်း၊ သူမျှော်နေရကြောင်း၊ ရှင်ကတော့ လျှောက်လည်နေတယ်ဆိုတဲ့အကြောင်း စိန်းခြူးကြာညောင်တေးသွားနဲ့ လှိုင်ထိပ်ခေါင်တင်က ဆက်သွင်းတဲ့အခါကျတော့ ပထမ ကနောင်မင်းသားကြီးက ဒေါသဖြစ်တယ်။ ဒီလောက် နိုင်ငံရေးရှုပ်ထွေးနေတာ၊ စစ်ရေးရှုပ်ထွေးနေတာ၊ ငါအလုပ်များနေတာကိုများ တခြားမိဖုရားအဆောင်တွေဆီ လျှောက်လည်နေတယ်ဆိုပြီး ပြောရကောင်းလားဆိုပြီး ဒေါသဖြစ်တယ်၊ ဓားဆွဲတယ်။ ကနောင်မင်းသားကြီးရဲ့ အလေ့အကျင့်က တစ်ခုခုဖြစ်ရင် ဓားဆွဲလေ့ရှိတယ်။

'တောက်၊ ငါ ငါးပိုင်း ပိုင်းပစ်လိုက်ရ' ဆိုပြီး အမြဲတမ်း ငေါက်တတ်တယ်။ ဆိုတော့ကာ သူ့မိန်းမက သူ့ဆီမလာနိုင်ဘူးဆိုတော့ ဘောလယ်နဲ့ အပြစ်ဖို့တာကို ဒေါသထွက်ပြီး ဒီမိန်းမ ငါးပိုင်းပိုင်းလိုက်ရ ဆိုပြီး ဓားဆွဲတယ်။ ဒီတော့ ဘေးက တားကြတာပေါ့။ ပြီးတော့ သေသေချာချာ နားထောင်ပါဦးလို့ ဆိုကြတယ်။

ဒီတော့မှ သေသေချာချာ နားထောင်ပြီး 'သြော်... ဟုတ်ပေသားပဲ၊ ငါ့မိန်းမတစ်ယောက်တည်း ငါ့ကို မျှော်နေရှာတာပဲ၊ သနားပါတယ်လေ' သူကပြန်ပြီးတော့ အဲဒီဘောလယ်အလိုက်နဲ့ပဲ ချော့လိုက်တယ်။ ချော့တော့ လက်သုံးတော်ဓားကို ယောင်မှားပြီး ကိုင်မိတာပါတဲ့။ နိုင်ချင်လိုလို့၊ အနိုင်လိုချင်လို့ မဟုတ်ပါဘူး။ 'နှုတ်အာရဲတယ်လို့ အပြစ်တင်၊ မချစ်ပြင်ပြင်၊ ချစ်ရင်ကျိုး၊ ငြိုးမာန်ဖွဲ့ဆင်' ဆိုပြီး စောစောက ဘောလယ်အလိုက် အသံအတိုင်း ပြန်ပြီးချော့တာပေါ့လေ။

ဒါလေးကို စောစောကအတိုင်း စောင်းဦးအောင်သန်းနဲ့ ကျွန်တော် ဆိုပြပါဦးမယ်။ သောတရှင်များ နားဆင်ကြည့်ကြပါဦးဗျာ။

လက်သုံးတော် ဓားကိုလ... ယောင်မှားကာကိုင်
လက်သုံးတော် ဓားကိုလ... ယောင်မှားကာကိုင်
ယောင်မှားကာကိုင်
လက်သုံးတော် ဓားကိုလ... ယောင်မှားကာကိုင်
နိုင်ချင်လိုလို့ ဟုတ်ပါဘဲ... နှုတ်အာရဲလို့ အပြစ်တင်
မချစ် မချစ်ပြင်ပြင်... မချစ်ပြင်ပြင်
ချစ်ရင်ကျိုးလေး... လေး... ညှိုးမာန်ဖွဲ့ဆင်...

ဆိုတော့ ကျွန်တော်တို့ ဒီတိုင်းနေလို့မရဘူးဗျ။ ကော်ပီဟာ စိန်းခြူးကြာညောင် လက်သုံးတော်ဓားနဲ့ ကော်ပီလုပ်တယ်။ ပြီးတော့ ကျွန်တော်တို့ မြန်မာသံကို အဆင့်ဆင့်ကော်ပီလုပ်လာလိုက်ကြတာ ကျွန်တော့်ခေတ်မှာ အလွမ်းသီချင်းတော်တော်များများဟာ ဘောလယ်ကိုသုံးပြီး သီဆိုလာကြတာ သွားတွေ့ရတယ်။

ဥပမာ- အနီးစပ်ဆုံးပြရရင် ဒီကနေ့ထိ နာမည်ကြီးနေတဲ့ အဆိုတော်ကိုမြကြီးရဲ့ 'မိုး' သီချင်း။ ဒီနေ့ သက်လတ်ပိုင်း၊ သက်ကြီးပိုင်း အနားယူတဲ့အခါ ကာရာအိုကေ သွားဆိုကြတဲ့အခါ ဒီ မိုးသီချင်းကိုပဲ ပြန်ဆိုနေကြတယ်။ ကျွန်တော်လည်း ဆိုခဲ့ဖူးတာပါပဲ။

'ဝသန်ခါမီ လရာသီ ပြာရီရစ်ဝိုင်း မှိုင်းလဲ့လဲ့၊ သိုင်းနွဲ့နွဲ့၊ ဆိုင်းဖွဲ့လို့ဟန်ချီ၊ မင်းလွင်ဆီ ညိုရောင်မှောင်ခိုး၊ မိုးလခါမီ ဖျိုးဖျိုးလျလျ စွေတော့သည်၊ ဂျိုးဂျိမ့်သံမာန်တင်းကာပ အသူရာ သိကြားမင်းနှယ် စစ်ခင်းကာ ပြိုင်ကြသည်' ဘာညာပေါ့ဗျာ။ ဆိုတဲ့အခါမှာ အမှတ်မထင်ဘဲ စောစောကပြောတဲ့ စိန်ခြူးကြာညောင်၊ လက်သုံးတော်ဓား၊ ပြီးတော့ ကျွန်တော်ဆိုခဲ့တဲ့ လုံမလေးကို သူ့အမေရိုက် ဆိုတဲ့ ဘောလယ်တေးသွားအလိုက်ကို အဲဒီမိုးသီချင်းထဲမှာ သွားတွေ့ရတယ်။

ဒါကြောင့် မြန်မာသံကိုပဲ မြန်မာတွေကော်ပီလုပ်တဲ့ အစဉ်အလာဟာ ဒီကနေ့ထိ ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်မပြုလို့ မရဘူး။ ဥပမာ မိုးသီချင်းထဲက ဘောလယ်အပိုဒ်ကို ကျွန်တော် ဦးအောင်သန်းနဲ့ တွဲဖက်ပြီးတော့ ပြန်ဆိုပြပါ့မယ်။

လိုက်တော်မူ သင့်ပါရဲ့... အခွင့်ကိုမျှော်...
လိုက်တော်မူ သင့်ပါရဲ့ အခွင့်ကိုမျှော်... မျှော်... မျှော်... မျှော်
လိုက်တော်မူ သင့်ပါရဲ့ အခွင့်ကိုမျှော်
မသင့်တော်သလိုပါ့ တစ်မေခင်လွဲ
မသင့်တော် မသင့်တော် မသင့်တော်သလိုပါ့ တစ်မေခင်လွဲ...
ရွှေရင်ထဲမှာဖြင့်... ကွဲလုပြီ၊ စွဲသူ့မျက်ရည်... စွဲသူရဲ့မျက်ရည်
ရက်ရှည်ရှည်ဆွေးတယ်လေး... လေး... သွေးကဲ့သို့နီ...

အဲဒီတော့ မြန်မာသံသီချင်းတွေကိုပဲ မြန်မာတွေ ကော်ပီလုပ်တာဟာ အစဉ်အလာ ဖြစ်နေပါပြီ။ ဒီတော့ နိုင်ငံခြားတေးသံကို မြန်မာစာသားထည့်ပြီး ကော်ပီလုပ်တာဟာ အပြစ်မရှိဘူးလို့ ကျွန်တော်တော့ ယေဘုယျ ယူဆပါတယ်။

ယေဘုယျဆိုတာက မြန်မာသံမှာ စည်း-ဝါး၊ နရီစသဖြင့် ရှိပါတယ်။ အဲဒါကို အတိအကျလိုက်နာပြီး ကော်ပီလုပ်မှ ကော်ပီလုပ်ရာ ရောက်ပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့အပတ်က ဆိုပြခဲ့ပါတယ်။ ဇော်ဝင်းထွဋ်ရဲ့အဘိုး ရွှေတိုင်ညွန့်ကိုယ်တိုင် ကော်ပီလုပ်တာ ကျွန်တော် ဆိုပြခဲ့ဖူးပါတယ်။

'အိုက်တင်တွေ များပါဘိတယ်၊ ရိုးရိုးနဲ့ မတူပါတယ်၊ ပျိုကြည်အောင် မြင်ရင်တကယ်၊ သူ့မျက်လုံးက လည်'

'ရတနာပုံ မန်းရွှေမြို့သူ၊ သဘောကောင်းလို့ စေတနာဖြူ၊ ဘာစီတီနာမည်ယူ၊ ကျောင်းကြီးကောလိပ်သူ'

'ကြည်ညိုဖွယ် ကောင်းပါဘိကွယ်၊ မိုးညှင်းက ဆရာတော်ရယ်၊ ဒေသနာသေချာအောင် ဟောပြောဆုံးမတယ်' ဒါ ကော်ပီပဲ။

ဒါပေမဲ့ ဒီကနေ့ခေတ်လူငယ်တွေ အနောက်တိုင်းတေးကို ကော်ပီလုပ်တဲ့နေရာမှာ သံစဉ်ဝင်အောင်မဟုတ်ဘဲနဲ့ ဂရုသုံဆိုတဲ့ သံရှည်ဆွဲရမယ့်နေရာမှာ သံရှည်မဆွဲဘဲ၊ လဟုသံဆိုတဲ့ သံပြတ်နဲ့ 'ဟေ့' ဆိုတဲ့နေရာမှာ 'ဟေး' ဆိုပြီး သံရှည်ဆွဲနေတာမျိုး နည်းနည်းလွဲနေတာလေးတွေကလွဲရင် အများအားဖြင့် ကော်ပီသီချင်းတွေက ကောင်းကြပါတယ်။ နည်းနည်းလွဲတာလေးတွေကို ဂီတပညာရှင်များက ထိန်းကျောင်းပေးဖို့ ကျွန်တော်က ဒီနေရာကနေ အဆိုပြုချင်ပါတယ်။ အနောက်တိုင်းတေးကို ကော်ပီလုပ်တာဟာ မမှားပါဘူး၊ ဒါဟာ အင်တာနေရှင်နယ်ခေါ်တဲ့ ကမ္ဘာ့တေးကို မြန်မာမှုပြုတာကိုး။

အဲဒီတော့ စကားမစပ် တစ်ခုသတိရတယ်။ အားလုံးသိထားတဲ့ တစ်နိုင်ငံလုံး ကလေးတွေကအစ သိထားတဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ ကျောင်းတက်ကျောင်းဆင်းတိုင်းဆိုရတဲ့ တစ်နိုင်ငံလုံးဆိုရတဲ့ 'ကမ္ဘာမကြေ' သီချင်း။ ကမ္ဘာမကြေသီချင်းက တကယ်တော့ ကော်ပီဗျ။ အော်ရီဂျင်နယ် သီချင်းမဟုတ်ဘူး။

တစ်ချိန်တုန်းက နယ်ချဲ့ခေတ်မှာ ကျွန်တော်တို့ရဲ့ အဘိုးအဘွား အဖေအမေတွေ 'သခင်' ဆိုတာ ဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့ကို နယ်ချဲ့က ကျွန်အဖြစ်နဲ့ အုပ်ချုပ်တဲ့အခါကျတော့ ကျွန်တော်တို့က ကျွန် မဟုတ်ဘူး။ သခင်ပဲဟေ့ဆိုပြီး 'သခင်မျိုးဟေ့ တို့ဗမာ' ဆိုပြီး သခင်အသင်းတွေ ထူထောင်ကြတဲ့အချိန်တုန်းက သီချင်းတစ်ပုဒ်ပေါ်လာတယ်။ 'အရှေ့က နေဝန်းထွက်သည့် ပမာ'၊ ဆရာသိန်းဖေမြင့်လည်း ဝတ္တုခေါင်းစဉ်တပ်ပြီး ရေးပါတယ်။ တို့ဗမာသီချင်း ပေါ်ထွန်းလာတယ်။ ဝိုင်အမ်ဘီသခင်တင်က ရေးတာပါ။ အစအဆုံးတော့ ကျွန်တော် ဆိုမပြတော့ပါဘူး။ သီချင်းက ရှည်ပါတယ်။
အဲဒီမှာ ဘာပါသလဲဆိုတော့ -
တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
စိတ်တူညီမျှ ဝါဒတူညီတဲ့မြေ တို့ပြည် တို့မြေ
ဗမာပြည်ဝန်းအကုန် တို့အိမ်မှတ်ပါ၊ တို့ရာမှတ်ပါ
အဲဒါ တို့ဗမာ...
ကမ္ဘာမကြေ ဗမာတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ဒါတို့ပြည် ဒါတို့မြေ ဒါ ငါတို့ပြည်
ဒါတို့ပြည် ဒါတို့မြေ ဒါ ငါတို့ပြည်...
တို့ဗမာ တို့ဗမာ ပြည်ကို တိုင်းရင်းသားအကုန်အစင်
တို့ပြည်လို့မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာသခင်...

သခင်မျိုးဟေ့ တို့ဗမာ၊ သခင်မျိုးဟေ့ တို့ဗမာ၊ သခင်မျိုးဟေ့ တို့ဗမာဆိုပြီးတော့ နယ်ချဲ့ကို အဲဒီသီချင်းနဲ့ ဆန့်ကျင်အုံကြွ တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်း လွတ်လပ်ရေးရလာတဲ့အခါကျတော့ နိုင်ငံတော်သီချင်းဆိုပြီးတော့ ရွေးတဲ့အခါမှာ စောစောကပြောတဲ့အပိုဒ်ကို ယူပြီးတော့ ကမ္ဘာမကြေဆိုတဲ့သီချင်း ဖြစ်ပေါ်လာတာပါလို့ ပြောရင်းနဲ့ ဒီတစ်ပတ် နိဂုံးချုပ်ပါတယ်။

----------X--------X----------

တောသူတောင်သားတွေရဲ့ အသည်းပန်းဦး

သြော်… ဒါနဲ့စကားမစပ်၊ အင်း… စကားမစပ်ပြောရလို့ရှိရင် ပြီးခဲ့တဲ့အပတ်က ကော်ပီသီချင်းတွေအကြောင်း ကျွန်တော် လက်လှမ်းမီသလောက် ပြောခဲ့ပါတယ်။ အထူးသဖြင့် မြန်မာသံသီချင်းတွေကို မြန်မာကော်ပီလုပ်တဲ့အကြောင်း ပြောခဲ့တာပါ။

ဒီ သုမောင်ဆိုတဲ့ လူကြီးကလည်း မြန်မာသံသီချင်းတွေနဲ့ အောင်မြင်ခဲ့တာဆိုတော့ မြန်မာသံကို အားပြုပြီးတော့ ပြောချင်ပါတယ်။ ဒီနေ့ခေတ် ခေတ်ရေစီးကြောင်းအလိုက် ခေတ်ပေါ်သီချင်းတွေပေါ်တာကို အပြစ်မမြင်ပါဘူး။ ခေတ်ရေစီးကြောင်းအတိုင်း ဒီအတိုင်းမျောပါကြရတယ်ဆိုတာတော့ နိယာမတရားလို ဖြစ်နေပါပြီ။ သို့သော်လည်းပေါ့လေ၊ လူသုံးနည်းလာတဲ့ မြန်မာသံ၊ မြန်မာစာသားတွေကို ကျွန်တော်တို့လို တာဝန်ရှိတဲ့သူတွေကမှ ပြန်မဖော်လို့ရှိရင် တိမ်မြုပ်သွားမှာ စိုးရတယ်လို့ ယူဆတဲ့အတွက် ကျွန်တော်က မြန်မာသံကို အဓိကထားပြောရတာပါ။

တကယ်တမ်း ပြောမယ့်သာပြောရတာ၊ မြန်မာသံဟာ ဒီနေ့ထိ မတိမ်ကောသေးပါဘူး။ ဒါကို ဘယ်နေရာတွေမှာ တွေ့ရသလဲဆိုတော့ အထူးအားဖြင့် ဆိုပါစို့၊ မင်္ဂလာဆောင် ကျွန်တော်တို့ မြန်မာအမျိုးသား အမျိုးသမီးတွေ မင်္ဂလာဆောင်တဲ့အခါ၊ မင်္ဂလာပွဲတွေကို ဟိုတယ်ကြီးတွေမှာ ကျင်းပကြတဲ့အခါ၊ အရင်တုန်းက ဘုန်းကြီးကျောင်းတွေမှာ ကျင်းပတယ်၊ ခုနောက်ပိုင်း ဟိုတယ်ကြီးတွေမှာ ကျင်းပလာကြတယ်။ တီးဝိုင်းတွေငှားပြီး ဆိုကြ ပြုကြတယ်။ သတိထားမိတာက ကျွန်တော်ကိုယ်တိုင် မင်္ဂလာဆောင်တွေ ဆိုဖူးတော့ လက်မလည်အောင် ဆိုခဲ့ရတဲ့ သုမောင်ကြီးပါ။

ဒီကနေ့ ဒီအချိန်အခါမှာ မင်္ဂလာဆောင်အဆိုတွေ ကျဲပါးသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ်ပေါ်အနောက်တိုင်းတေးတွေက မင်္ဂလာဆောင်တွေကို လွှမ်းမိုးလာလို့ပါပဲ။ ဒါဟာလည်း အပြစ်ပြောစရာ မဟုတ်ပါဘူး။ ခေတ်အလျောက်ဖြစ်တာပါ၊ သို့သော်လည်း သေချာတာ တစ်ခုကတော့ မင်္ဂလာဆောင်ပြီဆိုတဲ့အခါမှာ သတို့သားနဲ့ သတို့သမီး မင်္ဂလာခန်းမထဲ ကြွချီတဲ့အချိန်မှာတော့ ‘အောင်ဇေယျတု၊ ငွေခရုငယ်သင်္ခါ ဘွန်းဘိသိက်ဖြာ၊ ပုံတောင်မြင့် ထွန်းသက်ရာဝယ်၊ တိမ်စဉ်သာသည့်၊ စန္ဒာမင်းလို ဆင်းရူပဝင်း… အခါတော်’ ဆိုတဲ့ အခါတော်သီချင်းနဲ့ ပွဲထုတ်ရတာ။ ဒီနေ့အထိ အစဉ်အလာလည်းဖြစ်၊ ပြောင်းလို့လည်း မရတဲ့ဥစ္စာ၊ ဒါဟာ မြန်မာသံကို အခိုင်အမာစွဲလမ်းနေတယ်ဆိုတဲ့ ဓလေ့ပါပဲ။

ဒီ့အပြင် နည်းနည်းချဲ့ပြောရလို့ရှိရင် ကျွန်တော်နေတာက သင်္ဃန်းကျွန်း၊ သုဝဏ္ဏ အားကစားကွင်းနား။ ခုဆိုရင် မြို့လည်ကောင်လောက် ဖြစ်နေပါပြီ။ သို့သော်လည်း အခုလို ဆောင်းအဝင် ဝါကျွတ်၊ တန်ဆောင်တိုင် စသဖြင့် ပွဲလမ်းသဘင်တွေ လုပ်တဲ့အခါမှာ ဘုန်းကြီးကျောင်းတွေက တေးသံတွေ ဖွင့်ကြတယ်။ အရပ်တီးဝိုင်းတွေ လုပ်ကြတဲ့အခါမှာလည်း မြန်မာသံတွေ တီးကြဆိုကြတယ်။ ဥပမာ-အနီးစပ်ဆုံးပြောရရင် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဂန္တဝင်အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့သီချင်းတွေဟာ ကျွန်တော်တို့ သင်္ဃန်းကျွန်းလောက်အထိ မပျောက်ပြယ်သေးပါဘူး။ ဒါနဲ့ ပတ်သက်လို့လည်း တစ်ချိန်တုန်းမှာ ဦးသိန်းတန်က စာတစ်ပုဒ် ရေးဖူးပါတယ်။

သူ့စာထဲမှာ ပြောချင်တဲ့ အကြောင်းအရာအဓကက စကားနဲ့ပြောရရင် ‘ဟေ့… လှည်းနဲ့လှေမပျောက်သရွေ့ ငါ့သီချင်းတွေ မပျောက်စေရဘူးကွ’ တဲ့။ သူက အဲသလို ကြုံးဝါးခဲ့တ။ အမှန်ပါပဲ၊ ဒီနေ့ ကျေးလက် တောရွာတွေမှာဆိုရင် တွံတေးသိန်းတန်ရဲ့သီချင်းတွေဟာ အခုထက်ထိ ပျံ့လွင့်နေဆဲပါပဲ။ သူကွယ်လွန်သွားပေမယ့် သူ့သီချင်းတွေဟာ လောက်စပီကာလို့ခေါ်တဲ့ အသံချဲ့စက်ကနေ လွှင့်ထုတ်နေကြတာ ကြားနေရဆဲပါ။

ဒါနဲ့ပတ်သက်လို့ ကျွန်တော့်အတွေ့အကြုံလေးတစ်ခု ပြောပြမယ်။ ဦးသိန်းတန်နဲ့အတူ ကျေးလက်တစ်ခုမှာ သူ့ပွဲတစ်ပွဲ သွားဖျော်ဖြေတာ ကျွန်တော် တစ်ခါ လိုက်သွားဖူးတယ်။ အဆိုအနေနဲ့မဟုတ်ဘဲ တခြား ကိစ္စနဲ့ပါ။ ကျွန်တော်က ဦးသိန်းတန်အဆိုကို လေ့လာဖို့လည်း ပါတာပေါ့။ ပထမပိုင်း ဆိုတုန်းကတော့ ဖြောင့်လို့ပဲ။ ဆိုလိုက်ရင်း၊ လက်ခုပ်တီး လိုက်ရင်းပေါ့။ ဦးသိန်းတန်ကလည်း ဆိုတယ်။ ၁၄-၅ ပုဒ်ပေါ့၊ ဆိုနိုင်တယ်။ တစ်ပုဒ်ပြီးတိုင်း လက်ခုပ်ဝိုင်းတီးလိုက်ကြနဲ့ တောသူတောင်သားတွေက သူ့ကို သဘောကျကြတယ်။

ပွဲဒုတိယပိုင်းမှာ ဦးသိန်းတန်က ကျန်းမာရေးချို့တဲ့သွားတယ်။ ဒီတော့ ပက်လက်ကုလားထိုင်ကလေးမှာ ခေါင်းငိုက်စိုက်နဲ့ မှိန်းနေရတယ်။ ဒုတိယပိုင်း သူ့အလှည့် ပြန်ရောက်တဲ့အခါကျတော့ ကြေညာတဲ့သူကလည်း ကြေညာလိုက်တာပေါ့။ ကိုသိန်းတန် ဖျော်ဖြေရမယ့်အလှည့်ကျပါပြီပေါ့။ အဲ… ပြောရဦးမယ်၊ တောကနော်၊ ဦးသိန်းတန်လို့မခေါ်ဘူး၊ တွံတေးသိန်းတန်လို့လည်းမခေါ်ဘူး၊ ကိုသိန်းတန်လို့ တကယ့်ကို ရင်းရင်းနှီးနှီး မြတ်မြတ်နိုးနိုး ခေါ်တာ။ ‘ဆက်လက်ပြီးတော့ ကိုသိန်းတန်က ဖျော်ဖြေပါ့မယ်’လို့ ကြေညာလိုက်တော့ ကိုသိန်းတန်က ထွက်မလာနိုင်ဘူး။ ဘယ်ထွက်လာနိုင်မလဲ၊ ကျန်းမာရေးကြောင့် စင်ထောင့်ဘေးက ပက်လက်ကုလားထိုင်မှာ ခေါက်ချိုး ဖြစ်နေတာကိုး။

ပရိသတ်က ‘ကိုသိန်းတန် ထွက်ပါတော့၊ ထွက်ပါတော့ဗျို့’ လို့ အော်တာပေါ့။ ဒီမှာလည်း ဆွဲထူလို့မရ၊ ဆိုဖို့ဆိုတာ ဝေးရော။ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တဲ့ အခြေအနေရောက်သွားတယ်။ အဲဒီအချိန်မှာ အောက်က ပရိသတ်ကလည်း ဆူတာပဲ။ ‘ကိုသိန်းတန် ထွက်ပါဗျို့၊ ထွက်ပြပါ’ ပေါ့။ ဒီတော့ ကြေညာသူလည်း ‘သြော်၊ ကိုသိန်းတန်တစ်ယောက် ကျန်းမာရေးအခြေအနေကြောင့် မဆိုနိုင်တော့ပါဘူး’ ဆိုပြီး တောင်းပန်ရတာပေါ့။ ‘မဆိုနိုင်ရင်လည်း လူထွက်ပြပါဗျို့’ ဆိုပြီး တားမရ ဆီးမရ အောက်ကနေအော်တယ်ဗျာ။

နောက်ဆုံးကျတော့ မတတ်သာတဲ့အဆုံး ဦးသိန်းတန်ကို သူ့တပည့်နှစ်ယောက်က တစ်ယောက်တစ်ဖက်စီ ပခုံးကို တွဲပြီး ယိုင်တိယိုင်ထိုးနဲ့ အဆိုတော်ကြီးကိုသိန်းတန်ကို စင်ရှေ့ ထုတ်ပြရတယ်။ ပြီးတော့ မိုက်ကရိုဖုန်းရှေ့ရပ်ပြီး ‘ကျွန်တော် တော်သူ တောင်သားတွေကိုချစ်တဲ့ အဆိုတော် တွံတေးသိန်းတန်ပါဗျာ’ ဆိုပြီး အသံ ဗလုံးဗထွေးနဲ့ပြောပြီး ဇာတ်စင်နောက်ဘေးကို ပြန်တွဲခေါ်သွားရတာပါ။

အဲဒီအချိန်မှာ ပရိသတ်က အံ့သြစရာကောင်းတာဗျာ။ အဲဒီလိုဖြစ်တဲ့ အဖြစ်အပျက်ကို အမှားကြီးတစ်ခုရယ်လို့ အပြစ်ယူတာ၊ ဗွေယူတာ မရှိဘဲနဲ့ ‘ဒါမှ တို့ကိုသိန်းတန်ဟေ့’ ဆိုပြီး လက်ခုပ်လက်ဝါးတီးပြီးတော့ အားပေးတာ တွေ့ရတယ်။ ဒါဟာ တောသူတောင်သားတွေကိုချစ်တဲ့ ကိုသိန်းတန်ကို ပမာပြုပြီးတော့ မြန်မာသံအကြောင်းပြောတာ။ မြန်မာသံနဲ့ပတ်သက်လို့ ပြောရရင် ကျွန်တော့်အရင် တစ်ခေတ်စောတဲ့ အဆိုတော်၊ စာရေးဆရာ၊ ရုပ်ရှင်မင်းသားပါပဲ၊ ကိုဝင်းဦး အကြောင်းလေးလည်း ထည့်ပြောဖို့ သင့်ပါတယ်။

သူဟာ ခေတ်ပေါ်သီချင်းတွေဆိုခဲ့တယ်ဆိုပေမယ့်လို့ မြန်မာသံတွေကို အဓိကထားပြီး၊ မြန်မာသံတွေကို ဖော်ထုတ်ပြီး အထူးသဖြင့် မြို့မငြိမ်းရဲ့သီချင်းတွေကို ဖော်ထုတ်ခဲ့တဲ့ တကယ့်မြန်မာသံ ဂီတပညာရှင်ကြီး တစ်ယောက်ပါ။ သူကလည်း မြန်မာသံကို ချစ်သလို မြန်မာတောသူတောင်သားတွေကိုလည်း ချစ်ပါတယ်။ မြန်မာတောသူတောင်သားတွေက မြန်မာသံကို ကြိုက်သလို ကိုဝင်းဦးကိုလည်း ကြိုက်ကြပါတယ်။

တစ်ခုရှိတာက ကိုဝင်းဦးနဲ့ ကိုသိန်းတန် ကွာသွားတာက မြို့နေလူတန်းစားက ကိုသိန်းတန်ကို ဒီလောက်ခံတွင်းမတွေ့ကြပေမယ့် တောနေလူတန်းစားက ကိုသိန်းတန်ကို ခံတွင်းတွေ့တယ်။ ကြိုက်ကြတယ်။ ကိုဝင်းဦးကျတော့ မြို့ရော တောပါကြိုက်ကြတယ်။ မြို့ကတော့ ခေတ်ပေါ်သီချင်းတွေနဲ့ကြိုက်တာ။ မမမိုးစတဲ့သီချင်းတွေနဲ့ ကြိုက်ကြတာ။ တောကတော့ စောစောကပြောတဲ့ မြို့မငြိမ်းသီချင်းတွေ၊ မြန်မာသံစစ်စစ်တွေကို ဆိုခဲ့ပြုခဲ့လို့ ကြိုက်တာ။

သူနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော့်မှာ အတွေ့အကြုံလေးတစ်ခုရှိပါတယ်။ တစ်ခါတုန်းက ပြည်နယ်မြို့တော်တစ်ခုကို ပြည်နယ်ပွဲတစ်ခုကို သွားပါတယ်။ အဲဒီခေတ်က တံတားတွေဘာတွေ ခုခေတ်လောက် မပေါသေးပါဘူး။ တစ်ဖက်ကမ်းကို မော်တော်နဲ့ကူးရပါတယ်။ ကူးတဲ့အခါ ဟိုဘက်ကမ်းရောက်၊ မြို့တော်မှာ ည ကျွန်တော်တို့ ဖျော်ဖြေရပါတယ်။ ကိုဝင်းဦးကတော့ အဓိကပေါ့လေ။ ကျွန်တော်ကတော့ အဆွယ်အပွားပေါ့။ ကျွန်တော်က အဆိုတော်ဖြစ်စလေးပဲ ရှိသေးတာ။

