ပညာရှင်မဟုတ်ဘူးဆိုတဲ့ ပါရမီရှင်
သြော်... ဒါနဲ့စကားမစပ်၊ သုမောင်ကြီးတစ်ယောက် မန္တလေးအက်ဖ်အမ်မှာ အတွေ့အကြုံလေးတွေ စကားပြောလာတာ ဒါနဲ့ဆို သုံးပတ်မြောက်ပြီပေါ့။
အဲဒီတော့ ဘာလေး သွားတွေ့သလဲဆိုတော့ ပထမနှစ်ကြိမ်မှာ စကားတွေက ဟိုရောက်ဒီရောက်နဲ့နော်။ ပြောချင်ဇော အားကြီးတာ၊ ပြောချင်ဇော အားကြီးတာဆိုတာ အသက်ကလည်း ကြီးလာတော့ ပြောချင်တာပေါ့။ စကားတွေက ဒီနား ရောက်သွားလိုက်၊ ဟိုနားရောက်သွားလိုက်နဲ့ သောတရှင်တို့ နားရှုပ်ကုန်တယ်။ တစ်ဖက်က ကြည့်ပြန်တော့လည်း ဦးသုမောင်က စာရေးဆရာဆိုတော့ ၀တ္တုသဘော၊ ဆောင်းပါးသဘောလိုပဲ ချည်ရတာ၊ ကြိုးနဲ့ချည်သလို ချည်ရတာ။ ဟိုက တစ်စ ဒီက တစ်စ ဆွဲထုတ်ပြီး ချည်ရတာ၊ အဲဒီအတွက်ကြောင့် သောတရှင် ပရိသတ်ကို တောင်းပန်ပါတယ်။
ကဲ... ဒီတစ်ပတ်တော့ သုံးကြိမ်မြောက်မှာ လိုရင်းလေးရောက်အောင် ပြောမယ်လို့ စိတ်ကူးထားတယ်။ သုမောင်ဆိုတော့ အားလုံးသိကြတဲ့အတိုင်း အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ အဲဒီ အနုပညာသုံးရပ်စလုံးမှာ လုပ်နေတော့ အများက လက်ခံတာ သုမောင်ကြီးကို ပါရမီရှင်တဲ့။ ပါရမီရှင်လို့ လက်ခံထားကြတယ်။ သြော်... ငါ့ကို ပါရမီရှင်လို့ ပြောနေကြတယ်။ ၀မ်းသာတယ်၊ အင်္ဂလိပ်လို Geniusမွေးရာပါ တတ်တဲ့တော်တဲ့သူ ဆိုပေမယ်လို့ လူဆိုတာနော် ဆရာ့ဆရာကြီးတွေရဲ့ စကားကိုလည်း နားထောင်ရတယ်။
ကြုံဖူးတာလေးတစ်ခုပြောမယ်။ စန္ဒရားဆရာကြီးတစ်ယောက်၊ နာမည်မပြောတော့ပါဘူး။ အဲဒီ စန္ဒရားဆရာကြီးတစ်ယောက်နဲ့ ခေတ်ပြိုင်ဆိုင်းဆရာကြီး တစ်ယောက်တို့ သုမောင်နဲ့ အသံသွင်းကြတယ်။ သွင်းတဲ့ အခါကျတော့ စန္ဒရားဆရာကြီးက သုမောင်ကို ပြောပြတယ်။ သုမောင်ကို ပြောတာမဟုတ်ဘူးနော်။ ဆိုင်းဆရာနဲ့ သူနဲ့က သိပ်အဆင်ပြေပုံမရဘူး။ အဲဒီမှာ သူက ဘာပြောသလဲ ဆိုတော့ -
"ဟေ့ ဗလ၊ ဒီကောင်ကကွ သူ့ဆရာ ဆရာကြီးတွေရဲ့ လက်ကျကို အမီတီးနိုင်တဲ့ ပါရမီရှင်ကွ။ ဒီကောင်ပါရမီရှင်တော့ ပါရမီရှင်၊ ဒါပေမဲ့ ပညာရှင်မဟုတ်ဘူးကွ" တဲ့။
ထိသွားတယ်၊ အဲဒီစကား ထိသွားတယ်။ ပါရမီရှင်ဟာ ပညာရှင်မဟုတ်ဘူးတဲ့။ အဲဒီတော့ သုမောင်ကြီးကို ပါရမီရှင်လို့ပြောရင် ဒီစကားအရ ပညာရှင်မဟုတ်တော့ဘူးလို့ လာပြီး အဖျားခတ်တဲ့သဘော ဖြစ်သွားတာပေါ့။ စိတ်မကောင်းပါဘူး၊ ပါရမီရှင်ဟာ ပညာရှင်မဟုတ်ဘူးလို့ ဖြစ်သွားတယ်။ ဒါက တစ်ပိုင်း။
နောက်တစ်ပိုင်းကကျတော့ တစ်ဖက်က မြတ်စွာဘုရားဟောတဲ့ တရားတော်မှာ ပြန်ကြည့်ရင် မြတ်စွာဘုရားသခင် ဟိုးဘ၀ဘ၀ပေါင်းများစွာ အနန္တအသင်္ချေ ပါရမီဖြည့်ကျင့်လာခဲ့လို့ ဒီဘ၀မှာပါရမီပါရမီရှင်ဖြစ်တာ၊ ပညာရှင်ဖြစ်တာ။ ပညာရှင်လည်း ပညာရှင်၊ ပါရမီရှင်လည်း ပါရမီရှင်ဖြစ်တာ။ ဘုရားနဲ့ နှိုင်းတာတော့ မဟုတ်ဘူးပေါ့လေ၊ အဲသလို ပြန်တွေးပြန်တော့ အားတက်ရပြန်တယ်။
ကောင်းပြီ၊ ဦးသုမောင် ပါရမီရှင်ဖြစ်တာကို နည်းနည်း ပြောမြယ်။ သုမောင်က သီချင်းဆိုတာ အင်မတန် ၀ါသနာပါတယ်။ အိမ်မှာ ကြီးတော်ကြီးက တအားနားလေးတာ။ နားလေးတော့ ရေဒီယိုအကျယ်ကြီး ဖွင့်တယ်။ ဖွင့်တော့ ရေဒီယိုကလာတဲ့ သီချင်းတွေကို ငယ်ငယ်ကတည်းက လေးငါးနှစ်သားအရွယ်ကတည်းက နားမှာစွဲနေတယ်။ ကြားရတဲ့သီချင်းတွေ လိုက်ဆို၊ လိုက်ကျက်ခဲ့တယ်။
