ဝဇီကိုင်
အခါကား လွန်ခဲ့သော နွေဥတု ကျောင်းပိတ်ချိန်။ နေ့ကား စနေနေ့တည်း။ နေမင်းက အလွန်ပူ၊ ညည်းညူရဘနန်း စိတ်ဝမ်းမချမ်းသာစရာတည်း။ ကျွန်တော်၏ ရွာအနီး မန်းကျည်းပင်ရွာနေ မိတ်ဆွေဆယ်အိမ်ခေါင်း မောင်ဖိုးဘသည် ကျွန်တော့်ထံသို့ အရေးတကြီး ရောက်လာခဲ့လေ၏။ လာရခြင်းအကြောင်းမှာကား အခြားမဟုတ်၊ ဘောလုံးပွဲတွင် “ဝဇီကိုင်” လုပ်ရန် ပြောကြားလိုသောကြောင့်တည်း။ (“ဝဇီကိုင်” ဆိုသည်မှာ မန်းကျည်းပင်ရွာသုံးစကား။ ဝီစီခေါ် ပီပီကို ကိုင်မှုတ်ကာ ဘောလုံးပွဲတွင် ဒိုင်ပြုလုပ်သူပင်တည်း။ ဤကားအမှာ)
မကြာမီ ကျွန်တော်သည် ကျောင်းတွင်ဝတ်လေ့ရှိသော ဘောလုံးကန်အင်္ကျီကျား၊ ခြေအိတ်ကျားနှင့် ဘောင်းဘီကိုဝတ်ပြီးသော် လှေလှော်အသင်းကုတ်အကျစိမ်းကို အပေါ်ရုံ၍ အရန်သင့် စောင့်လျက်ရှိသော လှည်းပေါ်သို့ တက်ခဲ့လေ၏။ ဖိုးဘသည် ဂီယာနံပါတ်တစ်င်္တီည်းဟူသော တံဖျာကို ကိုင်၍ဝင့်ရာ နွားတို့ သည် ရုန်းစပြုလေ၏။ ထို့နောက် ကြိမ်တံဖျာနှင့်ခပ်ဆတ်ဆတ်ရိုက်၍ငေါက်ရာ လှည်းသည် အလွန်လျင်မြန်လေ၏။ ဤကား ဂီယာနံပါတ် နှစ်နှင့် သုံးတည်း။ လှည်းသွားစဉ် ဖိုးဘက “ဟဲ့၊ ဝိုင်းကြီး၊ ဘာနှေးကန်နေရတာလဲ၊ နန်းတော်သူလိုလုပ်မနေနဲ့၊ အခုထိသွားမယ်။ အောင်မယ်၊ ဟိုဘက်က နွားကြားကြီးကကော၊ ဘာဟန်လုပ်နေရတာလဲ၊ လမ်းဘေးက နွားဖြူမကလေးကို မြင်လို့လား။ ဒီလိုတော့မလုပ်နဲ့။ ကြိုက်ရင်ကြိုက်တယ်ပြော၊ အခုဝယ်ပြီး အိမ်ခေါ်သွားပေးမယ်” ဟု ဆိုကာ တံဖျာကို အထက်မြှောက်၍ အချက်ကျကျငေါက်ရာတွင် အလိုက်သိသောနွားတို့သည် ခြေကုန်သုတ်ကြလေ၏။ ရန်ကုန်မြို့တွင် မော်တော်ကားမှထွက်လေ့ရှိသော ဓာတ်ဆီခိုးနံ့ကို ရှူရှိုက်နေကျဖြစ်ပေမဲ့ ထိုစဉ်အခါဝယ် နွားချေးနံ့ဖြင့်သာ တင်းတိမ်ရလေတော့၏။ တောရွာတွင် အဘယ်မှာလျှင် ဓာတ်ဆီနံ့ရအံ့နည်း။ သူ့အလိုက်အထိုက်နှင့်သာ ကျေနပ်ကြရသည်သာတည်း။
