Monday 8 October 2012

ဆယ့်နှစ်ကြိုးဝတ္ထုတိုများ - နေဝင်းမြင့် (နောက်ဆုံးအပိုင်း)

 
ထဘီဖာ လိုပါသေးရဲ့၊ တဘက်ဖာ လိုပါသေးရဲ့၊ ဘီးနဲ့မှန် လိုပါသေးရဲ့ …




(၁)

ရွာက သူကြီးဟောင်း ကိုတက်ရိုးက ဖလံကျင်းသူ မမြသင်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတော့ သက်ကယ်တန်းတစ်ရွာလုံးက ရယ်လိုက်ကြတာ အုန်းအုန်းထလို့။

တချို့ကတော့လည်း မရယ်နိုင်ကြဘူး။ ကိုယ့်ရွာက သူကြီးဟောင်းကို သိပေမယ့် ဖလံကျင်းသူ မမြသင်ကို တချို့က မမြင်ဖူးကြဘူးကိုး။ သက်ကယ်တန်းနဲ့ ဖလံကျင်း ဆိုတာ တစ်နယ်တော့ တစ်နယ်တည်းပဲ၊ ဒါပေမဲ့ နည်းနည်းတော့ လှမ်းတယ်။ နေ့ဝက်ခရီးလောက် သွားရတယ်။

မမြသင်က သက်ကယ်တန်းက ရီးပေါက်စတို့နဲ့ ဆွေရိပ်မျိုးရိပ် မကင်းတော့ သက်ကယ်ပျစ်ချိန်ဆိုရင် သက်ကယ်ပျစ်ဖို့ တစ်နှစ်တစ်ခေါက် ရောက်လာတတ်တယ်။ အသားဖြူဖြူ၊ မျက်နှာဝိုင်းကလေးနဲ့။ ရှိလှမှ အသက်က နှစ်ဆယ်ကျော်ရင် တစ်နှစ် ပဲ။ ရွာက သူကြီးဟောင်း ကိုတက်ရိုးကတော့ အသက် ခုနစ်ဆယ်ကျော်လို့ ရှစ်ဆယ် သီသီဝေ့နေပြီ။ ကညာပျိုနဲ့ ဇရာအို ရယ်လို့တောင် မဟုတ်ပါဘူး၊ တချို့က မြေးအဘိုးတဲ့၊ တချို့ကလည်း နှမြောလို့ တဲ့ စုတ်တသပ်သပ်နဲ့၊ တချို့ကလည်း ‘ဘဝအကြောင်းကိုး တော်ရဲ့’ တဲ့၊ တချို့ယောက်ျားတွေကတော့ ‘မိန်းကလေးနှယ် … ကြိုက်စရာရှားလို့ကွာ။ ချီး … ’ ဆိုတဲ့ အာခံတွင်းသံကြီးနဲ့။

ဘာပဲဖြစ်ဖြစ်လေ … ပဲ၊ နှမ်း လေး ပေါ်တာနဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာကတော့ သေချာနေပြီ။ ရီးပေါက်စကပဲ ကမကထလုပ်ပြီး မကွေးဘက် တက် လက်ဖက်လေး ဆေးလေး ဝယ်လို့၊ အိပ်ရာခမ်းနားလေး ဝယ်လို့၊ မမြသင်ဖို့ အဝတ်အစားလေးဘာလေး ဝယ်လို့ … တစ်တိတစ်တိနဲ့ လုပ်နေကြပတဲ့။ မမြသင်ဘက်က မိဘဆွေမျိုးများကလည်း သက်ကယ်တန်းကိုလိုက်လာတာ နှစ်ခါတောင်ရှိပတဲ့။


* * *


(၂)

သူကြီးဟောင်း ကိုတက်ရိုးလို့သာ ပြောရတာ ဘကြီးတက်ရိုး၊ ဒါမှမဟုတ် ဘိုးတက်ရိုးတောင် ဖြစ်နေပါပြီ။ သျှောင်တစ်စောင်းကလေးနဲ့ ပိတ်ဖြူကလေး ကပိုကရို ရစ်ခွေပတ်ထားတတ်တာလည်း ရှိရဲ့။ ကြာဆံချောင်းတွေလို ဆံပင်ဖြူဖြူကျားကျားတွေက ပိတ်စခေါင်းပေါင်းပဝါကြားက ထွက်နေလိုက်တာ အမျှင်မျှင်ထလို့။

သွား ဆိုတာကလည်း ဘယ်တုန်းကမှ တိုက်ခဲ့ပုံမရဘူး၊ နီညစ်ညစ်နဲ့။ ကွမ်းသွားချေးတွေ တက်နေလိုက်တာလည်း ရွံစရာကြီး။

သည်ကြားထဲ သွားတွေက ကျိုးနေလိုက်သေးတယ်။ စိုက်သွားလေး ကူထားလို့ ပါးချောင်နားချောင်တော့ သိပ်မကျလှသေးဘူး။ အသားကတော့ တောသူ တောင်သားပီပီ ညိုတဲ့ဘက် ကျော်ပြီး မှောင်တဲ့ဘက်ရောက်နေလို့ သူနဲ့ရာထူးတူတဲ့ သူကြီးချင်းကတောင် ‘သက်ကယ်တန်းသူကြီးက နချီးပိုးထိုး’ တဲ့။

သူ သူကြီးဘဝတုန်းကတော့ ဘာအကြောင်းလဲ။ သူကြီးအာဏာ လက်တစ်ဆုပ်လောက်ပေမယ့် ရွာမှာတော့ ဖိန့်ဖိန့်တုန်ထဲကပဲ။ ရွာဘုရားပွဲတွေမှာ သူများသူကြီးတွေလို နှစ်လုံးပြူးတွေဘာတွေ ကိုင်မနေပါဘူး။ ဝါးရင်းတုတ်ကြီးကြီး လက်တစ်ကိုင်လောက်ကို သူ့အရပ်နဲ့ တိုင်းဖြတ်ပြီး ကိုင်ထားရုံပဲ။ သူ့နောက်က ရာအိမ်မှူးငမှုံကို ခေါ်ခဲ့ပြီး ပွဲခင်းတစ်ခင်းလုံး လှည့်နေတော့တာ။

သက်ကယ်တန်းသူကြီး ကိုတက်ရိုး ဆိုလို့ကတော့ မူးတဲ့လူတောင် အမူးပြေလောက်အောင် ကြောက်တယ်။ မိုက်လို့ဆိုးလို့များတော့ ရိုက်စရာရှိရင် ကျွဲရိုက်နွားရိုက်ပဲ။

လူတိုင်းတော့ အကြောင်းမဲ့ရိုက်နှက်နေတာ မဟုတ်ပါဘူး၊ တော်တော်ဆိုးမှပါ။ သူပိုင်တဲ့ လယ်တွေချောင်းတွေ ဆိုတာလည်း မပြောနဲ့တော့။ အနောက်ကွင်း နတ်ကွန်းစင်ဘက်ကနေ လက်ညှိုးသာထိုးလိုက်၊ မြစ်နားတန်းညို့ညို့အထိက သူ့လယ်ချည်းပဲ။ မြေပဲခင်း၊ နှမ်းခင်း ဆိုတာတော့ မမြင်ချင့်အဆုံး။

အရက်ကလေးကလည်း ကြိုက်တယ်။ ဒါကလည်း တမင်ကျင့်ထားရတာ။ ဝန်ထောက်တို့၊ မြို့ပိုင်တို့ လာရင် ဒါမှအဆင်ပြေတာကိုး။ ကက်တော့ တော်တော် ဝါသနာကြီးတယ်။ သူကြီးရင့်မကြီးလုပ်ပြီး နေ့လယ်နေ့ခင်း ဈေးလယ်ကောင် ကက်သွားဆွဲချင် ဆွဲနေတတ်တာ။ ဝါးရင်းတုတ်ကြီး တိုင်ဘေးထောင်ပြီး တစ်နေကုန် ထုံးခွေကြေး ကက်ဆွဲကြတော့ သူ့မျက်နှာ ထုံးတွေ အစင်းလိုက်ပဲ။

သူများမျက်နှာတွေလည်း ထုံးတွေ အချောင်းလိုက်ပဲ။ ညနေ မိုးချုပ်ခါနီး ကက်ဝိုင်းပြီးလို့ ပြန်လာရင် မျက်နှာသစ်လာတာ မဟုတ်ဘူး။ ထုံးကြောင်းအရစ်အရစ်တွေနဲ့ သည်အတိုင်း အိမ်ပြန်လာတာ။ အိမ်ရောက်တော့မှ မျက်နှာသစ်တယ် (သူကြီး ဆိုတော့လည်း မျက်နှာကထုံးတွေနဲ့ ရယ်စရာကြီး ဖြစ်နေပေမယ့် လမ်းတွေ့တဲ့လူကလည်း မရယ်ရဲဘူး)။

‘ကနေ့ အဖေချည်းရှုံးတာပဲ သမီးရေ … ’ ဆိုပြီး အိမ်ပေါ်တက်လာတော့ သမီးကြီး (တတိယသမီး) မတင်ဥက ‘အဖေကလည်းတော် … သူကြီးလုပ်နေပြီး မျက်နှာ ထုံးတွေနဲ့။ မရှက်ဘူးလား’ လို့အမြဲ ပြောတတ်တယ်။

‘ဟ … သူကြီး ဘာဖြစ်တုံး … သူကြီးလည်း လူပဲဟ’ ဆိုပြီး မျက်နှာသစ်တယ်။ နောက်တစ်နေ့ နေ့လယ် ကက်ဝိုင်းသွားမြဲပါပဲ။ တစ်ခါတလေ ကစားဖက်က နိုင်လို့ သူကြီးမျက်နှာ ထုံးမခွေရဲဘူး ဆိုရင် …

“ဟကောင် … ခွေလကွာ … သူကြီးမို့ ထုံးမခွေဘူး ဆိုရင် ဘယ်တရားပါ့မလဲကွ။ ကက်ဆွဲရတာ ဘယ် အရသာရှိတော့မှာလဲ။ လုပ်ပါ ငါ့ကောင်ရ … ခွေပါ … ” လို့ ပြောပြီး မျက်နှာထိုးပေးတတ်တယ်။

တကယ်က ကိုတက်ရိုးက သူကြီးမျိုးမဟုတ်ဘူး။ ပညာကတော့ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်းလောက်ပါပဲ။

သူ့အရင် သက်ကယ်တန်းသူကြီးက ကိုကံရင် တဲ့။ အဲဒီတုန်းက ကိုတက်ရိုးက သူကြီးရဲ့ ညာလက်ရုံး။ သူကြီးကိုကံရင်မှာ သားမရှိဘူး၊ သမီးတွေချည်း မွေးထားတာ။ သူကြီး ကိုကံရင် အသက်ကြီးတော့ သူ့သမီးတွေထဲက မကျင်လှကို ကိုတက်ရိုးနဲ့ ပေးစားတယ်။ ဒါဘာပွဲ တို့၊ မင်းပွဲတို့မှာ ကိုတက်ရိုးကို ပွဲထုတ်တယ်။

ကိုကံရင် သေတော့ သမက်ကိုတက်ရိုး သူကြီးဖြစ်လာတာပါပဲ။ သူကြီးဖြစ်တဲ့နှစ်က ကိုတက်ရိုး ပိုက်ဆံတော်တော်ကုန်တယ်။ မြို့ပိုင် တို့၊ နယ်ပိုင် တို့ ရွာကိုကြွတော်မူတယ်ဆိုရင် ကိုတက်ရိုးက အရိုးခံ မဟုတ်လား၊ ဘာမှမလုပ်တတ်ဘူး။ သူ့မိန်းမ မကျင်လှက သူကြီးသမီး ဆိုတော့ ဘာလုပ်ရမလဲ ဆိုတာ သိတယ်။ ဒီလို ဒီလို လုပ် ပေါ့၊ ဒီဟာ ဒီဟာ ကျွေး ပေါ့၊ ဒါလေး ဒါလေး ပေး ပေါ့ ဆိုတော့မှ သူကြီးပါးဝသွားတော့တယ်။

မကျင်လှနဲ့က နှစ်အစိတ်လောက် ပေါင်းလိုက်ရတယ်။ မကျင်လှ မီးယပ်သွေးဆုံးနဲ့သေတော့ ကိုတက်ရိုးက ငါးဆယ်ကျော်ရုံရှိသေးတယ်၊ အရွယ်ကောင်းတုန်း။ သားနှစ်ယောက်၊ သမီးသုံးယောက် ကျန်ရစ်တယ်။ ငတင် တဲ့၊ ငမှင် တဲ့၊ မတင်ဥ တဲ့၊ မကျင်နု တဲ့၊ မခင်ပု တဲ့။

သားကြီးကိုတင်က ခေတ်ပညာတတ်တယ်။ မကွေးမှာ ကျောင်းထားတယ်။ သူကြီးလည်း လုပ်ချင်ပုံမရတော့ သားလတ်ကိုမှင်ကို နားသွင်းရတယ်။ သူကြီးလက်စွဲလေး ဘာလေး ဖတ်ခိုင်း၊ ရပ်အမှု ရွာအမှုတွေ စစ်တော့ နားထောင်ခိုင်း၊ သူကြီးအစည်းအဝေးလေးဘာလေး စာရင်းလုပ်ခိုင်း၊ ကောက်ခိုင်းနဲ့ သူကြီးထရိန်နင် ပေးလာလိုက်တာ ရွာက တော်ရုံကိစ္စ ကိုမှင်နဲ့တင် ပြီးတယ်။