အဲဒီလို ဆိုလာလိုက်တာ ဘာဖြစ်လာသလဲဆိုတော့ တစ်နေ့၊ တစ်နေ့ဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်၊ အသက် ၂၀ အရွယ်လောက်မှာ၊ ဘာဖြစ်သလဲဆိုတော့ ကဲ မထူးပါဘူးလေ ဒီအရွယ်ကြီးရောက်မှ ရိုးရိုးသားသား ပြောရမှာပေါ့လေ။ အသက် ၂၀ အရွယ်လောက်မှာ အချုပ်ကျခဲ့တယ်။ မတော်တဆ အချုပ်ကျခဲ့ဖူးတယ်။ အချုပ်ကျတော့ အခန်းလေး တစ်ခန်းမှာ နှစ်ယောက်တည်း။ သုမောင်ရယ်၊ သုမောင်အစ်ကို မောင်ဝဏ္ဏရယ် အတူနေရတယ်။
လူဆိုတာလေ၊ ပျင်းရင် ဘာလုပ်တယ်ထင်လဲ၊ သီချင်းဆိုတယ်ဗျ၊ မိန်းမတွေ အဝတ်လျှော်ရင်း သီချင်းဆိုတယ်။ မိန်းမတွေ ကလေးထိန်းရင်း သီချင်းဆိုတယ် စသဖြင့်ပေါ့လေ၊ ပျင်းရင် သီချင်းဆိုတယ်။ သုမောင်က အချုပ်ကျနေတဲ့အခါဆိုတော့ ပျင်းပြီး သီချင်းဆိုတယ်။ သီချင်း ဆိုတယ်လို့သာ ပြောရတာ၊ သီချင်းမဆိုခင်ကလေးမှာ ကဗျာရွတ်တာဗျ။ ပျင်းတော့ ကဗျားလည်းရွတ်တယ်။ အဲဒီ အခန်းကျဉ်းလေးထဲမှာပါ။ ဘယ်ကဗျာကို ရွတ်သလဲဆိုတော့ ဆရာကြီးမင်းသုဝဏ်ရဲ့ ‘နှင်းဆီပွင့်’ ဆိုတဲ့ ကဗျာကို ရွတ်တယ်။
ကဗျာလေးက ဘာလဲဆိုရင် -
‘လယ်တောကအပြန်၊
ပန်ချင်တယ် ခရေဖူးဆိုလို့၊
မောင်ခူးကာပေး။
မနက်တုန်းဆီက၊
ကြော့ဆုံးကို မောင်မြင်တော့၊
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့၊
ဂုဏ်တင့်တယ်လေး။’
ဒီကဗျာလေးကို အရင်တုန်းက ကျောင်းသုံး ပြဠာန်းတယ်လေ။
ဒီကဗျာလေးက ရှင်းရှင်းလေး။ လယ်တောကအပြန်-လယ်တောကပြန်လာတဲ့ လယ်တောသားလေး၊ ပန်ချင်တယ်ခရေဖူးဆိုလို့-သူ့ချစ်သူက ခရေဖူးလေး ပန်ချင်တယ်။ ခရေဆိုတာနော် ကြွေမှပန်ရတဲ့၊ သီပြီးပန်ရတဲ့ပန်း၊ အဲဒီ ပန်းလေးကို ပန်ချင်တယ်ဆိုလို့ လယ်တောက အပြန် ညနေစောင်းလေးမှာ ခူးလာတယ်။ လယ်တောကအပြန်၊ ပန်ချင်တယ် ခရေဖူးဆိုလို့၊ မောင်ခူးကာပေး-မောင် ခူးယူလာပေးတဲ့အခါ မြေမကျသေးတဲ့ ခရေဖူးလေးတွေကို ညကျတော့ ရေစိမ်ထားတယ်။ မနက်ကျတော့ ခရေဖူးလေးတွေ ပွင့်လာပြီ။ ဒါမှ နှီးကြိုးလေးနဲ့ ခရေပွင့်လေးတွေသီပြီး ခရေကုံးလေး လုပ်ယူတာပေါ့။ ပြီးတော့ သူ့ချစ်သူကို သွားပေးတယ်။
သူသွားပေးတဲ့အချိန်မှာ ‘မနက်တုန်းဆီက၊ ကြော့ဆုံးကို မောင်မြင်တော့၊ သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့၊ ဂုဏ်တင့်တယ်လေး’ စာဆိုကနော်၊ ဆရာကြီးမင်းသုဝဏ်စာဆိုကြီး ဘယ်လောက်တော်သလဲဆိုရင် လယ်တောသားလေးက သူ့ချစ်သူကို ခရေကုံးလေး သွားပေးတယ်။ ဒါပေမဲ့ သူ့ချစ်သူက နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်နေတယ်။ ဂုဏ်ဝင့်နေတာ မဟုတ်ဘူးနော်၊ ဂုဏ်တင့်နေတာ။ နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်နေပါလားဆိုတဲ့ အနစ်နာခံတဲ့၊ ခွင့်လွှတ်တဲ့စိတ်နဲ့ သူ့ချစ်သူကို တင်စားလိုက်တာပါ။
သဘောက ပြောရရင် သူက ခရေကုံးလေး သွားပေးတယ်။ ဟိုကတော့ နှင်းဆီပွင့်ကြီးနဲ့ ဂုဏ်တင့်နေတယ်။ ဒီကဗျာလေး၊ ဒါလေးကို အကျဉ်းကျနေတဲ့ အချိန်မှာ သုမောင်ရွတ်ပါတယ်။ အသံနေအသံထားလေးထည့်ပြီးတော့ ပျင်းလို့ရွတ်တာပေါ့လေ။