မကြာမီ ဂေါဏမော်တော်ကားသည် ရပ်တန့်သဖြင့် မေးကြည့်ရာ မန်းကျည်းပင်ရွာသို့ ရောက်ပြီဖြစ်ကြောင်း သိရ၏။ တက္ကသိုလ်ကျောင်းမှ ဝဇီကိုင်ရောက်မည်ဟု ကြားသိရ၍ဘယ်လိုအကောင်စားမျိုးလဲဟု သိရှိရန် လာ၍စောင့်နေကြသည်မှာ မနည်းလှပေ။ တက္ကသိုလ်ကဆို၍ မင်းသားဖြစ်မည်ဟု အထင်ရှိနေကြသေးသော လူအချို့တို့မှာ မျက်လွှာကို အောက်ချ၍ မနီးမဝေးမှ ဒူးတုပ်ကာ ခစားနေကြ၏။ ထိုစဉ်မှာပင် ရွာသူကြီးနှင့် ကျေးရွာလူကြီး လေးဦးတို့သည် အနီးသို့ချဉ်းကာ “အရှင်၊ ဒီကိုကြွပါ။ အရန်သင့်ပွဲတော်များ ပြင်ဆင်ထားနှင့်ပါတယ်” ဟုမရဲတရဲကြည့်ကာ နားတော်လျှောက်ကြလေ၏။ ကျွန်တော်သည်ကား မျက်နှာထားခပ်တည်တည်နှင့် ဂေါဏယာဉ်ပေါ်မှ ဆင်းသက်ခဲ့တော့၏။
ထမင်းပွဲမှာ အရန်သင့်ရှိနှင့်နေပြီ။ ငါးခြောက်နှင့် ခရမ်းသီးဟင်း၊ သစ်တိုသီးအိုးစိမ်၊ ကန်စွန်းရွက်ကြော်၊ ငါးသေတ္တာနှင့် ဘူးသီးဟင်းချိုတို့သည် မင်းသားပွဲတော်တည်ရန် ငံ့လင့်၍နေကြဘီ။ ရာဇကုမာရလည်း ရာဇိနြေ္ဒမှ မငဲ့ကွက်နိုင်တော့ဘဲ ခပ်ဆာဆာနှင့် အတွင်သား ဟပ်ရာ ဗိုက်ကားမှတော်တော့၏။ မကြာမကြာ နန်းတော်သူထက် မသာသော်လည်း နန်းတော်သူထက်နုပျိုသော အဆင်းအရွယ်နှင့် ပြည့်စုံသည့် မန်းကျည်းပင်သူကလေးများကို စောင့်ငဲ့ကြည့်ရှုမိ၏။ ပွဲတော်တည်၍ ဝပြီ။ ဗိုက်ကားပြီဖြစ်၍ ဘောလုံးကွင်းသို့သွားရန်သာ လိုတော့သည်။ သူ့ဆန်စား ရဲမှဖြစ်တော့မည်။
ရန်ကုန်မြို့၊ မြင်းပြိုင်ကွင်းမှ ဝင်းသန်း၊ ဝင်းစိန်တို့ထက်ပင် နာမည်မကျော်ကြားသော်လည်း မန်းကျည်းပင်ရွာတွင် အကောင်းဆုံးပင်ဟု သမုတ်ခြင်းကိုခံရသော ကွတ်နီနာမ အသလိမ္မာသည် ရောက်နှင့်နေပြီ။ မင်းသားလည်း လေးလံသော ခန္ဓာကိုယ်ကို အနိုင်နိုင်ပင့်ထူကာ အသဓိုရ်ပေါ်သို့ တက်ပြီးလျှင် နောက်လိုက်နောက်ပါတို့ဖြင့်ထွက်ရာ နေ့လယ် ၁၂ နာရီခန့်တွင် ဘောလုံးကွင်းသို့ ရောက်ချေ၏။ နေကလည်း ပူပြင်းပါဘိ။
ဘယ်ကသတင်းကြားမှန်းမသိ။ ဘောလုံးကွင်းတွင် လာရောက်စောင့်ဆိုင်းနေကြသူတို့မှာ ၅ဝဝ ခန့်လောက်ရှိ၏။ လူပျို၊ အပျို၊လူအိုနှင့် သားသည်အမေတို့မှာ အများပင်ဖြစ်၏။ ဘောလုံးကွင်းမှာ ဘီအေအေကလိုမဟုတ်။ ထူးဆန်းသဖြင့် မှတ်သားဖွယ်ကောင်းလှ၏။ အလျားနှင့်အနံမှာ ထပ်တူဖြစ်ရကား လေးထောင့်ပုံသဏ္ဍာန်ရှိ၏။ သို့သော် အထူးကျဉ်းလေသည်။ မျဉ်းကြောင်းဟူ၍ မရှိ။ ဘေးနှစ်ဖက်တို့တွင် ရိုးငယ်နှစ်ခုသာရှိလေတော့သည်။ ဘောလုံးရိုးထဲသို့ကျမှသာ ယူ၍မြှောက်ရလေသည်။ ကြုံမှကြုံတွေ့ရတတ်သည်တကား။