မကျင်လှ ဆုံးပြီးလို့ လေးနှစ်လောက်ကြာတော့ ကိုတက်ရိုး မိန်းမထပ်ယူတယ်။ သက်ကယ်တန်းကပါပဲ။ ဆွေကြီးမျိုးကြီးထဲကပါ။ မငြိမ်း တဲ့။

မငြိမ်းက အပျိုစစ်စစ်တော့ မဟုတ်ဘူး၊ မုဆိုးမ။ သူ့ အရင်ယောက်ျားက အပေါင်ဆိုင်ဖွင့်ထားတဲ့ တရုတ်ကိုကျင်မှိန်။ ရွှေလေးငွေလေးနဲ့ ချမ်းချမ်းသာသာပါပဲ။ ကိုကျင်မှိန်နဲ့ ကလေးမရဘူး။ အပေါင်ဆိုင် တရုတ် ဆုံးတော့ ကျီးကြည့်ကြောင်ကြည့်ဖြစ်နေတုန်း သူကြီးကိုတက်ရိုးက ကောက်ယူလိုက်တာ။

အပေါင်ဆိုင်တရုတ်နဲ့ ကလေးမမွေးတဲ့ မငြိမ်းက သူကြီးကိုတက်ရိုးနဲ့ကျတော့ မွေးလိုက်တာမှ ရှင်မွေးလွန်း ဖြစ်ကရော၊ ဆယ့်တစ်ယောက်တောင် (ဒါတောင် ကြားထဲမှာ နှစ်ယောက် ပျက်ကျသေးတယ်)။ ကိုတက်ရိုးရဲ့ အရင်မယားကရတဲ့ သားသမီးတွေနဲ့က အဆင်မပြေတော့ ဝိုင်းထဲမှာပဲ အိမ်သတ်သတ်ဆောက်ပြီး ထားတယ်။

အရင်မယားက သားသမီးတွေနဲ့ မငြိမ်းနဲ့သာ အဆင်မပြေတာ၊ ကလေးတွေချင်းကျတော့ အဆင်ကိုပြေလို့။ ချစ်ကြတယ်။ ကိုတက်ရိုးကလည်း မငြိမ်းမို့ မျက်နှာသာမပေးဘူး၊ အရင်သားသမီးတွေမို့လို့လည်း ဦးစားမပေးဘူး၊ မျှမျှတတပဲ။

ခြံဝိုင်းကြီးထဲ စပါးကျီ၊ ပဲကျီ ကြီးကြီးဆောက်ပြီး ရလာတဲ့ စပါး၊ ပဲ၊ နှမ်း လှောင်ထားတာပဲ။ မျိုးချန်စရာရှိတာ ချန်၊ ရောင်းစရာရှိတာ ရောင်း၊ စားဖို့သိမ်းတာ သိမ်းနဲ့ ရသမျှ တစ်စုတစ်စည်းတည်း ထားတာပါပဲ။

ကိုတက်ရိုး အသက်ခြောက်ဆယ်တော်တော်ကျော်လာတော့ သူကြီးအလုပ် စိတ်ကုန်လာတယ်။ အသက်ကလည်း ရလာပြီ၊ လယ်တွေ ချောင်းတွေကလည်း ရှိသေးတယ်၊ ရွာကိစ္စတိုင်းကို ထစ်ခနဲဆို သူ မသွားနိုင်တာလည်း ပါတယ်၊ ဆိုင်ရာဆိုင်ရာနဲ့ ညှိနှိုင်းပေးကမ်းပြီး သူ့သား ငမှင်ကို သူကြီးရာထူးအပ်ပြီး သူက နားတယ်။

သျှောင်တစ်စောင်းနဲ့ သူကြီးဦးတက်ရိုးနေရာမှာ ဘိုကေနောက်မြင့်နဲ့ သူကြီးဦးမှင် ပြေားတာကလွဲရင် သက်ကယ်တန်းရွာက သူကြီးအပြောင်းအလဲကို သိတောင်မသိလိုက်ကြဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ရွာကလေးမှာ သူကြီးအပြောင်းအလဲကို သိပ်ဂရုစိုက်နေကြတာလည်း မဟုတ်ဘူး။

တစ်နေ့ ငမှင် သူကြီးဖြစ်မယ် ဆိုတာ ကြိုသိနေကြတော့လည်း အသွားမပျက် အစားမပျက်ပါပဲ။ ကိုမှင် သူကြီးဖြစ်လို့မှ မကြာသေးဘူး။ သူ့အဖေ သူကြီးဟောင်းကိုတက်ရိုးရဲ့ နောက်မယား မငြိမ်း သေပြန်ရော။ မငြိမ်းသေတော့ သူကြီးဟောင်းကိုတက်ရိုးက ခုနစ်ဆယ်ကို သုံးနှစ်စွန်းနေပြီ။ လယ်လေးကိုင်းလေးလည်း ကွပ်ကဲရသေးတယ်၊ ရပ်မှုရွာမှုကလည်း တစ်ဖက်၊ ညီအစ်ကို မောင်နှမတွေအရေးက တစ်ဖက်နဲ့ ဂျင်ခြေကိုလည်လို့။

ညီအစ်ကိုမောင်နှမတွေကို အိမ်စောင့်ချသင့်သူ ချ၊ ကျောင်းထားဖို့ မြို့ကိုပို့သူ ပို့၊ လယ်ထဲကိုင်းထဲ ဆင်းခိုင်းသင့်တဲ့သူ ဆင်းခိုင်း၊ လုပ်နေတုန်းမှာပဲ သူကြီးဟောင်းကိုတက်ရိုးက ပုတီးကလေး လည်ပင်ဆွဲပြီး ဘုန်းကြီးကျောင်း သွားသွားနေတာ နေ့တိုင်း။

ဘုန်းကြီးကျောင်း သွားတဲ့ လမ်းမှာ ရီးပေါက်စတို့ သက်ကယ်ပျစ်တဲ့ တဲကြီး ရှိတယ်။ ဟိုရွာ သည်ရွာက မိန်းကလေး တော်တော်များများလည်း ရီးပေါက်စတို့အိမ်မှာ နေရင်း သက်ကယ်ပျစ်ကြတယ်။ အဲဒီအထဲမှာ ဖလံကျင်းက မမြသင်လည်း ပါတယ်။

အိမ်ရှေ့ ဖြတ်ဖြတ်သွားတဲ့ သူကြီးဟောင်း ကိုတက်ရိုးကို ရီးပေါက်စက ‘အိမ်များလည်းဝင်ပါဦး သူကြီးရဲ့ … ဝင်ကောင်းပါတယ်’ ဘာညာ ဆိုတော့ သူကြီးလည်း ဝင်ဖြစ်ရော။ ဝင်ရင်းဝင်ရင်းကပဲ သူကြီးဟောင်း ကိုတက်ရိုး မိန်းမလိုချင်လာရော။ ဒါကို ရီးပေါက်စက သိတယ်။

ရီးပေါက်စက ဒါကိုတင်သိတာ မဟုတ်ဘူး၊ သူကြီးဟောင်းရဲ့ လယ်တွေ ချောင်းတွေကိုလည်း သိတယ်။ အရင်မယားတွေက ကျန်ခဲ့တဲ့ ကြံဆစ်လက်ကောက်တွေ၊ ပန်းတစ်လိမ်နန်းတစ်လိမ် ဘယက်တွေ၊ အမ်စီကြိုးတွေကိုလည်း သိတယ်။ သေတ္တာနဲ့နှစ်လုံးလောက် ကျန်ရစ်တဲ့ ထဘီတွေ အဝတ်အစားတွေကိုလည်း သိတော့ မမြသင်ကလေးနဲ့ အောင်သွယ်တယ်။ အောင်သွယ်ခလေး စားလိုက်၊ နားလေးချလိုက်နဲ့ နှစ်နှစ်လောက်ကြာတော့ မင်္ဂလာဆောင်ဖို့ ရက်သတ်တဲ့အထိ ဖြစ်လာတယ်။ ပထမတော့ မမြသင်က ငြင်းတယ်၊ ခုနစ်အိုကျား ရှစ်အိုကျားကြီး မယူချင်ပေါင် တဲ့။

နောက်တော့ ရီးပေါက်စကလည်း အပို့ကောင်း၊ မမြသင်မိဘများကလည်း သည်သတင်းကြားတော့ တွန်း၊ ကြာတော့ မမြသင် ‘အင်း’ လိုက်ရတယ် ဆိုပါတော့။

အဲဒီမှာတင် သူကြီးဟောင်းကိုတက်ရိုးနဲ့ ဖလံကျင်းသူ မမြသင် မင်္ဂလာဆောင်တော့မယ် ဆိုတဲ့သတင်း ထွက်လာလိုက်တာ ပျားတူအုံ တုတ်နဲ့ထိုးသလိုပဲ။

* * *
 
(၃)

မင်္ဂလာဆောင်မယ့် အကြိုညက မဏ္ဍပ်ထဲမှာ အောက်လင်းဓာတ်မီးတွေဆိုတာ ထိန်လို့။ မကွေးကိုတက်ငှားတာ ဓာတ်မီးဖိုးကချည်း တစ်ရာလောက် ကျတယ်။ ချက်တဲ့လူက ချက်၊ ပြုတ်တဲ့လူက ပြုတ် ပေါ့။ သူကြီးကိုမှင် မျက်နှာနဲ့ ဟိုရွာသည်ရွာက လာပို့တဲ့ ဝက်တို့ကြက်တို့ ဆိုတာ ဖောချင်းပဲ။ အရက် ဆိုတာတော့ မပြောနဲ့တော့။ ပလတ်စတစ်ပုံးကြီးတွေနဲ့ ထည့်ထားတာ၊ သောက်စမ်း … ကြိုက်သလောက် သောက်။

ရွာကတီးဝိုင်းကလည်း ရသမျှသီချင်းလေးတွေနဲ့ ဧည့်ခံလို့။ သူကြီးဟောင်းကိုတက်ရိုးကတော့ တစ်ခါမှ ထုတ်မပေါင်းဖူးတဲ့ ပန်းနုသွေးမင်္ဂလာရောင် ခေါင်းပေါင်း နှစ်ပတ်ကျော့လေးနဲ့ တကယ့် ကာလသားလေး ကျနေတော့တာ။ လည်ကတုံးအင်္ကျီ လျှာဖတ်လတ်မှာ ရွှေသီး ဆိုတာ တစ်လုံး တစ်လုံးကို မန်ကျည်းစေ့လောက်ရှိတယ်။ တစ်ချက်မှလည်း ဣနြေ္ဒမရဘူး။ ရပ်မိရပ်ဖတွေထိုင်တဲ့ လူကြီးဝိုင်းပဲ ဝင်ထိုင်ရတော့မလိုလို၊ ကာလသားတီးဝိုင်းထဲဝင်ပြီး ‘မေတ္တာသတ္ထော အနန္တော … မြတ်ရှင်စော ဟောကြားကာရယ် … ’ ပဲ ဟဲရတော့မလိုလိုနဲ့။

သူကြီးကိုမှင်ကတော့ ဖအေသတို့သားကြီးကို ကြည့်ရင်းက ပြုံးပြုံးကြီး။ မငြိမ်းနဲ့ရတဲ့ကလေးတွေကလည်း သူတို့အဖေ အိုကြီးအိုမကို ကြည့်ပြီး ရှက်တဲ့သူက ရှက်လို့၊ မူးတဲ့သူက မူးလို့၊ ပျော်တဲ့သူက ပျော်လို့။ မမြသင်ကိုတော့ မတွေ့ရဘူး။ ရှက်လို့ပဲလား၊ ညွှတ်နေအောင် ဆင်ထားတဲ့ ရွှေတွေနဲ့ မနေတတ်မထိုင်တတ်လို့လား မသိဘူး၊ မဏ္ဍပ်ထဲ တစ်ခါမှ မလာဘူး။ တချို့ကလည်း ရီးပေါက်စတို့အိမ်မှာ ငိုနေလိုက်တာ ရှိုက်ကြီးငင်ကြီး တဲ့။ တချို့ကလည်း မဟုတ်ပါဘူး တဲ့၊ သင်းကြူကြူပေါင်ဒါလေး လိမ်းလိုက်၊ သီချင်းလေး ညည်းလိုက်နဲ့ပါ တဲ့။

ခက်တာက မမြသင်ရဲ့ အဖေနဲ့ အမေပဲ။ သူကြီးဟောင်းရဲ့ ယောက္ခမသာ ပြောရတယ်၊ သမက်က သူတို့ထက်ကြီးနေတော့ ‘သား’ ပဲ ခေါ်ရမှာလား၊ ‘မောင်တက်ရိုး’ ခေါ်ရမှာလား၊ ‘သူကြီး’ လို့ လွယ်လွယ်ခေါ်ရမှာလား မဝေခွဲတတ်ဘူး ဖြစ်နေတယ်၊ ကိုတက်ရိုးကလည်း ယောက္ခမတွေကို ခေါ်ရင် ‘ဒီမယ်’ တဲ့။

နောက်တစ်နေ့ မိုးလင်းလို့ ဘုန်းကြီးကျောင်း မင်္ဂလာဆွမ်းအုပ်ပို့ပြီးတာနဲ့ ရွာက ရွာမိရွာဖတွေ ထမင်းကျွေးဖို့ စီစဉ်တယ်။ ထမင်းမကျွေးခင် ဟိုဘက်ဒီဘက် ဆွေမျိုးမိဘတွေ၊ လူကြီးသူမတွေ ခေါင်းရင်းဘက် တန်းစီထိုင်ပြီး သတို့သမီး-သတို့သား မင်္ဂလာစကားပြောမယ် လုပ်တော့ မမြသင်နဲ့ ကိုတက်ရိုးက ပီဘိ ကျုံ့ကျုံ့ကလေး ထိုင်လို့။