အင်း… စကားမစပ် ပြောရဦးမယ်၊ အိမ်ကမိန်းမပေါ့။ အေးဘုံ၊ သီချင်း လုံးဝနားမထောင်ဘူး။ သီချင်းလာရင်ပိတ်၊ သူ သီချင်းမကြိုက်ဘူး။ ကိုရီယားကားပဲကြိုက်တယ်။ သို့သော်လည်း အဝတ်လျှော်တဲ့အခါကျတော့ ဘာဆိုသလဲဆိုရင် ‘ဒီဆပ်ပြာနဲ့လျှော်ခဲ့ကွယ်၊ ဒီဆပ်ပြာနဲ့လျှော်ခဲ့ကွယ်’ ဒီလို သီချင်းလေးနဲ့ လျှော်တာဗျ။ ဒါကြောင့် ပျင်းရင် သီချင်းဆိုတယ်။ အဲဒီနည်းတူ အချုပ်ကျနေတဲ့ သုမောင်ကြီးကလည်း အဲဒီကဗျာလေးကို သီချင်းလုပ်ပြီး ဆိုပါတယ်။ ဒါ ဘာကြောင့်လဲဆိုရင် အဲဒီအချိန် အသက် ၂၀ ဝန်းကျင်တုန်းက သုမောင်ကြီးမှာ ရည်းစားကျန်ခဲ့တယ်။ ရည်းစားဆိုတာ ရယ်စရာ ပြောရဦးမယ်၊ အခုယူထားတဲ့မိန်းမ အေးဘုံမဟုတ်ဘူး။ တခြားတစ်ယောက်ပါ။ သူက သုမောင်ထက် ပညာလည်းတော်တယ်၊ ရုပ်လည်းချောတယ်။ အသက်လည်း ကြီးတယ်၊ ဂုဏ်လည်း ကြီးတယ်၊ ပိုက်ဆံလည်း ချမ်းသာတယ်။
ကြည့်နော်၊ ဆရာကြီးမင်းသုဝဏ်ရဲ့ လယ်တောသားလေးနဲ့ သုမောင်ရဲ့ဘဝနဲ့ယှဉ်ပြောတာ။ လယ်တောသားလေးက ခရေပွင့်လေးတွေကုံးပြီးတော့ သူ့ချစ်သူကို သွားပေးတယ်။ အဲဒီအချိန်မှာ ဟိုက နှင်းဆီပွင့်ကြီး ပန်ထားတယ်။ အဲဒီအချိန်မှာ သုမောင်က အချုပ်ကျနေတယ်။ ပြီးတော့ စာရေးဆရာပေါက်စ၊ ဆိုတော့ အပြင်ကို စိတ်ပူတယ်။ ငါ့ချစ်သူများ ခုချိန်မှာ အဲဒီခေတ်က ခေတ်စားနေတဲ့ ဆရာဝန်တစ်ယောက်နဲ့များ အိမ်ထောင်ကျသွားပြီလား၊ စစ်ဗိုလ်ကြီးတစ်ယောက်နဲ့များ ညားသွားပြီလား၊ သင်္ဘောသားတစ်ယောက်နဲ့များ လိုက်ပြေးပြီလား၊ စိတ်ပူတော့ Touch ခေါ်တာပေါ့လေ။ ထိတွေ့တာပေါ့။ Touch ။ ဒီကဗျာလေးနဲ့ သုမောင်ရဲ့ဘဝနဲ့ သွားပြီး စပ်မိတဲ့အခါ အဲဒီကဗျာလေးကို သုမောင်က အချုပ်ထဲမှာ ဆိုပါတယ်။
“လယ်တောက အပြန်… ပန်ချင်တယ်… ခရေဖူး… ဆိုလို့… မောင်ခူးကာ… ပေး… မနက်တုန်းဆီက… ကြော့ဆုံးကို… မောင်မြင်တော့… သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့… ဂုဏ်တင့်တယ်လေး… လေး…၊ ဂုဏ်တင့်တယ်လေး… လေး”
ဆိုပြီးတော့ ညည်းတယ်။ အဲဒီလို ညည်းတာလေးကို အခန်းထဲမှာ အတူတူနေရတဲ့ မောင်ဝဏ္ဏကကြားတယ်။ ကြားတော့ မောင်ဝဏ္ဏက -
“ဟေ့ကောင်၊ မင်းအသံမဆိုးဘူးကွ” တဲ့။
မင်းအသံဆိုတာ သောတရှင်တွေ လေလှိုင်းထဲက ပြောနေရတာမို့ အခုကြားတဲ့ ‘မင်းအသံ’ လို့ပဲပြောတာ။ အမှန်က သူက ‘အသံ’ နေရာမှာ ‘အ’ ကို ‘စ’ နဲ့ ဆဲပြီးပြောတာ။ အထင်ကြီးပုံက။ မင်းအသံ မဆိုးဘူးပေါ့လေ။ အဲ… တို့အပြင် ပြန်ရောက်လို့ရှိရင် ရုပ်ရှင်ရိုက်တဲ့အခါ ဒီအသံလေးကို သီချင်းအဖြစ် ထည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
အဲဒီ အသံလေးကို နားထောင်ကြည့်ကြပါ။
“လယ်တောက အပြန်… ပန်ချင်တယ်… ခရေဖူး… ဆိုလို့… မောင်ခူးကာ… ပေး… မနက်တုန်းဆီက… ကြော့ဆုံးကို… မောင်မြင်တော့… သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့… ဂုဏ်တင့်တယ်လေး… လေး…၊ ဂုဏ်တင့်တယ်လေး… လေး”
အဲဒီသီချင်းလေးက တစ်နိုင်ငံလုံး ဟိုးဟိုးကျော် ပေါက်သွားပါတယ်။ အဲဒီမှာ စဉ်းစားစရာရှိတယ်။ ဒီသီချင်းကို ကျွန်တော်အပြင်မှာ ဆိုလို့ရှိရင် မောင်ဝဏ္ဏက အာရုံစိုက်ချင်မှ စိုက်လိမ့်မယ်။ တစ်ခန်းတည်း နှစ်ယောက်အတူတူနေရတဲ့အချိန်ဆိုတော့ သူပိုပြီးတော့ အာရုံစိုက်မိတယ်။ ဒါ ကံတရားပဲ၊ အချုပ်ကျလို့ အဆိုတော်ဖြစ်တာ။
အဲဒီသီချင်းလေး ရုပ်ရှင်နောက်ခံအဖြစ် ထည့်လိုက်တဲ့အခါမှာ တစ်ချက်တည်းနဲ့ ပေါက်သွားတယ်။ ပေါက်တယ်ဆိုတာ အသံလေးကလည်း သာတာကိုး၊ နောက် ဆိုင်းနဲ့ဝိုင်းနဲ့ ဆိုလိုက်တာဆိုတော့ တစ်ချီတည်းနဲ့ အဆိုတော်ဖြစ်သွားတယ်။ မြန်မာ့အသံ ဓာတ်ပြားရတယ်။ သီချင်းကလည်း တစ်နိုင်ငံလုံး အုန်းအုန်းကျွတ်ကျွတ်ဖြစ်သွားတယ်။ ကောင်းပြီ၊ ပြောချင်တာ ရောက်တော့မယ်။ ပါရမီရှင်ဆိုတာ၊ အဲဒီသီချင်း ထွက်လာပြီးတဲ့နောက် အမေကပြောတယ်။
“သားရေ… သားကို ဘုရားက အသံပေးလိုက်ပြီ၊ သားတစ်သက် လုပ်စားပေတော့၊ အသံပေးလိုက်ပြီ” တဲ့။
“ဒီအသံကို ဘုရားက ဘာကြောင့်ပေးလိုက်သလဲဆိုတော့ မင်း ဘဝ ဘဝ ဘဝတွေက ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါစတဲ့ သူတော်ကောင်းတွေကို ကြေးစည်၊ ခေါင်းလောင်းလှူခဲ့လို့ မင်းအသံကောင်းတာ၊ ဒီအသံ ပရိသတ်နားစွဲတာ” လို့ အမေက ပြောတယ်။
ဆိုတော့ စောစောတုန်းက ကျွန်တော်ပြောခဲ့တဲ့ စန္ဒရားဆရာကြီးပြောခဲ့တဲ့ ပါရမီရှင်နဲ့ ပညာရှင် ကွာခြားမှု၊ အမေပြောတာနဲ့ တလွဲစီဖြစ်နေတယ်။ ကျွန်တော်ဟာ အသံပါရမီရှင် ဖြစ်ရတယ်ဆိုတာကို ဂုဏ်ယူတယ်။ ဒီနောက်ပိုင်း ဆက်ထွက်တဲ့ သီချင်းတွေကလည်း ဒီလိုပဲ။ ‘မမလေး မောင်ကခိုးမယ်လို့ လူဆိုးတွေနဲ့ မောင်တိုင်ပင်’ စသဖြင့် ခွန်းထောက် ကလေးတွေ၊ ကဗျာလေးတွေ၊ အချိုးလေးတွေနဲ့ သီချင်းသီဆိုရင်း ကျွန်တော် အဆိုတော်အဖြစ် စခဲ့တယ်။ ကျွန်တော့်အဖို့ အဆိုနဲ့ပတ်သက်ပြီးတော့ ပညာမရှိဘူး။ အခု အသက်ကြီးလာတဲ့အခါကျတော့ လေ့လာလိုက်စားရင်းနဲ့ အဆိုတော် ဖြစ်လာရတာပါ။
ကောင်းပြီဗျာ၊ အဲသလိုနဲ့ ဒီနေ့အထိ နှစ်ပေါင်း ၃၅ နှစ်ကြာ ပါရမီရှင်ဘဝ၊ ပညာရှင်ဘဝရော ရလာတဲ့အခါကျတော့ ဂီတကို ကျွန်တော်ပြန်ပြီး လေ့လာတယ်။
ရွှေတိုင်ညွန့်လည်း ကော်ပီလုပ်ခဲ့ဖူးပါတယ်
ပြီးခဲ့တဲ့အပတ်က ကျွန်တော် ဂီတနယ်ထဲကို စတင်ခြေချတဲ့ အကြောင်းလေး ပြောခဲ့ပါတယ်။ ကျွန်တော့်အကြောင်း ကျွန်တော်ပြောတာထက်စာရင် ဂီတအကြောင်းပြောတာက ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် တတ်သိနားလည်သလောက် ဆရာ့ဆရာကြီးတွေပြောတဲ့ စကား အဆိုအမိန့်တွေအရ ကျွန်တော် ဂီတနဲ့ပတ်သက်တဲ့ ဒုတိယအပိုင်းကို စတင်ပြီး ပြောပါ့မယ်။
ဂီတကိုလေ့လာတဲ့အခါမှာ ဘာသွားတွေ့လဲဆိုတော့ ကျွန်တော်သည် အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ဆိုရာမှာ ရုပ်ရှင်မင်းသားဆိုတာကို ဖယ်ထားလိုက်၊ ရုပ်ရှင်မင်းသားဆိုတာက ဒီဘက်ခေတ်ကျမှ ပေါ်တာပါ။ ဂီတနဲ့စာပေ ဘယ်ဟာက အရင်ပေါ်သလဲဆိုတာ ကျွန်တော် သေသေချာချာ စဉ်းစားကြည့်ပါတယ်။ ကျွန်တော်က စပေသမားပါ။ ဘဝနေဝင်ချိန်မှာလည်း ကျွန်တော်က စာပေနဲ့ပဲ ခေါင်းချမယ်လို့ ဆုံးဖြတ်ခဲ့တာ။ သေသေချာချာ စဉ်းစားတော့ စာပေထက် ဂီတက အရင်ဦးတယ်လို့ ကျွန်တော်တော့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ပါတယ်။
တခြားမကြည့်ပါနဲ့ဗျာ၊ ကမ္ဘာဦးလူသားတွေ လူသားစဖြစ်လာတဲ့ နှစ်ပေါင်းသိန်းသောင်းချီကတည်းက ကလေးမွေးလာကြတယ်။ မွေးတဲ့အချိန်မှာ ဒီကလေးက မိခင်ဝမ်းက ကျွတ်ကျွတ်ချင်း ဘာနဲ့စပြီးအသံထွက်သလဲဆိုတော့ ‘အုငဲ’ ဆိုတဲ့ ဂီတသံလေးနဲ့ စပြီး အသံထွက်တာပါ။