အဲဒီမှာ ကိုဝင်းဦး၊ ကိုဝင်းဦးဆိုပြီး ကြိုက်ကြတာပေါ့လေ။ ပြီးတော့ မနက်မိုးလင်းတော့ ကျွန်တော်တို့ပြန်ကြရတာပေါ့။ ထုံးစံအတိုင်း စင်ကနေ လမ်းလျှောက်ပြန်၊ ကမ်းနားရောက်တဲ့အခါကျတော့ အဆင်သင့်စောင့်နေတဲ့ မော်တော်ဘုတ်ပေါ် တက်ကြရတယ်။ တက်တဲ့အခါကျတော့ ကျွန်တော်ရယ်၊ ကိုဝင်းဦးရယ်၊ နောက် တခြားအဆိုတော်တွေရယ်၊ မော်တော်ဦးက လက်ရန်းမှာ မတ်တတ်ရပ်ပြီး ကျွန်တော်တို့ညကဆိုခဲ့တဲ့မြို့လေးကို ကြည့်နေကြတယ်။

ကြည့်နေတဲ့အချိန်မှာ ရုတ်တရက် လူအုပ်ကြီးက အဲဒီ ကမ်းနားက ဗွက်တောထဲကို ပြုံဆင်းလာတယ်။ ကြည့်လိုက်တော့ တောသူတောင်သားတွေ၊ အဲဒီတောသူတောင်သားတွေက လက်ပြ၊ ကျွန်တော်တို့ကလည်း လက်ပြ။ အဓိကက ကိုဝင်းဦးပါ။

‘ကိုဝင်းဦး၊ ကိုဝင်းဦး’ ဆိုပြီးတော့ တဘက်ပေါင်းထားတဲ့သူတွေ၊ ထဘီရင်ရှားထားတဲ့ မိန်းမတွေ အော်ကြ၊ နှုတ်ဆက်ကြတဲ့အခါကျတော့ ကိုဝင်းဦးက လက်ကလေးပြပြီး ပြန်နှုတ်ဆက်တယ်။

ကျွန်တော် မှတ်မှတ်ရရ အဲဒီအချိန်က ကိုဝင်းဦးဟာ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူ၊ ဖိနပ်အဖြူလေးနဲ့ လှလှပပ ကြော့ကြော့မော့မော့ ဝတ်စားထားတာ။ အဲသလို အပြန်အလှန် လက်ပြနှုတ်ဆက်နေရင်းကနေပြီးတော့ အဲဒီထဲက ခေါင်းဆောင်လို့ထင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်က လှမ်းအော်တယ်။ ဘယ်လိုအော်သလဲဆိုတော့ -

“ကိုဝင်းဦးရေ၊ ညတုန်းကပွဲ ကျုပ်တို့ရွာကနေတစ်ဆင့် လာကြရတာ မမီလိုက်ကြပါဘူး။ အဲဒီတော့ ဖြစ်နိုင်ရင် သင်္ဘောပေါ်ကနေ သီချင်းလေး တစ်ပုဒ်လောက် အော်ပြီး ဆိုပြပေးပါ” လို့ တောင်းဆိုတယ်။

ကျွန်တော့်စိတ်ထဲမှာလေ လှိုက်ခနဲဖြစ်သွားတယ်။ သြော်၊ တောသူတောင်သားတွေ မြန်မာသံ အနုပညာသည်တွေကို ချစ်ကြတာနော်။ ဒါကြောင့်မို့လည်း ဒီဗွက်တောထဲထိ ဆင်းလာပြီး သင်္ဘောနားကပ်ပြီးတော့ သီချင်းဆိုပြပါဆိုပြီး တောင်းဆိုတာ။ အဲဒီအချိန်မှာ ကျွန်တော် ကိုဝင်းဦးကို ဖျတ်ခနဲကြည့်လိုက်တော့ သူဟာ မင်းသားတွေအားလုံးထဲမှာ အလှအပ အလွန်ကြိုက်တဲ့၊ အဝတ်အစားကိုလည်း ကော့ပျံနေအောင်ဝတ်တဲ့ မင်းသား၊ ခေါင်းဆိုလည်း ကြော့နေအောင် ဖြီးထားတဲ့ မင်းသား။ အဲဒီအချိန်မှာ ကိုဝင်းဦး ဘာလုပ်မလဲ၊ သင်္ဘောပေါ်ကပဲ သီချင်းတစ်ပုဒ်ဆိုပြမလားဆိုပြီး ကျွန်တော်က ဂရုစိုက်လိုက်တဲ့အချိန်မှာ ဖျတ်ခနဲဆိုပြီး ကျွန်တော်တို့ တစ်တွေကို လမ်းတောင်းတယ်။ ခဏဖယ်ကြပါဗျာဆိုပြီး ကျွန်တော်တို့က ဖယ်ပေးလိုက်တယ်။

စောစောကပြောတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူနဲ့ ကိုဝင်းဦးဟာ ဆတ် ဆတ်ဆိုပြီး သင်္ဘောပေါ်ကဆင်း၊ ဗွက်တောထဲကို လမ်းလျှောက်ဝင်သွားပြီး ပရိသတ်ကြားထဲ ရောက်ရှိသွားပါတယ်။ အဲဒီအခါ ပရိသတ်က သူ့ကို အုံခဲပြီး ဝိုင်းဝန်းနှုတ်ဆက်ကြတယ်။ သူကလည်း ပြန်နှုတ်ဆက်တယ်။ အဲဒီအချိန်မှာ တောသူတောင်သားတွေနင်းထားတဲ့ ဗွက်တွေရော သူနင်းထားတဲ့ဗွက်တွေပါ သူ့ရဲ့ဝတ်စုံအဖြူမှာ ပေစွန်းနေတယ်။ အဲဒီအချိန်မှာ ကိုဝင်းဦးက လက်ခုပ်ကလေးတီးပြီးတော့ ‘မှုံရွှေရည်၊ ခိုင်မာလာနှင်းဆီ’ ဆိုတဲ့ သူ့ရဲ့ Master piece ၊ သူ့ရဲ့ အဓိကအကျဆုံး သီချင်း၊ မှုံရွှေရည်သီချင်းကို လက်ခုပ်တီးဆိုပြတယ်။ ဆိုပြတဲ့အချိန်မှာ တောသူတောင်သားတွေ၊ အမျိုးသမီးတွေကလည်း လက်ခုပ်တွေဝိုင်းတီးပြီးတော့ ကကြတယ်။ ကိုဝင်းဦးကို ဝိုင်းပတ်ချာလည် ဆိုကြကကြတယ်။

အဲဒီအချိန်က ကိုဝင်းဦးကို ကျွန်တော် ကနေ့အချိန်အထိ ဘယ်တော့မှ မမေ့တော့ပါဘူး။ အဲဒီတုန်းက ကျွန်တော် မျက်ရည်တောင် လည်ပါတယ်။ ဒါဟာ မြန်မာသံကို မြန်မာလူမျိုးတွေ အားပေးကြပုံ၊ ဒီနေ့အထိလည်း အားပေးကြတုန်းဆိုတာကို ကျွန်တော် ပမာပြုချင်တာပါ။ ကဲ… ကျွန်တော့် ကိုယ်ရေးကိုယ်တာလေး ပြောပါရစေ၊ ကျွန်တော့်ဆိုရင်လည်း ဒီအဘိုးကြီး အသက် ၅၇ နှစ်ရောက်တဲ့အထိ နယ်ပရိသတ်တွေ လက်ခံနေတုန်းပါ။ ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ မြန်မာသံဆိုနေလို့ပါ။ အဲဒီ မြန်မာသံဆိုပေးတဲ့၊ ဆိုနေတဲ့ ကျေးဇူးဟာ ဘယ်လောက်အထိ ထိရောက်သလဲဆိုရင် ကျွန်တော့်သား ဒီနေ့ လူငယ်လေးဖြစ်တဲ့ ‘ဖိုးသောကြာ’ အသံနဲ့ ဆိုပေါက်လေး ရပြီဆိုတဲ့အခါကျတော့ သူများတွေ ဆိုချင်စိတ်နည်းတဲ့ မြန်မာသံကို ဒီကလေးက ဒိုင်ခံဆိုရှာပါတယ်။

အဲဒီအတွက် ကျေးဇူးတရား ဘာရသလဲဆိုရင် ဟော ဒီကနေ့ နယ်အထိ၊ အထူးသဖြင့် ကျေးလက်ပေါ့။ မြို့ဆိုရင်လည်း မန္တလေးတို့၊ မကွေးတို့၊ မုံရွာတို့၊ မြင်းခြံ။ မိတ္ထီလာတို့ဆိုရင် ခုလို ရာသီတွေရောက်တဲ့အခါမှာ ဖိုးသောကြာကို ခေါ်ပါတယ်။ အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ ဆိုခိုင်းပါတယ်။ မြန်မာသံကို ဂုဏ်ပြုကြပါတယ်။ ငွေကြေးတွေလည်း ပေးကြပါတယ်။ ထောက်ပံ့ကြပါတယ်။

ဒါဟာ မြန်မာသံကို ဒီနေ့လူငယ်လေးက လက်ဆင့်ကမ်း သယ်ဆောင်ထားတဲ့ အကျိုးကျေးဇူးတွေပါပဲ။ ကဲ စကားမစပ် ထပ်ပြောလိုက်ပါဦးမယ်။ ကော်ပီနဲ့ပတ်သက်လို့ပါပဲ။ ဥပမာတစ်ခု၊ မြန်မာသံကော်ပီကို ကျွန်တော်က ဒီဟာပြောတဲ့အခါ စောစောကပြောခဲ့တယ်။ ဦးသိန်းတန်နဲ့ ပမာပြုရတယ်။ ဦးသိန်းတန်ကို နယ်ပရိသတ် လက်ခဲ့တဲ့ကိစ္စလည်း ပတ်သက်နေပါတယ်။ ကျွန်တော်လည်း ဆိုခဲ့ပါတယ်။

ဟိုးရှေးရှေးတုန်းက ပြည်လှဖေဆိုခဲ့တဲ့ ‘ဆွတ်ချူရန် ခက်ပါရဲ့၊ မျက်ပါနဲ့ သက်လယ်ရယ်၊ အုံ့ပုန်းမောင့် မျက်နှာငယ်မှာ’ ဘာညာပေါ့လေ။ အဲဒီတေးထပ်ကို ကော်ပီလုပ်ပြီးတော့ ကိုသိန်းတန်က ‘တူနှစ်ဖြာ ရွှေဂဟေဆက်လို့’ ဆိုပြီးတော့ ဒီသံစဉ်ကိုပဲယူပြီး ဆိုလိုက်တဲ့အခါကျတော့ တစ်နိုင်ငံလုံး ဟုန်းဟုန်းတောက် ဖြစ်သွားတယ်။ တစ်နိုင်ငံလုံးက မင်္ဂလာဆောင်တိုင်းမှာ မဖြစ်မနေ ဖွင့်ကိုဖွင့်ရတဲ့ သီချင်းတစ်ပုဒ် ဖြစ်ကိုဖြစ်သွားတယ်။ ဒါကို ကျွန်တော်က စောင်းဦးအောင်သန်းနဲ့တွဲဖက်ပြီး နှစ်ပုဒ် ယှဉ်ဆိုပြပါမယ်။

အဲဒီ နှစ်ပုဒ်ကို ဆိုပြပြီးတော့ ဒီအပတ် စကားမစပ်ကိုလည်း နိဂုံး အဆုံးသတ်လိုက်ပါတယ်။

‘ဆွတ်ချူရန် ခက်ပါရဲ့၊ မျက်ပါနဲ့ သက်လယ်ရယ်၊ အုံ့ပုန်းမောင့် မျက်နှာငယ်မှာ အကွက်မလယ်နိုင်သေး၊ ရွှေငုံးမင်း အမြီးမျှော်သလို၊ ရွှေငုံးမင်း အမြီးမျှော်သလို၊ ခရီးတော် နီးရက်နဲ့ဝေး… ဝေး… ဝေး’

‘တူနှစ်ဖြာ ရွှေဂဟေဆက်လို့၊ သွေမပျက်တဲ့မေတ္တာ….၊ ရေစက်ရဲ့ ရှေးအခါ၊ မနှေးခါခါ ဟစ်ကြွေး၊ ချစ်ရေးခု သမုဒယနွယ်လာ၊ သြော် ချစ်ရေး ခု…. သမုဒယနွယ်လာ…၊ ယခုဘဝတကယ် ဘယ်မမုန်းတော့လေး… လေး… လေး’

ကျွန်တော့်ရဲ့ ပထမဦးဆုံး ကက်ဆက်ခွေ ပန်းတွေနဲ့ဝေ

ကျွန်တော်ဟာ သြော်… ဒါနဲ့စကားမစပ်ဆိုတဲ့ အနုပညာနဲ့ဆိုင်တဲ့ ကိုယ်တွေ့စီးရီးလေးကို ပြောပေးခဲ့တာ ခြောက်ကြိမ်မြောက်ပါပြီ။ အဲဒီတော့ ကျွန်တော့် စကားပြောလေးတွေကို ပြန်ပြီးနားထောင်တဲ့အခါကျတော့ ပျော့ကွက်၊ ဟာကွက် ချို့ယွင်းချက်တစ်ချို့ တွေ့ရပါတယ်။ ပြောကြကြေးဆိုရင်တော့ ဒါဟာ လုပ်ငန်းတစ်ခုကို စတင်ခါစမှာ ဖြစ်တတ်၊ ပျက်တတ်တဲ့ လူ့သဘာဝလို့ ပြောလို့ရပါတယ်။

တစ်ခုရှိတာက ကျွန်တော်က စိတ်နုသူပါ။ အလုပ်တစ်ခုလုပ်ရင် သုတ်သုတ်သုတ်သုတ်နဲ့ လုပ်တတ်တဲ့ သဘာဝရှိတယ်။ စိတ်လှုပ်ရှား လွယ်တယ်ပေါ့လေ။ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် လုပ်တတ်တဲ့သဘော ဖြစ်နိုင်ပါတယ်။ အလောသုံးဆယ်ပေါ့လေ။

ဒါနဲ့ စကားမစပ်ပြောရရင် ‘အလောသုံးဆယ်’ ဆိုတဲ့ ဝေါဟာရစကားကို ပြောပါရစေ။ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အထူးသဖြင့် လူကြီးတွေပြောကြတယ်၊ ‘အလောသုံးဆယ်၊ အလောသုံးဆယ်’ နဲ့ပြောကြတယ်။ ပျာယာခတ်တာပေါ့၊ ပျာယာခတ်ပြီး လုပ်တတ်ကိုင်တတ်တဲ့ သဘောကိုပြောကြတာ။ ဒါပေမဲ့ တစ်ချိန်တုန်းက ပညာရှင်တစ်ယောက်က ကျွန်တော့်ကို အမှတ်မထင်ပြောတာလေး ဗဟုသုတအဖြစ် ပြန်ပြောချင်ပါတယ်။ ဟုတ် မဟုတ်ကတော့ သောတရှင်တို့အနေနဲ့ စဉ်းစားကြပေါ့ဗျာ။

လူတစ်ယောက်ဟာ ကွယ်လွန်ခါနီးမှာ ဇောငါးတန် ပြန်တတ်တယ်တဲ့။ သေခါနီး ဇောပြန်တယ်လို့ ပြောကြတာပေါ့လေ။ ပထမဦးဆုံးဇောနဲ့ နောက်ဆုံး နံပါတ်ငါးဇောက နည်းနည်းညင်သာတယ်တဲ့။ အလယ်ကောင် သုံးဇောက ဖျပ်ဖျပ်လူးခံရတယ်တဲ့။ အဲဒါကြောင့် အလယ်သုံးဇောကို အလောသုံးဆယ်လို့ ရှေးလူကြီးတွေက ခေါ်တာတဲ့။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ ဒါက စကားမစပ်ပြောတာ။

အဲဒီတော့ ကျွန်တော်က အလောသုံးဆယ်လုပ်တတ်တဲ့ သဘာဝရှိတဲ့အတွက်ကြောင့် စောစောကပြောသလို အစပိုင်းပြောကြားချက်တွေမှာ နည်းနည်း စိတ်လှုပ်ရှားတဲ့အတွက်ကြောင့် အပြောအဆိုတွေ သွက်သွားတာလည်း ပါကောင်းပါပါလိမ့်မယ်။ ဘယ်လိုဖြစ်သလဲဆိုရင် အနုပညာပိုင်းဆိုင်ရာကို ပြောနေရင်းနဲ့ အဲဒီမှာပဲ ရုပ်ရှင်ကနေ ဂီတရောက်လိုရောက်၊ ဂီတကနေ စာပေရောက်လိုရောက်၊ စာပေမှာပဲ ဘာသာပြန်ကနေ ဝတ္တုရောက်လိုရောက်၊ ရောက်ရောက်သွားတာလေးတွေအတွက် ကျွန်တော်က တောင်းပန်ပါတယ်။ နောက်ပိုင်းတော့ အကြောင်းအရာကို ခွဲပြောသွားပါတယ်။ ခွဲတာတောင်မှ အခုစစချင်း ကျွန်တော် ဂီတကို ဇောင်းပေးပြောလာတာကို တွေ့ကြရမှာပါ။

အဲသလို ဂီတအကြောင်းတွေကို ဇောင်းပေးပြောလာရင်းကပဲ တစ်ခါတစ်လေကျတော့ ကျွန်တော် ကိုယ့်အကြောင်းကိုယ် ပြောတာတွေ များသွားတတ်တယ်။ တစ်ခါတလေကျတော့လည်း ပညာရပ်ဆိုင်ရာ အကြောင်းတွေကို ပြောတာတွေ များသွားတတ်တယ်။

သို့သော်လည်း ကျွန်တော်သတိထားပါတယ်။ ကျွန်တော့်အကြောင်း ကျွန်တော်ပြောနေပေမယ့်လို့ အဲဒီအထဲမှာပဲ ပညာရပ်ဆိုင်ရာ အကြောင်းတွေပြောနေရင်း ကျွန်တော့်ကိုယ်တွေ့အကြောင်းတွေဘက် တိမ်းသွားတတ်တာတွေရှိပါတယ်။ ဒါတွေဟာ အထူးသဖြင့် ဒီကနေ့ လူငယ်တွေအတွက် ယူတတ်ရင် ရလိမ့်မယ်လို့ ကျွန်တော် ရိုးသားစွာ ပြောလိုပါတယ်။

ကောင်းပါပြီ၊ ပြီးခဲ့တဲ့အပတ်က ကျွန်တော်ရဲ့စကားတွေ ပြန်ဆက်ရရင် ကျွန်တော်ဟာ 'လယ်တောကအပြန်' ဆိုတဲ့ သီချင်းလေးနဲ့၊ မြန်မာအသံကောင်းမှုနဲ့၊ ကျွန်တော့်အစ်ကိုရဲ့ကောင်းမှုနဲ့ မြန်မာသံဂီတလောကထဲကို စတင်ခြေချခွင့်ရခဲ့တယ်။ ကောင်းပါပြီ၊ အဲဒီအချိန်က မြန်မာ့အသံကို သောတရှင်တွေက အားကိုးနေရသလို တစ်ပြိုင်နက်တည်းမှာလည်း ကက်ဆက်တွေကလည်း ပေါ်နေပါပြီ။ ဓာတ်ပြားခေတ်ကလည်း ကုန်သွားပါပြီ။ အဲဒီတော့ ကက်ဆက်ကိုပဲ အားကိုးရပါတယ်။ ခုခေတ်လို စီဒီခွေတွေကလည်း မပေါ်သေးဘူးပေါ့လေ။

ကက်ဆက်ကို အားကိုးရတယ်ဆိုတာလည်း ကျွန်တော်တို့ဟာ ကက်ဆက်လိုင်းကို ဝင်နိုင်ဖို့ဆိုတာလည်း အရေးကြီးတာတွေ ရှိပါတယ်။ ဘယ်ပုံဘယ်နည်း ဝင်ရမလဲဆိုတာကို ကျွန်တော်က မသိဘူးဗျ။ အဲဒီခေတ်က မြန်မာသံတွေထက် နည်းနည်းလေးရှေ့ရောက်ပြီး ခေတ်စားနေတာက အနောက်တိုင်းဂီတ စတီရီယိုတေးဆိုတဲ့ တေးသီချင်းတွေ ခေတ်စားနေတာပါ။

ကျွန်တော်လည်း ဘာမို့လို့လဲ၊ လူငယ်ပဲ။ အဲဒီဘက်ကို စိတ်သန်တာပေါ့လေ။ သို့သော် ကံတရားက ကျွန်တော့်ကို မြန်မာသံဘက်ဆီပဲ ပို့လိုက်တာကိုး။ ပို့လိုက်တာမှ စစချင်းကို အဲဒီ 'လယ်တောကအပြန်' ဆိုတဲ့ ခြေဆင်း သဖြန်ပေါ့လေ။ ခွန်းထောက်ကလေးနဲ့စပြီးတော့ မြိုင်ထနဲ့ အဆုံးသတ်တဲ့သီချင်းနဲ့ ပေါက်သွားတာပေါ့နော်။ ပရိသတ်ကလည်း မြန်မာသံဘက် လိုက်နားထောင်တဲ့အချိန်ဖြစ်လာတော့ ကျွန်တော် မြန်မာသံနဲ့ ပေါက်ပြီး ကံတရားက အဲဒီလိုဖြစ်သွားတာ။

ဒီ့အပြင်မှာ ကက်ဆက်ဘက်ကို လိုင်းပြောင်းဖို့ဖြစ်လာပုံက ဒီလိုဗျ။ ဒီနေရာမှာလည်း ကျေးဇူးတရားကို ဖော်ထုတ်ရမယ့် သဘောရှိပါတယ်။ တစ်နေ့မှာ ကျွန်တော်က အဖေနဲ့နှစ်ယောက်သား မော်တော်ကား ပြင်နေတာ၊ စုတ်ပြတ်ပေရေလို့ပေါ့ဗျာ။ အဲဒီအချိန်မှာ တယ်လီဖုန်းလာတယ် ဆိုတော့ သွားကိုင်တာ။ ဒီကနေ့ ဂန္တဝင်အဆိုတော်ကြီးလို့ ပြောနေကြတဲ့ ဦးမင်းနောင်၊ အစ်ကိုကြီးကိုမင်းနောင်ဆီက ဖြစ်နေတယ်။ သူက ဘာပြောသလဲဆိုတော့ -

"ဟေ့ ဗလကြီးရေ၊ ကိုကို့အိမ်ကို လာခဲ့စမ်းပါဦး" တဲ့။

ကိုကိုဆိုတာ တခြားမဟုတ်ပါဘူး။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဂီတလုလင်ဦးကိုကိုပေါ့။ ကျွန်တော်လည်း မငြင်းပါဘူး၊ ချက်ချင်းပဲ ပေပေရေရေနဲ့ ကိုကို့အိမ်သွားလိုက်တယ်။ ဟိုရောက်သွားတော့ တီးဝိုင်းအစုံအလင်နဲ့ တွေ့ရပါတယ်။

'ကဲ၊ ရော့ကွာ' တဲ့၊ 'သီချင်းလေး ချပေးမယ်' ဆိုပြီး စာရွက်ထိုးပေးတယ်။ မြိုင်ထလေး ချပေးမယ်တဲ့၊ ကျွန်တော်ကလည်း ဆိုမယ်ပေါ့။ ဂီတလုလင်ဦးကိုကိုတို့၊ ကိုမင်းနောင်တို့ကို စတိတ်ရှိုးတွေမှာ တွေ့ဖူးနေတော့ သိပါတယ်။ အဲဒီမှာရှိတဲ့ စောင်းတီးတဲ့ အဘိုးအိုကြီးတစ်ယောက်ကိုတော့ ကျွန်တော်မသိပါဘူး။ သို့သော်လည်း ကျွန်တော်က ဒီမြိုင်ထ စသဖြင့်ကို နားယဉ်နေတာပေါ့လေ။ နားယဉ်နေတယ်ဆိုပေမယ့်လည်း စကားမစပ် ပြောရလို့ရှိရင် ကျွန်တော့်ကို လက်ထပ်သင်ပေးထားတဲ့ဆရာ မရှိပါဘူး။ ကျွန်တော်ကလည်း တကူးတက သင်ယူထားတာ မရှိပါဘူး။ ရိုးရိုးသားသာ ဝန်ခံတာပါ။

အဲ... ကျွန်တော့်မှာ ငယ်စဉ်တောင်ကျေးကတည်းက ကျေးဇူးရှိခဲ့တာက အဖေရယ်၊ အမေရယ်၊ အဖေ့ရဲ့အစ်မ ကြီးတော်ကြီးရယ်။ အဓိကက အဖေနဲ့ကြီးတော်၊ နားအင်မတန် လေးတာဗျ။ ဂျပန့်ခေတ် ဗုံးတွေချတော့ အဲဒီဒဏ်တွေပေါ့လေ။

ကြီးတော်ကြီး နားအင်မတန်လေးတော့ သူတို့ခေတ်က ရေဒီယိုကြီး နားထောင်ရင် Volume အဆုံးတင်ထားတာ။ အိမ်ထဲတင်မက တစ်ခြံလုံး ကြားရအောင် အကျယ်ကြီးနားထောင်ရတယ်။ အဲဒီတော့ သူတို့ခေတ်ကလွှင့်တဲ့ သီချင်းကြီးတွေ၊ ခေတ်ဟောင်းသီချင်း၊ မြိုင်ထ စသည်ဖြင့်ပေါ့ အဲဒီခေတ်ကပေါ်တဲ့ မြန်မာသံသီချင်းတွေက နားမဆံ့အောင်ကြားရတော့ ကျွန်တော့်အဖို့ အလိုလိုနားလေ့ကျင့်ပြီးသားဖြစ်တာပေါ့။ အမေကလည်း မဟာဂီတဦးပြုံးချိုကျောင်းထွက်ဆိုတော့ ကျွန်တော်တို့အိပ်ရာဝင်ချိန်မှာ ချော့သိပ်တဲ့ 'လူကလေးရဲ့အိပ်ချိန်တန် ဗျိုင်းရှေ့ကပျံ' အဲဒါတွေ ဆိုပြီးသိပ်တာ မဟုတ်ဘူးဗျ။
 'အို... မဝေးဘု ရောက်လုပါပြီ၊ မြနောင်ညီ သာကီနေသို့ထွန်း' ဆိုတဲ့ သီချင်းကြီးနဲ့ ချော့သိပ်တာဗျ။ အဲဒီတော့လည်း ကျွန်တော့်နားရည်က ဝနေတာပေါ့။ စောစောကပြောတဲ့ မြိုင်ထဆိုတော့လည်း ဆိုကြည့်တဲ့အခါ ဖြစ်သွားပြီး တစ်ခေါက်တည်းနဲ့ ဝင်သွားတာပေါ့ဗျာ။ အံ့သြစရာ ကောင်းတာပေါ့။ ဒီ ဂီတပညာရှင်ကြီးတွေ ဦးကိုကိုတို့ရှေ့မှာ တစ်ခါတည်းနဲ့ ဝင်သွားတဲ့အခါ ချီးကျူးကြတာပေါ့ဗျာ။

အဲဒီမှာ စောစောကပြောတဲ့ စောင်းကောက်ကြီးတီးနေတဲ့ အဘိုးကြီး မှန်ခန်းထဲကလည်း ထွက်လာရော၊ အဲ စကားမစပ်ပြောရဦးမယ်။ ကျွန်တော်နဲ့ တွဲဖက်သီဆိုတာက အလွန်ဝါရင့်တဲ့ အေဝမ်းတင်တင်လှဆိုတဲ့ အစ်မကြီးဗျ။ ကျွန်တော် ကံကောင်းချက်ကတော့ ဂီတလုလင်ဦးကိုကိုတို့၊ အေဝမ်းတင်တင်လှတို့နဲ့ တွဲအလုပ်လုပ်ရတယ်။ ပြီးတော့ စတူဒီယိုမှန်ခန်းထဲ ထွက်လာရော စောင်းကောက်တီးတဲ့ အဘိုးကြီးက -

"ဟေ့ကောင်လေး လာစမ်းပါဦးကွ"

ဆိုပြီး ခပ်ငေါက်ငေါက်ကလေး ခေါ်တယ်ဗျ။ ကျွန်တော်က သူ့ရှေ့မှာ ယို့ယို့ကလေး သွားရပ်တယ်။ အင်္ကျီတွေလည်း ပေပေရေရေနဲ့ပေါ့။

"မင်းခုနက မှန်ခန်းထဲသီချင်းဆိုနေရင်း ဖင်တပုတ်ပုတ်လုပ်နေတာ၊ ဘာလုပ်တာတုံးကွ" တဲ့။

ကျွန်တော်က မဖြေရဲဘူး။ အမှန်ကတော့ဗျာ ဘာရယ် မဟုတ်ဘူး။ သာမန်လူတွေလည်း သီချင်းဆိုရင် ဖင်ပုတ်ခေါင်းပုတ် လုပ်ကြတာပါလေ။ စည်းလိုက်တယ် ခေါ်သလား ဘာလားတော့ မသိဘူး။ အဲဒီလိုပဲ ပုတ်တာပေါ့ဗျာ။ အဲဒီတော့ -