မမြသင်ကတော့ စံပယ်ပွင့်တွေ ဝေနေအောင် ပန်ထားတယ်။ မျက်နှာကလည်း ပန်းသွေးထနေလိုက်တာ ရဲလို့။ ခေါင်းကလည်း ငုံ့ထားလိုက်တာ ဇက်ကျိုးတာကမှ လှုပ်လိမ့်ဦးမယ်။ မိန်းမသုံးယောက်နဲ့ မင်္ဂလာဆောင်ဖူးသွားပြီဖြစ်တဲ့ ကိုတက်ရိုးကတော့ ရှိုးတိုးရှုန့်တန့်တော့ မဖြစ်ဘူး၊ ဒါပေမဲ့ ရှက်တော့လည်း ရှက်တာပါပဲ။ သူ့သဘောအတိုင်းဆို မင်္ဂလာဆောင်ဖို့ စိတ်မကူးဘူး၊ သည်အတိုင်း ပေါင်းလိုက်ရုံ တွက်ထားတာ။ ဒါပေမဲ့ မမြသင်ဘက်က လက်မခံဘူး။ သူ့သမီး အပျိုနုနုထွတ်ထွတ်ကို မင်္ဂလာဆောင်ယူရမယ် ဆိုလို့သာကိုး။

မမြသင်ရဲ့ မိဘနှစ်ပါးနဲ့ ရပ်မိရပ်ဖတွေ၊ သူ့သား သူကြီးကိုမှင်တို့ ခေါင်းရင်းခန်း နေရာဝင်ယူတော့ လာသမျှဧည့်သည်တွေကလည်း အထူးအဆန်းဖြစ်လို့။ ငြိမ်လို့ … ပြုံးကြလို့ … ဒါပေမဲ့ မင်္ဂလာစကားကို ဘယ်သူက စပြောမယ် ဆိုတာ ညှိမထားတော့ တိတ်ဆိတ်နေလိုက်တာ အကြာကြီး။ တစ်အောင့်နေတော့မှ ရွာက စက်ပိုင်ဦးဘရှင်က …

“မောင်မှင် … မင်းကရွာမှာ သူကြီးပဲ။ မင်းက စပြောကွာ” တဲ့။

ကိုမှင်က ဘယ်လိုမှ မျှော်လင့်ထားတာမဟုတ်ဘူး။ သူ စကားပြောရမယ် လို့လည်း မထင်ဘူး။ ပြောလည်း မပြောသင့်ဘူး လို့ တွက်ထားတာကိုး။ ဒါကြောင့် ဦးဘရှင်ကပြောခိုင်းတော့ တွန့်သွားတယ်။

“ဟာ … မဟုတ်တာ … ဘကြီးဘရှင်ပဲ ပြောပါဗျာ”

“အေးပါ … တို့လည်း ပြောမှာပါ။ ဟိုဘက်ဒီဘက် မိဘများကလည်း ပြောရမှာလေ။ မင်းက မင်းအဖေဘက်က လူကြီးတစ်ယောက်အနေနဲ့ရော ရွာကသူကြီးအနေနဲ့ပါ မင်း စပြောမှ တင့်တယ်မှာပေါ့”

အဲဒီတော့မှ ရွာကလူတွေကလည်း စိတ်ဝင်စားလာကြတယ်။ ကိုမှင်က သူ့အဖေ သတို့သားကို ဘယ်လိုပြောမှာပါလိမ့် ပေါ့။ ကိုမှင်ကတော့ ချွေးတွေသံတွေတောင် ထွက်လာတယ် လို့ ထင်တယ်။ သူ့ရှေ့က ဖလားစုံကွမ်းအစ်ကြီးထဲက ကွမ်းသီးတစ်ဖတ် ကောက်ဝါးထည့်ပြီး အကြာကြီး နေတော့မှ …

“အဟမ်း … ”

ချောင်းမဟန့်ချင်ဘဲဟန့်တော့ လူတွေက တဝေါဝေါစကားပြောနေကြတာ ငြိမ်သွားတယ်။

“အဖေနဲ့ … အဲ … အဖေနဲ့ပေါ့လေ … မမြသင်နဲ့ … ”

ကိုမှင်က ဆက်ပြောလို့မရသလို ရပ်သွားတယ်။ ကွမ်းသီးတစ်ဖတ် ထပ်နှိုက်တယ်။ ဝါးတယ်။ မဆီမဆိုင် ရေနွေးကြမ်းတစ်ပန်းကန် ငှဲ့တယ်။

“အဖေနဲ့ မမြသင်နဲ့ ဘာသာဘာဝ ထိမ်းမြားကြလို့ မင်္ဂလာစကား ပြောပါ ဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှရှိတယ်၊ ပုဆိုးတန်းတင် အကြင်လင်မယား တဲ့ … အဟမ်း … အရှေ့ ခုနစ်အိမ်၊ အနောက် ခုနစ်အိမ် သိကြလို့ မြန်မာ့ထုံးစံ ကန်တော့ပွဲနဲ့ … ကွမ်းဆေး လက်ဖက်နဲ့ ဧည့်ခံလို့ လင်မယားအရာမြောက်ပြီ ဆိုတာနဲ့ … ”

ကိုမှင်က ငှဲ့ထားတဲ့ ရေနွေးကြမ်းပန်းကန်ကို ယူပြီး ရွှတ်ခနဲ သောက်တယ်။ သူကြီးဟောင်းကိုတက်ရိုးကတော့ သူ့သား ကိုမှင်ကို မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ်။ လူတွေက ရယ်ချင်ပေမယ့် မရယ်ဘဲ တင်းထားတဲ့ရုပ်တွေနဲ့။ ကိုမှင်ကလည်း သူ့စကား အမြီးအမောက် မတည့်တာ သူ့ဟာသူ သိတယ်။ ဘာဆက်ပြောရမှန်းလည်း မသိဘူး။ ခဏနေတော့မှ …

“ဒီတော့ကာ … မမြသင်ကလည်း မယားဝတ္တရား တဲ့ … ငါးပါးနဲ့တူတယ် … အဲဒါရှိတယ်။ အဖေကလည်း လင့်ဝတ္တရားငါးပါးနဲ့အညီ တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ နော်ဗျာ … ရသမျှဥစ္စာကိုလည်း တူအမျှ၊ ရသမျှကုသိုလ်လည်း တူအမျှ ဆိုသလို … အဲ … ဆိုသလို … မမြသင်ကလည်း ကိုယ့်လင်သားကို လင်သားလို၊ အစ်ကိုလို … အဖေလို ဆက်ဆံရမယ် … အဖေကလည်း ဒီလိုပဲနော်။ အဖေကလည်း ခါတိုင်းလို မမိုက်နဲ့တော့ … ”

သူကြီးဟောင်း ကိုတက်ရိုးက သူ့သား ကိုမှင် ပြောနေတာကို ဒေါသပဲဖြစ်နေလို့လား၊ စိတ်ပဲမကောင်းလို့လား မသိဘူး။ မျက်လုံးကြီးတွေကလည်း ပြူးလို့။

“မမိုက်နဲ့ ဆိုတာက အဖေ ကက်လည်းဖြတ်တော့။ အရက်လည်း ဖြတ်တော့။ အသက်ကလည်း နားထင်ဆောင့်နေပြီ”

ကိုတက်ရိုးက သူ့သားကိုမှင်ရဲ့ မင်္ဂလာစကားထဲမှာ ကက်တွေ ရော၊ အရက်တွေရော၊ မမိုက်နဲ့တော့ရော ပါလာတဲ့အထိက ဘာမှမပြောသေးဘူး၊ အသက် နားထင်ဆောင့်နေပြီ ဆိုရော …

“ဟေ့ကောင် ငမှင် … ခွေးသား … တော်တော့ကွာ” တဲ့။

အော်လိုက်တာ မင်္ဂလာပွဲလာကြတဲ့လူတွေ ဆိုတာ အုံးခနဲ ထရယ်တာ ပတ်တုတ်ယူရတယ်။

* * *


(၄)

အရင်မယားနှစ်ယောက် ယူခဲ့တုန်းက မယားတွေသာသေခဲ့တဲ့ သူကြီးဟောင်း ကိုတက်ရိုး မမြသင်နဲ့ညားလို့ ခြောက်လလောက်လည်း ကြာရော သည်တစ်ခါသေတာ သူကိုယ်တိုင် ဖြစ်သွားတော့တယ်။

အဲဒီတုန်းက မူလကိုယ်ခံစွမ်းအားလျော့နည်းကျဆင်းတဲ့ရောဂါ ဆိုတာလည်း မပေါ်သေးပါဘဲနဲ့ သူကြီးဟောင်းကိုတက်ရိုးကတော့ တပိန်ပိန်တလိန်လိန်နဲ့ လုံးပါးပါးပြီး သေသွားတာ။ ဘာရောဂါရယ်လို့ မည်မည်ရရလည်း မရှိဘူး။

သူကြီးဟောင်းကိုတက်ရိုး ခုနစ်ဆယ်ကျော်လို့ သေသွားတာက သတင်းမဟုတ်ပေမယ့် ကျန်ရစ်ခဲ့တဲ့ မမြသင်ကတော့ ကိုယ်ဝန်နှစ်လကျန်ခဲ့တယ် ဆိုတာကမှ သတင်းဖြစ်နေတော့ ရွာကလူတွေက ‘ဟယ် … ဟုတ်ပါ့မလား … ’ ပေါ့။

မဖြစ်နိုင်ပါဘူး ပေါ့။
သူကြီးဟောင်း သေပြီးလို့ မကြာပါဘူး၊ မမြသင် ဗိုက်ကလေးစူလာတော့မှ လူတွေက …

“ဟုတ်ပါ့တော် … သူကြီးဟောင်း ကိုတက်ရိုးတို့များ သေခါနီးတောင် ခုနစ်ထွေကလေးနဲ့” … တဲ့။

* * * * *


ကွဲအက်နာရီ


(၁)

ကိုပေတောမှာ နာရီဟောင်းတစ်လုံး ရှိတယ်။ Sandoz လို့ ခေါ်တဲ့ သာမန် နှစ်ရာကျော်ကျော်လောက်သာ တန်တဲ့ နာရီတစ်လုံးပေါ့။ အဲဒီနာရီ အရင်ကလည်း သူ့မှာ နာရီအတော်များများ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဖိုးနည်းဝန်ပါတွေချည်းပဲ။ တစ်ထောင်ကျော်တန်တဲ့နာရီ တစ်လုံးမှ မပါဘူး။ ငါးရာတောင် မကျော်ပါဘူး။ နည်းနည်းကောင်းကောင်းဆိုလို့ ဖဲဝိုင်းပြန် အိုဂျီဘယ်နာရီ ပါးပါးကလေး တစ်လုံးပဲ ပါဖူးတယ်။

ကိုပေတောက နာရီကလိတတ်တဲ့လူတော့ မဟုတ်ဘူး။ ထူးဆန်းတာက နာရီ ရယ်လို့ ဝယ်လိုက်လို့ သူမှပတ်ပြီ ဆိုရင် နာရီက ပျက်တာ များတယ်။ သွားနေရင်းက ရပ်သွားတာမျိုး …

တစ်ခါကဆိုရင် မြို့ထဲကဝယ်လာတာ သူနေတဲ့ရပ်ကွက်တောင် မရောက်သေးဘူး၊ ကားပေါ်မှာတင် နာရီက ရပ်သွားတယ်။ ဒါနဲ့ ကားပေါ်က ပြန်ဆင်းပြီး ပြန်ပြောတော့ ဆိုင်ရှင်က ဖြုတ်ကြည့်တယ်။ ‘အသစ်မို့လို့ပါ’ တဲ့။ ‘ဒါက ဝိုင်ဒင်တိုက်နော်’ တဲ့။ ‘သံပတ် နေ့စဉ်ပေးဖို့လည်း မမေ့နဲ့တဲ့’ တဲ့။ ‘ခြောက်လအတွင်း ရပ်သွားရင်၊ ပျက်သွားရင် ပြန်သာယူခဲ့’ တဲ့။ ကိုပေတော ကျေနပ်သွားတယ်။ ပြန်ပတ်လာတယ်။ မရပ်ဘူး။

နောက်တစ်ရက် ရပ်သွားတယ်။ သူ တော်တော်လည်း စိတ်ပျက်သွားတယ်။ ဆိုင်ကို တစ်ခါ ပြန်သွားတယ်။ ဆိုင်ရှင်က မျက်နှာမကောင်းဘူး။ ဘာဖြစ်သွားလို့ ဆိုလား ပြန်လုပ်ပေးလိုက်တယ်။ သူ ပြန်ယူလာတယ်။ တစ်ပတ်တိတိကြာတဲ့နေ့မှာ စက်ရပ်သွားပြန်ရော။

ဒီတစ်ခါတော့ နာရီရောင်းတဲ့သူက ဝယ်တဲ့နာရီဈေးပေါ်မှာ အခြေခံပြီး တခြားနာရီတစ်လုံးကိုသာ ယူသွားပါတော့ တဲ့။ ငွေနည်းနည်း ထပ်ဆောင်းပေးပါ ဆိုတော့ သူ့စိတ်ကြိုက်တစ်လုံး ထပ်ယူလာတယ်။ ငွေတစ်ရာ ထပ်ပေးခဲ့ရတယ်။ အဲဒီနာရီလည်း ခြောက်လအာမခံပဲ။

တိုက်တိုက်ဆိုင်ဆိုင် ခြောက်လပြည့်တဲ့နေ့ရဲ့ နောက်တစ်နေ့ မိုးလင်းတော့ နာရီစက်ရပ်သွားတယ်။ သူ ရက်တွေပြန်စစ်တယ်။ ဟုတ်တယ်၊ တကယ့်ကို ခြောက်လ တစ်ရက်စွန်း ဖြစ်နေတယ်။ သူ ရောင်းတဲ့ဆိုင်ကို မသွားတော့ဘူး။ နာရီပြင်ဆိုင်မှာ ပြင်တယ်။ ကောင်းတယ်၊ ပတ်တယ်၊ ဓာတ်ဆီ-ဓာတ်စံ ပြက်လုံးလိုပဲ ‘ပေးရင်းကတော့ ငါးကျပ်ပဲ၊ ပေါက်လိုက် ရွေးလိုက်က ငါးဆယ် ကျတယ်’ ဆိုသလိုပဲ၊ ပြင်ခကချည်း နာရီဖိုး ကျော်သွားတယ်။

ဒီတော့ သူ ရသလောက်နဲ့ ရောင်းလိုက်တယ်။ နောက်တစ်လုံး ဝယ်တယ်။ ချက်ချင်းတော့ ဝယ်လိုက်နိုင်တာမဟုတ်ဘူး၊ တော်တော်ခြိုးခြံပြီး စုဝယ်ရတာ။ နောက်နာရီတွေလည်း သည်လိုပဲ။ ဒါပေမဲ့ သူ စိတ်မပျက်ဘူး၊ ငြီးငွေ့တယ်ရယ်လို့လည်း မရှိဘူး။ ‘နာရီဇိုးမျိုး ခံနိုင်သူကို ကျွန်မဖြင့် တွေ့မမြင်ပြီ … သြော် … ရှာပေဦးတော့ ထမင်းထုပ်ကြီးနဲ့ … လူပါမသိုးရုံဖြင့် မှာလိုက်ချင်သည်’ ဆိုတာ ကိုပေတောမှ အစစ်ပဲ။ နောက်ပြီး နာရီ ကောင်းနေတုန်းပေမယ့် ချေးဆေးရင်လည်း ဆေးတတ်တယ်။

ဆိုင်က ‘ခင်ဗျားနာရီ ကောင်းနေသားပဲဗျ’ ဆိုတော့ သူက ‘အဝတ်အထည်လိုပဲပေါ့ဗျာ၊ သိပ်မပေခင် ဖွပ်တော့ ပိုမကောင်းဘူးလား’ တဲ့။ နာရီပြင်ဆရာက ‘ကောင်းပါတယ်၊ ဒါပေမဲ့ ခင်ဗျားအဝတ်က မစွန်းထင်းသေးဘဲနဲ့တော့ အစွန်းချွတ်ဆေးထဲ နှစ်စရာမလိုဘူး မဟုတ်လား’ ဆိုတော့ သူ စိတ်ဆိုးသွားတယ်။ ‘ခင်ဗျားက ရပ်နေတဲ့နာရီကိုပဲ ချေးဆေးတတ်တဲ့လူပဲ၊ ကောင်းနေတဲ့နာရီကို ချေးမဆေးတတ်ဘူးထင်ပါရဲ့’ လို့ ပြောပြီး ပြန်ယူလာတတ်တယ်။ နောက်တစ်ဆိုင် ပြောင်းတယ်။

နောက်တစ်ဆိုင်ကလည်း အဲသလို ပြောတာပါပဲ။ ဒီတော့ သူက ‘ရော … ခက်ပါလား … ခင်ဗျားတို့ နာရီပြင်ဆရာတွေဟာ လက်စသတ်တော့ တစ်ကျောင်းထည်းဆင်းတွေပါလား’ ဆိုပြီး ပြန်ယူလာပြန်ရော။ ဒါပေမဲ့ ချေးဆေးချင်တဲ့စိတ်က မကုန်ဘူး။ ဒီတော့ နောက်တစ်ဆိုင်မှာ ‘စက် ခဏခဏရပ်တယ်ဗျာ၊ ချေးဆေးပေးပါဦး’ လို့ ပြောပြီး အပ်တယ်။ ဒီတော့မှ ‘ထားခဲ့လေ’ တဲ့။ ဒီတော့ သူက နာရီကိုချွတ်ရင်း ‘ခင်ဗျားတို့ နာရီပြင်ဆရာတွေလည်း ရောဂါပဲ’ တဲ့၊ ‘စက်ရပ်မှ ကိုင်ချင်ကြတာကိုး’ လို့လည်း ပြောသေးတာ။

ဒါပေမဲ့ စောစောကပြောသလိုပဲ သူ့လက်ထဲမှာ နာရီက ခဏခဏပျက်တာပဲ ဆိုတော့ သူက နာရီတွေကို အပြစ်မတင်ချင်တော့ဘဲ သူ့လက်ကောက်ဝတ်ကိုပဲ သံသယရှိလာတယ်။

ဘယ်ဘက်က ညာဘက် ပြောင်းပတ်ကြည့်တယ်၊ ပျက်တာပဲ။ နောက် ညာဘက်က ပြန်ပတ်တယ်၊ ပျက်တာပဲ။ လက်ကောက်ဝတ်နဲ့ နာရီရဲ့ သမူဟမဖြစ်ခြင်းသဘော၊ ဒါမှမဟုတ် ဝိရောဓိဖြစ်ခြင်းသဘောကို သူ ဘယ်လိုမှ စဉ်းစားလို့မရဘူး ဖြစ်နေတယ်။ အခုတော့ Sandoz နာရီလေး ပတ်ဖြစ်နေပြန်တယ်။ သည်နာရီလေးကတော့ မဆိုးပါဘူး။ တော်တော်လည်း ခံတယ် ပြောရမယ်။ တစ်နှစ်နီးပါးရှိပြီ။ ဒါပေမဲ့ ဝတ္တရားမပျက် ချေးတော့ မှန်မှန်ဆေးပေးရတာပေါ့လေ။

နောက်တစ်ခုက ကိုပေတော့မိန်းမမှာလည်း နာရီတစ်လုံးရှိတယ်။ မိန်းမပတ် CQ နာရီလေး။ လေးထောင့် စောင်းသိမ်း(ဆယ်ပြားစေ့) နာရီကလေး။ နာရီဖင်ဘက်မှာ Stainless Steel လို့ ရေးထားပေမယ့် သံချေးတွေတော့ ရှိတယ်။ Water Proof ဆိုပေမယ့် ရေစလေးတွေ မှန်မှာသီးနေတတ်တယ်။ ဒါပေမဲ့ နာရီက စက်တော့ကောင်းသေးတယ်။

ဒါပေမဲ့ သူ့မိန်းမ CQ နဲ့ သူ့ Sandoz ကို တိုက်ကြည့်လိုက်တိုင်း အချိန်က ခုနစ်မိနစ်လောက် ကွာနေတတ်တယ်။ ဒါက အမြဲဖြစ်နေတာ။ သူမှန်တယ် ငါမှန်တယ် အမြဲ ငြင်းနေကျ။ တစ်ခါတော့ မြန်မာ့အသံနဲ့ လင်မယားနှစ်ယောက် အချိန်တိုက်ကြတယ်။ လင်မယားပေမယ့် အလောင်းအစားလေးတော့ ပါတယ်။ များများမဟုတ်ပါဘူး၊ ဆီချက်တစ်လုံးကြေးပါ။ ရှေ့မှာ ရေဒီယိုကြီးဖွင့်ထားပြီး မွန်းတည့် ဆယ့်နှစ်နာရီ ‘ဒေါင်ဒင်ဒေါင်’ ကြီး လာတော့မယ့်အချိန် ဧည့်ခန်းထဲမှာ နှစ်ယောက်သား ငြိမ်ပြီးထိုင်နေကြတယ်။ ကိုပေတောက ရင်တထိတ်ထိတ်နဲ့။

ဆီချက်ဝယ်ကျွေးရမှာကိုကြောက်လို့ မဟုတ်ဘူး၊ သူ ရှုံးမှာ စိုးရိမ်လို့။ သူ့နာရီက မှားနေတယ် ဆိုတာကို မဖြစ်ချင်ဘူး။ သူ့ Sandoz က အဖိုးမတန်ရင်သာရှိမယ်၊ ကမ္ဘာပေါ်မှာ အတိကျဆုံးနာရီ လို့ သူ့ဟာသူ ထင်နေတဲ့ ရောဂါအခံကလည်း ရှိတော့ သူ့နာရီရှုံးတယ် ဆိုတာ မဖြစ်ချင်ဘူး။ ပြီးတော့ သူ့နာရီက … ‘ကျွမ်းကျင်တဲ့ ခွဲစိတ်ကု သမားတော်ရဲ့ ဓားသွားကမှ အပိုအလိုရှိလိမ့်ဦးမယ်၊ ကျုပ်နာရီက ကွက်တိပဲ’ လို့ အမြဲပြောတတ်တဲ့လူ မဟုတ်လား။

ဒေါင်ဒင်ဒေါင် ကြီးလည်း လာရော သူ ရှုံးတယ်။ သူ့မိန်းမ နာရီကလည်း တိတိကျကျကြီးတော့ မဟုတ်ပါဘူး။ တစ်မိနစ်မရှိတရှိ လိုနေတယ်။ ထားပါတော့၊ အနီးဆုံး မှန်တယ် ပြောပါတော့။

ဒါကိုလည်း ကိုပေတောက မကပ်ပါဘူး။ သူ့မိန်းမနာရီကို အမှန်ပေးလိုက်ပါတယ်။ ဆီချက်တစ်လုံးဖိုးလည်း ပေးလိုက်တာပါပဲ။

ဒါပေမဲ့ သည် ဒေါင်ဒင်ဒေါင် ကိုလည်း သူ မယုံပြန်ဘူး။ သူလည်း နာရီတစ်လုံးပဲ။ သူကလည်း လွဲနေနိုင်တာပဲ လို့ သူ ထင်တယ်။

သူ့မိန်းမက ‘ရှင် ရူးနေသလား။ ဒါက စံတော်ချိန် ရှင့်’ ဆိုတော့ ‘နာရီတွေသာ လူဆိုရင် သူမှန်တယ် ငါမှန်တယ် လို့ ငြင်းခုံကြရင်းက အုပ်စုတွေကွဲပြီး နာရီကမ္ဘာစစ်တောင် ဖြစ်သွားနိုင်တာပါပဲ’ တဲ့။ ‘သိပ်မထင်ပါနဲ့’ တဲ့။

ဒီတော့ သူ့မိန်းမက ‘နာရီကမ္ဘာစစ်သာဖြစ်ရင် ရှင့် Sandoz အမျိုးအစား အစုတ်ပလုတ်က စခံရမှာပဲ’ တဲ့။ ရှင့် Sandoz က ဘာမှသာ မဟုတ်တယ်၊ လေကျယ်လွန်းလို့’ ဆိုတော့ ‘တော်စမ်းပါကွာ’ တဲ့၊ ‘နင်နဲ့ငါနဲ့ သည်နာရီအတွက်နဲ့ လင်မယားကွဲလိမ့်မယ်’ တဲ့။

ပြောတုန်းရှိသေးတယ်။ သူတို့ဧည့်ခန်းထဲက တိုင်ကပ်နာရီဟောင်းကြီးဆီက ဆယ့်နှစ်ချက်ထိုးသံ ကြားရတယ်။

ကိုပေတော တော်တော် စိတ်ပျက်သွားတယ်။ သူ့နာရီနဲ့က ဆယ်မိနစ်ကျော်ကျော်တောင် ကွာတယ်၊ ဒေါင်ဒင်ဒေါင်ကြီးနဲ့က ငါးမိနစ်လောက် ကွာနေတယ်။ စိတ်ပျက်ပေမယ့် အဲဒါကိုက သူ့အတွက် ပြောစရာ အခွင့်အရေး မဟုတ်လား။

“ကိုင်း … ငါမပြောဘူးလား။ ဘယ်ဟာမှ ပုံသေမတွက်နဲ့။ အနီးဆုံးပဲမှန်ကြတယ် ဆိုတာ ယုံပြီလား။ နာရီတွေက သံသယဖြစ်စရာ ကောင်းမလာဘူးလား’ တဲ့။

သူ့မိန်းမက သူ့နာရီလေးကို ဖြုတ်ပြီး စားပွဲပေါ်မှာ လှမ်းတင်တယ်။

‘ရှင်ဟာလေ … မန်းလေပြဲလေပဲ။ ကျွန်မကတော့ ရှင့်ကို တုပြောနေမှာမဟုတ်ဘူး။ ဒီမယ် … နာရီတစ်လုံးရဲ့သိက္ခာ ဆိုတာ ရှိတယ် ရှင့်။ နည်းနည်းပါးပါး အချိန် ပိုတာ လိုတာနဲ့ သိပ်မဆိုင်ဘူး။ အဲဒီနာရီနဲ့ နာရီပတ်တဲ့သူရဲ့ အချင်းချင်းယုံကြည်မှုပဲ’

ဆိုတော့ သူ သိပ်နားလည်ပုံမရဘူး။ ဒါပေမဲ့ ကိုပေတော အလျှော့မပေးဘူး။ နာရီနဲ့ပတ်သက်လို့ကတော့ ဘယ်တော့မှ အလျှော့လည်း မပေးချင်ဘူး မဟုတ်လား။

ဒီတော့ … ဒီတော့ … သူနိုင်ရာနဲ့ ကိုင်တယ်။
‘နာရီမှာ သိက္ခာရှိတာမရှိတာ ငါမသိဘူး။ မိနစ်ခြောက်ဆယ် တစ်နာရီ၊ စက္ကန့်ခြောက်ဆယ် တစ်မိနစ် ကတော့ အတူတူပါပဲ’ တဲ့။

ကိုင်း … ကောင်းရော။
အဲဒီနေ့ တစ်နေ့လုံး ကိုပေတော သူ့ Sandoz နာရီကို သူ လုံးဝမကျေနပ်ဘူး။ စက်လည်း သွားနေတယ်။ ကောင်းလည်း ကောင်းနေတယ်၊ ဒါဆိုရင် ဘာပဲဖြစ်ဖြစ် အချိန်က မှန်နေရမယ် လို့ သူတွက်တယ်။

စောစောကပြောခဲ့သလိုပဲ သူ့လက်ကောက်ဝတ်တွေကိုပဲ ပိုပြီး သံသယရှိလာတယ်။ နာရီရဲ့ အနှေး-အမြန်ဟာ လက်ကောက်ဝတ် သွေးတိုးနှုန်းကြောင့်များလား လို့လည်း စဉ်းစားတယ်။

ဒါကို အသေးစိတ်လေ့လာပြီး ‘လက်ကောက်ဝတ်နဲ့ နာရီတို့၏ ဖြစ်တတ် ပျက်တတ်သော သဘောသဘာဝများ သို့မဟုတ် ကာလယန္တရားနှင့် လက်ကောက်ဝတ် သွေးတိုးနှုန်းတို့၏ ဆက်စပ်မှုသီအိုရီ’ ဆိုပြီးတောင် သူ သီအိုရီတစ်ခု ထုတ်ချင်လာတဲ့အထိ သံသယရှိတယ်။

အဲဒီညက သူ အိပ်မပျော်ဘူး။ ဆေးပြား တော်တော်များများကို ရေအေးအေးတစ်ခွက်နဲ့ သောက်ပြီးတာတောင် စိတ်က လှုပ်ရှားနေတုန်းပဲ။

အိပ်ရာထဲမှာ အိမ်ရှေ့ခန်းနာရီကြီးက ကြားနေရတဲ့ ညဆယ့်နှစ်နာရီ ထိုးသံ၊ ည တစ်နာရီ ထိုးသံ၊ နှစ်နာရီ ထိုးသံတွေက သူ့ကို ခြောက်လှန့်နေတယ်။ မိုးသာလင်းသွားတော့တယ်၊ သူ့မှာ ချွေးစေးတွေထွက်ပြီး အနေရခက်နေတုန်းပဲ။ သူ့မိန်းမကတော့ အိပ်နေလိုက်တာ သိုးလို့။

သူ ထတယ်။ သူ့မိန်းမချွတ်ထားတဲ့ နာရီကို ယူတယ်၊ သူ့ Sandoz ကိုလည်း ယူတယ်၊ နောက် ဧည့်ခန်းကိုသွားပြီး တိုင်ကပ်နာရီကြီးကို ဖွင့်တယ်၊ လက်တံတွေကို ရွှေ့တယ်။ နာရီသုံးလုံး တစ်ထပ်တည်းကျအောင် ညှိပြီးတော့မှ ပြန်လာတယ်။ ပြန်အိပ်တယ်၊ မျက်လုံးတွေ မှေးစင်းသွားတယ်။ အဲဒီတော့မှ အိပ်ပျော်သွားလိုက်တာ အသေကောင်အတိုင်းပဲ။

* * *

(၂)

ကိုပေတောမှာ သားတစ်ယောက်ရှိတယ်။ နာမည်က ပေါက်စီ တဲ့။ အိမ်မှာ ကိုပေါက် လို့ ခေါ်တယ်။ သူ့မှာတော့ နာရီမရှိဘူး။ နာရီမရှိလို့လည်း ပူတဲ့ပုံမပေါ်ဘူး။ ဧည့်ခန်းမှာ ရှေး တိုင်ကပ်နာရီကြီးတစ်လုံး ရှိတယ်။ သူ အပြင်ထွက်တိုင်းလည်း ဘယ်သူ့ဆီကမဆို ဘယ်နှနာရီထိုးပြီလဲ လို့ မေးရဲရင် အချိန်ကိုသိနိုင်တာပဲ မဟုတ်လား။

ဒါကြောင့် ပေါက်စီအတွက် နာရီဟာ သိပ်အကြောင်းမဟုတ်သလို ဖြစ်နေတယ်။ နာရီမရှိလည်း နေလို့ရသလို ဖြစ်နေတယ်။ ဒါကို ကိုပေတော ဘဝင်မကျဘူး။ လူဟာ နာရီမရှိရင် ဘဝမှာ လူဖြစ်ရှုံးတာပဲ၊ နာရီမရှိတဲ့လူဟာ သေနေတဲ့လူတစ်ယောက်လိုပဲ လို့ သူ ခံယူထားတယ်။

ဒါကြောင့် သူ့သားပေါက်စီကို နာရီတစ်လုံးဝယ်ပေးဖို့ ခဏခဏ ကြိုးစားဖူးတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ၊ နာရီတစ်လုံးရဲ့ဈေးကလည်း နည်းတာမဟုတ်ဘူး။ လမ်းဘေးက ခြောက်ဆယ်တန် ပလတ်စတစ် ဂဏန်းနာရီတွေလည်း ဝယ်မပေးချင်ဘူး။ နာရီဆိုတာ စက်သွားတွေနဲ့ ခံ့ခံ့ညားညားရှိရမယ် လို့ သူ ခံယူထားတယ်။ နာရီပီပီသသ ဆယ့်နှစ်ကွက်နာရီက ဖျတ်ခနဲ ဖျတ်ခနဲပေါ်တဲ့ အချိန်ပြဂဏန်းတွေကို သူ သိပ်မုန်းတာလည်း ပါတယ်။

တနေ့တော့ သူ့သားပေါက်စီကို မေးတယ်။

“မင်းမှာ နာရီမရှိလို့ ဖြစ်ရဲ့လား … အဖေ ဝယ်ပေးမယ်။ နေဦးကွ … Sandoz လေး တစ်လုံးလောက် ဝယ်ဖို့ အဖေ ချေးငွေတင်ဦးမယ်”

ဆိုတော့ သူ့သားက …

“မလိုပါဘူးအဖေရာ … အိမ်မှာလည်း နာရီတွေရှိသားပဲ။ နာရီမရှိလို့လည်း ဘာမှမဖြစ်ပါဘူး”

လို့ ပြန်ဖြေတာကို သူ ဘဝင်မကျဘူး။

“ကိုင်းကွာ … အိမ်မှာ နာရီတစ်လုံးမှမရှိဘူး ဆိုပါတော့။ မင်း ဘယ်လိုလုပ်မလဲ”

ဆိုတော့ …

“ရပါတယ် … ရတာပါပဲ။ သဘာဝတရားဟာ နာရီတစ်လုံးပါပဲ။ တချို့ ကျေးလက်ကအိမ်တွေမှာ နာရီမရှိပါဘူး။ ဒါပေမဲ့ သူတို့အလုပ် သူတို့ လုပ်နေကြတာပဲ” တဲ့။

ကိုပေတော ဘာမှမပြောတော့ဘူး။ ဒီကောင့်ကို ပညာပေးရမယ်လို့ သူ့စိတ်ထဲမှာ တွက်တယ်။ ဒီကောင် သိပ်ကြီးကျယ်တဲ့ကောင် … ကျေးလက် တဲ့၊ သဘာဝတရား တဲ့ …

အဲဒီမှာတင် သူ့စီမံကိန်းကို ဆွဲတယ်။ ပထမဆုံး သူ အိမ်ကတိုင်ကပ်နာရီကြီးကို ရပ်သွားဖို့ သူ ကြိုးစားတယ်။ ခက်တာက ကောင်းနေတဲ့ နာရီတစ်လုံးကို ရပ်သွားဖို့ ဆိုတာလည်း တကယ်တော့ မလုပ်တော့ မလုပ်ကောင်းဘူး မဟုတ်လား။ ဒါပေမဲ့ မဖြစ်မနေလုပ်ဖို့ ပိုင်းဖြတ်လိုက်တယ်။

သံပတ်မပေးတော့ဘဲ ထားရင် နာရီကြီး ရပ်သွားမှာပဲ ဆိုတာ သူသိတယ်။ ဒါပေမဲ့ သူ့မိန်းမက သံပတ်ပေးလိုက်ရင် နာရီက သွားနေဦးမှာပဲ။ ဒီတော့ ဒီနာရီ ပျက်ရမှဖြစ်မယ် ဆိုပြီး နာရီထဲက ခွေးသွားစိတ် တစ်ခုကို အားစိုက်ပြီး တွန်းလိုက်တယ်။

ခွေးသွားစိတ်ဘီးတွေဟာ တစ်ဘီးနဲ့တစ်ဘီး ချိတ်မဆွဲနိုင်တော့ဘဲ နာရီကြီး ရပ်သွားတယ်။ သူ ကျေနပ်သွားတယ်။ စီမံကိန်းပြီးလို့ နာရီပြန်ကောင်းချင်ရင် ဆိုင်ပြန်သွား၊ ခွေးသွားစိတ်ချင်း ချိတ်မိအောင် လုပ်ပေးလိုက်ရင် ပြီးတာပဲ လို့ စိတ်ကူးထားတာကိုး။

နောက်တစ်ခါ သူ့နာရီ Sandoz ကို ကောင်းနေလျက်နဲ့ ချေးဆေးဖို့ ဆိုင်ပို့လိုက်တယ်။ သူ့မိန်းမနာရီကိုလည်း လူအလစ်မှာ သံပတ်တင်းပြီး ထစ်သွားအောင် တအားဖိလှည့်လိုက်တယ်။

သူ့မိန်းမက ပထမတော့ သံသယရှိပုံရတယ်၊ နောက်တော့ ဆိုင်ပို့တာပါပဲ။ ဆိုလိုတာက နာရီအားလုံးဟာ ရပ်ဆိုင်းသွားတယ်။ သူတို့အိမ်က နာရီသုံးလုံးဟာ လုံးဝ အချိန်မပြနိုင်တော့ဘဲ ရပ်ဆိုင်းသွားတယ်။ ပျက်တာက ပျက်၊ ဆိုင်ရောက်တာက ရောက်။

ပထမဆုံး နေမထိထိုင်မသာ ဖြစ်နေရတာက ကိုပေတော ကိုယ်တိုင်ပဲ။ ဒါပေမဲ့ နာရီမရှိဘဲနေလို့ရတယ် ဆိုတဲ့ သူ့သားပေါက်စီကို လက်တွေ့က ရတဲ့အသိ သူပေးချင်နေတာကိုး။ သူကိုယ်တိုင် အောင့်အည်း သည်းခံရင်း ပေါက်စီရဲ့ အခြေအနေကို အကဲခတ်တယ်။

ပေါက်စီက ဘာမှမဖြစ်ဘူး။ ကျောင်းသွားစရာရှိတာ သွားတယ်၊ ည ဆယ်နာရီခွဲမှာ အိပ်တယ်။ သုံးရက်လောက်ကြာတော့ သူ ဖွင့်မေးရတော့တယ်။ ‘ဘယ့်နှယ်လဲ’ ပေါ့၊ ‘နာရီမရှိတော့ ဒုက္ခရောက်နေပြီ မဟုတ်လား’ ပေါ့။

ပေါက်စီက ခပ်အေးအေးပါပဲ …

“ဟင့်အင်း … ဘာမှမဖြစ်ပါဘူးအဖေရေ … မနက် ခြောက်နာရီ ပဲပြုတ်သည် လာတယ်။ ဒါက ခန့်မှန်းပြောတာ မဟုတ်ဘူး၊ နာရီရှိကတည်းက ပဲပြုတ်သည်လာရင် ခြောက်နာရီပဲ ဆိုတာ ကျွန်တော် သတိထားမိတယ်။ ညနေဘက် ဂန္ဓမာပန်းသည်ရဲ့ ‘ဟောဒီက ဂန္ဓမာပန်း၊ မေမြို့ပန်း … ’ လို့ အော်တဲ့အသံက ညနေ သုံးနာရီမှ လိုရင်ပိုရင် ငါးမိနစ်ပဲ။ အိမ်ဘေးက မြို့ပတ်ရထား ဖြတ်သွားချိန်တွေကို အကြမ်းတွက်ယူရင် ရသေးတယ်။ နောက် ရေဒီယို ဖွင့်ထားရင်လည်း သိနေနိုင်တာပါပဲ။ လိုရင် နည်းနည်းပေါ့ အဖေရ … အပြင်ထွက်သွားလို့ကတော့ ငါးထောင်တန် နာရီကို မေးမလား၊ ကွာ့ဇ်နာရီကို မေးမလား၊ Pilot နာရီမျိုးကို မေးမလား၊ ရွှေသားအစစ် နာရီမျိုး မေးမလား။ တချို့နာရီဆိုရင် ဂရင်းနစ်စံတော်ချိန်တောင် ပါသေးတယ်။ အရှေ့-အနောက်-တောင်-မြောက်တောင် ပါသေး။ သံလိုက်အိမ်မြှောင်လည်း ပါသေး။ ရက်စွဲ-ခုနှစ်-လ-ရက်-တနင်္လာ-အင်္ဂါ တောင်ပါသေး။ ဂဏန်းပေါင်းစက်လည်း ပါသေး။ နှိုးစက်တွေတောင် ပါသေး။ ကိုင်း … အဖေက ဘာလိုချင်သေးတုံး၊ ရလိုက်တာမှ … အဖေ့ Sandoz က အောက်နေသေးတယ်”