မွေးလာလာချင်း ‘အဖေရေ… အမေရေ’လို့ မပြောဘူးဗျ။ ကလေးက မွေးလာလာချင်း ‘အုငဲ’ ဆိုတဲ့ အလွမ်းသီချင်းလေးနဲ့စတာ။ ဒီဟာကို ပေါ့ပေါ့မတွေးနဲ့နော်၊ ဒါက ပေါ့ပေါ့လေး မဟုတ်ဘူး။ ‘အုငဲ’ ဆိုတဲ့ အသံလေးကို ကြားကြားချင်းမှာ ဒီမိခင်ဟာနော်၊ မြတ်စွာဘုရားလည်း ဟောကြားထားတယ်၊ အာဝေဏိကဒုက္ခ ခံစားရတာ အလွန်နာကျင်တာတဲ့။ သားဖွားရတာ အလွန်ဒုက္ခရောက်တာ။ ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေနော်။
အဲသလောက် ဒုက္ခရောက်နေတဲ့ ကြားထဲကနေပြီးတော့ ‘အုငဲ’ ဆိုတဲ့ ငိုသံလေး၊ အလွမ်းသီချင်းသံလေး ကြားကြားချင်း ဟောသည့် ရွှေရင်အစုံနို့နှစ်လုံးကနေ နို့ရည်ကြည်တွေ ထွက်ကျတယ်။ အဲဒါ ဂီတ။ အဲသလို ကလေးက ‘အုငဲ’ လို့ ငိုတဲ့အချိန်မှာ မအေက နို့ချိုတိုက်ကျွေးပြီးတော့ အေးအေးအို အေးအေးအို အေးအေးရယ်အို ဆိုပြီးတော့ တေးသံလေးနဲ့ ပြန်ချော့တယ်။ အဲဒါ ဂီတပဲ။ ဒီတော့ ကမ္ဘာဦးအစ ဂီတကစပြီးတော့ ပေါ်တယ်လို့ ကျွန်တော်တော့ ဆုံးဖြတ်ရတယ်။ ကျွန်တော့်ထက် ပညာတတ်တဲ့သူတွေက ကျွန်တော့်ကို ဝေဖန်နိုင်ပါတယ်။ ကျွန်တော်တော့ အဲဒီအတိုင်း ယုံကြည်တယ်။
ကောင်းပြီ၊ ကမ္ဘာဦးကျောက်ခေတ်လူသားတွေ စစ်တိုက်တယ်။ လူမျိုးစုတစ်စုက အင်အားနည်းတယ်၊ လူမျိုးစုတစ်စုက အင်အားကြီးတယ်။ စစ်သွားတိုက်ကြတဲ့အခါ ‘တိုက်ဟေ့၊ ချဟေ့၊ သတ်ဟေ့’ ဆိုပြီး ကျော်စည်ကျောက်မောင်းတွေ ထုတယ်။
‘ဒုန်း ဒုန်း ဒုန်း၊ တိုက်ကွ၊ တိုက်ကွ၊ တိုက်ကွ၊ ချကွ၊ ချကွ၊ ချကွ’
အဲဒါ စစ်ချီတေး အစပါ။ ကျွန်တော်တို့ ဒီကနေ့ ‘တို့ဗမာတွေ ရဲစွမ်းပြမည်၊ အာဇာနည်ပီပီ’ ဆိုတာလည်း ဒါပဲ။ အဲဒီတော့ ဟိုဘက်က အားနည်းတဲ့ လူမျိုးစုက ထွက်ပြေးတယ်။ ‘ပြေးဟေ့၊ ပြေးကြ၊ ပြေးဟေ့၊ တုံချမ်း တုံချွမ် ပြေးကြ’ ကျောက်စည်ကျောက်မောင်းတွေထုပြီး ပြေးကြတယ်။ အဲဒါလည်း ဂီတပဲ။ စစ်ချီတေး၊ စစ်ဆုတ်တေး။
နောက်တစ်ခါ ရှိသေးတယ်ဗျ၊ တောထဲမှာ အမဲလိုက်တယ်။ ကျောက်လှံ၊ ကျောက်ဓားတွေနဲ့ အမဲလိုက်တယ်။ တစ်ခါတလေ အမဲရတယ်။ တစ်ခါတလေ အမဲမရဘူး။ အဲဒီအချိန်မှာ ဘာဖြစ်လာသလဲဆိုတော့ သားကောင်မရတဲ့ နေ့မျိုးမှာ၊ တိုက်ဆိုင်တာလည်း ဖြစ်မှာပေါ့လေ၊ အဲဒီမှာ တောထဲမှာ သစ်ပင်အကြီးကြီး တစ်ပင်ကို တွေ့လာတယ်။ ဒီသစ်ပင်ကြီးမှာတော့ အစောင့်အရှောက်ရှိမှာပဲလို့ ယုံကြတယ်။ ယုံတဲ့အတွက်ကြောင့် ဆီမီးထွန်းတယ်။ အနားမှာ ကျောက်စည်ကျောက်မောင်းတွေတီးပြီးတော့ ဆုတောင်းတဲ့သီချင်း ‘အားဘားဘား၊ အားလားလား’ဆိုပြီး ဒီနေ့တော့ အမဲရပါစေဆိုပြီး ဆိုတီးတယ်။ ဆိုပြီးတဲ့နောက်မှာ ကံကောင်းထောက်မစွာနဲ့ အဲဒီနေ့ အမဲရတယ်။
အမဲရတဲ့အတွက် ဒီသစ်ပင်ကြီးကြောင့်၊ ဒီသစ်ပင်ကြီးက အစောင့်အရှောက်တွေကို ပူဇော်ပသလို့ အမဲရတယ်ဆိုပြီး နောက်နေ့နောက်ရက်တွေမှာ အမဲလိုက်တိုင်း ဒီသစ်ပင်ကြီးဆီလာပြီး ဆီမီးထွန်းတယ်။ ပူဇော်ပသတယ်။ ဆုတောင်းတယ်။ ကျောက်စည်ကျောက်မောင်းတွေတီးပြီး ရှိခိုးကြတယ်။
ဒါက နတ်ချင်းရဲ့အစ၊ ကျွန်တော်တို့ဆီမှာရှိတဲ့ ကိုကြီးကျော် ဟုတ်လား၊ ‘ကိုကြီးကျော် ပလီလွန်းတယ် ဆေးကြိုက်တဲ့ကျွန်း’ စသဖြင့် နတ်ကို ကိုးကွယ်တာဟာ ကျောက်ခေတ်ကတည်းက စခဲ့တယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်၊ သဘောပေါက်တယ်။ ကောင်းပါပြီ၊ စကားမစပ်ပေါ့လေ၊ ပြောရင်းဆိုရင်း သတိရတာလေးတစ်ခု အရင်အပတ်ကလည်း ပြောခဲ့ပါတယ်။ ဒီနေ့ခေတ်စားနေတဲ့ ရက်ပ်တေးဂီတ၊ ကော်ပီ သီချင်းပေါ့လေ။