"နောက် မှတ်ထားကွ၊ စည်းဝါးလိုက်ချင်ရင် င့ါခြေထောက်ကို ကြည့်စမ်း" တဲ့။

သူက ခပ်ငေါက်ငေါက် ဟောက်တာဗျ။ အဲ... နောက်တော့မှ သိရတယ်။ အဲဒီဝိုင်းကို ဦးဆောင်တီးနေတဲ့ စောင်းကောက်ဆရာကြီးဟာ အလင်္ကာကျော်စွာ ဆရာကြီးစောင်းဦးဘသန်းပေါ့ဗျာ။ ဟော ဘယ်လောက် ကံကောင်းသလဲဗျာ။ ဒုတိယဆိုရတဲ့ မြိုင်ထမှာ အလင်္ကာကျော်စွာ ဆရာကြီးစောင်းဦးဘသန်းနဲ့ တွေ့ရတာဗျာ။ အဲဒီသီချင်းလေးက ဘာဖြစ်သလဲဆိုောတ့ စောစောကပြောတဲ့ အစ်ကိုကြီးကိုမင်းနောင်၊ ဦးမောင်မောင်ကြီး၊ ဒေါ်တင်တင်မြ၊ ဒေါ်ထားတို့နဲ့ တွဲပြီး၊ ကြားညှပ်ပြီး စုံတွဲတေးတစ်ပုဒ်အနေနဲ့ ကက်ဆက်ထဲ ပါသွားတာ။ ဒီတော့ ကျွန်တော့်အသံ ကက်ဆက်ပေါ် ရောက်ရော။

ရောက်လည်းရောက်ရော အဲဒီအချိန်က မြန်မာသံတေးထုတ်လုပ်ရေးမှာ ခေတ်စားနေတဲ့ ဟင်္သာတေးသံသွင်းက ကျွန်တော့်ကို လက်စွဲဖြစ်သွားပါတယ်။ လက်စွဲဖြစ်သွားပေမယ့် အဲဒီတေးသံသွင်းက တစ်ယောက်တည်းတော့ မသုံးဘူးဗျ။ နာမည်ကြီးတဲ့ အဆိုတော်ကြီးတွေနဲ့ တွဲပြီး တစ်ပုဒ်တလေကြားညှပ်လို့ ကျွန်တော့်ကို ခေါ်သုံးပါတယ်။ အဲဒီလိုကနေ ကျွန်တော့်အသံလေးလည်း နည်းနည်းပါးပါး လူတွေနားယဉ်လာရော၊ ဟော ဟင်္သာတေးသံသွင်းက ကျွန်တော့်ကို တစ်ကိုယ်တော်ထုတ်မယ်ဖြစ်ပါလေရောဗျာ။

ဖြစ်တော့ ကျွန်တော်က အဲဒီအချိန်မှာ အရေးဆိုပါတယ်။ ကျွန်တော့်ကို မြန်မာသံခေတ်ဟောင်း စသဖြင့်လည်းလုပ်ပါ။ အခုဆိုရင် ခေတ်ပေါ်ဂန္တဝင် ခေါ်တာပေါ့နော်။ ခေတ်ပေါ်ဆန်ဆန် မြန်မာသံလေးလည်း လုပ်ပေးပါ ဆိုတော့ သူတို့ကလည်း ခွင့်ပြုပါတယ်။ အဲဒါနဲ့ ပထမဦးဆုံး ကက်ဆက်ခွေ 'ပန်းတွေနဲ့ဝေ' ဆိုတာ ဖြစ်ပေါ်လာတာပါပဲ။ အဲဒီ အခွေကိုတော့ စန္ဒရားတင်ဝင်းလှိုင်နဲ့ ကျွန်တော် လုပ်ခွင့်ရခဲ့ပါတယ်။ ကျွန်တော် ကံကောင်းပါတယ်။ အဲဒီအချိန်က စန္ဒရားဦးချစ်ဆွေ၊ ဦးလှထွတ်၊ အေဝမ်းဦးစိုးမြင့်တို့၊ စန္ဒရားဦးငွေစိုးတို့ စသဖြင့် တွဲခွင့်ရခဲ့ပါတယ်။ ဒီဆရာတွေက မြန်မာသံသမားတွေဖြစ်လို့မို့ ကျွန်တော် မြန်မာသံလမ်းကြောင်းမှာ လျှောက်ဖို့ ကံတရားက ဖန်တီးပေးတာပါ။

အဲဒီတော့ ပြောချင်တာက ကျွန်တော်ဟာ မြန်မာသံလောကကို ကံတရားနဲ့ အလိုလိုရောက်လာတာဖြစ်သလို ကျွန်တော်ဟာ အလိုလိုနေရင်းကပဲ မြန်မာသံကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်လာခဲ့ရတာပါ။ ကျွန်တော်ဟာ မြန်မာမှ မြန်မာဆိုပြီးတော့ မျိုးချစ်မျက်ကန်းတစ်ယောက် မဟုတ်ခဲ့ပါဘူး။ အဲသလိုပြောတဲ့အတွက်ကြောင့်လည်း ရိုးရာယဉ်ကျေးမှုကို အစဉ်တစိုက်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို စော်ကားတာ မဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းအလျောက် မြန်မာသံကို ကမ္ဘာက အသိအမှတ်ပြုအောင် လုပ်သင့်တယ်ဆိုတဲ့ အယူအဆကို လက်ခံတဲ့အကြောင်း ပြောချင်တာပါ။

ဒီဟာတွေကို ရှေ့လျှောက်ပြောရင်းနဲ့လည်း ပညာရပ်ဆိုင်ရာကိစ္စတွေကို ယှဉ်တွဲ ပြောပြသွားမှာပါ။ ဆိုကြပါစို့ဗျာ၊ ဖြစ်ချင်းဖြစ်ရင် ကျွန်တော်ဟာ ခေတ်မီ၊ ခေတ်ပေါ်လိုင်းဘက်ကို ရောက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် ဥပမာလေးတစ်ခု ပြောပြပါမယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် ဥပမာလေးတစ်ခု ပြောပြပါမယ်။ ကျွန်တော်ငယ်စဉ်က တက်ခဲ့ရတဲ့ကျောင်း၊ ပညာဆည်းပူးရတဲ့ကျောင်းဟာ စိန့်ပေါလ်ကျောင်း ခရစ်ယာန်မစ်ရှင်ကျောင်းမှာပါ။ အရင်တုန်းက ပုဂ္ဂလိကကျောင်းပါ။ အဲဒီကျောင်းတက်ရင် ဘိုနာမည်မှည့်ရပါတယ်။ ဒါပေမဲ့ ကျွန်တော် မမှည့်ခဲ့ပါဘူး။ ကျွန်တော်တို့အဖေက ဝဏ္ဏ၊ ဗလ စတဲ့မြန်မာနာမည်တွေပဲ မှည့်ပေးခဲ့ပါတယ်။

အဲဒီကျောင်းမှာက သူငယ်တန်းကစပြီး အထက်တန်းအထိ ကောင်းကင်ဘုံက ဘုရားသခင်ကို ချီးကျူးတဲ့ ဓမ္မတေးတွေကို မိုးလင်းကစပြီး ဆိုကြရပါတယ်။ ညနေကျောင်းဆင်း ဆိုရတယ်။ အင်္ဂလိပ်လို ပီပီသသ ဆိုရပါတယ်။ အဲဒီအပြင်ကို ဂီတသင်တန်းအချိန်ဆိုပြီးတော့ သီးသန့်ရှိပါတယ်။ အဲဒီမှာလည်း ခရစ်ယာန်ဘုန်းတော်ကြီးတွေက စန္ဒယားတီးပြီး ‘ဒို ရေ မီ ဖာ ဆို လာ တီ ဒို’ စတဲ့ အခြေခံကစပြီး အနောက်တိုင်း တေးဂီတကို သင်ယူရတယ်၊ ဆိုရပါတယ်။

ဟော၊ အဲသလောက် အနောက်တိုင်းတေးဂီတကို အခြေခံကစပြီး သင်ယူရတဲ့ကျောင်းမှာ ကျွန်တော့်လို အသံအခြေခံကောင်းတဲ့ လူငယ်လေးတစ်ယောက်ဟာ ဖြစ်ချင်းဖြစ်ရင် အနောက်တိုင်းသြဇာလွှမ်းမိုးတဲ့ ခေတ်ပေါ်၊ ခေတ်မီ တေးသံရှင်တစ်ယောက်ပဲ မဖြစ်သင့်ဘူးလားခင်ဗျာ။ ဒီ့အပြင်ကို အံ့သြစရာကောင်းတာက ကျွန်တော်နဲ့ တစ်တန်းတည်း၊ တစ်ခန်းတည်း၊ တစ်ခုံကျော်လောက်မှာ ထိုင်တဲ့သူငယ်ချင်းတွေက ဘယ်သူတွေလဲဆိုတော့ ဒီကနေ့ စတီရီယိုဖခင်ကြီးတွေ၊ ဦးလေးတွေလို့ ပြောလို့ရတဲ့ ပလေးဘွိုင်သန်းနိုင်၊ တက္ကသိုလ်အေးမောင်တို့။ အဲ သူတို့က တစ်ခန်းတည်း၊ အတန်းဖော် သူငယ်ချင်းတွေဗျ။

ငယ်ငယ်တုန်းက သူတို့ကျောင်းနာမည်တွေက ကိုသန်းနိုင်က ဟားဘတ်ဘဖြူ၊ ကိုအေးမောင်က ရယ်ဂျီဘဦးတဲ့။ သူတို့က အဲဒီတုန်းကတည်းက ကျောင်းကို ဂစ်တာခိုးယူလာပြီးတော့ အတန်းထဲမှာ တီးကြဆိုကြတယ်ဗျာ။ သူတို့က အဲဒီတုန်းကတည်းက ဂီတကို ဝါသနာပါတာ။ ကျွန်တော်က အဲဒီတုန်းက ဘောလုံးဝါသနာပါတာ။ ဆိုတော့ကာ အသိုက်အဝန်း ပတ်ဝန်းကျင်ကလည်း အနောက်တိုင်း ဘိုသံလွှမ်းမိုးတဲ့ ပတ်ဝန်းကျင်၊ ဖြစ်ချင်းဖြစ်ရင် အဲဒီဘက်မှာ ဖြစ်ရမှာပေါ့။

ဒါပေမယ့် ကံတရားက ကျွန်တော့်ကို ဒီဘက်ပို့လိုက်တာ၊ မြန်မာသံသမား ဖြစ်သွားတာ။ တချို့က ပြောကြတယ်၊ မြန်မာသံတွေ ကျဆုံးသွားပြီတဲ့၊ ကျွန်တော် အားမငယ်ပါဘူး။ အားငယ်စရာလည်း အကြောင်းမရှိပါဘူး။ ကျွန်တော်ဆက်ပြောပြမယ့်အထဲမှာ မြန်မာသံဟာ အားငယ်စရာ မဟုတ်ဘူးဆိုတာကို ပြောမှာမို့လို့ပါ။ ချက်ကျလက်ကျ ယုတ္တိတန်တန် ပြောပြမှာပါ။ ယေဘုယျပြောရရင်တော့ ဟုတ်ပါတယ်၊ မြန်မာသံဟာ ကျဆုံးနေတာပါလို့ ပြောလို့ရပါတယ်။ ဒါက ဒီနေ့မီဒီယာခေါ်တဲ့ ဂျာနယ်၊ ရုပ်ရှင်၊ တီဗွီ စတဲ့ ပိတ်ကားတွေ၊ မှန်သားပြင်တွေအပေါ်ကြည့်ပြီး ဆုံးဖြတ်ကြတာပါ။

တကယ်တမ်း တောတောင်ကျေးလက်တောရွာ ရောက်တဲ့အခါကျရင်တော့ မြန်မာသံအခိုင်အမာရှိသေးတယ်ဆိုတာကို တွေ့ကြရမှာပါ။ ဒါကိုလည်း ကျွန်တော်တိတိကျကျ ကိုယ်တွေ့နဲ့ယှဉ်ပြီးတော့ အချက်အလက်တွေနဲ့ ပြောပြမှာပါ။ ဥပမာတစ်ခုပေါ့လေ၊ ကျွန်တော် စကားမစပ်ပြောပါရစေ။ ဆိုပါစို့၊ မြန်မာသံဆိုတာ အင်မတန်ကျယ်ပြန့်ပါတယ်။ ဟိုး… သီချင်းကြီး နတ်ချင်းကနေစပြီးတော့ ဒီနေ့ ကိုသန်းလှိုင်၊ ဒေါ်တင်တင်မြ၊ စန္ဒရားချစ်ဆွေ စသဖြင့်၊ ဦးမင်းနောင်၊ အဲဒီအလယ် ခု ရာဇာဝင်းတင့်၊ စိုးစန္ဒာထွန်း၊ အနိုင် စသဖြင့် ကျယ်ပြန့်ပါတယ်။

ဟိုးခေတ်ဟောင်းကတည်းက ဒီကနေ့ နောက်ပေါ် မြန်မာသံတွေအထိ ပြောကြကြေးဆိုရင် အင်မတန် ကျယ်ပြန့်ပါတယ်။ အဲဒီအထဲက တစ်ခုပဲ ယူပြောကြပါစို့၊ သင်္ကြန်သီချင်းပေါ့လေ။ သင်္ကြန်ကျရင် သင်္ကြန်သီချင်းဟာ သေချာပေါက် ပါကိုပါလာရမယ်။ မြနန္ဒာတို့၊ တူးပို့တူးပို့တို့၊ မြူမှောင်ဝေကင်း၊ ရေကင်းသံ စသဖြင့် မဆိုမဖြစ်ပါ။

ဒါကလည်း ကျွန်တော့်ကိုယ်တွေ့ အများကြီးမို့ ပြောရဲတာပါ။ ဥပမာတစ်ခု ကျွန်တော်ပြောပြပါမယ်။ ဟိုး ဘိုးစဉ်ဘောင်ဆက်ကနေ ဒီကနေ့ထိ မင်္ဂလာဆောင်တဲ့အခါကျရင် မင်္ဂလာပွဲမှာ ‘အောင်ဇေယျတု ငွေခရုငယ် သင်္ခါ’၊ ပြီးတော့ ‘အခါတော်’ ဒီကနေလွဲပြီးတော့ တခြားအစားထိုးလို့ မရပါဘူး။ ဒါဟာ အလွန်တိကျတဲ့ သက်သေသက္ကာယပါ။

သင်္ကြန်ချိန်ဆိုလည်း ဒီအတိုင်းပါပဲ။ တခြားသီချင်းတွေနဲ့ အစားထိုးမရတဲ့ သင်္ကြန်သီချင်းတွေဟာ သက်သေတွေပါပဲ။ ကျွန်တော် မန္တလေးသင်္ကြန်မှာ ၁၄ နှစ်တိတိ ငွေငန်းနဲ့တွဲပြီး သီချင်းတွေဆိုခဲ့ပါတယ်။ မန္တလေးသင်္ကြန်နဲ့ မြို့မငွေငန်းနဲ့ကလည်း ခွဲမရပါဘူး။ ကျွန်တော်ဟာ မြို့မငွေငန်းနဲ့ မန္တလေးဗဟိုမဏ္ဍပ်မှာ ရှေ့ဆုံးက အဖွင့်သီချင်းဆိုခဲ့ရပါတယ်။ ဆိုတဲ့အခါတိုင်း ‘မြူမှောင်ဝေကင်း’ နဲ့ ဖွင့်ပါတယ်။ ကျွန်တော်က မြနန္ဒာနဲ့ မဖွင့်ပါဘူး။ ရိုးနေလို့ပါ၊ မြူမှောင်ဝေကင်းက မြနန္ဒာလောက် မသွက်ပေမယ့်လည်း လေးလေးအေးအေးနဲ့ ရင်ထဲနှလုံးသားထဲထိ ရေကင်းသံ တဂျိမ်းဂျိမ်းနဲ့ ဝင်တိုးတဲ့အတွက်ကြောင့် ကျက်သရေအလွန်ရှိတယ်။ ကြက်သီမွေးညင်း ထရတယ်။ ကလို့လည်း ငြိမ့်ညောင်းတယ်လို့ ထင်လို့ပါ။

အဲဒီ ကျွန်တော့်အတွေ့အကြုံအရလည်း ငွေငန်းပေါ်ကနေ မျက်စိတစ်ဆုံးမြင်နေရတဲ့ ဖွေးဖွေးလှုပ်နေတဲ့ ပရိသတ်ကြီးရဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းအကဟာ မြင်ရတာ အလွန်စိတ်ချမ်းသာစရာကောင်းပါတယ်။ ၁၄ နှစ် ဆက်တိုက် ဖျော်ဖြေခဲ့တာ ကျွန်တော်။

 ကျွန်တော့်လိုပဲ မှတ်တိုင်ထူခဲ့သူက ဘယ်သူလဲဆိုတော့ အရှိန်အဝါအလွန်ကြီးတဲ့၊ ကျွန်တော့်ထက်လည်း အလွန် ချောမောပြီးတော့ ကိုယ်ရောင်ကိုယ်ဝါ အလွန်တောက်ပတဲ့ ရုပ်ရှင်မင်းသားကြီး ဝင်းဦးပါ။ သူက ၁၀ နှစ်လုံးလုံး ငွေငန်းနဲ့အတူ မန္တလေးသင်္ကြန်မှာ ဖျော်ဖြေခဲ့တာပါ။ ကျွန်တော် သိရသလောက် အဲဒီ ၁၀ နှစ်နောက်ပိုင်းမှာ မင်းသားကြီး ဝင်းဦးလည်း ငွေငန်းနဲ့ ခွာပြီးတော့ မန္တလေးသင်္ကြန်ကို မရောက်တော့ဘူးလို့ ကြားပါတယ်။

ကျွန်တော်ကတော့ ကံတရားပဲဗျ၊ ကိုယ့်ကိုယ်ကိုယ် ပညာရှင်လို့လည်း မသတ်မှတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိပ်နှိမ်ချတာလည်း မဟုတ်ပါဘူး။ ကျွန်တော်က ပါရမီရှင်လို့ ပြောလို့ရပါတယ်။ ပါရမီရှင်ဆိုလို့ မြတ်စွာဘုရားရဲ့ ပါရမီ ၁၀ ပါးကို အမှီပြုပြီးတော့ ကိုယ့်ကိုယ်ကိုယ် စန်းတင်တယ်လို့လည်း မထင်ကြစေလိုပါဘူး။ ကျွန်တော်ပြောချင်တဲ့ ပါရမီဆိုတာကလေ၊ ကျွန်တော့်အမေပြောသလိုပေါ့လေ၊ သားကတဲ့ ပြီးခဲ့တဲ့ ဘဝဘဝက သူတော်ကောင်းတွေကို ကြေးစည်၊ ခေါင်းလောင်း လှူဖူးလို့လား မသိပါဘူးကွယ်၊ ဒီဘဝမှာ အသံကောင်းတာလို့ ပြောသလိုပါပဲ။ အဲသလိုဖြစ်ရင်လည်း ဖြစ်နိုင်ကောင်းရဲ့၊ ဒါ့အပြင် ငယ်ငယ်တုန်းက ဒီလိုပဲ အသံနဲ့ ပတ်သက်တဲ့ ဒါနလေးတွေ ပြုဖူးလို့သော်လည်းကောင်း အရွယ်ရောက်လာတဲ့အခါ နားထောင်ခဲ့ရတဲ့ သီချင်းတွေကြောင့်လည်း ဖြစ်နိုင်ကောင်းရဲ့။ ဒီသဘောတွေကြောင့် ကျွန်တော် အသံနဲ့လုပ်စားလို့ရခဲ့တာလို့ သတ်မှတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ပဲ သတ်မှတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတာလည်း မဟုတ်ပါဘူး။ နှိမ်ချတာလည်း မဟုတ်ပါဘူး။

ကျွန်တော့်ဘဝမှာ မြန်မာအသံ အဆိုတော်ဖြစ်တာလည်း မတော်တဆ ခရီးသွား ဟန်လွှဲဖြစ်ခဲ့တာ၊ ကက်ဆက်အဆိုတော် ဖြစ်တော့လည်း ထွက်ဖြစ်တာလည်း ဒီလိုပဲ ကြုံရင်းဆုံရင်း ဖြစ်သွားတာ။ ရုပ်ရှင်မင်းသားဖြစ်တာလည်း မတော်တဆ ဖြစ်ခဲ့တာပါ။ ရုပ်ရှင်အကြောင်းရောက်ရင် ရုပ်ရှင်မင်းသား ဖြစ်ခဲ့ပုံလေးတွေ ပြောပါဦးမယ်။ ဒါဟာလည်း ချိုးနှိမ်ပြီးပြောတာ မဟုတ်ပါဘူး။ လောကမှာ ဒီလိုပဲ တိုက်ဆိုင်မှုတွေ ရှိတတ်တယ်ဆိုတဲ့ အကြောင်း ပြောတာပါ။ အဲဒီတော့ မန္တလေးသင်္ကြန်နဲ့ တိုက်ဆိုင်တာလည်း ဒီလိုပဲ မတော်တဆပါပဲ။ ကျွန်တော်က မန္တလေးကို ရုပ်ရှင် ရိုက်ရအောင် သွားခဲ့တာပါ။

ရုပ်ရှင်ရိုက်တော့ သင်္ကြန်နားနီးရက်၊ ရုပ်ရှင်ရိုက်ပြီးတော့ နားတဲ့အချိန်မှာ ဖြစ်ချင်တော့ မန္တလေးမြို့မအသင်းက ကျွန်တော့်အသံကို ကြိုက်လို့ဆိုပြီး ကျွန်တော့်အပေါ် သံယောဇဉ်ဖြစ်တာ။ ဖြစ်တော့ သင်္ကြန်နားကပ်တဲ့အချိန်မှာ ကျွန်တော်နဲ့ သွားဆုံကြတယ်။ စားရင်းသောက်ရင်း စကားစမြည်ပြောရင်း -

“အေး ကိုသုမောင်ရေ၊ ဗိုသုရေ… ငွေငန်းရပ်နေတာကြာပြီ၊ ဒီနှစ်တော့ ပြန်ထွက်မယ်လို့ စိတ်ကူးတယ်။ ခင်ဗျားကြီး ဝင်ဆိုပါလားဗျ” တဲ့။

ကျွန်တော်ကလည်း -

“ကောင်းသားပဲဗျာ”

ဆိုပြီး လွှတ်ခနဲ ပြောလိုက်တာ။ သဘောကတော့ဗျာ၊ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ခုချိန်မှာတော့ မရှက်တော့ပါဘူး။ မူးမူးရူးရူးနဲ့ စွတ်ပြောလိုက်တာဗျ။ သူတို့ကလည်း ခေါင်းညိတ်ပြီးတော့ ငွေငန်းဆင်ထားတဲ့ မဏ္ဍပ်ကားကြီးနဲ့ လာခေါ်ပါလေရောဗျာ။

အဲဒီမယ် ဘာရယ်မဟုတ်ဘဲနဲ့ တက်ဆိုရင်းကနေ မြန်မာသံ မြူမှောင်ဝေကင်းကို စွဲပြီးတော့၊ မန္တလေးသင်္ကြန်ပရိသတ်ကိုစွဲပြီး၊ အထူးသဖြင့်ကတော့ ကိုဝင်းဦးလက်ထက်က ရွှေခြေကျင်းကြီးတွေ၊ ရွှေဆွဲကြိုးကြီးတွေ၊ ရွှေလက်ကောက်ကြီးတွေ တဝင်းဝင်းနဲ့၊ စံပယ်ပန်းတွေ၊ သဇင်ပန်းတွေ ဝေနေအောင်ပန်တဲ့ အသက် ၄၀ ကျော်၊ ၅၀ အဘွားကြီးတွေက ကျွန်တော်ဆိုနေတဲ့အခါမှာ ကိုဝင်းဦးကို စွဲသလိုမျိုး မြန်မာသံပီပီသသဆိုတဲ့ ‘မောင်သုမောင်’ ဆိုတဲ့ ကောင်လေးကို ချစ်နိုးနားနဲ့ ချစ်စနိုးနဲ့ ဒီငွေငန်းကြီးကို ပတ်ပတ်ပြီး ကကြတာ။ အဲဒါကို အသည်းခိုက်ပြီးတော့ နောက်နှစ်လည်း မန္တလေးကိုသွား၊ နောက်နှစ်လည်း မန္တလေးသင်္ကြန်ကျရင် မနေနိုင်တဲ့ ကျွန်တော် ၁၄ နှစ်တိတိ တိုင်ခဲ့ရတာဗျာ။

အဲဒါ မန္တလေးသင်္ကြန်နဲ့၊ သုမောင်တို့ ထပ်တူထပ်မျှ ချစ်ခဲ့ကြတဲ့အကြောင်းပါ။ တစ်နည်းပြောရရင် သင်္ကြန်ရယ်၊ မြန်မာသံရယ်၊ မြန်မာပရိသတ်ရယ် ထပ်တူထပ်မျှ အံဝင်ခွင်ကျသဘောကို ပြောချင်တာပါ။ အဲဒီနောက်မှာတော့ တစ်ခါတစ်ရံ ကိုရန်အောင်လေး သွားတတ်တယ်လို့လည်း ကြားပါတယ်။ ပြီးတော့ ကျွန်တော့်အသံနဲ့ ထပ်တူထပ်မျှလို့ ယေဘုယျအားဖြင့် ပိရိသတ်က ဆုံးဖြတ်တဲ့ ကျွန်တော့်သားလေး ဖိုးသောကြာကလည်း အခုဆိုရင် လေးငါးနှစ်ရှိပါပြီ၊ မန္တလေးသင်္ကြန်နဲ့တွဲတာ။ ကျွန်တော်ကလည်း ဘယ်လိုခေါ်မလဲဗျာ။ မန္တလေးသင်္ကြန်က ဒီမှာလို မဟုတ်ဘူးဗျ။ ငွေငန်းနဲ့ လှည့်ပြီဆိုရင် လေးငါးညကို ညနေငါးနာရီလောက်ကနေ နောက်နေ့ ကိုးနာရီ ၁၀ နာရီလောက်အထိ ငွေငန်းယာဉ်ကြီးပေါ်မှာ မတ်တပ်ရပ်ရတာ ဆိုတော့ကာ အသက်အရွယ်အရ မဟန်နိုင်တော့ဘူး။ အိပ်ရေးပျက်လည်း မခံနိုင်၊ အသံလည်း ကုန်လာ၊ မောလာဆိုတော့ သားကို တစ်လှည့် အလှည့်ပေးရတာပေါ့လေ။ ဒါလည်း ကိုယ့်သားကိုယ် မြှောက်ပေးတာ မဟုတ်ပါဘူး။ အသံကတူတော့ အညာပရိသတ်၊ အထူးသဖြင့် မန္တလေးပရိသတ်ပေါ့။ ဒီသုမောင်ကြီးရဲ့ အသံကို အစွဲအလမ်းကြီးကြတယ်။

ဝင်းဦးအသံကိုစွဲတော့ သုမောင်ကြီးကိုစွဲတယ်။ သန်းမြတ်စိုးကိုစွဲတော့ သုမောင်ကိုစွဲတယ်။ ဇော်ဝမ်းကိုစွတြော့ သုမောင်ကိုစွဲတယ်။ သုမောင်ကို စွဲတော့ ရန်အောင်ကိုစွဲတယ်။ ရန်အောင်ကိုစွဲတော့ ဖိုးသောကြာကိုစွဲတယ် စသဖြင့် သံယောဇဉ်လေးတွေကြောင့် ငယ်ဂုဏ်လေးရှိတဲ့ ဖိုးသောကြာကို သူတို့သံယောဇဉ်ဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့က လက်တွဲလေး ဖြုတ်ပေးလိုက်တာ။ ဒါပါပဲ။ ခုတော့လည်း ဖိုးသောကြာနဲ့ မန္တလေးငွေငန်းနဲ့ တွဲမိသွားတော့ ဝမ်းသာတာပေါ့။ ကိုယ့်သားမို့လို့ ကိုယ်ပြောတာဆိုရင်လည်း ခံရမှာပေါ့။ ဘာပဲဖြစ်ဖြစ် စေတနာအရင်းခံကတော့ မြန်မာသံလေး လက်လွှဲခွင့်ရတာပါ။

အဲ… စောစောကစကား ပြန်ဆက်ကြပါစို့၊ မြန်မာသံနဲ့ မြန်မာသံပရိသတ်ကိစ္စ။ ကျွန်တော်ပြောတဲ့ စကားမစပ်ကိစ္စမှာ မြန်မာသံကိစ္စကို ကျွန်တော့်ဆီ ပရိသတ်နှစ်မျိုးနှစ်စား တုံ့ပြန်ဝေဖန်အကြံပြုတဲ့ အကြောင်းအရာ နှစ်မျိုးပေါ်လာတယ်။ သဘောပြောရရင် လူတန်းစားနှစ်ရပ် ပေါ်လာတယ်။ တစ်မျိုးက ပညာရှင် ပညာတတ်လူတန်းစား၊ နောက်တစ်မျိုးက သာမန်လူတန်းစား။ ဒီလို နှစ်မျိုးနှစ်စား တွေ့ရပါတယ်။ သုမောင်ကြီးက ပြောလိုက်တဲ့အခါကျတော့ ပညာတတ်နဲ့ ပညာမဲ့ ခွဲတယ်လို့ မထင်လိုက်ပါနဲ့။ ကျွန်တော် ဆက်ပြောရင်းနဲ့ နားရှင်းသွားမှာပါ။ ဘယ်လိုလဲဆိုတော့ လူ့သဘာဝမှာ ဦးနှောက်နဲ့ ခံစားတာရယ်၊ နှလုံးသားနဲ့ ခံစားတာရယ်ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။

တစ်ခါတစ်ရံ ဦးနှောက်အသုံးချတဲ့သူက နှလုံးသားနဲ့ ခံစားတတ်ပြီးတော့ တစ်ခါတစ်ရံမှာ နှလုံးသားနဲ့ ခံစားတဲ့လူက ဦးနှောက်နဲ့ အသုံးချတတ်တယ်ဆိုတဲ့ ကပြောင်းကပြန် လူ့သဘာဝလေးကို ပြောချင်လို့။ သဘောကတော့ ဦးနှောက် သိပ်ငြီးငွေ့လာရင် နှလုံးသားနဲ့ လှည့်ခံစားတယ်၊ နှလုံးသား သိပ်ပြီးတော့ ငြီးငွေ့လာရင် ဦးနှောက်နဲ့လှည့်ပြီး ခံစားတယ်ဆိုတဲ့ သဘာဝတရားလေးကို ပြောချင်တာပါ။ အဲဒါက ဘယ်မှာသွားတွေ့ရသလဲ ဆိုရင် စောစောကပြောတဲ့ ကျွန်တော့်ရဲ့ စကားမစပ် မြန်မာသံစီးရီးကို နားထောင်တဲ့ပရိသတ်ရဲ့ တုံ့ပြန်မှု Respond အပေါ်မှာ သွားတွေ့ရတယ်။

ဒီစကားမစပ်စီးရီးလေးကို မန္တလေးအက်ဖ်အမ်ကနေ မကြာမကြာလွှင့်ပေးတဲ့အခါကျတော့ ပရိသတ်များလာတာတွေ့ရတယ်။ တယ်လီဖုန်း၊ စာ၊ လူကိုယ်တိုင်၊ လက်ဖက်ရည်ဆိုင်မှာ၊ မြို့ထဲသွားရင်းလာရင်း အမှတ်တမဲ့ ဆုံကြတဲ့အခါမှာ ဒီအကြောင်းလေးတွေကို ပြောကြဆိုကြပါတယ်။ ပြောတဲ့အထဲမှာ စောစောကပြောသလို ပညာရှင်၊ ပညာတတ်အပိုင်းပါသလို သာမန်လက်လုပ်လက်စား ပုဂ္ဂိုလ်များလည်း ပါကြပါတယ်။

အဲဒီမယ် ထူးဆန်းတာက သာမန် လက်လုပ်လက်စားခံစားသူ သက်သက်လို့ ကျွန်တော် သတ်မှတ်မိတဲ့ ပရိသတ်က ဘယ်လိုတုံ့ပြန်သလဲဆိုတော့ ‘ဟာ၊ ဆရာသုမောင်ကြီး ပြောသွားတဲ့အထဲမှာ ဘယ်နေရာလေးကဖြင့် အနုပညာက ဘယ်လို၊ ရသကဖြင့်ဘယ်လို၊ အသံနေအသံထားကဖြင့် ဘယ်လို၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာက ဘယ်လို’ ဟောဗျာ၊ အဲသလို ပညာရပ်ဆိုင်ရာတွေကို သူတို့က တုံ့ပြန်လာကြသဗျာ။

ဟောဗျာ ပညာရှင်၊ ပညာတတ်လို့ ကျွန်တော် တွက်ဆထားတဲ့ အနုပညာရှင်ကြီးတွေ၊ အတတ်ပညာရှင်ကြီးတွေ၊ ဆိုပါစို့ဗျာ တက္ကသိုလ်က ပါမောက္ခကြီးတွေ၊ ကထိကကြီးတွေ၊ ဂီတပညာရှင်၊ အနုပညာရှင်ကြီးတွေဆီက တုံ့ပြန်မှုကကျတော့ ဘာလဲ သိလားဗျာ။ ဥပမာဆိုပါစို့ဗျာ။ တစ်လောက ပညာရှင်ကြီးတစ်ယောက် ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ ‘လယ်တောကအပြန်’ ဆိုတဲ့ ကျွန်တော့်ရဲ့ Original သီချင်းလေးကို ကြားရတာတဲ့ ခံစားရလွန်းလို့ မျက်ရည်ကျပြီး ငိုမိပါတယ်တဲ့ဗျား။ အဲဒါက ပညာရှင်ကြီး။ ဟော… သူကကျတော့ ပညာ စကားမပြောဘဲ ငိုရပါတယ်တဲ့ဗျာ။ ဟော တစ်ယောက်ကကျတော့လည်း ဒီလိုပဲ ပညာရှင်ပါပဲ။ ကျွန်တော့်အသံလေး အနိမ့်အမြင့်နဲ့ ပြောတာကြားရတော့ ကျွန်တော့်ရုပ်ကို မြင်မိပါတယ်တဲ့ဗျား။ ခံစားရပါတယ်တဲ့ဗျား။ ခံစားရပါသတဲ့။ ပညာစကား လုံးဝမပါဘူး။ ဟော… ပညာရှင် ပညာတတ်က နှလုံးသားနဲ့ ခံစားနေပြန်ရော။

ပရိသတ်ကို ကိုယ့်စိတ်ကူးအထင်နဲ့ ရမ်းသန်းမှန်းဆလို့ မရဘူးဆိုတဲ့သဘောကို သွားတွေ့တာ၊ စကားမစပ် ကျွန်တော် ပြောပါရစေဦး၊ အမှတ်တရလေးပါ။

Monday, 8 October 2012

ရခိုင်အရေး ဆွေးနွေးအဖြေရှာ - ကျော်ဝင်း

ကျော်ဝင်း

 


ယခုရက်ပိုင်း စာရေးသူ စာမရေးဖြစ်ပါ။ စာပင် ဟုတ်ဟုတ်ငြားငြား မဖတ်ဖြစ်ပါ။ သို့သော် တန်ပါသည်။ မိတ်ဆွများ၏ ကျေးဇူးကြောင့် ရခိုင်အရေး ဆွေးနွေးအဖြေရှာကြသော အလုပ်ရုံဆွေးနွေးပွဲနှစ်ခုကို ဆက

်တိုက်ဆိုသလို တက်ခွင့်ရသောကြောင့် ဖြစ်ပါသည်။ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲနှစ်ခုတွင် စာရေးသူ တင်ပြခွင့်ရခဲ့သော ထင်မြင်ချက်များကို စုစည်းပြီး ယခုစာစုကို ရေးသားဖော်ပြလိုက် ပါသည်။

၁။ နိုင်ငံတကာ အဆက်အစပ် (International Context)

အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့မျက်စိအောက်မှာပင် ကမ္ဘာကြီးမှာ ၂၀ ရာစုကိုကျော်ပြီး ၂၁ ရာစုထဲသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ပညာရှင်အများက ကုန်လွန်သွားခဲ့ပြီဖြစ်သော ၂၀ ရာစုကို အမေရိကန်ရာစုဟူ၍လည်းကောင်း၊ အိုင်ဒီအိုလိုဂျီရာစုဟူ၍လည်းကောင်း ၀ိဂြိုဟ်ပြုခဲ့ကြသည်များ ရှိသည်။ မနည်းလှသော သာဓကများကို ထောက်ပြပြီးသကာလ ယခုရောက်ရှိနေသော ၂၁ ရာစုကိုလည်း အာရှရာစုဟူ၍လည်းကောင်း “အမှတ်အသား သရုပ်ရာစု” (Century of Identity)ဟူ၍လည်းကောင်း သတ်မှတ်ဖွင့်ဆို ကြသည်များကို တွေ့နေရသည်။ ဤတွင် ကျွန်တော်တို့တစ်တွေမှာ ရာစုခေတ် အလှည့်အပြောင်း ကာလကြီးကို မျက်မှောက်ပြုနေရပါလားဟု ဆင်ခြင်မိရပါတော့သည်။

(က)အပြိုင်အရွေ့ (Parallel Shift)

ဆိုခဲ့ပါ အလှည့်အပြောင်း ကာလကြီးတွင် အပြိုင်ဖြစ်ပေါ်နေသော အရွေ့နှစ်ရပ်၊ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာ အနောက်မှအရှေ့သို့ ရွေ့လာခြင်းနှင့် အိုင်ဒီအိုလိုဂျီမှ အမှတ်အသားသရုပ်သို့ ရွေ့လာခြင်းတို့ဖြစ်သည်။

ပထမအရွေ့ (အနောက်မှအရှေ့)ကို ခြေရာခံကြည့်လိုကလျှင် အာရှဒေသ၏ အံ့မခန်းစီးပွားရေး (Asian Miracle, ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များ)၊ တရုတ်နှင့် အိန္ဒိယတို့ အင်အားကြီးမားလာခြင်း (၁၉၉၀ ပြည့်လွန်နှစ်များ)နှင့် မကြာသေးခင်ကမှ ကြုံလိုက်ရသော Great Recession ခေါ် ကမ္ဘာလုံးချီ ဘဏ္ဍာရေးအကျပ် (၂၀၀၇/၀၈)တို့ကို တွေ့ပါလိမ့်မည်။ ဒုတိယအရွေ့ (အိုင်ဒီအိုလိုဂျီမှ အမှတ်အသားသရုပ်)ကို ပြန်ကြည့်လိုက်လျှင်လည်း ဘာလင်တံတိုင်းပြိုကျရာမှ ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်ရလာခြင်း(၁၉၉၈)၊ ဘော်လကန်စစ်ပွဲများမှသည် ဘော်လကန်နိုက်ဇေးရှင်းခေါ် အစိတ်စိတ်၊ အမြွှာမြွှာပြိုကွဲခြင်း(၁၉၉၀ ပြည့်လွန်နှစ်များ)၊ နယူးယောက် မျှော်စင်ညီနောင် ဖြိုချခံရခြင်းနှင့် ကမ္ဘာလုံးအတိုင်းအတာ အကြမ်းဖက်ဝါဒ (၂၀၀၁)စသည်များကို ခြေရာခံမိပါလိမ့်မည်။

ယခင် ၂၀ ရာစု တစ်နည်း စစ်အေးခေတ်ကဆိုလျှင် ကျွန်တော်တို့တစ်တွေမှာ “ငါတို့ဘယ်သူလဲ” (Who are We?)ဆိုသော မေးခွန်းကို မေးစရာအကြောင်းမရှိ။ “ဘယ်ဘက်ကရပ်မလဲ” (Which Side We Stand?) ဆိုသည်ကိုသာ ဆုံးဖြတ်ဖို့ရှိသည်။ သို့တိုင် ပြည်ထောင်စုများ ပြိုကွဲလာသော၊ နယ်နိမိတ်များ မှုန်ဝါးလာသော မျက်မှောက် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးတွင်ကား ဤသို့ မဟုတ်လေတော့။ ငါတို့ ဘယ်သူလဲဆိုသော မေးခွန်းသည်ပင် နိုင်ငံတိုင်း လူမှုအုပ်စုတိုင်းအတွက် စိန်ခေါ်ချက်တစ်ခုလို ဖြစ်လာသော အမှတ်သားသရုပ်ဆိုင်ရာ ပုစာကြီးဖြစ်လာရတော့သည်။

(ခ)အပြိုင်ချဉ်းကပ်မှု (Parallel Approach)

ဆိုခဲ့ပြီးသည့်အတိုင်း ရာစုသစ်အကူးအပြောင်းတွင် အပြိုင်အရွေ့နှစ်ခု ပေါ်ထွက်လာရာ ချဉ်းကပ်စဉ်းစားပုံတွင်လည်း မူကွဲနှစ်ရပ် ပေါ်လာသည်။ “လူအခြေပြု ချဉ်းကပ်နည်း” (Humanbase Approach)နှင့် “နိုင်ငံအခြေပြု ချဉ်းကပ်နည်း” (Nation-base Approach)တို့ ဖြစ်သည်။

လူအခြေပြုချဉ်းကပ်လာ၊ လူမျိုး၊ အသားအရောင် ကိုးကွယ်သည့်ဘာသာ မည်သို့ပင် ကွဲပြားခြားနားပါစေ “လူသည် လူပင်ဖြစ်သည်ဆိုသော ပရမတ္တအမြင်ကို ဗဟိုပြုစဉ်းစားသည်။ သို့နှင့်အမျှ လူ့ဂုဏ်သိက္ခာ၊ လူ့လုံခြုံရေး၊ လူ့အခွင့်အရေးစသော အထိုင်များပေါ်မှ ရပ်ခံသည်။ “လောကလုံး သဘောဆောင်သည့် နှုန်းခံများ” (Universal Norms)ပေါ် အခြေခံသည်ဖြစ်၍ “လောကလုံးအမြင် (သို့မဟုတ်) စံအခြေပြုအမြင်” (Universalist, Normative Perspective)ဟု ဆိုနိုင်ပါလိမ့်မည်။

သို့နှင့်တိုင် တကယ့်လက်တွေ့တွင် လူသည် “အမျိုးသားနိုင်ငံများ” (Nation States)အဖြစ် စုစည်းနေထိုင်ကြသည်ဖြစ်ရာ တိုင်းပြည်လူမျိုးစသော ပညတ်များကို အကုန်အစင်ဖယ်ရှားလို့ ရသေးသည်တော့ မဟုတ်ပါချေ။ သို့အတွက် “နိုင်ငံအခြေပြု ချဉ်းကပ်နည်း”ဆိုသော ဒုတိယပုံစံ သဘာဝကျစွာ ပေါ်ထွက်လာရခြင်း ဖြစ်ပါသည်။ ဤနည်းက အမျိုးသားရေးဂုဏ်သိက္ခာ၊ အမျိုးသားလုံခြုံရေး၊ အမျိုးသားအမှတ်အသားသရုပ် စသည်များအပေါ် ရပ်ခံသည်။ “တကယ့်အရှိ” (Reality)ကို အခြေခံသည်ဖြစ်၍ “လက်တွေ့အခြေပြုအမြင်” (Pragmatic Perspective)ဟု ဆိုနိုင်ပါလိမ့်မည်။

အဆိုပါ ချဉ်းကပ်ပုံနှစ်ရပ်၏ အားပြိုင်မှုကို နယ်ပယ်အားလုံး နီးပါးလောက်တွင် မြင်တွေ့နေရရာ အထင်ရှားဆုံး ဖြစ်ဖွယ်ရှိသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီး ကိုယ်တိုင်ပင် ဖြစ်တော့သည်။

(ဂ) ၁၇ နှင့် ၂၁ ရာစု (17th and 21st Century)

အမှန်စင်စစ် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းများမှာ ၁၆၄၈ ခုနှစ်က ချုပ်ဆိုခဲ့သော ၀က်စဖေးလီးယားစာချုပ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၀က်စဖေးလီးယားစာအုပ်မှာ ဥရောပအမျိုးသား နိုင်ငံများကြား နှစ်ပေါင်းသုံးဆယ်ကြာ စစ်မက်ယှဉ်ပြိုင် တိုက်ခိုက်ကြပြီးနောက် စစ်ပန်းရာမှ ထွက်ပေါ်လာသော ကြားအဖြေပင်ဖြစ်သည်။ ထိုစဉ်ကာလ (၁၇ ရာစု)၏ တက္ခနိုလိုဂျီနှင့် ၎င်း၏ လူမှုအကျိုးဆက်ကို စကားရပ်နှစ်ခုဖြင့် ဖော်ပြနိုင်သည်ဟု ဆိုပါသည်။ “သိပ်ဝေး” (Far away) ဆိုသည်နှင့် “ငါတို့ဘာမှမသိ” (We Know Nothing)ဆိုသော စကားရပ်များဖြစ်သည်။ သို့အတွက် “မိမိသက်ဆိုင်ရာ တိုင်းပြည်ကို မိမိတို့စိတ်ကြိုက်အုပ်ချုပ်”ဆိုသော အများညီအမြင်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

သို့နှင့်အမျှ ၀က်စဖေးလီးယားပုံစံ၏ အခြေခံယူနစ်မှာ “အမျိုးသားနိုင်ငံများ” ဖြစ်လာသည်။ အခြေခံမူများမှာ “အချုပ်အခြာအာဏာ” (Sovereignty)၊ “ပြည်တွင်းရေးမစွက်ဖက်ရေး” (Non-intervention)နှင့် “အင်အားချိန်ခွင်လျှာအယူအဆ” (Balance of Power)တို့ ဖြစ်လာသည်။ ဆိုရလျှင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ ဤမူများကို အမွေခံထားခြင်းပင်ဖြစ်သည်။ သို့နှင့်တိုင် ယနေ့ ၂၁ ရာစု အင်တာနက်ခေတ်မှာ မြင်းနှင့်သတင်းပို့ရသော ၂၁ ရာစုနှင့် ဘယ်လိုမှ မတူနိုင်တော့ပြီ။ မျက်မှောက်ခေတ် တက္ခနိုလိုဂျီနှင့် လူမှုအကျိုးဆက်ကို ဖော်ပြသော စကားရပ်နှစ်ခုမှာ “ချက်ချင်း” (instant)ဆိုသည်နှင့် “ငါတို့အကုန်သိ” (We Know Everything) ဖြစ်လာသည်။

ဤအပြောင်းအလဲက ၀က်စဖေးလီးယားမူများကို အခြေမှ ကိုင်လှုပ်လာသည်။ ဤအချက်ကို ထောက်ပြပြီး ၁၉၉၅၊ ကုလသမဂ္ဂ ရွှေရတုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၀ ပြည့်နှစ် ထောင်စုသစ် ထိပ်သီးဆွေးနွေးပွဲတွင် နောက်တစ်ကြိမ်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ပြန်စဉ်းစားကြဖို့ အဆိုပြုသည်များ ရှိလာသည်။ နိုင်ငံအခြေပြု စဉ်းစားနည်းမှ လူ့အခြေပြု စဉ်းစားနည်းသို့ ပြောင်းလဲဖို့ဖြစ်သည်။ သို့တိုင်အောင် အပြည့်အ၀ အောင်မြင်ခဲ့သည်တော့ မဟုတ်ပါ။ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော” (Humanitarian)ဆိုသည့် ရှေ့ဆက်ပါ အယူအဆများကိုမူ ဖြည့်စွက် ထည့်သွင်းနိုင်ခဲ့ပါသည်။ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော အကူအညီ”၊ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော စွက်ဖက်မှု” စသဖြင့် (ဤအချက်ကိုတော့ “နောက်ဆုံးအားထားရာ” Last Resort အဖြစ်သာ သဘောယူခဲ့ကြသည်။)

ဤတွင် ပြောလိုသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီး ကိုယ်တိုင်သည်ပင် ဆိုခဲ့ပါ ချဉ်းကပ်နည်းနှစ်ရပ် (လူ့အခြေပြုနှင့် နိုင်ငံအခြေပြု)ကို ချိန်ခွင်လျှာမျှ စဉ်းစားရသည်ဆိုသော အချက်ဖြစ်ပါသည်။ ယနေ့ ရခိုင်အရေးတွင်လည်း ဤအတိုင်း စဉ်းစားကြည့်မြင်သင့်သည်ဟု သဘောရပါသည်။ လူ့အခြေပြုချဉ်းကပ်နည်း တစ်ခုတည်းကို အားပြုလွန်းလျှင် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမှတ်အသားသရုပ်ကို ထိခိုက်နိုင်စရာ ရှိသည်။ တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံအခြေပြုချဉ်းကပ်နည်း သက်သက်ဆိုပြန်လျှင်လည်း လူ့အခွင့်အရေးဘက်မှ လျော်ကန်သင့်မြတ်မှု ရှိမည်မဟုတ်ပါချေ။

၂။ မြန်မာနိုင်ငံအဆက်အစပ် (MYANMA CONTEXT)

ယနေ့ မြန်မာနိုင်ငံမှာ သိမ်မွေ့သည်နှင့်အမျှ ရှုပ်ထွေးသော၊ ခက်ခဲသည်နှင့်အမျှ နက်ရှိုင်းသော စိန်ခေါ်ချက်နှစ်ရပ်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရလျက်ရှိနေသည်။ “နိုင်ငံတည်ဆောက်ရေး” (State Building)နှင့် “အမျိုးသားတည်ဆောက်ရေး” (Nation Building)တို့ ဖြစ်ပါသည်။ ဤသည်ပင် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၏ အခက်ခဲဆုံးအပိုင်း ဖြစ်ဖွယ်ရှိသည်။

(က) နိုင်ငံတည်ဆောက်ရေး (State Building)

နိုင်ငံတည်ဆောက်ရေး ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်တွင် စုပေါင်းဘ၀ တတ်နိုင်သမျှ ဖြစ်ပေါ်လာစေရန် တရားဝင် အင်စတီကျူးရှင်းများ တည်ဆောက်ရသည့် ဖြစ်စဉ်ဖြစ်သည်။

အစဉ်အလာအရ ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးသော နိုင်ငံများတွင် နိုင်ငံတည်ဆောက်ရေး အားကောင်းလေ့ရှိသည်ဟု ဆိုကြသည်များ ရှိသည်။ သို့နှင့်တိုင် ဗြိတိသျှ-အိန္ဒိယအင်ပါယာ၏ ပြည်နယ်တစ်ခုအဖြစ်သာ ကာလတာရှည် ရပ်တည်ခဲ့သော မြန်မာနိုင်ငံအတွက်မူ အဆိုပါ အားကောင်းချက်ကို အပြည့်အ၀ရခဲ့သည်ဟု ဆိုနိုင်လိမ့်မည် မဟုတ်ပါ။ မည်သို့ပင်ရှိစေ လွတ်လပ်သော မြန်မာနိုင်ငံအနေနှင့် ဗြိတိသျှကိုလိုနီအမွေဟု ဆိုနိုင်သော နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီကျူးရှင်းများနှင့် ဗျူရိုကရေစီကို အထိုက်အသင့် လက်ခံရရှိခဲ့ပါသည်။ သို့တစေ အဆိုပါ အင်စတီကျူးရှင်းများကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်းနှင့် ဗျူရိုကရေစီကို ဆက်လက် ဖြည့်ဆည်းပေးရမည့် ပညာရေး အားနည်းမှုများကြောင့် မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ တဖြည်းဖြည်း ပွန်းပြတ်၊ ပြတ်သလို ဖြစ်ခဲ့ရသည်။ သည်လိုနှင့် နောက်ဆုံး ၁၉၆၂ နောက်ပိုင်းသို့ ရောက်သောအခါ ယိုယွင်းရုံမျှမက ပြိုလဲသည်ထိ ဖြစ်ခဲ့ရသည်။

ပြောရလျှင် မြန်မာနိုင်ငံ တည်ဆောက်ရေး စိန်ခေါ်ချက်မှာ နှစ်ပေါင်း ၅၀ ကျော် ဝေဒနာခံစားနေခဲ့ရသော နာတာရှည် လူမမာကြီးလို ဖြစ်နေပါတော့သည်။ ယနေ့ မြန်မာခေါင်းဆောင်များအနေနှင့် နိုင်ငံရေးအရ စိတ်အားထက်သန်မှု အပြည့်ရှိကြသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရမည့် ပညာပိုင်းဆိုင်ရာ၊ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံပိုင်းတွင်မူ အကြီးအကျယ် လစ်ဟာလျက်ရှိနေသည်။ ဆိုရလျှင် မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ ယခုမှ တာထွက်ခါစ အလွန်နုနယ်သေးသော အနေအထားဟု ဆိုရပါလိမ့်မယ်။

(ခ) အမျိုးသားတည်ဆောက်ရေး (Nation Building)

အမျိုးသားတည်ဆောက်ရေး ဆိုရာတွင် မျှဝေလက်ခံထားသော သမိုင်း၊ ယဉ်ကျေးမှုဓလေ့၊ တန်ဖိုး၊ ဘာသာစကားနှင့် အမှတ်အသားသရုပ်တို့ဖြင့် စုစည်းပုံဖော်ကြရသည့် သဘောဖြစ်သည်။ တစ်နည်းဆိုရလျှင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဥမကွဲသိုက်မပျက် စုစည်းနေထိုင်ကြမည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ကြရမည့် ဖြစ်စဉ်ဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာပင် ဤတာဝန်ကို ဒီမိုကရက်တစ် နည်းလမ်းတကျ မဖြေရှင်းနိုင်ရာမှာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်တော့သည်။ မြန်မာ့ပြည်တွင်းစစ် သက်တမ်းမှာ နှစ်ပေါင်း ၆၀ နီးပါးဖြစ်ရာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး စစ်ပွဲတစ်ပွဲဟု ဆိုရပါလိမ့်မည်။

ယခုအခါ တိုင်းရင်းသားလူမျိုး လက်နက်ကိုင် ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ပြီဖြစ်သည့်တိုင် အရေးကြီးသော “ကချင်လွတ်လပ်ရေးအဖွဲ့” (KIO)နှင့်မူ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲ ရှိသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးသော အဖွဲ့များနှင့်လည်း နိုင်ငံရေးအရ ဆက်လက်ညှိနှိုင်း ဆွေးနွေးကြရဦးမည်ဖြစ်ရာ အချိန်မရွေး သေနတ်သံ ပြန်ထွက်လာနိုင်သည့် အနေအထားဟု ဆိုရပါလိမ့်မည်။ ဆိုရလျှင် တည်ငြိမ်ခိုင်မာသော ငြိမ်းချမ်းရေးရဖို့ဆိုလျှင် ဆက်လက်လုံးပန်း အားထုတ်ကြရဦးမည် ဖြစ်ပါသည်။

သို့အတွက် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးရော အမျိုးသားတည်ဆောက်ရေးသည်ပါ အလွန်အကဲဆတ်သည့် အနေအထားတွင် ရှိနေဆဲဟူ၍သာ ဆိုရလိမ့်မည် ဖြစ်ပါသည်။

(ဂ) ရခိုင်အရေး (Sectarian Violence In Rakhine State)

ဤမျှ အရေးကြီးသည့် အခြေအနေမှာပင် နုနယ်သေးသော မြန်မာ့ဒီမိုကရေစီရေးအတွက် အလွန်ပြင်းထန်သော ရိုက်ချက်တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမှုအုပ်စု(ကွန်မြူနတီ)နှစ်ခုကြား ဂိုဏ်းဂဏ အကြမ်းဖက်မှုများ ဖြစ်သည်။ အမှန်စင်စစ် ဤကိစ္စမှာ ရှောင်တခင်ဖြစ်ပေါ်လာသည်တော့ မဟုတ်ပါ။ သမိုင်းနှင့်ဆိုင်သလို ပထ၀ီနိုင်ငံရေး အဆက်အစပ်များနှင့်လည်း ပတ်သက်နိုင်ပါသည်။ သို့ဖြစ်လင့်ကစား သမိုင်းဇာစ်မြစ်များကို တူးဖော်ရသည်မှာ အငြင်းပွားဖွယ်ရာ များစွာရှိနိုင်သည်ဖြစ်ရာ ယခုလို သွေးပူနေချိန်မျိုးတွင် သဟဇာတဖြစ်ရေးထက် အာဃာတပွားစရာ ပိုများလိမ့်မည် ထင်သည်။ ဤသို့ဆိုသည်နှင့် သမိုင်းကို ရာဇ၀င်ထဲမှာ ထားလိုက်ဖို့ ဆိုလိုသည် မဟုတ်ပါ။ ပြဿနာ၏ ဇာစ်မြစ်များကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆွေးနွေး အဖြေရှာကြရမည်သာ ဖြစ်ပါသည်။ သို့တစေ ယခုလောလောဆယ်တော့ မဟုတ်။ ပြန်လည်သွေးအေးသည့် အခြေအနေတွင် တည်ငြိမ်သော စိတ်နှလုံးဖြင့် ညှိနှိုင်းဆွေးနွေးကြသည်က ပို၍လျော်ကန် သင့်မြတ်လိမ့်မည်ဟု သဘောရပါသည်။

စာရေးသူအမြင်၊ ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်သာမက ပထ၀ီနိုင်ငံရေး ဆက်စပ်အခြေအနေများနှင့်လည်း နက်နက်ရှိုင်းရှိုင်း ပတ်သက်လေမည်လား စဉ်းစားမိသည်။ အထူးသဖြင့် “ထိစပ်နယ်မြေ” (Border Land) ပြဿနာကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ထင်သည်။

(ဃ) ထိစပ်နယ်မြေ (Borderland)

“ထိစပ်နယ်မြေ” ဆိုသည်မှာ သာမန်နယ်စပ်ဒေသ သက်သက်မျှမဟုတ်ပါ။ အိမ်နီးချင်းနိုင်ငံ နှစ်ခုကြားတွင်ရှိပြီး ပိုင်ဆိုင်မှုအကြိမ်ကြိမ် အပြောင်းအလဲရှိသော နယ်မြေများဖြစ်သည်။ သို့နှင့်အမျှ လူမျိုးရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့မျိုးစုံတို့ ရောယှက်နေတတ်သလို “အမျိုးသားရေးသစ္စာခံမှု” (National Loyalty) အမျိုးမျိုးရှိသော လူများလည်း ရှိနေတတ်သည်။ ဆိုရလျှင် တင်းမာမှုမျိုးစုံ အချိန်မရွေး ပေါ်ထွက်နိုင်သည့် အနေအထားမျိုး ဖြစ်ပါသည်။

“နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်မှု” (Coventional Immigration)နှင့် ထိစပ်နယ်မြေအတွင်း လူရွှေ့ပြောင်းနေထိုင်မှုများမှာ သဘောသဘာဝချင်း တူကြသည် မဟုတ်ပါ။ သာမန် ရွှေ့ပြောင်းနေထိုင်သူများမှာ အမိမြေကို အပြီးတိုင်ကျောခိုင်းပြီး နယ်မြေသစ်တွင် သဟဇာတဖြစ်အောင် နေကြရသည့်သဘော ရှိသည်။ ပြဿနာမရှိ။ ထိစပ်နယ်မြေအတွင်း အခြေချ နေထိုင်ကြသူများမှာ အမိမြေနှင့် လုံးဝအဆက်ပြတ်သွားသည် မဟုတ်။ အမိမြေနှင့် မူလအသိုင်းအ၀ိုင်းဟောင်းကို ဆွဲဆန့်လိုက်သည့် သဘောပင်ရှိသည်။ ထို့ထက် နိုင်ငံနယ်နိမိတ်များမှာ နိုင်ငံရေးကိုသာ ကိုယ်စားပြုနိုင်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုရေးတို့ကို ကိုယ်စားပြုနိုင်သည်မဟုတ်။ သို့နှင့်အမျှ သစ္စာခံမှုမှာ ထွေပြားနိုင်သလို အပြောင်းအလဲလည်း များနိုင်ပေသည်။

ပြင်သစ်နှင့် ဂျာမနီကြားရှိ အဲလဆက်နှင့် လော်ရိန်းဒေသ (ဒုတိယကမ္ဘာစစ် ဖြစ်ပွားစေသည့် လတ်တလော အကြောင်းရင်းတစ်ခု)၊ အိန္ဒိယနှင့် ပါကစ္စတန်ကြားရှိ ကက်ရှမီးယားဒေသ (ဤနေရာတွင် နှစ်နိုင်ငံ နယ်စပ်စစ်ပွဲဖြစ်ခဲ့)၊ ဆားဘီးယားနှင့် အယ်လ်ဘေးနီးယားကြားရှိ ကိုဆိုဗိုဒေသ (ကိုဆိုဗိုစစ်ပွဲ၏ စစ်တလင်း)တို့မှာ ပြဿနာများစွာ တက်ခဲ့ဖူးသော ထိစပ်နယ်မြေများဖြစ်သည်။ အလားတူ ယူကေနှင့် အိုင်ယာလန်ကြားရှိ မြောက်ပိုင်းအိုင်ယာလန်၊ ယူအက်စ်မက္ကဆီကို နယ်နိမိတ် တစ်လျှောက်တို့မှာလည်း အချိန်မရွေးဆိုသလို မီးခိုးအူနေသော ထိစပ်နယ်မြေများပင် ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောဒေသမှာ ဆိုခဲ့ပါ ထိစပ်နယ်မြေလက္ခဏာများ ရှိနေသည်ဖြစ်ရာ ပြဿနာ၏ ဇာစ်မြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ လိုလိမ့်မည်ထင်ပါသည်။ အကျော်ဒေးယျ အနာဂတ္တိဆရာတစ်ဦးဖြစ်သူ ဂျော့ဖရိုင်းမင်းက အဆိုပါ ထိစပ်နယ်မြေများကို “ပထ၀ီနိုင်ငံရေး အန္တရာယ်လမ်းကြောင်းများ” (Geopolitical Fault Lines)အဖြစ် သတ်မှတ်သည်။

၃။ ဘာလုပ်ကြမည်နည်း (What is to be done?)

