Friday, 6 January 2012

ဈေးနှုန်းတက်တိုင်း မြတ်သလား

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုကုန်ကျစရိတ် ရောင်း ဈေးနှုန်းနှင့် အရှုံးအမြတ်တို့သည် အမြဲတစေ ဆက်စပ် ပတ်သက်နေသော အချက်အလက်များဖြစ်သည်။
ယင်းတို့ အနက် ထုတ်လုပ်မှုကုန်ကျစရိတ်သည် အခြေခံ ပဓာနကျသောအချက်ဖြစ်သည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် မူတည်၍ သင့်လျော်သောအမြတ်ကို ထပ်ဆောင်းကာ ရောင်းဈေးနှုန်းကို သတ်မှတ်ရသည်။
ထို့ကြောင့် ထုတ်ကုန် ပစ္စည်းတစ်ခု၏ ရောင်းဈေးနှုန်းနှင့် တစ်ယူနစ်အပေါ် ထုတ်လုပ်မှုကုန်ကျ စရိတ်တို့၏ ခြားနားချက်သည် အရှုံး၊ သို့မဟုတ် အမြတ်ဖြစ်သည်။
ခြားနား ချက်သည် အနုတ်ကိန်းဖြစ်လျှင် ရှုံးမည်။ အပေါင်းကိန်းဖြစ်လျှင် မြတ်မည်။
ဤသဘောတရားကို စီးပွား ရေးပညာရှင်တို့က အဆောက်အအုံ တစ်ခုနှင့် ဥပမာပေးကြသည်။ ထုတ်လုပ် မှု ကုန်ကျစရိတ်ကို အဆောက်အအုံ၏ ကြမ်းခင်းအဖြစ်လည်းကောင်း၊ ရောင်း ဈေးနှုန်းကို မျက်နှာကြက်အဖြစ်လည်း ကောင်း၊ ယင်းတို့နှစ်ခုအကြား အကွာ အဝေးကို အမြတ်အဖြစ်လည်းကောင်း ခိုင်းနှိုင်းကြပေသည်။
အထက်ဖော်ပြပါ ဥပမာအရ အဆောက်အအုံတစ်ခု၏ ကြမ်းခင်း နှင့် မျက်နှာကြက်သည် သင့်တင့်သော အတိုင်းအတာရှိရမည်။ မျက်နှာကြက်ကို ထပ်မြှင့်၍ မရလျှင် ကြမ်းခင်းကို နှိမ့်ပေး ရမည်ဖြစ်ပါသည်။ ဤသဘောတရား နှင့်အညီ စီးပွားရေးလုပ်ငန်းများသည် ရောင်းဈေးနှုန်းကို တိုးမြှင့်သတ်မှတ်ခြင်း အစား ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ကြသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချ နိုင်ရေးအတွက် အရေးပါသောအချက် မှာ ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်ခြင်းဖြစ်သည်။
ထုတ်လုပ်မှုစွမ်းအားဆိုသည်မှာ ထုတ်လုပ်မှုပမာဏကို ဆိုလိုခြင်း မဟုတ်။ ထုတ်လုပ်မှုလုပ်ငန်းတစ်ခုတွင် ယင်းလုပ်ငန်းမှရရှိသော ထုတ်လုပ်မှု ပမာဏနှင့် အဆိုပါထုတ်လုပ်မှုအတွက် ပေးသွင်းရသော သွင်းအားစုတို့၏ အချိုး ကို ဆိုလိုခြင်းဖြစ်သည်။ ထုတ်လုပ်မှု အတွက် ပေးသွင်းရသော သွင်းအားစု နည်းပြီး ထုတ်လုပ်မှုပမာဏ များလျှင် အကျိုးအမြတ်ပိုရမည်။
သို့မဟုတ်ပါက အကျိုးအမြတ်နည်းရုံသာမက အရှုံးပင် ပြသွားနိုင်သည်။ ယခုအခါ ပြည်သူလူထုအကြား အလေးထား ဆွေးနွေးနေ ကြရသော ကိစ္စများအနက် မီးရထားခများ တိုးမြှင့် ခြင်း၊ လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံခြင်းတို့သည် လူပြောသူပြော များနေသော ကိစ္စများဖြစ်သည်။
အဆိုပါ လုပ်ငန်းများသည် နိုင်ငံတော်အစိုးရက တာဝန်ယူ ဆောင်ရွက်နေသော စီးပွား ရေးလုပ်ငန်းများဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ လေ့လာသိရှိရသလောက်ဆိုပါလျှင် မြန်မာ့မီးရထားလုပ်ငန်းသည် လည်း ကောင်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း သည် လည်းကောင်း အရှုံးခံပြီး လုပ်ကိုင် နေရသဖြင့် ဈေးနှုန်းများ တိုးမြှင့်သတ် မှတ်ရခြင်းဖြစ်ကြောင်း တွေ့ရပါသည်။
ဤသို့ဆိုပါမူ ဈေးနှုန်းများ တိုးမြှင့်သတ် မှတ်လိုက်ခြင်းဖြင့် အမြတ်ရအောင် ဆောင်ရွက်နိုင်ပြီလားဟု မေးရန်လိုလာ ပါသည်။
စီးပွားရေးလုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များကို ပုံသေကုန်ကျစရိတ်နှင့် ပြောင်းလဲ ကုန်ကျစရိတ်ဟူ၍ နှစ်ပိုင်းခွဲခြားနိုင်ပါ သည်။ ပုံသေကုန်ကျစရိတ်ဆိုသည်မှာ ထုတ်လုပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ် စေ ကျခံနေရသောစရိတ်များ ဖြစ်ပါ သည်။
ပြောင်းလဲကုန်ကျစရိတ်ဆိုသည် မှာ ထုတ်လုပ်မှု၊ သို့မဟုတ် ၀န်ဆောင်မှု ရှိမှ ကုန်ကျသောစရိတ်ဖြစ်ပါသည်။ သာမန်အားဖြင့် လုပ်ငန်းမှရရှိသော အကျိုးအမြတ်သည် ပုံသေစရိတ်များကို အဓိက ကာမိလျှင် အရင်းရပြီဟု ဆိုရ မည်။
ထိုမှတစ်ဆင့်တက်၍ ပြောင်းလဲ ကုန်ကျစရိတ်ထက် ကျော်လွန်အောင် ထုတ်လုပ်နိုင်လျှင် အမြတ်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအလိုက် ကုန်ကျစရိတ်များကို စိစစ်ပြီး မလိုအပ်ဘဲ ကုန်ကျနေသော စရိတ်များဖယ်ရှားရေးကို အလေးထား ဆောင်ရွက်ရန် လိုပါသည်။
ဥပမာ အားဖြင့် ရပ်ထားရသော ရထားတွဲတွေ များနေလျှင် ၀င်ငွေလျော့နည်းမည်။ သို့သော် ထိုရထားတွဲများအား ထိန်းသိမ်း ရသောစရိတ်ကိုမူ ရှောင်လွှဲ၍ရမည် မဟုတ်ချေ။
ထို့အတူ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဖြစ်၍ သက်ဆိုင်ရာဝန်ထမ်းများ အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လခပေးနေရမည် ဖြစ်သည်။
ဒုတိယအချက်မှာ ထုတ်လုပ်မှု သို့မဟုတ် ၀န်ဆောင်မှု ဆောင်ရွက်ရာ တွင် အကျိုးသက်ရောက်မှု အများဆုံး ဖြစ်ရန်လိုပါသည်။ အလေအလွင့် အနည်းဆုံးဖြစ်ရန် လိုပါသည်။
ဥပမာ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ အရင်း အမြစ်မှ ဓာတ်အားဖြန့်ဖြူးရာ ဌာနသို့ ဓာတ်အားပို့လွှတ်ရာတွင် ဓာတ်အား လျော့နည်းမှု ၄၀ ရာခိုင်နှုန်းခန့်ရှိသည် ဟု မှတ်သားရဖူးပါသည်။
ထို့ပြင် ဓာတ် အားခိုးယူသုံးစွဲမှုများကြောင့်လည်း လျော့နည်းမှုရှိကြောင်း သိရပါသည်။ ဤသို့ဆိုပါလျှင် လျှပ်စစ်ဓာတ်အား သုံးစွဲ သူများသည် မိမိတို့မသုံးစွဲရသော လျှပ်စစ်ဓာတ်အားပမာဏ (၀ါ) လျော့ နည်းပျောက်ဆုံးသွားသော ဓာတ်အား ပမာဏအတွက် ကုန်ကျစရိတ်များကိုပါ ကျခံပေးနေရသည့် သဘောဖြစ်နေပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်မှ အရှုံးမခံရ အောင် ဈေးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းမှာ တရားမျှတမှု ရှိပါမည်လား စဉ်းစား သုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၀ယ်ယူသူများ မှာ ပြည်သူများဖြစ်နေခြင်းကြောင့်ပင်။
နိုင်ငံတစ်နိုင်ငံကို မိသားစုတစ်စု၊ အိမ်ထောင်စုတစ်စုနှင့် ခိုင်းနှိုင်းမည် ဆိုပါက အစိုးရဆိုသည်မှာ အိမ်ထောင် ဦးစီးဖြစ်ပါသည်။ အိမ်ထောင်ဦးစီးသည် အိမ်ထောင်စုတစ်ခုလုံး၏ အကျိုး အမြတ်ကို ရှေးရှုရပါမည်။ ဆိုလိုသည် မှာ အစိုးရ၏ အကျိုးအမြတ်သည် ပြည်သူ တို့၏ အကျိုးအမြတ်ဖြစ်သည်။