‘အဲ… လက်ဖက်ရည်ဆိုင်မှာ၊ လူတွေအများကြီး၊ ပိုက်ဆံမရှိဘူး၊ အမေ့ဆီတောင်းပါ၊ အဖေ့ဆီတောင်းပါ၊ လောကကြီးမှာ ပိုက်ဆံမရှိဘူး’ ဆိုတဲ့ ရက်ပ်စာသားဟာ ‘မရှက်ဘူးလား၊ မကြောက်ဘူးလား၊ သောက်ကာကျူးတဲ့မင်းညီနောင်၊ ရွှေပြုံးသူရာမောင်’ ဆိုတဲ့ နတ်ချင်းကလာတယ်လို့ ကျွန်တော်ပြောဖူးတယ်။ ဒါဟာ ကော်ပီ၊ ကော်ပီဆိုလို့ ကျွန်တော်ပြောပြဦးမယ်။
ဒီကနေ့ ပေါ့ပ်၊ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်၊ ဇော်ဝင်းထွဋ်ကို တစ်ချို့လူကြီးတွေက ကော်ပီလို့ပြောကြတယ်။ ကော်ပီ သီချင်းသမားလို့ ပြောကြတယ်။ ဇော်ဝင်းထွဋ် ကော်ပီလုပ်ခဲ့တာ မှန်ပါတယ်။ သူ ငယ်စဉ်တစ်ချိန်တုန်းက သီချင်းတွေကို ကော်ပီလုပ်ပြီး မြန်မာစာသား ထည့်ပါတယ်။ ဒီနေ့တော့ ကိုဇော်ဝင်းထွဋ်လည်း ကိုယ်ပိုင်သံစဉ် (own tune) တွေ လုပ်နေပါတယ်။
ဆိုတော့ ကျွန်တော်က ဒီ ကော်ပီနဲ့ပတ်သက်လို့၊ ဇော်ဝင်းထွဋ်နဲ့ ပတ်သက်လို့ ချိတ်ဆက်တစ်ခုလေး သွားရတယ်။ တခြားမဟုတ်ဘူးခင်ဗျ။ ဇော်ဝင်းထွဋ်ရဲ့အမေကို အားလုံးသိပါတယ်။ ကျွန်တော်တို့ရဲ့အစ်မကြီး အဆိုတော် ထား၊ ထားရဲ့အဖေက ‘ရွှေတိုင်ညွန့်’တဲ့။ ရွှေတိုင်ညွန့်ဆိုတာလည်း တခြားမဟုတ်ပါဘူးဗျာ။ ကျွန်တော်ဆိုခဲ့ဖူးတဲ့ ‘ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်’ဆိုတဲ့ နဂါးနီသီချင်းရေးတဲ့ တေးပြုစာဆိုကြီးပါ။ ဇော်ဝင်းထွဋ်ရဲ့ အဘိုးကိုယ်တိုင် ကော်ပီလုပ်ထားတာကို ကျွန်တော် သွားတွေ့တယ်။ ကျွန်တော် စကားမစပ်ပြောတာနော်၊ ဂီတအကြောင်း ပြောရာကနေ ကော်ပီအကြောင်း ရောက်သွားတယ်။
ဒီ ‘ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်’ဆိုတာ ရယ်စရာလေး ပြောပြရဦးမယ်၊ သိလား။
‘ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်
ရတနာခုနစ်သွယ် တကယ်ပင်စုံညီ တို့အမျိုးသားတိုင်ပြည်’
‘ချစ်တဲ့သူ အလိုကျအောင် ပြောပြချင်ပါသည်’ ဆိုတာ ကော်ပီ ရှိတယ်။ ဒါနဲ့ အဲဒါကို ထားလိုက်ဦး၊ ဇော်ဝင်းထွဋ်ရဲ့အဘိုး၊ တိတိကျကျ ကော်ပီလုပ်တာကို ကျွန်တော် ဗဟုသုတအဖြစ် ပြောပြဦးမယ်။ ဟိုးတစ်ချိန်တုန်းက မြို့မကျောင်းလမ်းမှာရှိတဲ့ မြို့မကျောင်း၊ ကျောင်းကြီးဆောက်ဖို့ ရန်ပုံငွေ ရှာတာပေါ့ဗျာ။ ခုခေတ် နာဂစ်ရန်ပုံငွေရှာသလို ရန်ပုံငွေရှာတော့ ဂျူဗလီဟော၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကျဆုံးတော့ အလောင်းတွေပြင်ဆင်ထားတဲ့နေရာ၊ ခုတော့ တပ်မတော်စစ်သမိုင်းပြတိုက် ဖြစ်နေပြီ။ အဲဒီမှာ တေးဂီတအဖွဲ့ တီးဝိုင်းလုပ်ပြီးတော့ မြို့မကျောင်းဆောက်ဖို့ ရန်ပုံငွေ ရှာရတာ။
ရှာတဲ့အခါ ဘာဖြစ်သလဲဆိုတော့ မန္တလေးမြို့က အမ်အေ မအုန်းဆိုတာ၊ အမ်အေ ဒေါ်အုန်းပေါ့လေ။ ကျွန်တော်တို့နဲ့ကျတော့ အဘွားအရွယ် ဖြစ်နေတာကိုး။ အမ်အေတွေ သိပ်ရှားတဲ့ခေတ်၊ ခုခေတ်ကလို အမ်အေတွေ ဖောချင်းသောချင်း မဟုတ်ဘူး။ မိန်းမ အမ်အေနော်၊ မိန်းမဘီအေတောင် တော်တော်ရှားတဲ့အချိန်ဆိုတော့ မိန်းမအမ်အေ မအုန်းဆိုတာ အလွန်ချောတဲ့၊ အလွန်နာမည်ကြီးတဲ့ အပျိုကြီးတစ်ယောက် ရှိတယ်။
သူက အဆိုလည်းကောင်းတယ်၊ အကလည်းကောင်းတယ်။ မြို့မကျောင်းရန်ပုံငွေပွဲမှာ သူဆိုဖို့ကဖို့အတွက်ကို ရန်ကုန်က ဇော်ဝင်းထွဋ်တို့ အဘိုး ရွှေတိုင်ညွန့်ဆီမှာလာပြီး သီချင်းတောင်းတယ်။
တောင်းတော့ ဆရာကြီးက -