ပြဿနာမှာ နက်ရှိုင်းထွေပြားသော ဇာစ်မြစ်မျိုးစုံ ရှိနိုင်သည်ဖြစ်ရာ နေ့ချင်းညချင်း အပြီးသတ် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါချေ။ ဤသို့တပြီကား- ဘာလုပ်ကြမည်နည်း။ ဤနေရာတွင် ကျမ်းမြတ်ကိုရာမ်၏ သင်ကြားချက်အချို့ကို အကိုးအကား ပြုလိုပါသည်။

ယခုလို--

“မည်သူပင်ဖြစ်စေ အပြစ်မဲ့သူကိုသတ်လျှင် လူသားတစ်ရပ်လုံးကို သတ်ဖြတ်ခြင်းမည်ပေ၏”။

“မည်သူပင်ဖြစ်စေ လူတစ်ယောက်ကို ကယ်တင်လျှင် လူသားတစ်ရပ်လုံးကို ကယ်တင်ရာမည်ပေ၏”။ ကျွန်တော်တို့အနေဖြင့် ကျမ်းမြတ်ကိုရာမ်၏ အထက်ပါ မိန့်မှာချက်အတိုင်း ပုံသဏ္ဌာန်မျိုးစုံ သတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ရပါလိမ့်မည်။ ပုံသဏ္ဌာန်မျိုးစုံ ကယ်ဆယ်ရေး လုပ်ငန်းများကို တစ်ခဲနက် ဆောင်ရွက်ကြရပါလိမ့်မည်။ အမုန်းမီးပွားများဖြင့် ပူလောင်တင်းမာနေကြသော လူမှုအုပ်စုနှစ်ခုကို ပြန်လည်ရင်ကြားစေ့ ပေးရပါလိမ့်မည်။ အာဃာတအနေအထားကို သဟဇာတအခြေဆိုက်အောင် ၀ိုင်းဝန်းကြိုးပမ်းကြရပါလိမ့်မည်။ ဤသည်သာ ဘာသာတရားမျိုးစုံက ကောင်းချီးပေးကြမည့် နတ်လူသာဓုခေါ်စေမည့် အပြုအမူဖြစ်ပါသည်။

(က) ရင်ကြားစေ့ရေးနှင့် သဟဇာတမျှရေး (Reconciliation and Harmony)

ကိုလံဘီယာ၊ ဆိုမာလီယာ နစ်ကာရာဂွါ၊ မြောက်အိုင်ယာလန် စသည့်ဒေသများ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများကို ဦးဆောင်ခဲ့သည့် ဂျွန်ပေါလ်လီဒါအက်ခ်ျ၏ အလိုအရ ပြန်လည်ရင်ကြားစေ့ရေး ဆိုသည်မှာ မှန်ကန်မှုနှင့်စာနာမှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ပေါင်းစုံရာဟု ဆိုပါသည်။ (Reconciliation is the place where 'Truth' and 'Mercy', 'Justic' and 'peace', met.) ပုံနှင့် ယှဉ်တွဲစဉ်းစားဖို့ဖြစ်သည်။

ဤသို့သော ပြန်လည်ရင်ကြားစေ့နိုင်မည့် အခြေအနေရပြီဆိုလျှင် “လူမှုသဟဇာတမျှရေး” (social harmony)သို့ အသေအချာ ဦးတည်နိုင်ပါလိမ့်မည်။ ဤနေရာတွင် လူသားထုအတွက် ကံကောင်းလှသည်မှာ အစ္စလာမ်၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ စသော ကမ္ဘာ့ဘာသာတရားတိုင်းတွင် လူမှုသဟဇာတမျှရေးသို့ ဦးတည်စေသည့် “အပြုသဘောဆောင်သော မျှဝေတန်ဖိုးများ” (positive shared values) ရှိနေခြင်းပင်ဖြစ်သည်။ ဤသည်တို့မှာ “ခန္တီ” (tolerance)၊ “မေတ္တာ” (love/ kindness)၊ “ကရုဏာ” (honesty)နှင့် “အနာဂတ်မျိုးဆက်များအတွက် ကောင်းရာကောင်းကြောင်း” (welfare of future generation)တို့ ဖြစ်ပါသည်။

ခန္တီဆိုသည်မှာ ဆန့်ကျင်ဘက် ရပ်ခံမှုများကို ခွင့်ပြုနိုင်လောက်သော ရင့်ကျက်မှုကို ဆိုလိုရင်းဖြစ်သည်။ မေတ္တာမှာ “အရှုံးအနိုင် အဖြေထွက်စေသော ဆက်ဆံရေး” (zero-sum)မဟုတ်။ “နှစ်ဖက်အနိုင်ရစေမည့် ဆက်ဆံရေး” (win-win)မျိုးဖြစ်သည်။ ကရုဏာဆိုသည်မှာ ဒုက္ခရောက်နေသူများအပေါ် စာနာစိတ်ဖြင့် ကူညီလိုမှုကို ဆိုလိုသည်။ ရိုးသားမှုကား လူမှုဆက်ဆံရေး အားလုံးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ပင်။ အနာဂတ် မျိုးဆက်များအတွက် ကောင်းရာကောင်းကြောင်းဆိုသည်မှာ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ဖို့ဖြစ်သည်။ ဤသို့သော အပြုသဘောဆောင်သည့် မျှဝေဖန်ဖိုးများကိုသာ လက်ခံကျင့်သုံးနိုင်ပြီဆိုလျှင် မည်သို့သော ပြဿနာမျိုးပင်ဖြစ်စေ ထက်ဝက်မက ဖြေရှင်းပြီးသား ရောက်ပါလိမ့်မည်။

(ခ) လတ်တလောမှ ရေရှည်သို့ (From currnet to long-term)

ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများအတွင်း နှစ်ဖက်လူမှုအုပ်စုများ၏ စိတ်ခံစားမှုနှင့် စိုးရိမ်မကင်းဖြစ်ရမှုများကို အထိုက်အသင့် ဆ၀ါးခွင့်ရခဲ့ရာ စာရေးသူအတွက်တော့ “အမြတ်”ပင် ဖြစ်သည်။ ရခိုင်တိုင်းရင်းသားများက မိမိတို့၏ အမှတ်အသားသရုပ်နှင့် နယ်မြေလုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြဟန်ရှိသည်။ အလွန်သဘာဝကျသော စိုးရိမ်မှုဟု သဘောရပါသည်။ “နိုင်ငံသားဖြစ်မှု အခွင့်အရေး” (right to citizenship)ဆိုသော တစ်ဖက်အုပ်စုမှ မိတ်ဆွေများ၏ ဆန္ဒကိုလည်း ကြားနာခွင့်ရခဲ့ပါသည်။

ဤကိစ္စနှင့် ပတ်သက်လျှင် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ရေရှည်ဆွေးနွေး အဖြေရှာကြရမည် ထင်ပါသည်။ ဤနေရာတွင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအပေါ် ဝေဖန်ကြသည်များလည်း ရှိသည်။ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ဆိုသည်မှာ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်လမ်းကြောင်းမှ သွားကြရမည်ဖြစ်ရာ ကာလတစ်ခု အချိန်ယူကြရပါလိမ့်မည်။ “လူမျိုးစုအခွင့်အရေး” (ethnic right)ဆိုလျှင်ကား ပို၍အချိန်ယူရဦးမည့်သဘော ရှိမည်ထင်သည်။ ဤပြဿနာမှာ ရခိုင်ပြည်နယ်အရေး သက်သက်မျှမဟုတ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ခုလုံး၏ “စုပေါင်းအမှတ်အသားသရုပ်”နှင့် တိုက်ရိုက် ဆက်စပ်နေသည်ကို သတိချပ်ကြဖို့ လိုပါလိမ့်မည်။

ပဋိပက္ခသဘောဆောင်နေသော လူမှုအုပ်စုနှစ်ရပ်လုံး၏ ယခု လောလောဆယ် တူညီသောဆန္ဒသည်ကား လုံခြုံရေးနှင့် အသက်ဆက်ရှင်သန်ရေးဟု နားလည်ရပါသည်။ ဤသည်ပင် နှစ်ဖက်လုံး၏ “ဘုံတူညီချက်” (common ground) ဖြစ်လေရာ ဤနေရာမှ အစပြုကြရလိမ့်မည်ဟု သဘောရပါသည်။ တူတာတွဲလုပ်ရင်း မတူညီမှုများကို ညှိနှိုင်းအဖြေရှာကြခြင်းသည်ပင် ဒီမိုကရေစီ၏ အလှတစ်ပါး မဟုတ်ပါလော။

နိဂုံး (Conclusion)

ယခုစာစုကို ဒီမိုကရက်တိုင်ဇေးရှင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ပညာလောကမှ သိမှတ်လက်ခံထားသော ပညာရှင်တစ်ဦးဖြစ်သူ တောမတ်ကရိုသာ၏ စကားဖြင့် နိဂုံးချုပ်လိုပါသည်။ (ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုလောက်က ကရိုသာကိုယ်တိုင် မြန်မာနိုင်ငံသို့ ရောက်ခဲ့ဖူးသည်။) သူက စိန်ခေါ်ချက်များဖြင့် ပြည့်လျှမ်းနေသော မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ထင်သာမြင်သာရှိသော ဥပမာဖြင့် ယခုလို သုံးသပ်ဖော်ပြခဲ့သည်။

“သွားရမယ့်ခရီးက တစ်ဖက်တစ်ချက်မှာ ချောက်ကမ်းပါးကြီးတွေရှိနေတဲ့၊ တံတားအို၊ တံတားကျဉ်း။ မောင်းလာရတဲ့ကားက ချုံးချုံးကျနေတဲ့ ကားအိုကားဟောင်း၊ ဒီကြားထဲ ကားပေါ်ပါလာတဲ့ ခရီးသည်တွေက အချင်းချင်း ရန်ဖြစ်နေကြတာ...” စသဖြင့်။ ဤမျှ အခြေအနေဆိုးလှသော ခရီးကို ဤလိုယိုယွင်းနေသော ကားကြီးဖြင့် ဤသို့ ရန်ဖြစ်နေကြသော ခရီးသည်များ တင်ဆောင်မောင်းနှင်နေရသော ဒရိုင်ဘာထိုင်ခုံထက်မှ အစိုးရ၏ အခက်အခဲကို အလွယ်တကူပင် မှန်းဆနိုင်ပါလိမ့်မည်။ မောင်းနှင်နေသောကားကြီး အင်ဂျင်ကောင်းဖို့၊ ရှော့ဘားပြင်ဖို့ အထူးအရေးကြီးသလို (နိုင်ငံတည်ဆောက်ရေး) ရှေ့ဆက်ရမည့် ခရီးဖြစ်သည့် တံတားအိုကြီး လုံခြုံစိတ်ချရဖို့ (အမျိုးသားတည်ဆောက်ရေး)လည်း အထူးအရေးကြီးသည်။ ဤလုပ်ငန်းတာဝန်နှစ်ရပ်ကို အောင်မြင်စွာ ထမ်းဆောင်ဖို့ဆိုလျှင် ကားပေါ်တွင်ပါလာသော ခရီးသည်အားလုံး (နိုင်ငံသားဖြစ်စေ၊ နိုင်ငံသားမဟုတ်သည်ဖြစ်စေ တိုင်းရင်းသားဖြစ်စေ၊ တိုင်းရင်းသားမဟုတ်သည်ဖြစ်စေ) ရန်ဖြစ်နေလို့ မဖြစ်ပါ။ ညီညွတ်သင့်မြတ်ပါမှ ရှေ့ခရီး အန္တရာယ်ကင်းပါလိမ့်မည်။

ဤသို့သော အရပ်ရပ်အခြေအနေကို ထောက်ချင့်ပြီးသကာလ မြန်မာ့ဒီမိုကရေစီရေးကို ဗူးလေးရာ ဖရုံမဆင့်စေဘဲ နားလည်မှုအပြည့်ဖြင့် ၀ိုင်းဝန်းကူညီ အားဖြည့်ပေးကြဖို့ မိတ်ဆွေအားလုံး (အထူးသဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း)ကို မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

စာပြီးနေ့
၂၈၊ စက်တင်ဘာ၊ ၂၀၁၂
http://7daynewsjournal.com/article/7794

ဆယ့်နှစ်ကြိုးဝတ္ထုတိုများ - နေဝင်းမြင့် (နောက်ဆုံးအပိုင်း)

 
ထဘီဖာ လိုပါသေးရဲ့၊ တဘက်ဖာ လိုပါသေးရဲ့၊ ဘီးနဲ့မှန် လိုပါသေးရဲ့ …




(၁)

ရွာက သူကြီးဟောင်း ကိုတက်ရိုးက ဖလံကျင်းသူ မမြသင်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတော့ သက်ကယ်တန်းတစ်ရွာလုံးက ရယ်လိုက်ကြတာ အုန်းအုန်းထလို့။

တချို့ကတော့လည်း မရယ်နိုင်ကြဘူး။ ကိုယ့်ရွာက သူကြီးဟောင်းကို သိပေမယ့် ဖလံကျင်းသူ မမြသင်ကို တချို့က မမြင်ဖူးကြဘူးကိုး။ သက်ကယ်တန်းနဲ့ ဖလံကျင်း ဆိုတာ တစ်နယ်တော့ တစ်နယ်တည်းပဲ၊ ဒါပေမဲ့ နည်းနည်းတော့ လှမ်းတယ်။ နေ့ဝက်ခရီးလောက် သွားရတယ်။

မမြသင်က သက်ကယ်တန်းက ရီးပေါက်စတို့နဲ့ ဆွေရိပ်မျိုးရိပ် မကင်းတော့ သက်ကယ်ပျစ်ချိန်ဆိုရင် သက်ကယ်ပျစ်ဖို့ တစ်နှစ်တစ်ခေါက် ရောက်လာတတ်တယ်။ အသားဖြူဖြူ၊ မျက်နှာဝိုင်းကလေးနဲ့။ ရှိလှမှ အသက်က နှစ်ဆယ်ကျော်ရင် တစ်နှစ် ပဲ။ ရွာက သူကြီးဟောင်း ကိုတက်ရိုးကတော့ အသက် ခုနစ်ဆယ်ကျော်လို့ ရှစ်ဆယ် သီသီဝေ့နေပြီ။ ကညာပျိုနဲ့ ဇရာအို ရယ်လို့တောင် မဟုတ်ပါဘူး၊ တချို့က မြေးအဘိုးတဲ့၊ တချို့ကလည်း နှမြောလို့ တဲ့ စုတ်တသပ်သပ်နဲ့၊ တချို့ကလည်း ‘ဘဝအကြောင်းကိုး တော်ရဲ့’ တဲ့၊ တချို့ယောက်ျားတွေကတော့ ‘မိန်းကလေးနှယ် … ကြိုက်စရာရှားလို့ကွာ။ ချီး … ’ ဆိုတဲ့ အာခံတွင်းသံကြီးနဲ့။

ဘာပဲဖြစ်ဖြစ်လေ … ပဲ၊ နှမ်း လေး ပေါ်တာနဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာကတော့ သေချာနေပြီ။ ရီးပေါက်စကပဲ ကမကထလုပ်ပြီး မကွေးဘက် တက် လက်ဖက်လေး ဆေးလေး ဝယ်လို့၊ အိပ်ရာခမ်းနားလေး ဝယ်လို့၊ မမြသင်ဖို့ အဝတ်အစားလေးဘာလေး ဝယ်လို့ … တစ်တိတစ်တိနဲ့ လုပ်နေကြပတဲ့။ မမြသင်ဘက်က မိဘဆွေမျိုးများကလည်း သက်ကယ်တန်းကိုလိုက်လာတာ နှစ်ခါတောင်ရှိပတဲ့။


* * *


(၂)

သူကြီးဟောင်း ကိုတက်ရိုးလို့သာ ပြောရတာ ဘကြီးတက်ရိုး၊ ဒါမှမဟုတ် ဘိုးတက်ရိုးတောင် ဖြစ်နေပါပြီ။ သျှောင်တစ်စောင်းကလေးနဲ့ ပိတ်ဖြူကလေး ကပိုကရို ရစ်ခွေပတ်ထားတတ်တာလည်း ရှိရဲ့။ ကြာဆံချောင်းတွေလို ဆံပင်ဖြူဖြူကျားကျားတွေက ပိတ်စခေါင်းပေါင်းပဝါကြားက ထွက်နေလိုက်တာ အမျှင်မျှင်ထလို့။

သွား ဆိုတာကလည်း ဘယ်တုန်းကမှ တိုက်ခဲ့ပုံမရဘူး၊ နီညစ်ညစ်နဲ့။ ကွမ်းသွားချေးတွေ တက်နေလိုက်တာလည်း ရွံစရာကြီး။

သည်ကြားထဲ သွားတွေက ကျိုးနေလိုက်သေးတယ်။ စိုက်သွားလေး ကူထားလို့ ပါးချောင်နားချောင်တော့ သိပ်မကျလှသေးဘူး။ အသားကတော့ တောသူ တောင်သားပီပီ ညိုတဲ့ဘက် ကျော်ပြီး မှောင်တဲ့ဘက်ရောက်နေလို့ သူနဲ့ရာထူးတူတဲ့ သူကြီးချင်းကတောင် ‘သက်ကယ်တန်းသူကြီးက နချီးပိုးထိုး’ တဲ့။

သူ သူကြီးဘဝတုန်းကတော့ ဘာအကြောင်းလဲ။ သူကြီးအာဏာ လက်တစ်ဆုပ်လောက်ပေမယ့် ရွာမှာတော့ ဖိန့်ဖိန့်တုန်ထဲကပဲ။ ရွာဘုရားပွဲတွေမှာ သူများသူကြီးတွေလို နှစ်လုံးပြူးတွေဘာတွေ ကိုင်မနေပါဘူး။ ဝါးရင်းတုတ်ကြီးကြီး လက်တစ်ကိုင်လောက်ကို သူ့အရပ်နဲ့ တိုင်းဖြတ်ပြီး ကိုင်ထားရုံပဲ။ သူ့နောက်က ရာအိမ်မှူးငမှုံကို ခေါ်ခဲ့ပြီး ပွဲခင်းတစ်ခင်းလုံး လှည့်နေတော့တာ။

သက်ကယ်တန်းသူကြီး ကိုတက်ရိုး ဆိုလို့ကတော့ မူးတဲ့လူတောင် အမူးပြေလောက်အောင် ကြောက်တယ်။ မိုက်လို့ဆိုးလို့များတော့ ရိုက်စရာရှိရင် ကျွဲရိုက်နွားရိုက်ပဲ။

လူတိုင်းတော့ အကြောင်းမဲ့ရိုက်နှက်နေတာ မဟုတ်ပါဘူး၊ တော်တော်ဆိုးမှပါ။ သူပိုင်တဲ့ လယ်တွေချောင်းတွေ ဆိုတာလည်း မပြောနဲ့တော့။ အနောက်ကွင်း နတ်ကွန်းစင်ဘက်ကနေ လက်ညှိုးသာထိုးလိုက်၊ မြစ်နားတန်းညို့ညို့အထိက သူ့လယ်ချည်းပဲ။ မြေပဲခင်း၊ နှမ်းခင်း ဆိုတာတော့ မမြင်ချင့်အဆုံး။

အရက်ကလေးကလည်း ကြိုက်တယ်။ ဒါကလည်း တမင်ကျင့်ထားရတာ။ ဝန်ထောက်တို့၊ မြို့ပိုင်တို့ လာရင် ဒါမှအဆင်ပြေတာကိုး။ ကက်တော့ တော်တော် ဝါသနာကြီးတယ်။ သူကြီးရင့်မကြီးလုပ်ပြီး နေ့လယ်နေ့ခင်း ဈေးလယ်ကောင် ကက်သွားဆွဲချင် ဆွဲနေတတ်တာ။ ဝါးရင်းတုတ်ကြီး တိုင်ဘေးထောင်ပြီး တစ်နေကုန် ထုံးခွေကြေး ကက်ဆွဲကြတော့ သူ့မျက်နှာ ထုံးတွေ အစင်းလိုက်ပဲ။

သူများမျက်နှာတွေလည်း ထုံးတွေ အချောင်းလိုက်ပဲ။ ညနေ မိုးချုပ်ခါနီး ကက်ဝိုင်းပြီးလို့ ပြန်လာရင် မျက်နှာသစ်လာတာ မဟုတ်ဘူး။ ထုံးကြောင်းအရစ်အရစ်တွေနဲ့ သည်အတိုင်း အိမ်ပြန်လာတာ။ အိမ်ရောက်တော့မှ မျက်နှာသစ်တယ် (သူကြီး ဆိုတော့လည်း မျက်နှာကထုံးတွေနဲ့ ရယ်စရာကြီး ဖြစ်နေပေမယ့် လမ်းတွေ့တဲ့လူကလည်း မရယ်ရဲဘူး)။

‘ကနေ့ အဖေချည်းရှုံးတာပဲ သမီးရေ … ’ ဆိုပြီး အိမ်ပေါ်တက်လာတော့ သမီးကြီး (တတိယသမီး) မတင်ဥက ‘အဖေကလည်းတော် … သူကြီးလုပ်နေပြီး မျက်နှာ ထုံးတွေနဲ့။ မရှက်ဘူးလား’ လို့အမြဲ ပြောတတ်တယ်။

‘ဟ … သူကြီး ဘာဖြစ်တုံး … သူကြီးလည်း လူပဲဟ’ ဆိုပြီး မျက်နှာသစ်တယ်။ နောက်တစ်နေ့ နေ့လယ် ကက်ဝိုင်းသွားမြဲပါပဲ။ တစ်ခါတလေ ကစားဖက်က နိုင်လို့ သူကြီးမျက်နှာ ထုံးမခွေရဲဘူး ဆိုရင် …

“ဟကောင် … ခွေလကွာ … သူကြီးမို့ ထုံးမခွေဘူး ဆိုရင် ဘယ်တရားပါ့မလဲကွ။ ကက်ဆွဲရတာ ဘယ် အရသာရှိတော့မှာလဲ။ လုပ်ပါ ငါ့ကောင်ရ … ခွေပါ … ” လို့ ပြောပြီး မျက်နှာထိုးပေးတတ်တယ်။

တကယ်က ကိုတက်ရိုးက သူကြီးမျိုးမဟုတ်ဘူး။ ပညာကတော့ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်းလောက်ပါပဲ။

သူ့အရင် သက်ကယ်တန်းသူကြီးက ကိုကံရင် တဲ့။ အဲဒီတုန်းက ကိုတက်ရိုးက သူကြီးရဲ့ ညာလက်ရုံး။ သူကြီးကိုကံရင်မှာ သားမရှိဘူး၊ သမီးတွေချည်း မွေးထားတာ။ သူကြီး ကိုကံရင် အသက်ကြီးတော့ သူ့သမီးတွေထဲက မကျင်လှကို ကိုတက်ရိုးနဲ့ ပေးစားတယ်။ ဒါဘာပွဲ တို့၊ မင်းပွဲတို့မှာ ကိုတက်ရိုးကို ပွဲထုတ်တယ်။

ကိုကံရင် သေတော့ သမက်ကိုတက်ရိုး သူကြီးဖြစ်လာတာပါပဲ။ သူကြီးဖြစ်တဲ့နှစ်က ကိုတက်ရိုး ပိုက်ဆံတော်တော်ကုန်တယ်။ မြို့ပိုင် တို့၊ နယ်ပိုင် တို့ ရွာကိုကြွတော်မူတယ်ဆိုရင် ကိုတက်ရိုးက အရိုးခံ မဟုတ်လား၊ ဘာမှမလုပ်တတ်ဘူး။ သူ့မိန်းမ မကျင်လှက သူကြီးသမီး ဆိုတော့ ဘာလုပ်ရမလဲ ဆိုတာ သိတယ်။ ဒီလို ဒီလို လုပ် ပေါ့၊ ဒီဟာ ဒီဟာ ကျွေး ပေါ့၊ ဒါလေး ဒါလေး ပေး ပေါ့ ဆိုတော့မှ သူကြီးပါးဝသွားတော့တယ်။

မကျင်လှနဲ့က နှစ်အစိတ်လောက် ပေါင်းလိုက်ရတယ်။ မကျင်လှ မီးယပ်သွေးဆုံးနဲ့သေတော့ ကိုတက်ရိုးက ငါးဆယ်ကျော်ရုံရှိသေးတယ်၊ အရွယ်ကောင်းတုန်း။ သားနှစ်ယောက်၊ သမီးသုံးယောက် ကျန်ရစ်တယ်။ ငတင် တဲ့၊ ငမှင် တဲ့၊ မတင်ဥ တဲ့၊ မကျင်နု တဲ့၊ မခင်ပု တဲ့။

သားကြီးကိုတင်က ခေတ်ပညာတတ်တယ်။ မကွေးမှာ ကျောင်းထားတယ်။ သူကြီးလည်း လုပ်ချင်ပုံမရတော့ သားလတ်ကိုမှင်ကို နားသွင်းရတယ်။ သူကြီးလက်စွဲလေး ဘာလေး ဖတ်ခိုင်း၊ ရပ်အမှု ရွာအမှုတွေ စစ်တော့ နားထောင်ခိုင်း၊ သူကြီးအစည်းအဝေးလေးဘာလေး စာရင်းလုပ်ခိုင်း၊ ကောက်ခိုင်းနဲ့ သူကြီးထရိန်နင် ပေးလာလိုက်တာ ရွာက တော်ရုံကိစ္စ ကိုမှင်နဲ့တင် ပြီးတယ်။

မကျင်လှ ဆုံးပြီးလို့ လေးနှစ်လောက်ကြာတော့ ကိုတက်ရိုး မိန်းမထပ်ယူတယ်။ သက်ကယ်တန်းကပါပဲ။ ဆွေကြီးမျိုးကြီးထဲကပါ။ မငြိမ်း တဲ့။

မငြိမ်းက အပျိုစစ်စစ်တော့ မဟုတ်ဘူး၊ မုဆိုးမ။ သူ့ အရင်ယောက်ျားက အပေါင်ဆိုင်ဖွင့်ထားတဲ့ တရုတ်ကိုကျင်မှိန်။ ရွှေလေးငွေလေးနဲ့ ချမ်းချမ်းသာသာပါပဲ။ ကိုကျင်မှိန်နဲ့ ကလေးမရဘူး။ အပေါင်ဆိုင် တရုတ် ဆုံးတော့ ကျီးကြည့်ကြောင်ကြည့်ဖြစ်နေတုန်း သူကြီးကိုတက်ရိုးက ကောက်ယူလိုက်တာ။

အပေါင်ဆိုင်တရုတ်နဲ့ ကလေးမမွေးတဲ့ မငြိမ်းက သူကြီးကိုတက်ရိုးနဲ့ကျတော့ မွေးလိုက်တာမှ ရှင်မွေးလွန်း ဖြစ်ကရော၊ ဆယ့်တစ်ယောက်တောင် (ဒါတောင် ကြားထဲမှာ နှစ်ယောက် ပျက်ကျသေးတယ်)။ ကိုတက်ရိုးရဲ့ အရင်မယားကရတဲ့ သားသမီးတွေနဲ့က အဆင်မပြေတော့ ဝိုင်းထဲမှာပဲ အိမ်သတ်သတ်ဆောက်ပြီး ထားတယ်။

အရင်မယားက သားသမီးတွေနဲ့ မငြိမ်းနဲ့သာ အဆင်မပြေတာ၊ ကလေးတွေချင်းကျတော့ အဆင်ကိုပြေလို့။ ချစ်ကြတယ်။ ကိုတက်ရိုးကလည်း မငြိမ်းမို့ မျက်နှာသာမပေးဘူး၊ အရင်သားသမီးတွေမို့လို့လည်း ဦးစားမပေးဘူး၊ မျှမျှတတပဲ။

ခြံဝိုင်းကြီးထဲ စပါးကျီ၊ ပဲကျီ ကြီးကြီးဆောက်ပြီး ရလာတဲ့ စပါး၊ ပဲ၊ နှမ်း လှောင်ထားတာပဲ။ မျိုးချန်စရာရှိတာ ချန်၊ ရောင်းစရာရှိတာ ရောင်း၊ စားဖို့သိမ်းတာ သိမ်းနဲ့ ရသမျှ တစ်စုတစ်စည်းတည်း ထားတာပါပဲ။

ကိုတက်ရိုး အသက်ခြောက်ဆယ်တော်တော်ကျော်လာတော့ သူကြီးအလုပ် စိတ်ကုန်လာတယ်။ အသက်ကလည်း ရလာပြီ၊ လယ်တွေ ချောင်းတွေကလည်း ရှိသေးတယ်၊ ရွာကိစ္စတိုင်းကို ထစ်ခနဲဆို သူ မသွားနိုင်တာလည်း ပါတယ်၊ ဆိုင်ရာဆိုင်ရာနဲ့ ညှိနှိုင်းပေးကမ်းပြီး သူ့သား ငမှင်ကို သူကြီးရာထူးအပ်ပြီး သူက နားတယ်။