ကိုပေတော ဘာမှမပြောနိုင်တော့ဘူး။
ပဲပြုတ်သည်တို့၊ ဂန္ဓမာ ပန်းသည်တို့၊ မြို့ပတ်ရထားတို့၊ ရေဒီယိုတို့ အားလုံးကို ဖြစ်နိုင်ရင် လိုက်တောင်ရိုက်ပစ်ချင်စိတ် ပေါက်သွားတယ်။

သူ့စီမံကိန်းလည်း ပျက်ရော။ နာရီတွေဖျက်မိတာပဲ အဖတ်တင်သွားတာကိုး။
ဒါပေမဲ့ သူ့ရောဂါ စင်မသွားဘူး။ လူမှန်ရင် နာရီတစ်လုံးတော့ ရှိရမယ်၊ အဲဒီနာရီဟာ သူ့ Sandoz နာရီလို အမြဲတမ်း တိကျနေရမယ် ဆိုတဲ့ရောဂါက သေးကျုံ့မသွားဘဲ ကြီးထွားသထက် ကြီးထွားလာတယ်။

သူ့သားပေါက်စီ ပြောတဲ့အထဲမှာ ‘အဖေ့ Sandoz ကြီးက အောက်နေပြီ’ ဆိုတာကို သူ အခံရအခက်ဆုံးပဲ။ သည့်ထက်အခံရခက်သွားတာက နာရီတွေအားလုံး ပြန်ပြင်လိုက်ရတာ တစ်ရာကျော်ကျော် ကျသွားတာပဲ။

* * *

(၃)

ကိုပေတောရဲ့ရောဂါ ရင့်လာတယ် လို့ ပြောရမယ်။
တစ်ရက် သူ ဘတ်စ်ကားနဲ့ မြို့ထဲသွားတယ်။ ဘတ်စ်ကားပေါ်မှာ မိန်းမတစ်ယောက်က ဘယ်သူရယ်ဘယ်ဝါရယ် မဟုတ်ဘူး ‘ဘယ်နှနာရီများတောင်ထိုးပြီလဲ မသိပါဘူး၊ အချိန်ကလည်း အကုန်မြန်လိုက်တာ မပြောပါနဲ့တော့’ လို့ ညည်းတာကို အနားက နာရီပတ်ထားတဲ့ လူတွေက အသိစိတ်နဲ့ ကိုယ့်နာရီကိုယ် ငုံ့ကြည့်ပြီးတော့ ပြောကြတယ်၊ တစ်ပြိုင်နက်လိုလိုပါပဲ။

တစ်ယောက်က ကိုးနာရီ ငါးမိနစ် တဲ့၊ တစ်ယောက်က ကိုးနာရီ ခုနစ်မိနစ် တဲ့၊ တစ်ယောက်က ရှစ်နာရီ ငါးဆယ့်ငါးမိနစ် တဲ့။

ကိုပေတောကလည်း သူ့နာရီကို သူ ငုံ့ကြည့်တယ်။ သူ့နာရီက ကိုးနာရီနဲ့ တစ်မိနစ် တိတိ။ အားလုံးငြိမ်သွားတော့မှ ‘ကျုပ်နာရီက ကိုးနာရီ တစ်မိနစ် တိတိ ရှိသွားပြီ၊ ဒါ အမှန်ဆုံးပဲ။ ခင်ဗျားတို့နာရီတွေကို ကျွန်တော်ပြောချင်တာက ဖြစ်နိုင်ရင် ရိုက်ခွဲပစ်လိုက်ကြဖို့ပဲ’ လို့ အော်ပြောတော့ ကားပေါ်ကလူတွေဆိုတာ ငြိမ်ကျသွားတယ်။ သူတို့လည်း သနားတဲ့မျက်လုံး၊ ရယ်ချင်တဲ့မျက်လုံးတွေ၊ ဒေါသထွက်တဲ့မျက်လုံးတွေနဲ့ ဝိုင်းကြည့်လိုက်ကြတာ ပြာဖြစ်သွားလောက်တယ်။ အဲဒါက တစ်ခါ။

တစ်ခါက ကိုပေတောအိမ်ကို လေးစားလောက်တဲ့ ဧည့်သည်တစ်ယောက် လာတယ်။ ကိုပေတောက လက်ဖက်ရည်ကလေး၊ မုန့်ကလေးနဲ့ ဧည့်ခံလို့ တော်တော်လေးလည်းကြာရော ဧည့်သည်က သူ့နာရီကို သူ ကြည့်ပြီး ‘ပြန်ဦးမှဗျား … ဆယ့်နှစ်နာရီတောင် ခွဲတော့မယ်’ ဆိုတော့ ကိုပေတောက ‘အတိအကျပြောပါဗျာ’ တဲ့။ ဧည့်သည်က ရိုးရိုးမေးတယ် အောက်မေ့ပြီး ‘အဲ … နေဦးဗျ … ဆယ့်နှစ်နာရီနဲ့ နှစ်ဆယ့်ရှစ်မိနစ်’ ဆိုတော့ ကိုပေတော အားရပါးရရယ်တယ်။ ဧည့်သည်လည်း ကြောင်သွားတယ်။ ဘာပါလိမ့် ပေါ့။

တော်တော်ကြာအောင် ရယ်ပြီးမှ ‘နာရီကလည်း စုတ်လှချေလား’ ဆိုတော့ ဧည့်သည်က နောက်တယ်ထင်ပြီး ‘စုတ်ကာမှစုတ်ရောဗျာ … ကမ္ဘာကျော် ရိုးလက်စ်မှ အစစ်ဗျ။ ဖောရင်းက ပါလာတာ။ အချိန်ကလည်း ကိုက်လိုက်သမှ ကွက်တိပဲ’ လို့ ပြောရော ကိုပေတော ဘာမှပြန်မပြောဘူး။ သူ့လက်မှာပတ်ထားတဲ့ နှစ်ရာတန် Sandoz ကို ထိုးပြရင်း လက်တစ်ဖက်က အနားက စာအုပ်ဖိတဲ့ဖန်တုံးကို လှမ်းပေးတယ်။

ဧည့်သည်က ‘ဘာလဲဗျ’ ဆိုတော့ ‘ခွဲသာပစ်လိုက် ဆရာရေ … ခင်ဗျား ရိုးလက်စ်ကို အခိုးထွက်သွားအောင် ခွဲသာပစ်လိုက်တော့’ တဲ့။

ဧည့်သည်ခမျာ ပြန်သာသွားရတယ်၊ ကိုပေတောကို ဘယ်လိုနားလည်ရမှန်း သိသွားပုံမရဘူး။

ကိုပေတောမိန်းမနဲ့ သူ့သားပေါက်စီကလည်း ကိုပေတောကိုပဲ အကဲခတ်နေကြတယ်။ ကိုပေတော ပြောပုံဆိုပုံတွေဟာ ပုံမှန်မဟုတ်တော့တာ သတိထားမိကြတယ်။ ကိုပေတောရဲ့ အသားအရေတွေ၊ မျက်လုံးတွေကိုလည်း မကြိုက်ဘူး။

ခုတလော ကိုပေတော မျက်လုံးတွေက စင်းပြီး လည်နေတယ် လို့ ထင်နေကြတယ်။ ကိုပေတောကတော့ ဘယ်သူ့မှ ဂရုစိုက်မနေပါဘူး။ ရုံးကို မနက်ကတည်းက ထွက်သွားလိုက်တာ မိုးချုပ်မှချည်း ပြန်တယ်။

တစ်နေ့ ကိုပေတောမိန်းမက ‘ရှင် ဘယ်သွားနေတာလဲ။ အရေးအကြောင်း ဆိုရင် ရှင့် ဘယ်လို လိုက်ရှာရမလဲ’ ဆိုတော့ ‘အကြောင်းကိစ္စ ရှိရင် ဆူးလေနားက စိန်စက္ကန့် နာရီဆိုင်ကို လာခဲ့’ တဲ့။ သူဟာ နာရီတစ်လုံးရဲ့အတွင်းသား တည်ဆောက်ပုံကို သွားလေ့လာနေတာ တစ်လခွဲ ပြည့်တော့မယ် တဲ့။

သူ့မိန်းမက ‘ရှင် နာရီပြင်တဲ့ပညာ သွားသင်တာလား’ ဆိုတော့ ကိုပေတော တော်တော်ဒေါကန်သွားတယ်။ ‘နာရီပြင်တဲ့ပညာ သွားသင်တာ မဟုတ်ဘူး၊ ငါက နာရီပြင်စားမယ့်ကောင်လည်း မဟုတ်ဘူး။ နာရီတစ်လုံးရဲ့ တည်ဆောက်ပုံကိုသာ လေ့လာနေတာ … ငါ့ဟာငါ နာရီတစ်လုံးကို တည်ဆောက်ကြည့်မလို့’ ဆိုတော့ ကိုပေတောမိန်းမက ‘ငါ့ယောက်ျားတော့ ပစ်လိုက်ရပြီထင်ပါရဲ့’ ဆိုတဲ့ မျက်လုံးတွေနဲ့သာ ကြည့်နေရတော့တယ်။

တစ်ညတော့ မိသားစုအားလုံး ထမင်းစားပြီးတဲ့အချိန် ဧည့်ခန်းထဲမှာ ဆုံမိကြတယ်။ ကိုပေတောကလည်း သူ့အတွေးနဲ့ သူ၊ ကိုပေတော မိန်းမနဲ့ သားကလည်း သူတို့ကိစ္စနဲ့ သူတို့ ထိုင်နေကြတယ်။

အဲဒီအချိန်မှာ ဧည့်ခန်းနံရံမှာ ချိတ်ဆွဲထားတဲ့ တိုင်ကပ်နာရီဟောင်းကြီးက တဒင်ဒင်နဲ့ ခုနစ်နာရီထိုးသံ ပေါ်လာတယ်။ နာရီသံ တစ်ချက်ချင်းကို မိသားစု သုံးယောက်သား ပီပီသသကြီး ကြားနေရတယ်။ နာရီသံလည်း ဆုံးရော ကိုပေတောက ခေါင်းကို တွင်တွင်ခါတယ်။ ပြုံးလည်း ပြုံးတယ်။

“ဒီနာရီကြီးဟာ တို့ဘိုးဘွားလက်ထက်က နာရီကြီးပဲ။ ဒါပေမဲ့ ဒီနာရီကြီးက သစ္စာမရှိတော့ဘူး။ အဲဒီတော့ ငါတို့ကလည်း သံယောဇဉ်ထားစရာ မလိုတော့ဘူး။ နာရီတစ်လုံးဟာ အချိန်မမှန်တော့ဘူးဆိုရင်၊ လိမ်ချင်ကောက်ချင်လာပြီဆိုရင် ဘာလုပ်တော့မလဲ။ ဒါ ဘာဖြစ်လို့ ပြောသလဲဆိုတော့ အဖေဟာ နာရီတွေနဲ့ပတ်သက်လို့ အမျိုးမျိုးလေ့လာပြီးပြီ။ နာရီတစ်လုံးရဲ့ အတွင်းသား လျှို့ဝှက်ချက်တွေ၊ တည်ဆောက်ပုံတွေ၊ နာရီသမိုင်းတွေ အားလုံး လေ့လာပြီးပြီ။ မင်းအမေရဲ့ C Q နာရီရော၊ ငါပတ်နေတဲ့ ငါသိပ်အထင်ကြီးနေတဲ့ Sandoz နာရီပါ တကယ်တော့ ညာဝါးနေတဲ့နာရီတွေ ဖြစ်နေတာ တွေ့ရတယ်။ တကယ်တော့ စက်နဲ့လုပ်ထားတဲ့ နာရီအားလုံးဟာ လူတွေကို ညာနေကြတာ သေချာသွားပြီ။

ဖေဖေ ပြောရဲတယ်ကွာ … ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နာရီဖြစ်ဖြစ် အလိမ်အညာတွေချည်းပဲ။ ဒါ အဖေရဲ့ လေ့လာမှုအား၊ အဖေရဲ့ ပါရမီ၊ အဖေရဲ့ ထက်မြက်တဲ့ဉာဏ်ပညာနဲ့ အကဲဖြတ်ပြီးမှ ရလာတဲ့ အဖြေပဲ”

ပထမတော့ သားအမိနှစ်ယောက်စလုံးက နာရီနဲ့ပတ်သက်လို့ ကိုပေတော ဘာပြောပြော စကားနည်းရန်စဲ နေနေကျထုံးစံအတိုင်း နားထောင်ရုံသက်သက်ပဲ နေခဲ့ကြတာပါပဲ။

ဒါပေမဲ့ ကိုပေတောရဲ့စကားတွေက ပုံမှန်မဟုတ်တော့ဘူး ဆိုတာ သိလာတော့ ပေါက်စီက စောဒကတက်တယ်။

“ကမ္ဘာပေါ်မှာ အင်မတန်ထင်ရှားတဲ့ နာရီကြီးတွေ ရှိတယ် အဖေရဲ့ … ပြင်သစ်နိုင်ငံ ခရပ်ဇ်မြို့က နာရီကြီးက အချိန်တွင်သာ မကဘူး နေကြတ်၊ လကြတ်မယ့် ကာလတွေကိုတောင် ပြနိုင်တယ်။ လန်ဒန်မြို့က ဘစ်ဘင်း … ”