မကြာမီ ဘောလုံးကစားသူများ ရောက်ပြီဖြစ်၍ ဝီစီမှုတ်ရန်သာလိုတော့သည်။ ဝီစီဘယ်မှာနည်း။ သို့သော် ဝီစီအစား ဝါးကုလားတက်ငယ်နှင့်ခေါက်ရန် တုတ်တိုတစ်ချောင်းကို လာရောက်ပေးအပ်လေ၏။ တစ်ဖက်အသင်းမှာ အင်္ကျီဗလာ။ ကျန်တစ်ဖက်မှာကား နတ္ထိ။ သို့ရှိဘိလည်း တစ်ဖက်အသင်းက ထုံးကိုအရည်ဖျော်၍ ကိုယ်တွင်သုတ်ထားဘိ၏။ ဤကား ချွေတာရေးအစစ်တည်း။ မြို့သားများကဲ့သို့ အင်္ကျီ၊ ဖိနပ်၊ ခြေအိတ်ဝယ်ရ၍ စရိတ်ငွေမကုန်ကျချေ။
ထိုစဉ်မှာပင်လျှင် အပေါက်စောင့်၊ ၂ တန်းလူ၊ ၃တန်းလူ၊ ၅ တန်းလူ၊ လက်ဘော်၊ ရမ်းကား၊ ရှေ့လွန်၊ ပိန္နဲသီးစသော စကားထူးစကားဆန်းများကို ကြားရ၍ မေးကြည့်ရာ “၅ တန်းလူ”မှာ ဖောဝါဒ်၊ “အပေါက်စောင့်”မှာ ဂိုးသမား၊ “၂ တန်းလ”ူမှာ ဖူးလ်ဘက်၊ “၃ တန်းလူ”မှာ ဟပ်ဘက်၊ “လက်ဘော်”မှာ သိသာပြီ။ “ရမ်းကား”မှာ ဖောင်းလ်၊ “ရှေ့လွန်”မှာ အောက်ဆိုက်၊ “ပိန္နဲသီး”မှာ ပီနယ်လတီတို့နှင့် ညီကြောင်းကို အံ့သြဝမ်းမြောက်စွာသိရ၏။ အံ့သြခြင်းမှာကား သင့်လျော်စွာ ဘာသာပြန်ဆိုနိုင် သောကြောင့်ဖြစ်၏။ ဝမ်းမြောက်ခြင်း၌ နိုင်ငံခြားစကား အခေါ်အဝေါ်တို့ကို မြန်မာစာသက်သက်ဖြင့် မှန်ကန်ကျနစွာ ပြန်ဆိုနိုင်ကြောင်းကို ထင်ရှားသိသာသောကြောင့်တည်း။ ဘောလုံးကွင်းနံဘေး နှစ်ဖက်နှစ်ချက်တွင် ရိုးငယ်ကလေးရှိနေရာ “ကော်နာ” ကန်၍မရသဖြင့် ယင်းစကားကို မည်သို့ခေါ်ကြောင်း မသိရ။ သို့သော် ထောင့်ကန် ဟူသော စကားသည် အလွန်သင့်လျော်ပေမည်။ ပိန္နဲသီးမှာကား ပီနယ်လတီပင်တည်း။ ဂိုးအနီးတွင် ရမ်းကားသည်ဖြစ်စေ၊ ဘောလုံးကို လက်ဖြင့် ကိုင်သည်ဖြစ်စေ ဝဇီကိုင်က ပိန္နဲသီး ၁၈ လုံးအကွာနေရာမှ ဂိုးပေါက်သို့သွင်းရန် အခွင့်ပေးနိုင်လေသည်။ ဤကား မန်းကျည်းပင်သားတို့ ဥပဒေတည်း။ ပီနယ်လတီကို ဂိုးနီးကန် ဟု ခေါ်ဆိုက သင့်ပေမည်။ ဤကား ကျွန်တော့်ထင်မြင်ချက်တည်း။ သင့်လျော်ရာကို ကြံဆကြပါကုန်။