သျှောင်တစ်စောင်းနဲ့ သူကြီးဦးတက်ရိုးနေရာမှာ ဘိုကေနောက်မြင့်နဲ့ သူကြီးဦးမှင် ပြေားတာကလွဲရင် သက်ကယ်တန်းရွာက သူကြီးအပြောင်းအလဲကို သိတောင်မသိလိုက်ကြဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ရွာကလေးမှာ သူကြီးအပြောင်းအလဲကို သိပ်ဂရုစိုက်နေကြတာလည်း မဟုတ်ဘူး။

တစ်နေ့ ငမှင် သူကြီးဖြစ်မယ် ဆိုတာ ကြိုသိနေကြတော့လည်း အသွားမပျက် အစားမပျက်ပါပဲ။ ကိုမှင် သူကြီးဖြစ်လို့မှ မကြာသေးဘူး။ သူ့အဖေ သူကြီးဟောင်းကိုတက်ရိုးရဲ့ နောက်မယား မငြိမ်း သေပြန်ရော။ မငြိမ်းသေတော့ သူကြီးဟောင်းကိုတက်ရိုးက ခုနစ်ဆယ်ကို သုံးနှစ်စွန်းနေပြီ။ လယ်လေးကိုင်းလေးလည်း ကွပ်ကဲရသေးတယ်၊ ရပ်မှုရွာမှုကလည်း တစ်ဖက်၊ ညီအစ်ကို မောင်နှမတွေအရေးက တစ်ဖက်နဲ့ ဂျင်ခြေကိုလည်လို့။

ညီအစ်ကိုမောင်နှမတွေကို အိမ်စောင့်ချသင့်သူ ချ၊ ကျောင်းထားဖို့ မြို့ကိုပို့သူ ပို့၊ လယ်ထဲကိုင်းထဲ ဆင်းခိုင်းသင့်တဲ့သူ ဆင်းခိုင်း၊ လုပ်နေတုန်းမှာပဲ သူကြီးဟောင်းကိုတက်ရိုးက ပုတီးကလေး လည်ပင်ဆွဲပြီး ဘုန်းကြီးကျောင်း သွားသွားနေတာ နေ့တိုင်း။

ဘုန်းကြီးကျောင်း သွားတဲ့ လမ်းမှာ ရီးပေါက်စတို့ သက်ကယ်ပျစ်တဲ့ တဲကြီး ရှိတယ်။ ဟိုရွာ သည်ရွာက မိန်းကလေး တော်တော်များများလည်း ရီးပေါက်စတို့အိမ်မှာ နေရင်း သက်ကယ်ပျစ်ကြတယ်။ အဲဒီအထဲမှာ ဖလံကျင်းက မမြသင်လည်း ပါတယ်။

အိမ်ရှေ့ ဖြတ်ဖြတ်သွားတဲ့ သူကြီးဟောင်း ကိုတက်ရိုးကို ရီးပေါက်စက ‘အိမ်များလည်းဝင်ပါဦး သူကြီးရဲ့ … ဝင်ကောင်းပါတယ်’ ဘာညာ ဆိုတော့ သူကြီးလည်း ဝင်ဖြစ်ရော။ ဝင်ရင်းဝင်ရင်းကပဲ သူကြီးဟောင်း ကိုတက်ရိုး မိန်းမလိုချင်လာရော။ ဒါကို ရီးပေါက်စက သိတယ်။

ရီးပေါက်စက ဒါကိုတင်သိတာ မဟုတ်ဘူး၊ သူကြီးဟောင်းရဲ့ လယ်တွေ ချောင်းတွေကိုလည်း သိတယ်။ အရင်မယားတွေက ကျန်ခဲ့တဲ့ ကြံဆစ်လက်ကောက်တွေ၊ ပန်းတစ်လိမ်နန်းတစ်လိမ် ဘယက်တွေ၊ အမ်စီကြိုးတွေကိုလည်း သိတယ်။ သေတ္တာနဲ့နှစ်လုံးလောက် ကျန်ရစ်တဲ့ ထဘီတွေ အဝတ်အစားတွေကိုလည်း သိတော့ မမြသင်ကလေးနဲ့ အောင်သွယ်တယ်။ အောင်သွယ်ခလေး စားလိုက်၊ နားလေးချလိုက်နဲ့ နှစ်နှစ်လောက်ကြာတော့ မင်္ဂလာဆောင်ဖို့ ရက်သတ်တဲ့အထိ ဖြစ်လာတယ်။ ပထမတော့ မမြသင်က ငြင်းတယ်၊ ခုနစ်အိုကျား ရှစ်အိုကျားကြီး မယူချင်ပေါင် တဲ့။

နောက်တော့ ရီးပေါက်စကလည်း အပို့ကောင်း၊ မမြသင်မိဘများကလည်း သည်သတင်းကြားတော့ တွန်း၊ ကြာတော့ မမြသင် ‘အင်း’ လိုက်ရတယ် ဆိုပါတော့။

အဲဒီမှာတင် သူကြီးဟောင်းကိုတက်ရိုးနဲ့ ဖလံကျင်းသူ မမြသင် မင်္ဂလာဆောင်တော့မယ် ဆိုတဲ့သတင်း ထွက်လာလိုက်တာ ပျားတူအုံ တုတ်နဲ့ထိုးသလိုပဲ။

* * *
 
(၃)

မင်္ဂလာဆောင်မယ့် အကြိုညက မဏ္ဍပ်ထဲမှာ အောက်လင်းဓာတ်မီးတွေဆိုတာ ထိန်လို့။ မကွေးကိုတက်ငှားတာ ဓာတ်မီးဖိုးကချည်း တစ်ရာလောက် ကျတယ်။ ချက်တဲ့လူက ချက်၊ ပြုတ်တဲ့လူက ပြုတ် ပေါ့။ သူကြီးကိုမှင် မျက်နှာနဲ့ ဟိုရွာသည်ရွာက လာပို့တဲ့ ဝက်တို့ကြက်တို့ ဆိုတာ ဖောချင်းပဲ။ အရက် ဆိုတာတော့ မပြောနဲ့တော့။ ပလတ်စတစ်ပုံးကြီးတွေနဲ့ ထည့်ထားတာ၊ သောက်စမ်း … ကြိုက်သလောက် သောက်။

ရွာကတီးဝိုင်းကလည်း ရသမျှသီချင်းလေးတွေနဲ့ ဧည့်ခံလို့။ သူကြီးဟောင်းကိုတက်ရိုးကတော့ တစ်ခါမှ ထုတ်မပေါင်းဖူးတဲ့ ပန်းနုသွေးမင်္ဂလာရောင် ခေါင်းပေါင်း နှစ်ပတ်ကျော့လေးနဲ့ တကယ့် ကာလသားလေး ကျနေတော့တာ။ လည်ကတုံးအင်္ကျီ လျှာဖတ်လတ်မှာ ရွှေသီး ဆိုတာ တစ်လုံး တစ်လုံးကို မန်ကျည်းစေ့လောက်ရှိတယ်။ တစ်ချက်မှလည်း ဣနြေ္ဒမရဘူး။ ရပ်မိရပ်ဖတွေထိုင်တဲ့ လူကြီးဝိုင်းပဲ ဝင်ထိုင်ရတော့မလိုလို၊ ကာလသားတီးဝိုင်းထဲဝင်ပြီး ‘မေတ္တာသတ္ထော အနန္တော … မြတ်ရှင်စော ဟောကြားကာရယ် … ’ ပဲ ဟဲရတော့မလိုလိုနဲ့။

သူကြီးကိုမှင်ကတော့ ဖအေသတို့သားကြီးကို ကြည့်ရင်းက ပြုံးပြုံးကြီး။ မငြိမ်းနဲ့ရတဲ့ကလေးတွေကလည်း သူတို့အဖေ အိုကြီးအိုမကို ကြည့်ပြီး ရှက်တဲ့သူက ရှက်လို့၊ မူးတဲ့သူက မူးလို့၊ ပျော်တဲ့သူက ပျော်လို့။ မမြသင်ကိုတော့ မတွေ့ရဘူး။ ရှက်လို့ပဲလား၊ ညွှတ်နေအောင် ဆင်ထားတဲ့ ရွှေတွေနဲ့ မနေတတ်မထိုင်တတ်လို့လား မသိဘူး၊ မဏ္ဍပ်ထဲ တစ်ခါမှ မလာဘူး။ တချို့ကလည်း ရီးပေါက်စတို့အိမ်မှာ ငိုနေလိုက်တာ ရှိုက်ကြီးငင်ကြီး တဲ့။ တချို့ကလည်း မဟုတ်ပါဘူး တဲ့၊ သင်းကြူကြူပေါင်ဒါလေး လိမ်းလိုက်၊ သီချင်းလေး ညည်းလိုက်နဲ့ပါ တဲ့။

ခက်တာက မမြသင်ရဲ့ အဖေနဲ့ အမေပဲ။ သူကြီးဟောင်းရဲ့ ယောက္ခမသာ ပြောရတယ်၊ သမက်က သူတို့ထက်ကြီးနေတော့ ‘သား’ ပဲ ခေါ်ရမှာလား၊ ‘မောင်တက်ရိုး’ ခေါ်ရမှာလား၊ ‘သူကြီး’ လို့ လွယ်လွယ်ခေါ်ရမှာလား မဝေခွဲတတ်ဘူး ဖြစ်နေတယ်၊ ကိုတက်ရိုးကလည်း ယောက္ခမတွေကို ခေါ်ရင် ‘ဒီမယ်’ တဲ့။

နောက်တစ်နေ့ မိုးလင်းလို့ ဘုန်းကြီးကျောင်း မင်္ဂလာဆွမ်းအုပ်ပို့ပြီးတာနဲ့ ရွာက ရွာမိရွာဖတွေ ထမင်းကျွေးဖို့ စီစဉ်တယ်။ ထမင်းမကျွေးခင် ဟိုဘက်ဒီဘက် ဆွေမျိုးမိဘတွေ၊ လူကြီးသူမတွေ ခေါင်းရင်းဘက် တန်းစီထိုင်ပြီး သတို့သမီး-သတို့သား မင်္ဂလာစကားပြောမယ် လုပ်တော့ မမြသင်နဲ့ ကိုတက်ရိုးက ပီဘိ ကျုံ့ကျုံ့ကလေး ထိုင်လို့။

မမြသင်ကတော့ စံပယ်ပွင့်တွေ ဝေနေအောင် ပန်ထားတယ်။ မျက်နှာကလည်း ပန်းသွေးထနေလိုက်တာ ရဲလို့။ ခေါင်းကလည်း ငုံ့ထားလိုက်တာ ဇက်ကျိုးတာကမှ လှုပ်လိမ့်ဦးမယ်။ မိန်းမသုံးယောက်နဲ့ မင်္ဂလာဆောင်ဖူးသွားပြီဖြစ်တဲ့ ကိုတက်ရိုးကတော့ ရှိုးတိုးရှုန့်တန့်တော့ မဖြစ်ဘူး၊ ဒါပေမဲ့ ရှက်တော့လည်း ရှက်တာပါပဲ။ သူ့သဘောအတိုင်းဆို မင်္ဂလာဆောင်ဖို့ စိတ်မကူးဘူး၊ သည်အတိုင်း ပေါင်းလိုက်ရုံ တွက်ထားတာ။ ဒါပေမဲ့ မမြသင်ဘက်က လက်မခံဘူး။ သူ့သမီး အပျိုနုနုထွတ်ထွတ်ကို မင်္ဂလာဆောင်ယူရမယ် ဆိုလို့သာကိုး။

မမြသင်ရဲ့ မိဘနှစ်ပါးနဲ့ ရပ်မိရပ်ဖတွေ၊ သူ့သား သူကြီးကိုမှင်တို့ ခေါင်းရင်းခန်း နေရာဝင်ယူတော့ လာသမျှဧည့်သည်တွေကလည်း အထူးအဆန်းဖြစ်လို့။ ငြိမ်လို့ … ပြုံးကြလို့ … ဒါပေမဲ့ မင်္ဂလာစကားကို ဘယ်သူက စပြောမယ် ဆိုတာ ညှိမထားတော့ တိတ်ဆိတ်နေလိုက်တာ အကြာကြီး။ တစ်အောင့်နေတော့မှ ရွာက စက်ပိုင်ဦးဘရှင်က …

“မောင်မှင် … မင်းကရွာမှာ သူကြီးပဲ။ မင်းက စပြောကွာ” တဲ့။

ကိုမှင်က ဘယ်လိုမှ မျှော်လင့်ထားတာမဟုတ်ဘူး။ သူ စကားပြောရမယ် လို့လည်း မထင်ဘူး။ ပြောလည်း မပြောသင့်ဘူး လို့ တွက်ထားတာကိုး။ ဒါကြောင့် ဦးဘရှင်ကပြောခိုင်းတော့ တွန့်သွားတယ်။

“ဟာ … မဟုတ်တာ … ဘကြီးဘရှင်ပဲ ပြောပါဗျာ”

“အေးပါ … တို့လည်း ပြောမှာပါ။ ဟိုဘက်ဒီဘက် မိဘများကလည်း ပြောရမှာလေ။ မင်းက မင်းအဖေဘက်က လူကြီးတစ်ယောက်အနေနဲ့ရော ရွာကသူကြီးအနေနဲ့ပါ မင်း စပြောမှ တင့်တယ်မှာပေါ့”

အဲဒီတော့မှ ရွာကလူတွေကလည်း စိတ်ဝင်စားလာကြတယ်။ ကိုမှင်က သူ့အဖေ သတို့သားကို ဘယ်လိုပြောမှာပါလိမ့် ပေါ့။ ကိုမှင်ကတော့ ချွေးတွေသံတွေတောင် ထွက်လာတယ် လို့ ထင်တယ်။ သူ့ရှေ့က ဖလားစုံကွမ်းအစ်ကြီးထဲက ကွမ်းသီးတစ်ဖတ် ကောက်ဝါးထည့်ပြီး အကြာကြီး နေတော့မှ …

“အဟမ်း … ”

ချောင်းမဟန့်ချင်ဘဲဟန့်တော့ လူတွေက တဝေါဝေါစကားပြောနေကြတာ ငြိမ်သွားတယ်။

“အဖေနဲ့ … အဲ … အဖေနဲ့ပေါ့လေ … မမြသင်နဲ့ … ”

ကိုမှင်က ဆက်ပြောလို့မရသလို ရပ်သွားတယ်။ ကွမ်းသီးတစ်ဖတ် ထပ်နှိုက်တယ်။ ဝါးတယ်။ မဆီမဆိုင် ရေနွေးကြမ်းတစ်ပန်းကန် ငှဲ့တယ်။

“အဖေနဲ့ မမြသင်နဲ့ ဘာသာဘာဝ ထိမ်းမြားကြလို့ မင်္ဂလာစကား ပြောပါ ဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှရှိတယ်၊ ပုဆိုးတန်းတင် အကြင်လင်မယား တဲ့ … အဟမ်း … အရှေ့ ခုနစ်အိမ်၊ အနောက် ခုနစ်အိမ် သိကြလို့ မြန်မာ့ထုံးစံ ကန်တော့ပွဲနဲ့ … ကွမ်းဆေး လက်ဖက်နဲ့ ဧည့်ခံလို့ လင်မယားအရာမြောက်ပြီ ဆိုတာနဲ့ … ”

ကိုမှင်က ငှဲ့ထားတဲ့ ရေနွေးကြမ်းပန်းကန်ကို ယူပြီး ရွှတ်ခနဲ သောက်တယ်။ သူကြီးဟောင်းကိုတက်ရိုးကတော့ သူ့သား ကိုမှင်ကို မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ်။ လူတွေက ရယ်ချင်ပေမယ့် မရယ်ဘဲ တင်းထားတဲ့ရုပ်တွေနဲ့။ ကိုမှင်ကလည်း သူ့စကား အမြီးအမောက် မတည့်တာ သူ့ဟာသူ သိတယ်။ ဘာဆက်ပြောရမှန်းလည်း မသိဘူး။ ခဏနေတော့မှ …

“ဒီတော့ကာ … မမြသင်ကလည်း မယားဝတ္တရား တဲ့ … ငါးပါးနဲ့တူတယ် … အဲဒါရှိတယ်။ အဖေကလည်း လင့်ဝတ္တရားငါးပါးနဲ့အညီ တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ နော်ဗျာ … ရသမျှဥစ္စာကိုလည်း တူအမျှ၊ ရသမျှကုသိုလ်လည်း တူအမျှ ဆိုသလို … အဲ … ဆိုသလို … မမြသင်ကလည်း ကိုယ့်လင်သားကို လင်သားလို၊ အစ်ကိုလို … အဖေလို ဆက်ဆံရမယ် … အဖေကလည်း ဒီလိုပဲနော်။ အဖေကလည်း ခါတိုင်းလို မမိုက်နဲ့တော့ … ”

သူကြီးဟောင်း ကိုတက်ရိုးက သူ့သား ကိုမှင် ပြောနေတာကို ဒေါသပဲဖြစ်နေလို့လား၊ စိတ်ပဲမကောင်းလို့လား မသိဘူး။ မျက်လုံးကြီးတွေကလည်း ပြူးလို့။

“မမိုက်နဲ့ ဆိုတာက အဖေ ကက်လည်းဖြတ်တော့။ အရက်လည်း ဖြတ်တော့။ အသက်ကလည်း နားထင်ဆောင့်နေပြီ”

ကိုတက်ရိုးက သူ့သားကိုမှင်ရဲ့ မင်္ဂလာစကားထဲမှာ ကက်တွေ ရော၊ အရက်တွေရော၊ မမိုက်နဲ့တော့ရော ပါလာတဲ့အထိက ဘာမှမပြောသေးဘူး၊ အသက် နားထင်ဆောင့်နေပြီ ဆိုရော …

“ဟေ့ကောင် ငမှင် … ခွေးသား … တော်တော့ကွာ” တဲ့။

အော်လိုက်တာ မင်္ဂလာပွဲလာကြတဲ့လူတွေ ဆိုတာ အုံးခနဲ ထရယ်တာ ပတ်တုတ်ယူရတယ်။

* * *


(၄)

အရင်မယားနှစ်ယောက် ယူခဲ့တုန်းက မယားတွေသာသေခဲ့တဲ့ သူကြီးဟောင်း ကိုတက်ရိုး မမြသင်နဲ့ညားလို့ ခြောက်လလောက်လည်း ကြာရော သည်တစ်ခါသေတာ သူကိုယ်တိုင် ဖြစ်သွားတော့တယ်။

အဲဒီတုန်းက မူလကိုယ်ခံစွမ်းအားလျော့နည်းကျဆင်းတဲ့ရောဂါ ဆိုတာလည်း မပေါ်သေးပါဘဲနဲ့ သူကြီးဟောင်းကိုတက်ရိုးကတော့ တပိန်ပိန်တလိန်လိန်နဲ့ လုံးပါးပါးပြီး သေသွားတာ။ ဘာရောဂါရယ်လို့ မည်မည်ရရလည်း မရှိဘူး။

သူကြီးဟောင်းကိုတက်ရိုး ခုနစ်ဆယ်ကျော်လို့ သေသွားတာက သတင်းမဟုတ်ပေမယ့် ကျန်ရစ်ခဲ့တဲ့ မမြသင်ကတော့ ကိုယ်ဝန်နှစ်လကျန်ခဲ့တယ် ဆိုတာကမှ သတင်းဖြစ်နေတော့ ရွာကလူတွေက ‘ဟယ် … ဟုတ်ပါ့မလား … ’ ပေါ့။

မဖြစ်နိုင်ပါဘူး ပေါ့။
သူကြီးဟောင်း သေပြီးလို့ မကြာပါဘူး၊ မမြသင် ဗိုက်ကလေးစူလာတော့မှ လူတွေက …

“ဟုတ်ပါ့တော် … သူကြီးဟောင်း ကိုတက်ရိုးတို့များ သေခါနီးတောင် ခုနစ်ထွေကလေးနဲ့” … တဲ့။

* * * * *


ကွဲအက်နာရီ


(၁)

ကိုပေတောမှာ နာရီဟောင်းတစ်လုံး ရှိတယ်။ Sandoz လို့ ခေါ်တဲ့ သာမန် နှစ်ရာကျော်ကျော်လောက်သာ တန်တဲ့ နာရီတစ်လုံးပေါ့။ အဲဒီနာရီ အရင်ကလည်း သူ့မှာ နာရီအတော်များများ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဖိုးနည်းဝန်ပါတွေချည်းပဲ။ တစ်ထောင်ကျော်တန်တဲ့နာရီ တစ်လုံးမှ မပါဘူး။ ငါးရာတောင် မကျော်ပါဘူး။ နည်းနည်းကောင်းကောင်းဆိုလို့ ဖဲဝိုင်းပြန် အိုဂျီဘယ်နာရီ ပါးပါးကလေး တစ်လုံးပဲ ပါဖူးတယ်။

ကိုပေတောက နာရီကလိတတ်တဲ့လူတော့ မဟုတ်ဘူး။ ထူးဆန်းတာက နာရီ ရယ်လို့ ဝယ်လိုက်လို့ သူမှပတ်ပြီ ဆိုရင် နာရီက ပျက်တာ များတယ်။ သွားနေရင်းက ရပ်သွားတာမျိုး …

တစ်ခါကဆိုရင် မြို့ထဲကဝယ်လာတာ သူနေတဲ့ရပ်ကွက်တောင် မရောက်သေးဘူး၊ ကားပေါ်မှာတင် နာရီက ရပ်သွားတယ်။ ဒါနဲ့ ကားပေါ်က ပြန်ဆင်းပြီး ပြန်ပြောတော့ ဆိုင်ရှင်က ဖြုတ်ကြည့်တယ်။ ‘အသစ်မို့လို့ပါ’ တဲ့။ ‘ဒါက ဝိုင်ဒင်တိုက်နော်’ တဲ့။ ‘သံပတ် နေ့စဉ်ပေးဖို့လည်း မမေ့နဲ့တဲ့’ တဲ့။ ‘ခြောက်လအတွင်း ရပ်သွားရင်၊ ပျက်သွားရင် ပြန်သာယူခဲ့’ တဲ့။ ကိုပေတော ကျေနပ်သွားတယ်။ ပြန်ပတ်လာတယ်။ မရပ်ဘူး။

နောက်တစ်ရက် ရပ်သွားတယ်။ သူ တော်တော်လည်း စိတ်ပျက်သွားတယ်။ ဆိုင်ကို တစ်ခါ ပြန်သွားတယ်။ ဆိုင်ရှင်က မျက်နှာမကောင်းဘူး။ ဘာဖြစ်သွားလို့ ဆိုလား ပြန်လုပ်ပေးလိုက်တယ်။ သူ ပြန်ယူလာတယ်။ တစ်ပတ်တိတိကြာတဲ့နေ့မှာ စက်ရပ်သွားပြန်ရော။

ဒီတစ်ခါတော့ နာရီရောင်းတဲ့သူက ဝယ်တဲ့နာရီဈေးပေါ်မှာ အခြေခံပြီး တခြားနာရီတစ်လုံးကိုသာ ယူသွားပါတော့ တဲ့။ ငွေနည်းနည်း ထပ်ဆောင်းပေးပါ ဆိုတော့ သူ့စိတ်ကြိုက်တစ်လုံး ထပ်ယူလာတယ်။ ငွေတစ်ရာ ထပ်ပေးခဲ့ရတယ်။ အဲဒီနာရီလည်း ခြောက်လအာမခံပဲ။

တိုက်တိုက်ဆိုင်ဆိုင် ခြောက်လပြည့်တဲ့နေ့ရဲ့ နောက်တစ်နေ့ မိုးလင်းတော့ နာရီစက်ရပ်သွားတယ်။ သူ ရက်တွေပြန်စစ်တယ်။ ဟုတ်တယ်၊ တကယ့်ကို ခြောက်လ တစ်ရက်စွန်း ဖြစ်နေတယ်။ သူ ရောင်းတဲ့ဆိုင်ကို မသွားတော့ဘူး။ နာရီပြင်ဆိုင်မှာ ပြင်တယ်။ ကောင်းတယ်၊ ပတ်တယ်၊ ဓာတ်ဆီ-ဓာတ်စံ ပြက်လုံးလိုပဲ ‘ပေးရင်းကတော့ ငါးကျပ်ပဲ၊ ပေါက်လိုက် ရွေးလိုက်က ငါးဆယ် ကျတယ်’ ဆိုသလိုပဲ၊ ပြင်ခကချည်း နာရီဖိုး ကျော်သွားတယ်။

ဒီတော့ သူ ရသလောက်နဲ့ ရောင်းလိုက်တယ်။ နောက်တစ်လုံး ဝယ်တယ်။ ချက်ချင်းတော့ ဝယ်လိုက်နိုင်တာမဟုတ်ဘူး၊ တော်တော်ခြိုးခြံပြီး စုဝယ်ရတာ။ နောက်နာရီတွေလည်း သည်လိုပဲ။ ဒါပေမဲ့ သူ စိတ်မပျက်ဘူး၊ ငြီးငွေ့တယ်ရယ်လို့လည်း မရှိဘူး။ ‘နာရီဇိုးမျိုး ခံနိုင်သူကို ကျွန်မဖြင့် တွေ့မမြင်ပြီ … သြော် … ရှာပေဦးတော့ ထမင်းထုပ်ကြီးနဲ့ … လူပါမသိုးရုံဖြင့် မှာလိုက်ချင်သည်’ ဆိုတာ ကိုပေတောမှ အစစ်ပဲ။ နောက်ပြီး နာရီ ကောင်းနေတုန်းပေမယ့် ချေးဆေးရင်လည်း ဆေးတတ်တယ်။

ဆိုင်က ‘ခင်ဗျားနာရီ ကောင်းနေသားပဲဗျ’ ဆိုတော့ သူက ‘အဝတ်အထည်လိုပဲပေါ့ဗျာ၊ သိပ်မပေခင် ဖွပ်တော့ ပိုမကောင်းဘူးလား’ တဲ့။ နာရီပြင်ဆရာက ‘ကောင်းပါတယ်၊ ဒါပေမဲ့ ခင်ဗျားအဝတ်က မစွန်းထင်းသေးဘဲနဲ့တော့ အစွန်းချွတ်ဆေးထဲ နှစ်စရာမလိုဘူး မဟုတ်လား’ ဆိုတော့ သူ စိတ်ဆိုးသွားတယ်။ ‘ခင်ဗျားက ရပ်နေတဲ့နာရီကိုပဲ ချေးဆေးတတ်တဲ့လူပဲ၊ ကောင်းနေတဲ့နာရီကို ချေးမဆေးတတ်ဘူးထင်ပါရဲ့’ လို့ ပြောပြီး ပြန်ယူလာတတ်တယ်။ နောက်တစ်ဆိုင် ပြောင်းတယ်။

နောက်တစ်ဆိုင်ကလည်း အဲသလို ပြောတာပါပဲ။ ဒီတော့ သူက ‘ရော … ခက်ပါလား … ခင်ဗျားတို့ နာရီပြင်ဆရာတွေဟာ လက်စသတ်တော့ တစ်ကျောင်းထည်းဆင်းတွေပါလား’ ဆိုပြီး ပြန်ယူလာပြန်ရော။ ဒါပေမဲ့ ချေးဆေးချင်တဲ့စိတ်က မကုန်ဘူး။ ဒီတော့ နောက်တစ်ဆိုင်မှာ ‘စက် ခဏခဏရပ်တယ်ဗျာ၊ ချေးဆေးပေးပါဦး’ လို့ ပြောပြီး အပ်တယ်။ ဒီတော့မှ ‘ထားခဲ့လေ’ တဲ့။ ဒီတော့ သူက နာရီကိုချွတ်ရင်း ‘ခင်ဗျားတို့ နာရီပြင်ဆရာတွေလည်း ရောဂါပဲ’ တဲ့၊ ‘စက်ရပ်မှ ကိုင်ချင်ကြတာကိုး’ လို့လည်း ပြောသေးတာ။

ဒါပေမဲ့ စောစောကပြောသလိုပဲ သူ့လက်ထဲမှာ နာရီက ခဏခဏပျက်တာပဲ ဆိုတော့ သူက နာရီတွေကို အပြစ်မတင်ချင်တော့ဘဲ သူ့လက်ကောက်ဝတ်ကိုပဲ သံသယရှိလာတယ်။

ဘယ်ဘက်က ညာဘက် ပြောင်းပတ်ကြည့်တယ်၊ ပျက်တာပဲ။ နောက် ညာဘက်က ပြန်ပတ်တယ်၊ ပျက်တာပဲ။ လက်ကောက်ဝတ်နဲ့ နာရီရဲ့ သမူဟမဖြစ်ခြင်းသဘော၊ ဒါမှမဟုတ် ဝိရောဓိဖြစ်ခြင်းသဘောကို သူ ဘယ်လိုမှ စဉ်းစားလို့မရဘူး ဖြစ်နေတယ်။ အခုတော့ Sandoz နာရီလေး ပတ်ဖြစ်နေပြန်တယ်။ သည်နာရီလေးကတော့ မဆိုးပါဘူး။ တော်တော်လည်း ခံတယ် ပြောရမယ်။ တစ်နှစ်နီးပါးရှိပြီ။ ဒါပေမဲ့ ဝတ္တရားမပျက် ချေးတော့ မှန်မှန်ဆေးပေးရတာပေါ့လေ။

နောက်တစ်ခုက ကိုပေတော့မိန်းမမှာလည်း နာရီတစ်လုံးရှိတယ်။ မိန်းမပတ် CQ နာရီလေး။ လေးထောင့် စောင်းသိမ်း(ဆယ်ပြားစေ့) နာရီကလေး။ နာရီဖင်ဘက်မှာ Stainless Steel လို့ ရေးထားပေမယ့် သံချေးတွေတော့ ရှိတယ်။ Water Proof ဆိုပေမယ့် ရေစလေးတွေ မှန်မှာသီးနေတတ်တယ်။ ဒါပေမဲ့ နာရီက စက်တော့ကောင်းသေးတယ်။