“တော်ပြီ ငါ့သား … မင်းမပြောနဲ့ … ငါပြောမယ် … အဲဒီ ဘစ်ဘင်းနာရီကြီးဟာ အချင်း သုံးဆယ့်နှစ်ပေတောင် ရှိတယ်။ ချိန်သီးရဲ့အလေးချိန်က ပေါင် လေးရာ့ငါးဆယ်လောက် လေးတယ်။ နယူးယောက်မှာရှိတဲ့ ကိုးလ်ဂိတ် နာရီကြီး ဆိုရင် သူ့ထက်နှစ်ဆကြီးတယ်။ ဒီနာရီကြီးရဲ့ မိနစ်တံက ဆိုရင် သုံးဆယ့်ခုနစ်ပေတောင် ရှည်တယ်။ အင်မတန်တိကျတဲ့နာရီကြီးတွေ လို့ တစ်ကမ္ဘာလုံးက လက်ခံထားကြတယ်။ ဒါပေမဲ့ ငါ့သား … ဒီကနေ့ ငါပြောမယ် … အဲဒီနာရီတွေဟာလည်း လိမ်ညာနေတာပဲ”

ကိုပေတောက သူ့သားအစဖော်ပေးတာကို သူက ချက်ကျလက်ကျ ပြန်ချေပနိုင်တယ် ဆိုပြီး မျက်နှာကြီးကို ပင့်ထားတယ်။ ကိုပေတောမိန်းမကတော့ မျက်စောင်းတစ်ချက်ထိုးတဲ့ပြီး လက်ဖက်ခွက်ထဲက လက်ဖက်တစ်ဖတ်ကို နှိုက်ပြီး မြုံ့နေလိုက်တယ်။

“ကိုင်း … နာရီတွေအကြောင်း အဖေပြောမယ်။ မင်းတို့ သည်းတော့ခံကြ။ နာရီတွေရဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ နာရီတွေရဲ့သမိုင်းကို ငါပြောမယ်။ ပညာရှိတွေဟာလည်း နည်းနည်းတော့ ကြောင်တယ် ဆိုတာလည်း မင်းတို့ ကြားဖူးမှာပေါ့။

“အဟမ်း … ဒီလိုကွ … ကမ္ဘာဦးတုန်းက ကျောက်ခေတ်လူသားတွေဟာ နေကို နာရီ လို့ သတ်မှတ်တယ်။ သူတို့က သူတို့နေတဲ့ဂူရဲ့ အမိုးအက်ကြောင်းတွေထဲက ကျလာတဲ့ နေရောင်ခြည်ကို မှတ်ကြတာ။ ရွှံ့တွေကိုလုံးပြီး နေရောင်ခြည်ကျတဲ့နေရာတွေကို လိုက်ကပ်ကြတယ်။ အမဲလိုက်ရမယ့်အချိန် စသဖြင့်ပေါ့။ ဒါပေမဲ့ နေသွားရာလမ်းကြောင်းက မှန်တာမဟုတ်ဘူး။ နေရောင်ခြည်ဆိုတာကလည်း အမြဲရှိနေတာ မဟုတ်ဘူး။ ကမ္ဘာဦးက ရာသီဥတုကလည်း မှန်တာမဟုတ်ဘူး။ နှင်းမုန်တိုင်းတွေ၊ မိုးမုန်တိုင်းတွေ လနဲ့ချီပြီး ကြာတတ်တယ်။ ဒီတော့ နေဟာ နာရီဟုတ်နိုင်ပါ့မလား။ ဒါက တစ်ချက် … ”

ကိုပေတောက သူ့မိန်းမနဲ့ သားကို ကြည့်တယ်။ ငြိမ်နေမှန်း သိတော့ ဆက်ပြောတယ်။

“နောက်တစ်ဆင့်က နေဟာ နေရာရွှေ့တတ်တယ်။ နောက်တော့ နေဟာ လမ်းကြောင်းနဲ့သွားတတ်တယ် ဆိုတာ လူတွေသိလာတာပဲ။ ဒါကြောင့် နေကိုမကြည့်တော့ဘဲ အရိပ်ကိုကြည့်တဲ့စနစ်ကို တီထွင်တယ်။ နေနာရီ ဆိုတာလေ … တုတ်တစ်ချောင်းကိုစိုက်ပြီး ကျောက်ခဲတွေနဲ့ မှတ်တဲ့ စနစ်ပေါ့။ တိုင်ပတ်လည်က အရိပ်တွေကို အသေမှတ်ပြီး အချိန်ကို ခန့်မှန်းယူကြတယ်။ အဲဒါ ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ခုနစ်ရာ ကတည်းက ဖြစ်နေတဲ့စနစ်ပဲ။ ဒါပေမဲ့ ဒါလည်း မမှန်ပါဘူး။ ရေပြင်ပေါ်မှာ ဘယ်လို ခဲလုံးမျမှတ်နိုင်မလဲ။ နေထွက်တာ နေဝင်တာ ဟာလည်း မှန်တာမဟုတ်တော့ အရိပ်ဟာလည်း ဘယ်မှန်နိုင်ပါ့မလဲ”

ကိုပေတောက ရေနွေးတစ်ခွက် ငှဲ့သောက်တယ်။ ကိုပေတော မိန်းမက လက်ဖက်မြုံ့နေတုန်းပဲ။ ပေါက်စီကတော့ ဝါးခနဲတစ်ချက်သမ်းတယ်။ သူ့ဇက်ပိုးကိုသူ ရိုက်တယ်။

“ဘီစီ ၃၀၀ လောက်မှာတော့ ဗက်ဘီလုံးမြို့က ကဗာရောဆပ်ဆိုတဲ့ပုဂ္ဂိုလ်က သတ္တုလုံးခြမ်းနာရီကို ထွင်တယ်။ အခေါင်းပါတဲ့ သတ္တုခွက်ပေါ်မှာ မှတ်သားထားတဲ့ မျဉ်းကြောင်းတွေကတစ်ဆင့် ဖတ်တဲ့နည်းပဲ။ ဒါကလည်း မမှန်နိုင်ပါဘူးကွာ။ နေဟာ ကောင်းကင်မှာ ဆောင်းဆိုရင် ဆယ်နာရီလောက်ပဲကြာပြီး နွေဆိုရင် ဆယ့်လေးနာရီတောင် ကြာတတ်တာ သူတို့မသိဘူးလား။ သိပ်ညံ့ဖျင်းတဲ့ကောင်တွေ … ထားပါတော့ … အဲဒီနည်းလည်း မစွံဘူး။ ဒါပေမဲ့ အလယ်ခေတ်တစ်လျှောက်လုံး နေနာရီကို ဆင့်ပွားယူတဲ့စနစ်တွေ တီထွင်ရင်းနဲ့ပဲ ပြီးရတာပါပဲ”

သည်တစ်ခါတော့ လက်ဖက်ဝါးရင်းကပဲ ကိုပေတောမိန်းမက သမ်းပြန်ရော။ ကိုပေတောက သူ့ကို ထောက်ခံတယ်ထင်လို့လား မသိဘူး၊ ပိုတောင်ကျယ်လာသေးတယ်။

“နောက် ရေနာရီ … ကြားဖူးမှာပေါ့ … ကြေးဖလားကို ဂေါရီအရွယ်အပျိုဆံပင် ဆယ့်ခြောက်ချောင်း ဝင်ရုံ အပေါက်ဖောက်၊ ရေထည့်ပြီး ရေကုန်ရင် တစ်မောင်းမှတ်တယ် ဆိုတာလေ။ အေး … သူတို့ဆီမှာလည်း အဲသလိုပဲ။ မြေအိုးဖင် အပေါက်ဖောက်ပြီး ရေတစ်စက်ချင်း ကျတာကို မှတ်တယ်။ ဒါပေမဲ့ မြေအိုးဆိုတော့ ရေကိုမမြင်နိုင်ဘူးလေ။ ဒီတော့ ဖန်အိုးကိုထွင်တယ်။ ဖန်အိုးကလည်း ရေများများရှိနေရင် ခပ်မြန်မြန်ကျပြီး ရေနည်းသွားတော့ ရေကျနှေးသွားပြန်ရော။ နောက် အပေါက်ဆို့သွားတာ တို့၊ အပေါက်ကျယ်သွားတာ တို့၊ ရေ ခဲသွားတာ တို့ ရှိသေးတယ်။ အဲဒီနည်းကလည်း မဟုတ်လှပါဘူးကွာ”

ဒီတစ်ခါတော့ ကိုပေတောကိုယ်တိုင် လက်ဖက်နည်းနည်း မြုံ့တယ်။

ပေါက်စီက စားပွဲပေါ်ကမဂ္ဂဇင်းတစ်အုပ် လှမ်းဆွဲပြီး ကိုပေတောမိန်းမကတော့ ဆက်တီနောက်မှီကို ခေါင်းကပ်ပြီး မော့ထားတယ်။ ဘာတွေစဉ်းစားနေတာလဲတော့ မသိဘူး။

“တစ်ခါ … သဲနာရီ ပေါ်လာပြန်ရော။ ဖန်ပြွန်ထုလုံးရှည်တစ်ခုကို ခါးသိမ်သွားအောင်ညှစ်ထားတဲ့ ကိရိယာလေးပါပဲ။ အထဲမှာ အင်မတန်နူးညံ့တဲ့ သဲ ထည့်ထားတယ်။ အပေါ်ကသဲ အောက်အကုန်ကျသွားရင် တစ်နာရီပဲ၊ နောက် ပြောင်းပြန်လှန် … အောင်မယ် … သဲနာရီက အခုထိ အနောက်နိုင်ငံလွှတ်တော်တွေမှာ သုံးတုန်းနော်။ ဒါပေမဲ့ သဲနာရီတွေဟာ တစ်ခုနဲ့တစ်ခု မတူကြပြန်ဘူး။ ဘယ့်နှယ်လုပ်မလဲ … သဲနာရီတစ်လုံးကို သွားလေရာ ဘယ်လိုယူသွားမလဲ။ နောက် ဖယောင်းတိုင်ကို အရာမှတ်မှတ်ပြီး မီးထွန်းတာတို့ ဘာတို့လည်း ရှိသေးတယ်။ ထားပါတော့ကွာ … အဲဒါတွေအားလုံးရဲ့ အဖြေဟာ မတိကျမရေရာဘူး ဆိုတာပဲ”

သည်မှာတင် ကိုပေတောမိန်းမက ဆတ်ခနဲ ခေါင်းမတ်လိုက်တယ်။ ဒေါသတွေလည်း ထွက်နေတယ်။ မျက်လုံးတွေလည်း ပြူးထားသေးတယ်။

“ဒီမယ် … ရှင် ပြောကောင်းတိုင်း ပြောမနေနဲ့။ ရှင့် နာရီကိစ္စချည်း လူတိုင်းခေါင်းထဲမှာရှိနေတာ မဟုတ်ဘူး။ မနက် ဘာချက်ရမလဲ စဉ်းစားနေတာ၊ ရှင် နည်းနည်းမှမသိတတ်ဘူး”

ဒါပေမဲ့ ကိုပေတောက သူ့ မပြောသလိုပဲ။
ဘာကိုမှ ဂရုမစိုက်တဲ့ပုံပဲ။ စာသင်ခန်းထဲက ပါမောက္ခတစ်ယောက်ရဲ့ လေနဲ့ ဆက်ပြောတယ်။

“ခရစ်ယာန်ဘုရားကျောင်းကြီးတွေမှာ ခေါင်းလောင်းတီးတဲ့ စက်တွေ၊ နောက် ပါရီက အန်းရီဒါဗစ်ရဲ့ နန်းတွင်းနာရီကြီးတွေဟာ ကနေ့နာရီတွေရဲ့ ဖခင် လို့ ဆိုရမယ်။ အဲဒီမှာ ဂလီလီယို ဆိုတဲ့ ငနဲတစ်ကောင်က လေတိုက်လို့ လွှဲနေတဲ့မီးအိမ်ကြီးကို ကြည့်ရင်း ချိန်သီးရဲ့သဘောကို တွေ့သွားပြန်တယ်။ လွှဲကျယ် ကျယ်သွားရင် ပိုမြန်တာ၊ လွှဲကျယ် ကျဉ်းရင် ပိုနှေးတာ သတိထားမိသွားကြတယ်။ အဲဒီ ချိန်သီးစနစ်နဲ့ လူတွေကို သွေးတိုးနှုန်းတိုင်းဖို့ ဆရာဝန်တွေကို သူ ပြောခဲ့တာပေါ့။ နာရီတော့ ဖြစ်မလာသေးဘူးပေါ့လေ။ နောက်တော့ ဒတ်ခ်ျလူမျိုး ဝိုင်းဂင်က နာရီတစ်လုံးကို လုပ်တယ်”

ကိုပေတောမိန်းမက ထိုင်ရာက ထတယ်။ အိပ်ခန်းဘက် ဝင်သွားတယ်။
ပေါက်စီက မဂ္ဂဇင်းကိုပစ်ချရင်း တစ်ခါ သမ်းပြန်ရော။ သူလည်း ထမယ် လုပ်တော့ ကိုပေတောက ဒေါကန်သွားတယ်။