လောင်းစားသောပွဲ ဖြစ်ရကား ငွေသံတချွင်ချွင်ကြားရ၏။ နေမွန်းတည့်ချိန်ပင်ဖြစ်သော်လည်း ကြည့်ရှုသူတွေ ပမာနမပြုကြ၊ ရွှေလသာဝါဝင်းစဉ် ဖျာခင်း၍ထိုင်သလို ထင်မှတ်ကြသလားမသိ။ အချိန်ကျပြီဖြစ်၍ ကုလားတက်ကိုခေါက်ရာ ဘောလုံးကန်သူတွေ ထွက်လာကြ၏။ ပရိသတ်ထဲမှ “ဝါးရင်းတုတ်ကွဲ့နော်”၊ “ဓညင်းကျား”၊ “ခွေးဘီလူး”၊ “ရှားနှစ်”၊ “သံချောင်း”၊ “ပုဏက”၊“ကျော်ဟိုး”၊ “အယ်ဒီပိုလို”၊ “တောက်တဲ့”၊ “ဗန္ဒုလ”၊ “မြွေနဂါး”၊ “ဂဠုန်” စသော ခေါ်သံ အော်သံတို့ကို ကြားသိရမှ ဘောလုံးကန်သမားများ၏ နာမည်ရင်းကို မခေါ်၊ နာမည်သစ်မှည့်၍ ခေါ်ကြောင်း သိရ၍ အလွန်အမင်း ရယ်ချင်၏။
ဝါးကုလားတက် တစ်ချက်ခေါက်သည်တွင် ရွှေဖရုံသီးနှင့် အသွင်တူသော နှစ်ကျပ်ရှစ်ပဲတန် ဘာဘူချုပ် ဘောလုံးသည် ထိုမှဤမှ လူးလားတုံ့ပြန်၍ နေလေ၏။ ဘောလုံးကန်စဉ် အချို့မှာ ချွေးများထွက်၍ ထုံးသုတ်ရပြန်လေ၏။ မကြာမကြာလည်း ဘောလုံးနှင့် လူနှစ်ယောက်သုံးယောက် ရိုးထဲသို့ ကျလေဘိ၏။ ဤအခါတွင် ရယ်သံကြီးကို ကြားလိုက်ရ၏။ မကြာမီ “တောက်တဲ့”သည် “မြွေနဂါး” ယူလာသော ဘောလုံးကို ပြေး၍ဖျက်ရာ ပျက်လေသဖြင့် ပရိသတ်ထဲမှ “တောက်တဲ့ကွဲ့နော်” ဟူသော ချီးမွမ်းသံသည် ဟိန်းသွားလေ၏။ မကြာခဏလည်း ကျွန်တော့်အား လက်ညှိုးထိုးကာ “ဆရာကြီးနဲ့ မြင်းကျား၊ မတရားမလုပ်ပါနဲ့။ ကာမေသု မုတ်စား ဆာလားကံထိုက်ပါ့မယ့်” ဟု အော်သူတွေက မရှား။ “သံခရာဘေးကို ကြောက်ပါနော်” ဟု ဟစ်သူတွေက အဖုံဖုံ။ အလုံးစုံ တစ်ခဲနက်သော အသံဆိုးကြီးတို့သည် အထက်မိုးသို့ ပျံ့နှံ့၍ သွားလေတော့၏။
ထိုအတွင်းဝယ် “မြွေနဂါး” ဘောလုံးယူလာရာ “ပေါက်စိန်ပေါက်” သည် ရုတ်တရက်ပြေး၍ ညို့သကျည်းကိုကန်သဖြင့် “မြွေနဂါး” လဲလေ၏။ ပရိသတ်ထဲမှ “ရမ်းကား” ဟူသော အသံကိုကြားလိုက်ရကား “ရမ်းကား”ကို “မြွေနဂါး”ဘက်သို့ ပေးလိုက်ရန် ကုလားတက်ခေါက်မှ အသံတိတ်လေတော့၏။ ကြည့်သူတွေထဲမှ “ဟေ့၊ရှားနှစ်၊ ပုဏက။ ဘာလုပ်နေသလဲ၊ ချပါတော့လား၊ ဆော်လေ၊ တို့ဆီမှာ ဓားမြောင်ပါတယ်။ မကြောက်နဲ့၊ ဘာခံနေသလဲ” စသည်ဖြင့် အော်စပြုလာလေ၏။ ဘောလုံးကစားသူတို့မှာလည်း တဖြည်းဖြည်းကြမ်းစပြုလာလေ၏။ ကုလားတက်ကို ခဏခဏခေါက်ရလွန်း၍ တုတ်မှာ ကျိုးလုမတတ် ဖြစ်ခဲ့၏။ “ပေါက်စိန်ပေါက်”၊ “ကျော်ဟိုး”၊ “ခွေးဘီလူး”တို့သည် အထူးကြမ်းတမ်းကလေပြီ။ “ဝါးရင်းတုတ်”နှင့် “ဂဠုန်”တို့သည်လည်း ဘယ်သူ့ကိုမှ လူမထင်တော့ချေ။ ထိုစဉ်မှာပင် ကုလားတက်ခေါက်ရန် တုတ်မှာ ကျိုးသွားလေပြီဖြစ်၍ ကျန်တစ်ပိုင်းနှင့်သာ အနိုင်နိုင်ခေါက်နေရချေသည်။ ထိုခဏ၌ပင်လျှင် “ခွေးဘီလူး” ဘောလုံးယူသွားသည်မှာ အခြားဘက် ဂိုးပေါက်သို့ ရောက်လုနီး၏။ သွင်းမည်အပြုတွင် “အယ်ဒီပိုလို”ပြေး၍ လက်သီးဖြင့်ထိုးရာ “ခွေးဘီးလူး” နှာခေါင်းသွေးထွက်လေ၏။ ပရိသတ်ထဲမှ “ပိန္နဲသီး” ဟူသော တစ်ခဲနက်သော အသံကြီးကို ကြားလိုက်ရ၏။ ထိုစဉ်အခါ ကျွန်တော့်ထံ၌ တုတ်မရှိတော့။ ဘယ်မှာချထားသည် မသိရ။ ကုလားတက်လည်း မခေါက်နိုင်တော့ချေ။ “ဝဇီကိုင် မတရားဘူး” ဟုကြိမ်းမောင်းသံကြီးကို ကြားရဘိ၏။ ခက်ချေပြီ။ မည်သို့ ကြံရအံ့နည်းဟု အောက်မေ့မိ၏။
တစ်ပြိုင်နက်ပင်လျှင် ထိုနှစ်ဖက်သော လူစုတို့သည် တုတ်ကိုင်သူကိုင်၊ လက်သီးဆုပ်သူဆုပ်၍ ရိုက်နှက်ထိုးကြိတ်ကာ ရန်ပွဲကြီးစလေ၏။ ပရိသတ်ထဲမှ အများ ဝင်ရောက်ရိုက်နှက်ကြလေ၏။ “မြွေနဂါး”မှာ ထိပ်ပြဲသွားလေ၏။ “ဓညင်းကျား”မှာ နှာခေါင်းသွေးထွက်ဘိ၏။ “အယ်ဒီပိုလို”ကား အတွင်သာ ထိုးနေတော့၏။ “တောက်တဲ့”မှာ သွားတစ်ချောင်းကျွတ်သွားလေ၏။ ထိုအခြင်းအရာကို မြင်ရသော ကျွန်တော်သည် အခက်အခဲကြုံရပြီဖြစ်၍ အလျင်အမြန် ဘောလုံးကွင်းမှ ထွက်ခဲ့ပြီးသော ကွတ်နီအသဓိုရ်ပေါ်သို့ လွှားကာတက်လေ၏။ လျင်မြန်ခြင်းဖြင့် အတွင်သာနှင်ရာ နေအိမ်သို့ ညနေတွင် ရောက်လေ၏။ သို့မှ စိတ်အေးသွားတော့သည်။ အပူလုံးကြီး ကျသွားပြီတကား။ ။
ကုသ
[၁၉၃၁]
[၁၉၃၁]
credit to mmcyber
No comments:
Post a Comment