ဒါပေမဲ့ သူ့မိန်းမ CQ နဲ့ သူ့ Sandoz ကို တိုက်ကြည့်လိုက်တိုင်း အချိန်က ခုနစ်မိနစ်လောက် ကွာနေတတ်တယ်။ ဒါက အမြဲဖြစ်နေတာ။ သူမှန်တယ် ငါမှန်တယ် အမြဲ ငြင်းနေကျ။ တစ်ခါတော့ မြန်မာ့အသံနဲ့ လင်မယားနှစ်ယောက် အချိန်တိုက်ကြတယ်။ လင်မယားပေမယ့် အလောင်းအစားလေးတော့ ပါတယ်။ များများမဟုတ်ပါဘူး၊ ဆီချက်တစ်လုံးကြေးပါ။ ရှေ့မှာ ရေဒီယိုကြီးဖွင့်ထားပြီး မွန်းတည့် ဆယ့်နှစ်နာရီ ‘ဒေါင်ဒင်ဒေါင်’ ကြီး လာတော့မယ့်အချိန် ဧည့်ခန်းထဲမှာ နှစ်ယောက်သား ငြိမ်ပြီးထိုင်နေကြတယ်။ ကိုပေတောက ရင်တထိတ်ထိတ်နဲ့။

ဆီချက်ဝယ်ကျွေးရမှာကိုကြောက်လို့ မဟုတ်ဘူး၊ သူ ရှုံးမှာ စိုးရိမ်လို့။ သူ့နာရီက မှားနေတယ် ဆိုတာကို မဖြစ်ချင်ဘူး။ သူ့ Sandoz က အဖိုးမတန်ရင်သာရှိမယ်၊ ကမ္ဘာပေါ်မှာ အတိကျဆုံးနာရီ လို့ သူ့ဟာသူ ထင်နေတဲ့ ရောဂါအခံကလည်း ရှိတော့ သူ့နာရီရှုံးတယ် ဆိုတာ မဖြစ်ချင်ဘူး။ ပြီးတော့ သူ့နာရီက … ‘ကျွမ်းကျင်တဲ့ ခွဲစိတ်ကု သမားတော်ရဲ့ ဓားသွားကမှ အပိုအလိုရှိလိမ့်ဦးမယ်၊ ကျုပ်နာရီက ကွက်တိပဲ’ လို့ အမြဲပြောတတ်တဲ့လူ မဟုတ်လား။

ဒေါင်ဒင်ဒေါင် ကြီးလည်း လာရော သူ ရှုံးတယ်။ သူ့မိန်းမ နာရီကလည်း တိတိကျကျကြီးတော့ မဟုတ်ပါဘူး။ တစ်မိနစ်မရှိတရှိ လိုနေတယ်။ ထားပါတော့၊ အနီးဆုံး မှန်တယ် ပြောပါတော့။

ဒါကိုလည်း ကိုပေတောက မကပ်ပါဘူး။ သူ့မိန်းမနာရီကို အမှန်ပေးလိုက်ပါတယ်။ ဆီချက်တစ်လုံးဖိုးလည်း ပေးလိုက်တာပါပဲ။

ဒါပေမဲ့ သည် ဒေါင်ဒင်ဒေါင် ကိုလည်း သူ မယုံပြန်ဘူး။ သူလည်း နာရီတစ်လုံးပဲ။ သူကလည်း လွဲနေနိုင်တာပဲ လို့ သူ ထင်တယ်။

သူ့မိန်းမက ‘ရှင် ရူးနေသလား။ ဒါက စံတော်ချိန် ရှင့်’ ဆိုတော့ ‘နာရီတွေသာ လူဆိုရင် သူမှန်တယ် ငါမှန်တယ် လို့ ငြင်းခုံကြရင်းက အုပ်စုတွေကွဲပြီး နာရီကမ္ဘာစစ်တောင် ဖြစ်သွားနိုင်တာပါပဲ’ တဲ့။ ‘သိပ်မထင်ပါနဲ့’ တဲ့။

ဒီတော့ သူ့မိန်းမက ‘နာရီကမ္ဘာစစ်သာဖြစ်ရင် ရှင့် Sandoz အမျိုးအစား အစုတ်ပလုတ်က စခံရမှာပဲ’ တဲ့။ ရှင့် Sandoz က ဘာမှသာ မဟုတ်တယ်၊ လေကျယ်လွန်းလို့’ ဆိုတော့ ‘တော်စမ်းပါကွာ’ တဲ့၊ ‘နင်နဲ့ငါနဲ့ သည်နာရီအတွက်နဲ့ လင်မယားကွဲလိမ့်မယ်’ တဲ့။

ပြောတုန်းရှိသေးတယ်။ သူတို့ဧည့်ခန်းထဲက တိုင်ကပ်နာရီဟောင်းကြီးဆီက ဆယ့်နှစ်ချက်ထိုးသံ ကြားရတယ်။

ကိုပေတော တော်တော် စိတ်ပျက်သွားတယ်။ သူ့နာရီနဲ့က ဆယ်မိနစ်ကျော်ကျော်တောင် ကွာတယ်၊ ဒေါင်ဒင်ဒေါင်ကြီးနဲ့က ငါးမိနစ်လောက် ကွာနေတယ်။ စိတ်ပျက်ပေမယ့် အဲဒါကိုက သူ့အတွက် ပြောစရာ အခွင့်အရေး မဟုတ်လား။

“ကိုင်း … ငါမပြောဘူးလား။ ဘယ်ဟာမှ ပုံသေမတွက်နဲ့။ အနီးဆုံးပဲမှန်ကြတယ် ဆိုတာ ယုံပြီလား။ နာရီတွေက သံသယဖြစ်စရာ ကောင်းမလာဘူးလား’ တဲ့။

သူ့မိန်းမက သူ့နာရီလေးကို ဖြုတ်ပြီး စားပွဲပေါ်မှာ လှမ်းတင်တယ်။

‘ရှင်ဟာလေ … မန်းလေပြဲလေပဲ။ ကျွန်မကတော့ ရှင့်ကို တုပြောနေမှာမဟုတ်ဘူး။ ဒီမယ် … နာရီတစ်လုံးရဲ့သိက္ခာ ဆိုတာ ရှိတယ် ရှင့်။ နည်းနည်းပါးပါး အချိန် ပိုတာ လိုတာနဲ့ သိပ်မဆိုင်ဘူး။ အဲဒီနာရီနဲ့ နာရီပတ်တဲ့သူရဲ့ အချင်းချင်းယုံကြည်မှုပဲ’

ဆိုတော့ သူ သိပ်နားလည်ပုံမရဘူး။ ဒါပေမဲ့ ကိုပေတော အလျှော့မပေးဘူး။ နာရီနဲ့ပတ်သက်လို့ကတော့ ဘယ်တော့မှ အလျှော့လည်း မပေးချင်ဘူး မဟုတ်လား။

ဒီတော့ … ဒီတော့ … သူနိုင်ရာနဲ့ ကိုင်တယ်။
‘နာရီမှာ သိက္ခာရှိတာမရှိတာ ငါမသိဘူး။ မိနစ်ခြောက်ဆယ် တစ်နာရီ၊ စက္ကန့်ခြောက်ဆယ် တစ်မိနစ် ကတော့ အတူတူပါပဲ’ တဲ့။

ကိုင်း … ကောင်းရော။
အဲဒီနေ့ တစ်နေ့လုံး ကိုပေတော သူ့ Sandoz နာရီကို သူ လုံးဝမကျေနပ်ဘူး။ စက်လည်း သွားနေတယ်။ ကောင်းလည်း ကောင်းနေတယ်၊ ဒါဆိုရင် ဘာပဲဖြစ်ဖြစ် အချိန်က မှန်နေရမယ် လို့ သူတွက်တယ်။

စောစောကပြောခဲ့သလိုပဲ သူ့လက်ကောက်ဝတ်တွေကိုပဲ ပိုပြီး သံသယရှိလာတယ်။ နာရီရဲ့ အနှေး-အမြန်ဟာ လက်ကောက်ဝတ် သွေးတိုးနှုန်းကြောင့်များလား လို့လည်း စဉ်းစားတယ်။

ဒါကို အသေးစိတ်လေ့လာပြီး ‘လက်ကောက်ဝတ်နဲ့ နာရီတို့၏ ဖြစ်တတ် ပျက်တတ်သော သဘောသဘာဝများ သို့မဟုတ် ကာလယန္တရားနှင့် လက်ကောက်ဝတ် သွေးတိုးနှုန်းတို့၏ ဆက်စပ်မှုသီအိုရီ’ ဆိုပြီးတောင် သူ သီအိုရီတစ်ခု ထုတ်ချင်လာတဲ့အထိ သံသယရှိတယ်။

အဲဒီညက သူ အိပ်မပျော်ဘူး။ ဆေးပြား တော်တော်များများကို ရေအေးအေးတစ်ခွက်နဲ့ သောက်ပြီးတာတောင် စိတ်က လှုပ်ရှားနေတုန်းပဲ။

အိပ်ရာထဲမှာ အိမ်ရှေ့ခန်းနာရီကြီးက ကြားနေရတဲ့ ညဆယ့်နှစ်နာရီ ထိုးသံ၊ ည တစ်နာရီ ထိုးသံ၊ နှစ်နာရီ ထိုးသံတွေက သူ့ကို ခြောက်လှန့်နေတယ်။ မိုးသာလင်းသွားတော့တယ်၊ သူ့မှာ ချွေးစေးတွေထွက်ပြီး အနေရခက်နေတုန်းပဲ။ သူ့မိန်းမကတော့ အိပ်နေလိုက်တာ သိုးလို့။

သူ ထတယ်။ သူ့မိန်းမချွတ်ထားတဲ့ နာရီကို ယူတယ်၊ သူ့ Sandoz ကိုလည်း ယူတယ်၊ နောက် ဧည့်ခန်းကိုသွားပြီး တိုင်ကပ်နာရီကြီးကို ဖွင့်တယ်၊ လက်တံတွေကို ရွှေ့တယ်။ နာရီသုံးလုံး တစ်ထပ်တည်းကျအောင် ညှိပြီးတော့မှ ပြန်လာတယ်။ ပြန်အိပ်တယ်၊ မျက်လုံးတွေ မှေးစင်းသွားတယ်။ အဲဒီတော့မှ အိပ်ပျော်သွားလိုက်တာ အသေကောင်အတိုင်းပဲ။

* * *

(၂)

ကိုပေတောမှာ သားတစ်ယောက်ရှိတယ်။ နာမည်က ပေါက်စီ တဲ့။ အိမ်မှာ ကိုပေါက် လို့ ခေါ်တယ်။ သူ့မှာတော့ နာရီမရှိဘူး။ နာရီမရှိလို့လည်း ပူတဲ့ပုံမပေါ်ဘူး။ ဧည့်ခန်းမှာ ရှေး တိုင်ကပ်နာရီကြီးတစ်လုံး ရှိတယ်။ သူ အပြင်ထွက်တိုင်းလည်း ဘယ်သူ့ဆီကမဆို ဘယ်နှနာရီထိုးပြီလဲ လို့ မေးရဲရင် အချိန်ကိုသိနိုင်တာပဲ မဟုတ်လား။

ဒါကြောင့် ပေါက်စီအတွက် နာရီဟာ သိပ်အကြောင်းမဟုတ်သလို ဖြစ်နေတယ်။ နာရီမရှိလည်း နေလို့ရသလို ဖြစ်နေတယ်။ ဒါကို ကိုပေတော ဘဝင်မကျဘူး။ လူဟာ နာရီမရှိရင် ဘဝမှာ လူဖြစ်ရှုံးတာပဲ၊ နာရီမရှိတဲ့လူဟာ သေနေတဲ့လူတစ်ယောက်လိုပဲ လို့ သူ ခံယူထားတယ်။

ဒါကြောင့် သူ့သားပေါက်စီကို နာရီတစ်လုံးဝယ်ပေးဖို့ ခဏခဏ ကြိုးစားဖူးတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ၊ နာရီတစ်လုံးရဲ့ဈေးကလည်း နည်းတာမဟုတ်ဘူး။ လမ်းဘေးက ခြောက်ဆယ်တန် ပလတ်စတစ် ဂဏန်းနာရီတွေလည်း ဝယ်မပေးချင်ဘူး။ နာရီဆိုတာ စက်သွားတွေနဲ့ ခံ့ခံ့ညားညားရှိရမယ် လို့ သူ ခံယူထားတယ်။ နာရီပီပီသသ ဆယ့်နှစ်ကွက်နာရီက ဖျတ်ခနဲ ဖျတ်ခနဲပေါ်တဲ့ အချိန်ပြဂဏန်းတွေကို သူ သိပ်မုန်းတာလည်း ပါတယ်။

တနေ့တော့ သူ့သားပေါက်စီကို မေးတယ်။

“မင်းမှာ နာရီမရှိလို့ ဖြစ်ရဲ့လား … အဖေ ဝယ်ပေးမယ်။ နေဦးကွ … Sandoz လေး တစ်လုံးလောက် ဝယ်ဖို့ အဖေ ချေးငွေတင်ဦးမယ်”

ဆိုတော့ သူ့သားက …

“မလိုပါဘူးအဖေရာ … အိမ်မှာလည်း နာရီတွေရှိသားပဲ။ နာရီမရှိလို့လည်း ဘာမှမဖြစ်ပါဘူး”

လို့ ပြန်ဖြေတာကို သူ ဘဝင်မကျဘူး။

“ကိုင်းကွာ … အိမ်မှာ နာရီတစ်လုံးမှမရှိဘူး ဆိုပါတော့။ မင်း ဘယ်လိုလုပ်မလဲ”

ဆိုတော့ …

“ရပါတယ် … ရတာပါပဲ။ သဘာဝတရားဟာ နာရီတစ်လုံးပါပဲ။ တချို့ ကျေးလက်ကအိမ်တွေမှာ နာရီမရှိပါဘူး။ ဒါပေမဲ့ သူတို့အလုပ် သူတို့ လုပ်နေကြတာပဲ” တဲ့။

ကိုပေတော ဘာမှမပြောတော့ဘူး။ ဒီကောင့်ကို ပညာပေးရမယ်လို့ သူ့စိတ်ထဲမှာ တွက်တယ်။ ဒီကောင် သိပ်ကြီးကျယ်တဲ့ကောင် … ကျေးလက် တဲ့၊ သဘာဝတရား တဲ့ …

အဲဒီမှာတင် သူ့စီမံကိန်းကို ဆွဲတယ်။ ပထမဆုံး သူ အိမ်ကတိုင်ကပ်နာရီကြီးကို ရပ်သွားဖို့ သူ ကြိုးစားတယ်။ ခက်တာက ကောင်းနေတဲ့ နာရီတစ်လုံးကို ရပ်သွားဖို့ ဆိုတာလည်း တကယ်တော့ မလုပ်တော့ မလုပ်ကောင်းဘူး မဟုတ်လား။ ဒါပေမဲ့ မဖြစ်မနေလုပ်ဖို့ ပိုင်းဖြတ်လိုက်တယ်။

သံပတ်မပေးတော့ဘဲ ထားရင် နာရီကြီး ရပ်သွားမှာပဲ ဆိုတာ သူသိတယ်။ ဒါပေမဲ့ သူ့မိန်းမက သံပတ်ပေးလိုက်ရင် နာရီက သွားနေဦးမှာပဲ။ ဒီတော့ ဒီနာရီ ပျက်ရမှဖြစ်မယ် ဆိုပြီး နာရီထဲက ခွေးသွားစိတ် တစ်ခုကို အားစိုက်ပြီး တွန်းလိုက်တယ်။

ခွေးသွားစိတ်ဘီးတွေဟာ တစ်ဘီးနဲ့တစ်ဘီး ချိတ်မဆွဲနိုင်တော့ဘဲ နာရီကြီး ရပ်သွားတယ်။ သူ ကျေနပ်သွားတယ်။ စီမံကိန်းပြီးလို့ နာရီပြန်ကောင်းချင်ရင် ဆိုင်ပြန်သွား၊ ခွေးသွားစိတ်ချင်း ချိတ်မိအောင် လုပ်ပေးလိုက်ရင် ပြီးတာပဲ လို့ စိတ်ကူးထားတာကိုး။

နောက်တစ်ခါ သူ့နာရီ Sandoz ကို ကောင်းနေလျက်နဲ့ ချေးဆေးဖို့ ဆိုင်ပို့လိုက်တယ်။ သူ့မိန်းမနာရီကိုလည်း လူအလစ်မှာ သံပတ်တင်းပြီး ထစ်သွားအောင် တအားဖိလှည့်လိုက်တယ်။

သူ့မိန်းမက ပထမတော့ သံသယရှိပုံရတယ်၊ နောက်တော့ ဆိုင်ပို့တာပါပဲ။ ဆိုလိုတာက နာရီအားလုံးဟာ ရပ်ဆိုင်းသွားတယ်။ သူတို့အိမ်က နာရီသုံးလုံးဟာ လုံးဝ အချိန်မပြနိုင်တော့ဘဲ ရပ်ဆိုင်းသွားတယ်။ ပျက်တာက ပျက်၊ ဆိုင်ရောက်တာက ရောက်။

ပထမဆုံး နေမထိထိုင်မသာ ဖြစ်နေရတာက ကိုပေတော ကိုယ်တိုင်ပဲ။ ဒါပေမဲ့ နာရီမရှိဘဲနေလို့ရတယ် ဆိုတဲ့ သူ့သားပေါက်စီကို လက်တွေ့က ရတဲ့အသိ သူပေးချင်နေတာကိုး။ သူကိုယ်တိုင် အောင့်အည်း သည်းခံရင်း ပေါက်စီရဲ့ အခြေအနေကို အကဲခတ်တယ်။

ပေါက်စီက ဘာမှမဖြစ်ဘူး။ ကျောင်းသွားစရာရှိတာ သွားတယ်၊ ည ဆယ်နာရီခွဲမှာ အိပ်တယ်။ သုံးရက်လောက်ကြာတော့ သူ ဖွင့်မေးရတော့တယ်။ ‘ဘယ့်နှယ်လဲ’ ပေါ့၊ ‘နာရီမရှိတော့ ဒုက္ခရောက်နေပြီ မဟုတ်လား’ ပေါ့။

ပေါက်စီက ခပ်အေးအေးပါပဲ …

“ဟင့်အင်း … ဘာမှမဖြစ်ပါဘူးအဖေရေ … မနက် ခြောက်နာရီ ပဲပြုတ်သည် လာတယ်။ ဒါက ခန့်မှန်းပြောတာ မဟုတ်ဘူး၊ နာရီရှိကတည်းက ပဲပြုတ်သည်လာရင် ခြောက်နာရီပဲ ဆိုတာ ကျွန်တော် သတိထားမိတယ်။ ညနေဘက် ဂန္ဓမာပန်းသည်ရဲ့ ‘ဟောဒီက ဂန္ဓမာပန်း၊ မေမြို့ပန်း … ’ လို့ အော်တဲ့အသံက ညနေ သုံးနာရီမှ လိုရင်ပိုရင် ငါးမိနစ်ပဲ။ အိမ်ဘေးက မြို့ပတ်ရထား ဖြတ်သွားချိန်တွေကို အကြမ်းတွက်ယူရင် ရသေးတယ်။ နောက် ရေဒီယို ဖွင့်ထားရင်လည်း သိနေနိုင်တာပါပဲ။ လိုရင် နည်းနည်းပေါ့ အဖေရ … အပြင်ထွက်သွားလို့ကတော့ ငါးထောင်တန် နာရီကို မေးမလား၊ ကွာ့ဇ်နာရီကို မေးမလား၊ Pilot နာရီမျိုးကို မေးမလား၊ ရွှေသားအစစ် နာရီမျိုး မေးမလား။ တချို့နာရီဆိုရင် ဂရင်းနစ်စံတော်ချိန်တောင် ပါသေးတယ်။ အရှေ့-အနောက်-တောင်-မြောက်တောင် ပါသေး။ သံလိုက်အိမ်မြှောင်လည်း ပါသေး။ ရက်စွဲ-ခုနှစ်-လ-ရက်-တနင်္လာ-အင်္ဂါ တောင်ပါသေး။ ဂဏန်းပေါင်းစက်လည်း ပါသေး။ နှိုးစက်တွေတောင် ပါသေး။ ကိုင်း … အဖေက ဘာလိုချင်သေးတုံး၊ ရလိုက်တာမှ … အဖေ့ Sandoz က အောက်နေသေးတယ်”

ကိုပေတော ဘာမှမပြောနိုင်တော့ဘူး။
ပဲပြုတ်သည်တို့၊ ဂန္ဓမာ ပန်းသည်တို့၊ မြို့ပတ်ရထားတို့၊ ရေဒီယိုတို့ အားလုံးကို ဖြစ်နိုင်ရင် လိုက်တောင်ရိုက်ပစ်ချင်စိတ် ပေါက်သွားတယ်။

သူ့စီမံကိန်းလည်း ပျက်ရော။ နာရီတွေဖျက်မိတာပဲ အဖတ်တင်သွားတာကိုး။
ဒါပေမဲ့ သူ့ရောဂါ စင်မသွားဘူး။ လူမှန်ရင် နာရီတစ်လုံးတော့ ရှိရမယ်၊ အဲဒီနာရီဟာ သူ့ Sandoz နာရီလို အမြဲတမ်း တိကျနေရမယ် ဆိုတဲ့ရောဂါက သေးကျုံ့မသွားဘဲ ကြီးထွားသထက် ကြီးထွားလာတယ်။

သူ့သားပေါက်စီ ပြောတဲ့အထဲမှာ ‘အဖေ့ Sandoz ကြီးက အောက်နေပြီ’ ဆိုတာကို သူ အခံရအခက်ဆုံးပဲ။ သည့်ထက်အခံရခက်သွားတာက နာရီတွေအားလုံး ပြန်ပြင်လိုက်ရတာ တစ်ရာကျော်ကျော် ကျသွားတာပဲ။

* * *

(၃)

ကိုပေတောရဲ့ရောဂါ ရင့်လာတယ် လို့ ပြောရမယ်။
တစ်ရက် သူ ဘတ်စ်ကားနဲ့ မြို့ထဲသွားတယ်။ ဘတ်စ်ကားပေါ်မှာ မိန်းမတစ်ယောက်က ဘယ်သူရယ်ဘယ်ဝါရယ် မဟုတ်ဘူး ‘ဘယ်နှနာရီများတောင်ထိုးပြီလဲ မသိပါဘူး၊ အချိန်ကလည်း အကုန်မြန်လိုက်တာ မပြောပါနဲ့တော့’ လို့ ညည်းတာကို အနားက နာရီပတ်ထားတဲ့ လူတွေက အသိစိတ်နဲ့ ကိုယ့်နာရီကိုယ် ငုံ့ကြည့်ပြီးတော့ ပြောကြတယ်၊ တစ်ပြိုင်နက်လိုလိုပါပဲ။

တစ်ယောက်က ကိုးနာရီ ငါးမိနစ် တဲ့၊ တစ်ယောက်က ကိုးနာရီ ခုနစ်မိနစ် တဲ့၊ တစ်ယောက်က ရှစ်နာရီ ငါးဆယ့်ငါးမိနစ် တဲ့။

ကိုပေတောကလည်း သူ့နာရီကို သူ ငုံ့ကြည့်တယ်။ သူ့နာရီက ကိုးနာရီနဲ့ တစ်မိနစ် တိတိ။ အားလုံးငြိမ်သွားတော့မှ ‘ကျုပ်နာရီက ကိုးနာရီ တစ်မိနစ် တိတိ ရှိသွားပြီ၊ ဒါ အမှန်ဆုံးပဲ။ ခင်ဗျားတို့နာရီတွေကို ကျွန်တော်ပြောချင်တာက ဖြစ်နိုင်ရင် ရိုက်ခွဲပစ်လိုက်ကြဖို့ပဲ’ လို့ အော်ပြောတော့ ကားပေါ်ကလူတွေဆိုတာ ငြိမ်ကျသွားတယ်။ သူတို့လည်း သနားတဲ့မျက်လုံး၊ ရယ်ချင်တဲ့မျက်လုံးတွေ၊ ဒေါသထွက်တဲ့မျက်လုံးတွေနဲ့ ဝိုင်းကြည့်လိုက်ကြတာ ပြာဖြစ်သွားလောက်တယ်။ အဲဒါက တစ်ခါ။

တစ်ခါက ကိုပေတောအိမ်ကို လေးစားလောက်တဲ့ ဧည့်သည်တစ်ယောက် လာတယ်။ ကိုပေတောက လက်ဖက်ရည်ကလေး၊ မုန့်ကလေးနဲ့ ဧည့်ခံလို့ တော်တော်လေးလည်းကြာရော ဧည့်သည်က သူ့နာရီကို သူ ကြည့်ပြီး ‘ပြန်ဦးမှဗျား … ဆယ့်နှစ်နာရီတောင် ခွဲတော့မယ်’ ဆိုတော့ ကိုပေတောက ‘အတိအကျပြောပါဗျာ’ တဲ့။ ဧည့်သည်က ရိုးရိုးမေးတယ် အောက်မေ့ပြီး ‘အဲ … နေဦးဗျ … ဆယ့်နှစ်နာရီနဲ့ နှစ်ဆယ့်ရှစ်မိနစ်’ ဆိုတော့ ကိုပေတော အားရပါးရရယ်တယ်။ ဧည့်သည်လည်း ကြောင်သွားတယ်။ ဘာပါလိမ့် ပေါ့။

တော်တော်ကြာအောင် ရယ်ပြီးမှ ‘နာရီကလည်း စုတ်လှချေလား’ ဆိုတော့ ဧည့်သည်က နောက်တယ်ထင်ပြီး ‘စုတ်ကာမှစုတ်ရောဗျာ … ကမ္ဘာကျော် ရိုးလက်စ်မှ အစစ်ဗျ။ ဖောရင်းက ပါလာတာ။ အချိန်ကလည်း ကိုက်လိုက်သမှ ကွက်တိပဲ’ လို့ ပြောရော ကိုပေတော ဘာမှပြန်မပြောဘူး။ သူ့လက်မှာပတ်ထားတဲ့ နှစ်ရာတန် Sandoz ကို ထိုးပြရင်း လက်တစ်ဖက်က အနားက စာအုပ်ဖိတဲ့ဖန်တုံးကို လှမ်းပေးတယ်။

ဧည့်သည်က ‘ဘာလဲဗျ’ ဆိုတော့ ‘ခွဲသာပစ်လိုက် ဆရာရေ … ခင်ဗျား ရိုးလက်စ်ကို အခိုးထွက်သွားအောင် ခွဲသာပစ်လိုက်တော့’ တဲ့။

ဧည့်သည်ခမျာ ပြန်သာသွားရတယ်၊ ကိုပေတောကို ဘယ်လိုနားလည်ရမှန်း သိသွားပုံမရဘူး။

ကိုပေတောမိန်းမနဲ့ သူ့သားပေါက်စီကလည်း ကိုပေတောကိုပဲ အကဲခတ်နေကြတယ်။ ကိုပေတော ပြောပုံဆိုပုံတွေဟာ ပုံမှန်မဟုတ်တော့တာ သတိထားမိကြတယ်။ ကိုပေတောရဲ့ အသားအရေတွေ၊ မျက်လုံးတွေကိုလည်း မကြိုက်ဘူး။

ခုတလော ကိုပေတော မျက်လုံးတွေက စင်းပြီး လည်နေတယ် လို့ ထင်နေကြတယ်။ ကိုပေတောကတော့ ဘယ်သူ့မှ ဂရုစိုက်မနေပါဘူး။ ရုံးကို မနက်ကတည်းက ထွက်သွားလိုက်တာ မိုးချုပ်မှချည်း ပြန်တယ်။

တစ်နေ့ ကိုပေတောမိန်းမက ‘ရှင် ဘယ်သွားနေတာလဲ။ အရေးအကြောင်း ဆိုရင် ရှင့် ဘယ်လို လိုက်ရှာရမလဲ’ ဆိုတော့ ‘အကြောင်းကိစ္စ ရှိရင် ဆူးလေနားက စိန်စက္ကန့် နာရီဆိုင်ကို လာခဲ့’ တဲ့။ သူဟာ နာရီတစ်လုံးရဲ့အတွင်းသား တည်ဆောက်ပုံကို သွားလေ့လာနေတာ တစ်လခွဲ ပြည့်တော့မယ် တဲ့။

သူ့မိန်းမက ‘ရှင် နာရီပြင်တဲ့ပညာ သွားသင်တာလား’ ဆိုတော့ ကိုပေတော တော်တော်ဒေါကန်သွားတယ်။ ‘နာရီပြင်တဲ့ပညာ သွားသင်တာ မဟုတ်ဘူး၊ ငါက နာရီပြင်စားမယ့်ကောင်လည်း မဟုတ်ဘူး။ နာရီတစ်လုံးရဲ့ တည်ဆောက်ပုံကိုသာ လေ့လာနေတာ … ငါ့ဟာငါ နာရီတစ်လုံးကို တည်ဆောက်ကြည့်မလို့’ ဆိုတော့ ကိုပေတောမိန်းမက ‘ငါ့ယောက်ျားတော့ ပစ်လိုက်ရပြီထင်ပါရဲ့’ ဆိုတဲ့ မျက်လုံးတွေနဲ့သာ ကြည့်နေရတော့တယ်။

တစ်ညတော့ မိသားစုအားလုံး ထမင်းစားပြီးတဲ့အချိန် ဧည့်ခန်းထဲမှာ ဆုံမိကြတယ်။ ကိုပေတောကလည်း သူ့အတွေးနဲ့ သူ၊ ကိုပေတော မိန်းမနဲ့ သားကလည်း သူတို့ကိစ္စနဲ့ သူတို့ ထိုင်နေကြတယ်။

အဲဒီအချိန်မှာ ဧည့်ခန်းနံရံမှာ ချိတ်ဆွဲထားတဲ့ တိုင်ကပ်နာရီဟောင်းကြီးက တဒင်ဒင်နဲ့ ခုနစ်နာရီထိုးသံ ပေါ်လာတယ်။ နာရီသံ တစ်ချက်ချင်းကို မိသားစု သုံးယောက်သား ပီပီသသကြီး ကြားနေရတယ်။ နာရီသံလည်း ဆုံးရော ကိုပေတောက ခေါင်းကို တွင်တွင်ခါတယ်။ ပြုံးလည်း ပြုံးတယ်။