“အေး… ရေးတာပေါ့ကွာ၊ ကဲ… ငါ့ မင်းစာသားလေး ပေးခဲ့”
ဆိုတော့ ရတနာပုံက မန္တလေးရွှေမန်းသူ၊ ယူနီဗာစီတီ ကျောင်းသူ ဘာညာပေါ့၊ စာသားလေးပေးပြီး -
“အဲဒါလေးပါပဲ ဆရာကြီးရယ်”
“အေး… ထားခဲ့ကွာ၊ အသံရှာပြီးတော့ သီချင်းစပ်ထားလိုက်မယ်” ဆိုတော့ -
“ဟာ ဆရာကြီး၊ ထားခဲ့လို့မရဘူး။ မနက်ဖြန် ဒီသီချင်းကက ဆိုရမှာ၊ အဲဒီတော့ ဖြစ်နိုင်ရင် အခုစပ်ပေး” ဆိုတော့ -
“ဟာ… အခုစပ်ပေးရအောင် ငါ့မှာ တေးသွားမရှိသေးဘူး၊ တေးသွား လိုတယ်၊ အဲဒီတော့ ငါ့ကို အချိန်ပေးမှရမယ်”
“မလုပ်ပါနဲ့ ဆရာကြီးရယ် မနက်ဖြန်ဆိုရတော့မှာမို့လို့ ဖြစ်တဲ့နည်းနဲ့ စပ်ပေးစမ်းပါ”
ဆိုပြီး အတင်းနားပူနားဆာလုပ်တဲ့အခါကျတော့ ဆရာကြီးက စဉ်းစားပြီး ဘာလုပ်ရင်ကောင်းမလဲပေါ့၊ ဇော်ဝင်းထွဋ်ရဲ့ အဘိုးနော်၊ အဲဒါ အရေးကြီးတယ်။ ဒီတော့ သူက ကော်ပီလုပ်တာ။ ကော်ပီ ဘယ်လိုလုပ်သလဲဆိုရင် အဲဒီခေတ်မှာ ခေတ်စားနေတဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ ဓာတ်ပြားသီချင်း၊ ဆိုတာက ဒေါ်ကြည်အောင် ဆိုတာ။ သီချင်းလေးက ဒီလို -
‘အိုက်တင်တွေများပါဘိတယ်၊ ရိုးရိုးနဲ့ မတူပါတယ်၊ ပျိုကြည်အောင် မြင်ရင်တကယ်၊ သူ့မျက်လုံးကလည်’
ဆိုတဲ့သီချင်း အရမ်းနာမည်ကြီးတယ်။
ကဲ… အဲဒီသီချင်းကို ယူပြီးတော့ သီချင်းစပ်ပေးလိုက်တယ်။ အဲဒီသီချင်းအသံကိုယူပြီးတော့ ဘာထည့်လိုက်သလဲဆိုတော့ -
‘ရတနာပုံမန်းရွှေမြို့သူ၊ သဘောကောင်းလို့ စေတနာဖြူ၊ ဗာစီတီနာမည်ယူ၊ ကျောင်းကြီးကောလိပ်သူ’
ဆိုပြီး ကော်ပီလုပ်လိုက်တာ။ ဇော်ဝင်းထွဋ်ရဲ့အဘိုး။
ဆိုပါစို့ဗျာ၊ ကဲ… ယူသွားတော့ကွာဆိုပြီး ပေးလိုက်တယ်။ အဲ ညနေစောင်းလည်းရောက်ရော နောက်တစ်ဖွဲ့ ရောက်လာတယ်။ ရောက်လာတဲ့အဖွဲ့က ဘာလဲဆိုတော့ ရွှေတိဂုံဘုရားက တီးဝိုင်းအဖွဲ့။ ရွှေတိဂုံဘုရားကို၊ နောက်တစ်နေ့မှာ မိုးညှင်းဆရာတော်ဘုရားကြီးကြွမယ်တဲ့။ မိုးညှင်းဆရာတော်ဘုရားကြီးဆိုတာ အဲဒီခေတ်က ရဟန္တာလို့သမုတ်ခံရတဲ့ သူတော်ကောင်းကြီးပေါ့။ ဆရာတော်ဘုရားကြီး ကြွလာမှာဆိုတော့ အဲဒီမှာ ညောင်ရေသွန်းပွဲမှာ ဆရာတော်ဘုရားကြီးကို ပူဇော်ဖို့ အစီအစဉ်ရှိတယ်။ အဲဒီတော့ သီချင်းလေးတစ်ပုဒ်လောက် လုပ်ပေးပါဆရာကြီးရယ်ဆိုပြီး ပြောကြတယ်။
အေး အေး၊ ရေးတာပေါ့ကွာ၊ ကြည်ညိုဖွယ်ကောင်းပါဘိတယ်။ မိုးညှင်းကဆရာတော်ရယ်၊ ဒေသနာသေချာအောင် ဟောပြောဆုံးမတယ်၊ ဘာညာပေါ့လေ။ အဲဒီစာသားတွေ ပါချင်တယ်ဆိုတော့၊ အေး… ထားခဲ့၊ နောက်တစ်ပတ်လာယူဆိုတော့ -
“ဟာ… မရဘူး ဆရာကြီး၊ သီချင်းက မနက်ဖြန်ဆိုရတော့မှာ၊ ဆရာတော်ဘုရားကြီး မနက်ဖြန်ကြွလာရင် ပူဇော်မှာ၊ ဒီနေ့ပဲ စပ်ပေးပါ”
“ဟ… ဒီနေ့တော့ ငါ့ ဘယ့်နှယ်လုပ်စပ်မတုံး၊ ငါ့မလည်း တေးသွားသံစဉ် မရှိသေးဘူး”
“ဆရာကြီးရယ်၊ ဖြစ်တဲ့နည်းနဲ့ ကူညီပါ”
အတင်း နားပူနားဆာလုပ်တော့ -
“ကဲ… ဒီလောက်တောင် ဖြစ်တာကွာ၊ ပေး… ငါစပ်ပေးမယ်”
စပ်ပေးလိုက်တာ၊ ဘယ်ဟာကို စပ်ပေးသလဲဆိုတော့ စောစောက ပြောတဲ့ -
‘အိုက်တင်တွေများပါဘိတယ်၊ ရိုးရိုးနဲ့မတူပါတယ်၊ ပျိုကြည်အောင်မြင်ရင်တကယ်၊ သူ့မျက်လုံးကလည်’
အဲဒီတုန်းက ပေါ့ပ်သီချင်း၊ အဲဒါကို -
‘ကြည်ညိုဖွယ်ကောင်းပါဘိတယ်၊ မိုးညှင်းက ဆရာတော်ရယ်၊ ဒေသနာသေချာအောင် ဟောပြောဆုံးမတယ်’
ဆိုပြီး စပ်ပေးလိုက်တယ်။
ပြောချင်တာက ကော်ပီဆိုတာ ဒီနေ့မှ ပေါ်လာတာမဟုတ်ပါဘူး။ ဇော်ဝင်းထွဋ်တို့အဘိုး လက်ထက်ကတည်းက ပေါ်တယ်ဆိုတာကို ပြောချင်တာပါ။ စကားမစပ်ပြောရဦးမယ်၊ ကျွန်တော် ကိုယ်တိုင်ကြုံရတဲ့ကော်ပီက ‘အချစ်နှင့် သူ၏ကိုကို’ ဆိုတဲ့ ရုပ်ရှင်ဇတ်ကား။ ကျွန်တော်ရယ်၊ ခင်သီတာထွန်းရယ် ရိုက်တယ်။ အဲဒီဇတ်ကားမှာ သီချင်းတစ်ပုဒ်ပါတယ်။ ဘင်ဂျိုတီးတဲ့သီချင်း၊ ကျွန်တော်က ဘင်ဂျိုတီးပြီးတော့ ခင်သီတာထွန်းကို နောက်ပိုးပိုးရတဲ့သီချင်း။
သီချင်းသွင်းမယ်ဆိုတော့ ဂီတလုလင်ဦးကိုကို၊ ကျွန်တော်တို့က ကိုကိုပဲခေါ်တယ်။ ကိုကိုက -
“ဟေ့ကောင် ဗလ လာကွာ၊ မင်းပါတဲ့ ဇတ်ကားမှာသုံးဖို့ သီချင်းသွင်းမယ်” တဲ့။
“ဟုတ်ကဲ့… ကိုကို၊ လာခဲ့မယ်”
ဆိုပြီး ဟိုရောက်တော့ အသံသွင်းခန်းထဲ ဝင်ရတာပေါ့။ အခန်းထဲရောက်တော့ ဆိုတော့တဲ့။ ဟ ဆိုရအောင် စာသားကောလို့ ဆိုတော့ -
“အေးကွာ ရော့”တဲ့။
“ဟ… စာသားကတော့ ဟုတ်ပါပြီ ကိုကို၊ အသံကကော”
“မင်းကွာ ငါတီးလိုက်ရင် မင်းဆိုလို့ရတယ်ကွာ” တဲ့။
“မဟုတ်သေးဘူး ကိုကို၊ သီချင်းတော့ တိုက်ပေးဦးမှပေါ့”
“ဟာ… တိုက်စရာမလိုဘူးကွာ၊ ဆိုသာ ဆိုချကွာ၊ ဝင်တယ်ကွာ။ ပြီးရောကွာ” တဲ့။
ဒုက္ခပဲပေါ့၊ ကြောက်ကလည်း ကြောက်ရတယ်။ ဂီတလုလင်ဦးကိုကိုဆိုတာ ဆရာကြီး၊ အဲဒါနဲ့ ဆိုတာပေါ့လေဆိုပြီး ဆိုလိုက်တာ။ အသံလည်းပေးလည်း ပေးလိုက်ရော တစ်ခါမှလည်း မကြားဖူးဘူး ကောက်ဆိုလိုက်တာ။ စာသား ဘယ်လိုဆိုသလဲဆိုတော့ -
‘ဘင်ဂျို… မြည်သံချိုချို၊ အသည်းကြား စွဲသွားရန် ရည်သန်သကို၊ ပဉ္စသိင်္ခနဲ့ ပမာတူသဗျို့၊ ရှင်ပျိုထွေး ဒစ္စကိုတေး၊ ရေးဖွဲ့ပါလို့ဆို ငိုချင်ဘင်ဂျို၊ ကညာမဒီလေးကို၊ စာစီတေးဆို၊ ကဗျာသီရေးလို့ တေးဖွဲ့သံသာချို’
ဟ၊ ငါလည်း တစ်ခါမှ ဒီသီချင်း မတိုက်ဖူးပါဘူး။ ဘယ့်နှယ်ကြောင့် ငါ့ပါးစပ်က ဒီစာသားတွေ လျှောခနဲ ထွက်သွားပါလိမ့်။ စဉ်းစားလို့လည်း မရဘူး။ သီချင်းလည်း တိုက်ထားတာလည်းမဟုတ်။
“ရပြီ ရပြီ ဟေ့ကောင်၊ မင်းပြန်တော့” တဲ့။
“နို့ ကိုကို၊ ကျွန်တော်…”
“ဟေ့ကောင်၊ သွားတော့ကွာ၊ ရပြီ ရပြီ၊ ပြန်တော့” တဲ့။
အဲဒါနဲ့ ပြန်ထွက်လာ၊ ကားလေးမောင်းပြီး စဉ်းစားလာတာ၊ ငါ ဘာဖြစ်လို့ ရနေပါလိမ့်ပေါ့။ ရန်ကုန်စတူဒီယိုကအထွက် အင်းလျားကန်စောင်းရောက်တော့ ကားလေးထိုးရပ် စဉ်းစား၊ ငါဒီအသံ ဘယ်လိုလုပ်ရနေတာတုံး၊ သီချင်းလည်း တိုက်မပေးဘဲနဲ့၊ ဒါဒါဒါ ဒါဒါဒါ ဆိုပြီး သံစဉ်ပြန် ညည်းကြည့်တော့မှ ဟား… ဟုတ်ပြီ၊ ဒါကြောင့် ငါရတာကိုး။
နောက်တော့မှ တေးသွားကက ‘စိန်ခြယ်၊ ညီညီလင်၊ စဉ်းစားနားထောင်နော် ဆိုပါမည်၊ ဆင်ကြီး… ဂဠုန်ချီ၊ ဒီဟာတော့လည်း… မောင်မောင်လေးကို အရွဲ့တိုက်တယ်လို့ ထင်ပါသည်၊ စာစီသမားရယ် လာဒီအနားကွယ် မဟာဂီတမှ မရတဲ့သူပါအတည်’
အဲဒီတော့မှ ကော်ပီဆိုတာ ဒါပါလားဆိုတာ သိရတာ၊ ဒါကြောင့် ပြောချင်တာက ဒီနေ့ ဒီအပိုင်းမှာလေ၊ ကလေးတွေ၊ လူငယ်တွေ ကော်ပီကော်ပီဆိုပြီး လုပ်ကြတာ အရမ်းအရမ်း အပြစ်မတင်ကြပါနဲ့လို့။ ရှေးရှေးတုန်းကလည်း လူကြီးတွေ ကော်ပီ လုပ်ခဲ့ကြတာပါလို့ ပြောရင်းနဲ့ ဒီနေ့အဖို့တော့ နိဂုံးချုပ်ပါတယ်။
နောက်အပတ် ဆုံကြသေးတာပေါ့။
credit to mmcyber (DuDu)
No comments:
Post a Comment