“အေး … အဲဒါ ခက်တာပေါ့ … ငါ အခုပြောနေတာ ဖြစ်စဉ်ပဲရှိသေးတာကွ၊ အနှစ်သာရ မပါသေးဘူး။ ငါ့ရဲ့တွေ့ရှိချက်ကို ငါ မပြောရသေးဘူး။ ငါ တစ်သက်လုံး လျှို့ဝှက်ထားဖို့ စဉ်းစားထားတဲ့ တစ်ချက် ရှိတယ်။ ဒါပေမဲ့ မနက်လင်းရင် ငါ ပြောတော့မှာပါ။ နေဦး … အခုနစကား ဆက်ရဦးမယ်။ ဒီလိုကွာ … နာရီနဲ့ပတ်သက်လို့ ကျေးဇူးတင်ရမယ့်လူတွေ ရှိတယ်။ ဂျက်ကော့ဇေး တို့၊ ဂရူးအီး တို့၊ နစ်ကိုဖတ်ဒရူး တို့ … ဒါပေမဲ့ကွာ … သူတို့နာရီတွေကလည်း ခပ်ညံ့ညံ့တွေ ဖြစ်နေတယ်။ နောက်ပိုင်းပေါ်တဲ့ လျှပ်စစ်နာရီတို့၊ ကွာ့ဇ်တို့၊ ခရစ်စတယ်လ်တို့၊ ပိုင်ဇိုအီလက်ထရစ်တို့၊ ကွန်ပျူတာရိုက်စ်တို့ဟာ တော်တော်ကို မှန်တယ် လို့လည်း ပြောကြတယ်။ နှစ်ပေါင်းသုံးထောင်မှာဖြစ်ဖြစ်၊ နှစ်ပေါင်းတစ်သောင်းမှာဖြစ်ဖြစ်၊ နာရီတစ်လုံးရဲ့ တာဝန်ဟာ အချိန်ပြရုံသက်သက်ပဲ ဆိုရင် ဘာလုပ်ရမှာလဲ။ တစ်စက္ကန့်မှ နောက်မကျဘူးဆိုရင်လည်း ဘာလုပ်ရမှာလဲ။ ဒါပေမဲ့ ဒါဟာ လူတွေရဲ့အထင်ပါ။ တကယ်က နာရီတွေအားလုံးဟာ မှားနေတယ်။

“အဖေပြောခဲ့တာအားလုံး ကို ပြန်ချုပ်ရင် ကမ္ဘာဦးကနေ ကနေ့အထိ ပေါ်ခဲ့တဲ့ နာရီစနစ်တွေဟာ မှားနေတယ်။ နာရီအချိန်တွေကလည်း လွဲနေတယ်။ ဖြစ်နိုင်ရင် တစ်ကမ္ဘာလုံးက နာရီတွေအားလုံးကို ရိုက်ခွဲဖျက်ဆီးပစ်ရမယ်။ တစ်ကမ္ဘာလုံး ဘယ်နေရာမှာဖြစ်ဖြစ် နာရီတစ်လုံးမှကို မရှိတော့ဘူး ဆိုတာ သေချာပြီ ဆိုတော့မှ အဖေ့ရဲ့ နာရီကို ထုတ်ပြချင်တယ်။ အင်မတန်ထူးဆန်းတဲ့ နာရီတစ်လုံး အဖေ့မှာ ရှိနေပြီ။ မနက်မိုးလင်းရင် အဖေ ပြတော့မယ်။ ကိုင်း … အိပ်တော့ ငါ့သား … ”

အခုမှ ပေါက်စီလည်း စိတ်လွတ်လက်လွတ် ဖြစ်သွားရတော့တယ်။
ကိုပေတော အိပ်ခန်းထဲဝင်သွားတော့ ကိုပေတောမိန်းမက အိပ်နေလိုက်တာ အိပ်မက်တောင် မက်နေလောက်ပြီ။

* * *
(၄)

မနက် မိုးလင်းလို့ အားလုံး အိပ်ရာကနိုးတော့ ဧည့်ခန်းထဲက တိုင်ကပ်နာရီကြီးဟာ ကွဲနေတယ်။ လက်တံတွေ လိမ်ကောက်နေတယ်။ မှန်စတွေဟာလည်း ကွဲကြေပြန့်ကျဲနေတယ်။ ဖိနပ်ချွတ်အုတ်ခုံပေါ်မှာ ကိုပေတောရဲ့ Sandoz နာရီရော၊ သူ့မိန်းမရဲ့နာရီရော တူနဲ့ထုထားသလို ပြားကပ် ကြေမွနေတယ်။

ကိုပေတောကတော့ ဧည့်ခန်းထဲမှာ မျက်လုံးပြူးကြီးနဲ့ ထိုင်နေတယ်။ မျက်လုံးသူငယ်အိမ်တွေက လည်နေတယ်။ မျက်နှာက ပြုံးယောင်သန်းနေတယ်။ ပါးစပ်က တတွတ်တွတ်နဲ့ ရွတ်နေတယ်။ နဖူးမှာ ချွေးတွေလည်း သီးထနေတယ်။

ကိုပေတောမိန်းမရော ပေါက်စီပါ နိုးတဲ့အချိန်မှာ အားလုံးဟာ နောက်ကျသွားပြီ။ သားအမိနှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး သဘောပေါက်သွားကြသလို သက်ပြင်းတွေချလိုက်ကြတယ်။ ဧည့်ခန်းထဲကို သားအမိနှစ်ယောက် ဝင်လာတာတွေ့တော့ ကိုပေတောမျက်နှာ တည်သွားတယ်။

“ကိုင်း … လာကြ … ကနေ့တော့ ငါ အစောကြီးနိုးနေတာ။ ညကငါပေးတဲ့ ကတိအတိုင်း ငါ့ရဲ့နာရီကို ပြမလို့ပဲ။ အင်မတန်ထူးဆန်းတဲ့ နာရီတစ်လုံး ငါ ရထားပြီ။ မကြာခင်မှာ ဒီနာရီရဲ့အာနိသင်ကို ငါပြောတော့မယ်”

ကိုပေတော တစ်လုံးချင်းပြောနေတာကို သားအမိနှစ်ယောက်က ငြိမ်ပြီးနားထောင်နေရတယ်။ သည်အချိန်ဟာ ကိုပေတောပြမယ့်နာရီ ဆိုတာထက် ကိုပေတောကို ဘာလုပ်ရမလဲ ဆိုတာပဲ သူတို့ စဉ်းစားနေရတော့တယ်။ ပေါက်စီက သူ့အမေကိုကြည့်လိုက်တော့ သူ့အမေက ခေါင်းညိတ်ပြတယ်၊ သွားပြီ ဆိုတဲ့သဘောပေါ့။

“ကိုင်း … ဒီမယ် ကြည့် … ”

ကိုပေတောက အင်္ကျီကိုချွတ်လိုက်တယ်။ ချက်အပေါ် လက်လေးလုံးလောက် ဗိုက်တည့်တည့်က မွေးရာပါမှဲ့ကြီးတစ်လုံးကလွဲရင် ဘာမှမရှိဘူး။

“ဟောဒီမှာ … ငါ့ရင်ဘတ်မှာ နာရီတစ်လုံး မြင်ရဲ့လား။ ငါ့ရဲ့ နို့သီးခေါင်းနှစ်ခုကြားမှ လက်တံတွေ တွေ့ရဲ့လား။ လည်စလုတ်အောက်က ချိုင့်ကလေးက ဆယ့်နှစ်နာရီ နေရာ၊ ဘယ်ဘက်နို့သီးခေါင်းက သုံးနာရီ နေရာ၊ ညာဘက်နို့သီးခေါင်းက ကိုးနာရီ နေရာ၊ ဟောဒီမှဲ့ကြီးက ခြောက်နာရီ နေရာ။ ဒီနာရီ ငါ့မှာပေါ်လာတာ တစ်ပတ်လောက် ရှိသွားပြီ။ ငါလည်း စမ်းပြီးပြီ။ လက်တံတွေ နောက်ပြန်လှည့်ကြည့်တော့ ငါ့ဆံပင်တွေ ပြန်နက်ကုန်တယ်၊ ရှေ့ကိုလှည့်ကြည့်တော့ ဆံပင်တွေ တစ်ခေါင်းလုံး ဖြူဆွတ်သွားတယ်။ ဘဝကိုပါ Rewind လုပ်နိုင်တဲ့ နာရီပဲ။ ဒါကြောင့် ဒီမနက်မှာ လိုအပ်စွာပဲ ငါ့နာရီရဲ့ လက်တံတွေကို ချိုးပစ်လိုက်ရတယ်။ ဒီနာရီက အင်မတန်တိကျတဲ့ အချိန်ကို ပြရုံတင် မကဘူး၊ နာရီပိုင်ရှင်ဖြစ်တဲ့ ငါ့ကိုပါ ငယ်စေနိုင်-ကြီးစေနိုင်တယ်။ ဒီအတိုင်းလည်း ရပ်ထားနိုင်တယ်။ ဆိုလိုတာက နာရီလက်တံတွေ နောက်ကို ခပ်များများ လှည့်ပေးရင် ငါ ငယ်သွားမယ်၊ ရှေ့ကို များများလှည့်လိုက်ရင် ငါ အိုသွားမယ်၊ ဒါပဲ”

“ဒါပေမဲ့ ငါ အခုအခြေအနေကို အကြိုက်ဆုံးပဲ။ အခုအချိန်ဟာ ငါ့အတွက် အကောင်းဆုံးအချိန်ပဲ၊ ငါ့အတွက် အရင့်ကျက်ဆုံး အချိန်ပဲ။ ဒီအချိန်ကို ငါ အမိအရ ဖမ်းထားလိုက်တယ်။ ဆိုလိုတာက ငါ့နာရီစက်တွေကို ငါ ဒီမနက်ပဲ ရပ်ပစ်လိုက်ပြီ။ ဒါကြောင့် ငါဟာ ဒီအတိုင်းပဲ တည်ရှိနေတော့မယ်။ မင်းတို့သားအမိကတော့ ကံကုန်နေ့စေ့တဲ့အထိ တဖြည်းဖြည်း ကြီးရင့်ရင်း သေသွားကြသည့်တိုင် ငါဟာ ဒီအတိုင်း ကျန်ရစ်ခဲ့လိမ့်မယ်။

“ငါဟာ နှစ်သန်းပေါင်းများစွာ ဒီအတိုင်းကျန်ရစ်ခဲ့လိမ့်မယ်။ အရိမေတ္တယျမြတ်စွာဘုရားစကို ငါ စောင့်ဖူးမယ်။ ငါဟာ အခုအခြေအနေက တစ်ရွေးသားမှ အပွန်းအရှ မခံနိုင်ဘူး။ ဒါကြောင့် ငါ့နာရီစက်တွေကို ငါ ဒီမနက်ပဲ ရပ်ပစ်လိုက်တာပဲ။ တစ်ကိုယ်ကောင်းဆန်တယ် မထင်နဲ့၊ ဒါဟာ ပါရမီကဖြစ်လာတဲ့ အသီးအပွင့်ပဲ။ ဒါကို ငါ ခူးဆွတ်ခံစားတာပဲ ဖြစ်တယ်။

“အဖေ့ကို ခွင့်လွှတ်ကြပါ။ ငါ ဒီအခြေအနေအတိုင်းပဲ ငါ နေခဲ့ပါရစေတော့။ ငါဟာ အရင်က နာရီတစ်လုံးဟာ အချိန်မှန်ဖို့ပဲ လိုတယ်လို့ ခပ်တိမ်တိမ် တွေးမိတယ်၊ လူတွေဟာ နာရီမရှိရင်လည်း မရနိုင်ဘူးလို့ပဲ ထင်ခဲ့တယ်၊ လက်ကောက်ဝတ်သွေးကြောတွေကို ငါ အထင်လွဲခဲ့ဖူးတယ်။ အခုတော့ ငါ့ဟာငါ ပြန်ရှက်နေတယ်။ ငါ တစ်ခုပဲဝမ်းနည်းတာက လွဲမှားနေတဲ့ နာရီတွေနဲ့ ကမ္ဘာကြီးဟာ ယောင်တိယောင်န ခရီးသွားနေတာကိုပဲ … ”

အဲဒီအချိန်မှာပဲ ကိုပေတောမိန်းမက အိမ်ဘေးက ယောက်ျားကြီး လေးငါးယောက်ကို သွားခေါ်တယ်။ ပေါက်စီက ပေါ်တာကက်တစ်စီး သွားငှားတယ်။ ကိုပေတောကို ချော့ပြီး ကားပေါ်တင်တယ်။ ကိုပေတောကလည်း ငြိမ်ငြိမ်ကလေး ထိုင်လိုက်တာပါပဲ။

ကိုပေတောမိန်းမက ကားထွက်ခါနီးမှ အိမ်တံခါးပြန်ဖွင့်တယ်၊ အိမ်ထဲပြန်ဝင်တယ်။ တော်တော်ကြာမှ စာအုပ်တွေ၊ စာရွက်စာတမ်းတွေနဲ့ ပြန်ထွက်လာတယ်။ နောက် သူ့သားကို လှမ်းပြောတယ်။

“တော်သေးတယ် … သတိရလို့။ မင်းအဖေ အရင်တစ်ခါ Shock ရိုက်ဖူးတဲ့ လူနာမှတ်တမ်းဟောင်းတွေ မေ့ကျန်ရစ်ခဲ့တော့မလို့” တဲ့။

ကားထွက်လာတော့ ပေါ်တာကက်ကားရဲ့ အရိပ်ဟာ နေနာရီနဲ့သာဆိုရင် ရှစ်နာရီသာသာလောက်ရှိပြီ ဆိုတာကို ပြနေတယ်။


(စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ် ၆၃၊ ၁၉၉၁ ခုနှစ် - ဧပြီလ)


* * * * *
credit to mmcyber (ငွေဇင်ယော်)

No comments:

Post a Comment