“ဒီနာရီကြီးဟာ တို့ဘိုးဘွားလက်ထက်က နာရီကြီးပဲ။ ဒါပေမဲ့ ဒီနာရီကြီးက သစ္စာမရှိတော့ဘူး။ အဲဒီတော့ ငါတို့ကလည်း သံယောဇဉ်ထားစရာ မလိုတော့ဘူး။ နာရီတစ်လုံးဟာ အချိန်မမှန်တော့ဘူးဆိုရင်၊ လိမ်ချင်ကောက်ချင်လာပြီဆိုရင် ဘာလုပ်တော့မလဲ။ ဒါ ဘာဖြစ်လို့ ပြောသလဲဆိုတော့ အဖေဟာ နာရီတွေနဲ့ပတ်သက်လို့ အမျိုးမျိုးလေ့လာပြီးပြီ။ နာရီတစ်လုံးရဲ့ အတွင်းသား လျှို့ဝှက်ချက်တွေ၊ တည်ဆောက်ပုံတွေ၊ နာရီသမိုင်းတွေ အားလုံး လေ့လာပြီးပြီ။ မင်းအမေရဲ့ C Q နာရီရော၊ ငါပတ်နေတဲ့ ငါသိပ်အထင်ကြီးနေတဲ့ Sandoz နာရီပါ တကယ်တော့ ညာဝါးနေတဲ့နာရီတွေ ဖြစ်နေတာ တွေ့ရတယ်။ တကယ်တော့ စက်နဲ့လုပ်ထားတဲ့ နာရီအားလုံးဟာ လူတွေကို ညာနေကြတာ သေချာသွားပြီ။

ဖေဖေ ပြောရဲတယ်ကွာ … ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နာရီဖြစ်ဖြစ် အလိမ်အညာတွေချည်းပဲ။ ဒါ အဖေရဲ့ လေ့လာမှုအား၊ အဖေရဲ့ ပါရမီ၊ အဖေရဲ့ ထက်မြက်တဲ့ဉာဏ်ပညာနဲ့ အကဲဖြတ်ပြီးမှ ရလာတဲ့ အဖြေပဲ”

ပထမတော့ သားအမိနှစ်ယောက်စလုံးက နာရီနဲ့ပတ်သက်လို့ ကိုပေတော ဘာပြောပြော စကားနည်းရန်စဲ နေနေကျထုံးစံအတိုင်း နားထောင်ရုံသက်သက်ပဲ နေခဲ့ကြတာပါပဲ။

ဒါပေမဲ့ ကိုပေတောရဲ့စကားတွေက ပုံမှန်မဟုတ်တော့ဘူး ဆိုတာ သိလာတော့ ပေါက်စီက စောဒကတက်တယ်။

“ကမ္ဘာပေါ်မှာ အင်မတန်ထင်ရှားတဲ့ နာရီကြီးတွေ ရှိတယ် အဖေရဲ့ … ပြင်သစ်နိုင်ငံ ခရပ်ဇ်မြို့က နာရီကြီးက အချိန်တွင်သာ မကဘူး နေကြတ်၊ လကြတ်မယ့် ကာလတွေကိုတောင် ပြနိုင်တယ်။ လန်ဒန်မြို့က ဘစ်ဘင်း … ”

“တော်ပြီ ငါ့သား … မင်းမပြောနဲ့ … ငါပြောမယ် … အဲဒီ ဘစ်ဘင်းနာရီကြီးဟာ အချင်း သုံးဆယ့်နှစ်ပေတောင် ရှိတယ်။ ချိန်သီးရဲ့အလေးချိန်က ပေါင် လေးရာ့ငါးဆယ်လောက် လေးတယ်။ နယူးယောက်မှာရှိတဲ့ ကိုးလ်ဂိတ် နာရီကြီး ဆိုရင် သူ့ထက်နှစ်ဆကြီးတယ်။ ဒီနာရီကြီးရဲ့ မိနစ်တံက ဆိုရင် သုံးဆယ့်ခုနစ်ပေတောင် ရှည်တယ်။ အင်မတန်တိကျတဲ့နာရီကြီးတွေ လို့ တစ်ကမ္ဘာလုံးက လက်ခံထားကြတယ်။ ဒါပေမဲ့ ငါ့သား … ဒီကနေ့ ငါပြောမယ် … အဲဒီနာရီတွေဟာလည်း လိမ်ညာနေတာပဲ”

ကိုပေတောက သူ့သားအစဖော်ပေးတာကို သူက ချက်ကျလက်ကျ ပြန်ချေပနိုင်တယ် ဆိုပြီး မျက်နှာကြီးကို ပင့်ထားတယ်။ ကိုပေတောမိန်းမကတော့ မျက်စောင်းတစ်ချက်ထိုးတဲ့ပြီး လက်ဖက်ခွက်ထဲက လက်ဖက်တစ်ဖတ်ကို နှိုက်ပြီး မြုံ့နေလိုက်တယ်။

“ကိုင်း … နာရီတွေအကြောင်း အဖေပြောမယ်။ မင်းတို့ သည်းတော့ခံကြ။ နာရီတွေရဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ နာရီတွေရဲ့သမိုင်းကို ငါပြောမယ်။ ပညာရှိတွေဟာလည်း နည်းနည်းတော့ ကြောင်တယ် ဆိုတာလည်း မင်းတို့ ကြားဖူးမှာပေါ့။

“အဟမ်း … ဒီလိုကွ … ကမ္ဘာဦးတုန်းက ကျောက်ခေတ်လူသားတွေဟာ နေကို နာရီ လို့ သတ်မှတ်တယ်။ သူတို့က သူတို့နေတဲ့ဂူရဲ့ အမိုးအက်ကြောင်းတွေထဲက ကျလာတဲ့ နေရောင်ခြည်ကို မှတ်ကြတာ။ ရွှံ့တွေကိုလုံးပြီး နေရောင်ခြည်ကျတဲ့နေရာတွေကို လိုက်ကပ်ကြတယ်။ အမဲလိုက်ရမယ့်အချိန် စသဖြင့်ပေါ့။ ဒါပေမဲ့ နေသွားရာလမ်းကြောင်းက မှန်တာမဟုတ်ဘူး။ နေရောင်ခြည်ဆိုတာကလည်း အမြဲရှိနေတာ မဟုတ်ဘူး။ ကမ္ဘာဦးက ရာသီဥတုကလည်း မှန်တာမဟုတ်ဘူး။ နှင်းမုန်တိုင်းတွေ၊ မိုးမုန်တိုင်းတွေ လနဲ့ချီပြီး ကြာတတ်တယ်။ ဒီတော့ နေဟာ နာရီဟုတ်နိုင်ပါ့မလား။ ဒါက တစ်ချက် … ”

ကိုပေတောက သူ့မိန်းမနဲ့ သားကို ကြည့်တယ်။ ငြိမ်နေမှန်း သိတော့ ဆက်ပြောတယ်။

“နောက်တစ်ဆင့်က နေဟာ နေရာရွှေ့တတ်တယ်။ နောက်တော့ နေဟာ လမ်းကြောင်းနဲ့သွားတတ်တယ် ဆိုတာ လူတွေသိလာတာပဲ။ ဒါကြောင့် နေကိုမကြည့်တော့ဘဲ အရိပ်ကိုကြည့်တဲ့စနစ်ကို တီထွင်တယ်။ နေနာရီ ဆိုတာလေ … တုတ်တစ်ချောင်းကိုစိုက်ပြီး ကျောက်ခဲတွေနဲ့ မှတ်တဲ့ စနစ်ပေါ့။ တိုင်ပတ်လည်က အရိပ်တွေကို အသေမှတ်ပြီး အချိန်ကို ခန့်မှန်းယူကြတယ်။ အဲဒါ ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ခုနစ်ရာ ကတည်းက ဖြစ်နေတဲ့စနစ်ပဲ။ ဒါပေမဲ့ ဒါလည်း မမှန်ပါဘူး။ ရေပြင်ပေါ်မှာ ဘယ်လို ခဲလုံးမျမှတ်နိုင်မလဲ။ နေထွက်တာ နေဝင်တာ ဟာလည်း မှန်တာမဟုတ်တော့ အရိပ်ဟာလည်း ဘယ်မှန်နိုင်ပါ့မလဲ”

ကိုပေတောက ရေနွေးတစ်ခွက် ငှဲ့သောက်တယ်။ ကိုပေတော မိန်းမက လက်ဖက်မြုံ့နေတုန်းပဲ။ ပေါက်စီကတော့ ဝါးခနဲတစ်ချက်သမ်းတယ်။ သူ့ဇက်ပိုးကိုသူ ရိုက်တယ်။

“ဘီစီ ၃၀၀ လောက်မှာတော့ ဗက်ဘီလုံးမြို့က ကဗာရောဆပ်ဆိုတဲ့ပုဂ္ဂိုလ်က သတ္တုလုံးခြမ်းနာရီကို ထွင်တယ်။ အခေါင်းပါတဲ့ သတ္တုခွက်ပေါ်မှာ မှတ်သားထားတဲ့ မျဉ်းကြောင်းတွေကတစ်ဆင့် ဖတ်တဲ့နည်းပဲ။ ဒါကလည်း မမှန်နိုင်ပါဘူးကွာ။ နေဟာ ကောင်းကင်မှာ ဆောင်းဆိုရင် ဆယ်နာရီလောက်ပဲကြာပြီး နွေဆိုရင် ဆယ့်လေးနာရီတောင် ကြာတတ်တာ သူတို့မသိဘူးလား။ သိပ်ညံ့ဖျင်းတဲ့ကောင်တွေ … ထားပါတော့ … အဲဒီနည်းလည်း မစွံဘူး။ ဒါပေမဲ့ အလယ်ခေတ်တစ်လျှောက်လုံး နေနာရီကို ဆင့်ပွားယူတဲ့စနစ်တွေ တီထွင်ရင်းနဲ့ပဲ ပြီးရတာပါပဲ”

သည်တစ်ခါတော့ လက်ဖက်ဝါးရင်းကပဲ ကိုပေတောမိန်းမက သမ်းပြန်ရော။ ကိုပေတောက သူ့ကို ထောက်ခံတယ်ထင်လို့လား မသိဘူး၊ ပိုတောင်ကျယ်လာသေးတယ်။

“နောက် ရေနာရီ … ကြားဖူးမှာပေါ့ … ကြေးဖလားကို ဂေါရီအရွယ်အပျိုဆံပင် ဆယ့်ခြောက်ချောင်း ဝင်ရုံ အပေါက်ဖောက်၊ ရေထည့်ပြီး ရေကုန်ရင် တစ်မောင်းမှတ်တယ် ဆိုတာလေ။ အေး … သူတို့ဆီမှာလည်း အဲသလိုပဲ။ မြေအိုးဖင် အပေါက်ဖောက်ပြီး ရေတစ်စက်ချင်း ကျတာကို မှတ်တယ်။ ဒါပေမဲ့ မြေအိုးဆိုတော့ ရေကိုမမြင်နိုင်ဘူးလေ။ ဒီတော့ ဖန်အိုးကိုထွင်တယ်။ ဖန်အိုးကလည်း ရေများများရှိနေရင် ခပ်မြန်မြန်ကျပြီး ရေနည်းသွားတော့ ရေကျနှေးသွားပြန်ရော။ နောက် အပေါက်ဆို့သွားတာ တို့၊ အပေါက်ကျယ်သွားတာ တို့၊ ရေ ခဲသွားတာ တို့ ရှိသေးတယ်။ အဲဒီနည်းကလည်း မဟုတ်လှပါဘူးကွာ”

ဒီတစ်ခါတော့ ကိုပေတောကိုယ်တိုင် လက်ဖက်နည်းနည်း မြုံ့တယ်။

ပေါက်စီက စားပွဲပေါ်ကမဂ္ဂဇင်းတစ်အုပ် လှမ်းဆွဲပြီး ကိုပေတောမိန်းမကတော့ ဆက်တီနောက်မှီကို ခေါင်းကပ်ပြီး မော့ထားတယ်။ ဘာတွေစဉ်းစားနေတာလဲတော့ မသိဘူး။

“တစ်ခါ … သဲနာရီ ပေါ်လာပြန်ရော။ ဖန်ပြွန်ထုလုံးရှည်တစ်ခုကို ခါးသိမ်သွားအောင်ညှစ်ထားတဲ့ ကိရိယာလေးပါပဲ။ အထဲမှာ အင်မတန်နူးညံ့တဲ့ သဲ ထည့်ထားတယ်။ အပေါ်ကသဲ အောက်အကုန်ကျသွားရင် တစ်နာရီပဲ၊ နောက် ပြောင်းပြန်လှန် … အောင်မယ် … သဲနာရီက အခုထိ အနောက်နိုင်ငံလွှတ်တော်တွေမှာ သုံးတုန်းနော်။ ဒါပေမဲ့ သဲနာရီတွေဟာ တစ်ခုနဲ့တစ်ခု မတူကြပြန်ဘူး။ ဘယ့်နှယ်လုပ်မလဲ … သဲနာရီတစ်လုံးကို သွားလေရာ ဘယ်လိုယူသွားမလဲ။ နောက် ဖယောင်းတိုင်ကို အရာမှတ်မှတ်ပြီး မီးထွန်းတာတို့ ဘာတို့လည်း ရှိသေးတယ်။ ထားပါတော့ကွာ … အဲဒါတွေအားလုံးရဲ့ အဖြေဟာ မတိကျမရေရာဘူး ဆိုတာပဲ”

သည်မှာတင် ကိုပေတောမိန်းမက ဆတ်ခနဲ ခေါင်းမတ်လိုက်တယ်။ ဒေါသတွေလည်း ထွက်နေတယ်။ မျက်လုံးတွေလည်း ပြူးထားသေးတယ်။

“ဒီမယ် … ရှင် ပြောကောင်းတိုင်း ပြောမနေနဲ့။ ရှင့် နာရီကိစ္စချည်း လူတိုင်းခေါင်းထဲမှာရှိနေတာ မဟုတ်ဘူး။ မနက် ဘာချက်ရမလဲ စဉ်းစားနေတာ၊ ရှင် နည်းနည်းမှမသိတတ်ဘူး”

ဒါပေမဲ့ ကိုပေတောက သူ့ မပြောသလိုပဲ။
ဘာကိုမှ ဂရုမစိုက်တဲ့ပုံပဲ။ စာသင်ခန်းထဲက ပါမောက္ခတစ်ယောက်ရဲ့ လေနဲ့ ဆက်ပြောတယ်။

“ခရစ်ယာန်ဘုရားကျောင်းကြီးတွေမှာ ခေါင်းလောင်းတီးတဲ့ စက်တွေ၊ နောက် ပါရီက အန်းရီဒါဗစ်ရဲ့ နန်းတွင်းနာရီကြီးတွေဟာ ကနေ့နာရီတွေရဲ့ ဖခင် လို့ ဆိုရမယ်။ အဲဒီမှာ ဂလီလီယို ဆိုတဲ့ ငနဲတစ်ကောင်က လေတိုက်လို့ လွှဲနေတဲ့မီးအိမ်ကြီးကို ကြည့်ရင်း ချိန်သီးရဲ့သဘောကို တွေ့သွားပြန်တယ်။ လွှဲကျယ် ကျယ်သွားရင် ပိုမြန်တာ၊ လွှဲကျယ် ကျဉ်းရင် ပိုနှေးတာ သတိထားမိသွားကြတယ်။ အဲဒီ ချိန်သီးစနစ်နဲ့ လူတွေကို သွေးတိုးနှုန်းတိုင်းဖို့ ဆရာဝန်တွေကို သူ ပြောခဲ့တာပေါ့။ နာရီတော့ ဖြစ်မလာသေးဘူးပေါ့လေ။ နောက်တော့ ဒတ်ခ်ျလူမျိုး ဝိုင်းဂင်က နာရီတစ်လုံးကို လုပ်တယ်”

ကိုပေတောမိန်းမက ထိုင်ရာက ထတယ်။ အိပ်ခန်းဘက် ဝင်သွားတယ်။
ပေါက်စီက မဂ္ဂဇင်းကိုပစ်ချရင်း တစ်ခါ သမ်းပြန်ရော။ သူလည်း ထမယ် လုပ်တော့ ကိုပေတောက ဒေါကန်သွားတယ်။

“အေး … အဲဒါ ခက်တာပေါ့ … ငါ အခုပြောနေတာ ဖြစ်စဉ်ပဲရှိသေးတာကွ၊ အနှစ်သာရ မပါသေးဘူး။ ငါ့ရဲ့တွေ့ရှိချက်ကို ငါ မပြောရသေးဘူး။ ငါ တစ်သက်လုံး လျှို့ဝှက်ထားဖို့ စဉ်းစားထားတဲ့ တစ်ချက် ရှိတယ်။ ဒါပေမဲ့ မနက်လင်းရင် ငါ ပြောတော့မှာပါ။ နေဦး … အခုနစကား ဆက်ရဦးမယ်။ ဒီလိုကွာ … နာရီနဲ့ပတ်သက်လို့ ကျေးဇူးတင်ရမယ့်လူတွေ ရှိတယ်။ ဂျက်ကော့ဇေး တို့၊ ဂရူးအီး တို့၊ နစ်ကိုဖတ်ဒရူး တို့ … ဒါပေမဲ့ကွာ … သူတို့နာရီတွေကလည်း ခပ်ညံ့ညံ့တွေ ဖြစ်နေတယ်။ နောက်ပိုင်းပေါ်တဲ့ လျှပ်စစ်နာရီတို့၊ ကွာ့ဇ်တို့၊ ခရစ်စတယ်လ်တို့၊ ပိုင်ဇိုအီလက်ထရစ်တို့၊ ကွန်ပျူတာရိုက်စ်တို့ဟာ တော်တော်ကို မှန်တယ် လို့လည်း ပြောကြတယ်။ နှစ်ပေါင်းသုံးထောင်မှာဖြစ်ဖြစ်၊ နှစ်ပေါင်းတစ်သောင်းမှာဖြစ်ဖြစ်၊ နာရီတစ်လုံးရဲ့ တာဝန်ဟာ အချိန်ပြရုံသက်သက်ပဲ ဆိုရင် ဘာလုပ်ရမှာလဲ။ တစ်စက္ကန့်မှ နောက်မကျဘူးဆိုရင်လည်း ဘာလုပ်ရမှာလဲ။ ဒါပေမဲ့ ဒါဟာ လူတွေရဲ့အထင်ပါ။ တကယ်က နာရီတွေအားလုံးဟာ မှားနေတယ်။

“အဖေပြောခဲ့တာအားလုံး ကို ပြန်ချုပ်ရင် ကမ္ဘာဦးကနေ ကနေ့အထိ ပေါ်ခဲ့တဲ့ နာရီစနစ်တွေဟာ မှားနေတယ်။ နာရီအချိန်တွေကလည်း လွဲနေတယ်။ ဖြစ်နိုင်ရင် တစ်ကမ္ဘာလုံးက နာရီတွေအားလုံးကို ရိုက်ခွဲဖျက်ဆီးပစ်ရမယ်။ တစ်ကမ္ဘာလုံး ဘယ်နေရာမှာဖြစ်ဖြစ် နာရီတစ်လုံးမှကို မရှိတော့ဘူး ဆိုတာ သေချာပြီ ဆိုတော့မှ အဖေ့ရဲ့ နာရီကို ထုတ်ပြချင်တယ်။ အင်မတန်ထူးဆန်းတဲ့ နာရီတစ်လုံး အဖေ့မှာ ရှိနေပြီ။ မနက်မိုးလင်းရင် အဖေ ပြတော့မယ်။ ကိုင်း … အိပ်တော့ ငါ့သား … ”

အခုမှ ပေါက်စီလည်း စိတ်လွတ်လက်လွတ် ဖြစ်သွားရတော့တယ်။
ကိုပေတော အိပ်ခန်းထဲဝင်သွားတော့ ကိုပေတောမိန်းမက အိပ်နေလိုက်တာ အိပ်မက်တောင် မက်နေလောက်ပြီ။

* * *
(၄)

မနက် မိုးလင်းလို့ အားလုံး အိပ်ရာကနိုးတော့ ဧည့်ခန်းထဲက တိုင်ကပ်နာရီကြီးဟာ ကွဲနေတယ်။ လက်တံတွေ လိမ်ကောက်နေတယ်။ မှန်စတွေဟာလည်း ကွဲကြေပြန့်ကျဲနေတယ်။ ဖိနပ်ချွတ်အုတ်ခုံပေါ်မှာ ကိုပေတောရဲ့ Sandoz နာရီရော၊ သူ့မိန်းမရဲ့နာရီရော တူနဲ့ထုထားသလို ပြားကပ် ကြေမွနေတယ်။

ကိုပေတောကတော့ ဧည့်ခန်းထဲမှာ မျက်လုံးပြူးကြီးနဲ့ ထိုင်နေတယ်။ မျက်လုံးသူငယ်အိမ်တွေက လည်နေတယ်။ မျက်နှာက ပြုံးယောင်သန်းနေတယ်။ ပါးစပ်က တတွတ်တွတ်နဲ့ ရွတ်နေတယ်။ နဖူးမှာ ချွေးတွေလည်း သီးထနေတယ်။

ကိုပေတောမိန်းမရော ပေါက်စီပါ နိုးတဲ့အချိန်မှာ အားလုံးဟာ နောက်ကျသွားပြီ။ သားအမိနှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး သဘောပေါက်သွားကြသလို သက်ပြင်းတွေချလိုက်ကြတယ်။ ဧည့်ခန်းထဲကို သားအမိနှစ်ယောက် ဝင်လာတာတွေ့တော့ ကိုပေတောမျက်နှာ တည်သွားတယ်။

“ကိုင်း … လာကြ … ကနေ့တော့ ငါ အစောကြီးနိုးနေတာ။ ညကငါပေးတဲ့ ကတိအတိုင်း ငါ့ရဲ့နာရီကို ပြမလို့ပဲ။ အင်မတန်ထူးဆန်းတဲ့ နာရီတစ်လုံး ငါ ရထားပြီ။ မကြာခင်မှာ ဒီနာရီရဲ့အာနိသင်ကို ငါပြောတော့မယ်”

ကိုပေတော တစ်လုံးချင်းပြောနေတာကို သားအမိနှစ်ယောက်က ငြိမ်ပြီးနားထောင်နေရတယ်။ သည်အချိန်ဟာ ကိုပေတောပြမယ့်နာရီ ဆိုတာထက် ကိုပေတောကို ဘာလုပ်ရမလဲ ဆိုတာပဲ သူတို့ စဉ်းစားနေရတော့တယ်။ ပေါက်စီက သူ့အမေကိုကြည့်လိုက်တော့ သူ့အမေက ခေါင်းညိတ်ပြတယ်၊ သွားပြီ ဆိုတဲ့သဘောပေါ့။

“ကိုင်း … ဒီမယ် ကြည့် … ”

ကိုပေတောက အင်္ကျီကိုချွတ်လိုက်တယ်။ ချက်အပေါ် လက်လေးလုံးလောက် ဗိုက်တည့်တည့်က မွေးရာပါမှဲ့ကြီးတစ်လုံးကလွဲရင် ဘာမှမရှိဘူး။

“ဟောဒီမှာ … ငါ့ရင်ဘတ်မှာ နာရီတစ်လုံး မြင်ရဲ့လား။ ငါ့ရဲ့ နို့သီးခေါင်းနှစ်ခုကြားမှ လက်တံတွေ တွေ့ရဲ့လား။ လည်စလုတ်အောက်က ချိုင့်ကလေးက ဆယ့်နှစ်နာရီ နေရာ၊ ဘယ်ဘက်နို့သီးခေါင်းက သုံးနာရီ နေရာ၊ ညာဘက်နို့သီးခေါင်းက ကိုးနာရီ နေရာ၊ ဟောဒီမှဲ့ကြီးက ခြောက်နာရီ နေရာ။ ဒီနာရီ ငါ့မှာပေါ်လာတာ တစ်ပတ်လောက် ရှိသွားပြီ။ ငါလည်း စမ်းပြီးပြီ။ လက်တံတွေ နောက်ပြန်လှည့်ကြည့်တော့ ငါ့ဆံပင်တွေ ပြန်နက်ကုန်တယ်၊ ရှေ့ကိုလှည့်ကြည့်တော့ ဆံပင်တွေ တစ်ခေါင်းလုံး ဖြူဆွတ်သွားတယ်။ ဘဝကိုပါ Rewind လုပ်နိုင်တဲ့ နာရီပဲ။ ဒါကြောင့် ဒီမနက်မှာ လိုအပ်စွာပဲ ငါ့နာရီရဲ့ လက်တံတွေကို ချိုးပစ်လိုက်ရတယ်။ ဒီနာရီက အင်မတန်တိကျတဲ့ အချိန်ကို ပြရုံတင် မကဘူး၊ နာရီပိုင်ရှင်ဖြစ်တဲ့ ငါ့ကိုပါ ငယ်စေနိုင်-ကြီးစေနိုင်တယ်။ ဒီအတိုင်းလည်း ရပ်ထားနိုင်တယ်။ ဆိုလိုတာက နာရီလက်တံတွေ နောက်ကို ခပ်များများ လှည့်ပေးရင် ငါ ငယ်သွားမယ်၊ ရှေ့ကို များများလှည့်လိုက်ရင် ငါ အိုသွားမယ်၊ ဒါပဲ”

“ဒါပေမဲ့ ငါ အခုအခြေအနေကို အကြိုက်ဆုံးပဲ။ အခုအချိန်ဟာ ငါ့အတွက် အကောင်းဆုံးအချိန်ပဲ၊ ငါ့အတွက် အရင့်ကျက်ဆုံး အချိန်ပဲ။ ဒီအချိန်ကို ငါ အမိအရ ဖမ်းထားလိုက်တယ်။ ဆိုလိုတာက ငါ့နာရီစက်တွေကို ငါ ဒီမနက်ပဲ ရပ်ပစ်လိုက်ပြီ။ ဒါကြောင့် ငါဟာ ဒီအတိုင်းပဲ တည်ရှိနေတော့မယ်။ မင်းတို့သားအမိကတော့ ကံကုန်နေ့စေ့တဲ့အထိ တဖြည်းဖြည်း ကြီးရင့်ရင်း သေသွားကြသည့်တိုင် ငါဟာ ဒီအတိုင်း ကျန်ရစ်ခဲ့လိမ့်မယ်။

“ငါဟာ နှစ်သန်းပေါင်းများစွာ ဒီအတိုင်းကျန်ရစ်ခဲ့လိမ့်မယ်။ အရိမေတ္တယျမြတ်စွာဘုရားစကို ငါ စောင့်ဖူးမယ်။ ငါဟာ အခုအခြေအနေက တစ်ရွေးသားမှ အပွန်းအရှ မခံနိုင်ဘူး။ ဒါကြောင့် ငါ့နာရီစက်တွေကို ငါ ဒီမနက်ပဲ ရပ်ပစ်လိုက်တာပဲ။ တစ်ကိုယ်ကောင်းဆန်တယ် မထင်နဲ့၊ ဒါဟာ ပါရမီကဖြစ်လာတဲ့ အသီးအပွင့်ပဲ။ ဒါကို ငါ ခူးဆွတ်ခံစားတာပဲ ဖြစ်တယ်။

“အဖေ့ကို ခွင့်လွှတ်ကြပါ။ ငါ ဒီအခြေအနေအတိုင်းပဲ ငါ နေခဲ့ပါရစေတော့။ ငါဟာ အရင်က နာရီတစ်လုံးဟာ အချိန်မှန်ဖို့ပဲ လိုတယ်လို့ ခပ်တိမ်တိမ် တွေးမိတယ်၊ လူတွေဟာ နာရီမရှိရင်လည်း မရနိုင်ဘူးလို့ပဲ ထင်ခဲ့တယ်၊ လက်ကောက်ဝတ်သွေးကြောတွေကို ငါ အထင်လွဲခဲ့ဖူးတယ်။ အခုတော့ ငါ့ဟာငါ ပြန်ရှက်နေတယ်။ ငါ တစ်ခုပဲဝမ်းနည်းတာက လွဲမှားနေတဲ့ နာရီတွေနဲ့ ကမ္ဘာကြီးဟာ ယောင်တိယောင်န ခရီးသွားနေတာကိုပဲ … ”

အဲဒီအချိန်မှာပဲ ကိုပေတောမိန်းမက အိမ်ဘေးက ယောက်ျားကြီး လေးငါးယောက်ကို သွားခေါ်တယ်။ ပေါက်စီက ပေါ်တာကက်တစ်စီး သွားငှားတယ်။ ကိုပေတောကို ချော့ပြီး ကားပေါ်တင်တယ်။ ကိုပေတောကလည်း ငြိမ်ငြိမ်ကလေး ထိုင်လိုက်တာပါပဲ။

ကိုပေတောမိန်းမက ကားထွက်ခါနီးမှ အိမ်တံခါးပြန်ဖွင့်တယ်၊ အိမ်ထဲပြန်ဝင်တယ်။ တော်တော်ကြာမှ စာအုပ်တွေ၊ စာရွက်စာတမ်းတွေနဲ့ ပြန်ထွက်လာတယ်။ နောက် သူ့သားကို လှမ်းပြောတယ်။

“တော်သေးတယ် … သတိရလို့။ မင်းအဖေ အရင်တစ်ခါ Shock ရိုက်ဖူးတဲ့ လူနာမှတ်တမ်းဟောင်းတွေ မေ့ကျန်ရစ်ခဲ့တော့မလို့” တဲ့။

ကားထွက်လာတော့ ပေါ်တာကက်ကားရဲ့ အရိပ်ဟာ နေနာရီနဲ့သာဆိုရင် ရှစ်နာရီသာသာလောက်ရှိပြီ ဆိုတာကို ပြနေတယ်။


(စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ် ၆၃၊ ၁၉၉၁ ခုနှစ် - ဧပြီလ)


* * * * *
credit to mmcyber (ငွေဇင်ယော်)