သို့သော် အစိုးရနှင့် ပြည်သူအကြား ဆောင်ရွက် သည့် စီးပွားရေးသည် ပြည်သူအချင်း ချင်း ဆောင်ရွက်သည့် စီးပွားရေးမဟုတ် ပါ။ ထို့အတူ အခြားအစိုးရများနှင့် လုပ်ကိုင်သည့် စီးပွားရေးမျိုးမဟုတ်ပါ။ ဆိုလိုသည်မှာ အစိုးရနှင့် ပြည်သူအကြား ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်း များတွင် ငွေကြေးအကျိုးအမြတ်တစ်ခု တည်း မျှော်မှန်းဆောင်ရွက်၍ မရပါ။ နိုင်ငံတကာတွင် လေ့လာလျှင်လည်း အလားတူတွေ့ရမည်ဖြစ်ပါသည်။ ကျွန်တော်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကို မီလိုက်ပါသည်။
ထိုစဉ်က အစိုးရဌာနတွင် အလုပ်ဝင် နေပြီဖြစ်ပါသည်။ တစ်ခါသော် မီးရထား သို့ ရောင်းချပေးရသော ဇလီဖားတုံးများ ဈေးနှုန်း တိုးမြှင့်ရေး ဌာနအချင်းချင်း ညှိနှိုင်းကြပါသည်။
မီးရထားမှ သဘော မတူပါ။ ဇလီဖားဈေးနှုန်းတက်လျှင် ပြေးဆွဲစရိတ်တက်မည်။ ပြေးဆွဲစရိတ် တက်လျှင် ရထားခဈေးတက်မည်။ အများပြည်သူ ဒုက္ခရောက်မည်ဟု အကြောင်းပြပါသည်။ ထိုခေတ်က လွှတ်တော်တွင် ဆွေးနွေးသည့်အခါ ကျွန်တော်တို့ရှုံးပါသည်။ ဇလီဖားဈေး နှုန်း ပေးမတက်ပါ။ အစိုးရဌာန အချင်းချင်း အရှုံးခံ၍ ရောင်းပေးခဲ့ရ ပါသည်။ ကျွန်တော်သည် ဆိုရှယ်လစ် ခေတ်ကို လွမ်းမောတမ်းတပြီး အောက်မေ့ခြင်းမဟုတ်ပါ။
မည်သည့် စနစ်ဖြစ်စေ ပြည်သူလူထုအကျိုးကို အလေးထား ဆင်ခြင်သင့်ကြောင်း ထောက်ပြလိုခြင်းဖြစ်ပါသည်။
ယခုပြောဆိုနေကြသည့်အတိုင်း မီတာခများ ဈေးတက်လျှင် အရင်ဆုံး အထိနာမည့်သူများမှာ ပြည်သူလူထုဖြစ် သည်။
အိမ်ထောင်စုတစ်စုချင်းအလိုက် လစဉ်အသုံးစရိတ်တက်သွားမည်။ ပျမ်းမျှ မိသားစုခြောက်ဦးအတွက် မီတာခ တစ်လ ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ဖြစ်သွားမည်။ မိသားစုဝင်ငွေမတိုးနိုင် လျှင် အခြားစရိတ်များ လျှော့သုံးရတော့ မည်။
ထို့ပြင် မြွေပူရာ ကင်းမှောင့် ဆိုသကဲ့ သို့ စီးပွားရေးလုပ်ငန်းများကလည်း မီတာခအကြောင်းပြပြီး ကုန်ဈေးနှုန်း တွေ တက်ကြဦးမည်။ အစိုးရသည် နိုင်ငံ တစ်နိုင်ငံလုံး၏ စီးပွားရေးအခြေအနေ ကို ခြုံငုံသုံးသပ်ပြီးမှ အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်သင့်သည် မဟုတ်ပါလော။
နိုင်ငံပိုင်စီးပွားရေးအဖွဲ့ အစည်းများ အမြတ်အစွန်းရစေရန် တစ်နိုင်ငံလုံးအတွက် အသက်တမျှ အရေးပါသော ငွေကြေးဖောင်းပွမှုနှုန်း ကို မြင့်တက်စေမည်ဆိုပါက သဘာဝ ကျမည် မဟုတ်ပါ။ ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေး အကျပ်အတည်းဖြစ်လျှင် လူမှုရေး ပြဿနာများ ပေါ်ပေါက်မည်မှာ မလွဲ ပေ။
သို့ဖြစ်ရာ နိုင်ငံပိုင်စီးပွားရေးအဖွဲ့ အစည်းတစ်ခု အရှုံးပြသဖြင့် စီးပွားရေး အရ နစ်နာဆုံးရှုံးသည်ဟု ယူဆနိုင်သော်လည်း အပြန် အလှန်အားဖြင့် အဆိုပါ အရှုံးသည် နိုင်ငံသား ပြည်သူများ အတွက် နိုင်ငံတော်မှ ကျခံပေးရသော စရိတ်ဟု ယူဆနိုင်ပါသည်။
ငွေကြေးအရ ရှုံးသည်ဟု ဆိုသော်လည်း နိုင်ငံရေး၊ လူမှုရေးနယ်ပယ်ရှိ ပေတံများဖြင့် တိုင်းတာလျှင် မမြင်ရသော အကျိုး ကျေးဇူး မြောက်မြားစွာ တွေ့ရမည်ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းသည် ဈေးနှုန်းတက်တိုင်း မမြတ်ပါ။ အမြတ်ရတိုင်းလည်း အကျိုးမရှိပါ။
ဈေးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းအပေါ် အလေးအနက်ထား၍ ပြန်လည်သုံးသပ်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment